02/14/15

သတင်းဓါတ်ပုံ-Saw Shin Oo, Ko Min Zaw,
ကျောင်းသူ ကျောင်းသားတွေဟာ အစိုးရမင်းများရဲ့ ရာထူးအခွင့်အရေးတွေကို လုယူနေကြတာ လည်း မဟုတ် . . . လူနည်းစုတစ်စုက ချုပ်ကိုင်ခြယ်လှယ် ကြီးစိုးမင်းမူ သိမ်းပိုက်ထားတဲ့ တိုင်းပြည်ရဲ့ အကျိုးစီးပွားတွေ ကို ပြန်ပေးပါလို့ တောင်းနေကြတာလည်း မဟုတ် . . . သူတို့ ကိုယ်တိုင် ဆုံးဖြတ်ပိုင်ခွင့်နဲ့ ရပိုင်ခွင့်ရှိတဲ့ ဒီမိုကရေစီ ပညာရေးကိုသာ တောင်းဆိုထားတဲ့ အချက် “၁၁”ချက်ပဲ ဖြစ်ပါတယ် . . .

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

မနက် အရုဏ်တက်လောက်မှာ အိမ်တိုင်း အိမ်တိုင်းရဲ့ ပင်မအ၀င်အထွက် တံခါးကို လာပြီး တဒေါက်ဒေါက်နဲ့ ခေါက်သံပေးလို့ ဖွင့်ကြည့်လိုက်ရင် ဧည့်သည် “၃” ယောက်တို့ဟာ အလိုလို ရှိနေ ရောက်နေကြပြီဆိုတာ စိတ်အသိက သိပြီးသား ဖြစ်ကြမှာပါ။ ပထမဧည့်သည်က ““လောဘ”” ဖြစ်ပါတယ်။ ဒုတိယ ဧည့်သည် က““ဒေါသ”” ဖြစ်ပြီး တတိယ ဧည့်သည်ကတော့ ““မောဟ””ပါပဲ။ သူတို့ကို လိုလိုချင်ချင်နဲ့ ၀င်လာခဲ့ပါလို့ ဖိတ်ခေါ်လိုက်ရင် ၀င်ခွင့်ပေးသူရဲ့ အမှားပဲ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် တံခါးခေါက်သံကြားတိုင်း ရောက်လာတဲ့ ဧည့်သည်ဟာ ဘယ်လို ဧည့်သည်မျိုးလဲ။ ဧည့်ကောင်းလား။ ဧည့်ဆိုးလားဆိုတာ အိမ်ရှင်တိုင်းက ဆင်ခြင် တုံတရား ထားရပါလိမ့်မယ်။ ဖွင့်မပေးသင့်တဲ့ ဧည့်ဆိုးမျိုးကို ဖွင့်ပေးမိလို့ ကိုယ့်ရဲ့““စိတ်”” ဆိုတဲ့ နေအိမ်ထဲကို ရောက်လာပြီ ဆိုမှဖြင့် အဲဒီဧည့်ဆိုး “၃”မျိုးနဲ့ ပတ်သက်သမျှ ဆိုးကျိုး ဆိုးမွေတွေကို၊ ကာယကံရှင် ကိုယ်တိုင် ခံစားရတော့မှာ ဖြစ်ပါတယ်။ အခုတစ်လောမှာ ကြားရသိရတဲ့ သတင်းတွေအရဆိုရင် တိုင်းဒေသကြီးတစ်ခုက အစိုးရအဖွဲ့ရဲ့ အတွင်းရေးမှူးလည်းဖြစ်ပြီး တိုင်းအထွေထွေ အုပ်ချုပ်ရေးမှူး တာဝန်ကို ထမ်းဆောင်နေရတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ သူ့ရဲ့ “စိတ်”ဆိုတဲ့ နေအိမ်ထဲကို တံခါးခေါက်သံပေးပြီး ရောက်လာကြတဲ့ “လောဘ” “ဒေါသ” မောဟ ဆိုတဲ့ ဧည့်ဆိုး “၃” ယောက်ကို ကြည်ကြည်ဖြူဖြူပဲ ၀င်ခွင့်ပေးလိုက်မိတာ သိလိုက်ရပါတယ်။ သတင်းတွေအရ သိရသမျှဆိုရင် အဲဒီပုဂ္ဂိုလ်ဟာ သူဝင်ခွင့်ပေးလိုက်တဲ့ ဧည့်ဆိုး “၃”ယောက်ရဲ့ဒဏ်ကို အလူးအလဲ ခံစားလိုက်ရတာ သူကိုယ်တိုင်တောင် သိမှသိပါလေစလို့ ယူဆစရာပါပဲ။

ဘာကြောင့်လဲဆိုတော့ သူဟာ သပိတ်မှောက်ကျောင်းသူ ကျောင်းသားတွေ ချီတက်လာတာကို သိသိချင်းမှာပဲ ဒေါသတကြီးနဲ့ ရင်ထဲမှာ ဆူလောင် ပေါက်ကွဲပြီး သူ့ရုံးခန်းထဲက ထွက်လာခဲ့ရဟန်တူပါရဲ့။ အဲဒီတိုင်းဒေသကြီးရဲ့ ၀န်ကြီးများ အိမ်ရာရှေ့မှာရှိတဲ့ လမ်းမပေါ်မှာ သပိတ်မှောက် ချီတက်လာကြတဲ့ ကျောင်းသူ ကျောင်းသားတွေက ခဏရပ်တန့် ထားကြတယ်။ ကျောင်းသူ ကျောင်းသားတွေဟာ ဒီမိုကရေစီစနစ်ကို ဦးတည်နေပါတယ်ဆိုတဲ့ လက်ရှိ အစိုးရမင်းများရဲ့ ရာထူးအခွင့်အရေးတွေကို လုယူနေကြတာလည်း မဟုတ်ကြပါဘူး။ လူတစ်စု၊ လူနည်းစုတစ်စုက ချုပ်ကိုင်ခြယ်လှယ် ကြီးစိုးမင်းမူ သိမ်းပိုက်ထားတဲ့ တိုင်းပြည်ရဲ့ အကျိုးစီးပွားတွေကို ပြန်ပေး ပါလို့ တောင်းနေကြတာလည်း မဟုတ်ကြပါဘူး။ သပိတ်မှောက် ကျောင်းသူ ကျောင်း သားတွေ တောင်းဆို နေကြတဲ့အချက် “၁၁”ချက်ဟာ သူတို့ကိုယ်တိုင် ဆုံးဖြတ်ပိုင်ခွင့်နဲ့ ရပိုင်ခွင့်ရှိတဲ့ ဒီမိုကရေစီ ပညာရေးကိုသာ တောင်းဆို ထားတဲ့အချက် “၁၁”ချက်ပဲ ဖြစ်ပါတယ်။ အဲဒီတိုင်းဒေသကြီးမှာ ချီတက်လာကြတဲ့ သပိတ်မှောက် ကျောင်းသူ ကျောင်း သားတွေ၊ တိုင်းဒေသကြီး ၀န်ကြီးတွေနေတဲ့ အိမ်ရာရှေ့က လမ်းမှာ ခဏတာရပ်နားပြီး ဟောပြော နေကြတယ်ဆိုတဲ့ နေရာဟာလည်း အိမ်ရာရဲ့ ခြံစည်းရိုးတွေနဲ့ ခပ်ကွာကွာ အကွာအဝေးမှာ ရှိနေတယ်လို့ သိရပါတယ်။ ဒါကို တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူးလည်း ဖြစ်သလို တိုင်းအထွေထွေ အုပ်ချုပ်ရေးမှူးလည်း ဖြစ်တဲ့ ပုဂ္ဂိုလ်က ဒေါသမောဟတကြီးနဲ့ ရောက် လာပြီး ကျောင်း သူ ကျောင်းသားတွေကို အော်ဟစ်ပြောဆိုတဲ့ စကားလုံးတွေက အတော်လေးပဲ စိတ်ဝင်စားဖို့ ကောင်းခဲ့တာ သတိထားလိုက် မိပါတယ်။

ကြားရတဲ့၊ သိရတဲ့ သတင်းတွေအရ သူအော်ဟစ်ပြောဆိုတဲ့အထဲမှာ ““ဟေ့ကောင်တွေ ဒါပုဒ်မ ၁၄၄ ထုတ်ထားတဲ့ နယ်မြေ၊ မင်းတို့သိလား၊ ထွက်၊ အကုန်ထွက်၊ ငါမင်းတို့ကို တရားပြန်စွဲမယ်၊ မရဘူး၊ လာမလုပ်နဲ့၊ မင်းတို့ဘယ်လောက် ကြာကြာ အော်နိုင်မလဲ၊ အော်ချင် သလောက် အော်၊ ပေးချင်မှပေးမယ်”” ဆိုတဲ့ စကားလုံးတွေ ပါနေတာက စိတ်ဝင်စားစရာပါပဲ။ ““မင်းတို့ ဘယ်လောက်ကြာကြာ အော်နိုင်မလဲ။ အော်ချင် သလောက်အော်။ ပေးချင်မှပေးမယ်””ဆိုတဲ့ စကားလုံးဟာ မြန်မာနိုင်ငံ အစိုးရအဖွဲ့ကြီး တစ်ခုလုံးကို သူ တစ်ယောက်တည်းက ကိုယ်စားပြုပြီး ပြောရေးဆိုခွင့်ရှိသူ တစ်ယောက်အနေနဲ့ ကျောင်း သူ ကျောင်းသားတွေ ကို ပြောလိုက်တာလားဆိုတာ စဉ်းစားစရာ ဖြစ်ပါတယ်။

အမျိုးသား ပညာရေးဥပဒေ ပြင်ဆင်နိုင်ရေးအတွက် သပိတ်မှောက် ကျောင်းသားတွေကို ကိုယ်စားပြု ဖွဲ့စည်းထားတဲ့ ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင် ကော်မတီ၊ အစိုးရ၊ လွှတ်တော်နဲ့ NNER က ကိုယ်စားလှယ်တွေဟာ နေပြည်တော်မှာရှိတဲ့ ပညာရေးဝန်ကြီးဌာန မှာ [၃-၂-၂၀၁၅] နေ့က ဒုတိယအကြိမ် ဆွေးနွေးပွဲ မဖြစ်တော့ဘဲ [၁၂-၂-၂၀၁၅] ရက် နောက်ပိုင်းကျမှသာ ဆွေးနွေးပွဲ ပြန်လုပ်မယ်ဆိုပြီး အစိုးရဘက်က ရွှေ့ဆိုင်းထားဆဲ အချိန်ကာလ တစ်ခုသာ ဖြစ်တယ်လို့ ကျွန်တော်တို့ နားလည်ထားပါတယ်။ ဒီလိုကြားကာလမှာ အဲဒီလို တိုင်းဒေသကြီးတစ်ခုက တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူးလည်းဖြစ်၊ တိုင်းအထွေထွေ အုပ်ချုပ်ရေးမှူးလည်းဖြစ်တဲ့ ပုဂ္ဂိုလ် တစ်ယောက်က ဒေါသ တကြီးနဲ့ ကျောင်းသူ ကျောင်းသားတွေကို ““အော်ချင် သလောက်အော်၊ ပေးချင်မှပေး မယ်””လို့ ပြောခဲ့တဲ့ စကားလုံးတွေဟာ သူ့ရဲ့ကိုယ်ပိုင် စကားလုံးတွေလား၊ ဒါမှမဟုတ်၊ ဘယ်အစိုးရအဖွဲ့ကို၊ သူက ကိုယ်စားပြုပြီး ပြောလိုက်တာလဲ။ ပြောရေးဆိုခွင့်အရ ထုတ်ဖော် ပြောလိုက်တာလားဆိုတာ စဉ်းစားကြရမယ့် အချက်တွေပဲ ဖြစ်ပါတယ်။ ပုထုဇဉ် သဘာဝ ကိုယ့်စိတ်၊ ကိုယ့်ခန္ဓာကိုယ်မှာ ဖြစ်ပေါ်လာတဲ့ ““လောဘဒေါသ မောဟ”” တွေ ကိန်းအောင်း ၀င်ရောက်လာမှုကို မူတည်ပြီး ရုတ်တရက် နှုတ်ထွက် စကား ဖြစ်သွား မိတယ် ဆိုရင်တောင်မှ အခု အခြေအနေဟာ နယ်မြေဒေသ အသီးသီးမှာ “တာဝန်ယူမှု၊ တာဝန်ခံမှု”တွေ နဲ့ နှစ်ဦးနှစ်ဖက် ငြိမ်းချမ်းစွာ အဖြေရှာကြရမယ့် ကြားကာလ အခြေအနေတစ်ခုဆိုတာ သတိချပ်သင့်ပါတယ်။

နယ်အဝေးဒေသမှာ ဒီဖြစ်စဉ် ဖြစ်ရပ် ဖြစ်ခဲ့တာက[၇-၂-၂၀၁၅] နေ့ဖြစ်ပြီး နယ်ဒေသ မဟုတ်တဲ့ ရန်ကုန်မှာ [၈-၂-၂၀၁၅]နေ့ မနက်ပိုင်းက ဗိုလ်စိန်မှန်ကွင်း ကနေပြီး ရန်ကုန်မြို့တော် ခန်းမရှေ့အထိ ချီတက်လာကြတဲ့ လူထုလူတန်းစား ပေါင်းစုံပါဝင်တဲ့ ချီတက်ပွဲရဲ့ ကြွေးကြော်သံတွေကလည်း လျှံထွက်လာခဲ့ပြန်ပါတယ်။ ““ဒီမိုကရေစီလှုပ်ရှားမှု ကျောင်းသား သပိတ်အား ထောက်ခံပါသည်”” ““ပညာရေးအသုံးစရိတ် တိုးမြှင့် ပေး”” ““မိခင်ဘာသာစကား သင်ကြားခွင့် ရရှိရေး”” ဆိုတဲ့ ဗီနိုင်းတွေကိုင်ပြီး ချီတက်လာကြတာပါ။ အဲဒီမနက်ပိုင်းက ချီတက်လာကြတဲ့ သူတွေဟာ အမျိုးသားပညာရေး ဥပဒေကို သပိတ်မှောက်နေကြတဲ့ ကျောင်းသူ ကျောင်းသားတွေရဲ့ သပိတ်စစ်ကြောင်း တွေကို ထောက်ခံပြီး ချီတက်လာကြတဲ့ ကျောင်း သူ ကျောင်းသားပေါင်းစုံ၊ လူထုလူတန်းစားပေါင်းစုံနဲ့ လူမှုရေး အဖွဲ့အစည်းပေါင်းစုံ ဖြစ်တယ်လို့လည်း သိရပါတယ်။ နိုင်ငံအ၀န်းမှာရှိတဲ့ လူထု လူတန်းစားအဖွဲ့အစည်း အသီးသီးကလည်း သူ့ဒေသနဲ့သူ သပိတ်မှောက် ကျောင်းသားထုကြီးကို ထောက်ခံမှုတွေ ရှိနေကြတဲ့အထဲမှာ အားလုံးတစ်ပြေးညီ မျှော်လင့်ထားတဲ့ ယေဘုယျ သဘောတရားတွေထဲမှာ မြင် လိုက်ရတာကတော့ ကျောင်းသူ ကျောင်းသားတွေရဲ့ တရားနည်းလမ်းကျတဲ့ တောင်းဆိုမှုတွေကို လက်ရှိ အစိုးရအနေနဲ့ ဆွေးနွေးပါ။ ညှိနှိုင်းပါ။ လိုက်လျောနိုင်ဖို့ အတွက်လည်း အဖြေရှာတဲ့ နည်းလမ်းကို သုံးပါဆိုတဲ့ သဘောတရားတွေ ပါဝင်နေတာပဲ ဖြစ်ပါတယ်။ အများပြည်သူလူထု အားလုံးက ကြိုတင်ပြီး စိုးရိမ်မကင်း ဖြစ်နေကြတဲ့ထဲမှာ အကယ်၍များ လက်ရှိတိုင်းပြည် အာဏာကို ဆုပ်ကိုင်ထားသူတွေဘက်က အကြောင်းအမျိုးမျိုး ပြပြီး ကျောင်းသား သပိတ်ကြီးကို အကြမ်းဖက် ဖြိုခွင်း လာလေမလားဆိုတဲ့ အချက်တွေလည်း အဓိကနေရာက ပါဝင်နေမှာ ဖြစ်ပါတယ်။

ဘာကြောင့် ဒီလိုစိုးရိမ်မကင်း ကြိုတင်ပြီး ဖြစ်နေကြရတာလဲဆိုတော့ အစဉ်အလာ လမ်းရိုးဟောင်းတွေက အားလုံးရဲ့ ရင်ထဲမှာ မနေ့တစ်နေ့တုန်းကလိုပဲ ပူပူနွေးနွေးပဲ ရှိနေကြသေးလို့ပါ။ မြန်မာနိုင်ငံကို စစ်အာဏာ သိမ်းခဲ့တဲ့ တော်လှန်ရေးကောင်စီ၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မ-ဆ -လ) အစိုးရကစပြီး န-၀-တ နဲ့ န-အ-ဖ စစ်အစိုးရခေတ် အဆက်ဆက်မှာ သွေးမြေကျ အကြမ်းဖက် ဖြိုခွဲခံခဲ့ကြရတာတွေဟာ ရဟန်းရှင်လူ ပြည်သူလူထု ရင်ထဲမှာ ဟိုတစ်နေ့က မက်လိုက်ရတဲ့အိပ်မက်၊ ဒီနေ့မနက် စောစောမှာမှ မက်လိုက်ရတဲ့ အိပ်မက်လိုမျိုး အိပ်မက်ဆိုးကြီးတွေရဲ့ အထိတ်တလန့် စိုးမိုးမှု အရိပ်မည်းကြီးတွေက ခြောက်လှန့် ထားနေဆဲပဲ ဖြစ်ကြလို့ပါ။ ဒီကြားထဲ လက်ရှိအစိုးရသစ် လက်ထက်မှာ ရေနဲ့ဖျန်း၊ မီးပွင့် မီးပန်းမီးလျှံ မီးပေါက်တွေနဲ့ ကြောက်ခမန်း လိလိ ကြုံတွေ့ခဲ့ကြတဲ့ လက်ပံတောင်းတောင်ရဲ့ ညတစ်ညဟာလည်း ထိတ်လန့်စရာ အိပ်မက် ဆိုးကြီးပါပဲ။ ဒီကြားထဲမှာပဲ မကြာသေးခင်ကမှ တရုတ်နိုင်ငံက မြန်မာနိုင်ငံကို ထောက်ပံ့ ပေးကမ်း လိုက်ပြန် တယ်ဆိုတဲ့ [Water Cannon] ““ရေအမြောက် မော်တော်ယာဉ် တွေကလည်း လူစုလူဝေးနဲ့ အဓိကရုဏ်း နှိမ်နင်းတဲ့ နေရာတွေမှာ ရေအင်အား အလုံးအရင်း အသုံးပြုပြီး လူအုပ်စုပြိုကွဲအောင် ဖြိုခွဲဖို့ဆိုပါလား။ ဟုတ်ကဲ့။ အဲဒီ အမြောက်တွေထဲက အရှိန်ပြင်းပြင်းနဲ့ ထွက်လာမယ့် ရေတွေဟာ ရေတော့ ရေတွေပါပဲ။ ဒါပေမဲ့ ပြည်သူ လူထုအတွက် ငရဲပြည်ကလာ တဲ့ ရေတွေမဖြစ်ပါစေနဲ့လို့ ကြိုတင် ဆုတောင်း နေရကြောင်းပါ ခင်ဗျား။ ခန္တီမူလ၊ ဒေါသကိုပယ်၊ မေတ္တာ လွယ်ပြီး ရင်ဝယ်သား၊ ရင်ဝယ်သမီးများကဲ့သို့ သပိတ်မှောက် ကျောင်းသူ ကျောင်းသားများ အပေါ် သဘောထားနိုင်ကြပါစေ။

ဆောင်းဝင်းလတ်

မြန်မာသံတော်ဆင့်သတင်းဌာန – http://www.facebook.com/myanmarherald

သပိတ်စစ်ကြောင်းတွေ စုစည်းမိတဲ့အချိန်မှာတော့ အချင်းချင်း ဆက်သွယ် ညှိနှိုင်း လုပ်ဆောင်နိုင်ဖို့ အတွက် ဆက်သွယ်ရေး ပလက်ဖောင်းတစ်ခုကတော့ လိုအပ်လို့လာနေပါပြီ …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

လတ်တလော ဖြစ်ပျက်နေသည့် အမျိုးသားပညာရေး ဥပဒေပါ အချက်အချို့အား ပြင်ဆင်ခွင့်ပေးရန်နှင့် ကျောင်း သားသမဂ္ဂ ဖွဲ့စည်းခွင့်ရရေးအတွက် မြန်မာနိုင်ငံဒေသအသီးသီးက ကျောင်းသား သပိတ်တပ်တွေဟာ အခုဆို ရင် ရန်ကုန်မြို့ကို ချီတက်လို့လာနေပါ ပြီ။ ဒီလို ချီတက်လာတဲ့လမ်းတစ် လျှောက်မှာ ဖြစ်ပျက်နေတဲ့ အခြေ အနေတွေကိုလည်း ဒီမိုကရေစီပညာရေးပြုပြင်ပြောင်းလဲမှု ဦးဆောင်ကော်မတီက သူတို့ရဲ့လူမှု ကွန်ရက် ဖေ့စ် ဘုတ်ကနေ အချိန်နဲ့ တစ်ပြေးညီ ဖော်ပြပေးလို့နေပါတယ်။…

ပင်မသပိတ်စစ်ကြောင်းဖြစ်တဲ့ မန္တလေးစစ်ကြောင်း စတင်ချီတက်ခါစက သပိတ်စစ်ကြောင်းမှာ ပါ ၀င်တဲ့သူတွေ ရဲ့ဖုန်းတွေ လိုင်းကျသွားတယ်၊ ဆက်သွယ်လို့ မရတော့ဘူးလို့ သတင်းတွေထွက်လာတုန်းက စိတ်ပူခဲ့ရဖူးပါ တယ်။ သူတို့ချီတက်လာတဲ့ လမ်းတစ်လျှောက်မှာ မြို့ရွာတွေ အဆက်မပြတ်သလို တည်ရှိနေပေမယ့်လည်း တချို့နေရာတွေ မှာတော့ ဘေးဝဲယာ တစ်လျှောက် လယ်ကွင်းနဲ့ တောင်တန်း ပဲရှိပြီး လူသူကင်းတဲ့ နေရာတွေ လည်းရှိတော့ သပိတ်စစ်ကြောင်းရဲ့ လုံခြုံရေးအတွက် စိတ်ပူခဲ့ရပါတယ်။ ထို့နည်းတူ ခြေလျင်လမ်း လျှောက် လာတဲ့ ကျောင်းသားတွေရဲ့ ကျန်းမာရေးဆိုင်ရာ ပြဿနာတစ်စုံတစ်ခုဖြစ်လာခဲ့ရင် ဘယ်လိုမျိုး ဆက်သွယ်ကြ ရပါ့မလဲဆိုပြီးလည်း စိတ်ပူပန်မိပါ တယ်။ နောက်ပိုင်းတော့ ဖုန်းလိုင်းတွေ ပြန်ရသွား တယ်ဆိုတဲ့သတင်းကြားမှ စိတ် အေးခဲ့ရတယ်။

ဘာလို့ စိတ်ပူခဲ့သလဲဆိုရင်တော့ မြန်မာနိုင်ငံမှာ သပိတ်မှောက်မှုတွေ၊ ဆန္ဒထုတ်ဖော်မှုတွေ ရှိတဲ့အခါတိုင်း အစိုးရက အင်တာနက်လိုင်းတွေ အသုံးပြုလို့မရအောင် လုပ်ဆောင်တတ်၊ ဖုန်းလိုင်းတွေ ဆက်သွယ် လို့မရ အောင် ဖြတ်တောက်တတ်တဲ့အလေ့အထ ရှိတာကြောင့်ပါပဲ။

၂၀၀၇ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု ဖြစ်စဉ်တုန်းကလည်း အင်တာနက်လိုင်းတွေကို ချထားခဲ့ပေမယ့်လည်း အဲဒီသတင်းတွေကို နည်းအမျိုးမျိုးနဲ့ ကမ္ဘာကသိအောင် လုပ်ဆောင်နိုင်ခဲ့လို့လည်း ဘုရား သားတော် ရဟန်း တော်တွေအပေါ် ရက်ရက်စက်စက်နှိမ်နင်းခဲ့တဲ့ အစိုးရရဲ့လုပ်ရပ်ကို သိခဲ့ကြတာ မဟုတ်ပါလား။

အခုဆိုရင် မန္တလေးက စတင်လာတဲ့ ပင်မသပိတ်စစ်ကြောင်း အပြင် တခြားသော ဒေသအသီး သီးက ချီတက် လာတဲ့ သပိတ်စစ်ကြောင်းတွေဟာ ဖေဖော်ဝါရီလထဲမှာပဲ ရန်ကုန်မြို့ကို ရောက်ရှိလို့ လာတော့မှာပါ။ ရန်ကုန် မြို့မှာ သပိတ်စစ်ကြောင်းကို ဘယ်လိုပုံစံနဲ့ ဆက်လုပ်မလဲဆိုတာကို သပိတ်စစ်ကြောင်းဦးဆောင်သူတွေက တရားဝင် ထုတ်ပြန်ထားခြင်းတော့လည်း မရှိသေးပါဘူး။ ထို့နည်းတူ သပိတ်စစ်ကြောင်းတွေရဲ့ ဆက် သွယ်မှု ပုံစံသစ်ကိုလည်း မည်သို့ မည်ပုံ လုပ်ဆောင်မလဲ ဆိုတာကိုလည်း မသိရှိရသေးပါဘူး။

ဒါကြောင့် သပိတ်စစ်ကြောင်းတွေ စုစည်းမိတဲ့အချိန်မှာတော့ အချင်းချင်း ဆက်သွယ်ညှိနှိုင်းလုပ် ဆောင်နိုင်ဖို့ အတွက် ဆက်သွယ်ရေး ပလက်ဖောင်းတစ်ခုကတော့ လိုအပ်လို့လာနေပါပြီ။

အထက်မှာတင်ပြခဲ့တဲ့ အတိုင်းစစ်အစိုးရက ဆက်သွယ်ရေး ဖြတ်တောက်တာ၊ အင်တာနက်လိုင်း ကို ဖြတ် တောက်တယ်လို့ အပြောမခံရအောင် အသုံးပြုလို့ မရနိုင်တဲ့အထိ ချထားတာမျိုးတွေကလည်း လုပ်ဆောင် လာနိုင်ပါတယ်။

ဖေဖော်ဝါရီလ ၈ ရက်နေက ဆိုရင် ထားဝယ်ကနေ ရန်ကုန်ကို တက်လာတဲ့ သပိတ်စစ်ကြောင်း ရေးမြို့ ကို ရောက်တဲ့ အချိန်မြို့ကို ၀င်လိုက်တာနဲ့ ဖုန်းလိုင်းတွေ၊ ADSL လိုင်းတွေကို ဖြတ်တောက် ခဲ့တဲ့သတင်းတွေ လည်း တက်လာတော့ မဖြစ်နိုင်ဘူးဆိုတာ မဖြစ်နိုင်တဲ့ အခြေအနေတစ်ခုကို တွန်းပို့သလို ဖြစ်နေပါတယ်။

မြန်မာနိုင်ငံမှာ အစိုးရရဲ့မြန်မာ့ဆက်သွယ်ရေး (အမ်ပီတီ)အပြင် တယ်လီနော၊ အော်ရီဒူးတို့က ဆက် သွယ်ရေး နဲ့ပတ်သက်ပြီး ၀န်ဆောင်မှုတွေ ပေးနေပေမယ့်လို့လည်း အဲဒီလို သပိတ်ကာလမှာကော လက်ရှိပေးသ လို ပေးနိုင်ပါ့မလားဆိုတာ မသေချာလှတဲ့ အနေအထားတစ်ခုပါ။

ဒီတော့ ၂၀၁၄ ခုနှစ်က ဟောင်ကောင်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အုပ်ချုပ်ရေးမှူးကို ပြည်သူကမရွေး ချယ်ရဘဲ တရုတ်အစိုးရက ရွေးချယ်ပေး တဲ့သူကို လက်မခံနိုင်တဲ့ အတွက် ကျောင်းသားတွေက သပိတ်မှောက် ဆန္ဒ ဖော် ထုတ်ကြ တာသိကြမယ်ထင်ပါတယ်။ အဲဒီ သပိတ်မှောက်ကျောင်းသားတွေဟာ သူတို့ သပိတ်တိုက် ပွဲဆင်နေစဉ် ဆက်သွယ်မှုလမ်းကြောင်းမပျောက် အောင်အတွက် အစိုးရရဲ့ ဆက်သွယ်ရေးလမ်းကြောင်းကို အသုံး မပြုတော့ဘဲ မိမိရဲ့ဖုန်းကနေ ကွန်ရက်ထောင်ပြီး အချင်းချင်းချိတ်ဆက်နိုင်တဲ့ fire chat ဆော့ဖ်ဝဲကို အသုံးပြုခဲ့ကြပါတယ်။

အဲဒီ fire chat မိမိရဲ့ဖုန်းကို အသုံးပြုပြီး ကွန်ရက်ထောင်လိုက်တဲ့ မိမိရဲ့ဘေးပတ်လည် ပေ ၂၀၀ က လူတွေ မိမိကိုလာပြီး ချိတ်ဆက်နိုင်ပါတယ်။ အဲဒီကတစ်ဆင့် တစ်ဆင့်ပြီးတစ်ဆင့် ကွန်ရက်တွေ ချိတ်ဆက် လိုက် ခြင်းအား ဖြင့် ကွန်ရက်ကြီးတစ်ခုဖြစ်လာပြီး သပိတ်နဲ့ပတ်သက်ပြီး ရှေ့ဆက် လုပ်ဆောင်မယ့် လုပ်ငန်း စဉ် တွေကို အချင်းချင်း အသိပေးလုပ်ဆောင် နိုင်ခဲ့ပါတယ်။ ဒီလိုလုပ်ဆောင်တဲ့ နေရာမှာ အစိုးရက ပေးထားတဲ့ ဆက်သွယ်ရေးလမ်းကြောင်းကို အသုံးပြုမထားတဲ့အတွက် အစိုးရက ဆက်သွယ်ရေးလိုင်းကြောင်း ကို ဖြတ် တောက်လိုက်ရင်တောင်မှ ဆက်သွယ်မှုမပြတ်ဘဲ ကွန်ရက်ကြီးတစ်ခုသဖွယ် ဆက်လက်တည် ရှိနေပါ တယ်။

နောက်တစ်ခုကတော့ အဲဒီ fire chat ကို အီရတ်မှာ အကြမ်းဖက် ISIS အဖွဲ့နဲ့ ချိတ်ဆက်လို့ မရအောင် အစိုးရက ပြုလုပ်ခဲ့တုန်းကလည်း ပြည်သူတွေဟာ အဲဒီ ဆော့ဖ်ဝဲကို လူဦးရေသိန်းနဲ့ချီ အသုံးပြုပြီး ကိုယ်ပိုင် ကွန်ရက်အနေနဲ့ အသုံးပြုခဲ့တာ ရှိပါတယ်။

ဒါဟာ ဘာကိုပြသလဲဆိုရင် သပိတ်မှောက်မှုတွေဖြစ်ဖြစ်၊ ဆန္ဒထုတ်ဖော် မှုတွေဖြစ်ဖြစ်၊ တစ်ဖက်နဲ့ တစ်ဖက် အထိကရုဏ်းဖြစ်တာပဲ ဖြစ်ဖြစ် နည်းပညာရဲ့အကူအညီကို ရယူနိုင်တယ်ဆိုရင် အသုံးပြုသူဘက်က တစ် ပန်းသာတယ်ဆိုတာကို မီးမောင်းထိုးပြလိုခြင်းပါ။

ယခုလက်ရှိမှာလည်း မြန်မာပြည်မှာ အစိုးရက တစ်ဖက်သတ် ပြဋ္ဌာန်းလိုက်တဲ့ အမျိုးသားပညာ ရေးဥပဒေနဲ့ ပတ်သက်လို့ သပိတ် မှောက်မှုတွေ ရှိလာသလို စစ်ကြောင်းအမျိုးမျိုးချီပြီး ရန်ကုန်ကို တက်လာနေကြပါပြီ။ ဒီလိုအချိန်မျိုးမှာ များပြားလှတဲ့ သပိတ်စစ်ကြောင်းအချင်းချင်း ချိတ်ဆက်ဖို့ဆိုရင် အစိုးရကပေးထားတဲ့ ဆက် သွယ်ရေးလမ်းကြောင်းကို အသုံးပြုမှုဟာ လုံခြုံမှုမရှိသလို အချိန်မရွေး ပြတ်တောက်သွားနိုင်တဲ့အတွက် သပိတ် အဖွဲ့ဝင်ကျောင်းသားတွေ အနေနဲ့ မိမိတို့ရဲ့ ဆက်သွယ်ရေး လမ်းကြောင်း ခိုင်မာနေစေဖို့ အတွက် အရေးကြီး လာနေပါပြီ။

ဒါကြောင့် အင်တာနက်လိုင်း မရှိပေမယ့် အချင်းချင်း ကွန်ရက် ချိတ်ဆက်နိုင်မယ့် ဆော့ဖ်ဝဲတွေကို မျှဝေလိုက် ပါရစေ။

Fire Chat

ဖုန်းအချင်းချင်း ချိတ်ဆက်နိုင်တဲ့ Bluetooth ကိုအခြေခံပြီး ရေးဆွဲထားတဲ့ ဒီဆော့ဖ်ဝဲဟာ မိမိနဲ့ ပေ ၂၀၀ အတွင်းမှာရှိတဲ့လူတွေ ကိုချိတ်ဆက်နိုင်ပြီး အဲဒီကနေတစ် ဆင့် အဆင့်ဆင့် ထပ်မံချိတ်ဆက် ပြီး ဖုန်း၊ အင်တာနက်မလိုတဲ့ ကွန်ရက်တစ်ခုကို ဖွဲ့စည်းနိုင်ပါတယ်။

ဒါ့အပြင် Live Discussion ဖန်ရှင်နဲ့ အသုံးပြုမယ်ဆိုရင် ကွန်ရက် ၀င်ထားတဲ့သူ သောင်းနဲ့ချီပြီး တစ်ပြိုင် နက်တည်း အသုံးပြုနိုင်သလို အဲဒီကွန်ရက်ကို ဖြတ်ချင်တယ်ဆိုရင် ဖုန်းအချင်းချင်း ချိတ်ဆက်တဲ့ Bluetooth ဆက်ကြောင်းအကုန်လုံးကို လိုက်ပိတ်နိုင်မှသာလျှင် ဒီကွန်ရက်ကိုဖျက်နိုင်မှာဖြစ်ပါတယ်။

Bluetooth Chat

ဒီဆော့ဖ်ဝဲဟာ ကိုယ့်မှာအင်တာနက်နဲ့ ၀ိုင်ဖိုင်လို ကွန်ရက်မျိုးမရှိစေကာမူ Bluetooth ကွန်ရက်ချိတ်ဆက် နိုင်တဲ့၊ Device ရှိသူအချင်းချင်း ချိတ်ဆက်နိုင်တဲ့ ဆော့ဖ်ဝဲပါ။ Fire Chat လိုမျိုး ကွန်ရက်ကြီးတစ်ခု အဆင့် အထိ ဖြန့်ကြက်တည်ဆောက်နိုင်ခြင်း မရှိပေမယ့် တစ်ဦးချင်းစီ ချိတ်ဆက်နိုင်တဲ့ ဆော့ဖ်ဝဲပါ။

ဒီဆော့ဖ်ဝဲကို အသုံးပြုပြီး မက်ဆေ့ခ်ျစာသားတိုတွေ ပေးပို့နိုင်ပြီး အစည်းအဝေး၊ လုပ်ငန်းခွင်၊ စာသင်ခန်း၊ ပွဲတော်လိုဟာမျိုး လူစည်ကားတဲ့နေရာတွေမှာ အသုံးပြုနိုင်ဖို့အတွက် ရည်ရွယ်ရေးဆွဲထားတာ ဖြစ်ပါတယ်။

Blue Chat

Bluetooth ကို အခြေခံတည်ဆောက်ထားတဲ့ ဒီ Blue Chat ဟာလည်း အင်တာနက်ချိတ်ဆက်မှုတို့၊ ဆက် သွယ်ရေးလိုင်းမရှိရင်တောင် မက်ဆေ့ခ်ျတိုတွေ ပေးပို့လို့ရအောင် ဖန်တီးထားတဲ့ ဆက်သွယ်ရေး Chat တစ်ခုပါ။

Chat U2

PC ကွန်ပျူတာတွေရဲ့ ကွန်ပျူတာစနစ်ကို အခြေခံပြီး တည်ဆောက်ထားတဲ့ Chat U2 ဟာလည်း Bluetooth စနစ်ကို အသုံးပြုပြီး အချင်းချင်း ဆက်သွယ်နိုင်အောင်အတွက် ဖန်တီးထားတဲ့ Communication Chat တစ်ခု ဖြစ်ပါတယ်။

SubliMobi

SubliMobi ဆော့ဖ်ဝဲကတော့ အင်တာနက်ချိတ်ဆက်မှု နည်းစနစ်ကိုအခြေခံထားပြီး Bluetooth ရှိရုံနဲ့ ထုတ် ပြန်ချက်တွေကို ထုတ်ပြန်နိုင်သလို ပြန်လည်ဝေမျှလိုတဲ့ အချက်တွေကိုလည်း ဝေမျှေ ပးနိုင် အောင် ပြုလုပ် နိုင်စွမ်းရှိပြီး လူမှုကွန်ရက်ဖေ့စ်ဘုတ်ပုံစံ အသုံးပြုနိုင်ပါတယ်။ မိမိကွန်ရက်ချိတ်ဆက်ထားသူ အချင်းချင်း အပြန် အလှန် စကားပြောဆိုနိုင်သလို အချင်းချင်းမျှဝေထားတဲ့ သတင်းအချက်အလက်တွေကို News Feed အနေနဲ့ ဖတ်နိုင်ပါတယ်။

မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald

“ကျောင်းသားတွေရဲ့ အဓိက ရည်ရွယ်ချက်က ဒီမိုကရေစီပညာရေးပါ၊ ပညာရေး ပြုပြင်ပြောင်း လဲရေးအတွက် ရည်ရွယ်တာပါ” . . .

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်ရန် သပိတ်မှောက် ဆန္ဒပြကာ ရန်ကုန်သို့ ချီတက်လာနေသည့် ကျောင်းသား သပိတ်စစ်ကြောင်းများအား ၎င်းတို့ချီတက်ရာ လမ်းကြောင်း တစ်လျှောက်တွင် အစိုးရ အာဏာပိုင်များဘက်မှ တားဆီး ပိတ်ပင်မှုများ မကြာခဏ ပြုလုပ်ခြင်းနှင့် အတူ ကျောင်းသားများ၏ လုံခြုံရေးကိုပါ ခြိမ်းခြောက်သည့် အခြေအနေများ ဖြစ်ပေါ်လာခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ(၁)ရက်က ကျောင်းသားများ တောင်းဆိုသည့် ၄ ပွင့်ဆိုင် တွေ့ဆုံရေးအတွက် အကြို တွေ့ဆုံဆွေးနွေးပွဲ အပြီးမှစ၍ အစိုးရအဖွဲ့၏ ၀န်ကြီးများကိုယ်တိုင်က သပိတ်စစ်ကြောင်းများကို ရပ်တန့် ပေးရန်နှင့် အကယ်၍ မရပ်တန့်ပါက၊ အစိုးရဘက်မှ သတ်မှတ်ထားသည့် နယ်မြေများကို ကျော်လွန်လာပါက ကျောင်းသားများ၏ လုံခြုံရေးကို လုံးဝ တာဝန်မယူနိုင်ကြောင်း လူသိရှင်ကြား ထုတ်ဖော် ပြောကြားခဲ့သည်။ လတ်တလောတွင် အနယ်နယ် အရပ်ရပ်မှ ချီတက်လာသည့် ကျောင်းသား သပိတ် စစ်ကြောင်းများ ရန်ကုန်သို့ ၀င်ရောက်ရန် နီးကပ်လာချိန်တွင် ရန်ကုန်တိုင်းအစိုးရက ကျောင်းသားများကို ၀င်ခွင့် မပြုနိုင်ကြောင်းနှင့် အကယ်၍ ၀င်ရောက်လာပါက အကြမ်းဖက် တားဆီးမှုများ ပြုလုပ် မည် ဖြစ်ကြောင်း သတင်းများထွက်ပေါ် လျက်ရှိရာ၊ ယင်းအပေါ် ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီမှ မဖြိုးဖြိုးအောင်နှင့် တွေ့ဆုံ မေးမြန်း ထားသည်ကို ဖော်ပြလိုက်ပါသည်။

မေး- လက်ရှိ သပိတ်မှောက် ကျောင်းသားတွေရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး စိုးရိမ်ရတဲ့ အနေအထားမျိုးမှာ ရှိပါသလား။

ဖြေ- ဒီလိုမျိုး စပြီး ပါဝင်လာကတည်းက ဖမ်းဆီး ထိန်းသိမ်းတာမျိုးကအစ၊ သပိတ်စစ်ကြောင်းမှာ အကြမ်းဖက် ဖြိုခွဲခံရတာမျိုးတွေ လည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ ကျွန်မတို့မှာက အစိုးရလို လုံခြုံရေး စီမံချက်တွေရှိမှာ မဟုတ်ပါဘူး၊ ပြည်သူရဲ့ ကာကွယ် စောင့်ရှောက်မှုအောက်မှာ တတ်နိုင်သမျှ ကိုယ့်ကိုယ်ကိုယ်ပဲ ကာကွယ် စောင့်ရှောက် နေရတာပေါ့။

မေး – အခုနောက်ပိုင်း အစိုးရဘက်က လုံခြုံရေး တင်းကျပ်တာနဲ့ ပတ်သက်ပြီးတော့ရော ဘယ်လိုမျိုး ယူဆပါသလဲ။

ဖြေ – ကျွန်မကတော့ အခုနောက်ပိုင်း အခြေအနေတွေနဲ့ ပတ်သက်ပြီး လုံခြုံရေး အကြောင်းပြပြီး ခြိမ်းခြောက် နေတယ်လို့ပဲ ယူဆတယ်။ ကျွန်မတို့ လိုချင်တာရဖို့အတွက် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေတာ ဖြစ်တယ်။ အစိုးရရဲ့ လုံခြုံရေး ဆိုတာမျိုးက အန္တရာယ်ပြုမှာကိုပဲ စိတ်ပူရတယ်။ လုံခြုံရေးကို အကြောင်းပြပြီး ခြိမ်းခြောက် နေတာ၊ တစ်ခုခုကို ရည်ရွယ်နေတာလို့ပဲ ယူဆတယ်။ ကျွန်မတို့က အကြမ်းဖက်နေတာ မဟုတ်တဲ့အတွက် လုံခြုံရေးချစရာ မလိုပါဘူး။ ကျွန်မတို့ကို ပြည်သူလူထုကလည်း ထိတ်လန့် ကြောက်ရွံ့နေတာမျိုး မရှိတဲ့ အတွက် လုံခြုံရေးက မလိုအပ်ပါဘူး။

မေး – အစိုးရဘက်က ကျောင်းသားသပိတ်ကနေ အထွေထွေသပိတ်လိုမျိုး ဖြစ် လာမှာ စိုးရိမ်နေတယ်။ လုံခြုံရေးအရ ပိုတင်းကျပ် လာတာမျိုးလို့ရော ပြောနိုင် ပါသလား။

ဖြေ – ကျွန်မတို့ချီတက်လာတဲ့ ကျောင်းသားတွေရဲ့ အဓိကရည်ရွယ်ချက်က ဒီမိုကရေစီပညာရေးပါ၊ ပညာရေး ပြုပြင်ပြောင်းလဲရေးအတွက် ရည်ရွယ်တာပါ။ ဒီလိုမျိုး အနေအထားမှာ လူထုအားလုံး ပါဝင်လာတဲ့ လူထုလှုပ်ရှားမှု ဖြစ်အောင် ပုံပြောင်းနိုင်တာက အစိုးရပဲဖြစ်ပါတယ်။ ဖြေရှင်းနိုင်တဲ့ အနေအထား မှာ ဖြေရှင်း ခဲ့မယ်ဆိုရင် ပြဿနာက ကြီးထွားလာစရာ အကြောင်းမရှိပါဘူး။ ကျွန်မတို့ တောင်းဆိုနေတဲ့ ဆွေးနွေးပွဲတွေကို အစိုးရဘက်က မရိုးသားမှုတွေ၊ ရွှေ့ဆိုင်းမှုတွေ လုပ်နေသရွေ့ ကျောင်းသားသပိတ်တွေဟာ ရန်ကုန်မြို့ကို ရောက်လာပြီး ပုံစံမျိုးစုံတွေ ပေါ်လာမယ်ဆိုရင်လည်း ကျွန်မတို့အနေနဲ့ ထိန်းနိုင်သိမ်းနိုင်ဖို့ ခက်ခဲပါတယ်။ အစိုးရအနေနဲ့ ဖြေရှင်းရ မယ့် ပြဿနာကို ဖြေရှင်းဖို့လိုပါတယ်။ သူတို့စိုးရိမ်နေတယ်ဆိုရင် ကျွန်မတို့ တောင်းဆိုတဲ့ အချက်တွေက သူတို့အနေနဲ့ လက်ခံနိုင်စရာ ရှိပါတယ်လို့ ပြောသာဖြစ်တယ်။ တကယ်လက်ခံ ဖို့လိုပါတယ်။ အဲဒီလိုအတိုင်းအတာကို အစိုးရအနေနဲ့ နောက်တွန့်နေတယ်ဆိုရင် အစိုးရရဲ့မရိုးသားမှုလို့ပဲ ကျွန်မတို့အနေနဲ့ ယူဆပါတယ်။

မေး – ကျောင်းသားတွေရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး အစိုးရဘက်က တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ အာမမခံ ပေးနိုင်ခဲ့အပေါ် သပိတ်ခေါင်းဆောင် တစ်ဦးအနေနဲ့ ဘာပြောချင်ပါသလဲ ။

ဖြေ – တရားဥပဒေစိုးမိုးရေးကို ကျွန်မတို့ နိုင်ငံမှာက တကယ့်မှုခင်းကြီးတွေ ဖြစ်လာရင်တော့ ဘယ်သူမှ တာဝန် မယူနိုင်ဘူး။ အခု ကျောင်းသားသပိတ်လိုမျိုး၊ လူထုရဲ့ဆန္ဒပြမှု လိုမျိုးဆိုရင်တော့ ရည်ရွယ်ချက်ရှိရှိ ဖြိုခွင်းဖို့ အတွက် တရားဥပဒေ စိုးမိုးရေးဆိုတာနဲ့ ပြလေ့ပြ ထရှိတာပေါ့၊ အစိုးရရဲ့ ဥပဒေအပေါ် ရပ်တည်ချက်ကို ကွဲကွဲပြားပြားဖြစ်ဖို့ လိုပါတယ်။ ဘယ်အရာကို ဥပဒေနဲ့ ချည်နှောင်တယ်၊ ဘယ်အရာကိုတော့ မချည်နှောင်ဘူး ဆိုတာ မြင်ဖို့လိုပါတယ်။ ဘာသာရေး လူမျိုးရေးလို အဓိကရုဏ်း ဖြစ်တဲ့နေရာမျိုးမှာကျတော့ အစိုးရအနေနဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး တိတိကျကျ အရေးယူတာမျိုးမရှိဘဲ ကျောင်းသားသပိတ်ကျမှ တရားဥပဒေစိုးမိုး ရေးကို အကြောင်းပြပြီး ရည်ရွယ်ချက်ရှိရှိ ဖြိုခွင်းဖို့ ကြိုးစားနေတာက ဥပဒေအရ အစိုးရရဲ့ပါးစပ်ထဲမှာပဲ ရှိနေတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ အစိုးရရဲ့ သက်တမ်းက(၅)နှစ်ပဲရှိတယ်။ ဒီသက်တမ်း (၅)နှစ် အတွင်းမှာ တကယ်တရားဥပဒေ စိုးမိုးဖို့ လိုအပ်ပါတယ်။

မေး – လက်ရှိလှုပ်ရှားရတဲ့ ကျောင်းသားသပိတ်နဲ့ ပတ်သက်ပြီး နောက်ထပ် ဘာများဖြည့်စွက် ပြောချင် တာ ရှိပါသလဲ။

ဖြေ – ကျွန်မတို့က နိုင်ငံရေး ကစားနေတာလည်း မဟုတ်ဘူး။ ကျွန်မတို့ တောင်းဆိုတဲ့ (၁၁)ချက်ကို ရဖို့ လုပ်နေတာပါ။ ဒါကို နိုင်ငံရေး ကစားကွက်လို ဖြစ်တယ်ဆိုပြီး ထုတ်ပြန်ချက် အမျိုးမျိုးနဲ့ ပုံဖော်နေတာဟာ အစိုးရပဲဖြစ်ပါတယ်။ ကျွန်မတို့ ကျောင်းသားတွေ တောင်းဆိုတာက ရှင်းလင်းတယ်၊ ဘယ်အထိ သွားချင်တယ် ဆိုတာလည်း ရှင်းလင်းတယ်။ အခုချိန်ထိ လမ်းပေါ်မှာ ဆက်ရှိရတာက ကျွန်မတို့လိုချင်တဲ့ အချက်တွေ မရသေးလို့ ဖြစ်ပါတယ်။

မြန်မာသံတော်ဆင့်သတင်းဌာန – http://www.facebook.com/myanmarherald

ကျောင်းသားများဟာ သူတို့ရဲ့ လူမှုဘ၀လုံခြုံမှုအတွက် ပညာရေး ဥပဒေ ပြင်ဆင်ရေး ဆန္ဒပြ သပိတ်မှောက် ချီတက်ပွဲကြီး ဆင်နွှဲ …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

စာရေးသူဟာ ၁၉၅၆ ခုနှစ်၊ ရန်ကုန် တက္ကသိုလ် ကျောင်းသားများသမဂ္ဂ (RUSU-တကသ)ရဲ့ ၂၅ နှစ်မြောက် ငွေရတုသဘင် ပွဲတော်နဲ့ စတုတ္ထအကြိမ်မြောက် ဗကသများ အဖွဲ့ချုပ် (ABFSU) ညီလာခံ တက်ရောက်ဖို့ ဗိုလ်ကလေးမြို့နယ် ကျောင်းသားများသမဂ္ဂ ကိုယ်စားလှယ်အဖြစ် အခြားကျောင်းသား ကိုယ်စားလှယ် ၂ ယောက်နဲ့အတူ ဗကသများ အဖွဲ့ချုပ် တည်ရှိရာ တကသ အဆောက်အအုံကို ရောက်ရှိ လာခဲ့ပါတယ်။ မိမိတို့နဲ့ တစ်မြို့တည်းသား ကျောင်းသားခေါင်းဆောင် အစ်ကိုဗဆွေလေးက မိမိတို့ကို ကြိုဆိုပြီး သမဂ္ဂမှာ နေရာချ ပေးပါတယ်။ အစစအရာရာ အားလုံး အဆင်ပြေအောင် လုပ်ပေးပါတယ်။

တကသနဲ့ တက္ကသိုလ် ပရိဝုဏ်ကြီး တစ်ခုလုံးဟာ မိမိအတွက် အထင်ကြီးလေးစား အားကျစရာချည်း ဖြစ်ပါတယ်။ တက္ကသိုလ်ကိုတော့ ရောက်မှဖြစ်မယ်လို့ စိတ်ထဲမှာ တေးထားမိပါတယ်။ ညမှာ ပဉ္စမအကြိမ် ကျောင်းသား ပွဲတော်ကြီး မှာ ကျောင်းသား/ သူများရဲ့ ပုံစံစုံ တင်ဆက်မှုမျိုးစုံကို ကြည့်ရှု လေ့လာခွင့် ရခဲ့တယ်။ စာပေသင်ကြားမှု သာမက ယဉ်ကျေးမှု အနုပညာပုံစံစုံကို တွေ့သိလေ့လာ အားကျစရာချည်း ပါပဲ။ ကျောင်းသူ ကျောင်းသားများရဲ့ သွားလာ လှုပ်ရှားမှုများဟာ မျက်စိအောက်မှာ ရောင်စုံ ပန်းခင်းကြီးတစ်ခု ရွေ့လျား နေသလို ပါပဲ။ နေ့ဘက်မှာတော့ ဗကသများ အဖွဲ့ချုပ်ရဲ့ စတုတ္ထအကြိမ် ညီလာခံကို ၃ ရက်တိုင် ကျင်းပ ကြပါတယ်။ ညီလာခံ အတွင်းမှာ ဗကသ၊ တကသ၊ တပ်ဦး – SUF – (The Students’ United Front) – စတဲ့ ကျောင်းသားသမဂ္ဂကြီးများ၊ အဖွဲ့အစည်းကြီးများရဲ့ ထင်ရှားတဲ့၊ လူသိများတဲ့ ကိုစိုးသိန်း-မြောင်းမြ၊ ကိုဇော်ဝင်း-ဇလွန်၊ ကိုသက်-ဒေးဒရဲ၊ ကိုတင်ထွန်း-ဖျာပုံ၊ ကိုဗဆွေလေး-ဗိုလ်ကလေး၊ ဦးခင်မောင်အုန်း-ရေနံချောင်း၊ ဦးကိုယု၊ ကိုထွန်းကြည်(ဆေး)-ဟင်္သာတ၊ ကိုလှဆောင်(ဆေး)-ဒေးဒရဲ၊ ကိုညိုဝင်း- ပဲခူး၊ ဦးတင်အေး-ရန်ကုန်၊ ဦးလှတင်- မော်လမြိုင်စတဲ့ First Line Up ကျောင်းသား ခေါင်းဆောင်များဟာ ထင်ရှားကြပါတယ်။ စာရေးသူဟာ ၁၉၆၂၊ ဇူလိုင် ၇ ရက် ကျောင်းသား အရေးတော်ပုံကြီး ဖြစ်လာတဲ့အခါ အခြားကျောင်းသား ခေါင်းဆောင် မျိုးဆက်များနဲ့အတူ First Line Up ၀င် ကျောင်းသား ခေါင်းဆောင် တစ်ဦး ဖြစ်နေပါပြီ။ ၁၉၆၃ ခုနှစ်၊ နိုဝင်ဘာ ၁၄ ရက်မှာ မဆလ စစ်အစိုးရနဲ့ (မဒညတ) တပ်ပေါင်းစုအကြား ဒိုင်ယာလော့ဂ် ပျက်သွား တဲ့အခါ မြန်မာ့နိုင်ငံရေးဟာ Reign of terror ““ဓားမိုးအုပ်စိုးမှု”” အောက် ရောက်သွားခဲ့ရပါတယ်။

၁၉၄၈-၁၉၆၂ ခုနှစ်အတွင်းမှာ မြန်မာ့နိုင်ငံရေးဘ၀ အတွင်းမှာ ပါတီစုံဒီမိုကရေစီစနစ် ရှိသေးတယ်လို့ ဆိုရမှာပါ။ ၁၉၆၂၊ မတ်လ ၂ ရက်နေ့မှာ စစ်တပ်က အာဏာ သိမ်းပြီးတဲ့နောက်မှာ ပါတီစုံစနစ် ရှိနေသေး ပေမယ့် ၁၉၆၈၊ မတ်လ ၂၈ ရက်နေ့မှာ မဆလ စစ်အစိုးရက ပါတီစုံ ဒီမိုကရေစီစနစ်ကို အမိန့်ထုတ် ဖျက်သိမ်း ပစ်ခဲ့ပါတယ်။ ၁၉၆၈၊ မတ်လ ၂၈ ရက်နေ့ကစပြီး စစ်အာဏာရှင်စနစ် ကြီးစိုးမှုအောက်မှာ ရှိရှိသမျှ နိုင်ငံရေး လှုပ်ရှားမှု အားလုံးဟာ in UG form ဖြစ်သွားကြပါပြီ။ ၁၄-၁၁-၆၃ ရက်နေ့ ငြိမ်းချမ်းရေး ဒိုင်ယာလော့ဂ် ပျက်ပြီးတဲ့အခါ လူ ၃၀၀၀ နဲ့ ၅၀၀၀ ကြား အဖမ်းအဆီး ခံကြရပါတယ်။ ဒီလိုအန္တရာယ် ကျရောက်မှုကြောင့် ကျောင်းသားများ အပါအ၀င် လူထုလူတန်းစား ပါတီအဖွဲ့အစည်း အသီးသီးမှ hard-core များဟာ နီးစပ်တဲ့ တော်လှန်ရေး ဒေသများသို့ ၀င်ရောက် သွားကြပြီး Armed Struggle ဆင်နွှဲသွားခဲ့ကြပါတယ်။ ၁၉၄၈ မှ ၁၉၆၃ ခုနှစ်၊ နိုဝင်ဘာ ၁၄ ထိ ကျောင်းသားထုကြီးဟာ ဗကသ၊ တကသနဲ့ ကျောင်းသား ညီညွတ်ရေးတပ်ဦး (The Students’ United Front) (SUF) ရဲ့ ခေါင်းဆောင်မှုအောက်မှာ-

(၁) ၁၉၅၃၊ အောက်တိုဘာ ကျောင်းတစ်လပိတ်ရေး အရေးတော်ပုံကို ဆင်နွှဲခဲ့ကြတယ်။ ဒီလှုပ်ရှားမှုမှာ ဖဆပလ အစိုးရ DSO ကျောင်းသားအစုနဲ့ ဆိုင်ပေးတယ်။ ကျောင်းသားထုကြီးက တိုးတက်သော ကျောင်းသား များ အင်အားစုနဲ့စုဖွဲ့ ရပ်တည်ခဲ့ကြတယ်။

(၂) ၂၂-၃-၅၆ မှာ သတ္တမတန်း စာမေးပွဲ မေးခွန်းပေါက်ကြားမှုကို ဗမာ့ခေတ် သတင်းစာက တစ်နေ့ တစ်ဘာသာ ပုံမှန်ထည့်ပေးခဲ့တယ်။ စာမေးပွဲပြီးတဲ့နေ့မှာ ကျောင်းသားများက ဗမာ့ခေတ် သတင်းစာတိုက်ကို ဖြိုဖျက် ပစ်ခဲ့တယ်။ ရဲတပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ်ခြောက်လှန့်ရာမှာ ကျောင်းသား ရဲဘော် ဟယ်ရီတန် ထိမှန် ကျဆုံးခဲ့တာကြောင့် ဟယ်ရီတန် ကျောင်းသား အရေးတော်ပုံ ဖြစ်ခဲ့ရတယ်။

(၃) ၁၉၅၆၊ အောက်တိုဘာလထဲမှာ ကျောင်းသားသမဂ္ဂများ ကျောင်းထဲမှာ မရှိစေရ။ ကျောင်းကောင်စီပဲ ရှိရမယ်လို့ ပညာရေးဝန်ကြီးက အမိန့်ထုတ်ခဲ့။ ဒါကြောင့် သမဂ္ဂပိတ်ပင်မှု ဆန့်ကျင်ရေးတိုက်ပွဲ ဖြစ်ခဲ့တယ်။ ကျောင်းသား ရာနဲ့ချီ ကျောင်းထုတ်ခံရတယ်။

(၄) ၁၉၆၀-၆၁၊ ၉တန်း၊ ၁၀ တန်းခွဲတဲ့ တန်းခွဲ/တန်းချစနစ် ဆန့်ကျင် ကန့်ကွက်တဲ့ လှုပ်ရှားမှုဖြစ်ခဲ့တယ်။ ၁၉၆၀-၆၁၊ ၁၀ တန်းကျများ ၉ တန်း အချခံရတယ်။

(၅) ၁၉၅၉၊ သြဂုတ်လ ၉/၁၂ မှာ တစ်ပြည်လုံးမှ ကျောင်းသားကိုယ်စားလှယ် ၃၀၀ ကျော်တက်တဲ့ ပထမအကြိမ် ကျောင်းသားများရဲ့ ပညာရေး နှီးနှော ဖလှယ်ပွဲ ကျင်းပခဲ့တယ်။ (Academic Freedom) ပညာရေး လွတ်လပ်ခွင့် စာတမ်းနဲ့ ပညာရေးမူဝါဒများ စာတမ်းအပါအ၀င် စာတမ်း ၁၃ စောင် တင်သွင်း ဆွေးနွေးပြီး ၀န်ကြီးချုပ် သခင်နုက တည်ခင်းတဲ့ (ကိုယ်စား လှယ်များအတွက် ညစာစားပွဲ၊ ၀န်ကြီးချုပ်ရုံးခန်း)မှာ ပညာရေးနှီးနှောဖလှယ်ပွဲ စာတမ်းများကို ၀န်ကြီးချုပ်ထံ လွှဲအပ်ခဲ့တယ်။

ပညာရေးမူဝါဒများ စာတမ်းမှာ ဗမာပြည် အစိုးရရဲ့ပညာရေး မူဝါဒများဟာ ကိုလိုနီ ပညာရေးစနစ်ကို အမွေခံထားတဲ့ ကမောက်ကမ ပညာရေးစနစ်သာ ဖြစ်တယ်လို့ ဖော်ပြထားခဲ့တယ်။
ဗမာပြည် ပညာရေးစနစ်ဟာ (၁)အမျိုးသားလက္ခဏာ ရှိရမယ်၊ National ဖြစ်ရမယ်။ (၂) ၀ိဇ္ဇာနည်းကျရမယ်၊ Scientific ဖြစ်ရမယ်။ (၃) အများအတွက် ဖြစ်ရမယ်။ Popular ဖြစ်ရမယ်။ ဒီမိုကရေစီပညာရေး ဖြစ်ရမယ်။ “The Education must be conbined with the Productive labour” ပညာရေးကို ထုတ်လုပ်ရေးနဲ့ ပေါင်းစပ်ပေးရမယ်။ ပညာရေးဟာ လူမှုဘ၀ကို လုံခြုံမှုပေးရမယ်။ Self-Autonomy ရှိရမယ်။

၁၅-၈-၅၁ ခုနှစ်၊ စစ်ပြီးခေတ် ဗကသများအဖွဲ့ချုပ် ညီလာခံမှစပြီး ဆဌမအကြိမ် ၆၀ ခုနှစ် ညီလာခံအထိ ဗကသများ အဖွဲ့ချုပ်ဟာ အောက်ပါမူဝါဒများကို ကိုင်စွဲကျင့်သုံးခဲ့ပါတယ်။

(၁) နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသား လွတ်လပ်ရေးထိန်းသိမ်းရေး၊

(၂) ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရေး၊

(၃) စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေး၊ ဒီမိုကရေစီရေး၊

(၄) ကျောင်းသားသမဂ္ဂ တည်တံ့ခိုင်မြဲရေး၊ ကျောင်းသားညီညွတ်ရေး၊

(၅) ကမောက်ကမ ပညာရေးစနစ် ဖျက်သိမ်းရေး၊ အမျိုးသားလက္ခဏာရှိတဲ့၊ ၀ိဇ္ဇာနည်းကျတဲ့၊ အများအတွက် ဖြစ်တဲ့ ဒီမိုကရေစီ ပညာရေးစနစ် ဖော်ဆောင်ရေး၊ (National, Scientific and Popular ဖြစ်တဲ့ ပညာရေးစနစ်ဖြစ်ရေး)

(၆) သမဂ္ဂတည်တံ့ခိုင်မြဲရေး၊ ကျောင်းသားထုညီညွတ်ရေး၊

(၇) လုပ်ငန်းစဉ်ကြီး ၆ ရပ်အတွက် ပူးပေါင်း ဆောင်ရွက်နိုင်တဲ့ လူငယ်ကျောင်းသား အမျိုးသမီးသမဂ္ဂများ၊ လူထုလူတန်းစား၊ ပါတီအဖွဲ့အစည်းများနဲ့ ပူးပေါင်းဆောင်ရွက်ရေး။

ရန်ကုန်တက္ကသိုလ်ကို (ဟိုစဉ်က ၆၂ စစ်အာဏာမသိမ်းခင်က) University Council ကပဲ အုပ်ချုပ်ပါတယ်။ အဲဒီ U.C ထဲမှာ (၁) ဘာသာရပ်ဆိုင်ရာ ပါမောက္ခချုပ်များ ပါပါတယ်၊ (၂) ၀န်ကြီးချုပ်ဟာ U.C ရဲ့ အဓိပတိဖြစ်ရမယ်။ Rector ဟာ ဒု-အဓိပတိဖြစ်ရမယ်၊ (၃) လွှတ်တော် ၂ ရပ်မှ ကိုယ်စားလှယ် ၂ ဦးစီ ပို့လွှတ်ရမယ်။ (၄) ကျောင်းသားကိုယ်စားလှယ် ၂ ဦးစီပို့ လွှတ်ရမယ်။ ကျောင်းသား သမဂ္ဂများက ရွေးချယ် ပို့လွှတ်ရမယ်။ (လွတ်လပ်ရေး ရစကတည်းက၊ ၆၂ မတိုင်ခင်က တကသမှ ဒေါက်တာမောင်မောင်ကျော် နဲ့ ရှေ့နေကြီး မစ္စတာတီပီဝေါင်းတို့ကို ကျောင်းသား ကိုယ်စားလှယ်များအဖြစ် ပို့လွှတ်ထားခဲ့ပါတယ်။ (၅) R.U ရှိ ဌာနကြီးမှူးများအားလုံး U.C ထဲမှာ ပါရပါမယ်။ ပြုပြင်ထိန်းသိမ်းရေး အင်ဂျင်နီယာချုပ်။ (၆) (ရုံး) A.O (၇) ငွေ စာရင်းကိုင်ချုပ်၊ (၈) ကျောင်းဆောင်အရာရှိ၊ ကျောင်းဆောင်ကော်မတီမှာ တကသ ပို့လွှတ်သူ ကိုယ်စားလှယ် ၂ ဦး ပါဝင်ရပါတယ်။ (ဇူလိုင်မဖြစ်ခင်က တကသကိုယ်စားလှယ် ၂ ဦးမှာ သဟာယနှင့်စာဖတ် အသင်းချုပ် (Sand R Federation) ဥက္ကဋ္ဌ ဦးခွန်ဝင်းလှိုင်နဲ့ G.S (အထွေထွေ အတွင်းရေးမှူး) ဦးလှရွှေတို့ ဖြစ်ပါတယ်။

U.C ယူနီဗာစတီကောင်စီဟာ (အုပ်ချုပ်ရေး ပြဿနာသက်သက် လုပ်ရတဲ့အဖွဲ့အစည်း မဟုတ်ပါဘူး) ပညာရပ်ဆိုင်ရာနယ်၊ စာမေးပွဲ၊ ဘွဲ့ပေးအပ်ခြင်း၊ သင်ရိုးညွှန်းတမ်း စတဲ့ အသိပညာဆိုင်ရာ နယ်ပယ်အားလုံး ကိုပါ ကိုယ်စားပြုကြောင်း လေ့လာမှတ်သား သိရှိခဲ့ကြောင်း တင်ပြပါတယ်။

၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက် အာဏာသိမ်းပြီးတဲ့နောက် မဆလစစ်အစိုးရရဲ့ (Direction of main blow) အဓိက တိုက်ခိုက်ရေး ပစ်မှတ်ကတော့ ကျောင်းသားများ၊ ကျောင်းသားလှုပ်ရှားမှုများ၊ ကျောင်းသားသမဂ္ဂများ၊ ကျောင်းသား ခေါင်းဆောင် များပဲ ဖြစ်တယ်ဆိုတာရဲ့ ပထမ အထောက်အထားကတော့ 7th July သတ် ဖြတ်မှုကြီးပါပဲ။ သတ်ချင်လို့ကို ရန်ကုန် တက္ကသိုလ်အတွက် ကျောင်းဆောင်စည်းကမ်း ၂၂ ချက်ဆိုတာကို ထုတ်ပြန်လာခဲ့တယ်။ R.U မှာ ဘယ်တုန်းကမှ မရှိခဲ့၊ မထားခဲ့ဖူးတဲ့ Dean of the students’ ကျောင်းသားရေးရာမှူးများ အဖြစ် ဗျူရိုကရက် ဆရာဆိုးကြီး တစ်ယောက်နဲ့ ဆရာမဆိုးကြီး တစ်ယောက်ကို လူဆိုးထိန်းနာမည်နဲ့ လစာနဲ့ ရာထူးပေးပြီး ကျောင်းသားပုလိပ် လုပ်ခိုင်းတယ်။ တက္ကသိုလ်ရုံးက ပထမအရစ် ပေးသွင်းရတဲ့ ကျောင်းလခနဲ့ အဆောင်ကြေးများနဲ့ အတူ ကောက်ပေးနေတဲ့ သမဂ္ဂ၀င်ကြေး ၁ ကျပ်ကို ရုံးက ကောက်မပေးဖို့ အမိန့်ထုတ်တယ်။ အဆောင်မှာ၊ အခန်းမှာ ညအိပ်ဧည့်သည် လက်မခံရဘူး ဆိုတဲ့ အင်္ဂလိပ်ခေတ်မှာတောင် မရှိတဲ့ အထူးစည်းကမ်း ဆိုတာမျိုးတွေ ထုတ်လာတယ်။ ညကျရင် အဆိုအတီး ကောင်းတဲ့ ကျောင်းသား ရဲဘော်များက သူတို့ရဲ့ ချစ်သူခင်သူများရှိတဲ့၊ မိန်းကလေးများရှိတဲ့ အဆောင်ရှေ့မှာ ဆိုကြတီးကြ၊ မိန်းကလေးများက နှစ်သက်တဲ့ သီချင်းလေးတွေ တောင်းကြ၊ အပြင်က ကျောင်းသား ရဲဘော်များက တီးမှုတ် သီဆိုကြတာကို အဆောင်မှူး၊ လက်ထောက် အဆောင်မှူးတွေကို တားမြစ်ခိုင်း တာတွေ လုပ်လာတယ်။ ဆရာမတွေက မသိချင်ယောင် ဆောင်နေကြ တယ်။ ယောက်ျားလေး ဆောင်တွေမှာလည်း အရက်မသောက်ရ၊ ဖဲစုမရိုက်ရ၊ အပြင်က မိန်းကလေးတွေ ခေါ်မလာရဆိုတဲ့ ဘုန်းကြီးတွေ ရှေ့ကကြွ ဆိုတဲ့ ကမ္ဘာတည်စက သမားရိုးကျ စည်းကမ်းတွေနဲ့ ကျပ်ခိုင်းတာမျိုးတွေ လုပ်လာ တယ်။ ဒါကို ဗကသ၊ တကသ တပ်ဦးကျောင်းသားများ၊ Sand R အမှုဆောင်များက ကိုယ့်အဆောင်နဲ့ကိုယ်၊ ကိုယ့် EC နဲ့ကိုယ် နားလည်မှုရှိရှိ နေကြတာ ပါ။ ကျောင်းဆောင် စည်းကမ်း ၂၂ ချက်ဆိုတာ ဖွတဲ့၊ ဆွတဲ့ ယုန်မရခင် သံပရာရှာတာမျိုး တွေပါပဲ။

ဖြတ်သန်းရတဲ့ စစ်ကြောရေးများမှာ ဆိုရင်လည်း (ဥပမာ) မန္တလေးကျောင်းသား တပ်ဦးခေါင်းဆောင် ကိုဌေးလှ၊ ကိုလှမြင့်ဟာ MI စစ်ကြောရေး တော်ချာမှာ အသက်ဆုံးရှုံးခဲ့ရတယ်။ ဂျပန်တော်လှန်ရေးကာလ မြောက်ပိုင်း တိုင်းမှူး၊ ဗိုလ်မှူးဗထူးသား ဗိုလ်မြင့်ထူးဟာ ရေကြည် (ဗထလစခန်းမှာ)လူမဆန်တဲ့ MI တော်ချာနဲ့ အသက် ဆုံးရှုံးခဲ့ရတယ်။ မသေသေအောင် စစ်ကြော သတ်ဖြတ်ခဲ့ကြတယ်။ ပဲခူးရိုးမတိုက်ပွဲ တစ်နေရာမှာ ၆၉ ခုနှစ် အတွင်း ဒဏ်ရာနဲ့ဖမ်းမိတဲ့ ဗကသများအဖွဲ့ချုပ် G.S ကိုတင်ထွန်း၊ ကိုမြင့်မောင်(ဖျာပုံ)ဟာ ဒဏ်ရာနဲ့ ဖမ်းမိ တာကို ပစ်သတ်ခဲ့ပါတယ်။ ဒေါက်တာထွန်းကြည်- ဟင်္သာတ၊ SUF သဘာပတိ အဖွဲ့ဝင်ဟာ ပေါင်ဒဏ်ရာ ရတာကို ကုသမပေးဘဲ ပစ်သတ်ခဲ့တယ်။

၁၉၆၃ ခုနှစ်၊ နိုဝင်ဘာ ၁၄ ရက်၊ ငြိမ်းချမ်းရေး ဒိုင်ယာလော့ဂ် အပျက်မှာ အဖမ်းခံကြရတဲ့ ကျောင်း သား ခေါင်းဆောင် ၄၁ ယောက်ကို ၁၉၆၈ မှာ ဒုတိယကိုကိုးကျွန်းကို ပို့ပစ်ခဲ့တယ်။ မန္တလေးတက္ကသိုလ် သမဂ္ဂတပ်ဦး ခေါင်းဆောင် ကိုလေးမောင်ဟာ ၅၃ ရက် အစာငတ်ခံတိုက်ပွဲမှာ အသက်ပေးခဲ့ရတယ်။ ၁၉၉၃ ခု၊ နှစ်ဦးမှာ ပီသုံးလုံးဥက္ကဋ္ဌ ဦးခင်မောင်မြင့်၊ ကိုကိုးကျွန်းပြန် ကိုစိန်ဝင်း၊ ရန်ကြီးအောင်၊ ခါးကြီး၊ သုံးခွ၊ ဦးညိုဝင်း၊ တပ်ဦး ဥက္ကဋ္ဌ၊ (ဒမဖ)အတွင်းရေးမှူး၊ ကိုတင်မောင်ဝင်း၊ တပ်ဦးခေါင်းဆောင်၊ ခရမ်း NLD အမတ်၊ မုံရွာဦးတင်ရွှေ၊ မန္တလေးတိုင်း NLD အတွင်းရေးမှူးတို့ဟာ ထောင်တွင်းမှာ ဆေးဝါးကုသခွင့် မရခဲ့ကြတာကြောင့် အင်းစိန် အကျဉ်းထောင်အတွင်းမှာ အသက်ပေး ခဲ့ကြရပါတယ်။ အခုဖော်ပြခဲ့တဲ့ ပုဂ္ဂိုလ် အများစုဟာ 7th July ကျောင်းသား အရေးတော်ပုံကြီးနဲ့ ပထ၀ီဒေသ အသီးသီးမှ ကျောင်းသားနဲ့ လူထု လှုပ်ရှားမှုများအတွင်း အသက်ပေး ခဲ့ရသူများဖြစ်ကြောင်း ဖော်ပြအပ်ပါတယ်။

ခုအခါမှာ ကျောင်းသားများဟာ သူတို့ရဲ့လူမှုဘ၀လုံခြုံမှုအတွက် ““ပညာရေး ဥပဒေပြင်ဆင်ရေး ဆန္ဒပြ သပိတ်မှောက် ချီတက်ပွဲကြီး”” ဆင်နွှဲ လာနေခဲ့ကြသည်ကို ဒီစာစုနဲ့ကြိုဆိုကြောင်း ဖော်ပြအပ်ပါတယ်။ ဗကသများ အဖွဲ့ချုပ် အဓွန့်ရှည်ပါစေ၊ ခွပ်ဒေါင်းအောင်လံ မိုးယံလွင့်စေသောဝ်။

မြန်မာသံတော်ဆင့်သတင်းဌာန – http://www.facebook.com/myanmarherald

**** ပင်လုံရဲ့ အခြေခံနဲ့ပဲ တို့ကပြန်ပြီးတော့ စုစည်းမယ် ****

ဖက်ဒရယ်ပုံစံကို ပြောတဲ့အခါမှာ ဖက်ဒရယ်ပုံစံနဲ့ လုပ်တဲ့ဟာက ပြည်ထောင်စုပြိုကွဲရေး ဆိုတဲ့ နိုင်ငံရေးလိုင်း အဖြစ် အစိုးရက တင်လာတယ်။ တိုင်းရင်းသားတွေဘက်ကလည်း ဖက်ဒရယ်ဆိုတာ တိုင်းရင်းသား အခွင့်အရေးများ၊ သို့မဟုတ်လည်း ဗမာရဲ့ကြီးစိုးမှုကို ကန့်သတ် လိုက်တာဆိုတဲ့ပုံစံနဲ့ ပေါ်လာတယ် ....

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

(ယခုဖော်ပြပါစာစုသည် မြန်မာသံတော်ဆင့် အတွဲ(၁)၊ အမှတ် (၄၈) တွင် ဖော်ပြခဲ့သော ၆၆ နှစ်မြောက် ပြည် ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ၀ါရင့် သတင်းစာ ဆရာကြီးနှင့် နိုင်ငံရေးသမားကြီး တစ်ဦးဖြစ်သူ ဆရာ ဟံသာဝတီ ဦးဝင်းတင်အား ၄င်းဖြတ်သန်းခဲ့ရ သည့် ပြည်ထောင်စုကြီး အကြောင်း တွေ့ဆုံမေးမြန်းခဲ့မှုများအပေါ် ဆရာဦးဝင်းတင်၏ ဖြေကြား ချက်များ ဖြစ်ပါသည်။ ယခု ၂၀၁၅ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်တွင် ကျ ရောက် သော ၆၈ နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အဖြစ် ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။ - အယ်ဒီတာ)

● ပင်လုံအနှစ်သာရ(သို့) ပြည်ထောင်စုနေ့

ပြည်ထောင်စုနေ့ဆိုပြီးတော့ လုပ်တာက ၁၉၄၇ မှာ ပင်လုံစာချုပ်မှာ လုပ်တယ်။ ပင်လုံမှာ လုပ်တဲ့ကိစ္စနဲ့ ပတ် သက်ပြီးတော့ တို့ကတော့ ပင်လုံနဲ့ မမီဘူးပေါ့ကွာ။ ကျောင်းသားဘ၀ပဲ ရှိသေးတယ်။ တို့သိပ်မမီလှဘူး။

ပင်လုံစာချုပ်မှာပါတဲ့ဟာက အရေး ကြီးတာက ဘာလဲဆိုတော့ ရှမ်းတွေက သူတို့ရဲ့ လက်ရှိရှိနေတဲ့ ကိုယ်ပိုင် အုပ်ချုပ်ရေးကို ရှမ်းပြည်ရဲ့အုပ်ချုပ်ရေးကို မလျော့သွားတဲ့ ဟာပဲဖြစ်ရမယ်ဆိုတဲ့ တောင်းဆိုချက်ပေါ့။ ကျန်တဲ့ ဟာက သိပ်များများ စားစားမဟုတ်ဘူး။ ဒါက ရှမ်းပြည်ရဲ့ အနေအထား။ အဲဒီအချိန်မှာ ကချင်က ဘာတောင်း လဲ။ ကချင်က ကချင်ပြည်နယ်ဆိုပြီး သတ်မှတ်ပေးရေး တောင်းတယ်။ ပြည်နယ် သတ်မှတ်ပေးရေးဆိုတာက သူ တောင်းတာက မိုးညှင်း၊ မိုးကောင်းတွေ လည်းပါတော့ ရှမ်းတွေက မခံဘူး။ ပြဿနာတွေတက်တယ်။ ချင်း က သိပ်ပြီးတော့ များများစားစား မရှိလှဘူး။ အရေးကြီးတာ သုံးချက်ပဲပါတယ်။ ကျန်တဲ့သူက လေ့လာသူ အနေ နဲ့တက်တယ်။ ရခိုင်တို့ ဘာတို့ကတော့ ဗမာပြည်က ရခိုင်ဝန်ကြီးတွေဘာတွေ တက်တာရှိတယ်။ ကရင် ကလာ ပြီး လေ့လာသူနဲ့ တက်တယ်။ ဒါပဲရှိတာ။ ဆိုတဲ့အခါကျတော့ ဗိုလ်ချုပ်အောင်ဆန်းက ဒီဟာကိုက ဒီအတိုင်းလုပ် လို့ မဖြစ်ဘူးဆိုပြီးတော့ ညှိလို့လည်း မရဘူး ဆိုပြီးတော့ ပြန်ဖို့တောင်လုပ်တာ။ ပြီးတော့ စာချုပ်ချုပ်တယ်။ ကချင်ပြည်နယ်ကိုလည်း မိုးကောင်းတွေဘာတွေ ပေးမယ် ဆိုပြီးတော့ ဗိုလ်ချုပ်အောင်ဆန်းက ကချင် ပြည် နယ်ဆိုပြီး သတ်မှတ်ပြီးတော့လုပ်တယ်။ ပင်လုံရဲ့အနေအထားက ဒါပဲ။ ပင်လုံထဲမှာ ဘာမျိုးစေ့ပါလဲဆိုတော့ အရင်ဆုံး မျိုးစေ့ပါတာက သူတို့ရဲ့ကိုယ်ပိုင်ရှိနေတဲ့ အုပ်ချုပ်ရေး အခွင့်အာဏာကို မလျော့ပါး အောင်လုပ်ရမယ် ဆိုတဲ့ဟာက ဒါကအဓိကပဲ။ ဒီလောက်ပဲ။ ကျန်တဲ့ဟာကတော့ ပြည်နယ်ဆိုင်ရာ ၀န်ကြီးတွေခန့် မယ်တို့။ လူတိုး ပေးဖို့တို့။ လက်ထောက်ထားဖို့တို့ ဒီလောက်ပဲပါတာ။ ဒါက ပြည်ထောင်စုနေ့ အဲလိုဖြစ်တာ။

● ဖဆပလဒီမိုကရေစီ မော်ကွန်းကြီး

တို့တွေ လူလားမြောက်လာတဲ့အချိန် ဖဆပလခေတ်မှာလည်း ဒီဟာပဲ လုပ်နေတာ။ ဖဆပလခေတ်မှာ လုပ်တဲ့ ဟာ ပြည်ထောင်စုနေ့ဆိုတာ ဒီအချိန်မှာ ရှမ်းပြည်နယ်ရှိတယ်။ ကချင်ပြည်နယ်ရှိတယ်။ ချင်းဝိသေသတိုင်း ရှိ တယ်။ ကရင်ပြည်နယ် မရှိသေးဘူး။ ထားလိုက်ဦး။ နောက်ပိုင်းကျတော့ ကရင်ပြည်နယ်က သတ်မှတ်တယ်။ ကယားက ပြည်နယ်ဖြစ်လာတယ်။ မွန်တို့၊ ရခိုင်တို့က မရှိသေးဘူး။ ဆိုတော့ အဲဒီ အနေအထား။ တကယ့် ပြည်နယ်အစစ်က ကချင်ရယ်၊ ရှမ်းရယ်၊ ကရင်ရယ်၊ ကယားရယ်၊ ကယားကလည်း ပြည်နယ်အသေး လေးပဲ။ ချင်းကပြည်နယ် မဟုတ်ဘူး။ ဒီလိုပုံစံမျိုးနဲ့ နေတဲ့အခါကျတော့ ဗမာကလည်း ဘာလုပ်လဲဆိုတော့ ဒီပြည် ထောင်စု နေ့ကြီးရဲ့သဘောက ဘာလဲဆိုတော့ ပြည်ထောင်စုသားတွေခေါ်ပြီးတော့ တို့က ပြည်ထောင်စု ပဲ ပြည်ထောင်စုကပွဲတွေ ဘာတွေလုပ်တယ်။ ပြည်ထောင်စုသားတွေ ဘာညာလုပ်တယ်။ ဒါနဲ့ပဲ ပြည်ထောင်စု နေ့ အခမ်းအနားတွေက ဒီအတိုင်းပဲပြီး တာများတယ်။

နောက်အခြေခံဥပဒေ ရေးဆွဲတဲ့ဥစ္စာ ပေါ်လာတယ်။ လွှတ်တော်ထဲမှာပေါ်တဲ့ အခြေခံဥပဒေရေးဆွဲတယ်။ ဒီအခြေခံ ဥပဒေရေးဆွဲတဲ့နေရာမှာ ဗိုလ်ချုပ်အောင်ဆန်းက ဖက်ဒရယ်စိတ်နဲ့ သွားမယ်ဆိုတဲ့ ဆိုတာ ပထမမူ ချထားတယ်။ သို့သော် နောက်ပိုင်းကျတော့ သူတို့ထဲမှာ သဘော မတူတဲ့ လူလည်းပါတဲ့ အခါကျတော့ ဗိုလ် ချုပ်အောင်ဆန်း ကိုယ်တိုင်ကနေပြီးတော့ ရှင်းရှင်းပြောရရင် ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်ကနေပြီးတော့ ရုပ်သိမ်းတယ်။ ဖက်ဒရယ်ပုံစံနဲ့ သွားလို့မရဘူး ဆိုပြီးတော့။ ဗမာပြည်ကနေပြီးတော့ ဦးဆောင်လုပ်တဲ့ ဟာနဲ့ သွားမယ်ဆိုပြီးတော့ ပြောတယ်။ ဒါပေမဲ့ ငါတို့တော့ မတွေ့ဖူးဘူး။ ဒီစကားရှိတယ်ပေါ့။ ဒီထဲမှာ ဘာပါလဲဆို တော့ အဓိကယကတော့ ပြည်မဆိုတာ ရှိမယ်။ ပြည်နယ်ကြီးတွေရှိမယ်။ ပြည်နယ်ဆိုတာ အရံပဲ။ အဲဒီတော့ အခြေခံဥပဒေမှာ လုပ်တာအာဏာ ခွဲဝေမယ့်ပုံစံက ပြည်နယ်တွေကို ဘယ်လောက်၊ ဘယ်လောက်ပေး မယ်။ အာဏာတွေ မှန်သမျှဟာ ပြည်မက အကုန်လုံးကိုင်ပြီးတော့ လုပ်မယ်။ ဒါဟာ အခြေခံအကျဆုံးပဲ။ ပြည်နယ် တွေက သူတို့ရဲ့ ရပိုင်ခွင့်တွေ တောင်းဆိုလာတာ ရှိတယ်။ နောက်တော့ ရခိုင်တို့၊ မွန်တို့ကလည်း သူတို့ ပြည်နယ်တောင်းလာတယ်။ အဲဒါတွေကို မပေးဘူးလို့ ပြောတာတွေလည်း ရှိတယ်။ ပေးမယ်လို့ပြောတာ လည်း ရှိတယ်။ နောက်ဆုံးကျတော့လည်း ကော်မတီတွေဖွဲ့တယ်။ ရခိုင်ပြည်နယ်ဖြစ် မြောက်ရေး၊ မွန်ပြည်နယ်ဖြစ် မြောက်ရေး ကော်မတီတွေ ဖွဲ့တယ်။ နောက်ဆုံးတော့ နိုင်ငံရေးအခြေအနေ ကြုံတွေ့လာတဲ့အခါ မှာ မွန်တို့၊ ရခိုင်တို့ ပေးမယ်။ အဲဒီအခါမှာ ၇ ပြည်နယ်ဖြစ်သွားတယ်။ ချင်းက ၀ိသေသတိုင်းက နောက်ပိုင်းကျ ချင်းလည်း ပြည်နယ်ထဲမှာ ပါလာတယ်။ ၇ ပြည် နယ်ဖြစ်လာတယ်။ အဲဒီအထဲမှာ အဓိက အကျဆုံးဟာ ဘာလဲဆိုတော့ ပြည်နယ်များရဲ့ ခွဲထွက်ခွင့်။ ၁၀ နှစ်ကြာလို့ရှိရင် ပြည်နယ်များဟာ တောင်းဆိုပြီးတော့ ခွဲထွက်ဖို့လုပ်မယ်ဆိုပြီး တော့ သဘောတူချက်ရှိတယ်။

၁၉၆၁ လောက်ရောက်တဲ့ အခါကျ တော့ အဲဒီအချိန်မှာ ၁၀ နှစ် ကျော်သွားပြီ။ ၅၈ မှာ ဆယ်နှစ်၊ ၅၈ ကနေ ဟိုဘက် သုံးနှစ်လောက်အကြာမှာပေါ့ တောင်ကြီးမှာ ပြည်နယ်ပေါင်းစုံ အစည်းအဝေးလုပ် တယ်။ ရှမ်းပြည် နယ်ကနေပြီးတော့ ဦးဆောင်တယ်။ အဲဒီမှာ ဖက်ဒရယ်ပေါ်လာတယ်။ ဖက်ဒရယ်မှာ တောင်းဆိုချက်တွေ ခွဲ ထွက်ခွင့် ကိစ္စဟာ ရှေ့တန်းသိပ်မရောက်လာဘူး။ ရောက်လာတဲ့ဟာက ဘာလဲဆို တော့ ပြည်ထောင်စု စစ်စစ် ပုံစံနဲ့ဖွဲ့မယ်ဆို ပြီးတော့ ပြည်ထောင်စုရဲ့ အာဏာတွေကို ပြည်ထောင်စုကလည်း ပြည်ထောင်စု အာဏာ၊ ပြည် မအာဏာ၊ အဲဒီထဲမှာ တစ်ခါထပ်ပြီးတော့ ဗမာဟာလည်း ပြည်မ မဟုတ်တော့ဘူး။ ဗမာဟာလည်း ပြည်နယ် တစ်ခုပဲဆိုပြီးတော့ အဲဒီဟာပေါ်လာတယ်။ အဲဒါကြီးက လုပ်ရင်းလုပ်ရင်းနဲ့ ဘာမှသိပ်ပြီးတော့ ထူးခြားချက်မရှိ ဘဲနဲ့၊ စာတမ်း ထုတ်တာတို့။ ပင်လုံကို ပြန်ပြီးတော့ သုံးသပ်တာတို့။ နောက်တစ်ခါ သူတို့ရဲ့ ပြည် ထောင်စု အာဏာ ခွဲဝေရေးပြဿနာတို့။ နောက်ပြည်ထောင်စု စစ်စစ် ပုံစံနဲ့ ဖွဲ့စည်း ရေးတောင်းဆိုတာတို့၊ နောက်ပြီး တော့ ခွဲထွက်ရေးကိစ္စတို့ ကြေညာစာတမ်း ထုတ်တာတို့ အဲဒါက ၁၉၆၁ ကိစ္စ၊ ၆၁ ကိစ္စက ဦးနုကနေပြီးတော့ ဘယ်လို သဘောထားလဲဆိုတော့ အဲဒီဟာ မဖြစ်ဘူး။ ဒီအတိုင်းသွားလို့ရှိရင် ပြဿနာဖြစ်တော့မှာပဲဆိုပြီး တော့ ညီလာခံကြီးခေါ်မယ်။ ညီလာခံကြီး ခေါ်ပြီးတော့ ဒီမိုကရေစီ မော်ကွန်းကြီး ထိုးမယ်ဆိုပြီးတော့ ပြည် ထောင်စုနေ့မှာ လုပ်တယ်။ ၁၉၆၂ မှာ။ အဲဒီမှာ စာတမ်းတွေ တင်ကြတယ်။ စာတမ်းတွေမှာ ဖဆပလတို့ ဘာ တို့ကတော့ ဒါဟာ ခွဲထွက်ရေးလုပ်ငန်း၊ ခွဲထွက်ရေးလုပ်ငန်းက ဘယ်သူ ပါလဲဆိုတော့ အဲဒီတုန်းက ဆီးတိုးဆို တာ ရှိတယ်။ ဆီးတိုးဆိုတာက အမေရိကန်ပါတယ်။ ယိုးဒယားပါတယ်။ ဖိလစ်ပိုင်တို့ ဘာတို့နဲ့ ဗီယက်နမ်တို့ ဘာတို့လည်း ပါတယ်။ ဆီးတိုးအဖွဲ့ကနေပြီးတော့ ခွဲ ထွက်ရေးလုပ်အောင် လုပ်နေတာပဲဆိုပြီး တော့ ထင်တာရှိ တယ်။ ပြည်ထောင်စုဖွဲ့ စည်းရေး၊ ဖက်ဒရယ်ပုံစံနဲ့ ဖွဲ့စည်းရေးကို လက်မခံဘူး။ ဖဆပလကဆိုရင်တော့ လုံးဝ ကို ဆီးတိုးရဲ့လက်ချက်ပဲ။ ဆီးတိုးနဲ့ ရှမ်းပြည်နဲ့ ပေါင်းပြီးတော့ ခွဲထွက်ဖို့လုပ် တာပဲဆိုပြီးတော့ ငြင်းတယ်။ စာတမ်းတွေ တင်တယ်။ ဖဆပလကတင်ဖို့ ဟာကတော့ မတင်ဖြစ်ဘူး။ ဖဆပလ၀န်ကြီး ဒေါက်တာ အေးမောင် က တင်ဖို့စာတမ်းကို မတင်ဖြစ်ဘူး။ အာဏာသိမ်းသွားတယ်။

ခြုံကြည့်လိုက်ရင် ဘာလဲဆိုတော့ ၆၂အထိ ၁၄ နှစ်ကာလအတွင်းမှာ ပြည်နယ်တွေက တောင်းဆို ချက်တွေ တောင်းလာတယ်။ ပြည်နယ်ပေါင်းစုံ အစည်းအဝေးလုပ်တယ်။ တောင်ကြီးမှာ လုပ်တယ်။ အဲဒီ ကနေပြီးတော့ ခွဲထွက်ဖို့ကိစ္စ ပိုင်းခြားပြီးတော့ လုပ်တယ်။ အဲဒါ ဆန္ဒခံယူပွဲပေါ့။ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ် ကော်မတီ ဖွဲ့တယ်။ မိုးဗြဲက ရှမ်းပြည်နယ်ပါမှာလား၊ ကယားပြည်နယ်ပါမှာလား ဆိုပြီးတော့ လေ့လာစုံစမ်းရေး။ နောက်ပြီး တော့ အာဏာတွေခွဲဝေဖို့ ကိစ္စတွေပေါ့နော်။ ဘယ်ဌာန၊ ဘယ်ဌာနက ဗဟိုရဲ့အောက်မှာထားမယ်။ ဘယ်ဌာန ဘယ်ဌာနက ပြည်နယ်တွေ အောက်မှာထားမယ်ဆိုတဲ့ အာဏာ ခွဲဝေမှု ပြဿနာတွေ။ ပြည်နယ်တွေက တောင်း ပြီပေါ့။ အဲဒီဟာပဲရှိတာပဲ။ ကျန်တဲ့ဟာကတော့ သိပ်ပြီး များများစားစား မရှိဘူး။ အစိုးရကြည့်မယ်ဆိုရင်လည်း အဲဒီတုန်းက ဗမာအစိုးရလိုင်းက ဗမာအစိုးရနဲ့ ပမညတနဲ့ မတူဘူးဆိုတဲ့ဟာက တစ်သံတည်းပဲထွက်တယ်။ ဦးနုအစိုးရနဲ့ ကွဲနေတဲ့ ဖဆပလကလည်း တစ်သံတည်း ထွက်တယ်။ ဒီပုံစံနဲ့ သွားလို့မရဘူး။ ဗမာအစိုးရ ဘက် ကတော့ ပြည်နယ်တွေဖြစ်နေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ တစ်ဖက်က မီဒီယာ မြှောက်ပေးတာ။ မီဒီယာ သွေးထိုးပြီးတော့ ခွဲထွက်ဖို့ကြံတဲ့လိုင်း၊ ဒီလိုင်းဟာ နောက်ပိုင်း ကျတော့ စစ်တပ်ကနေ ကိုင်တဲ့လိုင်း ဖြစ်သွား တယ်။ ဖက်ဒရယ်ဆိုတာဟာ ပြည်ထောင်စုကနေ ခွဲထွက်ဖို့။ တစ်ဖက်ကနေပြီးတော့ပြောတဲ့ ဟာကျတော့ ပမညတတို့၊ ဖဆပလတို့၊ ပထစတို့ အားလုံးကတော့ တစ်သံတည်းဖြစ်သွားပြီးတော့ အလုပ် ဖြစ်တယ်။ ပြည် နယ်တွေဘက်ကကြည့်တဲ့ အခါကျတော့ ပြည်နယ်တွေက ဘယ်လို ဖြစ်လဲဆိုတော့ ပြည်နယ်ကလည်း ၇ ပြည် နယ်မဖြစ်သေးဘူး။ မွန်ဆိုရင် ပြည်နယ် မလုပ်ရသေး ဘူး။ ဖြစ်မြောက်ရေး ကော်မတီလိုဟာမျိုး၊ ရခိုင်ဆိုရင် လည်း အဲဒီလိုဖြစ်နေတယ်။ ဆိုတော့ ပြည်နယ်တွေ ဘက်ကလည်း အရမ်းကြီး ညီတာမဟုတ်သေးဘူး။ သို့သော် သူတို့လည်း တတ်နိုင်သမျှတော့ ညီအောင်လုပ်ပြီးတော့ ဖက်ဒရယ် ပုံစံနဲ့လုပ်ပါ။ ဖွဲ့ပါ။ နောက်ပြီး တော့ အာဏာခွဲဝေမှု ပုံစံတွေ သတ်မှတ်ပေးပါဆို ပြီးတော့။ လက်နက်ကိုင်တိုက်ပွဲတွေ ဘာ တွေကတော့ ထားပါတော့။

● ဖက်ဒရယ် အငြင်းပွားခြင်း

ဦးနေ၀င်းလက်ထက်ရောက်တဲ့ အချိန်မှာ ပြည်နယ်နဲ့ ပတ်သက်ပြီးတော့ ပြောစရာရှိတာက ဘာလဲဆိုတော့ ၁၉၆၄ မန္တလေးမှာလုပ်တဲ့ တော်လှန်ရေးကောင်စီ အစိုးရရဲ့ တိုင်းရင်းသားလူမျိုးများဆိုင်ရာ သဘောထား ဆိုတဲ့ ကြေညာချက်ကို ထုတ်တယ်။ နောက်တစ်ချက်က ဘာလဲဆိုလို့ ရှိရင် ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ပြည်ထောင် စုကို ဖွဲ့စည်းတဲ့အချိန်မှာ ၁၄တိုင်း၊ ၁၄ ပြည်နယ်ဆိုပြီးတော့ ခွဲမယ့် လိုင်းပေါ်လာတယ်။ ဘာလို့လဲဆိုတော့ ဦးနေ၀င်းက ၁၉၆၂ လောက်မှာပဲ ရန်ကုန်တိုင်းလို တိုင်းတွေကို သတ်မှတ်လိုက်တယ်။ သတ်မှတ်ပြီးတော့ ရန်ကုန်တိုင်း အတွင်းမှာရှိတဲ့ ဟာတွေ အကုန်လုံးကို ပဲခူး၊ မန္တလေး ဘာညာဆိုတဲ့ဟာတွေကို လည်း ၁ တိုင်းနဲ့ ၆ တိုင်းနဲ့ ပေါင်းလိုက်ရော ၇ တိုင်းဖြစ်သွားတယ်။ ၇ တိုင်းနဲ့ ပြည်နယ်က ၇ ပြည်နယ်နဲ့ ပေါင်းလိုက်ရင် ၁၄။ တိုင်းက ၇ခု၊ ပြည်နယ် ၇ ခု။ ရိုးရိုးတန်းတန်း ၈ ပြည်နယ်ဆိုရင် ဗမာရဲ့ ရပိုင်ခွင့်က ၈ ရာခိုင်နှုန်းမှာ ၁ ရာခိုင်နှုန်း လောက်ပဲရှိမယ်။ သာမလား၊ လျော့မလား ထားပါတော့။ ၇ တိုင်း၊ ၇ ပြည်နယ်လုပ်တဲ့ အခါကျတော့ ဗမာက ငါးဆယ်ရာခိုင်နှုန်း လောက်ဖြစ်သွားတယ်။ အဲဒီကနေပြီးတော့ လုပ်ရင်းကနေ ကရင်တောင်းဆိုချက်ဟာ ခွဲထွက်ဖို့လုပ်တာ။ ဒါကို အဓိကထားတယ်။ ခွဲထွက်ဖို့ လုပ်တာ။ ဒီခွဲထွက်ဖို့လုပ်တယ်ဆို တာနဲ့ လိုင်းတွေပူးပြီး တော့ အဲဒီကနေပြီးတော့ နိုင်ငံတော်ဘာသာ သတ်မှတ်ပြီးတော့ ပြဿနာပေါ်တယ်။ နောက်ပြီးတော့ စော်ဘွား များ ဆိုတဲ့ဟာမျိုးတွေ ပေါ်တယ်။ ဘိန်းဘုရင်တွေရဲ့ ခွဲထွက်ရေးလိုင်း သမ္မတ နိုင်ငံတော် ထူထောင်တယ်။ ဆိုတော့ တော်လှန်ရေးအစိုးရ ကာလအတွင်းမှာ ဖြစ်တဲ့ ပြည်ထောင်စု အနေအထားကြည့် မယ်ဆိုရင် ဖယ်ဒ ရယ်လိုင်းကို ပိုပြီးတော့ ခိုင်မာလာတယ်။ အဲဒီဖယ်ဒရယ်လိုင်းကို ဗမာအစိုးရကနေပြီးတော့ ဦးနေ၀င်းအစိုးရ ကနေပြီးတော့ ၇ တိုင်း၊ ၇ပြည်နယ်လုပ် ပြီးတော့ သူက ၅၀ ရာခိုင်နှုန်းကို အပိုင် သိမ်းထားတယ်။ နိုင်ငံတော် ပါတီကော်မတီဆိုတာ ဖွဲ့တယ်။ ၇ တိုင်း၊ ၇ ပြည်နယ် ကလည်း အညီအမျှဆိုတာ ပြောလို့ရ တယ်။ ဒီသမ္မတ လုပ်တဲ့သူနဲ့ ၀န်ကြီးချုပ်လုပ်တဲ့သူက ၀န်ကြီးချုပ်လုပ်တဲ့သူလည်း ဗမာပဲပေါ့။ ၂၉ ဦးပါတဲ့ နိုင်ငံတော် ကော်မတီ ဆိုတာမှာ သူက အတွင်းရေးမှူး လုပ်ပြီးတော့ နိုင်ငံတော်ကော်မတီဆိုတဲ့ တိုင်းပြည်ရဲ့ အာဏာအကြီးဆုံး ဆိုတဲ့ဟာမှာ သူက မညီမျှတော့ဘူး။ ဒါ့ထက်ပိုဆိုး တာကတော့ စစ်တပ်မှာရော၊ အုပ်ချုပ်ရေး မှာရော နေရာ တိုင်း၊ နေရာတိုင်းမှာ ဗမာကပဲလုပ်တာပေါ့။ အဲဒီမှာ ဘာထူးထူး ခြားခြားပေါ်လာလဲဆိုတော့ ဒီတော်လှန်ရေး အစိုးရကာလအတွင်းမှာ ဖက်ဒရယ်ပုံစံ ဆိုတဲ့လိုင်းဟာ တော်တော်များများ တက်လာတယ်။ ဖက်ဒရယ်ပုံစံ ကို ပြောတဲ့ အခါမှာ ဖက်ဒရယ်ပုံစံနဲ့ လုပ်တဲ့ဟာက ပြည်ထောင်စုပြိုကွဲရေးဆိုတဲ့ နိုင်ငံရေးလိုင်း အဖြစ် အစိုးရက တင်လာတယ်။ တိုင်းရင်းသားတွေဘက်ကလည်း ဖက်ဒရယ်ဆိုတာ တိုင်းရင်းသားအခွင့်အရေးများ၊ သို့မဟုတ် လည်း ဗမာရဲ့ကြီးစိုးမှုကိုကန့်သတ်လိုက်တာဆိုတဲ့ပုံစံနဲ့ပေါ်လာတယ်။ အဲတော့ တိုင်းရင်းသားဟာ သူတို့အချင်း ချင်း ညီညွတ်ရေးဆိုတဲ့ လိုင်းဆိုတာထက် ဗမာရဲ့ သြဇာလွှမ်းမိုးမှု၊ ဗမာရဲ့ ကြီးစိုးမှုကို ကန့်သတ်တဲ့ဟာလို့ သူ ကမြင်လာတယ်။ ဖက် ဒရယ်လိုင်းမှာသာ ဗမာရဲ့လွှမ်းမိုးမှုကို ကန့်သတ်ပြီးသား ဖြစ်တယ်။ ဗမာဘက်က ကျ တော့ ဖက်ဒရယ်လိုင်းဆိုတာ တိုင်းရင်းသားတွေ ခွဲထွက်ဖို့လုပ်တာ။ သို့မဟုတ် လို့ရှိရင်လည်း ပြည်ထောင်စုပြို ကွဲရေးလိုင်း၊ ဒီလိုင်းတွေနဲ့သွားတာ။

အဲဒီကနေ သွားရင်းကနေပြီးတော့ အခြေခံဥပဒေတစ်ခုဆွဲတယ်။ ၁၉၇၄ မှာ။ ၇၄ ဆွဲပြန်တော့လည်း သဘော ကတော့ ဒီအခြေခံပေါ်မှာ တိုင်းနဲ့ပြည်နယ် ၁၄ ခုပေါ်မှာအခြေခံပြီးတော့ဆွဲတယ်။ နောက်ပြီးတော့ ခုနက ပြော တဲ့ တိုင်းရင်းသားများရဲ့ လွတ်လပ်ခွင့်ဆိုပြီးတော့ အများကြီး ပြောပါတယ်။ နမူနာက ဘာလဲဆိုတော့ တိုင်းရင်း သားတွေက သူတို့ဟာသူတို့ ပြည်နယ်ကောင်စီဆိုတာတွေ ဖွဲ့တယ်။ ပြည် နယ်ကောင်စီ ဖွဲ့ရင် ပြည်နယ် ကောင်စီတွေရဲ့ ဥက္ကဋ္ဌတွေဟာ သမ္မတကပဲ ခန့်ပိုင်ခွင့် ရှိတယ်။ သမ္မတကခန့်တယ်။ နောက်ပြီးတော့ စစ်တိုင်း တွေရဲ့အောက်မှာ ပြည်နယ်ကောင်စီတွေက ရောက်သွားတယ်။ သူတို့ရဲ့လုပ်ပိုင်ခွင့်တွေကလည်း အများကြီး တက်လာတယ်။ ဒါက ပြည်ထောင်စုနေ့နဲ့ ပတ်သက်တဲ့ အပြောင်းအလဲ အခြေခံ။

● အမျိုးသားညီလာခံ

အဲဒီကနေပြီးတော့ ထွက်လာတဲ့ဟာကျတော့ စစ်အာဏာရှင် လက်ထက် ရောက်လာတဲ့အခါကျတော့ ကချင်၊ ကရင်တို့မှာလည်း ဖြိုတဲ့ဟာတွေ လုပ်လာတယ်။ တိုင်းရင်းသားတွေကလည်း အဲဒီမှာစုစည်း ပြီးတော့ လှုပ်ရှား တာတွေ ပေါ်လာတယ်။ တရုတ်ကလည်း ၀င်ထိုးတာတွေ ရှိတယ်။ တိုင်းရင်းသားနဲ့ န၀တတို့ဘာတို့ လက် ထက်မှာ အဓိကလက်ခံတာက ဘာလဲဆိုတော့ နိုင်ငံရေးအားဖြင့် လက်နက်ကိုင်တိုက်ပွဲ အကြီးကျယ်ဆုံးပဲ။ သို့ သော် အဲဒီဟာနဲ့ ပတ်သက်ပြီးတော့ လုပ်တဲ့အခါမှာ နောက်က ကွန်မြူနစ်ရှိတယ်။ ကွန်မြူနစ် နောက်မှာ တရုတ် ရှိတယ်ဆိုတဲ့ ပုံစံနဲ့ လုပ်တယ်။ တော်လှန်ရေးကောင်စီတုန်းက အတင်းဖြိုတဲ့အခါ မှာ တိုင်းရင်းသား တွေက သူတို့ဟာသူတို့စုစည်းပြီးတော့ ရပ်တည် ပြီးတော့ ခုခံတာတွေလုပ်တော့ ခုခံရေး စစ်ပွဲ။ ဟိုတုန်းက လက်နက်ကိုင်တိုက်ပွဲဆိုတာ ကွန်မြူနစ်တွေနဲ့ လုပ်တယ်။ မဟုတ်ရင် ကရင်နဲ့ လုပ်တယ်။ ဒီလောက်ပဲရှိတယ်။ ကျန်တာတွေကတော့ ခွန်ဆာတို့ဘာတို့ ဒီလောက်ပဲ။ ဒါပေမဲ့ ဒီန၀တလက်ထက် ရောက်သွားတဲ့အခါကျတော့ တိုင်းရင်းသားတွေက သူတို့ရဲ့ လူမျိုးရေးအခြေခံတိုင်း ရင်းသားအခြေခံပေါ့ ပြန်ပြီးတော့ ဖြစ်တဲ့ ပုံစံကိုရောက် သွားတယ်။ ဒါပေမဲ့ အဲဒါကို သူတို့သိတဲ့အတွက်ကြောင့် အမျိုးသား ညီလာခံခေါ်တယ်။ ဒါက န.၀.တ လက် ထက်မှာ ပေါ်တဲ့လက္ခဏာ။

ဒီလက်နက်ကိုင်အင်အားနဲ့ တိုက်နေရင်း ပြိုသွားတဲ့အခါ တိုင်းရင်းသားတွေက ငြိမ်းချမ်းရေးယူတဲ့ ပုံစံဖြစ်သွား တယ်။ ဒီတစ်လျှောက်လုံးမှာ နောက်ဆုံး ကချင်လိုဟာမျိုးကျန်တော့။ ဒါဟာ ပြည်ထောင်စု အရေးနဲ့၊ ပြည် ထောင်စု အခြေခံနဲ့ကြည့်မယ်ဆိုရင် ပြောင်းလဲလာတဲ့ နိုင်ငံရေးရေ စီးကြောင်းပဲ။ အဲလိုပဲ ပြောလို့ရမယ်။

● ဒုတိယ ပင်လုံ

ဒါကပြောလို့မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ လုပ်မယ်လို့ ကြံတဲ့ဟာပဲ။ တို့ကတော့ ဘာလဲဆိုတော့ တို့ဟာ ၁၉၈၉ တုန်းက အမျိုးသားညီလာခံတစ်ခု ကျင်းပဖို့လို တယ်ဆိုတာ ၁၉၈၉၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ပင်လုံမှာ ဒေါ်စုတို့၊ ကိုမိုးသူ တို့ဖတ်ခဲ့တဲ့ စာတမ်းထဲမှာ ဒီဟာပါပြီး သား။ သူကဘာလဲဆိုရင် လွှတ်တော်မှာ လုပ်ပါ။ လွှတ်တော်မှာအာဏာရ ပါတီဟာ၊ အနိုင်ရပါတီဟာ၊ အမျိုးသားညီလာခံလို လွှတ်တော်ရဲ့ပြင်ပ မှာခေါ် ပါ။ လွှတ်တော်ထဲက အမတ်တွေလည်းပါမယ်။ ပြင်ပက ပုဂိ္ဂုလ်တွေ လည်းပါမယ်။ ပြင်ပက ပါတီက နိုင်ငံရေး ပုဂိ္ဂုလ်တွေလည်း ပါမယ်။ အဲဒီ အမျိုးသားညီလာခံကနေပြီးတော့ အခြေခံ ဥပဒေတစ်ခုရေးဆွဲပါ။ အဲဒီ ဒီမိုက ရေစီ အခြေခံဥပဒေကို အမျိုးသားညီလာခံက အတည်ပြုလိုက်လို့ရှိရင် လွှတ်တော်ကိုပြန် တင်ပါ။ လွှတ်တော် လည်းအတည်ပြုပြီးဆိုရင် အဲဒီအခြေခံဥပဒေ အတိုင်းပဲသွားပါ။

၁၉၈၉၊ ဖေဖော်ဝါရီလ ၁၂ရက်နေ့ ပင်လုံညီလာခံမှာ ဒေါ်စုဖတ်ဖူးတဲ့စာတမ်း သည်ကား ဒီပင်လုံအခြေခံနဲ့ပဲ နိုင်ငံ ရေးကို ဖြေရှင်းမယ်။ တိုင်းရင်းသားကိစ်္စဖြေရှင်း မယ်။ အဲလိုဖြေရှင်းတဲ့အခါမှာ တို့ကဘာ လဲဆိုရင် ဒီဖြေ ရှင်းချက်ဟာ လွှတ်တော် ပြင်ပမှာလုပ်တဲ့ အမျိုးသားညီလာခံကြီး ကျင်းပပြီးတော့ လွှတ်တော်ရဲ့အတည်ပြု ချက်ယူမယ်။ လွှတ်တော်ဘာလဲဆိုတော့ ပြည်သူကရွေးချယ်တင်မြှောက်တဲ့ ကိုယ်စားလှယ်တွေပါတဲ့အတွက်၊ အဲဒီတော့ အမျိုးသားညီလာခံဆိုတာတော့ လွှတ်တော်အမတ်တွေလည်းပါမယ်။ လွှတ်တော်ရဲ့ပြင်ပမှာလုပ် တာ။ လွှတ်တော်ရဲ့ ကမကထပြုတဲ့ အမျိုသားညီလာခံ။ အဲဒီ ညီလာခံရဲ့ဆုံးဖြတ်ချက်၊ အခြေခံဥပဒေ ရေးဆွဲ လို့ကျသွားပြီဆိုရင် အဲဒီအခြေခံ ဥပဒေကို လွှတ်တော်ကလည်းအတည်ပြု၊ အမျိုးသားညီလာခံကလည်း အတည်ပြု နှစ်ဦးစလုံးက အတည်ပြုပြီးရင် အဲဒီအခြေခံ ဥပဒေ အတိုင်း ရွေးကောက်ပွဲတွေ လုပ်ပြီး တော့ အစိုးရအဖွဲ့တွေနဲ့ဆုံပြီးတော့ ဒါ တို့ရဲ့သဘောထားပေါ့။

အဲဒီသဘောတိုင်းတို့က ဒေါ်စုလွတ်လာတဲ့အခါမှာ တို့က ပင်လုံကိစ္စဟာလည်း ဒေါ်စုမလွတ်ခင်ကတည်းက ဥပဒေရှင်သန်ဖို့ ပညာစာတမ်းဆိုတာ ပေါ်လာပြီးတော့ ကလေးမြို့ပညာစာတမ်းအရ တို့လုပ်တာပဲ။ တိုင်းပြည် မှာဖြစ်နေတဲ့ ပြည်ထောင်စုဟာ အနေအထား အဆင့်တစ်မျိုးဖြစ်လာပြီ။ ဒါကိုစုစည်းဖို့ လိုတယ်။ မစုစည်းရင် ပြည်ထောင်စုဟာ ပြိုကွဲသွားနိုင်တယ်။ အဲဒီတော့ ပင်လုံရဲ့အခြေခံနဲ့ပဲ ပြန်ပြီးတော့တို့က စုစည်းမယ်။ ပင်လုံညီ လာခံဆိုတာ လုပ်ဖို့ ဆိုတာ ဒေါ်စုကိုတာဝန်ပေးတယ်။ ဒေါ်စုနဲ့ လာပြီးတော့တွေ့တဲ့ ရှမ်းတို့၊ ကရင်တို့၊ ကချင် တို့၊ ချင်း၊ ရခိုင်၊ မွန် သူတို့ကလာ ပြီးတော့ဆွေးနွေးပြီးတော့၊ တိုက်တွန်းပြီး တော့ ဒေါ်စုကို တာဝန်ပေးတယ်။ ဒေါ်စုကလည်း တာဝန်ယူမယ်ဆိုပြီးတော့ ၀ါရင့် နိုင်ငံရေးသမားတွေနဲ့ ၀ါရင့်နိုင်ငံရေး သမား တွေကနေပြီးတော့ ဒေါ်စုကို ဒုတိယပင်လုံ ညီလာခံပုံစံမျိုး တိုင်းပြည်ကိုစုစည်းဖို့ အတွက်ကိုလုပ်ပါဆိုပြီးတော့ တာဝန်ပေး တယ်။ ဒီတာဝန်တွေကိုစုစည်းပြီးတော့ ဒုတိယပင်လုံညီလာခံဆိုပြီးတော့ concert ဆိုပြီးတော့ ပေါ်လာတာပဲ။ အဲဒီ concert မှာ လုပ်မယ့်ဟာဘာလဲဆိုတော့ အခြေခံအကျဆုံးကတော့ ဒီတွေ့ဆုံဆွေးနွေးပွဲ လုပ်ဖို့ပဲ။ လက်နက် ကိုင်တပ်တွေပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် လူမျိုးစုအင်အားစုတွေနဲ့ နိုင်ငံရေး အင်အားစုတွေအကုန်လုံးနဲ့ တိုင်း ပြည် ကို ဒုတိယပင်လုံလို့ အမည်ခံသွားလည်း ပင်လုံထက်ပိုကျယ်ပြန့်တဲ့ နိုင်ငံရေး အခြေခံတွေ နိုင်ငံရေး သဘော ထားတွေ၊ နိုင်ငံရေးပေါင်းကူးမှုတွေ ညီညွတ်မှုတွေ ရှာပြီးတော့၊ အဲဒီကနေပြီတော့ လမ်းရှာ ဖို့ပဲ။ ဒုတိယပင်လုံ ညီလာခံနဲ့ ပတ်သက်လို့ ဘာတွေဖြစ်လာမယ်၊ ဒီဟာတွေ ဘယ်လောက်ဖြေရှင်းနိုင်မယ်၊ တို့အတိကျမပြော နိုင်ဘူး။ ပင်လုံဆိုတာ ပေါင်းစည်းဖို့ကြိုးစား တာပဲ။ ပေါင်းစည်းလို့ အင်အားရလိုက်ပြီ ဆိုရင် အဲဒီအင်အား အပေါ် မှာ ဆုံးဖြတ်ချက်တွေ ချနိုင်မယ်လို့ တို့ကယူဆတယ်။ စစ်မှန်တဲ့ ပြည်ထောင်စုပေါ်ပေါက်ရေးကို အထောက် အကူဖြစ်မယ်လို့ တို့က ယူဆတယ်။

မြန်မာသံတော်ဆင့်သတင်းဌာန – http://www.facebook.com/myanmarherald



ဒေါ်အောင်ဆန်းစုကြည် နေအိမ်ခြံတံခါးကို မြင်ရစဉ် ။ Photo: RFA
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျခံနေ ရစဉ်က အသုံးပြုခဲ့တဲ့ ခြံဝင်းတံခါးနဲ့ အိမ်နံ ပါတ်ပြားဟောင်းကို ဈေးပြိုင်စနစ်နဲ့ လေလံ ဆွဲနေရာမှာ ဒီနေ့ ကျပ်သိန်းငါးထောင်နဲ့ ဝယ်ယူသူရရှိပြီး လေလံ ပိတ်လိုက်ပြီဖြစ်ပါတယ်။

နိုင်ငံခြားသားတစ်ဦးက ဝယ်ယူမှာဖြစ်တယ်လို့ လက်ရှိပိုင်ရှင်ဖြစ်သူ ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်ပိုင်ရှင် ဦးစိုးညွန့်က ပြောပါတယ်။

"၁ဝ နာရီမထိုးခင် ၃ မိနစ်အလိုမှာ နောက် ၅ဝဝဝ ဆိုပြီးတက်လာတယ်၊ ဒါပေမယ့် အီးမေးလ်ဆိုတာက သိပ်သေချာတာမဟုတ် ဘူးလေ၊ အခုလူကတော့ သေချာကိုပြန်ပြီးတော့ သူ့ကိုလည်းအီးမေးလ်ပြန်ပြီ၊ အရေးကြီးတဲ့ တယ်လီဖုန်းနံပါတ်တွေဘာတွေနဲ့ ခိုင်ခိုင်မာဆိုလို့ရှိရင် အန်ကယ်လ်တို့ကြေညာပေးမယ်၊ နိုင်ငံခြားသားလို့ပြောတယ်ခင်ဗျ"

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်လွတ်စဉ် ၂၀၁၀ ခုနှစ် နိုဝင်ဘာလနောက်ပိုင်း အိမ်ပြုပြင်အပြီး အဲဒီအိမ်တံခါးဟောင်းနဲ့ အိမ်နံပါတ်ပြားဟောင်းကို ဦးစိုးညွန့်က ဝယ်ယူသိမ်းဆည်းခဲ့တာ ဖြစ်ပါတယ်။

လေလံစတင်စဉ်က ကြမ်းခင်းဈေး ကျပ်သိန်း နှစ်ထောင်နဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၁ ရက်နေ့က စတင်ကြေညာ ခဲ့တာဖြစ်ပါတယ်။

လေလံတင်ရောင်းချလို့ရရှိတဲ့ငွေနဲ့ ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့်မွေးနေ့ အခမ်းအနားနဲ့ ဗဟန်းမြို့ နယ် ရွှေဂုံတိုင်မှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်တည်ဆောက်ရာမှာ သုံးစွဲသွားမှာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese/news/dassk-house-door-02132015124509.html

ဦးဖုန်ကြားရှင် ခေါင်းဆောင်တဲ့ ကိုးကန့်တပ် တွေနဲ့ အစိုးရတပ်တို့ တိုက်ပွဲ ပြင်းထန် 
ဖေဖော်ဝါရီလ ၁၃ ရက်နေ့က လောက်ကိုင်ဒေသမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ ကိုးကန့် အဖွဲ့က ပြောပါတယ်။

အစိုးရ စစ်တပ် ဘက်က MI 35 စစ်သုံး ရဟတ်ယာဉ်တွေ MIG 29 တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ MNDAA မြန်မာ တိုင်းရင်းသား ဒီမိုကရက် တစ် မဟာမိတ် စစ်တပ် က ပြောရေးဆိုခွင့် ရှိသူ ဦးထွန်းမြတ်လင်းက ဘီဘီစီကို ပြောပါတယ်။

လောက်ကိုင် ဒေသ ဖေဖော်ဝါရီလ ၉ ရက်နေ့ ကနေ ၁၁ ရက်နေ့ အထိ ကိုးကန့် အဖွဲ့နဲ့ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေမှာ အစိုးရဘက်က အရာရှိ ၅ ဦးနဲ့ တပ်သား ၄၂ ဦးကျဆုံးခဲ့ပြီး အရာရှိ၊ တပ်သား ၇၂ ဦးဒဏ်ရာရခဲ့တယ်လို့ မြန်မာအစိုးရ သတင်းမီဒီယာ တွေက ထုတ်ဖော် ကြေညာခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၉ ရက်နေ့ ကွမ်းလုံမြို့အနီးမှာ ကိုးကန့်တပ်က ပြည်သူ့စစ်ရဲ့ လက်နက် တချို့ကို သိမ်းယူခဲ့ရာမှာ အစိုးရစစ်တပ်က လိုက်လံတိုက်ခိုက်ခဲ့ရာကနေ တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ပြီး အစိုးရဘက်က ရဟတ်ယာဉ်တွေ အသုံးပြု တိုက်ခိုက်ခဲ့တယ်လို့လည်း အဲဒီ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ကိုးကန့်ဘက်က အကျအဆုံးအနေနဲ့ ၄ ယောက် လောက် ရှိပြီး ဒဏ်ရာရသူ ၁၀ ယောက်လောက် ရှိတယ်လို့ ဦးထွန်းမြတ်လင်းက ပြောပါတယ်။

ကိုးကန့် အဖွဲ့ အနေနဲ့ ၂၀၀၉ ခုနှစ်က မောင်းထုတ်ခံခဲ့ရတဲ့ သူတို့ရဲ့ နယ်မြေမှာ ပြန်လည် လာရောက်နေထိုင်လိုတာ ဖြစ်ပြီး ပြန်နေလို့ရအောင် အကောင်းဆုံး ကြိုးစားသွားမယ်လို့လည်း သူက ပြောပါတယ်။

ကိုးကန့် အဖွဲ့နဲ့ အတူ KIA ကချင် လွတ်လပ်ရေး တပ်မတော်၊ ရခိုင်တပ်မတော်၊ TNLA အဖွဲ့နဲ့ SSPP/SSA အဖွဲ့တို့ ပူးပေါင်းပြီး အစိုးရ တပ်တွေကို တိုက်ခိုက်တာ ဖြစ်တယ်လို့လည်း ဦးထွန်းမြတ်လင်းက ပြောပါတယ်။

အပစ်အခတ် ရပ်စဲရေး အတွက် မြန်မာအစိုးရက တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ ဆွေးနွေးပွဲတွေ ပြုလုပ်နေစဉ်မှာပဲ အခုလို ပြင်းထန်တဲ့ တိုက်ပွဲတွေလည်း ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.co.uk/burmese/burma/2015/02/150213_kokang_fightings_13feb15

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သတင်း ထုတ်ပြန်ရေးအဖွဲ့ သတင်းထုတ်ပြန်ချက်-သမ္မတရုံး
ဒီကနေ့ညဘက်ပိုင်းမှာ အစိုးရ အသံလွှင့်ဌာနတွေ ကနေပြီးတော့ ကျောင်းသားတွေ ရဲ့ သပိတ်နဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်ကြေညာပါတယ်။ အမျိုးသားပညာရေးကို ဆန့်ကျင်ပြီး ဒီမိုကရေစီပညာရေး တောင်းဆိုဆန္ဒပြ ချီတက်နေတဲ့ သပိတ်မှောက် ကျောင်းသားတွေရဲ့ ဆန္ဒပြမှုကို တားမြစ်လိုက်ပြီးတော့ သပိတ်မရပ်နားရင် ဥပဒေနဲ့အညီ အရေးယူသွားဖို့ ကြေညာလိုက်ပါတယ်။ အသေးစိတ် ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင် ကန့်ကွက်နေတဲ့ သပိတ်စစ်ကြောင်းများနဲ့ ပတ်သက်လို့ ရန်ကုန်မြို့ကို ဆက်လက် ချီတက်ပါက ဥပဒေနဲ့အညီ အရေးယူသွားမယ်ဆိုပြီး မြန်မာအစိုးရက ဖေဖေါ်ဝါရီလ ၁၃ရက်နေ့ ည ရနာရီမှာ နိုင်ငံပိုင် သတင်းဌာနဖြစ်တဲ့ မြန်မာအသံကနေ သတင်း ထုတ်ပြန်ခဲ့ပါတယ်။

"ဆန္ဒပြကျောင်းသားကျောင်းသူများ သိရှိနိုင်ရန် သတင်းထုတ်ပြန်ချက်- ၂၀၁၅ခုနှစ် ဖေဖော်ဝါရီလ ၁၁ရက်နေ့တွင် ပြည်ထောင်စုသမ္မတနိုင်ငံတော် အစိုးရကိုယ်စားလှယ်များ၊ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များ၊ NNER ကိုယ်စားလှယ်များ၊ ဒီမိုကရေစီပညာရေး ဦးဆောင်ကော်မတီ မှ ကျောင်းသား ကိုယ်စားလှယ်များနှင့်လေးပွင့်ဆိုင်တွေ့ဆုံညှိနှိုင်းဆွေးနွေးရာတွင် တောင်းဆိုချက် ၁၁ချက်နှင့် ပတ်သက်ပြီး နှစ်ဖက်သဘောတူညီချက်များ ရရှိခဲ့ကြပြီးဖြစ်ပါသည်။ ဒါ့အပြင် အခြားသဘောတူညီချက်များကိုလည်း လိုက်လျောပေးထားပြီးဖြစ်လို့ သပိတ်စစ်ကြောင်းများ ရန်ကုန်မြို့သို့ ဦးတည်ချီတက်ခြင်းမပြုရန် အဆိုပါ ညှိနှိုင်း အစည်းအဝေးတွင် ပြောကြားထားပြီးဖြစ်ပါသည်။ အစည်းအဝေးရလာဒ်များကို ဆက်လက်အကောင်အထည်ဖော်ရန်အတွက် ၂၀၁၅ခုနှစ် ဖေဖော်ဝါရီလ ၁၄ရက်နေ့တွင် လေးပွင့်ဆိုင် ထပ်မံတွေ့ဆုံဆွေးနွေးရန် သဘောတူညီ ထားပြီးဖြစ်ပါသည်။ သို့သော် ယခုအခါ သပိတ်စစ်ကြောင်းများသည် ရန်ကုန်မြို့သို့ ဆက်လက်ဦးတည်လှုပ်ရှားနေကြသဖြင့် မလိုလားအပ်သော ပြဿနာများ မဖြစ်ပေါ်စေရန်နှင့် နိုင်ငံတော်တည်ငြိမ်ရေး တရားဥပဒေစိုးမိုးရေး ရပ်ရွာအေးချမ်းသာယာရေး တို့အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းသို့ သပိတ်စစ်ကြောင်းများ ဝင်ရောက်ခြင်းမပြုနိုင်ရန် ဥပဒေနှင့် အညီဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်း ထုတ်ပြန်အပ်ပါသည်ဟု ဖော်ပြပါရှိပါတယ်ခင်ဗျာ။"

အစိုးရရဲ့သတင်းထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ ၁၁ရက်နေ့ဆွေးနွေးပွဲက ၁၄ရက်မတိုင်ခင် ရန်ကုန်ကို သပိတ်စစ်ကြောင်းတွေဝင်မလာဖို့ကိုသာ သဘောတူ ထားခဲ့ကြောင်း အခုလိုမျိုး အစိုးရဘက်က ရုတ်တရက် သတင်းထုတ်ပြန်ချက်နဲ့ ပတ်သက်လို့တော့ ကျောင်းသား အားလုံးပြန်လည် တိုင်ပင်ဆွေးနွေးပြီးမှ သူတိုရဲ့ သဘောထားကို ထုတ်ပြန်မှာဖြစ်ကြောင်း ပင်မသပိတ်စစ်ကြောင်းက သပိတ်ခေါင်းဆောင် ကိုသီဟ ၀င်းတင်က ဆိုပါတယ်။

"အရင်တုန်းကကျတော့ သူတို့ပြောထားတာ ဒီဖေဖော်ဝါရီ ၁၄မတိုင်ခင် ရန်ကုန်ထဲ မဝင်ဖို့ပုံစံပဲ ပြောထားတာပေါ့နော်။ အခုကျတော့ လုံးဝကို အဝင်မခံဘူးဆိုတဲ့ ပုံစံမျိုး ဖြစ်သွားတယ်။ မတိုင်ပင်ရသေးတော့ ပြောရ နည်းနည်းခက်နေတဲ့ အနေအထားဖြစ်နေတယ်။ အဲ့တာကြောင့် ပြန်တိုင်ပင် ပြန်စည်းဝေးဖို့ လုပ်နေတယ်။ အခုကကျတော့ ပေါင်းတည်မှာနားနေကြတော့လေ။ မနက်ဖြန်ကျရင်တော့ ၁၅ဦး အစည်းအဝေး ဒီညကျနော်တို့က ဆက်ပြီး အစည်းအဝေး လုပ်မယ်။ ဘာဖြစ်လို့လဲဆိုတော့ မနက်ဖြန် ဒီ ၁၅ဦးအနေနဲ့ ဆွေးနွေးဖို့ ကျနော်တို့ ဒီဘက် သဘောထားကို သိရမှာ။ ဒါကြောင့် ဒီည အစည်းအဝေး လုပ်ပြီးပြီးချင်း ဖြိုးဖြိုးတို့နဲ့ ပြန်ဖုန်းပြောရဦးမှာ။"

ဖေဖေါ်ဝါရီ ၁၄ရက်နေ့မှာတော့ ကျောင်းသား၊ အစိုးရ လွှတ်တော် နဲ့ NNER က ကိုယ်စားလှယ်တွေ ထပ်မံတွေ့ဆုံဖို့ရှိပြီး ဒီဆွေးနွေးပွဲ ကနေ ကျောင်းသားတွေ ဘက်ကလည်း သူတို့သဘောထားတွေ ကိုပြောဆို သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

မအေးအေးမာ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/goverment-warn-student-lond-march/2642883.html

ဖေဖော်ဝါရီလ ၃ ရက်နေ့က ဧရာဝတီ ကျောင်းသား သပိတ်စစ်ကြောင်း ပုသိမ်မြို့ကနေ ချီတက်လာစဉ်။ Photo: ဧရာဝတီ သပိတ်စစ်ကြောင်း
အမျိုးသားပညာရေးဥပဒေ သပိတ်မှောက်ကျောင်းသား ကျောင်းသူတွေဟာ သပိတ်ကို ဒီနေ့ရပ်နားပြီး ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁ဝဝ ပြည့် အခမ်းအနားတွေ ကျင်းပကြပါတယ်။

ဗိုလ်ချုပ်ရာပြည့်ပွဲကို ကြိုဆိုဂုဏ်ပြုတဲ့အနေနဲ့ ကျိုက်လတ်မြို့မှာ 'အောင်ဆန်းမျိုးဆက်' လို့ နံမည်ပေးထားတဲ့သံချပ်နဲ့ ဂုဏ်ပြုဖျော်ဖြေခဲ့တယ်လို့ ဧရာဝတီသပိတ်စစ်ကြောင်းက ကိုအောင်အောင်ကျော်က ပြောပါတယ်။

'"မအူပင်မှာတော့ ကျနော်တို့ မတက်ခဲ့ဘူး၊ ကျိုက်လတ်မှာတော့ ဗိုလ်ချုပ်ရာပြည့်ပွဲကို ဒီကကျောင်းသားတွေ ညကအရေးပေါ် သံချပ်တိုက်ပြီးတော့ အောင်ဆန်းမျိုးဆက်ဆိုတဲ့ သံချပ်နဲ့ ဗိုလ်ချုပ်ရာပြည့်ပွဲကိုပါ ဝင်ပြီးကျင်းပခဲ့ကြတယ်ပေါ့"

ဧရာဝတီသပိတ်စစ်ကြောင်းက ကျောင်းသား ကျောင်းသူတွေဟာ ကျိုက်လတ်မြို့ကနေ ဖျာပုံမြို့ကို ဆက်လက်ချီတက်မှာဖြစ်ပါတယ်။

အလားတူ ပေါင်းတည်မြို့ကို ရောက်ရှိနေတဲ့ ပင်မသပိတ်စစ်ကြောင်းက ကျောင်းသား ကျောင်းသူတွေက ပေါင်းတည်မြို့ခံတွေကျင်းပတဲ့ ဗိုလ်ချုပ်ရာပြည့်အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။

ဒီအတောအတွင်း ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁ဝဝ ပြည့်နေ့အဖြစ် ဗိုလ်ချုပ်နေထိုင်ခဲ့တဲ့ ရန်ကုန်တက္ကသိုလ် ပဲခူးဆောင်ကို အများပြည်သူ ကြည့်ရှုလေ့လာနိုင်အောင် ဒီကနေ့ ဖွင့်လှစ်ထားရှိပါတယ်။

RFA Burmese
http://www.rfa.org/burmese/news/students-march-gen-aun-san100th-day-02132015120032.html

ကျောင်းသားများဆန္ဒ မပါ ပဲ မြင်းခြံ နည်းပညာကောလိပ် အတွင်း ကပ်ထားသော ဆိုင်းဘုတ်များအား မြင်းခြံ နည်းပညာကောလိပ် ကျောင်းသားများ မှ ဖြုတ်ချ
လိုက်ကြကြောင်း။

သတင်းဓါတ်ပုံ- Abfsu Myingyan Gtc

နတ်မောက်မြို့မှာ ဖေဖော်ဝါရီ ၁၃ ရက်နေ့က ကျင်းပတဲ့ ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁ဝဝ ပြည့် မွေးနေ့ပွဲမှာ ဒေါ်အောင် ဆန်းစုကြည်ကို တွေ့ရစဉ်။ Photo: Kyaw Lwin Oo,Kyaw Zaw Win/RFA
ဗိုလ်ချုပ်အောင်ဆန်းကို လေးစားဂုဏ်ပြုချင်ရင် သူဖြစ်စေချင်တဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ ပြည်ထောင် စု နိုင်ငံဖြစ်အောင် အားလုံးကဝိုင်းကြိုးစားဖို့ ဒေါ်အောင် ဆန်းစုကြည်က တိုက်တွန်းပြောကြားခဲ့ပါတယ်။

နတ်မောက်မြို့မှာ ဒီနေ့ကျင်းပတဲ့ ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁ဝဝ ပြည့် မွေးနေ့ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို တိုက်တွန်းပြောကြားခဲ့တာပါ။

"ဖေဖေ့ကို လေးစားတယ်၊ ဖေဖေ့ရဲ့ တန်ဖိုးထားတွေကို တန်ဖိုးထားတယ်ဆိုလို့ ရှိရင် ဖေဖေကဆိုလို့ရှိရင် ဒီနိုင်ငံကို တိုင်းရင်း သားမျိုးစုံနဲ့ အားလုံးစုပေါင်းပြီးတော့ ထူထောင် ထားတဲ့ ဒီမိုကရေစီပြည်ထောင်စု နိုင်ငံတစ်ခု အနေနဲ့ မြင်ချင်ပါတယ်၊ ဖေဖေ့အတွက် တကယ့်အာဇာနည် ဗိမာန်ကြီးဆိုတာကတော့ စစ်မှန်တဲ့ ဒီမိုကရေစီပြည်ထောင်စုကပဲ ဒီလိုစစ်မှန်တဲ့ ဒီမိုကရေစီပြည်ထောင်စု ထူထောင်သောအားဖြင့် ဖေဖေ့ကို ဂုဏ်ပြုကြပါလို့ ကျမအနေနဲ့ တိုက်တွန်း ချင်ပါတယ်"

ဒါ့အပြင် အစိုးရဆိုတာ တိုင်းသူပြည်သားတွေအပေါ်မှာ မေတ္တာနဲ့ စေတနာထားရမှာဖြစ်ကြောင်း ၁၉၄၇ ခုနှစ်က နတ်မောက်မြို့ကို ဗိုလ်ချုပ်အောင်ဆန်း နောက်ဆုံးရောက်ရှိစဉ် ပြောကြားခဲ့တဲ့ မိန့်ခွန်းကိုလည်း ရှင်းပြခဲ့ပါတယ်။

ဒီနေ့ နတ်မောက်မြို့မှာ ကျင်းပတဲ့ ဗိုလ်ချုပ်အောင်ဆန်းနှစ် ၁ဝဝ ပြည့် မွေးနေ့ကို ဒေသအသီးသီးက တိုင်းရင်း သားတွေကလည်း ရိုးရာအကတွေနဲ့ တက်ရောက်ဂုဏ်ပြုကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ နတ်မောက်မြို့ ဗိုလ်ချုပ်အောင်ဆန်းနေအိမ် ပြတိုက်ထဲက ဗိုလ်ချုပ်အောင်ဆန်း နှစ် တစ်ရာပြည့် ကျောက်စာတိုင်နဲ့ ပုံတူရုပ်ထုကိုလည်း သီတဂူဆရာတော်ကြီး အရှင်ဥာဏိဿရနဲ့ အတူ ဖွင့်လှစ်ပေး ခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese/news/gen-aung-san-100th-dassk-speech-02132015092718.html

လက်ရှိ ကျောင်းသားများ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ပေးရန်သပိတ်မှောက်တောင်းဆိုနေမှုများနဲ. စပ်လျဉ်းပြီးယနေ့မှာ ကြေငြာချက်တွေ
အသီးသီးထွက်ရှိလာတာ ဟာ မနက်ဖန်(၁၄.၂.၂၀၁၅)တွေ့ဆုံညှိနှိုင်းရေး မှာ တင်းမာမှုတွေ ရှိလာနိုင်ပါတယ်...။

Kyaw Swar Myint

ယနေ့ ဖေဖေါ်ဝါရီလ၊ ၁၃ရက်နေ့တွင် ကျရောက်သော ဗိုလ်ချုပ် ရာပြည့်ပွဲတော်ကို ဗိုလ်ချုပ်၏ မွေးရပ်ဇာတိ နတ်မောက်မြို့တွင် ကျင်းပခဲ့သည်။

ထိုရာပြည့်ပွဲတော်တွင် သီတဂူဆရာတော်ကြီးမှ ရာပြည့် အထိမ်းအမှတ်ကျောက်စာ လှူဒါန်းခဲ့ပါသည်။

ရာပြည့်ပွဲကို အစီစဉ်သုံးပိုင်းဖြင့် ကျင်းပပြုလုပ်ရာ ပထမအစီစဉ်တွင် အခမ်းအနား ဖွင့်လှစ်ပြီးနောက် ကျေးဇူးတော်ရှင် သီတဂူဆရာတော် ဘုရားကြီးမှ ဗိုလ်ချုပ်၏ဂုဏ်ကျေးဇူးကို သခင်ကိုယ်တော်မှိုင်း ရေး သားသော လေးချိုးဖြင့် ဝေဝေဆာဆာ ရှင်းပြဟောကြားပေးခဲ့သည်။

ထို့နောက်တွင် ဗိုလ်ချုပ်၏ သမီးဒေါ်အောင်ဆန်းကြည်မှ တက်ရောက် လာသော လူထုပရိသတ်ကြီးအား မိမိ၏ ဖခင်တစ်ဦးအဖြစ်လည်းကောင်း၊ တိုင်းပြည်ခေါင်းဆောင်တစ်ဦး အဖြစ်လည်းကောင်း၊ အမျိုးသားခေါင်းဆောင်ကောင်းတစ်ဦး၏ တိုင်းပြည်အပေါ် ထားရှိခဲ့သော သစ္စာတရားကို အဓိကထားကဟောပြောပြီး ဗိုလ်ချုပ်ကို တကယ် ချစ်မြတ်နိုး ပါက ဗိုလ်ချုပ်ဖြစ်စေချင်သော ဒီမိုကရေစီပြည်ထောင်စုကြီးကို တိုင်းရင်းသား ညီအစ်ကို မောင်နှမများ စည်းကမ်းရှိရှိ လက်တွဲကာ အဓွန့်ရှည် တည်တံ့ရန် အတွက် ထိန်းသိမ်းဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြားသွားခဲ့ပါသည်။

အစီစဉ် ဒုတိယပိုင်းကို ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်တွင် သီတဂူ ဆရာတော်ဘုရားကြီး လှူဒါန်းသော ကျောက်စာဖွင့်ပွဲ ပြုလုပ်ခဲ့သည်။

သတင်း - သီတဂူထိန်းလင်းဦး၊ သီတဂူကျော်ဆန်းဝင်း၊ သီတဂူမောင်မောင်

The Ladies News Journal



သတင်းဓာတ်ပုံ - ကောင်းထက်ကျော် DVB
ပဲခူးမြို့ကို လာနေတဲ့ မြေလတ်-မုံရွာ-မော်လမြိုင်-ထားဝယ် ပူးပေါင်းထားတဲ့ ဒီမိုကရေစီ ပညာရေး ကျောင်းသား သပိတ်စစ်ကြောင်းဟာ ပဲခူးတိုးဂိတ် အတားအဆီးတွေကို ဖြတ်ကျော်လာနိုင်ခဲ့ပါတယ်။ အခုလက်ရှိ မြန်မာစံတော်ချိန် ၈နာရီခွဲကျော်လောက်မှာ ပဲခူးမြို့ဝင်ဖို့ ၆မိုင်လောက် အကွာရောက်ရှိနေပြီး အချိန်နဲ့ လုံခြုံရေး အခြေအနေအရ ကားများနဲ့ ဆက်သွားနေတာ ပဲခူးမြို့မှ ကြိုဆိုပါဧ။် ဆိုင်းဘုတ်ကို ကျော်လာပြီ ဖြစ်ပါတယ်။

ပဲခူးမြို့ပေါ်မှာလည်း ဒီနေ့ ပဲခူးကျောင်းသားများသမဂ္ဂက ဒီမိုကရေစီ ပညာရေး စစ်ကြောင်း မြို့တွင်းလှည့်လည်ပြီး ပဲခူတက္ကသိုလ်ထဲမှာ စည်းရုံး ဟောပြောခဲ့ကြပါတယ်။

အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး ချီတက်နေတဲ့ ကျောင်းသားသပိတ် စစ်ကြောင်းတွေကို ရန်ကုန်တိုင်းအတွင်း ၀င်ရောက်ခြင်းမပြုနိုင်ရန် ဥပဒေနဲ့ အညီဆောင်ရွက်မယ်လို့ အစိုးရသတင်း ထုတ်ပြန်ရေးအဖွဲ့က ဒီကနေ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့ ည ၇ နာရီ မြန်မာ့ရုပ်မြင်သံကြား သတင်းမှာ ကြေညာထားပါတယ်။

DVB TV News
https://www.facebook.com/DVBTVNews

 
ဗိုလ်ချုပ်ကို ပြည်သူတွေ မမေ့နိုင်ကြ

ဒီကနေ့ဟာ မြန်မာ့ လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ် အောင်ဆန်း ရဲ့ ရာပြည့် မွေးနေ့ ဖြစ်ပါတယ်။

လွတ်လပ်ရေး ကို မမြင်လိုက် ရဘဲ ကွယ်လွန် သွားခဲ့တဲ့ လွတ်လပ်ရေး ရဲ့ ကျေးဇူးရှင် နိုင်ငံ ခေါင်းဆောင် တယောက် ရာပြည့်ချိန် ထိ ပြည်သူ အများက သူ့ကို တမ်းတမ်း တတနဲ့ သူ့ရဲ့ ရာပြည့် အခမ်းအနား တွေ အမြို့မြို့ အနယ်နယ် မှာ ဆင်နွှဲ နေကြ တာ တွေ့ရပါတယ်။

ဒီလို ပြည်သူအများ ရိုသေ လေးစား ခံရတဲ့ ဗိုလ်ချုပ် ဟာ ဘယ်လို လူလဲ၊ ဘယ်လို နိုင်ငံရေး ဂုဏ်သိက္ခာနဲ့ ပြည့်ဝလဲ သူ့ကို သိမီ လိုက်သူ နိုင်ငံရေး လောက ထဲက တချို့ ကို ဆက်သွယ် မေးမြန်း ကြည့်ခဲ့ပါတယ်။

ပထမဆုံး ဗိုလ်ချုပ် အောင်ဆန်း ရဲ့ ကျောင်းသား ဘဝ၊ သခင် နိုင်ငံရေး သမား ဘဝ ထဲက ရောင်းရင်း ရဲဘော် တယောက် ဖြစ်တဲ့ စာရေးဆရာ နဲ့ ဝန်ကြီးချုပ် ဟောင်း ဦးနု ရဲ့ သမီးကြီး ဖြစ်တဲ့ ဒေါ်စန်းစန်းနုက သူသိတဲ့ လွတ်လပ်ရေး ကြိုးပမ်းမှု ခေတ် က နိုင်ငံရေး သမား ဦးလေး အောင်ဆန်း အကြောင်းကို ပြောပြပါတယ်။

ဦးလေး အောင်ဆန်း ဟာ အိမ်လာရင် လောကွတ် ပျူငှာ မပြောတတ်တဲ့ ရိုးအေးသူ တယောက် ဖြစ်ပြီး သူစိတ်ပါရာကို အာရုံနှစ် လုပ်ကိုင်တယ်လို့ သူက ဆိုပါတယ်။

ဂျပန် ခေတ်မှာ ဒေါ်ခင်ကြည် နဲ့ အိမ်ထောင် ကျပြီးနောက် ဇနီးကို ဂရုတစိုက် ချစ်ခင်မှု ပြတာ တွေ့ရ ပြီး ဂျပန် တော်လှန်ရေး မတိုင် ခင် သူ့ဖခင်နဲ့ အိမ်မှာ တိုင်ပင်လေ့ ရှိတယ်လို့ ဆိုပါတယ်။

တော်လှန်ရေး အပြီး ဖဆပလ ဖွဲ့ခါ နိုင်ငံရေး ဆောင်ရွက် ချိန်မှာတော့ သူ့ကို ထောက်ခံ ယုံကြည်သူ အင်မတန် များတယ်၊ နောက် သူ့ဖခင် ကို သူ လုပ်ကြံမခံရခင် တရက် ညမှာ နောက်ဆုံး လာတွေ့ သွားတယ် လို့ ပြောပြ ပါတယ်။

ကျောင်းသားဘဝ၊ သခင် နိုင်ငံရေး သမား ဘဝ၊ စစ်ဗိုလ်ချုပ် ဘဝ စတဲ့ ဘဝ အထွေထွေမှာ ကျင်လည်ရင်း မြန်မာပြည် လွတ်လပ်ရေး အတွက် တစိုက်မတ်မတ် ဆောင်ရွက် ခဲ့တဲ့ ဗိုလ်ချုပ် အောင်ဆန်း ဟာ မြန်မာပြည်ရဲ့ ထိပ်တန်း နိုင်ငံရေး ခေါင်းဆောင် တယောက် ဖြစ်လာခဲ့ပါတယ်။

ကျောင်းသား နိုင်ငံရေး လှုပ်ရှားမှု တွေထဲက သူ့ကို မြင်တွေ့ ခဲ့ဖူးတဲ့ အသက် ၉ဝ ကျော် နိုင်ငံရေး သမားကြီး သခင် ချန်ထွန်းက တော့ ဗိုလ်ချုပ် အောင်ဆန်း ဟာ ပြတ်သားသူ၊ သူ ညွှန်ကြားသမျှ တိုင်းပြည်က လက်ခံ လိုက်နာတဲ့ထိ သြဇာ ညောင်းသူ လို့ ပြန်ပြောင်း ပြောပါတယ်။

သူ ကျဆုံးချိန်မှာ နယ်တွေမှာ လူထုကို ထိန်းထိန်း သိမ်းသိမ်း ရှိဖို့ ဖဆပလ အဖွဲ့ချုပ်က ချက်ချင်း ဆက်သွယ် ခဲ့တယ် လို့လည်း သူက ပြောပါတယ်။

လုပ်ကြံမှု ဘာကြောင့် ဖြစ်

လွတ်လပ်ရေး ရခါနီး အရှိန်ကို ရိုက်ချိုး သလို ဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်တို့ ကျဆုံး ရမှုဟာ မနာလို သူ ဂဠန် ဦးစော ရဲ့ အကြံအစည် ပက်စက်မှုကြောင့် လို့ အများက သိကြ ပါတယ် ။

မေ့ပျောက် နိုင်ဖို့ ခဲယဉ်းတဲ့ ဗိုလ်ချုပ်

ဆိုရှယ်လစ် ပါတီ ထဲက ရန်ကုန် ဘဆွေ ဆိုတဲ့ အယူသည်း ပြင်းထန်တဲ့ စာရေးဆရာ နိုင်ငံရေး သမား တယောက်က ဦးစော ကို လုပ်ကြံ ခဲ့ဖူးတာ ကို ဦးစော က ဒါ ဗိုလ်ချုပ်က တပည့်တွေ လွှတ် သတ်ခိုင်းတာလို့ ယူဆ ပြီး တုံ့ပြန် လုပ်ကြံတာ ဖြစ်တယ် လို့ သခင်ချန်ထွန်း က ရှင်းပြ ပါတယ်။

ပြင်းထန်လှတဲ့ နိုင်ငံရေး ဝဲသြဃ ဂယက် တွေ ကြောင့် ဗိုလ်ချုပ် အောင်ဆန်း လို နိုင်ငံရေး ခေါင်းဆောင် ကောင်းတွေ မြန်မာ ပြည်မှာ ဆုံးရှုံးခဲ့ရ တာ ကတော့ သမိုင်း ဖြစ်စဉ်မှာ အထင်အရှား တွေ့ရပါတယ်။

ဒါပေမဲ့လည်း မြန်မာ ပြည်သူ တွေ ကတော့ သူတို့ အပေါ် စေတနာ စစ်စစ်မှန်မှန်နဲ့ ကောင်းကျိုး ပြုခဲ့တဲ့ ခေါင်းဆောင် မျိုးကို ဘယ်ခေတ် ဘယ်စနစ်တွေပဲ ရောက်ရောက် မေ့ပျောက် နိုင်ကြဖို့ ကတော့ ခဲယဉ်းတယ် လို့ ပြောရမှာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.co.uk/burmese/burma/2015/02/150212_bogyoke_centenary

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တိုင်းရင်းသားအဖွဲ့တွေ နေပြည်တော်မှာ တွေ့ဆုံ ( သတင်းဓာတ်ပုံ-ပြန်ကြားရေးဝန်ကြီးဌာန)
နေပြည်တော်မှာ ကျင်းပတဲ့ ပြည်ထောင်စုနေ့ အခမ်းအနားကို တက်ရောက်ခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့က ခေါင်းဆောင်တွေဟာ ဒီကနေ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ရာမှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က တပ်မတော် အနေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ဌာနချုပ်တွေကို တိုက်ခိုက်တာ မရှိဘူး ဆိုတာကို အလေးထား ပြောကြား ခဲ့ပါတယ်။ လွှတ်တော် ဥက္ကဋ္ဌတွေနဲ့ တွေ့ဆုံရာမှာတော့ ပြည်တွင်း ငြိမ်းချမ်းရေး နဲ့ နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပရေးကို အလေးထားဆွေးနွေးခဲ့ကြပါတယ်။ သတင်း အပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြ ထားပါတယ်။

နိုင်ငံတော်အစိုးရရဲ့ ဖိတ်ကြားချက်နဲ့ ပြည်ထောင်စုနေ့အခမ်းအနားကို တက်ရောက် လာတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေဟာ သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရ အဖွဲ့ဝင်တွေ၊ နိုင်ငံရေး ပါတီခေါင်းဆောင်တွေ နဲ့ တွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုင်ရာ ကတိ ကဝတ်ပြုချက် ကို သဘောတူ လက်မှတ်ရေးထိုးဖို့ မနေ့က ဆောင်ရွက်ခဲ့သလို ဒီကနေ့မှာတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌတို့နဲ့ သီးခြားစီတွေ့ဆုံဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေနဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဟာ ဒီကနေ့မနက် နေပြည်တော် ဘုရင့်နောင်ခန်းမမှာ မနက် ၈နာရီခွဲကနေ ၁၀နာရီထိ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲမှာ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က တပ်မတော်ရဲ့ အမျိုးသားရေးမူဝါဒ ၃ရပ်ကို ရှင်းလင်းပြောဆိုခဲ့သလို တိုင်းရင်းသားခေါင်းဆောင်တွေဖက် ကတော့ ပြည်ထောင်စုနေ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုင်ရာ ကတိကဝတ်ပြုချက်မှာ ပါဝင် လက်မှတ်ထိုးဖြစ်တဲ့ အကြောင်းနဲ့ မထိုးဖြစ်တဲ့ အကြောင်းတွေကို ရှင်းလင်းဆွေးနွေးခဲ့ပါတယ်။

တဆက်တည်းမှာပဲ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က တိုင်းရင်းသားတပ်ဖွဲ့တွေရဲ့ ဌာနချုပ်ကို တိုက်ခိုက်တာမျိုး မရှိကြောင်း ပြောဆိုသလို ၀ပြည်သွေးစည်းညီညွတ်ရေး တပ်ဖွဲ့ UWSAနဲ့ မိုင်းလားခေါ် အမျိုးသားဒီမိုကရေစီသွေးစည်းညီညွတ်ရေးတပ်ဖွဲ့ NDAA ကတော့ လက်ရှိ ကိုးကန့်ဒေသတိုက်ပွဲနဲ့ ပတ်သက်ပြီး သူတို့ ရပ်တည်ချက်ကို ရှင်းလင်းခဲ့ကြတယ်လို့ ပအိုဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက ပြောပါတယ်။

"တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အနေနဲ့က သူတို့တပ်မတော်အနေနဲ့က ဘယ်သူရဲ့ဌာနချုပ်ကိုမှ ထိုးစစ်ဆင်ပြီး တိုက်ခိုက်တာမျိုးမရှိဘူး။ သို့သော်လည်း သူတို့အနေနဲ့ ခုခံကာကွယ်ရုံမှလွဲလို့ ကျန်တာ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ မရှိဘူးဆိုတာကိုတော့ သူ့အနေနဲ့ အလေးအနက်ထား ကတိပေး ပြောကြားပါတယ်။ UWSA ရဲ့ ကိုယ်စားလှယ်ပြောတာတော့ သူတို့ဟာ ဒီစစ်ရေးအရ၊ နိုင်ငံရေးအရ ဘာမှ ပါဝင်ပတ်သက်မှု မရှိဘူး။ သို့သော်လည်း သူတို့ရဲ့ ဆေးရုံတွေမှာပေါ့လေ ထိခိုက်လာတဲ့သူတွေကို လူသားချင်းစာနာမှုနဲ့ သူတို့ကတော့ ဒါကို စောင့်ရှောက်မှု ပေးတယ် ဆိုတဲ့အကြောင်းကိုတော့ ပြောပါတယ်။ ကျန်တဲ့ နိုင်ငံရေးအရ၊ စစ်ရေးအရတော့ သူတို့အနေနဲ့ ကူညီထောက်ပံ့ခြင်း မရှိဘူးဆိုတာကို ရှင်းပါတယ်။ မိုင်းလားအဖွဲ့လည်း ထိုနည်းတူပါပဲ။"

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေဟာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့နဲ့ နေ့ခင်း၁၁နာရီကနေ့ ၁နာရီအထိတွေ့ဆုံခဲ့ပြီး အဓိက ဆွေးနွေးဖြစ်တာတွေကို ဦးခွန်မြင့်ထွန်းက အခုလို ဆက်ပြောပါတယ်။

"အဓိကအားဖြင့်တော့ ဒီနေ့ ကျနော်တို့တိုင်းပြည်ရဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို အမြန်ရရှိအောင် အကောင်အထည်ဖော်နိုင်ဖို့ နောက်တခါ နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်နိုင်ဖို့ ကျနော်တို့ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ သဘောထားတွေ ကို အဓိက သူတို့နားထောင်ချင်ပါတယ် လို့ပြောပါတယ်။ သူတို့ကတော့ လွှတ်တော်ရဲ့ တာဝန်ရှိမှု၊ တာဝန်ခံမှုနဲ့ပေါ့လေ ဒါကိုတတ်နိုင်သမျှကြိုးစားဆောင်ရွက်မယ် ဆိုတဲ့အကြောင်း အဲ့တာကို ပြောပြီးတော့ ဆွေးနွေးပွဲကို စကြတာဖြစ်ပါတယ်။ ဆွေးနွေးကြတဲ့ ပုဂ္ဂိုလ်တွေကတော့ မနေ့က လက်မှတ် မရေးထိုးဖြစ်တာဟာ ငြိမ်းချမ်းရေးကို ကျနော်တို့ မလိုလားလို့ မဟုတ်ဘူးဆိုတာ အပါအဝင်ပေါ့လေ ကျနော်တို့ ရှင်းပြကြတာတွေရှိတယ်။ နောက်တခုက မယုံကြည်မှုတွေ သံသယတွေကို ပပျောက်ဖို့အတွက်ကို အဓိကထားပြီးဆောင်ရွက်မှ ငြိမ်းချမ်းရေးက ခိုင်မြဲမယ်ဆိုတာကို ပြောပါတယ်။"

အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေ အမြင်ချင်းဖလှယ်နိုင်တာဟာ လက်ရှိဆွေးနွေးနေတဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်အတွက် အထောက်အကူပြုနိုင်မယ်လို့ ယုံကြည်ကြောင်းလည်း ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ အထွေထွေ အတွင်းရေးမှုး ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

"အဓိကကတော့ ကျနော်တို့ အခုညှိနှိုင်းတဲ့နေရာမှာ ပထမဦးဆုံးအခက်အခဲက မယုံသင်္ကာမှုနဲ့ လွန်ခဲ့တဲ့ အချိန်ကဖြစ်ပျက်လာခဲ့တဲ့ အဖြစ်အပျက်တွေရဲ့ အကျိုးသက်ရောက်မှုပေါ့၊ ဒီလိုတွေ့ခြင်းအားဖြင့် တရားဝင်တာပဲပြောပြော၊ အလွတ်သဘော ဆွေးနွေးတာပဲ ပြောပြော ကျနော်တို့ တိုင်းရင်းသားဘက်က အစိုးရရဲ့ သဘောထားကို တင်ပြတာ ဒါကတော့ ပိုမိုပြီးတော့ တဖက်နဲ့ တဖက်ရဲ့ သဘောထားကို နားလည်လာတယ် ဆိုတော့ ကျနော်တို့ NCA (Nationwide Ceasefire Agreement ) သွားတဲ့နေရာမှာ ပိုမိုပြီးတော့ အထောက်အကူပြုတယ်လို့တော့ မြင်တယ်လေ။"

လက်ရှိဖြစ်ပွားနေတဲ့ ကိုးကန့်တိုက်ပွဲနဲ့ပတ်သက်ပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က မကြာခင်မှာ သတင်းစာရှင်းလင်းပွဲကျင်းပဖို့ ရှိကြောင်း ပြောဆိုခဲ့သလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖက်ကလည်း အခြေအနေ အသေးစိတ် မသိရသေးတာကြောင့် တစုံတရာဆွေးနွေးတာ မရှိကြောင်း လည်း ပြောပါတယ်။

ဒါဟာ အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော်ခေါင်းဆောင်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေ ဒုတိယ အကြိမ် တွေ့ဆုံတာ ဖြစ်ပြီး ပထမတကြိမ်ကတော့ လွတ်လပ်ရေးနေ့ အခမ်းအနားအပြီးတွေ့ဆုံခဲ့တာပါ။

ပြည်ထောင်စုနေ့အခမ်းအနားကို အစိုးရဖက်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၆ဖွဲ့ကို ဖိတ်ကြားခဲ့ရာမှာ ၁၃ဖွဲ့ တက်ရောက်ခဲ့ပါတယ်။ ပြည်ထောင်စုနေ့က လက်မှတ်ရေးထိုးတဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုင်ရာ ကတိကဝတ်ပြု သဘောတူချက်ကိုတော့ တက်ရောက်လာတဲ့အဖွဲ့တွေထဲက အဖွဲ့ ၄ဖွဲ့ ပါဝင်လက်မှတ်ရေးထိုးထားပါတယ်။

ကိုမိုးဇော် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/ethnic-armed-meet-commander-in-chief/2642799.html



ထားဝယ်-မော်လမြိုင် သပိတ်စစ်ကြောင်း တားဆီးခံရစဉ်
ကျောင်းသားတွေရဲ့တောင်းဆို ချက်တွေ အပေါ် သဘော တူညီမှုတွေ ရထား ပေမယ့် ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်က ဦးဆောင် ချီတက်နေတဲ့ ဒီမိုကရေ စီပညာရေး သပိတ်စစ်ကြောင်းကို မရပ်နားဘဲ ရန်ကုန်အထိ ဆက်လက် ချီတက်သွားမယ်လို့ ထုတ်ပြန် ကြေညာ ပါတယ်။

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်တဲ့  ဥပဒေမူကြမ်းကို လွှတ်တော်ဆီ တင်သွင်း အတည်ပြုတဲ့အထိ သပိတ်ကို ရပ်နားထားမှာမဟုတ်ဘဲ စောင့်ကြည့်ချီတက်မယ်လို့ ဗကသအဖွဲ့ချုပ်ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုရဲရင့်ကျော်က ပြောပါတယ်။

“ကျနော်တို့ အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ပြောင်းလဲပေးပါဆိုပြီး ၁၁ ချက်တောင်းဆိုထား တယ်။ လက်ရှိမှာ ၄ ပွင့်ဆိုင်ဆွေးနွေးပွဲမှာ ဒါမူအရပဲ သဘောတူသေးတယ်။ ဒါက ကတိက၀တ်အ ဆင့်ပဲရှိသေးတာ။ နောက်တဆင့်အနေနဲ့က အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေဆိုပြီး အဲဒီ ၁၁ ချက်ကို မူကြမ်းရေးရပါမယ်။ အဲဒီမူကြမ်းပြီးရင် လွှတ်တော်ကို တင်ရပါမယ်။ လွှတ်တော်က အတည်ပြုချက်ရမှသာ သမ္မတလက်မှတ်ထိုးပြီးတဲ့နောက် ဒီအမျိုးသား ပညာရေးဥပဒေမှာ ဒီ ၁၁ ချက် အသက်ဝင်မှာဖြစ်ပါတယ်။ အဲတော့ အခုက ပါစပ်းက လုပ်ပေးမယ်လို့ ပြောသေးတာ လက်တွေ့အဆင့်ကို မရောက်သေးဘူး။ ကျနော်တို့က အဲလောက်အဆင့်နဲ့ ကျေနပ်လို့မဖြစ်ဘူး။ လက်တွေ့အဆင့်ကိုရောက်မှသာ ကျောင်းသားနဲ့ပြည်သူ အခြေခံထားပြီးတော့ အသက်ဝင်လာတဲ့နေ့မှာသာ အမျိုးသားပညာရေးဥပဒေရဲ့ အသီးအပွင့်ကို ခံစားရမှာဖြစ်တယ်။ ဒီအချက် ၁၁ ချက်  လွှတ်တော်က အတည်ပြုပြီးတော့ ဥပဒေအဆင့်ရောက်တဲ့အထိ ကျနော်တို့က ဆက်လက်တိုက်ပွဲဝင်ရမှာဖြစ်လို့ပါ။ ”

ဒါ့အပြင် လွှတ်တော် အဆုံးအဖြတ်အရ ကျေနပ်စရာ ရလဒ်တွေ မရရှိပါက ရန်ကုန်အထိ သပိတ်မှောက် ဆက်လက် ချီတက်မှာဖြစ်သလို ကျေနပ်စရာ ရလဒ်တွေ ရရှိခဲ့ရင်လည်း ရန်ကုန်ကို အောင်မြင်မှု အထိမ်းအမှတ်အသွင်နဲ့ ဆက်လက်ချီတက်မယ်လို့ အဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အစိုးရနဲ့ ဆွေးနွေးထားခဲ့တဲ့အတိုင်း သပိတ်မှောက် ကျောင်းသားတွေကို အရေးမယူဘူး ဆိုတဲ့ ကတိကဝတ်အတိုင်း ညီညွှတ်စေဖို့၊ သပိတ်မှောက် ကျောင်းသားတွေကို ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက ဆက်လက် ဖိအားပေးတာတွေ မပြုလုပ်ဖို့လည်း တိုက်တွန်းထားပါတယ်။

ရန်ကုန်ထိ ဆက်လက်ချီတက်ရာမှာ  ၄ ပွင့်ဆိုင်ဆွေးနွေးပွဲ သဘောတူထုတ်ပြန် ခဲ့တဲ့အတိုင်း နှစ်ဦးနှစ်ဖက် စိုးရိမ်စရာမရှိအောင် ထိန်းသိမ်းချီတက်သွားမယ်လို့လည်း ကိုရဲရင့်ကျော်က ပြောပါတယ်။

ဒီကနေ့ မွန်ပြည်နယ် ကျိုက်ထိုမြို့ကနေ ထွက်မယ့် ထားဝယ်-မော်လမြိုင် နဲ့ မြေလပ်ကျောင်းသား ပူးပေါင်းစစ်ကြောင်းကို ဒေသခံ အရပ်ဝတ်တွေက တားမြစ်ခဲ့တယ်လို့ မုံရွာတက္ကသိုလ် ကျောင်းသားသမဂ္ဂခေါင်းဆောင် ကိုဝေမိုးနိုင်က ပြောပါတယ်။

“ကျနော်တို့ကို ကျိုက်ထိုမြို့ကအထွက်မှာ ဒီနေ့ကို ၃ ခါတားတယ်ဗျာ။ ကျိုက်ထိုက ကျနော်တို့ ဘုန်ကြီးကျောင်းကအထွက်မှာ ကျနော်တို့ကို တခါတားတယ်။ နောက်စစ်တောင်းတံတားအ၀င်မှာ တခါတားတယ်။ စစ်တောင်းတံတားအထွက်မှာ တခါတားတယ်။ ဆူပူလှုပ်ရှားမှုမဖြစ်အောင်တားတယ်ပေါ့။ အရပ်ဝတ်တွေကို သူတို့ ပိုက်ဆံပေးခေါ်ပြီးတော့ ကျနော်တို့ကို ထားခိုင်းတယ်။ ဒါပေမယ့် အတားဆီးတွေအားလုံးကို ကျနော်တို့ သပိတ်တပ်က ကျော်ဖြတ်နိုင်ခဲ့တယ်။”

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ရန်ကုန်လွှတ်တော်မှာ အစိုးရ၊ လွှတ်တော်၊ နိုင်ငံလုံးဆိုင်ရာ ပညာရေး ပြုပြင်ပြောင်းလဲမှုကွန်ရက် (အန်အန်အီးအာ)နဲ့ ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီက ကိုယ်စားလှယ်တွေ ဖေဖော်ဝါရီ ၁၁ ရက်နေ့က ဆွေးနွေးခဲ့ကြပါတယ်။

ဆွေးနွေးပွဲမှာ သပိတ်မှောက် ကျောင်းသားတွေရဲ့ တောင်းဆိုချက် ၁၁ ချက်ထဲက ၄ ချက်ကို အစိုးရက သဘောတူပြီး  ၇ ချက်ကို မူအားဖြင့် သဘောတူထားပါတယ်။

လာမယ့် ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ဒီသဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့ နှစ်ဖက်အလုပ်အဖွဲ့တွေက နည်းပညာဆိုင်ရာ ကိစ္စတွေကို ဆက်လက် ဆွေးနွေးမှာဖြစ်ပါတယ်။

By နော်နိုရင်း (ဒီဗွီဘီ)
http://burmese.dvb.no/archives/81489


ဓာတ်ပုံ – ကောင်းထက်ကျော်
အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ရေး တောင်းဆို ဆန္ဒပြနေကြတဲ့ ပဲခူးကျောင်သားများ သမဂ္ဂရဲ့ ဒီမိုကရေစီ ပညာရေး စစ်ကြောင်းဟာ ပဲခူးတက္ကသိုလ်ရှေ့မှာ ကျောင်းထဲ ၀င်ခွင့်မရဘဲ တားဆီး ခံခဲ့ရပါတယ်။

ပဲခူးမြို့တွင်း လှည့်လည်ဆန္ဒပြနေကြတဲ့ လူအင်အား ၁၀၀ ၀န်းကျင်လာက်ရှိတဲ့ သပိတ်စစ်ကြောင်းဟာ  ပဲခူးတက္ကသိုလ်ရှေ့ ရောက်ရှိချိန်မှာ လူတချို့က ကျောင်းဝင်း တံခါးတွေကို ပိတ်လိုက်ပြီး ဆိုင်းဘုတ်တွေကိုင်ဆောင်တားဆီးမှုနဲ့ ကြုံတွေ့ခဲ့ရ တာပါ။

ပဲခူးတက္ကသိုလ်ဝင်းထဲက ကျောင်းသားတွေက ကျောင်းနံရံအတွင်း ဘက်ကနေကြည့်ရှုနေပြီး သပိတ်မှောက် ကျောင်းသားတွေက တက္ကသိုလ်ဝင်ပေါက်ရှေ့မှာ ဟောပြောမှုတွေ ပြုလုပ်ခဲ့ပါတယ်။

မွန်းလွဲပိုင်းမှာတော့   ကျောင်းအတွင်းကနေ ပါမောက္ခချုပ်နဲ့ ကျောင်းအပြင်က သပိတ်မှောက်ကျောင်း သားတွေ အသံချဲ့စက်နဲ့ အပြန်အလှန် စကားပြောဆိုခဲ့ကြပြီး ကျောင်းသားတွေက ကျောင်းဝင်ပေါက်အပြင်ဘက်မှာ ထိုင်သပိတ် ပြုလုပ်နေကြပါတယ်။

ကျောင်းဝင်းထဲမှာရှိနေကြတဲ့ ကျောင်းသားတွေထဲက ပြန်ချင်သူတွေကို အဆောင်ဘက် အပေါက်က ပြန်ပို့ဖို့ သက်ဆိုင်ရာက စီစဉ်မှုတွေ ရှိနေသလို ပဲခူးတက္ကသိုလ်ဝင်းထဲက ကျောင်းသားတယောက်က အပြင်ဘက် သပိတ်စစ်ကြောင်းကနေ ကျောင်းသားအလံကိုယူပြီး ကျောင်းဝင်းထဲ လှည့်လည်မှုလည်းရှိခဲ့ပါတယ်။

ဒီနောက် ပြေလည်မှု ရရှိခဲ့ပြီး ကျောင်းဝင်းထဲ ၀င်ခွင့်ရခဲ့တယ်လို့ ကျောင်းသားတွေက ပြောပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/81461

လောက်ကိုင်ဒေသ တိုက်ပွဲဖြစ်ပွားရာပြမြေပုံ။ (ဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန)
ရှမ်းပြည်နယ် မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသရဲ့ မြို့တော် လောက်ကိုင် မှာ ဒီရက်ပိုင်း အတွင်း တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့နောက် ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့်ထုတ်ပြန် ထားပါတယ်။ လောလောဆည်မှာ တိုက်ပွဲတွေ ငြိမ်သက်လာနေပြီး အစိုးရတပ်ဖက်က နယ်မြေစိုးမိုးရေး လုပ်ငန်းတွေကို ဆောင်ရွက်နေပါတယ်။ ကိုးကန့်ဒေသရဲ့ နောက်ဆုံး အခြေအနေကို ဗွီအိုအေမြန်မာပိုင်းက သတင်းထောက် ကိုမိုးဇော်က အခုလို တင်ပြထားပါတယ်။

ကိုးကန့်ဒေသမှာ တနင်္လာနေ့က စတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ရာက မြို့တော်လောက်ကိုင် က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးရုံးကိုပါ ပစ်ခတ် တိုက်ခိုက် ခံရပြီးတဲ့နောက် ညမထွက်ရ အမိန့်ထုတ်ပြန်ခဲ့ တာဖြစ်ပါ တယ်။ လောက်ကိုင်မြို့မှာ ညမထွက်ရ အမိန့်ထုတ်ပြန်ထားတဲ့ အခြေအနေ ကို လောက်ကိုင်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးကျော်နီနိုင်က အခုလို ပြောပါတယ်။

" ဟုတ်တယ်။ ၁၄၄ ထုတ်ထားတယ်။ မနေ့ညကနေ စပြီးမှ။ မနေ့က ည ၁၀နာရီကနေ စပြီးမှ မနက် ၆နာရီအထိ ထုတ်ထားတယ်။ ဒီနေ့ မနက်တောင်မှ နည်းနည်း ကြိုကြား ကြိုကြား နည်းနည်း ကြားနေသေးတယ်။ ၇နာရီ နောက်ပိုင်းမှာ ငြိမ်သွားပြီ။ အခုတော့ ငြိမ်သက်နေတာပေါ့ဗျာ။

ဒီလ ၉ရက်နေ့က လောက်ကိုင်မြို့အနောက်မြောက်ဖက်က တာရွှေထန်၊ ညံခွမ်းဖက်နဲ့ လောက်ကိုင်မြို့ အနောက်တောင်ဖက် ထောက်ရွှေဖက်မှာ တိုက်ပွဲတွေပြင်းထန်ခဲ့သလို ၁၀ရက်နေ့ညပိုင်းမှာ လောက်ကိုင်မြို့မှာ ပစ်ခတ် တိုက်ခိုက်တာတွေဖြစ်ခဲ့တာကြောင့် လောက်ကိုင်မြို့ပေါ်က ဒေသခံတွေနဲ့ တရုတ်နိုင်ငံသား တွေဟာ တရုတ်ပြည်ဖက်ကို တိမ်းရှောင်ခဲ့သလို အစိုးရ ၀န်ထမ်း အချို့လည်း နေရပ်ပြန်သွားခဲ့ပါတယ်။ လောက်ကိုင်မြို့က ဈေးတွေ ကျောင်းတွေ လည်း ပိတ်ထားခဲ့ရပါတယ်။

လောက်ကိုင်ဒေသတွင်းဖြစ်တဲ့တိုက်ပွဲတွေမှာ မြန်မာပြည် အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်ဖွဲ့ MNDAA ခေါ် ကိုးကန့်တပ်ဖွဲ့၊ ပလောင်ခေါ် တအာန်း အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ TNLA နဲ့ ရခိုင်တပ်မတော် AA တို့နဲ့ တိုက်ပွဲဖြစ်ပွားနေတာဖြစ်တယ်လို့ တိုင်းရင်းသားတပ်ဖွဲ့တွေက သတင်းထုတ်ပြန်ပါတယ်။

အစိုးရဖက်က သတင်းထုတ်ပြန်ရာမှာတော့ ဒီလ ၉ရက်နဲ့ ၁၀ရက်နေ့တွေမှာ တိုက်ပွဲ ၈ကြိမ်ဖြစ်ပွားခဲ့ပြီး လေကြောင်းပစ်ကူ ၅ကြိမ်ဆောင်ရွက်ခဲ့ကြောင်းနဲ့ ၁၁ရက်နေ့မှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ တပ်မတော် စစ်ကြောင်းတွေက ကိုးကန့် တိမ်းရှောင်တပ်တွေကို လိုက်လံ ရှင်းလင်းပြီး နယ်မြေစိုးမိုးရေး လုပ်ငန်းတွေ ဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်ပါတယ်။

TNLA ခေါ် ပလောင်တပ်ဖွဲ့ နိုင်ငံခြားရေးတာဝန်ခံ တာပန်လက ဒီကနေ့ တိုက်ပွဲ အခြေအနေကို အခုလို ပြောပါတယ်။

"'ဒီကနေ့ နေ့လည်ပိုင်းအထိတော့ တိုက်ပွဲဖြစ်သံ ကျနော်တို့ မကြားရဘူး။ ဒါပေမဲ့ ဒီနေ့ မနက်ရော၊ မနေ့ကရော အစိုးရတပ်ဘက်က ထိုးစစ်ကို တော်တော်လေး ပြင်ဆင်ထားတာ ကျနော်တို့ တွေ့ရတယ်ခင်ဗျ။ မနေ့ကတုန်းကဆိုရင် တပ်မ ၃၃က ဒီလောက်ကိုင်နယ်ထဲကို ကားအစီး ငါးဆယ်ကျော်နဲ့ ဝင်သွားတာတွေ့ရတယ်။ ပြီးတော့ ဒီနေ့ မနက်အစောကြီးမှာလည်း တင့်ကားတွေရော၊ လက်နက်ကြီးတွေရော တပ်မတော်သားတွေ စီးပါလာတဲ့ ကားအစီးနှစ်ဆယ်ကျော် နဲ့ လောက်ကိုင်နယ်ထဲ ရောက်လာတာ ကျနော်တို့ တွေ့ရတယ်။ ဒါတွေကို တွေ့ရင် ထိုးစစ်က ပြန်ပြီး ပြင်းထန်လာမယ့် သဘောရှိတယ်။ "

ဒီလို ရှမ်းပြည်နယ်တွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို အရှိန်ကို လျှော့ချနိုင်ဖို့ တိုင်းရင်းသား နိုင်ငံရေးပါတီ ၁၅ပါတီနဲ့စုစည်းထားတဲ့ ညီနောင် တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း NBF က ရှမ်းပြည်နယ်တွင်းဖြစ်ပွားနေတဲ့ တိုက်ပွဲအရှိန်တွေ လျှော့ချဖို့အတွက် တောင်းဆိုကြောင်း NBF ရဲ့ ပြောရေးဆိုခွင့်ရှိသူ ချင်းအမျိုးသားပါတီ ဥက္ကဋ္ဌ ပူးဇိုဇမ်ပြောပါတယ်။

" အခုလောလောဆယ်မှာ အဲ့ဒီ့ရှမ်းပြည်မြောက်ပိုင်းမှာ အကြီးအကျယ်ဖြစ်နေတဲ့ ကိစ္စတွေ ဒီနေ့မှာဆို ကြေးမုံမှာ ပါလာတယ်လေ။ လေကြောင်းတိုက်ပွဲတွေပါ ဆင်တယ်ဆိုတဲ့ အခြေအနေမျိုး ကျနော်တို့က ကြားရတာကိုး။ အဲ့လောက်အထိ တိုက်ကြခိုက်ကြတဲ့ အခြေအနေမှာ ကျနော်တို့ မျှော်မှန်းထားတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်က အောင်မြင်ပါ့မလားဆိုတာ ကျနော် စိုးရိမ်ပါတယ်။ အဓိကကတော့ စစ်ရှိန်မတိုးဖို့ ကျနော်တို့က မြန်မာ့တပ်မတော်ကို တိုက်တွန်းတာပါ။ စစ်ရှိန်တွေကို လျှော့ပေးဖို့ပါပဲ။"

ဒီတောင်းဆိုချက်ဟာ ဒီလ ၁၁ရက်နေ့က ပြီးဆုံးတဲ့ NBF ရဲ့ ၂၁ကြိမ်မြောက် ပုံမှန်အစည်းအဝေးအပြီးမှာ တောင်းဆိုတာလည်း ဖြစ်ပါတယ်။

တချိန်တည်းမှာတော့  ပြည်ထောင်စုနေ့မှာ မြန်မာအစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဟာ အချက်၆ချက်ပါဝင်တဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး ဆိုင်ရာ ကတိပြုချက်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒီအချက်တွေထဲမှာ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် NCA ကို အမြန်ဆုံးလက်မှတ်ရေးထိုးနိုင်ရေးအတွက် ပူးပေါင်းလုပ်ဆောင်ရန် အချက်လည်း ပါရှိပါတယ်။

ဒီကတိပြုလက်မှတ်ရေးထိုးတဲ့ အထဲမှာ မပါဝင်တဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO နဲ့ ပလောင်တပ်ဖွဲ့ TNLA တို့ကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ စုပေါင်းဖွဲ့စည်းထားတဲ့ ခေါ် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးညှိနှိုင်းအဖွဲ့ NCCT အတူ ပူးပေါင်းဆောင်ရွက်မှာဖြစ်ကြောင်း သဘောထား ထုတ်ပြန်ထားပါတယ်။

မိုးဇော် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/ko-khant-tension-/2641296.html

ဗိုလ်ချုပ် ရာပြည့်အခမ်းအနား-ပျော်ဘွယ်မြို့နယ် - သတင်းဓာတ်ပုံ- NLD Chairperson FB
ဒီကနေ့ ဖေဖော်ဝါရီလ ၁၃ရက်နေ့ဟာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ ဖြစ်ပါတယ်။ တိုင်းပြည် နယ်ချဲ့လက်အောက်က လွတ်မြောက်ရေး အသက်ပေးပြီး တိုက်ပွဲဝင်သွားတဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ အာဇာနည်စိတ်ဓာတ် သူချမှတ်ခဲ့တဲ့ လမ်းစဉ်တွေကို နောင်မျိုးဆက်သစ် လူငယ်တွေ အကောင်အထည်ဖော်ဖို့ ဗိုလ်ချုပ်မျှော်မှန်းတဲ့ ဒီမိုကရေစီတိုင်းပြည် ထူထောင်နိုင်ဖို့ မြန်မာပြည်သူတွေ ကြိုးစားဆောင်ရွက်ကြဖို့ လိုတယ်လို့ ဗိုလ်ချုပ်ကို လေးစားမြတ်နိုးသူတွေက တိုက်တွန်းနိုးဆော်လိုက်ပါတယ်။ ဒီကနေ့ ဖေဖော်ဝါရီလ ၁၃ရက်နေ့ မှာကျရောက်တဲ့ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ နှစ်တရာပြည့် အထိမ်းအမှတ် ပြည်ပရောက်မြန်မာနိုင်ငံသား ဒီမိုကရေစီ အင်အားစုတွေရဲ့ လေးစားဂုဏ်ပြုစကားတွေကို မဆုမွန် စုစည်းတင်ပြထားပါတယ်။

၁၉၁၅ခုနှစ်က မွေးဖွားခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း အတွက် ဒီနှစ် ၂၀၁၅ခုနှစ် ကတော့ နှစ်တစ်ရာ တင်းတင်းပြည့်တဲ့ မွေးနေ့ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ရဲ့ မွေးနေ့ နှစ်တစ်ရာပြည့် အခမ်းအနားကို ဗိုလ်ချုပ်ရဲ့ ဇာတိ မကွေးခရိုင် နတ်မောက်မြို့ အပါအဝင် တနိုင်ငံလုံးအတိုင်းအတာနဲ့ ရာပြည့်အခမ်းအနားတွေကို ကြီးကျယ်ခမ်းနားစွာ ကျင်းပကြသလို ပြည်ပရောက် မြန်မာနိုင်ငံ သူ မြန်မာနိုင်ငံသားတွေကလည်း ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်မွေးနေ့ကို အလေးအနက်ထားပြီး ဂုဏ်ပြုအခမ်းအနားတွေ ကျင်းပကြပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းရဲ့ တိုင်းပြည်အပေါ် ထားတဲ့ စွန့်လွှတ်အနစ်နာခံတဲ့ စံပြစိတ်ဓာတ်တွေကို နောင်လာမျိုးဆက်သစ်တွေ အတုယူကြစေလိုတယ်လို့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အစ်ကိုအရင်းဖြစ်သူ ဦးဘဝင်းရဲ့ သား ဗိုလ်ချုပ်ရဲ့တူအရင်းဖြစ်သူ ဒေါက်တာစိန်ဝင်းက အခုလို အမှတ်တရဂုဏ်ပြုစကားပြောကြားပါတယ်။

“ ဒီကနေ့ဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့မွေးနေ့ နှစ်တစ်ရာဆိုတော့ အထူးအချိန်အခါ သာမယပေါ့နော်။ ဗိုလ်ချုပ်အောင်ဆန်း ရည်မှန်းတဲ့ တိုင်းပြည်ကြီး ဖြစ်စေချင် တယ်နော်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ လုပ်ရပ်တွေ၊ ပြည်သူလူထု အပေါ်မှာ သူ့ရဲ့ စေတနာတွေ၊ နော် သူရိုးသားတယ်။ ကြိုးစားတယ်။ လူငယ်တွေအတွက်လည်း စံပြဖြစ်တာပေါ့နော်။ နောက်ပြီး တိုင်းပြည် တိုးတက်စေချင်တယ်။ ကျနော်တို့တွေက ရှေ့ကို မသွားနိုင်ဘူး။ နောက်ကိုပဲ ရောက်ရောက်နေတယ်။ တိုးတက်ဖို့ ဆိုတာ ဒီနေရာမှာ ကျနော် နိုင်ငံရေးစကား မပြောလို့မရဘူး။ ဘာကြောင့်လဲဆိုတော့ ဗိုလ်ချုပ်အောင်ဆန်းက စခဲ့တာ။ ဗိုလ်ချုပ်အောင်ဆန်း ကလည်း သေချာပြောတယ်။ နော် ဘယ်သူမှ အခွင့်အရေး မယူပါနဲ့။ ဗမာတစ်ကျပ်၊ ကရင်တစ်ကျပ် အကုန်လုံး ဒီအတိုင်းပဲ ဒါလူမျိုးစုနဲ့ပတ်သက်တဲ့ ပြောတာ၊ သို့သော်လည်းပဲ ကျန်တဲ့နေရာတွေမှာ ကျနော်တို့ အကုန် ညီတူညီမျှ ဖြစ်ရမှာပေါ့။ စစ်တပ် တပ်မတော်က အခွင့်အထူးခံ ဟုတ်လား။ ဒါမျိုးတွေတော့ မရှိသင့်ဘူး ကျနော်မြင်တယ်။”

ဗိုလ်ချုပ် မျှော်မှန်းချက်ထားတဲ့ တိုင်းပြည်နိုင်ငံကို ထူထောင်ကြဖို့ အရေးကြီးတယ်ဆိုတာ မြန်မာတပြည်လုံးက ပြည်သူပြည်သားတွေနဲ့ အနာဂတ် ကျောင်းသားလူငယ်တွေက သိရှိဖို့ အရေးကြီးတယ်လို့ သြစတြေးလျနိုင်ငံ ဆစ်ဒနီအခြေစိုက် မြန်မာ့ရေးရာတာဝန်ခံ ဒေါက်တာမြင့်ချိုကပြောပါတယ်။

“ကျနော်တို့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ အရည်အချင်းတွေ၊ အောင်ဆန်းစိတ်ဓာတ်ဆိုတာ ဘာလဲ။ အောင်ဆန်း လမ်းစဉ်ဆိုတာ ဘာလဲ။ ကျနော်တို့အားလုံးဟာ အောင်ဆန်း စိတ်ဓာတ်ကို မွေးမြူ၊ အောင်ဆန်းလမ်းစဉ်ကို ကိုင်ဆွဲပြီး အောင်ဆန်းရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ အယူဝါဒပေါင်းစုံ၊ မြန်မာပြည်သူလူထု တရပ်လုံးရဲ့ လိုလားတောင့်တနေကြတဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံတဲ့ ငြိမ်းချမ်းပြီး တကယ့်ကို ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်လာဖို့ ဆိုတဲ့ကိစ္စကို အကောင်အထည်ဖော်ကြဖို့ပေါ့နော်။ ဒါမှသာလျှင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကျေးဇူးကို ကျနော်တို့ ဆပ်ရာရောက်မယ်။ ကျနော်တို့ အားလုံးက မျိုးဆက်သစ်လူငယ်တွေ ပညာပေးပြီးတော့ ဗိုလ်ချုပ်လိုမျိုးပဲ အာဇာနည် သူရဲကောင်းတွေ ပေါ်ပေါက် လာအောင် ကြိုးစားပေးကြပါလို့်။”

တိုင်းပြည်အတွက် လိုအပ်တဲ့အချိန် ခက်ခဲကြမ်းတမ်းလှတဲ့ စစ်အနိဋ္ဌာန်ရုံတွေနဲ့ ဗိုလ်ချုပ်က ဖြတ်သန်းတိုက်ပွဲဝင်ခဲ့ပေမဲ့ ဗိုလ်ချုပ်ရဲ့ နူးညံ့တဲ့ နှလုံးသားမှာ အနုပညာ စာပေ ကဗျာကို ချစ်မြတ်နိုးတဲ့ စိတ်ရှိတယ်လို့ အမေရိကန် မစ်ရှီဂန်ရောက် ကဗျာဆရာဦးအောင်ဝေးကလည်း အခုလို ဂုဏ်ပြုစကားဆိုပါတယ်။

“ ဗိုလ်ချုပ်ပြောခဲ့တယ် လောကမှာ အမှန်တရား မြတ်နိုးခြင်းနဲ့ ရိုးသားခြင်းက အရေးအကြီးဆုံးပဲတဲ့။ ဗမာပြည်ကို အုပ်စိုးသွားတဲ့ အင်္ဂလိပ်ဘုရင်ခံ ဆာဒေါ်မန်စမစ်က ပြောဖူးတယ်။ ရိုးသားတည်ကြည်မှုနဲ့ပတ်သက်ရင် ဗိုလ်ချုပ်အောင်ဆန်းအပေါ်မှာ စိုးစဉ်းမျှ သံသယမရှိကြပါလေနဲ့ တဲ့။ အောင်ဆန်းစိတ်ဓာတ်လို့ပြောရင် အနိုင်မခံ အရှုံးမပေးတဲ့ စိတ်ဓာတ်ပဲ။ ဗိုလ်ချုပ်က ကြမ်းတမ်းတဲ့ တော်လှန်ရေးတွေကို ဖြတ်သန်းရတယ်။ စစ်သားဟောင်းကြီးလည်း ဖြစ်ခဲ့တယ်။ ညစ်ပတ် ရှုပ်ထွေးတဲ့ နိုင်ငံရေးလောကထဲမှာ လည်း ရုန်းကန်လှုပ်ရှားခဲ့ရတယ်။ ဒါပေမဲ့ သူ့နှလုံးသားအတွင်းမှာ နက်နက်ရှိုင်းရှိုင်း အနုပညာဆိုတာ ရှိတယ်။”

စစ်အစိုးရလက်ထက် အာဏာပိုင်တွေအဆက်ဆက်က ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပုံရိပ်ကို မှေးမှိန်အောင် လုပ်ဆောင်ခဲ့ပေမဲ့ အခုအချိန်မှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ နှစ်တစ်ရာပြည့် အခမ်းအနား ကို မြန်မာနိုင်ငံ တဝှမ်း ခြိမ့်ခြိမ့်သဲ ကျင်းပနိုင်လာတဲ့အပေါ် ကြိုဆိုပြီး တိုင်းပြည်အတွက် စွန့်လွှတ်အနစ်နာခံသွားတဲ့ အာဇာနည်တွေကို လေးစားတန်ဖိုးထားဖို့ လိုအပ်တယ်လို့ လည်း မြန်မာဒီမိုကရေစီရေးအင်အားစု Free Burma တောင်အာဖရိကရဲ့ ဥက္ကဋ္ဌ ဒေါက်တာသိန်းလွင်ကလည်းပြောပါတယ်။

“ နှစ်ပေါင်းမြောက်မြားစွာ ကျနော်တို့ ဗိုလ်ချုပ်ကို ဘေးမှာ ဖယ်ထားခံရတာ။ ဒါပေမဲ့ ဒီနေ့ ဗိုလ်ချုပ်ကို သတ်သတ်မှတ်မှတ် ဂုဏ်ပြုလို့ရတယ်။ ဗိုလ်ချုပ်ရဲ့ နှစ်တစ်ရာပြည့်ကို အခုလို လုပ်နိုင်တာဟာ တကယ်ကတော့ ဗမာပြည်သူလူထုရဲ့ စွမ်းဆောင်မှုကြောင့် လုပ်နိုင်တာ ဖြစ်တဲ့အတွက် တနိုင်ငံလုံးက ပြည်သူလူထုကို ကျနော် ကျေးဇူးတင်တယ်။ လေးစားတယ်။ ဂုဏ်ပြုတယ်လို့ပဲ ကျနော်ပြောပါရစေ။”

ဒီကနေ့ကျရောက်တဲ့ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ နှစ်တစ်ရာပြည့် ရာပြည့်အခမ်းအနားကို သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးစီးပြီး စာပေဟောပြောပွဲတွေ၊ ပညာရှင်တွေက ဗိုလ်ချုပ်ပုံတူရုပ်တုတွေ ထုဆစ်သွန်းလုပ်တာ၊ ဗိုလ်ချုပ်ပုံတူ ပန်းချီပြိုင်ပွဲ၊ သီချင်းဆိုပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲနဲ့ အငြိမ့်သဘင် အခမ်းအနားတွေနဲ့အတူ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့အထိမ်းအမှတ် ကို တတိုင်းပြည်လုံး အတိုင်းအတာနဲ့ ဂုဏ်ပြုကျင်းပနေကြတာဖြစ်ပါတယ်။

မဆုမွန် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/general-aung-san-birhtday/2641285.html