02/12/15


ဝှိုက်ကတ်လို့ ခေါ်တဲ့ ယာယီ သက်သက်ခံ လက်မှတ်တွေကို ပယ်ဖျက်ကြောင်း အမိန့်ကြေညာချက် တစ်ရပ်ကို မြန်မာအစိုးရက ထုတ်ပြန်လိုက်ပါတယ်။

ဒါကြောင့် ဝှိုက်ကတ် ကိုင်ဆောင်သူတွေရဲ့ မဲပေးခွင့် အလိုအလျောက် ပယ်ဖျက်ပြီး ဖြစ်ကာ ကတ်ပြားတွေ ပြန်လည် အပ်နှံဖို့ မတ်လ ၃၁ ရက် ကနေ မေလ ၃၁ ရက် အထိ အချိန် ပေးထားတယ်လို့ ဆိုပါတယ်။

ဝှိုက်ကတ် အပေါ် ရဟန်းရှင်လူ အများအပြားက ဝေဖန်မှုတွေ ရှိနေလို့ ဖျက်သိမ်းတယ်လို့ ဖော်ပြပြီး ဝှိုက်ကက်နဲ့ ပတ်သက်တဲ့ ဥပဒေ၊ နည်းဥပဒေတွေနဲ့ ဆက်စပ် ကိစ္စရပ်တွေ လေ့လာသုံးသပ် အကြံပြုရေး ကော်မရှင်ကို ဖွဲ့စည်း တာဝန်ပေးသွားမယ်လို့လည်း ကြေညာထားပါတယ်။

ဝှိုက်ကတ် ကိုင်ဆောင်သူတွေကို မဲပေးခွင့်ပြုဖို့ မကြာခင်ကပဲ လွှတ်တော်က အတည်ပြုခဲ့ပြီး ဒီအပေါ် ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေလည်း ဒီကနေ့ ရန်ကုန်မှာ ပထမဆုံး အကြိမ်အဖြစ် ပြုလုပ်ခဲ့ကြပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese


၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ ပြင်ဆင်ရေး အတွက် ပြည်လုံးကျွတ်ဆန္ဒ ခံယူပွဲ ကျင်းပရာတွင် ယာယီသက်သေခံလက်မှတ် ( White Card )ကိုင်ဆောင်ထားသူများကို ဆန္ဒမဲပေးခွင့်ပြုလိုက်သည့် ဆုံးဖြတ်ချက်သည် တိုင်းပြည်၏ အချုပ်အခြာ အာဏာကို ထိခိုက်လာနိုင်ကြောင်း ဖေဖော်ဝါရီ၁၁ ရက်နေ့ ပြုလုပ်သော White Card ကိုင်သူမဲပေးခွင့် ပယ်ဖျက်ပေးရေး ချီတက် ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူ ဦးညီညီမောင်က NewsWatch ဂျာနယ်သို့ပြောသည်။

"ရွေးကောက်ပွဲမှာ မဲပေးရတယ်ဆိုတာက တစ်ပါတီအတွက်၊တစ်ဦးတစ်ယောက်အတွက် မဲတစ်ပြားက အရေးကြီးပါတယ်။ အခုကိစ္စက အခြေခံဥပဒေပြင်ဆင်တဲ့ နေရာမှာ မဲပေးတာ ဖြစ်တဲ့အတွက် ရွေးကောက်ပွဲတွေမှာ မဲပေးတဲ့အဆင့်တဲ့ ပိုပြီးအဆင့်မြင့်ပါတယ်။မြန်မာနိုင်ငံမှာ နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့်ရှိတာမဟုတ်ပါဘူး။ အသက် ၁၈ နှစ်ပြည့်မှ သတ်မှတ်ထားတဲ့ အရည်အချင်းပြည့်မီမှ မဲထည့်ခွင့်ရှိတာပါ။ နိုင်ငံသားတွေတောင် သတ်မှတ်အရည်အချင်းပြည့်မှ မဲထည့်လို့ရတော့ အခု ၀ိုက်ကဒ် ကိုင်ထားတဲ့သူတွေက မြန်မာစကားတောင် မပြောတတ်တဲ့သူတွေရှိတယ်။ တချို့ဆိုရင် မြန်မာနိုင်ငံတော် အလံကို အလေးမပြုတဲ့လူတွေ ရှိနေတယ်။ အဲတော့ မြန်မာနိုင်ငံသားတွေရဲ့ အရေးကို မလုပ်တဲ့သူတွေကို ဆုံးဖြတ်ခွင့်ပေးမယ်ဆိုရင် နိုင်ငံတော်အတွက် ဘယ်လောက်နစ်နာမလဲ ဆိုတာ ပေါ်လွင်ပါတယ် "ဟု ၄င်းကပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အခန်း ( ၁ ) ပုဒ်မ ( ၄ ) တွင်နိုင်ငံတော်၏ အချုပ်အခြာ အာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတစ်ဝန်းလုံး၌ တည်သည်ဟု ဖော်ပြထားခြင်းကြောင့် ယင်းကိစ္စသည် နိုင်ငံတော်၏ အချုပ်အခြာ အာဏာကို ထိခိုက်မည့် အရေး နိုင်ငံတော် သမ္မတအပါအ၀င် လွှတ်တော် အမတ်တချို့မှ ဆုံးဖြတ်လိုက်ခြင်းသည် နိုင်ငံတော် အချုပ်အခြာ အာဏာကို ယိုယွင်းပျက်စီးအောင် လုပ်ဆောင်သည့် သဘောသက်ရောက်နေသည်ဟု ယူဆကြောင်း နှင့်ပြည်ထောင်စုလွတ်တော်တွင် ပယ်ဖျက်သည်အထိ၊ ပြည်ထောင်စုလွှတ်တော် ခုံရုံးမှ အမြန်ဆုံးဖြေရှင်းပေးသည်အထိ တိုက်ပွဲဝင်သွားရန်ရှိကြောင်း ဦးညီညီမောင်က ပြောသည်။

လမ်းလျှောက်ဆန္ဒဖော်ထုတ်ပွဲကို ပြည်ထောင်စု မြန်မာနိုင်ငံသားများ အဖွဲ့မှ အင်အား ( ၁) ထောင်ခန့်ဖြင့် ခွင့်ပြုချက်ရယူကာရွှေတိဂုံဘုရား အရှေ့ဘက်မုဒ်၊ကြေးသွန်းဘုရားကြီးမှ ကျိုက္ကဆံရှိ ဟစ်တိုင်ကွင်းသို့ ချီတက်လမ်းလျောက်ခဲ့ကြပြီးဝှိုက်ကဒ်ကိုင်ဆောင်သူ မဲပေးခွင့်ပြုသည့် ပြည်ထောင်စုအစိုးရ၏ ဆုံးဖြတ်ချက် လုံးဝကန်ကွက်ပါသည်၊၀ိုက်ကဒ်ကိစ္စအမြတ်ထုတ်မှု ချက်ချင်းရပ်၊မီးလောင်ရာလေပင့်လုပ်ရပ် ချက်ချင်းရပ်စသည့် စာတန်းဗီနှိုင်းပါစာတန်းများကိုင်ဆောင်၍ ယာယီသက်သေခံ လက်မှတ်ပယ်ဖျက်ပေးရေး ( ဒို့အရေး)၂၊၀ိုက်ကဒ်မဲပေးခွင့်ပြုသူ ဒို့ရန်သူစသည့် အကြွေးကြော်သံ အချက် ၆ ချက်ဖြင့် ကြွေးကြော်ကာ ဆန္ဒဖော်ထုတ်ခဲ့ ကြသည်။

ယာယီသက်သေခံလက်မှတ် ( White Card )ကိုင်ဆောင်ထားသူများအား ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်း အတည်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် မဲပေးခွင့်ပြုရန် ဖေဖော်ဝါရီလ ၂ ရက်နေ့ကကျင်းပခဲသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ယင်းကဲ့သို့ ပြည်ထောင် စုလွှတ်တော်မှ ဆုံးဖြတ်လိုက်ခြင်းကြောင့် ရခိုင်အမျိုးသားပါတီက ဖေဖော်ဝါရီ ၃ ရက်နေ့က ကြေညာချက်တစ်စောင် ထုတ်ပြန်၍ ကန်ကွက်ခဲ့ကြောင်းသိရသည်။

လင်းလင်းအောင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

ဗိုလ်ချုပ်နှစ်(၁၀၀)ပြည့် အထိမ်းအမှတ်အခမ်းအနားကို ဒီနေ့(၁၁.၂.၂၀၁၅) မနက် ၉နာရီက နေပြည်တော် လွှတ်တော်ဝင်းအတွင်းမှာရှိတဲ့ သဘင်ဆောင်မှာ ကျင်းပ
ပါတယ်။

အခမ်းအနားမှာ ပြည်ထောင်စုလွှတ်တော်နာယက က ဗိုလ်ချုပ်နှစ်(၁၀၀)ပြည့် အခမ်း
အနား အမှတ်တရစကားပြောကြားပြီး ပါတီအသီးသီးမှတက်ရောက်လာတဲ့
ကိုယ်စားလှယ်တွေကလည်း အမှတ်တရ စာတမ်းများ ဖတ်ကြားသွားပါတယ်။

သတင်းဓါတ်ပုံ-Hluttaw Channel.The Yangon Globe

.
တစ်သက်လုံး ကတိမတည်ဘဲ လိမ်နေသူတွေအပေါ် မယုံရတဲ့ သံသယ ..

မူအားဖြင့် သဘောတူတယ် ဆိုတော့ စဉ်းစားစရာ ရှိလာတာက၊ ... ဖြတ်သန်းဖို့ အဆင့် ၃ ခု ကျန်သေးတယ်။

၁။ အဲဒီ ၁၁ ချက်ကို ပြင်ဆင်ရေး မူကြမ်းထဲ တကယ်ထည့်ပြီး ရေးမှာလား
၂။ ရေးပြီးတာကိုရော လွှတ်တော်က အတည်ပြုမှာလား
၃။ အတည်ပြုပြီးရင်ရော အသက်သွင်း လိုက်နာဖို့ အစိုးရကို ဘယ်သူက စောင့်ကြည့်မှာလဲ

အဲဒီ ၃ ချက် ကျန်တယ်။ (နံပါ ၃ အချက်ကတော့ .. သီးခြား ပြသနာတော့ မဟုတ်ပါဘူး။ .နိုင်ငံရေး ယန္တယားထဲက အခြားအချက်တွေနဲ့ အတူ စောင့်ကြည့်ရမယ့် ကိစ္စပါ။)

ဒါ့အပြင် သူတို့က သဘောတူတာတွေကို ကတိလုံးဝ မဖျက်တောင် တချို့အချက်တွေကို ဟိုလိုလို ဒီလိုလို လုပ်တာတွေရှိလာရင် ..

.. နောက်ပြီး လက်ရှိ အစိုးရ သက်တမ်းဟာ တစ်နှစ်တောင် မကျန်တာကြောင့် ဒီအစိုးရ သက်တမ်းအတွင်းမှာ သဘောတူတာတွေကို မူကြမ်းရေးပြီး တင်တာကနေ .... လွှတ်တော်မှာ အတည်ပြုတာတွေအထိ ပြီးအောင်လုပ်သင့်တာကို အချိန်စွဲပြီး အစိုးရ အဖွဲ့ ဖျက်တဲ့ အထိ ဘာမှ မလုပ်၊ အစိုးရ အသစ်တာဝန်ဆိုပြီး .. ခေါင်းရှောင်တာတွေ လုပ်လာခဲ့ရင် ..

စတဲ့ အချက်တွေကို ထည့်တွေးပြီး သပိတ်ကို ဘယ်လို အချိန်မှာ လျော့မယ်၊ လှန်မယ်ဆိုတာကို အကောင်းဆုံး ဖြစ်အောင် သေချာ ဆုံးဖြတ်ကြဖို့ပါ။

သပိတ်ကို မလျော့ဖို့ တိုက်တွန်းတာလည်း မဟုတ်သလို၊ လျော့ဖို့ အကြုံတာလည်း မဟုတ်ဘူး။ လျော့မယ် မလျော့ဘူး စဉ်းစားရာမှာ ထည့်သွင်း စဉ်းစားနိုင်အောင်ပါ။ လက်တွေ့ မြေပြင် အခြေအနေတွေကို တကယ်လုပ်နေသူတွေက ပိုသိပါတယ်။ ဆုံးဖြတ်ဖို့ စဉ်းစားဆွေးနွေးရာမှာ အထောက်အကူပြုဖို့သာ ရည်ရွယ်ပါတယ်။

ဒါ့အပြင် အသေးစိပ် သတင်း အချက်အလက်ကို သေချာ မသိရသေးခင် .. မူအားဖြင့် သဘောတူချက် ရတယ် ဆိုတာကို သိရရုံ အခြေအနေပေါ် စဉ်းစားမိတာကို ရေးတာ ဖြစ်တာကြောင့် .. သတင်းစုံ သတိရတဲ့အခါ ပိုမိုပြည့်စုံတဲ့ သုံးသပ်မှုတွေ လုပ်ကြည့်ပါဦးမယ်။

(ကိုထိုက်)
https://www.facebook.com/ko.htike.31?pnref=story

(ဓာတ်ပုံ - ကိုစည်သူ - ဗွီအိုအေမြန်မာပိုင်း သတင်းထောက်)
၎ ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးနေတဲ့ ကာလမှာပဲ အမျိုးသား ပညာရေး ဥပဒေကို ဆန့်ကျင်ကန့်ကွက်နေတဲ့ ကျောင်းသားသပိတ် စစ်ကြောင်းတွေကလည်း ဆက်လက် ချီတက်နေပါတယ်။ ထားဝယ် နဲ့ မွန်ကျောင်းသားတွေ ဦးဆောင်တဲ့ သပိတ်စစ်ကြောင်းကို မွန်ပြည်နယ် သထုံမြို့အလွန် နောင်ဘိုရွာမှာ ပြည်နယ်အစိုးရ အမိန့်နဲ့ဆိုပြီး တားဆီးမှုတွေ ရှိနေပါတယ်။

ပင်မသပိတ်စစ်ကြောင်းကတော့ တောင်းဆိုချက် ၁၁ချက်ရပြီဆိုရင်တောင် တိကျခိုင်မာတဲ့ အာခမံချက်တွေ မရမချင်း ကျောင်းသားတွေအနေနဲ့ ဆက်လက် တောင်းဆိုသွားကြမှာ ဖြစ်တယ်လို့ သပိတ်မှောက် ကျောင်းသားတွေက ပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

အမျိုးသားပညာရေးဥပဒေကို ဆန်ကျင့်ကန့်ကွက်နေတဲ့ ကျောင်းသားသပိတ် စစ်ကြောင်းတွေထဲက ဗကသများ ဦးဆောင်တဲ့ ပင်မ သပိတ်စစ်ကြောင်းကတော့ ရွှေတောင်မြို့ကို ရောက်ရှိနေသလို တကသနဲ့ မြေလတ်ကျောင်းသားတွေ ဦးဆောင်တဲ့ ကျောင်းသားစစ်ကြောင်းက ပြည်မြို့ကို ရောက်ရှိနေပါတယ်။ တနင်္သာရီ ထားဝယ်နဲ့ မွန်ကျောင်းသားတွေ ဦးဆောင်တဲ့ စစ်ကြောင်းက သထုံမြို့အလွန် နောင်ဘိုရွာအနီးမှာ ပိတ်ဆို့တားဆီးခံခဲ့ရကြောင်း ထားဝယ်သပိတ်ခေါင်းဆောင် တဦးက ပြောပါတယ်။

“ကျနော်တို့ကို ရဲရယ်၊ နောက်ပြီးတော့ စစ်တပ်လည်း မြင်ရတယ်ခင်ဗျ။ ရဲရယ် နောက်ပြီးတော့ ကျနော်တို့ကတော့ စွမ်းအားရှင်လို့ထင်တယ်၊ အယောက် ၅၀ လောက်ရှိတယ်၊ စွမ်းအားရှင် အရပ်ဝတ်နဲ့ပေါ့။ အဲဒီမှာ ကျနော်တို့ကို သထုံမြို့က ပြည်သူလူထုနဲ့ နောင်ဘိုရွာက ပြည်သူလူထုက ဖြေရှင်းပေးခဲ့တယ်ခင်ဗျ။ သူတို့ကို မွန်ပြည်နယ်အစိုးရက သူတို့ကို တားလိုက်တယ်လို့ ပြောတယ်ခင်ဗျ။”

ပြည်မြို့ကနေ ရွှေတောင်မြို့ကို ရောက်ရှိလာတဲ့ ကျောင်းသားသပိတ် စစ်ကြောင်းကတော့ အတားအဆီးတွေ မကြုံရပေမဲ့ ရွှေတောင်မြို့ကို ရောက်ရှိချိန်မှာ အခြေခံပညာ ကျောင်းသားတွေကို ကျောင်းလွှတ်ချိန် ကျောင်းမလွှတ်ဘဲ ပိတ်လှောင်ထားတာကို ကြုံခဲ့ရတယ်လို့ ပင်မ သပိတ်ခေါင်းဆောင် တဦးဖြစ်တဲ့ ကိုသီဟ၀င်းတင် က ဆိုပါတယ်။

“ကျနော်တို့ ရွှေတောင်မြို့ကို ရောက်တဲ့အချိန်မှာ အခြေခံပညာကျောင်း ရှေ့မှာတော့ ဆရာမတွေက ကျောင်းသားတွေကို ကျောင်းဆင်းချိန်အထိ မလွှတ်ပေးဘူး။ မလွှတ်ပေးဘဲနဲ့ အခန်းတံခါးတွေ ပိတ်ထားတယ်၊ မှန်ပြတင်းတွေပါ ပိတ်ထားတယ်။ အဲဒါကို တွေ့ရတာတော့ စိတ်တော့ စိတ်မကောင်းဘူးပေါ့။ တောင်းပန်ပြီးတော့ သူတို့ကိုတော့ ပြောခဲ့ပါတယ်၊ ဆရာ ဆရာမတွေကိုပေါ့နော် ကျောင်းသားတွေကို လွှတ်ပေးပါ၊ တံခါးက အလုံပိတ်ထားတော့ ကလေးတွေ အနေနဲ့ အသက်ရှူကျပ်မှာ ကျနော်တို့ စိုးရိမ်တယ်။ မှန်တွေက အလုံဖြစ်နေတာကိုး။”

ရန်ကုန်မြို့မှာလုပ်တဲ့ ၄ ပွင့်ဆိုင် ဆွေးနွေးပွဲမှာ အချက် ၁၁ ချက်ကို မူအားဖြင့် သဘောတူညီမှု ရသွားပြီဆိုပေမဲ့ တိကျခိုင်မာတဲ့ အာမခံချက် မရေသေးဘဲ သပိတ်တွေရပ်ဖို့ မလွယ်သေးကြောင်း မန္တလေးကနေ ကျောက်ဆည်၊ မြင်းခြံ၊ တောင်သာ၊ ချောက်၊ ရေနံချောင်း၊ မကွေး၊ ပြည် ရွှေတောင်ကို ချီတက်လာနေတဲ့ သပိတ်စစ်ကြောင်းက သပိတ်ခေါင်းဆောင် တဦးဖြစ်တဲ့ ကိုသီဟ၀င်းတင် က ဆိုပါတယ်။

“(၁၁) ချက်လုံး ရပြီဆိုရင်တောင်မှ ကျနော်တို့ လိုချင်တာကတော့ အဓိကအားဖြင့် ပါးစပ်နဲ့ပြောတာ မဟုတ်ဘဲနဲ့ တိကျခိုင်မာတဲ့ အာမခံချက်တခု ကျနော်တို့ ရရမယ်။ ပြီးလို့ရှိရင် နောက်တချက်က (၁၁) ချက်ကို သူတို့အနေနဲ့ ဘယ်အတိုင်းအတာအတွင်း ဘယ်ကာလအတွင်းမှာ အကောင်အထည် ဖော်ပေးမယ်ဆိုတဲ့ အာမခံချက် ကတိတခု ကျနော်တို့ကို ပေးရမယ်။ အချိန်အတိုင်းအတာ တခုပေါ့နော်။ ဒီ ၂ ချက်ကို ရမှသာ ကျနော်တို့က ရပ်ဖို့ဖြစ်နိုင်တယ်ဗျ၊ မဟုတ်လို့ရှိရင် အစိုးရက ပေးခဲ့တဲ့ ကတိတွေ များပြီးတော့ တခါတခါကျရင် လုပ်ပေးတာက ဘာမှမရှိတာကို ကျနော်တို့ မြင်နေရလို့ဗျ။ အဓိကကတော့ ကျနော်တို့ တောင်းဆိုတဲ့ (၁၁) ချက်ကို mother law ထဲ အဓိကထည့်ပေးဖို့ ကျနော်တို့က တောင်းဆိုထားတယ်ခင်ဗျ။ ဘာဖြစ်လို့လည်းဆိုတော့ တချို့ကိစ္စတွေက mother law ထဲမှာ ပါတာတောင်မှ ကျနော်တို့ ပြည်သူတွေ အနေနဲ့ အာမခံချက် မရှိတာ အများကြီးပဲလေ။ ဥပမာ၊ လွတ်လပ်စွာ စီတန်းလှည့်လည်ခွင့်တို့၊ လွတ်လပ်စွာ ဟောပြောခွင့်တို့ဆိုတဲ့ ဥစ္စာကို ပြန်ပြီးတော့ ချုပ်ထားတာက by law နဲ့ ပြန်ဖြစ်တယ်။ by law မှာ ပုဒ်မ (၁၈) ပုဒ်မ (၁၉) ဆိုတဲ့ ဥစ္စာမျိုးနဲ့ချုပ်တယ်။ အဲဒီတော့ ကျနော်တို့ အနေနဲ့ mother law မှာတောင်မှ မသေချာတော့ by law ထဲဆိုရင်တော့ ကျနော်တို့ အနေနဲ့ လက်ခံဖို့တော့ ခက်ခဲတယ်ခင်ဗျ။”

ဧရာဝတီ သပိတ်စစ်ကြောင်းကတော့ ဆွေးနွေးပွဲ အလားအလာကြည့်ပြီး ကျောင်းသားတွေ ညှိနှိုင်းတိုင်ပင်မှုတွေ ဆက်လုပ်သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။ အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကချင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ ရခိုင်ပြည်နယ်တွေမှာ ကျောင်သားတွေက မြို့တွင်းဆန္ဒပြပွဲတွေနဲ့ သပိတ်မှောက် ချီတက်ပွဲတွေကို ဆက်လက် လုပ်ဆောင်နေပါတယ်။

မအေးအေးမာ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/student-protests/2638667.html


အမျိုးသား ပညာရေး ဥပဒေ ပြန်လည်ပြန်ဆင်ရေး ဒီကနေ့ ကျင်းပတဲ့ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲ ကျောင်း သားတွေ တောင်းဆိုတဲ့ အချက်တွေကို အစိုးရနဲ့ လွှတ်တော်ဘက်က လိုက်လျော သဘောတူလိုက်ပြီ ဖြစ်ပါ တယ်။

ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် အဆောက်အဦးထဲမှာ အစိုးရ၊ လွှတ်တော်၊ NNER ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ (ကွန်ယက်) နဲ့ ကျောင်းသား ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးပွဲ ဆက်လက် ကျင်းပနေဆဲဖြစ်ပါတယ်။

ဆွေးနွေးပွဲ နောက်ဆုံး ရအခြေအနေ သိနိုင်ဖို့ လွှတ်တော်မှာ ကိုယ်တိုင်သွားရောက် သတင်းယူနေတဲ့ ဗွီအိုအေသတင်းထောက် ကိုစည်သူကို မေးကြည့်တဲ့အခါ သူ့က ဆွေးနွေးပွဲ ရလဒ်တွေကို အခုလို စပြောပြပါတယ်။

ဖြေ။              ။  “ဟုတ်ကဲ့ခင်ဗျ၊ ဒီနေ့ ရန်ကုန်လွှတ်တော်မှာ ဆွေးနွေးတဲ့ ဆွေးနွေးပွဲက ကျောင်းသားတွေဖက်က တောင်းဆိုတဲ့အချက် (၁၁) ချက်စလုံးကို သဘောတူတယ်ဆိုတဲ့ အနေအထားမှာ ရှိပါတယ်ခင်ဗျ။ ဒီ (၁၁) ချက်ထဲမှာ ပါဝင်တဲ့ အသုံးအနှုန်းတချို့ကို ပြန်ပြီးတော့ အဖွဲ့တွေဖွဲ့ပြီးတော့ အသုံးအနှုန်းတချို့ကို ပြန်ပြီးတော့ ဆွေးနွေးတာကလွဲရင် (၁၁) ချက်လုံးကိုတော့ သဘောတူတယ်ဆိုတဲ့ အဆင့်ကိုတော့ ရောက်သွားပါပြီခင်ဗျ။”

မေး။             ။ ဟုတ်ကဲ့ပါရှင့်။ ဒီသဘောတူလိုက်တဲ့ (၁၁) ချက်ကို ဘယ်လိုဆက်ပြီးတော့ အကောင်အထည်ဖော်ဖို့ အစီအစဉ်ရှိတယ်လို့ သိထားပါသလဲရှင့်။

ဖြေ။              ။ “အခုလောလောဆယ် ကျနော်တို့ သိထားသလောက်ကတော့ ဒီအထဲမှာပါတဲ့၊ ဆွေးနွေးပွဲထဲမှာပါတဲ့ သူတွေက ကော်မတီတွေဖွဲ့မယ်၊ နောက်ရက်တွေမှာ သူတို့ သက်ဆိုင်ရာ ကော်မတီတွေဖွဲ့ပြီးတော့ သက်ဆိုင်ရာ အချက်အလိုက် လွှတ်တော်နဲ့ဆိုင်ရင် လွှတ်တော်နဲ့ အစိုးရနဲ့ ဆိုင်တယ်ဆိုရင် အစိုးရနဲ့ NNER နဲ့ ပတ်သက်တယ်ဆိုရင် NNER နဲ့ သူတို့ ကော်မတီတွေ အသီးသီး ဖွဲ့ပြီးတော့ နောက်ရက်တွေမှာ ဆက်ပြီးတော့ ဆွေးနွေးသွားမယ်လို့ ကျနော်တို့ နောက်ဆုံး အခြေအနေအရ သိထားရပါတယ်ခင်ဗျ။ ဆွေးနွေးတာတွေကလည်း အသေးစိတ် အချက်အလက်တွေပါမယ်။ နောက်ပြီးတော့ အသုံးအနှုန်းနဲ့ ပတ်သက်တဲ့ ဆွေးနွေးမှုတွေ ဖြစ်ပါလိမ့်မယ်ခင်ဗျ။”
(ဓာတ်ပုံ - ကိုစည်သူ - ဗွီအိုအေမြန်မာပိုင်းသတင်းထောက်)(ဓာတ်ပုံ - ကိုစည်သူ - ဗွီအိုအေမြန်မာပိုင်းသတင်းထောက်)

မေး။             ။ ဟုတ်ကဲ့၊ အခုလက်ရှိ ဆွေးနွေးပွဲရဲ့ နောက်ဆုံး အခြေအနေကရော ဘယ်လိုများ ရှိပါသလဲရှင့်၊ ဘာအစီအစဉ်တွေ ဆက်ပြီး လုပ်ဖို့ ရှိပါသလဲ။

ဖြေ။              ။ “အခုလက်ရှိကတော့ သူတို့အထဲမှာ ဆက်ပြီးတော့ တချို့အချက်အလက်တွေကို ဆွေးနွေးနေတယ်လို့ သိထားရပါတယ်ခင်ဗျ။ ခနနေကျရင်တော့ နောက်ထပ် နာရီဝက် တနာရီလောက်ကြာတဲ့ အခါကျရင်တော့ သူတို့က အထဲမှာ သတင်းစာ ရှင်းလင်းပွဲတခု လုပ်ပြီးတော့ (၁၁) ချက် ဆွေးနွေးခဲ့တယ်ဆိုတဲ့ အကြောင်းတွေနဲ့ တခြား သတင်းထောက်တွေ သိလိုတာတွေကို သတင်းစာရှင်းလင်းပွဲလုပ်ပြီး ဖြေမယ်လို့ ကျနော်တို့ကို ပြောထားပါတယ်ခင်ဗျ။”

မေး။             ။ ဟုတ်ကဲ့၊ အခု ဒီ ၄ ပွင့်ဆိုင် ဆွေးနွေးပွဲ ဘယ်အချိန်လောက်က စပြီးတော့ ဘယ်သူတွေ တက်ရောက်တာ တွေ့ရပါသလဲ ကိုစည်သူ။

ဖြေ။              ။ “ဒီနေ့လုပ်တဲ့ ၄ ပွင့်ဆိုင် အစည်းအဝေးကို မနက် ၁၀ နာရီလောက် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်မှာ လုပ်ပါတယ်ခင်ဗျ။ အစိုးရဖက်က သမ္မတရုံးဝန်ကြီး ဦးလှထွန်း တက်တယ်။ ကျောင်းသားတွေဖက်က ကျောင်းသား ကိုယ်စားလှယ်တွေလာတယ်။ NNER က ကိုယ်စားလှယ်တွေတက်တယ်။ ပြီးတော့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်က ရွေးချယ်ပြီး စေလွှတ်လိုက်တဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ ပါပါတယ်ခင်ဗျ။ တဖွဲ့ကို သူတို့ ကနဦး သဘောတူထားတဲ့ အတိုင်းပဲ တဖွဲ့ကို အယောက် ၂၀ စီ တက်ပြီးတော့ Moderator ပွဲကို လာပြီးတော့ လေ့လာတဲ့လူ ၂ ယောက်၊ တယောက်က ဒေါက်တာ အောင်ထွန်းသက်၊ နောက်တယောက်က ဒေါက်တာ ကျော်သူဆိုတာ ပါပါတယ်ခင်ဗျ။”

မေး။             ။ ဟုတ်ကဲ့ ကိုစည်သူရေ ပထမ ဒီ လေးပွင့်ဆိုင်က ရန်ကုန် စိန်ရတုခန်းမမှာလုပ်တယ်။ ဒုတိယက နေပြည်တော်မှာ လုပ်တယ်ပေါ့နော်။ နေပြည်တော်မှာ နည်းနည်း အခက်အခဲလေးတွေရှိလို့ သူတို့ ရက်ရွှေ့ဆိုင်းလိုက်ရတာရှိတော့ အခု တတိယအကြိမ်မြောက် ရန်ကုန်လွှတ်တော်မှာ ဆွေးနွေးပွဲလုပ်တော့ ဒီဆွေးနွေးပွဲကိုရော ကိုစည်သူတို့ မီဒီယာအနေနဲ့ပေါ့ ဒီဆွေးနွေးပွဲရဲ့ အနေအထားက ပြီးခဲ့တဲ့ ၂ ခုထက်စာရင် ဘာများ ထူးခြားတာ တွေ့ပါသလဲရှင့်။

ဖြေ။              ။ “ဒီနောက်ဆုံးဆွေးနွေးပွဲကတော့ ရှေ့ကဆွေးနွေးပွဲတွေထက်စာရင် ပိုပြီးတော့ ပြေပြစ်တယ်၊ ချောမွေ့တယ်လို့ ပြောလို့ရပါတယ်ခင်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ ဒီနေ့ ဆွေးနွေးပွဲ စတဲ့အချိန်မှာပဲ အစိုးရဘက်က တက်လာတဲ့ သမ္မတရုံးဝန်ကြီး ဦးလှထွန်း က ဒီဆွေးနွေးပွဲမှာ ကျောင်းသားတွေဘက်က တောင်းဆိုထားတဲ့ အချက် ၁၁ ချက်ကို အစိုးရဘက်က လွှတ်တော်ဘက်က တတ်နိုင်သမျှ လိုက်လျောဖို့အတွက် သူတို့ ပြင်ဆင်လာပါတယ်လို့ ဒီဆွေးနွေးပွဲ စစချင်းမှာပဲ သူတို့ စပြောပါတယ်။ ဒီကျောင်းသားတွေဘက်ကလည်း သူတို့ လိုချင်တာတွေကို ကျောင်းသားတွေဘက်ကလည်း လွှတ်တော်နဲ့ အစိုးရဘက်က တချို့အချက်အလက်တွေ အားလုံးကို ညှိနှိုင်းလို့ သဘောတူပြီးသွားရင်လည်း ကျောင်းသားတွေရဲ့ သပိတ်ကို ရပ်နားပေးဖို့ အစိုးရဘက်က တောင်းဆိုပါတယ် ဆိုပြီးတော့ အဖွင့်မှာကတည်းက သူက စ ပြောပါတယ်။ ပြီးတော့ ကျန်တာတွေလည်း ဆွေးနွေးတာ၊ ဆွေးနွေးတာ အချက်အလက်တွေကို ခပ်မြန်မြန်ပဲ သဘောတူသွားတယ်ဆိုတဲ့ အခြေအနေမျိုး ရှိပါတယ်။ ဆိုတော့ နောက်ဆုံး ဆွေးနွေးပွဲက ရှေ့က ဆွေးနွေးပွဲ ၂ ကြိမ်ထက်စာရင်တော့ အများကြီးကို ချောမောတယ်လို့ ပြောလို့ရပါတယ်ခင်ဗျ။”

မေး။             ။ ဟုတ်ကဲ့ ကိုစည်သူ။ အခု ဒီသွားနေတဲ့ ပင်မ သပိတ်စစ်ကြောင်းတွေ သွားနေတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ရော သူတို့ ဘာသဘောတူညီမှု ရတယ်လို့ သိထားပါသလဲရှင့်။

ဖြေ။              ။ “ဒီကနဦးမှာတော့ သူတို့က သပိတ်စစ်ကြောင်းတွေကတော့ ဆွေးနွေးတဲ့အချိန်မှာ ရှိနေဦးမယ်ဆိုတာမျိုး ပြောပါတယ်။ ဒါပေမဲ့ အစိုးရဘက်က တောင်းဆိုတာကတော့ ဒီ ၁၁ ချက်ကိုသာ သဘောတူခဲ့မယ်ဆိုရင် သပိတ်စစ်ကြောင်းတွေကို ရပ်နားပေးဖို့ တောင်းဆိုထားပါတယ်။ ဆိုတော့ အခုလောလောဆယ်တော့ သူတို့ ဘယ်လိုဆုံးဖြတ်တယ်ဆိုတာကို ကျနော်တို့က သတင်းစာရှင်းလင်းပွဲမှာပဲ သိခွင့်ရမှာမို့လို့ လောလောဆယ် အခုအနေအထားအထိတော့ တိတိကျကျ မသိရသေးပါဘူးခင်ဗျ။ သပိတ်တွေ ရပ်မယ်၊ မရပ်ဘူး ဆိုတာကို အခုထိတော့ တိတိကျကျ မသိရသေးပါဘူးခင်ဗျ။”

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/four-parties-talks/2638515.html

အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ရေး ကျောင်းသားတွေ တောင်းဆိုတဲ့အချက် ၁၁ ကို အစိုးရအနေနဲ့ လိုက်လျောပေးနိုင်တယ်လို့ ဒီနေ့ ရန်ကုန်လွှတ်တော်ရုံးမှာကျင်းပတဲ့ လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲကို တက်ရောက်လာတဲ့ နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ပြောပါတယ်။

ရိုက်ကူး - ဝေယံမိုးမြင့် / RFA Burmese

အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ရေး ကျောင်းသားတွေ တောင်းဆိုတဲ့အချက် ၁၁ ကို အစိုးရအနေနဲ့ လိုက်လျောပေးနိုင်တယ်လို့ ဒီနေ့ ရန်ကုန်လွှတ်တော်ရုံးမှာကျင်းပတဲ့ လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲကို တက်ရောက်လာတဲ့ နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ပြောပါတယ်။

ရိုက်ကူး - ဝေယံမိုးမြင့် / RFA Burmese


ရပ်နားထားတဲ့ လေးပွင့်ဆိုင် ဆွေးနွေးပွဲကို ဒီနေ့မနက် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ဝင်း အတွင်း ပြန်လည်စတင် ဆွေးနွေး နေချိန်မှာ အမျိုသား ပညာရေး ပြပြင်ရေး ကျောင်းသား သပိတ်စစ် ကြောင်းတွေ ဆက်လက် ချီတက်နေပါတယ်။

ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်းက ပြည်မြို့ကနေ ရွှေတောင်မြို့ကို ဆက်လက်ချီ တက်နေကြပြီး တောင်းဆိုချက်တွေ မလိုက်လျောမချင်း ရန်ကုန်ကို အရောက်ချီတက်ကြမယ်လို့ သတင်းထုတ်ပြန်ပါတယ်။

ပခုက္ကူကနေ ထွက်ခဲ့တဲ့ မြေလတ်သပိတ်စစ်ကြောင်းကတော့ ထားဝယ်-မော်လမြိုင် သပိတ်စစ်ကြောင်းနဲ့ မွန်ပြည်နယ် သထုံမြို့မှာ ဒီမနက်ပေါင်းစည်းခဲ့ကြပါတယ်။ အင်အား ၁၀၀ ၀န်းကျင် ရှိတဲ့ ပေါင်းစည်းစစ်ကြောင်းဟာ ဆက်လက်ချီတက်နေပြီး  ကျိုက်ထိုမြို့မှာ ညအိပ်ရပ်နားမယ်လို့ ပခုက္ကူကျောင်းသားသမဂ္ဂအဖွဲ့က ကိုရှိုင်းထက်စိုးက ပြောပါတယ်။

ဧရာဝတီ သပိတ်စစ်ကြောင်းကတော့ ဒီကနေ့ ၄ ပွင့်ဆိုင် ဆွေးနွေးပွဲရလဒ်အပေါ်မူတည်ပြီး ဆက်လက်ချီတက်ရေး၊ မတက်ရေး ဆုံးဖြတ်မယ်လို့ အဲဒီအဖွဲ့က ကိုတေဇာက ပြောပါတယ်။

“ဆွေးနွေးပွဲလုပ်လို့ ခတ္တခဏ နားထားပါတယ်ဗျ။ ဆွေးနွေးပွဲရဲ့ ရလဒ်ကို ကြည့်ပြီးတော့ အခြေအနေအရ ဆက်ထွက်ဖြစ်ရင်လည်း ထွက်မယ်။ ဆွေးနွေးပွဲရလဒ်က ကျနော်တို့ လိုချင်တာ ဖြစ်တယ်ဆိုလို့ ရှိရင် အဲဒီမှာတင် သပိတ်လှန်ဖို့ အနေအထားမျိုးတခုတော့ ရှိပါတယ်။”

ဒီကနေ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဝင်းခန်းမမှာ အစိုးရ၊ လွှတ်တော်၊ နိုင်ငံလုံးဆိုင်ရာ ပညာရေး ပြုပြင်ပြောင်းလဲမှုကွန်ရက် (အန်အန်အီးအာ)နဲ့ ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီက ကိုယ်စားလှယ်တွေဟာ အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ဖို့ ကျောင်းသားတွေ တောင်းဆိုနေတဲ့ အချက် ၁၁ ချက်ကို ဆွေးနွေးညှိနှိုင်းကြပါတယ်။

By နော်နိုရင်း (ဒီဗွီဘီ)
http://burmese.dvb.no/archives/81016


ရခိုင်ပြည်နယ် ကျောက်ဖြူထောင်မှ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က အကျဉ်းသားနှစ်ဦး ထွက်ပြေးသွားရာ တစ်ဦးကို ဖမ်းမိပြီး နောက်တစ်ဦးမှာ ယခုအချိန်ထိ ထွက်ပြေးလွတ်မြောက်နေသည်ဟု သတင်း ရရှိသည်။

ကျောက်ဖြူမြို့  မြစ်နားကမ်းခြေသို့ သဲတင်ရန်သွားရောက်စဉ် ယမန်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်တွင် ထွက်ပြေးသွားသည်ဟု အမည်မဖေါ်လိုသူ အကျဉ်းဦးဌာန ၀န်ထမ်းတစ်ဦးက ပြောသည်။

ထွက်ပြေးသွားသော အကျဉ်းသားနှစ်ဦးမှာ သွင်းကုန်ထုတ်အမှုနှင့် ထောင်ကျနေသော နိုင်ဦး – အကျဉ်းသားအမှတ်   (ကဖ/၁၃/၀၀၂၇၂/က)  နှင့် စစ်ပြေးမှုဖြင့် ထောင်ကျနေသော ဇော်ဇော်ထွန်း – အကျဉ်းသားအမှတ် ( ကဖ/၁၄/၀၀၁၅၉/က) တို့ဖြစ်သည်။

“ ကျောက်ဖြူ အကျဉ်းထောင်မှာ ဆောက်လုပ်နေတဲ့ အဆောက်အဦးအတွက်  ခမရ (၅၄၃) တပ်ရင်းရဲ့အောက်ဘက် မြစ်နားကမ်းခြေကို  သဲသွားရောက်တင်ပါတယ်။ လုပ်ငန်းသိမ်းချိန်မှာ သူတို့နှစ်ဦး ထွက်ပြေးကြတာပါ” ဟု ဆိုသည်။

အကျဉ်းသား နိုင်ဦးကို ဖော်ဖော်ဝါရီ ၁၁ ရက်နေ့  နံနက် ၁ နာရီ ၁၅ မိနစ် တွင် ကျောက်ဖြူမြို့နယ် အုန်းတောရွာရှိ ဦးခင်လှ၏ နေအိမ်ဝင်းအတွင်းရှိ ကောက်ရိုးတဲစပ်တွင် ပြန်လည် ဖမ်းဆီးရမိခဲ့သည်။

စစ်ပြေးမှုဖြင့်  အကျဉ်းကျနေသူ ဇော်ဇော်ထွန်းမှာ ယခုအခ်ျိန်ထိ ထွက်ပြေးလွတ်မြှောက်နေသည်ဟု သိရသည်။

ကျောက်ဖြူထောင်တွင် ထောင်အာဏာပိုင်များက ထောင်သားများကို ယင်းတို့၏ ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ရာတွင် လုပ်အား အသုံးချခြင်းများ ရှိနေသည်ဟု ထောင်ထဲတွင် နေခဲ့ဖူးသူ ကျောက်ဖြူဒေသခံ တစ်ဦးက ပြောကြားသည်။

မျိုးချစ်နိုင်(ကျောက်ဖြူ)
နိရဉ္စရာသတင်းဌာန
http://www.narinjara.com/burmese/?p=13660



ဝှိုက်ကတ်ကိုင်သူများ ဆန္ဒမဲပေးရန် လွှတ်တော်က ဆုံးဖြတ်ချက်ကို ကန့်ကွက်သည့် ဆန္ဒပြခွင့်ကို ဖေဖော်ဝါရီ ၁၀ ရက်နေ့ နေ့စွဲဖြင့် သက်ဆိုင်ရာက မြောက်ဦးမြို့တွင် ခွင့်ပြုလိုက်ပြီဟု ဆန္ဒပြခွင့် လျှောက်ထားသူ ဦးအေးမောင်သန်းက ပြောသည်။

“ ကျွန်တော်တို့ ဒီလ ၁၀ ရက်နေ့မှာ ခွင့်ပြုချက်ကျပါတယ်။ မြောက်ဦးမြို့မှာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ တမြို့လုံးအတိုင်းအတာနဲ့ ဆန္ဒပြကြမှာပါ” ဟု သူက ဆိုသည်။

ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နေ့လယ် ၁၂ နာရီတွင် သျှစ်သောင်းဘုရားရှေ့ကွင်းပြင်အား စုရပ်သတ်မှတ်ထားပြီး ယင်းကတဆင့် ရန်ကုန်- စစ်တွေကားလမ်းအတိုင်း သျှစ်သောင်းဘုရားလမ်းဆုံ ၊ ယင်းမှ တဆင့် အလယ်ဈေးလမ်းဆုံ၊ ကုန်သည်လမ်းဆုံ၊ တောင်ရပ်လမ်းဆုံ၊ လက်ကောက်ဈေးဘုန်းကြီးကျောင်းလမ်းဆုံ၊ အထက (၁) ဖြတ်လမ်း၊ အလိုတော်ပြည့် လမ်းဆုံ၊ ဆင်ချဆိပ်လမ်းဆုံ၊ကြက်ဈေးလမ်းဆုံ ထိ ချီတက် ဆန္ဒပြကြမည် ဖြစ်ပြီး သျှစ်သောင်းဘုရားရင်ပြင်တွင် ပြန်လည်စုဆုံကာ လူစုခွဲကြမည်ဟု သိရသည်။

မြောက်ဦးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက လူ ၅၀၀ ခွင့်ပြုသော်လည်း သောင်းချီ ပါဝင်နိုင်သည်ဟု ဒေသခံများက ပြောဆိုသည်။

ကြွေးကြော်ကြမည့် ကြွေးကြော်သံများမှာ- White card ကိုင်ဆောင်သူများ မဲပေးခွင့်မရရေး (ဒို့အရေး)၊ နိုင်ငံခြားသားများ မဲပေးခွင့် မရရှိရေး (ဒို့အရေး)၊ သူခိုးကို ဓါးရိုးကမ်းသူများ (အလိုမရှိ)၊ တိုင်းပြည်ကို ရောင်းစားသူများ (ရာထူးက နုတ်ထွက်) နှင့် နိုင်ငံခြားသားများလက်ကို တိုင်းပြည်ကို ထိုးအပ်သူ (ဒို့ရန်သူ) တို့ ဖြစ်ကြပြီး သက်ဆိုင်ရာ မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးကလည်း ယင်းကြွေးကြော်သံများကို ကြွေးကြော်ရန် ခွင့်ပြုခဲ့သည်။

“ အဓိက ပြောချင်တာကတော့ဗျာ တိုင်းပြည်ကို အာဏာရထားသူတွေက ရခိုင်ကို နိုင်ငံရေး ကစားရင်း၊ ကစားရင်းနဲ့ ရခိုင်လူမျိုးဆိုတာ နယ်မြေပျောက်၊ လူမျိုးပါ ပျောက်သွားနိုင်ပါတယ်။ ခုဝှိုက်ကတ်ကိုင်ထားသူတွေကို မဲပေးခွင့်ပြုလိုက်ရင် ကျွန်တော် တို့ ရခိုင်လူမျိုးတွေရဲ့ အနာဂတ်ဟာ အထူးစိုးရိမ်စရာ အခြေအနေကို ရောက်သွားနိုင်တဲ့ အတွက် ခုလို ဆန္ဒုပြ ကန့်ကွက်ဖို့ စီစဉ်ရတာပါ” ဟု ဦးအေးမောင်သန်းက ပြောသည်။

ဆန္ဒပြပွဲအတွက် မြောက်ဦး ဒေသခံ ဦးအေးမောင်သန်းနှင့် ဦးအောင်ကျော်ဖြူတို့မှ ဦးဆောင် ခွင့်ပြုချက် လျှောက်ထားခဲ့ကြသည်ဟု သိရသည်။

ဆန္ဒပြပွဲကို နေ့လယ် ၁၂ နာရီမှ ညနေ ၄ နာရီထိ ပြုလုပ်သွားမည်ဟု သိရသည်။

နိရဉ္စရာသတင်းဌာန
http://www.narinjara.com/burmese/?p=13654

ဒီမိုကရေစီပညာရေး ကျောင်းသားသပိတ်စစ်ကြောင်း ရန်ကုန်မြို့ကို ချီတက်လာစဉ်။ Photo: Hset Paing Toe/RFA
မန္တလေး-ရန်ကုန်ချီတက်နေတဲ့ ကျောင်းသားသပိတ် ပင်မစစ်ကြောင်းဟာ ပြည်မြို့ကနေ ရွှေတောင်မြို့ကို ဒီနေ့မနက် ဆက်လက်ထွက်ခွါမယ်လို့ သိရပါတယ်။

ကျောင်းသားတွေဟာ ၉ ရက်နေ့ညက ပြည်မြို့ ကိုရောက်ပြီး မနေ့က မြို့တွင်းလှည့်လည်ဟောပြော ခဲ့ရတဲ့အတွက် ဒီနေ့မှာမှ ခရီးဆက်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ ဒီအတောအတွင်းမှာ ကျောင်းသားတွေ တည်းခိုနေတဲ့နေရာကို ပဲခူးတိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးနဲ့အဖွဲ့ရောက်လာပြီး ကျောင်း သားခေါင်းဆောင်တွေနဲ့ တွေ့ဆုံသွားတယ်လို့ ဗကသများအဖွဲ့ချုပ် အမှုဆောင်တစ်ဦးဖြစ်တဲ့ ကိုသီဟဝင်းတင်က RFA ကိုပြောပါတယ်။

"ကျနော်တို့ ပြည်မှာအိပ်တယ်ပေါ့နော်၊ လုံးဝရပ်နားတာတော့ မဟုတ်ပါဘူး၊ ပြည်ကနေပြီးတော့ ရွှေတောင်ကို သွားမယ်ပေါ့နော်"

သပိတ်မှောက်ကျောင်းသားတွေကို ပဲခူးတိုင်းအတွင်းမှာ အရေးယူတာ၊ တရားစွဲတာ၊ အကြမ်းဖက် နှိမ်နင်းတာတွေ လုပ်မှာ မဟုတ်ဘူးလို့ တိုင်းဝန်ကြီးနဲ့အဖွဲ့က ပြောသွားတယ်လို့လည်း ဆိုပါတယ်။

မုံရွာနဲ့ ပခုက္ကူကနေ ချောက်နဲ့မကွေးမြို့တွေကို ဖြတ်လာတဲ့ မြေလတ်ဒေသ သပိတ်မှောက်ကျောင်းသားတွေကလည်း မနေ့က ပြည်မြို့ကိုရောက်သွားခဲ့ပါတယ်။

ဒီအတောအတွင်းမှာပဲ ဧရာဝတီတိုင်းမှာ လှည့်လည်ဆန္ဒပြနေတဲ့ ကျောင်းသားသပိတ်စစ်ကြောင်းကတော့ မအူပင်မြို့မှာပဲ ဆက်လက်ရပ်နားနေပြီး၊ ဆွေးနွေးပွဲကို စောင့်ကြည့်နေပါတယ်။

မြန်မာနိုင်ငံတောင်ပိုင်း ထားဝယ်နဲ့ မော်လမြိုင် ကျောင်းသားသပိတ်စစ်ကြောင်းကလဲ မနေ့က မွန်ပြည်နယ် သထုံမြို့ကို ရောက်ရှိခဲ့ပါတယ်။

ဒီနေ့မနက် ၉ နာရီခွဲမှာတော့ အစိုးရ၊ လွှတ်တော်၊ ကျောင်းသားနဲ့ NNER ပညာရေးကွန်ရက်တို့ရဲ့ ၄ ပွင့်ဆိုင်ဆွေးနွေးပွဲကို ရန်ကုန်တိုင်းလွှတ်တော်မှာ ကျင်းပမှာဖြစ်ပါတယ်။ တစ်ဖွဲ့ကို ကိုယ်စားလှယ်အယောက် ၂၀ စီ တက်ရောက်မယ်လို့ သတ်မှတ်ထားပါတယ်။

ဒီမိုကရေစီပညာရေးအတွက် မန္တလေး-ရန်ကုန်ချီတက်နေတဲ့ သပိတ်မှောက်ကျောင်းသားတွေဟာ ဒီနေ့မနက်မှာ ပြည် မြို့ကနေ ရွှေတောင်မြို့ကို ဆက်လက်ချီတက်ကြမှာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese/news/students-rest-pyay-heading-to-shwetaung-02102015233149.html

အမျိုးသားပညာရေးဥပဒေကြမ်းကို ကန့်ကွက်တဲ့ ကျောင်း သားတွေဟာ မန္တလေးမြို့အိမ်တော်ရာ ဘုရားဝင်းကနေ ရန်ကုန်မြို့ကို ဇန်နဝါရီ ၂၀ ရက်နေ့က စတင်လမ်းလျှောက် ဆန္ဒပြကြစဉ်။ Photo: Nay Thwae/RFA
ပညာရေးဥပဒေ သပိတ်မှောက်နေတဲ့ ကျောင်းသားတွေ ကို အကြမ်းဖက်တားဆီးတာတွေ ရှောင်ကြဉ်ဖို့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများကွန်ရက်က အစိုးရကို မေတ္တာရပ်ခံချက်တစ်စောင် ထုတ်ပြန်လိုက် ပါတယ်။

ဒါ့အပြင် ကျောင်းသားတွေ တောင်းဆိုနေတာကို အစိုးရအနေနဲ့ ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေး အဖြေရှာသင့်တယ်လို့လည်း တိုက်တွန်းထားပါတယ်။ ဒီကြေညာချက်ကို ဖေဖေါ်ဝါရီလ ၈ ရက်နေ့စွဲနဲ့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်လို့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း များကွန်ရက်က ဆရာတော် ဦးထေရိန္ဒ က

"ကျောင်းသားတွေ မြို့နယ်ခရိုင်တွေကနေပြီးတော့ ချီတက်လာတဲ့အခါမှာ ရဲတပ်ဖွဲ့တွေ လုံခြုံရေး တပ်ဖွဲ့တွေ တအားများနေတဲ့အခါကျတော့ ကျောင်း သားတွေကို အကြမ်းဖက်ပြီးတော့ အရေးယူမှာ စိုးရိမ်တဲ့အတွက် ကြေညာချက်ထုတ်လိုက်တာပါ"

ဒီအတောအတွင်းမှာပဲ ကျောင်းသားသပိတ်ဟာ အမျိုးသားရေးတာဝန် ထမ်းဆောင်တာဖြစ်သလို၊ ဒီနေ့လိုအပ်ချက်နဲ့လည်း ကိုက်ညီတဲ့အတွက် ထောက်ခံတယ်လို့ ဗမာပြည်ကွန်မြူနစ်ပါတီ ပြောရေးဆိုခွင့်ရှိသူက မနေ့ကရက်စွဲနဲ့ ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။

အစိုးရအနေနဲ့ ကျောင်းသားတွေရဲ့ လိုလားချက်ကို ငြိမ်းချမ်းစွာဆွေးနွေးဖြေရှင်းမှ တိုင်းပြည်နဲ့လူထုအတွက် အလားအလာကောင်းမယ်လို့ ဗကပပြောခွင့်ရပုဂ္ဂိုလ် ဦးဖိုးသံချောင်းက ပြောပါတယ်။

ဒါ့အပြင် အမျိုးသားပညာရေးဥပဒေကိုသပိတ်မှောက်နေတဲ့ ကျောင်းသားတွေရဲ့လုံခြုံမှုဟာ ပြည်သူတွေရဲ့ လက်ထဲမှာရှိတဲ့အတွက် ပြည်သူတွေဝန်းရံပေးကြဖို့နဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေကလည်း အစိုးရက ကျောင်း သားတွေကို အကြမ်းမဖက်အောင် တောင်းဆိုပေးကြဖို့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

RFA Burmese
http://www.rfa.org/burmese/news/bakatha-supports-students-march-02102015234340.html


အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်ဆန္ဒပြ ကျောင်းသားတွေ တောင်းဆိုနေတဲ့ အချက် ၁၁ ချက်လုံးကို အစိုးရအဖွဲ့က သဘောတူညီလိုက်ပါတယ်။ ဒီသတင်းကို ဒေါ်ခင်ရူပါ တင်ဆက်ထားပါတယ်။ DVB TV - 11.02.2015

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.