02/26/15


ကွမ်းစားတာဟာ ပတ်ဝန်းကျင်ကို ညစ်ညမ်းစေပြီး လူ့ရဲ့ဥပဓိရုပ်နဲ့ နိုင်ငံပုံရိပ်ကို ညှိုးမှိန်စေတဲ့ လုပ်ရပ်ဖြစ် ကြောင်း သတိပေး ဟောပြော ဆောင်ရွက် နေတယ်လို့ ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဒု-ဝန်ကြီး ဒေါက်တာ ဝင်းမြင့်က ပြောပါတယ်။

ဖေဖော်ဝါရီ ၂၄ ရက် အမျိုးသားလွှတ်တော်မှာ ရန်ကုန်တိုင်း မဲဆန္ဒ နယ်အမှတ်(၃) အမတ် ဦးဖုန်းမြင့်အောင်က ကွမ်းယာစားသူတွေရဲ့ ကျန်းမာရေးနဲ့ ပတ်ဝန်းကျင်သန့်ရှင်းရေးအတွက် ကွမ်းယာဆိုင်တွေမှာ သတိပေးစာတမ်းတွေထားနိုင်ရေးကိစ္စ မေးမြန်းရာမှာ ၀န်ကြီးက ဖြေကြား သွားတာပါ။

ဒု-ဝန်ကြီး ဒေါက်တာ ဝင်းမြင့်က မြန်မာနိုင်ငံဟာ အရှေ့ တောင်အာရှနိုင်ငံတွေထဲမှာ ဆေးပါတဲ့ ကွမ်းစားမှုနှုန်း အများဆုံးဖြစ်နေပြီး ကွမ်းစားခြင်းနဲ့ ဆက်နွှယ်တဲ့ ခံတွင်းကင်ဆာအပါအဝင် ကင်ဆာရောဂါဖြစ်ပွားမှု များလာတယ်လို့ ဖြေကြားသွားပါတယ်။

ဒါ့ကြောင့် ကျန်းမာရေးဝန်ကြီး ဌာနအနေနဲ့ ကွမ်းစားခြင်းရဲ့ ဆိုးကျိုးတွေနဲ့ ကွမ်းစားခြင်းကို ရှောင်ကြဉ် သင့်ကြောင်း နေပြည်တော်အပါအ၀င် နိုင်ငံတ၀န်း ပြည်နယ်နဲ့တိုင်းတွေမှာ ပြည်သူတွေကို အသိပညာပေး အစီအစဉ်တွေ ဆောင်ရွက်နေတယ်လို့လည်း ဒုဝန်ကြီးကပြောကြားသွားပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/83246

အမျိုးသားပညာရေးဥပဒေကြမ်းကို ကန့်ကွက်တဲ့ ကျောင်း သားတွေဟာ မန္တလေးမြို့အိမ်တော်ရာ ဘုရားဝင်းကနေ ရန်ကုန်မြို့ကို ဇန်နဝါရီ ၂၀ ရက်နေ့က စတင်လမ်းလျှောက် ဆန္ဒပြကြစဉ်။ Photo: Nay Thwae/RFA
လက်ပံတန်းမြို့ကို ရောက်ရှိနေတဲ့ ပင်မ သပိတ်မှောက် ကျောင်းသား ကျောင်းသူတွေက လာမယ့် မတ်လ ၁ ရက်နေ့မှာ မူလရည်ရွယ်ချက်အတိုင်း ရန်ကုန် ကို ဆက်လက် ချီတက်ကြမယ်လို့ ပြောပါတယ်။

အမျိုးသားလွှတ်တော်က အမျိုးသားပညာရေးဥပဒေ ကို ပြင်ဆင်နိုင်ဖို့ ကြားနာပွဲတွေကို လာမယ့် မတ်လ ၅ ရက်နေ့ကနေ မတ်လ ၁၅ ရက်နေ့အထိ ကျင်းပမယ် လို့ ကြေညာထားပါတယ်။

ဥပဒေကြမ်းကို အတည်ပြုဖို့ အချိန်ဆွဲနေတယ်လို့ ယူဆ တဲ့အတွက် ချီတက်ကြမှာ ဖြစ်တယ်လို့ သပိတ်မှောက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုသီဟ၀င်းတင် က ဒီကနေ့ ပြောပါတယ်။

"အခြေအနေကများသောအားဖြင့် ပြန်ထွက်ဖို့ များတယ်ဗျ၊ ဘာဖြစ်လို့လဲဆိုတော့ ခုထက်ထိကို တိကျခိုင်မာတဲ့ လုပ်နည်းလုပ်ဟန်တွေကို မတွေ့ရဘူး၊ ပြီးတော့ ဒီဥပဒေကို အချိန်ဆွဲနေတယ်လို့မြင်နေ ရတယ်၊ ၁ ရက်နေ့မှာ ကျနော်တို့ကြေညာချက် အတိုင်း ပေါ့နော်၊ တကယ်လို့သူတို့ဘက်ကသာ ခိုင်မာ တိကျတဲ့ဟာမဖြစ်ဘူး၊ ဥပဒေမူကြမ်းကိုလဲ အတည်ပြုမပြဌာန်းပေးဘူးဆိုရင် ကျနော်တို့က ဖြစ်တဲ့နည်းနဲ့ ရအောင်ထွက်လာမှာပဲ "

ပညာရေးဥပဒေမူကြမ်းအပေါ် ကြားနာပွဲတွေမှာ ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီ၊ မြန်မာနိုင်ငံ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်၊ နိုင်ငံရေးပါတီခေါင်းဆောင်တွေအပြင် ကျောင်းသား သပိတ်ကို ထောက်ခံတဲ့ ပြည်သူ ၂၀ ဦး၊ မှတ်ပုံတင်ထားတဲ့ အရပ်ဘက်လူမှုအဖွဲ့ အစည်းကိုယ်စားလှယ် ၂၀ ဦး နဲ့ အကြံပြုစာပေးပို့ထားသူတွေကို ဖိတ်ကြားသွားမယ်လို့ ကြေညာထားပါတယ်။

RFA Burmese
http://www.rfa.org/burmese/news/students-protest-resume-marching-1-02252015094059.html

ကိုးကန့်တပ်ဖွဲ့ဝင်တချို့ကို လောက်ကိုင်မြို့မှာ တွေ့ရစဉ်၊ စက်တင်ဘာလ ၂၀၀၉
စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ ကိုးကန့်ဒေသက လောက်ကိုင်မြို့ရှိ အုပ်ချုပ်ရေးမှူး ဦးပယ်ဆောက်ချိန်ရဲ့ နေအိမ်ကို ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့က ဒီကနေ့ မနက်ပိုင်းက ဝင်ရောက် တိုက်ခိုက်ခဲ့ပါတယ်။

တရုတ်နယ်စပ်က ကိုးကန့်ဒုက္ခသည်တွေ စခန်းတွင်းကို ဦးပယ်ဆောက်ချိန် သားတွေက ဝင်ရောက်ပြီး ဒုက္ခသည်တွေကို လောက်ကိုင်မြို့ထဲ ဝင်ရောက်ဖို့ အတင်းအကျပ် တိုက်တွန်းတာကြောင့် သတိပေးတဲ့အနေနဲ့ ဦးပယ်ဆောက်ချိန်ရဲ့အိမ်ကို ဝင်ရောက် ပစ်ခဲ့တာ ဖြစ်တယ်လို့ ဖုန်ကြားရှင်ရဲ့ ကိုးကန့်အဖွဲ့က ဗွီအိုအေကို ပြောဆိုပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မေခ က ပေးပို့ထားပါတယ်။

လောက်ကိုင်မြို့ ကျူဖန်ရပ်မှာရှိတဲ့ ကိုးကန့်ဒေသ အုပ်ချုပ်ရေးမှူး ဦးပယ်ဆောက်ချိန်နေအိမ်ကို ဖုန်ကြားရှင် ကိုးကန့်အဖွဲ့က ဒီမနက် ၆ နာရီလောက်မှာ ၀င်ရောက်တိုက်ခိုက်ခဲ့တာပါ။ ဒါနဲ့ပတ်သတ်ပြီး ဖုန်ကြားရှင် ကိုးကန့်အဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်းက ဦးပယ်ဆောက်ချိန် သားတွေအနေနဲ့ ဒုက္ခသည်တွေကို လောက်ကိုင်မြို့ထဲ အတင်းအကျပ် ဝင်ဖို့ လုပ်ဆောင်တာမို့ သတိပေးတဲ့အနေနဲ့ အခုလို လုပ်ဆောင်တာ ဖြစ်တယ်လို့ ပြောပါတယ်။
“သူတို့က မြန်မာတပ်မတော်နဲ့ ပေါင်းပြီးတော့မှ refugees camp (ဒုက္ခသည်စခန်း) ထဲမှာ ဒုက္ခသည်တွေကို သွားပြီးတော့ အတင်းအဓမ္မပေါ့ နှိမ်တာတမျိုး၊ ချော့တာတဖုံ၊ ခြောက်တာတမျိုး လောက်ကိုင်မြို့ထဲကို ၀င်ခိုင်းတယ်။ အဲဒီတော့ တချို့လူတွေက ပြန်သွားတယ်။ ဒါပေမဲ့ လူရော၊ ကားရော ပျောက်သွားတယ်ဗျ။ အဲဒါကို သူတို့ကလည်း မရပ်ဘူး၊ ဆက်လုပ်နေတုန်းပဲ။ သူတို့ကို ဟိုအရင်ကတည်းက ပြောပြီးသား။ ကိုယ့်ဟာကို အေးအေးဆေးဆေးနေပါ။ ကျနော်တို့ ပြည်သူလူထုတွေကို ဒုက္ခမပေးပါနဲ့၊ အဲဒါကို သူတို့က တနေ့တခြား ဆိုးဆိုးလာတော့ ကျနော်တို့က warning သွားပေးတာပါ။”

ဝင်ရောက် တိုက်ခိုက်မှုကြောင့် ဦးပယ်ဆောက်ချိန် ကိုးကန့်လုံခြုံရေး တပ်ဖွဲ့မှ ၁ ယောက်သေ ၃ ယောက် ဒဏ်ရာရခဲ့ပြီး ဖုန်ကြားရှင် ကိုးကန့်သူပုန်အဖွဲ့က ၃ ယောက်သေ၊ ၄ ယောက် ဒဏ်ရာရတယ်လို့ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က အမည်မဖော်လိုသူ တပ်မတော်အရာရှိတဦးက အတည်ပြု ပြောကြားပါတယ်။
စစ်အုပ်ချုပ်ရေး ကျင့်သုံးနေတဲ့ လောက်ကိုင်မြို့မှာတော့ တည်ငြိမ်စ ပြုလာပြီဖြစ်ပြီး စစ်ရှောင်သွားသူတွေ ရာနဲ့ချီပြီး ပြန်လာနေပြီ ဖြစ်တယ်လို့ နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။ မြို့ခံတဦးဖြစ်တဲ့ ကွမ်လုံပြည်သူ့လွှတ်တော်အမတ်ဦး ဟော်လျှောက်ချမ်း ကလည်း လက်ရှိ လောက်ကိုင်မြို့ အခြေအနေကို အခုလို ပြောပါတယ်။

“မြို့ထဲက နေလို့ရပါပြီ။ တပ်မတော်က နေရာတကာမှာ လုံခြုံရေးယူထားပါတယ်။”

မြန်မာအစိုးရတပ်နဲ့ ဖုန်ကြားရှင် ဦးဆောင်တဲ့ ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့တို့ကြား တိုက်ပွဲတွေ သီတင်း ၂ ပတ်ကြာမြင့်လာပြီ ဖြစ်ပေမဲ့ အခုချိန်ထိတော့ တိုက်ပွဲတွေ ရပ်တန့်နိုင်တဲ့ အနေအထားမျိုး မရှိသေးပါဘူး။ စစ်အုပ်ချုပ်ရေး ကျင့်သုံးနေတဲ့ လောက်ကိုင်မြို့ အနောက်မြောက်ဘက် ကိုးကန့် လက်နက်ကိုင်တပ်တို့ ခြေကုပ်ယူထားတဲ့ ဒေသကို ဒီလ ၂၄ ရက်နေ့က မြန်မာအစိုးရတပ်ဘက်က ထိုးစစ်ဆင်ခဲ့တယ်လို့ ကိုးကန့်ဘက်က ပြောပါတယ်။
ဒီမနက် ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုမှာ လောက်ကိုင်မြို့ပြင်ဘက်က အနီးမှာဖြစ်ပြီး လောက်ကိုင်မြို့ထဲနဲ့ ဝေးတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ကျန်းမာရေးယာဉ်တန်းနဲ့ အခြားသော ယာဉ်တန်းတွေ တိုက်ခိုက်ခံရမှုတွေနဲ့ ပတ်သတ်ပြီး ကိုးကန့်တပ်ဖွဲ့က ဖော်ပြတဲ့ နေရာဒေသ ကွဲလွဲမှုနဲ့ ထိန်းချုပ်နယ်မြေတွေအရ သူတို့ဘက်က လုပ်ဆောင်တာ မဟုတ်ဘူးလို့ အစဉ်တစိုက် ငြင်းဆိုလျက် ရှိပါတယ်။ နိုင်ငံပိုင်သတင်းစာတွေနဲ့ အဲဒီဒေသကို သွားရောက် သတင်းယူခဲ့သူတွေကတော့ ဖုန်ကြားရှင် ကိုးကန့်တပ်ဖွဲ့က ပစ်ခတ်တယ်လို့ ပြောဆိုထားပါတယ်။

စစ်အုပ်ချုပ်ရေး ကျင့်သုံးနေတဲ့ လောက်ကိုင်မြို့ကို ဒီလ ၂၂ ရက်နေ့ကနေ ဒီနေ့အထိ အိမ်ထောင်စု ၁၀၀ ကျော်၊ လူဦးရေ ၈၀၀ နီးပါး ပြန်လည်ရောက်ရှိနေပြီလို့ အစိုးရက ထုတ်ပြန်ထားပါတယ်။ သီတင်း ၂ ပတ်ကြာပြီဖြစ်တဲ့ ကိုးကန့်စစ်ပွဲကြောင့် စစ်ရှောင်ဒုက္ခသည်ပေါင်း ၄ သောင်းကျော်ဟာ တရုတ်နိုင်ငံဘက်မှာ ခိုလှုံနေရပြီး ဒုက္ခသည် ၁ သောင်းကျော်ဟာ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ကို ထွက်ပြေးလာတယ်လို့ သိရပါတယ်။

ကာကွယ်ရေး ၀န်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးပယ်ဆောက်ချိန်ရဲ့ နေအိမ်ကို ကိုးကန့်အဖွဲ့က လက်နက်ကြီးနဲ့ အဝေးကနေ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ တချိန်တည်းမှာပဲ လောက်ကိုင်မြို့က တပ်ရင်းဌာနချုပ်ကိုလည်း ကိုးကန့်အဖွဲ့က အဝေးကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပြီး၊ အထိအခိုက်တော့ မရှိဘူးလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မေခ/ ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/kokang-attack-on-local-leader/2658195.html



(၁)

လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့..
သူရဦးအောင်ကိုက..
"နိုင်ငံတကာအကူအညီတွေနဲ့ ချေးငွေတွေကို
သုံးစွဲရာမှာ လေလွင့်မှုတွေရှိနေသလို
ပြည်ပချေးငွေတွေ ရယူ တာဟာ
နိုင်ငံမှာ အကြွေးဝန်ထုတ်ဝန်ပိုးများလာနေတယ်"ဆိုပြီး
လွှေတ်တော်မှာပြောတဲ့သတင်းကို ဖတ်လိုက်ရပါတယ်၊

အဲဒီသတင်း ကိုဖတ်ပြီး ..
နိုင်ငံတကာကို ပတ်ပြီး ပိုက်ဆံချေးနေတဲ့
သမ္မတဦးသိန်းစိန်ကို ပြေးမြင်လာပါတယ်၊

တစ်ချို့ဥာဏ်နည်းသူတွေက..
နိုင်ငံတကာကနေ ပိုက်ဆံချေးတဲ့
ဦးသိန်းစိန်ကို တိုင်းပြည်အတွက်
အကြီးမားဆုံးသူရဲကောင်းတစ်ယောက်လိုလို
စွန့်ဝံ့သူတစ်ယောက်လိုလို...
ချီးကျူးဌောပနာပြုပြီး..
ဇာတ်နာပြနေတာကိုလဲမှတ်မိပါတယ်၊

ဒါမျိုးက...ဂုဏ်ယူစရာမဟုတ်ပါဘူး
ရှက်စရာဖြစ်ပါတယ်..၊

ဒါကို အရည်အချင်းလို့..
သတ်မှတ်လို့မရပါဘူး...၊

ပြီးတော့...လမ်းလွဲနည်းတစ်ခုသာဖြစ်ပါတယ်၊
ပြုပြင်ပြောင်းလည်းမယ်ဆိုတဲ့လေသံတွေပစ်ပြီး
နိုင်ငံတကာ ပေးကမ်းချင်အောင်ပြောဆိုပြီး..
နိုင်ငံတကာပတ်ပြီးပိုက်ဆံချေးတာဟာ..
တကယ်ဆို တိုင်းပြည်၇ဲ့ အမှန်တကယ်ယိုယွင်းနေတဲ့
အနေအထားနဲ့ ချိန်ဆလိုက်ရင်..
ဆေးမီးတိုအဆင့်ပဲဖြစ်ပါတယ်၊

---------------------

(၂)

ဥပမာပြောရရင်-
ပညာမည်မည်ရရမရှိပဲ.
အတွင်းပစ္စည်းတွေကိုသူခိုးဈေးနဲ့ရောင်းလို့
ပြောင်သလင်းခါနေတဲ့ မုဆိုးမတစ်ယောက်ဟ
အိမ်နီးချင်းတရုတ်ကြီးက မဖြစ်စလောက်မုန့်ဘိုးပေးပြီး
ကျောရုံကြံခံရတာကို မပြောရဲတဲ့အပြင်..
ရပ်ကွက်ထဲလိုက်ပြီး ..
ပိုက်ဆံချေးနေတဲ့ပုံစံမျိုးလိုဖြစ်နေပါတယ်၊

အဲဒီအကျိုးဆက်ကိုကြည့်ရင်
ဒေါ်လာဘီလျံပေါင်းများစွာရှိနေတဲ့အကြွေးဟာ...
နောက်လာမဲ့အစိုးရတွေမှာ သွားပြီး..
သက်ရောက်မှာဖြစ်သလို...

တိုင်းပြည်ကိုအကြွေးတင်ရင်..
ပြည်သူတွေ ကိုလဲပျမ်းမျှပမာဏတစ်ခုစီ
အကြွေးတင်တယ်လို့
သတ်မှတ်နိုင်ပါတယ်..၊

အဲဒါကြောင့်...
မြန်မာနိုင်ငံသား ဇနီးမောင်နှံကမွေးဖွားလာတဲ့
ကလေးတစ်ယောက်ဟာ မွေးစမှာတင်..
ဘုမသိဘမသိ အကြွေးတစ်ခုတင်နေပါပြီ..

အဲဒီနောင်လာနောက်သားလေးတွေဟာ
သူတို့ကို မွေးကတည်းက
အကြွေးနဲ့မွေးလာအောင်လုပ်ထားတဲ့
ဦးသန်းရွှေနဲ့ဦးသိန်းစိန်ကို
အမြဲတမ်းအမှတ်ရနေမှာ
ဖြစ်ပါတယ်..

---------------------------

(၃)

စစ်ရေးအမြင်ရှိလွန်းတဲ့စစ်အရေခွံလဲအစိုးရ
အနေနဲ့..

သယံဇာတပြောင်သွားလဲ..
ဘာမှမတိုးတက်..၊

ဆန်ရှင်ပွင့်လဲ..
ဘာမှမတိုးတက်...

နိုင်ငံတကာဆီက..
ပိုက်ဆံတွေချေးလဲ...
ဘာမှမတိုးတက်တဲ့..

ခင်ဗျားတို့အရည်အချင်းကို
ခင်ဗျားတို့သဘောပေါက်သွားဖို့ပါပဲ..

ဝမ်းနည်းမိတာကတော့..
တိုင်းပြည်ကို..
အုပ်ချုပ်သွားတဲ့သူတွေက..
ဒေါ်လာသန်းထောင်နဲ့ချီ ချမ်းသာသွားခဲ့ပြီး
နိုင်ငံတကာကြွေးမြီကလဲ..
ဒေါ်လာသန်းထောင်ချီတင်သွားတာတွေကို
သိသိကြီးနဲ့ ခံနေကြရတဲ့..
ကျွန်တော်တို့ပြည်သူတွေရဲ့ဘ၀တွေကိုပါ..၊

ပါစင်နယ် ပိုင်ဆိုင်မှုတွေထဲကို
နည်းပေါင်းစုံနဲ့ ၀င်ရောက်သွားတဲ့..
တိုင်းပြည် ထူထောင်မှုကြီးတွေကတော့
အလွန့်အလွန်လေးစားစရာပါ..၊

--------------------------

(၄)

ထူးခြားတာတစ်ခု သုံးသပ်ပြပါ့မယ်..

ပြီးခဲ့တဲ့လကပဲ...စာစောင်တွေမှာ..
တွေ့ရပါတယ်...၊

အစိုးရ၀န်ကြီးဌာနအချို့ဟာ..
အရှုံးပေါ်နေတယ်ဆိုတဲ့အကြောင်း..
နှစ်စဉ် ဘယ်တော့မှအမြတ်မရတဲ့..
အကြောင်းတွေပါ..

ပြီးတော့..တိုက်တိုက်ဆိုင်ဆိုင်..
ဒီနေ့ဖတ်လိုက်ရတဲ့သတင်းကတော့..
အစိုးရက နိုင်ငံတကာကနေ ချေးထားတဲ့
အကြွေးစုစုပေါင်း ဒေါ်လာသန်း ၃ ထောင်လောက်ကို
ရှိနေတယ်ဆိုတာကိုပါ..၊

ချေးတဲ့ ခေါင်းစဉ်တွေကလဲ
အစိုးရ၀န်ကြီးဌာနတွေအတွက်ပါပဲ..၊

အဲဒီမှာ...
မေးစရာဖြစ်လာပါတယ်..

အဲဒါကတော့...
အဲဒီချေးငွေတွေကို..
ဘယ်တော့မှအမြတ်အစွန်းမရပဲ
အရှုံးချည်းပေါ်နေတဲ့..
အစိုးရ၀န်ကြီးဌာနတွေက..

ဘာနဲ့...ဘယ်လို ဆပ်ကြမလဲ..
ဆိုတာပါပဲဗျာ..

( Pa Yit)

“ အရှည်တည်တံ့မဲ့ ငြိမ်းချမ်းရေးနဲ့ စစ်မှန်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို တကယ်ရခြင် … လိုခြင်တယ်ဆိုရင် ”

တိုင်းရင်းသားရဟန်းရှင်လူ၊ မြန်မာပြည်သူတွေကို နှစ်ပရိစ္ဆေဒကြာမြင့်စွာ ခေတ်အဆက်ဆက်မှာ သတ်ဖြတ် ညှင်းဆဲ ဗိုလ်ကျအနိုင်ကျင့်ခဲ့တဲ့ စစ်အာဏာရှင်အဆက်ဆက်ရဲ့ မျိုးဆက်အမွေခံသားသမီးတွေ ဖြစ်တဲ့လက်ရှိ မြန်မာစစ်ခေါင်းဆောင်တွေအပါအ၀င် ဦးသိန်းစိန်တို့ စစ်တပိုင်းအရပ်သားတပိုင်း အစိုးရနဲ့  ပြည်သူက မရွေးကောက်ဘဲ (၂၀၁၀ ) ရွေးကောက်ပွဲနဲ့ လွှတ်တော်ထဲ ၀င်ထိုင်နေကြတဲ့ တပ်မတော်သား အမတ်များ၊ ဦးရွှေမန်းတို့ ပြည်ခိုင်ဖြိုးပါတီ အကြီးအကဲများ၊ တဆညပါတီ အကြီးအကဲများ၊ စစ်ဖက်အရပ်ဖက်ကအရာ ရှိကြီးများ၊ ရေပွက်ပမာ တခဏတာ ကိုယ်အကျိုးစီးပွားအတွက် အာဏာရှင်စနစ်ကို ထောက်ပင့်ထားကြသူများ မိမိတို့ ရဲ့ ရေရှည်အကျိုး၊ နှောင်သံသရာအကျိုးတင်မက တိုင်းသူပြည်သားအားလုံး အကျိုးစီးပွားအတွက်ပါ လေးနက်စွာစဉ်းစားဆင်ခြင်နိုင်ဘို့ ဒီစာကိုရေးပါတယ် ။

တကယ်ဘဲ မိမိအကျိုးစီးပွားကို လုံခြုံစိတ်ချစေခြင်ကြရင် စောင့်ရှောက်ခြင်ကြရင် နှောင်အရှည်တည်တံ့မဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် နိုင်ငံရေးအရ တွေ့ ဆုံဆွေးနွေးပွဲ အောင်မြင်ခြင် တယ်ဆိုရင် ပထမဦးဆုံးမဖြစ်မနေ မရှောင်လွဲဘဲ သတ္တိရှိရှိ လုပ်ရမဲ့အလုပ်တခုရှိပါတယ် ။

အဲ့ဒါကတော့ မိမိအဖွဲ့ အစည်းနဲ့ မိမိကိုယ်တိုင် မိဘပြည်သူတွေအပေါ် ကျုးလွန်ခဲ့တဲ့..အတိတ်ကအမှားတွေ၊ ပြစ်မှု့ကုဋေကုဋာတွေအတွက် ရဲရင့်စွာကိုယ့်အမှားကိုဝန်ခံတောင်းပန်မှု့ ၊ ရိုးသားစွာတာဝန်ယူမှု့၊ တာဝန်ခံမှု့၊ ခံစားနာကျင်ခဲ့ရသူတွေရဲ့ ဆုံးရှုံးနစ်နာမှု့တွေအပေါ်အသိအမှတ်ပြုမှု့ကို တရားဝင်မြန်မာသိ ကမ္ဘာသိလုပ် ဆောင်ပြခြင်းပါဘဲ ။ ဒါဟာ ပထမဆုံးလှမ်းသင့်တဲ့ ရိုးသားမှု့အခြေခံစိတ်ဓါတ်ကို ပြနိုင်တဲ့တခုတည်းသော ခြေလှမ်းပါဘဲ ။ အဲ့ဒီလမ်းကိုလျှောက်မှသာ… တဟုန်းဟုန်းတညီးညီးတောက်လောင်နေတဲ့ ပြည်တွင်းစစ်မီး ကြီးနဲ့ အာဃတရန်ငြိုးမီးတောက်ကြီးကို ငြိမ်းသတ်နိုင်မှာပါ ။

သင်ပုန်းချေရမဲ့၊ ခွင့်လွှတ်ရမဲ့ပြည်သူတွေ နှစ်ပေါင်း (၆၀)ကျော်…ခံစားခဲ့ရတဲ့ဆင်းရဲဒုက္ခတွေ ၊ ဆုံးရှုံးနစ်နာမှု့တွေ၊ ဘယ်လောက်ကြီးမားတယ်ဆိုတာ…အမှတ်ရနိုင်အောင်၊ သင်ခန်းစာယူနိုင်အောင် စစ်အာဏာရှင်နဲ့ အပေါင်းအပါတွေ..ကျူးလွန်ခဲ့တဲ့ပြစ်မှု့ အချို့ကို ဒီဆောင်းပါးမှာကောက်နှုတ် ဖေါ်ပြလိုက်ပါတယ် ။

၁။ ၁၉၆၂ ခုနှစ်နိုင်ငံတော်အာဏာသိမ်းပွဲမှသည်..၂၀၀၇ေ၇ွှဝါရောင်တော်လှန်ရေးဖြိုခွင်းပွဲအထိ..လက်နက်မဲ့ အဖိနှိပ်ခံတိုင်းရင်းသား ရဟန်းရှင်လူ လုပ်သားပြည်သူလူထု၏ တော်လှန်အုံကြွမှုတိုင်းကို အကြင်နာမဲ့ ရက်စက်စွာသွေးချောင်းစီးအောင် သတ်ဖြတ်နှိမ်နင်းခဲ့မှု ။
၂။ နှစ်ပေါင်း(၅၀)ကျော်အောင်..ငြိမ်းချမ်းရေးကို အစစ်အမှန် မတည်ဆောက်ဘဲ ပြည်တွင်း စစ်မီး တောက်လောင်စေလျှက် အသက်အိုးအိမ် စည်းစိမ် ဘ၀များစွာ ပျက်စီးဆုံးရှုံးစေခဲ့မှု ။
၃။ နိုင်ငံတော် အာဏာကို ပြည်သူအလိုမတူဘဲ လက်နက်အားကိုးဖြင့် အကြိမ်ကြိမ်လုယက်သိမ်းပိုက်ခဲ့မှု ။
၎။ အမှန်တရား မြတ်နိုး၍ မတရားမှုကို ထွန်းလှန်သည့် တိုင်းရင်းသားမိဘပြည်သူနိုင်ငံသားတို့အား ဥပဒေမဲ့ ဖမ်းဆီး ညှင်းပမ်းနှိပ်စက်ပြီး အလုပ်ကြမ်းနှင့်နှစ်ရှည်ထောင်ချ အပြစ်ပေးခဲ့မှု ။
၅။ ဓမ္မစေတီထိုက်၍ ရိုသေစွာပူဇော်ထိုက်သော သံဃာတော် အရှင်သူမြတ်များကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက် ၍ ဖြစ်စေ..လူမဆန်စွာ သတ်ဖြတ်ကျူးလွန်ခဲ့မှု့ ၊ ပျံလွန်တော်မူစေမှု့ ။
၆။ ရဟန်းစစ်သံဃာတော်များကို အဓမ္မ သင်္ကန်းဆွဲချွတ် ခြင်း၊ လူဝတ်လဲခြင်း ရင့်သီးစွာ ခေါ်ဝေါ်ဆဲဆိုခြင်း၊ ရိုက်ပုတ် ကန်ကျောက်ခြင်းး၊ အစရှိသည့် နည်းများဖြင့် စော်ကား ညှင်းပမ်းခဲ့မှု့
၇။ သာသနာ စည်းလုံးမှု ပြိုကွဲရန် ဘွဲ့ တံဆိပ်ခွဲခြားကပ်ခြင်း၊ ဘုန်းကြီးအတုများမွေးမြူလျှက်.. ပစ္စည်းလေးပါးလာဘ်လာဘများသုံး၍ သံဃာ ဂိုဏ်းခွဲခဲ့မှု့
၈၊ အညိုးအာဃာတများဖြင့် လူမျိုးတုံးသုတ်သင်သည့်သဖွယ် နယ်စပ်ဒေသများတွင် တိုင်းရင်းသူ အမျိုးသမီးများအား မုဒိန်းကျင့်ခွင့်လိုင်စင်ပေးအပ်ခါ အနိုင်ကျင့်စော်ကား သတ်ဖြတ်ခဲ့မှု
၉။ တောင်သူလယ်သမား၊ နိုင်ငံသားတို့၏ လယ်ယာမြေ ဘိုးဘွားပိုင်မြေများကို မတရားသဖြင့် သိမ်းယူခဲ့မှု
၁၀။ ငွေစက္ကူများ တရားမ၀င်ဟု ကြေငြာလျှက် အများပြည်သူတို့၏ သမာအာဇီဝ ချွေးနည်းစာ စုဆောင်းငွေများကို ဓါးပြတိုက်လုယူခဲ့မှု့
၁၁။ နိုင်ငံပိုင် အဆောက်အအုံ မြေယာ ပစ္စည်းများကို ဘိုးဘွား အမွေ သဖွယ် ဝေခွဲရောင်းချ၍ ကိုယ်ကျိုးရှာခဲ့မှု
၁၂။ မူးယစ်ဆေးဝါး နှိမ်နင်းမှုများကို ထိရောက်စွာ မလုပ်ကိုင်ဘဲ ရည်ရွယ်ချက်ဖြင့် လူငယ်မျိုးဆက်သစ်များကို ဖျက်ဆီးခဲ့မှု လမ်းမှားသို့ လွယ်လင့်တကူရောက်စေနိုင်သည့်အခြေအနေ၀န်းကျင်ကိုဖန်တီးခဲ့မှု့
၁၃။ မူးရစ်ရာဇာဘိန်းမှောင်ခိုများဖြင့် အကျိုးတူပေါင်းသင်းပြီးစီးပွါးရှာခဲ့မှု၊ အာဏာအလွဲသုံးစားပြုခြင်း၊ လာဘ်ပေးလာဘ်ယူခြင်းတို့ မှ မတရားရရှိအပ်သော ငွေမဲများလျှော်ဖွတ်ပြီးငွေဖြူအဖြစ်ပြောင်းလည်းခဲ့မှု့
၁၄။ ပြည်သူလုတရပ်လုံး၏ ဆန္ဒကိုမျက်ကွယ်ပြုလျှက် ၁၉၉၀ ရွေးကောက်ပွဲ ရလာဘ်ကို အသိအမှတ်မပြုဘဲ တိုင်းပြည်အနာဂါတ်ကိုလုယူဖျက်ဆီးခဲ့မှု့
၁၅။ ပင်လုံကတိက၀တ်အားချိုးဖေါက်လျှက်..ဖက်ဒရယ်တစ္ဆေဖြင့် ခြောက်လှန့် ပြီး တိုင်းပြည်ညီညွတ်မှု ပြိုကွဲအောင် သွေးခွဲမှု၊ တိုင်းရင်းသား အချင်းချင်း အမုန်းပင်စိုက်မှု့
၁၆။ လူမျိုးကြိး ၀ါဒကို ကျင့်သုံး၍ လူမျိုးငယ်စုများကို အနိုင်ကျင့်မှု ၊၄င်းတို့ စာပေစကားယဉ်ကျေးမှု အနုပညာများကို တိမ်ကောပျောက်ကွယ်အောင်သင်းကွပ်ခဲ့မှု့
၁၇။ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းပုံများကို စိတ်စေတနာဆိုးများဖြင့်…ငွေစက္ကူများမှဖယ်ရှားခြင်း၊ အာဇာနည်နေ့ ကိုသိမ်ငယ်အောင်မထင်မရှားကျင်းပခြင်းဖြင့် အများအကျိုးအတွက် စွန့် လွှတ်အနစ်နာခံ တတ်သော အာဇာနည်စိတ်ဓါတ်ကို တိမ်ကောအောင်ကြံစည်ဆောင်ရွက်ခဲ့မှု့
၁၈။ မိမိတို့ ကိုယ်တိုင်လည်းအဂတိလိုက်စားရင်း တိုင်းပြည် တခုလုံး အကျင့်သီလစာရိတ္တတို့ ပျက်စီးစေလျှက် လာဘ်ပေး လာဘ်ယူ မှုများကို ထိရောက်စွာ မဖြေရင်းဘဲ မိုးခါးရေ သောက်စေမှု့
၁၉။ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်၊ လွတ်လပ်စွာပြောဆိုရေးသားခွင့်၊ လွတ်လပ်စွာ စည်းရုံးခွင့် အစရှိသော အခြေခံ လူ့ အခွင့်အရေးများ အားလုံးကို ချိုးဖောက်ခဲ့မှု၊ လူ့ ဂုဏ်သိက္ခာနှင့် တန်ဘိုးကို အသိအမှတ်မပြုမှု့
၂၀။ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အပါအ၀င်… ပြည်သူချစ်သောနိုင်ငံရေးသမားများ၊ အနုပညာသည်များ အများပြည်သူတို့ အားကိုး အားထားကြရသော ရဟန်းရှင်လူ ပုဂ္ဂိုလ်ခေါင်ေးဆာင်တို့အား အောက်တန်းကျစွာ…ရေဒီယို၊ရုပ်မြင်သံကြား၊ သတင်းစာ၊ ဂျာနယ်များကိုအသုံးချလျှက်…ပြည်သူများအကြည်ညိုပျက်အောင်…မဟုတ်မမှန်လုပ်ကြံ စွပ်စွဲမှုများဖြင့် အသရေဖျက်ခဲ့မှု။
၂၁။ ဆင်းရဲဒုက္ခရောက်နေသည့် နာဂစ်ဘေး သင့် ပြည်သူလူထုအား ညှာတာမှု ကင်းမဲ့စွာ မျက်ကွယ်ပြုမှု၊ မကူညီမှု၊ ကူညီရန်လါသူများကိုတားမြစ်ခဲ့မှု့
၂၂။ နာဂစ်ဘေးသင့်ပြည်သူတို့အား လှူဒါန်းသောဆေးဝါး၊ ရိက္ခာငွေကြေးများကို ဖြတ်တောက်ကဲ့ယူမှု
၂၃။ နာဂစ်ဘေးသင့် ပြည်သူတို့ ကို လှူဒါန်းလိုသည့် ပြည်တွင်း ပြည်ပမှ စေတနာ ရှင်များကို နည်ူးမျိုးစုံနှင့် တားဆီး နှောက်ယှက်မှု။
၂၄။ ရေနစ်သူ ၀ါးကူထိုးသဖွယ် နာဂစ်ဘေးဒဏ်ခံရပြီး စချိန်တွင် ပြည်သူအလိုမတူဘဲ ၂၀၀၈ စစ်ကျွန် ဖွဲ့ စည်းပုံ အခြေခံဥပဒေ ကိုအတည်ပြုခဲ့မှု။
၂၅။ အမျှော်အမြင်ကင်းမဲ့သည့် စစ်အာဏာရှင် အုပ်စိုးမှုအောက်တွင် တိုင်းပြည်၏ တန်းဘိုး မဖြတ်နိုင်သော ယဉ်ကျေးမှု အမွေ အနှစ်များ ရှေးဟောင်း အဆောက်အအုံများ ဆုံးရှုံး ပျက်စီးစေခဲ့မှု။
၂၆။ တိုင်းပြည်အား စစ်သံဖနောင့် အောက်ပို့၍ ကမ္ဘာ့အဆင်းရဲဆုံးနှင့် ဖွံ့ ဖြိုး တိုးတက်မှု အနည်းဆုံး နိုင်ငံ အဆင့်ရောက်စေမှု။
၂၇။ ဘုန်းကြီးကျောင်းများကို ညအချိန်မတော်ဝင်ရောက်စီးနင်းသိမ်းပိုက်ခြင်းများကျူးလွန်လျှက် အမျိုးဘာသာ သာသနာကို အကြိမ်ကြိမ် အဖန်အဖန် စော်ကား ဖျက်ဆီးခဲ့မှု့၊
၂၈။ မှားယွင်းသော အုပ်ချုပ်မှု စနစ်ဖြင့် တမျိုးသားလုံး၏ ကျန်းမာရေး အဆင့်အတန်း လူ့ သက်တမ်း လျှော့ကျ ယိုယွင်းစေခဲ့မှု။
၂၉။ စေတနာ မမှန်သော အုပ်ချုပ်မှုဖြင့် တိုင်းပြည် စီးပွါးရေး စနစ်တစ်ခုလုံး ချွတ်ခြုံ ကျစေလျှက် ပြည်သူလူထု အများစုကြီးအား ဆင်းရဲတွင်း နက်စေခဲ့မှု။
၃၀။ တိုင်းပြည်ကို နှစ်ပေါင်း ၅၀ နီးပါး အမှောင် တိုက်သွင်း၍ ပြည်သူလူထုကို နားပိတ် မျက်စိပိတ် ထားခဲ့မှု။
၃၁။ အာဏာရှင် စနစ် တည်တန့် အောင် စစ်မှန်သော ဂီတစာပေအနုပညာရှင်ကြီးများအား နှိပ်ကွပ် ချိုး နှိမ်လျှက် မြန်မာ့ စာပေဂီတ အနုပညာ နယ်ပယ်အား အညွန့် ချိုး ဖျက်ဆီးခဲ့မှု။
၃၂။ ခေတ် နောက်ပြန်ဆွဲ ၍ မမှန်ကန်သော အုပ်ချုပ်ပုံ စနစ်များဖြင့် တိုင်းပြည်၏ ဖွံ့ ဖြိုးတိုးတက်မှု့ကိုတားဆီးလျှက် နိုင်ငံတော်နှင့် နိုင်ငံသားတို့ ၏ အနာဂတ်ကို ဖျက်ဆီးခဲ့မှု။
၃၃။ တိုးတက်လိုသည့် နိုင်ငံရေးအသိ နိုးကြားသူတို့အား ရက်စက်စွာ စံနမူနာပြ နှိပ်ကွပ်ခြင်းဖြင့် နိုင်ငံရေး သားကြော ဖြတ်ခဲ့မှု။
၃၄။ အသိညဏ်နဲသော အာဏာ ပါးကွက်သား လူမိုက် များမွေးမြူလျှက် အများပြည်သူ ရဟန်း ပြည်သူတို့၏ နေ့ စဉ် လူနေမှု ဘ၀များကို ခက်ခဲ ကြပ်တည်းအောင် အကြောက်တရားများကြီးစိုးနေအောင်..ဆောင်ရွက်ခဲ့မှု
၃၅။ မတရာေးသာ အမိန့် အာဏာ ဥပဒေများ ၊ ပြဌာန်းလျှက် မိဘ ပြည်သူတို့အား မျက်ရေ ကြီးငယ် ကျစေမှု၊ သောက ပင်လယ်ဝေစေမှု။
၃၆။ အဆင်ခြင်တုံမဲ့ တိုင်းပြည်၏ သဘာဝ သယံဇာတ အရင်း အမြစ်များကိုအကျိုးမဲ့စွာ ဖြုန်းတီးမှု ပြုံးတီးစေခဲ့မှု။
၃၇။ အခြေခံ အဆောက်အဥိး မရှိဘဲ အနှစ်သာရ မရှိသော ၊ စီမံကိန်းများ အကောင်အထည်ဖော်လျှက် တိုင်းပြည် ဘဏ္ဍာနှင့်အရင်းမြစ်များစွာကို အလဟဿ ဆုံးရှုံးစေခဲ့မှု။
၃၈။ နိုင်ငံတော်ပိုင်ဘဏ္ဍာများကို အများပြည်သူတို့ နေ့ စဉ် သက်သာ ချောင်ချီရေးအတွက် မသုံးစွဲဘဲ ၊အဆိပ်ပင်ရေလောင်းသကဲ့သို့ စစ်အာဏာရှင် စနစ် တည်မြဲရေးအတွက် စစ်ရေးအတွက်သာ လွန်ကဲစွာ သုံးစွဲခဲ့မှု။
၃၉။ ဥပဒေအထက်မှာနေပြီး…နိုင်ငံတော်အာဏာသုံးရပ်စလုံးကို ထင်သလိုချယ်လှယ်ကာ တရားဥပဒေစိုးမိုးမှု့မရှိသောလူ့ အဖွဲ့ စည်းတခုဖြစ်အောင်ရာစုနှစ်ဝက်ကျော်ဖန်တီးထားလျှက်ကြောက်မက်ဖွယ်ရာ လူ့ မှု့အနိဌာရုံများဖြစ်စေခဲ့မှု့ ။
၄၀။ သမိုင်းအမှန်များကို…ဖုံးကွယ်ဖျောက်ဖျက်ပြီး…သမိုင်းအမှားများဖြင့် တိုင်းသူပြည်သားများကို ကောက်ကျစ်စဉ်းလဲစွာ…လမ်းမှားသို့ ခေါ်ဆောင်ခဲ့မှု့ ။
၄၁။ သတင်းစာ ရေဒီယို၊ ရုပ်မြင်သံကြားတို့ မှ မဟုတ်မမှန်သည့်သတင်း လှုံ့ဆော်မှု့များထုတ်လွှင့်ခါ အများပြည်သူတို့ ကို စိတ်ဆင်းရဲ…ကိုယ်ဆင်းရဲကြီးအောင်…နေ့ စဉ် ဒုက္ခပေးခဲ့မှု့ ။
၄၂။ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို…ခွဲထွက်ရေး တစ္ဆေအဖြစ်ပုံဖျက်ပြီးစစ်ဝါဒီထူထောင်လျှက် နိုင်ငံကိုကမ္ဘာ့အဆင်းရဲဆုံး၊ ဖွံ့ ဖြိုးတိုးတက်မှု့အနည်းဆုံးတိုင်းပြည်ဘ၀ရောက်စေမှု့ ။
၄၄။ လူမျိုးကြီးဝါဒ၊ ဘာသာကြီးဝါဒ ကျင့်သုံးလျှက်…လူမျိုးငယ်စုများကြား၊ ဘာသာမတူသူများကြား… အနိုင်ကျင့်စော်ကားမှု့များ လူမျိုးရေး၊ ဘာသာရေးမုန်းတီးမှု့များ ဖန်တီးကာ တိုင်းရင်းသား စည်းလုံးညီညွတ်မှု့ကို အစိတ်စိတ်အမြွှာမြွှာပြိုကွဲအောင်ခွဲခဲ့မှု့ ။
၄၅။ စစ်ဖိနပ်သံခွာအောက်တွင် ရာစုနှစ်ဝက်ကျော်…လူဖြစ်ရှုံးလျှက် ဆင်းရဲမွဲတေနေသည့်ဘ၀မှ လွတ်မြောက်အောင်တိုင်းသူပြည်သားတို့ အားကယ်တင်ရမည့်အစား…စစ်ဗိုလ်ချုပ်ကြီးများလုံခြုံရေးနှင့် စစ်အာဏာတည်မြဲ ရှင်သန်ရေးအတွက်…မလိုအပ်ဘဲ နေပြည်တော် မြို့တော်အသစ်နှင့် ဥမင်လှိုဏ်ကြီးများတူးလျှက် ဘီလျှံချီသော ပြည်သူပိုင်ဘဏ္ဍာငွေကြေးများ ကို ပရမ်းပတာဖြုန်းတီးခဲ့ မှု့ ။
၄၆) တိုင်းပြည်၏ ပညာရေးစနစ်ကို ဂျွမ်းထိုးမှောက်ခုံစမ်းသတ် ဖျက်ဆီးယုံဖြင့်အားမရသေးဘဲ ကျောင်းသားလူငယ်များအပါအ၀င်…ပြည်သူပြည်သားတို့ အသိဥာဏ်အတွေးအခေါ်ဗဟုသုတများတိုးပွားစေနိုင်သည့် စာကြည့်တိုက်ယဉ်ကျေးမှု့ကို ယုတ်မာပက်စက်စွာ စနစ်တကျ…ဖျက်သိမ်းခဲ့မှု့ ။
၄၇) နိုင်ငံတ၀ှမ်းလုံးရှိ ဌာနဆိုင်ရာအသီးသီးတွင် တပ်မတော်အရာရှိများအား တတ်သိပညာရှင်များ အထက်တွင် မသင့်တော်စွာ ခန့် အပ်ခြင်းဖြင့် တပ်မတော်အားအခွင့်ထူးခံစေလျှက် ၊ ပြည်သူနှင့်တပ်မတော် အားသွေးခွဲဖျက်ဆီးခဲ့မှု့
၄၈) ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့်ထောက်ခံသူများအား ရက်ရက်စက်စက် ဒီပဲရင်းလူသတ်ပွဲကျူးလွန်ပြီး လုပ်ကြံသတ်ဖြတ်ခဲ့မှု့ ။
၄၉) နိုင်ငံနှင့်ပြည်သူအတွက်ကောင်းကျိုးထက်ဆိုးကျိုးများသာပေးမည့်…မြစ်ဆုံဆည်စီမံကိန်းကြီးဖြင့် ကိုယ်ကျိုးရှာပြီး မြန်မာပြည်၏အသက်သွေးကြောမကြီးနှင့်တူသော ဧရာဝတီကိုဖျက်ဆီးခဲ့မှု့ 
၅၀) နိုင်ငံကိုကိုပြုပြင်ပြောင်းလဲတိုးတက်စေလိုသော..စေတနာမှန်ဖြင် ဝေဖန်ထောက်ပြ တောင်းဆိုကြသော တိုင်းသူပြည်သား နိုင်ငံရေးသမားများအား..လူမှု့ဘ၀ပျက်အောင်၊ စီးပွားပျက်အောင်၊ ပညာရေးနဲ့  တက်လမ်းပျက်အောင် ကောက်ကျစ်ယုတ်မာသော နည်းလမ်းမျိုးစုံသုံးပြီး အနိုင်ကျင့်ဗိုလ်ကျ ဖျက်ဆီးခဲ့မှု့

စသည်ဖြင့်မရေတွက်နိုင်အောင်များပြားတဲ့ပြစ်မှု့တွေကျူးလွန်ခဲ့ကြတာပါ ။ ဘုစုခရုပြစ်မှု့လေးတွေကစလို့  အလွန်ကြီးမားတဲ့ ပဥ္စာနန္တိယကံကြီးတွေအထိ စစ်ရာဇ၀တ်မူကုဋေကုဋာ ကျူးလွန်ခဲ့လို့  သမိုင်းအညစ်အကြေး အထပ်ထပ်ပေကျံနေခဲ့တဲ့ စစ်ဗိုလ်ချုပ်ကြီး/ငယ်တွေ တွေရဲ့အတိတ်ကအမှားတွေကို အခုလိုပြန်ရေးပြ နေတာဟာ အာဃာတတရားနဲ့  လက်စားချေဖို့  လှုံ့ဆော်နေတာမဟုတ်ပါဘူး ။

အဓိကပြောခြင်တာက နှောင်လါနောက်သားတွေကို ကိုယ့်အမှားကိုယ်တာဝန်မယူတဲ့ ယဉ်ကျေးမှု့နဲ့  အစဉ်အလာဆိုးကို လက်ဆင့်ကမ်းအမွေမထားရစ်စေဘို့  ဦးသိန်းစိန်အစိုးရနဲ့ တကွ တာဝန်ရှိတဲ့စစ်ဗိုလ် ချုပ်ကြီး တွေအားလုံးက ကိုယ်ကျူးလွန်ခဲ့တဲ့ပြစ်မှု့တွေအားလုံးအတွက် တိုင်းသူပြည်သားတွေကို ၀န်ခံခြင်း ၀န်ချ တောင်းပန်ခြင်းကစလို့ တာဝန်ခံမှု့ ၊တာဝန်ယူမှု့တွေရဲရင့်စွာ ပြသဖို့ လိုပါတယ် ။ ဖုံးကွယ်ဖျောက်ဖျက် ထားတဲ့ သမိုင်းမှန်တွေကိုလည်း ဖေါ်ထုတ်မှတ်တမ်းတင်ဖို့ လိုပါတယ်။ ဒါဟာ စစ်မှန်တဲ့အမျိုးသားပြန်လည် သင်မြတ်ရေးရဖို့ အတွက် ပထမဦးဆုံး လှမ်းရမဲ့ ခြေလှမ်းပါဘဲ။ ဒါကိုသတ္တိရှိရှိ ကောင်အထည်ဖေါ်ပြီးမှ နိုင်ငံ ရေးအတိုက်အခံအားလုံးနဲ့ ရိုးသားစွာတွေ့ ဆုံဆွေးနွေး အဖြေရှာကြမယ်ဆိုရင်… ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးဟာ အလှမ်းမဝေးပါဘူးလို့  တိုက်တွန်းသတိပေးလိုက်ရပါကြောင်း …။ ။

( မင်းကောင်းချစ် )
“ သမိုင်းကြွေးမြီ အပီဆပ်ပါမှာ့… ငြိမ်းချမ်းရေးအစစ် အကြည်ဓါတ်ဆိုက်လိမ့်မယ် ” ဆောင်းပါးကို ကိုးကားဖြည့်စွက်ဖေါ်ပြပါသည် ။

ညပိုင်း တက္ကစီငှားစီးသူကို ယာဉ်မောင်း နှင့် အပေါင်းအပါများက ဝိုင်းဝန်း လုယက်ကြသဖြင့် အသက်လု၍ ထွက်ပြေးခဲ့ရသည့်ဖြစ်ရပ်တစ်ခု ဖေဖော်ဝါရီ ၂၂ရက် နံနက်
၂နာရီ ခန့်တွင် ဖြစ်ပွားခဲ့ကြောင်း သိရ သည်။

ချောင်းသာသို့သွားမည့် သူ ငယ်ချင်းကို အထက်ပန်းဆိုးတန်း လမ်းမကြီးနှင့် ကန်တော်ကြီးပတ် လမ်း လမ်းဆုံအနီးသို့ လိုက်ပို့ပေး ပြီး ပြန်အလာတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အငှားယာဉ်ကို လမ်းမတော် မြို့နယ် ၁၆လမ်းမှ စတင်ငှားရမ်းခဲ့ ခြင်းဖြစ်ပြီး ညအချိန်ဖြစ်နေသဖြင့် အသွားအပြန်အတွက် ငှားရမ်းခြင်း ဖြစ်သည်။ ကားစတင်ငှားရမ်းသည့်
အချိန်ကပင် ကားမောင်းသူ၏ဘေး တွင် အဖော်တစ်ဦးပါရှိပြီး နှစ်ဦး စလုံးမှာ အသက်၂ဝ ဝန်းကျင်ရှိမည့် လူငယ်များဟုသာ ခန့်မှန်းရကြောင်း သိရသည်။

ကန်တော်ကြီးပတ်လမ်းအနီး သို့ ချောင်းသာသို့သွားမည့် သူငယ် ချင်းအား ပို့ပြီးပြန်အလာ ကန်တော် ကြီးပတ်လမ်းမှ ဦးထောင်ဘိုအဝိုင်း ဘက်သို့ မောင်းနှင်လာပြီး
ကန်တော် ကြီးပဲလေ့စ်ဟိုတယ်အကျော်တွင် ကား ကို ရပ်လိုက်ပြီး ယင်းတို့၏ လုယက် ခြင်းလုပ်ငန်းကို စတင်လိုက်ခြင်း ဖြစ်သည်။

ယာဉ်မောင်းဘေးတွင် ပါဝင် လာသည့် လူငယ်က ကားရပ်သည် နှင့် ကားပေါ်မှဆင်းကာ ကားနောက် ဖုံးတံခါးကို ဖွင့်၍ ''ဟကောင် ထ တော့ အလုပ်လုပ်တော့မယ်''
ဟု ပြော ဆိုသံကြားလိုက်ရပြီး ချက်ချင်းဆို သလိုပင် ဦးခေါင်းကို ကားနောက် ခန်းမှနေ၍ ပုလင်းခွံတစ်လုံးဖြင့် ရိုက်လိုက်ခြင်းဖြင့် အကြမ်းဖက်လု ယူမှုကို စတင်ခဲ့ခြင်း
ဖြစ်သည်။

အကြမ်းဖက်လုယက်မှုမှ လွတ် မြောက်ခဲ့ပုံကို ''အဲဒီနောက်ခန်းမှာ လူ ပါလာတာကိုကျွန်တော် မသိခဲ့ ဘူး။ သူတို့ချင်း ဒရိုင်ဘာချိန်းမောင်း တာလုပ်မလို့ဘဲ ထင်နေတာ။
ခေါင်း ကို ပုလင်းခွံနဲ့ ရိုက်လိုက်တော့မှ လူ က ပူထူသွားပြီး သိလိုက်တာ။ အဲဒီ မှာရှေ့ခန်းက ယာဉ်မောင်းက ကျွန် တော့်လက်ကို လှမ်းချုပ်တယ်။ ကျွန် တော်က
ခြေထောက်နဲ့ ကန်လိုက် တယ်။ နောက်ကလူက ပခုံးကို ချုပ် ထားတယ်။ လူကလဲကြောက်အား ကြီးပြီး ဇောနဲ့ဆိုတော့ ရုန်းထွက် လိုက်တာ ကားနောက်ခန်းကနေ
နှစ် ယောက်ပေါင်း ချုပ်ထားတာတောင် လွတ်သွားတယ်''ဟု ကာယကံရှင်ကိုရဲနောင်က ပြောသည်။

ယင်းသို့ ထွက်ပြေးရာတွင် အသက်လု၍ ထွက် ပြေးရခြင်းဖြစ်ပြီး ကားပေါ်တွင်လက်ကိုင်တယ်လီဖုန်း တစ်လုံးနှင့် ဖိနပ်ပါ ကျန်နေခဲ့သည်။အခင်းဖြစ်ပွားချိန်တွင်
ကား တံခါးကို ဖွင့်ပြေးရန် ကြိုးစားခဲ့သော် လည်း မိမိထိုင်နေသည့်ဘက်မှ ကား တံခါးကို လော့ချထားသဖြင့် ဖွင့်မရ ခဲ့ကြောင်းနှင့် ထွက်ပြေးသည့်အချိန် မှာလည်း
တစ်ဖက်တံခါးကို ဖွင့်၍ သာ ထွက်ပြေးခဲ့ရခြင်းဖြစ်သည်။

အနီးဆုံး အကူညီပေးနိုင်မည့် သူရှိနိုင်သည့် ကန်တော်ကြီးပဲလေ့စ် ဟိုတယ်သို့ထွက်ပြေးပြီး သူ၏ သူ ငယ်ချင်းမိတ်ဆွေများထံ ဆက်သွယ် အကူအညီ တောင်းနိုင်
ရန် ဟိုတယ် လုံခြုံရေးဝန်ထမ်းမှ ယင်း၏ လက် ကိုင်ဖုန်းဖြင့် ဆက်သွယ်ကာ အကူ အညီပေးခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ လုယက်ခြင်းမှာ မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း၊ လူအများစုမှာလည်းအလုပ်ရှုပ် မည်ကို မလိုလားသဖြင့် အမှုဖွင့် တိုင်ကြားခြင်းတို့မရှိကြကြောင်း အ ငှား
ယာဉ်မောင်းများ၏ ပြောကြား ချက်အရ သိရသည်။

''ကျွန်တော်က ဒါမျိုး နှစ်ခါ လောက်ကြုံဖူးတယ်။ အခင်းဖြစ်ပွား ပြီး ကြုံတာပေါ့ဗျာ။ အမှုဖွင့်ဖို့ အ ကြံပေးပေမယ့် ကားနံပါတ်လဲမမှတ် မိ၊ တိုင်ရင်လဲ မမိဘူးဆိုပြီး မတိုင်ကြ
တာများတယ်။ ညပိုင်းကားငှားတော့ မယ်ဆိုရင် ကားမောင်သူဘေးမှာ အဖော်ပါနေတာမျိုးရှိမရှိ၊ ယာဉ် နောက်ခန်းမှာ လူပါမပါ သေချာစိ စစ်ပြီးမှ ငှားသင့်ပါတယ်။
မိမိသွား မယ့်လမ်းကြောင်းက သွားနေတာ ရောဟုတ်ရဲ့လား ဆိုတာတွေ သေချာဆန်းစစ်ပြီးမှ စီးသင့်ပါတယ်''ဟု အငှားယာဉ်မောင်း ဦးစိန်သောင်း က ပြောသည်။

NH(Kalaymyo)
ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။

လောက် ကိုင်စစ်ဘေးသင့်ပြည်သူများနှင့်တိုက် ပွဲဝင်စစ်သည်များအား ကိုယ်တိုင် ကိုယ်ကျသွားရောက်လှူဒါန်းနေသည့် သရုပ်ဆောင်ဝေဠုကျော်က အခုလို့ပဲ ပြောပြခဲ့ပါတယ်။

''ကျွန်တော်တို့ သွေးမေတ္တာ ပရဟိတအသင်း(ရန်ကုန်)က ကျွန် တော် အပါအဝင် လက်ရွေးစင်အဖွဲ့ဝင် ၁ဝယောက်လောက်ပဲ တိုက်ပွဲဖြစ်နေ တဲ့လောက်ကိုင်ဒေသ ကို သွားမှာပါ။ လောက်ကိုင်ဒေသကို ကျွန်တော်တို့ သွားဖို့အတွက် သက်ဆိုင်ရာ အာဏာ ပိုင်အဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ပြီး တော့မှ သွားတာပါ။

အဲဒီမှာကျွန် တော်တို့သွေးမေတ္တာပရဟိတအ သင်းကနေပြီးတော့ စစ်ဘေးသင့်ပြည် သူတွေကိုလဲ အစားအသောက်တွေ လှူဒါန်းမယ်။ အဓိကသူတို့လိုအပ်နေ တာက အစားအသောက်ပဲလို့ထင် တယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ် ဘေး ဒုက္ခရောက်နေကြတာဖြစ်တဲ့အ တွက် အစားအသောက်တော်တော် လေးကိုဒုက္ခရောက်ကြမှာ။ ပြီးတော့ တိုက်ပွဲဝင်စစ်သည်တွေအတွက်လဲ ကျွန်တော်တို့က အစားအသောက် တွေ အဓိကထားပြီးတော့ လှူဒါန်း သွားမယ်။

အစားအသောက်တွေ လှူဒါန်းတဲ့နေရာမှာလဲ တစ်ခါစား ပြီးရင် ပြီးသွားတဲ့ ဟာမျိုးတွေမဟုတ် ဘဲ နှစ်ရက်သုံးရက်အထားခံမယ့် ဟာမျိုးတွေကို အဓိကထားပြီးတော့ လှူဒါန်းသွားမယ်။

ကျွန်တော်တို့အ ဖွဲ့က ဒီကနေပြီးတော့ ပိုက်ဆံတွေပဲ ယူသွားတာပါ။ ပစ္စည်းတွေသယ် သွားရင် သွားရေးလာရေးဒုက္ခ ရောက်မှာစိုးတဲ့အတွက် လားရှိုးလို နေရာမျိုးကျတော့မှပဲ လှူဒါန်းမယ့် ပစ္စည်းတွေ ဝယ်တော့မယ်။ လောက် ကိုင်တိုက်ပွဲနဲ့ပတ်သက်ပြီးတော့ တော်တော်များများ ကလဲ လှူဒါန်း ကြပါတယ်။

အဲဒီလိုလှူဒါန်းကြတယ် ဆိုတာကလဲ ဒီကနေပြီးတော့ပဲ လှူ ဒါန်းနေကြတာဖြစ်တဲ့ အတွက် တိုက် ပွဲဝင်စစ်သည်တွေ၊ ပြီးတော့ စစ်ဘေး ဒုက္ခရောက်ပြီးတော့ စစ်ဘေးမရှောင် နိုင်သေးတဲ့ လောက်ကိုင်ဒေသခံတွေ အတွက် ကိုယ်တိုင်သွားလှူပြီးတော့ ကူညီပေးနိုင်တဲ့အပိုင်းတွေအားလုံး ကို ကူညီပေးချင်တဲ့ အတွက် အခုလို မျိုး လောက်ကိုင်ဒေသအထိ၊ တိုက်ပွဲ ဖြစ်နေတဲ့နေရာအထိသွားဖို့ ဆုံး ဖြတ်လိုက်တာပါ''

NN

- ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။


သပိတ်မှောက်ကျောင်းသားအချို့နှင့် မဘသဆရာတော်တို့ ယင်းဆရာတော်၏ကျောင်းတိုက်၌ ယနေ့ ဆွေးနွေးခဲ့ကြစဉ်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅။    ။အမျိုးသားပညာရေး ဥပဒေကြမ်းပါ ပြင်ဆင်/အသစ်ထည့်သွင်းထားသည့် အချက်များကို မဘသ (အမျိုး ဘာသာ၊ သာသနာစောင့်ရှောက်ရေး အဖွဲ့) ဆရာတော် ဦးပါမောက္ခနှင့် သပိတ်မှောက် ကျောင်းသားများ ယနေ့ နံနက်ပိုင်း ၁၀ နာရီမှ မွန်းလွဲ ၂ နာရီအထိ ဆွေးနွေးခဲ့ပြီးနောက် ဥပဒေကြမ်းအပေါ် ကျေနပ်အားရမှု ရှိသည်ဟု ဆရာတော်က Yangon Globe ကို မိန့်ကြားသည်။

ယနေ့ နံနက်ပိုင်းတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်မှ သပိတ်မှောက် ကျောင်းသားများ ဖြစ်သည့် ကိုအောင်မှိုင်းဆန်း၊ ကိုမင်းသွေးသစ်၊ ကိုသီဟဝင်းတင် တို့က ဒဂုံ မြို့သစ်မြောက်ပိုင်းမြို့နယ် ၅၀ ကွေ့ရှိ ဆရာတော်၏ ကျောင်းတိုက်သို့ ရောက်ရှိဆွေးနွေးခဲ့ပြီးနောက် ဆရာတော်က ပညာရေး ဥပဒေကြမ်းအပေါ် သဘောတူညီမှုရှိသည်ဟု မိန့်ကြားခဲ့ခြင်းဖြစ်သည်။
သပိတ်မှောက် ကျောင်းသားခေါင်းဆောင်များနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၊ မိခင်ဘာသာစကား စသည့် ပညာရေးဥပဒေကြမ်းပါအချက်များကို အဓိကထားဆွေးနွေးခဲ့ကြသည်။
“မိခင် ဘာသာစကားနေရာမှာ တိုင်းရင်းသား ဘာသာစကားကို ပြောင်းလဲပေးနိုင်တယ်လို့ ပြောတယ်။ မူလ ရည်ရွယ်ချက်ကလည်း အဲဒီအတိုင်းပဲ ဖြစ်တယ်လို့ ပြောတယ်။ အဲဒီအပေါ်မှာ အားရကျေနပ်မှုရှိပါတယ်” ဟု ဆရာတော်က မိန့်သည်။

အမျိုးသားပညာရေး ဥပဒေကြမ်းပါအချက်များသည် အမျိုး၊ ဘာသာ၊ သာသနာအရေးအတွက် စိုးရိမ်ဖွယ်များ ရှိနေသည်ဟု အမျိုး၊ ဘာသာ၊ သာသနာ ကာကွယ်စောင့်ရှောက်ရေး အဖွဲ့က ပြီးခဲ့သည့် သီတင်းပတ်က ထုတ်ပြန်ကြေညာခဲ့ပြီးနောက် သပိတ်မှောက်ကျောင်းသားများနှင့် ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေး ခဲ့ကြခြင်းဖြစ် သည်။ အမျိုးသားပညာရေးဥပဒေကြမ်းနှင့် ပတ်သက်၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ရက်စွဲဖြင့် သမ္မတဦးသိန်းစိန်ထံသို့ လိပ်မူပြီး အကြံပြုချက်များ ပေးပို့ခဲ့သည်။

ယနေ့ဆွေးနွေးချက်များကို မဘသအနေဖြင့် ကျေနပ်မှုရှိသော်လည်း ရဟန်း၊ ရှင်၊ လူအပေါင်း ကျယ်ကျယ်ပြန့်ပြန့် သိမြင်နိုင်စေရန် အတွက် မဘသနှင့် သပိတ်မှောက် ကျောင်းသားများ ပူးပေါင်းပြီး ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ဆက်လက်ဆွေးနွေးသွားမည်ဟု ဆရာတော်က မိန့်ကြားသည်။

The Yangon Globe
http://ygnglobe.com/mm/articles/local/564

ကျောက်ကပ်ဂလင်းရောဂါ လပေါင်းများစွာခံစားရပြီးနောက် အခြေအနေဆိုးရွားလာသဖြင့် Judge အမည်ရ K-9 ရှာဖွေဖမ်းဆီးရေးခွေးကို လွန်ခဲ့သောသီတင်းပတ်က ဆေးထိုးသတ်ခဲ့သည်။ Judge နောက်ဆုံးခရီးမနှင်မီ ၎င်းတာဝန်ထမ်းဆောင်ခဲ့ရာ ရဲဌာနမှ ရဲတပ်ဖွဲ့ဝင် ၉၀ က အလေးပြုနုတ်ဆက်ခဲ့ကြသည်။

သောကြာနေ့ကပြုလုပ်သော ထိုဂုဏ်ပြုပွဲကို နယူးဂျာစီ၊ ၀က်စ်ဒတ်ဖို့ဒ်ရဲဌာနမှ ရဲတပ်ဖွဲ့ဝင် ၉၀ တက်ရောက်၍ ရဲရင့်စွန့်စားသည့် လုပ်ဖော်ကိုင်ဖက် K-9 တပ်ဖွဲ့ဝင်ခွေး Judge ကို အလေးပြုရန် စိန့်ဖရန့်စစ်တိရစ္ဆာန်ဆေးရုံ လူသွားလမ်း တဖက်တချက်စီ၌ စီတန်းစောင့်ဆိုင်းခဲ့ကြသည်။
“Judge နဲ့ ကျွန်တော် အဲဒီနေ့က တကယ့်ကို ထူးထူးကဲကဲ ဂုဏ်ပြုထောက်ခံမှုကို ရရှိခဲ့ပါတယ်၊ သူဟာ ရောဂါကျွမ်းနေလို့ လမ်းတောင် အနိုင်နိုင်လျောက်ရတာဖြစ်ပေမယ့် သူ့အကြိုက်ဆုံး လေ့ကျင့်ရေးသုံး လက်မောင်းစည်းအ၀တ်ကို ဆေးရုံအထိ ကိုက်ချီခဲ့ပါတယ်”ဟု Judge နှင့်အတူ တာဝန်ထမ်းဆောင်သူ ၀က်စ်ဒက်ဖို့ဒ်ရဲစခန်းမှ ရဲကြပ် မိုက်ကယ်ဖရန့် က ပြောသည်။

အယ်လ်ဇေးရှင်းခွေး Judge သည် အဆိုပါရဲဌာနတွင် ၂၀၀၇ မှစ၍ တာဝန်ထမ်းဆောင်ခဲ့ခြင်းဖြစ်ပြီး ရဲကြပ် ဖရန့်နှင့် ၇ နှစ် အတူလက်တွဲ လုပ်ကိုင်ခဲ့သည်။ Judge ကို ၂၀၁၄ ခုနှစ်တွင် တာဝန်မှအနားပေးခဲ့ရာ ရဲကြပ်ဖရန့်ကပင် Judge ကို ဆက်လက်မွေးစားခဲ့သည်။ ယမန်နှစ် နှောင်းပိုင်းတွင် Judge ကျောက်ကပ်ဂလင်းရောဂါခံစားခဲ့ရပြီး ဆေးကုသစရိတ်အတွက် ရံပုံငွေရှာဖွေခဲ့ရာ နာရီ ၃၀ အတွင်း ဒေါ်လာ ၁၂၀၀၀ ရရှိခဲ့သည်။ ယင်းကြောင့် Judge ၏ ဆေးကုသစရိတ် ဒေါ်လာ ၁၀၀၀၀ ကို အခက်အခဲမရှိ ပေးချေနိုင်ခဲ့သည်။

Judge သည် တာဝန်ထမ်းဆောင်ခဲ့စဉ်အတွင်း ရာဇ၀တ်မှုကျုးလွန်သူဟု သံသယရှိရသူ ၁၅၂ ဦးကို ကူညီဖမ်းဆီးပေးခဲ့ပြီး၊ သေနတ် ၃ လက် ရှာဖွေပေးခဲ့ခြင်း၊ ကား ၃စီး ဖမ်းဆီးပေးနိုင်ခဲ့သည့်အပြင် ပမာဏအားဖြင့် မရေမတွက်နိုင်သော မူးယစ်ဆေးဝါးများ ဖမ်းဆီးရာတွင်လည်း ခြေရာခံပေးခဲ့သည်။
“Judge ဟာ ကျွန်တော်တို့ဌာနအတွက် တကယ့်အဖိုးတန် ၀န်ထမ်းတဦးဖြစ်ပြီး သူ့ကို ထာဝစဉ် လွမ်းဆွတ်သတိရနေမှာပါ”ဟု Judge ၏ နောက်ဆုံးခရီးအကြောင်း အသိပေးကြေညာသည့် ဖေ့စ်ဘွခ်ပို့စ်၌ ရေးသားထားသည်။

“ဒါဟာ လေးစားမှုကို ပြသတာပါ၊ နောက်ပြီး ဒီအရပ်ဒေသလုံခြုံရေးအတွက် သူစွမ်းဆောင်ပေးခဲ့တာတွေအတွက် ကျေးဇူးတရားကို အသိအမှတ်ပြုတယ်ဆိုတဲ့ သဘောလည်းပါတာပေါ့၊ သူလုပ်ပေးခဲ့တာတွေအားလုံးကို လူတွေကအမှတ်ရကြပါတယ်။”ဟု ဂလက်စ်ဘိုရိုရဲစခန်း၊ ခွေးလေ့ကျင့်ရေးတပ်မှ ရဲကြပ် ဒန်အယ်လီယာဆင် က ပြောသည်။

Ref;Huffington Post
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

ဓာတ်ပုံ - Andreas Weissenberg / IFRC
စစ်ဘေးရှောင်လာသူတွေအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ လောက်ကိုင်တိုက်ပွဲ ရှေ့တန်းကယ်ဆယ်ရေးစခန်းမြို့ဖြစ်တဲ့ ကွမ်းလုံမြို့ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (အိုင်စီအာစီ) နဲ့ မြန်မာနိုင်ငံကြက်ခြေနီအသင်း ကိုယ်စားလှယ်တွေ ဒီနေ့ရောက်ရှိသွားကြပါတယ်။

အိုင်စီအာစီကိုယ်စားလှယ် ၃ ယောက်နဲ့ မြန်မာကြက်ခြေနီအဖွဲ့က ကိုယ်စားလှယ် ၂ ယောက်တို့ ကွမ်းလုံရောက်လာပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာ လိုအပ်တာတွေ ဖြည့်ဆည်းပေးတယ်လို့ ကွမ်းလုံမြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာသိန်းညိုက ပြောပါတယ်။

“ရောက်လာပြီးတော့ ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ဘာတွေလုပ်နေလဲဆိုတာ သူတို့ လက်တွေ့ကြည့်တယ်။ ကျနော်တို့ ဘာတွေလိုအပ်ချက်ရှိလဲ မေးတယ်။ လိုအပ်ချက်အသီးသီး ပြောလိုက်တော့ သူတို့က ထောက်ပံ့ပေးဖို့ကြိုးစားမယ်ပြောတယ်။ သူတို့နဲ့အတူ စောင်တွေ အ၀တ်အစားတွေ ပါလာတယ်။ သူတို့ မလာခင်ကြိုမေးထားလို့ ပြောထားတဲ့ ဆေးရုံမှာ လိုအပ်တဲ့ ဆေးပစ္စည်းတွေ တခါတည်း ယူလာခဲ့ပေးတယ်။”

ကယ်ဆယ်ရေးကားမှောက်လို့ လူနာအများအပြား ဆေးရုံရောက်လာတဲ့အခါမျိုးမှာ နေရာထိုင်ခင်း မလုံလောက်တဲ့အတွက် အရေးပေါ် ရွက်ဖျင်တဲတွေ ထောက်ပံ့ပေးဖို့ အိုင်စီအာစီက ကတိပေးတယ်လို့လည်း ပြောပါတယ်။
ကွမ်းလုံရှေ့တန်းကယ်ဆယ်ရေးမြို့ ဆေးရုံမှာ လက်ရှိ ဆရာဝန် ၄ ယောက်၊ သူနာပြု ၁၃ ယောက်၊ စေတနာ့ဝန်ထမ်းကယ်တင်ရေးလုပ်သား ၆၀ ကျော်နဲ့ မြို့နယ်ကြက်ခြေနီ အပါအ၀င် စုစုပေါင်း ကယ်ဆယ်ရေးအင်အား ၁၀၀ ကျော်နဲ့ ကယ်ဆယ်ရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေကြပါတယ်။

လောက်ကိုင်က ထွက်ပြေးလာတဲ့ စစ်ပြေးဒုက္ခသည်တွေကို ချင်းရွှေဟော်မှာ သွားရောက်ခေါ် ယူကယ်တင်ပြီး ကွမ်းလုံမှာ ပြုစုစောင့်ရှောက်ပေးကာ လားရှိုးမြို့ကို ဆက်လက်ပို့ဆောင်ပေးနေ တာလည်း ဖြစ်ပါတယ်။

လတ်တလော ကွမ်းလုံကပဲ ဒုက္ခသည်ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ပေးနိုင်သေး တာဖြစ်ပြီး ချင်းရွှေဟော်ဂိတ်မှာ ကယ်ဆယ်ရေးလုပ်နိုင်ဖို့ အိုင်စီအာစီအပါအ၀င် နှစ်နိုင်ငံ အစိုးရနဲ့ ကြက်ခြေနီတို့ ဆက်လက်ကြိုးပမ်းနေကြပါတယ်။

လောက်ကိုင်တိုက်ပွဲဖြစ်ပွားချိန်ကစပြီး ဒီနေ့ထိ ကွမ်းလုံရှေတန်းကယ်ဆယ်ရေးစခန်းက စစ်ပြေးဒုက္ခ သည်ပေါင်း ၅၀၀၀ ကျော် ကူညီကယ်တင်နိုင်ခဲ့ပြီး  မော်တော်ယာဉ် ၁၀စီးနဲ့ ခေါက်ရေ ၇၀ကျော် သယ်ယူပို့ ဆောင်ပေးနိုင်ခဲ့ပါတယ်။

လတ်တလော စစ်ပွဲအခြေအနေအရ ချင်းရွှေဟော်နဲ့ ကွမ်းလုံမြို့အကြားမှာပဲ ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်ပေးနိုင်ပြီး ချင်းရွှေဟော်နဲ့ လောက်ကိုင်ကြားမှာတော့ ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်ပေးနိုင်ခဲ့ခြင်း မရှိသေးပါဘူး။

ဖေဖော်ဝါရီ ၉ ရက်က စတင်ဖြစ်ပွားခဲ့တဲ့  ကိုးကန့်ဒေသတိုက်ပွဲအတွင်း တပ်မတော်ဘက်က ၅၀ ကျော်၊ ကိုးကန့်တပ်ဖွဲ့ဘက်က ၇၀ ကျော် သေဆုံးခဲ့တယ်လို့ အစိုးရက သတင်းထုတ်ပြန်ထား ပါတယ်။

တိုက်ပွဲကာလမှာ ကြက်ခြေနီအလံလွှင့်ထားတဲ့ ကယ်ဆယ်ရေးယာဉ်တန်းတွေလည်း တိုက်ခိုက်ခံရပြီး အနည်းဆုံး  ကြက်ခြေနီ အမှုထမ်း ၃ ဦးဒဏ်ရာရရှိသွားပါတယ်။

By ရွှေအောင်(ဒီဗွီဘီ)
http://burmese.dvb.no/archives/83217


ဖေဖေါ်ဝါရီ ၂၅ ရက် ၂၀၁၅

သျှမ်းပြည်မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် မြန်မာ အစိုးရ တပ်တို့အကြား တရက်အတွင်းတိုက်ပွဲများ သုံးကြိမ်ဖြစ်ပွားခဲ့သည်ဟု သိရသည်။

ဖေဖော်ဝါရီလ ၂၄ ရက်နေ့က သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်၊ လောက်ကိုင်မြို့နယ်နှင့် ကုန်းကြမ်းမြို့နယ်အတွင်း တိုင်းရင်းသား တပ်ဖွဲ့များအား လိုက်လံတိုက်ခိုက်သည့် အစိုးရတပ်များ ခြုံခိုတိုက်ခိုက်ခံရကြောင်း ဒေသခံ များကပြောသည်။

“မနေ့က တာမိုးညဲ နဲ့ မုန်းစီးကြားမှာ နေ့ခင်းပိုင်း တနာရီကျော်က တိုက်ပွဲတခါဖြစ်တယ်။ ၁ နာရီခွဲကြာ တယ်။ မွန်းလွဲပိုင်း သုံး နာရီကျော်ကျော်လောက်မှာတော့ ကုန်းဆာ နဲ့ နမ့်ဝမ်းကြားမှာ တနာရီနီးနီး တိုက်ပွဲထပ်ဖြစ်တယ်။ အခု ဗမာတပ်တွေ ရွာဘက်ကို တဖွဲ့ပြီးတဖွဲ့ ဝင်ထွက်နေတယ်။ တောပိုင်းမှာ လဲ သွားပြီးနေရာယူထားတယ်။ လူထု လယ်ယာ မဆင်းရဲဘူး။ သူပုန်အဖွဲ့ကို မကြောက်ရဘူး။ ဖမ်းဆီးရိုက်နှက် သတ်ဖြတ် တတ်တာ ဗမာစစ်ကြောင်းဘဲ၊ သူတို့ကို လုပ်ခွင့်အာဏာ အစိုးရက ပေးထား တယ်ဆိုလို့ ပိုကြောက်ရတယ်” - ဟု အမည်မဖေါ်လိုသည့် ဒေသခံ ဦးမာလက ပြောသည်။

ထို့အတူ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ပြန်ကြားရေးဌာနကလည်း အစိုးရ နှင့် တိုက်ပွဲတွင် ၎င်းတို့ဘက်ထိခိုက်ကျဆုံးမှုမရှိ၊ အစိုးရတပ်ဘက် ၃ ထိမှန်သေဆုံးကြောင်း ထုတ်ပြန် ထား သည်။

“ကျနော်တို့တပ်ရှိတယ်ထင်တဲ့ နေရာတွေကိုလက်နက်ကြီးနဲ့လှမ်းထုတယ်။ မနေ့တုန်းကတော့ ကျနော်တို့ တိုက်ပွဲဖြစ်သာ ၃ နေရာ။ အစိုးရတပ်ဘက် သုံးဦးသေတယ်” - ဟု TNLA ပြန်ကြားရေး ဌာနမှူး ဗိုလ်ကြီး တာ့အိုက်ကျော်ကပြောသည်။

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ စုပေါင်းပြီး အစိုးရတပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားနေခြင်းသည် အချုပ်အခြာအာဏာကို ထိပါးလာနေသည်ဟုဆိုကာ ကိုးကန့်ဒေသအား စစ်ရေးဖြင့်အုပ်ချုပ်ရန် နိုင်ငံ တော်သမ္မတ က တပ်မတော်ကို သုံးလအာဏာပေးထားသည်။

တိုင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၁၃ ဖွဲ့ပါဝင်သည့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC မှ ဖွဲ့စည်းထားသည့် ပြည်ထောင်စု တပ်မတော်တွင် တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA ၊ ကချင်လွတ်လပ်ရေး တပ်မတော် KIA ၊ မြန်မာ တိုင်းရင်းသားများ မဟာမိတ် တပ်မတော် MNDAA ခေါ် ကိုးကန့်တပ်ဖွဲ့ နှင့် သျှမ်းပြည် တိုးတက်ရေး ပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA စသည့် တပ်ဖွဲ့များလည်း ပါဝင်သည်။

သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese


ကိုးကန့်ဒေသ တိုက်ပွဲတွေကြောင့် တရုတ်နိုင်ငံထဲကို ထွက်ပြေးတိမ်းရှောင်သွားတဲ့ ကိုးကန့်စစ်ရှောင် ဒုက္ခသည် အနည်းဆုံး ၄ သောင်းလောက် ရှိနေမယ်လို့ ကွမ်းလုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ်က ပြောဆိုလိုက်ပြီး၊ တရုတ်နယ်စပ်ဒေသမှာ ဒုက္ခသည်အရေး ကူညီနေသူတွေကတော့ ဒီထက်ပိုမယ်လို့ ခန့်မှန်းပါတယ်။ တချိန်တည်းမှာတော့ လောက်ကိုင်မြို့မှာ နယ်မြေအေးချမ်းစ ပြုလာတာကြောင့် ပြန်လာသူတွေလည်း ရှိနေတယ်လို့ အစိုးရသတင်းစာတွေမှာ ဖော်ပြပါတယ်။ သတင်းအပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဒီလ ၉ ရက်နေ့က စတင်ဖြစ်ခဲ့တဲ့ ကိုးကန့်ဒေသ စစ်ပွဲတွေကြောင့် လောက်ကိုင်နဲ့ အနီးအနား မြို့ရွာတွေက ဒေသခံပြည်သူတွေနဲ့ အဲဒီဒေသကို လာရောက် အလုပ်လုပ်ကိုင် နေသူတွေဟာ တရုတ်နိုင်ငံတွင်းနဲ့ လားရှိုးမြို့ဖက်ကို တိမ်းရှောင် ထွက်ပြေးနေကြတာ ဖြစ်ပါတယ်။ လောလောဆည်မှာ တရုတ်နိုင်ငံဘက်ကို ထွက်ပြေးနေရတဲ့ ကိုးကန့် ဒုက္ခသည်ပေါင်း ၄ သောင်းလောက် ရှိနေတယ်လို့ ကွမ်းလုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဟော်ရှောက်ချမ်း က ပြောပါတယ်။

“၄ သောင်းကျော်တယ်၊ ၄ သောင်း၊ အများဆုံး ထွက်ပြေးတာက လောက်ကိုင်ဘက်က၊ ချင်းရွှေဟော်ကလည်း ထွက်တာနည်းတယ်။ အခု ပြန်လာကြပါပြီ။”

တရုတ်နိုင်ငံကို ရောက်ရှိနေတဲ့ ဒုက္ခသည်အရေး ကူညီဆောင်ရွက်နေသူ တဦးကတော့ ကိုးကန့်ဒေသ နယ်စပ်တကြောက ထွက်ပြေးသူဟာ ဒီထက် ပိုမိုများနိုင်ကြောင်းနဲ့ တရုတ်ပြည်ထဲမှာ စစ်ရှောင် ဒုက္ခသည်စခန်း ၁၀ ခုလောက် ရှိနေကြောင်း ပြောပါတယ်။

“ကျနော်တို့ ပတ်ဝန်းကျင် ဒီဘက်တောက်လျှောက်မှာ ၈ သောင်း၊ ၉ သောင်းလောက် ရှိမယ်လို့။ အများအားဖြင့် ကျနော်တို့ ဒီနိုင်ငံသားတွေပဲ။ တရုတ်ပြည်ကလည်းရှိတယ်။ တချို့က လောင်ထန်တို့၊ ကျောက်ဆည်တို့ အစုံပဲပေါ့ ဒီလောက်ကိုင်ဘက်ကတို့၊ တာရွှေထန်ဘက်ကတို့၊ ရှင်ကိုင်တို့၊ မော်ထိုင်းတို့၊ သုံကျန်တို့၊ ဒီတောက်လျှောက်ပဲကော။ ချွတ်ခြုံဘက်မှာ အများအားဖြင့်က မိုင်းကိုင်ဘက်ကိုသွားတာ။ တရုတ်နယ်စပ်ပေါ့ မိုင်းကိုင်။ တို့ဗမာပြည်နယ်စပ်မှာပဲလေ။ စခန်းတွေကတော့ များတယ်ဗျ။ စခန်းတွေကတော့ တောက်လျှောက်ဆိုရင် ၁၀ ခုကျော်မယ်ဗျ။”

တရုတ်ပြည်အတွင်းကို ထွက်ပြေးသူတွေရှိသလို ကိုးကန့်ဒေသကို လာရောက် အလုပ်လုပ်ကိုင်တဲ့ အစိုးရ၀န်ထမ်းနဲ့ ကြံခင်းလုပ်သားတွေကတော့ မြန်မာပြည်အတွင်းပိုင်းကို ပြန်လာနေကြပါတယ်။ ဒီကနေ့ နေ့ခင်း လားရှိုးမြို့ကနေ မန္တလေးးမြို့ဘက်ကို ပို့ဆောင်ခဲ့သူပေါင်းဟာ ၅၀၀ ကျော်လောက်ရှိပြီး တိုက်ပွဲဖြစ်ပွားပြီးနောက် စုစုပေါင်း တသောင်းနီးပါးလောက်ကို ပို့ဆောင်စီမံကိန်း ဦးစီးဌာနနဲ့ ယာဉ်လမ်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီတို့က ပို့ဆောင်ခဲ့တယ်လို့ ရှမ်းပြည်နယ် ပြန်ကြားရေးနဲ့ ဆက်သွယ်ရေးဌာန လက်ထောက် ညွှန်ကြားမှူး ဦးဝေလင်းက ပြောပါတယ်။

“ဒီနေ့ကတော့ ၁၂ နာရီအတိမှာတော့ မော်တော်ယာဉ်က ၉ စီး၊ ကျားက ၃၂၁၊ မက ၁၈၇၊ စုစုပေါင်း ၅၀၈ ဦး။ Total Amount ကတော့ မော်တော်ယာဉ် အစီးရေ ၂၀၆၊ ကျားက ၇၃၇၁၊ မက ၁၇၄၁၊ စုစုပေါင်းက ၉၁၁၂။ သူကတော့ မန္တလေးပဲပို့တာ။ အဲ့ဒါကတော့ ကျနော်တို့ ပို့ဆက်ပေါ့နော်။ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန။ ယာဉ်လမ်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ။ အဲ့ဒီဟာကနေ လုပ်ပေးတာ။ တချို့အတွက်ကတော့ သီရိလင်္ကာ မန်ဆူစမ်းချောင်း ဆရာတော်ကနေ ကမကထလုပ်တာ။”

လားရှိုးမြို့ မန်ဆူဘုန်းတော်ကြီးကျောင်းမှာ ဒီကနေ့ စစ်ရှောင်ဒုက္ခသည် ၈၀၀ ကျော်လောက် ခိုလှုံနေတယ်လို့လည်း လားရှိုးမြို့ရောက် လောက်ကိုင်ဒေသခံ တယောက်က ပြောပါတယ်။ ဒီလို ဒုက္ခသည်တွေ ကိုးကန့်ဒေသက စွန့်ခွာသွားသူတွေ ရှိနေသလို အခြေအနေ စတင်ငြိမ်သက်လာပြီ ဖြစ်တာကြောင့် တရုတ်နိုင်ငံကို တိမ်းရှောင်သွားသူတချို့ လောက်ကိုင်မြို့ကို ပြန်လာနေပြီဖြစ်ကြောင်း အစိုးရပိုင် သတင်းစာတွေမှာ ဖော်ပြပါတယ်။  ဒီလ ၂၃ ရက်နေ့ထိ မိသားစု ၁၅၅ စု၊ လူ ၅၀၀ ကျော်နဲ့ ရွှေ့ပြောင်းလုပ်သား၂၅၀ ကျော် လောက်ကိုင်ကို ပြန်လာ ကြကြောင်း ပါရှိပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့ကတော့ လောက်ကိုင်မြို့ကနေ လားရှိုးကို ပို့ဆောင်တဲ့ စီအော် အကျဉ်းထောင်က အကျဉ်းသားတွေ၊ စစ်ရှောင်ပြည်သူတွေနဲ့ ဌာနဆိုင်ရာ ၀န်ထမ်းတွေ လိုက်ပါလာတဲ့ ယာဉ်တန်းကို ပါစင်ကျော်နဲ့ ချင်းရွှေဟော်ကြား၊ လုံထန်ရွာအနားမှာ ကိုးကန့်အဖွဲ့ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်တာကြောင့် အကျဉ်းသူ ၄၄ယောက်နဲ့ အကျဉ်းဦးစီး ၀န်ထမ်း တယောက်နဲ့ စစ်သည်တယောက် ထိခိုက်ဒဏ်ရာရခဲ့ကြောင်းနဲ့ အစိုးရတပ်ဖက်က လေကြောင်းကပါ ပြန်လည် တိုက်ခိုက်ခဲ့ရကြောင်း၊ ဒီနေ့ထုတ် အစိုးရသတင်းစာမှာဖော်ပြပါတယ်။

ကိုမိုးဇော် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/kokang-update/2657866.html

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ဖို့အတွက် ဖေဖော်ဝါရီလ ၁၄ နေ့က ၄ ပွင့်ဆိုင်ဆွေးနွေးပွဲကို ရန်ကုန်တိုင်း လွှတ်တော်ရုံးမှာ ကျင်းပစဉ်။ Photo: wai Mar Tun,Wai yan Moe Myint/RFA
အမျိုးသားပညာရေးဥပဒေပြင်ဆင်ဖို့ အစိုးရ နဲ့ ကျောင်းသားတွေအပါအဝင် လေးပွင့်ဆိုင်ဆွေးနွေးပွဲ ရလဒ်ဖြစ်တဲ့ ပညာရေးဥပဒေမူကြမ်းကို အမျိုးသား လွှတ်တော်မှာကြားနာမယ်လို့ ထုတ်ပြန်လိုက်တာ ဟာ လေးပွင့်ဆိုင်သဘောတူညီချက်တွေကို ပြန် ဖျက်တော့မယ့်လုပ်ရပ်အဖြစ် ခံစားမိတယ် လို့ ကျောင်းသား ကိုယ်စားလှယ်တွေက ပြောဆို ပါတယ်။

အခုလို လွှတ်တော်မှာကြားနာတယ်ဆိုတာမျိုးကို တိုင်းပြည်အတွက်အရေးကြီးတဲ့ ဥပဒေပြင်ဆင်ရေးတွေ မှာတောင် မတွေ့ဘူးခဲ့ကြောင်း ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီဝင်တစ်ဦးဖြစ်သူ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် အမှုဆောင် ကိုအောင်မှိုင်းဆန်း က RFA ကို ပြောပါတယ်။

"ကျနော်တို့ လေ့လာမိသလောက်ကတော့ တိုင်းပြည်အတွက် အရေးကြီးပါတယ်ဆိုတဲ့ ဥပဒေတောင်မှ ဒီလိုလုပ်ခဲ့တာမတွေ့ဘူးဗျ၊ ဒီလိုမျိုးဥပဒေကြမ်းတစ်ခုအပေါ်မှာ အများပြည်သူဝိုင်းဝန်းငြင်းခုံပြီးတော့ တကယ်ကို သမာသမတ်ကျပြီးတော့ တည်တံ့ခိုင်မြဲအောင်လုပ်မယ်ဆိုတဲ့ ပုံစံမျိုးနဲ့လုပ်ခဲ့တာ တခါမှ မတွေ့သေးဘူး၊ အမျိုးသားပညာရေးဥပဒေ စပြဌာန်းတုန်းကဆိုရင် ပိုတောင်ဆိုးသေးတယ်၊ လူမသိသူမသိ၊ ကျနော်တို့တောင် နောက်မှတွေ့ရတဲ့ကာလတွေဖြစ်နေတယ်၊ ခုနားလည်သလောက်က ဒါအစိုးရက တကယ်တန်းကတော့ ကျနော်တို့တောင်းဆိုနေတဲ့အချက်တွေကို သူတို့လိုက်လျောမယ့်အနေအထားမှာ မရှိဘူး၊ ဒီလိုမျိုးလုပ်တယ်ဆိုတာ သူတို့လေးပွင့်ဆိုင်သဘောတူညီမှုကို သူတို့ပြန်ပြီးတော့ဖျက်ချင်တဲ့ အဓိပ္ပာယ်ကိုရောက်နေတယ်လို့ ကျနော်တို့ခံစားရတာပေါ့"

အမျိုးသားလွှတ်တော်မှာပြုလုပ်မယ့် အဲဒီ့ကြားနာပွဲကို မတ်လ ၅ ရက်နေ့ကနေ ၁၅ ရက်နေ့ထိ အဖွဲ့တူတွေအလိုက် သီးခြားစီပြုလုပ်မှာဖြစ်ပါတယ်။

အဲဒီအဖွဲ့တွေထဲမှာ ကျောင်းသားကိုယ်စားလှယ်နဲ့ NNER ပညာရေးကွန်ရက်တို့ပါဝင်သလို၊ နိုင်ငံရေးပါတီတွေ၊ မှတ်ပုံတင်ထားတဲ့ အရပ်ဘက်လူမှုရေးအဖွဲ့တွေ၊ အကြံပြုစာပေးပို့ထားတဲ့ပုဂ္ဂိုလ်တွေ၊ ဒီမိုကရေစီပညာရေးသပိတ်ကို အားပေးခဲ့တဲ့ ပြည်သူ့ကိုယ်စားလှယ်တွေ ပါဝင်ရမယ်လို့ဖေါ်ပြထားပြီး၊ တစ်ဖွဲ့ကို လူ၂၀ စီ သတ်မှတ်ထားပါတယ်။

RFA Burmese
http://www.rfa.org/burmese/news/studets-worry-parliament-hearing-draft-education-bill-02252015001251.html


စစ်အုပ်ချုပ်ရေး ကျင့်သုံးနေတဲ့ လောက်ကိုင်မြို့ အနောက်မြောက်ဘက် ကိုးကန့် လက်နက်ကိုင်တပ်တို့ ခြေကုပ်ယူထားတဲ့ ဒေသကို ဒီကနေ့မှာလည်း မြန်မာအစိုးရတပ်ဘက်က နေ့တ၀က်လောက် ထိုးစစ်ဆင်ခဲ့ပါတယ်။ ဒေသကိုတော့ မသိမ်းပိုက်နိုင်ဘဲ နေ့ခင်းပိုင်းမှာ ထိုးစစ်ရပ်သွားတယ်လို့ ကိုးကန့်ဘက်က ပြောပါတယ်။

စစ်အုပ်ချုပ်ရေး ကျင့်သုံးနေတဲ့ လောက်ကိုင်မြို့မှာတော့ စစ်ရှောင်နေတဲ့ ဒုက္ခသည်တချို့ ပြန်လာနေကြတယ်လို့ မြန်မာ့တပ်မတော်ဘက်က ပြောပါတယ်။ အခြေအနေ အသေးစိတ်ကို မသိင်္ဂီထိုက်က တင်ပြထားပါတယ်။

တိုက်ပွဲတွေဖြစ်နေတာ သီတင်း ၂ ပတ် ကျော်လာခဲ့ပြီဖြစ်တဲ့ ကိုးကန့်ဒေသဘက်မှာ ဒီကနေ့ အင်္ဂါနေ့မှာလည်း လောက်ကိုင်မြို့နဲ့ ကုန်းကြမ်းမြို့ကြား ဖုန်းချွေးရှန်း ဒေသကို မြန်မာအစိုးရ တပ်ဘက်က မနက်ပိုင်းကစပြီး လက်နက်ကြီးနဲ့ ပစ်ပြီး နှစ်ကြိမ်တိုင်တိုင် ကျားထိုးခဲ့တယ်လို့ ဖုန်ကြားရှင် ဦးဆောင်တဲ့ ကိုးကန့်လက်နက်ကိုင် တပ်ဖွဲ့ မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် MNDAA ရဲ့ ပြောခွင့်ရ ဦးထွန်းမြတ်လင်းက ပြောပါတယ်။

“မနက်က ၆ နာရီခွဲလောက်ကနေ စတယ်ဗျ။ လက်နက်ကြီးနဲ့ပစ်တယ်။ ကြည်းတပ်က ထိုးတယ်။ ပြီးတော့ ပြန်ဆုတ်တယ်။ လက်နက်ကြီးနဲ့ ပစ်ထုတယ်။ ကြည်းတပ်က ပြန်ထိုးတယ်။ အဲ့လိုမျိုးလုပ်နေတာ ၁၁ နာရီလောက်ထိ ရောက်သွားတယ်ဗျ။ ကျနော်တို့ဘက်ကတော့ ဘယ်သူမှ ထိခိုက်ဒဏ်ရာရတာ မရှိပါဘူးဗျ။ ဟိုတလောတုန်းက ဖုန်းချွေးရှန်းမှာပဲ။ ဖုန်းချွေးရှန်းမှာပဲ အဲ့ဒီဒေသမှာပါပဲခင်ဗျ။”

၅ နာရီကြာ တိုက်ပွဲအတွင်း ကိုးကန့်လက်နက်ကိုင် တပ်ဘက်က အထိအခိုက် အကျအဆုံး မရှိတဲ့အကြောင်းလည်း သူက ပြောပါတယ်။ မနေ့ တနလာင်္နေ့က ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေ အတွင်းမှာတော့ မြန်မာ အစိုးရဘက်က ၃ ဦးကျဆုံး ၇ ဦး ဒဏ်ရာရခဲ့တယ်လို့ နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြပါတယ်။ ဒါ့အပြင် မနေ့က လောက်ကိုင်မြို့ စီအော အကျဉ်းထောင်က အကျဉ်းသားတွေ၊ ၀န်ထမ်းတွေနဲ့ ပြည်သူတချို့ကို မြန်မာအစိုးရတပ်က လားရှိုးမြို့ကို ပို့ဆောင်တဲ့ ယာဉ်တန်းကို တိုက်ခိုက်ခံရတာကြောင့် ယာဉ်တန်းမှာ ပါလာသူ ၄၆ ဦးတို့ ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မြန်မာအစိုးရက သတင်းထုတ်ပါတယ်။

အခုတိုက်ခိုက်ခံရတယ်ဆိုတဲ့ လောက်ကိုင်နဲ့ ချင်းရွှေဟော်ကြားက လောင်ထန်းဒေသဟာဆိုရင် မကြာခဏ တိုက်ခိုက်ခံရတဲ့ နေရာတွေ ဖြစ်ပါတယ်။ ဒီလို တိုက်ခိုက်မှုတွေဟာ ဖုန်ကြားရှင်ရဲ့ ကိုးကန့်လက်နက်ကိုင်တို့ တိုက်ခိုက်တာ ဖြစ်တယ်လို့ မြန်မာအစိုးရတပ်ဘက်က ပြောဆိုနေပေမဲ့ ကိုးကန့်လက်နက်ကိုင် တပ်ဘက်ကတော့ ဒီဒေသတွေဟာ မြန်မာအစိုးရဘက်က လုံခြုံရေးအရ ထိန်းချုပ်ထားတဲ့နေရာ ဖြစ်တာမို့ အနားတောင် မကပ်နိုင်ဘူးဆိုပြီး အစဉ်တစိုက် ငြင်းဆိုနေတာ ဖြစ်ပါတယ်။ မနေ့က အစိုးရတပ် ယာဉ်တန်း တိုက်ခိုက်ခံရတယ်ဆိုတာနဲ့ ပတ်သက်ပြီး ကိုးကန့်လက်နက်ကိုင်တွေရဲ့ ပြောခွင့်ရ ဦးထွန်းမြတ်လင်းက အခုလို ပြောပါတယ်။

“လောက်ကိုင်ကနေ အစီး ၄၀ ဟုတ်ပါတယ်။ လောက်ကိုင်ကနေ ချင်းရွှေဟော်ကိုပေါ့ သူတို့ပြောတာတော့ သူတို့ကားလာတဲ့ပုံစံက ရှေ့က ပွိုင့်ကား ၂ စီးနဲ့ဗျ။ ပွိုင့်ကား ၂ စီးထဲက ၁ စီးပေါ်မှာ ပွိုင့် 5 လေယာဉ်ပစ်တဲ့ စက်သေနတ်အကြီး တလက်စီပါတယ်။ အဲ့ဒါကို သူတို့က တလမ်းလုံး ဒီအတိုင်းပဲ ပစ်ခတ်ပြီးတော့ ဆင်းလာပါတယ်ခင်ဗျ။ အရပ်သားတွေတောင်မှ ထိတယ်လို့ ပြောတယ်ခင်ဗျ။ တောင်နှစ်ဘက် တဘက် တချက်ပေါ့ သူတို့က လျှောက်ပစ်ပြီးတော့ ဆင်းတာ။ ပြီးတော့ အဲ့ဒီတချိန်တည်းမှာပဲ သူတို့က ကျနော်တို့ကို ထိုးစစ်ဆင်နေပါတယ်။ ကျနော်တို့က လူ အဲ့ဒီလောက် မများပါဘူး။ သူတို့က ထိုးစစ်ဆင်နေတာ။ ကျနော်တို့က ဘယ်လိုလုပ်ပြီး အဲ့ဒီလမ်းကို သွားတိုက်ရမှာလဲဗျ။”

စစ်အုပ်ချုပ်ရေး ကျင့်သုံးနေတဲ့ လောက်ကိုင်မြို့မှာတော့ တည်ငြိမ်စပြုလာပြီဖြစ်ပြီး စစ်ရှောင်သွားသူတွေ ရာနဲ့ချီပြီး ပြန်လာနေပြီ ဖြစ်တယ်လို့လည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ပြန်သူ့ဆက်ဆံရေးဌာန ညွှန်ကြားရေးမှူး ဗိုလ်ချုပ် အောင်ရဲဝင်းက ဗွီအိုအေကို ဒီကနေ့မှာပဲ တယ်လီဖုန်းနဲ့ ဖြေကြားပါတယ်။ အင်္ဂါနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာလည်း ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကစလို့ အခုချိန်အထိ လူပေါင်း ၁ ထောင်ကျော်တို့ လောက်ကိုင်မြို့ကို ပြန်လာခဲ့ကြပြီလို့ ဖော်ပြပါတယ်။ သောင်းနဲ့ချီတဲ့ စစ်ပြေးဒုက္ခသည်တွေကတော့ တိမ်းရှောင်နေကြရဆဲ ဖြစ်ပါတယ်။

မြန်မာအစိုးရတပ်တွေနဲ့ ဖုန်ကြားရှင် ဦးဆောင်တဲ့ ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ MNDAA တို့ကြား တိုက်ပွဲတွေကတော့ သီတင်း ၂ ပတ်ကြာမြင့်လာပြီ ဖြစ်ပေမဲ့ အခုချိန်ထိတော့ တိုက်ပွဲတွေ ရပ်တန့်နိုင်တဲ့ အနေအထားမျိုး မရှိသေးပါဘူး။

မြန်မာအစိုးရဘက်က အခုတိုက်ပွဲတွေဟာ နိုင်ငံရဲ့ အချုပ်အချာ အာဏာကို ထိပါးလာတာ ဖြစ်တယ်လို့ ပြောဆိုနေပြီး အရင်တုန်းက မြန်မာစစ်အစိုးရနဲ့ အပစ်ရပ်အဖွဲ့တခုဖြစ်တဲ့ MNDAA ကိုးကန့်လက်နက်ကိုင် တပ်ဘက်ကတော့ နိုင်ငံရေးအရ တရားဝင် ရပ်တည်ချက် တခုအတွက် ရွေးချယ်စရာ မရှိတော့လို့ တိုက်ရတာ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

မသိင်္ဂီထိုက် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/article/2656544.html

အကြမ်းဖက်တိုက်ခိုက်ခံရသည့် စပိန်နိုင်ငံသား (ဓာတ်ပုံ - ko kyi facebook)
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့အ၀င်နားမှာ အမည်မသိလူတစုက ဓားနဲ့ အကြမ်းဖက်တိုက်ခိုက်ခဲ့တဲ့အတွက် စပိန်နိုင်ငံသား မစ္စတာ ကားလ်လို့စ်(Callos) ဒဏ်ရာရသွားတယ်လို့ မြို့နယ် အုပ်ချုပ်ရေး တာဝန်ရှိသူကပြောပါတယ်။

ဖေဖော်ဝါရီ ၂၃ ရက် ည ၁၁ နာရီလောက်က ရန်ကုန်ဘက်ကနေလာတဲ့ အဆိုပါ စပိန်နိုင်ငံသားဟာ စက်ဘီးစီးလာစဉ် အမည်မသိလူတစုက ဓားနဲ့ ခုတ်မှု ဖြစ်ခဲ့တာလို့ ပဲခူးမြို့နယ် နယ်အုပ်ချုပ်ရေးမှူး ဦးခင်သိန်းမောင်က ဒီဗွီဘီကို ပြောပါတယ်။

“သူက စက်ဘီးနဲ့လာတယ်လို့ပြောတယ်။ ၀င်လာတာက ည ၁၁ နာရီလောက်မှာမြို့ပြင်မှာဖြစ်တာ။ သူက ညတယောက်တည်း လာတယ်ဆိုတော့ လမ်းမှာ ကောင်လေးတွေနဲ့ တိုက်မိတဲ့သဘောလို့ အဲလိုသုံးသပ်တာပေါ့နော်။ ဒါပေမယ့် သေချာတော့ မသိရသေးဘူး။ ဖြစ်စဉ်အသေးစိတ်ကတော့ သူပြောတဲ့ ဟာကိုစကားပြန် ပြန်ပေးရလောက်ပဲ သိရတာ။”

တိုက်ခိုက်ခံရမှုကြောင့် စပိန်အမျိုးသားဟာ ဦးခေါင်း၊ မျက်နှာနဲ့ ခြေတွေလက်တွေမှာ ဒဏ်ရာ ၁၃ ချက်ရရှိခဲ့ပြီး ပဲခူးမြို့နယ်ပြည်သူဆေးရုံမှာ ပြင်ပလူနာအဖြစ် ဆေးကုသမှုခံယူခဲ့ရတယ်လို့ ပဲခူး အမှတ် ၃ ရဲစခန်း မှတ်တမ်းအရ သိရပါတယ်။

လက်ရှိမှာတော့ အဆိုပါ စပိန်ုနိုင်ငံသားဟာ ရန်ကုန်ကနေဆင့် သူ့နိုင်ငံကို ပြန်မယ်လို့ ပြောဆို ကြောင်း အမှတ် ၃ ရဲစခန်းက တာဝန်ကျရဲအရာရှိက ပြောပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး အမှုဖွင့်ထားတဲ့အကြောင်းနဲ့ တိုက်ခိုက်မှုကျူးလွန်သူတွေကို ဖမ်းဆီးရမိဖို့ လိုက်လံစုံစမ်းနေဆဲပဲလို့ အမှတ် ၃ ရဲစခန်းက ပြောပါတယ်။

လူမှုကွန်ရက်စာမျက်နှာမှာတော့ အဲဒီ စပိန်နိုင်ငံသားဆီကနေ အမည်မသိလူတစုက အမေရိကန်ဒေါ်လာ ၉၀၀နဲ့ စပိန်ငွေ ၄၀၀ ကျော်နဲ့ စက်ဘီးအ၀တ်အစားကျောပိုးအိတ်ကို လုယူသွားတယ်လို့ ဖော်ပြပေမယ့် အမှတ် ၃ ရဲစခန်းကို မေးမြန်းရာမှာတော့ အမှုစစ်အရာရှိ မရှိလို့ အသေးစိတ်ဖြေကြားခြင်း မရှိပါဘူး။

By နော်နိုရင်း(ဒီဗွီဘီ)
http://burmese.dvb.no/archives/83168

ရွှေပြည်သာစက်မှုဇုန်က Eland Myanmar စက်ရုံရှေ့မှာ ဆန္ဒပြအလုပ်သမားတွေကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့ က တွေ့ရစဉ်။ Photo: Kyaw Zaw Win/ RFA
ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်က စုပေါင်းအလုပ် သမားသပိတ်ကို ကူညီနေတဲ့ ကိုနိုင်ဇော် ကို အရပ်ဝတ်လူတစ်စုက မနေ့နေ့လယ်ပိုင်းက ဖမ်းဆီးဖေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

သူ့ကို လှိုင်သာယာမြို့နယ်က အိမ်တစ်အိမ် မှာဖမ်းသွားပြီး၊ ဒီကိစ္စကို ရဲတပ်ဖွဲ့ကလည်း မသိဘူးလို့ ငြင်းဆိုနေကြောင်း၊ အကိုဖြစ်သူ ကိုသူဇော်က RFA ကို ပြောပါတယ်။

"ကျနော့်ညီ နိုင်ဇော်ကို လှိုင်သာယာမှာ ဖမ်းသွားတယ်ခင်ဗျ၊ အရပ်ဝတ်အယောက် ၂ဝ လောက်ရှိတယ်၊ သူ့သူငယ်ချင်းအိမ်မှာ ကွန်ပြူတာနဲ့ စာသွားရိုက်တဲ့အချိန်မှာ ဝင်ဖမ်းသွားတာ၊ လောလောဆယ် ကျနော်တို့မိသားစုတွေက ရန်ကုန်မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့ရုံးကို မေးတဲ့အခါမှာ မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့ရုံးက သူတို့မသိပါဘူးလို့ပြောနေတယ်"

ပြီးခဲ့တဲ့သီတင်းပတ်က အဖမ်းခံခဲ့ရတဲ့ အလုပ်သမားခေါင်းဆောင် ကိုမျိုးမင်းမင်းနဲ့ ကိုနိုင်ဌေးလွင်တို့ကို ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ)နဲ့ တရားစွဲထားပြီး၊ အင်းစိန်ထောင်မှာပို့ထားသလို၊ ကိုနောင်နောင်နဲ့ ကိုဂျောက်ဂျက် တို့ကိုတော့ စစ်ကြောရေးဝင်ပြီး ပြန်လွှတ်လိုက်တယ်လို့ဆိုပါတယ်။

အခုချိန်မှာတော့ Ford Glory နဲ့ Costec စက်ရုံအလုပ်သမားတွေက E Land Myanmar စက်ရုံ အလုပ်သမားတွေနဲ့ပူးပေါင်းပြီး၊ အဲဒီစက်ရုံဘေးမှာပဲ သပိတ်စခန်းဆက်ဖွင့်ထားပါတယ်။

အစိုးရကလည်း အလုပ်သမားတွေကို အရေးယူမယ်လို့ ကြေညာထားပါတယ်။

အလုပ်သမားတွေက လက်ရှိရနေတဲ့လစာနဲ့ စားဝတ်နေရေး မလုံလောက်တဲ့အတွက် အခြေခံလစာ တစ်လကို ၃ သောင်းကျပ်တိုးပေးဖို့ သပိတ်မှောက်တောင်းဆိုနေတာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese/news/arrested-one-who-help-workers-affair-02252015001514.html


ရန်ကုန်မြို့ပြင် စက်မှုဇုံမှာရှိတဲ့ အလုပ်ရုံတွေမှာ အလုပ်သမား စည်းမျဉ်းစည်းကမ်း သတ်မှတ်တဲ့အခါ အလုပ်သမားသမဂ္ဂရဲ့ သဘောထားပါ ထည့်သွင်းစဉ်းစားဖို့၊ လုပ်သက် တနှစ်ပြည့်ပြီးတဲ့သူတွေကို လုပ်အားခ တိုးမြင့်ပေးဖို့၊ သူတို့ရဲ့ လုပ်အားခကို ၂ ဆတိုးပေးဖို့ စတဲ့ တောင်းဆိုမှုတွေနဲ့ အလုပ်သမားတွေက ဆန္ဒပြနေကြတာပါ။

ဒါပေမဲ့ သောကြာနေ့ကစပြီး ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့အကြား ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်ပေါ်ခဲ့ရာက ၂ ဖက် ထိခိုက် ဒဏ်ရာမှုတွေလည်း ရှိလာခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ အလုပ်သမား အခွင့်အရေး လှုပ်ရှားမှုမှာ အဓိက အရေးပါတဲ့ နေရာဖြစ်လာနေတဲ့ သပိတ်စခန်းတွေရှိရာကို ဗွီအိုအေသတင်းထောက် Steve Herman က သွားရောက် လေ့လာခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

“အချုပ်ထဲကနေပြီးတော့ အမြန်ဆုံး လွတ်မြောက်ပါစေ။”

ဆန္ဒပြ အလုပ်သမားတွေအနေနဲ့ လုပ်ငန်းခွင်ကို ပြန်မ၀င်ရင် အာဏာပိုင်တွေ အနေနဲ့ တည်ဆဲဥပဒေအရ အရေးယူရလိမ့်မယ်လို့ အလုပ်သမားဝန်ကြီးဌာနက သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။

မြန်မာ့အသံ ကြေညာချက် - “ပါဝင်ပတ်သက်သူများ၊ သွေးထိုးလှုံ့ဆော် အားပေးအားမြှောက် ပြုလုပ်သူများအား တည်ဆဲဥပဒေနဲ့အညီ ဒေသအာဏာပိုင်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သတင်းထုတ်ပြန်အပ်ပါသည်ဟု ဖော်ပြပါရှိပါတယ်ခင်ဗျာ။”

မို့မို့လွင်ဟာ E-Land Myanmar အထည်ချုပ်စက်ရုံက ဆန္ဒပြနေတဲ့ အလုပ်သမ တဦးပါ။ သူ့အနေနဲ့ တလကို ၁၅ ဒေါ်လာကနေ ဒေါ်လာ ၂၀ လောက် ပို့ပေးနေတဲ့အတွက် သူ့မိဘတွေနဲ့ ညီမ ၃ ယောက် ရပ်တည်နေထိုင်နိုင်တာလို့ပြောပြီး အလုပ်သမားတွေ ကြုံတွေ့နေရတဲ့ အခက်အခဲကို ရှင်းပြပါတယ်။

“ကျမတို့ဘက်မှာ ဘယ်သူမှကို မရှိတာ။ ပြည်သူလူထုကလွဲရင်ပေါ့။ ပြည်သူလူထု ဆိုတာတောင်မှပဲ ပြောရမယ်ဆိုရင် ရပ်ကွက်လူကြီး ဥက္ကဌတို့၊ ရာအိမ်မှူးတို့ အဲ့လိုလူတွေကပါအစ စက်ရုံဘက်က သိန်း ၂၀၀ ပေးထားတယ်လို့ ကြားတယ်။ စက်ရုံ ၃ ရုံပေါင်းပြီး သိန်း ၂၀၀ ပေးထားတယ်လို့ ကြားတယ်။ အဲ့ဒီ သိန်း ၂၀၀ နဲ့ ကျမတို့ အလုပ်သမားတွေကို ဟိုတနေ့ကဆိုရင် ပိတ်ဆို့ပြီးတော့မှ မတရားနှိပ်စက်တယ်။”

အကြမ်းဖက် ဖြိုခွင်းမှုတွေနဲ့ ဖမ်းဆီးမှုတွေ ဖြစ်ပေါ်ပြီးတဲ့ နောက်မှာတော့ ဆန္ဒပြ အလုပ်သမားတွေဟာ ဒေါသထွက်နေတဲ့အပြင် ကြောက်စိတ်၊ သံသယစိတ်တွေနဲ့ ဆက်လက် ဆန္ဒပြနေကြပါတယ်။ အများစုကလည်း အစိုးရသူလျှိုတွေ ဖြစ်မှာစိုးတဲ့အတွက် သတင်းထောက်တွေကို စကား မပြောလိုကြပါဘူး။

ပြိုကျလုနီးပါး ဖြစ်နေတဲ့ စက်မှုဇုံတွေမှာ ဆယ်ကျော်သက်အရွယ် မိန်းကလေးငယ်တွေကို အလုပ်ခန့်ထားပြီး၊ သူတို့ရဲ့ လုပ်အားခကလည်း တနေ့ကို တဒေါ်လခွဲနဲ့ ညီမျှတဲ့ ကျပ် ၁၅၀၀ - ၁၆၀၀ လောက်သာ ရကြတာပါ။ သူတို့အတွက် လုပ်အားခ တလကို ဒေါ်လာ ၃၀ လောက် တိုးမြှင့်ပေးဖို့ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။ E-Land စက်ရုံကို တနင်္ဂနွေနေ့က ပြန်ဖွင့်ပေမဲ့ အလုပ်သမားတွေ အနေနဲ့ အလုပ်ပြန်ဆင်းတော့မှသာ သူတို့တောင်းဆိုတဲ့ လုပ်အားခကိစ္စကို စဉ်းစားမယ်လို့ စက်ရုံမန်နေဂျာက ပြောပါတယ်။ ဒါပေမဲ့ အလုပ်သမားတွေလည်း တယောက်မှ အလုပ်မဆင်းကြသလို စက်ရုံအရာရှိတွေလည်း မရှိဘူးလို့ အစောင့်တွေက ပြောပါတယ်။

အနီးအနား လှိုင်သာယာ စက်မှုဇုံမှာတော့ တင်းမာမှုတွေ လျော့ကျသွားခဲ့ပါပြီ။ Tai Yi ဖိနပ်ချုပ် စက်ရုံက အလုပ်သမားတွေဟာ မူလက အခြေခံ လုပ်အားခ တလ ၄၀ လောက် ရနေရာကနေ ၅၀ အထိ တိုးပေးတာကို လက်ခံလိုက်ကြပြီ ဖြစ်ပါတယ်။ သူတို့ကတော့ အင်္ဂါနေ့မှာ အလုပ်စဆင်း နေကြပါပြီ။

မြန်မာနိုင်ငံအတွင်း နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်လာတဲ့အတွက် နိုင်ငံခြားက စိတ်ဝင်စားမှုတွေလည်း တိုးလာနေပါတယ်။ မျှတတဲ့ လုပ်အားခနဲ့ ခံစားခွင့်တွေ ပေးမယ်ဆိုရင် ဘယ်သူမဆို မြန်မာနိုင်ငံကို လာနိုင်ကြောင်း Tai Yi စက်ရုံ အလုပ်သမား ဆန္ဒပြပွဲကို ဦးဆောင်သူ တဦးဖြစ်တဲ့ မမိုးဝေက ပြောပါတယ်။

“ကျမတို့နိုင်ငံက အလုပ်သမားတွေက လုပ်ခလစာနည်းတယ်။ တခြားလုပ်ငန်းတခုခု လုပ်ခလစာ အများအပြားရတဲ့နေရာကို ပြောင်းရွှေ့လုပ်ကိုင်မယ်ဆိုရင်တော့ ကျမတို့အတွက် အလုပ်အကိုင် အခွင့်အလန်းတွေ အများကြီး လိုအပ်ပါတယ်။ လက်ရှိမှာ အလုပ်အကိုင် အခွင့်အလန်းတွေကတော့ အများပြားသေးပါဘူးရှင့်။”

အနိမ့်ဆုံး လုပ်အားခ သတ်မှတ်တဲ့ ဥပဒေကို လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက လွှတ်တော်က အတည်ပြုပြီး ဖြစ်ပါတယ်။ မြန်မာအလုပ်သမား ၀န်ကြီးဌာနကလည်း အဲဒီ ရည်မှန်းချက်ရောက်နိုင်ဖို့ အချိန်ဆွဲပြီး လုပ်ဆောင်နေပါတယ်။ သူတို့အနေနဲ့ လေ့လာ ဆန်းစစ်မှုတွေ လုပ်ဖို့ လိုနေသေးတယ်လို့ ပြောနေတဲ့အတွက် ဒီအတောအတွင်းမှာ အလုပ်ရှင်တွေနဲ့ အလုပ်သမားတွေအကြား သဘောထားကွဲပြားမှုတွေ ဆက်လက် ဖြစ်ပေါ်နေဦးမှာ ဖြစ်ပါတယ်။

“ဒီနေ့ ဒီအချိန်ကစပြီး အိုဗာတိုင် ၁ နာရီအတွက် လုပ်ခသည် ကျမတို့ အလုပ်သမားတွေရဲ့ လက်ထဲမှာပဲ ရှိတယ်လို့ ပြောချင်ပါတယ်။”

ကိုဇော်ဝင်းလှိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/workers-strike/2657873.html

လှိုင်သာယာတွင် လုပ်အားခတိုးမြှင့်ပေးရေး ဆန္ဒပြခဲ့ကြစဉ်
မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ ကမ္ဘောဒီယားနိုင်ငံဟာ ကမ္ဘာပေါ်မှာ လုပ်အားခ ဈေးသက်သာဆုံး ဖြစ်တဲ့အတွက် စီးပွားရေးလုပ်ငန်းတွေက အကျိုးအမြတ်တွေ ဖြစ်နေတယ်လို့ လုပ်အားခနဲ့ ပတ်သက်ပြီး အဆင့်သတ်မှတ်ထားတဲ့ အစီရင်ခံစာတခုက ရေးပါတယ်။

လုပ်အားခ၊ အလုပ်ခန့်အပ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ လုံခြုံရေးဆိုင်ရာ ပံ့ပိုးပေးနိုင်မှုနဲ့ ကုမ္ပဏီအတွက် လုပ်အားထုတ်လုပ်မှုတွေနဲ့ ပတ်သက်ပြီး ဆန်းစစ်လေ့လာနေတဲ့ ဗဲရစ် မယ်ပယ်ခရောခ့်က နိုင်ငံ ၁၇၂ နိုင်ငံကို နှိုင်းယှဉ် လေ့လာ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

လေ့လာဆန်းစစ်သတ်မှတ်ချက်အရ မြန်မာက အဆင့် ၁၇၁၊ ဘင်္ဂလားဒေ့ရှ်က ၁၇၀ နဲ့ ကမ္ဘောဒီးယားက ၁၆၉ အသီးသီး ရပ်တည်နေပါတယ်။

ဒီနိုင်ငံတွေမှာ ပျမ်းမျှ တလ လုပ်အားခက ဒေါ်လာ ၁၀၀ အောက် လျော့နေတယ်လို့ နိုင်ငံတကာ အလုပ်သမားအဖွဲ့ကို ကိုးကားပြီး ထုတ်ပြန်ချက်က ရေးပါတယ်။

ဒါ့အပြင် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်မှာ အလုပ်သမားတွေအတွက် လူမှုရေး လုံခြုံမှုတွေ လုပ်ပေးစရာ မလိုတဲ့ အတွက် ရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင်နေတယ်လို့ ဆိုပါတယ်။

လုပ်အားခနည်းတဲ့အတွက် ကုမ္ပဏီတွေကို ဆွဲဆောင်နိုင်ပေမယ့် လုပ်ငန်းခွင့် လုံခြုံမှု၊ လုပ်ငန်းခွင့် အခြေအနေ ညံ့ဖျင်းတာ၊ ကလေးအလုပ်သမား အများအပြားရှိနိုင်တာ လူကုန်ကူးမှုတွေရှိလာနိုင်တဲ့ အန္တရာယ်ရှိနိုင်တယ်လို့လည်း သတိပေး ထားပါတယ်။

လုပ်အားခနည်းပြီး အလုပ်ခွင့်အခြေအနေ ညံ့ဖျင်းသလို နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေကို အကျိုးအမြတ် ခံစားခွင့်မရဘူးလို့ အလုပ်သမားတွေက ရှုမြင်မယ်ဆိုရင် မတည်ငြိမ်မှုတွေ ဖြစ်လာနိုင်တယ်လို့လည်း ဆိုပါတယ်။

ကုမ္ပဏီတွေ ဘယ်မှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်မလဲဆိုတာကို ထည့်သွင်းစဉ်းစားရာမှာ ၀န်ထမ်းတွေကို ဌားရမ်းတဲ့ ကုန်ကျစရိတ်ကို အဓိက ထည့်သွင်း စဉ်းစားကျပါတယ်လို့ ထည့်သွင်းစဉ်းစားတာဟာ ဗဲရစ် မယ်ပယ်ခရောခ့်က လေ့လာသုံးသပ်သူ ချာလ်းစ် ဗန် ကော့လင်းက ပြောပါတယ်။

ဥရောပတိုင်းပြည်တွေကတော့ အမြင့်ဆုံး လုပ်အားခပေးရတဲ့ တိုင်းပြည် ၂၅ ခုထဲမှာ ပါဝင်နေသလို အီတလီနဲ့ ပြင်သစ်ကတော့ အလုပ်သမား ငှားရမ်းရာမှာ ဈေးအကြီးဆုံးလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာလည်း အခြေခံလစာတိုးမြှင့်ပေးရေးအတွက် အလုပ်သမားတွေဟာ သပိတ်စခန်းတွေ ဖွင့်လှစ်ဆန္ဒပြနေကြပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက အလုပ်သမား သပိတ်စခန်းကို ရဲတပ်ဖွဲ့က ဖြိုခွင်းဖို့ ကြိုးစားရာကနေ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး နှစ်ဖက်ထိခိုက်ဒဏ်ရာရခဲ့ကြသလို အလုပ်သမားခေါင်းဆောင်အချို့ကိုလည်း အစိုးရက ဖမ်းဆီး တရားစွဲဆိုထားပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/83142


IS အစ္စလာမ်မစ် စစ်သွေးကြွတွေဟာ ဆီးရီးယား အရှေ့မြောက်ပိုင်းဒေသက Assyrian ခရစ်ယာန် ရွာတွေကို ဝင်ရောက်စီးနင်းခဲ့ပြီး ဓားစာခံအဖြစ် လူပေါင်း ၉၀ ထက်မနဲကို ဖမ်းဆီးသွားခဲ့တယ်လို့ တက်ကြွလှုပ်ရှားသူတွေက ဒီကနေ့ ပြောကြားလိုက်ပါတယ်။

စစ်သွေးကြွတွေဟာ Tal Shamiram အပြင် Hassakeh ခရိုင်ထဲက တခြား Assyrian ရွာတွေကို  ဝင်ရောက် သိမ်းပိုက်ခဲ့ပြီး ဓားစာခံတွေကို ဖမ်းဆီးသွားခဲ့တယ်လို့  ဆီးရီးယားနိုင်ငံက အကြမ်းဘက်မှုတွေကို စောင့်ကြည့်လေ့လာနေတဲ့  ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။

အဲဒီဒေသမှာ ကဒ် တိုက်ခိုက်ရေးသမားတွေနဲ့ IS အစ္စလာမ်မစ် စစ်သွေးကြွတွေကြား မနေ့တုန်းက တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် အခုလို ပြန်ပေးဆွဲခဲ့တာ ဖြစ်ပါတယ်။ ကဒ်တွေက တနင်္ဂနွေနေ့တုန်းက အမေရိကန် ဦးဆောင်တဲ့ မဟာမိတ်အဖွဲ့တွေရဲ့ လေကြောင်းတိုက်ခိုက်မှု အကူအညီနဲ့ အီရတ်နယ်နမိတ်နားမှာ စစ်သွေးကြွတွေကို ထိုးစစ်ဆင်ခဲ့တာဖြစ်ပါတယ်။

Hassakeh ဒေသမှာ တနင်္ဂနွေနေ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင်း IS စစ်သွေးကြွတွေရဲ့ မဟာဗျူဟာကျတဲ့ နေရာတွေ၊ ယာဉ်တွေနဲ့ ပုန်းခိုကျင်းတွေကို ထိမှန်ခဲ့ကြောင်း အမေရိကန်စစ်တပ်က ပြောပါတယ်။

ကဒ်တိုက်ခိုက်ရေးသမားတွေကတော့ မြောက်ပိုင်း ဆီးရီးယားဒေသ နေရာအများအပြားမှာ မြေပြင်ထိုးစစ်တွေကို ဦးဆောင်တိုက်ခိုက်နေတာပါ။ လေကြောင်းအကူအညီနဲ့ပဲ ပြီးခဲ့တဲ့လတုန်းက IS စစ်သွေးကြွတွေ သိမ်းယူထားတဲ့ ကိုဘာနီမြို့ကို ပြန်လည် သိမ်းယူနိုင်ခဲ့ပါတယ်။

IS အစ္စလာမ်မစ် စစ်သွေးကြွတွေဟာ ဆီးရီးယား၊ အီရတ်နဲ့ လစ်ဗျားနိုင်ငံတွေမှာ လူတွေကို ဖမ်းဆီးခေါ်ဆောင်မှုတွေ ပုံမှန် လုပ်ဆောင်နေတာဖြစ်ပြီး တချို့ဖမ်းထားသူတွေကိုတော့ သတ်ဖြတ်ပစ်ခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/is-assyria/2656596.html


၎ ပွင့်ဆိုင် တွေဆုံပွဲ ပြီးနောက် ဥပဒေ ပြင်ဖို့ သဘောတူ

အမျိုးသား ပညာရေး ဥပဒေ ကို ပြင်ဆင် သည့် ဥပဒေကြမ်း အပေါ် ကြားနာ မယ့် အစီအစဉ် ကို အမျိုးသား လွှတ်တော် က ထုတ်ပြန် ခဲ့ပြီး ကျောင်းသား ကိုယ်စားလှယ် အဖွဲ့ တွေက မတ်လ ၅ ရက်နေ့မှာ ဆွေးနွေး တင်ပြ ရမှာ ဖြစ်ပါတယ်။

အမျိုးသား ပညာရေး ဥပဒေ ကို ပြုပြင်ဖို့ တောင်းဆို ဆန္ဒပြ နေ ကြတဲ့ ကျောင်းသား သပိတ် ဟာ လက်ပံတန်း မှာ ၁ဝ ရက် နားနေကြ ပြီး တကယ်လို့ တောင်းဆိုချက်တွေ မရရင် မတ်လ ၁ ရက်မှာ ရန်ကုန်ကို ချီတက် ကြမှာ ဖြစ်ပါတယ်။

ဒီလို လွှတ်တော် ဘက်က တွေ့ဆုံမှုကို စောစော ခေါ်ရင် ရနိုင်လျက်နဲ့ သတ်မှတ် ရက်ချိန်း ထက် ကျော်ပြီးမှ ခေါ်တဲ့ အတွက် ကျောင်းသား တွေရဲ့ မူလ သဘော တူညီချက် အတိုင်း ၁ ရက်နေ့မှာ တောင်းဆို ချက်တွေ မရခဲ့ရင် ရန်ကုန်ကို ဆက်ချီတက် ရမှာ ဖြစ်တယ်လို့ ကျောင်းသား သပိတ် ပင်မ စစ်ကြောင်း က ဗကသ ခေါင်းဆောင် ကိုမင်းသွေးသစ် က ပြောပါတယ်။

ရန်ကုန်ကို ကျောင်းသားတွေ လာရင် အေးအေးဆေးဆေး မူလ စည်းကမ်းချက်တွေ အတိုင်း ပညာရေး တောင်းဆိုမှု တွေပဲ ဆက်လုပ်မှာ ဖြစ်လို့ အစိုးရ အနေနဲ့ အသာတကြည် ဝင်ခွင့် ပေးသင့်တယ် လို့လည်း သူက ပြောပါတယ်။

အစိုးရ အနေနဲ့ တက္ကသိုလ် ကျောင်းတွေ မှာ ပညာရေး ဥပဒေ မူကြမ်း မှတ်ချက် တောင်းတယ် ဆိုပြီး မူလ ၄ ပွင့် ဆိုင် ဆွေးနွေးပွဲမှာ မပါတဲ့ လှုပ်ရှားမှုတွေ လုပ်နေတာဟာ အစိုးရ ဘက်က ချိုးဖောက်မှု လို့လည်း ပြောပါတယ်။

မဘသ ခေါင်းဆောင် အင်းစိန် ရွာမ ဆရာတော်ဆီ သွားပြီး ပညာရေး ဥပဒေ ပြင်ဆင်ရေး အတွက် ရှင်းလင်း လျှောက်ထားမှာ လို့ သိရပါတယ်။

အကယ်၍ ရဟန်း သံဃာတွေနဲ့ ပြည်သူ တွေ ဘက်က ဥပဒေနဲ့ ပတ်သက်ပြီး စိုးရိမ်မှု ၊ မကျေလည်မှု တွေ ရှိခဲ့ရင် ဖြေရှင်း ပြုပြင်မှုတွေ လုပ်သွားမှာ ဖြစ်ကြောင်း ကိုမင်းသွေးသစ် က ပြောကြား ပါတယ်။

BBC Burmese
http://www.bbc.co.uk/burmese/burma/2015/02/150224_students_hluttaw


ရန်ကုန် ဖေဖော်ဝါရီ ၂၄

ကမ္ဘာ့ရွှေဈေး ကျဆင်းလာခြင်း နှင့်အတူ မြန်မာ့ရွှေဈေးသည်လည်း တရိပ်ရိပ် ကျဆင်းလာသည်ကို တွေ့ရ သည်။ ပြီးခဲ့သော ဇန်နဝါရီ ၂၁ ရက် က ယင်းလအတွင်းအမြင့်ဆုံးဖြစ်ခဲ့ သော ရွှေဈေးနှုန်းမှာ ကမ္ဘာ့ရွှေဈေး အနေဖြင့် တစ်အောင်စလျှင် အမေ ရိကန်ဒေါ်လာ ၁၃ဝ၁ ဖြစ်ခဲ့ပြီး မြန်မာ့ရွှေဈေးမှာ တစ်ကျပ်သားလျှင် ငွေကျပ် ၇ဝဝဝဝဝ အထိရှိနေခဲ့ သည်။

ဖေဖော်ဝါရီ ၂၁ ရက် (စနေနေ့) ဈေးကွက်ဖွင့်ချိန်၌ ကမ္ဘာ့ရွှေဈေးမှာ အမေရိကန်ဒေါ်လာ ၁၂ဝ၁ ရှိပြီး မြန်မာ့ရွှေဈေးမှာငွေကျပ် ၆၇၄ဝဝဝ ရှိနေခဲ့သည်။ ညနေဈေးကွက် ပိတ် ချိန်၌ ကမ္ဘာ့ရွှေဈေးမှာ ပြောင်းလဲမှု မရှိသော်လည်း မြန်မာ့ရွှေဈေးမှာ ငွေကျပ် ၆၇၂၉ဝဝ ဖြင့် ပိတ်သိမ်း ခဲ့သည်။

တစ်လတာအတွင်း ရွှေဈေး ကွာဟမှုကိုကြည့်ပါက ကမ္ဘာ့ရွှေဈေး မှာ ဒေါ်လာ ၁ဝဝ ခန့် လျော့နည်း လာခဲ့ပြီး မြန်မာ့ရွှေဈေးအနေဖြင့် ငွေကျပ် ၂၇ဝဝဝ ကျော် လျော့ကျ လာသည်ကို လေ့လာတွေ့ရှိရမည် ဖြစ်သည်။ ရွှေဘုံသာလမ်းမှ အရောင်း အဝယ်လုပ်သူတို့၏ ဈေးစကားအရ မြန်မာ့ရွှေဈေးသည် ကမ္ဘာ့ရွှေဈေး ထက် ငွေကျပ် ၁ဝဝဝဝ ခန့် ပိုမို မြင့်မားနေကြောင်း သိရသည်။

ရွှေဈေးကွက်မှာ ပြီးခဲ့သော တစ်လအလွန်မှ တအိအိတက်လာ ခဲ့သည်နှင့်အမျှ ယခုတရိပ်ရိပ် ကျဆင်းလာပြီဟု သုံးသပ်ကြသည်။

ဈေးနှုန်းများ ကျဆင်းလာခဲ့ သော်လည်း ဈေးကွက်အတွင်း၌ ဝယ်လိုအား သိသိသာသာတက်လာ ခြင်းမရှိ၊ အေးစက်စက်ဖြင့် ပုံမှန် အနေအထားတွင် စတင်အရောင်း အဝယ်ရှိကြောင်းလမ်းမတော်မြို့နယ် အတွင်းရှိ ရွှေဆိုင်ကြီးတစ်ဆိုင်မှ အရောင်း ကြီးကြပ်သူတစ်ဦးက ဆိုသည်။

ယမန်နှစ်ထက် ယခုနှစ်အရောင်း အဝယ်ယှဉ်ကြည့်ပါက တရုတ် နှစ်သစ်ကူး ပွဲတော်ရှိနေခြင်း၊ ကမ္ဘာ့ ရေနံဈေးနှုန်း ကျဆင်းလာနေခြင်း ကြောင့် မှန်းရခက်သော အနေအထား တွင်ရှိကြောင်း ဗိုလ်ချုပ်အောင်ဆန်း ဈေးမှ ကိုကောင်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး ရွှေ လုပ်ငန်းရှင်များ အသင်းရုံးတွင် ဈေးကွက်ဖွင့်သည်နှင့် ရုံးခန်းပြည့် ဝယ်သူရောင်းသူတို့၏ အသံများက ဝေစည်နေသည်။

အသင်းဝင်များ၏ ရောင်းဝယ်မှု ကို ကြီးကြပ်ပေးနေသော ဗဟိုအလုပ် အမှုဆောင် ဦးအေးချိုက''အခုက ကမ္ဘာ့ရွှေဈေးရော၊ မြန်မာ့ရွှေဈေးပါ အကျဘက်မှာ ဦးတည်နေတယ်။ တကယ်လို့ ကမ္ဘာ့ရွှေဈေး အခု အတိုင်းသာ အကျဘက်မှာ ရပ်နေ မယ်။ မြန်မာ့ရွှေဈေးကလဲ ကျထား တာများလာတဲ့အတွက် အချိန် အတိုင်းအတာတစ်ခု အတွင်းမှာ တရိပ်ရိပ်နဲ့ ပြန်တက်သွားနိုင်တယ်။ အမြင့်တန်း ဈေးတုန်းက ရောင်း ထားတဲ့သူတွေ အတွက်ကတော့ လက်ရှိဈေးနှုန်းမှာ ပြန်ဝယ်ယူထား သင့်တဲ့အနေအထားပဲ'' ဟု သုံးသပ် ပြောကြားပေးခဲ့သည်။

သတင်း-တင်ဝင်လေး(ကြည့်မြင်တိုင်)
ဓာတ်ပုံ-ကိုကြီးတင်

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS


မြန်မာနိုင်ငံမှာ အုပ်ချုပ်သူတွေအနေနဲ့ ဥပဒေကို အလျှော့အတင်းလုပ်ကြ၊ လိုသလို အသုံးချနေကြတာကို ပြုပြင်ရမယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်ရေး ကော်မရှင်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၀ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်လာကတည်းက လူ့အခွင့်အရေးဆိုင်ရာ တိုးတက်မှုတွေ ရှိလာပေမဲ့ လူ့အခွင့်အရေးကို လေးစားတတ်ဖို့နဲ့ လူ့အခွင့်အရေး ဗဟုသုတတွေရှိဖို့ လိုအပ်တယ်လို့လည်း ထောက်ပြကြပါတယ်။ အပြည့်အစုံကို မအေးသန္တာကျော်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်ဖို့ဆိုရင် မြန်မာအစိုးရအနေနဲ့ လူ့အခွင့်အရေးကို လေးစားတတ်တဲ့ အလေ့အကျင့် မွေးမြူပေးဖို့ အဓိက လိုအပ်ပါတယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင် ဒုတိယဥက္ကဌ ဦးစစ်မြိုင်က ပြောသွားတာပါ။

“ကျနော့်ရဲ့ ၃ နှစ်တာ လေ့လာမှုအပေါ်မှာ ခြုံငုံပြီးတော့ အရေးကြီးဆုံးတချက်ကို ပြောပါဆိုရင်တော့ လူ့အခွင့်အရေးဆိုင်ရာ ဗဟုသုတ ဒီထက်ပိုမိုပြီးတော့ရင် ရှိဖို့လိုပါတယ်။ လူ့အခွင့်အရေး ဗဟုသုတတွေ ပြည့်ပြည့်၀၀ ရှိဖို့လိုအပ်ပါတယ်။ နောက်ပြီးတော့ လူ့အခွင့်အရေးကို လေးစားတဲ့ အလေ့အကျင့်တွေ ကျနော်တို့ မွေးမြူပေးဖို့ လိုပါတယ်။ ဒါဟာ အဓိကအကျဆုံးပါ။ ဒီဟာကို ကျနော်တို့ တိုးတက်လာအောင် ဆောင်ရွက်နိုင်မယ်ဆိုလို့ရှိရင် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်မှု အခြေအနေက ဒီထက်ပိုပြီးတော့ ကောင်းမွန်လာမယ်လို့ ကျနော်ကတော့ ရှုမြင်ပါတယ်။”

မြန်မာနိုင်ငံအတွက် အရေးကြီးတဲ့ ၂၀၁၅ ရွေးကောက်ပွဲ နီးကပ်လာတဲ့အချိန်မှာ လူ့အခွင့်အရေး အခြေအနေက နောက်ပြန်ဆွဲနေတယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ Amnesty International က ကြေညာချက်ထွက်လာပြီးတဲ့နောက်မှာ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်က အခုလို မျိုး ပြောသွားတာဖြစ်ပါတယ်။ လူ့အခွင့်အရေး ကော်မရှင်အနေနဲ့တော့ လူ့အခွင့်အရေးဆိုင်ရာ လုပ်ဆောင်စရာ ရှိတာတွေကို လုပ်ဆောင်နိုင်တဲ့ ဘောင်အတွင်းက အတတ်နိုင်ဆုံး ဆောင်ရွက်နေပါတယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင် ဒုဥက္ကဌ ဦးစစ်မြိုင်ကပဲ ပြောပါတယ်။

“ဆောင်ရွက်နိုင်တဲ့ အတိုင်းအတာနဲ့ ဆောင်ရွက်ပေးတဲ့ အတိုင်းအတာ အတွင်းမှာတော့ ကျနော်တို့ လူ့အခွင့်အရေး ကော်မရှင်အနေနဲ့ အစိုးရအဖွဲ့အစည်းတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ရသင့်သလောက် ရပါတယ်။ ဒါတွေကတော့ ပြီးခဲ့တဲ့နှစ်တွေမှာရော အခု ၂၀၁၅ မှာရော ကျနော်တို့ ပူးပေါင်းဆောင်ရွက်မှုတွေဟာ လက်ခံနိုင်တဲ့ အနေအထားပေါ့လေ ရှိပါတယ်။ ဒီထက် တိုးမြှင့်ပြီးတော့ ဆောင်ရွက်နိုင်ရင်တော့ ပိုပြီးတော့ ကောင်းမွန်ပါတယ်။”

ဒီနေရာမှာ အရေးကြီးဆုံးက အားလုံးလိုက်နာရမယ့် တည်ဆဲဥပဒေဖြစ်ပြီးတော့ ဒီဥပဒေကို အသုံးချတဲ့ နေရာမှာ မှန်ကန်မှု ရှိဖို့လိုသလို၊ ဥပဒေကလည်း လူ့အခွင့်အရေးကို ထိခိုက်မှုမရှိအောင် လုပ်ဆောင်ရမယ်လို့ ဦးစစ်မြိုင်က အခုလို ပြောပါတယ်။

“ဥပဒေကို လိုရင်လိုသလို သုံးတယ်ဆိုတဲ့ အပိုင်းတွေကတော့ အရေးယူတဲ့လူလည်း ယူတယ်၊ မယူတဲ့လူလည်း မယူဘူး။ ဥပဒေကိုလည်း အလျှော့အတင်းနဲ့ အသုံးချနေတယ်ဆိုတာတွေကိုတော့ ကျနော်တို့လည်း ကြားနေရ၊ တွေ့နေရတာ ဖြစ်ပါတယ်။ အဲတော့ တရားဥပဒေကြောင်းနဲ့ သွားတဲ့အပိုင်းကိုတော့ ကျနော်တို့ရဲ့ ဆောင်ရွက်ပိုင်ခွင့်ကိုတော့ ပေးမထားပါဘူး။ ပေးမထားတဲ့အတွက် ကျနော်တို့အနေနဲ့ လေ့လာတဲ့သဘောပဲ ရှိပါတယ်။ ဒီဟာတွေကတော့လည်းပဲ ကျနော်တို့ ပွင့်လင်းမြင်သာမှု ရှိရမယ်ဆိုတဲ့ အခြေခံ သဘောတရားအပေါ်မှာတော့ ဒီအပေါ်မှာ ပိုပြီးတော့ရင် ကျင့်သုံးသွားဖို့ လိုအပ်တယ်လို့ ကျနော်တို့ မြင်ပါတယ်။”

မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင် ဒုဥက္ကဌ ဦးစစ်မြိုင် ပြောသွားတာပါ။ Amnesty International လူ့အခွင့်အရေးအဖွဲ့ကတော့ မြန်မာနိုင်ငံမှာ လွတ်လပ်စွာ ထုတ်ဖော်ခွင့်နဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့်ကို ကန့်သတ်တာတွေ၊ ဘာသာရေးဆိုင်ရာ သည်းခံနိုင်စွမ်း လျော့ပါးလာတာတွေနဲ့ ကျင့်ဝတ်နဲ့မညီဘဲနဲ့ လူထုကို ထိခိုက်အောင်လုပ်တဲ့ အာဏာပိုင်တွေကို အရေးမယူဘဲနဲ့ လျစ်လျူရှုနေတာတွေ အပါအ၀င် မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေ နောက်ပြန်ဆွဲတဲ့ ကိစ္စရပ်တွေကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို မတ်လမှာ တင်ပြမှာ ဖြစ်ပါတယ်။ သူတို့က ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်ကို မြန်မာနိုင်ငံမှာ ပိုပြီးတော့ လုပ်ပိုင်ခွင့်ပေးဖို့နဲ့ မြန်မာအစိုးရဘက်ကလည်း အပြည့်အ၀ ပူးပေါင်းဆောင်ရွက်ပြီးတော့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့၊ လူ့အခွင့်အရေး ကိုယ်စားလှယ်တွေ၊ သတင်းထောက်တွေကို လွတ်လပ်စွာ လှုပ်ရှားခွင့်ပေးဖို့ အပါအ၀င် မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေ တိုးတက်မှုရှိအောင် လုပ်ဆောင်ရမယ့် ကိစ္စရပ်တွေကို အကြံပြုထားပါတယ်။

မအေးသန္တာကျော် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/burma-human-rights/2656798.html