02/22/15

NNER နဲ့ကျောင်းသား ကိုယ်စားလှယ်များ သတင်းစာရှင်းလင်းပွဲ။ ဓာတ်ပုံ (NNER fb)
အမျိုးသားပညာရေး ဥပဒေပြင်ဆင်တဲ့ ဥပဒေကြမ်း လွှတ်တော်ကို တင်သွင်းထားချိန်မှာပဲ အစိုးရ၊ လွှတ်တော်၊ NNER နဲ့ ကျောင်းသား ကိုယ်စားလှယ် လေးပွင့်ဆိုင် ထပ်မံတွေ့ဆုံဆွေးနွေးဖို့ လိုအပ်တယ်လို့ NNER နဲ့ ကျောင်းသားတွေက တောင်းဆိုလိုက်ပါတယ်။ ဒီလို လွှတ်တော်တွင်း ပညာရေးဥပဒေ ပြင်ဆင်တဲ့ဥပဒေကြမ်း ဆောင်ရွက်နေချိန် ပင်မသပိတ်စစ်ကြောင်းနဲ့ အရန်သပိတ်စစ်ကြောင်းတွေ ခေတ္တရပ်နားထားချိန်မှာ တန်ပြန်သပိတ်ဆင်နွှဲမှုတွေနဲ့ ကျောင်းသားတွေအပေါ် ဖိအားပေးမှုတွေ ရှိလာနေတယ်လို့ ကျောင်းသားသပိတ် ခေါင်းဆောင်တွေကပြောပါတယ်။ အပြည့်အစုံကို မဆုမွန် က စုံစမ်းတင်ပြပေးထားပါတယ်။

အခုဆိုရင် အစိုးရ၊ လွှတ်တော်၊ NNER မြန်မာနိုင်ငံ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်နဲ့ ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီက ကျောင်းသား ကိုယ်စားလှယ်တွေ လေးပွင့်ဆိုင်သဘောတူညီချက်နဲ့ အမျိုးသားပညာရေးဥပဒေ ပြင်ဆင်တဲ့ ပဒေကြမ်းကို ပညာရေးဝန်ကြီးဌာနကနေတဆင့် လွှတ်တော်တွင်း တင်သွင်းထားပြီဖြစ်ပါတယ်။ ဒီလိုတင်သွင်းထားချိန်မှာပဲ လေးပွင့်ဆိုင် ထပ်မံတွေ့ဆုံဖို့ အရေးတကြီး လိုအပ်တယ်လို့ NNER ဦးဆောင်သူ ဒေါက်တာသိန်းလွင်က ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“ကျနော်တို့ကတော့ လေးပွင့်ဆိုင် တွေ့သင့်တယ်လို့ ကျနော်တို့မြင်တယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ သဘောတူညီချက်မှာ ပြောဆိုချက်တဲ့ အချက်တွေကို အကောင်အထည်ဖော်တဲ့အချိန် အားလုံးမှာ တာဝန်ရှိတယ်။ ပူးတွဲဆောင်ရွက်သွားမယ်ဆိုတဲ့ သဘောတူညီချက်ရှိတဲ့အတွက် ဒီလို အဆင်မပြေတဲ့အခြေအနေမျိုးမှာ ပြန်တွေ့ဖို့ လိုတယ်လို့ ကျနော်တို့ထင်တယ်ခင်ဗျ။

ကျနော်တို့သိသလောက်တော့ နောက်ဆုံးအခြေအနေက လွှတ်တော်ကို ပြည်ထောင်စုဝန်ကြီး ပညာရေးဝန်ကြီး ဒေါ်ခင်စန်းရီကိုယ်တိုင် လွှတ်တော် နာယကကို သွားတင်တယ်လို့ ပြောပါတယ်။ ပြောတော့ အခု လွှတ်တော်နာယက အမျိုးသားလွှတ်တော်မှာ ဆွေးနွေးဖို့ ချပေးလိုက်ပြီလို့ ကျနော်တို့ သိရပါတယ်။ ကျနော်တို့လုပ်ရမယ့် အဆင့်က အမျိုးသားလွှတ်တော်က ဆုံးဖြတ်ချက် မချခင်မှာ ကြားနာပွဲရှိပါတယ်။ ကြားနာပွဲမှာ ကျောင်းသား ကိုယ်စားလှယ်နဲ့ NNER ကိုယ်စားလှယ်ကို ဖိတ်ကြားမယ်လို့ပြောပါတယ်။ ဒါပေမဲ့ ဘယ်နေ့ဆိုတာတော့ မပြောသေးပါဘူး။”

အမျိုးသားပညာရေး ဥပဒေကြမ်းပါ အချက်အလက်တွေအပေါ်မှာ အဓိပ္ပာယ်လွဲမှားမှုတွေနဲ့ လေးပွင့်ဆိုင်ဆွေးနွေးပွဲက သဘောတူညီချက်တွေနဲ့ ကွဲလွဲမှုတွေရှိလာနေတဲ့အပေါ် NNER နဲ့ ကျောင်းသားကိုယ်စားလှယ်တွေရဲ့ ပြင်ဆင်ဖြည့်စွက် အကြံပေးချက်တွေကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကို အိတ်ဖွင့်ပေးစာပေးပို့မှာဖြစ်သလို ပညာရေးဝန်ကြီးဌာနနဲ့ လေးပွင့်ဆိုင်ဆွေးနွေးပွဲအတွင်း ပါဝင်ခဲ့တဲ့ အစိုးရ၊ လွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း အခြေအနေတွေကို ရှင်းလင်းတင်ပြထားတဲ့ စာပေးပို့မှာဖြစ်တယ်လို့ ဒေါက်တာသိန်းလွင်က ပြောပါတယ်။

“ဒီကနေ့ပဲ စာပို့ဖို့ ရှိပါတယ်။ လေးပွင့်ဆိုင် ဆွေးနွေးပွဲမှာ အစိုးရဘက်ကို ခေါင်းဆောင်လာတဲ့ ပြည်ထောင်စုဝန်ကြီးဆီကို ဒီလိုလွဲမှားနေတဲ့ အခြေအနေတွေကို ရှင်းပြတဲ့ စာတစ်စောင်ကို ကျနော်တို့ ဒီနေ့ပဲ ပြင်ဆင်ပြီးတော့ မကြာခင်မှာပို့ပါမယ်။ အလားတူပဲ နိုင်ငံတော်သမ္မတဆီကို ဒီလို အခြေအနေတွေကို လိပ်မူပြီးတော့ လေးပွင့်ဆိုင်ဆွေးနွေးမှု အကောင်အထည်ပေါ်အောင် ဆောင်ရွက်ပေးဖို့ သဘောထားပေးဖို့ အဲ့တာ အခု ကျနော်တို့ဆောင်ရွက်နေပါတယ်။”

အခုလို ကျောင်းသားတွေက မန္တလေးကနေ ရန်ကုန်အထိ ခရီးရှည်ချီတက်ပြီးတော့ ဆန္ဒပြတောင်းဆိုခဲ့တဲ့ အချက် (၁၁)ချက်အပါအဝင် အမျိုးသားပညာရေး ဥပဒေ ပြန်လည်ပြင်ဆင်ရေးဥပဒေ လွှတ်တော်တွင်း ဆွေးနွေးနေချိန်မှာပဲ ပင်မသပိတ်စစ်ကြောင်းက ပဲခူးတိုင်း လက်ပံတန်းမြို့မှာ ခေတ္တရပ်ထားပြီး ကျန်အရန်ကျောင်းသားစစ်ကြောင်းတွေကလည်း မိမိတို့မြို့ရွာတွေဆီ ခေတ္တပြန်သွားချိန်ဖြစ်ပါတယ်။ မတ်လ(၁) ရက်နေ့မှာတော့ လွှတ်တော် ဆောင်ရွက်ချက်ပေါ်မူတည်ပြီး ဆက်ချီတက်သင့်၊ မချီတက်သင့် ဆုံးဖြတ်မှာဖြစ်တယ်လို့ ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင် ကော်မတီ(၁၅)ဦးအဖွဲ့ဝင်ဖြစ်တဲ့ ကိုအောင်နေပိုင်ကပြောပါတယ်။

“ပင်မစစ်ကြောင်းက အခုဆိုရင် လက်ပံတန်းမှာ နားပြီးတော့ ၁ရက်နေ့မှာ ကျနော်တို့ ပြန်ပြီးတော့ ထွက်မယ်လို့ကြေညာချက် ထွက်ထားတယ်ပေါ့။ အဓိက ကတော့ လွှတ်တော်ရဲ့လုပ်ငန်းစဉ်တွေ စောင့်ကြည့်ဖို့နဲ့ အထက်တန်းကျောင်းသားတွေ၊ မူလတန်း ကျောင်းသားတွေ စာမေးပွဲဖြေနေတဲ့ ကာလဖြစ်တဲ့ အတွက် မိဘတွေ စိတ်ပူနေတာမို့ စောင့်ကြည့်နေတဲ့ စစ်ကြောင်းတွေလည်းရှိပါတယ်။”

အခုလို သပိတ်မှောက်ကျောင်းသားတွေ သပိတ်ခေတ္တရပ်နားထားချိန်မှာပဲ အာဏာပိုင်တွေဘက်က တန်ပြန်သပိတ်ဆင်နွှဲမှုတွေ၊ တက္ကသိုလ် ကျောင်းတွေမှာ ဆန္ဒပြသပိတ်ကို ကန့်ကွက်တဲ့ လှုပ်ရှားမှုတွေ လုပ်ဆောင်လာသလို သပိတ်နားနေတဲ့ ကျောင်းသားတွေအပေါ် ဖိအားပေးမှုတွေကို ပြည်နယ်၊တိုင်းတွေမှာ လုပ်ဆောင်လာနေတယ်လို့လည်း သပိတ်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုအောင်နေပိုင်ကပြောပါတယ်။

“ဖိအားတွေက မျိုးစုံရှိပါတယ်။ အခုအချိန်မှာ ဒီတောင်ငူမှာ ဒီနေ့ လုပ်သွားတဲ့ သပိတ်က ကျနော်တို့ ဒီမိုကရေစီ ပညာရေးလှုပ်ရှားတဲ့ သပိတ်ကို ထောက်ခံတဲ့ ထောက်ခံပွဲ လုပ်တာတောင်မှ ဖိအားပေးနေတာတွေရှိနေတာပဲ။ သပိတ်စခန်းဖွင့်ထားတဲ့နေရာတွေမှာလည်း အာဏာပိုင်က ဖိအား ပေးတာမျိုးတွေလည်း ကြုံနေရတာပဲ။ ဒီတက္ကသိုလ်တွေမှာ ပါမောက္ခတွေက တန်ပြန်သပိတ်သဘောမျိုးတွေပေါ့နော်။ ငြိမ်းချမ်းစွာ ပညာသင်ကြားရေး ဆိုတဲ့ ခေါင်းစဉ်တွေနဲ့ တန်ပြန်သဘောမျိုးတွေပေါ့ ဒါတွေကလည်း ကျနော်တို့ကို ဖိအားဖြစ်စေချင်ပါတယ်။ အကျပ်အတည်းဖြစ်အောင် လုပ်နေတာတွေလည်း တွေ့ရပါတယ်။”

လက်ရှိကျောင်းသားသပိတ်စစ်ကြောင်းတွေရဲ့ အခြေအနေ၊ အမျိုးသားပညာရေး ဥပဒေပြင်ဆင်တဲ့ ဥပဒေကြမ်းကို ရှင်းလင်းချက်နဲ့ လွှတ်တော်တွင်း တင်ပြချက် နောက်ဆုံးအဆင့်သိရှိထားရမှုတွေနဲ့အတူ လေးပွင့်ဆိုင်သဘောတူညီချက်အတွင်း လုပ်ဆောင်ချက် ကွဲလွဲမှုတွေနဲ့ပတ်သက်လို့ ဖေဖော်ဝါရီလ ၂၂ ရက် တနင်္ဂနွေနေ့မှာ NNER နဲ့ ကျောင်းသားကိုယ်စားလှယ်တွေရဲ့ သတင်းစာရှင်းလင်းပွဲ ရန်ကုန်မှာ ကျင်းပခဲ့ပါတယ်။

မဆုမွန် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/nner-students-want-to-keep-on-talks-4-parties-/2653872.html

ဓာတ်ပုံ – May Thingyan
ရွှေပြည်သာ စက်မှုဇုန် ၂ က  အီလန် မြန်မာအထည်ချုပ်စက်ရုံ အလုပ်သမားတွေနဲ့ ရဲ တွေအကြား ဖေဖော်ဝါရီ ၂၀ ရက်နေ့ ညနေပိုင်းက ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့မှုနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲ  ပြုလုပ်ခဲ့ပါတယ်။

အလုပ်သမား သပိတ်စခန်းကို ရဲတပ်ဖွဲ့က ဖြိုခွင်းဖို့ ကြိုးစားရာကနေ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး နှစ်ဖက်ထိခိုက်ဒဏ်ရာရခဲ့တဲ့အပေါ် ရဲတပ်ဖွဲ့က စတင်အကြမ်းဖက်ခဲ့တာ မဟုတ်ဘူးလို့ မီဒီယာတွေနဲ့ ဒီနေ့တွေ့ဆုံပွဲမှာ ရန်ကုန်တိုင်းဒေသကြီး ဒုရဲမှူးကြီးမြင့်ထွေးက ပြောပါတယ်။

လက်ရှိမှာ အလုပ်သမားခေါင်းဆောင်တွေကို ဖမ်းဆီးထားတာဟာ အလုပ်ရှင်တွေဘက်က တရားရုံးကို ဦးတိုက်လျှောက်ပြီး တရားစွဲတဲ့အတွက် တရားရုံးက ဖမ်းဝရမ်းထုတ်ဖမ်းခိုင်းတဲ့အတွက် ရဲတပ်ဖွဲ့က ဖမ်းဆီးခြင်းသာဖြစ်ပြီး အုပ်ချုပ်ရေးပိုင်းနဲ့ မသက်ဆိုင်ဘူးလို့ ဖြေကြားခဲ့ပါတယ်။

Ford Glory Garment, Costec International, E,land Myanmar Garment နဲ့ Han jen အထည်ချုပ်စက်ရုံတွေ အလုပ်သမားတွေဟာ အခြေခံလစာ ၃ သောင်းကနေ ၆ သောင်းအထိ တိုးမြှင့်ပေးဖို့၊ အမြဲတမ်း ဝန်ထမ်းနဲ့ နေ့စားဝန်ထမ်းတွေကို အကျိုးခံစားခွင့်တန်းတူရရှိရေး၊ နှစ်ပြည့်လုပ်သားတွေကို နှစ်တိုးကြေး (နှစ်ပြည့်ကြေး) ပေးအပ်ဖို့နဲ့ လုပ်ငန်းခွင်စည်းကမ်းတွေကို အလုပ်သမားသမဂ္ဂနဲ့ ညှိနှိုင်းရေးဆွဲဖို့ စတဲ့အချက်တွေတောင်းဆိုပြီး လွန်ခဲ့တဲ့သီတင်းနှစ်ပတ်ခန့်က စတင်ဆန္ဒပြနေကြပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/82732

"အလုပ်သမားတွေကို ကယ်မယ့်သူ မရှိတော့ဘူးလား။ အလုပ်သမားတွေ သုံးသောင်း တိုးတောင်းတာကို များတယ်ဆိုရင် သူတို့လွှတ်တော်က လူကြီးတွေ တစ်လ ၁၀ သိန်းတိုးတောင်းတာကျတော့ ဘာဖြစ်လို့ အသံမထွက်တာလဲ။ ကျွန်မတို့ သုံးသောင်းတောင်းတာကို အစိုးရဘက်ကနေပြီးတော့ အလုပ်ရှင်ဘက်ကလိုက်ပြီး ရိုက်တယ်ဆိုလို့ရှိရင် ကျွန်မတို့ ပြည်သူလူထု ဘယ်သူ့ကိုသွားပြီး အကူအညီတောင်းရမလဲ . . ."


အခြေခံအလုပ်သမားများ၏ အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်ရေးအတွက် အစိုးရနှင့်လွှတ်တော်ပိုင်းက ပျက်ကွက်ခဲ့ပြီးနောက် ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲ ပြဿနာမှာ အလုပ်သမားထု၏ ဆန္ဒထုတ်ဖော်မှု အရှိန်မြင့်လာခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်၌ လုပ်ခလစာ တိုးမြှင့်ရေးအတွက် အလုပ်သမားထု၏ ဆန္ဒထုတ်ဖော်မှုများမှာ ရန်ကုန်နှင့်မန္တလေး မြို့ကြီးများတွင် ဖြစ်ပေါ်ခဲ့ပြီး အလုပ်သမားထု၏ မကျေနပ်မှုများကို ပြေလည်အောင် ဖြေရှင်းနိုင်ရန် ပျက်ကွက်မှုများ ရှိလာခဲ့သည်။

ယခုလဆန်းပိုင်းတွင်မူ ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာစက်မှုဇုန်၌ E-Land Myanmar အထည်ချုပ်စက်ရုံ၊ Ford Glory အထည်ချုပ်စက်ရုံ၊ COSTEC International အထည်ချုပ်စက်ရုံများမှ အလုပ်သမားများ၏ ဆန္ဒထုတ်ဖော်မှုမှာ ပိုမိုအားကောင်း လာခဲ့သည်။

ထိုသို့ အားကောင်းလာမှုနှင့်အတူ အလုပ်သမားသပိတ်အသွင်ဖြင့် အရေးဆိုမှုများရှိလာခဲ့သည့်နောက် ဖေဖော်ဝါရီ ၂ဝ ရက်တွင် အလုပ်သမားသပိတ်စခန်းအား ရဲတပ်ဖွဲ့က အင်အားသုံးအကြမ်းဖက် ဖြိုခွဲမှုများပြုလုပ်ခဲ့သည်။

အလုပ်သမားများ၏ တောင်းဆိုမှုကို မလိုက်လျောဘဲ အင်အားသုံး အကြမ်းဖက်ဖြိုခွဲလိုက်ခြင်းက နားကြည်းမှုများ ဖြစ်စေခဲ့သည်။

■ အများကြီး မတောင်းခဲ့

လုပ်ခလစာ တိုးမြှင့်ရေးနှင့်ပတ်သက်ပြီး၍ ရွှေပြည်သာစက်မှုဇုန် အလုပ်သမားများ၏ တောင်းဆိုမှုမှာ များပြားသည့် ပမာဏမဟုတ်ပေ။

တစ်ရက်လျှင် ငွေကျပ်တစ်ထောင်နှုန်းဖြင့် တစ်လစာအတွက် ငွေကျပ်သုံးသောင်း တိုးမြှင့်ပေးရန်သာ တောင်းဆိုခြင်းဖြစ်သည်။ ၎င်းတို့လက်ရှိရနေသည့် တစ်လဝင်ငွေမှာ ပျှမ်းမျှအနည်းဆုံး ကျပ်လေးသောင်းမှ ရှစ်သောင်းကျော်သာ ဖြစ်သည်။ လုပ်သက်ရင့် အလုပ်သမားတစ်ဦး၏ တစ်လဝင်ငွေမှာ ပျှမ်းမျှ ငွေကျပ်တစ်သိန်းခွဲ သာရှိကြောင်း သိရသည်။

“ကျွန်မတို့ လစာတိုးတောင်းတာ စားဝတ်နေရေးအတွက် ဘယ်လိုမှ မလောက်လို့ တောင်းတာပါ။ လက်ရှိ တစ်ရက်စာ နေ့တွက်ကြေးက ၁၃ဝဝ နီးပါးပဲ ရှိပါတယ်” ဟု E-Land Myanmar အထည်ချုပ်စက်ရုံမှ အလုပ်သမ မသိန်းမိုးလွင်က ဆိုသည်။

လစာတိုးပေးရန် ပမာဏများ စွာ တောင်းဆိုခဲ့ခြင်း မဟုတ်သော်လည်း ၎င်းတို့၏ တောင်းဆိုမှု လျစ်လျူရှုခံခဲ့ရသည်။

■ သုံးရက်အတွင်း ဖြေရှင်းပေးမယ်ဆိုတဲ့ ကတိ

ဖေဖော်ဝါရီလဆန်းပိုင်းမှစ၍ အရှိန်မြင့်လာသည့် အလုပ်သမားသပိတ်ကို ပြေလည်စေရန် ညှိနှိုင်းဆွေးနွေးပွဲတစ်ရပ်ကို ဖေဖော်ဝါရီ ၁၇ ရက်က အင်းစိန်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်ခဲ့သည်။

ထိုညှိနှိုင်းဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေအပါအဝင် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်အောင်၊ တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဝင်းနှင့် ဦးနေလင်း၊ အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာန၏ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးစောနိုင်၊ အလုပ်ရှင်ကိုယ်စားလှယ်များနှင့် သပိတ်မှောက် အလုပ်သမား ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

လစာတိုးမြှင့်ရေးကို ဦးတည်ချက်ထားပြီး တစ်နေကုန်ဆွေးနွေး ခဲ့သော်လည်း ပြေလည်မှုမရရှိခဲ့ပေ။ အလုပ်သမားများဘက်မှ လုပ်ခလစာ သုံးသောင်းတိုးမြှင့်ပေးရန် တောင်းဆိုမှုကို အလုပ်ရှင်ဘက်က ပယ်ချခဲ့သည်။ တစ်လလျှင် ငွေကျပ် ၉ဝဝဝ သာ တိုးပေးမည်ဟုဆိုကာ အစိုးရပိုင်းက အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်ပါက ပေးမည်ဟုပြောခဲ့ကြောင်း ဆွေးနွေးပွဲတက်သူ တစ်ဦးက ပြောကြားသည်။

သို့သော် ဖြစ်ပေါ်နေသည့် ပြဿနာကို သုံးရက်အတွင်း ပြေလည်အောင် ဖြေရှင်းပေးမည်၊ တာဝန်ယူသည်ဆိုသော ကတိကို တိုင်းဒေသကြီးအစိုးရပိုင်းက ပြောဆိုကြောင်း အလုပ်သမား ကိုယ်စားလှယ်များကဆိုသည်။ သပိတ်စခန်းများကို ပြန်ရုပ်ရန်ကိုလည်း အစိုးရပိုင်းက တွန်းအားပေး ပြောဆိုခဲ့သည်။

ဖေဖော်ဝါရီ ၁၈ ရက်ထုတ် အစိုးရသတင်းစာများ၌ ဖော်ပြထားချက်အရ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြင့်ဆွေက အလုပ်သမားများ လုပ်ခလစာတိုးမြှင့် ရရှိရေးအတွက် အလုပ်ရှင်၊ အလုပ်သမား နှစ်ဖက်ညှိနှိုင်းဆွေးရန်၊ ထိုက်သင့်သည့်လုပ်ခများ ရရှိစေရေးဥပဒေ၊ နည်းဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် အလုပ်သမားရေးရာ ညှိနှိုင်းဆွေးနွေးရေးအဖွဲ့ကို အဖွဲ့ဝင် ၁၇ ဦးဖြင့်ဖွဲ့စည်း၍ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ ယင်းအဖွဲ့က ဥပဒေနှင့်အညီ သမာသမတ်ကျစွာ အဖြေရှာ၍ အကောင်းဆုံးဆောင်ရွက် ပေးမည်ဖြစ်ကြောင်း အစရှိသဖြင့် ညှိနှိုင်းဆွေးနွေးပွဲ၌ ပြောကြားခဲ့သည်ဟု သိရသည်။

ထို့ပြင် နှစ်ဦးနှစ်ဖက် ပြေလည်ပြီး ငြိမ်းချမ်းစွာပြီးပြတ်စေလိုကြောင်း၊ တာဝန်ရှိသူများအနေဖြင့် မပြေလည်မှုများကို ပြေလည်စေရေးအတွက် ဥပဒေနှင့်အညီ ဆက်လက်ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက ပြောကြားခဲ့သည်။

■ ရာဇသံ သတင်းထုတ်ပြန်ချက်

ဖေဖော်ဝါရီ ၁၇ ရက်တွင် ပြုလုပ်သည့် ညှိနှိုင်းဆွေးနွေးမှု မပြေလည်သော်လည်း တိုင်းဒေသကြီးအစိုးရက သုံးရက်အတွင်း ဖြေရှင်းပေးမည်ဟု ကတိစကား ပြောခဲ့သည်။ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေကလည်း မပြေလည်မှုများ ပြေလည်အောင် ဥပဒေနှင့်အညီ ညှိနှိုင်းဆောင်ရွက်မည်ဟု ဆိုခဲ့သည်။

သို့သော် ဖေဖော်ဝါရီ ၁၇ ရက် နေ့စွဲဖြင့်ပင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က သတင်းထုတ်ပြန်မှုတစ်ရပ် ပြုလုပ်ခဲ့သည်။

အပိုဒ်သုံးပိုဒ် ပါဝင်သော သတင်းထုတ်ပြန်မှု၌ ရာဇသံပါသော ခြိမ်းခြောက်မှုများ ပါဝင်ခဲ့သည်။

ကြေညာချက်အပိုဒ်(၃)တွင် “တာဝန်ရှိသူများအနေဖြင့် ညှိနှိုင်းဆောင်ရွက် သင့်သည်များကို ဆက်လက်ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး ဥပဒေနှင့် မညီညွတ်သော အကြမ်းဖက်တောင်းဆို ဆန္ဒပြမှုများ၊ လုပ်ငန်းဆောင်ရွက်မှုကို အဖျက်အမှောင့် ပြုလုပ်ပိတ်ဆို့မှုများ အပါအဝင် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးမှုကို ထိခိုက်ပျက်ပြားစေရန် ဦးတည်ဆောင်ရွက်သူများကို အလုပ်ရှင်၊ အလုပ်သမား မခွဲခြားဘဲ တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း” ဟု ပါရှိသည်။

ထိုစာပိုဒ်ပါ အချက်များအရ ညှိနှိုင်းဆောင်ရွက်သွားမည်ဆိုသော စကားရပ်နှင့် တည်ဆဲဥပဒေနှင့်အညီ အရေးယူဆောင်ရွက် သွားမည်ဆိုသော စကားရပ်တွင် ဖော်ပြထားသည်တို့မှာ ဆန့်ကျင်ဘက်ဖြစ်နေပြီး ရှင်းလင်းတိကျသော သီးခြားဖွင့်ဆိုမှု မပါခြင်းတို့ကလည်း သတင်းထုတ်ပြန်မှုအပေါ် မေးခွန်းထုတ်စရာ ဖြစ်ခဲ့သည်။

ညှိနှိုင်းဆွေးနွေးမှုနှင့် သတင်းထုတ်ပြန်ချက်ထွက်ရှိခဲ့ပြီး ကတိစကားပြောထားသည့် သုံးရက်ပြည့်မြောက်ချိန်တွင် အာဏာပိုင်များဘက်က ဖြေရှင်းမှု ပြုလုပ်ခဲ့သည်။

■ အင်အားသုံး အကြမ်းဖက်ဖြိုခွင်း

လစာငွေကျပ် သုံးသောင်းတိုးမြှင့်ပေးရေးအတွက် သက်ဆိုင်ရာ အထည်ချုပ်စက်ရုံများရှေ့တွင် ဆန္ဒပြတောင်းဆိုပြီး အလုပ်သမား သပိတ်စခန်းများကို ဖေဖော်ဝါရီ ၂ဝ ရက် ညပိုင်းတွင် ရဲတပ်ဖွဲ့က အင်အားသုံး အကြမ်းဖက်ဖြိုခွင်းခဲ့သည်။

ဆန္ဒပြမှုများသည် ဥပဒေနှင့် မညီဟုဆိုသော အကြောင်းပြချက်ဖြင့် လူစုခွဲရန် အမိန့်ပေးခဲ့ပြီး ထိုအမိန့်ကို လိုက်နာမှုမရှိသဖြင့် သပိတ်စခန်းများကို ဖြိုခွင်းခဲ့ခြင်းဖြစ်သည်။

အင်အားသုံး အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ရဲတပ်ဖွဲ့ဝင်များနှင့် ဆန္ဒပြသူများအကြား ထိတွေ့မှုများဖြစ်ခဲ့ပြီး ဖြိုခွင်းခဲ့သူများက အမျိုးသမီးများပါမကျန် ရိုက်နှက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဖြိုခွင်းမှုဖြစ်စဉ်တွင် ပါဝင်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သူများ၏ ဗီဒီယိုဖိုင်တစ်ခုလည်း လူမှုကွန်ရက် Facebook တွင် ပျံ့နှံ့ခဲ့သည်။

“ဦးလေးကြီး ကျွန်တော်တို့ကို ရဲတွေက ရိုက်တယ်ဗျာ။ ကျွန်တော်တို့ အလုပ်သမားတွေကို ရိုက်တယ်တဲ့။ ဦးလေးတို့ စဉ်းစားကြည့်ပါဦး။ ကျွန်တော်တို့ အလုပ်သမားတွေ။ လစာနည်းလို့ တိုးတောင်းတဲ့ ကျွန်တော်တို့ အလုပ်သမားတွေကို ရိုက်တယ်တဲ့။ ကျွန်တော်တို့ကို ကူညီပေးပါ။ ခေါင်းဆောင်ပိုင်းတွေကိုလည်း ဖမ်းသွားတယ်တဲ့။ ကယ်ကြပါဦး” ဟု ရိုက်နှက်ခံခဲ့ရသူ အမျိုးသမီးတစ်ဦးက ငိုကြွေးရင်း ပြောကြားနေသည်များမှာ The Yangon Globe မီဒီယာက Facebook တွင် ဖော်ပြခဲ့သော ဗီဒီယိုဖိုင်၌ ပါရှိခဲ့သည်။

ရဲတပ်ဖွဲ့ဝင်များ၏ ဆွဲခေါ်မှုနောက်ပါသွားသည့် လူငယ်တစ်ဦးကလည်း ၎င်းရရှိခဲ့သော ဒဏ်ရာများကိုပြသရင်း “ကားပေါ်မှာ ကျွန်တော့်ကို ဘာပြောတယ်ထင်လဲ။ မင်းလားကွတဲ့။ အသားကုန်ထိုးတယ်။ ရဲကထိုးတာ။ မင်းလားကွတဲ့ ကျွန်တော့်ကို ပြောလိုက်တာ။ စိတ်မဆိုးဘူး။ ဒါပေမဲ့ အမှန်တရားဘက်က သွားမယ်” ဟု ပြောကြားခဲ့သော စကားများ အဆိုပါ ဗီဒီယိုဖိုင်၌ပင် ပါရှိခဲ့သည်။

ဖေဖော်ဝါရီ ၂ဝ ရက် ဖြိုခွင်းမှုတွင် အလုပ်သမား ခေါင်းဆောင်ရှစ်ဦးကို ဖမ်းဆီးခဲ့ကာ ၎င်းတို့အား ခံဝန်လက်မှတ်ထိုးစေပြီး ဖေဖော်ဝါရီ ၂၁ ရက်နံနက်ပိုင်းတွင် ပြန်လွှတ်ခဲ့သည်။

■ သုံးသောင်းတောင်းတာ များသလား

ပျမ်းမျှအားဖြင့် လစာငွေကျပ် တစ်သိန်းအောက်တွင်သာ ရရှိနေသော အလုပ်သမားများက တစ်လသုံးသောင်းတိုးပေးရန် တောင်းဆိုနေမှုမှာ အဆမတန် တောင်းဆိုနေခြင်း မဟုတ်ပေ။

“တစ်နေ့ကို တစ်ထောင်ပဲ တိုးတောင်းတာလေ။ ကျွန်မတို့က တစ်ထောင်ပဲ တိုးတောင်းတာလေ။ ကန်စွန်းရွက်တစ်စီး နှစ်ရာ ဖြစ်နေပြီလေ” ဟု အကြမ်းဖက် နှိမ်နင်းခံခဲ့ရသည့် အမျိုးသမီး အလုပ်သမားတစ်ဦးက ဒေါသဖြင့် ပြောဆိုခဲ့ပါသည်။

လက်ရှိအချိန်တွင် စက်မှုဇုန် အလုပ်သမားအများစု၏ လစာငွေသည် အလွန်နည်းပါးလျက်ရှိနေကာ စားဝတ်နေရေးအတွက် လုံးဝ မလုံလောက်သည့် အခြေအနေဖြစ်နေသည်။

“အလုပ်သမားတွေကို ကယ်မယ့်သူ မရှိတော့ဘူးလား။ အလုပ်သမားတွေသုံးသောင်း တိုးတောင်းတာကို များတယ်ဆိုရင် သူတို့ လွှတ်တော်က လူကြီးတွေ တစ်လဆယ်သိန်း တိုးတောင်းတာကျတော့ ဘာဖြစ်လို့ အသံမထွက်တာလဲ။ ကျွန်မတို့ သုံးသောင်းတောင်းတာကို အစိုးရဘက်ကနေပြီးတော့ အလုပ်ရှင်ဘက်ကလိုက်ပြီး ရိုက်တယ်ဆိုလို့ရှိရင် ကျွန်မတို့ ပြည်သူလူထု ဘယ်သူ့ကိုသွားပြီး အကူအညီ တောင်းရမလဲ” ဟု ဖြိုခွင်းမှုတွင် ရိုက်နှက်ခံခဲ့ရသူ အမျိုးသမီး အလုပ်သမား ဆန္ဒပြသူတစ်ဦး၏ ပြောစကားများလည်း လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သည့် ဗီဒီယိုဖိုင်တွင် ပါရှိခဲ့သည်။

မြန်မာနိုင်ငံရှိ အထည်ချုပ်စက်ရုံများတွင် အလုပ်လုပ်ကိုင်နေသည့် အလုပ်သမား သိန်းချီရှိနေပြီး အများစုမှာ အမျိုးသမီး အလုပ်သမားများ ဖြစ်ကြသည်။

လက်ရှိ စက်ရုံများတွင် လုပ်ကိုင်နေသည့် အလုပ်သမားများ၏ အခြေခံလစာကို ပုံမှန်သတ်မှတ်ထားခြင်းမရှိဘဲ အလုပ်ရှင်အချင်းချင်း ညှိနှိုင်းပေးသည့် စနစ်ကိုသာ ကျင့်သုံးထားသည်။

ပျမ်းမျှအားဖြင့် အလုပ်သမား အများစု၏ တစ်ရက်လုပ်ခသည် ငွေကျပ်တစ်ထောင် ဝန်းကျင်တွင်သာရှိပြီး တစ်လကျပ်လေးသောင်း ခန့်သာရှိသည်။ လုပ်သက်ရှစ်နှစ်နှင့် အထက်ရှိသူများ၏ လုပ်ခလစာငွေမှာ ပျမ်းမျှ ကျပ်တစ်သိန်းခွဲ ဝန်းကျင်တွင်သာ ရှိကြောင်း သိရသည်။

■ အလုပ်သမားဝန်ကြီး၏ မညှာတာစကား

ရွှေပြည်သာစက်မှုဇုန်မှ ဆန္ဒပြ အလုပ်သမားများ အကြမ်းဖက် ဖြိုခွင်းခံရသည့် ဖေဖော်ဝါရီ ၂ဝ ရက်မှာပင် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်၏ မညှာမတာ စကားရပ်တစ်ခု ထွက်ပေါ်ခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်၏ ပြောစကားကိုလည်း The Yangon Globe မီဒီယာက Facebook တွင် ဖော်ပြခဲ့သည်။

“သူများတွေက အေးအေးဆေးဆေး လုပ်နေတယ်။ သူတို့ဘာဖြစ်လို့ မလုပ်သလဲ။ ဒါကိုပဲ စဉ်းစားစရာ ရှိတော့တယ်။ အကုန်လုံးသာ ခက်နေမယ်ဆိုရင် အကုန်လုံးမှာရှိသမျှ စက်ရုံတွေ ဒီလိုပဲ ဖြစ်နေမှာပေါ့။ Asean Standards လိုချင်ရင် Asean Standards အတိုင်း အလုပ်လုပ်နိုင်သလား။ European Standards လိုချင်ရင် European Standards အတိုင်း အလုပ်လုပ်နိုင်သလား။ ဒါကိုလည်း တို့စဉ်းစားရမယ်လေ။ ကိုယ်ကတော့ သုံးပေပဲ ခုန်နိုင်ပြီးတော့ ငါးပေခုန်နိုင်တဲ့သူတွေရဲ့ အမှတ်ကို ဘယ်လိုလုပ် ယူလို့ရမလဲ” ဟု ဦးအေးမြင့်က ပြောကြားသည်။

လက်ရှိအချိန်တွင် လုပ်ခတိုးရေး ဆန္ဒထုတ်ဖော်နေသော အခြေခံအလုပ်သမားများသည် ၎င်းတို့၏ ဝင်ငွေကို အာဆီယံစံနှုန်း၊ ဥရောပစံနှုန်းများအတိုင်း ရရှိစေရန် တောင်းဆိုနေခြင်း မဟုတ်ဘဲ ဖြစ်ပေါ်နေသော ကုန်ဈေးနှုန်း၊ လူနေမှုစရိတ်ကို ကာမိရုံမျှ ဝင်ငွေရရှိရန် တောင်းဆိုနေခြင်းဖြစ်သည်။

“ပြဿနာက လက်ရှိအလုပ်သမားတွေရဲ့ လစာနဲ့ ကုန်ဈေးနှုန်းက မမျှတဘူး ဖြစ်နေတယ်” ဟု မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (MTUF) ဥက္ကဋ္ဌ ဦးအောင်လင်းက ဆိုသည်။

၂ဝ၁၃ ခုနှစ်အတွင်း ရှိခဲ့သည့် အချက်အလက်များအရ မြန်မာနိုင်ငံမှ အခြေခံအလုပ်သမားများ၏ လစာငွေသည် အာဆီယံနိုင်ငံများထဲတွင် အနိမ့်ဆုံးဖြစ်နေပြီး တစ်ရက်လုပ်အားခမှာ အမေရိကန် တစ်ဒေါ်လာကိုပင် ကျော်လွန်ခြင်းမရှိကြောင်း တွေ့ရသည်။

ထိုအချိန်တွင် မြန်မာနိုင်ငံနှင့်အတူ ဖွံ့ဖြိုးမှုနှေးကွေးသော နိုင်ငံများအဖြစ် သတ်မှတ်ခံရသော နိုင်ငံများအနက် ကမ္ဘောဒီးယားနိုင်ငံ၏ တစ်ရက်လုပ်ခငွေမှာ အမေရိကန်ဒေါ်လာ နှစ်ဒေါ်လာကျော်ရှိသည်။ လာအိုနိုင်ငံ၏ တစ်ရက်လုပ်ခငွေမှာ အမေရိကန်ဒေါ်လာ သုံးဒေါ်လာကျော် ဖြစ်နေသည်။ ထိုင်း၊ မလေးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတို့၏ တစ်ရက်လုပ်ခငွေမှာ ကိုးဒေါ်လာအထက်ရှိနေပြီး အထည်ချုပ်လုပ်ငန်းများ ထွန်းကားသည့် ဗီယက်နမ်နိုင်ငံတွင် တစ်ရက်လုပ်ခငွေ အမေရိကန်ဒေါ်လာ သုံးဒေါ်လာ အထက်တွင် ရှိပါသည်။

အခြားတစ်ဖက်တွင်လည်း မြန်မာနိုင်ငံမှ အခြေခံအလုပ်သမား၏ အရည်အချင်းပိုင်းသည် အခြေအနေတူ နိုင်ငံများထက် နိမ့်ကျခြင်းမရှိကြောင်း သိရသည်။ သို့သော် နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများကမူ မြန်မာနိုင်ငံ၏ အခြေခံလုပ်သားခ နှုန်းထားသည် အခြားနိုင်ငံများထက် သက်သာသည်ဆိုသော ရှုမြင်မှုများဖြင့် လာရောက်ရင်းနှီး မြှုပ်နှံလေ့ရှိသည်။

လုပ်အားခနှုန်းထား သက်သာသဖြင့် မြန်မာနိုင်ငံသို့ လာရောက်ပြီး အထည်ချုပ်လုပ်ငန်း လုပ်ကိုင်ခဲ့သူများထဲ၌ ကိုရီးယားနှင့် တရုတ်နိုင်ငံသားများ ပါဝင်ပြီး ၎င်းတို့ထဲမှ ခေါင်းပုံဖြတ် အမြတ်ထုတ်သူများကြောင့် အလုပ်ရှင်နှင့် အလုပ်သမားပဋိပက္ခများ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။

■ ဘယ်သူ့မှာ တာဝန်ရှိလဲ

ယခုဖြစ်ပွားနေသည့် ပြဿနာမှာ အနိမ့်ဆုံးလုပ်ခလစာကို အချိန်မီ ပြဋ္ဌာန်းပေးနိုင်မှု မရှိခြင်းက အဓိက ဖြစ်ပါသည်။

အလုပ်သမားများအတွက် အနည်းဆုံး အခကြေးငွေဥပဒေကို ၂ဝ၁၃ ခုနှစ် မတ်လတွင် အတည်ပြု ပြဋ္ဌာန်းပြီး ဖြစ်သည်။ ထိုဥပဒေ၏ နည်းဥပဒေများကို ၂ဝ၁၃ ခုနှစ် ဇူလိုင်လတွင် ထုတ်ပြန်ခဲ့ပါသည်။ အစိုးရနှင့် လွှတ်တော်က ဥပဒေနှင့် နည်းဥပဒေများကို တာဝန်ကျေ ပြဋ္ဌာန်းပေးပြီး ဖြစ်သော်လည်း အနိမ့်ဆုံးလုပ်ခလစာ လျင်မြန်စွာ သတ်မှတ်ပေးနိုင်ရေး ကိစ္စရပ်အပေါ် အားထုတ်ပေးမှု ပျက်ကွက်ခဲ့သည်။

အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ရေးအတွက် အဓိက တာဝန်ရှိသူမှာ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနဖြစ်ပြီး ၎င်းတို့၏ ကြန့်ကြာမှုကြောင့် ဥပဒေပြဋ္ဌာန်းပြီး နှစ်နှစ်နီးပါးကြာချိန်အထိ အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်ချက်မှာ ထွက်ပေါ်လာခြင်း မရှိသေးပေ။

တစ်ဖက်တွင်လည်း ထိုကြန့်ကြာမှုကို အခွင့်ကောင်းယူ၍ လုပ်ခငွေ ခေါင်းပုံဖြတ်မှုများ၊ ကုန်ဈေးနှုန်း လူနေမှုစရိတ်နှင့် လျော်ညီမှုမရှိသော ဝင်ငွေအခြေအနေများက အခြေခံအလုပ်သမားများအား အကြပ်အတည်းဖြစ်စေရန် တွန်းပို့ခဲ့ပါသည်။

■ ရွှေပြည်သာကပေးသော သင်ခန်းစာ

အနိမ့်ဆုံးလစာ သတ်မှတ်ရေးအတွက် ကောက်ယူခဲ့သော စစ်တမ်းတစ်ရပ်တွင် အခြေခံလူတန်းစားနှင့် လူလတ်တန်းစား အများဆုံးရှိနေသည့် ရွှေပြည်သာမြို့နယ်တွင် နေထိုင်သော အိမ်ထောင်စုများ၏ ရာခိုင်နှုန်း ၇ဝ သည် စားဝတ်နေရေး ပြေလည်မှုမရှိဘဲ ကျန်းမာရေးနှင့် ပညာရေး အသုံးစရိတ်များအတွက် ပိုင်ဆိုင်မှုများ ရောင်းချကာ လည်ပတ်နေရသည်ဟု ဖော်ပြခဲ့သည်။

အဆိုပါ ဖော်ပြချက်က ရွှေပြည်သာ စက်မှုဇုန်နယ်မြေတွင် အလုပ်သမားသပိတ် ပေါ်ပေါက်လာရခြင်းကို ရည်ညွှန်းနေသည်။

ရွှေပြည်သာ စက်မှုဇုန်နယ်မြေကဲ့သို့ အခြေအနေများမှာလည်း မြန်မာနိုင်ငံအနှံ့ရှိ အခြေခံအလုပ်သမားများ အလုပ်လုပ်ကိုင်သည့် နေရာတိုင်းတွင် ပေါ်ပေါက်နေပါသည်။

အခြေခံအလုပ်သမားများ၏ လုပ်ခလစာ တိုးမြှင့်ပေးရေး ဆန္ဒထုတ်ဖော်မှုများသည် ၂ဝ၁၂ ခုနှစ်တွင် စတင်ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။ ၂ဝ၁၃ ခုနှစ်တွင် အနိမ့်ဆုံး လုပ်ခလစာအတွက် ဥပဒေပြဋ္ဌာန်းခဲ့သော်လည်း သတ်မှတ်ချက် ပေါ်ပေါက်လာခြင်း မရှိသည့်အတွက် ၂ဝ၁၄ ခုနှစ်တွင် ဆန္ဒထုတ်ဖော်မှုများ ပိုမိုအားကောင်းလာခြင်း ဖြစ်သည်။

အနည်းဆုံး အခကြေးငွေကို ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာမတိုင်မီ ထုတ်ပြန်ပေးမည်ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့် ကိုယ်တိုင် လွှတ်တော်သို့ တရားဝင်ပြောကြား ထားသော်လည်း ယခုအချိန်ထိ ဖြစ်မလာခြင်းက မေးခွန်းထုတ်စရာ ဖြစ်နေပါသည်။

ဖြစ်ပေါ်နေသော အလုပ်သမားဆန္ဒပြမှုများ၏ တူညီမှုရှိသော တောင်းဆိုချက်မှာ ကုန်းဈေးနှုန်း ကြီးမြင့်မှုကို ကာမိစေမည့် အနိမ့်ဆုံးလစာ သတ်မှတ်နိုင်ရေးက အဓိကဖြစ်သောကြောင့် ထိုအချက်ကို ဖြေရှင်းနိုင်မှ အခြေခံအလုပ်သမားများ၏ မကျေနပ်မှုကို ဖြေရှင်းနိုင်မည် ဖြစ်ပါသည်။

Eleven media group

အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ဖို့ ဒီလ ၂၈ ရက်နေ့အထိဖြစ်မလာဘူးဆိုရင် လက်ရှိလက်ပံတန်းမြို့မှာ ရှိနေတဲ့ ပင်မသပိတ်စစ်ကြောင်းက ရန်ကုန်မြို့အထိ ဆက်လက်လမ်းလျှောက် ဆန္ဒပြမှာဖြစ်တယ်လို့ ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီက ကိုနန္ဒာစစ်အောင်က ပြောပါတယ်။

NNER နဲ့ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာဖြစ်ပါတယ်။

ရိုက်ကူး - ဝေမာထွန်း

တရုတ်အလံကိုင်ထားသည့် ကိုးကန့်ကလေးငယ်တစ်ဦး၏ ဓာတ်ပုံကို ယခု ရက်ပိုင်းအတွင်း တရုတ်အာဏာပိုင်များက အွန်လိုင်းမှ ရှယ်ဖွေ ဖယ်ရှားနေရသည်ဟု နယူးယောက်ခ်တိုမ်းသတင်းက ဖော်ပြ ထားသည်။

မြန်မာနိုင်ငံတွင် အစိုးရတပ်နှင့် တိုက်ပွဲများဖြစ်နေသည့် တရုတ်လူမျိုး ကိုးကန့်သူပုန်များကို ထောက်ခံသော တရုတ်နိုင်ငံမှ အမျိုးသားရေးဝါဒီများ၏ အွန်လိုင်းဖော်ပြမှုများကို ဆင်ဆာလုပ် ပယ်ဖျက်မှုများထဲမှ တစ်ခုဖြစ်လာ ခဲ့သည်။ တရုတ်နယ်စပ်အနီး ကိုးကန့်ဒေသတွင် ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်း တိုက်ပွဲများကြောင့် အစိုးရတပ်သားနှင့် ကိုးကန့်လက်နက်ကိုင် တပ်များ ဒါဇင်နှင့်ချီ သေဆုံးခဲ့သည်ဟု မြန်မာ့တပ်မတော်မှ သတင်းထုတ်ပြန် အပြီး ထောင်ပေါင်းများစွာသော စစ်ဘေးဒုက္ခသည်များမှာ တရုတ်နိုင်ငံသို့ တိမ်းရှောင်ခဲ့ကြသည်။

တရုတ်နိုင်ငံအတွင်း ကိုးကန့်စစ်ပြေးဒုက္ခသည်များကို ကူညီရန် တောင်းဆိုမှု များမှာ ရန်လိုမှုများအဖြစ် ပြောင်းလဲလာပြီး တရုတ်အစိုးရအတွက် ဂရုတစိုက်ကိုယ်တွယ်ရမည့် ပြဿ နာတစ်ခုဖြစ်လာသည်။ မြန်မာနိုင်ငံမှ ကိုးကန့်ဒေသမှာ ဟန်တရုတ်လူမျိုးများ အများအပြားနေထိုင်ရာဒေသဖြစ် သည်။

အစိုးရတပ်နှင့် တိုက်ခိုက်နေသော ကိုးကန့်အဖွဲ့ MNDAA ကို ဦးဆောင်သူ ဖုန်ကြားရှင်မှာ တရုတ်အစိုးရကျောထောက်နောက်ခံပြု ဗကပပါတီနှင့် လက်တွဲခဲ့သူ တစ်ဦးဖြစ်သည်။ အသက် ၈၅ နှစ်ရှိ ဖုန်ကြားရှင်က တူညီသော တရုတ်လူမျိုးများအားလုံး ကူညီပေးရန် တောင်းဆိုသည့် အိတ်ဖွင့်ပေးစာ တစ်စောင်ရေးသား ထုတ်ပြန်ခဲ့သည်။ အဆိုပါ အိပ်ဖွင့်ပေးစာမှာ အွန်လိုင်း လူမှုကွန်ရက်များတွင် အလျင်အမြန်ပျံ့နှံ့ခဲ့ပြီး သမ္မတ၏ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးရဲထွဋ်က သူ၏ ဖေ့စ်ဘုတ်စာမျက်နှာ တွင် ဖော်ပြရှုံချခဲ့သည်။

တရုတ်ပြည်တွင်းမှ မိုက်ကရိုဘလော့ဂ်ဂါအချို့က ဖုန်ကြားရှင်နှင့် ကိုးကန့်ဒေသ တိုက်ပွဲများကို ယူကရိန်းအရှေ့ပိုင်းရှိ ရုရှားခွဲထွက်ရေး သမား များ၏ တိုက်ပွဲများနှင့် နှိုင်းယှဉ်ခဲ့ကြသည်။ ဝေဘို Weibo ၀က်ဘ်ဆိုက်တွင် အသုံးပြုသူတစ်ဦးက “ကိုးကန့်တွေကို ကူညီရအောင်” ဟု ရေးသားခဲ့သည်။ အခြားတစ်ဦးကလည်း တိုက်ပွဲများမှ သေဆုံးသူများ၏ ဓာတ်ပုံတစ်ပုံကို မျှဝေကာ “မြန်မာစစ်တပ်မှ သားရဲတွေက လောက်ကိုင်မှာ ကိုးကန့် တရုတ်တွေကို ဆက်လက်သတ်ဖြတ်နေပါတယ်” ဟု ရေးသားထားခဲ့သည်။ ထိုရေးသားချက် နှစ်ခုလုံးနှင့် အခြားအလားတူ ဖော်ပြချက်များကို အချိန် ခဏအတွင်း တရုတ်အွန်လိုင်းဆင်ဆာအဖွဲ့က အလျင်အမြန် ပယ်ဖျက်နေ ရသည်ဟု ဆိုသည်။

ဖုန်ကြားရှင်၏ သားဖြစ်သူ ကိုးကန့်တပ်ဖွဲ့၏ စစ်ရေးခေါင်းဆောင်က ဗုဒ္ဓဟူးနေ့ တွင် ထုတ်ဝေခဲ့သည့် တရုတ်နှစ်သစ်ကူး သ၀ဏ်လွှာ၌ ၄င်းတို့ကို ထောက်ခံအားပေးခဲ့သည့် တရုတ်အင်တာနက် အသုံးပြုသူများ၊ ကိုးကန့်ဒေသခံများနှင့် မဟာမိတ်လက်နက်ကိုင်တပ်ဖွဲ့များ ကို ကျေးဇူး တင်ကြောင်း ပြောကြားခဲ့သည်။ “နွေဦးက ကျွန်တော်တို့ရဲ့ အိမ်ပြန်ချင်တဲ့ ဆန္ဒကို ဖြည့်ဆည်းပေးမှာပါ” ဟု ၄င်းက ရေးသားခဲ့သည်။

ကိုးကန့်ဒေသတိုက်ပွဲများကို ကရိုင်းမီးယား၊ ရုရှား၊ ယူကရိန်းတို့နှင့် နှိုင်း ယှဉ်ပြောဆိုခြင်းအား တရုတ်နိုင်ငံပိုင် မီဒီယာများက အလျင်အမြန် ရှုတ်ချ ခဲ့သည်။ နိုင်ငံပိုင် ဂလိုဘယ်တိုင်းသတင်းစာက “ဒီလိုနှို်းယှဉ်ပြောကြားနေ တာဟာ အခြေအမြစ်မရှိပါဘူး။ တရုတ်ဟာ မြန်မာနိုင်ငံမြောက်ပိုင်း ပြဿ နာတွေမှာ ၀င်ရောက်စွက်ဖက်မှာ မဟုတ်ဘဲ ရပ်တည်ချက်မပြောင်းလဲဘဲ ရှိနေတဲ့အတွက် သံတမန်ရေးကိစ္စတွေအပေါ် သက်ရောက်မှု မရှိနိုင်ပါဘူး” ဟု တနင်္လာနေ့ ထုတ် သတင်းစာ၏ အယ်ဒီတာ့အာဘော် တွင် ရေးသား ခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဟွာချန်ယင်ကလည်း ထိုအချက်ကို ထောက်ခံခဲ့ပြီး “တရုတ် မြန်မာဆက်ဆံရေးကို ထိခိုက်စေမှု၊ နယ်စပ်ဒေသနှင့် တရုတ်နယ်နိမိတ်တွင် မတည်ငြိမ် မှုတွေ ဖြစ်ပေါ် လာအောင် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ပြုလုပ်ခွင့်ပေးမှာ မဟုတ်ပါဘူး” ဟု ပြောကြား ခဲ့သည်။

တိုက်ပွဲများ စတင်ချိန်မှစ၍ ဒုက္ခသည် သုံးသောင်းကျော် တရုတ်နိုင်ငံအတွင်း ၀င်ရောက်ခဲ့သည်ဟု တရုတ်နိုင်ငံပိုင် ဇင်ဟွာသတင်းဌာနက ဖော်ပြသည်။ ဒုက္ခသည်များအတွက် တရုတ်နိုင်ငံသားများ၏ ကူညီထောက်ပံ့မှုမှာ အလျှံ အပယ်ဖြစ်လျက်ရှိသည်ဟု ဆိုသည်။ မြန်မာနယ်စပ်အနီးရှိ ယူနန်ဒေသခံ တစ်ဦးဖြစ်သူ လင်ဆန်က ၄င်း၏ အိမ်တွင် ဒုက္ခသည် ၂၀ ဦး လက်ခံထားပြီး အကူအညီပေးလိုသူများ၏ ဖုန်းများ အဆက်မပြတ်ဝင်နေသည်ဟုဆိုသည်။

“အကူအညီပစ္စည်းတွေမပို့နဲ့။ အခုလိုမသေးဘူးလို့ လူတွေကို ပြောနေ ရပါတယ်” ဟု လင်ဆန်က ပြောကြားသည်။ အချို့သူများက ၄င်းထံ စာတိုက်မှ တစ်ဆင့် ဆက်သွယ်လာပြီး အရေးပေါ် အကူအညီပစ္စည်းများ ပေးပို့ရန် လိပ်စာလှမ်းမေးကြသည်ဟုဆိုသည်။

မြန်မာအစိုးရက အင်္ဂါနေ့တွင် ကိုးကန့်ဒေသကို ၃ လ သက်တမ်းရှိ စစ်အုပ်ချုပ်ရေးကြေညာခဲ့သည်။ ဒေသတွင်းတွင် တိုက်ပွဲများ ဆက်လက်ဖြစ် ပွားလျက်ရှိသည်ဟု မြန်မာအစိုးရ ထုတ်ပြန်ထားသည်။

KHTun

Ref - NYTimes

The Ladies News Journal
https://www.facebook.com/News.TheLadies

အမျိုးသား ဒီိမိုကရေစီ အဖွဲ့ချုပ်ရဲ့ ရုံးသစ်အဆောက်အဦး ဆောက် လုပ်ဖို့အတွက် ဖေဖော်ဝါရီလ ၂၁ ရက်နေ့က အခမ်းအနား မှာ ဒေါ်အောင်ဆန်းစုကြည် ပန္နက်ရိုက် ဖွင့်လှစ်ပေးစဉ်။ Photo: Aung Ko Ko/RFA
အမျိုးသားဒီိမိုကရေစီအဖွဲ့ချုပ်ရဲ့ ရုံးသစ်အဆောက် အဦး ဆောက်လုပ်ဖို့အတွက် ပန္နက်တင် အခမ်း အနားမှာ ဒေါ်အောင်ဆန်းစုကြည်က ဖွင့်လှစ်ပေး ခဲ့ပါတယ်။

ရုံးသစ်ကို ဒီနှစ် ၂ဝ၁၅ မှာအပြီး ဆောက်လုပ်သွား မှာဖြစ်တယ်လို့ ရုံးသစ်ဆောက်လုပ်ရာမှာ ပါဝင် ကူညီတဲ့ Myanmar Power Spectrum ကုမ္ပဏီ အထွေထွေမန်နေဂျာ ဦးဇေယျာကျော်က ပြောပါတယ်။

"အထပ်ရေက ၆ ပေါ့၊ ၆ ထပ်ဆိုပေမယ့် သူကနည်းနည်းလေး အခက်အခဲ ကတော့ နေရာလေးကတော့ကျဉ်းတာပေါ့၊ ကျနော်တို့ရတဲ့နေရာလေးက ကျဉ်းပြီးတော့ ရုံးချုပ်တစ်ခုအနေနဲ့ဆိုရင်တော့ ဒါကျဉ်းတာပေါ့၊ ဒါပေမယ့် ကျဉ်းတဲ့အထဲကနေ ကျနော်တို့ ရရှိတဲ့ အနေအထားနဲ့ပဲ ၆ ထပ်၊ စည်ပင်ကခွင့်ပြုထား တာ ၆၂ ပေထက် မမြင့်ရဘူးဆိုတော့ အဲ့ဒီမှာ ကျနော်တို့က အနေအထားလေးတွေ သူ့ထရန်စဖော်မာထားရမှာတွေ၊ မီးစက်ထားရမှာတွေ ၂ဝ၁၅ နှစ်ကုန်လောက်ကို အပြီးမှန်းထားပါတယ်"

လွန်ခဲ့တဲ့ ၁၉၈၈ခုနှစ်ကတည်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးစိုက်ခဲ့တဲ့ ရန်ကုန်မြို့ ဗဟန်းမြို့နယ် အနောက်ရွှေဂုံတိုင်လမ်းကနေရာမှာ ၆ထပ်ရုံးတည်ဆောက်မှာဖြစ်ပါတယ်။ မြေနေရာကို ပိုင်ရှင်ဖြစ်သူ ဦးထွန်းကြိုင် မကွယ်လွန်ခင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို လှူဒါန်းခဲ့တာဖြစ်ပါတယ်။

အဲ့ဒီရုံးချုပ်သစ်ဆောက်လုပ်ရာမှာ ကုန်ကျစရိတ်ကို ပြည်သူလူထုက လှုဒါန်းတဲ့ ငွေတွေနဲ့ တည်ဆောက် သွားမှာဖြစ်ပြီး Earth Force Dragon ကုမ္ပဏီက တာဝန်ယူဆောက်လုပ်မှာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese/news/dassk-attends-launching-ceremony-nld-headquarters-construction-project-02212015111656.html

ပညာရေးဥပဒေအကြောင်း ပါဝင်ဆွေးနွေးလိုသူများအတွက် အောက်ပါမေးခွန်းများကို အရင်ဖြေဆိုပြီး ကိုယ့်ကိုယ်ကို အမှတ်ပေးကြည့်ကြပါစို့ ။

၁။ မြန်မာပြည်ဧ။် ပညာရေးစနစ်သည် အရှေ့တောင်အာရှတွင် ( အမြင့်ဆုံးဖြစ်သည် ၊ အနိမ့်ဆုံးဖြစ်သည် ) ။

၂။ တိုင်းပြည်တစ်ပြည်ဧ။် အနာဂတ်ခိုင်မာမှုကို ထိုတိုင်းပြည်အတွင်းရှိ လူငယ်အရေအတွက်ပေါ် အခြေခံ၍ ( စစ်သားအရေအတွက် ၊ ကျောင်းသားအရေအတွက် ) ဖြင့် အချိုးချကြည့်လျှင် သိနိုင်သည် ။

၃။ အိမ်နီးချင်းထိုင်းနိုင်ငံဧ။် ပညာရေး အသုံးစာရိတ်သည် ဘာ့ဂျက်ဧ။် ၂၀ ရာခိုင်နှုန်းကျော်ဖြစ်သည် ၊ မြန်မာနိုင်ငံဧ။် ပညာရေး အသုံးစာရိတ်သည် ဘာ့ဂျက်ဧ။် ( ၂၀ ရာခိုင်နှုန်းကျော် ဖြစ်သည် ၊ ၆ ရာခိုင်နှုန်းပင် မရှိပါ ) ။

၎။ မြန်မာနိုင်ငံဧ။် အနာဂတ် ကောင်းမွန်စေရန်အတွက် မူလတန်း အလယ်တန်း မသင်မနေရ အခမဲ့ ပညာရေးစနစ်ကို ( မကျင့်သုံးသင့်ပါ ၊ ကျင့်သုံးသင့်ပါသည် ) ။

၅။ မူလတန်း ၊ အလယ်တန်း ၊ အထက်တန်း ဖတ်စာအုပ်များသည် ( လက်ရှိဖြူမဲ ပုံနှိပ်စာအုပ်များအတိုင်း သင့်တော်ပါသည် ၊ ရောင်စုံ ပုံနှိပ်စာအုပ်များ ဖြစ်သင့်သည် ) ။

၆။ ကချင်ဒေသတွင် ကချင်စာပေကိုထည့်သွင်းသင်ကြားခြင်း ကရင်ဒေသတွင် ကရင်စာပေကိုထည့်သွင်းသင်ကြားခြင်း ရှမ်းဒေသတွင် ရှမ်းစာပေကိုထည့်သွင်းသင်ကြားခြင်း စသည့် ဌာနေတိုင်းရင်းသားစာပေများကို သက်ဆိုင်ရာဒေသဧ။် ပညာရေးစာသင်ကျောင်းများတွင် ထည့်သွင်းသင်ကြားခြင်းသည် တိုင်းရင်းသားသွေးစည်းညီညွတ်မှုကို ( ပြိုကွဲစေနိုင်သည် ၊ အထောက်အကူပြုနိုင်သည် ) ။

၇။ မြန်မာ့ပညာရေးစနစ်ဖြင့် ဘွဲ့ရလူငယ်အများစုသည် နိုင်ငံတကာရှိအဆင့်မြင့်အလုပ်အကိုင်ရာထူးများ မရကြခြင်းမှာ ( လူငယ်များကိုယ်တိုင်က ညံ့ဖျင်းသောကြောင်ဖြစ်သည် ၊ အဆင့်မမှီသော သင်ရိုးများ သင်ကြားမှုပုံစံများကြောင့်ဖြစ်သည် ) ။

၈။ ကျောင်းသားကျောင်းသူများမှ ဆရာဆရာမများအပေါ် ပြန်လှန်အကဲဖြတ်သုံးသပ်ခွင့်ရှိသော ပညာရေးစနစ်သည် (ရိုင်းစိုင်းသော ပညာရေးစနစ်ဖြစ်သည် ၊ ကမ္ဘာ့ထိပ်တန်းနိုင်ငံများတွင်ကျင့်သုံးနေသော ပညာရေးစနစ်ဖြစ်သည် ) ။

၉။ ကမ္ဘာကိုစိန်ခေါ်နိုင်မည့် ပညာတတ်များ ထွက်ပေါ်လာစေရန် အတွက် ကျောင်းသားများသည် (စည်းကမ်းပြည့်ဝ၍ အမိန့်နာခံတတ်သော အခြေခံကောင်းများရှိရန်လိုသည် ၊ လွတ်လပ်စွာစဉ်းစားတွေးခေါ်၍ ထွင်းဖောက်သိမြင်တတ်သော အခြေခံကောင်းများရှိရန်လိုသည် ) ။

၁၀။ ထိရောက်ပီပြင်သော ယှဉ်ပြိုင်နိုင်စွမ်းသော လူငယ်ကျောင်းသားတစ်ယောက် ဖြစ်လာစေရန် ( နိုင်ငံရေးကို ဝေးဝေးရှောင်သင့်သည် ၊ နိုင်ငံ့အရေးသာမက ကမ္ဘာ့အရေးများတွင်လည်း မျက်စိဖွင့်နားစွင့်ကာ လေ့လာမှတ်သား ပါဝင်ဆောင်ရွက်သင့်သည် ) ။

ပညာရေးဥပဒေ ပြင်ဆင်ရေးမှာ ငါလည်းပါဝင်ဆွေးနွေးချင်တယ်ဆိုရင် အထက်ဖော်ပြပါ မေးခွန်း ၁၀ ခုကို မဖြစ်မနေ ဖြေစေလိုပါသည် ၊ အဖြေများကို သူငယ်ချင်းများနှင့် တိုက်ကြည့်၍ ကွဲလွဲချက်များရှိပါက အမြင်ချင်း ဆွေးနွေးဖလှယ်သင့်ပါသည် ။

ပညာရေးသည် အားလုံးနှင့် တိုက်ရိုက်သက်ဆိုင်သော အရေးဖြစ်သဖြင့် ဘေးထိုင် ဘုပြော ငါတကောကောခြင်းများ ရှောင်ရှားသင့်သည် ၊ တန်းဝင်မှ စင်ပေါ်တက်ရန် အထူးလိုအပ်သည် ။

သာဓု သာဓု သာဓု
_________________________________
Pyawpyawshwinshwin Myittar (22-2-2015)

NLD ရုံးချုပ် အဆောက်အအုံသစ် ဆောက်လုပ်ရန် ပန္နက်တင်အခမ်းအနား၌ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်

ပြည်ထောင်စုလွှတ်တော်ကလည်း ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အပါအဝင် နိုင်ငံ၏ အနာဂတ်ကောင်းမွန်စေရန်အတွက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးတို့ ပါဝင်သော ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ရန် ၂ဝ၁၄ နိုဝင်ဘာလက အတည်ပြု တိုက်တွန်းခဲ့ရာ ယင်းခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲကို ဖြစ်အောင်လုပ်ရမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဖေဖော်ဝါရီ ၂၁ ရက်တွင် ရန်ကုန်မြို့၌ ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ NLD ယာယီရုံးချုပ်တွင် ပြုလုပ်သည့် NLD ဗဟို အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးသို့ တက်ရောက်ခဲ့ရာ ယင်းအစည်းအဝေးအပြီးတွင် ဒေါ်အောင်ဆန်းစုကြည်အား လေးပွင့်ဆိုင်၊ ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲများ ဖြစ်လာခြင်းမရှိသည့်အပေါ် အမြင်သဘောထားအား မေးမြန်းရာ “ဖြစ်အောင် လုပ်ရမှာပေါ့”ဟု ပြန်လည်ဖြေကြားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဖြေကြားမှုနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်နန်းခင်ထွေးမြင့်အား ဆက်လက်မေးမြန်းရာ “အဲဒါကတော့ အစ်မပဲ ဆုံးဖြတ်တာ။ ခြောက်ပွင့်ဆိုင်ကတော့ ဖြစ်ကိုဖြစ်အောင် လုပ်ကိုလုပ်ရမှာပဲပေါ့နော်။ အဲဒါက သူပဲ ဆွေးနွေးတာ။ အန်တီတို့ဘက်က တိုင်းရင်းသားပါတီတွေနဲ့ ပေါင်းပြီး တောင်းဆိုမှုတွေ လုပ်ထားတယ်လေ။ သေသေချာချာကို ခြောက်ပွင့်ဆိုင်လို့ ပြောပြီးတော့ အကောင်အထည်ဖော်မှာပေါ့။ လေးပွင့်ဆိုင် ဖယ်လိုက်ပြီးတော့ ခြောက်ပွင့်ဆိုင်ကိုပဲ အဓိကထားပြီးတော့ လုပ်မှာပါ”ဟု ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၂၁ ရက်က ပြုလုပ်သည့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ပုံမှန်အစည်းအဝေးတွင် ပါတီတွင်းကိစ္စများနှင့် ပါတီအောင်နိုင်ရေးကိစ္စများကို အဓိကထား ဆွေးနွေးခဲ့ကြောင်း သိရသည်။

ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲ ၂ဝ၁၅ ရွေးကောက်ပွဲ မတိုင်မီ ဖြစ်နိုင်သည်ဟု ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း က ဖေဖော်ဝါရီ ၁၁ ရက်တွင် နေပြည်တော်၌ သတင်းထောက်များအား ပြောကြားထားသည်။

ခြောက်ပွင့်ဆိုင်ကိစ္စနှင့် ပတ်သက်ပြီး အစိုးရအဖွဲ့နှင့် လွှတ်တော်အကြား အချို့ကိစ္စများတွင် သဘောထား မတိုက်ဆိုင်သည့် ကိစ္စများနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတအနေဖြင့် လွှတ်တော်ကို သဝဏ်လွှာပေးပို့ခဲ့ကြောင်း၊ ယင်းသို့ ပေးပို့ရာတွင် ခြောက်ပွင့်ဆိုင်တွေ့ဆုံရေး တိုက်တွန်းမှုကို ကြိုဆိုကြောင်း၊ ဆွေးနွေးမှုကို မည်ကဲ့သို့ ချမှတ်ဆောင်ရွက်မည်ကို ညှိနှိုင်းပြီးသည့် အချိန်ရောက်ပါက ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲဖြစ်မည်ဟု ပြောချင်ကြောင်း သူရဦးရွှေမန်းက သတင်းသမားများအား ပြန်လည်ဖြေကြားထားသည်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအပါအဝင် မြန်မာ့နိုင်ငံရေး အကျပ်အတည်းများ အဆင်ပြေချောမွေ့စေရန်အတွက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ပါဝင်သည့် လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ရန် NLD က ၂ဝ၁၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် တစ်ကြိမ်၊ ၂ဝ၁၄ နှစ်လယ်တွင် တစ်ကြိမ် တောင်းဆိုထားသည်။

အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ၂ဝ၁၄ အောက်တိုဘာ ၃၁ ရက်က ဆောင်ရွက်ခဲ့သော အစိုးရ၊ လွှတ်တော်၊ တပ်မတော်မှ ခေါင်းဆောင်များ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များပါဝင်သော ၁၄ ပွင့်ဆိုင် ဆွေးနွေးပွဲနှင့် ယခု ၂ဝ၁၅ ဇန်နဝါရီ ၁၂ ရက်က ပြုလုပ်ခဲ့သည့် နေပြည်တော်ဆွေးနွေးပွဲတို့မှာ ဆွေးနွေးပွဲရလဒ် မထွက်ပေါ်ဘဲ ဆက်လက်လုပ်ဆောင်မည့်အစီအစဉ်များ ချမှတ်ခြင်းများ မပြုလုပ်နိုင်ခဲ့ပေ။

ဇန်နဝါရီ ၁၂ ရက် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော်၌ နိုင်ငံတော်သမ္မတ၊ နိုင်ငံရေးခေါင်းဆောင်များ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ တိုင်းရင်းသားကိုယ်စားလှယ် ခေါင်းဆောင်များတွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ ဆွေးနွေးချက်များကို NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဇန်နဝါ ရီ ၁၃ ရက်တွင် ထုတ်ပြန်ခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေး ညှိနှိုင်းဆွေးနွေးပွဲများကို တစ်ပြိုင်နက်တည်း ဆောင်ရွက်သင့်ကြောင်း၊ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အကြောင်းပြုပြီး ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲကဲ့သို့သော အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေး ဆွေးနွေးပွဲများကို ရှောင်ရှားခြင်းမျိုး မဖြစ်သင့်ကြောင်း ဆွေးနွေးခဲ့သည်ဟု ဖော်ပြထုတ်ပြန်ခဲ့သည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်က ပြု ပြင်ပြောင်းလဲမှုများ ရပ်တန့်နေခြင်းမှာ “(၁) ပြုပြင်ပြောင်းလဲလိုသောဆန္ဒ အားနည်းခြင်း၊ (၂) ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်၍ ပြည်ထောင်စုအစိုးရက ဆန္ဒထက်သန်မှု မရှိခြင်း၊ ဤကိစ္စနှင့် ပတ်သက်၍ ပြည်သူလူထု၏ဆန္ဒကို အလေးထားမှု အားနည်းခြင်း၊ (၃)လူတစ်ဦးချင်းစီ၏ အခွင့်အရေးများကို အလေးထားဆောင်ရွက်မှု အားနည်းခြင်း၊ (၄) နိုင်ငံ၏ လူဦးရေအများစုဖြစ်သော တောင်သူလယ်သမားများ၏ ရေရှည်အကျိုးဖြစ်စေမည့် ဆောင်ရွက်မှုများ အားနည်းခြင်း၊ (၅)ဗဟိုချုပ်ကိုင်မှု ဆက်လက်ကျင့်သုံးနေခြင်းနှင့် လွှတ်တော်နှင့် ပူးပေါင်းဆောင်ရွက်မှု အားနည်းခြင်း၊ (၆) အဂတိလိုက်စားမှု မထိန်းချုပ်နိုင်ခြင်း၊ (၇) တရားစီရင်ရေးမဏ္ဍိုင်ကို အုပ်ချုပ်ရေးမဏ္ဍိုင်က ဝင်ရောက်စွက်ဖက်ခြင်းနှင့် (၈)ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်နှင့်အညီ ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး ဖြစ်မြောက်စေရန် ပြည်ထောင်စုအစိုးရက ယခုအထိ ဆောင်ရွက်မှုမရှိခြင်းတို့ကြောင့် ဖြစ်သည်ဟု ဆွေးနွေးခဲ့ကြောင်း သိရသည်။
Writer:
အောင်ဇော်ထွန်း
Eleven Media Group


လောက်ကိုင်ဒေသ တိုက်ပွဲတွေမှာ အိမ်နီးချင်း တရုတ်နိုင်ငံရဲ့ ပါဝင် ပတ်သက်မှုနဲ့ ပတ်သက်လို့ သတင်းစာ ရှင်းလင်း

လောက်ကိုင်ဒေသ တိုက်ပွဲတွေအတွင်း အစိုးရ စစ်တပ်နဲ့ တိုက်ခိုက်နေတဲ့ ကိုးကန့် တပ်ဖွဲ့တွေထဲမှာ တရုတ် ကြေးစား စစ်သားတွေ၊ တရုတ် စစ်သားဟောင်းတွေ ပါနေတယ်လို့ မြန်မာ အစိုးရ စစ်တပ်က စွပ်စွဲ ပြောဆိုလိုက်ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေကို ထောက်ပံ့ ကူညီ အားပေးဖို့ တရုတ် ဗဟို အစိုးရက မူဝါဒ ချမှတ် မထားပေမယ့် အောက်ခြေအဆင့်က ပါဝင် ပတ်သက် နေတယ်လို့ တပ်မတော် စစ်ဘက် ရေးရာ လုံခြုံရေး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦး က နေပြည်တော် သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြား လိုက်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ နှစ်နိုင်ငံ သံတမန် ရေးအရ ဆက်သွယ် ဆောင်ရွက်နေတယ် လို့လည်း ဆိုပါတယ်။

လောက်ကိုင်ဒေသ တိုက်ပွဲတွေမှာ ကိုးကန့်တပ်ဖွဲ့တွေဘက်ကနေ ဝတပ်ဖွဲ့၊ ရှမ်းပြည် တပ်မတော်၊ တအောင်း၊ မိုင်းလားနဲ့ KIA ကချင် တပ်ဖွဲ့တွေ ပါဝင် တိုက်ခိုက်နေကြောင်းနဲ့ ဝ၊ မိုင်းလား၊ ရှမ်းပြည် တပ်မတော် အဖွဲ့တွေအနေနဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ရက်၊ ၁၃ရက်နေ့တွေ တုန်းက နေပြည်တော်မှာ သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်တို့နဲ့ တွေ့ဆုံစဉ်တုန်းက ကတိပေးထားခဲ့တဲ့အတိုင်း လိုက်နာ ဆောင်ရွက်သွားဖို့ လိုတယ်လို့ လည်း အဲဒီ သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

ကိုးကန့် တပ်ဖွဲ့တွေနဲ့ ပတ်သက်လို့တော့ တပ်မတော်အနေနဲ့ လောက်ကိုင် ဒေသမှာ စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့အတိုင်း နယ်မြေ ရှင်းလင်းရေး စစ်ဆင်မှုတွေ ဆက်လုပ်သွားဖို့ ရှိပြီး သောင်းနဲ့ ချီတဲ့ ဒုက္ခသည်တွေ နေရပ် ပြန်လာနိုင်တဲ့ အထိ နယ်မြေ တည်ငြိမ်တဲ့အထိ စစ်ဆင်မှုတွေ ဆက်လုပ်သွားမယ်လို့ ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦး က ပြောသွားပါတယ်။

မြန်မာနိုင်ငံလူမျိုးစုများ ဒီမိုကရေစီ မဟာမိတ် တပ်ပေါင်းစုလို့ အမည်ပေးထားတဲ့ MNDAA ကိုးကန့် တပ်ဖွဲ့တွေထဲမှာ တရုတ်ကြေးစား စစ်သားတွေ၊ တရုတ် စစ်သားဟောင်းတွေ ပါနေတယ်ဆိုတဲ့ အစိုးရ စစ်တပ်ရဲ့ စွပ်စွဲ ပြောဆိုချက်တွေကို ကိုးကန့်တပ်ဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးထွန်းမြတ်လင်းက ငြင်းဆိုလိုက်ပြီး ဒီလို စွပ်စွဲမှုတွေ လုပ်နေတာဟာ လောက်ကိုင် ဒေသ တိုက်ပွဲတွေကို ပြည်ပက တရုတ်လူမျိုးတွေနဲ့ ကိုးကန့် တပ်ဖွဲ့တွေ ပူးပေါင်းပြီး ကျူးကျော်တိုက်တဲ့ စစ်ပွဲ အဖြစ် အများမြင်လာအောင် လုပ်နေတာ ဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

ဒီကနေ့ ဖေဖေါ်ဝါရီလ ၂၁ရက်နေ့ မနက်ကလည်း လောက်ကိုင်မြို့နဲ့ ကီလို မီတာ ၆၀လောက်မှာ အစိုးရ စစ်တပ်ဘက်က လေကြောင်း ကုန်းကြောင်း စစ်ဆင် တိုက်ခိုက်မှုတွေ ရှိခဲ့တယ်လို့လည်း ဦးထွန်းမြတ်လင်း က ပြောပါတယ်။

BBC Burmese
http://www.bbc.co.uk/burmese/burma/2015/02/150221_army_press_kokang

 နေပြည်တော်မှာရှိတဲ့ ကာကွယ်ရေးဝန်ကြီးဌာန ဘုရင့်နောင်ခန်းမမှာ ဒီနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦး (ဖေဖေါ်ဝါရီ ၂၁၊ ၂၀၁၅။ ဓာတ်ပုံ-ကျော်စွာမြင့် fc)
လက်ရှိ ကိုးကန့်ဒေသ တိုက်ပွဲတွေမှာ ကိုးကန့်လက်နက်ကိုင် တွေဘက်က တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ တချို့က ကူညီပေးနေတယ်လို့ မြန်မာအစိုးရက စွပ်စွဲလိုက်ပြီး ဒီအဖွဲ့တွေအနေနဲ့ လုပ်ဆောင်ချက်အပေါ်မှာ တာဝန်ယူ ရလိမ့်မယ်လို့ ပြောဆို လိုက်ပါတယ်။ ဒါ့အပြင် ကိုးကန့် လက်နက်ကိုင်တပ်ဖွဲ့တွေမှာ တရုတ်နိုင်ငံသား ကြေးစားတပ်သားတွေ အသုံးပြုနေတယ်လို့ ယုံကြည်ရတယ်လို့လည်း မြန်မာ အစိုးရဘက်က ပြောဆိုလိုက်ပါတယ်။ ကိုးကန့် လက်နက်ကိုင်တပ်ဘက်ကတော့ အခုလို တိုက်ခိုက်နေရတာတွေဟာ ကိုးကန့်တိုင်းရင်းသားတို့ အတွက် တန်းတူညီမျှရေးနဲ့ ဖယ်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးမှာ နိုင်ငံရေး အခန်းကဏ္ဍတခုအဖြစ် ပါဝင်လာနိုင်ရေးအတွက် ကြိုးပမ်းမှု ဖြစ်တယ်လို့ တုံ့ပြန်လိုက်ပါတယ်။ အသေးစိတ်ကို မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။

ဖုန်ကြားရှင် ဦးဆောင်တဲ့ ကိုးကန့် လက်နက်ကိုင်တပ်ဖွဲ့ MNDAA နဲ့ မြန်မာ့ တပ်မတော်တို့ကြား ဖေဖော်ဝါရီလ ၉ ရက်နေ့က စတင်ခဲ့ပြီး ဒီကနေ့အထိ တိုက်ပွဲတွေပြင်းထန်နေဆဲအချိန်မှာပဲ မြန်မာအစိုးရကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးက စနေနေ့မှာ နေပြည်တော်မှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့တာပါ။ ဖုန်ကြားရှင်ဦးဆောင်တဲ့ ကိုးကန့် လက်နက်ကိုင်အဖွဲ့က ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ ကွန်းလုံမြို့နယ် တောက်ရွှေကျေးရွာကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် အခု တိုက်ပွဲတွေ စတင်ခဲ့ရတာ ဖြစ်တယ်လို့ အစချီပြီး လက်ရှိ ကိုးကန့်လက်နက်ကိုင်တွေရဲ့ တိုက်ပွဲအခြေအနေတွေကို အထောက်အထားတွေနဲ့ သတင်းထောက်တွေကို ရှင်းလင်းတင်ပြခဲ့ပါတယ်။

“သူတို့ဟာ လက်နက်ကြီး၊ လက်နက်ငယ် ပစ်အားအမြောက်အများ အသုံးပြုသွားတယ်။ ဒေသခံတွေကို အကြောက်တရားနဲ့ သတင်းပေါက်ကြားမှုမရှိဖို့ ထိန်းချုပ်ထားနိုင်ကြောင်းလည်း သိရပါတယ်။… အဲဒီတော့ ဖမ်းဆီးရမိခဲ့တဲ့ တရုတ်လူမျိုးထဲက (၈) ယောက် အလင်းဝင်တယ်။ ဒီထွက်ဆိုချက်တွေကို ကျနော်တို့ စိစစ်ဖော်ထုတ်ထားတဲ့အတိုင်း ဒီတပ်ဖွဲ့မှာ တရုတ်က ကြေးစားတွေပါဝင်နေတယ်ဆိုတာ မှန်ကန်မှုရှိတယ်လို့ ကျနော်တို့ သုံးသပ်နိုင်ပါတယ်။”

အခု ကိုးကန့် တိုက်ပွဲတွေဟာ အချုပ်အချာအာဏာကို ထိပါးလာတာ ဖြစ်လို့ မြန်မာ စစ်တပ် အနေနဲ့ အစွမ်းကုန် ကာကွယ်သွားရမှာ ဖြစ်တယ်လို့လည်း ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောဆိုပြီး ဖုန်ကြားရှင် ဦးဆောင်တဲ့ ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ဘက်က ဝင်ရောက် ကူညီပေးနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေဟာလည်း လုပ်ဆောင်ချက်အတွက် တာဝန်ယူကြရမယ်လို့ ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

“အဲဒီတော့ ကျနော့အနေနဲ့ လောက်ကိုဒေသဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ ဒီကိစ္စဟာ အချုပ်အခြာအာဏာနဲ့ သက်ဆိုင်တဲ့ကိစ္စဖြစ်တယ်လို့ တင်ပြလိုပါတယ်။ ဖုန်ကြားရှင်ခေါင်းဆောင်တဲ့ သောင်းကျန်းသူအဖွဲ့ဟာ လောက်ကိုင်ဒေသကို တိုက်ခိုက်သိမ်းပိုက်ပြီးတော့ ရွေးချယ်တင်မြှောက်ထားတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအစိုးရကို ဖြုတ်ချတယ်။ သူက အာဏာသိမ်းဖို့ပဲ ဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရရဲ့ အစိတ်အပိုင်းတခုကို တိုက်ခိုက်လာခြင်းဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့တပ်မတော်အနေနဲ့ လုံးဝ လက်မခံပါဘူး။ လုံးဝအလျှော့ပေးမှာ မဟုတ်ပါဘူး။ မိမိတို့ရရှိထားတဲ့အထောက်အထားတွေအရ လောက်ကိုင်ဖြစ်စဉ်မှာ မိုင်းလားအဖွဲ့၊ ဝ-အဖွဲ့၊ KIA အဖွဲ့၊ TNLA အဖွဲ့၊ SSA-ဝမ်ဟိုင်းအဖွဲ့ ပါဝင်ပတ်သက်မှုများရှိနေကြောင်း သိရှိရတဲ့အတွက်ကြောင့် ဒီအတွက်ကိုလည်း သက်ဆိုင်ရာအဖွဲ့တွေအနေနဲ့ တာဝန်ယူရမှာဖြစ်တယ်လို့ ပြောကြားလိုပါတယ်။”

ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မှာတော့ လတ်တလော စစ်အုပ်ချုပ်ရေး ကျင့်သုံးနေပြီး မြို့တွင်း တိုက်ပွဲတွေဆင်နွှဲနေရဆဲ ဖြစ်တယ်၊ အခြေအနေမှန်တွေကို တင်ပြနိုင်ဖို့ သတင်းထောက်တွေကိုလည်း လောက်ကိုင်ဒေသကို လာရောက်ကြဖို့ကိုလည်း ဒုတိယ ဗိုလ်ချုပ်ကြီးမြထွန်းဦးက ဖိတ်ခေါ်သွားပါတယ်။

တချိန်တည်းမှာပဲ ဒီကနေ့ ကိုးကန့်ဒေသဘက်မှာတော့ နေရာသုံးနေရာမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး တပ်မတော်ဘက်က လေကြောင်း ကနေလည်း တိုက်ခိုက်ခဲ့တယ်လို့ MNDAA ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ရဲ့ပြောခွင့်ရ ဦးထွန်းမြတ်လင်းက ပြောပါတယ်။

“မနက်ပိုင်းကနေစတယ်။ ၉ နာရီခွဲလောက်ကနေ စမယ်ထင်တယ်။ ပြီးတော့ ၁၁ နာရီလောက်ကျတော့ တိုက်လေယာဉ်ရယ်၊ ရဟတ်ယာဉ်ရယ် တမျိုး နှစ်စီးစီ၊ စုစုပေါင်း လေးစီးလာတိုက်တယ်၊ ဗုံးကြဲတယ်။ တနေကုန်ပါပဲ၊ ပြီးတော့ ကျည်းတပ်တွေ ထိုးတက်တယ်၊ ပြီးတော့ လက်နက်ကြီးနဲ့ထပ်ပစ်တယ်။ ကျည်းတပ်တွေက ထိုးတက်တယ်။ အဲလိုပါပဲ။ တနေကုန်။ ဖုန်းရွှေကြားမှာပါပဲခင်ဗျာ၊ ခါတိုင်းဖြစ်နေတဲ့နေရာ။ ကုန်းကြမ်းမှာလည်း ဖြစ်သေးပါတယ်။ အဲဒါကတော့ သိပ်မပြင်းထန်ပါဘူး။ ဒီနေ့ တော်တော်များများဖြစ်တယ်။ နောက်တနေရာဖြစ်တယ်။ ကျနော် နေရာနာမည် မမှတ်မိဘူးဗျ။”

ဒါ့အပြင် ဒီကနေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တပ်မတော်ဘက်က ပြောဆိုခဲ့တဲ့ ကိုးကန့်လက်နက်ကိုင်တို့ကို ကူညီထောက်ပံ့ပေးနေပါတယ်ဆိုတဲ့ စွပ်စွဲချက်တွေကိုလည်း ဦးထွန်းမြတ်လင်းက တုံ့ပြန် ပြောဆိုခဲ့ပါတယ်။

“ကျနော်အတိအကျပြောချင်တာကတော့ ကျနော့်တပ်ထဲမှာ တရုတ်နိုင်ငံသားကို မရှိတာ။ ကြေးစားဆိုတာ ကျနော်တို့ ဘယ်သွားရှာရမလဲတောင် မသိဘူး။ အဲလောက်လည်း ကျနော်တို့ ငွေရေးကြေးရေးမတတ်နိုင်ပါဘူးခင်ဗျ။ တရုတ်ပြည်က - ကျနော်အတတ်ပြောလို့ရပါတယ်ခင်ဗျ။ တရုတ်ပြည်ကနေပြီးတော့မှ ကျနော်တို့ကို ထောက်ပံ့တာတို့၊ ကျနော်တို့ကို ကူညီတာတို့ လုံးဝမရှိပါဘူး။ နောက်တခုကတော့ မိုင်းလားတို့၊ ဝတို့နဲ့ကတော့ ဟိုးအရင်ကတည်းက မဟာမိတ်ပါခင်ဗျ။ ဒါပေမယ့်တခုတော့ရှိတယ်။ ဥပမာ- လက်နက်တွေ၊ ဘာတွေတော့ ထောက်ပံ့တာ၊ ကူညီထားတာတော့ မရှိပါဘူး။ မရှိပါဘူးခင်ဗျ။ ပြီးတော့ ဒီ အခု တပ်ပေါင်းစုပြောရမှာပေါ့နော်၊ ကျနော်တို့အဖွဲ့တွေကတော့ နဂိုရ်ကတည်းက ကျနော်တို့လည်း နဂိုရ်ကတည်းက UNFC အဖွဲ့ဝင်တွေဆိုတော့ နဂိုရ်ကတည်းကလည်း မဟာမိတ်ပါပဲခင်ဗျ။ အဲဒီတော့ ကျနော်တို့ ဒီဒေသထဲရောက်လာတာကတော့ TNLA ရယ်၊TA ရယ် ရှိပါတယ်ခင်ဗျ။ ဒေသအပြင်မှာကတော့ ဥပမာ KIA ဆိုရင် သံလွင်မြစ်အနောက်ခြမ်းမှာ သူ့ဧရိယာထဲမှာသူ လှုပ်ရှားနေပါတယ်ခင်ဗျ။ SSA လည်း အဲလိုပါပဲ။ ထိုနည်းလည်းကောင်းပါပဲ၊ သူတို့ဒေသမှာသူတို့ လှုပ်ရှားနေပါတယ်ခင်ဗျ။”

၁၉၈၈ ခုနှစ်နောက်ပိုင်း မြန်မာစစ်အစိုးရနဲ့ ပထမဆုံး အပစ်အခတ်ရပ်စဲခဲ့တဲ့ ဖုန်ကြားရှင် ဦးဆောင်တဲ့ ကိုးကန့်လက်နက်ကိုင် မြန်မာနိုင်ငံ လူမျိုးစုများ ဒီမိုကရေစီ မဟာမိတ်တပ်ပေါင်းစု (MNDAA) ဟာ ၂ဝဝ၉ ခုနှစ်မှာ စစ်အစိုးရနဲ့ မပြေမလည်ဖြစ်ပြီး အပစ်ရပ်ရေးပျက်၊ ဖုန်ကြားရှင်လည်း ထွက်ပြေးခဲ့ရပါတယ်။ MNDAA ဟာ ၂ဝ၁၄ ခုနှစ်မှာညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်ဖြစ်လာခဲ့ပေမယ့် မြန်မာအစိုးရဘက်ကတော့ တရားဝင်အသိအမှတ် မပြုထားပါဘူး။ ကိုးကန့်လက်နက်ကိုင် MNDAA နဲ့ မြန်မာ့ တပ်မတော်ကြား ပဋိပက္ခတွေကို အမြန်ဆုံးရပ်ပြီး ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ MNDAA ကို တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တခုအနေနဲ့ မြန်မာအစိုးရက အသိအမှတ်ပြုပြီး နိုင်ငံရေးအရ ရပ်တည်ခွင့်ပေးဖို့ကိုလည်း UNFC က ကြေညာချက်ထုတ် တိုက်တွန်းထားပါတယ်ရှင်။

သိင်္ဂီထိုက် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/kokant-presser-in-naypaya-taw-/2653287.html

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ရဲ့ ပထမဆုံးအကြိမ် ညီလာခံကို သြဂုတ်လ ၂၆ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာကျင်းပစဉ်။ Photo: Aung Moe Myint/RFA
ကိုးကန့်ဒေသမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေမှာ အရပ် သားတွေ သေဆုံးတာဟာ ကိုးကန့်တပ်မတော်ဘက်က ပစ်ခတ်တာကြောင့် သေဆုံးတာမဟုတ်ဘူးလို့ ယုံကြည်ကြောင်း ညီညွတ်သောတိုင်းရင်းသား လူမျိုး များ ဖက်ဒရယ်ကောင်စီ UNFC က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ကိုးကန့်အဖွဲ့ခေါင်းဆောင် ဖုန်ကြားရှင်အနေနဲ့ သူနယ်မြေကို သူပြန်လာခြင်းသာဖြစ်ပြီး အစိုးရအနေနဲ့ ကိုးကန့်အဖွဲ့ကို အခြားတိုင်းရင်းသားများနည်းတူ တန်းတူအခွင့်အရေးပေးဖို့ လိုအပ်တယ်လို့ လည်း ဖော်ပြထားပါတယ်။

ကိုးကန့်တပ်မတော်အနေနဲ့ အခုလို အစိုးရကို ပြန်လည် တိုက်ခိုက်တယ်ဆိုတာဟာ ကိုးကန့်လူမျိုး ပျောက်ကွယ် မသွားဖို့နဲ့ အမျိုးသားရေးမပျောက်ပျက်အောင်ဆောင် ရွက်တာလို့ UNFC အဖွဲ့က ပြောပါတယ်။

ကိုးကန့်ဒေသဖြစ်တဲ့ လောက်ကိုင်မြို့နဲ့ အနီးတဝိုက်မှာ ဒီလ ၉ ရက်နေ့ကစလို့ အစိုးရနဲ့ ကိုးကန့်တပ်မတော် MNDAA တို့ တိုက်ပွဲတွေဖြစ်ပွားနေတာပါ။

MNDAA ကိုးကန့်အမျိုးသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ ညီညွတ်သောတိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်လည်း ဖြစ်ပါတယ်။

ဒီအတောအတွင်း ကိုးကန့်ဒေသ လောက်ကိုင်မြို့နဲ့ မိုင်၃ဝ အကွာ ဘုန်းရွှေကျန်းမှာ ဒီကနေ့မနက်ပိုင်းကစလို့ အစိုးရတပ်တွေနဲ့ ကိုးကန့်တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေပြီး အခုညနေပိုင်းအထိ မပြီးသေးဘူးလို့ MNDAA ကိုးကန့်လက်နက်ကိုင်အဖွဲ့ ပြောရေးဆိုခွင့်ရှိုသူ ဦးထွန်းမြတ်လင်းက အတည်ပြုပြောပါတယ်။

"ဒီနေ့တိုက်ပွဲ တော်တော်ပြင်းထန်ပါတယ်ဗျ၊ မနက် ၉ နာရီခွဲလောက်ကနေ စဖြစ်ပါတယ်ဗျ ၊ ဖြစ်ပြီးတော့ ၁၁ နာရီလောက်ကျတော့ သူတို့လေယာဉ် ၄ စီးနဲ့ဗုံးကျဲတယ်၊ ရွာတစ်ရွာကိုမီးရှို့လိုက်ပြီ၊ အဲ့ဒါတော့ ကျနော် သတင်းအတိအကျမရသေးဘူး၊ ပြီးတော့ သူတို့လက်နက်ကြီးနဲ့ မနက်ကနေစ ပြီးတော့ ခုချိန်အထိ တောက်လျောက်ပစ်နေတယ်"

ဘုန်းရွှေကျန်းမှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်နေတာ ဒီကနေ့ဆိုရင် ၃ ရက်ရှိသွားပြီလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ကုန်းကျမ်းဒေသဘက်မှာလည်း တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။

RFA Burmese
https://burview.rfaweb.org/burmese/news/unfc-denounces-killing-civilians-kokang-war-02212015101730.html

ရန်ကုန်မြို့အနောက်ရွှေဂုံတိုင်လမ်း အမှတ် ၉၇/ခ ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးသစ်ဆောက်လုပ်ခြင်း ပန္နက်ရိုက်အခမ်းအနားကို ဖေဖေါ်ဝါရီလ ၂၁ ရက် ယနေ့နံနက် ၁၀ နာရီ ၄၅ မိနစ်ပြုလုပ်ရာ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ပန္နက်ရိုက် ဖွင့်လှစ်ခဲ့သည်။ ၎င်း အခမ်းအနားကို အဖွဲ့ချုပ် နာယကကြီး ဘဘ ဦးတင်ဦးနှင့် အဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ အဖွဲ့ချုပ် ဗဟိုအလုပ် မှုဆောင် များတက်ရောက်ခဲ့ကြသည်။

NLD Chairperson


အနှစ် ၂၀ ကျော် တိုင်းပြည်ရဲ့ သယံဇာတတွေ တူးဆွ အုပ်ချုပ်ခဲ့တာ ပြည်သူတွေနဲ့ တိုင်းပြည်သာမက မိမိတို့ တပ်မတော် ရဲ့ စွမ်းရည်နဲ့ အရည်အသွေးကိုရော ဘယ်လိုက်ထိ မြင့်မားအောင် စွမ်းဆောင်နိုင်ခဲ့သလဲ.။

( အီကွစ်မင့်ချင်း ယူနီဖောင်းချင်း accessories ချင်းယှဉ်ကြည့်ကြပါရန် ။ ဤသို့ဖြစ်အောင် ဒေါ်စုရော ဒီမိုများရော လုပ်ခြင်းမဟုတ်ပါ ။ အဘတို့ အုပ်ချုပ်ကတည်းက မြန်မာစစ်တပ်ယူနီဖောင်းဟာ နဲ့ အီကွစ်မင့်တွေဟာ ဒုတိယကမ္ဘာစစ်က အဆင့်ထက်မကျော်သေးပါ )

နောက်ထပ်စိန်ခေါ်ခံနေရသော နိုင်ငံရေးပါတီမှာ NLD ဖြစ်၏။ NLD အဖို့ ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရ လိမ့်မည်ဟုလည်း မျှော်လင့်ချက်ကြီးကြီး ထားနေပုံရသည်။ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတုန်း ကလို တောင်ပြိုကမ်းပြို နိုင်လိမ့်မည်ဟုလည်း ယူဆထားကြ၏။ သို့သော် ၂၀၁၅ ရွေးကောက်ပွဲတွင် သူတို့ထင်သလို တောင်ပြိုကမ်းပြို အနိုင်ရဖို့ကား မလွယ်တော့ . . .

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကြီးသည် အောက်တိုဘာလ ကုန် နိုဝင်ဘာလတွင် ကျင်းပမည် ဟု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက အတိအလင်း ကြေညာထားပြီးပေပြီ။ တရားမျှတပြီး လွတ်လပ်သော ရွေးကောက်ပွဲ ဖြစ်ရမည်ဟု ကတိပေးထားခဲ့ သည်။ နိုင်ငံတကာမှ ရွေးကောက်ပွဲ စောင့်ကြည့်ရေး အဖွဲ့များလည်း ရောက်လာမည်ဖြစ်သည်။ ကုလသမဂ္ဂ အပါအ၀င် လူ့အခွင့်အရေး စောင့်ကြည့်သည့် အဖွဲ့များကလည်း ၂၀၁၅ ရွေးကောက်ပွဲကို လာရောက် လေ့လာအကဲဖြတ်ဖို့ ပြင်ဆင် နေကြလေ သည်။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေး အပြောင်းအလဲကို ပီပီပြင်ပြင် မြင်ရတော့မည် ဟု ပြည်တွင်း က ရော၊ ပြည်ပကပါ မျှော်လင့်ထားကြလေသည်။ နိုင်ငံရေးပါတီများ၊ အထူးသဖြင့် ပြည်ခိုင်ဖြိုးပါတီနှင့် NLD ပါတီသည် ရွေးကောက်ပွဲတွင် သူနိုင်ငါနိုင် ယှဉ်ပြိုင်ရမည် ဖြစ်သည့်အတွက် ပြင်ဆင် ထားကြမည်ဖြစ် သည်။ ပြည်ခိုင်ဖြိုးပါတီမှာ အထက်လမ်းနည်းရော၊ အောက်လမ်းနည်းပါသုံး၍ ယှဉ်ပြိုင်မည်ဟု ပြည်သူက ထင်နေကြ လေသည်။…

၂၀၁၀ ရွေးကောက်ပွဲနှင့် ဆက်စပ်၍ ပြည်ခိုင်ဖြိုးပါတီကို ပြည်သူက အယုံအကြည် နည်းနေ ကြလေသည်။ သို့သော် လက်ရှိ အာဏာရပါတီဖြစ်သလို ငွေကြေးအင်အား တောင့်တင်းကာ ပါတီဝင် အင်အား အတောင့်တင်းဆုံးလည်း ဖြစ်၏။ ယခင် မဆလပါတီတုန်းက အာဏာအမိန့်ဖြင့် ပါတီဝင်ခိုင်းပြီး ပါတီအင်အား အများဆုံး ဖြစ်ခဲ့သလိုပင် ယခုပြည်ခိုင်ဖြိုး ပါတီမှာလည်း စစ်အစိုးရ အုပ်ချုပ်စဉ်ကတည်းက ဖွဲ့စည်းခဲ့သော အဖွဲ့ဖြစ်၍ အစိုးရ အမှုထမ်းများရော၊ စစ်သားများရော၊ မီးသတ်၊ ကြက်ခြေနီ စသော အဖွဲ့များကိုလည်း ထိုအဖွဲ့ထဲ ပါဝင်စေခဲ့သည်။ လူအင်အား တောင့်တင်းသော အဖွဲ့ကြီးဖြစ်လာသည့် အခါတွင် သခင်မွေး နေ့ချင်းကြီးလာသလို အင်အား တောင့်တင်းသော နိုင်ငံရေးပါတီကြီး ဖြစ်လာပါတော့သည်။

လက်ရှိလွှမ်းမိုးထားသော ၂၀၀၈ ဖွဲ့စည်းပုံက ပြည်ခိုင်ဖြိုးပါတီ အာဏာရရေးအတွက် အကြီးမားဆုံး အထောက်အကူ ဖြစ်ပါသည်။ ၂၀၁၀ ကလို သက်သက်သာသာ မဟုတ်သည့်တိုင် ပြည်ခိုင်ဖြိုး အာဏာရရေးမှာ ပင်ပင်ပန်းပန်း ဖြစ်မည့်ပုံ မပေါ်ပေ။ အဘယ်ကြောင့်ဆိုသော် ၂၀၀၈ တွင် စနစ်တကျ သတ်မှတ် ရေးဆွဲခဲ့သော တပ်မတော်သား ၂၅ ရာခိုင်နှုန်းသည် ပြည်ခိုင်ဖြိုး၏ အမာခံ အင်အားဖြစ်နေသောကြောင့် ပင် ပြည်ခိုင်ဖြိုးသည် လွှတ်တော် ကိုယ်စားလှယ် ၃၀ ရာခိုင်နှုန်းလောက် ရရုံဖြင့် အစိုးရဖွဲ့နိုင်ဖို့ အလားအလာ အလွန်ကောင်း သွားတော့သည်။ လက်ရှိ အာဏာရပါတီဖြစ်သလို ငွေအင်အားကိုလည်း စစ်အစိုးရ ခေတ်ကတည်းက ရန်ပုံငွေများနှင့်အတူ ရက်ရက်ရောရော သုံးနိုင်လေသည်။ လွှတ်တော်ထဲတွင် ၅၀ ရာခိုင်နှုန်းကျော် ရသည်နှင့် အများစု ထောက်ခံမဲကို ရခြင်းဖြစ်ပေသည်။

သို့သော် လက်ရှိသမ္မတ ဦးသိန်းစိန်၏ အစိုးရအဖွဲ့မှာ သမ္မတကြီး၏ ဝေါဟာရ အရဆိုလျှင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရ လေသည်။ ယခင်နှစ်က ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးလူထုထံမှ ဆန္ဒလက်မှတ်များ ကောက်ခံရာတွင် အစိုးရရော၊ ပြည်ခိုင်ဖြိုးပါတီပါ မျက်လုံးပြူးခဲ့ရသည်။ သမ္မတကိုယ်တိုင် တိုင်းပြည် မငြိမ်မသက်မှုနှင့် ဆူပူမှုများ ဖြစ်လာလျှင် ၂၀၁၅ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းမည် ဟု ပြောခဲ့လေသည်။ ထိုအချိန်က NLD နှင့် ၈၈ မျိုးဆက်တို့ ပူးပေါင်းကာ လွှတ်တော်ပြင်ပ လူထု လှုပ်ရှားမှုကို လုပ်ခဲ့သည်ဟု ဆိုရမည်။ သို့သော်လည်း လမ်းပေါ် ထွက်လာမည့် လူထုနှင့်အစိုးရ အဆက်ဆက်မှ ယခု အစိုးရအထိ အလွန် ကြောက် လန့်သော လူထုတိုက်ပွဲကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် စိုးရိမ်စိတ် ပြင်းလာပြီး ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကို လွှတ်တော်တွင်း၌သာ ပြုလုပ်မည်ဟုဆိုခဲ့သည်။

သို့သော် သမ္မတနှင့် ကာကွယ်ရေး ဦးစီးချုပ်သည် ယခုအစိုးရ သက်တမ်း(၅)နှစ်အတွင်း ပြင်ဆင်ပေးပါမည်ဟု ကတိကို မပေးခဲ့ပေ။ ၂၀၀၈ ဖွဲ့စည်းပုံမှာ သူတို့၏ အသက်ရှူပေါက် ဖြစ်သောကြောင့် ၄ ပွင့်ဆိုင် တွေ့ဆုံရေးကို ပြတ်ပြတ်သားသား ငြင်းပယ်ခဲ့ခြင်း ဖြစ်လေသည်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဖွဲ့စည်းပုံပြင်ရေးကိုသာ မဏ္ဍိုင်ပြုပြီး တွေ့ဆုံဆွေးနွေးဖို့ တောင်းဆိုထားသောကြောင့် ၄ ပွင့်ဆိုင်သည် တစ်ဖက်အုပ်စုက ငြင်းပယ် ထားသဖြင့် တွေ့ဆုံဖို့ အလားအလာ နည်းသွားလေသည်။ သို့သော် ၁၄ ပွင့်ဆိုင်တို့ စသည့် ဟန်ပြ တွေ့ဆုံ ပွဲများ ပြုလုပ်ခဲ့သည်။ သို့သော် ဘာမှအရာမထင်ခဲ့။ ထိုအချိန်တွင် လွှတ်တော်က ၆ ပွင့်ဆိုင် တွေ့ဆုံရေးကို တင်ပြလေသည်။ ထို ၆ ပွင့်ဆိုင် တွေ့ဆုံရေးမှာလည်း ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို အခြေခံသောကြောင့် သမ္မတနှင့် ကာချုပ်မှာ မျက်ပြူးဆန်ပျာ ငြင်းဆိုရပြန်သည်။ ထို့ကြောင့် ဖွဲ့စည်းပုံပြင်ရေး စိန်ခေါ်မှုမှာ ယခု ရွေးကောက်ပွဲ နီးလာသည့် အချိန်ထိ သမ္မတ ဦးသိန်းစိန် ရင်ဆိုင်နေရဆဲပင်။

ယခု လောလောဆယ် စိန်ခေါ်မှုမှာ အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေးအတွက် တောင်းဆိုမှု တိုက်ပွဲဝင်နေသော ဗကသ၊ တကသ ကျောင်းသားသမဂ္ဂများနှင့် ကျောင်းသားထု၏ သပိတ်မှောက် စစ် ကြောင်းကြီး ဖြစ်ပါသည်။ ဦးသိန်းစိန် သမ္မတ သက်တမ်း ၄ နှစ်တာ ကာလတွင် အကြီးမားဆုံး ထိုးနှက်ခံရသော လူထုတိုက်ပွဲကြီးဖြစ်၏။ ဦးသိန်းစိန်အပါအ၀င် အစိုးရအဖွဲ့ဝန်ကြီး အားလုံးလိုလိုမှာ ယခင် စစ်အစိုးရတွင် တာဝန်ယူဖူးသူများချည်း ဖြစ်သည်။ သူတို့သည် လူထုတိုက်ပွဲများကို အလွန်စိုးရိမ်ကြသည်။ ထိုတိုက်ပွဲများကို ထိပ်တိုက် ရင်ဆိုင်မှုဟု သတ်မှတ်ကြ၏။ ကျောင်းသားတို့၏ တိုက်ပွဲမှာ နောက်ကွယ်က ဗကပတို့၏ လက်ချက်ဟု လှေနံဓားထစ် ယူဆခဲ့ကြသည်။ ယခု အစိုးရအဖွဲ့သစ်၏ ပြည်ထဲရေး ၀န်ကြီးကလည်း ယခင်စစ်အစိုးရ ကာလကလိုပင် သတ်မှတ်ခဲ့လေသည်။

ရဲရင့်တက်ကြွသော ကျောင်းသား လူငယ်များဖြစ်သလို သူတို့၏ တောင်းဆို ချက်မှာလည်း မှန်ကန် နည်းလမ်းကျသော တောင်းဆိုချက် များ ဖြစ်သောကြောင့် ကျောင်းသား စစ်ကြောင်း ချီတက်လာသော မြို့တိုင်း၊ နယ်တိုင်းတွင် လူထုက ကြိုဆိုလာကြသည်။ ပါဝင်လာကြသည်။ ကျောင်းသားကို သူတို့၏ ရင်သွေးများသဖွယ် သဘောထားကာ ပါဝင်ထောက်ခံခဲ့ကြသည်။ ကျောင်းသားထိ၊ မီးပွင့်သွားမည်ဆိုသကဲ့သို့ မြို့တိုင်းနယ်တိုင်း တွင် ပြည်သူလူထုက ကြိုဆို အားပေးကြသည်။ အောက်ခြေမှ NLD ပါတီဝင်များ၊ အောက်ခြေမှ ပြည်ခိုင်ဖြိုး ပါတီဝင်များကလည်း အားပေးထောက်ခံခဲ့ ကြပါသည်။ ထို့ကြောင့် ကျောင်းသားများ၏ ၄ ပွင့်ဆိုင် တွေ့ဆုံရေးကိုကား သမ္မတ ဦးသိန်းစိန် ငြင်းပယ်နိုင်စွမ်း မရှိတော့ပေ။ ထို့ပြင် သူတို့၏ တောင်းဆိုချက်မှာ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးမဟုတ်ဘဲ အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ရေး ဖြစ်သောကြောင့်၊ သမ္မတ၏ လွှတ်တော်သို့ ပေးပို့ထားသော အမျိုးသား ပညာရေး ဥပဒေပြင်ဆင်ရေး ဖြစ်သောကြောင့် လက်ခံနိုင်ပါသည်။ အစိုးရ အဆက်ဆက်တွင် လိမ်ညာလှည့်ဖြားခြင်း ခံခဲ့ရသည့် အတွေ့အကြုံများ၊ အဖြစ်အပျက်များကြောင့် ယခု ကျောင်းသားထုသည် ပျားရည်နှင့်ဝမ်းချ သွားခြင်း မကြုံရအောင် သူတို့၏ သပိတ်စစ်ကြောင်းများကိုမူ ရပ်တန့်သွားခြင်း မရှိပေ။ အမြော်အမြင်ရှိသော ဆုံးဖြတ်ချက်ဟု ဆိုရပေမည်။

နောက်ထပ် အရေးကြီးဆုံး စိန်ခေါ်ချက်တစ်ခုမှာ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲနိုင်ဖို့နှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ဖြစ်မြောက် အကောင်အထည်ဖော်ရေး ဖြစ်ပါသည်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို ဦးသိန်းစိန်သည် အာဏာရရှိကတည်းက တက်တက်ကြွကြွ ဆောင်ရွက်ခဲ့သည်။ သို့သော် စစ်တပ်က သူတို့၏ လျှော့မပေးနိုင်သော မူများကြောင့် ဆွေးနွေးပွဲများမှာ ဝေးသွားလိုက်၊ နီးလာလိုက်၊ တိုက်ပွဲများ ဆက်ဖြစ်နေလိုက်နှင့် ယခု ၂၀၁၅ အစပိုင်းကိုပင် လွန်မြောက်လာသည့်တိုင် သမ္မတ၏ ဆန္ဒမှာ အကောင်အထည် မဖော်နိုင်သေးပေ။ အပစ်အခတ် ရပ်စဲရေးကို ပြည်ထောင်စုနေ့တွင် သမ္မတက လက်မှတ်ရေးထိုးလို၏။ သို့သော် ထိုသို့ အခြေအနေ မပေးသေးပေ။ ပြည်ခိုင်ဖြိုး အစိုးရအဖို့ ယခုကဲ့သို့သော အရေးကြီး စိန်ခေါ်ချက်များကို ကျော်လွှားနိုင်လျှင် ပထမ (၅)နှစ်သက်တမ်း အရပ်သားအစိုးရ၏ ကြိုးပမ်း ချက်များ အထိုက်အလျောက် အောင်မြင်သည်ဟု ဆိုရပေမည်။ ၂၀၁၅ တွင် ပြည်ခိုင်ဖြိုး၏ အလားအလာ မှာလည်း လူထုက အာရုံစိုက်လာနိုင်လေသည်။

နောက်ထပ် စိန်ခေါ်ခံနေရသော နိုင်ငံရေးပါတီမှာ NLD ဖြစ်၏။ NLD အဖို့ ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရလိမ့်မည်ဟုလည်း မျှော်လင့်ချက်ကြီးကြီး ထားနေပုံရသည်။ ၂၀၁၂ ကြားဖြတ် ရွေးကောက် ပွဲတုန်းကလို တောင်ပြိုကမ်းပြို နိုင်လိမ့်မည်ဟုလည်း ယူဆထားကြ၏။ သို့သော် ၂၀၁၅ ရွေးကောက်ပွဲတွင် သူတို့ထင်သလို တောင်ပြိုကမ်းပြို အနိုင်ရဖို့ကား မလွယ်တော့။ အဘယ်ကြောင့်ဆိုသော် သူတို့၏ နိုင်ငံရေး လှုပ်ရှားမှုနှင့် လူထု စည်းရုံးရေးများမှာ လူထုတိုက်ပွဲကို အခြေမခံသောကြောင့် ဖြစ်သည်။ လွှတ်တော်တွင်း၌သာ နိုင်ငံရေး လှုပ်ရှားမှုများ လုပ်ရမည်ဟု သတ်မှတ်ထားခြင်း ရှိ၊ မရှိ မသေချာသော်လည်း လူ ၅ သန်း ပါဝင် လက်မှတ် ရေးထိုးခဲ့သည့် လူထုလှုပ်ရှားမှု ပြီးသည့်နောက် အစိုးရနှင့် ရင်ဆိုင်မတွေ့နိုင်အောင် အတတ်နိုင်ဆုံး ရှောင်ပြီး လူထုစည်းရုံးပွဲများ၊ ဟောပြောပွဲများသာ နိုင်ငံအနှံ့ ခြေဆန့်ပြီးပြုလုပ်ခဲ့၏။ အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေးအတွက် ကျောင်းသားများနှင့်အတူ ရှိခဲ့သော NNER ကွန်ရက်မှ ဒေါက်တာ သိန်းလွင်ကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အရန်အလုပ် အမှုဆောင်အဖွဲ့ဝင်နှင့် ဗဟိုကော်မတီအဖွဲ့ ၀င်အဖြစ်မှ ထုတ်ပယ် လိုက်သည့် NLD ၏ကြေညာချက်သည် ၂၀၁၅ ရွေးကောက်ပွဲအတွက် ပြည်သူလူထုကို ယုန်ထင်ကြောင်ထင် ဖြစ်သွားစေနိုင်ပါသည်။

NLD ဗဟိုကော်မတီဝင်များနှင့် ထိပ်ပိုင်း ခေါင်းဆောင်များနှင့် ပတ်သက်ပြီး NLD က မကြာခဏ ကြေညာချက်များ ထုတ်ပြန်ကာ မိမိတို့ပါတီနှင့် မသက်ဆိုင်ကြောင်း ကြေညာနေရသည်မှာလည်း နိုင်ငံရေးပါတီကြီး တစ်ခုအနေဖြင့် ကိုယ့်တပ် ကိုယ်မနိုင်သလို ဖြစ်နေ၏။ ဦးကိုနီ၏ ၀ှိုက်ကတ်ကိစ္စ ပြောဆိုမှု၊ ဒေါက်တာသိန်းလွင်ကိစ္စကို ချက်ချင်း ကြေညာချက်ထုတ်၊ နောက်ကြေညာချက်ကို ပြန်ပြင်ကာ ထပ်ထုတ်ခြင်း၊ စာရေးဆရာ ထင်လင်းဦးအား တရားစွဲဆိုထားသည်နှင့် ပတ်သက်၍ မိမိတို့ပါတီနှင့် မဆိုင်ကြောင်း ငြင်းချက် ထုတ်ရခြင်းမျိုးမှာလည်း ပါတီက မိမိတို့ ပါတီဝင်များအား တာဝန်မယူနိုင်ရသလားဟု အထင်အမြင် လွဲစရာများ ဖြစ်လာပါသည်။ NLD ပါတီနှင့် ပတ်သက်သော ဗေဒါဖောင်ဒေးရှင်းမှ ကျောင်းအုပ် ဦးမျိုးရန်နောင်သိမ်းနှင့် ပတ်သက်ပြီး မြန်မာသံတော်ဆင့် ဂျာနယ် အင်တာဗျူးတွင် ဖြေကြားချက်များမှာ သမ္မတအား အရိုအသေ တန်စေသည်ဆိုသော တရားစွဲဆိုချက်မှာ လည်း ယခုအခါဂျာနယ်သည် တရားရုံးတွင် ရင်ဆိုင်နေရလေသည်။

NLD ပါတီနှင့် ပတ်သက်ခြင်းဖြစ်၍ ရွေးကောက်ပွဲ နီးလာချိန်တွင် တည်တည်ငြိမ်ငြိမ်၊ အေးအေးချမ်း ချမ်းနှင့် ရွေးကောက်ပွဲကိုသာ အာရုံထားရမည့်အချိန် ဖြစ်လေသည်။ ထို့ကြောင့် NLD အဖို့ ၂၀၁၅ အတွက် ယခု ထက်ပိုပြီး လူထုကို စည်းရုံးလှုံ့ဆော်ရမည့် လှုပ်ရှားမှုများကို လုပ်ရပေမည်။ သီချင်းများ၊ တီးဝိုင်းများဖြင့် မဲဆွယ် စည်းရုံးသည့် လှုံ့ဆော်မှုမျိုးလောက်ဖြင့် လူထုကို အားကောင်းမောင်းသန် စည်းရုံး၍ မရနိုင်ပေ။ အလုပ်သမား၊ လယ်သမားနှင့်အောက်ခြေ လူတန်းစားများကို အခြေခံပြီး ဒီမိုကရေစီရေး တိုက်ပွဲတွင် ရှေ့တန်းမှ ပါဝင် နေကြသည့် ကျောင်းသား၊ ပညာတတ် ဓနရှင်ပေါက်စများ၊ အမျိုးသားအရင်းရှင်များ၊ ရဟန်း သံဃာ၊ ခေါင်းရွက်ဗျပ်ထိုး ဈေးသည် စသည့် လူတန်းစားအသီးသီးထဲ တိုးဝင်ကာ စည်းရုံးနိုင်မှသာလျှင် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ၌ အာဏာရယူနိုင်လိမ့်မည်။

၂၀၁၂ က အမတ် ၄၀ လောက်ကို ယစ်မူးနေလျှင် ဒီမိုကရေစီ ပန်းတိုင်နှင့်ကား ဝေးကွာမြဲ ဝေးကွာနေပေလိမ့်မည်။ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးဆိုသည်မှာ အခရာ ကျလှသော စစ်တပ်နှင့် စစ်ဗိုလ်တစ်ဖြစ်လဲ အစိုးရတို့က ခါးခါးသီးသီး ငြင်းဆန် နေသေးသရွေ့ လွှတ်တော်ထဲမှနေ မည်သို့မျှ ပြင်ဆင်နိုင်မည်မဟုတ်ပေ။ ထိုအခြေအနေကို NLD က လေးလေးနက်နက် နားလည် သဘောပေါက်ဖို့လိုသည်။ နိုင်ငံရေး လှုပ်ရှားမှုများ၊ ဒီမိုကရေစီ တိုက်ပွဲများတွင် ထိုက်သင့်သော တန်ရာတန်ဖိုးကိုကား ပေးဆပ်ရမည် ဆိုသည်ကို နားလည် သဘောပေါက် သင့်လေသည်။ ထို့အတူ ဒီမိုကရေစီ လမ်းကြောင်းကို အမှန်တကယ် လျှောက်လှမ်းမည်ဆိုပါက ပြည်ခိုင်ဖြိုးအစိုးရ၊ တပ်မတော်တို့သည် ကမ္ဘာ့ဒီမိုကရေစီ စံချိန်စံညွှန်းများနှင့်အတူ လျှောက်လှမ်းဖို့ လိုအပ်ပေသည်။

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

“ ပြည်သူ့ သွေးသား ဒို့ ကျောင်းသား ”

 ဗိုလ်အောင်ကျော်တို့ ခေတ်က ကြွေးကြော်ခဲ့ ….
နယ်ချဲ့မြင်းစီးပုလိပ်တွေရဲ့ …..
မြင်းခွာတချက်ပေါက်ရင် ….
မီးဟုန်းဟုန်းတောက်စေမတဲ့ ။

 ဘုန်းမော်တို့ ခေတ် … ဒီဘက်ခေတ်က
အမောင်ကျောင်းသားတို့ …
ပိုလို့ တောင် သတ္တိပြောင် …
မိုးပေါ်တောင် … ထောင်မဖေါက် …
အာဏာရှင်သေနတ်ပြောင်းအောက် ….
သတ်ကွင်းဆိုလည်းမကြောက် …
သေတွင်းကိုလည်းလျှောက် …
ထမင်းစားရေသောက် …
ကျည်ဆံနဲ့ ခြောက်တာကိုပင် ပန်းနဲ့ ပေါက်တယ်ထင် ။

 လူကြီးမင်းဆိုသူတို့ ခင်ဗျား …
ကျောင်းသားရဲ့သတ္တိ …
ကျောင်းသားရဲ့ဗျတ္တိကို …
ယုံမှားသံသယမရှိပါနဲ့ ။

 ကျောင်းသားရဲ့ ရိုးသားဖြူစင်မှု
ကျောင်းသားရဲ့ နိုးကြားတာဝန်သိမှု့ကို …
ပေလျှကန်မပြုပါနဲ့ ။

 ဒီမယ်ဗျ … ကျောင်းသားဆိုတာ … ပြည်သူ
ပြည်သူဆိုတာ … ကျောင်းသား
ကျောင်းသားဟာ လယ်သမား အလုပ်သမား …
တိုင်းရင်းသားတွေရဲ့ သမီးသား …
ကျောင်းသားဟာ ဘုရားသား စစ်သား …
ပြည်သူပြည်အားလုံးရဲ့ အသွေးအသား ။

 ကျောင်းသားကို ကလေးကလားထင်ရင်
ကျောင်းသားကို အလေးမထားရင် …
ပြည်သူကိုအရေးမထားတာ …
ပြည်သူကိုမလေးစားတာ ။

 ကျောင်းသားကိုဖမ်းရင် ..
ပြည်သူကကြမ်းလိမ့်မယ် …
ကျောင်းသားကိုသတ်တာ … ပြည်သူကိုသတ်တာဘဲ
ကျောင်းသားသတ် သံဃာသတ် မိဘပြည်သူသတ်
သမိုင်းဆိုးသမိုင်းညစ်အထပ်ထပ်
ကြပ်ကြပ်သတိထား ။

 ကျောင်းသားဆိုတာ အမှန်တရားဖြစ်တယ်
ကျောင်းသားဟာ လှံသွားလည်းဖြစ်တယ်
ကျောင်းသားရဲ့ ဒေါင်းဟန်နဲ့ ဒေါင်းမာန်
ကျောင်းသားရဲ့ ဒေါင်းတရားနဲ့ မောင်းအားဟာ
ခေတ်အဆက်ဆက် အဖုံဖုံ
ဖိနှိပ်မှု့ ကြုံခြင်သလောက်ကြုံ
မီးပုံထဲ ခုန်ပျံထွက် … “ အမရ အလင်းငှက် ”
မသေမျိုးငှက် … ကမ္ဘာမြေကို အလင်းဆက်မြဲ ……. ။ ။
( မင်းကောင်းချစ် ) ဖေဖေါ်ဝါရီလ (၁၉) ရက် ၂၀၁၅ ခုနှစ်

ကြံ့ဖွံ့စစ်အာဏာရှင်များဟာ …အလုပ်သမား၊ လယ်သမားများ၊ လူထုများ၊ ကျောင်းသားများက နစ်နာချက် တစ်စုံတစ်ရာ အတွက် တောင်းဆိုဆန္ဒပြမှု တစ်စုံတစ်ရာ ဖြစ်ခဲ့ရင် ဒါဆူပူတာ၊ တည်ငြိမ်မှုကို နှောင့်ယှက်တာ။ ဒီအချက်ကို အရင်ပြောမယ်။ နောက် ဒါ ပြည်ပက မြှောက်ပေး တာ။ NLD/L.A က မြှောက်ပေးတာလို့ စွပ်စွဲမယ်။ အခုတော့ အရင်က စွပ်စွဲခဲ့သူတွေကလည်း အခုကြံ့ဖွံ့အစိုးရနဲ့ Win – Win ဖြစ်နေကြတော့ ဘယ်နားရောက်နေမှန်း မသိတဲ့ ဗကပကိုပဲ ထုံးစံအတိုင်း မြှောက်ပေးနေတယ် ပြောပြန် …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဒီကနေ့ဆိုရင် ကျောင်းသားများ၊ ကျောင်းသားသမဂ္ဂ များ၊ ကျောင်း သား ခေါင်းဆောင်များဟာ သူတို့ရဲ့ လူမှုဘ၀လုံခြုံမှု အာမခံချက်ရှိရေး အတွက် ““ပညာရေး ဥပဒေပြင်ဆင်ဖို့ ““သပိတ်ချီတက်ပွဲကြီး”” တစ်ရပ် နိုင်ငံအနှံ့မှာ ဆင်နွှဲနေကြပါတယ်။ ဒီဆန္ဒပြ ချီတက်ပွဲကြီးကို လူထုများ၊ ပုံသဏ္ဌာန်စုံနဲ့ ရပ်တည်နေကြတဲ့ လူထုလူတန်းစား အသင်းအဖွဲ့များ၊ ဒီမိုကရေစီပါတီ အစုအဖွဲ့များအားလုံးဟာ ““ကျောင်းသား များရဲ့”” ဆန္ဒပြ ချီတက်ပွဲကြီးကို ကြိုဆိုထောက်ခံနေကြတယ်။ ကြံ့ဖွံ့စစ်အစိုးရက ၂၀၁၅၊ ဖေဖော်ဝါရီ ၁ ရက်မှာ ““သပိတ်ကို အရှိန်ချဖို့”” Sham and frand Dialogue တစ်ခုလုပ်ခဲ့ပါတယ်။

ပြီးရင် ကြံ့ဖွံ့နဲ့ စစ်ဘက်ဆိုက်ဝါး ယန္တရား ပေါင်းစုံကို လှုပ်နှိုးပြီး မဆိုင်တဲ့အပေါက် ကလိုင်နဲ့ခေါက်တဲ့ အပြုအမူ အပြောအဆို အားလုံးကို မျက်လှည့်ဆရာ ဖြစ်ခါစလူလို ဖုံးပေါ်တွေလုပ်ခဲ့တယ်။ ဒီကြားထဲမှာ လူထုကြီးကလွန်ခဲ့တဲ့ ၂၇ နှစ် (၁၉၈၈/၂၀၁၅) လုံးလုံး သူ့ခြေလှုပ်လက်လှုပ်၊ ၀တ်ပုံစားပုံ၊ ပန်းပန်ပုံ ကလေးကအစ အားပေးထောက်ခံမှု ရခဲ့တဲ့ ဒီမိုကရေစီ ခေါင်းဆောင်ဆိုသူက ပါတီတွင်းမှာ အေးအေးဆေးေ ဆး ဖြေရှင်းရမယ့် ပြဿနာတစ်ခုကို ကမန်းကတန်း ထွက်ပြောခဲ့တယ်။ ဒီအပြုအမူဟာ ကျောင်းသားများနဲ့ စစ်အစိုးရ ပြောဆိုနေရတဲ့ ဒီဘိတ်မှာ ကျောင်းသားများ ကို စိတ်ဓာတ် အကြီးအကျယ်ကျစေခဲ့ပါတယ်။ ဗမာပီပီ ပြောရရင်တော့ မကူညီချင်နေကြပါ။ နှောင့်တော့ မနှောင့်ယှက်ကြပါနဲ့။ ၈၈ သြဂုတ်လ၂၆ ရက်နေ့ကနေ လူတစ်ယောက်ကို အားပေးထောက်ခံ ခဲ့ကြရတာ ဒီကနေ့အထိပါပဲ။…

ဒါပေမဲ့ ဒီကနေ့အထိကတော့ ဘာမှမဖြစ်သေးပါဘူး။ စကားသင်ခါစ လူပြိန်းကြိုက် တစ်ယောက်က ခုအထိရထားတဲ့ အခြေအနေကလေး ပျက်ပြား မသွားစေချင်ပါဘူးတဲ့။ နှစ်ကိုယ်ကြား ရထားကြရင်တော့ မသိပါဘူး။ ဘာများရထားကြပါသလဲ။ ဒေါ်လာလား၊ နိုင်ငံခြားထွက်ခွင့်လား။ အိမ်တော် ၀င်ခွင့် ထွက်ခွင့်လား၊ Hot Line Phone လား၊ မလုပ်ကြပါနဲ့ဗျာ။ 7 July၊ ဇွန် ၆ အလုပ်သမားသပိတ်၊ ဦးသန့်၊ ရှစ်လေးလုံး၊ ၂၀၀၇ ရွှေဝါရောင်၊ ဆလိုင်းတင်မောင်ဦး၊ ဘုန်းမော်၊ စိုးနိုင်၊ ကိုပါကြီး၊ ဆလိုင်းမခင်ဝင်း၊ ဗိုလ်ကြီး အုန်းကျော်မြင့်တို့ရဲ့ ဖြစ်ရပ်တွေကို ဒေါ်လာနဲ့ တစ်ကိုယ်ရေ အ၀ယ်ခံရမှုအတွက် ဈေးနှုန်းတွေတော့ လုပ်မပစ်ကြပါနဲ့လို့ တိုက်တွန်းချင်ပါတယ်။ ကြံ့ဖွံ့စစ်အစိုးရက လုပ်နေတဲ့ ဆိုက်ဝါးလုပ်ပုံ လုပ်နည်းတွေဟာ၊ ၁၉၆၂ မတ်လ စစ်အာဏာ သိမ်းပြီးစက လုပ်တဲ့ မဆလခေတ် ဆိုက်ဝါးအလုပ်တွေမျိုးပါပဲ။

၁၉၆၀ ခုနှစ်၊ အောက်တိုဘာလအတွင်းမှာ ကျင်းပခဲ့တဲ့ ဆဋ္ဌမအကြိမ် ဗကသများ အဖွဲ့ချုပ် ညီလာခံမှာ တင်သွင်းတဲ့ အထွေထွေ အတွင်းရေးမှူးရဲ့အစီရင်ခံစာမှာ အမျိုးသားပညာရေးနဲ့ ကျောင်းသားသမဂ္ဂ ဖွဲ့စည်းခွင့်ရှိရေး၊ သမဂ္ဂတည်တံ့ခိုင်မြဲရေး အစီရင်ခံစာ အပိုင်းများဟာ ညီလာခံအစီရင်ခံစာရဲ့ အရေးကြီး အစိတ်အပိုင်း များ ဖြစ်လာပါတယ်။ ဒီ(၆)ကြိမ်မြောက် ဗကသများအဖွဲ့ချုပ် ညီလာခံကြီးမှာ အရေးကြီးတဲ့ ဆုံးဖြတ်ချက်များ အများအပြား ချမှတ်ခဲ့ကြပါတယ်။ ဒီအထဲမှာ (၁)ဗကသများ အဖွဲ့ချုပ်ဟာ၊ ၁၉၄၇ ခုနှစ်၊ နိုဝင်ဘာ (၁၇)ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တဲ့ ကမ္ဘာ့ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (The International Unions of Students) (IUS) ရဲ့ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်ပါတယ်။ ဒါကြောင့် ဗကသ များအဖွဲ့ချုပ် (ABFSU) ဟာ မြန်မာနိုင်ငံရဲ့ အမျိုးသားသမဂ္ဂကြီး (NUS) ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့တယ်။ (၂) ဒီကနေ့ ၁၉၄၈/၆၀ ခုနှစ် လွတ်လပ်ခေတ်မှာ ဖဆပလ အစိုးရက ကျင့်သုံးနေတဲ့ ပညာရေးစနစ်ဟာ အင်္ဂလိပ်ခေတ် ကိုလိုနီ ကျွန်ပညာရေးစနစ်ကို ဆက်ခံဖာထေး ကျင့်သုံးနေတဲ့ ကမောက်ကမ ပညာရေးစနစ်ဖြစ်တယ်။

ပညာရေးစနစ်ကို ကုန်ထုတ်လုပ်ရေးနဲ့ ပေါင်းစပ်ပေးတဲ့ ပညာရေးဖြစ်ရမယ်။ The education must be conbined with the productive labour. ဖြစ်ရမယ်။ ပညာရေးစနစ်ဟာ (၁) National Scientific and (၃) Popular ဖြစ်ရမယ်။ ပညာရေးစနစ်ဟာ အမျိုးသားလက္ခဏာရှိရမယ်။ ၀ိဇ္ဇာနည်းကျရမယ်။ Popular Democratic Education ဖြစ်ရမယ်။ အားလုံးအတွက် ပညာရေး ဖြစ်ရပါမယ်။ အခွင့်ထူးပညာရေး မဖြစ်စေရ ဘူးဆိုတဲ့ ဆုံးဖြတ်ချက်ချခဲ့တယ်။

ဒီအချက်ကို ၁၉၅၉ သြဂုတ်လ ၉/၁၂ က ဘွဲ့နှင်းသဘင် ခန်းမကြီးမှာ ဆွေးနွေးဆုံးဖြတ်ပြီး အဲဒီစဉ်က ၀န်ကြီးချုပ် ဖြစ်တဲ့ သခင်နုထံ အခမ်းအနားနဲ့ လွှဲအပ်ခဲ့ပါတယ်။ ဗမာပြည်ပညာရေးစနစ်ကို မုချပြုပြင်ရမယ်၊ Reform လုပ်ရမယ်လို့ ဆုံးဖြတ်ခဲ့တယ်။

(၆) ကြိမ်မြောက် ဗကသညီလာခံကြီးရဲ့ (၃) တတိယ ဆုံးဖြတ်ချက်က လွတ်လပ်ရေးခေတ်ဦး ဗမာပြည် အစိုးရများဟာ ဖဆပလ အစိုးရအမျိုးမျိုး၊ သခင်နုရဲ့ ပထမ အစိုးရ၊ မဆလစစ်အစိုးရ၊ ဗိုလ်နေ၀င်း စစ်အစိုးရ စတဲ့ အစိုးရများဟာ ကျောင်းသားများ၊ ကျောင်းသားသမဂ္ဂများ၊ ကျောင်းသား ခေါင်းဆောင်များ အပေါ်မှာ ၃-၁၀-၅၃ ရက်နေ့မှာ ဖြစ်ပေါ်ခဲ့ တဲ့ အောက်တိုဘာ ကျောင်းတစ်လပိတ်ရေး အရေးတော်ပုံကစပြီး တဖြည်းဖြည်း ရန်လို နှိပ်ကွပ်လာခဲ့ကြောင်း တွေ့ရပါတယ်။ ဒါကြောင့် ကျောင်းသားများ၊ ကျောင်း သားသမဂ္ဂ များ၊ ကျောင်းသား ခေါင်းဆောင်များအနေနဲ့ ရှေ့ရောက်လာမယ့် ကာလများမှာ ကျောင်းသားသမဂ္ဂများ တည်တံ့ ခိုင်မြဲရေး တာဝန်ကို မိမိတို့ ကျောင်းသား ခေါင်းဆောင်များအနေနဲ့ ပြည်သူလူထုကြီးနဲ့အတူ၊ ကျောင်းသား ထုကြီးနဲ့အတူ၊ လောကပါလ တရားများကို လိုလားကြတဲ့ ဒီမိုကရေစီပါတီအသင်း အဖွဲ့များနဲ့အတူ ထမ်းဆောင်ကြဖို့ ၆ ကြိမ်မြောက် ကျောင်းသားသမဂ္ဂ ညီလာခံကြီးကို တာဝန်ခံ ဦးစီးကျင်းပခဲ့တဲ့ ကျောင်းသား ခေါင်းဆောင် မျိုးဆက်များက တိုက်တွန်းခဲ့ကြ ရှာပါတယ်။ ဒီမျိုးဆက်ကျောင်းသား ခေါင်းဆောင်များ ဟာ ရေကြည် အိုင် ထောက်လှမ်းရေးစခန်းမှာ၊ ဗမာပြည် အကျဉ်းထောင်များ အတွင်းမှာ ပထမ၊ ဒုတိယ ကိုကိုးကျွန်း အကျဉ်းထောင်၊ ဂေါတူကျွန်း၊ ဖျာပုံ၊ ဗမာပြည် တစ်နံတစ်လျားက Armed Struggle များအတွင်းမှာ ပါဝင် အသက်စွန့် သွားခဲ့ကြပါပြီ။

သမဂ္ဂတည်တံ့ခိုင်မြဲရေး တာဝန်ကို အသိရှိနှိုးဆော်ခဲ့တဲ့ ပထမ၊ ဒုတိယ ကျောင်းသား ခေါင်းဆောင် မျိုးဆက်များရဲ့ နိုးကြားမှုနဲ့ စွန့်လွှတ်အနစ်နာခံမှုကို ကျောင်းသားနဲ့ နိုင်ငံရေး လှုပ်ရှားမှုကြီးများမှာ တွေ့နိုင် ကြပါတယ်။

(၁) ၁၉၅၃ အောက်တိုဘာကျောင်းသား အရေးတော်ပုံ ။

(၂) ၁၉၅၆ မတ်လ ဟယ်ရီတန် ကျောင်းသားအရေးတော်ပုံ။

(၃) ၁၉၅၆ အောက်တိုဘာ ကျောင်းသားသမဂ္ဂ ဆန္ဒပြပွဲ ပိတ်ပင်မှု။

(၄) ၁၉၆၀-၆၁ တန်းခွဲတန်းချတိုက်ပွဲ

(၅) ၁၉၅၈ -၆၂ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုများ။

(၆) ၁၉၆၂ ဇူလိုင်(၇)ရက် ကျောင်းသား အရေးတော်ပုံ ။

(၇) ၁၉၆၃ နိုဝင်ဘာ (၁၄) ၆ ခရိုင် ပြည်တွင်းငြိမ်းချမ်းရေး ဆန္ဒပြပွဲကြီး ။

(၈) ၁၉၆၃ နိုဝင်ဘာ Reign of terror အကြမ်းဖက် ဖမ်းဆီးဖိနှိပ်မှုကြီး (လူ-၃၀၀၀/၅၀၀၀ ကြား ဖိနှိပ်ဖမ်းဆီးမှု အန္တရာယ်ကြီးကြောင့်) အလုပ်သမားများ၊ စာရေးဝန်ထမ်းများ၊ ဒီမိုကရေစီ ပါတီများနဲ့ လူငယ် ကျောင်းသား အဖွဲ့အစည်းများမှ တက်ကြွသူများဟာ ၁၉၆၃ မှာ A.S အတွင်း ပါဝင်သွားကြပါတယ်။

- ၁၉၆၄ ခုနှစ်၊ မတ်လ(၂၈)ရက်နေ့မှာ မဆလ စစ်အစိုးရက ဥပဒေတွင်းပါတီစုံ စနစ်ကို ဖျက်သိမ်းပစ်ခဲ့ပါတယ်။ ဥပဒေတွင်း လူထုလှုပ်ရှားမှု အားလုံးဟာ U.G ပုံစံ ဖြစ်သွားပါတယ်။

(၉) ၁၉၆၆ မှာ စစ်တွေဆန်လုပွဲကြီး ပစ်ခတ်နှိမ်နင်းခံရတယ်။

(၁၀) ၁၉၆၇ ဇူလိုင် ၂၆ မှာ တရုတ်ဆန့်ကျင်ရေး သတ်ဖြတ်မှုကြီး ဖြစ်ခဲ့တယ်။

(၁၁) ၁၉၇၄ ဇွန်(၆)မှာ ကြီးမားတဲ့ အလုပ်သမားသပိတ်ကြီး ဖြစ်ပေါ်လာပြီး အကြီးအကျယ် သတ်ဖြတ် ခံရတယ်။ အင်းစိန်လမ်းမကြီး သွေးခြင်းခြင်းနီခဲ့တယ်။ လှိုင်မြစ်ရေဟာ ဆင်မလိုက် သင်္ဘောကျင်းမှ အလုပ်သမားသွေးများနဲ့ ရောနှောသွားခဲ့တယ်။

(၁၂) ၁၉၇၄ ဒီဇင်ဘာ ၆ မှာ ဦးသန့် အရေးအခင်း သတ်ဖြတ်မှုကြီး ဖြစ်ခဲ့တယ်။ တကသ မြက်ခင်းပြင်မှာ ဒုတိယအကြိမ် သွေးလွှမ်းမှုကြီး ထပ်မံ ဖြစ်ပျက်ခဲ့ရပါတယ်။

(၁၃) ၁၉၇၆ မတ်လမှာ၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ရာပြည့် ကျောင်းသားလှုပ်ရှားမှုကြီး ဖြစ်ခဲ့တယ်။

(၁၄) ၁၉၇၈-၈၂ တို့မှာ စစ်အစိုးရ ဆန့်ကျင်ရေး (ယူ/ဂျီ) လှုပ်ရှားမှုများဖြစ်ခဲ့တယ်။

(၁၅) ၁၉၈၈ သြဂုတ်လ(၈)ရက်နေ့မှာ ရှစ် ၄ လုံး လူထုလှုပ်ရှားမှုကြီး ဖြစ်ခဲ့တယ်။ သမ္မတ(၃)ဆက်၊ မဆလ ပါတီနဲ့ ၇၄ မဆလ ဖွဲ့စည်းပုံကို ရှစ် ၄ လုံး လူထုတိုက်ပွဲနဲ့ ဖြိုချခဲ့တယ်။ မဆလ တစ်ပါတီစနစ် ပြိုကျသွားခဲ့ ရတယ်။

(၁၆) (၁) လူမျိုးပေါင်းစုံ ဗမာပြည်သူ လူထုကြီးရဲ့ ဇွဲကြီးပြီး ရှည်ကြာတဲ့ A.S နဲ့ (၂) လူထုကြီးရဲ့ ပုံစံစုံ လူထု တိုက်ပွဲကြီးများကြောင့် (၃) world order က လစ်ဘရယ် ဒီမိုကရေစီ ရေစီးကြောင်းပေါ် ရောက်လာတာ ကြောင့် မဆလ၊ န၀တ၊ နအဖ၊ စစ်အုပ်စုက သူတို့လက်ထဲက အာဏာနဲ့ ဥစ္စာကို အကောင်းဆုံး ကာကွယ် ထိန်းသိမ်းနိုင်မယ့် လစ်ဘရယ် ဒီမိုကရေစီ လမ်းကြောင်းကို ရည်ရွယ်ချက်ရှိရှိ၊ ပြင်ဆင်မှုရှိရှိ ရွေးချယ်ခဲ့တယ်။ ဒါပေမဲ့ လူထုကြီးဟာ လက်ထဲက မဲပြာလေးတစ်ပြားစာ ဒီမိုကရေစီ အခွင့်အရေးကလေးကို အသုံးချခွင့်ထက် ပိုပြီးဘာမှ မရကြသေးပါဘူး။ ဗမာပြည်နိုင်ငံရေးဘ၀ကို ကိုယ်စားပြုထားတဲ့ နိုင်ငံရေး ခေါင်ဆောင်မှုမှာ ၂၀၀၈ ဖွဲ့စည်းပုံ ၀င်ကမ္ဘာထဲက ထွက်နိုင်တဲ့ မဟာဗျူဟာ၊ နည်းဗျူဟာ ရှိ-မရှိဆိုတာ ဒီကနေ့အထိတော့ မသေချာ သေးပါဘူး။ ၁၉၈၈ သြဂုတ် ၂၆ ရက်နေ့ကစပြီး လူမျိုးပေါင်းစုံ ဗမာလူထု ကြီးဟာ ရေနစ်တဲ့သူလို ရထားတဲ့ ဒီမိုကရေစီ ကောက်ရိုးမျှင်ကလေး တစ်မျှင်ကို ဆွဲပြီး မျက်လှည့် မကြည်ဖူးတဲ့သူလို ပြသမျှ အကွက် ကလေးများကို ကြည့်ပြီး အံ့သြအားရမှုနဲ့ မျက်လှည့်ရုံထဲကနေ ထွက်ခဲ့တာ။ နောက်တစ်ပွဲပေါ့၊ နောက်ထက် တစ်ပွဲပေါ့၊ ဒီလိုနဲ့ ၂၇ နှစ် ကြာတဲ့အခါကျတော့၊ မျက်လှည့်ဆရာမှာ အပြစ်မရှိပါဘူး။ ငါတို့က ထူးထူးဆန်းဆန်း လေးတွေ ပြမလား မျှော်လင့်မိတာကိုက ငါတို့အပြစ်ပါလို့ ဘယ်သူမပြုမိမိမှုအဖြစ် ကိုယ့်ကိုယ်ကိုယ် ပြန်ဆုံးမ ရပါတယ်။

(၁၇) မဆလ၊ န၀တ၊ နအဖ စစ်အစိုးရများဟာ သူတို့အုပ်စိုးမှုကို ခံကတုတ် (၂)ခုနဲ့ ကာကွယ်ခဲ့တာပါ။ ပထမ ခံကတုတ်က စစ်တပ်ခံကတုတ်ပါ။ ဒုတိယ ခံကတုတ်က ဖွဲ့စည်းအုပ်ချုပ်ပုံစံ ကတုတ်ပါ။ ၆၂ စစ်အာဏာ သိမ်းပြီးတော့ ၁၂ နှစ်အကြာမှာ ၇၄ ဖွဲ့စည်းပုံ ရေးဆွဲပြဋ္ဌာန်းပါတယ်။ တစ်ပါတီစနစ် ဖွဲ့စည်းပုံပါ။ ကွန်မြူနစ် ဆိုရှယ်လစ် နိုင်ငံများဟာ တစ်ပါတီစနစ် ဖွဲ့စည်းပုံနဲ့ချည်းပါပဲ။ ၈၈ ဒီမိုကရေစီ လူထု အရေးတော်ပုံက ပါတီစုံ စနစ်ကို တောင်းဆိုပါတယ်။ ဒါကိုကြံဆပြီး ဗိုလ်နေ၀င်းက ပါတီ စုံပုံစံနဲ့ စစ်အာဏာရှင်စနစ် ကျင့်သုံးဖို့ ကြံရွယ် ပုံပါပဲ။ န၀တစစ်အစိုးရက လူထု ၃၀၀၀/၅၀၀၀ အကြားသတ်ပြီး မှတ်ပုံတင်ပါတီစုံစနစ် ပြဋ္ဌာန်းပေးပါတယ်။ ပါတီ ၂၃၂ ပါတီ မှတ်ပုံတင်ပါတယ်။ ဒီချုပ်က မှတ်ပုံတင်ပါတယ်။ ၂၇-၅-၉၀ ရွေးကောက်ပွဲမှာ ဒီချုပ်က ကျွဲနိုင် နွားနိုင် နိုင်ပေမယ့် န၀တစစ်အစိုးရက အာဏာမလွှဲခဲ့ပါဘူး။ နိုင်ငံတကာ မျက်နှာစာမှာ ပွင့်ကျသွားတာကြောင့် ၂၂-၄-၉၂ မှာ ““န၀တ””မှ ““နအဖ””သို့ အာဏာလွှဲခဲ့တယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဗိုလ်စောမောင်ထက် ကြံရည်ဖန်ရည် ပိုရှိပြီး ပိုညစ်တတ်တဲ့သူ ဖြစ်ပုံရပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ ၂၀၀၈ ဖွဲ့စည်းပုံကို ၁၉၉၃ အမျိုးသား ညီလာခံ ဆိုတာကို အမည်ခံ၊ so called အကျယ်အပြန့် ကျင်းပပြီး ““ပြည်တွင်းပြည်ပမှာ စင်တင်ခဲ့တယ်။ ၂၀၀၈ ဖွဲ့စည်းပုံထက် ညစ်တဲ့၊ ကောက်ကျစ်တဲ့ ဖွဲ့စည်းပုံမျိုး ကမ္ဘာပေါ်မှာ ရှိ၊ မရှိ ဆိုတာတော့ အောက်စ်ဖို့ ကျောင်းထွက် ဖြစ်တဲ့ ဒီချုပ်ဥက္ကဋ္ဌ သိကောင်း သိနိုင်စရာ ရှိပါတယ်။ နိုင်ငံတကာ လွှတ်တော်များရဲ့ ကျင့်ထုံးဖြစ်တဲ့ လွှတ်တော်တစ်ရပ်ရဲ့ သုံးပုံနှစ်ပုံ ကိုယ်စားလှယ် မဲအရေအတွက်ကို လွှတ်တော်တွင်းမှာ ဘာ အကြောင်းပြချက်မှ မပါဘဲ စစ်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း (ကိုယ်စားလှယ် ၁၁၀)ကို ဗိုလ်ကျပြီး ယူထားခဲ့တာပဲ ဖြစ်ပါတယ်။ ကျောင်းသားသမဂ္ဂ ကိုယ်စားလှယ်များနဲ့ အစိုးရ ကိုယ်စားလှယ်များ ဒိုင်ယာလော့ဂ် မှာ အစိုးရ ကိုယ်စားလှယ်များက ကျောင်းသားများကို ““မင်းတို့က ဘယ်သူ့ကို ကိုယ်စားပြုလဲ”” လို့ မေးတယ်ဆိုပါတယ်။ ဒါဖြင့် အခု လွှတ်တော်ထဲက စစ်သားကိုယ်စားလှယ် ၁၁၀ ကကော ဘယ်သူ့ကို ကိုယ်စားပြုသလဲလို့ မေးရင် ဘယ်လိုများ အဖြေပေးချင်ကြပါသလဲ။

ဒီကနေ့ဆိုရင် ကြံ့ဖွံ့အစိုးရဟာ ၁၉၄၈/၄၉ ခုနှစ်ကတည်းကနေ ၁၉၈၉ ခုနှစ်အထိ နှစ် ၄၀ ကျော် လက်နက်ကိုင် ပဋိပက္ခဖြစ်ခဲ့ကြတဲ့ လူမျိုးစု တော်လှန်ရေးတပ်ဖွဲ့ ၁၇ ဖွဲ့နဲ့ စစ်ရပ်စဲဖို့ ၂၆နှစ်တိုင်တိုင် သည်းညဉ်းခံပြီး ဒိုင်ယာလော့ဂ် လုပ်ခဲ့ကြတဲ့ လူကြီးများက ဘောပင်နဲ့ စာအုပ်သာရှိတဲ့၊ နို့နံ့မစင်နိုင်သေးတဲ့၊ ကိုယ့်သားသမီး အရွယ်သာရှိကြတဲ့ ကျောင်းသားများနဲ့ ဘာကြောင့် မဆွေးနွေး၊ မပြေလည်နိုင်ကြ တာပါလဲ ဆိုတာ မေးခွန်းထုတ်ရမှာပါပဲ။

ဇူလိုင် ၇ ရက် ကျောင်းသား သတ်ဖြတ်မှုကြီး ဘာကြောင့်ဖြစ်ခဲ့ရတာလဲ ဆိုတဲ့ မေးခွန်းကို အကြောင်း ဆုံစည်းတာကြောင့် ဆိုက်ကိုနဲ့ ဖိလိုဆိုဖီဆရာနှစ်ယောက်ကို မေးကြည့်ခဲ့ဖူးပါတယ်။ သူတို့က သူတို့နိုင်နင်းတဲ့ ရှုထောင့်က ခုလိုပြောပါတယ်။ ဗိုလ်နေ၀င်းက တက္ကသိုလ် မရောက်ဖူးဘူးကွ။ တက္ကသိုလ်နဲ့ ပတ်သက်ရင် မင်းတို့လိုသူ့မှာ အင်းလျားတွေ၊ ဘွဲ့နှင်းသဘင်တွေ၊ သစ်ပုတ်ပင်တွေ၊ ကံ့ကော်မြိုင်တန်းတွေ မရှိဘူး။ သူ့ မသိစိတ်နဲ့ အတွင်းအစ္ဈတ္တမှာ မင်းတို့ကို အကျောမတည့်တဲ့ စိတ်ခံစားမှုမျိုး inferiority complex ရှိပုံရတယ်။ အဲဒါကြောင့် မင်းတို့ကို ဆော်တာ၊ သတ်တာဖြစ်နိုင်တယ်လို့ ဆရာ ၂ ဦးက အေးအေးဆေးဆေး ပြောခဲ့ဖူး ပါတယ်။ အခုကောဗျာလို့ မေးတော့ ““အမလေး၊ မလုပ်ပါနဲ့ ကိုရင်ရယ်””တဲ့။

၁၉၆၂ ခုနှစ် ““မဆလ စစ်အာဏာရှင်စနစ် ခေတ်မှာ ဒီကနေ့ ဒီမိုကရေစီ ကြွေးကြော်တဲ့ ကြံ့ဖွံ့ စစ်အာဏာရှင် များဟာ ညီမျှခြင်း ဆွဲကြည့်လို့ရတာ (၂)ချက်ရှိတယ်။ အလုပ်သမား၊ လယ်သမားများ၊ လူထုများ၊ ကျောင်းသား များက နစ်နာချက် တစ်စုံတစ်ရာ အတွက် တောင်းဆိုဆန္ဒပြမှု တစ်စုံတစ်ရာ ဖြစ်ခဲ့ရင် ဒါဆူပူတာ၊ တည်ငြိမ်မှုကို နှောင့်ယှက်တာ။ ဒီအချက်ကို အရင်ပြောမယ်။ နောက်ဒါ ပြည်ပက မြှောက်ပေးတာ။ NLD/L.A က မြှောက်ပေး တာလို့ စွပ်စွဲမယ်။ အခုတော့ အရင်က စွပ်စွဲခဲ့သူတွေကလည်း အခုကြံ့ဖွံ့အစိုးရနဲ့ Win-Win ဖြစ်နေကြတော့ ဘယ်နား ရောက်နေမှန်း မသိတဲ့ ဗကပကိုပဲ ထုံးစံအတိုင်း မြှောက်ပေးနေတယ် ပြောပြန်တော့ ဗကပကတောင် ၀မ်းသာနေဦးမလား မဆိုနိုင်ဘူး။ ရာဇ၀င် သူပုန်ကြီးတွေ ဘယ်ရောက်နေမှန်းမသိတော့ ထုံးစံအတိုင်း ကျားကျားမီးယပ် လုပ်ပစ်တာပဲ။ ကျောင်းဆောင်စည်းကမ်း ၂၂ ချက်ကို ဆန့်ကျင်တဲ့ ကျောင်းသား ၁၀၀ ကျော်ကို ပစ်သတ်တယ် ဆိုတာဟာ စစ်အာဏာရှင်တွေရဲ့ ရန်လိုမှုနဲ့ အမြော်အမြင် နည်းမှုကို ထင်ဟပ်တယ်။ ဒါကို သင်ခန်းစာ ယူသင့်ပါတယ်။

ဒီကနေ့ သတင်းစာများမှာ တွေ့ရတဲ့ ပြည်ထဲရေးဝန်ကြီးရဲ့ ပြောစကားများဟာ ၁၉၆၂-၁၉၈၈ က အတိုင်းပါပဲ။ ကျောင်းသားများဘက်က ခံစားနေရမှုကို အဖြောင့်မစဉ်းစားဘဲ၊ ဖြေရှင်းပေးဖို့ မစဉ်းစားဘဲ အကြမ်းဖက် နှိပ်ကွပ် ပစ်ချင်တဲ့အာဏာရှင် mentality က လာတယ်ဆိုတာ လူတိုင်းသိပါတယ်။ 7 July ၊၁၉၆၂ ၊၇၄ အလုပ်သမား သပိတ်၊ ၇၄ ဒီဇင်ဘာ၊ ဦးသန့်အရေးအခင်း၊ ၆၆ စစ်တွေဆန်လုပွဲ၊ ၇၆ တရုတ်ဆန့်ကျင်ရေး သတ်ဖြတ်မှု၊ ၈၈ ရှစ်လေးလုံး သတ်ဖြတ်မှုကြီးများ ဆိုတာဟာ စာရင်းမရှင်းကြရသေးတဲ့ သမိုင်းဝင် လူမှု ပဋိပက္ခကြီးများပါ။ ဒီလိုခံစားမှုများကို သွေးတိတ်အောင် ကုသဖို့ မစဉ်းစားဘဲ၊ ဟိုလူမြှောက်ပေးတယ်၊ ဒီလူမြှောက်ပေးတယ်ဆိုတဲ့ Line of thinking ဟာ သမ္မတကြီး ခဏခဏ ပြောနေတဲ့ ဒိုင်ယာလော့ဂ် ယဉ်ကျေးမှု ဖြစ်ထွန်း လာနေပြီဆိုတဲ့ ကောက်ချက်နဲ့ ကွန်ထရာ ဖြစ်နေတာဟာ မသင့်တော်ဘူးလို့ ဆိုရမှာပါပဲ။ အမိန့်ပေး အမိန့်ခံနဲ့ ကြီးပြင်းကြတဲ့ လူမှု အစုအဝေးများ အတွင်းမှာ အမိန့်နဲ့ အာဏာက ယဉ်ကျေးမှု ဖြစ်နေတာဟာ မြန်မာ့လူ့အဖွဲ့အစည်းမှာ ၁၉၆၂ ခုနှစ်ကတည်းက စတင်ခဲ့တာပါ။ ဒီယဉ်ကျေးမှုဟာ ရှင်သန်နေဆဲပါပဲ။ မြန်မာ့ လူ့အဖွဲ့အစည်းဟာ အမိန့်အာဏာ လက်နက်နဲ့ အကြမ်းဖက်တဲ့ ယဉ်ကျေးမှုနဲ့ တွေ့ဆုံဆွေးနွေး ညှိနှိုင်းအဖြေရှာတဲ့ ယဉ်ကျေးမှု (၂)ရပ်ဟာ ကျောင်းသားများရဲ့ ပညာရေးဥပဒေ ပြင်ဆင်ရေး လှုပ်ရှားတောင်းဆိုမှုများ အကဲစမ်း အစစ်ဆေး ခံကြရပါတော့မယ်။

နိုင်ငံတစ်နိုင်ငံ၊ လူအဖွဲ့အစည်း တစ်ခုခုမှာ တစ်ခါတရံ Drastic Change လို့ မှတ်ယူကြတဲ့ နိုင်ငံရေး အခြေအနေ တစ်ရပ်ရပ် ဖြစ်ပေါ်လာတဲ့အခါ အဲဒီကာလမှာရှိတဲ့ လူပုဂ္ဂိုလ် ခေါင်းဆောင် အဖွဲ့အစည်း တစ်စုံတစ်ရာရဲ့ (Stand) ရပ်တည်မှုကို စောင့်ကြည့်ကြရပါတယ်။ ၁၉၆၂ ခု ဇူလိုင် ၇ ရက် ကျောင်းသား အရေးတော်ပုံကြီး ဖြစ်လာတဲ့အခါ ပမညတ လက်ဝဲ၀ါဒီကြီးများက 7 July ကျောင်းသား အရေးတော်ပုံကြီးဟာ ဆိုရှယ်လစ်စနစ်ကို ဆန့်ကျင်တဲ့ ကျောင်းသားလှုပ်ရှားမှုပါလို့ ပြောတဲ့နေ့မှာ သူတို့နိုင်ငံရေး ကွယ်လွန်သွားခဲ့ ပါတယ်။

ဒီကနေ့ ကျောင်းသားများရဲ့ပညာရေး ဥပဒေပြုပြင်ရေး သပိတ်မှောက် ချီတက်ပွဲကြီး ဖြစ်လာတဲ့အခါ လူထုကြိုက် ပါတီကြီးတစ်ပါတီနဲ့ နေရာတကာမှာ ရာပါလုပ်ခဲ့တဲ့ လူထုကြိုက် အစုကြီးတစ်စုကလည်း တစ်ခုခုပြောဖို့ တာဝန်ရှိမှန်း သိရက်နဲ့ ရပ်ဝေးရပ်နီး အထွက်ပြပြီး လူပြောလွတ်အောင် သွားထိုက်တဲ့သူတွေ မသွားဘဲ တခြားသူ(၂)ဦးကို လွှတ်ပေးတာမျိုး လုပ်ခဲ့ပါတယ်။ ဒါဟာ ရည်ရွယ်ရှိရှိ လုပ်ခဲ့မှန်း လူတိုင်း သိပါတယ်။ ဒီလိုပါပဲ၊ နိုင်ငံရေး အပြုအမူအတိုင်းမှာ ရည်ရွယ်ချက် ရှိတာချည်းပါပဲ။ သမိုင်းရှိတာ ချည်းပါပဲ။ ကိုယ့်သမိုင်း ကိုယ်ရေးကြစမြဲပါပဲ။

သမိုင်းဆိုတာဟာ သံကြိုးကွင်းဆက် တစ်မျိုးဖြစ်တယ်ဆိုတာကို မမေ့ကြစေချင်ပါဘူး။

ဦးလှရွှေ

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

ညီညီညွတ်ညွတ်နဲ့ နိုင်ငံတည်ထောင်ကြမယ်ဆိုရင် တို့ဗမာနိုင်ငံ တိုးတက်မယ်၊ အဲဒီလို မဟုတ်ဘဲနဲ့ သဘောထား အမြဲတမ်း ကွဲလွဲနေကြမယ်ဆိုရင် အဲဒီထိပ်ပိုင်းက ဦးဆောင်နေတဲ့ ပုဂ္ဂိုလ်များ ဗမာနိုင်ငံကို ဖျက်ဆီးနေတဲ့ ပုဂ္ဂိုလ်တွေဖြစ်သွားမယ် . . .

မစိုးရိမ်ဆရာတော်ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

လွန်ခဲ့သည့် ၁၃၆၄ ခု၊ နယုန်လပြည့်ကျော် ၁ ရက်နေ့တွင် ဆရာတော်ကြီး ဘဒ္ဒန္တရာဇဓမ္မာ ဘိဝံသက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား နိုင်ငံတော် ညီညွတ်ရေးနှင့် ပတ်သက်ပြီး သြ၀ါဒကထာ ပေးတော်မူခဲ့သည်။

““အောင်ဆန်းစုကြည် အပါအ၀င် မင်းတို့ ပရိသတ် အားလုံးနားထောင်၊ လူဆိုတာ စည်းကမ်း ရှိရပါတယ်။ စည်းကမ်းရှိမှ တိုင်းပြည်တစ်ပြည် တိုးတက်တယ်။ ဒီအခမ်းအနားမှာ ငြိမ်ငြိမ်နေသင့်တဲ့ အခမ်းအနားဆိုရင် ငြိမ်ငြိမ်ကို နေရပါမယ်။ အပ်ကျသံ ကြားလောက်အောင် ငြိမ်ရပါမယ်။ အဲဒါမှ စည်းကမ်းရှိတယ်လို့ ခေါ်တယ်။ စည်းကမ်းရှိတဲ့ လူမျိုးမှ တိုးတက်တယ်။

ကဲ ရှင်အောင်ဆန်းစုကြည်လည်း တော်တော်ပင်ပန်းလာပြီ။ ငါတိုတိုလေးပြောမယ်။ တို့ဘုရားရှင်က ““၀ိဒါဒံဘယ တောဒိသွာ၊ အ၀ိဝါဒဉ္စခေမတော၊ သမဂ္ဂါ သခိလာဟောတ၊ ဧသာဗုဒ္ဓါနုသာသနိ””လို့ ဘုရားရှင် ဆုံးမထားတဲ့ အဆုံးအမရှိတယ်။ ၀ိဝါဒံ-အချင်းချင်းငြင်းခုံခြင်း၊ ခိုက်ရန်ဖြစ်ခြင်း၊ အထင်အမြင်လွဲခြင်း၊ သဘောထားကွဲလွဲခြင်းကို ဘယတော-ကြောက်ဖွယ် မဟာဆေးကြီးလို့ ဒိသွာ-မြင်ကြစမ်းပါ။

““အ၀ိဝါဒံ-အချင်းချင်းမငြင်းမခုံ၊ခိုက် ရန်မဖြစ် သဘောထား တူညီခြင်းကို၊ ခေမတော-ငြိမ်းချမ်းရေး လမ်းစဉ်ကြီး လို့ မြင်ကြစမ်းပါ။ အဲလိုမြင်ပြီး ဘာလုပ်ရမှာလဲ။ သမ္မဂါ ညီညီညွတ်ညွတ်နေကြပါ။ သခိလာ-ပြေ ပြေပြစ်ပြစ် ဆက်ဆံကြပါ။ ဧသောဗုဒ္ဓါနုသာသနိ အဲဒါဟာ ဘုရားရှင်တို့ရဲ့ အဆုံး အမပဲ၊ အဲဒီတော့ တို့ဗမာ နိုင်ငံမှာ အဲဒီဘုရားရှင် အဆုံးအမအတိုင်း သမဂ္ဂါညီညွတ်ဖို့ လိုပါတယ်။ သခိလာ-ပြေပြေပြစ်ပြစ် ဆက်ဆံ ဖို့လိုပါတယ်””

““ညည်းအဖေ ဗိုလ်ချုပ်အောင်ဆန်းက ပထမအကြိမ်လုပ်တဲ့ ဖ-ဆ-ပ-လ ညီလာခံမှာ သံဃာတော် အရှင် မြတ်များကို အထူးလျှောက်ထားတဲ့ စကားရပ်ရှိပါတယ်။ သံဃာတော် အရှင်မြတ်များကို တပည့်တော် အထူး လျှောက်ထားပါရစေ၊ တပည့်တော်တို့ မြန်မာနိုင်ငံဟာ မညီညွတ်ပါဘူး ဘုရားတဲ့။ အဲဒါ အရှင်ဘုရားတို့က ညီညွတ်ရေးရအောင် တရားဟောပေးပါဘုရား၊ ဒါကနံပါတ်(၁)””

““နံပါတ် (၂) က တပည့်တော်တို့ ဗမာနိုင်ငံလူမျိုးတွေဟာ လူအလူနတွေပါဘုရား၊ အဲဒီလူအလူနတွေကို လူအလူန ဘ၀က လွတ်မြောက်ရေး ရသွားအောင် အရှင်မြတ်တို့က ကူညီပြီးတော့ တရားဟောပေးပါ ဘုရားလို့ ပထမအကြိမ်လုပ်တဲ့ ဖ-ဆ-ပ-လ ညီလာခံမှာ ညည်းအဖေ ဗိုလ်ချုပ်အောင်ဆန်းက လျှောက်ထားသွားတဲ့ စကားရပ် ရှိတယ်။ အဲဒီ သူလျှောက်ထားသွားတဲ့ အတိုင်းပဲ ညီညွတ်ရေးရမှ တိုင်းပြည် တိုးတက်မယ်””

““ခရူးရှက်သမ္မတဖြစ်တုန်းက ပြောသွားတဲ့ စကားတစ်ရပ်ရှိတယ်။ ဘာပြောသွားသလဲ ဆိုတော့ ကျွန်တော်တို့ အရှေ့အုပ်စုနဲ့ အနောက်အုပ်စု ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်ပြီးတော့ ကိုယ့်စနစ်နဲ့ကိုယ် ကိုယ့်နိုင်ငံကို တိုးတက်အောင်လုပ်၊ အဲသလိုဆိုရင် ကမ္ဘာကြီးကောင်းမယ်။ ဒီလိုမဟုတ်ဘဲနဲ့ တစ်ဦးနဲ့တစ်ဦး တစ်အုပ်စုနဲ့ တစ်အုပ်စု အထင်အမြင်လွဲပြီးတော့ စစ်ပွဲတွေ ဆင်နွှဲကြမယ်ဆိုရင် ကျွန်တော်တို့ နေထိုင်တဲ့ ကမ္ဘာကြီးကို ကျွန်တော်တို့ ဖျက်ဆီးသလိုဖြစ်မယ်။ ခရူးရှက်က အဲဒီလို ပြောဆိုသွားတယ်””

““အခုလည်း အဲသလိုပဲ တို့နိုင်ငံက ထိပ်တန်းကနေ ဦးဆောင်နေတဲ့ ပုဂ္ဂိုလ်တွေ သဘောထား ညှိနှိုင်းပြီးတော့ ညီညီညွတ်ညွတ်နဲ့ လုပ်ဆောင်ကြရမယ်။ နိုင်ငံတည်ထောင်ကြမယ်ဆိုရင် တို့ဗမာနိုင်ငံတိုးတက်မယ်၊ အဲဒီလို မဟုတ်ဘဲနဲ့ သဘောထား အမြဲတမ်း ကွဲလွဲနေကြမယ်ဆိုရင် အဲဒီထိပ်ပိုင်းက ဦးဆောင်နေတဲ့ ပုဂ္ဂိုလ်များ ဗမာနိုင်ငံကို ဖျက်ဆီးနေတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်သွားမယ်။ ဗမာနိုင်ငံဖျက်ဆီးနေတဲ့ တရားခံထဲ ၀င်သွားမယ်။ ဒါကြောင့်ထိပ်ပိုင်းက ဦးဆောင်တဲ့ ပုဂ္ဂိုလ်တွေကို ငါအမြဲတမ်းပြောနေပါတယ်။ အေး ဒါကြောင့် နှစ်ဦးနှစ်ဖက် လုံးကို ငါကတော့ ကြားဝင်ပြီးတော့ ပြောနေတာပဲ။ ဒီတော့ ညီညီညွတ်ညွတ် လုပ်ဆောင်ကြဖို့ အင်မတန် အရေးကြီးပါတယ်။ အဲဒီလို ညီညွတ်တည်ထောင်မှ ဒီနိုင်ငံတိုးတက်မယ်””

နိုင်ငံလွတ်လပ်ရေးရတာ ရှင်စုကြည် ၃နှစ်သမီးလောက်က လွတ်လပ်ရေး ရလာတာပါ။ ဒီတော့ လွတ်လပ်ရေး ရတာ နှစ်ပေါင်း ၅၀ ကျော်ပါပြီ။ ဒါပေမဲ့ ဗမာနိုင်ငံက သွားတောင် မပေါက်သေးဘူး။ အဲဒီလောက် ရှက်စရာ ကောင်းနေတယ်။ လူလားမြောက်ဖို့ဆိုတာ ဝေးလို့၊ သွားတောင် မပေါက်သေးဘူး၊ အဲဒီသွားမပေါက်သေးတဲ့ ဗမာနိုင်ငံကို သွားပေါက်လာအောင် လူလားမြောက်အောင် ဆိုတာက ညီညွတ်မှုနဲ့ ညှိနှိုင်းတိုင်ပင် ဆောင်ရွက် ကြမှ ဗမာနိုင်ငံ တိုးတက်မယ်။ ဒီအတိုင်း ဖြစ်နေကြမယ်ဆိုရင် ခုနကငါပြောတဲ့ အတိုင်းပဲ၊ ဗမာနိုင်ငံကို ဖျက်ဆီးတဲ့ တရားခံထဲဝင်သွားမယ်။ အေး သမိုင်းလေ့လာတယ်ဆိုတာ ရှေးက အမှားတွေကို ရှောင်ကြဉ် ပြီးတော့ အမှန်တွေ လုပ်ကြဖို့အတွက် သမိုင်းကို လေ့လာရမယ်။ ဒါကြောင့် တို့ဗမာနိုင်ငံမှာ နိုင်ငံရေး အမှားတွေ အများကြီးရှိပါတယ်။ အဲဒီအမှားတွေကိုတော့ ပြောမနေပါနဲ့။ အဲဒီအမှားတွေ ဆက်မမှားကြဘဲနဲ့ အဲဒီအမှားတွေကို ရှောင်ကြဉ်ပြီးတော့ ညီညီညွတ်ညွတ်နဲ့ တိုင်းပြည်ကို ထူထောင်ကြဖို့ သြ၀ါဒပေးရင်း သြ၀ါဒကို နိဂုံးချုပ်ပါတယ်။ သာဓုခေါ်ကြ””

ထို့နောက် ဦးတင်ဦးက ဆရာတော်ကြီးကို လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။ ဆရာတော်ကြီးက ညည်းလျှောက်ထားချင်တာ နည်းနည်းလျှောက်ဟု ခွင့်ပေးသည်။ ဒေါ်အောင်ဆန်းစုကြည်က လျှောက် ထားသည်။

““တပည့်တော်မ ထူးထူးခြားခြား လျှောက်ထားစရာ မရှိပါဘုရား၊ ဆရာတော်ဘုရားတို့အနေနဲ့ မေတ္တာပို့ပေးပါ ဘုရား၊ တပည့်တော်မတို့ ကြိုးစားပါတယ်။ ကြိုးစားပေမယ့်လည်း အခက်အခဲတွေကတော့ များပါတယ်ဘုရား””

““အေးလေ အဲဒီအခက်အခဲတွေကို ကျော်လွှားပြီးတော့ ခုနငါပြောတဲ့အတိုင်း ညီညီညွတ်ညွတ် ဆောင်ရွက်မှ ဒီနိုင်ငံကတော့ တိုးတက်မှာပဲ၊ ဟုတ်တယ်မဟုတ်လား၊ မညီညွတ်ဘူး ဆိုရင်တော့ ဘယ်တော့မှ မတိုးတက်ဘူး၊ အိမ်တစ်အိမ်မှာ မောင်နှမအချင်းချင်း ရန်ဖြစ်နေတယ်၊ အဲဒီ ရန်ဖြစ်နေတဲ့အိမ်ဟာ စီးပွားလည်း ဘယ်တော့မှ မတိုးတက်ဘူး၊ ငွေရေးကြေးရေး အကူအညီလိုလို့ တခြားအိမ်သွားချေး၊ ဘယ်တော့မှချေးမှာ မဟုတ်ဘူး။ ဘာဖြစ်လို့တုန်း ရန်ဖြစ်နေတာကိုး ဟုတ်လား။ အေး အဲဒီလိုပဲ။ တို့နိုင်ငံဟာလည်းပဲ အဲဒီလို ဖြစ်နေတယ်။ နိုင်ငံဆိုတာ ဘာထူးလဲ၊ အိမ်ထောင်စုတွေ စုပေါင်းထားတာပဲ၊ ဟုတ်တယ် မဟုတ်လား၊ အချင်းချင်း ရန်ဖြစ် နေတော့ ဘယ်မှာနိုင်ငံတိုးတက်မှာလဲ။ အေး ငါကတော့ တရားဟောပါတယ်။ သူတို့လူကြီးတွေလည်း ငါပြောတယ် ဟုတ်လား။ ဒီလိုရန်ဖြစ်နေလို့ကတော့ မတိုးတက်ဘူးလို့။ ဒီတော့ အဲဒီရန်ပွဲတွေ ငြှိမ်းပြီးတော့ ညီညီညွတ်ညွတ် ဆောင်ရွက်ကြမှ တိုးတက်မယ်””

““နိုင်ငံအတွက်လုပ်တဲ့ နိုင်ငံရေးသမားဟာ သဘောထားကြီးရပါတယ်။ နိုင်ငံအတွက်လုပ်တဲ့ တပ်မတော်သား ဟာလည်း သဘောထားကြီးရပါတယ်။ အခုဥစ္စာ ဗမာနိုင်ငံကတော့ ထေရ၀ါဒ ဗုဒ္ဓဘာသာနိုင်ငံသာ ဖြစ်တယ်။ အတ္တဒိဋ္ဌိ အင်မတန် အားကြီးတယ်။ ဟုတ်တယ်မဟုတ်လား၊ ငါ့ဟာမှ မှန်တယ်၊ တို့ဝါဒမှ မှန်တယ်ဆိုတဲ့ အဲသလို အတ္တဒိဋ္ဌိ အားကြီးတယ်။ ဒါကြောင့် အတ္တဒိဋ္ဌိအားမကြီးဘဲနဲ့ နှစ်ဦးနှစ်ဖက် သဘောထား ညှိနှိုင်း ကြမယ်၊ သဘောထားကြီးကြမယ်၊ နိုင်ငံအတွက် တို့တစ်တွေ သဘောထားကြီးမယ် ဆိုရင်တော့ ဒီနိုင်ငံ တိုးတက်မှာပဲ ဟုတ်လား””

““ဒီကလပ်တို့ ၊ ကင်ဒေယျုံတို့လို သဘောထားကြီးရင် ကောင်းမှာပဲ။ ဒီကလပ်လည်း သဘောထား ကြီးပါတယ်။ ဟုတ်လား ဘာဖြစ်လို့တုန်း၊ သဘောထားကြီးလို့မို့- မင်ဒဲလားတို့ ဘာတို့ဖြစ်လာတာပဲ ဟုတ်လား၊ ကင်ဒေယျုံ လည်း သဘောထားကြီးပါတယ်။ ဘယ်လို သဘောထားကြီးသလဲ၊ သူ့ကိုသတ်ပစ်ဖို့ ကြံစည်တဲ့ပုဂ္ဂိုလ်တွေ တောင်မှ သူတက်လာတော့ အဲဒီပုဂ္ဂိုလ်တွေကို ဘာမှအရေးမယူဘူး။ အဲဒီလောက် သဘောထား ကြီးတယ်””

““ဒီတော့ နိုင်ငံအတွက်လုပ်တဲ့ နိုင်ငံရေးသမားဟာ သဘောထားကြီး ရပါတယ်။ နိုင်ငံအတွက်လုပ်တဲ့ တပ်မတော်သားတွေဟာလည်း သဘောထားကြီးရပါတယ်။ အဲဒါ အရေးကြီးတယ်။ အတ္တဒိဋ္ဌိသိပ်မကြီး ကြဖို့ အရေးကြီးတယ်။ ငါကတော့ အဲဒါပဲ သြ၀ါဒပေးချင်တယ် ဟုတ်လား၊ ဒါ ငါ့သြ၀ါဒမဟုတ်ပါဘူး။ ဘုရားရှင်ရဲ့ သြ၀ါဒ ဟုတ်လား၊ အေး ဘုရားအဆူဆူ ဟောတဲ့ သြ၀ါဒအတိုင်း သဘောထားကြီးဖို့ လိုပါတယ်။ ဟုတ်လား သူတို့ကိုလည်း ငါပြောပါ့မယ် ဟုတ်လား””

ထို့နောက် ဆရာတော်ကြီးခွင့်ပြုချက်ဖြင့် ဒေါ်အောင်ဆန်းစုကြည်က ပရိသတ်ကို စကားအနည်းငယ် ပြောသည်။ ဆရာတော်ကြီးက-

““ကဲ…နည်းနည်းလေးတော့ ထပ်ဖြည့်ပြောဦးမယ်။ ငါကတော့ ပြောရင် ပိဿာလေးနဲ့ ဘေးပစ်သလို ပြောတယ် ဟုတ်လား။ အမှန်အတိုင်းပဲ။ သူတို့ကိုလည်း ပိဿာလေးနဲ့ ဘေးပစ်သလို ပြောတာပဲ။ တို့နိုင်ငံက သိပ်တော့ မလွယ်တော့ဘူး။ ဘာဖြစ်လို့ မလွယ်သလဲဆိုရင် နိုင်ငံရေးဟာလည်း တစ်နည်းအားဖြင့် နိုင်ငံ အာဏာဟာ စီးပွားဖြစ်လွယ်တဲ့ လုပ်ငန်းတစ်ရပ်လို့ သတ်မှတ်နေကြတယ်။ အင်မတန်ကို ၀မ်းနည်းစရာ ကောင်း တယ်။ နိုင်ငံအတွက် နိုင်ငံရေးလုပ်မယ် ဆိုတဲ့ ဒီလိုမဟုတ်ဘဲနဲ့ နိုင်ငံအတွက် နိုင်ငံ့အာဏာယူမယ် ဆိုတဲ့ ဒီလိုမဟုတ်ဘဲနဲ့၊ နိုင်ငံ့အာဏာဟာ စီးပွားအင်မတန် ဖြစ်လွယ်တယ်လို့၊ လူတိုင်းရဲ့ စိတ်ထဲမှာ ကိန်းအောင်းပြီးတော့နေတယ်။ အဲဒီကိန်းအောင်းနေတဲ့ စိတ်ဓာတ်တွေ ဖျောက်ကြဖို့လည်း လိုတယ်ဗျာ၊ ဟုတ်လား၊ အေး ဒါကြောင့် သူတို့ကိုလည်း အားမနာပြောတယ်ဟုတ်လား၊ သူတို့ဆိုတာ သာမန်မဟုတ်ပါဘူး။ လူကြီးတွေ အကုန်လုံးကို ငါပြောပါတယ်ဟုတ်လား၊ အေး ဒါကြောင့်မို့ အဲဒါလည်း လိုပါတယ်။ ဒီတော့ နိုင်ငံအတွက်လုပ်တဲ့ နိုင်ငံရေးသမား ဖြစ်ပါစေ။ ငါဘို့နိုင်ငံရေး မဖြစ်ပါစေနဲ့လို့၊ ညည်းကိုလည်း နောက်ဆုံး သြ၀ါဒ ပေးပါတယ် ဟုတ်လား၊ ကဲ…အားလုံးသာဓု ခေါ်ကြ””

မင်းမြတ်စိုး(မလှိုင်)

(မြန်မာသံတော်ဆင့်အတွဲ-၁၊ အမှတ် ၃၃ တွင် အကျယ်တ၀င့်ဖော်ပြခဲ့ပြီး)

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

မဖြိုးဖြိုးအောင်ကိုဝေဖန်လာကြသော စကားတို့ကို ဆန်းစစ်ကြည့်တော့ မြင့်တဲ့ သစ်ပင်လေအတိုက်ပိုခံရတယ်ဆိုတာ သွားတွေ့ရသည်။ ခေါင်းဆောင်ဆိုတာ တိုက်ပွဲထဲကနေပဲမွေးထုတ်ပေးတာဖြစ်သည်။

လူထုထောက်ခံမှုအရှိန်မြင့်တက်လာတာနှင့်အတူ ကျောင်းသားသပိတ်ကော်မတီအထဲ ထူးထူးခြားပါဝင်လာသော မိန်းခလေးတယောက်ကို လူတွေပိုသတိထားလာကြသည်။ သတိထားမိသူကလည်းမိမိကိုယ်ကိုယုံကြည်မှုအပြည့်အဝနှင့် ပြောဆိုဆွေးနွေးနေမှုတွေကြောင့် ကျောင်းသားအရေးထောက်ခံသူ ပြည်သူကြား လူသိ ပိုများလာပြန်သည်။ -

ဒီအချိန်တွင် ကျောင်းသားတွေ၏ ပညာရေး ဥပဒေကို မဖြစ်စေလိုသူတွေဘက်ကလည်း ဥပဒေထဲ ဆီလိုအပေါက်ရှာ အပြစ်ပြောဖို့ ချောင်းမြောင်းလုပ်ကြံလီဆယ်ရင်း မမှန်မကန်ထောက်ပြမှုနှင့် ပညာရေးဥပဒေကြီးတခုလုံးကပဲ အမျိးသားအန္တရာယ် ကျရောက်တော့ မယောင် လှုံ့ဆော်တာနှင့်အတူ လူထုအာရုံကျသော မဖြိုးဖြိုးအောင်ဆီ ဦးတည်လာသည်။

တိုက်ခိုက်မှုတွေကို လိုက်ကြည့်တော့ အောက်တန်းကျကျ တိုက်ခိုက်တာတွေပါသလို မမှန်မကန် ပြောတာတွေလည်းပါသည်။ အောက်တန်းကျကျ တိုက်ခိုက်မှုကတော့ တိုက်ခိုက်သူ၏ အဆင့်အတန်းကို သူ့ဘာသာသတ်မှတ်ပေးပြီးဖြစ်လို့ ထွေထွေထူးထူး လိုက်မဝေဖန်လိုတော့။ သူ့ကို ဘာသာမဲ့ တယောက် -သီတဂူဆရာတော်စကားကို နားမထောင်သူဆိုသည့်ကိစ္စကိုတော့ နဲနဲ ပြောချင်လာသည်။

သူတကယ် ဘာသာမဲ့သူလား အထူးသဖြင့် ဒီစကားက ဖခင်ဖြစ်သူ -ဘိုခင်ညွန့်၏စာအုပ် အနီထဲပါခဲ့ဖူးသူ တယောက်ဖြစ်နေခြင်း ကနေ ဖြစ်ဖျားခံလာခြင်းဖြစ်သည်။ သမီးတနှစ်မပြည့်မှီ လသားအရွယ်မှာ ခွဲခွါထောင်နန်းစံခဲ့ရသော အဖေ -ထောင်နှစ်ရှည်ကြခဲ့ပြီး သမီး တက္ကသိုလ်ကျောင်းသူဖြစ်မှ သားအဖပြန်တွေ့ရသူ သာအဖနှစ်ယောက် ပြန်ဆုံချိန်က ကာလတိုတိုလေး ဒီလိုအနေထားရှိနေသူသားအဖနှစ်ဦးဟာ ပြည်ထဲရေးဝန်ကြီး ပြောသလို မိမိတို့သာသမီးကို အစိုးရဆန့်ကျင်ဖို့ ဆက်လက် လက်ဆင့် ကမ်းခဲ့သင်ကြားခဲ့တာဆို --အချိန်တိုတို နှစ်တိုတို အတွင်း လူအများလက်ခံလာတဲ့ခေါင်းဆောင် အဖြစ် တည်ဆောက်ကြတဲ့ ကမ္ဘာ့အတော်ဆုံး သားအဖ ပဲဖြစ်လိမ့်မည်။

တကယ်က မဖြိုးဖြိုးအောင်ဟာတကယ့်ဗုဒ္ဓဘာသာတယောက်၊ သူငရဲခန်းထဲ နှစ်ရှည်လများကြံ့ကြံ့ခံ ရပ်တည်နှိုင်ခဲ့တာ ဓမ္မကပေးတဲ့သတ္တိတွေနဲ့ဆို အထူးပြောစရာမလို။ သူဘဝ၏အရေးကြီးသောထိမ်းမြားမင်္ဂလာ ကိစ္စကို အများသူငါတွေလို လူငယ်ပီပီ ဟိုတယ်တွေ ခမ်းမတွေကို မရွေးချယ်ခဲ့။အခမ်းနား နှစ်ခါလုပ်သည်။ နှစ်ခါလုံး ဘုန်းကြီးကျောင်းကိုသာရွေးခဲ့သည်။ မဟာစည်သာသနာ့ရိပ်သာ နှင့်အဘထဓမ္မရိပ်သာတို့မှ မင်္ဂလာမှတ်တမ်း ပုံများကို ကြည့်ကသိနှိုင်ပါသည်။

သတင်းထဲမှာပါလာသည့် သီတဂူ ဆရာတော်စကား ကို ငြင်းသည့်ကိစ္စကိုတော့-
သပိတ် တဖွဲ့လုံးကို ကိုယ်စားပြုနေသူတဦးရဲ့စကားမှာ သူကိုယ်စားပြုသူ အားလုံးရဲ့ဆန္ဒကို မသိရသေးပဲ ပြောလို့မရတာကိုနားလည်ပေးရမည်။ မိမိထင်မြင်သည့်အတိုင်းပင် -
ဘာလို့ အဲ့ဒီလိုပြောရတာလဲလို့ မေးကြည့်တော့ -သူမ-ပြောကြားသည်များကို သတင်းဌာနက အပြည့်အစုံ မထည့်ခြင်းကို သူ့ဆီက ပြန်သိရသည်။ အထက်က ပြောလျှင် ပြန်လည်တင်ပြခွင့်မရှိ ခေါက်ရိုးကျိုးနေသောလူ့အဖွဲ့အစည်းအတွက် သူမစကားကထူးဆန်းနေတာလည်းဖြစ်မည်။

သူတို့ စတင်ရွေးချယ်ကတည်းက အဖမ်းခံရတာလောက်ကိုသာတွက်ခဲ့သည်မဟုတ် ။ အသက်ပါ သေနှိုင်သည်အထိ တွက်ဆထားပြီးသားဆိုသည်ကို -လမ်းခရီးမှာ သရဏဂုံ တင်ထားကြခြင်းကသက်သေခံနေပေပြီ။ သူတို့အားထုတ်လို့အောင်မြင်လျှင် တတိုင်းတပြည်လုံးက ကျောင်းသူကျောင်းသား အဆက်ဆက်တို့ ခံစားရမည်။ စေတနာမှန်သော အားထုတ်မှုအတွက် ဝမ်းသာအားရ ကျေးဇူးတင်ရှိရပါသည်။ဘယ်လို အတိုက်အခိုက်တွေလာလာ ကြံ့ကြံ့ခံ ရပ်တည်ပေးပါလို့ မဖြိုးဖြိုးအောင်တို့အားလုံးကို အားပေးတိုက်တွန်းရင်း ----ပညာရေးဖြင့် ကမ္ဘာ့ရင်ဘောင်တန်းမည့် နီုင်ငံတော်ကြီးကို ပုံဖော်ကြည့်မိပါသည်။ ။

ဦးဇဝန-

ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကျင်းပနေစဉ် / Photo: RFA
သပိတ်မှောက် ကျောင်းသား ကျောင်းသူတွေတောင်းဆို ထားတဲ့အတိုင်း ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နောက်ဆုံး ထားပြီး အမျိုးသားပညာရေးဥပဒေကို လွှတ်တော် က ပြင်ဆင်ပြဌာန်းပေးဖို့ဆိုတာ အချိန်တိုတောင်းတဲ့ အတွက် မဖြစ်နိုင်ကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းကော်မတီက ပြောပါတယ်။

ပညာရေးဝန်ကြီးဌာနက တင်သွင်းထားတဲ့ အမျိုးသားပညာရေးဥပဒေကြမ်းနဲ့ ပတ်သက်ပြီး သတင်းမီဒီယာတွေကမေးမြန်းရာမှာ ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီ အတွင်းရေးမှူး ဦးခင်မောင်ရီက အခုလို ပြောပါတယ်။

"သူတို့နဲ့ကိုယ်တို့နဲ့ အရင်ဆုံး နားလည်အောင် ပြည့်ပြည့်စုံစုံကြားနာကြမှာပေါ့နော်၊ သူတို့ပြောတာနားထောင် ဒီဟာလေးနဲ့ ပတ်သက်လို့ ဘယ်လိုရှိလဲစသည်ဖြင့်၊ သူတို့သဘောထားလေးတွေမေး၊ ကိုယ်တို့ဘက်ကလည်း ရှင်းပြစရာလေးတွေရှင်းပြ၊ ပြီးရင်တစ်ခါ NNER တစ်ခါခေါ်၊ ကြားထဲမှာ ပြည်သူတွေ အဖွဲ့အစည်းတွေက တွေ့ချင်ပါတယ်ဆိုလည်း ကျနော်တို့က ဖိတ်မှာပဲ၊ လာတွေ့ပါ ဒါတွေက ကျယ်ကျယ်ပြန့်ပြန့်လုပ်တာ ပိုကောင်းတာပေါ့"

အစိုးရ၊ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေးနိုင်ငံလုံးဆိုင်ရာကွန်ရက် NNER နဲ့ သပိတ်မှောက်ကျောင်း သူ ကျောင်းသားတွေ သဘောတူထားတဲ့ ၁၁ ချက်လုံးကို ထည့်သွင်းဆွေးနွေးမှာဖြစ်ကြောင်းပြောပါတယ်။

အဲ့ဒီအတွက် NNER နဲ့ ကျောင်းသူ ကျောင်းသားကိုယ်စားလှယ်တွေကို ဥပဒေကြမ်းကော်မတီက ခေါ်ယူတွေ့ဆုံ ပြီး ဆွေးနွေးသွားဖို့ရှိပါတယ်။

လွှတ်တော်ရဲ့ လုပ်ထုံးလုပ်နည်းအရ ဥပဒေကြမ်းတစ်ခုကို အချိန်တိုတိုအတွင်း အတည်ပြုပြဌာန်းဖို့ရာ မဖြစ်နိုင်ကြောင်းလည်း ဦးခင်မောင်ရီက ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese/news/parliament-drafting-committee-says-deadline-student-protesters-impossible-02202015120708.html