03/17/15

တရုတ်မြန်မာနယ်စပ်ဒေသ တရုတ်နိုင်ငံဘက်ခြမ်းမှာ မတ်လ ၁၃ ရက် သောကြာနေ့က ကျရောက်ခဲ့တဲ့ဗုံး ဟာ သူတို့ပစ်တဲ့ဗုံးမဟုတ်ဘူးလို့ MNDAA ကိုးကန့်အဖွဲ့ က ငြင်းဆိုလိုက်ပါတယ်။

ကိုးကန့်အဖွဲ့နဲ့ မြန်မာအစိုးရတပ်တွေရဲ့တိုက်ပွဲမှာ တရုတ်နိုင်ငံဘက်ကို ကျသွားတဲ့ဗုံးကြောင့် တရုတ်နိုင်ငံ သား ၄ ဦး သေဆုံးပြီး တချို့ဒဏ်ရာရသွားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ မြန်မာအစိုးရဘက်က သူတို့ပစ်တဲ့ ဗုံးမဟုတ်ဘူးလို့ ငြင်းဆိုထားပြီး ကိုးကန့်အဖွဲ့အနေနဲ့ လည်း တရုတ်ပြည်ကို ကျောပေးထားတာဖြစ်တဲ့အတွက် သူတို့ပစ်တာမဟုတ်ဘူးလို့ မြန်မာအမျိုးသား ဒီမိုကရေစီ တပ်ဖွဲ့ (ကိုးကန့်အဖွဲ့) က ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်းက RFA ကို ပြောပါတယ်။

"ဗမာအစိုးရကနေပြီးတော့ သတင်းမှာ ကျနော်တို့ကို စွပ်စွဲထားတာရှိတယ်။ အဲဒါကတော့ လုံးဝအဓိပ္ပါယ်မရှိပါဘူး ၊ ကျနော်တို့ ငြင်းပါတယ်။ သူတို့လေယာဉ်နဲ့ ဗုံးကြဲတာကို လွန်ပြီးတော့ တရုတ်ပြည်ဘက် ရောက်သွားတယ်။ အဲဒီမှာ တရုတ်နိုင်ငံသား ၄ ယောက်သေတယ်၊ ၉ ယောက်ဒဏ်ရာရတယ်။ အဲဒီကိစ္စကို ကျနော်တို့ကလုပ် ပါတယ်လို့ စွပ်စွဲထားတယ်၊ အစိုးရက ကျနော်တို့ မျက်နှာမူထားတာ ကိုးကန့်ဘက်မှာ ကျနော်တို့ရဲ့ရန်သူက ကိုးကန့်ဘက်ကနေလာတာပါ။ တရုတ်ပြည်ကနေလာတာမဟုတ်ပါဘူး။ အဲဒီတော့ မှားပစ်စရာလဲ အကြောင်းမရှိဘူး။ ပြီးတော့ အဲလောက်ကြီးတဲ့လက်နက်လည်း ကျနော်တို့မှာ မရှိဘူး"

ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ တရုတ်အစိုးရက မြန်မာအစိုးရကို တရားဝင်ကန့်ကွက်တာတွေရှိခဲ့သလို နယ်စပ်မှာ တရုတ်စစ်အင်အားတွေ တိုးချထားတယ်လို့လည်း သိရပါတယ်။

လွန်ခဲ့တဲ့ ဖေဖေါ်ဝါရီလ ၉ ရက်နေ့ကတည်းက ကိုးကန့်အဖွဲ့နဲ့ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာ မြန်မာ့တပ်မတော်က ရဟတ်ယာဉ်၊ လေယာဉ်ပျံတွေကို အသုံးပြုပြီး အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ပါတယ်။ အခုလို တရုတ်ပြည်ဘက် ဗုံးဆံကျပြီးတဲ့ နောက်ပိုင်း မြန်မာအစိုးရတပ်က ကိုးကန့်ကို တိုက်ခိုက်ရာမှာ လေယာဉ်သုံးတာမရှိတော့ဘူးလို့လည်း ပြောပါတယ်။

RFA

White Card ကိုင်ဆောင်ထားသူ တစ်ဦးကို မြင်ရစဉ်။ Photo: Min Thein Aung/RFA
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှာ ယာယီ သက်သေခံ လက်မှတ် ကိုင်ဆောင်ထားတဲ့ ပါတီဝင် ၂ သောင်းကျော် ကို ပါတီကနေ ထုတ်ပယ်လိုက်ပြီး ထုတ်ပယ်လိုက်တဲ့ စာရင်းကို ရွေးကောက်ပွဲ ကော်မရှင်ထံ ပေးပို့လိုက် ပါတယ်။

ရွေးကောက်ပွဲကော်မရှင်ကချမှတ်တဲ့ စည်းမျဉ်းဥပဒေ အတိုင်းလိုက်နာတာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း က ပြောပါတယ်။

"ကျနော်တို့ တိုင်းနဲ့ပြည်နယ် ၁ဝ ခုလောက်က ရတဲ့ စာရင်းတွေကို တင်ထားပြီးပြီ၊ နောက်ထပ် လာနေသေးတော့ မစုံသေးဘူး၊ နှစ်သောင်းလောက် ရှိတယ်ထင်တယ် ပါတီဝင်အဖြစ်ကနေ ပယ်ဖျက်လိုက် တာ၊ ဒါကဥပဒေအရ ပြင်သွားတဲ့ကိစ္စပဲ၊ ဝှိုက်ကတ် မပါရဘူး၊ မဲမပေးရဘူးလို့ ဥပဒေပြဌာန်းရင် ကျနော်တို့ ဒီဥပဒေကိုလိုက်နာရမယ်"

အဲဒီ အဖွဲ့ဝင်ဟောင်းတွေဟာ ပြည်နယ်နဲ့တိုင်းဒေသကြီး ၁၀ ခုက အဖွဲ့ဝင်တွေဖြစ်တယ်လို့ သိရပြီးစစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းကို ဆက်လက်စစ်ဆေးဖို့ရှိသေးတယ်လို့ ပြောပါတယ်။

ယာယီသက်သေခံလက်မှတ်ကိုင်ဆောင်ထားသူတွေကို နိုင်ငံရေးပါတီဝင်အဖြစ်ကနေ ထုတ်ပယ်ဖို့နဲ့ ညွှန်ကြားချက် ကိုလိုက်နာမှုမရှိရင် ပါတီဖျက်သိမ်းတဲ့အထိ အရေးယူသွားမှာဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြီးခဲ့တဲ့နှစ်က ကြေညာထားတာဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှာ ပါတီဝင်အင်အား ၃ သန်းနီးပါးရှိတယ် လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese

အမျိုးသား လွှတ်တော်မှာ မတ်လ ၁၆ ရက်နေ့ကပြုလုပ်တဲ့ အမျိုးသား ပညာရေး ဥပဒေပြင်ဆင်ရေး ကြားနာပွဲကို ကျောင်းသား ကိုယ်စားလှယ်တချို့ တက်ရောက်စဉ်။ Photo: Myo Thant Khaing, Win Naung Toe/RFA
အမျိုးသား ပညာရေး ဥပဒေကို သပိတ်မှောက်နေတဲ့ ကျောင်းသား ကျောင်းသူချင်း အတူတူ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) အဖွဲ့ဝင်တွေကို ဖမ်းဆီးထားပြီး တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တကသ) အဖွဲ့ဝင်တွေကို လွှတ်ပေးနေတာဟာ အစိုးရက စိတ်ဝမ်း ကွဲအောင်လုပ်နေသလို ဖြစ်နေကြောင်း တကသ ကျောင်းသား ခေါင်းဆောင်တွေက ပြောပါတယ်။

အမျိုးသားလွှတ်တော်မှာ ဒီနေ့ကျင်းပတဲ့ ကြားနာပွဲကို တက်ရောက်လာတဲ့ ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ရန်ကုန်စီးပွားရေး တက္ကသိုလ် ကျောင်းသား ကိုဇေယျာလွင်က ကြားနာပွဲရပ်နားထားစဉ်မှာ သတင်းမီဒီယာတွေကို ပြောကြားခဲ့တာဖြစ်ပါတယ်။

ဖမ်းဆီးထားတဲ့ ကျောင်းသူ ကျောင်းသားတွေထဲက အမှန်တကယ် ပညာသင်ကြားနေသူတွေကိုသာ မိဘတွေထံ ပြန်လည်အပ်နှံတာဖြစ်ကြောင်း အစိုးရက ကြေညာထားပါတယ်။

ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ၁၅ ဦးမှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်(ဗ.က.သ) အဖွဲ့ဝင် ၆ ဦး၊ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တ.က.သ) အဖွဲ့ဝင် ၉ ဦး ပါဝင်ပါတယ်။

မတ်လ ၁၀ ရက်နေ့က လက်ပံတန်းမြို့ကျောင်းသားသပိတ်စခန်း အကြမ်းဖက်ဖြိုခွင်းမှုမှာ မဖြိုးဖြိုးအောင်၊ ကိုအောင်မှိုင်းဆန်း၊ ကိုမင်းသွေးသစ် စတဲ့ ဗကသခေါင်းဆောင်တွေ ဖမ်းဆီးခံထားရတဲ့အတွက် ဒီနေ့ ကျင်းပတဲ့ ကြားနာပွဲကို တက်ရောက်နိုင်ခြင်းမရှိပါဘူး။

ဒီနေ့ အမျိုးသားလွှတ်တော်က ကြားနာပွဲမှာ အမျိုးသားပညာရေးကော်မရှင်ကို ကျောင်းသားကိုယ်စားလှယ်၊ ဆရာ ဆရာမကိုယ်စားလှယ်၊ တိုင်းရင်းသားကိုယ်စားလှယ်တွေ၊ ပညာရှင်တွေနဲ့ဖွဲ့စည်းဖို့ သဘောတူညီချက်ရခဲ့သလို ကျောင်းသားသမဂ္ဂများဖွဲ့စည်းဖို့ကိုလည်း သဘောတူညီခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese

လက်ပံတောင်းတောင် သပိတ်စခန်း ဖြိုခွဲမှုအတွင်း မီးလောင်ဒဏ်ရာရ သံဃာတော်
လွန်ခဲ့တဲ့နှစ်နှစ် နိုဝင်ဘာလထဲမှာ လက်ပံတောင်း ကြေးနီစီမံကိန်း ရပ်ဆိုင်းပေးဖို့ ဆန္ဒပြသူတွေကို ရဲက အကြမ်းဖက်ဖြိုခွင်းမှုမှာ ဒဏ်ရာအများဆုံးရခဲ့တဲ့ သံဃာတော်နှစ်ပါးက ပြည်ထဲရေးဝန်ကြီးနဲ့ ရဲချုပ်တို့ကို တရားစွဲဆိုခဲ့ပါတယ်။ အခုလို တရားစွဲဆိုမှုနဲ့ ပတ်သက်ပြီး အစိုးရ အာဏာပိုင်တွေရဲ့ ကိုင်တွယ်မှုကနေ ဂုဏ်သိက္ခာရှိတဲ့ အစိုးရ တရပ်ဟုတ်မဟုတ် သက်သေပြနိုင်တယ်လို့ မြန်မာနိုင်ငံ ရှေ့နေများကွန်ယက်က ပြောပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

လက်ပံတောင်းကြေးနီစီမံကိန်းအတွက် ဆန္ဒပြသူတွေကို ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့က ရဲက အကြမ်းဖက်ဖြိုခွဲခဲ့တာနဲ့ပတ်သက်ပြီး တာဝန်ရှိသူ တွေကို သံဃာတော်နှစ်ပါးက တရားစွဲဆိုခဲ့တယ်လို့ ဒီဖြိုခွဲမှုမှာ အများဆုံး ဒဏ်ရာရခဲ့တဲ့ ဆရာတော် ဦးတိက္ခဉာဏ က ပြောပါတယ်။

“အဓိကအနေနဲ့ သပိတ်ကိုဖြိုခွင်းမယ်လို့ ကြေညာတဲ့ ပြည်ထဲရေးဝန်ကြီး ကိုကိုပေါ့။ သူ့ကိုအဓိကထားပြီးတော့ ကျန်တဲ့ရဲမှူးကြီးတွေ၊ အခုတော့ လောလောဆယ် သူတို့နှစ်ယောက်ကို …နာမည်တပ်ပြီးတော့ ပြောတာပေါ့နော်။ လောလောဆယ်တော့ မီးလောင်ဒဏ်ရာရတဲ့နှစ်ပါး အတိအကျပြောရရင် ဦးဇင်းကိုယ်တိုင် တိက္ခဉာဏရယ်၊ ဦးဇင်းရဲ့အဖော် အောက်ပိုင်းတပိုင်းလုံး မီးလောင်ဒဏ်ရာရတဲ့ ဦးဝိသုဒ္ဓရယ်၊ ဒီနှစ်ပါးကတော့ အဓိကထားပြီး ….ရမယ်။ မီးလောင်ဒဏ်ရာတွေကတော့ များလွန်းအားကြီးတော့လေ၊ ဒီအချိန်၊ ဒီရက်ပိုင်းတွေကလည်း စာသင်သားကျောင်းသား ဘုန်းကြီးတွေကများကြတဲ့အတွက် သူတို့ကလည်း ရက်ပိုင်းအတွင်း စာဖြေရမှာဆိုတော့ သူတို့နာမည်တွေကို ဦးဇင်းတို့က မထည့်ဘူးလေ။ ဦးဇင်းတို့နှစ်ပါးပဲ အဓိကထားပြီးတော့ …ခဲ့တာပါ။”

အဲဒီအချိန်က လက်ပံတောင်း ဆန္ဒပြမှုကို ဖေါ့စဖရပ်စ် မီးလောင်ဗုံးသုံးပြီး ဖြိုခွဲခဲ့တဲ့အတွက် ဒဏ်ရာရသူ သံဃာအပါး ၁၀၀ ကျော်ရှိခဲ့တာပါ။ ခန္ဓာကိုယ်ရဲ့ ၆၀ % ကျော် မီးသင့်ဒဏ်ရာရခဲ့တဲ့ ဆရာတော်ဦးတိက္ခကို အဲဒီအချိန်က ဘန်ကောက်ကိုပို့ပြီး ဆေးကုသပေးတုန်းက အထက်တာဝန်ရှိသူတွေ လာရောက်ခဲ့ပေမယ့် နောက်ပိုင်းမှာ ဆက်သွယ်မှုမရှိတော့သလို အခုထိ အပြစ်ရှိသူတွေကို အရေးယူတာမျိုးမရှိသေးတဲ့အတွက် အခုလို တရားစွဲဆိုရတာဖြစ်ပြီး တာဝန်ရှိသူတွေရဲ့ တာဝန်မဲ့လုပ်ရပ်အတွက် ကိုယ်တိုင်ခံစားရသူအနေနဲ့ သက်သေပြချင်တယ်လို့လည်း ပြောပါတယ်။

“ကိုယ်တိုင်ခံစားခဲ့ရတာလေ။ ကိုယ်တိုင်ပဲ …သင်္ကန်းတွေ၊ အဝတ်တွေ၊ စောင်တွေ၊ အပေါ်ကခြုံထည်တွေ အကုန်လုံး….နဲ့ကပ်ပြီး ကိုယ်တိုင် မီးလောင်ခဲ့ရတာဆိုတော့ ဒီဟာတွေ သက်သေပြစရာက ဦးဇင်းခန္ဓာကိုယ်မှာရှိတဲ့ မီးလောင်ဒဏ်ရာတွေကိုပဲ လာရောက်စစ်ဆေးစေချင်တယ်လေ။”

ပြည်ထဲရေးဝန်ကြီးနဲ့ ရဲချုပ်ကို တရားစွဲဆိုနိုင်ဖို သမ္မတထံမှာ ခွင့်ပြုမိန့်တောင်းခံဖို့ လိုအပ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အစိုးရတရပ်ဟာ တရားစွဲခွင့်ရှိသလို တရားစွဲခံခွင့်လည်းရှိတာမို့ ဒီအမှုနဲ့ ပတ်သက်တဲ့ ဆောင်ရွက်မှုတွေကို ကြည့်ပြီး အုပ်ချုပ်တဲ့အစိုးရတရပ်ဟာ ဂုဏ်သိက္ခာ ရှိမရှိ သတ်မှတ်နိုင်တယ်လို့ မြန်မာနိုင်ငံရှေ့နေများကွန်ယက်က ရှေ့နေကြီး ဦးသိန်းသန်းဦးက ပြောပါတယ်။

“ဥပဒေသဘောနဲ့ပြောမယ်ဆိုရင် တရားစွဲမယ်ဆိုတာ တိုက်ရိုက်တာဝန်ရှိတဲ့ ပြည်ထဲရေးဝန်ကြီးနဲ့ရဲချုပ်က ပြည်သူ့ဝန်ထမ်းတွေဖြစ်ပါတယ်။ ပြည်သူ့ဝန်ထမ်းတွေကိုတရားစွဲမယ်ဆိုရင် ကျနော်တို့က ခွင့်ပြုမိန့်တောင်းရတယ်ဗျ။ နိုင်ငံတော်သမ္မတဆီကိုပေါ့နော်၊ တရားစွဲခွင့်တောင်းရတယ်။ အဲဒီတရားစွဲခွင့်နဲ့အတူ အမှုဖွင့်ရတာပေါ့ဗျာ။ ဒီဟာက ဘယ်လောက်အထိ တရားဥပဒေကို လေးစားလိုက်နာတဲ့အစိုးရဖြစ်သလဲဆိုတာလည်း မူတည်တာပေါ့။ ၂၀၁၂ ခုနှစ်တုန်းက ဖြစ်ခဲ့တာ သံဃာအပါး ၁၀၀ ကျော် ဒဏ်ရာရသွားခဲ့တာ ရှင်းရှင်းလင်းလင်းကြီးပါပဲ။ သမ္မတကြီးဖွဲ့ပေးတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့အစီရင်ခံစာအရလည်း ဒီလိုဒဏ်ရာရတာတွေက ရဲတပ်ဖွဲ့က လုပ်ထုံးလုပ်နည်းနဲ့အညီ မလုပ်ခဲ့ဘူးဆိုတာ ပေါ်တာပေါ့။ ဒါမျိုးတွေက အရေးယူရမှာပေါ့။ ကင်းလွတ်ခွင့်ပေးလို့ ဘယ်ရမလဲဗျာ။”

တရားစွဲဆိုဖို့အတွက် ပထမဆုံး ဆားလင်းကြီးရဲစခန်းမှာ အမှုဖွင့် တိုင်ကြားခဲ့ပေမယ့် အခုအမှုကို လက်မခံသလို အလားတူ အခြားအမှု တွေကိုလည်း လက်ခံတာမတွေ့ရကြောင်းနဲ့ အခုလို မတရားခံနေရသူတွေအတွက် ဒီအတိုင်း ငုံ့မခံဘဲ အမှန်တရားပေါ်အောင် လုပ်ဆောင်လာကြစေဖို့ လမ်းပြအနေနဲ့ အခုတရားစွဲဆိုခဲ့တာလို့လည်း ဆရာတော်ဦးတိက္ခက ပြောပါတယ်။

“ဒါတွေက ဦးဇင်းတို့က ဒီလိုလက်မခံနိုင်စရာ အကြောင်းတွေကြောင့် အမှုဖွင့်တာတွေကို မလုပ်ဘဲနဲ့ရပ်နေမှာ မဟုတ်ဘူး။ တခြားသူတွေကို ရှေ့ကနေပြီးတော့ စံပြအနေနဲ့ ဦးဇင်းတို့က လုပ်တာ။ ဒီလို လုပ်ဆောင်လို့ ရပါတယ်ဆိုတာ ပြတာ။ တပြည်လုံးမှာလည်း ဘယ်တုန်းကမှ မလုပ်ခဲ့ကြဘူး။ အကုန်လုံး ခေါင်းငုံ့ခနေကြတာမျိုးပဲရှိခဲ့တော့ ဦီးဇင်းတို့က ဒါ ပထမဆုံးအနေနဲ့ စပြတာ။”

လက်ပံတောင်းကြေးနီစီမံကိန်းကို ဆန္ဒပြသူတွေကိုလည်း စီမံကိန်းအကောင်ထည်ဖေါ်နေတဲ့ မြန်မာ-ဝမ်ပေါင်ကုမ္ပဏီနဲ့ မြန်မာ့စီးပွားရေး ဦးပိုင်လိမိတက် ကုမ္ပဏီတို့လည်း ပြန်လည် တရားစွဲဆိုမှုတွေ လုပ်နေပါတယ်။

ဒေါ်ခင်မျိုးသက်/ ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


သာယာဝတီ အကျဉ်းထောင်မှာ ရိုက်နှက်ဖမ်းဆီး ထိန်းသိမ်း ခံထားရတဲ့  သပိတ်မှောက် ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုမင်းသွေးသစ်ရဲ့ လက်ရှိ ကျန်းမာရေး အခြေအနေ ကောင်းမွန်တယ်လို့  ပဲခူးတိုင်း ရဲတပ်ဖွဲ့က  အာမခံပြောကြားလိုက်ပါတယ်။

အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်ကန့်ကွက် သပိတ်မှောက်ခဲ့ကြတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) တွဲဖက် အတွင်းရေးမှူး ကိုမင်းသွေးသစ်ရဲ့ ကျန်းမာရေး အခြေအနေ စိုးရိမ်ရတယ်ဆိုတဲ့ သတင်းတွေအပေါ်မှာ ရဲတပ်ဖွဲ့တာဝန်ရှိသူက  တုံ့ပြန်ပြောကြား လိုက်တာပါ။

ကိုမင်းသွေးသစ်ရဲ့ လက်ရှိကျန်းမာရေးအခြေအနေနဲ့ပတ်သက်ပြီး ပဲခူးတိုင်းရဲတပ်ဖွဲ့ ရဲမှူးကြီး ၀င်းစိန်က  ‘အာမခံပါတယ်၊ အဲဒီမှာ ကျန်းကျန်းမာမာနဲ့ နေတယ်”လို့  ဒီဗွီဘီကိုပြောပါတယ်။

ဒါ့အပြင် ဖမ်းဆီးထားသူတွေထဲမှာ  ဆေးရုံတက်ရောက် ဆေးကုသမှုခံယူနေသူ တစ်ယောက်မှ မရှိတော့ ကြောင်းလည်းပြောပါတယ်။

“ပြင်ပဆေးရုံမှာလည်းမရှိသလို ထောင်ဆေးရုံမှာလည်း တယောက်မှ မရှိတော့ဘူး။ ဖြစ်တဲ့နေ့ကလည်း မင်းသွေးသစ်က ဆေးရုံမတက်ရပါဘူး။ ထိခိုက်ဒဏ်ရာလည်း ဘာမှ မရှိပါဘူး။ တချို့က ထင်နေတာပေါ့လေ၊ နည်းနည်းပါးပါး ခေါင်းမှာ အဖုလေးကျသွားတာတို့  သေးသေးပေါက်သွားတာတို့ အဲဒါမျိုးရှိတဲ့လူကိုသာ ထောင်က ဆေးရုံအုပ်က ၂၄ နာရီ စောင့်ကြည့်တာပေါ့။ ၂၄ နာရီဆိုတော့ တစ်ညအိပ် ၂ ရက်လိုဖြစ်သွားတာပေါ့။ အဲဒီဆေးရုံမှာတက်ရတာ ၂ ရက်လောက်ပေါ့၊ နောက် တစ်ရက်ကျတော့ ဆေးရုံက စိတ်ချရပြီဆိုတော့ ဆင်းလိုက်တာပေါ့၊ ခေါင်းဒဏ်ရာဆိုတော့ ဘာဖြစ်ဖြစ် သေးသေးလေးပေါက်လဲ စိုးရိမ်လို့ ဂရုစိုက်ပြီးတော့လုပ်တာပေါ့”လို့  ရဲမှူးကြီး ၀င်းစိန်ကပြောပါတယ်။

မတ်လ ၁၀ ရက်နေ့က လက်ပံတန်းမှာ  သပိတ်မှောက် ကျောင်းသားတွေကို ရဲလုံခြုံရေးတွေက အကြမ်းဖက်ရိုက်နှက်ဖြိုခွင်းပြီး ကျောင်းသားတွေအပါအ၀င် ၀န်းရံကူညီပေးခဲ့ကြတဲ့ ပြည်သူတွေ ပါ စုစုပေါင်း ၁၂၇ ဦးကို ဖမ်းဆီးခံခဲ့ရတာပါ။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာ ကျောင်းသား ၂၇ ဦးနဲ့ သတင်းထောက် ၂ ဦး စုစုပေါင်း ၂၉ ဦးကို သာယာဝတီ အကျဉ်းထောင်က ပြန်လွှတ်ပေးခဲ့ပြီး ဒီကနေ့တော့ ထပ်မံလွတ်မြောက်လာသူ မရှိသေးပါဘူး။

ထောင်မှာ ကျန်ရှိတဲ့သူတွေထဲက တချို့ကို တရားစွဲဆို ရုံးထုတ်ဖို့ရှိနေပြီး လမ်းဘေးမှာ ရပ်ကြည့်ရင်း အဖမ်းခံခဲ့ရသူတွေ၊ သားသမီးတွေကိုလိုက်ခေါ်ရင် ဖမ်းဆီးခံခဲ့ရတဲ့ ကျောင်း သားမိဘတွေ အပါအ၀င်  အမှုနဲ့ မပတ်သက်တဲ့ သူတွေအားလုံးကို စိစစ်ပြီး မကြာခင် ပြန်လွှတ်ပေးမယ်လို့ ရဲတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

By DVB
http://burmese.dvb.no

ကိုးကန့်တပ်ဖွဲ့ဝင် တချို့ကို ရှေ့တန်းစစ်မျက်နှာမှာ တွေ့ရစဉ်၊ မတ်လ ၁၀၊ ၂၀၁၅
တရုတ်နယ်နိမိတ် အတွင်း မြန်မာဘက်က ကြဲချတဲ့ဗုံး ကျရောက် ပေါက်ကွဲပြီး ၂ ရက်အကြာ ဒီနေ့မှာတော့ ကိုးကန့် လက်နက်ကိုင်တပ်အပေါ် မြန်မာ့ တပ်မတော်က ထိုးစစ်တွေကို ပြန်ပြီး အရှိန်မြှင့် တိုက်ခိုက်နေပါတယ်။ တချိန်တည်းမှာပဲ ဒီကနေ့မှာ ဗုံးပေါက်ကွဲခဲ့တဲ့ တရုတ်နိုင်ငံတွင်းက ဒေသကိုလည်း မြန်မာနဲ့ တရုတ်အစိုးရ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုတွေလုပ်နေတဲ့ တချိန်တည်းမှာပဲ တရုတ်နိုင်ငံတွင်းကို ကျရောက်ပေါက်ကွဲခဲ့တဲ့ ဗုံးဟာ မြန်မာစစ်တပ် တိုက်လေယာဉ်ကနေ ကြဲချခဲ့တဲ့ဗုံးဖြစ်တယ်လို့လည်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက တရားဝင်ပြောဆို လိုက်ပါတယ်။ ကိုးကန့်ဒေသ စစ်ရေး အခြေအနေနဲ့ တရုတ်မြန်မာနှစ်နိုင်ငံ တို့ကြား နယ်စပ်လုံခြုံရေး ဆိုင်ရာ အခြေအနေတွေကို မသိင်္ဂီထိုက် စုစည်းတင်ပြထားပါတယ်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ် လင်ချန်းခရိုင်တွင်းက တာ့ရွှေရှန်းတုကျေးရွာအနီးမှာ ပြီးခဲ့တဲ့သောကြာနေ့ကမြန်မာဘက်ကနေ ကြဲချခဲ့တဲ့ ဗုံးပေါက်ကွဲပြီး တရုတ်အရပ်သား ၅ ဦး သေဆုံး၊ ၈ ဦးဒဏ်ရာရခဲ့တာပါ။ ဒီကိစ္စဖြစ်အပြီး ၂ ရက်တိတိ မြန်မာ့တပ်မတော်နဲ့ ကိုးကန့်လက်နက်ကိုင်တို့ကြား တိုက်ပွဲတွေ ငြိမ်သက်နေခဲ့ပြီး ဒီကနေ့ တနလာင်္နေ့မှာတော့ တိုက်ပွဲတွေ ပြန်ပြီးပြင်းထန်လာပါတယ်။ တရုတ်နယ်စပ်နဲ့ ၃ မိုင်လောက်ပဲဝေးတဲ့ လောက်ကိုင်မြို့ အရှေ့တောင်ဘက် တုန်ရှန်းဒေသတောင်ကုန်းတခုကို မြန်မာအစိုးရက တနလာင်္နေ့ တနေ့လုံးနီးပါး ထိုးစစ်ဆင်နေတာဖြစ်တယ်လို့ ဖုန်းကြားရှင် ဦးဆောင်တဲ့ ကိုးကန့် လက်နက်ကိုင်အဖွဲ့ MNDAA ပြောခွင့်ရ ဦးထွန်းမြတ်လင်းက ပြောပါတယ်။

“မနက် ဆယ်နာရီလောက်ကနေ စဖြစ်ပါတယ်ခင်ဗျ။ အဲဒီ တုန်းရှန်းဒေသမှာပါ။ ဧရိယာတခုအနေနဲ့ပြောတာပေါ့နော- တုန်းရှန်းကတော့။ တောင်ကုန်း ဒေသပေါ့နော၊ အဲဒီမှာက ၁၄၀ ပတ်ဝန်းကျင်လောက်ဖြစ်မယ်။ လောက်ကိုင်နဲ့ပြောရင် အရှေ့တောင်ပေါ့။ လောက်ကိုင်ရဲ့ အရှေ့တောင်ဘက်ပေါ့။ လောက်ကိုင်ရဲ့အရှေ့မြောက်ဘက်မှာလည်း ရံဖန်ရံခါ သူတို့က လက်နက်ကြီးနဲ့လှမ်းပစ်ပါတယ်။ ဒီနေ့တော့ လေကြောင်း မတွေ့ရသေးဘူး။ ”

ဒီတောင်ကုန်းဟာဆိုရင် ပြီးခဲ့တဲ့ သောကြာနေ့တုန်းက မြန်မာစစ်တပ်လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ဒေသတဝိုက်လည်းဖြစ်ပါတယ်။ မြန်မာဘက်က တိုက်ပွဲတွေကနေ တရုတ်ဘက်ခြမ်းကို ဗုံးကျရောက်ပေါက်ကွဲခဲ့ပြီးနောက်မှာတော့ တရုတ် မြန်မာနယ်စပ်အနီးကို တရုတ်ဘက်က စစ်အင်အား အလုံးအရင်းချထားတာကြောင့် အခု ကိုးကန့်လက်နက်ကိုင်အဖွဲ့ရဲ့ အနေအထားက တရုတ်စစ်တပ်နဲ့ မြန်မာစစ်တပ်ကြား ပိတ်မိနေတဲ့ အခြေအနေလည်း ဖြစ်တယ်လို့ ဦးထွန်းမြတ်လင်းက ပြောပါတယ်။
ကိုးကန့်လက်နက်ကိုင် (MNDAA) တပ်ဖွဲ့ဝင်တဦး စက်သေနတ်ကျည်များ သယ်ဆယ်ရန်ပြင်ဆင်နေစဉ်။ (မတ်လ ၁၀၊ ၂၀၁၅)ကိုးကန့်လက်နက်ကိုင် (MNDAA) တပ်ဖွဲ့ဝင်တဦး စက်သေနတ်ကျည်များ သယ်ဆယ်ရန်ပြင်ဆင်နေစဉ်။ (မတ်လ ၁၀၊ ၂၀၁၅)

တချိန်တည်းမှာပဲ သောကြာနေ့တုန်းက မြန်မာဘက်က ကျရောက်ပေါက်ကွဲခဲ့တဲ့ ဗုံးဟာ မြန်မာ့တပ်မတော် လေယာဉ်ကနေ ကြဲချခဲ့တဲ့ ဗုံးဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဌာနက ပြောဆိုလိုက်ပါတယ်။ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ ဟုန်းလေကအခုလို ပြောဆိုပါတယ်။

“မြန်မာ့တပ်မတော် လေယာဉ်က ကျဲချခဲ့တဲ့ ဗုံးတလုံးကြောင့် တရုတ်ပြည်သူတွေ သေကြေခဲ့ကြရတယ်ဆိုတာကတော့ ရှင်းပါတယ်။အခုတော့ တရုတ် မြန်မာ နယ်စပ်မှာ ပူးတွဲ စုံစမ်းစစ်ဆေးရေး လုပ်ဖို့ တရုတ်ဘက်က တောင်းဆိုထားတဲ့ အတိုင်း မြန်မာဘက်က စုံစမ်းရေး အဖွဲ့တဖွဲ့ကို စေလွှတ်ပေးပြီး ဖြစ်ပါတယ်။ အခု စုံစမ်းစစ်ဆေးမှုတွေ စနေပါပြီ။”

တရုတ် မြန်မာနယ်စပ် ကိုးကန့်ဒေသတွင်းမှာ တိုက်ပွဲတွေဆင်နွှဲနေကြသူတွေအနေနဲ့ တရုတ်နိုင်ငံရဲ့ စိုးရိမ်မှုကိုအလေးထားပြီး ဒေသတွင်းမှာ တည်ငြိမ် အေးချမ်းရေးကို အမြန်ဆုံး ဖော်ဆောင်ကြဖို့ကိုလည်း ထပ်ပြီး တိုက်တွန်းတယ်လို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရဟုန်လေးက ပြောခဲ့တယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး တနင်္ဂနွေနေ့တုန်းကလည်း တရုတ်ဝန်ကြီးချုပ် လီခကျင်းကလည်း တရုတ်ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို အကာအကွယ်ပေးဖို့ တရုတ်အစိုးရအနေနဲ့တာဝန်ရှိသလို နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် တရုတ်အစိုးရမှာတာဝန်ရှိသလို လုပ်နိုင်စွမ်းလည်းရှိပါတယ်လို့ ပြောဆိုခဲ့ပါတယ်။

မြန်မာအစိုးရဘက်ကတော့ တရုတ်ဘက်ကို ကျရောက်ပေါက်ကွဲခဲ့တဲ့ဗုံးဟာ မြန်မာအစိုးရ စစ်တပ်လေယာဉ်ကနေ ကြဲချခဲ့တဲ့ ဗုံးဖြစ်တယ်လို့ ယတိပြတ် ဝန်ခံထားတာမျိုး မရှိသေးပါဘူး။ မြန်မာနိုင်ငံတွင်းက တိုက်ပွဲတွေကြောင့် တရုတ်ဘက်ကို ဗုံးကျရောက်ပေါက်ကွဲပြီး အရပ်သားတွေ သေဆုံးဒဏ်ရာရတဲ့ အပေါ်မှာ စိတ်ထိခိုက်ရကြောင်း မြန်မာအစိုးရကပြောဆိုထားပြီး ဒီကိစ္စမှာ ကိုးကန့်လက်နက်ကိုင်တပ်ဘက်က ပါဝင်ပတ်သက်မှုရှိမရှိကို တရုတ်အစိုးရ ကိုယ်စားလှယ်အဖွဲ့နဲ့ ပူးပေါင်းပြီး စုံစမ်းဖော်ထုတ်မယ်လို့ သတင်းထုတ်ပြန်ပါတယ်။ မလေးရှားနိုင်ငံမှာ ၃ ရက်ကြာကျင်းပနေတဲ့ အာဆီယံကာကွယ်ရေး ဆိုင်ရာ ညီလာခံမှာလည်း မြန်မာကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်က တရုတ်နိုင်ငံတွင်းကို မြန်မာဘက်က ဗုံးကျပေါက်ကွဲခဲ့တဲ့ဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေတယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အစိုးရဘက်ကရော မြန်မာ့တပ်မတော်ဘက်ကတော့ တရားဝင်ဖြေကြားမယ့်သူလည်း မရှိပါဘူး။ မြန်မာ ပြည်တွင်းစစ်ကြောင့် တရုတ်ဘက်ကို ၂ ကြိမ်တိုင်တိုင် ဗုံးကျပေါက်ကွဲခဲ့ပြီးနောက်မှာတော့ တရုတ်ဘက်က နယ်စပ်ဒေသမှာ စစ်အင်အား အလုံးအရင်းချထားပြီးဖြစ်သလို တရုတ်ဝန်ကြီးချုပ်၊ တရုတ်နိုင်ငံခြားရေးဌာန၊ တရုတ်ကာကွယ်ရေးဌာနတို့က မြန်မာအစိုးရကို အသီးသီး သတိပေးခဲ့ကြပြီးလည်း ဖြစ်ပါတယ်ရှင်။

သိင်္ဂီထိုက်/ ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ဓါတ်ပုံ - Swan Yehtut (fb) 
သပိတ်မှောက်ကျောင်းသားများအနက်မှ တ.က.သ ကျောင်းသားများကို ပစ်မှတ်ထား ဖမ်းဆီးခြင်းသည် ဗ.က.သ ကျောင်းသားများနှင့် တ.က.သ ကျောင်းသားများကို ရန်တိုက်ပေး နေခြင်းဖြစ်သည်ဟု ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ တတိယနှစ်ကျောင်းသား ကိုဇေယျာလွင်က ပြောသည်။
" ကျောင်းသားအချင်းချင်း ရန်တိုက်ပေးတဲ့ ပုံစံမျိုးသွားနေတယ်။ အစိုးရရဲ့ နဂိုလ် ရှိပြီး သားလမ်းကြောင်းကို ပြန်အသုံးချတာပါ "ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။
ယနေ့ အမျိုးသားလွှတ်တော် အစည်းဝေးခန်းမတွင် ကျင်းပသော အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် ပက်သက်ဆွေးနွေးပွဲ ပထမပိုင်း အပြီး သတင်းထောက်များသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
" တစ်ဖက်ကို ပုံစံတစ်မျိုးနဲ့ဆက်ဆံတယ်။ တစ်ဖက်ကို မျက်နှာသာပေးတဲ့ ပုံစံနဲ့ဆက်ဆံတယ်။ အဲ့ဒီအတွက်ကြောင့် ကျွန်တော်တို့ ကျောင်းသားရဲဘော် အချင်း စိတ်ဝမ်းကွဲဖို့ မရှိဘူး။ အားလုံးစည်းစည်းလုံးလုံးနဲ့ ရှေ့ဆက်သွားမယ်။ "ဟု ၎င်းက ဆက်လက်ပြောကြားသည်။
အစိုးရအနေဖြင့် ကျောင်းတက်နေသည့် ကျောင်းသားများက ပြန်လည် လွှတ်ပေးမည်ဆိုပါက ဖမ်းဆီးထိန်းသိမ်းထားသည့် ပြည်သူများနှင့် ကျန်ရှိနေသည့် ကျောင်းသားများကိုပါ ပြန်လည်လွှတ်ပေးရမည်ဟု ဆိုသည်။
" တရားဥပဒေအရဆောင်ရွက်မယ်ဆိုရင် အားလုံးကို လုပ်ရမယ်။ မလိုအပ်ဘူးဆိုရင်လည်း အားလုံးကို ပြန်လွှတ်ပေးရမယ်။ လွှတ်တော်ရဲ့ ကြားနာမှုအစီအစဉ်သည် လွှတ်တော်ရဲ့ Processပါ၊ ကျွန်တော်တို့ ကျောင်းသားတွေ ဖမ်းဆီးခံ ထားရတာသည်လည်း ဖြစ်စဉ်တစ်ခုပါ၊ အဲဒီတော့ ကျွန်တော်တို့အနေနဲ့ ကျောင်းသားရဲဘော်တွေ ပြန်လည်လွတ်မြောက်ဖို့အတွက်ကို အစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့အတွက်ကို ကျွန်တော်တို့ စီစဉ်မှုရှိတယ်ဆို တာ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တယ်၊ အဲဒီကျောင်းသားရဲဘော်တွေ ပြန်လွတ်ဖို့အတွက်ကို အခုဆိုလို့ရှိ ရင် ကျောင်းတကယ်တက်နေတဲ့ ကျောင်းသားတွေကို ပြန်လွှတ်တယ်၊ ဒါပေမယ့် တစ်ဖက်ကပြန်လွှတ်ပြီးတော့ တစ်ဖက်ကနေပြီးတော့ တခြားပုံစံမျိုးတွေနဲ့ ဥပမာ ဧည့်စာရင်းဆိုပြီး စစ်မယ်ဆိုပြီး ညဘက်ဝင်ဖမ်းသွားတာမျိုး တွေရှိတယ်၊ ဒီလိုပုံစံမျိုးတွေနဲ့ အစိုးရက သွားနေတာတွေရှိတယ်၊ အခုလိုကျောင်းသွားတွေကို ကိုင်တွယ်မှုကို ကျွန်တော်တို့ မလိုလားဘူး၊ ပြီးတော့ တရားဥပဒေရှုထောင့်အရသွားနေတယ်ဆိုလို့ရှိရင်တော့ တစ်ပြေးညီ သွားသင့်တယ်၊ ဖမ်းဆီးရမယ်ဆိုလို့ရှိရင်တော့ ဒီကျောင်းသားတွေအားလုံးကို ဖမ်းဆီးဖို့လိုအပ်တယ်၊ ဖမ်းဆီး ဖို့မလိုအပ်ဘူးဆိုရင်တော့ တရားဥပဒေရှုထောင့်က တရားမျှမျှတတစီစဉ်ဆောင်ရွက်တာကို လိုလားပါတယ်၊ ကျွန်တော်တို့ ကျောင်းသားရဲဘော်တွေ အမြန်ဆုံးပြန်လည်လွတ်ဖို့အတွက်ကို ကျွန်တော်တို့ လိုလားတယ်၊ ဒီ တော့ အဲဒီကျောင်းသားတွေ လွတ်မြောက်ရေးအတွက်ကိုလည်း သီးခြားဆောင်ရွက်မှာပါ၊ ဒီနေ့လွှတ်တော်ကို လည်း သီးခြားဖြစ်စဉ်တစ်ခုအနေနဲ့ လာရောက်တက်ခြင်းဖြစ်ပါတယ်၊"ဟု ကိုဇေယျာလွင်က ပြောသည်။

စွမ်းရဲထွဋ်
The Union Daily
http://uniondaily.net

သင်္ဘောနစ်မြုပ်မှုအတွင်း သေဆုံးသွားသူများကို ကျောက်ဖြူမြို့သို့ သယ်ဆောင်လာစဉ်။ (ဓာတ်ပုံ - ကျော်ထွန်း / RNA)
Rakhine News Agency (စစ်တွေ၊ မတ် ၁၆)

မတ်လ ၁၃ရက်နေ့က မြေပုံမြို့အနီး အောင်တံခွန်-၃ သင်္ဘောနစ်မြုပ်မှုတွင် ပျောက်ဆုံး နေသူများ အနက် မတ်လ ၁၆ရက်နေ့ မွန်းလွဲပိုင်း အချိန်အထိ အလောင်း ၂၀ကို ထပ်မံတွေ့ရှိ ခဲ့ကြောင်း သတင်းရရှိသည်။

မတ်လ ၁၆ရက်တွင် ထပ်မံတွေ့ရှိသော အလောင်းများတွင် အမျိုးသား ၉ဦး၊ အမျိုးသမီး ၁၁ဦး ပါဝင်ကြောင်း ကယ်ဆယ်ရေး လုပ်ငန်း ဆောင်ရွက်နေသူ ဦးအောင်ကိုကြီး ကပြောသည်။

“အလောင်းတွေက ကမ်းကို ရောက်လာတာ မဟုတ်ပါဘူး၊ ကျွန်တော်တို့ လိုက်လံရှာဖွေရင်း တွေ့ရှိတာပါ။ လူသေအလောင်းတွေကိုတော့ ကျောက်ဖြူကို သင်္ဘောနဲ့ သယ်ယူသွားပါပြီ” ဟု ၄င်းကပြောသည်။

အောင်တံခွန်-၃ သင်္ဘောသည် တောင်ကုတ်မြို့မှ စတင်ထွက်ခွာလာခြင်း ဖြစ်ပြီး၊ ကျောက်ဖြူမြို့တွင် ခရီးတစ်ထောက်နား၍ စစ်တွေမြို့သို့ ခရီးဆက်ရန် ထွက်ခွာလာစဉ် မြေပုံမြို့နယ်အနီး နစ်မြုပ်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံပိုင်သတင်းစာများတွင် အဆိုပါ အောင်တံခွန်-၃ သင်္ဘောသည် ရာသီဥတု ဆိုးရွားမှုကြောင့် နစ်မြုပ်ခဲ့သည်ဟု ဖော်ပြခဲ့သော်လည်း၊ သင်္ဘောနစ်မြုပ်မှုမှ အသက်မသေဘဲ လွတ်မြောက်လာသူများ၏ ပြောဆိုချက်အရ သင်္ဘောသည် ကျောက်ဖြူဆိပ်ကမ်းမှ မထွက်ခွာမီကပင် သင်္ဘောဝမ်းဗိုက်ရှိ အပေါက်မှ
ရေများဝင်နေခဲ့ကြောင်း သိရသည်။

အဆိုပါသင်္ဘောတွင် လူ ၂၁၄ ဦးလိုက်ပါသွားကြောင်း အစိုးရက သတင်းထုတ်ပြန်ခဲ့သော်လည်း ကိုယ်တိုင်ကြုံတွေ့ခဲ့သူများ၏ အဆိုအရ သင်္ဘောပေါ်တွင် လက်မှတ်မဲ့ ခရီးသည်အမြောက်အမြား ပါဝင်လာကြောင်း သိရပြီး၊ သင်္ဘောတွင် ခရီးသည်အရေအတွက် ၃၀၀ ခန့်ပါဝင်ကြောင်း ပြောဆိုကြသော်လည်း အရေအတွက် အတိအကျကို အတည်ပြုနိုင်ခြင်း မရှိချေ။

ခိုင်ဖြိုး

Rakhine News Agency
https://www.facebook.com/RakhineNewsAgency



မြန်မာဘက်က ပစ်လိုက်တဲ့ ကျည်ဆံတွေကြောင့် တရုတ်ဖက်ခြမ်းမှာ သေဆုံးသွားတဲ့ တရုတ်ပြည်သူ ၅ ဦးအထိ ရှိသွားပြီဖြစ်ပါတယ်။ ခွန်ဘသာ တင်ဆက်ထားပါတယ်။
DVB TV News
https://www.facebook.com/DVBTVNews


ဒီကနေ့ အမျိုးသား လွှတ်တော်မှာပြုလုပ်တဲ့ အမျိုးသား ပညာရေး ဥပဒေပြင်ဆင်ရေး ကြားနာပွဲကို သပိတ်မှောက် ကျောင်းသူ ကျောင်းသား ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်၊

ဒီကနေ့ ကျရောက်တဲ့ တံတားနီ အရေးအခင်း နှစ်ပတ်လည်နေ့ အထိမ်းအမှတ်နဲ့ ပြီးခဲ့တဲ့ရက်ပိုင်းက လက်ပံတန်း သပိတ်စခန်း ဖြိုခွင်းမှု၊ ရန်ကုန်မြို့လယ်မှာ ဆန္ဒပြကျောင်းသားတွေ အကြမ်းဖက်ဖြိုးခွင်း ဖမ်းဆီးခံရတာတွေအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ၁ မိနစ်ငြိမ်သက်ခဲ့ကြပါတယ်။

ရိုက်ကူး - ဝင်းနောင်တိုး၊ မျိုးသန့်ခိုင်
RFA Burmese
https://www.facebook.com/pages/RFA-Burmese



‌ကျောင်းသား‌တွေ အကြမ်းဖက်‌ခံရတာနဲ့ ပတ်‌သက်‌ပြီး ဒီနေ့ မတ်‌လ ၁၆ ရက်‌‌နေ့က အမျိုးသား လွှတ်တော် ကျင်းပတဲ့ အမျိုးသား ပညာ‌ရေး ဥပ‌ဒေ ကြားနာပွဲ မစတင်‌ခင်‌မှာ ၀မ်းနည်းခြင်း အထိမ်းအမှတ်‌ တမိနစ်‌ငြိမ်‌သက်‌ခြင်း လုပ်‌‌ဆောင်‌မှု မြင်ကွင်း။



ဒီနေ့ အမျိုးသား လွှတ်တော်မှာ ပြုလုပ်တဲ့ အမျိုးသား ပညာရေး ဥပဒေ ကြားနာပွဲကို လက်ပတ် အနက်ကိုယ်စီ ၀တ်ဆင်ပြီး တက်ရောက်လာတဲ့ ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင် ကော်မတီက တကသ ကျောင်းသားများကို တွေ့မြင်ရစဉ်။

ဓာတ်ပုံ - အောင်ကြီး (DVB)
DVB TV News
https://www.facebook.com/DVBTVNews


တရုတ်နိုင်ငံဟာ ​အမေရိကန်နဲ့ ​ရုရှားပြီးရင် ​ကမ္ဘာပေါ်မှာ ​စစ်လက်နက် ​တတိယအများဆုံး ​တင်ပို့ရောင်းချတဲ့ ​နိုင်ငံ ​ဖြစ်တယ်လို့ ​ဆိုပါတယ်။

Stockholm ​International ​Peace ​Research ​Institute ​အဖွဲ့ရဲ့ ​အစီရင်ခံစာအရ ​၂၀၁၀ ​ကနေ ​၂၀၁၄ ​ခုနှစ်အတွင်း ​တရုတ်နိုင်ငံရဲ့ ​စစ်လက်နက် ​ကုန်ကူးမှု ​၁၆% ​တိုးတက်လာတယ်လို့ ​ဆိုပါတယ်။

အမေရိကန်ကတော့ ​ကမ္ဘာ့ ​လက်နက်ရောင်းဝယ်ရေးမှာ ​၃၁% ​နဲ့ ​အများဆုံး ​ရောင်းချနေပြီး၊ ​ရုရှားကတော့ ​၂၇% ​နဲ့ ​ဒုတိယနေရာမှာ ​လိုက်နေပါတယ်။

တရုတ်နိုင်ငံကတော့ ​ဂျာမနီနဲ့ ​ပြင်သစ်တို့ထက် ​စစ်လက်နက် ​ရောင်းချနေတာ ​ဖြစ်ပါတယ်။

အာရှနိုင်ငံတွေကတော့ ​တရုတ်နိုင်ငံအတွက် ​အကြီးမားဆုံး ​ဝယ်ယူသူတွေဖြစ်ပြီး ​ပါကစ္စတန်နိုင်ငံက ​အများဆုံး ​ဝယ်ယူအားပေးနေတာ ​ဖြစ်ပါတယ်။

ပါကစ္စတန်နောက်မှာတော့ ​ဘင်္ဂလားဒေ့ရှ်နဲ့ ​မြန်မာနိုင်ငံတို့ရှိနေပြီး ​အဲဒီနိုင်ငံတွေသာမက ​အာဖရိကတိုက်က ​နိုင်ငံတချို့ကလည်း ​တရုတ် ​စစ်လက်နက်တွေကို ​ဝယ်ယူနေကြတယ်လို့ ​ဆိုပါတယ်။

ရုရှားနိုင်ငံ ​စစ်လက်နက်ကိုတော့ ​အိန္ဒိယက ​အဓိက ​ဝယ်ယူနေပြီး ​ရုရှားက ​ရောင်းရတဲ့ ​စစ်လက်နက်တွေရဲ့ ​၇၀% ​ကို ​ဝယ်ယူနေတာ ​ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံထုတ် ​စစ်လက်နက်တွေကိုတော့ ​တကမ္ဘာလုံးက ​နည်းနည်းစီ ​ဝယ်ယူနေကြပြီး ​တောင်ကိုရီးယားက ​အများဆုံး ​ဝယ်ယူနေတဲ့ ​နိုင်ငံဖြစ်တယ်လို့ ​ဖော်ပြထားပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese

ဓာတ်ပုံ – ဦးလှမောင်ရွှေ
နေပြည်တော်မှာ ရောက်ရှိနေတဲ့ ကေအိုင်အေ ကချင်လွတ်လပ်ရေးအဖွဲ့က ထိပ်တန်းခေါင်းဆောင်တွေဟာ မတ်လ ၁၆ ရက် တနင်္လာနေ့  မနက်က  သမ္မတဦးသိန်းစိန်နဲ့  သမ္မတရဲ့လယ်တောအိမ်ရာမှာ တွေ့ဆုံကြပါတယ်။

သမ္မတနဲ့တွေ့ဆုံရာမှာ အချက် ၃ ချက်တင်ပြဖို့ ကေအိုင်အိုဘက်က အဆိုပြုထားတယ်လို့  မြန်မာငြိမ်းချမ်းရေးစင်တာက အကြီးတန်းအကြံပေး  ဦးလှမောင်ရွှေက ဒီဗွီဘီကို ပြောပါတယ်။

“အဓိကကတော့ အချက် ၃ ချက်ပေါ့နော်၊ တစ်က သူတို့လာတာဟာ ဗဟိုကော်မတီရဲ့ ဆုံးဖြတ်ချက်နဲ့ လုပ်ပိုင်ခွင့်အရလာတယ်ပေါ့နော်။  ဒုတိယအချက်က သူတို့အနေနဲ့ တနိုင်ငံ လုံး ဆိုင်ရာ အပစ်ခတ်ရပ် လက်မှတ်ရေးထိုးဖို့ကို မူအားဖြင့် သူတို့ဗဟိုကော်မတီက ဆုံးဖြတ်ပြီးပြီပေါ့။ မထိုးဘူးမဟုတ်ဘူး။ ထိုးမယ်ပေါ့။ လာညှိနှိုင်းတာပေါ့။ နံပတ် ၃ ကတော့ သမ္မတနဲ့ ကာချုပ်ကို သူတို့အနေနဲ့ သူတို့ဗဟိုကော်မတီရဲ့ကိုယ်စား ဥက္ကဋ္ဌ ဦးဇောင်းဟရား လက်မှတ်ရေး ထိုးထားတဲ့ အဆိုပြုလွာကို ပေးအပ်လိုတယ်ပေါ့၊ အဲဒါတွေ ပါပါတယ်။”

ကေအိုင်အိုအဖွဲ့ကို သမ္မတအပါအ၀င် ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ ပြည်ထောင်စု ၀န်ကြီးတွေဖြစ်ကြတဲ့ ဦးစိုးသိန်း၊ ဦးအောင်မင်း၊ ဦးခင်ရီ၊ ဦးအုန်းမြင့်၊ ဦးခင်မောင်စိုး၊ ဦးသိန်းဇော်၊  ပြန်ကြားရေးဒုဝန်ကြီး ဦးပိုက်ထွေး နဲ့  ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းတို့ပါ လက်ခံတွေ့ ဆုံတယ်လို့ ဦးလှမောင်ရွှေက ပြောပါတယ်။

ကေအိုင်အို ခရီးစဉ်မှာလိုက်ပါသွားတဲ့ ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးစန့်အောင်က လည်း သမ္မတနဲ့ တွေ့ဆုံရာမှာ ကေအိုင်အိုဘက်က ဒေါက်တာလားဂျာ၊ ဦးဆွမ်လွတ်ဂွမ်၊ ဗိုလ်ချုပ်ဂွမ်မော်၊ ဗိုလ်မှူးကြီးဇော်ဒေါင်၊ ဗိုလ်မှူးကြီးလဖိုင်လနဲ့ ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးလမိုင်ဂွန်ဂျာ၊ ဦးယုဇခုန်တို့ ပါဝင်တယ်လို့  ဒီဗွီဘီကို ပြောပါတယ်။

ကေအိုင်အို အဖွဲ့ဟာ ညနေပိုင်းမှာတော့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မင်းအောင်လှိုင်နဲ့လည်း တွေ့ဆုံမယ်လို့  သူကဆက်ပြောပါတယ်။

သမ္မတနဲ့ တွေ့ဆုံဆွေးနွေးတဲ့အကြောင်းအရာတွေ မသိရသေးပေမယ့်လည်း ညနေပိုင်း ကာချုပ်နဲ့ တွေ့ဆုံရာမှာတော့  လတ်တလောပစ်ခတ်မှုတွေ ဖြစ်နေတဲ့ကိစ္စနဲ့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ကေအိုင်အေဗိုလ်လောင်းသင်တန်းကျောင်း အပစ်ခတ်ရတဲ့ကိစ္စတွေ ပါဝင်မယ်လို့ ဆိုပါတယ်။

ကာချုပ်နဲ့တွေ့ဖို့ မူလက  တီအန်အယ်လ်အေ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်ပါ ပါဝင်ဖို့ရှိပေမယ့် လမ်း ခရီးလုံခြုံရေးအခြေအနေကြောင့် မလာနိုင်တော့ဘူးလို့ ဦးစန့်အောင်က ပြောပါတယ်။

ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့က ခေါင်းဆောင်တွေဟာ  မနေ့ကလည်း နေပြည်တော်မှာ ပထမဆုံးအကြိမ်အဖြစ်  ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ စိုင်းမောက်ခမ်း အပါအ၀င် ပြည်ထောင်စုဝန်ကြီးတွေနဲ့ တွေ့ဆုံပြီး ရည်ရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ရရှိရေးနဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။

By နန်းမြနဒီ(ဒီဗွီဘီ)
http://burmese.dvb.no

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.