03/12/15

လက်ပံတန်း ဖြစ်ရပ် တစ်ခုတည်း “ကွက်“ ကြည့်ရင် .. အဖြိုခွဲခံရတယ်။ အဖမ်းခံရတယ်ပေါ့။ တချို့အမြင်မှာ ရှုံးတယ် မြင်နိုင်တယ်။ ကျွန်တော်ကတော့ သူတို့ကို စတင်ဖြိုခွဲလိုက်တယ်လို့ သိရတဲ့ အချိန်ကတည်းက ... “ကျောင်းသားတွေနိုင်တယ်“ ဆိုတာကို သေချာကို ပြောခဲ့၊ ရေးခဲ့ပါတယ်။

ဘာလို့ ပြောနိုင်သလဲ ဆိုတော့ .. နိုင်ငံရေး ဖြစ်စဉ်ကြီး တစ်ခုလုံးအတွက် သက်ရောက်မှုကို ပြန်ကြည့်။ ကျောင်းသားတွေက အပြတ်အသတ်နိုင်သွားတယ်။ 

..သေချာတဲ့ အနီးကပ် အနိုင်ရမှုတွေက ..

(၁) လက်ပတ်ဝတ် စွမ်းအားရှင်၊ တာဝန် ဆိုတဲ့ ကောင်တွေရဲ့ ကဏ္ဍကို တစ်ခန်းရပ်နိုင်ခဲ့တယ်။
(၂) ရဲတွေကို စစ်တပ်က ကောင်တွေက ထိန်းချုပ် အမိန့်ပေးနေတာဖြစ်ပြီး စစ်တပ်ဟာ ဒီနေ့အထိ လူမိုက် လူရမ်းကားတွေ အပြည့်ရှိနေသေးတယ် ဆိုတာကို သက်သေပြနိုင်ခဲ့တယ်။
(၃) ၂၀၁၀ အစောပိုင်းကာလတွေမှာ ဒီမိုကရေစီ ပြောင်းလဲရေး ဆိုပြီး အမှတ်တွေယူ၊ အခွင့်အရေးတွေ ယူနေတဲ့ ချိတ်ထမိန်ဝတ် သိန်းစိန်နဲ့ လူစိမ်းတသိုက်ဟာ ဒီမိုကရေစီ သူရဲကောင်းတွေ မဟုတ်ဘဲ .. အာဏာရူးဖွတ်တွေ ဖြစ်တယ် ဆိုတာကို အပြီးသတ် ပြနိုင်လိုက်တယ်။
(၄) ပညာရေး ဥပဒေဟာ ပြင်ကို ပြင်ရမယ် ဆိုတာကိုလည်း ပြည်သူတွေ အားလုံး အာရုံစိုက်လာအောင် လုပ်ပြနိုင်ခဲ့တယ်။
(၅) လက်ရှိ အစိုးရဟာ ပြည်သူ့အကျိုးထက် ကိုယ်ကျိုးကြည့် အစိုးရ ဖြစ်တယ် ဆိုတာ ပြသနိုင်ခဲ့တယ်။
(၆) ၂၀၁၅ ရွေးကောက်ပွဲအတွက် အတိုက်အခံ ပါတီတွေအတွက် မဲဆွယ်ပေးနိုင်ခဲ့တယ်။
(၇) ၂၀၁၅ ရွေးကောက်ပွဲ အတွက် ... ဘာသာရေး၊ လူမျိုးရေး အဓိကရုဏ်းတွေနဲ့ အတိုက်အခံတွေကို နှစ်ရှည်လများ စနစ်တကျ အစီအစဉ်ချပြီး သိက္ခာချခဲ့တဲ့ ပရောဂျက်ကြီး တစ်ခုလုံး ကျောင်းသားတွေရဲ့ ၂ လတာ လုပ်ဆောင်မှု အောက်မှာ နစ်မြုပ်သွားခဲ့တယ်။
(၉) .နိုင်ငံတကာမျက်နှာစာမှာ သိန်းစိန်ရဲ့ ဟန်ဆောင်ထားတဲ့ သရုပ်မှန်ကို အပြည့်အဝ ပျက်စီးစေခဲ့တယ်။
(၁၀) နိုင်ငံရေး အခင်းအကျဉ်း တစ်ခုလုံးမှာ စစ်တပ်က ကောင်တွေက ဒီမိုကရေစီ လိုလားလို့ ဦးဆောင် လုပ်နေသယောင် ထင်ယောင်မှား ဖြစ်နေခဲ့တာကို ...မဟုတ်ကြောင်း သက်သေပြနိုင်ခဲ့တယ်။

ဒီ (၁၀) ချက်ဟာ ... “ကျောင်းသားတွေ နိုင်တယ်“ ... ဆိုတဲ့ ၁၀ ချက်ပါပဲ။

ပညာရေး စနစ် ပြုပြင်ဖို့ ဆိုတာ နိုင်ငံရေး ဖြစ်စဉ်ထဲကနေ မွေးဖွားလာတဲ့ ဖြစ်ရပ်တစ်ခု။ .နိုင်ငံရေးဖြစ်စဉ် ဆိုတာက အဲဒီလို ဖြစ်ရပ်လေးတွေ စုပေါင်းထားတာ မဟုတ်ပါလား။

(ကိုထိုက်)


လက်ပံတန်းမြို့က ပင်မကျောင်းသားသပိတ်ကို အစိုးရအာဏာပိုင်တွေက အင်္ဂါနေ့က အကြမ်းဖက် ဖြိုခွင်းဖမ်းဆီးရမှာ ကျောင်းသားခေါင်းဆောင်အချို့ ဒဏ်ရာအပြင်းအထန် ရခဲ့တယ်လို့ ကျောင်းသားတွေဘက်က ပြောပါတယ်။

သူတို့ကို ဘယ်နေရာမှာ ဖမ်းဆီး ထိန်းသိမ်းထားသလဲဆိုတာ အတိအကျ မသိရသေးပေမဲ့ သာယာဝတီနဲ့ အင်းစိန်ထောင်တွေမှာ အဖမ်းခံရတဲ့ ကျောင်းသားတချို့ ရောက်နေပြီဆိုတဲ့ သတင်းတွေ ထွက်နေတယ်လို့လည်း ဆိုပါတယ်။ ရဲတွေ ရိုက်နှက်ဖမ်းဆီးရာကနေ လွတ်မြောက်လာတဲ့ သပိတ်မှောက် ကျောင်းသားခေါင်းဆောင်တွေ လည်း ဘေးကင်းရာကို တိမ်းရှောင်နေကြရပါတယ်။

အဲဒီထဲက ဒဂုံတက္ကသိုလ် ကျောင်းသားခေါင်းဆောင်တဦးကို မအင်ကြင်းနိုင် က ဆက်သွယ်မေးမြန်းရာမှာ လက်ပံတန်းမြို့မှာ အကြမ်းဖက် ဖြိုခွင်းခံခဲ့ရတဲ့အခြေအနေကို သူက အခုလို စပြောပါတယ်။

ဖြေ။ ။ “ကျနော်တို့က ၁၀ နာရီ ၁၀ မိနစ်မှာ ဒီမြို့ကနေ ထွက်ခွင့်ပေးလိုက်ပြီဆိုလို့ ကျနော်တို့က အပြင်ကစောင့်မယ်ဆိုပြီး ကျနော်တို့က အပြင်ရောက်နေတာခင်ဗျ။ နောက်ကျတော့ ထွက်ခွင့်မပေးတော့ဘူးဆိုတော့ ကျနော်တို့က ဘေးမှာရှိတဲ့ ပြည်သူတွေနဲ့ပေါင်းပြီး ကျနော်တို့က တိုးတယ်။ အရှေ့ဘက်ခြမ်း တံတားဘက်မှာပေါ့ ကျနော်တို့က ပထမစတိုးတယ်။ အဲ့ဒီတံတားဘက်ခြမ်းကို တိုးပြီးတော့ ဟိုးဘက် အနောက်ဘက်ခြမ်းကတခုကို ကျနော်တို့ တရားဟောနေတဲ့အချိန်မှာ အရှေ့ဘက်ခြမ်းက ကျောင်းသား ရဲဘော်နှစ်ယောက်ရယ်၊ ပြည်သူ ၄ ယောက်ရယ် စုစုပေါင်း ၆ ယောက်ကို ဖမ်းခေါ်သွားတယ်ဗျ အချုပ်ကားနဲ့။ အဲ့ဒီအချိန် ကျနော်တို့လည်း ဘေးက အန်တီကြီးတယောက်က ဆွဲခေါ်သွားလို့ ကျနော်တို့လည်း လွတ်လာတာခင်ဗျ။”

မေး။ ။ အဲ့ဒီအခြေအနေက ပထမဆုံး နယ်လုံဝန်ကြီးနဲ့ ဆွေးနွေးတဲ့အချိန်မှာ အတားအဆီးတွေကို ဖယ်ပေးလိုက်မယ်၊ ကျောင်းသားတွေကို ခွင့်ပြုပြီး ရန်ကုန်အထိ သွားဖို့ဆိုတော့ အဲ့လိုဖြစ်ခဲ့ပြီးမှ အကြမ်းဖက် ဖြိုခွင်းတဲ့အခြေအနေက ဘယ်လိုဘယ်လို ဖြစ်သွားရတာလဲရှင့်။

ဖြေ။ ။ “ဒီလိုဗျ သူတို့က ကျနော်တို့တောင်းဆိုတဲ့ အချက် ၈ ချက်ထဲမှာပါတာက အလံထောင်ပြီးတော့မှ သွားမယ်ပေါ့။ သီချင်းဖွင့်သွားမယ်။ ကားကိုလည်း ကျနော်တို့က ပုံမှန်ပဲပေါ့ ဖြည်းဖြည်းမောင်းမယ်ပေါ့ အဲ့ဒီဟာကို နယ်လုံဝန်ကြီးက သဘောတူပြီးတော့မှ နောက် ပြန်တခေါက်ရောက်လာတာက အလံလည်း ထောင်လို့မရဘူး။ သီချင်းလည်းဖွင့်လို့မရဘူး။ ဗကသနဲ့ ပတ်သက်တဲ့ ခေါင်းစည်းတွေလည်း မစည်းရဘူးပေါ့။ သူတို့က အဲ့လိုမျိုး ကတိမတည်တဲ့ ပုံစံမျိုး လုပ်လာတာပေါ့။ အစကတော့ သဘောတူတယ်လို့ ပြောပြီးမှပေါ့။ အခုနောက်ပိုင်းရောက်မှ ပြန်ပြောတာ က ကျောင်းသားတွေကို ဒီရောက်ရောက်ချင်းပေါ့ တာဆုံးအထိလည်း လမ်းလျှောက်စရာ မလိုဘူးပေါ့။ ဒီကဖွင့်ပေးလိုက်မယ်။ ကားပေါ်ကို တန်းတက်ပေါ့။ အဲ့ဒီသဘောပေါ့ အလံလည်း မထောင်ရဘူး။ ခေါင်းစည်းလည်း မစည်းရဘူးပေါ့။ သီချင်းလည်း မဖွင့်ရဘူးပေါ့။ ဒီအတိုင်းပဲ လိုက်ရမယ်ပေါ့ သူတို့က အဲ့ဒီလို လာပြောတယ်။ အဲ့ဒါကို ကျောင်းသားတွေက သဘောမတူဘဲ စ တိုးကြတယ်ဗျ။ အဲ့ဒီကနေ စတာပဲ။”

မေး။ ။ ၀န်ကြီးဦးရဲထွဋ် ပြောသွားတဲ့အရဆိုရင် သူတို့တွေက ရန်ကုန်မြို့ကို ကျောင်းသားတွေကို ပေးမ၀င်ဘူးဆိုတဲ့ ညွှန်ကြားချက်က ထုတ်ထားပြီးသားပေါ့နော်။ သူတို့ရဲ့အကြောင်းပြချက်ကတော့ ဆယ်တန်းစာမေးပွဲတွေရှိလို့၊ နောက်ပြီးတော့ နယ်မြေလုံခြုံရေးအတွက် ဆိုပြီးတော့၊ တိုင်းဒေသအစိုးရတွေကို ညွှန်ကြားချက်ထုတ်ထားပြီးသား၊ ဒါပေမဲ့ တဘက်မှာလည်း ကိုဖိုးခွားတို့လို ကျောင်းသားတွေက နယ်လုံဝန်ကြီးနဲ့ ညှိနေတဲ့အပေါ်မှာ နယ်လုံဝန်ကြီးက ရန်ကုန်အထိ သွားခွင့်ပြုတယ်ဆိုတဲ့ သဘောတူညီချက် ရထားခဲ့တယ်ဆိုတော့ အဲ့ဒါ ဘယ်နေရာမှာ ဘယ်လိုလွဲနေတာလဲရှင့်။

ဖြေ။ ။ “ဘယ်နေရာမှာ လွဲသလဲဆိုတော့ ကျနော်တို့ မနက်ကတည်းကသိတာ။ သမ္မတ နိုင်ငံခြားထွက်ပြီဆိုကတည်းက ကျနော်တို့ကို ဖြိုပြီဆိုတာ ကျနော်တို့က ရိပ်မိတယ်ဗျ။ မလေးရှားကို ထွက်သွားပြီဆိုကတည်းက ဒို့တော့ ဖြိုတော့မှာပဲလို့ ကျနော်တို့ ရိပ်မိတယ်။ အဲ့ဒီအချိန်မှာ သူတို့က ဖွင့်ပေးတယ်ဆိုတာ ဒါ ကျနော်တို့ကို ခဏလေး သက်သက်မဲ့ကို ဒါ နားရွက် တံတွေးစွတ်တဲ့ ဟာမျိုးတွေ ကျနော်တို့က မြင်တယ်ဗျ။”

မေး။ ။ အဲတော့ ရဲတွေ နှိမ်နင်းတဲ့ပုံစံတွေပေါ့နော် သူတို့ရဲ့ ရိုက်နှက်ပုံတွေပေါ့နော် ကိုဖိုးခွားတို့ ဘယ်လိုမြင်ရလဲရှင့်။

ဖြေ။ ။ “ကျနော်တို့မြင်တာကတော့ အခု အစိုးရက ဒီလက်ပတ်နီကိစ္စတွေ ကျယ်ကျယ်လောင်လောင် ထွက်လာတဲ့အခါမှာ လက်ပတ်နီတွေကို ယူနီဖောင်းဝတ်ပြီးတော့မှ ရိုက်ခိုင်းတယ်လို့ ကျနော်တို့က မြင်တယ်ဗျ။ ကျနော်တို့ကို ချထားတဲ့ ရဲတွေကတော့ ကျနော်တို့နဲ့ ရွယ်တူလောက်တွေပဲဗျ။ အခု လာဖြိုတဲ့သူတွေကတော့ အသက် တော်တော်ကြီးတယ်ဗျ။ ကျနော်တို့ လုံးဝ ဒီရဲတွေကို တခါမှလည်း မမြင်ဖူးဘူး။ ကျနော်တို့ကို အရင်စောင့်တဲ့ ရဲတွေက ကျနော်တို့နဲ့ အဆင်ပြေတယ်။ အဲ့ဒီရဲတွေက ကျနော်တို့ အပြင်ဘက်မှာထွက်တော့ သူတို့က အပြင်ဘက်မှာ စောင့်နေရသေးတယ်။ ကျနော်တို့ကို ပိတ်ထားတဲ့ရဲတွေက လက်ပံတန်းမြို့ထဲ ၀င်တဲ့လမ်း ဘယ်ညာမှာ သူတို့က စောင့်နေရတယ်။ အဲ့ဒီရဲတွေက အပြင်ဘက်မှာ။ ကျောင်းသားတွေကို ရိုက်တဲ့ ရဲတွေကျတော့ နောက်မှရောက်လာတဲ့ ရဲတွေဗျ။ ဘယ်ကရဲတွေလည်း ဆိုတာတော့ ကျနော်တို့လည်း မသိသေးဘူး။ ကျောက်ဆည်ခရိုင်က ကိုသာအေး ရိုက်ခံရတာမှာ ခေါင်းလည်း တော်တော် အရိုက်ခံရပြီးတော့ မျက်ဖြူတွေ လန်ပြီးတော့မှ စိုးရိမ်စရာ အနေအထားအနေနဲ့ ဆေးရုံတင်လိုက်ရတယ်။ ဆေးရုံတင်တဲ့အခါတောင်မှ ဆေးစစ်ချက်ဆိုပြီးတော့မှ ရဲမှူးရဲ့ ခွင့်ပြုချက်ပါမှဆိုပြီးတော့ အကြာကြီးလုပ်နေသေးတယ်။ နောက်တော့မှပဲ ရတယ်ဗျ အဲ့ဒီခွင့်ပြုချက်တောင်မှ။ ရိုက်တာတွေက စည်းမဲ့ကမ်းမဲ့ ပရမ်းပတာတွေဗျ။ ကျနော်တို့ ပြန်ကြားရေးကားကို အကုန်လုံး ရိုက်ခွဲတယ်၊ မှန်တွေရိုက်ခွဲတယ်။ ကားတွေရဲ့ တံခါးတွေကို ဖျက်ဆီးတယ်ပေါ့။ ၉ တန်း အထက ကျောင်းသားလေး တယောက်ကို ရဲအယောက် ၂၀ လောက်က ၀ိုင်းရိုက်တယ်ဆိုတာ မဖြစ်သင့်ဘူးဗျ။”

မေး။ ။ အဲတော့ ဒီလို အကြမ်းဖက် နှိမ်နင်းဖြိုခွင်းလိုက်ပြီးတဲ့ နောက်မှာပေါ့နော် အခု ကျောင်းသားတွေလည်း ဖျက်ဆီးခံရတယ်၊ အဖမ်းအဆီးခံရတဲ့ ကျောင်းသားတွေရဲ့ အခြေအနေရော ဘာကြားလဲရှင့်။

ဖြေ။ ။ “သာယာဝတီနဲ့ အင်းစိန်ကို ခွဲပို့တယ်လို့ အဲ့ဒီလို ကြားနေရတယ်။ အကုန်လုံး ထောင်ထဲရောက်ကုန်ပြီလို့ ကြားတယ်ဗျ။ ကျနော်တို့လည်း အခု ပြေးနေရတုန်းပဲ။”
VOA


လက်ပံတန်းမြို့မှာ အကြမ်းဖက်ခံရတဲ့ ကျောင်းသားတွေ၊ ပြည်သူတွေ မလွတ်မြောက်မချင်း ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီအနေနဲ့ ပညာရေးဥပဒေ ပြင်ဆင်ချက်ဆိုင်ရာ လွှတ်တော်ကြားနာပွဲ တက်မယ့်ကိစ္စကို ဗကသများအဖွဲ့ချုပ်ဘက်က လက်မခံကြောင်း ပြောဆိုလိုက်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

လက်ပံတန်းမြို့မှာ ကျောင်သားတွေကို  အင်အားသုံး ဖြိုခွင်းပြီး ဖမ်းဆီးလိုက်တဲ့အတွက် လက်ရှိ အခြေအနေမှာ ဗကသများအဖွဲ့ချုပ်က ကိုယ်စားလှယ်တွေဟာ လွတ်တော်တက်ဖို့ အစီစဉ်မရှိကြောင်း၊ ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ကော်မတီအနေနဲ့ တက်ကြမယ်ဆိုရင်လည်း လက်မခံကြောင်း ဗကသများအဖွဲ့ချုပ်ရဲ့ ဥက္ကဌ ကိုကျော်ကိုကိုက ပြောပါတယ်။

“ကျနော်တို့ ဗကသများအဖွဲ့ချုပ်အနေနဲ့ကတော့ လွှတ်တော်ကို သွားတက်ဖို့ အစီအစဉ် လောလောဆယ်မှာ လုံးဝ မရှိသေးဘူး။ ဘာကြောင့်လဲဆိုရင် ကျနော်တို့ ရဲဘော်တွေ ဖမ်းဆီးခံထားရတယ်။ ကျနော်တို့ ရဲဘော်တွေ မလွတ်မြောက်သေးဘူးဆိုရင် ဒီလွှတ်တော်ကို သွားတက်ဖို့ အစီစဉ် မရှိဘူး။ လွှတ်တော်ကို ကြားနာပွဲဖြစ်ဖြစ်၊ တခြားသော အကြောင်းရာပဲဖြစ်ဖြစ် ဖိတ်ကြားတယ်ဆိုလို့ရှိရင် ကျနော်တို့ရဲ့ ရဲဘော်တွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုထားတယ်။”

လက်ပံတန်းမြို့မှာ ဖမ်းဆီးခံလိုက်ရတဲ့ ကျောင်သားတွေ ပြန်လည် လွတ်မြောက်ရေးအတွက်နဲ့ ဒီမိုကရေစီ ပညာရေး လှုပ်ရှားမူတွေ လုပ်ဖို့သာ လတ်တလော မူများချမှတ်ထားသလို ရေရှည်မှာတော့ လေးပွင့်ဆိုင် ဆွေးနွေးရေးကနေ ရရှိထားချက်တွေကို ဆုတ်ကိုင်ပြီး ကျောင်သားတွေ လိုလားတဲ့ ပညာရေးဥပဒေ ပြင်ဆင်ချက်တွေကို အတည်ပြုနိုင်ရေး ကြိုးစားသွားမယ်လို့ ပင်မ သပိတ်စစ်ကြောင်းကို အဓိက ဦးဆောင်တဲ့ ဗကသများအဖွဲ့ချုပ်က ပြောဆိုခဲ့တာပါ။

ဒီကနေ့မှာတော့ ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ကော်မတီဝင်တွေထဲက တကသကျောင်းသားတွေဟာ သတင်းစာရှင်းလင်းပွဲလုပ်ပြီး လွှတ်တော်ကို တက်မယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒီလို ဆုံးဖြတ်မှုကို ဗကသကိုယ်စားလှယ်တွေနဲ့ တိုင်ပင်ပြီးလုပ်တာလို့ တကသခေါင်းဆောင် ကိုဇေယျာလွင် က ဆိုပါတယ်။

 “ဖမ်းဆီးကျောင်းသား ပြန်လွတ်ရေးကိစ္စကို ကျနော်တို့ တာဝန်ရှိတဲ့သူတွေနဲ့ ညှိနှိုင်းပြီးတော့ ကျနော်တို့ ဆောင်ရွက်နေပါတယ်။ အဲ့ဒါ ကျနော်တို့ ကျောင်းသားတွေရဲ့ စာမေးပွဲတွေနဲ့လည်း သက်ဆိုင်ပါတယ်။ ကျနော်တို့ ဒီ လှုပ်ရှားမှုနဲ့ ပတ်သက်ပြီးတော့ သူတို့ရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု ဘယ်လောက်ရှိသလဲ ဆိုတာနဲ့ သက်ဆိုင်ပါတယ်။ လာမယ့် လွှတ်တော်တက်မယ့်ကိစ္စကို ကျနော်တို့ တက်မယ်ပေါ့။ ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီအနေနဲ့ လာမယ့် ၁၆ ရက်နေ့မှာ လွှတ်တော် တက်ရောက်ပါမယ်။ ရှိနေတဲ့ကိုယ်စားလှယ်တွေနဲ့ ကျနော်တို့ ညှိနှိုင်းပြီးတော့မှ ဆောင်ရွက်တာပါခင်ဗျ။ ကျနော်တို့ ဆက်တက်ဖို့ လက်ခံတယ်။ ဒါပေမဲ့ သူတို့အနေနဲ့တော့ လိုက်ပါ တက်ရောက်နိုင်တဲ့ အကြောင်းမရှိဘူးပေါ့ခင်ဗျာ။”

ဗကသကိုယ်စားလှယ်တွေကို လွှတ်တော်တက်ဖို့အတွက် ဆုံးဖြတ် သဘောထား မပေးထားသလို ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီကို ကိုယ်စားပြုပြီး တခြားကျောင်းသားတွေ တက်ရောက်ခြင်းကိုလည်း သဘောတူထားတာ မရှိကြောင်း ကိုကျော်ကိုကို က ပြောပါတယ်။

“ကျနော်တို့ဘက်က သဘောတူတယ်လို့ မပြောဘူး။ ဗကသကိုယ်စားလှယ်တွေ ပြန်မလွတ်လာမချင်း ကျနော်တို့ လွှတ်တော်ကို မတက်ဘူး။ ပြီးတော့ ဘယ်သူ့ကိုမဆို လွှတ်တော်တက်ဖို့ မန်းဒိတ် ကျနော်တို့ မပေးထားဘူး။ ကျနော်တို့ဘက်က မန်းဒိတ်မပေးထားဘူး။ သဘောတူညီမှုလည်း မပေးထားဘူး။ ကျန်တဲ့ကိုယ်စားလှယ်တွေက ကျနော်ပြောပြမယ် ၆ ဦးရှိတဲ့ထဲမှာ ၃ ဦး အဖမ်းခံထားရတယ်။ ၃ ဦးကျန်တယ်။ အဲ့ဒီ ကျန်တဲ့ ၃ ဦးထဲမှာ ကိုအောင်နေပိုင်ရယ်၊ ကိုနန္ဒစစ်အောင်ရယ်၊ ကိုစိုးလှိုင်ရယ်။ အခု ကိုစိုးလှိုင်ကလည်း အဖမ်းခံရတယ်လို့ သတင်းကြားနေတယ်။ ကိုစိုးလှိုင်ကလည်း ပြီးတော့ အဝေးမှာနေတာ၊ နယ်မှာနေတာ။ ကိုနန္ဒစစ်အောင်နဲ့ ကိုအောင်နေပိုင်ကိုလည်း ကျနော်တို့ မန်းဒိတ် မပေးဘူးလို့ ပြောလိုက်တယ်ဗျာ သူတို့ကို မန်းဒိတ်မပေးဘူးလို့ ပြောလိုက်တဲ့အတွက် သူတို့ကနေပြီးတော့ ကျော်ပြီးတော့ သဘောတူပါတယ်လို့ ပြောမှာမဟုတ်ဘူး။ ဒီလိုအခြေအနေမျိုးမှာ သူတို့ လွှတ်တော်တက်ချင်တယ်ဆိုရင် ကိုယ့်သဘောနဲ့ကိုယ် ဆုံးဖြတ်၊ ဒါ သူတို့သမိုင်းပဲ။ ကျနော်တို့နဲ့ ဘာမှမဆိုင်ဘူး။ ကျနော်တို့ မပြောတဲ့စကားကို ပြောပါတယ်ဆိုပြီးတော့ အဲ့လိုလုပ်တာတော့ မကောင်းဘူး။”

လတ်တလော အခြေအနေအောက်မှာ ပင်မသပိတ်စစ်ကြောင်းကို ဦးဆောင်တဲ့ ဗကသများအဖွဲ့ချုပ် သဘောထားဟာ ပြောင်းလဲမှာမဟုတ်သလို ဖမ်းဆီးခံထားရတဲ့ ကျောင်းသားများ ပြန်လွတ်မြောက်ရေးကိုသာ အဓိက လုပ်ဆောင်သွားမှာဖြစ်ကြောင်း ပြောဆိုသွားပါတယ်။ လက်ရှိ အခြေအနေမှာ တိုင်းနဲ့ ပြည်နယ်အသီးသီးမှာ ဆန္ဒပြနေတဲ့ ကျောင်းသားတွေနဲ့ ဗကသကျောင်းသားတွေကို အာဏာပိုင်တွေက လိုက်လံ ဖမ်းဆီးနေတာ ခြိမ်းခြောက်နေတာတွေ ရှိနေတာကြောင့် လုံခြုံရေးအခြေအနေအရ စိုးရိမ်မှုတွေ ရှိနေတယ်လို့လည်း ပြောသွားပါတယ်။

ဗကသကျောင်းသားခေါင်းဆောင် ထွက်ပြေးဆိုတဲ့ ကောလဟာလ သတင်းအပေါ် ကိုကျော်ကိုကိုနဲ့ မေးမြန်းချက်

Facebook လူမှုကွန်ယက် စာမျက်နှာမှာ ဗကသများအဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုကျော်ကိုကိုက သပိတ်ကို ပစ်ပြီးတော့ ထွက်ပြေး တိမ်းရှောင်သွားတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်နေတဲ့အပေါ်မှာ ဗွီအိုအေမြန်မာပိုင်းက ဗကသများအဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုကျော်ကိုကို ဆက်သွယ်မေးမြန်းတဲ့ အခါမှာတော့ သူက အခုလို စဖြေပါတယ်။

ဖြေ။              ။ “အဲ့ဒီမတိုင်မီ ၉ ရက်နေ့ကတည်းက ကျနော်တို့ ဗကသ ဗဟိုလုပ်ငန်းကော်မတီ အစည်းအဝေးမှာ ကျနော်တို့အနေနဲ့ ရန်ကုန်ကို ပင်မသပိတ်စစ်ကြောင်း မရောက်ရောက်အောင် သွားမယ်။ ဒီလက်ပံတန်း အတားအဆီးတွေကို ထိုးဖောက်ပြီး မရောက်ရောက်အောင် သွားမယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ကျနော်တို့ လိုင်းချခဲ့တယ်။ လက်ပံတန်းကနေပြီး ရန်ကုန်ကို ပင်မသပိတ်စစ်ကြောင်း အခြေအနေ တစုံတရာအရ ရောက်သွားပြီဆိုတာနဲ့ ဒီဘက်မှာရှိတဲ့ tempo အနေအထားအရ လျှော့ချလို့ ရနိုင်သလောက် ကြိုးစားပြီးတော့ ကျနော်တို့ လျှော့ချမယ်ဆိုပြီးတော့ ကျနော်တို့အနေနဲ့ strategy အရ လိုင်းခွဲပြီး ကစားဖို့၊ ကျနော်တို့ ဆုံးဖြတ်ချက် ချလိုက်တယ်။ အဲ့ဒီထဲမှာ ကျနော်တို့ ရန်ကုန်မှာ ပင်မစစ်ကြောင်း ရောက်သွားပြီဆိုတာကို ပင်မစစ်ကြောင်းက image တခုခု ပေါ်သွားအောင်လို့ ကျနော်တို့ ဗဟိုလုပ်ငန်းကော်မတီက ရဲဘော်တွေရယ်၊ သပိတ်စစ်ကြောင်းရဲ့ နဖူးစည်းတချို့ရယ်၊ အလံတွေရယ်၊ တချို့ဟာတွေကို ရန်ကုန်မှာ ကြိုတင် စီစဉ်ထားဖို့ ကျနော်တို့ သွားကြတာဖြစ်တယ်။ အဲ့ဒါကို အစည်းအဝေး ဆုံးဖြတ်ချက်နဲ့အညီ ဗဟိုလုပ်ငန်းကော်မတီတချို့နဲ့ ရဲဘော် ၁၀ ယောက်လောက်ကို ကျနော်တို့ ထုတ်ထားပြီးတော့ အဲ့လို လျှို့ဝှက်ခရီးတခုနဲ့ ကျနော်တို့သွားပြီး ရန်ကုန်ကို ရောက်တယ်ဆိုတဲ့အကြောင်း ကြေညာလိုက်တယ်။ အဲ့ဒါက ကျနော်တို့ ထွက်ပြေးသွားတာ မဟုတ်ဘူး။ စခန်းကို စွန့်ခွာသွားတာ မဟုတ်ဘူး။ ကျနော်တို့အနေနဲ့ ဒါကို အစီအစဉ်အတိုင်း ဆောင်ရွက်တာ။ အဲ့ဒီလူမှုကွန်ယက် စာမျက်နှာတွေမှာ မနေ့က လှည်းတန်းလှုပ်ရှားမှုတွေမှာ ရှေ့ကနေပြီး လမ်းလျှောက်နေရင်း ပြေးတဲ့ပုံစံတွေကို ဓာတ်ပုံရိုက်ပြီးတော့ ပုံစာတွေနဲ့ သရော်နေတဲ့ အပိုင်းတွေကို ကျနော် နည်းနည်း ထပ်ရှင်းပြချင်တာက အဲ့ဒီအခြေအနေမျိုးမှာ ရဲတွေက ကျနော်တို့ သပိတ်စစ်ကြောင်းကို လာပြီးတော့ ဟန့်တားတယ်။ ရှေ့က အလံကိုင်တွေ တပ်ဦးကို ပြေးတက်သွားတဲ့နောက်ကို ကျနော်တို့က ပြေးလိုက်သွားတဲ့ပုံကို ရိုက်ထားတာပဲဖြစ်တယ်။ ဒါကို ကျောင်းသားခေါင်းဆောင်တွေ ထွက်ပြေးတယ် ဆိုပြီးတော့ သရော်နေတာဟာ မမှန်ဘူး။ ကျနော်တို့ လှုပ်ရှားနေတဲ့ ပုံသဏ္ဍန်မှာ ပါဝင်တဲ့ အခြေအနေအတိုင်းပဲ တဦးချင်းတဦးချင်း ပြန်လည် ဖျောက်ပြီးတော့မှ နောက်ထပ်နေရာတွေ၊ နောက်ထပ်နေရာတွေမှာ ဆက်လက် လှုပ်ရှားဖို့အတွက် ကျနော်တို့အနေနဲ့ လူကို ခွဲပြီးတော့ လှုပ်ရှားတာပဲဖြစ်တယ်။ ကျနော်တို့ သဘောထားက အစိုးရရှေ့မှောက် သိုးတွေလို လည်စင်းပေးပြီးတော့ စတေးခံဖို့မဟုတ်ဘူး။ ကျနော်တို့ တိုက်ပွဲတိုက်ဖို့အတွက် လူရှိမှဖြစ်မယ်။ တိုက်ပွဲအတွက် အလံနဲ့ အသံ ရှိမှဖြစ်မယ်ဆိုတဲ့ သဘောထား ကျနော်တို့မှာ ရှိပြီးသားပါ။”

ဒါကတော့ ဗကသများအဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုကျော်ကိုကို - ကို ဗွီအိုအေမြန်မာပိုင်းက ဆက်သွယ် မေးမြန်းထားတာဖြစ်ပါတယ်။

မအေးအေးမာ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

   
ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီ ၀င် ကျောင်းသားကိုယ်စားလှယ်တွေက မတ်လ ၁၁ ရက်နေ့ က ရန်ကုန်မြို့ မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်းမှာ သတင်း စာရှင်းလင်းပွဲ ပြုလုပ်စဉ်။ Photo: Wai Mar Tun/ RFA

ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီ ၀င် ကျောင်းသားကိုယ်စားလှယ်တွေက အမျိုးသား လွှတ်တော်မှာ ဒီလ ၁၆ ရက်နေ့မှာကျင်းပမယ့် အမျိုးသား ဥပဒေပြင်ဆင်ရေး ကြားနာပွဲကိုတက်ရောက်မယ်လို့ ပြော ပါတယ်။

ရန်ကုန်မြို့ မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်းမှာ ဒီနေ့ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ကိုဇေယျာလွင် က ပြောလိုက်တာပါ။

"လာမယ့် ၁၆ ရက်နေ့မှာ အမျိုးသားလွှတ်တော်မှာ ကြားနာပွဲကို လုပ်ပါမယ်တဲ့ ကျနော်တို့အတွက် ကျနော်တို့ကိုကမ်းလှမ်းလာပါတယ်၊ ကျနော်တို့ အတွက် အဲ့မှာတက်ရေး၊ မတက်ရေးကို ကျနော် တို့ကတိုင်ပင်ရပါတယ်၊ ကျနော်တို့ဆွေးနွေးညှိနှိုင်း ပြီးတိုင်ပင်ထားတဲ့ဟာလေး ဒီမိုကရေစီပညာရေး ဦးဆောင်လှုပ်ရှားမှုအနေနဲ့ လာမယ့် ၁၆ ရက်နေ့ အမျိုးသားလွှတ်တော်မှာ ကြားနာရမယ့် ကိစ္စမှာ ကျနော်တို့ သွားရောက်ကြားနာပါမယ်၊ဒါကျနော်တို့ ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီ ရဲ့နောက်ဆုံး ဆုံးဖြတ်ချက်ပါ"

မနေ့က လက်ပံတန်းမြို့က ကျောင်းသားသပိတ်စခန်း ဖြိခွင်းခံရမှုမှာ ဦးဆောင် ကော်မတီဝင်တချို့ ဖမ်းဆီးခံထားရ တာကြောင့် ကျန်ခဲ့တဲ့အဖွဲ့ဝင်တချို့သာ တက်ရောက်မှာဖြစ်ပါတယ်။

ဒါ့အပြင် ဖမ်းဆီးခံထားရတဲ့ ကျောင်းသား ကျောင်းသူတွေကိုလွှတ်ပေးဖို့ ကြားနာပွဲ မှာတောင်းဆိုမယ် လို့ ကော်မတီဝင်တွေက ပြောပါတယ်။

အမျိုးသားပညာရေးဥပဒေပြင်ဆင်ဖို့အတွက် အမျိုးသားလွှတ်တော်မှာ ဒီလ ၅ ရက်နေ့ကစပြီး ကြားနာပွဲတွေ ကျင်းပနေ တာဖြစ်ပါတယ်။

လက်ပံတန်းမြို့မှာ ကျောင်းသားသပိတ်စခန်း တားဆီးခံထားရတာကြောင့် အဲဒီသပိတ်စခန်းမှာရှိနေခဲ့တဲ့ ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ၁၅ ဦးဟာ အဲဒီကြားနာပွဲကို မတက်ရောက်နိုင်ကြောင်း အကြောင်းကြား ခဲ့တာ ဖြစ်ပါတယ်။

RFA

“ အကုသိုလ်ကံတွေ ပေါ့ပေါ့တန်တန်နဲ့ မကျူးလွန်မိစေဘို့  ”

တရားဥပဒေစိုးမိုးမှု့ သုညမှတ်အောက် အနှုတ်လက္ခဏာပြနေတဲ့ မြန်မာနိုင်ငံမှာ အုပ်စိုးသူ စစ်အစိုးရကိုယ် တိုင်က ဥပဒေအထက်မှာ မျောက်ထိုင် ထိုင်ပြီးထင်ရာစိုင်းနေခဲ့တော့ နောက်လိုက်ဗိုလ်ပါတွေကလည်း နိုင်ငံ့ အာဏာနဲ့ တိုင်းပြည်ဘဏ္ဍာတွေကို ခွေးသေကောင် လဒတွေဝိုင်းဆွဲသလို အုံခဲစားသောက် ပွဲတော်တွေ့ နေတာ နှစ်ပေါင်း (၅၀) ကျော်နေပြီ ။ ငါတို့ ပြည်သူတွေဘ၀ကတော့ ငရဲတွင်းထဲကျနေရသလိုပါဘဲ။ လူ့ ဂျပိုး စစ်ဂျပိုး တွေကို လူသတ် မဒိမ်း မြေသိမ်း လိုင်စင်တွေချပေး ပြည်သူ့ ဘဏ္ဍာဖေါက်စားခွင့်ပါမစ်တွေချပေး၊ တောတွေ ရောင်း၊ တောင်တွေရောင်း မြစ်တွေကောအောင်လုပ်လာတာ နှစ်ပရိစ္ဆေဒ ကြာမြင့်လှပြီဆိုတော့ တိုင်းပြည် လည်းနာလှပါပြီ။

ပိုဆိုးတာက တို့ တိုင်းပြည်မှာ နိုင်ငံ့အရေးအရာကိစ္စတွေကို လက်နက်သုံးပြီး အကြမ်းဖက်ဖြေရှင်းတဲ့ ယဉ်ကျေး မှု့ဆိုးကြီး အမြစ်တွယ်လာတာ ဗိုလ်ချုပ်ကြီးနေ၀င်းလက်ထက်ကနေ ဦးသိန်းစိန်တို့ ရဲ့စစ်တပိုင်းအစိုးရအထိ တိုင်အောင် စစ်အာဏာရှင်ခေတ်တလျှောက်လုံးဘဲမဟုတ်လား။ လက်နက်မဲ့ ရဟန်းရှင်လူ ကျောင်းသား ပြည်သူတွေ ကိုသေနတ်နဲ့ ပစ်မယ်၊ ၀ါးရင်းတုတ်နဲ့ ရိုက် မယ်၊ ရာဇ၀ါတ်သားတွေ၊ လူဆိုးလူမိုက်တွေ၊ လူနုံလူအ၊ လူ့ ဗာလ တွေသုံးပြီး အမှန်တရားဖက်ကရပ်တည်သူတွေ၊ တိုင်းပြည်အညွှန့် အဖူး ကျောင်းသူကျောင်းသား တွေကို ကန်ကျောက်ထိုးကြိတ်မယ်၊ ခွေးဆွဲသလိုဝင်ဆွဲမယ်။ လူမဆန်တဲ့ နည်းတွေသုံးပြီး ညှင်းပမ်းနှိပ်စက် မယ၊် အကြောက်တရားတွေဖန်တီးပြီး အာ မခံရဲအောင် နှိပ်ကွပ်မယ် ။ ဒါတွေဟာ အာဏာရူးစစ်ဗိုလ်ချုပ်ကြီး တွေနဲ့  အပေါင်းအပါ မိုက်ဖေါ်မိုက်ဖက်တွေရဲ့ လုပ်ရိုးလုပ်စဉ် ပြုနေကျ အကုသိုလ်ကံတွေပါဘဲ။

လွန်ခဲ့တဲ့ရက်ပိုင်းလေးကတင် ရန်ကုန်မြို့တော်ခန်းမနားမှာ ရစရာမရှိအောင်ပျက်ဆီးနေတဲ့ စစ်အာဏာရှင် ဗဟိုချုပ်ကိုင်မှု့နဲ့ ပုံထပ်ဖေါ်မဲ့ စစ်ကျွန်ပညာရေးစနစ်ကိုဆန့် ကျင်နေကြတဲ့ သပိတ်မှောက်ကျောင်းသူကျောင်း သားတွေကို စွမ်းအားရှင် လူရမ်းကားတသိုက်က ရိုက်ခြင်သလိုရိုက် မိုက်ခြင်သလောက်မိုက်ခွင့်ရအောင် လုပ်ပိုင်ခွင့်အာဏာအပ်နှင်းခဲ့တာဒင်းတို့ ဘဲမဟုတ်လား ။
ဒါပေမဲ့ မတရားမှု့ကို ဆန့် ကျင်တဲ့စိတ်တွေ လျှော့ပါးပျောက်ကွယ်သွားမယ်ထင်ပါသလား ။ မလျှော့ပါးတဲ့အပြင် ပိုလို့ တောင်ဆပွားတိုးလာတာ ဒီနေ့ ခေတ်ရဲ့ကြေးမုံပြင်မှာ ထင်ဟပ်နေပါတယ် ။ ဆိုခြင်တာက အကြမ်းဖက် ဖြေရှင်းနည်းဟာအဖြေမဟုတ်ပါဘူး ။ အဲ့ဒီနည်းကိုသုံးတဲ့သူတွေကို ပိုလို့ နစ်မွန်းစေမှာပါ ။

ဒီဆောင်းပါးမှာ အဓိကရေးပြခြင်တာက ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလထဲမှာ မိတ်ဆွေတဦးရဲ့ကျေးဇူးနဲ့ သူ့ အိမ်မှာ ကျင်းပခဲ့တဲ့ တရားပွဲတပွဲမှာ နာကြားခွင့်ရခဲ့တဲ့ အကုသိုလ်ကံတွေအကြောင်းပါ။ ဆရာတော်ဦးဇောတိက (ပခုက္ကူ) ဟောကြားခဲ့တဲ့ အဲ့ဒီဓမ္မသဘင်မှာ နာယူမှတ်သားခဲ့ရတဲ့ အကုသိုလ်ကံ (၄) မျိုးဟာ ခေါင်းမာဂိုဏ်း သား စစ်အာဏာရှင်အပေါင်း အပါတွေနဲ့ သူတို့ ကိုထောက်ခံနေတဲ့ အမျိုးသားရေးဝါဒီတွေ ဘုန်းတော်ကြီး တချို့နဲ့ ဘာသာရေးအစွန်း ရောက်တွေသာမက စစ်အာဏာရှင်စနစ်ဆိုးဒါဏ် ကျောကော့အောင်ခံခဲ့ရလို့  အာဃာတအမုန်းမီးလောင်မြိုက်နေတဲ့ မြန်မာနိုင်ငံသားတချို့ အပြင်လောကမှာ သာမက၊ ဖေ့စ်ဘွတ်အင်တာ နက်စာမျက်နှာတွေပေါ်မှာပါ နေ့ တဓူဝ ပေါ့ပေါ့တန်တန် လွယ်လင့်တကူ ဖေါ်ဖေါ်သီသီ ကျူးလွန်နေကြတဲ့ အကုသိုလ်ကံတွေဖြစ်ပါတယ်။ ဒါကြောင့် အများပြည်သူတွေသတိပြု ဆင်ခြင်မိအောင် ထပ်ဆင့်မျှဝေလိုက် ပါတယ်။

(၁) သာဟတ္ထိက အကုသိုလ် (ကိုယ်တိုင် ကျူးလွန်)

ဒီအကုသိုလ်အမျိုးအစားကတော့ ကိုယ်တိုင်ကာယကံမြောက်ကျူးလွန်တဲ့ အကုသိုလ်မျိုး ။ ကိုယ်တိုင်သတ်၊ ကိုယ်တိုင်ခိုး၊ ကိုယ်တိုင်လိမ် ကိုယ်တိုင်လုယူဖျက်ဆီးတဲ့ အကုသိုလ်ကံမျိုးပေါ့ ။ ထင်ရှားတဲ့ဥပမာတွေဆောင်ရရင် … အထက်အမိန့် နာခံဖို့ အကြောင်းပြပြီး လက်နက်မဲ့ ကျောင်းသား၊ ရဟန်းရှင်လူ ပြည်သူတွေကို သေနတ်နဲ့  ပစ်ခတ်သတ်ဖြတ်ရတဲ့အကုသိုလ်၊ မိမိလူမျိုးရေးအကြောင်းခံပြီး တခြားလူမျိုးတွေကို သုတ်သင်သတ်ဖြတ်မှု့မျိုး၊ မိမိရဲ့ဘာသာကို ကာကွယ်စောင့်ရှောက်ဖို့ ကြွေးကြော်ပြီး ဘာသာခြားတွေရဲ့ အိုးအိမ်တွေကို မီးရှို့ဖျက်ဆီးတဲ့ အကုသိုလ်မျိုးပါဘဲ။ ကိုယ်တိုင်ကိုယ်ကျ တိုင်းပြည်ဘဏ္ဍာတွေခိုးတာ၊ လုပ်ပိုင်ခွင့်အာဏာကို တလွဲသုံးပြီး သူတပါးလယ်မြေအိမ်ယာ ပိုင်ဆိုင်မှု့တွေ သိမ်းယူဖျက်ဆီးတာ၊ အားကိုးရာမဲ့ တိုင်းရင်သူလေးတွေကို လက်နက်အားကိုးနဲ့ သားမယားကျင့်တာ၊ ဓန ဥစ္စာအားကိုး အသိုင်းအ၀ိုင်းအားကိုးနဲ့ အားနည်းသူတွေအပေါ် အနိုင်ကျင့်ဗိုလ်ကျတာ မသိနားမလည်လို့ ဖြစ် စေ၊ ဘာအကြောင်းတရားတွေခံခံ ကိုယ်တိုင်ကိုယ်ကျ ကာယကံမြောက် အကြမ်းဖက်ကျူးလွန်တာကို သာဟတ္ထိကအကုသိုလ်လို့ သတ်မှတ်ရမှာပါ။

(၂) အာဏတ္ထိက အကုသိုလ် (ကျူးလွန်အောင် စီမံစေခိုင်းညွှန်ကြားသူ )
ဒီအကုသိုလ်အမျိုးအစားကတော့ သူများကို မကောင်းမှု့ကံကျူးလွန်ဖြစ်အောင် အမိန့် ပေးစေခိုင်း ညွှန်ကြား စီမံခန့် ခွဲ တိုက်တွန်းတဲ့သူတွေ ကျူးလွန်တဲ့ အကုသိုလ်ကံမျိုးပေါ့ ။ ဒီအကုသိုလ်ကံ ကိုကျူးလွန်သူတွေဟာ ကမ္ဘာ့သမိုင်းမှာကြည့်ကြည့်၊ မြန်မာ့သမိုင်းမှာကြည့်ကြည့် နာမည်ပျက် နာမည်ဆိုးတွေနဲ့ သမိုင်းတွင်ရစ်သူ တွေဖြစ်တယ်။ ထင်ရှားတဲ့ဥပမာတွေကတော့ ဒုတိယကမ္ဘာစစ်အတွင်းက ဂျူးလူမျိုး (၆) သန်းကျော်ကို အစုလိုက်အပြုံလိုက် လူမျိုးတုံးသတ်ဖြတ်မှု့တွေကိုဖြစ်အောင် ညွှန်ကြားခဲ့တဲ့ အာဏာရှင်ဟစ်တလာတို့ ၊ ဆင်းရဲကျပ်တည်းမှု့ဒါဏ်မခံနိုင်လို့  ကိုယ့်အခွင့်အရေးကိုယ်တောင်းတဲ့ လက်နက်မဲ့ ပြည်သူရဟန်းရှင်လူ တွေကို ကြိမ်ဖန်များစွာ သတ်ဖြတ်နှိမ်နှင်းဖို့ အမိန့် ပေးညွှန်ကြားခဲ့တဲ့ ဗိုလ်ချုပ်ကြီးနေ၀င်းလို၊ ဗိုလ်ချုပ်မှူး ကြီးဟောင်းဦးသန်းရွှေတို့ လို စစ်အာဏာရှင်ကြီးတွေ သွေးအေးအေးနဲ့ ကျူးလွန်တဲ့ အကုသိုလ် ကံမျိုးပေါ့ ။

(၃) ၀ဏ္ဏဘာသန အကုသိုလ် ( ကျူးလွန်သူကို သွယ်ဝိုက် တိုက်တွန်း ထောက်ပံ့ကူညီသူ)

သူများကို မကောင်းမှု့ကံကျူးလွန်ဖြစ်အောင် တိုက်ရိုက် အမိန့် ပေးစေခိုင်းတာမျိုးမဟုတ်ဘဲ ကျူးလွန်ခြင် လာအောင် သွယ်ဝိုက်ပြီး ရေလာမြောင်းပေး သွေးထိုးပေးပြီး ကျူးလွန်တဲ့ အကုသိုလ်ကံမျိုးပေါ့။ ထင်ရှားတဲ့ ဥပမာကိုပြရရင် လူမျိုးခြား၊ ဘာသာခြားတွေကို သတ်ဖို့ ဖြတ်ဖို့ တိုက်ရိုက်မပြောပေမဲ့ သူတို့ ကို ရွံရှာမုန်းတီးလာ အောင် သူတို့ ဘာသာမကောင်းကြောင်းကိုတွင်တွင်ပြော ကိုယ့်ဘာသာပျောက်အောင် ကိုယ့်လူမျိုးပျောက် လောက်အောင်အန္တရာယ်ကြီးသယောင် အငြိုးတေးအာဃတတွေကြီး လာအောင်အမုန်းပင်စိုက်တဲ့ (Hate Speech) ဘာသာခြားလူမျိုးခြားမုန်းတီးရေး ပြောဆိုရေးသားတိုက်တွန်းတဲ့ အကုသိုလ်ကံမျိုးပေါ့။
နောက်ဥပမာပေးရရင်တော့ ရာထူး အာဏာလက်ဝယ်ရှိထားသူတယောက်ကို လာဘ်စားဖို့ ၊ ခိုးဖို့ တိုက်ရိုက် မပြောပေမဲ့ လသာတုံးဗိုင်းငင်ထား၊ မိုးရွာတုံးရေခံထားဆိုတဲ့စကားတွေနဲ့ သွယ်ဝိုက်တိုက်တွန်းတဲ့ အကုသိုလ် ကံမျိုးပေါ့ ။
နောက်တမျိုး အဓိပ္ပါယ်ဖွင့်နိုင်တာက ကိုယ်တိုင် စိတ်ပါလို့ ဖြစ်စေ၊ မပါဘဲနဲ့ ဖြစ်စေ၊ မိမိအကျိုးစီးပွားစည်းစိမ် ဥစ္စာ ရာထူးအာဏာ အခွင့်အရေးအတွက် ကိုယ်တိုင် သတ်ဖြတ်ခိုးယူနှိပ်စက်မှု့တွေ ကိုယ်တိုင် မလုပ်ပေမဲ့ …. လုပ်နေတဲ့ လူအဖွဲ့ အစည်းယန္တရားကြီးကို ပံ့ပိုးကူညီ အလုပ်လုပ်ပေးခြင်းနဲ့ သွယ်ဝိုက်ထောက်ခံသလိုဖြစ်နေ တာဟာလည်း ၀ဏ္ဏဘာသန အကုသိုလ်ကျူးလွန်နေတာပါဘဲ။ လူသတ်အားပေးကြံရာပါဖြစ်မှန်းမသိဖြစ်တော့ တာပါဘဲ။

(၄) မနုညတာ အကုသိုလ် ( ကျူးလွန်သူကို အားကျအတုခိုးသူ)

ကိုယ်တိုင်လည်းမကျူးလွန်၊ စေခိုင်းအမိန့် ပေးမှု့ ညွှန်ကြားမှု့လည်း တိုက်ရိုက် (သို့ ) သွယ်ဝိုက်ပြီးလည်း မကျူးလွန်ဘူး ။ ဒါပေမဲ့ သူများကျူးလွန်တဲ့ အကုသိုလ်ကံအပေါ်မှာ အားရနှစ်ခြိုက် ချီးကျူးဂုဏ်ပြု အတုယူ လိုတဲ့ အကုသိုလ်ကံမျိုးပေါ့ ။ ကိုယ်လည်းအဲ့ဒီလိုမျိုး အခွင့်အရေးရရင် မကောင်းမှု့အကုသိုလ်ကံကို ကျူးလွန်ဖို့ တာစူနေတဲ့အဆင့်မျိုးပေါ့ ။ ဥပမာဆောင်ရရင် ရာထူးအာဏာအလွဲသုံးစားလုပ်ပြီး သူများတွေ ကြီးပွားချမ်းသာတာကို အားကျပြီးသူတို့ လိုခိုးစားကြီးပွားနိုင်တဲ့ အဆင့်ရောက်ဖို့ မျှော်ကိုးနေတဲ့ အကုသိုလ်ကံ မျိုးပါ။ ဒီနေ့ စစ်တပ်ထဲ၊ အရပ်သားတွေထဲမှာ စီနီယာအကိုကြီးတွေ တိုင်းပြည်ဘဏ္ဍာတွေ နဲ့ ချမ်းသာသွား.. ဘီလျှံနာဖြစ်သွားတာကို အားကျနေတဲ့ ညီလေးစစ်ဗိုလ်နောက်ပေါက် အရပ်သားအရာရှိပေါက်စတွေ သူတို့  အလှည့်စောင့်နေတုံး ရည်မှန်းကြံစည်ကျူးလွန်တတ်တဲ့ အကုသိုလ်မျိုးပါဘဲ ။ တချို့ဗိုလ်ချုပ်၊ ရဲချုပ်တွေ ပြည်သူ တွေကို နှိမ်နှင်းသတ်ဖြတ်ပြီး ရာထူးတက် သူကောင်းပြုခံရတာမြင်တော့သူတို့ လိုဖြစ်ခြင်တဲ့အားကျစိတ်မျိုးပေါ့။

အထက်မှာရေးပြခဲ့တဲ့ အကုသိုလ်ကံတွေဟာ ကျူးလွန်သူတွေကို မတည်မြဲတဲ့ တခဏတာ ရာထူးစည်းစိမ် ဥစ္စာပျော်ရွှင်မှု့ နဲ့ အတ္တမာနစွဲတွေအတွက် ကြောက်မက်ဖွယ်ရာဆိုးကျိုးအနန္တနဲ အပယ်လေးဘုံ အစရှိတဲ့ မကောင်းသောလားရာကိုသာ ဦးတည်စေဖို့ ဘဲရှိပါတယ်။ ဘယ်သူမဆို ကိုယ်လုပ်တဲ့ ကုသိုလ်-အကုသိုလ်ကံ တွေသာ အထုတ်ပိုက်ပြီး ကိုယ်တယောက်ထဲသာခရီးနှင်ရမှာပါ။ ဗုဒ္ဓဘာသာဝင်တယောက် အဖို့ ဗုဒ္ဓရှင်တော် ဘုရား ဟောခဲ့တဲ့ ကံ နဲ့ ကံ၏အကျိုးကို အမှန်တကယ်နားလည်ယုံကြည်တတ်ဖို့ အလွန်အရေးကြီးပါတယ် ။

စစ်အာဏာရှင်တွေဟာ သူတို့ ရှင်သန်ဖို့ အတွက် ဘာသာရေး၊ လူမျိုးကြီးဝါဒကိုအသုံးချ သွေးခွဲခဲ့တာမို့  လက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေဟာ.. အလွန်အန္တရာယ်ကြီးတဲ့အဆင့်ထဲ ချည်းနင်းဝင်ရောက်နေပါပြီ။ နိုင်ငံသားအခြင်းခြင်း လူမျိုးတုံးသတ်ဖြတ်မှု့အထိကျူးလွန်ကြမဲ့ ဖြစ်နိုင်ခြေတွေမြင်နေရပါပြီ။ ဒီအန္တရာယ်ကို အားလုံးနားလည်သဘောပေါက်ကြဖို့  မိမိကိုယ်မိမိပြုပြင်လို့ ဝိုင်းဝန်းတားဆီးဖို့ လိုနေပါပြီ။
နောက်အရေးကြီးတဲ့အချက် သတိပြုမိစေခြင်က ကမ္ဘာ့သမိုင်းမှာကြည့်ကြည့် မြန်မာ့သမိုင်းမှာကြည့်ကြည့် အမျိုးသားရေးဝါဒီတွေ ဘာသာရေးဝါဒီတွေ ကြီးစိုးအားကောင်းလာတဲ့လူ့ အဖွဲ့ အစည်းတိုင်းဟာ နိဂုံးမကောင်း ဘဲ ဇါတ်သိမ်းကြရတယ်ဆိုတဲ့အချက်ပါ။ အနီးဆုံးဥပမာကတော့ မြတ်စွာဘုရားရှင်ရဲ့ ဆွေတော်မျိုးတော်သာကီ ၀င်မင်းဆွေမင်းမျိုးတွေဟာ အမျိုးမာန်ပြင်းထန်အစွဲကြီးတာကြောင့် အသေဆိုးနဲ့ ဇါတ်သိမ်းခဲ့ရတာသတိပြုပါ။ ဒါကြောင့် ဗုဒ္ဓရှင်တော်ဟာ ဇါတ်နိမ့် ဇါတ်မြင့် အမျိုးဇါတ်ခွဲခြားမှု့ အစွန်းရောက်မှု့ကို ရှုံ့ချတော်မူခဲ့တယ်။
ဂျာမဏီမှာ သူတို့ သာအမြင့်မြတ်ဆုံးဆိုတဲ့ ဂျမာန်အမျိုးသားရေးဝါဒီတွေအားကောင်းလာတော့ နာဇီစနစ်ပေါ် ထွန်းပြီး ကြမ္မာဆိုးနဲ့ အဆုံးသတ်ခဲ့ရသလို၊ နေမင်းရဲ့သားတော်တွေလို့ ယုံကြည်တဲ့ ဂျပန်အမျိုးသားရေးဝါဒီတွေ ကြီးစိုးလာတော့ ဖက်ဆစ်စနစ်ဆိုတာကြီးပေါ်လာပြီး နောက်ဆုံးတော့ အနုမြူဗုံးနဲ့ ဇါတ်သိမ်းရတာမဟုတ်လား။

ဒါကြောင့် စစ်အာဏာရှင်လူမိုက်ကြီးငယ် အပေါင်းအပါတွေအပါအ၀င် အတွေးမှားအယူမှားနေတဲ့ မြန်မာ နိုင်ငံသူ နိုင်ငံသားတွေ မမြဲတဲ့အရာတွေအတွက် အာဏာစွဲ ရာထူးစွဲ ဥစ္စာစွဲ အမျိုးဇာတ်စွဲ မာန်မာနစွဲကင်းနိုင် ကြပါစေ။ နာကျည်းချက်ကြောင့် လက်စားခြေလိုစိတ်နဲ့ ဖြစ်စေ ဆင်ကန်းတောတိုး အစွန်းရောက်အမျိုးမာန် တွေနဲ့ အမျိုးဘာသာ သာသနာအတွက်ဖြစ်စေ ယုံမှတ်လို့ တော့ အကုသိုလ်ကံတွေ ပေါ့ပေါ့တန်တန် ဆက်လက်မကျူးလွန်မိစေဘို့ ၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်လိုစိတ်တွေနဲ့ ညှိနှိုင်းဆွေးနွေးအဖြေရှာကြဘို့  တိုက်တွန်းဆန္ဒပြုရင်း ဒီဆောင်းပါးကို နိဂုံးသတ်ပါရစေတော့ ။

လေးစားစွာဖြင့်
(မင်းကောင်းချစ်)
မတ်လ (၇) ရက် စနေနေ့  ၂၀၁၅ ခုနှစ်

စကားချပ် --- ဤစာစုတွင်ရေးပြခဲ့သော အကုသိုလ်ကံ (၄) မျိုးရဲ့ ပါဠိစကားလုံးပေါင်း အကယ်၍မှားယွင်း နေတာကို စာဖတ်သူတွေထဲက လူပညာရှိ၊ ရဟန်းပညာရှိများ သတိပြု မိခဲ့ရင်၊ ဟောကြားတဲ့ ဆရာတော် အရှင်သူမြတ်ကို အပြစ်မတင်ကြဘဲ စာရေးသူရဲ့ ကိုးကားရှာဖွေမှု့ အားနည်းချက်လို့ သာအပြစ်တင်ကြစေ လိုကြောင်းပါ။


ညီလေး မင်းသွေးသစ် သို့ .....

ဒီနေ့ ညီလေးတို့ ကျောင်းသားတွေ
ရိုက်နှက်ဖြို ခွဲ၊ အဖမ်းဆီးခံကြရပေမဲ့
ညီလေး ... မင်းရည်ရွယ်ချက်တွေ ပြည့်ပါတယ်ကွာ။

စစ်ဘောင်းဘီချွတ် ပုဆိုးစွပ်လို့
စစ်အရေခွံလဲထားတဲ့ အယောင်ဆောင်
အရပ်သားအစိုးရကို
ဘုရားမှတ်လို့ ကိုးကွယ်နေကြသူတွေ .....
တောင်ပို့မှန်းသိအောင် အောင်းနေတဲ့ဖွတ်
အမြှီးကဆွဲပြီး အပြင်ထုတ်ပြနိုင်ခဲ့တဲ့
ညီလေး ... မင်းသိပ်တော်တယ်ကွာ။

သပိတ်မှောက် ကျောင်းသားတွေကို
ဖမ်းဆီးအရေးယူခြင်း မပြုပါဆိုတဲ့
ကတိခံဝန်ချက်တွေကို မျက်ကွယ်ပြုလို့
အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးပြီး .....
လက်နက်မရှိတဲ့ ကျောင်းသားတွေအပေါ်မှာတောင်
ပေးထားတဲ့ ကတိကိုမတည်
လွယ်လွယ် ချိုးဖောက်ဝံ့တဲ့
အောက်တန်းကျတဲ့ အစိုးရဆိုတာကို
ငြိမ်းချမ်းရေး လက်မှတ်ထိုးတော့မဲ့
တို်င်းရင်းသား လက်နက်ကိုင်တွေအတွက်
အရိုက်အနှက်ခံပြီး သင်ခန်းစာပေးသွားတဲ့
ညီလေး .... မင်းသိပ်တော်တယ်ကွာ။

လွတ်လပ်ပြီး တရားမျှတတဲ့
ရွေးကောက်ပွဲကြီး တစ်ခု ၂၀၁၅ မှာ
ကျင်းပပေးမယ်ဆိုတဲ့ ကတိစကားတွေကို
ယုံစားနေသူတွေအတွက်
သူတို့အာဏာ မဆုံးရှုံးရဖို့
ဘာမဆို ယုတ်လာနိုင်တယ်ဆိုတာ
အစဆွဲထုတ်ပြသွားတဲ့
ညီလေး ... မင်းသိပ်တော်တယ်ကွာ

စစ်အာဏာရှင်ဆို အကြောက်ကြီးကြောက်
မော်လို့တောင် မကြည့်ဝံ့တဲ့ တို့ပြည်သူတွေ
ကြားလိုက်ရတဲ့ မင်းတို့အဖြစ်ကြောင့်
တောက်ခေါက်သူကခေါက် .....
အံကြိတ်သူတွေကြိတ် .....
ငိုတဲ့သူကငို .....
နံရံကို လက်သီးနဲ့ ထိုးသူကထိုး .....
ဓါးပြေးဆွဲသူက ဆွဲ .....
အာဏာရှင်ကို မုန်းတီးတော်လှန်လိုစိတ်တွေ
မင်းရဲ့ သွေးနဲ့ရင်းပြီး
ရိုက်သွင်းပေးခဲ့တဲ့
ညီလေး .... မင်းသိပ်တော်တယ်ကွာ

စည်ကမ်းပြည်ဝသော
ဒီမိုကရေစီ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ
အိပ်ပျော်နေတဲ့ ငါတို့ ပြည်သူတွေကို
အိမ်မက်ကနေ လှုပ်နိုးလို့
အာဏာရှင်ကို တွန်းလှန်ဖို့
ကြောက်သွေးတွေကို ဖောက်ထုတ်ပြီး
မင်း ... သွင်းပေးခဲ့တဲ့
သွေး ... ခွပ်ဒေါင်းသွေး
သစ် ... အတွက်
မင်းကို ကျေးဇူးတင်တယ်
ညီလေး ..... မင်းသွေးသစ်

________________
Zarni Htike's status

လက်ပံတန်းမြို့တွင် အမျိုးသားပညာရေးသပိတ် ပင်မစစ်ကြောင်းအား အစိုးရ၏ အကြမ်းဖက်ဖြိုခွင်းမှုကို ပခုက္ကူမြို့ရှိ ၀ိဇ္ဖာ၊ သိပ္ပံတက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်တို့မှ ကျောင်းသားသမဂ္ဂများ စုပေါင်း၍ ကန့်ကွက်ကြောင်း သဘောထားကြော်ငြာချက် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ပခုက္ကူမြို့ရှိ တက္ကသိုလ်အသီးသီးမှ ကျောင်းသားသမဂ္ဂများ၏ ပင်မသပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွင်းမှုခံရမှုအား ကန့်ကွက်ကြောင်း သဘောထားကြေငြာချက်တွင် "(၁) ကျွန်ုပ်တို့ ကျောင်းသားကျောင်းသူများ ငြိမ်းချမ်း စွာ လမ်းလျှောက်ချီတက်ခြင်းကို အစိုးရမှ အကြမ်းဖက်ဖြိုခွင်းခဲ့သဖြင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲအား ဆူပူ အနှောက်အယှက်ဖြစ်စေခြင်းမှာ အစိုးရ၏ လုပ်ရပ်ကြောင့်သာဖြစ်သည်။ (၂) ထို့ကြောင့် ကျွန်ုတို့ ပခုက္ကူ ၀ိဇ္ဖာ၊ သိပ္ပံတက္ကသိုလ် နှင့် နည်းပညာတက္ကသိုလ်တို့ရှိ ကျောင်းသားသမဂ္ဂများမှ အစိုးရ၏ အကြမ်းဖက် အင်အားသုံး ဖြိုခွင်းခြင်းလုပ်ရပ်များကို အပြင်းအထန် ကန့်ကွက်ရှုံချသည်။ (၃) လက်ရှိအချိန်တွင် ဖမ်းဆီးထားသောကျောင်းသား ကျောင်းသူများကို အမြန်ဆုံးပြန်လည်လွတ်ပေးရန် တောင်းဆိုသည်။ လိုက်လျောမှုမရှိပါက တစ်နိုင်ငံလုံးရှိ ကျောင်းသားကျောင်းသူများ စုပေါင်းအားဖြင့် အင်တိုက်အားတိုက်ကြိုးစားဆောင်ရွက်သွားမည်။" ဟု အချက် (၃)ချက်ဖြင့် သဘောထားကြော်ငြာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

"အေးချမ်းစွာ ဆန္ဒထုတ်ဖော်နေတဲ့ ကျွန်တော်တို့ ကျောင်းသားသပိတ်စစ်ကြောင်းကို အစိုးရက အခုလို အင်အား အလွန်အကျွံသုံး ဖြိုခွင်းတာကို လက်မခံနိုင်ပါဘူး။ အစိုးရရဲ့ လုပ်ရပ်ဟာ အင်မတန်မှ ဥပဒေက ပေးထားတဲ့ အခွင့်အာဏာကို ကျော်လွန်ပြီး အကြမ်း ဖက်ဖြိုခွင်းတာပါ။ ဘာလက်နက်မှ မပါတဲ့ ကျွန်တော်တို့ ကျောင်းသားတွေ အဖမ်းခံနေရပြီး ဖြစ်တဲ့ ကျောင်းသားတွေကို ၀င်ရောက်ရိုက်နှက်တဲ့ လုပ်ရပ်တွေကို လက်မခံလို့ ဒီသဘောထားကြေငြာချက်ကို ထုတ်ပြန်ရခြင်းဖြစ်ပါတယ်" ဟု ပခုက္ကူမြို့ နည်းပညာတက္ကသိုလ် ကျောင်းသား သမဂ္ဂ ဥက္ကဌ ကိုစိုးထွဋ်ဝင်း ကပြောသည်။

အချက် ၃ချက် ပါဝင်သည့် အဆိုပါသဘောထား ကြော်ငြာချက်အား ယခုလ ၁၁ရက်နေ့ ညနေ ၅နာရီခန့်တွင် ပခုက္ကူမြို့ရှိ ၀ိဇ္ဖာ၊ သိပ္ပံတက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်တို့မှ ကျောင်းသားသမဂ္ဂများ စုပေါင်း၍ ရွှေဘုံသာ ဘုန်းတော်ကြီးကျောင်းအနီးတွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။


၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးကို စစ်တပ်က အင်အားသုံးဖြိုခွင်းပြီးတဲ့နောက် နယ်စပ်ဒေသကို ထွက်ခွာခဲ့တဲ့ အဆိုတော်မွန်းအောင်တစ်ယောက် ၂၆နှစ်အတွင်း သူ့ရဲ့ပထမဆုံး ဂီတဖျော်ဖြေပွဲဖြစ်တဲ့ ဝတ်မှုန်ကူးတဲ့ညကို ရန်ကုန်မှာ မတ်လ ၁ဝရက်နေ့က ဖျော်ဖြေခဲ့ပါတယ်။ မွန်းအောင်ရဲ့ ဝတ်မှုန်ကူးတဲ့ညဟာ သွေးမုန်တိုင်းလည်း တိုက်ခိုက်ခဲ့ပါတယ်။

မွန်းအောင်ရဲ့ အမာခံပရိသတ်တွေသာမက လူငယ်မျိုးဆက်သစ်တွေ ထောင်နဲ့ချီပြီး အားပေးခဲ့ကြတဲ့ ရန်ကုန်မြို့ အမျိုးသားဇာတ်ရုံ ဖျော်ဖြေပွဲမှာတော့ သူ့ရဲ့နာမည်ကျော်သီချင်းတွေဖြစ်တဲ့ ၈/၈၂ အင်လျား၊ မိုးလုံးမှိုင်း၊ စိဉ္စမာဏဉာဏ်၊ လွမ်းရတဲ့ညတွေ လွန်ပါစေ စတဲ့သီချင်းတွေကို ဖျော်ဖြေခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ပြည်ပမှာ ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ ၁ဝနှစ်ပြည့် ၁၉၉၈မှာ ထုတ်ဝေခဲ့တဲ့ ငြိမ်းချမ်းရေးတိုက်ပွဲ အယ်လ်ဘမ်ထဲက သွေးမုန်တိုင်း၊ အရေးကြီးပြီ၊ ပျံသာပျံသာ ခွပ်ဒေါင်းနီ စတဲ့ ကျောင်းသားလှုပ်ရှားမှုသီချင်းတွေကိုလည်း ဖျော်ဖြေခဲ့ပါတယ်။ မွန်းအောင်ရဲ့ အရေးကြီးပြီ ညီနောင်အပေါင်းတို့သီချင်းသံဟာ အဲဒီနေ့မနက်က လက်ပံတန်းမှာ ကျောင်းသားသပိတ်မဖြိုခွဲခင်မှာ ကျောင်းသားတွေ နောက်ဆုံးသီဆိုခဲ့ကြတဲ့သီချင်းလည်းဖြစ်ပါတယ်။

ငယ်စဉ်ကတည်းက မွန်းအောင်ရဲ့သီချင်းတွေကို ကြိုက်ခဲ့ပြီး ကျောင်းသားလှုပ်ရှားမှုနဲ့ပတ်သက်တဲ့ မွန်းအောင်ဆိုခဲ့တဲ့ သီချင်းတွေဟာ သူ့ရင်ထဲကို နက်နက်ရှိုင်းရှိုင်း ထိခတ်နေဆဲပါလို့ ပြောလာသူက ဦးကျော်သူပါ။ မွန်းအောင်သီချင်းတွေအကြောင်းပြောရရင် အခုထိ မျက်ရည်လည်နေရဆဲမို့ မွန်းအောင်သီဆိုတာကို နားထောင်ဖို့ ရောက်လာခဲ့ပါတယ်လို့ ဆိုပါတယ်။

မွန်းအောင်ဟာ အဆိုတော်တစ်ယောက်လည်းဖြစ်သလို နိုင်ငံရေးလှုပ်ရှားသူတစ်ယောက်လည်းဖြစ်တယ်လို့ ဆိုလာသူက ကိုဘော်နီပါ။ မွန်းအောင်သီဆိုခဲ့တဲ့သီချင်းတွေကို ပြန်ကြည့်ရင် တော်လှန်ရေးအကြောင်းတွေ ပါနေပြီး တိုင်းပြည်ကိုအကျိုးပြုနေတာဖြစ်တယ်လို့ ငယ်စဉ်ကတည်းက အခုထိ မွန်းအောင်သီချင်းတွေနဲ့ ဖြတ်သန်းခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာပြည်ကိုပြန်လာပြီး သီချင်းဆိုတယ်ဆိုတာ လက်ရှိကျောင်းသားတွေကို အားပေးနှစ်သိမ့်ချင်တဲ့သဘောပါမယ်လို့ ထင်တယ်လို့ ဆိုလာသူက မမိုမိုပါ။

Kamayut Media



လက်ပံတန်း ပင်မကျောင်းသားသပိတ်စခန်းမှ ဖမ်းဆီးခံရတဲ့သူများကို ပုဒ်မ ၅ ခုနဲ့ ဒီနေ့ လက်ပံတန်း တရားရုံးမှာ ရဲမှူးကြီးဝင်းစိန်က တရားလိုလုပ်ပြီး တရားစွဲဆိုလိုက်ပါတယ်။

တရားစွဲဆိုထားတဲ့ ပုဒ်မ ၁၄၃ (ဥပဒေနှင့် ဆန့်ကျင်သော အစုအဝေး တခုတွင် ပါဝင်သူ)၊ ပုဒ်မ ၁၄၅ (လူစုခွဲရန် အမိန့်ပေးပြီးကြောင်း သိလျက် ဥပဒေနှင့် ဆန့်ကျင်သော အစုဝေးတွင်ပါဝင်နေခြင်း)၊ ပုဒ်မ ၁၄၇ (ရုန်းရင်းဆန်ခတ်မှု)၊ ပုဒ်မ ၃၃၂ (ပြည်သူ့ဝန်ထမ်းအား ၀တ္တရားဆောင်ရွက်ခြင်းမှ ဟန့်တားရန် မိမိ အလို အလျှောက် နာကျင်စေမှု)၊ ပုဒ်မ ၅၀၅(ခ) (အများပြည်သူ၏ အကျိုးပျက်စီးစေမှု) စုစုပေါင်း ပုဒ်မ ၅ ခုဖြင့် တရားစွဲဆိုထားပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no


ကရင်ပြည်နယ် ကော့ကရိတ်မြို့အနီးနားမှာ အစိုးရတပ်တွေနဲ့ ဒီကေဘီအေ ကလိုထူးဘော တပ်ဖွဲ့က ဗိုလ်မှူးကြီး စောဆန်းအောင်ရဲ့ တပ်တွေအကြား ဒီကနေ့မွန်းလွဲပိုင်းက တိုက်ပွဲတွေ ဖြစ်ပွားပါတယ်။

ဗိုလ်မှူးကြီးစောဆန်းအောင်က ‘ကော့ကရိတ်တောင်ဘက်ခြမ်း တမိုင်ကုန်းနဲ့ ဖန်းငါးကုန်းကြား မှာပေါ့။ ကျနော်တို့ကို လက်ရှိ ထိုးစစ်ဆင်ပြီးတော့ ၀ိုင်းဖို့တက်လာတယ်။ ခုနက ၂ နာရီ ၀န်းကျင်လောက်မှာ တိုက်ပွဲဖြစ်တယ်။ ခုထိဖြစ်နေတယ်။ သူတို့အင်အားကတော့ များတယ် ကျနော့်ဆီလာတဲ့ အင်အားက ၆၀ လောက်ရှိတယ်။ တပ်ကတော့ ၅၄၇ ရောက်လာတယ်ပြောတယ် အမှန်က ဒီမှာလှုပ်ရှားတာ ၂၃၁တပ်။ ခု ၅၄၇ ရောက်လာတယ်’ ’လို့ ဒီဗွီဘီကို ပြောပါတယ်။

နှစ်ဘက်ထိခိုက်ဒဏ်ရာရမှုတွေနဲ့ပတ်သက်လို့မသိရသေးပေမယ့် ဒီကေဘီအေဘက်ကတော့ ထိခိုက်ဒဏ်ရာရမှုမရှိပါဘူးလို့ ပြောပါတယ်။

တိုက်ပွဲကြောင့် ဒေသခံရွာသားတွေ ဘေးလွတ်ရာကို တမ်းရှောင်နေကြရတယ်လို့ တိုက်ပွဲဖြစ်ရာနေရာ အနီးမှာရောက်ရှိနေတဲ့ ဒီဗွီဘီသတင်းထောက်က ပြောပါတယ်။

“ကျနော်တို့ ရောက်သွားတဲ့အချိန်မှာ ပစ်ခတ်သံတွေစပြီးကြားပါတယ်ခင်ဗျ။ လက်နက်ကြီးသံတွေ ၁၅ ချက်လောက်ကြားတယ်။ ရွာသားတွေကတော့ အကုန်ပြေးကြတာပေါ့၊ ပုန်းတဲ့လူ လည်းပုန်းတယ် အိမ်တွေမှာလည်း လူမရှိကြတော့ဘူး လုံခြုံတဲ့နေရာရောက်နေတာပေါ့။ လယ်ကွက်လေးပဲ ခြားတယ်။ ကျနော်မြင်နေရတာကတော့ ရွာဘေးက တောအုပ်ထဲမှာတော့ မီးခိုးတွေငွေ့ပြီး ကျန်ခဲ့တယ်”လို့ ပြောပါတယ်။

ဒီတိုက်ပွဲနဲ့ပတ်သက်ပြီး မွန်းလွဲပိုင်းမှာ သေနတ်သံတွေကြားရတယ်လို့ ကော့ကရိတ်မြို့ခံတဦးက ပြောပေမယ့် ကော့ကရိတ် ရဲစခန်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းကြည့်ရမှာတော့ တိုက်ပွဲနဲ့ ပတ်သက်ပြီး မသိဘူးလို့ ဖြေကြားပါတယ်။

ဗိုလ်မှူးကြီး စောဆန်းအောင်က လက်ပံတန်းမှာပိတ်ဆို့တားဆီးခံရတဲ့ ဒီမိုကရေစီပညာရေး ပင်မ သပိတ်စစ်ကြောင်းက ကျောင်းသားတွေဘက်က ရပ်တည်ထောက်ခံတဲ့ ကြေညာချက်ထွက်ပေါ် လာပြီးနောက် ခုလို အစိုးရတပ်တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားခဲ့တာပါ။

လက်ရှိ တိုက်ပွဲဖြစ်ပွားရခြင်းအကြောင်းရင်းနဲ့ပတ်သက်ပြီး ဗိုလ်မှူးကြီးစောဆန်းအောင်က “ဒီလက်ပံတန်းမှာ ကျောင်းသားတွေကို နှိမ်နင်းတဲ့အချိန်မှာ ကျနော်လည်းဒီမှာ မြို့ထဲကိုဝင်ပြီး မထိုးဖောက်နိုင်အောင်လည်းပါမယ်။ တဖက်ကလည်း ကျနော်တို့ အချင်းချင်း ပြန်ပြီးလက်ခံတဲ့ အပေါ်မှာ အစာမကျေဘဲ လိုက်တိုက်တာလဲပါမယ်လို့ ကျနော်သုံးသပ်တယ်။ ပြန်လည်တာဝန်ခန့် အပ်တဲ့နောက်ပိုင်းမှာ ထိုးစစ်တွေက ကျနော့်ကို ဦးတည်ပြီးတော့ လှုပ်ရှားလာတာ သီတင်းတပတ် ၀န်းကျင်လောက်ရှိပြီ”လို့ ပြောပါတယ်။

ဗိုလ်မှူးကြီး စောဆန်းအောင်ကို ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(ဒီကေဘီအေ)က အမိန့်နာခံခြင်း မရှိဟုဆိုကာ ပြီးခဲ့တဲ့နှစ်က ထုတ်ပယ်ခဲ့တာဖြစ်ပြီး မတ်လ ၇ ရက်နေ့ကမှ အဖွဲ့ဝင်အဖြစ် ပြန်လည်ခန့်အပ်ထားတာပါ။

ကရင်ပြည်နယ် မြ၀တီမြို့အနားမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းကလည်း ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ) လက်အောက်ခံတပ်နဲ့ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့ တခုတို့ အကြား ပစ်ခတ်မှုဖြစ်ပွားပြီး ကေအန်ယူဘက်က တဦးသေ၊ တဦးဒဏ်ရာရကာ နယ်ခြားစောင့်တပ်က တဦးဒဏ်ရာခဲ့ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no


၂၀၁၅ခုနှစ်၊ မတ်လ ၈ရက်

သင်္ချာပုစ္ဆာများမှာကဲ့သို့ မြန်မာ့နိုင်ငံရေးတွင်လည်း ဤသို့ ပုံသေနည်း ထုတ်လျှင်ရမည်ဟု ထင်မြင်ယူဆပါသည်။

(အကြမ်းဖက်မှု) + (ဗြောင်လိမ်လည်မှု) = နိုင်ငံတော်အစိုးရ

“အကြမ်းဖက်မှုနှင့် ဗြောင်လိမ်လည်မှု” တို့သည် သမ္မတဦးသိန်းစိန် ကြံ့ဖွံ့အစိုးရ၏ သဘောသဘာဝကို ဖော်ပြရာတွင် အဓိက ကျသည့် စကားလုံးနှစ်ခုပင် ဖြစ်ပါသည်။ အကြမ်းဖက်မှုကို ပြုလုပ်ပြီးလျှင် ဗြောင်လိမ်လည်ပြောဆိုမှု ကပ်ပါလာတတ်ပြီး အပြန် အလှန်အားဖြင့် ဗြောင်လိမ်လည်ပြောဆိုမှုပြုပြီးနောက် အကြမ်းဖက်မှု လိုက်ပါလာတတ်စမြဲဖြစ်သည်။

ယင်းသဘောသဘာဝနှင့် အမူအကျင့်သည် သမ္မတဦးသိန်းစိန် ကြံ့ဖံွ့အစိုးရတစ်ခုတည်း၏ သီးခြားလက္ခဏာမဟုတ်။ ကြံ့ဖွံ့အ စိုးရ၏ အာဏာအမွေဆက်ခံခဲ့သည့် (နဝတ-နအဖ) စစ်အစိုးရ၏ စရိုက်သဘာဝနှင့် အပြုအမူကလည်း ထိုနည်းလည်းကောင်း ပင်ဖြစ်သည်။ (နဝတ-နအဖ) စစ်အစိုးရကလည်း ထိုစရိုက်သဘာဝနှင့်အပြုအမူကို ဗိုလ်ချုပ်ကြီးနေဝင်း၏ “တော်လှန်ရေး ကောင်စီ” သို့မဟုတ် (မဆလ)အစိုးရ၏ အမွေကို ဆက်ခံထားခြင်းဖြစ်ပါသည်။ ဘမျိုးဘိုးတူဆိုသည့်စကားကဲ့သို့ပင်။ သို့ဖြင့် “အကြမ်းဖက်မှုနှင့် ဗြောင်လိမ်လည်မှု”အမွေကို “တော်လှန်ရေးကောင်စီ သို့မဟုတ် (မဆလ) အစိုးရ”ထံမှ (နဝတ-နအဖ) စစ်အစိုးရသည်လည်းကောင်း၊ (နဝတ-နအဖ) အစိုးရထံမှ သမ္မတဦးသိန်းစိန်ကြံ့ဖွံ့အစိုးရသည်လည်းကောင်း ရိုးရာအစဉ်အလာ မပျက် ထိန်းသိမ်းဆက်ခံခဲ့ကြသည်။

ယင်းသို့ ဘမျိုးဘိုးတူ “အကြမ်းဖက်မှုနှင့် ဗြောင်လိမ်လည်မှု” ပြုခဲ့ကြပုံနှင့် ပတ်သက်၍ ထင်ရှားသည့် သက်သေသာဓကအချို့ကို တင်ပြပါမည်။

တော်လှန်ရေးကောင်စီနှင့်(မဆလ) အစိုးရ၏ “အကြမ်းဖက်မှုနှင့် ဗြောင်လိမ်လည်မှု”

ဗိုလ်ချုပ်ကြီးနေဝင်း၏ တော်လှန်ရေးကောင်စီအစိုးရသည် “ဖက်ဒရယ်မူ”ကို ခွဲထွက်ရေး၊ ပြည်ထောင်စုဖြိုခွဲရေးအဖြစ် လိမ်လည် သရုပ်ဖျက်၍ အာဏာသိမ်းခဲ့သည်။ ယင်းနောက် “၇ရက်၊ ဇူလိုင်” အကြမ်းဖက်သတ်ဖြတ်မှုနှင့် (တကသ) အဆောက်အအုံကို မိုင်းဗုံးဖြင့် ဖြိုချခဲ့သည်။ ယင်းနောက် (မဆလ) “အတုအယောင်ဆိုရှယ်လစ်ဝါဒ” (၁၉၇၄ အခြေခံဥပဒေ)ဖြင့် အုပ်စိုးပါသည်။ ထိုကာလတွင် ၇၄၊ ၇၅၊ ၇၆ ကျောင်းသား၊ အလုပ်သမား အရေးအခင်းများ၊ ၁၉၈၇ ငွေစက္ကူအရေးအခင်းများတွင် အကြမ်းဖက် ခဲ့ပြီး ၁၉၈၈ခုနှစ်တွင် ပေါ်ပေါက်လာသော ဒီမိုကရေစီအရေးတော်ပုံကြီးကို အကြမ်းဖက်ဖိနှိပ်ခဲ့ပါသည်။ ကျောင်းသားလူငယ်များ စွာ ပစ်သတ်ခံရပါသည်။ အကျဉ်းထောင်များအတွင်း လူမဆန်စွာ နှိပ်စက်ညှင်းပမ်းခဲ့ပါသည်။ ထို့အပြင် ၈၈ ဒီမိုကရေစီအရေး တော်ပုံကြီးအား “မင်းမဲစရိုက် ဆူပူသောင်းကျန်းမှု” ဖြစ်လေဟန် လိမ်လည် သရုပ်ဖျက်ခဲ့ပါသည်။

(နဝတ-နအဖ) စစ်အစိုးရ၏ “အကြမ်းဖက်မှုနှင့် ဗြောင်လိမ်လည်မှု”

အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးစောမောင်က ၁၉၉၀ပြည့် ရွေးကောက်ပွဲပြီးလျှင် အနိုင်ရသည့်ပါတီအား အာဏာအပ် ၍ စစ်တပ်က စစ်တန်းလျားပြန်မည်ဟု တိုင်းသိပြည်သိ ကတိစကားပြောကြားခဲ့သော်လည်း ထိုကတိစကားကို ဖောက်ဖျက်ခဲ့ သည်။ ၁၉၉၀ပြည့် ရွေးကောက်ပွဲရလဒ်ကိုလည်း အသိအမှတ်မပြုခဲ့ချေ။ ထို့အပြင် ကျောင်းသားလူငယ်များ၊ ဒီမိုကရေစီအရေး လှုပ်ရှားသူများ အမြောက်အများ ဖမ်းဆီးပြီး နှစ်ရှည်ထောင်ဒဏ်များချမှတ်ကာ ထောင်တွင်းအကြမ်းဖက်မှုမျိုးစုံဖြင့် ဖိနှိပ်သတ် ဖြတ်မှုများကို လက်ရဲဇက်ရဲ ပြုလုပ်ခဲ့ကြပါသည်။
ထို့နောက် “ညောင်နှစ်ပင်ညီလာခံ” သို့မဟုတ် အတုအယောင် အမျိုးသားညီလာခံ ဖန်တီးခဲ့သည်။ ယင်းသို့ လိမ်ညာမှုများ ပြုခဲ့ ပြီးနောက် ရန်ကုန်မြို့ပေါ်တွင် တုတ်ဓါးကိုင်စွမ်းအားရှင်များဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား အကြမ်းဖက်မှုများ၊ ခြိမ်း ခြောက် အနိုင်ကျင့်မှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့ပါသည်။

ထိုသို့ အကြမ်းဖက်မှုများအနက် ၂၀၀၃ခုနှစ်၊ မေလ ၃၀ရက်နေ့တွင် ကျူးလွန်ခဲ့ကြသည့် “ဒီပဲယင်းအကြမ်းဖက် သတ်ဖြတ် မှု”သည် အကြီးမားဆုံးသော အကြမ်းဖက်မှုဖြစ်သည်။ ထို “ဒီပဲယင်း အကြမ်းဖက်သတ်ဖြတ်မှု”ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကိုယ်တိုင်က အမိန့်ပေးပြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးဝင်း ဦးဆောင်၍ အဖွဲ့ဝင်အဖြစ် ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့်တို့က အနီးကပ် ဦးဆောင်ကွပ်ကဲခဲ့ကြကြောင်း ဝန်ကြီးချုပ်ဟောင်းခင်ညွန့်က သူ၏ကိုယ်တိုင်ရေးစာအုပ် “ကြုံတွေ့ခဲ့ရသော ကျွန်တော့်ဘဝ အထွေထွေစာအုပ်”တွင် ဖွင့်ချရေးသားထားပါသည်။ သူ့တွင်လည်း တာဝန်ရှိကြောင်း ဝန်ခံထားပါသည်။

ထို့အပြင် ၂၀၀၇ခုနှစ်တွင် ပေါ်ပေါက်ခဲ့သော ရွှေဝါရောင် သံဃာအရေးအခင်းကိုလည်း အကြမ်းဖက်ခဲ့သည် မဟုတ်ပါလား။

ယင်းသို့ အကြမ်းဖက်မှုများပြုလုပ်ပြီးနောက် “လမ်းပြမြေပုံ ၇ချက်”ကို ထုတ်ပြန်ကာ အခြေခံဥပဒေ (၂၀၀၈)ကို စိတ်ကြိုက် ရေး သားခဲ့ကြပါသည်။ ယင်းနောက် နာဂစ်မုန်တိုင်းကြီး ကျရောက်နေစဉ်မှာပင် အတင်းအဓမ္မ အတည်ပြုခဲ့ပါသည်။


သမ္မတဦးသိန်းစိန် ကြံ့ဖွံ့အစိုးရ၏ “အကြမ်းဖက်မှုနှင့် ဗြောင်လိမ်လည်မှု”

(တော်လှန်ရေးကောင်စီ)၊ (မဆလ)၊ (နဝတ-နအဖ)စစ်အစိုးရတို့၏ အမွေခံအစိုးရဖြစ်သော သမ္မတဦးသိန်းစိန် ကြံ့ဖွံ့အစိုးရသည် လည်း “အဖေထက်သား တစ်လကြီး” ပြီး “ဆရာထက် တပည့် လက်စောင်းထက်ကြသူများ”ဟု ဆိုရပါလိမ့်မည်။

ပါးစပ်မှ “မိဘပြည်သူများခင်ဗျား – တွေ့ဆုံဆွေးနွေးရေး နိုင်ငံရေးယဉ်ကျေးမှု”ဆိုသည်များကို ပြောနေသော်လည်း လက်တွေ့ တွင်မူ မီးလောင်ဗုံး၊ သေနတ်၊ လက်ကိုင်ဒုတ်၊ ဘူဒိုဇာ၊ “အမည်မသိ တုတ်ဓါးကိုင်လူအုပ်ကြီးများ”ကို အသုံးပြု၍ အကြမ်းဖက်မှု မျိုးစုံကို ၄နှစ်တာကာလအတွင်း စံချိန်တင် ကျူးလွန်ခဲ့ကြပါသည်။

လက်ပံတောင်း၊ မိတ္ထီလာ၊ ထန်းကုန်း၊ ဥက္ကံ၊ လားရှိုး၊ မန္တလေးမြို့တို့တွင် ပေါ်ပေါက်လာခဲ့သော အကြမ်းဖက်မှုများ၌ သမ္မတ ဦးသိန်းစိန် ကြံ့ဖွံ့အစိုးရ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေပါသည်။ ထိုသို့ ဘာသာရေးလူမျိုးရေး ခုတုံးလုပ် ဗန်းပြပြီး ဖြစ်ပေါ်ခဲ့သော အကြမ်းဖက်သတ်ဖြတ်မှုများသည် ၂၀၀၈အခြေခံဥပဒေ အတည်ပြုပြီးနောက် ပေါ်ပေါက်လာသည့် အရုပ်ဆိုး၊ အကျည်းတန်ဆုံး သော၊ အရိုင်းစိုင်းဆုံးသော၊ အကြမ်းဖက်မှုများလည်း ဖြစ်ပါသည်။ ထိုလှုပ်ရှားမှုများ၏ လက်သည်တရားခံဖြစ်သည့် “အမည်မသိ တုတ်ဓါးကိုင် လူအုပ်ကြီးများ”ကို ယနေ့အထိ တိတိကျကျ ထုတ်ဖော်ပေးခြင်းလည်း မရှိခဲ့ချေ။

ထို့အပြင် စစ်တပ်နှင့်ရဲက ကျူးလွန်သည့် အကြမ်းဖက်မှုများဖြစ်သော “ကိုပါကြီး၊ ဒေါ်ခင်ဝင်းတို့အား သတ်ဖြတ်မှု၊ စေတနာ့ဝန် ထမ်း ကချင်ကျောင်းဆရာမလေးနှစ်ဦး မုဒိမ်းကျင့်သတ်ဖြတ်ခံရမှု စသော လူမဆန်သည့် အကြမ်းဖက်မှုများကို ဆက်တိုက် ဆို သလို ပြုလုပ်ခဲ့ကြပါသည်။

သမ္မတဦးသိန်းစိန် ကြံ့ဖွံ့အစိုးရသည် ထိုသို့ လူမဆန်သော အကြမ်းဖက်မှုမျိုးစုံကို ဖော်ထုတ်နိုင်ခြင်းမရှိသည့်အပြင် ပိုမို အတင့်ရဲ ရမ်းကားလာသော အကြမ်းဖက်မှုတစ်ခုကို ပြုလုပ်စေခဲ့ပြန်ပါသည်။

လွန်ခဲ့သော မတ် ၅ရက်နေ့က ရန်ကုန်မြို့လည်ခေါင်တွင် “တာဝန်” လက်ပတ်နီပတ်ထားသည့် တေလေဂျပိုးများ”၏ အကြမ်း ဖက်မှု ပေါ်ပေါက်လာခဲ့ပါသည်။ ထို“တာဝန်”လက်ပတ်နီပတ်ထားသည့် တေလေဂျပိုးများသည် ရန်ကုန်မြို့တော်ခမ်းမထဲမှ ထွက် လာကြပြီး အကြမ်းဖက်ရန်ပြုပါသည်။ ယင်းနောက် ရန်ကုန်မြို့တော်ခမ်းမထဲ ပြန်လည်ဝင်ရောက်သွားကြသည်။ ထို“တာဝန်” လက်ပတ်နီပတ်ထားသည့် တေလေဂျပိုးများသည် အကြမ်းဖက် ရန်ပြုပြီးနောက် အသင့်စောင့်ဆိုင်းနေသည့် တုတ်ဒိုင်းကိုင် ရဲများက ဆန္ဒပြသူများကို ဝင်ရောက်ရိုက်နှက်ပါသည်။

ထိုသို့ “တာဝန်” လက်ပတ်နီပတ်ထားသည့် တေလေဂျပိုးများနှင့် တုတ်ဒိုင်းကိုင်ရဲများ ပူးပေါင်း၍ အကြမ်းဖက်ခဲ့မှုကို ပြန်ကြား ရေးဝန်ကြီးက “အကြမ်းဖက်ခြင်းမဟုတ် အင်အားသုံးခြင်းသာဖြစ်သည်”ဟူ၍ ဗြောင်လိမ်လည်ပြောဆိုပါသည်။ အစိုးရပိုင် သတင်းစာမှနေ၍လည်း အဖြစ်မှန်ကို ဖုံးကွယ်၍ လိမ်လည်ရေးသားပါသည်။ ဤသည်မှာ သူတို့လေ့ကျင့် မွေးမြူထားသည့် တေလေဂျပိုးများ၏ အကြမ်းဖက်လုပ်ရပ်ကို ပြည်ထောင်စုအဆင့်ဝန်ကြီး (သို့မဟုတ်) သမ္မတပြောရေးဆိုခွင့်ရှိသူက ဗြောင်လိမ် လည်၍ အကာအကွယ်ပေးခြင်းသာ ဖြစ်ပါသည်။ ထိုသို့ပြောဆိုမှုသည် “တာဝန်” လက်ပတ်နီပတ်ထားသည့် တေလေဂျပိုးများ ၏ အကြမ်းဖက်ရမ်းကားမှုကို “နိုင်ငံတော်အစိုးရက အကာအကွယ်ပေးခြင်း” ဖြစ်သည်။

ထိုအကြမ်းဖက်မှုကို ဖော်ထုတ်ပေးရမည်။ အမိန့်ပေးစေခိုင်းသူများကို ထိထိရောက်ရောက် အပြစ်ပေးအရေးယူရမည်။ ထိုအ ကြမ်းဖက်မှုကို ငြိမ်းချမ်းရေးနှင့်ဒီမိုကရေစီကို လိုလားသူတိုင်းက ဝိုင်းဝန်းဆန့်ကျင် ကန့်ကွက်ကြရမည်သာဖြစ်သည်။ အကြမ်း ဖက်မှုနှင့်ပတ်သက်၍ မသိဟန်၊ မကြားဟန်ဆောင်နေသူ၊ မည်သည့်စကားမျှလည်းမဆိုသူများ၊ ပါတီအဖွဲ့အစည်းများသည် အကြမ်းဖက်မှုကို လက်ပိုက်ကြည့်နေသူများ၊ အားပေးအားမြှောက်ပြုနေသူများ၊ ပူးပေါင်းကြံစည်သူများသာ ဖြစ်ပါလိမ့်မည်။

အထက်တွင် တင်ပြခဲ့သည့် ဖြစ်ရပ်မှန် သာဓကအချို့ကိုကြည့်ပြီး ဗိုလ်ချုပ်ကြီးနေဝင်း၏ တော်လှန်ရေးကောင်စီအစိုးရ၊ ဥက္ကဋ္ဌ ကြီးဦးနေဝင်း၏ (မဆလ)တပါတီအာဏာရှင်အစိုးရ၊ ဗိုလ်ချုပ်မှူးကြီးစောမောင် – ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဗိုလ်ချုပ်ကြီးခင်ညွန့် တို့၏ (နဝတ-နအဖ) စစ်အာဏာရှင်အစိုးရ၊ သမ္မတဦးသိန်းစိန်ကြံ့ဖွံ့အစိုးရတို့၏ အဓိကတူညီသော စရိုက်လက္ခဏာနှင့် အပြုအ မူမှာ “အကြမ်းဖက်မှုနှင့် ဗြောင်လိမ်လည်မှု”သာဖြစ်သည်ဟု ကောက်ချက်ချရလိမ့်မည်သာ ဖြစ်ပါတော့သည်။

(မောင်ကျော်စွာ)
ကေအိုင်စီ - KIC News
http://kicnews.org


လက်ပံတန်း၊မတ် ၁၀ရက်

နေရောင်က ပူပြင်းလှသည်။ နေရောင်အောက်တွင် အဖွဲ့အစည်းနှစ်ခု တွန်းထိုးနေကြသည်။ ထိုသူ များကား မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် သပိတ်မှောက် ကျောင်းသားများပင်။ သပိတ်မှောက် ကျောင်းသားများမှာ လက်ပံတန်းမြို့ပေါ်ရှိ ကျွန်းကလေးလမ်းတွင် တစ်ဖက်တစ်ချက်ပိတ်ဆို့ထား သော ရဲတပ်ဖွဲ့များကြား ထိုနေရာမှ ထိုးဖောက် ရန်ကြိုးစားနေခြင်းပင်။

ရဲတပ်ဖွဲ့ဝင်အင်အား ၅ဝဝ ထက်မနည်း ပိတ်ဆို့ထားမှုများကြား လူခြင်းတိုက်ကာအပြင် ရောက်အောင် တိုးထွက်နေကြခြင်းပင်။ ကျောင်းသားက ၁၅ဝခန့် သာ။ နောက်ဆုံးကျောင်းသားများ ရာဇသံပေးခဲ့ သောအချိန်ဖြစ်သည့် ၁ဝနာရီ ၁ဝမိနစ်သို့ ရောက်ရှိသည့် တိုင် ပဲခူးတိုင်းဒေသကြီး နယ်လုံ ဝန်ကြီးနှင့် ညှိနှိုင်းရာ အဆင်မပြေ သဖြင့် နံနက် ၁၁နာရီ ၄၅မိနစ်က စတင်ပြီး တွန်းထိုးနေကြခြင်းဖြစ် သည်။

နယ်လုံဝန်ကြီးက ကျောင်းသားများကို သွားခွင့်ပြုသည်။ သို့သော် အလံကိုင်ခြင်း၊ စတေကာ ကပ်ခြင်း မပြုလုပ်ဘဲ သူတို့စီစဉ်သော ကားများဖြင့် ရန်ကုန်ကို ပြန်ရန်ဖြစ်သည်။ ကျောင်းသားများက လက်မခံ သောကြောင့် အခြေအနေက တင်းမာလာခြင်းဖြစ်သည်။

တွန်းထိုးလိုက်၊ နားလိုက် ထပ်မံတွန်းထိုးလိုက်။ သို့နှင့် အချိန်ကား တစ်နာရီကျော်လာပြီ ဖြစ်သည်။ တစ်နာရီကျော်လာ သောအခါတွင် ရဲတပ်ဖွဲ့များနှင့် ကျောင်းသားများကြား ရေဘူးများ ဝဲလာသည်။ မည်သူဘက်က ထွက်လာသော ရေဘူးများမှန်းမသိ။ ထို့နောက် ရေဘူးများနောက်တွင် ခဲများ၊ဖိနပ်များအပြန် အလှန်ပေါက်ကြသည်။

အပြန်အလှန်ပေါက်ပြီးနောက် ရဲတပ်ဖွဲ့ဝင်များကြားမှ မည်သူက အော်လိုက်သည်မသိ 'အဲဒီ ကောင်တွေ ချကွာချချ'ဆိုသော အသံ ထွက်ပေါ်လာပြီးနောက် တပ်ဖွဲ့ဝင်များ နံပါတ်တုတ် ကိုယ်စီဖြင့် ရိုက်နှက်ကြတော့သည်။ တွေ့သမျှ ကျောင်းသားများကို အကုန်ရိုက်ခြင်းပင်။

ရိုက်သည်ဆိုရာတွင် အနည်း ငယ်ရှင်းပြလိုသည်။ ရဲတပ်ဖွဲ့ဝင် နှစ်ဦးက ကျောင်းသား တစ်ဦးကို မိလျှင်မိခြင်း ချုပ်နှောင်ထားသည်။ ကျန်ပြေးထွက်လာသော ရဲဘော်များက နံပါတ် တုတ်များဖြင့် ဝိုင်း ပြီးရိုက်ကြခြင်းပင်။ လူတစ်ဦးမှာမူ ရဲများဝိုင်းရံနေသည့်ကြားတွင် လက်နှစ်ဖက်ကို ခေါင်းပေါ်တွင် အုပ်ထားသည့်ကြားမှ ရိုက်နှက်ခြင်းခံရသည်။ ထိုရဲဘော်များ အနောက်တွင်ရှိသော အရာရှိများကတားသည်။ မလုပ်ရန်ပြောသည်။ မရ၊ တားမြစ်နေသည့်ကြားကဝင်ရောက်ရိုက် နှက်ကြသည်။

အိမ်ထဲတွင်ရှိသော ကျောင်း သားများကို ဆွဲထုတ်ကြသည်။ ထို့နောက် ရိုက်နှက်ကြသည်။ ပုန်း အောင်းနေသူများကို ဆွဲထုတ်ကြသည်။ ရိုက်နှက်ကြသည်။ တချို့ဆိုလျှင် ရိုက်နှက်မှုကြောင့် လဲကျသွားသည်။ လဲကျနေသည်ကိုပင် အမှုမထား။ ခြေဖြင့်ကန်ကျောက်ကြသည်။ အချက်နှစ်ဆယ် ထက်မနည်း ရိုက်နှက်ကြသည်။

ထိုသို့မြောက်မြားစွာသော ရဲများအကြားလေးစားစရာကောင်းသူများလည်းရှိနေသည်ကို ချန် လှပ်ထား၍ မဖြစ်ပါချေ။ ကျောင်းသားတစ်ဦးကို အဆိုပါရဲက တွေ့သောခဏ၌ သူ့ဆီပြေးသွားသည်။ ထို့နောက် အုပ်မိုး ထားသည်။ ကျောင်းသားကို ဒိုင်း ဖြင့်ကာထားသည်။ ထိုသူက ဆက်ပြောသည်။ 'ရိုက်ရဲတဲ့ကောင် ရိုက်၊ ငါ့ကိုရိုက်ပြီးမှ ဒီကောင့်ကို ရိုက်'ဟုဆိုကာ ကာကွယ်ပေးပြီး ကားပေါ်တင် ဆောင်သွားသည်။ ထိုကဲ့သို့သူမျိုး ဆယ်ယောက် ထက်မပို။

အဖြစ်အပျက်များက မြန်ဆန် လွန်းသည်။ ဖြတ်ကနဲဖြတ်ကနဲ။ ရဲများက ပြေးလွှားပြီး မဲမဲမြင်ရာ အကုန် ရိုက်ပစ်သည်။ ကျောင်း သားများ၏ သပိတ်ကားတစ်စီး ရပ်ထားသည်ကို ရဲ ၁ဝယောက်ထက် မနည်း ကားပေါ်တက်ကာ ရိုက်သည်။ ကားမှန်ကိုရိုက်ခွဲ သည်။ အပေါ်ရှိပစ္စည်းများကို ထုခွဲသည်။ ကန်ကျောက်သည်။ ကားမှာ ရစရာမရှိ တစ်စစီဖြစ်သွား သည်။ လမ်းပေါ်တွင်ရှိသောခုံများ၊ ဖျာများ၊ ကျောပိုးအိပ်များ၊ အလံများ အစရှိသည့် ပစ္စည်းများ ကိုထုခွဲသည်။ ကန်ကျောက်သည်။

ထို့နောက် ခဏပြန်ငြိမ်သွားသည်။ ပြီးလျှင်သပိတ်မှောက် ကျောင်းသားများကို ကူညီသည့် သပိတ်စခန်း အနောက်ဘက်ရှိ ဘုန်းကြီးကျောင်းဆီသို့ ပြေးသွား ကြပြန်သည်။ အင်အား ၅ဝကျော် ခန့်ကဖြစ်သည်။ ထို့နောက် ပတ်လည်ဝိုင်းထားသည်။ အထဲတွင်ရှိသော ကျောင်းသားများကိုဆွဲထုတ် ရိုက်နှက် ကြိုးတုတ်ထား ကြပြန်သည်။ အနောက်ကအရာ ရှိများက တားမြစ်တုန်း။ သို့သော် မရ။

ထိုအဖြစ်အပျက်များကို မှတ်တမ်းယူနေသူ ကျွန်တော် မောင်မျိုးမှာ သပိတ်စခန်းနှင့် ရဲတပ်ဖွဲ့ ဝင်များတွေ့ဆုံသောနေရာ ထောင့်တွင်ရှိနေခြင်းပင်။ ရုတ်ရုတ်သဲသဲဖြစ်နေစဉ် ထောင့်ကပ်ပြီး ရပ်နေ မိသည်။ ဟိုဘက်သည်ဘက်သွား၍ အဆင်မပြေ။ သွားလဲမသွားရဲ ဖြစ်နေသည်။ ထို့ကြောင့်ပင် အခြားသော သတင်းထောက် လေးယောက်လောက်နှင့်ရပ်နေသည်။ ကျွန်တော့်ရင်ဘတ်တွင်မူ PRESS ဟူသော စာတန်းပါ အရှည်ခြောက်လက်မ၊ အနံသုံး လက်မခန့်ရှိသော ကတ်ပြားကို ချိတ်ဆွဲ ထားသည့်အပြင် လက်ထဲတွင် ကင်မရာတစ်လုံးကိုင်ထားသည်။

ထိုသို့ ရပ်နေစဉ်တွင် ရဲတပ်ဖွဲ့ဝင်တစ်ဦးက လက်ညိုးထိုးကာ 'ဟိုမှာမီဒီယာ အဲဒီကောင်ကို ရိုက်ရိုက်'ဟုပြောဆိုလေသည်။ ထိုသူ၏ အသံကိုကြားပြီး ရဲတပ်ဖွဲ့ဝင် ဆယ်ဦးထက်မနည်း ကျွန်တော့် နောက်ကို လိုက်ကြသည်။ ထိုသို့သော အခြေအနေမျိုးတွင် ကျွန်တော် ပြေးလေတော့သည်။ အတား အဆီးများ ဆူးကြိုးများကို ခုန်ကျော်ပြေးသည်။ အနောက်က လည်း ညာသံပေးပြီးလိုက်သည်။

ခပ်လှမ်းလှမ်းသို့အရောက်တွင် ကျွန်တော် ပြေးရသည်မှာ မောလာပြီဖြစ်သည်။ မောသည် ထက် ညောင်းလာသည်က ပိုမည်ထင်သည်။ ထို့ကြောင့် ပထမအတား အဆီးအကျော်တွင် ချော်လဲ သည်။ ချော်လဲပြီး မကြာတွင် ပုဆိုးက ခြေထောက်နှင့် တုတ်နေသည်။ ထို့ကြောင့် ပုဆိုးချွတ်ကာ ပြေး သည်။ လက်ကိုင်ဖုန်းကျသွား သည် ပြန်မကောက်နိုင်တော့။

ထို့နောက် ပြန်ထသည်။ ပြန်ပြေးသည်။ အနောက်ကညာသံ ပေးပြီးလိုက်သည်။ ထို့နောက် တွင် ကျွန်တော့်ရှေ့တွင် မြင်လိုက်ရ သည်က ကျွန်တော့်ရှေ့မှ ကျွန်တော့်ထံ ပြေးလာသောရဲသား ငါး ဦးထက်မနည်းကိုပင်။ နောက်ကလည်း ၁ဝယောက်ထက် မနည်းလိုက် ရှေ့ကလည်း ငါးဦးထက် မနည်းပြေးလာ။ ခြေမခိုင်တော့ဘဲ ဟန်ချက်ပျက်ကာ နောက် တစ်ကြိမ်လဲကျပြန်သည်။ ကျွန်တော် လဲကျချိန်နှင့် တစ်ပြိုင်နက် ရှေ့က ရဲဘော်တစ်ဦးက ပြေးကန်ချိန်နှင့်ကြုံသဖြင့် ခပ်ရှပ်ရှပ်ကလေး သာထိသွားသည်။ ကံကောင်းသည်ဟ ဆိုရမည်ပင်။

နောက်ကလိုက်လာသော ရဲဘော်တစ်ဦးက နံပါတ်တုတ်ဖြင့် လှမ်းပစ်သည်။ လဲကျသွားသော ကြောင့်မထိလိုက်။ ထို့နောက် လဲကျမှုကြောင့် မီလာပြီဖြစ်သော ရဲဘော်တစ်ဦးက နံပါတ်တုတ်နှင့် နှစ်ချက်ခန့်ဆင့်ရိုက်သည်။ ချက်ကောင်းမထိသောကြောင့် ဘာမှမဖြစ်လိုက်။ ထိုနေရာတွင် ဘေးအိမ် များမှ လူများကလည်း ဝိုင်းအော်ကြသည်။ ရဲများကိုဆဲဆိုကြသည်။ တုတ်ကိုင်ကာ ထွက်လာဖို့ တာဆူသူများလည်း ရှိနေသည်။ ထိုအချိန်မှာပင် အသက် ၃ဝ ကျော်ကျော် အရွယ်ရှိ အမျိုး သမီးကြီးတစ်ဦးက ကျွန်တော့် ကိုယ်ပေါ်မိုးကာ 'ရိုက်ရဲရိုက်ကြည့်' ဟု ကျွန်တော့်ကို ရိုက်ရန်ရွယ်ထား သူများကို ပြောသည်။

ဒေသခံလည်းဖြစ် အမျိုးသမီးလည်းဖြစ်သူ တစ်ဦး၏ ရုတ်တရက်လုပ်ရပ်ကြောင့်ထင်။ ရဲတပ်ဖွဲ့ ဝင်များ မည်သည့်စကားမျှမပြောဘဲ ပြန်လှည့်ထွက်သွားသည်။ အဆုံးဆုံလှည့်ထွက်သွားသည်တော့ မဟုတ်။ ကွက်ကြည့်ကွက် ကြည့်လုပ်နေကြတုန်း။ လက်ထဲတွင် ကင်မရာက ဘယ်ရောက်မှန်းလည်း မသိ။ ပုဆိုးလည်း မရှိတော့။ ကျွန်တော့်ကိုကူညီ ကယ်ဆယ်သော အစ်မကြီးကသူ့တို့ အိမ်ကို ခေါ်ကာ အိမ်ထဲတွင် ရေတိုက်ဆေးလိမ်းစသည်တို့ကို ပြုလုပ်ပေးသည်။ စိတ်ထဲမလုံခြုံ၊ ရှေ့မှာလည်း ရဲများကဖြတ်သွား ဖြတ်လာလုပ်နေသေးသည်။ ဘယ် အချိန်ဝင်ရိုက်မလဲဟု စိတ်ထဲက တစ်ထင့်ထင့်။ ထိုအစ်မကြီးက ပြောသည် 'ဘာမှမပူနဲ့ မောင်လေး တစ်ခုခုဖြစ်ရင် အစ်မတို့ကိုဖြတ် ပြီးမှဝင်ရမှာ။ အစ်မတို့စောင့်ရှောက်မယ် ဘာမှမဖြစ်စေရ ဘူး'ဟူ၍။ ပြီးလျှင် အိမ်ပေါ်တွင် ရောက်သူများကို ကြည့် လိုက်မိသည်။ ကျွန်တော်တစ်ဦးတည်း မဟုတ်၊ NLD ကတစ်ယောက်၊ လိုင်ဇာလမ်းလျှောက်အဖွဲ့က တစ်ယောက်၊ နိုင်ငံရေးအကျဉ်းသားတစ်ယောက် စုစုပေါင်းလေးယောက်။ ကျွန်တော်တို့လေး ယောက် တိုင်ပင်ပြီး ကျွန်တော်တို့ နားနေသော အိမ်အနောက်ဘက်သို့ ခိုးကြောင်ခိုးဝှက်ဖြင့်သွားပြီး ပုန်းနေမိသည်။

ကျွန်တော်တို့ လေးယောက်လုံး စိုးရိမ်မိသည်က ညဘက် ပိုက်စိတ်တိုက်ရှာဖွေမှုကိုနှင့် ၁၄၄ ထုတ်ပါက ရန်ကုန်သို့ပြန်မ ရောက်နိုင်မည်ကိုပင်။ အိမ်ရှင် အစ်မကြီးကသတင်းများ လာပေးရှာသည်။ လမ်းပေါ်မှာအခြေအနေ ရဲများသွားလာမှု စသည်ဖြင့်။

ထို့နောက်တွင် ရန်ကုန်ရှိ သတင်းထောက်တစ်ဦးကို အကူအညီတောင်းကာ ရုံးနှင့်အဆက် အသွယ်ရအောင်ကြိုးစားသည်။ ပြီးလျှင်ရုံးနှင့် အဆက်အသွယ်ရပြီး ရန်ကုန်ပြန်နိုင်အောင် စီစဉ်နေ သည်။ ကျန်သူများမှာ လည်းပြန်နိုင်ရန် ချိတ်ဆက်နေသည်။

စကားတိုးတိုးပဲပြောနိုင်သည်။ အသံတစ်ချွတ်ချွတ်ကြားလျှင် နားစွင့်မိသည်။ အစောကကူ ညီခဲ့သော အစ်မကြီးက မကြာမကြာ လာမေးရှာသည်။ ဘာလုပ်ပေးရမလဲ၊ ဘာကူညီပေးရမလဲ ဟူ၍။ အချိန်က တဖြေးဖြေးသုံးနာရီ ကျော်လာပြီ။ ကျွန်တော်တို့လေးယောက် နည်းနည်းစိတ် သက်သာရာ ရခဲ့ပြီဖြစ်သည်။ သို့သော် အခန်းထဲတွင် ပုန်းအောင်းနေတုန်း။ ထို့နောက် ပြည်ထောင်စုနေ့စဉ် သတင်းစာတိုက်က သတင်းဓာတ်ပုံဆရာ ကိုသက်ထွန်းနိုင်နှင့် ကားဆရာ ဦးမိုးဒီက ဖုန်းဖြင့် ဆက်သွယ်ပြီး လာရောက်ခေါ်ဆောင်သည်။ ထို့ကြောင့် ထိုသူတို့နှင့် လိုက်ပါပြီး လက်ပံတန်းမြို့က တစ်ဆင့်ရုံးကားဖြင့် ရန်ကုန်သို့ ရင်တထိပ်ထိပ်ဖြင့် ပြန်လာခဲ့လေသည်။

မောင်မျိုး
The Union Daily
https://www.facebook.com/pages/The-Union-Daily


မတ်လ ၁၁ရက်၊ ၂၀၁၅ခုနှစ်။

မြန်မာအစိုးရအနေဖြင့် ငြိမ်းချမ်းစွာ ဆန္ဒဖေါ်ထုတ်နေသည့် သပိတ်မှောက်ကျောင်းသားများအား အကြမ်းဖက်မှုကို ဆက်လက် လုပ်ဆောင်ပါက တိုင်းပြည်အတွက် နစ်နာမည်ဖြစ်သည်ဟု ကရင်ပြည်နယ်အခြေစိုက် ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ (PSDP) နှင့် ကရင်ဒီမိုကရက်တစ်ပါတီ(KDP)တို့က ယနေ့ ပြောဆိုလိုက်သည်။

ယမန်နေ့ မတ်လ ၁၀ရက်နေ့က ပဲခူးတိုင်း၊ သာယာဝတီမြို့နယ် လက်ပံတန်းမှ ရန်ကုန်သို့ ချီတက်မည့် ပင်မကျောင်းသားသပိတ် စစ်ကြောင်းကို အစိုးရရဲတပ်ဖွဲ့များက အင်အားသုံး အကြမ်းဖက်ဖြိုခွင်းမှု ဖြစ်ပွားပြီးနောက် အဆိုပါကရင်ပါတီနှစ်ပါတီက ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

PSDP ဒုဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက “ကျနော်တို့ပါတီအနေနဲ့ အစကတည်းက ပြောခဲ့တယ်။ ကျောင်းသားများကို အကြမ်းဖက် နှိမ်နင်းတာကို မလိုလားဘူး။ တွေ့ဆုံဆွေးနွေးအဖြေရှာကြဖို့ အရေးကြီးတယ်။ အခုလိုမျိုး ကျောင်းသားများကို အစိုးရက ဆက် ပြီး အကြမ်းဖက်မှုတွေကို လုပ်ဆောင်သွားဦးမယ်ဆိုရင် တိုင်းပြည်အတွက် မကောင်းဘူး။ တိုင်းပြည်နစ်နာသွားနိုင်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။

လက်ပံတန်းတွင် အဖြိုခွင်းခံရသည့် ပင်မကျောင်းသားသပိတ်စစ်ကြောင်းနှင့် ပတ်သက်၍ လူ ၁၂၇ဦးကို ထိန်းသိမ်းထားပြီး ထို အထဲ၌ ကျောင်းသား ၅၂ဦး၊ ကျောင်းသူ ၁၃ဦးနှင့် အရပ်သား ၆၂ဦး ပါဝင်သည်ဟု အစိုးရပြန်ကြားရေးဝန်ကြီးဌာနက ယမန်နေ့ က ကြေညာချက် ထုတ်ပြန်ထားသည်။

ထို့အပြင် လက်ပံတန်းအခင်းဖြစ်ပွားမှုတွင် ဓာတ်ပုံ၊ ဗွီဒီယိုများဖြင့် သတင်းမှတ်တမ်းယူနေသော မီဒီယာသတင်းထောက်များကို အကြမ်းဖက်ဖြိုခွင်းမှု ပြုလုပ်နေသည့် ရဲတပ်ဖွဲ့များက လိုက်လံရိုက်နှက်မှုများ ရှိခဲ့ပြီး ယင်းကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံစာနယ် ဇင်းကောင်စီ(MPC)ကလည်း ဖမ်းဆီးထားသည့် သတင်းသမားများအား ပြန်လွှတ်ပေးရန် မတ်လ ၁၀ရက်နေ့က သတင်းထုတ် ပြန်ထားသည်။

KDP ဥက္ကဋ္ဌ စောရဲဝင်းနိုင်က အစိုးရသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် စိတ်ရင်းစေတနာဖြင့် လုပ်ဆောင်မည်ဆိုလျှင် ရန်ကုန်သို့ ချီတက်မည် ပင်မကျောင်းသားသပိတ်နှင့် ကျောင်းသားသပိတ်ထောက်ခံသူများအား အကြမ်းဖက်မှုများ မလုပ်ဆောင်သင့် ကြောင်း၊ ပြဿနာကို အကြမ်းဖက်ဖြိုခွင်းလိုက်ရုံဖြင့် ဖြေရှင်းနိုင်မည်မဟုတ်ကြောင်း ယခုလို ပြောသည်။

“ပြဿနာကို ဆွေးနွေးညှိနှိုင်းမှုနဲ့ပဲ ဖြေရှင်းလို့ရမယ်။ ဒီလို အကြမ်းဖက်ဖြိုခွင်းလိုက်ခြင်းအားဖြင့် ပြဿနာက မပြီးဘဲ ပြဿနာ ကြီးထွားလာဖို့ပဲ ရှိတော့တယ်။ နောက်ပြီး ပင်မကျောင်းသားသပိတ်ကို အစိုးရ ရဲအာဏာပိုင်တွေ အကြမ်းဖက်ဖြိုခွင်းလိုက်တဲ့ အပေါ် ကရင်ပြည်နယ်က ကရင်နိုင်ငံရေးပါတီတွေ တွေ့ဆုံပြီး ကြေညာချက် ထုတ်ပြန်သွားဖို့ ရှိပါတယ်”ဟု စောရဲဝင်းနိုင်က ပြောဆိုသည်။

ယမန်နေ့က ဖြစ်ပွားခဲ့သော ပင်မကျောင်းသားသပိတ်စစ်ကြောင်း ဖြိုခွင်းခံရခြင်းအပေါ် မြန်မာနိုင်ငံရှိ နိုင်ငံရေးအဖွဲ့အစည်းများ၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများနှင့် အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂ(အီးယူ)တို့ကလည်း ပြစ်တင်ဝေဖန်ခဲ့ကြသည်။

စောညွှန့်သောင်း
ကေအိုင်စီ - KIC News
http://kicnews.org



သာယာဝတီထောင်မှာ ဖမ်းဆီး ချုပ်နှောင်ထားတဲ့ ပင်မသပိတ်စစ်ကြောင်းက ကျောင်းသား ခေါင်းဆောင်ပိုင်း တွေကို ဒီနေ့ ရုံးထုတ်ဖို့ ပြင်နေတယ်လို့ ထောင်ကိုရောက်နေတဲ့ မဖြိုးဖြိုးအောင်ရဲ့ ဖခင် ဦးနေ၀င်းက ပြောပါတယ်။

မဖြိုးဖြိုးအောင်ကို ထောင်ဝင်စာတွေ့ဖို့ ခွင့်တောင်းရာမှာ အာဏာပိုင်တွေက ဒီနေ့ ရုံးထုတ်မှာမို့ ရုံးထုတ်မှပဲတွေ့ဖို့ အကြောင်းပြန်တယ်လို့လည်း ပြောပါတယ်။

သာယာဝတီထောင်မှာ ကျောင်းသားအပါအ၀င် လူ ၁၀၀ ကျော်ကို ထိန်းသိမ်းထားပြီး ဒီထဲ အမျိုးသမီး ၂၀ ပါဝင်တယ်လို့ သိရပါတယ်။

မတ်လ ၁၀ရက်က လက်ပံတန်းမြို့က ကျောင်းသားသပိတ်ကို ရဲတပ်ဖွဲ့က အကြမ်းဖက် ဖြိုခွဲဖမ်းဆီးခဲ့ပြီးတဲ့နောက် ဖမ်းဆီးခဲ့တဲ့ ကျောင်းသားအားလုံးကို သာယာဝတီထောင်ကိုပို့ပြီး ချုပ်နှေင်ထားတာ ဖြစ်ပါတယ်။

By ရွှေအောင်(ဒီဗွီဘီ)
http://burmese.dvb.no


မြန်မာနိုင်ငံမှာ ၄ လ နီးပါး ပုန်းအောင်းနေတဲ့ ထိုင်းမူးယစ်ရာဇာ ဘန့်ဇ်သာဆိုင်းကို ကန်ချနပူရီ စစ်ဆေးရေး ဂိတ်မှာ ထိုင်းရဲတွေက မတ် ၁၁ ရက်မှာ ဖမ်းဆီးလိုက်ပါတယ်။

အသက် ၂၆ နှစ် ဘန့်ဇ်ရဲ့ နာမည်ရင်းက အဒီဆတ် ဆီရီဆာအပ်ဖြစ်ပြီး နိုဝင်ဘာလက လူမှုရေး ကွန်ယက်မှာ ဆူဖန်ဘူရီက ရဲတွေနဲ့ မိသားစုတွေကို သတ်မယ်လို့ ခြိမ်းခြောက်ခဲ့တဲ့ အကြောင်း ထိုင်း အခြေစိုက် ဘန်ကောက်ပိုစ်သတင်းစာမှာ ရေးပါတယ်။

မူးယစ်ဆေးဝါးရောင်းတာကို ၀န်ခံရဲတဲ့ သိက္ခာ ရှိပေမယ့် ရဲတွေက လာဒ်စားတာကို မ၀န်ခံရဲသလို လူလိမ်လို့ စွပ်စွဲတယ်လို့လည်း ဘန့်ဇ်က ပြောပါတယ်။

၂၀၀၇ ခုနှစ်ကလည်း ဒီမူးယစ်ကုန်ကူးတဲ့ဘန့်ဇ်က လူသတ်မှုကို ကျူးလွန်ခဲ့ပြီး မူးယစ်ဆေးဝါးနဲ့ သက်ဆိုင်တဲ့ ပြစ်မှုတွေကို ကျူးလွန်ခဲ့ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no


သတင်းဓာတ်ပုံ- အေးကျော်ထွေး
လက်ပံတန်းမြို့ ပင်မကျောင်းသား သပိတ်ကို အကြမ်းဖက်ဖြိုခွင်းခဲ့တဲ့အပေါ် ကန့်ကွက်တဲ့ အနေနဲ့ မန္တလေး ခရိုင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ရတနာပုံ တက္ကသိုလ်မှာ ဒီနေ့ မနက်ပိုင်းက ဆန္ဒပြနေပါတယ်။

သပိတ်မှောက် ကျောင်းသားခေါင်းဆောင် တဦးဖြစ်တဲ့ ကိုအောင်ဆန်းဦး “မနေ့က လက်ပံတန်းမှာ ကျောင်းသားတွေ အကြမ်းဖက်ဖြိုခွင်းခံရတဲ့ကိစ္စကို ကန့်ကွက်ရှုတ်ချ ဆန္ဒပြတာပါ။ ခုကျောင်းဝင်းအတွင်းမှာ ရောက်နေပါပြီ။ ရတနာပုံတက္ကသိုလ် ကျောင်းတခါးတွေ ရှိသမျှဝင်ပေါက်တွေအားလုံးကို သော့ခတ်ပြီးပိတ်ထားတယ်။ ကျနော်တို့ဝင်ပြီးမှ အပေါက်တွေ ကိုဆွဲပိတ်တာ’လို့ပြောပါတယ်။

‘မနက်  ၉ နာရီခွဲလောက်က ရတနာပုံတက္ကသိုလ် နောက်ပေါက်ကနေ စတင် ဆန္ဒပြခဲ့တာ ဖြစ်ပြီး ကျောင်းသားတွေ ဆန္ဒစပြတဲ့ အချိန်မှာ တက္ကသိုလ်က ပင်မတံခါးပေါက်ကို ပိတ်လိုက်တယ်လို့ ဒီနေ့ရာမှာ သွားရောက်သတင်းယူနေတဲ့ ဒီဗွီဘီသတင်းထောက်က ပြောပါတယ်။

“လက်ပံတန်းမှာ ကျောင်းသားတွေကို အကြမ်းဖက်ဖြိုခွင်းတာကို အလိုမရှိဘူးပေါ့၊ ကန့်ကွက်တယ်ပေါ့ နောက်တခုက အစိုးရရဲ့ ကျောင်းသာတွေကို ကတိမတည်တာတွေကို ကန့်ကွက်တယ်ပေါ့၊ ပေးထားတဲ့ ကတိတွေကို ပယ်ဖျက်ပြီး အကြမ်းဖက်တာကို သူတို့ အနေနဲ့ လက်သင့်မခံဘူးဆိုတဲ့အကြောင်းတွေပေါ့” လို့ ဒီဗွီဘီသတင်းထောက်က ပြောပါတယ်။

လက်ရှိမှာတော့ ကျောင်းသားအင်အား ဆယ်ဂဏာန်းလောက်သာရှိပြီး တိုးလာနိုင်မနိုင်ကတော့ မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။

လက်ပံတန်းမှာ ကျောင်းသားတွေကို အကြမ်းဖက်ဖမ်းဆီးမှု အပေါ် ရန်ကုန်၊ ကယားပြည်နယ်က ကျောင်းသားတွေကလည်း ကန့်ကွက်ဆန္ဒပြတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no

(Credit: Reuters) 
ပဲခူးတိုင်း ​လက်ပံတန်းမြို့က ​ဆန္ဒပြ ​ကျောင်းသားတွေနဲ့ ​ရဲတွေအကြား ​ရုန်းရင်းဆန်ခမှု ​ဖြစ်ခဲ့ရာက ​လူပေါင်း ​၁၂၀ ​ကျော်ကို ​အာဏာပိုင်တွေက ​ထိန်းသိမ်းလိုက်ပါတယ်။ ​ဖမ်းဆီးထားသူတွေကို ​လွတ်ပေးဖို့ ​အဖွဲ့အစည်းတချို့ကလည်း ​တောင်းဆိုနေကြပါတယ်။

ထိန်းသိမ်းခံရသူ ​၁၂၇ ​ယောက်ထဲမှာ ​အမျိုးသား ​၁၀၇ ​ယောက်ပါဝင်ပြီး ​အမျိုးသမီး ​အယောက် ​၂၀ ​ပါဝင်တယ်လို့ ​အစိုးရက ​တရားဝင် ​ထုတ်ပြန်ထားပါတယ်။

ဖမ်းဆီးထားတဲ့ ​ကျောင်းသားတွေကို ​ချက်ချင်းလွတ်ပေးဖို့ ​အဖွဲ့အစည်းအများကလည်း ​တောင်းဆိုနေကြပါတယ်။ ​လက်ပံတန်းက ​ပင်မ ​ကျောင်းသားသပိတ်နဲ့ ​ရုန်းရင်းဆန်ခမှု ​ဖြစ်ပွားစဉ်အတွင်း ​ရဲတွေက ​နံပါတ်တုတ်တွေနဲ့ ​ရိုက်ခဲ့သလို ​ဖမ်းဆီးခံရပြီးသား ​လူတွေကိုလည်း ​ထပ်မံ ​ရိုက်နှက်တဲ့ ​ဗီဒီယိုတွေ ​တွေ့နေရပါတယ်။ ​ဘုန်းကြီးကျောင်းထဲ ​ပြေးဝင်တဲ့ ​ကျောင်းသားနဲ့ ​သံဃာတော်တွေကိုလည်း ​ရဲတွေက ​ကျောင်းဝင်းထဲအထိ ​လိုက်တာတွေ၊ ​လူနာတင်ယာဉ်နဲ့ ​ကျောင်းသားတွေ ​ရှိနေတဲ့ ​ကားရဲ့ ​မှန်တွေကိုလည်း ​ရိုက်ခွဲပစ်တာမျိုး ​လုပ်တဲ့ ​ပုံတွေကို ​တွေ့နေရပါတယ်။

မြန်မာ ​အစိုးရကတော့ ​ရဲတွေက ​ဥပဒေနဲ့အညီ ​လူစုခွဲခဲ့တယ်လို့ ​ပြောဆိုထားပါတယ်။ ​ဒီကိစ္စနဲ့ ​ပတ်သက်ပြီး ​ဥရောပ ​သမဂ္ဂ ​အီးယူက ​ရဲတွေအနေနဲ့ ​ဆန္ဒပြသူတွေအပေါ် ​အကြမ်းဖက် ​နှိမ်နင်းတယ်လို့ ​ကြားရတဲ့အပေါ် ​အထူးပင် ​စိုးရိမ်မကင်း ​ဖြစ်ရတဲ့အကြောင်း၊ ​ဒီကိစ္စကို ​အမြန်ဆုံး ​စုံစမ်းစစ်ဆေးမှု ​လုပ်ဖို့ ​တိုက်တွန်းကြောင်း ​တုန့်ပြန်ထားပါတယ်။

အီးယူအနေနဲ့ ​မြန်မာအစိုးရအပြင် ​NLD ​ရဲ့ ​တောင်းဆိုချက်တွေကြောင့် ​မြန်မာရဲတွေကို ​သင်တန်းတွေ ​ပေးခဲ့ပြီး ​ဒီဖြစ်ရပ်ကို ​ကြည့်ပြီးတော့ ​သင်တန်းတွေ ​လိုအပ်ဦးမယ်ဆိုတာကို ​ကောက်ချက် ​ချကြောင်း ​ပါရှိပါတယ်။

အီးယူက ​လူ့အခွင့်အရေး ​လေးစားဖို့၊ ​ညှိနှိုင်းဆွေးနွေးမှုတွေ ​လုပ်ဖို့၊ ​မတတ်သာတဲ့ ​အဆုံးမှ ​တော်တန်ရုံ ​ဖြိုခွင်းမှုလုပ်ဖို့ ​သင်တန်းတွေ ​ပေးခဲ့တယ်လို့ ​ပြောပါတယ်။ ​ဒီလိုမျိုး ​ဖြစ်ရပ်မှာလည်း ​အီးယူကနေ ​သင်တန်းပေးထားတဲ့ ​ရဲတွေကိုသာ ​စေလွှတ်ဖို့ ​အီးယူက ​အကြံပြုထားပြီး ​သင်တန်းမတက်ရသေးတဲ့ ​ရဲတွေကို ​အသုံးပြုတဲ့အပေါ် ​ရှုတ်ချကြောင်း ​ပါရှိပါတယ်။

ရဲတွေရဲ့ ​လုပ်ရပ်ကို ​ကုလသမဂ္ဂအပါအဝင် ​နိုင်ငံတကာ ​လွတ်ငြိမ်းချမ်းသာခွင့် ​Amnesty ​International ​အဖွဲ့နဲ့ ​အမေရိကန် ​လွှတ်တော်အမတ်တွေကလည်း ​ရှုတ်ချခဲ့ကြပါတယ်။ ​မြန်မာနိုင်ငံ ​စာနယ်ဇင်းကောင်စီ ​(ယာယီ) ​အဖွဲ့ကလည်း ​ရှုတ်ချကြောင်း ​ထုတ်ပြန်ထားပါတယ်။

လက်ပံတန်းက ​ကျောင်းသားတွေ ​နှိမ်နင်းခံရပြီ ​ဆိုတဲ့ ​သတင်းကြောင့် ​ရန်ကုန်မြို့ ​လှည်းတန်းမှာ ​ဆန္ဒပြမှုတွေ ​လုပ်ခဲ့ကြသလို ​မြင်းခြံမြို့နဲ့ ​လွိုင်ကော်မြို့တွေမှာလည်း ​ပြုလုပ်ခဲ့ကြပါတယ်။

သြစတြေးလျရောက် ​မြန်မာတွေကလည်း ​မနက်ဖြန် ​ကြာသပတေးနေ့မှာ ​ဆစ်ဒနီမြို့ရှိ ​နိုင်ငံခြားရေးဝန်ကြီးဌာနရုံးကို ​အိတ်ဖွင့်စာ ​တစ်စောင်ပို့ပြီး ​ဆန္ဒပြမှုတွေ ​လုပ်မှာ ​ဖြစ်သလို ​သောကြာနေ့ကျရင်တော့ ​မြို့တော် ​ကင်ဘာရာမြို့ရှိ ​မြန်မာသံရုံးရှေ့မှာ ​ဆန္ဒပြမှုတွေ ​ပြုလုပ်သွားဖို့ ​ရှိပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese