03/24/15

ဒီလောက် သဘာဝသယံဇာတတွေ ပေါတဲ့ တိုင်းပြည်(မြန်မာပြည်)ကို အခုလောက် စီးပွားရေး ချွတ်ခြုံကျသွားအောင် ဘယ်လိုများ တလွဲလုပ်လိုက်ကြလဲ မပြောတတ်ပါဘူး ။ ” - ‪#‎လီကွမ်ယု‬ [ မြန်မာပြည်အပေါ် လီကွမ်ယုရဲ့မှတ်ချက် ]
၁၉၅၉ မှ ၁၉၉၀ အထိ စင်္ကာပူရဲ့ ၀န်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့ပြီးနောက် မနေ့က ကွယ်လွန်သွားရှာသော စင်္ကာပူ ၀န်ကြီးချုပ်မှ မြန်မာ စစ်အစိုးရအား တိုင်းပြည်စီးပွားရေကို စီမံခန့်ခွဲရာမှာတော့ ခပ်ထုံထုံ သမားများသာ ဖြစ်တယ်လို့ ၂၀၁၀ ခုနှစ် စက်တင်ဘာလတုန်းက အမေရိကန် သတင်းစာသမားတွေနဲ့ တွေ့ဆုံရာမှာ ပြောကြားခဲ့တာ အမှတ်ရမိပါတယ်။

ဒါဟာ မြန်မာခေါင်းဆောင်တွေကို နောက်ဆုံး လူသိရှင်ကြား ဝေဖန်ခဲ့တာ ဖြစ်တယ်လို့ ယူဆရပါတယ်။

၎င်းက ဆက်လက်ပြီး ဗမာပြည် ရင်ဆိုင်နေရတဲ့ ပြသာနာများကို ဖြေရှင်းရာမှာတော့ စစ်တပ်ဟာ တစိတ်တပိုင်းပါဝင်သင့်ပြီး စစ်တပ်ပါဝင်မှု ဖျက်သိမ်းလိုက်က အုပ်ချုပ်ရေး ယန္တယားတခုလုံး ရေစုန်မျောသွားမှာဖြစ်ပြီး အုပ်ချုပ်ဘို့ ဘာမှ ကျန်တော့မှာမဟုတ်ဘူးလို့ ဆိုခဲ့ပြန်ပါတယ်။

သို့သော် စီးပွားရေးကို စီမံခန့်ခွဲရာမှာတော့ ညံ့ဖျင်းလွန်းလှပြီး ဒီလောက် သယံဇာတတွေ ပေါကြွယ်တဲ့ နိုင်ငံဟာ ဒီလိုအဆင့်ကို ဘာကြောင့်ရောက်သွားရတာလဲဟု မေးခွန်းထုတ်ခဲ့ပါတယ်။

သူ့အကြံပေးချက်နဲ့ စင်္ကာပူက ဟော်တယ် လုပ်ငန်းရှင်တွေ ဒေါ်လာ မီလီယံပေါင်းချီပြီး အလုအယက် ရင်းနှီးမြှုပ်နှံခဲ့ကြတာ အခုဆိုရင် ဟော်တယ်တွေမှာ တည်းမည့်လူမရှိ အခွံကြီးပဲ ရှိနေတယ်လို့ ဆိုပါတယ်။

သူဟာ ဗိုလ်ချုပ်ခင်ညွန့် အဖမ်းမခံရစဉ်က မြန်မာပြည်ကို အပါယ်ခံ အထီးကျန်ဖြစ်နေတဲ့ ဘ၀က ရုန်းထွက်နိုင်အောင် လုပ်ကြဘို့ အကြံပေးခဲ့ဘူးသည်ဟု သတင်းစာ ဆရာများက အောက်ပါအတိုင်း ပြောပြခဲ့ပါတယ်။

ခင်ညွန်ဟာ သူတို့အထဲမှာ ညဏ်ရည်ညဏ်သွေး အရှိဆုံးလို့ဆိုရမှာပါ။ ကျွန်တော်သူ့ကို ရှေ့လျောက်ခရီးဆက်ဘို့ ယူနီဖေါင်းချွတ်ပြီး ဆူဟာတိုလိုမျိုး ဂိုကာ ပါတီကို ဖွဲ့ပြီး အရပ်သား အုပ်ချုပ်ရေးနဲ့ သွားဘို့အကြံပေးတော့ သူက သဘောပေါက်ပါတယ်။
ဖြစ်ပုံက ဆူဟာတိုက ပြုတ်ချသွားတော့ ကျွန်တော်ပေးတဲ့ အကြံက မှားသွားသလို ဖြစ်ပြီး သူတို့ နောက်ဆုတ်သွားခဲ့ပါတယ်၊ မကြာပါဘူး သူတို့ ခင်ညွန့်ကို ကန်ထုတ်လိုက်ကြတာပါပဲဟု ဆိုခဲ့လေသည်။

အဲ့သည့်နောက်ပိုင်း Wikileak က ထုတ်ပြန်တဲ့ လျို့ဝှက် မှတ်တမ်းများအရ အမေရိကန် သံအမတ်ဖြစ်တဲ့ Patricia L. Herbold နဲ့ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Thomas Christensen တို့ကို ၂၀၀၇ ခုနှစ်က တွေ့ဆုံခဲ့စဉ် မြန်မာစစ်အစိုးရကို ပြောရတာ လူသေကောင်တွေ ပြောရသလိုပဲဟု ပြောခဲ့ဘူးသော်လည်း စင်္ကာပူ အစိုးရက ငြင်းဆိုခဲ့ပါတယ်။

တဆက်တည်းပြောကြားရာမှာ မြန်မာ၊ လာအို၊ ဗီယက်နမ်နဲ့ ကမ္ဘောဒီယားတို့အား အာဆီယံ အဖွဲ့သို့ဝင်ခွင့်မပြုသင့်ကြောင်း၊ ၎င်းတို့ဟာ အာဆီယံ အဖွဲ့ဝင်ဟောင်းတွေလို တူညီသော တန်ဘိုးများကိုအခြေခံပြီး(ကွန်မြူနစ်ဝါဒ ဆန့်ကျင်ရေး) ကျင့်ကြံနိုင်လိမ်မယ်လို့ မထင်ကြောင်း ပြောပြခဲ့ဘူးသည်။

မြန်မာအစိုးရ နားလည်သဘောပေါက်အောင့် ဖြောင့်ဖျနိုင်ဘို့ အာဆီယံ အဖွဲ့ထဲမှ ရွေးချယ်မည်ဆိုလျင် စင်္ကာပူမှ မဖြစ်သင့်၊ ၎င်းတို့အမြင်တွင် စင်္ကာပူသည် အမေရိကန်နှင့် နီးစပ်လွန်းသည်ဟု ထင်နေသဖြင့် ၎င်းတို့နှင့် အလားတူ ဗိုလ်ချုပ်ကြီးဟောင်း တဦးဖြစ်တဲ့ အင်ဒိုနီးရှားသမ္မတ Yudhoyono ကို ရွေးသင့်တယ်လို့ အကြံပြုခဲ့ပါတယ်။

မြန်မာပြသာနာကို အဖြစ်နိုင်ဆုံး ဖြေရှင်းတဲ့နည်းက ခပ်တုံးတုံးမဟုတ်တဲ့ စစ်တပ်က အရာရှိငယ်များကို ပွဲထုတ်ပြီး ဒေါ်အောင်ဆန်းစုကြည်မဟုတ်တဲ့ အခြား ဒီမိုကရေစီ လိုလားသူများနှင့် အာဏာခွဲဝေဆောင့်ရွက်သင့်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်မှာ စစ်တပ်ကို မလိုမုန်းထားရှိနေသည့်အတွက် မဖြစ်နိုင်ဟု ဆိုသည်။

ဤသည်ကား လီကွမ်းယု ရဲ့ မြန်မာပြည်အပေါ် လူသိရှင်ကြားရော၊ လူမသိတသိပါ သုံးသပ်ခဲ့မှုတွေ ဖြစ်ပါတယ်။

Brainwave ဥာဏ်လှိုင်း


"အဓိကရုဏ်းနှိမ်နင်းမှုတွေဟာ ဥပဒေနှင့်အညီဖြစ်ရဲ့လား" ဆိုသည့်ခေါင်းစဉ်ဖြင့် ၂၂.၃.၂၀၁၅ ရက်နေ့တွင် ဒီဗီဘီ ရုပ်သံသတင်းဌာနမှ
ထုတ်လွှင့်ပြသသွားခဲ့သည့် ဒီဗီဘီ ဒီဘိတ်

"အဓိကရုဏ်းနှိမ်နင်းမှုတွေဟာ ဥပဒေနှင့်အညီဖြစ်ရဲ့လား" ဆိုသည့်ခေါင်းစဉ်ဖြင့် ၂၂.၃.၂၀၁၅ ရက်နေ့တွင် ဒီဗီဘီ ရုပ်သံသတင်းဌာနမှ
ထုတ်လွှင့်ပြသသွားခဲ့သည့် ဒီဗီဘီ ဒီဘိတ် (ဒုတိယပိုင်း)။

"အဓိကရုဏ်းနှိမ်နင်းမှုတွေဟာ ဥပဒေနှင့်အညီဖြစ်ရဲ့လား" ဆိုသည့်ခေါင်းစဉ်ဖြင့် ၂၂.၃.၂၀၁၅ ရက်နေ့တွင် ဒီဗီဘီ ရုပ်သံသတင်းဌာနမှ
ထုတ်လွှင့်ပြသသွားခဲ့သည့် ဒီဗီဘီ ဒီဘိတ် (တတိယပိုင်း)။

မကြာသေးခင်က လက်ပံတန်းမှာ ကျောင်းသားသပိတ်ကို အကြမ်းဖက် ဖြိုခွဲမှုအပြီးမှာ ကျောင်းသား၊ကျောင်းသူ ကလေးတွေ များ စွာအဖမ်းခံကြရပြီးနောက် သက်ဆိုင်ရာက ကြေညာချက်ထုတ်ပုံက ကျောင်းမှာ တကယ် တက်ရောက် ပညာသင်နေတဲ့ ကျောင်းသား ကျောင်းသူ အစစ်များတော့ လွှတ်ပေးမှာပါ တဲ့။ ဒီကတည်းက ကျောင်းသားကျောင်းသူ အစစ်မဟုတ်ဘူးဆိုပြီး မလွှတ်ဘဲ အပြစ်ပေးခံရမယ့် ကလေးတွေရှိမယ်ဆိုတာ အချက်ပြ လိုက်တာပဲလို့ ကျွန်တော်တို့ ခံနေကျ လူအ စစ်များက တစ်ထစ်ချ တန်းသဘောပေါက် သွားပါတယ်။ ဒါက အတော် စိတ်မကောင်း စရာပါပဲ။ တကယ်တော့ ကျောင်းသားတွေကို မပတ်သက်သူက လာခေါင်းဆောင်ရင် ဘယ်လိုမှ လက်ခံသဘောတူမှာ မဟုတ်ဘူးဆိုတာ တွေးကြည့်ရုံနဲ့သိနိုင်ပါတယ်။ ဒါဆိုရင် ကျောင်း သား အတု၊အစစ်ဆိုတာက ဘယ်လို ဖြစ် လာရတာလဲ။

ဒါကတော့ ရှင်းပါတယ်။ ဥပမာ ဖြိုးဖြိုး အောင်ဆိုပါတော့။ ဂျီတီအိုင်ကနေ အင်ဂျင်နီ ယာဖြစ်ဖို့ ရည်မှန်းချက်နဲ့ ပညာတွေ ကြိုးစား သင်လာလိုက်တာ ဘီတက်ခ်ရောက်မှ ကျောင်းသားအရေးအခင်းကိုခေါင်းဆောင်သူမို့ ကျောင်းထုတ်ခံရတယ်။ ထောင်ချခံရတယ်။ ထောင်က ပြန်လွတ်တော့ ကျောင်းပြန်တက်ခွင့် မရဘူးလေ။ ဒါပေမဲ့ ကျောင်းသားလှုပ်ရှားမှုတွေမှာ ဆက်လက်ပါဝင်ခဲ့သူတွေနဲ့ကတော့ သူတို့ ရဲ့ ရဲဘော်ရဲဘက်အဖြစ်၊ ခေါင်းဆောင်အဖြစ် ဆက်ရှိနေတာပါပဲ။ ဒီလိုပဲ ကိုအောင်မှိုင်းဆန်း ဆိုရင်လည်း လက်ရှိစာပေးစာယူနဲ့ စီးပွားစီမံ ကျောင်းသားဖြစ်ပြီး အလယ်တန်း ကျောင်းသားဘ၀ မန္တလေး အလက ၁၂ မှာ သမဂ္ဂ ဥက္ကဋ္ဌဖြစ်ခဲ့ပြီး အထ က ၁၄ မှာ ကျောင်းသားသမဂ္ဂ အမှုဆောင်နဲ့ မန္တလေးခရိုင် ကျောင်းသားသမဂ္ဂမှာလည်း ဒုဥက္ကဋ္ဌရော၊ အထွေထွေ အတွင်းရေးမှူးပါ လုပ်ခဲ့ဖူးပါတယ်တဲ့။ အခုလို အရေးအခင်းမျိုးမှာ သူကိုယ်တိုင်က စာပေးစာယူ ကျောင်း သားဖြစ်နေတော့ အခုလို ဝင်ခေါင်းဆောင်တာကို ကျောင်းသားတွေက ကျေနပ်လက်ခံကြတာ ဖြစ်ပါရတယ်။

ဒီလိုပဲ မင်းသွေးသစ်ဆိုရင် လက်ရှိကျောင်း တက်နေဆဲ ကျောင်းသားပါလို့ သက်သေပြ ကြသူတွေ အများကြီးရှိပါတယ်။ ကျောင်းသားမှန်ကန်ကြောင်း ထောက်ခံချက်ယူတော့ ပါမောက္ခချုပ်က ကျောင်းသားကိုယ်တိုင် လာ ယူမှရမယ်လို့ ပြောတယ်လို့ဆိုတယ်။ ဒီသ တင်းအမှန်ဆိုရင်တော့ အတော် စိတ်မကောင်း စရာပါပဲ။ ကျော်ကိုကိုဆိုရင်လည်း ဝါဏိဇ မဟာတန်းတက်နေတဲ့ ထူးချွန်ကျောင်းသားဖြစ်ပြီး စာမလိုက်နိုင်တဲ့ ကျောင်းသားလေးတွေကို အခမဲ့ သင်ပေးတတ်သတဲ့။ ၂၀၀၇ အရေးအခင်းမှာ ဖမ်းလို့ရှောင်တိမ်းနေရချိန်တုန်းက သူ့မိတ်ဆွေ (ဆရာ)စိမ်းခက်စိုးက စီစဉ်ပေးထားလို့ လွတ်နေပြီးသားကို သူ့ရဲဘော်တွေ အဖမ်းခံရချိန်မှာ ရှောင်မနေချင်ဘူးဆိုပြီး ရန်ကုန်ထဲပြန်ဝင်လို့ အဖမ်းခံရရာက ထောင်ရှစ်နှစ်ကျ ခဲ့တယ်လို့ ဆရာစိမ်းခက်စိုးရေး ထားတာဖတ်ရပါတယ်။ သူ့ကိုလည်း ကျောင်းသားတုလို့ ကျွန်တော်တို့ ပြောကြမှာလား။

အမှန်တော့ ဒါမျိုးက အရင်ခေတ်တွေက တည်းက ရှိခဲ့တာပါပဲ။ ဥပမာဆိုကြပါစို့။ ဦး သန့်အရေးအခင်းမှာ တိမ်းရှောင်သွားခဲ့ရတဲ့ ကိုတင်မောင်ဦးဟာ အလုပ်သမားနှစ်ပတ်လည် (ဇွန်အရေးအခင်း)မှာ ခေါင်းဆောင် အဖြစ် ပြန်ရောက်လာပြီး အရေးအခင်းအပြီးမှာ နောက်တစ်ခါ လွတ်မြောက်သွားခဲ့ပြန်ပါတယ်။ ဒီတော့ အဲဒီတုန်းက မဆလ အစိုးရဟာ သမိုင်း မှာ သူတို့ကိုဘယ်သူတွေက အာဏာရှင်လို့ ပြောပြီး ဘယ်သူက ကလိမ်ကကျစ်လို့ဆိုဆို ပုန်းရှောင်နေရသူ ကိုတင်မောင်ဦးကို ဗကပ တစ်ဖြစ်လဲ ပြည်ပြေးဘာညာနဲ့ အပုတ်ချပေ မယ့် ကျောင်းသားခေါင်းဆောင်အဖြစ်တော့ အသိအမှတ်ပြုခဲ့ပါတယ်။ ကျောင်းမတက် တော့လို့ ဒကျောင်းသားအတုဒပဲလို့ တစ်ခါမှ မစွပ်စွဲဖူးဘူးခင်ဗျ။ မဆလကပဲ သိက္ခာရှိနေသေးတာလား၊ အလိမ်ချင်းတူ နောက်လူသာစမြဲပဲလို့ စကားပုံပြောင်းရမလား တစ်ခုခုတော့ တစ်ခုခုပေါ့ခင်ဗျာ။

ဒီလိုပဲ ၈၈ အရေးအခင်းမှာ ကျောင်းသားခေါင်းဆောင်လုပ်သူများထဲမှာလည်း ဘွဲ့ရပြီး မာစတာဆက်တက်သူတို့ ပါသလို ကျောင်း တက်လက်စလူတွေတောင် နောက်ပိုင်း နိုင်ငံရေးလှုပ်ရှားမှု တစ်လျှောက်မှာလည်း ကျောင်း သားခေါင်းဆောင်အဖြစ် ဆက်ရပ်တည်ရင်း ထောင်ထဲသာမှာသာ ပထမနှစ်၊ ဒုတိယနှစ်ကနေ သတ္တမနှစ်၊ ဒသမနှစ်စသဖြင့် နှစ်တွေ မြင့်မြင့်သွားခဲ့တာ၊ ကျောင်းတော့ ဘယ်မှာတက်ရလို့လဲ။ မတက်ရလို့လည်း ကျောင်းသားတုပဲလို့ အစိုးရက မပြောခဲ့ဖူးတာတော့ အမှန်ပဲ ခင်ဗျ။

ပြီးတော့ ကျွန်တော်တို့ သမိုင်းကိုပြန်ကြည့်ရင် ဒီကနေ့ ကျွန်တော်တို့ရဲ့ မျိုးဆက်သစ် လူငယ်ကလေးများကို အညွန့်ချိုးသတ်ဖြတ် ခဲ့၊ သတ်ဖြတ်နေဆဲ ကမ္ဘာ့အကြာဆုံး ပြည် တွင်းစစ်အဖြစ် ဂင်းနစ်စံချိန်တင်မယ့် အချင်း ချင်းချတဲ့ ပဋိပက္ခကြီးရဲ့အစဟာ အဲဒီအတုအစစ်ငြင်းတာက စတာပါပဲ။ ၁၉၄၇ စက်တင် ဘာလက ပိုလန်မှာလုပ်ခဲ့တဲ့ ကွန်မြူနစ် သ တင်းပြန်ကြားရေးအဖွဲ့ (ကွန်မင်ဖောင်)ညီ လာခံမှာ ဆိုဗီယက် ပေါ်လစ်ဗျူရို ဇဒါးနော့ တင်သွင်းခဲ့တဲ့ အစီရင်ခံစာကနေ ဆင်းသက် လာတဲ့ ဇဒါးနော့ဝါဒက ‘အခုအခါမှာ နယ်ချဲ့ ဟာ ပုံစံဟောင်းနဲ့ မအုပ်စိုးသာတော့ဘဲ လက် ဝေခံ ဓနရှင်တွေကို အာဏာပေးပြီး သွယ်ဝိုက် သွေးစုပ်လိမ့်မယ်’ လို့ ဆိုခဲ့တယ်ဆိုကိုးဗျ။ ‘ဓနရှင် လက်ျာအုပ်စုအနေနဲ့ နယ်ချဲ့သမား နဲ့စေ့စပ်ပြီး လွတ်လပ်ရေးတိုက်ပွဲကို သစ္စာ ဖောက်ခဲ့ရင် ကွန်မြူနစ်များက သူတို့ကို နယ်ချဲ့နဲ့ထပ်တူ သဘောထား တိုက်ရမယ်’ ဆိုတဲ့အတိုင်း မြန်မာကွန်မြူနစ်များက နယ်ချဲ့နဲ့စေ့စပ်ယူတဲ့ မြန်မာ့လွတ်လပ်ရေးဟာ လွတ်လပ်ရေးမစစ်ဘူးဆိုပြီး လက်မခံရာကနေ ပြည်တွင်းစစ်မီးစမွှေး ဖြစ်တယ်လို့ အဆိုရှိတာကိုး။

ဒီကိစ္စနဲ့ပတ်သက်ပြီး အစိုးရကြီးကျေးဇူးနဲ့ လက်ဝဲလက်ျာ နိုင်ငံရေးသမားကြီးများနဲ့ ကာလအတန်ကြာ သံတိုင်များအနောက်မှာ အတူနေခွင့်ရတော့ အဖြေရှာကြည့်တယ်ခင်ဗျ။ ဝဲယာနှစ်ဖက်စလုံးကတော့ တစ်ဖက်ကို လက်ညှိုးထိုးပြီး ပြည်တွင်းစစ်တရားခံ ‘အစစ်’က သူတို့ပေါ့ကွာလို့ ပြောကြတာပဲများပါတယ်။ ဒါပေမဲ့ အသက်ကြီးလာတာနဲ့အမျှ မျှတတွေး တတ်စိတ် ထက်သန်လာပုံရတဲ့ နိုင်ငံရေးသမားကြီးတချို့ကတော့ ကိုယ့်ဘက်ကိုပဲ အပြစ်တင်ဝေဖန်ကြတာမျိုး တိုးတိုးတိတ်တိတ် ကြားခဲ့ရတာလည်း ရှိသဗျ။ (သူတို့ခမျာလည်း အခုအထိ ကျယ်ကျယ် မပြောရဲသေးပဲကိုး)။ ဒီလိုလူကြီး မျိုးတွေထဲက လက်ဝဲသမားကြီး တချို့က မိမိတို့အနေနဲ့ လွတ်လပ်ရေးတိုက်ပွဲတစ်လျှောက် ပြည်သူ့ထောက်ခံမှုရခဲ့သမို့ ကိုယ့်ဘာသာအထင်ကြီးပြီး တောခိုလည်း ခဏပဲ၊ မကြာခင် အာဏာပြန်ရမှာပဲလို့ အယူမှားပြီး လက်နက်စွဲ တော်လှန်ရေးလုပ်မိတဲ့ အမှားလို့ ပြောကြသလို ဆိုရှယ်ဒီမိုကရက် အစွဲကြီးခဲ့ဖူးသူ လူကြီးတချို့ကလည်း ‘ကိုယ်တို့ ဆရာသမားတွေက ကွန်မြူနစ်တွေ မြေ ပေါ်မရှိအောင်၊ မနေနိုင်အောင်၊ နည်းမျိုးစုံနဲ့ လုပ်ခဲ့တာလည်း ပါတာပေါ့၊ ဒါကိုပဲ ကိုယ်တို့က တိုင်းပြည်အတွက် လုပ်တယ်လို့ ယုံ ကြည် ခဲ့တာကိုး’လို့ ပြောကြတာလည်း ရှိပါတယ်။ ခြုံပြောရရင်တော့ အဲဒီလိုလူမျိုးတွေ 'ပြည်တွင်းစစ်ရဲ့တရားခံအစစ်ဆိုရင် သူများကို အပြစ်မတင်ချင်တော့ပါဘူး၊ ကိုယ်တို့ အမှားပါပဲ’လို့ ဝန်ခံရဲသူတွေပါ။

ကဲ၊ ထားပါတော့။ ဒီလိုရင့်ကျက်တဲ့လူမျိုး တွေနဲ့ ကွဲပြားလှစွာ ‘တရားခံအစစ်ဆိုရင် သူများပဲ၊ ကယ်တင်ရှင် အစစ်ကတော့ ငါပဲ’ ဆိုတဲ့သမိုင်းမျိုးကိုပဲ ရေးချင်ကြတဲ့ လူ့သဘာဝနဲ့ အစိုးရအဆက်ဆက်ကို ကျွန်တော်တို့ ကြုံ ခဲ့ဖူးနေကျပဲလေ။ ဒါပေမဲ့ အဲဒီအစိုးရမင်းများဟာ ဒီနေ့လုပ်ရပ်တွေဟာ သမိုင်းဖြစ်သွား တယ်ဆိုတာတော့ သတိမထားနိုင်တော့ပဲ ဘယ်သူတွေယုံယုံမယုံယုံ၊ ဘယ်သူတွေ လက် ခံခံ၊ မခံခံ အတုတွေကို အစစ်ယောင်ယောင် လုပ်ပြချင်တာ တွေကိုလည်း လက်ညှိုးထိုးမလွဲ မြင်နေရတယ်လေ။ ဆိုပါစို့။ ဒီနေ့ အစိုးရ မင်းများ ပြောပြောနေကြတဲ့ ‘ဒီမိုကရေစီနိုင်ငံ’ ကြီးအဖြစ် ရှေ့ဆက်ချီတက်နေပြီဆိုတာကော တကယ်အစစ်ကြီး ဖြစ်နေပြီလား၊ ဖြစ်နေပြီလို့ နိုင်ငံတကာရော ပြည်တွင်းကပါ ယုံကြည်ကြရဲ့လား။ ဒီမိုကရေစီအစိုးရ ပလ္လင်ကို ဖင်ခု ထိုင်နေသူများအဖို့ ဒီနေရာကို အရောက်တက်လှမ်းလာတဲ့ ရွေးကောက်ပွဲကြီးကကော ပြည်သူ့ ဆန္ဒအစစ်အမှန်ကို ထင်ဟပ်တဲ့ရွေးကောက် ပွဲအစစ်ကြီး ဟုတ်ခဲ့ရဲ့လား။

ရွေးကောက်ပွဲကြီးကို အသာထားဦး။ ဒီ ကနေ့ အုပ်ချုပ်မှုစနစ်ကြီးရဲ့ အုတ်မြစ်ဖြစ်တဲ့ အခြေခံဥပဒေကို အတည်ပြုရေး ဆန္ဒခံယူပွဲ မှာတောင် ကျွန်တော့်မိသားစုက လုံးဝမဲမပေးခဲ့ပါဘူး။ ကျွန်တော်တို့တစ်တွေဟာ ‘ဗုတ်နိုး’ (Vote No) ပဲ လုပ်လုပ်၊ ‘နိုးဗုတ်’ (No Vote) ပဲလုပ်လုပ်၊ နောက်ဆုံးတော့ မဲပေးသူ ၂၆ သန်းကျော်ထဲက ၂၄ သန်းကျော် ထောက်ခံမဲပေးခဲ့လို့ ၉၂ ရာခိုင်နှုန်း ကျော်တဲ့အထဲ အော်တိုမက်တစ် ပါသွားခဲ့တာကို အားလုံးသိကြပါတယ်။ ထားပါတော့။ ဒီလိုနည်းနဲ့ အစိုးရကြီး ဖြစ်လာပေမယ့် သမ္မတကြီးက ]မြစ်ဆုံစီမံ ကိန်းရပ်စေ}ဆိုပြီး ပြည်သူ့ဆန္ဒလိုက်လျော ပေးလိုက်တာနဲ့ လူတွေက ဒါအတုကြီးလား၊ အော်ရီဂျင်နယ်လ်အစစ်ကြီးလား ဆိုတာမျိုး တွေ ဘာမှမပြောကြတော့ဘဲ ‘တို့သမ္မတကြီးကွ’ ဖြစ်သွားတာပါပဲ။ ဒီအတိုင်းကလေး လူ အများစုဆန္ဒအတိုင်း ဆက်လုပ်ပေးမယ်ဆို ရင် ကျွန်တော်တို့ကတောင် အရင်အဟောင်း တွေမေ့ပစ်ပြီး ‘တို့သမ္မတကြီးကွ’ လုပ်ဖြစ်မှာ ပါပဲ။ ဒါပေမဲ့ အားလုံးသိတဲ့အတိုင်း ပြည် သူက စိတ်ပျက်ရတဲ့ လုပ်ရပ်တွေ ဆက်တိုက် လုပ်လာရာမှာ ခုနောက်ဆုံး ငြိမ်းချမ်းစွာဆန္ဒ ပြတဲ့ ကျောင်းသား၊ ကျောင်းသူလေးများကို အရပ်သား လူရမ်းကားတွေ တာဝန်လက်ပတ် ပတ်ပြီး အရိုက်ခိုင်းတာဟာ ဥပဒေနဲ့အညီ လုပ်တာပဲလို့ သမ္မတရုံးပြောခွင့်ရက ပြောလိုက်တော့ လူတွေစိတ်ထဲ ကြိတ်မရနိုင်ခဲနဲ့ ‘အေး လေ၊ အတုဟာ အတုပါပဲ’ လို့ ပြန်ဖြစ်သွား တာပေါ့ဗျာ။

တစ်ခုရှိတာက အခုကိစ္စမှာ တာဝန်အရှိဆုံးဟာ သမ္မတကြီးပဲဆိုပြီး ချက်နဲ့လက်နဲ့ရော၊ ဗိန်းမောင်းနဲ့ အကြိမ်း အမောင်းနဲ့ပါ ဝိုင်းဝန်း ပြောဆိုနေကြတာတွေကတော့ နည်းနည်းတော့ ပြန်စဉ်းစားသင့်တယ် ထင်တာပဲ။ ဘာ ကြောင့်ဆိုတော့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီးတစ်ဦးက မီဒီယာအင်တာဗျူး တစ်ခုမှာ တိုင်းပြည်ကို တကယ် အုပ်ချုပ်နေတာက ‘ကာလုံ’ဖြစ်ပြီး သမ္မတကြီးက ဘာအာဏာမှမရှိဘူးတဲ့။ (ဒီလိုကြီးပေါ်တင် ပြော ခွင့်ရပုံကတော့ ဒီမိုကရေစီ အစစ်ကြီးနဲ့တူသားနော်)။ ပြီးတော့ ကာလုံထဲမှာ သမ္မတကြီးလည်းပါပေမယ့် သမ္မတမဲက တစ်မဲပဲဆိုလား။ ဒါအမှန်ဆိုရင်ဖြင့် အတုဖြစ်တယ်ဆိုရင်တောင် အမြင်ကတ်စရာထက် သနားစရာအတုကြီးဖြစ် နေရှာတာပါကလားလို့ တွေးနေမိပါတယ်။

ဒီလိုပဲ ပြည်သူဘက်ရပ်လေ့ရှိတဲ့ အမတ် မင်းတစ်ဦးက ‘လွှတ်တော်ကြီးအထက်မှာ မိုးကောင်းကင်ကြီးပဲ ရှိတယ်’လို့ ဆိုခဲ့ပေမယ့် လွှတ်တော်ကြီးခမျာ အခြေခံဥပဒေအတိုင်း ပိုင်ဆိုင်မှု မကြေညာကြတာကိုလည်း ဘာမှ မပြောရဲ၊ ၆ ပွင့်ဆိုင်ပါလို့ တညီတညွတ်တည်း ဆုံးဖြတ်တာကို တိုင်းဒေသကြီး လွှတ်တော် တွေက ၁၂ ပွင့်ဆိုင်မှ ကောင်းတယ်လို့ ဝင် စွက်နေတာကိုလည်း မဟန့်ရဲ၊ ၆ ပွင့်ဆိုင်ခိုင်း သူများက ‘မဆိုင်ချင်သေးဘူးဟေ့’လို့ ပြောနေတာများကိုလည်း တည့်မတ်ဖိအားပေးဖို့ နည်းလမ်းမရှိနဲ့ဆိုတော့ ‘ဪ၊ မိုးကောင်းကင်အောက်က ဗလာကြီးကိုး’ လို့ သဘောပေါက်ရတာပေါ့။

ဒီတော့ တိုတိုနဲ့လိုရင်းပြောရရင် အတုနဲ့အစစ် ပြောကြစတမ်းဆိုရင် ကျွန်တော်တို့ ပြည်သူများဘက်က ပြောစရာတွေ အများကြီးရှိပါတယ်။ ဒီမိုကရေစီနိုင်ငံ အစစ်ကြီးပါလို့ ပြောပြီး ယူနီဖောင်းဝတ်ဝန်ကြီး တစ်ပါးပြီး တစ်ပါး စင်ပေါ်တက်တက်လာတာကိုက ပြည်တွင်းကလူတွေကို အားမနာတောင် နိုင်ငံတကာကို မျက်နှာပူသင့်မဟုတ်လား။

ဒီလိုနဲ့ပဲ ရွေးကောက်ပွဲမှာ ကြိုတင်မဲအ တုများနဲ့ အတင်းလုတက် လုထိုင်ပြီး အတု လွှတ်တော်ကြီး တစ်ခုလုံး အပိုင်စီးလို့ အချည်းနှီးသော အဆိုတု၊ အခြေတုများနဲ့ အချိန်ကုန် တဲ့ ‘အတု’ အပုံလိုက် အစုလိုက်ထဲမှာ တစ်ခါ တစ်ခါတော့ အစစ်ပသာဒနဲ့ အနှစ်သာရက လေးများလည်း ရှားရှားပါးပါး တွေ့ရတတ်ပါသေးတယ်။ အဲဒါကတော့ အစိုးရက သိမ်းထားတဲ့လယ်မြေဧက သုံးသိန်းပြန်ပေးပြီးပြီ ဆိုတော့ ‘စစ်တပ်သိမ်းတာချည်းကိုက သုံး သိန်းမကပါဘူးဗျာ’ လို့ အာဏာရပါတီအမတ် မင်းက ထောက်ပြတာမျိုးပေါ့။ ခြောက်ပွင့်ဆိုင် တွေ့သင့်ပါတယ်လို့ အာဏာရအမတ်မင်းက တင်ပြတာမျိုးလည်း ပါတာပေါ့။ ဒီလိုပဲ လွှတ် တော်နာယကကြီး ကိုယ်တိုင်က ဘတ်ဂျက် အလွဲသုံးစားမှုတွေ လုယက် စားသောက်တာကို ဆီးသီးဗန်းမှောက်သလိုလို့ တင်စားတာ မျိုးလည်း ထည့်ရေတွက်နိုင်သပေါ့။

တကယ်တော့ အတုဆို လူထုက အော့ နှလုံးနာသလောက် အစစ်ဆိုရင် ကြိုဆိုထောက် ခံကြစမြဲပါပဲ။ ဒါပေမဲ့ လူထုက တော်ရုံနဲ့ဖြင့် ‘ဒါကြီးကအတုကြီး’လို့ လက်ညှိုးထိုး စော်ကား လေ့မရှိပါဘူး။ အတုတွေချည်း ကြုံနေကျမို့ သည်းခံအောင့်အည်းရတာလည်း အသားကျနေပြီမို့ ဖြစ်ပါလိမ့်မယ်။

ဒါကြောင့် ဒီလိုအချက်တွေကို ထောက် ထားပြီး ကိုယ်တိုင်က အတုဖြစ်တာ အစစ် ဖြစ်တာအသာထားပြီး ပြည်သူ့ ရင်သွေးများ ကို ‘အတုတွေ’ဆိုပြီး မဟုတ်မမှန် စွပ်စွဲခြင်းအားဖြင့် သမိုင်းတု အရေးမှားရင် လက်ညှိုး တစ်ချောင်းထိုးမိမှားတဲ့အခါ ကိုယ့်ဘက်ကို လေးချောင်းပြန်ထိုးနေတာကို အမြဲသတိထား ဆင်ခြင်စေချင်တာပါ ခင်ဗျား။

၁။ ပုဒ်မ ၅၉ (စ) ကိစ္စ

အစက ဒီကိစ္စ အရေးမကြီးဘူး သဘောထားပြီး မရေးဘဲ နေဖို့ပါပဲ။ ဒါပေမဲ့ တစ်ချက်ကို သွားသတိထားမိတယ်။ ပုဒ်မ ၅၉ (စ) ဟာ ဒေါ်အောင်ဆန်းစုကြည် ဖခင် ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ရေးဆွဲခဲ့တဲ့ ၁၉၄၇-ခုနှစ် ဖွဲ့စည်းပုံမှာ ပါဝင်ခဲ့တယ်လို့ ဖြေကြားသွားခြင်းဖြစ်တယ်။ ဒီပုဒ်မကို ထည့်သွင်းရခြင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်တာမဟုတ်ဘဲ မြန်မာနိုင်ငံဟာ တရုတ်နဲ့အိန္ဒိယကြားမှာ ရှိနေခဲ့လို့ မြန်မာတိုင်းရင်းသားများသာ သမ္မတဖြစ်ခွင့်ရှိစေဖို့ အကာအကွယ်ပေးထားခြင်းဖြစ်ကြောင်းဆိုပါတယ်။

သူ့စကားကို စိစစ်ရအောင်ပါ။ ၁၉၄၇-ခုနှစ်ဖွဲ့စည်းပုံမှာ သမ္မတအရည်အချင်းနဲ့ ပတ်သက်ပြီး ပုဒ်မ ၄၉ (က) အရ "မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ မိဘနှစ်ပါးသော်လည်းကောင်း၊ ပြည်ထောင်စုနိုင်ငံတော်၏ အာဏာပိုင်နက်အတွင်း၌ မွေးဖွားခဲ့၍ ပြည်ထောင်စုနိုင်ငံသားလည်း ဖြစ်သော"လို့ ပါဝင်ပါတယ်။

အခု ၂၀၀၈-ခု၊ နာဂစ်ဖွဲ့စည်းပုံမှာ "မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏ တရားဝင်သားသမီး တစ်ဦးဦးသော်လည်းကောင်း၊ ထိုတရားဝင်သားသမီးတစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက် ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါးနိုင်ငံသားများ မဖြစ်စေရ...."စသည် ပါရှိပါတယ်။

ဒီပုဒ်မနှစ်ခုဟာ မတူကြောင်းသိသာထင်ရှားလွန်းလှပါတယ်။ ၁၉၄၇-ခုဖွဲ့စည်းပုံမှာ မြန်မာနိုင်ငံသား မိဘနှစ်ပါးကနေ မြန်မာနိုင်ငံမှာ မွေးတဲ့ မြန်မာနိုင်ငံသားစစ်မှန်ရင် သမ္မတဖြစ်နိုင်ပါတယ်။ ဇနီး၊ ခင်ပွန်းနဲ့ သားသမီးများကို ဝက်အူရစ်ထားခြင်းမရှိပါ။ ဒါကြောင့်လည်း ရှမ်းစော်ဘွားစဝ်ရွှေသိုက်ဟာ သူ့သမီး စစ်စန္ဒာက ဗြိတိသျှနိုင်ငံသား တစ်ဦးဖြစ်သူ Peter Simms နဲ့ လက်ထပ်ထားပေမဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံးသမ္မတ ဖြစ်ခွင့် ရခဲ့ပါတယ်။

၂၀၀၈-ခုဖွဲ့စည်းပုံမှာ ရှိသမျှမိသားစုဝင်များကို ဆွဲထည့်ပြီး မြန်မာနိုင်ငံသားစစ်မှန်ပြီး မိမိက ဘယ်လောက်ပဲတော်နေပါစေ မိမိရဲ့ မိသားစုဝင်တစ်ဦးဦးက ချွတ်ချော်သွား ခဲ့ရင် ကိုယ်ပါ ပါသွားမှာ ဖြစ်ပါတယ်။ အခု ဒေါ်အောင်ဆန်းစုကြည်က ဗြိတိသျှနိုင်ငံသားနဲ့ လက်ထပ်ခဲ့ပေမဲ့ မြန်မာနိုင်ငံသား အဖြစ်ကို ဘယ်တုန်းကမှ မစွန့်လွှတ်ခဲ့ပါ။ သူ့သား (၂) ယောက်ကိုလည်း မြန်မာနိုင်ငံသားအဖြစ်ကိုပဲ မွေးကတည်းကပင် ခံယူစေခဲ့ပါတယ်။ ဦးသိန်းစိန် တို့ရဲ့ စစ်အစိုးရဟာ သူ့သား (၂) ယောက်ကို စွန့်လွှတ်ခဲ့လို့ နိုင်ငံမဲ့ဖြစ်သွားရာက ဗြိတိသျှနိုင်ငံသား အဖြစ်ကို ခံယူလိုက်ရခြင်းဖြစ်တယ်။

ဒီမှာ ဦးသိန်းစိန်ရဲ့ ရိုးသားမှုကို မေးချင်ပါတယ်။ ဦးသိန်းစိန်တို့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ သား (၂) ယောက်ကို မြန်မာနိုင်ငံသားအဖြစ်ကနေ ပျက်ပြားသွားအောင် လုပ်နိုင်ခဲ့တယ်ဆိုရင် လက်ရှိပုဒ်မ ၅၉ (စ) ကို ရေးဆွဲတဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်ခဲ့ခြင်းမရှိဘူးလို့ ဘာအချက်နဲ့ ပြောနိုင်ပါသလဲ။ အိန္ဒိယနဲ့ တရုတ်တို့ကို ပဏ္ဏာတော်ဆက်သပြီး ရပ်တည်ခဲ့ရတဲ့ ဦးသိန်းစိန်တို့ရဲ့ စစ်အစိုးရဟာ အနောက်နိုင်ငံများကို မရည်ရွယ်ဘဲ ဒီအိမ်နီးချင်း (၂) နိုင်ငံကိုပဲ ဒီပုဒ်မကို ရေးဆွဲခဲ့တယ်လို့ ဆိုတော့ ယုံစရာ ဘယ်လောက်ရှိနိုင်ပါသလဲ။ တစ်နေက ဆယ်အထိ ခန့်မှန်းခိုင်းရင် တစ်အဆင့်တောင် မရှိပါဘူး။

နောက်တစ်ခု သမ္မတဦးသိန်းစိန်က ၁၉၇၄-ခုဖွဲ့စည်းပုံမှာလည်း ဒီပုဒ်မ ပါပြီးသားပဲလို့ ဆိုခဲ့ပါတယ်။ မပါကြောင်းကို ဦးသိန်းစိန်ရဲ့ဘိုးတော် ဦးနေဝင်းက သက်သေပြခဲ့ပြီဖြစ်ပါတယ်။ အဲဒါကတော့ ရတနာနတ်မယ်ပါပဲ။ သူက အီတလီနိုင်ငံသူပါ။ မြင်းဒိုင်းဆိုပါတော့။ ဆိုရှယ်လစ်စီးပွားရေးစနစ်ကို စတင်ကျင့်သုံးခဲ့လို့ မြင်းပွဲများကို ပိတ်ပင်ခဲ့တဲ့ နှာဗူးနေဝင်းဟာ စင်ကာပူအပါအဝင် ပြည်ပနိုင်ငံထွက်ပြီး မြင်းလောင်းလေ့ရှိရာက မြင်းလောင်းဒိုင်းတစ်ဦးရဲ့သမီး ရတနာနတ်မယ်နဲ့ ငြိခဲ့ခြင်းဖြစ်တယ်။ သူက တရားဝင်လက်ထပ်ပြီး သတင်းစာမှာတောင် ပါခဲ့ဖူးတာမို့ အဆိုပါသတင်းစာဖြတ်ပိုင်းကိုပါ ရအောင်ရှာပြီး ကြည့်ပါတော့။ ဒီတော့ ဒီပုဒ်မဟာ ၁၉၇၄-ခုဖွဲ့စည်းပုံမှာလည်း ပါခဲ့ပြီးဖြစ်လို့ ဒေါ်စုကို ရည်ရွယ်ခြင်းမရှိဘူးလို့ ပြောခြင်းဟာ လိမ်ညာခြင်းပဲဖြစ်တယ်။ ပုဒ်မ ၅၉ (စ) ဟာ ဘယ်ဖွဲ့စည်းပုံမှာမှ ပါခဲ့ခြင်းမရှိဘဲ ဒေါ်အောင်ဆန်းစုကြည်ကိုသာ ရည်ရွယ်ပြီး ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း ကော်မရှင်ဥက္ကဋ္ဌဟောင်း သမ္မတဦးသိန်းစိန် သိပါတယ်။

ဒီဖွဲ့စည်းပုံအရ ဒေါ်အောင်ဆန်းစုကြည်က သမ္မတ မဖြစ်နိုင်ပေမဲ့ ပြည်ခိုင်ဖြိုး အမတ် ဘင်္ဂလီတွေကတော့ မြန်မာ့သွေးစစ်လွန်းလို့၊ တိုင်းရင်းသား စစ်လွန်းလို့၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နဲ့ တရုတ်တို့ရန်ကနေ မြန်မာနိုင်ငံကို ကာကွယ်နိုင်သူမို့ ယုံကြည်စိတ်ချရကာ သမ္မတဖြစ်ခွင့်ရအောင်တော့ ဦးသိန်းစိန်တို့က မရမက ရေးဆွဲပါတယ် ခင်ဗျ။ နောက်ပြီး ပြောလက်စနဲ့ ပြော ရရင် ပုဒ်မ ၅၉ (စ) ဟာ ဗိုလ်ချုပ်အောင်ဆန်းရေးဆွဲခဲ့တယ်လို့ ပထမဆုံး ဖော်ပြတဲ့အုပ်စုဟာ မ.ဘ.သ တို့ ဖြစ်ပါတယ်။ ဒါကြောင့် အင်တာဗျူးပါစကားကို ထောက်ကြည့်ရင် သမ္မတဦးသိန်းစိန်ဟာ မ.ဘ.သ စကားကို ကိုးကားခြင်းဖြင့် မ.ဘ.သ ကို ကြိုးကိုင်နေသူ ဖြစ်ပြီး ၉၆၉ အဓိကရုဏ်းနောက်ကွယ်မှာ ပါဝင်သူ ဖြစ်ကြောင်း ခန့်မှန်းမိပါတယ်။

၂။ လက်ပံတန်းပင်မသပိတ်ဖြိုခွင်းမှု

သမ္မတဦးသိန်းစိန် က အင်တာဗျူးမှာ "ဟိုက ရိုက်လို့ ရဲက ပြန်ရိုက်ရတာ"လို့ ဖြေသွားပါတယ်။ "ရဲတွေဘက်က အကြမ်းဖက်တိုက်ခိုက်မှုများကိုပဲ တဖက်ထဲ ကြည့်ပြီး မပြောပါနဲ့"လို့လည်း ဆိုသွားပါတယ်။ ကျောင်းသားတွေက စခဲ့တာလား၊ ရဲတွေက စခဲ့တာလား မှတ်တမ်းဓာတ်ပုံတွေ ရှိခဲ့သလို သမ္မတပြောသလို ဥရောပ စံချိန်စံညွှန်းနဲ့ လူစုကို ဖြိုခွဲခဲ့တယ်ဆိုတဲ့စကားဟာလည်းပဲ ရီစရာအတိပဲ ဖြစ်တယ်။ ဥရောပအပါအဝင် တကမ္ဘာလုံးက ဒီအကြမ်းဖက်မှုဟာ ဥပဒေနဲ့ မညီဘူးလို့ ပြောခဲ့ကြပြီဖြစ်ပါတယ်။ ရဲတပ်ဖွဲ့တွေဟာ ကျောင်းသားတွေကိုပဲ ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားတာ မဟုတ်ပါဘူး။ မီဒီယာသမားတွေကိုလည်း တမင်တကာ ချောင်ပိတ်ရိုက်ခဲ့ကြပါတယ်။ သပိတ်ကားကို ဖျက်ဆီးခဲ့ကြသလို လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပုံကိုလည်း ဆုတ်ဖြဲဖျက်ဆီးခဲ့ကြပါတယ်။ အလားတူ ခွပ်ဒေါင်းအလံကိုလည်း ခြေထောက်နဲ့ကန်၊ ခြေထောက်နဲ့ နင်းခြေခဲ့ပါသေးတယ်။ အဆိုးဆုံးမှာ သာရေးနာရေးအတွက် လာရောက်အကူအညီပေးနေတဲ့ လူနာတင်ကားကို ရစရာမရှိအောင် ဖျက်ဆီးသွားခဲ့ကြခြင်းဖြစ်ပါတယ်။

လက်ပံတန်းမှာ ရဲတွေ လူစုခွဲပုံနဲ့ ဟိုဥရောပမှာ ရဲတွေ လူစုခွဲပုံတို့ကို ထပ်ခါထပ်ခါ ကြည့်မိပါတယ်။ ဥရောပတပည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တွေက သူတို့ ဆရာ သင်ပြပေးတဲ့အတိုင်း လူစုခွဲခဲ့ခြင်းဖြစ်ကြောင်း ပြောပေမဲ့ သူတို့ဆရာတွေက သူတို့သင်သလိုမဟုတ်ဘူးလို့ အကြောက်အကန် ငြင်းဆိုကြပါတယ်။ ဟုတ်လည်း ဟုတ်ပါတယ်။ လုံးလုံးမတူပါ။ ဒါကို သမ္မတဦးသိန်းစိန် က ရဲဘက်ကနေပဲ ရပ်တည်ပြီး အင်တာဗျူးမှာ ဖြေကြားသွားပါတယ်။ မြို့တော်ခမ်းမအကြမ်းဖက်မှု၊ ဟို လက်ပံတောင်းစီမံကိန်း မီးလောင်းပုံအကြမ်းဖက်မှုတို့နောက်မှာ သမ္မတကြီးက အသေအချာ ရှိနေကြောင်း သက်သေပဲ ဖြစ်တယ်။ အမှန်မှာ လက်ပံတောင်းတောင်တုန်းကလည်း မီးလောင်းဗုံးကျွေးခြင်းမှာ ဥပဒေနဲ့အညီ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သမ္မတရုံးက စာမျက်နှာမှာ ပေါ်လာပြီးမှ ပြန်ဖြုတ်ခဲ့ခြင်းဖြစ်တယ်။

သမ္မတဦးသိန်းစိန်ဟာ လူတွေ ထင်သလို နာဂစ်မုန်တိုင်းကို သင်ခန်းစာယူပြီး လူကောင်းလုပ်လိုသူမဟုတ်ကြောင်း သိသာ ထင်ရှားလှ ပါတယ်။ သူဟာ သူ့ဆရာ့ဆရာတွေလိုပဲ ဖြစ်တယ်ဆိုတာ ဒီကနေ့ မိမိတို့ ထပ်မံသိရှိရပြန်ပါပြီ။

၃။ တပ်မတော်နဲ့ မြန်မာ့နိုင်ငံရေးအခန်းကဏ္ဍ

ဘီဘီစီ အင်တာဗျူးမှာ သမ္မတဦးသိန်းစိန် နောက်ထပ်ဖြေကြားချက်တစ်ခုကို ကြည့်ရင် စိတ်ဓာတ်ကျစရာအတိပဲ ဖြစ်ပါတယ်။ သူက လက်ရှိဖွဲ့စည်းပုံမှာ စစ်တပ်က (၂၅) ရာခိုင်နှုန်း ရယူထားခြင်းမှာ အင်ဒိုနီရှားရဲ့ ဒွိဖန်စီမှာပါတဲ့ (၄၀) ရာခိုင်နှုန်းထက် မဆိုးဘူးလို့ ပြောပါတယ်။ ဟိုမှာ ကျင့်သုံးတဲ့ ဒွိဖန်စီက မရှိတော့ဘူးလေ။ အလုပ်မဖြစ်လို့ မသုံးတော့တဲ့ စနစ်တစ်ခုကို ကိုးကားနေတယ်ဆိုကတည်းက ဒီသမ္မတက ဘာသမ္မတလည်း သိသာလှပါတယ်။ သူက ခေတ်အမြင်ခေတ်အတွေးနဲ့ အလုပ်လုပ်နေသူ မဟုတ်ကြောင်းကို သိနိုင်ပါတယ်။ အင်ဒိုသားတွေ စွန့်ပစ်သွားတဲ့ နိုင်ငံရေးစနစ်တစ်ခုကို မြန်မာက အမှိုက်ပုံကနေ ကောက်ပြီး ယူသုံးနေရတာကိုးက နိုင်ငံသိက္ခာဘယ်မလဲ။ အနောက်တိုင်းဒီမိုကရေစီကို ယူမသုံး၊ ကိုလိုနီလက်သစ်ဝါဒကို လက်မခံဆိုပြီးမှ ဒီလိုမျိုး ချိုးသွားတာ ရှက်စရာပါ။

နောက်တစ်ခုပေါ့။ တပ်မတော်က သူ့မှာ လုပ်ငန်းစဉ် (၂) ရပ်ရှိတယ်ဆိုပဲ။ (၁) စစ်တိုက်မယ်။ (၂) နိုင်ငံရေးထဲ ဝင်ပါမယ်။ စစ်တိုက်စရာမရှိရင် နိုင်ငံရေးထဲ ဝင်လုပ်မယ်တဲ့။ ဒါဟာ အမျိုးသားနိုင်ငံရေးကို လုပ်ခြင်းလို့ ဦးသိန်းစိန်က ရည်ညွန်းပါတယ်။ ပါတီနိုင်ငံရေးနဲ့ အမျိုးသားနိုင်ငံရေးဆိုတာ ဘယ်လိုကွာလဲ ရှင်းပြမသွားဘူး။ ပါတီနိုင်ငံရေးရော၊ တသီးပုဂ္ဂလနိုင်ငံရေးရော၊ ဟိုလက်နက်ကိုင်တော်လှန်ရေးရော အမျိုးသားနိုင်ငံရေးမဟုတ်ဘူး။ ရှိသမျှအာဏာကို ဆုပ်ကိုင်ထားပြီး အမျိုးသားနိုင်ငံရေးဆိုတဲ့ ပျားရည်နဲ့ ဝမ်းချရုံနဲ့ တပ်ကို ပြည်သူတွေ လက်ခံကြမှာမဟုတ်ဘူး။ စစ်တပ်ဆိုတာ ကာကွယ်ရေးတာဝန်ပဲ ထမ်းဆောင်ရမှာ ဖြစ်တယ်။ နိုင်ငံရေးမှာ ဝင်ရှုပ်စရာမလိုဘူး။

အရေးကြီးဆုံးမှာ ဦးသိန်းစိန် က "စစ်တပ်က ပါတီနိုင်ငံရေးမှာ ဝင်မပါဘူး"တဲ့။ "ဒါကြောင့် ပြုပြင်ပြောင်းလဲရေးကို အနှောင့်အယှ်က မဖြစ်ဘူး"ဆိုတဲ့သဘောပေါ့။ ထားလိုက်ပါတော့။ တပ်မတော်က ပါတီနိုင်ငံရေးကို ဝင်မစွက်ဘူးဆိုပါတော့ အောက်ပါအရေးကိစ္စတွေမှာ ပါတီတွေက တပ်မတော်ကို ဝင်စွက်ဖက်လို့ ရသလားလို့ မေးချင်ပါတယ်။
(၁) ကာလုံမှာ ထိုင်ခုံ (၆) ခုံ ရယူထားတဲ့ကိစ္စ။
(၂) ရွေးကောက်ပွဲမဝင်ဘဲ သမ္မတတစ်နေရာ ရနေတဲ့ကိစ္စ။
(၃) ပြည်ထဲရေး၊ ကာကွယ်ရေးနဲ့ နယ်လုံဝန်ကြီးဌာန (၃) ခုကို မောင်ပိုင်စီးထားတဲ့ကိစ္စ။
(၄) လွှတ်တော်ထဲမှာ (၂၅) ရာခိုင်နှုန်းရယူထားတဲ့ကိစ္စ။
(၅) ကိုယ့်ဟာကိုယ် စစ်ကျေညာနိုင်တဲ့ကိစ္စ။
(၆) ကိုယ့်ဟာကိုယ် တရားစီရင်နိုင်တဲ့ကိစ္စ။
(၇) ကိုယ့်ဟာကိုယ် စီးပွားရှာနိုင်တဲ့ကိစ္စ။

ဒီကိစ္စတွေမှာ ပါတီတွေက ဝင်စွက်လို့ ရသလားခင်ဗျား။ ဒီအရေးတွေမှာ ဘယ်ပါတီကမှ ဝင်စွက်လို့ မရဘူးဆိုခဲ့ရင် စစ်တပ်က ပါတီနိုင်ငံရေးမှာ အချိန်ကုန်ခံပြီး ဘယ်လာရှုပ်ပါတော့မလဲ။ ရုပ်ပြနိုင်ငံရေးပဲ ရှိတဲ့ ပါတီနိုင်ငံရေးကို တရွေးသားမှ အထင်ကြီးမှာမဟုတ်ဘူး။ သမ္မတဦးသိန်းစိန်ရဲ့ ဒီစကားတစ်ခွန်းကြောင့်ပဲ ၆-ပွင့်ဆိုင်ဆွေးနွေးပွဲဆိုတာ ဘာမှ အရာမရောက်နိုင်ဘူးလို့ တွက်လို့ ရနေပါပြီ။ မဟုတ်ဘူးဆိုခဲ့ရင် သမ္မတရုံးကနေ ဖြေရှင်းကြည့်ပါ။

ဒီတော့ ဘီဘီစီ အင်တာဗျူးမှာ ဦးသိန်းစိန်ဟာ "သူဟာ တပ်ကလူ ဖြစ်ပြီး တပ်ကိုပဲ သစ္စာရှိကြောင်း" ဖော်ပြသွားသလို "သူဟာ ပြည်သူတို့ရဲ့ အကျိုးစီးပွားကို လုံးဝဂရုစိုက်သူမဟုတ်ဘဲ အုပ်ချုပ်သူလူတန်းစားတွေဘက်ကနေပဲ လုံးဝရပ်တည်သူဖြစ်ကြောင်း"လည်း ပေါ်လွင်စေပါတယ်။

အရှင်ရာဝိက(မုဒုံ)

(ဆောင်းပါးရှင်၏ အတွေးအမြင် ယူဆချက်သာ ဖြစ်ပါသည်။)

The Ladies News Journal

ဒီနေ့ကျရောက်တဲ့ ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ ၁၃၉ နှစ်မြောက် မွေးနေ့အထိမ်းအမှတ် အခမ်းအနား ကို ရန်ကုန်မြို့ ကန်တော်မင်ပန်းခြံအနီးက ဆရာကြီးရဲ့ ဂူဗိမာန်မှာ မိသားစုဝင်တွေနဲ့ ဂူဗိမာန် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ကျင်းပခဲ့ပါတယ်။

မြန်မာနိုင်ငံလွတ်လပ်ရေး၊ ငြိမ်းချမ်းရေးနဲ့ စာပေ ယဉ်ကျေးမှုပိုင်းမှာ ဂုဏ်သိက္ခာကြီးမားတဲ့ သခင် ကိုယ်တော်မှိုင်းရဲ့မွေးနေ့အခမ်းအနားကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်ကျင်းပနိုင်ဖို့ လိုအပ်တယ်လို့ ဆရာကြီးရဲ့ ဂူဗိမာန်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဝင် ဦးမြင့်ဆန်းက ပြောပါတယ်။

"ဆရာကြီးရဲ့ ဂုဏ်အင်္ဂါတွေကို ဖော်ကျူးမယ်ဆိုရင် ၃ ရက်လောက်လည်း မလုံလောက်ပါဘူးခင်ဗျာ၊ ဘာဖြစ် လို့လဲဆိုတော့ သူ့ရဲ့စာပေအနုပညာဆိုင်ရာ အကြောင်းအရာတွေက သီးသန့်တစ်ခုဖြစ်မယ်၊ အမျိုးသား လွှတ်မြောက်ရေးဆိုင်ရာ ကြိုးပမ်းခဲ့တာတွေကလည်း တစ်ခုဖြစ်မယ်၊ နောက်အဖိနှိပ်ခံပြည်သူတွေဖြစ်တဲ့ အလုပ် သမား၊ လယ်သမားအရေးတွေ ဆောင်ရွက်ခဲ့တာတွေ သူနဲ့ပတ်သက်လို့ စာဖွဲ့မကုန်နိုင်တဲ့ အကြောင်းတရားတွေ ရှိတဲ့အတွက် ကျနော်တို့အခုကျင်းပတာက တာဝန်မကျေဘူးလို့တောင် ခံစားရပါတယ်ဗျာ"

မွေးနေ့အခမ်းအနားကို တိုင်းရင်းသားခေါင်းဆောင်တွေ၊ နိုင်ငံရေးပါတီခေါင်းဆောင်တွေ၊ လူမှုရေးအသင်းအဖွဲ့တွေ၊ ရဟန်းသံဃာတွေ ၁၅၀ ကျော်လောက် တက်ရောက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၁ ရက်နဲ့ ၂၂ ရက်နေ့မှာလည်း ဆရာကြီးရဲ့ မွေးနေ့အထိမ်းအမှတ်အနေနဲ့ ဂူဗိမာန်မှာ ကဗျာတွေရွတ်ဆိုခဲ့ကြပါတယ်။

သခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေး ဗိမာန်၊ ရုပ်ထု၊ စာကြည့်တိုက်၊ ပြတိုက်နဲ့ ပန်းခြံတွေကို တခြားမြို့တွေမှာ တည်ဆောက်ဖွင့်လှစ်နိုင်ဖို့ ကြိုးပမ်းသွားမှာဖြစ်ကြောင်း ဂူဗိမာန်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

RFA

ပင်မကျောင်းသားသပိတ် လက်ပံတန်းမှာ ဖြိုခွဲခံရပြီး ဒဏ်ရာရကျောင်းသားတွေကို အကျဉ်းထောင်ပို့စဉ် မြင်ကွင်း (မတ်လ ၁၁၊ ၂၀၁၅)

ပဲခူးတိုင်း၊ လက်ပံတန်း ကျောင်းသား သပိတ်ကို အာဏာပိုင်တို့ အကြမ်းဖက်ဖြိုခွဲပြီး သာယာဝတီ အကျဉ်းထောင်အတွင်းမှာ ဖမ်းဆီးထားခံရတဲ့ ကျောင်းသား တချို့မှာ ဖြိုခွဲခံရမှုအတွင်း ဦးခေါင်းကို ရိုက်နှက်ခံ ထားခဲ့ရမှုကြောင့် နာကျင်မူးဝေတာတွေ ခံစားနေကြရဆဲ ဖြစ်သလို တချို့ဆိုရင် မျက်စေ့မမြင်ရတဲ့ အဖြစ်မျိုးတွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။ ဖမ်းဆီးခံကျောင်းသားတွေ လုံလောက်တဲ့ ဆေးဝါးကုသမှု မရဘူးလို့လည်း မိသားစုဝင်တွေက သံသယ ရှိနေကြတာပါ။ ဒီကနေ့မှာလည်း ဖမ်းဆီးခံထားရသူတွေကို ထောင်ဝင်စာတွေ့ခွင့် အာဏာပိုင်တို့က ပိတ်လိုက်ပြန်ပါတယ်။ အပြည့်အစုံကိုတော့ ထိုင်း အခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

လက်ပံတန်းမြို့မှာ ရိုက်နှက်ဖမ်းဆီးခံခဲ့ရတဲ့ ပင်မသပိတ်စစ်ကြောင်းက ကျောင်းသားနဲ့အရပ်သားတွေဟာ သာယာဝတီထောင်မှာ လုံလောက်တဲ့ ဆေးဝါးကုသခွင့်မရတဲ့အတွက် ဦးခေါင်းနဲ့မျက်စေ့ ထိခိုက်ဒဏ်ရာရခဲ့ကြသူ ကျောင်းသားတွေဟာ စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေပါတယ်။ ပြည်တက္ကသိုလ် အဝေးသင်ကျောင်းသားတဦးဖြစ်တဲ့ မောင်သန်းဆွေကို စနေနေ့က ထောင်ဝင်စာသွားတွေ့ချိန်မှာ သားဖြစ်သူရဲ့မျက်လုံးတဘက် မမြင်ရတော့တဲ့ အကြောင်း ဖခင်ဖြစ်သူ ဦးခင်မောင်ကြည်က ပြောပြပါတယ်။

“သူက အရင်ရောက်နေနှင့်တာပေါ့။ အထဲလည်း ဝင်လည်းဝင်သွားရော ကျနော်ဝင်သွားမှ သူက မျက်စိကပ်ထားတဲ့ဟာကို ခွာလိုက်တာ။ ခွာလည်းခွာလိုက်ကော မျက်စေ့တခုလုံး ရဲနေတာကို ကျနော် မြင်လိုက်ရတယ်ပေါ့။ ဘယ်ဘက်မျက်လုံးက၊ ရဲနေတာမြင်တော့ ကျနော် လှမ်းမေးတယ်။ သား- မင်းမျက်စေ့က ဘယ်လိုလဲ၊ မသက်သာဘူးလားပေါ့။ ‘အဖေ-တဲ့၊ သူက ဒီအတိုင်းကြည့်ရင်တော့ ကောင်းတယ်လို့ ထင်ရတာပေါ့-တဲ့။ မြင်ရတယ်လို့ပဲ အောက်မေ့ရတယ်-တဲ့။ ဒါပေမယ့် ကောင်းတဲ့မျက်လုံးကို ပိတ်လည်း ကြည့်လည်းကြည့်ရော ဟိုဘက်က မမြင်ရဘူး-တဲ့။’ ကုမပေးဘူးဆိုတဲ့သဘောကို ကျနော် သိသွားတာပေါ့နော်။ ဟုတ်ကဲ့၊ သူတို့အထဲမှာ ကုမပေးဘူးဆိုတော့ ထောင်ထဲမှာကုပေးလည်းပဲ အာကတံ၊ ပါကတံပဲကုပေးမယ်ဆိုတာ ကျနော်တို့က သဘောပေါက်ပါတယ်။ ကျနော်တို့အနေနဲ့တော့ အပြင်မှာ ကုချင်တာပေါ့နော်၊ သူလုပ်ချင်တာကို မျက်စေ့ကောင်းသွားအောင် ကျနော်တို့က ကုပေးချင်တာပေါ့။ ကုချင်ပေမယ့် အခုနကပြောသလို အထဲမှာနေတော့ ကျနော်တို့က ဘာမှ လုပ်ပေးလို့ မရဘူး။ သူတို့မှ မလွှတ်တော့။ သူတို့က လွှတ်ပေးပြီဟေ့ဆိုရင်တော့ ကျနော်တို့က အပြင်မှာ ကုသပေးရမှာပါ။ အဲလိုပဲ လုပ်ရမှာပေါ့။ အဓိကအရေးကြီးတာက မျက်စေ့၊ မျက်စေ့ဖြစ်သွားတယ် ဆိုတော့ ကိုယ်က တော်တော်လေး စိုးတော့ စိုးရိမ်လိုက်တာပေါ့။ စိုးရိမ်တော့လည်း ဖြစ်ပြီးပြီဆိုတော့ သူတို့လက်ထဲရောက်နေတော့ ကျနော်တို့က ဘာမှလုပ်ပေးလို့ မရတော့ဘူးလေ။”

ဆေးကုသခွင့်ရနိုင်ဖို့ ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာ စုံစမ်းနေဆဲဖြစ်ကြောင်း အမြန်ဆုံးပြန်လွှတ်ပေးမှသာ ဆေးကုပေးနိုင်မှာဖြစ်ကြောင်းလည်း ဦးခင်မောင်ကြည်က ပြောပါတယ်။ ရိုက်နှက်ဖမ်းဆီးခံထားရသူကျောင်းသား နောက်တဦးဖြစ်တဲ့ မင်းသူရှိန်ကို ထောင်ဝင်စာတွေ့ခဲ့တဲ့ မိခင်ဖြစ်သူကလည်း အခုလို ပြောပြပါတယ်။

“ပထမရက်တွေတုန်းကတော့ ခေါင်းတွေမူးတယ်-တဲ့။ ခေါင်းကို ရိုက်ထားတဲ့အတွက်ကြောင့်။ သူ့ကိုမေးတော့ အထဲထဲမှာတော့ မရိုက်တော့ဘူး-တဲ့။ အပြင်မှာတုန်းကတော့ ခေါင်းကို နှစ်ချက်ရိုက်တယ်-ပေါ့။ လက်နဲ့ကျောကုန်းကို သုံးချက်ရိုက်တယ်-တဲ့။ အဲလိုပြောပါတယ်။”
ဆယ်တန်းကျောင်းသား မောင်အောင်မင်းခိုင်ကို လက်ပံတန်း ပင်မကျောင်းသားသပိတ် ဖြိုခွဲချိန် ရဲတပ်ဖွဲ့ဝင်တွေ အုပ်စုလိုက်ဝိုင်းဝန်းရိုက်နှက်နေစဉ်။ (မတ်လ ၁၁၊ ၂၀၁၅)
အလားတူပဲ အသက် ၁၆ နှစ်အရွယ် ၁၀ တန်းကျောင်းသား မောင်အောင်မင်းခိုင်နဲ့ ကျောင်းသားငါးဦးခန့်ဟာ ဦးခေါင်းမှာ ပြင်းထန်တဲ့ဒဏ်ရာတွေ ရထားခဲ့တာကြောင့် ခေါင်းမူး၊ ခေါင်းကိုက်တာတွေဖြစ်နေတဲ့အတွက် အပြင်မှာ ဆေးဝါးကုသဖို့လိုအပ်နေတယ်လို့ ကျောင်းသားခေါင်းဆောင် ကိုမင်းသွေးသစ်က သူ့မိသားစုနဲ့ ထောင်ဝင်စာတွေ့ဆုံချိန်မှာ ပြောဆိုထားတာပါ။ ခေါင်းနဲ့မျက်စေ့နေရာမျိုးတွေကို အရိုက်ခံထားရတာဟာ စိုးရိမ်စရာ ကောင်းတဲ့အကြောင်း သာယာဝတီအကျဉ်းထောင်ကို ထောင်ဝင်စာသွားပို့ခဲ့တဲ့ ကျောင်းသားခေါင်းဆောင် ကိုဒီငြိမ်းလင်းက ပြောပါတယ်။

“မျက်လုံးဆိုတာ လူတယောက်ရဲ့အရေးကြီးတဲ့အစိတ်အပိုင်းဗျာ။ အထဲမှာ အတွင်းကြေနေတာ ဘယ်သူမှ မသိနိုင်ဘူး။ မျက်စေ့ဟာ ဘယ်လို ဖြစ်သွားလဲဆိုတာကို ပွင့်ပွင့်လင်းလင်း လုပ်ဆောင်သင့်တယ်လို့ ကျနော်မြင်တယ်ဗျာ။ အခုဟာက တကယ်အရေးပေါ်ကြောင့် ကုသရမယ့်လူနာကို အပြင်ထုတ်ပြီး ကုသပေးလို့ရတာပဲ။”

ဒီနေ့မှာတော့ သာယာဝတီထောင်က ကျောင်းသားတွေအတွက် အပြင်လူတွေ ထောင်ဝင်စာပေးခွင့် ပိတ်ပင်လိုက်ကြောင်း ကိုဒီငြိမ်းလင်းက ဆက်ပြောပြပါတယ်။

“ဘာမှကို မရဘူးဗျာ။ အရင်တုန်းကဆို ထောင်ဝင်စာပစ္စည်းတွေကို ထောင်ဝင်စာဧည့်တွေ့တာမဟုတ်ဘဲနဲ့ ထောင်ဝင်စာပစ္စည်းဆိုပြီး လွတ်လွတ်လပ်လပ် တင်ပို့ခွင့်ရှိတယ်ဗျာ။ အခုဟာက ကျနော်တို့က ဒီမတိုင်ခင်မှာလည်း ၁၃ ရက်နေ့ကလည်း တခေါက်တင်ပေးခဲ့သေးတယ်။ အဲဒီတုန်းကကျ အေးအေးဆေးဆေးပဲ ပစ္စည်းတင်ပို့ခွင့်ရခဲ့တယ်။ ဒီတခေါက်က ဒုတိယအကြိမ်ပါ။ ဒုတိယအကြိမ်မှာကျတော့ မရတော့ဘူး၊ ခွင့်ပြုချက်တွေ တောင်းခံရမယ်ဆိုပြီး ကျနော်တို့ကို အကြောင်းပြတယ်။ အကြောင်းပြပြီး ကျနော်တို့ ပစ္စည်းတင်ခွင့် မရခဲ့ဘူးပေါ့။ ထောင်ဝင်စာလာပို့တဲ့မိသားစုတွေ စိတ်ပင်ပန်း ဒုက္ခရောက်အောင်လုပ်မယ်၊ သူငယ်ချင်းမိတ်ဆွေတွေ စိတ်ပင်ပန်း ဒုက္ခရောက်အောင် လုပ်မယ်။ ထောင်ထဲမှာရှိတဲ့လူတွေကို စိတ်ပင်ပန်း ဆင်းရဲကြီးအောင်လုပ်မယ်ပေါ့။ ဒါ သူတို့သုံးခဲ့တဲ့ဟာတွေပဲ။”

ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေနဲ့ မိသားစုတွေရဲ့ ထောင်ဝင်စာတွေ့ဆုံခွင့်ကို အင်္ဂါနဲ့ ကြာသပတေး နှစ်ရက်သာ တွေ့ခွင့်ပေးခဲ့ပြီး သူတို့ကိုတော့ လာမယ့် ၂၅ ရက်နေ့ကျရင် လက်ပံတန်းတရားရုံးမှာ ပုဒ်မ ၅ ခုနဲ့ ရုံးထုတ်စစ်ဆေးမယ်လို့ မိသားစုဝင်တွေက ပြောပြပါတယ်ရှင်။

မအေးအေးမာ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


မတ်လ ၂၃ရက်။ ၂၀၁၅ခုနှစ်။

ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA)၏ စစ်ဦးစီးချုပ် တာဝန်မှ ယာယီ အနားယူထားသည့် ဗိုလ်ချုပ်ကြီး စောလားပွယ်က ဗိုလ်မှူးကြီး စောဆန်းအောင်ကို အဖွဲ့ဝင်အဖြစ်မှ ချက်ချင်း ပြန်လည် ထုတ်ပယ်ရန် မတ်လ ၂၁ရက်စွဲပါ အမိန့်ညွှန်ကြား စာတစ်စောင်ထုတ်ပြန်ခဲ့သည်။

ဗိုလ်ချုပ်ကြီး စောလားပွယ် ကိုယ်တိုင် လက်မှတ်ထိုးထားသော ၎င်းအမိန့်ညွှန်ကြားစာကို ဗိုလ်မှူးကြီး စောဆန်းအောင်အား ပြန်လည်လက်ခံသူ DKBA ကလိုထူးဝါး တပ်မဟာမှူး ဗိုလ်ချုပ် စောကျော်သက်ထံသို့ တိုက်ရိုက်ပေးပို့ခဲ့သလို DKBA အရာရှိများနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ (၆)တို့ကို မိတ္တူများ ပေးပို့ခဲ့သည်။

ယခု ကိစ္စအပေါ်က ကလိုထူးဝါး တပ်မဟာ ထောက်လှမ်းရေးမှူး ဗိုလ်ကြီး စောသရီးထူးက “ဒါက ဒီလိုရှိပါတယ်။ သူမသိရဘဲနဲ့ ဒီလိုလုပ်တဲ့အခါကျတော့ အဲဒါချက်ချင်း ထုတ်ပယ်ခိုင်းတဲ့သဘောပါပဲ။ သဘောထားကွဲလွဲတာ မဟုတ်ပါဘူး။ စစ်ဦးစီးချုပ်ရဲ့ကျန်းမာရေး အခြေအနေရ လူချင်း မတွေ့ဖြစ်သေးတာပါ။ တွေ့ရင်တော့ အားလုံး အဆင်ပြေသွားမှာပါ”ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ဗိုလ်ချုပ်စောကျော်သက်ကလည်း ဗိုလ်မှူးစောဆန်းအောင်အား ပြန်လည်လက်ခံခြင်းသည် လတ်တလော နိုင်ငံရေးအခြေအနေနှင့် နယ်မြေ ရှုပ်ထွေးမှု အခြေအနေများကြောင့် မလိုလားအပ်သော ပြဿနာများ မဖြစ်အောင် ထိန်းချုပ်ထားလိုသည့် သဘောသာ ဖြစ်သည်ဟု စောသရီးထူးက ဆက်ပြောသည်။

ဗိုလ်မှူးကြီးစောဆန်းအောင်သည် ၂၀၁၄ခုနှစ်၊ စက်တင်ဘာ ၂၆ရက်နေ့က မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် အတွင်း အစိုးရတပ်နှင့် တိုက်ခိုက်မှုများဖြစ်ပွားခဲ့သည့် ကိစ္စအပေါ် ဖြေရှင်းရန် ပျက်ကွက်သဖြင့် ဗိုလ်ချုပ်ကြီး စောလားပွယ်ကိုယ်စား ဒုစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စောမိုရှေးက လက်မှတ်ရေးထိုး၍ အောက်တိုဘာ ၂၁ ရက်နေ့ တွင် တပ်ဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်ခဲ့ကာ ယခု မတ်လ ၇ရက်နေ့က ကလိုထူးဝါးတပ်မဟာက ပြန်လည် လက်ခံခဲ့ခြင်းဖြစ်သည်။

DKBA ထိန်းချုပ်နယ်မြေရှိ ပညာရေးဝန်ထမ်းတစ်ဦးဖြစ်သူ စောအယ်ဂူးက “အခုဖြစ်ပုံက လက်အောက်ခံတပ်ဖွဲ့ တွေ လုပ်တဲ့ကိစ္စကို ဗဟိုက မသိတဲ့ပုံစံမျိုးထင်တယ်။ ကျနော်တို့ ပြည်သူအနေနဲ့ကတော့ ဒါမျိုးဖြစ်တာ မလိုလားဘူးပေါ့နော်။ ဒါက အဖွဲ့အစည်းအတွက်လည်း မကောင်းသလို ပြည်သူအတွက်လည်း စိုးရိမ်စရာဖြစ်စေပါတယ်”ဟု ပြောသည်။

ရန်ကုန်မြို့တွင် ဆေးကုသမှုခံရနေသည့် ဗိုလ်ချုပ်ကြီး စောလားပွယ်သည် ကျန်းမာရေး အခြေအနေကြောင့် ၎င်းတာဝန်ယူထားသော စစ်ဦးစီးချုပ် တာဝန်ကို ဒုစစ်ဦးစီးချုပ်ဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး စောမိုရှေးအား ယာယီလွှဲပြောင်း ပေးလိုက်ကြောင်း မတ်လ ၂၁ရက်နေ့က အလားတူ အမိန့်ထုတ်ပြန်ချက် တစ်စောင်ထုတ်ပြန်ခဲ့သည်။

 စောသိန်းမြင့်
ကေအိုင်စီ - KIC News
http://kicnews.org

ဓာတ်ပုံ - မိုးစက် (မြင်းခြံ)
မြင်းခြံကောလိပ်မှာ နိုင်ငံတော်အလံ ဖြုတ်ချပြီး ခွပ်ဒေါင်း အလံလွှင့်တင်မှုနဲ့ ဖမ်းဆီးအမှုဖွင့်ခံ ထားရတဲ့ မုံရွာနည်းပညာတက္ကသိုလ် စက်မှုအင်ဂျင်နီယာ တတိယနှစ်ကျောင်းသား ကိုစိုးလှိုင်ကို ဒီကနေ့ မြင်းခြံမြို့နယ် တရားရုံးမှာ ပထမဆုံးအကြိမ် ရုံုးထုတ်ပါတယ်။

“ဒီနေ့ ရုံးထုတ်ပါတယ်။ ယမန်ယူတာပါ။ နှစ်ရက်ထပ်ယူတယ်။ ၂၅ ရက်နေ့ကို တရားစွဲ တင်မယ်။ ” လို့ မြန်မာနိုင်ငံရှေ့နေများကွန်ရက်က ရှေ့နေ ဦးသိန်းသန်းဦးက ပြောပါတယ်။

ကိုစိုးလှိုင်အမှုအတွက် မြင်းခြံက ရှေ့နေ ဦးထွန်းရွေ၊ ဒေါ်စိုးစိုးထွန်းအပါအ၀င် နောက်ထပ်တဦးနဲ့ မြန်မာနိုင်ငံရှေ့နေကွန်ယက်က ဦးသိန်းသန်းဦးက ရှေ့နေအဖြစ်လိုက်ပါကူညီဖို့ ရှေ့နေပါဝါတင်မယ်လို့လည်းပြောပါတယ်။

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ပေးဖို့ မန္တလေးမြို့ကနေ ရန်ကုန်အထိဦးတည်ပြီး ကျောင်းသားတွေ ခရီးရှည်ချီတက်သပိတ်မှောက်ရာမှာ ဇန်န၀ါရီ၂၆ ရက်က မြင်းခြံမြို့ကို ရောက်ရှိခဲ့ပါတယ်။

မြင်းခြံရောက်ရှိချိန်ကျောင်းသားတွေက မြင်းခြံကောလိပ်အတွင်းလွှင့်ထူထားတဲ့ နိုင်ငံတော် အလံနေရာမှာ ကျောင်းသားသမဂ္ဂ ခွပ်ဒေါင်းအလံကို အစားထိုးလွှင့်ထူခဲ့ပါတယ်။

ခုလိုလုပ်ဆောင်ခဲ့မှုအတွက် မုံရွာ နည်းပညာတက္ကသိုလ်က အသက် (၂၁)နှစ်အရွယ် ကျောင်းသား ကိုစိုးလှိုင်ကို နိုင်ငံတော်အလံ ဥပဒေပုဒ်မ (၁၆)နဲ့ အမှုဖွင့်ကာ မတ်လ ၁၀ ရက်က တည်းက မြင်းခြံထောင်မှာ ဖမ်းဆီးထားခဲ့တာပါ။

By နော်နိုရင်း (ဒီဗွီဘီ)
http://burmese.dvb.no


မြိုင်ကြီးငူဆရာတော်ဦးသုဇနရဲ့ လက်ထောက်ဆရာတော်လည်းဖြစ် ဆွေမျိုးတော်စပ်သူ လည်းဖြစ်တဲ့ ဆရာတော် ဦးခေမိကဟာ သေနတ်နဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပြီး သံဃာ့ဆေးရုံမှာ ဆေးကုသမှု ခံယူနေရပါတယ်။

ပြီးခဲ့တဲ့ တပေါင်းလပြည့်ကျော် ၆ ရက် (မတ်လ ၁၀) နေ့ညက မြိုင်ကြီးငူဒေသ မယ့်ပလိ ကျေးရွာမှာ ရဟန်းခံရှင်ပြုပွဲလုပ်နေစဉ် ပစ်ခတ်ခံခဲ့ရတာဖြစ်ပြီး နောက်ကြောကနေ သေနတ်နဲ့ ၄ ချက် ပစ်ခတ်ခံခဲ့ရတယ်လို့ ဆရာတော်ဦးခေမိက ကဒီဗွီဘီကို မိန့်ပါတယ်။

“အခု ဦးဇင်းရဲ့ ခါးနားမှာ ၃ ချက်၊ နောက်ကြောမှာ တချက်၊ ကျဉ်ဆံက အခု ၃ လုံးကျန်နေသေးတာပေါ့။ တလုံးက ပေါက်ထွက်သွားတာပေါ့။ ဦးဇင်းပေါင်ခြံကနေပြီး ပေါက်ထွက်တယ်။ ခါးမှာထိတဲ့ ၃ လုံးက တလုံးက ပေါင်ခြံကိုပေါက် ထွက်သွားတယ်။ တလုံးက ဦးဇင်းရဲ့ကြောပြင် အဲဒါဦးဇင်း အသည်းနားမှာ ကပ်ပြီးတော့ ရှိနေတာပေါ့။ အခုလက်ရှိ ဦးဇင်းဗိုက်ထဲမှာ ၃ လုံးရှိနေတာပေါ့။”

ပြီးခဲ့တဲ့သီတင်းပတ်က သေနတ်ဒဏ်ရာနဲ့ ရန်ကုန်ကို သွားရောက်ကုသခဲ့ပေမယ့် မြိုင်ကြီးငူ ဆရာတော်က ပြန်ခေါ်တဲ့အတွက် လက်ရှိ မြိုင်ကြီးငူ သံဃာ့ဆေးရုံမှာပဲ ဆေးကုသမှုခံယူနေ တယ်လို့ လည်းမိန့်ပါတယ်။

ဆရာတော် ဦးခေမိက သက်တော် ၅၂ နှစ် ၀ါတော်၂၂ ဟာ လက်ရှိ မြိုင်ကြီးငူ တဖက်ကမ်း မှာရှိတဲ့ ဆွေမြတ်မျိုးကြွယ်ဘုန်းကြီးကျောင်းရဲ့ ကျောင်းထိုင်ဆရာတော် အဖြစ် သီတင်းသုံးနေတာပါ။

ဆရာတော်အနေနဲ့ ခမည်းတော်ရဲ့ ဇာတိ မဲ့ပလိရွာမှာ စာသင်ကျောင်းဖွင့်လှစ်ထားသလို၊ ကော့လုံနဲ့ ထူးဝါးကော်ကျေးရွာတွေမှာလည်း ကျောင်းဆောက်နေတာနဲ့ ပတ်သက်ပြီး မကျေနပ်သူတွေရှိနေတဲ့ အကြောင်း၊ ပစ်ခိုက်တိုက်ခတ်သူတွေကို သိရှိပေမယ့် ထုတ်ဖော် မပြောလိုကြောင်းနဲ့ သူ့အနေနဲ့ ဒီလိုပစ်ခတ်တိုက်ခိုက်တဲ့ အပေါ် အာဃာတ မထားဘူးလို့ မိန့်ပါတယ်။

“ဒီလိုမျိုးဖြစ်တဲ့အပေါ်မှာတော့ ဦးဇင်းကတော့ ဘယ်လိုမှပြောတော့ပါဘူး။ ဒါဦးဇင်းရဲ့ကံတရား ဘဲလေ။ ဒီဘ၀အဆက်ဆက် ကိုယ်လုပ်ခဲ့တာ မကောင်းတာရှိမှာပေါ့။ ဦးဇင်းတို့ ဗုဒ္ဓတရား အနေနဲ့ကတော့ ကံရဲ့အကျိုးဘဲပေါ့နော်။ ဘယ်သူ့ကိုမှ အပြစ်မတင်ဘူး။ ဒါ ကံရဲ့အကျိုးကြောင့် ဟိုးအရင်ဘ၀က သံသရာ အဆက်ဆက်က ကိုယ်ဘာတွေလုပ်ခဲ့မှန်းမသိခဲ့တာ။ အခုချိန် ကိုယ်ပြန်ခံစားရတာ။ ဘယ်သူ့ကိုမှ မမုန်းဘူး။ ဘယ်သူ့ကိုမှ အာဃာတတရား မထားဘူး။”

ခန္ဓာကိုယ်အတွင်း ကျန်ရှိနေသေးတဲ့ ကျည်ဆန်တွေကိုတော့ ထိုင်းနိုင်ငံမှာ သွားရောက်ကုသဖို့ အစီအစဉ် ရှိတယ်လို့လည်း သိရပါတယ်။

By နော်နိုရင်း (ဒီဗွီဘီ)
http://burmese.dvb.no

ဖေဖော်ဝါရီလ ၃ ရက်နေ့က ဧရာဝတီ ကျောင်းသား သပိတ်စစ်ကြောင်း ပုသိမ်မြို့ကနေ ချီတက်လာစဉ်။ Photo: ဧရာဝတီ သပိတ်စစ်ကြောင်း

အမျိုးသားပညာရေး ဥပဒေကြမ်း ပြင်ဆင်ရေးအတွက် ဧရာဝတီတိုင်း သပိတ်စစ်ကြောင်း စတင်စုရုံးခဲ့တဲ့ ပုသိမ်မြို့ ဇေယျဝတီလမ်းက အခမဲ့ ပညာဒါနကျောင်း ကို အာဏာပိုင်တွေ ဖိအားပေးတဲ့အတွက် ဆက်မငှား တော့ကြောင်း အိမ်ရှင်က အကြောင်းကြား ထားတယ်လို့ သပိတ်စစ်ကြောင်း ဝန်းရံကော်မတီက မနေ့က ပြောပါတယ်။

အိမ်ရှင်ဟာ ငပုတောမြို့နယ် ကျွန်းကလေးရွာကဖြစ်ပြီး အဲ့ဒီကျောင်းကို ဆက်ငှားရင် ချိတ်ပိတ်ပစ်မယ်လို့ တိုင်းဒေသကြီးအစိုးရက နီးစပ်ရာကတဆင့် ပြော လာတဲ့အတွက် ဆက်မငှားနိုင်တော့ကြောင်း၊ ပညာဒါန ကျောင်းကို အကြောင်းကြားလာတာလို့ သိရပါတယ်။

ဧရာဝတီသပိတ်စစ်ကြောင်းဟာ သပိတ်နားထားပေမဲ့ အမျိုးသားပညာရေးဥပဒေနဲ့ ပတ်သက်တဲ့ ကိုင်တွယ်ဖြေရှင်းပုံကို စောင့်ကြည့်ဖို့ ရည်ရွယ်ချက်နဲ့ အဲ့ဒီပညာဒါနကျောင်းမှာ စောင့်ကြည့်ရေး စခန်းဖွင့်လှစ် ထားတာ ဖြစ်ပါတယ်။

ဧရာဝတီသပိတ်စစ်ကြောင်း ပန်းတနော်မြို့ကို ရောက်ရှိချိန်က တိုင်းဒေသကြီး အစိုးရတာဝန်ရှိသူတွေဟာ ကျောင်း သားတွေနဲ့ တွေ့ဆုံပြီး၊ သပိတ်စစ်ကြောင်း ဝန်းရံသူတွေနဲ့ အကူအညီပေးသူတွေကို အရေးမယူဘူးလို့ ပြောကြား ခဲ့ကြောင်း သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese

အမေရိကန် ပြည်ထောင်စု သမ္မတ ရုံးစိုက်ရာ ဝါရှင်တန် ဒီစီ မြို့တော်ရှိ အိမ်ဖြူတော် ဖြစ်ပါသည်။ (Photo: AFP)
အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ် က မြန်မာတွေက ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ပင်မ သပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွဲ ခံခဲ့ရတဲ့အပေါ် ကန့်ကွက်ရှုတ်ချပွဲကို မနေ့က ကျင်းပခဲ့ပြီး၊ ဝါရှင်တန်ဒီစီ တဝိုက်က မြန်မာတွေကလည်း ဖမ်းဆီးခံ ထားရသူတွေ လွတ်မြောက်ရေး ဆုတောင်းပွဲ ကျင်းပခဲ့ပါတယ်။

Maryland ပြည်နယ် Rockville မြို့မှာ ဆုတောင်းပွဲ ကျင်းပခဲ့တဲ့အကြောင်း၊ ပွဲတက်ရောက်ခဲ့သူ မအေးသိင်္ဂီကျော် က ပြောပါတယ်။

"နေ့တိုင်းပဲဆန္ဒထုတ်ဖော်နေတာ ဒီနေ့ဆိုရင် ၁၃ ရက်နေ့မြောက်ပေါ့နော်၊ ဒီနေ့မှာတော့ ကျောင်း သားသီချင်းတွေနဲ့ ဂုဏ်ပြုပြီးတော့ ကျောင်းသား များနဲ့ ဝန်းရံပြည်သူများအားလုံး လွတ်မြောက်ရေး အတွက် ဆုတောင်းပွဲပေါ့၊ ၂၅ ရက်နေ့မှာ ကျောင်းသားတွေကိုရုံးထုတ်မယ်၊ ၂၅ ရက်နေ့အထိကိုတော့ ဆန္ဒထုတ်ဖော်မယ်ဆိုပြီးတော့ မြန်မာသံရုံးရှေ့နဲ့ အိမ်ဖြူတော်ရှေ့မှာပေါ့နော်"

အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့လယ် တရားရုံးရှေ့က ဆန္ဒပြပွဲအကြောင်းကိုတော့ ပြည်ပရောက် ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့က ဦးအောင်မြင့်ထွန်းက ပြောပြပါတယ်။

"လက်ပံတန်းမှာဖြစ်သွားတဲ့ အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီးတော့ပေါ့နော် ရှုတ်ချတယ်၊ ဖမ်းဆီးထား တဲ့ကျောင်းသားတွေကို လွှတ်ပေးဖို့ဆိုပြီးတော့ တောင်းဆိုတဲ့ပွဲပေါ့၊ ကရင်အမျိုးသားလည်းပါတယ်၊ မွန်အမျိုးသားတချို့ပါတယ်၊ ကျောင်းသားလူငယ်တွေပေါ့နော် ၈၈ ကအုပ်စုတွေပါတယ်"

ပညာရေးဒီမိုကရေစီ ပင်မသပိတ်စစ်ကြောင်း ဖြိုခွဲခံရပြီးတဲ့နောက် သာယာဝတီ အကျဉ်းထောင်မှာ ဖမ်းဆီးခံထား ရတဲ့ ကျောင်းသားတွေနဲ့ ဝန်းရံသူတွေကို ဒီလ ၂၅ ရက်နေ့မှာ ရုံးထုတ်မှာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

ဓါတ်ပုံ- မတ်ခ်ျလ ၁၅ ရက်နေ့က MOI ဖေ့စ်ဘုတွင်ဖော်ပြသော သတင်းနှင့်ဓါတ်ပုံ
မတ်ခ်ျလ ၂၃ ရက် ၂၀၁၅

MRTV မြန်မာ့အသံရုပ်မြင်သံကြား မှ မတ်လ(၁၄) ရက်နေ့တွင်ထုတ် လွှင့်ခဲ့သော" RCSS/SSA က သတ္တု စမ်းသပ် တူးဖော်နေသောကုမ္ပဏီ ပိုင်ယာဉ်များနှင့် ပစ္စည်းများအား မီးရှို့ဖျက်ဆီး " ဟူသည့်သတင်းသည် အစိုးရနှင့်တိုင်းရင်းသားကြား လက်ရှိဖော်ဆောင်နေသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ကိုထိခိုက်စေပြီး တစ်ဖက်နှင့်တစ်ဖက် ယုံကြည်မှု ပျက်ပြားစေကြောင်း RCSS/SSA က ပြောသည်။

" အစိုးရမီဒီယာကအဲ့ဒီသတင်းအရင်းအမြစ်ကိုသေချာကောင်းမွန်စွာ မစီစစ်ပဲ ထုတ်လွှင့်တယ်၊ ဒါဟာတစ်ဖက် သတ်စွပ်စွဲ ပြောဆိုခြင်းဖြစ်တယ်၊ ခုလိုငြိမ်း ချမ်းရေးဖော်ဆောင်နေတဲ့အချိန်မှာ အစိုးရဘက်က အဲ့လို သတင်း မျိုး ကို နိုင်ငံတော်ပိုင်မီဒီယာကနေထုတ်လွင့်လိုက်ခြင်းဟာ ငြိမ်းချမ်းရေးနဲ့ ယုံကြည်မှုပျက်ပြား စေပါတယ် " ဟု RCSS မှပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီးစိုင်းမိန်း ကပြောသည် ။

မတ်လ (၁၂) ရက်နေ့ညနေပိုင်းက သျှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းယောင်းေ ဒသတွင် ခဲသတ္တုစမ်းသပ်တူးဖော် လျက်ရှိသော စက်ဝိုင်းအင်အားစု ကုမ္ပဏီ လုပ်သား (၇)ဦး ဖမ်းဆီးချည်နှောင်ခြင်းခံရပြီး ကုမ္ပဏီ ၏ စက် ယန္တရား ယာဉ်များ မီးရှို့ဖျက်ဆီးခြင်းခံကြရသည် ။ ၄င်းတို့မှာ RCSS/SSA မှ အင်အား (၁၀) ယောက်ခန့် ၏ လက်ချက်ဖြစ်ကြောင်း (MRTV) မြန်မာ့အသံ ရုပ်မြင်သံကြားမှ မတ်လ(၁၄) ရက်နေ့ကထုတ်လွှင့်ခဲ့သည်။

ဖမ်းဆီးခံလုပ်သားများက ကြိုးများဖြည်ကာထွက်ပြေးပြီး မိုင်းယောင်း တပ်နယ် နယ်မြေခံတပ်ရင်းသို့ သတင်းပို့ သဖြင့် ဆုတ်ခွာ သွားသော RCSS/SSA အဖွဲ့နောက် သို့ တပ်မတော် စစ်ကြောင်းများ လိုက်လံပိတ်ဆို့ ရှင်းလင်းခဲ့သည်ဟုဆိုသည်။

" အဲ့ကုမ္ပဏီက ဘယ်သူရဲ့ခွင့်ပြုချက်နဲ့လုပ်နေလည်းဆိုတာကိုတော့ ကျနော် တို့ပြည်သူတွေဘာမှ မသိရဘူး ၊သစ်ခိုးထုတ်မှုတွေလည်းအများကြီးရှိတယ် ဘယ်အဖွဲ့ရဲ့ခွင့်ပြုချက်နဲ့ လုပ်နေကြလည်းမသိဘူး၊ဒီဒေသမှာ အစိုးရ တပ်မတော် ၊ ပြည်သူ့စစ် နဲ့ RCSS/SSA အဖွဲ့တွေလှုပ်ရှားရာနေ ရာဖြစ် တယ် " ဟု မိုင်းယောင်းဒေသခံ ရပ်မိရပ်ဖ တစ်ဦးကပြောသည်။

လွန်ခဲ့သော တစ်နှစ်ခန့်က သျှမ်းပြည်(တောင်ပိုင်း) လင်းခေးမြို့နယ် သစ်တောဝန်ထမ်းများ အသတ်ခံရ မှုတွင် လည်း အစိုးရသည် RCSS အားစွပ်စွဲခဲ့ပြီးတရားခံအစစ်နှင့် အမှုမှန်ပေါ်ပေါက်အောင် ပြန်လည်ဖြေ ရှင်းပေး ခြင်း မရှိခဲ့ကြောင်း ဖေဖော်ဝါရီ (၂၀) ရက်နေ့ ကတောင်ကြီးမြို့တွင် RCSS /SSA နှင့်သတင်းမီဒီယာတွေ့ဆုံ ပွဲတွင် ဗိုလ်ချုပ်ကြီးယွက် စစ်ဖြေကြားခဲ့ဖူးသည်။

သျှမ်းသံတော်ဆင့်/ယိင်းတိုင်း
https://www.facebook.com/Panglong.burmese


ရန်ကုန်မြို့ သိမ်ဖြူလမ်းနဲ့ ဗိုလ်အောင်ကျော်လမ်းမှာရှိတဲ့ ဝန်ကြီးများရုံး (အတွင်းဝန်ရုံး) ကို ပြီးခဲ့တဲ့ မတ်လ ၂၁ ရက်နေ့ညက မွေးနေ့ပါတီပွဲ ကျင်းပတဲ့အတွက် ဝေဖန်မှုတွေ ဖြစ်နေပါတယ်။

အရင်က ဗိုလ်ချုပ်ထွန်းကြည် (အငြိမ်းစား)ရဲ့သမီးဖြစ်သူ မသီသီထွန်းရဲ့ မွေးနေ့ပါတီပွဲလို့ လူမှုရေးစာမျက်နှာမှာ ဖေ့စ်ဘွတ်မှာ ရေးသားနေကြပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ဒီကိစ္စကို Yangon Heritage Trust (YHT) အနေနဲ့ ပြန်လည်စိစစ်သင့်တယ်လို့ သူ့ရဲ့ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

မနေ့ညက RFA က အနီးနားမှာရှိနေသူတွေကို မေးမြန်းရာမှာ ပါတီပွဲကျင်းပခဲ့တာ သေချာကြောင်း ပြောပါတယ်။

ဒီသမိုင်းဝင် အဆောက်အဦးကို မူလက အနော်မာကုမ္ပဏီကို ဟိုတယ်အဖြစ် နှစ်ရှည်ငှားရမ်းခဲ့ပြီး အများပြည်သူတွေက ကန့်ကွက်တာကြောင့် ပြတိုက်အဖြစ်သာ အသုံးပြုရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကပြောင်းလဲခဲ့တယ်လို သိရှိရပါတယ်။

ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ YHT ဟာ နည်းပညာဆိုင်ရာ အကြံဥာဏ်ပေးတဲ့အဖွဲ့သာဖြစ်ပြီး စီမံခန့်ခွဲပိုင်ခွင့်ရတဲ့ အဖွဲ့အစည်းမဟုတ်ဘူးလို့ ဒီနေ့ ကြေငြာချက်ထုတ်ပြန်လိုက်ပါတယ်။

အတွင်းဝန်ရုံး ပြုပြင်မွမ်းမံရေးဆိုင်ရာကို တစ်ချိန်က နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) ဗိုလ်ချုပ် ထွန်းကြည် (အငြိမ်းစား) မိသားစုဝင်တွေက လုပ်ပိုင်ခွင့် (ကန်ထရိုက်) ရရှိထားတာာလို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။ သူတို့မိသားစုပိုင်တဲ့ ကုမ္ပဏီက အနော်မာ ကုမ္ပဏီလို့ ဆိုပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese

စင်ကာပူနိုင်ငံ တည်ထောင်သူ လီကွမ်ယု

ခေတ်မီစင်္ကာပူနိုင်ငံကို တည်ထောင်ခဲ့သူ ၀န်ကြီးချုပ်ဟောင်း Lee Kwan Yew လီကွမ်ယုဟာ ဒီကနေ့ တနင်္လာနေ့မနက်ပိုင်းမှာ ကွယ်လွန်သွားပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၉၁ နှစ်ရှိပါပြီ။ လီကွမ်ယုဟာ သာမန်ခြောက်ကပ်ကပ် ပင်လယ်ဆိပ်ကမ်းတည်ရှိရာ စင်္ကာပူကျွန်းနိုင်ငံလေးကို ကမ္ဘာပေါ်မှာ အချမ်းသာဆုံးနိုင်ငံတနိုင်ငံဖြစ်အောင် ကြိုးပမ်းအားထုတ်ခဲ့သူ ဖြစ်ပါတယ်။

ဝန်ကြီးချုပ်ဟောင်း လီကွမ်ယုဟာ စင်္ကာပူကို အာရှမှာ စီးပွားရေးအင်အားကြီးဖြစ်အောင် ဦးဆောင်ခဲ့ရုံမက နိုင်ငံရဲ့အခြေခံအဆောက်အဦးတွေ ခိုင်မာ ခေတ်မီအောင်နဲ့ ပညာရေးစနစ်ကို ကမ္ဘာမှာရင်ဘောင်တန်းနိုင်တဲ့အဆင့်ဖြစ်အောင် ဆောင်ရွက်ခဲ့ဖြစ်ပါတယ်။ ဒါပေမဲ့ ၁၉၅၉ကနေ ၁၉၉၀ အထိ နှစ်ပေါင်း ၃၀ ကျော် အုပ်ချုပ်ခဲ့စဉ်အတွင်း နိုင်ငံရေးအတိုက်အခံတွေအပေါ် ဖိနှိပ်တဲ့လုပ်ရပ်တွေကြောင့် အာဏာရှင်ဆန်တယ်ဆိုတဲ့ ဝေဖန်မှုတွေလည်း ခံခဲ့ရပါတယ်။

ဒီဝေဖန်မှုတွေအပေါ် မစ္စတာ Lee Kuan Yew ကတော့ ခုလိုတုံ့ပြန်ခဲ့ဖူးပါတယ်။

စင်္ကာပူနိုင်ငံကို အုပ်ချုပ်တဲ့သူတိုင်းဆီမှာ သံမဏိစိတ်ဓာတ် ရှိကို ရှိရပါမယ်၊ မရှိဘူးဆိုရင် ခေါင်းဆောင် မလုပ်သင့်ပါဘူး၊ ဝှက်ဖဲကစားနေကြတာ
မဟုတ်ပါဘူး။ ခင်ဗျားတို့ဘဝ ကျနော့်ဘဝနဲ့ဆိုင်နေတဲ့ ကိစ္စဖြစ်ပါတယ်။ ဒီနိုင်ငံဒီလိုဖြစ်လာဖို့ ကျနော့တသက်လုံးကြိုးစားခဲ့တာမို့ ကျနော် ခေါင်းဆောင်ဖြစ်နေသမျှတော့ ယိုင်လဲသွားအောင် ဘယ်သူမှလုပ်လို့ရမှာမဟုတ်ပါဘူးလို့ စင်္ကာပူ ဝန်ကြီးချုပ်ဟောင်းလီကွမ်ယုက
ပြောကြားခဲ့တာ ဖြစ်ပါတယ်၊ အခုအချိန်အထိလည်း စင်္ကာပူဟာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုမှုကို ထိန်းချုပ်ထားတဲ့နိုင်ငံအဖြစ်ရှိနေဆဲဖြစ်ပါတယ်။ လီကွမ်ယုတည်ထောင်ခဲ့တဲ့ PAP ပါတီဟာလဲ ခုချိန်ထိ လွှတ်တော်မှာ အများစုလွှမ်းမိုးနေဆဲဖြစ်ပါတယ်။

၂၀၀၉ ခုနှစ် အမေရိကန်သမ္မတ အိမ်ဖြူတော်တွေ့ဆုံပွဲအပြီး စင်္ကာပူဝန်ကြီးချုပ်ဟောင်း Lee Kwan Yew ကို ၂၀ ရာစု နဲ့ ၂၁ ရာစုအတွင်း အာရှတိုက် သမိုင်းမှာ အစဉ်လာကြီးမားတဲ့ အထင်ကရ ခေါင်းဆောင်ကြီးတွေထဲက တဦးဖြစ်ပါတယ်လို့ သမ္မတ Barack Obama က ပြောဆိုခဲ့ပါတယ်။

၁၉၂၃ ခုနှစ် စက်တင်ဘာလ ၂၃ ရက် နေ့မှာ မွေးဖွားခဲ့တဲ့ မစ္စတာလီကွမ်ယုဟာ ဗြိတိသျှကိုလိုနီအုပ်ချုပ်ရေး အစိတ်အပိုင်းတခုဖြစ်ပြီး အင်္ဂလိပ်ဘာသာ စကားပြောတဲ့ စင်္ကာပူမှာ ကြီးပြင်းခဲ့ပါတယ်။ Raffles College မှာ ကျောင်းပြီးခဲ့ပြီးနောက် England ကို ဆက်လက် သွားရောက်ပြီး Cambridge တက္ကသိုလ်မှာ ဥပဒေပညာကို ဆက်လက် သင်ယုခဲ့ပါတယ်။

Lee Kwan Yew မှာ သား နှစ်ယောက် သမီးတယောက်ရှိပြီး သားထဲက တယောက်ဖြစ်တဲ့ Lee Hsien Loong ဟာ ယ္ခုလက်ရှိ စင်္ကာပူနိုင်ငံရဲ့ဝန်ကြီးချုပ် တာဝန်ယုထားသူဖြစ်ပါတယ်။ Lee Kwan Yew ဇနီးဖြစ်သူကတော့ ၂၀၁၀ ခုနှစ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

Lee Kwan Yew ရဲ့ ဈာပန အခမ်းနားကျင်းပမယ့်ရက်နဲ့ ပြည်သူတွေအတွက် နောက်ဆုံးဂါရ၀ပြုနိုင်ဖို့ အစီအစဉ်တွေကို နောက်ပိုင်းမှာ ကြေညာမယ်လို့ စင်္ကာပူဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ထားပါတယ်။

ဗွီအိုအေ (မြန်မာဌာန)
http://burmese.voanews.com

ရွေးကောက်ပွဲ စောင့်ကြည့်ရေး ပူးပေါင်းအဖွဲ့တွေ မေလမှာ စဖွဲ့မယ်။

၂၀၁၅ ရွေးကောက်ပွဲ မှာ မဲ မသမာ မှု လို ကိစ္စတွေ မဖြစ်ပေါ် စေရေး နဲ့ လိုအပ် တဲ့ သတင်း အချက်အလက် တွေ ကို ဒီမိုကရက်တစ် အင်အားစု နိုင်ငံရေး ပါတီ တွေ အချင်းချင်း ကြားထဲ ဝေမျှ နိုင်ဖို့ အတွက် ရည်ရွယ်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD နဲ့ တိုင်းရင်းသား ပါတီ တွေ ပူးပေါင်း ကာ နိုင်ငံ တဝှမ်း တိုင်းဒေသ ပြည်နယ် အသီးသီး မှာ အဖွဲ့တွေ ဖွဲ့ မယ် ဆိုပြီး သဘော တူလိုက် ပါတယ်။

အဲဒီ့ အဖွဲ့တွေ ကို လာမယ့် မေလ မှာ စတင် ဖွဲ့သွား မှာ ဖြစ်ပြီး အရပ်ဖက် လူမှု အဖွဲ့ တွေ နဲ့လည်း ချိတ်ဆက် ဆောင်ရွက် မယ် လို့ လားဟူ အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေး ပါတီ ဥက္ကဌ ဦးယောသက် က ဘီဘီစီ ကို ပြောပါ တယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်၊ မွန် အမျိုးသားပါတီ၊ လားဟူ အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေး ပါတီ၊ ရခိုင် အမျိုးသား ပါတီ စတဲ့ တိုင်းရင်းသား ပါတီ ၁၉ ပါတီ က ကိုယ်စားလှယ် တွေ နဲ့ NLD ကိုယ်စားလှယ် တွေ ၂ ရက်ကြာ တွေ့ဆုံ ခဲ့ကြပြီး အခုလို ၂၀၁၅ ရွေးကောက်ပွဲ အတွက် ပူးပေါင်း ဆောင်ရွက် ကြဖို့ သဘောတူ ခဲ့ကြတာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ ကော်မရှင် စည်းကမ်း အရတော့ ရွေးကောက်ပွဲ စောင့်ကြည့်ရေး အဖွဲ့တွေဟာ နိုင်ငံရေး ပါတီ တွေ နဲ့ မသက်ဆိုင်ရ ပဲ ဘက်လိုက်မှု ကင်းရှင်း ရမယ် လို့ ဆိုထားပါတယ်။

BBC Burmese
http://www.bbc.co.uk/burmese

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.