03/15/15


စစ်အာဏာရှင်တွေရဲ့ ၂၄နှစ်ကြာ သံလက်သီးတွေဖြေလျော့ပြီး အရပ်သားအစိုးရအသွင်နဲ့ ပြောင်းလဲအုပ်ချုပ်ခဲ့တာ ၄နှစ်ပြည့်တဲ့အချိန်မှာတော့ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီနိုင်ငံတော်မှာတော့ ကျောင်းသား၊ ပြည်သူနဲ့ သံဃာတော်တွေကို အကြမ်းဖက်ဖြိုခွင်းတိုက်ခိုက်ခဲ့တဲ့ ဖြစ်ရပ်တွေကြောင့် ဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရအဖွဲ့ဟာ ပြင်းထန်တဲ့ ဝေဖန်တိုက်ခိုက်မှုတွေကို ခံနေရပါပြီ။

ဒီမိုကရေစီပညာရေးအတွက် ဗဟိုချုပ်ကိုင်မှုအပြည့်ရှိနေတဲ့ အစိုးရရေးဆွဲခဲ့တဲ့ ပညာရေးဥပဒေကိုပြင်ဆင်ဖို့ သပိတ်မှောက်ကျောင်းသားတွေရဲ့ ရက် ၅ဝနီးပါးကြာ ဆန္ဒပြပွဲကို မတ်လ ၁ဝရက်နေ့က အကြမ်းဖက်ဖြိုခွင်းခဲ့ပြီးချိန်မှာ လက်ရှိအစိုးရဟာ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကို ဖြိုခွင်းခဲ့တဲ့ အစိုးရပဲဖြစ်တယ်လို့ ပြောလာသူက ကိုသိန်းဟံပါ။ အာဏာနဲ့စည်းစိမ်ကို ထိခိုက်လာရင် သည်းမခံတဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေဟာ လာမယ့် ရွေးကောက်ပွဲမှာ NLD အနိုင်ရခဲ့ရင်တောင် အာဏာလွှဲမပေးဘဲ စစ်တပ်ကိုအာဏာသိမ်းခိုင်းနိုင်တယ်လို့ သူကမြင်နေပါတယ်။

(ကိုသိန်းဟံ - လှည်းကူး) file 2561/62/63

ကျောင်းသားတွေရဲ့သပိတ်စစ်ကြောင်း ရန်ကုန်ဝင်မလာနိုင်အောင် နည်းမျိုးစုံနဲ့ တားဆီးပိတ်ပင်ခဲ့တဲ့ မြန်မာအစိုးရဟာ ကျောင်းသားတွေက တိုင်းပြည်ဆူပူမှုဖြစ်အောင်လုပ်နေတယ်လို့လည်း တောက်လျှောက်စွပ်စွဲနေခဲ့ပါတယ်။ ဒါပေမယ့် ကျောင်းသားတွေက အာဏာအတွက် ဆန္ဒပြနေတာမဟုတ်ဘဲ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်နိုင်ဖို့ ကြိုးစားနေတာဖြစ်ပြီး သပိတ်စစ်ကြောင်းကို သူတို့အာမခံနိုင်တယ်လို့ ဆိုခဲ့တာပါ။

ကျောင်းသားတွေ ရန်ကုန်ဝင်လာတာနဲ့ မလိုလားအပ်တဲ့ပြဿနာတွေ ဖြစ်မယ်လို့ အစိုးရဝါဒဖြန့်နေတာကို လက်မခံသူက အင်းစိန်မြို့နေ ဦးချစ်သန်းပါ။ ကျောင်းသားလှုပ်ရှားမှုဟာ ဘယ်ပယောဂမှာမပါသလို သူတို့တောင်းဆိုတဲ့ ပညာရေးဥပဒေကို ပြင်ဆင်ရေးသာ တစိုက်မတ်မတ်တောင်းနေတာ တစ်နိုင်ငံလုံးသိပါတယ်လို့ ဆိုပါတယ်။

လေးပွင့်ဆိုင်ဆွေးနွေးပွဲရလဒ်တွေကို အစိုးရဘက်က စတင်ချိုးဖောက်ပြီး ကျောင်းသားနဲ့ ထောက်ခံတဲ့ပြည်သူတွေကို ဖမ်းဆီးအရေးယူနေတာဟာ ပြဿနာကို ဖြေရှင်းနေတာမဟုတ်တာမို့ တာဝန်သိသိနဲ့ ထိန်းထိန်းသိမ်းသိမ်းလုပ်သင့်တယ်လို့ ဆိုပါတယ်။

Kamayut Media



လျှပ်စစ်တွေ ထုတ်တယ်
ပြည်သူအများစု မသုံးရဘူး

ဆန်စပါးအများကြီး ထွက်တယ်
ပြည်သူတွေ ဝဝလင်လင်မစားရဘူး

တိုင်းတစ်ပါးသားတွေ ကျူးကျော်နေတာကြာပြီ
ခြံစည်းရိုးမရှိဘူး

ဆင်းရဲလို့ မိန်းမငယ်လေးတွေ သူများနိုင်ငံမှာ
ပြည့်တန်ဆာအလုပ် အစေခံအလုပ်တွေ သွားလုပ်နေရတယ်
ပြည်တွင်းမှာ အလုပ်အကိုင်ရှိအောင် မလုပ်ဘူး

စစ်သည်သုံးသိန်းရှိတယ်
တိုင်းပြည်ကို တည်ငြိမ်အောင် ခုထိ မလုပ်နိုင်ဘူး။

ပညာတတ်တွေ အများကြီးထွက်တယ်
ပြည်တွင်းမှာ အသုံးမချတတ်ဘူး

ကျောက်တွေ ကတ္တရာတွေ အများကြီးရှိတယ်
လမ်းတွေ မကောင်းဘူး

သံတွေထွက်တယ်
အပ်တစ်ချောင်းတောင် မလုပ်တတ်ဘူး

ရာဘာတောကြီး ရှိတယ်
တာယာကို နိုင်ငံခြားက ဝယ်ရတယ်

သယံဇာတတွေ အများကြီးထွက်တယ်
ကုန်ချော မလုပ်တတ်ဘူး

ရတနာတွေ အများကြီးထွက်တယ်
ပြည်သူတွေ အလှမဆင်နိုင်ဘူး

ပညာရေးနိမ့်ကျနေတယ်
ကောင်းကောင်း မြင့်တင်ပေးဖို့ စိတ်မကူးကြဘူး။

ပင်လယ်ပြင်ကြီးရှိတယ်
ပင်လယ်စာကောင်းကောင်း မစားရဘူး

အုပ်ချုပ်ရေး ကစဥ့်ကလျားဖြစ်နေတယ်
တရားဥပဒေ စိုးမိုးအောင် မလုပ်ကြဘူး

အကျင့်ပျက်ချစားမှုတွေ များနေတယ်
ပိုင်ဆိုင်မှု ဖော်ပြဖို့ ကြောက်ရွံနေတယ်။

ကမ္ဘာမှာ အကောင်းဆုံး ဘာသာတရားရှိတယ်
မငြိမ်းချမ်းဘူး

အမှန်တရားရှိပေမဲ့
အမုန်းတရားနဲ့ အုပ်ချုပ်တယ်

မကျန်းမာတဲ့သူတွေ ရှိတယ်
ဆေးမကုနိုင်ဘူး

ရာသီဥတု ကောင်းတယ်
စိုက်ပျိုးရေးမှာ အောက်ဆုံးက

တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှု အောက်ဆုံးရောက်နေတယ်
ပြည်သူတွေ အုပ်ချုပ်ရေး အတတ်ပညာကို သင်ခွင့်မရဘူး

ဝန်ကြီးဌာနအများစု အလွဲသုံးစားလုပ်နေတယ်
အရေးမယူဘူး

ကျွန်းသစ်တွေ အများကြီးထွက်တယ်
ပြည်သူအများစု တဲနဲ့နေရတယ်

ကမ္ဘာမှာ လူဦးရေအများဆုံးနိုင်ငံ နှစ်နိုင်ငံနဲ့ကပ်နေတယ်
ကုန်ချောပစ္စည်း ရောင်းမစားတတ်ဘူး

ကမ္ဘာကျော် အတွေးအခေါ်ပညာရှင်ရှိတယ်
ပြည်သူတွေ သူ့အကြောင်း သင်ခွင့်မရဘူး

အမှားတွေ ထောက်အပြခံရတယ်
မပြင်ဆင်ကြဘူး

ဒီမိုကရေစီနိုင်ငံထူထောင်တယ်
အာဏာရှင် စိတ်ဓါတ်နဲ့

ပြည်သူတွေ ဆင်းရဲနေပေမယ့်
သူတို့က ချမ်းသာတယ်။

နောက်ဆုံး ...
ပြည်သူအများစုချစ်တဲ့
ကမ္ဘာကျာ် ခေါင်းဆောင်ရှိတယ်။
မဲနိုင်ခဲ့တာတောင်
အုပ်ချုပ်ခွင့် မရဘူး။

ဒါတွေအားလုံး ဘယ်သူတွေ ကြောင့်လဲ ။
နိုင်ငံတိုးတက်အောင် လုပ်မပေးနိုင်ပဲ
ကိုယ့်အတွက်ကိုယ်ပဲ ကြည့်တဲ့ အာဏာရှင်တွေကြောင့် မဟုတ်ဘူးလား။

အားလုံးပဲ နားလည်နိုင်ကြပါစေ။

မူရင်းပို့စ်ပိုင်ရှင်အား credit ပေးပါသည်။
လေးစားစွာဖြင့် ...

ဘုန်းထက်ကြယ်

( ဒေါက်တာ အောင်ခင် )

တရုတ်စစ်ကော်မရှင် ဒုဥက္ကဋ္ဌနှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (ဓာတ်ပုံ - People's Daily)
မြန်မာဘက်က ပစ်လိုက်တဲ့  ကျည်ဆန်တွေကြောင့် တရုတ်ဘက်မှာ နောက်ထပ် သေကျေထိခိုက်မှုတွေ ဖြစ်လာရင် ပြတ်ပြတ်သားသား တုံ့ပြန်သွားမယ်လို့ တရုတ်စစ်တပ် အကြီးတန်း ခေါင်းဆောင် Fan Changlong က ပြောကြား လိုက်ပါတယ်။

တရုတ် စစ်ကော်မရှင်ရဲ့ ဒုဥက္ကဋ္ဌ Fan Changlong က မြန်မာ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မတ် ၁၄ ရက်နေ့က တယ်လီဖုန်းခေါ်ပြီး သတိပေး လိုက်တာလို့ တရုတ် အစိုးရ အာဘော် ပြည်သူ့နေ့စဉ် People’s Daily သတင်းမှာ ဖော်ပြပါတယ်။

မတ် ၁၃ ရက်နေ့က မြန်မာစစ်လေယာဉ်က ပစ်လိုက်တဲ့ ဗုံးကြောင့် တရုတ်အနောက်ပိုင်း ယူနန်ပြည်နယ်ထဲမှာ ဒေသခံ ၄ ဦး သဆုံးခဲ့တဲ့ အဖြစ်အပျက်ကြောင့် တရုတ်ဘက်က မြန်မာစစ်တပ်အကြီးအကဲကို ဖုန်းနဲ့ ပထမဆုံး သတိပေးလိုက်တာ ဖြစ်ပါတယ်။

တရုတ်နယ်မြေထဲကို ဗုံးကျရောက်ပေါက်ကွဲမှုအပေါ် မြန်မာအစိုးရက ငြင်းဆိုလိုက်ပြီး ဒါဟာ ကိုးကန့်လက်နက်ကိုင်တွေက နှစ်နိုင်ငံကြား နားလည်မှုလွဲမှားအောင် တရုတ်နိုင်ငံဘက်ထဲကို ပစ်လိုက်တာဖြစ်နို်င်ကြောင်း သမ္မတရုံးညွှန်မှူး ဦးဇော်ဌေးက ရိုက်တာသတင်းဌာနကို ပြောဆိုထားပါတယ်။

ဦးဇော်ဌေးက တရုတ်သံတမန်တွေကို ဆင့်ခေါ်ရှင်းလင်းသွားမယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

မြန်မာ့လေတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ကိုးကန့်တိုက်ပွဲတွေနဲ့ ထိစပ်နေတဲ့ ယူနန်ပြည်နယ်၊ လင်ချန်း နယ်စပ်မြို့က ကြံစိုက်ခင်းကို မတ် ၁၃ ရက် ဗုံးထိမှန်ခဲ့လို့ တရုတ်နိုင်ငံသား ၄ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရသွားတယ်လို့ ဆင်ဟွာသတင်းမှာ ဖော်ပြပါတယ်။

ဒီဖြစ်ရပ်အပေါ် တရုတ်နိုင်ငံခြားရေး ဒုဝန်ကြီးက တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအအမတ်ကြီးကို ဆင့်ခေါ်ပြီး ပြစ်တင်ရှုတ်ချသလို အသေးစိတ် စုံစမ်းစစ်ဆေးဖို့နဲ့ စုံစမ်းမှုတွေကို အသိပေးဖို့ တိုက်တွန်းပါတယ်။

ဒါ့အပြင် တရုတ်နယ်စပ်အနီးကို ရောက်ရှိလာတဲ့ မြန်မာစစ်တပ်လေယာဉ်တွေကို သတိပေး စောင့်ကြည့်ဖို့ တရုတ်လွတ်မြောက်ရေး တပ်မတော်က တိုက်လေယာဉ်တွေ စေလွှတ်ခဲ့တယ်လို့ တရုတ် လေတပ်ပြောခွင့်ရ ရှန်ဂျင်ကီက ပြောပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no

ခုတလော မီဒီယာလောကမှာ ရဲတွေကို ရေသန့်ဘူးနဲ့ ပစ်သွားတဲ့ဇာတ်လမ်းတော်တော်ခေတ်စားနေတယ်။တော်တ်ာများများ စိတ်ဝင်စားနေကြတယ်။

ရဲတွေကို ရေသန့်ဘူးနဲ့ပေါက်တဲ့လူဟာ ကျောင်းသားလား။ အစိုးရသူလျှိုလားတဲ့။အစိုးရချပေးတဲ့ နှပ်ကြောင်း နောက်ကို လိုက်နေကြလိုက်တာ တမျှော်တခေါ်။ တခါတလေကျတော့ ပညာတတ်တွေဟာတော်တော် ခက်တယ်။ မျက်စိကြီးနှစ်လုံးနဲ့ ထင်ထင်လင်းလင်း ရှင်းရှင်းကြီးမြင်နေပါရက်နဲ့စာအုပ်နဲ့ တိုက်ကြည့်နေ တတ်ကြတယ်။ ဒီလောက်သေကောင်ပေါင်းလဲ လုပ်သွားတာကို ရေသန့်ဘူးဘယ်သူပေါက်သလဲလိုက်ရှာနေတာ တော်တော်ရယ်စရာ ကောင်းတယ်။

အဲဒီဇာတ်လမ်းကို ကျနော်စိတ်မဝင်စားဘူး။ အစိုးရပေးတဲ့ ဆင်ခြေကိုလည်းကျနော်လက်မခံဘူး။

ရဲတွေကို ရေသန့်ဘူးနဲ့ ပေါက်တဲ့လူဟာ ကျောင်းသားဖြစ်ချင်လည်းဖြစ်မှာပဲ။ အရပ်သားဖြစ်ချင်လည်း ဖြစ်မှာပဲ။ အစိုးရသူလျှိုဖြစ်ချင်လည်း ဖြစ်မှာပဲ။ ဒါပေမဲ့ဘယ်သူပဲဖြစ်ဖြစ် ရေသန့်ဘူးနဲ့ ပေါက်လိုက်လို့ ဒေါသပေါက်ကွဲပြီး ကျောင်းသားတွေကို အသေအကြေရိုက်ရနှက်ရပါတယ်ဆိုတဲ့ယုတ္တိမရှိတဲ့ ပေါက်ပန်းဈေး ဆင်ခြေကို ကျနော် လုံးဝ လက်မခံဘူး။

စကောတချပ်လေထဲလွင့်သွားလို့ တိုင်းပြည်ကြီး ပျက်သွားတယ်ဆိုတဲ့ပုံပြင်ထက်တောင်မင်းတို့ ရေသန့်ဘူး ပုံပြင်က အဆအပြန်တရာ ပိုဆိုးသေး။ အောင်မလေးဟဲ့...ရယ်လိုက်ရတာ ဖတ်ဖတ်မော၊ရင်ဘတ်နောက်ကကျောလို့တောင် အော်လိုက်ချင်တယ်။

ဘယ့်နှယ်ဗျာ.....ရေသန့်ဘူးကို ပုံကြီးချဲ့ချင်တော့ ဘာထည့်ထားမှန်းမသိသောရေသန့်ဘူးတဲ့။ ဘာထည့်ထားမှန်းမသိရင်ဘာလို့ ရေသန့်ဘူးလို့ မပြောဘဲနဲ့ ဘာထည့်ထားမှန်းမသိသောဆိုတဲ့ဝိသေသကြီး ထည့်ထားနေရသေးလဲ။ ပုံကြီးချဲ့ချင်လို့ ပေါ့ဗျာ။ ရှင်းနေတာပဲ။ သူတို့ပြောပုံကအက်ဆစ်တွေပဲ ထည့်ထားသလိုလို၊ ပေါက်ကွဲပစ္စည်းတွေပဲ ထည့်ထားသလိုလို။ ခက်တာက ဘာထည့်ထားပါတယ်လို့လည်းပြောစရာ သက်သေကလည်း မရှိ။ တကယ်တော့ ပြောလို့ရမယ် ဆိုရင်တော့ ရေသန့်ဘူးထဲတွင် အနုမြူဗုံးထည့်ပြီးပစ်လိုက်သည်ထင်သောကြောင့် ရဲများက စတင်ရိုက်နှက်ရပါသည်လိုတောင် ပြောချင်နေတဲ့ကောင်တွေ။အကြောင်းမရှိ အကြောင်းရှာ ဆင်ခြေပေးနေတာပါ။ ရေသန့်ဘူးဘယ်သူပစ်သလဲ ဆိုတာ ကျနော်တို့ရှာနေစရာ မလိုဘူး။ ရေသန့်ဘူးနဲ့ ပေါက်တဲ့သူဟာ တရားခံလည်း မဟုတ်ဘူး။ ဘယ်နိုင်ငံ၊ ဘယ်တိုင်းပြည်မှာမှရေသန့်ဘူးနဲ့ပေါက်တာဟာ အကြမ်းဖက်လုပ်ရပ်လို့ မပြောဘူး။ ရေသန့်ဘူးနဲ့ ပေါက်တာဟာ ငြိမ်းချမ်းစွာဆန္ဒပြမှုကို ချိုးဖောက်ပျက်စီးစေတယ်လို့ မပြောဘူး။ ဒီပုလိပ်တွေလို ကလေကချေတွေ မပြောနဲ့၊နိုင်ငံတော် သမ္မတတွေ ၊ ဝန်ကြီးချုပ်တွေ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်တွေကိုတောင် ကြက်ဥတို့ခရမ်းချဉ်သီးတို့နဲ့ ပေါက်တာဟာ လုပ်ရိုးလုပ်စဉ် အကြမ်းမဖက်ကန့်ကွက်ဆန္ဒပြတဲ့နည်းပဲ။

စဉ်းစားကြည့်ကြစမ်းပါ။ ရေသန့်ဘူးနဲ့ ပေါက်လိုက်လို့ ဒေါသပေါက်ကွဲသွားပြီးရဲ အယောက် ၂၀၊ ၃၀ က နေ ကျောင်းသားတယောက်စီကို ဝိုင်းဝန်းပြီး အသေအကြေရိုက်နှက်ရသလား။ကျောင်းသားတယောက်က ရေသန့်ဘူးနဲ့ စပေါက်လို့အဲသလိုလုပ်ရပါတယ်လို့ ဆင်ခြေပေးရင် တရားမျှတရောတဲ့လား။သူတို့ဘက်က မှန်ရောတဲ့လား။ ရေသန့်ဘူးနဲ့ပေါက်လိုက်တာ သူတို့ ခေါင်းကွဲသွားလို့ အဲသလောက်ဒေါသပေါက်ကွဲသွား တာလား။ ကျောင်းသားတွေကို ဖမ်းမိပြီးမှ ငုတ်တုတ်ထိုင်ခိုင်းပြီး နံပါတ်တုတ်နဲ့ဆော်တာကရော၊ ရေသန့်ဘူးနဲ့ ပေါက်ထားလို့ လက်စားချေတာလား။ ဘုန်းကြီးတပါး ကိုယ်လွတ်ရုန်းပြီးအသည်းအသန်ပြေးတာကို ရဲတွေ ကိုးယောက်ဆယ်ယောက် အတင်းခွေးတွေလို လိုက်ဆွဲတာကရော အဲဒီဘုန်းကြီးကရေသန့်ဘူးနဲ့ ပေါက်တယ် ထင်လို့ လုပ်လိုက်တာလား။ စာနယ်ဇင်းသမားကိုပါချကွာဆိုတာကရော၊စာနယ်ဇင်းသမားတွေက ရေသန့်ဘူး ကိုယ်စားလှယ်လုပ်နေတယ်ထင်လို့လား။ သူနာပြုကားပေါ်က လူနာကိုဆွဲချတာကရော အဲဒီလူက ရေသန့်ဘူးတွေ ဖွက်ထားတယ်ထင်လို့လား။ သူနာပြုကားကို အတင်းပြေးကန်၊မှန်တွေကို စိစိညက်ညက်ကြေအောင် ထုရိုက်နေတာကရော အဲဒီကားက ရေသန့်ဘူးတင်လာတဲ့ကားလို့ထင်လို့လား။ သူတို့ ရဲတွေက အရူးတွေလား။ သူတို့ရဲတွေမှာ ရေသန့်ဘူးဖိုးဘီးယားရောဂါရှိနေသလား။

ရေသန့်ဘူးနဲ့ ပေါက်မိလို့ပဲ။ ငှက်ပျောသီးနဲ့များပေါက်မိရင်လက်ပစ်ဗုံးနဲ့များ ပြန်ထုမလား မသိဘူး။ တော်သေးတယ်ဟေ့။ လေးဂွနဲ့ မပစ်မိလို့။ လေးဂွနဲ့ပစ်မိရင် သေနတ်နဲ့ နဖူးတည့်တည့်ချိန်ပစ်လို့ ရသဗျ။ မယုံမရှိနဲ့။ ဒေါ်ခင်ဝင်းကိုကြည့်။

ဟိုကလေကချေကောင်မှူးဇော်ဆိုတဲ့ လူမျိုးရေး သွေးထိုးလှုံ့ဆော်သူကလည်းပြောလိုက်သေးတယ်။ နေပူလို့ ရဲတွေ စိတ်ပြောင်းလဲသွားပြီး ခြေလွန်လက်လွန်လုပ်မိတာပါတဲ့။မှူးဇော်တို့ ရဲထွတ်တို့ကောင်တွေဟာ ကျားကျား၊ မီးယပ်လုပ်နေတော့တာပဲ။ ဦးသိန်းစိန်ဖင်ရေဆေး၊အုန်းဆီလိမ်းပေးပြီး အရောင်ထွက်ပြောင်လက်အောင်လုပ်တဲ့နေရာမှာ မှူးဇော်နဲ့ ရဲထွတ်ဟာပြိုင်ဘက်ကင်းဗိုလ်စွဲလောက်ပါပေရဲ့။ ဦးသိန်းစိန်ဖင် အရောင်တင်ဖို့ဆိုရင် လျှာနဲ့ ပြေးလျက်ရမှာလည်းတစက်ကလေးမှ ဝန်မလေးတဲ့ ကောင်စားမျိုးတွေ။

သူတို့ပြောတဲ့ ရေသန့်ဘူးပေါက်တဲ့လက်သည်ကို လိုက်ရှာနေရင်ရူးရုံပဲရှိမယ်။ နေပူလို့ ရိုက်မိပါတယ်တောင် ပြောတဲ့ကောင်တွေ တခုမဟုတ်တခု အကြောင်းပြမှာပဲဆိုတာကျုပ်တို့ ပြည်သူတွေ သဘောမပေါက်ကြသေးဘူးလား။ နေမပူပဲ သိပ်ချမ်းနေရင်လည်း ချမ်းလွန်းလို့သွေးပူလေ့ကျင့်ခန်းလုပ်တာပါလို့ ပြောဦးမှာပဲ။ ဒါမှ မဟုတ်သေးရင်လည်း လေတိုက်သွားလို့သစ်ရွက်လှုပ်သွားတာကို ကျောင်းသားတွေဘက်က တိုက်လေယာဉ်တွေရောက်လာပြီထင်လို့ ရိုက်မိတာပါလို့ပြောဦးမှာပဲ။

ဖာတဲ့ထေးတဲ့အလုပ်က သူတို့အလုပ်။ ဖာသည်အလုပ်လုပ်မှ ထမင်းတလုပ်စားရတဲ့သူကဖာတဲ့အလုပ်လုပ်ကို လုပ်မှာပဲ။

ရေသန့်ဘူးနဲ့ပစ်တဲ့သူမှာလည်း အပြစ်မရှိဘူး။ ခဲနဲ့ပစ်တဲ့သူရှိခဲ့ရင်တောင်မှခဲနဲ့ပစ်တဲ့သူမှာလည်း အပြစ်မရှိဘူး။ ပူတဲ့နေမှာလည်း အပြစ်မရှိဘူး။ တိုက်တဲ့လေမှာလည်းအပြစ်မရှိဘူး။ ရှာမနေနဲ့။ အပိုပဲ။ ယုတ္တိမရှိတဲ့ စွပ်စွဲချက်ကို လိုက်ဖြေရှင်းနေရင်မောရုံပဲရှိမယ်။ ရိုးရိုးလေးပဲတွေး။ ငြိမ်းငြိမ်းချမ်းချမ်းဆန္ဒပြတဲ့သူကို ရက်ရက်စက်စက်ရိုက်တာဟာ ရိုက်တဲ့လူမှာပဲ အပြစ်ရှိတယ်။ အဲဒါ ရာဇဝတ်မှုဖြစ်တယ်။ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်တယ်။ အဓိက အမိန့်ပေးသူဟာ အစိုးရဖြစ်တယ်။ ဒါဟာ အစိုးရကျူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှု။အစိုးရကျူးလွန်တဲ့ ရာဇဝတ်မှုဖြစ်တယ်။ သူ့ထက်ရှင်းတာတောင် သူလောက်မရှင်းဘူး။

ဇော်ဝင်း (၈၈ ကျောင်းသားဟောင်း)

(Zaw Win's Status မှ ...)

ဥပဒေကြောင်းအရ ဆောင်ရွက်တဲ့နေရာမှာ ဒါဟာ ဥပဒေကြောင်းနဲ့ ညီတယ်လို့ ဘယ်လိုမှ မဆိုနိုင်ဘူး။ ဒါရိုးရိုးဆန္ဒ ထုတ်ဖော်နေတာကို အရပ်ဝတ်တွေနဲ့ စွမ်းအားရှင်လို ဘာလို အဖွဲ့တွေ ပြန်ပြီးတော့ အကောင်အထည် ဖော်လာတာကို လက်မခံနိုင်ဘူး။ ဥပဒေနဲ့လည်း မညီဘူးလေ။ ဒါမေးခွန်း ဖြစ်လာပြီ . . .
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဆူးလေ၏ လမ်းမထက်တွင် ကျောင်းသားကိုယ်စားပြု ဒေါင်းအလံများ လွင့်ဝဲလျက်ရှိသည်။ အချိန်ကား မတ်လ ၈ ရက်နေ့ ညနေ ၅ နာရီ ၀န်းကျင်ဖြစ်သည်။

ယင်းမတိုင်ခင်ကပင် နံပါတ်ဖုံးထားသည့် အမှတ် ၉၆ ဒိုင်နာကား ၃ စီးနှင့် လူဦးရေ ရာချီနေသည့် လက်ပတ်နီဝတ် အရပ်သားများက တန်းစီစောင့်ဆိုင်း နေခဲ့သည်။

ဒေါင်းအလံများ လွင့်ဝဲလုလု အချိန်မှာပင် ““မိဘပြည်သူများခင်ဗျာ ဥပဒေနဲ့မညီညွတ်ဘဲ လူစုလူဝေးခြင်း မပြုလုပ်ပါရန်နှင့် မသက်ဆိုင်သူများ အားလုံး ဒီနေရာသို့ မလာရောက်ကြရန် မေတ္တာရပ်ခံပါတယ် ”ဟု လိုက်လံ အော်ဟစ်နေသည်။

ယင်းသို့ လိုက်လံ အော်ဟစ်နေသူမှာ ကျောက်တံတားမြို့နယ် အုပ်ချုပ်ရေးမှူးဖြစ်သည်။ ထိုသို့အော်သံ မဆုံးခင်မှာပဲ မီဒီယာသမားများ ၀ိုင်းသွားပြီး ဓာတ်ပုံရိုက်သူကရိုက်၊ မေးမြန်းသူများက မေးမြန်းနှင့်ရှိစဉ် ““ကျွန်တော်အုပ်ချုပ်ရေးမှူး ဦးမျိုးနိုင်ပါဗျာ” ဟု ပြောကြားလိုက်သည်။

အုပ်ချုပ်ရေးမှူး၏ စကားသံ အဆုံးမသတ်ခင်မှာပင် ကျောင်းသားများက အမျိုးသားပညာရေး ဥပဒေကို ပြင်ရေးတောင်းဆို ဆန္ဒပြနေပြီး လက်ပံတန်းတွင် ပိတ်ပင်ခံထားရသော သပိတ်မှောက် စစ်ကြောင်းအား ပြန်လည် လွှတ်ပေးရန်နှင့် ကျောင်းသားများအား အကြမ်းမဖက်ရန် တောင်းဆိုမှုများ၊ မိဘပြည်သူများက ကျောင်းသားများအား ၀န်းရံကြပါစသော စကားလုံးများဖြင့် ကျောင်းသားများ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော် နေသည်ကို မြင်တွေ့ရသည်။

““ဒို့ကျောင်းသားတွေ ညီရဲ့လားဟေ့ ညီတယ်ဟေ့ ညီတယ်ဟေ့” စသော ကြွေးကြော်သံများ ထွက်ပေါ် လာသည်။

အချိန် ၁၀ မိနစ်ခန့် အကြာတွင် တာဝန်လက်ပတ်အနီ (စွမ်းအားရှင်) များသည် ငြိမ်းချမ်းစွာ ဆန္ဒပြနေသော ကျောင်းသားများအား အကြမ်းဖက် ထိုးကြိတ်ခြင်းများ စတင်ပြုလုပ်ခဲ့ပြီး အရပ်သားအချို့နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ မနီလာသိန်းတို့ ၀င်ရောက် ဖျန်ဖြေနေစဉ်မှာပင် ရဲတပ်ဖွဲ့က နံပါတ်တုတ်များဖြင့် ကျောင်းသားထုအား ၀င်ရောက် ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့ပြီး တာဝန်လက်ပတ်အနီ ၀တ်သူများကလည်း ကျောင်းသားထုအား အကြမ်းဖက် ၀င်ရောက် ဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့သည်။

ယင်းသို့ ဖမ်းဆီးရာတွင် အမျိုးသမီးများ ကာယိနြေ္ဒ ပျက်ပြားအောင် အတင်းအဓမ္မ ၀င်ရောက် ဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့ပြီး (၉၆) ဒိုင်နာကားများပေါ်သို့ ဆွဲတင်ခြင်းများ ပြုလုပ်ခဲ့သည်။

ယင်းသည် ဦးသိန်းစိန် ဦးဆောင်သော အရပ်သားတစ်ပိုင်း အစိုးရ၏ ရက်သတ္တပတ် အတွင်းဒုတိယ အကြိမ်မြောက် အရပ်သား အသုံးပြုပြီး အကြမ်းဖက်ဖြိုခွင်း ခဲ့မှုဖြစ်သည်။

ယင်းနေ့ နံနက်ပိုင်းကပင် ပထမအကြိမ် အရပ်သား အသုံးပြုဖြိုခွဲခဲ့မှု ဖြစ်သည့် ရွှေပြည်သာ အလုပ်သမား သပိတ်တွင် လက်ပတ်နီဝတ် အရပ်သားများ၏ ရိုက်နှက် ဖမ်းဆီးမှုသည် ဥပဒေနှင့်အညီ ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ရုံးတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

သတင်းစာရှင်းလင်းပွဲတွင် မြောက်ပိုင်းခရိုင် ဒုတိယရဲမှူးမြင့်လွင်က ဥပဒေနှင့်အညီ ဖြစ်ကြောင်းကို ““ကျင့်ထုံးဥပဒေပုဒ်မ ၁၂၈ မှာ တရားသူကြီး၊ စခန်းမှူး၊ ဒုရဲအုပ် အဆင့်ထက် မနိမ့်တဲ့သူတွေက ဒီလူစုလူ ဝေးကို အင်အားသုံးပြီး လုပ်တဲ့ အနေအထားမှာ လက်နက်ကိုင် တပ်ဖွဲ့မဟုတ်တဲ့ အမျိုးသားတွေကို အကူအညီ တောင်းရတယ်။ အကူအညီတောင်းတဲ့ အနေနဲ့လည်း ဒီလူစုလူဝေးမှာ ပါတဲ့လူတွေကို ဥပဒေအရ အရေးယူ နိုင်ဖို့အတွက် ဖမ်းဆီးနိုင်ပါတယ်။ ပြည်သူတွေ ဖမ်းဆီးနိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။ ဖမ်းဆီးပြီးရင် ပြည်သူတွေ သည် ရဲကျင့်ထုံး ဥပဒေပုဒ်မ ၅၉ အရရော၊ ၁၂၈ အရရော ရဲအရေးပိုင်နိုင်မှုကို ကျူးလွန်တာ ကိုတွေ့ရှိတဲ့ အတွက် ပြည်သူအနေနဲ့ ဖမ်းဆီးပြီးတော့ နီးစပ်တဲ့ရဲကို အပ်ခွင့်ရှိပါတယ်။ ရဲတပ်ဖွဲ့အနေနဲ့ ခုဖြစ်စဉ်မှာ အဓိကတော့ ဒီအလုပ်သမားတွေ အန္တရာယ်မဖြစ်အောင် လုံခြုံရေး အနေနဲ့ ဆောင်ရွက်ပေးတာ ဖြစ် ပါတယ်””ဟု ပြောကြားခဲ့သည်။

ယင်းသို့ပြောကြားချိန်နှင့် မရှေးမနှောင်းတွင်ပင် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး(မှူးဇော်)၏ လူမှုကွန်ရက် စာမျက်နှာတွင် ပုဒ်မ ၁၂၇၊ ၁၂၈ အဓိပ္ပာယ်ဖွင့်ဆိုချက်များကို ဖော်ပြလာသည်။

ယင်းသို့ ဖော်ပြလာသည့် အခြေအနေတွင် သပိတ်မှောက် ကျောင်းသားများကို ထောက်ခံသည့် ဆန္ဒပြပွဲ ပေါ်ပေါက်လာပြီး အစိုးရကလည်း လက်ပတ်နီဝတ် အရပ်သားများ အသုံးပြုပြီး ဆန္ဒပြသူများကို ရိုက်နှက် ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ““ဥပဒေကြောင်းအရ ဆောင်ရွက်တဲ့နေရာမှာ ဒါဟာဥပဒေကြောင်းနဲ့ ညီတယ်လို့ ဘယ်လိုမှမဆိုနိုင်ဘူး။ ဒါရိုးရိုးဆန္ဒထုတ်ဖော်နေတာကို အရပ်ဝတ်တွေနဲ့ စွမ်းအားရှင်လို ဘာလို အဖွဲ့တွေ ပြန်ပြီးတော့ အကောင်အထည် ဖော်လာတာကို လက်မခံနိုင်ဘူး။ ဥပဒေနဲ့လည်း မညီဘူးလေ။ ဒါမေးခွန်း ဖြစ်လာပြီ”” ဟု တရားလွှတ်တော် ရှေ့နေဦးရောဘတ် စန်းအောင်က ပြောသည်။

မတ်လ ၈ ရက် ညနေပိုင်းက ဖမ်းဆီး ခေါ်ဆောင်သွားသည့် ကျောင်းသားများကို ၉ ရက်နေ့ မနက်တွင် ပြန်လွှတ် ပေးခဲ့သော်လည်း အလုပ်သမားများကိုမူ ဆက်လက် ဖမ်းဆီး တရားစွဲဆိုထားခဲ့သည်။

အဆိုပါ ကိစ္စရပ်များနှင့် ပတ်သက်ပြီး အရပ်ဘက် လူမှုအဖွဲ့အစည်း ၂၀၀ ကျော်၊ တိုင်းရင်းသား လက်နက်ကိုင်များနှင့် နိုင်ငံရေး အဖွဲ့အစည်းအချို့က ကြေညာချက်များ ထုတ်ပြန်ကာ ကန့်ကွက်ခဲ့သော်လည်း မတ်လ ၁၀ ရက်နေ့တွင် လက်ပံတန်းမှ ရန်ကုန်သို့ ချီတက်မည့် သပိတ်မှောက် ကျောင်းသားများကို ပြင်းထန်စွာ ရိုက်နှက် ဖြိုခွဲခဲ့သည်။

ယင်းသို့ ဖြိုခွဲခဲ့မှုကို ပြန်ကြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က မလွှဲမရှောင်သာ ဖြိုခွင်း ခဲ့ရခြင်းဖြစ်ကြောင်း ၄င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြခဲ့သည်။

အလုပ်သမားသပိတ် ဖြိုခွင်းမှုကို မတ်လ ၅ ရက် ကြာသပတေးနေ့ထုတ် သတင်းစာများ၌ ပြည်သူလူထု အကူအညီဖြင့် အကြမ်းမဖက်ဘဲ ဖယ်ရှားရှင်းလင်းခဲ့သည်ဟု ထုတ်ပြန်ခဲ့ပြီး မတ်လ ၉ ရက်နေ့ထုတ် သတင်းစာများတွင် ကျောင်းသားများက အကြမ်းဖက် ရန်စလာသဖြင့် ဖြေရှင်းခဲ့ရသည်ဟု ဖော်ပြထားသည်။

လက်ပံတန်းမြို့ရှိ ပင်မသပိတ် စစ်ကြောင်းမှ ဆန္ဒပြ ကျောင်းသားများနှင့် ၀န်းရံထားသည့် ပြည်သူ ၁၂၀ ကျော်ကို အာဏာပိုင်များက ဖမ်းဆီးခဲ့သည်။

မဖြိုးဖြိုးအောင်၊ ကိုမင်းသွေးသစ် စသည့် ထိန်းသိမ်းခံရသူ ၁၂၇ ယောက်တွင် အမျိုးသား ၁၀၇ ယောက် ပါဝင်ပြီး အမျိုးသမီး အယောက် ၂၀ ပါဝင်သည်ဟု အစိုးရက ထုတ်ပြန်ထားသည်။

ဖမ်းဆီးထားသည့် ကျောင်းသားများကို ချက်ချင်း လွှတ်ပေးရန် အဖွဲ့အစည်း အများအပြား ကလည်း တောင်း ဆို နေကြသည်။

လက်ပံတန်းက ပင်မကျောင်းသားသပိတ်ကို ဖြိုခွဲစဉ် ရဲများက ထွက်ပြေးသူများ ကိုသာမက ဖမ်းဆီးခံရပြီးသား သူများကိုပါ ရိုက်နှက်ခြင်း၊ လူနာတင်ယာဉ်ပေါ်မှ ဆွဲချခြင်း၊ လူနာတင်ယာဉ်ကို ရိုက်နှက်ဖျက်ဆီးခြင်း၊ ဘုန်းကြီး ကျောင်းတွင်း ပြေးဝင်သည့် ကျောင်းသားနှင့် သံဃာတော်များကိုလည်း ရဲများက ကျောင်းဝင်းအတွင်းအထိ လိုက်လံ ရိုက်နှက် ဖမ်းဆီးခြင်းတို့ ပြုလုပ်ခဲ့သည်ကို တွေ့မြင်ရသည်။

AI-(Amnesty International) နှင့် BDC – (Burma Democractic Cocern) တို့ အပါအ၀င် နိုင်ငံတကာ စောင့်ကြည့် လေ့လာရေး အဖွဲ့များကလည်း ထုတ်ပြန်ချက်များ ထုတ်ပြန်ပြီး ရှုတ်ချခဲ့သည်။

မြန်မာအစိုးရအနေဖြင့် မလိုအပ်ဘဲ အလွန်အကျွံ အင်အားသုံးသည့် ရဲတပ်ဖွဲ့ကို ထိန်းသိမ်းရန်၊ လူ့အခွင့်အရေး ချိုးဖောက်သည့် ကျုးလွန်သူ ဘယ်အရာရှိကို မဆို အရေးယူရန် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International က တောင်းဆိုခဲ့ခြင်းဖြစ်သည်။

ဆန္ဒပြသူများကလည်း ခဲနှင့်ပြန်ပစ်ခဲ့သည့်တိုင် မြန်မာရဲများ၏ လုပ်ရပ်နှင့် အပြုအမူသည် လက်ခံနိုင်စရာ လုံးဝမရှိကြောင်း၊ ကျောင်းသားများကို အကြမ်းဖက် အင်အားသုံးခြင်း၊ အလွန်အကျွံ အကြမ်းဖက်ခြင်း၊ မြေကြီးပေါ် လဲကျနေသူကို လူမဆန်စွာ ရိုက်နှက်ကန်ကျောက်ခြင်းများသည် နိုင်ငံတကာ ဥပဒေအောက်က ချိုးဖောက်မှုဖြစ်သည့် ရက်စက်မှု၊ လူမဆန်မှုဖြစ်ကြောင်း အရှေ့တောင်အာရှနှင့် ပစိဖိတ်ဆိုင်ရာ အရာရှိ Rupert Abbott က ပြောသည်။

အင်္ဂလန်နိုင်ငံ အခြေစိုက် Burma Democractic Cocern ကလည်း မြန်မာနိုင်ငံ၌ ရဲများ မတရားလုပ်မှု တိုင်ကြားရေး လွတ်လပ်သော အမြဲတမ်း ကော်မရှင်တစ်ခုကို ပြည်သူများ ယုံကြည် ကိုးစားသော ပုဂ္ဂိုလ် များဖြင့် ဖွဲ့စည်းထားရန် လိုအပ်ပြီး ဤကဲ့သို့ ရဲများ၏ အကြမ်းဖက်မူများကို စုံစမ်းဖော်ထုတ် အရေးယူသွားရန် အရေးတကြီး လိုအပ်နေပြီဖြစ်ကြောင်း မီးမောင်းထိုးပြ နေပါသည်။

ထို့ပြင် ဖိနှိပ်သော ဥပဒေများ ဖျက်သိမ်းရေးနှင့် ဒီမိုကရေစီ ကျင့်ဝတ်ဥပဒေများဖြင့် အစားထိုးရေး လွတ်လပ်သော အမြဲတမ်းကော်မရှင်တခုကို ပြည်သူများ ယုံကြည် ကိုးစားသော ပုဂ္ဂိုလ်များဖြင့်ဖွဲ့စည်း ထားပြီး မတရား ဥပဒေများကို အာဏာပိုင်များ လက်တစ်လုံးခြား အသုံးမပြုနိုင်ရန် ဆောင်ရွက်သွားရန် အရေးတကြီး လိုအပ်နေပြီဖြစ်ကြောင်း ဖော်ပြထားသည်။

ကျွန်ုပ်တို့အနေဖြင့် ဤကဲ့သို့ ရဲများ အာဏာပိုင်များ၏ ရက်စက်ကြမ်းကြုတ်မှု၊ အင်အားအလွန်အကျွံ အသုံးပြုမှုများကို ပြင်းထန်စွာ ကန့်ကွက်ပြီး တာဝန်ရှိသူများကို စုံစမ်း ဖော်ထုတ် အရေးယူသွားရန် အလေးအနက် တောင်းဆိုကြောင်း Burma Democractic Cocern ၏ ဒါရိုက်တာ ဦးမင်းထိုက်တန်သိန်းက ပြောကြားသည်။

အစိုးရ၏ ဖြေရှင်းမှုများသည် ဥပဒေနှင့်အညီဟု လုံးဝ မယုံကြည်နိုင်ကြောင်းကို ဦးမင်းထိုက်တန်သိန်းက ““ဗြိတိသျှခေတ်ကတည်းက အဲဒီတုန်းက ဥပဒေတွေကို လက်တစ်လုံးခြား ပြန်လည်ပြီး အသုံးပြုသွားတယ်လို့ ကျွန်တော် ယုံကြည်တယ်။ တကယ့်တကယ် ဒီမိုကရက်တစ် အစိုးရ အုပ်ချုပ်တဲ့ နိုင်ငံတွေမှာ ဒီလိုဥပဒေမျိုးတွေ မရှိဘူး။ လက်ရှိ ကျွန်တော် အင်္ဂလန်နိုင်ငံမှာ နေပါတယ်။ ဒီမိုကရေစီစနစ်နဲ့သွားတဲ့ နိုင်ငံတွေမှာ ဒီလိုဥပဒေတွေ မရှိပါဘူး””ဟု ဝေဖန် ပြောကြားခဲ့သည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်သည့် ကချင်လွတ်မြောက်ရေး အဖွဲ့ကလည်း အစိုးရသည် တည်ငြိမ်မှု ပျက်ပြားအောင် လုပ်ကိုင်နေခြင်းဖြစ်ကြောင်း ဝေဖန်လိုက်သည်။

ဆန္ဒပြမှုများအပေါ် အစိုးရက ဆက်တိုက် အကြမ်းဖက် ဖြေရှင်းခဲ့မှုကို ပြည်သူအများစုက ဝေဖန်နေသော်လည်း အစိုးရထိပ်တန်း အရာရှိကြီးများကမူ ဥပဒေနှင့်အညီ ဖြစ်ကြောင်း ပြောကြားနေဆဲဖြစ်သည်။

မတ်လ ၁၁ ရက်နေ့နံနက်မှ စတင်ပြီး ညအချိန်အထိ ရာနှင့်ချီ ဖမ်းဆီးထားသည့် ကျောင်းသားများကို အသုတ်ခွဲပြီး ရုံးထုတ်စစ်ဆေးမှုများ ပြုလုပ်လျက်ရှိသော်လည်း ရှေ့နေများ၊ မိသားစုဝင်များ အပါအ၀င် မည်သူ့ကိုမျှ ၀င်ရောက်ခွင့် မပြုခဲ့ဘဲ မျက်ကွယ် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း မြန်မာပို့စ် သတင်းထောက် တစ်ဦး၏ လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြထားသည်။ လက်ပံတန်းပင်မ သပိတ်စခန်းမှ ဖမ်းဆီးခံ ကျောင်း သားများကို ပုဒ်မ ၁၄၃၊ ပုဒ်မ ၁၄၅၊ ပုဒ်မ ၁၄၇၊ ပုဒ်မ ၃၂၂၊ ပုဒ်မ ၅၀၅(ခ) စုစုပေါင်း ပုဒ်မ ၅ ခုဖြင့် တရားစွဲဆို ထားသည်။

ယခင်ဖြစ်စဉ်များကဲ့သို့ပင် သမ္မတ ဦးသိန်းစိန် နိုင်ငံခြားခရီးစဉ် သွားနေစဉ် ဖြစ်ပွားသည့် လက်ပံတန်း ဖြစ်စဉ်ကို မည်သူတာဝန်ခံမည်ကို သိလိုကြောင်း တကသမှ ကိုဇေယျာလွင်က ““မနေ့ကဖြစ်စဉ်ကို ဘယ်လို အစိုးရက တာဝန်ယူမှာလဲ၊ စုံစမ်းစစ်ဆေးမှုကို လုပ်စေချင်ပါတယ်။ တကယ် တာဝန်ရှိတဲ့သူတွေ ၀န်ခံစေချင်ပါတယ်””ဟု မေးခွန်း ထုတ်ခဲ့သည်။

မိဘပြည်သူများခင်ဗျားနှင့် စတင်သည့် သမတကြီး၏ မိန့်ခွန်းတွင် ကျောင်းသား သပိတ်ဖြိုခွင်းမှုနှင့် ပတ်သက်သည့် မည်သည့် ဖြေရှင်းချက်များ ပါလာမည်ကို လူအများက စိတ်ဝင်တစား စောင့်ကြည့်နေ ဆဲ ဖြစ်သည်။

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

၁၉၈၂ တိမွေးကုတက္ကသိုလ် စတက်တော့ ဆေးတက္ကသိုလ် (၁) လိပ်ခုံး ရန်ကုန်မှာ လူဆေး၊ သွားဆေး၊ တိဆေး ဆေးတက္ကသိုလ် (၃) ခုပေါင်းပြီး ပထမနှစ် (၁) နှစ်ခွဲအတူတူ တက်ခဲ့ရတယ်။

အဲဒီတုန်းက တိမွေးကုတက္ကသိုလ် မဂ္ဂဇင်းထုတ်တယ်။ လိပ်ခုံးက စာသင်ခန်းထဲကို မဂ္ဂဇင်းလာရောင်းတဲ့ ကျနော်တို့ရဲ့ အကြီးတန်းက အကိုကြီးတစ်ယောက် တွေ့ခဲ့ဘူးတယ်။ ဖျင်ပင်နီတိုက်ပုံဝတ်ပြီး ခပ်ဖောင်းဖောင်းလွယ်အိတ်ကြီးတလုံးလွယ်လို့။ ဘိုသီဘတ်သီနဲ့။ တခါတလေ ချွေးတလုံးလုံးနဲ့ ခပ်သွက်သွက်လမ်းလျှောက်တတ်သူ။ အဲဒီတုန်းက သူက စတုတ္ထနှစ်ကျောင်းသားကြီးဖြစ်မယ်ထင်တယ်။ သူက အင်းစိန်က ဧရာဝတီဆောင်မယ်နေတယ်ထင်ရဲ့။ ကျနော်က သမိုင်းအဆောင်တွေထဲက ဇီဝကဆောင်။ အဲဒီကထဲက သူ့ပုံပန်းက အပြင်စာ အဖတ်များတဲ့ နိုင်ငံရေးသမားပုံစံ။ သိပ်သိသာတယ်။ အမှတ်မမှားရင် တိမွေးကုတက္ကသိုလ် ရေဆင်းရွေ့တော့ ပေါင်းလောင်းဆောင်ဘေးမှာ စာအုပ်ဆိုင်လေး ဖွင့်ခဲ့တယ်ထင်ရဲ့။

ကျောင်းမှာ ကိုနေဝင်း နာမည်တူတွေများတယ်။ သူ့ကို လွယ်အိတ်ကြီး ကိုနေဝင်း လို့ခေါ်ကြတယ်ထင်တယ်။ လွယ်အိတ်ကြီး အမြဲလွယ်ထားလို့ထင်ပါရဲ့။ စကားပြောခပ်ဝါးဝါး။ အသားဖြူ။ မျက်ခွံခပ်ပိပိနဲ့။

ကျနော်တို့ ပထမနှစ်က ထွက်ခဲ့တဲ့ မဂ္ဂဇင်းကလည်း ကိုနေဝင်းတို့ ဦးစီးထုတ်တာဗျ။ မျက်နှာဖုံးပန်းချီမှာ အဓိပ္ပါယ်တွေ အများကြီးပါပြီး ကျောင်းသားတွေကြား တိုးတိုးပြောကြ အဓိပ္ပါယ် ဖော်ခဲ့ကြရတာ မှတ်မိတယ်။

ကျနော်က ဇီဝက အဆောင်မှာ စာကြည့်တိုက်တာဝန်ခံ။ ကိုနေဝင်းလာပေးတာတော့ မဟုတ်ဘူးထင်တာပဲ။ တနေ့မှာ ကျနော့်ဆီကို ဦးသန့်အရေးအခင်းပြီး ထုတ်တဲ့ ရန်ကုန်တက္ကသိုလ်မဂ္ဂဇင်းဟောင်းတစ်အုပ်ရောက်လာတယ်။ အဆောင်ကျောင်းသားတွေကိုဌားပေးဖို့။

အဆောင်မှူးက ဆရာဦးခင်ငြိမ်း။ မော်ကွန်းထိန်း။ Anatomy လည်းသင်တယ်။ ဆရာက မီးရှို့ပစ်ဖို့ပြောတယ်။ ကျနော်က ဟုတ်ကဲ့လို့ပြောပြီး သိမ်းထားတယ်။ စိတ်ချရတဲ့သူငယ်ချင်းတချို့ကိုပြတယ်။ မျက်နှာဖုံးပန်းချီ နဲ့ အတွင်းက ပါမောက္ခချုပ် ရုပ်ပုံဆွဲထားတာကို အဓိပ္ပါယ် ဖော်ကြတယ်။ ကျနော်တယောက်ထဲလည်း ခဏခဏ ကြည့်ပြီး အဓိပ္ပါယ် ဖော်နေမိခဲ့တယ်။

မှတ်မိသမျှပြောရရင် - သစ်ပုပ်ပင် ဆွဲထားပြီး ဘွဲ့ဝတ်စုံလိုနဲ့ကျောင်းသားတွေကို ဆွဲကြိုးချထားတဲ့ ပုံတွေလိုလို။ နောက် စစ်သားတွေက သေနတ်နဲ့ပစ်နေတဲ့ပုံလိုလို။ သစ်ပုပ်ပင်ကြီးက လက်သီးဆုပ်ထားတဲ့ လက်လိုလိုနဲ့ သွေးစီးကျနေတဲ့ပုံမျိုး။ ထိုင်ခုံဖြူဖြူလေးတွေက အုတ်ဂူတွေပုံစံမျိုး။ အဲတာက မျက်နှာဖုံးပုံ။ စာအုပ်က ဟောင်းလှပြီ။ အဖုံးကပြုတ်လုလု။ နောက် ထူးခြားတာက အတွင်းဘက် ပါမောက္ခချုပ် ဥယောဇဉ်မှာ ဓာတ်ပုံမထည့်ဘဲ ရုပ်ပုံဆွဲထည့်ထားတာ။ ကျနော်သိသလောက်ပြောရရင် ပါမောက္ခချုပ် ပုံက ဦးနေဝင်း (မ.ဆ.လ) ပုံနဲ့ခပ်တူတူဆွဲထားတယ်လို့ ပြောကြတယ်။ ဘွဲ့ ကက်ပ်ဦးထုပ်က သံလျက်ပုံ။ အမြိတ်ကလေးတွေချထားတာက လက်ပုံ။ အာဏာကို ဦးနေဝင်းလက်ဝါးကြီးအုပ်ထားတဲ့ အဓိပ္ပါယ်။ နောက် ပန်းချီဆရာလက်မှတ်က ၁ ခါထဲထိုးရမှာ ၂ ခါထပ်ထိုးထားတာ။ Say လိုလက်မှတ်ကို ၂ခါထပ်ရေးတော့ dog လို့ဖြစ်သွားတယ်။ နောက်ပုံကို ဘောင်ခတ်ပစ်တယ်။ ကျဉ်းမြောင်း ကျဉ်းကြပ်တဲ့သဘော။ နောက် ရုပ်ပုံပေါ်မှာ အနက်စက်တွေနဲ့ဗျ။ အမှောင်ကျနေတဲ့သဘော။ မလွတ်လပ်တဲ့သဘောထင်တာပဲ။

ဘာရယ်မဟုတ်ပါဘူး လွယ်အိတ်ကြီးကိုနေဝင်း ပုံတွေ့တော့ ဆက်စပ်မိသွားတာပါ။

၈၈ အရေးအခင်း ပြီး နဝတတက်လာပြီး ဦးခင်ညွန့်က နိုင်ငံရေးသမားတွေဖမ်းပြီး ကွန်မြူနစ်လို့စွပ်စွဲ စာအုပ်နီကြီးထုတ်တော့ စာအုပ်ထဲမှာ ကိုနေဝင်းပုံနဲ့ အကြောင်းအရာတွေပါလာတယ်။

ကျနော်က ဂုဏ်ယူသလိုခံစားမိတယ်။ (၁၆) နှစ်နီးပါးထောင်ကျခဲ့မှန်း ခုမှသိရတယ်။ နှစ်များမယ်မှန်းတော့ အဲဒီတုန်းက သိခဲ့ပါတယ်။ နောက် နာဂစ်မှာ ကူညီလို့ (၄) နှစ်ထောင်ကျပြန်တာတော့ ခုမှသိရတယ်။ တက္ကသိုလ်မှာတုန်းက အတန်းကြီး အတန်းငယ် ဖြစ်ပြီး မခင်ခဲ့။ အဝေးကပဲ လေးစားခဲ့ရတယ်။

ခု သတင်းတွေပေါ်လာတော့မှ ကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင်ရဲ့ ဖခင်ဟာ ကိုနေဝင်း ဖြစ်နေတာ သိရတယ်။ ဂုဏ်ယူပါတယ် ကိုနေဝင်း။

ကျနော့်ထက် ၆ နှစ်ကြီးပေမယ့် သူ့ပုံကြည့်ပြီး အရမ်းအိုစာသွားတယ်ထင်မိတယ်။ ဘယ်လောက်များ အနှိပ်စက်ခံခဲ့ရသလဲမသိ။ ကျောင်းတုန်းက ခင်မင်ခဲ့ရင်ဘယ်လောက်ကောင်းမလဲ တွေးနေမိတယ်။ ကျနော်ကတော့ ကိုနေဝင်းနဲ့ တကျောင်းထဲ တက်ခဲ့ဘူးတာ။ မြင်ခဲ့ဘူးတာ။ သိခဲ့ဘူးတာ ဂုဏ်ယူတယ်။

ခု မဖြိုးဖြိုးအောင်ရဲ့ဖခင်လို့သိလိုက်ရလို့ ပိုပြီးတော့ ဂုဏ်ယူပါတယ် အကိုကြီးကိုနေဝင်း ခင်ဗျား။

(ကိုအေးလင်း)။

Credit..Nik Nayman

ကိုယ်ချင်းစာစိတ်ဆိုတာ ဘုရားသခင်တိုင်း မြတ်နိုးတဲ့ တန်ဖိုးထားတဲ့စိတ်ဓါတ်ပါ။
ဒီကာတွန်းကိုမြင်ရတော့ ၂၀၀၇ ခုနှစ် စက်တင်ဘာသံဃာ့အရေးနဲ့ အဖမ်းခံရတုန်းကအဖြစ်အပျက်လေးကိုသွားသတိရမိပါတယ်။
ပြည်ထဲရေးရုံးမှာကျွန်တော်နဲ့ ကျွန်တော့်ဇနီးကိုစစ်ဆေးချက်ယူနေတုန်း ကျွန်တော့်
ဇနီးကသူ့ ကိုစစ်တဲ့ ရဲမေကိုပြောလိုက်တယ်။" တော်ဘီ..နောက်ကိုလူမှုရေးမလုပ်တော့ဘူး၊ လူမှုရေးလုပ်တော့ လူသားချင်းစာနာစိတ်မွေးရတယ်။ ဒါတွေကြောင့် ဒီလိုဖြစ်ရပ်ဆိုးတွေမှာ ပါမိတယ်" လို့ လဲပြောရော အဲဒီရဲမေကပြာပြာသလဲ " အဲဒီလိုတော့ မလုပ်ပါနဲ့ အစ်မရယ်၊ လူမှုရေး
တော့ဆက်လုပ်ပါ၊ ဘာဖြစ်လို့ လဲဆိုတော့ ကျွန်မအမေဆုံးတုန်းက အစ်မတို့ အစ်ကိုတို့ နာရေး
ကူညီမှုအသင်း(ရန်ကုန်) နဲ့ ဘဲ အစအဆုံးအခမဲ့လုပ်ပေးခဲ့တာပါ " တဲ့ ။
ဒါပါဘဲဗျာ...လူဆိုတာကိုယ်တိုင်ခံစားရမှ ကိုယ်ချင်းစာနာစိတ်တွေပေါ်လာတတ်တယ်ဆိုတာ။
ဒါကြောင့်...နေ့ တိုင်း၊အချိန်တိုင်း၊မိနစ်တိုင်း၊စက္ကန့် တိုင်း၊အသက်ရှူ ခွင့်လေးရတဲ့အချိန်လေးမှာ
ကိုယ်ချင်းစာနာစိတ်၊ဖြူ စင်တဲ့မေတ္တာစိတ်တွေမွေးဖွားကြဖို့ အရေးကြီးပါတယ်။ ။

ဒါဟာ တကဲ့ ဖြစ်ရပ်ပါ။ ရဲမေလေး နံမည်တောင် မှတ်မိသေးတယ်။ နောက်ရက်တွေကျတော့ ကျမတို့ကို မောရသုတ်တွေ၊ မေတ္တာသုတ်တွေ၊ နမောတေဂါထာတွေ မရတာတွေ ရေးပေးရင်း ရွတ်ဖို့တိုက်တွန်းကြပါလေရော။ မြန်မြန် လွတ်စေချင်ကြလို့တဲ့။

၁၀ရက်နေ့က လက်ပံတန်းမှာ ထိခိုက်ဒါဏ်ရာရတဲ့ ရဲကို လက်ပံတန်းဆေးရုံကို ပို့ရတာလည်း အန္တရာယ်ကြီးလှပါတယ်။ မတရား အကြမ်းဖက်မှုကြောင့် မခံမရပ်နိုင် ဖြစ်နေတဲ့ ရပ်မိရပ်ဖတွေက ကားထဲမှာ ရဲပါရင် ပြသနာလုပ်တော့မည့် အချိန်မှာ ရဲကို ရဲဝတ်စုံချွတ်ထားပြီး အခြားအ၀တ်တွေနဲ့ အုပ်ပြီး ရဲမှန်းမသိအောင် သယ်ပေးခဲ့ရတာပါ။ အဲဒီအတွက် လက်ပံတန်းကလူတွေကို အားနာမျက်နှာပူမိပေမဲ့ လူမျိုး ဘာသာ ဆင်းရဲချမ်းသာ ရန်သူမိတ်ဆွေ မရွေး ကူညီမှုပေးနေတဲ့ ပရဟိတသမားတွေဟာ ဗြဟ္မစိုရ်တရားကိုတော့ လက်လွှတ်လို့မဖြစ်တာကိုလည်း နားလည်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

Kyaw thu-myint myint khin pe

လက်ပံတန်းဖြစ်စဉ်တွင် ဖမ်းဆီးထိန်းသိမ်း ခံထားရသော ကျောင်းသားများကို သက်ဆိုင်ရာမှ တွေ့ဆုံခွင့်မပြုခြင်းမှာ လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်း၊ အကျဉ်းသားအခွင့်အရေး ဆုံးရှုံးနေခြင်းဖြစ်ကြောင်း မိသားစုဝင်များနှင့် ရှေ့နေများက ပြောကြားသည်။

မတ် ၁ဝ ရက်က လက်ပံတန်းရှိ ဒီမိုကရေစီပင်မသပိတ်စစ်ကြောင်းကို သက်ဆိုင်ရာမှ အင်အားသုံးဖြိုခွင်း၍ ကျောင်းသားများအား ဖမ်းဆီးထိန်းသိမ်းထားပြီးနောက် မိသားစုဝင်မှ သားသမီးများနှင့်တွေ့ရှိရန် သာယာဝတီ အကျဉ်းထောင်များသို့ သွားရောက်ခဲ့သော်လည်း ယနေ့ (မတ် ၁၄ ရက်) အထိ တွေ့ဆုံခွင့် မရရှိသေးကြောင်း သိရသည်။

“အန်တီတို့ မနေ့ကတုန်းကတော့ တွေ့ရမလားဆိုပြီးတော့ သွားလိုက်တယ်။ မတွေ့ရပါဘူး။ အန်တီတို့သွားတာ ညနေစောင်းတော့ နောက်ကျနေပြီ။ ဆေးရုံတင်ထားတယ် သတင်းကြားလို့ သွားကြည့်တာ။ တွေ့ခွင့်ရမလားလို့မေးတော့ တွေ့ခွင့်အမိန့် ပေးမထားဘူးတဲ့။ ထောင်ဝန်ထမ်းတွေက ပြောတယ်။အန်တီအနေကတော့ အခုလောလောဆယ်တော့ သားကို ပြန်လွှတ်ပေးဖို့ သိပ်တော့မျှော်လင့်မထားပါဘူး။ သူ့ကျန်းမာရေးကိုတော့ စိတ်ပူတယ်။ ရဲတပ်ဖွဲ့အနေကတော့ လူမဆန်ဘူးဆိုတာ အန်တီတစ်ယောက်တည်း မဟုတ်ပါဘူး၊ အားလုံးမြင်တွေ့နေတဲ့သူတွေ ပြောနေတာပဲ။ သူတို့ သားသမီးချင်း မစာမနာ လူမဆန်ရိုက်တာတော့ လွန်တာပေါ့။ ခံစားရတဲ့သူတွေက ပိုသိမှာပါ။ သားနဲ့က တိုက်ရိုက် အဆက်အသွယ် မရသေးပါဘူး။ဟိုနေ့က ပြန်လွတ်တဲ့ ကျောင်းသူကောင်မလေး ပြောတာတော့ ရိုက်နှက်ထားတဲ့ ဒဏ်ရာတွေနဲ့ ဆေးရုံတင်ထားတယ်။ ပြီးတော့ သူ့မှာသွေးကျတဲ့ရောဂါ ရှိတယ်။ ရှေ့နေငှားဖို့ကတော့ အန်တီတို့လည်း အခြေအနေစောင့်နေတာပေါ့။ ဥပဒေဆိုတာ အစိုးရလက်ထဲမှာရှိတော့ သူ့တို့ ဘာလုပ်မလဲဆိုတာ စောင့်ကြည့်နေတယ်။ သားက အခုတက်နေတာ အနုပညာတက္ကသိုလ် ပထမနှစ်ပေါ့နော်။ အရှေ့ပိုင်းတက္ကသိုလ်မှာက ဒုတိယနှစ် တက်နေတာပါ” ဟု ကိုမင်းသွေးသစ်၏ မိခင် ဒေါ်ခင်ခင်က ပြောကြားသည်။

အလားတူ ဖမ်းဆီးထိန်းသိမ်းခံထားရသော မဖြိုးဖြိုးအောင်၏ ဖခင် ဒေါက်တာနေဝင်းက “ဒီလွတ်လာတဲ့ ရည်မွန်ဆိုတဲ့ မိန်းကလေးကို ဖုန်းဆက်ပြီး မေးကြည့်တော့ ကျန်းကျန်းမာမာ ရှိပါတယ်တဲ့။ ပြန်လွတ်တဲ့ ကျောင်းသားတွေအတွက်တော့ ဝမ်းသာပါတယ်ဗျာ။ ဒါပေမဲ့ မိဘတွေခေါ်ပြီးတော့ ခံဝန်ထိုးခိုင်းတာတော့ ဘယ်ကောင်းမလဲဗျာ။ သူတို့က အပြစ်ရှိတဲ့သူတွေ မဟုတ်ဘူးလေ။ ဒီလောက်ပဲ လွှတ်ပေးပြီးတော့ ကျန်တဲ့သူတွေ ဖမ်းထားတာတော့ အဓိပ္ပာယ်မရှိဘူး။ အကုန်ပြန်လွှတ်ပေးရမှာ။ တကယ်အပြစ်ရှိတာက ရဲတွေလေ။
သူတို့သဘောတူထားတဲ့ အချက်တွေထဲမှာ အကြမ်းမဖက်ရဘူးလို့ ပါပြီးသား။ ဒီလိုလုပ်တာ လုံးဝအဓိပ္ပာယ်မရှိဘူး။ အပြစ်ရှိတဲ့သူကို အရေးမယူဘဲနဲ့ အပြစ်မရှိတဲ့သူကို အရေးယူတာကတော့ မကောင်းဘူးပေါ့။ ရဲတပ်ဖွဲ့အနေက လုပ်နည်းလုပ်ဟန် ပြောင်းပြန်ဖြစ်နေတယ်လို့ မြင်တယ်။ တစ်ခုပြောမယ်၊ မိတ္ထီလာမှာ ဘာသာရေးနဲ့ပတ်သတ်တဲ့ အဓိကရုဏ်းတွေမှာတော့ လူတွေက ဓားတွေ၊ တုတ်တွေ ကိုင်ဆောင်ပြီး လုပ်နေတာကျတော့ ရဲတပ်ဖွဲ့က လက်ပိုက်ပြီး ကြည့်နေတယ်။ အင်အားမလောက်လို့ ဘာလို့နဲ့။ အခုလို ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ သူတွေကျတော့ အကြမ်းဖက်ဖြိုခွင်းတယ်ဗျာ။ လက်ပံတောင်းမှာဆိုလည်း ဒေါ်ခင်ဝင်းကို သေနတ်နဲ့ပစ်တယ်ဗျာ။ ဘုန်းကြီးတွေကို မီးလောင်ဗုံးနဲ့ပစ်တယ်။ ဒါတွေကို အကြမ်းဖက်ဖြိုခွင်းတယ်ဆိုတော့ ကောင်းတာကိုမလုပ်ဘဲနဲ့ မကောင်းတာကို လုပ်နေတယ်လို့ မြင်တယ်။ အခု ပြန်လွတ်လာအောင် ရှေ့နေတွေ့ရမှပဲ တရားဘယ်လို ရင်ဆိုင်မလဲဆိုတာတော့ တိုင်ပင်ရမှာပါ။ သမီးနဲ့ကလည်း လုံးဝကို တွေ့ခွင့်မရသေးပါဘူး။ ဒါဟာ လူအခွင့်အရေး ချိုးဖောက်ခံရတာပါ ”ဟု ပြောကြားသည်။

သက်ဆိုင်ရာက ဖမ်းဆီးထိန်းသိမ်းထားသူများအနက် ကျောင်းသားဖြစ်သူများကို ပြန်လည်လွှတ်ပေးမည်နှင့် ကျောင်းသား မဟုတ်သူများကို အရေးယူသွားမည်ဟု ပြောကြားထားပြီး မတ် ၁၃ ရက်က ကျောင်းသား ကျောင်းသူ ကိုးဦးကို ခံဝန်ထိုးခိုင်းစေ၍ ပြန်လွှတ်ပေးခဲ့သည်။

“စဖမ်းတဲ့အချိန်ကစပြီး မိသားစုနဲ့လည်း တွေ့ခွင့်ပေးရမယ်။ ရှေ့နေနဲ့လည်း တွေ့ခွင့်ပေးရမယ်။ နောက်ပြီး ဖမ်းတဲ့အမှုကလည်း နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှုလည်း မဟုတ်ဘူး။ လူသတ်မှုကြီးလည်း မဟုတ်ဘူး။ ရိုးရိုးသာ မှန်အမှုနဲ့ဖမ်းတာ။ အဲဒီတော့ ဥပဒေမှာ ခွင့်ပြုထားတဲ့ အခွင့်အရေးကိုတော့ ခံစားခွင့်ပေးရမယ်။ ခံစားခွင့်မပေးတာက လူ့အခွင့်အရေးချိုးဖောက်တာပဲ။ ဥပဒေမှာ မရှိဘဲ တောင်းတယ်ဆိုရင် မမှန်ဘူးပေါ့။ အခုဟာက ဥပဒေမှာရှိတာပဲ။ ထောင်ကိုတောင် ပို့ထားပြီးပြီဆိုမှတော့ ဘာအခက်အခဲရှိဦးမှာလဲ။
ဒီအခွင့်အရေးက အကျဉ်းထောင်လက်စွဲမှာလည်း ရှိတယ်။ ရဲလက်စွဲမှာလည်း ရှိတယ်။ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေမှာ ရှိတယ်။ အဲဒီတော့ ရှေ့နေနဲ့တွေ့ခွင့်ကို ပေးရမှာပါ။ မပေးဘူးဆိုတာကိုက မမှန်ကန်တာပဲ”ဟု တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောကြားသည်။

လက်ပံတန်းဖြစ်စဉ်တွင် ဖမ်းဆီးခံထားရသော ကျောင်းသားကျောင်းသူနှင့် ပြည်သူများကို လက်ပံတန်းတရားရုံးတွင် ပုဒ်မ ၁၄၃၊ ပုဒ်မ ၁၄၅၊ ပုဒ်မ ၁၄၇၊ ပုဒ်မ ၅ဝ၅ (ခ)၊ ပုဒ်မ ၃၃၂ တို့ဖြင့် တရားစွဲဆိုထားကြောင်း သိရသည်

Eleven Media Group

၂၀၁၅ ခုနှစ် မတ်လ ၁၃ ရက်နေ့ ညနေ မြန်မာ ဂျာနယ်လစ် ကွန်ရက် MJN အစည်းအဝေး ဆုံးဖြတ်ချက်မှာ အောက်ပါအတိုင်း ဖြစ်သည်။

ပြီးခဲ့သည့် မတ်လဆန်း အလုပ်သမားဆန္ဒပြမှုနှင့် မြို့တော်ခန်းမရှေ့ ဆန္ဒပြမှု၊ လက်ပံတန်း ကျောင်းသားဆန္ဒပြမှုများတွင် သတင်းသမားများဖြစ်ကြောင်းသိလျက်နှင့် ရိုက်နှက် ထိန်းသိမ်းခြင်းများ ပြုလုပ်ခဲ့ခြင်းအတွက် တာဝန်ရှိသည့် နိုင်ငံတော် သမ္မတ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ယင်းအဖြစ်အပျက်နှင့်ပတ်သက်၍ မုသားတ၀က် သတင်းဖေါ်ပြမှုများ လုပ်ဆောင်ခဲ့သည့် ပြန်ကြားရေး ၀န်ကြီးဌာနတို့၏ လုပ်ရပ်အား ရှုတ်ချကြောင်း MJN အနေဖြင့် ထုတ်ပြန်ချက် ထုတ်ခဲ့ပြီးဖြစ်သည်။

ယင်းလုပ်ဆောင်မှုများနှင့် ပတ်သက်၍ မြန်မာသတင်းသမားများ အနေဖြင့် တုံ့ပြန်မှု အချို့ လုပ်ဆောင်ရန် ယနေ့ ညနေ MJN အစည်းအဝေး က ဆုံးဖြတ်ခဲ့ပါသည်။
၁။ ပြည်ထဲရေး ၀န်ကြီးဌာန၊ နိုင်ငံတော် သမ္မတ၊ ပြန်ကြားရေး ၀န်ကြီးဌာနနှင့် ပတ်သက်သည့် သတင်းဖေါ်ပြမှုများကို ရက်အကန့်အသတ်တစ်ခုဖြင့် ဖေါ်ပြခြင်းမပြုဘဲ စာမျက်နှာ အလွတ်ထားကာ မည်သည့်အတွက်ကြောင့် ဖေါ်ပြခြင်း မပြုသည်ကိုရှင်းပြသည့် စာသားကိုသာ ယင်းနေရာတွင် ဖေါ်ပြရန်။

၂။ နိုင်ငံတော် သမ္မတနှင့် ပြန်ကြားရေးဝန်ကြီးတို့ တက်ရောက်ရန်ရှိသော မတ်လ ၂၇၊ ၂၈၊ ၂၉ ၌ ရန်ကုန်မြို့တွင် International Press Institute မှ ကျင်းပရန် ရှိသည့် မီဒီယာ ကွန်ဖရင့်သို့ မြန်မာသတင်းသမားများ တက်ရောက်ခြင်း မပြုဘဲ သပိတ်မှောက်ရန် ဆုံးဖြတ်လိုက်ပြီး ပူးပေါင်းပါဝင်ရန် သတင်းမီဒီယာ အဖွဲ့အစည်းများ မီဒီယာ တိုက်များကို ရှင်းပြ စည်းရုံးသွားမည်ဟု ဆုံးဖြတ်လိုက်ပါသည်။

Myanmar Journalist Network

ဒီ အစိုးရကို အလုပ်သမားတွေ ကလည်း မကျေနပ်ဘူး။ ကျောင်းသားကလည်း မကျေနပ်ဘူး။ လယ်သမားတွေကလည်း မကျေနပ်ဘူး။ ပြည်သူအားလုံးကလည်း မကျေနပ်ဘူး။

ဒါကို တချို့ တချို့က အတ္တတွေ များပြီး ....
ဆူပူမှုကို မလိုလားဘူး ဘာညာ အော်နေသေးတယ်။
ဆူပူ အုံကြွတာနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြတာကို ခွဲမသိ လောက်အောင် အမှောင်ဖုန်းနေတဲ့ လူတချို့ကို ပြောချင်တာ က

-စာများများဖတ်ပါ။

-အများအတွက် ထည့်သွင်း စဉ်းစားတတ်တဲ့ စိတ်မွေးပါ။

-ဟိုဘက်အိမ်မီး လောင်တာ ငါနဲ့ မ ဆိုင်ဘူးလို့ မထင်ပါနဲ့။ မီးဆိုတာ ကူးဆက်လာမှာပါ။

-ဒီမိုကရေစီ ဆိုတာ ဘာမှန်း မသိပဲနဲ့ အခု အစိုးရကို ဒီမိုကရေစီ အစိုးရလို့ မထင်ပါနဲ့။ သမ္မတရဲ့ အထက်မှာ ကာလုံရှိတယ် ဆိုတာသိပါ။

-အရပ်သား အုပ်ချုပ်ရေးလို့ မထင်ပါနဲ့။ ကာကွယ်ရေးဦးစီး ချုပ်ကို ဘယ်သူ ခန့်မှန်း မသိတဲ့ တိုင်းပြည်ပါ။

-ကာကွယ်ရေးဦးစီးချုပ် အပါအဝင် စစ်ဖက်က ရာခိုင်နှုန်းများစွာပါဝင်တဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ဆိုတာက မြန်မာ နိုင်ငံကို အုပ်ချုပ်နေတာပါ။

-စစ်အာဏာရှင် လက်အောက်ပြန်ရောက်သွားလိမ့်မယ်လို့ အူကြောင်ကြောင် မပြောပါနဲ့။ ဖွဲ့စည်းပုံကို ဖတ်ကြည့်ပါ။ အခုလည်း စစ်အာဏာရှင် လက်အောက်မှာပဲ ဆိုတာ မမေ့ပါနဲ့။

-ရွေးကောက်ပွဲနီးမှ ဆူဆူပူပူ မလုပ်ကြပါနဲ့လို့ အသံကောင်း မဟစ်ပါနဲ့။ တရားမျှတတဲ့ ရွေးကောက်ပွဲဆိုတာ မဖြစ်နိုင်ပါ။

-ရွေးကောက်ပွဲ တရားမျှတတယ်ထားဦး ဖွဲ့စည်းပုံ မပြင် မချင်း ကာလုံက သမ္မတ အထက်မှာ ရှိပါတယ်။

-နောက်မှ ဥပဒေ ပြင်ကြပေါ့။ ၂၀၁၅မှာ လွှတ်တော်မှာ ပြည်သူရွေးချယ်သူတွေ များလာတော့ အောင်မြင်မှာပါလို့ ဆရာကြီး မလုပ်ပါနဲ့။ လွှတ်တော်ထဲက အစိတ်သား ရှိနေသ၍ ကောင်းမွန်တဲ့ ဘာဥပဒေမှ ပြုမရပါ။

-ဒီလိုပဲ နေသားကျနေပါပြီ ဘယ် အစိုးရတက်တက် လို့ သံယောင်မလိုက်ပါနဲ့။

** သင့်အိမ်မီးမှန်သလား။
** မီးအားမှန်သလား။
** ရေက tap က ဖွင့်လိုက်တာနဲ့ သောက်သုံးရေ အဆင့်မှီပြီလား။
** သင့်အိမ်ရှေ့ လမ်းကောင်းပြီလား။
** သင့် အသက်အိုးအိမ်စည်းစိမ် လုံခြုံပြီလား။
** ရေဆိုးစနစ်ကောင်းကောင်း သင့်ပတ်ဝန်းကျင်မှာ ရှိပြီလား။
** သင့်သားသမီး အဆင့်မှီ ပညာ သင်ကြားနိုင်ပြီလား။
** သင် နေမကောင်းရင် ဆေးကုသ စရိတ် စုဆောင်းထားနိုင်ပြီလား။
** ပိုက်ဆံရှိရင် တောင် နိုင်ငံတွင်းမှာ အဆင့်မှီ ဆေးကုသနိုင်ပြီလား။
** အိမ်ပိုင် ရာပိုင် ရှိပြီလား။
** လမ်းတွေ ကောင်းမွန်ပြီး သွားလိုရာကို အန္တရယ်ကင်းကင်းသွားနိုင်ပြီလား။

ငါတို့ အားလုံး အဆင်ပြေတယ် ဆိုရင်တော့ သင်ဟာ မတရားရယူထားသော မိဘ (စစ်တပ် ခေါင်းကြီးပိုင်း) ကသော်လည်းကောင်း
မတရားရယူထားသော (စစ်ခေါင်းဆောင်ပိုင်းနဲ့ ပေါင်းစားနေသော) ခရိုနီ သော်လည်းကောင်း ဖြစ်ပေမည်။

သာမာန် သူလို ... ကိုယ်လို ... ကတော့ ဒုက္ခကြီးတာနဲ့ သေးတာပဲကွာ မယ်။

ဒါကို ဘာလို့ ဘာလို့ ဘာလို့ .........
*** ပညာရေး ဥပဒေ ကောင်းရာ ကောင်းကြောင်း တောင်းဆို ကြိုးစားနေတဲ့ ကျောင်းသားတွေ
*** လယ်သိမ်းခံရလို့ ဆန္ဒပြနေတဲ့ လယ်သမားတွေ
*** လုပ်ခ လစာ နဲ့ မ စားလောက်လို့ အခြေခံ လစာတိုးတောင်းတဲ့ အလုပ်သမားတွေ
ကို ဆူပူသူတွေ လို့ စွတ်စွဲနေသလဲ။

- အမှန်တရားကို မြင်နိုင်တဲ့ အသိညဏ်
- တွေးခေါ်စဉ်းစားတတ်တဲ့ အသိညဏ်
- ကိုယ်ချင်းစာတရား
- အားနည်းသူကို ငဲ့ညှာတက်တဲ့ စိတ်ထား
- ဒုက္ခရောက်သူကို ကူညီချင်တဲ့ စိတ်ထားတွေ
သင့်မှာ ပျောက်ဆုံးနေရင် .....
သင်လူရော ဟုတ်ရဲ့လား .....လို့ မှန်ထဲမှာသေချာကြည့်ပြီး ... ပြန်မေးကြည့်ပါ။

Credit : Chaw Yupar


သပိတ်သပိတ်မှောက်မှောက်
၂၇ နှစ်မြောက် မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် သတင်းစာရှင်းလင်းပွဲ နှင့် မြန်မာနိုင်ငံ ပညာရေးပြုပြင်ပြောင်းလဲမှုအတွက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်တောင်းဆိုနေသော ကျောင်းသူ/ ကျောင်းသားများနှင့်ပြည်သူလူထုကို ရက်စက်စွာ အကြမ်းဖက်နှိမ်နင်းမှုအား ကန့်ကွက်ရူတ်ချခြင်းနှင့် ဖမ်းဆီးထိမ်းသိမ်းထားသော ကျောင်းသားများအားအမြန်ဆုံးပြန်လွတ်ပေးရေးအတွက် ဆန္ဒပြတောင်းဆိုပွဲအခမ်းအနား
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ ကိုရီးယားနှင့် ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများ ပူးပေါင်းဆင်နွဲသည်။၂၀၁၅ ခုနှစ် မတ်လ ၁၅ တနင်္ဂနွေနေ့  ဒေသစံချိန် မွန်းတည့် ၁၂နာရီတွင်စတင်သည်။


ရန်နိုင်ထွန်း (တောင်ကိုးရီးယား)

တရုတ်နိုင်ငံတောင်ပိုင်း၊ ယူနန်ပြည်နယ်၊ Nansan မြို့ တောင်ကုန်းတခုပေါ်မှ တွေ့ရသည့် မြန်မာနိုင်ငံ၊ ကိုးကန့်ဒေသ။ သြဂုတ် ၃၀၊ ၂၀၀၉။
မြန်မာစစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် တရုတ်နိုင်ငံဘက်ထဲ ဗုံးကျတယ်ဆိုတာဟာ ကိုးကန့်လက်နက်ကိုင်တွေက နားလည်မှု လွဲအောင်ဖန်တီးဖို့ တရုတ်နိုင်ငံထဲ ပစ်လိုက်တာ ဖြစ်နိုင်တယ်လို့ မြန်မာအစိုးရက တုန့်ပြန်ပြောဆိုပါတယ်။

မြန်မာစစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် တရုတ်နိုင်ငံသားတွေ သေဆုံးခဲ့ရတဲ့ကိစ္စနဲ့ပတ်သက်လို့ အမြန်ဆုံး အလေးအနက်ထား တာဝန်ယူ ဆောင်ရွက်ပေးဖို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက စနေနေ့မှာ တောင်းဆိုလိုက်ပြီးတဲ့ နောက် မြန်မာအစိုးရဘက်က တုန့်ပြန်ချက် စနေနေ့မှာပဲ ထွက်လာတာပါ။

မြန်မာစစ်တပ်အနေနဲ့ သူတို့ရဲ့ လေကြောင်းစစ်ဆင်ရေးနဲ့ပတ်သက်ပြီး တရုတ်စစ်တပ်ကို အပြည့်အ၀ အသိပေးအကြောင်းကြားခဲ့ ပြီးတော့ အဲဒီလိုအသိပေးထားတဲ့အတိုင်း အတိအကျ လုပ်ဆောင်ခဲ့တယ်လို့ မြန်မာသမ္မတရုံး ညွှန်ကြားရေးမှူးတဦးဖြစ်သူ ဦးဇော်ဌေးကပြောတာကို မတ်လ ၁၄ ရက်၊ စနေနေ့ရက်စွဲနဲ့ ရိုက်တာသတင်းတပုဒ်မှာဖော်ပြထားပါတယ်။ မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု ပစ်မှတ်အားလုံးဟာ မြန်မာပိုင်နက်ထဲမှာပဲဖြစ်တယ်လို့လည်း ဦးဇော်ဌေးကပြောပါတယ်။

တရုတ်ဘက်ကို ဗုံးကျတယ်ဆိုတာဟာ မြန်မာစစ်တပ်နဲ့ တိုက်နေသူတွေက တရုတ်နဲ့မြန်မာကြား နားလည်မှုလွဲအောင် ရည်ရွယ် ချက်နဲ့ ဖန်တီးတာဖြစ်နိုင်ပြီး တရုတ်သံတမန်တွေကို ဆင့်ခေါ်ပြီးတော့ ရှင်းပြဖို့စီစဉ်ထားတယ်လို့ ဦးဇော်ဌေးကပြောတာကို ရိုက်တာသတင်းမှာ တိုက်ရိုက် ကိုးကား ဖော်ပြ ထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ကျောက်ဖြူကနေ စစ်တွေမြို့ဆီ ခုတ်မောင်းလာတဲ့ သင်္ဘောနစ်မြုပ်မှုက ကယ်ဆယ်ထားတဲ့ အသက်ရှင်ကျန်ရစ်သူများ။ (ဓာတ်ပုံ - သစ်လွင်ဦး)
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့အနီး ပင်လယ်ပြင်မှာ မတ်လ (၁၃)ရက်နေ့က နစ်မြှုပ်သွားတဲ့ အစိုးရပိုင် အောင်တံခွန် နှစ်ထပ်သင်္ဘောနဲ့လိုက်ပါသွားသူ ခရီးသည်ဦးရေ ခန့်မှန်းခြေ (၅၀) နီးပါးလောက် ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ အစိုးရက ထုတ်ပြန် ကြေညာထား ပါတယ်။ သင်္ဘောနစ်မြုပ်ရတဲ့ အကြောင်းရင်းဟာ သတ်မှတ်ထားတဲ့ အလေးချိန်ထက် အလွန်အကျွံပိုပြီးတင်လာတဲ့ ခရီးသည်နဲ့ ကုန်ပစ္စည်းတွေကြောင့် ဖြစ်တယ်လို့ ကယ်ဆယ်ရေးလုပ်ငန်းတွေကူညီနေတဲ့ ဒေသခံတဦးပြောပါတယ်။ မအင်ကြင်းနိုင်က အကြောင်းစုံပြောပြမှာပါ။

တောင်ကုတ်မြို့ကနေ စစ်တွေမြို့ကိုထွက်ခွာလာတဲ့ အောင်တံခွန်နှစ်ထပ်သင်္ဘောဟာ ကျောက်ဖြူမြို့ဆိပ်ကမ်းမှာ ဆိုက်ကပ်ပြီး ဆက်လက်ထွက်ခွာ လာရာ မြေပုံမြို့နယ်မြောက်ကျွန်းအနီးမှာ သောကြာနေ့ည (၉)နာရီကျော်ပတ်ဝန်းကျင်လောက်မှာ စတင်နစ်မြုပ်သွားတာဖြစ်ပါတယ်။ သင်္ဘောနစ်မြုပ်ရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်လို့ ကယ်ဆယ်ရေးလုပ်ကိုင်နေတဲ့ ကျောက်ဖြူလူမှုကွန်ယက်အဖွဲ့နဲ့ နာရေးကူညီမှုအသင်း တာဝန်ခံ ဦးထွန်းလွင်ကပြောပါတယ်။

“ရာသီဥတုဆိုးလို့မဟုတ်ဘူး၊ သင်္ဘောက အိုဟောင်းနေပြီ။ နောက်တခါ သင်္ဘောထဲမှာ ပစ္စည်းတွေ အဆမတန်များတယ်။ သံတွေ ပါတယ်။ နောက်ပြီးမှ မီးတိုင်တွေပါတယ်လို့လည်း ကျနော်တို့ သိရတယ်။ လူကလည်းပဲ ၃၀၀ ကျော်လောက် အဲဒိသင်္ဘောပေါ်မှာပါတာဗျ။ အဲဒါကြောင့် ဖြစ်တာဗျ။”

သင်္ဘောနစ်မြှုပ်တဲ့နေရာကို ကျောက်ဖြူမြို့က လူမှုရေးအဖွဲ့အစည်းတွေလည်း ကယ်ဆယ်ရေးမော်တော်တွေနဲ့အတူလိုက်ပါပြီး ကူညီခဲ့ကြပါတယ်။ အဲဒီမှာတွေ့ကြုံရတဲ့အခြေအနေကိုတော့ ဦးထွန်းလွင်က အခုလိုပြောပြပါတယ်။

“ကျောက်ဖြူက မီးသတ်တို့၊ ရဲတို့ အုပ်ချုပ်ရေးမှူးရုံးတွေက သွားကြတယ်။ သို့သော်လည်း ညဘက် ၂ နာရီလောက်မှ အဲဒီကို ထွက်သွားတဲ့အခါကျတော့ သင်္ဘောမြုပ်ပြီး ဆယ်နာရီလောက်ကြာမှ သူတို့ ရောက်သွားတာဗျ။ အမှန် ကယ်လိုက်တာက သင်္ဘောပေါ်မှာပါတဲ့ ဝါးတွေဗျ။ သင်္ဘောပေါ်မှာပါတဲ့ ဝါး တွေက အစည်းပေါင်း ၆၀ လောက်ပါတယ်။ အဲဒီဟာက ကယ်လိုက်တာ၊ ဘယ်သူမှ ကယ်တာမဟုတ်ဘူး။ အဲဒီဝါးတွေမပါရင် အကုန်လုံးသေမှာ၊ အဲဒီသင်္ဘောပေါ်ကလူတွေ၊ ဒီက ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်တဲ့ဟာက ဆယ်နာရီလောက်ကြာပြီးမှ ရောက်ကြတာဖြစ်တယ်ဆိုတော့ သူတို့ ရောက်သွားတဲ့အခါကျတော့ ရွာသားတွေက ရွာသားတွေက ကယ်ထားတဲ့လူတွေကိုပဲ ကျောက်ဖြူကို ခေါ်လာတာ။ ကယ်ဆယ်ရေးအဖွဲ့တွေက”

အခုချိန်ထိ နစ်မြှုပ်သွားတဲ့သင်္ဘောထဲမှာပါသွားတဲ့ခရီးသည်အလောင်းတွေကို ဆယ်ယူလို့မရသေးဘူးလို့ ဦးထွန်းလွင်ကပြောပါတယ်။ စနေနေ့ညက ကျောက်ဖြူဆေးရုံကိုသယ်ဆောင်လာတဲ့ ခရီးသည်အလောင်း (၃၃)လောင်းထဲမှာအမျိုးသမီး (၂၈)လောင်း၊ ယောက်ျား (၄)လောင်း၊ ကလေးအရွယ် (၃)လောင်းနဲ့ ဘုန်းကြီးအလောင်း (၁)လောင်းတို့ ပါဝင်ပါတယ်။

အသက်မသေဘဲလွတ်မြောက်လာတဲ့ ခရီးသည် (၃၅)ဦးကို ရေတပ်အကူအညီနဲ့ကျောက်ဖြူမြို့ကိုပို့ဆောင်ခဲ့ပြီး အလက (၄) မှာ အာဏာပိုင်တွေ ယာယီဖွင့်လှစ်ထားတဲ့ ကယ်ဆယ်ရေးစခန်းမှာကူညီစောင့်ရှောက်ထားပါတယ်။ စစ်တွေမြို့ကိုတော့ ကျန်ခရီးသည် (၇၀) ကျော်ကို ပို့ဆောင်ခဲ့တယ်လို့ အစိုးရဘက်က သတင်းထုတ်ပြန်ထားပါတယ်။

အောင်တံခွန်သင်္ဘောမှာ လက်မှတ်နဲ့ခရီးသည် (၂၁၀) ယောက်အပြင် ပိုက်ဆံပေးပြီး လက်မှတ်မရပဲစီးတဲ့ခရီးသည် (၁၀၀)ကျော်စုစုပေါင်း ခရီးသည်ဦးရေ (၄၀၀)နီးပါးလောက် လိုက်ပါသွားတယ်လို့ ဦးထွန်းလွင်ကဆိုပါတယ်။ ရေကြောင်းခရီးပို့ဆောင်ရေးကိုအားထားနေရတဲ့ ရခိုင်ပြည်နယ်အတွက် ခိုင်ခံ့ ကောင်းမွန်တဲ့ ခရီးသည်တင်သင်္ဘောတွေကို စီစဉ်ဆောင်ရွက်ပေးသင့်တယ်လို့လည်း သူကပြောပါတယ်။

အစိုးရသတင်းထုတ်ပြန်ချက်မှာတော့ လက်ရှိအချိန်အထိ ခရီးသည် (၁၆၇) ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး ရုပ်အလောင်းတွေကို ဆယ်ယူရရှိခဲ့ပြီး ပျောက်ဆုံး နေသူ စုစုပေါင်း (၄၇) ဦးရှိနေတယ်လို့ဖေါ်ပြထားပေမယ့် ဒေသခံတွေဘက်ကတော့ ပျောက်ဆုံေးနတဲ့ ခရီးသည်ဦးရေ ၁၀၀ ကျော်ရှိတယ်လို့ ခန့်မှန်းထားကြောင်း ဦးထွန်းလွင်က ပြောပါတယ်ရှင်။

အင်ကြင်းနိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

သံဃာ ၁ဝဝ ကျော် မီးလောင် ဒဏ်ရာ ကြောင့် ဆေးရုံတင် ခဲ့ရ
၂ဝ၁၂ က လက်ပံတောင်း ကြေးနီ စီမံကိန်း ဆန့်ကျင် တဲ့ ဆန္ဒပြပွဲမှာ ရဲတွေ နှိမ်နှင်း လို့ မီးလောင် ဒဏ်ရာ တွေ ရခဲ့တဲ့ သံဃာတော် တွေ က ပြည်ထဲရေး ဌာန ဝန်ကြီး ကို တရား စွဲဆိုဖို့ ရဲဌာန မှာ သွားရောက် အမှုဖွင့် တိုင်ကြား ခဲ့ပါတယ်။

မီးလောင် ဒဏ်ရာ တွေ ရခဲ့တဲ့ သံဃာတော် တွေ က ရဲတွေ အနေနဲ့ သူတို့အပေါ် မတရား လုပ်ဆောင် ချက်တွေ လုပ်ခွင့် ပေးခဲ့တဲ့၊ တရားမဝင် လက်နက် ဖြစ်တဲ့ ဖော့စပရပ်ဓာတ် ပါတဲ့ လက်နက်တွေ ကို အသုံးပြုခွင့် ပေးခဲ့တဲ့ စေခိုင်း ခဲ့တဲ့ ပြည်ထဲရေး ဝန်ကြီး ဗိုလ်ချုပ်ကိုကို ကို အရေးယူ ပေးဖို့ တရားရေး လမ်းကြောင်း အရ အမှုစွဲဆိုဖို့ ကြိုးစား ခဲ့တာပါ။

အဲဒီ အခင်း ဖြစ်ခဲ့တဲ့ အပိုင်နယ် က ဆားလင်းကြီး ရဲဌာန မှာ မတ်လ ၁၁ ရက်က သွားပြီး အမှုဖွင့်ခဲ့တာ လို့ မီးလောင် ဒဏ်ရာ တွေ ရခဲ့စဉ် က ဆေးရုံမှာ ၇ လ ကျော် တက်ရောက် ကုသ ခဲ့ရတဲ့ မုံရွာ ကျောက်ဝိုင်း တောရ က အရှင် တိက္ခဉာဏ က မိန့်ပါတယ်။

ထိခိုက်ခဲ့တဲ့ သံဃာတော် တွေ အတွက် အာဏာပိုင်တွေ က ဘာတခုမှ အရေးယူ ဆောင်ရွက်ပေးတာ မရှိတဲ့ အတွက် အခုလို တရားစွဲဖို့ ကြိုးစားတာ လို့လည်း မိန့်ပါတယ်။

သံဃာတွေ အနေနဲ့ မြန်မာပြည် မှာ ရှိတဲ့ ဥပဒေတွေ အရ တရားစွဲဆို ပိုင်ခွင့် မရှိတဲ့အတွက် သူတို့ ကိုယ်စား လူပုဂ္ဂိုလ် တယောက် က တရားစွဲတဲ့ အရေး ဆောင်ရွက် ပေးတယ် လို့လည်း ဆိုပါတယ်။

အခု သံဃာတော်တွေရဲ့ တရားမျှတမှု တောင်းဆိုတဲ့ အရေး ကို Justice Trust ဆိုတဲ့ ဥပဒေ ကြောင်း ဆိုင်ရာ အန်ဂျီအို အဖွဲ့ တခု ကလည်း အကူအညီ ပေးနေ သလို ရှေ့နေ ဦးအောင်သိန်း တို့က လည်း အဲဒီအဖွဲ့နဲ့ အတူ သံဃာတော် တွေ ကို ကူညီ ဆောင်ရွက် ပေးနေပါတယ်။

လက်ပံတောင်း ကြေးနီ စီမံကိန်း ဆန္ဒပြတဲ့ အရေး ကို ဖြိုခွဲစဉ် က သံဃာတော် အပါး ၁ဝဝ ကျော် မီးလောင် ဒဏ်ရာတွေ ကြောင့် ဆေးရုံတင် ခဲ့ရပြီး ၅၇ ပါး ဆေးရုံမှာ ရက်ရှည် လရှည် တက်ရောက် ကုသ ခဲ့ရတဲ့ အထိ ဒဏ်ရာတွေ ပြင်းထန် ခဲ့ပါတယ်။

BBC Burmese
http://www.bbc.co.uk/burmese



မန္တလေး (မဇ္ဈိမ) ။ ။ လက်ပံတန်း ပင်မကျောင်းသားသပိတ်စစ်ကြောင်းအား အကြမ်းဖက်ဖြိုခွင်းကာ ကျောင်းသားများအား ဖမ်းဆီးသည့်အပေါ် ကန့်ကွက် ဆန္ဒပြပွဲအား မန္တလေးမြို့တွင် လူ အင်အား ၁၀၀၀ကျော်ဖြင့် မတ်လ ၁၆ ရက်၌ ပြုလုပ်သွားမည်ဟု ဦးဆောင်သူ ဦးတိုးကြီး က မဇ္ဈိမကိုပြောသည်။

"ကျွန်တော်တို့ သုံးမြို့နယ်ကိုပတ်ပြီး ပြမှာဆိုတော့ ၃ မြို့နယ်စလုံးကို စာတင်ထားတယ်။ အကြမ်းဖက် ဖြိုခွင်းခံရတယ်ဆိုတာ အားလုံးသိတယ်။ဒါပေမယ့် သူတို့ရဲ့လုပ်ရပ်ကို အမြဲတမ်းဖုံးကွယ်ခဲ့တယ်။ ဒါကြောင့် အမှန်တရားကို အမြန်ဆုံးဖေါ်ထုတ်နိုင်အောင် တောင်းဆိုမယ်။ ဒီဖြစ်ရပ်ကို သက်ဆိုင်ရာတွေ အနေနဲ့ တာဝန်ယူရမယ်။ အမှန်တရားကို ချပြမချင်း ဆန္ဒဖေါ်ထုတ်မှုတွေ ဆက်တိုက်လုပ်မယ်။"ဟု ဦးတိုးကြီးက ပြောသည်။

ဆန္ဒဖော်ထုတ်မှုတွင် အရပ်ဖက်အဖွဲ့အစည်းများ၊ မြို့ခံလူထုနှင့် အမှန်တရားလိုလားသူများ ပူးပေါင်းပြီး မန္တလေးမြို့ မြတောင်ကျောင်းတိုက်မှ စတင်ထွက်ခွာ၍ မြို့ပတ်ကာ ဆန္ဒဖေါ်ထုတ်သွားမည်။ ထိုသို့ ဆန္ဒပြရန်အတွက် အောင်မြေသာစံမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်နှင့် မဟာအောင်မြေမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးတွင် မတ်လ ၁၁ ရက် က အကြောင်းကြားစာ တင်ခဲ့ပြီးဖြစ်သည်ဟုလည်း ဦးတိုးကြီး က ဆိုသည်။

ဆန္ဒပြရာတွင် ပူပေါင်းပါဝင်မည့် မန္တလေးမြို့ခံ ဦးမျိုးဝင်း က လည်း "ဒီကိစ္စကို လက်ပိုက်ကြည့်နေမယ်ဆို အရှုံးတွေ ဆက်တိုက်ဖြစ်တော့မယ်။ဆက်ပြီး အကြမ်းဖက်မှုတွေဖြစ်လာတော့မယ်။ ဒါကြောင့် ကျောင်းသားနဲ့ပြည်သူကို ထပ်ပြီး အကြမ်းမဖက်အောင် ရှုံ့ဆန္ဒပြဖို့လုပ်တာပါ။"ဟု ပြောသည်။

ဆန္ဒပြရာ၌ လက်ပံတန်းအကြမ်းဖက်ဖြိုခွဲဖမ်းဆီးခံရမှု ရှုပ်ချဆန္ဒပြပွဲတွင် လက်ပံတန်းအရေး သိန်းစိန်အစိုးရဖြေရှင်းပေး၊ဖမ်းဆီးခံထားရသော ကျောင်းသားများနှင့် ဖမ်းဆီးခံထားရသော ဝန်းရံသူများ အမြန်ဆုံးပြန်လွှတ်ပေး၊ အကြမ်းဖက်ဖြိုခွဲမှုတွင် ပါဝင်ပတ်သက်သူများ စုံစမ်းဖေါ်ထုတ်ပေး စသဖြင့် ကြွေးကြော်သွားမည်ဟု ဆိုသည်။

သို့သော် ဆန္ဒပြရန် ခွင့်ပြုမိန့် တင်ထားသော်လည်း ယနေ့အထိ အကြောင်းပြန်ကြားခြင်း မရှိသေးဟု ဦးဆောင်သူများက ဆိုသည်။

ဆန္ဒပြခွင့်ရရန်ဥပဒေအတိုင်းအကြောင်းကြားစာများတင်ထားသော်လည် ယနေ့အချိန်အထိ အကြောင်းပြန်ပေးခြင်းမရှိသောကြောင့် ဦးဆောင်စာတင်ထားသူများသည် ခွင့်ပြုမိန့်မရရှိပါကလည်း ဆန္ဒဖေါ်ထုတ်သွားမည်ဟု ဦးဆောင်သူများကဆိုကြသည်။

မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးကမူ "ကျွန်တော်တို့အနေနဲ့ လမ်းကြောင်းရှည်တော့ လုံခြုံရေးယူဖို့ ညှိနေတုန်းပါ။ဘာမှပြောလို့မရသေးပါဘူး။ ဒါကိုတော့ နားလည်ပေးစေချင်တယ်။"ဟု မဇ္ဈိမကို ပြောသည်။

မန္တလေးမြို့တွင် ကျောင်းသူကျောင်းသားများနှင့် နိုင်ရေး တက်ကြွလှုပ်ရှားသူများကလည်း Black Camping များအဖြစ် အနက်ရောင် အဝတ်အစားဝတ်ကာ လှုပ်ရှားမှု ပြုလုပ်နေသည်ဟု မန္တလာကောလိပ်မှ ကိုနေသူရိန်ကဆိုသည်။

MIZZIMA
http://www.mizzimaburmese.com/2013-10-20-16-16-07/2013-11-01-01-48-27/item/41057-2015-03-14-11-01-51


လက်ပံတန်းကျောင်းသားသပိတ်ကျောင်းသူတွေကို သာယာဝတီအကျဉ်းထောင်ထဲမှာ ကိုယ်ဝန်ရှိမရှိ ဆီးစစ်ခြင်းခံရတာဟာ အမျိုးသမီးအခွင့်အရေးနဲ့ လူ့အခွင့်အရေး ချိုးဖောက်တာဖြစ်တယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မတ်လ ၁၀ ရက်နေ့က လက်ပံတန်းမြို့မှာ ရိုက်နှက်ဖမ်းဆီးခံရပြီး ထိန်းသိမ်းခံခဲ့ရတဲ့ ကျောင်းသူတွေအပါအဝင် အမျိုးသမီး ၂၀ ဝန်းကျင်ကို သာယာဝတီအကျဉ်းထောင်ထဲမှာ ဆီးစစ်ပြီး ကိုယ်ဝန်ရှိမရှိစစ်ဆေးခံရတယ်လို့ ပြန်လည်လွတ်မြောက်လာတဲ့ ကျောင်းသူ မရည်မွန်က ပြောပါတယ်။

“မိန်းကလေး အယောက် ၂၀ ပေါ့နော်၊ အဲဒါက ညနေပိုင်း ရေချိုးပြီးတော့မှ စစ်တာ။ ညီမတို့ကို ခွက်ကလေးတွေပေးပြီး ဆီးသွားယူ-တဲ့၊ အဲလိုမျိုးပြောတာ။ အမှန်အတိုင်းဆိုရင် တခါမှလည်း..အဲလိုမျိုး မသိဘူးပေါ့။ ဘာလုပ်ဖို့လဲဆိုတာ။ ပြီးတော့ အဲဒီခွက်ကလေးတွေ ပေးပြီးတော့ သူတို့တိုင်းတယ်။ ညီမတို့မှာ မရှိဘူးဆိုတော့ မိုင်းနပ်စ် ပေါ့။ အဲဒါလေး ပြလိုက်တယ်။ အကုန်လုံးကိုစစ်တယ် သူတို့က။ သမီးတို့က အပျိုတွေပဲ..ဆိုတော့၊ ပြီးတော့ လယ်သူမကြီးတွေပဲဆိုတော့ လုပ်နည်းလုပ်ဟန်အတိုင်း၊ ဆေးစစ်တယ်ဆိုတာ ဆီးစစ်တယ်ဆိုတာ အဖျား-ဟို ရောဂါတွေ ဘာတွေ စစ်တယ်ထင်တာ။ စစ်ပြီးတော့မှ အမတယောက်ကပြောတာ အဲဒါ ကိုယ်ဝန်စစ်တာ-တဲ့၊ မကျေနပ်ဘူး ပြောတော့မှ သမီးတို့လည်း စစ်ပြီးတော့မှ သိတာရှင့်။”

ဒါဟာ အမျိုးသမီးအခွင့်အရေးကို ချိုးဖောက်တာအပြင် ကျောင်းသားသပိတ်က ကျောင်းသူတွေကို ဂုဏ်သိက္ခာပိုင်းကို ထိခိုက်အောင်လုပ်ဆောင်ခြင်းဖြစ်တယ်လို့လည်း မရည်မွန်က ဆိုပါတယ်။

“ဒါက ပုံဖျက်ချင်လို့ပေါ့။ ညီမတို့ထဲမှာ အိမ်ထောင်ရှိတဲ့ အမျိုးသမီးတွေ ပါချင်ပါလိမ့်မယ်။ သူတို့က တကယ်လို့ ကိုယ်ဝန်တွေ ဘာတွေရှိခဲ့ရင် သူတို့က ကျမတို့ ကျောင်းသူတွေပါပဲဆိုပြီး ပြန်ဖွမှာရှင့်။ သပိတ်ထဲမှာ ယောက်ကျားလေးတွေလည်းပါတယ်။ မိန်းကလေးတွေလည်းပါတယ်။ အတူတူ မောင်နှမစိတ်နဲ့နေကြတာကို သူတို့က အဖမ်းခံရတဲ့ကားပေါ်မှာ နင်တို့က ဗိုက်ကြီးကမယ့်ဟာတွေဆိုပြီး ကားပေါ်မှာ ၊ အဲလိုမျိုး ပုံဖျက်ချင်လို့ပေါ့ ကိုယ်ဝန်စစ်တယ်။ အဲလိုမျိုးထင်တယ်ရှင့်”

ဥပဒေကြောင်းအရဆိုရင်တော့ ဒီလို စစ်ဆေးခွင့်ရှိတယ်လို့ ပြဌာန်းထားတာမရှိကြောင်း ရည်ရွယ်ချက်ရှိရှိဆောင်ရွက်တာဆိုရင် ဒါဟာ လူ့အခွင့်အရေးချိုးဖောက်မှုအဖြစ် ရှုမြင်ကြောင်း လူ့အခွင့်အရေးလှုပ်ရှားသူ ရှေ့နေ ဦးအောင်သူရိန်ထွန်းက ပြောပါတယ်။

“ဒါက ဥပဒေကြောင်းအရ စစ်ဆေးခွင့်ရှိတယ်လို့ ပြဌာန်းမထားပါဘူး။ ကျန်းမာရေးအခြေအနေအရ စစ်ဆေးတယ်ဆိုရင်တော့ အကျဉ်းထောင်လက်စွဲဥပဒေအရ လုပ်ခွင့်ရှိပါတယ်။ ဒီလိုမဟုတ်ဘဲနဲ့ ရည်ရွယ်ချက်တမျိုးမျိုးနဲ့ အကြောင်းတခုခုပြပြီးတော့ ရည်ရွယ်ချက်ရှိရှိနဲ့လုပ်တာ ဒါက ဘယ်လိုမှ တရားမျှတမှု မရှိပါဘူး။ ဥပဒေက လုပ်ပိုင်ခွင့်ပေးမထားတဲ့လုပ်ရပ်ကို ရည်ရွယ်ချက်ရှိရှိနဲ့ အကြောင်းတခုခုပြဖို့ လုပ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒါ လူ့အခွင့်အရေး ချိုးဖောက်ခံရတာလို့ ပြောလို့ရပါတယ်ဗျ။”

အကျဉ်းထောင်တွေမှာ ကျန်းမာရေးစစ်ဆေးခွင့်ဆိုတာကို တကယ်လိုအပ်နေတဲ့ အကျဉ်းသားတွေကိုတောင် ဆောင်ရွက်ပေးမှုတွေအားနည်းကြောင်း ရှေ့နေ ဦးအောင်သူရိန်ထွန်းက ပြောပါတယ်။

“တကယ့်တကယ် နေမကောင်းဖြစ်တဲ့လူတွေကိုတောင်မှ တော်ရုံတန်ရုံအကျဉ်းထောင်အတော်များများမှာ အကျဉ်းသားကို အခုလို ဂရုစိုက်တဲ့အလေ့အထမရှိဘူးဗျ။ တကယ်လို့ နေမကောင်းဖြစ်တယ်ဆိုရင်တောင်မှ နေမကောင်းဘူးဆိုတဲ့အကြောင်းကို ထောင်မှာရှိတဲ့ ထောင်အာဏာပိုင်တွေကို အကြောင်းကြားရတယ်ဗျ။ အဲဒီလို အကြောင်းကြားမှသာလျှင် စစ်ဆေးပေးတာ။ အဲဒီလို အကြောင်းကြားတာတောင်မှ တော်ရုံတန်ရုံစစ်ဆေးခွင့် ကျန်းမာရေးကုသခွင့်ရတာမျိုးတောင် သိပ်မရှိဘူး ကျနော်တို့ ပြောလို့ရပါတယ်ဗျ။”

အဖမ်းခံရတဲ့ အမျိုးသမီးတွေထဲမှာ ကျောင်းသူတွေများပြီး သပိတ်မှောက်ကာလမှာကတည်းက လူမှုကွန်ယက်တွေကနေ ကျောင်းသား ကျောင်းသူတွေရဲ့ ဂုဏ်သိက္ခာထိခိုက်စေနိုင်တဲ့အရေးအသားတွေကို ရေးသားနေကြတာတွေလည်း ရှိပါတယ်။ ဒါ့အပြင် ဖမ်းဆီးထားတဲ့အချိန်မှာလည်း ယူနီဖောင်းဝတ်ဆင်ထားသူတွေက ကျောင်းသူတွေကို ရာဇဝတ်သားတွေလို ဆက်ဆံခဲ့ပြီး လူ့ဂုဏ်သိက္ခာထိခိုက်စေတဲ့ အပြောအဆိုတွေနဲ့ မျက်နှာကို ရိုက်နှက်မှုတွေရှိခဲ့ကြောင်း ပြန်လည်လွတ်မြောက်လာတဲ့ ကျောင်းသူတွေက ပြောပါတယ်ရှင်။

မအေးအေးမာ
VOA
http://burmese.voanews.com/content/detaineed-students-got-ruin-test-/2680148.html

“ မင်းသားမျက်နှာဖုံးချွတ်ပြလိုက်ရတဲ့ ဘီလူုးသဘက် စစ်ဗာလအစိုးရ ”

ဒီရက်ပိုင်းအတွင်းမှာတော့ စစ်ကျွန်ပညာရေးစနစ်ကို ဆန့် ကျင်ပြီး ဒီမိုကရေစီပညာရေးအတွက်တောင်းဆို ဆန္ဒပြနေတဲ့ ကျောင်းသားတွေကို မြန်မာစစ်အာဏာရှင်အစိုးရက ရန်ကုန်မှာရော လက်ပံတန်းမြို့မှာပါ ရဲနဲ့  စွမ်းအားရှင်တွေသုံးပြီး ရက်ရက်စက်စက် အကြမ်းဖက်ဖြိုခွဲနှိမ်နှင်းတဲ့ သတင်းဓါတ်ပုံ ဗွီဒီယိုတွေကို သတင်းမီဒီ ယာတွေကတဆင့် တကမ္ဘာလုံး စိတ်မချမ်းမြေ့စရာ မြင်ခဲ့ကြရပါတယ်။ ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ နိမ့် ကျပြီးသား ဂုဏ်သိက္ခာ နိုင်ငံတကာအလယ်မှာထပ်မံကျဆင်းစေရတဲ့ ရုပ်ဆိုးအကျည်းတန်တဲ့ အဖြစ်အပျက် တွေပါဘဲ ။

ဒါပေမဲ့ ဒီပွဲဟာ ကျောင်းသားတွေရဲ့သွေးနဲ့ရင်းပြီး သူတို့ လိုခြင်တာကို အရယူနိုင်ခဲ့ပါတယ် ။ နိုင်ငံရေး နိုးကြားမှု့တွေနဲ့ အတူ ကျောင်းသား တွေဟာ.. သူတို့ ပြောခဲ့တဲ့အတိုင်း ကျိတ်ပုဆိုးပြောင်းဝတ်ပြီး သန့် ရှင်းသောအစိုးရလုပ်မယ်လို့  ခပ်တည်တည် လိမ်ညာခဲ့တဲ့ စစ်တပိုင်းအစိုးရရဲ့ မျက်နှာဖုံးကို ဆွဲခွာချနိုင်ခဲ့ပါတယ်။

တကယ်တော့ ဦးသိန်းစိန်တို့ အစိုးရဟာ နဂိုကထဲက သွေးစွန်းပြီးသား သန္ဓေဆိုးနဲ့ သွေးဆာနေတဲ့အစိုးရပါ ။ အခုလို နေ့ ခင်းကြောင်တောင် ပြည်သူတွေရှေ့ မီဒီယာတွေရှေ့ အကြမ်းဖက်ရိုက်နှက်တယ်ဆိုတာကတော့ ဟန်မဆောင်နိုင်တဲ့အဆုံး မင်းသားမျက်နှာဖုံးကို ပြောင်ပြောင်တင်းတင်းချွတ်ပြပြီး ဘီလူးစွယ် ဖြဲပြလိုက်ရတာ ပါဘဲ ။

၂၀၁၀ ရွေးကောက်ပွဲအလိမ်ကြီးနဲ့  နိုင်ငံတော်အာဏာကိုလုယူထားတဲ့ စစ်အရေခွံလဲအစိုးရဟာ လက်မှာ စွန်းနေတဲ့သွေးကို မဆေးသေး၊ မခြောက်သေးဘဲနဲ့  စိတ်ပုတီးကိုင်ပြတဲ့  လူသတ် မဒိမ်း မြေသိမ်း ဗိုလ်ကျ စစ်ဗာလ အုပ်စုကြီးသာဖြစ်တယ်ဆို မြန်မာသိ ကမ္ဘာသိ လူတိုင်းသိပြီးသားပါ။

ဘုစုခရုပြစ်မှု့လေးတွေကနေ ဧရာမ ရာဇ၀ါတ်မှု့ကြီးတွေ ထပ်ခါတလဲလဲ ကျုးလွန်ခဲ့ပေမဲ့ ပြည်သူတွေ အထိ အခိုက်နဲအောင်၊ နိုင်ငံနဲ့ နိုင်ငံသားတွေအားလုံးအကျိုးကို ရှေ့ရှု့လို့  အမျိုးသား ပြန်လည်သင့်မြတ်ရေးလမ်းပေါ် ကို ရိုးရိုးသားသားလျှောက်လှမ်းဖို့  စစ်ဘောင်းဘီချွတ်အစိုးရကို အတိုက်အခံရော ပြည်သူတွေသာမက နိုင်ငံ တကာကပါ တိုက်တွန်းခဲ့ကြတာအခါခါပါ။

မိမိနဲ့ မိမိအဖွဲ့ အစည်း အတိတ်မှာ ထပ်တလဲလဲ မှားခဲ့ကျူးလွန်ခဲ့တာတွေကို ရိုးသားမှု့အခြေခံစိတ်နဲ့ မိဘ ပြည်သူတွေကို တောင်းပန်ဝန်ချ လို့  တာဝန်ခံမှု့ တာဝန်ယူမှု့တွေပြုဖို့  အခွင့်အလမ်းတွေ၊ လမ်းမှားပေါ်ကနေ လမ်းမှန်ပေါ်ပြန်လျှောက်နိုင်တဲ့ အခွင့်အရေးတွေကို အကြိမ်ကြိမ်ရခဲ့ပေမဲ့ တန်ဘိုးမထားဘဲလွှင့်ပစ် ခဲ့တယ် ။ ပြည်သူတွေ ကမ်းပေးတဲ့လက်ကို ပုတ်ချငြင်းဆန်ရင်း ခွေးမြီးကောက်ကျည်တောက်စွပ်ဆိုသလို သွေးစွန်းတဲ့ ငရဲလမ်းပေါ်ဆက်လျှောက်နေခဲ့တာ အခုချိန်ထိဘဲမဟုတ်လား ။

သွေးစွန်းပြီးသား သူတို့ ရဲ့လက်တွေနဲ့ ဖြေရှင်းတဲ့နည်းလမ်းတိုင်းဟာ သွေးစွန်းနေမယ်ဆိုတာ ပိုလို့ ပိုလို့  သေခြာသွားပါပြီ ။ ဒီတော့သွေးစွန်းလက်တွေနဲ့ ရေးဆွဲတဲ့ဥပဒေတိုင်းဟာလည်း သွေးဆာနေတဲ့ လူသတ်မဒိမ်း မြေသိမ်း သူခိုးဓါးမြ ၀ိသမခရိုနီတွေကို အကျင့်ပျက်အာဏာပိုင်တွေကို အကာအကွယ်ပေးမဲ့ ဥပဒေတွေဆိုတာ ထင်ရှားပြီးသားပါ ။

(၂၀၀၈) ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေထဲမှာပါတဲ့ နောက်ကြောင်းပြန်သက်ရောက်မှု့မရှိစေရဆိုတဲ့ ပုဒ်မ ၄၄၅ ဟာ … လူသတ်လိုင်စင်၊ မဒိမ်းလိုင်စင်အပါအ၀င် ရာဇ၀ါတ်မှျု့မှန်သမျှ ကြိုက်သလောက်ကျူးလွန်ပြီး ရာထူးတိုး သူကောင်းပြုခံရတဲ့ စစ်ရာဇ၀ါတ်ကောင်တွေကို အပြည့်အ၀ကာကွယ်ပေးထားတဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပေး ထားတဲ့ ယုတ်ညံ့တဲ့ဥပဒေပုဒ်မတရပ်ပါ။ အဆိုးတကာ့အဆိုးကတော့ အဲ့ဒီ ငရဲခွေးကြီးတွေကို ထာဝရမွေးမြူ စောင့်ရှောက် ပျိုးထောင်ပေးနိုင်ဘို့ (၂၀၀၈) ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုပြင်ဆင်လို့ မရနိုင်အောင် ပုဒ်မ (၄၃၆) ဆိုတဲ့ သံမဏိသော့ခလောက်ကြီးနဲ့ ခတ်ပြီး ပြည်သူ့ ဆန္ဒကိုဆန့် ကျင် ပိတ်ဆို့ တားဆီးနေတာ ဦးသိန်းစိန်တို့ အစိုးရနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ကာလုံအဖွဲ့ ပါဘဲ ။

ဒီအခြေခံဥပဒေရှိနေသ၍ စစ်အာဏာရှင်တွေ တကောင်ပြီးတကောင် ပေါက်ဖွားကြီးပျင်း မိုက်ရိုင်းထွားကြိုင်းပြီး မြန်မာပြည်ကို ဂုတ်ခွစီးနေကြ အုံးမှာပါ။ နိုင်ငံ့အိမ်ဦးခန်းမှာ ဥပဒေအထက်မှာ ချီးတက်ယိုနေကြအုံးမှာပါ။ ပြည်သူတွေ၊ ကျောင်းသားတွေ သွေးမြေအမြဲကျနေရအုံးမှာပါ။ စစ်အာဏာရှင်စနစ်ရှိနေသ၍ စစ်ဂျပိုးလူဂျပိုး တွေအုပ်ချုပ်ခွင့်ရနေသ၍ မိဘပြည်သူတွေရဲ့ မျက်ရေတွေဟာဘယ်သောအခါမှခမ်းခြောက်တော့မှာမဟုတ် ပါဘူး။

ဒါကြောင့် မြန်မာနိုင်ငံသားမှန်ရင် လူစိတ်ရှိတဲ့လူမှန်ရင် အမိမြန်မာမြေပေါ်မှာ ဘယ်သောအခါမှ စစ်အာဏာ ရှင်စနစ်ဆိုတာကြီး တဖန်ပေါ်ထွန်းခွင့်မရှိအောင် (၂၀၀၈) ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဆိုတဲ့ စစ်ဘီလူး အခြေခံဥပဒေကို တက်ညီလက် ညီ အမြစ်ကလှန်တူးထုတ်ပစ်ရမဲ့အချိန်ရောက်နေပါပြီ။
နိုင်ငံသားတဦးချင်းစီရဲ့တန်ဘိုးကိုပြသနိုင်ဘို့  ကျောင်းသားလူငယ်တွေကိုထောက်ခံကူညီနိုင်တာမှန်သမျှ ကူညီခြင်းနဲ့ ပူးပေါင်းနိုင်သလို ၊ မတရားမှု့နဲ့ အဓမ္မ၀ါဒီတွေကို လက်မခံကြောင်း၊ ဆန့် ကျင်ကြောင်းပြသနိုင်တဲ့ တနိုင်တပိုင် အာဏာဖီဆန်မှု့တွေလည်းပြုလုပ်နိုင်တဲ့အပြင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်လှုပ်ရှားနေတဲ့ ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စရပ်ကြီးမှာလည်း တွန်းအားပေးဖို့  ၀န်းရံကြဖို့ လိုပါတယ် ။ နောက်ဆုံးကုန်ကုန်ပြောရရင် စစ်အာဏာရှင်စနစ်ကို တိုက်စားဖြိုဖျက်နိုင်တဲ့ ဘယ် နည်းလမ်းမှာမဆို အုတ်တချပ်သဲတပွင့် နှမ်းတလုံးဆီတစက်ဖြစ်ဖြစ် ကိုယ်သန်ရာသန်ရာ အခန်းကဏ္ဍကနေ ပါဝင်အားဖြည့်ကြဖို့ လိုပါတယ် ။

အရေးအကြီးဆုံးအချက်တချက် မမေ့ဖို့ လိုအပ်တာက ကျွန်တော်တို့ ဟာ ဒီမိုကရေစီရေးအတွက် ဘာဘဲ လုပ်လုပ် အကြမ်းမဖက်ဘူးဆိုတာဘဲ ။ အကြမ်းမဖက်တဲ့နည်းလမ်းပေါင်းစုံနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီရေး၊ မွေးရာပါ အခြေခံလူ့ အခွင့်အရေးတွေကို ပြည်သူလူထုအားနဲ့ ငြိမ်းချမ်းစွာအရယူနိုင်ပါတယ် ။ ဘယ်သူတွေ အကြမ်းဖက်ဖက် ကျွန်တော်တို့ အကြမ်းမဖက်ဘူး ၊ ဘယ်သူတွေ ရက်စက်ယုတ်မာကောက်ကျစ်ကြပါစေ ကျွန်တော်တို့ ပြည်သူတွေက သူတို့ လို ပြန်ကောက်ကျစ်ယုတ်မာဖို့ မလိုပါဘူး။ သံသယကင်းကင်းနဲ့ ယုံလိုက်ပါ ။ မေတ္တာတရားအပေါ်အခြေခံတဲ့ အမှန်တရားဟာ လာရာကောင်းနိဂုံးကောင်းတွေထံ ဂုဏ်ကျက်သရေရှိစွာ ပို့ ဆောင်ပေးမြဲပါ ။
ပြည်ထောင်စုမြန်မာနိုင်ငံသားတိုင်း အကြောက်တရားမှကင်းလွတ်ပြီး အမှန်တရားကို စောင့်ရှောက်ကာကွယ်ဝံ့ သော အမျိုးကောင်းသား အမျိုးကောင်းသမီးတို့ ဖြစ်နိုင်ကြပါစေ ။

လေးစားစွာဖြင့်
( မင်းကောင်းချစ် )
မတ်လ (၁၂) ရက်နေ့  ၂၀၁၅ ခုနှစ်

ကျောင်းသားတွေသွေးမြေကျပြီးတိုင်း ကျပြီးတိုင်း အခုလို ချွေးသိပ်တဲ့  ခြေလှမ်းတွေလှမ်းလေ့ရှိတယ် ။ သူတို့ ဒီလိုလုပ်စားနေတာ ကြာပြီ ။ ဘယ်လိုပရိယာယ်တွေနဲ့ ကောက်ကျစ်အုံးမလဲဆိုတာ စောင့်ကြည့်ကြသေးတာပေါ့ ။

Written by မင်းမင်း
ဆရာတော် ဦးအဂ္ဂဝံသ(ဓမ္မာစရိယ) နှင့် မဇ္ဈိမ မေးမြန်းခြင်း

လက်ပံတန်းမြို့၊ ကျွန်းကလေး အနောက်ဘက် ကမ်းလမ်းထိပ်တွင် ရန်ကုန်သို့ ချီတက်ရန် ပိတ်ဆို့ထားသော လုံခြုံရေးရဲများ ကိုဖောက်ထွက် ရန်ကြိုးပမ်းသည့် သပိတ်မှောက်ကျောင်း သားများကို လုံခြုံရေး ရဲများက နံပါတ်တုတ် များဖြင့် ရိုက်နှက် ဖမ်းဆီးခဲ့သည့် မတ်လ ၁၀ ရက်နေ့ လယ်ပိုင်း ကဖြစ်စဉ်တွင် လုံခြုံရေးရဲ များက အောင်မြေဗိမာန် ဘုန်းတော်ကြီးကျောင်းကိုပါ ဝင်ရောက်စီးနင်း ပြီးကျောင်းသား၊ ကျောင်းသူများကို ရိုက်နှက်၍ အသုံး အဆောင် ပစ္စည်းများ အပါအ ဝင်ကျောင်းထိုင် ဆရာတော်၏ လက်ကိုင်ဖုန်းနှင့် ဝတ္ထုငွေ များကိုပါ ရဲတပ်ဖွဲ့က သိမ်းယူသွား ခဲ့သည်ဟု မိန့်ကြား ခဲ့သည့် ယင်းကျောင်းတိုက် ၏ကျောင်းထိုင် ဆရာတော် ဦးအဂ္ဂဝံသ(ဓမ္မာစရိယ)ကို မဇ္ဈိမ သတင်းထောက် မင်းမင်းက ဆက်သွယ်မေးမြန်း ထားသည်။

မေး။ ။ ၁၀ရက်နေ့ ဖြစ်စဉ်မှာ ဘုန်းကြီးကျောင်းထဲကို ရဲတွေပြေးဝင်သွား တာတွေ့ခဲ့တယ်။ အဲ့ဒီအခြေ အနေကို အကျဉ်းချုပ် ပြီးပြောပြပေး ပါလား။

ဖြေ။ ။ ကလေး(ကျောင်းသား)တွေ ကပြေးလာတယ်။ များသောအားဖြင့်ကျောင်း ထဲပြန်ဝင်လာ ကြတယ်။ သူတို့ အဖမ်းခံမယ် ဆိုပြီးတော့ပေါ့။ အဲ့မှာ ရဲတွေက အုပ်လိုက်ကြီး ဝင်လာတယ်။ ဝင်လာပြီးတော့ သူတို့ပြောတာက ထွက်မလာရင် သတ်မယ် ၊ဖြတ်မယ်၊ အဲ့လောက် အထိပြောတယ်။ ကလေးတွေ ကလည်းပြော တယ်။ အေးအေးဆေးဆေး အဖမ်းခံမယ်။ ဘုန်းကြီး လည်းကျောင်းပေါ် ကဆင်းပြီးတော့မေတ္တာရပ်ခံတယ်။ခေါင်းဆောင် ဒကာကြီးတွေ ကိုပေါ့။အေးအေးချမ်း ချမ်းလုပ်ပါ၊ သူတို့ လည်းအေးအေးဆေးဆေး အဖမ်းခံမှာ ပါဆိုတော့ တင်ပါ၊ တင်ပါလို့တော့ပြော တယ်။ခေါင်းဆောင် ရဲမှူးလား၊ ဘာလားတော့ မသိဘူး။ အဲ့ဒါ နဲ့အကုန်အဖမ်းခံလိုက်တယ်။ ပုံစံထိုင်ခိုင်းပြီး ရိုက်ဟယ်၊နှက်ဟယ်တော့ ဖြစ်ကုန်တာပေါ့။ အချုပ်ကားပေါ်တက်ခါနီးအထိရိုက်တာ၊ ပုတ်တာတွေတော်တော်မြင် ရတယ်။ စိတ်တော့ မကောင်း စရာပဲ။ သာသနာ့နယ်မြေမှာ ဒါတော့ မဖြစ်သင့် ဘူးပေါ့ကွာ။

မေး။ ။ ဒီလို သာသနာ့ နယ်မြေထဲမှာ ရိုက်တာ၊ နှက်တာ တွေ့လိုက်ရတော့ ဆရာတော် ရဲ့စိတ်ထဲမှာ ဘယ်လိုဖြစ်သွားလဲ။

ဖြေ။ ။ သာသနာ့နယ်မြေဆို တာအေးချမ်းတဲ့ နယ်မြေလေ။အေးအေး ချမ်းချမ်းလေးဖြေရှင်း ပြီးခေါ်သွားရင် သူ့ဟာနဲ့သူ အဆင်ပြေတယ်လေ။ ဘုရား ၊ကျောင်း၊ ကန်ထဲမှာ ရိုက်လား၊ ပုတ်လားဖြစ်တော့လည်း စိတ်ထဲတော့ အဆင်မပြေဘူး ဒကာလေးရဲ့။

မေး။ ။ ကျောင်းထဲကို ဝင်လာတဲ့ ရဲအင်အား ဘယ်လောက်ရှိလဲ။

ဖြေ။ ။ ၅၀ ကျော်ကျော်လောက် ရှိမယ်။ကျောင်း သားတွေ အချုပ်ကားပေါ် မတက်ခင် ဟိုဘက်၊ဒီဘက်မှာ တစ်ဖက်ကို ၁၅ယောက်စီ ဝိုင်းထားတာ။ ၅၀နဲ့ ၁၀၀ ကြားလောက်တော့ ရှိမယ်။

မေး။ ။ ဆရာတော်က အေးအေးချမ်းချမ်းဖြစ်ဖို့ မေတ္တာရပ်ခံတဲ့အချိန်မှာ ရဲတွေဘက်က ဘယ်လို အမူအယာ ရှိနေလဲ။

ဖြေ။ ။ ခေါင်းကြီးပိုင်း (ခေါင်းဆောင်ပိုင်း)ကတော့ သူတို့ ပုံမှန် အတိုင်း ပါပဲ။ တင်ပါ၊ တင်ပါလို့ ပဲလျှောက်တယ်။

မေး။ ။ ရိုက်တာ ၊နှက်တာတွေအပြင် ကျောင်းသားတွေရဲ့ အသုံးအဆောင်ပစ္စည်းတွေကို ဖျက်ဆီးတာ၊ သိမ်းဆည်း တာမျိုးရော ရှိပါသလား။

ဖြေ။ ။ ဖုန်းတွေရော၊ ဝတ္ထုငွေတွေရော အကုန်သိမ်းသွားတယ်။ တန်ဖိုးရှိတဲ့ အရာမှန်သမျှ ဘာမှမကျန်ခဲ့ဘူး၊ အကုန်သိမ်းတာ။ ဘုန်းကြီး အခန်းထဲက ဖုန်းရယ်၊ ဝတ္ထုငွေရယ်ပါ ပါသွား တယ်။တွေ့ရာ အကုန်ယူတာ။ ဖုန်းတို့၊ ဝတ္ထုငွေတို့ဆို ဘာမှမထားဘူး။ အကုန်ယူတာ။

မေး။ ။ ဆရာတော်ဖုန်းကို ဆက်တာ ဖုန်းပိတ် ထားတယ် လို့ပြောနေတယ်။ အခုအချိန် ထိပြန်မပေးသေး တာလား။

ဖြေ။ ။ မရဘူးညီလေး။ တိုင်းက ဒကာကြီးတွေ ကိုတော့ပြော ထားတယ်။ အခုထက်ထိပြန် မရသေးဘူး။

မေး။ ။ ရဲတွေယူသွားတဲ့ ဆရာတော်ရဲ့ ဝတ္ထငွေက ပါသလဲ။

ဖြေ။ ။ ဝတ္ထုငွေက ခန့်မှန်းခြေ လေးသောင်းဝန်းကျင်လောက်ရှိမယ်။ အတွင်းခန်းထဲက ဖျာအောက်မှာ ထားတာ လေ။

မေး။ ။ ကျောင်းသားတွေကို တည်းခိုခွင့်ပေးခဲ့တဲ့ ဆရာတော်အနေနဲ့ အခုကျောင်းသားတွေ ရိုက်နှက်ပြီး အဖမ်းခံရတဲ့အပေါ် ဘာများမိန့်ကြားလိုပါသလဲ။

ဖြေ။ ။ မဖြစ်သင့်တဲ့အရာ ဖြစ်သွားတယ် ညီလေးရာ။

မေး။ ။ အခုဖြစ်စဉ်မှာ အစိုးရဘက်ကတော့ ဥပဒေနဲ့အညီ လုပ်တာလို့ ပြောတယ်။ ဆရာတော်ကရော ဒီအပေါ် ဘာများ မိန့်ကြားချင်ပါသလဲ။

ဖြေ။ ။ အဲ့ဒါတော့ မဖြေချင်ဘူး ညီလေးရာ။ မသိတဲ့အခါကျတော့ ဖြေလိုက်ရင် တစ်မျိုးဖြစ်သွားမယ်လေ။ ဥပဒေကြောင်းအရ နားမလည်ဘူးလေ။

မေး။ ။ ဒီဖြစ်စဉ်အပေါ်မှာ ဆရာတော်အနေနဲ့ ဖြည့်စွက်ပြီး ဘာများမိန့်ကြားလိုပါသလဲ။

ဖြေ။ ။ ဒါမျိုးဖြစ်သွားတာတော့ ဘယ်ဘက်မှ မကောင်းဘူးပေါ့။ နိုင်ငံအတွက်လည်း ဆုတ်ယုတ်တာပေါ့နော်။

မင်းမင်းတွေ့ ဆုံမေးမြန်း သည်

Mizzima

ဖွဲ့စည်းပုံပြင်ဆင်ရေး၊ ကျောင်းသားသပိတ်ကို အကြမ်းဖက်ဖြိုခွဲတဲ့ကိစ္စ၊ ၂ဝ၁၅မှာ ကြုံတွေ့လာနိုင်မယ့် အရေးကြီးတဲ့ အချိုးအကွေ့တွေအပါအဝင် အချက် ၅ချက်ကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင်နဲ့ ၈၈မျိုးဆက်ကျောင်းသားတွေ ဒီကနေ့က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဒီမိုကရေစီအင်အားစုတွေကြား အခုထက်ပိုတဲ့ သွေးစည်းညီညွတ်မှုရှိဖို့နဲ့ တိုင်းရင်းသားတွေနဲ့ ပူးပေါင်းဆောင်ရွက်ရေး စတဲ့ကိစ္စတွေကို ငြိမ်းချမ်းတဲ့နည်းလမ်းတွေနဲ့ ပူးပေါင်းအဖြေရှာကြာဖို့ နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေပြည်တော်အိမ်မှာ ၈၈မျိုးဆက်က ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမြအေး၊ ကိုပြုံးချို၊ ကိုထွန်းမြင့်အောင်၊ ကိုဂျင်မီတို့ ဆွေးနွေးခဲ့တယ်လို့ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဆွေးနွေးချက် ၅ချက်ရဲ့ အသေးစိတ်အကြောင်းအရာတွေကို မဖော်ပြခဲ့ပေမယ့် မြန်မာပြည် ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုအတွက် အဓိကကျတဲ့ အချက်တွေဖြစ်တဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ကျောင်းသားတွေရဲ့ ပညာရေးဥပဒေပြင်ဆင်ရေးကိစ္စတွေလည်း ပါဝင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

(ဓာတ်ပုံ - ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)


မြန်မာလေကြောင်းတိုက်ခိုက်မှုကြောင့် တရုတ်လူမျိုးတွေ သေဆုံးခဲ့ရတဲ့ကိစ္စနဲ့ပတ်သက်လို့ အမြန်ဆုံး အလေးအနက်ထား တာဝန်ယူ ဆောင်ရွက်ပေးဖို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။

မြန်မာလေကြောင်းတိုက်ခိုက်မှုကြောင့် ယူနန်ပြည်နယ်ထဲက ကြံခင်းတခု သောကြာနေ့တုန်းက ဗုံးထိမှန်ပြီး တရုတ်လူမျိုး ၄ ယောက် သေဆုံး ၉ ယောက် ဒဏ်ရာရခဲ့တဲ့ ကိစ္စနဲ့ပတ်သက်လို့ တရုတ်သံအမတ်ကြီး Yang Houlan က နေပြည်တော်မှာ ဒုသမ္မတ စိုင်းမောက်ခမ်း၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်တို့ကို သီးခြားစီတွေ့ဆုံပြီး ကန့်ကွက်ခဲ့တယ်လို့ ရှင်ဟွာသတင်းမှာ ဖော်ပြထားပါတယ်။

တရုတ်လူမျိုးတွေ လေယာဉ်ဗုံးမှန် သေဆုံးခဲ့တဲ့ တနေ့တည်းဖြစ်တဲ့ သောကြာနေ့မှာပဲ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး
ဦးသစ်လင်းအုန်းကို တရုတ်ဒုတိယနိုင်ငံခြားရေးဝန်ကြီး Liu Zhenmin က ဆင့်ခေါ်ပြီး အပြစ်တင် ကန့်ကွက်ခဲ့တာကို တရုတ်နိုင်ငံခြားရေး ဌာနက ထုတ်ပြန်ခဲ့ပါတယ်။ ဒီဖြစ်ရပ်ကို အသေးစိတ်စုံစမ်းစစ်ဆေးပေးဖို့နဲ့ စစ်ဆေးတွေ့ရှိချက်တွေကို တရုတ်အစိုးရကို တင်ပြဖို့အတွက်
တောင်းဆိုခဲ့တယ်လို့ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Liu Zhenmin က ရှင်ဟွာသတင်းကို ပြောကြားခဲ့ပါတယ်။

ဒီလိုမျိုး နောက်ထပ် မဖြစ်အောင် ထိထိရောက်ရောက် ဆောင်ရွက်ဖို့နဲ့၊ တရုတ်မြန်မာနယ်စပ် တည်ငြိမ် လုံခြုံအောင် ဆောင်ရွက်ဖို့လဲ မြန်မာအစိုးရကို သူက တောင်းဆိုခဲ့ပါတယ်။
တရုတ်ပိုင်နက်နားကို ရောက်လာတဲ့မြန်မာလေယဉ်တွေကို စောင့်ကြည့်၊ သတိပေး၊ မောင်းထုတ်ဖို့ တိုက်လေယဉ်တွေကို တရုတ် မြန်မာ နယ်စပ်နားကို စေလွှတ်ထားတယ်လို့ တရုတ် လေတပ်ပြောခွင့်ရသူက ပြောခဲ့ပါတယ်။

တရုတ်မြန်မာနယ်စပ်နားက ကိုးကန့်ဒေသမှာ မြန်မာအစိုးရတပ်တွေနဲ့ ကိုးကန့်လက်နက်ကိုင်အဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေတာနဲ့အတူ တရုတ်လေတပ်က နယ်စပ် အခြေအနေကို သတိအနေအထားနဲ့ အနီးကပ် စောင့်ကြည့်နေပြီး တရုတ်လေကြောင်းပိုင်နက် လုံခြုံရေးအတွက် ကာကွယ်သွားမှာဖြစ်တယ်လို့
တရုတ်လေတပ်ပြောခွင့်ရသူ Shen Jinke ကလည်း ပြောကြားထားပါတယ်။

အခုသီတင်းပတ်အစောပိုင်းတုန်းကလည်း မြန်မာဘက်က ပစ်လိုက်တဲ့ ဗုံးတလုံးကျခဲ့လို့ ယူနန်ပြည်နယ်ထဲက အိမ်တလုံးပျက်ဆီးခဲ့ပါတယ်။ အဲဒီတုန်းကတော့ ထိခိုက်သေဆုံးမှု မရှိခဲ့ဘူးလို့ တရုတ်နိုင်ငံခြားရေးဌာနက ပြောပါတယ်ရှင်။

VOA
http://burmese.voanews.com/content/chinese-asked-to-answer-for-bombing-in-china-border-/2680081.html


ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် လက်ပံတောင်း ကြေးနီ စီမံကိန်း၏ ပဋိပက္ခအတွင်းတွင် အာဏာပိုင်များ၏ မီးလောင်ဗုံးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် သံဃာတော်မျာ့း် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့ဝင်များကို တရားမ၀င် ဖော့စ်ဖရပ် လက်နက်များ အသုံးပြုရန် စေခိုင်းမှု ပြုလုပ်သည်ဟုဆိုကာ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကိုကိုအား တရားစွဲဆိုမည့် အကြောင်း သတင်းစာရှင်းလင်းပွဲကို မတ်လ ၁၆ ရက်နေ့ မွန်းတည့် ၁၂ နာရီ အချိန် ရန်ကုန်မြို့ ဗိုလ်တထောင်ဘုရားလမ်းရှိ Orchid ဟိုတယ်တွင်ပြုလုပ်မည်ဖြစ်ကြောင်း Justice Trust က သိရသည်။

"ကျွန်တော်တို့က တရားမျှတမှုကို ရှာဖွေနေတာပါ၊ဒါမှလည်းနောက်ထပ် ဒီလိုအဖြစ်မျိုးထပ်မဖြစ်တော့မှာ"ဟု ဘန်ကောက်ဆေးရုံတွင် မီးလောင်ဒဏ်ရာများကို ခန္ဓာကိုယ်၏ ၆၀ ရာခိုင်နှုန်းတွင် ရရှိခဲ့၍အကြိမ်ခွဲစိတ် ကုသခံခဲ့ရသူ ဆရာတော် ဦးသီဟနန္ဒက ပြောကြားခဲ့သည်။ မြန်မာနိုင်ငံတွင်တရားဥပဒေစိုးမိုးရေးတိုးတက်စေရန် လုပ်ဆောင်နေသော လူအခွင့်အရေးအဖွဲ့တစ်ဖွဲ့ဖြစ်သည့် Justice Trust သည် ဤကိစ္စတွင် သံဃာတော်များအားထောက်ခံပေးလျက်ရှိကြောင်း၊သံဃာတော်များပထမသတင်းမှတ်တမ်း စာရင်းသွင်းရန် ဆားလင်းကြီးရဲစခန်းအားမတ်လ ၁၁ ရက်နေ့က သွားရောက်ခဲ့ကြောင်း၊ဤအမှုအားရှေ့ဆက်ဆောင်ရွက်ရန်ခွင့်ပြုမှုနှင့်စပ်လျင်း၍ မေတ္တာရပ်ခံသော စာတစ်စောင်အား သမ္မတကြီးဦးသိန်းစိန်ထံပေးပို့ခဲ့ကြောင်း Justice Trust ၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။ သို့သော်လည်းရဲတပ်ဖွဲ့မှ ဤအမှုအားမှတ်တမ်းမတင်သေးကြောင်း၊ဥပဒေအရသိသာထင်ရှားသော အထောက်အထားရှိသည့်မှုခင်းအတွက် ပထမ သတင်းမှတ်တမ်း (FIR) မှတ်တမ်းတင်ရန် လိုအပ်ကြောင်း Justice Trust က သတင်းထုတ်ပြန်သည်။ "ဒါပေမယ့်သူတို့ကသာ အမှုကျူးလွန်သူတွေဖြစ်မယ်ဆိုရင်တော့ မှတ်တမ်းတင်မှာမဟုတ်ဘူး"ဟု Justice Trustနှင့်လုပ်ကိုင်လျက်ရှိသော အကြီးတန်းရှေ့နေ ဦးအောင်သိန်းက ပြောကြားသည်။

သံဃာတော်များအားဓါတုလက်နက်များ အသုံးပြုခြင်းသည် တစ်နိုင်ငံလုံးဂုဏ်သိက္ခာ ထိခိုက်စေနိုင်သောကြောင့် အလွန်အမင်း တုန်လှုပ်ဖွယ်ကောင်းသောအကြမ်းဖက်မှုဖြစ်သောကြောင့် တရားရုံးချုပ်ထိရောက်စေရန် အဆိုပါအမှုကိုရှေ့ဆက်လုပ်ဆောင်သွားမည်ဖြစ်ပြီး တရားဥပဒေအရတောင်းဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

"ဤကိစ္စက မြန်မာ့ဥပဒေစနစ်အတွက် ကြီးမားသောစမ်းသပ်ချက်ဖြစ်တယ်၊အာဏာရှင်အုပ်ချုပ်ရေးစနစ်အောက်မှာ တရားဥပဒေချိုးဖောက်မှုမှ အပြစ်လွတ်ကင်းခြင်းဟာ ထုံးစံလိုဖြစ်နေခဲ့ပါတယ်။အကယ်၍ ဒီနိုင်ငံရဲ့အပြောင်းအလဲအတွင်းမှာ တရားဥပဒေစိုးမိုးရေးမတိုးတက်ဘူးဆိုရင် လူ့အခွင့်အရေးချိုးဖောက်မှုကို ဖြစ်ပွါးစေတဲ့ ညွှန်ကြားချက်တွေအတွက် အစိုးရထိပ်တန်းအရာရှိကြီးတွေများက တာဝန်ယူဖို့အရေးကြီးလှပါတယ်။"လို့Justice Trust၏တည်ထောင်သူ အမှုဆောင်ဒါရိုက်တာ Roger Normand က ပြောကြားခဲ့သည်။ သတင်းစာရှင်းလင်းပွဲကို ရွှေဝါရောင်တော်လှန်ရေးမှ သံဃာတော်များသည်လည်း တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။ NW

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

လက်ပံတန်းကျောင်းသားသပိတ် ဖြိုခွင်းမှုဖြစ်စဉ်တွင် ကျောင်းသားတစ်ဦးအား ရဲတပ်ဖွဲ့မှ ရိုက်နှက်ဖမ်းဆီးနေပုံကို မတ် ၁၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
အမျိုးသားပညာရေးဥပဒေကို လွှတ်တော်မှ အတည်ပြုပြီး ရက်ပေါင်း ၆ဝ အတွင်း အစိုးရထံမှ တစ်ခုခုတုံ့ပြန်မှုကို တိုက်ရိုက်သက်ဆိုင်တဲ့ ကျောင်းသား၊ သွယ်ဝိုက်သက်ဆိုင်တဲ့ ပြည်သူနဲ့ အနာဂတ်နိုင်ငံတော် ကောင်းစားစေလိုသူတို့က မျှောင်လင့်တကြီး စောင့်စားခဲ့ကြတယ်။
ဒါပေမဲ့ ကျောင်းသားတွေ မျှော်လင့်သလို၊ ပြည်သူတွေမျှော်လင့်သလို အစိုးရပိုင်းက ဘာမှမတုံ့ပြန် တုဏှိဘာဝေ မသိချင်ယောင် ဆောင်နေခဲ့တယ်။ ဒီလိုနဲ့ပြ ဿနာကို ငြိမ်းချမ်းစွာဖြေရှင်းလိုတဲ့ ကျောင်းသားတွေဟာ ဖေဖော်ဝါရီ ၂၈ ရက်မှာ ပင်မသပိတ်စစ်ကြောင်းကို မန္တလေးမှ စတင်ခဲ့တယ်။ စင်စစ် ပင်မသပိတ်စစ်ကြောင်းဆိုတာ ပေါ်လာစရာအကြောင်း မရှိဘူး။ ရက်ပေါင်း ၆ဝ အတွင်း အစိုးရဘက်ကပြင်ဆင်ပြီး တွေ့ဆုံခဲ့ရမှာ။ အကျိုးအကြောင်း တုံ့ပြန်ခဲ့ရမှာ။ ခုတော့ မသိကျိုးကျွန်ပြုထားတာက ခွေးဟောင်တိုင်း ထမကြည့်နိုင်ဘူးဆိုတဲ့သဘောမျိုး သက်ရောက်နေတယ်။ ဒါဟာ ကျောင်းသားတွေကို ခံပြင်းစေတယ်။ စိတ်အနာပေါက်စေတယ်။ ဒါပေမဲ့ ငြိမ်းချမ်းစွာပဲ ဆန္ဒပြခဲ့ကြတယ်။

ဒီလိုနဲ့ ပင်မသပိတ်စစ်ကြောင်းဟာ ရန်ကုန်ကို ဦးတည်ချီတက်ခဲ့တယ်။ လက်ပံတန်းမြို့ကိုရောက်တယ်။

ဒီအချိန်ကျမှ လေးပွင့်ဆိုင်ဆွေးနွေးတယ်။ ဆွေးနွေးရာမှာလည်း ဟိုနေရာရွှေ့လိုက်၊ ဒီနေရာရွှေ့လိုက် ရက်တွေ ရွှေ့လိုက်၊ နောက်ဆုံး လွှတ်တော်ထဲရောက်တော့လည်း မလုပ်စဖူး ကြားနာပွဲတွေကို ရက်ရှည်စွဲလူစုံခေါ်ထည့် (၁၉၉၃ ခုနှစ်မှ ၂ဝဝ၈ ခုနှစ်အထိ အမျိုးသားညီလာခံကျင်းပသလိုမျိုး) ပြဿ နာပေါင်းစုံဖြစ်အောင် လုပ်တယ်။ မတ် ၁၁ ရက်မှာ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တက္ကသိုလ်ဝင်တန်း(ဆယ်တန်း)စာမေးပွဲ ကျင်းပတော့မယ်။ ဒါကြောင့် မတ် ၁ဝ ရက်မှာ ကျောင်းသားတွေက သပိတ်ကို အဆုံးသတ်ဖို့ ဆုံးဖြတ်ထားတယ်။

မတ်လ ၁ဝ ရက်၊ လက်ပံတန်း

မနက် နေထွက်ကတည်းက အပူရှိန်က ပါလာတယ်။ အကာအရံမဲ့နေရောင်က သပိတ်မှောက်ကျောင်းသားတွေဆီ အတားအဆီးမဲ့ ကျရောက်လာတယ်။ ပူပေမယ့် အပူခံနိုင်တယ်။ သဘောထားကြီးတဲ့ လူကြီးတွေရဲ့သဘောကို စောင့်နေရတဲ့အတွက် နေဒဏ်ကို အာရုံမရောက်ဘူး။ ပူပါစေဆယ်နေကဲ။

နောက်တော့ ဘယ်လိုကဘယ်လို ဖြစ်ကုန်မှန်းမသိဘူး။ ကျောင်းသားတွေစီးတဲ့ကားတွေကို ရဲတွေက ရိုက်နှက်ဖျက်ဆီးတယ်။

နောက်တော့ ကျောင်းသားတွေ၊ အရပ်သားတွေ၊ ဘုန်းတော်ကြီးတွေ၊ သတင်းမီဒီယာသမားတွေ၊ တွေ့သမျှအားလုံးကို ရိုက်တယ်။ ရိုက်ပုံက တာဝန်တစ်ခု၊ လူစုကွဲစေသော တာဝန်အနေနဲ့ ရိုက်တာမဟုတ်ဘူး။ မုန်းတီးစိတ်၊ ရန်လိုစိတ်၊ ဒေါသစိတ်တွေ အပြည့်နဲ့ ရိုက်တာ။ ဘာကြောင့် ဒီလိုရေးရသလဲ။ ရဲတို့ရဲ့ရိုက်အား၊ အရိုက်ခံရသူရဲ့လူ ကိုယ်ခန္ဓာကိုယ်ရွေးပြီး ရိုက်ချက်တို့ကို ကြည့်ရင် သိသာတယ်။

ဒီလိုဖြစ်မယ်လို့ အစဉ်အလာဖြေရှင်းနည်းများမှ သင်ခန်းစာရပြီးသား၊ သိပြီးသား။ ဒါပေမဲ့ ဒီမိုကရေစီအစိုးရလို့ ကြွေးကြော်နေတဲ့အစိုးရမှာ ပြုပြင်ပြောင်းလဲလာမလားဆိုတဲ့ မျှော်လင့်ချက်ရောင်ခြည် ရေးရေးလေးတော့ ထားမိတယ်။ ငြိမ်းငြိမ်းချမ်းချမ်းလေးများ ဖြေရှင်းမလားလို့။ ဒါပေမဲ့ နေပူရှိန်အောက်မှာ မျှော်လင့်ချက်ရေးရေးကို တွေးတောငေးမောနေစဉ် ကျောကုန်းပေါ် ကျလာတဲ့ နံပါတ်တုတ်ရဲ့ရိုက်ချက်ကြောင့် နာကျင်မှုကအရှိန်က မျှော်လင့်ချက်ကို ဖျက်ဆီးလိုက်တယ်။ ထပြေးတယ်။ ပြေးတဲ့ရှေ့မှာ ရဲသုံးယောက်ဝိုင်းထားတယ်။
အနီးဆုံးရဲက မျက်နှာကိုဖြတ်ရိုက်တယ်။ ရှောင်ပေမယ့် မလွတ်ဘူး။ နောက်တစ်ယောက်က ပုခုံးပေါ်ကို အပေါ်စီးမှ စီးမိုးပြီးရိုက်ချတယ်။ ကျောင်းသား လဲကျသွားတယ်။ ခြေသလုံးကို ရိုက်တယ်။ ဖိနပ်နဲ့ကျောကုန်းကို ကန်တယ်။ နာကြင်မှုတွေက တစ်ကိုယ်လုံးပဲ။ ထပြေးလို့ မရတော့ဘူး။ မျက်စိတွေပြာဝေနေပြီ။ ဘာကိုမှမမြင်ရဘူး။ ကျောင်းသားကို တရွတ်တိုက်ဆွဲသွားတယ်။

ဆွဲသွားတုန်း လက်ယားနေတဲ့ရဲက တုတ်နဲ့ တစ်ချက်တစ်ချက် ထပ်ရိုက် လိုက်သေးတယ်။ နောက်တော့ ကားတစ်စီးပေါ် ရောက်သွားတယ်။

ဘောပင်ကိုပိုင်ပေမယ့် ဘောပင်တစ်ချောင်းတောင် ကိုင်မလာတဲ့ လက်နက်မဲ့ ကျောင်းသား။ ကရာတေး၊ သိုင်း၊ လက်ဝှေ့ ဘာမှ တတ်မြောက်မထားတဲ့ ကျောင်းသား။ အုပ်စုဖွဲ့မိုက်ဖို့၊ ရမ်းကားဖို့ မကြိုးစားတဲ့ ကျောင်းသား။ တိုင်းပြည်ကောင်းဖို့ ကြိုးစားတဲ့ ကျောင်းသား။ ပညာရေးကောင်းဖို့ ကြိုးစားတဲ့ကျောင်းသား။ ဒါတွေလုပ်တာ အရိုက်ခံစရာလား။ ကျောင်းသားခမျာ ခေါင်းမှာ ချာချာလည်မူးနေတယ်။ မူးနေရင်း အတွေးတွေ၊ ခံစားချက်တွေ ဗလောင်ဆူလာတယ်။

ကျောင်းသားကို ဘယ်သူရိုက်သလဲ

ကျောင်းသားကို ဘယ်သူရိုက်သလဲလို့ တစ်ကိုယ်လုံး စစ်စစ်နာတဲ့ကြားက အသံမထွက်ဘဲ မေးနေမိတယ်။ နံပါတ်တုတ်လား။ နံပါတ်တုတ်က အသက်မရှိဘူး။ သူ့ဘာသာသူ ထရိုက်လို့ရမှာမဟုတ်ဘူး။ တစ်ယောက်ယောက်က ကိုင်ရိုက်မှ နံပါတ်တုတ်က ရိုက်နိုင်မှာ။ ဒါဆို နံပါတ်တုတ်ကို ကိုင်ဆောင်ထားသူတွေက ဘယ်သူတွေလဲ။ ရဲတွေ။ ရဲ ဆိုတာ ကျောင်းသားရဲ့ရန်သူ မဟုတ်ဘူး။ ကျောင်းသားကလည်း ရဲရဲ့ရန်သူ မဟုတ်ဘူး။ ရဲနဲ့ ဖက်ရန်ဖြစ်ရအောင်လည်း ကိုယ်ခန္ဓာက ထွားထွားကျိုင်းကျိုင်းမဟုတ်ဘူး။ နောက်ရဲဆိုတာ အထက်ကအမိန့်ပေးမှ ဥပဒေကိုအကောင်အထည် ဖော်ရတာ။ ဒါဆိုသူတို့ကို ဘယ်သူက အရိုက်ခိုင်းသလဲ။ ခိုင်းတဲ့အထက်လူကြီးက မညှာနဲ့ ပြင်းပြင်းထန်ထန်ရိုက်လို့များ ဖြည့်စွက်ညွှန်ကြားချက်တွေ ပေးထားသလား။ အဲဒီအထက်လူကြီးမှာလည်း ဒီလောက်လုပ်ပိုင်ခွင့် မရှိတန်ဘူး။ အဲဒီအထက်ရဲ့အထက်မှာ သူ့ထက်ကြီးတဲ့ အထက်လူကြီး ရှိဦးမှာ။ သူကလည်း။ တွေးသာတွေးရ ခေါင်းမူးလာပြီ။ သူ့ထက်ကြီးတဲ့ နောက်ထပ် အထက်လူကြီးရှိဦးမှာ။ ဆင့်ကဲဆင့်ကဲ အထက်လူကြီးတွေပြောသမျှ မှန်မှန်မှားမှား အကောင်အထည်ဖော်လာတာ။
ကြာခဲ့ပြီ။ ၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်ကလည်း ကျောင်း သားသမဂ္ဂအဆောက်အအုံကို ဖြိုခွဲပြီး ကျောင်းသားတွေကိုသတ်တာ၊ ရိုက်တာ ဘယ်သူလဲ။ ရှစ်လေးလုံးအရေးတော်ပုံမှာ ကျောင်းသားတွေကို စစ်တပ်က ပစ်သတ်တာလား။ ရဲကရိုက်တာလား။ ခေတ်အဆက်ဆက် ကျောင်းသားတွေကို စစ်တပ်က ရိုက်တာလား။ ရဲက ရိုက်တာလား။

စစ်တပ်တို့၊ ရဲတို့ဆိုတာ အမိန့်နာခံရတဲ့ ဝန်ထမ်းအဖွဲ့အစည်းတွေသာ ဖြစ်တယ်။ သူတို့ကို ဘယ်သူက အမိန့်ပေးနေတာလဲ။ အမိန့်ပေးနေသူဟာ အထက်ကပဲ။ အဲဒီအထက်ရဲ့အထက်မှာ။ တစ်နည်းပြောရရင် ဥပဒေရဲ့အထက်မှာ ရှိနေတဲ့သူက အထက်လူကြီးပေါင်း များစွာရဲ့ထိပ်ဆုံးက အာဏာရှင်စနစ်ကို တောက်လျှောက်အသက်သွင်းလာတဲ့ အာဏာရှင်ဆိုတာ နည်းနည်းသဘောပေါက်လာတယ်။

အဲဒီအာဏာရှင် စနစ်ဆိုးကြီးက ကျောင်းသားကိုရိုက်မှာပဲ။ အလုပ်သမားကိုလည်း ရိုက်မှာပဲ။ လယ်သမားကိုလည်း ရိုက်မှာပဲ။ မီဒီယာသမားကိုလည်း ရိုက်မှာပဲ။ ဘယ်သူ့ကိုမဆို (အာဏာရှင်) သူ့ကို ဆန့်ကျင်တဲ့လူတိုင်းကို ရိုက်မှာပဲ။

အာဏာရှင်စနစ်ဆိုး သက်ဆိုးရှည်နေ သရွေ့၊ အာဏာရှင်စနစ်ဆိုး အာဏာရနေသရွေ့၊ ဥပဒေအထက်မှာ အာဏာရှင်ရှိနေသရွေ့ နံပါတ်တုတ်တွေဟာ သက်မဲ့ဘဝမှ သက်ရှိဘဝကို ရောက်ကုန်ပြီး အာဏာရှင်ရဲ့ လက်ကိုင်တုတ်တွေ ဖြစ်နေဦးမှာ အသေအချာ။ ဆိုတော့ အာဏာရှင်ဖြေရှင်းနည်းတွေဟာ အာဏာရှင်အကျင့်စရိုက်၊ အာဏာရှင်လုပ်နည်းလုပ်ဟန် ထိန်းမနိုင်သိမ်းမရ ဖော်ပြနေတာဖြစ်လို့ ဒီမိုကရေစီနိုင်ငံတော်ကြီး တည်ဆောက်နေပါတယ်လို့ ဘယ်လိုပဲ အသံကောင်းဟစ်ဟစ် နောက်ဆုံး သရုပ်သကန်အမှန်ပေါ်လာတာပါပဲ။
ဒါကြောင့် အာဏာရှင်အမူအကျင့်တွေကို ရုပ်သိမ်းပြီး ကျောင်းသား၊ ပြည်သူတွေကို တုတ်နဲ့မရိုက်၊ သေနတ်နဲ့မပစ်တဲ့ ဒီမိုကရေစီယဉ်ကျေးမှုနဲ့ တိုင်းပြည်ကို တည်ဆောက်ကြပါစို့လို့ တိုက်တွန်းအပ်ပါကြောင်း။
Writer:
မောင်တင်ဦး (မြောင်းမြ)
-Eleven media group

လက်ပံတန်းမြို့တွင် အကြမ်းဖက်ခံခဲ့ရ သော ဒီမိုကရေစီပညာရေး အပြောင်းအလဲအ တွက်ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခဲ့သူ မြန်မာ နိုင်ငံမှ ကျောင်းသားများအား We Support Myanmar Students အမည်ရှိ Facebook စာမျက်နှာဖွင့်၍ နိုင်ငံတကာမှ ၀ိုင်းဝန်းဂုဏ် ပြုသူ များပြားလျက်ရှိကြောင်း သိရသည်။

အဆိုပါ Facebook စာမျက်နှာတွင် အကြမ်းဖက်ခံကျောင်းသားများနှင့် ပတ် သက်၍ နိုင်ငံတကာမှ အစိုးရအဖွဲ့အစည်း များနှင့် လူမှုအဖွဲ့အစည်းများမှ ကြေညာချက် ထုတ်ပြန်မှုများကို ဖော်ပြပေးနေပြီး ပညာရေးအဖွဲ့အစည်းများအပြင် လူတစ်ဦးတစ်ယောက် ချင်းစီ၏ မြန်မာကျောင်းသားများအပေါ် ထောက်ခံမှုများကိုလည်း ဖော်ပြပေးထားသည်။ ‪#‎wearemmstudents‬ ဟူသော အတိုကောက်အမှတ်အသားဖြင့် ယင်းစာမျက်နှာပေါ်သို့ ကြေညာချက်စာသားများ၊ ဓာတ်ပုံများနှင့် ဆုတောင်းစာများ၊ အားပေးစာများကို တင်ပေးနေကြပြီး ၎င်းးတို့ အဓိပ္ပာယ်ဖော်လိုသည့်အကြောင်းအရာများကို ပို့စ်ကတ်များဖြင့် ရေးသားဖော်ပြထားကြသည်။

လက်ပံတန်းတွင် သပိတ်ကျောင်းသား များ ဖြိုခွဲခံခဲ့ရပြီးနောက် နိုင်ငံတကာမှ ကန့်ကွက်ရှုတ်ချမှုများ ထုတ်ပြန်ခဲ့ပြီးသည့်နောက်တွင် ယခုစာမျက်နှာကို စတင်ဖွင့်လှစ်လိုက်ခြင်းလည်းဖြစ်ပြီး နိုင်ငံတကာရှိ ကျောင်းသားများက ၎င်းင်းတို့၏ ထောက်ခံမှုများကို ရေးသားခဲ့ကြခြင်းလည်း ဖြစ်သည်။ အဆိုပါစာမျက်နှာပေါ်တွင် စာသားများ၊ ဓာတ်ပုံများ ဖော်ပြပေးကြသော ကျောင်းသားများမှာ အာဆီယံဒေသတွင်း နိုင်ငံများသာမက အာရှနှင့် ဂျာမနီ၊ ဗြိတိန်အစရှိသည့် ဥရောပနိုင်ငံများ နှင့် အမေရိကန်ပြည်ထောင်စုမှလည်း ပါဝင်ကြကြောင်း သိရသည်။ လက်ရှိအချိန်တွင် ယင်း စာမျက်နှာအား Like ပြုလုပ်သူ ၆၀၀၀ ကျော်ရှိနေပြီး ဆက်လက်မြှင့်တက်သွားမည်ဟုလည်း ခန့်မှန်းရသည်။
ဆုတောင်းပေးကြသော ကျောင်းသား များတွင် နိုင်ငံတကာရှိ နာမည်ကြီးတက္ကသိုလ်များတွင် ပညာသင်ကြားနေဆဲ ကျောင်းသားများပါဝင်ပြီး "ကျောင်းသားများကို လွှတ်ပေးပါ။ သူတို့ဟာ သင်တို့ရဲ့ အနာဂတ်တွေဖြစ် တယ်" "ကျောင်းသားတွေကို ငြိမ်းချမ်းခြင်းနဲ့ ရဲရင့်ခွင့်ပေးပါ" "အမှားတွေ အမှန်ဖြစ်တဲ့အခါ ခံနိုင်ရည်နဲ့ မဆုတ်နစ်တဲ့ ယုံကြည်မှုအားဟာ တာဝန်တစ်ရပ်ဖြစ်တယ်" ဆိုသည့် ဆိုင်းဘုတ်များကိုကိုင်ဆောင်၍ ဓာတ်ပုံရိုက်ကာ မြန်မာအစိုးရအား သတိပေးခြင်းဖြင့် မြန်မာကျောင်းသားများကို အားပေးထားသော စာသားများကို ရေးသားထားကြသည်။

မတ် ၁၀ ရက်က ဖြစ်ပွားခဲ့သော ယင်းကျောင်းသားများ အကြမ်းဖက်ခံရမှုဖြစ်စဉ်တွင် ငြိမ်းချမ်းစွာတောင်းဆိုနေသည့် လက်နက်မဲ့ကျောင်းသားများအား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၏ ရက်စက်စွာ တုံ့ပြန်ခြင်းကို နိုင်ငံတကာအနေဖြင့် ကဲ့ရဲ့ ရှုတ်ချကြာင်း We Support Myanmar Students စာမျက်နှာတွင် ရေးသားထားကြသည်။ အချိန်ကာလအတိုင်းအတာတစ်ခုအထိ ပင်ပန်းဆင်းရဲခံကာ ဆန္ဒဖော်ထုတ်ခဲ့ကြသော မြန်မာကျောင်းသား များ၏ အမျိုးသားပညာရေးဥပဒေ ပြုပြင်ပေးရေးတောင်းဆိုမှုမှာ အကြမ်းဖက်နှိမ်နင်းခံရခြင်းဖြင့်သာ အဆုံးသတ်ခဲ့သည်ဟု ယင်းစာမျက်နှာအကြောင်း မိတ်ဆက်ရေးသားသည့် စာမျက်နှာတွင် ဖော်ပြထားသည်။

အဆင့်မြင့်ပညာရေးတွင် လွတ်လပ်မှုရရှိနိုင်ရေးနှင့် ပညာရေးစနစ်အပေါ် ဗဟိုချုပ်ကိုင်မှုမရှိစေရေးတို့အတွက် အန္တရာယ်ဖြစ်မည့်အချက်များကို အမျိုးသားပညာရေးဥပဒေတွင် ထည့်သွင်းရေးဆွဲထားခြင်းက မြန်မာနိုင်ငံ နိုင်ငံ့ပညာရေး၏ ပွင့်လင်းမြင်သာမှုကို များစွာထိခိုက်စေကြောင်း ရေးသားထားပြီး မြန်မာကျောင်းသားများအနေဖြင့် ယင်းအချက်အပေါ် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခြင်းသာဖြစ်သည့်အတွက် အကြမ်းဖက်ရန် လုံးဝမလိုအပ်ကြောင်း ဖော်ပြထားသည်။ ယင်းစာ မျက်နှာအား ဖွင့်ရသည့်အကြောင်းရင်းမှာ ပွင့်လင်းမြင်သာမှုရှိသော မြန်မာနိုင်ငံပညာ ရေးပြောင်းလဲမှုကို တောင်းဆိုနေသည့် မြန်မာကျောင်းသားများကို နိုင်ငံတကာရှိ နယ်ပယ် အသီးသီးမှ အဖွဲ့အစည်းများနှင့် လူတစ်ဦးတစ်ယောက်ချင်းစီအနေဖြင့် အပြည့်အ၀ ထောက်ခံကြောင်း ဖော်ပြလို၍ ဖြစ်ကြောင်း သိရသည်။
https://www.facebook.com/pages/We-Support-Myanmar-Students/1617301761814639
.
Credit : Eleven Media Group

မတ်လ ၁၂ ရက်နေ့ညသန်းခေါင်ကျော်မှာ ဖမ်းဆီးခံ လိုက်ရတဲ့ ဗကသ ကျောင်းသားခေါင်းဆောင် ကိုသီဟ ဝင်းတင်၊ ကိုမိုးထက်နေ နဲ့မဟန်နီဦးတို့ ၃ ဦးကို ရဲတပ်ဖွဲ့တွေက မနေ့နေ့လည်မှာ သာယာဝတီထောင်ကို ပို့လိုက်ပါတယ်။

သူတို့ဟာ လက်ပံတန်း ကပင်မကျောင်းသားသပိတ် နဲ့ဆက်နွယ်နေတဲ့အတွက် ပဲခူးတိုင်းရဲတပ်ဖွဲ့ကိုလွှဲပေး လိုက်တာဖြစ်တယ်လို့ အလုံမြို့နယ်ရဲစခန်းမှူး ဦးထွန်းရွှေ ကပြောပါတယ်။

"လိုအပ်ချက်အရ ပဲခူးတိုင်းရဲတပ်ဖွဲ့ကိုလွှဲပေးလိုက်ပါ တယ်၊ လွှတ်ပေးတဲ့ ၂ ယောက် ကျတော့ မလိုအပ် လို့ပါ၊ ဒီ ၃ ဦးကျတော့ လက်ပံတန်းကိစ္စနဲ့ စစ်ဆေး စရာ ရှိလို့ဆိုပြီး လွှဲပေးလိုက်ပါတယ်၊ ခံဝန်ချက်ဆို တာက ကျနော်တို့ဧည့်စာရင်းဝင်စစ်တယ်၊ စစ်ပြီးတဲ့ အချိန်မှာ သူတို့အိမ်ပေါ်က အဖိုးတန်ပစ္စည်း မပျောက်ဘူးဆိုတဲ့ အကြောင်းတွေ အဲ့ကိစ္စပါပဲ၊ ခံဝန်ချက်ဆို တာ ဘာမှတော့မဟုတ်ပါဘူး "

အဲ့ဒီကျောင်းသားတွေနဲ့ အတူဖမ်းဆီးခံခဲ့ရတဲ့ မန္တလေးခရိုင်က ကိုဇန်ဇန်၊ AFP သတင်းထောက် ကိုဖြိုးဟိန်းကျော်နဲ့ အခြားသူတချို့ကိုတော့ မနေ့က ပြန်လွှတ်ပေး လိုက်တယ်လို့သိရပါတယ်။

လက်ပံတန်းအကြမ်းဖက်ဖြိုခွဲမှုကနေထွက်ပြေးလွတ်မြောက်သွားတဲ့ကျောင်းသားတွေကို သက်ဆိုင်ရာက လိုက်လံစုံစမ်း ဖမ်းဆီးနေဆဲဖြစ်ပါတယ်။

RFA Burmese

တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်ကို ဇန်နဝါရီလ ၁၃ ရက်နေ့က တွေ့ရစဉ်။ Photo:Kyaw Zaw Win/RFA
ပဲခူးတိုင်းဒေသကြီး သာယာဝတီ အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ ကျောင်းသူ ကျောင်းသား ၆ ဦးရဲ့အမှုကို လိုက်ပါ ဆောင်ရွက်ပေးဖို့ တရား လွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ခွင့်ပြုချက် လျှောက်ထားတာကို ပယ်ချလိုက်ပါတယ်။

ပဲခူးတိုင်းဒေသကြီး လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသက်ထွန်းက အမှုစစ်ဆေးနေတဲ့ ကာလဖြစ်တာကြောင့် ခွင့်မပြုတာဖြစ်ကြောင်းပြောပြီး ပယ်ချလိုက်တာဖြစ်တယ်လို့ ရှေ့နေကိုယ်စားလှယ် အဖြစ် သွားရောက်လျှောက်ထားခဲ့တဲ့ ဦးရောဘတ် စန်းအောင်က ပြောပါတယ်။

"အမှုညွှန်ကြားချက်ကိုလည်းတောင်းမယ်၊ ရှေ့နေ ကိုယ်စားလှယ်တွေ လွှဲစာလည်းယူမယ်ဆိုပြီးတော့ သာယာဝတီထောင်မှာ လျှောက်လွှာသွားတင်ပါတယ်၊ လျှောက်တော့ နယ်လုံဝန်ကြီးက အမှုစစ်ဆေးနေ ဆဲကာလဖြစ်နေလို့ပါတဲ့ ခွင့်မပြုဘူးလို့ ပြန်ကြားပါတယ်၊ ပြန်ပေးပြီးပြီဆိုရင်လည်းသူတို့ရဲ့ ဥပဒေကြောင်းဆိုင်ရာ ဆောင်ရွက်ရမယ့်ကိစ္စတွေကို ဆက်လက်ဆောင်ရွက်ဖို့အတွက် ရှေ့နေရှေ့ရပ်နဲ့ လုပ်ခွင့်ရှိတယ်၊ မပေးတာတော့ ဥပဒေနဲ့မညီဘူးလေ၊ ရုံးတင်တဲ့နေ့ကျတော့ ကျနော်တို့ဆက်လက် ပြီးတော့ ကြိုးစားမှာပါ"

ဖမ်းဆီးခံထားရတဲ့ မဖြိုးဖြိုးအောင်၊ ကိုမင်းသွေးသစ်၊ ကိုအောင်မှိုင်းဆန်း၊ ကိုချမ်းသာ၊ ကိုရဲဝင်းအောင်နဲ့ ကိုသာဒွန်းဇော် စုစုပေါင်း ၆ ယောက်အတွက် ရှေ့နေကိုယ်စားလှယ်လျှောက်ထားတာဖြစ်ပါတယ်။

အဲ့ဒီကျောင်းသား ကျောင်းသူတွေကို ဒီလ ၂၅ ရက်နေ့မှာ ရုံးထုတ်မှာဖြစ်တယ်လို့ သိရပါတယ်။

သပိတ်စစ်ကြောင်းမှာပါဝင်တဲ့ ကျောင်းသား ကျောင်းသူတွေကို နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ တရားမဝင် စီတန်းလှည့်လည်မှု၊ ပြည်သူ့ဝန်ထမ်းတွေကို နာကျင်စေမှု စတဲ့ ပုဒ်မ ၆ ခုနဲ့ လက်ပံတန်းမြို့နယ် ရဲတပ်ဖွဲ့မှူး ဦးဖုန်းမြင့်က တရားလိုလုပ်ပြီး အမှုဖွင့်ထားတာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

အောင်တံခွန် အမှတ်(၃) ခရီးသည်တင်ရေယာဉ်ဟာ မတ်လ ၁၃ ရက်နေ့ညက နစ်မြုပ်ခဲ့ရာမှာ ကယ်ဆယ်ရေး ဆောင် ရွက်နေကြစဉ်။ Photo: Min Thein Aung/ RFA
ရခိုင်ပြည်နယ် တောင်ကုတ်မြို့ကနေ စစ်တွေမြို့ကို ဦးတည်ထွက်ခွာလာတဲ့ အောင်တံခွန် အမှတ်(၃) ခရီးသည်တင် ရေယာဉ်ဟာ မနေ့က မြေပုံမြို့ နယ် နောင်တော်ကြီးမြစ်အတွင်း နစ်မြုပ်ခဲ့ရာ သေဆုံး သူ ၁ဝဝ လောက်ရှိတယ်လို့ ကယ်ဆယ်ရေးလုပ် သားတွေက ပြောပါတယ်။

လောလောဆယ် အလောင်း ၁ဝဝ လောက်ရရှိထား တယ်လို့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင် ရွက်နေတဲ့ စစ်တွေမြို့နယ် နာရေးကူညီမှုအသင်းရဲ့ အတွင်းရေးမှူး ဦးထွန်းလှိုင်က အခုလို ပြောပါတယ်။

"သိသိချင်းကို လိုအပ်တဲ့ဆေးဝါးတွေပေါ့ ချက်ချင်း စုပြီးတော့ပေါ့၊ ကျနော်တို့ မလိခပေါ်မှာ တင်ပြီးသွားပါတယ်၊ ကျနော်တို့သိတာက ၄ဝဝ နီးပါးလောက်ပါတယ်လို့ကြားပါတယ် ဒါပေမယ့်လို့ ၁၇၁ ဦးကတော့ ရှင်တယ်ပေါ့နော်၊ ကျနော်တို့ အခုရရှိထားတာကတော့ အလောင်း ၁ဝဝ ကျော်ရှိပါတယ်ခင်ဗျာ၊ တော်တော်များများတော့ မလိခနဲ့ အဆင်ပြေတာသွားတယ်၊ ဒီအခေါက်ကတော့ ကျောင်းသားတွေရော၊ ပညာရေးကောလိပ် က ကျောင်းပြီးတဲ့ဟာတွေရော၊ နောက် ကျောင်းပိတ်လို့ ဆရာမတွေက ကိုယ့်မြို့ကိုယ့်ရွာကိုပြန် ကြတာတွေပေါ့"

ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ကတော့ သေဆုံးသူ ၃၅ ယောက်လောက်ရှိမယ်လို့ ပြောပါတယ်။ သေဆုံးသူစာရင်း အတိအကျကို RFA က ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

နစ်မြုပ်သွားတဲ့ အောင်တံခွန် အမှတ်(၃) ခရီးသည်တင်ရေယာဉ်ဟာ တောင်ကုတ်မြို့ကနေတစ်ဆင့် ကျောက်ဖြူ မြို့မှာ ခေတ္တရပ်နားပြီး ဆက်လက်ထွက်ခွာလာရာမှာ နောင်တော်ကြီးမြစ်အတွင်းမှာ ရုတ်တရက်လှိုင်းကြီးလာတဲ့ အတွက် နစ်မြုပ်သွားတာဖြစ်ပါတယ်။

အဲ့ဒီရေယာဉ်ရဲ့ အောက်ပိုင်းကိုယ်ထည်က ပေါက်ပြဲနေတဲ့အတွက် အစိုးရ ရေကြောင်းပို့ဆောင်ရေးဌာနက ၁ဝ နှစ်ခန့်ကြာအောင် အသုံးမပြုပဲ ရပ်နားခဲ့ထားခဲ့ရာကနေ ပြန်လည်ဖာထေးပြီး ပြေးဆွဲခဲ့တာဖြစ်တယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အဲ့ဒီရေယာဉ်ဟာ မနေ့ကကျောက်ဖြူမြို့ကနေ ထွက်ခွာလာကတည်းက အောက်ခြေပိုင်း ဖာထေး ရာကနေ ရေတွေဝင်နေခဲ့တဲ့အတွက် ရေယာဉ်မှာ စီးနင်းလိုက်ပါလာသူတွေက ဝိုင်းကူပြီး ရေတွေကို ခပ်ထုတ်ခဲ့ကြပေမယ့် မနိုင်တော့တဲ့အတွက် နောက်ဆုံးနစ်မြုပ်သွားခဲ့တာလို့ ရေယာဉ်ပေါ်မှာ စီးနင်းလိုက်ပါလာသူတွေက ပြောပါတယ်။

အသက်ရှင်ကျန်ရစ်သူတွေကို အစိုးရအစီအစဉ်နဲ့ ဒီနေ့ နေ့လည်ပိုင်းမှာ ကျောက်ဖြူ၊ မြေပုံ၊ ပေါက်တောနဲ့ စစ်တွေမြို့တွေကို  ရှပ်ပြေးအမြန်ရေယာဉ်တွေနဲ့ အသီးသီး ပို့ဆောင်ပေးခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese

Solar Impulse 2 လေယာဉ် အိန္ဒိယကို ဆိုက်ရောက်စဉ်။ (မတ် ၁၁၊ ၂၀၁၅)
နေရောင်ခြည် စွမ်းအင်ကိုသုံးပြီး ပထမဆုံး အကြိမ်အဖြစ် ကမ္ဘာကိုပတ်နေတဲ့ Solar Impulse 2 လေယာဉ်ဟာ မတ်လ ၁၀ ရက် အင်္ဂါနေ့က အိန္ဒိယနိုင်ငံမှာ ရောက်နေပါပြီ။ အိုမန်နိုင်ငံ Muscat မြို့တော်ကနေ အာရေးဗျပင်လယ်ကို ၁၅ နာရီကြာ၊ ကီလိုမီတာ ၃၅၀၀၀ ခရီးကိုဖြတ်ပြီး ဒုတိယခရီးတထောက်အဖြစ် အိန္ဒိယနိုင်ငံမှာ ရောက်နေတာပါ။

လေယာဉ်ဆိုက်ရောက်ပြီးတဲ့နောက် အများပြည်သူ ကြည့်ရှုနိုင်အောင် ပြသတဲ့ အတွက် လူအများအပြား သွားကြည့်ကြပါတယ်။ နောက်ခရီးတထောက်ကတော့ အိန္ဒိယ၀န်ကြီးချုပ် နေရိန်ဒရာ မိုဒီရဲ့ မဲဆန္ဒနယ်ဖြစ်တဲ့ ဗာရာဏသီမြို့ပါ။ အိန္ဒိယနိုင်ငံကနေ ထွက် လာပြီးတဲ့နောက် မြန်မာနိုင်ငံ၊ မန္တလေးလေဆိပ်ကို မတ်လ ၁၇ ရက်၊ အင်္ဂါနေ့မှာ ရောက်ပါလိမ့်မယ်။ လေယာဉ်ရောက်ပြီးတဲ့ နောက် အများပြည်သူ လှည့်လည်ကြည့်ရှုနိုင်မှာဖြစ်ပြီး ညနေပိုင်းမှာ သတင်းစာရှင်းလင်းပွဲလုပ်မယ်လို့ အစိုးရပိုင် သတင်းစာတွေ မှာဖော်ပြထားပါတယ်။

မြန်မာနိုင်ငံကနေတဆင့် တရုတ်နိုင်ငံ၊ အဲဒီကနေ ပစိဖိတ်သမုဒ္ဒရာနဲ့ အမေရိကန်ပြည်ထောင်စုတို့ကို ဖြတ်ပျံပြီး ဥရောပတောင်ပိုင်းကတဆင့် အဘူ ဒါဘီမြို့ဆီ ဇူလိုင်လနှောင်းပိုင်း ပြန်ရောက်မှာဖြစ်ပါတယ်။

Solar Impulse 2 ဟာ အာရပ်ဘ်စော်ဘွားများပြည်ထောင်စု၊ အဘူ ဒါဘီမြို့ကနေ မတ်လ ၉ ရက်နေ့က စထွက်လာတာဖြစ်ပြီး စုစုပေါင်းပျံသန်းရက် ၂၅ ရက်လောက်မှာ တနာရီကို ကီလိုမီတာ ၅၀ ကနေ ၁၀၀ ကြား ပျံသန်းနေတာပါ။

လေယာဉ်ဟာ မိသားစုစီး ကားတစီးရဲ့အလေးချိန်ဖြစ်တဲ့ ၂၃၀၀ ကီလိုဂရမ်ပဲလေးပေမဲ့ တောင်ပံနှစ်ဘက် အကျယ်ပမာဏက တော့ အကြီးမားဆုံး ဂျက်လေယာဉ်တစင်းရဲ့ တောင်ပံအကျယ်လောက်ရှိပါတယ်။ ဒီ Solar Impulse 2 လေယာဉ်ကို ၁၂ နှစ် ကြာ အချိန်ယူပြီး ပုံစံထုတ် တည်ဆောက်ခဲ့တာပါ။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ရခိုင်ကမ်းရိုးတန်းသွား သင်္ဘောတစ်စီးကို တွေ့ရစဉ်။
မတ် ၁၄

ရခိုင်ပြည်နယ်တွင် ကမ်းရိုး တန်းသွား သင်္ဘောတစ်စီးနစ်ရာမှ ခရီးသည် အလောင်း ၂၃ လောင်းကို ရှာဖွေ တွေ့ရှိထားပြီး လူပေါင်း ၁၀၀ ကျော် ပျောက်ဆုံးနေကြောင်း သတင်း ရရှိသည်။

နစ်မြုပ်သော သင်္ဘောမှာ အောင်တံခွန် (၃) သဘောင်္ဖြစ်ပြီး တောင်ကုတ်မြို့မှ စစ်တွေသို့ ထွက်ခွာလာရာတွင် နောင်တော်ကြီး ပင်လယ် ကလိန်တောင်ဘက်ခြမ်းတွင် မတ်လ ၁၃ ရက်နေ့ ညနေ ၈ နာရီခွဲခန့် နစ်မြုပ်သွားခဲ့သည်ဟု သိရသည်။

“ အခု နောက်ဆုံးရတဲ့ သတင်းအရ အလောင်း ၂၃ လောင်း ရရှိပြီ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကယ်ဆယ်လို့ ရတာက လူပေါင်း ၁၇၅ ယောက် ရှိတယ်လို့ သိရပါတယ်။ သင်္ဘောပေါ်မှာ လူပေါင်း ၄၀၀ ကျော်ပါလာတယ်လို့ သိရပါတယ်” ဟု မြေပုံ ဒေသခံ ကိုမောင်မောင်က နိရဉ္စရာသို့ ပြောသည်။

ယခု ဆယ်ယူ ရရှိသော အလောင်းများထဲတွင် အမျိုးသမီးများပြီး လက်ဝတ်လက်စားများ ပါဝင်၍ မည်သူမှ အလောင်းများကို မကိုင်ရဲဘဲ ဖြစ်နေသည်ဟု သူက ဆက်ပြောသည်။

“ လက်ရှိ ရတဲ့ သတင်းအရ မြောက်ကြိမ် ပိုက်ဆိပ်နားမှာ မြုပ်တာပါ။ သင်္ဘောခန်းထဲမှာ ပိတ်ပြီး ပါသွားတဲ့ ခရီးသည်တွေကတော့ ရှာမတွေ့သေးဘူး။ သင်္ဘောကို ဖော်လို့ရမှ တွေ့နိုင်မယ်ထင်ပါတယ်” ဟု ကိုမောင်မောင်က ဆက်ပြောသည်။

မြေပုံမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဝင်းက“ လူအများအပြား သေဆုံးတယ်ဆိုတာ သတင်း ရရှိပါတယ်။ ကြားရတာက ကျောင်းပိတ်လို့ ပြန်တဲ့ ဆရာ ဆရာမတွေ သင်္ဘောနဲ့ အတူ ပါလာတယ်လို့ သိရပါတယ်” ဟု ပြောသည်။

သင်္ဘောပေါ်တွင် ခရီးသည် ၄၀၀ ကျော်ပါလာပြီး ၀န်များကိုလည်း အဆမတန် တင်ဆောင်လာသည်ဟု ကြားသိရကြောင်း ဦးအောင်ဝင်းကဆိုသည်။

ယခု နစ်မြုပ်သွားသော အောင်တံခွန်သင်္ဘောများမှာ ဟောင်းနွမ်းနေသော သင်္ဘောတစ်စီးဖြစ်ကြောင်း၊ ယင်းသင်္ဘောတွင် ကုန်ပစ္စည်း အဆမတန် တင်ရာမှ နစ်မြုပ်ခြင်း ဖြစ်ကြောင်း မြေပုံ ဒေသခံ  ဒေါ်မပုချေက ပြောသည်။

ယခုအခါ ပြည်နယ် ၊ မြို့နယ် အဆင့် တာဝန်ရှိသူများ အပါအ၀င် ကျောက်ဖြူမြို့နယ် လူမှုအဖွဲ့အစည်းများမှ သင်္ဘောနစ်ရာ နေရာသို့ ရောက်ရှိနေပြီး ကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်နေကြောင်း သတင်း ရရှိသည်။

နိရဉ္စရာ
http://www.narinjara.com/burmese


မြန်မာ့လေတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ကိုးကန့်တိုက်ပွဲတွေနဲ့ ထိစပ်နေတဲ့ ယူနန်ပြည်နယ်၊ Lincang နယ်စပ်မြို့က ကြံစိုက်ခင်းကို မတ် ၁၃ ရက် နေ့လယ်ပိုင်းက ဗုံးထိမှန်ခဲ့ပြီး တရုတ်နိုင်ငံသား ၄ ဦး သေဆုံး၊ ၉ ဦး ဒဏ်ရာရသွားတယ်လို့ ဆင်ဟွာသတင်းမှာ ဖော်ပြထားပါတယ်။

ဒီဖြစ်ရပ်အပေါ် တရုတ်နိုင်ငံခြားရေး ဒုဝန်ကြီး Liu Zhenmin က တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအအမတ်ကြီးကို ဆင့်ခေါ်ပြီး ပြစ်တင်ရှုတ်ချသလို အသေးစိတ် စုံစမ်းစစ်ဆေးဖို့နဲ့ စုံစမ်းမှုတွေကို အသိပေးဖို့ တိုက်တွန်းပါတယ်။

တာဝန်ရှိသူကို အပြစ်ပေးဖို့၊ အဲဒီလိုဖြစ်ရပ်မျိုးတွေ ထပ်ဖြစ်မလာအောင် တားဆီးပေးဖို့ နှစ်နိုင်ငံ နယ်စပ်ဒေသတွေမှာ လုံခြုံရေးနဲ့ တည်ငြိမ်ရေးတွေအတွက် ထိထိရောက်ရောက် ဖြစ်အောင် ချက်ခြင်းဆောက်ရွက်လုပ်ဆောင်ဖို့ တရုတ် နိုင်ငံခြားရေး ဒုဝန်ကြီးက မြန်မာအစိုးရကို တိုက်တွန်းခဲ့ပါတယ်။

အစောပိုင်းက တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ အစိုးရတပ် တိုက်ခိုက်မှုတွေကြောင့် နေအိမ်တလုံး ပျက်စီးသွားခဲ့တယ်လို့လည်း တရုတ်နိုင်ငံခြားရေး ဒုဝန်ကြီးက ပြောပါတယ်။

ဒါ့အပြင် တရုတ်နယ်စပ်အနီးကို ရောက်ရှိလာတဲ့ မြန်မာ စစ်တပ်လေယာဉ်တွေကို သတိပေး စောင့်ကြည့်ဖို့ တရုတ်လွတ်မြောက်ရေး တပ်မတော်က တိုက်လေယာဉ်တွေ စေလွှတ်ခဲ့တယ်လို့ တရုတ် လေတပ်ပြောခွင့်ရ ရှန်ဂျင်ကီက ပြောပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no

ခုနောက်ဆုံးလက်ပံတန်းမှာ ရန်ကုန်ကိုချီတက်ကြမယ့် ကျောင်းသားကျောင်းသူတွေကို ၄ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးသဘောတူညီချက်တွေကို ဖောက်ဖျက်ပြီး အကြမ်းဖက်ဖြိုခွင်း ဖမ်းဆီးလိုက်တာကတော့ အဆိုးဆုံးလူ့အခွင့်အရေး ချိုးဖောက်မှု ရာဇ၀တ်ပြစ်မှု ကြီးဖြစ်ခဲ့ပါပြီ။ ခွင့်လွှတ်လို့မရတဲ့ သမိုင်းအမည်းစက်ကြီးတခုလို့ဆိုရမှာပါပဲ။ အကြမ်းဖက်ရိုက်နှက်ခဲ့ကြတဲ့ ရဲတပ်ဖွဲ့ရဲ့ရိုက်နှက်ပုံကို ကြည့်ရင် သပိတ်ကို ပြိုကွဲသွားရုံ ဖမ်းဆီးနိုင်ရုံမဟုတ်ဘဲ အုပ်စုနဲ့ အပြင်းအထန် ၀ိုင်းဝန်းရိုက်နှက်ခဲ့ကြတာကို ထင်ထင်ရှားရှား တွေ့မြင်ရပါတယ်။ အငြိုးတကြီးရိုက်နှက်တာအပြင် လူမရိုက်ရလို့ သက်မဲ့မော်တော်ယာဉ်တွေ၊ လူနာတင်ယာဉ်တွေကိုပါ ရိုက်ခွဲဖျက်ဆီးခဲ့တာကိုကြည့်ရင် ရဲတပ်ဖွဲ့ဝင်ဆိုသူတွေကို ဘယ်လို အမိန့်ပေးစေခိုင်းထားတယ်ဆိုတာ တွေ့နိုင်ပါတယ်။ အစိုးရတရပ်က ရည်ရွယ်ချက်ရှိရှိ ကျူးလွန်လိုက်တဲ့ ရာဇ၀တ်ပြစ်မှုတခုဆိုတာကတော့ မြင်သာထင်ရှားဖြစ်နေပါပြီ။

အကြမ်းဖက်ဖြေရှင်းဖြိုခွဲခံလိုက်ရတဲ့ ကျောင်းသားတွေက မှန်ပါတယ်။ အစိုးရက မှားပါတယ်။ အမှန်တရားနဲ့ တရားမျှတမှု ပြန်လည်ရယူနိုင်ဖို့ ကျူးလွန်သူတွေကို ထိုက်သင့်တဲ့ အရေးယူအပြစ်ပေးမှုတွေကို မလွှဲမသွေ ပြုလုပ်ရပါမယ်။ ကျောင်းသား ပြည်သူ ရဟန်းရှင်လူ အားလုံးတညီတညွတ်တည်း ၀ိုင်းဝန်းကြိုးပမ်းကြပါစို့လို့ တိုက်ပွဲခေါ်လိုက်ပါကြောင်း။
အမျိုးသားပညာရေး ဥပဒေကို ဆန့်ကျင်ကန့်ကွက်သပိတ်မှောက်ခဲ့ကြတဲ့ ကျောင်းသားကျောင်းသူတွေရဲ့ သပိတ်ကတော့ မတ်လ ၁၀ ရက်နေ့မှာ စစ်အရေခွံလဲ အစိုးရရဲ့ ရက်ရက်စက်စက်အကြမ်းဖက် နှိမ်နင်းခံလိုက်ပါပြီ။


ကျောင်းသား ကျောင်းသူတွေရဲ့ အဲဒီလိုဆန့်ကျင်ကန့်ကွက်သပိတ်မှောက်မှုဟာ စကတည်းက အကြမ်းမဖက် ငြိမ်းချမ်းစွာ ချီတက် ဆန္ဒပြတဲ့၊ တတိုင်းပြည်လုံးအပေါ်ထားတဲ့ စေတနာအရ မှန်ကန်ကောင်းမွန်တဲ့ ဒီမိုကရေစီပညာရေးစနစ်တခုရရှိဖို့ အမျိုးသားပညာရေးဥပဒေ ရေးဆွဲရာမှာ ကျောင်းသားကိုယ်စားလှယ်၊ ဆရာကိုယ်စားလှယ်တွေ၊ ပညာရှင်တွေပါ ပါဝင်ဆွေးနွေး ရေးဆွဲခွင့် တောင်းခဲ့ပါတယ်။ အမျိုးသားပညာရေး ကွန်ရက်က ပညာရှင်တွေကလည်း ပါဝင်ဆွေးနွေးခွင့်ရရှိရေး ကြိုးစားခဲ့ပါတယ်။ အစိုးရ တာဝန်ရှိပုဂ္ဂိုလ်တွေကလည်း ဖိတ်ကြားပါမယ်လို့ အကြောင်းပြန်ကြားပြီးမှ တကယ်ဆွေးနွေးတော့ မဖိတ်ကြားဘဲ ချန်ထားခဲ့ပါတယ်။

တက္ကသိုလ် အသီးသီးက သမဂ္ဂတွေနဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်ကလည်း မူကြမ်းအဆင့်ကစပြီး ကျောင်းသားကျောင်းသူတွေရဲ့ စစ်မှန်တဲ့ လွပ်လပ်ခွင့်၊ မှန်ကန်ကောင်းမွန်တဲ့ ဒီမိုကရေစီပညာရေးကို သင်ကြားခွင့်၊ တက္ကသိုလ်တခုချင်းစီက ကိုယ့် တက္ကသိုလ်ရဲ့ သင်ရိုးနဲ့ သင်ကြားနည်းစနစ်ကို ကိုယ်ပိုင်ပြဋ္ဌာန်းဆုံးဖြတ်ခွင့် စတဲ့ အရေးကြီးတဲ့ ဒီမိုကရေစီ ပညာရေး အခြေခံမူတွေကိုကိုပါ ထည့်သွင်းဖို့တောင်းဆို ကန့်ကွက်ခဲ့ကြပါတယ်။ အဲဒါက ပညာရေးဥပဒေ မူကြမ်းအဆင့်ကတည်းကပါ။

ဒါပေမယ့် အဲဒီလိုဝိုင်းပြီး ကန့်ကွက်ဆန့်ကျင်နေတဲ့ကြားပဲ အဲဒီအမျိုးသားပညာရေး ဥပဒေ ဆိုတာကြီးကို လွှတ်တော်က အတည်ပြုပြဋ္ဌာန်းလိုက်ပါတယ်။ အဲဒါကြောင့်လည်း တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေ ဦးဆောင်တဲ့ ကျောင်းသားသပိတ်စစ်ကြောင်းကြီးတွေ သက်ဆိုင်ရာဒေသ အသီးသီးကနေ ရန်ကုန်ကို ချီတက်ဆန္ဒပြကြတဲ့ အထိ ဖြစ်လာခဲ့တာပါပဲ။ အစပိုင်းမှာကတည်းက ကျောင်းသားကျောင်းသူတွေနဲ့ ဆရာတွေ ပညာရှင်တွေရဲ့ဆန္ဒ သဘောကို အလေးအနက်ထား လက်ခံစဉ်းစားပြီး ပွင့်ပွင့်လင်းလင်း ညှိနှိုင်းဆွေးနွေးကြမယ်ဆိုရင် ခုအဖြစ်မျိုးနဲ့ ကြုံတွေ့စရာ အကြောင်းရှိမယ်မဟုတ်ဘူးဆိုတာသေချာပါတယ်။

စစ်အရေခွံလဲ အစိုးရက စကတည်းက မရိုးသားခဲ့ပါဘူး။ တွေ့ဆုံဆွေးနွေးမယ်လို့ စပြီးကမ်းလှမ်းလက်ခံလိုက်တာကလည်း တတိုင်းပြည်လုံးက ပြည်သူလူထုကြီးရဲ့ တခဲနက်ထောက်ခံမှုကို ရလာတဲ့ ကျောင်းသားသပိတ်ကို ရပ်ပစ်ဖို့၊ ပြိုကွဲသွားဖို့ အပြသဘောလက်ခံလိုက်တာဆိုတာ ရှင်းပါတယ်။ ကျောင်းသားတွေကို ကန့်သတ်တားဆီးမှုတွေ အမျိုးမျိုးလုပ်လာခဲ့ပြီး အမျိုးသားပညာရေးဥပဒေ ပြုပြင်ပြောင်းလဲရေးကို အချိန်ဆွဲပြီး ကျောင်းသားတွေ တောင်းဆိုထားချက်တွေကို ဘာမှရေရေရာရာ အာမခံချက်မပေးခဲ့တဲ့အပြင် မဖြစ်နိုင်တဲ့ အခြေအနေတွေကိုပါ ပြောဆိုလာခဲ့တော့ ကျောင်းသားတွေက သူတို့မူလ ဦးတည်ရည်ရွယ်ချက်အတိုင်း ဆက်ပြီးကန့်ကွက်ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

ဒီအချိန်မှာ စစ်အစိုးရက အကောက်ကျစ်ဆုံးနည်းကိုသုံးပြီး ထောက်ခံဆန္ဒပြကြသူတွေကို အကြမ်းဖက်နှိမ်နင်းခဲ့ပါတယ်။ ဒါကတော့ စွမ်းအားရှင်လို့ သူတို့ခေါ်တဲ့ လူဆိုးလူမိုက်လူရမ်းကား (Thug) တွေကို သုံးပြီး ရိုက်နှက် နှိမ်နင်းခိုင်းခဲ့တာပါပဲ။ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥဒေပုဒ်မ ၁၂၇ နဲ့ ၁၂၈ အရ ဥပဒေအရ လုပ်တာဖြစ်တယ်လို့ အရှက်မရှိ လိုရာဆွဲပြီး ဇွတ်ဥပဒေနဲ့ ညီညွတ် ကြောင်း ပြောခဲ့ပေမယ့် ဥပဒေပညာရှင်တွေကတော့ ဒီလိုအခြေအနေအတွက် သုံးရမှာ မဟုတ်တဲ့ အကြောင်း၊ နယ်ချဲ့အင်္ဂလိပ်ခေတ်ကတောင် အဲဒီလိုမလုပ်ခဲ့တဲ့အကြောင်း တုံ့ပြန်ဖြေရှင်းခဲ့ကြပါတယ်။

လူ့အခွင့်အရေးရှေ့နေကြီး ရောဘတ် စန်းအောင်က…. ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၁၂၇၊ ၁၂၈ တို့အရ ရှေ့ဆုံးက ပေးထားတာက တရားသူကြီးဗျ၊။ တရားသူကြီးမရှိမှ ဒုရဲအုပ်နဲ့ ဒုရဲအုပ်အောက် မနိမ့်တဲ့ ပုဂ္ဂိုလ်က လုပ်ရမှာ။ အဲဒီနေ့က တရားသူကြီး မပါဘူး။ နောက်တချက် အကူအညီ ယူနိုင်တယ်သာပြောတာ အခုဟာက အကူအညီယူတာ မဟုတ်ဘူး။ လက်ပတ်တွေ ဘာတွေနဲ့ ကြိုတင်ကြံစည်ပြီးတော့ ပြဿ နာ ရှာမယ်ဆိုတဲ့ သဘောပေါ်ပေါက်နေတယ်။ အမျိုးသမီးကို အမျိုးသမီးရဲနဲ့ပဲ ဖမ်းရမယ်။ ဒါကို အရပ်သားအမျိုးသားတွေက ရုပ်ပျက်ဆင်းပျက် ဖက်သိုင်းပြီးတော့ ဖမ်းသွားတယ်ဆိုတာကတော့ ယဉ်ကျေးမှုကို ဆန့်ကျင်စော်ကား ဖမ်းဆီးမှု ဖြစ်တယ်။ တာဝန်ဆိုတဲ့ လက်ပတ်တွေနဲ့ ကြိုတင်ပြီး စုဆောင်းထားတဲ့ စွမ်းအားရှင်၊ မိဘပြည်သူ စတဲ့ ခေါင်းစဉ်အမျိုးမျိုး ဘယ်လို တပ်တပ် အကြမ်းဖက်အဖွဲ့အစည်းတွေကို ဥပဒေအရ ခွင့်ပြုလို့ မရဘူး။ ဥပဒေမဲ့ လုပ်ဆောင်ခြင်းပဲ ဖြစ်တယ်။”


တရားလွှတ်တော်ချုပ်ရှေ့နေ ဦးကြီးမြင့်ကလည်း ဒီပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၁၂၇၊ ၁၂၈ ဆိုတာက ပြည်သူတွေကိုအကာအကွယ်ပေးဖို့ လိုအပ်လာတဲ့ မီးလောင်တာမျိုး အကြမ်းဖက်ဆိုးသွမ်းသူတွေက လူတွေကို အန္တရာယ်ပြု သတ်ဖြတ်နေတဲ့ အဖြစ်မျိုးတွေ မှာ ပြည်သူလူထုရဲ့ အကူအညီရယူပြီး နှိမ်နင်းစေတာမျိုးပါ။ ဒါကိုနယ်ချဲ့အစိုးရကတောင် မသုံးခဲ့ပါဘူး၊ ဗိုလ်အောင်ကျော်ကို ရိုက်သတ်ခဲ့တာတောင် နယ်ချဲ့ရဲ့မြင်းစီးစစ်ပုလိပ်ပါလို့ သတင်းမီဒီယာတွေကို ပြောပြခဲ့ပါတယ်။ ဒီလုပ်ရပ်မျိုး လုပ်ကိုမလုပ်သင့်ပါဘူး။ ဥပဒေနဲ့ မညီညွတ်ပါဘူးလို့လည်း အစိုးရကို ဝေဖန်ခဲ့ပါတယ်။

ခုနောက်ဆုံးလက်ပံတန်းမှာ ရန်ကုန်ကိုချီတက်ကြမယ့် ကျောင်းသားကျောင်းသူတွေကို ၄ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးသဘောတူညီချက်တွေကို ဖောက်ဖျက်ပြီး အကြမ်းဖက်ဖြိုခွင်း ဖမ်းဆီးလိုက်တာကတော့ အဆိုးဆုံးလူ့အခွင့်အရေး ချိုးဖောက်မှု ရာဇ၀တ်ပြစ်မှု ကြီးဖြစ်ခဲ့ပါပြီ။ ခွင့်လွှတ်လို့မရတဲ့ သမိုင်းအမည်းစက်ကြီးတခုလို့ဆိုရမှာပါပဲ။ အကြမ်းဖက်ရိုက်နှက်ခဲ့ကြတဲ့ ရဲတပ်ဖွဲ့ရဲ့ရိုက်နှက်ပုံကို ကြည့်ရင် သပိတ်ကို ပြိုကွဲသွားရုံ ဖမ်းဆီးနိုင်ရုံမဟုတ်ဘဲ အုပ်စုနဲ့ အပြင်းအထန် ၀ိုင်းဝန်းရိုက်နှက်ခဲ့ကြတာကို ထင်ထင်ရှားရှား တွေ့မြင်ရပါတယ်။ အငြိုးတကြီးရိုက်နှက်တာအပြင် လူမရိုက်ရလို့ သက်မဲ့မော်တော်ယာဉ်တွေ၊ လူနာတင်ယာဉ်တွေကိုပါ ရိုက်ခွဲဖျက်ဆီးခဲ့တာကိုကြည့်ရင် ရဲတပ်ဖွဲ့ဝင်ဆိုသူတွေကို ဘယ်လို အမိန့်ပေးစေခိုင်းထားတယ်ဆိုတာ တွေ့နိုင်ပါတယ်။ အစိုးရတရပ်က ရည်ရွယ်ချက်ရှိရှိ ကျူးလွန်လိုက်တဲ့ ရာဇ၀တ်ပြစ်မှုတခုဆိုတာကတော့ မြင်သာထင်ရှားဖြစ်နေပါပြီ။

အကြမ်းဖက်ဖြေရှင်းဖြိုခွဲခံလိုက်ရတဲ့ ကျောင်းသားတွေက မှန်ပါတယ်။ အစိုးရက မှားပါတယ်။ အမှန်တရားနဲ့ တရားမျှတမှု ပြန်လည်ရယူနိုင်ဖို့ ကျူးလွန်သူတွေကို ထိုက်သင့်တဲ့ အရေးယူအပြစ်ပေးမှုတွေကို မလွှဲမသွေ ပြုလုပ်ရပါမယ်။ ကျောင်းသား ပြည်သူ ရဟန်းရှင်လူ အားလုံးတညီတညွတ်တည်း ၀ိုင်းဝန်းကြိုးပမ်းကြပါစို့လို့ တိုက်ပွဲခေါ်လိုက်ပါကြောင်း။

By စိုးနေလင်း (ဒီဗွီဘီ)
http://burmese.dvb.no