03/03/15



သမ္မတသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်ကို တွေ့တော့ အဆင့်အတန်း ခွဲတဲ့ သဘောနဲ့ ထိုင်ခုံကို သီးသန့်ပြင်ဆင်ထားတာကို တွေ့ရတယ်။ ၂၀၁၀-ခုမတိုင်မီက သိန်းစိန်ဆိုတာ သန်းရွှေရဲ့ လက်ကိုင်တုတ် နအဖရဲ့ ဝန်ကြီးချုပ်၊ သံဃာ့သတ်သမား၊ နာဂစ်ဖွဲ့စည်းပုံကို သန်းရွှေအကြိုက် ရေးဆွဲပေးခဲ့သူ၊ ၂၀၁၀ ခုနှစ်အထွေထွေရွေးကောက်ပွဲကို မဲလိမ်ပြီး သမ္မတနေရာကို ရယူခဲ့သူ စတဲ့ ဂုဏ်ပုဒ်နဲ့ ပြည့်စုံသူ ဖြစ်ခဲ့တယ်။

အခု တွေ့ဆုံပွဲမှာ သူက ဒေါ်အောင်ဆန်းစုကြည်ထက် ပိုမိုမြင့်မြတ်သယောင် ဂုဏ်ဒြပ်တုနဲ့ ဟန်ကိုယ့်ဖို့နေခဲ့သူ ဖြစ်တယ်။ ထိုင်တဲ့ကုလားထိုင်နဲ့ ထားတဲ့ စားပွဲက သီးသန့်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို အဆင့်နှိမ်ထားကြောင်း တွေ့မြင်ရမှာ ဖြစ်တယ်။ ဒါပေမဲ့ ဒီလောက်လေးနဲ့ သမ္မတသိန်းစိန်က လူထုခေါင်းဆောင် နိုဘဲလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ထက် ပိုမိုမြင့်မြတ်တယ်လို့ ဘယ်သူက ထင်မှာလဲ။

ရှည်ရှည်ဝေးဝေး ကြည့်မနေကြပါနဲ့။ သမ္မတသိန်းစိန်မျက်နှာကိုပဲ ကြည့်ပါ။

(၁) ရှက်ပြုံးလေး ပြုံးလို့၊
(၂) မဝံ့မရဲလေးနဲ့၊
(၃) ကလေးတစ်ယောက်လို လက်ကလေး ထားလို့ဖ
(၄) ယုံကြည်ချက် ပျက်ပြားနေတာကို တွေ့မြင်ရမှာ ဖြစ်တယ်။

ဒါဟာ သမ္မတဆိုတဲ့ လူတစ်ယောက်ရဲ့ သတ္တိနဲ့ ဗျတ္တိ ဖြစ်တယ်။ ဒီနိုင်ငံကို ဦးဆောင်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ရဲ့ စိတ်နေစိတ်ထား ဖြစ်တယ်။ ပေါ့ပေါ့တွေးလို့ မဖြစ်ဘူး။ မြတ်ဗုဒ္ဓက ကိုယ်ခံအားကောင်းသူသာ သတ္တိအစစ် ရှိသူ ဖြစ်တယ်။ စစ်တပ်အင်အား၊ လုပ်ပိုင်ခွင့်အာဏာ ရာထူးဌာနန္တရ ဘယ်လောက်ပဲ မြင့်မားပစေ ကိုယ်ကျင့်သီလ မရှိက သတ္တိကြောင်ပြီး ပရိသတ်ရှေ့ရောက်တဲ့အခါ ယုံကြည်မှု ကင်းပျောက်နေတတ်ပါတယ်။

တန်ပြန်သပိတ် လုပ်တဲ့ ဖွတ်တို့ရဲ့ မျက်နှာကို သေချာစူးစိုက်ကြည့်တဲ့အခါမှာလည်း သူတို့မှာ ယုံကြည်မှု ပျက်ပြားနေကြောင်း တွေ့မြင်ရမှာ ဖြစ်တယ်။ သိမ်ငယ်တဲ့စိတ်တွေကို ဖုံးဖိလို့ မရပါဘူး။ အစိုးရထောက်ခံတဲ့ ဆိုင်ပုဒ်ကို ကိုင်လို့၊ ရဲရဲတောက်စာတန်းတွေ ပြလို့ နေပေမဲ့ နှလုံးသားမှာ ဝမ်းနည်းကြေကွဲနေကြတာ များပါတယ်။ စစ်အစိုးရပေးခဲ့တဲ့ ဒဏ်ရာဒဏ်ချက်တွေဆိုတာ အတိုက်အခံတွေနဲ့ တိုင်းရင်းသားတွေမှာပဲ ရှိတာ မဟုတ်ပါဘူး။ ဖွတ်တွေနဲ့ စစ်တပ်မိသားစုတွေမှာတောင် ကြည့်မကောင်းအောင် ရှိနေကြတာပါ။ သူတို့လူ မဟုတ်ဘူးဆိုတာ သူတို့ပဲ အသိဆုံး ဖြစ်ပါလိမ့်မယ်။

အခု ဗဂိုးတိုင်း၊ လက်ပံတန်းမှာ ရဲတွေက ကျောင်းသားတွေကို ပိတ်ဆို့ကြတယ်။ ရဲမေတွေနဲ့ ရဲသားတွေရဲ့ မျက်လုံးများမှာ အဖြေရှာကြည့်ပါ။ အားငယ်နေတဲ့ စိတ်၊ သိမ်ငယ်နေတဲ့ စိတ်၊ ယုံကြည်မှု မရှိတဲ့ စိတ်၊ ပြည်သူများနဲ့ ကျောင်းသားများကို မျက်နှာပူတဲ့စိတ်ဟာ သူတို့ရဲ့ မျက်စိတံခါးပေါက်ကနေ လှစ်ဟပြသလို့ နေပါတယ်။ ညှိုးငယ်နေတဲ့ သူတို့ရဲ့ မျက်နှာဟာ သူတို့ဘက်မှာ အမှန်တရား မရှိဘူးဆိုတာ ထပ်လောင်းပြီး ကွန်ကရစ်လောင်းလိုက်ခြင်းပင် ဖြစ်တယ်။ 

ဒီတော့ ၂၀၀၈-ခုနှစ် နာဂစ်ဖွဲ့စည်းပုံဟာ နာဂစ်မုန်တိုင်းကို အမြတ်ထုတ်ပြီး အတည်ပြုခဲ့တယ်၊ သူတို့ကို အမိန့်ပေးနေတဲ့ အစိုးရဟာ မဲသူခိုး၊ သယံဇာတသူခိုး၊ လူလိမ်လူညစ်တွေ ဖြစ်တယ်၊ သူတို့ဟာ တရားတာ မတရားတာ အဖြေရှာပိုင်ခွင့် မရှိဘဲ အမိန့်ပေးတဲ့အတိုင်း လုပ်ရမယ်လို့ စိတ်နဲ့ ပြည်သူလူထုရှေ့မှာ ရပ်နေရတာ ဆိုတော့ ကိုယ့်လိပ်ပြာ ကိုယ်ဘယ်လုံပါတော့မလဲ။ 

"ငါတို့ကို ပြည်သူတို့ မုန်းနေမှာပဲ၊ တိုင်းရင်းသားတွေကလည်း ငါတို့ကို မုန်းနေကြမှာပဲ၊ ငါတို့က ဒီအလုပ်ကို လုပ်မိပြီ၊ မထူးတော့ပါဘူး"လို့ ခံယူပြီး ရှက်ရမ်းရမ်းတဲ့ ပုဂ္ဂိုလ်ကျော်အချို့က လွဲပြီး အစိုးရဝန်ထမ်းတိုင်းဟာ အဖြေမှန်သိနေပြီဖြစ်တဲ့ ပုစ္ဆာတစ်ခုကို မဖြေရဲကြပါဘူး။ အဲဒီအဖြေမှန်ကတော့ ဒီစနစ်အတိုင်း ဆက်သွားလို့ မရတော့ဘူးဆိုတာပါပဲ။

စစ်တပ်မှာ ယုံကြည်ချက်တွေ ပျောက်ဆုံးနေတယ်။
အစိုးရမှာ ယုံကြည်ချက်တွေ ပျောက်ဆုံးနေတယ်။
ဝန်ထမ်းတွေမှာ ယုံကြည်ချက်တွေ ပျောက်ဆုံးနေတယ်။
ရဲနဲ့ အလိုတော်ရိတွေမှာတောင် ယုံကြည်ချက်တွေ ပျောက်ဆုံးနေတယ်။
ယုံကြည်ချက် ကင်းမဲ့နေတဲ့အဖွဲ့အစည်းတစ်ခုဟာ သူတို့ကို လုံးဝမယုံကြည်တဲ့ တိုင်းရင်းသားတွေနဲ့ မိဘပြည်သူများကို ဘယ်လိုလုပ်ပြီး ဦးဆောင်နိုင်မှာလဲ။

သူတို့က ဒါကို ဝန်ခံဖို့တောင် ယုံကြည်ချက် မဲ့နေပြန်တယ်။
ဝန်ခံလိုက်ရင် သူတို့ကိုများ မုန်းတီးကုန်တော့မလားပေါ့။

ဒီဘဝကနေ လွတ်မြောက်အောင် ထွက်ပေါက်တစ်ခုပဲ ရှိတယ်။
အဲဒါကတော့ ဖွဲ့စည်းပုံကို ပြင်ဖို့ပါပဲ။
ယုံကြည်မှုအများဆုံး ရရှိထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နေရာပေးဖို့ပါပဲ။
တိုင်းရင်းသားတွေကို ဖက်ဒရယ်အာမခံချက်ပေးဖို့ပါပဲ။

ဒါတောင်မှ ကိုယ့်ကိုယ်ကို ယုံကြည်ဖို့၊ အချင်းချင်း ယုံကြည်ကြဖို့၊ သွေးစည်းညီညွတ်ဖို့ နှစ်ပေါင်းများစွာ အချိန်ယူရပါအုံးမယ်။ စစ်အုပ်စုတို့အနေနဲ့ ဒီပြည်ထောင်စုကြီးကို အနာတရ လုပ်ရင်းနဲ့ သူတို့ရဲ့ ယုံကြည်ချက်ကိုလည်း ဖျက်ဆီးခဲ့ပါပြီလို့ မသိသေးသမျှကာလပတ်လုံး မြန်မာနိုင်ငံဟာ လမ်းကြောင်းမှန်ပေါ် မရောက်သေးဘူးလို့ ပြောချင်တယ်။.                                                        U Ravika

ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့က အောင်မြေ ဗိမာန်ကျောင်းတိုက်မှာ သပိတ်စခန်းဖွင့်ထား တဲ့ ကျောင်းသူ ကျောင်းသားတွေဟာ မနက်ဖြန် သာယာဝတီမြို့ကို ဆက်လက်ချီတက်မှာဖြစ်ပြီး ရန်ကုန်ရောက်ရင် သပိတ်စခန်းကို ယာယီရပ်နားလိုက် မယ်လို့ ကြေညာလိုက်ပါတယ်။

သပိတ်စစ်ကြောင်းတွေအနေနဲ့ မဟုတ်တော့ဘဲ အမျိုးသားပညာရေးဥပဒေနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ တိုးတက်မှုကို စောင့်ကြည့်သွားမယ်လို့ ဒီနေ့ အောင်မြေဗိမာန်ကျောင်းတိုက်မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအပြီးမှာ သပိတ်ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ကိုမိုးထက်နေ ကပြောပါတယ်။

"၁ဝ တန်းစာမေးပွဲမတိုင်ခင် တစ်ပတ်လောက်အလိုမှာ သပိတ်စစ်ကြောင်းကို သိမ်းလိုက်ချင်တာပါဗျ၊ စောင့် ကြည့်ရေးအတွက် ကျနော်တို့ အစုအဖွဲ့တစ်ဖွဲ့အနေနဲ့ ရုံးခန်းပေါ့နော်၊ အဲ့လိုမျိုးတစ်ခုခု အဲ့လိုဟာအတွက် ကျနော်တို့ စဉ်းစားထားတာမျိုးရှိပါတယ်ဗျ၊ သပိတ် စစ်ကြောင်းအနေနဲ့သာ မရှိတော့တာ၊ ကျနော်တို့က လွှတ်တော်ကလုပ်နေတဲ့ လုပ်ငန်းစဉ်တွေ၊ နောက်လေး ပွင့်ဆိုင်ကိစ္စတွေ ကျနော်တို့ဒါမျိုးတွေကို လိုက်ပြီးတော့စောင့်ကြည့်မယ်၊ ကျနော်တို့ လိုအပ်တာတွေပြောမယ်"

ဒီနေ့ မနက်ပိုင်းက အဲဒီကျောင်းတိုက်က ကျောင်းသူ ကျောင်းသားတွေ ထွက်ဖို့ပြင်ဆင်ချိန်မှာ ရဲတပ်ဖွဲ့ အင်အား ၃၀၀ လောက်က ကျောင်းတိုက်အ၀င်ပေါက်မှာ ပိတ်ဆို့ခဲ့ပါတယ်။ နောက်ပိုင်းမှာ ကျောင်းသား ခေါင်းဆောင် ၅ ဦးကို ပဲခူးတိုင်းဒေသကြီး လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသက်ထွန်းက ခေါ်ယူတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

နှစ်ဖက်သဘောတူညီချက်အရ သပိတ်စစ်ကြောင်းဟာ မနက်ဖြန် လက်ပံတန်းမြို့ကနေ သာယာဝတီမြို့ကို လမ်းလျှောက်ချီတက်မှာဖြစ်ပြီး သာယာဝတီကနေ ရန်ကုန်ကို ကားနဲ့ထွက်ခွာမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။

RFA
https://www.facebook.com/pages/RFA-Burmese/39218993127?fref=photo

ပညာရေးဥပဒေကို သပိတ်မှောက်နေတဲ့ ကျောင်းသားတွေကို တည်းခိုရာ ကျောင်းဝင်းထဲကတောင်
မှ မထွက်ရသေးဘူး
မီးသတ်ပိုက် ရေ အမြှောက် ကားကြီးတွေ ၊ မီးသတ်ကားကြီးတွေ ၊ လက်နက်ကိုင် ရဲတပ်ရင်းကြီးတွေ ၊ ထစ်ကနဲ ဆို ပေါ်ပေါက်လာတတ်တဲ့ လက်နက်များ ကိုင်ဆောင်ထားပြီး
ဒေါသ ထွက်နေတဲ့ လူအုပ်ကြီးတွေ နဲ. ကျောင်းတိုက်ကို ၀ိုင်းပတ်ထားပြီး
အပ်တိုတစ်ချောင်းတောင်မှ မပါတဲ့ ကလေးတွေကို ညမှောင်မှောင်မှာ ၀င်စီး ဖို. သို.မဟုတ်
အကြမ်းဖက် ဖြို ခွဲ ဖို. နှိမ်နင်းရန် ကြံစည် စီမံနေသူများ နဲ. ပါဝင်နေသူများကို တစ်ခု လောက်တော့ မေတ္တာ ရပ်ခံ ပြောပြချင်ပါတယ် ။

ဒီမိုကရေစီ ဆိုဒါ မျိုးကို မကြားဘူး မသိဘူး မကျင့်သုံးဘူး တဲ့ အစိုးရ ဖြစ်အောင်
နိုင်ငံတကာ အလယ်မှာ ဒါလား ဒီမိုကရေစီ နိုင်ငံ လို. ပြော ပီး လှောင်ပြောင် သရော်ခံရအောင် တွန်းပို.ဘို.ကြံစည်နေကြသလား လို. မေးကြည်. ချင်ပါတယ် ။
မိမိနိုင်ငံ အစိုးရကို နလဘိန်းတုန်း မသိနားမလည်တဲ့ အစိုးရ အဖြစ်နဲ. ကမ္ဘာ့ အလည်မှာ အရှက်တကွဲ အကျိုး နည်း အောင် မကြံစည် မဆောင်ရွက်မိ ကြပါစေနဲ. ။

ဒီမို ကရေစီ နိုင်ငံ မှန်ရင် တက္ကသိုလ်ကျောင်းသားတွေရဲ. သပိတ်ဆိုဒါ မကြာခဏ
ပေါ်ပေါက်နေစမြဲ ပါဘဲ ။
ဘာကြောင့် ဆို ကျောင်းသား ဆိုဒါ ပညာရေးစံနစ်ရဲ. အများပြားဆုံးသော နံပါတ်(၁) Stakeholders တွေ customers တွေ ဖြစ်လို. ပါဘဲ ။
ခု မြန်မာနိုင်ငံအတွင်းမှာ လာရောက်ဖွင့်လျစ်နေကြတဲ့ International Schools တွေ မှာ ဆိုလည်း
Customer is always right လို. ကျင့်သု့း နေကြဒါပါဘဲ ။

ဒီတော့ မြန်မာနိုင်ငံ တက္ကသိုလ် တွေမှာလည်း ကျောင်းသားတွေဟာ ကျောင်းလခ လည်း ပေးပြီး တက်နေကြရတယ် ။ ကျူရှင်တွေလည်း ဈေးကြီးပေးပြီး တက်နေကြရတယ် ။ ဒါဟာ ကျောင်းသားက ကျောင်းလခ ပေးထားပေမဲ့ ကျောင်းက တတ်အောင်မသင်နိုင်ကြလို.
နောက်ထပ် ပိုက်ဆံ မကုန်သင့်ဘဲ ကုန်ပြီး အပင်ပန်းခံ အချိန်ကုန် ခံပြီး ထပ်တက် နေကြရတယ်
ဆိုကတည်း က ဒိကျောင်းတွေ က ကျောင်းသားတွေကို တတ်မြောက်အောင် ထိရောက်အောင် သင်မပေး လိုက်နိုင်ဘူး ဆို ဒါ ထင်ရှားတဲ့ သက်သေ ပါဘဲ ။
တစ်ခါ ကလေးတွေ ဒီလို အကုန်ခံထားကြရတဲ့ ကြားထဲမှာ များလှစွာသောCorruptions တွေ အမျိုးမျိုးကြောင့် ဆိုင်ရာ ပိုင်၇ာ ကို လာဘ်ပေးလာဘ်ယူတွေ ကလည်း ထပ်လုပ်ရ ထပ်ကုန်ရပြန်ပါသေးတယ် ။

ဒီတော့ ပညာရေးရဲ. အရေးအကြီးဆုံးသော Customers , Consumers and Stakeholders
တွေ ဖြစ်သော ကျောင်းသားတွေမှာ သူတို. သင်ယူ နေရတဲ့ ပညာရေးကို မကြိုက်ရင် သူတို.မှာ
ပြောပိုင်ခွင့် ဆွေးနွေးပိုင်ခွင့် ပြောင်းပေးဘို. တောင်းဆို နိုင်ခွင့် အားလုံး ရှိပါတယ် ။

နိုင်ငံတော်ကို ဒီမိုကရေစီ နည်းနဲ. တကယ် သွားနေပြီ လို. ပြောချင်ရင်တော့ ဒီလို ကျောင်းသားတွေ ဆန္ဒပြခွင့် တောင်းဆိုခွင့် ဆွေးနွေးခွင့် တွေဟာ ကျောင်းသားတွေမှာ အပြည်.အ၀ ရှိနေရပါတယ် ။

ဒီမိုကရေစီ စံနစ်ကို သမိုင်းတလျှောက် ကျင့်သုံး လာခဲ့ကြတဲ့ နိုင်ငံတွေ မှာ သူတို.ရရှိတဲ့ တက္ကသိုလ် ပညာရေးရဲ. အရည်အသွေး (Quality ) ကို မကြိုက်လို. ကျောင်းသားတွေ သပိတ်မှောက် ဆန္ဒပြဒါ တွေဟာ ကမ္ဘာပေါ်မှာ ခုမှမဟုတ် ရှေးနှစ်ပေါင်းများစွာကတည်းက ရှိနေဒါပါ ။ သူတို.ဆီတွေမှာ ပွဲ က ဒိ့ထက်ကြမ်းသေးတယ် ။

၁၉၇၀ ခုနှစ်များ ဆိုဒါ ကမ္ဘာ့ ပညာရေးရဲ. Years of Crisis လို.ခေါ်ရလောက်အောင်ကို တက္ကသိုလ်ကျောင်းသားတွေ သပိတ်အများဆုံး မှောက်ခဲ့ကြတဲ့ ခုနှစ်တွေပါ ။
အဲဒီအချိန်က ကမ္ဘာပေါ်မှာ အသိပညာ အတတ်ပညာပေါက်ကွဲ ခြင်းလို. ပြောရလောက်အောင်
အသိပညာတွေ အတတ်ပညာတွေ တစ်ဟုန်ထိုး တိုတက်လာနေလို. ကလေးတွေဟာ တက္ကသိုလ် က ဘွဲ.လည်း ရသွားရော သူတို.ကို သူတို. တက္ကသိုလ် တွေက ပေးလိုက်တဲ့ ပညာရပ်
တွေသည် ခေတ်နောက်ကျ နေတော့ ဒါ မို. အလုပ်တွေ အကိုင် တွေ မရကြတော့ဘဲ ဘွဲ.ရ အလုပ်လက်မဲ့ တွေ ပေါ်ပေါက်လာလို. သူတို.သင်ယူ ရရှိမည်. ပညာေ၇းကို အရည်အသွေး ပြည်.မီ လာစေရန် တောင်းဆို ဆန္ဒ ပြကြဒါပါ ။
ဒါတွေ ကို ကမ္ဘာ့ နိုင်ငံ အသီးသီး က တက္ကသိုလ် ကြီးများ ဟာ အမြော်အမြင်ကြီ့းစွာ နဲ. ပြုပြင်
ပြောင်းလဲ ပေးခဲ့ကြပါတယ် ။

ဒီတော့ ခု ဘယ်လို ပြောပြော ကျွန်မတို. တက္ကသိုလ် တွေက သူတို.တတွေကို ဘ၀ အာမခံချက်
ရှိတဲ့ ပညာတွေ တကယ် ပေးနိုင်လိုက်ကြလို.လား ။
မိမိတို. ရရှိတဲ့ ဘွဲ.နဲ. ထိုက်တန်အောင်ရော တတ်အောင်သင်ပေးလိုက်နိုင်ကြလို.လား ။

စစ်ကိုင်းပညာရေးတက္ကသိုလ်မှာ တာဝန်ထမ်းဆောင်နေစဉ်က SCET သင်တန်းးအတွက် အညာ
တကြောက တက္ကသိုလ် တွေကနေ M.A. and M.Sc. အောင်မြင်ပြီးသူတွေကို အင်တာဗျူး တော့
ဘာတွေဖြေကြသလဲ သိပါသလား ။

M.A. (Geography ) တစ်ယောက်ကို ကျွန်မ မေးပါတယ် ။
သမီးရယ် မြန်မာ နိုင်ငံ အရှေ.ဘက် စွန်းက ပြည်နယ် တစ်ခု ကို ပြောပါ ဆိုတော့ ချင်းပြည်နယ် တဲ့။
ဒါနဲ. ချင်းပြည်နယ်မှာ ရှိတဲ့ တက္ကသိုလ်တစ်ခု ကို ပြောပါ ဆိုတော့ မြစ်ကြီးနား တက္ကသိုလ် တဲ့ ။
ကဲ .. ဘယ်လို အမှတ်ပေးကြရမလဲ ။
M.A (English ) တစ်ယောက်ကို ဒုတိယ ပါမောက္ခချုပ်ကို အင်္ဂလိပ်လို ဘယ်လို ခေါ်ပါသလဲ ဆိုတော့ Assistant Professor တဲ့ ။ အဲဒီ MA.(English ) တွေ က ခုခေတ်မှာ Verb 1 , Verb 2, Verb 3 ဆိုတဲ့ Present, Past and Past Participle ကိုတောင်မှ မသိပါဘူး ။ အဲဒီတော့ အဲဒီလို
လူတွေကို ဘယ်လို သင်တန်းပေးပြီး ဘယ်လို ဆယ်တန်းသင်ခိုင်းလို. ဘယ်လို ဆယ်တန်းအောင်ချက်တွေ ထွက်လာမှာပါလဲ ။ ပြီးတော့ M.Sc. တွေကို သူတို.ရေးခဲ့တဲ့ Master Theses တွေ အကြောင်း ပြောခိုင်းတော့ နာမည် တောင် မသိကြဘူး ။
နောက်ဆုံးတော့ ၀န်ခံသွားကြပါတယ် ။
ကျွန်မ တို. က ငွေ ပေးလိုက်ရုံပါဘဲ တဲ့ ။ သက်ဆိုင်ရာ ဆရာ ဆ၇ာမတွေက အကုန်လုပ်ပေးပြီး အောင်စာ၇င်းလည်း တစ်ခါတည်းထွက်သွားဒါ ပါဘဲ တဲ့ ။

ဒါတွေက ပညာရေး ဘာတွေ နိမ့်ကျ နေသလဲ လို. တစ်နေ.က မေးတဲ့ သူတွေကို ထောက်ပြဒါပါ ။
အဲဒါ က ရခဲ့တဲ့ ဘွဲ.နဲ. စာ တတ်တာနဲ. နိမ့်ကျနေဒါ ။

ပြီးတော့ ပညာတတ်တို.မှာ ရှိသင့်ရှိထိုက်တဲ့ အပြုအမူ အနေအထိုင် တွေနဲ. ပတ်သက်လို. ပြောပြ ချင်ပါသေးတယ် ။
ပညာတတ်တယ် ဆိုဒါ မိမိတို.၏ ကိုယ် နှုတ်နှလုံး ၃ ပါးလုံးသည် ပညာတတ်တစ်ယောက်ပီသစွာ
ပြောတတ် ဆိုတတ် နေတတ် ပြုမူ ဆောင်ရွက်ရတတ်ပါတယ် ။
ဒို.တွေ.ကြုံ ခဲ့ဒါလေးတွေ ပြန်ပြောပြပါမယ် ။

အဲဒီတုန်းက အဲဒီ SCET တက်ခွင့် အတွက် လာပြီး အင်တာဗျူး ဖြေကြရာမှာ အဖြူ အစိမ်း
uniform ၀တ်ပြီး လာဖြေကြရပါတယ် ။ တကယ်တော့ အိမ်ကတည်း က တစ်ခါတည်း ၀တ်လာဘို. ကောင်းဒါ ပေါ့ ။
ခုတော့ ရမှာ မရမှာ မသေချာတဲ့ သင်တန်းမို.လို.လား ၊ လမ်းမှာ အဖြူ အစိမ်း ၀တ်လာရဒါကို ဂုဏ်ငယ်မှာ စိုးလို.ဘဲလား မသိ ။ဝတ်မလာဘဲ ကျောင်းရောက်မှ ၊ အင်တာဗျူးထဲဝင်လာခါ နီးမှ
အဖြူ အစိမ်း လဲဝတ်ကြပါတယ် ။
အဲဒီတော့ လဲချင်၇င်လည်း အိမ်သာထဲမှာ လုံလုံ ခြုံခြုံ သွားလဲကြပါလား ။
အဲဒီ အင်တာဗျူးအတွက် ဒို.ကျောင်းကို သွားတော့ ကျောင်းဝင်းထဲမှာ ကားလမ်းမ နံဘေးမှာ
ထမီတွေရော အင်္ကျီ တွေရော ချွတ်လဲ နေကြလေရဲ. ။ မိန်းမ တွေနော် ။ မဟာဘွဲ.ရ ကြီးတွေနော် ။
ဒို.စိတ်ထဲမှာ .. သြော် ပညာတတ်တယ် ဆိုဒါ ကို သူတို. ဘယ်လိုများ နားလည် ထားကြလေသလဲ လို. တွေးမိသွားပါတယ် ။

အိမ်သာမှာ ၀င်လဲ တဲ့ သူတွေကလည်း အိမ်သာခန်းတွေထဲအထိ မ၀င်ဘဲ အိမ်သာသွား၇ာ လမ်းတလျှောက်မှာ ချွတ်လဲ နေကြလို. အဲဒီနေ.က ဆ၇ာတွေ ဆို အိမ်သာတောင် မသွားရဲကြရှာဘူး ။

နောက်တော့ ဌာနမှာ အင်တာဗျူး ထိုင်တော့ အင်တာဗျူးးမည်. စားပွဲ နားက ပြူတင်းပေါက် အောက်မှာ ဆူဆူ ဆူဆူ ကြားလို. ဒိုက ထကြည်.မည် လုပ်တော့ ဒို.အဖွဲ.က AP တစ်ယောက်ဖြစ်တဲ့ ဦးချို ကြီး ( ယခု ကွယ်လွန် ) က ရတယ် မမ ကျွန်တော် ထကြည်.ပေးမယ် ဆိုပြီး ပြူတင်းပေါက်ကလည်း ငုံ.ကြည်.ပြီးရော .. အမလေးဗျာ ဆိုပြီး ပြန်ဝင်ပြေးလာရရှာတယ် ။
ပြူတင်းပေါက်အောက်မှာ အ၀တ်လဲနေလို.တဲ့ . ဖြစ်ရပုံများ ။ အဲဒါ ခုခေတ် တက္ကသိုလ်တွေက
မဟာဘွဲ.ထူးရှင်ကြီး တချို. ပါဘဲ ရှင် ။

ဒါကြောင့် ထိုကဲ့သို.သော ပညာရေးမျိုး သည် အဘက်ဘက် က ပြုပြင်ဖို. လိုအောင်ကို နိမ့်ကျ
နေကြတယ် ဆိုါး တွေရယ် ။

အောင်ပြီး ဘွဲ.ရသွားပြန်ရင်လည်း သူများနိုင်ငံမှာ ဖြစ်ဖြစ် ကိုယ့်နိုင်ငံမှာ ဖြစ်ဖြစ် သူများခိုင်းဖတ်
သူများကျွန်ခံ ပြီး အနှီမ်အနင်း ခံနေကြရဒါ တို. ။ သူများနိုင်ငံမှာ ဘွဲ.ရတွေ အိမ်ဖေါ် သွားလုပ်နေရ
ဒါ တို.နဲ. ဘာမျှ ဘ၀အာမခံချက်မရှိတဲ့ ပညာရေးကြီးမို ( ကြည်.ပါလား ။ ပါမောက္ခချုပ် အဆင့် ကတောင်မှ ဗိုလ်ချုပ်အောင်ဆန်း ဘွဲ.ရမှန်းမသိ ။ ) ( ၁၉၂၀ က ကွန်မြူနစ်ဝါဒ မရှိသေးတဲ့ အင်္ဂလိပ် ကိုလိုနီမှန်း မသိ နဲ. ) ကိုယ့်တက္ကသိုလ်အကြောင်းတောင် ကိုယ.်မသိသူတွေ မွေးထုတ်
ပေးနေတဲ့ ပညာရေးကြီး မို. ပြုပြင်ရန် လိုအပ် နေဒါကို ကလေးတွေ က ကျောင်းသူ ကျောင်းသား
တွေမို. တောင်း နေကြဒါဟာ သူတို.မှာ တောင်းပိုင်ခွင့် လည်း အပြည်.အ၀ ရှီသော
တောင်းလည်း တောင်းသင့်သော Rights တွေသာ ဖြစ်ပါတယ် ။

အဲဒီလို rights ရှိလို.တောင်းနေကြသူတွေကို တစ်ခါ အင်အားသုံးပြီး ဖြိုခွဲ ဦးမယ် ဆိုရင်တော့ သမိုင်းမှာ ဘယ်တော့မျှ ပြင်လို.မရတဲ့ မဟာ အမှားကြီး ၊ နိုင်ငံတကာက ၀ိုင်းဝန်းကဲ့ရဲ. ရယ်သွမ်းသွေးခံရမည်. အမှား ကြီး ဖြစ်သွားပါလိမ့်မယ် ။

ပြီးတော့  ကျောင်းသူ ကျောင်းသား ကလေးတွေ ဆိုဒါ မိဘပြည်သူတွေရဲ. သား သမီး တွေပါ
သားသမီး ကို ထိရင် ဘယ်မိဘ မဆို နာတတ် ပါတယ် ။
မိဘချင်း သားသမီးချင်းစာနာပါ ။

ပြည်သူနဲ. အစိုးရကြားမှာ ဘယ်တော့မှ မကြေအေး နိုင်မည်. အမှားတွေ ကျူးလွန်ပြီး
ကမ္ဘာမကြေဘူးဟေ့ .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီ အဖရေ.လို. ဗိုလ်ခှုပ်အောင်ဆန်း တို.
အဖိုး သခင် ကိုယ်တော်မှိုင်း တို.ကို တစ်ခါ ပြန်တရမည်. အဖြစ်ကို မသွားမိ မကျူးးလွန်မိ ကြပါစေနဲ. လို. မေတ္တာရပ်ခံ လိုက်ပါတယ် ။

ကလေးတွေ အားလုံး ဘေးကင်း အောင်မြင် ကြပါစေ ။(Nu Nu Win Tin)
.
Credit :ဆရာမကြီး Nu Nu Win Tin

ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်း(ပင်မ)မှ ကျောင်းသားကိုယ်စားလှယ်များနှင့် ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးမှ နယ်လုံဝန်ကြီးနှစ်ဦးတို့ လက်ပံတန်းမြို့နယ်တွင် မတ် ၂ ရက်က တွေ့ဆုံဆွေးနွေးခဲ့ရာ ကျောင်းသားများဘက်မှ အချက် ၈ ချက် တောင်းဆိုခဲ့ကြောင်း သိရသည်။

ပင်မသပိတ်စစ်ကြောင်း အနေဖြင့် ရန်ကုန်သို့ အရောက်ချီတက်ရန် ခိုင်ခိုင်မာမာ ဆုံးဖြတ်ထားသည့်အတွက် အဆိုပါအချက် (၈) ချက်ကို တောင်းဆိုရခြင်းဖြစ်ကြောင်း ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ဦးအောင်မှိုင်းဆန်းက ပြောကြားသည်။

ယင်းအချက် (၈) ချက်မှာ (၁) ပင်မသပိတ်စစ်ကြောင်းသည် မတ် ၃ ရက် နံနက်ပိုင်းတွင် လက်ရှိတည်းခိုနေသော လက်ပံတန်းမြို့၊ အောင်မြေဗိမာန်ကျောင်းတိုက်မှ သာယာဝတီမြို့နယ်အထိ လမ်းလျှောက်ချီတက်မည်၊ ချီတက်ရာတွင် သပိတ်ပုံစံဖြင့် ချီတက်မည်၊ ကြွေးကြော်သံများဖြင့် ချီတက်မည်၊ (၂) သာယာဝတီတွင် ညအိပ်နားနေပြီး နောက်နေ့နံနက်တွင် ရန်ကုန်သို့ ထွက်ခွာမည်၊ ရန်ကုန်သို့ ချီတက်ရာတွင်
လမ်းလျှောက်ချီတက်မည် မဟုတ်ဘဲ ကားဖြင့်သွားမည်၊ (၃) ရန်ကုန်သို့ ချီတက်သည့်ကားများတွင် သမဂ္ဂခွပ်ဒေါင်းအလံကို လွှင့်ထူသွားမည်၊ (၄) ချီတက်သည့်ကားများတွင် လမ်းတစ်လျှောက်
ဖွင့်လာသော သီချင်းများအား ဖွင့်သွားမည် (၅) ရန်ကုန်သို့သွားမည့် ကားများအား အမြန်မောင်းနှင်မည် မဟုတ်ဘဲ ပုံမှန်အတိုင်း မောင်းနှင်မည်၊ (၆) ရန်ကုန်သို့ ရောက်ရှိပါက ရွှေတိဂုံရင်ပြင်တော်ပေါ်ရှိ ပထမကျောင်းသားသပိတ် ဖြစ်ပွားချိန်တွင် အထိမ်းအမှတ်အဖြစ် စိုက်ထူးထားသော ကျောက်တိုင် (သို့မဟုတ်) ရန်ကုန်တက္ကသိုလ် ၀င်းအတွင်းရှိ သမဂ္ဂရင်ပြင်ရှိ ဗိုလ်အောင်ကျော်ကျောက်တိုင်သို့ သွားရောက်မည်ဖြစ်သည်၊ (၇) အဆိုပါနေရာများသို့ ရောက်ရှိပါက အချိန်တိုအခမ်းအနားတစ်ခု ပြုလုပ်မည်၊ (၈) ယင်းကဲ့သို့ အစီအစဉ်များ ပြီးဆုံးပါက မိမိတို့ အစီအစဉ်ဖြင့် လူစုခွဲပြီး နေရပ်အသီးသီးသို့ ပြန်မည်တို့ ဖြစ်သည်။

“ကိုယ့်အရပ်ကိုယ့်ဒေသကို ပြန်တဲ့အခါ အများအားဖြင့် အစိုးရ လုပ်လေ့ရှိတာ သူတို့ဘာသာသူတို့ ကားတွေစီစဉ်ပြီး ဇွတ်အတင်းအကြပ် ပို့တာမျိုးတွေ လုပ်လေ့ အရင်က ရှိခဲ့တဲ့အတွက်
ကျွန်တော်တို့ ကိုယ့်အစီအစဉ်နဲ့ ပြန်မယ်။ မယုံရင်လည်း လိုက်ပြီး ကြည့်လို့ရတယ်။ အရင်က အကြမ်းဖျင်းပြောထားတာက သူတို့လုံခြုံရေးနဲ့ ဘေးကညှပ်ပြီး လိုက်ပို့မယ်
အဓိပ္ပာယ်ဆောင်တဲ့ ဟာမျိုးတွေ ရှိတယ်အတွက် သူတို့လုံခြုံရေး ကျွန်တော်တို့ ကားတန်းလိုက်တာ လက်ခံတယ်။ ဒါပေမယ့် သူတို့လုံခြုံရေးကို ကျွန်တော်တို့ ကားတန်းနဲ့ ခပ်ခွာခွာက သွားပေါ့။ နောက်ဆုံးကလည်း ခပ်ခွာခွာနဲ့ လိုက်ပေါ့။ အဲဒါကတော့ သူတို့ကြိုက်တဲ့ ကားအရေအတွက်နဲ့ပါ” ဟု ပြောကြားသည်။

ဆက်လက်ပြီး ၄င်းက “ဒီလိုတောင်းဆိုချက် ၈ ချက် တောင်းဆိုထားမှုကို အစိုးရ အချိန်မှီ အကြောင်းမပြန်ခဲ့ရင် ကျွန်တော်တို့ မနက်ဖြန် နံနက် ၉ နာရီကနေစပြီး ဒီကနေ သာယာဝတီအထိ သေချာပေါက် ချီတက်သွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

မတ် ၂ ရက်က သာယာဝတီမြို့နယ်၊ လက်ပံတန်းမြို့နယ် ဂိုဏ်းပေါင်းစုံ သံဃာတော်များက စာမေးပွဲကာလများ ဖြစ်တဲ့အတွက် သပိတ်ကို
စောင့်ကြည့်စေချင်ကြောင်း လာရောက် မေတ္တာရပ်ခံခဲ့သဖြင့် မိဘပြည်သူများ ဒကာ၊ ဒကာမများ စိုးရိမ်ပူပန်မှုကို လျော့ကျစေချင်ကြောင်းနှင့် အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား
လွှတ်တော်မှ အတည်ပြုခြင်းနှင့် ပတ်သတ်ပြီး လွှတ်တော်လုပ်ငန်းစဉ်များအား မြန်နိုင်သမျှ မြန်အောင် လုပ်ပေးမည်ဟု လွှတ်တော်အမတ်အချို့၏
ကတိစကားများကြောင့် လွှတ်တော်ကို စောင့်ကြည့်သင့်သည့်အတွက် ယင်းကဲ့သို့ အချက် (၈) ချက်အား တောင်းဆိုရခြင်းဖြစ်ကြောင်း ဗကသများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီ
ဒုတိယဥက္ကဋ္ဌ ကိုမိုးထက်နေက ပြောကြားသည်။

Eleven Media Group

မကြာသေးမီကာလက ပြည်သူ့လွှတ်တော်မှာ သတင်းမီဒီယာ လွတ်လပ်ခွင့်နဲ့ပတ်သက်တဲ့ အဆိုတစ်ခုကို ထောက်ခံမဲ ၅၁ မဲ၊ ကန့်ကွက်မဲ ၂၁၇ မဲနဲ့ ကန့်ကွက်ပယ်ချခဲ့တဲ့ အချက်ဟာ မီဒီယာလောက အတွက်သာမက မြန်မာ့ဒီမိုကရေစီရေးအတွက် အထူးစိုးရိမ်စရာ ကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီမိုကရေစီနဲ့ သတင်းလွတ်လပ်ခွင့်ဆိုတာ ဒင်္ဂါးပြားတစ်ပြားရဲ့ ခေါင်းနဲ့ပန်း ဖြစ်နေလို့ပါပဲ။

သတင်းလွတ်လပ်ခွင့်မရှိရင် ဒီမိုကရေစီမရှိသလို ဒီမိုကရေစီမ ရှိရင်လည်း သတင်းလွတ်လပ်ခွင့်မရှိပါ။ ဒါကြောင့် သတင်းလွတ်လပ်ခွင့်ကို ဒီမိုကရေစီရဲ့ အသက်သွေးကြော၊ ဒီမိုကရေစီရဲ့ကျောရိုး၊ ဒီမိုကရေစီရဲ့ ခံတပ်စသဖြင့် တင်စားကြတာ ဖြစ်ပါတယ်။ လွှတ်တော်က သတင်းလွတ်လပ်ခွင့်အပေါ် အရေးမထားဘူးဆိုရင် ဒီမိုကရေစီ ကူးပြောင်းရေးဟာ ဆောင်းတွင်းအိပ်မက် ဖြစ်သွားပါလိမ့်မယ်။

သတင်းမီဒီယာ လွတ်လပ်ခွင့်နဲ့ပတ်သက်ပြီး အစိုးရဘက်က တရားဥပဒေနဲ့အညီ ဆောင်ရွက်ပေးဖို့ လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက တောင်းဆိုတင်ပြရာမှာ သူက ဖြစ်စဉ်သုံးခုကို ပုံစံပြခဲ့ပါတယ်။ အလဲဗင်းမီဒီယာကို ပြန်ကြားရေးဌာနက တရားစွဲထားတဲ့ ဖြစ်စဉ်၊ အလွတ်သတင်းထောက် ကိုပါကြီး သေဆုံးခဲ့တဲ့ ဖြစ်စဉ်၊ ယူနတီဂျာနယ် သတင်းသမားများကို နှစ်ရှည်ထောင်ဒဏ်ချထားတဲ့ ဖြစ်စဉ်တွေပါ။

သတင်းသမားတွေဘက်က ဘာမှ ကျင့်ဝတ်စည်းကမ်း မဖောက်ဖျက်ခဲ့ပါဘဲနဲ့ အသက်ဆုံးသူဆုံး၊ ထောင်ကျသူကျ၊ တရားစွဲခံရသူ ခံရဖြစ်နေခြင်းဟာ မီဒီယာဥပဒေကို ချိုးဖောက်ပြီး မီဒီယာကို စနစ်တကျဖိနှိပ်နေတာပဲလို့ ဦးဖြိုးမင်းသိန်းက ရှင်းလင်း တင်ပြခဲ့ပါတယ်။ ဒါကို မီဒီယာ ဥပဒေ ပြဋ္ဌာန်းရာမှာ အဓိကကျတဲ့ လွှတ်တော်နဲ့ အစိုးရပိုင်းက ပြန်ပြီးအရေးယူပေးဖို့ ပြောခဲ့တာပါ။

သတင်းမီဒီယာများ လွတ်လပ်စွာ လှုပ်ရှားဆောင်ရွက်နိုင်ရန်နှင့် သတင်းမီဒီယာ အနေဖြင့်လည်း တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုအစိုးရမှ ဥပဒေနှင့်အညီ ဆောင်ရွက်မှုများ အလျင်အမြန် ပြုလုပ်ပေးပါရန် ပန်ကြားပါသည်ဆိုပြီး တင်ပြခဲ့တာပါ။

အံ့ဩစရာမကောင်းတာက တင်ပြချက်ကို ပြန်ကြားရေး ဝန်ကြီးဌာနဘက်က ပြင်းပြင်းထန်ထန်ကန့် ကွက်ခဲ့တဲ့အဖြစ်ပါ။ အံ့ဩစရာ ကောင်းတာက လွှတ်တော်ကလည်း ဒီအဆိုကို မဲအများစုနဲ့ ကန့်ကွက်ပယ်ချခဲ့တာပါ။


လွတ်လပ်တဲ့ မီဒီယာလား၊ ပြန်ကြားရေး ၀န်ကြီးဌာနလား

သတင်းမီဒီယာတွေ လွတ်လပ်စွာလှုပ်ရှားမှုနဲ့ ပတ်သက်တဲ့ အဆိုကို ပြန်ကြားရေးဝန်ကြီးဌာနက ပြင်းပြင်းထန်ထန် ကန့်ကွက်တာက သိပ်မထူးဆန်းပါဘူး။ ဘာကြောင့်လဲဆိုတော့ လွတ်လပ်တဲ့ သတင်းမီဒီယာတွေရဲ့ အလုပ်နဲ့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ အလုပ်ဟာ ဆန့်ကျင်နေတတ်လို့ပါပဲ။

လွတ်လပ်တဲ့ မီဒီယာတွေရဲ့ အဓိကအလုပ်က စတုတ္ထမဏ္ဍိုင်အဖြစ် အခြားမဏ္ဍိုင်သုံးခု (အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး) ကို ထိန်းညှိပေးတာပါ။ တခြားမဏ္ဍိုင် သုံးခုကပူးပေါင်းပြီး ဖောက်လှဲဖောက်ပြန်လုပ်ရင် မီဒီယာက ဖွင့်ချဖော်ထုတ်တဲ့နည်းနဲ့ ဒီမိုကရေစီ လူ့အဖွဲ့အစည်းကို တည်တံ့အောင် ဆောင်ရွက်ပေးရတာပါ။ ဒါကြောင့် ဒီမိုကရေစီနိုင်ငံများမှာ လွတ်လပ်တဲ့ မီဒီယာများ အားကောင်းအောင် အထူးဂရုစိုက်ပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာန ဆိုတာက အစိုးရပိုင်ဌာနတစ်ခုသာ ဖြစ်ပါတယ်။ သူက စတုတ္ထမဏ္ဍိုင် အလုပ်ကို ဘယ်လိုမှ မလုပ်နိုင်ပါ။ ကျန်မဏ္ဍိုင်သုံးရပ်ကို ထိန်းညှိပေးရတာထက် အစိုးရရဲ့ လုပ်ရပ်တွေ တကယ်ကောင်းကြောင်း၊ အလွန်ကောင်းကြောင်း၊ ပြောစမှတ်ပြုရအောင် ကောင်းကြောင်း ကြော်ငြာပေးရတာက အဓိက ဖြစ်ပါတယ်။ ဝါဒဖြန့်ချိရေးကို အဓိကလုပ်ရတဲ့ ဌာနဆိုရင် မမှားပါဘူး။

ဒါကြောင့် လွတ်လပ်တဲ့ မီဒီယာတွေနဲ့ ပြန်ကြားရေးဝန်ကြီးဌာနဟာ သဘာဝအရ ခြားနားဆန့်ကျင်ပါတယ်။ လွတ်လပ်တဲ့ မီဒီယာတွေ အားကောင်းရင် ပြန်ကြားရေး ဝန်ကြီးဌာနဟာ ဝါဒဖြန့်ချိရေးကို လက်လွတ်စပယ် မလုပ်ရဲပါ။ အစိုးရရဲ့ ကိုးရိုးကားရား လုပ်ရပ်တွေကို လိုက်ဖုံးရင် မီဒီယာတွေကြောင့် အရှက်တကွဲ ဖြစ်တတ်ပါတယ်။

ဒီမိုကရေစီစနစ်ကို အမှန်တကယ် ကူးပြောင်းလိုတယ်ဆိုရင် ပြန်ကြားရေးဝန်ကြီးဌာနရဲ့ အခန်းကဏ္ဍကို လျှော့ချပြီး လွတ်လပ်တဲ့မီဒီယာတွေရဲ့ အခန်းကဏ္ဍကို အားပေးမြှင့် တင်ကြရပါလိမ့်မယ်။ ဒါပေမဲ့ အစိုးရရဲ့ လက်ရှိလုပ်ဆောင်ချက်တွေကို ကြည့်ရင် လွတ်လပ်တဲ့ မီဒီယာတွေကို မြှင့်တင်ပေးတာမတွေ့ရဘဲ ကျဆုံးအောင် လုပ်နေတာတွေကိုပဲ တွေ့ရပါတယ်။


ဈေးကွက်ထဲမှာ အသေသတ်တဲ့နည်း

၂ဝ၁၃ ခုနှစ် ဧပြီ ၁ ရက်မှာ ပုဂ္ဂလိကသတင်းစာ ၁၆ စောင်ကို ထုတ်ဝေခွင့်ပြုလိုက်တဲ့နောက် မြန်မာ့မီဒီယာလောကမှာ လွတ်လပ်တဲ့ နေ့စဉ်သတင်းစာတွေ စတင်လာပါတယ်။ ဒီသတင်းစာတွေကို မြန်မာ့အလင်းနဲ့ ကြေးမုံဆိုတဲ့ ပြန်ကြားရေးဌာနပိုင် သတင်းစာတွေက ဈေးကွက်ထဲမှာ အသင့်စောင့်နေပါတယ်။ ပုဂ္ဂလိက သတင်းစာတွေက တစ်စောင်ကို ကျပ် ၂ဝဝ နဲ့ ရောင်းမှ အရင်းကြေရုံရှိတဲ့ အချိန်မှာ မြန်မာ့အလင်းနဲ့ ကြေးမုံက တစ်စောင်ကို ကျပ် ၅ဝ နဲ့ ရောင်းနေတာပါ။ ကြော်ငြာမှန်သမျှကိုလည်း အစိုးရပိုင်သတင်းစာတွေကပဲ လက်ဝါးကြီး အုပ်ထားတာဆိုတော့ မကြာခင်မှာဘဲ ပုဂ္ဂလိက သတင်းစာတွေ တဖြုတ်ဖြုတ်နဲ့ ဇီဝိန်ကြွေကုန် ပါတော့တယ်။ လွတ်လပ်တဲ့ ဈေးကွက်ဟာ သတ်ကွင်းတစ်ခု ဖြစ်သွားပါတယ်။

ပုဂ္ဂလိက သတင်းစာတွေ ဈေးကွက်ထဲမှာ အသေသတ်ခံနေရတာကို အစိုးရက လက်ပိုက်ကြည့်နေပါတယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို အဆင့်လိုက် လုပ်ဆောင်နေပါတယ်ဆိုတဲ့ အစိုးရက လွတ်လပ်တဲ့ သတင်းစာတွေ တစ်စောင်ပြီး တစ်စောင် ပျောက်ကွယ်သွားတာကို သူ့တာဝန်မရှိသလို လက်ပိုက်ကြည့်နေပါတယ်။

ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် လွတ်လပ်တဲ့မီဒီယာတွေ အားကောင်းဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ ကောင်းမွန်သော အစိုးရဖြစ်ဖို့ သူ့ဘာသာ ဘယ်လိုမှ မပြောင်းလဲနိုင်ပါဘူး။ လွတ်လပ်တဲ့ မီဒီယာတွေက ကူညီပေးရမှာပါ။ အစိုးရအဖွဲ့ထဲက အကျင့်ပျက်ခြစားမှုတွေ လွဲချော်တဲ့ စီမံခန့်ခွဲမှုတွေကို လွတ်လပ်တဲ့ မီဒီယာကပဲ ထောက်ပြဖော်ထုတ် ပေးရမှာပါ။ ဒါကြောင့် လွတ်လပ်တဲ့ မီဒီယာများထဲမှာ ပါဝင်တဲ့ ပုဂ္ဂလိက သတင်းစာများ ထူမတ်ရပ်တည်နိုင်အောင် ကူညီပေးရပါမယ်။

လက်တွေ့ ကူညီနိုင်တာတွေ ရှိပါတယ်။ အစိုးရသတင်းစာများကို ဖြန့်ချိရာမှာပေးတဲ့ သယ်ယူပို့ဆောင်မှု အခွင့်အရေးမျိုး ပုဂ္ဂလိက သတင်းစာတွေကို ပေးနိုင်ပါတယ်။ အခွန်အခ လျှော့ပေးနိုင်ပါတယ်။ သတင်းစာ ထုတ်လုပ်မှုအတွက် လိုအပ်တဲ့ တင်သွင်းကုန်ပစ္စည်းတွေကို အခွန်မဲ့ သတ်မှတ်ပေးနိုင်ပါတယ်။ အစိုးရပိုင် ဘဏ်တွေကနေ အတိုးနည်းနည်းနဲ့ ငွေချေးပေးနိုင်ပါတယ်။ ဘတ်ဂျက်နဲ့  ရပ်တည်လို့ရတဲ့ အစိုးရသတင်းစာတွေမှာ စီးပွားရေးကြော်ငြာတွေကို လက်မခံတဲ့နည်းနဲ့ ပုဂ္ဂလိကသတင်းစာတွေဆီ ကြော်ငြာရောက်သွားအောင် ကူညီနိုင်ပါတယ်။

လောလောဆယ်မှာတော့ ပုဂ္ဂလိက သတင်းစာတွေကို အလဲထိုးနေတဲ့ ပြန်ကြားရေးသတင်းစာ နှစ်စောင်ကိုပဲ မီဒီယာလောကမှာ ဆက်လက် မင်းမူနိုင်အောင် ဥပဒေပြုဖို့ ကြိုးစားနေပါတယ်။


လက်ဝါးကြီးအုပ်မယ့် အများပြည်သူ ၀န်ဆောင်မှု မီဒီယာလား

ဒီမိုကရေစီနိုင်ငံတွေမှာ အစိုးရပိုင် သတင်းစာရယ်လို့ မရှိတတ်ပါဘူး။ ဒါကြောင့် မြန်မာအစိုးရပိုင် မြန်မာ့အလင်းနဲ့  ကြေးမုံကိုလည်း ပုဂ္ဂလိကကိုပဲ လက်လွှဲရောင်းချ ပစ်သင့်ပါတယ်။ ဒါပေမဲ့ ဒီလိုလည်း မလုပ်ချင်တဲ့အတွက် အများပြည်သူ ဝန်ဆောင်မှု သတင်းစာများအဖြစ် ပြောင်းလဲဖို့ ဥပဒေကြမ်းတစ်ခုကို ပြန်ကြားရေး ဝန်ကြီးဌာနက လွှတ်တော်မှာ တင်ထားပါတယ်။

ဒီဥပဒေကြမ်းအရ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနဲ့ သတင်းစာနှစ်စောင်ဟာ မြန်မာနိုင်ငံရဲ့ တစ်ခုတည်းသော အများပြည်သူ ဝန်ဆောင်မှု မီဒီယာတွေဖြစ်မယ်။ အစိုးရပိုင် မဟုတ်တော့ပေမယ့် အုပ်ချုပ်ရေး အဖွဲ့ကို အစိုးရနဲ့ လွှတ်တော်က ရွေးချယ်ပေးမယ်။ ဘတ်ဂျက်လည်းယူမယ်။ ကြော်ငြာလည်း ထည့်မယ်။ အလှူငွေလည်း လက်ခံမယ်။ ဘာကျန်သေးတုံး။ ဒါကိုမှ လက်ဝါးကြီးအုပ်မှုလို့ မပြောရင် ဘာကို ပြောမလဲ။ အများပြည်သူဝန်ဆောင်မှု မီဒီယာနဲ့ပတ်သက်တဲ့ စကားတစ်ခွန်းကို မှတ်သားသင့်ပါတယ်” အများပြည်သူ ဝန်ဆောင်မှု မီဒီယာဟာ အစိုးရရဲ့ မျက်နှာသာပေးမှုကို ရယူပြီဆိုရင် ပြန်လည်ပေးဆပ်ရမှာကတော့ လွတ်လပ်မှုပဲဖြစ်တယ်” တဲ့။

ဥပဒေတစ်ခုကို ရေးဆွဲတဲ့အခါပဲဖြစ်ဖြစ် တရားစီရင်တဲ့ အခါမှာပဲဖြစ်ဖြစ် အရေးကြီးဆုံး အချက်ကိုချန်ပြီး ရေးဆွဲတာ မြန်မာနိုင်ငံမှာ ဓလေ့ဖြစ်နေပြီလားလို့ တွေးစရာ ဖြစ်ပါတယ်။ ဘယ်အချက်လဲဆိုတော့ “တရားမျှတမှု” ဆိုတဲ့အချက်ပါ။ တရားမျှတမှုကို မစဉ်းစားဘဲ တရားစီရင်ခဲ့တာကြောင့် အမှုပိုရှုပ်လာတာတွေ၊ တရားမျှတမှုကို ချန်လှပ်ပြီး ဥပဒေရေးဆွဲ ခဲ့တာတွေကြောင့် ပြဿနာပိုတက် လာတာတွေက မြန်မာနိုင်ငံမှာ ဒုနဲ့ဒေးပါ။ ပြောရမယ်ဆိုရင် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရာမှာ တရားမျှတမှုကို မဏ္ဍိုင်မထားဘဲ ရေးဆွဲခဲ့တာကြောင့် အာဏာရှင်စနစ်ထဲက ထွက်ဖို့ ခက်ခဲနေတာပါ။

ယခု ပြန်ကြားရေး ဝန်ကြီးဌာနက ရေးဆွဲတင်ပြထားတဲ့ အများပြည်သူ ဝန်ဆောင်မှုမီဒီယာ ဥပဒေဟာ ဘယ်လိုတရားမျှတကြောင်း ရေးဆွဲသူများက ရှင်းပြဖို့ လိုပါလိမ့်မယ်။ လွှတ်တော်ကိုယ်စားလှယ်ဦး ဖြိုးမင်းသိန်း တင်ပြခဲ့တဲ့ အမှုတွေမှာလည်း တရားရုံးတွေရဲ့ ဆုံးဖြတ်ချက်တွေဟာ တရားမျှတမှုရှိရဲ့လား ဆိုတာကို လွှတ်တော်က ပြန်သုံးသပ်သင့်ပါတယ်။ အဲဒီကတဆင့် မီဒီယာ လွတ်လပ်ခွင့်နဲ့ လွတ်လပ်တဲ့ မီဒီယာတွေရဲ့ ရေရှည်ရပ်တည်နိုင်ရေး အတွက်လည်း တရားမျှတတဲ့ ဥပဒေတွေကို ရေးဆွဲသင့်ပါတယ်။ အစိုးရကလည်း တတ်နိုင်သမျှ ပံ့ပိုးကူညီ ပေးသင့်ပါတယ်။

လောလောဆယ်မှာတော့ မီဒီယာလွတ်လပ်ခွင့်ကို ပဓာနမထားတတ်သေးတဲ့ တရားစီရင်ရေးကြောင့် မီဒီယာသမားများ တရားရုံး ရောက်သူရောက်၊ ထောင်ကျသူကျ ဖြစ်နေပြီ။ အစိုးရက ပံ့ပိုးထိန်းညှိပေးခြင်း မရှိဘဲ အစိုးရကိုယ်တိုင်ကဝင်ပြီး ဈေးကွက်လုနေတဲ့ မီဒီယာလောက အတွင်းမှာ ပုဂ္ဂလိက သတင်းစာတွေ နေ့မြင်ညပျောက်ဖြစ်နေပြီ။ ဖေဖော်ဝါရီလကုန်မှာ မဇ္ဈိမ နေ့စဉ်သတင်းစာ ရပ်သွားပြီ။ လက်တစ်ဖက်စာလောက်ကျန်တဲ့ ပုဂ္ဂလိက သတင်းစာတွေထဲကတချို့ ဘယ်တော့ ရပ်မလဲတွေးနေရပြီ။ ဒီမိုကရေစီခံတပ်တွေ စနစ်တကျဖြိုဖျက် ခံနေရပြီလား

Eleven Media Group


ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသမှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပြီး မနေ့ညပိုင်းက လောက်ကိုင်မြို့တွင်းမှာ မီးလောင်မှု ၂ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။

ကိုးကန့်တပ်ဖွဲ့ဘက်ကတော့ လောလောဆယ်မှာ အစိုးရတပ်ဘက်က တပ်အင်အားတွေ ထပ်မံ ပို့ဆောင်နေပြီး တိုက်ပွဲအရှိန်ဟာ ပိုမြင့်လာနိုင်တယ်လို့ သုံးသပ်နေပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေသတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

မြန်မာပြည် အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်ဖွဲ့ MNDAA ခေါ် ကိုးကန့်တပ်ဖွဲ့ထိန်းချုပ်ထားတဲ့ လောက်ကိုင်-ကုန်းကြမ်း ဆက်သွယ်ရေး လမ်းကြောင်းကို အစိုးရတပ်က ပြန်လည် ထိန်းချုပ်ဖွင့်လှစ်ဖို့ ကြိုးပမ်းခဲ့ရာက မနေ့က ကိုးကန့်ဒေသမှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ခဲ့ပါတယ်။

အစိုးရဘက်က ထုတ်ပြန်တဲ့သတင်းမှာ လောက်ကိုင်-ကုန်းကြမ်း ဆက်သွယ်ရေးလမ်း ၂၃ မိုင်အနီးက စစ်ဗျူဟာအရ အရေးပါတဲ့ တောင်ကုန်းတွေနဲ့ နယ်ခြားမှတ်တိုင် အမှတ် ၁၂၉ အနီးက ပွိုင့် ၁၃၁၉ တောင်ကုန်းတွေကို မတ်လ ၁ ရက်နေ့ မနက်ကနေ ညနေပိုင်းအထိ တပ်မတော်ဘက်က တနေကုန် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ကြောင်းနဲ့ သောင်းကျန်းသူ အခိုင်အမာ အခြေပြု တောင်ကုန်း ၆ ကုန်းကို အဆင့်ဆင့် သိမ်းပိုက်နိုင်ခဲ့ကြောင်း ဖော်ပြပါတယ်။

ကိုးကန့်တပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်း ကတော့ မနေ့က ဖြစ်ပွားတဲ့ တိုက်ပွဲတွေဟာ ဒီကနေ့ထိလည်း ဆက်လက် ဖြစ်ပွားနေတယ်လို့ အခုလို ပြောပါတယ်။

“မနေ့တုန်းကလည်း တနေကုန်။ ဒီနေ့လည်း မနက် ၆ နာရီလောက်ကနေ အခုထိပါပဲ။ မနေ့တုန်းကတော့ လက်နက်ကြီးနဲ့ ပစ်တယ်။ ပြီးတော့ ကြည်းတပ်ထိုးတယ်။ တနေကုန် အဲ့လိုပဲ လုပ်နေတာ။ ဒီကနေ့လည်း အဲ့ဒီပုံစံပဲထင်တယ်။”

အစိုးရစစ်တပ်ဘက်က တောင်ကုန်း ၆ ကုန်း သိမ်းယူလိုက်တယ် ဆိုတဲ့ အပေါ်မှာတော့ ကိုးကန့်အဖွဲ့က ငြင်းဆိုပါတယ်။ လောလောဆယ်မှာတော့ အစိုးရတပ်ဘက်က အင်အားတွေ ဖြည့်တင်းနေတာကြောင့် စစ်ပွဲဟာ ပိုပြီး ပြင်းထန်ဖွယ် ရှိနေတယ်လို့လည်း ကိုးကန့်တပ်ဖွဲ့ဘက်က သုံးသပ်ထားပါတယ်။

“သူတို့ လက်နက်ကြီးတွေ ဘာတွေနဲ့ပို့တယ်ရော။ သံချပ်ကာတို့၊ တင့်ကားတို့လည်း ပို့တယ်။ အဲ့ဒီအတိုင်းကြည့်မယ်ဆိုရင် ကျနော်တို့ သုံးသပ်တာပေါ့နော် အရှိန်မြင့်ဖို့ပဲရှိမယ်။ သူတို့ကြေညာတဲ့အတိုင်းဆိုရင် ဆက်ပြီးတော့ ---- ဖို့ပဲရှိပါတယ်။”

ကိုးကန့်၊ ပလောင်နဲ့ ရခိုင်တပ်မတော်က စုပေါင်းထုတ်ပြန်တဲ့ ကြေညာချက်မှာ နှစ်ဘက် ထိတွေ့တာတွေ ပိုမြင့်တက်လာတာကြောင့် ပြည်တွင်းစစ်မီးဟာ ပိုပြီး တောက်လောင် လာနိုင်တယ်လို့လည်း ဖော်ပြထားပါတယ်။ ကိုးကန့်ဒေသ တိုက်ပွဲနောက်ဆုံး အခြေအနေကို အဲဒီဒေသကို ရောက်ရှိနေတဲ့ တပ်မတော် အရာရှိတဦးကို မေးမြန်းရာမှာတော့ မအားလပ်သေးတာကြောင့် ဖြေဆိုနိုင်တာ မရှိခဲ့ပါဘူး။

လောက်ကိုင်-ကုန်းကြမ်း ဆက်သွယ်ရေးလမ်းကို အစိုးရတပ်ဖွဲ့ စစ်ကြောင်းတွေက အပြင်းအထန် တိုက်ခိုက်ပြီး  ပြန်လည် ဖွင့်လှစ်နိုင်ကြောင်းနဲ့ အခုအခါမှာ လုံခြုံစိတ်ချစွာနဲ့ သွားလာနိုင်ပြီ ဖြစ်ကြောင်းလည်း ဒီနေ့ထုတ် သတင်းစာတွေမှာ ဖော်ပြပါတယ်။

တချိန်တည်းမှာတော့  တနင်္ဂနွေနေ့ညပိုင်းက လောက်ကိုင်မြို့အတွင်းမှာ မီးလောင်မှု ၂ ကြိမ် ဖြစ်ခဲ့တယ်လို့ ကိုးကန့်ဒေသခံတယောက်က ပြောပါတယ်။

“ဒီလောက်ကိုင် ဘုံ ၇ ဆင့်နားမှာလည်း လောင်တယ်။ ပြီးတော့ ကျနော်တို့ ဒီလောက်ကိုင် အ၀ိုင်းကြီးနားမှာလည်း လောင်တယ်။”

တနင်္ဂနွေနေ့က ဖြစ်ပွားတဲ့ တိုက်ပွဲမှာတော့ ကိုးကန့်တပ်ဖွဲ့က ၃ ယောက် ကျဆုံးပြီး ၁၅ ယောက် ဖမ်းဆီးရမိကြောင်းနဲ့ အစိုးရတပ်ဘက်က အရာရှိနဲ့ စစ်သည် ၄ ဦး ကျဆုံးခဲ့ကြောင်း အစိုးရဘက်က သတင်းထုတ်ပြန်ထားပါတယ်။ ကိုးကန့်ဘက်ကတော့ ၃ ယောက် ထိခိုက်ပြီး အစိုးရတပ်ဘက်က အကျအဆုံးဟာ ဆယ်ဂဏန်းအထိ ရှိနိုင်တယ်လို့လည်း ပြောပါတယ်။

ဖေဖော်ဝါရီလ ၉ ရက်နေ့က စတင်ပြီး ရက်ပေါင်း ၂၀ ကျော် ကြာမြင့်ခဲ့တဲ့ ကိုးကန့်ဒေသတိုက်ပွဲကြောင့် ကိုးကန့်ဒေသခံ ၃ သောင်းကျော်ဟာ တရုတ်နိုင်ငံဘက်ကို တိမ်းရှောင်နေရပြီး ကိုးကန့်ဒေသကို သွားရောက် အလုပ်လုပ်ကိုင်နေတဲ့  မြန်မာပြည် အလယ်ပိုင်းက လူ ၁ သောင်းကျော်ဟာလည်း နေရပ်ရင်း ပြန်နေကြရပါတယ်။

ဒီလ ၁၆ ရက်နေ့မှာတော့ အစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ စုပေါင်းထားတဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းမှုအဖွဲ့ NCCT တို့ဟာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်း ရေးဆွဲရေးအတွက် ထပ်မံ တွေ့ဆုံဖို့ ရှိနေပါတယ်။ ဒီဆွေးနွေးပွဲမှာ တိုင်းရင်းသား လက်နက်ကိုင်တွေဘက်က ကိုးကန့်အရေးကို ဆွေးနွေး ဖြေရှင်းဖို့အတွက် တင်ပြမယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းမှာ အစိုးရတပ်တွေနဲ့ ကိုးကန့်တပ်တွေကြား ဖြစ်နေတဲ့ တိုက်ပွဲတွေမှာ တရုတ်ဒေသခံ အာဏာပိုင်တွေ ပါဝင်ပတ်သက်မှု မရှိဘူးဆိုတာကိုလည်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ အာရှရေးရာ ညွှန်ကြားရေးမှူးချုပ် Kong Xuanyou က ရှင်ဟွာသတင်းဌာနနဲ့ မေးမြန်းခန်းမှာ  ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အခုဖြစ်ပွားနေတဲ့ ပြဿနာကို နှစ်နိုင်ငံ သက်ဆိုင်ရာ တာဝန်ရှိသူတွေအကြား အနီးကပ် ဆက်ဆံ ဖြေရှင်းနေတယ်လို့လည်း ပြောကြားထားပါတယ်။

ကိုမိုးဇော် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ အစိုးရတပ်မတော်က တိုက်လေယာဉ်တွေ၊ တင့်ကားတွေနဲ့ သံချပ်ကာကားတွေအသုံးပြုပြီး တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကို ပြည်ပကျူးကျော်စစ်ပုံစံနဲ့ ထိုးစစ်ဆင်နေတယ်လို့ လက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့က ပူးတွဲသဘောထား ထုတ်ပြန်လိုက်ပါတယ်။

မြန်မာ့အမျိုးသား ဒီမိုကရေစီမဟာမိတ်တပ်မတော် MNDAA ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်းက နှစ်ဖက်ပစ်ခတ်တိုက်ခိုက်တာတွေ လျော့ချဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက တွေ့ဆုံဆွေးနွေးမယ်လို့ ကမ်းလှမ်းပေမဲ့ အစိုးရတပ်မတော်ကလက်မခံဘဲ ထိုးစစ်ဆင်နေတယ်လို့ ဒီနေ့ ပြောပါတယ်။

"TNLA က ကမ်းလှမ်းဖူးပါတယ်ခင်ဗျ၊ ပြီးတော့ သမ္မတကြီးဆီ အိတ်ဖွင့်စာလည်း ပေးဖူးပါတယ်ခင်ဗျ၊ သူတို့ဘက်ကနေပြီးတော့မှ ဆွေးနွေးစရာမရှိဘူးဆိုတာကို ပြောလာတယ်၊ ဒီတိုက်ပွဲတွေကြောင့် နောက်ဆက်တွဲ အပြစ်မဲ့ပြည်သူလူထုတွေ သတ်ဖြတ်ခံရတာ၊ ရွာတွေကိုမီးရှို့တာတို့၊ အိမ်ထဲဝင်ပြီးတော့ လုယက်တာတို့ အမျိုးမျိုးပေါ့၊ အခုဖြစ်ပျက်နေတဲ့ဟာတွေ တာဝန်ခံမှုပေါ့နော်၊ တပ်မတော်ကနေပြီးတော့မှ အဓိကတာဝန်ခံရမှာ"

မနေ့ကနဲ့ ဒီကနေ့တွေမှာ လောက်ကိုင်မြို့အနီးဝန်းကျင်းအတွင်း အစိုးရတပ်နဲ့ ကိုးကန့်တပ်တွေအကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ အစိုးရဘက်က ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲတွေဟာ ကိုးကန့်တပ်တွေ ကြီးစိုးထားတဲ့ လောက်ကိုင်ကုန်းကြမ်း ဆက်သွယ်ရေးလမ်းမှာဖြစ်တယ်လို့ ဆိုပါတယ်။ ကိုးကန့်အဖွဲ့ MNDAA ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်းကတော့ ရင်ဆိုင်တိုက်ပွဲတွေဖြစ်တယ်လို့ ပြောပါတယ်။

အစိုးရဘက်က ၂၃ မိုင်အနီး တိုက်ပွဲအပြင်းအထန်ဖြစ်ပြီး တောင်ကုန်း ၆ ခု ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ပြောပေမဲ့ ကိုးကန့်အဖွဲ့ကတော့ စခန်းတချို့မှာ နောက်ကို အနည်းငယ်ဆုတ်ခွာခဲ့တာလို့ဆိုပါတယ်။

RFA

(မတ်လ ၃ရက် နံနက် ကိုးနာရီတွင် ရန်ကုန်သို့ စတင်ထွက်ခွာမည်)

လုံခြုံရေးတင်ကြပ်စွာချထားသည့် လက်ပံတန်းမြို့မှ မတ်လ ၃ရက် နံနက် ကိုးနာရီက စတင်ထွက်ခွာပြီး နှစ်ရက်အတွင်း ရန်ကုန်သို့အရောက် သပိတ်စစ်ကြောင်းချီတက်မည်ဟု အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက် ဆန္ဒပြသည့် ကျောင်းသားခေါင်းဆောင်များက မတ်လ ၂ရက် ညနေပိုင်းတွင် သတင်းစာရှင်းလင်း ပွဲပြုလုပ်ပြီး ပြောဆိုလိုက်သည်။

မတ်လ ၂ရက် နံနက်ကတည်းက ရန်ကုန်သို့ သပိတ်စစ်ကြောင်းချီတက်ရန် ပြင်ဆင်နေစဉ် ကျောင်းသားများတည်းခိုရာ လက်ပံတန်းမြို့ရှိ အောင်မြေဗိမာန်ကျောင်းတိုက်သို့ ရဲတပ်ဖွဲ့က လုံခြုံရေးကား ၆စီး၊ ရေကား ၂စီးနှင့် ရဲအင်အား လေးရာခန့်လာရောက် တားဆီးသည့်အတွက် အထက်ပါအတိုင်း ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

မတ်လ ၃ရက်တွင် ချီတက်မည့် သပိတ်စစ်ကြောင်းသည် ကျောင်းသားသမဂ္ဂအလံထောင်ကာ သီချင်းဖွင့်ပြီး သာယာဝတီမြို့သို့ လမ်းလျှောက်ချီတက်ရန်စီစဉ်ထားသည်။ မတ်လ ၄ရက်တွင် သာယာဝတီမြို့မှတစ်ဆင့် ရန်ကုန်သို့ ကားဖြင့် ဆက်လက်ချီတက်မည်ဟု ကျောင်းသားခေါင်းဆောင်များက ပြောသည်။

“ရန်ကုန်ကို ရောက်သွားပြီဆိုတဲ့အခါကျရင် နေရာနှစ်ခုတည်းက တစ်ခုကိုအရောက်ပို့ ပေးဖို့ တောင်းဆိုထားတယ်။ ပထမနေရာက ရွှေတိဂုံရင်ပြင်ပေါ်မှာရှိတဲ့ ပထမကျောင်းသားသပိတ်တုန်းက အထိမ်းအမှတ်အဖြစ် စိုက်ထူထားတဲ့ ကျောက်တိုင်ကို အရောက်သွားမယ်။ အဲ့ဒီနေရာမှ ခွင့်မပေးရင် ကျွန်တော်တို့ ရန်ကုန်တက္ကသိုလ်ထဲမှာရှိတဲ့ သမဂ္ဂရင်ပြင်ထဲမှာရှိတဲ့ ဗိုလ်အောင်ကျော်ကျောက်တိုင်ကိုသွားမယ်။ အဲ့ဒီနေရာထဲက တစ်နေရာရာကို ပေးဖို့ပြောထားတယ်။ အဲ့ဒီနေရာရပြီးရင် အခမ်းအနားကို အဓိဌာန်ပြုပြီး ခဏတာကျင်းပမယ်။ ကျင်းပပြီးရင် လူစုခွဲမယ်။ ကိုယ့်အရပ်၊ ကိုယ့်ဒေသကိုပြန်ပြီးတော့ စာမေးပွဲဖြေစရာရှိတဲ့သူတွေအားလုံးက စာမေးပွဲဖြေကြမယ်” ဟု သပိတ်မှောက် ကျောင်းသားခေါင်းဆောင် ကိုအောင်မှိုင်းဆန်းက ပြောသည်။

သို့သော် ကျောင်းသားသပိတ်ရှိရာ လက်ပံတန်းမြို့နေရာအတော်များများတွင် လုံခြုံရေးရဲတပ်ဖွဲ့များကို အသင့်အနေအထားဖြင့် တင်းကြပ်စွာ ချထားသည်ကို ဖေဖော်ဝါရီ ၂ရက် ညနေပိုင်းတွင် တွေ့ရသည်။

သပိတ်စစ်ကြောင်း ဆက်လက်ထွက်ခွာမည့် ကျောင်းသားများစီစဉ်ထားမှုအပေါ် ခွင့်ပြု၊ မပြု ပဲခူးတိုင်း နယ်လုံဝန်ကြီးထံ မဇ္ဈိမက ရရှိထားသည့် လက်ကိုင်ဖုန်းနံပါတ်ကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်မှု မရခဲ့ပေ။

သပိတ်မှေက်ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်သည့် ကိုရှိန်းရာဇာထွန်းက “အစိုးရရဲ့လိုလားချက်ကတော့ ရှင်းတယ်။ သူတို့က ကျွန်တော်တို့ကို ဒီနေရာကနေ ဘယ်လိုမှ ဆက်မထွက်စေ ချင်တော့ဘူး။ ဒါပေမယ့် မနက်ဖြန်တော့ ထွက်စရာရှိတာ ဆက်ထွက်ရမှာပဲ” ဟု ဆိုသည်။

ကျောင်းသားသပိတ်စစ်ကြောင်းများ ရန်ကုန်မြို့သို့ ချီတက်လာပါက အရေးယူမည်ဟုလည်း ပြည်ထဲရေးဝန်ကြီး ဌာနက ဖေဖော်ဝါရီ ၂၈ရက်တွင် သတင်းထုတ်ပြန်ထားသည်။
.
Credit : မဇ္ဈိမ

လက်ပံတန်းမှာ ပဲခူးတိုင်းရဲတပ်ဖွဲ့ရဲ့ ပိတ်ဆို့မှုကိုခံထားရတဲ့ သပိတ်မှောက် ပင်မစစ်ကြောင်းဟာ ၁ဝတန်းစာမေးပွဲနဲ့ သံဃာတော်တွေရဲ့ စာမေးပွဲကို ရှေ့ရှုပြီး ရန်ကုန်ကို ကားနဲ့ချီတက်ဖို့အတွက် အချက် ၈ချက်ကို တောင်းဆိုလိုက်ပြီး ပဲခူးတိုင်း နယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီးက အချက် ၃ချက်ကို သဘောမတူဘူးလို့ နောက်ဆုံးသတင်းတွေ ရရှိပါတယ်။

သပိတ်မှောက်ကျောင်းသားတွေ တောင်းဆိုချက် ၈ချက်ကတော့ -
၁။ သာယာဝတီအထိ လမ်းလျှောက်မယ်
၂။ သာယာဝတီရောက်တဲ့အခါ ရန်ကုန်ကို ကားနဲ့သွားမယ်
၃။ ကားနဲ့သွားရာလမ်းတစ်လျှောက် ကျောင်းသားသမဂ္ဂအလံကိုလွှင့်မယ်
၎။ ကျောင်းသားသီချင်းဆိုမယ်
၅။ ရန်ကုန်ကို မော်တော်ကားကို မနှေးမမြန်မောင်းနှင်မယ်
၆။ ရွှေတိဂုံစေတီတော်ရင်ပြင်က ပထမကျောင်းသားသပိတ် ကျောက်တိုင် (သို့) တက္ကသိုလ် သမဂ္ဂရင်ပြင်က ဗိုလ်အောင်ကျော်အုတ်ဂူမှာ သစ္စာအဓိဌာန်ပြုမယ်
၇။ လူစုခွဲမယ်၊ ရဲတွေ အာဏာပိုင်တွေ အတင်းအကြပ်ပြန်မပို့ရ
၈။ လုံခြုံရေးယာဉ်တန်းက ခွာပြီးလိုက်ရမယ်
ဖြစ်ပါတယ်။
နယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီး ဦးသက်ထွန်းကတော့ သာယာဝတီထိ လမ်းလျှောက်မယ့်အချက်နဲ့ ကားပေါ်မှာ အလံလွှင့်ပြီး သီချင်းဆိုမယ့်အချက်တွေကို လက်မခံဘူးလို့ တုံ့ပြန်ထားပါတယ်။

(ဓာတ်ပုံ- ဆန်းမင်းဦး/ကမာရွတ်မီဒီယာ)

(ဓာတ်ပုံ - ကိုစည်သူ ဗွီအိုအေမြန်မာပိုင်းသတင်းထောက်)
အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်ပေးဖို့အတွက် သပိတ်မှောက်နေတဲ့ ကျောင်သားတွေ  ပြန်လည် စတင်ချီတက်တဲ့နေမှာပဲ အာဏာပို်င်တွေက ပိတ်ဆို့ ဟန့်တားထားပါတယ်။ လက်ပံတန်းမြို့ အောင်မြေဗိမာန် ဘုန်းကြီးကျောင်း အပြင်ဘက်ကို မထွက်နိုင်အောင် ရာနဲ့ချီရှိတဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ ပိတ်ဆို့ထားတာပါ။

ဒါ့အပြင် လက်ပံတန်းမြို့ အ၀င်အထွက် လမ်းတွေကိုလည်း ပိတ်ဆို့ထားပြီး အကူအညီပေး ၀န်းရံမယ့်သူတွေနဲ့ ဆန္ဒပြသူတွေနဲ့ မပူးပေါင်းနိုင်အောင် အာဏာပိုင်တွေက လုပ်ဆောင်နေပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်နိုင်ရေး လွှတ်တော်က အချိန်ကာလ သတ်မှတ်ပေးဖို့ သပိတ်မှောက်နေတဲ့ ကျောင်းသားတွေဟာ မတ်လ ၂ ရက်နေ့မှာတော့ ရန်ကုန်ကို ဆက်လက် ချီတက်မယ်ဆိုတဲ့အကြောင်း ကျောင်းသားတွေက ကြေညာပြောဆိုထားတာပါ။ မတ်လ ၂ ရက်နေ့မှာတော့ သူတို့တည်ခိုးနေတဲ့ ဘုန်းကြီးကျောင်းတ၀ိုက်ကို ရာနဲ့ချီရှိတဲ့ လက်နက်ကိုင် အင်အားတွေနဲ့ ပိတ်ဆို့ထားကြောင်း သပိတ်မှောက် ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုသီဟ၀င်းတင် က ဆိုပါတယ်။

“အခု သူတို့ လုံထိန်းကားတွေ တော်တော်များများနဲ့ ပြီးတော့ မီးသတ်ကားတို့ ဘာတို့နဲ့ ဘုန်းကြီးကျောင်း ပတ်ပတ်လည်ကို ၀ိုင်းထားပြီးတော့ ထွက်ခွာခွင့်မပေးဘူးပေါ့နော်။”

ရာနဲ့ချီရှိတဲ့ လက်နက်ကိုင် အင်အားတွေ၊ ရေကားတွေ၊ မီးသတ်ကားတွေနဲ့ အဓိကရုဏ်း နှိမ်နင်းတော့မယ့် အခြေအနေမျိုးကို အာဏာပိုင်တွေဘက်က ပြင်ဆင်ထားပြီး ကျောင်းသားတွေကတော့ သူတို့ရဲ့ မူလရည်မှန်းချက်ဖြစ်တဲ့ ရန်ကုန်အထိ ချီတက်မယ့်ခရီးစဉ်ကို ပြင်ဆင်ပြီး ထွက်လာတဲ့အချိန်မှာပဲ ပိတ်ဆို့ ဟန့်တားခံခဲ့ရတာပါ။

မနက်ပိုင်းတုန်းကတော့ နယ်လုံဝန်ကြီး ဦးသက်ထွန်းနဲ့ ကျောင်းသားကိုယ်စားလှယ်တွေ တွေ့ဆုံခဲ့ပြီး ဆွေးနွေးတဲ့အခါမှာတော့ သပိတ်မှောက် ချီတက်မှုတွေ ရပ်ဖို့ကိုသာ ဆွေးနွေးခဲ့တဲ့အတွက် ပြေလည်မှုတော့ မရခဲ့ဘူးလို့ ကျောင်းသားတွေက ဆိုပါတယ်။ ကျောင်းသားတွေ ပိတ်ဆို့ခံထားရတဲ့အတွက် ပြည်နဲ့ ပေါင်းတည်ဘက်က ကျောင်းသားတွေ မန္တလေးနဲ့ ရန်ကုန်က ကျောင်းသားတွေက သပိတ်မှောက် ကျောင်းသားတွေနဲ့ ပူးပေါင်းဖို့ လာတဲ့အချိန်မှာ ပိတ်ဆို့ထားတဲ့အတွက် အချေအတင် ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။ နောက်ပိုင်းမှာတော့ လာရောက်ပူးပေါင်းတဲ့ ကျောင်းသားတွေကို ထွက်ခွာခွင့် ပေးခဲ့ရတာကြောင့် ပင်မ သပိတ်စစ်ကြောင်းဆီကို ကျောင်းသားတချို့ ရောက်ရှိလာပြီးလို့ သပိတ်ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုအောင်မှိုင်းဆန်း က ပြောပါတယ်။

“ပြည်လမ်းဘက်ကနေ လာတဲ့ ရဲဘော်တွေက နည်းနည်း တွန်းထုတ် ထွက်လာတဲ့အခါကျတော့ တချို့ ပြည်ကဟာတွေ ရောက်လာတယ်။ မန္တလေးဘက်ကဟာတွေ ရောက်လာတယ်။ ဒါပေမဲ့ ရန်ကုန်ဘက်ပိုင်းကတော့ အခုအချိန်ထိ အခြေအနေ မကောင်းသေးဘူးပေါ့နော်။ ဟိုမှာလည်း ပိတ်တာကတော့ နှစ်ဘက်စလုံး ပိတ်တုန်းပဲ။”

ငြိမ်းချမ်းစွာ ချီတက်မှုနဲ့ ပတ်သက်လို့ အခုလို ပိတ်ဆို့မှုတွေ မဖြစ်သင့်ဘူးလို့ သပိတ်ခေါင်းဆောင် ကိုသီဟ၀င်းတင် က ဆိုပါတယ်။

“ကျနော်တို့ ကျောင်းသားတွေ သွားနေတဲ့ကိစ္စက ငြိမ်းချမ်းစွာနဲ့ သွားနေတဲ့ကိစ္စပေါ့နော်။ အဲ့လိုမျိုး တားဆီးပိတ်ပင်တယ် ဆိုတာကြီးကတော့ ဒီမိုကရေစီနိုင်ငံမှာ မဖြစ်သင့်တဲ့ဥစ္စာလေ။”

အစိုးရရဲ့ ပြည်ထဲရေးဌာနကတော့ သတင်းထုတ်ပြန်ရာမှာ ကျောင်းသားတွေအနေနဲ့ ရန်ကုန်မြို့ကို ဦးတည်ပြီး ဆန္ဒပြချီတက်မယ်ဆိုရင် အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်ဖို့ ကြိုးပမ်းရာမရောက်ဘဲ နိုင်ငံတော် တည်ငြိမ်အေချမ်းမှုကို ပျက်ပြားစေဖို့ ဦးတည်ရာရောက်မယ်လို့ ကြေညာချက် ထုတ်ပြန်ထားတာပါ။ ဒါ့အပြင် ကျောင်းသားတွေကို တည်ဆဲဥပဒေအရ အရေးယူဖို့လည်း ပြောဆိုထားပါတယ်။ မြန်မာ့နိုင်ငံရေးကို အကဲခတ်နေသူ ဒေါက်တာရန်မျိုးသိမ်း ကတော့ ကျောင်းသားတွေ စီတန်းလှည့်လည်မှုဟာ ဖွဲ့စည်းပုံအရ နိုင်ငံသားတွေရဲ့ အခွင့်အရေးသာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ကျောင်းသားတွေရဲ့ စီတန်းလှည့်လည်တယ်ဆိုတဲ့ လုပ်ပိုင်ခွင့်ပေါ့လေ ဒါဟာ နိုင်ငံသားတဦးရဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခွင့် ဘောင်ထဲမှာပဲ ရှိတယ်လို့ ကျနော်က မြင်တယ်။ ကျောင်းသားတွေ ဖြတ်သန်းခဲ့တဲ့ မြို့တိုင်းမှာ ကြည့်လိုက်လို့ရှိရင် ပြဿနာ တစုံတရာမရှိဘဲနဲ့ ဖြတ်ကျော်ခဲ့တဲ့ သာဓကတွေကို ကြည့်မယ်ဆိုရင် ကျနော့်အမြင်အားဖြင့်တော့ ဒီသပိတ်မှောက်ကျောင်းသားတွေ ရန်ကုန်မြို့ထဲ ၀င်လာလို့လည်း အေးချမ်းသာယာရေးကို ဘာမှ ထိခိုက်နိုင်တဲ့ အခြေအနေ မရှိဘူးလို့ မြင်ပါတယ်။ အဲ့ဒီအခါကျ ဒီစီတန်းလှည့်လည်ခွင့်ဟာလည်းပဲ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ပြဌာန်းထားတဲ့ နိုင်ငံသားတွေရဲ့ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့် ဘောင်ထဲမှာပဲ ရှိတယ်လို့ ကျနော်ကတော့ အဲ့ဒီလို ယုံကြည်ပါတယ်ခင်ဗျ။”

ကျောင်းသားတွေကတော့ ညနေပိုင်းမှာ သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပြီး အစိုးရကို အချက် ၈ ချက် တောင်းဆိုလိုက်ကြောင်း သပိတ်ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုမင်းသွေးသစ်က ပြောပါတယ်။

“ကျနော်တို့ သပိတ်ရပ်နားတဲ့အခါမှာ ရန်ကုန်ကိုဝင်ပြီး သပိတ်ရပ်နားမှာ ဖြစ်တဲ့အတွက် ရန်ကုန်ကို ချီတက်လမ်းလျှောက်တာမျိုး မဟုတ်ဘဲနဲ့ ပဲခူးတိုင်း သာယာဝတီအထိကို ချီတက်မယ်။ ၁၅ မိုင်ခရီး လက်ပံတန်းကနေဆိုရင်။ ပြီးရင် အဲ့ဒီကနေပြီး ရန်ကုန်အထိကို ကားစီးသွားမယ်ပေါ့။”

လက်ပံတန်းမြို့ကနေ သာယာဝတီမြို့အထိ ချီတက်ပြီး ရန်ကုန်ကိုတော့ ကားစီးသွားမှာဖြစ်ကြောင်း၊ ရန်ကုန်ရောက်မှ သပိတ်ရပ်နားပြီး အခြေခံပညာ အထက်တန်းစာမေးပွဲတွေ ဖြေဆိုပြီးဆုံးတဲ့အထိ လွှတ်တော်ကို စောင့်ကြည့်သွားမှာဖြစ်ကြောင်း ပဲခူးတိုင်း နယ်လုံဝန်ကြီးထံကို သူတို့သဘောထား ပေးပို့ခဲ့တယ်ဆိုပြီး ပြောပါတယ်။

အစိုးရ၊ လွှတ်တော်၊ ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ကော်မတီ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်တို့ဟာ ပြီးခဲ့တဲ့လတုန်းက လေးပွင့်ဆိုင် ဆွေးနွေးမှုတွေ လုပ်ခဲ့ကြပြီး အမျိုးသား ပညာရေး ဥပဒေမူကြမ်းကို လွှတ်တော်ကို တင်ပြထားတာပါ။ ဒီမူကြမ်းကို လွှတ်တော်မှာ အတည်ပြုနိုင်ရေး ကြားနာမှုတွေကိုတော့ မတ်လ ၅ ရက်နေ့မှာ စတင်မှာ ဖြစ်ပါတယ်။

အစိုးရဘက်ကတော့ လွှတ်တော် လုပ်ထုံးလုပ်နည်းတွေအရ ပြင်ဆင်ဆောင်ရွက်နေပြီလို့ သတင်းထုတ်ပြန်ထားပါတယ်။ ကျောင်းသားတွေဘက်ကတော့ အစိုးရဘက်က အချိန်ကာလ သတ်မှတ်မှုမရှိဘဲ ဘယ်အချိန်မှာ အတည်ပြုမလဲ မသိတာကြောင့် အချိန်ဆွဲနေသလိုဖြစ်နေကြောင်းနဲ့ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို လိုလားကြောင်း ပြည်ခိုင်ဖြိုးပါတီဝင်တွေ ဦးဆောင်ပြီး  ဆန္ဒပြပွဲတွေလည်း ဆက်တိုက် လုပ်ခဲ့တဲ့အတွက် ကျောင်းသားသပိတ်တွေကို တန်ပြန်သပိတ် လုပ်တယ်ဆိုပြီး ဝေဖန်ထားပါတယ်။

မအေးအေးမာ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


လက်ပံတန်းမြို့ ဘုန်းကြီးကျောင်းမှာ ရှိနေတဲ့ သပိတ်ကျောင်းသားတွေကို ရဲတပ်ဖွဲ့ လုံခြုံရေးအင်အား ရာချီပိတ်ဆို့နေသလို ကျောင်းသားတွေဟာ ရန်ကုန်ကို ဆက်လက်ချီတက်နိုင်ဖို့ ညှိနှိုင်း ကြိုးစားနေကြပါတယ်။

မွန်းလွဲပိုင်းမှာ  ကျောင်းသားတွေနဲ့ ပဲခူးတိုင်း နယ်စပ်ရေးရာလုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး သက်ထွန်းတို့  တွေ့ဆုံဆွေးနွေးရာမှာ ကျောင်းသားတွေအနေနဲ့ ရန်ကုန်ကို ဆက်လက်မချီ တက်ဖို့ ပြောဆိုခဲ့ပါတယ်။

အခုညနေပိုင်းမှာတော့ ကျောင်းသားတွေ ပြန်လည်ဆွေးနွေးပြီး သူတို့အနေနဲ့ ရန်ကုန်ကို ဘေးအန္တရာယ်ကင်းကင်းဝင်နိုင်ဖို့အတွက် နယ်လုံဝန်ကြီးနဲ့ ထပ်မံညှိနှိုင်းနေတယ်လို့ သပိတ်မှောက် ကျောင်းသားခေါင်းဆောင် တဦးဖြစ်တဲ့ ကိုမင်းသွေးသစ်က ပြောပါတယ်။

“အခုအစည်းအဝေးက ကျနော်တို့က အချက် ၈ ချက်ကို နယ်လုံဝန်ကြီးနဲ့ သွားညှိနေပါတယ်။ ကျောင်းသားတွေအနေနဲ့ ရန်ကုန်ကို ရောက်အောင်ဝင်ချင်တယ်။ အဲဒီအပေါ်မှာ ကျနော်တို့အနေနဲ့ လုံခြုံရေးပိုင်းဆိုင်ရာမှာ တစုံတရာ အာမခံမှုပေးနိုင်မယ်ဆို တာကို ထပ်ညှိနေတယ်ပေါ့။ အဲဒါ ကိုအောင်မှိုင်းဆန်းတို့ သွားညှိနေတယ်။ သူတို့ ပြန်လာမှ ကျနော်တို့ အခြေအနေ ဘယ်လိုဖြစ်မယ်ဆိုတာ သိရမယ်။”

လက်ရှိမှာတော့ ဘုန်ကြီးကျောင်း ပတ်လည်မှာ လုံခြုံရေးအင်အားအများအပြားချထားသလို မီးသတ်ကားတွေ ကားအလွတ်တွေလည်း ရှိနေတယ်လို့ ကိုမင်းသွေးသစ်က ပြောပါတယ်။

“လက်ရှိကျနော်တို့ အောင်မြေဗိမာန်ဘုန်းကြီးကျောင်းရဲ့ ပတ်ပတ်လည်မှာ ရဲအင်အား တထောင်နီးပါး ရောက်နေတယ်။ ကျနော်တို့ကို ၀ိုင်းပတ်ပြီးတော့ ပိတ်ထားတယ်။ ရေကားတွေ၊ မီးသတ်ကားတွေ ရေနဲ့ထိုးမယ့်ကားတွေလည်း ရှိတယ်။ ၃ စီး။ ကျန်တဲ့ ရဲကားတွေနဲ့ နောက်လူစုခွဲရင် ကျောင်းသားတွေကို စွဲတင်ဖို့ ကားအလွတ်တွေ ရှိနေတယ်”  လို့ ပြောပါတယ်။

ညနေပိုင်း ညှိနှိုင်းမှုအရ နယ်လုံဝန်ကြီးက မနက်ဖြန် မနက် ၇ နာရီမှာ ကျောင်းသားတွေကို အကြောင်းပြန်မယ်လို့   ကျောင်းသားသပိတ် ပြန်ကြားရေးတာဝန်ခံ  ကိုရဲရင့်ကျော်က ပြောပါတယ်။

“ကျနော်တို့ အနေအထားက လက်ရှိ သာယာဝတီအထိကတော့ ကျနော်တို့ လမ်းလျှောက်ဦးမှာဖြစ်တယ်။ သာယာဝတီဟိုဘက် ရန်ကုန်တိုင်းကို သူတို့ ကျော်ခွင့်မပေးတော့တဲ့အတွက် ကိုယ့်ကားနဲ့ကိုယ်သွားမှာပါ။ ကျနော်တို့ကားစီးသွားရင် ရန်ကုန်ကို နေ့ချင်းရောက်မှာဖြစ်တဲ့အတွက် အများပြည်သူနဲ့ သံဃာတော်တွေ စိုးရိမ်နေတဲ့ စာမေးပွဲကိစ္စတွေ ရှောင်လွဲပြီးသားဖြစ်သွားမယ်။ ရန်ကုန်ရောက်သွားရင် သမဂ္ဂရင်ပြင်လို တနေရာမျိုးမှာ အခမ်းအနားလုပ်ပြီးတော့ လူစုခွဲလိုက်မှာဖြစ်တဲ့အတွက် စိတ်ပူပန်မှုတွေ စိတ်နှလုံးအေးချမ်းသွားမယ်။ အဲဒီလိုလည်း ကျနော်တို့တွေးထားလို့ပါ။”

ညနေပိုင်း ၆ နာရီအထိ ကျောင်းသားတွေကို ရဲလုံခြုံရေးတွေက ဆက်လက် ၀ိုင်းထားဆဲဖြစ်ပြီး ဒီညမှတော့ ကျောင်းသားတွေအနေနဲ့ ဖြိုခွင်းမခံရအောင် သတိထားရမယ်လို့လည်း ကိုရဲရင့်ကျော်က ပြောပါတယ်။

ဘုန်ကြီးကျောင်းဝင်းထဲမှာတော့ ကျောင်းသားအင်အား ၂၀၀ ကျော်ရှိနေတာဖြစ်ပါတယ်။

By နော်နိုရင်း(ဒီဗွီဘီ)
http://burmese.dvb.no


ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း ကိုးကန့်ဒေသထဲမှာ အစိုးရတပ်နဲ့  ဦးဖုန်းကြား ရှင်ခေါင်းဆောင်တဲ့ အမ်အဲန်ဒီအေအေ ကိုးကန့် တိမ်းရှောင်အဖွဲ့တွေကြား တိုက်ပွဲတွေ အပြင်းအထန် ဆက်လက်ဖြစ်ပွားနေပါတယ်။

တပ်မတော်စစ်ကြောင်းတွေဟာ လောက်ကိုင်နဲ့ ကုန်းကြမ်းဆက်သွယ်ရေးလမ်းကြောင်းကို ထိန်းချုပ်ဖို့ မတ်လ ၁ ရက် မနက်ပိုင်းကစပြီး လက်နက်ကြီးတွေနဲ့ အရှိန်အဟုန်ပြင်းစွာ တိုက်ခိုက်ရှင်းလင်းခဲ့ရာမှာ ကိုးကန့်တိမ်းရှောင်အဖွဲ့ အခြေပြုထားတဲ့ အရေးပါတဲ့ တောင်ကုန်း ၆ ခုကို ညနေပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ အဲဒီလို သိမ်းပိုက်စဉ်မှာ အစိုးရဘက်က ၄ ဦးကျဆုံး ၇ ဦးဒဏ်ရာရခဲ့တယ်လို့ ဒီကနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြပါတယ်။

ကိုးကန့်တိမ်းရှောင်အဖွဲ့ဘက်မှာတော့ အလောင်း ၃ လောင်းတွေရှိခဲ့ပြီး ၁၅ ဦးတို့ကို လက်နက်ခဲယမ်း၊ မူးယစ်ဆေးဝါး၊ လက်နက်ကိုင်အဖွဲ့ဝတ်စုံတွေနဲ့အတူ ဖမ်းဆီးရမိတယ်လို့ ဖော်ပြပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး အမ်အန်ဒီအေအေ ပြောခွင့်ရ ဦးထွန်းမြတ်လင်း ကလည်း အစိုးရတပ်ဘက်က လက်နက်ကြီးနဲ့ ပစ်ပြီး သူတို့ခြေကုတ်စခန်းနားက တောင်ကုန်းတခုကို မီးရှို့လိုက်တဲ့အတွက် နောက်ဆုတ်ခဲ့ရတယ်လို့ ပြောပါတယ်။

“အစိုးရတပ်ဘက်က အဝေးကနေ အရင်ဆုံး လက်နက်ကြီးနဲ့ ပစ်တယ်။ ပြီးတော့ ကြည်း တပ်ထိုးတယ်။ စန်းတအိုက်ဆန်ဆိုတဲ့တောင်ကုန်းကို သူတို့မီးရှို့တော့ ကျနော်တို့စခန်း ဆုတ်လိုက်ရတယ်။ ဒဏ်ရာရတာ ၄ ယောက်၊ အသေအပျောက်စာရင်းတော့ မရှိပါဘူးခင်ဗျ။”

အစိုးရဘက်က ပစ်ခတ်ဖမ်းဆီးသွားတဲ့ လူတွေဟာလည်း အရပ်သားတွေသာ ဖြစ်ကြောင်း၊ စစ်တပ်က နယ်မြေတည်ငြိမ်ပြီလို့ပြောပြီး တိမ်းရှောင်သူတွေ ပြန်လာဖို့ ပြောပေမယ့် အဲဒီလိုတွေ ပြန်လာရင် ဖမ်းဆီးစစ်ဆေးတာ၊ ပိုင်ဆိုင်တဲ့ပစ္စည်းတွေ သိမ်းယူတာ ထွက်ပြေးရင် ပစ်သတ်တာတွေ လုပ်တယ်လို့ သူက ဆက်ပြောပါတယ်။

ဒါ့အပြင် လောက်ကိုင်မြို့ အနီးနားပတ်ဝန်းကျင်တ၀ိုက်က ဒေသခံပိုင် ကြံစိုက်ခင်းတွေ ဧကထောင်ချီ မီးရှို့ဖျက်ဆီးခံရသလို  အိမ်ခြေ ၄၀ ရှိ ယိုကျားဖန်ရွာက နေအိမ်တွေနဲ့   အလယ်တန်းကျောင်း တကျောင်း  တရွာလုံး၊ အိမ်ခြေ ၃၀၀ လောက်ရှိတဲ့ နန်ကော်ရွာမှာ အိမ်ခြေ ၁၀ လုံး ပြီးခဲ့တဲ့ အပတ်က မီးရှို့ဖျက်ဆီးခံရတယ်လို့ ဦးမြတ်ထွန်းလင်းက ပြောပါတယ်။

ဒီကနေ့  မတ်လ ၂ ရက်မှာလည်း တာရွှေထန်းမြို့နယ်ဘက်မှာ မနက် ၆ နာရီကစ အစိုးရတပ်ဘက်နေ လက်နက်ကြီးနဲ့ စတင်ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။

လက်ရှိတိုက်ပွဲဖြစ်ပွားရာဒေသရဲ့ အနောက်မြောက်ဘက် နမ့်ခမ်းမြို့နယ် ပန်းဆေးဒေသ မှာလည်း အမ်အန်ဒီအေအေ ကိုးကန့်အဖွဲ့ရဲ့ မဟာမိတ် တအာင်းတပ်မတော်နဲ့ အစိုးရတပ်ကြား ဖေဖော်ဝါရီလ ၂၇ ရက်နေ့က အပြန်အလှန်ပစ်ခတ်ပြီး အစိုးရတပ်ဘက်က ၂ ဦးကျသွားတယ်လို့  တီအန်အယ်လ်အေက ပြောပါတယ်။

အခုလို ဒေသတွင်း တိုက်ပွဲတွေ ပြင်းထန်နေတဲ့အပေါ်မှာ မြန်မာ့အမျိုးသား ဒီမိုကရက်တစ်မဟာ မိတ်တပ်မတော် (M.N.D.A.A) ၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (P.S.L.F/T.N.L.A)
နဲ့ ရက္ခိုင့်တပ်မတော် (A.A) တို့က မတ်လ တစ်ရက်နေ့ နေ့စွဲနဲ့ ပူးတွဲကြေညာချက်တစ်စောင် ထုတ်ပြန်ရာမှာ လက်ရှိအစိုးရနဲ့ ဆွေးနွေးညှိနှိုင်းဖို့  အကြိမ်ကြိမ်တောင်းဆိုခဲ့ကြောင်း၊ ဒါပေမယ့် အစိုးရတပ်ဘက်က လက်မခံဘဲ ထိုးစစ်ဆင်နေတဲ့အတွက် ပြည်တွင်းစစ်မီးတောက်လောင်မယ့် အခြေအနေမှာ ရှိနေတယ်လို့  ဖော်ပြပါတယ်။

ပြည်ပအခြေစိုက် ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့ကလည်း လတ်တလောဖြစ်ပွားနေတဲ့  တိုက်ပွဲ ကြားမှာ  ဒေသခံတိုင်းရင်းသားတွေ  ပစ္စည်းဥစ္စာအိုးအိမ်ပျက်စီးပြီး လူ့အခွင့်အရေး ချိုးဖောက်ခံနေ ရတယ်လို့  ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်ကြေညာထားပါတယ်။

တိုက်ပွဲကြောင့် တရုတ်နယ်စပ်ဘက်ကိုရော၊ မြန်မာပြည်အတွင်းပိုင်းဘက်ကိုပါ  ထွက်ပြေး ခိုလှုံလာသူ စုစုပေါင်း ၃ သောင်းကျော် ရှိမယ်လို့  ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့က ခန့်မှန်းထားပါတယ်။

By နန်းမြနဒီ(ဒီဗွီဘီ)
http://burmese.dvb.no

ဓာတ်ပုံ – ကိုအံ့ဘွယ်ကျော်
နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ စွပ်စွဲဖမ်းဆီးခံထားရတဲ့ မုံရွာမြို့က နိုင်ငံရေး တက်ကြွလှုပ်ရှားသူ အလွတ်တန်း ဓာတ်ပုံသတင်းထောက် ကိုအောင်နေမျိုးကို မုံရွာရဲစခန်းက  ဒီကနေ့ မွန်းလွဲပိုင်းမှာ ပြန်လွှတ်ပေးလိုက်ပါတယ်။

“သူတို့ ဟိုခေါ်ဆွေးနွေးတဲ့ကိစ္စ ပြန်လွှတ်ပေးလိုက်တာပါ။ ခေါ်ဆွေးနွေးတယ်လို့ပဲ သုံးနှုန်းတာ ပိုကောင်းပါတယ်”လို့ ပြန်လွတ်လာသူ ကိုအောင်နေမျိုးက ဒီဗွီဘီကို ပြောပါတယ်။

သူ့ကို ဘာကြောင့်ဖမ်းလဲဆိုတဲ့ ကိစ္စကိုတော့ ခုအချိန်မှာ မပြောချင်သေးဘူးလို့ ပြောပါတယ်။ အခုလို ပြန်လွတ်လာလို့ ၀ိုင်းပြီး ကူညီပေးတဲ့သူတွေကို ကျေးဇူးတင်ကြောင်း ပြောပါတယ်။

“ဒီအပြင်က အကုန်ဝိုင်းဝန်းပြီးလုပ်ကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ၀ိုင်းစိတ်ပူပေးတဲ့ အတွက် ပေါ့နော်။”

ကိုအောင်နေမျိုးကို ဖေ့စ်ဘွတ်ပေါ်မှာ အစိုးရမေတ္တာပျက်အောင် ရေးတင်တာကြောင့်ဆိုပြီး ဖေဖော်ဝါရီလ ၂၇ ရက်မှာ သတင်းရဲတပ်ဖွဲ့က ရဲမှူးမြင့်လွင်က တရားလိုလုပ်ကာ မုံရွာရဲစခန်းမှာ အမှုဖွင့် ဖမ်းဆီးချုပ်နှောင်ထားခဲ့ပါတယ်။

ဒါပေမယ့် ဒီအမှုက တိုင်ကြားတာပဲရှိပြီး တရားစွဲတင်တာမလုပ်သေးတဲ့အတွက် သူ့ကို ပြန်လွှတ်ချိန်မှာ  အမှုပျက်ပြယ်သွားပြီလို့   ကိုအောင်နေမျိုး ဖမ်းဆီးခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး ကူညီနေတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင့်လူ့အဖွဲ့အစည်းက ကိုမာကီးက ပြောပါတယ်။

“ပြန်လွတ်လာတဲ့အတွက် ထုံးစံအတိုင်း ၀မ်းသာတယ်လို့ ပြောရမှာပေါ့နော်။ ဒါပေမယ့် ဒီထက်ပိုပြီးဝမ်းသာစရာ ကောင်းမှာက အရင်ကတည်းက မဖမ်းဘဲနေရမယ့် ကိစ္စပေါ့ဗျာ။ ဖမ်းသင့်တဲ့အမှုလည်း မဟုတ်ဘူး။ ဖြစ်ရပ်မျိုးလည်း မဟုတ်ဘဲနဲ့ ဖမ်းတာဆီးတာဆိုကတည်းကိုက မကောင်းဘူးပေါ့နော်။”

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်းအနေနဲ့ ကိုအောင်နေမျိုး ဖမ်းဆီးခံရမှုနဲ့ ပတ်သက်ပြီး မနေ့တုန်းက မုံရွာရဲစခန်းက ရဲမှူးနဲ့ သွားရောက် တွေ့ဆုံခွင့်တောင်းခဲ့ပါတယ်။ ဒါပေမယ့် ရဲမှူးနဲ့ မတွေ့ရသေးခင် ဒီနေ့ခင်းမှာ ကိုအောင်နေမျိုးကို ပြန်လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။

ကိုအောင်နေမျိုးဟာ အလွတ်တန်းသတင်းထောက်တယောက်ဖြစ်သလို နိုင်ငံရေးပါတီနဲ့ ၈၈ ငြိမ်းချမ်းပွင့်လင်းလူ့အဖွဲ့အစည်းတို့ရဲ့ လှုပ်ရှားမှုတွေမှာ အားတက်သရော ပူးပေါင်းကူညီ လုပ်ဆောင်ပေးနေသူတယောက်လည်း ဖြစ်ပါတယ်။

အစိုးရကို မေတ္တာပျက်အောင်၊ အစိုးရရဲ့ ၀တ္တရားဆောင်ရွက်ချက်ကို ယုတ်လျော့အောင်၊ ပျက်စီးအောင် မဟုတ်မှန်းသိလျက်နဲ့ မမှန်သတင်းလွှင့်ရန်ကြံစည်ပြီး ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ် တင်ခဲ့ကြောင်း တွေ့ရှိချက်နဲ့ပတ်သက်ပြီး ဖမ်းဆီးခဲ့တာဖြစ်ပြီး သူ့ကို ၁၉၅၀ ပြည့်နှစ်အရေးပေါ်စီမံမှု အက်ဥပဒေပုဒ်မ ၅(က) (င) တို့အရ အမှုဖွင့် အရေးယူဆောင်ရွက်ပေးဖို့ တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။

By DVB
http://burmese.dvb.no

Photo: Kyaw Zaw Win/RFA
လက်ပံတန်းမြို့မှာရှိတဲ့ သပိတ်မှောက်ကျောင်းသူ ကျောင်းသားတွေထံ လာရောက်ပူးပေါင်းကြမယ့် ပြည်၊ မင်းလှ၊ နတ်တလင်းဘက်က ကျောင်းသားတွေကို လုံခြုံရေးတပ်ဖွဲ့တွေက မင်းလှမြို့မှာ တားဆီးခဲ့ပါတယ်။ တချို့က လက်ပံတန်းကို ရောက်ရှိလာပြီး ပင်မသပိတ်စစ်ကြောင်းနဲ့ ပူးပေါင်းကြပါတယ်။

လက်ပံတန်းက သပိတ်စစ်ကြောင်းရှိတဲ့ ဘုန်းတော်ကြီးကျောင်း အဝင်လမ်းကိုလည်း ရဲတပ်ဖွဲ့က တားဆီးထားပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese


သပိတ်မှောက်ကျောင်းသားတွေ ပဲခူးတိုင်းနဲ့ ရန်ကုန်တိုင်း နယ်စပ် မီးနင်းချောင်း တံတားကို ဖြတ်ကျော်ချီတက် လာခဲ့မယ် ဆိုရင် တရုတ်နိုင်ငံက ကူညီပံ့ပိုးပေးထားတဲ့ အဓိကရုဏ်း နှိမ်နင်းရေး ရေအမြောက်ကားကို အသုံးပြုလူစုခွဲသွားမယ်လို့ ရဲတပ်ရင်း ၈ တပ်ရင်းမှူးက ဒီဗွီဘီကို ပြောဆိုခဲ့ပါတယ်။

ရဲတပ်ရင်း ၈ တပ်ရင်းမှူး ဒုရဲမှူးကြီးသန့်စင်ဦးက “ဒါဆူပူမှု သပိတ်စစ်ကြောင်း ၀င်ရောက်လာတဲ့ အခါမှာ သူတို့ဝင်ရောက်နိုင်ခြင်း မပြုစေရေး အတွက်ပေါ့၊ အဲဒါလေးနဲ့ ဟန့်တား ဆောင်ရွက်မှာပါ၊ အမိန့်ရမှ ဆောင်ရွက်မှာပါ” လို့ပြောပါတယ်။

ဒီလုံခြုံရေး တပ်ဖွဲ့တွေကို ရန်ကုန်တိုင်း ၀န်ကြီးချုပ်နဲ့ နယ်လုံဝန်ကြီးတို့က အဓိက ကွပ်ကဲဆောင်ရွက်နေတယ် လို့ ဆိုပါတယ်။

အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်ဖို့ ငြိမ်းချမ်းစွာ ချီတက်နေတဲ့ ကျောင်းသားတွေကို ရေအမြောက်ကား အသုံးပြုပြီး ဖြိုခွင်းဖို့ ကြိုးစားမယ့် လုပ်ရပ်အပေါ် ဗကသများအဖွဲ့ချုပ်က မေးခွန်း ထုတ်ခဲ့ပါတယ်။

ဗကသများအဖွဲ့ချုပ်ရဲ့ ဗဟိုလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ကျော်ကိုကိုက “လက်နက်ဆန်းတွေပေါ့၊ နိုင်ငံခြားက ရောက်ရှိလာတဲ့ ရေသေနတ် အမြှောက်တို့ ဘာတို့ဟာ ဖြိုခွဲမှုမှာ သုံးတယ်ဆိုတာ မှန်ပေမယ့် မြန်မာပြည်မှာ တခေါက်မှ မသုံးဖူးသေးဘူး၊ ဆိုလိုတာက သမိုင်းတလျှောက်လုံးမှာ တခေါက်မှ မသုံးစွဲခဲ့တဲ့ လက်နက်တွေနဲ့ ကျောင်းသားထုကို ကန့်သတ်ဖြိုခွဲဖို့ဆိုတဲ့ သဘောထားကိုတွေ့ရတယ်၊ အမှတ် ၈ ရဲတပ်ရင်းဆိုတာကလည်း ၂၀၀၇ ရွှေဝါရောင် သံဃာ့အရေးအခင်းမှာ ဖြိုခွင်းခဲ့တဲ့ အတွေ့အကြုံရှိတဲ့သူတွေပါနေတယ်၊  သူတို့ရဲ့ တပ်ဖွဲ့ကို သေချာပြင်ဆင်ထားပြီးတော့ ဖြိုခွဲဖို့ အတွက် စည်း ၃ တန် တားထားတယ်ဆိုတာမျိုးတွေ၊ ဒီစည်းကို ကျော်ရင် ပစ်မယ်ဆိုတဲ့ စာသားတွေ ရေးထားတာမျိုးကိုတွေ့ရတယ်၊ ဒါဟာ ကျနော်တို့ သပိတ်တောင်းဆိုမှုတွေကို လစ်လျူရှုရာကြတယ် ”လို့ ပြောပါတယ်။

၁၁ ရက်ကြာ ရပ်နားထားတဲ့ ဒီမိုကရေစီ ပညာရေး ပင်မ သပိတ်စစ်ကြောင်းဟာ ရန်ကုန်မြို့ကို ဦးတည်ပြီး ဆက်လက် ချီတက်ဖို့ ဒီကနေ့မနက် လက်ပံတန်းကထွက်ခွက်ခွာဖို့ပြင်ဆင်နေချိန်မှာ လက်ပံတန်းမြို့ အောင်မြေဗိမာန်ကျောင်းတိုက်ေ၇ှ့ကို ရဲလုံခြုံရေးတပ်ဖွဲ့ဝင်တွေရောက်လာပြီး ရဲကား ၇စီး၊ ရေကား၂စီးနဲ့ ပိတ်ဆို့ဝိုင်းရံထား လိုက်ပါတယ်။

အ​ခြေခံပညာ ကျောင်းသားတွေ စာ​မေးပွဲဖြေဆိုတာကို အ​နှောက်​အယှက်​ မဖြစ်​ဖို့နဲ့ ​ကျောင်းသား​တွေ ​တောင်းဆိုထားတဲ့ အချက်​ ၁၁ ချက်​ အပေါ် လွှတ်​​တော်​က ဆုံးဖြတ်​ချက်​ချဖို့ ​စောင့်​ဆိုင်းတဲ့အ​နေနဲ့ ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်းဟာ ​ဖေဖော်ဝါရီ ၁၉ ရက် စတင်ပြီး လက်​ပံတန်းမြို့ ​အောင်​​မြေဗိမာန်​​ ကျောင်းတိုက်​မှာ  ရပ်နားနေခဲ့တာဖြစ်ပါတယ်။

၁၁ ရက်ကြာ ရပ်နားပြီး စောင့်ဆိုင်းခဲ့ပေမယ်လို့လဲ လွှတ်တော်တွင်း လုပ်ငန်းစဉ်တွေ တိုးတက်မှု မရှိခဲ့တာကြောင့် သပိတ်စစ်ကြောင်းကို မတ် ၂ ရက် နံနက်ပိုင်းမှာ ပြန်လည်စတင်ဖို့ တညီတညွတ်ထဲ ဆုံးဖြတ်ချက် ချမှတ်လိုက်ပါတယ်။

အမျိုးသားပညာရေး ဥပဒေနဲ့ ပတ်သက်ပြီး အစိုးရအနေနဲ့ အဖြစ်နိုင်ဆုံး လိုက်လျောပေးခဲ့သလို လုပ်ထုံးလုပ်နည်းနဲ့အညီ လွှတ်တော်မှာ တင်ပြ ဆွေးနွေးနေတုန်းဖြစ်တာကြောင့် ကျောင်းသားတွေ အနေနဲ့ ဆန္ဒပြတာကို ရပ်ဆိုင်းထားရမယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၈ ရက် ရက်စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။

ကျောင်းသားတွေဖက်ကတော့ ဒါဟာ ဖိအားပေးခြိမ်းခြောက်တဲ့ လုပ်ရပ် ဖြစ်လို့ လက်မခံနိုင်ဘူး လို့ ပြန်လည် တုန့်ပြန်ခဲ့ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/

ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်းက ကျောင်းသားတွေ ဒီနေ့မနက် စတင်ထွက်ခွာဖို့ ပြင်ဆင်နေတဲ့ လက်ပံတန်း အောင်မြင်ဗိမာန် ကျောင်းတိုက် ကို ရဲကား ၇စီး ရေကား၂စီးနဲ့ အခုလက်ရှိ ပိတ်ဆို့ ဝိုင်းရံထား လိုက်ပါပြီ။ (မနက် ၈း၄၅ နာရီ)

ကျောင်းသားတွေက ဘုန်းကြီးကျောင်းဝင်းထဲကနေ သပိတ်မှောက်ပြင်ဆင်နေပြီး ကျောင်းရှေ့ကနေ ဆယ်မိနစ်အတွင်း ဖယ်ပေးဖို့ရဲတွေကို အချိန်ပေးထားပါတယ်။

မနက် ၉ နာရီထိုးခါနီးလောက်မှာတော့ ရဲမေတွေအပါအ၀င် ရဲကားတွေ ထပ်မံရောက်ရှိလာပြီး ရဲအင်အား တထောင်ဝန်းကျင်လောက် ရှိနေကာ ဘုန်းကြီးကျောင်း အတွင်းမှာတော့ ကျောင်းသားအင်အား ၂၀၀ လောက်ရှိနေပါတယ်။

DVB TV News
https://www.facebook.com/DVBTVNews
သတင်းဓာတ်ပုံ - ကောင်းထက်ကျော်






ဗိုလ်ချုပ်အောင်ဆန်းရာပြည့်ပွဲ အထိမ်းအမှတ်ပွဲနဲ့ တက်ရောက်သူ ပရိသတ် (ဓာတ်ပုံ- မင်းမြန်မာ fb)
NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေနေ့တွေက သူ့ရဲ့ လူထု စည်းရုံးရေး ခရီးစဉ်တွေမှာ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးကို တည်ဆောက်နေတဲ့ ကာလအတွင်း အတိတ်က အဖြစ်ဆိုးတွေကို ပြန်လှန်ပြီး စိတ်ဝမ်းကွဲအောင် မလုပ်ကြဖို့ သတိပေး ပြောကြား ခဲ့ပါတယ်။ ဒီအတောအတွင်း သမ္မတ ဦးသိန်းစိန်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ တွေ့ဆုံဆွေးနွေးပွဲကို ဒီကနေ့ တနင်္လာနေ့ညနေပိုင်း နေပြည်တော်မှာ ပြုလုပ်ဖို့ စီစဉ်ထားတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ အကြောင်းစုံကိုတော့ မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။

အခုပြည်မြို့ကိုရောက်နေတဲ့ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ညနေပိုင်း အောင်လံမြို့ခရီးစဉ်အပြီး နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ (၃) ဦး သီးခြားတွေ့ဆုံကြမယ်ဆိုတဲ့ သတင်းတွေ ထွက်နေတာပါ။

အဲဒီလို ကြီး (၃) ကြီး တွေ့ဆုံကြဖို့ စီစဉ်နေတာ ကြာပြီဖြစ်ကြောင်း နှစ်ဖက်စလုံးနဲ့ နီးစပ်တဲ့သူတွေက ဗွီအိုအေကို ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုထားတဲ့ ၄ ပွင့်ဆိုင်ရော၊ လွှတ်တော်က သဘောတူထားတဲ့ ၆ ပွင့်ဆိုင် ဆွေးနွေးပွဲကိုရော သမ္မတ ဦးသိန်းစိန်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှစ်ဦးစလုံးက ငြင်းပယ်ထားတာပါ။

ဒါပေမယ့် အခုလို ထိပ်သီးပုဂ္ဂိုလ်သုံးဦးတွေ့ဆုံတဲ့ကိစ္စဟာ အတော်လေးထူးခြားမှု ရှိနေတယ်လို့ အများကသုံးသပ်ပါတယ်။

တနင်္ဂနွေနေ့က ပြည်မြို့မှာကျင်းပတဲ့ ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့် အထိမ်းအမှတ် လူထုဟောပြောပွဲမှာ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး တည်ဆောက်နေတဲ့ကာလ တပ်မတော်နဲ့ပတ်သက်လို့ အမြင်မှားအောင်ပြုမူပြောဆိုတာတွေကိုရှောင်ရှားဖို့ ဒေါ်အောင်ဆန်းစုကြည်က သတိပေးပြောကြားခဲ့ပါတယ်။

အဲဒီအခမ်းအနားမှာ စစ်တပ်က တိုင်းရင်းသားပြည်သူတွေကို နှိပ်စက်ညှင်းပန်းနေတဲ့ သရုပ်ဖေါ်ပြကွက်ကိုတင်ဆက်ခဲ့ပါတယ်။ ဒါဟာ အတိတ်က အဖြစ်ဆိုးတွေကို ပြန်လှန်တာဖြစ်တဲ့အတွက် မလုပ်သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က အခုလိုတုန့်ပြန်ပြောဆိုခဲ့တာပါ။

"ဖေဖေ့ကို ဂုဏ်ပြုတာ၊ သီချင်းဆိုတာ ကျမ ကြိုက်တယ်၊ ဒါဟာဖေဖေရဲ့မွေးနေ့နဲ့ ဆီလျော်တဲ့ကိစ္စဖြစ်တယ်၊ ဒါပေမဲ့နောက်ပိုင်းက အစီအစဉ်ကို မကြိုက်ဘူးဆိုတာ ကျမပြတ်ပြတ်သားသားပြောပါ့မယ်။ လူတွေကလက်ခုပ်တီးတယ်၊ သြဘာပေးတယ်ဆိုပေမယ့် ကျမတို့ဟာ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးကို တည်ဆောက်နေတဲ့အချိန်မှာ အတိတ်ကအဖြစ်ဆိုးတွေကို တစ်ခါပြန်လည်ပြီးတော့ အချင်းချင်းကြားမှာ စိတ်ဝမ်းကွဲအောင် မလုပ်သင်တဲ့အချိန်မှာ ကျမတို့မလုပ်ရဘူး၊ ဒါကို ကျမတို့ နားလည်ရမယ်"

ဒါ့အပြင် နိုင်ငံရေးပါတီကြီးတခုအနေနဲ့ အမှားအယွင်း နည်းနိုင်သမျှနည်းအောင် ဆောင်ရွက်ကြရမှာ ဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“အဓိကအရေးကြီးတာက ကျမတို့ရဲ့ အဖွဲ့ချုပ်ကနေပြီးတော့ အမှားအယွင်းမရှိအောင်ပေါ့။ အမှားအယွင်းမရှိဘူးဆိုတာကတော့ လုံးဝတော့ မဖြစ်နိုင်ဘူးပေါ့။ လူဆိုတာ မှားတတ်တာပဲ။ အဖွဲ့ဆိုတာလည်း လူတွေနဲ့စုပေါင်းထားတဲ့အဖွဲ့ပဲ။ သို့သော်လည်း ကိုယ့်မှာအမှားရှိရင် ရင်ဆိုင်ရဲရမယ်၊ ပြုပြင်ရဲရမယ်။ ပြင်ဆင်ရဲရမယ်။ တချို့က ငါတို့ ဘယ်တော့မှ မမှားဘူး-ဆိုတဲ့ ပုံစံမျိုးနဲ့ရပ်တည်တယ်။ အဲဒီဟာ ဟာ ဘယ်သူ့ကိုမှ အကျိုးမပြုဘူး။ ကိုယ့်ပတ်ဝန်းကျင်ကိုလည်း အကျိုးမပြုဘူး။ ကိုယ့်ကိုကိုယ်လည်း အကျိုးမပြုဘူး။ ငါ ဘယ်တော့မှ မမှားနိုင်ဘူးလို့ ထင်တဲ့သူဟာ ဘယ်လိုလုပ် ကိုယ့်ကိုကိုယ်ပြန်ပြီး ပြုပြင်နိုင်မလဲ၊ ငါလည်း မှားနိုင်တာပဲ၊ ငါလည်း အားနည်းချက်တွေ ရှိနိုင်မှာပဲဆိုတာ လက်ခံမှ ကိုယ့်ကိုကိုယ်ပြုပြင်ပြီးတော့ ရှေ့ကိုတက်နိုင်မှာ။”

NLD အနေနဲ့လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ထားတဲ့ မဲဆွယ်စည်းရုံးရေး အချိန်ရောက်မှ မဲဆွယ်တဲ့ကိစ္စတွေ ဆောင်ရွက်ဖို့လည်း ဒေါ်အောင်ဆန်းစုကြည်ကပြောကြားခဲ့ပါတယ်။

စနေနေ့က ဧရာဝတီတိုင်း ဟင်္သာတ၊ ဓနုဖြူနဲ့ဇလွန်မြို့တွေမှာ ကျင်းပခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းနှစ် (၁၀၀) ပြည့် လူထုဟောပြောပွဲတွေ မှာလည်း ဒီမိုကရေစီစနစ်နဲ့ ညီညွတ်ရေးကိစ္စတွေကို ဒေါ်အောင်ဆန်းစုကြည်က ဟောပြောသွားပါတယ်။

“နိုင်ငံရေးမှာ တာဝန်ယူမှုရှိဖို့ဆိုတာဟာ စနစ်တခုပေါ်မှာတည်တယ်။ ကျမတို့ ဒီမိုကရေစီ လိုချင်တယ်၊ လိုချင်တယ်- ဆိုတာဟာ ဖေဖေကိုယ်တိုင်ကလည်း ဒီမိုကရေစီသာလျှင် လွတ်လပ်တဲ့နိုင်ငံနဲ့ ဆီလျှော်တယ်ဆိုတာဟာ - အဲဒီဟာက တာဝန်ရှိမှု၊ တာဝန်ယူမှုကို အာမခံတဲ့အစိုးရ ….။ အစိုးရကနေပြီးတော့ ပြည်သူကို အာမခံတယ်၊ ခံရတယ်။ ပြည်သူလူထုရဲ့ဆန္ဒကို လေးစားရတယ်၊ အကောင်အထည်ဖော်ပေးရတယ် ဆိုလို့ရှိလို့ရှိရင် ပြည်သူတွေရဲ့လိုအပ်ချက်တွေကို ဖြည့်ဆီးပေးဖို့ တာဝန်ရှိတယ်။”

လက်ရှိ ပြည်မြို့ကိုရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်က ကျောင်းသားအဖွဲ့တွေနဲ့ ဒီကနေ့ မနက်ပိုင်းမှာ တွေ့ဆုံမှာပါ။ အဲဒီနောက် ပေါက်ခေါင်းနဲ့ အောင်လံမြို့က လူထုဟောပြောပွဲတွေကို တက်ရောက်ဖို့ရှိပါတယ်။ ညနေပိုင်းမှာတော့ နေပြည်တော်ကိုပြန်ရောက်ပြီး လူထုစည်းရုံးရေး ခရီးစဉ်ကို အဆုံးသတ်မှာဖြစ်ပါတယ်။

အင်ကြင်းနိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ကိုးကန့်ဒေသတိုက်ပွဲတွေကြောင့် ထွက်ပြေးလာရသူ စစ်ရှောင်ဒုက္ခသည်တွေကို ရဲတပ်ဖွဲ့ဝင်တွေက ထောက်ပံ့ပစ္စည်းများ ပေးဝေစဉ်။ 
တရုတ် မြန်မာနယ်စပ်နားမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ အတွက် တရုတ်ရဲ့ နယ်စပ်လုံခြုံရေးနဲ့ လူမှုအသိုင်းအဝိုင်းတွေကြား လုံခြုံရေးအပေါ် သက်ရောက်မှုတွေ ရှိနေပြီး ဒီပြဿနာတွေ အတွက် ၂ နိုင်ငံ သက်ဆိုင်ရာ တာဝန်ရှိ သူတွေကြား အနီးကပ်ဆက်ဆံ ဖြေရှင်းနေတယ်လို့ တရုတ်ထိပ်တန်း သံတမန်တယောက်က ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံအရှေ့မြောက်ပိုင်းမှာ အစိုးရတပ်တွေနဲ့ကိုးကန့်တပ်တွေကြားဖြစ်နေတဲ့ တိုက်ပွဲတွေမှာ တရုတ်ဒေသခံအာဏာပိုင်တွေ ပါဝင် ပတ်သက်မှု မရှိဘူးဆိုတာကိုလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့အာရှရေးရာ ညွှန်ကြားရေးမှူးချုပ် Kong Xuanyou က ရှင်ဟွာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။ တရုတ်မြန်မာဆက်ဆံရေးကို ထိခိုက်စေမဲ့လုပ်ရပ်တွေ၊ ၂ နိုင်ငံနယ်စပ်တည်ငြိမ်မှု ပျက်ပြားစေမဲ့ လုပ်ရပ်တွေကို တရုတ်ပိုင်နက်ထဲ ကနေလုပ်တာမျိုး ဘယ်သူ့ကိုမှ ခွင့်ပြုမှာမဟုတ်ဘူးလို့ အာရှရေးရာညွှန်ကြားရေးမှူးချုပ် Kong ရဲ့ အပြောကို ရှင်ဟွာသတင်းထဲမှာ ကိုးကား ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံဟာ သူများပြည်တွင်းရေးမှာဝင်မစွက်တဲ့မူကို အမြဲလက်ကိုင်ထားနေသလို တရုတ်-မြန်မာဆက်ဆံရေးမှာ အပြန်အလှန်နားလည်မှုနဲ့ လေးစားမှုက အရေးကြီးတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အာရှရေးရာ ညွှန်ကြားရေးမှူးချုပ်က ရှင်ဟွာသတင်းကို ပြောခဲ့ပါတယ်။

ကိုးကန့်ဒေသဘက်မှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေမှာ တရုတ်ကြေးစားတပ်တွေ ကိုးကန့်တပ်ဘက်ကနေ ဝင်တိုက်နေတယ်လို့ မြန်မာကာကွယ်ရေး ဌာနပြောခွင့်ရသူက စွပ်စွဲခဲ့ပြီးနောက် တရုတ်ဘက်က နောက်ထပ် ငြင်းဆန်ချက်ထွက်လာတာပါ၊ တရုတ်အစိုးရပြောခွင့်ရသူ Hong Lei ကလည်း တရုတ်ပိုင်နက်ကို အသုံးချပြီး မြန်မာနိုင်ငံအပေါ် တိုက်ခိုက်မှုတွေလုပ်တာကို တရုတ်နိုင်ငံအနေနဲ့ ခွင့်ပြုမှာမဟုတ်ဘူးလို့ ပြီးခဲ့တဲ့တပတ်ထဲမှာ ငြင်းဆန်ခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)
http://burmese.voanews.com