03/20/15


အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး အတွက် လက်ပံတန်းမြို့ ဆန်္ဒပြပွဲတွင်ပါဝင်ခဲ့ပြီး မတ် (၁၀)ရက်နေ့ ၌ ရဲတပ်ဖွဲ့၏ အကြမ်းဖက် ဖြိုခွင်း၍ ထိန်းသိမ်းခြင်း ခံနေရသူတဦး ဖြစ်သည့် မာနော (ခ)သာထွန်းစံ သည် အဖ ဦးချစ်အောင်နှင့် အမိဒေါ်တိန်းနမ် မိဘနှစ်ပါးမှ ဖွားခဲ့သည်။ မွေးချင်းညီအစ်ကို မောင်နှမ (၄)ယောက်အနက် ဒုတိယအကြီးဆုံးသား ဖြစ်သည်။ ပန်ချီးဆွဲခြင်းကို ၀ါသနာပါသည်။

ထိန်းသိမ်းခံခဲ့ရပြီးနောက် လက်ရှိတွင် သာယာဝတီထောင်၌ အဖမ်း ခံထားရသဖြင့် ဆယ်တန်းစာမေးပွဲဖြေဆိုနိုင်ခြင်းမရှိကြောင်း ၎င်းင်း၏မိဘ များက ဆိုသည်။ မိခင်ဖြစ်သူ ဒေါ်တိန်းနမ်အား News Watchက မေးမြန်းထားပါသည်။

မေး။ ။ အန်တီသား ဆယ်တန်းဖြေမယ့်ကျောင်းသားကို သာယာဝတီထောင်မှာ ထိန်းသိမ်းထားတဲ့သတင်းကို ကြားလိုက်တဲ့ အချိန်မှာ မိခင်တယောက်အနေနဲ့ ဘယ်လိုခံစားရပါသလဲ။

ဖြေ။ ။ ၁၂ ရက်နေ့မှာ အိမ်ကို ရဲအရာရှိတယောက်နဲ့ အရန်မီးသတ် က အရာရှိတယောက်လာပြီးတော့ အန်တီရဲ့သားလားတဲ့။ လက်ပံတန်း မှာတော့ ဒီလိုဒီကြောင်းရှိတယ်။ အဲ့ဒါ ကျောင်းသားတွေကို ကျောင်းသား မိဘတွေခေါ်ခိုင်းနေတယ်ဆိုပြီး လာပြောတော့ အန်တီအရမ်းစိတ်ထိခိုက် သွားတယ်။ အဲ့ဒါနဲ့ သာယာဝတီထောင်ကို နောက်နေ့ (၁၃)ရက်နေ့မှာ လိုက်သွားတယ်။

မေး။ ။ သာယာဝတီထောင်ရောက်တော့ ဘာတွေဆက်ဖြစ် ပါသလဲ။

ဖြေ။ ။ သာယာဝတီထောင်ကိုရောက်တော့ အရာရှိတယောက်က အန်တီသားက ကျောင်းသားစာရင်းထဲမှာမပါဘူးလို့ ပြောတယ်။ သူက စာရင်းတွေကိုခွဲထားတယ်။ အရပ်သားရယ်။ ကျောင်းသားရယ်။ ကျွန်မ သားက အပြင်ဖြေပဲဖြစ်ဖြစ် စာမေးပွဲဖြေဖို့ အဆင်သင့်ဖြစ်နေတဲ့အချိန် မှာ သပိတ်ထဲပါသွားပြီး ဒီလိုဖြစ်တဲ့အတွက်ကြောင့် သားက ကျောင်းသား မဟုတ်ဘူးဆိုတဲ့အခါမှာ အန်တီတော်တော် စိတ်လှုပ်ရှားသွားတယ်။ အရမ်း ၀မ်းနည်းတယ်။

မေး။ ။ အန်တီသားက ဘယ်ကျောင်းမှာ ဆယ်တန်းစာမေးပွဲ ဖြေဆိုခွင့်ရထားပါသလဲ။

ဖြေ။ ။ အန်တီသား မာနော(ခ)သာထွန်းစံက ဆယ်တန်းစာမေး ပွဲဖြေဆိုဖို့အတွက် အထက(၂) အခြေခံပညာအထက်တန်းကျောင်း (သော်က)ကျောင်း၊ ကျောက်တန်းမြို့နယ်မှာ ဖြေဆိုခွင့်ရပါတယ်။ ခုံနံပါတ်က ဆဂ-၉၀၅ ပါ။ ရန်ကုန်တိုင်းဒေသကြီး အောက်မြန်မာပြည် စာစစ်ဌာန အခြေခံ(၃) လက်အောက်ကပါပဲ။

မေး။ ။ အန်တီသားက ဆယ်တန်းဖြေမဲ့ကျောင်းသားဆိုတော့ စာမေးပွဲဖြေဆိုခွင့်ကတ်ရပြီလားခင်ဗျ။

ဖြေ။ ။ ကတ်ထုတ်ခါနီးမှာ ဒီလိုအဖြစ်အပျက်နဲ့ ကြုံတွေ့ခဲ့ရတဲ့ အတွက် မထုတ်ဖြစ်ခဲ့ဘူး။ ဒါကြောင့် အကြောင်းမျိုးမျိုးကြောင့် ပျက်ကွက် ခဲ့တယ်ဆိုပြီး သက်ဆိုင်ရာပညာရေးပိုင်းဆိုင်ရာ အကြီးအကဲတွေကို သွား ပြောပြပြီးတော့ ကျောင်းသားတယောက်ဟုတ်မှန်ကြောင်း၊ ခုံနံပါတ်ကျပြီး သားအကြောင်းကို ပြောပြပါတယ်။ ဒါကြောင့် ပညာရေးပိုင်းက ထောက်ခံ စာစာရွက်ကလေးရလာပါတယ်။
မေး။ ။ ကျောင်းသားတစ်ယောက်ဖြစ်ကြောင်းကို ထောက်ခံစာ သွားတောင်းတဲ့အခါမှာ အခက်ခဲတွေများ ရှိသေးလား။
ဖြေ။ ။ ကျောင်းအုပ်ဆရာကြီးတော့ မတွေ့ခဲ့ဘူး။ ပညာရေးမှူးနဲ့ တော့တွေ့တယ်။ သူတို့လည်း ရိုးသားစွာနဲ့ပဲလုပ်ပေးတယ်။ သားက အထက(၂)ကျောင်းမှာ စာမေးပွဲဝင်ဖြေမဲ့စာရင်းဝင်ဖြစ်တဲ့အတွက် ဟုတ် တာကို မဟုတ်ဘူးလို့ပြောလို့မရဘူးလေ။

မေး။ ။ ကျောင်းသားခေါင်းဆောင်တချို့ အကြမ်းဖက်ခံရစဉ် ရတဲ့ ဒဏ်ရာတွေကြောင့် သေဆုံးသွားတဲ့ဆိုတဲ့သတင်းတွေလည်း ထွက်ပေါ် နေတဲ့အတွက် အန်တီရဲ့သားပေါ်မှာ ဘယ်လောက်ထိ စိုးရိမ်နေပါ သလဲခင်ဗျ။

ဖြေ။ ။ မြစ်ကြီးနားကနေ (၁၃)ရက်နေ့က ဆင်းလာတော့ ရင်တမမ ပေါ့နော်။ ကြားရတဲ့သတင်းတွေကြောင့် မိခင်တယောက်အနေနဲ့ စိတ် ထိခိုက်ရပါတယ်။ ထမင်းစားမ၀င်၊ အိပ်လည်း မပျော်ခဲ့ပါဘူး။ (၁၄)ရက် နေ့ သာယာဝတီထောင်ကိုရောက်တော့မှ စောစောကပြောတဲ့အတိုင်း ရဲမင်းကြီးတွေကပြောတော့မှယုံကြည်ပြီး အန်တီအဲ့ဒီညမှ နှစ်နှစ်ကြိုက် ကြိုက် အိပ်ပျော်သွားခဲ့တယ်။

မေး။ ။ ပညာရေးစနစ်ကိစ်္စ အန်တီသား အပါအ၀င် ကျောင်း သားတွေ လှုပ်ရှားတဲ့အပေါ်မှာ ဘယ်လိုယူဆလဲခင်ဗျာ။
ဖြေ။ ။ ကျောင်းသားတွေဆိုတာကလည်း နိုင်ငံတော်ကို ပုန်ကန်မဲ့ မျိုးဆက်တွေ မဟုတ်ပါဘူး။ မူးယစ်ရမ်းကာတဲ့ဟာလည်း မဟုတ်ပါဘူး။ သက်သက်ပြဿနာကို ဖြစ်စေတဲ့သဘောလည်း မဟုတ်ပါဘူး။ ဒီဆယ် တန်းကျောင်းသား အဆင့်လောက်ရောက်ပြီးဆိုတော့ အတွေးအခေါ် တော့ရှိပြီးသားပေါ့။ နိုင်ငံတကာနဲ့ရင်ဘောင်တန်းနိုင်ဖို့ အဓိကက ပညာ ရေးက အခြေခံပါပဲ။ ဒါကြောင့် နိုင်ငံမှာ ပညာရေးအကောင်းဆုံးဖြစ်အောင် တောင်းဆိုတဲ့အထဲမှာ သားလည်း ပါဝင်ခဲ့တယ်လို့ထင်တယ်။ ကြီးတဲ့ ပြဿနာကိုလည်း သေးအောင်၊ သေးတဲ့ပြဿနာကိုလည်း ပပျောက် အောင်ဆိုတဲ့ အဆိုတွေလည်းရှိပါတယ်။ အခုလည်း ကျောင်းသားတွေ က တိုင်းချစ်ပြည်ချစ်တဲ့အတွက်ကြောင့် ဖြစ်သွားတဲ့သဘောပါပဲ။ မာနော (ခ)သာထူးစံ အပါအ၀င် ထိန်းသိမ်းထားတဲ့ ကျောင်းသားကျောင်းသူတွေ အားလုံးကို လွတ်ပေးလိုက်ရင် ဖြစ်ခဲ့သမျှကို ဘာမှအာဃာတထားစရာ အကြောင်းမရှိပါဘူး။

မေး။။ ကျောင်းသားဖြစ်ကြောင်းထောက်ခံစာကို ပြပေမဲ့လည်း ပြန်လွတ်ပေးခြင်းမရှိဘဲ ဆက်ပြီး ထိန်းသိမ်းသွားမယ်ဆို ဘာဆက်လုပ် သွားဖို့ရှိလဲ။

ဖြေ။ ။ ကျောင်းသားတယောက်လို့ မသတ်မှတ်ဘူး။ အခုသက် ဆိုင်တဲ့စာစစ်ဌာနက ခုံနံပါတ်တွေလည်းကျပြီးပြီ။ စာမေးပွဲဝင်ဖြေမဲ့ ကျောင်းသား စာရင်းဝင်ထားတဲ့ ကလေးကို ကျောင်းသားမဟုတ်ပါဘူး လို့ ဒီအတိုင်း ငြင်းပယ်စရာအကြောင်းမရှိလောက်ပါဘူးလို့ အန်တီအနေ နဲ့သုံးသပ်တာပေါ့။ ကျောင်းသားမဟုတ်ပါဘူးလို့ ပြောရင်တော့ ဒါဟာ မတရားဘူးလေ။ စာမေးပွဲမဖြေတဲ့ကလေးကိုလည်း ကျောင်းသားမဟုတ် ဘူးလို့လည်း ပြောလို့မရပါဘူး။ ဟိုတရက်က ကျောင်းသားဖြစ်ကြောင်း အချက်အလက်တွေမပါလို့ထားပါတော့၊ အခုလည်းက သက်ဆိုင်ရာ ပညာရေးမှူးရုံးက ကျောင်းသားဖြစ်ကြောင်း ထောက်ခံစာတွေလည်းပါ ပြီဆိုတော့ လက်ခံရမှာပါ။

နေမင်းခ၊ တေဇလင်း
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


သာယာဝတီအကျဉ်းထောင်က ပြန်လွှတ်ပေးလိုက်ပေမယ့် လက်ပံတန်းရဲက ဆက်လက် ထိမ်းသိမ်းထားတဲ့ အရွယ်မရောက်သေးသည့် လူငယ်တဦးကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ အုပ်ထိမ်းသူက မေတ္တာရပ်ခံတောင်းဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်နေ့က လက်ပံတန်းမှာ သပိတ်မှောက်ကျောင်းသားတွေ ဖမ်းဆီးရိုက်နှက်ခံရချိန်မှာ သပိတ်နဲ့ပတ်သက်မှုမရှိတဲ့ လက်ပံတန်းဒေသခံ အသက် ၁၅ နှစ်အရွယ် ကိုချစ်ခေါ် မောင်ထွန်းထွန်းနိုင် ဖမ်းဆီးခံခဲ့ရတာပါ။

မိခင်ဖြစ်သူက ဒေါ်စန်းစန်းအေးက “သူ့ကို စိုက်ပျိုးရေးရှေ့မှာ ဖမ်းသွားတာ။  သာယာဝတီထောင်မှာ တညအိပ်ပြီးတော့ လက်ပံတန်းကိုလာပို့တာ ၁၁ ရက်နေ့က။  ခုသားလေးက လက်ပံတန်းစခန်းမှာပါ။ ခုထမင်းတွေ ဘာတွေသွားပို့တော့ ကလေးနဲ့ အတွေ့မခံဘူး၊ ဒီကလေးက အသက်မပြည့်လို့ အမှုတွေဘာတွေ တရားစွဲလို့ မရဘူးပြောတယ်။ အိမ်ပြန်လွှတ်ပေးဖို့ ဥက္ကဋ္ဌက အာမခံတာတောင် ပြန်လွှတ်မပေးဘူး”လို့ ပြောပါတယ်။

အလားတူ ဒေါ်စန်းစန်းအေးရဲ့တူတွေဖြစ်ကြတဲ့  ကိုစိုးဝင်းအောင်နဲ့ ကိုအောင်စန်းတို့ လည်း မတ်လ ၁၀ ရက်နေ့မှာ အလုပ်ကနေ စက်ဘီးနဲ့ အိမ်အပြန်လမ်းမှာ ရဲလုံခြုံရေးတွေရဲ့ ရိုက်နှက် ဖမ်းဆီးခံရပြီး လက်ရှိ သာယာဝတီထောင်မှာ ထိန်းသိမ်းခံနေရတယ်လို့ လည်းပြောပါတယ်။

လက်ပံတန်းရဲစခန်း တာဝန်ကျရဲဝန်ထမ်းတဦးကတော့  ဒေါ်စန်းစန်းအေးရဲ့ သားဖြစ်သူ ကိုချစ်ကို စခန်းမှူး ဒုရဲမှူး စန်းမြင့်ရဲ့ နေအိမ်မှာ  ထိန်းသိမ်းထားတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

‘“စခန်းမှူးက ထိန်းသိမ်းထားပါတယ်။  စခန်းမှူး အုပ်ထိန်းမှုအောက်မှာပေါ့၊  မလွှတ်သေးပါဘူး။ အသက်မပြည့်သေးလို့သာ မိဘအုပ်ထိန်းမှုအောက်ကို ပြန်ထည့်မပေး တာပါ” လို့ပြောပါတယ်။

ကျောင်းသားသပိတ်ကို အကြမ်းဖက်ဖြိုခွင်းခဲ့စဉ်မှာ ကျောင်းသားတွေနဲ့ သပိတ်ဝန်းရံပေးသူတွေ သာမက လက်ပံတန်း ဒေသခံတွေ လည်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာပါ။

နေအိမ်မှာဝင်ရောက်ဖမ်းဆီးခံခဲ့ရတဲ့ လက်ပံတန်းဒေသခံ ကိုအောင်သူရဲ့ မိခင် ဒေါ်အေးသောင်းက “သူက သူ့ရဲ့နှစ်မအိမ်ကိုသွားတာ။  အဲဒီနေ့ကျကာမှ အဲလို ကြီးကြီးမားမားနဲ့သွားတိုးသွားတာ။ တိုးတော့ သူကလည်း ကြောက်သွားပြီး သူ့ရဲ့ နှမအိမ်မှာဝင်ပြီးပုန်းတာပေါ့၊ အဲဒီအချိန်မှာ အနားမှာရှိတဲ့အိမ်တွေ အကုန်လုံးကို တံခါးပိတ်ခိုင်းထားတယ်၊ ရဲတွေကပေါ့နော်၊ တော်ကြာကျတော့ အကုန်လုံး တံခါးတွေ အတင်းဖွင့်ခိုင်းတယ်၊ ကလေးတွေက ကြောက်ပြီးတော့ ဖွင့်ပေးတော့ ကျမသားကို တွေ့သွားတာပေါ့။  အဲဒီမှာတင် ဖမ်းခေါ်သွားတာ အခုတော့ သာယာဝတီ အကျဉ်းစခန်းထဲမှာပေါ့။ အဒေါ်ပြောချင်တာက အခုလို အခက်အခဲဖြစ်တဲ့အချိန် သတင်းတွေကြည့်လိုက်တဲ့အခါမှာ သတင်းမီဒီယာတွေက သတင်းမီဒီယာတွေအတွက်ပဲ အရေးတယူ ဆွဲထုတ်သွားကြတယ်။  ကျောင်းသားကလည်း ကျောင်းသားဘက်ကဘဲ ဆွဲထုတ်သွားကြတယ်။ အဒေါ်တို့ အရပ်သားတွေဘက်က ဘယ်သူမှ ကယ်မယ့်သူမရှိဘူး”လို့ပြောပါတယ်။

ပဲခူးတိုင်းရဲတပ်ဖွဲ့ ရဲမှူးကြီး ဝင်းစိန်ကတော့ အမှုနဲ့ မပတ်သက်သူတွေ စိစစ်ပြီးပြန်လွှတ်ပေးမယ်လို့ ဒီဗွီဘီကိုပြောပါတယ်။

“တချို့လည်း လမ်းဘေးမှာရပ်ကြည့်ရင်းနဲ့ အဖမ်းခံရတဲ့ အထဲပါသွားတာရှိတယ်။ ဘုန်းကြီးကျောင်းတွေ ဘာတွေပေါ်မှာ ပစ္စည်းလေးဘာလေးတွေ သောက်စရာလေးတွေ လာလှူတာတို့ အဲလိုလူမျိုးတွေရှိတယ်။ နောက် သားသမီးတွေ လိုက်ခေါ်တဲ့ မိဘတွေရှိတယ်။ စသဖြင့် အမှုနဲ့ မပတ်သက်တဲ့လူတွေ စိစစ်ပြီးရင် ကျနော်တို့ အထက်ကို တင်ပြပြီးတော့ လွှတ်သင့်တဲ့သူကို လွှတ်ဦးမယ်။ ၀န်းရံတဲ့လူတွေထဲက နှစ်ပိုင်းကွဲသွားလိမ့်မယ်။ အာမခံ ပေးနိုင်တဲ့ အပိုင်းနဲ့ အာမခံ မပေးနိုင်တဲ့အပိုင်း၊ ပေးနိုင်တဲ့အပိုင်း ကျနော့် အာမခံနဲ့ လွတ်လာ နိုင်တယ်ပေါ့၊ အာမခံမပေးနိုင်တဲ့ အပိုင်းကျတော့ သူတို့လည်း နည်းနည်းပါးပါးတော့ ကျန်လိမ့် မယ်ထင်တယ်”လို့ပြောပါတယ်။

လက်ပံတန်းဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဖမ်းဆီးထိန်းသိမ်းခဲ့သူ ၁၂၇ ဦးရှိတယ်လို့ အစိုးရက ထုတ်ပြန်ထားပြီး  ကျောင်းသား ၂၇ ဦးနဲ့ သတင်းထောက် ၂ ဦးကို ပြန်လွှတ်ပေး ခဲ့ပြီးဖြစ်တယ်။

By ဒီဗွီဘီ


လက်မှတ်ခ ဈေးအနည်းဆုံးဖြစ် သည့် ရန်ကုန်မြို့ပတ်ရထား ရိုးရိုးတန်း အတွဲပေါ်တွင် အခြေခံလူတန်းစား ချွေးသံ တရွှဲရွှဲ အောက်ခြေ ဈေးသည်များ၏အသံ များက ဆူညံနေသည်။

တိုင်းပြည်တွင် ကျောင်းသားကိစ်္စ၊ မြေသိမ်းယာသိမ်းကိစ်္စ၊ အလုပ်သမားကိစ်္စ များအပါအ၀င် နိုင်ငံရေးအကျပ်အတည်း များနှင့် မငြိမ်မသက်ဖြစ်နေစေကာမူ ထိုသူ များအတွက်တော့ မိမိတို့၏နေအိမ်တွင် တနေ့စာအတွက် စားစရာရရှိရေးကသာ ပို၍ အရေးကြီးနေသည်။

တခါတရံတွင် ရထားလက်မှတ်စစ် အရာရှိများစစ်ဆေးသည့်အခါတွင်လည်း သတ်မှတ်သည့်ဒဏ်နှုန်းအတိုင်းပေးလျှော် သည့်ဈေးသည်များရှိသကဲ့သို့ရထားပေါ်မှ ခုန်ချပြေးလွားသည့် ဈေးသည်များလည်း ရှိသည်။

မီးရထားလမ်းကြောင်းကို အားကိုး ၍ လိမေ်္မ်ာသီးရောင်းပြီး ၀င်ငွေရှာဖွေနေရ သူ ကိုဇော်ဌေးက နေ့လယ်ပိုင်းဆိုရင် ဘူတာတွေမှာရောင်းတယ်။ ညနေပိုင်းမှ ရထားပေါ်တက်ရောင်းတယ်။ ရထားပေါ် မှာက ပိုပြီးရောင်းကောင်းတယ်။ ဒါပေမဲ့ တခါတလေ ရထားရဲကြောင့် ပစ်္စည်းတွေ ဆုံးရှုံးရတာတွေရှိတယ်။ ဟိုဘက်အတွဲမှာ ၀င်စစ်နေပြီလို့ အသံကြားရင် ဘူတာကို ရောက်လား၊ မရောက်လားမသိဘူး။ တွေ့ တဲ့နေရာမှာ အပေါက်ကနေခုန်ချရတာပဲ။ အဲ့ဒီတော့ ကိုးလိုးကန့်လန့်ဖြစ်နေတဲ့ ပစ်္စည်း တွေကျတော့ ဒီအတိုင်းပဲပစ်ချ လိုက်တာပဲ။ လွတ်ဖို့အရေးကြီးတယ်လေ။ လက်မှတ် စစ်က မိရင်တော့ ဒဏ်ငွေဆောင်ရတယ်”” ဟု ဆိုသည်။

သူကိုယ်၌မှာ အတန်းပညာအခြေခံ အဆင့်သာသင်ယူဖူးသော်လည်း သူ၏ သားသမီးများကိုမူ အထက်တန်းပညာကို သင်ယူခွင့်ရရှိဖို့ ဇနီးဖြစ်သူနှင့်အတူ လုံးပမ်း ကြိုးစားနေသူဖြစ်သည်။

““သမီးက ကိုးတန်းဖြေထားတယ်။ သားကတော့ ရှစ်တန်းပါ။ ကျွန်တော်က သူတို့ငယ်ငယ်ကတည်းက ဒီရထားပေါ်မှာ ပဲ ပရုပ်လုံးတို့၊ အပ်ခြည်တို့ စုံစီနဖာ ရောင်းခဲ့တာ။ ကလေးတွေက ငယ်ငယ် တုန်းကတော့လက်ခံတယ်။ ရထားပေါ်မှာ ဈေးရောင်းတာကို အရွယ်ရောက်လာလို့ လားတော့မသိဘူး။ ဒီအလုပ်ကနားပြီး တခြားအလုပ်လုပ်ဖို့ အမြဲတမ်းပြောတယ်။ ဒါပေမဲ့ ဒီအလုပ်ကို တသက်လုံးလုပ်လာ တာဆိုတော့ မစွန့်လွတ်နိုင်ဘူး။ သမာ အာဇီဝကျတဲ့အလုပ်ပဲ။ သူများပစ်္စည်းတွေ ကို ခိုးတာမှမဟုတ်တာ။ ဒီအလုပ်ကို ချက်ချင်းနားလိုက်ရင်လည်း မိသားစုရပ် တည်ဖို့ ခက်သွားမယ်။ မိန်းမက ဘူတာ မှာ အသုပ်ရောင်းတယ်””ဟု ကိုဇော်ဌေးက ပြောပြသည်။

အထူးတန်းလက်မှတ်ခမှာ နှစ်ရာ ကျပ်ဖြစ်သည့်အတွက် တော်ရုံအခြေခံလူ တန်းစားများအဖို့ မစီးနိုင်၊ ရိုးရိုးတန်းမှာမူ ငါးဆယ်ကျပ်သာဖြစ်သည့်အတွက်အောက် ခြေလူတန်းစားများအတွက် အံကိုက်ဖြစ် နေသဖြင့် ရိုးရိုးတန်းတွင် ပြည့်နှက်လျက် ရှိသည်။

ရထားပေါ်မှာ ၀မ်းစာအတွက် သက် ၀င်လှုပ်ရှားနေကြသည့် ဈေးသည်များ၏ သံဆာဆာ ဈေးရောင်းသံများကလည်း အောက်ခြေလူတန်းစားများအတွက် ဘ၀ ကို ပိုမိုလေးနက်စေသည်။ တော်ရုံဆိုင် များတွင် ငါးရားဖိုးသုံးခုရနိုင်သည့် စား သောက်ကုန်ပစ်္စည်းများအား ရထားပေါ် တွင်မူ သုံးရာဖိုးငါးခုရနိုင်သည်။ မည်သည့် အတွက်ကြောင့် ဈေးကွာဟနေသည်ကို တော့ မသိ။

ရထားပေါ်မှာ မိဘနှစ်ဦးလုံး ဈေး ရောင်းနေသည့်တိုင် မိသားစုကုန်ကျငွေ အတွက် မကာမိသဖြင့် ပညာသင်အရွယ် သားသမီးတွေကိုပင် ငွေရှာခိုင်းရန် စဉ်းစား နေသူ ဒေါ်အေးမာက ““ကျွန်မ ယောက်ျားက ဘဲဥပြုတ်နဲ့ ငုံးဥပြုတ် ရောင်းတယ်။ ကျွန်မက တို့ဖူးသုပ် ရောင်းတယ်။ နှစ်ယောက်ပေါင်းမှ လက်မှတ်တစောင်ပဲ ၀ယ်ပြီး ရထားပေါ်မှာ အလှည့်ကျရောင်း တယ်။ အိမ်မှာကျောင်းသားတွေက စာမေး ပွဲဖြေပြီးသွားတော့ သူတို့ကိုလည်း အလုပ် လုပ်ခိုင်းဖို့စဉ်းစားနေတယ်။ အောက်ခြေ လူတန်းစားတွေကြီးပဲစီးတာ။ အခြေခံစား သောက်ကုန်ပဲရောင်းတော့ အမြတ်နည်း တာပေါ့။ ဒါပေမဲ့လည်း မိသားစု ပုံမှန်စား သွားဖို့အတွက် ရောင်းနေရတာပဲ””ဟု ပြော သည်။

ရထားတွဲထိန်းတဦးက ““ရထား အတွဲတွေပေါ်မှာ ဈေးရောင်းခွင့်မပေးထား ဘူး။ ကုန်ပစ်္စည်းကိုတော့ တန်းကြေးဖြတ် ပြီး တင်ခွင့်ပေးတယ်။ ဈေးမရောင်းရဘူး လို့ သတ်မှတ်ထားရင်းနဲ့ ရောင်းတာတွေ့ ရင်တော့ လက်မှတ်စစ်တွေကပဲ ဒဏ် ကြေးသတ်မှတ်ပြီး ဒဏ်ငွေရိုက်တယ်။ ကုန်ပစ်္စည်းတင်တဲ့အခါမှာလည်း ရုံးချိန် တွေဖြစ်တဲ့ မနက် ၈ နာရီကနေ ၁၀ နာရီ အထိ။

ညနေ ၄ နာရီကနေ ၆ နာရီ အထိတော့ တင်ဆောင်ခွင့်မပေးထားဘူး”” ဟု ရထားပေါ်တွင် ဈေးရောင်းခွင့်မရှိ ကြောင်းနှင့်ပတ်သက်ပြီး ပြောပြသည်။

မြန်မာနိုင်ငံရှိ ရထားပေါ်မှအောက် ခြေဈေးသည်များ၏ ဘ၀တိုက်ပွဲသည် အပြောင်းအလဲတခုကို ဖော်ဆောင်နေ သော မြန်မာနိုင်ငံ၏ ဆောင်ရွက်ချက်များ မှ မပြောင်းလဲ၊ မတိုးတတ်နိုင်သေးသော ဆင်းရဲမွဲတေမှုအခန်းကဏ္ဍ၌ အချက်တခု အနေဖြင့် ယနေ့အထိ ကျန်ရှိနေသေး ကြောင်း တင်ပြအပ်ပါသည်။

နေမင်းခ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


မြန်မာနိုင်ငံမြောက်ပိုင်းက ကိုးကန့်ပြဿနာ နဲ့ ပတ်သက်ပြီး အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေ သီးခြားအစီအစဉ်နဲ့ ဆွေးနွေးဖို့ သဘောတူခဲ့ကြပါတယ်။ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေရဲ့ (၇) ကြိမ်မြောက် ညှိနှိုင်းဆွေးနွေးပွဲ တတိယနေ့ဖြစ်တဲ့ မနေ့က သဘောတူခဲ့ကြတာပါ။

ဆွေးနွေးပွဲ အဓိကအစီအစဉ်မှာ အပစ်အခတ်ရပ်စဲရေး သဘောတူမူကြမ်းက ထိပ်ဆုံးကို ရောက်နေတာကြောင့်တစ်ကြောင်း၊ ဆွေးနွေးပွဲမှာ နိုင်ငံတကာ သံတမန်တွေ ပါဝင်နေတာကတစ်ကြောင်းတို့ကြောင့် ကိုးကန့်ပြဿနာကို သီးခြားအစီအစဉ်နဲ့ ဆွေးနွေးဖို့အဆိုကို အစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UPWC က သဘောတူခဲ့တာ ဖြစ်တယ်လို့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့NCCT အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။

ဆွေးနွေးပွဲ ပထမဆုံးနေ့က ကိုးကန့်ပြဿနာ နဲ့ ကချင်အရေး ဆွေးနွေးခဲ့ကြပေမဲ့၊ အသေးစိတ်မသိရပါဘူး။

ဗိုလ်မှူးကြီး ခွန်ဥက္ကာ ကတော့ MNDAA ကိုးကန့်တပ်ဖွဲ့ကို ငြိမ်းချမ်းရေးဆွေးနွေးပွဲဆီ ခေါ်ယူဖို့ တိုက်တွန်းခဲ့ကြောင်း သိရပါတယ်။

ဒီအတွင်း လောက်ကိုင်မြို့အနီးမှာ အစိုးရစစ်တပ်နဲ့ ကိုးကန့်အဖွဲ့တို့ ဗုဒ္ဓဟူးနေ့က တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ရာမှာ အစိုးရတပ်ဖက်က လေကြောင်းပစ်ကူတွေနဲ့ တိုက်ခိုက်ခဲ့ပြီး၊ နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေရှိတယ်လို့  ကိုးကန့်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်း က ပြောပါတယ်။

"မနေ့ကဖြစ်တာက ခုတ်ထန်မှာ မနက်ကနေ ညနေအထိ၊ တိုက်လေယာဉ်က လေးစင်း၊ နှစ်စင်း တစ်ကြိမ်ပေါ့နော်၊ ရဟတ်ယာဉ်ကနှစ်စီး၊ လောလောဆယ်ကြားတာကတော့ သူတို့လေယာဉ်နဲ့ ဗုံးကြဲတဲ့နေရာမှာ ရွာထဲက အဆောက်အဦးတွေ ပျက်စီးသွားတယ်ပြောတယ်၊ ပြည်သူလူထု အသက်ဆုံးရှုံးမှုရှိလားတော့ ကျနော်လည်းမပြောတတ်သေးဘူး၊ ခုရက်ပိုင်းကတော့ တော်တော်လေးပြင်းထန်ပါတယ်"

ဒီအတောအတွင်းမှာပဲ တရုတ်ပိုင်နက်ထဲကို မြန်မာအစိုးရလေတပ်က ဗုံးတစ်လုံးကျရောက်ခဲ့လို့ သေဆုံးသွားတဲ့ တရုတ်နိုင်ငံသားတွေအတွက် တစ်ဦးကို အမေရိကန်ဒေါ်လာ ၁ သောင်း ၁ ထောင်ကျော် လျော်ကြေးပေးဖို့ ကမ်းလှမ်းခဲ့တယ်ဆိုတာ မဟုတ်မမှန်ကြောင်း နိုင်ငံတော်သမ္မတရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။ လောက်ကိုင်အနီးမှာ မနေ့က မနက်ပိုင်းအထိ တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ သိရပါတယ်။ အခုထိ နှစ်ဖက်အကျအဆုံး တစ်ရာကျော်ရှိနေပြီး၊ အများစုဟာ အစိုးရတပ်ဘက်ကဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese

ဦးရွှေမန်း (ဓာတ်ပုံ - ပြည်သူ့လွှတ်တော်)
ရခိုင်ပြည်နယ်မှာ အောင်တံခွန်သင်္ဘောနစ်မြုပ်ပြီး လူတွေသေဆုံးခဲ့ရမှုနဲ့ ပတ်သက်ပြီး အစိုးရအနေနဲ့ ပြည်သူတွေကို လိမ်ညာပြောဆိုတာ မပြုလုပ်ဖို့  ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွေမန်းက သတိပေးပြောကြားလိုက်ပါတယ်။

မတ်လ ၁၉ ရက်နေ့က ကျင်းပတဲ့  ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ   သင်္ဘောနစ်မြုပ်မှုနဲ့ ပတ်သက်ပြီး ပို့ဆောင်ရေး ဒုဝန်ကြီး ဦးဟန်စိန်က လာရောက်ရှင်းလင်းပြောဆိုခဲ့သလို ရခိုင်တိုင်းရင်းသား အမတ်တွေကလည်း ဝေဖန်ထောက်ပြဆွေးနွေးခဲ့ကြပြီးတဲ့နောက် လွှတ်တော်အကြီးအကဲက ပြောကြားလိုက်တာပါ။

သူရဦးရွှေမန်းက “ပြီးခဲ့တဲ့ အောင်တံခွန်နစ်မြုပ်ခြင်းကြောင့် အင်မတန်မှ တန်ကြေးရှိတဲ့ အသက်တွေဆုံးရှုံးသွားခဲ့ပြီ၊ ဒီလိုဆုံးရှုံးတာ ဖြစ်ရတာ ဘာကြောင့် အကြောင်းရင်း ဖော်ထုတ်နေတဲ့ ဒီလိုအချိန်အခါမျိုးမှာ အားလုံးတိတိကျကျမှန်မှန်ကန်ကန် ကိန်းဂဏန်း အချက်အလက်တွေ၊ သတင်းအချက်အလက်တွေ ရဖို့လိုပါတယ်။ ပြောမယ်ဆိုရင် လိမ်ညာပြောဆိုမှုတွေ မမှန်မကန်ပြောဆိုမှုတွေ ပြည်သူတွေမကြိုက်ဘူး၊ ရခိုင်တိုင်းရင်းသား တင်မဟုတ်ဘူး၊ ဘယ်တိုင်းရင်းသားပဲဖြစ်ဖြစ်၊ ဘယ်လူမျိုးဖြစ်ဖြစ် လိမ်ညာပြောဆိုနေတဲ့ဟာကို ဘယ်သူမှ မကြိုက်ဘူး။ အဖြစ်မှန် ဖော်ထုတ်တဲ့အခါမှာ အဖြစ်မှန်ကိုရရှိအောင် ဆောင်ရွက်သွားဖို့ ဆိုတဲ့ဟာ ဒီနေ့ဆွေးနွေးတဲ့အခါမှာရရှိတဲ့ သင်ခန်းစာပဲဖြစ်ပါတယ်

ရခိုင်တိုင်းရင်းသားကိုယ်စားလှယ်တွေကတော့ လူတွေရဲ့ အသက်ကို ဂရုမစိုက်ဘဲ ခရီးသည်တင်သင်္ဘာအဟောင်းနွမ်းတွေကို အနည်းငယ်ပြုပြင်ပြီး နှစ်ပေါင်းရှည်ကြာ အသုံးပြုနေမှု၊ ရေယာဉ်ပေါ်မှာ သင်္ဘောသားတွေက ၀န်ပိုတင်ဆောင်နေမှု၊  သင်္ဘော မထွက်ခင် စစ်ဆေးမှုတွေဆောင်ရွက်ဖို့ ပျက်ကွက်မှုနဲ့ အသက်ကယ်ပစ္စည်း ကိရိယာတွေ အလုံ အလောက်မရှိမှုတွေနဲ့ ပတ်သက်ပြီး ဝေဖန်ထောက်ပြဆွေးနွေးသွားခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၃ ရက်က  အောင်တံခွန်-၃ သင်္ဘောဟာ  တောင်ကုတ်ကနေ စစ်တွေ အသွား မြေပုံမြို့  အရှေ့တောင်ဘက် ငပသုန်ကျေးရွာအနီးမှာ နစ်မြုပ်ခဲ့တာပါ။

အဆိုပါ သင်္ဘော နစ်မြုပ်ရတဲ့အကြောင်းရင်းနဲ့  ပတ်သက်ပြီး အစိုးရက ရာသီဥတုဆိုးရွားလို့ သင်္ဘောဦးပိုင်းရေဝင်ကာ သင်္ဘောနစ်မြုပ်ရတာလို့ သတင်းထုတ်ပြန်တဲ့အပေါ် ရခိုင်တိုင်းရင်းသားအမတ်တွေက  မေးခွန်းထုတ်ခဲ့ကြပါတယ်။

ဒီဖြစ်စဉ်မှာ ခရီးသည် ၁၆၉ ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး မတ် ၁၇ ရက် စာရင်းအရ အမျိုးသား၊ အမျိုးသမီး ၆၁ ဦးရဲ့ ရုပ်အလောင်းတွေ ဆယ်ယူရရှိခဲ့တယ်လို့ အစိုးရက နောက်ဆုံး ထုတ်ပြန်ထားပေမယ့် သေဆုံးသူအရေအတွက် ဒီထက်ပိုများနိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းနေကြတာပါ။

အမျိုးသားလွှတ်တော်မှာလည်း မနေ့က ဒီကိစ္စဆွေးနွေးခဲ့ပြီး ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၀) လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းတင်က သင်္ဘောနစ်မြုပ်မှုကြောင့် အသက်တွေ သေဆုံးခဲ့ရမှုအတွက် ၀မ်းနည်းကြောင်းနဲ့ လျော်ကြေးပေးဖို့ကိစ္စတွေ ဆောင်ရွက်ဖို့ စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့စည်းပေးဖို့ အစိုးရကို တိုက်တွန်းကြောင်း အရေးအကြီး အဆိုတင်သွင်းခဲ့ပြီး  လွှတ်တော်က လက်ခံဆွေးနွေးဖို့ သဘောတူခဲ့ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no

လူသတ်မှု တရားခံလို့ စွပ်စွဲခံ ထားရသူ Eh Lar Doh Htoo
အမေရိကန်ပြည်ထောင်စု မြောက် ကယ်ရို လိုင်းနား ပြည်နယ်က မြန်မာ မိသား စုနေအိမ် မှာ ပြီးခဲ့တဲ့ ရက်ပိုင်း က ဖြစ်ခဲ့တဲ့ လူသတ်မှုနဲ့ ပတ်သက်ပြီး - တရားခံ လို့  စွပ်စွဲခံ ထားရသူကို မနေ့ ကြာသပတေးနေ့က စတင်ရုံးထုတ်ခဲ့ပါတယ်။ အသက် ၁၈ နှစ် အရွယ် ကရင်တိုင်းရင်းသား စောအဲလာဒိုထူးကို လူသတ်မှု ၃ မှု အပါအ၀င် တခြား စွဲချက်တွေနဲ့ တရားစွဲဆိုသွားမှာဖြစ်ပြီး၊ အပြစ်ရှိရင် တော့ - အမြင့်ဆုံး အပြစ်ဒဏ်ကို ကျခံရနိုင် မှာဖြစ်ပါတယ်။ လောလောဆယ် မှာတော့ သေဆုံး သွားသူတွေရဲ့ ရုပ်အလောင်းတွေကို ရဲတွေက စစ်ဆေးနေ ဆဲဖြစ်ပါတယ်။ အသေးစိတ်ကို မနန္ဒာချမ်းက တင်ပြထားပါတယ်။

မြောက်ကယ်ရိုလိုင်းနားပြည်နယ် နယူးဘန်းမြို့က ကရင်နီဒုက္ခသည် မိသားစုနေအိမ်မှာ မတ်လ ၁၇ ရက် အင်္ဂါနေ့ညက ဖြစ်ခဲ့တဲ့ လူသတ်မှုနဲ့ ပတ်သက်ပြီး တရားခံလို့ စွပ်စွဲခံထားရသူ အသက် ၁၈ နှစ်အရွယ် ကရင်တိုင်းရင်းသား စောအဲလာဒိုထူးကို ကြာသပတေးနေ့က စတင် ရုံးထုတ်ခဲ့ပြီး၊ သူ့ကို လူသတ်မှု ၃ မှု အပါအ၀င် လူသတ်ရန်ကြံစည်မှုဖြင့် အပြင်းအထန် နာကျင်စေမှု တို့နဲ့ တရားစွဲဆိုသွားမယ့် အကြောင်း တရားရုံးက အသိပေးခဲ့ပါတယ်။

အမှုတခုခြင်းစီအတွက် အများဆုံးခံရနိုင်တဲ့ ပြစ်ဒဏ်တွေကို လည်း စောအဲလာဒိုထူး ကို တရားရုံးတော်က ရှင်းပြခဲ့ပါတယ်။ တရားခံအဖြစ် စွပ်စွဲခံထားရသူ စောအဲလာဒိုထူး အနေနဲ့ အပြစ်ရှိတယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့ရင်တော့ - သူဟာ - အမြင့်ဆုံးပြစ်ဒဏ်တွေဖြစ်တဲ့ သေဒဏ် ဒါမှမဟုတ် လွတ်ရက်မရှိတဲ့ ထောင်ဒဏ်တသက်တကျွန်းအထိ ကျခံရမှာလည်းဖြစ်ပါတယ်။

လောလောဆယ်မှာတော့ ဒီအမှုအတွက် တရားရုံးက သူ့ကို အာမခံ မပေးပါဘူး။ အဲ့ဒီရုံးချိန်းကို - မိခင်ဖြစ်သူက သွားရောက်ခဲ့ပေမဲ့ - သားဖြစ်သူနဲ့တော့ မတွေ့ခဲ့ရဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့ မတ်လ ၁၇ ရက်နေ့က တရားခံအဖြစ် စွပ်စွဲခံ ထားရသူ စောအဲလာဒိုထူးဟာ သူ့ရဲ့အိမ်နီးချင်းဖြစ်တဲ့ ကရင်နီ ဒုက္ခသည် မိသားစုရဲ့ နေအိမ်ကိုသွားရောက်ခဲ့ပြီး၊ အသက် ၁ နှစ်၊ ၅ နှစ် နဲ့ ၁၂ နှစ်အရွယ် ညီအကို ၃ ယောက်ကို ဓားနဲ့ခုတ်သတ် ခဲ့တာ ဖြစ်ပါတယ်။

ကလေးတွေရဲ့မိခင်လည်း အခုတ်ခံခဲ့ရပေမဲ့ အသက်ဆုံးရှုံးမှုတော့ မဖြစ်ခဲ့ပါဘူး။ ဒါ့အပြင် အစ်မဖြစ်သူကလည်း အိမ်ပေါ်ကနေ ခုန်ဆင်း လွတ်မြောက်သွားခဲ့ပါတယ်။ အခင်းဖြစ်တဲ့ညကတော့ မိခင်နဲ့ အစ်မဖြစ်သူကို ဆေးရုံပို့ဆောင်ခဲ့ပေမဲ့ မစိုးရိမ်ရတော့ အတွက် အခုအခါ ဆေးရုံက ဆင်းခွင့်ပြု လိုက်ပြီး၊ လောလောဆယ် ဆွေမျိုး အိမ်တအိမ်မှာ နေ - နေတယ် လို့ သေဆုံးသွားသူတွေရဲ့ ဖခင်က ပြောပြပါတယ်။

လူသတ်တရားခံအဖြစ် စွပ်စွဲခံထားရသူ စောအဲလာဒိုထူးရဲ့ ဖခင်ကတော့ - သူ့သားဟာ မူးယစ်ဆေးစွဲနေပြီး၊ ဆေးဖြတ်နေချိန် အခုလို ဖြစ်သွားခဲ့တာလို့ ဗွီအိုအေကို ရှင်းပြပါတယ်။

"ဆေးသုံး ဆေးသောက်နေတဲ့အချိန်မှာကျတော့ အဲ့တာ ကိုယ်လည်းပဲ ပြောတာပေါ့နော်။ အဲ့ဒီလို မလုပ်နဲ့ နောက်ပြီးတော့ သူက ကျောင်း ထွက်ပြီးတော့ သူ အိမ်ထဲမှာပဲ နေနေတယ်လေ။ အပြင်လည်း မထွက်တော့ဘူး။ သူ အိမ်ခန်းထဲမှာပဲ သူ ဖြတ်မယ်ပေါ့နော်။ အဲ့တာကြောင့် သူဖြတ်မယ် ဆိုတော့လည်းပဲ သူအောက်တောင်မှ မဆင်းဘူး။ အိမ်ခန်းထဲမှာပဲ ထမင်းစားပြီးတော့ အိမ်ပေါ်မှာ သူပြန်တက်အိပ်နေတယ်။ ညရောက်တော့ မအိပ်တော့ဘူး။ ညရောက်တော့ သူက မအိပ်တော့ဘူး။ ညရောက်တော့ သူလျှောက်သွားနေတယ်။ သူ တခြားအိမ် မသွားဘူး။ သူများအိမ်တွေ ဘာတွေ မသွားဘူး။ ဟိုး ပင်လယ်နား မှာတို့၊ ရထားလမ်းတို့ ဘာတို့ သူလျှောက်သွားနေတယ်။ ကျနော်ပြောတာ ဒီလောက် ချမ်းနေတာ ဘာဖြစ်လို့ နင် လျှောက်သွားတာလဲ ။ သူပြောတာ ဘုရားသွားခိုင်းတာ ကျနော် သွားရတယ်တဲ့။ ဘုရား သွားခိုင်းလို့ မချမ်းဘူးတဲ့။ အဲ့တာကြောင့် ကျနော် အဲ့ဒီ့ကလေးဟာ ဦးနှောက် နည်းနည်း ထိခိုက်မှာပေါ့နော်။ အဲ့တာ ကျနော် ဆေးရုံမှာ သွားတယ်။ ဆေးရုံမှာသွားပြီးတော့ ဆေးကို ပေးသောက်တာပေါ့နော်။ ပေးသောက် ပြီးတော့ ဆေးက သူသောက်တာ တလပြည့်တာနဲ့ပဲ နောက်ရက် ဆေးသွားယူစားဖို့ အဲ့ဒီ့နေ့မှာပဲ သူ ဒီဟာပေါ်လာပြီးတော့ ဘယ်လိုဖြစ်တာလဲ မသိဘူး။ အဲ့တာကြောင့်။"

အသတ်ခံခဲ့ရတဲ့ ကလေး ၃ ယောက်ရဲ့ မိသားစုနဲ့ လူသတ်တရားခံအဖြစ် စွပ်စွဲခံထားရသူ စောအဲလာဒိုထူးရဲ့ မိသားစုဟာ အိမ်နီးချင်း မိသားစုသဖွယ် ရင်းနှီးကြပါတယ်။ နှစ်မိသားစုလုံးက အသားသွတ်စက်ရုံမှာ လုပ်ကိုင်နေကြသူတွေပါ။

ဖခင်နှစ်ယောက်က စက်ရုံကနေ အတူတူ ပြန်လာချိန်မှ အခင်းပြဿနာကို သိခဲ့တာဖြစ်ပြီး၊ သေဆုံးသွားသူတွေရဲ့ဖခင်ကတော့ တရားသဘောနဲ့ ဖြေသိမ့်နိုင်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။

" ကျနော်ကတော့ စိတ်မကောင်းဘူးပေါ့နော်။ ဒီဟာကို ဘယ်လိုပြောရမလဲ။ ဖြစ်သွားခဲ့တာ ကလေးရဲ့ ပါရမီလို့ပဲ ပြောရမှာပေါ့။ ကျနော်လည်း ပြောလည်း မပြောတတ်တော့ဘူး။ ကျနော့်အနေနဲ့ကတော့ သူ မီးခွက်ထွန်းလို့ ကျနော် မီးခွက်ပြန်မထွန်းပါဘူး။ ကျနော် ရေအေးအေးပဲ ပြန်လောင်းပေးဖို့ရှိပါတယ်။ ဟိုတနေ့ကလည်း သူ့အဖေတို့ သူ့သားသမီးတွေ ဒီမှာ လာလည်တယ်လေ။ လာလည်လို့ရမလားတဲ့။ လာလည်လို့ရပါတယ်။ ကျနော်ပြောတာ။ ပြဿနာ ဘာမှ မရှိပါဘူး။ လာလည်လို့ရပါတယ်လို့။ သူတို့ လာလည်ကြတယ် ဒီမှာ။ အေးအေးဆေးဆေးပါ။ ကျနော်တို့က ဘာမှ ပြဿနာ မရှိပါဘူး။  ဒါ ကလေးက ဖောက်သွားတဲ့ သဘောမျိုးပေါ့နော်။ သူ အသက်လည်းပြည့်ပြီဆိုတော့ သူ့အပြစ်နဲ့ သူ့ဘာသာသူ ခံပါစေပေါ့။ အမေမိဘတွေနဲ့ ကျန်တဲ့ သူ့ညီအကို မောင်နှမတွေ နဲ့တော့ ဘာမှတော့ မဆိုင်ဘူးပေါ့။ ကျနော်ပြောတယ်။ အဲ့လိုမျိုး ပုံစံမျိုးနဲ့ ကျနော် နားလည်မှု အများကြီး ပေးပါတယ်။ အမျိုးသမီးကတော့ သူ့သားသုံးယောက်စလုံးဆိုတော့ အထွေးဆုံးလေးလည်း ပါသွားတော့ စိတ်ထိခိုက်မှု နည်းနည်းတော့ ရှိတာပေါ့။"

လောလောဆယ် သေဆုံးသွားတဲ့ ကလေး ၃ ယောက်ရဲ့ အလောင်းကို ရဲတွေက စုံစမ်းစစ်ဆေးဖို့အတွက် ယူထားပြီး ဖခင်ဖြစ်သူကတော့ သူ့သားတွေရဲ့ အလောင်းတွေကို အခုထိ မမြင်တွေ့ရသေးဘူးလို့ ပြောပါတယ်။ ဒါ့အပြင် သူတို့နေအိမ်ကိုလည်း ရဲက ချိတ်ပိတ်ထားတဲ့အတွက် ဆွေမျိုးအိမ် တအိမ်မှာ နေထိုင်နေကြပါတယ်။

အလောင်းတွေကို ရဲက စစ်ဆေးပြီးသွားရင်တော့ မိသားစု ဘုရားကျောင်းရဲ့ အကူအညီနဲ့ သင်္ဂြီုလ်သွားမှာဖြစ်တယ်လို့ ကလေးတွေရဲ့ ဖခင်ဖြစ်သူက ဗွီအိုအေကို ပြောဆိုခဲ့ပါတယ်။

နန္ဒာချမ်း / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


တိုကျို ၊ ၂၀-၃-၂၀၁၅

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ အမေရိကန်သံရုံး ကို ဖုန်းမှတစ်ဆင့် ခြိမ်းခြောက်မှု ပြုလုပ်ခဲ့သည့် အမျိုးသား တစ်ဦးကို ယင်းနိုင်ငံရှိ ရဲတပ်ဖွဲ့က ယမန်နေ့တွင် ဖမ်းဆီး နိုင်ခဲ့ကြောင်း သိရသည်။

အိုကီနာဝါကျွန်း မှ မစ်ဆူယိုရှီ ကာမီယာ အမည်ရှိ အသက် ၅၂ နှစ်အရွယ် အမျိုးသားသည် အမေရိကန် သံရုံးကို မတ် ၅ ရက်မှ ၁၄ ရက်အတွင်း ခြိမ်းခြောက်မှု သုံးကြိမ် ပြုလုပ်ခဲ့ပြီး ယင်းသို့ ခြိမ်းခြောက် ခဲ့ရာတွင် တိုကျိုမြို့ရှိ သံရုံးကို သာမက နိုင်ငံတောင်ပိုင်း အိုကီနာဝါကျွန်း ပေါ်ရှိ အမေရိကန် အခြေစိုက် စခန်းကိုပါ ဗုံးခွဲ တိုက်ခိုက်မည်ဟု ခြိမ်းခြောက် ပြောကြား ခဲ့ကြောင်း တိုကျိုမြို့တော် ရဲတပ်ဖွဲ့၏ ပြောကြားချက် ကို ကိုးကား၍ ကျိုတို သတင်းဌာန က ဖော်ပြ ခဲ့သည်။

ဒေသတွင်း သတင်းဌာန များ၏ ဖော်ပြချက်အရ တိုကျိုမြို့ရှိ အမေရိကန် သံရုံးကို အမျိုးသား တစ်ဦးက အသက် အန္တရာယ် ကျရောက် စေမည့် ခြိမ်းခြောက်မှု များကို ပြုလုပ်ခဲ့ကြောင်း ဂျပန်နိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ် ကာရိုလိုင်း ကနေဒီ က ယခု သီတင်းပတ် အစောပိုင်းတွင် ပြောကြားခဲ့သည်။

အလားတူ အိုကီနာဝါကျွန်း ပေါ်ရှိ အမေရိကန် ကောင်စစ်ဝန်ရုံး တွင်လည်း ခြိမ်းခြောက်မှု များကို လက်ခံရရှိ ခဲ့ကြောင်း ကောင်စစ်ဝန်ရုံးမှ ကောင်စစ်ဝန်ချုပ် အယ်လ်ဖရက် မက်ဂ်လဘီ က ပြောကြား ခဲ့သည်ဟု သိရသည်။

PyiChitThar
http://www.pyichitthar.com


နေရောင်ခြည် စွမ်းအင် သုံးခြင်းရဲ့ အကျိုး ကျေးဇူးတွေကို လေယာဉ်မှူးတွေက ပညာပေး ရှင်းပြခဲ့
မတ်လ ၉ ရက်က UAE အာရပ် စော်ဘွား များ နိုင်ငံကနေ စတင် ပျံသန်းလာတဲ့ Solar impulse 2 နေရောင်ခြည် စွမ်းအင်သုံး အပေါ့စား လေယာဉ်ပျံဟာ အိန္ဒိယနိုင်ငံ ဗာရာဏသီ မြို့ကနေ တဆင့် မန္တလေးမြို့ လေဆိပ်ကို ကြာသပတေးနေ့ ညဦးပိုင်းက ဆိုက်ရောက်ခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့ မနက် အစောပိုင်း ၅ နာရီခွဲ လောက်က အိန္ဒိယနိုင်ငံ ဗာရာဏသီမြို့ကနေ လေယာဉ်မှူး Bertrand Piccard မောင်းလာ တဲ့ အဲဒီ လေယာဉ်ဟာ ည ၇နာရီခွဲလောက်မှာ မန္တလေး တံတားဦး လေဆိပ်ပေါ်မှာ ဝဲပျံ ပြခဲ့ပြီး ည ၈နာရီ ထိုးခါနီး ၅ မိနစ် အလိုမှာ ပြေးလမ်းပေါ် ဆင်းနိုင်ခဲ့ပါတယ်။

လေယာဉ် ကိုယ်ထည်ကို အပါးလွှာဆုံး တည်ဆောက် ထားပြီး ခရီးသည်တင် လေယာဉ်တွေလို ဝမ်းဗိုက် ကျယ်ကြီးနဲ့ လုပ်ထားတာ မဟုတ်ဘဲ လေယာဉ်မှူး တယောက်ထိုင်စာပဲ ခေါင်းပိုင်းအကျယ် ရှိကြောင်းနဲ့ တောင်ပံ ၂ဖက် အရှည်ကတော့ ပေ ၂၃၀ ကျော်လောက် ရှည်ပြီး နောက်မြီးပိုင်းက ကိုယ်ထည်ရဲ့ အပေါ်ဖက်ရော အောက်ဖက်မှာပါ ထွက်နေတာကိုတွေ့ရတယ်လို့ အဲဒီမှာ ကိုယ်တိုင် သွားရောက် သတင်းယူခဲ့တဲ့ ဘီဘီစီ သတင်းထောက် ကိုနေလင်းက ပြောပါတယ်။

လေယာဉ်မှူး Bertrand piccard က ပတ်ဝန်းကျင် ထိခိုက်မှု မရှိတဲ့ နည်းပညာတွေ၊ နေရောင်ခြည် စွမ်းအင်နဲ့ ထပ်ပြန်တလဲလဲသုံးလို့ ရတဲ့ စွမ်းအင်တွေကို သုံးတာဟာ တိုင်းပြည် တိုးတက်ဖို့ ဖြစ်သလို လူမှု ဆက်ဆံရေးနဲ့ ရေရှည် ငြိမ်းချမ်းရေးတွေ အတွက်လည်း အထောက်ကူ ပြုမယ့် အင်အားတွေ ဖြစ်တယ်လို့ လာရောက် ကြိုဆိုတဲ့ လူအုပ်ကြီးကို ပြောပြခဲ့ပါတယ်။

တဆက်တည်းမှာ မျိုးဆက်သစ်တွေကိုလည်း နေရောင်ခြည်နဲ့ ပတ်သက်တဲ့ ဆန်းသစ် တီထွင်မှုတွေ လုပ်လာဖို့ တွန်းအားတွေ ဖြစ်လာမှာပါလို့ ပြောသွားပါတယ်။

တွဲဖက် လေယာဉ်မှူး ဖြစ်တဲ့ Andre Borschberg ကတော့ မန္တလေး လေဆိပ်ကနေ အသင့်စောင့်ပြီး လေယာဉ်ဆင်းဖို့ ထိန်းသိမ်းဖို့တွေကို ကိုယ်တိုင် စီမံပေးခဲ့ပါတယ်။

ဆိုလာ လေယာဉ်ပျံ ဆိုက်ရောက်လာချိန်မှာ မန္တလေးတိုင်း ဝန်ကြီးချုပ်နဲ့ သမတရုံး ဝန်ကြီး ဦးစိုးသိန်းတို့ လာရောက် ကြိုဆို နှုတ်ဆက်ခဲ့သလို ဆွစ်ဇာလန် သံအမတ်ကြီးလည်း လာရောက် ကြိုဆိုခဲ့ပါတယ်။

ဆိုလာ လေယာဉ်ရဲ့ စုစုပေါင်း အလေးချိန်ဟာ ပိဿာ ၁၄၀ဝ ကျော်ဘဲရှိပြီး အမြင့်ပေ သောင်း၂ထောင်ကျော်မှာ တနာရီကို ကီလိုမီတာ ၇၀ နှုန်း မောင်းနိုင်တယ်လို့လည်း သိရပါတယ်။

Solar impulse 2 စထွက်ခဲ့ ကတည်းက ဆိုရင် မန္တလေးမြို့ဟာ ၄နေရာမြောက် ဆင်းတာ ဖြစ်ပြီး ဒီနောက်မှာ တရုတ်နိုင်ငံ ချုန်ကျင်းနဲ့ နန်ကျင်းကို ဆက်သွားပြီး အဲဒီကမှ တဆင့် အမေရိကန်၊ ဥရောပနဲ့ အာဖရိက နိုင်ငံတွေကို ပတ်ပြီး ပျံသန်းမှာ ဖြစ်တယ်လို့ သိရပါတယ်။

BBC Burmese
http://www.bbc.co.uk/burmese



ရှမ်းပြည် အရှေ့မြောက်ပိုင်း ပါစင်ကျော်မြို့အနီးတ၀ိုက်ကို ကိုးကန့်တပ်ဖွဲ့တွေကို အစိုးရတပ်တွေက အလုံးအရင်းနဲ့ ဒီကနေ့ ထိုးစစ်ဆင်နေ ပါတယ်။ တရုတ်နိုင်ငံက ကန့်ကွက်ထားတာကြောင့် ခေတ္တရပ်ဆိုင်းထားခဲ့တဲ့ အစိုးရရဲ့လေကြောင်း ထိုးစစ်တွေကိုလည်း ဒီရက်ပိုင်းထဲမှာ ပြန်စ လာပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

လောက်ကိုင်မြို့ရဲ့ အရှေ့တောင်ဖက် ပါစင်ကျော်နားမှာရှိတဲ့ ခုတ်ထန်ဒေသက ကိုးကန့်တပ်ဖွဲ့တွေကို မြန်မာ့တပ်မတော်က အလုံးအရင်းနဲ့ ဒီမနက်ပိုင်းမှာ ထိုးစစ်ဆင်တာဖြစ်တယ်လို့ ကိုးကန့်တပ်ဖွဲ့ MNDAA ပြောခွင့်ရသူ ဦးထွန်းမြတ်လင်းက ပြောပါတယ်။

"ဒီနေ့လည်း ခုတ်ထန်ဘက်မှာတော့ တော်တော်ပြင်းထန်ပါတယ်။ မနက်ကိုးနာရီခွဲလောက် ကနေစပြီးတော့ လ က်နက်ကြီးနဲ့ပစ်တယ်။ ပြီးတော့ကြည်းတပ်တွေ ထိုးတယ်ပေါ့။ တော်တော်ပြင်းထန်ပါတယ်။ လူအင်အားတွေ တော်တော်သုံးလာတယ်။ ခုတ်ထန်ဘက်ကို တိုက်တာက တစ်ထောင်လောက်ကို သုံးပါတယ်။ မနေ့ကရယ်။ တနေ့ကရယ်။ နောက် တမြန်နေ့ကရယ်။ တစ်ထောင်လောက်ကို သုံးပါတယ်။ နောက် လက်နက်ကြီးလည်း ပိုပစ်လာတယ်။

ဒီကနေ့ တိုက်ပွဲတွေနဲ့ ပတ်သက်လို့ နှစ်ဖက်တပ်က ကျဆုံးထိခိုက် ဒဏ်ရာရတဲ့ စာရင်း ခုထိ ထုန်ပြန်တာမျိုးတော့ မရှိသေးပါဘူး။ ဒီအတော အတွင်း အထူးဒေသ(၂) ဦးစိုင်းလင် ထိန်းချုပ်တဲ့ မိုင်းလားမြို့မှာ ကိုးကန့်ခေါင်းဆောင်တွေ ခိုအောင်းနေ တာကြောင့် တြိဂံတိုင်း စစ်ဌာနချုပ် အစိုးရ သံချပ်ကာအမြှောက်ကား ၁၀ စီးလောက် မိုင်းလားမြို့ဖက်ကို ဦးတည်နေတဲ့ သတင်းတွေလည်း ထွက်ပေါ်နေတာပါ။ ဒါနဲ့ပတ်သက်လို့ ကိုးကန့်တပ်ဖွဲ့က ငြင်းဆိုကြောင်း ဦးထွန်းမြတ်လင်း က ပြောပါတယ်။

"ကျနော်တို့ အဲ့ဒီ့ဘက်မှာ မရှိပါဘူး။ ကိုးကန့်တပ်ဖွဲ့က မိုင်းယန်းဘက်ကို သွားပြီး ဘာလုပ်မှာလဲဗျ။ မြို့သိမ်းဖို့ဆိုလည်း မဟုတ်ပါဘူး။ ကျနော်တို့ ကိုယ့်မြို့ကိုယ်ပြန် လာတာ။ ကိုယ့်အိမ်ကိုယ်ပြန်လာတာပါ။ ကျနော်ကြားတာက တြိဂံတိုင်း တိုင်းမှူးက ပြီးခဲ့တဲ့ တလောတုန်းကလည်း တာပင်တံတားဆိုတာ ရှိတယ်။ အထူး(၄) မိုင်းလားနဲ့ နယ်စပ်ပေါ့နော်။ အဲ့ဒီ့နေရာကိုလည်း သူလွှတ်ဖူးပါတယ်။ သံချပ်ကာ ကား။ ဒါပေမဲ့ မဆန်းပါဘူး။ သူအဲ့လိုပဲ ခဏ ခဏ သွားတာပဲ။ သံချပ်ကားတို့ အမြှောက်ကားတို့။"

မြန်မာစစ်တပ်က ကိုးကန့်တိုက်ဖွဲ့တွေကို လိုက်လံတိုက်ခိုက် စဉ်မှာ လေယာဉ်တင် လက်နက်ကျည်တွေ တရုတ်နယ်စပ်ဖက်ကျော်ပြီး တရုတ် နိုင်ငံသားတချို့ သေဆုံး သွားတာကြောင့် တရုတ် အစိုးရက ကန့်ကွက်ထားပါတယ်။ အဲဒီလို သတိပေးမှုနောက်ပိုင်း မြန်မာ စစ်တပ်က လေကြောင်း ထိုးစစ်တွေ ခေတ္တ ရပ်ဆိုင်း သွားပေမယ့် ဒီ ၂ရက် ၃ရက်အတွင်း အစိုးရဖက်က လေကြောင်း ထိုးစစ်တွေ ပြန်စ လာတယ်လို့ MNDAA ပြောခွင့်ရသူ ဦးထွန်းမြတ်လင်းက ပြောပါတယ်။

"အဲ့ဒီ့ လောက်ကွာကျိုင်းဖက်တို့ သူတို့ လေယာဉ်ကို ထုတ်သုံးပါတယ်။ ဖိုက်တာ လေးစီးနဲ့ ဟယ်လီကော်ပတာပေါ့နော်။ နှစ်စီး။ သူတို့က လေယာဉ်နဲ့ ဗုံးကြဲမယ်။ ပြီးရင် သူက လက်နက်ကြီးနဲ့ပစ်မယ်။ ကျနော်ကြားတာကတော့ မနေ့တုန်းက ကျနော်တို့ဘက်က လေးယောက် အနည်းအကျဉ်း ဒဏ်ရာရတယ်လို့ ကြားပါတယ်။ အတိအကျတော့ ကျနော် မသိရသေးဘူးဗျ။ "

မတ်လ ၁၈ မနေ့တုန်းကတော့ လော်ကွာကျိုင်း စီအောနဲ့ ပါစင်ကျော်ဖက်မှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေမှာတော့ ကိုးကန့်တပ်ဖက်က ၃ ဦးသေဆုံး သလို ၊ တပ်မတော်ဖက်က စစ်သည် ၁၃ ဦးသေဆုံးပြီး ၊ ၂၈ ဦးဒဏ်ရာရတယ်လို့ မြန်မာစစ်တပ်ရဲ့ ထုတ်ပြန်ချက် မှာ ဖေါ်ပြထား ပါတယ်။ လောက်ကိုင်မြို့ အမှတ် ၁ ရပ်ကွက်ကို ရဲတပ်ဖွဲ့က ရှာဖွေရာမှာ အမျိုးသား ၁၆ ဦးနဲ့အတူ မူးယစ်ဆေးဝါးတွေ သိမ်းဆည်းမိခဲ့တယ်လို့ ဖေါ်ပြ ထားပါတယ်။

VOA
ကိုဉာဏ်ဝင်းအောင်
http://burmese.voanews.com/content/kokhant-tension/2686946.html

ဓါတ်ပုံ- ကျရှုံးမြန်မာစစ်သားများနှင့် ကိုးကန့်တပ်မှ သိမ်းဆည်းခံရ ပစ္စည်းများ (Photo:
http://blog.sina.cn )
မတ်ခ်ျ ၁၉ ရက် ၂၀၁၅

သျှမ်းပြည်မြောက်ပိုင်း ကိုးကန့်ဒေသ အတွင်း မြန်မာ အစိုးရ တပ်မတော် နှင့် ဖုန်ကြားရှင်းတို့ ဦးဆောင်သည့် ကိုးကန့်တပ်ဖွဲ့ တို့ အကြား တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားမှုကြောင့် အစိုးရ တပ်မတော်ဘက် ထိခိုက်ကျဆုံးမှု များပြားသည်ဟု ဆိုသည်။

မတ်ခ်ျ ၁၆ ရက်နေ့ မှစ၍ ယနေ့အထိ အစိုးရတပ်မတော် တပ်မ ၆၆ ၊ ၁၁ နှင့် ဖုန်ကြားရှင်း ဦးဆောင်သည့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့အကြား တိုက်ပွဲများ အပြင်းအထန်ဆက်တိုက်ဖြစ်ပွားနေသေးသည်ဟု ဆိုသည်။

“ကျနော်တို့က ခံစစ်။ တက်လာတော့ပစ်ခတ်ခံရတယ်။ တိုက်ပွဲသဘောသဘာဝဘဲ။ အခု ထပ်လာ တာက တပ်မ ၆၆။ သူတို့နဲ့ဖြစ်နေတာ ၃ - ၄ ရက်ရှိပြီ။ သတင်းစာမျက်နှာ ပျံ့နေတဲ့ ဓါတ်ပုံတွေက တပ်မ ၁၁ ရဲ့ပုံတွေ။ အဲဒါက လောက်ကိုင် ပတ်ဝန်းကျင်မှာ ဖြစ်တဲ့တိုက်ပွဲတွေ” - ဟု MNDAA ပြောရေးဆိုခွင့် ထွန်းမြတ်လင်းကပြောသည်။

တပ်မ ၁၁ လက်အောက်ခံ ရဲဘော် ကေဒါ စစ်သည်များ သေကြေဒဏ်ရာရရှိမှု ၁၅၀ ကျော်ရှိကြောင်း၊ အစိုးရတပ်မတော်များထံမှ လက်နက်နှင့် စစ်သည်အလောင်း အများအပြား ရရှိခဲ့ကြောင်း ကိုးကန့်တပ်ဖွဲ့က ပြောသည်။

အဆိုပါသေဆုံးမှုများ သီးခြားအတည်ပြုချက်မရသေးသော်လည်း အစိုးရတပ်မတော်ဘက် ကျဆုံးမှုများအား http://blog.sina.cn တရုတ်ဘာသာ ဘလောက်သတင်းစာမျက်နှာတွင်ဖော်ပြထားသည်ကိုတွေ့ရသည်။

တနင်္လာနေ့ အစိုးရ ထုတ်ပြန်ကြေငြာချက်တွင်မူ ကုန်းကြမ်းမြို့နယ် တိုက်ပွဲ၌ အစိုးရ တပ်ဘက် ၃ ဦး ကျဆုံးပြီး ၄ ဦးဒဏ်ရာရှိသည်ဟု ဆိုသည်။ ဖေဖေါ်ဝါရီ ၉ ရက်နေ့ စတင်လာသည့် ကိုးကန့်တိုက်ပွဲသည် တလကျော်ပြီဖြစ်သော်လည်း တိုက်ပွဲအဆုံးသတ်နိုင်ခြင်းမရှိသေးပေ။

သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese

မြင်ကွင်း (၁)
.
“စိတ်မပူနဲ့. . .”
.
တစ်ချက်သာလှည့်ကြည့်ပြောပြီး ချာခနဲ လှည့်ထွက်သွားတဲ့ မဖြိုးဖြိုးအောင်ရဲ့ ဟိုမှာဘက်ဆီက မျက်ဝန်းမှာ မျက်ရည်စတွေပဲ ဝဲနေမလား။ နှုတ်ခမ်းအလွှာကို ဒေါသနဲ့ ဖိကိုက်ထားမလားဆိုတာ ကာယကံရှင်သာ သိနိုင်ပါလိမ့်မယ်။

“သမီး . . . သမီးရေ . . . ဖြိုးဖြိုးအောင် အမေတို့ရှိတယ်နော် . . .” ဆိုတဲ့ မိခင်ရဲ့ အားပေးစကားကို ရဲမေတွေက တရားရုံးထဲကနေ အချုပ်ကားဆီ ခေါ်ဆောင်သွားချိန်မှာ လက်ထိတ်ခတ်ခံထားရတဲ့ ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူသမီးက သူ့ မိခင်ကို လှမ်းပြောလိုက်တဲ့ တစ်ခွန်းတည်းသော အဖြေစကား။
.
လက်နက်ကိုင် လုံခြုံရေးရဲတွေ ပိတ်ဆို့တားဆီးထားတဲ့ တရားရုံးခြံစည်းရိုးအပြင်ကနေ အရှေ့အနောက် ဘယ်ညာ လူးလာခေါက်တုံ့သွားနေရင်း သမီးဖြစ်သူ ပါ မပါ ရှာနေတဲ့ မိခင်ဖြစ်သူတစ်ယောက်။

သမီးကို တွေ့လိုက်တဲ့အခါ ဝမ်းသာအားရ လှမ်းအော် အားပေးနေရှာတဲ့ သံမဏိမိခင်တစ်ယောက်နဲ့ ဖမ်းဆီးခံထားရတဲ့ သမီးဖြစ်သူတို့ရဲ့ မြင်ကွင်းက တခြားမြင်ဖူးနေကျ တရားရုံးမြင်ကွင်းတွေနဲ့ များစွာကွာခြားနေပါတယ်။

အားလုံးကိုယ်စီမှာ အခြေခံလူ့အခွင့်အရေး ရပိုင်ခွင့်တွေရှိတယ်ဆိုတာ ဒီနေရာမှာ တကယ်ရော ဟုတ်ရဲ့လား . . .။
.
မြင်ကွင်း (၂)
.
“မင်းသွေးသစ် . . . . . မင်းသွေးသစ်ရေ ဒီမှာ မင်းအမေ ရောက်လာပြီ ”
.
“ မင်းသွေးသစ်ရေ . . . မင်းသွေးသစ် . . . မင်းသွေးသစ်ပါလား . . . ပါရင် လက်မ ထောင်ပြပါ ”
.
လက်ပံတန်းတရားရုံး ခြံစည်းရိုးအပြင်ကနေ တရားရုံးထဲမှာ ရပ်ထားတဲ့ အချုပ်ကား ခပ်နွမ်းနွမ်းဆီကို မနီလာသိန်း (၈၈ ငြိမ်းပွင့်) နဲ့ တရားရုံးအပြင်မှာ ရှိနေသူအချို့က လှမ်းအော်ပေမယ့် အတွင်းက တုံ့ပြန်နိုင်မှုက အားရစရာမရှိ။

ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်တဲ့ မင်းသွေးသစ်ရဲ့မိခင်ကတော့ စက္ကန့်ပိုင်းအတွင်းမှာပင် နှလုံးခုန်နှုန်းထက် ပိုမြန်တဲ့ အကြည့်စူးစူးတွေနဲ့ သူ့သားကို ရှာဖွေနေတဲ့ မြင်ကွင်းက စိတ်ဓာတ်မာကျောတဲ့ သံမဏိမိခင်တစ်ယောက်ဆိုတာ ယုံမှားသံသယ ရှိစရာမလို။

အဟန့်အတားတွေရှိနေပြီ၊ တုံ့ပြန်ဖို့ ခက်ခဲနေပြီဆိုတာ အချုပ်ကားပေါ်က နှေးကွေးတဲ့ လှုပ်ရှားမှု၊ အချုပ်ကား သံတိုင်ကြား က အချက်ပြဖို့ခက်နေတဲ့ လက်အစုံအချို့က အဖြေပေးနေတယ်။

အထဲကလူတွေ တုံ့ပြန်ဖို့ခက်နေပေမယ့် အပြင်ကလူတွေရဲ့ ဇွဲကောင်းကောင်းနဲ့ ဟစ်အော်နေမှုတွေက ဖမ်းဆီးခံထားရသူတွေအတွက် အားအင်တွေ ဖြစ်စေတာတော့ အသေအချာပင်။
.
“အခုအချိန်မှာ သူတို့ ဘာမှ ပြန်မတုံ့ပြန်နိုင်ကြပေမယ့် ကိုယ်တွေရှိနေတယ်ဆိုတာ သူတို့သိဖို့၊ အားမငယ်စေဖို့ပါ ”လို့ အဖမ်းခံထားရတဲ့ မိသားစုဝင်တစ်ယောက်က ပြောပါတယ်။
.
ရုပ်ခန္ဓာနဲ့ ရုပ်ဝတ္ထုပစ္စည်းတွေကိုသာ ဟန့်တား၊ သိမ်းဆည်း၊ ဖမ်းဆီးလို့ရမယ်။
.
စိတ်ဓာတ်မာကျောမှုနဲ့ မေတ္တာတရားတွေကိုတော့ တားဆီးလို့လည်း မရဘူး၊ ဖမ်းဆီးထောင်ချလို့လည်း မရနိုင်ပါဘူး . . .။
.
မြင်ကွင်း (၃)
.
“ဟော . . . ဟော .. . ဟိုမှာ အချုပ်ကားပေါ်ကနေ မိန်းကလေးတွေကို ရဲမေတစ်ယောက်စီနဲ့ တရားရုံးထဲကို ခေါ်သွားပြီ”
.
“လက်ထိတ်တွေခတ်ထားတယ် . . . ပလတ်စတစ်ကြိုးတွေနဲ့ ချည်ထားတာပဲ “တရားရုံးထဲမှာ ရပ်ထားတဲ့ အချုပ်ကားနှစ်စီးအနက် တစ်စီးပေါ်က မိန်းကလေးငယ်အချို့ ဆင်းလာတာ ဖြစ်ပါတယ်။

ကလေးသာသာ ကျောင်းသူလေးတွေရဲ့မျက်နှာက စိုးရိမ်ထိတ်လန့်နေပုံ မပေါ်။

ဒါပေမဲ့ ရင်ထဲမှာ မျိုသိပ်ထားရတာတွေ၊ မကျေနပ်ချက်များစွာ ထွေးပိုက်ထားရတယ်ဆိုတာ သူတို့ရဲ့ဟန်ပန်တွေကို ကြည့်ရင် သိသာစေပါတယ်။

၁ဝ မိနစ်ခြားစီခန့် အလှည့်ကျ ရုံးထုတ်နေတာပါ။
.
မတ် ၁ဝ ရက်က ဖမ်းထားတာဖြစ်လို့ ဥပဒေအရ ၂၄ နာရီထက် ကျော်လွန်ဖမ်းဆီးထားဖို့ မဖြစ်နိုင်တဲ့အခြေအနေမှာ သူတို့ကို ပုဒ်မ-၅ဝ၅(ခ)လို နိုင်ငံတော်မတည်ငြိမ်အောင် သတင်းထုတ်ပြန် ကောလာဟလထုတ်ပြီး အစိုးရကို ပုတ်ခတ်၊ ဆန့်ကျင်လာအောင် လှုံ့ဆော်သည့်သူကို အရေးယူသည့် အပါအဝင် ပုဒ်မငါးခုနဲ့ တရားစွဲပြီး ချုပ်ရက်ရမန် ယူတာဖြစ်ပါတယ်။
.
လက်ပံတန်းတရားရုံးအပြင်မှာတော့ ဖမ်းဆီးခံထားရသူအချို့ရဲ့ မိခင်၊ ဖခင်တွေ မိသားစုဝင်တွေ၊ မီဒီယာတွေ၊ လာရောက် စောင့်ကြည့်နေတဲ့ ဒေသခံတွေနဲ့ မစည်ကားအပ်တဲ့အရပ်မှာ စည်ကားနေတယ်။

အရေအတွက် အများဆုံးရှိနေတာကတော့ လက်နက်ကိုင်ဆောင်ထားတဲ့ တပ်ဖွဲ့ဝင်အပါအဝင် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေပါပဲ။

တရားရုံးထဲကို ဝင်ခွင့်မရသလို တရားရုံးအပေါက်ဝကိုလည်း လက်နက်ကိုင်ရဲတပ်ဖွဲ့ဝင်တွေက လူတံတိုင်းသဖွယ် အဆင့်ဆင့် ကာရံတားဆီးထားပါတယ်။

ဝမ်းနည်းဒေါသဖြစ်နေတဲ့ မိသားစုဝင်တွေနားမှာ လက်နက်ကိုင်ဆောင် တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ဖွဲ့ဝင်အချို့ရဲ့ မျက်နှာတွေ မာကျောမနေတာ သတိပြုမိတယ်။

အချို့ မျက်လွှာတွေ အောက်ချထားတယ်။

ကိုယ်ချင်းစာစိတ်ရှိတဲ့ လူသားမှန်ရင်၊ ခံစားတတ်တဲ့ နှလုံးသားရှိရင် ဘယ်ဟာဓမ္မ၊ ဘယ်ဟာအဓမ္မ၊ ဘယ်ဟာက တရားပြီး ဘာတွေက မတရားမှုတွေဆိုတာ သိနိုင်ပါတယ်။
.
မြင်ကွင်း (၄)
.
“ဟိုမှာ . . . ဟိုမှာ . . . အောင်မှိုင်းဆန်း ”
.
“ကိုအောင်မှိုင်းဆန်း . . . ကိုအောင် မှိုင်းဆန်း . . . အဆင်ပြေလား . . .”
.
“ဟာ . . . ဘယ်လိုဖြစ်တာလဲ ယုတ်မာလိုက်တာကွာ”
.
“အစ်ကိုရေ ဟိုရဲသားအစ်ကိုတွေ နည်းနည်းဖယ်ပေးပါ လားဗျာ”
.
“ဒီနားကနေပဲ လှမ်းရိုက်လို့ရလို့ပါ လုပ်ပါ ဖယ်ပေးပါလားဗျာ ”
.
“တောက် . . . ယုတ်မာလိုက်တာကွာ... ဘာမှမဟုတ်တာတွေ လျှောက်လုပ်နေတယ် ကလေးဆန်လိုက်တာ ”
.
တရားရုံးအပြင် ခြံစည်းရိုးနားကနေ သတင်းဓာတ်ပုံ ရိုက်ကူးသူတွေ၊ ရုပ်သံမှတ်တမ်းတင်သူတွေ၊ ရုံးထုတ်တဲ့အခါမှာ ကိုယ့်လူတွေ ပါ မပါ လာရောက်စောင့်ဆိုင်းကြသူတွေအားလုံး စိတ်တို ဒေါသထွက်ကုန်တယ်။
.
လက်ပံတန်းတရားရုံးအပြင်က စောင့်ဆိုင်းသူတွေအဖို့ များပြားလှတဲ့ လုံခြုံရေးအတားအဆီးတွေကြားမှာ ရုံးထုတ်လာသူတွေကို လှမ်းမြင်ရဖို့ အကောင်းဆုံးတစ်နေရာပဲ ရှိပါတယ်။

တရားရုံးထောင့် လျှောက်လမ်းကော်ရစ်တာကို အပြင်ကနေ ဘေးတိုက် လှမ်းမြင်နေရတာပါ။

ခါးတစ်ဝက်စာ အုတ်ပေါင် ကာထားတာကလွဲလို့ ကျန်တဲ့နေရာက လွတ်နေလို့ အချုပ်ကားပေါ်ကနေ ဆင်းပြီး တရားရုံးထဲကို အဲဒီလျှောက်လမ်းကနေ ဝင်တာကို ကောင်းကောင်းမြင်ရတဲ့ နေရာပါ။

အားလုံးက အဲဒီနေရာလေးကိုပဲ သတိထား စောင့်ကြည့်ရတာ။

ဒါပေမဲ့ မထင်မှတ်ဘဲ ရဲတပ်သား ငါးယောက်လောက်က စောစောက ကော်ရစ်တာ အုတ်ပေါင်ပေါ် မတ်တတ်ရပ်ပြီး ကာလိုက်တော့ လှမ်းမြင်ရဖို့ ခက်သွားပြီ။

အဲဒီနေရာမှာ မတ်တပ်ရပ်ဖို့ ညွှန်ကြားလိုက်တဲ့ ရဲအရာရှိကြီးကတော့ သာမန် တာဝန်တစ်ခုကို ထမ်းဆောင်ဖို့ အမိန့်ပေးခဲ့သူအလား သူ့မျက်နှာက အေးစက်နေတယ်။

နောက်ဆုံးတော့ စောင့်ကြည့်နေသူအချို့ဟာ အဲဒီကာထားတဲ့ ရဲတပ်သားတွေရဲ့ ခြေထောက်တွေကြားထဲကပဲ မြင်ရသလောက် ကြည့်နေရတာပေါ့။

တရားမျှတမှုဆိုတာ ဒါလား . . .။

မြင်ကွင်း (၅)

“အဆင်ပြေကြလား . . . ”

“ဘယ်သူတွေ ဘာဖြစ်သေးလဲ”

“ကျန်တဲ့သူတွေ ရော . . . ”

“အခုအခြေအနေမှာ ပြောချင်တာတွေရှိလား .. . ” တရားရုံးထဲမှာ ပုဒ်ထီး ပုဒ်မတွေ တပ်၊ ပြီးတော့ ရမန်ယူကာ အချုပ်ကားပေါ် ပြန်တင်။ အပြင်က လာစောင့်သူတွေကို ပြန်အသံမပြုဖို့၊ လက်ဟန်ပြန်မပြဖို့ ဟန့်တားတာတွေနဲ့အတူ ညနေ ၅ နာရီလောက်မှာ သာယာဝတီထောင်ကို ပြန်ထွက်ခွာတဲ့ အချုပ်ကားပေါ်က အဖမ်းခံထားရသူတွေကို တစ်ယောက်တစ်ပေါက် ဝိုင်းမေးနေကြတာပါ။ မျက်နှာနဲ့ ဦးခေါင်းမှာ ဒဏ်ရာပတ်တီးတွေနဲ့သူတွေ၊ ခံစားချက်ပြင်းထန်နေတဲ့ မျက်ဝန်းအစုံ ပိုင်ရှင်တွေက တရားရုံးထဲကနေ အမြန်မောင်းပြီး လူအုပ်နဲ့ဝေးရာကို ဒေါသတကြီး ရုန်းထွက်နေတဲ့ အချုပ်ကားပေါ်ကနေ “ကျွန်တော်တို့ လူ့အခွင့်အရေးတွေ ချိုးဖောက်ခံနေရပါတယ်” “ကျွန်တော်တို့ လူ့အခွင့်အရေးတွေ ချိုးဖောက်ခံနေရပါတယ်”လို့ ဆို့နင့် အက်ကွဲသံတွေနဲ့ တညီတညွတ်တည်း အော်ပြောသွားကြတယ်။ အမျိုးသမီးတွေပါတဲ့ အချုပ်ကားကတော့ ဘာမှထူးထူးခြားခြား အသံမပြုခဲ့ဘူး။ ဒါပေမဲ့ တိတ်ဆိတ်ခြင်းရဲ့ အသံဟာလည်း မတရားမှုတွေ ခံပြင်းဒေါသတွေကို ကိုယ်စားပြုနေတယ်လို့ အလိုလို ခံစားရနိုင်တယ်။
လာရောက်သူအချို့ မျက်ရည်တွေနဲ့ နှုတ်ဆက်လို့ မဆုံးခင်မှာဘဲ ရဲတပ်ဖွဲ့ဝင်များစွာကို တင်ဆောင်ထားတဲ့ ကားကြီးတွေကြားက အချုပ်ကားအိုကြီး နှစ်စီးက မြင်ကွင်းထဲက ဖြည်းဖြည်းချင်း ပျောက်သွားတယ်။ အပြာရောင် အစက်အပျောက်လေးလို ဟိုးအဝေးကို။ အပြာရောင်ဟာ ငြိမ်းချမ်းခြင်းကို ကိုယ်စားပြုသတဲ့လား။ အခုတော့ အပြာရောင်အချုပ်ကားတွေကတော့ ပူလောင်ခြင်းတွေကိုပဲ ချန်ရစ်ခဲ့လေတယ် . . .။

မြင်ကွင်း (၆)

“ဒကာကြီးတို့ ဖြစ်နိုင်ရင် ဒီဘုန်းကြီးကျောင်းကနေ ပြန်ထွက်ပေးပါ”

ပင်မကျောင်းသားသပိတ် ရပ်နားစဉ်က ကျောင်းသားများ နားခိုခဲ့ရာ အောင်မြေဗိမာန် ဘုန်းကြီးကျောင်းမှ သံဃာတစ်ပါးက မိန့်ကြားလာတာပါ။ ဘုန်းကြီးကျောင်းပြင်ပမှာလည်း လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ရှိနေတယ်။ ဘုန်းကြီးကျောင်းအပေါ်ထပ်မှာတော့ ပင်မသပိတ်စစ်ကြောင်းကို ဝန်းရံခဲ့သော သံဃာတော် ဦးနန္ဒသာရအပါအဝင် ထိန်းသိမ်းထားသော သံဃာ ၁ဝ ပါးကို နေရပ်ပြန်ပို့ဖို့ တာဝန်ရှိသူအချို့ စီစဉ်ပေးနေချိန်ပါ။

ဘုန်းကြီးကျောင်းဝင်းထဲမှာ ဖမ်းဆီးခံလိုက်ရတဲ့ ကျောင်းသားတွေရဲ့ ကျန်ရစ်ပစ္စည်းတွေ တစ်နေရာတည်းမှာ စုပုံထားတယ်။ စုတ်ပြဲနေတဲ့ ခွပ်ဒေါင်းတံဆိပ်ပါ လက်ပတ်တွေ၊ ခမောက်တွေ၊ အဝတ်အစားတွေ၊ အိတ်တွေ။

ကျောင်းသားတွေ နေထိုင်ခဲ့တဲ့ ကျောင်းဆောင်ထဲမှာလည်း ဖမ်းဆီးခံလိုက်ရတဲ့ ကျောင်းသားတွေရဲ့ ပစ္စည်းတွေက ကြက်ဝင်ယက်ပြီး၊ ခွေးဆွဲထားတဲ့ အမှိုက်ပုံတွေလို မွစာကြဲနေတယ်။

အားနာစိတ်၊ တစ်ဖက်ကလည်း စိုးရိမ်စိတ်နဲ့ ကျောင်းထဲက ပြန်ထွက်စေချင်လို့ လာပြောတဲ့ ဦးဇင်းကို နှုတ်ဆက်လျှောက်ထားပြီး လာရာလမ်းအတိုင်း ပြန်ထွက်ခဲ့ကြတယ်။

ပြင်ပမှာတော့ ရဲလုံခြုံရေးတွေက ရှိနေဆဲ။ ကျွန်းကလေး အနောက်ဘက်ကမ်း တန် ၂၅ဝ ဆန်စက်လမ်းပေါ်က အဲဒီ တန် ၂၅ဝ ဆန်စက်ဝင်းထဲမှာ လုံခြုံရေးရဲတပ်ဖွဲ့တွေ ခေတ္တစခန်းချထားတာ တွေ့ရတယ်။ လက်ပံတန်းဆေးရုံအနား စိုက်ခြံလို့ခေါ်တဲ့ ဝင်းထဲမှာလည်း အဲဒီလိုပဲ တပ်ဖွဲ့ဝင်တွေ ရှိနေတယ်။

လက်ပံတန်းမြို့ကတော့ မတ်လရဲ့ နေရောင်အောက်မှာ ပူလောင်မှုတွေ ပေါင်းစုံခိုအောင်းနေလို့ . . .။

မြင်ကွင်း (၇)

တိတိကျကျ ကြိုတင်မသိရှိရပေမယ့် မတ် ၁၁ ရက် ညနေပိုင်းက လက်ပံတန်းတရားရုံးမှာ ဖမ်းထားသူတွေကို ရုံးထုတ်ခဲ့တယ်။ ဖမ်းထားတာက ၁၂ဝ ကျော်၊ ရုံးထုတ်တာက အချုပ်ကားနှစ်စီး။ ယောက်ျားလေး ၄ဝ ဝန်းကျင်၊ မိန်းကလေး ၂ဝ ဝန်းကျင်၊ စုစုပေါင်း ၆ဝ ဝန်းကျင်ဆိုတော့ ကျန်တဲ့သူတွေ ဘယ်လိုဆိုတာ ဆက်စောင့်နေကြတယ်။ ဒါပေမဲ့ ည နေ ၆ နာရီ ကျော်လာချိန်မှာတော့ တရားရုံးချိန်လည်း ကျော်လွန်နေတာကြောင့် ဘယ်သူမှ တိတိကျကျမေးမြန်းလို့ မရတဲ့အတွက် လက်ပံတန်းတရားရုံးနား စောင့်နေသူတွေ ကျဲပါးသွားတယ်။

ည ၇ နာရီကျော်ချိန်မှာတော့ မှောင်မိုက်နေတဲ့ လက်ပံတန်း ညချမ်းဟာ ရဲကားတွေ အချုပ်ကားတွေနဲ့ ရုတ်ခြည်း လှုပ်လှုပ်ခတ်ခတ် ပြန်ဖြစ်သွားတယ်။ သတိနဲ့ စောင့်နေကြတဲ့ အဖမ်းခံထားရသူတွေရဲ့ မိသားစုဝင်တွေ မီဒီယာသမားတွေအားလုံး အချုပ်ကား၊ ရဲကားတွေနဲ့အပြိုင် လက်ပံတန်းတရားရုံးရှေ့ ပြန်ရောက်လာကြတယ်။ ဒီတစ်ကြိမ်တော့ ညနေပိုင်း ရုံးထုတ်ချိန်လောက် မလွယ်တော့။ လုံခြုံရေးအင်အား ပိုများသလို တရားရုံးခြံစည်းရိုးနားကိုပင် ကပ်ခွင့်မပေး။ အဆင့်ဆင့် တားဆီးထားပြီး တရားရုံးရှေ့ လမ်းမပေါ်အထိ အတန်းလိုက် ရဲလုံခြုံရေး ယူထားတယ်။ ညအမှောင်ရယ်၊ အကွာအဝေး ပိုလှမ်းတာရယ်ကြောင့် လာစောင့်သူတွေကို ပိုအခက်တွေ့စေတယ်။ မနီလာသိန်း၊ မင်းသွေးသစ်မိခင်၊ ဖြိုးဖြိုးအောင်မိခင်တို့နဲ့ အခြားမိသားစုဝင်တွေရဲ့ ဇွဲ၊ စိတ်ဓာတ်ကိုတော့ အဲဒီအရာတွေက မတားဆီးနိုင်။ အပြင်ကနေ အချုပ်ကားရှိရာကိုလှမ်းအော်ပြီး ရောက်ရှိနေကြောင်း အားမငယ်ဖို့ လှမ်းအော်နေကြဆဲ။

ဒီတစ်ကြိမ် ရုံးထုတ်တာက ညနေထက် ပိုကြာတယ်။ အချိန်တစ်နာရီလောက် ကြာပြီး ည ၉ နာရီဝန်းကျင်မှာ အချုပ်ကားတွေ ပြန်ထွက်ခွာတယ်။

ထုံးစံအတိုင်း အချုပ်ကားတွေ ပြန်အထွက်မှာ ဝိုင်းအော် မေးမြန်းဖို့၊ အားပေးဖို့၊ ကြိုးစားသူတွေ အခက်တွေ့အောင် တရားရုံးရှေ့ လမ်းတစ်လျှောက် ရဲလုံခြုံရေးအင်အား ပိုတိုးထားတယ်။ အရေးပေါ်အချက်ပြမီးနဲ့ ဟွန်းတွေ အဆက်မပြတ်တီးပြီး အရှိန်နဲ့ ထွက်ခွာတယ်။ ဇွဲမလျှော့တဲ့ မင်းသွေးသစ် မိခင်၊ မနီလာသိန်းတို့အဖွဲ့နဲ့ မီဒီယာတွေက အချုပ်ကားတွေနဲ့အပြိုင် ရအောင်လိုက်ကြတယ်။

နောက်ဆုံးမှာ ဟွန်းသံ၊ ကားစက်သံ၊ လုံခြုံရေးအချက်ပြသံတွေ ဆူညံနေတဲ့ ကြားထဲ အချုပ်ကားပေါ်မှ အဖမ်းခံထားရသူတွေ အော်ပြောသွားတာက “ကျွန်တော်တို့ကို ပြည်သူတွေ ဝန်းရံပေးကြပါ”တဲ့ . . .။

မြင်ကွင်းများရဲ့ အဆုံး

သမိုင်းဆိုတာ ဖျောက်ဖျက်ဖို့ ကြိုးစားသူတွေကြောင့် ပျောက်ပျက်နိုင်တယ်ဆိုပေမယ့် အမှန်တရားကိုတော့ ဖယ်ရှားလို့ မရပါဘူး။ မတ်လ ၁ဝ ရက် လက်ပံတန်း အကြမ်းဖက်ဖြိုခွင်းမှုဖြစ်စဉ်ဟာ သမိုင်းတွင်သွားပါပြီ။

ဒီဖြစ်စဉ်အပေါ် အမြင်အမျိုးမျိုး အယူအဆအမျိုးမျိုး ရှိနေနိုင်ပေမယ့် ဒီမြင်ကွင်းတွေလိုမျိုး အခြေအနေမှန်တွေကို တွေ့မြင်ခွင့်ရကြမယ်ဆိုရင် ဘာတွေထပ်ပြောကြမလဲ သိချင်နေမိပါတယ်။

ဒီကနေ့အဖြစ်အပျက်တွေဟာ နောင်တစ်ချိန်မှာ သမိုင်းမှတ်တမ်းတွေ ဖြစ်ကုန်တယ်ဆိုတာ မေ့မထားကြစေချင်ပါဘူး။

လက်ပံတန်းမှာ ကျောင်းသားတွေကို မြင်အောင်ကြည့်ပေးပါ . . .။
Writer:
ဝေဖြိုး
-Eleven media group
မတ် ၁၁ ရက် ည ၉ နာရီ ၀န်းကျင်ခန့်က လက်ပံတန်းတရားရုံးမှ သာယာဝတီထောင်သို့ ပြန်လည်ထွက်ခွာသွားသော ဖမ်းဆီးခံကျောင်းသားများပါဝင်သည့် အချုပ်ကားအား နှုတ်ဆက်နေသူများနှင့် တွေ့ရစဉ်

(၁)

ကိုးကန့်အဖွဲ့နှင့် မြန်မာ့တပ်မတော်တိုက်ပွဲသည်..၊
မြန်မာစစ်တပ်မှ အငိုက်ဖမ်းခံရသည်ဟုမည်မျှပင်ဆိုသော်လဲ
ကိုးကန့်အဖွဲ့မှ မြန်မာတပ်များအားတိုက်ခိုက်မည်ကို..
မတိုက်ခိုက်မီ နှစ်လကျော်ခန့်ကတည်းက
တရုတ်သတင်းစာများမှနေ၍
ဖုန်ကြားရှင်၏ ပါးစပ်မှ ကြေငြာခဲ့ပြီးဖြစ်သည်...၊

ထိုအချိန်တွင် မြန်မာ့တပ်မတော်ဘာလုပ်နေသနည်း..၊

ထည့်တွက်စရာမလိုဘူး..ဟုထင်မြင်နေသလော.၊
ဒါမှမဟုတ် ဒေသလုံခြုံရေးအတွက် စိတ်ချနေသလော..၊
ဒါမှမဟုတ် ဒေသခံများအား စည်းရုံးနိုင်သည်ဟုယူဆနေသလော..၊
ဒါမှမဟုတ် မဖြစ်နိုင်ဟု ယူဆနေသလော...
ကာယကံရှင်များသာသိမည်ဖြစ်သည်..၊

ကိုးကန့်အဖွဲ့..မှလောက်ကိုင်ရှိမြန်မာစစ်ဌာနချုပ်အထိ
ဝင်ရောက်တိုက်ခိုက်လာသည့်အခါကျမှ ကမန်းကတန်း..
တပ်ကူများစေလွှတ်ရသည့်အနေအထားဖြစ်လာသည်..
သို့သော် ကိုးကန့်လက်နက်ကိုင်များစွာက စိမ့်ဝင်ခဲ့ပြီးဖြစ်လေသည်။

အဲဒီအခါကျမှ..
သတင်းစာရှင်းလင်းပွဲများလည်း ထလုပ်ပြီးရှင်းလင်းရပြန်သည်..၊
တရုတ်ကြေးစားတပ်များပါဝင်နေသည်ဟုပြောပြန်သည်၊
UWSA ၀..အဖွဲ့မှထုတ်လုပ်သော တရုတ်ပုံစံ လက်နက်များနှင့်
တိုက်ခိုက်သည်ဟုပြောပြန်သည်၊
UWSA ၀. အဖွဲ့မှ ပါဝင်တိုက်ခိုက်ပေးသည်
ဟုလည်း သတင်းများထွက်ပေါ်လာပြန်သည်..၊
မြန်မာစစ်တပ်မှ ဒုဗိုလ်ချုပ်ကြီးအဆင့်ရှိသူမှ
ပြောဆိုခြင်းဖြစ်ပါသည်..၊

ကိုယ့်တပ်မတော် စစ်တိုက်စွမ်းရည်ကျဆင်းနေသည်ကို..
သူများက..ထောက်ပြမှာစိုး၍ဖြစ်စဉ်ကို ပုံကြီးချဲ့သည်ပဲပြောပြော ..၊
အမှန်တကယ်ပါဝင်ပတ်သက်ခဲ့သည်ပဲဆိုဆို...
မြန်မာအစိုးရသည် ထိုအချိန်ကတည်းက တရုတ်နိုင်ငံနှင့်..
UWSA ၀...အဖွဲ့များကို ခိုင်မာသောအထောက်အထားများကို
ဖေါ်ပြပြီး တရားဝင်ကန့်ကွက်သင့်ကကန့်ကွက်ရပါမည်..၊
ဝ...အဖွဲ့ကို ရာဇသံပေးသင့်က ပေးရပါမည်..၊

အဘယ့်ကြောင့် ထိုသို့မလုပ်ခဲ့သနည်း ....၊

-----------------------------

(၂)

ရှင်းပါသည်...၊

တရုတ်စစ်တပ်ကို မပြောနှင့်..
တရုတ်ထောက်ပံ့မှုကိုအပြည့်အ၀ရရှိထားပြီး...
တိုက်ခိုက်ရေးအင်အား (၅) သောင်းကျော်နှင့်..
နိုင်ငံငယ်တစ်ခု၏ တပ်မတော်ငယ်တစ်ခုလို..
လက်နက်စက်ရုံများ၊ လေယာဉ်ပစ်ဒုံးကျည်များ...၊
တိုက်ခိုက်ရေးရဟတ်ယာဉ်များရရှိထားပြီးဖြစ်သည့်အပြင်..
မြန်မာ့အချုပ်အခြာအာဏာပိုင်နယ်မြေအတွင်းတွင်..
အခိုင်အမာခြေကုတ်ယူထားပြီးဖြစ်သော...
UWSA အဖွဲ့ကို ဘယ်လိုတိုက်မည်ဆိုသည်ကို...
မြန်မာ့တပ်မတော်ဗိုလ်ချုပ်ကြီးများ ဦးနှောက်စားနေမည်မှာ
သေချာသလောက်ပင်ဖြစ်ပါသည်..၊

လက်ရှိတိုက်နေသော ကိုးကန့်အဖွဲ့အင်အားထောင်ကျော်ကို..
တပ်မ လေးငါးခုမက သုံးစွဲတိုက်ခိုက်နေရသည်ပင်..
သူတင်ကိုယ်တင် အဆင့်သာရှိသည်..၊

ဝင်ရောက်စိမ့်ဝင်လျှက်ရှိပြီးဖြစ်သည့်..
ကိုးကန့်လက်နက်ကိုင်အဖွဲ့များကို
မနည်းပြန်ရှင်းထုတ်မည့်အချိန်ကာလနှင့်
ပေးဆပ်ရမည့် တပ်မတော်သားတို့၏
အသက်များစွာရှိဦးမည်ဖြစ်သည်၊

ထိုအခြေအနေမျိုးဖြစ်နေချိန်..
ဝ...အဖွဲ့နှင့်တိုက်မည် ဆိုပါက..
သတ်မှတ်အင်အားမပြည့်သော ..
တပ်မ ဘယ်နှစ်မ သုံးနိုင်မည်နည်း..၊
တပ်မပေါင်း လေးငါးဆယ်မက သုံးစွဲမှ အဆင်ပြေမည့်
အနေအထားဖြစ်ပါသည်...၊
ထိုတပ်များများ ရှိသည်ထားအုံး..
ထိုတပ်မများအတွက် အနောက်က Support ပေးဖို့.
မည်သို့လုပ်ကြမည်နည်း..၊
မည်သည့်အင်အား၊ ပစ္စည်း၊ ထောက်ပံ့မှုများကို
အသုံးချမည်နည်း...၊

အပြတ်ပြောရလျှင်..
မြန်မာ့တပ်မတော်သည်..
UWSA ကိုတိုက်ခိုက်ရန်အတွက်..
စစ်တိုက်မည့်အင်အား..များနှင့်..
အနောက်မှ Support ပေးမည့်အင်အားအပါဝင်..
စုပေါင်းအင်အား သိန်းဏန်းခန့်အသုံးပြုရမည်ဖြစ်ပါသည်..၊

ဖြစ်နိုင်မဖြစ်နိုင် စဉ်းစားစေလိုပါသည်..၊
ဘယ်တော့မှမဖြစ်နိုင်ပါ..၊

တစ်ချိန်တုန်းက ထိုင်းနယ်စပ်တွင် ယိုးဒယားတပ်အား
မြန်မာ့တပ်မတော်မှ ၀င်တိုက်လို့မရသဖြင့် ၀အဖွဲ့များမှ
ဝင်တိုက်ပေးရသည်ကို ကြည့်ရင်..
ဝ..အဖွဲ့၏ တိုက်ရည်ခိုက်ရည်ကို သိနိုင်ပေသည်၊
ဒါသည် သမိုင်းအမှန်ပင်ဖြစ်ပါသည်..၊

ထို့ကြောင့် ထို့ကြောင့်
သတင်းစာရှင်းလင်းပွဲတွင်ပြောဆိုခဲ့သော..
UWSA အဖွဲ့မှပါဝင်ပတ်သက်သည်ဆိုသော..
တရုတ်ပါဝင်ပတ်သက်သည်ဆိုသော..
စွပ်စွဲချက်များသည်..
ထုံးစံအတိုင်း...အဖျားရှုးသွားပါသည်..

တရုတ်ပါဝင်ပတ်သက်နေသည့်ကိစ္စတိုင်းသည်..
အဖျားရှူးသွားတာချည်းဖြစ်သည်ကို..
စစ်အရေခွံလဲ အစိုးရကာလတစ်ခုလုံး တွင်..
အတွေ့အကြုံရသင့်ပါသည်..။

-----------------------------

(၃)

အခုလဲ တစ်ပူပေါ်တစ်ပူဆင့်ဆိုသလို..
တရုတ်မြေပေါ်ကို ဗုံးမှားကြဲမိသဖြင့်..
တရုတ်အစိုးနှင့် တရုတ်စစ်တပ်မှ..
မြန်မာအစိုးရနှင့် စစ်တပ်အား..
ဗြောင်ကျကျ ရာဇသံပေးသည်ကို..
ပြည်သူများ စိတ်မချမ်းမြေ့ဖွယ်ကြားသိနေရပေသည်..၊

မြန်မာစစ်လော်ဘီတို့ခမြာ....
တစ်ဘက်ကလဲ.... မြန်မာပြည်သူများကို..
မြန်မာစစ်တပ် မဖြစ်နိုင်ကြောင်း လိမ်လည်ဝါဒဖြန့်ပြပြီး..
တစ်ဘက်ကလဲ....တရုတ်ကို လျှော်ကြေးပေးခြင်း
တောင်းပန်ခြင်းတို့ကို..
ကမြောသောပါး သွားလုပ်နေကြပေသည်..၊

စိတ်ထား ဘယ်လောက်အထိမမှန်သလဲ..
ဘယ်လောက်အထိ နိမ့်ကျသလဲ..ဆိုတာကို
လေ့လာကြည့်နိုင်ပါသည်..၊

ကိုယ်မလုပ်ပါက..
လျော်ကြေးမပေးယုံမက..
တောင်းပန်စရာပင်လိုမည်မထင်ပေ..၊
အဖြေက ထွက်နေပြီဖြစ်သည်..

လိမ်လည်ဝါဒဖြန့်သူအချို့မှာ..
ဖင်ပိတ်ငြင်းနေဆဲဖြစ်သည်ကိုလဲ..
သနားစဖွယ်တွေ့မြင်နေရပါသည်..၊

ဆင်ခြင်တွေးခေါ်နိုင်စွမ်းသင်းသတ်ခံရသော..
ဖွတ်လော်ဘီများပေတည်း..

-------------------------------

(၄)

ထိုသို့ တရုတ်နှင့် လိပ်ခဲတည်း ဖြစ်နေချိန်တွင်..
သတိထားစရာတစ်ချက်ပေါ်လာပါသည်..၊

KIA ကချင်လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များကို..
သမ္မတ၊ ဒုသမ္မတနှင့် ကာချုပ်များမှတွေ့ဆုံခဲ့ခြင်းပေတည်း..

ထို့နောက် အေအိုင်အေနှင့် အစိုရတို့..၊
အလျင်အမြန်..နားလည်မှုများယူခဲ့ကြပြန်သည်..၊

တရုတ်ရာဇမာန် ပြင်းထန်နေသောအချိန်တွင်..
ကေအိုင်အေအဖွဲ့အားတွေ့ဆုံခြင်းသည်..
စစ်ရေးအခြေအနေအရ ကိုးကန့်ကိုတိုက်နေချိန်တွင်..
ကေအိုင်အေကို..ဆိတ်ဆိတ်နေစေလိုသော..
ရည်ရွယ်ချက်များစွာရှိပုံရပါသည်..၊

တစ်ဘက်ကလဲ ကေအိုင်အေနယ်မြေများကို...
မျက်စေ့ကျနေသော ခရိုနီကြီးများကလဲ ရှိနေပေသည်..၊
သူတို့တွေနဲ့ အပေးအယူများလဲ ရှိနေပါသည်..၊

ခရိုနီတစ်ယောက်ရဲ့ ဖိအား..ဘယ်လောက်ရှိသည်ကို..
စစ်သားငယ်များ နားလည်သေးပုံမရချေ..

အံကြိတ်ကာ တိုက်ပွဲသံပေးနေကြဆဲပင်..

ဒါ့အပြင် ကေအိုင်အေနယ်မြေအတွင်းဖြတ်သန်းသွားသော..
တရုတ်၏ ဓာတ်ငွေ့ပိုက်လိုင်းကိစ္စကလဲ ရှိနေပေသည်..၊

နလပိန်းတုန်း..စစ်လော်ဘီများကို ..
အသိအမြင်တစ်ခုဖွင့်ပေးလိုသည်ကတော့..

မကြာတော့မည့်အချိန်တွင်..
ကေအိုင်အေကို မုန်းတီးသည့်အသံ တဖြည်းဖြည်း
ပျောက်ကွယ်သွားတော့မည်ဖြစ်သည်..

အစိုးရမီဒီယာများတွင်...
ကေအိုင်အေ အကြမ်းဖက်သောင်းကျန်းသူဟူသော..
အသုံးအနှုန်းများလဲ..မနေ့တစ်နေ့ကမှစ၍...
ပျောက်ကွယ်သွားခဲ့သည်ကို..သတိပြုမိစေချင်သည်..၊

အေအိုင်အေ တိုက်ပွဲများတွေ....
ကျဆုံးဒဏ်ရာရခဲ့သူများသည်..၊
ပေးဆပ်ရတာနှင့် ထိုက်တန်မှုရှိမရှိ...
ပြန်လေ့လာစေလိုပါသည်..၊

လိုတစ်မျိုးလိုတစ်မျိုး အစိုးရလက်ထက်တွင်..
ကျဆုံးဒဏ်ရာရခြင်းသည်..
ဂုဏ်ယူစရာ ဟု..ဘယ်သူပြောသနည်း..?

ကိုယ့်ဘ၀ ကိုယ် နားလည်စေချင်ပါသည်.။

-----------------------------------

(၅)

ဘာပဲပြောပြော...

တရုတ်ကြီးက ဟောက်စားလုပ်နေသည်မှာ..
ကမ္ဘာသိဖြစ်ပါသည်။

နွားခြေရာခွက်ထဲမှ မြန်မာ့စစ်လော်ဘီအချို့လဲ...
အသံသာထွက်နိုင်သည်..၊
အဆံမထွက်သည်ကိုတွေ့နေရပါသည်..၊

တရုတ်က ကြိမ်မောင်းနေချိန်တွင်..
အစိုးရလော်ဘီများက မူကြီးငါးချက်ကိုပြပြီး..
အတင်းမျက်နှာချိုသွေးသည်မှာ..
ရုပ်ပျက်လွန်းပါသည်..၊

အောက်ခြေမှ ၀ါးရင်းတုတ်ကိုင်ကာ
တက်သိမ်းရန်ပြင်ဆင်နေသော..
ဖွတ်ပေါက်စများ၏ မျက်နှာကိုပင်မထောက်နိုင်ပဲ..
ဘဘများက ချက်ချင်း တောင်းပန်ကြပေသည်..၊

ကိုယ့်ပြည်သူများကို ထင်သလိုနှိပ်ကွပ်၊
လက်လွန်ခြေလွန်လုပ်ခဲ့ကြပြီး..
တာဝန်မယူခဲ့ကြလေသမျှ...
တရုတ်နှင့်တွေ့တော့မှ..
အကုန်ကွဲတော့သည်..၊

ကွဲရုံတင်မက..

ယွမ် သန်းရာနဲ့ချီလျော်ပေးရအုံးမည်..
မြန်မာစစ်တပ်မှ တပ်မမှူးများပြုတ်ကြအုံးမည်..
လေတပ်မှလဲ မည်သူများပြုတ်အုံးမည်မသိချေ..၊
အလျော်အစားကြီးမားလှသော တရုတ်ပေတည်း..၊

--------------------------------

(၆)

ဒီကြားထဲ အမိုက်အမဲများက..
စစ်တိုက်ချင်နေကြပြန်သေးသည်..

စစ်တိုက်ချင်နေကြသော အမိုက်အမဲများကို..
ပြောချင်သည်က..

တရုတ်နှင့်အရင် စစ်မတိုက်ခင်..

ဘဘများနှင့်ဆက်စပ်လုပ်ကိုင်လျှက်ရှိသော
တရုတ်စီးပွားရေးလုပ်ငန်းများ၊ တရုတ်ကုမ္မဏီများကို..
အရင် ရှင်းထုတ်စေချင်ပါသည်၊

တရုတ်ထံမှအသေအလဲချေးထားသော
ဒေါ်လာသန်းထောင်ချီတဲ့အကြွေးများအား..
မာန်မာန ထားကာ အမြန်ပြန်ဆပ်ခိုင်းစေလိုပါသည်..၊

တရုတ်နှင့်ပေါင်းစားလျှက်ရှိသော...
အမျိုးသားသစ္စာဖေါက်အာဏာပိုင်များကို..
အရင် ဝေဘန်စေချင်ပါသည်..၊

လက်ပတောင်း ၊ တကောင်းတောင်စသော..
တရုတ်ဓာတ်ငွေ့ပိုက်လိုင်း၊ ကျောက်ဖြူရေနက်ဆိပ်ကမ်း..
တရုတ်စီမံကိန်းများကို အရင်ကန့်ကွက်စေချင်ပါသည်၊

တရုတ်နိုင်ငံတွင်းတွင်ရှိသော...
အာဏာရှင်များ၏ အိမ်တော်များကို..
အရင်ဖေါ်ထုတ်စေချင်သည်..၊

တရုတ်ကုမ္မဏီများနှင့် JV လုပ်ကိုင်လျှက်ရှိသော..
ဘဘသားသမီးဆွေမျိုးများ၏ ကုမ္မဏီများကို..
အရင် ဝေဘန်စေချင်ပါသည်၊

တရုတ်ကို ကန့်ကွက်သဖြင့်...
သေဆုံးခဲ့ကြရရှာသော..
နှိပ်စက်ခံခဲ့ကြရရှာသော..၊
ဖမ်းဆီးထောင်ချခဲ့ကြရရှာသော..
မြန်မာပြည်လူမျိုးစစ်စစ်များအတွက်
အရင်တောင်းဆိုပေးစေလိုပါသည်၊

ထိုသို့ လုပ်ရဲကြပါသလား..လို့
မေးလိုပါသည်၊

ကိုယ့်ကိုယ်တွင်းတွင်ရှိသော..
သွေးပုတ်သွေးညစ်တို့ကိုဖေါက်ထုတ်နိုင်မှသာ..

မိမိသွေးရဲကြောင့် ပြလို့ရမည်ဖြစ်ပါသည်...၊

-----------------------------

(၇)

ဘာပဲပြောပြော...

တရုတ်မြန်မာ ဆက်ဆံရေးရေချိန်အပေါ်မူတည်၍..

မည်သည့်ခဲနောက်သို့..
လိုက်ရမှန်းမသိသော...
ဖွယ်ကြီးဖွတ်ငယ်များကိုကြည့်ပြီး.

သံဝေဂ ရမိပါသည်၊

အတွေးတစ်ခုပေါ်လာသည်ကတော့..

အင်အားကြီးနှစ်နိုင်ငံကြားရောက်နေသော..
ကျွန်တော်တို့၏ နိုင်ငံအတွက်..

အင်အားကြီးနိုင်ငံများကို..
အဆင့်အတန်းရှိရှိ..၊ သိက္ခာရှိရှိ..၊
ပညာအမျှော်အမြင်ရှိရှိ နှင့်..
မဟာဗျူဟာ နိုင်ငံရေး ကစားကာဆက်ဆံတတ်သော..
နိုင်ငံတကာလေးစားရသည့်.. ခေါင်းဆောင်တစ်ဦး..
လိုအပ်နေပြီ ဖြစ်သည်..၊

ဥပမာတစ်ခုပေးပါမည်..၊

ယခုလို တရုတ်နှင့် ပြဿနာဖြစ်နေချိန်တွင်..

နိုင်ငံတော်သမ္မတသည်...
ဒေါ်အောင်ဆန်းစုကြည်ဆိုပါက...၊

တရုတ်နိုင်ငံသည်...
မြန်မာအစိုးရအား...
ငယ်နိုင်တစ်ယောက်လို..
ရာဇသံ ပေးမည်ဟုထင်ပါသလား..၊

ရာဇသံပေးသည်ဆိုပါက..

တရုတ်နိုင်ငံကိုဒေါ်စုသည်..
မည်သို့ ချက်ကျကျ လက်ကျကျ..
ပြန်ပြောလိမ့်မည်နည်း...၊

ထိုအချိန်တွင်...၊
အမေရိကန်နှင့်အနောက်အုပ်စုသည်...
ဘာသံထွက်လာနိုင်သနည်း..

တွေးကြည့်ကြစေလိုပါသည်..၊

အဖြေ ထွက်သွားပြီဖြစ်ပါသည်..၊

ဘာပဲပြောပြော..

နိုင်ငံတကာအသိုင်းအ၀ိုင်းနှင့်..
အဆင့်အတန်းက...
အများကြီး စကားပြောသည်ကို.

မြင်အောင်ကြည့်စေလိုပါသည်..၊

( Pa Yit)

မြန်မာနိုင်ငံရေး ဖြစ်စဉ်တွေကို ဂျပန်အစိုးရက အနီးကပ် သတိထား စောင့်ကြည့်
နေတယ်လို့ ဂျပန် နိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောပါတယ်။

လက်ပံတန်းမြို့ ကျောင်းသားသပိတ် ဖြိုခွင်းမှု အပါအ၀င် ပြည်သူတွေရဲ့ ဆန္ဒ
ဖော်ထုတ်ပွဲတွေကို အင်အား အလွန်အကျွံသုံး အကြမ်းဖက်ဖြိုခွင်းခဲ့တာတွေ အပါ
အ၀င် တိုင်းရင်းသား ဒေသတွေမှာ စစ်တပ်က ထိုးစစ်ဆင်နေတာတွေနဲ့ ပတ်သက်ပြီး မြန်မာအစိုးရအပေါ် ထားရှိတဲ့ မူဝါဒကို ဂျပန်ရောက်မြန်မာ့ဒီမိုကရေစီ အရေးဆောင်ရွက်နေသူတွေက မတ် ၁၉ ရက်က သွားရောက်မေးမြန်းရာမှာ အခုလို ပြောဆိုလိုက်တာပါ။

မြန်မာ့ ဒီမိုကရေစီ ထွန်းကားရေး အတွက်ပေးအပ်နေတဲ့ စီးပွားရေး အကူအညီကို
ပြန်လည် သုံးသပ်ပေးဖို့ ဒီမိုကရေစီနည်းကျဆောင်ရွက်ရေး ဖိအားပေးဖို့ တိုက်တွန်း
တောင်းဆိုတဲ့ စာကို ဂျပန်နိုင်ငံခြားရေး ၀န်ကြီး ကိုယ်စား အရှေ့တောင်အာရှ
တာဝန်ခံ အိုယမ ဆာတိုရှီစံနဲ့ မာရုတ အစုရှီစံတို့က လက်ခံရယူခဲ့ပါတယ်။

စာသွားပေးတဲ့အချိန်မှာ ရာနဲ့ချီတဲ့ မြန်မာ နိုင်ငံသားတွေက ဂျပန်နိုင်ငံခြားရေး ၀န်ကြီးရုံးရှေ့မှာ မြန်မာအစိုးရကို ဖိအားပေးဖို့ ဂျပန်အစိုးရကို တောင်းဆိုနေပါတယ်။

သတင်းဓါတ်ပုံ-ဇော်ဇော်လှိုင် (DVB)


အမျိုးသားလွှတ်တော်ကိုရောက်နေတဲ့ ပညာရေးဥပဒေကိုပြင်ဆင်တဲ့ ဥပဒေကြမ်းအပေါ် အမျိုးသားလွှတ်တော်ရဲ့ ကြားနာပွဲကို NNERအဖွဲ့ဝင်တွေက အနက်ရောင်ဖဲကြိုးရင်ထိုးတွေတပ်ပြီး မတ်လ ၁၇ရက်နေ့က ဆွေးနွေးခဲ့ရာမှာ လက်ပံတန်းကျောင်းသားသပိတ်ကို အကြမ်းဖက်ဖြိုခွင်းတဲ့အပေါ် ၄ပွင့်ဆိုင်မှာပါတဲ့ လွှတ်တော်မှာလည်း တာဝန်ရှိတယ်လို့ ဒေါ်သူသူမာက ပြောလိုက်ပါတယ်။

လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ မတရားမှုတွေရှိနေတာကြောင့် လွှတ်တော်အနေနဲ့ ငြိမ်မနေသင့်ဘဲ သဘောထားထုတ်ပြန်ချက်တွေ ပေးသင့်တဲ့အကြောင်း၊ ကြားနာပွဲကို ကျောင်းသားတွေပြည့်ပြည့်စုံစုံ မတက်နိုင်ဘဲ ထောင်ထဲရောက်နေတဲ့အပေါ် ဝမ်းနည်းတာကြောင့် ဖဲကြိုးအနက်ရောင်ကို တပ်ဆင်ခဲ့တာဖြစ်တယ်လို့ ဒေါ်သူသူမာက ကမာရွတ်မီဒီယာကို ရှင်းပြပါတယ်။

NNER အနေနဲ့ ပညာရေးဥပဒေကြမ်းမှာပါဝင်တဲ့ ကျောင်းသားသမဂ္ဂကိစ္စ၊ မိခင်ဘာသာစကားနဲ့ ပညာသင်ကြားရေး၊ ဗဟိုချုပ်ကိုင်မှုလျှော့ချရေး၊ ဘက်ဂျက်နဲ့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွေအကြောင်း ကြားနာပွဲမှာ ဆွေးနွေးခဲ့ပါတယ်။ ကျောင်းသားသမဂ္ဂတွေ၊ ကျောင်းသားလှုပ်ရှားမှုတွေပေါ်လာတိုင်း ကွန်မြူနစ်တံဆိပ်တပ်ပြီး ကွန်မြူနစ်တစ္တေအခြောက်ခံနေရတဲ့ ပညာရေးဝန်ကြီးဌာန ကြောက်မနေဖို့ကိုလည်း NNER က သမိုင်းအထောက်အထားတွေနဲ့ ရှင်းပြခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိအစိုးရအနေနဲ့ သာယာဝတီထောင်ထဲ ဖမ်းဆီးထားတဲ့ကျောင်းသားတွေကို လူရွေးပြီးလွှတ်ပေးနေတဲ့ကိစ္စအပေါ် ဒေါ်သူသူမာက ပညာရေးလှုပ်ရှားမှုကို ကျောင်းသားတွေဦးဆောင်ကြပေမယ့် လူတိုင်းပါဝင်ခွင့်ရှိတယ်လို့ ထောက်ပြပါတယ်။ အစိုးရက သပိတ်မှောက်ကျောင်းသားတွေကို ခွဲခြားဆက်ဆံနေတာ၊ လူရွေးလွှတ်ပေးနေတာဟာ ကျောင်းသားလှုပ်ရှားမှုကို သွေးခွဲပြီး ပြိုကွဲသွားစေချင်တဲ့သဘောသက်ရောက်နေတယ်လို့ ပြောပါတယ်။

Kamayut Media

တိုင်းပြည်အနာဂတ်ကို အဓိပ္ပာယ်ဖွင့်မယ့် အထွေထွေရွေးကောက်ပွဲတွေ ကျင်းပတော့မယ့်နှစ်မှာ မြန်မာနိုင်ငံဟာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို နောက်ကြောင်းပြန်နေပြီလို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ရန်ဟီးလီက မတ်လ ၁၈ရက်နေ့မှာ သတိပေးလိုက်ပါတယ်။

နောက်ကြောင်းပြန်လှည့်တဲ့ စိုးရိမ်ဖွယ်ရာ လက္ခဏာတွေရှိနေသလို တစ်ချို့နေရာတွေမှာဆိုရင် နောက်ပြန်လှည့်မှုက အရှိန်ရနေတယ်လို့ ဂျနီဗာမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

အဲဒီကိစ္စတွေကတော့ မြန်မာ့တပ်မတော်နဲ့ အစိုးရအပေါ် ဝေဖန်သူမှန်သမျှကို ဖမ်းဆီးပြီး ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံတာတွေဖြစ်တယ်လို့ ဆိုပါတယ်။
နိုင်ငံရေးအကျဉ်းသား ၇၈ယောက်ကို ဖမ်းဆီးထိန်းသိမ်းထားတဲ့ မြန်မာအစိုးရက ၂၇ယောက်သာ နိုင်ငံရေးအကျဉ်းသားဖြစ်တယ်လို့ ဝန်ခံထားတဲ့အကြောင်း၊ လူ ၂ဝဝကျော်ကို အကြည်ညိုပျက်စေမှုနဲ့ လုံခြုံရေးအကြောင်းပြ ဖမ်းဆီးမှုတွေ ဆက်လုပ်နေတဲ့အကြောင်း၊ သမ္မတဦးသိန်းစိန်အစိုးရဟာ ဖွဲ့စည်းပုံပြင်ဆင်ရေး ပြည်သူ့ဆန္ဒခံယူပွဲအတွက် ကတိပေးထားသလို ရွေးကောက်ပွဲကျင်းပဖို့ ပြောဆိုထားပေမယ့် ဖွဲ့စည်းပုံပြင်ဆင်မှုနဲ့ပတ်သက်လို့ ခေါင်းမာနေဆဲပဲလို့ ကုလ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်က ပြောပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကို တင်သွင်းခဲ့တဲ့ အစီရင်ခံစာထဲမှာ မြန်မာပြည်မှာ အကြောက်တရား၊ မယုံကြည်မှုနဲ့ ရန်လိုမှုတွေ ကြီးထွားလာနေတယ်လို့ သူက ထောက်ပြထားပြီး အစွန်းရောက်အမျိုးသားရေးဝါဒ၊ ဘာသာရေးအရ မုန်းတီးမှုနဲ့ ပဋိပက္ခတွေဆီကို ဦးတည်ပြီး နောက်ပြန်လှည့်ဖို့လုပ်နေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ ဇန်နဝါရီလက လာရောက်ခဲ့ချိန်မှာ သူ့အပေါ်ရန်လိုတဲ့ ဆန္ဒပြမှုတွေကို ရင်ဆိုင်ခဲ့ရပြီး မန္တလေးက အစွန်းရောက်ဘုန်းကြီးဖြစ်တဲ့ ဦးဝီရသူက ပြည့်တန်ဆာအဖြစ် တိုက်ခိုက်စော်ကားခဲ့တဲ့အကြောင်း၊ အစီရင်ခံစာတင်ပြီး ပြီးခဲ့တဲ့အပတ်ကလည်း ဒီအမျိုးသမီးကို သင်ခန်းစာပေးရမယ်လို့ လူသိရှင်ကြား ထပ်မံတိုက်ခိုက်ခဲ့တဲ့အကြောင်း သတင်းထောက်ကို ပြောပြခဲ့ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာအကြီးအကဲက အဆိုပါပုဂ္ဂိုလ်ရဲ့ ရန်လိုတိုက်ခိုက်မှုဟာ အကြမ်းဖက်မှုကို ဖြစ်စေတယ်ဆိုတာ ရှင်းလင်းသိသာသလို မြန်မာအစိုးရအနေနဲ့ ရန်ဟီးလီရဲ့ မြန်မာပြည်ပြန်သွားရေးအပေါ် လုံခြုံမှုအပိုင်း အဓိကတာဝန်ရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။

Kamayut Media


''ဘာ့ကြောင့် ဖြိုးဖြိုးအောင် ဖြစ်လဲ'' ဆိုတာကို သိချင်ရင် ...
------------------------------------------------------------------

ဒီအင်တာဗျူးလေးကို အစမှ အဆုံးအထိ သေသေချာချာ နားဆင်ကြည့်ရှုဖို့ တိုက်တွန်းပါရစေ။

ကျနော့်အနေနဲ့ မဖြိုးဖြိုးအောင်လို ညီမလေးမျိုးကို အမိမြန်မာပြည်ကြီးက ရရှိလိုက်တဲ့အပေါ် ပျော်လို့မဆုံး မော်လို့မဆုံးနိုင်အောင်ပါပဲ။

ညီမလေး မဖြိုးဖြိုးအောင် လက်ခံမယ်ဆိုရင် 'ဖြိုးဖြိုးအောင်' ရဲ့ နာမည်နောက်က 'ဆန်း' တလုံး ထပ်တိုးပြီး ''ဖြိုးဖြိုးအောင်ဆန်း ... ဒါမှ စစ်အာဏာရှင်အဆက်ဆက် သတ်လို့ မသေတဲ့ အောင်ဆန်းမျိုးဆက်စစ်စစ်'' လို့ ဂုဏ်ယူဝင့်ကြွားလိုက်ချင်ပါဘိ။

(အင်တာဗျူး မေးမြန်းပေးတဲ့ DVB က ကိုကောင်းထက်ကျော်ကို ကျေးဇူးအထူးတင်ရှိ ...)
ရိုက်ကူး ၊တည်းဖြတ် - ကောင်းထက်ကျော်

DVB

ပုံစာ - မြ၀တီခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးမိုးညို ။
မတ် - ၁၉ - ၂၀၁၅

မြ၀တီမြို့ နယ်ရှိ တံတားကျိုး စစ်ဆေးရေး ဂိတ်တွင် အင်္ဂါနေ့က ဖမ်းဆီးရမိသည့် အမေရိကန် ဒေါ်လာငွေ (၁၀) သိန်းကျော်သည် အစစ်များ ဖြစ်သည်ဟု မြ၀တီခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးမိုးညို က ယနေ့တွင် အတည်ပြု ပြောဆို လိုက်သည်။

၎င်းက အမေရိကန် ဒေါ်လာငွေများမှာ အစစ်များ ဖြစ်သည်ဟု ယနေ့နံနက်ပိုင်းက သတင်းထောက်များကို ပြောဆိုလိုက်ခြင်းဖြစ်ပြီး ၂၀၁၂ ခုနှစ် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ - ၄၂ အရ အရေးယူသွားမည်ဟုလည်း ပြောဆိုခဲ့သည်.

အဆိုပါအမှုနှင့် ပတ်သက်၍ ငွေပိုင်ရှင်ဖြစ်သည့် ဦးသန်းအောင် (မြ၀တီ) နှင့် မော်တော်ဆိုင်ကယ်ဖြင့် ငွေလာပို့သူ နှစ်ဦးကို မြ၀တီရဲတပ်ဖွဲ့က ဖမ်းဆီးထားသည်။

၁၀၀ တန်နှင့် ၅၀ တန်များ ပါဝင်သည့် အဆိုပါ ဒေါ်လာငွေ(၁၀၃၃၃၅၀) ကို ရန်ကုန်မြို့ နေ ကိုစည်သူအောင်နှင့် ကော့ကရိတ်မြို့နေ ကိုစနေထွန်းတို့က မော်တော်ဆိုင်ကယ်ဖြင့် မြ၀တီမြို့ သို့ လာရောက်ပို့ဆောင်စဉ် အင်္ဂါနေ့ နံနက်ပိုင်းက တံတားကျိုး စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံရခြင်း ဖြစ်သည်။

အဆိုပါ ဒေါ်လာငွေများကို အစစ်နှင့်အတု ခွဲခြားနိုင်ရန်အတွက် မြ၀တီမြို့ ရှိ အစိုးရနှင့် ပုဂ္ဂလိကဘဏ်များမှ ကျွမ်းကျင်ဝန်ထမ်းများက လာရောက်စစ်ဆေးကာ အတည်ပြုပေးခဲ့သည်ဟုလည်း သိရှိရသည်။

သတင်းနှင့်ဓာတ်ပုံ - ကရင်အမျိုးသား(မီဒီယာ)
https://www.facebook.com

အမေရိကန်ဒေါ်လာ ၁ သန်း ၃ သောင်းကျော်နဲ့အတူ ဖမ်းဆီးခံရသူ ၃ ဦး
မြန်မာပြည်အတွင်းပိုင်းကနေ သယ်ဆောင်လာတဲ့ အတု - အစစ် မခွဲခြားနိုင်သေးတဲ့ အမေရိကန်ဒေါ်လာ ၁ သန်း ၃ သောင်းကျော်ကို ကရင်ပြည်နယ် မြ၀တီမြို့နယ်ထဲမှာ ရဲတွေက ဖမ်းမိခဲ့ပါတယ်။ ဒီကိစ္စကို အမှုဖွင့်ထားပြီး စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ရဲဘက်က ဆိုပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

မြန်မာပြည်အတွင်းပိုင်းကနေ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ထိ ကားနဲ့တင်ဆောင်လာကာ ကော့ကရိတ်မြို့နယ်ကနေ မြ၀တီမြို့နယ်ထိ သယ်ဆောင်လာတဲ့ အမေရိကန်ဒေါ်လာ ၁ သန်းကျော်ကို မြ၀တီခရိုင် သင်္ကန်းညီနောင်မြို့နယ်က စစ်ဆေးရေးဂိတ်တခုကနေ ဖမ်းမိခဲ့တာပါ။  ဒီငွေဖမ်းမိတာ မှန်ကန်ကြောင်း အတုလား အစစ်လား ဆိုတာတော့ ခွဲခြားလို့ မရသေးကြောင်း စစ်ဆေးဆဲဖြစ်တယ်လို့ မြ၀တီမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက တာဝန်ရှိသူ ရဲဝန်ထမ်းတဦးက ပြောပါတယ်။

“မိတော့မိတယ်လေ။ မိတော့ လောလောဆယ်တော့ အမှုတော့ ဖွင့်ထားတယ်ပေါ့။ အမှုဖွင့်ထားပြီးတော့ ရဲက စစ်နေပြီလား၊ မစစ်သေးဘူးလား ဆိုတာတော့ မသိသေးဘူးပေါ့။”

ဒီငွေတွေကို သယ်ဆာင်လာသူနဲ့အတူ မြ၀တီမြို့အမှတ် (၄) ရပ်ကွက်မှာ နေထိုင်နေတဲ့ ပိုင်ရှင် အပါအ၀င် အားလုံး ၃ ဦးကိုတော့ ရဲတပ်ဖွဲ့က ဖမ်ဆီးထားကြောင်း မြ၀တီမြို့ခံတဦးကလည်း ပြောပါတယ်။

“ဒီညီနောင်တံတားမှာ ဖမ်းမိတယ်။ ရန်ကုန်ကနေတက်လာတာ။ ကားနဲ့သယ်လာတာ။ ကော့ကရိတ်ရောက်တော့ ဆိုင်ကယ်လ်နဲ့ သယ်လာပြီးတော့ ညီနောင်တံတားမှာ ဖမ်းလိုက်တယ်။ သူတို့ သေချာ စစ်ဆေးဦးမယ်ပြောတာပဲ အတုလား၊ အစစ်လား ဆိုတာကို။ ပိုက်ဆံက တော်တော်များတယ်။ တရားဝင်ရှင်းပြတယ်ရဲက။ တက္ကဆီသမားရယ်၊ သယ်လာတဲ့သူရယ်၊ နောက်တယောက်ကတော့ ပိုင်ရှင်ရယ်။ ပိုင်ရှင်ကတော့ အမှတ် (၄) က။”

ဒီဖြစ်ရပ်ဟာ နိုင်ငံခြားငွေ ဖမ်းဆီးရမိတာ အများဆုံး ဖြစ်ပါတယ်။ ဒါပေမဲ့ ဖမ်းမိတဲ့ ဒေါ်လာ ၁ သန်းကျော်ဟာ အတု အစစ် ဆိုတာ မခွဲခြားနိုင်သေးပါဘူး။ ထိုင်း-မြန်မာနယ်စပ်မှာတော့ မြန်မာကျပ်ငွေ အတုတွေ မကြာခဏ ဖမ်းမိတာတွေတော့ ရှိခဲ့ပြီး၊ နယ်စပ်က ဈေးဆိုင်တွေကတော့ အမေရိကန်ဒေါ်လာနဲ့ မြန်မာကျပ်ငွေတွေကို သေချာ စိစစ်လေ့ ရှိပါတယ်။ အခုငွေကတော့ အတုလား အစစ်လား မခွဲခြားနိုင်သေးသလို ဒီလောက်များပြားတဲ့ အမေရိကန်ဒေါ်လာတွေဟာ မြန်မာပြည်အတွင်းပိုင်းကနေ လာပြီး ထိုင်းနိုင်ငံဘက်ကို ပို့ဆောင်မယ့် အခြေအနေ ရှိတယ်လို့တော့ မြို့ခံတွေက ပြောဆိုပါတယ်။

မအေးအေးမာ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


မျိုးစောင့်ဥပဒေ ၄ ခုထဲက မြန်မာ ဗုဒ္ဓဘာသာ မိန်းများ အထူး ထိမ်းမြားခြင်း ဆိုင်ရာ ဥပဒေကြမ်း  နဲ့ လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေ ကြမ်း ၂ ခုကို  မတ်လ ၁၉ ရက်နေ့ ပြည်သူ့လွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။

ဒီဥပဒေမူကြမ်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်တဦးနဲ့ ခရစ်ယာန်ဘာသာဝင် ချင်းတိုင်းရင်းသား အမတ်တချို့တို့က အဓိက ကန့်ကွက်ခဲ့ကြပေမယ့် မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံသူ များတဲ့ အတွက် အတည်ပြုလိုက်တာလို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းကပြောပါတယ်။

မြန်မာဗုဒ္ဓဘာသာမိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေအရ ထိမ်းမြားခဲ့တဲ့ ဗုဒ္ဓဘာသာဝင် မဟုတ်တဲ့ ယောကျာင်္းတွေအနေနဲ့  ဗုဒ္ဓဘာသာဝင်မိန်းမကို လွတ်လပ်စွာကိုးကွယ်ခွင့်ပြုခြင်း၊ သားသမီးတွေကိုလည်း သူတို့ရဲ့ ဆန္ဒအရ လွတ်လပ်စွာကိုးကွယ်ခွင့်ပြုခြင်း၊ ဗုဒ္ဓရုပ်ပွားတော်တွေ ကိုးကွယ်ခွင့်ပြုခြင်း၊ ဘာသာရေးအရ အလှူပြုလုပ်ခြင်း၊ ပုတီးစိတ်၊ တရားထိုင်၊ ဥပုသ်စောင့်ခြင်း၊ မြန်မာဗုဒ္ဓဘာသာဝင်မိန်းမကို နည်းအမျိုးမျိုးနဲ့ ဗုဒ္ဓဘာသာကိုးကွယ်မှု ကို စွန့်စွတ်စေခြင်း၊ တခြားဘာသာကို ကူးပြောင်းစေခြင်းမပြုရ စတဲ့အချက်တွေကိုကို ကျုးလွန်ရင် ထောင်ဒဏ် နဲ့ ငွေဒဏ်တို့ကို ချမှတ်နိုင်တယ်လို့ ပါရှိတာဖြစ်ပါတယ်။

လူဦးရေတိုးပွားနှုန်းထိန်းညှိခြင်းဆိုင်ရာ ဥပဒေကြမ်းမှာတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ကလေးမွေးဖွားနှုန်းမြင့်မားခြင်း၊ ပြောင်းရွှေ့နေထိုင်မှုနှုန်း မြင့်မားခြင်း စတဲ့အချက်တွေကြောင့် လူဦးရေနဲ့ သယံဇာတအရင်းမြစ် အချိုးညီမျှမှု မရှိခြင်း၊ လူမှုစီးပွားအညွှန်းကိန်း နိမ့်ကျခြင်းနဲ့ ဒေသတွင်း စားနပ်ရိက္ခာ လုံလောက်မှု မရှိခြင်းတို့ ပေါ်ပေါက်ခြင်းရှိ မရှိနဲ့ နောင်မှာ ပေါ်ပေါက်လာနိုင်ဖွယ် ရှိ မရှိ စစ်တမ်းကောက်ယူနိုင်မှုတွေပါဝင်ပါတယ်။

မျိုးစောင့်ဥပဒေတွေ ၄ ခုလို့ လူသိများတဲ့  ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်း၊ လူဦးရေတိုးပွား နှုန်း ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေကြမ်း၊ မြန်မာဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်းနဲ့ တလင်တမယား စနစ်ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေကြမ်းတွေကို လွှတ်တော်နှစ်ရပ်မှာ အပြန်အလှန်ပေးပို့ ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။

အဆိုပါ ဥပဒေကြမ်းတွေကို နောက်ဆုံး  ပြည်ထောင်စုလွှတ်တော်မှာ ဆက်လက် ထပ်မံဆွေးနွေးအပြီး သတ်အတည်ပြုချက်ရယူရဦးမှာဖြစ်ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no


ထိုင်း ၀န်ကြီးချုပ်ဟောင်း ယင်းလတ် ချင်နာဝတ်ကို ရှေ့နေချုပ်ရုံးက တရားစွဲဆိုတာကို တရားရုံးချုပ်က ၂၀၁၅ မတ်လ ၁၉ ရက်နေ့ မှာ လက်ခံလိုက်ပါတယ်။

ယင်းလတ် ၀န်ကြီးချုပ်လက်ထက် စပါးအပေါင်ခံတဲ့ စီမံကိန်းမှာ နိုင်ငံတော် ဘတ်ဂျက် ဘတ်ငွေသန်းပေါင်း ၆ သိန်းကျော် ဆုံးရှုံးမှု ဖြစ်ခဲ့တာကို တားမြစ်ဖို့ ပျက်ကွက်တယ်ဆိုပြီး ရှေ့နေချုပ်ရုံးက ရာဇ၀တ်မှုနဲ့ တရားစွဲခဲ့တာ ဖြစ်ပါတယ်။

ပြစ်မှုထင်ရှားတယ်ဆိုရင် ထောင်ဒဏ် ၁ နှစ်ကနေ ၁၀ နှစ်ထိ ကျခံရဖွယ် ရှိပါတယ်။

ဝန်ကြီးချုပ်ဟောင်း ယင်းလတ်ဟာ ၂၀၁၄ မေလမှာ စစ်တပ်အာဏာသိမ်းပြီး ရာထူးက ဖယ်ရှားခံခဲ့ရတာ ဖြစ်ပါတယ်။

လာမယ့် ၂၀၁၅ မေလ ၁၉ ရက်နေ့မှာ အမှုကို ကြားနာရမှာ ဖြစ်ပါတယ်။

အကျင့်ပျက် ခြစားမှုတွေမှာ တားဖြစ်ဖို့ တာဝန်ပျက်ကွက်သူအဖြစ် ယင်းလတ်ကို အမျိုးသား ဥပဒေပြုလွှတ်တော်က ချမှတ်ခဲ့တဲ့အတွက် နိုင်ငံရေးလုပ်ခွင့် ၅ နှစ် တားမြစ်ပိတ်ပင် ခံထားရသူလည်း ဖြစ်ပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese


ပြည်ပကတရားမ၀င်တင်သွင်းလာတဲ့  စလောင်းထုတ်လွှင့်မှုတွေဟာ ဘာသာရေး ပဋိပက္ခလှုံ့ဆော်တာနဲ့  နိုင်ငံရဲ့ အချုပ်အခြာအာဏာထိပါးလာရင် အရေးယူမယ်လို့  ပြည်ထဲရေး ဒု -ဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က ပြောပါတယ်။

မတ်လ ၁၈ ရက် ပြည်သူ့လွှတ်တော်မှာ  သင်္ကန်းကျွန်းအမတ် ဦးသိန်းညွန့်က နိုင်ငံခြားက တရားမဝင်တင်သွင်းတဲ့ စလောင်းတွေဟာ အခွန်အကောက်စီးပွားရေး ထိခိုက်တဲ့အပြင် နိုင်ငံတကာ အကြမ်းဖက်ဝါဒအစွန်းရောက် အယူအဆတွေကို အားပေးတာတွေပါဝင်တဲ့ အတွက် အရေးယူဖို့ ရှိမရှိ မေးမြန်းချက်ကို  ပြည်ထဲရေး ဒုဝန်ကြီးက ပြောသွားတာပါ။

ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က   “jပည်ပနိုင်ငံများမှ တရားမဝင် တင်သွင်းလာသော (၈)ပေစလောင်း၊ လိမ္မော်ရောင်ဗန်းနှင့် အမည်းရောင်ဗန်းများမှ ထုတ်လွှင့်မှုများသည် မြန်မာ့ယဉ်ကျေးမှုနှင့် မကိုက်ညီသော ဘာသာရေး ပဋိပက္ခဖြစ်စေရန် လှုံ့ဆော်ခြင်း၊ နိုင်ငံတော်၏ အချုပ်အခြာ အာဏာပိုင်ကို ထိပါးစော်ကားခြင်းများ ပါဝင်လာပါက နိုင်ငံတော်တည်ငြိမ်ရေးနှင့် အများပြည်သူလုံခြုံရေးတို့အတွက်ကို တည်ဆဲဥပဒေများ နှင့်အညီ အရေးယူ ဆောင်ရွက်ကြီးကြပ် သွားမည်” လို့ ပြောပါတယ်။

ဂြိုဟ်တု ရုပ်မြင်သံကြားဖမ်းစက်တွေ တရားမဝင်တင်သွင်းရင်  ပို့ကုန်သွင်းကုန် ဥပဒေနဲ့ ဖမ်းဆီးအရေးယူသွားမှာဖြစ်ပြီး အခွန် တရားဝင် ပေးဆောင်လုပ်ကိုင်နေတဲ့ ပြည်တွင်း ရုပ်သံလိုင်းတွေကို အကာအကွယ် ပေးမယ့်အပြင်  ပြည်တွင်းရုပ်သံလိုင်းတွေက  နစ်နာချက်တွေကို တိုင်ကြားလာပါကလည်း  အရေးယူမယ်လို့လည်း ပြည်ထဲရေး ဒုဝန်ကြီးက ပြောပါတယ်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်ကတော့  တိုင်ကြားသူရှိမှ အရေးယူမယ့် ဥပဒေဖြစ်နေတယ်ဆိုပြီး လွှတ်တော်မှာ  ထပ်ဆင့်မေးခွန်းထုတ်သွားခဲ့ပါတယ်။

ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကလည်း ဦးသိန်းညွန့်ရဲ့ တင်ပြချက်တွေမှန်ကန်တဲ့ အကြောင်း လွှတ်တော်မှာ ထောက်ခံပြောကြားသွားပြီး  ဒီကိစ္စကို ထိန်းသိမ်းဖို့ ၀န်ကြီးဌာန အချင်းချင်း ပူးပေါင်းဆောင်ရွက်ဖို့နဲ့ ရုပ်မြင်သံကြားနဲ့ အသံလွှင့်ဥပဒေမှာ တရားမ၀င် စလောင်းတွေကိစ္စ ထည့်သင့်မသင့် လွှတ်တော်က စဉ်းစားဖို့ ပြောပါတယ်။

ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က” ယင်းရုပ်သံလိုင်းများမှာ ဂြိုဟ်တုမှ ထုတ်လွှင့်တာဖြစ်လို့ နည်းပညာအရ spill over ဖြစ်ပြီး မိမိတို့နိုင်ငံရောက်ရှိဖမ်းယူကြည့်ရှုနိုင်ကြောင်း၊ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားနဲ့ Sky Net ရုပ်သံလိုင်းတွေလည်း ဂြိုဟ်တုမှ ထုတ်လွှင့်တာဖြစ်သည့်အတွက်  ထိုင်းနှင့်စင်ကာပူနိုင်ငံတို့တွင် ဖမ်းယူကြည့်ရှုနိုင်ကြောင်း၊ သို့သော်  တရားမ၀င် စလောင်းများ တင်သွင်းခြင်းကို ချုပ်ကိုင်ထားတာကြောင့် Sky Net နဲ့ မြန်မာ့ရုပ်မြင်သံကြား ကြည့်ရှုနိုင်တဲ့ စလောင်းတွေကို တင်သွင်းလို့ မရကြောင်း” ပြောပါတယ်။

ပြန်ကြားရေးဝန်ကြီးရဲ့ ရှင်းလင်းချက်တွေနဲ့ ပတ်သက်ပြီး လွှတ်တော်ဥပဒေကြမ်း ကော်မတီအနေနဲ့ အလေးအနက်ထား စဉ်းစားဖို့လိုတယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက မှတ်ချက်ပေးပြောပါတယ်။

ပြည်ထဲရေးဒုဝန်ကြီးကတော့ (၈)ပေစလောင်း၊ လိမ္မော်ရောင်ဗန်း၊ PSI  အမည်းရောင်ဗန်းတွေကို စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှာ သွင်း ကုန်လိုင်စင် လျှောက်ဝယ်ယူတင်သွင်းနိုင်သလို   တာချီလိတ်နယ်စပ်မှာ ထိုင်းနိုင်ငံက  တင်သွင်းလာတဲ့ စလောင်းတွေကို အခွန် ၃ ရာခိုင်နှုန်းကောက်ခံပြီး ရှမ်းပြည်နယ်အစိုးရက တရားဝင် တင်သွင်းခွင့်ပြု နေတယ်လို့ ပြောပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no

ဘိန်းခင်းတစ်ခင်းပုံ။ Photo: Nay Thwae/RFA
မြန်မာအစိုးရအနေနဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို ထိထိရောက်ရောက် ဆောင်ရွက်ခြင်းမရှိကြောင်း နဲ့ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ဘိန်းစိုက်ပျိုးထုတ်လုပ် မှု ဒုတိယ အများဆုံးနိုင်ငံအဖြစ် တည်ရှိနေ ဆဲဖြစ်ကြောင်း အမေရိကန်အစိုးရက ပြောကြား လိုက်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဌာနက လွှတ်တော်ကို ဗုဒ္ဓဟူးနေ့က တင်ပြခဲ့တဲ့ နိုင်ငံတကာမူးယစ် တိုက်ဖျက်ရေး နှစ်ပါတ်လည် အစီရင်ခံစာမှာ မြန်မာ၊ ဘိုလီးဗီးယားနဲ့ ဗင်နီဇွဲလားအစိုးရတွေဟာ မူးယစ်ဆေး ဝါးတိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာကို သူတို့ပေးခဲ့တဲ့ ကတိတွေနဲ့အညီ ဆောင်ရွက်ခြင်း မရှိကြောင်း ဖေါ်ပြထားပါတယ်။

အခုလို ထိရောက်စွာ ဆောင်ရွက်ခြင်းမရှိပေမယ့် သမ္မတ အိုဘားမားအစိုးရက မြန်မာနိုင်ငံအစိုးရ အနေနဲ့ နိုင်ငံရေးပြုပြင်မှုတွေ ရှိတယ်ဆိုပြီး ပိတ်ဆို့မှုတွေကို ပယ်ဖျက်ထားတာ သုံးနှစ်ရှိပြီလို့လည်း ဆိုပါတယ်။ ကမ္ဘာပေါ်မှာ ဘိန်းစိုက်ပျိုးမှုအများဆုံးက အာဖဂန်နစ္စ တန်နိုင်ငံဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese


ဂျပန်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Caroline Kennedy နဲ့ အိုကီနာဝါကျွန်းဆိုင်ရာ အမေရိကန် ကောင်စစ်ဝန်ချုပ် Alfred Magleby တို့ကို လုပ်ကြံ သတ်ဖြတ်ဖို့ ခြိမ်းခြောက်ထားမှုတွေကို စုံစမ်း စစ်ဆေးနေကြောင်း ဂျပန် ရဲတပ်ဖွဲ့က ပြောပါတယ်။

အမေရိကန်သံရုံးကို ဖုန်းနဲ့ခေါ်ပြီး အဲဒီလို ခြိမ်းခြောက်ခဲ့တာဖြစ်ကြောင်း ဂျပန်ရဲအရာရှိတွေ ပြောတာကို ကိုးကားပြီး သတင်းတွေမှာ ဖော်ပြထားပါတယ်။ ဘာကြောင့် အခုလို ခြိမ်းခြောက်တယ်ဆိုတာတော့ သတင်းထုတ်ပြန်ခြင်း မရှိပါဘူး။

အမေရိကန် သံတမန်တွေအပေါ် ခြိမ်းခြောက်လာသမျှကို အထူး အလေးထား ဆောင်းရွက်ကြောင်း၊ သံတမန်တွေကို ကာကွယ်ပေးဖို့အတွက် အစွမ်းကုန် ကြိုးစား ဆောင်ရွက်နေကြောင်း၊ လိုအပ်တဲ့ ကာကွယ်မှုတွေ ပေးနိုင်ဖို့ ဂျပန်အစိုးရနဲ့ တိုင်ပင် ဆောင်ရွက်နေကြောင်း၊ ဘယ်လို ခြိမ်းခြောက်မှုမျိုး ဖြစ်တယ်၊ ဘာတွေကို ဆောင်ရွက်နေတယ်ဆိုတဲ့ အသေးစိတ် အချက်အလက်ကို ထုတ်ပြန်မှာ မဟုတ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

ကမ္ဘာတ၀ှမ်း မိန်းကလေး သန်းပေါင်းများစွာ ပညာသင်ကြားခွင့် ရရှိရေး ထောက်ခံအားပေးဖို့ ဆောင်ရွက်နေတဲ့ အမေရိကန်သမ္မတကတော် Michelle Obama ဂျပန်နိုင်ငံကို ရောက်လာတဲ့အချိန်မှာပဲ ဒီ ခြိမ်းခြောက်မှု ထွက်လာတာပါ။ အခုလ အစောပိုင်းတုန်းက တောင်ကိုရီးယားနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Mark Lippert ကို ဓားနဲ့ ၀င်ရောက် တိုက်ခိုက်အပြီး အခုလို ခြိမ်းခြောက်မှု ထွက်လာတာ ဖြစ်ပါတယ်။

ဒီအတောအတွင်း အမေရိကန်သမ္မတ အိမ်ဖြူတော်ကို ပို့လိုက်တဲ့ စာထဲမှာ Cyanide လို့ခေါ်တဲ့ လူသေစေနိုင်တဲ့ အဆိပ်တွေ ပါနေတာကို တွေ့ရကြောင်း အမေရိကန်သမ္မတ လုံခြုံရေးအဖွဲ့က ပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com