03/05/15

အခု ကျောင်းသား သပိတ်က မလိုအပ်ပဲ ဆက်လုပ်နေသလို ပြောနေကြတဲ့ ကိုယ့်လူ သူ့ဘက်သားတွေလဲ ရှိတယ်။ ဒီမိုကရေစီပညာရေး မူကြမ်းကို ခုချိန်ထိ လွှတ်တော်က လက်မခံသေးပါဘူး။ အချိန်မရွေး ကန့်ကွက်မဲ အများစုနဲ့ ရှုံးနိမ့်နိုင်ပါတယ်။ ဒီတော့ သပိတ်နားထားပြီး ရောက်တဲ့ ဒေသမှာမနေပဲ ပြန်သွားကြတဲ့ ကျောင်းသားတွေကို ကျန်တဲ့ စစ်ကြောင်းတွေက ပြန်ခေါ်နိုင်မယ် ထင်ပါသလား။ ဒါက တချက်ပါ။

နောက်တချက် ခု ပင်မစစ်ကြောင်းရဲ့ ဗျူဟာကို မမြင်ပဲ သူတို့ ရန်ကုန်ကို သူတို့နာမည်ခံချင်လို့ နာမည်ယူချင်လို့ ရန်ကုန်အရောက်သွားမယ် လုပ်နေတယ်လို့
ထင်နေတဲ့ လူတွေကိုလဲ စဉ်းစားစေချင်ပါတယ်။ ဒီသပိတ်စစ်ကြောင်း ရှိနေသ၍ လွှတ်တော်ရော အစိုးရရော ဟာ ဖိအားရှိနေပါတယ်။ သူတို့ လက်လွတ်စပယ်မလုပ်ရဲပါဘူး။ ဒါကြောင့် ကျောင်းသားသပိတ်ကို ကျောင်းသားတွေတောင်းထားတဲ့ ၊ ၄ ပွင့် ဆိုင် ဆွေးနွေးပွဲက သဘောတူညီချက်တွေ အကောင်အထည် မပေါ်မချင်း ပြန်ရုပ်သိမ်းလိုက်လို့ မဖြစ်ပါဘူး။ ပင်မစစ်ကြောင်းဟာ ဒါကြောင့်ပဲ လုံးဝ ရန်ကုန် အ၀င်မခံဘူး လို့ အစိုးရက ကျေညာထားတာကို သိရက်နဲ့ အပေးအယူ အတိုးအဆုတ်နဲ့ ဗျူဟာ ခင်းနေတာပါ။ မထွက်နဲ့ ဆို ပြန်သိမ်းသွားမယ် ဆိုတဲ့ လူတွေကသာ ဘယ်လိုနည်းနာ ဘယ်လိုယုံကြည်ချက် ဆိုတာကို ပြန်စဉ်းစားကြည့်စေချင်ပါတယ်။

ကျောင်းသား သပိတ် ခုလို ဖြစ်နေတဲ့အချိန်မှာပဲ မြန်မာ့နိုင်ငံရေး အခင်းအကျင်းမှာ အစိုးရနဲ့ ကျောင်းသားကြားက ပါတီနဲ့ အဖွဲ့အစည်းတွေရဲ့ ရပ်တည်ချက်တွေကိုလဲ ပြည်သူက ထင်သာ မြင်သာ ရှိလာခဲ့ပါတယ်။ အကဲဖြတ်ချက်တွေ မြင့်တက်လာပါတယ်။ ဒါကလဲယူတတ်ရင် သင်ခန်းစာ တွေပေါ့။ ပြည်သူတွေရဲ့ ရင်ထဲမှာတော့ ပင်မကျောင်းသားသပိတ် ဖြတ်ကျော်ခဲ့ရတဲ့ နန်းမြင့်တောင်ကြားနဲ့ယုန်ဖြူတောင် တားဆီးမှုတွေ၊ ဒီနေ့ ကြုံနေရတဲ့ လက်ပံတန်း ဖြစ်ရပ်တွေဟာ ဗကသရဲ့ သမိုင်းတွေအဖြစ် ဖျောက်ဖျက်မရအောင် မှတ်မိနေကြတော့မှာပါ။ သမိုင်းတွင်နေတော့မှာပါ။

သမိုင်းဆိုတာ အချိန်တခုမှာ အများစုက မှတ်တမ်းတင်ခဲ့တဲ့ အရာပါ။ ဒီသမိုင်းကို ကိုယ်ဖြစ်စေချင်သလို ရေးလို့ မရပါဘူး။ ကိုယ့်လုပ်ရပ်တွေကသာ ရေးထိုးနိုင်တာပါ။
ဇန်နဝါရီလ ၂၀ ရက်နေ့ မန္တလေးက နေ စထွက်ခဲ့ပြီး ကျောက်ဆည်ကတဆင့် မြစ်သားအရောက်မှာ လမ်းခွဲ ထွက်သွားတဲ့ လူတွေ၊ ဆောင်းဘောက်တွေပါတဲ့ ကားကြီး ပြန်သွားတော့ လူနည်းနည်းပဲ ကျန်တော့တဲ့ ပင်မသပိတ်စစ်ကြောင်းကို ဘယ်သူတွေက ဘယ်လိုခိုင်မာတဲ့ စိတ်ဓါတ်တွေနဲ့ တည်ဆောက်ခဲ့တယ်။ မယိမ်းယိုင်အောင် ဘယ်လို လက်တွဲခဲ့ကြတယ် ၊ အခက်အခဲတွေနဲ့ မြို့တွေကို ဘယ်လိုကျော်ဖြတ်ခဲ့တယ် ၊ လူထု ထောက်ခံမှု ဘာကြောင့် ရခဲ့တယ် ဆိုတာတွေဟာ ဖျောက်ဖျက်မရတဲ့ ဖြစ်ရပ်တွေပါ။ ဖေဖေါ်ဝါရီလ ၃ ရက်နေ့ နောက်ပိုင်း အောင်မြင်မှု တချို့ပေါ်လာတဲ့အခါ လေအဝှေ့ ၀င်လွှင့်ခဲ့တဲ့ အလံတွေကနေ ဘရူးတပ်စ်တွေ မဖြစ်စေဖို့ ၊ အမြင်ကျယ်ကျယ် ထားကြဖို့ ဒီဝေါပေါ်ကနေ သတိပေးလိုက်ချင်ပါတယ်။

ကြည်ကြည်ခင် (၁၉၈၈ ဧရာဝတီတိုင်း ဗကသ)

Kyi Kyi Khin fb


သာယာဝတီကိုလမ်းလျှောက်ချီတက်မယ့် ခရီးစဉ်အစဖြစ်တဲ့ မတ်လ ၃ရက်နေ့မနက်မှာ ပဲခူးတိုင်းအာဏာပိုင်တွေရဲ့ အင်အားအလုံးအရင်းနဲ့ တားဆီးပိတ်ပင်မှုကြောင့် ပင်မသပိတ်စစ်ကြောင်းဟာ လက်ပံတန်းမြို့မှာ အချိန်ကြာမြင့်စွာ ပိတ်ဆို့တားဆီးခံခဲ့ရတာကြောင့် အစာငတ်ခံဆန္ဒပြမှုကို စတင်ခဲ့ပါတယ်။

ကျောင်းသားတွေရဲ့ ရန်ကုန်အပြန်ခရီးအတွက် တောင်းဆိုချက် ၈ချက်ကို အာဏာပိုင်တွေက မလိုက်လျောနိုင်ဘူးလို့ အကြောင်းပြန်လာတာကြောင့် ကျောင်းသားတွေဆုံးဖြတ်ချက်အတိုင်း ပိတ်ခံရတဲ့နေရာမှာပဲ ထိုင်သပိတ်လုပ်သွားမှာဖြစ်ပြီး တောင်းဆိုချက်တွေ မရမချင်း အစာအငတ်ခံသွားမယ်လို့ ကိုမင်းသွေးသစ်က ဆိုပါတယ်။

နှစ်ပေါင်း ၅ဝနီးပါး ပညာရေးစနစ်ကိုပုံဖျက်ထားတာမို့ အာရှမှာထိပ်တန်းအဆင့်ရှိခဲ့တဲ့ မြန်မာပြည်ပညာရေးဟာ အခုဆို ပြည်တွင်းမှာတောင် အသိအမှတ်မပြုတော့တာမို့ မျိုးဆက်သစ်လူငယ်တွေအတွက် တိုက်ယူနေတာဖြစ်တဲ့အကြောင်း၊ ဒီတိုက်ပွဲရှုံးသွားရင် အနာဂတ်ကိုပါ လက်လွှတ်လိုက်ရမှာမို့ မိဘပြည်သူတွေ ဝိုင်းရံပေးဖို့ သူကတောင်းဆိုပါတယ်။

ရန်ကုန်မှာ ၄ရက်ကြာ သပိတ်မှောက်တုန်းက အစိုးရက အသိအမှတ်မပြုဘဲ သပိတ်စစ်ကြောင်းတွေပေါ်လာမှာ ဆွေးနွေးညှိနှိုင်းတာဖြစ်တဲ့အကြောင်း၊ လွှတ်တော်မှာလုပ်ပေးမယ်ပြောတာဟာ သပိတ်ကိုရပ်စေချင်တာဖြစ်ပြီး အခုတော့ တောင်းဆိုချက်တွေ ဒုတိယအဆင့်ပဲရှိသေးတာမို့ ယုံစရာမကောင်းတဲ့အစိုးရဆီ ဒူးထောက်မှာမဟုတ်ဘဲ တောင်းဆိုတိုက်ပွဲဝင်မယ်လို့ ပြောပါတယ်။

လက်ပံတန်းသပိတ်မှာ သံဃာနဲ့ကျောင်းသား အင်အား ၂ဝဝကျော် ပါဝင်ခဲ့ပြီး စတင်ပိတ်ဆို့ချိန်မှာ ရုန့်ရင်းဆန်ခတ်အနည်းငယ်ဖြစ်ခဲ့ပြီး ကျောင်းသူတစ်ယောက် နံပါတ်တုတ်နဲ့ ရိုက်ခံခဲ့ရပါတယ်။ အာဏာပိုင်တွေက ၆နာရီအတွင်း လူစုမခွဲရင် ဖြိုခွင်းမယ်လို့ သတိပေးခဲ့ပြီး ကျောင်းသားတွေက ၆နာရီမပြည့်ခင်မှာ သရဏဂုံတင်ခဲ့ပါတယ်။ ညနေမှာတော့ တင်းမာမှုတွေ လျော့ပါးလာပြီး ဖြိုခွင်းမယ့်အရိပ်အယောင်တွေ နည်းပါးလာခဲ့ပါတယ်။

လက်ရှိဘဝတွေကိုရင်းပြီး မျိုးဆက်သစ်တွေအတွက် တိုက်ပွဲဝင်တဲ့ကျောင်းသားတွေ သရဏဂုံတင်ပြီး အာဏာရှင်စနစ်နဲ့ ပိတ်ဆို့ခံထားရတာကိုကြည့်ပြီး မျက်ရည်ကျရတယ်လို့ ဆိုလာသူ လက်ပံတန်းမြို့ခံ ဒေါ်စိန်မြင့်က ကျောင်းသားတွေအတွက် အသေခံပြီးကာကွယ်သွားမယ်လို့ ပြောပါတယ်။ လက်ရှိအစိုးရဟာ ပညာရေးဥပဒေပြင်ဆင်မပေးချင်လို့ ရှောင်လွှဲနေသလို သူတို့ခေတ်တုန်းကလည်း နည်းမျိုးစုံနဲ့ လိမ်ညာခဲ့လို့ ဒီတိုက်ပွဲမဝင်ရင် ဘဝဟာ သေပြီလို့ပဲမှတ်ယူရမယ်လို့ဆိုပါတယ်။

အတားအဆီးတွေကို ထိုးဖောက်လာရင် အရေးယူမယ်လို့ပြောတာဟာ ဖြိုခွင်းဖို့အတွက် ကျောထောက်နောက်ခံ သက်သေတစ်ခုယူတာဖြစ်ပြီး ဒီမိုကရေစီအစိုးရဆိုတာ နာမည်ပြောင်းရုံတင်မက စဉ်းစားမှု၊ အကျင့်အကြံနဲ့ အတွေးအခေါ်ကိုပါ ပြောင်းရမှာမို့ ကျောင်းသားတွေကို ပိတ်ဆို့တာဟာ မျက်နှာဖုံးဖွင့်ပြလိုက်တာပါလို့ ကိုနန္ဒစစ်အောင်က ပြောပါတယ်။

Kamayut Media

ဓါတ်ပုံ- ရဲရင့်ကျော်
ဒါနဲ့စကားမစပ်ပြောရဦးမယ်။ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းမှာ ၁၃၀၀ ပြည့်အရေးတော်ပုံ
ကြီးကို ဖြစ်စေခဲ့တဲ့ ရေနံမြေသပိတ်တပ်ကြီးဟာလည်း ချောက်၊ ရေနံချောင်း၊ လမ်းရွာကနေ ရန်
ကုန်မြို့ကို ခြေလျင်ချီတက်ခဲ့တာပါ။ နောက်ရန်ကုန်မြို့မှာ သပိတ်စခန်းချခဲ့တာပါ။ တိုင်းတပါး
သားအစိုးရ၊ ကိုလိုနီအစိုးရ၊ နယ်ချဲ့အစိုးရ အုပ်ချုပ်ခဲ့တဲ့ခေတ်တုန်းကတောင် ရေနံမြေအလုပ်သ
မားသပိတ်တပ်ကြီးဟာ ရန်ကုန်မြို့ကို အရောက်ချီတက်နိုင်ခဲ့တာပါ။ နယ်ချဲ့အင်္ဂလိပ်ကိုလိုနီအစိုး
ရက အဲဒီအလုပ်သမားသပိတ်တပ်ကြီး ရန်ကုန်မြို့ကို ရောက်ရင် တရားဥပဒေစိုးမိုးရေး၊ အေးချမ်း
သာယာရေး၊ တည်ငြိမ်အေးချမ်းရေးကို ထိခိုက်နိုင်တယ်လို့ လူသိရှင်ကြားပြောခဲ့တာ မတွေ့ရဘူး။
အဲဒါ တိုင်းတပါးသားအစိုးရနော်။ နယ်ချဲ့အစိုးရနော်။ နောက် အဲဒီတုန်းက ရန်ကုန်မြို့ဟာ မြန်မာ
နိုင်ငံရဲ့အုပ်ချုပ်ရေးမြို့တော်ကြီးနော်၊ အစိုးရအဖွဲ့ရုံးတွေအားလုံး ရန်ကုန်မှာရုံးစိုက်တာနော်။ အဲ
ဒီခေတ်တုန်းက အင်တာနက်မရှိဘူး။ ဖေ့စ်ဘုတ်မရှိဘူး။ ကင်မရာတွေဒီလောက်မကောင်းဘူး။ အဲ
ဒီကာလမှာတောင် နယ်ချဲ့ကိုလိုနီအင်္ဂလိပ်အစိုးရက ရေနံမြေသပိတ်တပ်ကြီးကို ကိုင်တွယ်ခဲ့ပုံဟာ
အတော့်ကို လူကြီးလူကောင်းဆန်၊ ယဉ်ကျေးတာ တွေ့ရပါတယ်။ ကျနော်မေးချင်တာက ဘာဖြစ်
လို့ ကိုယ့်လူမျိုးအစိုးရ၊ မြန်မာအစိုးရက အုပ်ချုပ်တဲ့ခေတ်ကျမှ ဘာဖြစ်လို့ ရမယ်အမျိုးမျိုးရှာနေရ
တာလည်း။ ခင်ဗျားတို့ကျနော်တို့ နယ်ချဲ့ကိုလိုနီအစိုးရလို့ပြောတဲ့ အင်္ဂလိပ်ကတောင် သဘော
ထားကြီးကြီး၊ လူကြီးလူကောင်းဆန်ဆန် ပြုမူနိုင်ခဲ့ပါလျက်နဲ့ ဘာဖြစ်လို့ ကျောင်းသားတွေကို
လူကြီးလူကောင်းဆန်ဆန်၊ အမြော်အမြင်ရှိရှိ ရင်မဆိုင်ရဲရတာလဲ။ လမ်းလုံးဝမလျှောက်ရဘူး။
အလံမလွှင့်ရဘူး။ သီချင်းမဆို၊ သီချင်းမဖွင့်ရဘူး လို့ ဘာဖြစ်လို့ အာဏာရှင်လေသံတွေနဲ့အမိန့်
ပေးနေရတာလဲ။ အမျိုးသားပညာရေးသပိတ်မှောက်ကျောင်းသားစစ်ကြောင်းကို မနက်ဖြန်၊ သဘက်ခါမှာ အပြီးသတ်နိုင်ဖို့၊ ဘာဖြစ်လို့ ဒီနေ့မှာ သဘောမတူနိုင်ရတာလဲ။ နယ်ချဲ့အင်္ဂလိပ်
မျက်နှာဖြူအစိုးရတောင်မှ ကိုလိုနီခေတ်တုန်းက မထုတ်ခဲ့ဘူးတဲ့ အမိန့်၊ စည်းကမ်းတွေထုတ်
တာ လုံးလုံးကြောင်းကျိုးမဆီလျော်ပါ။ ပိုသိအောင်ပြောပြချင်တာက၊ ရေနံမြေသပိတ်ခေတ်
တုန်းက လမ်းမှာ ပုဒ်မ ၁၄၄ ထုတ်ထားတာတောင် ရန်ကုန်အရောက် သပိတ်တပ်ကြီးဟာချီ
လာနိုင်ခဲ့တယ်။ ကျနော်နားမလည်ဘူး။ ဘာဖြစ်လို့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလုပ်နေပါ
တယ်ဆိုတဲ့ အစိုးရက နယ်ချဲ့အစိုးရလောက် ကိုယ့်လူမျိုးအပေါ် နားမလည်နိုင်၊ သဘောထား
မကြီးနိုင်ရတာလဲ။ အမြော်အမြင်မရှိရတာလဲ။ ပြည်သူကိုမျက်နှာမူတယ်ဆိုတဲ့လွှတ်တော်တွေ
ကရော ဘာဖြစ်လို့ နှုတ်ဆိတ်နေရတာလဲ။ အမှတ်မမှားဘူးဆိုရင် အင်္ဂလိပ်အစိုးရခေတ် ပါလီ
မန်လိုမှာတောင် ဗမာအမတ်တွေက ရေနံမြေသပိတ်အကြောင်း မေးခွန်းတွေမေး၊ တိုက်တွန်း
တာတွေလုပ်ခဲ့နိုင်သေးတယ်။ အခုလွှတ်တော်ကိုယ်စားလှယ်တွေက ဘာဖြစ်လို့ ကျောက် ဆစ်ရုပ်တွေ ဖြစ်နေရတာလဲ။ သတင်းမီဒီယာတွေက တာဝန်ကျေလျက်ပါ။ အရပ်ဘက်လူမှု
အဖွဲ့အစည်းအများစုကလည်း တာဝန်ကျေလျက်ပါ။ တစ်ချို့က လွှဲရင်ပေါ့။ ပွဲစားအဖြစ် ကြား
ဝင်ဖို့အားထုတ်နေတဲ့သူတွေလည်း ရှိကောင်းရှိနေမှာပါ။ ဘာပဲဖြစ်ဖြစ်၊ ဒီနေ့ တပေါင်းလပြည့်
နေ့၊ နေ့ထူးနေ့မြတ်မှာ အစိုးရနဲ့အာဏာပိုင်တွေက ကျောင်းသားတွေကို လမ်းဖွင့်ပေးလိုက်တာ
မြင်ချင်စမ်းပါဘိတယ်ဗျာ။

လေးစားလျက်-

ဒေါက်တာရန်မျိုးသိမ်း
ရန်ကုန်၊ မြန်မာ။
https://www.facebook.com/yan.m.thein


ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့ အောင်မြေဗိမာန်ကျောင်းဝင်းအနီးမှာ အစာငတ်ခံ ထိုင်သပိတ်ဆန္ဒပြနေတဲ့ ကျောင်းသားတွေက သူတို့တောင်းဆိုချက်တွေကို လိုက်လျောတဲ့အထိ ဆက်လက် အစာငတ်ခံဆန္ဒပြသွားမယ်လို့ ပြောပါတယ်။

RFA သတင်းထောက် မဝေယံမိုးမြင့် က စုစည်းတင်ပြထားပါတယ်

ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့မှာ အစာငတ်ခံဆန္ဒပြနေကြတဲ့ ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်း၊ အားပေးထောက်ခံသူတွေရဲ့ အခြေအနေနဲ့ လုံခြုံရေးအခြေအနေကို RFA သတင်းထောက် မပြုံးမို့မို့ဇင် က စုစည်းတင်ပြထားပါတယ်။


လက်ပံတန်းမြို့ခံတွေ ဆန္ဒပြနေ

ကျောင်းသားတွေရဲ့ တောင်းဆိုချက်တွေကို ထောက်ခံကြောင်းနဲ့ ကျောင်းသား သပိတ်ကို ဆက်လက်ချီတက်ခွင့်ပြုဖို့ လက်ပံတန်းပြည်သူတွေက ရဲလုံခြုံရေးယူထားတဲ့နေရာကို လာရောက် တောင်းဆို ဆန္ဒပြနေကြပါတယ်။ ဒါ့အပြင် ဆန္ဒပြသူတွေက ကျောင်းသားတွေနဲ့ တွေ့ခွင့်ပြုဖို့ တောင်းဆိုကြပါတယ်။ ကျောင်းသားတွေနဲ့ ဆန္ဒပြသူတွေကြားမှာ ရဲတပ်ဖွဲ့က စည်း ၃ စည်းခြားပြီး ပိတ်ဆို့လိုက်ပါတယ်။ ဓါတ်ပုံ - ကျော်ဇောဝင်း၊ မျိုးသန့်ခိုင်/RFA



ရဲတပ်ဖွဲ့ကို ပြည်သူများ တောင်းပန်

လက်ပံတန်းမြို့ ဒီမိုကရေစီပညာရေး ကျောင်းသားသပိတ်မှာ လိုက်ပါလာတဲ့ ပြည်သူတချို့က ကျောင်းသားတွေကို ဆက်လက်သွားခွင့်ပေးဖို့အတွက် လမ်းဖွင့်ပေးရန် ရဲတပ်ဖွဲ့များကို ရှိခိုးတောင်းပန်ခဲ့ပါတယ်။ ဓါတ်ပုံ - ကျော်ဇောဝင်း၊ မျိုးသန့်ခိုင်/RFA

မြို့ခံတွေက ကျောင်းသားတွေကို ရေတိုက်
ဆန္ဒပြကျောင်းသားတွေကို ဒေသခံပြည်သူတွေက ရေချမ်းလာရောက်တိုက်ကြပါတယ်။ ကျောင်းသားတွေက ရဲတွေကို ရေတိုက်ပေမဲ့ မသောက်ကြတာကို တွေ့ရပါတယ်။ ဓါတ်ပုံ - ကျော်ဇောဝင်း၊ မျိုးသန့်ခိုင်/RFA
ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့မှာ အစာငတ်ခံဆန္ဒပြနေကြတဲ့ ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်း၊ အားပေးထောက်ခံသူတွေရဲ့ အခြေအနေနဲ့ လုံခြုံရေးအခြေအနေကို RFA သတင်းထောက် မပြုံးမို့မို့ဇင် က စုစည်းတင်ပြထားပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် ရွှေပြည်သာစက်မှုဇုန်က လစာတိုးပေးဖို့ ရွှေပြည်သာကနေ ဆူးလေဘုရားအထိ လမ်းလျှောက်ဆန္ဒပြကြတဲ့ အလုပ်သမား တစ်ရာကျော်ကို ရဲတပ်ဖွဲ့ဝင်တွေက ဒညင်းကုန်း သံလမ်းဆုံအရောက် မနက် ၁၀ နာရီလောက်မှာ ပိတ်ဆိုတားဆီးခဲ့ပါတယ်။ နေ့လယ်ပိုင်းမှာ ရန်ကုန်တိုင်း လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းနဲ့ ညှိနှိုင်းခဲ့ပေမဲ့ အဆင်မပြေခဲ့ပါဘူး။

ညနေ ၅ နာရီကျော်လောက်မှာ အဲဒီအလုပ်သမားတစ်ရာကျော်ကို ရဲတပ်ဖွဲ့ဝင်နဲ့ ရပ်ကွက်အတွင်းက လူတချို့ပူးပေါင်းပြီး ရိုက်နှက်ဖမ်းဆီးပြီး ထရပ်ကားတွေနဲ့ ခေါ်ဆောင်သွားခဲ့တယ်လို့ ထွက်ပြေးလွတ်မြောက်သူ အလုပ်သမားတွေက ပြောပါတယ်။

RFA သတင်းထောက် မဇာဏီထွဏ်းက တင်ပြထားပါတယ်။


ပညာရေး ဥပဒေ ပြင်ဆင်ရေးဆိုင်ရာ အမျိုးသား လွှတ်တော် ကြားနားပွဲကို လက်ပံတန်းမှာ တားဆီးခံနေရတဲ့အတွက် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်က ကျောင်းသား ကိုယ်စားလှယ် ၈ ဦး တက်ရောက်နိုင်မှာမဟုတ်ဘူးလို့ ဗကသရဲ့ အထွေထွေ အတွင်းရေးမှူး မဖြိုးဖြိုးအောင်က ပြောပါတယ်။

လေးပွင့်ဆိုင်ဆွေးနွေးပွဲ သဘောတူညီချက်အရ ပေးပို့ထားတဲ့ အမျိုးသားပညာရေးဥပဒေ  ပြင်ဆင်သည့် ဥပဒေမူကြမ်း အတည်ပြုနိုင်ရေးအတွက် ကြားနာဖို့  အမျိုးသားလွှတ်တော်က ဖိတ်ခေါ်ထားတာဖြစ်ပြီး အစီအစဉ်အရ သပိတ်မှောက်ကျောင်းသား ကိုယ်စားလှယ်  ၂၀ ဦးက  မတ်လ ၅ ရက်နေ့ မှာ ပထမဆုံး စတင်ကြားနာရမှာ။

လက်ရှိပဲခူးတိုင်း လက်ပံတန်းမှာ ရဲလုံခြုံရေးတပ်ဖွဲ့တွေရဲ့ ပိတ်ဆို့တားဆီးခံနေရတဲ့အတွက် မသွားနိုင်ဘူးလို့ ဒီမိုကရေစီ ပညာရေး ပင်မသပိတ်စစ်ကြောင်း ဗကသ အထွေထွေအတွင်းရေးမှူး မဖြိုးဖြိုးအောင်က ပြောပါတယ်။

“ကျမတို့ ကိုယ်စားလှယ် ၆ ဦးပေါင်း ၂ ဦး အားလုံး ၈ ဦးက သွားမှာမဟုတ်ဘူး။ ကျမတို့ ဒီမိုကရေစီပညာရေး ပင်မ သပိတ်မှောက်စစ်ကြောင်းကို ကိုယ်စားပြုထားတဲ့ ကိုယ်စား လှယ်တွေဖြစ်တဲ့အတွက် ကျမတို့ လက်ပံတန်းမှာ ပိတ်ဆို့ခံရတဲ့အတွက် ကျမတို့က သွားမှာမဟုတ်ပါဘူး။ ကျမတို့ကျောင်းသားတွေအားလုံး လုံလုံခြုံခြုံနဲ့ အချက် ၈ ချက်နဲ့အတူ ရန်ကုန်ကိုပြန်မယ်။ ပြီးရင် ကိုယ့်အိမ်ကိုယ့်ယာကို အေးအေးဆေးဆေးပြန်ရောက်မှသာ ကျမတို့ဒီကြားနာပွဲကို သွားမှာဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိအနေအထားမှာတော့ အစိုးရရဲ့ ပိတ်ဆို့တားဆီးမှုကြောင့် ကျမတို့ မသွားနိုင်တာဖြစ်ပါတယ်။”

ဗကသကျောင်းသားကိုယ်စားလှယ်တွေ မသွားရောက်နိုင်ပေမယ့် ဒီမိုကရေစီပညာရေး လှုပ်ရှားမှုကော်မတီက ကိုနန်းလင်းနဲ့ အဖွဲ့တွေကတော့ ကြားနာပွဲတက်ရောက်ဖို့ နေပြည်တော်ကို သွားနေပါပြီ။

ဒီလိုသွားရောက်ရတာဟာ လွှတ်တော်ရဲ့ ဥပဒေပြင်ဆင်ရေး မျက်ခြည်မပြတ်အောင် ဖြစ်ပြီး   ဗကသ ကိုယ်စားလှယ်တွေရဲ့ စီစဉ်ပေးမှုနဲ့သွားတာဖြစ်တယ်လို့ ကိုနန်းလင်းက ပြောပါတယ်။

“ဒီလိုပါ ဗကသ ကိုယ်စားလှယ်တွေက သူတို့ မလိုက်နိုင်ပေမယ့် ကျနော်တို့ကို လုပ်ပိုင်ခွင့်ပေးလိုက်ပါတယ်။ သူတို့က ဒီမှာ ဒီလိုဖြစ်တဲ့အတွက် မသွားနိုင်ဘူး။ ကျနော်တို့က အစောကြီးကတည်းကိုက သပိတ်မှောက်တယ်ဆိုတာက  လွှတ်တော်မှာ ဥပဒေတခု ပြန်ပြင်ချင် ဖြစ်တယ်။ ဆိုတော့ လွတ်တော် လုပ်ငန်းစဉ်ကိုတော့ မျက်ခြည်ပြတ်ခံလို့မရဘူး။ အဲဒီအတွက် သူတို့တွေ မသွားနိုင်ပေမယ့် ကျနော်တို့ကိုသွားပါ။ ကျနော်တို့ကို လုပ်ပိုင်ခွင့်ပေးတယ်ဆိုတာကို ပြောလို့ရတာဖြစ်ပါတယ်။”

အခု လွှတ်တော်သွားတဲ့သူတွေဟာ  ဒီမိုကရေစီလှုပ်ရှားမှုဦးဆောင်ကော်မတီအနေနဲ့ သွားတာဖြစ်ပြီး ကိုနန်းလင်းနဲ့အတူ ၉ ဦး ပါဝင်ပါတယ်။

အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဒေါက်တာဗညားအောင်မိုးကတော့ လွှတ်တော်ကြားနာပွဲမှာ ကျောင်းသားတွေအနေနဲ့ အရေအတွက်က အရေးမကြီးဘဲ  ကိုယ်စားပြုတဲ့သူ ဖြစ်ဖို့လိုတယ်လို့ ပြောပါတယ်။

“အယောက် ၂၀ ပြည့်ဖို့က သိပ်အရေးမကြီးပါဘူး။ ဘယ်နှယောက်ပဲလာလာပေါ့။ သူတို့အဖွဲ့ကို ကိုယ်စားပြုတဲ့ ပုဂ္ဂိုလ်လာရင်ပြီးတာပဲ။ ဒါပေမယ့် လာများလေ သူတို့မှာ အကြံဉာဏ်ပိုရလေ။ ပိုပြီးတင်ပြနိုင်လေ။ ပိုပြီးတော့ ဆွေးနွေးနိုင်လေပေါ့။ အဲဒါ သူတို့ကိုတော့ အပြည့်အ၀ လာစေချင်တယ်လေ။”

အမျိုးသားလွှတ်တော်မှာ ကြားနာမယ့် အစီအစဉ်ကို မတ် ၅ ရက်နေ့ကနေ ၁၅ ရက်အထိပြုလုပ်မှာဖြစ်ပြီး   သပိတ်မှောက်ကျောင်းသား၊ ပညာရေးကွန်ရက်၊ နိုင်ငံရေးပါတီတွေ အပါအ၀င် အစုအဖွဲ့ ၆ ဖွဲ့က   အယောက် ၂၀ စီ သီးခြား ကြားနာကြမှာဖြစ်ပါတယ်။

By နော်နိုရင်း(ဒီဗွီဘီ)
http://burmese.dvb.no

အခင်းဖြစ်ပွားမှု ပြန်လည်သရုပ်ဖော်ပြသစဉ် (ဓာတ်ပုံ – khaosod)
ထိုင်းနိုင်ငံတောင်ပိုင်း ဆူရတ်ဌာနီခရိုင် ကော့စမွီကျွန်းမှာ မြန်မာ အလုပ်သမား လူငယ်တဦး အသတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး  လူငယ် ၃ ဦးကို ဖမ်းဆီး လိုက်တယ်လို့  ခေါင်ဆွတ်ထိုင်း သတင်းမှာ ဖော်ပြပါတယ်။

အသက် ၁၈ နှစ်အရွယ်  နိုင်းဖန်းလွန်း ခေါ် နိုင်းကိန်၊ အသက် ၁၇ နှစ်အရွယ် နိုင်းပီယနဲ့ အသက် ၁၆ နှစ်အရွယ်ရှိ နိုင်းတေယ တို့ ၃ ဦးကို လူသတ်မှု ဖြစ်တဲ့ညက စောင့်ကြည့်ကင်မရာကနေ ဖမ်းယူထားတဲ့ အထောက်အထား၊ မျက်မြင်သက်သေတွေရဲ့ ထွက်ဆိုချက်တွေအရ မတ် ၃ ရက်နေ့က ဖမ်းဆီးလိုက်တာလို့  ကော့စမွီမြို့နယ်   ဘော်ဖွတ်ရဲစခန်းက စခန်းမှူး ထေးဝစ် ပလိန့်ဆွတ်က သတင်းထောက်တွေကို ပြောပါတယ်။

ဖမ်းဆီးရသူ လူငယ် ၃ ဦးကလည်း လူသတ်မှု ကျူးလွန်ကြောင်း ၀န်ခံခဲ့ကြပြီး မတ် ၃ ရက် မွန်းလွဲ ၁၂ နာရီခွဲအချိန်က လူသတ်မှုနဲ့ ပတ်သက်ရာ နေရာ ၅ ခုမှာ ပြန်လည် သရုပ်ဖော် ပြသခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါ တယ်။

တရားခံ ထိုင်းလူငယ် ၃ ဦးတို့ ထွက်ဆိုချက်အရ ဖေဖော်ဝါရီ ၂၇ ရက်နေ့ မနက်က သူတို့ ၃ ဦး ဆိုင်ကယ်ကိုယ်စီနဲ့ ခဲမ့်ဘီယာဆိုင်ကအပြန် ဖူးချဝိုင်စားသောက်ဆိုင်အနီးမှာ သေဆုံးသူ သက်စိုးရဲ့ ဆိုင်ကယ်နဲ့ တိုက်မိတယ်လို့ ဆိုပါတယ်။

သက်စိုးက တိုက်ပြီး ထွက်ပြေးသွားတဲ့အတွက် သူတို့ ၃ ဦးအနောက်က လိုက်သွားပြီး လျော်ကြေး ဘတ် ၅၀၀ တောင်းခဲ့ကြောင်း၊ သက်စိုးက ငွေမပါတဲ့အတွက် အိမ်မှာလိုက်ယူဖို့ ပြောကြောင်း၊ သူတို့လည်း ဆိုင်ကယ် ၂ စီးနဲ့၊ ၁ စီးက သက်စိုးကို ဆိုင်ကယ်အလယ်မှာ တင်ပြီးလိုက်ခဲ့ကြောင်း၊  ဒါပေမယ့် မှောင်မည်းတဲ့ လမ်းကြားထဲအရောက် သက်စိုးက သူတို့ကို စတင်ရန်ပြုတဲ့အတွက် သူတို့က ဗိုက်ကိုဓားနဲ့ထိုးပြီး လည်ပင်းကိုပါ လှီးဖြတ်ခဲ့တယ်လို့  ၀န်ခံသွားတယ်လို့ ဆိုပါတယ်။

သက်စိုးရဲ့ အပြာရောင်ဟွန်ဒါဝေ့ဖ်ဆိုင်ကယ်ကိုလည်း မဲ့နမ့်ရပ်ကွက် အုန်းခြံတခုထဲမှာ မီးရှို့ခဲ့ပြီး မီးလောင်ထားတဲ့ ဆိုင်ကယ်ကိုလည်း သွားရောက်ပြသခဲ့ကြောင်း၊ အခြားသက်သေတွေအနေနဲ့ သက်စိုးရဲ့ အနက်ရောင်ဂျာကင်အင်္ကျီနဲ့ ခရမ်းရောင် ပိုလိုအင်္ကျီတထည်တို့ပါ ရရှိတယ်လို့ ဆိုပါတယ်။

အဆိုပါ လူငယ် ၃ ဦးကို ဘော်ဖုတ်ရဲစခန်းက လက်နက်ကိုင်ဆောင်မှု၊ လုယက်မှု၊ ယာဉ် (ဆိုင်ကယ်) အသုံးပြုပြီး အပြစ်ကျူးလွန်မှု၊ လူသတ်မှု  စတဲ့ စွဲချက်တွေနဲ့ တရားဥပဒေအရ အရေးယူသွားမယ်လို့ ရဲစခန်းတာဝန်ရှိသူတွေရဲ့ အပြောကို ကိုးကားပြီး  ခေါင်ဆွတ်သတင်းမှာ ဖော်ပြသွားပါတယ်။

သေဆုံးသူ အသက် ၂၂ နှစ်ရှိ ကိုသက်စိုးဟာ မွန်ပြည်နယ် ချောင်းဆုံမြို့နယ် မုရစ်ကလေး ရွာနေ ဦးမောင်ဝင်းနဲ့ ဒေါ်စိုးတို့ရဲ့ သားအကြီးဆုံး ဖြစ်ပြီး လက်ရှိ တမိသားစုလုံး ထိုင်းနိုင်ငံမှာ အလုပ်လာလုပ်နေတာပါ။

ရဲစခန်းက တရားခံဖမ်းမိတဲ့ကိစ္စနဲ့ ပတ်သက်ပြီး သူတို့ကို အကြောင်းမကြားခဲ့သလို သရုပ်ဖော်ပြတဲ့နေရာကို သွားကြည့်ဖို့လည်း မဖိတ်ခေါ်ခဲ့ဘူးလို့ ဖခင်ဖြစ်သူ ဦးမောင်ဝင်းက ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ကို ရဲစခန်းက အကြောင်းမကြားတော့ အဲဒီသရုပ်ပြတဲ့ဟာလည်း မကြည့်ရပါဘူး။ သားနဲ့ နောက်ဆုံး ဖုန်းအဆက်အသွယ်ရတဲ့ သူ့မိန်းကလေးသူငယ်ချင်း ဖြူဖြူဝင်းကိုလည်း အကြောင်းမကြားပါဘူး။ အစတုန်းကတော့ ရဲစခန်းက ခေါ်မေးပါသေးတယ်။ အခု ဘာလို့ မပြောလဲဆိုတာ နားမလည်ပါဘူး။ ဒီလိုလုပ်တော့ ကျနော်တို့တောင် တရားခံအစစ် ဟုတ်ရဲ့လားလို့ သံသယရှိတယ်။”

ကော့စမွီက လူမှုကူညီရေးအဖွဲ့ဝင် ကိုသန်းရွှေက အဖမ်းခံရတဲ့ လူငယ်တွေဟာ ထိုင်း လေလွင့်လူငယ်တွေ ဖြစ်ကြောင်း၊ သူတို့ ၃ ယောက်ထဲက တဦးဟာ အရင်က ရခိုင်မိန်းကလေးတဦး နဲ့ မြန်မာအလုပ်သမားတဦးဆီကနေ ငွေလုခဲ့ဖူးကြောင်း၊ သူတို့ဟာ အဖွဲ့လိုက် သောင်းကျန်းနေတာ ဖြစ်တဲ့အတွက် ၃ ဦး ဖမ်းမိရုံနဲ့ မြန်မာအလုပ်သမားတို့ဘ၀ လုံခြုံမှာ မဟုတ်ဘူးလို့ ဒီဗွီဘီကို ပြောသွားပါတယ်။

ကိုသက်စိုးကို မတ် ၅ ရက်နေ့  ဘော်ဖွတ်ဘုန်းကြီးကျောင်းမှာ သင်္ဂြိုဟ်မယ်လို့  မိသားစုက ပြောပါတယ်။

ကော့စမွီကျွန်းမှာ ၅ ရက်အတွင်း မြန်မာအလုပ်သမား ၂ ဦး အသတ်ခံခဲ့ရပြီး အဲဒီ ၂ ဦးဖြစ်တဲ့ အသက် ၂၂ နှစ်ရှိ မချောငယ်ငယ်နဲ့ ကိုသက်စိုးတို့ဟာလည်း မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ဘီလူးကျွန်း မုရစ်ကလေးကျေးရွာ တရွာတည်းနေ ဆွေမျိုးတော်စပ်သူတွေ ဖြစ်ကြပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no

ရဲတပ်ဖွဲ့အနေနဲ့ ညှိနှိုင်းအဖြေရှာမှုကိုသာ စောင့်ဆိုင်းနေတာဖြစ်ပြီး အကြမ်းဖက်ဖို့ အစီအစဉ်မရှိကြောင်း လက်ပံတန်းမြို့က ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်းနားမှာ တာဝန်ယူထားတဲ့ အမှတ် ၁၁ လုံခြုံရေးတပ်ဖွဲ့ခွဲ အကြီးအကဲ ဒုတိယရဲမှူးကြီး နန္ဒာဝင်းက အာအက်ဖ်အေကို ဒီကနေ့ ပြောလိုက်ပါတယ်။

(ရိုက်ကူး ကျော်ဇောဝင်း/RFA)
RFA Burmese

လက်ပံတန်းမြို့မှာ ဒုတိယမြောက်နေ့ ထိုင်သပိတ်ဆန္ဒပြနေကြတဲ့ ကျောင်းသားတွေကို လူစုခွဲဖို့ အစိုးရက ဒီနေ့မနက် ၁ဝ နာရီမှာ သတိပေးလိုက်ပါတယ်။

ဒီမိုကရေစီပညာရေးသပိတ်စစ်ကြောင်းက ကျောင်းသားသပိတ် သီချင်းများဖွင့်ပြီး "အရေးတော်ပုံ အောင်ရမည်၊ သပိတ် - သပိတ် မှောက်မှောက်" ကြွေးကြော်နေကြပါတယ်။ Photo: Kyaw Zaw Win/RFA



လက်ပံတန်းမြို့မှာ ကျောင်းသားတွေနဲ့ ရဲတွေ ဒီနေ့မနက်ပိုင်းမြင်ကွင်း။ Photo: Kyaw Zaw Win/RFA


သံဆူးကြိုးအကာတွေ ချထား

လက်ပံတန်းမြို့က ကျောင်းသားသပိတ်ကို လူစုခွဲဖို့ လုံခြုံရေးတပ်ဖွဲ့က သတိပေးလိုက်ပြီး မနေ့ကမရှိတဲ့ သံဆူးကြိုးအကာတွေချထားလိုက်ပါတယ်။

မနေ့ညကနေ ဒီကနေ့မနက်အထိ သပိတ်မှောက်ကျောင်းသားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေအကြား အပြန်အလှန်မုန့်ဝေတာတွေ ရေဝေငှတာတွေ ရှိခဲ့ပါတယ်။ Photo: Kyaw Zaw Win/RFA

RFA Burmese
https://www.facebook.com/pages/RFA-Burmese

Philip Blackwood (Credit: AFP) 
မြန်မာနိုင်ငံက ​အရက်ဘားတစ်ခုမှာ ​အလုပ်လုပ်ကိုင်နေတဲ့ ​နယူးဇီလန်နိုင်ငံသား ​တစ်ဦး ​ဗုဒ္ဓဆင်းထုတော်ကို ​မဖွယ်မရာ ​ပြုတဲ့အတွက် ​အပြစ်ပေးခံရမယ့် ​အနေအထား ​ရှိနေပါတယ်။

Philip ​Balckwood ​ဟာ ​VGastro ​ဘားရဲ့ ​မန်နေဂျာဖြစ်ပြီး ​အခုလောလောဆယ် ​မြန်မာနိုင်ငံသား ​ဘားပိုင်ရှင်အပြင် ​တခြား ​မြန်မာ ​မန်နေဂျာ ​တစ်ဦးနဲ့အတူ ​အင်းစိန်ထောင်မှာ ​ချုပ်နှောင်ခံနေရပါတယ်။

ပြီးခဲ့တဲ့ ​ဒီဇင်ဘာလတုန်းက ​ဗုဒ္ဓဆင်းထုတော်ကို ​DJ ​နားကြပ်တပ်ဆင်ပေးထားတဲ့ ​ဓာတ်ပုံကို ​ဖေ့စ်ဘွတ်ပေါ် ​တင်ခဲ့ရာက ​တရားစွဲခံရတာ ​ဖြစ်ပါတယ်။

ဘားပိုင်ရှင် ​ဦးထွန်းသူရိန်နဲ့ ​မန်နေဂျာ ​ထွဋ်ကိုကိုလွင်တို့ကတော့ ​အဲဒီ ​ဓာတ်ပုံကို ​သူတို့ ​မတင်ခဲ့ရတဲ့အတွက် ​အပြစ်မရှိဘူးလို့ ​ထွက်ဆိုနေပါတယ်။

နယူးဇီလန်နိုင်ငံသားကတော့ ​အဲဒီ ​ဓာတ်ပုံကို ​တင်မိခဲ့တယ်လို့ ​ဝန်ခံထားပေမယ့် ​အရက်ကို ​ဈေးပေါပေါနဲ့ ​ရောင်းနေတယ် ​ဆိုတာကို ​ကြော်ငြာလိုခြင်းသာ ​ဖြစ်ပြီး ​ဗုဒ္ဓရုပ်ပွားကို ​ပျက်ရယ်ပြုလိုတဲ့ ​ရည်ရွယ်ချက်နဲ့ ​တင်ခဲ့တာ ​မဟုတ်ဘူးလို့ ​ကာကွယ်ထွက်ဆိုထားပါတယ်။

ဒီအမှုမှာ ​အပြစ်ရှိတယ်လို့ ​ထင်ရှားရင်တော့ ​ဘာသာရေးဥပဒေအရ ​ထောင်ဒဏ် ​၄ ​နှစ်အထိ ​ကျခံရနိုင်ပါတယ်။

အမှုကို ​လာမယ့် ​မတ်လ ​၁၇ ​ရက်နေ့မှာ ​စီရင်ချက် ​ချမယ်လို့လည်း ​သိရပါတယ်။

ဖေ့စ်ဘွတ်ပေါ် ​တင်ထားတဲ့ ​ဓာတ်ပုံကို ​ပြန်လည်ဖျက်လိုက်သလို ​VGastro ​ဘားကိုလည်း ​ပိတ်ချထားလိုက်ပြီလို့ ​သိရပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese

လက်ပံတန်းမှာ ကြွေးကြော်သံတွေနဲ့အတူ ထိုင်သပိတ်ဆင်နွဲနေတဲ့ကျောင်းသားတွေ။ (မတ်လ ၃၊ ၂၀၁၅)
လက်ပံတန်းမြို့မှာ လုံခြုံရေးရဲတွေ ပိတ်ဆို့ထားတဲ့ ကျောင်းသား သပိတ်ပင်မစစ်ကြောင်းမှာ ရွှေဝါရောင်နဲ့ ရဟန်းပျို သံင်္ဃာတော်တွေ ဦးဆောင်ပြီး အင်္ဂါနေ့တညလုံး အစာငတ်ခံ ဆန္ဒပြနေကြပါတယ်။ ဗုဒ္ဓဟူးနေ့ မနက်ခင်းအချိန်ထိ မဟာအောင်မြေဘုန်းကြီးကျောင်း လမ်းထိပ်ရှေ့မှာ လုံခြုံရေးရဲတွေနဲ့ နှစ်ဖက်ထိပ်တိုင်ရင်ဆိုင်ဆဲဖြစ်ပါတယ်။ အနယ်နယ်အရပ်ရပ်က ဆန္ဒပြကျောင်းသား လှုပ်ရှားမှုတွေမှာ အာဏာပိုင်တွေအနေနဲ့ ဖိအားပေး ဖမ်းဆီးတာမျိုးမလုပ်ဖို့ ပင်မသပိတ်စစ်ကြောင်းဦးဆောင်တဲ့ ကျောင်းသားခေါင်းဆောင်တွေက တောင်းဆိုထားပါတယ်။ မအင်ကြင်းနိုင်က ဆက်သွယ်စုံစမ်း တင်ပြထားပါတယ်။

မင်းသွေးသစ်။ ။ ကြိုးတားတဲ့ထဲမှာ အစာငတ်ခံဆန္ဒပြမယ့်လူတွေက ဆုံးဖြတ်ပြီးရင် ၀င်လာလို့ရပါတယ်-ဆိုပြီး ကျနော်တို့ ဒီနေ့မှာ စစ်ကြောင်းတကြောင်းလုံးနီးပါးပဲ အစာငတ်ခံဆန္ဒပြတာ။ ရေသန့်ဗူးကလွဲလို့ တခြားဘာအစားအစာမှ မစားကြတော့ဘူးပေါ့။

မေး။ ။ ကိုမင်းသွေးသစ်တို့ကိုယ်တိုင် အစာငတ်ခံ ဆန္ဒပြနေကြပြီပေါ့နော်။

မင်းသွေးသစ်။ ။ ဟုတ်ကဲ့ပါခင်ဗျ။ ကျနော်တို့ ဗကသဗဟိုလုပ်ငန်းကော်မတီကလည်း အကုန်လုံးပါပါတယ်။ ဒါပေမယ့် ကျနော်တို့ဒီနေ့ ထပ်ပြီးတော့ အာဏာပိုင်တွေနဲ့ ညှိနှိုင်းတဲ့အချိန်မှာ ကျနော်တို့မြင်ရတာတွေကိုက အရှည်သဖြင့်သွားရမယ့်ပုံစံဖြစ်နေတယ်။ တိုက်ပွဲပုံစံက တရက်နှစ်ရက်နဲ့ပြီးမယ့်ပုံမရှိဘူး။ အဲဒီတော့ ကျနော်တို့ ဒိထက်ပိုပြီးတော့ အစာငတ်ခံတိုက်ပွဲကို စနစ်ကျအောင်လို့ ညဦးပိုင်းက အစည်းဝေးလုပ်ကြတယ်။ အစည်းအဝေးလုပ်ပြီးတဲ့အခါမှာ ကျနော်တို့ဆုံးဖြတ်တာက သံဃာတွေနဲ့အတူတူ ပထမတရက်မှာ ပထမ အသုတ်လိုက်ခွဲပြီး တဆင့်ချင်းဆန္ဒပြရတာ၊ စည်းစနစ်တကျ ဆန္ဒပြရတာ ပိုပြီးတော့ ကောင်းမယ်ပေါ့။ ကျနော်တို့ကို ဆန္ဒပြမယ့်ကျောင်းသားတွေလာပြီးတော့ ကိုယ့်ဆန္ဒနဲ့ကိုယ် နာမည်စာရင်းလာပေးပါ-ဆိုပြီးတော့ စာရင်းကောက်လိုက်တယ်။ အဲဒီအထဲကမှ ဆယ်ယောက်ရွေးထုတ်ပြီးတော့ ဗဟိုကော်မတီက သုံးယောက်နဲ့ နယ်က (၇) ယောက်၊ ခရိုင်တွေက (၇) ယောက်ရွေးထုတ်ပြီး ဆယ်ယောက်က မနက်ဖြန်ကစပြီးတော့ ဆက်ပြီးတော့ အစာငတ်ခံဆန္ဒပြမယ်။ ကျန်တဲ့ကျောင်းသားတွေကတော့ အစာစားလို့ရပြီ။ သံဃာတွေနဲ့ ကျန်တဲ့ဆယ်ယောက်က အစာငတ်ခံဆန္ဒပြမယ်။

မေး။ ။ ဘယ်လိုအကြောင်းတွေကြောင့် အခု လက်ပံတန်းမှာရှိနေတဲ့အနေအထားက ရေရှည်တိုက်ပွဲဖြစ်လာနိုင်တယ်လို့များ သုံးသပ်တာလဲရှင့်။

မင်းသွေးသစ်။ ။ ဒီနေ့ ညနေပိုင်းမှာ ကျနော်တို့ ဒီမှာ ရှိနေတဲ့ ဂိုဏ်းပေါင်းစုံသံဃာဆရာတော်တွေလာရောက် မေတ္တာရပ်ခံမှုကြောင့် ကျနော်တို့က ရန်ကုန်ကို ကျနော်တို့ ကားနဲ့အေးအေးဆေးဆေးဝင်ပါမယ်။ အဲဒီတော့ ကျနော်တို့သပိတ်စစ်ကြောင်းဝင်တဲ့အခါ အလံထောင်ပြီး ၀င်ခွင့်ပေးဖို့နဲ့ ရန်ကုန်ရောက်ရင် ရွှေတိဂုံဘုရားဖူးခွင့်ပေးဖို့။ အဲဒါကို လိုက်ပြီးတောင်းဆိုပေးပါ။ ကျနော်တို့ အေးအေးဆေးဆေး အိမ်ပြန်ချင်ပါတယ်ဆိုတဲ့အကြောင်း၊ ရန်ကုန်ရောက်ရင်လည်း သပိတ်ရပ်နားမယ်ဆိုတဲ့အကြောင်း သံဃာတော်တွေကို ကတိပေးပြီး အာဏာပိုင်တွေကို လိုက်လျှောက်ထားတဲ့အခါ သံဃာတော်တွေနဲ့ ကျနော်တို့ဆီက ကျောင်းသားကိုယ်စားလှယ်သုံးယောက်ရယ်၊ နောက် နယ်လုံဝန်ကြီးနဲ့တွေ့ပါတယ်။ အဲဒါကို နယ်လုံဝန်ကြီးက သူ့ရဲ့မူလ ဆုံးဖြတ်ချက်အတိုင်းပဲ ကျနော်တို့တောင်းဆိုထားတဲ့ အချက် (၈) ချက်ကို လိုက်လျောလို့မရဘူးဆိုတာကို အကြောင်းပြန်လိုက်တယ်ပေါ့လေ။ နောက်တခုက ကျနော်တို့ကို လုံခြုံရေးထိပ်ဆိုင် ကိုင်တွယ်နေတဲ့ ကွပ်ကဲနေတဲ့ ရဲအရာရှိတွေက - ဒီနေ့ဖြစ်စဉ်ကို တခုခုဖြစ်လာခဲ့လို့ရှိရင် နံပါတ်တုတ်ထုတ်ပြီးတော့ ရိုက်ယူရတဲ့အနေအထား အဲလိုမျိုးအသင့် ဖြစ်နေတာကို ကျနော်တို့က ဝေဖန်ကန့်ကွက်တယ်။ သူတို့ကိုသွားပြီးတော့ တိုက်ရိုက်လည်းပြောတယ်။ ဒါမျိုးဖြစ်နေတာ ကျနော်တို့လက်မခံနိုင်ဘူး၊ ကျနော်တို့မှာ လက်နက်မပါဘူး။ ကျနော်တို့ ၀င်တိုးဖို့အစီအစဉ်မရှိဘူးလို့ အစောကြီးကတည်းက ပြောထားပြီးသားဖြစ်တဲ့အတွက် အခုလို မယုံသင်္ကာမျိုးနဲ့ ထစ်ကနဲရှိ တုတ်နဲ့ရိုက်လိုက်မယ်ဆိုတဲ့ပုံစံမျိုးနဲ့ တပ်ကို ကွပ်ကဲထားတာ မကောင်းဘူးဆိုတဲ့အကြောင်း ကျနော်တို့ပြောတဲ့အခါ သူတို့က နောက်အခါကျလို့ရှိရင် သူတို့ဘက်ကလည်း ကျနော်တို့မတိုးသရွေ့ အကြမ်းဖက်မှုလုံးဝမလုပ်ပါဘူး၊ ဖြိုခွဲမှုလည်းမလုပ်ပါဘူးဆိုတဲ့ဟာကို သူတို့ကိုလည်း အထက်က အဲလို အမိန့်ပေးထားပါတယ်ဆိုတာကို ကျနော်တို့ကို ပြောပြပါတယ်။ ကျနော်တို့ကို အေးအေးဆေးဆေးဖွင့်မပေးသရွေ့ ကျနော်တို့ ဒီနေရာမှာ အစာငတ်ခံဆန္ဒပြပြီး ထိုင်နေမှာဖြစ်တယ်။

အဲဒီတော့ ကျနော်တို့သုံးသပ်တာကတော့ ကျနော်တို့မတိုးသရွေ့ အစိုးရက အကြမ်းဖက်ဖြိုခွဲတာမျိုး ပုံစံမျိုး အကြမ်းဖျင်းသုံးသပ်လို့ရတယ်။ ဒါကြောင့် ဒီတိုက်ပွဲဟာ အနည်းဆုံး နှစ်ရက်၊ သုံးရက်လောက်ကြာနိုင်တယ်လို့ ကျနော်တို့ သုံးသပ်တဲ့အတွက် ဒီနေ့ အစာငတ်ခံဆန္ဒပြတဲ့ကိစ္စကို ကျနော်တို့ စနစ်တကျပြန်ပြီး စီစဉ်လိုက်တာဖြစ်ပါတယ်။

မေး။ ။ အဲဒီတော့ ကိုမင်းသွေးသစ်တို့ဘက်က ပင်မသပိတ်စစ်ကြောင်း ရန်ကုန်ရောက်ဖို့က ဘာကြောင့် အရေးကြီးတာလဲရှင့်။

မင်းသွေးသစ်။ ။ ကျနော်တို့အနေနဲ့က အစိုးရအခုလက်ရှိလုပ်နေတဲ့ အစိုးရက ပြည်သူကို ၀ါဒဖြန့်ချိမှုလုပ်ပြီးတော့ လုပ်ထားတဲ့အချက်က ဘာလဲဆိုတော့ ကျောင်းသားတွေရဲ့တောင်းဆိုချက်တွေကို လွှတ်တော်မှာ ဆောင်ရွက်ဖို့ပြင်နေပြီ၊ အဲဒီတော့ ကျောင်းသားတွေတောင်းဆိုချက်ကိုလည်း သူတို့က လိုက်လျောပြီးသွားပြီ။ လေးပွင့်ဆိုင် တောင်းဆိုချက်ကို။ အဲဒါကို ကျောင်းသားတွေ သပိတ်ဖျက်ပေးပါလို့ ပြောတယ်။ ဒါပေမယ့် အခုထက်ထိ လွှတ်တော်မှာ တင်သွင်းသေးတာမဟုတ်ဘူး။ ရက်ကကြာနေတယ်။ ဒီကြားထဲမှာလည်း ကျနော်တို့ရဲ့မူလသဘောတူညီချက် အခြေခံတွေကို ချိုးဖောက်ပြီး ကျောက်ဆည်က ဆန္ဒပြတဲ့ သပိတ်စစ်ကြောင်းကိုထောက်ခံပြီး ဆန္ဒပြတဲ့ကျောင်းသားလေးယောက်ကို တရားစွဲထားတာတွေ၊ နောက် ဥပဒေနှစ်ခုလုံးကို ပညာရေးဝန်ကြီးဌာနဘက်က မတင်တော့ဘူးလို့ ပြောတဲ့ဥပဒေကို သတင်းစာမှာ နှစ်ခုလုံးပါလာတာတွေ၊ ကျောင်းတွေမှာ အလယ်တန်းတွေရဲ့စာမေးပွဲကာလ ပြီးခဲ့တဲ့ ဆယ်ရက် သပိတ်ရပ်နားလိုက်တဲ့အခါမှာ သူတို့က ကျောင်းတွေထဲ၊ တက္ကသိုလ်တွေထဲအထိဝင်ပြီး ဆန္ဒပြမှုတွေ လုပ်လာတာတွေ၊ ပြည်သူတွေ ထင်ယောင်ထင်မှားဖြစ်အောင် ဘာသာရေးနဲ့လှည့်တိုက်ပေးနေတဲ့ကိစ္စတွေ လုပ်လာတာဖြစ်တဲ့အတွက် အစိုးရကို ကျနော်တို့က မယုံဘူး။ အဲဒီအတွက် - ပြီးတော့ နောက်တခုက သပိတ်စစ်ကြောင်းမှာ ပါလာတဲ့အများစုက ရန်ကုန်ကျောင်းသားတွေဖြစ်တယ်။ ကျနော်တို့က ကိုယ့်အိမ်ကိုယ်ပြန်မယ်။ သပိတ်စခန်းလည်း ရန်ကုန်မှာဖွင့်မှာမဟုတ်ဘူးဆိုတဲ့ဟာမျိုးနဲ့ အစိုးရကို ကျနော်တို့ တောင်းဆိုတာပါ။

ကျောင်းသားသပိတ်စစ်ကြောင်းကနေ အဓိကတောင်းဆိုနေတဲ့အချက်တွေကဆယ်တန်းစာမေးပွဲမစခင် ရန်ကုန်မြို့ထဲဝင်ခွင့်ပေးဖို့၊ သာယာဝတီကနေ ရန်ကုန်ကို ကျောင်းသားတွေကိုယ်တိုင်စီစဉ်တဲ့ကားတွေနဲ့ဝင်ရာမှာ ကျောင်းသားသမဂ္ဂအလံတင်ခွင့်ပြုဖို့နဲ့ သမဂ္ဂသီချင်းသီဆိုခွင့်ပြုဖို့၊ ရွှေတိဂုံဘုရားကိုတက်ရောက်ဖူးမျှော်ခွင့်ပြုဖို့တွေဖြစ်ပါတယ်။ အဲဒီနောက် ရန်ကုန်မြို့မှာ သပိတ်ရပ်နားပြီး လူစုခွဲကြဖို့ရည်ရွယ်ထားကြောင်း ကျောင်းသားခေါင်းဆောင်တွေက ဗွီအိုအေကို ပြောပါတယ်။

အင်ကြင်းနိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.