02/11/15

ပုံ-၂၀၁၄ စက်တင်ဘာလက ယီမင်တွင်ဖြစ်ပွားခဲ့သော အဓိကရုဏ်းအတွင်း ယီမင်နိုင်ငံသားများက အမေရိကန်သံရုံးကို တိုက်ခိုက်ရန်ကြိုးပမ်းနေသည်ကို တွေ့ရစဉ်
ယီမင်နိုင်ငံ မြို့တော်ဆားနားတွင် လုံခြုံရေးအခြေအနေ စိုးရိမ်ရသည့်အတွက် အမေရိကန်သံရုံးလုပ်ငန်းစဉ်များဆိုင်းငံ့ထားပြီး သံရုံဝန်ထမ်းများကိုလည်း ယီမင်နိုင်ငံအတွင်းမှ ခေါ်ထုတ်ခဲ့ပြီးဖြစ်ကြောင်း၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန က ထုတ်ပြန်ထားသည်။ ယင်းအပြင် အမေရိကန်နိုင်ငံသားများအနေနှင့်လည်း ယီမင်နိုင်ငံသို့မသွားရောက်ရန်နှင့် ယီမန်နိုင်ငံအတွင်းမှ အမေရိကန်များကိုလည်း နိုင်ငံခြားရေးဝန်ကြီးဌာနက လုံခြုံရေးသတိပေးထားသည်။

ယီမင်နိုင်ငံ၏လုံခြုံရေးအခြေအနေသည် အလွန်တရာ စိုးရိမ်ဖွယ်ရာရှိနေကြောင်း၊ လက်ရှိတွင် ယီမင်နိုင်ငံရောက် အမေရိကန်နိုင်ငံသားများအား ခေါ်ထုတ်ရေးကိုမူ အစိုးရအနေနှင့် လုပ်ဆောင်ပေးရန်အစီအစဉ် မရှိသေးကြောင်း သိရသည်။

ယီမင်နိုင်ငံလုံခြုံရေးအခြေအနေများ ယခုထက်ပိုမိုဆိုရွားလာပါက လေယာဉ်ကွင်းများ ပိတ်ပစ်ခြင်း၊ လေယာဉ်ကွင်းသွားရာလမ်းမများ ပိတ်ဆို့ခံရခြင်းများ ရှိလာနိုင်သဖြင့် အမေရိကန်နိုင်ငံသားများအနေနှင့် အမြန်ဆုံးစွန့်ခွာရန်နှင့် အရေးပေါ်အကူအညီလိုအပ်ပါက အိမ်နီးချင်းနိုင်ငံများရှိ သံရုံးများနှင့် ကောင်စစ်ဝန်ရုံးများသို့ ဆက်သွယ်ရန်လည်း အဆိုပါသတိပေးချက်တွင် ဖော်ပြထားရှိသည်။ ယီမန်နိုင်ငံတွင် အရပ်ဘက် လေကြောင်း ရေကြောင်းလိုင်းများ ပြေးဆွဲနိုင်ခြင်းမရှိတော့သည့် အခြေအနေရောက်ရှိလာပါက အမေရိကန်နိုင်ငံက ၎င်းတို့နိုင်ငံသားများအတွက် ကူညီခေါ်ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။

ယီမင်နိုင်ငံတွင်ူအမေရိကန်နိုင်ငံသားများ၏ လုံခြုံရေးနှင့်ပတ်သက်၍ ယမန်နှစ် စက်တင်ဘာလကလည်း အလားတူသတိပေးချက် ထုတ်ပြန်ခဲ့ဖူးသည်။

ယီမင်နိုင်ငံအနှံ့အပြား ဆန္ဒပြမှုများဖြစ်ပေါ်နေပြီး အချိန်မရွေးအကြမ်းဖက်မှုများဖြစ်ပေါ်လာမည့်အခြေအနေတွင်ရှိနေသည်။ ယမန်နှစ်ကလည်း ယီမင်နိုင်ငံတွင် နိုင်ငံခြားသားများ အထူးသဖြင့်အနောက်နိုင်ငံသားများ ပြန်ပေးဆွဲခံရသည်ဆိုသော သတင်းဖော်ပြမှုများရှိခဲ့သည်။

အာရေးဘီးယားကျွန်စွယ်အယ်လ်ကိုင်းဒါး အကြမ်းဖက်အဖွဲ့၏လှုပ်ရှားမှုများ ယီမင်နိုင်ငံတွင်ရှိသဖြင့် အမေရိကန်နိုင်ငံသားများ၊ အမေရိကန်ပိုင်အဆောက်အဦးများအပေါ် အကြမ်းဖက်တိုက်ခိုက်မည်ကို အမေရိကန်နိုင်ငံက စိုးရိမ်လျက်ရှိသည်။ ထို့ပြင် ပင်လယ်နီ၊ ဧဒင်ပင်လယ်ကွေ့နှင့် အိန္ဒိယသမုဒ္ဒရာအတွင်း ပင်လယ်ဓါးပြများ၏ အန္တရာယ်ကြောင့် ရေကြောင်းဆက်သွယ်ရေးအတွက် စိုးရိမ်ဖွယ်ရာဖြစ်နေသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal?fref=photo

၇.၂.၂၀၁၅ရက်နေ့ နေ့လည်(၂း၀၀)နာရီခန့်တွင် ရွှေပြည်သာမြို့နယ်၊၁၈၈(ရွှေအင်းဝ)ကားဂိတ်အနီးရှိ အဆောင်မှ သပိတ်မှောက်အလုပ်သမား(၂၂)ယောက်ကို General Manager ကျော်ထွန်းမင်းမှ လှိုင်သာယာစက်မှုဇုန်ရှိ Myanmar Synergy Garment အထည်ချုပ်စက်ရုံသို့ အတင်းအဓမ္မခေါ် ဆောင်သွားသည်။ ဖုန်းများကိုသိမ်းဆည်းခဲ့သည်။ (၂)ယောက်မှာ ပျောက်ဆုံးနေသည်။

လှိုင်သာယာ မြို့နယ်၊ န၀ဒေးဈေးအနီးတွင်ရှိသည့် အဆောင်တွင်ထားသည်။ စက်ချုပ်တာဝန်ထမ်းဆောင်နေသည့်အလုပ်သမားများဖြစ်သည်။ အမျိုးသမီးများဖြစ်သည်။ လိုင်း(၆)မှ မသဇင်ဆွေ၊မဖြူဖြူသင်း၊ လိုင်း(၁၀)မှ မခိုင်မြတ်ကျော်၊ မအိအိစံ၊မနွေးနွေးအိ၊မနှင်းယုဝေ၊ မနွေးနွေး လတ်၊ မပန်းစုပြည့်ကျော် ပါ အလုပ်သမား(၂၀)ဦးဖြစ်သည်။

ယင်းအလုပ်သမားများသည် ဒဂုံမြို့သစ်(မြောက်ပိုင်း)၊မြ၀တီမင်းကြီးလမ်း၊ အဓိပတိကားဂိတ်အနီးရှိ ဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းမှ ယခု E,Land Myanmar အထည်ချုပ်စက်ရုံသို့ တာဝန်ထမ်း ဆောင်နေခြင်းဖြစ်သည်။ ၁၀.၂.၂၀၁၅ရက်နေ့ည (၉း၀၀)နာရီခန့်တွင် သပိတ်စခန်းရှိ အလုပ်သမားတဦးထံဖုန်းဖြင့်ဆက်သွယ်၍ လာရောက်ခေါ်ဆောင်ပါရန် ပြောဆိုသည်။ ယခုအချိန်ထိဖုန်းများပိတ်ထားဆဲဖြစ်သည်။

ရန်ကုန်အလုပ်သမားသပိတ် ၁၁.၂.၂၀၁၅(နံနက် ၁၀း၀၀နာရီ)
ဖုန်း - ၀၉၇၉၉၇၆၂၅၂၀၊ ၀၉၇၉၉၈၀၆၉၃၁

သတင်း။။။Min Nay Htoo Fb

အလွတ်တန်းသတင်းထောက် ကိုပါကြီး သေဆုံးမှုနဲ့ပတ်သက်ပြီး တပ်မတော်သားတွေကို စစ်ဆေး မေးမြန်းခွင့်မရတာကြောင့် တရားရုံးမတင်နိုင်ဘဲ ကြန့်ကြာနေပါတယ်။

အလွတ်သတင်းထောက် ကိုပါကြီးဟာ မနှစ် စက်တင်ဘာလကုန်ပိုင်းက မွန်ပြည်နယ်၊ ကျိုက်မရော မြို့နယ်မှာ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (ဒီကေဘီအေ)နဲ့ အစိုးရစစ်တပ် တိုက်ပွဲ သတင်း လိုက်ပြီး အပြန် စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် သေနတ်ဒဏ်ရာ ထုရိုက် ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ရတာပါ။

ကိုပါကြီးသေဆုံးမှုနဲ့ပတ်သက်ပြီး အမှုအခြေအနေ သိရဖို့ ဇနီးသည်ဒေါ်သန္တာနဲ့ရှေ့နေဦးရော ဘတ်ဆန်းအောင်တို့က ကျိုက်မရောမြို့နယ် ရဲစခန်းမှာ မေးမြန်းရာမှာ တရားရုံးတင် စစ်ဆေး နိုင်ခြင်း မရှိကြောင်း မြိုနယ်မှူးက ပြောတယ်လို့ ဒေါ်သန္တာက ပြောပါတယ်။

ဓာတ်ပုံ(မသန္တာ ဖေ့ဘွတ်ခ်)

ဒေါ်သန္တာက “အပြင်တရားရုံးကို အမှုစွဲတင်ဖို့ အမှုတည်ဆောက်ထားတဲ့ပုံအားလုံးပြည့်စုံရမယ်။ ရဲလုပ်ထုံးလုပ်နည်းအရ အရပ်သားကို စစ်တာ အယောက် ၂၀ ကျော်က အားလုံးစစ်ပြီးသွားပြီ။ ရုံးတင်ဖို့ အဆင်သင့်ဖြစ်နေပြီး ဒါပေမယ့်စစ်တပ်ဖက်က တရားခံကို လုံးဝ စစ်ခွင့်မရဘူး။ အစ်မက စစ်တပ်ကလူတွေနဲ့တိုက်ရိုက် စကားမပြောရဘူး။ မြို့နယ်မှူးနဲ့ ပြောတာကတော့ သူတို့သွား စစ်တယ်၊ စစ်ခွင့်မပေးဘူး။ အဝေးက ထွက်ဆိုချက်ပေးဆိုတော့လည်း ပေးမယ်လို့ပြောပြီး မပေး ဘူး။ ပြီးတော့ အသတ်ခံရတဲ့ ကိုပါကြီးကို ဖမ်းဆီးတုန်းက ပါသွားတဲ့ပစ္စည်းပေးဆိုတော့လည်း မပေးဘူး။”လို့ ပြောပါတယ်။

ဒီကိစ္စကို အမြန်ဆုံးတရားရုံးတင်နိုင်ဖို့ ကာကွယ်ရေးဦးစီးချပ်ဆီစာတင်မယ်လို့ ဒေါ်သန္တာက ပြောပါ တယ်။ စာတင်ပြီး ရက်ပေါင်း ၆၀ အတွင်း ထူးခြားမှုမရှိရင်တော့ နေပြည်တော် တရား လွှတ်တော်ချုပ်မှာ တရားစွဲဆိုသွားမယ်လို့ ပြောပါတယ်။

ကိုပါကြီးသေဆုံးမှု ဟိုးလေးတကြော်ဖြစ်ခဲ့ရပြီးနောက် စုံစမ်းရေးအဖွဲ့တွေနဲ့ စစ်ဆေးခဲ့ကြပါတယ်။ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကလည်း ပွင့်လင်းမြင်သာမှုရှိအောင် အရပ်ဖက် တရားရုံးမှာ တရားစွဲဆိုသင့်ကြောင်း အကြံပြုထားပါတယ်။

ကိုပါကြီးသေဆုံးခဲ့တာကို ကနဦးပိုင်းမှာ စစ်တပ်က ဖုံးကွယ်ထားပြီး မိသားစုဝင်တွေ သွားရောက် စုံစမ်းမှသာ သေဆုံးကြောင်း အတည်ပြုပေးခဲ့ပါတယ်။

သူ့ရုပ်အလောင်းကို နိုဝင်ဘာ ၅ ရက်နေ့က ကျိုက်မရောမြို့အနီးက ရွှေဝါချောင်ကျေးရွာ နားမှာ ပြန်လည် ဖော်ယူပြီး ဆေးစစ်ချက်တွေကို ရယူခဲ့သလို ရန်ကုန်မြို့သယ်ဆောင်သဂြိုဟ်ခဲ့ပါတယ်။

နော်နိုရင်း
DVB
http://burmese.dvb.no/archives/80864


လက်ပံတောင်းကြေးနီစီမံကိန်း ဧရိယာဝင်းထဲမှာ မြန်မာရဲတပ်ဖွဲ့ရဲ့လက်ချက်နဲ့ သေဆုံးခဲ့သူ ဒေါ်ခင်ဝင်းဖြစ်ရပ် အမှုမှန်ပေါ်ပေါက်ဖို့ တရုတ်သံရုံးရှေ့ ဆန္ဒပြခဲ့သူ ကိုနေမျိုးဇင်နဲ့ နော်အုန်းလှအပါအဝင် ၆ယောက်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုအပါအဝင် ပုဒ်မ ၇ခုနဲ့ တရားစွဲဆိုထားပြီး ဖေဖော်ဝါရီ ၉ရက်နေ့မှာတော့ ပုဒ်မ ၁၈နဲ့ စစ်ဆေးခဲ့ပါတယ်။

၅ကြိမ်မြောက် ရုံးချိန်းမှာ အစိုးရသက်သေ တာဝန်ခံရဲအရာရှိ ရဲအုပ်အောင်ကျော်ဆန်းရဲ့ သမာသမတ်ကျကျ ထွက်ဆိုမှုကြောင့် စွပ်စွဲခံထားရသူတွေရဲ့ ပုဒ်မ ၅ဝ၅(ခ)လည်း လွတ်ကင်းခဲ့သလို ပုဒ်မ ၁၈နဲ့ပတ်သက်တဲ့ စွဲချက်မှာလည်း သေသေချာချာ ရှင်းပြမသွားဘူးလို့ ရှေ့နေ ဦးရောဘတ်စန်းအောင်က ဆိုပါတယ်။ ကိုနေမျိုးဇင် ကျန်းမာရေးအာမခံရဖို့ ထောင်ဆရာဝန်က ထွက်ဆိုရမှာဖြစ်သလို အာမခံကိစ္စ ပြန်စဉ်းစားဆုံးဖြတ်ဖို့ ရှိတယ်လို့ ဆိုပါတယ်။

ရုံးချိန်းကို ခါးနာဝေဒနာကြောင့် လမ်းမလျှောက်နိုင်ဘဲ လူနာထမ်းစင်နဲ့ ရောက်လာတဲ့ ဗိုလ်ကြီးဟောင်း ကိုနေမျိုးဇင်က သူ့ခါးဝေဒနာ ခံစားနေရတာ ၈ရက်လောက်ရှိပြီး အရင် ထောင်သွင်းအကျဉ်းကျခံရစဉ်က ဖြစ်တဲ့ ခါးဆစ်ပဲ့ ကျီးပေါင်းက ဒဏ်ရာတွေ ပြန်ပေါ်လာတာဖြစ်ပြီး ဒီရောဂါကျွမ်းကျင်သူ ထောင်ဆရာဝန်မရှိဘူးလို့ ဆိုပါတယ်။ အာမခံရပြီး အရိုးအထူးကုဆေးရုံတင်ဖို့ စာရွက်စာတမ်းတွေ တင်ပြထားပြီး တစ်ပတ်လောက် စောင့်ဆိုင်းရမယ်လို့ ဆိုပါတယ်။

ကိုနေမျိုးဇင်၊ နော်အုန်းလှအပါအဝင် စုစုပေါင်း လှုပ်ရှားတက်ကြွသူ ၆ယောက်ကို ပြစ်မှုကြီးအမှတ် ၁၁/၂ဝ၁၅အရ ပုဒ်မ ၁၈၊ ၅ဝ၅(ခ)၊ ၂၉၄၊ ၃၅၃၊ ၁၅၂၊ ၁၄၇၊ ၁၄၉ တွေနဲ့ ဒဂုံမြို့နယ်တရားရုံးမှာ အမှုဖွင့်ထားတာဖြစ်ပြီး အာမခံမပေးဘဲ အင်းစိန်ထောင်မှာ ဖမ်းဆီးချုပ်နှောင်ထားပါတယ်။ ဒီနိုင်ငံမှာ ရောဂါဝေဒနာခံစားနေရသူကို ဆေးကုသဖို့ ထောက်ခံစာ အလုံအလောက်ပါရဲ့နဲ့ တစ်ပတ်အချိန်ရွှေ့တာဟာ လူသားချင်းစာနာထောက်ထားမှုတွေ ပျောက်ဆုံးနေတယ်လို့ ကိုနေမျိုးဇင်က ဆိုပါတယ်။

Kamayut Media



ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့်မွေးနေ့အကြို ဂုဏ်ပြုပွဲအဖြစ် ၈၈ မျိုးဆက် အဖွဲ့က ကိုမင်းကိုနိုင် စီစဉ်တင်ဆက်တဲ့ “သမိုင်းရဲ့ကဗ္ဗည်းရှင်” အမည်ရှိ ကဗျာအော်ပရာတင်ဆက်ပွဲကို မန္တလေးမြို့ ဓမ္မပါလခန်းမမှာ ဖေဖော်ဝါရီလ ၉ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။

RFA သတင်းထောက် မဝေယံမိုးမြင့်က တင်ပြထားပါတယ်။

RFA


ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသမှာ ဒီကနေ့လည်း အနည်းဆုံး ၂ နေရာလောက်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး အစိုးရဘက်က လေတပ်သုံး တိုက်ခိုက်တာတွေ ရှိတယ်လို့ ကိုးကန့်ဘက်က ပြောပါတယ်။

ဒေသတွင်းတိုက်ပွဲတွေကြောင့် လောက်ကိုင်မြို့မှာ ဈေးတွေ၊ ကျောင်းတွေ ပိတ်ထားခဲ့သလို အရပ်သားတွေ ထောင်နဲ့ချီပြီး တရုတ်နိုင်ငံဘက်ကို တိမ်းရှောင်တာတွေလည်း ရှိနေပါတယ်။ ကိုးကန့်ဒေသက နောက်ဆုံးအခြေအနေကို ဗွီအိုအေသတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်နဲ့ ကုန်းကြမ်းမြို့နယ်တွေပါဝင်တဲ့ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှာ တနင်္လာနေ့နေ့ခင်းပိုင်းက စတင်ပြီး ဦးဖုန်ကြားရှင် ဦးဆောင်တဲ့ မြန်မာပြည် အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်ဖွဲ့ MNDAA နဲ့ အစိုးရတပ်တွေအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။

မနေ့က အနည်းဆုံးတိုက်ပွဲ ၄ကြိမ်ဖြစ်ခဲ့သလို ဒီကနေ့လည်း တိုက်ပွဲ ၂ကြိမ်ဖြစ်ခဲ့ရာမှာ လေကြောင်းကပါ တိုက်ခိုက်ခဲ့တယ်လို့ ကိုးကန့်အဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှုး ဦးထွန်းမြတ်လင်းက ပြောပါတယ်။

“ဒီနေ့ကတော့ သူတို့ helicopter ၂ စီးနဲ့ ကျနော်တို့ကို ဆက်ပြီးတော့ တိုက်နေပါတယ်ခင်ဗျ။ ပြီးတော့ Fighter လည်း ၂ စီး လာတယ်၊ ဒီနေ့။ ရဟတ်ယာဉ်ကနေပြီးတော့မှ ဗုံးကျဲတယ်။ ပြီးတော့ စက်သေနတ်နဲ့ ပစ်တယ်။ ဂျက်ကတော့ ခနကပဲ လာသွားတယ်။ ကျနော်တို့ မသိရသေးဘူး။ ဒီနေ့ အဓိကဖြစ်တာ ၂ နေရာပါခင်ဗျ။”

လက်ရှိ ဖြစ်ပွားတဲ့ တိုက်ပွဲတွေမှာ ကိုးကန့်တပ်တွေနဲ့အတူ ပလောင်ခေါ် တအာန်းအမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ TNLA၊ ရခိုင်တပ်မတော် AA တို့လည်း ပါဝင် တိုက်ခိုက်နေတယ်လို့ ပြောပါတယ်။ TNLA ခေါ် ပလောင်တပ်ဖွဲ့က နိုင်ငံခြားရေးတာဝန်ခံ တာပန်လက အနည်းဆုံးတိုက်ပွဲ ၄ နေရာလောက်မှာ ဖြစ်ပွားခဲ့တယ်လို့လည်း ပြောပါတယ်။

“ကျနော်တို့ ဒီမနက် ၂ နာရီခွဲလောက်ကနေစပြီးတော့ လောက်ကိုင်ဘက်မှာ ဖြစ်နေတာခင်ဗျ။ အနည်းဆုံး ၃ နေရာ ၄ နေရာလောက်မှ တပြိုင်တည်းဖြစ်နေတာ။ နေ့လည် ၁၂ နာရီလောက်မှာဆိုရင် ကျနော်တို့ တိုက်ပွဲဖြစ်ပွားတဲ့နေရာ ချင်မန်လင် ဒေသပေါ့နော်၊ အဲဒီမှာ ကျနော်တို့ ရဟတ်ယာဉ် ၃ စင်းနဲ့ လာရောက်ပြီး ဗုံးကျဲ တိုက်ခိုက်တယ်ခင်ဗျ။ သူတို့ အဲဒီ ၃ စီး ပြန်သွားပြီးတော့ ၁ နာရီ မိနစ် ၂၀ လောက်မှာဆိုရင် ဂျက်လေယာဉ် ၂ စီးနဲ့ တိုက်ခိုက်တယ်လို့ ကျနော်တို့ သိရတယ်ခင်ဗျ။”

ဒီလို တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် လောက်ကိုင်မြို့ပေါ်မှာ ဈေးတွေ၊ ကျောင်းတွေပါ ပိတ်ထားတယ်လို့ သူက ပြောပါတယ်။

“နောက်ပြီးတော့ မြို့ပေါ်မှာ ရှိနေတဲ့ ပြည်သူလူထုတွေကတော့၊ ဈေးသူဈေးသားတွေလည်း ဈေးပိတ်ပြီးတော့ တရုတ်ပြည်ဘက် ပြန်တာသွားတာမျိုးတွေ အများကြီးရှိတယ်။ ပြီးတော့ အဲဒီမှာ ကျောင်းတွေလည်း အကုန်လုံးပိတ်ထားတယ်လို့ ကျနော်တို့ သိရတယ်။ ကျန်နေသေးတဲ့ မြို့သူမြို့သားတွေလည်း အိမ်ထဲမှာပဲ ပုန်းနေကြတဲ့ အနေအထားမျိုးမှာရှိတယ်။ အများစုကတော့၊ တရုတ်ပြည်ဘက်ကို သွားရောက် ခိုလှုံကြတယ်လို့ ကျနော်သိတယ်ခင်ဗျ။”

လောက်ကိုင်မြို့ပေါ်က အခြေအနေကိုတော့ ဒေသခံတဦးက အခုလို ပြောပါတယ်။

“လောက်ကိုင်မြို့ပေါ်မှာတော့ အေးအေးဆေးဆေးပါပဲခင်ဗျ။ ဘာမှထွေထွေထူးထူးတော့ မရှိဘူး။ လူတွေက တိမ်းရှောင် သွားတာတော့ ရှိတာပေါ့။ ဒီအတိုင်း အိမ်ထဲမှာပဲ နေနေကြတာလည်းရှိတယ်။ ဟိုဖက်နိုင်ငံကို ကူးတဲ့လူတွေလည်းရှိတယ်။ လူဦးရေကတော့ နည်းနည်းများတယ်။ ထောင်ဂဏန်းလောက်တော့ရှိမယ်။ ဈေးတွေ၊ ကျောင်းတွေကြတော့လည်း ဆိုင်သမားတွေကလည်း အခုအခြေအနေကြတော့လည်း ဆိုင်မထွက်ကြတော့ဘူးလေ။ တံခါးပဲပိတ်ထားကြတာ။ ကျောင်းတွေလည်း ပိတ်ထားတယ်။”

လောက်ကိုင်မြို့ပေါ်က တိမ်းရှောင်သွားသူတွေဟာ ဒေသခံတွေ ပါဝင်သလို တရုတ်နိုင်ငံက လာရောက် ဈေးဆိုင်ဖွင့်သူတွေနဲ့ အလုပ်လုပ်သူတွေပါဝင်တယ်လို့ ပြောဆိုတာလည်းရှိပါတယ်။ လောက်ကိုင်မြို့အခြေအနေနဲ့ ပတ်သက်ပြီး လောက်ကိုင်ရဲစခန်းကို ဆက်သွယ်ရာမှာတော့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

ကိုးကန့်ဒေသတွင်း တိုက်ပွဲသတင်းနဲ့ ပတ်သက်ပြီး မြန်မာအစိုးရ သတင်းစာတွေမှာတော့ ဖေဖော်ဝါရီလ ၉ ရက်နေ့က ဒေသခံတွေ သတင်းပေးချက်အရ တပ်မတော်က လေက်ကိုင်ဒေသတွင်း နယ်မြေရှင်းလင်းရာမှာ ကိုးကန့်အဖွဲ့နဲ့ တိုက်ပွဲ ၄ ကြိမ်ဖြစ်ခဲ့ကြောင်းနဲ့ တပ်မတော်အနေနဲ့ ဒီဒေသအတွင်း သောင်းကျန်းသူတွေ အခြေမချနိုင်အောင် နယ်မြေရှင်းလင်းရေးတွေ ဆောင်ရွက်နေကြောင်း ဖော်ပြပါတယ်။ ဒီကနေ့ တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ဆက်သွယ်မေးမြန်းရာမှာလည်း တာဝန်ကျ တပ်မတော်သားတဦးက လူကြီးတွေ အစည်းအဝေး တက်နေကြောင်းသာ ဖြေဆိုပါတယ်။

လက်ရှိ ကိုးကန့်ဒေသမှာ အစိုးရနဲ့ ကိုးကန့် တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ တကျော့ပြန် ဖြစ်ပွားနေတာကြောင့် ဒေသခံတွေ တရုတ်နိုင်ငံထဲအထိ ရောက်လာနေတဲ့အတွက် စိုးရိမ်ပူပန်တဲ့အကြောင်း တရုတ်နိုင်ငံက ပြောဆိုပါတယ်။ မနေ့ကစပြီး ဒီကနေ့အထိ မြန်မာနိုင်ငံ နယ်စပ်ဒေသက လူတွေဟာ လုံခြုံရေးအတွက် စိုးရိမ်တာကြောင့် တရုတ်နိုင်ငံထဲ ၀င်ရောက် လာနေကြပြီး၊ တရုတ်နိုင်ငံက စောင့်ရှောက်ထားကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရသူ Hua Chunying က ဒီကနေ့ ဘေဂျင်းမြို့တော်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောဆိုခဲ့တာပါ။ ပဋိပက္ခဖြစ်နေသူတွေကြား ကွဲလွဲမှုတွေကို ငြိမ်းငြိမ်းချမ်းချမ်း၊ ညှိနှိုင်းဖြေရှင်းကြဖို့နဲ့ တရုတ်နိုင်ငံကိုပါ လုံခြုံရေးအရ ရိုက်ခတ်လာနိုင်တဲ့ နယ်စပ်ဒေသမှာ တည်ငြိမ်မှုရအောင် ကြိုးပမ်းကြဖို့လည်း တိုက်တွန်းပါတယ်။

ကိုးကန့်ဒေသတွင်း တိုက်ပွဲတွေဟာ ၂၀၀၉ ခုနှစ်က အစိုးရတပ်ရဲ့ တိုက်ခိုက်တာကြောင့် တိမ်းရှောင်သွားတဲ့ ကိုးကန့်ခေါင်းဆောင် ဦးဖုန်းကြားရှင်က ကိုးကန့်ဒေသမှာ ပြန်အခြေစိုက်မယ်လို့ ကြေညာပြီးတဲ့နောက် စတင်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်း ဖြစ်ပွားတဲ့ ကွမ်လုံမြို့နယ်အတွင်း တိုက်ပွဲမှာတော့ အစိုးရဘက်က ၇ ယောက် ကျဆုံးကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

VOA
http://burmese.voanews.com/content/kokant-battles-refugee/2636647.html

 
ရန်ကုန်။ ။ အမျိုးသားပညာရေးဥပဒေကိုကန့်ကွက်သပိတ်မှောက်နေသော ကျောင်းသားစစ်ကြောင်းများအနေဖြင့် ရန်ကုန်တွင်ဒုတိယအကြိမ်မြောက် လေးပွင့်ဆိုင်ဆွေးနွေးနေစဉ် သပိတ်ကိုမရပ်နားဘဲ ဆက်လက်ချီတက် တောင်းဆိုသွားမည်ဖြစ်ကြောင်း သပိတ်ခေါင်းဆောင် ကျောင်းသားများက ပြောသည်။

အမျိုးသားပညာရေးဥပဒေပြင်ဆင်နိုင်ရန်လေးပွင့်ဆိုင်ဆွေးနွေးရေးကိုဖေဖော်ဝါရီ ၁၁ ရက် (မနက်ဖြန်) တွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၌ပြုလုပ်မည်ဖြစ်ပြီး ယင်းတွေ့ဆုံဆွေးနွေးပွဲတွင် ပထမအကြိမ်တွေဆုံဆွေးနွေးမှုတွင် ကျန်ရှိခဲ့သောနှစ်ချက် နှင့် ကျောင်းသားများတောင်းဆိုနေသည့် အချက် ၁၁ ချက်ကို ဆွေးနွေးသွားမည့်ဖြစ်ကြောင်းဒီမိုကရေစီပညာရေး ဦးဆောင်ကော်မတီမှ ကိုအောင်နေပိုင်က ပြောသည်။

“သပိတ်စစ်ကြောင်းကတော့မရပ်နားဘူး။ ဆက်လက်ချီတက်နေမယ်။ ဆွေးနွေးမယ့်သူတွေက သွားဆွေးနွေးမယ်။ ကျွန်တော်တို့တောင်းဆိုထားတဲ့အချက်တွေကို ဥပဒေပြဋ္ဌာန်းပြီးမှ သပိတ်ရပ်နားမှာပါ။ ဒီကြားထဲမှာတော့မရပ်နားဘူး။ ဒါကိုအစိုးရက အကြမ်းဖက်လာမယ် ဆိုရင်တော့ပညာရေးကိုမပြောင်းလဲချင်လို့ပဲလို့ယူဆရတယ်”ဟု၎င်းက ပြောသည်။

ပညာရေးစနစ် ကောင်းမွန်အောင် တောင်းဆိုခြင်းသာဖြစ်ပြီး နိုင်ငံရေးအရ ဆူပူအုံကြွအောင် လှုံ့ဆော်နေခြင်း မဟုတ်သည့်အတွက် သပိတ်မှောက်ကျောင်းသားများအား တားဆီးဖြိုးခွင်းမှုပြုလုပ်လာပါ က ဆူပှုမှုဖြစ်အောင်အစိုးရကသာ ပြုလုပ်နေခြင်းဖြစ်ကြောင်း ဧရာဝတီတိုင်းကျောင်းသားသပိတ်မှ ကိုအောင်အောင်ကျော်ကပြောသည်။

“ဆွေးနွေးညှိုနှိုင်းမှုကိုလက်ခံတယ်ဒါပေမယ် ကျွန်တော်တိုသပိတ်အနေနဲ့မရပ်နားပါဘူး ရန်ကုန်ထိရောက်အောင် ချီတက်မယ်။ ဒါကိုအစိုးရကဖြိုခွင်းလာမယ်ဆိုရင် နိုင်ငံကိုမတည်ငြိမ်အောင်ပြုလုပ်တာသူတိုပဲ၊ ကျွန်တော်တို့ကျောင်းသားတွေမဟုတ်ဘူး၊ ကျွန်တော်တို့တောင်းဆိုနေတာပညာရေးကောင်းဖို့တောင်းနေတာ၊ နိုင်ငံရေးလုပ်ဖို့ တောင်းနေတာမဟုတ်ဘူးလို့ ပြောချင်ပါတယ်” ဟု၎င်းကပြောသည်။

အစိုးရအနေဖြင့် နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အတွက် ဆန္ဒပြကျောင်းသား၊ ကျောင်းသူ အစစ်အမှန်များ ဘေးအန္တရာယ်မဖြစ်စေရေးအတွက် အစွမ်းကုန် ကြိုးပမ်း ဆောင်ရွက်လျက် ရှိကြောင်း၊ကျောင်းသား၊ကျောင်းသူများတောင်းဆိုနေသောအချက် (၁၁) ချက်ကို အခြေခံပြီး လေးပွင့်ဆိုင်ဆွေးနွေးမှုကို ဒုတိယအကြိမ်ပြုလုပ်ပေးခဲ့ကြောင်း လေးပွင့်ဆိုင် ဆွေးနွေးမှုမှရရှိသည့် သဘောတူညီချက်များအား ပညာရေးဝန်ကြီးဌာန မှ လွှတ်တော်သို့ ပြန်လည်တင်ပြမည်ဖြစ်ပြီးကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဆန္ဒပြမှုများအားရပ်ဆိုင်းကြရန် စသည့် အချက် ၅ ချက်ဖြင့် ဖေဖော်ဝါရီ ၉ ရက် ယမန်နေ့တွင် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။

ယင်းအတောအတွင်း ခရီးရှည်လမ်းလျှောက်ချီတက်နေသော ကျောင်းသားများကို အကြမ်းဖက် ဖြိုခွင်းခြင်းမပြုလုပ်ရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ရုံးက ညွှန်ကြားချက်ထုတ်ထားသည်ဟု မြန်မာ နိုင်ငံရဲတပ်ဖွဲ့ နေပြည်တော်မှ ပြောရေးဆိုခွင့်ရှိသူ ဒုရမြှူးကြီးဇော်မင်းဦးကို ကိုးကား၍ ၇ ရက် နေ့စဉ် သတင်းစာကဆိုသည်။

မန္တလေးမှရန်ကုန်သို့ချီတက်ခဲ့သောပင်မသပိတ်စစ်ကြောင်းသည်ယနေ့ပြည်မြိုရှိတက္ကသိုလ်ကျောင်း များတွင် လှည့်လည်ဆန္ဒဖော်ထုတ်ပြီး မနက်ဖြန်ရွှေတောင်မြို့သို့ချီတက်မည့်ဖြစ်သည်။ ပုသိမ်မြို့မှထွက်ခွာလာသော ဧရာဝတီသပိတ်စစ်ကြောင်းအနေဖြင့်မအူပင်မြို့မှ ကျိုက်လတ်မြို့သို့ ချီတက်မည်ဖြစ်ပြီး ပခုက္ကူနှင့် မုံရွာမြို့မှ မြေလတ်သပိတ်စစ်ကြောင်းအနေဖြင့် မကွေးမြို့မှ အောင်လံမြို့တွင်နားခိုမည့်ဖြစ်ပြီး မနက်ဖြန်တွင် သပိတ်စစ်ကြောင်းအသီးသီး ရန်ကုန်မြို့သို့ချီတက်ဆက်လာမည်ဖြစ်ကြောင်း သပိတ်မှောက်ကျောင်းသားများကပြောသည်။

The Yangon Globe



မြန်မာနိုင်ငံအနှံ့အပြားရှိ အကျဉ်းထောင်အသီးသီတွင် နိုင်ငံရေးမှုဖြင့် အကျဉ်းကျခံနေရသော နိုင်ငံရေးအကျဉ်းသား ၂၀၀နီးပါးကျန်ရှိနေသေးပြီး နိုင်ငံရေး ပြသနာများဖြင့် အမှုရင်ဆိုင်နေရသူ ၂၁၃ ဦးခန့် ရှိနေသေးသည်ဟုနိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

မြန်မာအစိုးရက တက်ကြွလှုပ်ရှားသူများကိုဖမ်းဆီးထောင်ချနေမှုများ လျော့နည်းသွားခြင်းမရှိသည့်အပြင် ယခုနှစ်ပိုင်းအတွင်းဆက်လက်တိုးပွားလာသည်ဟု ဆိုသည်။ အခြေခံလူ့အခွင့်အရေးများအရ ဆန္ဒထုတ်ဖော်ခြင်းများကို တည်ဆဲအစိုးရက နိုင်ငံတော်အကြည်ညို ပျက်စေမှုများဖြင့်တရားစွဲဆိုခြင်းများရှိနေပြီး မြေယာသိမ်းဆည်းခံရမှုများတွင်လည်း လယ်သမားများကို ဖမ်းဆီးတရားစွဲဆိုမှုများရှိနေသေးသည်ဟု AAPP က ဆိုသည်။

AAPP ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မျိုးကျော်က မြန်မာနိုင်ငံအတွင်း နိုင်ငံရေးအကျဉ်းသားများစွာ ကျန်ရှိနေသေးပြီး နိုင်ငံရေးအကျဉ်းသားရေးရာကော်မတီ အနေဖြင့် နိုင်ငံရေးအကျဉ်းသားများနှင့် ပတ်သက်သည့် ကိစ္စများ များစွာဆောင်ရွက်ရန်ကျန်ရှိနေသေးသည်ဟုဆိုသည်။ “နောက်ထပ် ကော်မတီလေးတွေထပ်ဖွဲ့ပြီးနောက်ထပ်အများကြီးလုပ်စရာတွေကျန်ရှိနေပါသေး တယ်။ ဒါကသူတို့ဘယ်လောက်အလုပ်လုပ်နိုင်သလဲဆိုတဲ့အပေါ်မှာမူတည်ပါတယ်” ဟု၎င်းကဆိုသည်။
အစိုးရဘက်ကမှု နိုင်ငံရေးအကျဉ်းသားဟူသည့် ဝေါဟာရကို ငြင်းဆိုလေ့ရှိပြီး တည်ဆဲဥပဒေအရသာ အရေးယူခြင်းဖြစ်သည်ဟု ပြောဆိုလေ့ရှိသည်။ ထို့နောက်၂၀၁၃ခုနှစ် ဖေဖော်ဝါရီလ ၆ရက် နေ့က သမ္မတရုံး ညွှန်ကြားချက်ဖြင့် ဖွဲ့စည်းခဲ့သည့် လက်ကျန်နိုင်ငံရေးအကျဉ်းသားစိစစ်ရေးကော်မတီတွင် AAPP ကို ချန်လှပ်ခဲ့သည်။

AAPP ကိုချန်လှပ်ပြီး ယခုနှစ် ဇန်နဝါရီလ ၅ရက်နေ့က အသစ်ပြန်လည်ဖွဲ့စည်းခဲ့သည့် နိုင်ငံရေး အကျဉ်းသားရေးရာကော်မတီမှာလည်းကော်မတီဖွဲ့စည်းပြီးတစ်လကျော်အချိန်ထိပုံမှန်အစည်းအဝေး များပြုလုပ်ခြင်းမရှိသေးဟု ရေးရာကော်မတီဝင်တစ်ဦးဖြစ်သူ နိုင်ငံရေးအကျဉ်းသားဟောင်း များအဖွဲ့မှ ဦးရဲအောင်ကဆိုသည်။

“ဘယ်လိုကော်မတီမျိုးဖွဲ့ပြီးဘာလုပ်မလဲဆိုတာကပိုပြီးတော့အရေးကြီးပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး ခုထက်ထိလည်း အစည်းအဝေး ခေါ်တာမရှိသေးဘူး။ အရေးကြီးတဲ့အချက်တစ်ခုကိုပြောချင်တာကတော့ နိုင်ငံရေးအကျဉ်းသားတွေရှိသေးတယ်။ ဒီနိုင်ငံရေးအကျဉ်းသားတွေနဲ့ပတ်သက်လို့အရေးတကြီးဆောင် ရွက်ဖို့ကျွန်တော်တို့နိုင်ငံမှာလိုအပ်သေးတယ်”ဟု၎င်းကပြောသည်။

အသစ်ဖွဲ့စည်းလိုက်သည့် နိုင်ငံရေးအကျဉ်းသားများရေးရာကော်မတီကို ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၅ရက်နေ့ ရက်စွဲဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ယခင်အဖွဲ့ဝင်တစ်ဦးဖြစ်သူ ပြည်ထဲရေးဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းက ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည်။

The Yangon Globe



စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်မှာ ဒေသခံရွာသားနဲ့ ရဲတပ်ဖွဲ့ အကြား ဒီကနေ့  အဓိကရုဏ်း ထပ်မံ ဖြစ်ပွားရာမှာ ရွာသား ၉ ဦး ဒဏ်ရာ ရရှိတယ်လို့ သိရပြီး ရဲဘက်က ထိခိုက်မှု ကိုတော့ မသိရသေးပါဘူး။

ဒီအဖြစ်အပျက်ဟာ ရွာသူတဦး သေနတ်ထိမှန်သေဆုံးခဲ့တဲ့ မနှစ်ဒီဇင်ဘာ အဓိကရုဏ်းအတွင်း အပြန်အလှန် တိုက်ခိုက်မှုအပြီး ထပ်မံဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းလုပ်ကိုင်နေတဲ့ ၀မ်ပေါင်ကုမ္မဏီက စက်ယန္တရားတွေနဲ့ မနက်က ၀င်ရောက်မြေတူးဖော်ရာမှာ မြေယာလျော်ကြေးမယူထားတဲ့နေရာတွေမှာပါ ထိုးတဲ့အတွက် တားဆီးရာ ကနေ ပြဿနာစဖြစ်တာလို့ ဒေသခံ ဦးဇင်း ဦးစန္ဒာသီရိက မိန့်ပါတယ်။

ရဲတွေနဲ့ ရွာသားတွေဟာ  မနက် ၁၁ နာရီကနေ နေ့ခင်း ၂ နာရီလောက်အထိ ခဲတွေ၊ လောက်လေးဂွတွေနဲ့ အပြန်အလှန်ပစ်ခတ်ကြကြောင်းနဲ့  ညနေပိုင်း ၃ နာရီလောက်မှာတကြိမ် ထပ်ပစ်ကြပြီး ညနေ ၄ နာရီခွဲမှာ စက်သမားတွေ ပြန်သွားတဲ့အတွက် ပစ်ခတ်မှုတွေ ရပ်သွားတယ်လို့ ဦးစန္ဒာသီရိက မိန့်ပါတယ်။

“မနက်ခင်းကတော့ ရဲတွေက နည်းသေးတယ်။ ရဲတွေက စောင့်ကြည့်နေတာပေါ့နော်။ လယ်သမားတွေရဲ့မြေယာလျော်ကြေး မယူတဲ့မြေပေါ်မှာ မြေထိုးရင်းကနေ လယ်သားတွေက တားတယ်။ တားမရတဲ့အတွက် ခဲတွေ၊ ဘတ်ခွတွေနဲ့ စက်မောင်းတဲ့သူတွေကို ပစ်ပြီးတားကြတာပေါ့။ အလယ်ခေါက် ခြံစည်းရိုးကထားတဲ့တဖက်ကနေ လှမ်းပစ်ပြီးတော့ တားတာပေါ့။ ၁ နာရီလောက်ကျမှ ရဲအင်အား အလုံးအရင်းထပ်ရောက်လာပြီး ရဲတွေကလည်း ဘတ်ခွတွေနဲ့ပဲ လယ်သမားတွေကိုပစ်တယ်။ တနာနီကျော်ကြာပစ်တော့ လယ်သမားတွေဘက်က ၉ ဦးလောက်ဒဏ်ရာရသွားတယ်။ ”

ဒဏ်ရာရသူတွေထဲမှာ နဖူတည့်တည့်မှန်သူ၊ မျက်ကွင်း၊ မျက်နှာမှန်သူနဲ့ လက်ခြေထောက်တွေမှာ လောက်စာလုံး မှန်ကြပြီး မျက်ကွင်းမျက်နှာမှန်သူတွေက အခြေအနေ နည်းနည်း ဆိုးတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ဒဏ်ရာရသူတွေကို ရွာက ကျေးလက်ဆေးခန်းမှာ ဆေးကုသပေးနေပါတယ်။ လုံခြုံရေး ရဲတပ်ဖွဲ့ဘက်တော့ ဘယ်လောက်ထိခိုက်ဒဏ်ရာရတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

ယင်းမာပင်ခရိုင်အုပ်ချုပ်ရေးမှုးဇော်မျိုးညွန့်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာ တဖက်နဲ့  တဖက် အော်ပြောတာကလွဲရင် ပစ်တာ၊ ခတ်တာ မရှိဘူးလို့ ပြောပါတယ်။

“ပစ်တယ်လို့ မကြားမိပါဘူး။ ကျနော်ကြားတာတော့ အပြန်အလှန် တယောက်နဲ့တယောက်အော် တယ်ပြောတာပဲ။ ရွာသားတွေက အော်တယ်တဲ့။ ပစ်တယ်လို့မကြားပါဘူး။”

အခင်းဖြစ်ပွားချိန်မှာ ရဲတပ်ဖွဲ့အင်အား ၁၀၀ ခန့်ရှိပြီး ရွားသား ၇၀ လောက်ရှိတယ်လို့ ဒေသခံတွေ က ပြောပါတယ်။

မနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့ တုန်းကလည်း လျော်ကြေးမယူတဲ့ မြေယာတွေပေါ်မှာ ၀မ်ပေါင် ကုမ္ပဏီက ခြံစည်းရိုးခတ်တဲ့အတွက် ဒေသခံတွေနဲ့ အလားတူ အဓိကရုဏ်းဖြစ်ပွားပြီး ရဲက သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့ အတွက် တောင်သူ ဒေါ်ခင်ဝင်း သေဆုံးသွားခဲ့သလို ဒေသခံတွေနဲ့ ရဲတပ်ဖွဲဝင်တွေ နှစ်ဘက်စလုံး ဒဏ်ရာ ရရှိခဲ့ကြပါတယ်။

By နော်နိုရင်း (ဒီဗွီဘီ)
http://burmese.dvb.no/archives/80853

တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရသူ Hua Chunying
ရှမ်းပြည်နယ် အရှေ့မြောက်ဘက်က ကိုးကန့်ဒေသမှာ အစိုးရနဲ့ ကိုးကန့်ခွဲထွက်ရေး တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ တကျော့ပြန် ဖြစ်ပွားနေရာက ဒေသခံတွေ တရုတ်နိုင်ငံထဲအထိ ရောက်လာနေတဲ့အတွက် စိုးရိမ်ပူပမ်တဲ့အကြောင်း တရုတ်နိုင်ငံက ပြောလိုက်ပါတယ်။

“မနေ့ကစပြီး ဒီကနေ့အထိ မြန်မာနိုင်ငံ နယ်စပ်ဒေသက လူတွေဟာ လုံခြုံရေးအတွက် စိုးရိမ်တဲ့အတွက် တရုတ်နိုင်ငံထဲ ၀င်ရောက် လာနေကြပြီး၊ ဒီလူတွေကိုလည်း တရုတ်နိုင်ငံက စောင့်ရှောက်ထားတဲ့အကြောင်း” - နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရသူ Hua Chunying က ဒီကနေ့ ဘေဂျင်းမြို့တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောဆိုခဲ့တာပါ။

ပဋိပက္ခဖြစ်နေသူတွေကြား ကွဲလွဲမှုတွေကို ငြိမ်းငြိမ်းချမ်းချမ်း၊ ညှိနှိုင်းဖြေရှင်းကြဖို့နဲ့ တရုတ်နိုင်ငံကိုပါ လုံခြုံရေးအရ ရိုက်ခတ်လာနိုင်တဲ့ နယ်စပ်ဒေသမှာ တည်ငြိမ်မှုရအောင် ကြိုးပမ်းကြဖို့လည်း တိုက်တွန်းသွားပါတယ်။

မြန်မာအစိုးရကတော့ ကိုးကန့်ခွဲထွက်ရေး အဖွဲ့တွေက အစိုးရတပ်စခန်းတွေကို စတင်ပစ်ခတ်ရာက တိုက်ပွဲတချို့ ဖြစ်ပွားတဲ့အကြောင်း ထုတ်ပြန်ထားပေမဲ့ အသေးစိတ်ကိုတော့ ပြောဆိုတာမျိုး မရှိပါဘူး။

ဦးဖုန်ကြားရှင် ဦးဆောင်တဲ့ မြန်မာပြည် အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်ဖွဲ့ (MNDAA) ကိုးကန့်တပ်ဖွဲ့တွေနဲ့ အစိုးရတပ်တွေကတော့ ရှမ်းပြည်နယ်တွင်းက လောက်ကိုင်နဲ့ ကုန်းကြမ်းမြို့နယ်တွေ ပါဝင်တဲ့ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှာ  မနေ့မွန်းလွဲပိုင်းကစလို့ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။

အစိုးရတပ်တွေဘက်ကတော့ လေကြောင်းအကူအညီတွေပါ ပါဝင်ပြီး၊ ကိုးကန့်တပ်တွေဘက်ကတော့ ပလောင်ခေါ် တအာန်း အမျိုးသား လွတ်မြောက်ရေးတပ်ဖွဲ့ (TNLA)၊ ရခိုင်တပ်မတော် တို့လည်း ပူးပေါင်း တိုက်ခိုက် နေတယ်လို့ ကိုးကန့်တပ်တွေက ပြောပါတယ်။ မြန်မာအစိုးရ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက်ထဲမှာတော့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် အစိုးရက ကြိုးပမ်းနေချိန်မှာ ကိုးကန့်တပ်ဖွဲ့တွေက ဖျက်လိုဖျက်ဆီး သဘောထားနဲ့ မကြာခန တိုက်ခိုက်တာတွေ လုပ်နေတယ်လို့လည်း ဖော်ပြထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/kokant-battles/2636256.html


၂၀၁၅ ရွေးကောက်ပွဲ အတွက် ကြိုတင် ပြင်ဆင်တဲ့ အနေနဲ့  အဖွဲ့ဝင် ၁၉ ဦးပါ  ဗဟိုရွေးကောက်ပွဲ အောင်နိုင်ရေး အဖွဲ့ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ)ပါတီက  ဖေဖော်ဝါရီလ ၉ ရက်မှာ ဖွဲ့စည်းလိုက်ပါတယ်။

ရွေးကောက်ပွဲ အောင်နိုင်ရေး အဖွဲ့ ဥက္ကဋ္ဌ အဖြစ် ပါတီနာယက သူရဦးတင်ဦးက ခေါင်းဆောင်ပြီး ဗဟိုအလုပ် အမှုဆောင် ၂ ဦး အပါအ၀င်  ပြည်နယ်နဲ့တိုင်း အသီးသီးက အမာခံ ပါတီဝင်တွေနဲ့ ဖွဲ့စည်းထားတာပါ။

အောင်နိုင်ရေးအဖွဲ့ ဆောင်ရွက်သွားမယ့်အစီအစဉ်တွေနဲ့ ပတ်သက်ပြီး အဖွဲ့ ခေါင်းဆောင် ဦးတင်ဦးက “ဒီမိုကရေစီကိုယုံကြည်တယ်ဆိုရင်တော့ ရွေးကောက်ပွဲ ကတော့ ဖြတ်သန်းရ မှာပေါ့။ ရွေးကောက်ပွဲ ဖြတ်သန်းရမယ့်ဟာကို အစကတည်းက တွက်ထားပြီး ကြိုတင်လုပ်ကိုင်နေတာတွေကတော့ ကြာပြီ။  အခုအခါကျတော့ တိတိကျကျ သတ်သတ်မှတ်မှတ် တာဝန်ပေးသတ်မှတ်ပြီးတော့ စည်းရုံးရေးဆင်းကြမယ်။ ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်၊ နောက်ကျနော်တို့ တာဝန်ပေးထားတဲ့ ပုဂ္ဂိုလ်တွေကိုယ်တိုင် သူတို့သတ်မှတ်ထားတဲ့ နယ်မြေ တွေမှာ စည်းရုံးကြမယ်။  ကျနော်လည်းမနေပါဘူး လုပ်နိုင်သလောက် တတ်နိုင်သမျှ အားနည်းတဲ့ နေရာတွေမှာ အားပြည့်အောင်ကျနော်လိုက်ပြီးလုပ်မှာပါဘဲ”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီက အမတ်နေရာ ၄၉၂ နေရာမှာ   ၃၉၂ နေရာအပြတ်အသတ် အနိုင်ရခဲ့သလို ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ လစ်လပ်မဲဆန္ဒနယ် ၄၅ နေရာမှာ အန်အယ်လ်ဒီက အမတ်နေရာ ၄၄ နေရာ ၀င်ရွေးချယ်ခံရာမှာ  ၄၃ နေရာ အနိုင်ရရှိခဲ့ပါတယ်။

လာမယ့် ၂၀၁၅ ရွေးကောက်ပွဲဟာ အရင်ရွေးကောက်ပွဲတွေထက်  ပြိုင်ဆိုင်မှု ပိုပြင်းထန်နိုင်ပေမယ့် အနိုင်ရ မယ်လို့ ယုံကြည်တယ်လို့ ကာကွယ်ရေးဦးစီးချုပ်ဟောင်း သူရဦးတင်ဦးကပြောပါတယ်။

“ကျနော့်ကိုမေးကြတယ်။ ဘာလို့ စစ်ထဲကိုဝင်လဲတဲ့၊ကျနော်စစ်ထဲဝင်တာ စစ်တိုက်ပြီး ရန်သူကိုအောင်မြင်အောင် ချေမှုန်းချင်လို့ဝင်တာ။  ကျနော်အဲဒီလိုသန္နိဋ္ဌာန်နဲ့လာတာ၊ အခုလဲ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဘာလို့ထောင်လဲ၊  ဒီမိုကရေစီနဲ့ပတ်သက်တဲ့တိုက်ပွဲကို ကျနော်တို့ အောင်မြင်ရ မယ်၊ အောင်မယ် ဆိုတဲ့စိတ်ဓာတ်နဲ့လုပ်တာ။ ၁၉၉၀ တုန်းကလည်း အောင်မြင်ခဲ့တာပဲ။ ကြားဖြတ် ရွေးကောက်ပွဲမှာတုန်းကလည်း တကယ်တမ်းမှာအောင်မြင်ခဲ့တာပဲ။ အခု  ပြိုင်ဆိုင်မှု ပိုပြီးပြင်း ထန်မယ်။ အရင်လိုတော့တွက်လို့မရဘူး။ ဒါပေမယ့်၂၀၁၅ ကလည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ နှစ်လို့ပဲ သတ်မှတ်ပြီးကြိုးပမ်းလုပ်ကိုင်သွားမှာပဲ။ အောင်မြင် အောင်လုပ်မှာပဲ။ ပါတီထောင် တာ အောင်မြင်ချင်လို့၊  နိုင်ချင်လို့ ပါတီထောင်တာပဲ။ နိုင်ရမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ လုပ်မှာပဲ”လို့ ပြောပါတယ်။

လက်ရှိမြန်မာနိုင်ငံတွင်းမှာ တရားဝင်မှတ်ပုံတင်ထားတဲ့ ပါတီပေါင်း ၇၀ ကျော်ရှိနေပြီး ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီပါတီအတွက် အာဏာရ ကြံ့ခိုင်ရေး ပါတီဟာ အဓိကပြိုင်ဖက်ဖြစ်သလို တိုင်းရင်းသား ဒေသတွေမှာလည်း တိုင်းရင်းသားပါတီတွေဟာ အဓိက အကြိတ်အနယ်ယှဉ်ပြိုင်ကြမယ့် ပါတီတွေဖြစ်မယ်လို့  မြန်မာ့နိုင်ငံရေးလေ့လာသူတွေက အကဲ ခတ်ထားကြတာပါ။

ပြည်တွင်းဂျာနယ်တွေမှာဆောင်းပါးတွေရေးသားနေတဲ့ မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ  ဒေါက်တာ ရန်မျိုးသိန်းကတော့ အန်အယ်လ်ဒီပါတီအနေနဲ့ ပြိုင်ဖက်တွေကို လျော့မတွက်ဖို့ လိုတယ်လို့ပြောပါတယ်။

“ကျနော့်အမြင်ကတော့ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ ပြည်သူလူထုရဲ့ ထောက်ခံမှုကတော့ အားကောင်းတယ်လို့ ကျနော်ကယုံကြည်တယ်။ ဒါပေမယ့် အဲဒီတစ်ခုထဲအပေါ်ကို အခြေခံပြီးတော့ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီပါတီက ၁၉၉၀ ရွေးကောက်ပွဲလို ကြားဖြတ် ရွေးကောက်ပွဲလိုမျိုး အပြတ်အသတ် တောင်ပြိုကမ်းပြိုနိုင်မယ်လို့တော့ ကောက်ချက်ဆွဲဖို့ ခက်မယ်လို့ ကျနော်က ထင်တယ်။ အခုကာလအတွင်း ရွေးကောက်ပွဲမတိုင်ခင်ကာလမှာ အန်အယ်လ်ဒီပါတီအနေနဲ့ စနစ်တကျ ထိထိရောက်ရောက် လုပ်နိုင်မယ်ဆိုရင် ကျနော့်အမြင် ၆၀ ရာခိုင်နှုန်းကျော် အနိုင်ရရှိမှုမျိုးဖြစ်လာနိုင်တယ်။ အန်အယ်လ်ဒီပါတီအနေနဲ့ ကိုယ့်ပါတီအပေါ်မှာ ယုံကြည်မှု မလွန်ကဲဖို့ရယ်၊ ပြိုင်ဖက်ပါတီတွေ အပေါ်မှာ လျော့မတွက်ဖို့လည်းအရေးကြီးတယ်လို့ မြင်တယ်” လို့ ပြောပါတယ်။

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကို ဘယ်အချိန်မှာ ကျင်းပမယ်လို့ အစိုးရကရက်အတိအကျ တရား ၀င်ထုတ်ပြန်ကြေညာထားတာမရှိပေမယ့်   လာမယ့် အောက်တိုဘာ(သို့)  နိုဝင်ဘာ လောက်မှာ ကျင်းပမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက ပြောကြားပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/80831

UMFCCI ရုံးချုပ်မှာ နိုင်ငံတကာနဲ့ မြန်မာနိုင်ငံက စီးပွားရေး လုပ်ငန်းရှင်တွေက သူတို့လေ့လာတွေ့ရှိချက်တွေကို မေလ ၆ ရက်နေ့က ဆွေးနွေးနေစဉ်။ Photo:Kyaw Zaw Wiin/ RFA
အကျင့်ပျက်ခြစားမှုနဲ့ လာဘ်ပေးလာဘ်ယူမှု ဟာ မြန်မာနိုင်ငံရဲ့ အဆိုးရွားဆုံး ပြဿနာ တစ်ရပ် ဖြစ်နေတယ်လို့ဒီနှစ်ထုတ်ပြန်တဲ့ မြန်မာနိုင်ငံ ဆိုင်ရာ စီးပွားရေး စစ်တမ်းတစ်စောင်က ဖေါ်ပြပါတယ်။

OECD ခေါ် ဖွံ့ဖြိုးတိုးတက်ရေး နဲ့စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၊ ESCAP ခေါ် ကုလသမဂ္ဂ အာရှ နဲ့ပစိဖိတ်ဒေသ စီးပွားရေး၊ လူမှုရေး ကော်မ ရှင်၊ မြန်မာနိုင်ငံစက်မှုလုပ်ငန်းရှင် နဲ့ကုန်သည်ကြီးများ အသင်း UMFCCI တို့ပူးပေါင်းဆောင်ရွက်ခဲ့ကြ တဲ့ မြန်မာနိုင်ငံ ၂၀၁၄ ခုနှစ် စီးပွားရေးစစ်တမ်းမှာ ဖေါ်ပြ ခဲ့တာပါ။

မြန်မာနိုင်ငံအတွင်း စီးပွားရေးလုပ်ငန်းတွေ ဆောင်ရွက်ရာ မှာ အဓိက စိန်ခေါ်နေတဲ့ ပြဿနာ အတားအဆီးပေါင်း (၃၄) ခု ရှိနေပြီး၊ အဲ့ဒီထဲမှာ အကျင့် ပျက်ခြစားမှုက နံပါတ်(၁) နေရာမှာ ရှိနေတယ်လို့ဆိုပါတယ်။

စစ်တမ်းပါ ဖော်ပြချက်တွေအရ အကျင့်ပျက်ခြစားမှု ပြီးရင် နည်းပညာ အားနည်းမှု၊ မြေနေရာ အခက်အခဲ၊ ကြီးမားလှတဲ့ အတိုးနှုန်း၊ ကျွမ်းကျင်လုပ်သားရှားပါးမှု နဲ့ နိုင်ငံရေး မတည်ငြိမ်မှု စတဲ့ ပြဿနာတွေကို အစဉ်လိုက်ဖေါ်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ အကျင့်ပျက် ခြစားမှုဟာ အသားကျ အရိုးစွဲနေတဲ့ ပြဿနာ တစ်ရပ် ဖြစ်နေပေမဲ့ ဒီမိုကရေစီ အသွင် ကူးပြောင်းရေးဆောင်ရွက်နေတဲ့ အချိန်မှာ နိုင်နိုင်နင်းနင်း တိုက်ဖျက်သင့်ကြောင်း၊ ဒီအတွက် တရားဥပဒေ စိုးမိုးမှု အားကောင်းဖို့ အရေးကြီးပြီး၊ ဥပဒေ နဲ့စည်းမျဉ်းစည်းကမ်းတွေကို အစိုးရရော၊ ပြည်သူတွေပါ လိုက်နာကြဖို့လိုကြောင်း လည်း ဖေါ်ပြထားပါတယ်။

RFA Burmese
http://www.rfa.org/burmese/news/corruption-myanmar-big-problem-02102015003859.html

ဓာတ်ပုံ (ကိုမြအေး-ဖေ့ဘွတ်ခ်) 
ကချင်ပြည်နယ် မြစ်ကြီးနား တက္ကသိုလ် ကျောင်းသူ ကျောင်းသားတွေက အမျိုးသား ပညာရေး ဥပဒေကို  ပထမဆုံးအကြိမ် အဖြစ် ဒီကနေ့ ဆန္ဒပြ ခဲ့ပါတယ်။

အမျိုးသား ပညာရေး ဥပဒေကို မကြိုက်တဲ့အတွက် ဆန္ဒထုတ်ဖော်တာ ဖြစ်တယ်လို့ ဆန္ဒပြ မြစ်ကြီးနား တက္ကသိုလ် ကျောင်းသူ ဆိုင်းနုပန်က ပြောတယ်။

“ကျမတို့က ဒီမိုကရေစီပညာရေးရယ်၊ ကျောင်းသားအသင်းအဖွဲ့များ လွတ်လပ်စွာဖွဲစည်းခွင့်၊ ပညာရေး အသုံးစရိတ်တိုးမြင့် ပေးရေး၊ မိခင်ဘာသာစကားအခြေပြုသင်ကြားရေး၊ ဗဟိုဦးစီးချုပ်ကိုင်မှု မရှိရေး တောင်းဆိုတာပေါ့။”လို့ သူက ပြောပါတယ်။

ဆန္ဒပြတဲ့ကျောင်းသားတွေ နည်းပေမယ့် အမျိုးသား ပညာရေး ဥပဒေ ကို ဆန့်ကျင် ကန့်ကွက်နေတဲ့ နိုင်ငံတ၀န်းက ကျောင်းသားတွေနဲ့ အတူ ရှိနေတယ်လို့  ပြောပါတယ်။

ဆန္ဒပြ ကျောင်းသူ ကျောင်းသားတွေဟာ မြစ်ကြီးနား တက္ကသိုလ်ကနေ ကွန်ပြူတာ တက္ကသိုလ် အထိ လမ်းလျှောက်ဆန္ဒပြခဲ့ပြီး ကွန်ပြူတာတက္ကသိုလ်ရှေ့မှာ ဟောပြောမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဆန္ဒပြ ကျောင်းသားအဖွဲ့ဟာမြစ်ကြီးနား တက္ကသိုလ်နဲ့ ကွန်ပြူတာတက္ကသိုလ်မှာ ရှိတဲ့ ကျောင်းသား တွေကို ဟောပြောစည်းရုံးဖို့ ကျောင်းထဲကိုဝင်ခွင့်တောင်းပေးမယ့် ကျောင်းတံခါးတွေ သော့ခတ် ထားတဲ့ အတွက်ဝင်ခွင့် မရရှိခဲ့ပါဘူး။

ဒီဆန္ဒပြပွဲကို ဒေသခံအာဏာပိုင်တွေ လာရောက်တားမြစ်တာတွေမရှိပေမယ့် ကျောင်းအသီးသီးမှာ ပြည်နယ်နဲ့ မြို့နယ်တာဝန်ရှိသူတွေအပါအ၀င် ကျောင်းဆရာ ဆရာမတွေက ကျောင်းသူ ကျောင်းသားတွေကို ဖိအားပေးမှုတွေရှိခဲ့တဲ့အတွက် ဆန္ဒပြမှုမှာ ကျောင်းသားတွေ သိပ် ပါဝင်နိုင်ခဲ့ခြင်းမရှိဘူးလို့လည်း ဆိုင်းနုပန်က ပြောပါတယ်။

“အစပိုင်းကတော့ လူ ၄ ရာလောက်သတ်မှတ်ထားပေမယ့် အခြေအနေက ဆရာမတွေက နည်းနည်း ဖိအား ပေးတာရှိတယ်။ပြီးရင် ကျောင်းမှာလည်းဝင်ခွင့်မပေးတာဆိုတော့ ကျမတို့ အတွက်လည်း အဆင် မပြေဘူး။ အဲကြောင့် လူက နည်းနည်းပဲဖြစ်သွားတာ”လို့ သူက ပြောပါတယ်။

ကျောင်းသူကျောင်းသားတွေအနေနဲ့ ကျောင်းသားအခွင့်အရေးကိုသာ တောင်းဆိုတာမဟုတ်ဘဲ ဆရာဆရာမတွေရဲ့ အခွင့်အရေးကိုပါ တောင်းဆိုနေတဲ့အတွက် ဆရာဆရာမတွေလည်း သူတို့နဲ့အတူ ပူးပေါင်းပါဝင်စေချင်တယ်လို့လည်း ဆိုင်နုပန်က ပြောပါတယ်။

မြစ်ကြီးနား တက္ကသိုလ်မှာတော့ဒီနေ့ကျောင်းသားတွေကို ကျောင်းဝင်ခွင့်ကျောင်းသားကဒ်တွေ စစ်ဆေးမှုပြုလုပ်ပြီး ကျောင်းတံခါးကိုသော့ခတ်ခဲ့ပါတယ်။

By နော်နိုရင်း (ဒီဗွီဘီ)
http://burmese.dvb.no/archives/80820



အမျိုးသား ပညာရေး ဥပဒေကို ကန့်ကွက်ဆန္ဒပြကာ မန္တလေး မြို့ကနေ ရန်ကုန်ကို ချီတက်လာတဲ့ ပင်မ သပိတ်စစ်ကြောင်း ပြည်ခရိုင်အတွင်းမှာရှိတဲ့ ကျောင်းသားတွေနဲ့ ပူးပေါင်းပြီး တက္ကသိုလ်တွေမှာ ဒီကနေ့ အင်္ဂါနေ့မှာ လှည့်လည် ဟောပြောနေပါတယ်။

သပိတ်စစ်ကြောင်း ဖေဖေါ်ဝါရီ ၉ ရက်နေ့က ပြည်မြို့အ၀င် ရွှေပေါက်ပင် ဘုန်းကြီးကျောင်းမှာ ညအိပ်ရပ်နားခဲ့တာပါ။ သပိတ်ကျောင်းသားတွေ ပြည်ကနေ ၆ မိုင်လောက် ကွာဝေးတဲ့ နည်းပညာတက္ကသိုလ်ကို ချီတက်ခဲ့ပြီး တက္ကသိုလ် အာဏာပိုင်တွေက ကျောင်းဝင်ပေါက်ကို ပိတ်ထားခဲ့ပါတယ်။ တနာရီကျော် အချိန်မှာတော့ ကျောင်းသားတွေ တောင်းဆိုတဲ့အတိုင်း ကျောင်းဝင်းတံခါးတွေ ဖွင့်ပေးခဲ့ပါတယ်။ အဲဒီနောက်မှာ သပိတ်မှောက်ရတဲ့ အကြောင်းအရင်းနဲ့ ဒီမိုကရေစီ ပညာရေးနဲ့ပက်သက်တာတွေကို ဟောပြောခဲ့ပါတယ်။ ဒါ့အပြင် ပြည်တက္ကသိုလ်နဲ့ ပြည် ကွန်ပျူတာ တက္ကသိုလ်တွေမှာလဲ သွားရောက်ဟောပြောခဲ့ပါတယ်။ ပြည်မြို့ခံပြည်သူလူထုနဲ့ ကျောင်းသားကျောင်းသူတွေ တောင်းဆိုမှုတွေကြောင့် ကျောင်းသားစစ်ကြောင်း မြို့တွင်းမှာ လှည့်လည် ဆန္ဒပြဟောပြောမှုတွေ ပြုလုပ်ပြီး ပြည်မြို့မှာ ညအိပ်ရပ်နားမှာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာတော့ ရန်ကုန်မြို့ မှာ ပြုလုပ်မယ့် လေးပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးရေး အတွက် သဘောတူညီထားတဲ့ အချက် ၁၁ ချက်အပေါ် ဗကသများအဖွဲ့ချုပ်ကို ကိုယ်စားပြုဆွေးနွေးမယ့် ကျောင်းသားခေါင်းဆောင်တွေနဲ့ လက်ရှိ ပင်မသပိတ် စစ်ကြောင်းမှာ ပါဝင်နေတဲ့ ကျောင်းသားတွေ မူဘောင်ချမှတ်ဖို့ သီးသန့် ဆွေးနွေးမှုတွေ ပြုလုပ်မှာ ဖြစ်ပါတယ်။ ဖေဖေါ်ဝါရီ ၁၁ ရက်နေ့ မနက်ပိုင်းမှာတော့ ဆရာကြီး သခင်ကိုယ်တော်မှိုင်း မွေးဖွားရော ဇာတိ ဖြစ်တဲ့ ရွှေတောင်မြို့ ဝါးလည်ရွာကို ဆက်လက်ချီတက်ပြီး အဲဒီ နေရာမှာ ညအိပ် ရပ်နားသွားမယ်လို့ ဗကသများ အဖွဲ့ချု ဗကသများ အဖွဲ့ချုပ်က ကိုမင်းသွေးသစ်ကဒီဗီဘီကိုပြောပါ တယ်။

DVB TV News
https://www.facebook.com/DVBTVNews


တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဟာ ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်နယ်စပ်မှာ ဦးဖုန်ကြားရှင် ဦးဆောင်တဲ့ ကိုးကန့်လက်နက်ကိုင် တပ်ဖွဲ့နဲ့ ပူးတွဲပြီး မြန်မာ့တပ်မတော်ကို တိုက်ခိုက်နေကြသလို အစိုးရ ဘက်က လေကြောင်းက ပစ်ကူတိုက်ခိုက် နေတယ်လို့ တအာင်း ပလောင် လွတ်မြောက်ရေး တပ်မတော် (တီအန်အယ်လ်အေ) က ပြောပါတယ်။

မနေ့က ကိုးကန့် လက်နက်ကိုင်တပ်ဖွဲ့နဲ့  တိုက်ပွဲမှာ အစိုးရဘက်က အင်အားသုံး တိုက်ခိုက်တဲ့ အတွက် တိုင်းရင်းသားမဟာမိတ်တပ်ဖွဲ့ဝင် တီအန်အယ်လ်အေ၊၊ ရခိုင်တပ်မတော် (အေအေ)နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ)တို့က ကူညီတိုက်ခိုက်ပေးနေတယ်လို တီအန်အယ်လ်အေ အထွေထွေ အတွင်းရေးမှူး ဒုဗိုလ်မှူးကြီး တာ့ဘုန်းကျော်က ပြောပါတယ်။

“ကိုးကန့်ဒေသ ကုန်းကြမ်းမြို့ မြောက်ဘက် သံလွင်မြစ်အရှေ့ခြမ်း  ၃ နေရာ ၄ နေရာလောက်မှာ တိုက်ပွဲတွေ ဖြစ်နေပါတယ်ခင်ဗျ ၊ မနေ့ကညကရော၊ ဒီကနေ့ မနက် တစ်နာရီနဲ့ ၂ နာရီကြား တစ်ခါ ၊ မနက် ၃ နာရီကျော် မှာ တနေရာ ၊ ပြီးတော့ မနက် ၇ နာရီမှာ၊ ကျနော်တို့ ပူးပေါင်း စစ်ကြောင်းတွေပါပါတယ်၊ တီအန်အယ်လ်အေပါတယ်၊ ကိုးကန့်တပ်ပါတယ်၊ ရခိုင်လည်းပါတယ် ၊ကချင်လည်း ပါတယ်” လို့ ပြောပါတယ်။

ဒီအဖွဲ့တွေဟာ လက်ရှိအစိုးရနဲ့ ဆွေးနွေးညှိနှိုင်းနေတဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ (အန်စီစီတီ) ၀င်တွေ ဖြစ်ပေမယ့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကြား တူညီတဲ့ ဦးတည်ချက်နဲ့ ခံစားချက်တွေ ရှိတာကြောင့် ၀ိုင်းကူတိုက်ခိုက် တာဖြစ်ကြောင်း၊ တဖက်က ဆွေးနွေး ညှိနှိုင်းချိန် တဖက်မှာ အစိုးရတပ်က နယ်မြေရှင်းလင်းရေး အကြောင်းပြပြီး အင်အားသုံးတိုက်ခိုက်နေတာကြောင့် ပစ်ခတ်မှုတွေ ဖြစ်နေရတာလို့  သူကဆက်ပြောပါတယ်။

ဒီမနက်ကစပြီး လောက်ကိုင် ချင်မာလင် ဒေသနဲ့ နောင်ကော်ရွာတွေမှာလည်း ပူးပေါင်းတပ်နဲ့ အစိုးတပ်အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်နဲ့ အစိုးရတပ်ဘက်က တိုက်လေယာဉ် ၂ စီး၊ ရဟတ်ယာဉ် ၃ စီးနဲ့ ဗုံးကြဲတိုက်ခိုက် ခဲ့ကြောင်း တီအန်အယ်လ်အေ သတင်းနဲ့ပြန်ကြားရေးဌာနက ညနေပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

ရှမ်းပြည်မြောက်ပိုင်း တရုတ်နယ်စပ်  လောက်ကိုင်ခရိုင်ထဲမှာ ဦးဖုန်ကြားရှင်ခေါင်းဆောင်တဲ့ မြန်မာအမျိုးသား ဒီမိုကရေ စီမဟာမိတ်တပ်ဖွဲ့ (အမ်အန်ဒီအေအေ)နဲ့ အစိုးရတပ်ဖွဲ့ဝင်တွေကြား မနေ့က တိုက်ပွဲစတင်ခဲ့ပြီး  ဒီကနေ့လည်း ပစ်ခတ်မှု ဆက်ဖြစ်နေပါတယ်။

အမ်အန်ဒီအေအေ အထွေထွေ အတွင်းရေးမှူး ဦးထွန်းမြတ်လင်းက ခုရက်ပိုင်းအတွင်း သံလွင်မြစ် အရှေ့ခြမ်း ဘက်ကို ရောက်ရှိလာတဲ့ သူတို့တပ်ဖွဲ့ဝင်တွေကို အစိုးရတပ်ဘက်က စတင်တိုက်ခိုက် တာဖြစ်ပြီး ဒီမနက်၇ နာရီလောက်ကစလို့ တိုက်ပွဲဖြစ်နေတယ်လို့  ပြောပါတယ်။

“ပြီးခဲ့တဲ့နှစ်က ကျနော်တို့သံလွင်မြစ်အနောက် ဘက်ခြမ်းမှာ အေးအေးဆေးဆေးနေနေပါတယ် ၊ အဲဒီမှာ ဗမာ့တပ်မတော်က ကျနော် တို့ကို လိုက်လံတိုက်ခိုက်ခဲ့တယ်။ ကျနော်တို့ သံလွင်မြစ် အရှေ့ဘက် ရွှေ့လာတော့လည်း အလုံးအရင်းနဲ့ အတိုက်ခံရတယ်။ မနေ့ကဆိုရင် မော်ထိုက် ဘက်မှာ အပေါ် ကနေ ရဟတ်ယာဉ် ၃ စီးနဲ့ ကူပစ်တယ်။ ကျနော်တို့ဘက်က ဒဏ်ရာရသူ နည်းနည်းပါးပါး ရှိတယ်။ ဒီနေ့မနက် ကျတော့ လောက်ကိုင်ရဲ့ အနောက်မြောက်ဘက် တာရွှေထန် ဒေသမှာ ထပ်ဖြစ်နေတယ်၊ အခုထိဘဲ၊ ထိခိုက် ဆုံးရှုံးမှု အခြေအနေတွေ မသိရသေးဘူး” လို့ ပြောပါတယ်။

မနေ့ကတိုက်ပွဲတွေမှာ အစိုးရတပ်ဘက်က သုံးယောက်ကျသွားတယ်လို့ သတင်းရရှိပြီး ကျန်ခဲ့တဲ့ သေနတ် ၆ လက်ရ ထားတယ်လို့  သူကဆက်ပြောပါတယ်။

ဒါ့အပြင် အစိုးရတပ်ဘက်က စစ်အကူတွေ ထရပ်ကားနဲ့ ထပ်မံရောက်ရှိလာတဲ့အတွက် ပစ်ခတ်မှု အရှိန်တွေ ပိုမြင့်လာနိုင်တယ်လို့ ဦးထွန်းမြတ်လင်းက ပြောပါတယ်။

သမ္မတရုံးညွန်ကြားရေးမှူး ဦးဇော်ဌေးကတော့ အသေးစိတ်ဖြေဆိုခြင်းမပြုဘဲ သူညွှန်း ဆိုတဲ့ ပြန်ကြားရေး ဌာနက သတင်းထုတ်ပြန်ချက်မှာတော့ ဖေဖော်ဝါရီလ ၉ ရက်နေ့က နယ်မြေရှင်းတဲ့ တပ်မတော် စစ်ကြောင်းတွေနဲ့  ကိုးကန့် တိမ်းရှောင်အဖွဲ့အင်အားစုတွေနဲ့ တိုက်ပွဲ ၃ ကြိမ်ဖြစ်ခဲ့တယ်လို့ ဖော်ပြပါတယ်။

ကိုးကန့်လက်နက်ကိုင်အဖွဲ့ဟာ ရှမ်းပြည်မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသ ၁ မှာ နေထိုင်ခဲ့ပြီး ၂၀၀၈ ခုနှစ်က နယ်ခြားစောင့်တပ်ဖွဲ့စည်းမှုကို လက်မခံရာက တိုက်ပွဲဖြစ်ပြီး ဒေသကနေ တိုက်ထုတ်ဖယ်ရှားခံခဲ့ရပါတယ်။

ဒီနောက် ကိုးကန့်တပ်ဖွဲ့မှာ အစိုးရလက်အောက်ခံ ဌာနေပြည်သူ့စစ် အသွင်ပြောင်းတပ်သွားတဲ့ တပ်နဲ့ တိုက်ထုတ်ခံရတဲ့တပ်ဖွဲ့ ဆိုပြီး ၂ ခြမ်းကွဲ သွားပါတယ်။

၅ နှစ်ကျော်  ငြိမ်သက်နေတဲ့ ကိုးကန့်လက်နက်ကိုင်အဖွဲ့ဟာ ဖေဖော်ဝါရီ ၉ ရက်မှာ  ကိုးကန့် တိုင်းရင်းသားများရဲ့ တန်းတူရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေး အတွက် လက်နက်ကိုင် တော်လှန်သွားမယ့်လို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

မနှစ် စက်တင်ဘာလမှာ ကျင်းပတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ ညီလာခံမှာ အမ်အန်ဒီအေအေအဖွဲ့ကို အဖွဲ့ဝင်သစ်အဖြစ် အသိအမှတ်ပြုခဲ့ပါတယ်။

By နန်းမြနဒီ (ဒီဗွီဘီ)
http://burmese.dvb.no/archives/80834


ကိုးကန့် ဖေဖော်ဝါရီ ၉

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ လောက်ကိုင်မြို့နယ် တာရွှေထန်၊ ကုန်းကြမ်းနှင့် ညံခွမ်း ဒေသများသို့ ယနေ့နံနက် ၁၁ နာရီခန့်က ဖုန်ကြားရှင် တပ်အင်အား ၁ဝဝဝ ခန့် ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း စစ်ဘက်နှင့် နီးစပ်သူတစ်ဦးကပြောသည်။ ''ကိုးကန့်နယ်မြေကို ပြန်လည်သိမ်းပိုက်ဖို့ တိုက်ကွက် ဖော်လာတဲ့ ဖုန်ကြားရှင်အနေနဲ့ လက်ရှိအစိုးရဲ့ နိုင်ငံရေး အကျပ်အတည်း ဖြစ်မယ့် အခါအခွင့်ကို စောင့်နေပုံရတယ်။ ချုံထဲက ချိုသွေးတမြမြပေါ့။ ဒီမိုကရေစီ အသွင်ကူးပြောင်း ရေးအစိုးရအနေနဲ့ စိန်ခေါ်မှုတွေ အများကြီး ရင်ဆိုင်နေရချိန်မှာ အမျိုးသား ရင်ကြားစေ့ရေး အတွက် တိုင်းရင်းသားလက်နက် ကိုင်ပဋိပက္ခအရေးကို အလေးထား ဆောင်ရွက်ခဲ့ ပေမယ့်လည်း အခုကိုးကန့်ကိစ္စဟာ KIA , TNLA , ABSDF အဖွဲ့လေးတွေနဲ့ ညှိနှိုင်းလို့မရတာရဲ့ နောက်ဆက်တွဲ ဆိုးကျိုးလို့ ပြောရမှာ ပဲ''ဟု တပ်မတော်အငြိမ်းစား အရာရှိတစ်ဦး က လောက်ကိုင်ဒေသ၌ ဖြစ်ပေါ် နေသည့်တိုက်ပွဲများနှင့် ပတ်သက်၍ သုံးသပ်ပြောကြားသည်။

လက်ရှိအချိန်(ညနေ၃နာရီခွဲ)ထိ အစိုးရဝန်ထမ်းများမှာ တာဝန်ကျရာ ရုံးများတွင်သာ ဆက်လက် နေလျက်ရှိပြီး အခြေအနေကို စောင့်ကြည့်နေရ ကြောင်း၊ အထက်မှလည်း အချိန်နှင့် တစ်ပြေးညီ သတင်းပို့ရန် ညွန်ကြား ထားကြောင်း လောက်ကိုင်မြို့တွင် တာဝန်ထမ်းဆောင်နေသည့် အစိုးရဝန်ထမ်း တစ်ဦးက ပြောသည်။
''လောက်ကိုင်က တရုတ်တော်တော်များများကတော့ တရုတ်ပြည် နမ့်ဆန်ဘက်ကို ကားတွေနဲ့ အခုနေ့လယ်ကတည်းက ရွှေ့နေကြပြီ။ ကျွန် တော်တို့ကတော့ ရုံးမှာပဲ ရင်တမမနဲ့စောင့်နေတယ်။ လာတိုက်တဲ့ဘက်က အင်အား ၁ဝဝဝ လောက်ရှိတယ်လို့ကြားတယ်။ သိန်းနီနဲ့ ကွမ်လုံဘက်ကနေ အစိုးရ စစ်ကူတပ်တွေပို့နေပြီလို့တော့ပြောတယ်''ဟု၎င်းကပြောသည်။ လောက်ကိုင်နှင့်ကုန်းကြမ်းကြား ရှော်ကိုင်လမ်းခွဲတွင် ဖုန်ကြားရှင် တပ်များက လာသမျှကားများကိုတားဆီးကာ လူများအား ဖမ်းဆီးလျက် ရှိပြီး ကုန်းကြမ်းထွေအုပ်ရုံးမှ ဝန်ထမ်းများလည်း ထိန်းသိမ်းခံရလျက် ရှိသည်ဟု သတင်းထွက်ပေါ်နေကြောင်း လောက်ကိုင်ဒေသခံများက ပြောသည်။ လက်ရှိအချိန်တွင်မိမိတို့လည်း အခြေအနေစောင့်ကြည့် နေဆဲသာဖြစ်ပြီး တစ်စုံတစ်ရာ မပြောနိုင်သေးကြောင်း လောက်ကိုင် ထွေအုပ်ရုံးသို့ ညနေ ၃နာရီခွဲအချိန်က ဆက်သွယ်မေးမြန်းချက်အရ သိရသည်။

လောက်ကိုင်ခရိုင်ရုံး-ဝ၈၂၇၂ဝ၁၂ သို့ ဆက်သွယ်မေးမြန်းရာ အထက်မှတားမြစ်ထားသောကြောင့် အဆိုပါကိစ္စများအား အတည်ပြု ဖြေကြားနိုင်ခြင်းမရှိကြောင်း ဖုန်းဖြေဆိုသည့် ဝန်ထမ်းတစ်ဦးက အကြောင်း ပြန်သည်။ ''ကစထမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်ရယ်၊ တိုင်းမှူး ကြီးတို့ ပေါင်းစပ်ညှိနှိုင်း နေပါတယ်။ ကျွန်တော်တို့ လာရှင်းနေတယ်။ လောလော ဆယ်အခြေအနေတော့ ဘာမှပြန်မကြားသေးဘူး''ဟု လောက်ကိုင် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးကျော်နီနိုင်ကပြောသည်။ ဒကစ(လောက်ကိုင်)ကွပ်ကဲမှုအောက်ရှိ တာရွှေထန်၊ ကုန်းကြမ်းနှင့် ညံခွမ်းတို့၌ စခန်းချထားသည့် ခလရ(၁၂၅)တပ်ဖွဲ့များကို ၁ဝ၅ မမ အမြောက်ပစ်ကူ သာလွန်အင်အားဖြင့် ဖုန်ကြားရှင်တပ်အင်အား ၁ဝဝဝခန့် က ယနေ့ ၁၂ နာရီခွဲခန့်တွင် တစ်ပြိုင်တည်းတိုက်ခိုက်ခဲ့ရာ တပ်မတော်က မဆုပ်တမ်းခုခံသဖြင့် ရန်သူများ ဆုတ်ခွာသွားကြောင်း၊ သိန်းနီရှိစကခ ၁၆တပ်များလည်း လောက်ကိုင်သို့ စစ်ကူချီတက်နေပြီ ဖြစ်ကြောင်း တပ်မတော် အသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက ၄င်း၏လူမှုစာမျက်နှာ တွင်ဖော်ပြထားသည်။

The Union Daily
http://uniondaily.net/News/DetailView.aspx?id=11428&path=/Default.aspx

ဧရာဝတီသပိတ်စစ်ကြောင်းနဲ့အတူ ပုသိမ်ကနေ မအူပင်အထိ ကျောင်းသားသပိတ်မှာ ပါဝင်ခဲ့တဲ့ ဆယ်တန်းကျောင်းသူ မချောစုစံကို မိဘတွေလက် ပြန်အပ်ခဲ့တဲ့အကြောင်းကို အစိုးရပိုင်သတင်းစာတွေ ဖော်ပြပုံက သပိတ်မှောက်ကျောင်းသားတွေ ဆန္ဒနဲ့ မချောစုစံကို သပိတ်မှာပါဝင်အောင်လုပ်တဲ့အဓိပ္ပာယ်မျိုး ရေးသားခဲ့တာကို ပြင်းပြင်းထန်ထန် ရှုတ်ချတယ်လို့ ဧရာဝတီသပိတ်စစ်ကြောင်း ကြေညာလိုက်ပါတယ်။

ကျောင်းသူ မချောစုစံနဲ့ သူရဲ့မိဘတွေရဲ့ ဂုဏ်သိက္ခာ၊ သပိတ်စစ်ကြောင်းကို အသိအမှတ်ပြုခဲ့တဲ့ တိုင်းဝန်ကြီးချုပ်နဲ့ ပညာရေးဝန်ကြီးဌာနအသီးသီးတို့ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်တာမို့ နိုင်ငံပိုင်သတင်းမီဒီယာအနေနဲ့ ဒီလိုမလုပ်သင့်တဲ့ အကြောင်း၊ မချောစုစံဟာ သူ့ရဲ့ကိုယ်ပိုင်သဘောဆန္ဒအတိုင်း သပိတ်စစ်ကြောင်းနဲ့ လိုက်ပါလာပြီး ဆယ်တန်းကျောင်းသူဖြစ်လို့ သပိတ်နားတဲ့မြို့တိုင်း ဆရာတွေ။ တက္ကသိုလ်ကျောင်းသားတွေက လမ်းတစ်လျှောက် စာသင်ပေးခဲ့ပြီး မိဘတွေနဲ့ သဘောတူထားတဲ့အတိုင်း မအူပင်မြို့အထိ လိုက်ပါခဲ့သူဖြစ်တဲ့အကြောင်း၊ မိဘနဲ့ဆရာတွေလက်ထဲအရောက် သပိတ်မှောက်ကျောင်းသားတွေက တရားဝင်လွှဲအပ်ခဲ့တာကို ကြေးမုံသတင်းစာရဲ့ တစ်ဖက်သတ်ရေးသားမှုဟာ တာဝန်မဲ့တာကြောင့် ရှုတ်ချတယ်လို့ ပြောပါတယ်။
Kamayut Media