03/11/15

ခွပ်ဒေါင်းတွေကို ဖြိုခွင်းနေကြပြီ
ချောင်ပိတ်ရိုက်တဲ့ရဲ သတ္တိခဲပါပဲ
အားနဲ(နည်း)တဲ့ကျောင်းသား
လက်နက်လည်းကိုင်မထား
ရဲသားလေးယောက်
ကျောင်းသားတယောက်ကို
ထောက်လျှောက် ၀ိုင်းရိုက်
မိုက်ပြနေတဲ့ရဲစုတ် အဟုတ်ကြီးထင်
သမိုင်းတွင်မယ့် မိစ္ဆာပုံသွင်
လုပ်ရိုးစဉ်ဆက် ပုံကိုမပျက်
လက်စောင်းထက်တဲ့နေရာ
ဘာနဲ့မှ နှိုင်းလို့မရပါ
မိစ္ဆာကမွေး မိစ္ဆာကကျွေး
လူသွေးကိုဖေါက် လူသွေးသောက်တဲ့
ကြောက်စရာ့ဘီလူး အစွယ်ပြူးတဲ့
အာဏာရူးတွေ ဘယ်သူသေသေ
ငရွှေမာပြီးရောစိတ်ဓါတ်နဲ့
လူလည်းသတ် ဘုန်းကြီးတွေလဲသတ်
မိုက်ဇာတ်အတန်တန် ဒေါမာန်တကဲကဲ
မိုက်မဲခဲ့တာ တာတေလန်ပါပဲ…။
ခွပ်ဒေါင်းတွေကိုဖြို ပြိုခဲ့ရလည်း
ရည်ရွယ်ချက်ကို ဖြိုလို့မရ
အိုဘားမာပြောသလို
ထောင်ကိုသာဝင်ချင်ဝင်မယ်
အာဏာရှင်ကိုတော့
လက်လျှော့အရှုံးမပေး
ခွပ်ဒေါင်းသွေး မြေခသည့်တိုင်
စိတ်ဓါတ်က မယိမ်းယိုင်
ခွပ်ဒေါင်းအောင်လံဆွဲကိုင်ပြီး
ဒီမိုကရေစီ ပန်းတိုင်အရောက်
ရဲရဲတောက် ဇွဲနဲ့လျှောက်
ဘယ်သောအခါမှ လက်မမြှောက်…။
တက္ကသိုလ်ဘုန်းကြွယ်(မတ် ၁၀ ၁၅)

လက်ပံတန်းမြို့တွင် တားဆီးခံထားရသည့် ဒီမိုကရေစီပညာရေးသပိတ်ပင်မစစ်ကြောင်းသည် မတ် ၁ဝ ရက် နံနက်တွင် ပဲခူးတိုင်းဒေသကြီး နယ်လုံဝန်ကြီးနှင့် ဆွေးနွေး၍ ရန်ကုန်သို့ ချီတက်ခွင့် ရရှိခဲ့သည်။ သို့သော် ဆန္ဒပြသူများ သပိတ်စခန်းမှထွက်ရန် ပြင်ဆင်နေသည့်အချိန်ကျမှ အမိန့်ကို ပြန်လည်ပြင်ဆင်ခဲ့သည်။ ယင်းကဲ့သို့ ခွင့်ပြုပြီးမှ အမိန့်ကို ပြန်လည်ပြင်ဆင်ခြင်း၌ မရိုးသားမှု အထင်းသားပေါ်လွင်နေပြီး တမင်ထောင်ချောက်ဆင်ခြင်း ဟုတ် မဟုတ် ပြုလုပ်သူများသာ သိမည်ဖြစ်သည်။
လက်ပံတန်း၌ ဆန္ဒပြသူများကို နှိမ်နင်းရာ၌လည်း ရိုးရိုးတန်းတန်း အဓိကရုဏ်းနှိမ်နင်းမှုပုံစံ မဟုတ်ဘဲ ကျောင်းသားများ၊ သံဃာများသာမက သတင်းရယူနေသော မီဒီယာသမားများကိုပါမကျန် အငြိုးတကြီး ရိုက်နှက်ဖမ်းဆီးကာ အကြမ်းဖက်ဖြိုခွင်းသည်ကို တွေ့မြင်ရသည်။
၎င်းအပြင် သပိတ်စစ်ကြောင်းမှ ကားများနှင့် နာရေးကူညီမှုအသင်းမှ လူနာတင်ကားများကိုပါ ရိုက်နှက်ဖျက်ဆီးမှု ပြုလုပ်ခဲ့ကြသည်။ လက်ပံတန်းရှိ ကျောင်းသားများ နားနေသော ဘုန်းကြီးကျောင်းကို ဝင်ရောက်ရှင်းလင်းကာ ဆန္ဒပြသူများကို ဖမ်းဆီးရုံသာမက နေအိမ်များတွင် ခိုလှုံသည့်ကျောင်းသားများကိုပါ လိုက်လံရိုက်နှက် ဖမ်းဆီးသည်ကို တွေ့မြင်ရသည်။

ယခု လက်ပံတန်း၌ ဆန္ဒပြမှုကို နှိမ်နင်းခဲ့ပုံနှင့် ပတ်သက်၍ ၁၉၈၈ ခုနှစ်က အဖြစ်အပျက်များကို ပြန်လည်သုံးသပ်ကြည့်ရန် လိုသည်။ ရန်ကုန် စက်မှုတက္ကသိုလ်ကျောင်းသားအချို့နှင့် အရပ်သားအချို့၏ သာမန်ရန်ပွဲမှသည် တစ်နိုင်ငံလုံး ဆူပူအုံကြွမှု ဖြစ်ပွားသည်အထိ မည်သည့်အရာက လုပ်ဆောင်ခဲ့သနည်း။ မီးပွားကလေးမှစ၍ တစ်နိုင်ငံလုံး မီးလောင်အောင် မည်သည့်အရာက လုပ်ဆောင်ခဲ့ပါသနည်း။ ထိုစဉ်က ၁၉၈၇ ငွေစက္ကူ များ တရားမဝင် ကြေညာမှုကြောင့်ဖြစ်ပွားသော ဆန္ဒပြမှု၌ ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားအများအပြား ပါဝင်ခဲ့မှုကို အငြိုးထားကာ စက်မှုတက္ကသိုလ် ကျောင်းသားများအား တစ်ဖက်သတ် ဖိနှိပ်နှိမ်နင်းခဲ့မှုကြောင့် စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော် သေဆုံးခဲ့ရသည်။ သက်ဆိုင်ရာတာဝန်ရှိသူများသည် ဆက်လက်၍ စီမံမှုအမှား (Mis-management )များကို ဆက်တိုက် ကျူးလွန်ခဲ့သည်။ မတ် ၁၆ ရက် တံတားနီအရေးအခင်း၌ ကျောင်းသူကျောင်းသားများ ထပ်မံသေဆုံးပြီး ကျောင်းသူကျောင်းသားများစွာတို့ ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရသည်။ ယင်းနောက် မတ် ၁၇ ရက်တွင် ရန်ကုန်တက္ကသိုလ်အတွင်း၌ ဆန္ဒပြနေသည့် ကျောင်းသားများကို အကြမ်းဖက်နှိမ်နင်းပြီး ရိုက်နှက်ဖမ်းဆီးခဲ့သည်။ ယင်းနောက် ဇွန်လအရေးအခင်းမှသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရှစ်လေးလုံးအရေးတော်ပုံကြီး ဖြစ်ပေါ်သည်အထိ ကြီးထွားသွားခဲ့ရသည်။

စစ်အာဏာရှင် အစိုးရခေတ်တစ်လျှောက် သက်ဆိုင်ရာတာဝန်ရှိသူများသည် ကျောင်းသားများ၊ ပြည်သူများ၏ မကျေနပ်ချက်များကို ဖြေရှင်းမပေးဘဲ ကျောင်းများကိုသာ ပိတ်ပစ်ခဲ့သည်။ ပညာရေးစနစ်ကိုလည်း ထိရောက်စွာ ပြင်ဆင်ခဲ့ခြင်းမရှိပေ။ မြန်မာနိုင်ငံ၏ ပညာရေးအဆင့်အတန်း လွန်စွာ နိမ့်ကျခဲ့ခြင်းမှာ ဆိုးရွားသောပညာရေးစနစ်ကြောင့် ဖြစ်သည်။ ကောင်းမွန်သော ပညာရေးစနစ်ကိုလိုလားသည့် အသိစိတ်ဓာတ်ရှိသည့် ကျောင်းသားများက ပညာရေးဥပဒေပြင်ဆင်ရန် ကြိုးပမ်းသည့်အတွက် ဦးသိန်းစိန်ဦးဆောင်သော အစိုးရအဖွဲ့အနေဖြင့် ကျောင်းသားများကို အငြိုးတကြီး ဆက်လက်နှိမ်နင်းနေဦးမည်လား။ ယခုကဲ့သို့ သပိတ်ကိုဖြိုခွင်းပြီး သပိတ်ကော်မတီကို ဖြိုဖျက်ပစ်လိုက်ရုံဖြင့် ပြဿ နာကို ဖြေရှင်းပြီး ဖြစ်ပါသလား။ ကျောင်းသားများ၊ ပြည်သူများ၏ အသိစိတ်ဓာတ်ကို အကြမ်းဖက်နည်းလမ်းဖြင့် ချေဖျက်၍ ရနိုင်ပါမည်လား။ ကျောင်းသားများနှင့် ပြည်သူများအကြား၌ ပြဿနာသည် တငွေ့ငွေ့ဖြင့် ဆက်လက်လောင်ကျွမ်းနေပြီဖြစ်ရာ ယခုကိစ္စကို ကောင်းမွန်စွာဖြေရှင်းနိုင်ခြင်း မရှိပါက ပို၍ပို၍ ကြီးမားလာသော တုံ့ပြန်မှုများ နှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း ၈၈ သမိုင်းက သက်သေခံနေသည်။

ယခုအဖြစ်အပျက်များနှင့် ပတ်သက်၍ ဆူပူအုံကြွမှုများဖြစ်အောင်၊ တိုင်းပြည် မငြိမ်မသက်ဖြစ်အောင် အမှန်တကယ် လုပ်ဆောင်နေသူတို့မှာ မည်သူများဖြစ်ကြောင်း ရိုးသားစွာ ကြည့်မြင်တတ်ရန် လိုသည်။ မည်သည့်လက်နက်မှမပါဘဲ စိုးစိမျှ အကြမ်းမဖက်ဘဲ မိမိတို့ကိုယ်ကျိုးအတွက် မဟုတ်ဘဲ ကောင်းမွန်သောပညာရေးအတွက် ဆန္ဒပြနေသည့် ကျောင်းသားများအား ယင်းကဲ့သို့ စွပ်စွဲခြင်းမှာ တရားမျှတမှု ရှိပါရဲ့လား။ အမှန်တကယ်၌ တိုင်းပြည်မငြိမ်မသက်ဖြစ်အောင် ဆူပူအုံကြွမှုဖြစ်အောင် လုပ်ဆောင်နေကြသူများမှာ စီမံမှုအမှားများနှင့် မတရားသဖြင့် ဖြေရှင်းနေသော သက်ဆိုင်ရာတာဝန်ရှိသူများအပြင် ကျောင်းသားများနှင့် ပြည်သူများအကြား အမုန်းတရားများဖြစ်ပေါ်အောင် အစိုးရ၏ ဝါဒဖြန့်ချိရေး ယန္တရားကို ကိုင်တွယ်ဆောင်ရွက်နေသူများ ဖြစ်သည်။ ထို့ကြောင့် နောင်တွင် ကြီးမားသောပဋိပက္ခများ ပေါ်ပေါက်လာခြင်း မရှိစေရန်အတွက် အောက်ဆုံးအဆင့်မှသည် သမ္မတအထိက လက်ပံတန်း၌ ကျောင်းသားသပိတ်အား ဥပဒေကိုကျော်လွန်ကာ အကြမ်းဖက်နှိမ်နင်းခဲ့မှုတွင် တာဝန်ရှိသူများကို ဖော်ထုတ်အရေးယူပေးရန်နှင့် မဟုတ်မမှန် အချက်အလက်များဖြင့် ဝါဒဖြန့်ချိရေး လုပ်ဆောင်သူများကို အရေးယူကာ မရိုးသားသော ဝါဒဖြန့်ချိရေးယန္တရားကို ရပ်စဲရန် လိုအပ်သည်။

၁၉၈၈ ခုနှစ်က မဆလအစိုးရအနေဖြင့် မတ်လတွင် ဆန္ဒပြနေသော လမ်းပေါ်မှ ကျောင်းသားများကို အကြမ်းဖက်နှိမ်နင်းခဲ့သော်လည်း ပြဿနာများ ပြီးစီးသွားခဲ့ခြင်း မရှိသကဲ့သို့ ယခု ဦးသိန်းစိန်အစိုးရအနေဖြင့်လည်း ယခု မတ်လမှာပင် ကျောင်းသားသပိတ်ကို အကြမ်းဖက်နှိမ်နင်းလိုက်ရုံဖြင့် ပြဿနာများ ပြီးစီးသွားလိမ့်မည်ဟု မှတ်ယူထားခြင်း မပြုသင့်ကြောင်း The Daily Eleven သတင်းစာက ယုံကြည်ပါသည်။

Eleven Media Group

မဇ္ဈိမ

၇န်ကုန် -မတ် ၁၀။ ။ ကျောင်းသားသပိတ်နှင့် ဆန္ဒထုတ်ဖော်သူများ ဖြိုခွင်း သည့်မြန်မာ ရဲများ EU ၏ မူများနှင့် ဆန့် ကျင်နေသည့် အတွက် စည်းမျဉ်းစည်း ကမ်များနှင့် အညီ စုံစမ်းစစ်ဆေးမှုများ အမြန်ဆုံးပြုလုပ် ရန်တောင်းဆို လိုက်ကြောင်း မတ်လ ၁၀ က ဥရောပ သမဂ္ဂက ထုတ်ပြန်တောင်း ဆိုလိုက်သည်။

မတ်လ ၁၀ရက်အပါအ၀င်ကျောင်းသား သပိတ်ထောက်ခံ ဆန္ဒပြမှုများနှင့်အလုပ် သမာသပိတ်များတွင်ရဲတပ်ဖွဲ့များက အကြမ်းဖက် ဖြိုခွင်းခြင်း အင်အားသုံးဖြို ခွင်းခြင်းများကြောင့်မြန်မာနိုင်ငံရဲ တပ်ဖွဲ့သို့ သင်တန်းပို့ချခဲ့သည့် ဥရောပသမဂ္ဂ သို့ပြစ်တင်ဝေဖန်မှုများ များစွာထွက်ပေါ်လာခဲ့သည်။ထိုသို့ပြစ်တင်မှုများ ရှိနေ သည့်အတွက် ဥရောပ သမဂ္ဂက အထက်ပါ အတိုင်း ထုတ်ပြန် ခဲ့ခြင်းလည်းဖြစ်သည်။

ဤကဲ့သို့သောအခြေ အနေများတွင် ဥပေဒထဲတွင် ထည့်သွင်းရေးသားထား နိုင်ဖွယ်ရှိသော်လည်း တရားမ၀င်သည့် စင်ပြိုင်လုံခြုံရေး အဖွဲ့များ မဟုတ်ဘဲ ၊လေ့ ကျင့်ထာ သည့် ပရိုဖက် ရှင်နယ် ရဲ များကိုသာ အသုံးပြုရန် အရေး ကြီးကြောင်းနှင့် ကျွန်ုပ်တို့ EU အနေဖြင့် ရဲမဟုတ် သည့် အင်အားစု များကိုလေ့ ကျင့်မပေး ခဲ့ကြောင်းနှင့် ရဲအလုပ်များတွင် ၄င်းတို့အား အသုံးပြုမှုကို လက်မခံကြောင်း ထုတ်ပြန် လိုက်ခဲ့သည်။

လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်နှင့်၊ ဥပဒေနှင့်အညီ ငြိမ်းချမ်းစွာစုဝေးခွင့်များမှာ ဥရောပသမဂ္ဂ၏ အခြေခံ တန်ဖိုး များပင်ဖြစ် ပြီးမြန်မာရဲများ သို့လေ့ကျင့်သင် ကြားပေးရခြင်း၏အခြေခံ ရည်ရွယ်ချက်သည် လူ့အခွင့်အရေးများ ကိုလေးစားတတ်လာစေရန်၊ ညှိနှိုင်းဖြေရှင်းမှု၏ အရေးပါပုံကိုအလေး အနက်သဘောပေါက် လာစေရန် ၊နောက်ဆုံး မဖြစ်မနေ အင်အားသုံး ရမည်ဆိုပါက အင်အားကို အချိုး ကျဖြင့်သာအသုံးပြု ရန်ဖြစ်သည်။သို့သော်ဤမူများနှင့် ဖီလာ ဆန့်ကျင်နေပြီး မည်သည့် အရေး ယူဖြေ ရှင်းမှုကိုမဆို EU အနေဖြင့် အကြီးအကျယ် စိုးရိမ်မိသည်ဟု ထုတ်ပြန်ထားသည်။

မြန်မာရဲများသို့ သင်တန်းပေးရခြင်းနှင့် ပတ်သက်၍အစိုးရနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်( NLD) တို့မှ တိုက်ရိုက်တောင်း ဆိုလာသည့် အတွက်မြန် မာနိုင်ငံ ရဲတပ်ဖွဲ့ (MPF)ကို နိုင်ငံတကာ စံနှုန်း များနှင့် အညီပြုမူ ကျင့်ကြံ လာစေရန် EUမှ ရဲများကို စတင်လေ့ကျင့်သင် ကြားပေးနေခြင်းဖြစ် သည်ဟု ဆိုထားသည်။

လက်ပံတန်းတွင် ဆန္ဒပြ သူများကို အင်အား သုံးဖြိုခွင်း သည်ဟူသည့် သတင်းများကို ကြားရ သည့်အတွက် အလေးအနက် စိုးရိမ်ကြောင်းနှင့် စည်းမျဉ်းစည်း ကမ်းနှင့် အညီ စုံစမ်းစစ်ဆေးမှုများ အမြန်ဆုံးပြု လုပ်ရန်တောင်း ဆိုထားသည်။

တရားလွှတ်တော်ရှေ့နေဦးသိန်းသန်းဦး”ကိုယ့်တိုင်း သူပြည်သားတွေ အပေါ်မှာရိုင်းစိုင်းတဲ့ လုပ်ရပ်ဖြစ် ပါတယ်။ အရင်က လယ်သမားတွေ လယ်မြေ အရေးစ တဲ့ဖြစ်စဉ်တွေတုန်း ကသေနတ်နဲ့ ပစ်တဲ့ ကိစ္စကိုတောင် လျစ်လျူရှု ထားပြီး ရက်ရက်စက်စက်နှိမ် နင်းသေးတာပဲခုလို နံပါတ်တုတ်နဲ့ ရိုက်တာလောက် ကတော့ သူတို့အတွက် မပြောပြလောက် ဘူးလုပ်မှာပဲ’’ ဟုပြောသည်။

ဥရောပသမဂ္ဂမှ နှစ်ဖက်စလုံးလက်ခံနိုင်သည့် အဖြေတစ်ခု ကိုရောက်ရှိရန် မှာနှစ်ဖက်စလုံးမှ ဥပဒေနှင့် အညီပြု မူပြီးနှစ်ဖက်စလုံး မှလျှော့ရ မည်ဖြစ်ကြောင်း၊ ဥပဒေစိုးမိုးမှုတွင် အစိုးရရော၊ ဆန္ဒပြ သူများပါ နှစ်ဖက်စလုံးနှင့် သက်ဆိုင်ကြောင်း၊မြန်မာ ကဲ့သို့သော တစ်မူထူးခြားသည့် သမိုင်းအစဉ်အ လာနှင့်နိုင်ငံ တစ်ခု တွင်တွေး ပုံခေါ်ပုံ များပြောင်းလဲရန် လိုအပ်သော်လည်း အချိန်ယူ ရပါမည်ဖြစ်ပြီး မကြာသေးမီ ကဖြစ်ရပ် များကဖော်ဆောင်နေဆဲ အပြောင်း အလဲကိုဆက် လက်ဖော်ဆောင်ရန် လိုအပ်ကြောင်း အတည်ပြု လိုက်ခြင်း ပင်ဖြစ်ပါ သည်ဟူ၍ လည်းထောက်ပြ ထားသည်။

ဒီ video ကြည့်လိုက်မှ
အတော်ရှင်းလင်းသိလာရပြီ

ဖြိုခွဲရာမှာ ရဲတပ်ဖွဲ့နှင့်
ရဲအယောင်ဆောင်အဖွဲ့တို့ ပါဝင်လာပြီး
ကျောင်းသားများကို
ရဲများတားဆီးပြီးကာရံပေးတာတောင်
ရဲကိုကျော်ပြီးလုပ်တာ ဘယ်အဖွဲ့အစည်းလဲ

ဒီကျောင်းသားသပိတ်ကို
ဖြိုခွဲပြပြီး ရဲနှင့်ပြည်သူကို သွေးကွဲဖို့
အကွက်ချတာပဲ

ပြည်သူများ သတိရှိကြပါ
တကယ်မုန်းရမှာက နောက်ကွယ်ကြိုးကိုင်နေတဲ့
အာဏာရှင်ကိုသာ

Myo Kyaw Khaing


လက်ပံတန်းရှိ ကျောင်းသားသပိတ်စစ်ကြောင်းကို ရဲတပ်ဖွဲ့က အကြမ်းဖက် အင်အားသုံးပြီး ကျောင်းသားနဲ့ သံဃာတော်တွေကို ရိုက်နှက်ဖမ်းဆီးခဲ့တာတွေကို မတ်လ ၁၀ရက်နေ့ နေ့လည်ပိုင်းမှာ ပြုလုပ်ခဲ့ပါတယ်။ ကျောင်းသား သပိတ်စစ်ကြောင်းကို ရဲတပ်ဖွဲ့က ဖြိုခွဲဖမ်းဆီးခဲ့တာတွေနဲ့ ပတ်သက်လို့ သွားရောက်သတင်းယူခဲ့တဲ့ ဒီဗီဘီသတင်းထောက်ကို ဖြစ်စဉ်တခုလုံး အကြောင်း မေးမြန်းထားပါတယ်။
.
Credit : DVB


ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့က ပင်မကျောင်းသား သပိတ်စစ်ကြောင်းကို လုံခြုံရေးရဲတပ်ဖွဲ့က ရိုက်နှက် ဖြိုခွင်းပြီး ကျောင်းသား ကျောင်းသူတွေကို ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

ထွက်ပြေးတဲ့အချိန်အထိ ရဲတပ်ဖွဲ့က လိုက်လံ ရိုက်နှက်ခဲ့ကြောင်း ရဲတပ်ဖွဲ့ရဲ့ ရိုက်နှက်မှုကြောင့် ဒဏ်ရာရရှိခဲ့သူ ပင်မသပိတ်စစ်ကြောင်းက ဆရာမ ဒေါ်ဇာဇာထွန်းက ပြောပါတယ်။

"ကျမတို့ကိုရိုက်တဲ့အတွက် ကျမတို့ပြေးတော့ အဲ့မှာ နာရေးကူညီမှုအသင်းကကား သူတို့ကားပေါ်တက် လို့ပြောတော့ ကျမတို့ကားပေါ်တက်တယ်၊ အဲဒီ့ကားပေါ်ထိ ခြေထောက်တွေကို ရိုက်တာပေါ့၊ ၇ ယောက်လောက်ရှိမယ် အဲ့ကားပေါ်ကိုလှမ်းရိုက် တာ၊ အဲ့ဒါကိုမှ ကားပေါ်ကဆင်းခိုင်းတာ"

ဒဏ်ရာရ ကျောင်းသား ကျောင်းသူတွေကို တင်ဆောင်ထားတဲ့ နာရေးကူညီမှုအသင်း(ရန်ကုန်) ရဲ့ လူနာတင်ယာဉ် ၂ စီးကိုလည်း ရဲတပ်ဖွဲ့က ၀ိုင်းရိုက်ခဲ့တယ်လို့ ဒဏ်ရာရသူတွေကိုကူညီခဲ့တဲ့ နာရေးကူညီမှုအသင်း ဥက္ကဌ ဦးကျော်သူက ပြောပါတယ်။

"လူနာတင်ယာဉ်က ထွက်လို့မရဘူးလေ၊ ထွက်လို့မရတာကို ထွက်ခွင့်တောင်းတာ အဲ့အချိန်မှာရိုက်တာ၊ လူနာကိုကားပေါ်တင်တာ အဲ့ကားပေါ်အထိလိုက်ရိုက်တာ၊ ကျနော်တို့ ဆေးရုံပို့တဲ့လူပို့ပေါ့၊ ကျနော်တို့ ကုလို့ရတဲ့လူနာကကုပေါ့၊ အများအားဖြင့် ဆေးရုံပို့ရတဲ့လူနာကများတယ်၊ ကွဲတာပြဲတာတွေများတယ်"

သပိတ်ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ကိုမင်းသွေးသစ်၊ မဖြိုးဖြိုးအောင်နဲ့ ကျောင်းသား ကျောင်းသူ အတော်များများ ဖမ်းဆီးခံရပြီး သတင်းမီဒီယာသမားတွေ၊ သပိတ်ကို ၀န်းရံသူတွေနဲ့ ကျောင်းသား ကျောင်းသူတွေ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

လောလောဆယ်ဖမ်းဆီးခံထားရသူ ရာနဲ့ချီရှိကြောင်း၊ သူတို့ကို စစ်ဆေးပြီးတဲ့နောက် လွှတ်ပေးသင့်သူတွေကို လွှတ်ပေးပြီး၊ ဥပဒေချိုးဖောက်သူတွေကို သာယာဝတီအကျဉ်းထောင်ကို ပို့ဆောင်မှာဖြစ်ကြောင်း ပဲခူးတိုင်း ဒေသကြီး ဒုတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ၀င်းစိန်က RFA ကိုပြောပါတယ်၊

ရန်ကုန်မြို့ကို ချီတက်လာတဲ့ ပင်မသပိတ်စစ်ကြောင်းဟာ လက်ပံတန်းမြို့မှာ တားဆီးပိတ်ဆို့ခံထားရပြီး ၉ ရက်မြောက်နေ့မှာ အကြမ်းဖက်ဖြိုခွဲခံရတာဖြစ်ပါတယ်။

ဒီအကြမ်းဖက်ဖြိုခွင်းမှုအကြောင်း RFA သတင်းထောက် မဝေမာထွန်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။

ဒီဖြိုခွင်းမှုနဲ့ပတ်သက်လို့ ပဲခူးတိုင်းဒေသကြီး ဒုတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ၀င်းစိန်ကို RFA ၀ိုင်းတော်သူ မသင်းသီရိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။


ပဲခူးတိုင်း လက်ပံတန်းမြို့မှာ ငြိမ်းချမ်းစွာ ဆန္ဒပြနေကြတဲ့ လက်နက်မဲ့ ကျောင်းသားတွေကို ဒီကနေ့မှာပဲ မြန်မာအစိုးရက ရဲအင်အား အလုံးအရင်းနဲ့ ရိုက်နှက်ဖြိုခွဲပြီး ကျောင်းသားတွေ၊ နောက် ကျောင်းသားတွေကို ကူညီပေးနေတဲ့ လက်ပံတန်း ဒေသခံတွေကိုရော သတင်းရယူနေတဲ့ ဒါဇင်နဲ့ချီတဲ့ သတင်းထောက်တွေကိုပါ လိုက်လံရိုက်နှက် ဖမ်းဆီးခဲ့ကြပါတယ်။

ရာနဲ့ချီတဲ့ ကျောင်းသားတွေ ရိုက်နှက်ဖမ်းဆီးခံရသလို သတင်းဌာန အသီးသီးက ဖော်ပြလာကြတဲ့ သတင်းဗွီဒီယိုတွေထဲမှာ လက်နက်မဲ့ ဆန္ဒပြသူတွေကို ရဲအင်အား အလုံးအရင်းနဲ့ ၀ိုင်းဝန်း ရိုက်နှက်နေကြတာတွေ၊ ကျောင်းသားတွေ စီးနင်းတဲ့ ကားပေါ်မှာ လူတဦးမှမရှိတာကို ရဲတွေက ကားမှန်တွေကို ရိုက်နှက်ဖြိုခွဲတဲ့ ပုံတွေ၊ နောက် လူနာတင်ကားပေါ်ကနေ ဒဏ်ရာရသူကို ထမ်းစင်နဲ့ တင်ခေါ်လာတဲ့ ဒဏ်ရာရသူကို ရဲတွေက ၀ိုင်းပြီး ရိုက်နှက်ကြတဲ့ပုံတွေ နောက် ဘုန်းကြီးကျောင်းထဲမှာ ထွက်ပြေးသူတဦးကို ရဲ ၅ ဦးက နံပါတ်တုတ်တွေနဲ့ ၀ိုင်းဝန်းရိုက်နှက်ကြတဲ့ ပုံတွေလည်း တွေ့မြင်ရပါတယ်။ အခုလိုဖြစ်သွားတဲ့ အခြေအနေဟာ အာဏာပိုင်တွေဘက်က ဥပဒေနဲ့အညီ ဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ သမ္မတပြောခွင့်ရသူ ဦးရဲထွဋ်က တုံ့ပြန်ပြောကြားခဲ့ပါတယ်။

ဖြေ။              ။ “လက်ပံတန်းမှာ ကျောင်းသားတွေက ရန်ကုန်မြို့ကို ချီတက်ဖို့ ဆိုပြီးတော့မှ စတင်ဆောင်ရွက်တဲ့ အခြေအနေကနေစပြီးတော့ အခုက ရန်ကုန်မှာ ၁၀ တန်းစာမေးပွဲလည်းရှိတယ်။ နောက်တခါ ပိုပြီးတော့မှ အခြေအနေ ဆိုးသွားနိုင်တဲ့အတွက်ကြောင့်မို့ မလာဖို့ဆိုပြီးတော့မှ ကျနော်တို့ အဲ့ဒီတင် တားခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်တွေအတွင်းမှာ ရဲတွေကလည်း စိတ်ရှည်လက်ရှည် သူတို့နဲ့ ဆွေးနွေးခဲ့ပါတယ်။ ဒီနေ့မှာတော့ ရဲတွေရဲ့ အတားအဆီးတွေကို အတင်းဝင်ရောက် ချိုးဖောက်ပြီးတော့မှ ထွက်ဖို့ ကြိုးစားတယ်။ ပထမတော့ ရဲတွေက ဒိုင်းတွေဘာတွေ မပါဘဲနဲ့ တားပေမဲ့လည်း နောက်ပိုင်းမှာ လူစုခွဲဖို့ပြောတာကို မရတဲ့အတွက်ကြောင့်မို့ ဒိုင်းတွေ၊ ဒုတ်တွေ သုံးပြီးတော့မှ ကျနော်တို့က လူစုခွဲခဲ့ရပါတယ်။ ဒါကတော့ လက်ရှိ အခြေအနေပါပဲ။”

မေး။             ။ ဘာကြောင့် ဒီလောက်တောင် အခြေအနေ ဆိုးသွားရတယ်လို့ ၀န်ကြီးတို့ဘက်က ယူဆပါသလဲရှင့်။

ဖြေ။              ။ “မေးတာထက်စာရင် ခင်ဗျား အဲ့ဒီမှာ ဗွီဒီယိုတွေကို ကြည့်လိုက်ပေါ့ဗျာ ဗွီဒီယိုထဲမှာ လက်ချင်းချိတ်ပြီး တားထားတဲ့ ရဲတွေထဲကို ရှေ့က အတားအဆီးတွေကို ဘယ်လိုဖယ်ရှားခဲ့တယ်၊ ရဲတွေထဲကို ဒုတ်တွေနဲ့ ထိုးပြီးတော့ တဲတွေကို ဖြိုဖို့ ဘယ်လိုလုပ်ခဲ့တယ် ဆိုတာတွေ တွေ့လို့ရှိရင် ကျနော်တို့ဟာ နောက်ဆုံးနည်းလမ်းအဖြစ်နဲ့ ဒီလိုသုံးပြီးတော့ လုပ်ရတယ်ဆိုတာကို ခင်ဗျားတို့ နားလည်ပါလိမ့်မယ်။ သို့သော် ဒါဟာတော့ ကျနော်တို့ မလုပ်ချင်ဆုံး အလုပ်ပါပဲ။”

မေး။             ။ အခုလို အဓိကရုဏ်း ဖြိုခွင်းတဲ့နေရာမှာ ၀န်ကြီးတို့ဘက်က အင်အား အလွန်အကျွံ သုံးတဲ့ အနေအထားမျိုးလို့လည်း ရှုမြင်ခံရပါတယ်ရှင့်။ အဲ့ဒီအပေါ်မှာရော ၀န်ကြီးအနေနဲ့ ဘာများပြောလိုပါသလဲ။

ဖြေ။              ။ “နောက်ဆုံး အခြေအနေကတော့ဗျာ ကျနော် ပြောပြပါမယ်။ ခင်ဗျားတို့ ဒီဖြစ်စဉ်မှာ ကျနော်တို့ ဒိုင်းတွေ၊ ဒုတ်တွေနဲ့ ခွဲခဲ့တယ်ဆိုပေမဲ့ ဟုတ်လား ခင်ဗျားတို့ အခု ဦးခေါင်းမှာ ဒဏ်ရာရတဲ့သူမျိုးတွေ ဘာတွေ ကျနော်တို့ အခုအချိန်ထိတော့ မတွေ့သေးဘူးပေါ့နော်။ သတင်းတွေမှာလည်း မကြားရသေးပါဘူး။ ဆိုလိုတာကတော့ ကျနော်တို့ ဒီ လူတွေကို ထိန်းသိမ်းနိုင်ဖို့အတွက် လိုအပ်တဲ့ အင်အားကိုပဲ သုံးတယ်လို့ ကျနော်တို့ ပြောချင်ပါတယ်။ ကားပေါ်ကို လုပ်တဲ့ကိစ္စကတော့ ကျနော်တို့ ပထမပိုင်းမှာတော့ အဲ့ဒီကားပေါ်ကနေပြီးတော့မှ အသံချဲ့စက်တွေ ဘာတွေနဲ့ အော်ပြီးတော့ တားတယ်လို့တော့ ကျနော်တို့ နားလည်တယ်။ ဒါပေမဲ့ တချို့ နောက်ပိုင်းမှာ မှန်ရိုက်ခွဲတာမျိုးတွေကတော့ ကျနော်တဦးချင်းအမြင်နဲ့ပြောရင်တော့ အဲ့ဒါကတော့ မလုပ်သင့်ဘူးလို့ ကျနော်ထင်ပါတယ်။”

မေး။             ။ သပိတ်ကို ဖြိုခွဲခဲ့တဲ့ကိစ္စက တိုင်းဒေသကြီးအစိုးရက စီစဉ်ခဲ့တာလား။ ဒါမှမဟုတ် ပြည်ထောင်စုအစိုးရရဲ့ အမိန့်နဲ့ သူတို့ ဖြိုခွင်းခဲ့တာလားရှင့်။

ဖြေ။              ။ “ကျနော်တို့ ပြည်ထောင်စုအစိုးရအနေနဲ့ကတော့ ကျနော်တို့ သတင်းထုတ်ပြန်ချက်ထဲမှာ ပါသလိုပဲ ဒီရွေးကောက်ပွဲမတိုင်ခင် ကြားကာလ တည်ငြိမ်အေးချမ်းမှုတွေကို ထိန်းသိမ်းနိုင်ဖို့နဲ့ ၁၀ တန်းစာမေးပွဲနဲ့ တက္ကသိုလ်စာမေးပွဲတွေ အေးအေးချမ်းချမ်း ဖြေဆိုနိုင်ဖို့အတွက် ရန်ကုန်မြို့ထဲကို အဲ့ဒီဆန္ဒပြနေတဲ့ ကျောင်းသားအုပ်စုတွေ ရောက်မလာဖို့အတွက် လက်မခံဘူးနိုင်ဘူးဆိုတာ ကျနော်တို့ ညွှန်ကြားထားပြီး ဖြစ်ပါတယ်။ အဲ့ဒီညွှန်ကြားချက်အရ တိုင်းဒေသကြီးအစိုးရများက သူတို့ရဲ့လုပ်ပိုင်ခွင့်ထဲကနေ အကောင်အထည် ဖော်သွားတာဖြစ်ပါတယ်။ ကျနော်တို့ပြောချင်တာကတော့ ဒီကနေ့ ဒီအချိန်မှာ လမ်းပေါ်မှာ ဆန္ဒပြရမယ့်အချိန် မဟုတ်ပါဘူး။ လွှတ်တော်ထဲမှာသွားပြီးတော့မှ မိမိရဲ့လိုအပ်ချက်ကို၊ လိုလားချက်တွေကို လွှတ်တော်ကိုယ်စားလှယ်များက လက်ခံအောင် ပြောရမယ့်အချိန်ဖြစ်ပါတယ်။ ဒါလေးကိုတော့ ပညာရေးဥပဒေကို ပြင်ချင်တဲ့ကျောင်းသားများ နားလည်စေချင်ပါတယ်။”

မေး။             ။ အဲတော့ အခု ဒီကျောင်းသားတွေရဲ့ သပိတ်ကိုလည်း ၀န်ကြီးတို့ ဖြိုခွဲလိုက်ပြီဆိုတော့ ဒီအမျိုးသားပညာရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကရော ဘယ်လိုအခြေအနေမျိုး ဆက်သွားမလဲရှင့်။

ဖြေ။              ။ “ပထမဆုံးတချက်ပြောချင်တာကဗျာ လွှတ်တော်ထဲမှာ ရှိနေတဲ့ ဥပဒေကြမ်းကို လွှတ်တော်ရဲ့ လုပ်ထုံးလုပ်နည်းများအတိုင်းပဲ ဆက်လက် ဆွေးနွေးသွားမှာပါ။ လွှတ်တော်ကလည်း ကျောင်းသားတွေရော၊ NNER အပါအ၀င် ကျန်တဲ့ အဖွဲ့အစည်းတွေအားလုံးကိုလည်း လာပြီးတော့ သဘောထား ထင်မြင်ချက်တွေ ပေးဖို့ဆိုပြီးတော့မှ ဖိတ်ခေါ်ထားပြီးဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီလမ်းကြောင်းကတော့ ဘာမှ ပျက်သွားစရာ အကြောင်းမရှိပါဘူး။ ဒုတိယတချက်ကတော့ အဲ့ဒီဥပဒေကြမ်းမှာ ကိုယ်လိုချင်တာ ဘယ်လောက်ပါမလဲ ဆိုတာကတော့ ခင်ဗျားလည်း ဒီမိုကရေစီနိုင်ငံမှာ နေနေတာပဲလေ ကိုယ်လိုချင်တာ အားလုံး ရတာမျိုးကတော့ ဒီမိုကရေစီ မဟုတ်ဘူး။ ဥပဒေကြမ်းတခု အပေးအယူ ညှိနှိုင်းဆွေးနွေးပြီး ဆုံးဖြတ်တာက ဒီမိုကရေစီ သဘောပဲဆိုတော့ ဒါကိုတော့ နားလည်ရမှာပေါ့။”

မေး။             ။ လေးပွင့်ဆိုင် သဘောတူညီချက်ထဲမှာ NNER ဘက်က ဒီကနေ့မှာပဲ ကျမတို့ကို ပြောတဲ့အချက်က ဘာလဲဆိုတော့ ကျောင်းသားတွေကို အကြမ်းဖက် မဖြိုခွင်းပါဘူးဆိုပြီးတော့ အစိုးရဘက်က သဘောတူထားပါတယ်တဲ့။ အဲ့ဒီအချက်ကို အစိုးရဘက်က ဖောက်ဖျက်ပါတယ်လို့ သူတို့က ပြောပါတယ်ရှင့်ဝန်ကြီး။ အဲ့ဒီအပေါ်မှာရော ၀န်ကြီးအနေနဲ့ ဘာများ တုံ့ပြန်ချင်ပါသလဲရှင့်။

ဖြေ။              ။ “ပထမဆုံး ဖောက်ဖျက်ခဲ့တာကတော့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ NNER ကျောင်းသားတွေရော၊ ဦးအောင်မင်းတို့ရော၊ ၈၈ က ခေါင်းဆောင်တချို့နဲ့ရော တွေ့တဲ့အချိန်မှာ ဆွေးနွေးမှုများ စတင်သည့်ရက်တွင် သပိတ်မှောက်မှုများကို ရပ်ဆိုင်းထားမည်လို့ ပြောတဲ့စကားကို စပြီးတော့ ချိုးဖောက်ခဲ့တာ ကျောင်းသားတွေဘက်ကပါ။ အဲ့ဒါကို ထောက်ခံခဲ့တာ NNER ပါ။ ကျနော်တို့တွေက အကြမ်းဖက်မှုကို မလုပ်ချင်လွန်းလို့ တောင်သာကနေမှ လက်ပံတန်းအထိ ကျနော်တို့ ဖျောင်းဖျနားချတဲ့နည်းနဲ့ အကြိမ်ကြိမ် ကြိုးစားခဲ့တယ်။ လက်ပံတန်းမှာလည်း ကျနော်တို့ ဟုတ်လား တပတ်ကျော်ကျော်လောက် ဒီလိုပဲ ကြိုးစားခဲ့တယ်။ ဒီကနေ့မှာ ရဲတွေ ဖယ်ရင်ဖယ်၊ မဖယ်ရင် အတင်းဝင်တိုးပြီးတော့ ဖောက်ထွက်မယ်ဆိုတဲ့ ရာဇသံကို ပေးခဲ့တာလည်း ကျောင်းသားတွေဘက်ကပါပဲ။ အဲ့ဒါကို သွားထောက်ခံခဲ့တာလည်း NNER ပါပဲ။ ဒါကြောင့်မို့လို့ ကျနော်တို့ကတော့ နောက်ဆုံး ဒီလို ဖောက်ထွက်လာရင်တော့ ဥပဒေအရ ပြန်ပြီးတော့ ဆောင်ရွက်ရမှာပဲ။ ဘယ်သူက ချိုးဖောက်တယ်ဆိုတာကတော့ ရှင်းပါတယ်။”

မေး။             ။ အဲတော့ ၀န်ကြီးအဆိုအရ ဒီလေးပွင့်ဆိုင် သဘောတူညီချက်က ဆက်ပြီးတော့ မရှိနိုင်ဘူးဆိုတဲ့ သဘောများ သက်ရောက်ပါသလားရှင့်။

ဖြေ။              ။ “မရှိတော့ဘူး။ ကျနော်တို့ကတော့ အစကတည်းက ပြောပြီးပြီ။ အမျိုးသားပညာရေးဥပဒေမှာ လိုအပ်ချက်တွေကို ပြင်ဖို့ဆိုတာကို ကျနော်တို့ သဘောတူတယ်။ ပြင်တဲ့အခါမှာတော့ ကျောင်းသားတွေရဲ့ဆန္ဒကို ထည့်ပြီးစဉ်းစားသလို၊ ကျန်တဲ့ လူအသိုင်းအ၀ိုင်းထဲမှာရှိတဲ့ အဖွဲ့အစည်းတွေအားလုံးရဲ့ အမြင်ကိုရော၊ လွှတ်တော်ကိုယ်စားလှယ်တွေ အားလုံးရဲ့အမြင်ကိုရော ထည့်သွင်းစဉ်းစားရမယ်။ အဲ့ဒါတွေအားလုံး ဆုံးဖြတ်နိုင်တာက လွှတ်တော်ထဲမှာပဲ ဖြစ်တဲ့အတွက်ကြောင့်မို့ ဒီလမ်းကြောင်းကိုပဲ ကျနော်တို့ တိုက်တွန်းအားပေးနေတာ ဖြစ်ပါတယ်။ ဒါကလည်း အားလုံးအတွက် အကောင်းဆုံးလမ်းကြောင်း ဖြစ်ပါတယ်။ ဒီနေ့ကိစ္စမျိုးဆိုတာက တည်ငြိမ်အေးချမ်းဖို့အတွက်သာ လုပ်ရတာဖြစ်ပေမဲ့ ဆောင်ရွက်ရတဲ့သူတွေရော၊ ကျနော်တို့ အပေါ်ကနေ ကြည့်ရှုရတဲ့သူတွေရော အတွက်က စိတ်ချမ်းသာစရာ ကောင်းတဲ့ကိစ္စ မဟုတ်ပါဘူး။”

မေး။             ။ အခု အဓိကရုဏ်းကို ဖြိုခွင်းတဲ့နေရာမှာကော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနဲ့ အဲ့ဒီအဆင့်တွေအတိုင်း လိုက်နာနိုင်ခဲ့ပါသလားရှင့်။

ဖြေ။              ။ “ခင်ဗျားပြောတဲ့ဟာ၊ ခင်ဗျားပြောတာ မှန်တဲ့ကိစ္စ မဟုတ်ဘူး။ ဖြိုခွဲတယ်ဆိုတာ သုံးတဲ့ ပစ္စည်းကိရိယာကတော့ အခြေခံပေါ် မူတည်ပြီးတော့ ပြောင်းလဲနိုင်တာပေါ့။ ရေတို့ ဟုတ်လား မျက်ရည်ယိုဗုံးတို့၊ ခုနက ကျနော်ပြောသလို ဒုတ်တို့၊ ဒိုင်းတို့ ဒါတွေကတော့ အမျိုးစုံ ကွဲပြားခြားနားနေတော့ သို့သော် ပထမဆုံးကတော့ ဘာဖြစ်လဲ ကျနော်တို့သည် ဆွေးနွေးညှိနှိုင်းပြီးတော့ ဖြေရှင်းဖို့ ကြိုးပမ်းမယ်။ ပြီးရင် police line လို့ခေါ်တဲ့ အတားအဆီးချထားမယ်။ အဲ့ဒါကိုမှ အတင်းဝင်ဖို့ ကြိုးစားလို့ရှိရင် ကျနော်တို့ အသံချဲ့စက်နဲ့ အကြိမ်ကြိမ် သတိပေးမယ်။ မရမှသာ လူစုခွဲဖို့ ကြိုးစားတယ်။ ခင်ဗျားတို့ အခု မြင်နေရတဲ့ ဗွီဒီယိုတွေမှာ ကြည့်လိုက်မယ်ဆိုရင် အဲ့ဒီအဆင့်တွေအားလုံးကို ကျနော်တို့ ဆောင်ရွက်ခဲ့တယ်ဆိုတာ တွေ့ပါလိမ့်မယ်။”

ဒါကတော့ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကို မသိင်္ဂီထိုက် ဆက်သွယ်မေးမြန်းခဲ့တာပါ။

မသိင်္ဂီထိုက် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

လက်ပံတန်းမြို့က ကျောင်းသားသပိတ်စခန်းကို အကြမ်းဖက်ဖြိုခွင်းပြီး ဖမ်းဆီးထားတဲ့ကျောင်းသားတွေ အမြန်ဆုံးပြန်လွှတ်ပေးဖို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက တောင်းဆိုလိုက်ပါတယ်။

ကျောင်းသားတွေရဲ့ တောင်းဆိုချက်တွေကို ဆွေးနွေး အဖြေရှာတာမျိုးမဟုတ်ဘဲ အခုလို အကြမ်းဖက်ဖြိုခွင်း တာကို လက်မခံနိုင်ဘူးလို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုမင်းကိုနိုင်က ပြော ပါတယ်။

"ကျနော်တို့ အမြန်ဆုံးလွှတ်ပေးဖို့ တောင်းဆိုတယ်၊ ကျနော်တို့ တောင်းဆိုချက်ထဲမှာလည်းပါတယ်၊ ပြီးတော့ ကျနော်တို့ ငြိမ်းချမ်းစွာနဲ့ လှုပ်ရှားလို့ရတဲ့ နည်းလမ်းတွေ ရှာဖွေကြမှာပါ"

အကြမ်းဖက်ဖြိုခွဲမှုအတွင်း ကျောင်းသား ကျောင်းသူတွေ နဲ့အတူ ဒေသခံ လက်ပံတန်းမြို့က ပြည်သူစုစုပေါင်း တစ်ရာဝန်းကျင် အဖမ်းခံရတယ်လို့ သိရပါတယ်။

လက်ပံတန်းမြို့က သပိတ်စခန်းကို ဖြိုခွင်းလိုက်တာကို ကန့်ကွက်တဲ့အနေနဲ့ ဒီကနေ့ ညနေပိုင်းကလည်း ရန်ကုန်မြို့ လှည်းတန်းအနီးတစ်ဝိုက်မှာလည်း ဆန္ဒပြကြပါတယ်။
RFA


ကျောင်းသားတွေက ခဲ(ဂဲ) နဲ့ ထုလို့တဲ့။ သက်သေမှာတော့ ခဲ(ဂဲ) ကိုင်ပြီး အကြမ်းဖက် ဖျက်ဆီးနေတာ .. ရဲတွေပဲ တွေ့ရတယ်။
(ဓါတ်ပုံ - ဘီဘီစီ)
ကျောင်းသားတွေ မရှုံးပါ

ပင်မကျောင်းသားသပိတ် ဖြိုခွင်းခြင်း ခံရတယ်။
(၁) သံဃာတော်ကို နံပါတ်တုတ်နဲ့ လိုက်ရိုက်ခြင်း၊
(၂) ကျောင်းသားတွေကို ဝိုင်းဆွဲပြီး ဖမ်းမိသူကို နံပါတ်တုတ်နဲ့ ရိုက်နှက်ခြင်း၊
(၃) ဆန္ဒပြယဉ်ကို ဖျက်ဆီးခြင်း၊
(၄) ရဲဝန်ထမ်းနဲ့ မတူဘဲ လူမိုက်တစ်စုနဲ့ ပိုတူနေခြင်းများကို တွေ့ရမှာ ဖြစ်တယ်။

အိုဘာမားက မြန်မာပြည်ကနေ ပြန်သွားပြီး ဘယ်နှရက်ကြာခဲ့လဲ မသိပါ။ လိုင်ဇာဗိုလ်လောင်းသင်တန်းကို ပစ်ခတ်ခဲ့ပါတယ်။

အခု အိုဘာမားက ကျောင်းသားလူငယ်တွေကို ချီးကျူးလိုက်တာ ဘယ်နှရက်ကြာသေးလဲ။ ကျောင်းသားသပိတ်ပင်မစစ်ကြောင်းကို အင်အားသုံး ဖြိုခွဲလိုက်တာပဲမဟုတ်လား။

ဒီအစိုးရက မပြောလည်း ဆိုးတယ်။ ပြောရင် ပိုဆိုးတယ်။ နောက်ဘုန်းကြီးနှစ်ချက်ခေါက်တဲ့စနစ်ကို ကျင့်သုံးနေတာ ဖြစ်တယ်။

အစည်းအဝေးမှာ ကျောင်းသားတွေနဲ့ သဘောတူခဲ့တဲ့ အချက်(၈)ချက်ကို အစိုးရ လိုက်နာခြင်းမရှိပါ။ ပညာရေးဥပဒေကိုလည်း အစိုးရက အချိန်ဆွဲနေဆဲ ဖြစ်တယ်။

အဆင့်အတန်း မရှိတဲ့ အစိုးရဟာ ဘာအဆင့်အတန်းနဲ့မှ မတန်ပါဘူး။ သိန်းစိန်အစိုးရဆိုတာ ဘယ်လိုအစိုးရမျိုးလဲ မြန်မာပြည်သူတွေ သိရှိနေခဲ့တာ ကြာပါပြီ။ ပင်မသပိတ်စစ်ကြောင်းကို အကြမ်းဖက်ဖြေရှင်းခြင်းနဲ့အတူ သိန်းစိန်အစိုးရကို အခု ကမ္ဘာကပါ သိရှိနိုင်ခဲ့ပါပြီ။

ကမ္ဘာသိအောင် လုပ်နိုင်ခဲ့တဲ့ ကျောင်းသားတွေ မရှုံးပါ။

U Ravika


သမ္မတကြီးဦးသိန်းစိန်ရဲ့ အကြံပေး ၀န်ကြီးဦးရဲထွဋ်ကို တစ်ခုမေးချင်ပါတယ်၊ ဒီကနေ့ လက်ပံတန်းမှာ ကျောင်းသားတွေကို ဖြိခွင်းတဲ့ကိစ္စနဲ့ မှာ ၀န်ကြီးက
ဥပဒေနဲ့အညီ ဖြေရှင်းတယ်လို့ ပြောပါတယ်၊ ရုပ်သံတွေမှာ ကျွန်တော်တို့မြင်ရတာက ပိုင်ရှင်မရှိတော့တဲ့ ရပ်ထားတဲ့ ကျောင်းသားတွေစီးလာတဲ့ မော်တော်ကားကို
ရဲတပ်ဖွဲ့ဝင်တွေ မှန်ရိုက်ခွဲ ခဲနဲ့ထု ဖျက်ဆီးတာဟာ ဥပဒေနဲ့ ညီပါသလား၊

ဖမ်းမိထားတဲ့ ကျောင်းသားတွေကို ရဲတွေ နံပါတ်တုတ်နဲ့ ၀ိုင်းရိုက်တာ၊ လဲကျနေတဲ့ ကျောင်းသားကို စစ်ဖိနပ်တွေနဲ့
ဝိုင်းကန်တာဟာရော ဥပဒေနဲ့ ညီပါသလား..၊၀န်ကြီး ဥပမာပေး ပြောသွားတဲ့ အမေရိကန်နိုင်ငံမှာရော ရဲတွေဟာ ဆန္ဒပြသူတွေရဲ့ မော်တော်ယာဉ်နဲ့ ပစ္စည်းတွေကို ဖျက်ဆီးပါသလား၊ လက်ရ ဖမ်းမိထားတဲ့ ဆန္ဒပြသူတွေကိုလက်ထိပ်ခတ်ပြီး ရိုက်နှက် နှိပ်စက်ပါသလား၊ဗုန်းဗုန်းလဲပြီး ပြန် မခုခံတဲ့သူကို စစ်ဖိနပ်တွေနဲ့ ကန်ကြောက်ကြပါသလား၊

သမ္မတကြီးဦးသိန်းစိန်ကိုလည်း မေးချင်ပါတယ်၊ ကျောင်းသားတွေ ရန်ကုန်ကိုချီတက်တာကို ဘာကြောင့် စိုးရိမ်ကြီးစွာ တားဆီးရတာပါလဲ၊ ကျောင်းသားတွေ ရန်ကုန်ရောက်ရင် မီးရှို့မှာစိုးလို့ပါလား၊
ရန်ကုန်ကို သိမ်းပိုက်မှာ စိုးလို့လား၊ဖျက်ဆီးမှာ စိုးလို့လား၊ အာဏာသိမ်းမှာစိုးလို့လား၊ဘာကြောင့်များ ရန်ကုန်ကိုချီတက်မယ့် ကျောင်းသားတွေကို အကြမ်းဖက် ဖြိုခွင်းခိုင်းရတာပါလဲ၊ သိချင်ပါတယ်ခင်ဗျာ၊၊

(ဟာဂျူလီ-ကသာ)

(၁)

ဒီလူက...

သိန်းပေါင်း ငါးသိန်းကျော်..
လိမ်လည်မှုနဲ့..
အဖမ်းခံထားရတဲ့လူ..၊

ပြီးတော့..ဒီလူက..
အခုအချိန်အထိ...
ဘဘတွေနဲ့ ပလဲနံပသင့်ပြီး..
ပရောဂျက်တစ်ခုရတိုင်း..
ဘဘတွေအတွက်...
ိုတိုက်ခန်းတွေ၊ ရှယ်ယာတွေနဲ့..
ပါစင်းတေ့ခ်ျတွေ..ကို
ခွဲ့ဝေပေးခဲ့တဲ့သူ..၊

ပြီးတော့..
ဒီလူက..
ပြည်တွင်းနေမဟုတ်တဲ့..
ဘင်္ဂံလီ စစ်စစ်တွေ..၊

ပြီးတော့..
ဒီလူဟာ..
အဲဒီလောက်အဖမ်းခံထားရတာတောင်..
သူ့လုပ်ငန်းတွေကို ချိတ်ပိတ်တာမရှိဘူး..
ဘဘတွေနဲ့ နွယ်နေလို့သာဖြစ်တယ်.၊

ပြီးတော့..
ဒီလူရဲ့နောက်မှာ..
မောင်းတောနယ်စပ်..က..
ဘင်္ဂံလီလွှတ်တော်အမတ်တွေရှိတယ်၊

ပြီးတော့..
ဒီလူက..
ဖိုးတွမ်တီးမှုတွေနဲ့..
ရင်ဆိုင်နေရတာတောင်မှ
ရုံးချိန်းကို လာရင်လာတယ်..
မလာရင်မလာဘူး..၊
နိုင်ငံခြားတောင်ခိုးလစ်သွားသေး...
အဲဒီလောက်အထိ ပိုင်တဲ့သူ..၊

ပြီးတော့..
ဒီလူရဲ့ အမှတ်တံဆိပ်က..
အားလုံးသိတဲ့..အတိုင်း..
Father Land...
ရန်ကုန်မှာ လက်ညှိုးထိုးမလွဲတဲ့
လုပ်ငန်းတွကို..ဘဘတွေက..
သူ့ကို ပါမစ်တွေချထားပေးလေရဲ့..

သူ့နာမည်က..
ဘဘတွေအရမ်းချစ်ခဲ့တဲ့..
ကျော်မြင့်..၊

-------------------

(၂)

အပေါ်ပုံကိုကြည့်..

အဲဒီ ဘင်္ဂံလီ ခရိုနီကိုကျတော့..

ခွေးသူတောင်းစား..ရဲ..တွေက..

ပုခုံးလေးဖက်ပြီး..

သူ့ဖအေလို ထားတယ်..၊

ငါတို့ကျောင်းသားတွေကိုကျတော့..

စုတ်ပြတ်သတ်နေအောင်ရိုက်တယ်..၊

ဒါကိုကျ ဘာလို့သောက်ပေါက်ပိတ်နေလဲ..၊

--------------------------

(၃)

အောက်ပုံတွေကိုကြည့်..

ဝန်ကြီးအဆင့်ဖြစ်ပြီး..

အမျိုးသားပညာရေးတောင်းဆိုတဲ့..
ဖြူစင်တဲ့ကျောင်းသားတွေကို
ရဲကအကြမ်းဖက်တဲ့ဓာတ်ပုံကို ရှယ်ပြီး..
ကုလားပါတယ်ဆိုတဲ့သဘောနဲ့..
အဆင့်အတန်းမရှိတဲ့ အိုင်ဒီယာနဲ့..
ကျောင်းသားတွေကို..
ကုလားတံဆိပ်လိုက်ကပ်နေတာကို
အရှက်မရှိတွေ့ရတယ်..၊

နောက်တစ်ပုံပြန်ကြည့်တော့..
အဲဒီလူက ရဲတွေဘက်မှာ..

ဒါကျတော့ ၀န်ကြီး..ဘာပြောမလဲ...?

------------------

(၄)

နာက်ပြီးတော့..

အဲဒီလောက်ကုလားကိစ္စဖွချင်ရင်..
ဝန်ကြီးအနေနဲ့.. ဘဘတွေကို..
ကိုင်...ထားတဲ့..ဘင်္ဂံလီကျော်မြင့်ရဲ့..
နိုင်ငံတော် 420 မှုကိုလဲ..
ပွင့်လင်းစွာနဲ့ ..ရေးသားစေချင်ပါတယ်.၊

နလပိန်းတုန်းတွေအားလုံး..
ငါပြောတာမယုံရင်..

ရန်ကုန်စည်ပင် မှာ..
အချက်အလက်တွေပြန်ရှာကြည့်လို့ရတယ်..၊

စီးပွားရေးလောက၊
မြေလောက၊
အိမ်လောကထဲမှာ
ကြိုက်သလိုစုံစမ်းလို့ရတယ်..

အဲဒီမှာ..
မင်းတို့ဘိုးတော်.သန်းရွှေကအစ..
မြင့်ဆွေအဆုံး...
ပါးစပ်လျှံအောင်ဆို့ထားတာ
ဘယ်သူတွေလဲဆိုတာကို..
မင်းတို့တွေ့လိမ့်မယ်..

မင်းတို့ဘဘတွေကိုပိုင်တာလောက်ကတော့..
အဲဒီ ဘင်္ဂံလီက ပျင်းတောင်ပျင်းသေးတယ်..၊

ပြောချင်တာကတော့..၊
ကိုယ့်အဆင့်နဲ့ကိုယ်မနေပဲ
အောက်တန်းတော့လာမကျနဲ့..

သောက်ချိုးပြင်စေချင်တယ်၊

( Pa Yit)


လက်ပံတန်းမှာ ပိတ်ဆို့ တားဆီးခံထားရတဲ့ ဆန္ဒပြကျောင်းသားတွေကို ရဲတပ်ဖွဲ့က ဒီနေ့ နေ့လည်ပိုင်းမှာ အင်အားသုံး နှိမ်နင်း ဖြိုခွဲလိုက်ပါတယ်။

ဆန္ဒပြကျောင်းသားတွေကိုရော၊ အဲဒီမှာသတင်းယူဖို့ ရောက်နေတဲ့ သတင်းမီဒီယာသမားတွေကိုပါ အဓိကရုဏ်းနှိမ်နင်းရေးရဲတွေ က နံပါတ်တုတ်တွေသုံးပြီး အင်အားသုံး အတင်းဝင်ရောက် နှိမ်နင်းဖြိုခွဲတယ်လို့ အဲဒီမှာရောက်နေတဲ့ ဗွီအိုအေ မြန်မာဌာန သတင်းထောက်ကပြောပါတယ်။

ဒဏ်ရာရသူအများအပြားရှိပေမဲ့ အရေအတွက် အတိအကျကိုတော့ မသိရသေးပါဘူး။ ဆန္ဒပြကျောင်းသားအများအပြားလည်း အဖမ်းခံကြရပါတယ်။

အဲဒီအကြမ်းဖက်ဖြိုခွဲမှုကို ဆန့်ကျင် ကန့်ကွက်တဲ့အနေနဲ့ ရန်ကုန်မြို့၊ လှည်းတန်းဈေးရှေ့မှာ နေ့လည် ၃ နာရီလောက်ကနေ ၂ နာရီနီးပါးကြာ ဆန္ဒပြပွဲတခုကိုလည်း လုပ်ခဲ့ပါတယ်။ အဲဒီမှာ ကျောင်းသားတဦးကို ရဲတွေက ရိုက်နှက်ဖမ်းဆီးပြီး ဆန္ဒပြပွဲကို တားဆီးခဲ့ပြီးတော့ နောက်ပိုင်းမှာတော့ အဲဒီကျောင်းသားကို ပြန်လွှတ်ပေးခဲ့သလို ဆန္ဒပြပွဲကိုလည်း ရပ်နားလိုက်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ဗဟိုလုပ်ငန်း ကော်မတီ သတင်းနဲ့ ပြန်ကြားရေးကော်မတီဝင် ကိုသီဟ၀င်းတင်
ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်း လက်ပံတန်းမှာ ဒီကနေ့ အကြမ်းဖက်ဖြိုခွင်း ဖမ်ဆီးခံရမှု အခြေအနေနဲ့ပတ်သက်ပြီး ဗကသများ အဖွဲ့ချုပ်ဗဟိုလုပ်ငန်းကော်မတီက ပြောရေးဆိုခွင့်ရှိသူ ကိုသီဟ၀င်းတင်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

လက်ရှိ ကျောင်းသားသပိတ် ဖမ်းဆီးဖြိုးခွင်းခံရတဲ့ နောက်ဆုံးအခြေအနေ ဘယ်လိုရှိပါသလဲ။
“နောက်ဆုံးအခြေအနေကတော့ ကျနော်တို့ အားလုံးကို ဖမ်းသွားပြီ ကျနော်တို့ ခေါင်းဆောင်ပိုင်း တချို့လွတ်နေတယ်။ လွတ်နေတဲ့လူ တချို့က ရန်ကုန်၊ မန္တလေး၊ မြင်းခြံမှာ ဒီနေ့ရအောင်လုပ်တယ်။ ရန်ကုန်မှာလုပ်တဲ့ အနေအထားမျိုးမှာလည်း အတားအဆီး အပိတ်အဆို့တွေ အများကြီးရှိတယ်။ အများကြီးရှိတော့ ကျနော်တို့ ခေတ္တပြန်ဆိုင်းထားတယ်။

ရန်ကုန်သွားဖို့တောင်မှ ပြန်ပြီးတော့ အဆင်ပြေမယ့် အခြေအနေကနေ အခုလိုမျိုး တစ်ဆစ်ချိုးပြောင်းပြီးတော့ လုံခြုံရေးတွေက အခုလိုမျိုး ၀င်ရောက်ဖြိုခွင်း စီးနင်းဖမ်းဆီးတဲ့ အခြေအနေဖြစ်သွားတာ ဘယ်လိုကြောင့်လဲ။
“အဓိကက ပထမတော်တော်အဆင်ပြေပြီးတော့ ခဏနေတော့ နောက်တကြိမ် ပြန်ဆွေးနွေးပါမယ်ဆိုပြီး ကျနော်တို့ကို ခေါ်တယ်ဗျ။ မခေါ်ခင် ကျနော်တို့ အပြင်ထွက်တဲ့အချိန်မှာ သူတို့ ရပ်ကွက်က မိဘပြည်သူလို့ ပြောတဲ့ လူတချို့ကနေပြီး ကျနော်တို့ကို လော်စပီကာနဲ့အော်ပြီး သူတို့ သီးခံတာကြာပြီ ဘာညာဆိုပြီးတော့ အော်တယ်။ ဒါပေမယ့် လက်ပံတန်းဒေသခံ ပြည်သူတွေက ပြောလဲပြောရော ဒါမိဘပြည်သူတွေ အစစ်မဟုတ်ဘူးပေါ့နော်၊ အစိုးရရဲ့ လက်ကိုင်တုတ်တွေလို့ ပြောတယ်။ ပြီးတော့ စွမ်းအားရှင်တွေလို့လည်း ပြောတယ်။ အဲဒါနဲ့ ကျနော်တို့ကို ဒုတိယ တကြိမ်ဆိုပြီးတော့ ၀န်ကြီးက နေပြန်ခေါ်တယ်။ ခေါ်ပြီးတော့ ဒုတိယတကြိမ်ကျတော့ ကျနော်တို့ကို ဆိုင်းဘုတ်ဖြုတ်သွားရမယ်၊ လက်ပတ်မစည်းရဘူး။ နဖူးစီး မစည်းရဘူး။ အလံမထောင်ရဘူး ဆိုတဲ့ စကားတွေပြောတယ်။ နောက်တခုက ကားတစီးနဲ့ တစီးကို အကြာကြီး ခြားပြီးမှ သွားရမယ်ဆိုတဲ့ ပုံစံမျိုးတွေပြောတယ်။ အဲဒိမှာ ညှိနှိုင်းလို့ အဆင်မပြေတော့ ၁၁ နာရီ ၄၅ မှာ ကျနော်တို့ ဒီအတိုင်းတိုးတယ်။ တိုးတဲ့အချိန်မှာလည်း ပြသနာမရှိသေးဘူး။ တိုးနေရင်းနဲ့မှ နောက်ပိုင်းသူတို့ဘက်က စပြီး ရိုက်နှက်ပြီး အကြမ်းဖက်ဖြိုခွဲလိုက်တာ ဖြစ်တယ်။”

ရဲလုံခြုံရေးတွေဝင်ပြီးတော့ ရိုက်နှက်ဖြိုခွင်းတဲ့အချိန်မှာ ကိုသီဟ၀င်းတင်ကော ရိုက်နှက်ခံရတာ ရှိလား။ အဲဒီအချိန် ဘယ်နေရာမှာရောက်နေလဲ ပြောပြပေးလို့ ရမလား။
“ကျနော်တို့တွေက မရှိကြတော့ဘူးခင်ဗျ။ ကျနော်တို့တွေ မရှိကြတော့ပဲနဲ့ ကျနော်တို့တွေ ကိစ္စတခု တာဝန်တခုနဲ့ အပြင်ဘက်ကို ရောက်နေကြတယ်။ ကျနော်တို့ ကျောင်းသားခေါင်း ဆောင် တချို့က။”

တချို့လူနာကင်ကားနဲ့ ထိခိုက်ဒဏ်ရာရတဲ့ ကျောင်သားတွေကို တင်ဖို့ အခြေအနေမှာ ကားတွေလည်း ပေးမထွက်ဘူးလို့ပြောတယ်။ အဲဒီတော့ ဒဏ်ရာရတဲ့ ကျောင်းသားတွေရဲ့ အခြေအနေက နောက်ဆုံးဘယ်လိုရှိလဲ။
“ကျနော်တို့ ကိုသာအေးဆိုတဲ့ ကျောင်းသားတယောက်က အောက်စီဂျင်ပြတ်ပြီးတော့ မျက်ဖြူလန်နေပြီးတော့ ကားပေါ်တင်တယ်။ တင်ပြီးတော့ လူနာတင်ကားထွက်တဲ့ အချိန်မှာ သူတို့တွေက တားပြီးတော့ ကိုသာအေးကို ဖမ်းသွားတယ်။ နောက်ဆုံးမှာဘာမှ မသိရဘူး။ နောက် ကျနော်တို့ ဖွင့်ထားတဲ့ကား ဆိုင်းဘုတ်တွေတင်ပြီးတော့ အဲဒီဥစ္စာတွေကိုလည်း ဖျက်ဆီးတယ် ရိုက်ခွဲတယ်။ ပြီးတော့ ကျနော်တို့ကို ကူညီတဲ့ နာရေးကူညီမှုအသင်းက ကားတွေကိုလည်း ရိုက်ခွဲတယ်။”

တိမ်းရှောင်သွားတဲ့ သံဃာတော်တွေနဲ့ ကျောင်းသားတွေကို ဘုန်းကြီးကျောင်းထဲမှာ ၀င်ပြီးတော့ ဖမ်းဆီးတာတွေလုပ်တယ်လို့ ကျနော်တို့သိရတယ် ။ အဲဒီမှာ ဆန္ဒပြပွဲမှာ မပါတဲ့ သံဃာတော်တွေ အဖမ်းခံရတာရှိလား။
“ကျနော်တို့ကို ၀င်ပြီးတော့ရိုက်ပြီး ဖြိုခွင်းလိုက်တဲ့အချိန်မှာ ကျနော်တို့ သပိတ်စစ်ကြောင်း ပျံ့သွားပြီး တချို့ကျောင်းထဲဝင်ပြီး အနားယူနေကြတယ်။ ဆေးကုသမှုတွေ ခံယူနေကြတဲ့ အဓိကတော့ ကျောင်းသူအများစုပေါ့။ အဲဒီမှာ တချို့သံဃာတွေလည်းရှိတယ်။ ကျောင်းကို ၀င်စီးနင်းပြီးတော့ မဖြိုးဖြိုးအောင် အပါအ၀င် ကျောင်းသူ တချို့ကို ဖမ်းဆီးသွားတယ်။ ဖမ်းဆီးသွားပြီးတော့ အဲဒီမှာ သပိတ်စစ်ကြောင်းထဲမှာပါတဲ့ ဘုန်းကြီးတွေကိုပဲ အဓိကထားပြီး ဖမ်းသွားတယ်။”

အခု အဖမ်းခံရတဲ့ကျောင်းသားတွေ အတွက် ဘယ်လိုမျိုးဆက်လုပ်သွားမလဲ။ သူတို့ဘယ်မှာ ရှိနေလဲ။ သူတို့ကိုဘယ်ကိုခေါ်သွားတယ်ကြားလဲ၊ လက်ပံတန်းရဲစခန်းကိုမေးကြည့်တော့ ဒီမှာမထားဘူးလို့ပြောတယ်။ သိရသလောက် အဖမ်းခံထားရတဲ့ကျောင်းသားတွေ ဘယ်ရောက် သွားပြီလဲ။
“အခုလောလောဆယ် ကျနော်တို့ကလည်းေ၇ှာင်နေတော့ မသိဘေးဘူးဗျ။ ခဏနေကျရင်တော့ ဒေသခံတွေကတဆင့် ပြန်စုံစမ်းဖို့ရှိတယ်။ သူတို့ရဲ့ ပုံမှန်အကျင့်ကတော့ ပထမ ကျောင်းသား လေးယောက် အဖမ်းခံရတုန်းက လက်ပံတန်းရဲစခန်းမှာ မထားဘဲနဲ့ သာယာဝတီကိုပို့တဲ့ အနေ အထားမျိုးရှိတယ်။”

အဲဒီတော့ ဖြိုခွင်းဖမ်းဆီးခံရတဲ့အထဲမှာ ကျောင်းသားခေါင်းဆောင်တွေထဲက ဘယ်နှစ်ယောက် ပါသွားလဲ၊ အားလုံး ခန့်မှန်းချေဘယ်နှစ်ယောက်လောက် ဖမ်းဆီးခံရတယ်လို့ ပြောလို့ရမလဲ။
“အခုလောလောဆယ် ကိုရဲရင့်ကျော်ပါသွားတယ်။ မဖြိုးဖြိုးအောင် ပါသွားတယ်။ ကိုသန်းထိုက် ပါသွားတယ်။ ကိုမင်းသွေးသစ် ပါသွားတယ်။ ကိုအောင်မှိုင်းဆန်းကတော့ ဆက်သွယ်လို့ မရသေးဘူး။”

ထိုင်သပိတ်ထဲမှာရှိတဲ့ ကျောင်းသားတော်တော်များများ ဖမ်းဆီးခံရတယ်လို့ ပြောလို့ရမလား။
“ဟုတ်တယ်ခင်ဗျ ၊ ဟုတ်တယ်။”

အဲဒီတော့ အခုလို ကျောင်းသားတွေ ဖမ်းဆီးခံရတဲ့ အခြေအနေမှာ ဘာဆက်လုပ်ကြမလဲ။
“အဓိကက ဒီပွဲကတော့ ပြီးမှာ မဟုတ်ပါဘူး။ ငြိမ်းချမ်းစွာနဲ့ ဖြေရှင်းရမယ့်ကိစ္စကို အကြမ်းဖက်တယ်ဆိုကတည်းက စစ်အစိုးရရဲ့ သရုပ်သကန်ကိုဖော်ပြတာဘဲ။ ကျနော်တို့ ကျောင်းသားတွေမှာ ဘာမှမရှိဘူး။ အလွန်ဆုံးရှိမယ်ဆိုရင် ဘောလ်ပင်ဘဲရှိမယ်။ ပြည်သူတွေကိုလည်း မေးကြည့်ပါ။ အကုန်မြင်ပါတယ်။ ဒါကျောင်းသားတယောက်ကို ခွေးရိုက်၊ နွားရိုက်ကို ရိုက်ပြီးတော့ ဆွဲတင်တာ။ ဒါသူတို့ရဲ့ အကျင့်ဟောင်းကို ပြန်ဖော်ပြတာလို့ မြင်တယ်ဗျ။ သူတို့ဖာသာ ဘယ်လိုဘဲ ဒီမိုကရေစီအစိုးရလို့ ခေါ်ခေါ် ဒါစစ်တပ်ရဲ့ ပုံစံအတိုင်းပဲ ဖြစ်နေတယ်။ စစ်အစိုးရပုံစံပဲ ဖြစ်နေတယ်။ ကျနော်တို့ အနေနဲ့ကတော့ ဒီကျောင်းသားလှုပ်ရှားမှုဟာ ဘယ်တော့မှ မသေသွားဘူး။ ဆက်ပြီး လှုပ်ရှားသွားမယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အစိုးရအနေနဲ့ တာဝန်ရှိတဲ့သူတွေအနေနဲ့ ဒီကိစ္စဖြေရှင်းပေးရမယ်။ တာဝန်ယူ ရမယ်။ တောင်းပန်ရမယ်။ နောက်တကြိမ် နောက်တကြိမ် ဆိုတဲ့ဟာကို ကျနော်တို့ လုံးဝမကြားချင်ဘူး။ ဒီကိစ္စ ဖြေရှင်းမပေးမချင်းကို ကျနော်တို့ ကျောင်းသားလှုပ်ရှားမှုကဆက် ရှိနေမယ်။”

အခုက ပင်မသပိတ်စစ်ကြောင်း အနေနဲ့ လုံးဝဖြိုခွဲခံလိုက်ရတဲ့ အခြေအနေလို့ ပြောလို့ရမလား။
“ဟုတ်ကဲ့ခင်ဗျ။ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် ဒါကျနော်တို့ ခွဲလိုက်တဲ့သပိတ် မဟုတ်ဘူး။ ကျနော်တို့ကိုယ်တိုင် လှန်လိုက်တဲ့သပိတ် မဟုတ်ဘူး။ အာဏာပိုင်က ဖြိုခွဲတာ။ ဒီအတွက် ဒီသပိတ်က ဆက်ရှိနေမှာ၊ ဖြိုခွဲခံရတယ်ဆိုတာ အခုလောလောဆယ်သာ ဖြိုခွဲခံရမယ် ဒါပေမယ့် ပင်မစစ်ကြောင်း၊ ပင်မသပိတ် ဒီမိုကရေစီပညာရေးပင်မသပိတ်ဆိုတာဟာ တနေရာကနေ ပြန်ပေါ်လာမယ်လို့ ကျနော်တို့ ပြောလို့ရတယ်ခင်ဗျ။”

တခြားနောက်ထပ်ဘာများပြောချင်တာရှိသေးလဲကျနော်မမေးပဲနဲ့။
“ပြောချင်တာကတော့ အဓိကကတော့ မိဘပြည်သူတွေပေါ့နော်။ ကျနော်တို့ကို အခုချိန်ထိ ၀န်းရံပေးတဲ့ ပြည်သူတွေကို အရမ်းကျေးဇူးတင်တယ်။ ဒီနေ့လိုမျိုးမှာဆိုရင် ကျောင်းသားတွေကို ကိုယ့်သားသမီးအရင်းလိုကာကွယ်တယ်၊ အရှေ့ကနေ အရိုက်ခံရတယ်။ ဒါတွေကြောင့်လည်း ကျနော်တို့ကျောင်းသားတွေ ထိခိုက်နစ်နာ နည်းခဲ့ပါတယ်။ ကျနော်တို့ကြောင့် အဖမ်းခံရတဲ့ မိဘတွေလည်း ရှိပါတယ်။ ကျောင်းသားတွေလည်းရှိတယ်။ ကျနော်တို့ ပင်မသပိတ်တိုက်ပွဲဟာ ဘယ်တော့မှလည်း ပြီးမှာ မဟုတ်ဘူး။ ပင်မသပိတ်စစ်ကြောင်းကလည်း ပြိုကွဲသွားမှာ မဟုတ်ဘူး။ တနေရာရာမှာ ပြန်ကိုပေါ်လာမယ်လို့ ကတိပေးပါတယ်။ ပေါ်လာတဲ့ အချိန်ကျရင်လည်း မိဘပြည်သူတွေ အနေနဲ့ ကျနော်တို့နဲ့ ပူးပေါင်းဝန်းရံပြီးတော့၊ ယခင်ကလိုဘဲ အားလုံးပူးပေါင်းပြီးတော့ ပြည်သူနဲ့ကျောင်းသားနဲ့ပေါင်းပြီးတော့ စစ်အာဏာရှင်စနစ်ရဲ့ မျက်နှာဖုံးကို ကျနော်တို့ခွာချမယ်။ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြုတ်ဖို့ ကြိုးစားကြပါလို့ ကျနော်ပြောချင်ပါတယ်။”

By ပီတာအောင် (ဒီဗွီဘီ)
http://burmese.dvb.no


ဒေါက်တာ ညိုညိုသင်း
လက်ပံတန်းမှာ ကျောင်းသားသပိတ် အကြမ်းဖက်ဖြိုခွင်းခံရမှုနဲ့ပတ်သက်ပြီး ကြားဝင်ညှိနှိုင်းဆောင်ရွက်ပေးခဲ့တဲ့ ပညာရေးကွန်ယက် NNER အဖွဲ့ဝင် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

အသံဖိုင်နားဆင်ရန်…

လက်ပံတန်းမြို့မှာ ကျောင်းသားတွေကို ရဲက အကြမ်းဖက်ရိုက်နှက်ဖြိုခဲ့ပြီးနောက် အဲဒီ့ကနေလွတ်မြောက်လာတဲ့ ကျောင်းသား ကျောင်းသူတွေနဲ့ ရန်ကုန်က ကျောင်းသားကျောင်းသူ စုစုပေါင်း ၁၀၀ ကျော်လောက်က ဆန္ဒပြခဲ့ကြပါတယ်။


ရိုက်ကူး - စန်းမော်အောင်၊ သီဟထွန်း/ RFA

RFA Burmese
https://www.facebook.com/pages/RFA-Burmese



လက်ပံတန်း ကျောင်းသားသပိတ် ဖြိုခွင်းခံရတဲ့နေရာ ကနေ ထွက်ပြေးလာတဲ့ ကျောင်းသားတွေနဲ့ သံဃာတော်တွေ ၀င်ရောက်ပုန်းခိုနေတဲ့ အောင်မြေဗိမာန် ဘုန်းကြီးကျောင်းကို ရဲတပ်ဖွဲ့က ခုမွန်းလွဲပိုင်းမှာ ၀င်ရောက်ပိတ်ဆို့စီးနင်းလိုက်ပါတယ်။

ဘုန်းကြီးကျောင်းတွင်းခိုလှုံနေတဲ့ ကျောင်းသားသပိတ်ဝန်းရံ သံဃာတော် ဦးအာလောက ‘“ အခြေအနေကတော့ အကြမ်းဖက်နှိမ်နင်းတာပဲဗျ ။ သေနတ်တွေနဲ့ ကျောင်းထဲဝင်စီးပြီးတော့ ဖမ်းနေတယ်၊ အကုန်လုံးအကုန်လုံး။ သူတို့အဖမ်းတော့ခံရတော့မှာပေါ့ တအားဝိုင်းထားတာ အထပ်ထပ်ဝိုင်းထားတာ’ လို့မိန့်ပါတယ်။

လက်ပံတန်းမှာ ရန်ကုန်ကို သွားဖို့ကြိုးစားတဲ့ သပိတ်မှာက်ကျောင်းသားတွေ၊ ရဟန်းသံဃာတော်တွေနဲ့ ရဲလုံခြုံရေးတွေအကြား တဖက်နဲ့တဖက် ထိပ်တိုက်တွေ့ပြီးနောက် ကျောင်းသားသပိတ်စစ်ကြောင်း အကြမ်းဖက် ဖြိုးခွင်းခံခဲ့ရတာဖြစ်ပါတယ်။

ပင်မစစ်ကြောင်းကို ခေါင်းဆောင်တဲ့ ကျောင်းသားခေါင်းဆောင်တွေလည်း ဖမ်းဆီးခံခဲ့ရတယ်လို့ ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်း ၀န်းရံသံဃာတော် ဦးဥတ္တမက မိန့်ပါတယ်။
‘ ရိုက်ကုန်ပြီ မင်းသွေးသစ်ရယ် အောင်မှိုင်းဆန်းတို့ဘာတို့ ဖမ်းပြီးခေါ်သွားပြီ တွန်းရင်းတွန်းရင်းနဲ့ ၀ိုင်းရိုက်ကြတာ နံပတ်တုတ်နဲ့ရိုက်တော့ ကလေးတွေကလည်း မခံနိုင်ဘူး တစ်ယောက်နဲ့ တစ်ယောက် ချချဆိုပြီး အတော်အကြမ်းဖက်သွားတယ်။ ပဋိပက္ခ တော်တော်ဆိုးပါတယ်။ တော်တော် ပုံပျက်တာပါ ဒီအစိုးရတော်တော်ပုံပျက်တာ။ ကျောင်းသားတွေ ပြည်သူတွေကို ခုလို အကြမ်းဖက်တာ လုံးဝရှုတ်ချတယ်။ သွားပြီ တပြည်လုံးအတိုင်းအတာနဲ့ ကျောင်းသားတွေ ထက်တဲ့အတွက် ဒီကိစ္စက။ အကုန်ဖမ်းဖမ်းသွားပြီး ကျုပ်လည်းမရေတွက်နိုင်ဘူး။ ခေါင်းထိတဲ့လူနဲ့ခြေထောက်ကွဲတဲ့လူနဲ့ အများကြီးပဲ အဲဒီမှာ။‘

ဒဏ်ရာရ ကျောင်းသား၊ ကျောင်းသူများ များပြားလာပြီး တချို့ကို ဆေးရုံပို့ဆောင်ဖို့အတွက် ရဲတပ်ဖွဲ့က တားဆီးမှုတွေ ပြုလုပ်နေပါတယ်။

ဒါ့အပြင် တချို့သတင်းထောက်တွေကိုလည်း ဖမ်းဆီးလိုက်သလို တချို့သတင်းထောက်တွေကလည်း ရှောင်ပုန်းနေရတယ်လို့ လက်ပံတန်းမှာ သတင်းယူနေတဲ့ ဒီဗွီဘီသတင်းထောက်က ပြောပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no


လက်ပံတန်းမှာ ရဲတပ်ဖွဲ့နဲ့ ရင်ဆိုင် တွန်းထိုးနေတဲ့ကျောင်းသားနဲ့ ရဟန်းသံဃာတော်တွေကို ရဲလုံခြုံရေးတွေက ၀င်ရောက်ရိုက်နှက် ဖမ်းဆီးခေါ်ဆောင် သွားတယ်လို့ ဒီနေရာမှာ သတင်းရယူနေတဲ့ ဒီဗွီဘီသတင်းထောက်က ပြောပါတယ်။

ဖမ်းဆီးသွားတဲ့ ကျောင်းသားတွေကို ကားပေါ်ကို တင်ဆောင် ခေါ်ဆောင်သွားသလို ကျောင်းသားတွေ ချီတက်ရာမှာ အသုံးပြုတဲ့ကားတွေကိုလည်း ဖျက်ဆီးသွားတယ်လို့ သူက ပြောပါတယ်။

အခင်းဖြစ်ပွားရာနေရာမှာတော့ ကျောင်းသားတွေကို မတွေ့ရတော့သလို ဖမ်းဆီး ခေါ်ဆောင်သွားပြီလို့ ဆိုပါတယ်။

အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ သတင်းထောက်တချို့လည်း ဖမ်းဆီးရာမှာ ပါသွားတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

ဒဏ်ရာရ ကျောင်းသားကျောင်းသူများအပါအ၀င် မူးလဲသူများနဲ့ မေ့လဲသူများလည်း ရှိလာပါတယ်။ ကျောင်းသားတချို့ကို ဆေးရုံကို ပို့ဆောင်လိုက်ပါတယ်။

လက်ပံတန်းမြို့နယ်အုပ်ချုပ်ရေးအဖွဲ့မှ လမ်းလျှောက်ခြင်း၊ စီတန်းလှည့်လည်ခြင်းနဲ့ ဟစ်အော်ခြင်းများ ပြုလုပ်ရင် ဥပဒေအရ အရေးယူမယ်ဟု လော်စပီကာနဲ့ ကြေညာအပြီးမှာ ဖမ်းဆီးမှုတွေ ဖြစ်ပေါ်ခဲ့တာပါ။

By ဒီဗွီဘီ
http://burmese.dvb.no

လက်ပံတန်းမှာ ကျောင်းသားသပိတ်စစ်ကြောင်းက ရဲတပ်ဖွဲ့အတားအဆီးကို ဖေါက်ထွက်နိုင်ဖို့ ကြိုးစားနေကြပါတယ်။

လက်ပံတန်းမြို့မှာ ကျောင်းသူ ကျောင်းသားတွေနဲ့ ကူညီသူ စုစုပေါင်း ၁၀ လောက်ကို ဖမ်းဆီးသွားပြီး ရိုက်နှက်တာတွေ ရှိတယ်လို့ သိရပါတယ်။
အဲဒီ ကျောင်းသူ ကျောင်းသားတွေဟာ သပိတ်စခန်းက မဟုတ်ဘဲ အပြင်မှာ ရှိနေတဲ့ ကျောင်းသူ ကျောင်းသားတွေလို့ သပိတ်စခန်းက ကျောင်းသား ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

ရိုက်ကူး- အောင်ကိုကို/ RFA
Photo: Aung Ko Ko/RFA
RFA Burmese