02/17/15



ရန်ကုန်။ ။ရန်ကုန်မြို့သို့ဦးတည်ချီတက်နေကြသည့် သပိတ်မှောက်စစ်ကြောင်းများအကြား ရန်ကုန်သို့ ဆက်လက်ချီတက်ရေး၊ မတက်ရေး သဘောထားကွဲလွဲနေကြောင်း သပိတ်ခေါင်းဆောင်များက Yangon Globe ကိုပြောသည်။

ဧရာဝတီ၊ မြေလတ်-မုံရွာနှင့် မော်လမြိုင်-ထားဝယ် ကျောင်းသားသပိတ်စစ်ကြောင်းတို့အနေဖြင့် လွှတ်တော်က အမျိုးသားပညာရေးဥပဒေပြင်ဆင်ချက်များကို အတည်ပြုပြဋ္ဌာန်းပြီးသည်အထိ သပိတ်ကိုရပ်နားကာ သက်ဆိုင်ရာပြည်နယ်များတွင်သာ သပိတ်စခန်းဖွင့်ကာဆက်လက် စောင့်ကြည့်မည်ဖြစ်သော်လည်း မန္တလေးပင်မသပိတ်စစ်ကြောင်းကမူ မူလသတ်မှတ်ထားသည့် အတိုင်း ရန်ကုန်အရောက်ဆက်လက်ချီတက်မည်ဟုဆိုသည်။

"ကျွန်တော်တို့သပိတ်စစ်ကြောင်းမှာပါတဲ့ ကျောင်းသားတွေကိုမေးတယ်။ သူတို့ကလည်း ရန်ကုန်ကိုမချီတက်တော့ဘဲ မအူပင်၊ ပုသိမ်မြို့တွေမှာသပိတ်စခန်းဖွင့်ပြီး စောင့်ကြည့်မယ်လို့ သဘောတူတယ်။ အဓိကကတော့ အစိုးရကလည်း ရန်ကုန်ကိုမလာစေချင်ဘူး။ ကျွန်တော်တို့ အနေနဲ့လည်း ရန်ကုန်ထဲရောက်တော့ တောင်းဆိုရင် တစ်ခြား ကိစ္စရပ်တွေ ပါလာတော့မယ် ဒါဆို ပြဿနာကပိုကြီးသွားရင် လက်ရှိအနေထားမှာသဘောတူညီချက် တွေပျက်သွားနိုင်တယ်။ ဒါကြောင့် ရန်ကုန်ထဲကိုရောက်မှ လွှတ်တော်ကိုဖိအားပေးတာထက် တစ်ခြားပုံစံမျိုးနဲ့ စောင်ကြည့် ဖိအားပေးတာမျိုးလုပ်တဲ့သဘောမျိုးကို ရွေးချယ်ဖို့ ဆုံးဖြတ်လိုက်တာပါ" ဟု ဧရာဝတီ သပိတ်စစ်ကြောင်း ဦးဆောင်ကော်မတီဝင် ကိုအောင်ခန့်ဇော်ကပြောသည်။

သို့ရာတွင် မန္တလေးမှလာသည့် ပင်မသပိတ်စစ်ကြောင်းအနေဖြင့် လွှတ်တော်က မိမိတို့လိုလားချက်အတိုင်း ဥပဒေအတည်ပြုပြဋ္ဌာန်းပြီးမှသာ သပိတ်ကိုလှန်မည်ဖြစ်ပြီး မူလသတ်မှတ်ထားသည့်အတိုင်း ရန်ကုန်သို့ဆက်လက်ချီတက်မည်ဟု ဒီမိုကရေစီပညာရေး ဦးဆောင်ကော်မတီမှ ကိုအောင်နေပိုင်ကပြောသည်။

"ကျွန်တော်တို့သပိတ်စစ်ကြောင်းက တစ်ခြားသပိတ်စစ်ကြောင်းတွေလို မဟုတ်ဘူး မန္တလေးက စထွက်လာကတည်းက လမ်းလျှောက်ပြီး ပြည်သူတွေရဲ့ယုံကြည်မှုကို ယူထားရတာ။ တောင်းဆိုထားတဲ့ အချက်တွေတရားဝင် ဘာတစ်ခုမပြဋ္ဌာန်းဘဲနဲ့ သပိတ်ကိုမရပ်နားဘူး။ ရပ်နားလိုက်ရင်ပြည်သူတွေရဲ့မျှော်လင့်ချက်ကိုချိုးလိုက်သလို ဖြစ်နေမယ်။ ဒါကြောင့်ရန်ကုန်ထိ ချီတက်မယ်။ ပြီးရင် အဲဒီမှာသပိတ်စခန်းဖွင့်ပြီးလွှတ်တော်ရဲ့ဆုံးဖြတ်ချက်ကို စောင့်မယ်" ဟု၎င်းက ပြောသည်။

ကျောင်းသားများ၏တောင်းဆိုချက် ၁၁ ချက်ကို အစိုးရဘက်က သဘောတူပြီးနောက်တွင် ရန်ကုန် တိုင်းဒေသကြီးအာဏာပိုင်များဘက်က ကျောင်းသားများအား ရန်ကုန်နယ်မြေအတွင်းသို့ ဝင်ရောက် မလာရန်နှင့် ဝင်ရောက်လာပါက ဥပဒေအရအရေးယူမည်ဖြစ်ကြောင်း သတိပေးချက်ထုတ်ပြန်ခဲ့သည်။

ယခုလ ၁၅ ရက်မှစပြီး အစိုးရအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအ၀င်နေရာများတွင် ရဲတပ်ဖွဲ့ဝင်များသာမက အရပ်ဝတ်လူပုဂ္ဂိုလ်များကပါ အဝေးပြေးယာဉ်များနှင့် ခရီးသွားများပါမကျန် မေးမြန်းစစ်ဆေးပြီး လမ်းမပေါ်တွင် သံဆူးကြိုးများချထားသည်။

ဇန်နဝါရီလ ၂၀ ရက်နေ့မှစပြီး အနယ်နယ်မှကျောင်းသားသပိတ်စစ်ကြောင်းများ စတင်ထွက်ခွာခဲ့ကြ ပြီး ပင်မသပိတ်စစ်ကြောင်းဖြစ်သည့် မန္တလေးစစ်ကြောင်းမှာ တနင်္ဂနွေနေ့က ပဲခူးတိုင်းအုတ်ဖိုမြို့သို့ ရောက်ရှိခဲ့သည်။

The Yangon Globe


ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကျင်းပနေစဉ် ။ Photo: RFA
အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ပညာရေး ၀န်ကြီးဌာနက ဒီနေ့ လွှတ်တော်မှာ တင်သွင်း မယ်လို့ ပြင်ဆင်ခဲ့ပေမဲ့ တင်သွင်းခြင်း မရှိသေးဘူး လို့ ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ပူးပေါင်း ကော်မတီဝင်တစ်ဦးက ပြောပါတယ်။

ဥပဒေကြမ်းကို လွှတ်တော်နှစ်ရပ်ထံ ပေးပို့ထားတာ မရှိသေးကြောင်း ဥပဒေကြမ်းပူးပေါင်းကော်မတီ အဖွဲ့ဝင် ဒေါက်တာမြတ်ဥာဏစိုး က ပြောပါတယ်။

"ကျနော်တို့ဆီကို ဥပဒေကြမ်းက မရောက်ရှိသေး ပါဘူး၊ ဥပဒေကြမ်းရောက်ရှိပြီ လက်ခံပေးဖို့ ဒီဘက်အဆိုတင်သွင်းပြီဆိုတာနဲ့ အချိန်နဲ့ တပြေးညီပေါ့၊ အချိန်တိုအတွင်းမှာပဲ လွှတ်တော်ကို အစီရင်ခံစာတင်သွင်းနိုင်ဖို့ ကျနော်တို့ဆောင်ရွက်သွားမှာပါ"

ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် NNER အဖွဲ့ဝင်တွေက အမျိုးသား ပညာရေးဥပဒေ ပြင်ဆင်တဲ့ဥပဒေကြမ်းကို မနေ့က အပြီးရေးဆွဲပြီး ပညာရေးဝန်ကြီးဌာနထံ ပေးအပ်ခဲ့ပါတယ်။

အဲဒီဥပဒေကြမ်းကို ပညာရေးဝန်ကြီးဌာနက ရှေ့နေချုပ်ရုံးကတဆင့် လွှတ်တော်ထံပေးပို့မှာဖြစ်တယ် လို့ NNER အဖွဲ့ဝင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ပြောပါတယ်။

"ပညာရေးဝန်ကြီးက ၁၆ ရက်နေ့အမီ လွှတ်တော်ကိုပို့ပေးမယ် ပြောတယ်လေ၊ မနေ့ကအပြီးလုပ်ပြီးတော့ ပညာရေးဝန်ကြီးဌာနမှာ ထားခဲ့တယ်လေ၊ ဘာကြောင့်လွှတ်တော်ကို ဒီနေ့မရောက်ဘူးဆိုတာက အန်တီ တို့လည်း အံ့သြနေတယ်၊ ဒါပေမဲ့ အန်တီတို့ ဒီဘက်မှာစုံစမ်းကြည့်တဲ့အခါကျတော့ ပညာရေးဝန်ကြီးဌာန က ရှေ့နေချုပ်ရုံးကို ပို့လိုက်ပြီလို့ပြောတယ်၊ ရှေ့နေချုပ်ရုံးက ဒီနေ့မနက်ရမှာပေါ့နော်၊ ရှေ့နေချုပ်ရုံးက ဒီဥပဒေအပေါ်မှာ Review လုပ်ပြီးတော့ သူတို့ရဲ့မှတ်ချက်နဲ့ ပို့ရမှာပေါ့နော်"

ပြည်ထောင်စုလွှတ်တော် နာယကထံ အဲဒီဥပဒေကြမ်း ရောက်ရှိတဲ့အခါ လွှတ်တော်တစ်ရပ်ရပ်မှာ စတင်ဆွေးနွေးဖို့ နာယက တာဝန်ပေးမှာဖြစ်ပါတယ်။ လွှတ်တော်မှာ ပြင်ဆင်တဲ့ ဥပဒေကြမ်းတစ်ခုကို ဆွေးနွေးတဲ့အချိန်ကာလက အနည်းဆုံး နှစ်ပတ်လောက်ကြာတယ်လို့ သိရပါတယ်။

အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ဒီနေ့လွှတ်တော်မှာ တင်ပြမယ်လို့ ပြင်ဆင်ခဲ့ပေမဲ့ မတင်ဖြစ်သေးတဲ့အကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်း ကော်မတီအဖွဲ့ဝင် ဒေါက် တာ မြတ်ဥာဏစိုး က ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese/news/education-bill-not-ready-propose-parliament-02162015095756.html


အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး ချီတက်နေတဲ့ကျောင်းသားသပိတ်စစ်ကြောင်းတွေဖြစ်တဲ့ မြေလတ်-မုံရွာ၊ မော်လမြိုင်-ထားဝယ် ပူးပေါင်းသပိတ်စစ်ကြောင်းတွေဟာ ရန်ကုန်ကို သွားရောက်မယ့် အစီအစဉ်ကို စွန့်လွှတ်လိုက်ပြီး သပိတ်ကို ခေတ္တရပ်နားခဲ့ကြပါတယ်။ ဒီကနေ့ညနေပိုင်းမှာ ပဲခူးမြို့ကိုရောက်ရှိပြီး ပဲခူမြို့ရွှေမော်ဓောစေတီမှာ သတင်းစာရှင်းပွဲပြုလုပ်ပြီး ကျောင်းသားတွေ လမ်းခွဲမှာဖြစ်တယ်လို့ မုံရွာတက္ကသိုလ်ကျောင်းသားသမဂ္ဂက ကိုဝေမိုးနိုင်က ပြောပါတယ်။ သပိတ်တိုက်ပွဲရဲ့ ရလဒ်အဖြစ် ဒုတိယတွေ့ဆုံဆွေးနွေးမှုကို အောင်အောင်မြင်မြင်ကျော်ဖြတ်နိုင်တဲ့အပြင် အခုမူကြမ်းကို ရေးဆွဲပြီးစီးလို့ ဒီကနေ့ ရှေ့နေချုပ်ရုံးကို ပို့နိုင်တဲ့အတွက် နောက်ထပ်လွှတ် တော်အဆင့်ဆင့်ဆက်လက်စောင့်ကြည့်သွားမယ်လို့လည်း ကိုဝေမိုးနိုင်က ပြောပါတယ်။

သူက “ပဲခူးမြို့ကို အခုလောလောဆယ်ရောက်ရှိနေတဲ့ မြေလတ်-မုံရွာ၊ မော်လမြိုင်-ထားဝယ်ပူးပေါင်း ထားတဲ့ စစ်ကြောင်းက သတင်းစာရှင်းလင်းပွဲအပြီးမှာပဲ ကျနော်တို့ရဲ့ သပိတ်ချီတက်မှုကို ခေတ္တရပ်နားလိုက်ပါပြီ။ ရန်ကုန်မြို့ကိုမ၀င်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။” ဒီညနေ ၃ နာရီခန့်က ပဲခူးမြို့ ရွှေမော်ဓောဘုရားမှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ သပိတ်မှောက်ကျောင်းသားတွေက “အခြေခံပညာကျောင်းတွေမှာ ၁၉ ရက်နေ့ စာမေးပွဲစမှာမို့၊ ကျောင်းသားတွေတောင်းဆိုချက် ဖြစ်စဉ် ၃ ခုမှာ ၂ ခု ပြီးမြောက်ပြီမို့ သပိတ်လှန်တာ မဟုတ်ဘဲ ခေတ္တရပ်နားပြီး လွှတ်တော်ဆွေးနွေးဆုံးဖြတ်ချက်ကို ရက် ၃၀ ဆက်စောင့်ကြည့်သွားမယ်။ နောက်ဆုံးအတည်ပြု ပြဌာန်းချက်ဟာ ကျောင်းသားတွေ လိုလားမှုနဲ့ ကိုက်ညီမှုမရှိရင် သပိတ်ပြန်လည် စတင်သွားမယ်”လို့ ထည့်သွင်းရှင်းလင်းခဲ့ပါတယ်။

သပိတ်ကို ရပ်နားမှာဖြစ်တဲ့အတွက် သပိတ်မှာပါဝင်တဲ့ ကျောင်းသူကျောင်းသားတွေဟာ မိမိတို့ သက်ဆိုင်ရာကျောင်းတွေမှာ စာမေးပွဲပြန်ဖြေကြမှာ ဖြစ်ပါတယ်။ မန္တလေးကနေ ချီတက်လာနေတဲ့ ကျောင်းသားသပိတ် ပင်မစစ်ကြောင်းကတော့ ဒီကနေ့မနက် အုတ်ဖိုမြို့ကနေ မင်းလှမြို့ကို ချီတက်ပြီး ညအိပ်ရပ်နားမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီက ပြန်ကြားရေးတာဝန်ခံ ကိုရဲရင့်ကျော်က ပင်မစစ်ကြောင်းဟာ အမျိုးသားပညာရေးဥပဒေကို သမ္မတက လက်မှတ်ရေးထိုးပြီး အတည်ပြုတဲ့ အခါ သပိတ်လှန်မှာဖြစ်တယ်လို့ ပြောပါတယ်။ သူက “ ကျနော်တို့ ပင်မစစ်ကြောင်းအနေနဲ့ကတော့ မူလရည်ရွယ်ချက်အတိုင်း သပိတ်ကို ရန်ကုန်အထိ ဆက်လက်ချီတက်နေပါမယ်။

ချီတက်နေစဉ်ကာလမှာ ကျနော်တို့ တောင်းဆိုထားတဲ့ အချက် ၁၁ ချက်နဲ့ပတ်သက်ပြီး မူကြမ်းလည်းရေးဆွဲပြီးတဲ့အဆင့် ရောက်လာပြီး လွှတ်တော်ကို တင်သွင်းတဲ့ အဆင့်ကနေမှ သမ္မတလက်မှတ်ရေးထိုးဖို့ အဆင့်တခုပဲကျန်ပါတော့တယ်။ သမ္မတ လက်မှတ်ရေးထိုးပြီး ကျနော်တို့ အာမခံချက်အားလုံး ရရှိပြီဆိုတဲ့ အချိန်မှာ ကျနော်တို့က သပိတ်လှန်ပေးမှာ ဖြစ်ပါတယ်။ “သပိတ်လှန်တဲ့အချိန်မှာ ရန်ကုန်ရောက်ကာနီးလည်း ဖြစ်နိုင်တယ်။ မရောက်မီလည်း ဖြစ်နိုင်တယ်။ အဲဒါကတော့ သမ္မတလက်မှတ်ထိုးတဲ့အပေါ်မှာ မူတည်ပါတယ်။ ကျနော်တို့ရဲ့ မူလရည်မှန်းချက်က တော့ ရန်ကုန်ကိုရောက်ဖို့ ဖြစ်တယ်။ သပိတ်လှန်ပြီးလို့ရှိရင်တော့ ကျောင်းသားအားလုံးရဲ့ စုံရပ်က မိမိအိမ်ကိုပြန်ဖို့ ရန်ကုန်ကနေတဆင့်ပဲ ပြန်မှာဖြစ်တဲ့အတွက် ရန်ကုန်ကိုတော့ သွားရမှာဖြစ်တယ်။ ဒါပေမယ့် ဒီလိုချီတက်လမ်းလျှောက်တာမျိုး မဟုတ်ဘဲနဲ့ အခြားနည်းလမ်းတမျိုးလည်းဖြစ် ကောင်းဖြစ်သွားပါလိမ့်မယ်။” သပိတ်မှောက်စစ်ကြောင်းတွေကို ရန်ကုန်ကိုမ၀င်ရောက်ဖို့ အစိုးရဘက်က လွန်ခဲ့တဲ့သောကြာနေ့က ထုတ်ပြန်သတိပေးခဲ့ပြီး မ၀င်နိုင်အောင်တားမြစ်မယ်လို့ ကြေညာခဲ့သလို လွန်ခဲ့တဲ့ ၂ ရက်ကစလို့ ရန်ကုန်တိုင်းဒေသကြီးအ၀င် မီးနင်းချောင်းမှာ လုံခြုံရေးရဲတွေကိုချပြီး တားမြစ်ဖို့ ပြင်ဆင်နေပါတယ်။

ဒီနောက် ကျောင်းသားတွေရဲ့ သပိတ်စစ်ကြောင်းတွေနဲ့ပတ်သက်လို့ ရပ်တန့်ဖို့ တိုက်တွန်းနေ သူ တွေရှိသလို ဆက်လက်ချီတက်ဖို့ တွန်းအားပေးနေသူတွေလည်းရှိပါတယ်။ အုပ်ချုပ်ရေးပိုင်းနဲ့ သပိတ် စစ်ကြောင်းအကြား သွေးထွက်သံယိုမဖြစ်စေဘဲ အေးအေးချမ်းချမ်း အဖြေထုတ် ကျော်လွှားဖို့ တရားဝင် ကမ်းလှမ်းဆွေးနွေးမှုတွေ၊ ကြားဝင်မှုတွေတော့ မကြားသိရသေးပါဘူး။ လုံခြုံရေးရဲတပ်ဖွဲ့တွေနဲ့ ကျောင်းသားတွေအကြား ရန်ကုန်တွင်း ၀င်ရေး မ၀င်ရေး ထိပ်တိုက်ရင်ဆိုင်တဲ့အခြေရောက်ရင်တော့ ၀င်ရောက်ကူညီပေးမယ်လို့ ရွှေည၀ါဆရာတော် ဦးပညာသီဟက မိန့်ကြားပါတယ်။

“လိပ်ခဲတည်းလည်း အခြေအနေ ဖြစ်လာရင်တော့ ရပ်တည်ပေးရမှာပဲ။ သွေးထွက်သံယို အဓိကရုဏ်း ပုံစံမဖြစ်အောင်တော့ ကျုပ်တို့အနေနဲ့ လက်တွေ့ဆန်ဆန် ပါဝင်ပြီးတော့ ဖြန်ဖြေ မေတ္တာရပ်ခံပေးရမှာပဲ။ နှစ်ဘက် ပဋိပက္ခအကြား ဖြန်ဖြေပေးတာကိုမှ သဘောထားအမြင်ဆိုးဆိုးနဲ့ နှိမ်နင်းမယ်ဆိုရင်တော့လည်း တိုင်းပြည်ရဲ့ ကံကြမ္မာ မကောင်းဘူးပေါ့ဗျာ။ “အခက်အခဲကို ကျော်လွှားဖို့ဆိုတာကတော့ သူတို့ တကယ်ထိုးဖောက်ပြီးတော့ ဆက်ချီတက်မယ်ဆိုရင်တော့ တာဝန်ရှိတဲ့ ပြည်ထဲရေးဝန်ထမ်းတွေကို ‘ခင်ဗျားတို့ ပစ်လား ခတ်လား ရိုက်လား နှက်လား ထုလား ထောင်းလားနဲ့ စွမ်းအားရှင်တွေကို ပိုက်ဆံပေးပြီးတော့ နှိမ်နင်းခိုင်းတာမျိုးတွေတော့ မလုပ်သင့်တော့ဘူးဗျာလို့၊ ဒီလို အကြမ်းဖက်တဲ့ပုံစံမျိုးနဲ့ ဆက်ကိုင်တွယ်သွားရင်တော့ ကျုပ်တို့တိုင်း ပြည်က ဘယ်တော့မှ ကောင်းမှာမဟုတ်ဘူး’ ဆိုတဲ့အကြောင်းကိုတော့ ပြတ်ပြတ်သားသားဆွေးနွေးပြီးတော့ ပြောရမှာပေါ့ဗျာ” လို့ ပြောပါတယ်။ ထင်ရှားတဲ့ ဆရာတော်ကြီးတွေအနေနဲ့လည်း နှုတ်အားဖြင့်စောင်မကြဖို့ ဆရာတော်က တိုက်တွန်းပါတယ်။

http://burmese.dvb.no/archives/81962
10599477_848211661884002_5345568865908983647_n 10676308_848211655217336_51761179614823810_n 10806325_848211651884003_1744537695705988624_n 10978686_848211648550670_2846826126014727141_n 10991321_848211658550669_1999821721300351429_n

Copy and WIN : http://bit.ly/copynwin



လေးပွင့်ဆိုင်ဆွေးနွေးပွဲမှာ လက်မှတ်ထိုးပြီးသား ဖြစ်တဲ့အတွက် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်နိုင် တာကြောင့် ကျောင်းသား ဆန္ဒပြပွဲတွေကို ဥပဒေအရ ဆောင်ရွက်သွားမယ်လို့ ပြည်ထဲရေးဌာန ဒုဝန်ကြီးက ပြောကြားလိုက်ပါတယ်။

ဖေဖော်ဝါရီ ၁၆ ရက် ကျင်းပတဲ့  ပြည်သူ့လွှတ်တော်အပြီးမှာ လက်ရှိဆန္ဒပြ ကျောင်းသားတွေကို ပြည်ထဲရေး ၀န်ကြီးဌာန အနေနဲ့ ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတဲ့ သတင်းထောက်တွေရဲ့ အမေးကို ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ဖြေကြားသွားတာ ဖြစ်ပါတယ်။

Deputy“၄ပွင့်ဆိုင် ဆွေးနွေးပွဲလုပ်ပြီး ပြီလေ၊ ကျောင်းသား အဖွဲ့ဘက်ကရော၊ ဒီဘက်က အစိုးရရော နောက်ကျန်တဲ့ ပါတဲ့ အဖွဲ့တွေကရော အကုန်းလုံးက သဘောတူ ဆုံးဖြတ်ပြီး သူတို့ကိုယ်တိုင် လတ်မှတ်ရေး ထိုးပြီး သား ဖြစ်တယ်၊ ဒါဆိုမလိုလားအပ်တဲ့ တခြား ပြဿနာတွေ ဖြစ်နိုင်တဲ့ အတွက် ဒါကို ဟန့်တား တာပဲ ဖြစ်ပါတယ်၊  အဲဒါကို ထုတ်ပြန်ကြေညာပြီးဖြစ်တယ်၊ ဥပဒေအတိုင်းဆောင်ရွက်မှာ ဖြစ်တယ်” လို့ ပြောပါတယ်။

အမျိုးသားပညာရေးဥပဒေနဲ့ ပတ်သက်ပြီး သပိတ်မှောက် ကော်မတီဝင် ကိုနန္ဒစစ်အောင်က အရေးယူမှုတွေ လုပ်မယ်ဆိုရင် ဒီမိုကရေစီအစိုးရ ဟုတ်မ ဟုတ်စောင့်ကြည့်ရမယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက အမျိုးသားပညာရေးဥပဒေနဲ့ ပတ်သက်လို့  အစိုးရ၊လွှတ်တော်၊ပညာရေး ကွန်ယက်နဲ့ သပိတ်မှောက်ကျောင်းသားတွေ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ကျောင်းသားတွေရဲ့ တောင်းဆိုချက်တွေ ထည့်သွင်း ရေးသားထားတဲ့ အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ပညာရေး ၀န်ကြီးဌာနက လွှတ်တော်ကို တင်သွင်းမှာ ဖြစ်ပါတယ်။

ကျောင်းသားသပိတ်စစ်ကြောင်းတွေထဲမှာ မန္တလေးကနေ ချီတက်နေတဲ့ ပင်မစစ်ကြောင်းက ရန်ကုန်ကို ဆက်လက် ချီတက်မှာ ဖြစ်ပြီး ကျန်တဲ့စစ်ကြောင်းတွေက ခေတ္တရပ်နားထားမယ်လို့ ဒီကနေ့ ကြေညာထားပါတယ်။

အစိုးရကတော့ ရန်ကုန်တိုင်းးဒေသကြီးအ၀င်မှာ လုံခြုံရေး အတားအဆီးတွေ ချထားပြီး သပိတ်စစ်ကြောင်းကို တားဆီးဖို့ လုပ်ဆောင်နေပြီး  ကျောင်းသားတွေအနေနဲ့ ရန်ကုန်ကို ၀င်မလာဖို့ ပြောဆိုထားပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/81947


ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကိုးကန့်ဒေသမှာ တိုက်ပွဲတွေ ပြင်းထန်နေချိန် ကချင်ပြည်နယ် အတွင်းမှာတော့ အစိုးရတပ်ဖက်က စစ်အင်အား တိုးချဲ့လာနေပြီး အရင်ရက်ပိုင်းတွေက ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ်အနီးကို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ရှိနေတယ်လို့ KIO က တာဝန်ရှိသူတဦးက ပြောပါတယ်။ လက်ရှိ အခြေအနေအရ သူတို့ကိုလည်း တိုက်ခိုက်မယ် အခြေအနေ ရှိနေတယ်လို့ KIO အရာရှိက သုံးသပ်ပါတယ်။ ကချင်ပြည်နယ်အတွင်းက အခြေအနေတွေကိုတော့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ရှမ်းပြည်နယ် ကိုးကန့်ဒေသမှာ တိုက်ပွဲပြင်းထန်နေချိန်မှာပဲ အစိုးရနဲ့ အပစ်အခတ်မရပ်စဲသေးတဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO အခြေစိုက်ရာ ကချင်ပြည်အတွင်းမှာ အစိုးရဖက်က တပ်အင်အားတိုးချဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။

ကချင်ပြည်နယ်အတွင်း အစိုးရတပ်ဘက်က လတ်တလော စစ်ရေးလှုပ်ရှားလာတဲ့အခြေအနေကို KIO နည်းပညာအကြံပေးအဖွဲ့က ပြောရေး ဆိုခွင့်ရှိသူ ဦးဒေါင်ခါးက အခုလို ပြောပါတယ်။

“အခုက တပ်ပြောင်းတပ်ရွှေ့လုပ်တယ်ဆိုပြီးတော့ အင်အားတိုးချဲ့နေတာတော့ သိရတယ်။ မြစ်ကြီးနား၊ ဖားကန့်..မန္တလေးကနေ မြစ်ကြီးနားတက်လာတဲ့လမ်းကြောင်းတကြော၊ နောက် မြစ်ကြီးနား-ဗန်းမော်တလျှောက်၊ မြစ်ကြီးနား- ကန်ပိုက်တီး ပန်ဝါသွားတဲ့လမ်းကြောင်း၊ ပြီးရင် ဗန်းမော်ကနေ မိုးမိတ်ပေါ့- အားလုံးလိုလိုပါပဲ၊ လမ်းကြောင်းတွေအားလုံးမှာ အစိုးရတပ်အင်အားအပြောင်းအလဲဆိုတဲ့ခေါင်းစဉ်နဲ့ အင်အားတိုးချဲ့တဲ့ဟာတွေ၊ ရိက္ခာပို့တဲ့ဟာတွေ ရှိတယ်။ ရိက္ခာဆိုလည်း လက်နက်ရိက္ခာပါတာပေါ့ဗျာ။”

ပြီးခဲ့တဲ့ရက်ပိုင်းတွေက KIO ဌာနချုပ် လိုင်ဇာအနီးကို အစိုးရတပ်ဖက်က လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေရှိခဲ့တာကြောင့် KIO ကိုလည်း တိုက်ခိုက်လာနိုင်မယ်အခြေအနေရှိနေတယ်လို့ ဦးဒေါင်ခါးက သုံးသပ်ပါတယ်။

“အခုတလော ၁၁ ရက်နေ့ကနေ သူတို့ လက်နက်ကြီးတွေပစ်နေတယ်။ လိုင်ဇာမြို့ထဲမှာက မကျဘူး၊ ဒါပေမယ့် မြို့အပြင်ကျတယ်၊ ပြီးရင် လိုင်ဇာနဲ့ဗန်းမော်သွားတဲ့လမ်းကြောင်း တခု၊ နယ်စပ်လမ်းတခုရှိတယ်။ အဲဒီလမ်းကြောင်းတလျှောက်မှာ သူတို့ လက်နက်ကြီးနဲ့ပစ်တယ်။ ဒါ သူတို့ ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်တာပဲ။ ဆွေးနွေးချင်တဲ့အနေအထားမျိုးနဲ့ တိုက်ပွဲဖြစ်ချင်တဲ့အနေအထားမျိုးကို ဖန်တီးတာပဲ။ ဒါပေမယ့် ကျနော်တို့ဘက်ကတော့ တုံ့ပြန်ပစ်ခတ်တာမရှိဘူး၊ ကာချုပ်ရဲ့လေသံနားထောင်ကြည့်တော့ KIO ကိုလည်း သူတို့က တိုက်မယ့်ပုံစံမျိုးတော့ ဖြစ်နေတယ်။”

ပြည်ထောင်စုနေ့အခမ်းအနားလာတက်ခဲ့ကြသူ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ အခမ်းအနားအပြီးတွေ့ဆုံဆွေးနွေးရာမှာတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကိုးကန့်ဒေသတိုက်ပွဲမှာ ပါဝင်ပတ်သက်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရှိကြောင်း၊ ဒီအတွက် တာဝန်ယူရမှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။

ဦးဒေါင်ခါးကတော့ KIO အနေနဲ့ တပ်ပေါင်းစုဖြစ်ပေါ်ရေး ဆောင်ရွက်တာတွေရှိပေမယ့် ကိုးကန့်ဒေသဘက်ကို နယ်ကျော်ပြီး လူအင်အား စေလွှတ်တိုက်ခိုက်တာမရှိကြောင်း ပြောပါတယ်။

“တကယ့်လူအင်အားအရ၊ လက်နက်အင်အားအရ Central Commend ကနေပြီးတော့ အင်အားတွေ စုစည်း ပေါင်းပြီးတော့လုပ်တဲ့ဟာတော့ မရှိဘူး။ ကိုးကန့်တိုက်ပွဲမှာလည်း လူအင်အားအရ နယ်ကျော်ပြီးတော့ အကူအညီပေးတဲ့ဟာ မရှိဘူး။”

ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG က ဦးလမိုင်ဂွမ်ဂျာကတော့ လက်ရှိ ကချင်ပြည်နယ်တွင်းက အခြေအနေကို အခုလို ပြောပါတယ်။

“၁၁ ရက်..၁၂ ရက်နေ့တုန်းကတော့ လက်နက်ကြီးတွေနဲ့ပစ်တာ ရှိတယ်။ အခုလောလောဆယ်ကတော့ မနေ့ကနဲ့ဒီနေ့ကတော့ ဘာသံမှ မကြားတော့ဘူး။ လက်နက်ကြီးပစ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့ကို PCG ကြောင်းကြားလာတာ၊ ကျနော်တို့လည်း ပဋိပက္ခ ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင်နဲ့ တိုင်း (မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ဆိုလိုပါတယ်။) ကိုတော့ အကြောင်းကြားလာတယ်ဗျ။ အောက်ခြေမှာဖြစ်တာ သူတို့လည်း စုံစမ်းကြည့်မယ် ဆိုပြီးတော့မှ အခုအချိန်အထိတော့ ဘာမှ အကြောင်းမပြန်လာဘူးဗျ။ အခု ကျနော်တို့သိရသလောက်ဆိုရင် တပ်စွဲပြီးပြီလို့ ပြောပြတယ်ဗျ။ အဲဒီမှာထိုင်တဲ့တပ်တွေ၊ တပ်မတွေ ပြန်ချိန်းဖို့အတွက် ပြင်ဆင်နေတာလို့ သိရတယ်ဗျ။ သူတို့လည်း တပ်ချိန်းတယ်လို့ပြောတယ်။ တပ်တွေကလည်း အများကြီးလာတယ်။ တပ်ချိန်းဖို့လာသလား၊ ထပ်တိုးဖို့လာသလား- ဘယ်လိုပုံစံလဲဆိုတာတော့ ကျနော်တို့လည်း အတိအကျတော့ မသိဘူးဗျ။”

တနိုင်းဒေသဖက်က ရွှေမှော်၊ ပယင်းမှော်တွေမှာလည်း တိုက်ပွဲဖြစ်နိုင်တဲ့အခြေအနေရှိတာကြောင့် အလုပ်လုပ်ကိုင်သူတွေကို အစိုးရတပ်က ပြန်ခိုင်းနေတယ်လို့ ပယင်းတူးဖော်ရေးလုပ်ငန်းရှင်တယောက်က ပြောပါတယ်။

“တနိုင်းဘက်က ပယင်းမှော်၊ အောင်ဘာမှော်၊ ဒီနမ်ဗျို ရွှေမှော်- အဲဒါတွေကို အားလုံးဖယ်ခိုင်းတယ်လေ။ အဲဒီ ကြော်ငြာက ... ဒီ ကေအိုင်အေတွေက စစ်ဆင်ရေးကိုအကြောင်းပြပြီးမှ လူသစ်စုဆောင်းတယ်၊ ဆတ်ကြေးကောက်တယ်-တဲ့။ အဲဒါကြောင့် ပြည်သူလူထုကို ဝန်ထုတ်ဝန်ပိုး ဖြစ်တယ်-တဲ့။ ဒါကြောင့်မို့လို့ သူတို့အနေနဲ့ ရှင်းလင်းရေးဝင်လုပ်မယ်-တဲ့။ အဲလိုလုပ်တဲ့အချိန်ကျတော့ တိုက်ပွဲဖြစ်လာနိုင်တယ်။ ဒါကြောင့်မို့လို့ ဒီမှာလုပ်ကိုင်စားသောက်နေတဲ့ လုပ်ငန်းရှင်တွေ၊ လက်လုပ်လက်စား မိဘပြည်သူတွေ- တိုက်ပွဲဖြစ်လာရင် ထိခိုက်လာနိုင်တယ်-တဲ့။ တပ်မတော်အနေနဲ့ လုံခြုံရေးတာဝန်မယူဘူး-တဲ့။ ဒါကြောင့် “အမြန်ဆုံးထွက်ခွာပေးရန် နှိုးဆော်အပ်ပါတယ်”- ဆိုပြီးတော့မှ အဲလို စာဖြန့်ထားတာကိုး။”

KIO နဲ့ အစိုးရတပ်အကြားမှာ အရင်က စစ်ရှိန်လျှော့ချဖို့ နှစ်ဖက်သဘောတူညီခဲ့ကြပြီး ပဋိပက္ခဖြေရှင်းရေးအဖွဲ့ကိုဖွဲ့စည်းပြီး နှစ်ဖက်အကြား တိုက်ပွဲတွေဖြစ်လာရင် ညှိနှိုင်းဆွေးနွေး ဖြေရှင်းတာတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ လိုင်ဇာစစ်သင်တန်းကျောင်း ပစ်ခတ်မှုနောက်ပိုင်းမှာတော့ ဒီလို ဆွေးနွေးဖြေရှင်းတာတွေ ရပ်ဆိုင်းခဲ့သလို အစိုးရဘက်က ဖိတ်ကြားခဲ့တဲ့ လွတ်လပ်ရေးနေ့နဲ့ ပြည်ထောင်စုနေ့ အခမ်းအနားတွေကို KIO က မတက်ရောက်ခဲ့ပါဘူး။

KIO ဖက်ကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ စုပေါင်း ဖွဲ့စည်းထားတဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးညှိနှိုင်းကော်မတီ NCCT က ဆောင်ရွက်နေတဲ့ ပြည်တွင်းငြိမ်းချမ်းရေး အောင်မြင်သည် အထိ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ သဘောထားထုတ်ပြန်ထားပါတယ်။

ကိုမိုးဇော် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/myanmar-extends-its-troops-in-kachin-/2645802.html


သိန်း (၄၀) နဲ့ဝယ်နိုင်မယ့် အခန်းပေါင်း (၆၈၀၀) ကို (၆)လအတွင်းမှာ ဆောက်လုပ်ပေးနိုင်တယ်လို့ ပုဂ္ဂလိက လုပ်ငန်းရှင်တစ်ဦးက ပြောဆိုလိုက်ပါတယ်။ ဒီသတင်းကို လင်းဆက်အောင်က ပေးပို့ထားပါတယ်။

DVB TV - 16.02.2015


အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ရေး ချီတက်နေတဲ့ ကျောင်းသား သပိတ်စစ်ကြောင်း တွေထဲက တစ်ခုဖြစ်တဲ့ ဧရာဝတီ သပိတ်စစ်ကြောင်းက ရန်ကုန်ကို ဆက်မသွားတော့ဘဲ  ဒီကနေ့ ခေတ္တရပ်နားလိုက်ပါတယ်။

ဒီကနေ့ ဖျာပုံမြို့ကနေ  ဘိုကလေးမြို့ကို ရောက်ရှိစဉ် သပိတ်ရပ်နားကြောင်း သတင်းစာရှင်းလင်း ပွဲပြုလုပ်ခဲ့ပြီး သပိတ်ရပ်နားပေမယ့် အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ဖို့အတွက် ဆက်လက်စောင့်ကြည့်မယ်လို့လည်း ဧရာဝတီသပိတ်စစ်ကြောင်းက ကိုတေဇာက ပြောပါတယ်။

“ကျနော်တို့ သပိတ်ကို ခတ္တခန ရပ်ထားမယ်။ သပိတ်ကိုပဲရပ်ထားတာဖြစ်ပါတယ်။ ကျနော်တို့ လှုပ်ရှားဆောင်ရွက်နေတဲ့ကိစ္စရပ်တွေကို နောက်ပိုင်း လုပ်ငန်းစဉ်တွေ ရှိတယ်။ နောက် လွှတ်တော်ကိုတင်လိုက်တဲ့ ၄ ပွင့်ဆိုင်ဆွေးနွေးပွဲကထွက်လာတဲ့ ဥပဒေမူကြမ်းကို ကျနော်တို့ ဆန္ဒအတိုင်း ဖြစ်မဖြစ် စောင့်ကြည်ဦးမယ်။ တကယ်လို့ အစိုးရနဲ့ လွှတ်တော်ဘက်က ကျနော်တို့ ဆန္ဒကို သွေဖယ်ပြီးတော့ ပြင်ဆင်အတည်ပြုမယ်ဆိုရင်တော့ နောက်ထပ်သပိတ်တိုက်ပွဲတွေ ဒီထက်မကတဲ့သပိတ်ကို ချီတက်သွားမှာဖြစ်ပါတယ်။”

သပိတ်ကိုရပ်နားမှာဖြစ်တဲ့အတွက် သပိတ်မှာပါဝင်တဲ့ ကျောင်းသူကျောင်းသားတွေဟာ မိမိတို့ သက်ဆိုင်ရာကျောင်းတွေမှာ စာမေးပွဲပြန်ဖြေကြမှာ ဖြစ်ပါတယ်။ ဒါပေမယ့်ဒီကျောင်းသားတွေ ရွေးချယ်ထားတဲ့ သပိတ်ကော်မီတီခေါင်းဆောင်တွေကနေပြီး အမျိုးသားပညာရေးဥပဒေကို မျက်ခြေမပြတ် စောင့်ကြည့်သွားမယ်လို့လည်း ကိုတေဇာက ပြောပါတယ်။

ဧရာဝတီကျောင်းသား သပိတ်စစ်ကြောင်းဟာ ဇန်န၀ါရီလ ၃၀ ရက်နေ့ကစပြီး ပုသိမ်မြို့ကနေ ရန်ကုန်ကို စတင်ဆန္ဒထုတ်ဖော်ချီတက်ကြတာဖြစ်ပြီး လမ်းတလျာက်မြို့တွေမှာ ဒေသခံတွေရဲ့ တခဲနက် အားပေးခဲ့ကြပါတယ်။

မန္တလေးကနေ ချီတက်လာနေတဲ့ ကျောင်းသားသပိတ်  ပင်မစစ်ကြောင်းကတော့   အစိုးရက ရန်ကုန်တိုင်းအ၀င်မှာ လုံခြုံရေး အတားအဆီးတွေဝင်မလာဖို့ သတိပေးထားတဲ့ကြားက ရန်ကုန်ကို ဆက်လက် ချီတက်နေပါတယ်။

By နော်နိုရင်း (ဒီဗွီဘီ)
http://burmese.dvb.no/archives/81920


IS အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ကို ထောက်ခံတဲ့ လစ်ဗျား စစ်သွေးကြွတွေက အီဂျစ် နိုင်ငံသား ခရစ်ယာန် ၂၁ ဦးကို ခေါင်းဖြတ် သတ်တဲ့ ဗီဒီယို ထွက်ပေါ် လာပြီးနောက် လစ်ဗျား အရှေ့ပိုင်းမှာ ရှိတဲ့ IS အဖွဲ့ရဲ့ ပစ်မှတ်တွေကို ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ အီဂျစ် နိုင်ငံက ပြောပါတယ်။

IS အဖွဲ့ရဲ့ ခြေကုပ် စခန်းတွေ၊ လေ့ကျင့်ရေး စခန်းတွေနဲ့ လက်နက် သိုလှောင်ရာ နေရာတွေကို ဒီမနေ့ မနက် လင်းအားကြီး အချိန်က အက်ဖ် ၁၆ တိုက်လေယာဉ် တွေနဲ့ လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့ အီဂျစ် စစ်တပ်က ပြောပါတယ်။

လစ်ဗျား ဝန်ကြီးချုပ်ရဲ့ ပြောရေးဆိုခွင့် ရှိသူ ကလည်း လစ်ဗျား အရှေ့ပိုင်းက အစွန်းရောက် ဂျီဟတ် ဝါဒီတွေ ထိန်းချုပ်တဲ့ Derna မြို့မှာ လေကြောင်း တိုက်ခိုက်မှုတွေ ရှိခဲ့ကြောင်း ပြောပါတယ်။

အသတ်ခံရတဲ့ ကော့ပ်တစ် ခရစ်ယာန် အီဂျစ် အလုပ်သမားတွေကို ပြီးခဲ့တဲ့ ဒီဇင်ဘာနဲ့ ဇန်နဝါရီ လတွေမှာ လစ်ဗျား အရှေ့ပိုင်းက Sirte မြို့ကနေ IS အဖွဲ့က ဖမ်းခေါ် သွားခဲ့တာ ဖြစ်ပါတယ်။

အီဂျစ် သမ္မတ Abdel Fattah al-Sisi က ကော့ပ်တစ် ခရစ်ယာန် ဘုရားကျောင်းကို သွားရောက်ပြီး ဘုန်းတော်ကြီး Pope Tawadros ထံမှာ ဝမ်းနည်းစကား ပြောခဲ့ပါတယ်။

BBC Burmese
http://www.bbc.co.uk/burmese/world/2015/02/150216_egypt_bombed_is_libya


အမျိုးသား ပညာရေး သပိတ်စစ်ကြောင်းတွေဟာ ရန်ကုန်မြို့ကို ဦးတည်ချီတက်နေကြသလို အုပ်ချုပ်ရေးပိုင်းက ဒီသပိတ်စစ်ကြောင်းတွေ ရန်ကုန်ဧရိယာကို မ၀င်နိုင်အောင် တားမြစ်မယ်လို့ ထုတ်ပြန်ထားတဲ့အတိုင်း ရန်ကုန်နဲ့ ပဲခူးတိုင်း အစပ်မှာ ရဲတပ်ဖွဲ့တွေ ခင်းကျင်းထားပါတယ်။

မန္တလေးကနေ ရန်ကုန်ကို ချီတက်နေကြတဲ့ ကျောင်းသား သပိတ်စစ်ကြောင်းဟာ ဒီမနက် အုတ်ဖိုမြို့ကနေ မင်းလှမြို့ကို ဆက်လက်ချီတက်နေကြပြီး မင်းလှမှာ ညအိပ်ဖို့ ပြင်ဆင်နေပါတယ်။

ကျောင်းသားတွေ တောင်းဆိုတဲ့ အချက် ၁၁ ချက်ပါဝင်တဲ့ အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး ဥပဒေမူကြမ်းကို အစိုးရ၊ လွှတ်တော်၊ နိုင်ငံလုံးဆိုင်ရာ ပညာရေး ပြုပြင်ပြောင်းလဲမှုကွန်ရက် (အန်အန်အီးအာရ်)နဲ့ ကျောင်သားကိုယ်စားလှယ်တွေ ဖေဖော်ဝါရီ (၁၄-၁၅) နှစ်ရက်တာ ဆွေးနွေး ပွဲမှာ ညှိနှိုင်းသဘောတူခဲ့ကြပါတယ်။

ဒီမူကြမ်းကို ဒီကနေ့ တနင်္လာနေ့ လွှတ်တော်မှာ အရေးကြီး အဆိုအဖြစ် တင်သွင်းနိုင်မယ်လို့ ထင်ကြေးပေးထားကြပေမယ့် ဒီကနေ့ ညနေစောင်းတဲ့အထိတော့ မတင်သေးပါဘူး။

ကျောင်းသားတွေရဲ့ သပိတ်စစ်ကြောင်းတွေနဲ့ပတ်သက်လို့ ရပ်တန့်ဖို့ တိုက်တွန်းနေသူ တွေရှိသလို ဆက်လက်ချီတက်ဖို့ တွန်းအားပေးနေသူတွေလည်းရှိပါတယ်။ အုပ်ချုပ်ရေးပိုင်းနဲ့ သပိတ် စစ်ကြောင်းအကြား သွေးထွက်သံယိုမဖြစ်စေဘဲ အေးအေးချမ်းချမ်း အဖြေထုတ်ကျော်လွှားဖို့ တရားဝင် ကမ်းလှမ်းဆွေးနွေးမှုတွေတော့ မကြားသိရသေးပါဘူး။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ဦးဆောင်ချီတက်နေတဲ့ ပင်မသပိတ် စစ်ကြောင်းကို လိုက်လံဝန်းရံနေတဲ့ သာယာဝတီမြို့ခံတဦးကို ဆက်သွယ်မေးမြန်းထားပါတယ်။

သာယာဝတီဘက်မှာ (လုံခြုံရေးတပ်ဖွဲ့တွေ)တော်တော် ပြင်ထားတယ်လို့ သိရပါတယ်။ မြို့ အခြေအနေကို ပြောပြပါ။

“ဟုတ်တယ်။ သာယာဝတီဘက်ခြမ်းထက်စာရင် ရန်ကုန်ဘက်ခြမ်းကို တော်တော်ပြင်ထားတာပေါ့။ ဒါပေမယ့် နယ်စပ်စည်းမျဉ်းက သာယာဝတီနဲ့ အနီးဆုံးဖြစ်နေတော့ သာယာဝတီမှာ ပြင်ထားတယ်ဆိုတာဖြစ်တာ။ သူတို့က ဟိုဘက်မှာ (ရန်ကုန်ဘက်ခြမ်း)မှာ ရဲ ချထားတယ်။ တပ် ချထားတယ်။ သာယာဝတီမှာလည်း လုံထိန်းကနေပြီး ကား ၁၂ စီးလောက်နဲ့ စောင့်နေတယ်ပေါ့။”

အခုဟာ လုံထိန်းသက်သက်ပဲလား။ အရပ်ဝတ်တွေပါကြလား။ သဲသဲကွဲကွဲ ပြောပြပါလား။

“အရပ်ဝတ်တွေကိုကတော့ သူတို့က အုတ်ကန်(မြို့)မှာ တရွာကို လူ ၃၀ ဆင့်ထားတယ်လို့ သတင်းရပါတယ်။ သာယာဝတီမှာလည်း သူတို့ အရပ်ဝတ်နဲ့ သူတို့ တားမယ်ဆိုပြီးတော့။ ပထမ သူတို့က မြို့မိမြို့ဖတွေကို ခေါ်ပါတယ်။ ခေါ်ပြီးတော့မှ သူတို့ အရင်ဆုံး စစ်ကြောင်းကို ဘလော့ခ် (တား) ဖို့ ဆိုပြီးတော့ ဆရာကြီးများ (ကျောင်းဆရာကြီးများ) အဖွဲ့ဖွဲ့ခိုင်းပါတယ်။ ၂၁ ယောက်နဲ့ဖွဲ့တယ်။ ဖွဲ့ပြီးတော့မှ အဲဒီလူတွေက မေတ္တာရပ်ခံပြီး မရဘူးဆိုလို့ရှိရင် နောက်ဘက်က လူအုပ်ကနေပြီးတော့ လက်ချင်းချိတ်ပြီးတော့ တားမယ်လို့ ပြောပါတယ်။ အဲဒီဥစ္စာကို ဖောက်ထွက်သွားလို့ရှိရင် ရဲကနေ လက်ချင်းချိတ်ပြီးတားမယ်လို့ ပြောပါတယ်။ နောက်ပြီးလို့ရှိရင် မရဘူးဆိုလို့ရှိရင်တော့ တိုင်းဒေသကြီးဝန်ကြီးအဖွဲ့ကနေပြီးတော့ စကားပြောမယ်လို့ ပြောတယ်။ မရရင်တော့ သူတို့က စစ်တပ်လက်ကိုအပ်မယ် ဆိုတဲ့အစီအစဉ် ၅ ရပ်ကို ဆွဲထားတယ်လို့ပြောပါတယ်။

နောက်ပိုင်းမှာ ဆရာကြီးတွေက လူအုပ်နဲ့တားမှာ စသဖြင့် လက်မခံဘူး။ သူတို့က ကြိုဆိုရေးအပိုင်းကိုပဲ ခေါင်းစဉ်ပြောင်းသွားတယ်ဗျ။ ကျောင်းအုပ်ဆရာကြီးတွေနဲ့ စာရေးဆရာ သမဂ္ဂတွေနဲ့ အားလုံးကို သူတို့က ၂၁ ယောက်ဖွဲ့ပြီးလုပ်တော့ ပထမ အစီအစဉ် ၅ ရပ်မှာ အစီအစဉ် ၄ ရပ်နဲ့ သူတို့က ပူးပေါင်းမလုပ်ဆောင်နိုင်ပါဘူးဆိုပြီးတော့ သီးခြားလုပ်ပြီးတော့မှ ကျောင်းသားတွေကို ကြိုဆိုပြီးတော့ မေတ္တာရပ်ခံပြီးတော့ နေရာပေးဖို့ ခေါင်းစဉ်တခုအနေနဲ့သူတို့ စဉ်းစားပြီး ဆွေးနွေးနေကြတယ်”

နောက်ပြီးတော့ သာယာဝတီမှာလည်း ဘုန်းကြီးကျောင်းတွေက နည်းနည်း ဖိအားပေးခံရတယ်လို့ ထင်ပါတယ်။ ကျနော်တို့ သွားလျှောက်တော့ ဘုန်းကြီးတွေက ကျနော်တို့ပုံမှန် လုပ်နေတဲ့ဟာတွေကို လက်မခံရဘူးဖြစ်နေတယ်။ အခုတော့ ကျနော်တို့ တနေရာတော့ ရထားပါပြီ။ အဲဒီဟာကို မှ ဖိအားပေးမယ်ဆိုရင်တော့ ကျနော်တို့က သာယာဝတီမြို့မှာ လမ်းပေါ်မှာပဲ စစ်ကြောင်းကို သပိတ်စခန်းဖွင့်လိုက်မယ်လို့ ကျနော်တို့ ရည်ရွယ်ထားပါတယ်။”

အစိုးရက ရန်ကုန်တွင်းကို အ၀င်မခံဘူးလို့ ထုတ်ပြန်ထားတယ်။ အခု ပဲခူးနယ်စပ်မြို့အထိ လာပိတ်တယ်ဆိုတဲ့သဘောလား။

“အဓိကက ရန်ကုန်တိုင်းအတွင်းကို ပြောတဲ့အတွက် ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်းအစပ်က သာယာဝတီဖြစ်နေတာ။ အဲဒီမှာ မီးနင်းချောင်းဆိုတဲ့ ချောင်းလေးရှိတယ်။ အဲဒီချောင်းမှာ သူတို့က လာပြီးတော့ ပဲခူးတိုင်းဘက်ခြမ်းမှာ ပိတ်တာမဟုတ်ဘဲနဲ့ မှတ်တိုင်ကနေပြီးတော့ ရန်ကုန်ဘက်ခြမ်းကနေ ပိတ်ထားတာပါ။”

သာယာဝတီဘက် ပဲခူးဘက်က ပြင်ဆင်မှုတွေကတော့ ပဲခူးတိုင်းဘက်ကနေ ကြိုကာတဲ့ သဘောလား။

“ဟုတ်မယ်ထင်တယ်ဗျ။ အစိုးရဘက်က လုပ်တဲ့အတွက် ကျနော်တို့ကတော့ မသိပါဘူး။ ကျနော်တို့ကတော့ ဒီစစ်ကြောင်း (မန္တလေး-ရန်ကုန် ပင်မစစ်ကြောင်း) ရဲ့ သဘောထားနဲ့ စစ်ကြောင်း ဘေးမသီ ရန်မခဖြစ်အောင်ပဲ ကျနော်တို့မြို့ကတော့ ၀န်းရံမှာပါ။”

လုံခြုံရေးအင်အားတွေက ဒီမနက်ပိုင်းထိ ဘယ်လိုရှိနေလဲ။

“လုံခြုံရေးအင်အားက သာယာဝတီဘက်ခြမ်းမှာကတော့ပေါ့နော် ကားက လုံခြုံရေးအင်အား ၄ စီး၊ ၅ စီးလောက်။ အင်အား ၁၆၀ လောက်လို့ ပြောပါတယ်။ နောက် မီးသတ်ကားက ၄ စီးရှိပါတယ်။ ရေသယ်တဲ့ ဘောက်ဇာက ၂ စီးရှိပါတယ်။ အဲဒီအပြင်ကိုမှ မြို့ထဲမှာ သတင်းကြားရတာ အရန်မီးသတ်တွေကို ခေါ်ပြီးတော့ ရဲယူနီဖောင်းလဲပေးတဲ့အတွက် မြို့ထဲက အရန်မီးသတ် တပ်ဖွဲ့တွေက ဒါမျိုးတွေ မလုပ်နိုင်ဘူးဆိုပြီး ပြန်လာတဲ့သူတွေ ရှိတယ်လို့ ပြောပါတယ်။”

ကျောင်းသားသပိတ်စစ်ကြောင်းတွေက သာယာဝတီကို ဘယ်အချိန်လောက်ရောက်နိုင်လဲ။

“ကျနော်တို့ သာယာဝတီကို ၁၈ ရက်နေ့ မနက် လက်ပံတန်းကနေ စထွက်ပါမယ်။ သာယာဝတီနယ်ထဲကို ၁၈ ရက်နေ့ မနက် ၁၁ နာရီလောက်မှာ သာယာဝတီကို စ၀င်ပါ့မယ်။ သာယာဝတီမှာ ညအိပ်ပါ့မယ်။ ၁၉ ရက်နေ့ မနက်မှာ ကျနော်တို့ ရန်ကုန်တိုင်းဧရိယာကို ၀င်မှာကတော့ ၁၉ ရက်နေ့ ၁ နာရီလောက်မှာ စဖြတ်ပါမယ်။ ဒီညကို မင်းလှမြို့မှာ အိပ်မှာပါ။ နက်ဖြန်ကို လက်ပံတန်းမှာ အိပ်မှာပါ။ သန်ဘက်ခါကို သာယာဝတီမှာအိပ်မှာပါ။”

ကျောင်းသားသပိတ်စစ်ကြောင်းတွေကို မြို့ခံလူထုက ပူးပေါင်းဆောင်ရွက်မှု၊ ထောက်ခံမှု ဘယ်လိုရှိသလဲ။

“ဒေသခံတွေက သာယာဝတီခရိုင်အနေနဲ့ပြောမယ်ဆိုရင်တော့ သွေးမြေကျမယ့်အလုပ်မျိုးကို ဘယ်လိုမှ လက်မခံပါဘူး။ ဖြစ်နိုင်ရင်တော့ စေ့စပ်ညှိနှိုင်းဖို့တော့ ကြိုးစားကြပါလို့ မေတ္တာရပ်ခံပါတယ်။ အခုဟာ မေတ္တာရပ်ခံတာက တဖက်သတ်ဖြစ်နေတယ်လို့ ပြည်သူလူထု တော်တော်များများက မြင်နေပါတယ်။ ကျောင်းသားတွေကို ဆက်လက်မချီတက်ဖို့ မေတ္တာရပ်ခံနေပါတယ်။ အစိုးရကို မေတ္တာရပ်ခံတဲ့ လက္ခဏာမတွေ့ရဘူးလို့ ဖြစ်နေတဲ့အတွက် ဒီမေတ္တာရပ်ခံတဲ့လူတွေအပေါ်မှာလည်း တဖက်သတ်ဆန်နေသလားလို့ ပြည်သူလူထုက မြင်နေပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ သိမ်သိမ်မွေ့မွေ့နဲ့ဖြစ်နိုင်အောင်တော့ သူတို့ကျိုးစားပါတယ်။ သာယာဝတီမြို့လူထုအနေနဲ့ကတော့ လိုအပ်လိုလာလို့ ဆုံးဖြတ်ချက်တွေ အမြန်ဆုံးချပေးမယ်။ သပိတ်စစ်ကြောင်းက ရပ်တန့်ပြီးတော့ စောင့်ဆိုင်းမယ်ဆိုလို့ရှိရင်တော့ မြို့ကနေလည်း စောင့်ဆိုင်းတဲ့ Time Frame ကန့်သတ်ချိန် တခုအတွင်း အားလုံးကို အကူအညီပေးမယ်လို့ ခဏကတော့ မြို့မိမြို့ဖတွေရော၊ ပြည်သူလူထုတွေရော လာပြောပါတယ်။”

By အေးနိုင် (ဒီဗွီဘီ)
http://burmese.dvb.no/archives/81936


တီဟီရန် ၊ ၁၆-၂-၂၀၁၅

ပြင်သစ်နိုင်ငံ နှင့် ဘယ်လ်ဂျီယံ နိုင်ငံတို့တွင် တိုက်ခိုက်မှုများ ထပ်မံ လုပ်ဆောင် သွားမည်ဟု ISIS စစ်သွေးကြွ များက ဗီဒီယိုဖိုင်မှ တစ်ဆင့် ခြိမ်းခြောက် ပြောကြား လိုက်ကြောင်း သိရသည်။

အဆိုပါ ဗီဒီယိုဖိုင်ကို ISIS စစ်သွေးကြွ များက ဖေဖော်ဝါရီ ၁၄ ရက်တွင် ထုတ်ဖော် ပြသခဲ့ခြင်း ဖြစ်ပြီး ဗီဒီယိုခွေ၏ အမည်ကို " A Message to France " ဟု အမည်ပေး ထားသည်ဟု သိရသည်။ ဥရောပ နိုင်ငံကြီး နှစ်နိုင်ငံ ဖြစ်သော ပြင်သစ် နှင့် ဘယ်လ်ဂျီယံ နိုင်ငံတို့တွင် တိုက်ခိုက်မှုများ စတင်ရန် အတွက် ၄င်းတို့ အနေဖြင့် ညွှန်ကြားချက် များကို စောင့်ဆိုင်းလျက် ရှိကြောင်း ကိုးမိနစ်ကြာ ဗီဒီယိုဖိုင်မှ တစ်ဆင့် ISIS စစ်သွေးကြွ များအဖွဲ့က ပြောကြား ထားသည်။

ပြင်သစ်နိုင်ငံ အတွက် အိပ်မက်ဆိုးသည် ယခုမှစ၍ စတင်ပြီ ဖြစ်ကြောင်းနှင့် ၄င်းတို့အဖွဲ့ အနေဖြင့် ပဲရစ်မြို့တွင်း ၌ တိုက်ခိုက်မှု များကို လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ISIS စစ်သွေးကြွ အကြမ်းဖက် သမားများက ပြောကြား ခဲ့သည်။

ISIS စစ်သွေးကြွ အကြမ်းဖက် အဖွဲ့၏ အဆိုပါ ခြိမ်းခြောက် ပြောကြားမှု ဗီဒီယိုသည် ပြင်သစ် နိုင်ငံတွင်းရှိ Charlie Bebdo မဂ္ဂဇင်းတိုက် နှင့် စူပါမားကတ် တစ်ခု တိုက်ခိုက် ခံရမှု အပါအဝင် ၄င်းနိုင်ငံ အတွင်း၌ အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွား ခဲ့ပြီးနောက် တစ်လ အကြာတွင် ထွက်ပေါ် လာခြင်း ဖြစ်သည်။

‪‎PyiChitThar‬
http://www.pyichitthar.com/2015/02/isis_15.html

ကိုပင်ဟေဂင်မြို့က သေနတ်ပစ်မှုဖြစ်ပွားပြီး လူသေဆုံးရာနေရာကို စုံစမ်းစစ်ဆေးရေးဝင်နေစဉ်။ (ဖေဖေါ်ဝါရီ ၁၅၊ ၂၀၁၅) 
Demark နိုင်ငံ Copenhagen မြို့မှာ စနေနေ့က လူနှစ်ယောက်ကို သတ်ဖြတ်ခဲ့သူလို့ မသင်္ကာသူ အမျိုးသားတယောက်ကို ရဲက ပစ်သတ်ခဲ့ပါတယ်။

စနေနေ့က ပစ်ခတ်မှုတွေနဲ့ ပတ်သက်လို့ ဝန်ကြီးချုပ်က အဆိုးမြင်ဝါဒီတို့ရဲ့ Demark နိုင်ငံအပေါ် အကြမ်းဖက်မှုဖြစ်တယ်လို့ ဖော်ပြပြောဆိုခဲ့ပါတယ်။

Demark နိုင်ငံမှာ မွေးဖွားတဲ့ အသက် ၂၂ နှစ်အရွယ် မသင်္ကာသူ သေနတ်သမားဟာ မီးရထားဘူတာရုံတခုနားမှာ တနင်္ဂနွေနေ့အစောပိုင်းက ရဲအရာရှိတယောက်ကို စတင်ပစ်ခတ်ခဲ့တဲ့အတွက် သူ့ကို ပြန်ပစ်ရာမှာ သေဆုံးခဲ့တာလို့ အာဏာပိုင်တွေက ပြောပါတယ်။

အဲဒီသေဆုံးသွားသူဟာ အကြမ်းဖက်မှု၊ လက်နက်ဆိုင်ရာ ချိုးဖောက်မှုတို့နဲ့ အရင်ထဲက ပြစ်မှုမှတ်တမ်းရှိသူဖြစ်တယ်လို့ ရဲကပြောပါတယ်။ စနေနေ့တုန်းက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုဆိုင်ရာ စုဝေးပွဲတခုမှာ ပစ်ခတ်မှုနဲ့ Copenhagen ဂျူးဘာသာရေးဝတ်ပြုကျောင်းတခုမှာဖြစ်ခဲ့တဲ့ ပစ်ခတ်မှုတွေမှာ တခြားသေနတ်သမားတွေ ပတ်သက်နေတယ်ဆိုတဲ့ အထောက်အထားတော့ မတွေ့ရဘူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ သေနတ်သမားဟာ အစ္စလာမ်အစွန်းရောက်ဝါဒကို ယုံကြည်နေသူဖြစ်တယ်လို့ ယုံကြည်ရကြောင်း Demark ထောက်လှမ်းရေး အကြီးအကဲက ပြောပါတယ်။

ပြည်သူတွေ သေဆုံးစေခဲ့တဲ့ ပစ်ခတ်မှုနဲ့ပတ်သက်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Ban Ki Moon က အပြစ်တင်ခဲ့ပါတယ်။ Copenhagen မြို့မှာဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုဟာ ပြင်သစ်နိုင်ငံမှာ ဖြစ်ပွားခဲ့မှုတွေလိုပဲ ဝမ်းနည်းစရာဖြစ်တယ်လို့ ပြင်သစ်တာဝန်ရှိသူတွေကလည်း ပြောကြားခဲ့ပါတယ်။ ဂျာမနီနိုင်ငံက ဘဟောင်းရွှက် (Braunschweig ) မြို့မှာလည်း အစ္စလာမ်အစွန်းရောက်တို့ တိုက်ခိုက်မယ့်အန္တရာယ် ရှိနေတယ်လို့ အာဏာပိုင်တွေက ပြောပြီး တနင်္ဂနွေနေ့က ကျင်းပဖို့စီစဉ်ထားတဲ့ Carnival ပွဲတော်ကို ဖျက်ခဲ့ပါတယ်ရှင်။

ဗွီအိုအေ (မြန်မာဌာန)
http://burmese.voanews.com/content/police-release-details-on-suspected-gunman-in-cophengagen-attacks-/2645473.html

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.