03/19/15


အမျိုးသားပညာရေးဥပဒေကိုပြင်ဆင်တဲ့ ဥပဒေကြမ်းအပေါ် လွှတ်တော်မှာ ကြားနာတဲ့ပွဲတွေ မနေ့က ပြီးဆုံးသွားခဲ့ပါပြီ။ ပညာရေးဥပဒေပြင်ဆင်ဖို့ ဦးဆောင်လှုပ်ရှားခဲ့တဲ့ ကျောင်းသားခေါင်းဆောင် အတော်များများ ကိုလည်း အစိုးရက ဖမ်းဆီးထားပါတယ်။ ကျောင်းသားတွေရဲ့ မူလတောင်းဆို ချက်တွေကို လွှတ်တော်က ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မယ့် အခြေအနေရှိမရှိ ဆိုတာနဲ့ပတ်သက်ပြီး၊ မနေ့က လွှတ်တော်ကြားနာပွဲ တက်ရောက်ခဲ့တဲ့ “ပညာရေးစနစ် ပြုပြင်ပြောင်း လဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်- NNER” က ဒေါက်တာ သိန်းလွင် နဲ့ ဒေါက်တာညိုညိုသင်းတို့ရဲ့ ပြောကြားချက်တွေကို ထုတ်လွှင့်ပေးမှာပါ။

RFA

၂ဝဝ၇ ခုနှစ်၊ စက်တင်ဘာလ ကတည်းက ရုပ်ရှင်/ ဗီဒီယိုဇာတ်ကား ရိုက်ကူး
ခြင်းများ ရပ်နားခဲ့သည့် ဦးကျော်သူသည် ရှစ်နှစ်အကြာ ယနေ့ ၁၈.၃.၂ဝ၁၅ ရက်နေ့တွင် ရန်ကုန်မြို့၊ မြရိပ်ညိုဟိုတယ်၌ စာရေးဆရာကြီး မင်းသိင်္ခ၏ နာ မည်ကျော် "ပရော်ဖက်ဆာဒေါက်တာဆိတ်ဖွား" ဝတ္ထုဇာတ်ကြောင်းအား ရုပ် ရှင်ဇာတ်ကားကြီးအဖြစ် ဒါရိုက်တာ ခင်စောမျိုးမှ ပုံဖော်ရိုက်ကူးရာတွင်
ဒေါက်တာဆိတ်ဖွားအဖြစ် ပါဝင်သရုပ်ဆောင်၍ စတင်ရိုက်ကူးခဲ့ပါသည်။ ယင်းရုပ်ရှင်ဇာတ်ကားအား လပ်ကီးဆဲဗင်း ရုပ်ရှင်ထုတ်လုပ်ရေးမှစီစဉ်၍
ဒေါက်တာဆိတ်ဖွားအဖြစ် အကယ်ဒမီ ကျော်သူ၊ သူတောင်းစား(ဟန်ဆောင်)
အင်စပတ်တာအရာရှိအဖြစ် အကယ်ဒမီ ရန်အောင်၊ လူမိုက်မိုးသီးအဖြစ် အကယ်ဒမီ ရဲအောင်၊ သူခိုးကြီးသေတ္တာအဖြစ် အကယ်ဒမီ မင်းဦး တို့နှင့် အတူ သရုပ် ဆာင် မင်းသမီးများအဖြစ် စံရတီမိုးမြင့်၊ မေမြတ်နိုးနှင့် ရွှေပန်းချီ တို့ဖြစ်ကြပြီး ဆားပုလင်းနှင်းမောင် အဖြစ် ထွန်းလွင်အောင် ပါဝင်သရုပ်
ဆောင်ကြမည် ဖြစ်ပါသည်။

-ကျော်သူ
နာရေးကူညီမှုအသင်း-ရန်ကုန်

လက်ပံတန်းဖြစ်စဉ်တွင် ထိန်းသိမ်းပြီးနောက် ဥပဒေမဲ့ရိုက်နှက်ခြင်းနှင့် ကျောင်းသားများ၏ ပစ္စည်းများပျောက်ဆုံးခြင်းကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ သိက္ခာကျစရာဖြစ်လာ၊ လွတ်လပ်ပြီး တရားမျှတသော စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းပေးရန် လွတ်မြောက်လာသော ကျောင်းသားများ လိုလား
******************************************************************
ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့တွင် ဒီမိုကရေစီပညာရေးပင်မသပိတ်စစ်ကြောင်း အကြမ်းဖက်ဖမ်းဆီးခံရမှုဖြစ်စဉ်တွင် ဖမ်းဆီးခံရပြီးနောက် ဥပဒေမဲ့ရိုက်နှက်ခြင်းနှင့် ကျောင်းသားများ၏ ပျောက်ဆုံးပစ္စည်းများအတွက် လွတ်လပ်ပြီး တရားမျှတသော စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းပေးရန် သာယာဝတီအကျဉ်းထောင်မှ လွတ်မြောက်လာသော ကျောင်းသား၊ ကျောင်းသူများက လိုလားနေကြောင်း သိရသည်။

အဆိုပါ ကျောင်းသားများ အကြမ်းဖက်ခံရမှုဖြစ်စဉ်တွင် လက်ပံတန်းမြို့၊ အောင်မြေဗိမာန် ကျောင်းတိုက်အတွင်း အေးဆေးစွာ ဖမ်းဆီးခံခဲ့သော ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူ ၆ဝ ကျော်ကို ရဲတပ်ဖွဲ့ဝင်များက ရိုက်နှက်ခြင်း၊ သပိတ်၏ ပြန်ကြားရေးကားတို့ကို ဖျက်ဆီးခြင်း၊ သပိတ်အတွင်း ပါဝင်ခဲ့သောသူများ၏ ပစ္စည်းများ အကြောင်းမဲ့ ပျောက်ဆုံးခြင်းတို့ ရှိနေခြင်းကြောင့် ယင်းကဲ့သို့ ကော်မရှင်ဖွဲ့ စုံစမ်းပေးရန် လိုလားခြင်းဖြစ်ကြောင်း သိရသည်။

“ဒီဖြစ်စဉ်တစ်ခုလုံးကို ခြုံကြည့်လိုက်ရင် ကျွန်တော်တို့ကို အကြမ်းဖက် ဖြိုခွင်းခဲ့တာပဲ။ အကြမ်းဖက်မှု မလုပ်ပါဘူးလို့ ကတိပေးထားပြီးမှ ဒါကိုလုပ်တယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့ပစ္စည်းတွေဆိုလည်း ပြန်ကြားရေးကားကအစ ပါလာတဲ့ဟာတွေကို ဖျက်ဆီးခဲ့တာပဲ။
ဘုန်းကြီးကျောင်းထဲအထိ ဝင်ဖမ်းပြီး ရိုက်နှက်ခဲ့တယ်။ ပြည်သူ့ဝန်ထမ်းတွေအနေနဲ့ အရမ်းကို ရုပ်ဆိုးတဲ့လုပ်ရပ်တွေပဲ။ ဒီလိုမျိုးဖြစ်စဉ်တွေ အဖြစ်မှန်ကို အမြန်ဆုံး ပေါ်ပေါက်စေချင်တယ်။ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်လိုမျိုး ဖွဲ့စေချင်တယ်။ ဖြစ်နိုင်ရင် ဖျက်ဆီးမှုတွေ လုပ်ခဲ့တဲ့သူတွေကို အရေးပြန်ယူစေချင်တယ်။ အကြမ်းဖက်ဖြိုခွင်းအဆင့်တောင် မဟုတ်တော့ဘူး။ ဓားမြတိုက်တဲ့ ပုံစံမျိုးတောင်ဖြစ်သွားပြီ”ဟု မှော်ဘီနည်းပညာတက္ကသိုလ်မှ စက်မှုလျှပ်စစ်မေဂျာ ဒုတိယနှစ်ကျောင်းသား ကိုထက်လင်းက မတ် ၁၇ ရက်တွင် ပြောကြားသည်။

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ ထုတ်ကုန်ဓာတုဗေဒ မေဂျာ၊ တတိယနှစ်ကျောင်းသူ မရည်မွန်မွန်အောင်က “ပျောက်ခဲ့တဲ့ ပစ္စည်းတွေထဲမှာ ကျန်တာတွေ ထားပါဦး။ အဓိက ကဖုန်းပါ။ အထဲက Data တွေကိုသုံးပြီး ကျွန်မတို့နဲ့ ပတ်သက်တဲ့သူတွေကို လိုက်ပြီး ဖိအားပေးမယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ ဖုန်းကနေ ဖေ့စ်ဘွတ်အကောင့်တွေ အဟက်ခံရတာတွေလည်း ရှိတယ်။ သူတို့အနေနဲ့က ငါတို့လက်ထဲမှာ အာဏာရှိတာပဲ။ လုပ်ချင်တာလုပ်မယ် ဆိုတဲ့သဘောဖြစ်နေတယ်။ လွတ်လပ်တဲ့ စုံစမ်းရေးကော်မရှင် ဖွဲ့စည်းမယ်ဆို ရင်လည်း မေးရမှာက ဘယ်သူတွေပါမှာလဲ။ လွတ်လပ်ရင်တော့ ကောင်းပါတယ်။ ဒါပေမဲ့ ကျွန်မတို့ တစ်ယောက်တည်းဆန္ဒနဲ့ မပြောနိုင်ဘူး။ ကျွန်မတို့မှာ အဖွဲ့အစည်းရှိတယ်။ အားလုံးက ညှိနှိုင်းပြီးတော့မှ ဆုံးဖြတ်ကြတာပါ။ ကော်မရှင်ဖွဲ့ပြီး ကျွန်မတို့ရဲ့ ထိခိုက်မှုတွေကို ပြန်ပြီး ဖြေရှင်းပေးနိုင်မယ်ဆိုရင်တော့ ကောင်းတာပေါ့။ ဖွဲ့ပြီးမှ အရာမရောက်ခဲ့ရင် နာမည်သာ အဖတ်တင်ပါလိမ့်မယ်” ဟု ပြောကြားသည်။

ယင်းသို့ ကော်မရှင်ဖွဲ့စည်းကာ အဖြစ်မှန်စုံစမ်းရာတွင် ထိရောက်စွာ စုံစမ်းရန်လိုအပ်ပြီး ယခုဖြစ်စဉ်မတိုင်ခင် အခြားဖြစ်ရပ်များအပေါ် စုံစမ်းစစ်ဆေးရေးကော်မရှင်များ ဖွဲ့စည်းခဲ့သော်လည်း ထိရောက်မှု အားရစရာမရှိကြောင်း ရဲများ၏ ရိုက်နှက်ခံရမှုကြောင့် လက်ချောင်းများ ကျိုးပဲ့ဒဏ်ရာရရှိခဲ့သော သန်လျင်နည်းပညာတက္ကသိုလ်မှ ကိုကျော်ဇင်သန့်က ပြောကြားသည်။

“ရှေ့မှာလည်း စုံစမ်းရေးကော်မရှင်တွေ ဖွဲ့ခဲ့တယ်။ အခြေအနေကတော့ အားရစရာ မရှိခဲ့ဘူး။ ဒါပေမဲ့ ဖွဲ့မယ်ဆိုရင်တော့ ကျွန်တော်တို့ အကြမ်းဖက်ခံခဲ့ရတဲ့၊ လူ့အခွင့်အရေး ချိုးဖောက်ခံခဲ့ရတဲ့ဖြစ်ရပ်တွေကို အကုန်ပြောပြမှာပါ။ တရားစွဲဆိုဖို့လည်း အစီအစဉ်ရှိပါတယ်” ဟု ၎င်းက ပြောကြားသည်။

ရဲတပ်ဖွဲ့ဝင်များ၏ နံပါတ်တုတ်ဖြင့် ရိုက်နှက်ခံရမှုကို သပိတ်အတွင်း ပါဝင်သော အမျိုးသားများက အဓိကခံရကြောင်း သိရသည်။

သာယာဝတီထောင်တွင် ဖမ်းဆီးချုပ်နှောင်ခံရပြီးနောက် ကျောင်းတက်နေဆဲဖြစ်သဖြင့် ပြန်လည်လွတ်မြောက်လာသော ကျောင်းသား၊ ကျောင်းသူ ၂၇ ဦးတွင် ကျောင်းသားအများစုမှာ ဖမ်းဆီးခံရစဉ်က ရဲတပ်ဖွဲ့ဝင်များ နံပါတ်တုတ်ဖြင့် ရိုက်နှက်မှုကြောင့် ရရှိခဲ့သော ဒဏ်ရာများကို လက်ရှိအချိန်အထိ ကုသနေရဆဲဖြစ်ပြီး မည်သည့်တာဝန်ရှိသူကမှ တာဝန်ယူကုသပေးခြင်း မရှိကြောင်း လွတ်မြောက်လာသော ကျောင်းသားများက ပြောကြားသည်။

သန်လျင်နည်းပညာတက္ကသိုလ်မှ ကိုကျော်ဇင်သန့်က “ကျွန်တော်တို့ ဘုန်းကြီးကျောင်းထဲမှာ အေးအေးဆေးဆေး အဖမ်းခံခဲ့တယ်။ အချုပ်ကားပေါ်တင်တဲ့အခါမှာ စရိုက်တယ်။ တစ်ယောက်ကို ရဲနှစ်ဆယ်လောက် ရိုက်ကြတယ်။ အချုပ်ကားပေါ်တင်တော့ လက်ကို ခေါင်းပေါ်တင်ပြီး သွားခိုင်းတာ။ ရိုက်တဲ့ ရဲတွေက ခေါင်းကို အဓိက ရိုက်တယ်။ ကျွန်တော်တို့အနေနဲ့ ခေါင်းကို လက်နဲ့ ကာထားတာဖြစ်တဲ့အတွက် ကျွန်တော့် ညာဘက်လက်သန်း ကျိုးပြီးတော့ ဘယ်ဘက် လက်သူကြွယ် အရိုးအက်သွားတယ်။ ဘယ်ဘက် လက်သူကြွယ်နေရာမှာပဲ အသားကွဲသွားတယ်။ ထောင်ဆေးရုံမှာတော့ အကြောတင်တယ်လို့ပဲ သိတာ။ ဒါပေမဲ့ အပြင်ရောက်လို့ ဓာတ်မှန်ရိုက်ကြည့်တော့ အရိုးကျိုးနေတာ။ ဖိနပ်နဲ့ အကန်ခံရတာကြောင့်လည်း နှုတ်ခမ်းမှာ ဒဏ်ရာရထားတယ်။
နံပါတ်တုတ်နဲ့ နေရာအနှံ့ ရိုက်ခံရမို့ ကျောကုန်းနဲ့ တခြားနေရာတွေမှာတော့ နာနေတုန်းပဲ” ဟု ပြောကြားသည်။

ဆက်လက်ပြီး ၎င်းက “ကျွန်တော့် ဒဏ်ရာတွေ ကုသဖို့ အစိုးရဘက်က ဘာမှလာပေးထားတာ မရှိဘူး။ ကိုယ့်အစီအစဉ်နဲ့ ကိုယ်ပါ။ ဦးကျော်သူဆီမှာ ဓာတ်မှန်ရိုက်ပြီးတော့ သံဃာဆေးရုံမှာ သွားပြရတယ်။ ထောင်ထဲမှာကတည်းက ကျိုးနေတယ်လို့ ပြောပေမယ့် အကြောတင်နေတယ်လောက်ပဲ ပြီးသွားတယ်။ ကျွန်တော်တို့ကို ရိုက်နှက်တာဟာ လူ့အခွင့်အရေး ချိုးဖောက်တာပါ။ မတရားခံရတာလည်း ဖြစ်တယ်။ တရားမှုပြန်ရအောင်လို့ ဆောင်ရွက်သွားမယ်” ဟု ကိုကျော်ဇင်သန့်က ထပ်မံပြောကြားသည်။

ပင်မသပိတ်စစ်ကြောင်း အကြမ်းဖက်ခံရစဉ် ရဲတပ်ဖွဲ့ဝင်များဆီသို့ သပိတ်ကိုင်ကာ ချီတက်ခဲ့သော တောင်ငူတက္ကသိုလ်မှ ကိုသန့်လွမ်းဝေချစ်က “ဘုန်းကြီးကျောင်းထဲကနေ အချုပ်ကားပေါ်မတင်ခင် လမ်းတစ်လျှောက်မှာ တစ်ဖက်ကို ရဲသား ၃ဝ လောက် အတန်းဘယ်ညာ ရှိတယ်။ ကျွန်တော်တို့က အဲဒီရဲတန်းကြားကနေ အချုပ်ကားပေါ် သွားရတယ်။ သွားတဲ့ လမ်းတစ်လျှောက်မှာ ရဲတွေက ဝိုင်းရိုက်တာပဲ။ တစ်ယောက်သွားတိုင်း ရိုက်တယ်။ ရိုက်တာအပြင် ဖိနပ်တွေနဲ့ တက်နင်းတာလည်း ရှိတယ်။ ရိုက်တဲ့နံပါတ်တုတ်ကို လက်နဲ့ကာမိတယ်။ ထောင်ဆေးရုံမှာတုန်းက လက်မှာ ပွန်းပဲ့တာပဲထင်ပြီး ဆေးထည့်တာလောက်ပဲ ရှိတယ်။ ဒါပေမဲ့ အခု အိမ်ပြန်ရောက်တဲ့အခါမှာ လက်ချောင်းတွေက အရမ်းနာနေတယ်။ အရိုးတွေထဲက နာတယ်။ ဖိမိတာမျိုးဆိုရင် အရမ်းနာတယ်။ ရဲတွေရိုက်ခဲ့ တဲ့ဒဏ်ရာကို ကျွန်တော့်ဘာသာ ကုသနေတာပါ” ဟု ပြောကြားသည်။

ထို့ပြင် အကြမ်းဖက်မှုခံနေရစဉ် သမဂ္ဂအလံကို တစ်လျှောက်လုံး ကိုင်ဆောင်ထားမှုကြောင့် ရဲတပ်ဖွဲ့ဝင်များ၏ အငြိုးတကြီး ရိုက်နှက်ခံခဲ့ရသော ရတနာပုံတက္ကသိုလ်၊ ကုန်ထုတ်ဓာတုဗေဒမှ ဒုတိယနှစ်ကျောင်းသား ကိုရှိုင်းမင်းထက်ဇော်က “နံပါတ်တုတ်နဲ့ရိုက်၊ ဖိနပ်နဲ့ အကန်ခံရတာကြောင့် ခေါင်းပေါက်သွားတယ်။ အပြင်က ပုဂ္ဂလိကဆေးခန်းတစ်ခုမှာ ပြနေသေးတယ်။ ဆေးထိုး၊ ဆေးထည့်ပေးတယ်။ သောက်ဆေးပေးတယ်။ ဒဏ်ရာတွေအတွက် ကိုယ့်ဘာသာ ကုနေရတာပါ။ တစ်ခါတလေကျရင် မူးတယ်။ အိပ်လို့ရှိရင် ဖိအိပ်လို့ မရဘူး။

ဒဏ်ရာက ခေါင်းအနောက်တည့်တည့်မှာဆိုတော့။ ခေါင်းမပေါက်ပေမယ့် နံပါတ်တုတ် ထိထားတဲ့ တခြားနေရာတွေလည်း ဖိအိပ်လို့ မရဘူး။ စပြီး အရိုက်ခံရကတည်းက အဲဒီလိုဖြစ်နေတာ။ ဖိနပ်နဲ့ အကန်ခံထားရတဲ့အတွက်ကြောင့် ဘယ်ဘက်မျက်လုံးအောက်မှာ ဒဏ်ရာတစ်ခု ရထားတယ်။ မျက်ကွင်းညိုနေပြီး မျက်ဆန်ရဲနေတယ်။ ရိုက်နေတဲ့အချိန်မှာ ဖိနပ်တဲ့ကန်နေတဲ့သူလည်း ရှိတယ်။ ထိုးကြိတ်တဲ့သူလည်း ရှိတယ်။ ကျွန် တော်ရိုက်ခံရတဲ့နေရာက ရဲနဲ့ကျောင်းသား ထိပ်တိုက်တိုးတဲ့နေရာမှာပဲ အရိုက်ခံရတာ။ ရဲ ၁ဝ ယောက်လောက် ရှိမယ်။ ကျွန်တော်က အလံကိုင်ထားတော့ သူတို့အတွက် ပိုရိုက်ချင်နေကြတယ်။ မူးမေ့လဲသွားတာတော့ မဖြစ်ဘူး။ အဲဒီအချိန်မှာ ရဲနှစ်ယောက်က ကျွန်တော့်ကို ရိုက်နေတဲ့သူတွေ ဆက်မရိုက်ဖို့အတွက် လာဆွဲတယ်။ အလံကိုင်နေရင်းနဲ့ပဲ ပါသွားတယ်။ အဲဒီအချိန်မှာပဲ နောက်ထပ်ရဲတွေက ပြေးပြေးလာပြီး ရိုက်သေးတယ်”ဟု ပြောကြားသည်။

ယင်းကဲ့သို့ ရိုက်နှက်မှုများတွင် ရဲတပ်ဖွဲ့၌ အမည်ပေါက်နေသော ပင်မသပိတ်စစ်ကြောင်းမှ ကျောင်းသားများမှ ပိုမိုအရိုက်ခံရကြောင်း သိရသည်။ လက်ရှိ ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးမှာ ရဲမှူးကြီး မျိုးမင်းထိုက်ဖြစ်ပြီး အမှတ် (၁) လုံခြုံရေး ရဲတပ်ဖွဲ့ခွဲသည် ပဲခူးတိုင်းဒေသကြီးအတွင်း၌ ရှိပြီး ဒုတိယရဲမှူးကြီး မြတ်မင်းထွေးမှာ အဆိုပါ တပ်ဖွဲ့ခွဲတွင် တာဝန်ထမ်းဆောင်နေသူဖြစ်ကြောင်း၊ အမှတ် (၁ဝ) လုံခြုံရေး ရဲတပ်ဖွဲ့ခွဲ သည် ပြည်မြို့ မြရာကျေးရွာအနီး တည်ရှိပြီး ဒုတိယရဲမှူးကြီး ကျော်မင်းဟန်မှာ အဆိုပါ တပ်ဖွဲ့ခွဲတွင် တာဝန်ထမ်းဆောင်နေသူ ဖြစ်ကြောင်း၊ အမှတ် (၁၁) လုံခြုံရေးရဲတပ်ဖွဲ့ ခွဲသည် တောင်ငူမြို့နှင့် ခုနစ်မိုင်အကွာတွင် တည်ရှိပြီး ဒုတိယရဲမှူးကြီး နန္ဒဝင်းမှာ အဆိုပါ တပ်ဖွဲ့ခွဲတွင် တာဝန်ထမ်းဆောင်နေသူ ဖြစ်ကြောင်း သိရသည်။

“ဘုန်းကြီးကျောင်းထဲမှာ အဖမ်းခံပြီး ရဲတွေ ဝိုင်းရိုက်တဲ့အချိန်မှာ နာမည်ပေါက်တဲ့သူတွေဆိုရင် ပိုရိုက်တယ်။ ကိုအောင်မှိုင်းဆန်းဆိုလည်း အရိုက်ခံရတယ်။ ကိုမာနော်ဆိုရင် မင်းလားဟဲ့ မာနော်ဆိုပြီး ဆံပင်တွေ ဆောင့်ဆွဲပြီး ရိုက်တယ်။ သူတို့ရဲ့ နံပါတ်တုတ်တွေဆိုတာလည်း တချို့က ရာဘာတုတ် မဟုတ်ဘူး။ အထဲမှာ အခေါင်းပေါက်မပါတဲ့ ဝါးဆစ်တုတ်တွေကို ဆေးသုတ်ပြီး ဖြောင်းဖြောင်းနဲ့ မြည်အောင်ရိုက်တာ။ ကျိုးတဲ့အစတွေပါ လာစဉ်တယ်။ ဖိနပ်တွေနဲ့လည်း ကန်တာရှိတယ်။ ကြမ်းပြင်မှာ လူးလှိမ့်နေအောင် ရိုက်တာ။ ပြီးတော့ အချုပ်ကားပေါ်ပစ်တင်ပြီးတော့ ရေလိုက်ဖျန်းတယ်။ အားလုံးက မူးမေ့လဲပြီး မလှုပ်နိုင်တဲ့အချိန်မှာ ရေဖျန်းလိုက်တာ။ ပြီးတော့မှ ပုံစံပြန်ထိုင်ခိုင်းတယ်” ဟု သာယာဝတီအကျဉ်းထောင်မှ ပြန်လွတ်လာသော ကျောင်းသူ မအိဖြူဖြူ ထွန်းက ပြောကြားသည်။

ကျောင်းသားများက အေးဆေး အဖမ်းခံနေချိန်တွင် ရဲများက စိတ်လွတ်ကိုယ်လွတ် ရိုက်နှက်ခြင်း၊ ပြန်ကြားရေးကားအား အင်အားသုံးဖျက်ဆီးခြင်းနှင့် လူနာတင်ယာဉ်ပေါ်အထိ တက်ရိုက်ခြင်းတို့မှာ ရဲတပ်ဖွဲ့ဝင်များ၏ ဥပဒေမဲ့လုပ်ရပ်များဖြစ်ကြောင်း ပင်မသပိတ်စစ်ကြောင်းမှ ကျောင်းသားများ ကဆိုသည်။

“ကျွန်တော်တို့ အေးဆေး အဖမ်းခံခဲ့ပါတယ်။ အဲဒါကိုတောင်မှ လူနာတင်ယာဉ်ပေါ်အထိပါ တက်ရိုက်တာမျိုးတွေက သိပ်ကို တရားလွန်လွန်းပါတယ်။ ဖြစ်နိုင်ရင်တော့ ဒီဖြစ်ရပ်တွေအတွက် အစိုးရကို တရားစွဲချင်ပါတယ်။ ကားတွေကို လျှောက်ဖျက်ဆီးတာဟာလည်း လုံးဝဥပဒေနဲ့ မညီပါဘူး။ ထောင်ထဲမှာ သုံးရက်နေခဲ့ရတဲ့ အချိန်မှာလည်း သူတို့က ကျောင်းသားနဲ့ ၀န်းရံတဲ့ပြည်သူကို ခွဲထားမယ်လုပ်တယ်။ ကျွန်တော်တို့က အဲဒါကိုလက်မခံခဲ့ဘူး။ ပထမဦးဆုံး ရုံးထုတ်တော့လည်း လက်တွေကို နောက်ပြန်ကြိုး တုပ်ထားတဲ့အတွက်ကြောင့် ကျောင်းသားရဲဘော်တွေ အနာတရဖြစ်ကြတယ်။ ထောင်ထဲမှာ ကျွန်တော့်ကိုတော့ ရိုက်တာမရှိဘူး။ ဒါပေမဲ့ စိတ်ပိုင်းဆိုင်ရာအရ ကြောက်သွားအောင် အပြောအဆိုတွေနဲ့ ခြိမ်းခြောက်တာမျိုးတွေ ရှိတယ်။

ပြန်လွတ်လာတဲ့ အချိန်မှာတော့ ကျွန် တော်သိသလောက်က အစိုးရပိုင်းက လာပြီး ကျောင်းသားတွေ ကျန်းမာရေးအတွက် လာလုပ်ပေးတာတော့ မရှိဘူးဗျ” ဟု မုံရွာတက္ကသိုလ် ရူပဗေဒမေဂျာမှ တတိယနှစ်ကျောင်းသား ကိုဟိန်းစိုးကျော်က ပြောကြားသည်။

ရတနာပုံတက္ကသိုလ် ဥပဒေမေဂျာမှ ဒုတိယနှစ်ကျောင်းသား ကိုကျော်သီဟရဲကျော် က “ဖြစ်တုန်းက ဘုန်းကြီးကျောင်းထဲမှာ။ ကျွန်တော်တို့က ဘာအန္တရာယ်မှ မပြုပါဘူး။ ဝင်ဖမ်းပါလို့ပြောပါတယ်။ အဲဒါကို ပုံစံထိုင်ခိုင်းတယ်။ ပြီးတော့ အချုပ်ကားပေါ်တက်တဲ့အချိန်မှာ ရဲတွေက ဝိုင်းရိုက်ကြတယ်။ ကျောကုန်းတွေ၊ ရင်ဘတ်တွေကို ရိုက်တယ်။ကျွန်တော်ဆို အခုထိ ရင်ဘတ်က နာနေတုန်းပဲ။ကျန်တဲ့ ကျောင်းသားရဲဘော်တွေကိုလည်း ရိုက်တယ်။ လဲသွားတဲ့သူဆိုရင် ဝိုင်းကန်ကြတယ်။ ထောင်ထဲရောက်တော့ အဖမ်းခံရတဲ့သူကလည်း အယောက် ၁ဝဝ လောက်ရှိတော့ အခန်းကျယ်ကြီးတစ်ခုထဲမှာ နှစ်စုခွဲနေကြရတယ်။ ထောင်ထဲမှာတော့ ဒဏ်ရာရတဲ့သူတွေကို ဆေးဘူးတွေပေးတာတော့ ရှိတယ်” ဟု ပြောကြားခဲ့သည်။

ကျောင်းသား၊ ကျောင်းသူများ ဖမ်းဆီးခံရပြီးနောက် တာဝန်ကျရဲတပ်ဖွဲ့ဝင်များ၏ ပြောဆိုမူများမှာလည်း ဝေဖန်စရာ ဖြစ်ခဲ့သည်။

“အဖမ်းခံရပြီးတဲ့အချိန်မှာ ရဲတွေပြောတာက နင်တို့ကြောင့် ထမင်း သုံးနပ်လောက် မစားရဘူး။ နင်တို့ အိပ်နေတာကို ငါတို့က ပျော်လွန်းလို့ စောင့်ပေးတယ်များ ထင်နေလား။ နင်တို့ ဘာကောင်မတွေလဲ။ မိမဆုံးမ၊ ဖမဆုံးမတွေလား။ ငါ့သားသမီးတွေဆို ရိုက်သတ်ပစ်လိုက်မယ်။ အဲဒီအချိန်မှာ ရဲတွေအနေနဲ့ လုပ်ပိုင်ခွင့်မရှိတာကို လုပ်တယ်။ တစ်ယောက်ချင်းစီကို ဓာတ်ပုံလိုက်ရိုက်ပြီး ဖေ့စ်ဘွတ်ပေါ် ချက်ချင်းတင်တာ” ဟု ပြန်လည်လွတ်မြောက်လာသော ကျောင်းသူ မအိဖြူဖြူထွန်းက ဆိုသည်။

ကျောင်းသားများအား အကြမ်းဖက်ဖြို ခွဲမှုတွင် ပါဝင်ခဲ့သော အမှတ်(၁) လုံခြုံရေး ရဲတပ်ဖွဲ့ခွဲ၊ အမှတ်(၁ဝ) လုံခြုံရေး ရဲတပ်ဖွဲ့ခွဲ၊ အမှတ် (၁၁) လုံခြုံရေးရဲတပ်ဖွဲ့ခွဲတို့ဖြစ်ပြီး ဖမ်းဆီးမှုများပြီးနောက် ကျောင်းသားများ ကျန်ခဲ့သော ဖုန်းများ၊ လက်တော့များ၊ ပိုက်ဆံအိတ်များ၊ ကျောပိုးအိတ်များ၊ အဝတ်အစားများနှင့် ကျန်အသုံးအဆောင်ပစ္စည်းများကို ၎င်းတို့က မွှေနှောက်ရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းနောက် ပင်မသပိတ်စစ်ကြောင်းမှ ကျောင်းတက်နေဆဲ ကျောင်းသားများဖြစ်သဖြင့် ပြန်လည်လွှတ်ပေးခံရသော ကျောင်းသားများက ၎င်းတို့ကျန်ရှိခဲ့သော ပစ္စည်းများ တောင်းယူရန်အတွက် လက်ပံတန်းမြို့မ ရဲစခန်းသို့သာ စေလွှတ်ခြင်းခံရသဖြင့် သွားရောက်တောင်းယူရာတွင် အချို့သူများမှာ တန်ဖိုးရှိပစ္စည်းများမရရှိဘဲ တန်ဖိုးနည်းပစ္စည်းများသာ ပြန်လည်ရရှိပြီး အများစုမှာ လုံးဝမရရှိခြင်းမျိုး ရှိခဲ့ကြောင်း လွတ်မြောက်လာသော ကျောင်းသားများက ပြောကြားခဲ့သည်။

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ ဥပဒေမေဂျာမှ ဒုတိယနှစ်ကျောင်းသူ မတင့်တင့်ခိုင် က “ပျောက်တဲ့ပစ္စည်းတွေက အများကြီးပါ။ လိုချင်လို့ ယူသွားတာပဲ။ပြန်တောင်းတော့လည်း မပေးဘူး။ ရပ်ကွက်ထဲကလူတွေ လာယူတယ်ဆိုပြီး ပေါ်တင်လိမ်တယ်။ ပစ္စည်းအပျောက်အရှတွေက များတဲ့အတွက် သူတို့ကို ပြန်ရှာခိုင်းမယ်။ တရားပြန်စွဲမယ်။ ညီမပျောက်တဲ့ပစ္စည်းတွေက ပိုက်ဆံ ၅၃ဝဝဝ၊ ပိုလိုတံဆိပ်ကျောပိုးအိတ်၊ OPPO တံဆိပ် Power Bank ရယ်၊ အဝတ်အစားတွေရယ် ပျောက်ခဲ့ပါတယ်။ ပြန်မရသေးဘူး ” ဟု မတ် ၁၇ ရက်က ပြောကြားသည်။

“ကျန်ခဲ့တဲ့ ပစ္စည်းတွေကို အမှန်တကယ်ဆိုရင် ရှာဖွေပုံစံနဲ့ သိမ်းရမယ်။ အခုဟာက သိမ်းတာ မဟုတ်တော့ဘူး။ သက်သက်မဲ့ ဖျက်ဆီးတာတွေရှိတယ်။ ကောင်းတာဆိုရင်လည်း အတွင်းခံဘောင်းဘီကအစ အကုန်ယူသွားတယ်။ မကောင်းတာဆိုရင် ဖွပြီးတော့ ဘုန်းကြီးကျောင်းထဲမှာ ထားပစ်ခဲ့တယ်။ ကျွန်တော် ဘုန်းကြီးကျောင်းထဲမှာ ထားခဲ့တဲ့ ကင်မရာတစ်လုံး၊ လက်တော့တစ်လုံး၊ Power Bank တစ်လုံးရယ် မျက်မှန်တွေပါတယ်။ အဝတ်အစားတွေရယ် ပျောက်ကုန်တယ်။ ရဲစခန်းသွားတော့လည်း ဖြစ်တဲ့နေ့ ညနေ ၅ နာရီလောက်မှ သူတို့လည်း ဘုန်းကြီးကျောင်းထဲ သွားပြီးသိမ်းခဲ့တယ်။ ဒါတွေပဲရှိတော့တယ်ဆိုပြီးပြတယ်။ ကျွန်တော့်ပစ္စည်းတွေတော့ ပြန်မတွေ့ခဲ့ဘူး” ဟု မှော်ဘီနည်းပညာတက္ကသိုလ်မှ ကိုထက်လင်းကပြောကြားသည်။

ထို့ပြင် ရတနာပုံတက္ကသိုလ်၊ ဥပဒေကျောင်းသား ကိုကျော်သီဟရဲကျော်က “ဘုန်းကြီးကျောင်းထဲမှာနေပြီး အဖမ်းခံဖို့ စောင့်နေတုန်းက ရဲတွေက ကျွန်တော်တို့ ကျောင်းသားတွေရဲ့ပစ္စည်းတွေကို ဝင်မွှေသွားတယ်။ ဖမ်းတာနဲ့မတူဘူး။ ဓားပြတိုက်နေသလိုပဲ။ ကျွန်တော်တို့ပြန်လွတ်လာတော့ တန်ဖိုးကြီးပစ္စည်း ဘာတစ်ခုမှ ပြန်မရဘူး။ ရွှေတွေပျောက်တာတွေလည်း ရှိတယ်။ အင်္ကျီဆို အသစ်တွေ အကုန်ပျောက်သွားတယ်။ ကျွန်တော့် သူငယ်ချင်းက ဗီဒီယိုကင်မရာလေး ပျောက်သွားတယ်။ ကျွန်တော်က Huawei G-730 နဲ့ 8825 ဟန်းဖုန်းနှစ်လုံး ပျောက်သွားတယ်။ တန်ဖိုးကတော့ အကုန်ပေါင်းရင် နှစ်သိန်းခွဲလောက် ရှိမှာပေါ့။ ပြန်ထွက်လာတဲ့အခါမှာ ရဲစခန်းကို ပစ္စည်းတွေပြန်ယူဖို့သွားတော့ ကျောင်းသားကတ်ရယ်၊ အင်္ကျီအစုတ်လေး နှစ်ထည်ရယ်ပဲ ပြန်ရတယ်။ ပျောက်သွားတဲ့ ပစ္စည်းတွေကိစ္စကို တာဝန်ယူ၊ တာဝန်ခံပေးမယ့်သူ မရှိဘူး” ဟု ပြောကြားသည်။

ကျောင်းသားများး၏ ကျန်ရှိပစ္စည်းများကို လတ်တလော ထိန်းသိမ်းထားသည့်နေရာမှာ လက်ပံတန်းမြို့မရဲစခန်းဖြစ်ပြီး ယင်းရဲစခန်းမှ ရဲအုပ်ဝင်းဇော်က “ ကျောင်းသား၊ ကျောင်းသူ ၂၇ ဦးမှာ ၂၁ ဦးက ပစ္စည်းတွေ လာယူပါတယ်။ ကျန်တဲ့သူတွေက ပစ္စည်းတွေ လာယူခြင်းမရှိသေးဘူး။ အချို့ဆိုရင် ကျောင်းသားတွေရဲ့ ပစ္စည်းတွေ ပြည့်ပြည့်စုံစုံ ပြန်ရတာရှိတယ်။ ပစ္စည်းတွေပျောက်နေတဲ့ ကျောင်းသားတွေလည်း ရှိတယ်။ သူတို့ ပျောက်နေတဲ့ ပစ္စည်းစာရင်းကို ပြုစုထားပါတယ်။ အဲဒီစာရင်းအတိုင်း ကူညီရှာဖွေပြီးရတဲ့အခါ ပိုင်ရှင်ကို ပြန်အပ်သွားတယ်။ တစ်ဦးချင်းစီရဲ့ ပစ္စည်းစာရင်းအတိုင်း ပြန်ရှာပေးနေပါတယ် ” ဟု မတ် ၁၆ ရက်က ပြောကြားသည်။

ထို့ပြင် ယင်းသို့ ဖမ်းဆီးခံနေရမှုတွင် အသက်မပြည့်သေးသောသူများနှင့် စိတ်မနှံ့သော ပြည်သူတစ်ဦးလည်း ပါဝင်ကြောင်း သိရသည်။

“ကျွန်မသားလေးကို စဖမ်းသွားတဲ့နေ့ကစပြီး တစ်ခါပဲ တွေ့ရသေးတယ်။ ကျွန်မယောက်ျားနဲ့ သားလေးက အလုပ်ပြီးလို့ပြန်လာတော့ အဲဒီအနားရောက်တော့ ရဲတွေက လိုက်ဖမ်းတာပါ။ ကျွန်မသားလေးကတော့ ရဲတွေရဲ့ ရိုက်နှက် ဖမ်းဆီးခြင်းခံလိုက်ရတယ်။ အသက်က ဒီလမှ ၁၅ နှစ်နဲ့ ရှစ်လပဲ ရှိသေးတယ်။ အချုပ်ကားနဲ့ လက်ပံတန်းတရားရုံးကိုရောက်လာတော့ အမေရယ် သားကို သူတို့ရိုက်ထားတာ ကျောကုန်းမှာ အရမ်းနာနေတယ်လို့ ပြောတယ်။ အဲဒါကြောင့် ဆရာခိုတို့၊ ဆေးလက်ဝါးတို့ ဆေးဘူးတွေ ဝယ်ပြီး ထည့်ပေးလိုက်ရတယ်။ တရားစွဲဖို့ကလည်း အသက်မပြည့်သေးလို့ဆိုပြီး သူ့ကိုအခု လက်ပံတန်းရဲစခန်းအချုပ်မှာ ဖမ်းထားတယ်။ ထမင်းတော့ ပို့ခွင့်ရတယ်။ တွေ့ခွင့်မရဘူး။ ဘာအမှုနဲ့ ဖမ်းတာလဲမေးတော့ ရဲအရာရှိက အသက်မပြည့်သေးတဲ့အတွက် အမှုဖွင့်မထားပေမယ့် ၁၂၇ စာရင်းထဲမှာ ပါနေတဲ့အတွက် ပြန်လွှတ်ပေးလို့မရသေးဘူးလို့ပြောတယ်” ဟု ကျောင်းသားများအား အကြမ်းဖက်ဖမ်းဆီးစဉ် အနီးအနားတွင် ရှိနေသဖြင့် ဖမ်းဆီးခံရသော အသက် ၁၅ နှစ်ရွယ် မောင်ထွန်းထွန်းနိုင် (ခ) ကိုချစ်၏ မိခင် ဒေါ်စန်းစန်းအေးက ပြောကြားသည်။

ဆက်လက်ပြီး ယင်းသို့အကြမ်းဖက်မှု ဖြစ်စဉ်နှင့် တစ်ပါတည်း ဖမ်းဆီးခံထားရသော လက်ပံတန်းမြို့ခံ တစ်ဦးဖြစ်ပြီး တစ်မြို့လုံးက စိတ်မူမမှန်သူဟု ယူဆထားသော အသက် ၆ဝ ကျော်အရွယ် ဒေါ်ကြည်မြင့်ကိုလည်း လက်ရှိအချိန်ထိ ဖမ်းဆီးထားဆဲဖြစ်ကြောင်း လက်ပံတန်းမြို့ဒေသခံတစ်ဦးက ပြောကြားသည်။

“ကျွန်တော်တို့ လက်ပံတန်းမြို့ကို ရောက်တာ နှစ် ၂ဝ ကျော်ပြီ။ စရောက်ကတည်းက အဘွားဒေါ်ကြည်မြင့်က စိတ်နည်းနည်းလွတ်နေတာ။ သူ့သားသမီးတွေ၊ ဆွေမျိုးတွေနဲ့ လက်ပံတန်းမြို့မြောက်ပိုင်းမှာ နေတယ်။ သူ့ဘာသာေ ပြာချင်တာပြော နေတတ်သလိုနေ တစ်ခါတလေကျရင် ဗေဒင်လိုလိုမျိုးပြောတာတွေ ရှိတယ်။ ကျွန်တော်တို့ကြားသလောက်တော့ ကျောင်းသားတွေကို ပြန်မလွှတ်မချင်း သူလည်း ထောင်ထဲကမထွက်ဘူးလို့ ပြောသံကြားတယ်” ဟု လက်ပံတန်းမြို့ ဒေသခံတစ်ဦးက ပြောကြားသည်။

“ကျွန်တော်တို့ လက်ပံတန်းမြို့ကို အကြမ်းဖက်မှုဖြစ်စဉ်အပြီး မတ် ၁၁ ရက် မနက်အစောပိုင်းမှာ ရောက်တယ်။ မြို့ထဲ ခဏလှည့်ကြည့်ပြီးတော့ အောင်မြေဗိမာန်ကျောင်းတိုက်ကို သွားတယ်။ မနက် ၁ဝ နာရီကျော် မှာ ကျောင်းအထဲရောက်သွားတော့ နှစ်ထပ်ကျောင်းဆောင်အပေါ်ထပ်မှာ သပိတ်စစ်ကြောင်းမှာပါဝင်ခဲ့တဲ့ သံဃာတော် ၁ဝ ပါး ကို နေရပ်ပြန်ပို့ဖို့ မြို့နယ်တာဝန်ရှိသူတွေက စီစဉ်နေတယ်။ ကျောင်းရဲ့ ဓမ္မာရုံထဲမှာတော့ ကျောင်းသားတွေကျန်ခဲ့တဲ့ အဝတ်အစားတွေ၊ ပစ္စည်းတွေ မွစာကျဲနေတာတွေ့တယ်။ ပြီးတော့ ဘုန်းကြီးနှစ်ပါးရယ်၊ ရဲတပ်ဖွဲ့ဝင်နှစ်ဦး ရယ်၊ ကျောင်းစောင့်လို့ ယူဆရတဲ့ ဦးလေးကြီးတစ်ယောက်ရယ် တွေ့တယ်။ ကျောင်းသားတွေ ကျန်ခဲ့တဲ့ ပစ္စည်းတစ်ချို့ကို တစ်နေရာမှာ စုပုံထားတာလည်း တွေ့ရတယ်။ မွှေနှောက်ရှာဖွေထားလို့ ရှုတ်ပွနေတဲ့ အနေအထားမျိုးကိုတော့ ကျောင်းသားတွေနေခဲ့တဲ့ ဓမ္မာရုံထဲမှာ တွေ့ခဲ့ရတယ်။ ဒီဓမ္မရုံထဲကို ပြင်ပလူတွေ ဝင်ရောက်ခွင့်မပြုသလို ဘုန်းကြီးကျောင်းထဲမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ရှိနေတယ်။
ဒီကိစ္စအတွက် အဓိကတာဝန်ရှိတာကတော့ သက်ဆိုင်ရာရဲတပ်ဖွဲ့ပါပဲ” ဟု The Daily Eleven သတင်းစာအယ်ဒီတာချုပ် ကိုဝေဖြိုးက ပြောကြားသည်။

ဖမ်ဆီးခံထားရသော ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် အချုပ်သားအဖြစ်သာ ရှိနေသေးပြီး ရဲတပ်ဖွဲ့ဝင်များက ရိုက်နှက်မှုများပြုလုပ်ခြင်းအပေါ် ဥပဒေပညာရှင်များ ထောက်ပြခဲ့ကြပြီး ပြည်သူလူထုအကြား ဝေဖန်မှုများမြင့်တက်လျက် ရှိသည်။

ရဲတပ်ဖွဲ့ဝင်များအနေဖြင့် အချုပ်သား၊ အကျဉ်းသားများအား ရိုက်နှက်ခြင်း၊ အခြားသူများအား ရိုက်နှက်ရန် ခိုင်းစေခြင်းနှင့် ဟန့်တားရန် ပျက်ကွက်ခြင်းတို့ကို တွေ့ရှိခဲ့ ပါက ၁၉၉၅ ခုနှစ် မြန်မာနိုင်ငံရဲတပ်ဖွဲ့ စည်းကမ်းထိန်းသိမ်းရေးဥပဒေ၊ နည်းဥပဒေများဖြင့် အရေးယူထိန်းသိမ်း၍ ထောင်ဒဏ် သုံးနှစ်အထိ ပြစ်ဒဏ်ချမှတ်နိုင်သော ဥပဒေဖြင့် အရေးယူနိုင်ကြောင်း ပြည်ထဲရေးဝန်ကြီး ဌာနဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းက ၂ဝ၁၃ ခုနှစ်အတွင်း ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော်တွင် ဖြေကြားထားသည်။

မြန်မာနိုင်ငံ ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေတွင် ပြဋ္ဌာန်းထားသည့် ပုဒ်မ ၁၇ (ဂ) အကျဉ်းသား၊ အချုပ်သားတစ်ဦးက အခြားတစ်ဦးအား ရိုက်ပုတ်ရန် (သို့) အခြားနည်းအားဖြင့် ညှဉ်းပန်းနှိပ်စက်ရန် ခိုင်းစေလျှင်၊ ခွင့်ပြုလျှင် ထိုသို့ပြုလုပ်နေသည်ကို သိလျက်ဟန့်တားရန် (သို့) အရေးယူရန် ပျက်ကွက်လျှင်သော်လည်းကောင်း၊ ပုဒ်မ ၁၇ (ဆ) အကျဉ်းသား၊ အချုပ်သား (သို့) ဖမ်းဆီးထားသူ တစ်ဦးအား ရိုက်ပုတ်လျှင် (သို့) အခြားနည်းဖြင့် ညှဉ်းပန်းနှိပ်စက်လျှင်သော်လည်းကောင်း ဖောက်ဖျက်ကျူးလွန်သူအား ရဲတရားရုံးဖြင့် စစ်ဆေးပြီး ပြစ်မှုထင်ရှား စီရင်ခြင်းခံရပါက ထောင်ဒဏ် သုံးနှစ်အထိဖြစ်စေ ဤဥပဒေတွင် ဖော်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ ထိုက်သင့်စေရမည်ဟု ပြဋ္ဌာန်းထားကြောင်း သိရသည်။

ထို့အပြင် ၂ဝ၁၁- ၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၃၁ရက်အထိ ငါးနှစ်အတွင်း ရဲတပ်ဖွဲ့ဝင်များ စည်းကမ်းဖောက်ဖျက်မှု၊ တာဝန်ပျက်ကွက်မှု၊ ဥပဒေချိုးဖောက်မှုများကြောင့် ရဲ အရာရှိ ၂ဝဝဝ ကျော်နှင့် အခြားအဆင့် ၅ဝဝ ကျော်အား ထောင်ဒဏ်နှင့် အခြားပြစ်ဒဏ်များ ချမှတ် အရေးယူထားကြောင်း ယခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်တွင် ပြုလုပ်ခဲ့သည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့် ပြောကြားထားသည်။

ယင်းကဲ့သို့အရေးယူထားသည့် ရဲတပ်ဖွဲ့ဝင်များကို ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေဖြင့် ၅၇ဝ၇ မှု၊ နယ်ဘက်တရားရုံးများတွင် စစ်ဆေးမှု ၅၉ မှု စုစုပေါင်း ၅၇၆၆ မှုဖြင့် အရေးယူထားပြီးဖြစ်ကာ၊ အဆိုပါအမှုများတွင် အရာရှိ ၈၄ ဦး၊ အခြားအဆင့် ၂ဝ၂၇ ဦးတို့ကို ထောင်ကျပြစ်ဒဏ်၊ အရာရှိ ၁ဝ၇ ဦး၊ အခြားအဆင့် ၂၄၇ ဦးတို့ကိုရဲတပ်ဖွဲ့မှ ထုတ်ပယ်သည့် ပြစ်ဒဏ်၊ အရာရှိ ၃၂၄ ဦး၊ အခြားအဆင့် ၆၉၇ ဦးတို့ကို ရာထူးအဆင့် လျှော့ချသည့် ပြစ်ဒဏ်၊ အရာရှိ ၁၅၆၇ ဦး နှင့် အခြားအဆင့်၂၄၉၂ ဦးတို့ကို အခြားပြစ်ဒဏ်၊ စုစုပေါင်းအရာရှိ ၂ဝ၈၂ ဦးနှင့် အခြားအဆင့် ၅၄၆၃ ဦးတို့ကို အရေးယူခဲ့ကြောင်း သိရသည်။

Writer: ကြည်နိုင်၊ သက်မင်း၊ဝေလင်းအောင်
.
Credit : Eleven Media Group



လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ တရုတ်ကုမ္ပဏီ ဝမ်ပေါင်နဲ့ မြန်မာစစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီတို့ကို ကန့်ကွက်ဆန့်ကျင်ခဲ့တဲ့ ဒေါ်ခင်ဝင်းကို မြန်မာရဲတွေက သေနတ်နဲ့ပစ်သတ်ခဲ့တဲ့အပေါ် ဆန္ဒပြခဲ့တဲ့ ကိုနေမျိုးဇင်အပါအဝင် လှုပ်ရှားတက်ကြွသူ ၆ယောက်ကို မတ်လ ၁၈ရက်နေ့က ၁ဝကြိမ်မြောက် ရုံးထုတ်ခဲ့ပါတယ်။ ပြည်ထဲရေးကဝန်ထမ်းတွေ လူအဆင့်တောင်မရှိဘူးလို့ ဘာ့ကြောင့်ပြောတာလဲ။

အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်တဲ့ ကျောင်းသားသပိတ် အင်အားသုံးဖြိုခွဲခံခဲ့ရတဲ့ကိစ္စနဲ့ပတ်သက်လို့ ခါးနာဝေဒနာခံစားနေရတဲ့သူ့အနေနဲ့ ဘာတစ်ခုမှာ မပြောနိုင်မဆိုနိုင်ဖြစ်ခဲ့ရတဲ့အပေါ် တောင်းပန်တယ်လို့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်က ပြောပါတယ်။

နိုင်ငံရဲ့အနာဂတ်မျိုးဆက်သစ်တွေအတွက် အရေးပါတဲ့ပညာရေးကဏ္ဍမှာ ကျောင်းသားတွေက ပြုပြင်ပြောင်းလဲပေးဖို့ တောင်းဆိုလိုက်ပြီဆိုကတည်းက အုပ်ချုပ်သူတွေရော၊ပညာရေးကိုင်တွယ်နေသူတွေအားလုံး အဆင့်နိမ့်သွားတဲ့အချိန် အကြမ်းဖက်တိုက်ခိုက်ခဲ့တာကြောင့် ပြည်ထဲရေးကတာဝန်ရှိသူတွေက လူအဆင့်တောင် မရှိတော့ဘူးလို့ သူကပြောပါတယ်။

ထောင်ထဲမှာ ခါးနာဒဏ်ရာနဲ့ပတ်သက်လို့ သောက်ဆေးသောက်နေရင်း အစာအိမ်နဲ့ ဆီးလမ်းကြောင်းဝေဒနာပါ ဆိုးရွားလာတာမို့ ဆေးမသောက်ဘဲရပ်ထားတာ ၅ရက်လောက်ရှိနေတဲ့အကြောင်း၊ မြန်မာတိုင်းရင်းဆေးနဲ့ ခြေလှမ်း ၃-၄ဝတော့ လှမ်းနိုင်တဲ့အထိ သက်သာနေပါပြီလို့ ပြောပါတယ်။

ကိုနေမျိုးဇင်ရဲ့ ဆေးကုသမှုမှတ်တမ်းနဲ့ပတ်သက်လို့ ကြည့်မြင်တိုင် အရိုးအထူးကုဆေးရုံက ဗြိတိန်ပြန် ဆရာဝန်ကြီး ဒေါက်တာသန့်ဇင်နိုင်ကို တရားရုံးဆင့်ခေါ်ပြီး သက်သေစစ်ဆေးရာမှာ ကျောက်ကပ်၊ အူနဲ့ ပန်ကရိယတွေကြောင့် ခါးနာဝေဒနာဖြစ်နိုင်တယ်လို့ ဆိုပေမယ့် ခါးကိုသာစစ်ဆေးခဲ့လို့ ဆရာဝန်ရဲ့ထွက်ဆိုချက်ဟာ ဝန်ထမ်းတစ်ယောက်ရဲ့ ထွက်ဆိုချက်ပါပဲလို့ ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

Kamayut Media


တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ ဗုံးဒဏ်ကြောင့် သေဆုံး သွားသူတွေ အတွက် တဦးကို  တရုတ် ယွမ်ငွေ ၇ သောင်း (အမေရိကန် ဒေါ်လာ ၁၁၂၂၂) ပေးမယ်လို့ မြန်မာအစိုးရက ကမ်းလှမ်းလိုက်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး တရုတ်ဘက်က တစုံတရာ အကြောင်းမပြန်သေးဘူးလို့ မတ် ၁၈ ရက် ဂလိုဘယ်လ်တိုင်း(မ်)သတင်းကို ကိုးကားပြီး ချိုင်းနားဒေးလီးဝက်ဆိုဒ်မှာ ရေးသား ထားပါတယ်။

ယွမ် ၂ သောင်းအများဆုံး ပေးဖို့ တချို့မြန်မာ ကိုယ်စားလှယ်တွေက ကမ်းလှမ်းတယ်လို့လည်း သတင်းမှာ ရေးပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ရီက မတ် ၁၆ ရက်က ယူနန်ကို သွားရောက်ပြီး ဒေသခံ တရုတ်လူမျိုးတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို အကာအကွယ်ပေးဖို့ ဆွေးနွေးခဲ့တယ်လို့ ပြောခွင့်ရက ပြောဆိုခဲ့ပါတယ်။

အရင်တပတ်က မြန်မာလေတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် တရုတ်နိုင်ငံသား ၄ ဦးသေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီနောက် ဒဏ်ရာရသူတွေထဲက တဦး ထပ်မံ သေဆုံးသွားပါတယ်။

ဒီဖြစ်ရပ်ကို တရုတ်အစိုးရက အပြင်းအထန်ကန့်ကွက်ခဲ့သလို ဒီနောက်ပိုင်းမှာတော့ ဒီနောက်ပိုင်း တရုတ်-မြန်မာ နယ်စပ်မှာ တရုတ် တိုက်လေယာဉ်တွေ ကင်းလှည့်နေပါတယ်။

တရုတ်-မြန်မာ နယ်စပ်မှာ မြန်မာ စစ်တပ်နဲ့ ကိုးကန့်တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာ လချီကြာမြင့်နေပြီ ဖြစ်ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no


မြန်မာပို့စ်ဂျာနယ် အယ်ဒီတာချုပ်နဲ့ သတင်းထောက်ချုပ်တို့ကို တပ်မတော်သားတဦးက တရားစွဲဆိုပြီး မော်လမြိုင်တရားရုံးက ပုဒ်မ ၅၀၀ အသရေဖျက်မှုနဲ့ ထောင် ၂ လစီ ချမှတ်လိုက်ပါတယ်။

မတ်လ ၁၈ ရက်နေ့လယ်က မော်လမြိုင်မြို့နယ် တရားသူကြီး ဦးသန်းအောင်က အမိန့်ချမှတ်ခဲ့တာဖြစ်ပြီး မြန်မာပို့စ်ဂျာနယ် အယ်ဒီတာချုပ် ကိုသန်းထိုက်သူနဲ့ သတင်းထောက်ချုပ် ကိုဆန်းမိုးထွန်းတို့ကို မော်လမြိုင်အကျဉ်းထောင် ခေါ်ဆောင်သွားပြီလို့ ဂျာနယ်တာဝန်ခံအယ်ဒီတာ ကိုဇင်သော်နိုင်က ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ၁ လပိုင်း ၂၉ ရက်ထုတ် မြန်မာပို့စ်ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ သတင်းတပုဒ်ကြောင့် ခုလို ထောင်ချခံရတာလို့ သူက ပြောပါတယ်။

“တရားစွဲတာက မွန်ပြည်နယ်တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တယောက်ကပါ။ ရေးထားတဲ့သတင်းက လွှတ်တော်ထဲမှာ ပညာရည်နိမ့်ပါးမှုကြောင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေက ၀င်ပါနေရတယ်ဆိုတဲ့ သတင်းကို ဖော်ပြခဲ့ရာမှာ အဲ့ဒီကုတ်ကို ပြောခဲ့တဲ့ ဗိုလ်မှူးသိန်းဇော်က ကျနော်တို့ကို အသရေဖျက်မှု ပုဒ်မ ၅၀၀နဲ့ တရားစွဲခဲ့တာ ဖြစ်ပါတယ်။”

သတင်းရေးသားသူ နယ်ခံသတင်းထောက်က တရားလိုပြသက်သေလုပ်ခဲ့ပြီး သတင်းတည်းဖြတ်သူ သတင်းထောက်ချုပ်နဲ့ အယ်ဒီတာချုပ်တို့ကို တရားစွဲဆို ထောင်ချခဲ့တာ ဖြစ်ပါတယ်။

အခု ထောင်ကျသွားတဲ့ မြန်မာပို့စ်ဂျာနယ်က သတင်းထောက်တယောက်ဟာ မတ်လ ၁၀ ရက် လက်ပံတန်းအကြမ်းဖက်ဖြိုခွဲမှုအတွင်း ရိုက်နှက်ဖမ်းဆီးခံခဲ့ရပြီး ဒါကို ကန့်ကွက်တဲ့အနေနဲ့ မကြာသေးခင်ရက်ပိုင်းမှာ ဂျာနယ်မျက်နှာဖုံးကို အနက်ရောင်အုပ် ထုတ်ဝေခဲ့ဖူးပါတယ်။

အစိုးရက သတင်းမီဒီယာသမားတွေ သတင်းယူရင်း ခြိမ်းခြောက်ရိုက်နှက်ဖမ်းဆီးခံနေရတာကို လျစ်လျူရှုနေတုန်း အခုလို မီဒီယာသမား ၂ ယောက် ထောင်ကျခဲ့တာလည်း ဖြစ်ပါတယ်။

By ရွှေအောင်(ဒီဗွီဘီ)
http://burmese.dvb.no




မန္တလေးမြို့မှာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လက ပဋိပက္ခစတင်ဖြစ်ပေါ်စေခဲ့တဲ့ လိမ်လည်တိုင်တန်းမှုမှာ ပါဝင်ပတ်သက်သူ ၅ဦးကို ပျဉ်းမနားမြို့နယ်တရားရုံးက ထောင်ဒဏ် ၂၁နှစ်စီ ချမှတ်လိုက်ပါတယ်။

လိမ်လည်တိုင်တန်းမှုမှာ ပါဝင်ခဲ့တဲ့ ကိုရဲထွဋ် ခေါ် သူရရဲထွဋ်၊ မနုနုမြတ်၊ မဖြူဖြူမင်း ခေါ် ကတုံးမ၊ ကိုထွန်းထွန်းနဲ့ မအမာနီတို့ကို မမှန်မကန်တိုင်တန်းမှု ပုဒ်မ ၂၁၁၊ အရေးပေါ်စီမံချက်အက်ဥပဒေ ပုဒ်မ ၅(ဃ) (င) (ည)တို့နဲ့ တရားစွဲပြီး အမိန့်ချလိုက်တာဖြစ်ပါတယ်။

မန္တလေးမြို့ ပဋိပက္ခတွေမှာ အမျိုးသား နှစ်ဦးသေဆုံးပြီး ဘာသာရေးအဆောက်အအုံတွေ၊ ဆိုင်ခန်းတွေနဲ့ ကားတွေပျက်စီးခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese

ပညာရေးဝန်ကြီးဌာန ကွန်မြူနစ်တစ္ဆေ ခြောက်ခံနေရဟု အန်အန်အီးအာ ဝေဖန်
ပညာရေး ၀န်ကြီးဌာနဟာ ကွန်မြူနစ်တစ္ဆေခြောက်ခံနေရပြီး ကျောင်းသား သမဂ္ဂအပေါ် အမြင်တိမ်းစောင်း နေတယ်လို့   လွှတ်တော်ကြားနားပွဲမှာ  ပညာရေးကွန်ရက် အန်အန်အီးအာက  ဝေဖန်ပြောကြား သွားပါတယ်။

မတ် ၁၇ ရက်က အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ရေး လွှတ်တော်ကြားနာပွဲကို အမျိုးသား လွှတ်တော်မှာ ကျင်းပရာမှာ ပညာရေး ပြုပြင်ပြောင်းလဲမှု နိုင်ငံလုံးဆိုင်ရာ ကွန်ရက် (အန်အန်အီးအာ)  အဖွဲ့ဝင် ၂၈ ဦး တက်ရောက်ခဲ့ပြီး ဝေဖန်ပြောဆိုခဲ့ကြတာပါ။

အန်အန်အီးအာအဖွဲ့ဝင် ဒေါက်တာတင်အောင်က “ပညာရေး ၀န်ကြီးဌာနဟာ ကွန်မြူနစ်တစ္ဆေခြောက်ခံနေရတယ်လို့ ကျနော် ထင်ပါတယ်။ ဘာမှမဆိုင်တဲ့ သပိတ်မှောက်ရင် ကွန်မြူနစ် လှုပ်ရှားတာ၊ သမဂ္ဂဖွဲ့ရင် ကွန်မြူနစ်လှုပ်ရှားမှု ဆိုပြီး အဲ့လို အမြင်တိမ်းစောင်းနေတယ်လို့ ထင်ပါတယ်။ သမဂ္ဂအပေါ် အမြင်ကြည်လင်စေချင်လို့ ဒါကို ဆွေးနွေးတာပါ။ ကျောင်းသားလည်း အာဏာမသိမ်းနိုင်ပါဘူး။ ကျောင်းသား ကိုယ်စားလှယ်တွေပါတဲ့ အကျိုးကျေးဇူးက ဘာလဲဆိုတော့ ကျောင်းသားပြဿနာကို တလတကြိမ် ကျင်းပတဲ့ တက္ကသိုလ်ကောင်စီမှာ ပြဿနာတွေပေါ်တာနဲ့ တင်ပြ၊ ၀ိုင်းဝန်းဆွေးနွေးကြ၊ ဖြေရှင်းလိုက်ကြနဲ့ ပြဿနာမကြီးထွားခင်မှာ အလွန်ပြေလည်သွားနိုင်မယ့် သဘောဖြစ်ပါတယ်” လို့ လွှတ်တော်ကြားနာပွဲ အတွင်းမှာ ထည့်သွင်းဆွေးနွေးသွားခဲ့ပါတယ်။

ဒါ့အပြင် အခုကြားနာပွဲဟာ ကျောင်းသားတွေ ဖမ်းဆီးခံနေရပြီး မတက်ရောက်နိုင်တာကြောင့် ပြည့်စုံမှု မရှိဘူးလို့ အန်အန်အီးအာ အဖွဲ့ဝင် ဒေါက်တာသိန်းလွင်က ပြောပါတယ်။

“ဒီလိုကြားနာပွဲ ဖြစ်လာတာဟာ ဥပဒေကြမ်း ပြင်ဆင်ဖို့ ဖြစ်လာတာဟာ ကျောင်းသားတွေ သပိတ်မှောက် ဆန္ဒပြခဲ့လို့ ဖြစ်လာတာ။ ကျောင်းသားတွေ သပိတ်မှောက်ဆန္ဒပြမှုကြောင့် တွေ့ဆုံဆွေးနွေးပွဲ ဖြစ်လာတယ်။ ၄ ပွင့်ဆိုင်ဖြစ်လာတယ်။ လွှတ်တော်ကြားနာပွဲ ဖြစ်လာတယ်။ လက်ပံတန်းမှာ ကျောင်းသားတွေ ရိုက်နှက်ဖမ်းဆီး နှိပ်စက်ခံရတယ်။ ဒါဟာ မဖြစ်သင့်ဘူး။ ဒါကို အမြန်ဆုံး လွှတ်ပေးဖို့ ဆိုပြီးတော့ လွှတ်တော်ဘက်က ၀ိုင်းဝန်းဆောင်ရွက်ပေးဖို့ ကျနော်တို့ တင်ပြခဲ့ပါတယ်” လို့ လွှတ်တော်ကြားနာပွဲအပြီး ဒေါက်တာသိန်းလွင်က ဒီဗွီဘီကို ပြောပါတယ်။

လက်ပံတန်း အကြမ်းဖက်မှုမှာ ပညာရေးဝန်ကြီးဌာန ပယောဂ မကင်းဘူးလို့လည်း ရန်ကုန်တိုင်း လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းက ပြောပါတယ်။

“လက်ပံတန်း အကြမ်းဖက်မှု ဘာကြောင့် ဖြစ်သွားလဲ၊ ပညာရေးဝန်ကြီးဌာန မသမာမှုကြောင့် ဖြစ်တာ၊ ဒီဟာအတွက် ဘယ်သူ့မှာ တာဝန်ရှိလဲ၊ တာဝန်ရှိမှုကို ကျမတို့ ပြတ်ပြတ်သားသား ပြောဖို့ရှိတယ်။ ကျမတို့က ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး မေးခွန်းထုတ်တာ၊ လွှတ်တော်ရဲ့ ကြားနာပွဲမှာ အန်အန်အီးအာဟာ အသုံးချခံ ဖြစ်သွားလားလို့ ကျမ မေးခွန်းထုတ်ချင်ပါတယ်၊ လွှတ်တော်ရဲ့ ရလဒ်ကို ကျမ စောင့်ကြည့်ချင်ပါတယ်” လို့ သူက ပြောပါတယ်။

အခု ကြားနာပွဲမှာ အန်အန်အီးအာကိုယ်စားလှယ် တဦးကို ၁၅ မိနစ်ပဲ ကြားနာခွင့်ပေးတာကြောင့် အချိန်မလောက်ဘူးလို့ ဆိုပါတယ်။

ပညာရေး ဥပဒေ ပြင်ဆင်ရေး လွှတ်တော်ကြားနာပွဲဟာ ပြီးဆုံးသွားပြီ ဖြစ်ပြီး ကြားနာပွဲ အစီရင်ခံစာကိုတော့ လာမယ့်အပတ်ထဲ လွှတ်တော်ကို တင်သွင်းသွားမယ်လို့ ဥပဒေကြမ်း ကော်မတီ ဥက္ကဋ္ဌက ပြောပါတယ်။

By အောင်ကြီး (ဒီဗွီဘီ)
http://burmese.dvb.no

ဓါတ်ပုံ - Eleven Media Group

ဒီတပတ် မြန်မာ့ မျက်မှောက်ရေးရာ အစီအစဉ်မှာ မြန်မာ့တပ်မတော်က ကိုးကန့် ဦးဖုန်ကျားရှင်တို့ တပ်ဖွဲ့တွေကို တရုတ်နဲ့ ချိတ်ဆက်ဖို့ လုပ်နေတာဟာ အမေရိကန်စစ်တပ်နဲ့ ဆက်ဆံရေးကောင်းချင်တဲ့ ရည်ရွယ်ချက်ရှိတယ်လို့ တရုတ်-မြန်မာအရေး စောင့်ကြည့် လေ့လာသူ ဒေါက်တာလှကျော်ဇော က ဆိုပါတယ်။ အသေးစိတ်ကို ဒေါက်တာလှကျော်ဇော နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေး သုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော်တို့ နားလည်တာက စစ်ဆိုတာ ပြဿနာတခုကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းလို့ မရတဲ့အခါမှာ နောက်ဆုံး အသုံးချတဲ့ နည်းလမ်းလို့ ကြားဖူးပါတယ်။ နားလည်ပါတယ်။ ဆိုတော့ အခု ကိုးကန့်ပြဿနာဟာ ဘယ်လောက်များ ခက်ခဲနေလို့၊ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမရလို့ တိုက်ကြတယ်လို့ ထင်ပါလဲ။ ဒေါ်လှကျော်ဇောရဲ့  အမြင်ကို ပထမဦးဆုံး ကြားချင်ပါတယ်။

ဒေါက်တာလှကျော်ဇော ။ ။ အမှန်ပါပဲ။ စစ်ဆိုတာ နိုင်ငံရေးနည်းနဲ့ မဖြေရှင်းနိုင်လို့ ဖြစ်လာတဲ့ကိစ္စ။ ကိုးကန့်ကိစ္စကတော့ ရှောင်နှိမ်အဖွဲ့လို့ခေါ်တဲ့ ဦးဖုန်းကျားရှင်တို့အဖွဲ့က ၂၀၀၉ ခုနှစ်က နအဖ စစ်အစိုးရက မောင်းထုတ်လိုက်လို့ ထွက်ပြေးသွားရတဲ့အဖွဲ့ ဖြစ်တယ်။ သူတို့အနေနဲ့ နိုင်ငံရေး အနေအထားတခုကို ပြန်လိုချင်လာတယ်။ အထူးသဖြင့် အခုလို တပြည်လုံး အပစ်အခတ်ရပ်စဲဖို့ ငြိမ်းချမ်းရေး ဆွေးနွေးမယ်ဆိုတဲ့အခါမှာ သူတို့လည်း နေရာတနေရာ နိုင်ငံရေးဆွေးနွေးပွဲထဲမှာ ဝင်ပါလာချင်နေတယ်။ အဲဒါကို နည်းပေါင်းစုံနဲ့ သူတို့လည်း တင်ပြတယ်။ သူတို့နဲ့ အရင်တုန်းကတည်းက တိုက်ဖော်တိုက်ဖက်တွေဖြစ်တဲ့ တခြားငြိမ်းချမ်းရေး ယူထားတဲ့အဖွဲ့တွေကလည်း တောင်းဆိုခဲ့တယ်။ ဒါပေမဲ့ အစိုးရက လုံးဝငြင်းဆန်ခဲ့တယ်။ အဲဒါကြောင့်မို့ သူတို့က တဆင့်အနေနဲ့ တိုက်ခိုက်ပြီးတော့ သူတို့ ရှိသေးတယ်ဆိုတာကို ပြသဖို့အတွက် ဒါကို ပြန်ဖော်လာတယ်လို့ ကျမတို့က အဲဒီလို မြင်တယ်။

ဦးကျော်ဇံသာ ။ ။ သူတို့က ငြိမ်းချမ်းရေးဆွေးနွေးတဲ့အထဲမှာ သူတို့ကိုယ်တိုင် ပါဝင်ချင်တဲ့သဘောဆိုရင်တော့ ရည်ရွယ်ချက်က သိပ်မဆိုးလှဘူးလို့ထင်တယ်။ ဘာဖြစ်လို့ မြန်မာနိုင်ငံအစိုးရက ဒီကိစ္စကို လက်မခံဘူးလို့ စဉ်းစားမိပါလဲ။

ဒေါက်တာလှကျော်ဇော ။ ။ ကျမ က ဒီလိုစဉ်းစားတယ်။ အခု ဦးသိန်းစိန် စစ်တပိုင်းအစိုးရအနေက ပြည်တွင်းစစ်ကို ရပ်ချင်တဲ့စိတ် မရှိဘူး။ ဒါကြောင့်မို့ မီးစမီးနတွေကို ချန်နေတာ ဖြစ်တယ်။ ဦးဖုန်းကျားရှင်တို့က ပထမဦးဆုံး အပစ်အခတ်ရပ်စဲပြီးတော့ ငြိမ်းချမ်းရေးယူခဲ့တဲ့အဖွဲ့။ ပြီးတော့ အဲဒီဟာအောက်မှာ သူတို့အနေနဲ့ထင်တာ ဦးဖုန်းကျားရှင်တို့ ထင်ခဲ့တာက နအဖ စစ်အစိုးရအနေနဲ့ သူတို့ကို ဘာကိစ္စဖြစ်ဖြစ် ထောက်ထားလိမ့်မယ်လို့ ထင်ခဲ့တာ။ ဒါပေမဲ့ တကယ့်တကယ်ကြတော့ မဟုတ်ဘူး။ နယ်ခြားစောင့်တပ်ဖွဲ့ဖို့ လုပ်တဲ့ကိစ္စမှာ ဘယ်သူမှ လက်မခံဘူး။ ကိုးကန့်လည်း လက်မခံဘူး။ “ဝ” တွေလည်း လက်မခံဘူး။ မုန်လားလည်း လက်မခံဘူး။ ဒါပေမဲ့ ဒီအထဲမှာ အင်အားအပျော့ဆုံးဖြစ်တဲ့ ကိုးကန့်ကို တိုက်ပြလိုက်တာ ဖြစ်တယ်။ ကျန်တဲ့လူတွေကို ကြောက်သွားအောင် တိုက်ပြလိုက်တာ။ အဲဒါကြောင့်မို့ သူတို့ ထွက်ပြေးသွားရတာ။ ဒါကို ဦးဖုန်းကျားရှင်တို့က နည်းနည်းမျှ မခံမရပ်နိုင် ဖြစ်ပြီးတော့ ပြန်ဝင်လာဖို့ လုပ်တာ။ ဇာတ်လမ်းက အဲဒီလို။

ဦးကျော်ဇံသာ ။ ။ နောက်တခုက ဟိုဖက်မှာ ဗုံးကျကွဲပြီးတော့ အရပ်သား (၄) ဦး သေတာကို မြန်မာပြည်မှာရှိတဲ့ ကိုးကန့်တွေက သူတို့ကို တရုတ် အထင်လွဲအောင် တမင်လုပ်တယ်လို့လဲ ပြောကြတယ်။ ဒီကိစ္စကို သံတမန်ချင်းတော့ ခေါ်ပြီး ပြောကြတာ ရှိပါတယ်။ လက်ရှိ အခြေအနေ၊ ဖြစ်ခဲ့တာကို ဘယ်လောက် သိရပါလဲ။ ဒေါ်လှကျော်ဇောတို့ အဲဒီနားဘက်မှာ နေတဲ့ပုဂ္ဂိုလ်တွေ။

ဒေါက်တာလှကျော်ဇော ။ ။ အခု နောက်ဆုံးအခြေအနေအရ သိရတာက လေတပ်က  ကြဲတဲ့ဗုံးလို့ ပြောပါတယ်။ အဲဒါက တရုတ်ဘက်က ပညာရှင်တွေက စစ်ဆေးတာ။ ဒါကို မြန်မာ့တပ်မတော်ဘက်က လက်မခံဘူး။ အဲဒါကြောင့် သူတို့ဘက်က စုံစမ်းစစ်ဆေးရေးအဖွဲ့ လွှတ်ပါရစေဆိုလို့ တရုတ်က လက်ခံထားပြီးတော့ တရုတ်အဖွဲ့ရယ်၊ ဗမာအဖွဲ့ရယ် ပူးပေါင်းစစ်ဆေးနေတယ်လို့ ပြောပါတယ်။ တရုတ်ဘက်ကတော့ ခိုင်ခိုင်မာမာ ရပ်နေတဲ့ အချက်တချက် ရှိတယ်။ အဲဒါက ဘာလဲဆိုတော့ တရုတ်-ဗမာ နယ်စပ်တလျှောက်မှာ တည်ငြိမ်ဖို့၊ အေးချမ်းဖို့ သူတို့ အစွမ်းကုန် ကြိုးစားမယ့် စကားတော့ ရပ်တည်နေပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒါကတော့ အစိုးရရဲ့  မူဝါဒပေါ့။ ဒါပေမဲ့ ဦးဖုန်းကျားရှင်တို့ကလည်း တရုတ်လူမျိုးတွေ ဖြစ်နေတော့ တရုတ်ပြည်သူတွေကြားမှာ သနားကရုဏာသက်မှု ရအောင်ဆိုပြီးတော့ လူမှုမီဒီယာတွေကတဆင့် ဖြန့်ချီကြတယ်။ တချို့ ကလဲ မြန်မာကို မုန်းမုန်းတီးတီး ဖြစ်နေကြတယ်လို့ သိရပါတယ်။ အဲဒီ အခြေအနေလေးကို နည်းနည်းပြောပါ။

ဒေါက်တာလှကျော်ဇော ။ ။ ဟုတ်ပါတယ်။ ဗမာလူမျိုးတွေကို အခုမှ မဟုတ်ပါဘူး တော်တော်ကြာကြာကတည်းက တရုတ်လူမျိုးတွေဖက်က တော်တော်ခံစားချက်မကောင်း ရှိခဲ့ပါတယ်။ ဒါက တရုတ်ရဲ့  မီဒီယာတွေမှာ၊ လူမှုရေးကွန်ရက်တွေမှာ အများကြီး တက်နေပါတယ်။ ဒါပေမဲ့ လူမှုရေးကိစ္စပဲဖြစ်ဖြစ်၊ အမျိုးသားရေးကိစ္စပဲဖြစ်ဖြစ် အစိုးရပါမှ ဒီကိစ္စတွေက ဖြစ်တာပါ။ တရုတ်အစိုးရရဲ့  တောက်လျှောက်လူမျိုးရေးကိစ္စတွေ၊ အမျိုးသားရေးကိစ္စတွေကို ဖြေရှင်းတဲ့နည်းလမ်းတွေကို ကြည့်တဲ့အခါမှာ သူတို့က အမျိုးသားရေးကိစ္စတို့၊ ဘာတို့တွေ ပေါ်လာရင် သူတို့က လက်ဦးမှုရှိရှိနဲ့ အရင်ရှင်းလင်းပေးတာ ရှိပါတယ်။ ဥပမာအားဖြင့် ဂျပန်နဲ့ ကိစ္စလိုဟာမျိုး။ ဂျပန်ကို လူမျိုးရေးအရ အင်မတန်ကိုမှာ နာကျည်းမှုတွေ တော်တော်ပြင်းပြင်းထန်ထန် ရှိတယ်။ အဲဒီတော့ တခါတလေကျရင် အဲဒီမှာ လူမှုရေးကွန်ရက်တွေမှာ ဂျပန်ကုန်ပစ္စည်းတွေကို သပိတ်မှောက်ဖို့ ပြောတတ်တာတွေ ဘာတွေရှိတယ်။ အဲဒါမျိုးမှာ တရုတ်အစိုးရက လက်ဦးမှုရှိရှိနဲ့ ဒီလို သပိတ်မှောက်တာဟာ နှစ်ဖက်စလုံးအတွက် ထိခိုက်နစ်နာတယ်။ ဒါမျိုး မလုပ်သင့်ဘူး။ ပြည်သူအချင်းချင်းကြားမှာ ပဋိပက္ခ မရှိစေရဘူးနဲ့ သူတို့က လက်ဦးမှုရှိရှိ ဖြေရှင်းတတ်တယ်။ အခုလဲ ကျမကြည့်တယ်။ ဒီမှာ ခင်များ ပြောသလိုပဲ ကိုးကန့်လူမျိုးတွေ၊ ဦးဖုန်းကျားရှင်တို့ ကိုးကန့်လူမျိုးဟာ ယူနန်မျိုးဆက်တွေ ဖြစ်တယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း (၃၀၀) လောက်ကမှ ဒီဘက်ကနေ ဟိုဘက်ကို ပြေးသွားကြတာ။ အဲဒါကြောင့်မို့ ဒီဘက်ဟိုဘက် ဆွေမျိုးတွေ ရှိကြတယ်ဆိုတာ အမှန်ပဲ။ ခင်များ မှတ်မိလိမ့်မယ်။ ကေအိုင်အေနဲ့ ဖြစ်တဲ့ မနှစ်က ပွဲတုန်းက ကေအိုင်အေ ကချင်တွေ အများကြီး ပြေးလာတယ်။ ပြေးလာတာကို တရုတ်က သူ့နယ်မြေထဲမှာ လုံးဝ အဝင်မခံဘူး။ တရုတ်ဘက်ကမ်းမှာရှိတဲ့ ကချင်လူမျိုးတွေက သူတို့ဘာသာ သူတို့စုပြီး သူတို့အစိုးရကို မရမကပြောပြီး အဖွဲ့အသီးသီးနဲ့ ကူညီခဲ့ကြတာ ဖြစ်တယ်။ အဲဒီတော့မှာ တရုတ်က ဖွင့်ပေးပြီး၊ ကချင်ဒုက္ခသည်တွေကို လက်ခံတယ်။ ဒီတခါကျတော့ အဲဒါကို သင်ခန်းစာယူပြီး စောစောစီးစီး အရင် လက်ခံခဲ့တယ်။ ဒုက္ခသည်စခန်းတွေ ဖွင့်ပေးခဲ့တယ်။ သို့သော် ဒီထက်ပိုတဲ့ ကိစ္စတွေ ဖြစ်လာအောင်လို့တော့ သူတို့ ခွင့်ပြုမှာ မဟုတ်ဘူးလို့ ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီတော့ အခုတိုက်ပွဲမှာကြည့်ရင် ဗမာစစ်တပ်ဖက်က အထိအခိုက် အကျအဆုံး တော်တော်များတယ်လို့ တွေ့ရပါတယ်။ ကိုးကန့်မှာ လူတွေ အရင်က ထင်ခဲ့သလို တရုတ် မရှိဘူး။ ဗမာပြည် ကွန်မြူနစ်ပါတီလည်း သူတို့နဲ့ မဟုတ်တော့ဘူး။ သူတို့က အဲဒီက ခွဲထွက်ပြီး လာခဲ့တာဆိုတော့ ဘယ်လို အင်အားတွေရပြီးတော့ မြန်မာ့တပ်မတော်ကို ခုခံနိုင်နေသလဲဆိုတာကို စဉ်းစားမိပါတယ်။

ဒေါက်တာလှကျော်ဇော ။ ။ ကျမ စဉ်းစားတာက ဒီလို ဗမာတပ်မတော်က ငြိမ်းချမ်းရေး ယူထားတာ (၁၇) နှစ်ရှိပြီ။ အဲဒီ (၁၇) နှစ်၊ (၁၈) နှစ်အတွင်းမှာ ငြိမ်းချမ်းရေး ယူထားတဲ့တပ်ဟာ စစ်တိုက်ရမှာကို တော်တော်ကို ခက်ခဲသွားပြီ။ နောက်တခုက ဗမာတပ်မတော်မှာ ဖြစ်ပျက်နေတာက အောက်ခြေရဲဘော်လေးတွေရဲ့  နေထိုင်စားသောက်ရေး အတော်ကို ခက်ခဲစဉ်းစားကြတာ ဖြစ်တယ်။ ရှေ့ တန်းမှာပဲ ဖိထားတော့ သူတို့ပြောတဲ့စကား ရှိတယ်။ ဖိအားတွေ အင်မတန်ကြီးတယ်။ ဒါကြောင့်မို့ အရပ်သူ အရပ်သားတွေကို နှိပ်စက်တာ၊ ရက်စက်တာ၊ ခိုးဆိုးလုယှက်တာတွေ တပုံကြီးဖြစ်တာ။ ထို့အတူပဲ ကေအိုင်အေဖြစ်ဖြစ်၊ ကိုးကန့်တပ်ဖြစ်ဖြစ် ဒီဘက်က လူတွေက ကိုးကန့်တပ်ကို ၂၀၀၉ ခုနှစ် နအဖ တပ်က ဝင်တိုက်လိုက်ပြီးတဲ့နောက် ရက်ရက်စက်စက် နှိပ်စက်တာဖြစ်တယ်။ ရက်ရက်စက်စက် ပစ္စည်းပစ္စယတွေ လုယှက်တာ ဖြစ်တယ်။ အဲဒီဟာက ငြိမ်းချမ်းရေး ရယူထားတယ်ဆိုတဲ့ အဖွဲ့တွေအားလုံးကို မျက်စိပွင့်သွားစေတယ်။ ဒီ စစ်အစိုးရက ဘာမှ ယုံကြည်ရမှုမရှိဘူး။ ငါတို့ကိုယ် ငါတို့ ကြိုတင်ပြင်ဆင်ထားရမယ်ဆိုတဲ့ အသိကို ပေးလိုက်သလို ဖြစ်တယ်။ အဲဒါကြောင့်မို့ ကျန်တဲ့အဖွဲ့အစည်းတွေက ကိုယ့်လက်နက်ကိုယ် စုတယ်။ ကိုယ့်လက်နက်ကိုယ် ကိုင်ထားတယ်။ ဒါတွေကို ဘယ်တော့မှ မစွန့်တောဘူးဆိုတဲ့ စိတ်မျိုးတွေ ဝင်သွားတာ ဖြစ်တယ်။ အဲဒီတော့ လက်နက်ဆိုတာကလဲ နယ်စပ်ဒေသတွေမှာ ဝယ်ချင်သလို၊ ဝယ်လို့ရတယ်။ ခင်များ ကြားမယ်ထင်တယ် … တရုတ်ပြည်မှာ လာဘ်ယူလာဘ်စား ကိစ္စတွေနဲ့ ဗိုလ်ချုပ်တွေ အယောက် (၃၀) ရှိပြီ ဖမ်းရတာ။ အဲဒီ ယိုးပေါက်တွေက အများကြီးရှိတယ်။ ပိုက်ဆံရှိလို့ကတော့ အကုန် ဝယ်လို့ရတယ်။ သူတို့တွေက အဲဒီ အသိနဲ့ နိုင်ငံရေးအသိနဲ့ စုဆောင်းထားတဲ့ လက်နက်တွေ။ အခု ကိုးကန့်နဲ့ ဖြစ်ကြမှ ဘာဖြစ်လို့ စစ်သည်တော်တွေ သေကြေတာတွေ ပြောသလဲ။ တကယ်တော့ ကြာလှပြီ။ အစောကြီးကတည်းက ကျမတို့နဲ့ တိုက်ခိုက်တုန်းကလဲ ရာနဲ့ချီ ကျသေခဲ့တာပဲ။ ကေအိုင်အေနဲ့ တိုက်တုန်းကလဲ ရာနဲ့ချီ ကျခဲ့တယ်။ အဲဒီတုန်းက မပြောဘဲနဲ့ ကိုးကန့်နဲ့ကြမှ ပြောသလဲဆိုတာ သိပ်ထူးဆန်းတယ်။ ကျမ ထင်တာကတော့ ဗမာစစ်တပ်အနေနဲ့ အမေရိကနဲ့ သိပ်ဆက်ဆံရေး ကောင်းချင်တယ်။ အဲဒီလို ဆက်ဆံရေး ကောင်းချင်တဲ့အတွက်ကို တရုတ်ကို demonize လုပ်ပြစ်တာ။ တရုတ်ကို ကြောက်စရာသတ္တဝါကြီး လုပ်ပြီးတော့ တမင်သက်သက် လုပ်နေတယ်လို့ ကျမ ထင်တယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ ဒီအခုပွဲက စစ်ရေးနဲ့ပဲ သွားပြီးတော့ အဖြေတော့ မပေါ်ဘူးပေါ့။ ညှိနှိုင်းရပ်စဲကောင်း ဖြစ်မယ်။ နိုင်ငံရေးအဖြေကတော ပေါ်မှာမဟုတ်ဘူးဆိုတော့ အဖြေရအောင်၊ ပြေလည်မှုရအောင် ဘယ်လို ဖြစ်နိုင်မယ်ထင်လဲ။ တရုတ်က ဝင်စေ့စပ်ပြီးတော့ ခင်များတို့ နှစ်ဖက်ဆွေးနွေးကြပါဆိုတာမျိုး ဖြစ်လာနိုင်မယ် ထင်ပါလား။ တရုတ် သဘောထား အဲဒီလို ဖြစ်လာနိုင်လား။

ဒေါက်တာလှကျော်ဇော ။ ။ တရုတ်ကတော့ ဒီနယ်စပ်မှာရှိတဲ့ လူတွေအားလုံးကို စေ့စပ်ဆွေးနွေးပါလို့ ပြောနေတာပဲ။ သူက ကျမ အခုနပြောသလိုပဲ တရုတ်-ဗမာ နယ်စပ်မှာ ငြိမ်းချမ်းစေချင်တယ်။ တည်ငြိမ်စေချင်တယ်။ ဒီအတွက် အစွမ်းကုန် ကြိုးစားမယ်လို့ တနေ့ကပဲ ဝန်ကြီးချုပ် ပြောသွားတယ်။ နယ်စပ်တလျှောက် တည်ငြိမ်ဖို့ဆိုတာက လက်နက်ကိုင် အင်အားစုတွေ လူမျိုးစု အဖွဲ့အစည်းတွေအားလုံး ငြိမ်းချမ်းရေး ဆွေးနွေးမှဖြစ်မယ်။ အဲဒီဟာ ဖြစ်မြောက်ရေးအတွက် ဝိုင်းပြီးတော့ တွန်းမှာပဲ။ အခု ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာလဲ တရုတ်ကိုယ်စားလှယ် လွှတ်ပြီးတော့ ဆွေးနွေးနေတာပဲ။ လေ့လာသူအဖြစ် ဝင်ရောက်တက်ရောက်နေတယ်။

ဦးကျော်ဇံသာ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ကိုးကန့်တပ်ဖွဲ့ဝင် တချို့ကိုတွေ့ရစဉ်။ Photo: AFP
ရန်ကုန်မှာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကြား ငြိမ်းချမ်းရေးဆွေးနွေးနေချိန်အတွင်း MNDAA ကိုးကန့်လက်နက်ကိုင်အဖွဲ့နဲ့ အစိုးရစစ်တပ် ကြား တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပါတယ်။

လောက်ကိုင်မြို့အရှေ့ဘက် ခုတ်ထန်ဒေသမှာ ဗျူဟာ အရ အရေးကြီးတဲ့တောင်ကုန်းတွေမှာ နှစ်ဖက်တပ်တွေ တိုက်ပွဲဖြစ်ခဲ့ပါတယ်။ အစိုးရစစ်တပ်ဘက်က သတင်း ထုတ်ပြန်ရာမှာ မတ်လ ၁၆ ရက်နေ့ တိုက်ပွဲအပြီး ကိုးကန့်တပ်သားအလောင်း သုံးလောင်း၊ မူးယစ်ဆေးဝါး နဲ့ လက်နက်အချို့ သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။

ကုန်းကြမ်းမြို့ လော်ကွာကျိုင်းနဲ့ မာလုရွှေကျေးရွာတ၀ိုက် မနေ့က ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေနဲ့ ပတ်သက် ပြီး မြန်မာ့တပ်မတော်စစ်သည် ၃ ဦးကျဆုံးပြီး၊ ၄ ဦး ဒဏ်ရာရတယ်လို့ ဖော်ပြထားပါတယ်။

တရုတ်အစိုးရအာဘော် Global Times သတင်းစာကတော့ အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ အခုထိ မြန်မာအစိုးရတပ်ဘက်က ၈၄ ယောက်ကျဆုံး၊ ၂၁၄ ယောက် ဒဏ်ရရခဲ့ပြီး၊ ကိုးကန့်တပ်သားအလောင်း ၉၈ လောင်းနဲ့ တပ်သား ၃၀ အရှင်ဖမ်းမိခဲ့တယ်လို့ သိရကြောင်း ဖေါ်ပြထားပါတယ်။

RFA Burmese
http://www.rfa.org/burmese

တရုတ်နိုင်ငံခြားရေးဝန်ကြီး Hong Lei ကို တွေ့ရစဉ်။ Photo: China Ministry of Foreign Affairs
တရုတ်မြန်မာနယ်စပ် ယူနန်ပြည်နယ်ကို တနင်္လာနေ့ က ရောက်ရှိခဲ့ပြီး၊ ဒေသအာဏာပိုင်တွေနဲ့ နယ်စပ် လုံခြုံ ရေးကိစ္စ၊ ဒေသခံတရုတ်လူမျိုးတွေရဲ့ အသက် အိုးအိမ်စည်းစိမ် လုံခြုံရေး ကိစ္စတွေ ဆွေးနွေးခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက မနေ့က ကျင်းပတဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ ပါတယ်။

တရုတ် ပြန်မာနယ်စပ်မှာ ကိုးကန့်အဖွဲ့နဲ့ မြန်မာအစိုးရ တပ်တွေကြား တိုက်ပွဲတွေဖြစ်ပွားနေစဉ်အတွင်း မြန်မာ တိုက်လေယာဉ်တစ်စီးက ချလိုက်တဲ့ ဗုံးတစ်လုံး တရုတ်ပြည်ပိုင်နက်ထဲ ကျရောက်ခဲ့လို့ ဒေသခံတရုတ် လူမျိုး ငါးဦး သေဆုံးပြီး ၈ ဦး ထိခိုက်ဒဏ်ရာရရှိ ခဲ့ပြီးတဲ့နောက် အခုလို တရုတ်နိုင်ငံခြားရေးဝန်ကြီး ယူနန်ပြည်နယ်ကို ရောက်ရှိလာခဲ့တာပါ။

နိုင်ငံခြားရေးဝန်ကြီး ၀မ်ယီနဲ့ ဒေသဆိုင်ရာအဆင့်မြင့်အရာရှိတွေဟာ လက်ရှိအခြေအနေတွေအပေါ် သဘောထား အမြင် ဖလှယ်ခဲ့ကြပြီး၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှု ထိန်းသိမ်းကာကွယ်ရေး၊ တရုတ် မြန်မာ နှစ်နိုင်ငံကြား အပြန်အလှန် ဆက်ဆံဆောင်ရွက်ရေးနည်းလမ်းတွေ ဆွေးနွေးခဲ့ကြတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ က ပြောဆိုပါတယ်။ ဒါပေမဲ့ အသေးစိတ်ကိုတော့ မပြောခဲ့ပါဘူး။

တရုတ်ပြည်ပိုင်နက်အတွင်း ဗုံးကျပေါက်ကွဲပြီး သေကြေဒဏ်ရာရတာတွေ ဖြစ်ပွားခဲ့အပြီး၊ တရုတ်အစိုးရက မြန်မာနဲ့ နယ်စပ်တလျှောက် စစ်တပ်အင်အား တိုးချဲ့ချထားလိုက်ပြီး၊ တရုတ်တိုက်လေယယာဉ်တွေကိုလည်း နယ်စပ်ဖက် ကို စေလွှတ်ထားပါတယ်။ တရုတ်ပိုင်နက်အနီး ချဉ်းကပ်လာတဲ့ မြန်မာတိုက်လေယာဉ်တွေကို စောင့်ကြည့်၊ သတိပေး၊ မောင်းထုတ်ဖို့ တရုတ်တိုက်လေယာဉ်တွေ နယ်စပ်ကိုစေလွှတ်ထားကြောင်း တရုတ်လေတပ်ပြော ခွင့်ရသူက ပြောဆိုပါတယ်။

RFA Burmese
http://www.rfa.org/burmese

(ဓာတ်ပုံ - စာရေးဆရာ ထင်လင်းဦး ဖေ့စ်ဘွခ်စာမျက်နှာ)
သံဃာတော်တွေကို ဝေဖန်ပြောဆိုခဲ့တဲ့ စာရေးဆရာ ထင်လင်းဦးကို ဘာသာရေး စော်ကားမှုဆိုင်ရာ ပုဒ်မ ၂ ခုနဲ့  အင်္ဂါနေ့မှာ ချောင်းဦးတရားရုံးက စွဲချက်တင်လိုက်ပါတယ်။

စွဲချက်တင်ခံရတဲ့ စာရေးဆရာ ထင်လင်းဦးကတော့ အခြေခံဥပဒေက ပေးအပ်ထားတဲ့ အခွင့်အရေးအရ ပြောဆိုခဲ့တာလို့ တရားရုံးအပြင်ဘက်မှာ တုံ့ပြန်ပြောဆိုခဲ့ပြီး တရားရုံးမှာ အပြည့်အ၀ လျှောက်လဲခွင့်ရရေးအတွက်လည်း မျှော်လင့်ထားတဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက်က တင်ပြထားပါတယ်။

စာရေးဆရာ ထင်လင်းဦးကို လူတစား၏ ဘာသာရေးစိတ်ကို နာကျည်းစေရန် တမင် မသမာသော အကြံဖြင့် စကား၊ စာ၊ ထင်ရှားသော ပုံသဏ္ဍာန်ဖြင့် ဘာသာ၊ သာသနာ ယုံကြည်မှုကိုသော်လည်းကောင်း၊ စော်ကားလျှင် သို့မဟုတ် စော်ကားရန် အားထုတ်မှုလို့ အဓိပ္ပါယ်ဖွင့်ထားတဲ့ ပုဒ်မ ၂၉၅ (က)၊ နောက် လူတဦးရဲ့ ဘာသာရေးစိတ်ကို နာစေရန် တမင် ကြံစည်လုပ်ဆောင်မှုဆိုင်ရာ ပုဒ်မ ၂၉၈ တို့နဲ့ စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် တရားရုံးက စွဲချက်တင်လိုက်ပါတယ်။ စွဲဆိုချက်နဲ့ ပတ်သက်ပြီး ဦးထင်လင်းဦးရဲ့ ရှေ့နေ ဦးသိန်းသန်းဦးက အခုလို ပြောပြပါတယ်။

“ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၅ (က) နဲ့ စွဲချက်တင်ပါတယ်။ စွဲချက်တင်တယ်ဆိုတာ အပြစ်ပေးတာတော့ မဟုတ်ဘူး။ ထုချေဖြေရှင်းဖို့ တာဝန်ရှိတယ်လို့ ယူဆတာပေါ့နော်။ အဲတော့ သူတို့က တရားလိုနဲ့ လိုပြသက်သေ ထွက်ချက်အရ တရားရုံးက တရားစွဲဖို့ တရားစွဲမယ့်အတွက် ဆရာထင်လင်းဦးမှာ ဖြေရှင်းဖို့ တာဝန်ရှိတယ်လို့ သူတို့က ယူဆတာပေါ့ဗျာ။ ကျနော်တို့ဘက်ကလည်း ဖြေရှင်းဖို့ တာဝန်ရှိတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ ဟောပြောချက်တွေမှာ၊ ဝေဖန်ထောက်ပြချက်တွေမှာ သံဃာတော်တွေက ဒီလို၊ ဒီလို ဖြစ်တယ်လို့ စွပ်စွဲထားတဲ့အတွက် ဒါတွေကတော့ မဟုတ်ဘူး။ ကျနော်တို့က တရားဥပဒေနဲ့အညီ ပြောတာ၊ ကျနော်တို့ Freedom of Expression ကျင့်သုံးပြီးတော့ ဘာသာ သာသနာစော်ကားတာ မဟုတ်ဘူးဆိုတဲ့အချက် ဖြေရှင်းဖို့တော့ လိုတယ်။ ဒါကြောင့်မို့လို့ သူ စွဲချက်တင်တာပါ။”

တကယ်လို့ ပြစ်မှုထင်ရှားတယ် ဆိုရင်တော့ ပုဒ်မ ၂၉၅ (က) အရ ထောင်ဒဏ် ၂ နှစ်နဲ့ ငွေဒဏ် အမြင့်ဆုံး ကျခံရနိုင်ပြီး၊ ပုဒ်မ ၂၉၈ အရတော့ ထောင်ဒဏ် ၁ နှစ်နဲ့ ငွေဒဏ် ချမှတ်ခံရနိုင်တာ ဖြစ်ပါတယ်။ လတ်တလောမှာလည်း စာရေးဆရာ ထင်လင်းဦးကို အာမခံ မပေးဘဲ ချောင်းဦးမြို့နယ်မှာ  ဒီဇင်ဘာလ ၁၇ ရက်နေ့က စလို့ အချုပ်နဲ့ ထိန်းသိမ်းထားတာ ၃ လရှိခဲ့ပြီးလည်း ဖြစ်ပါတယ်။ ဒီကနေ့ တရားရုံးကြားနာမှုအပြီး တရားရုံးအပြင်မှာ စာရေးဆရာ ထင်လင်းဦးက လက်ထိပ်တန်းလန်းနဲ့ အခုလို ပြောဆိုခဲ့ပါတယ်။

“အခြေခံဥပဒေက လွတ်လပ်စွာ ဝေဖန်ပြောဆိုခွင့် ရှိပါတယ်လို့ ပေးထားတယ်။ ဒါပေမဲ့ လွတ်လပ်စွာ မှန်ရာမှန်ကြောင်း ဝေဖန်ပြောဆိုတော့ သာသနာညှိုးနွမ်းစေမှု ဆိုပြီးတော့ ဟုတ်လား အစိုးရကို အကြည်ညိုပျက်စေမှု ဆိုပြီးတော့ တရားစွဲတယ် ဆိုပြီးတော့ လုပ်နေသမျှတော့ ငါ့အိမ်မှာငါနေလည်း ငါ ထောင်ကျနေမှာပဲ။ ငါ့နိုင်ငံထဲမှာ ဘယ်နေရာမှာ ငါ နေနေ ထောင်ကျနေတာပဲ။ ငါ့လွတ်လပ်ခွင့်တွေ ဆုံးရှုံးနေသမျှ ငါ ထောင်ကျနေတာ။”

စာရေးဆရာ ထင်လင်းဦးက ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၂၃ ရက်နေ့က ချောင်းဦးမြို့နယ်တွင်းက စာပေဟောပြောပွဲတခုမှာ သံဃာတော်တွေနဲ့ ပတ်သက်ပြီး ပြောဆိုခဲ့တာဟာ ဗုဒ္ဓသာသနာကို ညှိုးနွမ်းစေတယ်လို့ စွပ်စွဲပြီး ချောင်းဦးမြို့နယ် သံဃာ့မဟာနာယကအဖွဲ့က ပတ္တနိက္ကုဇန ကံဆောင် သပိတ်မှောက်ခဲ့သလို ချောင်းဦးမြို့နယ် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနရဲ့ ဦးစီးအရာရှိက တရားလိုပြုလုပ် တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။

ဦးထင်လင်းဦးက ချောင်းဦးသံဃာတော်တွေကို ၀န်ချတောင်းပန်ပြီး ဖြစ်တာကြောင့် သံဃာတော်တွေဘက်က သပိတ်ပြန်လှန်ပေးလိုက်ပြီဖြစ်ပေမဲ့ အာဏာပိုင်တို့ဘက်က စွဲချက်ကိုတော့ ဆက်ပြီး ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ ဒီလို ဟောပြောချက်တွေကြောင့်ဘဲ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ကလည်း ဗဟိုပြန်ကြားရေးအဖွဲ့ဝင် အဖြစ်ကနေ ဆိုင်းငံ့ခံခဲ့ရတာ ဖြစ်ပါတယ်။

မသိင်္ဂီထိုက် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


Facebook လူမှုကွန်ယက်ပေါ်မှာ နားကြပ်တပ်ထားတဲ့ ဗုဒ္ဓရုပ်ပုံကို အရက်ဆိုင်ကြော်ငြာအဖြစ် ဖြန့်ဝေအသုံးပြုခဲ့တာနဲ့ ပတ်သက်လို့ နယူးဇီးလန် နိုင်ငံသားတဦးနဲ့ မြန်မာနှစ်ဦးကို  ဗဟန်းတရားရုံးက ထောင်ဒဏ် ၂ နှစ်ခွဲစီ အင်္ဂါနေ့က ပြစ်ဒဏ်ချမှတ်လိုက်တာကို နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေက ၀ိုင်းဝန်း ကန့်ကွက်လိုက်ပါတယ်။

ဒါဟာ မြန်မာနိုင်ငံမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်ကို ချုပ်ချယ် ကန့်သတ်လိုက်တာ ဖြစ်တယ်လို့ အဲဒီအဖွဲ့တွေက ဝေဖန် ထောက်ပြခဲ့ကြပါတယ်။ ဒါ့အပြင် V Gastro Bar အမှုနဲ့ပတ်သက်လို့ နယူးဇီလန် နိုင်ငံခြားရေးဌာနအနေနဲ့ Philip Blackwood နဲ့ ဆက်သွယ်မှုရှိပြီး သံတမန်ရေးဆိုင်ရာ ထောက်ပံ့ကူညီမှုတွေကို ဆောင်ရွက်နေကြောင်း ဗွီအိုအေမြန်မာပိုင်းကို တုံ့ပြန်ပြောဆိုခဲ့ပါတယ်။ အပြည့်အစုံကို မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

V Gastro Bar ဆိုင် မန်နေဂျာတွေဖြစ်တဲ့ နယူးဇီလန်နိုင်ငံသား Philip Blackwood နဲ့ ဦးထွဋ်ကိုကိုလွင် အပါအ၀င် ဆိုင်ပိုင်ရှင် ဦးထွန်းသူရိန်တို့ သုံးဦးအပေါ် ထောင်ဒဏ် စီရင်ချက် ချမှတ်လိုက်တာဟာ မြန်မာနိုင်ငံမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်ကို ပိတ်ပင် တာဆီးလိုက်တာ ဖြစ်တယ်လို့ AI အဖွဲ့ကြီးက ဝေဖန်ထောက်ပြလိုက်ပါတယ်။

“ဒီကနေ့ တရားရုံးဆုံးဖြတ်ချက်ဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ပိတ်ပင် တားဆီးလိုက်တာပါ။ ရုပ်ပုံတခုကို အင်တာနက်ပေါ်မှာ တင်ခဲ့တဲ့အတွက် သူတို့သုံးဦးကို ထောင်ဒဏ် အပြစ်ပေးစီရင်ခဲ့ပါတယ်။ ဒီစီရင်ချက်ကို ချက်ခြင်း ရုပ်သိမ်းပြီး သူတို့အားလုံးကို ချွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ AI အနေနဲ့ တောင်းဆိုပါတယ်။ မြန်မာနိုင်ငံမှာ ဒီလိုအဖြစ်အပျက်မျိုးဟာ တခုတည်းမကပါဘူး။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ငြိမ်းချမ်းစွာ စုရုံးဆန္ဒပြခွင့် စတာတွေကို ဆက်ပြီး ကန့်သတ်ချုပ်ချယ်နေတဲ့ အခြေအနေတွေ တွေ့နေရပါတယ်။ မြန်မာအစိုးရဟာ လူ့အခွင့်အရေး ကာကွယ်သူတွေ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ၊ သတင်းထောက်တွေကို ဖမ်းဆီး ထောင်ချနေပါတယ်။ စာရေးဆရာ ထင်လင်းဦး အမှုကို ဥပမာအနေနဲ့ ထောက်ပြရရင် သူဟာ ဘာသာရေး စော်ကားမှု ဆိုတဲ့စွဲချက်နဲ့ ဖမ်းဆီးခံထားရတာပါ။ ဘာသာရေးကို အသုံးချပြီး ခွဲခြားဆက်ဆံတဲ့ အစွန်းရောက် အပြုအမူကို  ဦးထင်လင်းဦး ဝေဖန်ဟောပြောခဲ့တာကြောင့် ဖြစ်ပါတယ်” - လို့ AI ရဲ့ မြန်မာနိုင်ငံဆိုင်ရာ သုတေသီ Laura Haigh က ပြောသွားတာပါ။

ဒါကြောင့် လူ့အခွင့်အရေးအတွက် လှုပ်ရှားဆောင်ရွက်နေသူတွေကို ဖမ်းဆီးထောင်ချမယ့်အစား အမုန်းတရား ဟောပြောချက်တွေ၊ ခွဲခြားဆက်ဆံမှုတွေကို မြန်မာအစိုးရအနေနဲ့ အရေးယူ ကိုင်တွယ်ဖြေရှင်းရမှာ ဖြစ်ပါတယ်လို့ Laura Haigh က ပြောပါတယ်။

အလားတူ နယူးယောက်အခြေစိုက် HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကြီးကလည်း မြန်မာ တရားရုံးရဲ့ ဆုံးဖြတ်ချက်ဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်တာဖြစ်တယ်လို့ HRW အာရှရေးရာတာဝန်ခံ Brad Adams က ပြောပါတယ်။

“တရားရုံးရဲ့ဆုံးဖြတ်ချက်ဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်တာကြောင့် ကျနော်တို့ စိတ်အလွန်ပျက်မိပါတယ်။ ဒီလူသုံးဦးဟာ ပြဿနာဖြစ်အောင် ရန်ထောင်ပေးတာမဟုတ်ဘဲ ဟာသအဖြစ် ပြောတာသာဖြစ်ပါတယ်။ ဒီလိုဟာသပြောဆိုနိုင်တယ်ဆိုတာကလည်း  လွတ်လွပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုတဲ့ ပြဌာန်းချက်မှာ အတိအကျပြဌာန်းထားတာပါ။ ဘာသာရေးကို စော်ကားတာကြောင့် အခုလို ထောင်ဒဏ် ချမှတ်လိုက်တာဖြစ်တယ်ဆိုတဲ့ မြန်မာအစိုးရနဲ့ တရားရုံးက ပြောဆိုချက်တွေကို ကြားရတော့ ကျနော်တို့ အံသြမိပါတယ်။ မြန်မာနိုင်ငံမှာ ဘာသာခြားဖြစ်တဲ့ အစ္စလာမ်ဘာသာကို နာမည်ကြီး ဗုဒ္ဓဘာသာဘုန်းကြီးတွေကိုယ်တိုင် နေ့စဉ်နေ့တိုင်း ပုတ်ခတ် တိုက်ခိုက်ပြောဆိုနေတာတွေကို မြန်မာအစိုးရက ဘာမှအရေးမယူဘဲ ဒီအတိုင်းကြည့်နေတာပါ။ ၉၆၉ ဆိုတဲ့ အဖွဲ့ဟာဆိုရင် မူဆလင်တွေကို ခွဲခြားဆက်ဆံဖို့ အများပြည်သူကို ဟောပြောစည်းရုံးနေပြီး ဘာသာရေးပဋိပက္ခဖြစ်အောင် အကြမ်းဖက်တာတွေကိုလည်း ကျူးလွန်နေပါတယ်။ ဒါတွေကိုတော့ အစိုးရဘက်က အရေးယူ ဆောင်ရွက်တာမျိုး လုံးဝ မရှိပါဘူး။ ဒါကြောင့် ဘာသာရေးနဲ့ ပတ်သက်လို့ အစိုးရမှာ မူဝါဒ သတ်သတ်မှတ်မှတ် မရှိဘူးဆိုတာ တွေ့ရပါတယ်။”

CSW (Christian Solidarity Worldwide) လို့ခေါ်တဲ့ ကမ္ဘာလုံးဆိုင်ရာ ခရစ်ယာန်သွေးစည်းညီညွှတ်ရေးအဖွဲ့ကလည်း မြန်မာနိုင်ငံမှာ ဘာသာရေး လွတ်လပ်ခွင့်၊ လွတ်လပ်စွာ ယုံကြည်ပိုင်ခွင့် စတဲ့ အခြေခံလူ့အခွင့်အရေးတွေကို ချိုးဖောက်နေတဲ့ အခြေအနေတွေကို အထူးပဲ စိုးရိမ်မကင်းဖြစ်မိကြောင်းနဲ့ Philip Blackwood၊ ဦးထွဋ်ကိုကိုနဲ့ ဦးထွန်းသူရိန်တို့ သုံးဦးကို ချွင်းချက်မရှိ ချက်ခြင်း ပြန်လွှတ်ပေးဖို့ အင်္ဂါနေ့က ကြေညာချက်မှာ တောင်းဆိုထားပါတယ်။

Facebook ပေါ်မှာ ဗုဒ္ဓရုပ်ပုံနဲ့ အရက်ဆိုင် ကြော်ငြာခဲ့တဲ့ V Gastro Bar မန်နေဂျာ နယူးဇီလန်နိုင်ငံသားနဲ့ မြန်မာဆိုင်ပိုင်ရှင်၊ မန်နေဂျာတို့ သုံးဦးကို သာသနာညစ်နွမ်းစေမှု ပုဒ်မ (၂၉၅) က၊ အမိန့်ကို မလိုက်နာမှု ပုဒ်မ ၁၈၈ တို့နဲ့ ဗဟန်းတရားရုံးက မတ်လ ၁၇ ရက်နေ့မှာ ထောင်ဒဏ် ၂ နှစ်ခွဲစီ အမိန့်ချမှတ်လိုက်တာပါ။ တရားရုံးလျှောက်လဲချက်တွေမှာလည်း သူတို့ ၃ ဦးစလုံးက ဘာသာရေးကို စော်ကားလိုတဲ့ ရည်ရွယ်ချက်နဲ့ ကြော်ငြာကို လုပ်ဆောင်ခဲ့တာ မဟုတ်ကြောင်း ထွက်ဆိုခဲ့ကြပါတယ်။ အင်္ဂါနေ့က ဗဟန်းတရားရုံးရဲ့ စီရင်ချက်နဲ့ ပတ်သက်လို့ သူတို့ ၃ ဦးလုံး အယူခံဝင်သွားမယ်လို့ အကျိုးဆောင်ရှေ့နေ ဦးမြသွေးက သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။ သူကိုယ်တိုင်လည်း ဒီအမှုမှာ ရှေ့နေလိုက်ပေးခဲ့တာကြောင့် အသက်အန္တရာယ် ခြိမ်းခြောက်တာတွေ ခံခဲ့ရတယ်လို့ ဦးမြသွေးက ပြောပါတယ်။

V Gastro Bar အမှုနဲ့ပတ်သက်လို့ နယူးဇီလန်နိုင်ငံခြားရေးနဲ့ ကုန်သွယ်ရေးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ဗွီအိုအေမြန်မာပိုင်းကို အီးမေးလ်ကနေ တုံ့ပြန်ရာမှာ Mr. Blackwood အပေါ် အခုလို ပြစ်ဒဏ်စီရင်ချက် ချမှတ်လိုက်တာကို နယူးဇီလန် နိုင်ငံခြားရေးဌာနက သိရှိတဲ့အကြောင်း၊ အခြားနိုင်ငံရဲ့ တရားရေးစီရင်မှု၊ လုပ်ထုံးလုပ်နည်းတွေနဲ့ ပတ်သက်လို့ သူတို့ ၀င်ရောက်မစွက်ဖက်နိုင်တဲ့အကြောင်း၊ ရန်ကုန်မှာရှိတဲ့ နယူးဇီလန်သံရုံးနဲ့ နိုင်ငံခြားရေးဌာနတို့ကတော့ Mr. Blackwood နဲ့ သူ့မိသားစုတို့ကို အဆက်အသွယ်ပြုလုပ်ခဲ့ပြီး သံတမန်ရေး အကြံဥာဏ်နဲ့ အထောက်အကူတွေ ပေးနေတဲ့အကြောင်း ရေးသားထားပါတယ်။

အင်ကြင်းနိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com