03/10/15



လက်ပံတန်းမှာ ပိတ်ဆို့ခံထားရတဲ့ ကျောင်းသားတွေတောင်းဆိုတဲ့ အချက်တွေကိုအစိုးရက လိုက်လျှောပေးဖို့ နိုင်ငံရေးပါတီတွေ အပါအ၀င် အရပ်ဘက်အဖွဲ့အစည်း ၈၀ကျော် တောင်းဆိုလိုက်ပါတယ်။ ဦးမျိုးဇော်လင်း သတင်းပေးပို့ထားပါတယ်။ DVB TV - 09.03.2015

လက်ပံတန်းမြို့က ပင်မကျောင်းသားသပိတ်စစ်ကြောင်း ကို တားဆီးပိတ်ဆို့ထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ဖယ်ရှားပေးဖို့ အစီအစဉ်မရှိကြောင်း ပဲခူးတိုင်းဒေသကြီး လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီးက ပြောတယ်လို့ သိရပါတယ်။

နိုင်ငံလုံးဆိုင်ရာ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး ကွန်ရက် NNER အဖွဲ့ဝင်တွေက ဒီနေ့ ပဲခူးတိုင်း လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဦးသက်ထွန်းနဲ့ သွားရောက်တွေ့ဆုံရာမှာပြောလိုက်တာဖြစ်တယ်လို့ NNER အဖွဲ့ဝင် ကိုစိုးထွန်းက ပြောပါတယ်။

"မနေ့က ကျောင်းသားတွေထုတ်ထားတဲ့ ကြေညာချက် နဲ့ပတ်သက်ပြီး ဝန်ကြီးက စိုးရိမ်တဲ့သဘောရှိတာပေါ့၊ ရှိတော့ ကျနော်တို့ကို တွေ့ချင်တယ်လို့ပြောတာနဲ့ ကျနော်တို့လည်း ဝန်ကြီးနဲ့ဝင်တွေ့တာပေါ့၊ ကျောင်း သားတွေကို ဖြောင်းဖျပေးဖို့ သူကအဲ့လိုပြောတာပေါ့၊ ပိတ်ဆို့ပေးထားတာ ဖယ်ရှားပေးဖို့ သူ့အနေနဲ့မရှိဘူး၊ သူတို့တွေကတော့ ပြည်ထဲရေးရဲ့အမိန့်ကို နာခံရတယ်ဆိုတဲ့အကြောင်းပဲပြောတယ်၊ ပြီးတော့ ကျောင်း သားတွေပြန်ချင်တယ်ဆိုရင် သူတို့အိမ်ပြန်ပို့ပေးမယ်၊ ကားစီစဉ်ပေးမယ်ပေါ့"

ကျောင်းသားသပိတ်ကို တားဆီးထားတဲ့ ရဲတပ်ဖွဲ့ကို မနက်ဖြန်နောက်ဆုံးထားပြီး ဖယ်ရှားပေးဖို့ ကျောင်းသားသပိတ်က မနေ့က အရေးပေါ်ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

ဒါ့အပြင် ကျောင်းသား ကျောင်းသူတွေ တောင်းဆိုထားတဲ့ အချက် ၈ ချက်ကို အစိုးရဘက်က ဆွေးနွေးညှိနှိုင်းဖို့ လည်း ကြေညာချက်မှာ ပါရှိပါတယ်။

ကျောင်းသားတွေရဲ့ တောင်းဆိုချက်တွေက လက်ပံတန်းမြို့ကနေ သာယာဝတီမြို့အထိ လမ်းလျှောက်ချီတက်ခွင့်ပြုဖို့၊ သာယာဝတီကနေ ရန်ကုန်ကို ကားတွေနဲ့ ဆက်လက်ထွက်ခွာခွင့်ပြုဖို့၊ အဲဒီကားတွေမှာ ကျောင်းသားသမဂ္ဂ ခွပ်ခေါင်းအလံတွေ လွှင့်ထူခွင့်ပြုဖို့၊ ကျောင်းသားသီချင်းတွေ ဖွင့်ခွင့်ပြုဖို့နဲ့ ရန်ကုန်ရောက်တဲ့အခါ ရွှေတိဂုံဘုရား ရင်ပြင် သို့မဟုတ် ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းက သမဂ္ဂမြက်ခင်းပြင်မှာ အခမ်းအနားကျင်းပခွင့်ပြုဖို တို့ ဖြစ်ပါတယ်။

လက်ပံတန်းမြို့မှာ တားဆီးခံထားရတဲ့ သပိတ်စစ်ကြောင်းဟာ ထိုင်သပိတ်နဲ့ ဆန္ဒပြနေတာ ဒီနေ့ ဆိုရင် ၈ ရက်ရှိပြီဖြစ်ပြီး ကျောင်းသား ကျောင်းသူ ၁၅၀ ကျော် ရှိတယ်လို့ သိရပါတယ်။

RFA
https://www.facebook.com/pages/RFA-Burmese/39218993127

ဗကသများအဖွဲ့ချုပ်မှ ဦးဆောင်ချီတက်နေသော ဒီမိုကရေစီ ပညာရေး သပိတ် စစ်ကြောင်း (ပင်မ) မှ သတင်းစာ ရှင်းလင်းပွဲကို ၂. ၃. ၁၅ ညနေ ၄း၁၅ နာရီက ပြုလုပ်ခဲ့ပါတယ်။


တောင်းဆိုမှု (၈)ချက် သည် မကြာမီ ဖြေဆိုတော့မည့် ကျောင်းစာမေးပွဲများ အပေါ် စိုးရိမ်နေကြသောကျောင်းသား/သူများ နှင့် မိဘပြည်သူများအား စိတ်ချမ်းမြေ့စေရန် နှင့် ၊ ဆက်လက်ကျင်းပမည့် သံဃာတော် အရှင်သူမြတ်များ၏ စာမေးပွဲများအပေါ် စိတ်ချမ်းမြေ့စေရန် တို့ကို အလေးထား၍ မိမိတို့ ကြေညာထားသည့် ရန်ကုန် သို့ အချိန်တို ရက်တိုဖြင့် စာမေးပွဲများ မတိုင်မီ ရောက်ရှိပြီး အဘက်ဘက်မှ အကောင်းဆုံး ဖြစ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါတယ်။

၁။ ၃. ၃. ၁၅ နေ့မှာ သာယာဝတီ ကို ဆက်လက်ချီတက်ပြီး ညအိပ် နားမယ်။

၂။ ၄. ၃. ၁၅ နံနက်မှာ သပိတ်မှောက် ကျောင်းသားများ ရန်ကုန်သို့ ကားများဖြင့် သွားလိုတယ်။ ကားများကလဲ ပြန်ကြားရေး ကား အပါအဝင် ကိုယ့်အစီအစဉ်နဲ့ ကားများ သုံးပါမယ်။ (ရဲတပ်ဖွဲ့မှ စီစဉ်သောကားများမစီးပါ)။

၃။ သမဂ္ဂ အလံထောင်ပါမယ် ။

၎။ ကျောင်းသား သီချင်းဖွင့်မယ် ။

၅။ လမ်းတစ်လျှောက် ပြည်သူမျာ သိရှိစေရန် ဖြေးဖြေး မှန်မှန် ဖြင့် ကားများ မောင်းနှင်မည်။

၆။ ရန်ကုန် သို့ ရောက်ရှိပါက ရွှေတိဂုံ (သို့မဟုတ်) သမဂ္ဂ ရင်ပြင် နေရာတွင် အခမ်းအနား တရပ်ကျင်းပ၍ လူစုခွဲမည်။

၇။ လူစု ခွဲပြိးနောက် ကိုယ့်အစီအစဉ် နဲ့ ကို ကျောင်းသားများ အိမ်ပြန်မည် ဖြစ်ပြီး သက်ဆိုင်ရာမှ လိုက်လံပို့ဆောင်မှု စီစဉ်မှုကို လက်မခံပါ။

၈။ ထိုသို့ ရန်ကုန် သွားရာတွင် လုံခြုံရေးကားများ လိုက်ပါခြင်းကို လက်ခံသည်။ သို့သော် ရှေ့ပြေးယာဉ် ခပ်ခွာခွာ နှင့် နောက်မှ လုံခြုံရေးကား များ ခပ်ခွာခွာ လိုက်ရန် တို့ ဖြစ်ပါသည်။

သတင်းနှင့်ပြန်ကြားရေး
ဗကသများ အဖွဲ့ချုပ်။

ရန်ကုန်မြို့တော်ခန်းမရှေ့ ကျောင်းသားဆန္ဒပြမှုကို စွမ်းအားရှင်လူမိုက်များသုံးပြီး အကြမ်းဖက် ခဲ့ရာတွင် မီဒီယာများတွင် မြင်ခဲ့ရသော တက်ကြွစွာပါဝင်ခဲ့သူ တောင်ဥက္ကလာပမြို့နယ်၊ နန္ဒာဝန်ဈေးရှေ့(အင်းဝထိပ်) ဆိုက်ကားနင်းစားသူ စွမ်းအားရှင်အား ၎င်း၏ တစ်ရပ်တည်းနေများက မတ်လ ၈ရက်နေ့တွင် ၀ိုင်းဝန်း ရိုက်နှက်ခဲ့ကြကြောင်း သိရသည်။
-
ရန်ကုန်မြို့တော်ခန်းမရှေ့ ကျောင်းသားများဆန္ဒပြမှု ကို ၂၀၁၅ ခုနှစ်၊ မတ်လ ၅ ရက်နေ့ ညနေ ၅နာရီခန့်က စွမ်းအားရှင်များရှေ့တန်းတင် ဖြိုခွဲခဲ့ရာတွင် အဆိုပါ တောင်ဥက္ကလာပမြို့နယ်၊ နန္ဒ၀န် ဈေးအနီး၊ ရပ်ကွက်(၄) တွင် နေထိုင်သူ ဆိုက်ကားသမားသည် အထင်ရှားဆုံးပါဝင်ခဲ့သည်ကို မီဒီယာများက ဖော်ပြသော ဗီိဒီယိုဖိုင်များ၊ ဓာတ်ပုံများတွင် အများသူငှာ တွေ့ခဲ့ကြရသည်။
-
အဆိုပါလူအား ၎င်း၏ ရပ်ကွက်သားများက ၀ိုင်းဝန်းရိုက်နှက်ပြီး ရက်ကွက်အတွင်းမ၀င်ရဟု နှင် ထားခဲ့ကြောင်းသိရသည်။ ၎င်းရိုက်နှက်ခံရအပြီး ရိုက်နှက်သူများအား ဖမ်းဆီးရန် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များ ရပ်ကွက်(၄) သို့ လာရောက်ခဲ့သော်လည်း ရပ်ကွက်သားများက ၀ိုင်းဝန်း ကန့် ကွက်ကြသောကြောင့် မည်သူရိုက်သည်ကို ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်း မရှိဘဲ ရဲတပ်ဖွဲ့ဝင်များ ပြန်လည်ထွက်ခွာသွားခဲ့ရကြောင်း သိရသည်။
-
လောလောဆည်၌ အဆိုပါ စွမ်းအားရှင်လူမိုက် ဆိုက်ကားဆရာမှာ ၎င်းနေထိုင်ရာ ရပ်ကွက်(၄) အတွင်း သို့ ပြန်လည်ဝင်ရောက်နေထိုင်နိုင်ခြင်း မရှိသေးဘဲ တိမ်းရှောင်နေရကြောင်း သိရှိရသည်။
===============
Komyo myo
April Maung Maung

ဆယ်တန်းစာမေးပွဲတွေ လာမယ့် ၁၁ရက်နေ့မှာ စတင်တော့မှာဖြစ်တာကြောင့် ကျောင်းသားသပိတ်ကို ပိတ်ဆို့ထားတဲ့ အာဏာပိုင်တွေအနေနဲ့ မတ်လ ၁ဝရက်နေ့မနက် ၁ဝနာရီနောက်ဆုံးထားပြီး ရန်ကုန်သို့သွားရောက်မယ့်ကိစ္စ နောက်ဆုံးထားဖြေရှင်းပေးဖို့နဲ့ ပြေလည်အောင်ဖြေရှင်းနိုင်ခြင်း မရှိဘူးဆိုရင်တော့ ပေါ်ပေါက်လာမယ့် နောက်ဆက်တွဲပြဿနာတွေဟာ အစိုးရရဲ့တာဝန်ပဲဖြစ်တယ်လို့ အရေးပေါ်ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ဆယ်တန်းစာမေးပွဲတွေ စတင်တော့မှာဖြစ်လို့ ကျောင်းသားမိဘတွေ စိတ်အနှောင့်အယှက်ဖြစ်မှာကို အလေးအနက်ထား စဉ်းစားပြီး စာမေးပွဲမတိုင်ခင် တောင်းဆိုထားတဲ့ ၈ချက်ဖြစ်တဲ့ သာယာဝတီကို လမ်းလျှောက်ပြီး သာယာဝတီကနေ ရန်ကုန်ကို သမဂ္ဂအလံလွှင့်၊ သမဂ္ဂအလံထောင် သီချင်းတွေဆိုပြီး ရွှေတိဂုံ (သို့) သမဂ္ဂမြက်ခင်းပြင်မှာ သစ္စာအဓိဌာန်ပြုပြီး လူစုခွဲသွားမယ်ဆိုတဲ့ တောင်းဆိုချက်အတိုင်း လိုက်လျောဖို့ တောင်းဆိုခဲ့ကြောင်းနဲ့ အာဏာပိုင်တွေဟာ လက်ပံတန်းမှာ ကျောင်းသားသပိတ်ကို ပိတ်ဆို့ထားတာ သီတင်းတစ်ပတ်တင်းတင်းပြည့်သွားခဲ့ပေမယ့် ဘာတစ်ခုမှ ဆွေးနွေးဖြေရှင်းမှုတွေမလုပ်ခဲ့ဘူးလို့ ကျောင်းသားသပိတ်က ဆိုပါတယ်။

Kamayut Media

ဒီမိုကရေစီပညာရေး ပြုပြင်ပြောင်းလဲရေး သပိတ်စစ်ကြောင်းချီ ဆန္ဒပြတောင်းဆိုနေတာ ခုဆိုရင် (၂)လထဲကိုရောက်ရှိကြာညောင်းနေပြီဖြစ်ပါတယ်။ စစ်အာဏာပိုင်တွေနဲ့ ကျောင်းသားတွေအကြား အချက်(၁၁)ပါ သဘောတူညီချက်တခု လက်မှတ်ရေးထိုးရရှိခဲ့ပေမယ့် အာဏာပိုင်စစ်အုပ်စုက လူကြီးလူကောင်းမပီသဘဲ သဘောတူညီချက်ကိုချိုးဖောက်ခဲ့တယ်။ သဘောတူညီ လက်မှတ်ရေးထားတဲ့အချက်တွေကို ပုံဖျက်ဝါဒဖြန့်တယ်။ လေးပွင့်ဆိုင်သဘောတူထားတာကို ကျန်တဲ့ အင်အားစုတွေနဲ့ ရောမွေနှောက်ပြီး ရှုတ်ထွေးအောင်ဖန်တီးတယ်။

ဒီလိုလုပ်ကြံမှုတွေနဲ့ လေ့ပွင့်ဆိုင်သဘောတူညီချက်ကိုအကောင်အထည်ဖော်ဖို့ ခက်ခဲတဲ့ အခြေအနေကိုဖန်တီးပြီးမှ ကျန်တဲ့နိုင်ငံရေးနဲ့ လူထုလူတန်းစား အင်အားစုတွေရဲ့ သဘောထားကိုလဲ ရယူလိုပါတယ်လို့ ဖိတ်ခေါ်ပြီး လွတ်တော်ထဲမှာ ပတ်လည်ထိုးပွဲ ပြိုင်ပွဲကို ရုံသွင်းကြတယ်။ နောက်ဆုံးဗိုလ်လုပွဲထိုးသတ်ပြီး အမှတ်တွေပေါင်းပြီး ရလာဒ်အဖြေကြေညာရမဲ့ အဆင့်ရောက်ခါမှ နောက်ထပ်ကစားသမားအသစ်တွေထပ်ထဲ့ပြီး အစကပြန်ထိုး ပြန်ပြိုင်ခိုင်းသလိုပါဘဲ။ အောက်တန်းကျယုတ်မာမှုကို ဘယ်လိုစကားလုံးနဲ့ စာတင်ရမှန်းတောင်မသိနိုင်ပါဘူး။

ဒီယုတ်ပွဲကိုရုံသွင်းတာဝန်ခံ အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌဆိုတဲ့ ခင်မောင်ရီပြောတာကလဲ ‘‘ဖိတ်တဲ့ အဖွဲ့အစည်းတွေမစုံရင် မလာတဲ့အဖွဲ့က တင်ပြခွင့်မရှိဘူး။ လာတဲ့အဖွဲ့တွေပဲ တင် ပြခွင့်ရှိမယ်။ မလာလည်း ဆက် လုပ်သွားမယ်’’ တဲ့၊ ဘယ်လောက်ငါတကောကော အာဏာရှင်ဆန်သလဲကြည့်ပါ။ ဘယ်မှာလဲ သူတို့ရဲ့ ပြဿနာကိုဆွေးနွေး ညှိနှိုင်းအဖြေရှာလိုတဲ့ ဆန္ဒနဲ့စေတနာ၊ ဒီလိုဆန္ဒနဲ့စေတနာကောင်းခေါင်းပါတဲ့ သူတွေလုပ်မဲ့ ပြဌာန်းတဲ့ ဥပဒေက တိုင်းပြည်နဲ့လူမျိုးအတွက်ကောင်းကျိုးရလာဒ်တွေ ရလာနိုင်မယ်လို့ မျှော်လင့်စရာမရှိပါဘူး။

မန္တလေးကချီတက်လာတဲ့ ပင်မသပိတ်စစ်ကြောင်းကိုလက်ပံတန်းမြို့မှာ ရဲအင်အားတထောင်ကျော်နဲ့ ပိတ်ဆို့ဝိုင်းထားတာကြောင့် ကျောင်းသားကိုယ်စားလှယ်တွေလဲ မတက်နိုင်သလို ကျောင်းသားတွေနဲ့တဆက်တစပ်တည်းလက်တွဲဆောင်ရွက်နေတဲ့ အမျိုးသားပညာရေးမူဝါးပြုပြင်ပြောင်းလဲကွန်ရက် (NNER) ကကိုယ်စားလှယ်တွေလဲ လွတ်တော်ကြားနာပွဲကိုမတက်ရောက်တော့တဲ့ အခြေအနေတွေဖြစ်ပေါ်နေချိန်မှာ ခုလိုပြောခဲ့တာဖြစ်တယ်။

ကျောင်းသားကိုယ်စားလှယ်တွေမပါတဲ့ (၅) ရက်နေ့ကြားနာပွဲမှာ ပုဂ္ဂိုလ်တချို့ပြောဆို ဆွေးနွေချက်တွေက ကျောင်းသားတွေရဲ့တောင်းဆိုချက်နဲ့ ရပ်တည်ချက်ကိုအပြုသဘောဆောင် ဆွေးနွေးခဲ့တာတွေ တွေ့ရပေမယ့် လေးပွင့်ဆိုင်သဘောတူညီချက် ကျိုးပေါက်နေတဲ့အခြေအနေတွေနဲ့ သဘောတူညီချက်ကို လေးစားလိုက်နာဖို့ပြောဆို တိုက်တွန်းတာတော့ မတွေ့မိပါဘူး။ ပိုဆိုးတဲ့အချက်က တက်ရောက်လာတဲ့သူတချို့က (စစ်အုပ်စုကလက်သပ်မွေးဖိတ်ခေါ်ထားသူတွေလဲဖြစ်ပါတယ်) စစ်အုပ်စုအလိုကျ သဘောတူညီချက်ပါ အချက်အလက်တွေကို ပုတ်ခတ်ရှုတ်ချ ဆွေးနွေးသွားကြတာဖြစ်တယ်။

တကယ်တော့ဒီလိုဆွေးနွေးကြားနာပွဲတွေဖြစ်ပေါ်လာတာဟာ ကျောင်းသားတွေရဲ့တောင်းဆိုချက်၊ ခရီးရှည်ချီတက်ဆန္ဒပြပွဲတွေနဲ့ ရောက်ရာအရပ်ကပြည်သူလူထုရဲ့ သောင်းသောင်းဖျဖျ ကြိုဆိုအားပေးထောက်ခံကြလို့ဖြစ်ပါတယ်။ ခုဒီကြားနာပွဲကိုတက်ရောက်နေသူတွေဟာ စစ်အုပ်စုက အမျိုးသားပညာရေးဥပဒေကို သူတို့စိတ်တိုင်းကျ ရေးဆွဲပြဌာန်းစဉ်က ဘာတခုမှတောင်ဝေဖန်အကြံပေးခဲ့မရှိခဲ့ပါဘူး၊တချို့ဆိုလွတ်တော်တွင်းမဲခွဲစဉ်မှာ ပြန်လှန်မေးခွန်းထုတ်တာ၊ ဆွေးနွေးတာတောင်မလုပ်ပဲ ထောက်ခံမဲပေးခဲ့ကြသူတွေ ဖြစ်နေပါတယ်။

တိုင်းပြည်နဲ့လူမျိုးအတွက် အမျှော်အမြင်ရှိရှိ ကျောင်းသားတွေ ပင်ပင်ပန်းပန်းစွန့်စွန့်စားစားနဲ့ စစ်အုပ်စုကို ရင်ဆိုင်ပြီးရယူထားတဲ့ တောင်းဆိုချက်တွေနဲ့ သဘောတူညီချက်တွေကို ဘယ်လောက်အထိ အထောက်အကူဖြစ်အောင် ဆွေးနွေးနိုင်မလဲဆိုတာကို (အရင်းခံအင်အားစုဖြစ်တဲ့ ကျောင်းသားကိုယ်စားလှယ်တွေမပါတဲ့) ဒီကြားနာပွဲကို တက်ရောက်မည့်သူတွေ အလေးနက်ထားစဉ်းစားသင့်ကြပါတယ်။

ဒီလိုကြားနာပွဲတွေဖြစ်ပေါ်လာစေတဲ့ အရင်းခံအကြောင်းတရား၊ အရင်းခံအင်အားစုဖြစ်တဲ့ ကျောင်းသားကိုယ်စားလှယ်တွေမပါတဲ့ ဒီကြားနာပွဲတွေဟာ ကိုယ်ကျင့်သိက္ခာပိုင်းအရ ဘယ်လိုအဆင့်အတန်းမှာရှိသလဲ၊ ဥပဒေကြမ်းကိုမူလပြင်ဆင်ထားသူတွေကိုယ်တိုင် တင်သွင်းရှင်းလင်းတာမလုပ်နိုင်တဲ့ ဒီကြားနာပွဲဟာ တရားဝင်မှုသဘောအရ (legitimacy) ဘယ်လိုအခြေအနေရောက်နေသလဲ ဆန်းစစ်ကြည့်ကြစေလိုပါတယ်။

သဘောတူလက်မှတ်ရေးထိုးထားကြတာက လေးပွင့်ဆိုင်ဆိုပေမဲ့ တကယ်တော့သုံးပွင့်ဆိုင်လို့သာ ဆိုရမှာဖြစ်ပါတယ်။ အကြောင်းကတော့ အစိုးရ၊ လွတ်တော်နဲ့ စစ်တပ်(ကာလုံ) ဆိုတာတစုတည်းသော စစ်အုပ်စုသာဖြစ်ပါတယ်။ ဒါကြောင့် လေးပွင့်ဆိုင်ထဲက ကျောင်းသားနဲ့ NNER ကိုယ်စားလှယ်တွေမတက်ရောက်နိုင်တဲ့ ဒီလွတ်တော်ကြားနာပွဲတွေဟာ စစ်အုပ်စုရဲ့ တဖက်သတ် လိုရာဆွဲလမ်းကြောင်ထွင် ဆုံးဖြတ်ဖို့ပြင်ဆင်ထားတဲ့ ရုံသွင်းပွဲသက်သက်သာ ဖြစ်ပါတယ်။ ကျန်တဲ့ နိုင်ငံရေးပါတီတွေနဲ့ လူထုလူတန်းစားတွေကိုဖိတ်ခေါ်တယ်ဆိုတာ သူခိုးသေဖော်ညှီဖို့ အသုံးချတဲ့သဘောသာဖြစ်ပါတယ်။

မကင်းရာမကင်းကြောင်းတွေကြောင့် တက်ရောက်မည့်သူတွေ၊ နိုင်ငံရေးမှတ်ပုံတင်ဥပဒေကြောင့် တက်ရမည့်သူတွေ၊ ခေါ်ရင်ပျော်ပျော်သွား အသားယူလူတွင်ကျယ်လုပ်ချင်သူတွေ သတိထားသင့်တဲ့အချက်က စစ်အုပ်စုက လူကြီးလူကောင်းမဆန်ပဲ သဘောတူလက်မှတ် ရေးထိုးထားတာကို တဖက်သတ်ခြေဖျက်ရာမှာ ဗိုက်အငှားနဲ့ဒါးထိုးခံဖို့ အသုံးချခံခဲ့ရမယ်ဆိုရင် သမိုင်းမှာ ချေချွတ်မရတဲ့ အမဲစက်စွန်းထင်ကျန်ခဲ့မှာဖြစ်ပါတယ်။

ရဲဘော်ကျော်သန်း


မတ်လ ၁၀ ရက် ၁ဝ နာရီ ၁ဝမိနစ် နောက်ဆုံး ထားပြီး ဖွင့်ပေးဖို့ တောင်းဆိုထား

လက်ပံတန်းက ကျောင်းသား သပိတ်ကို ပိတ်ထားတဲ့ လုံခြုံရေး အတား အဆီး တွေကို မတ်လ ၁၀ ရက် ၁ဝ နာရီ ၁ဝမိနစ် နောက်ဆုံး ထားပြီး ဖွင့်ပေးဖို့ သပိတ်မှောက် ကျောင်းသား တွေက တောင်းဆို ထားပါတယ်။

ဒါပေမယ့် အစိုးရ ဘက်ကတော့ ခုချိန်ထိ ဘာမှ အကြောင်း ပြန်ကြား တာ မရှိသေး ပါဘူး။

၁၀ ရက်နေ့ မနက်မှာ တော့ သတင်းစာ ရှင်းလင်း ပွဲလုပ်မှာ ဖြစ် သလို၊ ရန်ကုန်ကို မဖြစ် မနေ ချီတက် ဖို့လည်း ကျိန်းသေ သလောက် ရှိတယ်လို့ ဗမာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ဗဟို ကော်မတီဝင် ကိုသီဟ ဝင်းတင်က ဘီဘီစီ ကို ပြောပါတယ်။

အခု အချိန် မှာတော့ သပိတ် စစ်ကြောင်း အနောက် ဘက်မှာ ကား ၂ စီး ပိတ်ဆို့ထား တယ်လို့လည်း ကိုသီဟဝင်းတင် က ပြောပါတယ်။

အဆိုတော် စောဖိုးခွါး အပါ အဝင် သီးလေးသီး အဖွဲ့က လူရွှင်တော် ပန်းသီး တို့ကတော့ ဒီသပိတ် စခန်း နေရာကို လာရောက် ဖျော်ဖြေ သလို စေတနာရှင် တွေ ကလည်း လာရောက် ကူညီ နေကြ ပါတယ်။
BBC Burmese
http://www.bbc.co.uk/burmese

“ ဘုံရန်သူ ”

ကျောင်းသားကိုရန်မူ
ပြည်သူကိုရန်ပြု
သံဃာထုနဲ့ရန်ပွား
ဈေးသမားနဲ့ ရန်များ
ဆင်းရဲသားရဲ့ရန်သူ
တိုင်းရင်းသားကိုရန်ရှာ
အရပ်သားကိုရန်စ
ဝန်ထမ်းနဲ့ ရန်ပျိုး
လယ်သမားကိုရန်ငြိုး
အလုပ်သမားနဲ့ ရန်တိုး
ဥပဒေသမားကို ရန်လုပ်
ကလောင်သမားနဲ့ ရန်တေး
ဆရာဝန်ဆေးသမားကိုရန်ဖီ
ပညာရှင်နဲ့ ရန်ဘက်
ကျောင်းဆရာနဲ့ ရန်ဆက်
အနုပညာသည်ကို ရန်စောင်
ရဲသားကိုရန်ထောင်
စစ်သားနဲ့ ရန်တိုက်
စီးပွားရေးသမားကိုရန်လို
သတင်းသမားကိုရန်သို
တပြည်လုံးနဲ့ ရန်ပို
ဇါတ်တူသားလည်းဖြို
အစိတ်သားတောင်မျို
ဘီလူးသဘက်လို သူခိုးဓါးမြ
ဒေ၀ဒါတ်လို စစ်အစိုးရ
ဘုံရန်သူအစစ်ပ
ဖယ်ကြရှားကြ တားဆီးမှ
ခေတ်ဝန်ထမ်းကြ ညီညာဖျ
စစ်ညွှံခမ်းမှ ပြည်သာလှ ။ ။

( မင်းကောင်းချစ် )
မတ်လ (၉) ရက် ၂၀၁၅ ခုနှစ်



ပညာရေးဥပဒေပြင်ဆင်ရေး ရန်ကုန်မြို့ကိုချီတက်ဖို့ ကြိုးပမ်းနေသူတွေ လက်ပံတန်းမြို့မှာ ဆက်လက်တားဆီး ခံနေရပေမယ့် တခြားနယ်မြို့တွေမှာတော့ လှုပ်ရှားမှုကို ထောက်ခံဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ ရန်ကုန်မြို့ကို ခရီးမဆက်နိုင်အောင် ရဲတပ်ဖွဲ့က ဟန့်တားထားတာတွေကို မနက်ဖြန် နောက်ဆုံး ထား ဖယ်ရှားပေးဖို့ ကျောင်းသားတွေဘက်က တောင်းဆိုခဲ့ပြီး နောက်မှာလည်း လက်ပံတန်းမြို့က ပင်မသပိတ်စစ်ကြောင်းမှာ လုံခြုံရေးတွေလည်း ပိုမိုတင်းကျပ် လာနေတယ်လို့ လှုပ်ရှားသူတွေက ပြောပါတယ်။ ကျောင်းသားဆန္ဒပြပွဲတွေ နောက်ဆုံးအခြေအနေကိုတော့ ဗွီအိုအေသတင်းထောက် မအေးအေးမာ ကသတင်းပေးပို့ထားပါတယ်။

လက်ပံတန်းမြို့မှာ နေပူအောက်မှာ တပတ်ကျော်ထိုင်နေခဲ့ကြတဲ့ တားဆီးခံထားရတဲ့ ပင်မသပိတ်စစ်ကြောင်းက မနေ့တုန်းက အရေးပေါ်ကြေညာချက်ထုတ်ပြန်ခဲ့ပြီး အစိုးရအနေနဲ့ မတ်လ (၁၀) ရက်၊ (၁၀) နာရီနောက်ဆုံးထားပြီး လမ်းပိတ်ဆို့တားဆီးထားတာတွေ ဖယ်ရှားပေးဖို့ တောင်းဆိုခဲ့တာပါ။ အဲဒီလိုတောင်းဆိုပြီးတဲ့နောက် ဆန္ဒပြကျောင်းသားတွေကို ပိုပြီးတင်းကြပ်တဲ့ပိတ်ဆို့တားဆီးမှုတွေလုပ်လာခဲ့တဲ့အကြောင်း သပိတ်ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုသီဟဝင်းတင်က အခုလို ပြောပါတယ်။

“လူ ၂၅၀ လောက်တိုးလာတယ်။ အနောက်ဘက်မှာရော။ အစတုန်းက အနောက်ဘက်က တော်တော်ကျယ်ကျယ်ကိုဖွင့်ထားတာလေ။ အခုက အနောက်ဘက်ကိုရှေ့ထားပြီးတော့ အနောက်ဘက်ကိုပါ ပိတ်တာ။ မီးသတ်ကားနှစ်စီးရယ်၊ လုံခြုံရေး ၅၀ ရယ်၊ Stand-by စောင့်နေတာ။ ကျနော် ပြောချင်တာကတော့ ပထမတချက်က ကျနော်တို့ကျောင်းသားတွေက အကုန်လုံးက ဒုက္ခတွေခံနေရတယ်။ လမ်းတွေကို ပိတ်ဆို့ထားတယ်။ အများ ပြည်သူတွေလည်းသွားလာခွင့် မရှိဘူးပေါ့နော်။ ဒါကတချက်၊ ပြီးတော့ နောက်တချက်က ပြောရမယ်ဆိုလို့ရှိရင် ကျနော်တို့ကျောင်းသားတွေအနေနဲ့ ဆယ်တန်းစာမေးပွဲတွေ၊ ဘုန်းကြီးတွေစာမေးပွဲတွေအတွက် အထိခိုက် အနစ်နာမရှိအောင်လို့ အမြန်ဆုံး ကျနော်တို့က ဒီဥစ္စာကို ခန ရပ်နားချင်တာ ပေါ့နော်။ ရပ်နားချင်တဲ့ဥစ္စာကို ရပ်နားခွင့်မပေးဘဲနဲ့ အချိန်ကို ပတ်ဆွဲထားတယ်ဆိုတော့ ဆယ်တန်းစာမေးပွဲတွေအတွက်လည်း ထိခိုက်နိုင်တယ်။ ဘုန်းကြီးတွေအတွက်လည်း ထိခိုက်နိုင်တယ်။ ပြောချင်တာကတော့ အစိုးရစေတနာအပေါ်မူတည်တယ်ပေါ့နော်။ အစိုးရအနေနဲ့ ဒါတွေကို ဖြေရှင်း လိုက်ရင် ပြဿနာအားလုံး ပြေလည်သွားမယ့်ကိစ္စကို သက်သက်အချိန်ဆွဲပြီးတော့ အားလုံးကို ဒုက္ခရောက်အောင် လုပ်နေတာလို့ မြင်တယ်။”

ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း ကယားပြည်နယ်၊ လွိုင်ကော်မြို့ တက္ကသိုလ်သုံးခုက ကျောင်းသားတွေကလည်း ချီတက်ဆန္ဒပြခဲ့ပြီး ရှမ်းပြည်နယ်ကို ထွက်ခွာခဲ့ချိန်မှာ အောင်ပန်းမြို့အရောက် တားဆီးမှုရှိခဲ့တဲ့အတွက် ကားနဲ့ထွက်ခွာပြီး မူလရည်မှန်းချက်အတိုင်း လက်ပံတန်းမြို့ပင်မသပိတ်စစ်ကြောင်းကို သွားရောက်ပူးပေါင်းခဲ့တယ်လို့ ကျောင်းသားခေါင်းဆောင် ကိုရဲမင်းကျော်က ပြောပါတယ်။

 “လွိုင်ကော်မြို့အထွက်လောက်အရောက်မှာ ကျနော်တို့ကားစီးတယ်။ ကားစီးပြီး အောင်ပန်းမြို့ကိုရောက်မှ ကျနော်တို့ လမ်းလျှောက်ချီတက်ကြတယ်။ ချီတက်ပြီးတော့ မြို့အဝင်လောက်မှာ ကျနော်တို့ကို ရဲတချို့က ပုဒ်မ (၁၈) နဲ့ငြိတယ်ဆိုတဲ့ပုံစံနဲ့ ကျနော်တို့ အဲဒါကို ဖြေရှင်းခဲ့တယ်။ တဆက်တည်းမှာပဲ ကျနော်တို့ကို လိုက်ပြီးတော့ အတားအဆီးလုပ်နေတဲ့ …..အသံချဲ့စက်တွေနဲ့ လိုက်ပြီးတော့ နှောင့်ယှက်နေတဲ့ပုံစံမျိုးနဲ့ အရှေ့ကနေသွားလိုက် အနောက်ကနေသွားလိုက်ဆိုတဲ့ပုံစံမျိုးနဲ့ ကျနော်တို့ ကြုံတွေ့ရပါတယ်။ ချီတက်ပြီးတော့ ကျနော်တို့က အောင်ပန်းမှာနားပါတယ်။ အောင်ပန်းမှာ နားပြီးတော့ ကျနော်တို့က အစည်းအဝေးတခုထိုင်တယ်။ ဆုံးဖြတ်ချက်ချကြတယ်။ ချပြီးတော့ ကျနော်တို့က တောင်ကြီးကို ဆက်လက်ပြီး မချီတက်တော့ဘဲနဲ့ ကျနော်တို့က တဆက်တည်းမှာပဲ ပင်မနဲ့သွားပေါင်းတယ်ပေါ့နော်။”

ဧရာဝတီတိုင်း၊ မအူပင်နဲ့ ပုသိမ်မှာ သပိတ်စခန်းဖွင့်ထားတဲ့ ကျောင်းသားတွေက မအူပင်မြို့မှာလာရောက်ပူးပေါင်းခဲ့ပြီး အစိုးရအနေနဲ့ ကျောင်းသားတွေကို အကြမ်းမဖက်ဖို့နဲ့ လေးပွင့်ဆိုင်ဆွေးနွေးမှုတွေကို လေးစားဖို့လှုပ်ရှားမှုတွေ ဆက်လုပ်နေတယ်လို့ ဧရာဝတီသပိတ်ခေါင်းဆောင် ကိုအောင်ခန့်ဇော်က ပြောပါတယ်။

“ကျနော်တို့က မအူပင်ကိုရွှေ့ပြီးတဲ့အချိန်မှာ ထိုင်သပိတ်လုပ်တာတွေ၊ ဆန္ဒထုတ်ဖော်တာတွေမလုပ်ဘဲနဲ့ လက်ရှိအကြမ်းဖက်မှုအခြေအနေနဲ့ အစိုးရဘက်က အခုနောက်ပိုင်း အရေးယူမှုလုပ်တဲ့ဟာတွေအပေါ်မှာ လေးပွင့်ဆိုင်သဘောတူညီချက်ကို သူတို့ ချိုးဖျက်တယ်ဆိုပြီးတော့ လေးပွင့်ဆိုင် သဘောတူညီချက်ကိုလေးစားပါ ဆိုတဲ့အချက်တွေကို ကျနော်တို့က ပြည်သူတွေကို သိစေချင်တဲ့အတွက် Campaign ပုံစံမျိုးနဲ့ အခု လုပ်နေပါတယ်။”

မကွေးတိုင်းမှာတော့ ပခုက္ကူတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊ ပခုက္ကူနည်း ပညာတက္ကသိုလ် ကျောင်းသားများ သမဂ္ဂတွေကလည်း ကျောင်းသားတွေကို အကြမ်းမဖက်ဖို့ ဆုတောင်းတဲ့ လှုပ်ရှားမှုလုပ်ခဲ့ပါတယ်။ ရန်ကုန်၊ မန္တလေး၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ မကွေးတိုင်း စတဲ့ တိုင်းနဲ့ပြည်နယ် အသီးသီးက ကျောင်းသားတွေကလည်း သပိတ်မှောက်ကျောင်းသားတွေအပေါ်မှာ အကြမ်းမဖက်ကြဖို့အတွက် လှုပ်ရှားမှုတွေကို ဒီရက်ပိုင်းတွေအတွင်း ဆက်တိုက် လှုပ်ရှားဆောင်ရွက်နေကြပါတယ်။

မအေးအေးမာ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


လက်ပံတန်းမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့တားဆီးပိတ်ဆို့ခံနေရတဲ့ သပိတ်မှောက် ကျောင်းသားတွေကိစ္စ ကြားဝင်ဆောင်ရွက်ပေးမှု ရလဒ်ဘာမှ ထွက်မလာခဲ့ဖူးလို့  အန်အန်အီးအာ ပညာရေးကွန်ရက်က ဒေါက်တာသိန်းလွင်က ပြောပါတယ်။

စည်းလုံးညီညွတ်သော တိုင်းရင်း သားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA)၊ နိုင်ငံလုံးဆိုင်ရာ ပညာရေး ပြုပြင်ပြောင်းလဲမှုကွန်ရက် (NNER)၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီနဲ့ ပေါင်းကူး အဖွဲ့တွေဟာ သပိတ်မှောက် ကျောင်းသားတွေကို ရဲတပ်ရင်းတွေ ပိတ်ဆို့ထားတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ပဲခူးတိုင်းနယ်လုံဝန်ကြီးနဲ့ ဒီကနေ့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့တာပါ။

တွေ့ဆုံဆွေးနွေးခဲ့သူ ဒေါက်တာသိန်းလွင်က ‘နယ်လုံက ကျောင်းသားတွေဘက်က  ၁၀ ရက်နေ့ ၁၀ နာရီ နောက်ဆုံးထားပြီး တောင်းဆိုချက် ၈ ချက် အကြောင်းပြန်ဖို့ ပြောထားတော့ အဲဒီ အပေါ်မှာ စိုးရိမ်တဲ့ သဘောရှိတယ်။ အဲဒါကို ပြေပြေလည်လည် ဖြစ်စေချင်တယ်။ ကျနော်က အဲဒါနဲ့ ပြေလည်ဖို့အတွက် ၀န်ကြီးဘာလုပ်ပေးနိုင်လဲဆိုတော့ သူ့အနေနဲ့ကတော့ ပြည်ထဲရေးက သူ့ကို တာဝန်ပေးထားတဲ့အတိုင်းပဲ ဆောင်ရွက်နိုင်မယ်။  ကျန်တဲ့ကိစ္စကတော့ အစိုးရအဖွဲ့နဲ့ ပြောပါလို့ သူပြောတဲ့အထဲမှာ ထူးခြားချက်က ဘာပါလာလဲဆိုတော့ တန်ပြန်သပိတ်တွေ ရှိလာနိုင်တယ်ဆိုတဲ့ အချက်ကိုပြောလာတယ်။ ရလဒ်ကတော့ ဘာမှမထွက်ဘူး။ သူ့ဘက်က စိုးရိမ်တဲ့အချက်နဲ့  ကျနော်တို့ဘက်ကတော့ အပြည်လည်ဆုံး ဒါတာဝန်ရှိတယ်  ၀န်ကြီးတို့ဘက်ကလည်း ဂုဏ်သိက္ခာရှိတဲ့ဟာပေါ့ နာမည် မပျက်တဲ့ဟာပေါ့ ဆောင်ရွက်ဖို့ ကျောင်းသားတွေဖြစ်စေချင်တာလည်း ဆောင်ရွက်ပေးဖို့ ကျနော်တို့က ပြောခဲ့တယ်’လို့ ပြောပါတယ်။

လက်ပံတန်းမြို့မှာ ပိတ်ဆို့ခံထားရတဲ့ကိစ္စနဲ့ပတ်သက်ပြီး  ဆယ်တန်း စာမေးပွဲတွေ မစခင် မတ်လ ၁၀ ရက်နေ့မှာ ဖြေရှင်းပေးဖို့  ပင်မကျောင်းသား သပိတ်စစ်ကြောင်းက အစိုးရကို တောင်းဆိုထားတာဖြစ်ပြီး  ဖြေရှင်းမပေးပါက နောက်ဆက်တွဲ အကျိုးဆက် ပြသာနာတွေဟာ အစိုးရရဲ့ တာဝန်သာဖြစ်ကြောင်း သတိပေးကြေညာထားတာပါ။

ဒီကြေညာချက်နဲ့ပတ်သက်ပြီး အစိုးရဘက်က ဒီကနေ့ ညနေ ၆ ကျော်တဲ့အထိ တစုံတရာ တုံ့ပြန်လာတာမရှိသေးဘူးလို့ သပိတ်မှောက်ကျောင်းသားခေါင်းဆောင်တွေက ပြောပါတယ်။

လက်ပံတန်း ရဲတပ်ဖွဲ့ကတော့ အမြဲတမ်း ဆက်စပ် ညှိနှိုင်းတဲ့ လမ်းစဉ်အတိုင်းပဲ ဆောင်ရွက် ကျင့်သုံးနေတာဖြစ်တဲ့အကြောင်းနဲ့ ဥပဒေဘောင်အတိုင်းဘဲ လက်ဆောင်ရွက်နေတယ်လို့ ပြော ပါတယ်။

ကြားဝင်ညှိနှိုင်းပေးနေတဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီခေါင်းဆောင် ဦးအောင်မိုးဇော် ကတော့ ‘ဒီပြသနာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြေလည်နိုင်ဖို့အတွက် တဖက်ကလည်း ကျောင်းသားတွေ အနေနဲ့က တောင်းဆိုချက် ၈ ချက်ကို တောင်းထားတယ်။  ၈ ချက်က တကယ်တမ်းကျတော့  တရားမျှတတဲ့တောင်းဆိုချက် ဖြစ်တယ်လို့မြင်တယ်  ဒီအပေါ်မှာ အခြေခံပြီးတော့ အစိုးရအနေနဲ့ မြန်မြန်ဆန်ဆန်ဆွေးနွေး ဖို့လိုတယ်လို့ထင်တယ် အဲလို ဆွေးနွေးနိုင်အောင်လည်း မေတ္တာရပ်ခံတာ ဖြစ်တယ်”လို့ ပြောပါတယ်။

ကျောင်းသားတွေ တောင်းဆိုထားတဲ့ အချက် ၈ ချက်ထဲမှာ သာယာဝတီအထိ လမ်းလျှောက် ချီတက်ဖို့၊ အဲဒီနောက် ရန်ကုန်အထိ ကားတွေနဲ့ သွားရောက်မှာ ဖြစ်ပြီး ကားပေါ်မှာ သမဂ္ဂအလံ ထောင်၊ သီချင်းဖွင့်တာတွေနဲ့ ရွှေတိဂုံ ဒါမှမဟုတ် သမဂ္ဂရင်ပြင်မှာ အခမ်းအနား ပြုလုပ်ပြီး လူစုခွဲတာတွေ ပါဝင်ပါတယ်။

ပဲခူးတိုင်း အနောက်ခြမ်းမြို့နယ် အသီးသီးရှိ မိဘပြည်သူတွေကတော့  နိုင်ငံတော်သမ္မတထံ မေတ္တာရပ်ခံ ပန်ကြားချက် တစ်စောင်ကို  ဒီကနေ့ မတ်လ ၉ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

ဒီပန်ကြားစာမှာ ကျောင်းသားတွေဟာ အမိုးအကာမဲ့ ကတ္တရာလမ်းပေါ်မှာ နေပူဒဏ်၊ အအေးဒဏ် အစားအသောက် ဆင်းရဲမှုနဲ့ ကျန်းမာရေး ချို့တဲ့မှု စတဲ့ ဒုက္ခများ ကြီးမားစွာ ခံစားနေရတာကို မြင်တွေ့နေရတဲ့ ဝမ်းနည်း ကြေကွဲစွာ ခံစားနေကြရကြောင်း၊ သမ္မတကြီးအနေနဲ့ မိဘ ပြည်သူတွေရဲ့ စိုးရိမ်ကြောင့်ကြမှုကို စာနာထောက်ထားတဲ့ အနေနဲ့ လည်းကောင်း၊ သပိတ်မှောက် ကျောင်းသား၊ ကျောင်းသူတွေအပေါ် ရင်ဝယ်သားကဲ့သို့ သနားကြင်နာမှုကို ရှေ့ရှု၍လည်းကောင်း လက်ရှိ အကျပ်အတည်းတွေကနေ ချောမော အောင်မြင်အောင် ပြီးဆုံးနိုင်ရေး အတွက် အစွမ်းကုန် ဆောင်ရွက်ပေးနိုင်ရန် အနူးအညွတ် မေတ္တာရပ်ခံကြောင်း ဖော်ပြထားပါတယ်။

အလားတူ ဧရာဝတီတိုင်း ဟင်္သာတ၊ မအူပင်စတဲ့မြို့တွေမှာလည်း ကျောင်းသားတွေအပေါ်  အကြမ်းမဖက်ရေး လှုပ်ရှားမူကို ကျောင်းသားသမဂ္ဂတွေက ဦးဆောင်ပြီး လူစည်ကားတဲ့ နေရာတွေမှာ လှည့်လည် လုပ်ဆောင်ခဲ့ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no

ထိုင်ဝမ်တွင် အနိမ့်ဆုံးလုပ်အားခရရှိရန် ရွှေ့ပြောင်းအလုပ်သမားများ ဆန္ဒပြတောင်းဆိုစဉ်
ကုန်ပစ္စည်းထုတ်လုပ်ရေးနဲ့ စိုက်ပျိုးရေးကဏ္ဍမှာ အလုပ်သမား ရှားပါး ပြတ်တောက်မှု ပြဿ   နာကို ဖြေရှင်းဖို့  မြန်မာနိုင်ငံက အလုပ်သမားတွေကို ထိုင်ဝမ်က ခေါ်ယူဖို့  စီစဉ်နေပါတယ်။

အစီအစဉ် စတင်တဲ့ အဆင့်မှာတော့ မြန်မာအလုပ်သမား ၁၀၀ ကနေ ၂၀၀ ကို အစမ်းသဘော ခေါ်ယူသွားမယ်လို့ ထိုင်ဝမ် လုပ်အားဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ ညွန်ကြားရေးမှူး လျူချပ်ချန်ကို ကိုးကားပြီး ဖိုးကပ်စ်ထိုင်ဝမ် သတင်းကရေးပါတယ်။

အစမ်းကာလက ဧပြီလနှောင်းပိုင်း ဒါမှမဟုတ်မေလ အစောပိုင်းမှာ စတင်မှာ ဖြစ်သလို အစီအစဉ်ကို အကောင်ထည်ဖော်နိုင်ရင်တော့ စိုက်ပျိုးရေး အတွက် နိုင်ငံခြား အလုပ်သမားကို ပထမဆုံး ငှားရမ်းတာ ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံသားတွေက ကိုးကွယ်ယုံကြည်မှု တူညီသလို ဘ၀ပုံစံတွေကလည်း ထိုင်ဝမ်နဲ့ တူတယ်လို့ လျူက ပြောပါတယ်။

ထိုင်ဝမ်စီးပွားရေးလုပ်ငန်းတွေကလည်း မြန်မာနိုင်ငံမှာ သွားရောက် ရင်းနှီးမြုပ်နှံဖို့ စဉ်းစားနေတယ်လို့လည်းဆိုပါတယ်။

မြန်မာက အလုပ်သမားတွေကို ခေါ်ယူခြင်းအားဖြင့် လုပ်အားပြတ်တောက်မှုကို ဖြေရှင်းနိုင်မှာ ဖြစ်သလို ရင်းနှီးမြုပ်နှံမှုကို  အစပြုနိုင်မယ်လို့လည်း လျူကပြောပါတယ်။

ထိုင်ဝမ်မှာ လုပ်ကိုင်နေတဲ့ အလုပ်သမား အများစုဟာ ထိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ ဗီယက်နမ် နိုင်ငံတွေကဖြစ်ပြီး  ကုန်ထုတ်လုပ်ရေးနဲ့ အိမ်ဖော်လုပ်ငန်းတွေမှာ အဓိက  လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

ဒါ့အပြင် ထိုင်ဝမ်အစိုးရက ဘင်္ဂလားဒေ့ရှ်နဲ့ သိရီလင်္ကာနိုင်ငံက အလုပ်သမားတွေကို ဌားရမ်းဖို့ လည်း လုပ်ဆောင်နေတယ်လို့လည်း ထိုင်ဝမ်သတင်းမှာ ဖော်ပြထားပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no


ဂျီဟတ်ဒီဂျွန်၏ဖခင်က ၎င်း၏ သားဖြစ်သူကို ခွေးကောင်တိရစ္ဆာန်ကောင်၊ အကြမ်းဖက်သမားဟု စိတ်ဒေါသဖြစ်စွာနှင့် ခေါ်ဆိုခဲ့ပြီး ၎င်းအား ယတိပြတ်စွန့်လွှတ်ကြောင်း ပြောကြားခဲ့သည်။ အိုင်အက်စ်တို့၏ စစ်သွေးကြွနယ်မြေတွင် ဓါးစာခံများကို လူမဆန် ရက်စက်စွာ လည်ဖြတ်သတ်ခဲ့သည့် ဂျီဟတ်ဒီဂျွန်ဆိုသူမှာ မည်သူမည်ဝါဖြစ်ကြောင်း ထုတ်ဖော်ကြေညာခဲ့ပြီးနောက် ၎င်း၏ ဖခင် ဂျက်ဆင်အမ်ဝါဇီက မိတ်ဆွေတယောက်ထံဖုန်းဆက်ပြော ကြားရာတွင် ၎င်း၏သားကြောင့် သူ့မှာ အရှက်ရမိကြောင်း ပြောကြားခဲ့သည်။

ကူးဝိတ်နိုင်ငံ ကျေးလက်စတိုးဆိုင်တွင် မစ္စတာဂျက်ဆင်အမ်ဝါဇီနှင့်အတူ အလုပ်လုပ်ကိုင်နေသော အဘူဗက်ရှားဆိုသူက မစ္စတာ ဂျက်ဆင်းသည် ၂၀၁၃ ခုနှစ်က ၎င်း၏သားကို စွန့်လွှတ်ခဲ့ကြောင်း၊ တယ်လီဂရပ်သတင်းစာကို ပြောပြခဲ့ သည်။ ၎င်း၏ သားဖြစ်သူမှာ ရက်စက်ကြမ်းကြုတ်သော လူသတ်သမားတဦး ဖြစ်ကြောင်း မီဒီယာများ၌ စတင်ဖော်ပြကတည်းက ဖခင်ဖြစ်သူ ဂျက်ဆင်းမှာ ရှက်လွန်း၍ အလုပ်ကိုပင် မသွားရဲအောင် ဖြစ်ခဲ့ရသည်ဟု ဆိုသည်။ ကူဝတ်အာဏာပိုင်များကလည်း မစ္စတာဂျက်ဆင်းကို ဂျီဟတ်ဒီဂျုန်းနှင့် ပတ်သက်၍ ခေါ်ယူပြီး စစ်ဆေးမေးမြန်းခဲ့သည်ဟု ဆိုသည်။

မစ္စတာ ဂျက်ဆင်းအမ်ဝါဇီသည် ယခင်က ကူဝိတ်တွင် ရဲအရာရှိတဦးဖြစ်ခဲ့သော်လည်း ၁၉၉၀ ပြည့်နှစ်နှင့် ၁၉၉၁ တွင် အီရတ်ခေါင်းဆောင် ဆက်ဒမ်ဟူစိန် က ကူဝိတ်ကို ကျူးကျော်တိုက်ခိုက်မှုနောက်ပိုင်းတွင် အမ်ဝါဇီမိသားစုမှာ အီရတ် မှ ပြောင်းရွှေ့လာသူများဖြစ်၍ ကူဝိတ်နိုင်ငံအပေါ် သစ္စာခံခဲ့မှုနှင့်ပတ်သက်ပြီး သံသယဖြစ်စရာရှိလာခဲ့သည်။ မစ္စတာအမ်ဝါဇီသည် ဇနီးနှင့်မိသားစုကို ခေါ်ယူပြီး ၁၉၉၃ တွင် လန်ဒန်သို့ပြောင်းရွှေ့နေထိုင်ခဲ့ရာ ၂၀၀၂ ခုနှစ်တွင် ဗြိတိသျှနိုင်ငံသား အသိအမှတ်ပြု ခံရသည်။ နောက်တနှစ်တွင် ၎င်းသည် ကူဝိတ်နိုင်ငံသို့ ပြန်သွားခဲ့သည်။ ဂျီဟတ်ဒီဂျွန်ကို ၁၉၈၈ တွင် ကူဝိတ်နိုင်ငံ၌ မွေးခဲ့သည်။ ပင်လယ်ကွေ့ စစ်ပွဲအပြီးတွင် မိသားစုနှင့်အတူ ဗြိတိန်နိုင်ငံသို့ ပြောင်းရွှေ့ခဲ့ပြီး လန်ဒန်တက္ကသိုလ် မှ ဘွဲ့ရခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် အလုပ် လုပ်ရန်အတွက် ကူးစိတ်သို့ ပြန်သွားခဲ့သည်။

ထွဋ်ဝင်းထွဋ်
Ref; Telegraph
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

အမြန်လမ်းလမ်းမှာ ဘက ကျောင်းမှ စာမေးပွဲပြီးလို့အပြန်မှာ ကားသမား ပေါ့ဆမူ့ကြောင့် ပျံလွန်တော်မူသော ကိုရင်သာမဏေများ။ ဓါတ်ပုံ - Sayar Lucky (fb)





ရန်ကုန်၊ မတ်လ ၉ ရက်

 အမြန်လမ်းတွင် ဖြစ်ပေါ်ခဲ့သော ယာဉ်မတော်တဆမှုကြောင့် သံဃာတော် ငါးပါး ပျံလွန်တော်မူခဲ့ကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

မတ်လ(၉)ရက်နေ့ နံနက် ခြောက်နာရီက ရန်ကုန် မန္တလေး အမြန်လမ်း မိုင်တိုင် ၂၄၁/၁ နှင့် ၂၄၁/၂ ကြားအသွားလမ်းတွင် ဖြစ်ပေါ်ခဲ့သော ယာဉ်မတော်တဆမှုတွင် Light truck ကားနှင့် Express ကားတို့ မတော်တဆ ဖြစ်ခဲ့ခြင်းလည်း ဖြစ်သည်။

မန်းမြို့တော် Expressကားက Light Truck ကား ရေဆူသဖြင့် ရေလဲပြီး ပြန်အထွက်တွင် နောက်က ၀င်ရောက် တိုက်မိခဲ့ကြောင်းနှင့် Express ကားယာဉ်မောင်းမှာ ထွက်ပြေး တိမ်းရှောင်နေကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက် ဖော်ပြထားသည်။

လိုက်ထရက် ကားပေါ်တွင် တင်ဆောင်လာသော သံဃာတော် ၂၁ပါးတွင် ငါးပါးမှ ပျံလန်တော် မူခဲ့ပြီး အခြားသံဃာတော်များကို နေပြည်တော်ရှိ ကုတင်(၁၀၀၀)ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာနက ထုတ်ပြန်သည်။

ယာဉ်မတော်တဆမှု ဖြစ်စဉ်နှင့် ပတ်သတ်ပြီး ဘုရားတောင် အမြန်လမ်းရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း ထုတ်ပြန်ထားပြီး မည်သည့် ပုဒ်မနှင့် အရေးယူမှု ပြုထားသည်ကို ဖော်ပြထားခြင်း မရှိပါ။

ဖေဖော်ဝါရီလအတွင်း တစ်နိုင်ငံလုံးတွင် ယာဉ်မတော်တဆမှု ၁၃၂၈မှု ဖြစ်ပေါ်ခဲ့ပြီး ၃၅၇ဦး သေဆုံးခဲ့ကာ ၂၂၁၇ဦး ဒဏ်ရာရရှိခဲ့သည်။ရန်ကုန်တွင် ယာဉ်တိုက်မှု အများဆုံး ဖြစ်ပေါ်ခဲ့ပြီး သေဆုံးသူဦးရေမှာလည်း အများဆုံး ဖြစ်နေကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

 မောင်မျိုး
The Union Daily
https://www.facebook.com/pages/The-Union-Daily

တဗိုလ်ကျရင် တဗိုလ်တက်
လက်ချင်းဆက်ပြီး တာဝန်ယူ
ခွပ်ဒေါင်းမူကို ဆက်ဆုပ်ကိုင်
ခွပ်ဒေါင်းမှတ်တိုင် ထပ်ပြီးစိုက်
ခွပ်ဒေါင်းတိုက်အား ဆက်လက်ပြင်
ခွပ်ဒေါင်းဝိညာဉ် တိုးပြီးမြှင့်
ခွပ်ဒေါင်းဆင့်သံ ထပ်ဆင့်ကြား
ခွပ်ဒေါင်းများရဲ့ ဇွဲအားမာန်
အမိနိုင်ငံရဲ့ ဒီမိုကရေစီအရေး
ကာလမရွေးတွန်ခဲ့တယ်။

ကျောင်းသားဆိုတာ
အမိဗမာပြည်ရဲ့ တောင်းဆိုချက်
သမိုင်းလိုအပ်ချက်နဲ့ ကိုက်ညီစွာ
ကာလတိုင်းမှာ တတပ်တအား
တိုက်ပွဲကြားမှာ ဖြတ်သန်းရင်း
မီးပြင်းအတွင်းမှာ
ကြီးပြင်းရှင်သန်ခဲ့သူတွေဖြစ်ကြတယ်။

ကျောင်းသားဆိုတာ
လူတန်းစားတရပ်မဟုတ်
အလုပ်သမား လယ်သမား
ပြည်သူတွေရဲ့သား
ပြည်သူများရဲ့ သမိုင်းစဉ်
ကျောင်းသားအစဉ်ပါခဲ့တယ်။

ကျောင်းသားဆိုတာ
ထာဝရရှင်သန်
ဥဒေါင်းသဏ္ဌာန် အမိဗမာပြည်ကြီးရဲ့
ရှုမငြီးတဲ့ သမီးသားအပေါင်း
ခွပ်ဒေါင်းရင်နှစ်လေးများဖြစ်ကြပါတယ်။

ဒေါင်းအမိရဲ့
ကောင်းအတိသော သားမြေးမြစ်
ခွပ်ဒေါင်းအစစ်မှန်သမျှ
ဘယ်တော့မှ ဒူးမထောက်
မကြောက်တရား တံခွန်ထူ
ရန်သူမှန်သမျှ တိုက်ခိုက်ရဲ
ဇွဲနပဲနဲ့ ဆက်ပြီးဆင်
အောင်ပွဲမြင်နိုင်သူတွေဖြစ်ကြတယ်။

ခွပ်ဒေါင်းဆိုတာ
ဗမာပြည်ရဲ့ သမိုင်းကြောင်း
တိုက်မောင်း တိုက်စည်ကြီးတွေဖြစ်ကြတယ်။

ကျောင်းသားသမိုင်းဆိုတာ
ဗမာပြည်ရဲ့ သမိုင်းကြောင်း
ဆက်ပေါင်းပြီး အားသွန်ဖြည့်
ဂုဏ်ရောင်ပြည့်တဲ့ မော်ကွန်းစဉ်
တိုက်ပွဲဝင်တဲ့ မှတ်တမ်းနီကြီးဖြစ်ပါတယ်။

(စာမျက်နှာ ၅၁-၅၄ မှ..)

ပုံနှင့်စာကို Aungmyint Oo မှ ယူပါတယ်။

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.