02/21/15

မန္တလေးတိုင်း ဒေသကြီးမတ္တရာမြို့ နယ်မှာ အစိုးရကသိမ်းယူ ထားတဲ့ မြေဧက ၆ဝဝ ကျော်ပေါ်မှာ ဖေဖော်ဝါရီလ ၂ဝ ရက်နေ့က ဒေသခံတောင်သူတွေ ဝင်ရောက်ထွန်ယက်စဉ်။ Photo: Nay Thwae/RFA
မန္တလေးတိုင်း ဒေသကြီးမတ္တရာမြို့ နယ်မှာ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက သိမ်းယူထားတဲ့ ရေနံ့သာစိုက်ကွင်းက မြေဧက ၆ဝဝ ကျော်ပေါ်မှာ ဒီနေ့မနက်က ဒေသခံတောင်သူ ၁ဝဝ ကျော်က ဝင်ရောက်ထွန်ယက်ခဲ့ကြပါတယ်။

မြေသိမ်းခံရပြီးနောက်ပိုင်း အခက်အခဲတွေ ကြုံတွေ့နေ ရတဲ့အတွက် မြေပြန်လည်ရရှိတဲ့အထိ ထွန်တုံးတိုက်ပွဲ ဝင်သွားမယ်လို့ လယ်မြေဆုံးရှုံးခဲ့တဲ့ မတ္တရာမြို့ နယ် ရေနံ့သာရွာသား ကိုမြင့်တင်က ပြောပါတယ်။

"ကျနော်တို့မှာ ဘဝကနာလှပြီ၊ ခံလည်းခံထားခဲ့ရ တာလည်း များလှပြီ၊ ဒီကိစ္စနဲ့ ပတ်သက်လို့ ကတော့ ပြောမယ်ဆိုလို့ရှိရင်တော့ မဖြစ်ဖြစ်အောင် ထွန်ယက်စိုက်ပျိုးသွားမယ်လို့ပဲ စိတ်ကူးထားတယ်"

မတ္တရာမြို့နယ်က ကျောက်စရစ်၊ ရေနံသာနဲ့ တံငါမြောက်ရွာက လယ်မြေတွေကို ၁၉၈၈ မတိုင်မီလောက်က လယ်ယာနဲ့ ဆည်မြောင်းဝန်ကြီးဌာနက သိမ်းဆည်းခဲ့တာပါ။

အဲ့ဒီမြေတွေကို လယ်ဆည်ဝန်ကြီးဌာနက ဒေသခံလယ်သမားတွေကို သီးစားပြန်ချပေးထားတာ ဖြစ်ပါတယ်။

RFA Burmese
https://burview.rfaweb.org/burmese/news/over100-farmers-launch-plough-campaign-grab-lands-mattayar-02202015094749.html

ဗုဒ္ဓစာပေ ဓမ္မပဒပုံပြင်တခုမှာ တိုင်းပြည်တခုရဲ့ ဥသျှောင်အထွဋ်အခေါင်တွေက ကိုယ်ခန္ဓာကို အရင်းတည်ပြီး မကောင်းမှုကာမဂုဏ်ဖျော်ဖြေရေးနဲ့ အသက်ဝမ်းမွေးဝမ်းကြောင်းရတဲ့ ပြည့်တန်ဆာမတယောက်လောက်တောင် သီလ သမာဓိမရှိကြဘူး။ ဒါကိုသိခဲ့ရတော့ ဒီနေ့ဗမာပြည်က အစိုးရဆိုပြီးလုပ်နေသူတွေနဲ့ သူတို့အသင်းအပင်းတွေရဲ့ သစ္စာမရှိ ကတိမတည်ယုံမက ယုတ်မာကောက်ကျစ်နေတာတွေကို သိပ်တအံ့တသြမဖြစ်မိတော့ပါ။

ငယ်ငယ်ကဖတ်ခဲ့တာဆိုတော့ သိပ်ပြည့်ပြည့်စုံစုံတော့မမှတ်မိတော့ပါ၊ ပုံပြင်လာဇာတ်အရ တိုင်းပြည်တပြည်မှာ သီလပျက်ကြလို့ ကမ္ဘာဖျက်မိုးကြီးလို မိုးကြီးသည်းသည်းထန်ထန် ရက်ဆက်ရွာနေလို့ တိုင်းပြည်အဝှန်းရေတွေကြီးလို့ ဒုက္ခကြုံရတယ်။ ဒါကြောင့်တိုင်းပြည်ထဲက ပညာရှိပရောဟိတ်တွေနဲ့ စုံစမ်းတွက်ချက်ကြည့်တော့ သီလသမာဓီနဲ့ ပြည့်စုံသူက သစ္စာပြု ဓိဌာန်ရင် မိုးကြီးရွာတာ ရပ်မယ်လို့ အဟောထွက်တယ်။ ဒါကြောင့်မင်းဘုရင်စပြီး သစ္စာဆိုတယ်၊ မရဘူး။ မိုးကြီးက ရွာမြဲဆက်ရွာနေတယ်။ မင်းကိုးကွယ်တဲ့ မင်းဆရာရသေ့ သစ္စာဆိုတယ်၊ မရဘူး။ မိုးကြီးက ရွာမြဲဆက်ရွာနေတယ်။ မင်းသား မင်းမှုးမတ်ပုရောဟိတ်တွေ သစ္စာပြုတယ်၊ မရဘူး။ ကုန်သည်ပွဲစား သူဌေးသူကြွယ်တွေ သစ္စာဆိုကြတာလဲ၊ မရဘူး။ မိုးကြီးက ရွာမြဲဆက်ရွာနေတယ်။

ဒါနဲ့နောက်ဆုံး ပြည့်တန်ဆာမက သူလဲသစ္စာပြုပါမယ်လို့ဆိုတော့ ပရိသတ်က ဝိုင်းပြီးလှောင်ပြောင်ကြတယ်။ နင်လို ကိုယ်ခန္ဓာကို အရင်းပြုပြီး သူတပါး လင်ယောင်္ကျား သားမောင်တွေနဲ့ ကာမဂုဏ်မှု ကျူးလွန်နေသူက သစ္စာဘယ်လိုပြုနိုင်မလဲလို့ ကဲ့ရဲ့ကြတယ်။ ဒါပေမယ့် ဘာမှမျှော်လင့်ချက်လဲမရှိတော့တဲ့အတူ ပြုချင်လဲပြုစေလို့ အခွင့်ရတာနဲ့ ပြည့်တန်ဆာမ သစ္စာပြု ဓိဌာန်တယ်။ ပြည့်တန်ဆာမ အဓိဌာန်ပြုပြီးတာနဲ့ မိုးကြီးရပ်စဲသွားတယ်။ မြစ်ရေတွေ တဒီးဒီးလျောကျသွားတယ်။ မင်းနဲ့ပရိသတ်လဲ သူတို့သစ္စာပြုတာ ဘာမှမဖြစ်ပဲ ပြည့်တန်ဆာမပြုတဲ့သစ္စာကြောင့် အရှက်တကွဲနဲ့ အံ့ဘွယ်သူရဲဖြစ်ကုန်တယ်။ တအံ့တသြနဲ့ မေးမြန်းစူစမ်းကြတယ်။

ဒီတော့မှပြည့်တန်ဆာမက သူပြုတဲ့ သစ္စာဓိဌာန်ကိုပြန်ပြောပြတယ်။ သူ့အဓိဌာန်ကကရိုးရိုးလေး၊ သူ့အလုပ်ကိုသူနားလည် သစ္စာထားတယ်၊ တည်တည်ကြည်ကြည်လုပ်ဆောင်တယ်၊ ဒါကို တစိုက်မတ်မတ် အာရုံပြုလုပ်ဆောင်တယ်။ ဒါက သမာဓီဖြစ်လာတယ်။ သူဟာ သူ့ဘဝ အကြောင်းကံကြောင့် ပြည့်တန်ဆာဖြစ်ရတာကို လက်ခံတယ်၊ အဖိုးအခပေးပျော်ပါးလိုသူတိုင်းကို မင်းမှုးမတ် သူဌေးသူကြွယ် ကုန်သည်လယ်လုပ် ဆင်းရဲသား ဘယ်သူကိုမဆို မျက်နှာမလိုက်ပဲ ဆက်ဆံတယ်၊ သူတို့ပေးတဲ့ အဖိုးအခနဲ့ထိုက်တန်အောင် ချစ်ခြင်း မုန်းခြင်းမထားပဲ အတန်းအစားမခွဲ ပြုစုတယ်။ ဒီလိုသူ့အလုပ်အတိုင်းသူဟာ သစ္စာမြဲမြန်ကျင့်ခဲ့တယ်၊ ဒီသစ္စာစကားမှန်ရင် မိုးကြီးစဲလို့ ရေအလျင်လျောကျပါစေလို့ ဓိဌာန်ပြုပါတယ်လို့ ဆိုတယ်။ ဒီတော့မှ မင်းကစပြီး ပရိသတ်က ကောင်းချီးသြဘာပေးကြတယ်။

လောလောလတ်လတ် ဗမာပြည်မှာအဲလို အခြေအနေမျိုးဆိုက်လာရင် ဘယ်မင်းဆရာ ဘယ်မင်းမှုးမတ်တွေက သစ္စာပြုရဲမလဲ စဉ်းစားလို့မရပါဘူး။ စစ်ကျွန်ပညာရေးဥပဒေကို ကန့်ကွက်ဆန္ဒပြချီတက်နေကြတဲ့ ကျောင်းသားတွေနဲ့ သိန်းစိန်စစ်အစိုးရတို့ကြား ဆွေးနွေးညှီနှိုင်း သဘောတူညီချက်ယူကြတယ်။ ကျောင်းသားတွေတောင်းဆိုတဲ့ အတိုင်းပြောင်းပေးမယ်၊ လှုပ်ရှားမှုမှာ ပါဝင်သူတွေကိုအရေးမယူရဘူး၊ ကျောင်းသားတွေဘက်က သူတို့တောင်းဆိုတဲ့အတိုင်း လွတ်တော်ကအတည်ပြုပြီး သမ္မတလက်မှတ်ထိုးပြီးရင် သူတို့ သပိတ်ရပ်မယ်လို့ သဘောတူကြတယ်။ လွတ်တော်အတည်ပြုချက်ကို ဒီလ ဖေဖော်ဝါရီ (၁၆) ရက်မှာရယူမယ်လို့ဆိုတယ်။သပိတ်စစ်ကြောင်းတွေက အထက်တန်းစာမေးပွဲတွေကိုငဲ့ထောက်ပြီး ရောက်ရာအရပ်မှာ ခေတ္တရပ်နားထားတယ်။

ဒါပေမယ့်လူကြီးဖြစ်တဲ့ အစိုးရနဲ့ အလိုတော်ရိ အပေါင်းအပါတွေက ကတိမတည်တဲ့အပြင် ယုတ်မာကောက်ကျစ်တဲ့ အကြံအစည် အားထုတ်မှုတွေနဲ့ သဘောတူညီချက်တွေကို ချိုးဖောက်နေတယ်၊ သူတို့ကိုယ်တိုင် လေးပွင့်ဆိုင်လက်မှတ်ရေးထိုးထားတဲ့ သဘောတူညီချက်ကို ဖျက်သိမ်းဖို့လုပ်နေတာတွေတွေ့နေရတယ်။ ငှက်မွေးထက်တောင် ပေါ့ပျက်တဲ့လူကြီးတွေ၊ ကိုယ်လက်မှတ်ထိုး သဘောတူထားရတာ ကိုယ့်သားမြေးအရွယ် ကျောင်းသားတွေပါလားဆိုတဲ့ အသိတရားနဲ့ အရှက်တရားတောင်မရှိတော့ပါလားလို့သာ အံ့သြရတော့တယ်။
ပြန်ကြားရေးဝန်ကြီးဆိုသူ ရဲထွတ်က သူသင်းပင်းနောက်ဝန်ကြီးတယောက်ဖြစ်တဲ့ လှထွန်းလက်မှတ်ထိုး သဘောတူထားတဲ့ ပညာရေးဥပဒေမူကြမ်း(သစ်) ကို ဒေါက်တာသိန်းလွင် ဒေါ်ညိုညိုလွင်နဲ့ အောင်ဆန်းမှိုင်းတို့ရဲ့ ဥပဒေလို့ သူ့ဖေ့စဘုတ်ကနေ သမုတ်တယ်၊ ပျက်ရယ်ပြုတယ်။ သမ္မတရုံးက မှုးဇော်ဆိုတဲ့ ဇော်ဌေးကလဲ ကွန်မြူနစ်တွေရဲ့ ဥပဒေဖြစ်လို့ အဲဒီဥပဒေအတိုင်းဆိုရင် ဆူပူမှုတွေဖြစ်တော့မှာပဲလို့ တလွဲဝါဒဖြန့်ပြီးလူတွေကို ခြောက်ပေးနေတယ်။ ဘယ်လိုအစိုးရလဲ ဘယ်လိုဝန်ကြီးတွေလဲ။ မင်းမှာသစ္စာ လူမှာကတိဆိုတဲ့စကား ကြားဖူးကြရဲ့လားမသိ။

လယ်မြေသိမ်းခံရလို့ ပူဆွေးသောကရောက်နေတဲ့ သူ့ဒကာတွေကို လောဘတွေလျော့ကြလို့ မေတ္တာစာရေးခဲ့တဲ့ သီတဂူဘုန်းကြီးက သားတို့ သမီးတို့ဆိုပြီး ပလီပလာနဲ့ သပိတ်ရပ်ခိုင်းတယ်၊ လူတွေဝိုင်းဝေဖန်တော့မှ အရှက်ပြေသိက္ခာဆည် စစ်အာဏာတွေဆီ စာတစောင်ထပ်ထုတ်တယ်။ ဒါတောင် စကားအသုံးအနှုန်းက တတ်နိုင်သလောက် လိုက်လျောပါလို့ဆိုထားတော့ မတတ်နိုင်တာမလိုက်လျောနဲ့လို့ ပြောချင်သလားမသိပါဘူး။ ဘုန်းကြီးခိုင်းတာကို မလိုက်လျောတဲ့ ကျောင်းသားတွေကို အရောင်ဆိုးတယ်။ ကွန်မြူနစ်သမုတ်တယ်။

နောက်ဥပဒေပါအချက်အလက်တွေကို လိုသလိုဖြတ်ညှပ်ကပ် တလွဲပုံဖော်ပြီး ဘာသာရေးအစွန်းရောက်တွေနဲ့ လှည့်တိုက်ပေးနေတယ်။ မြိစ္ဆာဘောမ မဘသ တွေက (တကယ်နားလည်လား မလည်လားတော့မသိဘူး) ဒီဥပဒေကိုကန့်ကွက်တယ်၊ ကန့်ကွက်တဲ့လှုပ်ရှားမှုတွေလုပ်မယ်လို့ ကြေငြာချက်ထုတ်ခြိမ်းခြောက်ထားတယ်။ နောက်ပညာရေးဝန်ကြီးဌာနကိုယ်တိုင်က မရိုးမသား သဘောတူညီချက်ကို ချိုးဖောက်ဖို့လုပ်ဆောင်နေတယ်။ သူတို့ရဲ့တရားဝင် အင်တာနက်ဆိုက်မှာ ဆောင်းပါးရှင် သက်နိုင်ညွှန့်ဆိုသူက “ရေရှည်တည်တံ့ ခိုင်မြဲပြီး အကျိုးပြုတဲ့ ပညာရေးဥပဒေ တစ်ရပ်ဖြစ်လာဖို့ ၀ိုင်းဝန်း အကြုံပြုပေးပါ” ဆိုပြီး သဘောတူပြုစုထားတဲ့ ဥပဒေကိုအပျက်သဘောရေးထားတယ်။

တခြားဖက်မှာလဲ တကယ့်ကိုကလိမ်ကကျစ်နိုင်တဲ့ အောက်လမ်းနည်းတွေနဲ့ ကျောင်းသားတွေကို ကျောင်းသားချင်းတိုက်ပေးဖို့လုပ်တယ်။ လူထုနဲ့တိုက်ပေးတယ်။ တန်ပြန်သပိတ်လုပ်ဖို့ ရန်ကုန်မှာ တရပ်ကွက်ကို လူ(၂၀) ထွက်ရမယ်လို့ အဓမ္မလူစုနေတယ်။ ကြံ့ဖွတ်တွေကို ဆန္ဒပြခိုင်းတယ်။ ကျောင်းသားတွေကို ငြိမ်းချမ်းစွာ ပညာသင်ကြားလိုပါတယ်တယ်ဆိုပြီး မလိမ့်တပတ်နဲ့ လက်မှတ်ထိုးခိုင်းတယ်။ သတင်းစာမှာ ကျောင်းသားတွေက သပိတ်ကိုကန့်ကွက်ပါတယ်လို့ ထဲ့တယ်။ ကျောင်းသားတွေက သူတို့ကို လိမ်ညာအသုံးချလို့ ဒဂုံတက္ကသိုလ်မှာ ပြဿနာတက်ကြတယ်။ ရေဆင်းတက္ကသိုလ်တွေက ကျောင်းအာဏာပိုင်တွေက သပိတ်ဆန့်ကျင်ရေး ကြေငြာချက်ထုတ်လို့ ကျောင်းသားတွေနဲ့ပြဿနာတက်တယ်။

ပိုအောက်တန်းကျတာက ဗကသ ကကျောင်းသားခေါင်းဆောင်တွေကို လုပ်ကြံဓါတ်ပုံတွေနဲ့ အပုပ်ချတိုက်ခိုက်တယ်။ ကျောင်းသားခေါင်းဆောင် ဖြိုးဖြိုးအောင်ကို လုပ်ကြံပုံတွေနဲ့ အပုပ်ချတိုက်ခိုက်တဲ့အထဲ အဖေအရွယ် အဘအရွယ် ကြံ့ဖွတ်အမတ်လှဆွေတို့ သမ္မတ အကြံပေး ဒေါက်တာတုနေဇင်လတ်တို့တောင်ပါသေးတယ်။ ပခုက္ကူက ကျောင်းသားခေါင်းဆောင် ကိုယမင်းချစ်ကို စွမ်းအားရှင်တွေနဲ့ ကျောင်းရှေ့မှာချောင်းရိုက်တယ်။ သပိတ်စစ်ကြောင်း ကြိုဆိုရေးလုပ်ခဲ့တဲ့ သဲကုန်းက အင်္ဂလိပ်စာ အထူးပြု ဒုတိယနှစ်ကျောင်းသားကို သန့်ဇင်ထက်ကိုပုဒ်မ ၅၀၅ (ခ) နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ လုပ်ကြံဖမ်းဆီးတယ်။ ပြောမယ်ဆို တထောင့်တညနဲ့ မလောက်နိုင်အောင် ပြောမဆုံးပေါင်တောသုံးတောင်ပဲ။ လူကြီးတန်မဲ့ အစိုးရတန်မဲ့ လုပ်ရပ်တွေက အတော်ကို ညစ်ပုပ်ကောက်ကျစ် အောက်တန်းကျလွန်းပါတယ်။

ဒါကြောင့်ဒီလူကြီးတွေနဲ့ ဒီအစိုးရကိုမယုံဘူး၊ ဥပဒေအတည်ပြုမှ သပိတ်လှန်မယ်ဆိုတဲ့ ကျောင်းသားတွေရဲ့ အမြင်နဲ့ရပ်တည်ချက်ကို ဖြောင့်မတ်တဲ့ အမြင်ရှိသူတိုင်းက ထောက်ခံကြတာဖြစ်တယ်။ လွန်တယ်၊ မှားတယ်လို့မယူဆကြဘူး။ ပြည့်တန်ဆာမလောက်တောင် ကတိမတည် သီလသမာဓီမရှိတဲ့ စစ်အုပ်စုနဲ့အပေါင်းအပါတွေကို မယုံကြည်ဘူးဆိုတာ ဘာမှမှားစရာမရှိပါဘူး။

ရဲဘော်ကျော်သန်း
(ခုပဲတက်လာတဲ့ သဘောတူညီချက်ကို မလေးမစား ပယ်ဖျက်လိုတဲ့သဘောနဲ့ ဘာောကာင့်သဘောတူရတယ်ဆိုတဲ့ အကြောင်းပြချက် မှတ်ချက်စာရွက်ပိုင်းလေးထပ်တင်းပေးလိုက်တယ်)

အီရတ်ကသတင်း၊ ဂျော်ဒန်ကသတင်းမှ မဟုတ်ပါဘူး။ လောက်ကိုင် က သတင်းတွေလည်း အချိန်နဲ့တပြေးညီ ဖေ့စ်ဘုတ်ပေါ်မှာ ပွနေတဲ့အခါ လူတော်တော်များများက “တော်သေးတာပေါ့နော်။ အခုချိန် ဟိုမှာများ ရှိနေသေးရင် ခက်ရချည်ရဲ့။” လို့ ဂရုဏာစကား ပြောကြားကြ ပါတယ်။ ၂၀၀၉တုန်းကလည်း အခုလိုမျိုး တစ်ခါဖြစ်ပါသေးတယ်။ ကိုယ်ကတော့ အဲ့ဒီ အချိန်မှာ ဘူတန်ရောက်နေပေမယ့် ကိုယ့်ရဲ့အခန်းဖော် သွားဆရာဝန် ကလေးက လောက်ကိုင်မှာ ကျန်ခဲ့သေးတာမို့ အင်တာနက်ပေါ်ကနေ အခြေအနေမေးမြန်း၊ တိုက်ပွဲတွေ မြို့ပေါ်ကို ရောက်မလာခင် အဆင်ပြေတဲ့ ကားတစ်စီးစီးနဲ့ ကွမ်လုံ၊လားရှိုးဘက် တက်ဖို့ အကြံပေးမိပါသေးတယ်။ WFP မှာ အလုပ်လုပ်တဲ့ သူငယ်ချင်းတစ်ယောက် ကလည်း လောက်ကိုင် ရုံးမှာ ပစ္စည်းတွေစောင့်ရင်း ကျန်နေသေးတော့ သူနဲ့လည်း အဆက်အသွယ် မပြတ်ခဲ့ပါဘူး။ လားရှိုးလောက်ကိုင်ကားတွေကတော့ ဘယ်သူမှ မဆွဲကြတော့ဘူး။ အင်တာနက်လိုင်းတွေလည်း ဖြတ်ထားကြပြီ။ ဆိုင်တွေ လည်း အကုန်ပိတ်ကုန်ပြီ။ ထမင်းစားဖို့တောင် ခက်နေတာ။ တိုင်းပြည် မပျက်ပေမယ့်လည်း တိတ်ဆိတ်ခြောက်ကပ်သွားပြီး ကျီးလန့်စာစား ဖြစ်နေ တဲ့ မြို့ပျက်ကြီးပေါ့။ ကိုယ်တွေကသာ အပြင်က စိတ်မချ လို့ ပြန်တော့ ပြန်တော့ လို့ အတင်းလောဆော်နေ တာ။ လောက်ကိုင်မှာ ရှိနေတဲ့ မောင်မင်းကြီးသားများကတော့ ပေကပ်ပြီး ဆက်နေကြတုန်း။

မန်းလေး ဆေးကျောင်းက ဟောပြောပွဲဖိတ်တဲ့အခါ လောက်ကိုင်ကို ပြန်သွားချင်လို့ တလက်စတည်း သွားဆရာဝန်ကလေးပါခေါ်ပြီး မရောက်ရောက်အောင် သွားခဲ့ပါသေးတယ်။ ၂၀၁၃ ထဲမှာပါ။ ဆေးရုံက ဆရာမတွေ အလုပ်သမားတွေနဲ့တွေ့တော့ စကားတွေ ပြောမကုန်ရင်း စစ်ဖြစ်တော့ ဝန်ထမ်းတွေအကုန် ဆေးရုံပေါ်မှာ စုပြီးတက်အိပ်ကြတဲ့ အကြောင်း ပါပါတယ်။ ဒါပေမယ့် အဲသည်အခေါက်တုန်း က လောက်ကိုင်မြို့ ထဲမှာ တိုက်ပွဲပြင်းပြင်းထန်ထန် မဖြစ်လိုက်ပါဘူး။ ကိုးကန့်စစ်တပ် (MNDAA) နဲ့ ဒုတိယခေါင်းဆောင် ပယ်ဆောက်ချင် က မြန်မာ စစ်တပ်ဘက်က ပါလို့ ဖုန်ကျားရှင် နဲ့ သူ့မိသားစု ကိုယ်လွတ် ထွက်ပြေး ရတာပါ။

ဦးပယ်ရဲ့ လောက်ကိုင်ဟာ ဦးဖုန်ရဲ့လောက်ကိုင်လောက်တော့ မစည်တော့ ပါဘူး။ ဒါပေမယ့် တည်ဆောက်ပြုပြင်လောက်ကိုင်တခွင် လုပ်နေတာမို့ အဆောက်အဦ၊ လမ်းတံတား နဲ့ ဟော်တယ်ကြီးတွေ ပိုကြီးလာပါ တယ်။ ဆေးရုံပေါ်မှာတော့ ဆရာဝန်တွေနေဖို့ ဝန်ထမ်းအိမ်ယာ အသစ် ကလေး ပြီးနေပြီဆိုတော့ တာဝန်ကျနေသူ ဆရာဝန်လေးတွေကိုယ်စား ဝမ်းသာမိပါသေးတယ်။ ရသလောက်အချိန်ကလေးအတွင်းမှာ မြို့ခံ လူဟောင်းတွေကို လိုက်နှုတ်ဆက်ပြီး ကိုယ်အရင်က သွားခဲ့တဲ့နေရာ ကလေးတွေ လိုက်ကြည့်ဖြစ်ပါတယ်။

အချိန်မရလို့ ကိုးကန့်စစ်တပ်က သူငယ်ချင်းတွေနဲ့တော့ လိုက်မတွေ့ဖြစ် ပါဘူး။ အဲသလို ပြောတဲ့အခါ ကိုးကန့်စစ်တပ်ဆိုတာကြီးကို စိတ်ထဲမှာ တမျိုးတွေးကြလိမ့်မယ် ထင်ပါတယ်။ တကယ်တော့ ကိုယ်တို့မြန်မာ စစ်တပ်လို စံနစ်တကျ ဖွဲ့စည်းလေ့ကျင့်ပြီး စစ်တန်းလျား မှာ နေကြတာ မဟုတ်ပါဘူး။ ကိုးကန့်ဇာတိ တရုတ်အိမ်တိုင်းက အရွယ်ရောက်တဲ့ ယောင်္ကျားလေးမှန်ရင် တပ်ထဲဝင်ခိုင်းပြီး စစ်ပညာ သင်ပေး လက်နက်ပေးကိုင်ထား၊ လုံခြုံရေးတာဝန် ကလေး ပေးထား တာမျိုးပါ။ ငြိမ်းချမ်းရေးယူပြီးတဲ့နောက် ကိုးကန့်ဟာ ကိုယ်ပိုင်အုပ်ချုပ်ရေး အပြည့်အဝမရသော်ငြားလည်း ဒိုင်အာခီစံနစ်နဲ့ အုပ်ချုပ်သလို အုပ်ချုပ် ပါတယ်။ ကိုးကန့်စစ်တပ်၊ ကိုးကန့်ရဲ၊ ကိုးကန့်တရားရုံး၊ ကိုးကန့်ထောင်၊ ကိုးကန့်စာသင်ကျောင်း၊ ကိုးကန့်ဆေးရုံ၊ ကိုးကန့်အုပ်ချုပ်ရေးအဖွဲ့ အားလုံး သီးခြား ရှိပါတယ်။ ကိုယ်တို့မြန်မာအစိုးရ ဌာနဆိုင်ရာများလည်း အားလုံး ရှိသော်ငြား လောက်ကိုင်ပြည်သူ့ရဲစခန်းမှာ အချုပ်ပဲ ရှိပါတယ်။ ထောင် ကတော့ လားရှိုးမှာပဲရှိတာပါ။ မြန်မာစစ်တပ်ကတော့ သူတို့ထုံးစံအတိုင်း မြို့နဲ့ မလှမ်းမကမ်း အပြင်ဘက်မှာ ဒေသကွပ်ကဲရေး စစ်ဌာနချုပ်ထားပြီး အရံတပ်ရင်းတွေနဲ့ တပ်စွဲထားပါတယ်။ ဒယ်အိုးပုံ ချိုင့်ဝှမ်းကြီးရဲ့အလယ်မှာ တည်ရှိပြီး ပတ်ပတ်လည်မှာ တောင်တွေဝန်းရံထားတာမို့ စစ်ရေး အရကြည့်ရင် ခံဘက်ကချည့်ဖြစ်နေတဲ့အတွက် တာဝန်ရှိသူတစ်ဦးကတော့ သူရောက်ကာစမှာ ကောင်းကောင်းအိပ်လို့ မပျော်ဘူးလို့ ပြောဖူးပါတယ်။ ဦးခင်ညွန့်ဟာ ငြိမ်းချမ်းရေးယူပြီးတဲ့နောက် မြန်မာအစိုးရဝန်ထမ်းတွေကို ဘာဖြစ်လို့ လောက်ကိုင်ကို မရောက်ရောက်အောင် ပို့ရသလဲဆိုတော့ အဲသည်အရပ်ဒေသမှာ မြန်မာအုပ်ချုပ်ရေး အမြစ်တွယ်စေချင်လို့ပဲဖြစ်ပါတယ်။

လောက်ကိုင်မြို့ရဲ့ပထမဦးဆုံး မြန်မာအုပ်ချုပ်ရေးမှူးကို တပ်မတော်က အငြိမ်းစားယူထားပြီး၊ ယဉ်ကျေးမှုဝန်ကြီးဌာနက ညွှန်ကြားရေးမှူးရာထူးကပါ အငြိမ်းစားယူထားသူ အဘဦးတင်အုန်းကို ဗိုလ်မှူးအပွင့်ပြန်တင်ပေးပြီး အထူး ဆက်ဆံရေးအရာရှိအဖြစ်ပါ ခန့်အပ်ပါတယ်။ အကြောင်းကတော့ အဘဟာ ကိုးကန့်မှာမွေး၊ တရုတ်ပြည်မှာ ကျောင်းတက်၊ မြန်မာ စစ်တပ်ထဲ ဝင်ခဲ့တဲ့သူပါ။ တရုတ်လိုမွှတ်နေတဲ့အပြင် မြန်မာလိုမှာတော့ ကမ္မဝါဖတ် ရုံတောင်မကဘူး။ အဆိုအက ပန်တျာအတတ်မှာပါ တဘက်ကမ်း ခတ်သူ ဖြစ်ပါလေတယ်။ သူပြောတာကတော့ မြန်မာ့တပ်မတော်မှာ ပင်စင်ယူပြီးသား အပွင့်ပြန်တင်ရတာ သူတစ်ယောက်ပဲ ရှိပါတယ်တဲ့။ ကိုယ်တို့နဲ့တွေ့တော့ သူ့အသက်က ရှစ်ဆယ်ကျော်နေပါပြီ။ သူအုပ်ချုပ်ရေးမှူး စလုပ်တော့ ကိုးကန့်ဈေးထဲမှာ မောင်းတစ်လုံးနဲ့ တဒူဒူထုပြီး သူဟာ မြန်မာ အစိုးရဘက်က ကိုးကန့်ကိုအုပ်ချုပ်ဖို့ တာဝန်ပေးအပ်ခံရသူဖြစ်ကြောင်း သူကိုယ်တိုင် တရုတ်လို ပတ်ကြေငြာရပါသတဲ့။ လောက်ကိုင် ကိုရောက် လာတဲ့ ဒကစမှူးအဆက်ဆက်ရော၊ ကိုးကန့်အုပ်ချုပ်ရေးအဖွဲ့က လူကြီးတွေ အားလုံးကပါ တလေးတစား ဆက်ဆံရတဲ့ သက်ကြီးရွယ်အို တစ်ယောက်ဖြစ်ပါတယ်။ နေမကောင်းရင် ဆေးရုံပေါ်တက်လာတတ်ပြီး သူ့အိမ်မှာလည်း ဆေးသွားသွားကုဖူးတဲ့အတွက် သူကိုယ်တိုင် ထမင်းတွေ ဟင်းတွေ မကြာခဏ ချက်ကျွေးတတ်ပါတယ်။ မြန်မာ-ကိုးကန့် နှစ်ဦးနှစ်ဘက် ဆက်ဆံရေး လိပ်ခဲတည်းလည်းရှိရင် ကျွမ်းကျွမ်း ကျင်ကျင် ကြားဝင်ညှိနှိုင်းပေးတတ်သူ၊ နှစ်ဘက်စလုံးကို သြဇာညောင်း သူဖြစ်ပါတယ်။ ကိုယ်တို့ လောက်ကိုင်ကို နောက်တခေါက် သွားတဲ့အခါ သူမရှိတော့ပါဘူး။

ကိုးကန့်လူငယ် ယောင်္ကျားလေးတွေအားလုံး ကိုးကန့်စစ်တပ် က ပေးတဲ့တာဝန်ကို ထမ်းရပါတယ်။ ကျောင်းပိတ်ရက်တွေမှာ စစ် သင်တန်းပေးတယ်လို့ ထင်ပေမယ့် ကိုးကန့်စာသင်ကျောင်းတွေမှာ ကလေးလေးတွေအရွယ်ကတည်းက စစ်ရေးပြအခြေခံတွေ သင်ပေး တာတွေ့တော့ တရုတ်ပြည်မှာ တရုတ်ကျောင်းတွေ အဲ့သလိုပဲ သင်လို့နေ မှာပေါ့လို့တောင် အောင့်မေ့မိသေး။ ကိုယ်နဲ့ခင်တဲ့ ကိုးကန့်လူငယ် ကလေးတွေဟာ နောက်တော့မှ အကုန်လုံး ကိုးကန့်စစ်သားတွေဖြစ်နေမှန်း သိပါတယ်။ သူတို့မှာလည်း ရာထူးနဲ့တာဝန်အသီးသီး ရှိပါတယ်။ တခါက ဆေးရုံပေါ် ကားတစ်စီးနဲ့တက်လာပြီး ဆရာဝန်အိမ်ပင့်ချင်လို့လို့ လာခေါ်ပါတယ်။ ဘာဖြစ်တာလဲမေးတော့ သေနတ်မှန်တာ။ ဘယ်ကိုမှန်လဲ ဆိုတော့ ခေါင်းကို တဲ့။ ဒါဆိုရင်တော့ သေနေလောက်ရောပေါ့ ဆိုတော့ မသေသေးလို့လာခေါ်ရတာ။ တရုတ်ပြည်ခေါ်သွားပြီးပြီ။ ဟိုက မရတော့ ဘူး။ လေးနာရီပဲ ခံမယ်။ ပြန်ခေါ်သွားဆိုလို့ အိမ်ပြန်ခေါ်လာတာ။ အခု နှစ်ရက်ရှိပြီ မသေသေးလို့ လိုက်ကြည့်ပေးပါတဲ့။ လိုက်သွားကြည့်တော့ ဟုတ်တယ်။ ရွာကလူတွေက အသုဘအိမ်ပြင်ထားပြီးပြီ။ ကွာစိတွေ ဖဲထုပ်တွေနဲ့ လူတောင်စုံပေါ့။ လူနာက သတိမရတာက လွဲလို့ အကုန်ကောင်းတယ်။

သည်အတိုင်းတော့ သေမှာမဟုတ်တော့ဘူး။ ဆေးရုံကိုခေါ်လာခဲ့။ ငါလုပ်တော့မှ သေမလား ကြည့်ရအောင် ဆိုပြီး ခေါ်ခဲ့တာပေါ့။ ရည်းစားနဲ့ စိတ်ဆိုးလို့ ကိုယ့်ခေါင်းကိုယ် သေနတ်နဲ့တေ့ပစ်တဲ့အခါ မသေချင်တော့ လည်း ကျည်ဆန်က ခေါင်းခွံထိပ်ကိုခွဲပြီး တခြားတဘက်က ပွင့်ထွက် သွားတော့ အထဲက ဦးနှောက်အသားကို ရှပ်ထိရုံကလေး ထိတယ်။ ခေါင်းခွံ အပွင့်ကြီးဖြစ်နေလို့ ကိုယ်ကထပ်ဖွင့်ပေးဖို့တောင် မလိုတော့ဘူး။ Neuro Surgeon ဆီသွားဖို့လိုမယ်ဆိုပြီး မန္တလေးအထိ လွှဲပေးလိုက်တဲ့အခါ နောက် ၂ လ ကြာတော့ လက်တစ်ဘက် အကြောသေတာကလွဲပြီး အကောင်း ပကတိ ပြန်ရောက်လာပါတယ်။ အဲသည်ကစလို့ ကိုးကန့်လူနာတွေ ကိုယ့်ဆီ လာကြသလို ကိုးကန့်အိမ်တွေလည်း တံခါးမရှိ ဓါးမရှိ ဝင်ဖြစ်ထွက်ဖြစ် သွားပါတယ်။ တကယ်တမ်းစဉ်းစားကြည့်ရင် ကိုယ်ဟာ အစိုးရဝန်ထမ်းဖြစ် လျက်နဲ့ သူပုန်တွေနဲ့ ထွေးရောယှက်တင်နေပြီး သူတို့ကို သူပုန်လို့တောင် စိတ်ထဲမှာ မတွေးမိပါဘူး။

အခုတစ်ခေါက်စစ်ဖြစ်တဲ့အခါ သူများတွေက စစ်သားတွေ ဘယ်လိုသေ ကုန်တာ တင်လိုက်၊ အရပ်သားတွေ ဘယ်လို ပြေးရတာ တင်လိုက်၊ သူပုန်တွေ အတုန်းအရုန်း သေကုန်တာ ပြလိုက်နဲ့ ဆိုတော့ ကိုယ့်မှာ အံ့အားကြီးသင့်နေမိတာ တစ်ခုရှိပါတယ်။ အခုစစ်ဖြစ်တာ မြန်မာ နဲ့ ကိုးကန့် ဟုတ်ပါ့မလား။ ဦးဖုန် နဲ့ မြန်မာစစ်တပ်လား။ ဦးဖုန်ထွက်ပြေးလို့ ဦးပယ်နဲ့ ကျန်ခဲ့တဲ့ စစ်တပ်ဟာ အခုဦးဖုန်ပြန်လာလို့ ဦးပယ်ကို ပြန်တိုက်ပြီ လား။ ဒါမှ မဟုတ်၊ ပယ်ကိုးကန့် နဲ့ ဖုန်ကိုးကန့်နဲ့ တိုက်နေတာလား။ သူတို့နှစ်တပ်ပေါင်းပြီး မြန်မာစစ်တပ်ကို ပြန်ဆော်နေတာလား။ သပွတ်အူကိုလိုက်နေတာပဲ။ ဒါဆိုရင် ဘယ်ဘက်ကိုမှ ပါချင်လို့မဟုတ် ပဲ လောက်ကိုင်မှာမွေးလို့ ကိုးကန့်စစ်သားဖြစ်ဖူးတွေကိုရော တွေ့ရာသင်္ချိုင်း ဓါးမဆိုင်း သုတ်သင်ကြသလား။ ကိုးကန့်ရွာကလေးတွေက အရွယ်ရောက် သူ ယောင်္ကျားလေးမှန်သမျှကို ရန်သူ ရန်သူ လို့ ခရာတွတ်ရမလား။ ယုံလို့တော့ မရတာ သိပ်သေချာတာပေါ့။ ဒါပေမယ့် မယုံတဲ့သူတိုင်း သတ်ပစ် ရမှာလား။

သတင်းတွေထဲမှာ ပါတဲ့ ဟုံအိုင်တို့ မော်ထိုက်တို့ဆိုတဲ့ ရွာကလေးတွေဟာ အခုမှ ကိုးကန့်လက်ကျသွားတာ မဟုတ်ပါဘူး။ အစကတည်းက မြန်မာတွေ မသွားနိုင်လို့ သူတို့ကိုးကန့်သူကြီးတွေ အုပ်ချုပ်ကြတာ။ ကာကွယ်ဆေးတောင် အနိုင်နိုင်လိုက်ထိုးရတဲ့ရွာတွေ၊ အဲ့ဒီရွာမှာ ရွာသားတွေ ရှိတယ်။ အခု အဲ့ဒီရွာသားတွေအကုန် ရန်သူဖြစ်ကုန်ပြီ။ ကိုယ့်ကို လာတိုက်တဲ့သူက ချိုပါတာမဟုတ်ဘူး။ အနားလာပစ်တော့မှ သိရတာ။ ကိုယ့်အသက် ကိုယ်နှမြောရင် မည်းမည်းမြင် ဦးအောင်ပစ်ထား ဖို့က အရေးကြီးတယ်။ ပီဠိယက္ခတွေ ဘယ်နှစ်ယောက်ရှိလို့ သုဝဏ္ဏသျှံတွေ ဘယ်နှစ်ယောက်ပဲထိထိ၊ စစ်မြေပြင်ဟာ စစ်မြေပြင်ပါပဲ။

သေနတ်သံကြားရုံနဲ့တောင်တုန်နေအောင် ကြောက်တယ်ဆို တဲ့ မြန်မာ ဝန်ထမ်းတွေကို ဘယ်သူကမှ လုံခြုံရေး တာဝန်ယူမပေးလို့ ရှိသမျှ ပစ္စည်း စွန့်ခွာပြီး ကိုယ်လွတ်ထွက်ပြေးရတယ် ဆိုလို့ စာနာမိပါတယ်။ ဒါပေမယ့်လည်း ကိုယ့်စိတ်ထဲမှာ အဲသည်အရပ်ဒေသမှာ ဘယ်ကိုမှ ထွက်မပြေးနိုင်ပဲ လည်စင်းခံနေရတဲ့သူတွေကို ပိုသနားတယ်။ သူတို့မှာ ကိုးကန့်ဖြစ်နေတာနဲ့တင် ကျွန်တော်မျိုးကြီးသေသင့်နေပြီ။ စစ်တပ်ဘက်က မနာပဲ သူပုန်ဘက်က ပါရကောင်းလားလို့ ဆဲမယ့်ဆိုမယ့်သူတွေ အသင့် ရှိတယ်။ သူပုန်ဆိုတာ ဘယ်သူ့ပြောတာပါလိမ့်။ ဦးဖုန်ကျားရှင်လား။

သူ့များတော့ နာစရာအကြောင်းမရှိ။ အမည်နာမနဲ့ ဘယ်သူဘယ်ဝါဆိုတာ သိနေမှပဲဟာ သွားဖမ်းချေလေ။ သူ့ကြောင့် သည်ပြဿနာဖြစ်တာ။ သူသေရင် သည်စစ်ပြီးပြီ။ ကိုယ်မနိုင် တရုတ်ကို ဖမ်းခိုင်းပါလား။ လော်စစ်ဟန်တောင် ထိုင်းက ဖမ်းပေးသေးတာပဲဟာ။ မိတော့မှ မသတ်ပဲ ငြိမ်းချမ်းရေးယူလိုက်၊ လွတ်ငြိမ်းချမ်းသာခွင့်ကလေး ပေးလိုက်နဲ့ သူတို့ချင်းကျ လင်မယား ရန်ဖြစ်သလိုပဲ။ ကြားထဲက မောင်ရှေတို့က အချောင်သေဖို့ဖြစ် လာတာ။

ဖုန်ကျားရှင်ကို တရုတ်တွေက ဘယ်မှာမှန်း မသိပါဘူးဆိုတာ ဖြစ်ကို မဖြစ်နိုင်တာ။ တရုတ်သတင်းစာထဲမလည်း အင်တာဗျူးတွေပါလို့။ ကိုးကန့် တီဗီ လိုင်းကလည်း သတင်းတွေ လွှင့်လို့။ ဘင်လာဒင်လို ပုန်းနေတာ မှ မဟုတ်တာ။ ခွေးမင်မှာသူ့အိမ်ရှိတယ်။ သူ့လက်ထဲမှာ တရုတ်မှတ်ပုံတင်ကြီး ကိုင်ထားတယ်။ ဘဏ်ထဲမှာ သူ့ငွေတွေ ရှိတယ်။ လူတကာ သိတယ်။ ထောက်လှမ်းရေးတွေ မသိဘူးတဲ့ အံ့ရော။ နိုင်ငံတကာက အလိုရှိနေ တဲ့ ရာဇဝတ်သားဘိန်းဘုရင် တစ်ယောက်ဖြစ်တယ်ဆို အင်တာပို တို့ စီအိုင်အေတို့ အကူအညီတောင်းကြည့်လေ။

သူ့နယ်စပ်ကိုအန်ကယ်ဆမ်ကြီး လာမတဲ့ဆို ပေါက်ဖော်ကြီးဖင်ဝ မီးကျီးခဲဝင် သွားမှာပေါ့။ အခုကိစ္စကို သူက တိုင်းရင်းသားအရေးပါဆိုပြီး တွင်တွင်အော်နေ တယ်။ တကယ်တော့ ကိုယ်မွေးတဲ့မျောက် ကိုယ့်ပြန်ခြောက် တာမို့ သည်ဘက်ကလည်း အသံတောင် မထွက်ရဲဘူး။ အနူ အနာဆွသလို ကြိတ်ကုတ်နေရတာ။ သွေးချင်းချင်းနီ လို့ မြင် မကောင်းဘူး။ အဲ့လိုလုပ်မယ့်အစား ဘိန်းဘုရင်တစ်ယောက် အစိုးရ စစ်တပ်ကို တရုတ်အစိုးရအကာအကွယ်ယူပြီး အာခံနေတာပါလို့ သတင်းစာ ရှင်းလင်းပွဲလုပ်လိုက် ရှင်းရှင်းလေးရယ်။ (ဝန်ကြီးမအားသေးဘူးတဲ့။ သူများတင်တဲ့ ဓါတ်ပုံတွေ ရှယ်နေတယ်)

ဘာဖြစ်လို့ အဆင်းဘီးတပ်ပေးရသလဲ ဆိုတော့ တော်တော်ကြာ တိုင်းရင်းသားအရေးမို့ နိုင်ငံရေးနည်းနဲ့ ဆွေးနွေးပြီး ငြိမ်းချမ်းရေးအရယူမယ် ဆိုပြီး ကော်မရှင် ထဖွဲ့မစိုးလို့။ (မယောင်ရာဆို ဆီလူးနေကျမို့လေ) ဒါ တိုင်းရင်းသား အရေး မဟုတ်ဘူး။ နိုင်ငံရေးနည်း နဲ့ ဖြေရှင်း ရမယ့် ပြည်တွင်းရေး မဟုတ်။ သံတမန်နည်းနဲ့ ဖြေရှင်းရမယ့် နိုင်ငံတကာ အမှု။ ပေါက်ဖော်ကြီး ရူးချင်ယောင်ဆောင်နေရင် မာမီ့ကို ဟီလာရီ့ဆီ အလည်သွားခိုင်းလိုက်။ တဆိတ်ရှိ တပ်မတော်ကြီးက ထထကာကွယ်နေ ရတာ ပင်ပန်းရှာရော့မယ်။

ချက်ကောင်းသိရင် ကျည်ဆံမကုန်ပဲ ပွဲသိမ်းပလိုက်လို့ရတယ်။ မယုံ စမ်းကြည့်။ ဖုန်ကျားရှင်ဟာ မြန်မာအစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေး လိုပါတယ်လို့ တွင်တွင်ပြောလာရင် အရင်ဆုံး ဦးပယ်ဆောက်ချင် အပါအဝင် လွှတ်တော်ထဲမှာ ရောက်နေတဲ့ ကိုးကန့်ကိုယ်စားလှယ်တွေနဲ့ အရင်ဆွေးနွေး ခိုင်းလိုက်။ သူတို့မှာလည်း သူတို့စစ်တပ်ရှိတယ်။ ကာကွယ် ကြလေ။ နေစရာရှိလည်းသူတို့ပဲ နေကြမှာ၊ သေစရာရှိလည်း သူတို့ ပဲ သေကြမှာ။

ကိုးကန့်ကိစ္စကနေ သင်ခန်းစာယူမိတာကတော့ ၂၀၀၉ တုန်းက ကိုးကန့်မှာ ယူခဲ့တဲ့ ငြိမ်းချမ်းရေးဟာ ငြိမ်းချမ်းရေးအစစ်မဟုတ်ဘူး။ အတုကြီး။ နောက်တစ်ခါ ငြိမ်းချမ်းရေးယူလို့ ကိုးကန့်နမူနာအတိုင်းလိုက်ရင် အခုလိုပဲ ပြန်ဖြစ်ဦးမှာလို့ အားလုံးကို သဘောပေါက် နားလည်စေချင် ပါတယ်။ စစ်ဆိုတာ ဖြစ်မိပြီဆိုမှဖြင့် ဘယ်သူ့အတွက်မှ မကောင်းဘူး။ မဆီမဆိုင် မြေစာပင်ဖြစ်သွားတဲ့ ဒေသခံအရပ်သားတွေဟာ နှစ်ဘက် စစ်သားတွေထက် အသေအပျောက် များပါတယ် လို့ သိစေချင်တာပါပဲ။

ကိုယ်တို့ကျန်းမာရေးဝန်ကြီးဌာနမှာ ဆိုရိုးစကားလေး တစ်ခုတော့ရှိတယ်။ "အကြံပေးသူ တာဝန်ယူ"တဲ့။ ခုနေများ ကိုယ့်ကို လောက်ကိုင်သွားချေ ပါလား။ အထူးဆက်ဆံရေးအရာရှိခန့်မယ်ဆိုရင် ကိုယ်ကတော့ ကြောက် မနေပေါင်။ ကိုယ်သေရဖို့ ပါလာတဲ့ကံမှတပါး ကိုယ့်ကိုသေအောင် သတ်နိုင်တာ ဘာမှ မရှိ။

တို့အဘလို ဈေးထဲသွား မောင်းတစ်လုံးထု၊ စည်ပင်အမတ်ကြီးလို နားကြပ်ပုခုံးပေါ်တင်ပြီး “အဲသည်က ဆေးထိုးကြဦးမလား။ တာကျိန်း တာကျိန်း၊ အပ်တာကျိန်း၊ တာရှောင်ကျိန်း၊ တာရိဖျင်ကျိန်း။ဒချိ ဒချိ။” လို့ အော်ပလိုက်မယ်။

လာလေ့ရော့။“ဒူ ဟူ ဟူ”

ငွေစန်းရောင်

The Ladies News Journal ပါ သရော်စာဆောင်းပါး

မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံ၏ စီးပွားရေးမြှင့်တင်ရန်အတွက် တရားဥပဒေစိုးမိုးရေးရှိစေ ရန် ဆောင် ရွက်ခြင်းမှာ အကောင်းဆုံးနည်းလမ်းဖြစ်သည်ဟု ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့ မွန်းလွဲ ၁ နာရီက မန္တလေးမြို့ ရွှေပြည်သာဟိုတယ်တွင်ပြုလုပ်သော တရား ဥပဒေစိုးမိုေ၇းစင်တာများ The Rule of Law Centres Pilot Project သင်တန်းဆင်းပွဲတွင် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

NLD ပါတီက စီးပွားရေးမူဝါဒနှင့် ပတ်သက်၍ ထုတ်ဖော်ပြောကြားမှု မရှိခြင်း အတွက် ဝေဖန်မှုများရှိနေသော်လည်း ဒေါ်အောင်ဆန်းစုကြည်က တရား ဥပဒေ စိုးမိုးရေးကိုသာ အဓိကဦးစားပေး ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဒီနိုင်ငံမှာ အရေးကြီးဆုံးက တရားဥပဒေစိုးမိုးရေးပါ။ အလွန်ကောင်းမွန်တဲ့ စီးပွားရေးမူဝါဒတွေ ချမှတ်နိုင်ပေမယ့် တရားဥပဒေစိုးမိုးရေးမရှိရင် ဘာမှဖြစ်လာမှာမဟုတ်ပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က အဆိုပါပွဲသို့ တက်ရောက်လာ သည့် ဝေါလ်စထရိဂျာနယ်နှင့်ပြုလုပ်သည့် အင်တာဗျူး တွင် ပြောကြားခဲ့သည်။

တရုတ်နှင့် အိန္ဒိယကြားတွင် တည်ရှိနေပြီး အာရှ၏ စီးပွားရေးရှေ့တန်း နယ်မြေသစ်ဟု အချို့က တင်စားကြသည့် မြန်မာနိုင်ငံ၏ တရားရေးစနစ်မှာ ဆယ်စုနှစ်များစွာ စစ်တပ်အုပ်ချု့်မှုကြောင့် ဆိုးဆိုးဝါးဝါး ပျက်စီးလျှက်ရှိသည်။ စာချုပ်စာတမ်းများ၏ ခိုင်မာမှုနှင့် တရားရေးဆိုင်ရာ ပြဿနာများကို လူအင်အား၊ ငွေအင်အား ချို့တဲ့နေသည့် တရားရုံးများ၏ ဖြေရှင်းနိုင်စွမ်း မှာ မေးခွန်းထုတ်စရာများ ဖြစ်နေသည်။

၂၀၁၀ တွင် အရပ်သားအစိုးရ တက်လာပြီးနောက် အမေရိကန်နှင့် အခြားနိုင်ငံများက မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှု များ ကို ဖြေလျှော့ပေး ခဲ့သော်လည်း တရားဥပဒေ ဆိုင်ရာ ပြဿနာများ က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက် မှု နှောင့်နှေးစေသည့် အချက် ၁ ခုဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားဟောင်း အများအပြားပါဝင်ပြီး ယခင်စစ်အစိုးရကို ဆန့်ကျင်တော်လှန်ခဲ့သည့် ပါတီအဖြစ်မှ လွှတ်တော်အတွင်း အတိုက်အခံ ပါတီအဖြစ် ပြောင်းလဲတည်ဆောက် လာနေသည့် NLD သည် စစ်အစိုးရရေး ဆွဲခဲ့သည့် ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးကို အဓိကဆောင်ရွက် လျှက် ရှိသည်။ဒေါ်အောင်ဆန်းစုကြည်က တရားဥပဒေစနစ် ခိုင်မာရေးအတွက် ဦးတည်ဆောင်ရွက်နေပြီး ကုလသမဂ္ဂနှင့် နိုင်ငံခြားသံရုံးများ၏ အကူအညီဖြင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ သင်တန်းများ တည်ထောင် ပေးလျှက်ရှိသည်။

မန္တလေးနှင့် လားရှိုးရှိ အဆိုပါ တရား ဥပေဒ စိုးမိုးရေးစင်တာများမှ သင်တန်းသား ၈၀ ဦး၏ သင်တန်း ဆင်းအောင်လက်မှတ် ပေးအပ်ပွဲကို စနေနေ့က ပြုလုပ်ခဲ့သည်။ ထိုသင်တန်း တွင် တရားခွင်နမူနာပုံစံ များ၊ နိုင်ငံတကာဥပဒေများကို သင်ကြားပေး ခဲ့သည်။

အခြေခံအဆောက်အအုံနိမ့်ကျခြင်း၊ ကျွမ်းကျင်လုပ်သား မလုံလောက်ခြင်း စသည့် အတားအဆီးများရှိနေသည့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရာ၌ စွန့်စား ရမှု လျော့နည်းစေရန်အတွက် နိုင်ငံရေးတည်ငြိမ်မှုရှိစေရန် လိုလားကြ သည်။ ဒေါ်အောင်ဆန်းစုကြည်က တရားဥပေဒစိုးမိုးရေးကိုသာ အဓိက ထား ပြောကြားနေပြီး စီးပွားရေးမူဝါဒနှင့် ပတ်သက်၍ ထုတ်ဖော်ပြောကြားမှု မရှိခြင်းအပေါ် ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်အချို့က စိုးရိမ်လျှက်ရှိသည်။ မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ကိုင် မည့် နိုင်ငံတကာ ကုမ္ပဏီများကို အကြံပေးနေသည့် ၀ါရှင်တန်အခြေ စိုက် အင်းလေးဂရု တည်ထောင်သူ အီရင်မာဖီက “အခုအစိုးရပြဋ္ဌာန်းထားတဲ့ ဥပဒေတွေ ကို ပြန်ပြင်ဆင်ရုပ်သိမ်း တာတွေ လုပ်မလား၊ အဓိက ကန်ထရိုက်စာချုပ်တွေ ကို ပြန်လည်စမ်းစစ်တာတွေ လုပ်မလားဆိုပြီး စိုးရိမ်မှုတွေရှိနေပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေက ရှင်းလင်းတဲ့ စီးပွားရေးမူဝါဒကို လိုချင်ပြီး NLD က ထုတ်ဖော်ပြသခြင်း မရှိသေးပါဘူး” ဟု ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးမူဝါဒနှင့် အစီအစဉ်များကို ရင်းနှီးမြှုပ်နှံသူ များက အလွန်သိရှိလိုနေကြ သည်။ ဒေါ်အောင်ဆန်းစုကြည် မှာ သမ္မတဖြစ်ခွင့်မရှိသေးသော်လည်း နိုဝင်ဘာတွင် ကျင်းပဖွယ် ရှိသည့် ရွေးကောက်ပွဲ၌ NLD ပါတိက အမတ်နေရာအများစု အနိုင်ရမည်ဟု အများစုက ယုံကြည် ထားသည်။ စနေနေ့က ဝေါလ်စထရိဂျာနယ်နှင့် အင်တာဗျူးတွင် ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲတွင် နေရာအများစုအနိုင်ရပါက NLD ဦးဆောင်မည့် အစိုးရအဖွဲ့မှာ လုံးဝခြားနားသည့် ပုံစံ ဖြစ် လာမည်ဖြစ်သော် လည်း လက်ရှိအစိုးရခေါင်းဆောင်များ ဆောင်ရွက် ထားသမျှအားလုံး ပြောင်းလဲပစ်မည် မဟုတ်ဟု ဆိုသည်။ အကယ်၍ သမ္မတရွေးချယ်ခံခွင့် ကန့်သတ်ထားမှု ယခုအတိုင်း ဆက်လက် တည်ရှိနေ ပါက NLD က ဆောင်ရွက် မည့် အစီအစဉ်ကိုမူ ဒေါ်အောင်ဆန်းစုကြည် က ပြောကြားခြင်းမရှိပေ။

“အခြားသူတွေ မမှန်မကန်လုပ် ထားတဲ့ အပေါ်မှာ အခြေခံပြီး အလုပ်လုပ်သွားမှာ မဟုတ်ပါဘူး။ မှန်မှန်ကန်ကန် ပဲ ဆောင်ရွက်မှာပါ”ဟု ဒေါ်အောင်ဆန်းစုကြည်က ဝေါလ်စထရိ ပြော ကြား ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က စိုက်ပျိုးမွေးမြူရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ကိုလည်း ဦးစားပေး ဆောင်ရွက် သွားမည်ဟု ဆိုသည်။ ထိုကဏ္ဍများကို လက်ရှိ အစိုးရက မျက်ကွယ်ပြုထားသည်ဟု လေ့လာသူများ က ဆိုသည်။ နိုင်ငံ တကာငွေကြေးရန်ပုံငွေအဖွဲ့က မတ်လတွင် ကုန်ဆုံး မည့် မြန်မာနိုင်ငံ၏ ယခုဘဏ္ဍာနှစ်အ တွက် တိုးတက်နှုန်းခန့်မှန်းမှုကို ယခု ရက်သတ္တပတ် အတွင်း ထုတ်ပြန်ခဲ့ရာ ၇.၈ ရာခိုင်နှုန်းဟု ခန့်မှန်းထားပြိး မနှစ်ကနှုန်း ၈.၃ ရာခိုင်နှုန်းမှ ကျဆင်းခဲ့ခြင်းဖြစ်သည်။

စိုက်ပျိုးမွေးမြူရေးကဏ္ဍ တိုးတက် မှုနှေးသောကြောင့် ထိုသို့ကျဆင်း ခဲ့ခြင်းဖြစ် သည်ဟု ဆိုသည်။ နိုင်ငံ၏ လူဦးရေ ၃ ပုံ ၂ ပုံက စိုက်ပျိုးမွေးမြူရေး ကဏ္ဍတွင် လုပ်ကိုင် နေပြီး နိုင်ငံ ဂျီဒီပီ၏ ၃ ပုံ ၁ ပုံကို ထုတ်လုပ်ပေးနေသော်လည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု များ၏ ၁ ရာခိုင်နှုန်း သာ ထိုကဏ္ဍသို့ ၀င်ရောက်ခဲ့ကြောင်း အစိုးရစာရင်း များတွင် ဖော်ပြသည်။

ကျေးလတ်ဒေသများတွင် မြေယာပိုင် ဆိုင်မှုနှင့် အခွင့်အရေးဆိုင်ရာ မရေရာမှုများက ရင်းနှီးမြှုပ်နှံမှုများကို နောက်တွန့်စေ ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်က “စိုက်ပျိုးမွေးမြူရေးကဏ္ဍ မတိုးတက် ရင် နိုင်ငံရဲ့စီးပွားရေးလည်း မတိုးတက်နိုင် ပါဘူး”ဟု ပြောကြား ခဲ့သည်။

(ကျော်သက် ဘာသာပြန်သည်။)
Ref - WSJ

The Ladies News Journal
https://www.facebook.com/News.TheLadies

Thai ex-PM Yingluck indicted over rice subsidy scheme

ဗန်ကောက် ၊ ၂၀-၂-၂၀၁၅

ထိုင်းနိုင်ငံ၏ ရှေ့နေချုပ်က ထိုင်းဝန်ကြီးချုပ်ဟောင်း ရင်လပ်ရှင်နာဝပ် ကို အပြင်းပွား နေသော စပါး ထောက်ပံ့ကြေးငွေ စီမံချက် အပေါ် ပြစ်မှုကြောင်း အရ စွဲချက် တင်ထားပြီး ပြစ်မှု ထင်ရှားပါက အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ် ကျခံရနိုင်ကြောင်း ဗန်ကောက်ပို့စ် သတင်းတစ်ရပ် အရ သိရသည်။

လာဘ်စားမှု တိုက်ဖျက်ရေး အေဂျင်စီ ကလည်း စပါး ထောက်ပံ့ကြေးငွေ စီမံချက်များကို ရင်လပ် က လျစ်လျူရှု ခဲ့သဖြင့် နိုင်ငံ့ဘဏ္ဍာ ငွေများ ဆုံးရှုံးမှု ဖြစ်ခဲ့ရသည့် အတွက် ရင်လပ် တွင် တာဝန်ရှိသည်ဟု စွပ်စွဲ ထားသည်။

သို့သော် ထိုင်းဗဟို တရားရုံးသည် ရင်လပ်၏ မျက်ကွယ်၌ စွဲချက်တင် ခဲ့ခြင်းဖြစ်ပြီး ရင်လပ်ကို ထောက်ခံသူ ပြည်သူလူထုက စစ် အစိုးရသည် ရင်လပ်ကို နိုင်ငံရေး အရ နှိပ်ကွပ်ရန် ရည်ရွယ်ချက် ရှိရှိ ဆောင်ရွက် နေခြင်းသာ ဖြစ်ကြောင်း ထိုင်းနိုင်ငံ အနေဖြင့် ဒီမိုကရေစီ စနစ်သို့ ကူးပြောင်း သွားတိုင်း ဤ လုပ်ကွက်မျိုး ထွက်ပေါ် လာလေ့ ရှိကြောင်း ဝေဖန်ပြောဆို နေကြသည်။

ယမန်နေ့က ထိုင်းဘဏ္ဍာရေး ဝန်ကြီးက အမျိုးသား အကျင့်ပျက် ခြစားမှု Watchdog က ရင်လပ် ထံမှ အမေရိကန် ဒေါ်လာ ၁၈ ဒသမ ၄ ဘီလီယံနှင့် ညီမျှသော ထိုင်းဘတ်ငွေ ဘီလီယံ ၆ဝဝ ကို ပြန်လည် ရယူရန် အကြံပြုလွှာ တင်ပြ ထားကြောင်း ပြောသည်။

၂ဝ၁၄ ခုနှစ်၊ မေလအတွင်း စစ်ဘက်က ရင်လပ်၏ ရွေးကောက် တင်မြှောက်ခံ ထားသော အစိုးရ အဖွဲ့ကို ဖြုတ်ချခဲ့ပြီး ရင်လပ်ကို တရားရုံး အမိန့်ဖြင့် ဖယ်ရှား ခဲ့သည်။ နောက်ပိုင်းတွင် စပါး ထောက်ပံ့ကြေးငွေ အရှုပ်တော်ပုံ အတွက် တာဝန်ရှိသည်ဟု စွပ်စွဲ ခံခဲ့ရပြီး နိုင်ငံရေး လောကမှ ငါးနှစ် ပိတ်ပင်ခံခဲ့ ရသည်။ ထိုင်းနိုင်ငံသည် ယခုအချိန်ထိ စစ်အုပ်ချုပ်ရေး အောက်တွင် ရှိနေဆဲ ဖြစ်သည်။

#PyiChitThar

၂၀၀၈-ခု နာဂစ်ဖွဲ့စည်းပုံကို လူတွေ တဖြည်းဖြည်းနဲ့ လက်ခံလာကြကြောင်း တွေ့ရတယ်။ ဒါကြောင့် ကိုးကန့်ပြဿနာ ဖြစ်ပွားလို့ သမ္မတရဲ့ အကြံပေးချက်အရ တပ်မတော်က အမှတ် (၁/၂၀၁၅)ကျေညာချက်နဲ့ ကိုးကန့်စစ်အုပ်ချုပ်ရေးကို ကျေညာတဲ့အခါ လူအတော်များများက ထောက်ခံကြပါတယ်။ နိုင်ငံရေးအကဲခတ်သူတို့က ဒီကျေညာချက်ဟာ ဖွဲ့စည်းပုံနဲ့ ညီတယ်လို့ သုံးသပ်ကြပါတယ်။ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်းပဲ စစ်အုပ်ချုပ်ရေးကို ထောက်ခံကြောင်း သိရတယ်။ သာမန်ပြည်သူပြည်သားတွေကတော့ ကြက်ခြေနီတပ်ဖွဲ့ကို ကိုးကန့်တွေ တိုက်တယ်ထင်လို့ စိတ်နာနေကြပြီး စစ်အုပ်ချုပ်ရေးကို ကြိုဆိုကြပါတယ်။ မင်းအောင်လှိုင်ရဲ့ ဖန်နေဝန်းစစ်ဆင်ရေးဟာ အစကောင်းခဲ့ပါတယ်။

ပထမဆုံး သုံးသပ်တာက မိဘပြည်သူများက

(၁) ၂၀၀၈ ဖွဲ့စည်းပုံရဲ့ တရားဝင်မှု၊ တရားမဝင်မှုကို မေ့သလောက် ဖြစ်နေပြီ။
(၂) မြန်မာ့ကြက်ခြေနီဟာ စစ်ရေးပြအခမ်းအနားမှာ ပါဖူးတဲ့ အဖွဲ့ ဖြစ်ကြောင်းကိုလည်း မေ့နေပြီ။
(၃) ကြက်ခြေနီကို ဘယ်အဖွဲ့က တိုက်ကြောင်း အထောက်အထား မရှိဘဲ စစ်အုပ်ချုပ်ရေးကို ကျေညာခဲ့ပြီ။

ကောင်းပြီ။ ကိုးကန့်ဒေသကို စစ်အုပ်ချုပ်ရေး ကျေညာလိုက်ပါပြီ။ ဒီစစ်အုပ်ချုပ်ရေးကို ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(လောက်ကိုင်)၊ ဒေသကွပ်ကဲရေးမှူး ပြန်တမ်းဝင်အမှတ်၊ ၂၀၈၃၀ ဗိုလ်မှူးကြီး စောမြင့်ဦးအား ပေးအပ်တယ်လို့ ပါရှိတယ်။ မိမိသတိထားမိတာက စစ်ခုံရုံးဖွဲ့စည်းခွင့်ပါပဲ။ ပေးအပ်တဲ့ အခွင့်အာဏာကတော့ နောက်ဆက်တွဲဇယား (က)မှာ ဖော်ပြထားတဲ့အတိုင်းပါပဲ။

စစ်ခုံရုံးနဲ့ စစ်ဆေးရမဲ့ ပြစ်မှုများကို ကြည့်ပါ။
၁။ နိုင်ငံတော် သစ္စာ ဖောက်ဖျက် ပုန်ကန်မှု (ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၁၂၂)၊
၂။ အစိုးရကို အကြည်ညိုပျက်အောင် ပြုလုပ်မှု(ပြစ်မှု ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၂၄-က)၊
၃။ မတရားအသင်း အက်ဥပဒေအရ ပြစ်မှုများ၊
၎။ လက်နက်အက်ဥပဒေအရ ပြစ်မှုများ၊
၅။ လူသတ်မှု၊
၆။ လူသေမှု၊
၇။ မုဒိန်းမှု၊
၈၊ လုယက်မှု၊
၉။ ဓားပြမှု၊
၁၀။ အဂတိလိုက်စားမှု၊
၁၁။ ၁၉၉၃ခုနှစ်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ ပြစ်မှုများ၊
၁၂။ ပြည်သူပိုင် ပစ္စည်းကာကွယ်ရေး အက်ဥပဒေအရ ပြစ်မှုများ၊
၁၃။ ၁၉၆၃ခုနှစ်၊ အများနှင့် သက်ဆိုင်သော ပစ္စည်းများ ကာကွယ် စောင့်ရှောက်ရေး ဥပဒေအရ ပြစ်မှုများ၊
၁၄။ ၁၉၅၀ ပြည့်နှစ်၊ အရေးပေါ် စီမံမှု အက်ဥပဒေအရ ပြစ်မှုများ၊
၁၅။ သတင်း မီဒီယာ ဥပဒေအရ ပြစ်မှုများ၊
၁၆။ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်း ဥပဒေအရ ပြစ်မှုများ ဖြစ်ကြပါတယ်။

ဗမက စောမြင့်ဦးအနေနဲ့ ပြစ်မှုကျူးလွန်သူများကို

(၁) သေဒဏ်၊
(၂) နှစ်အကန့်အသတ်မရှိတဲ့ အလုပ်နဲ့ ထောင်ဒဏ်၊
(၃) သုံးနှစ်အောက်မလျော့တဲ့ အလုပ်နဲ့ ထောင်ဒဏ် သို့တည်းမဟုတ် သုံးနှစ်အောက် မလျော့တဲ့ အလုပ်နဲ့ ထောင်ဒဏ်အပြင် ငွေဒဏ်ကိုပါ ချမှတ်နိုင်ပါတယ်။

သူက သူ့သဘောအလျောက် အတည်ပြုလို့ ရတယ်၊ ပြင်ဆင်လို့ ရတယ်။ အောက်ပါ လုပ်ပိုင်ခွင့်များ သူ့မှာ ရှိတယ်။
(၁) ပြစ်မှု ထင်ရှား စီရင်ခြင်းကို ပယ်ဖျက်ခြင်း၊
(၂) ပြစ်ဒဏ်လျော့ပေါ့ စေခြင်း၊
(၃) ပြစ်ဒဏ်ကို ပိုနိမ့်တဲ့ ပြစ်ဒဏ်အမျိုးအစားသို့ လျော့ပေါ့ ပြောင်းလဲခြင်း၊
(၄) ပြစ်မှု ထင်ရှား စီရင်ခြင်းကို အတည်ပြုခြင်းများ ဖြစ်တယ်။

သူက သူ့တရားသူကြီးအဖွဲ့၊ သူ့အုပ်ချုပ်ရေးအဖွဲ့၊ သူ့အကြံပေးအဖွဲ့ကို စိတ်ကြိုက်ဖွဲ့စည်းလို့ ရတယ်။ ဒါပေမဲ့ အခြေအနေကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို မပြတ်တင်ပြရမယ်။ ရှိသမျှဒေသတွင်းအာဏာပိုင်တို့ဟာ ဗမက စောမြင့်ဦးအောက်ကို ရောက်ရှိမှာ ဖြစ်တယ်။ ဗမက စောမြင့်ဦးက စစ်အုပ်ချုပ်ရေးနယ်မြေများကိုလည်း သတ်မှတ်ပြီး စစ်အုပ်ချုပ်ရေးမှူးတွေကိုလည်း ခန့်ထားနိုင်တယ်ဆိုပဲ။

ဒီမှာ တစ်ခု လေ့လာမိတာက မင်းအောင်လှိုင် ကျေညာချက်မှာ အရပ်ဘက်တရားစီရင်ရေးစနစ်ကိုလည်း မပစ်ပယ်ထားကြောင်း တွေ့ရတယ်။ ဗမက စောမြင့်ဦးအနေနဲ့ စစ်ခုံရုံးကို မဖွဲ့စည်းဘဲ လက်ရှိအရပ်သားတရားစီရင်ရေးစနစ်ကို ကျင့်သုံးပိုင်ခွင့် ရှိတယ်။ ဒေါ်အောင်ဆန်းစုကြည်က စစ်အုပ်ချုပ်ရေးကို ထောက်ခံပေမဲ့ သူ စိတ်ပူမိတာ တစ်ခု ရှိတယ်။ အဲဒါက တရားစီရင်ရေးပါပဲ။ ဗမက စောမြင့်ဦးအနေနဲ့ လက်ရှိအချိန်မှာ မြန်မာနိုင်ငံမှာဆိုရင် စကြာဝတေးမင်းလိုပါပဲ။ အာဏာကို အလွဲသုံးစား မပြုဖို့ အရေးကြီးတယ်။ စစ်အုပ်ချုပ်ရေးမှာတောင် မျှတတဲ့ စစ်အုပ်ချုပ်ရေးတစ်ခုကို ဖော်ဆောင်ဖို့ ဒေါ်အောင်ဆန်းစုကြည်က အလိုရှိပုံ ရတယ်။

နောက်တစ်ခု လေ့လာမိတာက ကိုးကန့်လို ပြဿနာမျိုးကို ဖြေရှင်းဖို့ နည်း(၂)နည်း ရှိနိုင်ပါတယ်။

(၁) ပထမနည်းအရ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ရဒေသအစိုးရကို မဖယ်ရှားဘဲ ကိုးကန့်ဒေသကို လုံခြုံရေးပေးဖို့ တပ်မတော်သားများများ ပို့လွှတ်ခြင်းဖြစ်တယ်။

(၂) ဒုတိယနည်းအရ ဒေသတစ်ခုလုံးက ကိုးကန့်အစိုးရကို လက်မခံတော့လို့၊ အရပ်သားတွေ ထိခိုက်မှု ရှိခဲ့လို့ဆိုခဲ့ရင် စစ်အုပ်ချုပ်ရေးကို ကျေညာလို့ ရပါတယ်။

သမ္မတသိန်းစိန်က ဒုတိယနည်းကို ရွေးချယ်လိုက်ပါတယ်။ ဒါပေမဲ့ ကိုးကန့်ဒေသကို တပ်များများ စေလွှတ်လိုက်ရုံ၊ စစ်အုပ်ချုပ်ရေးကျေညာလိုက်ရုံနဲ့ စစ်ခုံရုံးကို ဖွဲ့စည်းစရာ မလိုပါဘူး။ ရှိသမျှဒေသတစ်ခုလုံးမှာ မဟုတ်ပေမဲ့ နေရာအတော်များများမှာ အရပ်သားတရားရုံးနဲ့ အရပ်သားအုပ်ချုပ်ရေးကို ပင်ကိုယ်အတိုင်း ထားရှိလို့ ရပါတယ်။ လွှတ်တော်ကနေကပဲဖြစ်ဖြစ်၊ နိုင်ငံတော်တရားသူကြီးချုပ်ကနေပဲဖြစ်ဖြစ်၊ အခု နာဂစ်ဖွဲ့စည်းပုံအရ သမ္မတကနေ ကာချုပ်လက်ကို လွှဲပေးတာပဲဖြစ်ဖြစ် စစ်အုပ်ချုပ်ရေးဟာ စစ်အုပ်ချုပ်ရေးပါပဲ။ ဒါပေမဲ့ လက်ရှိကိုးကန့်စစ်အုပ်ချုပ်ရေးဟာ စစ်ပွဲပြီးစဒေသကို တိုးတက်အောင် လုပ်ဖို့ မဟုတ်ဘဲ၊ လူထုအုံကြွမှုကြောင့် စစ်အုပ်ချုပ်ရေးကျေညာရတာမဟုတ်ဘဲ အဲဒီဒေသကို တိုက်ခိုက်သိမ်းပိုက်ဖို့ စစ်ကျေညာတဲ့အနေနဲ့ စစ်အုပ်ချုပ်ရေးကို ကျေညာခဲ့ခြင်းဖြစ်တယ်။ ဒါကြောင့် ဖိနှိပ်မှုတွေ အတော်များများ ရှိလာနိုင်ကြောင်း မျှော်လင့်ထားကြရပါ့မယ်။

နောက် လေ့လာစရာတွေကတော့ ကိုးကန့်စစ်အုပ်ချုပ်ရေးကို ကျေညာလိုက်ခြင်းနဲ့အတူ...

(၁) မြန်မာနိုင်ငံရဲ့ ကံကြမ္မာဟာ စစ်တပ်လက်ထဲမှာပဲ ရှိတယ်။
(၂) သမ္မတသိန်းစိန်ရဲ့ အုပ်ချုပ်ရေးဟာ ညံ့ဖျင်းပြီး စစ်တပ်အတွက် ကွက်လပ်ချန်ပေးတယ်။
(၃) မြန်မာနိုင်ငံ ဘယ်ပြည်နယ်၊ ဘယ်ခရိုင်၊ ဘယ်မြို့မှာမဆို မြန်မာ့တပ်မတော်က သူ့လူနဲ့ ပြဿနာရှာပြီး သူ့လူနဲ့သူ အုပ်ချုပ်လို့ ရတယ်။
(၄) မကြံကောင်းမစည်ရာ မဲရှုံးမယ်မှန်းသိတဲ့ မဲဆန္ဒနယ်တစ်ခုကို မဲပေးခွင့်မရအောင် စစ်အုပ်ချုပ်ရေး ကျေညာလိုက်လို့ ရတယ်။
(၅) သိန်းစိန်ဆိုးတယ်ဆိုရင် မင်းအောင်လှိုင်မျက်နှာကို ကြည့်ထားလို့ နောက်ဘုန်းကြီး နှစ်ချက်ခေါက်တဲ့စနစ်ကို တွေ့မြင်ရတယ်။

ဒီတော့ ဖုန်းကြားရှင် ဝင်တိုက်လို့ ကိုးကန့်ဒေသဟာ မလုံခြုံတာ ဟုတ်တယ်။ ဒါပေမဲ့ လက်ရှိစစ်တပ်ရဲ့ ကစားကွက်ဟာ ပြည်သူများကိုရော တိုင်းရင်းသားများကိုပါ လက်ရှိ ဖွဲ့စည်းပုံမှာ ဘာလုံခြုံမှုမရှိကြောင်း ဘေးထွက်ဆိုးကျိုးကို ဖြစ်စေပါတယ်။ အခု စစ်အုပ်ချုပ်ရေးကို ထောက်ခံနေကြတဲ့ ပုဂ္ဂိုလ်များဟာ သူတို့သတိမထားမိလို့ နေပါ့မယ်။ သူတို့ဘဝဟာလည်းပဲ လုံခြုံမှု မရှိပါဘူး။ သူတို့အိပ်ရာထဲမှာ ရှိနေတာတောင် သူတို့ဘဝဟာ လုံခြုံမှု မရှိကြပါဘူး။ လူအတော်များများက စစ်ရေးအရ လုံခြုံမှု မရှိတာကိုပဲ လုံခြုံရေးလို့ ထင်မြင်နေကြပါတယ်။ အမှန်မှာ မြန်မာတွေအတွက် နိုင်ငံရေးအရလည်း လုံခြုံမှု မရှိသေးပါဘူး။ စီးပွားရေးအရလည်း ဘာလုံခြုံမှုမှ မရှိသေးပါဘူး။ လူမှုရေးအရလည်း အချင်းချင်းယုံကြည်မှုပျက်ပြားလို့ ဘာလုံခြုံမှုမရှိပါဘူး။ ပညာရေးတောင် လုံခြုံမှုမရှိကြောင်း လက်ရှိအဖြစ်အပျက်တွေက ညွန်းပြနေပါတယ်။

ဒီတော့ ကိုးကန့်စစ်အုပ်ချုပ်ရေးကို ထောက်ခံတဲ့ ပုဂ္ဂိုလ်တွေ အကြိုက်တွေ့မဲ့ အကြံပြုချက်တစ်ခုကို ပြုလိုပါတယ်။ မြန်မာနိုင်ငံမှာ စစ်သားတွေကအစ အဖွားအိုတွေအဆုံး ဘယ်နေရာမှာမှ လုံခြုံစိတ်ချရတာ မရှိလို့ တစ်နိုင်ငံလုံးကိုပဲ စစ်အုပ်ချုပ်ရေးကျေညာလိုက်ပါတော့လို့။

photo credit: Senior General Min Aung Hlaing


မန်ဆူဘုန်းကြီးကျောင်းရောက် ဒုက္ခသည်များ
ဖေဖော်ဝါရီ ၉ ရက်က စတင်ခဲ့တဲ့ လောက်ကိုင် တိုက်ပွဲ တွေကြောင့် ဒီနေ့ထိ မြန်မာပြည်ဘက် ထွက်ပြေး တိမ်းရှောင်လာရတဲ့ စစ်ပြေး ဒုက္ခသည်ဦးရေ ၈၀၀၀ ခန့် ရှိသွားပြီ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၁၁ ရက်ကနေ ၁၉ ရက်အတွင်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်း အနေနဲ့ စစ်ပြေးဒုက္ခသည် ၃၀၀၀ ကျော်ကို ကယ်တင်နိုင်ခဲ့ပြီး လိုအပ်တာ ထောက်ပံ့ကူညီ လုပ်ဆောင်ပေးနေတယ်လို့ ကြက်ခြေနီ အသင်း ပြောခွင့်ရ ဒေါ်ရွှေစင်မြင့်က ပြောပါတယ်။

ရှမ်းပြည်နယ်အရှေမြောက်ပိုင်း ကွမ်းလုံ၊ ဟိုပန်၊ လားရှိုးနဲ့ မန္တလေးမြို့တို့မှာ ကြက်ခြေနီအသင်းက ကူညီလုပ်ဆောင်ပေးနေတာလို့ ဒေါ်ရွှေစင်မြင့်က ပြောပါတယ်။

“ကွမ်းလုံမြို့နယ်မှာ ကြက်ခြေနီအသင်းက ၅၀ လောက် ကယ်ဆယ်ရေးလုပ်ပေးပါတယ်။ စစ်ရှောင်ဒုက္ခသည်တွေ ခရီးသွားလာရေးအဆွက် အကူအညီပေးတယ်။ ဒေသခံတွေဆီက ထမင်းထုပ်တွေစုဆောင်းပြီး ပြန်ဝေပေးတယ်။ ဟိုပန်မြို့နယ်ဘက်မှာတော့ စစ်ရှောင်ဒုက္ခသည်တွေထဲ ပါလာတဲ့ သံဃာတော် အပါး ၂၀၀ လောက်ကို ကူညီပေးနေပါတယ်။ ခုနက ကွမ်လုံမှာလုပ်တဲ့ အလုပ်တွေအကုန် လုပ်ပေးပါတယ်။”

လားရှိုးမြို့မှာလည်း လိုအပ်တဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ ဖြန့်ဝေပေးနေတယ်လို့ ပြောပါတယ်။

အထူးသဖြင့်တော့ လားရှိုး အထက ၁ မှာ စစ်ရှောင်ရောက်ရှိခိုလှုံနေကြရတဲ့ အမျိုးသမီး ၃၀၀ ကျော်အတွက် လိုအပ်တဲ့ အမျိုးသမီးတကိုယ်ရည် သန့်ရှင်းရေးသုံး အသုံးအဆောင်ပစ္စည်းတွေ ထောက်ပံ့ကူညီပေးနေတယ်လို့ သိရပါတယ်။

လားရှိုးမြို့ မန်ဆူဘုန်းကြီးကျောင်းကို စစ်ပြေးဒုက္ခသည် ၅၀၀က ၈၀၀ ကြား နေ့တိုင်းလို ရောက်ရှိနေပြီး ကျောင်းထိုင်ဆရာတော်က ထွက်ပြေးရောက်ရှိလာသူတွေ စားသောက်နေထိုင်ဖို့ စီစဉ်ပေးထားပြီး လမ်းစရိတ်ကူပေးနေပါတယ်။
လားရှိုးမြို့ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းဆရာတော် ဘဒ္ဒန္တ ပုညနန္ဒက ကျောင်းက ထောက်ပံ့ကူညီပေးနေပုံကို ခုလို မိန့်ပါတယ်။

“ကားငှားပြီး လာကြရတာကိုး ကားဘယ်လောက်နဲ့ ငှားလာလဲ ၆၀၀၀ ဆို ၁ သောင်းထုတ်ပေးလိုက်တယ်။ ၁ သောင်းနဲ့ ငှားလာတယ်ဆို ၁ သောင်းခွဲပေးလိုက်တယ်။ ၄၀၀၀ ငှားလာတယ်ဆို ခြောက်ထောင် ပေးလိုက်တယ်။ သူတို့ မုန့်ဖိုးလည်း ကျန်တာပေါ့။ အလှူရှင်တချို့လည်း ကိုယ်တိုင်ကိုယ်ကျလာဝေတယ်။ တယောက်ကို ၁၀၀၀၊ ၂၀၀၀  လာဝေတယ်။ အဲ့ဒီလိုဆိုတော့ တချို့လည်း တယောက်ကို ၁ သောင်းခွဲ ၂ သောင်း ရသွားတာပေါ့နော်”

ဒုက္ခသည်တွေ စားဖို့သောက်ဖို့အတွက် လုံလောက်ပြီး လမ်းစရိတ်ထောက်ပံ့ဖို့ ငွေကြေး လိုအပ်တယ်လို့လည်း ဆရာတော်ကမိန့်ပါတယ်။

ဖေဖော်ဝါရီ ၂၀ ရက် တရက်တည်း ဒုကသည် ၉၀၀ လောက် ကျောင်းမှာ ရောက်ရှိ ခိုလှုံနေကြတယ်လို့ ဆိုပါတယ်။ တချို့စစ်ပြေးဒုက္ခသည်တွေက လမ်းလျှောက်လာရလို့ နာမကျန်ဖြစ်နေပြီး ခရီးမဆက်နိုင်တဲ့အတွက် ဘုန်းကြီးကျောင်းမှာပဲ ခိုလှုံနေထိုင်ခွင့်ပြုထားရတာ ရှိပါတယ်။

ဖေဖော်ဝါရီ ၁၁ ရက်က ၁၇ ရက်အတွင်း ကြက်ခြေနီတပ်ဖွဲ့ဝင်ပေါင်း ၅၀ ကျော်က မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်လူမှုရေးအသင်းအဖွဲ့ဝင်တွေနဲ့ လက်တွဲပြီး  မော်တော်ယာဉ်တွေနဲ့ လောက်ကိုင်မှ ကွမ်းလုံ၊ ကွမ်းလုံမှ လားရှိုးမြို့ထိ ယာဉ်ခေါက်ရေ ၃၀ နဲ့ ကယ်ထုတ်ခဲ့ရာမှာ ကားမှောက်မှု ၂ ကြိမ်ဖြစ်ပွားခဲ့တယ်။ အဲ့ဒီကားမှောက်မှု ၂ ကြိမ်မှာ သေဆုံးသူ ၇ယောက်၊ ဒဏ်ရာရရှိသူ ၅၅ ယောက် ရှိခဲ့တယ်လို့ ကြက်ခြေနီအသင်းက သတင်းထုတ်ပြန်ထားပါတယ်။

အစိုးရသတင်းအရ ဖေဖော်ဝါရီ ၁၀ ရက်က ၁၉ ရက်အထိ စစ်ပြေးဒုကသည် ၇၀၀၀ ကျော် ထွက်ပြေး လာခဲ့ကြောင်း သိရပြီး ဒီနေ့ထိ ဘုန်းကြီးကျောင်းနဲ့ တခြားစခန်းရောက် ဒုကသည်ပေါင်းရင် ၈၀၀၀ လောက် ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး ဖြစ်ပါတယ်။

By ရွှေအောင် (ဒီဗွီဘီ)
http://burmese.dvb.no/archives/82459


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံတက္ကသိုလ်တွင် ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်းများအား ကန့်ကွက်သော ငြိမ်းချမ်းစွာ ပညာသင်ကြားရေးနှင့် အေးချမ်းအောင်မြင်စွာ စာမေးပွဲဖြေဆိုနိုင်ရေး ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ် ရန် ကျောင်းသား ကျောင်းသူများအား ဆရာ၊ ဆရာမများက လှည့်ဖြားခေါ်ဆောင်မှုများ ပြုလုပ်ခဲ့ကြောင်း ဒဂုံ တက္ကသိုလ် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ဖူးသူ သင်္ချာမေဂျာ ဒုတိယနှစ်ကျောင်းသား ကိုမင်းသုခက မြန်မာသံတော်ဆင့်သို့ ပြောသည်။

အဆိုပါ အခမ်းအနားကို ဖေဖော်ဝါရီလ(၁၆)ရက်က ဒဂုံတက္ကသိုလ် ကောင်းညွန့်ခန်းမ၌ ပြုလုပ်ခဲ့ပြီး ဂုဏ်ထူးတန်း တက်နေသူများအား အဓိကထားကာ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြုလုပ် ရန် ကောင်းညွန့်ခန်းမသို့ မဖြစ်မနေလာခဲ့ရန်ဟူသော ပုံစံဖြင့် ဆရာဆရာမများက လာရောက် ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။

““အဲဒီနေ့က ကျောင်းသူ ကျောင်းသားတွေကို ပွဲတစ်ပွဲရှိတယ်။ အဲဒီပွဲကို ကောင်းညွန့်ခန်းမထဲမှာ လုပ်မှာ၊ အဲဒီပွဲကို သွားရမယ်ဆိုပြီးတော့ တစ်ခန်းကို ဘယ်နှယောက် အဲဒီလိုခေါ်တယ်။ တချို့မေဂျာတွေမှာဆိုရင် တစ်ခန်းလုံးနီးပါး ခေါ်တယ်။ ကျောင်းသားတွေက မသိဘူး။ မသိဘဲနဲ့ အဲဒီကို ရောက်သွားတယ်။ ခေါင်းစဉ်တပ် ထားတာက ဆန္ဒဖော်ထုတ်ပွဲ၊ ကျောင်းသားတွေက မေးတော့ ကျောင်းသားတွေ တပ်တာပါလို့ ကျောင်းသား တစ်ယောက်က ပြောတဲ့အခါမှာ အပြန်အလှန် ငြင်းခုံမှုတွေ ဖြစ်သွားတယ်။ ကျောင်းသူ တစ်ယောက်က မေး လိုက်တော့ ကျောင်းသားတွေ အားလုံးက သူတို့တပ်တာ မဟုတ်ဘူးလို့ ပြောတယ်”” ဟုကိုမင်းသုခ က မြန်မာသံတော်ဆင့်သို့ ပြောသည်။

လက်ရှိ အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရန် ၄ ပွင့်ဆိုင်တွေ့ဆုံမှု၌ ဒီမိုကရေစီ ပညာရေး ဦးဆောင် လှုပ်ရှားမှု ကော်မတီတွင် ဒဂုံတက္ကသိုလ်မှ ကျောင်းသား များ ပါဝင်ပြီး ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂ ကိုလည်း ကျောင်းအာဏာပိုင် ပုဂ္ဂိုလ်များက ဖိနှိပ်မှုများရှိ၍ ပြဿနာများ ဖြစ်ပွားခဲ့ဖူးသည်။

““ကျွန်တော်တို့က ငြိမ်းချမ်းရေး ဆွေးနွေးပွဲဆိုပြီး လွှတ်လိုက်တာပါ။ သူက နိုင်ငံရေး စကားနဲ့ပြောရင် ကေဒါ မြှုပ်ထားသလိုမျိုးပဲ။ ဆရာ၊ ဆရာမတွေကို ကျောင်းသားတွေကြား ထဲ ရောထည့် ထားတာ။ ဘေးက ပြန်ပတ် ကြည့်တော့မှ ဆရာမတွေကို ဟောပြောပွဲထဲ ထည့်ထားတဲ့ ပုံစံရှိတယ်။ မယောင်မလည်နဲ့ ကျောင်းသားတွေ စီစဉ်တဲ့ပွဲဆိုပြီးတော့ ဆရာ၊ ဆရာမတွေကို တွေ့ရတယ်။ ခေါ်ထည့် ထားတဲ့သူတွေ အကုန်လုံးက ကျောင်းပြီး တော့မယ့် သူတွေချည်းပဲ။ ဒီတော့ ဒီလူတွေကတော့ ကျောင်းပြီးမှာကို လိုလားတယ်။ တန်ပြန်သပိတ်ကို ပါဝင် လိမ့်မယ်ထင်ပြီး ကျွန်တော်တို့ကို ခေါ်သွားတာ”” ဒဂုံတက္ကသိုလ် ကျောင်းသား သမဂ္ဂ အဖွဲ့ဝင် ကုန်ထုတ်ဓာတုဗေဒ စတုတ္တနှစ်ကျောင်းသား ကိုစည်သူ က ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ဒဂုံတက္ကသိုလ် သင်္ချာပေါမောက္ခ ဒေါက်တာ သိန်းအောင်ထံသို့ ဆက်သွယ် မေးမြန်း ခဲ့ရာ မသိရှိကြောင်း ပြောကြားခဲ့ပြီး ပါမောက္ခချုပ် ဒေါက်တာလှဌေးထံသို့ ဆက်သွယ်ခဲ့သော်လည်း ဖုန်းမကိုင်ခဲ့ပေ။

ဇန်န၀ါရီလ (၂၈) ရက်နေ့က ပြုလုပ်ခဲ့သော မောင်မယ်သစ်လွင် ကြိုဆိုပွဲတွင်လည်း ကျောင်းသား ကိုယ်စား ပြောကြားသည့် ကျောင်းသား ကိုယ်စားလှယ်က အမျိုးသား ပညာရေးဥပဒေနှင့် ပတ်သက် ၍ ပြောကြားခဲ့ချိန်၌ မီးဖြတ်ခံခဲ့ရသည်။

ထို့ပြင် ၂၀၁၄ ခုနှစ်အတွင်း ဒဂုံတက္ကသိုလ်၏ ကျောင်းသား သမဂ္ဂအဖွဲ့ပိုင် အလံကို ကျောင်းအာဏာပိုင်များ က ဖြုတ်သိမ်းမှုများ ပြုလုပ်ခဲ့သဖြင့် ပါမောက္ခချုပ် ဒေါက်တာ လှဌေးက ကျောင်းသားများအား ဒေါင်းအလံ ပြန် လည် ပေးအပ်ကာ တောင်းပန်ခဲ့ရဖူးသည်။

ဝိုင်းမော်

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald


ဌာနမှာ ဆရာက ကျောင်းသား သပိတ် ထောက်ခံလား၊ မထောက်ခံဘူး လား လို့ မေးတယ်။ ထောက်ခံတဲ့ သူတွေ… ခုံနံပါတ်ကော နာမည်ကော ပေးရတယ်။ မထောက်ခံ တဲ့ ကျောင်းသား ကိုတော့ ဘာမှ မပြောဘူး။ ထောက်ခံ တဲ့ ကျောင်းသားကို ဌာနမှူး က ခေါ်တွေ့တယ်။ ထောက်ခံတာလား ဆိုပြီး ငေါက်(ငန်း)တာပေါ့ …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉

အမျိုးသားပညာရေးဥပဒေ ပြုပြင်ပြောင်းလဲရေးအတွက် လုပ်ဆောင်နေ သည့် ကျောင်းသားသပိတ်များအား ကန့်ကွက်ကြောင်း လက်မှတ်များအား မကွေးတက္ကသိုလ်တွင် ကျောင်းအာဏာပိုင်များ ကဖေဖော်ဝါရီ လ၁၆ ရက်မှ ၁၈ရက်နေ့ အထိလိုက်လံကောက်ယူမှုများ ရှိနေကြောင်း မကွေး တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌကိုဖြိုးကိုကဖေဖော်ဝါရီလ ၁၉ရက်တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။

ယင်း လက်မှတ်ကောက်ခံမှု များကို ကျောင်းဆရာ၊ ဆရာမများက ဦးဆောင်ကာ လိုက်လံကောက် ယူနေခြင်း ဖြစ်ပြီး ဓာတုဗေဒ၊ ရုက္ခဗေဒ၊ ဘူမိဗေဒ၊ အင်္ဂလိပ်ဘာသာ ရပ်အထူးပြု စာသင်ခန်းများတွင် တရားဝင်ပုံစံ ကဲ့သို့လိုက်လံကောက် ယူခဲ့ခြင်းဖြစ်ကြောင်း သပိတ်စစ် ကြောင်းထောက်ခံ သည့် ကျောင်းသားများကို ဌာန မှူးရုံးခန်း၌ ခေါ်ယူမေးမြန်းခြင်းများ လည်း ပြုလုပ်ခဲ့သည်။…

““တနင်္လာနေ့ကနေ စကြားတာက Botany (ရုက္ခဗေဒ) ဌာနမှာ ဆရာက ကျောင်းသားသပိတ်က ငြိမ်းချမ်းစွာ ပညာသင်ကြားခွင့်ကို လိုလားလား၊ မလိုလားလားစမေး တယ်။ လိုလားတယ်လို့ ပြော တယ်။ ထောက်ခံလား၊ မထောက်ခံဘူး လားလို့ မေးတယ်။ ထောက်ခံတဲ့ သူတွေ ပြော၊ ခုံနံပါတ်ကော နာ မည်ကော ပေးရတယ်။ မထောက် ခံတဲ့ကျောင်းသားကိုတော့ ဘာမှ မပြောဘူး။ ထောက်ခံတဲ့ကျောင်း သားကို ဌာနမှူးက ခေါ်တွေ့ တယ်။ ထောက်ခံတယ်ဆိုလို့ရှိရင် မင်းတို့က ဒီဟာထောက်ခံတယ်ဆိုလို့ရှိ ရင် ဆဲတာကို ထောက်ခံတာလား ဆိုပြီး ငေါက်(ငန်း)တာပေါ့။ သူတို့ နောက်ဆုံးပိတ်လုပ်မှာက ကျောင်း သားကို သပိတ်မှာမပါဝင်ဖို့ကို သူ တို့ရှိတဲ့ အာဏာနဲ့ခြိမ်းခြောက်တာပေါ့””ဟု မကွေးတက္ကသိုလ် ကျောင်းသားများ သမဂ္ဂဥက္ကဋ္ဌဖြစ်သူ ဓာတုဗေဒ အထူးပြု တတိယနှစ်ကျောင်းသား ကိုဖြိုးကိုက မြန်မာသံတော်ဆင့်သို့ ပြောသည်။

သပိတ်စစ်ကြောင်းအား ကန့်ကွက်ကြောင်း လက်မှတ်များကောက်ခံရာတွင် အချို့သောဌာနများတွင် မူ ပေါ် ပေါ်ထင်ထင်ကောက်ယူ ခဲ့ခြင်း ဖြစ်ပြီးအချို့ဌာနများတွင်မူ အခြား သောဘာသာရပ်ဆိုင်ရာ ကျောင်း သားများ မသိရှိစေရန် အတွက် သိုသိုသိပ်သိပ် လက်မှတ်ကောက်ယူခြင်း မျိုး ပြုလုပ်ခဲ့သည်။

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.