02/13/15


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ နီးလာသည်နှင့်အမျှ အစိုးရသည် ၎င်းတို့၏ ကိုယ်ကျိုးစီးပွား အတွက် ပြဿနာမျိုးစုံအား အချက်အမျိုးမျိုးဖြင့် ပြုလုပ်လာသည်ကို သတိပြုမိကြောင်း ကာကွယ်ရေး ဦးစီးချုပ်ဟောင်း တစ်ဦးဖြစ်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နာယက သူရဦးတင်ဦး က ဖေဖော်ဝါရီ(၁၂) ရက်တွင် ပြည်သူ့ရင်ပြင်၌ NLD ပါတီက ပြုလုပ်သော ပြည်ထောင်စုနေ့ အခမ်းအနား သဘာပတိ မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားလိုက်သည်။

ပြည်လုံးကျွတ် ဆန္ဒခံယူပွဲနှင့် ပတ်သက်၍ ယာယီသက်သေခံ လက်မှတ် ကိုင်ဆောင်သူများအား ဆန္ဒမဲပေးခွင့် ပြုလိုက်ခြင်း၊ ကျောင်းသား များ တောင်းဆိုသော ဒီမိုကရေစီပညာရေးနှင့် ပတ်သက်၍ သဘောထား မတိုက်ဆိုင်မှုများ ရှိနေခြင်းအပေါ် ယခုကဲ့သို့ သတိပေး ပြောကြား ခဲ့ခြင်းဖြစ်သည်။

““ဒီနှစ်ဟာ ထူးခြားတဲ့နှစ်၊ အင်မတန်မှပဲ နိုင်ငံရေးအရ အရေးကြီးတဲ့နှစ် လို့ပဲ ပြောရမှာဖြစ်ပါတယ်။ ဘာလဲဆိုတော့ ပြဿနာရပ်တွေ ဟာ ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ပထမဦးဆုံး လူထုဆန္ဒခံယူပွဲကိစ္စမှာ လည်း လိပ်ခဲတည်း လည်း ပြဿနာလေးတွေ ပေါ်နေကြတယ်။ နောက်ပညာရေးကိစ္စနဲ့ ပတ်သက် တာလည်းပဲ ပညာရေးပြင်ဆင်မှု၊ ကျွန်တော်တို့ ရှေ့ဆက်ပြီး အများကြီး စိန်ခေါ်တာတွေ ရှိနေပါတယ်”” ဟု NLD နာယက သူရဦးတင်ဦးက ပြောသည်။

လက်ရှိအချိန်တွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရန် ကြန့်ကြာမှုများ ရှိနေခြင်း၊ လယ်ယာမြေ ပြဿနာများ တက်ကြွ လှုပ်ရှားသူများအား ဖိနှိပ်အရေးယူမှုများ ရှိနေခြင်းတို့ကြောင့် တိုင်းပြည်၌ အထွေထွေ အကျပ် အတည်း ဖြစ်ပေါ်လာမည်ကို နိုင်ငံရေး အသိုင်းအ၀ိုင်းကလည်း စိုးရိမ် လျက်ရှိသည်။

““ပုံမှန်အတိုင်းဆိုရင် ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပတဲ့အခါမှာ ပြည်သူလူထုက လက်ရှိအာဏာရ ပါတီဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီကို မဲပေးကြတော့မှာ မဟုတ်ဘူးလေ။ အစိုးရအနေနဲ့ကတော့ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင်နဲ့ ရွေးကောက်ပွဲ ကာလအတွင်းမှာ ညစ်တဲ့နည်းလမ်းတွေ သုံးလာမယ်လို့ပဲ ဒီလိုပဲ မြင်ပါတယ်။ ငြိမ်းချမ်းရေးမှာလည်း တပ်မတော်ရဲ့ သဘောထား(၆)ရပ် ချထားပြီး လိုက်နာရမယ်ဆိုရင် ကျွန်တော်တို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်နိုင်မှာမဟုတ်ဘူး”” ဟု ကယန်းပြည်သစ်ပါတီမှ တွဲဖက် အတွင်းရေးမှူး ဗိုလ်မှူးကြီး စောလွင်က သုံးသပ်ခဲ့သည်။

လက်ရှိအစိုးရသည် ပြည်သူလုထုအပေါ် မရိုးသားသော နိုင်ငံရေး ကစားကွက်များ ပြုလုပ်လျက် ရှိကြောင်းကို ““ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ကစားကွက်တွေက အမျိုးမျိုး လုပ်တာကို တွေ့ရတယ်။ ဒီနိုင်ငံရေးက တစ်ဖက်နဲ့ တစ်ဖက် ရိုးရိုးသားသားနဲ့ ဆက်ဆံပြီးလုပ်တာ အကောင်းဆုံးလေ။ ကိုယ့်အကျိုးကို မကြည့်ဘဲနဲ့ ပြည်သူလူထု မျက်နှာ ထောက်ထားပြီးတော့ ဒီတိုင်းပြည်ကြီး တိုးတက်ဖို့ လုပ်မယ်ဆိုရင်တော့ ကောင်းမွန်တဲ့ အခြေအနေတစ်ခုကို ရောက်မှာပါ။ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင် သူတွေကော ရွေးကောက်ပွဲ ကျင်းပ ပေးတဲ့ ရွေးကောက်ပွဲ ကော်မရှင် ကအစ ပြည်သူလူထု အကျိုးစီးပွားကို ဦးတည်ပြီးတော့ လုပ်တာ မျိုးပဲ ဖြစ်စေချင်ပါတယ်””ဟု ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဦးဒေးဗစ် လှမြင့်က မှတ်ချက်ပြု ပြောကြားသည်။

ဝိုင်းမော်

မြန်မာသံတော်ဆင့်သတင်းဌာန – http://www.facebook.com/myanmarherald

“ ကောင်းခြင်းများရှင် ဒေါင်းမင်းတရားသခင်”

 အောင်ဆန်းဘွဲ့ ကဗျာသီ
နီပါရဲ့ သူ့ သွေး
ကြောက်မွှေးမျှင် တပင်မသန်း
သေလမ်းလဲ သူမထီ
ဒေါင်းသွေးနီ မာန်ဟုန်ပြင်း
ပြိုင်ကင်းမဲ့ အာဇာနည်
ရွှေဝါပြည် သူပုန်အချုပ်
နယ်ချဲ့ယုတ် တိုက်ထုတ်ရန်ရည်
မြန်တိုင်းပြည် မာစေကြောင်းနဲ့ 
ဒေါင်းတွန်သံ သာစေကြောင်းကွဲ့ 
မောင်းထုလို့ လာသည်
ပေါင်းစုလို့  ကြံစည်
ဂျပန်ပြည်မှာ တပ်မတော်ဖွဲ့ ။

 အောင်ဆန်းဘွဲ့ စာစီ
တည်ပါတဲ့ စိတ်ထား
တဖြောင့်သွား တရားထွဋ်ကြည်
ရွှေသားကွပ် က္ကုန္ဒနီ
စိန်စီခြယ် မြပိုးထိုက်
ရိုးဂုဏ်စရိုက် မဟာဆီ
သမဂ္ဂီကျော် အခေါင်ထိတ်
သခင်စိတ်က ငယ်ထိပ်တည်
လူ့ စိတ် ရင်းနဲ့ လူပီပီ
မှုန်သိုးသိုး ရှု့တည်တည်
မြန်မာဂုဏ်ရည်ဘွဲ့ … ဒေါင်းသခင်
ကမ္ဘာကုန်တည်မဲ့ …. ကောင်းကင် ။ ။

ဗိုလ်ချုပ်အောင်ဆန်း နှစ်တရာပြည့်သို့ ဦးညွှတ်လျှက် .. ။
( မင်းကောင်းချစ် )

“ဟေ့ကောင် ကျော်စိန် ဟိုမှာ ပုလိပ်လက်ပြနေပြီ မောင်းကွ၊ တော်ကြာ လာဖမ်းနေဦးမယ်။”
“ဗိုလ်ချုပ်တယောက်လုံးပါနေတာ ဖမ်းစရာလား ဗိုလ်ချုပ်ရယ်…။”
“ဟေ့ကောင်… ငါကငါ ဥပဒေက ဥပဒေကွ။”
“စက်ရပ်သွားပြီ ဗိုလ်ချုပ်။”
“ဟေ့ကောင် ထွန်းလှ ဆင်း…။ ဒို့ နှစ်ယောက် ကားတွန်းရအောင်”
——————————————————————–
“ကြည်… အိမ်က ရဲဘော်တွေကို ဈေးခြင်းတောင်း မဆွဲခိုင်းပါနဲ့။ သူတို့က နိုင်ငံတော်အတွက်ကွ”
“ကြည်… မခိုင်းပါဘူး မောင်ရယ်။ သူတို့ဟာသူတို့ လုပ်ပေးတာပါ။”
“ဘာပဲဖြစ်ဖြစ် နောက်မမြင်ချင်ဘူး”
——————————————————————–
“ဒီရွှေဒင်္ဂါးတွေကို နင်လိုရာသုံးဖို့ ငါလာလှူတာ ဝေ့… ဗိုလ်ချုပ်”
“ထားခဲ့ပါ ရှမ်းကြီးရယ်… မနက်ကျတော့ ဖဆပလ ကို ကျုပ်ပို့ပေးမယ်။”
——————————————————————–
“လွပ်လပ်ရေးရရင်တော့ ခြံလေးစိုက်ပြီး စာပဲရေးနေချင်တာဗျာ၊ မင်္ဂလာဒုံက ခြံလေးတော့ ကြိုက်သား၊ ကျပ်ငါးထောင်ဆိုတော့ မတတ်နိုင်ဘူး။ ခြံမရှိရင်နေ ကလေးတွေကိုတော့ ကျောင်းကောင်းကောင်း ထားချင်တယ်ဗျာ။ အငယ်ဆုံးသမီးလေးကို နားကပ်လေးတရံ ခမည်းပေးဖို့ နတ်မောက်က အမေ့ဆီ ပိုက်ဆံလှမ်းမှာထားရတယ်။”
——————————————————————–
“မမကြည် အိမ်မှာ ဆန် ဆီ ပြတ် သွားရင် ကျနော့်ကိုပြောနော် လာကန်တော့လို့ လက်ခံရင်မင်းကို အရင် ထောင်ချပစ်မယ်လို့ဗိုလ်ချုပ်က ကျနော့်ကို ကြိမ်းထားတယ်”
“စိတ်ချပါ ဗိုလ်ထွန်းလှ ရယ်။ အဲလိုတွေရှိလို့လား။ ကန်တော့တယ်ဆိုတာ လက်အုပ်ချီပြီး သြကာသ ဆိုတာ မဟုတ်ဘူးလား။”
——————————————————————–
“မမကြည် ဗိုလ်ချုပ်ကော”
“အိပ်နေတယ်။”
“လူကြီးတွေ စောင့်နေတာကြာပြီ ခေါ်ပေးပါလား။”
“ကျမ မနှိုးရဲဘူး။ သူ သိပ် ပင်ပန်းနေတယ်။”
——————————————————————–
“ကျနော် စစ်ထဲဝင်ချင်တယ်။”
“မင်းနာမည်”
“ဝင်းတင် (ဟံသာဝတီ ဦးဝင်းတင်)”
“ပညာ”
“၇ တန်း”
“ငယ်သေးတယ်။ ပညာဆက်သင် တပ်ထဲမ၀င်နဲ့ ပညာတတ်အောင် ဆက်သင်”
——————————————————————–
“နာမည် ”
“ဘုန်းနိုင် (တက္ကသိုလ်ဘုန်းနိုင်)”
“အသက်”
“၁၅”
“ပညာဆက်သင် စစ်ထဲမ၀င်နဲ့”
——————————————————————–
“အကိုကြီး (ဦးဘ၀င်း) မခင်ကြည်ဆိုတဲ့ သူနာပြုဆရာမကို ကျုပ်ကချစ်တယ်လို့ လက်ထပ်ချင်တယ်လို့ခု မြန်မြန်သွားပြောဗျာ။ အချိန်မရှိဘူးကျုပ်မှာ အလုပ်တွေ ရှိသေးတယ်။ အေးဗျာ… အလုပ်ကရှုပ် ငွေက မရှိပါဘူးဆိုမှ ကလေးကလည်း မွေးလိုက်တာ တစ်နှစ်တစ်ယောက်ပဲဗျို့ ဟားဟား”
——————————————————————–
“မမကြည် ဂျူတီချိန်းရအောင် ဗိုလ်ချုပ်ကို သမီးကြောက်တယ်။”
“ရပါတယ်ကွယ်။ ဗိုလ်ချုပ်ကို မမကြည် ကြည့်လိုက်ပါ့မယ်။”
——————————————————————–
“ဟေ့ကောင်ထွန်းလှ ဗိုက်ဆာလိုက်တာကွာ။ မနက်ကလည်း ဘဲဥဟင်းဆိုတော့ စားမကောင်းဘူး။ လကုန်ခါနီးဆိုတော့ ဒီလိုပေါ့ကွာ… ဆိတ်သားခပတ် စားချင်လိုက်တာကွာ။ မင်းမှာ ပိုက်ဆံပါလား။”

ကိုးကား – internet

DVB
http://burmese.dvb.no/archives/81174

၁၃ ဖေဖော်ဝါရီ ၁၉၁၅ – မကွေးတိုင်း၊ နတ်မောက်မြို့တွင် အဖရှေ့နေဦးဖာနှင့်အမိဒေါ်စုတို့မှဖွားမြင်၊ ငယ်နာမည် မောင်ထိန်လင်းဖြစ်သည်။
images00
၁၉၃၂ – ရေနံချောင်းအမျိုးသားကျောင်းမှ ဆယ်တန်းစာမေးပွဲအောင်မြင်၊ မြန်မာစာနှင့် ပါဠိ ဘာသာဂုဏ်ထူးရရှိ၊
၁၉၃၄ – ဥပစာဝိဇ္ဇာ ဒုတိယနှစ်စာမေးပွဲအောင်မြင်ပြီး ၀ိဇ္ဇာပထမနှစ် တက်ရောက်သင်ယူ။
w64022
၁၉၃၅ – ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ အမှုဆောင်အဖြစ် အရွေးခံရ- အိုးဝေ မဂ္ဂဇင်းအယ်ဒီတာ တာဝန်ထမ်းဆောင်။
ဖေဖော်ဝါရီ- ၁၉၃၆ – အိုးဝေမဂ္ဂဇင်းတွင် ငရဲခွေးကြီးလွတ်နေပြီ ဆောင်းပါးဖော်ပြခဲ့သဖြင့် ကျောင်းထုတ်ခံရ။
URashid2
၁၉၃၆- ၃၇ -ပဲခူးသဟာယအသင်းနှင့် စာဖတ်အသင်းဥက္ကဋ္ဌ၊ တက္ကသိုလ် သမဂ္ဂတွင် ဒု- ဥက္ကဋ္ဌအဖြစ် ရွေးခံရ။
၁၉၃၈ – ဗမာနိုင်ငံလုံးဆိုင်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရ။
as10gs

၁ အောက်တိုဘာ ၁၉၃၈ – နိုင်ငံရေးလုပ်ရန် ဒို့ဗမာအစည်းအရုံးသို့ ၀င်ရောက်၊ သခင်အောင်ဆန်းအမည်ခံယူ။
၃ နိုဝင်ဘာ ၁၉၃၈ – ရန်ကုန်တက္ကသိုလ်သမဂ္ဂ ဥက္ကဋ္ဌတာဝန်နှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ တာဝန်တွေမှ နုတ်ထွက်။
၂၃ ဇန်န၀ါရီ ၁၉၃၉ – အမျိုးသားရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့မှုကြောင့် ဗြိတိသျှအစိုးရရဲ့ ဖမ်းဆီးခံရပြီး ထောင်ဒဏ် ၁၅ ရက်ကျခံ။
ဧပြီ ၁၉၃၉ – ဒို့ဗမာအစည်းအရုံး ဗဟို အထွေထွေအတွင်းရေးမှူးအဖြစ်ရွေးကောက်ခံရ။
as11gs

၁၅ သြဂုတ် ၁၉၃၉ – ဗမာပြည်ကွန်မြူနစ်ပါတီကို လျှိ့ဝှက်စွာတည်ထောင်ပြီး အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ယူ။
၁ စက်တင်ဘာ ၁၉၃၉ – ဗမာ့ထွက်ရပ်ဂိုဏ်းထူထောင်ရာမှာပါဝင်ပြီး အထွေထွေအတွင်းရေးမှူး တာဝန်ထမ်းဆောင်။
၁၉ မတ်လ ၁၉၄၀ – အိန္ဒိယနိုင်ငံ ရမ်းဂါးမြို့တွင် ကျင်းပသည့် အိန္ဒိယ အမျိုးသားကွန်ဂရက်ညီလာခံသို့ တက်ရောက်။
၁၇ ဇွန်လ ၁၉၄၀ -ဇလွန်မြို့တွင်ကျင်းပသည့် ဟောပြောပွဲကို အကြောင်းပြုပြီး ကာကွယ်ရေး ဥပဒေနှင့်ဖမ်းဆီးရန် သခင်အောင်ဆန်းကို ဗြိတိသျှအစိုးရက ဖမ်းဝရမ်းထုတ်။
၈ သြဂုတ် ၁၉၄၀ – မြန်မာ့လွတ်လပ်ရေးအတွက် ပြည်ပအကူအညီယူရန် သခင်လှမြိုင်နှင့်အတူ တရုတ်နိုင်ငံ အမွိုင်မြို့ကို နော်ဝေပိုင် ဟိုင်းလီသင်္ဘောဖြင့် တရုတ်သင်္ဘောသားဟန်ဆောင် ရုပ်ဖျက်ထွက်ခွာ။
Bo Gyoke Aung San (General Aung San)
၁၂ နိုဝင်ဘာ ၁၉၄၀ – ဂျပန် ဗိုလ်မှူးကြီး စူဇူကီးက ဆက်သွယ်ခေါ်ယူသဖြင့် တရုတ်နိုင်ငံ အမွိုင်မှ ဂျပန်နိုင်ငံသို့ရောက်ရှိ။ ထို့နောက် လွတ်လပ်ရေးလုပ်ငန်းစဉ်များညှိနှိုင်းပြီး လုပ်ဖော်ကိုင်ဖက်များနှင့်တိုင်ပင်ရန် မြန်မာနိုင်ငံပြန်။
၂၇ မတ် ၁၉၄၁ – ရဲဘော်သုံးကျိပ်ပထမအသုတ်နဲ့အတူ ဂျပန်နိုင်ငံ တိုကျိုမြို့ကိုရောက်ရှိ။
as12gs
ဧပြီ ၁၉၄၁ -ဂျပန်ထံမှ စစ်ပညာသင်ယူရန် ဟိုင်နန်ကျွန်းသို့သွားရောက်။
146
ဒီဇင်ဘာ ၁၉၄၁ – ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် လက်မောင်းသွေးဖောက် သစ္စာပြုကာ ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ)ကို ဖွဲ့စည်းတည်ထောင်ပြီး ဗိုလ်တေဇအမည်ခံယူ။
၂၇ ဇူလိုင် ၁၉၄၂ – ဘီအိုင်အေကိုဖျက်သိမ်းပြီး ဗမာ့ကာကွယ်ရေးတပ်မတော် (ဘီဒီအေ) အဖြစ် ပြန်လည်ဖွဲ့စည်း ဗိုလ်မှူးကြီး အဆင့်ဖြင့် စစ်သေနာပတိ တာဝန်ထမ်းဆောင်။
7986637253_b66a68cdd4_z
၆ စက်တင်ဘာ ၁၉၄၂- သူနာပြုဆရာမ ဒေါ်ခင်ကြည်နှင့် ထိမ်းမြားလက်ထပ်သည်။
as8gs

မတ်လ ၁၉၄၃- ဘီဒီအေတွင် ဗိုလ်ချုပ်အောင်ဆန်းအဖြစ် ရာထူးတိုးမြှင့်ခံရ၊ ဂျပန်နိုင်ငံ တိုကျိမြို့ကို သွားရောက်ပြီး ဂျပန်ဘုရင်ဟီရိုဟီတိုချီးမြှင့်သည့် တက်နေ၀န်းတံဆိပ်နှင့် စလွယ်ဆုလက်ခံယူ။
boyoke

၁ သြဂုတ် ၁၉၄၃ – မြန်မာနိုင်ငံကို ဂျပန်လက်အောက် လွတ်လပ်သည့်နိုင်ငံအဖြစ် ကြေညာပြီး အစိုးရအဖွဲ့မှာ ဗိုလ်ချုပ်အောင်ဆန်းစစ်ဝန်ကြီး အဖြစ်တာဝန်ယူ။
၂၇ မတ်လ- ၁၉၄၅ – မြန်မာပြည်အနှံ့ ဖက်ဆစ်ဂျပန်တော်လှန်ရေးတိုက်ပွဲတွင် ဦးဆောင်ပါဝင်။
as

၂၇ အောက်တိုဘာ ၁၉၄၅ မျိုးချစ်ဗမာ့တပ်မတော်၏ ဗိုလ်ချုပ်ရာထူးမှ နုတ်ထွက်ပြီး နိုင်ငံရေးနယ်ပယ်သို့ ပြန်လည်ဝင်ရောက်။
ဇန်န၀ါရီ – ၁၉၄၆- ဖဆပလ ပထမဆုံးပြည်လုံးကျွတ်ညီလာခံတွင် ဖဆပလအဖွဲ့ ဥက္ကဋ္ဌ အဖြစ် ရွေးကောက်တင်မြှောက်ခံရ။
3

စက်တင်ဘာ ၁၉၄၆- မြန်မာနိုင်ငံ အမှုဆောင်ကောင်စီရဲ့ ဒုတိယ သဘာပတိအဖြစ် အရွေးချယ်ခန့်အပ်ခံရ (ကာကွယ်ရေးနဲ့နိုင်ငံခြားရေးဌာန တာဝန်ပူးတွဲတာဝန်ယူ)
၂ ဇန်န၀ါ ၁၉၄၇ – အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ၀န်ကြီးချုပ် ဂျဝါဟာလာ နေရူးနှင့်တွေ့ဆုံ။
39426_122772411111700_100001368265940_136002_6454846_n

၂၇ ဇန်န၀ါရီ ၁၉၄၇ – ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် ဗြိတိသျှအစိုးရကိုယ်စားလှယ် နန်းရင်းဝန် အက်တလီနှင့် တွေ့ဆုံဆွေးနွေးပြီး တနှစ်အတွင်းမြန်မာကိုလွတ်လပ်ရေးပေးရန် အာမခံသည့် အောင်ဆန်း- အက်တလီစာချုပ် ချုပ်ဆို။
as6gs

၁၂ ဖေဖော်ဝါရီ ၁၉၄၇- ပြည်မနှင့် တောင်တန်းဒေသ ပေါင်းစုပြီး လွတ်လပ်ရေးအတူရယူကြရန် တိုင်းရင်းသားကိုယ်စားလှယ် ၂၃ ဦးနှင့်အတူ သမိုင်းဝင် ပင်လုံစာချုပ်ချုပ်ဆို။
Pinlonh

၉ ဧပြီ ၁၉၄၇- တိုင်းပြုပြည်ပြုလွှတ်တော်ရွေးကောက်ပွဲတွင် ဖဆပလ အနိုင်ရပြီး ရန်ကုန်မြို့ လမ်းမတော်မဲဆန္ဒနယ်မှ ၀င်အရွေးခံသည့် ဦးအောင်ဆန်း လွှတ်တော်အမတ်ဖြစ်လာ။
aungsanmyanmarthway


၁၆ ဇွန် ၁၉၄၇- တိုင်းပြုပြည်ပြုလွှတ်တော်တွင် ပြည်ထောင်စု မြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရေးဆွဲရာတွင် ပါဝင်ရမည့် အခြေခံမူများ ဦးဆောင်တင်သွင်း။
aungsan-17
၁၃ ဇူလိုင် ၁၉၄၇- ရန်ကုန်မြို့တော်ခန်းမတွင် တိုင်းပြည်နှင့် ပြည်သူများကို မကွယ်လွန်ခင်နောက်ဆုံး မိန့်ခွန်းပြောကြား။
၁၉ ဇူလိုင် ၁၉၄၇- ရန်ကုန်မြို့ အတွင်းဝန်များရုံးတွင် ၀န်ကြီးများအစည်းအဝေးကျင်းပနေစဉ် ဂဠုန်ဦးစောရဲ့ နောက်လိုက်တွေရဲ့ လုပ်ကြံသတ်ဖြတ်မှုကြောင့် ကျဆုံးခဲ့ရသည်။
181

ကိုးကား – aungsan.com
DVB
http://burmese.dvb.no/archives/81094


လာမည့်ဇွန်လတွင် အသက်(၇၀)ပြည့်တော့မည့် ဒေါ်အောင်ဆန်းစုကြည်

အတိုက်အခံခေါင်းဆောင်သည် ပြောင်းလဲမှု၏သင်္ကေတ ဖြစ်လာခဲ့ပြီ။ သို့သော် အာဏာပါဝါကမူ တပ်မတော်လက်ထဲတွင်သာ ရှိနေဆဲဖြစ်ပါသည်။

ဘယ်နေရာကကြည့်ကြည့် တစ်မျှော်တစ်ခေါ် မိုင်ပေါင်းများစွာ အလှမ်းဝေးသော ရင်တထိတ်ထိတ်ဖြစ်စရာ တောကြီးမျက်မည်းနေရာကို မြို့တော်အဖြစ် မြန်မာ့တပ်မတော်က တည်ဆောက်ခဲ့ရာ နေပြည်တော်။ ယင်းနေပြည်တော်ရှိ ခမ်းနားလှသော လွှတ်တော်ဝင်းကြီးအတွင်းက ဌာနချုပ်အသစ်ဆီရောက်အောင် ရှည်လျားသော ခရီးတစ်ခုကို ဒေါ်အောင်ဆန်းစုကြည်တစ်ယောက် ဖြတ်သန်းခဲ့ပြီးပါပြီ။ အင်းလျားကန်ဘေး ရန်ကုန်နေအိမ်၌ နေအိမ်အကျယ်ချုပ်ကျခံခဲ့ရသော နှစ်ပေါင်းများစွာက သူ၏နောက်တွင် ကျန်ရစ်ခဲ့ပြီးနောက် ယခုအချိန်တွင် သူသည် လုပ်ကြံခံခဲ့ရသည့် အမျိုးသားခေါင်းဆောင် ဖခင်ဦးအောင်ဆန်း၏ ပုံရိပ်လွှမ်းမိုးမှုရှိသော ရုံးတစ်ရုံးကို ကြီးကြပ်ဦးစီးနေလေပြီ။သို့သော် လွတ်လပ်မှုနှင့် အာဏာဆိုင်ရာ ချောင်ပိတ်နေမှုများ၊ ထောင်ချောက်များ အားလုံးအတွက် တစ်စုံတစ်ရာကို သူ ရှာဖွေနေဆဲဖြစ်ပါသည်။ ထိုတစ်စုံတစ်ရာကတော့ ရာထူးအဆင့်အတန်းများကို ရိုက်ချိုးမည့် ၊ အာဏာပါဝါကို မြဲမြဲကျပ်ကျပ် ဆုပ်ကိုင်ထားသော ဗိုလ်ချုပ်ကြီးများကို အာဏာမှနေ၍ ကူညီကလော်ခွာထုတ်ပေးမည့် ရဲရင့်သောစစ်သားတစ်ယောက်ဖြစ်ပါသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောင်းလဲမည်ဆိုပါက လွှတ်တော်ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမဲလိုအပ်သောကြောင့် လက်ရှိလွှတ်တော်တွင် ၂၅ ရာခိုင်နှုန်း နေရာယူထားသော တပ်မတော်၏ အမာခံအုပ်စုလက်ထဲတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြောင်းလဲရေးနှင့်ပတ်သက်၍ ထိရောက်သော ဗီတိုပါဝါတစ်ခုရှိနေ၏။

‘‘အထက်ကအမိန့်ကို ဆန့်ကျင်ပြီး မဲပေးဖို့ပြင်ဆင်ထားတဲ့ (တပ်မတော်သား) တစ်ယောက်တလေတောင် ကျွန်မ ခုချိန်ထိ မတွေ့ဖူးသေးဘူး’’ဟု ဆံကေသာထက်တွင် ပန်းများပန်ဆင်ထားသည့် ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။

‘‘အဲဒါက အခြေအနေသစ်ကို လက်ခံလာတဲ့ တပ်မတော်ရဲ့ မေးခွန်းတစ်ခုပဲ။ သူတို့ တကယ် ဒီမိုကရေစီဆီ ပြောင်းလဲသွားချင်တယ်ဆိုရင် အရပ်သားအုပ်ချုပ်မှုကို သူတို့လက်ခံရမယ်။ အရပ်သားအခွင့်အာဏာ လုပ်ပိုင်ခွင့်ကသာ အမြင့်ဆုံးဖြစ်သင့်ပြီးတော့ အစိုးရကို ရွေးချယ်ခွင့်က ပြည်သူလူထုရဲ့အခွင့်အရေးပဲ’’ဟု ၎င်းကပြောသည်။

လာမည့်ဇွန်လတွင် အသက်(၇၀)ပြည့်တော့မည်ဖြစ်သော၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီစနစ်ဆီ အကူးအပြောင်းအပေါ် အနောက်တိုင်း၏ မျှော်လင့်ချက်များစွာ ချိတ်တွယ်ထားခံရသော ဒေါ်အောင်ဆန်းစုကြည်အတွက် အဆုံးအဖြတ်ပေးမည့် နှစ်တစ်နှစ်ကို ရောက်နေပါပြီ။ နိုဝင်ဘာလတွင် ကျင်းပနိုင်ဖွယ်ရှိသည့် ရွေးကောက်ပွဲများသည် ၁၉၆၂ ခုနှစ် တပ်မတော်အာဏာ လုယူခဲ့စဉ်ကတည်းကစ၍ တိုင်းပြည်သမိုင်းတွင် အလွတ်လပ်ဆုံး ရွေးကောက်ပွဲဖြစ်လာမည့်ဟန်ပေါ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၁၉၉၀ ရွေးကောက်ပွဲတွင် ပြည်လုံးကျွတ်အနိုင်ရရှိခဲ့သည်။ သို့သော် စစ်အစိုးရက ရွေးကောက်ပွဲရလဒ်ကို မသိကျိုးကျွန်ပြုကာ ယင်းအစားလူမဆန်သည့် ချေမှုန်းမှုကိုသာ ဆောင်ရွက်ခဲ့၏။ ယခုအချိန်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အဟန့်အတားများကို သူ ရင်ဆိုင်နေရသည်။ သို့သော် ဒီမိုကရေစီအရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့ရာ ၁၉၈၈ ခုနှစ်က မြန်မာနိုင်ငံသို့ ပြန်လာခဲ့ပြီးနောက် နှစ်ပေါင်းသုံးဆယ်ခန့်အကြာတွင် တိုင်းပြည်၏ခေါင်းဆောင်အဖြစ် သူပေါ်ထွက်လာတော့မည်ဟု (ပို၍ပို၍ အလားအလာမရှိသည့်တိုင်) စိတ်ကူးကြံစည်၍ ရတန်ပါသေးသည်။

ပို၍ဖြစ်နိုင်ဖွယ်ရှိသည်ကတော့ ဒဏ္ဍာရီပုံပြင်တစ်ပုဒ်၏ ဇာတ်သိမ်းထက် နည်းနည်းလျော့သည့် အနေအထားဖြင့်သာ သူ့ကိုယ်သူ ကျေနပ်လက်ခံရပါလိမ့်မည်။ ယင်းအနေအထားက ပြဿနာလှိုင်းလုံးများ ရိုက်ပုတ်ခံနေရသလို နိုင်ငံတကာမျှော်လင့်ချက်များလည်း ရှိနေသည့် နိုင်ငံတစ်နိုင်ငံတွင် ဘုရင်မွေးထုတ်ပေးသူအဖြစ် နေရမည့် ဇာတ်ပို့နေရာပဲ ဖြစ်ပါသည်။

အာရှ၏နောက်ဆုံး မဟာမျက်နှာစာ

ရွေးကောက်ပွဲများ၏ရလဒ်၊ ယင်းကိုဦးတည်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာနှင့် ဂိုဏ်းဂဏကွဲမှုဆိုင်ရာ တိုက်ပွဲများသည် မဟာအင်အားကြီး တရုတ်နှင့် အိန္ဒိယကြား ကွက်တိတည်ရှိနေသော မဟာဗျူဟာကျကျ အရေးပါသည့် တိုင်းပြည်တစ်ပြည်၏ အနာဂတ်ကို ပုံဖော်ပါလိမ့်မည်။ အာရှ၏ နောက်ဆုံးမဟာစီးပွားရေးမျက်နှာစာအဖြစ် အလားအလာရှိနေသော မြန်မာနိုင်ငံသည် ကုန်သွယ်ရေးဆိပ်ကမ်းမြို့တော်တစ်ခု ဖြစ်ခဲ့ဖူးပြီ။ အင်ပါယာထူထောင်သူတစ်ဦးလည်း ဖြစ်ဖူးခဲ့ပြီ၊ ကိုလိုနီစနစ်၏ သားကောင်လည်း ဖြစ်ခဲ့ဖူးပါပြီ။

မြန်မာနိုင်ငံကို ဆုတ်ဖြဲနေသည့် မျက်မှောက်ခေတ်အင်အားများထဲတွင် နှစ်ပေါင်း ၅၀ ကျော် သက်ဆိုးရှည်နေသော ပြည်တွင်းစစ်ပဋိပက္ခ၊ မြင့်တက်လာသည့် ဘာသာရေးဆိုင်ရာတင်းမာမှု ၊ ခိုင်မာသည့် စီးပွားရေးကြီးထွားမှု အသီးအပွင့်များ စားသုံးခွင့်ပွဲကြီးပွဲကောင်းကို လက်လွတ်ဆုံးရှုံးနေသူများထံမှ စိတ်ပျက်လက်ပျက်ဖြစ်ခြင်းများ ပါဝင်သည်။ သို့သော် ချုပ်ကိုင်ခွင့်အတွက် ကြိုးစားနေသော အုပ်စုများကို တစ်စုံတစ်ရာက စုစည်းသည်ဆိုလျှင် ယင်း၏အတိတ်က ရွှေထီးဆောင်းခဲ့ချိန်များကို နဂိုအတိုင်း ပြန်လည်ဖြစ်စေနိုင်သည့် စွမ်းရည်တစ်ခုသာဖြစ်သည်။

‘‘ကမ္ဘာကမြင်ဖူးသမျှ လူ့အဖွဲ့အစည်းတစ်ခုမှာ အထူးခြားအပြောင်မြောက်ဆုံး ပြောင်းလဲမှုတွေထဲက တစ်ခုကို ကျွန်တော်တို့ မြင်နေရပါတယ်’’ ဟု ရန်ကုန်အခြေစိုက် နိုင်ငံရေးလေ့လာသုံးသပ်သူ ရစ်ချတ်ဟော့ဆေးက ပြောသည်။

‘‘အဲဒါက တိုင်းပြည်ရဲ့ပြဿနာတွေအားလုံးကို မဖြေရှင်းနိုင်ဘူးဆိုတဲ့ အချက်လား။ ကောင်းပြီ ဒါက ယူတိုးပီးယား (အရာအားလုံးပြီးပြည့်စုံနေသော စိတ်ကူးယဉ်နေရာ၊ သုခဘုံ) မဟုတ်ဘူးလေ။ ဒါက အာရပ်နွေဦးတော်လှန်ရေးထက် အတော်အသင့် ပိုထိန်းကျောင်းထားတဲ့ အကူးအပြောင်းတစ်ခု၊ အဲဒါထက် သေချာသလောက် ပိုကောင်းတဲ့ အကူးအပြောင်းတစ်ခုပါ’’ဟု ရစ်ချတ်ကပြောသည်။

ပြောင်းလဲမှုကို ၂၀၁၀ နိုဝင်ဘာတွင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွှတ်ပေးမှုဖြင့် အစပျိုးခဲ့သည်။ စစ်အစိုးရသည် လွှတ်တော်တစ်ရပ် ဖန်တီးခဲ့သည်။ နိုင်ငံရေးအကျဉ်းသား ရာပေါင်းများစွာ လွှတ်ပေးခဲ့သည်။ ဆင်ဆာလုပ်ငန်းကို ပိတ်သိမ်းခဲ့သည်။ ဗိုလ်ချုပ်ကြီးဟောင်းများနှင့် ပါဝင်သည့် အစိုးရသည် ဆယ်စုနှစ်ချီ စီးပွားရေးပိတ်ဆို့မှုများ အဆုံးသတ်ရန်အတွက် အနောက်တိုင်းနှင့် အလေးအနက်ဆွေးနွေးမှုများ စတင်ခဲ့သည်။ အနောက်တိုင်း စီးပွားရေးလုပ်ငန်းများအတွက်၊ တိုင်းပြည်ကို လုပ်ငန်းဆောင်ရွက်ရန် အဆင်မပြေသည့် ဒေသအဖြစ်မှနေ၍ ဆွဲဆောင်မှုအရှိဆုံး အလားအလာရှိ ဈေးကွက်တစ်ခုအဖြစ် ပြောင်းလဲခဲ့သည်။

ဗိုလ်ချုပ်ကြီးများနှင့် ဒီမိုကရေစီအတွက် ဒေါ်အောင်ဆန်းစုကြည်၏ ရုန်းကန်ရမှုကို သုံးမြှောင့်ဖန်တုံးက တစ်ဆင့်သာ မြန်မာနိုင်ငံကို အနောက်ကမ္ဘာက ရှုမြင်ထားခဲ့ကြ၏။ လက်တွေ့ပုံပြင်ဇာတ်ထုပ်ကမူ သည့်ထက် ပိုရှုပ်ထွေးခက်ခဲလှပါသည်။ ၁၈၈၅ ခုနှစ်က အထက်မြန်မာပြည်ကို ဗြိတိသျှတို့ ကျူးကျော်ဝင်ရောက်ခဲ့စဉ်ကတည်းကပင် ကမ္ဘာပေါ်တွင် တိုင်းရင်းသားလူမျိုးနွယ်စုမျိုးစုံ အများဆုံးနိုင်ငံများအနက် တစ်နိုင်ငံဖြစ်သော မြန်မာနိုင်ငံသည် တည်ငြိမ်သည့် နိုင်ငံရေးမူဘောင်တစ်ခုကို ရေးဆွဲရန် အရေးနိမ့်သွားပြီဖြစ်သည်။ လွတ်လပ်ရေးရပြီးနောက် ၁၄ နှစ်အကြာ ၁၉၆၂ ခုနှစ်၌ တိုင်းရင်းသားလူနည်းစု လက်နက်ကိုင်များက နယ်စပ်ဒေသတစ်လျှောက် သီးခြားပြည်နယ်များရရှိရေး တိုက်ပွဲဝင်ခဲ့ကြသည့်အခါ တိုင်းပြည်ပြိုကွဲမည့် အန္တရာယ်နှင့် တိုင်းပြည်တည်ငြိမ်အောင် လုပ်ခြင်းဆိုသည့် ခေါင်းစဉ်အောက်တွင် ဗိုလ်ချုပ်ကြီးများက မြန်မာ့ဒီမိုကရေစီအတွေ့အကြုံ ဇာတ်သိမ်းကို ကြေညာခဲ့ပါသည်။

ဤသို့ဖြင့် ဗမာ့နည်းဗမာ့ဟန်ဆိုရှယ်လစ်စနစ်ဆီသို့ ဒုက္ခရောက်စေသော ပျက်စီးရာပျက်စီးကြောင်း လမ်းမသည် စတင်ခဲ့ပါသည်။ ထိုဗမာ့နည်းဗမာ့ဟန် ဆိုရှယ်လစ်စနစ် စမ်းသပ်မှုကြောင့် ဒေသတွင်းတွင် လူ့အခွင့်အရေးဆိုင်ရာနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အဆိုးဆုံးစံချိန်တင် နိုင်ငံများအနက် တစ်နိုင်ငံဖြစ်စေခဲ့သည်။ ထို့ကြောင့် လူနည်းစုများအရေးဆိုင်ရာ တိုင်းရင်းသားပြဿနာ အေးငြိမ်းအောင်ကြိုးပမ်းမှုတစ်ခုပါဝင်သည့် ယခုရွေးကောက်ပွဲအကြိုကာလသည် နိုင်ငံသစ်တစ်ခု ဖန်တီးခြင်းဖြစ်သလို လက်ရှိနိုင်ငံကို နောက်တစ်ဖန် နောက်ကြောင်းပြန်ဆွဲသည့် နိုင်ငံတစ်ခုလည်း ဖြစ်စေနိုင်သည်။

စာရေးဆရာလည်းဖြစ်၊ သမိုင်းပညာရှင်လည်းဖြစ်သူ ဦးသန့်မြင့်ဦးကမူ အဓိကဇာတ်ကောင်များ၏ ကျွမ်းကျင်လိမ္မာပါးနပ်စွာ ဦးတည်နေမှုများကို လက်ဘယ်နေရာမှာမှန်း မသိသေးသည့် ပိုကာကစားပွဲတစ်ခုနှင့် နှိုင်းယှဉ်သည်။

ယင်းသည် လက်တစ်ဆုပ်စာလူတစ်စု လက်ထဲတွင်သာ တည်ရှိနေပြီး သဘောတူညီချက်တစ်စုံတစ်ရာ မရရှိပါက ရွေးကောက်ပွဲနောက်ပိုင်းတွင် ယာယီနိုင်ငံရေးအကျပ်အတည်း ဖြစ်လာနိုင်ခြေရှိကြောင်း ၎င်းကဆိုသည်။

‘‘ကံဆိုးချင်တော့ တကယ့်နိုင်ငံရေးအပေးအယူညှိနှိုင်းမှုဆိုတဲ့ ယဉ်ကျေးမှုသိပ်မရှိဘူး။ မတူကွဲပြားမှုတွေကို မျက်နှာဖုံးတပ်ထားတဲ့ ယဉ်ကျေးတဲ့ ဆွေးနွေးမှုတွေပဲရှိတယ်’’ဟု ဦးသန့်မြင့်ဦးကပြောသည်။

အကဲဖြတ်မှုတစ်ခုအရတော့ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် တိုင်းပြည်၏ အကျော်ကြားဆုံး လူကြိုက်အများဆုံး နိုင်ငံရေးသမားတစ်ယောက်ဖြစ်ပြီး လွှတ်တော်တွင် နေရာအများဆုံးရနိုင်ခြေရှိသော ပါတီခေါင်းဆောင်ဖြစ်သော်လည်း တိုင်းပြည်ကိုဦးဆောင်ရန်အတွက် အခွင့်အရေးနည်းနည်းသာ ရှိသည်ဟုသာ သုံးသပ်ထားသည်။

အနီးကပ်ဆုံး အဟန့်အတားကတော့ သူမကို ရည်ရွယ်ရေးဆွဲခဲ့ပုံရသော ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပုဒ်မတစ်ခုပဲ ဖြစ်သည်။ ယင်းပုဒ်မက တိုင်းတစ်ပါး၏ နိုင်ငံခြားသားဖြစ်သော သားသမီးရှိသူကို သမ္မတဖြစ်ခွင့်မှ ပိတ်ပင်ထားသော ပုဒ်မဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ သားနှစ်ဦးစလုံးမှာ ဗြိတိန်နိုင်ငံသားများ ဖြစ်နေသည်။ ပို၍နက်ရှိုင်းသည့် ပြဿနာကတော့ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၏ မသင်္ကာမှုများပဲဖြစ်၏။

ထူးဆန်းသည့် bedfellows

နိုင်ငံရေးလှည့်ကွက်များနှင့် အလှည့်အပြောင်းများ၏ နောက်ထပ်သင်္ကေတတစ်ခုကတော့ အသစ်သော မြန်မာနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည်၏ အရင်းနှီးဆုံးမဟာမိတ်က သူ ဆယ်စုနှစ်လေးပုံတစ်ပုံစာမျှ အသေအလဲ ရင်ဆိုင်တိုက်ပွဲဝင်ခဲ့ရသော စစ်ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦးပင်။ သူရဦးရွှေမန်းသည် အရပ်သားအုပ်ချုပ်မှုအောက်မှ ပူပူနွေးနွေး လွှတ်တော်တစ်ရပ်၏ ခေါင်းဆောင်တစ်ဦးအဖြစ် သူ့ကိုယ်သူ ပြောင်းလဲပုံဖော်လာသည်။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သူရဦးရွှေမန်းကို သမ္မတအဖြစ် အမည်စာရင်းတင်သွင်းပြီး သူကိုယ်တိုင်ကမူ လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာလိမ့်မည် (သို့မဟုတ်) ပို၍ဖြစ်နိုင်ခြေရှိသည်က သူ့ပါတီ NLD ကို ချုပ်ကိုင်လွှမ်းမိုးနိုင်စွမ်းပေးမည့် အားကောင်းသော ပိတ်ကားနောက်ကွယ်မှ နေရာကို ယူလိမ့်မည်ဟု အချို့က မျှော်လင့်ကြသည်။

သို့သော် တပ်မတော်တွင်းမှ အခရာကျသောပုဂ္ဂိုလ်များက ဒေါ်အောင်ဆန်းစုကြည်ကို အယုံအကြည်မရှိကြသလို သူရဦးရွှေမန်းနှင့် ပတ်သက်၍လည်း အယုံအကြည်မရှိ လက်မခံကြပေ။ ၎င်းတို့၏ တက်မကိုင် ပဲ့ကိုင်ရှင်ဟောင်းများအနက် တစ်ဦးက သူ့ကိုယ်သူ အရပ်သား နိုင်ငံရေးသမားတစ်ဦးအဖြစ်နှင့် လွှတ်တော်ဒီမိုကရေစီ အားပေးမြှင့်တင်သူအဖြစ် ရုပ်လုံးသစ်ပုံဖော်လာသည့်အပေါ် တပ်မတော်အရာရှိကြီးတချို့က သစ္စာဖောက်ခံရသလို ခံစားကြရသည်။

‘‘စိတ်ကူးက အတူတကွလုပ်ဆောင်ဖို့ပဲ။ ခင်ဗျားတို့ တပ်မတော်ကို ထွက်သွားခိုင်းလို့မရဘူး။ တပ်မတော်ကို ဖြေရှင်းနည်းရဲ့အစိတ်အပိုင်းအဖြစ် ခင်ဗျားတို့ မြင်ရမယ်။ ပြဿနာအစိတ်အပိုင်းအဖြစ် မဟုတ်ဘူး’’ဟု ဒုဗိုလ်မှူးကြီးတစ်ဦးဖြစ်ခဲ့သည့် ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကပြောသည်။

အစိုးရတပ်ဖွဲ့များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား ဆယ်စုနှစ်တစ်ဝက်ကျော်မျှ ပြည်တွင်းစစ်ပဋိပက္ခ အဆုံးသတ်ရေး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေးတစ်ခု ဆောင်ရွက်ရန် အားထုတ်ကြိုးပမ်းနေကြသည်။ တိုင်းရင်းသားလူနည်းစုဒေသများမှ ပြည်သူအများအပြားအတွက်မူ ဖက်ဒရယ်ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ မည်သည့်ရှင်းလင်းချက်မျှ မပါဝင်သည့် ပြည်လုံးကျွတ် ရွေးကောက်ပွဲများမှာ စိတ်အနှောင့်အယှက်ဖြစ်စရာ တစ်ခုထက် နည်းနည်းပိုပါသည်။ အချို့ကဆိုလျှင် ဗိုလ်ချုပ်ကြီးများကို သတိထားသလိုပင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း သတိထားကြသည်။ အဘယ့်ကြောင့်ဆိုသော် လူများစုဖြစ်သော ဗမာတိုင်းရင်းသားလူမျိုးစု၏ ကိုယ်စားလှယ်များအဖြစ်သာ ၎င်းတို့နှစ်ဦးစလုံးကို ရှုမြင်ကြ၍ပဲဖြစ်ပါ၏။

Hardline ဗုဒ္ဓဘာသာများ

ဤကဲ့သို့ မသေချာမရေရာသည့်ဖြစ်စဉ်၌ နောက်ထပ် (စိုးရိမ်စရာ နောက်ဆက်တွဲအကျိုးဆက်များ ရှိလာနိုင်ခြေရှိသော) သဘောထားကွဲလွဲမှု ပြဿနာတစ်ရပ်ကတော့ ကြီးထွားလာသည့် ဘာသာရေးဆိုင်ရာ သည်းခံနိုင်မှု ပျောက်ဆုံးခြင်းနှင့် ဗုဒ္ဓဘာသာဝင်အချို့၏ အကြမ်းဖက်မှုအတွက် ပိုကျယ်ပြန့်လာသည့် နိုင်ငံရေးလွတ်လပ်မှု ခွင့်ပြုထားသလိုဖြစ်နေသည်။ ရခိုင်ပြည်နယ်တွင် မြင့်တက်လာသော သဘောထားကွဲလွဲမှု ပဋိပက္ခက လူဒါဇင်နှင့်ချီ အသက်ဆုံးရှုံးစေခဲ့ပြီး ထောင်ပေါင်းများစွာကို ဒုက္ခသည်စခန်းများတွင် ခိုလှုံရသူများ ဖြစ်စေခဲ့သည်။ နိုင်ငံ၏ ကျန်ဒေသများတွင်လည်း မြန်မာဗုဒ္ဓဘာသာဝင် အခြေခံအဖွဲ့အစည်းမှာ ကိုယ်ထိလက်ရောက် ကျူးလွန်ခံရပါပြီဆိုသော လက်ယာယိမ်းဘုန်းကြီးအချို့၏ မွတ်စလင်ဆန့်ကျင်ရေး ဟောပြောမှုများက တိုးပွားလာသည်။

နှစ်ဖက်စလုံးမှ ကြောက်ရွံ့မှုများနှင့်ပတ်သက်၍ အသိအမှတ်ပြုမှုတစ်ခု တောင်းဆိုသော ဒေါ်အောင်ဆန်းစုကြည်ကို မွတ်စလင်လူနည်းစုအား ကာကွယ်ရန် ခိုင်ခိုင်မာမာ ထုတ်ဖော်ပြောကြားမှု မပြုခြင်းအတွက် နိုင်ငံတကာက အပြစ်ရှာဝေဖန်ကြသည်။ မြန်မာနိုင်ငံအနေဖြင့် ကျပြန်လျှင်လည်း ဒေါ်အောင်ဆန်းစုကြည်ကို ဗုဒ္ဓဘာသာအကျိုးစီးပွားနှင့် ပတ်သက်၍ ခုခံကာကွယ်ရာတွင် ပျော့ညံ့သူတစ်ယောက်အဖြစ် အချို့က လှောင်ပြောင်တိုက်ခိုက်ကြပြန်သည်။

အစိုးရနှင့်နီးစပ်သော မသမာသည့် အင်အားစုများက ဘာသာရေးပဋိပက္ခများကို တမင်တကာ စည်းကျဝါးကျ လုပ်ဆောင်နေပြီး ဒေါ်အောင်ဆန်းစုကြည်အပေါ် ဖိအားပိုများစေရန်အလို့ငှာ ယင်းပဋိပက္ခကို ပိုပြင်းထန်အောင် လုပ်နိုင်ကြောင်း မြန်မာနိုင်ငံတွင် အကျော်ကြားဆုံး အတိုက်အခံများအနက် တစ်ဦးဖြစ်သည့် ဦးဇာဂနာကပြောသည်။

‘‘ဒါတွေကို ကန့်လန့်ကာနောက်ကွယ်မှာ စစ်တပ်ကလူတွေက ထိန်းချုပ်ထားတာ’’ဟု ဦးဇာဂနာကပြောသည်။ သူက ဘာသာများအကြား တင်းမာမှုကို ချိန်ကိုက်ဗုံးတစ်လုံးနှင့် ပုံခိုင်းပြောပြခဲ့သည်။

ရွေးကောက်ပွဲများ၏ ရလဒ်က မည်သို့ပင်ဖြစ်ဖြစ် ၊ အာဏာယူသူ မည်သူပင်ဖြစ်ဖြစ် နက်ရှိုင်းလှသည့် ပြဿနာများနှင့် တိုင်းပြည်တစ်ပြည်ကို အမွေဆက်ခံရပေလိမ့်မည်။ ပြီးခဲ့သည့်နှစ်ကရော ယခုနှစ်အတွက်ပါ ၂ နှစ်စလုံး စီးပွားရေးတိုးတက်မှုကို ၈ ရာခိုင်နှုန်းထက်မက ကမ္ဘာ့ဘဏ်က ခန့်မှန်းတွက်ချက်သော်လည်း လူတိုင်းခံစားခွင့်မရှိပါ။ ဖန်တီးခဲ့သော ချမ်းသာကြွယ်ဝမှု အများစုမှာ အခွင့်ထူးခံ စီးပွားရေးသမား အနည်းစုဆီသို့သာ ရောက်ရှိသွားခဲ့သည်။

‘‘စစ်တပ်ဟာ ဒီနေရာကို နှစ်ပေါင်း ၅၀ကြာ စနစ်တကျ ဖျက်ဆီးခဲ့တာပဲ’’ ဟု အနောက်တိုင်းသံတမန်တစ်ဦးက ပြောသည်။

‘‘စစ်တပ်ကိုယ်၌ကလွဲရင် အဖွဲ့အစည်းအားလုံးက မျှော်လင့်ချက်မဲ့လောက်အောင် ဆိုးရွားတဲ့အနေအထားမှာရှိတယ်’’ဟု ၎င်းကပြောသည်။

နိုဝင်ဘာ၌ မည်သူပဲနိုင်နိုင် တရုတ်နှင့် အမေရိကန်တို့၏ ယှဉ်ပြိုင်မှုဖိအားများကို အောင်အောင်မြင်မြင် ညှိနှိုင်းရမည်ဖြစ်သည့်တိုင်အောင် နူးညံ့သိမ်မွေ့သော မဟာဗျူဟာကျဟန်ချက်ညီ ကစားကွက်ကို ကစားရပေလိမ့်မည်။ ဘေဂျင်းဆီမှ ငွေများက ယခင်အာဏာရှင်စနစ်ကို မပြိုလဲအောင် ထောက်ပံ့ကူညီခဲ့သည်။ မြန်မာနိုင်ငံမှာ တွင်းထွက်သတ္တုများ၊ သစ်များ၊ ရေအားလျှပ်စစ်နှင့် အကျိုးအမြတ်များကို နှိုက်ယူရန် တရုတ်၏ လူမဆန်သော ချဉ်းကပ်မှုအဖြစ် တွေ့မြင်ရသည့် ခါးသီးမှုလည်း ကျယ်ကျယ်ပြန့်ပြန့် တည်ရှိနေသည်။ အမေရိကန်၏ ရင်းနှီးမြှုပ်နှံမှုမှာလည်း ယင်းကွက်လပ်ကိုဖြည့်ဆည်းရန် အနေအထား၌ မရှိသေးပေ။ မြန်မာ၏ စွမ်းဆောင်ရည်နှင့် အခြေခံအဆောက်အအုံအားနည်းမှု၊ တာရှည်သော အမေရိကန်ပိတ်ဆို့မှုကြောင့် အဟန့်အတားဖြစ်နေဆဲဖြစ်သော အမေရိကန်ကုမ္ပဏီများသည် ရင်းနှီးမြုပ်နှံရန် အများမျှော်လင့်သည်ထက် ပိုနှေးကွေးလာသည်။

အရေးကြီး အပြောင်းအလဲနှစ်သို့ ဝင်ရောက်လာသည့်အချိန်တွင် မသေချာမရေရာမှုများ ခြုံလွမ်းနေသော မြန်မာနိုင်ငံအနေအထားသည် သူ၏ အနာဂတ်အစိုးရ ဘယ်လိုပုံစံမျိုး ဖြစ်မလဲဆိုသည့် မေးခွန်းတစ်ခုအပေါ် ဒေါ်အောင်ဆန်းစုကြည်၏ တုံးတိတိတုံ့ပြန်မှု၌ ကြည်လင်ပြတ်သားသွားသည်။ အပြောင်းအလဲတွင် အနေအထားကြီးမားစွာ ရှိနေသော်လည်း သူသမ္မတဖြစ်လျှင် ဘာလုပ်မလဲဆိုသည်နှင့် ပတ်သက်၍ မပီမပြင် မရေမရာ ဖြစ်နေသောကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို အချို့က ဝေဖန်ကြသည်။

‘‘အဲဒါက အင်မတန်ကြီးမားတဲ့ မေးခွန်းတစ်ခု။ အင်မတန်မှ မရေမရာတဲ့ မေးခွန်းတစ်ခုပဲ’’ဟု ဒေါ်အောင်ဆန်းစုကြည်က တုံ့ပြန်ဖြေကြားခဲ့သည်။

‘‘ရွေးကောက်ပွဲတွေကို ကျွန်မတို့ ဝင်ပြိုင်မလားမပြိုင်ဘူးလားဆိုတာတောင် ကျွန်မတို့ မဆုံးဖြတ်ရသေးဘူး။ ဆိုတော့ ဘယ်လိုအစိုးရမျိုးဖြစ်လာမလဲဆိုတာကို ကျွန်မ ဘယ်လိုပြောနိုင်ပါ့မလဲ’’ဟု သူမကပြောသည်။

မျက်နှာစာမှ သဗ္ဗရနံပေါင်း သောင်းပြောင်းထွေလာ

စီးပွားရေးတံခါးပိတ်ဝါဒကို အဆုံးသတ်လိုက်ကတည်းက သွန်ကျလာခဲ့သည့် စီးပွားရေးလုပ်ငန်းများအတွက် မြန်မာ၏ အဓိကမြို့တော် ရန်ကုန်သည် ရုတ်တရက်ချမ်းသာမှုကြောင့် အလျင်အမြန်ကြီးထွားနေသည့် မြို့အဖြစ်ရော ဧည့်သည်များ ရုတ်တရက်ရောက်ချလာသည့် မြို့အဖြစ်ပါ နှစ်မျိုးစလုံးကို တွေ့ကြုံလိုက်ရပါပြီ။ ဝင်ရောက်လာနေသည့် အနောက်တိုင်း လူသုံးကုန်ပစ္စည်းကုမ္ပဏီများက မြို့တော်ကြီးတွင် စီးပွားရေးလုပ်ငန်းသံများ တဝီဝီပေးလာသည်။ ယင်းမှာ ကားတင်သွင်းမှု ဆက်လက်စီးဝင်နေသည့်အတွက် ယာဉ်ကြောကျပ်မှုက လစဉ်လိုလို ပိုဆိုးလာပုံပေါ်သည့် အားထုတ်မှုတစ်ခုပဲဖြစ်သည်။

ဆက်သွယ်ရေးကဏ္ဍကိုလည်း နော်ဝေး၏ တယ်လီနောနှင့် ကာတာ၏ အူရီးဒူးဆိုသည့် မိုဘိုင်းဝန်ဆောင်မှုအသစ်များ စတင်ခြင်းဖြင့် အသွင်ပြောင်းခဲ့ပြီ။ ယင်းကြောင့် ဆင်းမ်ကတ်ဈေးနှုန်းများ အမေရိကန်ဒေါ်လာ ၁၀၀၀ အထက်မှနေ၍ ၂ ဒေါ်လာအောက်သို့ တစ်ရှိန်ထိုးကျဆင်းသွားစေခဲ့သည်။

ကိုကာကိုလာ၊ ယူနီလီဗာ အစရှိသည့် ကုမ္ပဏီများကလည်း လူဦးရေ သန်း ၅၀ ကျော်ရှိသည့် မြန်မာ့ဈေးကွက်တွင် လုပ်ငန်းလည်ပတ်မှုကို ပြန်လည်စတင်သူကစ၊ ယခုမှစတင်ထူထောင်သူကထောင် လုပ်လာကြသည်။

ကြီးမားလှသည့် ဂျပန်ကျောထောက်နောက်ခံပြု သီလဝါစက်မှုဇုန်ကလည်း စက်ရုံများတည်ဆောက်ရန်အတွက် နိုင်ငံခြားကုမ္ပဏီ ၂၀ နှင့် အပေးအယူသဘောတူညီနိုင်ပြီဟု ဆိုလာသည်။ ယင်းစက်မှုဇုန်သည် နိုင်ငံတစ်ဝန်း၌ အကောင်အထည်ဖော်ရန်ရှိနေသည့် အလားတူစီမံချက်များအတွက် စံပြတစ်ခုဖြစ်လာရန် အစိုးရကမျှော်လင့်ထားသည်။ သို့သော် ပိုနက်ရှိုင်းလှသည့် ဇာတ်ထုပ်တွင်မူ စိတ်ထက်သန်နေသော နိုင်ငံမျိုးစုံကိုရော အစိုးရကိုပါ အားတက်စေမှု နည်းပါးလှပါသည်။ အထည်ချုပ်စက်ရုံကဲ့သို့ ဖွံ့ဖြိုးပြီးစက်ရုံအချို့မှာ စစ်အစိုးရ၏ ဖရိုဖရဲကမောက်ကမ စည်းမျဉ်းများ၏ အကျိုးဆက်နှင့် နိုင်ငံတကာပိတ်ဆို့မှုများအောက်တွင် သဘောတူစာချုပ်ချုပ်ဆိုခဲ့မိပြီးနောက် ဆုံးရှုံးမှုများကို ပြန်အဖတ်ဆည်နေရသည်။

မြန်မာနိုင်ငံကို စူးစမ်းရန်လာရောက်ကြသော နိုင်ငံခြားကုမ္ပဏီများမှာ ပြဿနာများစွာကြောင့် ဦးကျိုးကာ အိမ်ပြန်ကုန်ကြသည်။

ပြဿနာများဟုဆိုရာ၌ လျှပ်စစ်ဓာတ်အားကဲ့သို့ အခြေခံဝန်ဆောင်မှုကင်းမဲ့ခြင်းမှစ၍ (ဓာတ်သတ္ထုမှ ဘီယာအထိ စက်မှုလုပ်ငန်းများတွင် စစ်တပ်နှင့် ၎င်း၏ခရိုနီများနှင့် ချိတ်ဆက်နေသည့် ကုမ္ပဏီများနှင့် ယှဉ်နေရခြင်း) နိုင်ငံရေးနှင့် ဥပဒေရေးရာ အခက်အခဲများအထိ ကျယ်ပြန့်လှပါသည်။

သီလဝါအပါအဝင် တိုင်းပြည်တစ်ဝန်းမှ စီးပွားရေးလုပ်ငန်းများသည် စစ်တပ်က သမိုင်းဝင်သိမ်းဆည်းထားသည့် အနေအထားကြောင့် မြေယာပြဿနာများကို ရင်ဆိုင်ရ၏။

ယခုနှစ်၏ အရေးကြီး သမိုင်းဝင်ရွေးကောက်ပွဲကို အာရုံစိုက်နေသည့်အတွက်ကြောင့် အဆိုပါပြဿနာများ သိပ်မကြာမီအချိန်မှာပဲ လျော့နည်းသွားမှု မြင်ရမည့်ပုံမရှိသေးပါ။ သယံဇာတရင်းမြစ်များနှင့် မဟာဗျူဟာကျ ပထဝီဝင်တည်နေရာဖြစ်နေခြင်းကြောင့် နိုင်ငံတစ်ဝန်း စိတ်လှုပ်ရှားတက်ကြွမှုများ ရှိနေခဲ့သော်လည်း ယင်းအချက်အကြောင့် ဆွဲဆောင်မှုရှိသည့် စီးပွားရေးမျက်နှာစာတစ်ခု ဖြစ်လာမည့်ပုံလည်း ရှိမနေပေ။

(Financial Times မှ Myanmar: Suu Kyi's search for "one brave soldier" ဆောင်းပါးကို ငြိမ်းငြိမ်းပြည့် ဘာသာပြန်ဆိုသည်။)
7Day Daily



Islamic State - IS အကြမ်းဖက်အုပ်စု နှိမ်နင်းရေး စစ်ဆင်မှုမှာ စစ်အင်အားကို တရားဝင် အသုံးပြုခွင့် ရရှိရေးအတွက် အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားက လွှတ်တော်ထံ ဗုဒ္ဓဟူးနေ့က တောင်းခံလိုက်ပါတယ်။

ဒါပေမဲ့ ဒီခွင့်ပြုချက်ဟာ အီရတ်နဲ့ အာဖဂန်မှာ အမေရိကန်က ဆင်နွှဲခဲ့တဲ့ မြေပြင်စစ်ပွဲအသွင်မျိုး နောက်ထပ် ဖြစ်လာမယ့် အလားအလာ မရှိတဲ့အကြောင်း မစ္စတာ အိုဘားမားက အိမ်ဖြူတော်မှာ နောက်ပိုင်း ပြောကြားခဲ့ပါတယ်။

ဒီခွင့်ပြုချက်အရ IS အကြမ်းဖက်အုပ်စုခေါင်းဆောင်တွေ စုဝေးရောက်ရှိနေတဲ့ ခိုင်လုံတဲ့ ထောက်လှမ်းရေးသတင်း ရရှိရင် အမေရိကန် ပြည်ထောင်စုအနေနဲ့ အရေးယူ ဆောင်ရွက်နိုင်ဖို့ သမ္မတအနေနဲ့ အထူးတပ်ဖွဲ့တွေကို စေလွှတ်ခွင့် ရရှိမှာဖြစ်တယ်လို့လည်း သမ္မတက ဥပမာပေး ရှင်းပြခဲ့ပါတယ်။

အဆိုပြုထားတဲ့ ခွင့်ပြုချက်ကို ၇ နှစ်တာကာလအထိ ကန့်သတ်ထားမှာဖြစ်ပြီး၊ အမေရိကန် စစ်သားတွေအနေနဲ့ ရေရှည် မြေပြင်ထိုးစစ်ဆင်မှုတွေမှာ ပါဝင်ခွင့်ကို တားမြစ်ထားတာ ဖြစ်ပါတယ်။ လက်ရှိ အစီအစဉ်ဟာ အချိန်ယူမှာဖြစ်ပြီး၊ ခက်ခဲမှာဖြစ်တဲ့အကြောင်း သမ္မတက တနိုင်ငံလုံးကို ထုတ်လွှင့်တဲ့ ရုပ်သံလွှင့်မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ ညွန့်ပေါင်းတပ်ဖွဲ့အနေနဲ့ ထိုးစစ်ဆင်နေတာဖြစ်ပြီး၊ IS စစ်သွေးကြွတွေဘက်က ခံစစ်ဖြစ်နေတာကြောင့် IS တွေဟာ အရေး ရှုံးနိမ့်မှာဖြစ်တယ်လိုပလည်း သမ္မတက ပြောကြားသွားပါတယ်။ အီရတ်နဲ့ အာဖဂနစ္စတန်မှာလို ကျယ်ပြန့်တဲ့ စစ်ဆင်ရေးတွေကိုတော့ အမေရိကန်တပ်အစား ဒေသခံတပ်တွေက တာဝန်ယူဖို့ လိုတဲ့အကြောင်း မစ္စတာ အိုဘားမားက သူ့ရဲ့အဆိုပြုချက် မူကြမ်းမှာ ဖော်ပြခဲ့ပါတယ်။

ဒီအဆိုပြုချက်ဟာ အီရတ်စစ်ဆင်နွှဲဖို့ ၂၀၀၂ ခုနှစ်က အရေးယူ ဆောင်ရွက်မှုကို ဖျက်သိမ်းရာရောက်စေမှာဖြစ်ပေမဲ့ စက်တင်ဘာလ ၁၁ ရက်နေ့ အကြမ်းဖက်တိုက်ခိုက် ခံရမှုအပြီး မကြာမီ အတည်ပြုခဲ့တဲ့ အယ်လ်ကိုင်းဒါးနဲ့ သူ့အဖွဲ့တွေကို ချေမှုန်းမှု တစိတ်တပိုင်းဖြစ်တဲ့ ၂၀၀၁ ခု ခွင့်ပြုမိန့်ကိုတော့ ဆက်လက် ထားရှိသွားမှာဖြစ်ပါတယ်။
http://burmese.voanews.com/content/obama-war-powers/2639723.html

ဒီကနေ့မှာ ကျရောက်ခဲ့တဲ့ ပြည်ထောင်စုနေ့မှာ သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရ အဖွဲ့ဝင်တွေ နိုင်ငံရေးပါတီခေါင်းဆောင်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ တွေ့ဆုံမှုမှာ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုင်ရာ ကတိကဝတ်ပြုချက်ကို လက်နက်ကိုင်အဖွဲ့(၄)ဖွဲ့ကနေ သဘောတူ လက်မှတ်ရေး ထိုးနိုင်ခဲ့ပြီး ကျန်ရှိတဲ့ အဖွဲ့တွေက လက်မှတ်ရေးထိုးနိုင်ခြင်း မရှိခဲ့ပါဘူး။ ဒီတွေ့ဆုံပွဲ မှာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ အပစ်အခတ် ရပ်စဲရေးကိစ္စရပ်နဲ့ ပက်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့၊ အစိုးရအဖွဲ့၊ နိုင်ငံရေးပါတီအဖွဲ့တွေ အနေနဲ့ အမြင်တူညီမှု ရှိတယ်လို့ တိုင်းရင်းသားခေါင်းဆောင်တွေကပြောပါတယ်။ ဒီအခြေအနေကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက်နိုင်ကွန်းအိန်ကနေ အခုလို သတင်းပေးပို့ထားပါတယ်။
ပြည်ထောင်စုနေ့မှာ တိုင်းရင်းသားတွေနဲ့တွေ့ဆုံပွဲကို တက်ရောက်လာတဲ့ သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရအဖွဲ့- သတင်းဓာတ်ပုံ- ဦးညိုအုန်းမြင့်

သမ္မတကြီး ဦးသိန်းစိန်ရဲ့ ဖိတ်ကြားချက်အရ ပြည်ထောင်စုနေ့ ညစာစားပွဲ နဲ့ တွေ့ဆုံပွဲကို နိုင်ငံတော်သမ္မတ အပါအဝင် အစိုးရအဖွဲ့ဝင်တွေ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေ နိုင်ငံရေးပါတီခေါင်းဆောင်တွေကနေ ဒီကနေ့ နေပြည်တော် ဇမ္ဗူသီရိ ဟိုတယ်မှာတွေ့ဆုံဆွေးနွေးခဲ့ရာမှာ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုင်ရာ ကတိ ကဝတ်ပြုချက်ကို လက်နက်ကိုင်အဖွဲ့(၄)ဖွဲ့ကနေ သဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့တယ်လို့ ဒီကေဘီအေ အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စောမောင်လေးက ဗွီအိုအေကို အခုလိုပြောပါတယ်။

"ကျနော်တို့ တစ်ဆို့နေတဲ့ ငြိမ်းချမ်းရေး၊ အပစ်အခတ်ရပ်စဲရေးကို နည်းနည်းလေး ဖိအား၊ တွန်းအားပေးတဲ့ သဘောဆောင်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ကတိကဝတ်ပြုမှုဆိုတဲ့ လက်မှတ်ထိုးတဲ့ စာလေးတစ်စောင်တော့ ထိုးနိုင်တာပေါ့ဗျာ။ အဲ့ဒီ့ဟာနဲ့ပတ်သက်လို့ ကျနော်တို့ တိုင်းရင်းသား အဖွဲ့တွေထဲမှာ ကျနော်တို့ တက်တဲ့အဖွဲ့ ၁၃ဖွဲ့ရှိတယ်ဗျ။ ၁၃ဖွဲ့ထဲမှာတော့ ၄ဖွဲ့ပေါ့လေ။ ကျနော်တို့ DKBA အပါအဝင် KNU ရယ် KNLAPC ရယ် နောက် SSA တောင်ပိုင်းပေါ့ ဗိုလ်ချုပ် ယွက်ဆစ်တို့အဖွဲ့ လေးဖွဲ့ပေါ့ အဲ့ဒီ့ ကတိကဝတ်ပြုမှု လက်မှတ်ကို ထိုးဖြစ်တယ်ဗျ။ ငြိမ်းချမ်းရေး ရဖို့ရယ်၊ ပြီးတော့ နိုင်ငံရေးကိစ္စကို နိုင်ငံရေးနည်းနဲ့ပဲ ဖြေရှင်းချင်တဲ့ ကိစ္စပေါ့ဗျာ။"

အချက်၆ချက် ပါဝင်တဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ကတိပြုချက်တွေထဲမှာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCAကို အမြန်ဆုံး လက်မှတ်ရေးထိုးနိုင်ရေး အတွက် ပူးပေါင်းလုပ်ဆောင်ဖို့အချက်လည်း ပါဝင်နေပါတယ်။ ငြိမ်းချမ်းရေးနဲ့အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ကတိက၀တ်ပြုချက်ကို ဒီကေဘီအေအဖွဲ့ရယ် KNUခေါ် ကရင် အမျိုးသား အစည်းအရုံး ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA(PC)အဖွဲ့ရယ် တောင်ပိုင်း ရှမ်းပြည်တပ်မတော် RCSS/SSA အဖွဲ့တို့က လက်မှတ်ရေးထိုးခဲ့ပြီး ကျန်တဲ့ အဖွဲ့တွေ လက်မှတ်ရေး ထိုးနိုင်ခြင်း မရှိပါဘူး။

ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာကတိက၀တ်ပြုချက်ဟာ ဥပဒေကြောင်းအရာအရ စာချုပ်ပုံစံ မဟုတ်ဘဲ ငြိမ်းချမ်းရေး ခရီးရောက်အောင် ဆက်သွားမယ့် ဆန္ဒပြုမှုလို့ မြန်မာငြိမ်းချမ်းရေးစင်တာက အကြီးတန်းအရာရှိ ဦးလှမောင်ရွှေကပြောပါတယ်။

" အဓိက ကတော့ စာချုပ်မဟုတ်တဲ့အတွက် ကျနော် နားလည်သလောက်တော့ ဥပဒေသဘောအရဆိုရင် ဒါ ငြိမ်းချမ်းရေးကို ရောက်အောင် ဆက်သွားကြမယ်ဆိုတဲ့ ဆန္ဒပြမှု၊ ကတိကဝတ်ပြုချက်ပါပဲ။ အဲ့တော့ အဲ့ဒီ့ကတိကဝတ်ပြုချက်ကို ကျနော်တို့ ဆွေးနွေးကြပါတယ်။ ထိုးနိုင်တဲ့အဖွဲ့တွေလည်းရှိတယ်။ မထိုးနိုင်တဲ့အဖွဲ့တွေလည်း ရှိတယ်။ အဲ့ ကျနော်တို့ထူးခြားချက်ကတော့ ဒီကနေ့ ကတိကဝတ်ပြုတဲ့ အတော်များများ တက်ရောက်သူတွေ နားလည်တာကတော့ ဒီလက်မှတ်ရေးထိုးတဲ့သူတွေက သူတို့ကိုယ်သူတို့လည်း ကတိကဝတ်ပြုတယ်။ "

ဒီကနေ့ တွေ့ဆုံပွဲမှာ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနဲ့ အပစ်အခတ် ရပ်စဲရေး ကိစ္စရပ်နဲ့ ပက်သက်ပြီး ဆွေး နွေးချက်တွေမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစိုးရအဖွဲ့ နိုင်ငံရေးပါတီအဖွဲ့တွေအနေနဲ့ အမြင်တူညီမှုရှိတယ်လို့ PNLOခေါ် ပအိုဝ့် အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက အခုလိုပြောပါတယ်။

" တွေ့ဆုံမှုအခြေအနေမှာတော့ ကျနော်တို့တွေ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ ပတ်သက်ရင် အစိုးရဘက်မှာရော ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရော၊ နိုင်ငံရေးပါတီတွေရော အားလုံးမှာ တူညီတဲ့ သဘောထားက ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ဆိုတဲ့ သဘောထားအမြင်မှာ အားလုံး အတူတူရှိပါတယ်။ ဒါကို ကျနော်တို့ တွေ့ရတယ်။ နောက်တခုက ငြိမ်းချမ်းရေးကိုလည်း အလျှင်အမြန် ရရှိအောင် ကြိုးပမ်းကြမယ်ဆိုတဲ့ သဘောထား ဒါကိုလည်း တကယ့် ရင်ထဲကနေ ပြောကြတယ်လို့ ကျနော်မြင်ရပါတယ်။ သို့သော် စာချုပ်စာတမ်း လက်မှတ် မရေးထိုးနိုင်တဲ့ အခြေအနေတွေက အပြန်အလှန်အားဖြင့် နားလည်မှု ရှိကြတယ်လို့ ကျနော် အဲ့တာမြင်ပါတယ်။ အဲ့တော့ ဒီနေ့ပွဲဟာ ပြည်ထောင်စု တည်ဆောက်နိုင်ရေး အတွက်ကို အကျေအလည် ညှိနှိုင်းဆွေးနွေးကြတယ်။ အပြန်အလှန်အားဖြင့်က ပွင့်ပွင့်လင်းလင်းပဲ ပြောကြဆိုကြနိုင်တဲ့ ပထမဆုံးအကြိမ်အဖြစ် ကျနော် ရှု့မြင်မိပါတယ်။"

PNLO အနေနဲ့ အဖွဲ့အတွင်း ညှိနှိုင်း ဆွေးနွေးထားတာ မရှိသေးတဲ့အတွက် ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ကတိကဝတ်ပြုချက်ကို လက်မှတ်ရေးထိုးနိုင်ခြင်းမရှိသေးဘူးလို့လည်း ဥက္ကဋ္ဌ ခွန်မြင့်ထွန်းကပြောပါတယ်။

ဒီကနေ့တွေ့ဆုံမှုမှာ နိုင်ငံတော်သမ္မတအပါအ၀င်အစိုးရအဖွဲ့နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ပထမပိုင်းမှာ တွေ့ဆုံခဲ့ပြီး ဒုတိယပိုင်းမှာ နိုင်ငံတော် သမ္မတ ဒုတိယသမ္မတ လွှတ်တော်ဥက္ကဌတွေ တပ်မတော်ကိုယ်စားပြုကိုယ်စား လှယ်တွေ အစိုးရအဖွဲ့ဝန်ကြီးတွေ တိုင်ရင်းသားရေးရာဝန်ကြီးတွေ နိုင်ငံရေး ပါတီခေါင်းဆောင်တွေ လက်နက်ကိုင် အဖွဲ့(၁၃)ဖွဲ့က ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။

ဖိတ်ကြားထားတဲ့ လက်နက်ကိုင်(၁၆)ဖွဲ့အနက်က ကချင်လွတ်လပ်ရေးအဖွဲ့KIO၊ တအာင်း ပလောင်လွတ်မြောက်ရေး တပ်မတော်TNLA၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP အဖွဲ့တို့က အကြောင်းအမျိုးမျိုးကြောင့် တက်ရောက်နိုင်ခြင်း မရှိပါဘူး။

ပြည်ထောင်စုနေ့အခမ်းအနားကို တက်ရောက်နိုင်ခြင်းမရှိတဲ့ ကချင်လွတ်လပ်ရေး အဖွဲ့ KIO နဲ့ ပလောင်တပ်ဖွဲ့ TNLA တို့ကတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ စုပေါင်းဖွဲ့စည်းထားတဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCTနဲ့အတူ ပူးပေါင်းဆောင်ရွက်မှာဖြစ်ကြောင်း ဒီကနေ့မှာ သဘောထားကြေညာချက် ထုတ်ပြန်ထားပါတယ်။

ကိုနိုင်ကွန်းအိမ်
VOA
http://burmese.voanews.com/content/four-ethnic-rebel-sign-agreement-national-reconciliation/2640520.html


ပြည်ထောင်စုစနစ်နဲ့ နိုင်ငံတော်တည်ဆောက်ရေး ကြိုးပမ်းတဲ့အခါမှာ အချင်းချင်းယုံကြည်မှုတည်ဆောက်ပြီး လက်နက်ကိုင် ပဋိပက္ခတွေကို အပြီးတိုင်စွန့်လွှတ်ပြီး အကြမ်းမဖက်တဲ့နည်းနဲ့ ဖြေရှင်းရမယ်စိတ်မျိုးထားကြဖို့ ဖေဖော်ဝါရီ ၁၂ရက်နေ့မှာ ကျရောက်တဲ့ ပြည်ထောင်စုနေ့မှာ NLDပါတီ နာယကက တိုက်တွန်းလိုက်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းဟာ တိုင်းရင်းသားစည်းလုံးညီညွတ်မှုနဲ့ လက်တွဲမဖြုတ်စတမ်း ဆောင်ရွက်ဖို့ သန္နိဌာန်ချပြီး ပင်လုံစာချုပ်ချုပ်ဆိုတဲ့နေ့ဖြစ်သလို စစ်တပ်မလွှမ်းမိုးဖို့ ဖက်ဆစ်ဝါဒလိုမဖြစ်အောင် သတိထားဖို့ ဒီမိုကရေစီလမ်းကြောင်းပေါ် တင်ပေးခဲ့သူ ပုဂ္ဂိုလ်ဖြစ်တယ်လို့ သူရဦးတင်ဦးက NLD ပါတီကကျင်းပတဲ့ ပြည်ထောင်နေ့ အခမ်းအနားမှာ ပြောဆိုခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ကျင်းပတဲ့ ၆၈နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို ပြည်သူ့ရင်ပြင်မှာ မနက် ၁ဝနာရီက ကျင်းပခဲ့ပြီး ကလေးတွေ၊ တိုင်းရင်းသားအကတွေနဲ့လည်း ဖျော်ဖြေတင်ဆက်ခဲ့ကြပါတယ်။

ပြည်ထောင်စုနေ့မှာ ကြယ်ငါးပွင့်အလံနဲ့ ရှမ်းပြည်နယ်ကိုယ်စားပြု ရှမ်းအိုးစည်နဲ့ဖျော်ဖြေခဲ့လို့ ဂုဏ်ယူတယ်လို့ ဆိုသူက ဦးအောင်လွင်ပါ။ ဗိုလ်ချုပ်ရဲ့ နှစ် ၁ဝဝပြည့်မွေးနေ့အကြိုလည်းဖြစ်ပြီး တိုင်းရင်းသားတွေနဲ့အတူ ပင်လုံစာချုပ်လက်မှတ်ထိုးခဲ့တဲ့ ကြယ်ငါးပွင့်အလံကို မရရအောင်ရှာပြီး နှစ်တစ်ရာတိုင် မမေ့ပါဘူးအဓိပ္ပာယ်နဲ့ ဗိုလ်ချုပ်ကျေးဇူးကို ဆပ်ခဲ့ပါတယ်လို့ ဆိုပါတယ်။

၆၈နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ရန်ကုန်တိုင်းအစိုးရကလည်း ပြည်သူ့ရင်ပြင်မှာ မနက် ၇နာရီက ကျင်းပခဲ့ပြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေတက်ရောက်ပြီး သမ္မတရဲ့သဝဏ်လွှာကို ဖတ်ကြားပြီး နိုင်ငံတော်အလံကို အလေးပြုခဲ့ပါတယ်။

Kamayut Media

ဓာတ်ပုံ –  အန်အယ်လ်ဒီ
သပိတ်မှောက် ကျောင်းသား ခေါင်းဆောင် တွေက ဒေါ်အောင်ဆန်းစုကြည် ကို သွားရောက် တွေ့ဆုံပြီး  အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်း လွှတ်တော်ထံ တင်ပြတဲ့အခါ အလေးအ နက်ထား ဆွေးနွေးပေးဖို့ ဆွေးနွေး ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေပြည်တော် နေအိမ်မှာ ဒီနေ့မနက် ၂ နာရီကျော်ကြာ ဆွေးနွေးခဲ့ကြပါတယ်။

မနေ့က ရန်ကုန်မြို့ ပြည်သူ့ လွှတ်တော်ဝင်း ခန်းမ အဆောက်အဦမှာ ကျင်းပခဲ့တဲ့ အစိုးရ၊ လွှတ်တော်၊ ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီနဲ့ နိုင်ငံလုံးဆိုင်ရာ ပညာရေး ပြုပြင် ပြောင်းလဲမှု ကွန်ရက် (အန်အန်အီးအာ) တို့ရဲ့ လေးပွင့်ဆိုင် ဆွေးနွေးပွဲမှာ ကျောင်းသားတွေဘက်က တောင်းဆိုချက် ၁၁ ချက်ကို ညှိနှိုင်း ဆွေးနွေး သဘောတူညီ ခဲ့ကြပြီးနောက် ကျောင်းသားတွေက  ဒေါ်အောင်ဆန်းစုကြည်နဲ့  သွားရောက် ဆွေးနွေးကြတာပါ။

တွေ့ဆုံပွဲတက်ခဲ့တဲ့ ရန်ကုန်စီးပွားရေးတက္ကသိုလ် သမဂ္ဂကျောင်းသား ကိုဇေယျာလွင်က “အဓိကကတော့ ကျနော်တို့ လေးပွင့်ဆိုင်က တက်လာတဲ့ ၁၁ချက်အပေါ်မှာ အလေးအနက်ထား ဆွေးနွေးပေးပါမယ်ဆိုတဲ့ဟာမျိုးတွေ အန်တီနဲ့ ဆွေးနွေးဖြစ်တယ်။ အန်တီ့အနေနဲ့ ကျောင်းသားသပိတ်လှုပ်ရှားမှုတွေအပေါ် ဘာပဲဖြစ်ဖြစ် အပြုသဘောဆောင်တယ်လို့ ကျနော်တို့ မြင်ပါတယ်” လို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ကျောင်းသားသပိတ်လှုပ်ရှားမှုတွေ ဘာကြောင့်လုပ်နေတာလဲ၊ ကျောင်းသားနဲ့ အစိုးရတို့ လေးပွင့်ဆိုင်ဆွေးနွေးပွဲမှာ ဘာတွေ ဘယ်လို ဆွေးနွေးခဲ့ကြသလဲ၊ ကျောင်း သားတွေ လိုချင်တာ ဘာလဲလို့ မေးမြန်းခဲ့ပြီး ကျောင်းသားတွေက အမျိုးသားပညာရေး ဥပဒေပြင်ချင်လို့ လုပ်ဆောင်နေပုံတွေ ပြောပြခဲ့တယ်လို့လည်း ကိုဇေယျာလွင်က ပြောပါတယ်။

ကျောင်းသားသပိတ်တွေရပ်ဖို့ အစိုးရနဲ့ ကျောင်းသားတွေအကြား ကတိက၀တ် ဘယ်လိုလုပ်ထားကြလဲလို့ ဒေါ်အောင်ဆန်းစုကြည်က မေးမြန်းခဲ့တယ်လို့ သူက ပြောပါတယ်။

ကိုဇေယျာလွင်က “ကျနော်တို့အနေနဲ့ သပိတ်တွေနဲ့ ပတ်သက်လို့ သဘောတူညီမှု (အစိုးရနဲ့) ဘာမှ မပေးထားသေးဘူး၊ အစိုးရနဲ့ သဘောတူညီမှု မရှိသေးဘူး၊ ဒါပေမယ့် ၁၄ရက်နေ့ကျရင်တော့ ဖေဖော်ဝါရီ ၁၁ ရက်က တွေ့ဆုံမှုတွေကို ကျောင်းသားထုကို ပြန်လည်တင်ပြပြီးတော့ ဆက်လက် ဆွေးနွေးမယ်၊ အဲ့ဒီတော့ သပိတ်နဲ့ပတ်သက်ပြီး ၁၄ ရက် နောက်ပိုင်းမှာ ဆုံးဖြတ်ချက် ထွက်လာ နိုင်တယ်ပေါ့” လို့ ဖြေကြားခဲ့ကြပါတယ်။

ကျောင်းသားတွေ ဆုံးဖြတ်လုပ်ဆောင်ချက်နဲ့ ပတ်သက်ပြီး အမှားအမှန် မဝေဖန်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က  ပြောကြားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က အန်အန်အီးအာကိုယ်စားလှယ် ဒေါက်တာသိန်းလွင်ကို ပါတီ တာဝန်က ရပ်စဲရတဲ့အကြောင်းရင်းတွေနဲ့ ပတ်သက်ပြီး ကျောင်းသားတွေကို ရှင်းပြခဲ့ပါတယ်။

ဒေါက်တာသိန်းလွင်ကို ပါတီတာဝန်ကရပ်စဲလိုက်တာနဲ့ပတ်သက်ပြီး အန်အယ်လ်ဒီပါတီက ကျောင်းသားသပိတ်ကို မထောက်ခံဘူးဆိုတဲ့ အမြင်နဲ့ ဝေဖန်ချက် အမျိုးမျိုးထွက်ပေါ်နေချိန်မှာ  ဆွေးနွေးပွဲ အတွင်း ထည့်သွင်း ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

By ရွှေအောင် (ဒီဗွီဘီ)
http://burmese.dvb.no/archives/81228


လေယာဉ်ပေါ်မှာ တည်ခင်းတဲ့ သစ်သီးဆံ ကိစ္စနဲ့ ပတ်သက်ပြီး လေကြောင်း လုံခြုံရေးကို အနှောင့်အယှက် ပြုမှုနဲ့ တောင်ကိုရီးယား လေကြောင်းလိုင်းရဲ့ အမှုဆောင် အရာရှိဟောင်းကို ထောင် ၁ နှစ် ချမှတ်လိုက်ပါတယ်။

မစ္စ Heather Cho ခေါ် Cho Hyun-ah ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက နယူးယောက်မြို့ လေဆိပ်မှာ ဘီးလှိမ့် ထွက်ခွာနေတဲ့ တောင်ကိုရီးယား လေကြောင်းပိုင် လေယာဉ်ကို ဂိတ်ပေါက်ဆီ ပြန်လှည့်ဖို့ အမိန့်ပေးခဲ့ပြီး လေယာဉ် ဝန်ထမ်း ခေါင်းဆောင်ကို ဆင်းခိုင်းခဲ့တာ ဖြစ်ပါတယ်။

မစ္စ Cho က အဲဒီ လေယာဉ် ခရီးစဉ်ကို သူ့ရဲ့ ကိုယ်ပိုင် လေယာဉ်သဖွယ် သဘောထား ပြုမူခဲ့တယ်လို့ တရားသူကြီး Oh Sung-woo က ပြောပါတယ်။

ဒီအဖြစ်နဲ့ ပတ်သက်လို့ မစ္စ Cho က ဒီဇင်ဘာလမှာ လူသိရှင်ကြား တောင်းပန်ခဲ့ပြီး သူ့ဖခင် ပိုင်ဆိုင်တဲ့ လေကြောင်းလိုင်းရဲ့ ဒုတိယ ဥက္ကဋ္ဌ ရာထူးကနေ နှုတ်ထွက်ခဲ့ပါတယ်။

ဒီအမှုကြောင့် မိသားစုပိုင် စီးပွားရေး လုပ်ငန်းတွေ လွှမ်းမိုးထားတဲ့ တောင်ကိုရီးယားရဲ့ စီးပွားရေး ပုံစံနဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေ တိုးပွားလာစေခဲ့ပါတယ်။

BBC Burmese
http://www.bbc.co.uk/…/02/150212_korean_air_executive_jailed

သမ္မတ ဦးသိန်းစိန်ပုံ။ photo: President Office Website
၂ဝဝ၈ အခြေခံ ဥပဒေပြင်ဆင်ရေး ပြည်သူ့ဆန္ဒခံယူ ပွဲကို ဒီနှစ်အတွင်း ကျင်းပဖို့ သမ္မတ ဦးသိန်းစိန်က မနေ့က အတည်ပြု လိုက်ကြောင်း လွှတ်တော်အမတ်နှစ် ဦးကို ကိုးကားပြီး ရိုက်တာသတင်းက ဖော်ပြပါတယ်။

ဒီနှစ်ကုန်ပိုင်းမှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲ မတိုင်ခင် မေလဆန်းပိုင်းမှာ အခြေခံဥပဒေပြင် ဆင်ရေး ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပဖို့ သမ္မတက အင်္ဂါနေ့ညနေပိုင်းက အတည်ပြုလိုက်တာလို့ ဆိုပါတယ်။

ဥပဒေအတည်ဖြစ်သွားပြီမို့၊ အခြေခံဥပဒေပြင် ဆင်ရေး ပြည်သူ့ဆန္ဒခံယူပွဲကျင်းပဖို့အတွက် မေလ အတွင်း သင့်တော်မယ့်ရက်ကို ရွေးကောက်ပွဲကော် မရှင်အနေနဲ့ မကြာခင် ကြေညာလိမ့်မယ်လို့ မျှော် လင့်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်က ပြောဆိုတယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။

အလားတူ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အေးမောင်ကလည်း အခြေခံဥပဒေပြင်ဆင်ရေး ပြည်သူ့ ဆန္ဒခံယူပွဲကိစ္စအပေါ် သမ္မတက အတည်ပြုခဲ့တာ ဟုတ်မှန်ကြောင်း ရိုက်တာသတင်းကို ပြောဆိုတယ်လို့ သိရ ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း အခြေခံဥပဒေပြင်ဆင်ရေး လူထုသဘောထား လက်မှတ်ပေါင်း ငါး သန်း ကောက်ခံပြီး၊ လွှတ်တော်ကိုတင်ပြထားပါတယ်။ ဒါပေမဲ့ အခြေခံဥပဒေပါ ဘယ်အချက်တွေကို ပြင်ဆင်ဖို့ ဆန္ဒခံယူပွဲကျင်းပမှာလဲဆိုတာတော့ ရှင်းရှင်း လင်းလင်း မသိရသေးပါဘူး။

နိုင်ငံရေးလေ့လာသူတချို့ကတော့ ပြည်သူ့ဆန္ဒခံယူပွဲကျင်းပဖို့ ဒီနှစ်အတွင်း မဖြစ်နိုင်ဘူးလို့ မြင်ကြပါတယ်။ ရန်ကုန်အခြေစိုက် နိုင်ငံရေးသုတေသီ Richard Horsey က  ဆန္ဒခံယူပွဲ ကျင်းပဖို့ ကုန်ကျစရိတ်နဲ့ တခြားလိုအပ် ချက်တွေ အများအပြားရှိတာကြောင့် လာမယ့်လတွေအတွင်း မဖြစ်နိုင်ပါဘူး၊ ဒါပေမဲ့ အထွေထွေရွေးကောက်ပွဲနဲ့ တစ်ပြိုင်တည်း လုပ်ရင်တော့ဖြစ်နိုင်စရာရှိပါတယ်၊ ဒါတောင်မှ အခြေခံဥပဒေထဲက ဘယ်အပိုင်းတွေကို ပြင်ဆင် မှာလဲဆိုတာ မသိရသေးပါဘူး၊ ဒီအတွက် ဆုံးဖြတ်ဖို့လိုပါလိမ့်ဦးမယ်လို့ ပြောဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်အစိုးရ နိုင်ငံခြားရေးဌာန ပြောခွင့်ရအမျိုးသမီး Jen Psaki က  အခြေခံဥပဒေ ပြင် ဆင်ရေးဟာ မြန်မာပြည်သူတွေရဲ့ဆန္ဒကို ထင်ဟပ်တာဖြစ်ပြီး၊ မြန်မာနိုင်ငံမှာနေထိုင်သူအားလုံးရဲ့ နိုင်ငံ ဒီမိုကရေစီဖြစ်စဉ်မှာ ပါဝင်ခွင့်အပေါ် လေးစားသမှုရှိတာကို ပြသတာလို့ယုံကြည်ပါတယ်၊ ပြုပြင်ပြောင်းလဲမှုတွေမှာ အားလုံးပါဝင်၊ ပွင့်လင်းမြင်သာပြီး ယုံကြည်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်၊ ပြည်သူတွေ ကိုယ့်ခေါင်းဆောင် ကိုယ် ရွေးချယ်နိုင်၊ တိုင်းရင်းသားလူမျိုးစုတွေရဲ့ အခွင့်အရေးနဲ့အတူ၊ အခြခံဥပဒေပြင်ဆင်ရေးမှာ စစ်တပ်ရဲ့ တစ်ချက်လွှတ်အာဏာကို ဖယ်ရှားရေးနဲ့ အရပ်ဘက်က စစ်ဘက်ကို ပိုပြီးထိန်းချုပ်လာနိုင်ရေးတွေ ပေါ်ပေါက် လာဖို့ မျှော်လင့်ပါတယ်လို့ ပြောဆိုခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese/news/president-agrees-constitution-amendment-02122015011020.html

လက်ပံတောင်းတောင်ဒေသက ရွာသူရွာသားတချို့ကို ဒီဇင်ဘာလ ၂၃ ရက်နေ့က တွေ့ရစဉ်။ Photo: Kyaw Zaw Win/ RFA
စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာမှာ ၀မ်ပေါင်ကုမ္ပဏီက မြေတူးစက်တွေနဲ့တူးဆွနေတာ ကိုတားခဲ့တဲ့ ဒေသခံတွေကို လုံခြုံရေးရဲဝန်ထမ်းတွေ က လေးဂွနဲ့ပစ်ခတ်တာကြောင့် ဒေသခံ ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။

ကုမ္ပဏီဘက်က စက်ယန္တရားတွေနဲ့ သီးနှံပင်တွေကို ဖျက်ဆီးနေတာကြောင့် တားဆီး ရာမှာလုံခြုံရေးတပ် ဖွဲ့တွေက လေးဂွနဲ့ပစ်တာလို့ ဆည်တည်းရွာခံ မ၀င်းဌေး က ပြောပါတယ်။

"စခန်းနားမှာလာပြီးမလုပ်ဖို့ သွားတားရာမှာ သူတို့ကရဲအင်အား ထောင်ကျော် လောက် နဲ့ ဒေသခံတွေကိုဂွတွေနဲ့စပစ်တယ်၊ ဒေသခံ ၂ ယောက်ထိမှန် တယ်ပေါ့၊ တကယ်လို့စီမံကိန်း လုပ်မယ်ဆိုရင် ဧကတွေအများကြီးခတ်ထားတာမှာ ဘာဖြစ်လို့ ဒီစခန်းနားမှာလာလုပ်တာလဲ၊ ဒီစခန်းနားမှာ ဆိုတော့ဒေသခံတွေကတားတာပေါ့နော်၊ ပြီးတော့သိမ်းယူထားတဲ့မြေတွေကိုလည်း ဖျက်ဆီးနေတဲ့အခါ ကျတော့ ဒေသခံတွေက ကိုယ့်လယ်ယာမြေတွေ ပျက်ဆီးနေတာမြင်တော့ မခံစားနိုင်ကြဘူးလေ၊ အဲ့ဒါကြောင့်သွားတားတဲ့အခါကျတော့ အဲ့လိုဖြစ်ကုန်တာပါ"

စီမံကိန်းနားက ဆည်တည်းရွာမှာ မြေယာလျော်ကြေးမယူတဲ့ ဒေသခံ ၁၀၀ လောက်က သူတို့လယ်ယာမြေတွေ ပြန်ရရှိ ဖို့အတွက် သပိတ်စခန်းဖွင့်ဆန္ဒပြနေတာ ၂ လနီးပါး ရှိပြီဖြစ်ပါတယ်။

အဲ့ဒီ သပိတ်စခန်းမှာ ဒေသခံတောင်သူတွေကို ကူညီဆောင်ရွက်နေတဲ့ ကျောင်းသား ကျောင်းသူတွေနဲ့ ကျေးရွာသား စုစုပေါင်း ၁၇ ဦးကို ရပ်ရွာအေးချမ်း သာယာရေး ပျက်အောင် သွေးထိုးလှုံ့ဆော်သူတွေအဖြစ် ဆားလင်းကြီးမြို့နယ်ရဲ တပ်ဖွဲ့ကစွပ်စွဲပြီး ဖမ်းဝရမ်းထုတ်ထားပါတယ်။

RFA Burmese
http://www.rfa.org/burmese/news/police-lpt-villagers-tension-rise-02112015125435.html

ဒီမိုကရေစီပညာရေး ကျောင်းသားသပိတ်စစ်ကြောင်း ရန်ကုန်မြို့ကို ချီတက်လာစဉ် ။ Photo: Hset Paing Toe/RFA
ဒီမိုကရေစီ ပညာရေး အတွက် ကျောင်း သားတွေ တောင်းဆိုထားတဲ့ အချက် ၁၁ ချက်လုံးကို ၄ ပွင့်ဆိုင် ဆွေးနွေးပွဲကနေ သဘောတူလိုက်ပေမဲ့၊ လွှတ်တော်မှာ သဘောတူပြီး သမ္မတ လက်မှတ်ထိုးမှ ဒီတောင်းဆိုချက်တွေအတွက် စိတ်ချယုံကြည်ရမှာဖြစ် တဲ့အတွက် သပိတ်မလှန်သေးဘူးလို့ ကျောင်း သားခေါင်းဆောင်တွေကပြောလိုက်ပါတယ်။

ဒါကြောင့် ရွှေတောင်မြို့ကိုရောက်နေတဲ့ မန္တလေး-ရန်ကုန် ပင်မသပိတ်စစ်ကြောင်းက ဒီနေ့မနက်မှာ အင်းမနဲ့ ပေါင်းတည်ကို ဆက်လက်ချီတက်မယ်လို့ ဗကသများအဖွဲ့ချုပ် အမှုဆောင် ကိုသီဟဝင်းတင်က RFA ကိုပြောပါတယ်။

"ကျနော်တို့အနေနဲ့ သပိတ်စစ်ကြောင်းဟာ ဆက်လက်ပြီးတော့ပဲ ချီတက်ဖို့ဆုံးဖြတ်ခဲ့ကြတယ်ဗျ၊ အခုတော့ ရွှေတောင်ရောက်နေတယ်ပေါ့နော်၊ မနက်ဖြန်ကျလို့ရှိရင် ကျနော်တို့ ဝါးလည်ရွာက ဆရာကြီး သခင်ကိုယ်တော်မှိုင်းကို ဂါရဝသွားပြုပြီး သွားလို့ရှိရင် ဒေသခံတွေအား မေတ္တာရပ်ခံတယ်၊ မေတ္တာရပ်ခံတာက ဝါးလည်ရွာကိုကျော်သွားလို့ရှိရင် ကြားထဲမှာပြည်သူလည်းမရှိဘူးပေါ့နော်၊ အဲ့လိုမျိုးအနေအထားမျိုးမှာ အချိန်ကိုမဖြုန်းပဲနဲ့ သူတို့က ပေါင်း တည်ကို ဗိုလ်ချုပ်မွေးနေ့အမှီ သွားစေချင်တယ်၊ ဗိုလ်ချုပ်မွေးနေ့အမှီ သွားစေချင်တယ်ဆိုတော့ ကျနော် တို့ ဝါးလည်ရွာကနေပြီးတော့ အင်းမအထိကို ကားစီးဖို့အတွက် မေတ္တာရပ်ခံတယ်၊ မေတ္တာရပ်ခံတော့ ကျနော်တို့လည်း အဲ့ဒီအတိုင်းပေါ့၊ ဝါးလယ်ရွာကနေ အင်းမအထိကို ကားစီးမယ်၊ အင်းမကနေ ပေါင်း တည်ကို ဆက်ပြီးတော့ လမ်းလျှောက်မယ်ပေါ့နော်"

အလားတူ ဧရာဝတီတိုင်း မအူပင်မြို့မှာရောက်နေတဲ့ သပိတ်မှောက်ကျောင်းသားတွေကလဲ ဒီနေ့မှာ ကျိုက်လတ်နဲ့ ဖျာပုံဘက်ကို ဆက်လက်ချီတက်မယ်လို့ သပိတ်ကူညီပံ့ပိုးရေး ကော်မတီဝင် ကိုအောင်အောင်ကျော်က ပြော ပါတယ်။

မွန်ပြည်နယ် သထုံမြို့မှာရောက်နေတဲ့ သပိတ်မှောက် ကျောင်းသားတွေကလည်း ဒီနေ့ ဘီးလင်းဘက်ကို ခရီး ဆက်မယ်လို့သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese/news/mdy-students-march-continue-02122015001639.html


ရွှေတောင်မြို့ အာဇာနည်ကျောက်တိုင်ရှေ့ (ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီ)
မ​နေ့က ​ရွှေ​တောင်​မြို့မှာ  ညအိပ်​ ရပ်​နားခဲ့တဲ့ ​ဒီမိုက​ရေစီပညာ​ရေး သပိတ်​​မှောက်​ စစ်​​ကြောင်းဟာ ဒီက​နေ့မနက်​ပိုင်းက ​ပေါင်းတည်​မြို့ကို ဦးတည်​ပြီး ဆက်​လက်​ ချီတက်​ ထွက်​ခွာခဲ့ကြပါတယ်​။

ရွှေ​တောင်​မြို့က​နေ ၂ မိုင်​​ကျော်​ ​ဝေးကွာတဲ့ သခင်​ကိုယ်​​တော်​မှိုင်း ​မွေးဇာတိ ဝါးလည်ရွာ သခင်​ကိုယ်​​တော်​မှိုင်း ဗိမာန်​ တည်​​ဆောက်​မယ့်​​နေရာမှာ သခင်​ကိုယ်​​တော်​မှိုင်းရဲ့ တိုင်းပြည်​နဲ့ လူမျိုး အတွက်​ ငြိမ်းချမ်း​ရေး ကြိုးပမ်း​ဆောင်​ရွက်​ခဲ့တဲ့ ​ကျေးဇူးတရား​တွေကို ​​အောက်​​မေ့ သတိရတဲ့ အ​နေနဲ့ ဝင်​​ရောက်​ ဂါရဝ ပြုခဲ့ကြပါတယ်။ ဒါ့အပြင် နယ်​ချဲ့ဆန့်​ကျင်​​ရေး ဖက်​ဆစ်​တိုက်​ဖျက်​​ရေး ဒီမိုက​ရေစီ​ရေး တိုက်​ပွဲ​တွေအတွင်း ကျဆုံးသွားခဲ့တဲ့ အာဇာနည်​​တွေကိုလည်း အလေးပြု ဂုဏ်​ပြုခဲ့ကြပါတယ်​။

အဲဒီ​နောက်​မှာ​တော့ ဒီမိုက​ရေစီပညာ​ရေး ပင်​မသပိတ်​စစ်​​ကြောင်းဟာ တပ်​မ ၆၆ တည်​ရှိရာ အင်းမကို ​မော်​​တော်​ယာဉ်​များ စီးနင်းပြီး ဖြတ်​​ကျော်​ခဲ့ကြပါတယ်​။ သပိတ်​စစ်​​ကြောင်းဟာ ​ပေါင်းတည်​မြို့ ဘိုးဘွားရိပ်​သာမှာ ​ညအိပ်​ ရပ်​နားသွားမယ်​လို့ သိရပါတယ်​။

By ဒီဗွီဘီ
http://burmese.dvb.no/archives/81187


၎ ပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးမှု ရလဒ်တွေကို သပိတ်စစ်ကြောင်းတွေမှာ ရှိတဲ့ ကျောင်းသားတွေနဲ့ ဆွေးနွေးပြီးမှ သပိတ် ရပ်၊ မရပ် အတည်ပြုမယ်လို့ သပိတ်မှောက် ကျောင်းသား ကိုယ်စားလှယ်တွေက ပြောပါတယ်။

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဝင်းခန်းမမှာ အစိုးရ၊ လွှတ်တော်၊ နိုင်ငံလုံးဆိုင်ရာ ပညာရေး ပြုပြင်ပြောင်းလဲမှုကွန်ရက် (အန်အန်အီးအာ)နဲ့ ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီက ကိုယ်စားလှယ်တွေ မနေ့က ဆွေးနွေးခဲ့ကြပါတယ်။

ဆွေးနွေးပွဲမှာ ကျောင်းသားတွေ တင်ပြထားတဲ့ Pre Condition ၉ ချက်နဲ့ တောင်းဆိုချက် ၁၁ ချက်ထဲက  ၇ ချက်ကို သဘောတူပြီး ကျန် ၄ ချက်ကို မူအားဖြင့်သဘောတူထားပါတယ်။

လာမယ့် ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ နှစ်ဖက်အလုပ်အဖွဲ့တွေက နည်းပညာဆိုင်ရာ ကိစ္စတွေကို ဆက်လက် ဆွေးနွေးမှာဖြစ်ပါတယ်။

လက်ရှိသပိတ်စစ်ကြောင်းတွေက ဆက်လက်ချီတက်မှာ ဖြစ်ပြီး သပိတ်ရပ်ဖို့ ဆွေးနွေးမယ့် ဖေဖော်ဝါရီ ၁၄ ရက်နေ့အထိ ရန်ကုန်အရောက် မချီတက်ဖို့ကို ကျောင်းသားတွေဘက်က သဘောတူပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/81071