03/14/15

လက်ပံတန်းမြို့မှာ ကျောင်းသားသပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွင်းခံရတာကို ကန့်ကွက်ရှုတ်ချတဲ့ အနေနဲ့ လက်ပတ်ဖြူလှုပ်ရှားမှုကို ရန်ကုန်မြို့မှာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေက စတင်လိုက် ပါတယ်။

ကျောင်းသား ကျောင်းသူတွေရဲ့ ဆန္ဒပြတောင်းဆိုမှုကို အကြမ်းဖက်ဖြိုခွင်းတာဟာ နိုင်ငံသားတွေရဲ့ လွတ်လပ် စွာဆန္ဒထုတ်ဖော်ခွင့်ကို ပိတ်ပင်ရာရောက်တဲ့အတွက် အခုလိုကန့်ကွက် လှုံ့ဆော်ကြတာဖြစ်တယ်လို့ လက်ပတ်ဖြူလှုပ်ရှားမှုမှာပါဝင်တဲ့ ကိုညီမိုးဆွေက ပြော ပါတယ်။

"မြို့တော်ခန်းမရှေ့မှာ ကျောင်းသားတွေကို အကြမ်းမဖက်ဖို့ ဆန္ဒတဲ့ပြည်သူတွေကို တစ်ကြိမ်၊ ၁ဝ ရက်က ကျောင်းသားတွေကို တစ်ကြိမ်၊ ၂ ကြိမ် ကျောင်းသားဖြိုခွဲမှုကို ကျနော်တို့က ဆန့်ကျင်တဲ့ သဘောလည်းပါတယ်၊ နိုင်ငံသားတွေရဲ့ အခြေခံရပိုင်ခွင့်ဖြစ်တဲ့ လွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့်ကို ပိတ်ပင်တဲ့ဟာကို ဆန့်ကျင်တဲ့သဘောလည်းပါတယ် အဲ့အတွက်လုပ်ရတာပါ၊ လက်မောင်းမှာပါတာ ကတော့ "We are Student, Respect Our Right" ပြည်သူတွေအားလုံးက ကျောင်းသားတွေဘက်မှာ ရပ်တည်တယ်၊ နောက်ပြီးတော့ ကျနော်တို့ရဲ့ အခွင့်အရေးတွေကိုလည်း ကျနော်တို့ကာကွယ်နေတယ်ဆို တဲ့ သဘောကို သက်ရောက်ပါတယ်ခင်ဗျ၊ ကျောင်းသားတွေအပေါ်မှာ အကြမ်းဖက်တာကို လက်မခံဘူး ၊ နောက် ကျနော်တို့အခွင့်အရေးတွေကို ပိတ်ပင်နေတာတွေကို လက်မခံပါဘူး၊ အဲ့ဒါကို ပြည်သူတွေ အနေနဲ့ ပြနိုင်မယ်လို့ ယုံကြည်တယ်"

ဒီနေ့ စတင်တဲ့ လက်ပတ်ဖြူလှုပ်ရှားမှုမှာ လူငယ် ၅ဝ ကျော်က ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံ၊ ရန်ကုန် ဘူတာကြီး၊ သဘောင်္ဆိပ်၊ ရွှေဂုံတိုင်၊ လှည်းတန်းစတဲ့ လူစည်ကားတဲ့နေရာတွေမှာ "We are Student, Respect Our Right" "ငါတို့ဟာ ကျောင်းသူ ကျောင်းသားတွေဖြစ်တယ်၊ ငါတို့ အခွင့်အရေးကို လေးစားပါ" ဆိုတဲ့ စာသားပါလက်ပတ် အဖြူတွေကို စိတ်ပါဝင်စားသူတွေရဲ့ လက်မောင်းတွေမှာ လူငယ်တွေက လိုက်လံစည်းပေးတာဖြစ်ပါတယ်။

RFA

သပိတ်မှောက်ကျောင်းသားများအား အစိုးရက ဖြိုခွင်းခြင်းနှင့်ပတ်သက်၍ မကွေးဆေးတက္ကသိုလ်ကျောင်းသားများ သမဂ္ဂက သဘောထားထုတ်ပြန်ချက်တစ်စောင်ကို မတ် ၁၀ ရက် နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

ကျောင်းသားသပိတ်တွင် ဆေးတက္ကသိုလ်ကျောင်းသားများအနေဖြင့် ပထမဆုံး စတင်ပါဝင်လာခြင်းလည်းဖြစ်သည်။

မကွေးဆေးတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ၊ ဗကသများ အဖွဲ့ချုပ် (မြေလတ်ဒေသ)၏ သဘောထားထုတ်ပြန်ကြေညာချက် အပြည့်အစုံမှာ-

“(၁) ကျွန်ုပ်တို့ ကျောင်းသား၊ ကျောင်းသူများ ငြိမ်းချမ်းစွာ လမ်းလျှောက်ချီတက်ခြင်းကို အစိုးရမှ အကြမ်းဖက်ဖြိုခွင်းခဲ့သဖြင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲအား ဆူပူအနှောင့်အယှက်ဖြစ်စေခြင်းမှာ အစိုးရ၏ လုပ်ရပ်ကြောင့်သာဖြစ်သည်။ (၂) ထို့ကြောင့် ကျွန်ုပ်တို့ မကွေးဆေးတက္ကသိုလ် ကျောင်းသားများ သမဂ္ဂမှ အစိုးရ၏ အကြမ်းဖက် အင်အားသုံးဖြိုခွင်းခြင်း လုပ်ရပ်များကို အပြင်းအထန် ကန့်ကွက်ရှုတ်ချသည်။ (၃) လက်ရှိအချိန်တွင် ဖမ်းဆီးထားသော ကျောင်းသား၊ ကျောင်းသူများကို အမြန်ဆုံးပြန်လည်လွှတ်ပေးရန် တောင်းဆိုသည်။ လိုက်လျောမှု မရှိပါက တစ်နိုင်ငံလုံးရှိ ကျောင်းသား၊ ကျောင်းသူများ စုပေါင်းအားဖြင့် အင်တိုက်အားတိုက် ကြိုးစားဆောင်ရွက်သွားမည်။” ဟူ၍ ဖြစ်ပါသည်။

လက်ရှိ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှာ ဒေါက်တာသန်းအောင် ဖြစ်ပြီး ၎င်းသည် တပ်မတော် ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်သည်။ ထို့အတူ ရန်ကုန်ဆေးတက္ကသိုလ်(၁)၏ ပါမောက္ခချုပ်မှာ ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း ဖြစ်ပြီး ရန်ကုန်ဆေးတက္ကသိုလ် (၂)၏ ပါမောက္ခချုပ်မှာ ပါမောက္ခဒေါက်တာဇော်ဝေစိုးနှင့် မန္တလေးဆေးတက္ကသိုလ်၏ ခေတ္တပါမောက္ခချုပ်မှာ ပါမောက္ခ ဒေါက်တာခင်မောင်လွင်၊ မကွေးဆေးတက္ကသိုလ်၏ ပါမောက္ခချုပ်မှာ ပါမောက္ခ ဒေါက်တာအေးထွန်းတို့ ဖြစ်သည်။
===========
Eleven Media Group

အမေရိကန်သံရုံးအနေနဲ့မြန်မာနိုင်ငံနဲ့ကမ္ဘာပေါ်မှာရှိတဲ့လူတွေနဲ့အတူတူ ပူးပေါင်းပြီး မတ်လ ၁၀ရက် လက်ပတန်းမှာဖြစ်ပွားတဲ့အကြမ်းဖက်မှုနဲ့မတ်လ၅ရက်ကရန်ကုန်မှာ ဖြစ်ပွားသွားတဲ့ အကြမ်းဖက်မှုနဲ့ပတ်သက်ပြီးတော့ တွေ့မြင်ရတဲ့ဓာတ်ပုံနဲ့သတင်းများအတွက်တကယ့်ကို စိတ်မကောင်းဖြစ်ရပါတယ်။ ဒီဖြစ်ရပ်တွေဟာဆိုရင်ပြန်လည် ရင်ကြားစေ့ရေးကို နောက်ပြန် ဆွဲစေပြီး နိုင်ငံအတွင်းမှာဖြစ်ပေါ်နေတဲ့ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်မှာ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်ယုံကြည်မှုကိုထိခိုက် ပျက်ပြားစေနိုင်ပါတယ်။

ဒါပေမယ့် ဒီဖြစ်ပျက်သွားတဲ့အကြောင်းအရာတွေကနေနိုင်ငံကိုနောက်ကြောင်း ပြန်လှည့်သွား စေခြင်းရှိမရှိ ဒါမှမဟုတ်ရှေ့ကိုဆက်လှမ်းသွားမလားဆိုတာ အစိုးရနဲ့ပြည်သူလူထုရဲ့ ရှေ့ဆက် သွားမယ့် သံန္ဒိဌာန်ဟာ အဆုံးအဖြတ်ပေးမှာဖြစ်ပါတယ်။ ဥပမာအားဖြင့် အစိုးရနဲ့အရပ်ဘက် အဖွဲ့အစည်း တွေပါဝင်တဲ့ ပွင့်လင်းမြင်သာမှုရှိပြီးယုံကြည် စိတ်ချရတဲ့စုံစမ်းစစ်ဆေးမှု နဲ့အသေး စိတ်ပွင့်လင်းရိုး သားစွာမှတ်တမ်းတင်ခြင်းတို့ သည် မတ်၁၀နဲ့၅ရက်မှာဖြစ်သွားတဲ့ အကြောင်း အရာတွေကို အဖြေရှာနိုင်မှာဖြစ်ပြီးဒီလို အန္တရယ်ရှိတဲ့အဖြစ်အပျက်တွေနောက်တစ်ခါထပ်မဖြစ်
စေရန်ကူညီတားဆီးဖို့ နဲ့ ရှေ့ဆက်သွားမယ့် ယုံကြည်စိတ်ချမှုကို တည်ဆောက်သွားနိုင်မှာ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုအနေနဲ့ဒီနိုင်ငံရဲ့အောင်မြင်မှု အတွက်ဆက်လက်ပြီး အလေးအနက် ထောက်ခံ ကူညီသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့တော့အစိုးရနဲ့ ပြည်သူပူးပေါင်း ပြီးတော့ ဒီပြီးခဲ့တဲ့အပတ်ကအဖြစ်အပျက်တွေဟာ နိုင်ငံကို နောက်ပြန်ဆွဲသွားစေမည့်အစား အပြောင်းအလဲ တစ်ခုဖြစ်ပြီးငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး နဲ့ပြန်လည်ရင်ကြားစေ့ရေး အစ ရှိတဲ့ဒီမိုကရေစီလမ်းကြောင်းပေါ်မှာအဘက်ဘက်က ဆုံးရှုံးသွားတယ်လို့ မယူဆဘဲအခွင့်အရေး တစ်ရပ်လို့  သဘောထားလက်ခံနိုင်ပြီး တိုးတက်သွားပါ စေလို့ဆန္ဒပြုပါတယ်။

The Embassy joins those here and around the world who were deeply disturbed and saddened by the pictures and reports of violence in Letpadan on March 10, as well as in Yangon on March 5. Such incidents clearly set back the cause of reconciliation, and threaten to lower mutual trust in the reform process of this country.

But how the government and people decide to proceed from here will determine whether these recent events hold the country back or offer an opportunity to propel it forward. A transparent and credible investigation - involving both government and civil society working together - and honest accounting of what happened on March 5 and 10, for instance, would help build trust and help prevent a repeat of such harmful incidents going forward.

The United States remains deeply committed to the success of this country. We hope the government in partnership with its people will work together to help ensure history records the events of the past week not as a permanent setback but as a turning point, an opportunity seized rather than lost by all sides, on the difficult road to democracy, peace, development, and reconciliation.

သပိတ်ကျောင်းသားများအားဖမ်းဆီးစဉ်။ ( မတ် ၁၀၊ ၂၀၁၅)
သပိတ်ကျောင်းသားများအားဖမ်းဆီးစဉ်။ ( မတ် ၁၀၊ ၂၀၁၅)

ပညာရေးဥပဒေ ပြင်ဆင်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြနေကြတဲ့ ကျောင်းသားတွေ ကို အာဏာပိုင်တွေက ပဲခူးတိုင်း၊ လက်ပံတန်းမြို့မှာ အကြမ်းဖက် ဖြိုခွင်းပြီး ဖမ်းဆီး သွားခဲ့တဲ့ ကျောင်းသား၊ ကျောင်းသူတချို့ကို ကြာသပတေးနေ့က ခံဝန်ချက်နဲ့ ပြန် လွှတ်ပေးခဲ့ပေမယ့်လည်း ကျောင်းသားခေါင်းဆောင်တချို့နဲ့ သတင်းထောက် တချို့ကို ထပ်မံ ဖမ်းဆီးလိုက်ပါတယ်။ ဧည့်စာရင်းစစ်မယ်ဆိုပြီး အာဏာပိုင်တွေက ရန်ကုန်မြို့၊ အလုံမြို့နယ်အတွင်းက သူတို့နေတဲ့ တိုက်ခန်း ပတ်ပတ်လည်ကို ၀ိုင်းပြီး အဲဒီမှာရှိနေတဲ့ ၅ ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားတာလို့ မျက်မြင် သက်သေတွေ ပြောတာကို ကိုးကားပြီး အဖမ်းခံလိုက်ရသူ တဦးဖြစ်တဲ့ ဗကသ ခေါင်းဆောင်တဦးဖြစ်သူ မဟန်နီဦးရဲ့ ဖခင် ဦးထွန်းဦးက ဗွီအိုအေမြန်မာပိုင်းက ကိုဇော်ဝင်းလှိုင်က ဆက်သွယ်မေးမြန်းရာမှာတော့ အခုလို ပြောပါတယ်။

"ကျနော်တို့ကတော့ ဖုန်းဆက်လို့ အလုံရဲစခန်းကို ရောက်နေတယ်။ ဧည့်စာရင်းနဲ့ ဖမ်းသွားတယ်ဆိုပြီး ပြောတယ်။ အဲ့တာကြောင့် ကျနော်က အလုံရဲစခန်းကို လိုက်လာတယ်ပေါ့။ လိုက်လာတော့ ဒီကျတော့ အနီးအနားက လူတွေပြောတာတော့ အိမ်ကို ဝိုင်းတယ်ပေါ့။ သူတို့ရှိနေတဲ့အိမ်ကို လုံခြုံရေးအပြည့်နဲ့ ဝိုင်းတယ်ပေါ့။ ဝိုင်းပြီးတော့မှ ဧည့်စာရင်းစစ်မယ်ဆိုပြီး တိုက်ခန်းတွေ ရှိတယ်။ သူတို့တခန်းတည်းကိုပဲ ဝင်ပြီးတော့ ဧည့်စာရင်းစစ်မယ်ဆိုပြီး ဝင်တယ်တဲ့။ အဲ့လိုပြောတယ်။ အခုထက်ထိတော့ အလုံရဲစခန်းမှာပဲ စစ်ဆေးနေတုန်းပဲခင်ဗျ။

ဗွီအိုအေ။ ။ ဆိုတော့ ဝင်စစ်တာက သူတို့အခန်းတခန်းတည်းကိုပဲ စစ်တာ ပတ်ဝန်းကျင်က အိမ်တွေကို မစစ်ဘူးပေါ့နော်။

" ဟုတ်တယ်။ မစစ်ဘူးခင်ဗျ။ သူတို့တိုက်က သူတို့အခန်းတခန်းတည်းကိုပဲ စစ်တာ။"

ဗွီအိုအေ။ ။ လက်နက်ကိုင်ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဝင်ဝိုင်းတာပေါ့။

" ဟုတ်တယ်ခင်ဗျ။ ဟုတ်တယ်။ ဟုတ်ပါတယ်။ နောက်တခါ ရိုးရိုး အဲ့အနားမှာရှိတဲ့ တခြားလုံခြုံရေးတွေလည်း လာတာပေါ့။ ဝိုင်းထားတာ။ ရဲမဟုတ်တဲ့ဟာတွေပေါ့။

ဗွီအိုအေ။ ။ ရဲမဟုတ်တဲ့ ရပ်ကွက်က လူတွေလည်းပါတာပေါ့။

" အော် ဟုတ်ကဲ့။ ဟုတ်ကဲ့။"

ဗွီအိုအေ။ ။ အင်အား ဘယ်လောက်လောက်ရှိလဲပြောလဲဗျ။

" နောက်ဖေးရော၊ ဘေးရော ဝိုင်းထားတာ တော်တော်များတဲ့သဘောပဲဗျ။

ဗွီအိုအေ။ ။ ဘာကြောင့်များ အခုလိုမျိုး ဖမ်းတယ်လို့ ယူဆမိသလဲ စိတ်ထဲမှာ။

"အော် သူက ဗကသလေ။ အဲ့ဒီ့ ဗကသအနေနဲ့ ဒီမိုကရေစီပညာရေးအတွက် သူတို့တွေက ပါနေတာပေါ့ဗျာ။"

ဗွီအိုအေ။ ။ အဲ့တော့ ဆက်စပ်မှုရှိမယ်ထင်သလား ။ဖမ်းတာက။

"ဟုတ်ကဲ့ခင်ဗျ။ ဖြစ်နိုင်ခြေကတော့ အဲ့တာအများဆုံးဖြစ်နိုင်တယ်လေ။ အခုကတော့ အဲ့ဒီ့ရည်ရွယ်ချက် ပဲ။ အဲ့တာနဲ့ လိုက်ဖမ်းတာ။ ဒါက သိသာပါတယ်ခင်ဗျ။

သူတို့ သားသမီးတွေနဲ့ တွေ့ခွင့်ပေးဖို့ အလုံရဲ့စခန်းက တာဝန်ရှိသူတွေကို အကြိမ်ကြိမ် တောင်းဆိုပေမယ့် တွေ့ခွင့်မပေးဘူးလို့ ဖမ်းခံထားရသူ ဗကသ ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုသီဟ၀င်းတင်ရဲ့ မိခင် ဒေါ်လီလီထွေးက ဗွီအိုအေကို ပြောပါတယ်။


"ကျမထင်တာ သူတို့ စရဖတွေရော ဘာတွေရောဆိုတော့ သူတို့ကို ဘယ်လိုလုပ်မယ် ဆိုတာ ကျမ မသိသေးဘူး။ အခုထက်ထိလည်း မတွေ့ရသေးဘူး။ ဘယ်လို အခြေအနေ ရှိတယ်တောင် မသိဘူး။ အဲ့ဒီ့အမျိုးသားပညာရေးဥပဒေနဲ့ပဲ သူတို့ကို လုပ်မှာလား။ သူတို့ပြောတာက တိတိကျကျ သားကိုလည်း မမြင်ရသေးတော့ ကျမ တောင်းတောင်းပန်ပန်နဲ့ မိခင်မေတ္တာနဲ့ သားမျက်နှာလေးပဲ မြင်ချင်တယ်။ ခဏလေး တွေ့ပါရစေဆိုတာ သူတို့က ခဏလေးစောင့်ပါဆိုတော့ နှစ်နာရီလောက် တောင်းတယ်။ ၁၂နာရီမှ ရတယ်။ ၁၂နာရီ သိသိချင်းစောင့်နေတယ်။ ၂နာရီ ၁၅ကျတော့ အမေတယောက်အနေနဲ့ မိခင်တယောက်ရဲ့သောကနဲ့ သားလေးမျက်နှာ မြင်ပါရစေဆိုတာ ခဏလေးစောင့်ပါ ဆိုတာ အခုထက်ထိ မတွေ့ရသေးပါဘူးရှင်။"

ဗွီအိုအေ။ ။ ဟုတ်ကဲ့ ဖမ်းတာ ဘယ်အချိန်လောက်မှ စဖမ်းသွားတာ ကြားတာလဲ ခင်ဗျ။

"ဖမ်းတာက ၁၂နာရီ မတိုင်ခင်ကပေါ့။"

ဗွီအိုအေ။ ။ အခုဟာက ရဲစခန်းဝင်းထဲ ထိုင်စောင့်နေကြတာလား။ အပြင်မှာ စောင့်နေကြတာလား။ အထဲကို ဝင်လို့ရလား။

"ပေးမဝင်ဘူး။ ပေးမဝင်ဘူး။ ကျမတို့ ပေတရာပေါ်မှာ စောင့်နေကြတာ။ သူတို့ ဧည့်စာရင်းစစ်တယ်သာ ပြောတာ။ ဒီပတ်ဝန်းကျင်က ပြောတာ။ နောက်ဖေးလမ်းမှာလည်း အများကြီးပဲတဲ့။ သူတို့ပိတ်ပြီးတော့ ဖမ်းတာ ထင်တာပဲ။ "

ဗွီအိုအေ။ ။ ဟိုတနေ့ အင်္ဂါနေ့က ဖြစ်သွားတဲ့ကိစ္စမှာလည်း အများကြီး အရိုက်ခံရတယ်။ အဖမ်းခံရတယ်။ မိန်းကလေးတွေဆိုလည်း မချေမငံ ပြောဆိုဆက်ဆံခဲ့ရတယ်ဆိုပြီးတော့ ရဲတွေကပေါ့နော်။ ပြောကြတာရှိတယ်။ ဒီနေ့ပြန်လွတ်လာတဲ့ တချို့ကလေးတွေကပေါ့နော်။ ဆိုတော့ အန်တီ့စိတ်ထဲမှာ ဘယ်လိုခံစားမိပါသလဲ။ ဘယ်လိုထင်သလဲ ဒီဟာတွေဟာ ဆက်နွယ်မှုရှိတယ်။ အဲ့လိုမျိုးကြောင့် အဖမ်းခံရတယ်ထင်သလား။ ဘယ်လိုထင်သလဲ။

"အော် ဒါနဲ့ဆက်နွယ်ပြီးတော့ ဖမ်းတယ်ထင်တယ်။ အန်တီလည်း ခုနက ပြောသလိုပေါ့။ ဒီရဲတပ်သားတွေကို လူကြီးနဲ့တွေ့ပါရစေ။ ဒီက အကြီးဆုံးနဲ့တွေ့ပါရစေ။ ကျမက ဆရာမပါ။ တွေ့ပါရစေ။ မိဘအနေနဲ့ မိဘချင်း၊ သားသမီးချင်းကိုယ်ချင်းစာပြီးတော့ သားမျက်နှာလေးတွေ့ရရင် ကျေနပ်ပါတယ်။

မင်းတို့ လက်ပံတန်းမှာဖြစ်တဲ့ကိစ္စ ကျမတို့ ပေးမှ မတွေ့တာ။ ပေးမှ မဝင်တာ။ လက်ပံတန်းမှာဖြစ်တဲ့ကိစ္စ ဒီလောက်အထိ နှိပ်စက်ကလူ လုပ်ထားတော့ သားအတွက် စိုးရိမ်တယ်။ နော် သားအတွက်လည်း စိုးရိမ်တယ်။ ဖမ်းထားတဲ့ကလေးတွေအတွက်လည်း စိုးရိမ်တယ်။ အကုန်လုံး သားသမီးချင်း ကိုယ်ချင်းစာတယ်။ အဲ့ဒီ့အတွက် စိုးရိမ်တယ်။ အခုထက်ထိ မသိရတော့ အရမ်းရင်ပူနေတယ်။ ကိုယ့်သားတင်မဟုတ်ဘူး။ အကုန်လုံးဖမ်းထားတဲ့ ငါးယောက်စလုံးအတွက် ကျမ တော်တော်စိတ်မကောင်းဘူး။ (ငိုလျက်) အခုထက်ထိလည်း မတွေ့ရသေးပါဘူး။ (ငိုသံ)

အခု အဖမ်းခံထားရတဲ့ ၅ ဦးထဲမှာ ပညာရေးဥပဒေ ပြင်ဆင် ရေးဆွဲရေးအတွက် တက်ကြွစွာ ပါဝင်လှုပ်ရှားနေကြတဲ့ ဗကသ - ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်က ကျောင်းသားခေါင်းဆောင်တွေဖြစ်ကြတဲ့ ကိုသီဟ၀င်းတင်၊ မဟန်နီဦးတို့ အပြင် ဇန်ဇန်၊ နောက် သတင်းထောက် မိုးထက်နေနဲ့ AFP သတင်းဌာနက သတင်းထောက် ကိုဖြိုးဟိန်းကျော်တို့လည်း ပါဝင်တယ်လို့ အဖမ်းခံထားရသူ တဦးရဲ့ မိတ်ဆွေက ဗွီအိုအေကို ပြောပါတယ်။

သပိတ်မှောက်ကျောင်းသားတဦးကို ရဲလုံခြုံရေးတွေ ဝိုင်းရိုက်နှက်နေစဉ်။ (မတ် ၁၀၊ ၂၀၁၅)
သပိတ်မှောက်ကျောင်းသားတဦးကို ရဲလုံခြုံရေးတွေ ဝိုင်းရိုက်နှက်နေစဉ်။ (မတ် ၁၀၊ ၂၀၁၅)




မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို အာဏာပိုင်တွေက ဖမ်းဆီးတဲ့အပေါ် အထူးပဲ စိုးရိမ်မိတဲ့အကြောင်း အမေရိကန် သမ္မတဟောင်း ဂျော့ဂ်ျ ဒဗလျူ ဘုရှ် (George W. Bush) နဲ့ ဇနီးဖြစ်သူ လော်ရာ ဘုရှ် (Laura Bush) တို့က ကြာသပတေးနေ့မှာ ကြေညာချက်တစောင် ထုတ်ပြန်ပါတယ်။

အဖမ်းခံထားရသူတွေထဲမှာ Bush Institute က စီစဉ်တဲ့ လွတ်လပ်မှုနဲ့ ခေါင်းဆောင်မှုဆိုင်ရာဖိုရမ်မှာ ပါဝင်သူတဦးဖြစ်သူ ဗမာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ရဲ့ အထွေထွေအတွင်းရေးမှူး မဖြိုးဖြိုးအောင်လည်း ပါဝင်ပြီးတော့ သူဟာ မြန်မာနိုင်ငံပညာရေးအတွက် စူးနစ်စွာ ဆောင်ရွက်သူတဦးဖြစ်တယ်လို့ သမ္မတဟောင်း ဘုရှ်နဲ့ ဇနီးဖြစ်သူရဲ့ ကြေညာ ချက်မှာပြောထားပါတယ်။

မဖြိုးဖြိုးအောင်လိုပဲ ဆန္ဒပြသူအများအပြားဟာ ပွင့်လင်းမြင်သာပြီး တာဝန်ခံမှုရှိတဲ့ ပညာရေးစနစ်တခု ပေါ်ပေါက်လာဖို့ စည်းရုံး ဆောင်ရွက်ခြင်းအားဖြင့် မြန်မာ့ အသွင်ကူးပြောင်းရေးကို ထောက်ခံ လုပ်ဆောင်သူတွေ ဖြစ်တယ်လို့လည်း ကြေညာချက်က ထောက်ပြပါတယ်။

ပညာရေးဟာ နိုင်ငံနဲ့လူထုတိုင်းရဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှု သာယာဝပြောရေးတို့အတွက် အသက်တမျှအရေးကြီးပြီး အဖမ်းခံ ထားရတဲ့ သပိတ်မှောက်ကျောင်းသားတွေကို အမြန်ဆုံး ပြန်လွှတ်ပေးမယ်လို့ မျှော်လင့်တဲ့အကြောင်း သမ္မတဟောင်းဘုရှ်နဲ့ သမ္မတဟောင်းကတော် လော်ရာ ဘုရှ်တို့ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
VOA


ဒီမိုကရေစီပညာရေးသပိတ် အကြမ်းဖက်ဖြိုခွဲမှုကို ရှုတ်ချပြီး ဖမ်းဆီးခံရသူတွေကို အကြွင်းမဲ့ပြန်လွှတ်ပေးရေးအတွက် ပုသိမ်မြို့မှာ ကျင်းပတဲ့ စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်ကျဆုံးခြင်း ၂၇ နှစ်ပြည့်မှာ တောင်းဆိုခဲ့ကြပါတယ်။ ဒေါ်ခင်မင်းဇော် သတင်းပေးပို့ထားပါတယ်။

ရိုက်ကူး သော်ဇင်မျိုး DVB TV

ဓာတ်ပုံ − စိုးသန်းဝင်း/အေအက်ဖ်ပီ
မရည်မိုမိုအောင်
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်
ကုန်ထုတ်ဓာတုဗေဒ
(တတိယနှစ်) ကျောင်းသူ
အခုဘယ်လိုအခြေအနေနဲ့ ပြန်လွတ်လာတာလဲ။
အခု ညီမတို့ကို မိဘတွေ ပြန်လာခေါ်လို့  လက်ရှိတက်နေတဲ့ ကျောင်းသားတွေ လွှတ်မယ်ဆိုပြီး လွှတ်လိုက်တာပါ။
လွှတ်တဲ့အခါမှာကော ဘယ်လိုပုံစံမျိုးနဲ့ ပြန်လွှတ်ပေးလဲ။
ပြန်လွှတ်ပေးတဲ့နေရာမှာ ငြိမ်းစုစီကို နောက်မလုပ်ပါဘူးဆိုပြီးတော့ ပုဒ်မ ၁၈ ကို လက်မှတ်ထိုးရတယ်။ ညီမအမေက ထိုးလိုက်ပါလို့ ပြောတဲ့အထဲမှာပါတယ်။ နောက်ပြီးတော့ နိုင်ငံတော်စေတနာအကြောင်းကို ပြောတယ်။ နိုင်ငံတော်စေတနာအကြောင်းဆို ပထမကတည်းက ဒီလိုတောင် အကြမ်းတောင်မဖက်ဘူး။ ပြောနေကျ လုပ်ထုံးအတိုင်းပြောလိုက်တာပဲ။ ပြီးတော့ ဒီအမှုကနေ လုံးဝလွတ်ကင်းပါတယ်ပြောပြီးတော့ လွှတ် ပေးတယ်။
ညီမတို့ အဖမ်းခံရတဲ့ပုံစံကို ပြော ပြပါလား။
အဓိကရုဏ်းဖြစ်တော့ အကုန်လုံး ဘုန်းကြီးကျောင်းထဲကို ရောက်ကုန်တယ်။ အဲဒီလိုအချိန်မှာ ရဲတွေ ရောက်လာတော့ မရိုက်နဲ့၊ အကုန်လုံး အဖမ်းခံမယ်ပြောတယ်။ ညီမတို့ကို မရိုက်ဘူးလို့ပြောပြီးတော့ အကုန်လုံးကို ပုံစံထိုင်ခိုင်းတယ်။ ပြီးတော့ ယောက်ျားလေးတွေကို  တန်းစီပြီးတော့ အသေချတာ။ နံပါတ်တုတ်တွေနဲ့ ရိုက်တာ၊ ဆောင့်ကန်တာတွေရှိတယ်။ ခေါင်းတွေကိုပါ ရိုက်တယ်။ အကြီးအကဲတွေကလည်း တားသင့်တဲ့ဟာကို မတားဘူး။ မိန်းကလေးတွေကိုလည်း လက်ထိတ်မခတ်ရဘူးလို့ ကြားဖူးတယ်။ ဒါပေမဲ့ လက်ထိတ်ခတ်ထားပြီးတော့ နောက်ကနေ နံပါတ်တုတ်တွေနဲ့ ရိုက်တယ်။ ရိုက်တာက ရဲတွေအကုန်ပဲ။ လာလာပြီး ရိုက်တာမျိုး၊ အစ်မအိသဉ္စာမာင်ဆိုရင် ‘‘ဒီကောင်မ အကြောတင်းတယ်’’ဆိုပြီးတော့ အချုပ်ကားပေါ်မှာ ပါးတွေရိုက်တာမျိုးရှိတယ်။
ညီမပါသွားတဲ့ အချုပ်ကားထဲမှာကော ဘယ်နှယောက်ပါလဲ။
ပထမအချုပ်ကားပေါ်မှာတုန်းက မိန်းကလေးအကုန်လုံးပါတယ်။ နောက်တော့ အဲဒီကားကို ပြန်လဲတော့ကျတော့ တင်ဖို့ကျန်ခဲ့တဲ့ ယောက်ျားလေးတွေကို တင်တယ်။ ညီမတို့ကို အလယ်ကနေ ထိုင်ခိုင်းတယ်။
အချုပ်ကားထဲမှာ ကျောင်းသားတွေ ဒဏ်ရာရတဲ့ပုံစံမျိုးတွေ့ရလား။
မိန်းကလေးတွေဆိုရင် ပြေးရလွှားရလို့ ခြေထောက်တွေမှာ အတွင်းထဲထိ  ကွဲသွားတာမျိုးရှိတယ်။ အဲဒါကျတော့ ဆေးမှူးနဲ့ လာကုပေးတယ်။ ယောက်ျားလေးတွေဆီက ကြားတာကျတော့ ဒုတိယတစ်ခေါက်တင်တဲ့ အချုပ်ကားမှာ တစ်ကိုယ်လုံးသွေးတွေကျနေတာ ရှိတယ်။ ခေါင်းတွေကနေ သွေးတွေပေါက်ပေါက်ကျနေတာရှိတယ်။ နံပါတ်တုတ်နဲ့ ရိုက်ထားလို့ လက်တွေကိုယ်တွေ ရောင်နေတာ။ နားရင်းတွေ အုပ်ထားတာရှိတယ်။
နောက်ပြီးတော့ ဘယ်လိုတွေဆက်ဖြစ်ပါသလဲ။
ပြီးတော့ အချုပ်ကားပေါ်တင်သွားပြီးတော့ သာယာဝတီထောင်ကို တန်းပို့တယ်။ ထောင်ထဲမှာ ကိုယ်ရေးအကျဉ်းကို စစ်တယ်။ ဒီနေ့ရောက်မှ စစ်ကြောရေးဝင်တယ်။ ပြီးတော့မှ မိဘခေါ်တယ်၊ ဘာညာနဲ့ လွှတ်လိုက်တာပါ။
မနေ့က လက်ပံတန်းတရားရုံးမှာ ရုံးထုတ်တော့ ပါလား။
ပါပါတယ်။ ညီမတို့ကို ဘာမှမပြောဘဲနဲ့ မိန်းကလေးအယောက် ၂၀ ကို ရုံးထုတ်မယ်ဆိုပြီးတော့ ခေါ်သွားတယ်။ ယောက်ျားလေးတွေကို နှစ်သုတ်ခွဲထုတ်တယ် ကြားတယ်။ ရုံးထုတ်တဲ့အခါမှာ မီဒီယာတွေကိုလည်း မ၀င်ခိုင်းဘူး။ မိဘတွေကိုလည်း မ၀င်ခိုင်းဘူး။ ညီမတို့ကို ခေါင်းတောင် မမော့ခိုင်းဘူး။ ခေါင်းငုံ့ထားပြီးတော့ ၀င်သွားရတာ။ ညီမအမေ လာတာဆို အသံကြားမှသိတာ။ လှည့်တော့ကြည့်လိုက်တယ်။ အဲဒီအချိန်မှာ ပြန်ဆွဲခေါ်သွားတယ်။ အဲဒီမှာ အမေစိတ်မပူနဲ့ ဆိုပြီးတော့ ပြောပြီးတော့ ၀င်သွားတယ်။ အဲဒီနောက်ပိုင်းမှာ မိဘတွေက လိုက်လုပ်ပေးတယ်။ လူထုက လိုက်နှုတ်ဆက်တဲ့ အသံတွေကြားရတဲ့အခါမှာလည်း ရဲတွေက နင်တို့ အဲဒီအသံတွေနဲ့ လူပါးဝနေလား၊ ဘာညာနဲ့ မိုက်မိုက်ရိုင်းရိုင်းတွေ ပြောတယ်။ ရုံးထုတ်တဲ့အခါမှာလည်း လက်တွေကို ချုပ်ထားတယ်။ ပိုက်တွေနဲ့ အတင်းအကျပ်တွေ စည်းထားလို့ လက်တွေမှာ ဒဏ်ရာရတာရှိတယ်။
တရားရုံးမှာ ပုဒ်မ ငါးခုနဲ့ ဖွင့်တယ် ဆိုတာက ဘယ်လိုဖွင့်တာလဲ။
တရားရုံးရောက်တော့ ပုဒ်မ ငါးခု နဲ့ ဖွင့်ထားတယ်လို့ ပြောတယ်။ သူတို့က သံသယရှိလို့ ဖွင့်ထားတယ်ပြောတယ်။
သာယာဝတီထောင်ထဲရောက်တော့ ရိုက်နှက်တာမျိုးရှိလား။
အဲဒီရောက်တော့ ရိုက်နှက်တာမျိုး မရှိဘူး။ အိပ်ခါနီးကျရင် ပြန်ပြန်ခေါ်ခေါ်မေးတာမျိုး၊ မေးပြီးသားတွေ ပြန်မေးတာမျိုးတွေ တစ်ညလုံး အိပ်မရအောင်လုပ်တာရှိ တယ်။
အခုလို ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်အပေါ် ဘယ်လိုမြင်ပါသလဲ။
ညီမတို့ အေးအေးဆေးဆေးအဖမ်းခံမယ် ပြောတဲ့ဟာကို ညီမတို့ကို အတင်းအကြမ်းဖက်တာက မဖြစ်သင့်ဘူး။ ပြီးတော့ သူတို့ သဘောတူညီချက်ကို ချိုးဖျက်တာလို့ မြင်တယ်။ ဖမ်းခဲ့ပါဦး ညီမတို့ကို အကြမ်းဖက်တာကို မကျေနပ်ဘူး။ ပြည်သူ့ရဲဆိုပြီးတော့ ပြည်သူဘက်က ရဲမဖြစ်ဘဲနဲ့ ဆေးစစ်တာတို့ဆိုရင် အရမ်းပိုးစိုးပက်စက်တွေ ပြောတယ်။
အခုထိ ဒီနေ့ ကျောင်းသား ဘယ်နှယောက်လွတ်လာပြီလဲ။
ဒီနေ့ကြားတာ ၂၇ ယောက်လို့ ကြားတယ်။ ဒီမှာ ပြန်သွားတဲ့လူလည်းရှိတော့ အတိအကျတော့မသိဘူး။
ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်။

http://7daydaily.com/story/33645#.VQMK3I6z5X8

မဇ္ဈိမ၊ ၁၃ မတ် ၂၀၁၅

လက်ပံတန်း ကျောင်းသားပိတ်ကို အကြမ်းဖက် ဖြိုခွင်းပြီးနောက် သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရကို နိုင်ငံတကာ အပါအဝင် အဖွဲ့အစည်းအသီးသီးမှ ဝေဖန်မှုများ ထွက်ပေါ်နေချိန်တွင် အများကြည်ညိုလေးစားပြီး ဓမ္မစာပေများ ရေးသားနေသည့် အရှင်ဆန္ဒာဓိက,ကလည်း ရင်ထဲက မပါသည့် မိဘပြည်သူများ ခင်ဗျား အသုံးအနှုန်း မသုံးနှုန်းသင့်တော့ကြောင်း မိန့်ကြားလိုက်သည်။

နာရေးကူညီမှုအသင်း (ရန်ကုန်) တွင် မတ်လ ၁၂ ရက်က ကျင်းပသည့် လက်ပံတန်း ကျောင်းသားသပိတ် အကြမ်းဖက် ဖြိုခွင်းခံရမှု ရှုတ်ချပွဲသို့ ရွှေပါရမီတောရ ဆရာတော် အရှင်ဆန္ဒာဓိက ပေးပို့သည့် သဝဏ်လွှာတွင် ရေးသားထားခြင်း ဖြစ်သည်။

လစဉ် ရေဒီယို မိန့်ခွန်းများတွင် သမ္မတ ဦးသိန်းစိန် အစချီပြောဆိုလေ့ရှိသည့် "မိဘပြည်သူများ ခင်ဗျာ" ဟူသည့် နှုတ်ခွန်းဆက်စကားသည် အပေါ် ယံဟန်ပြသာဖြစ်ပြီး ရင်ထဲက မပါသည့် လေသံဖြင့် မပြောဆိုသင့်ကြောင်း သဝဏ်လွှာတွင် ပါရှိသည်။ "မိဘ ပြည်သူများ ခင်ဗျာ ဆိုတဲ့ နှုတ်ခွန်းဆက် စကားကို ရင်ထဲက မပါတဲ့လေသံနဲ့ အပေါ်ယံဟန်ပြ မပြောဆိုသင့်သလို သားသမီးကျောင်းသား၊ ကျောင်းသူတို့ရေ ဆိုတဲ့ နှုတ်ခွန်းဆက်စကားကို မိဘကောင်း တစ်ယောက်ရဲ့ စစ်မှန်တဲ့ မေတ္တာ နှလုံးသားနဲ့ ကရုဏာသံပြည့်ဝစွာ နွေးနွေးထွေးထွေး ပြောဆိုနိုင်ဖို့ကိုလည်း လုံးဝန် ဝန်မလေးသင့်ပါဘူး" ဟု အရှင်ဆန္ဒာဓိက,က ဆိုသည်။

မတ်လ ၁၀ ရက် လက်ပံတန်းတွင် ပေါ်ပေါက်ခဲ့သည့် ကျောင်းသား သပိတ်ဖြိုခွင်းမှုတွင် ကျောင်းသားများနှင့် အရပ်သား ၁၀၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံခဲ့သည့် ဖြစ်စဉ်ကိုလည်း "အကြမ်းမဖက်တဲ့နည်းနဲ့ ငြိမ်းချမ်းစွာ လူကြီးလူကောင်းဆန်စွာ ဒီမိုကရေစီနည်းကျ ဖြေရှင်းကြပါ" ဟုလည်း အရှင်ဆန္ဒာဓိက,က တိုက်တွန်းထားသည်။

အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်ခဲ့သည့် အစိုးရတစ်ရပ်သည် အာဏာရှင် အမူအကျင့် မပျောက်သည်ကို လက်ပံတန်း အကြမ်းဖက်မှုက သက်သေ ပြလိုက်ခြင်းဟုလည်း အရှင်ဆန္ဒာဓိက, က ရည်ညွှန်းခဲ့သည်။ "ဘုန်းကြီးလူထွက်ဟာ ဘုန်းကြီး အမူအကျင့် မပျောက်သလို အာဏာရှင် လူထွက်ဟာလည်း အာဏာရှင် အမူအကျင့် မပျောက်ဘူး ဆိုတာကို လက်ပံတန်း အကြမ်းဖက်မှုက ထင်ရှားစွာ သက်သေပြလိုက်ပါပြီ" ဟု သဝဏ်လွှာတွင်ပါရှိသည်။

မတ်လ ၅ ရက် ရန်ကုန်မြို့ မြို့တော်ခမ်းမရှေ့တွင် ကျောင်းသားသပိတ်ဖေါ်ဆောင်မှုကို ထောက်ခံဆန္ဒပြသူများအား လက်ပတ်နီ အရပ်သားများ၊ စွမ်းအားရှင်များက ဖမ်းဆီးချုပ်နှောင်ခဲ့ပြီး မတ်လ ၁၀ ရက်တွင် ထပ်မံပေါ်ပေါက်ခဲ့သည့် အကြမ်းဖက် ဖြိုခွင်းမှုများကို ရည်ညွှန်းလျက် အဆိုပါ လုပ်ရပ်များသည် အာဏာရှင် လူထွက်တို့၏ လုပ်ဆောင်ချက်ဟုလည်း ဆရာတော်က ဆိုသည်။

"အာဏာရှင် လူထွက်တွေရဲ့ သရုပ်သကန်ကို အမှန်အတိုင်း ထုတ်ဖေါ်ဝန်ခံလိုက်တာပါပဲ" ဟု ဆိုကာ "နိုင်ငံတော် အကြီးအကဲအားလုံးနီးပါးနဲ့ ဒေသဆိုင်ရာ အကြီးအဲအားလုံးနီးပါးဟာ အာဏာရှင် လက်ထက်က အစိုးရအဖွဲ့အစည်းထဲမှာ ဦးဆောင်ပါဝင်ခဲ့ကြသူတွေဖြစ်လို့ အာဏာရှင် လူထွက်တွေပဲ" ဟုလည်း ဆရာတော်က ဆိုသည်။ မြန်မာနိုင်ငံသားအားလုံး မင်းကောင်းမင်းမြတ် ခေါင်းဆောင်ကောင်းနဲ့ အမြန်ဆုံး တွေ့ကြုံဆုံဆည်းခွင့် ရကြပါစေဟုလည်း ဆရာတော်၏ သဝဏ်လွှာ နိဂုန်းတွင် ဆုမွန်တောင်းထားသည်။

မတ်လ ၁၀ ရက် လက်ပံတန်းမြို့ ကျောင်းသားသပိတ်စခန်း ဖြိုခွင်းမှုတွင် ကျောင်းသား၊ အရပ်သား ၁၂၇ ဦးထိန်းသိမ်းခံခဲ့ရသည်။ ထိန်းသိမ်းခံခဲ့ရသူများထဲမှ ၁၇ ဦးကို မတ်လ ၁၂ ရက်က ပြန်လည်လွှတ်ပေးပြီးဖြစ်သည်ဟု အစိုးရ တာဝန်ရှိသူများက ဆိုသည်။ ကျောင်းသား သပိတ်စခန်းကို အကြမ်းဖက် ဖြိုခွင်းမှုအတွက် ဝေဖန်မှုများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေချိန်တွင် "ဥပဒေအရ" လုပ်ဆောင်ခဲ့ခြင်းသာဖြစ်ကြောင်း အစိုးရတာဝန်ရှိသူများက တုန့်ပြန်ထားသည်။

ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူများတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂအတွင်းရေးမှူး မဖြိုးဖြိုးအောင်လည်း ပါဝင်နေရာ ပြန်လွှတ်ပေးရန် အမေရိကန် သမ္မတဟောင်း ဂျော့ဒဗလျူဘုရ့်က မတ်လ ၁၃ ရက်တွင် ကြေညာချက် ထုတ်ပြန် တောင်းဆိုထားသည်။


လက်ပံတန်းမြို့က ကျောင်းသားသပိတ်စစ်ကြောင်းကို အကြမ်းဖက်ဖြိုခွဲပြီး ကျောင်းသားတွေကို ရိုက်နှက်ဖမ်းဆီးခဲ့တဲ့ဖြစ်ရပ်မှာ ကျောင်းသားကျောင်းသူတွေဘက်က အနိုင်ရရှိတယ်လို့ ရွှေပါရမီပညာရေး ဖောင်ဒေးရှင်းဆရာတော် အရှင်ဆန္ဒာဓိက က မိန့်ကြားလိုက်ပါတယ်။ ဆရာတော်ကို RFA သတင်းထောက် ကိုကျော်ဇောဝင်းက လျှောက်ထားမေးမြန်းခဲ့ပါတယ်။


“လက်ရှိအစိုးရမှာ နည်းနည်းလေးသာကျန်တော့တဲ့ ဂုဏ်သိက္ခာကို တပြားမှမကျန်တော့အောင် မြန်မာရဲတပ်ဖွဲ့က အစွမ်းပြလိုက်တာ ဖြစ်တယ်”

နိုင်ငံတကာမှာ Riot police ဆိုတာ Crowds လူအုပ်၊ Protests ဆန္ဒ္ဒပြသူတွေနဲ့ Riots အဓိကရုဏ်းတွေကို နှိမ်နင်းဖို့ ရည်ရွယ်ချက်နဲ့ ရဲအဖွဲ့ဝင်တွေကို ခွဲထုတ်ပြီး ဖွဲ့ထားတာဖြစ်တယ်။ Riot gear ဆိုတာ အဲဒီရဲတွေဝတ်ဆင်ရတဲ့ ဝတ်စုံနဲ့ တန်းဆာပလာတွေကိုခေါ်တယ်။ Riot helmet ဦးထုပ်၊ Shield ဒိုင်းက သတ္တုနဲ့၊ ကြိမ်နဲ့ အမျိုးမျိုးရှိတယ်။ Baton နံပါတ်တုတ် (သစ်သားတုတ်၊ ကြိမ်တုတ်၊ ဝါးရင်းတုတ်၊ ရာဘာတုတ်)တွေ ပေးထားတယ်။ လူကိုသေစေနိုင်တဲ့ သေနတ်ကို မသုံးရပဲ Rubber bullets ရာဘာကျည်ဆံ၊ Stun grenades စတန်းလက်ပစ်ဗုံး၊ Pepper spray ငရုပ်သီးစပရေး၊ Tear gas မျက်ရည်ယိုဗုံး စတာတွေသာ ကိုင်ခွင့်ရှိတယ်။

မြန်မာပြည်မှာ လွန်ခဲ့တဲ့ ၃ နှစ်တိတိက လုံထိန်းရဲတပ်ဖွဲ့ကို ဖျက်သိမ်းဖို့ လွှတ်တော်မှာ အဆိုတင်ခဲ့တယ်။ ဗိုလ်ချုပ်နေဝင်း လက်ထက်ကတည်းက လုံထိန်းဆိုတာ ထင်ပေါ်လာခဲ့တယ်။ လုံထိန်းတပ်ဦးစီးချုပ် ဗိုလ်မှူးကြီးစိန်လွင်က ၁၉၈၈ ခုနှစ် အရေးအခင်းကြီးကာလမှာ သမ္မတဖြစ်တာတော့ ဆန္ဒပြသူတွေကို ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်နှိမ်နင်းလို့ သူ့ကို Butcher of Rangoon ရန်ကုန်က သားသတ်သမားလို့ နိုင်ငံတကာမီဒီယာမှာ နာမည်ရခဲ့တယ်။ လုံထိန်းသမိုင်းဟာ သွေးညှီနဲ့စခဲ့တာပါ။

နောက်တက်လာတဲ့ စစ်အစိုးရလက်ထက်တွေမှာ လူစုလူဝေးထိန်ဖို့ ပိုပြီးဆန်းသစ်တဲ့နည်းနာတွေပါ သုံးလာတယ်။ ထောက်လှမ်းရေးနည်းနာတွေဖြစ်တယ်။ ကမ္ဘာမှာ ဘယ်တိုင်းပြည်မှ မသုံးတဲ့နည်းတွေပါ။ အရံအင်အားဆိုတဲ့အောက်မှာ မှတ်ပုံလည်းမတင်၊ လူသိလည်းမခံလို့ တရားမဝင်ဖွဲ့ထားတယ်။ အဲဒီတုံးက NLD ပါတီကို ပစ်မှတ်ထားခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည် သွားရာမှာပါတဲ့ လူအုပ်ကိုဖြိုခွဲဖို့မှာ သုံးတယ်။ အစောပိုင်းမှာ ဟန့်တားတယ်၊ ခြောက်လှန့်တယ်။ နောက်တော့ ကိုယ်ထိလက်ရောက်ပါလာတယ်။ ၉-၁၁-၁၉၉၆ နေ့ကလူ စစ်ထောက်လှန်းရေးက ဦးတင်ဦးနဲ့ ဒေါ်စု စီးနင်းလာကားကို ထုနှက်ရိုက်ခွဲဖို့ ၂ဝဝ လောက်ကို ခိုင်းခဲ့တယ်။

၂ဝဝ၃ မေလ (၃ဝ) ရက်ညဦး၊ စစ်ကိုင်းတိုင်း၊ ဒီပဲယင်း၊ ကြည်ရွာမှာသုံးတဲ့နည်းကတော့ သြချရလောက်အောင် ရက်စက်ယုတ်မာလွန်းခဲ့တယ်။ အကျဉ်းထောင်ထဲက ဆိုးသွမ်းသူတွေကိုထုတ် သင်တန်းပေး၊ အရက်နဲ့ဆေးဝါးတွေ တိုက်ကျွေးပြီး၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အတူပါလာသမျှကို ရိုက်နှက်ပြီး၊ အသတ်ခိုင်းခဲ့တယ်။ မနက်မလင်းခင်မှာ ကားလမ်းကို မီးသတ်ကားတွေနဲ့ သွေးကွက်တွေကို ရှင်းလင်းဆေးကြောလိုက်လို့ နောက်နေ့မနက် အမေရိကန်သံရုံးက လာကြည့်တော့ ဘာမခုမှမဖြစ်ခဲ့သလို ဖြစ်စေခဲ့တယ်။

အဲဒီလူအုပ်ထဲက စစ်သား၊ ရဲသား၊ လုံထိန်းတွေကို စစ်ဗိုလ်တွေက အမိန့်ပေးတယ်။ အဓိကရုဏ်း ဖန်တီးရေး (ဖြိုခွင်းရေး မဟုတ်ပါ) ကွန်မင်ဒါချုပ်ကြီးကတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကိုယ်တိုင်ဖြစ်ကြောင်းနဲ့ အကောင်အထည်ဖော်သူတွေဟာ ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးစိုးဝင်းနဲ့ ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့် (၉) ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေး အထူးအဖွဲ့မှူးတို့ ဖြစ်ကြတယ်လို့ အဲဒီအချိန်က နာမည်ဆိုးထွက်တဲ့ စစ်ထောက်ချုပ် ဗိုလ်ချုပ်ကြီးခင်ညွန့်က သူ့စာအုပ်ထဲမှာ ဖော်ကောင်လုပ်ပြီး ရေးလိုက်တယ်။ အမှန်က ဗခက ခင်ညွန့်လည်း ကျောင်းသားသမဂ္ဂ အဆောက်အဦကို ဒိုင်းနမိုင်းနဲ့ ခွဲတာမှာ တာဝန်ရှိသူအဖြစ် ဗိုလ်ချုပ်နေဝင်းနဲ့ ဦးအောင်ကြီးနဲ့တို့ တယောက်ကိုတယောက် လွှဲချနေသလိုပါပဲ။ စွမ်းအားရှင်အဖွဲ့ရဲ့ ဂေါ့ဖါသား ဦးအောင်သောင်း နာမည်ကို ထိန်ချန်ထားပေးတယ်။

ဦးသိန်းစိန်အစိုးရတက်လာတော့ အပြောင်းအလဲဆိုပြီး၊ အနောက်နိုင်ငံတွေက အားတက်သရောနဲ့ ဝိုင်းကူလာကြတဲ့ ဗုံပေါလအောထဲမှာ ရဲတပ်ဖွဲ့ကို ခေတ်မီအောင် အီးယူအဖွဲ့ကနေ သင်တန်းတွေ ပေးတာလည်းပါတယ်။ အဲလိုဖြစ်လာအောင် အကြောင်းဖန်လာတာကတော့ လက်ပံတောင်း အရေးအခင်းကြီး ဖြစ်တယ်။ ၂ဝ၁၂ ခု နိုဝင်ဘာလ ၂၉ ရက်နေ့ မနက် မလင်းခင်မှာ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲက လက်ပံတောင်း ကြေးနီမိုင်းမှာ စခန်းချဆန္ဒပြနေကြတဲ့ ဘုန်းကြီးတွေနဲ့ လူတွေကို မီးလောင်ဗုံးတွေနဲ့ နှိမ်နင်းလိုက်လို့ တကမ္ဘာလုံးမှာ ဟိုးလေးတကြော်ဖြစ်သွားပါတယ်။ အဲဒီအထဲမှာ တရုပ်ကုမ္ပဏီတွေကနေ အခပေးခိုင်းထားတဲ့ ရဲတွေလည်း ပါတယ်။ လူအုပ်ဖြိုခွဲနည်းနာသစ် ဖြစ်တယ်။

အဲတာနဲ့ အီးယူအဖွဲ့က Modern crowd management techniques ဆိုတဲ့ ခေတ်မီလူအုပ်ထိန်း နည်းနာသင်တန်းတွေ ပေးနေတာ ၂ဝ၁၄ ခုနှစ် ဖေဖေါ်ဝါရီလအထိ မြန်မာရဲတပ်ဖွဲ့ဝင်ပေါင်း ၁၄ဝဝ ကို ပေးပြီးပါပြီ။ ကံမကောင်းချင်တော့ မြန်မာရဲတပ်ဖွဲ့အပြင် အီးယူပါ နာမည်ပျက်စေတာတွေ စဉ်တိုက်ဆက်တိုက် ဖြစ်လာပါတော့တယ်။ ၂ဝ၁၄ ခု ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ လက်ပတောင်းမှာ ဆန္ဒပြနေတဲ့ ဒေါ်ခင်ဝင်းဆိုတဲ့ ဒေသခံအမျိုးသမီးကို ဦးခေါင်းတည့်တည့် ရဲကသေနတ်နဲ့ ပစ်သတ်လိုက်ပါတော့တယ်။

နောက်တပ်လည်း သမိုင်းတွင်ရစ်မယ့် အဖြစ်အပျက်တွေ ဆက်တိုက်ဖြစ်လာပါတယ်။ အခုထိ အဆိုးဝါးဆုံးနှစ်ခုကတော့ ၂ဝ၁၅ ခုနှစ် မတ်လထဲမှာ ပိုပြီးကောင်းမွန်တဲ့ပညာရေးဥပဒေ ဖြစ်လာစေဖို့ တောင်းဆိုကြတဲ့ ကျောင်းသားတွေနဲ့ အာဏာပိုင်တွေ ထိပ်တိုက်တွေ့ပါတယ်။ လက်ပံတန်းမှာ ပိတ်မိနေကြတဲ့ ကျောင်းသားတွေကို အကြမ်းဖက်ဖြိုခွင်းမှု မလုပ်စေဖို့ ဆန္ဒပြနေကြတဲ့ ကျောင်းသားတွေကို ရန်ကုန်မြို့လယ်ခေါင်မှာ မတ်လ ၅ ရက်နေ့မှာ အကြမ်းဖက်ဖြိုခွင်းလိုက်ပါတယ်။ အဲဒီမှာ လက်မောင်းမှာ လက်ပတ်အနီတွေ ကိုယ်စီစည်းထားကြတဲ့ လူတစုကနေ ရိုင်းရိုင်းစိုင်းစိုင်း ကြမ်းကြမ်းတမ်းတမ်း ဖြိုခွဲကြတယ်။ ဆံပင်ကြောင်ကြား၊ တက်တူထိုးထားတဲ့ စပ်ဖြဲဖြဲမျက်နှာပေး ရှိသူကနေ ကျောင်းသူလေးတယောက် လည်ပင်းကိုညှစ်ဖမ်းနေတဲ့ပုံဟာ အော့နှလုံးနာစရာ ကောင်းလှပါတယ်။ အဲလိုအရပ်ဝတ် လက်ရဲဇက်ရဲလုပ်သူတွေကနေ ဖမ်းပေးပြီး ယူနီဖောင်းဝတ်ရဲတွေ လက်အပ်ကြရတယ်။ သမတပြောရေးဆိုခွင့်ရှိသူက ရန်ကုန်အစိုးရကို မေးရမယ်ပြောတယ်။ ရန်ကုန်အစိုးရ ရဲကပေးတဲ့စာရွက်ကို ဖတ်ပြတယ်။ ဥပဒေအရလုပ်တာပါလို့ နောက်ပိုင်းမှာ ပြောလာကြပြန်တယ်။ ဥပဒေပညာရှင်တွေက သဘောမတူကြပါ။

ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ကျောင်းသားတွေကို သူလျှိုဒလံတွေ၊ လက်ကိုင်တုတ်တွေသုံးပြီး နှိမ်နင်းဖြိုခွင်းတဲ့အတွက် ပြည်ထဲကလူတွေသာမက ပြည်ပမှာနေရသူတွေပါ ဒေါသအမျက် ချောင်းချောင်းထွက်ကြရတယ်။ မျက်မြင်တဦးကနေ ရေဒီယိုအင်တာဗျူးမှာပြောတာက ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို တရပ်ကွက်ကို လူ ၂ဝ လောက်စီ ခေါ်ထားတာဗျ။ အဲ့လူတွေက ဘယ်လိုလူမျိုးတွေဆိုတော့ ရပ်ကွက်ထဲက လူမိုက်တွေ၊ သတင်းပေးတွေ၊ အရင်တုန်းက ချဲရောင်းတဲ့သူတွေ၊ အရက်ပုန်းရောင်းတဲ့သူတွေ ခေါ်လာတာပေါ့။ ဒီနေ့ဆို ထူးထူးခြားခြား အရမ်းငယ်တဲ့ကလေးတွေ တွေ့ရတယ်။ ၁၆ နှစ်၊ ၁၇ နှစ်တွေတွေ့ရတယ်။ တွေ့ဖူးသမျှ ဒီတခါအငယ်ဆုံးပဲ။ အရင်တွေ့ဖူးတဲ့ စွမ်းအားရှင်တွေထက် ငယ်တယ်။ စွမ်းအားရှင် မျိုးဆက်သစ်တွေပေါ့တဲ့။

လုံထိန်းကို လွှတ်တော်ကဖျက်လည်း အစိုးရအတွက် ပူစရာမလိုတော့တဲ့သဘောဖြစ်မယ်။

ပြည်ခိုင်ဖြိုးပါတီမှာ အခစားလုပ်နေသူတွေကိုယ်တိုင်က အစိုးရလုပ်တာမှားတယ်လို့ လူမှုရေးကွန်ရက်မှာ ရေးလာတယ်။ မနေသာတဲ့အဆုံးမှာ အစိုးရကနေ ကော်မရှင်တခု ဖွဲ့လိုက်တယ်။ ဒါပေမဲ့ လူတွေက နည်းနည်းလေးမှ အားမထားကြသလို အမှန်ပေါ်ထွက်လာမယ်လို့ တစက်ကလေးမှ မယုံကြပါ။ ကော်မရှင်ဖွဲ့တဲ့အလေ့အထ လက်ပတောင်းကော်မရှင်ကစတယ်။ အဲဒီတုံးက ဒေါ်အောင်ဆန်းစုကြည်ကို ခေါင်းဆောင်စေခဲ့တယ်။ အခုကော်မရှင်ကိုတော့ ရဲချုပ်ဟောင်း၊ ပြည်ထဲရေး ဒုဝန်ကြီးကို ဥက္ကဋ္ဌလုပ်စေတယ်။ သူဟာ စစ်အစိုးရလက်ထက်မှာ ရဲတပ်ဖွဲ့လုပ်တာတိုင်းမှာ တာဝန်ရှိခဲ့သူဖြစ်နေတယ်။

ဒီကော်မရှင်ဖွဲ့တဲ့ စာရိုက်နေတုံးမှာ နောက်ထပ်အရုပ်ဆိုးတာ ထပ်ဖြစ်ပြန်တယ်။ လက်ပံတန်းမှာပါ။ ကော်မရှင်ကျေးဇူးလို့ ပြောရမှာပါ။ ဒီတခါ လက်ပတ်နီတွေ မပါနိုင်ကြတော့ပါ။ ယူနီဖောင်း သစ်သစ်လွင်လွင်နဲ့ ရဲတွေက ကျောင်းသား၊ ကျောင်းသူတွေနဲ့ မီဒီယာသမားတားတွေကို ရက်ရက်စက်စက် ရိုက်နှက်ဖမ်းဆီးကြတယ်။ ကြက်ခြေနီတံဆိပ်ပါ မော်တော်ကားလည်း ရိုက်နှက်ဖျက်ဆီးကြတယ်။ နိုင်ငံတကာမီဒီယာအားလုံးက ပြသကြတယ်။ လက်ရှိအစိုးရမှာ နည်းနည်းလေးသာကျန်တော့တဲ့ ဂုဏ်သိက္ခာကို တပြားမှမကျန်တော့အောင် မြန်မာရဲတပ်ဖွဲ့က အစွမ်းပြလိုက်တာ ဖြစ်တယ်။ သူများဆိုရင် အစိုးရကို အကြည်ညိုပျက်အောင်လုပ်တဲ့အမှုထက် ကြီးလေးတာ မရှိပါ။

စစ်အစိုးရကတည်းက လူစုလူဝေးဖြိုခွင်းရာမှာ စစ်ရေးနည်းနာသုံးပါတယ်။ ၁၉၈၈ အရေးအခင်းကြီးမှာ ဝေးလံခေါင်ဖျားတဲ့ ဒေသတွေကလာတဲ့ စစ်သားတွေကိုသုံးခဲ့တယ်။ ကွန်မြူနစ်တွေဆိုးကြောင်းနဲ့ တိုင်းပြည်အန္တရာယ်လို့ ရိုက်သွင်းထားပြီး မြင်မြင်သမျှ လမ်းပေါ်ကလူတွေဟာ ကွန်မြူနစ်လို့ သင်ပေးထားတယ်။ လက်ပတန်းဖြိုခွင်းမှုမှာတော့ ကျောင်းသားတွေနဲ့ ရက်တွေကြာလို့ ရင်းနှီးခင်မှုမှုရနေတဲ့ရဲတွေကို နောက်ဆုတ်ခိုင်းပြီး တခြားရဲတွေကို ရှေ့တက်ရိုက်နှက်စေတယ်။

စွမ်းအားရှင်မရှိတော့ဖူး၊ မရှိခဲ့သလိုလို အစိုးရတာဝန်ရှိသူတွေကနေငြင်းဆိုပေမဲ့ လူမှုကွန်ရက်တွေမှာ စွမ်းအားရှင် စာရင်းတွေကို ဖော်ပြလာကြတယ်။ စွမ်းအားရှင်ကို အရင်က တောင်သာတပ်လို့ ခေါ်ခဲ့ကြတယ်ဆိုပဲ။ (ကောင်းမွန်တဲ့ တောင်သားသားတွေကိုတော့ တောင်းပန်ပါတယ်။) အခုတော့ ပြောင်းလို့ရပြီ။ လက်ပတ်နီတပ်။ တာဝန်တပ်။ စည်းကမ်းတပ်။ ဆံပင်ရောင်စုံတပ်။ တက်တူးတပ်။ ရန်ကုန်အစိုးရတပ်။ နေပြည်တော်ကမသိတဲ့တပ်။

မြန်မာပြည်မှာ အမည်မဖေါ်နိုင်တဲ့ရာဇဝတ်သားတွေ တနေ့တခြား များသထက်များလာနေတယ်။ ရိုက်နှက်တာ၊ မီးရှို့တာ၊ လူသတ်တာတွေအထိ ကျူးလွန်ကြတယ်။ ဓါတ်ပုံတွေ၊ ဗီဒီယိုတွေလဲ ပလူပျံနေတာပဲ။ စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့ပေမဲ့ တရားစွဲတာ၊ အပြစ်ပေးတာဝေးရော Scapegoat ခေါ်တဲ့ နာမည်ခံတယောက်ယောက်ကို ထိုးကြွေးတာတောင် မလုပ်ပါ။

၂ဝဝ၇ သံဃာတော်တွေအရေးမှာ ဓာတ်ပုံထဲက ဝေါ်ကီတော်ကီနဲ့ အမိန့်ပေးနေတဲ့ ဒုဗိုလ်မှူးကြီးဟာ တပ်ချုပ်ကခန့်လို့ လွှတ်တော်ထဲရောက်သွားတယ်။ အခုလက်ပတ်နီတွေကိုလည်း မကြာမီမှာ ရန်ကုန်လွှတ်တော်တက်နေတာ မြင်ရမလား မပြောတတ်ပါ။ မြန်မာပြည်မှာ အခုအစိုးရလက်ထက်မှပေါ်တဲ့ Red armband လက်ပတ်နီနမူနာ ကမ္ဘာမှာရှိထားပါတယ်။ Swastikas အမှတ်အသားပါ နာဇီပါတီလက်ပတ်နီဟာ တတိယဂျာမန်နိုင်ငံကို အုပ်စိုးဖို့ဖြစ်တယ်။ တာဝန်စာသားပါ လက်ပတ်နီဟာ မြန်မာပြည်ကို ရာသက်ပန်အုပ်စိုးဖို့လား သံသယဖြစ်မိပါတော့ တယ်။

အခုနောက်ဆုံး အစိုးရကနေကိုင်တွယ်ဖြေရှင်းနည်းတွေဟာ ရန်ကုန်နဲ့ လက်ပံတန်းက ကျောင်းသားတွေကိုသာမက ပြည်သူလူထုကိုပါ ခြိမ်းခြောက်ဖို့ရာ ဖန်တီးသလားလို့ မေးစရာရှိလာတယ်။ နိုင်ငံသားတွေက စစ်အစိုးရအောက်ကတည်းက အဲလိုဒေါင့်ကနေ စဉ်းစားတဲ့အလေ့အထ ရနေကြလို့ပါ။ အထင်တွေကလည်း အများအားဖြင့်လည်းမှန်တယ်။ မယားနေစ ကြောင်သေမှဆိုတဲ့ စကားပုံကလည်း ရှိထားတာကိုး။ တကယ်တော့ ယူထားတာ လေးနှစ်ကျော်နေပါပြီ။ မယားကိုသာမက သားသမီးတွေကပါ ကြောက်နေစေချင်ပုံရတယ်။ ကြောက်တဲ့သူကတော့ နည်းနည်းလာနေပါတယ်။

ဒေါက်တာတင့်ဆွေ
By DVB
http://burmese.dvb.no

ကိုးကား –

http://en.wikipedia.org/wiki/Sein_Lwin

http://en.wikipedia.org/wiki/Depayin_massacre

http://en.wikipedia.org/wiki/Aung_San_Suu_Kyi#1996_attack

http://eeas.europa.eu/delegations/myanmar/press_corner/all_news/news/2014/20140220_en.htm


 ဗကသ ဗဟို လုပ်ငန်း ကော်မတီဝင် တွေ ထိန်းသိမ်းခံနေရ

ကြာသပတေး နေ့ညက အလုံမှာ ဧည့်စာရင်း မတိုင်တဲ့ ပြစ်ချက်နဲ့ ဖမ်းသွား တဲ့ ဗကသ ဗဟို လုပ်ငန်း ကော်မတီ ဝင် (၃) ဦးကို ပဲခူးတိုင်း ဒေသကြီး ရဲစခန်း ကို လွှဲပေး လိုက်ပါတယ်။

ကိုသီဟဝင်းတင်၊ မဟန်နီဦး နဲ့ ကိုမိုးထက်နေ တို့ (၃)ဦး ကို လက်ပံတန်း ကိစ္စနဲ့ ဆက်စပ်လို့ ဆိုပြီး ပဲခူးတိုင်း ရဲစခန်းကို လွှဲပေး လိုက်တာ ဖြစ်ပါတယ်။

အိမ်ရှင် AFP သတင်းထောက် နဲ့ ဗကသ အဖွဲ့ဝင် တဦး ကိုတော့ အလုံရဲ စခန်းက ဖမ်းဆီး ခဲ့ပြီး ဧည့်စာရင်း မတိုင်တဲ့ ကိစ္စ ခံဝန် နဲ့ ပြန်လွှတ်ပေး လိုက်ပါတယ်။

လက်ပံတန်း ကိစ္စနဲ့ ပတ်သက်လို့ ပင်မ သပိတ်စစ်ကြောင်းမှာ ပါဝင်ပြီး လွတ်မြောက်နေတဲ့ ကျောင်းသား တွေကို အစိုးရ က လိုက်လံ ဖမ်းဆီး နေတယ် လို့ ဒီမိုကရေစီ ပညာရေး ဦးဆောင် လှုပ်ရှားမှု ကော်မတီဝင် ကိုအောင်နေပိုင် က ပြောပါတယ်။

လက်ပံတန်း ဖြိုခွင်း ခံရမှု မှာ ဖမ်းဆီး ခံရသူတွေ နဲ့ အလုံ မြို့နယ်မှာ ဖမ်းဆီး ခံရသူ (၃)ဦး အပါအဝင် ဗကသ ဗဟိုလုပ်ငန်း ကော်မတီဝင် စုစုပေါင်း (၇) ဦး အဖမ်းခံ ထားရပြီ လို့ ကိုအောင်နေပိုင်က ပြောပါတယ်။

လောလောဆယ် မှာ ဖမ်းဆီးမှု တွေ ရှိနေ ပေမယ့် လည်း အရင်က မတက်ဘူး လို့ ပြောထားတဲ့ (၁၆) ရက်နေ့ အမျိုးသား လွှတ်တော် ကြားနာပွဲ ကို ပညာရေး ဦးဆောင် လှုပ်ရှားမှု ကော်မတီ မှာ ပါတဲ့ ဗကသ ကိုယ်စားလှယ် တွေ တက်ရောက် မယ် လို့ ဆုံးဖြတ် လိုက်ကြ ပါတယ်။

ဒီလို လုပ်ရ တာဟာ အခုလို ဖမ်းဆီးမှုတွေ ရှိနေ တာရယ်နဲ့ (၄)ပွင့်ဆိုင် ကတိကဝတ် တွေကို ဗကသ အနေနဲ့ မချိုးဖောက် ချင်တဲ့ အတွက် ကြောင့် ဖြစ်တယ် လို့ ကိုအောင်နေပိုင် က ပြောပါတယ်။

လက်ပတ်အဖြူ မှာ ငါတို့ဟာ ကျောင်းသားတွေ ဖြစ်တယ် ငါ့တို့ အခွင့်အရေး ကို လေးစားပါ ဆိုတဲ့ စာတန်း ကို အင်္ဂလိပ်လို ရိုက်နှိပ် ပြီး လက်မောင်းမှာ ပတ်တဲ့ လှုပ်ရှားမှု ရန်ကုန်မှာ ဖြစ်ခဲ့ပါတယ်။

ကမ္ဘာမကြေဘူး ဆိုတဲ့ စာသားပါတဲ့ လက်ပတ်အနက် တွေကို ပတ်တဲ့ လှုပ်ရှားမှု မိတ္ထီလာ လေကြောင်းနဲ့ အာကာသ နည်းပညာ တက္ကသိုလ် မှာ လုပ်ခဲ့သလို မကွေးနဲ့ ရေနံချောင်း က ကျောင်းသား တွေ ကလည်း အလားတူ လက်ပတ်နက် လှုပ်ရှားမှု ကို လုပ်ခဲ့ကြပါတယ်။

နိုင်ငံတကာ ကျောင်းသားတွေ ကလည်း မြန်မာကျောင်းသား တွေနဲ့ အတူရှိတယ် ဆိုတယ် ဆိုတဲ့ စာသား တွေနဲ့ သူတို့ပုံနဲ့ တွဲရိုက်ပြီး ဖေ့စ်ဘုတ် စာမျက်နှာမှာ တင်တဲ့ လှုပ်ရှားမှုကို မလေးရှား၊ ထိုင်း၊ ဖိလစ်ပိုင်၊ အမေရိကန် ၊ဒိန်းမတ် စတဲ့နိုင်ငံ က ကျောင်းသား တွေက လုပ်ဆောင် နေတာကို အင်တာနက် စာမျက်နှာ တွေမှာ တွေ့ နေရပါတယ် ။

BBC Burmese
http://www.bbc.co.uk/burmese



ပြီးခဲ့တဲ့ ညသန်းခေါင်ကျော်က ဖမ်းဆီး ထိမ်းသိမ်း ခံခဲ့ရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်(ဗကသ) ခေါင်းဆောင်တွေကို အလုံရဲစခန်းမှာ စစ်ဆေး မေးမြန်း နေရာက တိုင်းထောက်လှမ်းရေး က ခေါ်ဆောင်သွား တယ်လို့ အလုံရဲစခန်း ကပြောပါတယ်။

အလုံမြို့နယ်ရဲစခန်းက တာဝန်ကျရဲတပ်ဖွဲ့ဝင်တဦးက ‘ထလနိုင်က ပြန်ခေါ်သွားပြီခင်ဗျ၊။ ကျောင်းသားတွေအကုန်လုံးကို တိုင်းထလနိုင်ကပါ။ တိုင်းထောက်လှမ်းရေးနဲ့ နိုင်ငံရေးသတင်းအဖွဲ့က ပြန်ခေါ်သွားတာ၊  အကုန်လုံးကို။  အခု စခန်းမှာတစ်ယောက်မှ မရှိပါဘူး။ သူတို့ကို တိုင်းကအဖွဲ့တွေကခေါ်လာပြီး တိုင်းကအဖွဲ့တွေကပဲ ပြန်ခေါ်သွားပါတယ်။ အလုံမြိုနယ်ထဲက ခေါ်လာတဲ့အတွက် နေရာခဏသုံးတဲ့ပုံစံပဲ၊ သူတို့ဘာသူတို့ပဲ စစ်ဆေးတယ်၊ သူတို့ပဲ အကုန်ပြန်ခေါ်သွားတာ၊ မနက် ၁၁ နာရီနဲ့ ၁၂ ကြားလောက်မှာ”လို့ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ ကျောင်းသားတွေကို အလုံရဲစခန်းမှာ အမှုဖွင့်ခဲ့ခြင်းမရှိတဲ့ဘူးလို့လည်း တာဝန်ကျရဲက ပြောပါတယ်။

ဖမ်းဆီးခံထားရတဲ့ ဗကသ ကျောင်းသူ မဟန်နီဦးရဲ့ ဖခင် ဦးထွန်းဦးကတော့  ကျောင်းသားတွေကို ရဲစခန်းအနောက်ပေါက်ကနေ ရဲကားနဲ့ခေါ်ထုတ်သွားတာလို့ ပြောပါတယ်။

‘ကျနော်တို့ တွေ့လိုက်ရတာက မနက် ၈ နာရီဝန်းကျင်လောက်ကပါ။ မနက်ပိုင်း စားစရာ လေးတွေဘာလေးတွေကို သူတို့ကို ပေးခွင့်လည်းပေးတယ်။  တွေ့ခွင့်လည်း ပေးတယ်။ ဟန်နီဦးက ဘာပြောလဲဆိုရင် ည၁၂နာရီထဲက မနက် ၆ နာရီအထိ သူတို့ကို စစ်နေတော့ တာပဲတဲ့။ နောက်ဆုံးအခြေအနေကတော့ ၁၀ နာရီကျော်ကျော်လောက်မှာ သူတို့ကို အနောက်ပေါက်ကနေပြီးတော့ နေပြည်တော်မှတ်ပုံတင်ထားတဲ့ရဲကားနဲ့ခေါ်ထုတ်သွားတယ်၊ ကျနော်တို့မသိလိုက်ဘူး။ မေးရင်လည်းဘယ်ပို့တယ်ဆိုတာ မပြောဘူးအလုံရဲစခန်းက၊ ဘယ်ကိုပို့တယ် ဘယ်မှာရှိတယ်ဆိုတာ၊ ကျန်ာတို့ မေးတဲ့အခါမှာ ဘယ်ပုဒ်မနဲ့ မှမဆွဲရသေးပါဘူးလို့ပြောတယ်။ အဲဒီတော့ ဘယ်လိုနားလည်ရမှန်းမသိဘူး။ နောက်ပြီးတော့ ရဲစခန်းကြီးမှာရှိနေတာကို ကိုယ်တိုင်လည်းတွေ့လိုက်ရပြီးတော့ နောက်ကျတော့ ပျောက်သွားတယ်။  ပျောက်သွားတော့ မသိဘူးလို့လည်းပြောတယ်၊ အဲဒီတော့ ကျနော်တို့ အနေနဲ့ ဘာပြောရမလဲ စဉ်းသာစဉ်းစားကြည့်ပါဗျာ’ လို့ပြောပါတယ်။

ကျောင်းသားတွေကို ခေါ်ဆောင်သွားတဲ့ ထောက်လှမ်းရေးနဲ့နိုင်ငံရေးသတင်းအဖွဲ့ (ထလန)ဟာ  ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ ရုံးဖွင့်လှစ်ထားတာဖြစ်လို့ ကျောင်းသားမိဘတွေက သွားရောက်မေးမြန်းခဲ့ပေမယ့် သတင်းအစအနမရဘူးလို့ပြောပါတယ်။

ဗကသ ဒု-ဥက္ကဋ္ဌ ကိုမိုးထက်နေ၊ ဗကသ ဗဟိုလုပ်ငန်းကော်မတီဝင်  ကိုသီဟ၀င်းတင်၊ မဟန်နီဦး၊ မန္တလေး ဗကသက ကိုဇန်ဇန်နဲ့ သတင်းထောက် ကိုဖြိုးဟိန်းကျော်တို့ကို မတ်လ ၁၂ ရက်ည သန်းခေါင်းကျော်က အလုံမြို့နယ်နေအိမ်တခုကနေ ဧည့်စာရင်းစစ်မယ်ဆိုပြီး  ဖမ်းဆီးသွားခဲ့တာပါ။

ကိုဇန်ဇန်နဲ့ သတင်းထောက်ကိုဖြိုးဟိန်းကျော်တို့ကတော့  ဒီကနေ့မနက်ပိုင်းမှာ ပြန်လွတ်သွားပြီ လို့ မဟန်နီဦးရဲ့ဖခင်ကပြောပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no



လက်ပံတန်း ကျောင်းသား သပိတ်ဖြိုခွဲမှုအတွင်း အဖမ်းခံခဲ့ရတဲ့ သတင်းထောက် ၂ ယောက် မတ်လ ၁၃ ရက် မွန်းလွဲပိုင်းက ပြန်လွတ်မြောက်ခဲ့ပါတယ်။

မြန်မာပို့စ်ဂျာနယ်သတင်းထောက် ကိုဥာဏ်လင်းထွန်းနဲ့ ရီပို့တာဂျာနယ်သတင်းထောက် ကိုဖြိုးအောင်မြင့်တို့ ၂ ယောက်ဟာ ကျောင်းသား တယောက်နဲ့အတူ ပြန်လွတ်လာတာဖြစ်ပြီး သူတို့ ၂ ယောက်စလုံးဟာ ကျောင်းသားတွေနဲ့အတူ ရိုက်နှက်ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

မြန်မာပို့စ်ဂျာနယ်သတင်းထောက် ကိုဥာဏ်လင်းထွန်းက သူ့ကိုဖမ်းစဉ် သတင်းထောက်လို့ ပြောတာကိုပင် သတင်းထောက်လဲဖမ်း ဒီကောင်တွေ ဖွတာဆိုပြီး ဖမ်းတဲ့အကြောင်း၊ တိုင်းဒုရဲမှူးကြီးနန္ဒ၀င်းကိုယ်တိုင် သူ့ဖုန်းကိုသိမ်းပြီး ဖွတဲ့ကောင်ဖမ်းဆိုပြီး ဖမ်းဆီးခဲ့တဲ့ အကြောင်း၊ အေးအေးသက်သာ အဖမ်းခံခဲ့ပေမယ့် ဘုန်းကြီးကျောင်းထဲမှာ ပုံစံထိုင်ခိုင်းပြီး ၀ိုင်းဝန်းရိုက်နှက်ခဲ့ကြရာမှာ ၀ိုင်းရိုက်တဲ့ရဲတွေဟာ သူတို့ကို အမျိုးမျိုးလှောင်ပြောင်ပြီး အကြိမ်ပေါင်းများစွာ ရိုက်နှက်ခဲ့ကြကြောင်း ပြောပါတယ်။

မြန်မာပို့စ်ဂျာနယ်သတင်းထောက် ကိုဥာဏ်လင်းထွန်းကို သာယာဝတီထောင်က လွတ်လာလာချင်း ဒီဗွီဘီက ဆက်သွယ်မေးမြန်းခွင့် ရခဲ့ပါတယ်။

သတင်းထောက်နှစ်ယောက်စလုံးကို ကွင်းလုံးကျွတ်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

By ရွှေအောင်(ဒီဗွီဘီ)
http://burmese.dvb.no


သာယာဝတီအကျဉ်းထောင်ကနေ ပြန်လွတ်လာတဲ့ ကျောက်ဆည်နည်းပညာတက္ကသိုလ် ဒုတိယနှစ်၊ မြို့ပြကျောင်းသား ကိုအောင်မင်းခန့်ရဲ့ ပြောပြချက်

(မတ်လ ၁၂ ရက် သာယာဝတီအကျဉ်းထောင် ပဲခူးတိုင်းဒေသကြီး)

ရိုက်ကူး - ကျော်ဇောဝင်း
RFA Burmese


သာယာဝတီ အကျဉ်းထောင်ကနေ ပြန်လွတ်လာတဲ့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ဒုတိယနှစ်၊ ဥပဒေကျောင်းသူ မတင့်တင့်ခိုင်ရဲ့ ပြောပြချက်။

(မတ်လ ၁၂ ရက် သာယာဝတီ အကျဉ်းထောင် ပဲခူးတိုင်းဒေသကြီး)

ရိုက်ကူး - ကျော်ဇောဝင်း

RFA Burmese


နှစ်ရှည်လများ ခြိမ်းခြောက်မှုများ၊ ဖိနှိပ်မှု များကြောင့် ကြောက်ရွံ့နေသော ပြည်သူလူထုကို ဇာနူးစွမ်းအားရှင် လူမိုက်များဖြင့် ဖိအားပေး မဲထည့်စေခြင်း၊ မဲရုံအပေါက်ဝမှာ လှည့်ပြန်စေခြင်း များ အပါအ၀င်၊ မဲပြားအပိုများ ရိုက်ထားခြင်းစသည့် နည်းလမ်းအမျိုးမျိုး အသုံးပြု အောင်ပွဲဆင်ခဲ့ခြင်းဖြစ်သည် …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အလုပ်သမားနှင့် ကျောင်းသား ဆန္ဒပြပွဲများကို ဆက်တိုက် ဆိုသလိုပင် အစိုးရက အကြမ်းဖက် ဖြိုခွင်းခဲ့သည်။ သို့သော်လည်း ယင်းသို့ ဖြိုခွင်းမှုများသည် ဥပဒေနှင့် ညီသည်ဟု အစိုးရ ထိပ်ပိုင်း တာဝန်ရှိသူများက ဇာတ်တိုက် ထားသကဲ့သို့ အကြိမ်ကြိမ် ထပ်ကာထပ်ကာ ပြောကြားနေကြသည်။

ကျောင်းသားများကို အကြမ်းဖက်မှုများအား တိုင်းရင်းသား လက်နက်ကိုင် တပ်များက ပွင့်ပွင့်လင်းလင်း ဝေဖန် ကန့်ကွက်နေသော် လည်း နိုင်ငံရေးပါတီ အများစုက နှာစေးနေကြသည်။ နိုင်ငံရေးပါတီများက ၂၀၁၅ ရွေးကောက်ပွဲ ရွှေ့ဆိုင်းရခြင်း သို့မဟုတ် ဖျက်သိမ်းရခြင်းမျိုး ကြုံလာမည်ကို စိုးရိမ်နေကြခြင်းဖြစ်သည်။

နိုင်ငံရေးပါတီများက ထိုသို့ အစိုးရိမ်ကြီး စိုးရိမ်လျက်ရှိသလို တစ်ဖက်ကလည်း အပြင်ကြီး ပြင်လျက်ရှိသည်။ လက်ရှိ ဖြစ်ပေါ်နေသော လောက်ကိုင်ပြဿနာ၊ အလုပ်သမား၊ ကျောင်းသား ပြဿနာများအပေါ် အစိုးရ၏ ဖြေရှင်းချက်များ သည်တစ်ခုနှင့်တစ်ခု ဆက်စပ်နေပြီး ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် လှမ်းနေသော ခြေလှမ်း များအနက် တစ်ခုလည်း ဖြစ်သည်။…

ရွေးကောက်ပွဲသည် ဒီမိုကရေစီ စနစ်အကူးအပြောင်းအတွက် တံခါးတစ်ချပ်၊ သော့တစ်ချောင်း ဖြစ်နိုင်သကဲ့သို့ အာဏာရှင်စနစ် ရေရှည် တည်တံ့ရေးအတွက် မျက်နှာဖုံး တစ်ချပ်လည်း ဖြစ်ကောင်း ဖြစ်နေနိုင်သည်။

ဒီမိုကရေစီစနစ်တွင် ရွေးကောက်ပွဲ မဖြစ်မနေ လုပ်ရန် လိုအပ်သည်ကား အမှန်ဖြစ်သော်လည်း အာဏာရှင် အစိုးရအတွက် မင်းသား ခေါင်းဆောင်းတစ်ခုအဖြစ် အသုံးချရန်လည်း လုပ်လေ့ရှိသည်။

ဟန်ပြ ရွေးကောက်ပွဲများကို အာဏာ လက်ကိုင်ထားသူ၏ တင်းကျပ်သော လုပ်ထုံးလုပ်နည်းများ အောက်တွင် လုပ်ခွင့်ပြုလေ့ရှိသည်။

မြန်မာနိုင်ငံ၏ လက်ရှိ ရွေးကောက်ပွဲ ဥပဒေအရ ရွေးကောက်ခံ ကိုယ်စားလှယ်တို့သည် ရွေးကောက်ပွဲ ကာလအတွင်း မဲဆွယ်စည်းရုံးရာတွင် လွှတ်တော်၊ အစိုးရနှင့် တပ်မတော်တို့ကို ဝေဖန် ပြောဆိုခွင့် မရှိဆိုသည့် စည်းကမ်းချက်မျိုးသည် တရားမျှတသော ရွေးကောက်ပွဲများ ကျင်းပလေ့ရှိသည့် နိုင်ငံများတွင် မမြင် မတွေ့ရဖူးသော စည်းကမ်းချက်မျိုး ဖြစ်သည်။

မည်သို့ပင် ဆိုစေကာမူ ဟန်ပြရွေးကောက်ပွဲများနှင့် အာဏာရှင်များ၏ လုပ်ရပ်များကား နိုင်ငံတကာ မျက်နှာစာတွင် သိသာ ထင်ရှားစွာ ဘွားခနဲ ပေါ်လာရစမြဲသာဖြစ်သည်။ အဆိုပါ ဥပမာကို ထင်ရှားစွာ ဖွင့်လှစ် ပြသနိုင်သည့် နိုင်ငံများတွင် ဇင်ဘာဘွေသည် ထိပ်ဆုံးက ပါဝင်နေပြီး ဇင်ဘာဘွေနိုင်ငံ၏ အကြီးအကဲ ရောဘတ် မူဂါဘီသည် လက်ရှိ ၁၀ စုနှစ်နှစ်ခု၏ အာဏာရှင်များ စာရင်းတွင် ထိပ်ဆုံးမှ ပါဝင်လျက်ရှိသည်။

ဇင်ဘာဘွေနိုင်ငံသည် ၂၀၀၈ ခုနှစ်အတွင်း ငွေကြေးဖောင်းပွမှုနှုန်း ၁၃၀၀၀၀၀၀၀၀၀ ရာခိုင်နှုန်းအထိ ရောက်ခဲ့ပြီး ဇင်ဘာဘွေဒေါ်လာ ၁၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀ တန် ငွေစက္ကူထုတ်ခဲ့ရသည်။ အလုပ်လက်မဲ့ ၉၅ ရာခိုင်နှုန်းအထိ ရှိနေပြီး လူဦးရေ ၁၂ သန်း ရှိသည့် နိုင်ငံတွင် ၃ သန်းခန့်မှာ နိုင်ငံခြားထွက် အလုပ်လုပ် ကြရသည်။

(မြန်မာနိုင်ငံ၏ အလုပ်လက်မဲ့နှုန်းနှင့် ငွေကြေးဖောင်းပွနှုန်းမှာ ထိုမျှမရှိသော်လည်း နိုင်ငံတကာတွင် အဆိုးရွားဆုံး စာရင်းများတွင် ပါဝင်နေဆဲဖြစ်သည်)

၂၀၀၈ ခုနှစ် မတ်လ ပါလီမန် ရွေးကောက်ပွဲတွင် ရှဗန်ဂီရိုင် ခေါင်းဆောင်သည့် အတိုက်အခံ အမ်ဒီစီပါတီက ၉၉ နေရာ၊ မူဂါဘီ ခေါင်းဆောင်သည့် အစိုးရပါတီ ဇာနူး-ပီအက်ဖ်က ၉၇ နေရာ၊ အမ်ဒီစီ ခွဲထွက်အဖွဲ့က ၁၀ နေရာ ရခဲ့ပြီး သမ္မတ ရွေးကောက်ပွဲတွင် ရှဗန်ဂီရိုင်က ၄၇ .၉ ရာခိုင်နှုန်း၊ မူဂါဘီက ၄၃ .၂ ရာခိုင်နှုန်း ရခဲ့သော်လည်း မဲ ၅၀ ရာခိုင်နှုန်း မရဟုဆိုကာ ဒုတိယအကျော့ ရွေးကောက်ပွဲ ထပ်မံပြုလုပ်စေခဲ့သည် အတိုက်အခံ ရှဗန်ဂီရိုင်သည် ၅၀.၃ ရာခိုင်နှုန်း ရခဲ့သော်လည်း မူဂါဘီက မဲလိမ်ခဲ့ခြင်းဖြစ်ပြီး ဒုတိယအကျော့ ရွေးကောက်ပွဲ ကို အတိုက်အခံပါတီက သပိတ်မှောက်ခဲ့သည်။

ရွေးကောက်ပွဲကာလအတွင်း မူဂါဘီ၏ပါတီနှင့် လုံခြုံရေးများက အတိုက်အခံနှင့် ပြည်သူလူထု ၂၀၀ ကျော်ကို သတ်ခဲ့သည်။

အတိုက်အခံပါတီ သပိတ်မှောက် ထားသဖြင့် တစ်ဦးတည်းပြိုင်ကာ ၈၅ ရာခိုင်နှုန်းကျော် မဲရပြီး သမ္မတ ဖြစ်လာသော်လည်း အဘက်ဘက်က ဖိအားများ ကြုံနေရသည့် အာဏာရှင် မူဂါဘီသည် ၂၀၀၈ စက်တင်ဘာ ၁၅ ရက်တွင် အာဖရိက တောင်ပိုင်းအသင်း၏ ကြားဝင် စေ့စပ်ပေးမှုဖြင့် အာဏာခွဲဝေရေး သဘောတူ စာချုပ်ကို လက်မှတ် ထိုးခဲ့သည်။ သို့သော် လက်မှတ်ထိုးပြီး တစ်လအကြာတွင် ဇင်ဘာဘွေ စစ်တပ်က နိုင်ငံပိုင် စိန်တွင်းကို အဓမ္မ၀င်ရောက် သိမ်းပိုက်ခဲ့သည်။

၂၀၀၉ ဖေဖော်ဝါရီလတွင် အမျိုးသား ညီညွတ်ရေး အစိုးရ၌ မူဂါဘီက သမ္မတ၊ ရှဗန်ဂီရိုင်က ၀န်ကြီးချုပ်၊ ဇာနူး-ပီအက်ဖ်ပါတီက ကာကွယ်ရေး၊ လုံခြုံရေး၊ နိုင်ငံခြားရေး၊ တရားရေး၊ ရဲ၊ အကျဉ်းဦးစီး၊ ထောက်လှမ်းရေး စသည့်ဌာနများ၊ အမ်ဒီစီက ဘဏ္ဍာရေး၊ ကျန်းမာရေး၊ ပြန်ကြားရေး၊ အခြေခံ ဥပဒေရေးရာ စသည့် ၀န်ကြီးနေရာများရပြီး ပြည်ထဲရေးဝန်ကြီးနေရာတွင် တစ်ပါတီကို တစ်ဦးနှုန်းနှင့် ပြည်ထဲရေးဝန်ကြီး ၂ ဦး ထားရှိခဲ့သည်။

မကြာခင်မှာပဲ မူဂါဘီက အမ်ဒီစီ ပြန်ကြားရေး ၀န်ကြီးကို ဖြုတ်ပစ်ပြီး အမ်ဒီစီပြည်နယ် အုပ်ချုပ်ရေးမှူးများကို အသိအမှတ်မပြု၊အာဏာ လွှဲမပေးခဲ့သည့်အပြင် ဗဟိုဘဏ် ဥက္ကဋ္ဌနှင့် ရှေ့နေချုပ် နေရာများကိုလည်း ဇွတ် အတင်း ရယူခဲ့သည်။

(အာဏာရှင်တို့သည် အာဏာ ခွဲဝေမှုကို ဟန်ပြသာ လုပ်လေ့ရှိသည်။)

ကောင်းကွက်အဖြစ် သတ်ဖြတ်ခြင်းများ လျော့နည်း သွားသည့်ပြင် အခြားအကြမ်းဖက်မှုများ၊ ဖမ်းဆီး ထောင်ချမှုများ ယခင်ထက် လျော့နည်းသွားပြီး ဖမ်းလျှင်လည်း ခဏနှင့်ပြန်လွှတ် သို့မဟုတ် အာမခံ ပေးခဲ့သည်။ (မြန်မာနိုင်ငံနှင့် နှိုင်းယှဉ်လျင်လည်း ထိုအတိုင်းဖြစ်နေသည်။ အလုပ်သမား၊ လယ်သမား၊ ကျောင်းသားများ၏ ဆနပြမှုများကို တိုင်းဒေသကြီးအစိုးရ အစီအစဉ်ဖြင့် ပြု လုပ်ခြင်းဖြစ်သည်ဟု ဆိုကာ ပြည်ထောင်စု အစိုးရက မသိကြောင်း တွင်တွင်ငြင်းနေခဲ့သော်လည်း တစ်ဖက်တွင် ဥပဒေနှင့်အညီဟု ပြောဆိုနေခဲ့သည်။ ယခင်က အကြောင်းပြချက်မဲ့ ဖမ်းခဲ့သော်လည်း ယခုအခါ အကြောင်းပြချက် မခိုင်လုံလျှင် မဖမ်းဆီးတော့ပေ။)

၂၀၀၉ ဇူလိုင်လမှာ ဘီဘီစီနှင့် စီအန်အန် သတင်းဌာနများကို ဖွင့်ပေးလိုက်ခြင်း၊ ဖေဖော်ဝါရီလတွင် အတိုက်အခံ ခေါင်းဆောင် ဘီတီကို နိုင်ငံတော် သစ္စာဖောက်မှုနှင့် တရားစွဲထားခြင်းကို ပလပ်လိုက်ခြင်း၊ ကမ္ဘာ့ဒုက္ခသည်များနေ့ ဆန္ဒပြပွဲတွင် အမျိုးသမီး ၄ယောက် ဖမ်းဆီးခံရပြီး ကိုယ်ထိလက်ရောက် စော်ကား ခံရမှုကို ဇူလိုင်လတွင် တရားရုံးက စုံစမ်း စစ်ဆေးခိုင်းခြင်း၊ အောက်တိုဘာလတွင် လူ့အခွင့်အရေး လှုပ်ရှားသူ ၈ ယောက်ကို တရားသေ လွှတ်လိုက်ခြင်း၊ ၂၀၁၀ မေလတွင် အမ်ဒီစီအမတ် ရွိုင်ဘင်းနက်ကို နိုင်ငံတော် သစ္စာဖောက်မှုနှင့် စွဲထားရာက တရားသေ လွှတ်ပေးခြင်းတို့သည် အပြောင်းအလဲဟု ထင်ရရုံ သင်္ကေတများဖြစ်သည်။ (မြန်မာနိုင်ငံတွင်လည်း ထိုသို့သော သင်္ကေတများ ရှိခဲ့သည်။)

၂၀၀၉ နှစ်ဆန်းတွင် ဇင်ဘာဘွေ ဒေါ်လာကို တရားဝင်ဖျက်သိမ်း လိုက်ပြီး တောင်အာဖရိကငွေနဲ့ အမေရိကန် ဒေါ်လာများနှင့် အစားထိုး သုံးစွဲလိုက်သည့်အတွက် စီးပွားရေး တိုးတက်လာသကဲ့သို့ ယခင်က ပိတ်ဆို့ ထားသည့် နိုင်ငံတကာ အထောက်အပံ့များ ပြန်ဝင်လာခြင်းကြောင့်လည်း စီးပွားရေး အနည်းငယ် အဆင်ပြေ လာသည်။ (မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာကို တရားဝင် သုံးစွဲခွင့်ပြုလိုက်ခြင်းနှ င့် နိုင်ငံတကာ ချေးငွေများ လျှော်ပစ်ခြင်း၊ ပိတ်ဆို့ထားသော ဆန်ရှင်များ ဖွင့်လိုက်ခြင်းကြောင့် စီးပွားရေးတိုးတက်နှုန်း မြင့်တက်လာသည့် အခြေအနေနှင့် ထပ်တူဖြစ်သည်။)

သို့သော်လည်း ၂၀၀၉ ခုနှစ်တွင် အတိုက်အခံပါတီ အမတ်များကို စွပ်စွဲဖမ်းဆီးထောင်ချမှုများ ဆက်လက် ပြုလုပ်ခဲ့သည်။ ထို့ပြင်နှစ်ဖက် သဘောတူ စာချုပ်အရ အခြေခံဥပဒေသစ်ဆွဲရန် ဆွေးနွေး ညှိနှိုင်းတာကိုလည်း ဇာနူး-ပီအက်ဖ် စွမ်းအားရှင်များက ရဲဝန်ထမ်းများ ရှေ့မှောက်တွင်ပင် အကြမ်းဖက်ဖြိုခွဲ ပိတ်ပင်ခဲ့သည်။

(မြန်မာနိုင်ငံတွင်လည်း ပြီးခဲ့သည့် ရက်ပိုင်းက ၄ ပွင့်ဆိုင် သဘောတူညီမှုကို ဖောက်ဖျက်ပြီး ကျောင်း သား များကို ရဲဝန်ထမ်းများ ရှေ့တွင်ပင် လက်ပတ်နီဝတ် စွမ်းအားရှင်များက ရိုက်နှက်ခဲ့သည်။ အလုပ်သမား ဆန္ဒပြမှုများတွင်လည်း အလားတူ ဖြေရှင်းခဲ့သည်)

အတိုက်အခံပါတီတင်မက လူ့အခွင့်အရေး အဲန်ဂျီအိုအဖွဲ့ဝင်များကို ဖမ်းဆီးခြင်း လွတ်လပ်သည့် သတင်းစာများ ထုတ်ဝေခွင့် မရအောင် အမျိုးမျိုး ညစ်ခြင်းတွေ ပြုလုပ်ခဲ့သည်။ ၂၀၀၉ သြဂုတ်လတွင် ကျောင်းသား သမဂ္ဂ ခေါင်းဆောင် ၄ ဦးကို တရားဟောနေစဉ် ဖမ်းခဲ့သည်။ သပိတ်မှောက်ရာတွင် ပါဝင်ခဲ့သည့် ကျောင်းဆရာ ဆရာမများကို ရိုက်နှက်၊ ခြိမ်းခြောက် နှောင့်ယှက်ခြင်းများ တောက်လျှောက် လုပ်ခဲ့သည်။ လယ်ယာလုပ်သား သမဂ္ဂအတွင်းရေးမှူးအိမ်ကို စွမ်းအားရှင်များ ၀င်စီးခဲ့သည်။ လူ့အခွင့်အရေး ရှေ့နေများကို ဖမ်းဆီးခြင်း၊ မှန်မှန်ကန်ကန် ဆုံးဖြတ်သည့် တရားသူကြီးများကို ဖမ်းဆီးခြင်း၊ အလွတ် သတင်းထောက် မူဆင်ဂီကို ဗီအိုအေကလွှင့်သည့် မြေသိမ်းမှု သတင်းကြောင့် ဖမ်းခဲ့သည်။ ၂၀၀၉ မေတွင် လူ့အခွင့်အရေးနှင့် နိုင်ငံရေး လှုပ်ရှားသူ ၁၈ ယောက်ကို အကြမ်းဖက်မှု ပုဒ်မတပ် ထောင်ချခဲ့ပြီး တရားရုံးသတင်း ဖော်ပြခဲ့တဲ့ ဇင်ဘာဘွေ လွတ်လပ်ရေး စာစောင်အယ်ဒီတာ ချီမာကုရီနဲ့ ကာဟိယတို့ကို မေ ၁၁ ရက်မှာ နိုင်ငံတော် အကြည်ညို ပျက်စေမှုနဲ့ ဖမ်းဆီး တရားစွဲခဲ့သည်။

(မြန်မာနိုင်ငံတွင် လက်ရှိကြုံတွေ့ နေရသော အဖြစ်အပျက်များနှင့် တစ်ထပ်တည်း ကျနေသည် ကို နိုင်ငံတော် အကြည်ညိုပျက်စေမှုနှင့် မီဒီယာများ ဖမ်းဆီးထောင်ချခြင်း၊ အတိုက်အခံအများကို အကြမ်းဖက် ပုဒ်မများတပ် အရေးယူခြင်းတို့ကိုကြည့်ပြီး သိနိုင်ပေသည်။)

မူဂါဘီသည် ဇာနူး-ပီအက်ဖ် စွမ်းအားရှင် တစ်သောင်းကို လူငယ်ဖွံ့ဖြိုးရေး ၀န်ကြီးဌာန ၀န်ထမ်းများအဖြစ် လစာ ပေးထားခြင်းများ အောက်တိုဘာလတွင် ပေါ်ထွက်လာသည်။

(မြန်မာနိုင်ငံမှ စွမ်းအားရှင်များကို မည်သူက မည်သို့ ထောက်ပံ့ထားသည်က ပေါ်ထွက်မလာသေးပါ)

အခြေခံဥပဒေရေးဆွဲရေး လူထုဆွေးနွေးပွဲများကို ဇာနူး-ပီအက်ဖ် စွမ်းအားရှင်များက အကြမ်းဖက်ခြင်း၊ အမ်ဒီစီပါတီဝင်များ လူ့အခွင့်အရေး လှုပ်ရှားသူများကို ဖမ်းဆီးတရားစွဲခြင်း၊ အိုးအိမ်မြေယာ ဖျက်ဆီးမှုများ စသည်တို့မှာ ၂၀၁၀ ပြည့်နှစ်အတွင်း အကြိမ် ၁၀၀၀ ကျော်ရှိခဲ့ပြီး အမျိုးသမီးအရေး လှုပ်ရှားသူ ၈၃ ယောက် ဖမ်းခံရပါတယ်။ အခြေခံဥပဒေ ဆွေးနွေးပွဲကို ဇာနူးစွမ်းအားရှင်များ တိုက်ခိုက်ရာတွင် တစ်ဦးသေခဲ့သည် အထိ ဖြစ်သည်။

၂၀၁၁ ခု ဖေဖော်ဝါရီ ၂၁ ရက်မှာ အာရပ် အုံကြွမှု လေ့လာရေး ဆွေးနွေးပွဲကို ပုလိပ်တွေက စီးနင်းပြီး အစည်းအဝေး တက်သူ ၄၆ ယောက်ကို ဖမ်းခဲ့ပြီး။ မတ်လ ၁ ရက်နေ့မှာ လူတစ်သန်းချီတက် ဆန္ဒပြဖို့ လှုံ့ဆော်ခဲ့သော်လည်း ဖေဖော်ဝါရီ ၂၆ ရက်ကစပြီး ရဲများကို အင်အား အလုံးအရင်းနှင့် မြို့တွင်း၌ချထားပြီး ၂၈ ရက်နေ့တွင် ညမထွက်ရ အမိန့်ထုတ်ခဲ့သဖြင့် ချီတက်ပွဲ မဖြစ်မြောက်ခဲ့ပေ။

(ဇင်ဘာဘွေနိုင်ငံတွင် ဖြစ်ပျက်သမျှ နမူနာများ မြန်မာနိုင်ငံတွင်လည်း ဆင့်ကဲဆင့်ကဲ ဖြစ်ပျက်လာနေ သည်ကို မြင်တွေ့နေရတာ အင်မတန်မှကို အံ့သြစရာ ကောင်းလွန်းလှပေသည်။)

ဤသို့ အကြမ်းဖက်မှုများ ဆင့်ကဲဆင့်ကဲ ပြုလုပ်ခဲ့သည့် အကျိုးဆက်အဖြစ် ဇင်ဘာဘွေနိုင်ငံ၏ ၂၀၁၃ ရွေးကောက်ပွဲတွင် အသက် ၈၉ နှစ်အရွယ် မူဂါဘီကပင် သတ္တမအကြိမ်မြောက် အောင်ပွဲဆင်ခဲ့သည်။

နှစ်ရှည်လများ ခြိမ်းခြောက်မှုများ၊ ဖိနှိပ်မှုများကြောင့် ကြောက်ရွံ့နေသော ပြည်သူလူထုကို ဇာနူး စွမ်းအားရှင် လူမိုက်များဖြင့် ဖိအားပေး မဲထည့်စေခြင်း၊ မဲရုံအပေါက်ဝမှာ လှည့်ပြန်စေခြင်းများ အပါအ၀င်၊ မဲပြားအပိုများ ရိုက်ထားခြင်းစသည့် နည်းလမ်းအမျိုးမျိုး အသုံးပြု အောင်ပွဲဆင်ခဲ့ခြင်းဖြစ်သည်။

(ယခုပုံစံ၊ ယခုလမ်းကြောင်း အတိုင်းသာဆိုပါက ၂၀၁၅ ရွေးကောက်ပွဲ နီးလာသည်နှင့် အမျှ ပြည်သူ လူထု အကြောက်တရား ကြီးမားမှု ဖြစ်လာနိုင်စရာ အကြောင်းတရားများ သို့တည်းမဟုတ် မူဂါဘီကဲ့သို့ ငရဲခွေးကြီးများ၏ သွားဖြဲ ခြိမ်းခြောက်မှုများ ရှိလာပေလိမ့် မလားဟု စိုးရိမ်နေရပေတော့ သည်)

ကျော်ကျော်မင်း
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald


သပိတ်စစ်ကြောင်းကို ဖြိုခွဲချိန်မှာ ကျောင်းသားတွေက အေးအေးဆေးဆေး အဖမ်းခံမယ့်အကြောင်း ရဲတွေကိုပြောပေမယ့် ဖမ်းဆီးပြီးနောက် ရိုက်နှက်ခဲ့ကြတယ်လို့ ကျောင်းသားတွေက ပြောပါတယ်။ သပိတ် စစ်ကြောင်း ဖြိုခွဲခံရပြီး ဖမ်းဆီးရိုက်နှက်ခံရတဲ့ အတွေ့အကြုံတွေနဲ့ ပတ်သက်လို့ သာယာဝတီထောင်ကနေ မတ်လ(၁၂)ရက်ဒီနေ့ပြန်လွတ်လာ တဲ့ ကျောင်းသားတချို့ရဲ့ ပြောပြချက်တွေကို အခု ထုတ်လွှင့်ပေးပါမယ်။ RFA Burmese


ကုန်းဘောင်မင်းဆက်ဘုရင် ဘိုးတော်ဘုရားလက်ထက်တွင် ရှင်ဘုရင်သည် မိမိ၏ မြစ်တော် စကြာမင်းသားလေး ဖွားမြင်လာသည့် အခါ ချစ်မြတ်နိုးလှသဖြင့် ဧယင်ကျူး ခမည်းပေးစရာ မြပုခက်ပြုလုပ်ပေး ချင်သောကြောင့် (မြေးတော်လေးအတွက် မွေးနေ့လက်ဆောင်ပြိုင်ကား၊ ဟယ်လီကော်ပတာဝယ်ပေးခြင်း စသည့် ယနေ့ခေတ်အခြေအနေများနှင့် ခိုင်းနှိုင်းနိုင်ပါသည်။) ကုန်ကျမည့်ငွေ အသပြာရှစ်သိန်းကို သဿမေဓ အခွန်တော်မှ ကျခံသုံးစွဲရန် ညီလာခံတွင် အမိန့်တော်ချမှတ်ခဲ့၏။ သက်ဦး ဆံပိုင်ဘုရင်၏အမိန့်ကို မည်သူမှ စောဒကမတက်ဝံ့ခဲ့သော်လည်း ညီလာခံ စဲ၍ ဘုရင်ကြီး နန်းတော်ဆောင်ပြန်ချိန်တွင် ပညာရှိအမတ်ကြီးဦးပေါ်ဦး က အခြားသော ၀န်ကြီး၊ မှူးမတ်ကြီးများအား ငါတို့၏ ရှင်ဘုရင်သည် ရှင်ဘုရင်ပါးမ၀သေးကြောင်း ဝေဖန်ပြောဆိုခဲ့ပါသည်။

စာရေးသူတို့လက်ရှိ မြန်မာပြည်တွင် ၂၀၁၀ ရွေးကောက်ပွဲဖြင့် ပြည်သူရွေးကောက်ခံအစိုးရဟု ကြေညာထားသော အရပ်သားတပိုင်း အစိုးရသည်လည်း အစိုးရသက်တမ်း ပထမအကြိမ် ပြည့်လုနီးချိန်တွင် အစိုးရပါးမ၀လှသေးကြောင်း တွေ့မြင်ရပါသည်။

အစိုးရတက်ခါစအချိန် တွင် ပြည်သူမနှစ်သက်သော ဧရာဝတီမြစ်ဆုံစီမံကိန်းဆိုင်းငံ့ခြင်း၊ နိုင်ငံ ရေးအကျဉ်းသားအချို့တ၀က် လွှတ်ပေးခြင်း စသည့်အပြုသဘောလုပ် ရပ်များကြောင့် လူထုချစ်ခင်မှု အတော်အတန်ရရှိခဲ့သော်လည်း နောက်ပိုင်း တွင် လက်ပံတောင်းတောင်သပိတ်ကို အကြမ်းဖက်ဖြိုခွဲမှုအရေးအခင်းများ၊ ကျောင်းသားသပိတ်ကို အကြမ်းဖက်ဖြိုခွင်းမှု၊ တိုင်းပြည်စီးပွားရေးတိုးတက် မလာခြင်း၊ ပြည်တွင်းငြိမ်းချမ်းရေးမရရှိခြင်း၊ ပြည်သူပြည်သားတို့၏ အခြေခံစားဝတ်နေရေးလိုအပ်ချက်များကို မဖြည့်ဆည်းပေးနိုင်ခြင်း၊ ပြည်သူတို့၏ မိမိတို့လိုလားတောင့်တချက်များအတွက် ငြိမ်းချမ်းစွာဆန်္ဒပြ တောင်းဆိုမှုတို့ကို အကြမ်းဖက်နှိမ်နှင်းခြင်းတို့ကြောင့် လက်ရှိအစိုးရကို ပြည်သူတို့များစွာ မလိုလားကြောင်း နောက်ပိုင်းတွင် ပေါ်လွင်လာခဲ့ပါသည်။
ဗုဒ်္ဓကျမ်းဂန်များအရ ကမ်္ဘာဦးအစ မဟာသမ်္မတမင်းလက်ထက်တွင် မင်းသည် ပြည်သူတို့၏ လုပ်အားအသီးအပွင့်များ၏ ဆယ်ဖို့တဖို့ကိုသာ အခွန်တော်အဖြစ်ကောက်ခံ၍ ပြည်သူတို့၏ အသက်မွေးလုပ်ငန်းများတွင် ၀င်ရောက်ခြယ်လှယ်ခြင်းမပြုရန် မင်းနှင့်ပြည်သူတို့ကြား ပဋိညာဉ်ထားရှိ ခဲ့ကြပါသည်။

မြန်မာပြည်သူတို့သည် ကျောင်းသားအရေးအခင်း၊ သံဃာအရေး အခင်းများတွင် စစ်တပ်၏ရက်စက်စွာ အကြမ်းဖက်နှိမ်နှင်းမှုများကို ဆယ်စု နှစ်ပေါင်းများစွာ ခံစားကြုံတွေ့ခဲ့ရသော်လည်း ပြည်ပသြဇာမကင်းသည့် ကိုးကန့်သူပုန်များနှင့် ဖြစ်ပွားနေသည့် လတ်တလော လောက်ကိုင်စစ်ပွဲ တွင် တပ်နှင့်ပြည်သူ မည်သူအမိအဖဟူ၍ ခွဲခြားမရကြောင်း ပြသခဲ့ပြီး ဖြစ်ပါသည်။ သို့သော် ၀မ်းနည်းစရာကောင်းသည်မှာ မြန်မာပြည်တွင် စစ်တပ်သည် သီးခြားလွတ်လပ်သည့် နိုင်ငံတခုနှယ် မင်းမူနေခြင်းဖြစ်ပါ သည်။ စစ်တပ်ပိုင် စီးပွားရေး၊ ကိုယ်ပိုင်ဘတ်ဂျက်၊ စစ်တပ်ကျောင်း၊ စစ်တက်္ကသိုလ်၊ စစ်အင်ဂျင်နီယာ၊ စစ်ဆရာဝန်၊ စစ်သူနာပြု၊ စစ်ဥပဒေ၊ စစ်တရားရုံး၊ စစ်ဆေးရုံ၊ စစ်တပ်နယ်မြေ၊ စစ်ရဲ စသည်တို့ဖြင့် ကိုယ်ပိုင် ရပ်တည်နေသည်မှာ အရပ်သားအစိုးရ အုပ်ချုပ်မှုအောက်တွင်ရှိရမည့် ပရော်ဖက်ရှင်နယ်တပ်မတော်ဟူသည့် ဒီမိုကရေစီစံနှုန်းနှင့် ကင်းကွာကာ စစ်တပ်သုံးငွေကြေးနှင့် နိုင်ငံခြားဆက်ဆံရေး တိုက်ရိုက်မရှိသည်မှလွဲလျှင် မြန်မာနိုင်ငံတွင်း သီးခြားနိုင်ငံတခုနှယ်ပင်ဖြစ်နေပါသည်။ ပြည်မြို့ န၀ဒေး တံတားအောက်တွင် ပြည်မြို့ ဒေသခံအရပ်သားတဦး အသတ်ခံရခြင်း၊ အလွတ်တမ်းသတင်းသတင်းထောက် ကိုပါကြီးအသတ်ခံရခြင်းအစရှိသော စစ်တပ်က အများသိကျူးလွန်ခဲ့သည့် ရာဇ၀တ်မှုများကို တိုင်းပြည်၏ တရားရေးမဏ္ဍိုင်က အရေးမယူနိုင်ခြင်းမှာ စစ်တပ်နှင့် မြန်မာပြည်၊ မည်သူ ၏အချုပ်အခြာအာဏာက ပိုမိုစူးရှသည်ကို မေးခွန်းထုတ်စရာဖြစ်လာပါ ပေသည်။
စစ်တပ်စီးပွားရေးဆိုရာတွင်လည်း တိုင်းပြည်၏ဘိုးဘွားအမွေအနှစ် သယံဇာတများကို အမြစ်ပြုတ်ရောင်းစားခြင်းနှင့် ပြည်သူတို့အပေါ် ခေါင်းပုံ ဖြတ်အနိုင်ကျင့်ခြင်းမှလွဲ၍ အခြားလုပ်ငန်းများစွာမရှိလှပါ။ မော်တော်ယာဉ်၊ လက်ကိုင်ဖုန်း စသည်တို့ကို ကမ်္ဘာတွင် မကြားဖူးသော ခေါင်ခိုက်လှသည့် ဈေးများဖြင့် အမြတ်ကြီးစားရောင်းချခဲ့ပါသည်။ သို့သော် လက်ကိုင်ဖုန်း၊ မော်တော်ယာဉ် စသည်တို့မှာ ပြည်သူတို့အတွက် မရှိမဖြစ်သော အခြေခံ လူသုံးကုန်များမဟုတ်ကြပါ။

လူအများ အခြေခံလိုအပ်ချက်ဖြစ်သည့် ကျောတခင်းစာအိမ်ရာနှင့် အခြေခံအကျဆုံး စီးပွားရေးဖြစ်သော လယ် ယာလုပ်ငန်း၏ အဓိကသွင်းအားစု လယ်ယာမြေများကို သိမ်းပိုက်ချုပ်ကိုင် ထားသော ခေါင်ခိုက်သောဈေးနှုန်းများဖြင့် အမြတ်ထုတ်နေခြင်းမှာမူ များစွာစက်ဆုတ်ဖွယ်ကောင်းလှပေသည်။
ပြည်ထောင်စုအစိုးရရုံးများကို ၂၀၀၅ ခုနှစ် နိုဝင်ဘာလမှစကာ နေပြည်တော်၊ ပျဉ်းမနားသို့ပြောင်းရွှေ့သွားခြင်းကြောင့် လွတ်လပ်လစ်ဟာ သွားသည့် အစိုးရရုံးအဆောက်အဦများစွာမှာ ပွင့်လင်းမြင်သာမှုမရှိဘဲ အစိုးရနှင့်နီးစပ်သည့် ခရိုနီများပိုင်ဖြစ်သွားကြပါသည်။

ရန်ကုန်မြို့ရှိ သမိုင်း ၀င်အဆောက်အဦများစွာသည် ခရိုနီကြီးများပိုင်ရုံးများ၊ စီးပွားရေးလုပ်ငန်း အဆောက်အဦများအဖြစ် ပြောင်းလဲသွားကြပါသည်။ တာမွေမြင်းပြိုင်ကွင်း အနီးရှိ အမျိုးသားစာကြည့်တိုက်အဆောက်အဦသည်လည်း စားသောက် ဆိုင်အဖြစ်၊ မြို့တော်ခန်းမအနီးရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနအဆောက်အဦသည်လည်း ခရိုနီဘဏ်အဖြစ် ရန်ကင်းမြို့နယ် အတွင်းရှိ စက်မှု(၁) ၀န်ကြီးဌာနအဆောက်အဦနေရာသည်လည်း ဗီယက်နမ်အဆင့်မြင့် မြို့ပြအိမ်ရာအဖြစ်၊ မြို့ပြဖွဲ့စည်းပုံသဘောအရ ယာဉ်ကြောပိတ်ဆို့မှု ဆိုးဝါးသွားစေနိုင်သောကြောင့် အထပ်မြင့်အဆောက် အဦဆောက်လုပ်ရန် မသင့်သော တောင်ဥက်္ကလာပမြို့နယ်၊ ဝေဇယန်္တာ လမ်းဆုံရှိ၊ အမှတ်(၉)ရပ်ကွက် ကလေးကစားကွင်းကိုလည်း အထပ်မြင့် အိမ်ရာအဖြစ်၊ ရွှေတိဂုံစေတီတော်ကြီး၏ခြေရင်း၊ ရှေးဟောင်းဗုဒ်္ဓ၀င် အလံပြဘုရားဝတ်္တကနယ်မြေတွင် နိုင်ငံတကာအဆင့် မြို့ပြအိမ်ရာစီမံ ကိန်းအဖြစ် စသည်ဖြင့် အသွင်ပြောင်းသွားကြရပါသည်။ ထိုသို့ ပြောင်းလဲ မှုများတွင် ပွင့်လင်းမြင်သာစွာ တင်ဒါခေါ်ယူမှုမရှိ၊ နိုင်ငံတော်အတွက် အကျိုးအမြတ်မည်ရွေ့မည်မျှရရှိသည်များကို ဖော်ပြမှုမရှိဘဲ လက်သိပ်ထိုး ဆောင်ရွက်နေကြပါသည်။

ရန်ကင်းမြို့နယ် ယခင်ရန်ကုန်ဆရာအတတ်သင်သိပ်္ပံ၏ ဒေသ တွင်း ပြယုဂ်သဖွယ် ထင်ရှားသည့်ကျောင်းအားကစားကွင်းနေရာသည်လည်း သုံးထပ်ကျောင်းဆောင်များ ဖြစ်သွားခဲ့ပါသည်။ ၎င်းင်းအားကစားကွင်းသည် ယခင်က မြန်မာတပြည်လုံးရှိ ဆရာအတတ်သင်သိပ်္ပံများ၊ ဆရာအတတ် သင်ကျောင်းများ၏ ဘက်စုံပညာပြိုင်ပွဲများ ကျင်းပခဲ့ရာ၊ ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများ ကျင်းပခဲ့ရာနေရာဖြစ်ခဲ့ပါသည်။ ကျောင်းဆောင် လိုအပ်ချက်ရှိမှုကို နားလည်ပေးနိုင်သော်လည်း အခြားအစားထိုးဖြေရှင်း စရာ နည်းလမ်းများစွာရှိနေလျက်နှင့် အထင်ကရ အားကစားကွင်းနေရာ ကို အဆောက်အဦဆောက်လုပ်ခြင်းကမူ အများက ဘ၀င်မကျကြပါ။

ပြည်သူတို့နှင့် တိုက်ရိုက်မပတ်သက်သော နိုင်ငံပိုင်အဆောက်အဦ များ၊ မြေနေရာများကို လက်သိပ်ထိုး ခွဲဝေယူကြခြင်းကို ပြည်သူတို့ နားလည်ခွင့်လွှတ်ပေးနိုင်သော်လည်း အများပြည်သူဆိုင်ရာပန်းခြံ၊ ကလေး ကစားကွင်း စသည့်နေရာများကို အပိုင်စီးခြင်းကမူ လက်မခံနိုင်ဖွယ်မဟုတ်ပါ။
နောက်ပိုင်းတွင် အခြေအနေများ ပိုမိုဆိုးဝါးလာခဲ့ပါသည်။ မြေလွတ် မြေလပ်မှန်သမျှကို မောင်ပိုင်စီးရုံဖြင့် အားမရနိုင်တော့ဘဲ ရန်ကုန်မြို့၏ အထင်ကရဖြစ်သည့်အများပြည်သူအပန်းဖြေအနားယူရာ ယခင်က အရှေ့ တောင်အာရှတွင် နာမည်ကြီးခဲ့သည့် ရန်ကုန်တက်္ကသိုလ်၏ တွဲဖက်ပုံရိပ် ဖြစ်သည့် အင်းလျားရေကန်ကြီးကိုပင် စီးပွားရေးအမြတ်ထုတ်ရန် မျက်စိ ကျခြင်းခံလာရပါသည်။

အင်းလျားကန်ရေပြင်ပတ်လည် မြေနေရာမှန်သမျှ သိမ်းယူပြီးနောက်တွင် အင်းလျားကန်စပ်ကိုမြေဖို့၍ ပိုင်ရာဆိုင်ရာ စီးပွား ရေးလုပ်ငန်းများကို လုပ်ငန်းလုပ်ကိုင်ခွင့်ပြုပေးပြီးနောက်တွင်ပင် အားမရ သေးဘဲ ကန်ရေပြင်အတွင်း အတင့်ရဲစွာ နယ်ချဲ့ကျူးကျော်လာကြပါသည်။ ရန်ကင်းမြို့နယ်အတွင်းရှိ မြကျွန်းသာအပန်းဖြေပန်းဥယျာဉ်အတွင်း ရေကန်စပ်နေရာများစွာတွင် သဘာဝအတိုင်း သစ်ပင်ပန်းမန်များဖြင့် သာယာစွာရှိရမည့်နေရာတွင် စားသောက်ဆိုင်များ၊ စီးပွားရေးလုပ်ငန်း အဆောက်အဦများ မှိုလိုပေါက်အောင် ဆောက်လုပ်ပြီးနောက်၊ ရေကန်စပ် တွင် မြေဖို့ကာ စားသောက်ဆိုင်စီးပွားရေးလုပ်ငန်းများ တိုးချဲ့ပြီးနောက် တွင်ပင် ဆက်လက်၍ ရေကန်အတွင်း ရေပေါ်အဆောက်အဦများ ဆက် လက်တည်ဆောက်ရန် ကြံစည်ကြိုးပမ်းလာကြပါသည်။

အများပြည်သူ အပန်းဖြေကြည်နူးရာ အင်းလျားကန်၏ ရေပြင်အတွင်း အဆောက်အဦ အုတ်မြစ်နေရာ အမှတ်အသားများ ပေါ်လွင်ထင်ရှားစွာချမှတ်ကာ နယ်ချဲ့ ကျူးကျော်လုပ်ဆောင်လာကြပါတော့သည်။ သူတို့သည် နောင်တွင် အင်းလျားကန်အတွင်း ကမ်္ဘာ့အံ့ဖွယ်ရေပေါ်အထပ်မြင့် ကွန်ဒိုမီနီယမ် အဆောက်အဦများ ပိုင်စိုးပိုင်နင်း ဆောက်လုပ်လာကြမလားဟုပင် စိုးရိမ် ရသောအခြေအနေဖြစ်လာပါသည်။ ကန်တော်ကြီးပတ်လည်တွင် စား သောက်ဆိုင်များ ဖွင့်လှစ်ရောင်းချခွင့်ပြုခဲ့ပြီး ထိုစားသောက်ဆိုင်များက ရေပြင်အတွင်း မိမိတို့ဆိုင်ထွက် ရေဆိုးရေပုပ်များ စွန့်ပစ်ခဲ့ကြခြင်းကြောင့် ကန်တော်ကြီးရေပြင် ညစ်ညမ်းသွားခဲ့ရသည်ကို သင်ခန်းစာယူသင့်ပေ သည်။

ယနေ့ကာလတွင် ပြည်သူများသည် မိမိတို့၏ ရပိုင်ခွင့်များအတွက် ငြိမ်းချမ်းသောနည်းလမ်းများဖြင့် တောင်းဆိုနေကြသော်လည်း အာဏာပိုင် တို့ဘက်မှ လယ်သမား၊ အလုပ်သမား၊ ကျောင်းသား စသည့် တက်ကြွ လှုပ်ရှားသူ ပြည်သူများဘက်မှ မရပ်တည်ဘဲ အကျိုးတူ စီးပွားရေးလုပ်ငန်း ရှင် ခရိုနီများ၊ ဆွေမျိုးပေါက်ဖ်ာများမျက်နှာကိုသာ ကြည့်နေကြပါသည်။

ယခင် စစ်အာဏာရှင်ခေတ်တွင် ဖြစ်ခဲ့သမျှကို ပြည်သူအများစုက သင်ပုန်း ချေခွင့်လွှတ်ခဲ့ပြီဖြစ်သော်လည်း ယခုအခါ ပြည်သူ့အစိုးရဟု ကြွေးကြော် ထားသော နိုင်ငံတကာအသိုင်းအ၀န်းတွင် အတန်အတင့် လူရာဝင်လာပြီ ဖြစ်သော လက်ရှိအစိုးရအနေနှင့်မူ ယခင်အကျင့်ဆိုးအကျင့်ဟောင်းများကို အတိတ်တွင် ထားခဲ့သင့်လှပြီဖြစ်ပါသည်။ သို့သော် မြန်မာပြည် နိုင်ငံရေး အခင်းအကျင်း၏ အလှည့်အပြောင်းကာလအဖြစ် အများစောင့်ကြည့်နေ ကြသည့် ၂၀၁၅ ခုနှစ်အတွင်းတွင်ပင် အစိုးရ၏ ရပ်တည်ချက်၊ လုပ် ဆောင်ချက်များမှာ အစိုးရပါးများစွာမ၀လှသေးဟု ကုန်းဘောင်ခေတ်ပညာ ရှိအမတ်ကြီးဦးပေါ်ဦး၏ သမိုင်းဝင်စကားဖြင့် ဝေဖန်လိုက်ရပေသည်။

ဦးဆွေ(ရန်ကင်း)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


ဦးရဲထွဋ်၏ ပြောကြား ချက်အရ ဆိုလျှင် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၏ လုပ်ဆောင်မှု သည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များကိုလည်း ချိုးဖောက်ကျူးလွန်ရာ ရောက်နေ … ဦးရဲထွဋ်ကိုယ်တိုင်မှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲခဲ့သည့် ညီလာခံတွင် တက်ရောက်ပါဝင်ခဲ့သူ …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

နိုင်ငံတွင်းလူထုများ တားဆီး အရေးဆိုလျက် ရှိနေသည့်ကြားမှ လူထုဆန္ဒကို လျစ်လျူပြုကာ တည်ရှိနေသော ဥပဒေ ပြဋ္ဌာန်းချက်များကို အသုံးပြု၍ အာဏာပိုင်များက ထိုဖြစ်စဉ်တို့ကို ပြုမူ လိုက်ခြင်းဖြစ်သည်။

မတ်လ ၅ ရက် ညနေပိုင်း၊ ရန်ကုန်မြို့တော် ခန်းမရှေ့၌ ကျောင်းသားသပိတ် စစ်ကြောင်းများကို ရဲတပ်ဖွဲ့ အင်အားသုံး အကြမ်းဖက် ဖြိုခွဲခြင်းမပြုရန် ဆန္ဒ ထုတ်ဖော်နေကြသည့် ကျောင်း သား ကျောင်း သူ ၅၀ ဦးခန့်နှင့် ၀န်းရံလျက်ရှိသော အခြားလူထု ၆၀ ဦးခန့်ကို အကြမ်းဖက်အင်အား သုံးဖြိုခွဲခဲ့သည်။ ရဲတပ်ဖွဲ့အင်အား ၅၀၀ ကျော်သာမက၊ မည်သူမည် ၀ါမသိရသော “တာဝန်စည်းကမ်း” စာတန်း လက်ပတ်နီ များဖြင့် အရပ်ဝတ် အင်အား ၃၀၀ ကျော်ကိုပါ အသုံးပြု၍ အကြမ်းဖက် ဖြိုခွဲမှုကို ပြုလုပ်ခဲ့ခြင်းဖြစ် ၏။…

လွှတ်တော်တွင် အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ဆုံးဖြတ် ဆောင်ရွက်ရန်၊ ၄ ပွင့်ဆိုင် ဆွေးနွေးမှု ၌ တောင်းဆိုထားသော ရက်ထက် ကျော်လွန် ကြန့်ကြာနေမှုနှင့် ပြည်ထောင်စု အစိုးရ၏ ယုံကြည်မှု ပျက်ပြားစေသော ပြုမူချက်များကြောင့် ရပ်နားထားသည့် ပင်မကျောင်းသားသပိတ် စစ်ကြောင်း သည် မတ်လ ၃ ရက်တွင် ရန်ကုန်မြို့သို့ အရောက်ပြန်လည် ချီတက်ရန် စတင်ခဲ့ကြ၏။ သို့သော် သပိတ် စစ်ကြောင်းမှာ လက်ပံတန်းမြို့ နယ်နိမိတ်မှပင် ထွက်ခွာခွင့် မရရှိခဲ့ပေ။ အမျိုးသမီး တပ်ဖွဲ့ဝင်များကို ရှေ့တန်း တင်ထားသော ရဲတပ်ဖွဲ့အင်အား ၃၀၀ ကျော်ဖြင့် သပိတ်စစ်ကြောင်း ကျောင်းသားများကို ၀န်းရံပိတ်ဆို့ တားမြစ်ခြင်း ခံလိုက်ရသည်။ ထိုသို့ တားမြစ် ပိတ်ဆို့ခံ ထားရသော ကျောင်းသား ကျောင်းသူများကို အင်အားသုံး အကြမ်းဖက် နှိမ်နင်းခြင်းမပြုရန် မတ်လ ၃ ရက်နေ့ ညနေပိုင်း လက်ပံတန်း ဒေသခံလူထု၏ ဆန္ဒထုတ်ဖော်မှုမှ စတင်ကာ အခြားဒေသများ၌လည်း ကျောင်းသားများနှင့် လူထုအင်အား အသီးသီးက ဆန္ဒထုတ်ဖော်မှုများ၊ သဘောထား ထုတ်ဖော်မှုများကို ပြုလုပ်လာကြသည်။

ရန်ကုန်မြို့တွင်လည်း ဒေသခံကျောင်းသားများက လူထုဝန်းရံမှုဖြင့် မြို့တော်ခန်းမရှေ့၌ မတ်လ ၄ ရက်နေ့ ညနေပိုင်းတွင် ဆန္ဒထုတ်ဖော်မှု ပြုလုပ်လာသည်။ အလားတူ မတ်လ ၅ ရက်နေ့တွင်လည်း ထပ်မံ ဆန္ဒထုတ်ဖော်မှု ပြုလုပ်ရာ အင်အားသုံး အကြမ်းဖက် ဖြိုခွင်းခံရခြင်းဖြစ်သည်။ ကျောင်းသား ကျောင်းသူအချို့၊ ၈၈ ငြိမ်း/ပွင့်မှ မနီလာသိန်း အပါအ၀င် ဆန္ဒထုတ်ဖော်မှုကို ၀န်းရံပေးခဲ့သူအချို့လည်း လက်ပတ်နီ အရပ်ဝတ်များ၏ အတင်းအဓမ္မ ချုပ်နှောင်မှုဖြင့် ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံခဲ့ရသည်။ ထိုမတ်လ ၅ ရက်နေ့ ညနေပိုင်း ဖြစ်စဉ်တွင် လက်ပတ်နီဝတ် အရပ်ဝတ်လူများ၏ မလျော်ကန်သော ရိုင်းပျကြမ်းကြုတ်သည့် အပြုအမူများ၊ ရဲတပ်ဖွဲ့၏ ရိုက်နှက် နှိမ်နင်းမှုများဖြင့် ကျောင်းသားကျောင်းသူများ၏ ဆန္ဒထုတ်ဖော်မှုကို ဖြိုခွဲခဲ့ခြင်းက အကျည်းတန်စွာ ထင်ရှား ပေါ်လွင်နေခဲ့သည်။

ယခုကဲ့သို့ လူထုအများ အရေးဆိုနေသည်ကို လျစ်လျူပြုကာ အကြမ်းမဖက်ရေး တောင်းဆိုနေသူများ အပေါ်ပင် အကြမ်းဖက်မှု ပြုခဲ့ခြင်းမှာ အာဏာပိုင်များ ပြောကြားလျက် ရှိသည့် နိုင်ငံတော် တည်ငြိမ်စေရန် အမှန်ရည်ရွယ်သော လုပ်ဆောင်ချက် ဖြစ်နိုင်ပါသလားဆိုလျှင် ..။

ပြီးခဲ့သည့် ၄ နှစ်တာကာလအတွင်းကို ပြန်ကြည့်လျှင် အကြောက်တရားဖြင့် ဖိနှိပ်မှုကို ငြိမ်ခံလာရသော လူထု၏ ပြန်လည်တွန်းလှန်လိုစိတ် အုံကြွနေပြီဖြစ်သော အခြေအနေ၊ တွန်းကန်ကျင့်ရနေပြီဖြစ်သော လူထု အင်အားစုများဖြင့် အတိမ်းအစောင်းမခံ ဖြစ်နေသော နိုင်ငံတွင်း အခြေအနေတွင် ယခုကဲ့သို့ ပြုမူလိုက်ခြင်းမှာ ဉာဏ်ရည်နိမ့်ပါးသော ဆင်ခြင်နိုင်စွမ်း မဲ့သူများသာ ပြုမူလောက်သည့် အပြုအမူဖြစ်သည်။

နိုင်ငံရေး၊ အုပ်ချုပ်ရေးပိုင်း လက်တွေ့ ဆောင်ရွက်နေသူများ မဆိုနှင့်၊ သာမန်ပြည်သူများပင် ဝေဖန် ပိုင်းခြား နိုင်ကြသည့် ဖြစ်ပေါ်လာနိုင်ဖွယ် အကျိုးဆက်ကို အဆင်အခြင်မဲ့ ပြုမူလိုက်ခြင်းလား …၊ သို့မဟုတ် အာဏာပိုင်များဘက်မှ နောက်ကွယ် ရည်ရွယ်ချက်ရှိရှိ တမင်ဆောင်ရွက်သော မရိုးဖြောင့်သည့် သဘောကို ဆောင်နေသလော . . .။

မတ်လ ၅ ရက်နေ့၊ ထိုဖြစ်စဉ်နှင့် ပတ်သက်၍ သမ္မတ၏ ပြောရေး ဆိုခွင့်ရှိသူ၊ ပြည်ထောင်စု အစိုးရအဖွဲ့ဝင် ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ယင်းနေ့တွင်ပင် DVB သတင်းဌာန၏ မေးမြန်းမှု အပေါ် ဖြေကြား ချက်ရှိသည်။ တိုင်းဒေသကြီး အစိုးရနှင့် ပြည်နယ်အစိုးရများက ၎င်းတို့ဒေသ၏ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် လုပ်ဆောင်ချက်ဖြစ်ကြောင်း၊ ဆန္ဒပြဖြိုခွဲမှုတွင် မည်သူများဟု မသိရသော လက်ပတ်နီပတ် အရပ်ဝတ်များကို ပါဝင် အသုံးပြုခဲ့ခြင်းမှာ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရများကို မေးမှသာရမည် ဖြစ်ကြောင်း ဟုဖြစ်သည်။

အလားတူပင် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးကလည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို သာ မေးမြန်းရန် ပြောကြောင်း မတ်လ ၆ ရက်ထုတ် The Daily Eleven သတင်းစာတွင် ဖော်ပြထားသည်။

သမ္မတရုံး ညွှန်ကြားရေးမှူးဆိုသည်မှာ ပြည်ထောင်စု အစိုးရအဖွဲ့အတွင်း အရေးအရာရှိလှသော နေရာ မဟုတ်ဘဲ အစိုးရ ကက်ဘိနက် အဖွဲ့ဝင်လည်း မဟုတ်။ သူ၏ ပြောကြားမှုမှာ တာဝန်ယူမှု၊ တာဝန်ခံမှု ယေဘုယျမျှသာ ရှိပေမည်။ ထို့အတွက် ယခုကိစ္စအပေါ် ဦးဇော်ဌေး၏ ပြောကြားမှုများမှာ အရေးတယူပြု အခြေခံ ပြုလောက်စရာ စကားများ မဟုတ်သော်ငြား ပြည်ထောင်စု အစိုးရကက်ဘိနက်အဖွဲ့ဝင် ၀န်ကြီး တစ်ဦးဖြစ်သလို အမြင့်ဆုံးသော အုပ်ချုပ်ရေး အာဏာပိုင်ဖြစ်သည့် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ နေရာပေး ခံထားရသော ဦးရဲထွဋ်၏ ပြောကြားချက်ကမူ သမ္မတနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ကို ကိုယ်စားပြုသော ပြောကြားမှုဖြစ်သည်။

ဦးရဲထွဋ်၏ ပြောကြားမှုတွင် ဤသို့ သဘောကို တွေ့ရသည်။ မတ်လ ၅ ရက်နေ့ ဖြစ်စဉ်မှာ သမ္မတနှင့် ပြည်ထောင်စု အစိုးရတို့နှင့် မသက်ဆိုင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လုပ်ဆောင်ချက်သာ ဖြစ်သည်။ တစ်နည်းအားဖြင့် သမ္မတနှင့် ပြည်ထောင်စု အစိုးရအဖွဲ့တို့တွင် ထိုဖြစ်စဉ်အပေါ် တာဝန်မရှိကြောင်း ပြောကြား ချက်ဟု ဆိုရမည်။

ဦးရဲထွဋ်အနေဖြင့် ဤသို့ ပြောနိုင်သော အချက်တို့ကို ဆန်းစစ်ကြည့်လျှင် အောက်ပါအတိုင်း တွေ့ရသည်။

နံပါတ်-၁၊ မတ်လ ၅ ရက်နေ့ အကြမ်းဖက်ဖြိုခွဲခံရသည်မှာ ပြည်ထောင်စု အစိုးရ၏ တိုက်ရိုက် အမိန့်ပေးမှုဖြင့်မဟုတ်။

နံပါတ်-၂၊ ဆန္ဒပြမှု ပြုလုပ်သည့် နယ်နိမိတ်တွင် အာဏာသက်ရောက်သော ပြည်ထောင်စုအဖွဲ့ဝင် တိုင်းဒေသကြီး အစိုးရ၏ ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့အမိန့်ဖြင့် ပြုလုပ်ခြင်း။

နံပါတ်-၃၊ မတ်လ ၅ ရက်နေ့ ဖြစ်စဉ် မပေါ်ပေါက်မီ တစ်ရက် မတ်လ ၄ ရက်နေ့တွင်ပင် တိုင်းဒေသကြီး အစိုးရက ၎င်းအာဏာသက်ရောက်သော နယ်နိမိတ်အတွင်း အလုပ်သမား သပိတ်ကို အလားတူ ဆောင်ရွက် ခဲ့သည့် ဖြစ်စဉ်ရှိခြင်းကြောင့် ကျောင်းသားအရေး တစ်ခုတည်းကို ယခုကဲ့သို့ ဆောင်ရွက်မှု မဟုတ်ခြင်း။

နံပါတ်-၄၊ မတ်လ ၅ ရက်နေ့ ဖြစ်စဉ်တွင် ပါဝင်ခဲ့သော ရဲတပ်ဖွဲ့က အုပ်ချုပ်ရေးပိုင်း၏ ဆောင်ရွက်မှုတွင် ပူးပေါင်း ပါဝင်ဖြစ်ခြင်း

စသည့် အချက်များကို အခြေပြုထားဖွယ်ရှိသည်။ ယင်းအချက်များအရ ဦးရဲထွဋ်၏ ပြောကြားချက်များမှာ ဟုတ်လောက်နီးနီး ထင်မြင်စရာရှိသည်။

သို့သော် ရန်ကုန်တိုင်း ဒေသကြီးအတွင်း မတ်လ ၅ ရက်နေ့၊ ဆန္ဒပြမှုထက် ပိုမိုအင်အားကြီးသော၊ ပိုမိုပြင်းထန်သော၊ ပဋိပက္ခဖြစ်ဖွယ် အသွင်သို့ပင် ဆောင်သော ဆန္ဒပြမှုတို့ အများအပြား ဖြစ်ပေါ်ခဲ့ဖူးသည်။ မတ်လ ၄ ရက်နေ့ ရွှေပြည်သာမြို့နယ်မှ အလုပ်သမားသပိတ်ကို ဖြိုခွင်းမှုသည်ပင် ယခင်က အလုပ်သမား ကိစ္စများတွင် ဆောင်ရွက်လေ့ မရှိသော၊ မကြာမီကမှ ရန်ကုန်တိုင်းဒေသကြီး အလုပ် သမားရေးရာ ဖြေရှင်းရေး အဖွဲ့က အလုပ်သမားကိစ္စများကို ညှိနှိုင်း ဆောင်ရွက်ခြင်းဖြင့်သာ ပြေလည်အောင် ဆောင်ရွက်ခဲ့ပြီး ထိုသို့ပင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်မှုများ အကျယ်တ၀င့် ပြုလုပ်ပြီးနောက် မှ ပြုလုပ် ခဲ့သော ဆောင်ရွက် ချက် ဖြစ်နေခြင်းတို့က အကြောင်းပြချက် ဖြစ်စေရန် ဓားစာခံ ဆောင်ရွက်လိုက်ခြင်းဟု သင်္ကာ မကင်းစရာဖြစ်သည်။

ဆန္ဒပြမှု ပြုလုပ်သည့် နယ်နိမိတ်တွင် အာဏာ သက်ရောက်သော ပြည်ထောင်စု အဖွဲ့ဝင် တိုင်းဒေသကြီး အစိုးရဖြစ်သည့် ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့၏ အမိန့်ဖြင့် ပြုလုပ်ခြင်းဖြစ်သည် ဆိုရာတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၁၉၉(ခ-၁)အရ နိုင်ငံတော်သမ္မတသည် နိုင်ငံတော်၏ အုပ်ချုပ်ရေး အာဏာကို ပြည်ထောင်စုတိုင်း ဒေသကြီးနှင့် ပြည်နယ်များအား ခွဲဝေအပ်နှင်းထားပြီး ဖြစ်သည်မှန်သော်လည်း အခြေခံ ဥပဒေပုဒ်မ ၂၆၂(ဌ-၁၊ ၂)တို့အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ၀န်ကြီးချုပ်သည် နိုင်ငံတော် သမ္မတအား တာဝန်ခံရမည်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးများသည် သက်ဆိုင်ရာ ၀န်ကြီးချုပ် မှတစ်ဆင့် နိုင်ငံတော် သမ္မတအားလည်းကောင်း တာဝန်ခံရမည်ဟု ပြဋ္ဌာန်းထားချက်အရ လည်းကောင်း၊ ပုဒ်မ ၂၆၁ ( ခ၊ ဂ၊ ဃ၊ င)တို့အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ၀န်ကြီးချုပ်များအား နိုင်ငံတော်သမ္မတက အမည်စာရင်း တင်သွင်း ခန့်အပ်သည် ဖြစ်ခြင်းကြောင့်လည်းကောင်း အပြန်အလှန် တာဝန်ခံမှု၊ တာဝန်ယူမှု ရှိနေသည်သာ ဖြစ်သည်။

ထို့ပြင် အခြေခံဥပဒေပုဒ်မ ၂၅၀ အရ နိုင်ငံတော် တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်း သာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့ကို ထိန်းသိမ်း စောင့်ရှောက်ရာတွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ တို့သည် ပြည်ထောင်စု အစိုးရကို ကူညီရန် တာဝန်ရှိသည်ဟုသာ ဆိုထားသည်။ အခြေခံဥပဒေ ဇယား ၁၊ ပြည်ထောင်စု ဥပဒေပြု စာရင်း၁(စ) နိုင်ငံတော်တည်ငြိမ်ရေး၊ အေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေး၊ ၁(ဆ) ရဲတပ်ဖွဲ့ ကိစ္စတို့မှာ ပုဒ်မ ၉၆ အရ ပြည်ထောင်စု လွှတ်တော်သည် ပြည်ထောင်စု တစ်ဝန်းလုံး အတွက်သော် လည်းကောင်း၊ ပြည်ထောင်စု၏ တစ်စိတ် တစ်ဒေသ အတွက်သော်လည်းကောင်း အာဏာသက်ရောက်စေရန် ဥပဒေပြုခွင့်ရှိသည်။ ဥပဒေပြုခွင့် ဆိုရာ၌လည်း ပုဒ်မ ၉၇၊ (က-၁)အရ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဖွဲ့စည်းသည့် ပြည်ထောင်စု အဖွဲ့အစည်း တစ်ရပ်ရပ်အား ယင်းဥပဒေနှင့် သက်ဆိုင်သည့် နည်းဥပဒေ၊ စည်းမျဉ်းနှင့် စည်းကမ်းများ ထုတ်ပြန်ခွင့်ကို အပ်နှင်းနိုင်သည်၊ (က-၂) သက်ဆိုင်ရာ အဖွဲ့အစည်း သို့မဟုတ် အာဏာပိုင်များအား ယင်းဥပဒေနှင့် သက်ဆိုင်သည့် အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံး လုပ်နည်းများ ထုတ်ပြန်ခွင့်ကို အပ်နှင်းနိုင်သည်ဟု ပါရှိသည်။

ပြည်ထောင်စု လွှတ်တော်က အထက်ပါ ပြဋ္ဌာန်းချက်အတိုင်း ဇယား ၁၊ ပြည်ထောင်စု ဥပဒေပြုစာရင်း ၁( စ၊ ဆ) တို့အတွက် သက်ဆိုင်ရာ ပြည်ထောင်စုအစိုးရ အဖွဲ့နှင့် ပြည်ထောင်စု အစိုးရအဖွဲ့ ပြည်ထဲရေး ၀န်ကြီးဌာနသို့ ဥပဒေပြု အပ်နှင်းထားပြီး ဖြစ်သည်။

ထို့အတူလည်း ယခု ကျောင်းသားသပိတ် အရေးနှင့် စပ်လျဉ်း၍ ပြည်ထောင်စု အစိုးရအဖွဲ့ ပြည်ထဲရေး ၀န်ကြီးဌာနက ဖေဖော်ဝါရီလ (၂၈)ရက်နေ့တွင် နိုင်ငံတော် တည်ငြိမ်ရေးဟု အကြောင်းပြထားသော သတိပေး ကြေညာချက်ကို ထုတ်ပြန်ထားပြီး ဖြစ်သည်။ ယင်းသတိပေး ကြေညာချက်သည် အထက်ပါ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဋ္ဌာန်းချက်များအရ ပြည်ထောင်စု တစ်ဝန်းလုံး အတွက်သော်လည်းကောင်း၊ ပြည်ထောင်စု၏ တစ်စိတ် တစ်ဒေသ အတွက်သော်လည်းကောင်း အာဏာ သက်ရောက်စေသည်။ အခြေခံဥပဒေ ပုဒ်မ ၂၄၉ အရ၊ တိုင်းဒေကြီး အစိုးရနှင့် ပြည်နယ်အစိုးရ၏ အုပ်ချုပ်မှု အာဏာကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ဆန့်ကျင်၍ သက်ရောက်ပျံ့နှံ့ခွင့် မပေးထားပေ။

မတ်လ ၅ ရက်နေ့ ညနေပိုင်း၊ ရန်ကုန်မြို့တော် ခန်းမရှေ့ ကျောင်းသား ကျောင်းသူ များ၏ ဆန္ဒပြမှုသည် ကျောင်းသား သပိတ်အရေးသာ ဖြစ်သည်။ ထို့အတွက် အထက်ပါ ဖော်ပြပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဋ္ဌာန်းချက်များအရလည်းကောင်း၊ ပြည်ထဲရေး ၀န်ကြီးဌာန၏ သတိပေး ကြေညာချက်အရ လည်းကောင်း ပြည်ထောင်စု အစိုးရအဖွဲ့၏ အာဏာသက်ရောက်မှုအတွင်းကိစ္စရပ်ဖြစ်သည်။

ယင်းကို တိုင်းဒေသကြီးအစိုးရက ကျော်လွန်ကာ ၎င်းသဘောတည်းဖြင့် လုပ်ဆောင်မရနိုင်ပေ။ ပြည်ထောင်စု အစိုးရ၏ ခွင့်ပြုမှုဖြင့်သာ ကူညီရန် တာဝန်ရှိသည့် အလျောက် ဆောင်ရွက်ခြင်းသာ ဖြစ်ရပေမည်။

ဦးရဲထွဋ် အင်္ဂလန်နိုင်ငံတွင် ယခင်နှစ်က လပိုင်းအချိန်မျှ သွားရောက်သင်ကြား ဆည်းပူးခွင့်ရစဉ် နိုင်ငံရေးသိပံ္ပ (Political Science) ဘာသာရပ်ဖြစ်သော ပြည်သူ့ရေးရာ စီမံခန့်ခွဲခြင်း (Administration)မှ အုပ်ချုပ်ရေးဌာန ဖွဲ့စည်းပုံ (Oragnization of Administration) ၏ ဗဟိုချုပ်ကိုင်မှု အတိုင်းအတာ (Degrees of Centralization) အရ “အုပ်ချုပ်ရေး ကိစ္စများတွင် ဗဟိုလုပ်ပိုင်ခွင့် အာဏာနှင့် ထပ်နေပါက ပဋိပက္ခကိစ္စ၌ ဗဟိုကသာ အဖွဲ့ဝင် ပြည်နယ်များအပေါ် အာဏာလွှမ်းမိုးသည်” ဆိုသောအချက်ကို သင်ကြားခဲ့ရမည်လား မသိနိုင်ပေ။ သင်ကြားခဲ့ရပါက ဦးရဲထွဋ်အနေဖြင့် ထိုအချက်ကို ကောင်းစွာ နားလည်ပါလိမ့်မည်။

သို့သော် ဦးရဲထွဋ်၏ ပြောကြားချက်အရဆိုလျှင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လုပ်ဆောင်မှုသည် ထိုအချက်နှင့် မကိုက်ညီသည့်အပြင်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များကိုလည်း ချိုးဖောက် ကျူးလွန်ရာ ရောက်နေပေသည်။

ထို့ပြင် ရဲတပ်ဖွဲ့အနေဖြင့် မတ်လ ၅ ရက်နေ့ ဖြစ်စဉ်၌ အုပ်ချုပ်ရေးပိုင်း၏ ဆောင်ရွက်မှုအပေါ် ပူးပေါင်း ပါဝင်သည် ဆိုရာတွင်လည်း၊ ရဲတပ်ဖွဲ့သည် ပြည်ထောင်စု အစိုးရအဖွဲ့ ပြည်ထဲရေးဝန်ကြီးဌာန၏ လက်အောက်ခံ လက်နက်ကိုင် တပ်ဖွဲ့ဖြစ်ပြီး ရဲတပ်ဖွဲ့၏ အကြီးအကဲမှာ ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီးလည်း ဖြစ်သည့် ရဲချုပ်ဖြစ်သည်။ ထိုကြောင့် ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့သည် အထက် ပြည်ထောင်စု အဆင့်၏ ခွင့်ပြုချက် မရရှိဘဲ ယခုကဲ့သို့ ကိစ္စရပ်မျိုးတွင် ၎င်းသဘောအလျောက် ပူးပေါင်း ပါဝင်ခွင့် ရှိနိုင်ပါမည်လား။

သို့ဖြင့် မတ်လ ၅ ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့တော်ခန်းမရှေ့၌ ဆန္ဒပြ ကျောင်းသား ကျောင်းသူများနှင့် ၀န်းရံနေသော လူထုကို အင်အားသုံး အကြမ်းဖက် ဖြိုခွဲခြင်းတွင် နိုင်ငံတော် သမ္မတနှင့်တကွ ပြည်ထောင်စု အစိုးရအဖွဲ့တွင် တာဝန်ရှိကြောင်းသာ ဆိုရပေမည်။

လိပ်ကို ကြမ်းပိုးဖြစ်အောင် မပြောပါနဲ့ . . . ဦးရဲထွဋ်။

အမှန်ဆိုလျှင် ထိုကိစ္စနှင့် ပတ်သက်၍ ပြည်သူလူထု အနေဖြင့် အမှန်ကို ရှင်းရှင်းလင်းလင်း တွေးသိကြပြီး ဖြစ်ပါသည်။ သို့သော် ရှုပ်ထွေးလှသော ဥပဒေပြဋ္ဌာန်းချက်များကို ခုတုံးလုပ် လိုရာဆွဲသုံးကာ ပြုမူနေခြင်း ကြောင့် အထက်ပါ ဖော်ပြပြီးသကဲ့သို့ ရှုပ်ထွေးစွာသော ဥပဒေများကို ထုတ်နုတ် လိုက်ရခြင်းဖြစ်ပါသည်။ ဦးရဲထွဋ် ကိုယ်တိုင်မှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲခဲ့သည့် ညီလာခံတွင် တက်ရောက် ပါဝင်ခဲ့သူဖြစ်သည်။

မတ်လ ၁၀ ရက်နေ့တွင်မူ လက်ပံတန်းမြို့တွင် ၀န်းရံပိတ်ဆို့ တားမြစ် ခံထားရခြင်းကြောင့် အစိုးရနှင့် ညှိနှိုင်း ဆွေးနွေးမှုများ ပြုလုပ်သော် လည်း ပြေလည်မှုမရ ရှိသဖြင့် ဖောက်ထွက်ရန် ကြိုးပမ်းကြသော ပင်မ ကျောင်းသားသပိတ် စစ်ကြောင်းမှ ကျောင်းသားထုအားလည်းကောင်း၊ လာရောက်ကူညီသော လက်ပံတန်း ဒေသခံများအားလည်းကောင်း၊ သံဃာတော်များ အားလည်းကောင်း ရဲတပ်ဖွဲ့က အင်အားသုံး အကြမ်းဖက် ဖြိုခွဲကာ မသင့်လျော်သော ပြုမူ ဆောင်ရွက်ချက်များကို ပြုမူ ဆောင်ရွက်ကြ လျက် ကျောင်းသား ခေါင်းဆောင်များ အပါအ၀င် သံဃာ၊ ကျောင်းသား၊ လူထု ၁၀၀ ကျော်ကို ဖမ်းဆီး လိုက်ကြ သည်။ ထိုသို့ပြုလုပ်မှု တွင်လည်း ဥပဒေအရ ဆောင်ရွက်ခြင်းနှင့် တည်ဆဲ ဥပဒေများအရ ယခုကဲ့သို့ပင် ဆောင်ရွက် သွားဦးမည်သာ ဖြစ်ကြောင်း နိုင်ငံတော် တည်ငြိမ်ရေးကို အကြောင်းပြလျက် ရုပ်သံမှ ထို မတ်လ ၁၀ ရက်နေ့ ညတွင် ဖုန်းဖြင့်ဆက်သွယ် မေးမြန်းရာတွင် ပြန်လည်ဖြေကြားသော ဦးရဲထွဋ်၏ ကနဦး ပြောကြားချက်များကို သိလိုက်ရသည်။

ဦးရဲထွဋ်သည် ပြည်ထောင်စုအစိုးရ အဖွဲ့ဝင်ဝန်ကြီး၊ သမ္မတ၏ ပြောရေး ဆိုခွင့် ရှိသူဖြစ်သည်။ ၎င်း၏ ပြောကြား ချက်များ၊ သဘောထားများသည် သမ္မတနှင့်တကွ ပြည်ထောင်စုအစိုးရ၏ သဘောထား မူဝါဒသာ ဖြစ်သည်။

လိပ်ကို ကြမ်းပိုးဖြစ်အောင် မပြောပါနဲ့ . . . ဦးရဲထွဋ်။

နိုင်ငံတော် တည်ငြိမ်ရေး အကြောင်းပြ၊ ယခုကဲ့သို့ ပြုလုပ်ခြင်းများအပေါ် ဆက်လက် ရေးသားရန်များ ရှိနေပါသေးသည်။

အံ့ခေါင်မင်း
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald


အမျိုးသား ပညာရေး ဥပဒေကို ကန့်ကွက်သပိတ် မှောက်ခဲ့ကြတဲ့ ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီထဲက ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်က (ဗကသ) ခေါင်းဆောင်တွေ အပါအ၀င် ၅ ဦးကို ရန်ကုန်မြို့ အလုံရဲစခန်းမှာ ဖမ်းဆီး စစ်ဆေး နေပါတယ်။

ပြီးခဲ့တဲ့ ညသန်းခေါင်ကျော်က  အလုံမြို့နယ်က နေအိမ်တစ်ခုမှာ ရဲတပ်ဖွဲ့က ဧည့်စာရင်း စစ်မယ်ဆိုပြီး ၀င်ရောက်ဖမ်းဆီး ထိန်းသိမ်းသွားခဲ့တာဖြစ်ပါတယ်။

အလုံမြို့နယ် ရဲစခန်း တာဝန်ကျရဲတပ်ဖွဲ့ဝင် တဦးက ယောက်ျားလေး ၄ ယောက်၊ မိန်းခလေး ၁ ယောက်၊ အားလုံးပေါင်း ၅ ယောက်ကို ဖမ်းဆီး စစ်ဆေး မေးမြန်းနေ တယ်လို့  ဒီဗွီဘီကိုပြော ပါတယ်။ ဒါပေမယ့် စစ်ဆေးနေ ဆဲဖြစ်လို့ အသေးစိတ်ပြောပြလို့ မရသေးဘူးလို့ လည်းပြောပါတယ်။

အခု အဖမ်းခံထားရတဲ့ ၅ ဦးထဲမှာ  ဗကသ ဒုဥက္ကဋ္ဌ ကိုမိုးထက်နေ၊ ဗကသ ဗဟိုလုပ်ငန်းကော်မတီဝင် ကိုသီဟ၀င်းတင်၊ မဟန်နီဦးနဲ့ သတင်းထောက်တဦးတို့ပါသွားတယ်လို့  ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂက ကိုနန်းလင်း ကပြောပါတယ်။

ပဲခူးတိုင်း လက်ပံတန်းမှာ  ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်းက ငြိမ်းချမ်းစွာ ဆန္ဒပြ နေတဲ့ ကျောင်းသားတွေကို ရဲတပ်ဖွဲ့က အကြမ်းဖက် ရိုက်နှက်ဖြိုခွင်း ဖမ်းဆီးခဲ့ပြီး မနေ့ကတော့ ကျောင်းသား ကျောင်းသူ ၁၇  ဦးကို ပြန်လွှတ်ပေးခဲ့ပါတယ်။

By DVB
http://burmese.dvb.no


ရန်ကုန်၊ မတ် ၁၁

လက်ပံတန်းမြို့တွင် တားဆီးပိတ်ဆို့ခြင်း ခံထားရသည့် ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်း အကြမ်းဖက် ဖြိုခွင်းခံရစဉ် ရဲတပ်ဖွဲ့ဝင်များက ရိုက်နှက် ကန်ကျောက်ခဲ့မှုကြောင့် ဒဏ်ရာရရှိသူများအား ကုသပေးနေသည့် ကြက်ခြေနီယာဉ်အား ရဲတပ်ဖွဲ့ဝင်များက နံပါတ်တုတ်များဖြင့် ရိုက်၍ အတွင်းရှိ လူနာများကိုပါ ရိုက်နှက်ကာ ခဲများဖြင့် ပစ်ပေါက်ခဲ့ကြောင်း အဆိုပါ ယာဉ်ပေါ်ရှိ အရေးပေါ်တာဝန်ခံ ကိုဉာဏ်ထွန်းက မတ်(၁၁) ရက်တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။

မတ်လ ၁၀ ရက်နေ့ နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့သည့် လက်ပံတန်း အကြမ်းဖက် ဖြိုခွင်းခံရမှုတွင် ဒဏ်ရာရ လူနာများအား ကျောင်းသားသပိတ် စစ်ကြောင်းကို အကူအညီ ပေးနေသည့် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ကြက်ခြေနီယာဉ်ပေါ်တွင် ကုသမှုပေးနေစဉ် ရဲတပ်ဖွဲ့ဝင်များက လူနာတင် ကြက်ခြေနီယာဉ်အား ထုရိုက်ပြီး ယာဉ်ထဲမှ လူနာအချို့အား ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။

““သူတို့ ကျောင်းသားတွေကို လိုက်ရိုက်တော့ ကျောင်းသားတွေ နောက်ကို ဓာတ်တိုင် ၂ တိုင်စာလောက် ဆုတ်သွားတယ်။ မိတဲ့သူကို ဒယဥ့်တိုက်ပြီး ဆွဲခေါ်သွားတာ။ ကားတစ်စီးကလည်း လူနာတွေ သွားပို့နေတော့ ကျွန်တော်တို့ ကားပေါ်မှာ လူ(၇)ယောက် (၈) ယောက်လောက်ရှိ တယ်။ ဆေးကုသမှု ခံယူနေတာ။ အဲဒီ ကျောင်းသားတွေနောက် လိုက်သွားတဲ့ရဲတွေ ကျွန်တော်တို့ လူနာတင်ကားနားကို ပြန်ရောက်တော့ ရဲတစ်ယောက်က မင်းတို့လည်းပါတယ် မဟုတ်လား ဆိုပြီးတော့ လူနာတွေကို ရိုက်တယ် ခဲနဲ့ပစ်တယ်။ ဒဏ်ရာ ရတဲ့သူတွေကို ထပ်ပြီးတော့ နာကျင်အောင် ပြုလုပ်တယ်။ လူနာတွေကို ချခိုင်းတာ ကျွန်တော်တို့က လူနာတွေမို့ ချပေးလို့မရဘူး ပြောတော့ ရဲတပ်သားတစ်ယောက်ကနေ ကားဘော်ဒီကို ရိုက်လိုက်တယ်။ နောက်ထပ်ရိုက်ပြီး ကားရှေ့မှန်ကို ရိုက်တာမကွဲဘူး။ နောက် ကြည့်မှန်တော့ ကွဲသွားတယ်။ တချို့ လူနာတွေ ကိုလည်း ဆွဲခေါ်သွားတယ်””ဟု နာရေးကူညီမှုအသင်း ကြက်ခြေနီယာဉ် အရေးပေါ်တာဝန်ခံ ကိုဉာဏ်ထွန်းက မြန်မာ သံတော်ဆင့် သို့ ပြောသည်။

ယခုကဲ့သို့ လက်ပံတန်းသပိတ်စခန်း အကြမ်းဖက် ဖြိုခွင်းခံရသူဖြစ်စဉ် တွင် ကျောင်းသား ၅၂ဦး၊ ကျောင်းသူ ၁၃ ဦး၊ အရပ်သူအရပ်သား ၆၂ ဦးဖမ်းဆီးခံခဲ့ရပြီး အချို့မှာ ဒဏ်ရာများရရှိပြီး လက်ပံတန်း ဆေးရုံကြီး ၌ ဆေးကုသမှု ခံယူနေရသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ““လူနာကို ဆွဲတယ်။ လူနာကိုဆွဲတော့ ၀န်ထမ်းတွေက အဆွဲမခံဘူး။ ကားကို ရိုက်တယ်။ ကားထဲကို ခဲနဲ့ပစ်တယ်။ လူစိတ်ပျောက်နေတယ်။ ဗြဟ္မစိုရ်တရားတွေ ပျောက်နေတယ်။ ဒီလို အကြမ်းဖက်တာကတော့ မလုပ်သင့်တဲ့ ကိစ္စပါ”” ဟု နာရေးကူညီမှု အသင်း(ရန်ကုန်)မှ ဥက္ကဋ္ဌ ဦးကျော်သူ က မြန်မာသံတော်ဆင့်သို့ ပြောသည်။

ယခုကဲ့သို့ ကြက်ခြေနီယာဉ်အား ရဲတပ်ဖွဲ့ဝင်များက တိုက်ခိုက်ဖျက်ဆီးခဲ့မှုနှင့် ပတ်သက်၍ သက်ဆိုင်ရာ အာဏာပိုင်များက တစ်စုံတစ်ရာ သတင်း ထုတ်ပြန်ခြင်း မရှိပေ။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂ ရက်က ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရ လောက်ကိုင် ဒေသတွင် မြန်မာ့ တပ်မတော်နှင့် ဖုန်ကြားရှင်၏ တပ်ဖွဲ့များအကြား တိုက်ပွဲများဖြစ်ပွားစဉ် ကယ်ဆယ်ရေး ကြက်ခြေနီယာဉ် တန်း တိုက်ခိုက်ခံခဲ့ရပြီး အဆိုပါဖြစ်စဉ်ကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများ၌ ဖော်ပြခဲ့သည်။

နိုင်ငံတကာ ကျင့်ထုံးများအရ စစ်ဖြစ်နေသည့် အရပ်ဒေသများ၌ ကြက်ခြေနီယာဉ်အား တိုက်ခိုက်ခြင်း မပြုရန် တားမြစ်ထားသည်။

နေမျိုးဝင်း

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

ဒီမိုကရေစီ ပညာရေး သပိတ် စစ်ကြောင်း ဖြိုခွဲ ခံခဲ့ရပြီး လွတ်မြောက်နေတဲ့ ကျောင်းသား ခေါင်းဆောင်တွေကို နောက်က လိုက်လံ ဖမ်းဆီးနေပါတယ်။
ဒီမိုကရေစီ ပညာရေးသပိတ် ကို ဦးဆောင်ခဲ့ တဲ့ ဗကသ ကျောင်းသား တချို့ ကြာသပေတေး ည သန်းခေါင်ကျော် မှာ အာဏာပိုင် တွေ ရဲ့ လာရောက် ဖမ်းဆီး တာ ခံခဲ့ရ ပါတယ်။

အလုံ မြို့နယ် အောင်ဇေယျာလမ်း ထဲ က လိပ်စာ ကို ရဲတွေ ကား ၂ စီး တိုက် ရောက်လာပြီး ဝင်ရောက် ဖမ်းဆီးတာ မှာ ဗကသ ဒုဥက္ကဌ မိုးထက်နေ ၊ ဗဟိုလုပ်ငန်း ကော်တီ ဝင် တဲ့ ဖြစ်တဲ့ မဟန်နီဦး၊ ကိုသီဟဝင်းတင် တို့နဲ့ အတူ အဲဒီမှာ ရှိနေတဲ့ သတင်းသမား တစ်ဦး အပါအဝင် နောက်ထပ် ဗကသ ကျောင်းသား တစ်ဦး စုစုပေါင်း ၅ ဦး အဖမ်း ခံခဲ့ ရပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့ က လက်ပံတန်း သပိတ်စစ်ကြောင်း အင်အားသုံး ရိုက်နှက် ဖြိုခွင်း ခံခဲ့ရ ပြီး တဲ့နောက် ရှောင်တိမ်း နေရ တဲ့ အဆိုပါ ဗကသ ခေါင်းဆောင် တချို့ ရှိရာ အလုံ လိပ်စာ ကို ရဲတပ်ဖွဲ့ တွေ က အတိတကျ လာရောက် ပိတ်ဆို့ ဖမ်းဆီး ခဲ့တာ ဖြစ်တယ် ဆိုပြီး မျက်မြင် သက်သေ တစ်ဦး က ဘီဘီစီ ကို ပြောပါတယ်။

ဖမ်းဆီး ပြီးတဲ့ နောက် အလုံ မြို့မ ရဲစခန်း ကို ခေါ်ဆောင် သွားခဲ့ ကြပါတယ်။

ရဲစခန်း ရှေ့ ရောက်နေ ကြ တဲ့ ကျောင်းသား တွေ ရဲ့ မိဘ ဆွေမျိုးတွေ နဲ့ ဘီဘီစီ စကား ပြောခဲ့တာ မှာ တော့ ဘယ်လို ပုဒ်မ တပ်ပြီး ဖမ်းဆီး ခဲ့တာလဲ ၊ ဘယ် နေရာ တွေ ကို ထပ်ခေါ် သွားဦး မလဲ စတဲ့ အချက် တွေ ကို ရဲတွေ ဘက်က ဘာတစ်ခု မှ အတည်ပြု မပြောသေးဘူး ဆိုပြီး မဟန်နီဦး ရဲ့ ဖခင် ဦးထွန်းဦး က ပြောပါတယ်။

လက်ပံတန်း သပိတ်စစ် ကြောင်း ကနေ ဖမ်းဆီး ခံခဲ့ရ တဲ့ ကျောင်းသား တချို့ တော့ မနေ့ က ပြန်လွတ် လာပါတယ်။

နောက်ကွယ် က ကြိုးကိုင်သူ တွေ အားပေး အားမြောက် ပြုလုပ် သူတွေ ကို ဥပဒေ အရ အရေး ယူမယ် ဆိုပြီး တော့ လည်း ပြည်ထဲရေး ဌာန က ထုတ်ပြန် ထားပါတယ်။

BBC Burmese
http://www.bbc.co.uk/burmese

လမ်းပြမြေပုံ
=======
- ကြွေမှာကြောက်လျှင်
ပိတောက်မပွင့် ...

- မှောက်မှာစိုးလျှင်
မိုးသဲလေကြမ်း လှေကမ်းမခွာ ...

- နာမှာတွေးလျှင်
သွေးလူးခြေထောက်
ဘယ်ဆက်လျှောက်မလဲ ...

- ကြွေစမ်း
မှောက်စမ်း
ပန်းတိုင်ရှေ့မှာ
ကြွေတာဟာ ပွင့်ခြင်း
လှေတစ်စင်း မှောက်ရင်
နောက်မှာ လှေတစ်ရာ
ခြေရာနဲ့ သွေးစက်
ရှေးအဆက်ဆက်ချန်ရစ်

(အဲဒါ ...)
လမ်းပြမြေပုံတွေ ဖြစ်တယ် .....။
.
မောင်စိန်ဝင်း(ပုတီးကုန်း)


-ကျော်ကိုကို (ဥက္ကဋ္ဌ)ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် နှင့် တွေ့ဆုံမေးမြန်းခန်း
တင်ဆက် - တိုးဇော်လတ်
ရိုက်ကူး - ဆန်နီ၊ ဇေယျာထွန်း

DVB TV