03/08/15

လက်ပံတန်းမြို့က ကျောင်းသားသပိတ်အနေနဲ့ အစိုးရနဲ့ ထိပ်တိုက်တွေ့မယ့် လုပ်ရပ်တွေကို မလုပ်ဖို့ပညာရေး စနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ယက် NNER ကိုယ်စားလှယ်တွေက ပင်မသပိတ်ကျောင်း သားခေါင်းဆောင်တွေကို တွေ့ဆုံ ပြောကြားခဲ့ပါတယ်။

မကြာခင်မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွေ ဖြေဆို ရမှာဖြစ်တာကြောင့် ရဲတပ်ဖွဲ့က တားဆီးထားတာ ကို ဖောက်ထွက်တာတွေ မလုပ်ဖို့ NNER ကိုယ်စား လှယ်တွေက လာရောက်ပြောကြားခဲ့တယ်လို့ ကျောင်း သား ကိုမင်းမင်းဇော် က ပြောပါတယ်။

"၁၀ တန်း စာမေးပွဲရှိတယ်၊ ဒီကြားထဲမှာ မနက် ကလိုမျိုး တစ်ခုခုစပြီးတော့ ကိုယ့်ဘက်ကနေ တိုးချင်လဲတိုးမယ်၊ ဖမ်းချင်လဲဖမ်းကြဆိုတဲ့ဟာ မျိုးဖြစ်သွားမှာဆိုးလို့ သူတို့က ဒီကြားထဲမှာတော့မဆုံးဖြတ်ပါနဲ့ဆိုတာမျိုးပေါ့၊ လွှတ်တော်ထဲမှာလဲ အရပ် ဘက် အဖွဲ့အစည်းတွေကနေ သမ္မတရုံးကိုစာတင်တာပေါ့နော်၊ အရပ်ဘက်အဖွဲ့အစည်းကလဲ သူတို့မှာရှိတဲ့ တချို့အင်အားတွေ သပိတ်စခန်းမှာလာကူညီဖို့ အစီအစဉ်တွေ ရှိတယ်ဆို တော့ သပိတ်အနေနဲ့ ဆန္ဒမစောဖို့ ဒီလိုပုံစံမျိုးတွေပေါ့နော် "

NNER ကိုယ်စားလှယ်တွေဖြစ်တဲ့ ဒေါက်တာသိန်းလွင်၊ ဒေါက်တာညိုညိုသင်း၊ ကိုစိုးထွန်း၊ ဒေါ်သူသူမာ တို့ က ကျောင်းသားသပိတ်ခေါင်းဆောင်တွေကို မနေ့ညက သွားရောက်တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

တိုင်းရင်းသားပါတီတွေ နဲ့အရပ်ဖက်လူမှုအဖွဲ့အစည်းတွေက ကျောင်းသား ကျောင်းသူတွေရဲ့ တောင်းဆိုချက်တွေကို ညှိနှိုင်းဖြေရှင်းပေးဖို့ နိုင်ငံတော်သမ္မတထံ မနေ့က မေတ္တာရပ်ခံထားပါတယ်။

ပင်မသပိတ်စစ်ကြောင်းဟာ လက်ပံတန်းမြို့ကနေ သာယာဝတီမြို့ကို ချီတက်ဖို့ ကြိုးစားရာမှာ တားဆီးခံရတာဖြစ်ပြီး လက်ပံတန်းမြို့၊ အောင်မြေ ဗိမာန်ကျောင်းတိုက် အနီး တန် ၂၅၀ လမ်းထိပ်မှာ သပိတ်စခန်းဖွင့် ဆန္ဒပြနေတာ ဒီနေ့ ဆိုရင် ၇ ရက် ရှိပြီ ဖြစ်ပါတယ်။

သပိတ်မှောက်ကျောင်းသားခေါင်းဆောင် ကိုကျော်ကိုကို က ကျောင်းသား၊ ကျောင်းသူ တွေအနေနဲ့ ထိုင်သပိတ်ကို ဆက်လက်ထားရှိသွား မှာဖြစ်ပြီး ပြည်ထောင်စုအစိုးရနဲ့ ဆွေးနွေးညှိနှိုင်းလိုတယ်လို့ ပြောပါတယ်။

RFA
http://www.rfa.org/burmese/news/nner-urge-not-confront-government-03082015100125.html

ငြိမ်းချမ်းစွာစုဝေးခွင့်နှင့်စီတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒေ ထွက်ပေါ်လာပြီးနောက်ပိုင်း
ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ( ၁၂၈ ) ကိုမည်သည့်
အခြေအနေမျိုးတွင်ကျင့်သုံးခွင့်ရှိသနည်း ဆိုသောဥပဒေ
ဆိုင်ရာ အငြင်းပွားမှု ဖြစ်ပေါ်လာပါသည်။

၅.၃.၂၀၁၅ ခုနှစ် ညနေ ၄:၃၀ ခန့်တွင်မြို့တော်ခန်းမရှေ့ဆန္ဒပြပွဲအားတာဝန်လက်ပတ်
ဝတ်ဆင်ထားပြီးစွပ်ကျယ်၊ဘောင်းဘီတိုဝတ် ဆေးမင်ကြောင်ထိုးထားသူများ (အများပြည်သူအနေဖြင့် လူဆိုးလူမိုက်များဟုယူဆရသူများကရိုက်နှက်အကြမ်း
ဖက်မှုပေါ်ပေါက်ခဲ့ပါသည်။

ပုဒ်မ ( ၁၂၈ ) အရဟုအကြောင်းပြခဲ့ပါလျှင် ---
အမိန့်ပေးသော်လည်း လူစုခွဲခြင်းမပြုလျှင် / မှသာ
ကျင့်သုံးနိုင်ပါသည်။
မိနစ် ( ၃၀ ) အတွင်းလူစုခွဲရန်ကြေငြာပြီး မိနစ် ( ၂၀ ) တွင်ထိုသို့အကြမ်းဖက်ခြင်းဖြစ်ပါသည်။
လူစုမခွဲဘဲရေရှည်သပိတ်မှောက်မည့်အစီအစဉ်မတွေ့ရပါ။

လက်နက်ကိုင်မဟုတ်သူမည်သည့်အမျိုးသားကိုမဆို
အကူအညီတောင်းနိုင်သည်။ ဟုပြဌါန်းချက် နှင့်ပတ်သက်၍
ရဲလုံခြုံရေးအင်အားသည် အကူအညီတောင်းရန်မလိုလောက်အောင်အများအပြား
ရှိနေကြောင်းတွေ့ရှိရပါသည်။
အခင်းဖြစ်ပွားစဉ် အကူအညီလိုအပ်၍တောင်းခံရသည့်ပုံ
မဟုတ်ဘဲကြိုတင်ကြံစီစုဆောင်းထားကြောင်းလည်း
အထင်အရှားတွေ့ရှိရပါသည်။
တုတ်လက်နက်အသီးသီးကိုင်ဆောင်ထားသူများဖြစ်ကြောင်း
အထင်အရှားတွေ့ရှိရပါသည်။
မြန်မာမိန်းကလေးငယ်များအားကာအိနြေ္ဒပျက်စီးစေမှု၊ထိခိုက်နာကျင်စေမှုတို့ကို (အများပြည်သူအနေဖြင့် လူဆိုး
လူမိုက်များဟုယူဆရသူများ ) ကကျူးလွန်ခဲ့ကြောင်း
ပေါ်လွင်ထင်ရှားလျှက်ရှိသဖြင့်
တာဝန်လက်ပတ်များပေးအပ်ခိုင်းစေခဲ့သောတာဝန်ရှိသူအား
ဖေါ်ထုတ်အရေးယူမှသာ နိုင်ငံတော်၏ဂုဏ်သိက္ခာကိုထိန်းသိမ်းနိုင်လိမ့်မည်ဖြစ်သည်။

အချုပ်အားဖြင့်ပုဒ်မ (၁၂၈) နှင့်မညီညွတ်ရုံမက
ယင်း ပုဒ်မ (၁၂၈) သည်ခေတ်နှင့်လျော်ညီမှုရှိ၊မရှိပြန်လည်
စီစစ်ရန်လိုအပ်ပါသည်။
ဥရောပသမဂ္ဂ၏ ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေးသင်တန်း
အကျိုးသက်ရောက်မှုကိုလည်းပြန်လည်သုံးသပ်ရန်
လိုအပ်မည်ဖြစ်ကြောင်းတင်ပြလိုက်ရပေသည်။

-------------

စည်သူအောင်မြင့် ရဲ. “စွမ်းအားရှင် သုံးတာ ဥပဒေနဲ့ လျော်ညီသတဲ့လား”
==================================================

အားလုံးသိကြပြီးဖြစ်တဲ့အတိုင်း ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့က ရန်ကုန် မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြနေသူတွေကို ရဲတပ်ဖွဲ့တွေနဲ့ စွမ်းအားရှင်တွေက အင်အားသုံး အကြမ်းဖက် နှိမ်နင်းခဲ့ပါတယ်။ ဒီလို စွမ်းအားရှင်တွေကို သုံးပြီး နှိမ်နင်းတာဟာ ဥပဒေ အတိုင်း ဆောင်ရွက်တာ ဖြစ်တယ် ဆိုပြီး အာဏာပိုင်တွေဘက်က ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ ပုဒ်မ ၁၂၇ နဲ့ ၁၂၈ မိတ္တူစာရွက်တွေ ဖြန့်ဝေပြီး ဆင်ခြေပေးတာလည်း လုပ်ခဲ့ပါတယ်။ သမ္မတ ပြောခွင့်ရ ဝန်ကြီး ဦးရဲထွဋ်ကိုယ်တိုင် ရဲတပ်ဖွဲ့ဟာ ဥပဒေမှာ ပါတဲ့အတိုင်း လုပ်ခဲ့တာ ဖြစ်တယ်။ တကယ်လို့ အများပြည်သူ အနေနဲ့ ဒါကို ဥပဒေနဲ့ မညီဘူးလို့ ထင်ရင် တရားစွဲဆိုပိုင်ခွင့် ရှိတယ် ဆိုပြီး ဖြေရှင်းချက်ပေးခဲ့ပြန်ပါတယ်။ ဆန္ဒပြမှုကို နှိမ်နင်းသူတွေဟာ ဥပဒေပါ ဘယ်အချက်ကို အသုံးပြုခဲ့ကြသလဲ၊ ဒါဟာ ဥပဒေနဲ့ အညီလို့ ပြောလို့ရမလား၊ အစိုးရ အာဏာပိုင်တွေဟာ ပြသနာတွေကို ဥပဒေနဲ့ အညီ ကိုင်တွယ်ခဲ့ပါရဲ့လား ဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။

ပြည်ထဲရေး ဝန်ကြီးဌာနနဲ့ အစိုးရဘက်က အသုံးပြုခဲ့တယ်လို့ ဆင်ခြေပေးထားတဲ့ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေဆိုတာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ကျော် နယ်ချဲ့ အင်္ဂလိပ် အစိုးရလက်ထက် ၁၈၉၈ ခုနှစ်က ပြဌာန်းခဲ့တဲ့ India Act, 1898ပဲ ဖြစ်ပါတယ်။ အဲဒီအထဲကမှ အာဏာပိုင်တွေ ရွေးထုတ်ပြခဲ့တာကတော့ ပုဒ်မ ၁၂၇ နဲ့ ၁၂၈ ပါ။ သူတို့ ပြောသလိုပဲ ဥပဒေနဲ့ ကိုက်ညီ မကိုက်ညီ ပြန်ဆန်းစစ်ကြည့်နိုင်ပါတယ်။ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ အခန်း(၉) “ဥပဒေနှင့် ဆန့်ကျင်သည့် အစုအဝေးများ” ခေါင်းစဉ်အောက်က “ ရာဇဝတ် တရားသူကြီး၊ သို့မဟုတ် ရဲအရာရှိက အစုအဝေးကို လူစုခွဲရန် အမိန့်ပေးခြင်း” စာပုဒ်၊ ပုဒ်မ ၁၂၇ (၁) မှာ ခုလို ဖော်ပြထားပါတယ်။

“မည်သည့် ရာဇဝတ်တရားသူကြီး သို့မဟုတ် ပြည်သူ့ရဲတပ်ဖွဲ့စခန်းမှူး သို့မဟုတ် ဒုရဲအုပ်အောက် အဆင့်မနိမ့်သော ရဲအရာရှိကမဆို တရားဥပဒေနှင့် ဆန့်ကျင်သည့် အစုအဝေးတစ်စုံတစ်ရာကို သို့မဟုတ် အများပြည်သူတို့ ငြိမ်းချမ်းခြင်းကို နှောင့်ယှက်ဖျက်ဆီးရန် ရှိသော လူငါးဦးဖြစ်စေ၊ ၎င်းထက်ပို၍ဖြစ်စေ စုဝေးသည့် အစုအဝေး တစ်စုံတစ်ရာကို လူစုခွဲစေရန် အမိန့်ပေးနိုင်သည်။ ထိုကဲ့သို့ အမိန့်ပေးသည့်အခါတွင်လည်း ၎င်းအစုအဝေးတွင် ပါဝင်သူတို့သည် အမိန့်ပေးသည့်အတိုင်း လူစုခွဲရန် တာဝန်ရှိသည်။”

ဒီ ဥပဒေက ညွှန်းဆိုတာဟာ “တရားဥပဒေနှင့် ဆန့်ကျင်သည့် အစုအဝေးတစ်စုံတစ်ရာ သို့မဟုတ် အများပြည်သူတို့ ငြိမ်းချမ်းခြင်းကို နှောင့်ယှက်ဖျက်ဆီးရန်ရှိသော” လူအုပ်စုကိုပါ။ ဥပမာအားဖြင့် လူမျိုးရေး ဘာသာရေးဆန်တဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တဲ့ ကာလ အတွင်း မိတ္တီလာလို၊ လားရှိုးလို၊ မန္တလေးလို နေရာတွေမှာ ပေါ်ပေါက်ခဲ့တဲ့ လူအစုအဝေး ပုံစံမျိုးတွေပါ။ အခု မတ်လ ၅ ရက်နေ့က မြို့တော် ခန်းမရှေ့မှာ ဆန္ဒပြနေသူတွေကတော့ လက်ပံတန်းမှာ ပိတ်မိနေတဲ့ သပိတ်မှောက် ကျောင်းသားတွေကို ထောက်ခံတဲ့၊ အဲဒီ ကျောင်းသားတွေကို အကြမ်းမဖက်ဖို့ စုဝေး ဆန္ဒ ထုတ်ဖော်တဲ့ အစုအဝေးပဲ ဖြစ်ပါတယ်။ လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေ အရလည်း ဆန္ဒပြပွဲလုပ်တာကို ခွင့်ပြုပေးထားတဲ့အတွက် တရားဥပဒေ နဲ့ ဆန့်ကျင်တယ်လို့ မဆိုနိုင်ပါဘူး။ ဒီလို အလားတူ ဆန္ဒပြပွဲမျိုးတွေ ရှေ့ ရက်ပိုင်းတွေမှာလည်း ပေါ်ပေါက်ခဲ့ဖူးပြီး အာဏာပိုင်တွေရဲ့ စွက်ဖက်မှု မရှိရင် အေးအေးချမ်းချမ်း လူစုကွဲသွားတဲ့ လက်နက်ဆိုလို့ အပ်တို တစ်ချောင်းမှ ကိုင်မထားတဲ့ အစု အဖွဲ့ ဖြစ်နေလို့ပါပဲ။ ပြောရရင် ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကို အဲဒီ ဥပဒေကိုင်ပြီး အရပ်သားတွေကို အကြမ်းဖက် ခိုင်းတာဟာ ဥပဒေနဲ့ လျော်ညီတယ်လို့ မဆိုနိုင်ပါဘူး။

“အစုအဝေးကို လူစုခွဲရန် မြို့ပြ အင်အားကို အသုံးပြုခြင်း” စာပုဒ်၊ ပုဒ်မ ၁၂၈ မှာတော့ ခုလို ဖော်ပြထားပါတယ်။ “ ထိုကဲ့သို့ အမိန့်ပေးသော်လည်း လူစုခွဲခြင်း မပြုလျင် သို့မဟုတ် ထိုသို့ အမိန့်မပေးပါက လူစုလူဝေးကို မုချ မချေဖျက်မည့် အကြောင်း ထင်ရှားစေသည့် အမူအရာကို ပြုလုပ်လျင် မည်သည့် ရာဇဝတ် တရားသူကြီး၊ သို့မဟုတ် မည်သည့် ပြည်သူ့ရဲတပ်ဖွဲ့ စခန်းမှူး၊ သို့မဟုတ် ဒုရဲအုပ်အောက် အဆင့် မနိမ့်သော ရဲ အရာရှိက မဆို ထိုအစုအဝေးကို လူစုခွဲအောင် အင်အားသုံး၍ ပြုလုပ်နိုင်သည်။ ထိုသို့ ပြုလုပ်ရာတွင် ကြည်း၊ ရေ၊ လေ တပ်သား အရာရှိ မဟုတ်သူ၊ သို့မဟုတ် မြန်မာနိုင်ငံ နယ်ခြားတပ် အက်ဥပဒေ၊ သို့မဟုတ် မြန်မာနိုင်ငံ အရံတပ် အက်ဥပဒေအရ လက်နက်ကိုင် မဟုတ်သူ မည်သည့် အမျိုးသားကိုမဆို အကူအညီ တောင်းနိုင်သည်။ ထိုသူများကို အင်အားပြုလုပ်၍ လူစုခွဲရမည်။ လိုအပ်လျင် အစုအဝေးတွင် ပါဝင်သူတို့ကို လူစုခွဲရန် သို့မဟုတ် တရားဥပဒေနှင့် အညီ ပြစ်ဒါဏ် စီရင်နိုင်ရန် ဖမ်းဆီး ချုပ်နှောင်နိုင်သည်။”

ဥပဒေရဲ့ ဆိုလိုရင်းဟာ အဲလို ဥပဒေမဲ့၊ ပြည်သူတွေရဲ့ ငြိမ်းချမ်းခြင်းကို နှောင့်ယှက် ဖျက်ဆီးတယ် ဆိုကာမှ သက်ဆိုင်ရာ တာဝန်ရှိသူဟာ လူစုလူဝေးကို ဖြိုခွဲဖို့ အကူအညီ တောင်းရမယ်လို့ ဆိုထားတာပါ။ အခုလုပ်ပုံက ပြည်ထဲရေးဝန်ကြီးဌာနဟာ အောက်ခြေ အုပ်ချုပ်ရေးမှူးတွေကနေ တဆင့် လူတွေ စနစ်တကျ ဆင့်ခေါ်၊ ကြိုတင် လူစုဆောင်း လေ့ကျင့်ပေးပြီး ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့သူတွေကို အကြမ်းဖက် နှိမ်နင်းတာပဲ ဖြစ်ပါတယ်။ ဒါကလည်း ဥပဒေနဲ့ မညီပါဘူး။

ဥပဒေ ကြောင်းမှာ ပါတဲ့ နောက်ထပ် ပုဒ်မ တစ်ခုကို ဖတ်လိုက်ရင် ပိုပြီး ရှင်းလင်းသွားနိုင်ပါတယ်။ စစ်အင်အားကို အသုံးပြုခြင်း စာပိုဒ် ပုဒ်မ ၁၂၉မှာ “ဆိုခဲ့သည့် အစုအဝေးကို အခြားနည်းဖြင့် လူစုကွဲအောင် မပြုလုပ်နိုင်လျင် ထို့ပြင် အများပြည်သူတို့ဇ။် ဘေးအန္တရာယ်မှ လုံခြုံစေခြင်းငှာ ၄င်းအစုဝေးကို လူစုခွဲရန် သင့်လျင် ထိုနေရာတွင် ရှိနေသော ရာထူးအဆင့်အတန်း အမြင့်ဆုံးဖြစ်သည့် ရာဇ၀တ် တရားသူကြီးက ၄င်း အစုအဝေးကို စစ်အင်အားသုံး၍ လူစုခွဲနိုင်သည်။” ဆိုပြီး ဖော်ပြထားပါတယ်။ ရာဇ၀တ် တရားသူကြီးက စစ်အရာရှိကို ဆင့်ခေါ်ပြီး စစ်အင်အားနဲ့ နှိမ်နင်းစေနိုင်တယ် ဆိုတဲ့ သဘောပါ။ လိုအပ်ရင် စစ်အင်အား အသုံးပြုပြီး နှိမ်နင်းနိုင်သည် အထိ ပြဌာန်းထားလေတော့ ဒီ ဥပဒေပါ ပြဌာန်းချက်ဟာ ဘယ်လို လူအုပ်စုမျိုးကို ဆိုလိုသလဲ ဆိုတာ ရှင်းလင်းစေပါတယ်။

ပြောရရင် သိပ်မကြာသေးခင် ကာလတွေတုန်းက ရခိုင်ပြည်နယ်မှာ၊ မိတ္တီလာမှာ ပဲခူးတိုင်းမှာ၊ လားရှိုးမှာ၊ မန္တလေးမှာ အဲလို အကြမ်းဖက်တဲ့ လူအုပ်စုတွေ ထွက်ပေါ်လာခဲ့ဖူးပါတယ်။ ဒါပေမယ့် ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ရဲတပ်ဖွဲ့ဟာ ဒီ ဥပဒေပါ ပြဌာန်းချက်တွေကို လိုက်နာ အကောင်အထည် ဖော်ရမယ့်အစား မတ်တပ်ရပ် ရပ် ကြည့်နေတာမျိုးကိုပဲ ဆောင်ရွက်ခဲ့တာ တွေ့ရမှာပါ။ အခုလို ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြတဲ့ လူတွေကိုကျမှ ဥပဒေပါ အချက်တစ်ချို့ကို ဆွဲထုတ်၊ အုပ်ချုပ်ရေးပိုင်းကို မလွန်ဆန်နိုင်တဲ့သူတွေ၊ ရပ်ကွက်ထဲက ဂျပိုးသူခိုး လူဆိုးလူမိုက်တွေကို ခေါ်ယူလာပြီး ဥပဒေနဲ့အညီ ဆောင်ရွက်ရပါတယ် လို့ ပြောဆိုနေတာတွေဟာ မှန်ကန်မှု မရှိပါကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနဟာ ခုလိုပဲ ဆက်ပြီး လုပ်နေမယ်ဆိုရင် တိုင်းပြည်မတည်ငြိမ်မှု ပိုပြီး ဖြစ်လာနိုင်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

လက်ပံတန်းမြို့မှာ ရဲတပ်ဖွဲ့က ပိတ်ဆို့ထားတဲ့ ပင်မကျောင်းသားသပိတ် စစ်ကြောင်းကို ပြန်ဖွင့်ပေးဖို့နဲ့ ဆန္ဒပြကျောင်းသူ၊ ကျောင်းသားတွေကို အကြမ်းဖက်မဖြိုခွဲဖို့ ရန်ကုန်တိုင်း မှော်ဘီဈေးရှေ့မှာ ဒေသခံတွေနဲ့ ကျောင်းသားတွေ ပူးပေါင်းပြီး ဒီနေ့မနက်က ဆန္ဒပြခဲ့ကြပါတယ်။

ရိုက်ကူး - ကျော်ဇောဝင်း
RFA Burmese




လက်ပံတန်းမြို့ ကျွန်းကလေးအနောက်ဘက်လမ်းမှာ ရဲတပ်ဖွဲ့ရဲ့ တားဆီးပိတ်ဆို့ခံထားရလို့ ရက်ရှည် ထိုင်သပိတ် ဆင်နွှဲနေတဲ့ ပင်မသပိတ်စစ်ကြောင်းက ကျောင်းသားတွေရဲ့ ကျန်းမာရေး ထိခိုက်မှုတွေ ရှိလာနေပါတယ်။

ရာသီဥတုပူပြင်းလာသလို နေရာအပြောင်းအလဲတွေကြောင့်လည်း ဖျားနာတဲ့ ကျောင်းသားတွေ ရှိနေတယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်(ဗကသ)ပြောပါတယ်။

ဗကသကများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီက ကိုမင်းသွေးသစ်က “ကျောင်းသားတွေရဲ့ ကျန်းမာရေး ထိခိုက်မှုတွေရှိနေပါတယ်။ ရာသီဥတုက နေ့ဘက်မှာ အရမ်းပူတယ်။ ကျောင်းသားတွေက တနေကုန် နေပူထဲမှာ ထိုင်ရတယ်။ ညဘက်ကြတော့လည်း ဒီကတ္တရာလမ်းပေါ်မှာပဲအိပ်တော့ ကတ္တရာက အပူတွေပြန်တယ်။ ရာသီဥတုက ညဘက်ကျရင် နှင်းတွေကျတော့ အခုကျောင်းသားကျောင်းသူတွေ အဆုတ်အအေးပတ်ပြီး ချောင်းဆိုးတာတို့ဖျားတာတို့ ဖြစ်တာ ၁၀ယောက်လောက်ရှိပြီ။ မိန်းကလေးတွေဆို အားနည်းတဲ့အတွက် ဆေးသွင်းရတာမျိုးတွေရှိတယ်”လို့ ပြောပါတယ်။

လက်ရှိကျောင်းသားကျောင်းသူတွေရဲ့ ကျန်းမားရေးအတွက် ဦးကျော်သူရဲ့ နာရေးကူညီမှုအသင်း(ရန်ကုန်) က ဆေးဝါးပစ္စည်းတွေပါဝင်တဲ့ လူနာတင်ကား ၂ စီးနဲ့လာရောက်ကူညီနေပါတယ်။

လက်ပံတန်းမြို့က ဒေသခံဆရာဝန်တွေကလည်း နေ့စဉ် အလှည့်ကျ စေတနာနဲ့ လာရောက် ဆေးကုသ ပေးနေပါတယ်။

နာရေးကူညီမှုအသင်း (ရန်ကုန်)က ကိုဝေယျာအောင်မြင့်က ”အခုကျောင်းသားကျောင်းသူတွေ ရဲ့ ကျန်းမာရေး အခြေအနေက ရေဓာတ်ဆုံးရှုံးမှု အများဆုံးဖြစ်နေပါတယ်။ အခုရာသီဥတုက နေ့ပိုင်းမှာ အရမ်းပူနေတော့ တော်တော်များများက ရေဓာတ်ဆုံးရှုံးပြီး သွေးပေါင်ကျတာတို့ မူးတာတို့ဖြစ်ကြ တာများတယ်”လို့ ပြောပါတယ်။

ပိတ်ဆို့ခံထားရတဲ့ ကျောင်းသားသပိတ်ထဲက ကျောင်းသားတွေက အစပိုင်းမှာ အစာငတ်ခံဆန္ဒပြခဲ့ကြပေမယ့် ရာသီဥတု အရမ်းပူပြင်းပြီး မူးမေ့သွားတာမျိုးတွေရှိတဲ့အတွက် ကျောင်းသားတွေရဲ့ ရေရှည်ကျန်းမာရေး ထိခိုက်မှာစိုးရိမ်တဲ့အတွက် မတ် ၅ ရက်ကစတင် အစာငတ်ခံဆန္ဒပြမှုကို ရပ်တန့်လိုက်တယ်လို့ ဗကသများ အဖွဲ့ချုပ်က မဖြိုးဖြိုးအာင်က ပြောပါတယ်။

မတ် ၃ ရက်ကစတင်လို့ ရဲတပ်ဖွဲ့ရဲ့ ၀န်းရံ ပိတ်ဆို့ခံထားရတဲ့ ဒီမိုကရေစီပညာရေးသပိတ်စစ်ကြောင်း က ကျောင်းသားကျောင်းသူတွေ စောင့်ရှောက်ပေးနေတဲ့ သံဃာတော်တွေနဲ့ ထိုင်သပိတ်ဆင်နွှဲနေတာ ၆ ရက်မြောက်ရှိလာပြီ ဖြစ်ပါတယ်။

ဒီကနေ့မှာ ရှမ်းကယားကျောင်းသားသပိတ်စစ်ကြောင်းဟာ လက်ပံတန်းကို ရောက်လာပြီး ပင်မသပိတ် စစ်ကြောင်းနဲ့ ပူးပေါင်းလိုက်ပါတယ်။

အရင်က လမ်းလျှောက်ချီတက်ဖို့ စီစဉ်ထားပေမယ့် လမ်းခရီးအတားအဆီးတွေကြောင့် ကားနဲ့သွားရောက်ကာ ပူးပါင်းလိုက်တာလို့ ရှမ်းကယားကျောင်းသားသပိတ်စစ်ကြောင်းမှာ ပါဝင်သူ ကိုစောရန်နိုင်က ဒီဗွီဘီ ကိုပြောပါ တယ်။

ဒါအပြင် ဒီသပိတ်စစ်ကြောင်းကို ၀န်းရံထားတဲ့ ရဲတပ်ဖွဲ့တွေကိုလည်း အပြောင်းအလဲ လုပ်ဆောင်ခဲ့ သလို ကျောင်းသားတွေနဲ့ တွေ့ဆုံဖို့ဝန်းရံထားတဲ့ ရဲတပ်ဖွဲ့က လုံခြုံရေးကို အခုရက်ပိုင်းအတွင်း ပိုမိုတင်းကြပ်ဆောင်ရွက် လာတယ်လို့ သပိတ်မှောက် ကျောင်းသားတွေက ပြောပါတယ်။

dvb
http://burmese.dvb.no/archives/84752

လက်ပံတန်းမှာ ပိတ်ဆို့တားဆီးခံနေရတဲ့ ပင်မသပိတ်စစ်ကြောင်းကို ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ် သပိတ်စစ်ကြောင်းက ကျောင်းသားကိုယ်စားလှယ် ၅ယောက် ဒီကနေ့နေ့လည်မှာပဲ လာရောက်ပူးပေါင်းခဲ့ပါတယ်။

ဒီသပိတ်မှောက်ကျောင်းသားတွေဟာ လွိုင်ကော်ကနေ စတင်လမ်းလျှောက်ခဲ့ပြီး ဖယ်ခုံကနေတစ်ဆင့် အောင်ပန်း၊ တောင်ကြီးကို သွားမယ်လို့ ဆုံးဖြတ်ခဲ့ပေမယ့် အာဏာပိုင်တွေ လိုက်လံနှောင့်ယှက်ခဲ့လို့ ဟဲဟိုးနဲ့ညောင်ရွှေကြားက တောင်လေးလုံးအရောက် ရဲနဲ့စွမ်းအားရှင် ၂ဝဝလောက် ပိတ်ဆို့ပြီး ပြည်သူတွေကိုပါဖမ်းမယ်လို့ ခြိမ်းခြောက်ခဲ့တာကြောင့် သပိတ်ကိုရပ်နားပြီး ကိုယ်စားလှယ် ၅ယောက်ကို လက်ပံတန်းသပိတ်နဲ့ပူးပေါင်းလိုက်ပါတယ်။

ကယားပြည်နယ်က ကျောင်းသား ၃ယောက်နဲ့ ရှမ်းပြည်နယ် ၂တို့ဖြစ်ပါတယ်။
မတ်လ ၈ရက်နေ့ညနေမှာတော့ ကဗျာနဲ့စာရေးဆရာတွေလာပြီး ကဗျာတွေရွတ်၊ အားပေးစကားတွေပြောပြီး သီချင်းတွေနဲ့ဖျော်ဖြေပြီး သပိတ်စစ်ကြောင်းကို စိတ်အားတက်ကြွအောင် ကူညီခဲ့ပါတယ်။

(ဓာတ်ပုံ - မျိုးမင်းအောင်/ကမာရွတ်မီဒီယာ)

လောကမှာ သစ္စာတရားခေါင်းပါးပြီး မုသားဝါဒီတွေ ကြီးစိုးနေတာ လက်ပိုက်ကြည့်နေရင် လူမပီသဘူးလို့ ခံစားမိတယ်။ ကြီးကြီးကျယ်ကျယ်ပြောရရင် ဗုဒ္ဓရှင်တော် အလောင်းတော်ဘဝ ၄ သင်္ချေနဲ့ ကမ္ဘာတသိန်း ပါရီမီဖြည့်စည်းရာမှာ အမှန်စကားကိုသာ အမြဲဆိုတယ်။ အဲဒီပါရမီဟာ အမှန်တရားဖြစ်သော သစ္စာလေးပါးကို ထိုးထွင်းသိမြင်စေတာပဲ။ ဒီတော့ လိမ်ညာစကားဆိုခြင်းဟာ မဂ်တား ဖိုလ်တား နိဗ္ဗာန်တံခါးပိတ်စေမှာ ဖြစ်ပါတယ်။ လိမ်ပြောသူ နိဗ္ဗာန်မရ။ အမှန်တရားကိုဖော်ထုတ်သူတွေဟာ ပါရမီဖြည့်တာပဲ။ အမှန်ပြောသူဟာ သစ္စာတရားသို့ လားရာမျဉ်းတဖြောင့်တည်းမှာ ရှိပါတယ်။

လောကမှာ ပညာဟာ အမြတ်ဆုံးပါ။ သီလ၊ သမာဓိ၊ ပညာဆိုပြီး ပညာဟာ အထွဋ်ဖြစ်သလို အသိပညာ၊ အတတ်ပညာရပ်တွေ သင်ကြားဆည်းပူးမှုဟာ ရွှေအိုးထက် တန်ဖိုးရှိပါတယ်။ ပညာရွှေအိုး လူမခိုးဆိုသလို ဘူဒိုဇာနဲ့ ဖြိုလို့မရတဲ့ တိုင်းပြည်ရဲ့ ရတနာတွင်းတွေပါ။ ဒီကနေ့ မြင်တွေ့နေရတာတော့ အင်မတန် နှလုံးနာစရာကောင်းပါတယ်။ အနှစ် ၅၀ ကျော် (ရာစုတဝက်)တိုင် နိမ့်ကျပျက်စီးနေတဲ့ တိုင်းပြည်ရဲ့ ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲဖို့ ကျောင်းသားကျောင်းသူတွေရဲ့ သက်စွန့်ကြိုးပမ်းမှုကြီးကို မုသားဝါဒီတွေက မြင့်မြတ်တဲ့ ဘာသာရေးအမည်နာမကို အသုံးချပြီး ဖျက်ဆီးနေကြပါတယ်။

နိုင်ငံရေးရည်ရွယ်ချက်ရှိရှိနဲ့ ကျောင်းသားတွေရဲ့ ဒေါသကို ဆွပေးနေတာ ဖြစ်ပါတယ်။ ထိုလိမ်ညာမှုတွေကို ကျောင်းသားများက မခံမရပ်နိုင်ဖြစ်ရင်း အငြင်းပွါးရာက ကျောင်းသားနဲ့ ဘုရားသား ရန်မီးပွါးမယ့် အကွက်ပါ။ လွှတ်တော်က အချိန်ဆွဲကလိမ်ကကျစ်လုပ်ရင် ရန်ကုန်ကို ချီတတ်လာမယ့် ကျောင်းသားထုကို သံဃာထုနဲ့ တားဖို့ အစီအမံပါ။ ဒီလို လှုံ့ဆော်သွေးထိုးဖို့ သပိတ်ရပ်တန့်နေစေဖို့ အချိန်ကာလတခုကို အကြောင်းအမျိုးမျိုးပြပြီး ဝယ်ယူခဲ့ပါတယ်။
( ဒီလိုကလေးကွက်ကို မဘသ မဝင်လောက်ဘူးလို့ ထင်ပါတယ် )

* ..... တချို့ ခပ်ကြောင်ကြောင်သမားတွေက မူလအမျိုးသားပညာရေးဥပဒေကို လွှတ်ပစ်လိုက်ပြီလို့ ဝါဒဖြန့်ပါတယ်။ ပြင်ဆင်မှု amendent ဆိုတာ မူလ original ဥပဒေကြီးကို အမှိုက်ဘုံးထဲ ပစ်ထည့်လိုက်တာမဟုတ်ပါဘူး။ အိမ်ပြင်တာ အိမ်ဖြိုချတာမဟုတ်ပါဘူး။ အဲဒီလောက်တုံးနေသူတွေရှိနေလို့ ပညာရေးပြုပြင်သင့်ပြီလို့ တောင်းဆိုတာ လွန်အံ့မထင်၊ ပြောရရင် အနှစ်၂၀လောက် နောက်ကျနေပါသေးတယ်။

* ..... အစိုးရနဲ့ ၄ ပွင့်ဆိုင် ဆွေးနွေးပွဲမှာ တချက်ချင်း အကြေအလည် ညှိနှိုင်းပြီးမှ ဥပဒေပြင်ဆင်မှုကို အတူတကွ ရေးဆွဲခဲ့ကြတာပါ။ ကျောင်းသားချည်း ရေးဆွဲတဲ့ ဥပဒေကြမ်း၊ NNER ရေးဆွဲတဲ့ ဥပဒေကြမ်း လို့ အစိုးရရဲ့ ရေးသားချက်တွေဟာ တာဝန်မဲ့ စကားပါ။ ကိုယ်စားပြုခြင်း၊ တွေ့ဆုံဆွေးနွေး အဖြေရှာခြင်း၊ အားလုံးသဘောတူမှုကို ရယူခြင်းဆိုတဲ့ စားပွဲဝိုင်းယဉ်ကျေးမှုကို သူတို့ကိုယ်၌က အလေးအနက်ထားခြင်း မရှိတာတွေ့နိုင်ပါတယ်။

* ..... ဒီအပြင် ဥပဒေကြောင်းအရ အခြေခံဥပဒေ တည်ဆဲဥပဒေတွေနဲ့ ကိုက်ညီမှုရှိမရှိ "ပြည်ထောင်စု ရှေ့နေချုပ်ရုံး " မှာ စိစစ်ခံဖို့ ပေးပို့ခဲ့ပါတယ်။ ကျောင်းဆရာ/မတွေကို နိုင်ငံရေးလွတ်လပ်ခွင့်ပေးဖို့က ကျန်ဝန်ထမ်းစည်းမျဉ်းကို အရင် ပြင်သင့်တယ်..၊ လွှတ်တော်က ဥပဒေကြမ်းကို သမတလက်မှတ်ထိုးရန် မလိုပဲ အတည်ဖြစ်တယ် .. ဆိုတာလောက်ပဲ အကြံပြုထားပြီး ကျန်အချက်တွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲဥပဒေတွေနဲ့ ကိုက်ညီတယ်လို့ မှတ်ချက်ပြန်လာပါပြီ။ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် ဖေ့ဘုတ်မှာ အဆိုပါ "ပြည်ထောင်စု ရှေ့နေချုပ်ရုံး" မှတ်ချက်များကို တင်ခဲ့ပြီး နာရီပိုင်းအတွင်း ဖြုတ်ချသွားပါတယ်။ ဖတ်ရှူလိုသူများအတွက် အောက်မှာ download link ပေးထားပါတယ်။

* ..... ကျောင်းသားများက အချက် (၁၁) ပါ ဆန္ဒသဘောထားက အမှတ်စဉ် (၇) မှာ " တိုင်းရင်းသားမျိုးနွယ်စုများ၏ ဘာသာစကားလွတ်လပ်ခွင့် နှင့် မိခင်ဘာသာစကား အခြေပြု ဘာသာစကားစုံ ပညာရေးစနစ်ကို အမျိုးသားပညာရေး ဥပဒေတွင် ထည့်သွင်းပြဒါန်းရန် " ဟု အတိအကျ ဖော်ပြထားပါတယ်။

" တိုင်းရင်းသားမျိုးနွယ်စုများ" ဆိုတဲ့ စကားရပ်ဟာ အလိုလို ဖြေရှင်းပြီး ဖြစ်ပါတယ်။ ( မုသားဝါဒီတို့က ကုလားကို တိုင်းရင်းသား သတ်မှတ်နေကြသလော ? )

* ..... အဆိုပါ တိုင်းရင်းသားတွေအတွက် ရည်ရွယ်တဲ့ တောင်းဆိုချက် အမှတ်စဉ် (၇) နှင့် အညီ လေးပွင့်ဆိုင်က ရေးဆွဲထားသော ပြဒါန်းထားတဲ အခန်း (၄ - င ) မိခင်ဘာသာစကား "အသုံးပြု" သင်ကြားခွင့် ဆိုတာ ရှင်းအောင် ပြောချင်ပါတယ်။

မိခင်ဘာသာစကားကို အတင်းအကြပ် သင်ပေးဖို့ မဟုတ်ပါဘူး။ သက်ဆိုင်ရာ တိုင်းရင်းသားစကား လွှမ်းမိုးတဲ့ ဒေသ၊ မြို့နယ်တွေမှာ ကလေးတွေဟာ သူတို့တိုင်းရင်းဘာသာစကားကို "အသုံးပြု" ပြီး သင်ကြားမှ နားလည်နိုင်မှာပါ။

ကျနော်တို့ ကိုယ်ချင်းစာကြည့်ပါ။ အထက်တန်း Science သမားတွေ ပိုသိမှာပေါ့။ ဆေးကျောင်း၊ စက်မှုကျောင်းမှာ အင်္ဂလိပ်လို ပြောဆိုပြီး သင်ကြားသလား? စာအုပ်ထဲမှာ အင်္ဂလိပ်လို အကြောင်းအရာကို မြန်မာလို ပြောပြီး သင်နေတာ မဟုတ်လား။ ဒီတော့ အင်္ဂလိပ်စာ အားနည်းချက်ကြောင့် ဒီစာတွေကို ကျက်မှတ်ရတာ ခက်ခဲပါတယ်။ English ဝါကျအတိုင်း ၏သည်မလွဲ ကျက်နေကြတော့ စာထဲက သဘောတရားကို ထိထိမိမိ စဉ်းစားတွေးခေါ်မှု ကျဆင်းလာပါတယ်။ အလွတ်ကျက်ပညာရေးစနစ် ဖြစ်သွားခဲ့ပါတယ်။ တိုင်းရင်းသားတွေမှာ ကျနော်တို့ထက် ပိုပြီး ခက်ခဲမှာပါ။ ဒီခက်ခဲမှုဟာ တိုင်းရင်းသား ဖွံ့ဖြိုးတိုးတက်ရေးကို များစွာထိခိုက်ပါတယ်။ မုသားဝါဒီတို့က တိုင်းရင်းသားတွေက သူတို့နားလည်တဲ့ မိခင်ဘာသာစကားနဲ့ ဘာသာပြန်ပြီး သင်မယ်ဆိုတာ ဘာလို့ အလိုမကျ ဖြစ်နေတာလဲ။

ပြီးတော့ ဒီဥပဒေက အခြေခံ မူတွေပါ။ အခြေခံ မူတွေကို အကောင်အထည်ဖော်ဖို့ နောက်ထပ် "နည်းဥပဒေတွေ" ရေးဆွဲရပါဦးမယ်။ အဲဒီအချိန်မှာ ဆရာ၊ ဆရာမ လိုအပ်ချက်၊ အကောင်အထည်ဖော်မှု လုပ်ငန်းအဆင့်ဆင့် စတဲ့ အချက်တွေကို ရေးဆွဲရဦးမှာပါ။ ဒါကြီးကို နေ့ချင်းညချင်း ရာနှုန်းပြည့် အကောင်အထည်ဖော်ဖို့ မဟုတ်ပါဘူး။ ဒါဟာ တိုင်းပြည်ရဲ့ Resource အနေအထားအရ နှစ်ရှည်ဆောင်ရွက်ရမယ့် Master Plan ပါ။ ပညာရေး စနစ်တခုဟာ အနည်းဆုံး အနှစ် ၂၀ ကြာရှည်ပါတယ်။

မုသားဝါဒီတို့က ဒီအချက်ကို ဖုံးကွယ်ပြီး လက်ရှိ Resource ကို ထောက်ပြပြီး မဖြစ်နိုင်လို့ ဘူးခံနေကြတာပါ။ လက်ရှိ Resource အနေအထားနဲ့ နေ့ချင်းညချင်း ဘာမှ လုပ်လို့ မရဘူး။ အဆင့်မြင့်ဆရာတွေ ရေးတဲ့ စာမေးပွဲမေးခွန်းတွေ၊ ကျောင်းစာအုပ်တွေမှာတောင် အမှားမှားအယွင်းယွင်းနဲ့ ပါ။ ဘာသားစကားကျွမ်းကျင်တဲ့ ဒေသခံ အရည်အချင်းပြည့်ဝတဲ့ ဆရာဆရာမတွေကို နေ့ချင်းညချင်း မွေးထုတ်ပေးနိုင်ခဲ့လို့လား?

* ..... ပြီးတော့ မြန်မာစာကို လုံးဝ အမှိုက်ဘုံးထဲ ပစ်ထည့်လိုက်တာ မဟုတ်ပါဘူး။ ... ပုဒ်မ င-ခခ မှာ မြန်မာနဲ့ အင်္ဂလိပ်ကို သင်ကို သင်ရမယ် လို့ ပြဒါန်းထားတယ်။

* ..... နောက်တချက်က ကျောင်းအုပ်ချုပ်ရေးပိုင်း လွတ်လပ်စွာ စီမံ ခန့်ခွဲခွင့်။ ဒီကျောင်းမှာ ဒီလိုသင်တာ မကြိုက်ရင် မတက်ပဲ တခြားကျောင်းမှာ တတ်ပေါ့။ ကျောင်းအုပ်ချုပ်ရေးအဖွဲ့ကလဲ သူ့ကျောင်းဟောင်းလောင်း ဖြစ်မှာ ဘယ်တော့မှ မဖြစ်မခံဘူး။ ဒေသဝန်းကျင်နဲ့ သဟဇာတဖြစ်အောင် လုပ်မှ ကျောင်းသားရှိမှာပေါ့။

* ..... ရန်ကုန်ကို ပြုံတိုးမှာပေါ့ ဆိုတာလဲ လူဖျင်းတွေး တွေးတာပါ။ ဘာကြောင့် ရန်ကုန်ကို ကျောင်းသားရော၊ ဆရာရော ပြုံတိုးနေကြသလဲ Root Cause ဆန်းစစ်ပြီး ပြုပြင်ရမှာပါ။ ဝင်ပေါက်ပိတ်ထားတာ ပြသနာ ဖြေရှင်းနည်း မဟုတ်ပါဘူး။

* ..... တက္ကသိုလ်မှာလဲ ဆရာ၊ ကျောင်းသားကို စိစစ်ရွေးချယ်ခွင့်ရှိသလို၊ ဆရာ၊ကျောင်းသားကလဲ ကြိုက်နှစ်သက်ရာ ကျောင်းကို လျှောက်ထားခွင့် ရှိရမှာပါ။ ကျနော်တို့တုံးက ဆိုရင် ကျောင်းသားက သတ်မှတ်ထားတဲ့ တိုင်းဒေသ/ပြည်နယ်ရှိ ကျောင်းလွဲရင် တခြားတက္ကသိုလ်ကို လျှောက်ထားခွင့်မရှိပါဘူး။ အိမ်ထောင်စုဇယားပြောင်းဦး ဘာဦးနဲ့ အလွန်ခက်ခဲပါတယ်။ တက္ကသိုလ်တက်ဖူးသူတိုင်း ဒီအချက်ကို သိမှာပါ။ ရွေးချယ်မှုက နှစ်ဦး နှစ်ဘက်လိုအပ်ချက်အပေါ် မူတည်ပါတယ်။အခုက မုသားဝါဒီတွေက လျှောက်ထားခြင်းနဲ့ လက်ခံ/ခန့်အပ်ခြင်းကို ဗလုံးဗထွေးနဲ့ လှည့်စားပြောဆိုနေတာပါ။

* ..... ဘာသာရေးနဲ့ သွေးထိုးနေကြတဲ့ ပုဒ်မခွဲ (ည) ကို ရှင်းလိုပါတယ်။
_______________________
" အမျိုးသားပညာရေးဥပဒေပုဒ်မ ၃၄ (ဈ) နောက်တွင် ပုဒ်မခွဲ (ည)ကို အောက်ပါအတိုင်း ဖြည့်စွတ်မည်
(ည) အခြားဘာသာရေးအဖွဲ့အစည်းများမှ ဖွင့်လှစ်ထားသော ပညာရေးကျောင်းများ "
_______________________
ပညာရေးကျောင်းများ = ဆိုသည်မှာ သူငယ်တန်း၊ ပထမတန်း စတဲ့ ကျောင်းစာသင်ပေးတဲ့ ကျောင်းပါ။ ခရစ်ယန်အဖွဲ့အစည်း၊ ဟိန္ဒူအဖွဲ့အစည်း၊ အစ္စလမ်အဖွဲ့အစည်းက ဖွင့်လှစ်ထားသော ပထဝီ၊ သိပ္ပံစတဲ့ ဘာသာရပ်သင်ကြားသော ကျောင်းအမျိုးအစား ဖြစ်ပါတယ်။

* ..... ဘာသာရေးလွမ်းမိုးမှု မရှိစေရေးကို ပြင်ဆင် ပုဒ်မ (ဍ) မှာ " ပညာရေးသည် ဘာသာရေးအဖွဲ့အစည်း၊ နိုင်ငံရေးအဖွဲ့အစည်းတို့၏ လွှမ်းမိုးမှု ကင်းလွတ်ရမည် ၊ လွတ်လပ်စွာ ကိုးကွယ်ခွင့်၊ နိုင်ငံရေးယုံကြည်ခွင့်နှင့် လူ့ဂုဏ်သိက္ခာကို တန်ဖိုးထားရမည်" လို့ အတိအလင်း ဖော်ပြထားပါတယ်။

* ..... ဒီအပြင် အခန်း (၄ - ဂ ) မှာ အမျိုးသား သင်ရိုးညွန်းတမ်းရေးဆွဲရေး ကော်မတီ ဖွဲ့စည်းရန် ပါရှိပါတယ်။ အမျိုးသား သင်ရိုးညွန်းတမ်းစံ သတ်မှတ်ချက်ကို ကျော်လွန်ပြီး သင်ကြားခွင့် မရှိပါဘူး။ စည်းလွတ်ဘောင်လွတ် မရှိပါဘူး။ စည်းနဲ့ ဘောင်နဲ့ အလွန်စနစ်ကျပါတယ်။

* ..... ပုဒ်မ - ၆၇ မှာ လွတ်လပ်ရေးရပြီးထဲက ဦးသိန်းစိန်အစိုးရအထိ တည်ရှိနေတဲ့ ပညာရေး ဆိုင်ရာ ဥပဒေတွေကို ဤဥပဒေနဲ့ မဆန့်ကျင့်လျှင် " ဆက်လက် " ကျင့်သုံးဖို့ ပြထားတယ် ။

* ..... ပုဒ်မ ၆၈ (က)။ ဘာသာရေးကိုသာ သီးသန့်သင်ကြားသော ကျောင်းများသည် ဤဥပဒေနှင့် သက်ဆိုင်ခြင်းမရှိရ။ ဆိုရာမှာ ဥပဒေဝေါဟာရကို နားမလည်ချင်ယောင်ဆောင်ပြီး သွေးခွဲနေတာပါ။

ပုဒ်မ၃၄ (ည) မှာ ပညာရေးကျောင်းများ လို့ တိတိပပ ဖော်ပြထားပြီး ပုဒ်မ ၆၈ (က) ဟာ ဘာသာရေးကျောင်းကို ရည်ညွန်းတာပါ။ "ဘာသာရေးကျောင်း" နဲ့ "ပညာရေးကျောင်း" ဝေါဟာရ နှစ်ခု လုံးဝခွဲခြားထားတယ်။

ကဲ! ရှင်းပါတယ်နော်။ မုသားဝါဒီတွေ လာပြီး သံယောဇဉ်မကပ်ပါနဲ့။

တရုတ်ဘုရားကျောင်းမှာ တရုတ်စာသင်တာ၊ ဗလီမှာ ကုလားစာသင်တာတွေက ဦးသိန်းစိန် အစိုးရအထိ ခွင့်ပြုထားတာပဲ။ ဘာမဆိုင် ညာမဆိုင် ဗလီမှာ ဘာသာရေးစာသင်တာ နဲ့ ဆွဲကပ်ပြီး စောဒကတတ်တာ လုံးဝ မရိုးသားဘူးပဲ ဆိုချင်တယ်။အဲဒါက သာသနာရေးအောက်မှာ အကျုံးဝင်သွားပြီ။ ပြောချင်ရင် ဦးသိန်းစိန်ရဲ့ သာသနာရေးဝန်ကြီးဌာန စည်းမျဉ်းကို ပြင်ပေးဖို့ သွားပြောလှည့်။ မပြောရဲရင် ကိုယ့်လက်မ ကိုယ်စုပ်ပြီး ဘေးမှာ အသာနေစမ်းပါ ( မျိုးစောင့်ဥပဒေဆိုပြီး ဦးသိန်းစိန်က ဘာသာခြား ( ကုလား ) နဲ့ တရားဝင် လက်ထပ်ခွင့် ဥပဒေကို နွားမရွှံပိတ် ထုတ်ပြန်လိုက်တုံးက ဇက်ကလေးပု၊ လျှာလေးတစ်လစ်ဖြစ်သွားတာ မှတ်မိနေဆဲပဲနော် ... ဟင်း ... ဟင်း )

Credited to D Myo Chit

ယနေ့န့နက်ပိုင်းက မဲဆောက်တွင်တွေ့ရသည့် မြန်မာသရုပ်ဆောင် ဗေလုဝ

မြန်မာနိုင်ငံတွင် ဆန္ဒပြကျောင်းသားများကို စွမ်းအားရှင်များက အကြမ်းဖက်နှိမ်နှင်းဖမ်းဆီးမှုသည် အရပ်သားအစိုးရ၏ လုပ်ရပ်မဟုတ်ဟု ယနေ့မဲဆောက်သို့ရောက်ရှိနေသည့် မြန်မာသရုပ်ဆောင် ဗေလုဝ က ကရင်အမျိုးသား(မီဒီယာ)ကို ပြောဆိုသည်။

ဗေလုဝ က ပညာရေးပြု ပြင်ပြောင်းလဲရေးအတွက် အစိုးရကိုတောင်းဆိုဆန္ဒပြနေကြသည့် ကျောင်းသားလူငယ်များကို အကြမ်းဖက်ရိုက်နှက်ဖမ်းဆီးခြင်းသည် အရပ်သားအစိုးရ၏ လုပ်ရပ်မဟုတ်သလို ဒီမိုကရေစီစနစ်ကို ဦးတည်နေသည်ဟု ပြောဆိုနေသည်မှာလည်း မေးခွန်းထုတ်စရာဖြစ်ပြီး နိုင်ငံ၏ပုံရိပ်ကိုလည်း ဆိုးရွားစွာထိခိုက်စေသည်ဟု ပြောဆိုလိုက်ခြင်းဖြစ်သည်။

မကြာခင်က မြန်မာနိုင်ငံတွင် ဆန္ဒပြနေကြသည့် ကျောင်းသားလူငယ်များကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့်စွမ်းအားရှင်များက အကြမ်းဖက်နှိမ်နှင်းဖမ်းဆီးမှုနှင့်ပတ်သက်၍ လုံးဝလက်မခံနိုင်ကြောင်းလည်း သရုပ်ဆောင် ဗေလုဝ က ရည်ညွှန်းပြောဆိုခြင်းဖြစ်သည်။

ကရင်အမျိုးသား- မီဒီယာ

ဒီမိုကရေစီပညာရေး ကျောင်းသားသပိတ်ကို အကြမ်းဖက်ဖြိုခွဲခြင်းမပြုဖို့ မြန်မာနိုင်ငံအနှံ့အပြားက မြို့ကြီးတွေမှာ ဆန္ဒပြပွဲတွေ၊ ဆုတောင်းပွဲတွေ လုပ်နေကြပြီ။ ပင်မသပိတ်စစ်ကြောင်းနဲ့ ပူးပေါင်းဖို့ ရှမ်းနဲ့ကယား ပြည်နယ်က ကျောင်းသား စစ်ကြောင်းတွေ ဆင်းလာနေကြပြီ။

ဒီလိုအခြေအနေမှာ ပင်မကျောင်းသားသပိတ်စစ်ကြောင်းကို ခိုင်လုံတဲ့အကြောင်းပြချက် တစုံတရာမရှိဘဲ လက်ပံတန်းမြို့မှာ ပိတ်ဆို့ထားမိတဲ့ အရပ်သားအရေခြုံ စစ်အုပ်စုဟာ ပဒိုင်းသီးမြိုမိသလို ဆုပ်လည်းစူး စားလည်းရူးဘဝ ရောက်နေတယ်။ ဒီကြားထဲ မတ်လ ၅ ရက်နေ့က ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ငြိမ်းချမ်းစွာ ဆန္ဒပြနေကြတဲ့ ကျောင်းသားပြည်သူတွေကို အာဏာပိုင်တွေက “တာဝန်”လက်ပတ်အနီဝတ်ထားတဲ့ စွမ်းအားရှင်တွေအသုံးချပြီး ရိုက်နှက်ဖမ်းဆီးခိုင်းတဲ့အခါ ပြည်သူ့ရဲ့ အမျက်ဒေါသက ပွက်ပွက်ဆူလာခဲ့ပါတယ်။

ပြန်ဝန်ရဲထွဋ်ကတော့ သူ့ထုံးစံအတိုင်း မျက်နှာပြောင်တိုက်ပြီး “လမ်းပေါ်ထွက်တဲ့နည်းတွေ သုံးနေသရွေ့တော့ ပဋိပက္ခတွေ ရှိနေဦးမှာပဲ” လို့ ခြိမ်းခြောက်ပြောကြားသွားပါသေးတယ်။ သူ့လှိမ့်လုံးမှာ မျောပါမသွားဖို့ လိုပါတယ်။

စစ်မှန်တဲ့ ဒီမိုကရေစီတွေမှာ “လွတ်လပ်စွာ ထုတ်ဖော်ခွင့်၊ လွတ်လပ်စွာ စုရုံးခွင့်၊ လွတ်လပ်စွာ စီတန်းလှည့်လည်ခွင့်” စတဲ့ အခြေခံလူ့အခွင့်အရေးတွေကို လေးစားလိုက်နာပါတယ်။ ရဲထွဋ်တို့၊ သိန်းစိန်တို့ အစိုးရလို ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများ အသံကောင်းဟစ်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို တဖက်သတ် အကြမ်းဖက်ဖြိုခွင်းတာမျိုးကို ဘယ် ကိုယ့်ကျင့်စာရိတ္တနဲ့ အသိဥာဏ် မြင့်မားတဲ့ လူ့အသိုင်းအဝိုင်းကမှ လက်ခံနိုင်ဖွယ်ရာ မရှိပါဘူး။

နောက်တချက် “သူခိုးက လူလူဟစ်” ဆိုသလို ရဲထွဋ်က ကျောင်းသားတွေက ညှိနှိုင်းအဖြေရှာတဲ့နည်းကို လက်မခံလို့ဘဲ ဒီပြဿနာတွေ ဖြစ်ရသလိုလို စကားဆိုပါသေးတယ်။ တကယ်တော့ ဒီအမျိုးသားပညာရေးဥပဒေ ရေးဆွဲစဉ်က အစိုးရနဲ့ လွှတ်တော်က တဖက်သတ်ရေးဆွဲခဲ့တယ်။ တဖန် ကျောင်းသားတွေက အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ဖို့အတွက် လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရန် ရက်ပေါင်း ၆၀ အချိန်ပေးထားခဲ့စဉ်က အစိုးရရော၊ လွှတ်တော်ကပါ တုပ်တုပ်မှ မလှုပ်ခဲ့ပါဘူး။ တခါ ကျောင်းသားသပိတ်အရှိန်မြင့်လာမှ အရေးပေါ် လေးပွင့်ဆိုင်ကို ခေါ်ယူပြီး၊ လေးပွင့်ဆိုင်သဘောတူညီချက်က ထွက်ပေါ်လာတဲ့ ပြင်ဆင်ချက်ဥပဒေမူကြမ်းကို ကတိအတိုင်း လွှတ်တော်မှာ တန်းမတင်ဘဲ နောက်ထပ် အချိန်တခါ ထပ်မံ ဆွဲပြန်ပါတယ်။ ဒါဟာ တွေ့ဆုံညှိနှိုင်းအဖြေရှာတဲ့နည်းကို ကျောင်းသားတွေဖက်က မသုံးတာမဟုတ်ဘဲ၊ အစိုးရနဲ့ လွှတ်တော်က မရိုးမဖြောင့် ပြုမူတဲ့အတွက် လမ်းပေါ်ထွက်ကြရတာ ဖြစ်ပါတယ်။

လမ်းပေါ်ထွက်ရခြင်း နောက်တချက်ကတော့ ပြည်သူလူထုထံ တိုက်ရိုက် ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိနိုင်တဲ့ ရုပ်သံ မီဒီယာများနဲ့ အစိုးရမီဒီယာများကို လက်ရှိအစိုးရနဲ့ ခရိုနီများက လက်ဝါးကြီးအုပ်ထားပြီး သတင်းတွေကို ဆင်ဆာဖြတ်၊ တဖက်သတ် အာဘော်များနဲ့ ပြည်သူကို မှိုင်းတိုက်နေခြင်းပါပဲ။ တကယ်လို့သာ လွတ်လပ်တဲ့ ပုဂ္ဂလိက ရုပ်မြင်သံကြား၊ ရေဒီယိုများကို ထူထောင်ခွင့်ပေးပြီး ကျောင်းသားပြည်သူများ၊ နိုင်ငံရေးပါတီများ၊ တက်ကြွလှုပ်ရှားသူများရဲ့ အသံတွေ၊ အာဘော်တွေ၊ တွေ့ဆုံမေးမြန်းခန်းတွေ၊ စကားစစ်ထိုးပွဲတွေကို အခြားဒီမိုကရေစီနိုင်ငံများနည်းတူ လွတ်လွတ်လပ်လပ် လုပ်ခွင့်ပေးလိုက်မယ်ဆိုရင်တော့ ကျောင်းသားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ နိုင်ငံရေးသမားတွေလည်း လမ်းမပေါ်ကို အပင်ပန်းခံ တက်လာစရာ သိပ်မလိုတော့ပါဘူး။ ဒါတောင် တချို့အရေးတွေမှာ လမ်းမထက် တက်ကို တက်ရပါသေးတယ်။ ဒီနည်းဟာ ကမ္ဘာပေါ်မှာ ယခုထက်ထိ အစွမ်းဆုံးသောနည်းလမ်းတရပ်လည်းဖြစ်တယ်။ ဒါကြောင့်လည်း ရဲထွဋ်တို့ အစိုးရကိုယ်တိုင် ကြောက်အားလန့်အားနဲ့ ဟန့်တားနေကြရတာ ဖြစ်ပါတယ်။

ဒီကနေ့ မြန်မာပြည်မှာ ကျောင်းသားသပိတ်တခုတည်း ဖြစ်နေတာမဟုတ်။ တဖက်မှာလည်း အလုပ်သမားသပိတ်တွေဟာ တပြည်လုံး အနှံ့အပြား ဖြစ်ပွားနေပါတယ်။ လယ်သိမ်းခံ လယ်သမားတွေကလည်း လယ်ယာမြေပြန်ရရေးအတွက် ဆန္ဒပြတိုက်ပွဲဝင်နေကြပါတယ်။

သိန်းစိန်အစိုးရဟာ ပြုပြင်ပြောင်းလဲရေးအစိုးရအရေခြုံထားတဲ့အတွက် နိုင်ငံတကာ ထောက်ခံမှုလျော့မှာ ကြောက်သလို၊ ဘုန်းမော်ကျဆုံးတုန်းကလို တပြည်လုံးဒေါသ ဆူပွက်လာရင် ပြေးပေါက်မှားမှာကိုလည်း ကြောက်လန့်နေရတဲ့ အခြေအနေကို ရောက်နေပါပြီ။

ချောင်ပိတ်ပြီး အရိုက်ခံရတဲ့ ခွေးလို ပြန်ကိုက်ကောင်း ကိုက်ပါလိမ့်ဦးမယ်။ ဒါပေမယ့် ခွေးနာခဲလောက်ပဲ ခဲနိုင်ပါတော့မယ်။ ပြည်သူလူထုကလည်း ဒီ စစ်အုပ်စုရဲ့ အကြပ်အတည်းကို အခွင့်ကောင်းယူပြီး တတိုင်းပြည်လုံး လွတ်လပ်ရေးအတွက် တခဲနက် ညီညီညာညာ ကြိုးပမ်းကြရမှာ ဖြစ်ပါတယ်။

ကိုပေါ(၂၀၁၅)
Aung Naing Moe

၂ဝ၁၅ ခုနှစ်၊ မတ်လ (၈) ရက်နေ့။

၁။ မြန်မာနိုင်ငံအမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ပေးရန် ဆန္ဒထုတ်ဖော် တောင်းဆိုနေသော ကျောင်းသား/ သူများသည် ၄င်းတို့၏ အကျိုးစီးပွား (အတ္တ) အတွက် တောင်းဆိုနေခြင်း မဟုတ်ပါပဲ။ အနာဂတ်မြန်မာနိုင်ငံ ပညာရေးစနစ်နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်ရန် (အများအကျိုး)အတွက် စေတနာ၊ အနစ်နာခံ၊ အပင် ပန်းခံ၍ တောင်းဆိုနေကြသော ပရဟိတ ကျောင်းသား/သူများဖြစ်ကြသည်ဟု မိမိတို့ ယုံကြည်ကြသည်။

၂။ ယခုအခါ ထိုကဲ့သို့ အများအကျိုးအတွက် အပင်ပန်းခံ၊ အနစ်နာခံ၊ အဆင်း ရဲခံ၍ အနာဂတ်မြန်မာနိုင်ငံ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ပေးရန် အတွက် ဆန္ဒထုတ်ဖော်နေသော ကျောင်းသား/သူများအား ပဲခူးတိုင်းဒေသ ကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့လယ် လမ်းမပေါ်တွင် လုံခြုံရေးတပ်ဖွဲ့ ဝင်များ၊ အရပ်ဝတ် ဝန်ထမ်းများတို့ဖြင့် ပိုမိုတိုးမြှင့်ပြီး သံဆူးကြိုးအထပ်ထပ် အကာအရံများတို့ဖြင့် ပိတ်ဆို့ဝိုင်းရံ ခံထားခဲ့ရသည်မှာ ကြာမြင့်လှပြီဖြစ် သည်။ အပ်တိုတစ်ချောင်းမျှပင် မပါရှိသော အများအကျိုးအတွက် အနစ်နာခံ ပေးဆပ်နေကြသော အပြစ်မဲ့ ကျောင်းသား/သူများအား နေပူပြင်းပြင်း လွင် တီးခေါင်လမ်းမပေါ်တွင် အကျဉ်းချထားသကဲ့သို့ ဖြစ်နေသည်ကို ကျွန်တော် တို့ ပရဟိတအဖွဲ့များအပြင် ပြည်သူလူထုတို့မှလည်း မကြည့်ရက်၊ မရှုရက် ဖြစ်နေရပါသည်။ ထို့ကြောင့် သူတို့လေးတွေ၏ ဘဝပေါင်းများစွာတို့သည် လမ်းမပေါ်တွင် အချုပ်ခံ ထားရသည့် အနာဂတ်ကင်းမဲ့သော ကလေးများ ဘဝသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သား/သမီးချင်း ကိုယ်ချင်းစာနာစိတ်ဖြင့် ကျွန်တော်တို့သည်လည်း ထပ်တူထပ်မျှ ခံစားနေရပြီဖြစ်သည်။

၃။ ထို့အပြင် ပညာရေးဥပဒေ ပြင်ဆင်သည့် ဥပဒေမူကြမ်းအား (၄) ပွင့်ဆိုင် တွေ့ဆုံ သဘောတူညီချက်တွင် ကျောင်းသား/သူတို့အား ဖမ်းဆီးခြင်းမပြုဟု ပါရှိခဲ့သောကြောင့် မိမိတို့ စိတ်ချမ်းသာမှုတစ်ခုကို ရရှိသော် ငြားလည်း ထို သဘောတူညီချက်အားချိုးဖောက်ပြီး ၅.၃.၂ဝ၁၅(ကြာသပတေးနေ့) ညနေ ပိုင်းတွင် ဆူးလေဘုရား (မြို့တော်ခန်းမအရှေ့)၌ အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ပေးရန် တောင်းဆိုနေကြသော ကျောင်းသား/သူများတို့အား ထောက် ခံကြောင်း ဆန္ဒထုတ်ဖော်မှုတွင် ကျောင်းသား၊ ပြည်သူများကို ရဲတပ်ဖွဲ့ဝင်များ နှင့်အတူ မည်သူမည်ဝါမသိသော “တာဝန်” စာသားပါ လက်ပါတ်အနီ အရပ် သားများ၏ မင်းမဲ့စရိုက်ဆန်စွာ အကြမ်းဖက် ရိုက်နှက်ဖြိုခွင်း ဖမ်းဆီးမှုများ သည် ကမ္ဘာ့အလယ်တွင် ဗုဒ္ဓဘာသာတိုင်းပြည်တစ်ခုအနေဖြင့် အရှက်ရ ဖွယ်ရာ ဖြစ်ခဲ့သည်။

၎။ ၆.၃.၂ဝ၁၅ (သောကြာနေ့) နံနက်ပိုင်း၌ လက်ပံတန်းမြို့လည်တွင် ပင်မ ကျောင်းသားသပိတ် ဆန္ဒပြအဖွဲ့မှ ကျောင်းသား/သူတစ်ချို့အား ခြိမ်းခြောက် ဟန့်တားပြီး လူသားချင်းစာနာစိတ် ကင်းမဲ့စွာဖြင့် ဖမ်းဆီးခေါ် ဆောင်မှုများ အား ထပ်မံတွေ့မြင်ခဲ့ရပြန်သည်။

၅။ ထို့ကြောင့် မြတ်စွာဘုရား၏ ဗြဟ္မစိုရ်တရားလေးပါးအား လက်ကိုင်ပြုကျင့် သုံးနေကြသော မိမိတို့ လူမှုရေး အသင်းအဖွဲ့များအနေဖြင့် ဤကဲ့သို့သော လူသားချင်းစာနာစိတ်ကင်းမဲ့မှုများ၊ အကြမ်းဖက်နှိမ်နင်း ရိုက်နှက် ဖမ်းဆီး ချုပ်နှောင်မှုများ၊ ကိုယ်ချင်းစာနာစိတ်ကင်းမဲ့သည့် လုပ်ရပ်များအား ပြင်းထန် စွာ ရှုတ်ချပါကြောင်း သတင်းထုတ်ပြန်လိုက်ရပါသည်။

(ဗြဟ္မစိုရ်တရား ကမ္ဘာလွှမ်းစေရမည်။)

(၁) နာရေးကူညီမှုအသင်း (ရန်ကုန်)
(၂) သုခကုသိုလ်ဖြစ်ဆေးခန်း (ရန်ကုန်)
(၃) သုခအလင်းပညာဒါန (ရန်ကုန်)
(၄) မိုးမေတ္တာ သွေးလှူရှင်များအသင်း (ပြည်)
(၅) မိုးမေတ္တာ နာရေးကူညီမှုအသင်း (ပြည်)
(၆) သုခကုသိုလ်ဖြစ်ဆေးခန်း (ပြည်)
(၇) သုခအလင်းပညာဒါန (ပြည်)
(၈) သုခကုသိုလ်ဖြစ်ဆေးခန်း (ပဲခူး)
(၉) သုခကုသိုလ်ဖြစ်ဆေးခန်း (ကြို့ပင်ကောက်)
(၁ဝ) မြင့်မြတ်ကြယ်စင် နာရေးကူညီမှုအသင်း (မင်းလှ)
(၁၁) မိတ်ဆွေကောင်း နာရေးကူညီမှုအသင်း (ရေနံချောင်း)
(၁၂) ကလျာဏမိတ္တ လူမှုကူညီရေးအသင်း (မန္တလေး)
(၁၃) သာသနာ့ပါလ လူမှုကူညီရေးအသင်း (မန္တလေး)
(၁၄) ကရုဏာရှင် အခမဲ့ဆေးကုခန်းနှင့် နာရေးကူညီမှုအသင်း (ညောင်ဦး)
(၁၅) မြင့်မြတ်သူ လူနာတင်ယာဉ်ကူညီမှုနှင့် သွေးကူညီမှုအသင်း (ညောင်ဦး)
(၁၆) မြတ်ဒါန အောက်ဆီဂျင်အခမဲ့လှူဒါန်းမှုအသင်း (ညောင်ဦး)
(၁၇) သံလျှက်ချောင်း ဘုန်းတော်ကြီးသင် အခမဲ့ပညာဒါနကျောင်း (ညောင်ဦး)
(၁၈) ကရုဏာရှင် လူမှုကူညီရေးအသင်း (ညောင်ဦး)
(၁၉) ဓမ္မပါရမီအသင်း (ညောင်ဦး)
(၂ဝ) ဇီဝိတအာဟာရလှူဒါန်းမှုအသင်း (ညောင်ဦး)
(၂၁) SEED လူမှုကူညီရေးအသင်း (ညောင်ဦး)
(၂၂) ဖြူစင်မေတ္တာ လူမှုကူညီရေးအသင်း (ညောင်ဦး)
(၂၃) ပညာဒါန ပညာရေးဖောင်ဒေးရှင်း (ညောင်ဦး)
(၂၄) မြတ်ပါရမီ လူမှုကူညီရေးအသင်း (ညောင်ဦး)
(၂၅) SYNERGY လူငယ်စွမ်းရည်မြှင့်တင်ရေးအသင်း (ညောင်ဦး)
(၂၆) ဗြဟ္မဝိဟာရအသင်း (အင်းစိန်)
(၂၇) အေးသုခ နာရေးကူညီမှုအသင်း (ဥသျှစ်ပင်)
(၂၈) သုဂတိရှင် နာရေးကူညီမှုအသင်း (ကျောက်ပန်းတောင်း)
(၂၉) ပရဟိတ စေတနာနှင့်လူငယ်များ နာရေးကူညီမှုအသင်း (ပျဉ်ပုံကြီး)
(၃ဝ) Hundred Power လူမှုကူညီရေးအသင်း (ပဲနွယ်ကုန်း)
(၃၁) သုခဒါယီ လူမှုနှင့် နာမှုကူညီရေးအသင်း (ပဲခူး)
(၃၂) စေတနာ့အလင်းအိမ် ပညာဒါနသင်တန်းကျောင်း (ပဲခူး)
(၃၃) မာတလိ လူမှုကူညီရေးအသင်း (ပဲခူး)
(၃၄) စိတ္တသုခ လူမှုကူညီမှုအသင်း (တောင်တွင်းကြီး)
(၃၅) မြို့မ လူမှုကူညီရေးအသင်း (ထန်းတပင်)
(၃၆) အာယုဒါန အခမဲ့ဆေးခန်း (ပြွှန်တန်ဆာ)
(၃၇) မာဃလူငယ်သွေးလှူရှင်အသင်း (ပြွှန်တန်ဆာ)
(၃၈) မာဃဝါပဆွမ်းလောင်းအသင်း (ပြွှန်တန်ဆာ)
(၃၉) ထုံးဘို နာရေးကူညီမှုအသင်း (ထုံးဘို)
(၄ဝ) အေးငြိမ်းရာ ပရဟိတအသင်း (အောင်လံ)
(၄၁) ပညာဒီပ ပရဟိတအသင်း (အောင်လံ)
(၄၂) ကရုဏာ လူမှုကူညီရေးအသင်း (မအူပင်)
(၄၃) ရွှေမေတ္တာ နာရေးကူညီမှုအသင်း (ညောင်ရွှေ)
(၄၄) မေတ္တာရှင် လူမှုကူညီရေးအသင်း (တောကျွဲအင်း)
(၄၅) အမေ့မေတ္တာ ကုသိုလ်ဖြစ်ဆေးခန်း (ကညွှတ်ကွင်း)

မြန်မာပြည်ရဲ့ အလွန်အဆင့်အတန်း နိမ့်နေတဲ့ ပညာရေးစနစ် ၊ ပြုပြင်ရေး အတွက် ကျောင်းသားတွေ ဆန္ဒပြကြတော့ ၊ အာဏာရှင်တွေရဲ့ လက်ပါးစေ ပညာရေး ဝန်ကြီး ဌာနက လက်မခံနိုင်ဘူး။ အဓိက က သူတို့ခိုးစားနေတဲ့ ပြည်သူ့ဘဏ္ဌာတွေ ကို အခမဲ့ ပညာရေးစနစ်မှာ ပိုသုံးလိုက်ရမှာစိုးလို့၊

ဒါပေမဲ့ သမ္မတ ဦးသိန်းစိန် ရဲ့ အားလုံးပါဝင်တဲ့ ညှိနှိုင်းမှူ့ ဆိုတာကြောင့် ကျောင်းသားတွေနဲ့ဆွေးနွေးပြတယ်။ ကျောင်းသားတွေက ပညာရှင်တွေ ကို ချဉ်းကပ်ပြီး ဥပဒေ ပိုင်းဆိုင်ရာတွေ ကို ထောက်ပြကြတော့၊ အာဏာရှင်တွေ ဆတ်ဆတ်ထိမခံဖြစ်ကုန်ကြပြီး ၊ သူ့တို့မီဒီယာတွေ ကနေ ကျောင်းသား လှုပ်ရှားမှူ့ မဟုတ်ပါဘူး၊ ပုဆိန်ရိုးတွေကြောင့်ပါလို့ ဝါဒဖြန့်လာကြတယ်။

အခုတခါ အစိုးရက ဆွေးနွေးဖို့ လမ်းဖွင့်ထားရဲ့နဲ့ ကျောင်းသားတွေက မလာတာပါလို့ ဝါဒဖြန့်တယ်၊ တဖက်မှာလည်း ကျောင်းသားတွေကို ပိတ်ဆို့ထားပြီး ကျောင်းသားလှုပ်ရှားမှူ့ကို လူမိုက်တွေနဲ့ အကြမ်းဖက် ဖြိုခွင်းစပြုနေပြီ။

NNER က အစိုးရနဲ့ ကျောင်းသားတွေကြားမှာ ဖြစ်သင့်တဲ့ အဖြေတခုကို ရေးဆွဲပြီး ပဋိပက္ခကို ဝိုင်းပြီး ဖြေရှင်းပေးနေတာပါ။ NNER မှာ ဦးဆောင်နေတဲ့ ဒေါက်တာသိန်းလွင် ဟာ ပညာရေးဆိုင်ရာပါရဂူ ဘွဲ့ကို ဩစတေးလျ ကယူခဲ့ပြီး ဒေါက်တာ ညိုညိုသင်း ဟာ ဥပဒေ မာစတာနဲ့ ပါရဂူဘွဲ့ ကို နာမည်ကြီး ဂျပန် ယူနီဘာစီတီက ယူထားကြတာပါ။ သူတို့တွေဟာ သူတို့ဘွဲ့ယူခဲ့တဲ့ နိုင်ငံ အစိုးရတွေ က ဒေါ်လာ သောင်းချီ ပေးတဲ့ အလုပ်တွေကို ငြင်းပယ်ပြီး ဒေါ်အောင်ဆန်းစုကြည် လိုဘဲ မြန်မာ ပြည်သူပြည်သားတွေ အတွက် နိုင်ငံရေး လာလုပ်နေကြတာ။

Kyaw Kaung

ကျောင်းသားသပိတ် ထောက်ခံပွဲကို ရဲတပ်ဖွဲ့ဝင်တွေနဲ့ တာဝန်လက်ပတ် ၀တ်ဆင်ထားတဲ့ အရပ်သားတွေက အကြမ်းဖက်နှိမ်နင်းခဲ့မှုနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) အဖွဲ့တို့ ဒီနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမမှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးမြင့်ဆွေ ဦးဆောင်တဲ့ တိုင်းအစိုးရအဖွဲ့ တာဝန်ရှိသူတွေနဲ့ ၈၈ မျိုးဆက်က ဦးကိုကိုကြီး၊ ဦးမြအေး၊ ဦးပြုံးချို၊ ဦးထွန်းမြင့်အောင်၊ ဦးဇော်မင်းနဲ့ ဒေါ်မီးမီးတို့ ဒီနေ့မနက် တွေ့ဆုံခဲ့ကြတယ်လို့ ၈၈ မျိုးဆက်ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြင့်ဆွေက အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေက ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၁၂၇၊ ၁၂၈ နဲ့အညီ ကိုင်တွယ်ဖြေရှင်းခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

၈၈ မျိုးဆက်အဖွဲ့က “ကိုလိုနီခေတ်က ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေဖြစ်သည့် ထိုပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၁၂၇၊ ၁၂၈ တို့အား ယခုကဲ့သို့ လိုရာဆွဲပြီး ကိုင်တွယ်ဖြေရှင်းမှုအပေါ် လက်မခံကြောင်း၊ ထိုသို့ အကြမ်းဖက်ဖြေရှင်းခဲ့သည့်အတွက်မိန်းကလေးများ ကာယိနြေ္ဒပျက်စေခဲ့ကြောင်း” သဘောထားကို ပြန်လည်ပြောကြားခဲ့တယ်လို့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဒီနေ့ တွေ့ဆုံခဲ့တာနဲ့ပတ်သက်ပြီး ဒီဗွီဘီက ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) ကို ဆက်သွယ်မေးမြန်းရာမှာတော့ အသေးစိတ်ပြောဖို့ မရှိကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။

ဓာတ်ပုံ – ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)
http://burmese.dvb.no/archives/84741

လက်ရှိအစိုးရဟာ ပြည်တွင်းမှာရှိတဲ့ အမျိုးသမီးများကို အကာအကွယ် မပေးနိုင်ရုံမက အစိုးရယန္တရားကိုယ်တိုင်က အမျိုးသမီးများအပေါ် အကြမ်းဖက် ဖိနှိပ်တိုက်ခိုက်နေတယ်လို့ အမျိုးသမီးများနိုင်ငံရေးလှုပ်ရှားမှု ၂၀၁၅ အဖွဲ့က ပြောဆိုလိုက်ပါတယ်။

ပြည်တွင်းရှိ အမျိုးသမီးအရေးလှုပ်ရှားသူခေါင်းဆောင် ၂၀ ကျော်နဲ့ ဖွဲ့စည်းထားတဲ့ အမျိုးသမီးများနိုင်ငံရေးလှုပ်ရှားမှု ၂၀၁၅ အဖွဲ့က ဒီနေ့ နိုင်ငံတကာအမျိုးသမီးများနေ့မှာ ကြေညာချက်ထုတ်ပြန်ပြောဆိုလိုက်တာဖြစ်ပါတယ်။

အဖွဲ့ပြောခွင့်ရ ဒေါ်သင်းသင်းအောင်က “ကျမတို့ထောက်ပြထားတာက မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုယ်တိုင်က တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ရမယ့်အစား အထူးသဖြင့် ပြည်သူလူထုထဲမှာရှိတဲ့ အမျိုးသမီးတွေကို ကိုယ်ထိလက်ရောက်ဖမ်းဆီးနှိပ်စက်ရိုက်နှက်တာတွေ ကာယိနြေ္ဒပျက်ပြားစေအောင်အထိ ဆွဲပြီးတာ့မှ ရဲမေတွေကိုမသုံးဘဲ နောက်ဆုံး ကျောင်းသားကျောင်းသူတွေကို စွမ်းအားရှင်လို့ဆိုတဲ့ အရပ်သားတွေက ပုံပျက်ပန်းပျက် ရမ်းကားတဲ့ ပုံစံရှိတဲ့ ယောက်ျားလေးတွေကို လက်ပတ်တွေတပ်ပြီး အမျိုးသမီးတွေကိုဖမ်းတဲ့ဟာမျိုးတွေ တွေ့ရတယ်လေ။

အဲ့ဒါတွေက ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ကလာတဲ့ အုပ်ချုပ်ရေးမှူးတွေခေါ်လာတဲ့ လူတွေ၊ ဒါကိုကြည့်ခြင်းအားဖြင့် အစိုးရရဲ့ယန္တရားကိုယ်တိုင် အမျိုးသမီးတွေအပေါ် အကြမ်းဖက်နေတာကို ထောက်ပြခြင်း ဖြစ်ပါတယ်” လို့ ပြောပါတယ်။
အစိုးရအနေနဲ့ ၁၉၉၇ တွင် အမျိုးသမီးများ အပေါ်နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုများ ပပျောက်ရေး သဘောတူညီချက် (CEDAW) ကို လက်မှတ်ထိုးတာပြီးဖြစ်တာကြောင့် စာချုပ်ပါ ကတိက၀တ်တွေကို အမှန်တကယ်လက်တွေ့လုပ်ဆောင်ဖို့ လိုလိမ့်မယ်လို့လည်း ပြောပါတယ်။
Untitled-1 copyနိုင်ငံတကာအမျိုးသမီးများနေ့မှာ ထုတ်ပြန်လိုက်တဲ့ အမျိုးသမီးများနိုင်ငံရေးလှုပ်ရှားမှုအဖွဲ့ရဲ့ ကြေညာချက်ထဲမှာ လယ်သိမ်း ယာသိမ်းပြသနာတွေကြားထဲ ဖိနှိပ်ခံနေရတဲ့ အမျိုးသမီးများ၊ ဆန္ဒပြရင်း ဖိနှိပ်တိုက်ခိုက်ဖြိုခွင်းခံနေရတဲ့ အလုပ်သမားနဲ့ ကျောင်းသားကျောင်သူများ စတဲ့ဖြစ်ရပ်အသီးသီးကို အသေးစိတ်ဝေဖန်ထောက်ပြထားတာလည်း တွေ့ရပါတယ်။
ဒါ့အပြင် အမျိုးသမီးများအခွင့်အရေး လှုပ်ရှားတက်ကြွသူတွေကို အင်တာနက်စာမျက်နှာတွေပေါ် အသရေဖျက်ခံနေရမှု၊ မိုဘိုင်းဖုန်းတွေကတဆင့် လိင်မှုဆိုင်ရာ စော်ကားတိုက်ခိုက်မှု၊ ခြိမ်းခြောက်မှုများရှိနေပြီး၊ တိုင်ကြား အရေးယူနိုင်ခြင်းမရှိဘဲ၊ အကာအကွယ်မဲ့စွာ ခံနေကြရတယ်လို့လည်း ဖော်ပြထားပါတယ်။
Untitled-2 copyမတ်လ (၈) ရက်နေ့ဟာ ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာမှ သတ်မှတ်ဂုဏ်ပြုထားတဲ့ နိုင်ငံတကာအမျိုးသမီးများနေ့ဖြစ်ပြီး အခုနှစ် အမျိုးသမီးများနေ့ (၂၀၁၅) ဆောင်ပုဒ်မှာ “လူသားအားလုံးတိုးတက်ဖို့၊ အမျိုးသမီးများ စွမ်းရည်မြှင့်တင်လို့၊ ပုံဖော်ကြပါစို့” (Empowering Women, Empowering Humanity: Picture it!) ဖြစ်ပါတယ်။

By ရွှေအောင်
http://burmese.dvb.no/archives/84727

စစ်တပ်ကို အညံ့ခံ အရှုံးပေးမယ့်အစား မြန်မာလူငယ်တွေဟာ ထောင်အကျခံတယ်လို့ အမေရိကန် ပြည်ထောင်စု သမ္မတ ဘားရက်အိုဘားမားက ပြောပါတယ်။

၁၉၆၅ ခုနှစ် မဲပေးဖို့ အခွင့်အရေးအတွက် ဆဲလ်မာကနေ မောင့်ကိုမာရီကို ချီတက် တောင်းဆိုတဲ့ အကြမ်းမဖက် ဆန္ဒပြတဲ့ လူ ၆၀၀ ကို အယ်လ်ဘား ပြည်နယ် ရဲတပ်ဖွဲ့တွေက အက်ဒ်မန် ပီတပ်စ် တံတားနားမှာ ရိုက်နှက် ဖြိုခွင်းခဲ့တာ ဖြစ်ပါတယ်။

ဒီဖြစ်ရပ် ဖြစ်ပွားခဲ့တဲ့ နှစ် ၅၀ ပြည့် “သွေးမြေကျ တနင်္ဂနွေနေ့” အမှတ်တရ အခမ်းအနား ကျင်းပတဲ့ ဖေဖော်ဝါရီ ၇ ရက်မှာ မြန်မာက လူငယ်တွေနဲ့ ဥပမာပေးပြီး အိုဘားမားက အခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။
“သံမဏိ လိုက်ကာနောက်ကွယ်က လူငယ်တွေက ဆဲလ်မာဖြစ်ရပ်ကို မြင်တွေပြီး နံရံတွေကို နောက်ဆုံးမှာ ဖြိုချနိုင်ပါတယ်၊ တောင်အာဖရိက ဆွာဝီတိုက လူငယ်တွေက ဘော်ဘီကနေဒီပြောတဲ့ လှုပ်ခတ်နေတဲ့ မျှော်လင့်ချက်နဲ့ နောက်ဆုံးမှာ လူမျိုးရေး ခွဲခြားမှုကို တိုက်ထုတ်နိုင်ခဲ့ပါတယ်၊ မြန်မာက လူငယ်တွေကလည်း စစ်တပ်ကို အညံ့ခံမယ့်အစား ထောင်အကျခံကြပါတယ်။ ဒါဟာ ကမ္ဘာကို ပြောင်းစေတဲ့ အင်မတန်မှ အင်းအားကြီးတဲ့ လူငယ်တွေရဲ့ ဆောင်ရွက်ချက်တွေဖြစ်တယ်” လို့ အိုဘားမားက ပြောပါတယ်။

ဆယ်လ်မာက လှုပ်ရှားမှုကြောင့် မဲပေးပိုင်ခွင့် အခွင့်အရေး ဥပဒေကို ပြဋ္ဌာန်းနိုင်ခဲ့တယ်လို့ သူက ပြောပါတယ်။

အာဏာမရှိတဲ့လူတွေက ကမ္ဘာရဲ့ အင်အားကြီး နိုင်ငံတွေကို ပြောင်းလဲနိုင်သလို လွတ်လပ်ခွင့်နယ်ပယ်ကို ပိုမိုချဲ့ထွင်ဖို့ ခေါင်းဆောင်တွေကို ဖိအားပေးနိုင်တယ်လို့ အိုဘားမားက ပြောပါတယ်။

ဆဲလ်မာက အတွေးအခေါ်တွေက အစစ်အမှန်တွေ ဖြစ်လာတယ်ဆိုတာကို လူငယ်တွေက မြင်တွေ့နေသလို အမေရိကန်မှာ ဒါတွေ အမှန်တကယ် ဖြစ်နေရတယ်ဆိုတာကိုလည်း သူတို့ မြင်လာတယ်လို့ သူက ပြောပါတယ်။

ဆဲလ်မာ ဆန္ဒပြမှုမှာ ရဲတွေက ရိုက်နှက်ခဲ့တဲ့ အတွက် ဦးခေါင်းမှာ ဒဏ်ရာရရှိခဲ့တဲ့ ခေါင်းဆောင် ဂျွန်လူးဝစ်ဟာ လက်ရှိ ရီပတ်ဘလီကင် အမတ် တဦး ဖြစ်နေသလို သူရဲ့ သူရဲကောင်းတဦးဖြစ်တယ်လို့ အိုဘားမားက ပြောဆိုသွားပါတယ်။

အမေရိကန် နိုင်ငံခြားရေးဌာနပြောခွင့်ရသူက ဝါရှင်တန် ဒီစီမှာ မတ်လ ၆ ရက်နေ့က ပြုလုပ်တဲ့ ပုံမှန် သတင်းစာရှင်းလင်းပွဲမှာလည်း မြန်မာအစိုးရက ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ကျောင်းသားတွေကို အင်းအားသုံးဖြိုခွင်းခဲ့တာကို စိုးရိမ်သလို ဒီမိုကရေစီနဲ့မကိုက်ညီဘူးလို့ ပြောကြားလိုက်ပါတယ်။

ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒပြသူတွေရဲ့ အခွင့်အရေးကို လေ့စားဖို့နဲ့ ဒါဟာ ဒီမိုကရက်တစ် လူမှုအသိုင်းအ၀န်းမှာ မရှိမဖြစ် လိုအပ်တဲ့ အစိတ်အပိုင်းတခု ဖြစ်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

By ဒီဗွီဘီ

http://burmese.dvb.no/archives/84709

ရန်ကုန်တက္ကသိုလ်၊ စိန်ရတုခန်းမမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ ကကျင်းပတဲ့ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲကို တက်ရောက် လာတဲ့ မြန်မာနိုင်ငံ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံ လုံးဆိုင်ရာကွန်ရက် NNER အဖွဲ့ဝင်များကို တွေ့ရစဉ်။ Photo: RFA
ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့မှာ တားဆီးခံထားရ တဲ့ ကျောင်းသား ကျောင်းသူတွေရဲ့ တောင်းဆိုချက်တွေ ကို အစိုးရအဖွဲ့အနေနဲ့ အမြန်ဆုံးညှိနှိုင်းဖြေရှင်းပေးဖို့ အရပ်ဘက်လူမှု အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးပါတီတွေ က မေတ္တာရပ်ခံစာထုတ်ပြန်ပြီး တိုက်တွန်းလိုက် ပါတယ်။

လေးပွင့်ဆိုင်သဘောတူညီချက်တွေ ပျက်ပြယ်မသွားဖို့ နဲ့ သပိတ်စခန်းဖွင့်ဆန္ဒပြနေတဲ့ ကျောင်းသား ကျောင်း သူတွေရဲ့ ကျန်းမာရေးနဲ့ လုံခြုံရေးအခြေအနေ မထိခိုက်ဖို့ အခုလိုတိုက်တွန်းတာဖြစ်တယ်လို့ NNER အဖွဲ့ဝင် ဒေါက်တာအာကာမိုးသူက ပြောပါတယ်။

"အဓိကကတော့ လေးပွင့်ဆိုင်တွေ့ဆုံရေးကို နှစ် ဖက်စလုံးဆုံးရှုံးမှာကို ကျနော်တို့ကြောက်တယ် ၊ လေးပွင့်ဆိုင်ရလဒ်က ကျောင်းသားလည်း တန်ဖိုးထားတယ်၊ အစိုးရလည်း တန်ဖိုးထားမယ် လို့ထင်တယ်၊ အစိုးရက ဒီလိုမျိုးလုပ်နေတဲ့ အလုပ်တွေက ကျောင်းသားတွေကို အနာတရဖြစ်စေတယ်၊ ကျောင်းသားတွေ တော်တော်များများပင် ပန်းတယ်၊ အစိုးရတရပ်အနေနဲ့ ဒီအပေါ်မှာ ခေါင်းမာမနေပဲနဲ့ပေါ့နော် အကောင်းဆုံးကတော့ ဆောင် ရွက်ပေးတဲ့ထောင့်ကနေ ဝိုင်းဝန်းဆောင်ရွက်ဖို့ဆိုပြီးမှ ကျနော်တို့တိုက်တွန်းထားတယ်ဗျ"

အဲ့ဒီမေတ္တာရပ်ခံစာကို မွန်အမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ကရင်အမျိုးသားပါတီ၊ ကယန်း အမျိုးသားပါတီ၊ ဇိုမီး ဒီမိုကရေစီကွန်ရက်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ကချင်ငြိမ်းချမ်းရေးကွန်ရက်၊ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေး ကွန်ရက်၊ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့ စတဲ့အဖွဲ့ ၂၃ ဖွဲ့က မနေ့က ပူးတွဲကြေညာချက် ထုတ်ပြန်တာဖြစ် ပါတယ်။

ကျောင်းသားသပိတ်တွေကို အကြမ်းဖက်ဖြိုခွဲမှုတွေ မလုပ်ဖို့နဲ့ အကြမ်းဖက်ဖြေရှင်းပါက မမျှော်လင့်နိုင်တဲ့ တင်းမာမှုတွေ ဖြစ်ပေါ်လာနိုင်ကြောင်း မေတ္တာရပ်ခံစာမှာ ပါရှိပါတယ်။

RFA Burmese
http://www.rfa.org/burmese

Islamic state 'demolish' ancient Hatra site in Iraq




ဘဂ္ဂဒက် ၊ ၈-၃-၂၀၁၅

ISIS စစ်သွေးကြွ များသည် အီရတ်ရှိ ရှေးဟောင်းမြို့များ သို့ ၀င်ရောက်ကာ ရှေးဟောင်း ရုပ်တုနှင့် အဆောက်အအုံ များသည် ရုတ်တု ကိုးကွယ်ခြင်းကို အားပေး အားမြှောက် ပြုရာရောက်သည် ဆိုပြီး ရှေးဟောင်း အမွေအနှစ် များကို ဖျက်ဆီးလျက် ရှိရာ ယမန်နေ့တွင် အီရတ် ရှေးဟောင်းမြို့တစ်မြို့ ဖြစ်သော ဟက်ထရာမြို့ ကို ဆက်လက်ဖျက်ဆီးနေကြောင်း သိရသည်။

ယမန်နေ့ နံနက်စောစော တွင် ဟက်ထရာမြို့ ထဲမှ ပေါက်ကွဲသံ နှစ်ခုကိုကြားခဲ့ ရပြီးနောက် ရှေးဟောင်း သုတေသန လုပ်ငန်းများ လုပ်လေ့ရှိရာ လုပ်ကွက်များကို ဘူဒိုဇာ များဖြင့် ဝင်ရောက်ဖြိုဖျက် နေသည်ကို တွေ့ရှိ ရကြောင်း ဟက်ထရာမြို့ အနီးတွင် နေထိုင်ကြ သူများက ပြောကြားခဲ့ သည်ဟု မိုဆူလ် အခြေစိုက် ကမ္ဘာလှည့် ခရီးသွားနှင့် ရှေးဟောင်း အမွေအနှစ်များ ဆိုင်ရာ ဝန်ကြီးဌာနမှ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပြသည်။

''ISIS စစ်သွေးကြွ တွေက ဟက်ထရာ ကနေ ရှေးဟောင်း အမွေအနှစ် တွေကို သယ်နိုင်တာ သယ်ပြီး မသယ်နိုင် တာတွေကို ဖျက်ဆီးပစ် ပါတယ်။ ဒီမြို့ဟာ နှစ်ပေါင်း ၂ဝဝဝ ကျော် သက်တမ်းရှိတဲ့ ရှေးဟောင်း မြို့ကြီး ဖြစ်ပါတယ်'' ဟု မိုဆူလ် အခြေစိုက် ကာ့ဒ် အရာရှိ တစ်ဦးက ပြောပြသည်။

ဟက်ထရာ သည် မိုဆူလ်မြို့မှ အနောက်တောင်ဘက် ၆၈ မိုင်ခန့် အကွာတွင် တည်ရှိပြီး ပါသီယန် အင်ပိုင်ရာ ၏ ခံတပ်မြို့ ဖြစ်ခဲ့သကဲ့သို့ ပထမဆုံးသော အာရပ်ဘုရင် အုပ်ချုပ်ရေး မြို့တော်လည်း ဖြစ်ကြောင်း၊ UNESCO ကမ္ဘာ့ အမွေအနှစ် စာရင်းတွင် ထည့်သွင်း ဖော်ပြ ထားကြောင်း သိရသည်။


#PyiChitThar
http://www.pyichitthar.com/2015/03/isis_75.html

လက်ပံတန်းမြို့မှာ ရဲတပ်ဖွဲ့က ပိတ်ဆို့ထားရတဲ့ ပင်မသပိတ်စစ်ကြောင်းကို မတ်လ ၄ ရက်နေ့က တွေ့ရစဉ်။ Photo: Kyaw Zaw Win, Myo Thant Khaing/RFA
ဒီမိုကရေစီပညာရေးအတွက် မန္တလေး-ရန်ကုန်ချီတက် ဆန္ဒပြနေတဲ့သပိတ်မှောက်ကျောင်းသားတွေကို လက်ပံတန်းမြို့ လမ်းလည်ခေါင်မှာ ရဲအင်အားအလုံး အရင်းနဲ့ တားဆီးပိတ်ဆို့ထားတာ ဒီနေ့ဆိုရင် ၆ ရက်မြောက်ရှိပြီဖြစ်သလို၊ ပြည်သူတွေက အစား အသောက်လှူဒါန်းတာတွေ၊ သွားရောက်တွေ့ဆုံ တာတွေကိုလည်း အရင်ထက်ပိုပြီး တားမြစ်ချုပ်ကိုင် လာနေပြီလို့ သိရပါတယ်။

သူတို့ကို အခုလိုဆောင်ရွက်လာတာ ဟာ ဖြတ်လေးဖြတ် စစ်ဆင်ရေးနဲ့တူနေပြီလို့ ဗမာနိုင်ငံလုံး ဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် တွဲဘက်အတွင်းရေးမှူး ကိုမင်းသွေးသစ်က RFA ကို ပြောပါတယ်။

"ကျနော်တို့သပိတ်စစ်ကြောင်းကို ပြင်ပကနေပြီးတော့ အစားအသောက်တွေပေးဖို့လာတာပဲဖြစ်ဖြစ်၊ ကျနော်တို့ ကျောင်းသားတွေနဲ့ တွေ့ဖို့လာတာပဲဖြစ်ဖြစ် သူတို့ကလက်မခံတာ၊ အလှူရှင်ဆီက နာမည်တွေ မှတ်ပုံတင်နံပါတ်တွေတောင်းတာ အမှန်ဆိုမလိုအပ်ဘူးပေါ့၊ ကျနော်တို့ကိုလှူသလိုမျိုးပေါ့ ရဲတပ်ဖွဲ့ကို လာလှူနေတဲ့အလှူရှင်တွေရှိပါတယ်၊ ဘာပဲဖြစ်ဖြစ် ပြည်သူကကျောင်းသားကို ဂရုဏာစိတ်နဲ့ ပူးပေါင်း ပါဝင်ချင်တဲ့ဟာကို အစိုးရအနေနဲ့ သူတို့ရဲ့လုပ်ပိုင်ခွင့်အာဏာသုံးပြီးတော့ ဒီဟာကိုဖြတ်တောက်နေ တယ်လို့ ကျနော်တို့မြင်တယ်၊ စစ်ရေးအမြင်နဲ့ သပိတ်စစ်ကြောင်းက ကျောင်းသားတွေအပေါ်မှာ ဆက်ဆံနေတယ်၊ ဖြတ်လေးဖြတ်နဲ့ ဆက်ဆံနေတယ်ပေါ့ အဲ့လိုမျိုးကျနော်တို့ကမြင်တယ်၊ ဒါအစိုးရအနေ နဲ့ မလုပ်သင့်တဲ့ကိစ္စဖြစ်တယ်"

မနေ့ညကဆိုရင် ဂီတပညာရှင် မဇ္ဈိမလှိုင်းဦးရဲလွင်နဲ့ ပန်းရဲ့လမ်းအဖွဲ့ဝင်တွေ၊ဒေါက်တာသိန်းလွင် ဦးဆောင်တဲ့ NNER ပညာရေးကွန်ရက်အဖွဲ့ဝင်တွေနဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်တချို့ ကျောင်းသားတွေ ဆီသွားတွေ့တာကို ပဲခူးတိုင်းနယ်စပ်ရေးရာ လုံခြုံရေးဝန်ကြီးက တားမြစ်ခဲ့ပြီး ကျောင်းသားတွေဘက်က အပြင်းအထန်တောင်းဆိုမှ တွေ့ခွင့်ပြုတယ်လို့ဆိုပါတယ်။

အစိုးရက ကျောင်းသားတွေ သပိတ်ရပ်ပြီးအိမ်ပြန်ကြဖို့ကိုပဲ တောင်းဆိုနေတဲ့အတွက် ကျောင်းသား တွေကလည်း အစိုးရရဲ့ဆန္ဒကို လိုက်လျောဖို့အတွက် သပိတ်ကိုရပ်နားပေးလို့ရနိုင်မယ့် အခြေအနေ တရပ်ကိုရည်ရွယ်ပြီး ရန်ကုန်မှာ သပိတ်ရပ်အခန်းအနားနဲ့ ရပ်မယ်ဆိုတဲ့ အချက် ၈ ချက်ပြန်လိုက် လျောဖို့ အစိုးရကိုတောင်းဆိုထား ပါတယ်။

ဒါပေမယ့် အစိုးရကမလိုက်လျောပဲ ကျောင်းသားတွေကို ဖိအားပေးနေတာလို့ဆိုပါတယ်။

RFA Burmese
http://www.rfa.org/burmese


အာဏာရပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို လက်ပတ်နီဝတ် အရပ်သားများအား အသုံးပြုလျက်၊ အကြမ်းဖက်ထိပ်တိုက် တွေ့မှုများနှင့် ပတ်သက်၍ မဖြစ်မနေ တာဝန်ယူရမည်ဖြစ်သည်။ အာဏာရပါတီဖြစ်သည့် အလျောက် အစိုးရ၏ လုပ်ရပ်များနှင့် ပတ်သက်ပြီး၊ ပြည်ခိုင်ဖြိုးပါတီသည် အမွေရရှိမည်သာဖြစ်သည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့သည် ၂၀၁၅ ခုနှစ် မတ်လ (၆) ရက်နေ့တွင် ထုတ်ပြန်ကြေညာချက်အမှတ် (၇/၂၀၁၅) ကို ထုတ်ပြန်ခဲ့သည်။

အဆိုပါထုတ်ပြန် ကြေညာချက်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့်ဒီမိုကရေစီရေးတို့အတွက် အစဉ်သဖြင့် တက်ကြွစွာ ပါဝင်ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး၊ နိုင်ငံတော်အတွင်း အကြောင်းကြောင်းနှင့် အခြေအနေအရပ်ရပ်အရ သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်လာပါက မျက်နှာစုံညီညှိနှိုင်းအဖြေရှာ၍ ပူးပေါင်းဆောင်ရွက်နေသော ပါတီဖြစ်သည်ဟု ဖော်ပြထားသည်။


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် အာဏာရပါတီဖြစ်ပြီး၊ ပြည်ထောင်စုလွှတ် တော်တွင် အများစုပါတီလည်းဖြစ်သည်။ သို့သော် သဘောထားကွဲလွဲမှုများတွင် မျက်နှာစုံညီညှိနှိုင်းအဖြေရှာ၍ ပူးပေါင်းဆောင်ရွက်နိုင်မှုအပိုင်းတွင် အားနည်းနေဆဲဖြစ်သည်။ ပါတီဥက္ကဋ္ဌဟောင်း သမ္မတဦး သိန်းစိန်သည် တွေ့ဆုံဆွေးနွေးအဖြေရှာရေးကို လေးလေးလံလံတုံ့ပြန်နေဆဲဖြစ်သည်။ လေးဦးဆိုင် တွေ့ဆုံဆွေးနွေးရေးနှင့် ခြောက်ဦးဆိုင်တွေ့ဆုံဆွေးနွေးရေးတို့ကို သမ္မတသည် မျက်ကွယ်ပြုထားဆဲ ဖြစ်သည်။

ဒေသတွင်းတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်များအတွက် ငြိမ်းချမ်း စွာ ပူးပေါင်းညှိနှိုင်းဖြေရှင်းနိုင်ရေးသည် လွန်စွာအရေးကြီးပါကြောင်း နှင့် မိမိတို့ပါတီအနေဖြင့် အင်အားသုံး ဖြေရှင်းဆောင်ရွက်မှုများကို မထောက်ခံပါကြောင်း၊ လတ်တလောဖြစ်ပေါ်နေသော ဖြစ်စဉ်များ အပါအ၀င် မည်သည့်ဖြစ်စဉ်များမဆို မိမိတို့ပါတီအနေဖြင့် အင်အားသုံး ပါဝင်ဆောင်ရွက်ခြင်းမပြုရန် သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်ပါတီအဆင့်ဆင့်များသို့ ၂၀၁၅ ခုနှစ် ဇန်န၀ါရီလ ၃၀ ရက်စွဲပါ စာအမှတ်၊ ၁/ပြည်ခိုင်ဖြိုး/၂၀၁၅(၀၂၉) ဖြင့် ပါတီဌာနချုပ်မှ ညွှန်ကြားထားပြီးဖြစ်ပါကြောင်းတို့ကို ပြည်ခိုင်ဖြိုးပါတီ၏ ကြေညာချက်တွင် ဖော်ပြခဲ့သည်။

ငြိမ်းချမ်းစွာပူးပေါင်းညှိနှိုင်းဖြေရှင်းနိုင်ရေးကို ပြည်ခိုင်ဖြိုးပါတီအနေဖြင့် လက်ကိုင်ပြုသည်ဟု ကြေညာချက်တွင် ဖော်ပြခဲ့လင့်ကစား၊ ပကတိအနေအထားတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များ၊ နိုင်ငံရေးပါတီများ၊ နိုင်ငံရေးခေါင်းဆောင်များနှင့်ပူးပေါင်းညှိနှိုင်းဖြေရှင်းနိုင်ရေးသည် အလှမ်းဝေး သထက် ဝေးနေဆဲဟု သုံးသပ်နိုင်သည်။

သမ္မတ၊ ဒုတိယသမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌ နှင့် ဒုတိယဥက္ကဋ္ဌများအပါအ၀င် အစိုးရနှင့်လွှတ် တော်အကြီးအကဲများ အားလုံးသည် ပြည်ခိုင်ဖြိုးပါတီ၏ ထိပ်တန်းခေါင်းဆောင်များဖြစ်သည်။ ငြိမ်းချမ်းစွာဆန္ဒပြသူများကို အကြမ်းဖက်နှိမ်နင်းမှုပြုလုပ်ခဲ့သော ရန်ကုန်တိုင်းဒေသကြီး အစိုးရ၀န်ကြီးချုပ်သည် ပြည်ခိုင်ဖြိုးပါတီ ရန်ကုန်တိုင်းဥက္ကဋ္ဌဖြစ်သည်။ ခြေလျင်သပိတ်မှောက် ကျောင်းသားများအား ပိတ်ဆို့တားဆီးထားသော ပဲခူးတိုင်းဒေသကြီး အစိုးရ၀န်ကြီးချုပ်သည်လည်း ပြည်ခိုင်ဖြိုးပါတီပဲခူးတိုင်း ဥက္ကဋ္ဌ ဖြစ်သည်။ ပြည်ခိုင်ဖြိုးပါတီ၏ ထုတ်ပြန်ကြေညာချက်သည် ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့တွင် သပိတ်မှောက်ကျောင်းသားများအား အင်အားသုံးပိတ်ဆို့ထားခြင်း၊ လွတ်လပ်ရေးကျောက်တိုင်ရှေ့ သပိတ်မှောက်ကျောင်းသားများအား အင်အားသုံးအကြမ်းဖက်လူစုခွဲခြင်းတို့နှင့် လားရာဆန့်ကျင်နေသည်။

ပါတီဌာနချုပ်၏ညွှန်ကြားချက်ကို တိုင်းဒေသကြီးပါတီများက လိုက်နာမှုအားနည်းခြင်းဖြစ်နိုင် သကဲ့သို့၊ ကြေညာချက်တမျိုးထုတ်၊ လုပ်တော့တမျိုး လုပ်ခြင်းလည်း ဖြစ်နိုင်ခြေရှိသည်ဟု သုံးသပ် နိုင်သည်။ အပြောနှင့်အလုပ် မကိုက်ညီမှုများ၊ ပြဒါးတလမ်း၊ သံတလမ်းဖြစ်ခဲ့မှုများသည် ဗရပွနှင့်ဖြစ် သည်ဟု မှတ်ချက်ပြုနိုင်သည်။

နိုင်ငံတော်အတွင်း အကြောင်းကြောင်းနှင့် အခြေအနေအရပ်ရပ်အရ သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်လာပါက မျက်နှာစုံညီညှိနှိုင်းအဖြေရှာ၍ ပူးပေါင်းဆောင်ရွက်နေသော ပါတီဖြစ်သည်ဟူသော ပြည်ခိုင်ဖြိုးပါတီ၏ထုတ်ပြန်ချက်သည် လက်ပံတန်းမြို့နှင့် ရန်ကုန်မြို့တို့တွင် အစိုးရနှင့်အာဏာပိုင် များအနေဖြင့်၊ သပိတ်မှောက်ကျောင်းသားများအပေါ် ဆက်ဆံပုံများ၊ တုံ့ပြန်ပုံများနှင့်ဆက်စပ်စဉ်းစား လျှင် လွှဲမှားနေသည်ဟုပင် ကောက်ချက်ပြုရမည်ဖြစ်သည်။


ထုတ်ပြန်ကြေညာချက်နိဂုံးပိုင်းတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒီမိုကရေစီအရေးတို့ကို ရှေးရှု၍ ပြဿနာများ ပေါ် ပေါက်လာပါက တွေ့ဆုံညှိနှိုင်းအဖြေရှာပြီး၊ ပူးပေါင်းဆောင်ရွက်ရေးကို မဖြစ်မနေ လုပ်ဆောင်ကြပါရန် တိုက်တွန်းပါကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်ဟု ပါရှိသည်။

ပြည်ခိုင်ဖြိုးပါတီ၏ဥက္ကဋ္ဌဟောင်း သမ္မတဦးသိန်းစိန်၊ လက်ရှိဥက္ကဋ္ဌ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း၊ ပါတီအတွင်းရေးမှူး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ တိုင်းဒေသကြီးပါတီဥက္ကဋ္ဌများဖြစ်သော တိုင်းဒေသကြီးဝန်ကြီးချုပ်များအနေဖြင့်၊ တွေ့ဆုံညှိနှိုင်းအဖြေရှာပြီး ပူးပေါင်းဆောင်ရွက်ရေးကို မဖြစ်မနေ လုပ်ဆောင်ကြပါရန် ပါတီကကြေညာချက် ထုတ်ပြန်တိုက်တွန်းမှုကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်နေဆဲ၊ အားလျော့နေဆဲဖြစ်သည်ဟု သုံးသပ်နိုင်သည်။

၂၀၁၅ ခုနှစ် မတ်လတွင် လက်ပတ်နီဝတ်အရပ်သားများ (စွမ်းအားရှင်များ) ကို သပိတ်မှောက် ကျောင်းသားများနှင့် တကျော့ပြန်ထိပ်တိုက်ရင်ဆိုင်စေခြင်းသည် ၂၀၀၃ ခုနှစ် ဒီပဲယင်းဖြစ်စဉ်၊ ၂၀၀၇ ခုနှစ် ရွှေဝါရောင်ဖြစ်စဉ်တို့နှင့် တထပ်တည်းဖြစ်နေသည့်အလျောက် အစိုးရ၊ လွှတ်တော်များနှင့် အာဏာရပြည်ခိုင်ဖြိုးပါတီတို့အနေဖြင့် တိုင်းပြည်နှင့်ပြည်သူလူထုကို တရားဝင်အသိပေးရှင်းလင်း နိုင်ရန် မဖြစ်မနေလိုအပ်မည်ဖြစ်ပါကြောင်း နှင့် ငြိမ်းချမ်းစွာဆန္ဒပြသူများကို စွမ်းအားရှင်များအသုံးပြု လျက် အကြမ်းဖက်ထိပ်တိုက်ရင်ဆိုင်ခြင်း ထပ်မံမဖြစ်ပေါ်စေရေး အာမခံရန် လိုအပ်မည်ဖြစ်ပါကြောင်း တိုက်တွန်းဆော်သြလိုက်ရပါသည်။

 By ဒေါက်တာရန်မျိုးသိမ်း  (ဒီဗွီဘီ)
http://burmese.dvb.no

ဒီမိုကရေစီပညာရေးအတွက် သပိတ်မှောက်နေတဲ့ ကျောင်းသားတွေကို ထောက်ခံကြိုဆိုပွဲနဲ့ အာဏာပိုင်တွေရဲ့ အကြမ်းဖက်မှုကို ဆန့်ကျင်ရှုတ်ချတဲ့အနေနဲ့ အမေရိကန်ရောက် မြန်မာ့ဒီမိုကရေစီအင်အားစုတွေက မတ်လ ၇ ရက်နေ့က ၀ါရှင်တန်ဒီစီရှိ အိမ်ဖြူတော်ရှေ့မှာ ပြုလုပ်ခဲ့ပါတယ်။

ဒါ့အပြင် မြန်မာ့ဒီမိုကရေစီအင်အားစုတွေဟာ ဒီစီမှာ ရှိတဲ့ မြန်မာသံရုံးရှေ့မှာလည်း ကျောင်းသားတွေကို အကြမ်းဖက် ဖြိုခွဲမှုအတွက် ဆန္ဒပြခဲ့ပါတယ်။

အလားတူ မတ်လ ၇ ရက်နေ့မှာပဲ နော်ဝေနိုင်ငံ အော်စလိုမြို့မှာလည်း ကျောင်းသားတွေကို အကြမ်းဖက် ဖြိုခွဲတဲ့ လုပ်ရပ်အပေါ် မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူတွေက ဆန္ဒပြခဲ့ပါတယ်။

အော်စလိုမြို့က ပါလီမန်ရှေ့မှာ မြန်မာ့ဒီမိုကရေစီရေး အင်အားစုတွေက ဒီမိုကရေစီ ပညာရေးသပိတ်ကို ထောက်ခံခဲ့ပြီး အကြမ်းဖက်တွေ ပြုလုပ်တဲ့ ရဲတပ်ဖွဲ့ကို ကန့်ကွက် ရှုတ်ချတာတွေ ပြုလုပ်ခဲ့ပါတယ်။
.
Credit : DVB


အစိုးရရဲ့အင်အားသုံးပြီး အကြမ်းဖက်ဖြိုခွင်းတဲ့လုပ်ရပ်ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့နိုင်ငံတကာလူ့အခွင့် အရေး စံချိန်စံညွန်းသတ်မှတ်ချက်တွေကို ချိုးဖောက်လိုက်တာ ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောဆိုလိုက်ပါတယ်။ ဒီသတင်းကို လင်းဆက်အောင်က ပေးပို့ထားတာပါတယ်။

DVB TV



ခံပြင်းသမျှ
အံတင်းထားလိုက်ပါ ညီမရေ...

ဆေးသမားလိုလို
ခွေးသားလိုလိုကောင်က
ညီမရဲ့လည်ပင်းညှစ်
ဖမ်းပိုင်ခွင့်ရှိတဲ့ခေတ်
လူလာဖြစ်ရတာကိုက
လူဖြစ်ရှုံးလှပြီ...

ကျောင်းသားကို
သူတောင်းစားက ဂုတ်ခဲ
တုတ်ဆွဲပြီး ရိုက်လိုရိုက်
ခွေးနဲ့ရှူးတိုက်တဲ့ခေတ်
လူလာဖြစ်ရတာကိုက
လူဖြစ်ရှုံးလှပြီ...

သူခိုးတွေအုပ်ချုပ်
ဂျပိုးတွေ လူမိုက်လုပ်
အာဏာရှင်လက်ကိုင်တုတ်တွေနဲ့
ဘရုတ်ဘရက်ခေတ်
လူလာဖြစ်ရတာကိုက
လူဖြစ်ရှုံးလှပြီ...

လူကို ခွေးကိုက်
လူမိုက်တွေ ကောင်းစား
သူတောင်းစားက နန်းတက်
အခန်းပျက်နေတဲ့ခေတ်
လူလာဖြစ်မှတော့
လူ့အခွင့်ရေးပါမက
လူဖြစ်ပါရှုံးလှပြီ...

ညီမလးရေ...
ခံပြင်းသမျှ
အံတင်းထားလိုက်ပါအုံးကွယ်...

ရေးသားသူ - မင်းတံခွန်
သံရုံးရှေ့မှာ
ကြေကွဲစွာဖြင့် ကဗျာရွတ်တဲ့ ထွန်းငြိမ်း

 6-3-2015 ဆရာထင်လင်းဦး ချောင်းဦးတရားရုံး ရုံးချိန်း တွင်ရှေ့နေမှ လျောက် လွှဲချက်တင်ပြီး လျှေက်လွဲချက် အမိန့်အား 17-3-2015 Tue နေ့တွင် ချမှတ်မည်ဖြစ် ပါသည်။ ဓါတ်ပုံ - Htin Lin Oo (fb)
ချောင်းဦး မြို့နယ် တရားရုံးတွင် သာသနာ ညှိုးနွမ်းစေမှုဖြင့် တရားစွဲဆိုခြင်း ခံထားရသော စာရေးဆရာ ဦးထင်လင်းဦး အမှု ကို ယခုလ ( ၆) ရက်နေ့ ရုံးချိန်းတွင် တရားခံဟု ယူဆသူအား စတင်စစ်ဆေးနိုင်ရန် အတွက် လျှောက်လဲချက် ပေးခဲ့ကြောင်း ချောင်းဦးမြို့ နယ် တရားရုံးမှ သိရသည်။

အဆိုပါ လျှောက်လဲချက်တွင် ချောင်းဦး မြို့နယ် သာသနာရေး ဦးစီးမှူး ဦးဦးထွန်းခိုင်မှ တရားလိုပြုလုပ် တိုင်တန်းခြင်း ဖြစ်ပြီး ဆရာ ဦးထင်လင်းဦး (WisdomVilla) ၏ (၂)  နာရီ ကျော်ကြာ ဟောပြောမှုကို (၅) မိနစ်ခန့် လောက်သာ ဖြတ်တောက် ဆက်စပ်ကာ  တရားစွဲဆိုရာမှ ပေါ်ပေါက် လာသော အမှု ဖြစ်ကြောင်း ထည့်သွင်း ရေးသား ထားသည်။

ကျွန်တော့် ဟောပြောမှုကို လိုသလို ဖြတ်ညှပ်ကပ် လုပ်မယ် ဆိုရင်တော့ အန္တရာယ် ကြီးပါတယ်၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဖာနိုင်ငံကြီး ဖြစ်သွားမယ် ဆိုတာကို ရိုင်းတယ်လို့ ပြောလို့ မရပါဘူး။ ရှေ့က ဟောခဲ့တဲ့ လမ်းပေါ်တက်ပြီး ဆေးရိုး လှမ်းတာတို့ လုပ်ခဲ့မယ် ဆိုရင် ဖာနိုင်ငံကြီး ဖြစ်နိုင် တယ်လို့ ဟောခဲ့တာပါ၊ အခုလည်း အဲဒီလိုပါပဲ။ လိုအပ်သလို ဖြတ်တောက်ယူလို့ မရပါဘူး။ အကြောင်းအရာ တွေက တစ်ခုနဲ့ တစ်ခု ဆက်စပ်မှုတွေ ရှိနေ ပါတယ်။ နောက်ပြီး ကျွန်တော်တို့ ကိုးကွယ်နေ တဲ့ ဗုဒ္ဓဘာသာဆိုတာ ဝေဖန်ခံနိုင်ရမယ် ဟု ဆရာ ဦးထင်လင်းဦးက The Messenger Media သို့ ပြောသည်။ ဆရာဦးထင်လင်းဦး၏ လျှောက်လဲ တင်ပြချက်အား လာမည့် (၁၇) ရက်နေ့ တွင် ပြန်လည် ကြားနာမည် ဖြစ်ပြီး စွဲချက်တင်သင့် မတင်သင့် ဆုံးဖြတ်မည် ဖြစ်ကြောင်း ချောင်းဦးမြို့နယ် တရားသူကြီးထံမှ သိရသည်။

စာရေးဆရာ ဦးထင်လင်းဦးသည် ချောင်းဦး မြို့နယ် သုံးပန်လှ စံပြ ကျေးရွာတွင် ဆရာတော် ဦးဝိစာရနေ့ အထိမ်းအမှတ် စာပေဟောပြောပွဲ၌ ဟောပြောရာ ဘာသာ သာသနာကို ညှိုးနွမ်းစေ လိုသော ဟောပြောမှုများ ပါဝင်သည်ဟု ဆိုကာ ချောင်းဦးမြို့နယ် သာသနာရေး ဦးစီးမှူး ဦးဦးထွန်းခိုင်က တရားလိုပြုလုပ် တိုင်တန်းခဲ့သည့် အတွက် ချောင်းဦး မြို့နယ် တရားရုံးတွင် သာသနာ ညှိုးနွမ်းစေမှု ပုဒ်မ၂၉၅-က၊ ၂၉၈ တို့ဖြင့် တရားစွဲခြင်း ခံထား ရခြင်း ဖြစ်သည်။

လင်းလင်းမောင်
The Messenger Media
http://messengernewsjournal.com

ရန်ကုန်ု EU ရုံးရှေ့ ကျောင်းသားဆန္ဒပြ ။ သတင်းဓာတ်ပုံ- ကိုထက်အောင် (VOA မြန်မာပိုင်း)
မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို EU ဥရောပသမဂ္ဂက လေ့ကျင့် သင်တန်း ပေးရတဲ့ ရည်ရွယ်ချက်က လူ့အခွင့်အရေး ဆိုတာကို ပိုမို သိရှိနားလည် စေဖို့ဖြစ်တယ်လို့ EU ကပြောကြား လိုက်ပါတယ်။

ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြခဲ့ကြတဲ့ ကျောင်းသားတွေကို ရဲတပ်ဖွဲ့နဲ့ လက်ပတ်နီဝတ်တွေ ကြာသပတေးနေ့က ရိုက်နှက်ဖမ်းဆီးမှု ဖြစ်ခဲ့ပြီးနောက် ဒီဖြစ်ရပ်တွေအပေါ် EU ကစိုးရိမ်တယ်လို့ ရန်ကုန်မြို့ EU ကိုယ်စားလှယ်ရုံးက သူ့ရဲ့ FB စာမျက်နှာမှာ ထုတ်ပြန် ဖော်ပြခဲ့ပါတယ်။

၂၀၁၃ ခုနှစ်ကစလို့ ရဲတပ်ဖွဲ့ဝင်တွေကို လေ့ကျင့်သင်တန်းပေးခဲ့တဲ့ ရည်ရွယ်ချက်ဟာ ညှိနှိုင်းဆွေးနွေးပြီး အဖြေရှာဖို့ အရေးကြီးတယ်ဆိုတာကို အလေးထား သိစေချင်သလို လူအုပ်ကို မထိန်းနိုင်တဲ့ နောက်ဆုံးအခြေအနေရောက်မှသာ မျှတတဲ့အင်အား သုံးသင့်တယ်ဆိုတာကို သိစေချင်လို့ ဖြစ်တယ်လို့လည်း အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုနောက်ဆုံးဖြစ်ခဲ့တဲ့ အခြေအနေကို ကြည့်ခြင်းဖြင့် နောက်ထပ် သင်တန်းတွေပေးဖို့ လိုအပ်နေတယ်ဆိုတာကို ထောက်ပြနေတယ်လို့လည်း ဆိုထားပါတယ်။ ရဲတပ်ဖွဲ့နဲ့အတူ လက်ပတ်နီ ပတ်ထားကြသူတွေက ဆန္ဒပြသူတွေကို အတင်း ရိုက်နှက်ဖမ်းဆီးခဲ့ပြီးနောက် ရန်ကုန် EU ရုံးရှေ့မှာ ကျောင်းသား အဖွဲ့တွေ ဆန္ဒပြခဲ့ကြတာပါ။ EU ဟာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုသာ သင်တန်းပေးတာဖြစ်ပြီး တခြားအဖွဲ့အစည်းတွေကို လေ့ကျင့် သင်ကြားပေးခြင်း မရှိဘူးဆိုတာကိုလည်း ရန်ကုန်မြို့က EU ကိုယ်စားလှယ်ရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ ဥပဒေဘောင်ထဲကနေ ငြိမ်းငြိမ်းချမ်းချမ်းစုဝေးခွင့်တို့ဟာ ဒီမိုကရေစီရဲ့ အဓိက အနှစ်သာရဖြစ်တယ်လို့လည်း EU က ပြောပါတယ်။

ငြိမ်းချမ်းစွာဆန္ဒပြနေသူတွေကို ဖမ်းဆီးတာ၊ အင်အာသုံးဖြိုခွဲတာဟာ ဒီမိုကရေစီစနစ်ဆီ အပြည့်အဝ အသွင်ပြောင်းဖို့ ကြိုးပမ်းဆောင်ရွက်မှုတွေနဲ့ မကိုက်ညီဘူးလို့ အမေရိကန်နိုင်ငံခြားရေးဌာနကလည်း ပြောကြားခဲ့ပါတယ်။

ဆန္ဒပြသူတွေ ငြိမ်းငြိမ်းချမ်းချမ်း စုဝေးခွင့်ကို အမေရိကန်က အလေးထားသလို ဒါဟာ ဒီမိုကရေစီ လူ့ဘောင်တိုင်းအတွက် အရေးကြီးတဲ့ ကိစ္စဖြစ်ပါတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက သောကြာနေ့က ပြောကြားခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)
http://burmese.voanews.com

အသားအရောင်ခွဲခြားမှုတိုက်ဖျက်ရေး တောင်းဆိုခဲ့ကြတဲ့ Selma မြို့ ချီတက်ဆန္ဒပြပွဲ နှစ် (၅၀) ပြည့်အခမ်းအနားတက်ရောက်မိန့်ခွန်းချွေနေတဲ့ အမေရိကန်သမ္မတ အိုဘားမား။ (မတ် ၇၊၂၀၁၅)

အမေရိကန် အသားအရောင်ခွဲခြားမှုတိုက်ဖျက်ရေး လှုပ်ရှားမှုသမိုင်းမှာ အရေးပါတဲ့ အယ်လ်ဘားမားပြည်နယ်၊ ဆယ်လ်မာ (Selma) မြို့ လမ်းလျှောက် ချီတက်ဆန္ဒပြပွဲ နှစ် ၅၀ ပြည့်အခမ်းအနားမှာ သမ္မတ ဘရာ့ခ် အိုဘားမားပြောတဲ့မိန့်ခွန်းထဲ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့လည်း ထည့်သွင်း ပြောဆို သွားပါတယ်။

“မြန်မာနိုင်ငံကလူငယ်တွေဟာ စစ်တပ်အုပ်ချုပ်ရေးကို လက်မြှောက် အရှုံးပေးမယ့်အစား အကျဉ်းထောင်တွေထဲ သွားခဲ့ကြပါတယ်။ John Lewis လုပ်ခဲ့ တာကို သူတို့မြင်ခဲ့ကြတာပါ။” လို့ သမ္မတအိုဘားမားက ပြောပါတယ်။

မစ္စတာအိုဘားမား ထည့်သွင်းညွှန်းဆိုသွားတဲ့ John Lewis ဟာ ဆယ်လ်မာမှ မောင်ဂိုမာရီ (Montgomery) သို့ဆိုတဲ့ ချီတက်ပွဲတွေမှာ အဲဒီအချိန်က လူငယ်တက်ကြွလှုပ်ရှားသူတဦးအဖြစ် ဦးဆောင်ပါဝင်ခဲ့ပြီး ရဲတွေရဲ့ ရိုက်နှက်ဖမ်းဆီးတာကို ခံခဲ့ရသူဖြစ်ပြီးတော့ အထူးထင်ရှားခဲ့ပါတယ်။ အခုတော့ သူဟာ ထင်ရှားတဲ့ လွှတ်တော်အမတ်တဦးဖြစ်နေပါပြီ။

လမ်းလျှောက်ချီတက်ပွဲ နှစ် ၅၀ ပြည့်အခမ်းအနားအဖြစ် ဆယ်လ်မာမြို့မှာ စနေနေ့ကကျင်းပတဲ့ပွဲမှာ သမ္မတအိုဘားမားက တိုင်းပြည် ပိုကောင်းဖို့အတွက် အမေရိကန်နိုင်ငံသားအားလုံး လက်တွဲလုပ်ဆောင်ကြဖို့ တိုက်တွန်းသွားပါတယ်။

တန်းတူအခွင့်အရေးအတွက် တောင်းဆိုတိုက်ပွဲဝင်တာ အခုချိန်ထိ မအောင်မြင်သေးဘူးဆိုတာကို သမ္မတအိုဘားမားက အသိအမှတ်ပြုပြောဆိုတဲ့ တချိန်တည်းမှာပဲ ဘာမှ မပြောင်းလဲသေးဘူးလို့ ပြောကြတာတွေကိုတော့ သူက ပယ်ချပါတယ်။ အာဖရိကနွယ်ဖွား အမေရိကန်နိုင်ငံသားတွေအပေါ် ရဲတပ်ဖွဲ့ရဲ့ ပြုမူဆက်ဆံပုံကြောင့် လူမျိုးရေးတင်းမာမှုတွေ အသစ်ပြန်ပေါ်လာနေချိန်နဲ့ အခုနှစ်ပတ်လည်အချိန် တိုက်ဆိုင်နေတာပါ။

VOA Burmese

လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်းကွန်ရက်အဖွဲ့ဝင် ကိုရဲလွင်ဟာ နေပူပူအောက် ပင်ပန်းနွမ်းနယ်နေတဲ့ ပင်မသပိတ်စစ်ကြောင်းက သပိတ်မှောက်ကျောင်းသားတွေကို စိတ်ခွန်အားတက်ကြွစေဖို့အတွက် နဒီမင်္ဂလာ၊ ပန်းရဲ့လမ်း၊ ခွန်အားဖြည့်မိငယ် သီချင်းတွေကို ဖျော်ဖြေခဲ့ပါတယ်။

(ဓာတ်ပုံ - မျိုးမင်းအောင်/ကမာရွတ်မီဒီယာ)


ကျောင်းသားသပိတ်ကိုထောက်ခံတဲ့ ဆန္ဒပြမှုတွေကို လူစုခွဲဖို့အတွက် မြန်မာအာဏာပိုင်တွေ ကျင့်သုံးဆောင်ရွက်ခဲ့တယ်ဆိုတဲ့ ကျင့်ထုံးဥပဒေ ပုဒ်မ ၁၂၇/၁၂၈ဟာ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဆန့်ကျင်နေပြီး ငြိမ်းစုစီဥပဒေအရသာ ဆောင်ရွက်ခွင့်ရှိတာကြောင့် အကြမ်းဖက်ဖြိုခွင်းခဲ့တာဟာ ဥပဒေနဲ့မညီတဲ့ လုပ်ရပ်ဖြစ်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ဆိုပါတယ်။

၂ဝ၁၁ကစတင်ပြီး ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေနဲ့ နည်းပဒေတွေ ပြဌာန်းပြီးဖြစ်တာကြောင့် ခွင့်ပြုချက်မရယူဘဲ ဆန္ဒပြရင် ဥပဒေအရ ရဲအရေးပိုင်ပေမယ့် ဘယ်သူတွေမှန်းမသိတဲ့သူတွေကို ကြိုတင်ပြီး ခေါ်ယူစုဆောင်း၊ အကြမ်းဖက်တိုက်ခိုက်စေတာဟာ ပြည်တွင်းဥပဒေအပြင် အာဆီယံဒေသတွင်းဥပဒေတွေကိုပါ ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်တာဖြစ်တယ်လို့ သူကဆိုပါတယ်။

ဒီဥပဒေမဲ့ချိုးဖောက်မှုကြီးကို ဖုံးကွယ်ထားရင် ဖုံးကွယ်ထားသူတွေမှာ အဓိကတာဝန်ရှိပြီး စစ်အာဏာရှင်ခေတ်တစ်လျှောက်လုံး ဒီပဲယင်းအပါအဝင် ရွှေဝါရောင်လှုပ်ရှားမှု၊ ၂ဝဝ၈ ဇွန် ၁၉ရက်နေ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ကို မင်းမဲ့စရိုက်ဆန်ဆန် တိုက်ခိုက်မှုတွေမှာ လုပ်ခဲ့တဲ့ လုပ်ရပ်နဲ့ အတူတူပဲဖြစ်တာဟာ ရွေးကောက်ပွဲကျင်းပမှာကိုမလိုလားတဲ့သူတွေက စီမံကိန်းချပြီး စနစ်တကျကျူးလွန်တဲ့ ပြစ်မှုကြီးဖြစ်တယ်လို့ ဆိုပါတယ်။

အာဏာပိုင်တွေ အကြောင်းပြနေတဲ့ ဥပဒေနဲ့အညီဆိုတဲ့ ပုဒ်မ ၁၂၇အရဆိုရင် ခရိုင်တရားသူကြီး၊ ရာဇဝတ်တရားသူကြီးတွေပါဝင်ဖြေရှင်းရမှာဖြစ်ပြီး ဒီတာဝန်ရှိပုဂ္ဂိုလ်တွေမရှိတဲ့အခါမှ ဒုရဲအုပ်အဆင့်ထက် မနိမ့်တဲ့ တာဝန်ရှိရဲတပ်ဖွဲ့မှူးတွေ ကိုင်တွယ်ရမှာဖြစ်တဲ့အကြောင်း၊ ငြိမ်းချမ်းစွာ ဆန္ဒပြမှုဟာ ဥပဒေနဲ့ဆန့်ကျင်တဲ့ လူစုလူဝေး ဖြစ်ခဲ့ရင်တောင်မှာ ငြိမ်းစုစီပုဒ်မ ၁၈နဲ့ပဲ အရေးယူရမှာဖြစ်တဲ့အကြောင်း၊ ၁၂၇နဲ့ ကိုင်တွယ်လို့ လူစုမကွဲရင် ၁၂၈အရ တပ်မတော်သားမဟုတ်တဲ့ အမျိုးသားပြည်သူတွေကို အကူအညီတောင်းနိုင်တယ်ဆိုပေမယ့် အခုတော့ လက်ပတ်နီဝတ် အင်အားစုတွေ တိုက်ခိုက်အကြမ်းဖက်ပြီးမှ ရဲကဝင်ရောက်ရိုက်နှက်ဖမ်းဆီးတာဟာ ၁၂၈နဲ့လည်း မကိုက်ညီဘူးလို့ သူကထောက်ပြပါတယ်။

၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံမှာ ခေါင်းဖြတ်လူသတ်တဲ့အဆင့်ထိရောက်အောင်လုပ်ခဲ့တာ ပြည်သူတွေမဟုတ်ဘဲ လူတစ်စုကဖန်တီးပြီး ဆူပူအောင်လုပ်ခဲ့သလို ၂ဝဝ၇ ရွှေဝါရောင်လှုပ်ရှားမှုမှာလည်း ဆန္ဒပြနေတဲ့လူအုပ်ထဲ လူတစ်စုဝင်ရောက်ပြီး ဖျက်စီးသောင်းကျန်းခဲ့တယ်လို့ ပြန်ပြောင်းပြောပြသူက ကချင်ငြိမ်းချမ်းရေးကွန်ရက်က ဒေါ်ခွန်ဂျာပါ။

ဥရောပသမဂ္ဂက နိုင်ငံတကာရဲလုပ်ထုံးလုပ်နည်းတွေကို အကြိမ်ပေါင်းများစွာ လေ့ကျင့်သင်တန်းပေးထားတယ်ဆိုတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ကိုင်တွယ်ဆောင်ရွက်ပုံဟာ ကမ္ဘာမှာမျက်နှာပျက်စရာဖြစ်ခဲ့ရာတာမို့ စွမ်းအားရှင်အကြမ်းဖက်သမားတွေ မရှိပါဘူးလို့ ပြန်ကြားရေးဝန်ကြီးကပြောနေတာဟာ တာဝန်ယူ၊ တာဝန်ခံမှုမရှိတာဖြစ်ပြီး ၂ဝ၁၅ နိုင်ငံရေးအကျပ်အတည်းကို ဆိုးရွာအောင် ကြိုးစားနေသလိုဖြစ်နေတယ်လို့ သူက ပြောပါတယ်။

ပြဌာန်းထားတယ်ဆိုတဲ့ ကျင့်ထုံးဥပဒေပ်ုဒမ ၁၂၇/၁၂၈ဟာ ကိုလိုနီခေတ်ကတည်းက ဥပဒေတွေဖြစ်ပြီး ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နေတဲ့နိုင်ငံမှာ ဒီလိုဥပဒေမျိုးနဲ့ခွင့်မပြုဖို့က တစ်နိုင်ငံလုံးတာဝန်ဖြစ်တယ်လို့ ဆိုပါတယ်။

ပုဒ်မ ၂ခုကိုကိုးကားပြီး ဥပဒေနဲ့အညီဆောင်ရွက်နေတယ်လို့ ပြောနေပေမယ့် နောက်ကွယ်က တရားစီရင်ထုံးတွေ၊ လူ့ကျင့်ဝတ်တွှေရိနေတာကြောင့် လူစုလူဝေးကိုဖြိုခါင်းရင် ဥပဒေအရ မီးသတ်ကား၊ သေနတ်ကို မိုးပေါ်ထောင်ဖောက်၊ မြေပေါ်လျှပ်ပစ်၊ ဒူးအောက်ပိုင်းကို ပစ် စတဲ့အဆင့်ဆင့်လုပ်နည်းတွေ မသုံးခဲ့တာကြောင့် မတ်လ ၅ရက်နေ့လုပ်ရပ်ဟာ အကြမ်းဖက်မှုလို့ ဦးရောဘတ်စန်းအောင်က ထောက်ပြပါတယ်။

မတ်လ ၅ရက်နေ့က ကျောင်းသားဆန္ဒပြမှုနဲ့ လူမှုအဖွဲ့အစည်းတွေ၊သတင်းမီဒီယာတွေကို ပစ်မှတ်ထား အကြမ်းဖက်ခဲ့မှုမှာ ရိုက်နှက်ဖမ်းဆီးခံခဲ့ရတဲ့ ၈၈မျိုးဆက်က မနီလာသိန်းက ဒီလိုလူမဆန်တဲ့အကြမ်းဖက်မှုကို တစ်နေရာတည်းမှာ ၂ခါတောင် ရင်ဆိုင်ခဲ့ရပြီး တောင်းပန်တားဆီးပေမယ့် ခေါင်းကိုအဆက်မပြတ် ရိုက်နှက်ခံခဲ့ရတာကြောင့် မြန်မာအစိုးရရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးဟာ အရုပ်ဆိုးအကျည်းတန်ခဲ့ပြီလို့ ပြောပါတယ်။

လေးဖက်လေးတန် ပိတ်ဆို့ပြီး အကြမ်းဖက်တိုက်ခိုက်ခံရတဲ့သူတွေထဲမှာ ဖမ်းဆီးခံခဲ့ရတဲ့ မနုနုအောင်လည်း ပါဝင်ပါတယ်။ ကျောင်းသားတွေကိုကာကွယ်ဖို့ လက်ချင်းချိတ်ကျောပေးထားချိန် သတ်မှတ်ထားတဲ့ မိနစ် ၃ဝ မရောက်ခင်မှာပဲ တိုက်ခိုက်ခံရပြီး အဝတ်အစားတွေ ကျွတ်ကျ၊ ဒရွတ်တိုက်ဆွဲခေါ်ပြီးဖမ်းဆီးခံခဲ့ရတဲ့ သူ့အတွေ့အကြုံကို အခုလိုပြောပါတယ်။

ဆန္ဒပြသူ အမျိုးသမီးတွေကို အကြမ်းဖက်ဆက်ဆံတာဟာ ပုဒ်မ ၃၅၄နဲ့ငြိစွန်းသလို နာကျင်စေမှု ပုဒ်မ ၃၂၃နဲ့လည်း ငြိမ်စွန်းနေတာကြောင့် ရဲလက်စွဲအပိုဒ် ၁ဝ၅၇အရ ကြိုတင်သတင်းရရင် တရားသူကြီးကိုတင်ပြ လိုက်နာရမှာဖြစ်တဲ့အကြောင်းနဲ့ အခုတော့ မတ်လ ၅ရက်နေ့ အကြမ်းဖက်မှုဟာ မိတ္ထီလာ၊ မန္တလေး၊ ဥက္ကံ၊ လားရှိုးက အကြမ်းဖက်မှုတွေမှာ ရဲတပ်ဖွဲ့ဝင်တွေရှေ့ လက်နက်တွေကိုင်ဆောင်ထားတဲ့ ဒေါသထွက်နေတဲ့လူအုပ်ကြီးလိုပဲ အခုအကြမ်းသမား ရမ်းကားသူတွေဟာ ဥပဒေနဲ့ဆန့်ကျင်တဲ့ လူစုလူဝေးပါလို့ ဦးရောဘတ်စန်းအောင်ကဆိုပါတယ်။

Kamayut media

ဒီည အခြေအနေ..။7March2015 -11:18PM

သပိတ်မှောက်ကျောင်းသားတို့ ကျန်မာရေး....။

တနေကုန် နေပူပူရဲ့အောက်မှာ ထိုင်
ညရောက်တော့ လမ်းမပေါ်မှာ အိပ်
နေပူချိန်စုပ်ထားတဲ့ လမ်းမဟာ ညကျတော့ အငွေ့ပျံ...
ရာသီဥတုက နေပူ ညချမ်း တပေါင်းလနဲ့
သပိတ်မှောက်ကျောင်းသားတွေရဲ့ ကျန်မာရေး ဆိုးလာနိုင်စရာတွေပါပဲ....။

နေ့မှာ နေပူရှိန်နဲ့ ချွေးပြန်တယ်၊ချွေးထွက်များလို့ အားနည်းတာတွေဖြစ်လာတယ်။ နှာခေါင်းသွေး ယိုတယ်။ အစရှိသဖြင့် ဒဏ်ရာမတွေ့ပေမယ့် အတွင်းဒဏ်ရာတွေတော့ဖြစ်နေကြတာပါပဲ...။

အေးအေးဆေးဆေး ရှိနေတယ်ဆိုပေမယ့်
သတိဝီရိယ ထားပြီး ကင်းစောင့်သူတွေလည်း စောင့်နေရဆဲပဲ....။

အချိန်ကြာသည်နှင့်အမျှ ကျောင်းသားတွေ သတိဝီရိယထားဖို့ ပိုအရေးကြီးလာပြီ ဖြစ်တယ်....။ ပြည်သူလူထုကြီးလည်း ဝိုင်းဝန်းစောင့်ရှောက်ကြလို့ ကျေးဇူးတင်မဆုံးဖြစ်မိပါတယ်.....။

မိုးစက်(မြင်းခြံ)
7March 2015
11:18PM

ပင်မသပိတ်စစ်ကြောင်းရဲ့ အစီအစဉ်က ရှင်းပါတယ် ၊

လက်ပံတန်းကနေ သာယာဝတီကို လမ်းလျှောက်ချီတက်မယ် ၊

သာယာဝတီကနေ ရန်ကုန်ကို ကားစီးမယ် ၊

သပိတ်စစ်ကြောင်းကားနဲ့တူအောင် အလံလွှင့်မယ် သံပြိုင်သီချင်းဆိုမယ် ၊

ရန်ကုန်ရောက်ရင် ရန်ကုန်တက္ကသိုလ်က တကသရင်ပြင်မှာ အလေးပြုမယ် ၊

ရွှေတိဂုံ ဘုရားကို သွားရောက်ဖူးမျှော်မယ် ၊ လူစုခွဲမယ် ၊ လွှတ်တော်ကို စောင့်ကြည့်မယ် ၊ ဒါပါပဲ ၊ အရမ်းကို ရိုးရှင်းပါတယ် ၊

ကျောင်းသားသပိတ်က ပြည်သူတွေကို ဘာဖြစ်စေလဲ ၊ ဝမ်းသာစေတယ် ၊ ကြည်နူးစေတယ် ၊ အားရှိစေတယ် ၊

အရင့်အရင်က ဘယ်သူ့ကြောင့် ဘာတွေဖြစ်ခဲ့ဖြစ်ခဲ့ ၊ ပညာရေး ဘယ်လောက်အောက်တန်းကျခဲ့ကျခဲ့ ၊ အခုကစလို့ပြင်မယ်ဆို ပြည်သူတွေ လက်ခံတယ် ထောက်ခံတယ် ၊

ကျောင်းသားသပိတ်ဟာ အာဃာတတွေကို တူးဆွနေတာမဟုတ် အနာဂတ်ကောင်းအောင် အလင်းဆောင်တာဖြစ်တယ် ၊

ကျောင်းသားသပိတ်ဟာ မှားနေတဲ့နေရာတွေမှာ အမှန်နဲ့ အစားထိုးလို့ ချက်ခြင်းပြင် ချက်ချင်းအကျိုးရှိစေတဲ့ ငြိမ်းချမ်းရေးလမ်းစကို ပြခဲ့တယ် ၊

ခုလုပ်ရင် ခုလက်ငင်းအကျိုးရှိစေတဲ့ သန္ဒိဋ္ဌိကောဆိုတဲ့ တရားဂုဏ်တော်နဲ့လည်း ညီညွတ်နေတယ် ၊

ခုရေတွင်းတူး ခုရေကြည်သောက်လို့မရဘူးဆိုတဲ့ စကားဟာ ကျောင်းသားသပိတ်အတွက် အနာတခြားဆေးတခြား မကိုက်ညီတဲ့ အကြောင်းပြချက်သက်သက်သာဖြစ်တယ် ၊

ကျောင်းသားတွေရဲ့ ပညာရေးစနစ်ပြုပြင်ဖို့ တောင်းဆိုချက်ဟာ မြန်မာနိုင်ငံကြီးကို မီးလောင်ပြင်ထဲက ဆွဲထုတ်လိုက်သလို အခရာကျတဲ့ ဆောင်ရွက်ချက်ဖြစ်တယ် ၊

ကျောင်းသားတွေရဲ့ လုပ်ရပ်တွေဟာ နတ်လူသာဓုခေါ်ရလောက်အောင် ထိရောက်လေးနက်တယ် ၊ ဗုဒ္ဓအဆုံးအမနဲ့ ကိုက်ညီတယ် ၊
.
ကျောင်းသားသပိတ်ကြောင့် ပြည်သူတွေအသိတရားတိုးလာတယ် ၊

ဘီယာဆိုင်နဲ့ စာကြည့်တိုက်အချိုး ၊ စီးကရက်သောက်သူလူငယ်နဲ့ ဘောလုံးကန်သူလူငယ်အချိုး ၊

သူငယ်တန်းစတက်တဲ့ကျောင်းသား အရေအတွက်နဲ့ ဘွဲ့ရကျောင်းသား အရေအတွက်အချိုး စတဲ့ မြန်မာနိုင်ငံကြီး လက်ရှိဘာဖြစ်နေတယ်ဆိုတာတွေ တိတိကျကျသိလာရတယ်မြင်လာရတယ် ၊

ပြည်သူတွေကြားမှာ ဝေဖန်ပိုင်းခြား စဉ်းစားနိုင်တဲ့ အားတွေတိုးလာတယ် ၊ ပြောမယ်ဆိုရင် ပြည်သူအများ နိုင်ငံရေးနိုးကြားလာတယ် ၊ ပီတိဖြစ်ဖွယ်ကောင်းပါပေ့ ၊

ပြည်သူတွေ နိုင်ငံရေး နိုးကြားလာတာ မြန်မာပြည်အတွက် အခြေအနေကောင်းတစ်ခုဖြစ်တယ် ၊

ပြည်သူတွေ ဝေဖန်ပိုင်းခြား စဉ်းစားနိုင်လာတာဟာ အမှားနဲ့အမှန် ခွဲခြားလာနိုင်တာဟာ မြန်မာပြည်အတွက် လက်တွေ့ကျတဲ့ အတိတ်ကောင်း နိမိတ်ကောင်း အလားအလာကောင်းဖြစ်တယ် ၊

ပြည်သူအများ နိုင်ငံရေးနိုးကြားလာတာဟာ မြန်မာပြည်ကြီး ကျစ်လျစ်ခိုင်မာလာတာကို ပြတာ ဖြစ်တယ် ၊ ခိုင်မာတဲ့ တည်ငြိမ်တဲ့ သရုပ်သကန်ကို ဖော်ပြလိုက်တာဖြစ်တယ် ၊

ပြည်သူအများ နိုင်ငံရေးနိုးကြားလာမှုဟာ နိုင်ငံတော် တည်ငြိမ်မှု နဲ့ တိုက်ရိုက်အချိုးကျတယ် ၊ ပြည်သူတွေနိုင်ငံရေးနိုးကြားလေလေ တိုင်းပြည်တည်ငြိမ်လေလေဖြစ်တယ် ၊

ဖြစ်ရမှာက ပြည်ခိုင်ဖြိုးအစိုးရဟာ ကျောင်းသားသပိတ်ကို လက်ကမ်းကြိုဆိုရမှာဖြစ်တယ် ၊

ဖြစ်နေတာက ပြည်ခိုင်ဖြိုးအစိုးရဟာ ကျောင်းသားတွေကို ရန်လိုနေတယ် ၊ အော် အတော့်ကို အံအားသင့်ဖွယ်ကောင်းလေစွ ၊

ကျောင်းသားသပိတ်ဟာ နိုင်ငံတော်တည်ငြိမ်မှုကို ထိခိုက်စေတယ်လို့ ပြည်ခိုင်ဖြိုးအစိုးရက တဖက်သတ်စွပ်စွဲနေတယ် ၊

ပြည်ခိုင်ဖြိုး အစိုးရရဲ့ လက်ပါးစေတွေ လက်ကိုင်ဒုတ် အဖွဲ့အစည်းတွေကတဆင့် ကျောင်းသားသပိတ်ကိုတားဆ်ီးလို့ မလိုလားအပ်တဲ့ဖိအားတွေပေးနေတယ် ၊

ရန်ကုန်မှာလည်း ငြိမ်းချမ်းစွာစုဝေးနေတဲ့ ကျောင်းသားတွေကို လူမိုက်နည်းသုံး အကြမ်းဖက်ဖြိုခွဲ ခဲ့တယ် ၊ မိုက်လုံးကြီးလှပါပေ့ ပြည်ခိုင်ဖြိုးအစိုးရရယ် ၊

ဤကားကုသိုလ် ဤကားအကုသိုလ်လို့ မခွဲခြားတတ်ပါလား ၊ ကံကံဧ။်အကျိုး ဆိုတာကို မယုံကြည်ဖူးလား ပြည်ခိုင်ဖြိုးအစိုးရရယ် ၊

ပြည်သူအများနိုင်ငံရေးနိုးကြားလာမှုဟာ နိုင်ငံတော်တည်ငြိမ်ရေးကို ထိခိုက်နိုင်တယ်ဆိုတဲ့ ပြောင်းပြန်အချိုး အယူအဆအမှားကို ဆွဲကိုင်နေတဲ့ ပြည်ခိုင်ဖြိုးအစိုးရ ရပ်တန်းကရပ်သင့်ပြီ ၊

သဘာဝကြီးက လောကကြီက ခွင့်မလွှတ်နိုင်လောက်တဲ့ အမှားတွေ မကျူးလွန်မိခင် ပြည်ခိုင်ဖြိုး အစိုးရ ရပ်တန်းကရပ်ပါတော့ ၊

ဆရာတော် အရှင်ဆန္ဒာဓိကရဲ့ အဆုံးအမကို ပြည်ခိုင်ဖြိုးအစိုးရ အချိန်မနှောင်းခင် ဦးထိပ်ပန်ဆင်လိုက်ပါတော့ ၊ အမှန်တရားဆိုတာ အနိုင်အရှုံးကြားမှာ ပျောက်ပျက်သွားရိုးထုံးစံမရှိပါဘူး ၊

ကံကြီးမထိုက်ခင် ပြည်ခိုင်ဖြိုးအစိုးရ ဒီတစ်ခါ လိမ္မာပါတော့လို့ သတိပေးဆုံးမလိုက်ပါတယ် ၊

.
သာဓု သာဓု သာဓု

.နိုင်ရဲဝေ(ပလိပ်)