03/13/15


မန္တလေး မတ် ၁၂
လက်ပံတန်းအကြမ်းဖက်ဖြိုခွဲခံရမှုနှင့် ပတ်သက်ပြီး မျက်မြင်ကိုယ်တွေ့ကြုံခံရသူများက ရဲများကို အမှုဖွင့်မည်ဆိုပါက သက်သေလိုက်ပေးမည်ဟု မတ်လ ၁၂ ရက် မွန်းလွဲ ၁၂နာရီတွင် ၈၄ လမ်း၊၃၄လမ်း နှင့် ၃၅ လမ်းကြားရှိ ဗိုလ်ချုပ်ရာပြည့်ခန်းမတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ပြောကြား ခဲ့သည်။ အစိုးရမှ ထုတ်ပြန်ထားသော သတင်းများနှင့် ပတ်သက်ပြီး အမှန်တရားနှင့် လွဲနေသည်ဟု ဆိုကာ အဖြစ်အပျက်အမှန်ကို ပြည်သူများ သိရှိစေရန် ကျောင်းသားသပိတ်ဖြိုခွဲခံနေရစဉ် အနီးကပ် ဝန်းရံကူညီပေးခဲ့သူ ဦးအုံးငွေ(လူနှင့်လူ)က ဆိုသည်။

" အဲဒီနေ့က မြင်ရတဲ့ မြင်ကွင်းက ဒီနေ့ထိ မျက်စိထဲကမထွက်ဘူး။ ဒါကို သံသယရှိတယ်။တ ချို့ရဲအရာရှိတွေကမလုပ်ဖို့ တားတယ်။တစ်ချို့ရဲတွေက ကလေးတွေကို ဒိုင်းတွေနဲ့ ကာကွယ်ပေးတာ တွေရှိတယ်။ ရဲမှာကိုပဲ နှစ်ဖွဲ့ဖြစ်နေတယ်။လည်စီးအနီနဲ့ရဲတွေကိုပိုပြီးသံယဖြစ်တယ်။ အရပ်သားတွေ လို့ တောင်ထင်မိတယ်။ရိုက်နှက်ဖမ်းဆီးတာတွေနဲ့ပတ်သက်ပြီး အမှုပြန်ဖွင့်မယ်ဆို ကျွန်တော်ရဲရဲကြီး သက်သေခံပေးသွားမယ်"ဟု ၄င်းက ပြောသည်။

၎င်းတို့သည် ကျောင်းသားသပိတ်ကို စားသောက်စရာများနှင့် ဖုန်းဘေလ်များ လှူဒါန်းရန် မတ်လ ၈ ရက်က လက်ပံတန်းမြို့သို့ ရောက်ရှိခြေင်းဖြစ်ပြီး မတ်လ ၁၀ ရက် ကျောင်းသားသပိတ်နှင့် လုံခြုံရေးရဲတပ်ဖွဲ့တို့အကြား ပဋိပက္ခဖြစ်ပွားရာတွင် ၄င်းတို့က ထိုနေရာတွင် ရှိနေသူများ ဖြစ်သည်ဟု ဆိုသည်။
အကြမ်းဖက်ဖြိုခွဲခံနေရသည့်ကြားမှာ ကျောင်းသားတချို့ကို ကယ်ထုတ်ခဲ့သူ ဒေါ်အမာနီ မှ "ကလေးတွေကို ရိုင်းရိုင်းစိုင်းစိုင်း လူစိတ်ပျောက်ပြီး ရဲတွေက ရိုက်တယ်။ဒီလိုနုနယ်တဲ့ ကလေးတွေကို ရိုက်တာဖမ်းတာ ရှုတ်ချတယ်။ပိတ်မိတဲ့ ကျောင်းသားတစ်ချို့ကို ကျွန်မကားနဲ့ကယ်ခဲ့တယ်။ အဲဒီက လေးတွေက ကြောက်လို့ ထွက်ပြေးတာမဟုတ်ဘူး။ကျွန်မခေါ်ခဲ့လိုသာ သူတို့ လွှတ်လာတာပါ"ဟု ပြောသည်။

မီဒီယာသမားများ ရိုက်နှက်ဖမ်းဆီးခံရခြင်းနှင့်ပက်သတ်၍ DVB သတင်းထောက် ကိုစူပါ က လည်း မီဒီယာသမားများကို ရိုက်နှက်သည့် မှတ်တမ်းပုံများရှိပြီး အရိုက်ခံရသူများနှင့် အဖမ်းခံရသူ များ အမှုဖွင့်မည်ဆိုပါက သက်သေအဖြစ်လိုက်ပါဆောင်ရွက်ပေးမည်ဟုလည်း ရှင်းလင်းပြောကြားခဲ့ သည်။

သပိတ်စစ်ကြောင်းတွင် ပါဝင်သည့် ကျောင်းသူကျောင်းသားများနှင့် မိသားစုဝင်များအဆက်အ သွယ်မရရှိပါက မိသားစုဝင်များအနေဖြင့် ဗိုလ်ချုပ်ရာပြည့်ရုံးခန်းသို့ လာရောက်ဆက်သွယ်နိုင်ပြီး ကူ ညီပေးသွားမည်ဖြစ်ကြောင်းလည်း ၄င်းတို့က ပြောကြားခဲ့သည်။ ကျောင်းသားသပိတ်ကို ဝန်းရံခဲ့သော အရပ်ဘက်အဖွဲ့အစည်းများနှင့် ပြည်သူများဖမ်းဆီးခံနေ ရသူများကိုလည်း ကျောင်းသားများကဲ့သို့ ပြန်လည်လွှတ်ပေးရန် တောင်းဆိုမှုများ ဆက်လက်လုပ် ပေးသွားမည်ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ကြသည်။ ထိုသို့ သတင်းစာရှင်လင်းပွဲကို သပိတ်စစ်ကြောင်းတွင် ပါဝင်ခဲ့သော ဆရာတော်များမှလည်း နံနက် ၉ နာရီက မစိုးရိမ်(ကံတက်ကုန်း)ကျောင်းတိုက်တွင် ပြုလုပ်ခဲ့သေးသည်။
Mizzima

ဖမ်းဆီးခံရသော ကျောင်းသားများအား ရဲတပ်ရင်း ၁၊ ၁ဝ နှင့် ၁၁ က အချုပ်ကားပေါ်၌ လူမဆန်အောင် ဥပဒေမဲ့ ရိုက်နှက်ခြင်း၊ စစ်ဆေးခြင်းများ ရှိခဲ့ကြောင်း ပြန်လည်လွတ်မြောက်လာသော ကျောင်းသားများထံမှ သိရသည်။

ထို့ပြင် ကျောင်းသားသပိတ်တွင် ဖမ်းဆီးခံရသည့် ကျောင်းသားများအား ရုံးထုတ်ရာတွင် လူထုရှေ့မှောက်တွင် မဟုတ်ဘဲ ညပိုင်းအထိ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ခြင်းအပေါ် ဝေဖန်မှုများ ရှိနေသည်။

မတ် ၁၁ ရက်က လက်ပံတန်းမြို့နယ် တရားရုံးတွင် မွန်းလွဲပိုင်းမှစ၍ ည ၉ နာရီအထိ အကြမ်းဖက် ဖမ်းဆီးခံရသော သပိတ်မှောက် ကျောင်းသားများအား ရုံးထုတ်စစ်ဆေးခဲ့သည်။ ရုံးထုတ်စစ်ဆေးရာတွင်လည်း အများပြည်သူများ ဝင်ရောက်ကြည့်ရှု၍ မရဘဲ ရဲအင်အားများစွာဖြင့် လုံခြုံရေးကန့်သတ်ခဲ့သည်။ သတင်းမီဒီယာ များမှာလည်း တရားရုံးအတွင်းသို့ ဝင်ရောက်၍ သတင်းယူခွင့်မရှိပေ။ ထိုသို့ ပွင့်လင်းမြင်သာမှု မရှိဘဲ စစ်ဆေးမေးမြန်းသည့်အပေါ် ဝေဖန်မှုများ ရှိနေခြင်းဖြစ်သည်။

နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့မှ ဦးရဲအောင်က “ကျွန်တော့်အနေနဲ့ကတော့ ဒီလက်ပံတန်းဖြစ်ရပ် တစ်ခုလုံးကို တရားဥပဒေ စိုးမိုးမှုဆိုတာ ပျောက်ကွယ်နေတယ်လို့ ခံစားရပါတယ်။ အဲဒီတော့ ဒီဖြစ်စဉ် တစ်ခုလုံးမှာ တရားဥပဒေ စိုးမိုးမှုဆိုတာ မရှိဘူး။ ဒါဟာပြောရမယ်ဆိုရင် အရင်စစ်အာဏာရှင်တွေ လက်ထက်က လုပ်ထုံးလုပ်နည်းတွေ ပုံစံအတိုင်းပဲ ဖြစ်နေတာကို တွေ့ရပါတယ်။ အဲဒီအတွက်ကြောင့် ဒါတွေအကုန်လုံးက တရားဥပဒေပြင်ပက လုပ်နေသလို ခံစားရပါတယ်” ဟု ပြောကြားသည်။

ပြန်လည်လွတ်မြောက်လာသည့် ကျောင်းသားများက ၎င်းတို့အကြမ်းဖက် ရိုက်နှက်ခံရခြင်းနှင့် ပတ်သက်၍ ၎င်းတို့၏ ကိုယ်တွေ့အဖြစ်အပျက်များကို ပြောကြားခဲ့ကြသည်။

“အဖမ်းခံရတာတွေနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် ကျွန်တော်တို့ အဖမ်းခံခဲ့တယ်။ ဒါပေမဲ့ ဖြစ်စဉ်အတွင်းမှာ ရိုက်နှက်မှုတွေကို တော်တော်ကြီး ပြုလုပ်ခဲ့တယ်။ ဒီမိုကရေစီပညာရေး မရမချင်း ဆက်လက်တိုက်ပွဲ ဝင်သွားပါမယ်” ဟု ကျောင်းသားသပိတ် ဖြိုခွဲရာတွင် ဖမ်းဆီးခံရပြီးနောက် မတ် ၁၂ ရက်တွင် ပြန်လွတ်လာသူ စစ်နိုင်အောင် (ရတနာပုံ တက္ကသိုလ် ဒုတိယနှစ်) ဆိုသည်။

“ထောင်တွင်းက အဆင်ပြေပေမယ့် ရဲကားပေါ်မှာတော့ ပိုးစိုးပက်စက် နှမချင်း မစာမနာ ပြောဆိုတာတွေရှိပါတယ်။ ခံဝန်တော့ ထိုးခဲ့ရတယ်။ မိဘ ဖိအားနဲ့ထိုးခဲ့ရတယ်။ တရားရုံးကတော့ မခေါ်ထားဘူး။ ဒါပေမဲ့ လက်မှတ်ထိုးခဲ့ရတယ်။ အသက်လုပြီး ထွက်ပြေးရတဲ့အချိန်မှာ ပစ္စည်းကို အာရုံမထားနိုင်ဘူး။ ဥပမာ မှတ်ပုံတင်၊ ကျောင်းသားကတ် ဟန်းချိန်း လက်စွပ်၊ ဆွဲကြိုးမရှိတော့ဘူး။ ရဲစခန်းကို သွားတော့စုံစမ်းမှာပါ။ ဟိုပို့လိုက် ဒီပို့လိုက်နဲ့ဆိုတော့ လက်ပံတန်းရဲစခန်းကို ပစ္စည်းပျောက်မှုနဲ့ သွားတိုင်ပါမယ်။ ကျွန်မတို့ကို သိက္ခာချတဲ့ ရဲမေတွေကို လူအခွင့်အရေးချိုးဖောက်မှုနဲ့ တိုင်ပါမယ်။ ကျွန်မတို့ ရဲဘော်တွေကို ပိုးစိုးပက်စက် ရိုက်ခဲ့ပါတယ်။ ယောက်ျားလေးတွေကို အကုန်ရိုက်တယ်။ ထောင်ကားထဲမှာ လူသေတွေကို ဖြန့်ထားသလို ရေနဲ့ဖြန်းပါတယ်။ ကိုမင်းသွေးသစ်ကတော့ အခြေအနေ မကောင်းပါဘူး” မအိဖြူဖြူမွန်က (ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်) ဟု ပြောကြားခဲ့သည်။

ကျော်ဇင်သန့် (သန်လျင်နည်းပညာ တက္ကသိုလ်) က “ကျွန်တော်တို့ကိုဖမ်းပြီး အချုပ်ကားထဲ မထည့်ခင် ရဲတပ်ရင်း ၁၊ ၁ဝ၊ ၁၁ ရဲတပ်ဖွဲ့ဝင်တွေက ကျောင်းသားတွေ သပိတ်မှောက်စဉ်က ဟစ်ကြွေးပြီး ကြွေးကြော်သံ ပုံစံအတိုင်း ခွပ်ဒေါင်းသွေးတွေ နီသေးလား။ နီသေးရင် ရိုက်တယ်ကွာ။ တပ်မ ၁၁ က ရဲ ဘော်တွေ ညီရဲ့လားဟေ့။ ညီတယ်ဟေ့။ ညီတယ်ဟေ့။ သပိတ်မှောက်ချင်တဲ့ကောင်တွေ မှောက်ဦးမလား။ မှောက်ရဲရင် မှောက်လေကွာ။ မင်းတို့ကို ရိုက်ချင်လို့ ရဲထဲဝင်တာကွ။ ဆဲဆိုကြိမ်းဆဲကာ ကျောင်းသားတစ်ယောက်ကို ရဲအယောက် ၂ဝ လောက်က ဝိုင်းရိုက်တယ်။ ဘုန်းကြီးကျောင်းထဲမှာတင် ကျွန်တော်တို့တစ်တွေ လူ့အခွင့်ရေး ချိုးဖောက်ခံရတာပါ” ဟုဆိုသည်။

အိမ (ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် - Law) က “ရဲတပ်ဖွဲ့ဝင်တွေကို လမ်းဖွင့်ပေးဖို့ ကောင်းကောင်းမွန်မွန် တောင်းဆိုတယ်။ မရဘူး။ ပြီးတော့ ကျွန်မတို့ကျောင်းသားတွေ လေးယောက်တစ်တွဲစီ စနစ်တကျ တိုးတယ်။ အရှေ့မှာရှိတဲ့ ရဲတွေက ဘာမှမလုပ်ပေမယ့်။ အနောက်မှာရှိတဲ့ ရဲတွေက နံပါတ်တုတ်တွေနဲ့ထိုးတယ်။ နောက်ထပ်ရဲတွေက နံပါတ်တွေနဲ့ ဝင်ရိုက်တာပဲ။ ကျွန်မတို့လည်းမခံနိုင်လို့ ဘုန်းကြီးကျောင်းထဲကို ဝင်ပြေးတယ်။ ဘုန်းကြီးကျောင်းထဲကို ဝင်ဖမ်းတော့ ပထမက ဘာမှမလုပ်ဘူး ကတိပေးလို့ ကျွန်မတို့ အပြင်ထွက်တယ်။ ကျွန်မတို့ကို တစ်ယောက်ကို ရဲအယောက် ၂ဝ လောက်က နံပါတ်တုတ်တွေနဲ့ ကောင်မတွေ ထွက်လာမလား။ မလာဘူးလား။ ရိုင်းရိုင်းစိုင်းစိုင်း လူတစ်ယောက်ပါးစပ်နဲ့ မတန်အောင်ကို ပြောဆိုတယ်။ မိန်းကလေးတွေကို တန်းစီပြီးရိုက်တယ်။ ခေါင်းမော့ကြည့်ရင်လည်း ကောင်မတွေ ညည်းတို့က ဘာကောင်မတွေလဲ ပြောပြီး ရဲမေတွေက ရိုက်တယ်။ ရဲသားတွေက ယောက်ျားလေးတွေကိုလည်း အဆက်မပြတ် ရိုက်တယ်။ အကောင်တွေ၊ ကောင်မတွေ နင်တို့ကို ရိုက်သတ်ချင်နေတာ။ လူတွေသာ မရှိရင် ကျွန်မတို့ မိန်းကလေးတွေကို မုဒိမ်းကျင့် နှိပ်စက်မယ့် အနေအထားတောင်ရှိတယ်။ ပုံစံထိုင်ခိုင်း အချိန်နည်းနည်းလေး ဒူးထောက်မိတာနဲ့ ကောင်မတွေ ငြိမ်ငြိမ်မနေဘူးလားဆိုပြီး နံပါတ်တုတ်နဲ့ ရိုက်တယ်။ ဘုန်းကြီးကျောင်းထဲမှာတောင် လူနဲ့မတန်တဲ့ စကားတွေ ပိုဆို ပက်စက်ပြောတယ်။ နင်တို့က ပညာတတ်တွေ မဟုတ်ဘူး။ အောက်တန်းစားမတွေလို့ ပြောတယ်။ အဲဒီရဲတပ်ရင်း ၁၊ ၁ဝ၊ ၁၁ ကို ဘယ်တော့မှ မကျေဘူး” ဟု ဆိုသည်။

မတ် ၁၂ ရက်က ကျင်းပသည့် ကျောင်း သား၊ ကျောင်းသူများနှင့် ပြည်သူလူထုကို ရက်စက်စွာ အကြမ်းဖက်နှိမ်နင်းမှုအား ကန့်ကွက်ရှုတ်ချခြင်း အခမ်းအနား၌လည်း အကြမ်းဖက်နှိမ်နင်းမှုကို ဝေဖန်သည့် ပြောကြားချက်များ အခမ်းအနား တက်ရောက်လာသူ အချို့က ပြောကြားခဲ့ရာ ယင်းအခမ်းအနား သို့တက်ရောက်ခဲ့သည့် တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က “သာယာဝတီထောင်မှာ ရောက်ရှိနေတဲ့ ကျွန်တော်တို့ရဲ့ ညီနောင်ရဲဖော်တွေဟာ ရုံဝင်ခပေးနေရတယ်လို့ ကြားသိနေရပါတယ်။ ရုံဝင်ခဆိုတာ အဝင်မှာ ရိုက်တာကို ပြောတာပါ။ အရေးကြီးတာက ICRCကို အကြောင်းကြားပြီး ICRC အမြန်ဝင်ဖို့ လိုနေတဲ့အတွက် အမြန်ဆုံး အကြောင်းကြားပေးဖို့ မေတ္တာရပ်ခံပါတယ်။ သူတို့ပြောနေတာက ဥပဒေနဲ့အညီ လုပ်ပါတယ်လို့ပြောတယ်။ အဲဒါ လုံးဝမဟုတ်ပါဘူး။ တိုင်းပြည်ကို လိမ်နေတာ၊ ကမ္ဘာကို လိမ်နေတာပါ။ နောက်တရားရေးနဲ့ ပတ်သက်လို့ ကျွန်တော်တင်ပြချင်တာက တရားရေးက အုပ်ချုပ်ရေးရဲ့အောက်ကို လုံးလုံးရောက် သွားရုံမကဘဲ ညနက်လို့ အမှောင်ထုထဲကို ဝင်သွားပြီဖြစ်ပါတယ်။ အဲဒီတော့ တရားရေးကို အားကိုးဖို့ကတော့ ရနိုင်တော့မယ် အနေအထား မရှိတော့ပါဘူး။ EU က သင်ပေးတဲ့ ရဲပညာဟာ ကျောင်းသားပြည်သူတွေနဲ့ သံဃာတော်တွေကို ရိုက်နှက်ဖို့ မဟုတ်ပါဘူး။ ဒီလိုမျိုး ပြည်သူလူထုကို အကြမ်းဖက်မှုကို လုပ်တဲ့လုပ်ရပ်ကို ပြင်းထန်စွာ ရှုတ်ချပါတယ်။ ဖမ်းဆီးခံထားရသူ အားလုံးကို ဘာပုဒ်ထီး ပုဒ်မမှ မတပ်ဘဲ ပြန်လွှတ်ပေးဖို့ တောင်းဆိုပါတယ် ” ဟု ပြောကြားသည်။

“အစိုးရ တစ်ရပ်အနေနဲ့ ဥပဒေနဲ့အညီ ဖြေရှင်းခဲ့တယ်လို့ ပြောပေမယ့် အကြမ်းဖက်မှုဟာ အကြမ်းဖက်မှုပါပဲ။ ဘယ်ခေတ် ဘယ်ကာလကမှန်း မသိတဲ့ ဥပဒေစာအုပ်ကြီးကို ဖုန်ခါပြီးပြောလိုက်ရုံနဲ့ အကြမ်းဖက်မှုက ပျက်ပြယ်ခြင်း မရှိပါဘူး။ အခုဒီပွဲမှာ လာရောက်တဲ့ပါတီ၊ အဖွဲ့အစည်းတွေလဲရှိတယ်။ မလာရောက်တဲ့ ပါတီ၊ အဖွဲ့အစည်းတွေလည်း ရှိပါတယ်။ မရောက်လာတဲ့ တချို့ပါတီ၊ အဖွဲ့အစည်းတွေကို ကျွန်တော်နည်းနည်း ပြောချင်တယ် ပါတီရဲ့ မှုဝါဒတွေ၊ အသင်းရဲ့ မူဝါဒတွေ ကြည့်မနေပါနဲ့ အကြမ်းဖက်မှုကို ဆန့်ကျင်တယ်ဆိုတာ လူသားဝါဒပါ။ ပါတီရဲ့ မူဝါဒနဲ့ မကိုက်ညီဘူး ဆိုရင်တောင် လူသားဝါဒ၊ လူသားမူကို အခြေခံပြီး ဒီနေရာကို လာလို့ရသလို နောက်နောင် အကြမ်းဖက်မှုတွေကိုလည်း ဆန့်ကျင်သွားဖို့ လိုပါတယ်” ဟု ဘလော့ကာ ကိုနေဘုန်းလတ်က ပညာရေးပြုပြင် ပြောင်းလဲမှုအတွက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော် တောင်းဆိုနေသော ကျောင်းသား/သူများနှင့် ပြည်သူလူထုကို ရက်စက်စွာအကြမ်းဖက် နှိမ်နှင်းမှုအား ကန့်ကွက်ရှုတ်ချခြင်း အခမ်းအနား၌ ပြောကြားသည်။

ရှေ့နေများကွန်ရက်မှ တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်က “ထောင်ထဲကိုအဝင်မှာ ရိုက်မောင်း ပုတ်မောင်းတာတွေ ရှိတယ်လို့လည်း ကြားရတယ်။ အဲဒါလည်းပဲ ဒါဟာမဖြစ်သင့်ဘူး။ ဒါဟာစစ်အာဏာရှင်စနစ် လက်အောက်က လုပ်ရပ်မျိုးတွေပဲ။ ဘာမှ ပြောင်းလဲမှုမရှိဘူး။ သရုပ်ပေါ် သွားပြီပေါ့ဗျာ။ အင်အားအလွန်အကျွံသုံးပြီးတော့ ဖမ်းဆီးတာတွေ မလုပ်ရဘူး။ ဒါတွေဟာ ဥပဒေနဲ့ မညီတာတွေပေါ့ဗျာ” ဟု ဝေဖန်ပြောကြားသည်။

ထိုနည်းတူစွာ တရားလွှတ်တော်ရှေ့နေ ဦးစိုးတင့်ရည်ကလည်း “တရားရုံးလက်စွဲမှာတော့ တရားသူကြီးဟာ တရားရုံးမှာ ရှိနေရင် စစ်ဆေးမေးမြန်းလို့ ရတယ်လို့ ပြဋ္ဌာန်းထားတယ်။ ဒါပေမဲ့ ဒီမိုကရေစီအစိုးရ လက်ထက်မှာ ဒါမျိုး ညဘက်ရုံးထုတ် စစ်ဆေးတာတွေ မတွေ့ရဘူး။ တကယ် တရားဥပဒေစိုးမိုးရေးအတွက် အနှောင့်အယှက် ဖြစ်စေတဲ့ လူဆိုး၊ လူမိုက်တွေကိုတောင်မှ ဒီလိုမျိုး ညအချိန်မတော် ရုံးထုတ်တာတွေ မရှိဘူးဆိုတော့ ဒါဟာ လုံးဝဖြစ်သင့်တဲ့ ကိစ္စမဟုတ်ဘူးပေါ့ဗျာ” ဟု ဝေဖန်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုသင်းက “ဥပဒေအရကတော့ လုပ်လို့ရတယ်။ ရုံးချိန်ကတော့ ၅ နာရီ ပေါ့နော်။ ဒါပေမဲ့ ရုံးချိန်းကျော်သွားရင်လည်း လုံခြုံရေးကိစ္စဆိုရင် ခြွင်းချက်အနေနဲ့ တရားသူကြီးရှေ့မှောက်မှာ ဒီလို စစ်ဆေးမေးမြန်းလို့ ရပါတယ်။ ဒါပေမဲ့ ကျောင်းသားတွေ ငြိမ်းချမ်းစွာ ဆန္ဒပြတာဟာ ဘယ်လိုလုံခြုံရေးကိစ္စ၊ ဘယ်လိုခြွင်းချက်မျိုးနဲ့ ငြိစွန်းသွားလို့လဲ။ ဒီကိစ္စကို သက်ဆိုင်ရာ ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်မှာပဲဖြစ်ဖြစ်၊ ပြည်ထောင်စု လွှတ်တော်မှာပဲဖြစ်ဖြစ် ဘယ်လိုတရားဥပဒေမျိုး၊ ဘယ်လိုခြွင်းချက်မျိုးနဲ့ ငြိစွန်းသွားသလဲ ဆိုတာကို မေးခွန်းထုတ်သင့်တဲ့ ကိစ္စပါပဲ” ဟု ပြောကြားသည်။

ဖမ်းဆီးခံကျောင်းသား၊ ကျောင်းသူများနှင့် ဝန်းရံသူများအား တရားရုံးချိန် ကျော်လွန်သည်အထိ ရုံးထုတ်အမှုဆင် တရားစွဲနေခြင်းမှာ မမျှတသေ လုပ်ရပ်တစ်ခု ဖြစ်သည့်အပြင် ဥပဒေဘောင်အား ကျော်လွန်လုပ်သည့် လုပ်ရပ်တစ်ခုအဖြစ် ရှုမြင်သုံးသပ်ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်ကလည်း သဘောထား ထုတ်ပြန်ထားသည်။

■ ရိုက်နှက်ဖမ်းဆီး ခံခဲ့ရသော ကျောင်းသားကျောင်းသူများ၏ ကိုယ်တွေ့ ပြောကြားချက်များနှင့် ယင်းလုပ်ရပ်အပေါ်အမြင်များ

“ညီမက အမေအရမ်းစိတ်ပူနေလို့ ထွက်လာတာ ခံဝန်ကတိက ထိုးခဲ့ချင်တာမဟုတ်ဘူး။ ညီမတို့ကို မိုက်မိုက်ရိုင်းရိုင်း သားသမီးချင်း ကိုယ်ချင်းမစာမနာဘဲ ပြောတာတွေရှိခဲ့တယ်။ ပြည်သူရဲတပ်ဖွဲ့လိုသာပြောတာ ပြည်သူကို အကာအကွယ်ပေးတာ မဟုတ်ဘူး။ မကျေနပ်ဘူး။ ညီမတို့က အာဏာကိုတောင်းနေတာ မဟုတ်ဘူး။ ပညာရေးဥပဒေကို ပြင်ပေးဖိုပဲ တောင်းဆိုနေတာ ဖြစ်တဲ့အတွက် ပညာရေးဥပဒေကို ပြင်ပေးပါ။ နောက်တစ်ချက်က ရဲတပ်ဖွဲ့အနေနဲ့ အကြမ်းဖက်မှုကို ဒီထက်ပိုမလုပ်ပါနဲ့တော့လို့ ပြောချင်တယ်။ အခုညီမတို့ကို တစ်စုတကွဲစီ ဖြစ်နေတယ်။ အဲဒါကြောင့် ရှေ့ဘာဆက်လုပ်မယ် ဆိုတာကိုတော့ အတိအကျ ပြောလို့မရသေးဘူး”

မရည်မွန်မွန်အောင် (ရန်ကုန်အရှေပိုင်းတက္ကသိုလ်)

ကျောင်းသားသပိတ်ဖြိုခွဲရာတွင် ဖမ်းဆီးခံရပြီးနောက် မတ် ၁၂ ရက်တွင် ပြန်လွတ်လာသူ
___________________________

“ဖြစ်ပျက်ခဲ့တာတွေက မျှတမှုမရှိဘူးလို့ ပြောရမှာပဲ။ ကျောင်းရဲ့အခြေအနေကို မူတည်ပြီးတော့ ဆက်လက်လုပ်ဆောင်ဖို့ ရှိပါတယ်”

စိုးလွင်ကျော် (သထုံစိုက်ပျိုးရေးသိပ္ပံ ဒုတိယနှစ်)

ကျောင်းသားသပိတ်ဖြိုခွဲရာတွင် ဖမ်းဆီးခံရပြီးနောက် မတ် ၁၂ ရက်တွင် ပြန်လွတ်လာသူ
___________________________

“ကျွန်တော်တို့ကို သတင်းရဲတပ်ဖွဲ့ စစ်ဆေးမှုတွေတော့ ပြုလုပ်ခဲ့တယ်။ သူတို့လိုချင်တဲ့ဘက်ကပဲ မေးတာပေါ့။ နိုင်ငံတော်ကို ကန့်ကွက်တာလား အမျိုးသားပညာရေး ဥပဒေကို ကန့်ကွက်တာလား။ ကျွန်တော်တို့ကလည်း နိုင်ငံတော် အာဏာကိုသိမ်းဖို့ မဟုတ်ဘူး။ အမျိုးသားပညာရေး ဥပဒေကိုပြင်ဖို့ ကောင်းဖို့အတွက် လုပ်တာပါ။ နောက်ပြီး ဘာကြောင့် ဒီထဲမှာ ဝင်ပါခဲ့တာလဲဆိုပြီး မေးမြန်းမှုတွေတော့ ရှိခဲ့ပါတယ်။ ကျွန်တော်တို့ ပညာရေးကို မကြိုက်လို့ပါ။ ပြီးတော့ မိဘ၊ နေရပ်လိပ်စာ စသဖြင့် အကုန်တောင်းခံခဲ့ရပါတယ်။ နောက်တစ်ကြိမ် မလုပ်ဖို့အတွက် အခုခံဝန်ကိုလည်း ထိုးခဲ့ရတယ်”

ထက်လင်း (မှော်ဘီတက္ကသိုလ်)

ကျောင်းသားသပိတ်ဖြိုခွဲရာတွင် ဖမ်းဆီးခံရပြီးနောက် မတ် ၁၂ ရက်တွင် ပြန်လွတ်လာသူ
___________________________

“တရားရေး မဏ္ဍိုင်မှာအခုထိ ပွင့်လင်းမြင့်သာမှု မရှိသေးဘူး။ လူထုရှေ့မှာဘာကြောင့် တရားစီရင်ပိုင်ခွင့်ကို မပေးနိုင်တာလဲ ဆိုတာကို ပြန်မေးရမယ်။ သူတို့ဟာ တရားမျှတစွာ လုပ်ဆောင်တယ်ဆိုရင် ပွင့်လင်းမြင်သာမှုကို စိုးရိမ်ကြောင့်ကြစရာ မရှိပါဘူး။ အခုဟာက ညကြီးအချိန်မတော်မှ ရုံးထုတ်တယ်ဆိုတာ တစ်ခါမှမကြားဖူးဘူး။ မိသားစုတွေနဲ့လည်း တွေ့ခွင့်မရဘူး။ ထောက်ခံအားပေးတဲ့ သူတွေကိုလည်း ဝင်ခွင့်မပေးဘူးဆိုတာ အင်မတန်မှ ရုပ်ဆိုးအကျည်းတန်ပါတယ်။ ကျွန်မတို့နိုင်ငံမှာ တရားရေးမဏ္ဍိုင်ဟာ ဘယ်လောက်အထိ ပျက်စီးနေသလဲဆိုတာ ကမ္ဘာသိအောင် ပုံရိပ်ပြလိုက်သလိုပါပဲ။ အစိုးရကလည်း အမျိုးသား ပြန်လည်သင့်မြတ်ရေးကို သွားနေပါတယ်ဆိုပြီး စကားလုံး သက်သက်သာရှိပါတယ်။ တကယ့်လက်တွေ့မှာတော့ ပုံဖော်မှုအားနည်းနေပြီး ကမ္ဘာကရော၊ မြန်မာပြည်သူလူထုကရော ယုံကြည်မှု လျော့နည်းနေပါပြီ”

ဒေါ်နီလာသိန်း (၈၈ မျိုးဆက် ငြိမ်း/ပွင့်)
___________________________

“ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၃၄ဝ အရ ရှေ့နေရှေ့ရပ် ငှားရမ်းခွင့်ရှိတယ်။ တရားရုံး ရုံးထုတ်တဲ့ အချိန်မှာလည်း မိသားစုနဲ့ တွေ့ခွင့်ရှိတယ်။ အခုဖြစ်နေတာက နိုင်ငံတော်ပုန်ကန်မှုလည်း မဟုတ်ဘူး။ တကယ်လို့ နိုင်ငံတော်ပုန်ကန်မှု ဆိုရင်တောင်မှ သူ့မှာရပိုင်ခွင့် အခွင့်အရေးရှိတယ်။ တကယ်လို့ မိသားစုအနေနဲ့ သူတို့ကို ထောင်မှာ ချုပ်ထားတယ်ဆိုရင် တွေ့ခွင့်ရဖို့ကို မနက် ၆ နာရီကနေ ညနေ ၆ နာရီအတွင်း တောင်းဆိုလို့ရတယ်။ တကယ်လို့ မပေးဘူးဆိုရင် သက်ဆိုင်ရာဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် အဆင့်ထိ စာတင်ပြီး ပြောရမယ်။ ထောင်မှာဖြစ်ဖြစ်၊ ရဲစခန်းမှာဖြစ်ဖြစ် ချုပ်ထားရင် တွေ့ခွင့်ရှိတယ်။ တကယ်လို့ ရှေ့နေငှားရမ်းခွင့်၊ မိသားစုတွေ့ခွင့် မရဘူးဆိုရင်တော့ ဒါလူ့အခွင့်အရေး ချိုးဖောက်တာပဲ။ လက်ရှိ ပြင်ပမှာရှိနေတဲ့ မိသားစုဝင်တွေအနေနဲ့ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ ICRC ကို သွားရောက် အကြောင်းကြား သင့်တယ်”

တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်
___________________________

“ထောင်တွင်းက အဆင်ပြေပေမယ့် ရဲကားပေါ်မှာတော့ ပိုးစိုးပက်စက် နှမချင်း မစာမနာ ပြောဆိုတာတွေရှိပါတယ်။ ခံဝန်တော့ ထိုးခဲ့ရတယ်။ မိဘ ဖိအားနဲ့ထိုးခဲ့ရတယ်။ တရားရုံးကတော့ မခေါ်ထားဘူး။ ဒါပေမဲ့ လက်မှတ်ထိုးခဲ့ရတယ်။ အသက်လုပြီး ထွက်ပြေးရတဲ့အချိန်မှာ ပစ္စည်းကို အာရုံမထားနိုင်ဘူး။ ဥပမာ မှတ်ပုံတင်၊ ကျောင်းသားကတ် ဟန်းချိန်း လက်စွပ်၊ ဆွဲကြိုးမရှိတော့ဘူး။ ရဲစခန်းကို သွားတော့စုံစမ်းမှာပါ။ ဟိုပို့လိုက် ဒီပို့လိုက်နဲ့ဆိုတော့ လက်ပံတန်းရဲစခန်းကို ပစ္စည်းပျောက်မှုနဲ့ သွားတိုင်ပါမယ်။ ကျွန်မတို့ကို သိက္ခာချတဲ့ ရဲမေတွေကို လူအခွင့်အရေးချိုးဖောက်မှုနဲ့ တိုင်ပါမယ်။ ကျွန်မတို့ ရဲဘော်တွေကို ပိုးစိုးပက်စက် ရိုက်ခဲ့ပါတယ်။ ယောက်ျားလေးတွေကို အကုန်ရိုက်တယ်။ ထောင်ကားထဲမှာ လူသေတွေကို ဖြန့်ထားသလို ရေနဲ့ဖြန်းပါတယ်။ ကိုမင်းသွေးသစ်ကတော့ အခြေအနေ မကောင်းပါဘူး”

မအိဖြူဖြူမွန်က (ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်)

ကျောင်းသားသပိတ်ဖြိုခွဲရာတွင် ဖမ်းဆီးခံရပြီးနောက် မတ် ၁၂ ရက်တွင် ပြန်လွတ်လာသူ
___________________________

ပုံစာ - ပင်မကျောင်းသား သပိတ်စစ်ကြောင်းအား ဖြိုခွင်းဖမ်းဆီးထားသူများအား မတ် ၁၁ ရက်က သာယာဝတီထောင်မှ လက်ပံတန်းတရားရုံးသို့ ရုံးထုတ်လာစဉ် အချုပ်ကားပေါ်တွင် ပါရှိလာသော ဖမ်းဆီးခံထားသူအချို့ကို တွေ့ရစဉ်

Eleven Media Group

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ်၊ ဗိုလ်မှူးဗထူးလမ်းရှိ၊နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် ယနေ့ မတ်လ ၁၂ ရက်နေ့
နံနက်(၁၀း၀၀)နာရီက ကျင်းပခဲ့သည့် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်တောင်းဆိုနေသော ကျောင်းသား/ကျောင်းသူများနှင့်
ပြည်သူလူထုတို့ကို ရက်စက်စွာအကြမ်းဖက်နှိမ်နင်းမှုအားကန့်ကွက်ရှုံချခြင်းနှင့် ဖမ်းဆီးထိန်းသိမ်းထားသူများ ပြန်လည်
လွတ်မြောက်ရေးတောင်းဆိုပွဲအခမ်းအနားသို့ ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ကိုမင်းကိုနိုင်၊
ကိုကိုကြီး၊ ကိုမြအေး၊ ကိုဂျင်မီ၊ ကိုမာကီး၊ ကိုဥာဏ်လင်းနှင့်မနီလာသိန်းတို့ဦးဆောင်သော အဖွဲ့ဝင်များ ပါဝင်တက်
ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိကပေးပို့သောသ၀ဏ်လွှာအား နာရေးကူညီမှုအသင်း ဥက္ကဌ
ဦးကျော်သူမှ ဖတ်ကြားခဲ့ပြီး၊ အကြမ်းဖက်နှိမ်နင်းမှုဖြစ်စဉ်များနှင့်ပတ်သက်ပြီး ၄င်း၏အမြင်သဘောထားများကိုလည်း ပြောကြား
ခဲ့သည်။
ထို့နောက် ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းမှကိုမင်းကိုနိုင်က ကျောင်းသားများနှင့်ပြည်သူလူထုအပေါ် ရက်စက်စွာ
အကြမ်းဖက်နှိမ်နင်းမှုအား ဆန့်ကျင်ရှုံ့ချကြောင်း ပြောကြားခဲ့ပြီးအခြားသော စာပေနယ်၊ အနုပညာနယ်၊ ဥပဒေနယ်မှ ပုဂ္ဂိုလ်များ
ကလည်း ၄င်းတို့၏သဘောထားများကို ထုတ်ဖော်ပြောကြားခဲ့ကြသည်။

The 88 Generation Peace and Open Society

ပြန်လည်လွတ်မြောက်လာတဲ့ ကျောင်းသား ကိုစိုးလွင်ကျော် (ဒုတိယနှစ် စိုက်ပျိုးရေးသိပံ္ပ) ပြောကြားချက်

“ကျနော်တို့က ဘုန်းကြီးကျောင်းထဲမှာပဲခင်ဗျ။ သာသာယာယာပဲ အဖမ်းခံပါတယ်။ ကျနော်တို့ တယောက်ချင်းစီ အဖမ်းခံတယ်။ ဒါပေမယ့် အဖမ်းခံပြီးတော့ ကျနော်တို့ကို အချုပ်ကားပေါ် မတင်ခင် ကျနော်တို့ကို ရိုက်ပါတယ်။” ————————————————————————————————-

မရည်မွန်အောင် (တတိယနှစ် ကုန်ထုတ်ဓာတုဗေဒအထူးပြုဘာသာရပ်)

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှာ တတိယနှစ် ကုန်ထုတ်ဓာတုဗေဒအထူးပြုဘာသာရပ်နဲ့ တက်နေတဲ့ ကျောင်းသူ မရည်မွန်အောင်ကို သာယာဝတီထောင်က ပြန်လွတ်လာလာချင်း ဒီဗွီဘီ က ဆက်သွယ်မေးမြန်းထားပါတယ်။

“နံပတ်တုတ်နဲ့ ခေါင်းကိုထောက်ပြီး ဟဲ့ကောင်မ ခေါင်းငုံ့ဘာညာဆိုပြီးတော့ သူတို့ အရပ်စကားတွေနဲ့ သူတို့ မိုက်မိုက်ရိုင်းရိုင်းတွေပြောတယ်။ မငုံ့ပဲနဲ့ ကြည့်လိုက်တဲ့ အချိန်မှာ မလုပ်ပါနဲ့ မလုပ်ပါနဲ့ ပြောနေတဲ့သူတွေကို အသေရိုက်နေတာတွေ့တယ်။ ယောက်ျားလေးတွေ တော်တော်ခံရတယ်။ တချို့ဆို ထိခိုက်ဒဏ်ရာရတယ်၊ တကိုယ်လုံးမှာ သွေးတွေ အပြည့်ပဲ။ အခုထိ ဆေးရုံရောက်နေတဲ့သူတွေ ရှိသေးတယ်။”
——————————————————————————
——————-
ပြန်လွတ်လာတဲ့ ကျောင်းသူ မအိဖြူဖြူထွန်း ပြောကြားချက်

လက်ပံတန်းမှာ ရိုက်နှက်ဖြိုခွဲမှုနဲ့ ကြုံတွေ့ခဲ့ရတဲ့ ကျောင်းသားသပိတ် ၀န်းရံသံဃာတော်တွေဟာ သီတင်းသုံးရာ ကျောင်းတိုက်အသီးသီးကို ပြန်လည်ရောက်ရှိသွားကြပြီဖြစ်ပြီး ဒီကနေ့ နိုင်ငံပိုင်သတင်းစာပါ ရေးသားချက်မှန်ကန်မှု မရှိဘူးလို့ သံဃာတော်တွေက မိန့်ပါတယ်။

မတ် ၁၀ ရက်က ပဲခူးတိုင်း လက်ပံတန်းမြို့မှာ ရဲတပ်ဖွဲ့က ကျောင်းသားသပိတ်ကို အကြမ်းဖက်ဖြိုခွင်းကာ ကျောင်းသားတွေကို ဖမ်းဆီးခဲ့ပြီး သံဃာတော်တွေကိုတော့ လက်ပံတန်းမြို့နယ် သံဃနာယကအဖွဲ့နဲ့ တာဝန်ရှိသူတွေက ခေါ်ယူစစ်မေးပြီး ပြန်ကြွခွင့် ခွင့်ပေးခဲ့တာပါ။

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီ အစိုးရပိုင်သတင်းစာတွေက သတင်းထုတ်ပြန်ရာမှာ သံဃာတော်တွေ အနေနဲ့ သပိတ် စစ်ကြောင်းမှာ ကျောင်းသားတွေဘက်က ပါဝင်ဆောင်ရွက်ခဲ့တာဟာ စေတနာ အမှားနဲ့ ဆောင်ရွက်ခဲ့တာဖြစ်ကြောင်း ရဟန်းသံဃာတော်နဲ့ မအပ်စပ်တဲ့ ပါတီနိုင်ငံရေး၊ လူမှုရေး ကိစ္စတွေ ယခုကဲ့သို့ ကျောင်းသားသပိတ်တွေအပေါ် နောင်အခါ ပါဝင်ပတ်သက်မှု မပြုလုပ်တော့ပါကြောင်း၊ ကျောင်းသားသပိတ်မှာ ပါဝင်ခြင်းအပေါ် မေတ္တာရှေ့ထား ခွင့်လွှတ်သည်းခံပေးတော်မူဖို့ လျှောက်ထားခဲ့ကြတယ်လို့ ဖော်ပြထားတာပါ။

မန္တလေးမြို့ကို ပြန်လည်ရောက်ရှိနေတဲ့ ကျောင်းသားသပိတ်ဝန်းရံသံဃာ ဥူးစိန္တိတက ဒီထုတ်ပြန်ချက် မှန်ကန်မှု မရှိဘူးလို့ မိန့်ပါတယ်။

‘လုံးဝမဟုတ်ဘူး။ ဦးဇင်းတို့ သူတို့ကို ကတိက၀တ်လည်း မပေးခဲ့ဘူး။ သူတို့ ရေးတဲ့ဟာတွေ မှားနေတယ်။ ဦးဇင်းတို့ကို လွှတ်ပေးလိုက်ရခြင်းက လက်ပံတန်း သံဃနာယက ဆရာတော်တွေကနေ သံဃကိစ္စ သံဃာပဲဖြေရှင်းမယ်၊ ငါတို့ညှိနှိုင်းပြီးမှ ငါတို့လုပ်စရာရှိ တာလုပ်မယ်ဆိုပြီးတော့ မြို့နယ် သံဃမဟာနာယက ဥက္ကဋ္ဌ ဆရာတော်တွေရဲ့ မေတ္တာရပ်ခံ ချက်ကြောင့်လွှတ်လိုက်တာ။ ဦးဇင်းတို့ကိုဖမ်းဖို့ တကဲကဲလုပ်တယ်။ ဦးဇင်းတို့ အဖမ်းခံဖို့ အဆင်သင့်ပဲ၊ ဆရာတော်ကြီးက ဒီလိုလုပ်လို့တော့မဖြစ်ဘူး။ သံဃကိစ္စသံဃာ လုပ်မယ်ဆိုပြီး တားထားတာ။ ဦးဇင်းတို့ဆီကဘာမှ နုတ်ကတိမပေးဘူး။ သူတို့ ရေးချင်ရာရေး လွှင့်ချင်ရာ လွှင့်လိုက်တာ။”

အလားတူ ဥူးအာလောကလည်း ‘ဦးဇင်း အမြင်ကတော့ သူတို့က လုပ်နေကျထုံးစံပေါ့ဗျာ။ လက်မှတ်ထိုးထားရင် ကျန်တာသူတို့က ကောက်ရေး၊ အဲလိုပုံစံပါပဲ။ ဟိုတုန်းက ခေတ်ပုံစံပေါ့။ ပြန်ကြားရေးဌာနက ခုချိန်ထိ ပွင့်လင်းမြင်သာမှုလည်း မရှိဘူး။ ပြည်သူလူထုကို အထင်မှား အမြင်မှားဖြစ်အောင်လုပ်တယ်လို့ပဲ ဦးဇင်းတို့ ခံယူပါတယ်’လို့မိန့်ပါတယ်။

ကျောင်းသားသပိတ်စစ်ကြောင်းကို ၀န်းရံပေးတဲ့ သံဃာတော်အပါး ၂၀ ၀န်းကျင်ရှိပေမယ့် အခင်းဖြစ်ပွားချိန်မှာ အောင်မြေဗိမာန်ဘုန်းကြီးကျောင်းအတွင်း ခိုလှုံခဲ့ကြတဲ့ သံဃာ ၁၀ ပါးသာ ပိတ်မိပြီး ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးခံခဲ့ရတာဖြစ်ပြီး ကျန်တဲ့ သံဃာတော်တွေကတော့ လွတ်မြောက်သွားတာဖြစ်ပါတယ်။

ရဲတွေက သံဃာတွေကို သိက္ခာချဖို့ ပြောခဲ့ပေမယ့် မြို့နယ်သံဃမဟာနာယက အဖွဲ့က ကန့်ကွက်ခဲ့တဲ့အကြောင်း ဘုန်းကြီးကျောင်းထဲမှာ ပိတ်မိနေတဲ့ သံဃာတော်တစ်ပါးက

“မြို့နယ်သံဃမဟာနာယကက ကျောင်းသားတွေကို ဒီကိုယ်တော်တွေက လိုက်ပါ စောင့်ရှောက်တဲ့ ကိုယ်တော်တွေဖြစ်တဲ့ အတွက်ကြောင့် ဘယ်အထဲမှလဲပါတာမဟုတ်ဘူးတဲ့။ စောင့်ရှောက်ရေးအဖွဲ့က ဆိုတော့ ၀ိနည်းပြဿ နာနဲ့ ဘာမှ လုပ်လို့မရဘူးတဲ့၊ သူတို့ ကျောင်းကို သူတို့ ပြန်ပါစေ၊ မည်သည့်အရေးယူဆောင်ရွက်မှုမှ မလုပ်ပါနဲ့တဲ့၊ လက်ပံတန်းမြို့က သံဃာအနေနဲ့လည်း သံဃာထိတာမခံဘူးတဲ့၊ ကျုပ်တို့ကို သိက္ခာချဖို့အရေးကို လုံးဝကန့်ကွက်တယ် ၊ သိက္ခာလည်း အချမခံဘူး”လို့ မိန့်ပါတယ်။

လက်ပံတန်းကနေ မန္တလေးမြို့ကို ပြန်လည်ရောက်ရှိလာတဲ့ သံဃာတွေက ဒီကနေ့ မန္တလေးမြို့မှာ ကျောင်းသားသပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွဲခံရမှုနဲ့ ပတ်သက်ပြီး အတွေ့အကြုံတွေကို မီဒီယာတွေနဲ့ တွေ့ဆုံရှင်းလင်းပြောကြားခဲ့ပါတယ်။

လတ်တလော သပိတ်မှောက် ကျောင်းသားတွေဖမ်းဆီးတရားစွဲခံနေရတဲ့အပေါ် ၀န်းရံသံဃာ ဥူးစိန္တိတက “စိတ်မကောင်းဘူးပေါ့ဗျာ။ ကလေးတွေက ကျောင်းသားတွေပါ၊ သူတို့ဆီမှာ အမှန်တရားတွေ ရှိပါတယ်။ ငြိမ်းချမ်းမှုတွေ ရှိတယ်။ ဒီလိုလုပ်လို့ တော်တော့်ကို စိတ်မကောင်းဖြစ်ရတယ်၊ ဒီနေ့ထိလည်း မျက်စိထဲက မထွက်ဘူး၊ ဒီပုံရိပ်တွေ ဦးဇင်းတို့ မျက်စိထဲက လုံးဝမထွက်ဘူးဖြစ်နေတယ်။ ဒါဟာမတရားမှုတွေ”လို့ မိန့်ပါတယ်။

လက်ပံတန်းမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကို ဖန်တီးအမိန့်ပေးတဲ့ အဓိကရုဏ်း ဖြစ်အောင်ဖန်တီးလိုက်တဲ့ တရားခံတွေကို စုံစမ်းဖော်ထုတ်ပေးဖို့လည်း ဒီမိုကရေစီပညာရေး ပင်မ သပိတ်စစ်ကြောင်း ၀န်းရံသံဃာတော်တွေက တောင်းဆိုလိုက်ပါတယ်။

DVB
http://burmese.dvb.no/archives/85412


ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်နေ့က လက်ပံတန်းမှာ ကျောင်းသားသပိတ် စစ်ကြောင်းကို ရဲတပ်ဖွဲ့က ဖြိုခွင်းခဲ့အပြီး သာယာဝတီ အကျဉ်းထောင်မှာ ထိန်းသိမ်းထားသူတွေ အထဲက ကျောင်းတက်ဆဲ ကျောင်းသားတွေကို အာဏာပိုင်တွေက စိစစ်ပြီး ပြန်လွှတ်ပေးနေတယ်လို့ သိရပါတယ်။ ပြန်လွတ်လာတဲ့အထဲက ရန်ကုန် အရှေ့ပိုင်း တက္ကသိုလ်က တတိယနှစ် ကျောင်းသူ မရီမိုမိုအောင် ခေါ် ရီမွန်ကို အဖမ်းခံရပြီးနောက်ပိုင်း အခြေအနေတွေက စလို့ ဘီဘီစီ သတင်းထောက် ကိုနေလင်းက ဆက်သွယ် မေးကြည့်ထားပါတယ်

ဘီဘီစီ

လက်ပံတန်းကျောင်းသားသပိတ်ဖြို ခွဲမှုကို အသေးစိတ်ပြန်ပြောပြထားတဲ့ဆောင်းပါးပါ။မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ ရှင်ဒေ၀ီရေးသားပါတယ်။
...........................................................................
လက်ပံတန်းမှသည်.......
ရှင်ဒေ၀ီ
ကျမ ရှင်ဒေ၀ီ ပါ။ အသက်မွေးဝမ်းကြောင်းက documentary filmmaker (မှတ်တမ်းရုပ်ရှင် ရိုက်ကူးသူ) ဖြစ်ပါတယ်။ ၁၀ ရက်နေ့လက်ပတန်းအကြမ်းဖက်မှုအတွက် မျက်မြင်သက်သေ တစ်ယောက်လဲဖြစ်ခဲ့ပါတယ်။ တိတိကျကျပြောရရင် လက်ပံတန်း မှာ ကင်မရာနဲ့ ရောက်ရှိနေခဲ့ တာဟာ သတင်းဌာန တစ်ခုခုအတွက် အလုပ်လုပ်တဲ့ media သမားအဖြစ်မဟုတ်ဘဲ မြန်မာနိုင်ငံရဲ့ ပြောင်းလဲမှုဖြစ်စဉ်တွေကိုမှတ်တမ်းတင် စုဆောင်း နေတဲ့ image collector အဖြစ် ရောက်ခဲ့တာပါ။ ဒါကြောင့်မို့ ကျမဟာတခြားသော media သမားတွေလို ကျင့်ဝတ် စောင့်ထိမ်း စရာမလိုဘဲ ကျောင်းသားကျောင်းသူတွေ ကိုဝန်းရံနိုင်သူ အဖြစ် ကျမကိုကျမ ခံယူ ပါတယ်။
အစကပြောရမယ်ဆိုရင် ပညာရေးပြောင်းလဲဖို့အမှန်တကယ်လိုအပ်လို့ ကျောင်းသားစစ်ကြောင်းကို ထောက်ခံပါတယ်။ သူတို့စထွက်လာကထဲ က လုံးဝသဘောတူထောက်ခံပါတယ်။ အခုမှမစရင် ကျမတို့ဘယ်လောက်ထပ်စောင့်ရဦးမတုံး။ တဘ၀လုံးစောင့်ခဲ့ရတာ။

ကျနော်သမီးစာကျက်နေတယ်လို့။အေးချမ်းစွာပညာသင်ကြားရေးကိုထိခိုက်စေသော ဆူပူမှု ဆိုတဲ့ ခံယူချက်တွေ ကိုကြားသိရတဲ့အခါ ကျမငယ်စဉ်က တစိတ်တပိုင်းကိုဘဲ မျှဝေချင်ပါတယ်။ ကျမ ရဲ့ အုပ်ထိန်းသူက ပြည်သူပိုင်မသိမ်းခင် နန်ယန်ကျောင်း( အခု ထ ၂ဗဟန်း မှာ ၁၀ တန်းထိသာ ပညာသင်ကြားခဲ့သူပါ။ ဘွဲ့မရပါဘူး။ ဒါပေမယ့် ကျမကို မူလတန်းကနေ အလည်တန်းအထိ အိမ်မှာ စာပြပေးနိုင်ပါတယ်။ ကျမတို့ခေတ်ကာလ ကလဲ ကျူရှင်တွေဒီလောက် ခေတ်မစား သေးပါဘူး။ အဓိကပြောချင်တာက ကျမ အုပ်ထိမ်း သူ ကျမ အမေ ရဲ့ စာသင်ကြား ဟန်ပါ။ သမိုင်း၊ မြန်မာစာ စတာတွေ ကို ပုံပြော သလိုပြောပြပါတယ်။ စာကို ၀ါကျအလိုက် မကျက်ခိုင်းဘူး။ နားလည်ပြီဆိုရင် ကိုယ့်ဘာသာ ပြန်ရေးခိုင်းပါတယ်။ ဆရာမပေးတဲ့မှတ်စုနဲ့နဲကွာဟပေမယ့် အချက်အလက် က တော့အတူတူပါဘဲ။ အိမ်က သင်ကြားပေးတဲ့မူဟန်နဲ့ဘဲ မူလတန်းကနေ အလယ်တန်း (သူငယ်တန်းကနေ ၈ တန်းအထိ) ကျမနှစ်ဉ် ထူးချွန်ကျောင်းသူဖြစ်ခွင့်ရခဲ့ပါတယ်။ နောက် ၉ တန်းရောက်တဲ့အခါ ကျမ တို့ သားအမိ အခက် တွေ့ရပါတော့တယ်။ ကျမအမေက ဇီဝဗေဒ၊ ဓါတုဗေဒ၊ စတဲ့သင်ခန်းစာတွေနဲ့မရင်းနှီးပါဘူး။ ဗြုန်းကနဲ ပြောင်းသွားတဲ့ အင်္ဂလိပ်လိုသင်ရိုးတွေ ကို အမေက မသင်ပြနိုင်တော့ပါဘူး။ အဲဒီမှာ ကျမလဲ အလွတ် ကျက် ရတဲ့အဖြစ်ရောက်ခဲ့ ရပါတော့တယ်။ ဒီအခါကစပြီး ကျမရဲ့ပညာရေး ရွှေရောင် နေ့ရက် တွေပြီးဆုံးခဲ့ရပါတယ်။ ပညာရေးရွှေရောင်တွေ

အညိုရောင် ပြောင်းလာ သလို မြန်မာ နိုင်ငံရဲ့အမှောင်ထုကြီးထဲ စုန်းစုန်းမြုပ်တဲ့၁၉ ၈၈ ကိုလဲ ကျမ န၀မတန်း ကျောင်းသူ ဘ၀မှာကြုံခဲ့ရတော့တာပါပဲ။
ဒီလိုနဲ့ အမှောင်ခေတ်ထဲက အလင်းရောင်တွေရလာနိုးတိုက်ပွဲဝင်ရင်း ၁၀တန်းစာမေးပွဲဖြေရမယ့် အချိန်မှာ ထောင်ထဲရောက်နေတာမျိုး၊ နောက်နှစ်စာမေးပွဲ မဖြေခင် လပေါင်းများစွာဖမ်းထားခဲ့ပြီး စာမေးပွဲနီးမှ ကပ်ပြီးလွတ်တာမျိုးနဲ့ ကြုံခဲ့ရပါတယ်။ ၁၀တန်းမအောင်ရင် တက္ကသိုလ်ဆိုတာ မရောက်ရမှာမို့ အလွတ်ကျက်တန်ကျက်၊ကူးချတန်ကူးချနဲ့ ဒီလိုနဲ့ ၁၀တန်း ကို ၁၉ ၉ ၃ မှာအောင်ခဲ့ပါတယ်။ ဆယ်တန်းအောင်ပြီးတဲ့အခါ ကျမအမှတ်နဲ့ရွေးစရာက က ရူပဗေဒ၊ သင်္ချာ၊ သတ္တ ဗေဒ၊ ရုက္ခဗေဒ ဆိုတာတွေရွေးနိုင်ပါသတဲ့။ ကျမ ဖြစ်ချင်ခဲ့တာရှေ့နေ။ ကျမ ဥပဒေကို တက်ခွင့်မရပါဘူး။ အဲဒီတော့ ကျမ က မြန်မာစာကိုတက်ချင်ခဲ့ပြန်ပါတယ်။ ဒါပေမယ့် ကျမက သိပ္ဗံတွဲနဲ့ ၁၀တန်းအောင်တာမို့ ၀ိဇ္ဇာတွဲ ပြောင်းဖို့ခက်ပြန်ပါသတဲ့။ ဒီလိုနဲ့ ကျမနဲ့ ဘယ်လိုမှ စိတ်မ၀င်စားတဲ့သတ္တဗေဒ ဘာသာကိုဘဲ ဘွဲ့တခုရနိုင်ဖို့ သင်ကြားခဲ့ရတယ်ပေါ့။ ပညာရေး အတွက် ကျမတို့ အချိန်တွေပေးခဲ့ရတယ်။ ငွေတွေပေးခဲ့ရတယ် ကျမတို့ဘွဲ့လက်မှတ်က လွဲရင်ဘာတွေ ရခဲ့ သလဲ။ ဘာမှမရတာတော့မဟုတ်ပါဘူး။ လူမှုဆက်ဆံရေးနယ်ပယ်တစ်ခုတော့ စာသင်ကြား ရင်းရခဲ့ပါတယ်။ ဒါပေမယ့် ဒါတွေနဲ့တော့ လုံလောက်ကျေနပ်နေဖိုပမဖြစ်နိုင်ပါဘူး။ မတတ်သာ လို့ခေါင်းငုံ့ အံကြိတ်နေခဲ့ရပြီး အခုတော့ ခေတ်ကျောင်းသားတွေ တစခန်းထဦးဆောင်လို့ ပညာရေး စနစ်ပြောင်း တောင်းဆို ဆန္ဒပြနေတာကို တွေ့မြင်ရတဲ့အခါ ကျမနေနဲ့ ထောက်ခံ ၀န်းရံ မယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒီနေရာမှာပြောစရာ ရှိလာပြန်ပါတယ်။ ကျောင်းသားတွေကြားထဲ အသက်အရွယ်ကြီးတဲ့ သူတွေ ၀န်းရံပေးနေတာ မြင်ရတဲ့အခါ ဒါလားကျောင်းသားလားလို့ ပြစ်တင်သံ၊ ပျက်ရယ်ပြုသံ တွေကြား နေရပါတယ်။ ဒီလို အသံကို သာမန် ဝေဖန်သူတွေဆီကသာမက ပြန်/ကြား ၀န် ဆီကပါ ကြားရတော့ ပြောပြရဖို့ဖြစ်လာရပါတယ်။ တခြားလိုက်ပါတဲ့ သက်ကြီးပိုင်းတွေ မှာ သူတို့ ရဲ့ ကိုယ်ပိုင်ခံယူချက်နဲ့ အကြောင်းပြချက်ကိုယ်စီရှိနိုင်ပါတယ်။ ဘာကြောင့် ကျောင်းသား သပိတ်စစ်ကြောင်းမှာ ပါနေရသလဲဆိုတဲ့မေးခွန်းအတွက်ပါ။ ကျမ အသက် ၄၀ ပါ။ သက်ကြီးပိုင်း လို့ဆိုပါစို့။ ဘာကြောင့် ပညာရေးပြောင်းလဲတာဟာ ကျမ အတွက် အရေးကြီးနေရသေးတာပါလဲ။ မျိုးဆက်သစ်အတွက် အနာဂတ် နိုင်ငံတော်အတွက် ဒီလိုစကားလုံးအကြီးကြီးတွေ ကိုအမြင်ကတ် နေသူတွေအတွက် ရိုးရိုးလေးပြောချင် ပါတယ်။ အသက်အရွယ်မရွေး ပညာသင်ကြားနိုင်ခွင့်ရှိ နိုင်တဲ့ အခွင့်အရေး က ကျမအတွက် တော်တော် အရေးပါပါတယ်။ တချိန်ချိန်မှာ ဥပဒေပညာ သင်ခွင့် ရပြီး ရှေ့နေ တစ်ယောက် ဖြစ်ချင်ပါသေးတယ်။ နောက် နှစ်နဲနဲ ကြာဦးမယ်ဆိုရင်လဲ ကျမ ကျောင်းသား တစ်ယောက် ပြန်ဖြစ်နိုင်ပါသေးတယ်။ ကျောင်းသားဆိုတာ ဘယ်အရွယ် သာဖြစ်သင့်တ ယ် ဆိုတဲ့ အတွေး မျိုး တွေဟာ ကျမတို့ အနာဂတ် ကို ပိုပြီးမှောင်ပိန်း နေစေဦး တော့မှာပါပဲ။ ဒါကြောင့် ဒီအရွယ်ကြီး ကျောင်းသားလား လို့ဆိုနေသူ တွေ ကို ပညာလို အိုသည်မရှိ လို့ ဘဲ တသီး ပုဂ္ဂလ အမြင်နဲ့ ရိုးရိုးလေး ဆိုချင်ပါတယ်။ ဥာဏ်ပညာနဲ့ ချစ်ချင်းတရားကသာတိုင်းပြည်ကို ဦးဆောင်နိုင်ပါလိမ့်မယ်။

နောက်တချက်ကတော့ ကျောင်းသားဆိုတာ ပြည်သူတွေ ရဲ့ သားသမီးပါ။ ဒီတော့ သပိတ် စစ်ကြောင်း မှာ ၀န်းရံသူပြည်သူတွေပါဝင်နေတာက ဝေဖန်ပြစ်တင်နေရမယ့်ကိစ္စဆိုး မဟုတ်ဘူး လို့မြင်ပါတယ်။အထက်ကအကြောင်းအရာတွေ ဟာ ကျမ ဘာကြောင့် ကျောင်းသားသပိတ် ကို အကဲဆတ်နေရသလဲဆိုတဲ့ တစိတ်တဒေသ ဖြစ်ပါတယ်။
အခုဆက်ပြီး လက်ပံတန်းအကြမ်းဖက်မှု ဆီကိုသွားပါမယ်။

၁၀ ရက် ၁၀ နာရီ စိန်ခေါ်မှု အတွက် ၉ ရက်နေ့ ည မှာ လက်ပံတန်းသပိတ်စခန်းမှာသွား အိပ်ခဲ့ပါတယ်။ အဲဒီည မှာဖြိုးဖြိုးအောင် ကိုတွေ့ရတာ ကျန်းမာရေးအားနည်းနေတယ်။ ဒါပေမယ့် မနက်ဖြန်မှာ ကြီးမားတဲ့ ရင်ဆိုင်မှုတွေ ကိုကြုံရမယ်ဆိုတာ စိတ်ပိုင်းဖြတ်ထားပြီးသားဆိုတာ သိသာတယ်။ အတားအဆီးတွေ ကို အကြမ်းမဖက် တိုးဝင်ဖောက်ထွက်မယ်။ ဒါဟာ ဖမ်းဆီးခံရနိုင်တယ်ဆိုတာ လဲ သူကသိနေတယ်။ အားလုံးဆုံးဖြတ်ချက်အတိုင်းရဲရင့်ကြဖို့ အသင့်အနေအထားနဲ့ တည်ငြိမ် နေတယ်။ အဲဒီမှာ ဖြိုးဖြိုးပြောတဲ့ စကားတခွန်းကိုကျမ မှတ်မိနေတယ်။အတားအဆီးတွေ ကိုကျော်ဖြတ်တဲ့ အခါ သံဆူးကြိုးတပ်ထားတဲ့ဂိတ်တွေ ကို ရင်ဆိုင်တိုးတဲ့ အခါ ကျောင်းသား ရဲဘော်တွေ ထိခိုက် ဒဏ်ရာရမှာ ကို ဘဲတဲ့။ ကျမ တို့အားလုံး ၁၀ ရက် ၁၀ နာရီ မတိုင်ခင် အစိုးရ ဘက် က အလျော့ပေးဖို့ မျှော်လင့် မိခဲ့ကြ ပါတယ်။ ကျောင်းသား တွေ ဟာ ရန်ကုန်မှာ သပိတ်ကို ဆက်ဖို့ တောင်းဆိုနေတာ မဟုတ်ပါဘူး။ ရန်ကုန် မှာပျော်ရွှင်စွာ လူထုနဲ့တွေ့ဆုံ ရန်ကုန် တက္ကသိုလ် ဒါမှမဟုတ် ရွှေတိဂုံ စနေထောင့်မှာ လူစုခွဲ ပေးဖို့ပါ။ ဒါပြီးရင်လွတ်တော်က ဆွေးနွေးမှု ကို စောင့်ကြည့် ပါဝင်ဆွေးနွေးကြဖို့ပါ။ ကျမတို့ မရဲတရဲ နဲ့မျှော်လင့်ခဲ့ပါတယ်။ စာနာ မှုလေး နဲနဲ ကိုပါ။ အဲဒီည မှာကျောင်းသားတွေသီချင်းဆိုကြတယ်။ ၀ိုင်းဝိုင်းရဲ့ နဲ့ ထူးအိမ်သင် ရဲ့ အမေ့အိမ် သီ ချင်း လေးတွေ ပါတယ်။ ကြည့်ရတာ သူတို့ ပျော်နေကြပုံဘဲ။ ဒါပေမယ့် သူတို့ အနားသွားရင် ကြားရတဲ့ စကားလေးတွေ ရှိပါတယ်။ မနက်ဖြန် ၇န်ကုန်ရောက် မလား၊ထောင် ကိုရောက်မလား မသိဘူးတဲ့။ ဒီနေ့ပျော်ထားကြတဲ့။ တယောက် က ပြောတယ် ။ ရဲတွေဝင်ဖမ်းရင် ခေါင်းကို အရိုက်မခံရအောင် သတိထားဖို့ ။အချင်းချင်း အကြံပေး နေကြပါသေး တယ်။ အပေါ်ရံမြင်ရရင် တော့ပျော် နေကြတယ်ပေါ့။ စဉ်းစားကြည့်စမ်းပါ။ ကျမတို့ လူမျိုး အယူသည်းပုံက အိပ်မက်မ ကောင်းရင် မျက်ခုံးလှုပ်ရင်တောင် ပူပန်တတ် တာမျိုးလေ။ အခုဟာ ကမနက်ဖြန် ဘာဖြစ်နိုင်လဲဆိုတာ သေသေချာချာ သိနိုင်နေနိုင်တဲ့ ညမျိုးမှာ သူတို့ ရဲရင့်ခဲ့ကြတယ်။ လရောင် သိပ်မဖြာတဲ့ည မှာ သူတို့ တွေ ဟာကြယ်ပွင့်တွေနဲ့အပြိုင် ကျမ ရင်ထဲတောက်ပနေခဲ့ တယ်။

နောက်တနေ့မိုးလင်းတော့ သပိတ်စခန်းဟာ ပုံမှန်လေးပါဘဲ။ မီဒီယာသမားတွေ တဖွဲဖွဲဝင်လာ တယ်။ မီဒီယာသမားတချို့ က ရဲမှူးတစ်ဦး ကတခုခုဆိုကြည့်ရှောင်ပေါ့လို့ အကြံပေး လိုက်တာ လဲ ကြားတယ်။ ဒါပေမယ့် ကျောင်းသားတွေ ကတော့ ပုံမှန်ပါဘဲ။ ဒါပေမယ့် အချင်းချင်း နောက်ပြောင် သံကြားရတယ်။ ဘောင်းဘီဝတ်တဲ့သူတွေက ပြေးမယ့်သူတွေလားဟေ့၊ တက်လမ်း ရှာရမယ်။ သံဆူးတပ်အကာအရံတွေ ကိုတက်ရမှာ လေ။ အဲဒီလိုပြောင်နေကြတယ်။ ရယ် နေကြတယ်။ ကျမ က ကျောင်းသူတချို့ကို ကိုတိုးတိုးမေးတယ်။ အခြေအနေတခုမှာ သမီး တို့ထမီကျွတ်နိုင်တယ်။ သူတို့ပြုံးပြီးပြော တယ်။ အောက်မှာ ဘောင်းဘီရှည်ပါတယ်တဲ့။ ဒီလိုပါဘဲ။ ဘာမှ မရှုပ်ထွေးသေးတဲ့မနက်ခင်း ( ၉ )နာရီလောက် မှာ စစ်ကြောင်းပုံစံ ၄ ယောက်တွဲထိုင် လိုက်ကြ တယ်။ သီချင်းဆို ကြွေးကျော်သံတိုင်နဲ့ သပိတ်စစ်ကြောင်းရဲ့ ပုံမှန်အတိုင်းပါဘဲ။ ဒါပေမယ့် အားလုံးက ၁၀ နာရီ ၁၀ မိနစ်အတွက် စိတ်တွေ ကိုရွက်လွှင့်လိုက်ကြပြီ။

၁၀ နာရီမထိုးခင် ညိနှိုင်းဖို့ သတင်းစကားဝင်လာတယ်။ အဲဒီအချိန်မှာ NNER က ဦးသိန်းလွင်နဲ့ ဒေါ်ညိုညိုသင်းပါရှိနေတယ်။ သူတို့နဲ့အတူကျောင်းသား ခေါင်းဆောင် တွေညှိကြတယ်။ မကြာခင်သတင်းစကားရောက်လာတယ် လက်ပံတန်း တာဆုံ ကိုလမ်း လျှောက် ထွက်ခွင့်ပြုမယ်။ ရန်ကုန်ကို ကားနဲ့သွားခွင့်ပြုမယ်။ ဒါပေမယ့် စစ်ကြောင်းတကြောင်းလုံး အစုလိုက်အပြုံလိုက် မသွားရဘူးတဲ့။ ဘယ်လိုဖြစ်ဖြစ်သတင်းကတော့ အားတက်စရာလေ။ ဖွင့်ပေးမယ်ဆိုတော့ အားလုံးပျော်လိုက်ကြတာ။ သီချင်းတွေ ဆိုလိုက်ကြတာ။ အားလုံးလဲခုန်ပေါက်လို့။ ကျမ အဲဒီအချိန်မှာတွေးလိုက်တာက သြော် အစိုးရက ငါတို့ကို နဲနဲညစ်ပြီးမှ ပေးတာပေါ့လေ။ ရန်ကုန် စွမ်းအားရှင် လက်ပတ်နီကိစ္စမှာ အတော်အရုပ်ဆိုးထားတော့ ဒီနေ့တော့ခြေလွန်လက်လွန် မလုပ် လောက်ဘူးလို့ပေါ့။ ကျမ အစိုးရ ရဲ့ယုတ်မာမှု ကိုလျော့တွက်ခဲ့မိပါတယ်။ အဲဒီအချိန်မှာ ဘဘ ဦးဝင်တင်ရဲ့ သဘောထား သတိပေးစကားကို ခဏမေ့သွားပါတယ်။
အဲဒီအချိန်မှာ ပတ်ထားတဲ့သံဆူးကြိုးဘောင်တွေကို ဖယ်ပေးလိုက်ပါတယ်။ ဒီအထိတော့ ရင်ခုန်စရာကောင်းနေတုန်းပါဘဲ။ ရန်ကုန်သွားခွင့်ရတော့မယ်ပေါ့။ စစ်ကြောင်းကသူတွေ ပျော်လိုက်ကြတာ။ ကျမလဲပျော်ပြီးခုန်လို့ ရိုက်တဲ့အရုပ်တွေတောင် ခုန်ကုန်တယ်လေ။ ဒါပေမယ့် အဲဒီအချိန်မှာ လက်ပံတန်း ရပ်မိရပ်ဖတွေရဲ့ သဘောထားဆိုတာကို လော်စပီကာနဲ့ လာဖွင့်တယ်။ သပိတ်စစ်ကြောင်းကို မြို့ခံတွေကမလိုလားလို့ အမြန်ဆုံးထွက်သွားဖို့။ အဲဒါက ပျော်နေတဲ့ စစ်ကြောင်း ကို တွေဝေသွားစေတဲ့ အပြင်ဒေါသ ဆွပေးလိုက်သလိုပါဘဲ။ ဒါလက်ပံတန်းပြည်သူ အစစ်တွမဟုတ်မှန်းသိနေကြသားဘဲ။လှည့်ကွက်တွေလာနေပြီ။ သွားခွင့်ပေးမယ်ဆိုတာ တခုခု မှားနေလိုခံစား လာရတယ်။ ကျောင်းသားအများစုတွေ ကမူလအစီအစဉ်အတိုင်း တိုးချင်နေကြပြီ။ ညှိုနှိုင်းမှု က အကြိမ်ကြိမ် အမျိုးမျိုးပြောင်း။ ရဲတွေဘက်က လူစုခွဲဖို့ လူစုမခွဲရင် အရေးယူမယ်ဆိုတာ ထပ်တလဲလဲ ဖွင့်နေတဲ့အသံက ကျယ်သထက်ကျယ်လာပြီ။ အဲဒီအချိန်မှာ ကျောင်းသားတွေဘက် က ကျေငြာတယ်။ ကျနော်တို့ တိုးဝင်မယ်။ ဖမ်းမယ်ဆိုရင် ဖမ်းပါ။ ဒါပေမယ့် ပြည်သူတွေကိုမဖမ်းပါနဲ့။ ကျနော်တို့ရဲ့ ကျောင်းသားသူတွေ ကိုနာကျင်အောင်မလုပ်ပါနဲ့။ တကယ်လို့ဖမ်းဆီးမှုတွေဖြစ်လာရင် ကျနော်တို့ရဲ့ အလံတော် ကိုမလေးမစား မလုပ်ပါနဲ့ လို့ တောက်လျှောက်ကြေငြာနေတယ်။ မင်းသွေးသစ်ဖြစ်မယ် လို့ထင်ပါ တယ်။

နောက်တော့ခေါင်းဆောင်တယောက်ကကြေငြာပါတယ်။ နောက်ဆုံးညှိနှိုင်းမှု က လမ်းလျှောက် မထွက်တော့ဘူး။ သပိတ်စခန်းမှာ ကားလာခေါ်မယ်။ အဲဒီကပဲ ကားပေါ်တန်း တက်ပြီး ရန်ကုန် သွားမယ်။ ရဲကားတွေ နောက်က လိုက်လို့ရတယ်။ ဒါ ကျောင်းသား ဘက်က တောင်း ဆို တာ။ နယ်လုံဝန်ကြီးကလမ်းတလျှောက် အလံ မထောင် ခွတ်ဒေါင်း ခေါင်းစည်း မစည်းရ ဖို့ တောင်းဆို တယ်။ နောက်ဆုံးမှာ စစ်ကြောင်းပါ ကျောင်းသား ထုရဲ့ သဘောထား ကိုတောင်းခံ တယ်။ ကျောင်းသားထု ကဆုံးဖြတ်တယ် သပိတ် စစ်ကြောင်းရဲ့ ပုံရိပ် အလံတော် ကို မထား ခဲ့နိုင် ကြောင်း။ အဲဒီမှာ နယ်လုံဝန်ကြီးက သူတို့သဘောထားနဲ့ မပြီးလို့ တင်ပြဦးမယ် လို့ဆိုခဲ့ပါတယ်။ ကျောင်းသား တွေဘက် က ၁၀ နာရီ ၁၀ မိနစ် ကို အချိန်ကြာမြင့်စွာ စောင့်စားနေရ တာကြောင့် ၁၁နာရီ ၄၅ မိနစ် မှအကြောင်းမပြန်ရင်မူလ အစီအစဉ်အတိုင်းဘဲ တိုးဝင် တော့မယ်လို့ အကြောင်း ပြန်ပါတယ်။ အဲဒီလိုပြောလိုက်ချိန်က ၁၁နာရီ ၁၅ မိနစ်ပါ။
ဘာဖြစ်တော့မယ်ဆိုတာ ကျမခန့်မှန်းမိပါပြီ။ ကျမတယောက်ထဲ ကျိတ်ပြီးဆဲဆိုနေမိပါပြီ။ ယုံမိတဲ့ကိုယ့်ကိုယ်ကိုယ် အရင်ဆဲပါတယ်။ နောက် မရိုးနို်င်အောင်ပက်စက်လွန်းတဲ့ အစိုးရကို ဆဲပါတယ်။ ဒါပေမယ့် စစ်ကြောင်းကိုစိတ်အနှောက်မယှက်ဖြစ်မှာစိုး လို့အသံတိတ်ဘဲဆဲ ခဲ့၇တာပါ။ နယ်လုံဘက်ကအကြောင်းမပြန်တော့ပါဘူး။

၁၁ နာရီ ၄၅ မှာ စတိုးပါတယ်။ ရုန်းရင်းဆန်ခတ်လုံးဝမဖြစ်သေးပါဘူး။ စနစ်တကျတိုးဝင် ဖို့ကြိုးစား တယ်ဆို ပိုပြီးမှန်ပါလိမ့်မယ်။ အလံကိုင်တဲ့သူတွေ ကနေရာကမရွေ့ပါဘူး။ ကျောင်းသား တွေက လူ ၃တန်းရပ်နေတဲ့ ရဲတွေ ကို လူအားနဲ့တွန်းကြတာပါ။ တဘက်တဘက် တောင့်ခံရကြရ တာပေါ့။ ဒါပေမယ့် ရဲတွေရဲ့လူတံတိုင်းက ၃ ထပ်ပါ။ ဒီတော့ ဘယ်လိုမှ မဖောက်နိုင်ကြပါဘူး။ တနာရီနီးပါး တွန်းကြထိုးကြ အော်ကြနဲ့။ အားကုန်လို့မူးလဲ သူတွေကိုဆွဲထုတ်ကြနဲ့။ ကျောင်းသား စစ်ကြောင်း ဘက်က စနစ်ကျဖို့အပြင်းအထန်ကြိုးစား ခဲ့ကြပါတယ်။ ဆဲဆိုသူ၊ သွေးဆူသူတွေလဲရှိပါတယ်။ ဒါပေမယ့်ရဲတွေ ကို မဆဲဖို့ နစ်နစ်နာနာ မပြောဖို့ အချင်းချင်း ဖြောင့်ဖြနေကြပါတယ်။ တိုးပြီး ၄၅ မိနစ် လောက်မှာတော့ ရဲတံတိုင်းကို မကျော်နိုင်တာ သေချာသလောက်ရှိနေရပါပြီ။ မခံမရပ်နိုင်ဖြစ်ပြီး ကျောင်းသူတချို့ ငိုတာ မူးလဲတာတွေ ဖြစ်ကုန်ပါတယ်။ ကျမ မြင်တွေ့ ရတာ ကတော့ ကျောင်းသူတွေ ငိုကြတယ်။ အဲဒါကြောက်လို့ မဟုတ်ပါဘူး။

သူတို့ရဲ့ တောင်းဆိုချက်ဟာ နိုင်ငံဖျက်မယ့် တောင်းဆိုချက်မဟုတ်ပါဘူး။ မိုင် ၅၀၀ ကျော် လမ်းလျှောက်လာခဲ့ရတဲ့ သူတို့ ရဲ့ဆုလဘ်အဖြစ် ပြည်သူတွေ နဲ့တွေ့ချင်ပါတယ်။ မြန်မာနိုင်ငံ ပထမကျောင်းသား သပိတ်ကျောက်တိုင်အောက် မှာ ကျောင်းသားသွေးတွေရဲ့ ဘိုးဘေး တွေကို တိုင်တည်ချင်တာပါ။ သူတို့စုံစုံညီညီနဲ့ ပြည်တော်ဝင်ချင်တာပါ။ သူတို့မချိတင်ကဲဖြ စ်ထိုက် ပါတယ်။ ရင်ကွဲထိုက်ပါတယ်။ ရက်စက်လိုက်တဲ့ တုန့်ပြန်မိန့် ကို ပြည်သူကို ကူညီပရစေ ဆိုတဲ့ပြည်သူ့ရဲတွေက ထပ်တူကျကျ ဆောင်ရွက် နေလိုက်ရပုံက ရင်ကျိုးထိုက်ပါတယ်။ ကျမ ကင်မရာ record ကိုနှိပ်ရင်းတိုးထား မောင်တို့မယ်တို့။ တောင့်ထားကြ။ ခွတ်ဒေါင်း သွေးကိုပြကြနဲ့ ရင်ထဲက ထွက်ခွာခွင့်မရတဲ့ စကားလုံးတွေ။ ခွတ်ဒေါင်း အို က ခွတ်ဒေါင်းပျိုတွေ ကို အသံတိတ်ဘဲ အားပေးနေရတော့တယ်။

ကြားကြရတယ်။ ပိတ်ထားတာနဲ့မနီးမဝေးမှာ လူထုရောက်နေပြီတဲ့။ သူတို့လဲ အပိတ်ခံထား ရတယ် တဲ့။ စစ်ကြောင်းက နှစ်ခု ဆုံဖို့ ကြိုးစားတယ်။ ဒါပေမယ့်အားချင်းမမျှ။ မနက်စာ ထမင်း မစား ရသေး ။ ရဲတံတိုင်းကိုတွန်းနေဆဲ။ ကျမတစ်ခုသတိထားမိတယ်။ လူချင်းတိုးတိုက် နေစဉ်မှာ ပေါက်ကွဲမှုတွေကမပြင်းထန်သေးပါဘူး။ တချို့ရဲတွေဆို အပျော်လို တောင်ပြုံးနေသေးတယ်။ သိပ်ရန်လိုပုံမရဘူး။ ကျမဆိုရင် သူတို့ တားထားတဲ့ အကာအရံပေါ် တက်ရိုက်တာ။ အမပြုတ်ကျရင်ရှမယ်လို့သတိပေးသေးတယ်။ ဒါတောင် ကျမကသတင်းထောက် မဟုတ်ဘဲ ကျောင်းသားတွေဘက်တဖက်သတ်ပါနေမှန်းသူတို့သိတယ်။ ဒါပေမယ့် ကျမတို့ရိပ်မိနေပြီ။ တခုခု ဖြစ်ခါနီးပြီ။ စစ်ကြောင်း နောက်ပေါက်ကို အပြင်လူတွေ ရောက်ရောက်လာတာကိုစိစစ်နေရတယ်။ အပြင်လူတွေထည့် ရှုပ်ထွေး အောင်ဖန်တီး ပြီးရင် ရုန်းရင်းဆန်ခတ်ဖြစ်အောင် လုပ်မယ်ဆိုတာ သိနေပြီးသား။ ဒါမျိုးတွေ ဖြစ်ခဲ့တာပဲ နှစ်ပေါင်း ၂၀ ကျော်ခဲ့ပြီ ရော။ ၁ နာရီကျော်လာတော့ ခွန်အားတွေ ကုန်လာသလို ထမ်းထုတ်ရသူတွေပို များလာတယ်။ နောက်တန်းလုံခြုံရေး စိုးရိမ်နေရပြီ။ မူးလဲသူကိုတင်သွားတဲ့ လူနာတင်ကား ထွက်ဖို့ဖွင့်ပေးဖို့ အချိန်အတော်ကြာတယ်။

ဒီလိုနဲ့ ၁ နာရီခွဲ ခါနှီးထိ နှစ်ဘက်ထမင်းမစားရသေးဘူး။ ကျောင်းသားတွေအတွက်ထမင်း၊ဟင်း တွေတော့ရောက်လာပြီ။ဘယ်သူမှမစားရသေးဘူး။ မနက်ထဲကထွက်ခွင့်ပေးမယ် လို့ကြားပြီး အပျော်လွန်စိတ်စောပြီးမနက်စာလဲဘာမှမစားဖြစ်ခဲကြဘူး။ အခုတော့ မူးလဲသူတွေ၊ တောက်ခေါက်သူတွေ၊ မချိတင်ကဲငိုယိုသူတွေ၊ ပေါက်ကွဲလုနီးနီး ဗုံးတလုံးလို။
၁ နာရီခွဲ ရေသန့်ဗူးတစ်လုံးပျံဝဲသွားတယ်။ တလုံးထဲနော်။ ကျောင်းသားအုပ်စုထဲကပေါက်ကွဲ လိုက်တာလို့ယူဆရပါတယ်။ တချိန်ထဲ ကျောင်းသားဘက်ကိုနံပတ်တုတ် တစ်ခုပျံဝဲလာ။ ကျောင်းသားက မှတ်တမ်းတင်ဖို့ကောက်ယူပြေး။ ရဲကပြန်လု၊ ရုန်ရင်းဆန်ခတ် အဲဒီအချိန်မှာ အချင်း ၄လက်မ လောက်ရှိတဲ့ ခဲတွေ ရဲတွေဘက်ကနေ သပိတ်အုပ်စုဘက်ရောက်လာ။ အရမ်းမြန်တယ်။ စပြီ။ ဒီမှာ ကမ္ဘာပျက်ပြီ။ အရိုက်အဖွဲ့ပြေးဝင်ရိုက်ပြီ။ သူတို့က တွန်းနေတဲ့ရဲတံတိုင်းမဟုတ်တော့ဘူး ။ လည်ပတ်နီတွေ နဲ့ ။ တပ်မ ၁၁ တဲ့။ စစ်ဦးဘီလူး။

ကျမ မှတ်တမ်းတင်ဖို့ ကြိုးစားဖို့ မီဒီယာ ကော်နာ ကိုကြည့်လိုက်တော့ အားလုံးပြေးကြပြီ။ ခဲတွေ က အဆက်မပြတ်။ နောက်က လည်စီးနီ နဲ့ဒုတ်တွေနဲ့ဝင်လာပြီးတလကြမ်းရိုက်တော့တာပါဘဲ။ ကျမတို့ နီးရာအိမ်ထဲဝင်ပြေး။တံခါးတွေ ဂျက်ထိုးပြီး အိမ်ထဲကနေချောင်းကြည့်ရုံ သာတတ် နိုင်ပါတယ်။ ကင်မရာ Lens ဆန့်တဲ့အပေါက်မရှိ။ အိမ်ထဲမှာ ကိုယ်နဲ့အတူရောက်နေသူတွေ က ၂၀ နီးပါး။ ကိုယ့်ကင်မရာကြောင့် အိမ်အဖွင့်ခံရရင် လူ ၂၀ ကျော်။ ကျောင်းသားသူတွေ လဲပါတယ်။ ရဲရဲတောက် တွေပါ။ သူတို့ရဲဘော်တွေအရိုက်ခ့နေရလို့သွားပရစေတဲ့။ ရရင့်လိုက်တဲ့ ကလေး တွေ။တိုက်ပွဲဆိုတာတကြိမ်ထဲမဟုတ်ကြောင်းချော့မော့ရင်း အိမ်ထဲကနေ ရင်ဖိ၊ ကြေကွဲ၊နာကျည်း၊ အပြင်က ၅ ပေအကွာမှာကမ္ဘာပျက်နေ။ ကျမ ဘာမှမကူညီနိုင်ခဲ့ဘူး။ ဘာမှမကူညီနိုင်ဘူး။ ဒါပေမယ့် အမှန်တရားတွေကိုမြင်ခဲ့တယ်။ အမှန်ကိုပြောမယ်။ ကျောင်းသားတွေ ကိုကာကွယ် ပေးချင်တဲ့ရဲတွေအမှန်ရှိခဲ့တယ်။ ရဲအချင်းချင်း ပြသနာတကယ်တတ်ခဲ့တယ်။ လူနာတင်ကား ကိုရိုက်တဲ့ကိစ္စမှာ ရဲမှူးတားပေးခဲ့တယ်။ ကဗျာဆရာသော်ဇင်အုန်းတို့ကိုလဲ လူစိတ်ရှိတဲ့ နယ်မြေခံရဲ ကကူညီခဲ့တယ်လို့ကြားခဲ့ရတယ်။

ယုတ်မာတာထက် ဆိုးရွားတဲ့ အကြမ်းဖက် ရဲဝတ်တွေရှိခဲ့တယ်။ ရိုက်တယ်။ ရိုက်တယ်။ ဒေါသတကြီး၊ အငြိုးတကြီး၊ မရပ်မနား၊ မြင်မြင်ရာ အဲဒီလို ရိုက်ခဲ့တယ်။ ကျောင်းသားတွေ ၀င်နေတဲ့အိမ်တွေကိုဖွင့်ခိုင်းပြီး အားလုံးကိုရိုက်တယ်။ ဖျက်ဆီးတယ်။ အသေးစိတ်ကတော့ ရဲရင့်တဲ့ သတင်းသမားတွေ အသက်နဲ့ရင်းပြီးရိုက်ခဲ့တဲ့ မှတ်တမ်းတွေမှာမြင်နိုင်ပါတယ်။ ကျမ ရသလောက်အိမ်ထဲကနေရိုက်တယ်။ တချိန်ထဲ အိမ်ပွင့် သွားပြီးအဖမ်းခံရရင် ဘယ်လိုရင်ဆိုင်ရမလ လို့ တွေးထား တယ်။ ကျမနဲ့အတူ မိတ်ဆွေ မသိန္ဒီဦး ပါရှိနေတယ်။ ပြန်လွတ်နိုင်ပေမယ့်အခုချိန် ဖမ်းခဲ့ရရင် အရိုက်ခံရနိုင်တယ်လို့ တွေးထားကြတယ်။ နောက်ဖေးပေါက်ဖွင့်ပြီးပြေးဖို့မစဉ်းစားနိုင်ကြသေး။ အဲဒီလိုထွက်တဲ့အချိန် ရိုက်တဲ့သူတွေနဲ့တွေ့ရင် အသေအကျေဖြစ်မှာ။ ကျမ ရဲ့စိတ်ပူမှု ကရီစရာပါ။ ရိုက်ခံရင် ကျမ ခေါင်းမထိ ရင်ပြီးရောလို့ တွေးထားနိုင်ပေမယ့် ကျမချွေးနဲစာနဲ့ဝယ်ထားရတဲ့ကင်မရာ ဖျက်ဆီးခံရမှာ သေမလောက် စိုးရိမ်နေမိတယ်။ ကျမအရိုက်ခံရလို့လဲသွားရင် ကင်မရာတွေကိုကာကွယ်နိုင်မှာ မဟုတ်ဘူးလေ။

မကြာခဏအိမ်ကိုဖွင့်ပေးဖို့လာကန်ကျောက်ကြတယ်။ ဒီလိုနဲ့တော့မဖြစ်တော့ဘူးဆိုပြီးအိမ် နောက် ကထွက် ပြောင်းခင်းတွေ ကိုဖြတ် ကျွန်ကလေးချောင်းကိုဖြတ်ကျော်ပြီး ပြည်လမ်းမ ပေါ်ကို ကျမတို့ရောက်ရှိလွတ်မြောက်ခဲ့ရပါတယ်။

ဒါပေမယ့် လက်ပံတန်းထဲမှာ ကမ္ဘာပျက်နေတဲ့နေရာတစ်ခု ကို ကျမတို့ စွန့်ခွာခဲ့ရတယ်။ တကယ်တော့ ကျမတို့ချိန်ထားခဲ့ရတာ ကျမတို့ရဲ့အနာဂတ် ကျမတို့ရဲ့နိုင်ငံတော် အားလုံး ကို စွန့်ခဲ့ရတာ။ ကျောင်းသားရဲဘော် ရဲမေတို့ ၀န်းရံသူပြည်သူတို့ မင်းတို့ကိုချန်ထားခဲ့ရတဲ့အတွက် ခွင့်လွတ်ပါ။
ဒီအကြမ်းဘက်မှုပုံရိပ်တွေ ကိုတော့ အားလုံးမြင်တွေ့ခွင့်ရှိခဲ့ပြီးပါပြီ။ ရင်ကွဲနာကျခဲ့ရပြီးပါပြီ။ မတူညီသောအမြင်မျိုးစုံလဲရှိခဲ့ပါတယ်။ ကျမ နောက်ဆုံးပြောလိုတာက ကျောင်းသားတွေ ရန်ကုန် လာချင်တာ မှားတယ်။ မလာစေချင်တဲ့အစိုးရ မှားတယ်ဆိုတာထက် အစိုးရ ဟာ ညာခဲ့ တယ်၊ ကောက်ကျစ်ခဲ့တယ်၊ သူတို့နဲ့ ရင်ဆိုင်ခဲ့ကြသူတိုင်းရဲ့ ပုံရိပ်တွေ ကိုအမြဲတမ်း ညစ်နွမ်း စေချင်တယ်။ အဲဒီဖြစ်ရပ်တွေကြောင့် ကျမတို့ပြည်သူတွေဘဲနာကျင်ခဲ့ရတယ်။ ကျောင်းသား၊ ပြည်သူ၊ နောက် ပြည်သူထဲကအပါအ၀င်ဖြစ်တဲ့ပြည်သူ့ရဲ (အကြမ်းဘက် လူ့တိရစ္ဆာန် တွေ ကို ပြည်သူ့ရဲ လို့မ သတ်မှတ်ပါ။ အားလုံးနာကျင်ခံစားခဲ့ကြရတာဘဲ။

အဓိကကတော့ တိုင်းပြည် ကောင်းအောင် လုပ်ချင်တဲ့ နေရာမှာစေတနာထားတတ်တဲ့ သူတွေ ကျမတို့တိုင်းပြည်မှာ များလာ စေချင်တာပါ။ နောက်စေတနာ အမြင်ထားတတ်သူတွေ လူသားဆန်သူတွေ များလာစေချင်တာပါ။

အချုပ်ဆိုရရင်တော့ ဒီနိုင်ငံမှာသပိတ်မှောက်ရင် အစိုးရသဘာထားကိုဆန့်ကျင်ရင် အဖမ်းခံရနိုင်တာ သိပြီးသားပါ။ ဖမ်းရင် အရိုက်ခံရမယ်ဆိုတာလဲ သိပြီးသားပါ။ ဒါပေမယ့် မနေ့ ကမှတ်တမ်းတွေ အရ နဲနဲလေးများလွန်သွားပါတယ်လို့ ပြုရက်သူလူကြီးမင်းများက မတွေးမိကြဘူးလားဟင်။

အာဏာပြန်သိမ်းမယ် နဲ့လာမခြောက်နဲ့၊ အာဏာပြန်သိမ်းခံရရင်ဘယ်လိုလုပ်မလဲ မလန့်ကြနဲ့။
အခု အာဏာကိုဘယ်သူပိုင်နေတာလဲ။ တွေးကြည့်။
ရှင်တို့ ကျမတို့ အားလုံး ယုံကြည်သင့်တဲ့အရာတစ်ခုရှိတယ်။ ကျမတို့ အနာဂတ်အတွက် အများကြီးမလိုဘူး။ ဥာဏ်ပညာနဲ့ ချစ်ခြင်းတရားနဲ့ လူသားဆန်မှု။ ဒါဘဲလိုတယ်။

ရှင်ဒေ၀ီ

ပြန်လွတ်လာတဲ့ ကျောင်းသူမအိဖြူဖြူထွန်းရဲ့ ပြောပြချက်…
မင်းသွေးသစ်ရဲ့ အခြေအနေမကောင်းဘူးလို့လည်း ပြောသွားတယ်…

"ထောင်ထဲမှာ အစစအရာရာ အဆင်ပြေပါတယ်!.
အဆင်မပြေတာက ရဲကားပေါ်မှာ…
ကျနော်တို့ကို လိုက်ပို့တုန်းက အဆင်မပြေပါဘူး…
ရဲတွေ အဲ့လောက်မိုက်ရိုင်း မထင်ထားပါဘူး…
ကျနော်တို့ကို ပိုးစိုးပက်စက် နှမချင်းမစာနာ ရဲမေအချင်းချင်းတောင်မှ သူကရဲမေ ကျနော်ကကျောင်းသူ နှမချင်းမစာမနာ တပ်ရင်း (၁၀)နဲ့ တပ်ရင်း (၁၁) ကျနော်တို့ကို ကောင်းကောင်းပြောထားတာပါ.


လက်ပံတန်းပြည်သူတွေရဲ့ မျက်ရည်ကို ကျနော်တို့ပြန်ဆပ်မှာပါ…
Haman Right နဲ့ တိုင်ပါမယ် ရဲမေတွေကို…
ကျနော်တို့ရဲဘောတွေကို ပက်ပက်စက်စက်ရိုက်ထားတာ ကျနော်တို့မျက်စိနဲ့မြင်ပါတယ်…
မိန်းကလေးတွေကို မရိုက်ဘူး ယောက်ကျားလေးတွေကို အသေရိုက်တာပါ…

ကျနော်တို့ယောက်ကျားလေးတွေကို အကုန်ရိုက်တယ်…
ထောင်ကားထဲမှာ လူသေတွေကို ထပ်ထားသလို တယောက်ချင်းထပ်ထားပြီး ရေနဲ့ဖျန်းပလိုက်တယ်…
အဲ့လိုတွေ လုပ်ဖူးပါတယ်…

ကိုမင်းသွေးသစ်ရဲ့ အခြေအနေမကောင်းပါဘူး…


မြန်မာနိုင်ငံရဲတပ်ဖွဲ့အတွက် ယာဉ်နဲ့ စက်ကိရိယာတွေ ၀ယ်ယူရန် တရုတ် ပို့ကုန် သွင်းကုန်ဘဏ် EXIM Bank of China ထံမှ အမေရိကန် ဒေါ်လာ သန်း ၄၀ ခန့် တန်ဖိုးရှိ တရုတ်ယွမ်ငွေ၂၄၆သန်း ချေးယူခွင့်ကိစ္စ ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေး လိုက်ပါတယ်။

မတ်လ ၁၁ရက် ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာမှာ  ထောက်ခံမဲ ၃၉၇ မဲ ကန့်ကွက်မဲ ၅၁ မဲ ကြားနေမဲ ၁၃ မဲနဲ့ အတည်ပြုလိုက်တာဖြစ်ပါတယ်။

ပြည်ထဲရေး ဒု-၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က  ပြည်ထဲရေးဝန်ကြီးဌာနဟာ ပြည်သူတွေရဲ့ လူနေမှုဘ၀ လုံခြုံရေး၊ တည်ငြိမ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးတာဝန်တွေကို ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်နေရကြောင်း၊ ဒီလိုဆောင်ရွက်ဖို့  လက်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဖွဲ့စည်းပုံကို တိုးချဲ့ဖွဲ့စည်းနေပြီး တပ်ဖွဲ့ဝင် အင်အားများ တိုးချဲ့လာတဲ့အတွက် လုပ်ငန်းသုံး အုပ်ချုပ်ရေးယာဉ်တွေ၊ စက်ကိရိယာနဲ့  ရေယာဉ်တွေ လိုအပ်နေကြောင်း၊  လက်ရှိအသုံးပြုနေတဲ့  ယာဉ်စီးရေမှာ ၂,၉၄၅ စီးသာရှိလို့  ချေးငွေရရှိပါက လုပ်ငန်းသုံးအုပ်ချုပ်ရေး ယာဉ်များ၊ စက်ကိရိယာများနှင့် ရေယာဉ်များ ၀ယ်ယူဖြည့်တင်းနိုင်မယ်လို့’ လွှတ်တော်မှာ ပြောပါတယ်။

ချေးငွေကိစ္စ အစိုးရ၀န်ကြီးဌာနတာဝန်ရှိသူတွေက ထောက်ခံဆွေးနွေးခဲ့ကြပြီး ယာဉ်တွေ ၀ယ်ယူရာမှာ ပွင့်လင်းမြင်သာစွာ တင်ဒါစနစ်အသုံးပြုဝယ်ယူသွားမယ်လို့လည်း အစိုးရ၀န်ကြီး က ပြောသွားပါတယ်။

အဆိုပါ ချေးငွေကိစ္စနဲ့ ပတ်သက်ပြီး  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ)ပါတီက  လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်ကြတဲ့  သနပ်ပင် မဲဆန္ဒနယ်မှ ဦးမြင့်ဦး၊ ပုလဲမဲဆန္ဒနယ်မှ ဒေါ်ခင်စန်းလှိုင်နဲ့  အမျိုးသားဒီမိုကရေစီအင်အားစု (အန်ဒီအက်ဖ်)ပါတီက အလုံမဲဆန္ဒနယ်မှ ဦးခိုင်မောင်ရည် တို့ကတော့ ကန့်ကွက်ဆွေးနွေးခဲ့ကြပါတယ်။

ဒေါ်ခင်စန်းလှိုင်က ကြွေးမြီဝန်ထုပ်ဝန်ပိုးဖြစ်နိုင်တဲ့အတွက် စဉ်းစားသုံးသပ်ဖို့ တင်ပြခဲ့ပြီး  လွှတ်တော်အမတ် ဦးခိုင်မောင်ရည်က ချေးငွေကို ပြည်သူ့အကျိုးပြုကိစ္စတွေမှာသာ သုံးစွဲစေလိုပြီး ပြည်သူကို ထိခိုက်နစ်နာစေမှုရှိနိုင်တဲ့ မည်သည့်ကိစ္စတွင်မှ အသုံးမပြုစေလိုဘူးလို့ ဆွေးနွေးသွားပါတယ်။

ချေးငွေသဘောတူညီချက်အရ  ဆိုင်းငံကာလ ၅ နှစ် ပြန်ဆပ်ကာလ ၁၅ နှစ် ဖြစ်ပြီး အတိုးနှုန်း ၄ဒသမ ၅ ရာခိုင်နှုန်းဖြစ်တဲ့အတွက် တရုတ်ဘဏ်ကို ပေးရတဲ့အတိုးဟာ များလွန်းတယ်လို့ လည်း ဝေဖန်သုံး သပ်မှုတွေရှိနေပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၅ ရက်နေ့ကလည်း ၀န်ကြီး ဦးကျော်ဆန်းရဲ့သမ၀ါယမ၀န်ကြီးဌာနအတွက် တရုတ်ပို့ကုန်သွင်းကုန်ဘဏ် (EXIM Bank Of China) ထံမှ အမေရိကန်ဒေါ်လာ သန်း ၃၀၀ ချေးယူခွင့်ကိစ္စ   ပြည်ထောင်စုလွှတ်တော်က  အတည်ပြုပေးခဲ့ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no


ကျောင်းသားသပိတ်ကို ဖြိုခွင်းတာနဲ့ပတ်သက်ပြီး ကန့်ကွက်ရှုတ်ချကြောင်းနဲ့ ဖမ်းဆီးထားတဲ့ ကျောင်းသူ ကျောင်းသားတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ စုပေါင်းတောင်းဆို။

နာရေးကူညီမှုအသင်း (ရန်ကုန်) မတ်လ ၁၂ ရက် ၂ဝ၁၅

RFA Burmese


ကျောင်းသားသပိတ်ကို ဖြိုခွင်းတာနဲ့ပတ်သက်ပြီး ကန့်ကွက်ရှုတ်ချကြောင်းနဲ့ ဖမ်းဆီးထားတဲ့ ကျောင်းသူ ကျောင်းသားတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ စုပေါင်းတောင်းဆို။

နာရေးကူညီမှုအသင်း (ရန်ကုန်) မတ်လ ၁၂ ရက် ၂ဝ၁၅

RFA Burmese


ကျောင်းသားသပိတ်ကို ဖြိုခွင်းတာနဲ့ပတ်သက်ပြီး ကန့်ကွက်ရှုတ်ချကြောင်းနဲ့ ဖမ်းဆီးထားတဲ့ ကျောင်းသူ ကျောင်းသားတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ စုပေါင်းတောင်းဆို။

နာရေးကူညီမှုအသင်း (ရန်ကုန်) မတ်လ ၁၂ ရက် ၂ဝ၁၅

RFA Burmese

မရည်မွန်အောင်

မတ်လ ၁၀ ရက် လက်ပံတန်းကျောင်းသားသပိတ် အကြမ်းဖက်ဖြိုခွဲမှုအတွင်း အောင်မြေဗိမာန် ဘုန်းကြီးကျောင်းထဲ ပိတ်မိနေတဲ့ကျောင်းသားတွေကို ရဲတပ်ဖွဲ့က ပုံစံထိုင်ခိုင်းပြီး နံပတ်တုတ်တွေနဲ့ ၀ိုင်းရိုက်ခဲ့ကြတယ်လို့ သာယာဝတီထောင်က ဒီနေ့ ပြန်လွတ်လာတဲ့ ကျောင်းသူ မရည်မွန်အောင်က ပြောပါတယ်။

တကိုယ်လုံးသွေးတွေ ဖုံးနေတဲ့ထိ ရိုက်နှက်ခံရတဲ့ ကျောင်းသားတွေရှိခဲ့ပြီး အဲ့ဒီကျောင်းသားတွေ ခုချိန်ထိ ထောင်ဆေးရုံက မဆင်းရသေးဘူးလို့လည်း ပြောပါတယ်။

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှာ တတိယနှစ် ကုန်ထုတ်ဓာတုဗေဒအထူးပြုဘာသာရပ်နဲ့ တက်နေတဲ့ ကျောင်းသူ မရည်မွန်အောင်ကို သာယာဝတီထောင်က ပြန်လွတ်လာလာချင်း ဒီဗွီဘီ က ဆက်သွယ်မေးမြန်းထားပါတယ်။

မရည်မွန်တို့ မတ်လ ၁၀ရက်နေ့က ဘယ်လိုဖြစ်ပြီး ဖမ်းဆီးခံသွားခဲ့ရတာလဲ။

“ပထမက သူတို့တွေက ညီမတို့တွေကို ပထမ ၀င်ခွင့်ပေးမယ်လို့ပြောတယ်။ ရန်ကုန်ထဲကို ကားနဲ့သွားပါ။ ပြီးတော့ သူတို့ အလံကိစ္စကို မပြောဘူးရှင့်။ နောက်တော့ ထပ်လာတယ် ကားနဲ့သွားပါလို့ပြောတယ်။ အဲဒီအထိ ညီမတို့ လက်ခံတယ်။ ကားနဲ့သွားမယ် ကားတန်းကို ဝေးဝေးလျှောက်ပေးပါ။ ညီမတို့ အဲဒီလိုမျိုး သွားမယ်။ သူတို့လုံခြုံရေးကား ညီမတို့နဲ့ ခွာလိုက်ပေးပါလို့ ပြောတယ်။ ရတယ်၊ ခွာလိုက်ပေးဦးမယ်၊ ပြီးတော့ ဒေါင်းအလံစိုက်ပြီးတော့  မ၀င်ရဘူးလို့ပြောတယ်။ အဲဒါညီမတို့ ခိုးကြောင်ခိုးဝှက်နည်းနဲ့တော့ ရန်ကုန်ထဲကို မ၀င်နိုင်ဘူး။ ကျမတို့ကို စော်ကားသလိုမျိုးစိတ်ထဲမှာ ခံရတယ်။ သမဂ္ဂ အလံထောင်ပြီးတော့ ညီမတို့ ၀င်ချင်တယ်။ အဲတော့ ညီမတို့ အကုန်လုံးသဘောမတူဘူး။ အမှန်အတိုင်းပြောရရင် သမဂ္ဂ အလံဗီနိုင်းတွေပါ ဖြုတ်ရမယ်လို့ ကြားတယ်။ အဲဒါဆို ညီမတို့ကို ပုံဖျက်ပြီး ၀င်ခိုင်းတာနဲ့ အတူတူပဲ အဲဒီတော့ ညီမတို့ အကုန်လုံးလက်မခံဘူး။ လက်မခံတော့ ညီမတို့  ၄ ယောက်တတန်းစီး တိုးမယ်လို့ပြောတယ်။   ၄ ယောက်တတန်းစီ ရှေ့တိုး ရှေ့တိုးတယ်။ တဖြည်းဖြည်းနဲ့ ညီမတိုးရင်းနဲ့ လဲသွားတော့ အနောက်ကို ရောက်သွားတဲ့အချိန်မှာ ခဲလုံးတွေ ကျနေတာပဲမြင်တယ်။ ဘယ်သူတွေပေါက်လဲတော့ မသိဘူး။ အဲဒီမှာ အရှေ့မှာရှိတဲ့ လူတွေကို သွားဆွဲပြီးတော့ ညီမပြေးတယ်။ ပြေးပြီးတော့ ကျောင်းပေါ်လည်းရောက်ရော ဘုန်းကြီးကျောင်း ပတ်ပတ်လည်မှာ ရဲတွေဝိုင်းထားတယ်။ ညီမတို့ ကျောင်းထဲမှာ ရှိတဲ့လူတွေ အကုန်လုံး ပြန်စုလိုက်တယ်။ ညီမတို့ အေးအေးဆေးဆေး အဖမ်းခံတယ်။ ညီမတို့ကို မရိုက်နဲ့လို့ ပြောတယ်။ ဘုန်းကြီးတွေကိုလည်း ပြောတယ်။ ကျောင်းမှာရှိတဲ့ ဘုန်းကြီးတွေကလည်း လှမ်းတားပေးတယ်ပေါ့။ ကျောင်းသားတွေကို မလုပ်ပါနဲ့ပေါ့။ မလုပ်ဘူးဆိုပြီးတော့ ညီမတို့ အောက်လည်းရောက်ရောက်ရော အသေရိုက်တာပေါ့။ ယောက်ျားလေးတွေကို ခေါင်းတွေ ငုံ့ခိုင်းထားတယ် ညီမတို့ မမြင်ရအောင်ဆိုပြီးတော့။ သူတို့က ခေါင်းကို ငုံ့ထားဆိုပေမယ့် ညီမက ခေါင်းထောင်ကြည့်နေတယ်။ ကြည့်နေတဲ့အချိန်မှာ ညီမကို အနောက်ကနေ ကျွေးတယ်။  နံပတ်တုတ်နဲ့ ခေါင်းကိုထောက်ပြီး ဟဲ့ကောင်မ ခေါင်းငုံ့ဘာညာဆိုပြီးတော့ သူတို့ အရပ်စကားတွေနဲ့  သူတို့ မိုက်မိုက်ရိုင်းရိုင်းတွေပြောတယ်။  မငုံ့ပဲနဲ့ ကြည့်လိုက်တဲ့ အချိန်မှာ မလုပ်ပါနဲ့ မလုပ်ပါနဲ့ ပြောနေတဲ့သူတွေကို အသေရိုက်နေတာတွေ့တယ်။ ယောက်ျားလေးတွေ တော်တော်ခံရတယ်။ တချို့ဆို ထိခိုက်ဒဏ်ရာရတယ်၊ တကိုယ်လုံးမှာ သွေးတွေ အပြည့်ပဲ။ အခုထိ ဆေးရုံရောက်နေတဲ့သူတွေ ရှိသေးတယ်။”

မရည်မွန်ကို ရိုက်တာ ရဲမေတွေလား ရဲယောက်ျားလေးတွေလား။

“ရဲမေတွေပေါ့။ ရဲကောင်တွေက လှောင်သလိုလို ပြောင်သလိုလို လာလုပ်တယ်။ ဘေးနားမှာ။ တချို့တွေက တော်တော်နည်းပါတယ်။ တယောက် နှစ်ယောက်ကတော့ နင်တို့ဘာလို့ လုပ်တာလဲလို့ ဖြည်းဖြည်းလေးပဲ လာမေးပါတယ်။ တချို့ တော်တော် သောင်းကျန်းတဲ့ဟာ ရှိတယ်။ အရမ်းသောင်းကျန်းတယ်။ နင်တို့ လုပ်လို့ ငါတို့ မတ်တပ်ရပ်နေရတာတဲ့။ အမှန်အတိုင်း ပြောရင် သူတို့ကမှ နေရိပ်ထဲမှာ နေနေရသေးတယ်။ ညီမတို့က နေပူထဲမှာ နေနေရတာ။ သူတို့ကို ဒီလိုမျိုး အဓိကရုဏ်းတွေဖြစ်အောင် သူတို့ စိတ်တွေ အရမ်းအကြမ်းတွေ ၀င်ပြီး ညီမတို့ကို ဒေါသထွက်ပြီး လုပ်အောင်ထားတယ်လို့ စိတ်ထဲမှာတောင် ထင်တယ်။ ဒီလို ဒေါသထွက်နေရင် လူတွေက ပိုသွေးကြွပြီး ပိုလုပ်တယ်။ သူတို့တွေ နေပူထဲမှာ ထားတယ်။ ဒါသူတို့တာဝန်အရပဲ။ ညီမတို့ကို ပြောတယ်။ နင်တို့က သပိတ်မှောက်တယ်လည်း ပြောတယ်။ အစာငတ်ခံဆန္ဒပြတာကို ပြောတယ်။ ညီမတို့က အစာငတ်ခံဆန္ဒပြတာကို ဖြုတ်လိုက်ပြီလို့ ပြောတယ်။ အဲဒါနားမလည်ပဲနဲ့ နင်တို့က အစာစားပြီးလုပ်နေတာ ငါတို့က နေပူထဲမှာ ဘာညာနဲ့ ခနဲ့တဲ့စကားတွေနဲ့ မခံချင်အောင်ပြောတယ်။ ညီမတို့ ပြန်ပြောရင် သူတို့ထပ်လုပ်မှာ၊ အဲဒါကြောင့် တလုံးမှ ပြန်မပြောဘဲ ဒီအတိုင်းနေနေလိုက်တယ်။”

နောက်တော့ သာယာဝတီထောင်ကို ဘယ်လိုခေါ်သွားလဲ။

“ညီမတို့ မမြင်ရဘူးရှင့်။ ဒီအတိုင်း အချုပ်ကားတွေပေါ် တင်တယ်။ ပထမ တစီးတင်တော့ ညီမတို့ သိရတယ်။ နောက် အဲဒီအချုပ်ကားကနေပြီး ကားလဲမယ်ဆိုပြီးတော့ ဘုန်းကြီးကျောင်းကိုပဲ ပြန်လာတယ်။ ဘုန်းကြီးကျောင်းထဲကို ဒုတိယတခေါက်ရောက်တယ်။ ရောက်ပြီးတော့ ပြန်တင်သွားတာပေါ့။  ကားပေါ်ရောက်တော့  ညီမတို့ကို ပုံစံထိုင်လို့ပြောတယ်။ ပုံစံထိုင်လိုက်တော့လည်း ကားပေါ်မှာ ဆဲဆိုနေတာ မိုက်မိုက်ရိုင်းရိုင်းဘဲ။ ညစ်ညစ်ပတ်ပတ်တွေ ပြောတယ်။ သားသမီးချင်း ကိုယ်ချင်းမစာ ပြောတယ်။ အဲဒီထဲက တယောက်ဆို တော်တော်ဆိုးဆိုးရွားရွားပဲ။

အမျိုးသမီးတွေကို သီးသန့်ကားနဲ့ခေါ်သွားတာလား။ အကုန်လုံး စုပြုံခေါ်သွားတာလား။

“ပထမတခေါက်က အမျိုးသမီးသီးသန့်ကားနဲ့ ခေါ်တယ်။ နောက်တခေါက်က ယောက်ျားလေးတွေ ပါတယ်။ ယောက်ျားလေးတွေနဲ့ပါတဲ့အခေါက်မှာ ညီမတွေ့လိုက်ရတာ သူတို့မှာ  သွေးတွေအများကြီးပဲ ခေါင်းမှာ။  သွေးတွေက တောက်တောက်တောက် ကျနေတာတွေ ပါတယ်။ ဒုတိယ တစ်ခေါက်စီးလာတဲ့ကားက အဲလောက်ဆိုးဆိုးရွားရွား မဖြစ်တော့ဘူး။ ပထမတစ်ခေါက်စီးလာတဲ့ကားက အဲလိုအရမ်း နားမခံသာအောင် ပြောတာပေါ့။ စိတ်တွေ ဆွပေးအောင် လုပ်တာပေါ့။ ညီမတို့ထဲက အစ်မတစ်ယောက်ဆို နားမခံနိုင်လို့ ပြန်ပြောတာ စောက်ကြောတင်းတဲ့ ကောင်မဆိုပြီး ပါးကို ဖြောင်းဖြောင်းနဲ့ ၂ ချက် အရိုက်ခံရတယ်။ မိန်းကလေးဆို ကြားဖူးတာက လက်ထိပ်မခတ်ရဘူးလို့၊  ညီမတို့ကို ပိုက်ကြိုးတွေနဲ့ လက်ထိပ်ခတ်တယ်။ ပြီးတော့ ဆောင့်ဆွဲတာတွေ ရှိတယ်”

နောက်တော့ ထောင်ထဲ ရောက်သွားတော့ရော။

“ထောင်ထဲရောက်တော့ ပစ္စည်းတွေဘာတွေ စစ်ပြီး အေးအေးဆေးဆေးပဲ ထားတယ်။”

ထောင်ထဲမှာ စစ်ဆေးတာတို့ နှိပ်စက်တာတို့ ရှိသေးလား။

“အဲဒီလိုမျိုးမရှိဘူးရှင့်။”

မနေ့က ရုံးထုတ်တော့ပါလား။

“မနေ့က ရုံးထုတ်တော့ ပါတယ်။ မနေ့က အကုန်လုံး ထုတ်တာ။”

ရုံးထုတ်တဲ့ အတွေ့အကြုံ ပြောပြပါဦး။

“ရုံးထုတ်တော့ ညီမတို့ကို ကြည့်မှာစိုးလို့ ခေါင်းတွေကို ငုံ့ခိုင်းထားတယ်။ ရုံးထဲရောက်တော့လည်း ၀င်ခွင့်မပေးဘူး။ မီဒီယာတွေကိုလည်း ပိတ်ထားတယ်။ မိဘတွေကိုလည်း ပိတ်ထားတယ်။ ညီမအမေ လိုက်လာမှန်း ညီမ မနေ့ကမှ သိတယ်။ သူလှမ်းအော်လိုက်လို့ ညီမ သိတာ။ အမှန်ဆိုရင် ၀င်ခွင့်ပေးရမယ်။ ပြီးတော့ ရုံးချိန်ကျော်မှာ တရားရုံးထုတ်တယ်။ ညီမကြားဖူးတာ ၄ နာရီကျော်ရင် ရုံးမထုတ်ရဘူးလို့ ကြားတယ်။ သူတို့က ၄ နာရီကျော်မှ ထုတ်တယ်။ အထဲရောက်တော့ မေးမြန်းတယ်။ ပြီးတော့ သံသယရှိမှု ဘာညာဆွဲထားတယ်လို့ ပြောတယ်။ ပုဒ်မ ၅၀၅ ပါတယ်။ ၁၃၃ လို ပုဒ်မတွေ ပါတယ်။ ထိခိုက်နာကျင်စေမှု ၊ ကူညီမှုတို့ ၀န်းရံမှုတို့၊ အဲလို ပုဒ်မ တွေနဲ့ ဆွဲထားတယ်။  ၅၀၅ ပါတယ် နိုင်ငံတော်အကြည်ညိုပျက်စေမှု။  ညီမတို့ကို ပြန်လွှတ်ပေးတော့ ခံဝန်ကတိထိုးလို့ ပြောတယ်။ ညီမအမေက ထိုးလိုက်ပါတဲ့။ သူ့ကျန်းမာရေး အခြေအနေအရလည်း ပါတယ်။ အဲဒီလို အခြေအနေအရ ခံဝန်ထိုးခဲ့ရတယ်။”

မနေ့က တရားစွဲတယ်၊ ဒါပေမယ့် ဒီနေ့ ပြန်လွှတ်ပေးလိုက်တာလား။

“တရားမစွဲဘူးရှင့်။ အခုပြောလိုက်တာကတော့ ၂၄ နာရီ ဖမ်းထားလို့ သူတို့ဘက်က အလွန်ဖြစ်မှာစိုးလို့ ရုံးထုတ်တာပေါ့။ ရုံးထုတ်ပြီး မနေ့က ယမ္မာန်ကြီး ၂ ပတ်ပေးလိုက်တာပေါ့။  မနေ့က သံသယရှိမှုနဲ့ ဆွဲတာပဲရှိတယ်။ အခုကတော့ အပြီးလွှတ်လိုက်ပြီ”

လက်ရှိကျောင်းတက်နေတဲ့သူတွေကိုပဲ ရွေးလွှတ်တယ်လို့ သတင်းတွေ ထွက်နေတယ်။ အခုလွှတ်တဲ့သူတွေက အဲဒီလိုလူတွေပဲလား။

“ဟုတ်တယ်။ အဲဒီလိုလူတွေ များတယ်။ ပထမ ညီမတွေ့လိုက်တာက ညီမနဲ့ ၅ ယောက်ပေါ့။ ညီမနဲ့ မိန်းကလေး ၁ ယောက်ပါတယ်။ ယောက်ျားလေး ၃ ယောက်ပါတယ်။ လက်ရှိ တက်နေတဲ့ ကျောင်းသားတွေပဲလို့ ညီမ ထင်တယ်။”

 By ရွှေအောင် (ဒီဗွီဘီ)
http://burmese.dvb.no


မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာ ဆန္ဒပြကြတဲ့ ကျောင်းသားတွေကို အာဏာပိုင်တွေက အကြမ်းဖက် ဖြိုခွင်းပြီး ဖမ်းဆီး ထိန်းသိမ်းမှုတွေ လုပ်ဆောင်ခဲ့တဲ့အပေါ် Burma Campaign UK - ဗြိတိန်အခြေစိုက် မြန်မာ့အရေး ဆောင်ရွက်နေတဲ့အဖွဲ့က ပြစ်တင် ရှုတ်ချလိုက်ပြီး နိုင်ငံတကာ အသိုင်းဝိုင်းအနေနဲ့လည်း မြန်မာအစိုးရကို အကူအညီပေးနေတဲ့ အနောက်နိုင်ငံတွေအနေနဲ့ ပြန်လည် သုံးသပ်ဖို့ တိုက်တွန်းလိုက်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

ပဲခူးတိုင်း လက်ပံတန်းမြို့မှာ ပညာရေးဥပဒေ ပြင်ဆင် ရေးဆွဲရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြနေကြတဲ့ ကျောင်းသားတွေကို ရဲတပ်ဖွဲ့က အကြမ်းဖက် ဖြိုခွင်းပြီး ရာနဲ့ချီတဲ့သူတွေကို ဖမ်းဆီး ထိန်းသိမ်းလိုက်တဲ့အတွက် မြန်မာအစိုးရကို လက်ရှိ အကူအညီ အထောက်အပံ့တွေ ပေးနေကြတဲ့ အီးယူ၊ ယူကေနဲ့ အမေရိကန် ပြည်ထောင်စု အပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ သူတို့ရဲ့ မူဝါဒတွေကို ပြန်လည် သုံးသပ်ဖို့ Burma Campaign UK အဖွဲ့က မတ်လ ၁၁ ရက်နေ့ ရက်စွဲနဲ့ ကြေငြာချက်ထုတ်ပြန် တောင်းဆိုလိုက်တာပါ။

ဆန္ဒပြနေတဲ့ ကျောင်းသားတွေကို အကြမ်းဖက် ဖြိုခွင်းမှု မဖြစ်ခင်မှာ ယူကေ၊ ဥရောပသမဂ္ဂ၊ အမေရိကန်ပြည်ထောင်စုနဲ့ တခြား နိုင်ငံတကာက အလှုရှင်တွေအနေနဲ့ ဘယ်အခန်းကဏ္ဍက ပါဝင်ခဲ့သလဲ၊ သူတို့အနေနဲ့ ဘယ်လို အကူအညီတွေ ပေးခဲ့သလဲ၊ ဘာတွေ လုပ်ခဲ့သလဲ၊ ဘာတွေ မလုပ်ခဲ့ဘူးလဲဆိုတာကို မေးခွန်းထုတ်စရာ ဖြစ်လာတယ်လို့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

အဓိကရုဏ်းတွေကို နိုင်ငံတကာ စံချိန်စံညွန်းတွေနဲ့အညီ ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို EU ဥရောပသမဂ္ဂက သင်တန်း ပို့ချပေးထားတဲ့ကြားက အခုလို အကြမ်းဖက်တဲ့နည်းနဲ့ ကိုင်တွယ်ဖြေရှင်းတဲ့အပေါ် မေးခွန်းထုတ်စရာ ရှိလာတဲ့အပြင် နိုင်ငံတကာက ရတဲ့ အကူအညီတွေယူပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်လက် ပြုလုပ်နေတဲ့အတွက် သူတို့အနေနဲ့ အခုလို တောင်းဆိုရခြင်း ဖြစ်ကြောင်း  Burma Campaign UK အဖွဲ့က ညွန်ကြားရေးမှူး Mark Farmaner က ပြောပါတယ်။

“မြန်မာအစိုးရကို အကူအညီပေးနေတဲ့ အလှုရှင်တွေအနေနဲ့ သူတို့ရဲ့ မူဝါဒတွေကို ပြန်လည် သုံးသပ်ဖို့အတွက် ကျနော်တို့က တောင်းဆိုနေတာပါ။ ဘာဖြစ်လို့လည်းဆိုတော့ - အခုချိန်မှာ မေးခွန်းထုတ်စရာ ဖြစ်လာတဲ့ ကိစ္စက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို အီးယူက သင်တန်းပို့ချပေးခဲ့တယ်။ နိုင်ငံတကာက အကူအညီပေးတာဟာ ဒီတခုထဲမဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာ ပြုပြင် ပြောင်းလဲမှုတွေ စတင်ကတည်းက နိုင်ငံတကာ အသိုင်းဝိုင်းအနေနဲ့ အစိုးရကို အကြံဉာဏ်၊ ငွေကြေး၊ နည်းပညာပိုင်း အပါအ၀င် အကူအညီတွေ အများကြီး ပေးခဲ့ကြတာပါ။ ဒါပေမယ့် နိုင်ငံတကာ အသိုင်းဝိုင်းက မြန်မာနိုင်ငံအပေါ် ဆက်ဆံနေတဲ့ပုံက တကယ်ပဲ ပြောင်းလဲမှုတွေ ဖြစ်ပြီးသွားပြီ၊ မြန်မာနိုင်ငံဟာ ဒီမိုကရေစီ နိုင်ငံဖြစ်သွားပြီ ဆိုတဲ့ ပုံစံမျိုးနဲ့ ဆက်ဆံနေကြတာ ဖြစ်ပါတယ်။”

ဒါပေမဲ့ မြန်မာအစိုးရဟာ စစ်မှန်တဲ့ ဒီမိုကရေစီ အစိုးရမဟုတ်ဘဲ အာဏာရှင် အစိုးရသာ ဖြစ်တယ်လို့ Mark Farmaner က ပြောပါတယ်။ ဒါကြောင့် ရဲတပ်ဖွဲ့အနေနဲ့ နိုင်ငံရေး ခေါင်းဆောင်တွေ ခိုင်းတဲ့အတိုင်း လိုက်လုပ်နေကြရတာသာ ဖြစ်တယ်လို့ ဆိုပါတယ်။ နိုင်ငံရေး ခေါင်းဆောင်တွေကလည်း ပြည်သူတွေ ငြိမ်းချမ်းစွာ ဆန္ဒပြတာကို ခွင့်မပြုကြဘူးလို့ ဆိုပါတယ်။

မြန်မာအစိုးရကို ပေးနေတဲ့ အကူအညီတွေ ပြန်လည် သုံးသပ်ဖို့ တောင်းဆိုနေတာဟာ မြန်မာနိုင်ငံအတွင်း လူထုကို တိုက်ရိုက် အကျိုးဖြစ်စေတဲ့ အကူအညီတွေကို ရပ်ဆိုင်းပစ်ဖို့ သူတို့အနေနဲ့ တောင်းဆိုခြင်း မဟုတ်ကြောင်းလည်း Mark Farmaner က ဆက်ပြောပါတယ်။

“ကျနော်တို့အနေနဲ့ မြန်မာနိုင်ငံကို ပေးနေတဲ့ အကူအညီတွေ အားလုံး ရပ်တန့်ပစ်ဖို့ တောင်းဆိုနေတာ မဟုတ်ပါဘူး။ ဒီအထဲမှာ မတူညီတဲ့ အကူအညီတွေ ပါဝင်ပါတယ်။ နိုင်ငံတကာ အဖွဲ့အစည်းတွေကို ပေးနေတဲ့ အကူအညီတွေ၊ မြန်မာတွေ ဖွဲ့ထားတဲ့ အကူအညီပေးရေးအဖွဲ့တွေ၊ အသက်ကယ်ဆယ်ရေးနဲ့ ဖွံ့ဖြိုးမှုအတွက် အကူအညီပေးနေတဲ့ NGO အဖွဲ့အစည်းတွေကို ပေးနေတဲ့ အကူအညီတွေ ရပ်ပစ်ဖို့ ပြောတာ မဟုတ်ပါဘူး။”

သူတို့ တောင်းဆိုနေတာဟာ မြန်မာအစိုးရကို တိုက်ရိုက် ၊ ဒါမှမဟုတ် သွယ်ဝိုက်တဲ့နည်းနဲ့ အကြံဉာဏ်ပေးနေတဲ့ အဖွဲ့အစည်းတွေ၊ နည်းပညာပိုင်းဆိုင်ရာ အကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေကို ပေးနေတဲ့ အကူအညီတွေကို ရပ်တန့်ပေးဖို့၊ ပြန်လည် သုံးသပ်ပေးဖို့အတွက် တောင်းဆိုနေတာ ဖြစ်တယ်လို့ Mark Farmaner က ပြောပါတယ်။

မြန်မာအစိုးရဟာ ဒီမိုကရေစီပြုပြင် ပြောင်းလဲရေး ဖော်ဆောင်ဖို့ဆိုတာထက် သူတို့ရဲ့ အုပ်ချုပ်ရေးယန္တယား ခေတ်မှီ တိုးတက်လာအောင် လုပ်နေတဲ့အပေါ် သူတို့အနေနဲ့ စိုးရိမ် ပူပန်ခြင်းဖြစ်ကြောင်း သူက ဆက်ပြောပါတယ်။

“ကျနော်တို့ စိုးရိမ်နေတဲ့ကိစ္စက မြန်မာအစိုးရဟာ သူတို့ရဲ့ အုပ်ချုပ်ရေးယန္တယား ပိုပြီး ခေတ်မှီအောင်လုပ်ဖို့ပဲ စိတ်ဝင်စားတာပါ၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို စိတ်မ၀င်စားပါဘူး။ အဲဒါက သူတို့ရဲ့ ရည်မှန်းချက်ပါ။ နိုင်ငံတကာ အသိုင်းဝိုင်းကလည်း စေတနာမှန်နဲ့ ကူညီတယ်ဆိုရင်တောင် အဲဒီ အကူအညီတွေဟာ မြန်မာအစိုးရက ခေတ်မီတဲ့နည်းနဲ့ ပိုပြီး ဖိနှိပ်ချုပ်ချယ်လို့ရအောင် အကူအညီပေးသလို ဖြစ်နေပါတယ်။”

မြန်မာနိုင်ငံရဲ့ ပညာရေးစံနစ် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေမှာ ယူကေ၊ အီးယူနဲ့ အမေရိကန်ပြည်ထောင်စုတို့လည်း တဘက်တလမ်းကနေ အကူအညီပေးနေတယ်ဆိုတဲ့ ပြောဆိုမှုတွေ ရှိနေတဲ့အတွက် ဒီ ပညာရေး ပြုပြင် ပြောင်းလဲမှု အစီအစဉ်မှာ သူတို့အနေနဲ့ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုင်၍သော်လည်းကောင်း ပါဝင် ပတ်သက်မှု ရှိ မရှိ ဆိုတာနဲ့ ဘယ်လို အခန်းကဏ္ဍက ပါဝင်ခဲ့တယ်ဆိုတာတွေကို အပြည့်အစုံ ထုတ်ပြန်ပေးဖို့ လိုအပ်ကြောင်းလည်း Burma Campaign UK ရဲ့ ကြေညာချက်မှာ တောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ လက်ရှိ ဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပေါ် နိုင်ငံတကာ အသိုင်းဝိုင်း ထုတ်ဖော် ပြောဆိုခြင်း မရှိတာ၊ ပြောတဲ့နေရာမှာလည်း ပြင်းပြင်းထန်ထန် ဝေဖန် ပြောဆိုတာမျိုး မလုပ်တာတွေဟာ မြန်မာအစိုးရအနေနဲ့ နောက်ဆက်တွဲ အကျိုးသက်ရောက်မှုမရှိပဲ အခွင့်အရေးတွေကို ချိုးဖောက်ချင်သလို ချိုးဖောက်လို့ ရတယ်လို့ ယုံကြည်သွားအောင် အားပေး အားမြောက်ပြုသလို ဖြစ်နေတယ်လို့ Burma Campaign UK ရဲ့ ကြေညာချက်မှာ ထည့်သွင်း ဖော်ပြထားပါတယ်။

ကိုဇော်ဝင်းလှိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

လက်ပံတန်းမြို့မှာ မတ်လ ၁ဝ ရက်နေ့က ပင်မသပိတ်စစ်ကြောင်းက ကျောင်းသားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ရုန်းရင်းဆန်ခတ်ဖြစ်ကြစဉ်။ Photo: Aung Ko Ko/RFA
လက်ပံတန်း ကျောင်းသားသပိတ်စခန်းကို ရိုက်နှက်ဖြိုခွင်း တာဟာ ဥပဒေနဲ့မညီကြောင်း အဲ့ဒီအတွက် စုံစမ်းရေးကော်မရှင်ဖွဲ့ပြီး တွေ့ရှိချက်တွေကို အများပြည် သူသိအောင် ထုတ်ပြန်ပေးဖို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD က တောင်းဆိုပါတယ်။

လက်ပံတန်းကျောင်းသားသပိတ်နဲ့ပတ်သက်ပြီး သဘော ထားကြေညာချက်ကို NLD က ဒီနေ့ ထုတ်ပြန်လိုက် တာဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ရဲ့လုပ်ရပ်ဟာ ဥပဒေနဲ့ မညီတဲ့ အကြောင်း NLD ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဉာဏ်ဝင်းက ပြောပါတယ်။

"ရည်ရွယ်ချက်က ဥပဒေနဲ့မညီတာသော အစိုးရ လုပ်တာတွေကို ထောက်ပြတဲ့ သဘောပါပါတယ်၊ သူတို့ဒီလိုအကြမ်းဖက်တာ ဥပဒေနဲ့မညီပါဘူး၊ ဥပဒေမှာ ဒီလိုရိုက်ခွင့်လဲမပေးထားပါဘူး၊ အခု အဲ့လိုတွေဖြစ်တော့ ဥပဒေနဲ့ မညီညွတ်ကြောင်း၊ အမှန်တရားပေါ်အောင် စုံစမ်းစစ်ဆေးရေးဖွဲ့သင့်ကြောင်း၊ ဖွဲ့ပြီးတော့ တွေ့ရှိချက်ကိုလဲ အများပြည်သူ သိအောင်ထုတ်ပြန်သင့်ကြောင်း၊ အဲ့ဒါတွေကျနော်တို့ ကြေညာချက် ထုတ်တာပါ "

လက်ပံတန်းမြို့မှာခေတ္တရပ်နားခဲ့တဲ့ ဒီမိုကရေစီပညာရေးလှုပ်ရှားမူ ပင်မသပိတ် စစ်ကြောင်းကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေ က မနေ့က အကြမ်းဖက်ဖြိုခွင်း ပြီး ကျောင်းသား ကျောင်းသူတွေအပါအဝင် သတင်းထောက်တွေ နဲ့ ဒေသခံပြည်သူ တစ်ရာကျော် လောက်ကိုလည်း ဖမ်းဆီးထိန်းသိမ်းထားပါတယ်။

ဒီအတောအတွင်း လက်ပံတန်းမြို့ ကျောင်းသားသပိတ်စခန်းကို အကြမ်းဖက်ဖြိုခွဲမှုကို ဖေါ်ထုတ်အရေးယူပေးဖို့ မြန်မာ နိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်က တောင်းဆိုလိုက်ပါတယ်။

အလားတူ KIO ကချင် လွတ်မြောက်ရေးအဖွဲ့ကလည်း လက်ပံတန်းမြို့က ဒီမိုကရေစီ ပညာရေးလှုပ်ရှားမူ ပင်မသပိတ် စစ်ကြောင်းကို ရိုက်နှက်ဖြိုခွဲခဲ့တဲ့လုပ်ရပ် ကို ကန့်ကွက်ရှုတ်ချကြောင်း ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

RFA Burmese
http://www.rfa.org/burmese