03/04/15


နိုင်ငံတော်အရေးပေါ်စီမံချက် အက်ဥပဒေပုဒ်မနဲ့ ၄ ရက်ကြာ မုံရွာအကျဉ်းထောင်မှာ ထိန်းသိမ်းခံခဲ့ရတဲ့ အလွတ်ဓာတ်ပုံသတင်းထောက် ကိုအောင်နေမျိုးက သူ့ကို အခုလိုခေါ်ယူစစ်ဆေးမေးမြန်းခဲ့တာ ဟာ နောက်ကွယ်မှာ တခြားအကြောင်းရင်းရှိလိမ့်မယ် လို့ ပြောပါတယ်။

ရန်ကုန်မြို့ မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်းမှာ သတင်းစာရှင်းလင်းပွဲကျင်းပပြီး ကိုအောင်နေမျိုး က ပြောကြားခဲ့တာပါ။

"ကျနော့်ထက် ပွက်လောရိုက်အောင် တင်နေကြတဲ့သူတွေလည်း တပုံကြီ၊ Profile အတုတွေနဲ့ တင်တဲ့လူတွေလည်းရှိတယ်၊ Profile အစစ်တွေနဲ့ ပွက်လောရိုက်အောင် ဆဲဆိုတင်နေကြတဲ့သူတွေလည်း အများကြီး၊ ဒီလိုမျိုးတင်နေကြတဲ့သူတွေထဲမှာ ထင်ပေါ်ကျော်ကြားတဲ့ လူတွေထဲကလည်း ရှိနေကြတာပဲ၊ ကျနော့်ကျမှ ဘာလို့လုပ်ရသလဲဆိုတာ တခြားအကြောင်းတစ်ခုခုကြောင့်များလား၊ ရမယ်ရှာတာလား၊ ဒါမှမဟုတ် မီဒီယာအသိုင်းအဝိုင်းတစ်ခုခုကိုပဲ နည်းနည်းလှန့်ချင်လို့လား၊ အဲ့လိုမျိုးလည်းဖြစ်ရင်ဖြစ်မှာပေါ့နော်"

ကွမ်လုံရက် ၄၀ တိုက်ပွဲ ရုပ်ရှင်ပိုစတာကို တခြားရေးသားတင်ပြထားသူတစ်ဦးက ဖေ့စ်ဘွတ်မှာတင်ထားတာကို ကိုအောင်နေမျိုးက ထပ်ဆင့်ဝေမျှပြီး တင်ထားခဲ့တာဖြစ်ပါတယ်။

အဲဒီရုပ်ရှင်ပိုစတာမှာ အစိုးရထိပ်တန်းခေါင်းဆောင်တွေရဲ့ ဓာတ်ပုံတွေကို ထည့်သွင်းထားတာဖြစ်တဲ့ အတွက် နိုင်ငံတော်အရေးပေါ် စီမံမှုအက်ဥပဒေ ပုဒ်မ ၅(က)(င) တို့နဲ့ အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

ကိုအောင်နေမျိုးကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၇ရက်နေ့က မုံရွာမြို့က သူ့ရဲ့နေအိမ်မှာ သတင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာဖြစ်ပြီး မုံရွာအကျဉ်းထောင်ကနေ မနေ့က ပြန်လည်လွှတ်ပေးစဉ်မှာ သူ့ကိုတရားစွဲထားတဲ့ ပုဒ်မတွေကို ပယ်ဖျက်လိုက်တယ်လို့လည်း သိရပါတယ်။

Rfa


သပိတ်မှောက် ကျောင်းသားတွေ ညလုံးပေါက် အစာငတ်ခံ ဆန္ဒပြ

မန္တလေးရန်ကုန် ပင်မ သပိတ်စစ်ကြောင်းက ကျောင်းသားတွေဟာ ညလုံးပေါက်ထိုင်ပြီး အစာငတ်ခံ ဆန္ဒပြကြနေကြပါတယ်။

မန္တလေးရန်ကုန် ပင်မ သပိတ်စစ်ကြောင်းကို လူစုခွဲဖို့ ပဲခူးတိုင်းလုံခြုံရေးအဖွဲ့က နောက်ဆုံးပေးထားတဲ့ ၆ နာရီ အချိန်ကျော်လွန်သွားခဲ့ပြီးနောက် သပိတ်မှောက်ကျောင်းသားတွေက လူစုခွဲမပေးသလို လုံခြုံရေး အဖွဲ့တွေကလည်း ဝိုင်းထားဆဲ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ သပိတ်မှောက်ကျောင်းသားတွေက သပိတ်မလှန်ပဲ အသေခံမယ်လို့ ဆိုနေပြီး သရဏဂုံတင် ထားကြတဲ့ အတွက် အခြေအနေဟာ အတင်းမာဆုံး အနေအထားကို ရောက်ရှိနေပါတယ်။

ကျောင်းသားတွေဟာ ခရီးရှည်ချီတက်လမ်းလျှောက်ခဲ့ကြပြီး အစာငတ်ခံဆန္ဒပြကြတာ ဖြစ်သလို ရာသီဥတုလည်း ပူပြင်းတဲ့အတွက် ကျောင်းသား ၂ ဦးနဲ့ ကျောင်းသူ ၁ ဦးမူးလဲခဲ့ကြပါတယ်။ အခြား ကျောင်းသားတဦးလည်း နှာခေါင်း သွေးလျှံ ခဲ့ပါတယ်။

ရာသီဥတု ပူပြင်းတဲ့ အတွက် ရဲမေတယောက်လည်း မူးလဲခဲ့တယ်လို့ ဆိုပါတယ်။

နောက်ဆုံးအကြိမ် နယ်စပ်ရေးရာနဲ့ လုံခြုံရေး ဝန်ကြီးနဲ့ ကျောင်းသားတွေ ဆွေးနွေးခဲ့ရာမှာ နယ်လုံဝန်ကြီးဘက်က ဆက်လက်မချီတက်ရင် အကြမ်းမဖက်ဘူးလို့ ကတိပြုခဲ့ပါတယ်။

အင်္ဂါ နေ့ခင်းမှာ အနည်းဆုံး ကျောင်းသား ၃ယောက်လည်း ရဲကရိုက်နှက်တာခံခဲ့ရပါတယ်။

တချိန်တည်းမှာပဲ ကျောင်းသားတွေကို အကြမ်းဖက်ရိုက်နှက်တာကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကို ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ ပခုက္ကူနဲ့ မြင်းခြံမြို့တွေမှာလည်း ဆန္ဒပြပွဲတွေ ပြုလုပ်နေပါတယ်။


BBC Burmese
http://www.bbc.co.uk/burmese

သပိတ်မှောက်ကျောင်းသားတွေကို အကြမ်းမဖက်ဖို့ မတ်လ ၃ ရက်နေ့က မန္တလေးမှာဆန္ဒပြကြစဉ်။ Photo: Nay Thwae/RFA
ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့ အောင်မြေ ဗိမာန်ကျောင်းတိုက်အနီးမှာ အစာငတ်ခံဆန္ဒပြနေတဲ့ သပိတ်မှောက် ကျောင်းသား ကျောင်းသူတွေကို အကြမ်းဖက်ဖြိုခွဲတာတွေ မလုပ်ဖို့ မန္တလေး၊ ရန်ကုန်၊ မုံရွာနဲ့ ပခုက္ကူမြို့တွေမှာ မြို့ခံတွေနဲ့ ကျောင်းသားကျောင်း သူတွေက ဆန္ဒပြတောင်းဆိုကြပါတယ်။

မုံရွာတက္ကသိုလ်ရှေ့မှာ ဒီနေ့ ဆန္ဒပြတောင်းဆိုတဲ့ မုံရွာတက္ကသိုလ် ကျောင်းသားအသင်းအဖွဲ့များ ကွန်ရက်အဖွဲ့ဝင် ကိုနိုင်ထွဋ်ဦးက အကြမ်းဖက်နှိမ်နင်း တာမလုပ်ဖို့ တောင်းဆိုကြောင်း ပြောပါတယ်။

"ကျနော်တို့ ကျောင်းသားတွေဆီမှာ ဘာလက်နက်မှ မပါဘူး၊ ကျနော်တို့တောင်းဆိုတာက ပညာရေးစနစ် တစ်ခုတည်း၊ ကျနော်တို့က အာဏာလိုချင်လို့လည်း မဟုတ်ဘူး၊ နေရာလိုချင်လို့လည်း မဟုတ်ဘူး၊ ကျနော်တို့က ဒီပညာရေးဥပဒေကိုပြင်တယ်၊ ကျနော်တို့နိုင်ငံ ပညာရေးစနစ်ကောင်းဖို့အတွက် ဦးတည်ချက်တစ်ခုအနေနဲ့ ထားပြီးလုပ်တယ်၊ အာဏာပိုင်တွေအနေနဲ့ ရိုင်းပြပြုမူဆက်ဆံတာတွေလုပ်တယ်၊ မတရားတာတွေလုပ်တဲ့တယ်"

အလားတူ မန္တလေးမြို့ ကျုံးနံဘေးမှာ ကျောင်းသူ ကျောင်းသား ၄၀ လောက်နဲ့ မြို့ခံတချို့က လက်ပံတန်း ကျောင်းသားသပိတ်စစ်ကြောင်းကို အကြမ်းဖက်တာမလုပ်ဖို့ တောင်းဆိုခဲ့ပါတယ်။

ပခုက္ကူ နဲ့ ရန်ကုန်မြို့တွေမှာလည်း ကျောင်းသား ကျောင်းသူတွေနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက မဖြိုခွဲဖို့ ဆန္ဒပြတောင်းဆိုကြပါတယ်။

လက်ပံတန်းကနေ သာယာဝတီမြို့အထိ ချီတက်မယ့် ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်းကို ရဲတပ်ဖွဲ့ဝင် ၅၀၀ လောက်က ဒီကနေ့ မနက်ကစပြီး တားဆီးခဲ့တာကြောင့် သပိတ်စစ်ကြောင်းက ကျောင်းသား ကျောင်းသူတွေနဲ့ သံဃာတော်တွေဟာ အောင်မြေဗိမာန်ကျောင်းအနီးက လမ်းထိပ်မှာ တစ်နေကုန် အစာငတ်ခံဆန္ဒပြခဲ့ကြပါတယ်။

RFA Burmese
http://www.rfa.org/burmese




အမျိုးသားပညာရေး ဥပဒေပြင်ဆင်နိုင်ရေးအတွက် သပိတ်မှောက်နေတဲ့ ကျောင်းသားတွေ ချီတက်လာတဲ့အတွက် ထောင်နဲ့ချီတဲ့ ရဲတပ်ဖွဲ့ဝင်တွေက ပိတ်ဆို့ဟန့်ထားတားပါတယ်။ ဒီအတွက် ကျောင်းသားတွေက လက်ပံတန်းမြို့နဲ့ နှစ်မိုင်လောက်အကွာနေရာ တာဆုံနေရာမှာပဲ အစာငတ်ခံပြီး ထိုင်သပိတ်ဆင်နွဲနေကြပါတယ်။ အာဏာပိုင်တွေကလည်း (၆) နာရီအတွင်းလူစုခွဲပေးဖို့ တောင်းဆိုနေပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကျောင်းသားတွေ ခရီးရှည်ချီတက်လို့မရအောင် လက်ပံတန်းမြို့ အောင်မြေဗိမာန်ဘုန်းကြီးကျောင်းဝန်းကို အာဏာပိုင်တွေက ပိတ်ဆို့ ထားခဲ့ပေမယ့် မတ်လ ၃ ရက်နေ့မှာ ကျောင်းသားတွေက သူတို့ဆုံးဖြတ်ထားတဲ့အတိုင်း ရန်ကုန်အရောက် ခရီးရှည်ချီတက်ဖို့ လက်ပံတန်းမြို့ကနေ စပြီး ထွက်ခွာလာခဲ့တာပါ။ ဒီနေ့မှာတော့ တာဆုံနေရာမှာ ရဲအင်အားအလုံးအရင်းနဲ့ ပိတ်ဆို့တားဆီးထားပါတယ်။ နေ့လယ်ပိုင်းမှာ ကျောင်းသူတဦးအရိုက်ခံခဲ့ရတဲ့အတွက် နှစ်ဘက်ကြားမှာ အခြေအနေတင်းမာလာပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေဘက်က ကျောင်းသားတွေ (၆) နာရီအတွင်း လူစုခွဲပေးဖို့ အသံချဲ့စက်တွေနဲ့ ကြေညာနေပါတယ်။

ကျောင်းသားတွေကိုကူညီဖို့ လက်ပံတန်းပြည်သူတချို့ရောက်လာချိန်မှာလည်း ကျောင်းသားနဲ့ပြည်သူကို ရဲတပ်ဖွဲ့ဝင်တွေက အဆင့်ဆင့် ဝိုင်းဝန်းပိတ်ဆို့ထားတာကြောင့် ရောက်ရာနေရာမှာပဲထိုင်ပြီး ကျောင်းသားနဲ့သံဃာတွေဟာ အစာငတ်ခံ ထိုင်သပိတ်ဆင်နွဲနေတယ်လို့ သပိတ်ခေါင်းဆောင် ကိုသီဟဝင်းတင်က ဆိုပါတယ်။

“အခု ကျနော်တို့ကထွက်လာပြီ။ ထွက်လာပြီးတော့ ဆိုင်လိုက်ပြီ။ ဆိုင်လိုက်တော့ ကျနော်တို့ကို နောက်ကနေပိတ်တယ်။ ပြီးတော့ ရှေ့ကနေပိတ်တယ်ပေါ့နော်။ ရဲအင်အားကတော့ တော်တော်များတယ်။ ထောင်ကျော်တယ်ဗျ။ ဒီကြားထဲမှာ ပြည်သူတွေပါ ကြားထဲက ညပ်နေတယ်။ ကျနော်တို့က အခုကြားထဲမှာ၊ ပြည်သူက လုံးဝကို ဝင်မရဘူး။ အဲဒီလိုမျိုး ထိုင်နေပြီးတော့ ရှေ့ကကာထားတယ်။ ရှေ့က ကျနော်တို့ရဲ့ကျောင်းသူတွေက ကာထားပေးတယ်။ သူတို့က ရှေ့မှာ ရဲမေတွေကို ထားလို့ပေါ့နော်။ အဲလို အနေအထားမှာ ရဲမေတွေရဲ့ ဟိုဘက် ညာဘက်ခြမ်းကနေ အမိန့်ပေးပြီးတော့ ကျနော်တို့ကျောင်းသူတယောက်ကို တုတ်နဲ့ဝင်ရိုက်တယ်ဗျ။ တုတ်နဲ့ဝင်ရိုက်တော့ အခု ရုန်းရင်းဆန်ခတ်ဖြစ်သွားတယ်။ အခု ကျနော်တို့တွေအနေနဲ့ ပြန်ပြီးတော့ ထိန်းသိမ်းထားတယ်ဗျ။ ဝန်းရံတဲ့လူတွေကလည်း ကျနော်တို့ကို ပိတ်ထားတဲ့ရဲတွေရဲ့အနောက်ကနေ သူတို့ကထပ်ဝိုင်းတယ်။ ထပ်ဝိုင်းတော့ သူတို့ကို လုံထိန်းကားတွေထပ်ရောက်လာပြီး ထပ်ဝိုင်းထား တယ်။ အခုက တဆင့်ချင်းစီ ကျနော်တို့က အဝိုင်းခံထားရသလို ဖြစ်နေတယ်။

ကျနော်တို့ထိုင်သပိတ်လုပ်တယ်။ ထိုင်သပိတ်လုပ်ပြီး သံဃာတော်၊ ဆရာတော်တွေကလည်း လမ်းဖွင့်ပေးဖို့ကို မေတ္တာရပ်ခံတယ်။ မေတ္တာရပ်ခံတာကို သူတို့အနေနဲ့က သံဃာတော်တွေ မေတ္တာရပ်ခံပြီး စကားပြောနေတဲ့အနေအထားကို Sound-box တွေနဲ့ ဆူညံအောင် လုပ်တယ်။ ဆူညံအောင်လုပ်တော့ ဆရာတော်တွေ၊ သံဃာတော်တွေကလည်း ထပ်ပြီး မေတ္တာရပ်ခံတာပေါ့နော်- Sound-box တွေကို ပိတ်ပေးပါလို့ ပြောတယ်။ သူတို့လက်မခံဘူး၊ အဲဒါနဲ့ ဆရာတော်၊ သံဃာတော်တွေက သူတို့အနေနဲ့ အစာငတ်ခံဆန္ဒပြမယ်ဆိုပြီး ကြေညာချက် ထုတ်တယ်၊ ဒီလမ်းကို ဖွင့်မပေးလို့ရှိရင်--ပေါ့နော်။ ကျနော်တို့အနေနဲ့ကလည်း သံဃာတော်တွေက ကျနော်တို့ကို ကူညီတာဖြစ်တဲ့အတွက် ကျနော်တို့ကျောင်းသားတွေအကုန်လုံးကလည်း hunger strike ဝင်ဖို့အတွက်ကို ကြေညာချက် ထုတ်လိုက်ကြတယ်ဗျ။”

အခုလိုမျိုး ရဲအင်အားအလုံးအရင်းနဲ့ ကျောင်းသားတွေရဲ့ သပိတ်စစ်ကြောင်းကို ပိတ်ဆို့တားဆီးနေတဲ့အပေါ်မှာ လက်ပံတန်းပြည်သူတွေက ဝေဖန်ပြောဆိုနေကြသလို နေပူထဲမှာ အစာငတ်ခံဆန္ဒပြနေတဲ့ ကျောင်းသားတွေကို သောက်ရေလာတိုက်ရင်း ကျောင်းသားတွေကို အကူအညီပေးနေပါတယ်။

မနေ့ကတော့ ကျောင်းသားတွေက သာယာဝတီ၊ သုံးဆယ်မြို့အထိ ချီတက်ပြီး ရန်ကုန်ကိုကားတွေနဲ့ထွက်ခွာမှာကို ခွင့်ပြုဖို့ တောင်းဆိုခဲ့ ပါတယ်။ ရန်ကုန်ကိုရောက်မှသာ သပိတ်ရပ်နားပြီး လွှတ်တော်ရဲ့အခြေအနေကို စောင့်ကြည့်မယ်လို့ ကျောင်းသားတွေဘက်က အသိပေး ထားခဲ့ပါတယ်။ သူတို့ရဲ့တောင်းဆိုချက် အချက် (၈) ချက်ကို ပဲခူးတိုင်း နယ်လုံဝန်ကြီးက အကြောင်းမပြန်တဲ့အတွက် မူလ ရည်မှန်းချက် အတိုင်း ကျောင်းသားတွေက ချီတက်ဆန္ဒပြရာကနေ အခုလို ပိတ်ဆို့ဟန့်တားမှုတွေ ဖြစ်ပါရတာပါ။ ဗကသဥက္ကဋ္ဌ ကျောင်းသားခေါင်းဆောင် ကိုကျော်ကိုကိုကတော့ အာဏာပိုင်တွေဘက် ကျောင်းသားတွေကို အကြမ်းဖက်ဖို့ ကြိုးစားနေတယ်လို့ ပြောပါတယ်။

“သူတို့က အကြမ်းမဖက်ပါဘူးလို့ ပြောနေပေမယ့် ကျနော်တို့က လက်ခံယုံကြည်ဖို့က ခက်ခဲတယ်။ အကြမ်းဖက်ဖို့ပဲ ပြင်ဆင်နေတယ်လို့ ကျနော်တို့က ယူဆတယ်။ အဲဒါကြောင့် ကျနော်တို့ ကြိုတင်ပြင်ဆင်စရာရှိတာကို ပြင်ဆင်နေပါတယ်။”

ကျောင်းသားတွေကို အခုလို အာဏာပိုင်တွေက ပိတ်ဆို့ထားတဲ့အတွက် နယ်မြို့အသီးသီးက ကျောင်းသားတချို့ဟာ ပင်မသပိတ်နဲ့ပူးပေါင်းဖို့ လက်ပံတန်းမြို့ကို ဦးတည်ပြီး လာရောက်နေကြပါတယ်။ ညနေပိုင်းမှာတော့ ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ ပေါင်းတည်၊ ပြည်၊ ကလေး၊ စစ်ကိုင်းမြို့ တွေမှာ ဒီမိုကရေစီပညာရေးတောင်းဆိုနေတဲ့ ဗကသပင်မသပိတ်စစ်ကြောင်းကို ထောက်ခံပြီး ဆန္ဒပြလာကြတာကြောင့် အဲဒီမြို့တွေမှာလည်း ရဲတွေရဲ့တားဆီးမှုတွေ ရှိနေပါတယ်။ ကျောင်းသားတွေကို ဝန်းရံနေတဲ့ သံဃာတော်တွေ၊ လူမှုအဖွဲ့အစည်းတွေနဲ့ သတင်းသမားတွေလည်း ကျောင်းသားတွေ ပိတ်ဆို့ခံရတဲ့နေရာမှာပဲ ရှိနေဆဲဖြစ်ပြီး ညနေပိုင်းမှာတော့ ကျောင်းသားသပိတ် ဦးဆောင်နေသူတွေနဲ့ နယ်လုံဝန်ကြီး ထပ်မံဆွေးနွေးနေပါတယ်။ ဒါပေမယ့် ပိတ်ဆို့တားဆီးထားတဲ့အခြေအနေကတော့ ဒီအတိုင်းပဲ ရှိနေပါသေးတယ်ရှင်။

မအေးအေးမာ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

(၁)

လက်ပံတန်းမြို့မှာ ကျောင်းသားသပိတ် စစ်ကြောင်းကိစ္စက ရေချိန်ပိုမြင့်နေတယ်။ ပင်မကျောင်းသား သပိတ်စစ်ကြောင်းကို ဖြိုခွင်းဖို့ရည်ရွယ်ပြီး ရဲတပ်ဖွဲ့ဝင် အင်အားကိုလည်း အလွန်အကျွံ ပြင်ထားတာ တွေ့နေရတယ်။

မိထ္ထီလာ ပဋိပက္ခမှာ အမည်မသိ ဒေါသထွက်နေတဲ့ လူအုပ်ကြီးကို ရင်ဆိုင်ခဲ့တဲ့အချိန်တုန်းက ရဲတွေကို ဒီလောက်များများ မတွေ့ခဲ့ဘူး။ ဒေါသထွက်နေတဲ့ လူအုပ်ကြီးက မီးရှို့ဖျက်ဆီး၊ လူသတ်တာတွေ လုပ်နေချိန်မှာ ရဲတွေတားဆီးခဲ့တာကို မတွေ့ရဘူး။ အဲဒီအချိန်တုန်းက ကျွန်တော်တို့ရဲ့ သတင်းထောက်ကိုယ်တိုင် ရဲအရာရှိတစ်ဦးနဲ့ မီးသတ်ကားပေါ်ရှိနေတုန်း ဒေါသထွက်နေတဲ့ လူအုပ်ကြီးနဲ့ တွေ့တဲ့အခါ ထွက်ပြေးခဲ့ရဖူးတယ်။

ဒီအတိုင်းပဲ မန္တလေး ပဋိပက္ခ ဖြစ်စဉ်မှာ၊ လားရှိုးပဋိပက္ခဖြစ်စဉ်တွေမှာ အမည်မသိ ဒေါသထွက်နေတဲ့ လူအုပ်ကြီးဆိုတာ အမြဲပေါ်လာတယ်။ ဖျက်ဆီးမှုတွေ လုပ်ခဲ့ကြတယ်။ ရဲတွေ မတားဆီးခဲ့ကြပါဘူး။ ဒီလို ဖြစ်စဉ်တွေမှာ ရဲကဘာမှ မတားဆီးပဲ လွှတ်ပေးသလိုဖြစ်ခဲ့တဲ့ အထောက်အထားတွေ ကျွန်တော်တို့ဆီမှာ အများအပြား ရှိပါတယ်။

လူများစွာ သေကြေခဲ့ရ၊ အိုးအိမ်တွေ ဖျက်ဆီး မီးရှို့ခဲ့ရတဲ့ အချိန်မှာ ရဲတွေမတားဆီးခဲ့ပေမဲ့ ဖျက်လိုဖျက်ဆီး ဘာမှမလုပ်တဲ့ ကျောင်းသားတွေကို ဘာလို့အင်အားသုံး ဖြိုခွင်းဖို့ ပြင်နေတာလဲ။ မေးခွန်းထုတ်ပါတယ်။
ပင်မသပိတ်စစ်ကြောင်း ကျောင်းသားသပိတ်မှာ ပါဝင်နေတဲ့ ကျောင်းသားတွေရဲ့ တောင်းဆိုမှုက ပညာရေးလို့ပဲဆိုဆို အဲဒီ နောက်ကွယ်မှာ နှစ် ၂၀ ကျော် ဖိနှိပ်ခံခဲ့ရတဲ့ နိုင်ငံရေးဖြစ်စဉ်တွေကြောင့် ဖြစ်ခဲ့တာပါပဲ။ နောက်ကွယ်မှာ ဘယ်သူတွေ ပါတယ်ပြောပြော ဖြစ်ရပ်တိုင်းမှာ အားလုံးရင်ဆိုင်နေရတဲ့ အကြပ်အတည်းက အတူတူပဲဖြစ်တယ်။

အခု ရဲတပ်ဖွဲ့ရဲ့အင်အား သုံးထားတဲ့ ပုံစံက ကျောင်းသားတွေရဲ့ နိုင်ငံရေး နိုးကြားစိတ်၊ ပြည်သူတွေရဲ့နိုင်ငံရေး နိုးကြားစိတ်ကို အစွမ်းကုန်ဖိနှိပ်မယ့် ပုံစံမျိုး ဖြစ်နေတယ်။

(၂)

၁၉၂၀ ခုနှစ်မှာ ပေါ်ခဲ့တဲ့ ကျောင်းသားသပိတ်၊ ၁၉၃၆ ခုနှစ်၊ ၁၉၃၈ ခုနှစ်တွေမှာ ပေါ်ခဲ့တဲ့ ကျောင်းသားသပိတ်တွေဟာ လွတ်လပ်ရေးရလိုတဲ့ ဆန္ဒပြင်းပြမှုကြောင့် ကျောင်းသားအရေး ကိစ္စတွေစပြီး ဖြစ်ခဲ့တာချည်းပဲ။
ဒီအတိုင်းပဲ ၁၉၆၂ ခုနှစ် ကျောင်းသား သမဂ္ဂအဆောက်အဦ ဖောက်ခွဲဖြိုဖျက်ခံခဲ့ရတဲ့ အရေးအခင်း၊ ၁၉၇၄ ခုနှစ် ဦးသန့်အရေး အခင်း၊ ၁၉၇၆ ခုနှစ် မတ်လ မှိုင်းရာပြည့်အရေးအခင်းတွေဟာ ကျောင်းသားအရေးက စခဲ့တာတွေချည်းပဲ။

၁၉၈၈ ခုနှစ် မတ်လမှာဖြစ်ခဲ့တဲ့ ကိုဖုန်းမော်ဖြစ်ရပ် ဆိုရင်လည်း အထွေထွေ ကြပ်တည်းမှုကတစ်ဆင့် ဖြစ်လာတဲ့ ကျောင်းသားအရေးက စခဲ့တာပဲ။

ကျောင်းသားအရေးဆိုပေမဲ့ နိုင်ငံရေးပါတာကို မငြင်းဘူး။ အာဏာရှင်တွေရဲ့ ဖိနှိပ်မှုကိုတွန်းလှန်ဖို့ ကြိုးစားတဲ့ ကျောင်းသားအရေးတိုင်းမှာ နိုင်ငံရေးပါတယ်။
အခုဖြစ်နေတဲ့ ကျောင်းသားအရေးမှာလည်း နိုင်ငံရေးပါတယ်။

အာဏာရှင်စနစ်ဆိုးကို လိုလားတဲ့၊ အာဏာရှင်ဒေါက်တိုင်တွေ၊ အခွင့်ထူးခံ လူတန်းစားတွေကလွဲပြီး ကျန်တဲ့သူတိုင်းက အာဏာရှင်စနစ်ဆိုးကြောင့် ဖြစ်လာတဲ့ ကျောင်းသားအရေးကို မထောက်ခံစရာ အကြောင်းမရှိဘူး။ အကုန်ထောက်ခံတယ်။

အခုလည်း မတ်လထဲ အာဏာပိုင်တွေနဲ့ ကျောင်းသားတွေကြား တင်းမာမှုတွေဖြစ်နေပြီ။ ဒါဟာ အာဏာရှင်စနစ်ဆိုးကြောင့် ဖြစ်ခဲ့တာ။ ဒါပေမဲ့ ၁၉၈၈ ခုနှစ် မတ်လမှာ ဖြစ်ခဲ့သလို ရုပ်ဆိုးအကျည်းတန်မှုတွေ ထပ်မဖြစ်စေချင်တော့ဘူး။ ညင်သာတဲ့ ဖြေရှင်းမှုကိုပဲ လိုလားတယ်။

ဒါပေမဲ့ အခုမြင်နေရတဲ့ အခင်းအကျင်းတွေက ၁၉၈၈ ခုနှစ် မတ်လပုံစံမျိုးဖြစ်အောင် ဦးတည်နေသလိုပဲ။ အကယ်၍ ဖြိုခွင်းခဲ့မယ်ဆိုရင်၊ အဲဒီဖြိုခွင်းမှုမှာ ကျောင်းသားတစ်ဦးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီဆိုရင် ပြဿနာက ပိုကြီးထွားတော့မယ်။ မတ်လဆိုတာ ရာသီဥတုပူပြီး လူတိုင်းကို သွေးပူစေတဲ့ အခြေအနေ။ ဒီအချိန်မှာ အကြမ်းဖက်ဖြိုးခွင်းတာလုပ်ရင် ဒေါသသွေးတွေ ဆူပွက်ကုန်မယ်။


ကျွန်တော့် သဘောသာ မကဘဲ၊ ကျွန်တော်တို့ Eleven Media Group ရဲ့ သဘောထားကတော့ အကြမ်းဖက်ဖြိုခွင်းမှုကို လုံးဝ မလိုလားဘူး။ ကျောင်းသားတွေကိုလည်း ရန်ကုန်ကို မချီတက်စေချင်ဘူး။ လွှတ်တော်မှာပဲ အဆင့်ဆင့် ဖြေရှင်းသွားစေချင်တယ်။ ထိပ်တိုက်တိုးတာမျိုး မဖြစ်စေချင်ဘူး။ ဒီလိုပဲ ကျောင်းသားတွေရဲ့ နိုင်ငံရေး နိုးကြားစိတ်ကို ကွန်မြူနစ် တံဆိပ်ကပ်ပြီး နှိပ်ကွပ်တာကိုလည်း လက်မခံဘူး။ နိုင်ငံရေး သွေးထွက် သံယိုမှု မဖြစ်ချင်ဘူး။ ဒါကျွန်တော်တို့ရဲ့ သဘောထားပဲ။

(၃)

ကျောင်းသားအရေး တင်းမာနေချိန်မှာ သမ္မတဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်ကို ခေါ်တွေ့ခဲ့တာကရော ဘာသဘောလဲ။

ကျောင်းသားအရေးမှာ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ထဲ ရောက်နေတဲ့ နိုင်ငံရေးသမားတစ်ဦးဖြစ်လို့ နိုင်ငံရေးသမားတစ်ဦးရဲ့ ဘောင်ထဲကပဲ ပြောတယ်။

ဒီအချက်ကို အခွင့်ကောင်းယူပြီး လက်ပံတောင်းအရေးမှာ ပြည်သူတွေကို အညံ့ခံစေသလို ကျောင်းသားအရေးမှာလည်း အညံ့ခံခိုင်းစေချင်တာလား။


လက်ပံတောင်းကိစ္စ ကော်မရှင်မဖွဲ့ခင်၊ အစီရင်ခံစာမထွက်ခင်မှာ သံဃာတွေကို မီးလောင်ဗုံးနဲ့ ဖြိုခွင်းခဲ့လို့ ပြည်သူလူထုရဲ့ ဒေါသတွေ ဆူပွက်ခဲ့တယ်။ အုံကြွမှုဖြစ်တော့မလို ဖြစ်နေချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ကြားဝင်ခိုင်းတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပဲ ပြင်ပေးတော့မလို၊ ပုဒ်မ ၄၃၆ ကိုပဲ ပြင်ပေးတော့မလို၊ ပုဒ်မ ၅၉(စ)ကိုပဲ ပြင်ပေးတော့မလိုနဲ့ မက်လုံးတွေပေးခဲ့တယ်။ အစီရင်ခံစာ ထွက်ပြီးချိန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူတွေအကြား မကျေလည်မှုတွေ ဖြစ်ခဲ့တယ်။ လူထုနဲ့ ရန်တိုက်ပေးသလိုပုံစံ ဖြစ်သွားတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်တာလည်း ဖြစ်မလာခဲ့ဘူး။

အခုလည်း ကျောင်းသားအရေး တင်းမာချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ခေါ်တွေ့ပြန်တယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဖို့၊ ရွေးကောက်ပွဲအောင်မြင်စွာ လုပ်ဖို့တွေ ပြောပြန်တယ်။

လက်ပံတောင်းအရေးလို ကျောင်းသားအရေးမှာ ဒေါ်အောင်ဆန်းစုကြည်ကို ကြားဝင်ခိုင်းပြီး ကျောင်းသား၊ ပြည်သူတွေနဲ့ ရန်တိုက်ပေးတော့မှာလား။


ရှင်းရှင်းပြောရရင် မတ် ၂ ရက် နေပြည်တော် တွေ့ဆုံမှုဆိုတာ ဆွေးနွေးပွဲပုံစံ မဟုတ်ပါဘူး။ သမ္မတဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်ကို ခေါ်ပြီး briefing ပေးတဲ့ ပုံစံမျိုးပါပဲ။ စာကိုးကြောင်းနဲ့ ဓာတ်ပုံဖော်ပြတဲ့ အစိုးရသတင်းစာ ဖော်ပြချက်မှာ ဒေါ်အောင်ဆန်းစုကြည်က ခပ်ကျုံ့ကျုံ့ထိုင်ပြီး သမ္မတဦးသိန်းစိန်ပေးတဲ့ briefing ကို နားထောင်နေပုံမျိုးပဲ တွေ့ရပါတယ်။

ထုတ်ပြန်ချက်အရ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ကျင်းပနိုင်ရေးကို ဆွေးနွေးကြတယ်လို့ ဆိုပါတယ်။

ပြည်သူလူထုက အသေးစိတ် သိချင်ကြတယ်။ ဖွဲ့စည်းပုံပြင်ဖို့ဆိုရင် ဘယ်ပုဒ်မတွေ ပြင်မှာလဲ။ ပုဒ်မ ၄၃၆ လား၊ ပုဒ်မ ၅၉(စ) လား။ ရွေးကောက်ပွဲ ကတိကဝတ်က ဘာလဲ။ မသိရပါဘူး။

ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုနေတဲ့ လေးပွင့်ဆိုင်တွေ့ဖို့ဆိုတာ တစွန်းတစ်စတောင် မတွေ့ရဘူး။ ခြောက်ပွင့်ဆိုင် အရိပ်အငွေ့လည်း မတွေ့ရပါဘူး။

(၄)

သမ္မတ ဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်ကို ခေါ်တွေ့တာ ဒါပါနဲ့ဆို ခြောက်ကြိမ်ရှိပါပြီ။ တွေ့ခဲ့တဲ့ အကြိမ်တိုင်း ပြန်ကြည့်လိုက်ပါ။ အစိုးရအဖွဲ့ အကြပ်အတည်း တွေ့နေချိန်တိုင်း ခေါ်တွေ့ခဲ့တာချည်းပဲ။

တွေ့ဆုံမှုတိုင်းမှာ သမ္မတ ဦးသိန်းစိန်ဘက်က ကတိလိုလို၊ သဘောထားလိုလို ပြောခဲ့တာတွေ ရှိမှာပဲ။ အဲတာတွေ ဘယ်လောက်တည်ခဲ့လဲ၊ ဘယ်လောက်ဖြစ်ခဲ့လဲ။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အသိဆုံး ဖြစ်ပါလိမ့်မယ်။

အခုမှ မဟုတ်ဘူး။ ဦးစောမောင်၊ ဦးသန်းရွှေ၊ ဦးခင်ညွန့်တို့နဲ့လည်း ဒေါ်အောင်ဆန်းစုကြည် တွေ့ခဲ့ဖူးတာပဲ။ ဦးသန်းရွှေနဲ့ဆို အကြိမ်ကြိမ် တရားဝင်တွေ့ခဲ့ဖူးတယ်၊ ၁၉၉၃ ခုနှစ် အမျိုးသားညီလာခံ မစခင်တုန်းကလည်း ဦးသန်းရွှေကို အသိမပေးဘဲ ဦးခင်ညွန့်ရဲ့ လူတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ လျို့ဝှက်တွေ့ခဲ့ကြဖူးပါတယ်။ ဒီအကြောင်းတွေကို ဦးခင်ညွန့်က “ကြုံတွေ့ခဲ့ရ ကျွန်တော့်ဘဝ အထွေထွေ”စာအုပ်မှာ ထည့်ရေးခဲ့တယ်။

အဲဒီတွေ့ဆုံမှုမှာတွေ ဘာတွေ ပြောခဲ့ကြတယ်၊ ဘယ်လို ကတိကဝတ်တွေ ရှိခဲ့ကြတယ်၊ ဘာကြောင့် အဆင်မပြေတာတွေ ဖြစ်ခဲ့သလဲဆိုတာ ပြည်သူတွေ မသိရဘူး။ အာဏာရှင်တွေဘက်က ထုတ်မပြောသလို ဒေါ်အောင်ဆန်းစုကြည်ကလည်း မပြောခဲ့ပါဘူး။ ဒါပေမဲ့ ဒီအချိန်မှာ ထုတ်ပြောသင့်တဲ့ အရာတွေရှိတယ်လို့ ထင်တယ်။

အကြိမ်ကြိမ်တွေ့ဆုံခဲ့၊ ဘာမှ ထူးမလာတာတွေကို ကြည့်ပြီး ခဏ ခဏ အလိမ်ခံနေရတာပဲလို့ ပြည်သူတွေက မြင်ကြပါတယ်။

အစိုးရအနေနဲ့ပဲ ဖြစ်ဖြစ်၊ အာဏာရှင်စနစ် လိုလားသူတွေပဲ ဖြစ်ဖြစ် ကိုယ့်အကျိုးစီးပွားတစ်ခုတည်းအတွက် ဒေါ်အောင်ဆန်းစုကြည်ကို ခုတုံးမလုပ်သင့်တော့ဘူး။

(၅)

အခုချိန်မှာ နိုင်ငံတကာရဲ့ အမြင်တွေပါ ပြောင်းလဲလာပါပြီ။

နိုင်ငံတကာရဲ့ အမြင်ဆိုတဲ့ နေရာမှာ တရုတ်နဲ့ အမေရိကန်ရဲ့ သဘောထားကိုပဲ ကြည့်လိုက်ပါ။

မြန်မာ့နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍအရေးပါကြောင်းကို တရုတ်နိုင်ငံက ထုတ်ပြောလာပါတယ်။

ဖေဖော်ဝါရီ ၂၅ ရက်မှာ တရုတ်အစိုးရ အာဘော် Global Times သတင်းစာက ဆောင်းပါးတစ်ပုဒ် ဖော်ပြခဲ့တယ်။ De-militarizing politics critical for Myanmar ဆိုတဲ့ ဆောင်းပါး ဖြစ်ပါတယ်။

ဆောင်းပါးရှင် Ding Gang ရေးခဲ့ပြီး မြန်မာအစိုးရကိုရော၊ တရုတ်အစိုးရကိုပါ နားချခဲ့တဲ့ ဆောင်းပါးမှာ ဖော်ပြခဲ့တာက မြန်မာ့နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ဦးဆောင်နိုင်သူ ဖြစ်နေတယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့ အရေးကြီးတယ်၊ လွှတ်တော်အခြေခံစနစ်ကို ရွေးထားပြီးဖြစ်လို့ စစ်အုပ်ချုပ်ရေး ပြန်လာနိုင်တော့မှာ မဟုတ်ဘူး၊ နိုင်ငံရေးနဲ့စီးပွားရေးမှာ တပ်မတော်ဘက်က လျော့ချမှသာလျှင် တိုင်းရင်းသားတွေ အဖွဲ့နဲ့ ယုံကြည်မှု တည်ဆောက်နိုင်မယ်၊ မြန်မာနိုင်ငံရဲ့ ဘုံအကျိုးစီးပွား အရာထင်ဖို့ဆိုရင် ဒေါ်အောင်ဆန်းစုကြည် နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖယ်ထားလို့ မရဘူး၊ မြန်မာ့နိုင်ငံရေးမှာ တပ်မတော်က ဝင်ထိန်းထားဖို့ဆိုတာ သင့်တော်မှုမရှိတော့ကြောင်း စတာတွေကို ဖော်ပြခဲ့ပါတယ်။

မြန်မာအစိုးရဘက်က တစ်စိုက်မတ်မတ် ရပ်တည်ရေးသားလေ့ရှိတဲ့ Global Times သတင်းစာက ဒီလိုအာဘော်ထွက်လာတာက တရုတ်အစိုးရကိုယ်တိုင် ဒေါ်အောင်ဆန်းစုကြည်အပေါ် အမြင်ပြောင်းလာပြီဆိုတာ ပြနေခြင်းပါပဲ။

တရုတ်ရဲ့ အမြင်ပြောင်းလာသလို အမေရိကန်အမြင်ကလည်း မြန်မာ့နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဖယ်ထုတ်မရဘူးဆိုတဲ့ အချက်အပေါ် အခိုင်အမာ ရပ်တည်နေဆဲ ဖြစ်ပါတယ်။ နိုင်ငံတကာရဲ့ အမြင်လည်း ဒီအတိုင်း ဖြစ်ပါတယ်။

ဒါဟာ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို အချိန်မီ ပြင်ဆင်ဖို့လိုတယ်၊ ၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲဟာ လွတ်လပ်ပြီး သန့်ရှင်းမျှတဖို့ လိုတယ်ဆိုတာကို တိုက်တွန်းနေကြတာပါ။

ဖွဲ့စည်းပုံအခြေခံဥပဒေ မပြင်ဘူး၊ ရွေးကောက်ပွဲ ညစ်ပတ်မယ်ဆိုရင် နိုင်ငံတကာရဲ့ အရေးယူပိတ်ဆို့မှု ဖြစ်လာမှာ သေချာပါတယ်။

အခုလည်း ဦးအောင်သောင်းကို Targeted Sanction လုပ်ခဲ့သလို ကျန်တဲ့သူတွေကို ဆက်လုပ်ဖို့ ပြင်ဆင်နေတယ်ဆိုတာ သံတမန်အသိုင်းအဝိုင်းကြားမှာ ပြောဆိုနေကြပါပြီ။

၁၉၉ဝ ပြည့်နှစ်အမှားကို ၂ဝ၁၅ ခုနှစ် ထပ်လုပ်ရင် အရင်ထက်ပိုဆိုးတဲ့ အရေးယူပိတ်ဆို့ခံရမှုကို ကြုံရမှာ သေချာပါတယ်။

(၆)

လက်ရှိဖြစ်နေတဲ့ အခြေအနေတွေမှာ တာဝန်အရှိဆုံးက သမ္မတ ဦးသိန်းစိန်နဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက သဘောထား တင်းမာနေသူတွေပဲ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ ကတိဖျက်ပြီး စစ်အာဏာသိမ်းတာကို နိုင်ငံတကာက လက်မခံပါဘူး။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကလည်း အာဏာသိမ်းမယ့်ပုံ မရှိဘူးဆိုတာကို မကြာသေးခင်က သူဖြေတာတဲ့ အင်တာဗျူးအဖြေတွေကို ကြည့်ရင် တွေ့နိုင်ပါတယ်။

ပြီးခဲ့တဲ့ လောက်ကိုင်ဒေသတွင်း တိုက်ပွဲမှာလည်း သမ္မတ ဦးသိန်းစိန်အစိုးရက အမှတ်ဝင်ယူဖို့ ကြိုးစားခဲ့ပေမဲ့ တပ်မတော်ကပဲ ထောက်ခံမှု ရခဲ့ပါတယ်။ ဒါ့အပြင် တပ်မတော် ဘာလုပ်ရမလဲဆိုတာကိုလည်း သူတို့ ကောင်းကောင်းသိခဲ့ပါတယ်။ အစိုးရနဲ့ တပ်မတော်ကိုလည်း ပြည်သူက ခွဲခြား မြင်လာပါတယ်။

ဒါကြောင့် လက်ရှိ အခြေအနေတွေကို တည်ငြိမ်အောင်လုပ်ဖို့ သမ္မတ ဦးသိန်းစိန်မှာပဲ အဓိကတာဝန်ရှိပါတယ်။ ကျောင်းသားအရေးအပါအဝင် ပြည်သူတွေရဲ့ အထွေထွေအကြပ်အတည်းကို သမ္မတဦးသိန်းစိန်နဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးတို့ ဘယ်လို သဘောထားမလဲ။ တပ်မတော်က နိုင်ငံရေးကနေ နောက်ပြန်ဆုတ်မယ့်သဘော ရှိပါတယ်။

ဦးသိန်းစိန်ရော၊ ဦးဌေးဦး အပါအဝင် ပြည်ခိုင်ဖြိုးပါတီက ခေါင်းမာသူတွေ သဘောထား တင်းမာမယ် ဆိုရင် အခု အစိုးရလက်ထက် လုပ်ခဲ့သမျှ အရာအားလုံး ပျက်စီးသွားပါလိမ့်မယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် ကျောင်းသားအရေး အပါအဝင် ဖြစ်လာတဲ့ အရေးကိစ္စတိုင်းမှာ နိုင်ငံရေး ပါပါတယ်။ ဘာကြောင့် နိုင်ငံရေးပါသလဲဆိုရင် အာဏာရှင်စနစ်ဆိုးရဲ့ ဖိနှိပ်ခဲ့မှုကြောင့် ဖြစ်ပါတယ်။ ဒါကို ကွန်မြူနစ်တွေကြောင့်ဆိုပြီး တံဆိပ်ကပ် ပုံဖျက်ပြောလို့ မရပါဘူး။ အာဏာရှင် စနစ်ဆိုးကြောင့် ဖြစ်လာတဲ့ နိုင်ငံရေးပါသော လှုပ်ရှားမှုတွေ ချုပ်ငြိမ်းဖို့ဆိုရင် အာဏာရှင်စနစ်ဆိုးကို ဖယ်ရှားပေးမှသာ အဖြေရပါလိမ့်မယ်။

အရေးဆိုမှုတိုင်းကို ဆန်စင်ရာ ကျည်ပွေ့လိုက်ပြီး အပြစ်ရှာ ပုံဖျက်နေမယ်၊ အင်အားသုံး ဖြိုခွင်းမှုတွေ ဆက်လုပ်နေမယ်ဆိုရင် နာကျည်းစိတ်နဲ့ အကျည်းတန်မှုတွေ ပိုများလာရုံကလွဲပြီး အရေးဆိုမှုတွေ ချုပ်ငြိမ်းသွားမှာ မဟုတ်ပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ဘက်ကလည်း ပြတ်ပြတ်သားသား ၊ရှင်းရှင်းလင်းလင်း ပြည်သူကို ချပြရပါမယ်။ သဘောထား တင်းမာနေတာ မဟုတ်သလို ထိပ်တိုက်တိုးစရာလည်း မရှိပါဘူး။ ဒီလိုပါပဲ။ ဖုံးကွယ်စရာ မလိုပါဘူး။

ဒေါ်အောင်ဆန်းစုကြည်က သူ့ကို အသုံးချပါလို့ ပြောပေမယ့် လူထုကတော့ ခဏခဏ အသုံးချခံနေရတာကို မနှစ်သက်ပါဘူး။ ဒီတစ်ခါ ဦးသိန်းစိန်နဲ့ တွေ့ဆုံခဲ့သမျှ အားလုံးကို မချွင်းမချန် ပြည်သူကို ပြောပြရပါလိမ့်မယ်။ လူထုက သူတို့ခေါင်းဆောင်ဟာ ခဏ ခဏ အလိမ်ခံနေရတာကိုတော့ မနှစ်သက်ပါဘူး။

ကျောင်းသားတွေကို အကြမ်းဖက်နှိမ်နင်းလို့ သွေးထွက်သံယို ဖြစ်လာခဲ့ရင် ဒေါ်အောင်ဆန်းစုကြည် ဆိတ်ဆိတ်နေလို့ မရနိုင်တော့ပါဘူး။ လူထုခေါင်းဆောင်ဟာ လူထုကို တာဝန်ခံရပါလိမ့်မယ်။

့ Eleven Media Group


အိမ်ပြန်နေသောခရီးစဉ်ဖြစ်သဖြင့် သက်ဆိုင်ရာအနေဖြင့် တားဆီးခြင်းမပြုဘဲ ညှိနှိုင်းဆောင်ရွက်ရန် ကျောင်းသားများမှသဘောထားထုတ်ပြန်

ယနေ. နေ.လည်က အစာငတ်ခံဆန္ဒပြ သပိတ်မှောက်စစ်ကြောင်းသို့ ပြည်သူများမှ ရေချမ်းအိုးများရွက်ကာလာရောက်တိုက်ကျွေးခဲ့စဉ်။

သတင်းဓါတ်ပုံ-San Nyein Oo, Min Zaw


လက်ပံတန်းမြို့ကနေ ရန်ကုန်မြို့ကို ဆက်လက်ထွက်ခွာမယ့် ပင်မကျောင်းသား သပိတ်စစ်ကြောင်း ကို ရဲတပ်ဖွဲ့ဝင်တွေက ဖေဖော်ဝါရီလ (၃)ရက် ဒီကနေ့မနက် ၉ နာရီလောက်ကတည်းက စတင် ပိတ်ဆို့ခဲ့ပါ တယ်။ ကျောင်းသားတွေက ညနေပိုင်းမှာ သရဏဂုံတင်ပြီး ပိတ်ဆို့မှုတွေကို ဖယ်ရှားမပေးရင် ထိုင်သပိတ်နဲ့ အစာငတ်ခံဆန္ဒပြဖို့ ဆုံးဖြတ် လိုက်ကြပါတယ်။ မဝေယံမိုးမြင့်က လက်ပံတန်းက အခြေအနေတွေကို စုစည်းတင်ပြထားပါတယ်။

RFA

ပြည်မြို့ မှာ ကျောင်းသားသပိတ်အား အကြမ်းမဖက်ရန်ဆန္ဒပြ။ ဓါတ်ပုံ (မိုးစက် မြင်းခြံ)

ပေါင်းတည်မြို့ မှာ ကျောင်းသားသပိတ်အား အကြမ်းမဖက်ရန် ဆန္ဒပြ။ ဓါတ်ပုံ (မိုးစက် မြင်းခြံ)
ပခုက္ကူမြို့ မှာ ကျောင်းသားသပိတ်အား အကြမ်းမဖက်ရန် ဆန္ဒပြ။ ဓါတ်ပုံ (မိုးစက် မြင်းခြံ)
ပခုက္ကူမြို့အတွင်းတွင် လှည့်လည် ကြွေးကြော်ကန့်ကွက် ခဲ့ကြပီး ဗိုလ်ချုပ်ပန်းခြံသို့ သွားရာက် အလေးပြုကာ သပိတ်မှာက် ကျောင်းသားများအား အကြမ်းဖက် နှိမ်နှင်းမှုနှင့် ပတ်သတ်၍ ကန့်ကွက်ခြင်း ဖြစ်ကြာင်းပြာကြားကာ မြို့အတွင်း လှည့်လည်ကြွေးကြော် ခဲ့ကြပါသည်။

သတင်း-ဓါတ်ပုံ။ ပခုက္ကူတက္ကသိုလ်ကျောင်းသားများသမဂ္ဂ


မြင်းခြံမြို့ မှာ ကျောင်းသားသပိတ်အား အကြမ်းမဖက်ရန် ဆန္ဒပြ။ ဓါတ်ပုံ (မိုးစက် မြင်းခြံ)
မုံရွာမြို့ မှာ ကျောင်းသားသပိတ်အား အကြမ်းမဖက်ရန် ဆန္ဒပြ။

မန္တလေးမြို့ မှာ ကျောင်းသားသပိတ်အား အကြမ်းမဖက်ရန် ဆန္ဒပြ။



ဒီမိုကရေစီပညာရေး(ပင်မ)သပိတ်စစ်ကြောင်းကို လက်ပံတန်းမြို့မှာ အစိုးရက အင်အားသုံး ပိတ်ဆို့ထားတာကို ကန့်ကွက်ရှုတ်ချတဲ့အနေနဲ့ ရန်ကုန်မှာရှိတဲ့ ကျောင်းသားလူငယ်တွေ ဒီကနေ့ ညနေပိုင်းမှာ စတင်ဆန္ဒပြနေ ကြပါတယ်။

ဒီဆန္ဒပြပွဲကို ညနေပိုင်း ၃ နာရီမှာစတင်ပြီး ရန်ကုန်မြို့တော်ခန်းမှာ လူပေါင်း ၅၀ ကျော် လောက် ဆန္ဒပြနေတယ်လို့ ဦးဆောင်ဆန္ဒပြသူ ကိုမိုးဃ်သွေးက ပြောပါတယ်။

ဆန္ဒပြရတာနဲ့ပတ်သက်ပြီး “ရန်ကုန်မြို့သည် ပြည်သူပိုင်တဲ့မြို့ဖြစ်တယ်။ အများပြည်သူ သွားလာနိုင်ခွင့်ရှိတဲ့မြို့ ဖြစ်တယ်။ ဆန္ဒလည်း ပြခွင့်ရှိတဲ့မြို့ ဖြစ်တယ်။ ဒီလိုနေရာမျိုးမှာ ကျောင်းသားကို လုံးဝအ၀င်မခံဘူးဆိုတာ လုံးဝ မတရားဘူးလို့ကျနော်တို့က မြင်တယ်။ နောက်တချက် ပိုဆိုးတာက ဒီမနက်မှာ ရဲအင်အားတွေကို ပိုပြီးတိုးချပြီးတော့ ရုန်းရင်းဆန်ခတ် ဖြစ်လာတယ်။ ဆိုတော့ ဒါတွေကို ကျနော်တို့ ရန်ကုန်မှာရှိတဲ့ ကျောင်းသားလူငယ်တွေက လုံးဝလက်မခံဘူး။ ဆန့်ကျင်တယ်၊ ရှုတ်ချတယ်။ အစိုးရအနေနဲ့ ကျောင်းသားတွေတောင်းဆိုထားတဲ့ အချက် ၈ ချက်ကို သဘောတူလိုက်လျောပြီးတော့မှ သပိတ်စစ်ကြောင်းကို ရန်ကုန်ကို ၀င်ခွင့်ပြုဖို့ တောင်းဆိုတဲ့အနေနဲ့ ဆန္ဒပြပွဲကိုလုပ်သွားမှာဖြစ်တယ်။”

ပဲခူးတိုင်းလက်ပံတန်းမှာတော့ သပိတ်မှောက် ကျောင်းသားတွေနဲ့ လိုက်ပါဝန်းရံပေးတဲ့ သံဃာတော်တွေက ဒီနေ့ခင်း ကစပြီး သပိတ်စစ်ကြောင်းကို ပိတ်ဆို့ထားမှုကို ဖွင့်ပေးဖို့ အစာငတ်ခံဆန္ဒပြ နေကြပါတယ်။

အစာငတ်ခံဆန္ဒပြရာမှာပါဝင်တဲ့ ဦးဇင်း ဦးစိန္တိတက “ဦးဇင်းတို့က သာယာဝတီကိုထွက်တဲ့အချိန် လက်ပံတန်းမှာတင်ပဲ ဝေးဝေးမသွား ရသေးပါဘူး။ နီးနီးလေးမှာပဲ သူတို့က ရဲအင်အား ၅၀၀ နဲ့ လာပြီး ပိတ်ဆို့လိုက်တယ်။ လုံးဝကိုသွား ခွင့်မရှိတော့ဘူး။ ပြီးတော့ သူတို့က လက်နက်လည်း အပြည့်အစုံပါတယ်။ အကုန်လုံး တားဆီးတဲ့အတွက်ကြောင့်မို့လို့ ဦးဇင်းတို့ သံဃာတွေအနေနဲ့ကတော့ မေတ္တာရပ်ခံတဲ့အနေနဲ့ အစာငတ်ခံဆန္ဒပြရခြင်းဖြစ်တယ်”လို့ မိန့်ပါတယ်။

ကျောင်းသားတွေနဲ့ လိုက်ပါဝန်းရံတဲ့ သံဃာအပါး ၂၀ ကျော်ရှိပြီး အားလုံးက အစာငတ်ခံ ဆန္ဒပြနေကြတာပါ။ အစာငတ်ခံဆန္ဒပြတဲ့ သံဃာတော်တွေနဲ့ ကျောင်းတွေကတော့ နေပူဒဏ်ကြောင့် ခေါင်းအနည်းငယ် မူးတာကလွဲပြီး ကျန်းမာရေးအခြေအနေကောင်းကြ ပေမယ့် ကျောင်းသားတွေကို ၀ိုင်းရံတဲ့ ပြည်သူတယောက်ကတော့ နေပူဒဏ်ကြောင့် မူးလဲတဲ့အတွက် ဆေးကုသပေးခဲ့ရပါတယ်။
ပြီးခဲ့တဲ့ညက လက်ပံတန်းကိုကြွရောက်ပြီး သပိတ်မှောက် ကျောင်းသားတွေနဲ့ အာဏာပိုင်တွေ အကြား ကြားဝင်ညှိနှိုင်းပေးခဲ့တဲ့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ ဗဟိုဦးဆောင် ဆရာတော် ဦးပါမောက္ခက နှစ်ဖက်စလုံးက အလျှော့ပေးဖို့လိုတယ်လို့ ဒီဗွီဘီကို မိန့်ပါတယ်။

‘နှစ်ဖက်မလျှော့ပဲနဲ့ဆိုရင် မပြေလည်နိုင်ဘူး။ အစိုးရကော ကျောင်းသားကော ဘုန်းကြီးက နှစ်ဖက် မေတ္တာရပ်ခံတယ်။ ဘုန်းကြီး တောင်းဆိုတာက နှစ်ဖက်ကိုပေါ့ မူလတုန်းက ရန်ကုန်တိုင်းအတွင်းမှာ လမ်းလျှောက်ခွင့် မရဘူး။ ရန်ကုန်တိုင်းအစိုးရက ခွင့်မပြုသည့်အတွက် ကြောင့်မို့လို့ ပဲခူးတိုင်းအထိသာ လျှောက်ဖို့လို့ ပဲခူးတိုင်းနယ်လုံဝန်ကြီး ဦးသက်ထွန်းနဲ့ ဘုန်းကြီးတွေ့တော့ အဒီအချက် ပြောတယ်။ သူတို့ကလည်း ပဲခူးတိုင်းအတွင်းမှာ လုံးဝ မလျှောက်ခံနိုင်တော့ပါဘူး။ ၁၄ ၇က်နေ့က လည်း ၅/၂၀၁၅ ထုတ်ပြီးသားပါလို့ သူတို့ကပြောတယ်။ လိုက်လျောသင့်တာတွေ လိုက်လျောပြီးပြီး အစိုးရဘက်ကလည်း လမ်းအလျှောက် မခံဘူး။ ကျောင်းသားကလည်းပဲ ပဲခူးတိုင်းအတွင်း မှာ လျှောက်ကိုလျှောက်ရပါလိမ့်မယ်ဆိုတဲ့ သဘောမျိုးလေးနဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေ တွေ့တာ မကောင်းဘူး။’

ကျောင်းသားသပိတ်ကို ၀န်းရံပေးနေတဲ့ သံဃာတော်တွေရဲ့ ဒီကနေ့ ထုတ်ပြန်ကြေညာချက်မှာတော့ လက်ရှိကျောင်းသားကျောင်းသူတွေဟာ မိမိတို့ကိုယ်ကျိုးအတွက်မဟုတ်ဘဲ မြန်မာနိုင်ငံရဲ့ အရေးကြီးတဲ့ ပညာရေးတောင်းဆိုတိုက်ပွဲဝင်တာဖြစ်တဲ့အတွက် ရဟန်းရှင်လူပြည်သူတွေအနေနဲ့ လိုက်ပါဝန်းရံပေးဖို့ တောင်းဆိုထားပါတယ်။

By နော်နိုရင်း(ဒီဗွီဘီ)
http://burmese.dvb.no





ရဲတပ်ဖွဲ့ပေးထားတဲ့ အချိန် ၆ နာရီပြည့်ဖို့ နီးလာပြီဖြစ်တာကြောင့် သပိတ်စစ်ကြောင်းက ကျောင်းသားတွေ သရဏဂုံတင်ကြပါတယ်။ ဓါတ်ပုံ - ကျော်ဇောဝင်း/RFA

RFA Burmese
https://www.facebook.com/pages/RFA-Burmese


ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာစက်မှုဇုန်မှာ ဆန္ဒပြနေတဲ့ အထည်ချုပ်စက်ရုံ ၃ ရုံထဲက ၂ ရုံက အလုပ်သမားတွေဟာ အလုပ်ရှင်နဲ့ညှိနှိုင်းမှု ပြေလည် သွားပြီဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန ဒုတိယ၀န်ကြီးက ပြောပါတယ်။

အင်းစိန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ အလုပ် သမားဝန်ကြီးဌာနက မနေ့က ကျင်းပခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဒုတိယ၀န်ကြီး ဦးထင်အောင် က ပြောကြား ခဲ့တာပါ။

"စက်ရုံတွေမှာ အလုပ်ဝင်လုပ်တဲ့ စာရင်းတွေကို ကျနော်တို့နေ့စဉ်မှတ်ထားပါတယ်၊ Costec စက်ရုံ ဟာဆိုရင် ၂၃ ရက်နေ့မှာလက်မှတ်ထိုးပါတယ်၊ လက်မှတ်ထိုးပြီးတဲ့ နောက်ပိုင်းမှာ အလုပ်ကိုဝင်ကြ တဲ့အတွက် ၂၈ ရက်နေ့မှာ အလုပ်ဝင်တဲ့သူက ၉၄၇ ဦးရှိတဲ့အတွက် ၇၇ ရာခိုင်နှုန်း အလုပ်လုပ်ကြပါတယ်၊ ကျန်တဲ့သူကတော့ လောလောဆယ်မဝင်တာလား၊ နောက်ကျရင်ဝင်မှာလား ကျနော်တို့လဲ မပြောတတ် ပါဘူး၊ အီလန်မြန်မာမှာလဲ သဘောတူညီချက်ညှိနှိုင်းနေတဲ့ အခြေအနေမျိုးရှိနေပါသော်လည်း၊ စက်ရုံမှာ ဝင်လုပ်နေတဲ့ လုပ်သားဦးရေကတော့ ၂၄ ရက်ကစပြီးတော့ တချို့တွေဝင်ပြီး အလုပ်လုပ်ကြပါတယ်"

သတင်းစာရှင်းလင်းပွဲကို တက်ရောက်တဲ့ အလုပ်သမားတွေကတော့ အခုချိန်ထိ ညှိနှိုင်းမှုမပြေလည်သေးဘူး လို့ ပြောပါတယ်။

ရွှေပြည်သာစက်မှုဇုန်က အီလန် မြန်မာ၊ Costec နဲ့Ford Glory စက်ရုံ ၃ရုံက အလုပ်သမား ၅၀၀ ခန့်ဟာ အခြေခံလုပ်ခလစာကျပ် ၃သောင်းတိုးမြှင့်ရရှိဖို့အတွက် အီလန်မြန်မာစက်ရုံရှေ့မှာ ဆန္ဒပြနေတာ တစ်လနီးပါး ရှိနေပြီဖြစ်ပါတယ်။

အလုပ်သမားတွေက တစ်ရက်ကျပ်တစ်ထောင် တိုးပေးဖို့ တောင်းဆိုထားရာကနေ တစ်ရက်ကျပ် ၅၅၀ ပေးဖို့ ပြောင်း လဲတောင်းဆိုခဲ့ပါတယ်။

အလုပ်ရှင်ဖက်က အဲဒီ့တစ်ရက် ၅၅၀ ကျပ် တောင်းဆိုချက်ကို လိုက်လျောပေးဖို့ သဘောတူခဲ့ပေမဲ့၊ သီးသန့်ပေးတာ မဟုတ်ဘဲ အလုပ်သမားတွေ အရင်ကတည်းက ရရှိခဲ့တဲ့ခံစားခွင့်တွေထဲက ခေါင်းစဉ်ပြောင်းပြီးပေးဖို့ သဘောတူ တာ ဖြစ်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese

 
ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့မှာ ပြည်တန်ဆာအဖြစ် ဖျားယောင်းခံရသူ မြန်မာမိန်းကလေး ၃၂ ဦးကို ထိုင်းလူကုန်ကူးမှု တိုက်ဖျက်ရေး အဖွဲ့က ကယ်ထုတ်ခဲ့တယ်လို့ ခေါင်ဆွတ်ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

မယ်ဆိုင်မြို့ ကော်ဆိုင်းရပ်ကွက်က ကာရာအိုကေဆိုင်ခန်းတွေမှာ မိန်းကလေးတွေကို ပြည်တန်ဆာ အဖြစ် ဖျားယောင်းစေခိုင်းမှုရှိကြောင်း ထိုင်းနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့နဲ့ ကလေးသူငယ် များ နားလည်မှုပေးရေးဖောင်ဒေးရှင်းအဖွဲ့ရဲ့ တိုင်ကြားချက်အရ မတ်လ ၁ ရက်နေ့ ညဥ့်သန်းခေါင် အချိန်မှာ ၀င်ရောက်ဖမ်းဆီးခဲ့တာလို့  မယ်ဆိုင်မြို့မရဲစခန်းက ပြောပါတယ်။

ဒီမတိုင်ခင်က တာဝန်ရှိသူတွေဟာ အရပ်ဝတ်နဲ့ ဧည့်သည်အယောင်ဆောင်ပြီး ကာရာအိုကေဆိုင်ထဲ ၀င်သွားတဲ့အခါ အသက် ၃၃ နှစ်ရွယ်ရှိ မအေးသန်းဆိုသူက လာရောက်ခရီးဦးကြိုပြီး မိန်းကလေးတွေကို ကမ်းလှမ်းခဲ့ကြောင်း၊ မိန်းကလေး ၂ ဦးရဲ့အမည်ကို ရွေးချယ် ငွေပေးချေလိုက်တာနဲ့  အချက်ပြပြီး အပြင်မှာစောင့်နေတဲ့ အရပ်ဝတ်ရဲတွေပါ ၀င်ရောက်စီးနင်းခဲ့တာ လို့  ထိုင်းရဲက  ပြောပါတယ်။

အဲဒီဆိုင်ကနေ အသက် ၂၀ မှ ၃၁ နှစ်ကြား မိန်းကလေး ၉ ဦးကို ဖမ်းဆီးခဲ့သလို အနီးနားဝန်းကျင်ရှိ ကာရာအိုကေဆိုင်ခန်းတွေကိုပါ ၀င်ရောက်စစ်ဆေးခဲ့တာမှာ စုစုပေါင်း ဆိုင်ခန်း ၄ ခန်းက ပြည့်တန်ဆာအဖြစ် စေခိုင်းခံရ သူ  မိန်းကလေး ၃၂ ဦးကို ကယ်ထုတ်ခဲ့တာဖြစ်ပါတယ်။

ဆက်လက်စစ်ဆေးမေးမြန်းချက်အရ အဲဒီမိန်းကလေးတွေဟာ မြန်မာပြည်ကနေ ယာယီနယ် စပ်ဖြတ်ကျော်ခွင့်လက်မှတ်တွေနဲ့ ၀င်ရောက်လာကြောင်း၊ သူတို့ကို ဒီလုပ်ငန်းလုပ်ကိုင်ဖို့ မအေးသန်းနဲ့ အပေါင်းပါတွေက ဖျားယောင်းခေါ်ဆောင်ခဲ့ကြောင်း၊ ဧည့်သည်တစ်ဦးနဲ့ ဆက်ဆံရင် ဘတ် ၁၂၀၀ ရပြီး ဆိုင်ရှင်က ဘတ် ၆၀၀ ဖြတ်ယူတယ်လို့  ထွက်ဆိုကြောင်း ရဲဝန်ထမ်းက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး မအေးသန်းနဲ့ တကွ ဆိုင်ခန်းပိုင်ရှင်တွေကို လူကုန်ကူးမှု၊ ပြည့်တန်ဆာအဖြစ် ဖျားယောင်း သိမ်းသွင်းမှု၊ ဥပဒေမဲ့ လုပ်ငန်းလုပ်ဆောင်မှုတွေနဲ့ အရေးယူသွားမှာဖြစ်ပြီး မြန်မာအမျိုးသမီး ၃၂ ဦးကိုလည်း ပြုပြင်ထိန်းသိမ်းရေးစခန်းပို့ပြီးတဲ့နောက် မြန်မာနိုင်ငံ တာဝန်ရှိသူတွေထံ ပြန်လည်လွှဲအပ်သွားမယ်လို့  ရဲဝန်ထမ်းက ပြောကြောင်း  ခေါင်ဆွတ်သတင်းမှာ ရေးသားဖော်ပြပါတယ်။

By နန်းမြနဒီ(ဒီဗွီဘီ)
http://burmese.dvb.no


ဒီမိုကရေစီပညာရေး ပင်မ ကျောင်းသားသပိတ်နဲ့ ပိတ်ဆို့ထားတဲ့ ရဲတို့ကြားမှာ အပြန်အလှန် လုံခြုံရေးစည်းယူထားတုန်း တွန်းထိုးနေစဉ်မှာ မနက် ၁၁ နာရီခွဲလောက်မှာ ကျောင်းသူတယောက် အရိုက်ခံခဲ့ရပါတယ်။ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တုန်းက ရဲတွေဘက်က နံပါတ်တုတ် သုံးခဲ့သလို ရဲလုံခြုံရေးဘက်က ထွက်ကျလာတဲ့ ဂုံးသီးတွေကိုလည်း တွေ့ရှိခဲ့ရပါတယ်။

အဲဒီ့အချိန်က နှစ်ဖက်အပြန်အလှန်လုံခြုံရေးစည်းယူရာမှာ တဘက်က ရဲမေတွေကို အများဆုံး ရှေ့တန်းမှာ နေရာယူထားသလို တဖက်မှာလည်း ကျောင်းသူတွေက မျက်နှာချင်းဆိုင် လုံခြုံရေးစည်းယူထားကြတာပါ။ အဲဒီ့နောက် လုံခြုံရေးစည်းယူထားတဲ ရဲမေတွေ နောက်ဆုတ်ပြီး ရဲသားတွေက ရှေ့တန်းနေရာယူထားပါတယ်။

လောလောဆယ် နေ့လည် ၁၂ နာရီခွဲအထိ အခြေအနေအရ ရဲတပ်ဖွဲ့က ကျောင်းသားတွေ မထွက်နိုင်အောင် လမ်းဘေးနှစ်ဖက်က ၀န်းရံ ပိတ်ဆို့ထားဆဲ ဖြစ်ပြီး ကျောင်းသားစစ်ကြောင်းက ထိုင်သ ပိတ်ပြုလုပ်နေပါတယ်။ စစ်ကြောင်းနဲ့ ၀န်းရံ လိုက်ပါလာတဲ့ သံဃာတော်တွေကလည်း အတားအဆီးတွေကို ဖယ်ရှားမပေးတဲ့အတွက် အစာငတ်ခံ ဆန္ဒပြ နေပြီး အခုလက်ရှိ မေတ္တာသုတ်တွေ ရွတ်ဖတ်နေကြပါတယ်။

ရဲကလည်း မထွက်နိုင်အောင် လမ်းဘေးနှစ်ဖက်ကို ၀န်းရံ ပိတ်ဆို့ထားပြီး ကျောင်းသားတွေကို ၆ နာရီအတွင်း လူစုခွဲဖို့ ပြောဆိုထားပါတယ်။ ရဲလုံခြုံရေးနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်စဉ်ကို တွန်းထိုးအရိုက်ခံခဲ့ရတဲ့ ရတနာပုံတက္ကသိုလ် ကျောင်းသူက အခုလို ပြောဆိုထားပါတယ်။ DVB TV - 03.03.2015 (1pm)

DVB TV News
https://www.facebook.com/DVBTVNews











ကျောင်းသားသပိတ်စစ်ကြောင်းကို ကျောင်းသားတွေ ယာယီနေ ခဲ့တဲ့ အောင်မြေဗိမာန် ကျောင်းတိုက်ဝင်းအတွင်းကို ပြန်သွားဖို့ လက်ပံတန်းမြို့နယ် သံဃာ့နာယကအဖွဲ့ ဆရာတော်တွေက မိန့်ကြားပါတယ်။

ကျောင်းသားခေါင်းဆောင်တွေက သပိတ်စစ်ကြောင်းဟာ ထွက်ပြီးရင်နောက် ကို ပြန်ဆုတ်ရတဲ့ ထုံးစံမရှိကြောင်း ပြန်လည်လျှောက်ထားခဲ့ပါတယ်။

နောက်ဆုံးအခြေအနေက သပိတ်စစ်ကြောင်း ကျောင်းသားခေါင်းဆောင် ၂ ဦးနဲ့ ကျောင်းသားတွေနဲ့အတူ ရှိနေတဲ့ သံဃာတော် ၂ ပါးဟာ လက်ပံတန်း သံဃာ့မဟာနာယက ဆရာတော်တွေနဲ့အတူ လိုက်ပါပြီး ပဲခူးတိုင်းနယ်လုံဝန်ကြီးနဲ့ ထပ်မံဆွေးနွေးမယ်လို့ သိရပါတယ်။ ဓါတ်ပုံ - ကျော်ဇောဝင်း/RFA


ဥတ္တရအလင်းဂီတအဖွဲ့က ကိုတိုးလွင်က လက်ပံတန်းမြို့ က ကျောင်းသားသပိတ်စစ်ကြောင်းနဲ့ ရဲတပ်ဖွဲ့ဝင်တွေရှိတဲ့နေရာမှာ " စစ်မဖြစ်နဲ့ ရပ်ကြ" ဆိုတဲ့ သီချင်းကို သီဆိုခဲ့ပါတယ်။ ဓါတ်ပုံ - ကျော်ဇောဝင်း/RFA

RFA Burmese
https://www.facebook.com/pages/RFA-Burmese


ပဲခူးတိုင်း လက်ပံတန်းမြို့မှာ ပိတ်ဆို့ခံထားရတဲ့ ဒီမိုကရေစီပညာရေး ပင်မစစ်ကြောင်းက ကျောင်း သားမှောက်ကျောင်းသားတွေနဲ့  သံဃာတော် ဒီကနေ့ မွန်းလွဲပိုင်းကစပြီး အစာငတ်ခံ ဆန္ဒပြနေပါတယ်။

သပိတ်စစ်ကြောင်းပါဝင်တဲ့ သံဃာတော်တွေက အစာငတ်ခံဆန္ဒပြဖို့ ကြေညာလိုက်ပြီးနောက် ကျောင်းသားတွေလည်း အစာငတ်ခံဆန္ဒပြတာလို့ ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီက ကိုမင်းမင်းဇော်က ပြောပါတယ်။

“လောလောဆယ် ကျနော်တို့ ဒီမှာ ဆရာတော်တွေက အစာငတ်ခံဆန္ဒပြဖို့ ကြေညာလိုက်တဲ့ အတွက် ကျောင်းသားတွေကပါ အစာငတ်ခံဆန္ဒပြကြဖို့ အကုန်လုံးသဘောတူထားပါတယ်။ ကျနော်တို့ အစာငတ်ခံဆန္ဒပြနေတာ ၁ နာရီကျော်လောက် ရှိပြီဗျာ။ ဒီကနေ့ မဖွင့်ပေးလို့ရှိရင်၊ ကျနော် တို့ တောင်းဆိုထားတဲ့ အချက် ၈ ချက်ကို မပေးလို့ရှိရင် ကျနော်တို့ အစာငတ်ခံပြီးတော့ တောင်းဆိုရမယ်ဆိုတဲ့ ပုံစံမျိုးနဲ့ အစာငတ်ခံဆန္ဒပြတာပါ။”

သပိတ်မှောက် ကျောင်းသားတွေဟာ လက်ပံတန်းကနေ ဦးတည်ရာ ရန်ကုန်ကို ဆက်လက် ချီတက်သွားနိုင်ဖို့ ကြိုးပမ်းနေတာဖြစ်ပြီး ရဲလုံခြုံရေးတပ်ဖွဲ့ကလည်း ဆက်လက်သွားခွင့်မပေးဘဲ ညှိနှိုင်းမရဖြစ်နေတာပါ။

မနက်ကလည်း ကျောင်းသားတွေနဲ့ လုံခြုံရေးအင်အားတွေအကြား အပြန်အလှန်တွန်းတဲ့အတွက် ကျောင်းသူတဦး အရိုက်ခံခဲ့ရတယ်လို့လည်း ကိုမင်းမင်းဇော်က ပြောပါတယ်။

ဒီလိုကျောင်းသားတွေ အစာငတ်ခံဆန္ဒပြပေမယ့် လုံခြုံရေးအင်းအားတွေ ထပ်တိုးလာတယ်လို့လည်း ကိုမင်းမင်းဇော်က ပြောပါတယ်။

“လုံခြုံရေးအင်အားသူတို့ ထပ်ပြီးတော့ ထိုးလာတာပဲရှိတယ်။ ဒီဖက်မှာ ကျနော်တို့ သပိတ်ကျောင်း သားတွေ သပိတ်ထိုင်နေတယ်။ အဲမှာ လုံခြုံရေးအင်အားနဲ့ တားဆီးထားတာရှိတယ်။ အဲဒီအ နောက်မှာ ပြည်သူတွေရှိတယ်။ ပြည်သူတွေရဲ့အနောက်မှာ သူတို့ ရဲကားတွေထပ်လာပြီးတော့ ပြည်သူတွေနောက်မှာ ထပ်ဝိုင်းထားတာရှိတယ်။”

ပင်မသပိတ်စစ်ကြောင်းမှာ အစာငတ်ခံဆန္ဒပြနေတဲ့ ကျောင်းသားသပိတ်ကို ထောက်ခံတဲ့အနေနဲ့ မုံရွာ၊ မန္တလေး၊ စစ်ကိုင်း၊ ကလေး၊ ပြည်၊ ပေါင်းတည်၊ ရန်ကုန်မှာလည်း ကျောင်းသားတွေဟာ သူတို့မြို့တွေမှာ  အစာငတ်ခံဆန္ဒပြဖို့ ပြင်ဆင်နေကြတယ်လို့ သပိတ်မှောက် ကျောင်းသားတွေက  ပြောပါတယ်။

By နော်နိုရင်း(ဒီဗွီဘီ)
http://burmese.dvb.no


လက်ပံတန်းမြို့မှာ ကျောင်းသားတွေနဲ့ ရဲတပ်ဖွဲ့တွေ နေပူချိန် မြင့်မားတဲ့အောက်မှာ ရှိနေကြပါတယ်။ ရဲတပ်သားတစ်ဦးက ကျောင်းသားတစ်ဦးကို ပေါင်မုန့် စားဖို့ပေးပါတယ်။ ကျောင်းသားက အစာငတ်ခံဆန္ဒပြနေတဲ့အတွက် မယူဘဲပြန်ပေးလိုက်ပါတယ်။ ဓါတ်ပုံ - ကျော်ဇောဝင်း/RFA

ပဲခူးတိုင်း လက်ပံတန်းမြို့ အောင်မြေဗိမာန်ကျောင်းက အထွက်မှာ ရဲတပ်ဖွဲ့ဝင် ၅၀၀ လောက်က တားဆီးထား တဲ့အတွက် သပိတ်မှောက် ကျောင်းသား၊ ကျောင်း သူတွေ နဲ့သံဃာတော်တွေဟာအစာငတ်ခံ ဆန္ဒပြနေ ကြပါတယ်။ ဓါတ်ပုံ - ကျော်ဇောဝင်း/RFA



လက်ပံတန်းမြို့ အောင်မြေဗိမာန်ကျောင်းတိုက်အနီးမှာ ကျောင်းသားသပိတ်စစ်ကြောင်းနဲ့ ရဲတပ်ဖွဲ့အကြား မနက် ၁၁ နာရီကျော်လောက်က ရုန်းရင်းဆန်ခတ်ဖြစ်ပွား ခဲ့ပါတယ်။


လက်ပံတန်းမြို့မှာ ကျောင်းသားသပိတ်နဲ့အတူ ပူးပေါင်းပါဝင်တဲ့ သံဃာတော်များက နေ့လယ် ၁၂ လောက်ကစပြီး မေတ္တာသုတ်ရွတ်ဖတ်နေကြပါတယ်။ ဓါတ်ပုံ - ကျော်ဇောဝင်း/RFA

RFA Burmese
https://www.facebook.com/pages/RFA-Burmese



လက်ပံတန်းမြို့ အောင်မြေဗိမာန် ဘုန်းကြီးကျောင်းမှာရှိနေတဲ့ သပိတ်မှောက် ကျောင်းသား တွေ ဒီနေ့မနက် ၉ နာရီခွဲမှာ ရန်ကုန်ကိုသွားဖို့ စတင်ထွက်ခွာလာချိန်မှာ  ဘုန်ကြီးကျောင်းအနီး ကျွန်းတောလမ်းထိပ်မှာ ရဲလုံခြုံရေးတွေက  တားဆီးတဲ့အတွက် ထိုင်သပိတ်လုပ်ပြီး ဆန္ဒပြနေကြပါတယ်။

“အခုကျနော်တို့ စစ်ကြောင်းထွက်လာတယ်။ ဒီကျွန်းတောလမ်းခွဲထိပ်မှာ ဒီရဲအင်အား အမြောက်အများနဲ့ ပိတ်ဆို့ထားတယ်။ အခုလောလောဆယ် ညှိနှိုင်းနေဆဲရှိပါ သေးတယ်” လို့ ဒီမိုကရေစီ ကျောင်းသားသပိတ်ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုရဲရင့်ကျော်က ပြောပါတယ်။

ကျောင်းသားတွေဟာ မနေ့တုန်းက ပဲခူးတိုင်း နယ်စပ်ရေးရာလုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး သက်ထွန်း နဲ့တွေ့ဆုံဆွေးနွေးရာမှာ ကျောင်းသားတွေအနေနဲ့ ရန်ကုန်ကို ဆက်လက်မချီတက်ဖို့ ပြောဆိုခဲ့ပါ တယ်။

မနေ့ညနေပိုင်းမှာတော့ ကျောင်းသားအချင်းချင်း ပြန်လည်ဆွေးနွေးပြီး သူတို့အနေနဲ့ ရန်ကုန်ကို ဘေးအန္တရာယ်ကင်းကင်းဝင်နိုင်ဖို့အတွက် အချက် ၈ ချက်ကို နယ်လုံဝန်ကြီးနဲ့ ထပ်မံညှိနှိုင်းခဲ့ပါ တယ်။

အဲဒီအချက်တွေကတော့ ကျောင်းသားတွေအနေနဲ့  သာယာဝတီအထိလမ်းလျှောက်မည်၊ သာယာဝတီကနေ ရန်ကုန်ကိုကားစီးမည်၊  ရန်ကုန်သွားရာလမ်းတစ်လျှောက် အလံထောင်မည်၊ ရန်ကုန်သွားရာလမ်းတစ်လျှောက် သီချင်းဖွင့်သွားမည်၊ ရန်ကုန်သို့ ကားဖြင့်သွားရာတွင် ကားကို ပုံမှန်မောင်းပါမည်၊ ပြီးရင်လူစုခွဲမည်၊ လုံခြုံရေးကားတန်းအားခွာလိုက်ရမည် စတဲ့အချက် ၈ ချက်ကို နယ်လုံဝန်ကြီးဆီ ပြန်လည်ဆွေးနွေးတောင်းဆို ထားခဲ့ပါတယ်။

နယ်လုံဝန်ကြီးကလည်း ဒီမနက် ၉ နာရီအထိ ကျောင်းသားတွေနဲ့ ပြန်လည်ဆွေးနွေး ရာမှာ အထက်က တစုံတရာအကြောင်းပြန်တာမရှိသေးဘူးလို့ ပြောဆိုခဲ့တယ်လို့ သပိတ်စစ်ကြောင်းမှာ ပါဝင်တဲ့ ကိုမင်းမင်းဇော်က ပြောပါတယ်။

“နယ်လုံဝန်ကြီးကို မနက်က သွားပြီးတွေ့တဲ့အချိန်မှာ ကျနော်တို့ တောင်းဆိုချက် ၈ ခု တောင်းဆိုထားတာ ရှိတယ်။ အဲဒီ ၈ ခုစလုံးကို လိုက်လျော မလျောဆိုတဲ့ဟာက နယ်လုံဝန်ကြီးက မနက်က အချိန်အထိ တိတိကျကျ အကြောင်းပြန်ထားခြင်းမရှိသေးဘူး။ သူတို့အနေနဲ့ အထက်အမိန့်ကို စောင့်နေတယ်လို့ ပြောထားတာတွေပဲရှိတယ်။ အခုလည်း သူတို့ဘက်က အဖြေကို ခဏဆိုင်းငံ့စောင့်ပေးပါဦးဆို တဲ့ပုံစံမျိုးရှိလို့ ကျနော်တို့ သပိတ်ကို လောလောဆယ် ထိုင်ပေးထားတယ်။ ”

မနေ့ညတုန်းကလည်း ကျောင်းသားတွေတောင်းဆိုထားတဲ့ ရန်ကုန်ဝင်ရင် အလံထောင်ဖို့၊ သီချင်းဖွင့်သွားဖို့နဲ့ သာယာဝတီအထိ လမ်းလျှောက်မယ်ဆိုတဲ့ကိစ္စကို သဘောမတူတဲ့ပုံစံပြောဆိုခဲ့ တယ်လို့လည်း  ကိုမင်းမင်းဇော်က ပြောပါတယ်။

လတ်တလောမှာတော့ ကျောင်းသားတွေ အပါအ၀င် ၀န်းရံအင်အား ၅၀၀ လောက်နဲ့ ရာနဲ့ချီတဲ့ ရဲတပ်ဖွဲ့ဝင်တွေ ရင်ဆိုင်အနေအထားနဲ့ စောင့်ဆိုင်းနေကြပါတယ်။

ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်းကို  ၀န်းရံပေးနေတဲ့ သံဃာတော်တွေကတော့ ကျောင်းသားတွေကို  အကြမ်းမဖက်ဖို့ တောင်းဆိုထားပါတယ်။

By နော်နိုရင်း(ဒီဗွီဘီ)
http://burmese.dvb.no


တရုတ်-မြန်မာနယ်စပ် ကိုးကန့်ဒေသမှာ မြန်မာအစိုးရ တပ်တွေနဲ့ MNDAA လို့ခေါ်တဲ့ ကိုးကန့်တပ်ဖွဲ့တွေ အကြား လက်ရှိဖြစ်နေတဲ့ ပဋိပက္ခ ပြေလည်ရေးအတွက် တရုတ်အစိုးရက ကြားဝင် ဆောင်ရွက်ပေးရင် ကောင်းမယ်လို့ ထင်ကြောင်း ကိုးကန့်တပ်ဖွဲ့တွေကို ကြီးကြပ် ကွပ်ကဲနေတဲ့ ဖုန်ဒါဆွန်းက ပြောလိုက်ပါ တယ်။

ဒါ့အပြင် KIA ကချင်လွတ်မြောက်ရေး အဖွဲ့အပါအ၀င် တခြား တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေလည်း သူတို့နဲ့အတူ တိုက်ခိုက်နေကြောင်း သူက ပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

မြန်မာအစိုးရ တပ်ဖွဲ့တွေနဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် MNDAA  လို့ခေါ်တဲ့ ကိုးကန့်တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ပြန်လည် ဖြစ်ပေါ်လာနေတဲ့အချိန် ဗွီအိုအေ မန်ဒရင်း တရုတ်အသံလွှင့်ဌာနနဲ့ ပြုလုပ်တဲ့ အမေးအဖြေခန်းမှာ MNDAA တပ်ဖွဲ့ခေါင်းဆောင် ဖုန်ကြားရှင်ရဲ့သား ဖုန်ဒါဆွန်း (Peng Daxun) က အဲဒီလို ပြောလိုက်တာ ဖြစ်ပါတယ်။

ဖုန်ဒါဆွန်းဟာ လက်ရှိ မြန်မာအစိုးရ တပ်တွေနဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ ကိုးကန့်တပ်ဖွဲ့တွေကို ကြီးကြပ် ကွပ်ကဲနေသူ ဖြစ်တယ်လို့ ဆိုပါတယ်။ ကိုးကန့်တပ်ဖွဲ့တွေနဲ့ မြန်မာအစိုးရ အကြားက လက်ရှိ ပဋိပက္ခမှာ တရုတ်နိုင်ငံရဲ့ ပါဝင်ပတ်သက်မှုကို လိုလားပါသလားလို့ မေးတဲ့အခါမှာတော့ သူက တရုတ်မန်ဒရင်း ဘာသာစကားနဲ့ အခုလို ပြန်လည် ဖြေကြားခဲ့ပါတယ်။
“မြန်မာအစိုးရနဲ့ ကျနော်တို့အကြားမှာ ဖြစ်နေတဲ့ ပဋိပက္ခမှာ တရုတ်အစိုးရက ကြားဝင်ပြီး ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ပေးမယ် ဆိုရင်တော့ ကောင်းတယ်လို့ ထင်ပါတယ်။”
မြန်မာအစိုးရနဲ့ ဖြစ်နေတဲ့ ပဋိပက္ခမှာ တရုတ်အစိုးရ အနေနဲ့ ကိုးကန့်တွေကို ကူညီပေးခြင်း မရှိကြောင်း၊ ၂ နိုင်ငံ ဆက်ဆံရေးကို ထိပါးစေမယ့် ကိစ္စကို တရုတ်အစိုးရ အနေနဲ့ လုပ်မှာမဟုတ်တဲ့အကြောင်း နိုင်ငံခြားရေးဌာနကလည်း ပြောဆိုထားပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ ကိုးကန့်ခေါင်းဆောင် ဖုန်ကြားရှင်ကတော့ မြန်မာအစိုးရနဲ့ ဖြစ်နေတဲ့ ပဋိပက္ခမှာ ကမ္ဘာအရပ်ရပ်မှာ ရှိနေတဲ့ တရုတ်လူမျိုးတွေ အနေနဲ့ ၀ိုင်းဝန်း ကူညီကြဖို့ တောင်းဆိုထားပါတယ်။

တိုက်ပွဲတွေ ဖြစ်ပွားနေချိန်မှာပဲ တရုတ်လူထုဆီက ထောက်ခံမှုကို ရဖို့ကြိုးပမ်းတဲ့ အနေနဲ့ တရုတ်အစိုးရက ကျောထောက် နောက်ခံပေးထားတဲ့ မီဒီယာတွေနဲ့ ပြုလုပ်တဲ့ မေးမြန်းခန်းတွေမှာ သူအုပ်ချုပ်စဉ်က ကိုးကန့်ဒေသမှာ မူးယစ်ဆေးဝါး ကုန်သွယ်မှု အဆုံးသတ်ဖို့နဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းခဲ့တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။ အခုလည်း ကိုးကန့်ဒေသမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဖို့နဲ့ အခွင့်အရေးတွေအတွက် သူ့အနေနဲ့ တိုက်ပွဲဝင်နေတာဖြစ်ကြောင်း၊  ကိုးကန့်ဒေသမှာ သူမရှိတဲ့အချိန်ကစပြီး မူးယစ်ဆေးဝါး မှောင်ခိုမှုတွေ ပြန်ကြီးထွားလာနေကြောင်း၊ ကိုးကန့်ဒေသဟာလည်း တရုတ်နွယ်ဖွားတွေအတွက် မဟုတ်တော့ဘူးလို့ ဦးဖုန်ကြားရှင်က ပြောဆိုနေတာပါ။

တရုတ်နိုင်ငံအတွင်းက လူမှုကွန်ယက်တွေမှာလည်း တရုတ်နိုင်ငံသားတွေဖက်က တရုတ်လူမျိုးလို့ ယူဆထားတဲ့ ကိုးကန့်တွေဖက်က တရုတ်အစိုးရအနေနဲ့ အကူအညီပေးဖို့ တိုက်တွန်း ပြောဆိုနေကြသလို တရုတ်အစိုးရရဲ့ ရပ်တည်ချက် ပျော့ပြောင်းကြောင်း ဝေဖန်ပြောဆိုမှုတွေလည်း ရှိနေတာပါ။ လက်ရှိအခြေအနေမှာ သူတို့ဖက်က တပ်ဖွဲ့အင်အား ဘယ်လောက်ရှိသလဲလို့ မေးတဲ့အခါမှာတော့ -
“ကျနော်တို့ဆီမှာချည်းပဲက တပ်ဖွဲ့အင်အား သုံးထောင်လောက် ရှိပါတယ်။ ကျနော်တို့ကို ကူတိုက်ပေးတဲ့ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ အပါအ၀င် တခြား မဟာမိတ် ၄ ဖွဲ့နဲ့ ပေါင်းလိုက်ရင်တော့ တပ်ဖွဲ့အင်အား စုစုပေါင်း လေးထောင်ကနေ၊ ငါးထောင်လောက်တော့ ရှိပါတယ်။”

တရုတ်-မြန်မာနယ်စပ်မှာ ကိုးကန့်နဲ့ ဖြစ်နေတဲ့ တိုက်ပွဲတွေမှာ KIA ကချင် လွတ်မြောက်ရေးတပ်ဖွဲ့၊ SSA - ရှမ်းပြည်တပ်မတော် - တောင်ပိုင်း၊ TNLA တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်ဦးတို့ပါ ပူးပေါင်း တိုက်ခိုက်နေတယ်လို့ မြန်မာအစိုးရက ဖေဖော်ဝါရီ ၁၈ ရက်နေ့တုန်းက တရားဝင် ပြောကြားထားပြီး ဖြစ်ပါတယ်။ ကိုးကန့် - MNDAA တပ်ဖွဲ့နဲ့ မဟာမိတ်ပြုထားတဲ့ တခြား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တချို့လည်း ကူညီတိုက်ခိုက်ပေးနေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေတာပါ။

လက်ရှိ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခမှာ သူတို့အနေနဲ့ နိုင်ငံတကာ အသိုင်းဝိုင်းကို ဘာပြောချင်ပါသလဲလို့ မေးတဲ့အခါမှာတော့ ဖုန်ဒါဆွန်းက -
“ကျနော်တို့အနေနဲ့ ငြိမ်းချမ်းရေးကို လိုလားပါတယ်။ ကမ္ဘာ့နိုင်ငံတွေက ကျနော်တို့ကို အကူအညီပေးတာကို ကျနော်တို့လည်း လိုချင်တာပေါ့၊ ဒါပေမယ့် အဲဒါကတော့ ဖြစ်နိုင်မယ် မထင်ပါဘူး။ အခုချိန်ထိတော့ ဘယ်နိုင်ငံကမှ ကျနော်တို့ အကူအညီ မရဘူးပါဘူး။”

ဖေဖော်ဝါရီလဆန်းကစလို့ တရုတ်-မြန်မာနယ်စပ်အနီး ရှမ်းပြည်နယ် လောက်ကိုင်ဒေသမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ တစ်သိန်းကျော် ထွက်ပြေးခဲ့ကြရပြီး ဖြစ်ပါတယ်။ တိုက်ပွဲတွေကြောင့် နှစ်ဖက် သေဆုံးသူတွေရှိပေမယ့် အရေအတွက် အတိအကျကိုတော့ မသိနိုင်သေးပါဘူး။

ကိုဇော်ဝင်းလှိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com