03/18/15

အစိုးရကစီစဉ်တဲ့ လူငယ်ဆိုင်ရာပွဲတွေကို ပူးပေါင်းပါဝင်တော့မှာ မဟုတ်ကြောင်း အမျိုးသားလူငယ်ကွန်ရက်က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

လက်ပံတန်းသပိတ်စခန်းကို အကြမ်းဖက်ဖြိုခွင်းပြီး ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကျောင်းသူ ကျောင်းသားတွေ လွတ်မြောက်မှသာ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ အမျိုးသားလူငယ်ကွန်ရက်အဖွဲ့ အတွင်းရေးမှူး မသဉ္ဇာရွှန်းလဲ့ရည်က ပြောပါတယ်။

"ပြည်ထောင်စုလူငယ်စင်တာ ပေါ်ပေါက်ရေးဆိုပြီးတော့ ကျမတို့အစိုးရနဲ့ ချိတ်ဆက်ပြီးတော့ ဆောင်ရွက်နေတာတွေ ရှိတယ်ပေါ့နော်၊ အဲ့ဒါတွေအားလုံးကိုလည်း ရပ်ဆိုင်းထားတယ်၊ အစိုးရနဲ့ပတ်သက်တဲ့ အဖွဲ့အစည်းကနေ ဖိတ်ခေါ်ပြီး ကျင်းပတဲ့အခမ်းအနားတွေ၊ ညီလာခံတွေ၊ အစည်းအဝေးတွေ၊ ဖိုရမ်တွေကို လူငယ်ကွန်ဂရက်အနေနဲ့ရော နောက်သဘောတူလက်ခံတဲ့ ကွန်ရက်အဖွဲ့ဝင်တွေအနေနဲ့ရော မတက်ဖြစ်တော့ဘူပေါ့နော်၊ လူငယ်တွေက ဒီပညာရေးပြုပြင်ပြောင်းလဲရေးအတွက်ကို ဝိုင်းဝန်းထောက်ခံပေးနေတယ်၊ ကျောင်းသားတွေကို ကျမတို့ဝန်းရံပေးနေတယ်ဆိုတဲ့အနေနဲ့ ရှိနေတာကို ဖမ်းဆီးခံရတဲ့အတွက်ကြောင့် အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုပါတယ်"

အမျိုးသားလူငယ်ကွန်ရက်ဟာ ပြည်ထောင်စုလူငယ်စင်တာပေါ်ပေါက်ရေး၊ အမျိုးသားလူငယ်ရေးရာ မူဝါဒတွေရေးဆွဲရေး စတဲ့လုပ်ငန်းတွေမှာ အစိုးရနဲ့ ပူးပေါင်းလုပ်ဆောင်နေတာဖြစ်ပါတယ်။

ကွန်ရက်အနေနဲ့ အစိုးရက ဖမ်းဆီးထားတာတွေကို ကန့်ကွက်တဲ့လှုပ်ရှားမှုတွေကို ဒီလ ၁၅ ရက်နေ့က စတင်လုပ်ဆောင်နေတာဖြစ်ပြီး ဖမ်းဆီးခံကျောင်းသားတွေအားလုံး လွတ်မြောက်တဲ့ အထိ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

မတ်လ ၁၀ ရက်နေ့က ကျောင်းသားသပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွင်းခံရမှုမှာ အမျိုးသားလူငယ်ကွန်ရက် အဖွဲ့ဝင် ၁၈ ဦးလည်း ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။

ဒီအတောအတွင်း လက်ပံတန်းမြို့မှာ ကျောင်းသားသပိတ်ဆန္ဒပြပွဲကို သွားရောက်သတင်းယူတဲ့ သတင်းထောက်တွေ ရိုက်နှက်ဖမ်းဆီးခံရမှုကို စုံစမ်းဖော်ထုတ်ပေးဖို့ IPI (International Press Institute) နိုင်ငံတကာ စာနယ်ဇင်းသိပ္ပံအဖွဲ့က ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။

သတင်းထောက်တွေ အခုလို ရိုက်နှက်ဖမ်းဆီးခံရမှုအတွက် တုန်လှုပ်ခြောက်ခြားမိကြောင်း၊ အစိုးရအနေနဲ့ စုံစမ်းဖော်ထုတ်မှုတွေ လုပ်ဖို့လိုအပ်ကြောင်း IPI အဖွဲ့ရဲ့ အကြီးအကဲ ဘာဘရာ ထရီယွန်ဖီ (Barbara Trionfi) က ပြောပါတယ်။

သြစတြီးယားနိုင်ငံ ဗီယင်နာမြို့အခြေစိုက် IPI နိုင်ငံတကာ စာနယ်ဇင်းသိပ္ပံအဖွဲ့ဟာ အခုလအတွင်း မြန်မာနိုင်ငံမှာ စာနယ်ဇင်းညီလာခံတစ်ခုပြုလုပ်ဖို့ စီစဉ်ထားပါတယ်။ အဲဒီပွဲကို သမ္မတဦးသိန်းစိန်နဲ့ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်တို့ တက်ရောက်မှာဖြစ်ပြီး မြန်မာဂျာနယ်လစ်ကွန်ရက်အဖွဲ့ MJN ကတော့ သတင်းထောက်တွေ ရိုက်နှက်ဖမ်းဆီးခံရမှုကြောင့် မတက်ရောက်ဘဲ သပိတ်မှောက်မယ်လို့ ကြေညာထားပါတယ်။ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က MJN အဖွဲ့ မတက်ရောက်တဲ့အတွက် ထိခိုက်မှုမရှိဘူးလို့ သူ့ရဲ့ အင်တာနက် Facebook စာမျက်နှာမှာ ရေးသားထားပါတယ်။

RFA



ပညာရေး ဥပဒေ ပြင်ဆင်ရေး အမျိုးသား လွှတ်တော်ကြားနာပွဲဟာ ပြီးပြည့်စုံမှု မရှိဘူးလို့ ဒေါက်တာသိန်းလွင်က ဖေန်ပြောဆိုလိုက်ပါတယ်။

ဦးအောင်ကြီး DVB TV - 17.03.2015

လက်ပံတန်းမြို့ ကျောင်းသားသပိတ်စစ်ကြောင်းကို အကြမ်းမဖက်ဖို့ ဆန္ဒပြတောင်းဆိုခဲ့တဲ့ လက်ပံတန်းမြို့ခံ ၉ ဦးကို တရားမ၀င်စီတန်းလှည့်လည်မှု ပုဒ်မ ၁၈ နဲ့ လက်ပံတန်းမြို့မရဲစခန်းက အမှုဖွင့်လိုက်ပါတယ်။

အဲဒီ ၉ ဦးကို အာမခံပေးထားပြီး လာမယ့် မတ်လ ၁၉ရက်နေ့မှာ ရုံးချိန်းတက်ဖို့ ဆင့်ခေါ်ထားတယ်လို့ တရားစွဲခံထားရသူတစ်ဦးနဲ့ ဆွေမျိုးတော်စပ်သူ လက်ပံတန်းမြို့ခံ ကိုသက်က ပြောပါတယ်။

"၁၂ ယောက်မှာ ၉ ယောက်ပဲ လောလောဆယ် စွဲထားသေးတယ်၊ ၃ ယောက်ကပျောက်နေ လို့ ရှောင်နေတာလား ဘယ်လိုလဲတော့မသိဘူး၊ အဲ့နေ့ကတရားစွဲပြီးတော့ အာမခံနဲ့လွှတ်ထားတယ်၊ ရုံးချိန်းက ၁၉ ရက်နေ့ကတည်းက ချိန်းထားတယ်၊ လက်ပံတန်းမြို့မ ရဲစခန်းက ပုဒ်မ ၁၈ နဲ့ စွဲတာ"

လက်ပံတန်းမြို့ခံ တစ်ရာကျော်ဟာ ကျောင်းသားသပိတ်စစ်ကြောင်းကို အကြမ်းမဖက်ဖို့နဲ့ ကျောင်းသားကျောင်း သူတွေနဲ့ တွေ့ဆုံခွင့်ပေးဖို့ ဒီလ ၉ ရက်နေ့က ဆန္ဒပြတောင်းဆိုခဲ့တာဖြစ်ပါတယ်။

ဒီအတောအတွင်း အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်တဲ့ ဧရာဝတီကျောင်းသားသပိတ်စစ်ကြောင်း က ခေါင်းဆောင် ၃ ဦးကိုလည်း သပိတ်စစ်ကြောင်း ဖြတ်သန်းခဲ့တဲ့ မြို့နယ် ၁၀ ခုက တရားမ၀င် စီတန်းလှည့်လည် မှု ပုဒ်မ ၁၈ နဲ့ တရားစွဲလိုက်ပါတယ်။

မြို့နယ် ၁၀ ခုက ပုဒ်မ ၁၈ နဲ့ တရားစွဲလိုက်တယ်ဆိုတာကို မအူပင်မြို့နယ် ရဲစခန်းက အကြောင်းကြားတာဖြစ်တယ်လို့ တရားစွဲခံရသူတွေထဲက ဦးဝေယံအောင်က ပြောပါတယ်။

"မအူပင်မြို့နယ် ရဲတပ်ဖွဲ့မှူးကနေပြီးတော့ ကျနော်ရယ်၊ ကိုအောင်အောင်ကျော်ရယ်၊ ကိုအောင်ခန့်ဆိုတဲ့ ၃ ယောက်ကို မနေ့က ပုဒ်မ ၁၈ နဲ့ အမှုဖွင့်လိုက်တယ်လို့ကြားပါတယ်၊ ကတိကဝတ်တွေက တော်တော်စဉ်းစား စရာဖြစ်လာပြီလေ၊ ပထမ လေးပွင့်ဆိုင်ဆွေးနွေးပွဲမှာလည်း သပိတ်နဲ့ဆက်စပ်တဲ့သူတွေကို အရေးမယူဘူး လို့ ပြောထားတာတွေလည်းရှိတယ်၊ တိုင်းဒေသကြီးအစိုးရက ကျနော်တို့ကိုတွေ့ဆုံပြီးတော့ ကျနော်တို့ဘက် ကနေပြီးတော့ ဖျက်ဆီးတာတို့ အလံမီးရှို့တာတို့ လုပ်မှာစိုးရိမ်တယ်ပေါ့နော်၊ သူတို့ဘက်ကလည်း ဧရာဝတီ တိုင်းအတွင်းမှာ အရေးယူတာတို့ ဟန့်တားတာတို့ လုပ်မှာမဟုတ်ဘူးဆိုပြီး လေးကြိမ်လောက်ပြောပါတယ်"

ဧရာဝတီကျောင်းသားသပိတ်စစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၃ ရက်နေ့ကစပြီး ပုသိမ်၊ ကံကြီးထောင့်၊ ကျောင်းကုန်း၊ ညောင်တုန်း၊ မအူပင်၊ ဘိုကလေး၊ ဖျာပုံ၊ ကျိုက်လတ်၊ ပန်းတနော်နဲ့ ဒေးဒရဲမြို့တွေမှာ ၁၈ ရက် ကြာ လမ်းလျှောက်ဆန္ဒပြခဲ့တာဖြစ်ပါတယ်။

RFA
https://www.facebook.com/pages/RFA-Burmese/39218993127?fref=photo

ကျောင်းသားသပိတ်က ဖမ်းဆီးထားသူတွေကို လက်ပံတန်းမြို့မှာ မတ်လ ၁ဝ ရက်နေ့က ရုံးထုတ်လာစဉ်။ Photo: Aung Ko Ko/RFA
သာယာဝတီ အကျဉ်းထောင်က လွတ်မြောက်လာတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) အဖွဲ့ဝင် ကျောင်းသား ကျောင်းသူ သုံးဦးက မန္တလေးမြို့မှာ မနေ့က သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ ပါတယ်။

သာယာဝတီ အကျဉ်းထောင်မှာ ဆက်လက်ဖမ်းဆီးခံ ထားရတဲ့ ကျောင်းသား ကျောင်းသူတွေ လွတ်မြောက်ရေး အတွက် ကြိုးစားသွားမယ်လို့ လွတ်မြောက်လာ သူ ကျောင်းသားတစ်ဦးဖြစ်တဲ့ ကျောက်ဆည်မြို့ နည်းပညာတက္ကသိုလ်ကျောင်းသား ကိုအောင်မင်းခန့် က ပြောပါတယ်။

"ကျနော်တို့ လက်ရှိလွတ်လာတဲ့သူတွေအနေနဲ့ တခြားနိုင်ငံရေးအင်အားစုတွေရော တခြား ခုချိန်ထိ စေတနာပါပါနဲ့ဝန်းရံပေးတဲ့ အဖွဲ့ အစည်းပေါင်းစုံနဲ့ ဖမ်းဆီးခံကျောင်းသား တွေ၊ ဝန်းရံသူတွေ၊ ပြည်သူတွေလွတ်မြောက်သွားဖို့ရယ်၊ ပြီးတော့ ကျနော်တို့ မပြီးဆုံး သေးတဲ့တိုက်ပွဲ၊ အမျိုးသားပညာရေး ဥပဒေပြင်ဆင်ဖို့ပေါ့၊ ကျနော်တို့ ၁၁ ချက်တောင်း ထားတာရှိတယ်၊ အဲ့ ၁၁ ချက်နဲ့ ကျနော်တို့လမ်းပေါ်ထွက်လာတယ်ပေါ့၊ အဲ့ ၁၁ ချက်ကို ရရှိဖို့ ကျနော်တို့ ဆက်ပြီးတိုက်ပွဲဝင်သွားမှာပါ"

သတင်းစာရှင်းလင်းပွဲကို မန္တလေးနည်းပညာတက္ကသိုလ်ကျောင်းသား ကိုကောင်းဇော်ဟိန်း၊ မန္တလေးရတနာပုံ တက္ကသိုလ်ကျောင်းသူ မခိုင်ဇင်သက် နဲ့ ကျောက်ဆည်နည်းပညာတက္ကသိုလ် ကျောင်းသား ကိုအောင်မင်းခန့် တို့က ကျင်းပခဲ့ပါတယ်။

ဒါ့အပြင် မတ်လ ၁၀ရက်နေ့က လက်ပံတန်း ကျောင်းသားသပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွင်းခံရချိန်မှာ ထွက်ပြေး လွတ်မြောက်ခဲ့သူတချို့လည်း တက်ရောက်ခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese

တရုတ်နိုင်ငံ၊ လင်စန်းမြို့ရှိ ကြံစိုက်ခင်းအတွင်း ကျရောက် ပေါက်ကွဲသွားသော ဗုံးမှာ မြန်မာ တပ်မတော်လေမှ ကြဲသော ဗုံး ဟုတ် မဟုတ် နှစ်နိုင်ငံ စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။
မတ်လ ၁၃ ရက်၊ တရုတ်စံတော်ချိန် ညနေ ၄ နာရီ ၄၀ မိနစ်ခန့်က နှစ်နိုင်ငံနယ်စပ် အနီးတွင် တပ်စွဲထားသော ကိုးကန့် လက်နက်ကိုင် တပ်ဖွဲ့များသို့ ဦးတည် ကြဲချလိုက်သည့် ဗုံးများအနက် ဗုံးအချို့မှာ တရုတ်နိုင်ငံ၊ လင်စန်းရှိ ကြံစိုက်ခင်းအတွင်း ကျရောက် ပေါက်ကွဲခြင်းကြောင့် တရုတ်နိုင်ငံသား လယ်သမား လေးဦး သေဆုံး၍ ကိုးဦး ဒဏ်ရာ ရရှိခဲ့ကြောင်းကို ဆင်ဟွာ သတင်းဌာနက ဖော်ပြခဲ့ကြောင်း သိရသည်။

၎င်းဖြစ်စဉ်နှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတရုံး အကြီးတန်း အရာရှိ တစ်ဦးသို့ Tomorrow ဂျာနယ်မှ မေးမြန်းရာ “ကျွန်တော်တို့ အနေနဲ့ အခုကိစ္စကို နှစ်နိုင်ငံပူး ပေါင်းပြီး စစ်ဆေးသွားမှာပါ။ ကျွန်တော်တို့ဆီမှာရှိတဲ့ အထောက်အထားတွေကတော့ (၁) တပ်မတော် လေယာဉ်တွေ ပျံသန်းမှုဆိုင်ရာ ဂျီပီအက် အချက်အလက်၊ မြေပြင် အချက်အလက်တွေအရ တရုတ်နိုင်ငံ ပိုက်နက် နယ်မြေထဲကို ကျော်လွန်ပျံသန်းခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်။ (၂) ဒီလေယာဉ်ပျံသန်းမှုတွေကလည်း တရုတ်ဘက်ကို ကြိုတင် အသိပေးထားပြီး၊ ဘယ်နေ့ ဘယ်ရက် ဘယ်နေရာ ဘယ်နယ်မြေမှာ ပျံသန်းမယ်ဆိုတာတွေ ပြောထားပြီး ဖြစ်ကြောင်း အသိပေးထားတဲ့ အတိုင်းသာ ပျံသန်းခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။ (၃) တိုက်ပွဲဖြစ်တာကို အခွင့်ကောင်းယူပြီး၊ မြန်မာ့တပ်မတော်ကို ထင်ယောင်ထင်မှား ဖြစ်အောင် လုပ်ဆောင်တာတွေ ရှိနိုင်ကြောင်း ထိုသို့ဖြစ်နိုင်ချေရှိတဲ့ သတင်း အချက်အလက် အချို့လည်း ရရှိထားကြောင်း သိရပါတယ်။ (၄) ဗုံးကျတဲ့ မြေပြင်မှာ ကျွမ်းကျင်သူတွေနဲ့ စုံစမ်းစစ်ဆေးကြည့်ရင် ဘယ်လို လက်နက်ဖြစ်တယ်။ ဘယ်လို တိုက်ခိုက်မှု ဖြစ်တယ်ဆိုတာ သိရမှာ ဖြစ်ပါတယ်။ နှစ်နိုင်ငံ ပူးတွဲပြီး၊ စစ်ဆေးမှုတွေ ပြုလုပ်ဖို့လည်း မြန်မာဘက်ကနေ ကမ်းလှမ်းထားပါတယ်။ (၅) မြန်မာဘက်ကတော့ အပြည့်အ၀ ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ဒီအတွက်ကြောင့်လည်း  အစိုးရပိုင်း၊ တပ်မတော်ပိုင်း အနေနဲ့ တရုတ် သံအမတ်ကြီးနဲ့ တရုတ် စစ်သံမှူးတို့ကိုလည်း ခေါ်ယူတွေ့ဆုံ ရှင်းလင်းမှုတွေ ပြုလုပ်ထားပါတယ်”ဟု ပြောကြားခဲ့သည်။
ယခုလက်ရှိ တရုတ်နိုင်ငံ အတွင်းသို့ မြန်မာနိုင်ငံမှ ကြဲသည့်ဗုံး ကျရောက်သည်ဆိုသော သတင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံမှ အဆင့်မြင့် အရာရှိ တစ်ဦးမှလည်း “ကျွန်တော်တို့ဆီမှာ ခိုင်လုံတဲ့ အထောက်အထားတွေ ရှိပါတယ်။ ပစ်မှတ်တစ်ခုကို ပစ်တော့မယ် ဆိုရင်လည်း လေလမ်းကြောင်း အ၀င် အထွက်ရယ်၊ နောက်ပြီး ဒေါက်လုပ်တဲ့ နေရာရယ် အဲဒါတွေ အားလုံးဟာ အထောက်အထားတွေ ရှိပါတယ်။ ဒါကြောင့် နှစ်နိုင်ငံ ပူးပေါင်းပြီး စစ်ဆေးလိုက်မယ်ဆိုရင် အဖြေမှန် ထွက်လာမှာပါ။ အခုချိန်ကတော့ စိစစ်ဆဲပဲ ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။

ကိုးကန့် သောင်းကျန်းသူများကို တိုက်ခိုက်ရာတွင် မြန်မာ့တပ်မတော်မှ ရုရှားနိုင်ငံလုပ် MiG 29 တိုက်လေယာဉ်များ၊ ပြည်တွင်းတွင် ထုတ်လုပ်သော K8 မောင်းသင် တိုက်ခိုက်ရေး ဂျက်လေယာဉ်များနှင် ရုရှားနိုင်ငံလုပ် Mi35 ဘက်စုံသုံး တိုက်ခိုက်ရေး ရဟတ်ယာဉ်များ၊ ရုရှားနိုင်ငံလုပ် Mi 17 အကြီးစား သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်များကို အသုံးပြုလျှက် ရှိကြောင်းလည်း သိရသည်။

ပိုင်လေး
Tomorrow 
http://www.tomorrow.com.mm/?q=articles/1518

လက်ပံတန်းမှာ အကြမ်းဖက်ဖြိုခွဲခံရတဲ့ ပင်မသပိတ်စစ်ကြောင်းက ကျောင်းသားတွေကို အချုပ်ကားနဲ့ သယ်ဆောင်သွားစဉ်။ (မတ် ၁၀၊ ၂၀၁၅) 
ပညာရေးဥပဒေ ပြင်ဆင်ရေးဆွဲရေး ဆန္ဒပြပွဲတွေမှာပါဝင်ခဲ့တဲ့ ကျောင်းသားတွေကို အာဏာပိုင်တွေက ပုဒ်မတပ် တရားစွဲဆိုခြင်းမရှိဘဲ ၂၄ နာရီကျော်ကြာ ဖမ်းဆီး ထိန်းသိမ်းထားတာဟာ ဥပဒေနဲ့ မညီညွတ်ဘူးလို့ ဥပဒေပညာရှင်တွေက ထောက်ပြ ပြောဆိုလိုက်ပါတယ်။ ပညာရေး ဥပဒေ ပြင်ဆင်ရေးဆွဲရေးအတွက် ဆန္ဒပြ တောင်းဆိုနေတဲ့ ပင်မကျောင်းသား သပိတ်စခန်းကို အာဏာပိုင်တွေဘက်က လက်ပံတန်းမြို့မှာ အကြမ်းဖက် ဖြိုခွင်းပြီး နောက်ရက်တွေမှာ ကျောင်းသားခေါင်းဆောင်တွေကို လိုက်လံဖမ်းဆီးခဲ့တာနဲ့ ပတ်သက်လို့ အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြပေးထားပါတယ်။

ပဲခူးတိုင်း၊ လက်ပံတန်းမြို့မှာ ကျောင်းသားတွေရဲ့ ပင်မသပိတ်စခန်းကို အကြမ်းဖက် ဖြိုခွင်းပြီး (၁၀၀) ကျော်ကို ဖမ်းဆီးထိန်းသိမ်းလိုက်တဲ့ အပြင် အဲဒီနောက်ပိုင်းရက်တွေမှာလည်း ကျောင်းသားတွေကို ပုဒ်မ မတပ်၊ သက်သေအထောက်အထား ခိုင်လုံမှုမရှိဘဲဖမ်းဆီးထိန်းသိမ်း နေထားတာဟာ ဥပဒေနဲ့ညီညွတ်ခြင်းမရှိကြောင်း AHRC - အာရှ လူ့အခွင့်အရေးကော်မရှင်က ရှေ့နေဦးမင်းလွင်ဦးက ပြောပါတယ်။

“ရန်ကုန်မှာဖမ်းဆီးသွားတဲ့ မဟန်နီဦးအပါအဝင် လေးဦးဆိုရင်လည်း အလုံမြို့နယ်ရဲစခန်းမှာ အမှုဖွင့်ထားတာမဟုတ်ဘဲနဲ့ တိုင်းဒေသကြီး အဖွဲ့ကနေ လာရောက် ဖမ်းဆီးတာဖြစ်တယ်။ ပြီးတော့ တခါတည်း သာယာဝတီအကျဉ်းထောင်ကို ပို့လိုက်တယ်လို့ ကျနော်တို့ သိရပါတယ်။ အဲဒီတော့ သာမန်ပြည်သူတဦးတယောက်ကို ဖမ်းမယ်ဆိုလို့ရှိရင် ၂၄ နာရီထက် ကျော်လွန်ပြီးတော့ ချုပ်နှောင်ထားခွင့်မရှိပါဘူး။ အဲဒီလို ချုပ်နှောင်ထားမယ်ဆိုလို့ရှိရင် တရားရုံးကိုတင်ပို့ပြီးတော့မှ ‘ချုပ်ရမန်’ ယူရမှာဖြစ်ပါတယ်။ ဒါကတော့ ‘ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ’ မှာ ပြဌာန်းထားတဲ့ ပြဌာန်းချက်ပါ။

… ထိုနည်းတူစွာပဲ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း ‘နိုင်ငံသားတယောက်ရဲ့ ဥပဒေအရ ရပိုင်ခွင့်ရှိတဲ့ အခွင့်အရေးတွေ’ - မှာ ‘နိုင်ငံသားတဦး တယောက်ကို ၂၄ နာရီထက် ကျော်လွန်ပြီးတော့ ဥပဒေမဲ့ ဖမ်းဆီးချုပ်နှောင်ခြင်းမပြုရ’ - ဆိုတဲ့အခွင့်အရေး ပြဌာန်းထားတာ ရှိပါတယ်။ တရားရုံးမှာ အမှုစွဲတင်ဖို့အတွက် အချက်အလက် မလုံလောက်သေးဘူး၊ မလုံလောက်သေးတဲ့အခါကျ သူတို့ တရားရုံးကိုမတင်နိုင်သေးဘူး၊ ရှင်းရှင်းပြောရရင် အခု ဖမ်းထားတဲ့ ကျောင်းသားတွေ တော်တော်များများကိုက ပြန်လွှတ်ရမယ့်ကိန်း ဆိုက်နေတယ်။ အဲဒီတော့ လက်ရှိ အစိုးရလက်ထဲမှာ ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ လုပ်ဆောင်နေတဲ့ ကိစ္စရပ်တွေမှာ ကျနော်တို့ တော်တော် မေးမြန်းဖို့လိုအပ်လာတဲ့ကိစ္စတွေဖြစ်တယ်။”

ပညာရေးဥပဒေပြင်ဆင်ရေးအတွက် တောင်းဆိုဆန္ဒပြနေကြတဲ့ ဗကသ ကျောင်းသားခေါင်းဆောင်တဦးလည်းဖြစ်၊ လေးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးရေး ဗကသအဖွဲ့ရဲ့ ၁၅ ဦးကော်မီတီဝင်တဦးလည်းဖြစ်တဲ့ မုံရွာနည်းပညာတက္ကသိုလ်ကျောင်းသား မောင်စိုးလှိုင်ကို အာဏာပိုင်တွေက မတ်လ ၁၀ ရက်နေ့ညက သူနေတဲ့အဆောင်ကနေ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဖခင်ဖြစ်သူ ဦးကျော်ဌေးက ဗွီအိုအေကို ပြောပါတယ်။

“အင်္ဂလိပ်လို (၁၀) ရက်နေ့ည၊ ဆယ်နာရီလောက်ကဗျ။ ကျနော်တို့က တောထဲမှာ- တောင်ပေါ်မှာ မုံရွာမြို့နဲ့ ဝေးတဲ့ အတွက် ဘာကြောင့်လဲ ခေါ်သွားတာ မသိလိုက်ရဘူးဗျ။ ည ဆယ်နာရီလောက်မှာ သူငယ်ချင်းတယောက်က သိသလိုလို ဘာလိုလိုနဲ့ ခေါ်ပြီးတော့ ဖမ်းသွားတဲ့ပုံစံမျိုး ပြောတယ်ဗျ။ မြင်းခြံထောင်ထဲမှာတဲ့ခင်ဗျ။ မြင်းခြံဆိုတာ ဘယ်ဟာလဲမသိဘူး။ အကြောင်းကြားတယ်ခင်ဗျ။ သူဖမ်းတဲ့အကြောင်းကို၊ ဖုန်းနဲ့ လှမ်းပြီးတော့ ပြောတာ။ သူနဲ့တော့ ဒါရိုက်မပြောရဘူးဗျာ။ ဖုန်းနံပါတ်တခုနဲ့ လှမ်းပေးတယ်ခင်ဗျ။ ကျနော် အဲဒါနဲ့ လိုက်သွားတွေ့တယ်ဗျ။”

အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင် ကန့်ကွက်တဲ့အနေနဲ့ မန္တလေးကနေ ရန်ကုန်ကို ချီတက်လာတဲ့ ကျောင်းသားသပိတ် ပင်မစစ်ကြောင်း မြင်းခြံမြို့ကို ရောက်တဲ့အချိန် ဇန်န၀ါရီလ ၂၆ ရက်နေ့က မြင်းခြံဒီဂရီကောလိပ် အလံတိုင်မှာတင်ထားတဲ့ နိုင်ငံတော်အလံကို ဖြုတ်ချပြီး ကျောင်းသားတွေက ခွပ်ဒေါင်းအလံလွှင့်တင်ခဲ့မှုမှာ ပါဝင်ခဲ့တဲ့အတွက် ဖမ်းဆီးတယ်ဆိုတဲ့ သတင်းတွေထွက်နေပေမယ့် ဘာကြောင့် ဖမ်းထားတယ်ဆိုတာကို အာဏာပိုင်တွေဘက်က အသိပေးခြင်း မရှိဘူးလို့ မနေ့ မတ်လ ၁၆ ရက်နေ့က မြင်းခြံထောင်မှာ မောင်စိုးလှိုင်ကို ထောင်ဝင်စာ သွားတွေ့ခဲ့တဲ့ အကိုဖြစ်သူက အခုလို ဆက်ပြောပါတယ်။

“သူ့ကိုခေါ်ထားတဲ့နောက်ကွယ်မှာ ဘာမှ သိပ်ပြီးတော့ စစ်ဆေးတာ မရှိတာတော့ နည်းနည်း ထူးခြားမှုတခုတွေ့ရတယ်ပေါ့။ အဲဒါကတော့ နည်းနည်းထူးခြားတယ်။ ဘာမှ စစ်ဆေးတဲ့အပိုင်း မရှိဘူးပေါ့နော်။ ရောက်လာပြီးကတည်းက ဒီအတိုင်းပဲ ထားနေတဲ့သဘောမျိုး ရှိတာပေါ့။ ပုဒ်မအတိအကျဆိုတာလည်း သဘောက ၂၃ ရက်နေ့ ရုံးချိန်းထုတ်မယ်လို့ ပြောထားတာတော့ ရှိတယ်။ ဒါပေမယ့် အဲဒါကလည်း ဘယ်လို တိကျသလဲဆိုတဲ့အချက်ကို သေချာပေါက် ပြောလို့မရဘူး။ နောက်တချက်က သူ့ကို အလံကိစ္စနဲ့စွဲတယ်လို့ ပြောမယ်ဆိုရင်လည်း ကျနော်တို့မှာ ခိုင်မာတဲ့ - သူက တကယ်နွားထိုးကြီးမှာ လှည့်ပြန်သွားပြီဆိုတော့ မြင်းခြံကို သူမရောက်နိုင်တဲ့အချက်က သူက မရောက်ခဲ့ဘူး ပေါ့။ မရောက်ခဲ့တာရယ်၊ နောက်တချက်က သူရှိနေတဲ့အချိန်က ကျောင်းခေါ်ချိန်မှာလည်း မုံရွာမှာသူရှိနေတဲ့အတွက် မောင်စိုးလှိုင်က ဒီကိစ္စမှာ သူပါဝင်မှုမရှိဘူးဆိုတာလည်း တွက်လို့ရတယ်။ သေချာတာတခုကတော့ ထိန်းထားတာသက်သက်လို့ မှန်းလို့ရတယ်ပေါ့နော။ အဲဒီလိုတွက်လို့ရတာလည်း ၁၅ ယောက်ထဲမှာ သူက ပါနေတာလေ။ လေးပွင့်ဆိုင်တွေ့ဆုံမှု ၁၅ ယောက်ထဲမှာ ပါနေတယ်။ ပါတဲ့အထဲမှာ ဗကသထဲမှာပါတာဖြစ်တဲ့အတွက်ရော ကျနော်ကတော့ ထင်တယ်ပေါ့နော်။ ဒါက ကျနော်တို့ရဲ့ ခန့်မှန်းချက်ပေါ့ဗျာ။”

မောင်စိုးလှိုင်လိုပဲ ပညာရေးဥပဒေ ပြင်ဆင်ရေးဆွဲရေးအတွက် တက်ကြွစွာ ပါဝင်လှုပ်ရှားသူလည်းဖြစ်၊ ဗကသ ကျောင်းသားခေါင်းဆောင် တဦးလည်းဖြစ်တဲ့ မဟန်နီဦးနဲ့ တခြား ၄ ဦးတို့ကိုလည်း အာဏာပိုင်တွေက မတ်လ ၁၂ ရက်၊ ကြာသပတေးနေ့ညက ရန်ကုန်၊ အလုံ မြို့နယ်မှာ ဖမ်းဆီး ထိန်းသိမ်းလိုက်ပြီး အခု သူတို့ကို သာယာဝတီထောင်မှာ ထိန်းသိမ်းထားပါတယ်။

မဟန်နီဦးကို သာယာဝတီ အကျဉ်းထောင်မှာ မနေ့ မတ်လ ၁၆ ရက်နေ့က ထောင်ဝင်စာ သွားတွေ့ခွင့် ရခဲ့တယ်လို့ ဖခင်ဖြစ်သူ ဦးထွန်းဦးက ပြောပါတယ်။

“ဒီနေ့သွားတယ်။ သွားတော့ သာယာဝတီမှာရှိတယ်လို့ ပြောပါတယ်။ သူတို့ သုံးယောက်စလုံးလေ၊ ကိုမိုးထက်နေ၊ ကိုသီဟဝင်းတင်ရယ်၊ မဟန်နီဦးရယ်၊ သုံးယောက်စလုံးက သာယာဝတီအကျဉ်းထောင်မှာ ရှိပါတယ်-တဲ့။”

မေး။ ။ အခု မဟန်နီတို့ ကိစ္စကရော ဘာအမှုနဲ့စွဲသလဲ၊ ဘယ်တော့ ရုံးထုတ်မလဲဆိုတာ သိရလားခင်ဗျ။

ဦးထွန်းဦး။ ။ တရားဝင်တော့ မသိရဘူး။ ဒါပေမယ့် အဲဒီမှာတော့ ပြောတာဆိုတာအရတော့ လက်ပံတန်းကလူတွေနဲ့ပဲ ပုဒ်မအတူတူပဲ တပ်တယ်ဆိုပြီး ကျနော်တို့သိရတယ်။ အဲဒီကိစ္စကိုတော့ ရဲမှူးကြီးဦးဝင်းစိန်နဲ့ သွားတွေ့ဖို့ အစီအစဉ်ရှိပါတယ်ခင်ဗျ။ ဘာပုဒ်မတွေနဲ့တပ်လဲ၊ ဘယ်လိုဖြစ်လဲဆိုတာ၊ ဘယ်ရုံးကို ထုတ်မလဲဆိုတာတွေကိုလေ၊ ကျနော်တို့ သွားစုံစမ်းရပါလိမ့်မယ်။

အာဏာပိုင်တွေဘက်က ပညာရေးဥပဒေ ပြင်ဆင် ရေးဆွဲရေးအတွက် အမှန်တကယ်လိုလားတယ်၊ တွေ့ဆုံ ဆွေးနွေးတဲ့နည်းနဲ့ ဒီကိစ္စကို အဖြေရှာဖို့အတွက် တကယ်လိုလားတယ်ဆိုရင် ဖမ်းဆီးထားတဲ့ ကျောင်းသားခေါင်းဆောင်တွေကို အရင် လွတ်ပေးဖို့ လိုကြောင်း၊ သူ့အနေနဲ့တော့ လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးမှုက ရရှိခဲ့တဲ့ သဘောတူညီချက် ၁၁ ချက်ကို ဆက်လက် ဆုပ်ကိုင်သွားမှာဖြစ်ကြောင်း မဟန်နီဦးက သူ့ကို ပြောပြခဲ့တယ်လို့ ဦးထွန်းဦးက ပြောပါတယ်။

အမျိုးသားလွှတ်တော်မှာ ပညာရေးဥပဒေပြင်ဆင်ရေး ကြားနာပွဲကို ဒီကနေ့ မတ်လ (၁၇) ရက်နေ့မှာ ပြုလုပ်ဖို့ ရှိနေတာမှာ NNER ပညာရေး ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ယက်က တက်ရောက်ပြီး ဖမ်းဆီးခံ ကျောင်းသားတွေ ပြန်လွှတ်ပေးရေးအတွက် ပြောဆိုမယ်လို့ NNER က မူဝါဒရေးရာမှူး မသူသူမာက ဗွီအိုအေကို မတ်လ (၁၆) ရက်နေ့မှာ ပြောကြားခဲ့ပါတယ်ခင်ဗျာ။

ကိုဇော်ဝင်းလှိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


ဗုဒ္ဓပုံတော်မှာ နားကြပ်တပ်ဆင်ထားတဲ့ ပုံစံဒီဇိုင်းပြုလုပ်ပြီး ပါတီပွဲကြော်ငြာခဲ့တဲ့ V Grastro.bar ဆိုင်ပိုင်ရှင် ဦးထွန်းသူရိန်၊ မန်နေဂျာ ဦးထွဋ်ကိုကိုလွင်နဲ့ နယူးဇီလန်နိုင်ငံသား Mr.Philip၊ တို့ကို ဗဟန်းတရားရုံးက ဒီကနေ့ အလုပ်ကြမ်း ထောင်ဒဏ် ၂ နှစ်ခွဲစီ ချမှတ်လိုက်ပါတယ်။

ဘာသာသာသနာဆိုင်ရာပြစ်မှု ပုဒ်မ ၂၉၅ (က)နဲ့ ထောင်ဒဏ် ၂ နှစ်၊ ပုဒ်မ ၁၈၈ နဲ့ ထောင်ဒဏ် ၆ လချမှတ်လိုက်တာ ဖြစ်ပါတယ်။

ဗဟန်းမြို့နယ်၊ ရွှေတောင်ကြားလမ်းမှာ ဖွင့်လှစ်ထားတဲ့ V Grastro.bar, Buddha.bar ပါတီပွဲအတွက် ဗုဒ္ဓပုံတော်ကို မလျော်မကန်သုံးပြီး လူမှုကွန်ရက်မီဒီယာတွေကဆင့် ကြေညာခဲ့တဲ့အတွက် တာဝန်ရှိတဲ့ ၃ ဦးကို ဒီဇင်ဘာလ ၁၀ ရက်က ဖမ်းဆီးပြီး အင်းစိန်ထောင်မှာ ထိန်းသိမ်းထားတာဖြစ်ပါတယ်။

By ဒီဗွီဘီ.Video..Kamayut media
http://burmese.dvb.no


စာရေးဆရာ ထင်လင်းဦးကို  သာသနာညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅ (က)၊ တခြားသူများ ကိုးကွယ်ယုံကြည်ရာ ဘာသာကို ပုတ်ခတ် ပြောဆိုမှု ပုဒ်မ၂၉၈တို့နဲ့ ချောင်းဦးတရားရုံးက မတ် ၁၇ ရက်မှာ စွဲချက်တင်လိုက်ပါတယ်။

အရင်တပတ်က စွဲချက်တင်သင့်မသင်တင် လျောက်လဲချက်ပေးခဲ့ပြီးတဲ့နောက် တရားရုံးက စွဲချက် အမိန့်ချမှတ် လိုက်တာ ဖြစ်တယ်လို့ ရှေ့နေ ဦးသိန်းသန်းဦးက ပြောပါတယ်။ မတ် ၂၄ ရက်ကျရင် တရားလိုပြ သက်သေနဲ့ ပြန်ခေါ်သက်သေတွေကို စွပ်စွဲခံထားရတဲ့ ဦးထင်လင်းဦး ရှေ့နေက ပြန်လည် စစ်ဆေးရမှာ ဖြစ်ပါတယ်။

စာရေးဆရာ ထင်လင်းဦးရဲ့ဇနီး ဒေါ်စောစန္ဒာကတော့ “သူတို့ စွဲဆိုချက်အတိုင်းကို ဖြေရှင်းရမှာပဲ၊ တကယ်လို့ ကိုယ့်ဘက်က တရားဥပဒေ စိုးမိုးမှု မရှိဘူး၊  ဦးထင်လင်းဦးကို ချမယ်ဆိုရင်လည်း အမတို့ကတော့ ဒါကို ရင်ဆိုင်ရမှာဘဲ”လို့  ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၃ ရက် စစ်ကိုင်းတိုင်း မုံရွာခရိုင် ချောင်းဦးမြို့နယ် သုံးပန်လှကျေးရွာ စာပေဟောပြော ပွဲမှာ  ဦးထင်လင်းဦးရဲ့ ဟောပြောချက်နဲ့ပတ်သက်လို့ သာသနာ ညိုးနွမ်းစေ တယ်ဆိုပြီး သူကို ဖမ်းဆီး စွဲချက် တင်ခဲ့တာ ဖြစ်ပါတယ်။

စာရေးဆရာထင်လင်းဦး အနေနဲ့  ဇန်န၀ါရီလ ၁၅ ရက်နေ့က  ချောင်းဦးမြို့နယ်မှာ သံဃာတော်တွေကို အခမ်းအနားနဲ့  ၀န်ချတောင်းပန်ခဲ့ရာမှာ  သံဃာတော်တွေကလည်း ကျေနပ် အသိအမှတ်ပြုထယ်လို့ မိန့်ကြားထားပြီး ဖြစ်ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no

ဖုန်ကြားရှင် အဖွဲ့အား တရုတ်နိုင်ငံ မြေအောက်လှိုင်ခေါင်းများ မှတဆင့် ထောက်ပံ့ ကူညီလျက်ရှိသည်ဆိုသော လူမှုကွန်ယက်များမှ သတင်းမှာ မှန်ကန်ခြင်း မရှိဘဲ တင်ထားခြင်းသာ ဖြစ်ကြောင်း မြန်မာ့တပ်မတော် အဆင့်မြင့် အရာရှိ တစ်ဦးက ယင်းတို့၏ စုံစမ်းတွေ့ရှိချက်အရ Tomorrow သို့ ပြောကြားသည်။

“အဲဒီသတင်းက လုံးဝမမှန်ကန်ပါဘူး။ Social Networkတွေပေါ်မှာ သက်သက် ရေးသားထားခြင်းတွေသာ ဖြစ်ပါတယ်။ သတင်းအမှန် သိရှိရရင် ချက်ခြင်းကို ဖော်ပြပေးမှာပါ”ဟု ၄င်းကဆိုသည်။

လက်ရှိအချိန်တွင် မြန်မာ့ တပ်မတော်နှင့် MNDAA ကိုးကန့်သူပုန်များ အကြား တိုက်ပွဲ ဖြစ်ပွားမှုသည် တစ်လကျော် ကြာမြင့်ခဲ့ပြီဖြစ်ပြီး၊ မြန်မာ့တပ်မတော်မှ ဗျူဟာအရ အရေးပါသော နေရာများကို တိုက်ခိုက် သိမ်းပိုက်လျက် ရှိသော်လည်း ယခုတိုင် တိုက်ပွဲများ ပြင်းထန်လျက် ရှိနေသေးကြောင်း သိရသည်။
အင်တာနက် စာမျက်နှာများပေါ်တွင်လည်း တရုတ်နိုင်ငံမှ မြေအောက် လှိုဏ်ခေါင်းများ တူးဖော်ကာ ကိုးကန့် သောင်းကျန်းသူများကို လက်နက်၊ ရိက္ခာများ ပံ့ပိုးပေးလျက် ရှိသည်ဟု   သတင်းများ ပုံများနှင့်တကွ ပျံ့နှံ့လျက်ရှိသည်။

အဆိုပါ အတည်မပြုနိုင်သော သတင်းများတွင် တရုတ်နိုင်ငံသည် ၂၀၀၀ ခုနှစ်နောက်ပိုင်းမှ စတင်ကာ မြေအောက် လှိုဏ်ခေါင်းများ ဆောက်လုပ်မှုကို အရှိန်မြှင့်တင်ခဲ့ပြီး နျူကလီးယား ကာကွယ်ရေး အတွက် ပြင်ဆင်ခဲ့သည်ဟု ဆိုသည်။ ထို့ပြင် မြန်မာနိုင်ငံ အနေဖြင့် ပြည်တွင်းစစ်ဟု အများက ထင်နေသော်လည်း ကမ္ဘာ့နိုင်ငံကြီးများ ဖြစ်သော အမေရိကန်၊ အိန္ဒိယ၊ ရုရှား အစရှိသော နိုင်ငံများမှာ တရုတ် လက်အောက်ခံ အဖွဲ့များ ဖြစ်သော MNDAA၊ KNLA၊ KIA နှင့် RSOတို့ အပေါ် တိုက်ခိုက်မှုများကို ကန့်ကွက်ခြင်း မပြုဘဲ စောင့်ကြည့် လေ့လာလျက် ရှိသည်ဟုလည်းပါရှိသည်။

မြန်မာ့တပ်မတော် အနေဖြင့် ကိုးကန့် သောင်းကျန်းသူများ နှင့်အတူ ပါဝင် တိုက်ခိုက်လျက်ရှိသော  လက်နက်ကိုင် အဖွဲ့အစည်းများအား လေကြောင်းနှင့် လက်နက်ကြီး ပစ်ကူများဖြင့် အပြင်းအထန် တိုက်ခိုက်လျက်ရှိပြီး၊ နှစ်ဘက် အကျအဆုံးများလည်း များပြားလျက်ရှိကြောင်း သတင်းများအရ သိရသည်။

Tomorrow
http://www.tomorrow.com.mm/?q=articles/1520

လောက်ကိုင်ဒေသကို ပြန်လည်သိမ်းပိုက်ပြီး ကိုးကန့်သောင်းကျန်းသူ အဖွဲ့များကို စစ်ဆင်ရေး ဆင်နွှဲနေသော မြန်မာ့တပ်မတော်မှ တပ်မမှူး သုံးဦးကို လက်ရှိတပ်မမှူး ရာထူးများမှ မတ်လ ၅ ရက်နေ့တွင် ဖယ်ရှားလိုက်ကြောင်း သတင်းရရှိသည်။
အဆိုပါ တပ်မမှူး သုံးဦးမှာ အမှတ် (၁၁) ခြေမြန်တပ်မဌာနချုပ်၊ တပ်မမှူး ဗိုလ်မှူးချုပ် လှမြင့်စိုး၊ အမှတ် (၄၄) ခြေမြန်တပ်မ ဌာနချုပ်၊ တပ်မမှူး ဗိုလ်မှူးချုပ် ခင်မောင်သန်းနှင့် အမှတ်(၇၇) ခြေမြန်တပ်မ ဌာနချုပ်၊ တပ်မမှူး ဗိုလ်မှူးချုပ် အောင်သိန်းဦးတို့ ဖြစ်ပြီး ယင်းတို့သုံးဦးကို ဖူးကြီး၊ မင်းပြားနှင့် ထားဝယ်တို့ရှိ တပ်မတော်တန်းမြင့် တိုက်ခိုက်ရေး သင်တန်းကျောင်းများသို့ ကျောင်းအုပ်ကြီးများ အဖြစ် ပြောင်းရွှေ့လိုက်ခြင်း ဖြစ်သည်။ လစ်လပ်သွားသော နေရာများ အတွက် တပ်မ ၁၁ တပ်မမှူး အဖြစ် ဗိုလ်မှူးကြီး အောင်ရဲဝင်း၊ တပ်မ ၄၄ တပ်မှူးအဖြစ် ဗိုလ်မှူးကြီး သန့်စင်၊ တပ်မ ၇၇ တပ်မမှူးအဖြစ် ဗိုလ်မှူးကြီး မိုးကျော်တို့ကို ရာထူးတိုးမြှင့် ခန့်အပ်လိုက်ကြောင်းလည်း သိရသည်။ ထို့အပြင် ယခု တပ်မမှူး အပြောင်းအလဲသည် တရုတ်နိုင်ငံ အတွင်း တပ်မတော်လေက ဗုံးတစ်လုံးကျခဲ့ခြင်းနှင့် သက်ဆိုင်ခြင်း မရှိကြောင်းလည်း သိရသည်။

အဆိုပါ သတင်းနှင့် ပတ်သက်ပြီး ကာယကံရှင် တပ်မမှူးများသို့ မေးမြန်းဆက်သွယ်ရာ ဖြေကြားခြင်း မရှိခဲ့ပေ။ ထို့ကြောင့် Tomorrow ဂျာနယ်၏ ပင်တိုင်ကလောင်ရှင် တစ်ဦးလည်း ဖြစ်သူ၊ စစ်ရေး အတွေ့အကြုံ များစွာရှိသည့် အငြိမ်းစား တပ်မတော် အရာရှိကြီး တစ်ဦးဖြစ်သူ ဆရာအောင်မြင်သူကို မေးမြန်းခဲ့ရာ ဆရာ အောင်မြင်သူက “စစ်ဆင်ရေး တာဝန်ထမ်းဆောင်နေတဲ့ တပ်မမှူး သုံးဦးစလုံးကို ဖယ်ရှားလိုက်တယ်ဆိုတာ မကြိုက်လို့ပေါ့။ နေ့စဉ်နီးပါး တပ်မတော်ဘက်က အထိအခိုက် အကျအဆုံးတွေ ရှိနေတဲ့ အပြင်လေတပ်ပစ်ကူနဲ့ပါ တိုက်နေရတယ်။ ခက်တာက အထက်ကရော စစ်ရဲ့ အခြေခံ ဥပဒေသတွေကို လိုက်နာရဲ့လားဆိုတာ မေးစရာ ဖြစ်လာတယ်။ တိုက်စစ်ဆိုရင် ရန်သူထက် သုံးဆများတဲ့ အင်အားနဲ့ တိုက်ရမယ်။ အခုအဲဒီ အတိုင်းရော တိုက်ရဲ့လား။ ရန်သူ တစ်ရာလောက် ခံစစ်ယူထားတဲ့ တောင်ကုန်းကို ကိုယ့်တပ်က အင်အား ၈၀ လောက်နဲ့ တက်တိုက်ရင်တော့ ခံရမှာပဲလေ၊ ကျွန်တော့် အတွေ့အကြုံအရ ပြောရရင် ကျွန်တော်တို့ ကျိုင်းတုံခွင်မှာ လွယ်ရုတ် စခန်းကို တိုက်တော့ ကျွန်တော်က လေယာဉ်ပေါ်ကနေ အမြောက်အကဲ ကြည့်လုပ်ရတယ်၊
ပွိုင့် ၆၃၆၃ တောင်ပေါ်ကနေ ကျွန်တော်တို့ အမြောက်တပ်တွေက လွယ်ရုတ် ရန်သူ့ကုန်းကို ပစ်နေတုန်းမှာ အဲဒီတုန်းက (၈၈) ဒုတပ်မမှူး ဗိုလ်မှူးကြီး သန်းရွှေက အမြောက်ပစ်တာ ရပ်တော့ ငါတို့မှာ ကျည်ခြွေတာ ရမယ်လို့ အမိန့်ပေးတယ်။ ဒါကို အမြောက် ဒုတပ်ရင်းမှူး ဗိုလ်မှူး ခင်မောင်ညိုက တောက်ခေါက်ပြီး ငါတို့အမြောက်တပ်ရဲ့ တာဝန် မကျေတော့ဘူး။ အမြောက်တပ်ရဲ့ တာဝန်ဆိုတာ ခြေလျင်တပ် အကျအဆုံး အနည်းဆုံးနဲ့ သိမ်းပိုက်နိုင်အောင် အဲဒီတောင်ကို စိစိညက်ညက်ကြေအောင် ပစ်ရမှာလေလို့ ပြောဖူးတယ်။ ဒါအမြောက်တပ်ရဲ့ ပရင်စီပယ်ပဲ။ မဲသဝေါကို ကျွန်တော်တို့ တိုက်တော့ ၁၉၈၈ ခုနှစ် နိုဝင်ဘာ တစ်လလုံး ပွိုင့် ၁၇၇၈ကို ကျွန်တော့် တပ်အပါအ၀င် တပ်ရင်းတစ်ရင်းပြီး တစ်ရင်း လဲတိုက်ရတယ်။ ဘာပစ်ကူမှ မရတော့ အကျအဆုံးများတယ်။ အဲဒီကုန်းကိုလဲ မရဘူး။ ကုန်းပေါ်မှာ ရန်သူက ၃၀ လောက်ပဲ ရှိတာ။ ဒါပေမဲ့ ကျောက်တောင်ကြီးဆိုတော့ တက်တာနဲ့ အပစ်ခံရပြီး ကျတာပဲ။ ဒီဇင်ဘာလမှာ ဗိုလ်ချုပ်ကြီး မောင်လှ ရောက်လာပြီး ဒီအတိုင်းတိုက်လို့တော့ မရဘူးဆိုပြီး ကိုရွှေမန်း တပ်ရင်း တိုက်မဲ့နေ့ကျတော့ တစ်ရက်ကြိုပြီး ၁၂၀မမတွေ တရက်လုံး ပစ်ပေးတယ်။ ကျွန်တော့် တပ်ရင်းက ပွိုင့် ၅ စက်သေနတ်ကြီးနဲ့ ကာပစ်ပစ်ပေးတယ်။ ဒီတော့ ရန်သူက ဘယ်နေနိုင်မလဲ ပြေးရတာပေါ့။ ပစ်ကူက ဘယ်လောက်တောင် ထိရောက်သလဲဆိုရင် တောင်ပေါ်က ကျောက်တွေတောင် ပြိုကျတာလေ။ အခုလေယာဉ်တွေ အမြောက်တွေ ကျွန်တော်တို့မှာ ရှိနေတာပဲ။ ဒီကုန်းမှာ ရန်သူရှိမှန်းလဲ သိတယ်။ ကိုယ့်မှာလဲ ပစ်နိုင်တဲ့ လက်နက်တွေ ရှိနေတာပဲ။ ရန်သူ့တောင်ကုန်းကို စိစိညက်ညက်ကြေအောင် ပစ်ပြီးမှ ခြေလျင်တပ်က တက်တိုက်ရင် အကျအဆုံး မနည်းနိုင်ဘူးလား”ဟု ရှင်းပြသွားခဲ့သည်။

Tomorrow
http://www.tomorrow.com.mm/?q=articles/1516

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.