02/24/15


လောက်ကိုင်မြို့ စီအောအကျဉ်းထောင်မှ အကျဉ်းသားတွေ၊ တိုက်ပွဲရှောင် ပြည်သူတွေနဲ့ ၀န်ထမ်းတွေ တင်လာတဲ့ ယာဉ်တန်းတိုက်ခိုက်ခံရပြီး အကျဉ်းသူ ၄၄ ယောက်၊ အကျဉ်းဝန်ထမ်း ၁ ယောက်နဲ့ စစ်သား ၁ ယောက်ဒဏ်ရာရသွားတယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီလ ၂၃ ရက်နေ့က လားရှိုးမြို့သို့ ပို့ဆောင်ရန် ထွက်ခွာလာတဲ့ အဆိုပါယာဉ်တန်းဟာ ပါစင်ကျော်ကျေးရွာနဲ့ ချင်းရွှေဟော်အကြား လုံထန်ရွာအနီးမှာ ကိုးကန့်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တပ်မတော်က တိုက်ခိုက်ရေးရဟတ်ယာဉ်များဖြင့် လေကြောင်းပစ်ကူ ၁ ကြိမ် ဆောင်ရွက်ခဲ့ရတယ်လို့ သတင်းမှာဖော်ပြပါတယ်။

တစ်ရက်ထဲမှာပဲ တပ်မတော်စစ်ကြောင်းတွေနဲ့ ကိုးကန့်အဖွဲ့တို့ လောက်ကိုင် အရှေ့တောင်ဘက် နှစ်နိုင်ငံ နယ်နမိတ် အနီးမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲမှာ အစိုးရ စစ်သား ၃ ဦး သေဆုံးပြီး အရာရှိနဲ့ စစ်သား ၇ ဦး ဒဏ်ရာရခဲ့တဲ့အကြောင်းနဲ့ ကိုးကန့် တပ်ဖွဲ့က အလောင်း ၆ လောင်းတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၁၇ ရက်နဲ့ ၂၁ရက်နေ့တွေကလည်း ချင်းရွှေဟော်အနီးမှာ ကြက်ခြေနီအလံ လွှင့်ထူထားတဲ့ ယာဉ်တန်းတွေတိုက်ခိုက်ခံရပြီး အရပ်သားတွေ ထိခိုက်ဒဏ်ရာရရှိခဲ့ဖူးပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/82972

ဓာတ်ပုံ (ထိုင်းရတ်)
ဖေဖော်ဝါရီ ၂၃ ရက်က ကော်စမွီကျွန်းမှာ မြန်မာအမျိုးသမီးတဦး အသတ်ခံရတာနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ရဲတပ်ဖွဲ့က သံသယရှိသူ သုံးဦးကို ဖမ်းဆီးရမိတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။

အလောင်းတွေ့ရှိတဲ့ ဖေဖော်ဝါရီ ၂၃ ရက်မှာဘဲ ကော့စမွီမြို့နယ်ရဲတပ်ဖွဲ့က သေဆုံးသူ မချောငယ်ငယ်နဲ့ ပတ်သက်တဲ့ သက်သေအထောက်အထားတွေကို စောင့်ကြည့်ကင်မရာ ၆ လုံး အပြင် လူသက်သေတွေပါ မေးမြန်းပြီး သံသယရှိသူတွေကို ဖမ်းဆီးစစ်ဆေးရာမှာ ထွက်ဆို ၀န်ခံသွားတာလို့ ကော့စမွီမြို့မ ရဲစခန်းက ဒုရဲမှူး ဒင်ဒုန်းထောင်း ဆရီးဆုခ်က သတင်းထောက်တွေကို ပြောပါတယ်။

ဒီအမှုမှာ အဓိကသံသယရှိခံရသူက မချောငယ်ငယ်ကို တဖက်သတ် ကြိုက်နေသူ မြန်မာနိုင်ငံသား ယောက်ျားလျာ နန်းဖွန် ဖြစ်ပြီး မချောငယ်ငယ်က သူ့ကို ပြန်မကြိုက်ဘဲ မောင်ဖြစ်သူကို ပြန်ကြိုက်တဲ့အတွက် စိတ်နာလို့ ဘတ်ငွေ ၃ သောင်းပေးပြီး လည်ပင်းညှစ် သတ်ခိုင်းတယ်လို့ ထွက်ဆိုကြောင်း ဒုရဲမှူးက ပြောပါတယ်။

မချောငယ်ငယ်ကို လုပ်ကြံဖို့အတွက် မသန်းသန်းစိုးနဲ့ မောင်ဖြစ်သူ ကိုဇော်တို့ကို ငှားရမ်းခဲ့ကြောင်း၊ အခင်းဖြစ်တဲ့ညမှာ သူ့ကို စားသောက်ဆိုင်ကနေ တဘက်လှည့်နဲ့ ခေါ်ထုတ်ခဲ့ပြီး ဗျူးပွိုင့် (ရှုခင်းမျှော်နေရာ) အရောက် ကြိုးတုတ်ပြီး မအော်နိုင်အောင် တိပ်နဲ့ ပါးစပ်တွေ၊ နှာခေါင်းတွေ ပိတ်ခဲ့ကြောင်း၊ အဲဒီနောက် ကိုဇော်က လည်ပင်းညှစ် သတ်ခဲ့ကြောင်း ၀န်ခံကြတယ်လို့ ထိုင်းရဲက ပြောပါတယ်။

ဒါ့အပြင် နန်းဖွန်က ဒီအမှုကို မုဒိမ်းမှုအဖြစ် ပုံဖော်နိုင်ဖို့ မချောငယ်ငယ်ရဲ့ ခန္ဓာကိုယ်ကို သွားနဲ့ကိုက် အ၀တ် အစားတွေကို ချွတ်လိုက်တာတွေ လုပ်ခဲ့တယ်လို့လည်း ၀န်ခံသွားတယ်လို့ ဆိုပါတယ်။

မုဒိမ်းမှုမြောက်၊ မမြောက်ကိုတော့ ဆေးရုံက ဆေးစစ်ချက်တွေ ထွက်ပေါ်လာမှ အတည်ပြုနိုင် မယ်လို့ ရဲစခန်းက ပြောပါတယ်။

သေဆုံးသူ မချောငယ်ငယ်ဟာ ကော်စမွီကျွန်းကို လွန်ခဲ့တဲ့ ၁ ပတ်ကမှ ရောက်လာတာ ဖြစ်ပြီး သူငယ်ချင်း အဆက်အသွယ်နဲ့ အိမ်ဖော်အလုပ်လုပ်နေကြောင်း၊ အဓိက သံသယရှိသူ နန်းဖွန်မှာလည်း ကော်စမွီ ဟိုတယ်တခုမှာ အလုပ်လုပ်နေသူလို့ သတင်းမှာ ဖော်ပြပါတယ်။

ထိုင်းဒေးလီးနယူးစ်သတင်းမှာလည်း ဒီအမှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံသား အမျိုးသား တစ်ဦး၊ အမျိုးသမီး တစ်ဦးနဲ့ ယောက်ျားလျာတစ်ဦးတို့ကို ကော့စမွီရဲစခန်းမှာ ဖမ်းဆီးထိန်း သိမ်း ထားတယ်လို့ ဖော်ပြထားပါတယ်။

By နန်းမြနဒီ(ဒီဗွီဘီ)
http://burmese.dvb.no/archives/83007

ဓာတ်ပုံ (ဘန်ကောက်ပိုစ့်)

ဓာတ်ပုံ (မတီချွန်း)
ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင် ကော်ဆမွီကျွန်းမှာ မြန်မာအမျိုးသမီးတဦး အသတ်ခံရတယ်လို့ မြန်မာ အလုပ်သမားအရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်းက ပြောပါတယ်။

မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ဘီလူးကျွန်း မုရစ်ကလေးကျေးရွာကနေ ထိုင်းနိုင်ငံမှာ အလုပ် လာလုပ်တဲ့  အသက် ၂၂ နှစ်  မဖူးငယ်ငယ် (ခေါ်) မချောငယ်ငယ်ဟာ  ကော်ဆမွီကျွန်းမှာ အသတ်ခံရကြောင်း အစ်မဖြစ်သူက ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ  အကြောင်းကြားခဲ့တယ်လို့ ထိုင်းတောင်ပိုင်း ဖန်ငအခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းက အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က ဒီဗွီဘီကို ပြောပါတယ်။

“သူ့အစ်မက မနေ့ညနေလောက်က အကြောင်းကြားလာပါတယ်။ အလောင်းတွေ့တာကတော့ မနေ့ မနက် ကပါ။  သေဆုံးတာကတော့  ၂၂ ရက်နေ့ ညကလို့ ထင်ရတယ်ပေါ့။ ရပ်ကွက်ထဲမှာတော့  မြန်မာအမျိုးသား အချင်းချင်း သတ်တယ်။ ဘာညာနဲ့ အမျိုးမျိုးပြောနေကြတော့ အမှုမှန် ပေါ်ပေါက်စေချင်တယ်။ ကျနော်တို့ကလည်း မြန်မာသံရုံးကို အကြောင်းကြားပြီး သူတို့အတွက် ရသင့်ရထိုင်တဲ့ အခွင့်အရေးတွေ ရဖို့ ကူညီ ဆောင်ရွက်ပေးမယ်လို့ ပြောခဲ့ပါတယ်။ ပြီးတော့ ရဲဘက်က ဆောင်ရွက်ချက်တွေ စောင့်ကြည့်မယ်။ လိုအပ်ရင် ထိုင်းရှေ့နေတွေ လွှတ်ပြီး ရဲနဲ့ သွားတွေ့ပါမယ်။” လို့ ပြောပါတယ်။

မတီချွန်း ထိုင်းသတင်းစာမှာတော့   ကော့ဆမွီမြို့နယ်ရဲစခန်းက တာဝန်ရှိသူတွေဟာ  မြန်မာအမျိုသမီးတဦးရဲ့ အလောင်းကို ကော့ဆမွီမြို့ ဘော်ဖွတ်ရပ်ကွက် ကျွန်းပတ်လမ်း ရှုခင်းမျှော်စင် အနီး ကျောက်ဆောင်ပေါ်မှာ ဖေဖော်ဝါရီ ၂၃ ရက် မနက် ၉ နာရီကျော်က တွေ့ရှိခဲ့တယ်လို့ ဖော်ပြပါတယ်။

သတင်းပေးပို့ချက်အရ သွားရောက်စစ်ဆေးစဉ်မှာ သေဆုံးသူရဲ့ ပါးစပ်နဲ့ လည်ပင်းကိုလည်း ပလာစတာတွေနဲ့ စည်းပတ်ထားတာ တွေ့ရှိရပြီး ဒဏ်ရာများကို ကြည့်ခြင်းအားဖြင့် မသေခင် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ ဟန်ရှိကြောင်း၊ ဆရာဝန်စစ်ဆေးချက်အရ လွန်ခဲ့တဲ့ ၈ နာရီလောက်က သေဆုံးခဲ့ကြောင်း၊ မသေခင် မုဒိမ်းကျင့်ခံရခြင်းရှိ၊ မရှိကတော့ ဆေးစစ်ချက် မထွက်သေးဘူးလို့  ကော်ဆမွီမြို့နယ် ရဲစခန်းက ဒုရဲအုပ် ချောင်ဝလစ် ကျန်ဘော်နွဲ့က သတင်းထောက်တွေကို ပြောပါတယ်။

ဆက်လက်စစ်ဆေးချက် အရ သေဆုံးသူဟာ အသက် ၂၂ နှစ် မြန်မာ အလုပ်သမား မချော ငယ်ငယ် ဖြစ်ပြီး ပြီးခဲ့တဲ့  ဖေဖော်ဝါရီ၂၂ ရက်နေ့ညက သူတို့နဲ့ အတူ ၆ ရပ်ကွက်ထဲမှာ ရှိတဲ့ ၀က်သားကင်ဆိုင်မှာ အတူတူ စားသောက်နေစဉ်  ရည်းစားဟောင်းက ရောက်လာပြီး ဆိုင်ကယ်နဲ့ တင်သွားတယ်လို့ သူငယ်ချင်းတွေက ထွက်ဆိုပါတယ်။

ရည်းစားဟောင်းရဲ့သူငယ်ချင်းဖြစ်သူတွေလည်း ဆိုင်ကယ်နဲ့ လိုက်သွားကြောင်း၊ ည ၁၁ နာရီခွဲ အခန်းကို ပြန်ရောက်ချိန်မှာတော့  မချောငယ်ငယ်ကို မတွေ့ရဘဲ နောက်တနေ့ မနက်မှာမှ အသတ်ခံရတဲ့ သတင်းကို ရတာလို့ တာဝန်ကျရဲတွေကို ပြောခဲ့ပါတယ်။

လူသတ်တရားခံကို အမြန်ဆုံးဖမ်းဆီးရမိဖို့အတွက် ကော့ဆမွီကျွန်းအ၀င်အထွက် လှေဆိပ်တွေမှာ စစ်ဆေးရေး တိုးမြှင့်ဆောင်ရွက်နေသလို အလုပ်သမားများ စုဝေးနေထိုင်ရာ တန်းလျားနဲ့ လုပ်ငန်းခွင်တွေလည်း စစ်ဆေးနေတယ်လို့ ကော့ဆမွီရဲစခန်းကို ကိုးကားပြီး မတီချွန်း ထိုင်းသတင်းမှာ ဖော်ပြထားပါတယ်။

By နန်းမြနဒီ(ဒီဗွီဘီ)
http://burmese.dvb.no/archives/82965


အိုင်စစ် က အသက် ၅နှစခန့်အရွယ်မှစ၍ ကလေးငယ်များကို စစ်ရေးလေ့ကျင့်ပေးနေသည့် ၀ါဒဖြန့်ဗီဒီယိုတခုကို ထုတ်လွှင့်ခဲ့သည်။ ၉ မိနစ်ကြာအဆိုပါဗီဒီယိုတွင် အာလ်ဖရုခ်စစ်သင်တန်းကျောင်းအမည်ရ သင်တန်းကျောင်း၌ သင်တန်းဆရာ၏ သင်ပြမှုကို နာယူနေသည့် ပြောက်ကျားအိင်္ကျီဝတ်ကလေးငယ်များ အာရေးဘီယားဂီတနောက်ခံတွင် အလံကို မြောက်ကိုင်နေပုံမျာ၊ သင်တန်းဆရာ၏အမိန့်အတိုင်း သတိဆွဲကြပုံ၊ မေးခွန်းများကို တညီတညာတည်း ဖြေကြားကြပုံ၊ သင်တန်းဆရာက သေနတ်အရှေ့ချ၍ ၀တ်ပြုသည့်အတိုင်း တန်းစီဝတ်ပြုပုံများ ကြောချမ်းဖွယ်ရာ မြင်တွေ့ရသည်။

ကလေးစစ်သားစုဆောင်းမှုသည် စစ်ရာဇ၀တ်မှုမြောက်သော်လည်း အိုင်စစ်တို့သည် ကလေးငယ်များအား ၎င်းတို့၏ဂျီဟတ်အတွက် သင်ကြားမွေးမြူနေသည်မှာ ကာလအတန်ကြာပြီဖြစ်သည်။

အိုင်စစ်နှင့်ဆက်စပ်မှုရှိသော လူမှုကွန်ယက်အကောင့်များပေါ်တွင် သေနတ်နှင့်ဟန်လုပ်နေသော ကလေးများ၊ ခေါင်းပြတ်ကို ကိုင်မြှောက်နေသည့် ကလေးများ၏ဓါတ်ပုံများ တင်ထားသည်ကိုလည်း တွေ့ရသည်။ အသက် ၁၅နှစ်အောက် ကလေးငယ်များကို ၎င်းတို့အစွန်းရောက်အယူအဆများ သွတ်သွင်းရန်အတွက် အထူးသင်တန်းကျောင်းများ ဖွင့်လှစ်ထားသည်ဟု သတင်းများအရ သိရသည်။ သင်တန်းသားကလေးငယ်များကို သေနတ်အသုံးပြုနည်း၊ ကစားစရာအရုပ်များဖြင့် ခေါင်းဖြတ်နည်းသင်ကြားပေးခြင်းများရှိသည်ဟု ဆိုသည်။

“ကလေးတွေကို AK-47 သုံးနည်းတွေ သင်ပေးတယ်၊ ကစားစရာအရုပ်တွေနဲ့ ခေါင်းဖြတ်နည်းတွေ သင်ပေးတယ်၊ ပြီးရင် တကယ့်ခေါင်းဖြတ်သတ်တာတွေကိုလည်း ကြည့်ခိုင်းတယ်၊ တခါတလေ ကလေးတွေကို အကြောက်တရားကင်းမဲ့သွားအောင် ခေါင်းပြတ်တွေကို ကိုင်ခိုင်းတယ်”ဟု အီရတ်လုံခြုံရေးအရာရှိတဦးက NBC News ကို ပြောသည်။

အိုင်စစ်တို့က ရက္ကာမြို့ကို မြို့တော်အဖြစ် သတ်မှတ်ပြီးနောက်ပိုင်း ကလေးငယ်များအား အဓ္ဓမတပ်သားစုဆောင်းမှုရန်ကြောင့် အနီးဝန်ကျင်းရှိ မိသားစုများ နေရပ်စွန့်ခွာ ထွက်ပြေးမှုများ ရှိကြောင်း သိရသည်။ အသက် ၁၃နှစ်အရွယ် သားငယ် သင်တန်းတတ်ရောက်ခြင်းကို တားမြစ်သဖြင့် အသက်အန္တရာယ်ခြိမ်းခြောက်ခံရသည်ဟု ဖခင်တဦးက ပြောသည်။ အိုင်စစ်တို့သည် ကလေးငယ်များကို အစွန်းရောက်ဝါဒ သွတ်သွင်းနေခြင်းသာဖြစ်ကြောင်း၊ မိခင်ဖြစ်သူက ကစားစာရာအရုပ်တခုနှင့် မီးဖိုချောင်သုံးဓါးတချောင်းကို ၎င်း၏သားငယ်ထံမှ တွေ့ရှိကြောင်း ၎င်းက ပြောသည်။

Ref ; Daily Mail
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

ဓါတ်ပုံ - သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် ဒု- ဗိုလ်ချုပ်ကြီးယွက်စစ် အား သျှမ်းသံတော်ဆင့်မှ သျှမ်းဘာသာသတင်းဌာန အယ်ဒီတာ စိုင်းဆိုင်ယ ကတွေ့ဆုံမေးမြန်းနေစဉ်
ဖေဖော်ဝါရီလ ၂၃ ရက် ၂၀၁၃

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်မှာ သျှမ်းပြည်သူလူထုက သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော်ရဲ့ တပ်သားသစ် ကောက်ယူစုဆောင်း မှုခံနေရတယ်လို့ပြောဆိုနေပါတယ်။ တပ်သားမပေးနိုင်တဲ့လူတွေအဖို့ ငွေကြေးမြောက်အများ ပေးပြီး လူငှားပေးရတယ်လို့ပြောဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး RCSS/SSA ဥက္ကဌ ဒုဗိုလ်ချုပ်ကြီးယွက်စစ်ကို သျှမ်းသံတော်ဆင့်မှ အယ်ဒီတာ စိုင်းဆိုင်ယ က သီးသန့်တွေ့ဆုံမေးမြန်းထားတာကို ကောက်နှုတ်တင်ပြပေးလိုက်ပါတယ်။

ဒု- ဗိုလ်ချုပ်ကြီးယွက်စစ်။ ။ ကျနော်တို့ မူဝါဒအရ ၁၈ နှစ်ပြည့်ပြီးသူများ စစ်မှုလာထမ်းရမယ် ဆိုတာ ပါရှိပါတယ်။ သျှမ်းဘဲ မဟုတ်ဘူး။ သျှမ်းပြည်ထဲက တိုင်းရင်းသားတိုင်းစစ်မှုထမ်းရမှာပါ။ မိုင်းကိုင်လူထုကိုယ်စား စာရေး တင်ပြလာတယ်ဆိုတာ ကျနော်တောင်မှသိချင်တယ် အဲဒီလူထု ကိုယ်စားလှယ်ဆိုတာ။ သူဟာ တကယ်ဘဲ လူထုကိုယ်စားပြုပါသလား။ တကယ်လို့ စစ်မှုထမ်းရ တာ ကြောင့်လူထုအတွက် အခက် အခဲဖြစ်မယ်ဆိုရင် သျှမ်းပြည်တပ်မတော်ဆိုတာ မရှိစေချင်ရင်လည်းရတယ်။ လွယ်တိုင်းလျန်းမှာ စစ်ပညာသင်ကြားနေတဲ့ စစ်သားအားလုံးကို အိမ်ပြန်ခိုင်းလိုက်မယ်လေ။

ကျနော်တို့မူဝါဒ အရ ၅ နှစ်စစ်မှုထမ်းရမယ်ဆိုတာရှိထားပေမယ့် စစ်ပညာကို ၂ နှစ်ဘဲ လာသင်လဲရတယ်။ ၃ နှစ်ဘဲ လာသင်လဲရတယ်။ လာကြတဲ့လူတွေက ဆန္ဒအလျောက် လာကြတာတွေချည်းဘဲ။ အဓမ္မမကောက်ရပါဘူး။ တာဝန်နဲ့ အသိစိတ်ဓါတ်နဲ့ဘဲလေ။

ကျနော်တို့ သျှမ်းပြည်ကြီးဆုံးရှုံးရတာ ဘာကြောင့်လည်း စော်ဘွားတွေကနေ လူထုကိုစစ်ရေး လေ့ကျင့်ပေးမှု မလုပ်ထားဘူးလေ။ ကိုယ့်ပြည်နယ်ကြီးကိုကာကွယ်ဖို့ အဆင်သင့် မလုပ်ထားတဲ့ ခါကျတော့ ရန်သူက သျှမ်းပြည်ထဲကို အလွယ်တကူနဲ့ ဝင်လာနေနိုင်တာပေါ့။ ဒါလူတိုင်းသိနေ တာဘဲ။ အခု ကျနော်တို့လည်း ဒါတွေကိုသိလာတဲ့ခါကျတော့ စနစ် ကြီးတခု သတ်မှတ်လိုက် တာလေ။ ထိုင်းနိုင်ငံဆိုကြည့်ပါလား။ ၂ နှစ်ခွဲ တသုတ် စစ်သားခေါ်တယ်လေ။ စစ်ရေးပညာ မတတ်ထားရင် ရပ်ကွက်သူကြီးတို့ မြို့ရွာ အုပ်ချုပ်ရေးမှူးတို့မှာ ပါဝင်ရွေးကောက်ခွင့်မရှိဘူး။ သူများနိုင်ငံမှာ လုပ်ထားတဲ့စနစ်က။ ကျနော်တို့လည်း အဲလိုစည်းစနစ်ရှိစေချင်လို့ပါ။

တချို့ဒေသဆိုရင် ဥပမာ RCSS/SSA နဲ့ SSPP/SSA ကြား၊ SSPP/SSA နဲ့ TNLA ကြား၊ RCSS/SSA နဲ့ PNLA တို့ကြား မှာနေထိုင်တဲ့သူတွေအတွက် ဘယ်လိုစီစဉ်ထားလဲဆိုတော့ -
ကျနော်တို့က သျှမ်းပြည်တဝှမ်းလုံးအတွက်ရည်ရွယ်တယ်လေ။ ဒေသတွင်းအတွက်ဘဲမဟုတ်ဘူး။ ဆိုတော့ ဘယ်တပ်ဖွဲ့မှာဘဲစစ်မှုထမ်းထမ်း စစ်မှုထမ်းပြီးပြီဆိုရင် ရပြီ။ ကျနော်တို့ RCSS ဆီမှာမှ စစ်မှုထမ်းရမယ်ဆိုတာမဟုတ်ဘူး။ ဥပမာ SSPP တို့ ၊ TNLA တို့၊ ပအိုဝ်းတို့ဆီမှာ စစ်မှုထမ်းပြီးပြီ ဆိုရင် ကျနော်တို့ဆီလာထမ်းစရာမလိုတော့ဘူး။ ဒါပေမယ့် စစ်ပညာသင်ကြားပြီးကြောင်း သင်တန်း ပြီးလက်မှတ်ရှိရမယ်လေ။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့က သျှမ်းပြည်မှာ သျှမ်းပြည်ရဲ့ တပ်မတော်ဆိုတာ တခုတည်းရှိရမယ်။ ပေါင်းစည်းရေးအတွက် ရည်ရွယ်ထားကြ တယ်လေ။

သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese

ကျောင်းသားတွေဘက်ကတင်တဲ့ပညာရေးဥပဒေမူကြမ်းကိုသေသေချာချာဖတ်ကြည့်ပါ။

ဘယ်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းကိုမှမပိတ်ခိုင်းတဲ့အပြင် အစိုးရထံကတိုးပြီးတောင်းဆိုထားတဲ့ပညာရေးကဏ္ဌ၂၀%တိုးမြှင့်သုံးစွဲဖို့တောင်းဆိုထားတဲ့ ပညာရေးအသုံးစရိတ်မှာပါ အကျုံးဝင်ထောက်ပံ့လို့ ရအောင် ထည့်သွင်းထားပါတယ်။

အခြားဘာသာဝင်များကဖွင့်ထားတဲ့ကျောင်းတွေမှာဘယ်ဘာသာကဖွင့်တဲ့ကျောင်းဖြစ်ဖြစ် ဘာသာရေးကိုသင်တဲ့ကျောင်းဆိုရင်ဒီဥပဒေနဲ့ လုံးဝအကျုံးမဝင်မသက်ဆိုင်ကြောင်း ပုဒ်မ(၆၈)အပိုဒ်ခွဲ(က)မှာအတိအလင်းပါရှိပါတယ်။

ပညာဒါနကျောင်းများဖွင့်လှစ်သင်ကြားနေသောခရစ်ယာန်လူမှုအဖွဲ့အစည်းများရဲ့တောင်းဆိုချက် အရဘာသာရေးမသင်ပဲပညာရေးကိုသာ သီးသန့်သင်တဲ့ကျောင်းများသာ ဒီပညာရေးဥပဒေနဲ့သက်ဆိုင်ကြောင်းထည့်သွင်းဖော်ပြထားတာဖြစ်လို့ဘယ်ဘာသာကဖွင့်တဲ့ကျောင်းဖြစ်ဖြစ် ဘာသာရေးသင်ရင်ဒီဥပဒေနဲ့မသက်ဆိုင်ပဲသာသနာရေးဝန်ကြီးဌာနနဲ့သာသက်ဆိုင်ပါတယ်။ရွှေမြန်မာများသူတပါးပြောစကားနဲ့ကိုယ်ဘဝကိုအဆုံးမသတ်ပဲကိုယ့်ဦးနှောက်နဲ့ကိုယ်ချင့်ချိန်ဆုံးဖြတ်နိုင်တဲ့အသိတရားရှိတဲ့လူမျိုးများဖြစ်ကြပါစေ။

မင်းသွေးသစ်
ဗကသများအဖွဲ့ချုပ်


လောက်ကိုင်-ကုန်းကြမ်း ကားလမ်းပေါ်ရှိ ကိုးကန့်တပ်ဖွဲ့ရဲ့ အရေးပါတဲ့  ယာယီခြေ ကုပ်တောင်ကုန်း တွေကို အစိုးရတပ်က လေကြောင်း ပစ်ကူယူပြီး သိမ်းပိုက်လိုက်တယ်လို့ စစ်တပ်ပိုင် မြ၀တီသတင်းမှာ ဖော်ပြပါတယ်။

ဖေဖော်ဝါရီ ၂၁ ရက် ညနေပိုင်းမှာ လောက်ကိုင်- ကုန်းကြမ်း ကားလမ်းပေါ်ရှိ ၁၈ မိုင်လမ်းဆုံအနီး စစ်ဗျူဟာအရ အရေးကြီးတဲ့ တောင်ကုန်းတွေကို သိမ်းယူနိုင်ခဲ့တဲ့အကြောင်းနဲ့ လောက်ကိုင်- တာရွှေထန်- ၁၈ မိုင် – ညံခွမ်း လမ်းကြောင်းကို တပ်မတော်စစ်ကြောင်းများက ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး လမ်းပန်းဆက်သွယ်ရေး ပုံမှန်ပြန်ဖြစ်သွားပြီလို့ သတင်းမှာ ဖော်ပြပါတယ်။

အဆိုပါနေ့က တိုက်ပွဲ  ၅ ကြိမ် ဖြစ်ပွားခဲ့ပြီး အစိုးရတပ်က ၄ ဦး ကျဆုံးကာ  ၂၁ ယောက် ဒဏ်ရာရပြီး ကိုးကန့်ဖက်က ၃ ဦး ကျဆုံးတယ်လို့ စစ်တပ် မီဒီယာက ဆိုပါတယ်။

ဦးဖုန်ကြားရှင်ခေါင်းဆောင်တဲ့ ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်ဖွဲ့က (အမ်အန်ဒီအေအေ) ပြောခွင့်ရသူ ဦးထွန်းမြတ်လင်းကတော့ ဒီတိုက်ပွဲမှာ အစိုးရဘက်က အကျအဆုံးများတယ်လို့ ဒီဗွီဘီကိုပြောပါတယ်။

“မနက်အစောကြီးကတည်းကနေ စပြီး သူတို့လက်နက်ကြီးနဲ့ ပစ်ပါတယ်။ ၁၁ နာရီလောက် ကျတော့ ရဟတ်ယာဉ် ၂ စီးနဲ့ တိုက်လေယာဉ် ၂ စီးနဲ့ လာပြီးတော့ ဗုံးကြဲတယ်။ တိုက်တယ်။ ပြီးတော့ ကြည်းတပ်က ထိုးတက်တယ်၊ မရတော့ ပြန်ဆင်း၊ ပြန်ဆုတ်။ လက်နက်ကြီးနဲ့ ပြန်ပစ်၊ ပြန်တက် အဲဒီလိုပေါ့။ အဲဒီဖြစ်စဉ်မှာ အစိုးရဘက်က ၁၃၀ လောက် ကျတယ်။ ကျနော်တို့ဘက်က ၃ ယောက်ပါ အဲဒီပွဲမှာ တင်ပါ။ သူတို့က ထိုးစစ်၊ ကျနော်တို့က ခံစစ်ပါ၊ အဲဒီနေရာကနေ ကျနော်တို့ နည်းနည်းလေး ဆုတ်လိုက်တာပါ။ သူတို့ အားလုံး ထိန်းချုပ်ထားတာ မဟုတ်ပါဘူး။”

အလားတူ ဖေဖော်ဝါရီ ၂၁ ရက် ညနေပိုင်းကလည်း  လောက်ကိုင်မှ ကွမ်းလုံသို့ ထွက်ခွာလာတဲ့  ကြက်ခြေနီအလံလွှင့် ယာဉ်တစ်စီး  ပစ်ခတ် တိုက်ခိုက်ခံခဲ့ရပြီး  MRTV-4 သတင်းဌာနက ၁ ဦး၊ လောက်ကိုင် ကြက်ခြေနီ ဒုဦးစီးမှူး ၁ဦး၊ လောက်ကိုင် ဒေသ ကွပ်ကဲမှု စစ်ဌာနချုပ်က ဒုအရာခံဗိုလ်ရဲ့ သားဖြစ်သူနဲ့ တခြားအရပ်သား အမျိုးသမီးတစ်ဦးနဲ့ အမျိုးသား ၁ ဦး  စုစုပေါင်း ၅ ဦးဒဏ်ရာရသွားခဲ့ပါတယ်။

ဒီပစ်ခတ်မှုနဲ့ပတ်သက်ပြီး အစိုးရက ကိုးကန့် တပ်ဖွဲ့ရဲ့ လက်ချက်လို့ စွပ်စွဲထားပေမယ့် ဦးထွန်းမြတ်လင်းကတော့ ဒါကို မဟုတ်မှန်ကြောင်း  ငြင်းဆိုပါတယ်။

‘ပထမအကြိမ်ဖြစ်ကတည်းက ကျနော်တို့ပြောပြီးပြီဘဲ ကျနော်တို့ရဲ့တပ် အဲဒီပတ်ဝန်းကျင်မှာ မရှိပါဘူး။ လူတိုင်းသိပါတယ် ကြက်ခြေနီဆိုတာ ပစ်လို့ မ၇ဘူးဆိုတာကို။ ပြည်သူလူထုကို ကျနော်တို့ လုံးဝမပစ်ပါဘူး။ ကျနော်တို့ ပြောထားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကြက်ခြေနီ အလံနဲ့ပဲသွားသွား အရပ်ဝတ်နဲ့ပဲသွားသွား လုံးဝမပစ်ရဘူးလို့ ကျနော်တို့ အမိန့်ထုတ်ထားပါတယ်”လို့ ဦးထွန်းမြတ်လင်းကပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့ကလည်း ချင်းရွှေဟော်အနီးမှာ   စစ်ပြေးဒုက္ခသည်တွေ တင်ဆောင်လာတဲ့ ကြက်ခြေနီ အလံလွှင့်တင်ထားတဲ့ ကယ်ဆယ်ရေးယာဉ်တန်းတိုက်ခိုက်ခံခဲ့ရပြီး ကြက်ခြေနီ တပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာရရှိခဲ့တာပါ။

ဖေဖော်ဝါရီ ၉ ရက်က စတင်ခဲ့တဲ့ ကိုးကန့်ဒေသ တိုက်ပွဲတွေမှာ  မြန်မာစစ်တပ်ဖက်က ၅၅ ဦးသေဆုံးပြီး ၁၀၈ ဦးဒဏ်ရရခဲ့တဲ့ အကြောင်းနဲ့ ကိုးကန့်ဖက်က ၇၂ ဦးသေဆုံးတယ်လို့  ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးက  ဖေဖော်ဝါရီ ၂၁ရက် နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/82862


ဌာနမှူးပါမေက္ခတောင် လာဆွဲခေါ်ယူရတဲ့ ဗိုလ်ကတော် ဆရာမရဲ့  ပြောဆိုမှု။ ပညာရေးဥပဒေကြမ်းနဲ့  ပတ်သက်ပြီး မရှင်းတာ လိုအပ်တာ အကြံပြုလိုတာ ရှိရင် ဆွေးနွေးပွဲထဲမှာတော့ ၀င်ရောက် မဆွေးနွေးဘဲ အပြင်မှာ အပြစ်တင် ရန်တွေ့ သလိုလုပ်တာ မသင့်တော်ပါဖူး။

(ဗွီဒီယို - မိုးမိုး)။

သပိတ်မှောက်ကျောင်းသား ကျောင်းသူတွေနဲ့ တွေ့ဆုံ ခဲ့တဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် အဖွဲ့ UNA ခေါင်းဆောင်တွေကို ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌက ရန်ကုန် မြို့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှာ ခေါ်ယူတွေ့ ဆုံခဲ့ပါတယ်။

ဒီနေ့တွေ့ဆုံပွဲမှာ ကော်မရှင်ဥက္ကဌ ဦးတင်အေး က ကျောင်းသားအရေးဟာ ထိလွယ်ရှလွယ်တဲ့ ကိစ္စဖြစ်တာကြောင့် ထိန်းထိန်းသိမ်းသိမ်းဆောင် ရွက်ကြဖို့ ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ UNA ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးအေးသာအောင် က ပြောပါတယ်။ UNA ခေါင်းဆောင်တွေက လည်း ကျောင်းသားအရေး ကိစ္စမှာ အစိုးရအနေနဲ့ အကြမ်းဖက်တာတွေမလုပ်ဖို့ ဆွေးနွေးခဲ့တယ်လို့ ဦးအေးသာအောင်က ပြောပါတယ်။

ဒီလ ၁၇ ရက်နေ့က ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ၃ ရက်ကြာကျင်းပခဲ့တဲ့ UNA ညီလာခံမှာ သပိတ်မှောက်ကျောင်းသား ကျောင်းသူတွေ တက်ရောက်ခဲ့ပြီး လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲကနေ ထွက်ပေါ်လာတဲ့ အမျိုးသားပညာရေးဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်က ပြဌာန်းပေးဖို့ UNA က တိုက်တွန်းထားပါတယ်။

ဒါ့အပြင် ကော်မရှင်ဥက္ကဌနဲ့ဆွေးနွေးပွဲမှာ UNA ညီလာခံကချမှတ်ခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပေးဖို့၊ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ပေးဖို့နဲ့ ဖက်ဒရယ်ပြည်ထောင်စု ဖော်ဆောင်ရေးကိစ္စတွေကို ဒီနေ့ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

RFA
https://www.facebook.com/pages/RFA-Burmese/39218993127

ပဲခူးတိုင်းဒေသကြီး ပြည်မြို့မှာ လာမယ့် မတ်လ ၁ ရက်နေ့ ကျင်းပမယ့် ဗိုလ်ချုပ်အောင်ဆန်းရာပြည့် အခမ်းအနားကို အမျိုးသားဒီမိုကရေအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် မိန့်ခွန်းပြောမှာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ပြည့် အခမ်းအနားတွေကို ဒီနှစ်တစ်နှစ်လုံး ကျင်းပမှာဖြစ်တယ်လို့ ပြည်ခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးမြင့်သန်းထွန်းက ပြောပါတယ်။

"ဗိုလ်ချုပ်ရာပြည့်ပွဲအနေနဲ့ကတော့ တစ်နိုင်ငံလုံးမှာ ဗဟိုကလည်းပဲ ရာပြည့်နှစ်အနေနဲ့ပေါ့နော် ညွှန်ကြား ထားသလို ကျနော်တို့ ဗိုလ်ချုပ် နှစ်တစ်ရာပြည့်ပွဲကို မြို့နယ်တိုင်း နယ်မြေတိုင်းမှာလည်း ကျင်းပသွား မှာဖြစ်ပါတယ်၊ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လာပါမယ်၊ ဗိုလ်ချုပ်ရဲ့ကောင်းတဲ့ အစဉ်အလာတွေ စိတ်ဓါတ်တွေကို လူငယ်တွေသိရှိအောင်၊ လူငယ်တွေ အတုယူနိုင်ရန်အတွက် ရည်ရွယ်ပြီးတော့ လုပ်ခြင်းဖြစ်ပါတယ်"

အဲဒီအခမ်းအနားကို ပြည်မြို့က ရွာဘဲရပ်ကွက်၊ လေးထပ်ပြင်ကွင်းမှာ ကျင်းပမှာဖြစ်ပါတယ်။

အလားတူပဲ ဒီလ ၂၈ရက်နေ့ ဟင်္သာတမြို့မှာ ကျင်းပမယ့် ဗိုလ်ချုပ်ရာပြည့်အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မိန့်ခွန်းပြောမှာဖြစ်ပါတယ်။

RFA
https://www.facebook.com/pages/RFA-Burmese/39218993127


ဓာတ်ပုံ – dailynews.co.th
ထိုင်းနိုင်ငံ အနောက်မြောက်ပိုင်း ချိုင်းနတ်ခရိုင်ထဲကို တရားမ၀င် ၀င်ရောက်လာတဲ့ မြန်မာနိုင်ငံ သားတွေနဲ့ ခေါ်ဆောင်လာတဲ့ ထိုင်းနိုင်ငံသား ယာဉ်မောင်း ၂ ဦးကို ဖမ်းဆီးထားတယ်လို့ ထိုင်းရတ် သတင်း မှာ ဖော်ပြပါတယ်။

ဖေဖော်ဝါရီလ ၂၂ ရက်က ထိုင်းနယ်စပ်ကနေ ဘန်ကောက် ပထုန်ဌာနီခရိုင်ကို ဦးတည်သွားမယ့် မြန်မာနိုင်ငံသား စုစုပေါင် ၆၈ ဦးကို  ချိုင်းနတ်ခရိုင် မနိုလုမ်းမြို့နယ် တေချနန်းကျေးရွာအုပ်စု အာရှလမ်းမကြီး ကီလိုတိုင်အမှတ် ၁၄၉ မှာ ဖမ်းမိခဲ့တာလို့ မနိုလုမ်းမြို့နယ် ရဲစခန်းက တာဝန်ကျစခန်းမှူး ဂျေစဒါး ဆူမ်နတ်က သတင်းထောက်တွေကို ပြောပါတယ်။

ဆက်လက်စစ်ဆေးချက်အရ သူတို့အားလုံးဟာ တာ့ခရိုင် မဲဆောက်မြို့ကနေ ဘန်ကောက်အတွင်းပိုင်းကို အလုပ်သွားလုပ်ဖို့ဖစ်ပြီး  တဦးကို ဘတ် ၁၂၀၀၀ နှုန်းစီနဲ့ သယ်ဆောင်ခဲ့တာလို့ ကားသမားတဦးက ဖြေကြားခဲ့တယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး တရားမ၀င် ၀င်ရောက်လာသူအားလုံးနဲ့ သယ်ဆောင်လာသူ ထိုင်းလူမျိုး ၂ ဦးကိုပါ တရားဥပဒေအရ အရေးယူသွားမယ်လို့ စခန်းမှူးက သတင်းထောက်တွေကို ပြောသွားပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/82848

အမေရိကန် ရှော့ပင်းမော့လ်တွေအပါအ၀င် အနောက်နိုင်ငံ ရှော့ပင်းမော့လ်တွေကို ဗုံးခြိမ်းခြောက်မှုတွေ ရှိခဲ့တာကြောင့် ဈေးဝယ်သူတွေ သတိထား သွားလာကြဖို့ အမေရိကန်အမျိုးသားလုံခြုံရေးအကြီးအကဲက ဖေဖော်ဝါရီ ၂၂ ရက်နေ့က သတိပေးခဲ့ပါတယ်။

ဆိုမာလီအခြေစိုက် အယ်လ် ရှားဘတ်အကြမ်းဖက်အဖွဲ့က အမေရိကန်၊ ကနေဒါနဲ့ ဗြိတိန်ဈေးဝယ်ကုန်တိုက်တွေကို အကြမ်းဖက်တိုက်ခိုက်ဖို့ ခြိမ်းခြောက်ခဲ့မှုကို အထူးအလေးအနက် ထားတယ်လို့ အမျိုးသားလုံခြုံရေးအကြီးအကဲ ဂျဲခ်ျ ဂျွန်ဆင်က စီအန်အန်သတင်းဌာနကို ပြောဆိုတာပါ။

၂၀၁၃ ခုနှစ်က ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့တော်က ဈေးဝယ်ကုန်တိုက်တခုကို အယ်လ်ရှားဘတ် အကြမ်းဖက်အဖွဲ့က အကြမ်းဖက်တိုက်ခိုက်ခဲ့ပြီး လူ ၆၇ ယောက် သေဆုံးခဲ့တာပါ။

အကြမ်းဖက်တိုက်ခိုက်မှုဟာ ပုံစံသစ်တခုနဲ့ သွားနေပြီး မိခင်နိုင်ငံတွေက နိုင်ငံသား အကြမ်းဖက်သမားတွေကို ပြန်အသုံးချနေကြတယ်လို့လည်း ဂျဲခ်ျ ဂျွန်ဆင်က ပြောဆိုပါတယ်။

ဒါကြောင့် ဈေးဝယ်သူတွေကို ရှော့ပင်းမော့လ်တွေကို မသွားဖို့ တားမြစ်တာတော့ မဟုတ်ပေမယ့် အခုလို အကြမ်းဖက်ခြိမ်းခြောက်မှုမျိုးတွေကို အလေးအနက်ထားရမှာ ဖြစ်တယ်လို့ ပြောဆိုပါတယ်။

ခြိမ်းခြောက်တဲ့ ဗီဒီယိုထဲမှာတော့ ဗြိတိန်လေသံနဲ့ အကြမ်းဖက်အဖွဲ့ဝင်တဦးက အမေရိကန်နဲ့ ဂျူးလူမျိုးပိုင် ရှော့ပင်းမော့လ်တွေကို တိုက်ခိုက်ဖို့ အကြမ်းဖက်တွေကို လှုံ့ဆော်ထားတာပါ။

ဗြိတိန်ရဲတပ်ဖွဲ့ကလည်း အဲဒီဗီဒီယိုကို အသေးစိတ် စစ်ဆေးနေတယ်လို့ ပြောဆိုပါတယ်။

အမေရိကန် ရှော့ပင်းမော့လ်တွေဖြစ်တဲ့ မော့လ် အော့စ် အမေရိက (Mall of America)နဲ့ ၀က်တ် အက်ဒ်မွန်တန် မော့လ်(West Edmonton Mall)တို့ကတော့ လုံခြုံရေးတိုးမြှင့်မယ့် အစီအမံတွေကို ကြေညာချက်ထုတ်ပြန်ထားပါတယ်။

အမေရိကန်နိုင်ငံ မင်နီဆိုးတာပြည်နယ်မှာ ဆိုမာလီဒေသခံ အများဆုံး နေထိုင်ကြပြီး ပြီးခဲ့တဲ့ ၁ ပတ်က မင်နီဆိုးတာပြည်နယ်မှာ အိုင်အက်စ်အစွန်းရောက်တွေကို ထောက်ခံအားပေးသူတဦး ထိန်းသိမ်းခံရပါတယ်။

ကနေဒါ၊ ပြင်သစ်နဲ့ ဒိန်းမတ်နိုင်ငံတွေမှာလည်း အိမ်မွေးခြံပေါက်အစွန်းရောက်တွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း လုံခြုံရေးတိုးမြှင့်ခဲ့ကြပါတယ်။

DVB
http://burmese.dvb.no/archives/82855

သူရ ဦးအောင်ကို
နိုင်ငံတကာအကူအညီတွေနဲ့ ချေးငွေတွေကို သုံးစွဲရာမှာ   လေလွင့်မှုတွေရှိနေသလို ပြည်ပချေးငွေတွေ ရယူ တာဟာ နိုင်ငံမှာ အကြွေးဝန်ထုတ်ဝန်ပိုးများလာနေတယ်လို့ လွှတ်တော်ကိုယ်စားလှယ် သူရဦးအောင်ကိုကပြောကြားလိုက်ပါတယ်။

ဖေဖေါ်ဝါရီလ ၂၃ ရက်ပြည်သူ့လွှတ်တော်မှာ  နိုင်ငံတကာထောက်ပံ့ငွေတွေကို မျှတစွာ ခွဲဝေသုံးစွဲနိုင်ခြင်းနဲ့ လေလွင့်ဆုံးရှုံးမှုလျော့နည်းပပျောက်အောင် ပြန်စစ်ဆေးကြပ်မတ်နိုင်ခြင်းရှိမရှိ မေးမြန်းခဲ့တဲ့  ကံပက်လက် မဲဆန္ဒနယ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် သူရဦးအောင်ကို ကပြောကြားလိုက်တာပါ။

ဒီမေးမြန်းချက်နဲ့ပတ်သက်ပြီး အမျိုးသားစီမံကိန်းနဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ဒု-၀န်ကြီးဒေါ်လဲ့လဲ့သိန်းက  နိုင်ငံတကာထောက်ပံ့ငွေ၊ ချေးငွေများကို ကဏ္ဍအလိုက် ခွဲဝေသုံးစွဲရာတွင် ဆုံးရှုံးမှုအသုံးစရိတ်များ မဖြစ်ပေါ်စေရေးအတွက် စီမံကိန်းများနှင့် စပ်လျဉ်းသော အခြေအနေများကို စောင့်ကြပ်ကြည့်ရှုခြင်း၊ အကဲဖြတ်ခြင်းများကိုဆောင်ရွက်ရန်အတွက် သက်ဆိုင်ရာ စီမံကိန်းအကောင်အထည်ဖော်သည့် ဝန်ကြီးဌာနများတွင် စီမံကိန်းကြီးကြပ်ရေးယူနစ်များကို ထားရှိပြီး လစဉ်စီမံကိန်းပြီးစီး အကောင်အထည်ဖော်မှုအခြေအနေကို အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနကို မိတ္တူပေးပို့၍ အစိုးရ အဖွဲ့ရုံးကို ပုံမှန်တင်ပြလျက်ရှိကြောင်း လွှတ်တော်မှာ  ပြောကြားသွားပါတယ်။

ဒါ့ပြင် နိုင်ငံတော်အနေဖြင့် ပြုပြင်ပြောင်းလဲမှုအဆင့်‌ဆင့်ကို ပြည်သူဗဟိုပြုဖွံ့ဖြိုးမှု မူဝါဒအရ ဦးစားပေးကဏ္ဍများ ဖော်ထုတ်ပြီး နိုင်ငံခြားအကူအညီအထောက်အပံ့တွေကို ဖွံ့ဖြိုးမှုစီမံချက်များအနေဖြင့် ဆောင်ရွက်သည့်အခါတွင် ပြည်သူကို တိုက်ရိုက်အကျိုးဖြစ်ထွန်းစေမည့်  ဦးစားပေးလုပ်ငန်းစဉ် ခုနစ်ရပ်ဖြစ်သော လျှပ်စစ်မီး၊ သောက်သုံးရေရရှိရေး၊ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးမှု၊ အလုပ်အကိုင်ရရှိရေး၊ ခရီးသွားလုပ်ငန်း၊ ငွေကြေးလုပ်ငန်းနှင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေမှာ ဆောင်ရွက်လျက်ရှိပါကြောင်းလည်းပြောသွားပါတယ်။

သူရဦးအောင်ကိုကတော့ နိုင်ငံတကာ အကူအညီတွေ အပေါ်မှာ သုံးစွဲတဲ့ဝန်ကြီးဌာနတွေအနေနဲ့ အကျင်ပျက်ခြစားမှုတွေတိုးပွားလာတာကြောင့် နိုင်ငံစီးပွားရေးကို ထိခိုက်နိုင်တယ်၊ နိုင်ငံတကာ ထောက်ပံကူညီမှုတွေကို ရယူမဲ့အစား နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေများများ ၀င်ရောက် လာအောင် လုပ်ဆောင်သင့်တယ်လို့  အကြံပြု ပြောပါတယ်။

လက်ရှိ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှာ  စီမံချက် ၂၆ ခုအတွက် ချေးငွေ  အမေရိကန်ဒေါ်လာ ၃၈၅၂.၉၂၈ သန်းချေးယူဖိုရ  ညှိနှိုင်းထားတဲ့ အနက် ကန်ဒေါ်လာ သန်း ၁၅၀.၇၃၄ သန်း ရရှိပြီးပြီးလို့   ဒုဝန်ကြီးဒေါ်လဲ့လဲ့သိန်းကပြောပါတယ်။

မြန်မာနိုင်ငံကို အလှူရှင်နိုင်ငံ ၂၂ နိုင်ငံ၊  ကုလသမဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကနေပေးအပ်တဲ့ အကူအညီဟာ ၂၀၁၁-၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၄ နှစ်ကုန်ထိ စီမံချက် ၅၆၂ ခုအတွက် အမေရိကန်ဒေါ်လာ ၂၉၅၄.၄၂၁ သန်းနဲ့  ဆောင်ရွက်နေပြီး  ရရှိပြီးပမာဏ ကန်ဒေါ်လာ ၁၄၇၁.၃၂၇ သန်း ရှိတယ်လို့  ပြည်ထောင်စု ၀န်ကြီးရဲ့ပြောကြားချက်အရသိရပါတယ်။

By အောင်ကြီး (ဒီဗွီဘီ)
http://burmese.dvb.no/archives/82931

စစ်တပ်ဆိုတာ နိုင်ငံတကာမှာ
ပြည်သာဖို့အရေး လုံဖြုံရေးနှင့်
ငြိမ်းအေးချမ်းသာ အိုးအိမ်ယာကို
မကွာစောင့်ကြပ် ပြည်သူဘက်ရပ်တဲ့
မားမားမတ်မတ် တပ်မတော်ပါ…။

အများပိုင် အများဆိုင်တာကို
ကိုယ်ပိုင်ပစ္စည်း ဖန်တီးရစ်ပြီး
စစ်အာဏာရှင် ဗိုလ်လုပ်ချင်တွေက
ဖင်တနေရာစာ ခိုင်ခိုင်မာမာ
ထိုင်သာဖို့အတွက် လက်ထဲကိုင်ဆုပ်
လက်ကိုင်တုတ်အဖြစ် ပြောင်းပစ်လုံးဝ
အသုံးချကြလေသည်…။

တပ်မတော်သားလည်း ငယ်ကကျွေးထား
ခလေးစစ်သားမို့ သူ့ဘိုးအေစကားသာ
နားထောင်ကြရှာ..ပညာမသင်ရ
အမြင်မရှိကြမို့ စက်ရုပ်သမျှ
အသုံးတော်ခံရ သံပတ်ပေးသမျှလဲ
လိုက်လှုပ်ရ လိုက်လုပ်ကြ…။

စက်ရုပ်ဆိုတာ အသည်းနှလုံးမရှိပါ
သံပတ်ပေးရာ လိုက်လှုပ်ရရှာ
စစ်သားတွေဟာ အသည်းနှလုံးနဲ့ပါ
နှလုံးရှိသူဟာ ခံစားတတ်ရှာ
အနာပေါ်တုတ်ထိ နာမှန်းသိ
သူ၏မိသားစုလဲ ပြည်သူတွေပဲ
ပြည်သူဆင်းရဲ သူဆင်းရဲ
ပြည်သူလဲသေ သူလဲကြေ
အမေကမွေး အဖေကကြွေး
ပြည်သူကမွေး ပြည်သူကကြွေး
ပြည်သူကိုပြန်မစတေး
အရေးကြီး သွေနီးဖို့ရာ
ကိုရွှေစစ်သားတွေ သိမှာပါ
ကိုယ့်လိပ်ပြာကိုယ်လုံဖို့သာအရေးကြီးတာ…။
.
တက္ကသိုလ်ဘုန်းကြွယ်(ဖေဖေါ်ဝါရီ ၂၂ ၁၅)


ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် စက်မှုဇုံက အထည်ချုပ်အလုပ်သမားသပိတ်ခေါင်းဆောင်နှစ်ဦးကို အစိုးရက နိုင်ငံအကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲဆိုပြီး လာမယ့် လဆန်းပိုင်းမှာ ရွှေပြည်သာမြို့နယ်တရားရုံးမှာ ရုံးထုတ်မှာဖြစ်ပါတယ်။

မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MTUF) ၀င် ကိုနိုင်လင်းအောင်က “ကိုနိုင်ဌေးလွင်ကို မတ်လ ၃ ရက်နေ့ရုံးထုတ်မယ်၊ ကိုမျိုးမင်းမင်းကို မတ်လ ၆ ရက်နေ့ရုံးထုတ်မယ်။ သူတို့နှစ်ယောက် စလုံးကို ၅၀၅ (ခ) နဲ့ ရွှေပြည်သာမြို့နယ်တရားရုံးမှာ ရုံးထုတ်မယ်။ အဖမ်းခံရတဲ့သူ ၂ ယောက်ရဲ့ အလုပ်သမားအဖွဲ့အစည်းနဲ့ မိသားစုတွေက ရွှေပြည်သာမြို့နယ်တရားရုံးမှာ ဒီကနေ့ သွားမေးကြတာပါ” လို့ ပြောပါတယ်။

ကိုမျိုးမင်းမင်းဟာ ရွှေပြည်သာမြို့နယ် အထည်ချုပ်အလုပ်သမားအဖွဲ့ဥက္ကဋ္ဌဖြစ်ပြီး E.Land Myanmar စက်ရုံကဖြစ်ပါတယ်။ ကိုနိုင်ဌေးလွင်ဟာ Ford Glory စက်ရုံက အလုပ်သမားခေါင်းဆောင် ဖြစ်ပါတယ်။

သူတို့ ၂ ဦးဟာ ပျောက်ဆုံးနေရာက ရဲကဖမ်းပြီး အင်းစိန်ထောင်မှာ ချုပ်နှောင်ထားတယ်ဆိုတာ မနေ့က ရွှေပြည်သာအုပ်ချုပ်ရေးမှူးရုံး ညှိနှိုင်းပွဲမှာ အလုပ်သမားတွေက သိကြတာဖြစ်ပါတယ်။ သောကြာနေ့က ဖမ်းဆီးတဲ့ အလုပ်သမား ၈ ဦးကိုလည်း စနေနေ့မနက်မှာ လွှတ်ပေးပြီးပြီလို့ အစိုးရဘက်က ပြောဆိုပြီး ဂျာနယ်တွေမှာ အလုပ်သမား ၁၀၀ ကျော် ဖမ်းတယ်ဆိုတာ မဟုတ်ဘူးလို့ ဖြေဆိုခဲ့ကြပါတယ်။

ညှိနှိုင်းပွဲမှာ Costec International၊  Ford Glory နဲ့  E-land Myanmar တို့က ကိုယ်စားလှယ် ငါးဦးစီ ၁၅  ဦးနဲ့ မြို့နယ်အလုပ်သမားဦးစီးအရာရှိတွေ လုပ်ခလစာတိုးမြှင့်ရေးတောင်းဆိုချက်ကို ညှိကြရာမှာ အဆင်ပြေမှု မရခဲ့ပါဘူး။

တနင်္ဂနွေနေ့ ဆွေးနွေးပွဲမှာ တက်ရောက်တဲ့ E.Land Myanmar စက်ရုံက မခင်မျိုးဦးက “မနေ့က ညှိနှိုင်းပွဲကို သွားပါတယ်။ အဆင်မပြေဘူး။ အရင်က day ကြေး ၄၀၀ ပေးတဲ့ ၁၂၀၀၀ (တလ)၊ မနေ့က  day ကြေးကို ၁၅၀ ထပ်တိုးပေးတယ်။ ၅၅၀ ကျပ်၊ တလ ၁၃၅၀၀ ကျပ်ပေါ့။ ဒါပေမယ့် အများအမြင်မှာ တိုးပေးတယ်လို့ မြင်အောင်မို့လို့ ၅၅၀ ဖြစ်သွားတယ်။ ဒါပေမယ့် ရှိပြီးသား၊ ပေးပြီးသား ရက်မှန်ကြေး ၈၀၀၀ နေရာမှာ ၃၀၀၀ ကို သူတို့နုတ်လိုက်တယ်။ ၅၀၀၀ ပဲထားမယ်ဆိုပြီး ပြန်ဖြတ်လိုက်တယ်။ ဘဲစား ဘဲချေဖြစ်သွားတယ်။ ”

“ကျမတို့ တိုးတောင်းတာ သုံးသောင်းဆိုပေမယ့် ယတိပြတ်ကြီး မဟုတ်ပါဘူး။ အလုပ်ရှင်ဘက်လည်း ငဲ့ပါတယ်။ ဟိုဘက်၊ ဒီဘက် day ကြေးမကြီး မပေးနဲ့၊ ပေးရင် အချိန်ပိုကြေး အရမ်းမြင့်သွားမှာစိုးလို့။ တခြားထဲမှာ ထည့်ပေးပါ၊ ဥပမာ day ကြေးထဲက နည်းနည်း၊ ရှားပါးစရိတ်ထဲက နည်းနည်း၊ အဲလို နှစ်ခု မျှပေးလို့ပြောတာ၊ day ကြေးတခုပဲပေးတယ် ကျန်တာ တခုမှ မပေးဘူး။” လို့ ပြောပါတယ်။

အလုပ်သမားကိုယ်စားလှယ်တွေက အလုပ်သမားခေါင်းဆောင် ခေါင်းဆောင် ကိုမျိုးမင်းမင်းနဲ့ ကိုနိုင်ဌေးလွင်တို့ကို လွှတ်ပေးပါလို့ တောင်းဆိုခဲ့ကြပါတယ်။

အထည်ချုပ်စက်ရုံလုပ်သားတွေဟာ အလုပ်ချိန် တရက်ရှစ်နာရီအပြင် တနင်္လာနေ့ကနေ သောကြာနေ့ထိ အချိန်ပို ၃ နာရီ ဆင်းကြရလေ့ရှိပြီး စနေနေ့မှာ အချိန်ပို ၄ နာရီ ဆင်းကြရပါတယ်။

သူတို့ရဲ့ လစဟာ အလယ်အလတ်တန်းအဆင့် လုပ်သားတဦးအတွက် တလကို ကျပ် ကိုးသောင်းကနေ တသိန်း ၂ သောင်းခန့် ကြား ရရှိကြတယ်လို့ သိရပါတယ်။

ဒီကနေ့    E.Land Myanmar အထည်ချုပ်စက်ရုံရှေ့မှာ စက်ရုံ ၃ ရုံစလုံးက အလုပ်သမားတွေ ဆန္ဒပြနေကြပါတယ်။ ဆန္ဒပြအလုပ်သမားတဦးက သူတို့ ခေါင်းဆောင်တွေကို လွှတ်ပေးမှသာ ဆက်လက်ညှိနှိုင်းမယ်လို့ ပြောပါတယ်။

“ကိုနိုင်ဌေးလွင်နဲ့ ကိုမင်းမင်း သူတို့နှစ်ယောက်ကို ပြန်လွှတ်မှ ရှေ့ဆက်ပြီး ဘာဆက်လုပ်ရမယ်ဆိုတာ သိမယ်။ နောက်တခုက အဲဒီကိစ္စပြီးမှ ကျန်တဲ့ ကိစ္စကို ညှိနှိုင်းမယ်လို့ ဆုံးဖြတ်ထားတယ်” လို့ ပြောပါတယ်။

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်၊ ရွှေပြည်သာ စက်မှုဇုံအတွင်းက Costec International၊ Ford Glory နဲ့ E-land Myanmar အထည်ချုပ်စက်ရုံက အလုပ်သမားနှစ်ထောင်ကျော်ဟာ လစာတိုးမြှင့်ရရေးအတွက် ဆန္ဒပြသပိတ်မှောက်နေတာ တလနီးပါးရှိပြီ ဖြစ်ပါတယ်။

လစာတိုးမြှင့်ရရှိရေးတောင်းဆိုချက်အပေါ် အလုပ်သမားဝန်ကြီးဌာန၊ အလုပ်ရှင်နဲ့အလုပ်သမားတွေ ညှိနှိုင်းဆွေးနွေးမှုတွေ အကြိမ်ကြိမ်ပြုလုပ်ခဲ့ကြပေမယ့် သဘောတူညီချက်မရကြသေးပါဘူး။ ဒီလ လလယ်ပိုင်းက စက်ရုံကို သပိတ်မှောက်သမားတွေက ပိတ်ဆို့ ဆန္ဒပြကြပြီးနောက် ရဲတပ်ဖွဲ့က သောကြာနေ့ညနေမှာ ဆန္ဒပြသမားတွေကို ဖယ်ရှားခဲ့ရာမှာ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး နှစ်ဘက် ထိခိုက်မှုဖြစ်ခဲ့ပါတယ်။

ရွှေပြည်သာ စက်မှုဇုန်အတွင်းမှာ ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေသလို လှိုင်သာယာ စက်မှုဇုန်တွင်း မှာလည်း ဆန္ဒပြမှုတွေ ကြုံတွေ့နေရပါတယ်။

သမတရဲ့ လစာဟာ ကျပ်ငွေ သိန်းငါးဆယ်ဖြစ်ပြီး ပြည်ထောင်စု လွှတ်တော်အမတ်ရဲ့ လစာငွေက ကျပ်ငွေ ဆယ်သိန်းဖြစ်ပါတယ်။

အလုပ်သမားအရေးဆောင်ရွက်သူတွေကတော့ အနိမ့်ဆုံးအခကြေးငွေ သတ်မှတ်နိုင်တဲ့အခါ ပြသနာတချို့ ပြေလည်စေမှာဖြစ်ပေမယ့် အနိမ့်ဆုံးလုပ်ခ သတ်မှတ်ပြီးတဲ့အခါ ကျွမ်းကျင်မှုအလိုက် လစာတွေကိုပါ ပြဌာန်းသင့်ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

လက်ရှိမှာ အစိုးရ၊ အလုပ်ရှင်နဲ့။ အလုပ်သမားတွေ အနိမ့်ဆုံးအခကြေးငွေတရပ်သတ်မှတ်ရေး အတွက် စုပေါင်းကြိုးပမ်းနေပြီး လာမယ့် အောက်တိုဘာလလောက်မှာ သတ်မှတ်နှုန်းထားတရပ် ထွက်ပေါ် လာဖွယ်ရှိပါတယ်။

By အေးနိုင် (ဒီဗွီဘီ)
http://burmese.dvb.no/archives/82911


ပဲခူးတိုင်းဒေသကြီးအတွင်းမှာ စစ်တပ်က ပေါ်တာအတွက် လိုက်လံဖမ်းဆီးနေတယ်ဆိုတဲ့ ကောလာဟလဟာ မဟုတ်မှန်ကြောင်း အခြေအမြစ်လုံးဝမရှိကြောင်း ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့က ဒီဗွီဘီကို ပြောပါတယ်။

မနေ့က ပဲခူးတိုင်းဒေသကြီးအတွင်း စစ်တပ်က ပေါ်တာဖမ်းဆီးမယ်၊ စစ်တပ်တွင်းကို အတင်းသွတ် သွင်းမယ်ဆိုတဲ့ ကောလာဟာလတွေ ထွက်ပေါ်နေပြီး ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေ ကြတဲ့အပေါ် ဒီဗွီဘီက မေးမြန်းချက်ကို ဖြေဆိုခဲ့တာဖြစ်ပါတယ်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦးမောင်မောင်သန်းက “အဲဒါက ကောလာဟလပါ ကွယ်။ ဦးတို့လည်း မြို့နယ်အုပ်ချုပ်ရေးမှူး ခရိုင်အုပ်ချုပ်ရေးမှူးမှာပြီးတော့ ပြည်သူလူထုတွေ အထိတ်တလန့် မဖြစ်နဲ့ လုံးဝပေါ်တာမဆွဲဘူး တာဝန်ယူတယ်။ သူတို့ကို ကျယ်ကျယ်ပြန့်ပြန့် လိုက်ပြီးတော့ အမှန်သိရအောင် ပြန်လုပ်ခိုင်းထားတယ်။ ရပ်ကွက်အဆင့်အထိလိုက်ပြီး ကြေညာချက်တွေလည်းထုတ် လုံးဝမဆွဲဘူး (ပေါ်တာ) တာဝန်ယူတယ်ဆိုပြီး လုပ်ထားတယ်။”

“အန်ကယ်တို့ သိသလောက်ကတော့ ကျောက်တံခါးဘက်မှာ လောင်းကြေးလိုက်ပြီး ကြက်တိုက်ကြ တာ၊ အဲဒါကို ဖမ်းတယ်။ အဲဒီမှာ ထွက်ပြေးတယ်။ အဲဒီမှာ ကောလာဟလ ဖြစ်သွားတာ။ အမှန်တော့ ကြက်တိုက်တဲ့အဖွဲ့ကို ဖမ်းတာ” လို့ ပြောပါတယ်။

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့၊ တောင်ငူမြို့နယ်တွေနဲ့ ကရင်ပြည်နယ်သံတောင်မြို့နယ်တွေမှာ စစ်တပ်က လိုက်လံဖမ်းဆီးနေတယ်ဆိုတဲ့ ကောလာဟလကြောင့် လူတွေအထိတ်တလန့်ဖြစ်ပြီး ရှောင်တိမ်းပုန်းအောင်းနေကြပါတယ်။

တောင်ငူမြို့ ညောင်ပင်သာရွာမှာနေတဲ့ ဒေသခံတဦးက ထွက်ပေါ်နေတဲ့ ကောလာဟလကို ခုလို ပြောပြပါတယ်။

သူက “ ၂၁ ရက်နေ့ညက စစ်တပ်က ကား ၂ စီးနဲ့ လာတယ်။ ပြီးတော့ သတိမထားတဲ့သူတွေက ဖမ်း ခံရတယ်။ အဲဒါ  ဘယ်ကိုပို့လဲတော့ မသိဘူး။ ကျမတို့ ဒီဖက်မှာနေတဲ့သူတွေက ကြောက်လို့ဆိုပြီး ထွက်ပြေးပုန်းနေတယ်ကြတယ်။ ဘာကြောင့် ဖမ်းလဲဆိုတာ ကတော့ ပထမက ပေါ်တာလိုလို့ ဖမ်းတယ် ဒါပေမယ့်နောက်ကျတော့ ပါသွားတဲ့လူတွေက သူ့ကို စစ်တပ်ထဲပို့မှာလို့ ပြောတယ်။ မနေ့ညက သတင်းတောင်ကြားသေးတယ်။ သူတို့ညနေ ၆ နာရီကစပြီး တွေ့တဲ့လူ လမ်းမှာတွေ့ရင် ဖမ်းမှာတဲ့။”

ဒါကြောင့် တောင်ငူမြို့ ရပ်ကွက်တွေက ပြည်သူတွေ အထူးသဖြင့် အမျိုးသားတွေ လယ်တဲတွေ လိုက်ပြီး ပုန်းအောင်းနေကြတယ်လို့လည်း ပြောပါတယ်။

တောင်ငူမြို့နဲ ၁၃ မိုင်လောက်ဝေးတဲ့ သံတောင်မြို့သစ်မှာလည်း ပေါ်တာဖမ်းတယ်ဆိုတဲ့ သတင်း ကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေတာ ၂ ရက်လောက်ရှိနေပြီးလို့ သံတောင်မြို့သစ်က ဒေသခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် နော်ခရစ်ထွန်းက ပြောပါတယ်။

“အခုကတော့ လူတွေက ကျီးလန့်စာစားနဲ့ထွက်ပြေးနေတာပဲရှိတယ်။ လိုက်ဖမ်းတာတော့ သံတောင်မှာမရှိပါဘူး။ ညညဆိုလူတွေက ကြောက်ပြီးတော့ ထွက်ပြေးကုန်တယ်လေ။ ၂ ညရှိပြီး ရှေ့ညက တောင်ငူမှာဖြစ်သွားတယ်ဆိုတာနဲ့ သံတောင်ဘက်က ကူးသွားတာပေါ့။ သတင်းက ကူးသွားတာ။ တကယ်တော့ တရားခံလိုက်ဖမ်းတာလို့ ပြောတာပဲ။ အတိအကျ ပေါ်တာဆွဲတာတော့ မဟုတ်ပါဘူး။ ”

ဒီဖမ်းဆီးမှုရှိတယ်ကိစ္စကိုသိရဖို့ နေ့ညက ရဲစခန်းနဲ့ နယ်မြေခံတပ်ကို လိုက်လံမေးမြန်းရာမှာလည်း စစ်တပ်က တာဝန်ရှိသူတွေက သူတို့အနေနဲ့ ဖမ်းဆီးမှု မရှိဘူးလို့ ပြောပါတယ်။

“ကျမကို အကုန်လုံးက လှမ်းမေးပြီးတော့ အကူအညီတောင်းလို့ ကျမက သတင်းသေချာအောင်လို့ အပြင်ထွက်ပြီး အုပ်ချုပ်ရေးမှူးတွေ၊ စခန်းမှူးတွေနဲ့တွေ့ခဲ့တာ။ သူတို့ဖက်က မဖမ်းပါဘူးတဲ့။ တပ်ကိုလည်း မေးလိုက်တယ်။ နယ်မြေခံတပ်ရင်း ကိုလည်း မေးလိုက်တယ်။ ပေါ်တာဖမ်း ပါသလား လို့မေးတယ်။ သူတို့က မဟုတ်ပါဘူးတဲ့။ မဖမ်းပါဘူးတဲ့ ကောလာဟလ သတင်းကြောင့် ထွက်ပြေး နေကြတာတဲ့” လို့ နော်ခရစ်ထွန်းက ပြောပါတယ်။

ဒီလိုအလားတူ သတင်းကြောင့်လည်း ပဲခူးမြို့ လူထုတွေလည်း ထိတ်လန့်ပြီး ထွက်ပြေးတိမ်းရှောင် နေကြတယ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပဲခူးမြို့​ပေါ်ရပ်​ကွက်​​တွေဖြစ်​တဲ့ ​ပေ ၂၀၊ ​ဖောင်​​တော်​ဦးနဲ့ ဘုရားသုံးဆူ၊ ဘန်​ဒါကုန်းစတဲ့ ရွာ​တွေမှာ ​ပေါ်တာဆွဲသွားတယ်​ ဆိုတဲ့ သတင်း​ တွေ ထွက်​​နေတာပါ။

သာယာ​အေးရပ်​ကွက်​​ဒေသခံ တစ်​​ယောက်​က​တော့ “ကားသုံးစီးနဲ့ လူ​တွေ ကို ခေါ်သွားတာ မြင်​တဲ့သူ​တွေက လှမ်း​ပြောတယ်​။ ခု​တော့ ကျနော်​တို့လည်း အိမ်​​နောက်​က ဝါးရုံ​တွေ ​အောက်​မှာ အိပ်​​နေရတယ်​” လို့ ​ပြောပါတယ်​။

လောက်​ကိုင်​မှာ စစ်​ပွဲ​ ဖြစ်​ပြီး​​နောက်​ပိုင်း မန္တ​လေးမြို့မှာ စစ်​တပ်​က ​ပေါ်တာဆွဲတယ်​ ဆိုတဲ့သတင်း ထွက်​​ပေါ်ခဲ့ပါ​သေးတယ်။

ဒီလိုသတင်းတွေကြောင့် ကျေးရွာက လူထုတွေအပါအ၀င်မြို့ပေါ်မှာလည်း ထွက်ပြေးတိမ်းရှောင်နေ ကြပါတယ်။ ဒါပေမယ့် တကယ်ဖမ်းဆီးခံရသူ ဘယ်လောက်ရှိတယ်ဆိုတာကိုတော့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

လက်ရှိ မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တချို့အကြား ရှမ်းပြည်နယ် မြောက်ပိုင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ တပ်မတော်က လွန်ခဲ့တဲ့ ဆယ်စုနှစ်ပိုင်းက ပြည်တွင်းစစ်အတွင်း ထမ်းပိုးဖို့အတွက် အတင်းအကျပ် ပေါ်တာဖမ်းဖူးတဲ့ အလေ့အထရှိခဲ့ဖူးတာကြောင့် ကောလာဟာလဆိုပေမယ့် ထွက်ပြေးတိမ်းရှောင်နေကြ တာဖြစ်ပါတယ်။

By နော်နိုရင်း  (ဒီဗွီဘီ)
http://burmese.dvb.no/archives/82906


တရားထိုင်နေသည့်ဟန်ဖြင့် ဘုန်းတော်ကြီးတပါး၏ မံမီရုပ်ကြွင်းကို သက်တမ်းအားဖြင့် ၁၁/၁၂ ရာစုခန့်က ဗုဒ္ဓဆင်းတုအတွင်းမှ တွေ့ရှိခဲ့သည်။ လေ့လာမှုကို ဗုဒ္ဓဘာသာ ကျွမ်းကျင်သူ အဲရစ်ဘရုဂ်ျက အဆိုပါ မံမီရုပ်လောင်းကို လေ့လာမှုပြုရာ တရုတ်တရားထိုင်သင်တန်းကျောင်းမှ တရားပြဆရာကြီး လျှုကွန်း၏ရုပ်လောင်းဟု သိရသည်။

အဆိုပါဗုဒ္ဓဆင်းတုကို နယ်သာလန်နိုင်ငံ Drents ပြတိုက်မှတာဝန်ရှိသူများက Meander ဆေးရုံတွင် CT Scan နှင့် endoscopy များဖြင့် လေ့လာမှုပြုခဲ့ကြခြင်းဖြစ်သည်။

ယင်းဗုဒ္ဓဆင်းတုတွင်း၌ ရဟန်းတော်၏ရုပ်ကြွင်းရှိနေသည်ကို ကြိုတင်သိရှိခဲ့ကြသော်လည်း ခန္ဓာကိုယ်တွင်းကလီစာများ ထုတ်ပယ်ထားသည်ကို အံ့အားသင့်ဖွယ် တွေ့ရှိခဲ့ရသည်။ ယင်းအပြင် တရုတ်ဘာသာဖြင့်ရေးသားထားသည့် စာခွေများကိုလည်း ဆင်းတုတွင်းမှ တွေ့ရှိရသည်။

Scan ဖတ်ပြီးနောက် မံမီရုပ်လောင်းအား ဘူဒါပက်မြို့ရှိ အမျိုးသားပြတိုက်တွင် မေလအထိ ထားရှိရန် ဟန်ဂေရီနိုင်ငံသို့ ပို့ဆောင်ခဲ့သည်။

ထိုသို့သောမံမီများသည် သေဆုံးသွားခြင်းမဟုတ်ဘဲ ဈာန်ဝင်စားနေခြင်းဖြစ်သည်ဟု ဗုဒ္ဓဘာသာဝင်အချို့ က ယူဆကြသည်။

ယခင်လအတွင်းကလည်း ကုမုဒ္ဒြာဟန်ဖြင့် တရားကျင့်နေသော မံမီရုပ်ကြွင်းတခု မွန်ဂိုးလီးယားတွင် တွေ့ရှိခဲ့ရသည်။ ယင်းရုပ်ကြွင်းသည် နှစ် ၂၀၀ ခန့်ရှိပြီဟု ယူဆရပြီး တိရစ္ဆာန်သားရေဖြင့် ရစ်ပတ်ထားသည်။

အစောပိုင်းမှန်းဆချက်များအရ ယင်းရုပ်ကြွင်းသည် တိဘက်ဗုဒ္ဓဘာသာဆရာ လားမားဒါသျှီဒေါ်ဂျိုအီတီဂျီလော့ဗ်၏ ရုပ်ခန္ဓာဖြစ်သည်ဟု ဆိုသည်။ ၁၈၅၂ ခုနှစ်ဖွား လားမားဒါသျှီဒေါ်ဂျိုသည် တိဘက်ဗုဒ္ဓဘာသာဝင် လားမားဘုန်တော်ကြီးဖြစ်ပြီး ဆေးစီမံထားခြင်းမရှိဘဲ ကြာရှည်တည်မြဲနေသည့် ရုပ်ခန္ဓာကြောင့် လူသိများသည်။

Ref;DailyMail
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


ကိုက်ကွတ် ဖေဖော်ဝါရီ ၂၂

IS အဖွဲ့သည် ဖမ်းဆီးရမိထားသည့် အကျဉ်း သား၂၁ဦးကို ၄င်းတို့ထိန်းချုပ်ထားသည့် ကိုက်ကွတ် ခရိုင်အတွင်းရှိ လမ်းမများပေါ်တွင် သံလှောင်အိမ် ထဲထည့်ကာ မသတ်မီအင်တာဗျူးပြုလုပ်ထားသည့် ဗီဒီယိုဖိုင်တစ်ခုကို ထုတ်လွှင့်ခဲ့ကြောင်း ဒေးလီး မေးလ်သတင်းဌာနက ယနေ့ဖော်ပြထားသည်။

ဖမ်းဆီးခံထားရသည့် အကျဉ်းသား ၂၁ဦးမှာ ၄င်းတို့နှင့်တိုက်ခိုက်နေသည့် ကာ့ဒ်လက်နက်ကိုင် အဖွဲ့မှတပ်ဖွဲ့ဝင်များဖြစ်ကြောင်း သိရသည်။

အဆိုပါ ဗီဒီယိုဖိုင်သည် ကိုးမိနစ်ခန့်ကြာမြင့်ခဲ့ပြီး လမ်းမ ပေါ်တွင် အများပြည်သူရှေ့၌ ပြုလုပ်ခဲ့ခြင်းဖြစ် သည်။

အဖမ်းခံထားရသည့် ကာ့ဒ်တပ်ဖွဲ့ဝင်တစ်ဦး စီကို သံလှောင်အိမ်ထဲထည့်ကာ တစ်ဦးလျှင် ကား တစ်စီးစီပေါ်တင်၍ စစ်ရေးပြအခမ်းအနားကဲ့သို့ သတ်မည့်နေရာသို့တန်းစီချီတက်ခဲ့ပုံကို ဦးစွာရိုက် ကူးဖော်ပြခဲ့သည်။လမ်းများပေါ်တွင် လာရောက်ကြည့်ရှုသူများ နှင့်ပြည့်နှက်ခဲ့ပြီး ကိုးမိနစ်ကြာမြင့်သည့် အဆိုပါ ဗီဒီယိုဖိုင်တွင် မျက်နှာဖုံးစွပ်မထားသည့် IS လက် နက်ကိုင်တစ်ဦးက မိုက်ကရိုဖုန်းတစ်လုံးကိုင်ကာ ကာ့ဒ်လက်နက်ကိုင်တပ်ဖွဲ့ဝင်များကို တစ်ဦးချင်းစီ အင်တာဗျူးခဲ့ခြင်းဖြစ်သည်။

သတ်ကွင်းထဲတွင် သံလှောင်အိမ်တစ်ခုချင်းစီအတွင်းမှ အကျဉ်းသား များကိုအင်တာဗျူးခဲ့ခြင်းဖြစ်သည်။ အင်တာဗျူး အစီအစဉ်ပြီးနောက် အဖမ်းခံထားရသူများထဲမှ အသက်အကြီးဆုံးဖြစ်ဟန်တူသော သူတစ်ဦးကို လှောင်အိမ်ထဲမှဆွဲထုတ်ကာ IS တပ်ဖွဲ့ဝင်များရှေ့ တွင်ဒူးထောက်စေခဲ့ပြီး မျက်နှာကိုသေနတ်ဖြင့် ပစ်သတ်ခဲ့သည်။

ထို့နောက် ဗီဒီယိုမှာ အနက်ရောင် ပြောင်းလဲသွားပြီး ပြီးဆုံးသွားခဲ့သည်။

ယခုဗီဒီယိုဖိုင်သည် IS အဖွဲ့အဓိကထိန်းချုပ် ထားသော မိုဆူးမြို့ကို ကာ့ဒ်လက်နက်ကိုင်အဖွဲ့များ သိမ်းပိုက်ရန် ထိုးစစ်ဆင်ခဲ့ပြီးနောက် နောက်တစ် ရက်တွင် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

T 1 P (Ref : Daily Mail)
The Union Daily
http://uniondaily.net/News/DetailView.aspx…



Photo: Nay Thwae/RFA
အမျိုးသား ပညာရေး ဥပဒေကို သပိတ်မှောက်တဲ့ ပင်မသပိတ်စစ်ကြောင်းကို အားပေး ထောက်ခံကြောင်း မန္တလေး ရတနာပုံ တက္ကသိုလ်မှာ ဒီနေ့ ဟောပြောပွဲ ကျင်းပကြပြီး လမ်းလျှောက်ဆန္ဒပြ ကြပါတယ်။

ဟောပြောပွဲကို အကန့်အသတ်နဲ့ ပြုလုပ်ဖို့ ဒုပါမောက္ခချုပ်က သတိပေးခဲ့ပေမဲ့ ကျောင်းသားတွေက တက္ကသိုလ်ပင်မဆောင်ရှေ့နဲ့ တက္ကသိုလ်ဝင်းအတွင်း လှည့်လည် ဟောပြောခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127


အားလုံးသိကြပြီဖြစ်တဲ့အတိုင်း ခုဆိုရင် ရှမ်းပြည်နယ် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ မှာ စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်လိုက်တဲ့ အဆင့် ရောက်သွားပါပြီ။ တိုက်ပွဲတွေကတော့ ဆက်ပြီးဖြစ်ပွားနေဆဲပါ။ တိုက်ပွဲတွေကြောင့် ထွက်ပြေးပြီး မြန်မာပြည် အတွင်းပိုင်း ပြန်လာသူ ရှစ်ထောင်လောက်နဲ့ နယ်စပ်ဖြတ် တရုတ်နိုင်ငံဘက် ထွက်ပြေးခိုလှုံသူ တစ်သိန်းနီးပါး ရှိလာပြီလို့ သိရပါတယ်။ လက်ရှိ ကိုးကန့်တိုက်ပွဲ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ထူးခြားချက်တစ်ခုကတော့ တိုက်ပွဲ စတင်ကာစ အစိုးရ တပ်မတော်ဘက်က အထိအခိုက် အကျအဆုံး အလွန်များခဲ့တာမို့ အဲဒါကို အကြောင်းပြုပြီး တပ်မတော်ကို ငွေကြေး ရုပ်ဝတ္တုပစ္စည်း လှူဒါန်းတာတွေ၊ တပ်မတော်ကို ထောက်ခံကြောင်း သဘောထားကြေငြာချက် ထုတ်ပြန်တာတွေ တွေ့လာရပါတယ်။ လက်ရှိ လက်နက်ကိုင် တိုက်ပွဲ ပဋိပက္ခ ပြသနာတွေအတွင်း  နိုင်ငံတော်အချုပ်အခြာ အာဏာကို ထိပါးနေပြီဆိုတဲ့ အယူအဆနဲ့ ၀ါဒဖြန့်ပြောဆိုမှုတွေကြောင့် ရေရှည်ငြိမ်းချမ်းရေးအတွက်ဘယ်လိုအကျိုးသက်ရောက်သွားနိုင်မလဲ ဆိုတာ   ဒီတစ်ပါတ် ဆွေးနွေးတင်ပြသွားပါ့မယ်။

လက်ရှိ ကိုးကန့် တိုက်ပွဲ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အစိုးရနဲ့ တပ်မတော်ဘက်က ပုံဖော်တာကတော့ အချုပ်အခြာ အာဏာ ထိပါးခံရတယ် လို့ အဓိပ္ပါယ် ဖွင့်ဆိုပါတယ်။ သတင်းထုတ်ပြန်ချက်တွေမှာ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆိုတာ ပြည်ထောင်စု မြန်မာနိုင်ငံရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်တယ်၊ ဒီ အစိတ်အပိုင်းတစ်ခုကို သူပုန်တပ်ဖွဲ့တွေက ၀င်ရောက်တိုက်ခိုက်တယ် ဆိုတာဟာ အချုပ်အခြာ အာဏာကို ထိပါးတာဖြစ်တယ်ဆိုပြီး စွတ်စွဲတာ ဖြစ်ပါတယ်။ ဒါနဲ့ပါတ်သက်ပြီး အနီးဆုံး ဖြစ်စဉ်တစ်ခုကြည့်ရင် နယ်ခြားစောင့်တပ် ဖွဲ့တာကို လက်မခံတဲ့ တပ်မှူး စောလားပွယ်ခေါ် ဗိုလ်နှုတ်ခမ်းမွေး ဦးဆောင်တဲ့ တပ်ဖွဲ့ဟာ အစိုးရ ရုံးစိုက်ရာ နယ်စပ် မြ၀တီမြို့ကို ၀င်ရောက်တိုက်ခိုက်တဲ့ ဖြစ်စဉ် တစ်ခု ပေါ်ပေါက်ခဲ့ဖူးပါတယ်။ ဒါပေမယ့် အဲဒါကို အစိုးရဘက်က အချုပ်အခြာအာဏာကို ထိပါးတာ ဆိုပြီး ပုံဖော်တာမျိုးတော့ မကြားမသိခဲ့ရပါဘူး။
ကျူးကျော်မှုလား၊ ပြည်တွင်းစစ်လား

တကယ်တော့ အပစ်အခတ် ရပ်စဲမထားတဲ့ အစိုးရအဖွဲ့နဲ့ သူပုန် အဖွဲ့ဆိုတာဟာ ကိုယ်က သူ့နယ်မြေ သူ့စခန်း ၀င်တိုက်၊ သူကလည်း ကိုယ့်နယ်မြေ ကိုယ့်စခန်း ၀င်တိုက် တစ်ဖက်ကို တစ်ဖက် လက်ဦးအောင် တိုက်ခိုက်နေကြတဲ့ ဖြစ်စဉ်ပါ။ သိပ် အထူးအဆန်းကြီးတော့ မဟုတ်ပါဘူး။ ကိုယ့်နယ်မြေ သူများလက် ပါမသွားအောင် ခုခံကာကွယ်ရတာဟာ တပ်မတော်ဘက်ကရော၊ သူပုန်အဖွဲ့ဘက်ကပါ ကြိုးစားကြရတာပါ။ အခု ကိုးကန့်ဖြစ်စဉ်မှာတော့ တပ်မတော်ဘက် အထိအခိုက် အကျအဆုံး အလွန်များတာ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေ တစ်ခုလုံး တည်ငြိမ်မှု ပျက်ပြားသွားတာကို အကြောင်းပြုပြီး အချုပ်အခြာ အာဏာ ထိပါးတယ် လို့ အဓိပ္ပါယ် ဖွင့်လိုက်ပုံရပါတယ်။ ဒါကြောင့်လည်း သူဌေးကြီးတွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေ၊ အနုပညာရှင်တွေက တပ်မတော်ကို ငွေကြေးနဲ့ ရုပ်ဝတ္တုတွေ လှူဒါန်းကြ၊ အမျိုးဘာသာ သာသနာ ထိန်းသိမ်း စောင့်ရှောက်ရေး လို အဖွဲ့နဲ့ အဖွဲ့အစည်းတစ်ချို့က တပ်မတော်ကို ထောက်ခံကြောင်း ကြေငြာချက်တွေ ထုတ်ကြတာ ဖြစ်ပါတယ်။

အခု တိုက်ပွဲဖြစ်စဉ်နဲ့ ပါတ်သက်ပြီး စဉ်းစားရမှာ နှစ်ချက်ရှိပါတယ်။ ပြည်ပ ကျူးကျော်မှုလား၊ ပြည်တွင်းစစ်လား ဆိုတာပါ။ အခုရက်ပိုင်းအတွင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ပြည်တွင်း မီဒီယာ (၆) ခုနဲ့ အင်တာဗျူး လုပ်ထားပြီး အခု ကိုးကန့်တိုက်ပွဲ ပြသနာတွေကိုလည်း ဖြေကြားထားပါတယ်။ သူ့ဖြေကြားချက်တွေထဲမှာ အိမ်နီးချင်း တရုတ်နိုင်ငံ တနည်းအားဖြင့် ပြည်ပ ကျူးကျော်ရန်စမှု၊ တရုတ်အစိုးရရဲ့ အားပေးကူညီမှု ပါတယ်လို့ တစ်ခွန်းတစ်ပါဒမှ ပြောမထားပါဘူး။ နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေကိုယ်တိုင် အခုကိစ္စ တရုတ်နိုင်ငံ တာဝန်ရှိသူတွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်လို့ ဆိုထားပြီး ဖြစ်ပါတယ်။ ဒါကြောင့် ဒီ ပြသနာကို ပြည်ပ ကျူးကျော်မှုပြသနာ သို့မဟုတ် ၀င်ရောက်စွက်ဖက်မှု ပြသနာ၊ အချုပ်အခြာ အာဏာ ပြသနာအဖြစ် ပုံဖော်တာ မှန်ကန်မှု မရှိပါဘူး။

နောက်တစ်ချက် ဒီ ကိုးကန့်တပ်ဖွဲ့ MNDAA ဟာ လက်နက်ကိုင် တိုင်းရင်းသားတွေ စုပေါင်းထားတဲ့ UNFC ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ အဖွဲ့ဝင် ဖြစ်တဲ့အပြင် သူတို့နဲ့အတူ အခြား တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေလည်း ကူညီ တိုက်ပွဲဝင်နေတယ်လို့ ဆိုပါတယ်။ အစိုးရနဲ့ အပစ်ရပ်ရေး ဆွေးနွေးရာမှာ ပါတဲ့ တအောင်းပလောင် တပ်ဖွဲ့နဲ့ ရခိုင်တိုင်းရင်းသား လက်နက်ကိုင် AA အဖွဲ့ပါတယ်ဆိုတာ အဲဒီ တပ်ဖွဲ့ တာဝန်ရှိသူတွေကိုယ်တိုင်က မှန်ကန်တယ် ဆိုပြီး အတည်ပြုထားပြီ ဖြစ်ပါတယ်။ ကေအိုင်အေ နဲ့ မြောက်ပိုင်း ရှမ်းပြည်တပ်မတော်ကတော့ သူတို့မပါဘူးလို့ ငြင်းဆိုထားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီဖြစ်စဉ်ဟာ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် သူပုန်အုပ်စုတွေရဲ့ တိုက်ပွဲဖြစ်ပြီး ပြည်တွင်းစစ် အစိတ်အပိုင်း တစ်ခုပဲဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန် အစိုးရဟာ တက်လာကတည်းက ပြည်တွင်းစစ် ပြသနာကို အပစ်ရပ်ရေး၊ နိုင်ငံရေးအရ ဆွေးနွေး အဖြေရှာရေး နည်းလမ်းနဲ့ ငြိမ်းချမ်းရေး တည်ဆောက်သွားမယ် ဆိုပြီး ပြောဆို အကောင်အထည် ဖော်နေပါတယ်။ ဒီနေရာမှာ မြန်မာနိုင်ငံမှာ မှီတင်းနေထိုင်ကြတဲ့ ဗမာအပါအ၀င် တိုင်းရင်းသား ညီအကို မောင်နှစ်မတွေအားလုံးဟာ စစ်ပွဲကို မဟုတ်ပဲ ငြိမ်းချမ်းရေးကို အားပေးအားမြှောက် ပြုသင့်ပါတယ်။ လက်ရှိ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ တိုက်ပွဲမှာ တပ်မတော်ဘက်က အကျအဆုံး အထိအခိုက် များတာကို အကြောင်းပြုပြီး နိုင်ငံတော်အချုပ်အခြာ အာဏာကို ထိပါးတာဖြစ်တယ်ဆိုတဲ့ စွတ်စွဲချက်ကိုပါအသားပေးဝါဒဖြန့်လာကြယင်  အမုန်းတရားတွေ ပိုပွား၊ ပြည်တွင်းစစ်မီးကြီး ပိုတောက်လောင်လာဖို့ပဲ ရှိပါတယ်။

အားလုံးမှတ်မိကြပါဦးမယ်။ သိပ်မကြာသေးခင် ကာလ တုန်းက တပ်မတော်ရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ကေအိုင်အို လိုင်ဇာ စခန်းက တိုင်းရင်းသားဗိုလ်လောင်း ၂၀ ကျော် တစ်ပြိုင်နက်တည်း အသက်ဆုံးရှုံးခဲ့ရတဲ့ ဖြစ်စဉ် ရှိခဲ့ဖူးပါတယ်။ အဲဒီ ဖြစ်စဉ်ကြောင့်ဆိုပြီး ကချင်တွေ၊ ရခိုင်တွေ၊ ပလောင်တွေက KIA တို့ AA တို့ TNLA တို့ကို အားပေး ကူညီ ထောက်ခံခဲ့မယ်ဆိုရင် ပဋိပက္ခတွေ ဘယ်တော့မှ ပြီးဆုံးတော့မှာ မဟုတ်ပါဘူး။

မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ဆိုတာ လွတ်လပ်ရေးနဲ့ အတူ ပေါက်ဖွားလာတာ ဖြစ်ပါတယ်။ ပြည်တွင်းစစ် ရှည်ကြာလာတာနဲ့ အမျှ တိုင်းပြည်လည်းနစ်နာ၊ ပြည်သူတွေလည်း အတိဒုက္ခရောက်ခဲ့ရပါတယ်။ တစ်ဖက်မှာ ဗမာစစ်ဘုရင်တွေ ပေါ်ပေါက်ခဲ့သလို တိုင်းရင်းသား စစ်ဘုရင်တွေလည်း ပေါ်ပေါက်လာ၊ ပြည်တွင်းစစ် ရှည်သထက် ရှည်ကြာနေရတာ ဖြစ်ပါတယ်။ ဗမာ အပါအ၀င် တိုင်းရင်းသား ညီအစ်အစ်ကို မောင်နှစ်မတစ်တွေဟာ ကိုယ့်ညီအစ်ကို အချင်းချင်း သတ်ဖြတ်နေကြတဲ့ ဒီ စစ်ပွဲမှာ စစ်ပွဲရှည်ကြာစေမယ့် ဘယ် ဘက်တစ်ဖက်ဖက်ကမှ ရပ်တည်အားပေးတာမျိုး မလုပ်သင့်ပဲ ငြိမ်းချမ်းရေး ကိုသာ တစိုက်မတ်မတ် တောင်းဆိုသင့်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
 ဦးစည်သူအောင်မြင့် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/news-analysis-sithu-aungmyint-kokang-myanmar-fighting/2654528.html
<iframe src="http://voaburma.share.voanews.eu/externalaudio-FLRM/Audio/2654542.html" scrolling="no" frameborder="0" width="384" height="185"></iframe>