03/06/15


တရားဝင်လက်ပတ်နီတွေဖြင့် ရန်ကုန်မြို့လယ်ကြီးမှာ ပေါ်ပေါ်တင်တင် ကျောင်းသားတွေကို ရိုက်နှက်ဖမ်းစီးနေတဲ့ မြန်မာနိုင်ငံက ကမ္ဘာကျော် ဗီဒိံယို

မြန်မာနိုင်ငံတွင် ၂၀၀၃ ခုနှစ်၌ ဒီပဲယင်းဖြစ်စဉ်နှင့်အတူ Thugs (လူမိုက်လူရမ်း ကားများ) ဟူသည့် ဝေါဟာရတစ်ရပ် ထင်ရှားလာခဲ့သည်။ ယင်းကို နိုင်ငံတကာမီဒီယာ များက Military Thugs ဟု ခေါ်ဆိုသုံးစွဲခဲ့ကြသည်။ Thugs ကိုအချို့က အာဏာရှင် တို့၏ လက်ကိုင်တုတ်များဟုလည်း ခေါ်ဆိုကြသည်။

မြန်မာနိုင်ငံ၌ Thugs ၏အစဟု ပြောရမည်မှာ ဒီပဲယင်းဖြစ်စဉ်ဖြစ်သည်။

၂၀၀၃ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ စည်းရုံးရေးခရီးစဉ်အတွင်း ဒီပဲယင်း ဖြစ်စဉ်ဖြစ်ပွားပြီး စွမ်းအားရှင်ဟူသည့် အမည်ဖြင့် လူရမ်းကားအုပ်စု ထင်ရှားလာသည်။

၂၀၀၃ ခုနှစ် မေ ၂၉ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်တို့၏ယာဉ်တန်း မြင်းမူမြို့မှထွက်စဉ် ပြည့်သူ့စွမ်းအားရှင်ဟု စာတန်းထိုးထားသည့် ကားငါးစီးသည် လက်နက်အပြည့်အစုံတင် ဆောင်ကာ ဒေါ်အောင်ဆန်းစုကြည်တို့၏ယာဉ်တန်းနောက်မှ လိုက်ပါခဲ့သည်။

မေ ၃၀ ရက် ည ၇ နာရီအချိန်တွင် ကျီရွာမှထွက်လာပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အား ရိုက်နှက်သတ်ဖြတ်ရန် တုတ်ဓားအပြည့်အစုံဖြင့် လူအုပ် စုတစ်စု ရောက်လာသောကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ကားကိုမောင်းသူက လူအုပ်ကြားမှ အတင်းမောင်းပြေးခဲ့ရပြီး ဒေါ်အောင်ဆန်းစုကြည်ကားပေါ်တွင် လိုက်ပါခဲ့သော ကိုတိုးလွင် ပြင်းထန်စွာဒဏ်ရာ ရရှိခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်၌ အတူပါလာသူများလည်း အမည်မသိလူအုပ် ကြီး၏ တုတ်များလေးခွများဖြင့် တိုက်ခိုက်ခြင်းခံရသည်။ ထွက်ပြေးသူများကို ကားမီး ဖြင့်လှမ်းထိုးထားပြီး ကားများဖြင့် လိုက်တိုက်ကြသေးသည်။

နောင်လေးနှစ်အကြာ ၂၀၀၇ ခုနှစ် စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး၌လည်း စွမ်းအားရှင်ဟုခေါ်သော အမည်မသိ လူရမ်းကားများကို သံဃာတော်များအား ရိုက်နှက်စေလျက် ဆန္ဒပြပွဲများ ဖြိုခွင်းရာ၌ အသုံးပြုခဲ့ပြန်သည်။

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီး ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက် ခဲ့ပါသည်ဆိုသော အရပ်သားအစိုးရ အမည်ခံထားသည့် ဦးသိန်းစိန်ဦးဆောင်သော အစိုး ရအဖွဲ့ တက်လာပြီးသည့်နောက်တွင်လည်း စစ်အစိုးရလက်ထက်ကကဲ့သို့ပင် အမည်မသိ လူရမ်းကားအုပ်စုများကို တွေ့ရပြန်သည်။ Thugs များသည် ယခုအထိရှိနေဆဲ၊ Thugs များကို ယခုအထိအသုံးပြုနေဆဲဖြစ်သည်။

အနီးကပ်ဆုံးဖြစ်ရပ်နှစ်ခုမှာ ဖေဖော်ဝါရီ ၂၆ ရက် နံနက် ၃ နာရီ ၄၅ မိနစ်ခန့်တွင် မြို့တော်စည်ပင်မှ တာဝန်ရှိသူများနှင့် စည် ပင်ရဲတပ်ဖွဲ့တို့က မိကျောင်းကန်သပိတ်စခန်းကို ဖြိုခွင်းခဲ့မှုဖြစ်သည်။

ရက်ပေါင်း ၃၄၀ ကြာ သပိတ်စခန်းဖွင့်ကာ မဟာဗန္ဓုလပန်းခြံဘေး၌ ဆန္ဒပြနေသူများကို ဖြိုခွင်းရာ၌ ရဲအင်အား စုစုပေါင်း ၂၅ ဦးခန့်သာပါဝင်ပြီး အရပ်ဝတ်များ ၇၅ ဦးပါဝင်ခဲ့သည်။

ယခု နောက်ဆုံးဖြစ်ရပ်မှာ သပိတ်စခန်းဖွင့် ဆန္ဒပြလျက်ရှိသော ရွှေပြည်သာမြို့နယ်ရှိ Glory Garment စက်ရုံနှင့် Costec အထည်ချုပ်စက်ရုံနှစ်ရုံမှ အလုပ်သမားများ ရွှေ ပြည်သာမြို့နယ်မှ ရန်ကုန်မြို့တော်ခန်းမရှေ့အထိ လမ်းလျှောက်ဆန္ဒပြမှုကို တညင်းကုန်း လမ်းဆုံအနီး အမှတ် (၄) လမ်းမကြီးပေါ်တွင် မတ် ၄ ရက် နံနက် ၁၀ နာရီခန့်တွင် ရဲတပ်ဖွဲ့မှစတင်ပိတ်ဆို့တားဆီးခဲ့ပြီးနောက် ညနေ ၄ နာရီခွဲခန့်တွင် အလုပ်သမားများအား အင်အားသုံးဖြိုခွင်းခဲ့မှုဖြစ်သည်။

ယင်းကဲ့သို့ အင်အားသုံးဖြိုခွင်းရာတွင် ရဲတပ်ဖွဲ့ဝင်များကို သာမက တာဝန်လက်ပတ်အနီ ၀တ်ဆင်ထားသည့် အရပ်ဝတ်များလည်း ပါဝင်ခဲ့သည်။

ဆန္ဒပြသူများကို အင်အားသုံးဖြိုခွင်းရာတွင် တာဝန်လက်ပတ်အနီ ပတ်ထားသူများ သည် မည်သည့်တာဝန်ဖြင့် လုပ်ဆောင်ခြင်းဖြစ်သနည်း။

မည်သည့်အဖွဲ့အစည်းကနည်း။

ရဲတပ်ဖွဲ့ကဆိုလျှင် အဘယ့်ကြောင့် ရဲတပ်ဖွဲ့ဝတ်စုံ မ၀တ်ရသနည်း။

ရဲတပ်ဖွဲ့ကမဟုတ်ခဲ့ လျှင် တာဝန်လက်ပတ်ပတ်ပြီး ရမ်းကားသူကို တရားစွဲဆိုနိုင်သည်။

အချုပ်အခြာအာဏာပိုင် နိုင်ငံတိုင်းတွင် မိမိတို့နိုင်ငံ၏ သက်ဆိုင်ရာ တရားဥပဒေများရှိသည်။ ယင်းတရားဥပဒေ များကို ထိန်းသိမ်းရန်အတွက် သက်ဆိုင်ရာတရားဥပဒေ ထိန်းသိမ်းရေးအဖွဲ့များရှိသည်။ ရဲတပ်ဖွဲ့အပါအ၀င်ဖြစ်သော အဆိုပါတရားဥပဒေ ထိန်းသိမ်းရေးအဖွဲ့များသည် သက် ဆိုင်ရာလုပ်ထုံးလုပ်နည်းများအတိုင်း အတိအကျ လုပ်ဆောင်ရသည်။

တရားဥပဒေကို ထိန်းသိမ်းမည့်အဖွဲ့များဖြစ်သောကြောင့် ၎င်းင်းအဖွဲ့အစည်းများအနေဖြင့် ကိုယ်တိုင်က တရားဥပဒေကို အခြားသူများထက်ပို၍ လေးစားလိုက်နာရပြီး တရားဥပဒေနှင့်အညီ တိကျစွာဆောင်ရွက်ရသည်။

ယင်းကဲ့သို့ တရားဥပဒေကို ထိန်းသိမ်းသည့်သူများသည် ဥပဒေမဲ့ တရားမ၀င် လုပ်ဆောင်သော လူရမ်းကားများနှင့် လားလားမျှမအပ်စပ်ဘဲ ဆန့် ကျင်ဘက်အစွန်းတစ်ဘက်စီ၌ ရှိနေသည်။

တရားဥပဒေစိုးမိုးရေးအတွက် တရားဥပဒေကို ထိန်းသိမ်းရသည့်သူများကိုယ်တိုင်က တရားဥပဒေကို ချိုးဖောက်နေခြင်းလားဟု မေး ခွန်းထုတ်စရာရှိသည်။

ယခုအခါ ရဲတပ်ဖွဲ့ဝင်အင်အားကို အဆမတန်တိုးချဲ့ထားပြီး လစာအပါအ၀င် အခြားအထောက်အပံ့များကို ပြည်သူ့ဘဏ္ဍာများဖြင့် ပေးထားရသည်။ ပြည်သူများ၏ လုံခြုံရေးအတွက် တာဝန်ယူပေးရန်ဖြစ်သည်။ ရဲတပ်ဖွဲ့ဝင်များအား ဥရောပသမဂ္ဂ (EU) ကပင် သင်တန်းများ ပို့ချပေးထားသည်။

အလုပ်သမား လယ်သမား ဆန္ဒပြမှုများကို နှိမ်နင်းခြင်းသည် တရားဥပဒေကို ထိန်းသိမ်းရန်အတွက်ဟုဆိုလျှင် အဘယ့်ကြောင့် ရဲတပ်ဖွဲ့ဝင်များထက်စာလျှင် အရပ်ဝတ်လူရမ်းကားများကို အဓိက အသုံးပြုနေရပါသ နည်း။

မည်သို့ပင်ဆိုစေကာမူ လက်ရှိဖြစ်ပေါ်နေသော ကျောင်းသားများ၏ဆန္ဒပြမှုများကို ဖြေရှင်းရာတွင် ရဲတပ်ဖွဲ့ဝင်များအစား အရပ်ဝတ်လူရမ်းကားများကို အသုံးပြုလာခဲ့မည် ဆိုပါက အခြေအနေအရပ်ရပ်သည် လွန်စွာဆိုးရွားသွားနိုင်ပါကြောင်း
The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

မတ်လ ၆ ရက် ၂၀၁၅ ထုတ် The Daily Eleven သတင်းစာတွင် ပါရှိမည့် အယ်ဒီတာ့ အာဘော် EMG

တရားဝင်လက်ပတ်နီတွေဖြင့် ရန်ကုန်မြို့လယ်ကြီးမှာ ပေါ်ပေါ်တင်တင် ကျောင်းသားတွေကို ရိုက်နှက်ဖမ်းစီးနေတဲ့ မြန်မာနိုင်ငံက ကမ္ဘာကျော် ဗီဒိံယို ဖြစ်ပါတယ်



လက်ပံတန်းမြို့မှာ ထိုင်သပိတ် ဆန္ဒထုတ်ဖော်နေတဲ့ သပိတ်ကျောင်းသားတွေနဲ့ အတူ အစာငတ်ခံ ဆန္ဒထုတ်ဖော်နေတဲ့ သံဃာတော်တွေကို သပိတ်ကျောင်း သားတွေ နဲ့ ဆက်လက် မပူးပေါင်းဖို့နဲ့၊ ကျောင်းသားတွေကိုလည်း နေရပ် ကို ပြန်ကြဖို့ ရန်ကုန်တိုင်းဒေသကြီး ဂိုဏ်းပေါင်းစုံ သံဃနာယက အဖွဲ့များ ၊ ပဲခူး တိုင်းဒေသကြီး အနောက်ပိုင်း ဂိုဏ်းပေါင်းစုံ သံဃနာယက အဖွဲ့တို့က မေတ္တာ ရပ်ခံ တောင်းဆိုလိုက်ပါတယ်။ လက်ပံတန်းမှာ ကိုယ်တိုင် သတင်း ယူနေတဲ့ ဗွီအိုအေ သတင်းထောက် ကိုစည်သူက တင်ပြပေးမှာပါ။

လက်ပံတန်းမြို့မှာ ထိုင်သပိတ် ဆင်နွဲနေတဲ့ ကျောင်းသားတွေနဲ့ သံဃာတော်တွေကို သပိတ်ရပ်နားပြီး နေရပ်ပြန်ကြဖို့ လက်ပံတန်းမြို့သံဃာ့နာယက အဖွဲ့က လာရောက်မေတ္တာရပ်ခံခဲ့တာပါ။ အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို လွှတ်တော်တွင်းဆွေးနွေးဖို့ အတွက် ပြင်ဆင်နေပြီဖြစ် တာကြောင့် ပေါ်ထွက်လာမယ့် ရလာဒ်တွေကို စောင့်ကြည့်ကြဖို့ မေတ္တာရပ်ခံချက် ကို လက်ပံတန်းမြို့ သံဃာ့ နာယကအဖွဲ့ဆရာတော်တပါး က ဖတ်ပြခဲ့ပါတယ်။

"ပည်သူအများ တည်ငြိမ်အေးချမ်းမှု ပျက်ပြားမည်လောဟူသော စိတ်သောကများ မရှိစေရေးတို့ အတွက် ရန်ကုန်မြို့သို့ ဝင်ရောက်ရန် ကြိုးပမ်းမှုမပြုပဲ မိမိတို့ရဲ့ မိဘရင်ခွင်သို့ ပြန်လည် ဝင်ရောက် ခိုလှုံပြီး ပေါ်ထွန်းလာမည့် ရလာဒ်ကောင်းများ အား စောင့်ကြည့်ကြသင့်ပါကြောင်း လေးလေးနက်နက် မေတ္တာရပ်ခံအပ်ပါသည်။"

သပိတ်နဲ့အတူ လိုက်ပါလာတဲ့ သံဃာတော်တွေအနေနဲ့လည်း မိမိတို့ သီတင်း သုံးရာကျောင်းတိုက်များဆီ ပြန်လည်ကြွရောက်ကြဖို့ လျှောက်ထားခဲ့ပါတယ်။

"အစိုးရ ဓမ္မာစရိယ၊ ပထမပြန် ပရိယတ္တိ စာမေးပွဲများကို ဖြေဆိုတော်မူကြမည့် စာဖြေသံဃာတော်များ အေးချမ်းစွာ ဖြေဆိုနိုင်ရေး (ဃ) ပြည်သူများ အကြား တည်ငြိမ်အေးချမ်းမှုပျက်ပြားမည်လောဟု စိုးရိမ်သောကများ မရှိစေရေးတို့အတွက် လက်ပံတန်းမြို့တွင် ကျောင်းသားအစုအဖွဲ့များနှင့် ဆက်လက်ပူးပေါင်းမှု မပြုတော့ပဲ မိမိတို့သီတင်းသုံးရာ ကျောင်းများသို့ ပြန်လည်ကြွရောက်ပြီး သာသနာ့တာဝန် ထမ်းဆောင်ပြီး ဝိပဿနာ တရားတို့ကို ဆက်လက်ကြိုးစားအားထုတ်ကာ သာသနာ့ တာဝန်များကို ထမ်းဆောင်ပေးတော်မူကြပါရန် ရိုသေစွာ မေတ္တာ ရပ်ခံ လျှောက်ထားအပ်ပါသည်ဘုရား။"

လက်ပံတန်းမြို့နယ် ဂိုဏ်းပေါင်းစုံ သံဃာ့နာယက အဖွဲ့အနေနဲ့ သပိတ်ကျောင်းသားတွေ နဲ့ ရဲတပ်ဖွဲ့ဝင်တွေကို အစားအသောက်နဲ့ ရေ လှူဒါန်းဖို့ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ ကျောင်းသားတွေအနေနဲ့ကတော့ ရန်ကုန်ကို လမ်းလျှောက် ချီတက်သွားမှာ မဟုတ်တဲ့ အကြောင်းနဲ့ ရန်ကုန်ရောက်တဲ့အခါ သပိတ်ရပ်နားဖို့စီစဉ် ထားကြောင်း ပြန်လည်လျှောက် ထားခဲ့ပါတယ်။

"တပည့်တော်တို့ ရန်ကုန်ပြန်ခြင်းသည် တပည့်တော်တို့က ချီတက်ခြင်းမဟုတ်ပါဘူး ဘုရား။ သာယာဝတီကနေ ရန်ကုန်ကို တပည်တော်တို့က သပိတ်ကို လှန်တာမဟုတ်ဘူးဆိုတဲ့အကြောင်း ရွှေတိဂုံဘုရားမှာရှိတဲ့ တပည့်တော်ကျောင်းသား အမျိုးသားကျောက်တိုင်ရှိပါတယ်ဘုရာ။ ကျောက်တိုင်မှာ သစ္စာပြုပြီး ဆယ်ငါးမိနစ်၊ ပြုပြီးတာနဲ့ တပည့်တော်တို့လည်း ပြောပါတယ်။ ကြိုက်သလောက် လုံခြုံရေး လိုက်ခဲ့ပါ။ တပည့်တော်တို့ တာဝန်လည်းယူပါတယ်။ တာဝန်လည်းခံပါတယ်။ တပည့်တော်တို့ ရန်ကုန်ပြန်ခြင်းသည် မိဘဆီပြန်ခြင်းဖြစ်ပါတယ်ဘုရား။ တပည့်တော်တို့ ဒေသအသီးသီးက ရန်ကုန်က အများစုဖြစ်ပါတယ်။ ရန်ကုန်ကလူ ရန်ကုန်ကို မပြန်ရဘူးဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးဘုရား။"

ကျောင်းသားခေါင်းဆောင် ကိုနန္ဒာစစ်အောင် က ပြန်လည်လျှောက်ထားခဲ့တာပါ။

မနေ့က မတ်လ (၄) ရက်နေ့မှာ ထိုင်သပိတ်ရှိရာဆီ လာရောက်အားပေးခဲ့တဲ့ ဆန္ဒထုတ်ဖော်သူ (၁၁) ယောက်ကို စီတန်းလှည့်လည်ခွင့်ပုဒ်မ (၁၈) နဲ့ ဒီကနေ့မှာ အမှုဖွင့်ထားပြီးတော့ အဲဒီထဲက သုံးဦးကို ဖမ်းဆီးထားတယ်လို့ လက်ပံတန်းမြို့မ ရဲစခန်းက အတည်ပြု ပြောပါတယ်။ ထိုင်သပိတ်ဆင်နွဲနေတဲ့ ကျောင်းသားတွေနဲ့ အစိုးရ အာဏာပိုင်တွေရဲ့ ဆွေးနွေးမှုတွေလည်း ရပ်ဆိုင်းနေခဲ့တာ မနေ့ကနဲ့ ဒီနေ့ ၂ ရက်ရှိပါပြီ။ ကျောင်းသားတွေဖက်ကတော့ သပိတ်ရှိနေတာနဲ့ ပတ်သတ်ပြီး ဆွေးနွေးမှုတွေ ဆက်လက်ပြုလုပ်ဖို့ လမ်းဖွင့်ထားတယ် လို့ ကျောင်းသားခေါင်းဆောင်တွေက ပြောထားပါတယ်။

VOA
http://burmese.voanews.com/content/students-long-march-protest-update/2668812.html



မတ် ၅ရက်နေ့ ညနေ ၄နာရီခွဲမှာ မြို့တော်ခမ်းမရှေ့ရှိ ကျောင်းသားဆန္ဒပြမှုကို မြန်မာအစိုးရ ကျောထောက်နောက်ခံပေးထားတဲ့ အကြမ်းဖက် စွမ်းအားရှင် လူရမ်းကားတွေနဲ့ ရဲတွေ အကြမ်းဖက်တိုက်ခိုက်မှု ဗီဒီယိုမှတ်တမ်းကို သီးသန့်ထုတ်လွှင့်လိုက်ပါတယ်။

ယနေ့ မတ်လ ၅ ရက်၊ ညနေ ၄း ၃၀ နာရီ က ရန်ကုန်မြို့ ၊ မြို့တော်ခန်းမရှေ့တွင် ဖြစ်ပွားခဲ့သော အရပ်ဝတ်များဖြင့် အကြမ်းဖက် နှိမ်နင်းခဲ့မှုနှင့် ပတ်သက်၍ ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) ရုံးတွင် ယနေ့ ည ၇း ၃၀ နာရီက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

ထိုသတင်းစာရှင်းလင်းပွဲတွင် ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး၊ ဦးမြအေး၊ ကိုမင်းသူကျော်နှင့် ကိုရန်နောင်စိုး တို့က ယနေ့ဖြစ်ပွားခဲ့သော အကြမ်းဖက် နှိမ်နင်း ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး " ဆန္ဒပြပွဲကို အရပ်ဝတ်များမှ အကြမ်းဖက် နှိမ်နင်း ဖမ်းဆီးမှုကို ပြင်းထန်စွာ ကန့်ကွက်ကြောင်း၊ ဆန္ဒပြ အမျိုးသမီးများကို အမျိုးသားများက အကြမ်းဖက် ဖမ်းဆီးမှုကို ရှုတ်ချကြောင်း၊ ဖမ်းဆီးခံ ဆန္ဒပြသူများကို အမြန်ဆုံးပြန်လွှတ်ပေးရန် " တို့ကို အဓိကထား ပြောကြားသွားခဲ့သည်။

ယခု သတင်းစာရှင်းလင်းပွဲတွင် ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) မှ ဦးကိုကိုကြီးမှ ပြောကြားရာတွင် -

" ဖြေရှင်းတဲ့ပုံစံမှာ အရင်က စွမ်းအားရှင်တွေနဲ့ ဖြေရှင်းတဲ့ပုံစံမျိုး တာဝန်ရှိသူမဟုတ်ဘဲ တာဝန်လက်ပတ်တွေ ပတ်ပြီးတော့ မိန်းကလေးတွေကို ကာအိနြေ္ဒမဲ့အောင် အကြမ်းဖက်နှိမ်နင်းတာမျိုး ဖြစ်လာရင်တော့ ကျွန်တော်တို့ ၈၈ မျိုးဆက် အနေနဲ့ လုံးဝ သည်းမခံနိုင်ပါဘူး၊ လက်မခံနိုင်ဘူး။ အဲဒီလို လက်ပတ် ပတ်ပြီးတော့ အကြမ်းဖက်ခွင့်လို အရင်စစ်အစိုးရ လက်ထက်က စွမ်းအားရှင်တွေ လုပ်တဲ့ ဆောင်ရွက်ချက်မျိုးကို ဘယ်သူက ဦးဆောင်ပြီးတော့ တာဝန်ပေးခဲ့သလဲ။ အဲဒါ ကျွန်တော်တို့ ဖော်ထုတ်ဖို့လိုပါပြီ “
ဟု ပြောကြားခဲ့သည်။

၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)

Photo..Eleven media group
မြို့တော်ခမ်းမရှေ့မှာ ညနေ ၄နာရီ ခွဲလောက်အချိန်မှာ ဆန္ဒပြကျောင်းသားတွေကို ရဲတပ်ဖွဲ့ဝင်တွေက ကျင့်ထုံးဥပဒေပုဒ်မ ၁၂၇/၁၂၈နဲ့ အညီ လူစုခွဲသွားမယ်လို့ ကြေညာပြီး လူစုခွဲဖို့ အချိန် မိနစ် ၃ဝပေးခဲ့ပါတယ်။

အဲဒီအချိန်မှာပဲ မြို့တော်ခမ်းမထဲကနေ ထွက်လာတဲ့ အရပ်ဝတ်နဲ့ လက်ပတ်နီပတ်ထားတဲ့ စွမ်းအားရှင်တွေဟာ အင်အားများလာပြီး ရဲနဲ့ ဆန္ဒပြကျောင်းသားတွေရဲ့ကြားကို ဝင်ရပ်လိုက်ပါတယ်။

အဲဒီမှာ အရက်တွေမူးနေတဲ့ စွမ်းအားရှင် အကြမ်းဖက်သမားတွေဟာ ဆန္ဒပြနေတဲ့ ကျောင်းသားတွေဆီ အိမ်ပြန်ကြဖို့ စတင်အော်ဟစ်ပါတယ်။ ကျောင်းသားတွေက စွမ်းအားရှင်တွေကို ခင်ဗျားတို့ဒီလိုပြောပိုင်ခွင့်မရှိဘူးလို့ အပြန်အလှန် ပြန်ပြောတဲ့အခါမှာ စွမ်းအားရှင်တွေက ကျောင်းသားတွေကို စထိုးကြိတ်ပါတယ်။ အဲဒီလို စွမ်းအားရှင်တွေက အင်နဲ့အားနဲ့ ဝင်ထိုးတာကြောင့် ဘေးနားမှာရှိနေတဲ့ ပြည်သူနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက ဝင်ရောက်ဆွဲဖြန်ခဲ့လို့ နှစ်ဖက်စလုံး လူကွဲသွားခဲ့ပါတယ်။

နောက်ထပ်တစ်ခါ စွမ်းအားရှင်တွေက ကျောင်းသားနဲ့ ပြည်သူ၊ အရပ်ဖက်အဖွဲ့တွေဆီ ပြေးဝင်လာပြီး ကန်ကြောက်၊ ထိုးကြိတ်နေပြီး ရဲတပ်ဖွဲ့က ၁ဝမိနစ်လောက်ထိ ဖြစ်စဉ်တစ်ခုလုံးကို ကြည့်နေပါတယ်။

အဲဒီအချိန်မှာ ၈၈မျိုးဆက်က အမျိုးသားတစ်ဦးက ရဲတပ်ဖွဲ့ကို အခုလို အကြမ်းဖက်တိုက်ခိုက်နေတဲ့အပေါ် လက်ပိုက်ကြည့်နေလို့ ပြောချိန်မှာတော့ ရဲတွေက ဆန္ဒပြသူတွေကို နံပါတ်တုတ်တွေနဲ့ အပြင်းအထန် အကြမ်းဖက်ဖြိုခွဲတိုက်ခိုက်လိုက်ပါတယ်။

အဲဒီအချိန်မှာ စွမ်းအားရှင်တွေဟာ မြို့တော်ခမ်းမဘက်ကို ပြန်ဆုတ်သွားကြသလို ရဲတွေက ရပ်ထားတဲ့ ဒိုင်နာကား ၃စီးထဲက တစ်စီးပေါ်ကို ၈၈မျိုးဆက်က မနီလာသိန်းအပါအဝင် ၇ယောက်ကို ဖမ်းဆီးလိုက်ပါတယ်။

စွမ်းအားရှင်တွေဟာ ကမ္ဘာပျက်မတတ်အော်ဟစ်တိုက်ခိုက်နေပြီး သတင်းမီဒီယာတွေကိုပါ ဦးတည်ပစ်မှတ်ထား တိုက်ခိုက်ခဲ့လို့ သတင်းထောက်တွေ အများအပြား ကစဥ့်ကလျားဖြစ်ခဲ့ရပါတယ်။ ဖြစ်စဉ်တစ်ခုလုံးက ဆယ်မိနစ်သာသာလောက်ပဲကြာမြင့်ခဲ့ပါတယ်။

(ကမာရွတ်မီဒီယာရဲ့ သတင်းထောက် ၂ယောက်ရဲ့ ကိုယ်တွေ့မျက်မြင်)

Kamayut Media


လက်ပံတန်းမှာ ပိတ်ဆို့ခံနေရတဲ့ ကျောင်းသားသပိတ်ကို အကြမ်းဖက်ဖြိုခွဲဖို့ မြန်မာအာဏာပိုင်တွေ ပြင်ဆင်နေတာ ကန့်ကွက်တဲ့အနေနဲ့ တတိယမြောက်နေ့အဖြစ် ရန်ကုန်မြို့တော်ခမ်းမရှေ့မှာ ကျောင်းသားတွေရဲ့ ဆန္ဒပြမှုကို မြန်မာအစိုးရ ကျောထောက်နောက်ခံပေးထားတဲ့ စွမ်းအားရှင်တွေက စတင်ထိုးကြိတ်ပြီး အကြမ်းဖက်ခဲ့ပါတယ်။

ဆန္ဒပြနေတဲ့ကျောင်းသားတွေကို အထွေထွေအုပ်ချုပ်ရေးမှူးအရာရှိက လူစုခွဲဖို့နဲ့ ကျင့်ထုံးဥပဒေအရ မိနစ် ၃ဝအတွင်း ဖြိုခွင်းမယ်လို့ သတိပေးပြီးတဲ့နောက်မှာတော့ ရန်ကုန်တိုင်းအစိုးရက စုစည်းထားတဲ့ လက်ပတ်အနီတပ်ဆင်ထားတဲ့ အရပ်ဝတ် စွမ်းအားရှင် ရာပေါင်းများစွာဟာ ဆန္ဒပြကျောင်းသားတွေကို စတင်အကြမ်းဖက်တိုက်ခိုက်ခဲ့ပါတယ်။ စွမ်းအားရှင်တွေနဲ့ ကျောင်းသားတွေ နှစ်ကြိမ်လောက် ရုန့်ရင်းဆန်ခတ်ဖြစ်ခဲ့ပြီးမှ နံပါတ်တုတ်တွေ ကိုင်ဆောင်ပြီး မိနစ်ပေါင်းများစွာ ရပ်ကြည့်နေခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဆန္ဒပြကျောင်းသားတွေနဲ့ ပြည်သူတွေကို စတင်ရိုက်နှက်ခဲ့ပါတယ်။

အကြမ်းဖက်ဖြိုခွင်းမှုကို ၁ဝမိနစ်ကျော်ကြာ ပြုလုပ်ခဲ့ပြီးတဲ့နောက်မှာတော့ စွမ်းအားရှင်တွေဟာ မြို့တော်ခမ်းမထဲကို ပြန်ဝင်သွားပြီး ရဲတွေက ၈၈မျိုးဆက်က မနီလာသိန်း၊ မနုနုအောင်အပါအဝင် ကျောင်းသား ၇ယောက်ကို အုန်းတောကနေ ဘဝမြင့်ကိုပြေးဆွဲတဲ့ ၉၆ဒိုင်နာကားအပြာပေါ် ဖမ်းဆီးတင်ဆောင်ပြီးထွက်ခွာသွားခဲ့ပါတယ်။

အခုလို အကြမ်းဖက်ဖြိုခွင်းလိုက်တဲ့ပုံစံနဲ့သာ ရှေ့ဆက်သွားမယ်ဆိုရင် မြန်မာပြည်ဒီမိုကရေစီလမ်းကြောင်းဟာ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူးလို့ လှုပ်ရှားတက်ကြွသူ ဦးဇော်ရန်းက ပြောပါတယ်။ နဂိုကတည်းကမှ အစိုးရအပေါ် မယုံကြည်မှုတွေရှိနေခဲ့ရာက အခုတော့ လုံးဝကို မယုံကြည်နိုင်တော့တာဟာ အာဏာပိုင်တွေက စတင်အကြမ်းဖက်ဖို့လို့ဖြစ်ရတာလို့ သူကဆိုပါတယ်။

Kamayut media


၈၈ မျိုးဆက်အဖွဲ့က မနုနုအောင် ကို ရဲနဲ့ စွမ်းအားရှင်တွေက လူမဆန်စွာ ဝိုင်းရိုက်တဲ့မြင်ကွင်းပါ…

မနီလာသိန်းကိုတော့ နံပါတ်တုတ်တွေနဲ့ ကျောကိုရိုက်ကြတာ မြင်ရပါတယ်…

စွမ်းအားရှင်တွေက ဝါးလုံးတုတ်တွေကိုင်ထားပြီး အကုန်လုံးကို သိမ်းကျုံးရိုက်တဲ့အချိန်မှာ ရဲတွေကကြည့်နေခဲ့ပါသေးတယ်…

နောက်မှ ရဲတွေက ဝင်ရိုက်ကြတာ!

အမျိုးသမီးတစ်ယောက်ကို တရားဝင် လုံခြုံရေးတပ်ဖွဲ့ ဝင်တွေ မဟုတ်တဲ့ ရမ်းကားသူ အမျိုးသားနှစ်ယောက်က ဒီလို ဖမ်းခေါ်သွားတာ သိန်းစိန်အစိုးရ အမြန်ဆုံး ဖြေရှင်းပါ။


လက်ပံတန်းက ကျောင်းသားသပိတ်စစ်ကြောင်းကို ထောက်ခံတဲ့အနေနဲ့ ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ထိုင်သပိတ်ဆင်နွှဲနေသူတွေကို ရဲတပ်ဖွဲ့ဝင်တွေက ဖြိုခွင်း ရိုက်နှက်ကာ လူအချို့ကို ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

ဖမ်းဆီးခေါ်ဆောင်သွားခံရတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူအဖွဲ့အစည်းက မနီလာသိန်းကို ဒီဗွီဘီ သတင်းထောက် နော်နိုရင်းက ဆက်သွယ်မေးမြန်းထားပါတယ်။

By DVB
http://burmese.dvb.no
ဖမ်းဆီးခေါ်ဆောင်သွားခံရစဉ် မနီလာသိန်းကို မေးမြန်းချက် နားဆင်ရန်




ဓာတ်ပုံ – ဒီဗွီဘီ
သမ္မတပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဦးရဲထွဋ်က အခုအစိုးရလက်ထက်မှာ စွမ်းအားရှင်ဆိုတာ မရှိဘူးလို့ ယတိပြတ်ငြင်းဆိုလိုက်ပြီး လတ်တလော သပိတ်နှိမ်နင်းမှုတွေမှာ ပါဝင်နေတဲ့ အရပ်ဝတ်လူတွေဟာ ဘယ်အဖွဲ့အစည်းကလူတွေလဲ ဆိုတာ တိုင်းဒေသကြီးအစိုးရပဲ သိလိမ့်မယ်လို့  ပြောကြားလိုက်ပါတယ်။

ရန်ကုန်မှာ ရွှေပြည်သာအလုပ်သမားသပိတ်နဲ့ မြို့တော်ခန်းမရှေ့ကျောင်းသားသပိတ်တို့ကို ရဲတပ်ဖွဲ့ဝင်တွေနဲ့အတူ အရပ်ဝတ်လူအုပ်စုကပါ ၂ ရက်ဆက်တိုက် ၀ိုင်းပြီးနှိမ်နင်း ဖမ်းဆီးနေတဲ့ အပေါ် ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာ ဦးရဲထွဋ်က ပြောလိုက်တာ ဖြစ်ပါတယ်၊

“ပထမတခုကတော့ ခင်ဗျား စွမ်းအားရှင်လို့ သုံးတဲ့ စကားလုံးကို ဒီခေတ်မှာ မရှိတော့ဘူး၊ ဒုတိတချက်ကတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတွေက သူတို့ ဒေသရဲ့ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး ကိစ္စအတွက်လုပ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ အရပ်ဝတ်နဲ့ပါနေတဲ့ သူတွေဟာ ဘယ်အဖွဲ့အစည်းလဲ၊ ဘယ်လို မူဝါဒလဲ ဆိုတာက တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတို့ကို မေးမှ ရမယ်။”

သမ္မတပြောခွင့်ရသူက စွမ်းအားရှင်ဆိုတာနဲ့ ပတ်သက်ပြီး ပယ်ချခဲ့ပေမယ့် မတ်လ ၅ ရက် ရန်ကုန်မြို့တော်ခန်းမရှေ့က ကျောင်းသားသပိတ်ဖြိုခွင်းတဲ့နေရာကို ကိုယ်တိုင်ရောက်ရှိတွေ့မြင်ခဲ့တဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဦးဇော်ရမ်းက မျိုးဆက်သစ်စွမ်းအားရှင်တွေလို့ ဆိုပါတယ်။

“ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို တရပ်ကွက်ကို လူ ၂၀ လောက်စီခေါ်ထားတာဗျ။ အဲ့လူတွေက ဘယ်လိုလူမျိုးတွေဆိုတော့ ရပ်ကွက်ထဲက လူမိုက်တွေ၊ သတင်းပေးတွေ အရင်တုန်းက ချဲရောင်းတဲ့သူတွေ၊ အရက်ပုန်းရောင်းတဲ့သူတွေ ခေါ်လာတာပေါ့။ ဒီနေ့ဆို ထူးထူးခြားခြား အရမ်းငယ်တဲ့ ကလေးတွေ တွေ့ရတယ်။ ၁၆ နှစ်၊ ၁၇ နှစ်တွေ တွေ့ရတယ်။ ကျနော်တွေ့ဖူးသမျှ ဒီတခါ အငယ်ဆုံးပဲ။ အရင်တွေ့ဖူးတဲ့ စွမ်းအားရှင်တွေထက် ငယ်တယ်။ စွမ်းအားရှင် မျိုးဆက်သစ်တွေပေါ့။”

အမျိုးသားဒီမိုကရေစီအင်အားစုပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေကတော့ လူထုနည်းကို လူထုနည်းနဲ့  ပြန်လည်ချေပလုပ်ဆောင်တာလို့ မှတ်ချက်ပေး ပြောပါတယ်။

“လက်ရှိအုပ်ချုပ်နေတဲ့အစိုးရဟာ တော်တော်ရင်ဆိုင်နေရတဲ့အပိုင်းတွေရှိတော့ ပြည်တွင်းမှာ ငြိမ်သက်ချင်တဲ့သဘောကို အင်မတန်လိုလားပုံပေါ်ပါတယ်။ သူတို့ကလည်းပဲ အတိုင်းအတာတခု အခြေအနေတခုထိ စောင့်ဆိုင်းပြီးတော့ရှိခဲ့ပြီ။ ဒီတော့ သူတို့ဟာ ဒီလိုအခြေအနေမျိုးမှာ ကိုယ်တိုင်ကိုယ်ကျ တပ်နဲ့ ရဲနဲ့ ပေါ်ပေါ်ထင်ထင် လုပ်ရမယ့်အစား စွမ်းအားရှင်ပဲ ဖြစ်စေ ဘာပဲဖြစ်စေပေါ့၊ လူထုနည်းကို လူထုနည်းနဲ့ ပြန်လည်ချေပတဲ့အလုပ်မျိုးကို လုပ်တာမျိုး ဖြစ်လိမ့်မယ်လို့ပဲ ကျနော်ထင်ပါတယ်။”

သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မတိုင်ခင် ယခင်စစ်အစိုးရလက်ထက်က နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေရဲ့ ဆန္ဒပြပွဲတွေကို ဖြိုခွင်းဖမ်းဆီးရာမှာ စွမ်းအားရှင်တွေကို အသုံးပြုခဲ့တာဖြစ်ပါတယ်။

By ရွှေအောင်(ဒီဗွီဘီ)
http://burmese.dvb.no


ကျောင်းသားသပိတ်ကို ထောက်ခံတဲ့ ဆန္ဒပြမှုတွေ ရန်ကုန် မန္တလေးနဲ့ မြို့အတော် များများ ပြုလုပ်နေရာမှာ ဒီကနေ့ ညနေပိုင်း ရန်ကုန် မြို့တော်ခန်းမရှေ့မှာ လုပ်တဲ့ ဆန္ဒပြပွဲကိုတော့ ရဲနဲ့ အရပ်ဝတ် စွမ်းအားရှင်အဖွဲ့တွေက ရိုက်နှက် ဖမ်းဆီး တာကြောင့် ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းက မနီလာသိန်း၊ မနုနုအောင်တို့ အပါအ၀င် တက်ကြွလှုပ်ရှားသူ ၇ ဦး ထိန်းသိမ်းခံထားရပါတယ်။ ရဲမဟုတ်တဲ့ သာမန်အရပ်သားလူတွေကိုသုံးပြီး ရုန်းရင်းဆန်ခတ်အကြမ်းဖက် မှုဖြစ်အောင် ဆောင်ရွက်တာဟာ မကောင်းတဲ့လက္ခဏာဖြစ်တယ်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းခေါင်းဆောင်တဦးဖြစ်သူ ကိုပြုံးချိုက ပြောပါတယ်။

" ကျနော်တို့ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့တဲ့သူတွေကို အခုလိုမျိုး အတင်းအဓမ္မ ဖြိုခွဲပြီးတော့ ဖမ်းဆီးမှုတွေဟာ ဒါ မတရားဘူး။ နိုင်ငံသားတွေရဲ့ ဆန္ဒကို လေးစားရမယ်။ အဲ့လိုပဲ အုပ်ချုပ်ရေးဘက်က ဘယ်သူဘယ်ဝါမှန်းမသိတဲ့ လူတွေကို သုံးပြီးတော့ ရုန်းရင်းဆန်ခတ်မှု ဖြစ်စေတာတွေဟာဆိုရင် ဒါမကောင်းတဲ့ လက္ခဏာတွေပဲလို့ ကျနော်ပြောချင်တယ်။ ကျနော်တို့က ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုနဲ့ပတ်သက်ပြီးတော့ အရင်တုန်းကလည်း ဖမ်းဆီးခံထားရတဲ့သူတွေနဲ့ပတ်သက်ပြီးတော့ ရပ်တည်ပြီးပြောခဲ့တာရှိတယ်။ ဆက်လက်ပြီးတော့လည်း ဆက်လုပ်သွားမှာဖြစ်တယ်။"

လက်ပံတန်းမြို့မှာ ပိတ်ဆို့ခံထားရတဲ့ ဆန္ဒပြကျောင်းသားတွေကို အကြမ်းမဖက်ဖို့ ရန်ကုန်မှာ တတ်ကြွလှုပ်ရှားသူတွေနဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းအချို့ပေါင်းပြီး ညနေ ၄ က စ ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။ ဆန္ဒပြသူ တစ်ရာကျော်ရှိပြီး၊ ရဲတပ်ဖွဲ့ဝင် တရာကျော်နဲ့ လက်ပတ်အနီပတ်ထားတဲ့ အရပ်ဝတ် လူအင်အားတရာကျော်တို့ အကြမ်းဖက်မှုတွေ မဖြစ်ခင်မှာ အဲဒီနေရာမှာရှိနေကြတယ်လို့ မျက်မြင်တွေက ပြောပါတယ်။

ဆန္ဒပြသူတွေကို အဲဒီ လက်ပတ်နီအရပ်ဝတ်တွေက စတင် ရိုက်နှက် အကြမ်းဖက်မှုတွေလုပ်ပြီး ရဲတပ်ဖွဲ့ဝင်တွေပါ ၀င်ရောက်ရိုက်နှက် ဖမ်းဆီးမှုတွေ လုပ်တာဖြစ်ပါတယ်။ အခုလို အာဏာပိုင်တွေဖက်က လူစုခွဲ ရိုက်နှက်ဖမ်းဆီးမှုတွေမလုပ်ခင်မှာတော့၊ ဆန္ဒပြမှုဟာ ဥပဒေနဲ့မညီညွတ်လို့ လူစုခွဲပေးဖို့ဆိုပြီး ရဲအာဏာပိုင်တွေက သတိပေးကြေညာခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com



လက်ပံတန်းမြို့က ဒီမိုကရေစီ ပညာရေး သပိတ်စစ်ကြောင်းကို အကြမ်းဖက် ဖြိုခွဲတာမလုပ်ဖို့ တောင်းဆိုကြတဲ့ ကျောင်းသူ ကျောင်းသားတွေနဲ့ ၀ိုင်းဝန်းကူညီကြသူတွေကို ဒီနေ့ညနေ ၄ နာရီကျော်လောက်က စွမ်းအားရှင်နဲ့ ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွင်းခဲ့ပါတယ်။

၈၈မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက မနီလာသိန်း ကိုမျိုးသန့်၊ မနုနုအောင်တို့လည်း ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ကားတွေထဲမှာ ပါသွားခဲ့ပါတယ်။ (ရိုက်ကူး - ကျော်လွင်ဦး/RFA)

RFA Burmese
https://www.facebook.com/pages/RFA-Burmese


လက်ပံတန်းမှာ ကျာင်းသားသပိတ်စစ်ကြောင်း တားဆီးခံရမှုကို ကန့်ကွက်တဲ့အနေနဲ့ ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ထိုင်သပိတ်ဆင်နွှဲနေသူတွေကို ရဲတပ်ဖွဲ့ဝင်တွေက ဖြိုခွင်းရိုက်နှက်ကာ လူအချို့ကို ဖမ်းဆီးသွားပါတယ်။

ရန်ကုန်မြို့တော်ခန်းမရှေ့ သတင်းယူနေတဲ့ ဒီဗွီဘီ သတင်းထောက် ကိုပိုင်စိုးက ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူအဖွဲ့အစည်းက မနီလာသိန်းနဲ့ ကျောင်းသားအချို့ကို ဖမ်းဆီးသွားတယ်လို့ ပြောပါတယ်။

“စည်းကမ်း လက်ပတ်ပတ်ထားသူတွေက သူတို့ ကျောင်းသားထုကို ၀င်ရိုက်ပြီးတော့ ပြသနာရှာပြီးတဲ့နောက်ပိုင်းမှာ သူတို့ ကားတွေနဲ့ ထွက်သွားတယ်။ ၈၈ က မနီလာသိန်းအပါအ၀င် ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂအတွင်းရေးမှူး ကိုနန်းလင်းအပါအ၀င် နည်းဆုံး ၆ ယောက်လောက်ကတော့ အဖမ်းခံရတယ်။ ကားနဲ့ တင်ခေါ်သွားတယ်။”

ကျောင်းသားသပိတ်ခေါင်းဆောင်တွေက ဒီနေ့ ညနေ ၄ နာ၇ီလောက်မှာ မြို့တော်ခန်းမရှေ့ စတင်ဆန္ဒပြတာဖြစ်ပေမယ့် ဒီမတိုင်ခင်ကလည်း စွမ်းအားရှင်တွေက လိုင်းကား ၆ စီးကို ချာစွဲထားပြီး အခု ဖမ်းဆီးသူကို ဘယ်မှာခေါ်သွားလဲဆိုတာ မသိရသေးဘူးလို့လည်း ပြောပါတယ်။

By DVB
http://burmese.dvb.no




အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး အမျိုးသား လွှတ်တော်မှာ ဒီကနေ့ ကျင်းပတဲ့  ကြားနာပွဲကနေ ကျောင်းသား ကိုယ်စားလှယ်တွေ ဆွေးနွေးမှု မလုပ်ဘဲ ပြန်လည်ထွက်ခွာ သွားပါတယ်။

ကျောင်းသားတွေအနေနဲ့ သပိတ်စစ်ကြောင်း လက်ပံတန်းမှာ တားဆီးပိတ်ဆို့ ခံရတဲ့ အတွက် ဒီကြားနာမှုကို ဆက်လက်လုပ်ဆောင်ဖို့ အဆင်မပြေကြောင်း ပြောဆိုခဲ့တယ်လို့ ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှုကော်မတီက ကိုနန်းလင်းက ပြောပါတယ်။

“လက်ပံတန်းမှာ ကျနော်တို့ ကျောင်းသားရဲဘော်တွေနဲ့ အစိုးရရဲတပ်ဖွဲ့နဲ့ ထိပ်တိုက်တင်းမာမှု တွေဖြစ်နေတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့ ဒီမှာတက်ဖို့က အဆင်မပြေဘူး။ နောက်တခုက လွှတ်တော်မှာ သမိုင်းမှာမရှိဘဲ ဒီလိုမျိုးကြားနာမှုလုပ်တဲ့အတွက် ကျနော်တို့က အသိအမှတ်ပြုတယ်။ လွှတ်တော်ရဲ့ လုပ်တဲ့ပုံစံကို ကျနော်တို့က နားလည်တယ်ပေါ့နော်။ ဒါပေမယ့် ကျနော်တို့ ကျောင်းသားရဲဘော်တွေအနေနဲ့ လက်ပံတန်းမှာ အစိုးရရဲတပ်ဖွဲ့နဲ့ တင်းမာမှုဖြစ်တဲ့အတွက် ကျနော်တို့အနေနဲ့ ဆက်ပြီးတော့ ကြားနာမှုအတွက်အဆင်မပြေဘူးလို့ ကျနော်တို့ ပြောခဲ့တယ်။”

လွှတ်တော်ကြားနာမှုကို သွားရောက်ခဲ့တဲ့ ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ကိုဇေယျာလွင်က “လွှတ်တော်မှာ ပြင်ဆင်ထားတဲ့ အမျိုးသားပညာရေးဥပဒေကြမ်း ကြားနာမှုကို ကြိုဆိုတဲ့အနေနဲ့ လွှတ်တော်ကို တက်ရောက်ပြီး ကျနော်တို့ မိတ်ဆက် စကားပြောခဲ့တယ်။ ဒါပေမယ့် လက်ရှိ လက်ပံတန်းမှာ ဖြစ်နေတဲ့ အခြေအနေတွေကို လက်မခံနိုင်တဲ့အတွက် လွှတ်တော်ကနေ ပြန်ထွက်လာခဲ့တယ်” လို့ ပြောပါတယ်။

အလားတူ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (အန်အန်အီးအာ) ကလည်း ကျောင်းသားတွေရဲ့  ငြိမ်းချမ်းစွာဆန္ဒပြတောင်းဆိုမှုတွေကို အစိုးရက ဘယ်လို ကိုင်တွယ်ဖြေရှင်းလဲဆိုတာ စိုးရိမ်မကင်းဖြစ်မိတဲ့အတွက်  မတ်လ ၇ ရက်နေ့  အမျိုးသားလွှတ်တော်ကြားနာပွဲ တက်ရောက်မယ့်အစီအစဉ်ကို ရွှေ့ဆိုင်းတယ်လို့  မနေ့က ထုတ်ပြန်ကြေညာပါတယ်။

အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဒေါက်တာဗညားအောင်မိုးကတော့ လွှတ်တော်ကြားနာပွဲမှာ ကျောင်းသားတွေ မကြားနာရင်တော့ အရင်ကတင်ထားတဲ့အတိုင်းပဲ ယူဆရမယ်လို့  ပြောပါတယ်။

“သူတို့ မဆွေးနွေးဘူး၊ အကြားနာမခံဘူး။ NNER နဲ့အတူ တင်ထားတဲ့ ပြင်ဆင်မှုကတော့ ပါပြီးသား အဲဒီအပေါ်မှာ အများက သုံးသပ်ပြီးတော့ ဆုံးဖြတ်ပြီးတော့ သူတို့ခံရမှာလေ။ တကယ်မှာ သူတို့ရဲ့ ဆန္ဒကို ထပ်မပေးတော့ဘူးဆိုရင် မူလ သူတို့တင်ထားတဲ့ဟာကိုပဲ အများက စဉ်းစားပြီးတော့ ဆွေးနွေးကြမယ်။”

အမျိုးသားလွှတ်တော်မှာ ကြားနာမယ့် အစီအစဉ်ကို မတ် ၅ ရက်နေ့ကနေ ၁၅ ရက်အထိ ပြုလုပ်မှာဖြစ်ပြီး သပိတ်မှောက်ကျောင်းသား၊ ပညာရေးကွန်ရက်၊ နိုင်ငံရေးပါတီတွေ အပါအ၀င် အစုအဖွဲ့ ၆ ဖွဲ့က  အယောက် ၂၀ စီ သီးခြား ကြားနာကြမှာဖြစ်ပါတယ်။

By နော်နိုရင်း(ဒီဗွီဘီ)
http://burmese.dvb.no

Photo: RCSS/SSA အား နေပြည်တော်ရဲတပ်ဖွဲ့မှ တားဆီးစစ်ဆေးစဉ်
မတ်ခ်ျလ ၄ ရက် ၂၀၁၅

ကရင်ပြည်နယ် ဘားအံမြို့တွင် ကျင်းပပြုလုပ်သော ငြိမ်းချမ်းရေးဖြစ်စဉ် အလုပ်ရုံ ဆွေးနွေးပွဲမှအပြန် ရန်ကုန်-မန္တလေး ၊ နေပြည်တော် အမြန်လမ်းတွင် RCSS/SSA မောင်းနှင်လာသော ယာဉ်အား နေပြည်တော်ရဲ တပ်ဖွဲ့မှ တနာရီကျော် ခေါ်ယူ စစ်ဆေးခဲ့ ကြောင်း သတင်းရရှိသည် ။

နေပြည်တော် ရဲတပ်ဖွဲ့မှ ဒုရဲအုပ်အဆင့်ရှိသူက RCSS/SSA မှ မောင်းနှင် လာသော ယာဉ်(၅)စီး၏ ယာဉ်မောင်းလိုင်စင် ၊ ကားလိုင်စင်၊ ခရီးစဉ်တွင်လိုက်ပါသူများစာရင်း နှင့် ကိုယ်ရေးအကျဉ်းများ စစ်ဆေးမေးမြန်းခဲ့ကြောင်း သိရသည် ။

“ ကျနော်တို့ NCA ကိုသွားဖို့ ဘားအံမှာ ပြုလုပ်တဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ပါတ် သက်တဲ့ အလုပ်ရုံဆွေးနွေးပွဲကိုသွား တာ။သက်ဆိုင်ရာ အဆင့်ဆင့်ကိုလည်း အသိပေး အကြောင်း ကြားပြီးမှ သွားတာ။ နေပြည်တော် ရဲတပ်ဖွဲ့က တစ်နာရီကျော်ကြာခေါ်စစ်တာ။ ဒါ မဖြစ် သင့်ပါဘူး။ အထက်ကလူကြီးတွေ လုပ်ဆောင်ချက်ကို အောက်ခြေက မသိဘူး ဆိုတဲ့ သဘော ဖြစ်နေတယ် ” ဟု ယင်းခရီးစဉ်တွင်လိုက်ပါသော RCSS အဖွဲ့ဝင်တစ်ဦးက ပြောသည်။
ယင်းငြိမ်းချမ်းရေးဖြစ်စဉ် အလုပ်ရုံဆွေးနွေးပွဲသို့ သွားရန် RCSS မှ နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီးအောင်သူ၊ စရဖ နှင့်သက်ဆိုင်ရာ ဌာနအသီးသီးထံ အကြောင်း ကြားထားသော်လည်း ယခုကဲ့သို့ မလိုလားအပ်ပဲ စစ်ဆေးမေးမြန်းလာခြင်းကြောင့် ခရီးစဉ်နှောင့်နှေးခြင်း၊ ယုံကြည်မှုတည် ဆောက်ရာတွင် မလိုလားအပ်သော ပြဿနာ များဖြစ်လာနိုင်ခြင်းတို့၏ အကြောင်းရင်းများဖြစ်ကြောင်း ၄င်းကဆက်လက်ပြောသည်။

ငြိမ်းချမ်းရေးအလုပ်ရုံဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၂၇ မှ မတ်လ ၁ ရက်နေ့အထိ ဘားအံမြို့တွင် ကျင်းပပြုလုပ်ခဲ့ပြီး RCSS, KNU, ALP, DKBA, PNLO, CNF,KNPP, MNSP, KNLA စသည့်တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့များ တက်ရောက်ခဲ့သည်။ RCSS မှလည်း ၂၄ ဦးတက်ရောက်ခဲ့သည်ဟု သိရသည် ။

ဖေဖော်ဝါရီ ၂၈ ရက်နေ့ကလည်း သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့တွင် RCSS မှ လူငယ်စွမ်းရည်မြင့်သင်တန်း ကျင်းပပြုလုပ်ရာ လင်းခေးခရိုင် မိုးနဲမြို့အခြေစိုက် ခလရ ၂၄၈ က ၀င်ရောက် တိုက် ခိုက်ခဲ့သောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး အစိုးရတပ်မှ တစ်ဦး ဒဏ်ရာရရှိကာ RCSS ဘက်မှ ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည် ။

သျှမ်းသံတော်ဆင့်၊ ယိင်းတိုင်း

တိုက်ခိုက်ခံရအပြီး သံအမတ်ကြီး Mark Lippert ကိုတွေ့ရစဉ်
တောင်ကိုရီးယားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Mark Lippert ဟာ ဆိုးလ်မြို့မှာ လက်နက်ကိုင် လူတဦးရဲ့ တိုက်ခိုက်ခြင်း ခံလိုက်ရပြီး ဒဏ်ရာရသွားခဲ့ပါတယ်။ အသက် ၄၂ နှစ်အရွယ် သံအမတ်ကြီး Lippert ကို ဆေးကုသမှုပေးဖို့အတွက် ဆေးရုံကို ခေါ်သွားကြောင်း ဒေသခံ သတင်းတွေမှာ ဖော်ပြကြပါတယ်။

သူ့မျက်နှာမှာ ဒဏ်ရာရသွားပြီး သွေးတွေ ထွက်ကျနေပေမဲ့ ဆေးရုံကိုသွားဖို့အတွက် အပြင်ကို သူ့ဟာသူ လမ်းလျှောက်ထွက်လာတဲ့ ပုံတွေကိုလည်း ဒေသခံသတင်းတွေမှာ ဖော်ပြကြပါတယ်။ သူ့မျက်နှာ ညာဖက်အခြမ်းကို ဒါးနဲ့အလှီးခံလိုက်ရခြင်း ဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြကြပါတယ်။ ဒဏ်ရာက ဘယ်လောက်ပြင်းတယ် ဆိုတာတော့ အတိအကျ မသိရသေးပါဘူး။

သံအမတ်ကြီး Lippert ကို အခု ဆေးရုံမှာ ကုသမှုပေးနေကြောင်း၊ သူအခုလို ဘာကြောင့် တိုက်ခိုက်ခံရတယ် ဆိုတာကို မသိသေးကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရအမျိုးသမီး Marie Harf က CNN ရုပ်မြင်သံကြားကတဆင့် ပြောကြားခဲ့ပါတယ်။ သူ့ဒဏ်ရာတွေဟာ အသက်အန္တရာယ် မဖြစ်နိုင်ကြောင်း၊ တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ အပြည့်အစုံ သိနိုင်အောင် စုံစမ်း စစ်ဆေးသွားမှာဖြစ်ကြောင်း Marie Harf က ပြောပါတယ်။

Kim ဆိုတဲ့ နာမည်တလုံးသာ သိခွင့်ရသေးတဲ့သူက တိုက်ခိုက်ခဲ့ခြင်း ဖြစ်တယ်လို့လည်း တောင်ကိုရီးယား Yonhap သတင်းမှာ ဖော်ပြထားပြီး၊ သူ့ကို ဖမ်းဆီး ထိန်းသိမ်းလိုက်ပြီလို့ ဆိုပါတယ်။ တိုက်ခိုက်မှု ပြုလုပ်တဲ့အချိန် တောင်နဲ့ မြောက်ကိုရီးယားတို့ ပေါင်းစည်းသင့်တယ်ဆိုပြီး အဲဒီလူက အော်ဟစ်ခဲ့တယ်လို့ ဆိုပါတယ်။

ရန်ဖက် တောင်နဲ့မြောက် ကိုရီးယား ၂ နိုင်ငံအကြားက နယ်စပ်ဒေသဟာ ကမ္ဘာမှာ လက်နက်ကိုင် တပ်ဖွဲ့အင်အား အများဆုံး နေရာလည်း ဖြစ်ပါတယ်။ မြောက်ကိုရီးယားရဲ့ရန်က ကာကွယ်ဖို့အတွက် အမေရိကန်က တပ်ဖွဲ့အင်အား ၂၈,၅၀၀ တောင်ကိုရီးယားမှာ ချထားပြီး အဲဒီလို အမေရိကန် တပ်ဖွဲ့တွေ ရှိနေခြင်းဟာ တောင်နဲ့မြောက် ကိုရီးယား ၂ နိုင်ငံ ပေါင်းစည်းရေးအတွက် အဟန့်အတား ဖြစ်တယ်လို့ ကိုရီးယားလူမျိုးတချို့က ယူဆနေကြတာ ဖြစ်ပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.