03/25/15


မတ်လ ၁ဝ ရက်နေ့က သပိတ်စစ်ကြောင်းကို ဖြိုခွဲပြီး ဖမ်းဆီးထား တဲ့ကျောင်းသားတွေနဲ့ ပြည်သူတွေ ကို အမြန်ဆုံးလွှတ်ပေး ဖို့ နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းက တောင်းဆိုလိုက်ပါတယ်။ ကိုအောင်ကိုကိုက တင်ပြထားပါတယ်။

ရုပ်ရှင်အနုပညာရှင်တွေကလဲ သာယာဝတိထောင်ရောက် ကျောင်းသူကျောင်းသားများ၊ ပြည်သူများနဲ့တစ်သားထည်းရှိနေပါကြောင်း ပြသခဲ့ပါတယ်။ကိုလူမင်းဦးဆောင်လို့ 
စုပေါင်းအလှူငွေထည့်ဝင်ပေးခဲ့ပါတယ်။ငွေကြေးထက် ရပ်တည်ပေးကြတဲ့စိတ်ဓါတ်ခွန်အား ကတန် ဘိုးကြီးလှပါတယ်။ ကျေးဇူးပါအနုပညာရှင်ညီအကိုများခင်ဗျား။

ဆက်လက်ပြီးတော့ ဂီတပညာရှင်များ ကိုယ်စား BoBo entertainment နဲ့ media 7တို့ ကလဲစုဆောင်းလို့ လှူတန်းကြပါတယ်။ခုလိုထောက်ခံအားပေးမှုများဟာ ငွေကြေး
ထက် ခွန်အားဖြစ်စေတာကို ကျွန်တော် ထောင်ထွက်တစ်ယောက်အနေနဲ့  နက်နက်နဲနဲ ခံစားမိပါတယ်။ကျေးဇူးတင်ကြောင်းထပ်လောင်းပြောပါရစေ။

မောင်သူရ ( ဇာဂနာ )
၂၄-၃-၂၀၁၅

မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေဟာ ထုံထုံအအနဲ့ မိုက်မိုက်မဲမဲ လူမျိုးတွေပဲ။ သူတို့နဲ့ ပြောရတာဟာ လူသေကောင်တွေကို ပြောနေရသလိုပဲ။

မြန်မာ စစ်ဗိုလ်ချုပ်ကြီးတွေဟာ ကုန်စုံဆိုင်တစ်ဆိုင်ကိုပင် အောင်မြင်အောင် စီမံခန့်ခွဲ နိုင်စွမ်း မရှိရှာကြဘူး၊

မြန်မာနိုင်ငံပြောင်းလဲဖို့က လူငယ်စစ်ဗိုလ်တွေဆီရောက်သွားမှာ၊ ထိုင်းတိုးတက်လာတာကို လှမ်းမြင်နေရတယ်၊ သူတို့ဟာ အထီးတည်း ကျန်ရစ်ခဲ့ကြတယ်၊ လူကြီးတွေက ချမ်းသာပြီးရင် ချမ်းသား နိုင်ငံ မွဲပြီးရင်းမွဲ အရည်အသွေး မမှီတဲ့ ဒေါက်တာတွေ ဆေးမရှိတဲ့ ဆေးရုံတွေ မစွံတဲ့ပညာရေး နိုင်ငံကို ဘယ်သူက ဒီလို မြင်ချင်မလဲ။

သူတို့မှာ ဦးနှောက်နဲနဲလေးရှိရင်တောင် တံခါးဖွင့်ရမှာ၊ တံခါးဖွင့်ရင် လူထုကို ပညာသင်ပေးရတော့မယ်၊ လိုက်လာ မယ့် အကျိုးဆက်တွေကလည်း အများကြီး၊
ဆုံးသွားတဲ့ ငါ့ဇနီးနဲ့ ကောင်းကင်ဘုံမှာရော အခြားနေရာမှာရော ပြန်လည်တွေ့ဆုံမယ်လို့ မထင်မိပါဘူး။ ဒါပေမယ့် ငါတို့ အရိုးပြာအိုးလေတွေတော့ တစ်ခုနဲ့ တစ်ခု နီးနီးကပ်ကပ် ရှိစေချင်တယ်။

ငါသေရင် ငါ့ရဲ့ မွမ်းမံပြင်ဆင်မှု မရှိတဲ့ အိမ်ကို ဖျက်ပစ်လိုက်ကြပါ။ ဒီမှာ ငါ့အိမ်ရှိနေတာ့ ကျန်တဲ့အိမ်တွေ အထပ်မြင့် တွေ ဆောက်လို့ မရကြဘူး၊ ငါ့အိမ်မရှိတော့မှ အထပ်မြင့်တွေ အကုန်ဆောက်ကြ၊ မြေဈေးတွေလဲ အများကြီး တက်သွားမယ်၊ ဒီအိမ်ရဲ့ သက်တမ်းက တစ်ရာကျော်နေပြီ၊ ပြင်ဆင်စရိတ်လည်း နည်းမှာ မဟုတ်ဘူး၊ ဖောင်ဒေးရှင်း လည်း မရှိဘူး၊ နံရံတွေမှာ ရေညှိတွေနဲ့၊ တံတိုင်းတွေလဲ အက်ကွဲနေပြီ။ ငါ့ သားသမီးတွေ သတိရရင်ကြည့်ဖို့ ဓာတ်ပုံ အဟောင်းလေးတွေ ရှိရင်တော်ပြီ။

ငါက နိုင်ငံရေးသမားကို မဖြစ်ချင်ခဲ့တာ။ အခြေအနေတွေက တွန်းပို့ခဲ့တယ်။ ဗြိတိသျှတွေ အရေးနိမ့်ပြီး ဂျပန်တွေ ရက်စက်မှုတွေ ခံခဲ့ရတယ်။ လူတွေ စိတ်ဓါတ်တွေ ပျက်လာတယ်။ နောက်တော့ ကွန်မြူနစ်တွေလက်ထဲ အာဏာ မရောက်အောင်လုရပြန်ရော၊ အဲဒီ အခြေအနေတွေက လီကွမ်ယု ဖြစ်အောင် စေ့ဆော်ခဲ့တာပဲ။

ဒေါက်တာ ကေကေတန်နဲ့တွေ့တယ်။ သူက ဗုဒ္ဓဘာသာထဲက ထင်ရှားတဲ့ ပညာရှင်ပေါ့၊ သူ့နည်းက ရောဂါ အကြောင်းတွေးပြီးကြောက်နေတာထက် “ငါသေရမယ်၊ ငါသေရမယ်” ဆိုပြီး နှလုံးသွင်းခိုင်းတယ်၊ အစပိုင်းတော့ တော်တော်ခက်တယ်၊ တဖြေးဖြေးနဲ့ အဆင်ပြေလာတယ်၊ အသက်ရှုတာ ညင်သာလာတယ်၊ မှတ်ရတာ ကောင်းပြီး ငြိမ်းချမ်းလာတယ်။ တခါတရံ တတိယ မျက်လုံးနဲ့ ကိုယ့်ကိုယ်ကို ပြန်ကြည့်တယ်။ စကြာဝဠာကြီးထဲမှာ ငါဆိုတဲ့ ကောင်ဟာ တကယ့်ကို အသေးအမွှားလေးပဲလို့ မြင်တဲ့အထိပဲ။ တရားထိုင်တာဟာ တကယ်ကို ငြိမ်းချမ်းတယ်၊ ကျောင်းတွေမှာတောင် ကလေးတွေကို သင်ကြားပေးသင့်တယ်လို့ထင်တယ်

ငါ့ ဇနီးကော ငါကိုယ်တိုင်ကော ငါ့ ကလေးတွေ အတွက် ဂုဏ်ယူတယ်၊ ဝန်ကြီးချုပ်ကလေးတွေဆိုပြီး ပျက်စီးနေသူ တွေ လူလိမ် လူညာတွေ မဟုတ်ကြဘူး။ ကောင်းတာလုပ်တယ်။ ရိုးသားတယ်။ ကျောင်းကို လိုက်မပို့နိုင်တဲ့ နေ့တွေဆို သူတို့ ဘတ်စ်ကား စီးပြီးသွားကြတယ်။ သူတို့ကို သာမန်ကလေးတွေလိုဖြစ်ဖို့လည်း ငါတို့က မျှော်လင့်ထားတယ်။

အခမ်းအနားတွေမှာ လူတွေက ထရပ်ပေး၊ အရိုအသေပေး ပန်းကုံးတွေစွပ် ဒါတွေကို ငါဂရုမစိုက်ဘူး၊ မရှိလဲ ဖြစ်တယ်၊ တချို့ နိုင်ငံ ခေါင်းဆောင်တွေကတော့ ဒါမျိုးတွေ မပါရင် သိပ်သဘောမတွေ့ဘူး၊ ဒါပျော့ညံ့မှု တစ်မျိုးလို့ ငါယုံကြည်တယ်။

မြန်မာနိုင်ငံအပေါ် အမြင်
--------------------------
မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေဟာ ထုံထုံအအနဲ့ မိုက်မိုက်မဲမဲ လူမျိုးတွေပဲ။ သူတို့နဲ့ ပြောရတာဟာ လူသေကောင်တွေကို ပြောနေရသလိုပဲ။

မြန်မာ စစ်ဗိုလ်ချုပ်ကြီးတွေဟာ ကုန်စုံဆိုင်တစ်ဆိုင်ကိုပင် အောင်မြင်အောင် စီမံခန့်ခွဲ နိုင်စွမ်း မရှိရှာကြဘူး၊

မြန်မာနိုင်ငံပြောင်းလဲဖို့က လူငယ်စစ်ဗိုလ်တွေဆီရောက်သွားမှာ၊ ထိုင်းတိုးတက်လာတာကို လှမ်းမြင်နေရတယ်၊ သူတို့ဟာ အထီးတည်း ကျန်ရစ်ခဲ့ကြတယ်၊ လူကြီးတွေက ချမ်းသာပြီးရင် ချမ်းသား နိုင်ငံ မွဲပြီးရင်းမွဲ အရည်အသွေး မမှီတဲ့ ဒေါက်တာတွေ ဆေးမရှိတဲ့ ဆေးရုံတွေ မစွံတဲ့ပညာရေး နိုင်ငံကို ဘယ်သူက ဒီလို မြင်ချင်မလဲ။

သူတို့မှာ ဦးနှောက်နဲနဲလေးရှိရင်တောင် တံခါးဖွင့်ရမှာ၊ တံခါးဖွင့်ရင် လူထုကို ပညာသင်ပေးရတော့မယ်၊ လိုက်လာ မယ့် အကျိုးဆက်တွေကလည်း အများကြီး၊

ကမ္ဘာ့ခေါင်းဆောင်များမှတ်ချက်
---------------------------------
အိုဘားမား
-----------
စင်ကာပူလွတ်လပ်ရေး ရပြီး အမြင်ထက်သန်စွာနဲ့ဦးဆောင်ခဲ့ပြီး ဒီနေ့ ကမ္ဘာပေါ်မှာ အကြွယ်ဝ အစည်ပင်ဆုံး နိုင်ငံတစ်ခု ဖြစ်အောင် တည်ဆောက်ပေးခဲ့သူပါ။

အိန္ဒိယဝန်ကြီးချုပ် မိုဒီ
---------------------
အရှည်ကို တွေးတတ်တဲ့ ခေါင်းဆောင်တွေထဲကတစ်ယောက်၊ ခြင်္သေ့လို ရဲရင့်တဲ့သူမျိုး၊ လူတိုင်းအတွက် တန်ဖိုးရှိတဲ့ သင်ခန်းစာတွေ ပေးခဲ့ပါတယ်။

ဗြိတိသျှဝန်ကြီးချုပ်ကင်မရွန်း
-------------------------
စင်ကာပူကို လူနည်းနည်းလေးပဲ တတ်နိုင်လောက်တဲ့ နည်းလမ်းမျိုးနဲ့ တစ်ကိုယ်တော် ပုံသွင်းတည်ဆောက်ခဲ့သူ၊ ကမ္ဘာမှာ အအောင်မြင်ဆုံး ရာဇဝင်တွေ ဖန်တီးနိုင်ဖို့ လုပ်ဆောင်ပေးခဲ့သူဖြစ်တယ်၊

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး
------------------------
အာရှတိုက်က အထူးချွန်ဆုံး ခေါင်းဆောင်တစ်ယောက်၊ သူရဲ့ ဦးဆာင်မှု စွမ်းရည် အမြင်ထက်သန်မှုတွေဟာ နှိုင်းယှဉ်ပြစရာမရှိပါဘူး၊ သူဟာ တစ်ကမ္ဘာလုံးက လေးစားအတုယူရသူတစ်ယောက်ပါ၊

တရုတ်သမ္မတ ရှီကျင်းပင်
----------------------
နိုင်ငံတကာက ကျယ်ကျယ်ပြန်ပြန့်လေးစားရသူ၊ တကယ့်ကို ထူးချွန်တဲ့ မဟာဗျူဟာသမား၊ နိုင်ငံရေးသမားကောင်း တစ်ယောက်၊ ပြီးတော့ တရုတ် စင်ကာပူ ဆက်ဆံရေးကို အခြေချပေးခဲ့တဲ့ စံပြ ပုဂ္ဂိုလ်ကြီးဖြစ်တယ်။

မီးလောင်ဒဏ်ရာရရှိခဲ့တဲ့ ဆရာတော် ဦးတိက္ခဥာဏကို မတ်လ ၁၆ ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ တွေ့ရစဉ်။ Photo: Thiha Tun/RFA
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအနီးမှာ ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွင်းတာကြောင့် မီးလောင်ဒဏ်ရာတွေရရှိခဲ့တဲ့ သံဃာတော်နှစ်ပါး က ပြည်ထဲရေးဝန်ကြီးနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို အရေးယူပေးဖို့ တိုင်ကြားတာကို ဆားလင်းကြီး မြို့မရဲစခန်းက ပယ်ချလိုက်ပါတယ်။

ဆားလင်းကြီးရဲတပ်ဖွဲ့က ငြင်းပယ်ခဲ့တဲ့အကြောင်း သံဃာ ၂ ပါးကို ကိုယ်စားပြုပြီးတိုင်တန်းခဲ့တဲ့ ကိုနေသီဟ က အခုလို ပြောပါတယ်။

"သူတို့လက်ခံမှု မခံမှုကို အထက်အဆင့်ဆင့် ကိုတင်ပြတယ်၊ တင်ပြပြီးတော့မှ ဘာကြောင့် လက်မခံတယ် ဆိုတဲ့အကြောင်းကို အကြောင်းပြန် လာတယ်၊ သူတို့ရေးထားတဲ့ ပုဒ်မတွေကိုတော့ နားမလည်ဘူး၊ ဒါပေမဲ့ သူတို့က ပြည်သူ့ ဝန်ထမ်းတွေဖြစ်နေတယ်၊ ဥပဒေနဲ့မညီတဲ့ လှုပ်ရှားမှုတွေကို နှိမ်နင်းတဲ့အခါမှာ သူတို့အနေနဲ့ အကာအကွယ်ရှိတယ်ပေါ့၊ ဒါကြောင့်မို့လို့ အမှုဖွင့်လို့ မရပါဘူးဆိုတာ အကြောင်းပြန်တယ်၊ ဥပဒေကျွမ်းကျင်တဲ့သူတွေနဲ့ ထပ်ပြီးတိုင်ပင်ဦးမယ်ဗျ"

ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့ မနက်လင်းအားကြီးအချိန်မှာ သပိတ်စခန်းကို ရဲတပ်ဖွဲ့ဝင်တွေက မီးလောင်ဗုံးတွေသုံးပြီး ဖြိုခွင်းခဲ့တာဖြစ်ပါတယ်။

အဲဒီအကြမ်းဖက်မှုကြောင့် ခန္ဓာကိုယ်တစ်ခုလုံး မီးလောင်ဒဏ်ရာတွေရရှိခဲ့တဲ့ ဆရာတော် ဦးတိက္ခဥာဏနဲ့ ဦးဝိသုဒ္ဓတို့ကိုယ်စား ဦးတိက္ခဥာဏရဲ့သားဖြစ်သူ ကိုနေသီဟက ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့ကို အရေးယူပေးဖို့ ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်နေ့က ဆားလင်းကြီးမြို့နယ် မြို့မရဲစခန်းမှာ တိုင်ကြားခဲ့တာဖြစ်ပါတယ်။

ဆရာတော် ဦးတိက္ခဥာဏဟာ ခြေထောက်နှစ်ဖက်လုံးမသန်တော့ဘဲ ဆရာတော် ဦးဝိသုဒ္ဓက အရေပြားဝေဒနာ ခံစားနေရတယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese


မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးတွေ ဖြစ်ပေါ်လာပြီးတဲ့နောက် အရပ်သား အစိုးရ လက်ထက် ပထမဆုံးအကြိမ် ကျင်းပမယ့် ရွေးကောက်ပွဲကို တရားမျှတမှု၊ ပွင့်လင်းမြင်သာမှု ရှိ မရှိ လေ့လာစောင့်ကြည့်ရေး အမေရိကန်အခြေစိုက် Carter Center နဲ့ EU ဥရောပသမဂ္ဂ အဖွဲ့ဝင်တွေကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ခွင့်ပြုလိုက်ပါတယ်။

ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာနိုင်ဖို့ ခွင့်ပြုလိုက်တာနဲ့ပတ်သက်လို့ မဆုမွန် က ဆက်သွယ်မေးမြန်းတဲ့အခါ အနောက်နိုင်ငံတွေရဲ့ စောင့်ကြည့်ရေးအဖွဲ့တွေကို လာရောက် လေ့လာနိုင်ဖို့အရေး စီစဉ်ပေးနေတဲ့အကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဒေါက်တာ ဒေါ်မြင့်ကြည်က အခုလို ပြောပါတယ်။

“ဟုတ်တယ်၊ ကျမတို့ကတော့လေ Carter Center နဲ့ EU ကတော့ လာပြီးတော့ ဆက်သွယ်တယ်ပေါ့နော်။ ဆက်သွယ်ပြီးတော့ သူတို့ observation လုပ်ချင်တယ်ဆိုလို့ ကျမတို့ ပထမဦးဆုံး MOU ထိုးပါတယ်။ ထိုးပြီးတော့ အခု သူတို့ တွေကိုပေါ့နော် observation လုပ်ရမယ့်အချိန်ကျရင် ကျမတို့က သူတို့ကို invitation ပို့မှာပါရှင့်။”

မေး။             ။ ဟုတ်ကဲ့ ပထမဦးဆုံးပေါ့နော် ၂၀၁၂ တုန်းကတော့ South East Asia Nation က ဖိတ်ခံရပါတယ်။ ဒီ ၂၀၁၅ တော့ ပထမဦးဆုံးလို့ ပြောရမှာပေါ့နော် ဆရာမ။ အဲ့ဒီတော့ သူတို့ရဲ့ စောင့်ကြည့်မှုတွေနဲ့ ပတ်သက်ပြီး ဆရာမတို့ ရွေးကောက်ပွဲကို လွတ်လပ်ပြီးတော့မှ တရားမျှတမှု ရှိတဲ့ဟာမျိုး လုပ်နိုင်အောင် လုပ်နေတဲ့ အစီအစဉ်လေးတွေလည်း ပြောပြပါဦး ဆရာမ။

ဖြေ။                ။ “အဲဒါကတော့ ဒီ observer ကို လက်ခံတယ်ဆိုတာ ကျမတို့ရဲ့ ရွေးကောက်ပွဲလုပ်ငန်းဟာ တကယ့်ကို free and fair ဖြစ်တယ်ဆိုတာကို သူတို့ observe လုပ်နိုင်ဖို့ပဲပေါ့နော်။ တနည်းအားဖြင့်တော့ ကျမတို့ရဲ့ ရွေးကောက်ပွဲ integrity ကို သူတို့ ဝေဖန်ဖို့လို့ပဲပေါ့နော်။ ဆိုလိုတာကတော့ ဒါကို observer တွေ လက်ခံခြင်းအားဖြင့် ကျမတို့ ဒီလုပ်ငန်းဟာ free ဖြစ်သလား၊ fair ဖြစ်သလား သူတို့ ဒါတွေကို စောင့်ကြည့်ဖို့ပဲပေါ့နော်။ For Transparency ပါပဲ။”

မေး။             ။ ဆရာမ သူတို့က စောင့်ကြည့်ဖို့အတွက်ကို ဘယ်လိုနေရာတွေမှာ စီစဉ်ပေးထားမှာပါလဲရှင့်။

ဖြေ။                ။ “စောင့်ကြည့်ဖို့ဆိုတာက ၂ မျိုးရှိတယ်ပေါ့နော်။ long term observer နဲ့ short term observer - long term observer ဆိုတာကတော့ သူတို့က ၃၊ ၄ လ ကြိုတင်ပြီးတော့ သူတို့က ရွေးကောက်ပွဲ process တခုလုံးကို သူတို့က လေ့လာမှာပေါ့။ short term observer ကတော့ ရွေးကောက်ပွဲအချိန်ကျရင် လာပြီးတော့ မဲရုံတွေမှာ ဟုတ်လား ဆောင်ရွက်တဲ့လုပ်ငန်းတွေကို သူတို့က observe လုပ်မှာပေါ့နော်။”

မေး။             ။ အခု ရွေးကောက်ပွဲ ကျင်းပဖို့အတွက်ကရော date သတ်မှတ်မှုက အရွှေ့အပြောင်းရှိပါသလား။

ဖြေ။              ။ “ကျမတို့ပြောထားတယ်လေ။ အောက်တိုဘာ last week နဲ့ နိုဝင်ဘာ first week အတွင်းမှာ ကြေညာမယ်ဆိုတာ ကျမတို့ ၃ လအကြိုမှာ ကြေညာမှာပါ။”

ဒါကတော့ ၂၀၁၅ မှာ ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ စောင့်ကြည့်လေ့လာမှုတွေကို ခွင့်ပြုပေးတဲ့အကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူ ဒေါက်တာ ဒေါ်မြင့်ကြည်က ဖြေကြားခဲ့တာပါ။

ဒါဟာ နှစ်ပေါင်း ၆၅ နှစ်တာကာလအတွင်း စစ်အာဏာရှင်တွေ လွှမ်းမိုးခဲ့ဖူးတဲ့ မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် အနောက်နိုင်ငံတွေက ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့တွေကို ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာခွင့်ပြုလိုက်တာလည်းဖြစ်ပါတယ်။

လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲဖြစ်ကြောင်း သက်သေပြနိုင်ဖို့ အခုလို Carter Center နဲ့ EU ကို စောင့်ကြည့်လေ့လာခွင့်ပြုလိုက်တဲ့ ဒီလုပ်ဆောင်မှုဟာ ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်လိုက်တဲ့ ဒီမိုကရေစီအစိုးရပေါ်ပေါက်နိုင်ဖို့ နှစ်ပေါင်းများစွာအတွင်း မြန်မာနိုင်ငံမှာ  ပထမဆုံးအကြိမ် ခွင့်ပြုလိုက်တာဖြစ်တယ်လို့လည်း သမ္မတရုံးဝန်ကြီး ဦးစိုးသိမ်းက ပြောဆိုခဲ့ကြောင်း ရိုက်တာစ်သတင်းတရပ်မှာလည်း ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့ ပြီးခဲ့တဲ့ ၂၀၁၀ အထွေထွေရွေးကောက်ပွဲတုန်းကတော့ စစ်အစိုးရတပိုင်း အာဏာပိုင်တွေဘက်က နိုင်ငံတကာလေ့လာသူတွေဟာ လေ့လာခွင့်မပြုခဲ့ပါဘူး။ ဒါပေမဲ့ အတိုက်အခံခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာတော့ အရှေ့တောင်အာရှနိုင်ငံအချို့ လေ့လာခွင့်ရခဲ့ပါတယ်။ ဒီမတိုင်ခင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်က ကျင်းပခဲ့တဲ့ ၁၉၉၀ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲမှာတော့ စစ်အစိုးရဘက်က အဲဒီရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုဘဲ ဆက်လက်အုပ်ချုပ်ခဲ့တာဖြစ်ပါတယ်။

မြန်မာ့နိုင်ငံရေးမှာ အရေးကြီးတဲ့နှစ်ဖြစ်တဲ့ ၂၀၁၅ ခုနှစ်အတွက် ရွေးကောက်ပွဲကျင်းပနိုင်ရေးမှာ လာမယ့် ဧပြီလနောက်ဆုံးထားပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဘက်က ပါဝင်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေကို ရွေးကောက်ပွဲဝင်ဖို့ မှတ်ပုံတင်နိုင်ရေး သတ်မှတ်ပေးထားပါတယ်။

မဆုမွန် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

နေပြည်တော်မှာ အောက်တိုဘာလ ၂ ရက်နေ့က ကျင်းပနေတဲ့ အမျိုးသားလွှတ်တော်ကို တွေ့ရစဉ်။ Photo: RFA

အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်တဲ့ဥပဒေမူကြမ်း ကို အမျိုးသားလွှတ်တော်မှာ ဒီကနေ့ စတင်ဆွေးနွေးခဲ့ ပါတယ်။

ကမ္ဘာ့အဆင့်မီတဲ့ ပညာရေးစနစ်ဖြစ်ဖို့အတွက် အင်္ဂလိပ် ဘာသာစကားကို အခြေခံပညာအဆင့်ကစပြီး အဓိက ဘာသာရပ်အဖြစ် သင်ကြားရေးကို ဥပဒေမူကြမ်းမှာ ထည့်သွင်းပေးဖို့ ချင်းပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးပေါ်လျှံလွင်က ဆွေးနွေးခဲ့ပါတယ်။

ဒီနေ့ဆွေးနွေးခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် ၈ ဦးက စိုက်ပျိုးရေး၊ မွေးမြူရေးပညာရပ်တွေကို လက်တွေ့ကျကျ သင်ကြားနိုင်ရေး၊ တိုင်းရင်းသားဘာသာစကား သင်ကြားရေးနဲ့ စာပေယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေး စတဲ့အချက်တွေကို ဥပဒေမူကြမ်းမှာထည့်သွင်း ဖို့ ဆွေးနွေးခဲ့ကြပါတယ်။

အဲဒီဥပဒေမူကြမ်းကို သပိတ်မှောက်ကျောင်းသားကိုယ်စားလှယ်တွေ၊ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံး ဆိုင်ရာကွန်ရက် NNER၊ နိုင်ငံရေးပါတီတွေ၊ ကျောင်းသားသပိတ်ကို ထောက်ခံသူတွေ၊ အရပ်ဘက်လူမှုအဖွဲ့ အစည်းတွေနဲ့ ကြားနာပွဲတွေကျင်းပပြီး တင်သွင်းခဲ့တာဖြစ်ပါတယ်။

အဲဒီဥပဒေမူကြမ်းကို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂ ဦးအပါအ၀င် ကိုယ်စားလှယ် ၇ ဦးက မနက်ဖြန်ကျင်းပမယ့် အမျိုးသားလွှတ်တော်မှာ ဆက်လက်ဆွေးနွေးမှာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

ဓာတ်ပုံ – mthai.com
ထိုင်းနိုင်ငံမှာ အချိန်အခါမဲ့မိုး ရွာသွန်းမှုကြောင့် မြို့တော်ဘန်ကောက် လမ်းမကြီးတွေမှာ ရေလွှမ်းမိုးမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

မတ်လ ၂၄ ရက် မွန်းလွဲ ၁ နာရီကျော်မှာ မိုးစတင်ရွာသွန်းပြီး မကြာခင်အချိန်တွင်းမှာဘဲ ဘန်ကောက်အဓိက လမ်းမကြီးပေါ်မှာ ရေလွှမ်းပြီး ဈေးဆိုင်တချို့က ကုန်ပစ္စည်းတွေ ရေထဲမျောပါကုန်တယ်လို့ အမ်ထိုင်းအွန်လိုင်းသတင်းမှာ ဖော်ပြပါတယ်။

အထူးသဖြင့် ရမ်ခမ်းဟိုင်၊ ဖရလမ်းဆမ်၊ ရာ့ခ်ျတမ်ရီ၊ လတ်ဖလောက်၊ ရာ့ခ်ျဒါး အစရှိတဲ့ လမ်းမကြီးပေါ် ရေလွှမ်းမိုးပြီး တချို့နေရာမှာ ၃၀ စင်တီမီတာထိ မြင့်တက်ကြောင်း၊ ကားဘော်ဒီ တ၀က်လောက် ရေထဲမြှုပ်နေကာ ယာဉ်ကြောပိတ်ဆို့မှုတွေလည်း ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

ဆုခုမ်ဝစ် လမ်းမပေါ်မှာ ရေအောက်ပိုက်လိုင်းတစ်ခု ပွင့်ထွက်သွားတဲ့အတွက် လီဒိုပြဇာတ်ရုံက ဈေးဆိုင်တွေ ရေလွှမ်းပြီး ကုန်ပစ္စည်းတွေရေထဲမျောပါကုန်တယ်လို့ ဆိုင်ရှင်များက ပြောပါတယ်။

ရေလွှမ်းမိုးမှုအခြေအနေ၊ ယာဉ်လမ်းကြောင်းအနေအထားနဲ့ ကူညီကယ်ဆယ်ရေးအတွက် အရေးပေါ်ဖုန်းလိုင်း ၁၁၇၉ ကို ၂၄ နာရီ ဆက်သွယ်နိုင်ကြောင်း အမ်ထိုင်းသတင်းမှာ ဖော်ပြသွားပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no


ဗိုလ်မှူးကြီးစောချစ်သူဦးဆောင်တဲ့ BGF တပ်ဖွဲ့ကနေပြီး သောင်ရင်းမြစ်လျှောက်က လှေဂိတ်တွေကို ဒီကနေ့မနက်ပိုင်းကစပြီး ပိတ်လိုက်တဲ့အတွက် ထိုင်းနဲ့မြန်မာ နှစ်ဖက် ကုန်စည်စီးဆင်းမှု ရပ်တန့်နေပါတယ်။

ပြီးခဲ့တဲ့ သုံးလေးရက်လောက်က ထိုင်းဘက်က အထူးအဖွဲ့တဖွဲ့ကနေပြီး စက်သုံးဆီတွေကို တံတား ပေါ်ကလွဲရင် ကျန်တဲ့ဂိတ်ကို မတင်သွင်းဖို့ ပိတ်ပင်လိုက်တဲ့အတွက် နယ်စပ် မြ၀တီမြို့ မှာ စက်သုံးဆီပြတ် လပ်မှုကြုံခဲ့ရပါတယ်။

ဒါကြောင့် နယ်စပ်တလျှောက်က လှေဂိတ်တွေကို ပိတ်ရတာဖြစ်တယ်လို့ ဗိုလ်မှူးကြီး စောချစ်သူရဲ့ ကိုယ်ရေးအရာရှိ ဗိုလ်မှူးနိုင်မောင်ဇော်က ဒီဗွီဘီကို ပြောပါတယ်။

“ဒီကျနော်တို့ နယ်စပ်ကင်းစခန်းဘက်မှာရှိတဲ့အပေါက်တွေမှာ ထိုင်းဘက်က အထူးအဖွဲ့ တဖွဲ့ဆိုပြီးရောက် လာတယ်။ ရောက်လာပြီးတော့ ကျနော်တို့နိုင်ငံဘက်ကို စက်သုံးဆီမကူးရ၊ တံတားပေါ်ကပဲ ကူးရမယ်ဆိုပြီးတော့မှ အကြပ်ကိုင်လာတာပေါ့ဗျာ။ အမှန်တကယ်ကျနော်တို့ သိသလောက်ကတော့ သူတို့က ငွေလိုက် ညစ်တာပေါ့။ ညစ်မရတော့ အကြပ်ကိုင်လာတာ။ ကျနော်တို့ကလည်း ဆီဘောင်ဆာတစီးကို တန် ၃၀ အထိပဲခွင့်ပြုထားတယ်။ ဆီဘောင်ဆာ တစီးကို ၄၅ တန်ရှိတယ်။ အဲတော့ ကူးလို့မရဘူး။ ကျနော်တို့က ဒီဂိတ်ကနေ ကူးတယ်ဆိုတာ လည်း ကျနော်တို့ ကုန်သွယ်ရေးဇုံမှာ တရားဝင်အခွန်ဆောင်ပြီးတော့ ၀င်နေတဲ့ဆီတွေပဲလေ။ အဲတော့သူတို့က အဲလိုမျိုး အကြပ်တည်းဖြစ်အောင် လုပ်လာတဲ့အခါကျတော့ ဒီမြ၀တီမှာ ဆီပြတ်လတ်မှုတွေ တော်တော်ကြုံနေရတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကဆိုလည်း ဖာအံကနေပြီး မြ၀တီကို ဆီပြန်ပို့ရတယ်။ အဲလိုမျိုးဖြစ်နေတော့ ကျနော်တို့က ယိုးဒယားအဖွဲ့တဖွဲ့ကနေပြီး သူတို့ ဒီလိုလုပ်တာ ကျနော်တို့မခံနိုင်တော့ဘူး။ ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက အဆင်မလားဆိုပြီးေ စာင့်ကြည့်တာ။ မပြေတော့ မနေ့ညကမှ လူကြီးက အမိန့်ထုတ်လိုက်တာပေါ့။ နယ်စပ်ဂိတ်ပိတ်ဖို့။”

ဒါ့အပြင် လက်ရှိဖြစ်စဉ်မှာ ထိုင်းအစိုးရက လုပ်ဆောင်တာမဟုတ်ဘဲ အောက်ခြေ အဖွဲ့တဖွဲ့ကနေပြီး လုပ်ဆောင်နေတာဖြစ်တဲ့အတွက် ဒီလုပ်ရပေါ်လွင်စေဖို့အတွက် အခုလို ပိတ်ရတာဖြစ်တယ်လို့ ပြောပါတယ်။

နယ်စပ်တလျှောက် ရွှေကုကိုလ်ကနေပြီး မင်းလက်ပံအထိ  သောင်းရင်းမြစ်တလျှောက်  ဂိတ်ပေါင်း ၂၃ ခုကို ပိတ်ထားတာဖြစ်ပါတယ်။

ဒီလိုနယ်စပ်ဂိတ်တွေ ပိတ်ထားခြင်းအားဖြင့် ကုန်စည်စီဆင်းမှုတွေ ရပ်တန့်ပြီး နှစ်ဖက်ထိခိုက်မှုတွေရှိ နေပေမယ့် နှစ်ဖက်ပြေလည်မှု ရစေချင်တယ်လို့လည်း ဗိုလ်မှူး နိုင်မောင်ဇော်က ပြောပါတယ်။

နယ်စပ်လှေဆိပ်တွေကို BGF က ပိတ်တာဖြစ်ပြီး ဒီကိစ္စကို တိုင်းစစ်ဌာနချက်ဆီကို အကြောင်းကြားထားတယ်လို့လည်း ဆိုပါတယ်။

သင်္ကြန်ကာလမှ စက်သုံဆီဈေးတက်လေ့ရှိပြီး ထိုင်းဘက်က ဒီလိုကန့်သန့်ထားရင် မြန်မာပြည်တွင်း စက်သုံးဆီဈေးပိုမိုမြင့်တက်လာနိုင်သလို ဆီဈေးနဲ့အတူ ကုန်ဈေးနှုန်းတွေ တက်လာမှာ စိုးရိမ်တဲ့အတွက်လည်း အခုလို လုပ်ဆောင်ရတာဖြစ်တယ်လို့လည်း ပြောပါတယ်။

နယ်စပ်လှေဂိတ်တွေကို ဘယ်လောက်ကြာကြာ ပိတ်ထားမယ်ဆိုတာ သတ်မှတ်ထားတာ မရှိပေမယ့် ပြေလည်မှုရတဲ့အတွက် ပိတ်ထားမှာဖြစ်တယ်လို့ ဆိုပါတယ်။

By နော်နိုရင်း(ဒီဗွီဘီ)
http://burmese.dvb.no


ကင်ဆာရောဂါ ဖြစ်ပွားမှာ ကြိုတင်ကာကွယ်တဲ့အနေနဲ့ ကမ္ဘာကျော် ရုပ်ရှင်မင်းသမီး အော်စကာဆုရှင် အန်ဂျယ်လီနာ ဂျိုလီဟာ သားမျိုးဥအိမ်နဲ့ သားအိမ်ပြွန် ထုတ်ပယ်မှု ခံယူခဲ့ပါတယ်။

သားအိမ် ကင်ဆာ ဖြစ်ဖို့ ၅၀ ရာခိုင်နှုန်း အလားအလာ ရှိတာကြောင့် အခုလို ခွဲစိတ်ကုသဖို့ ရွေးချယ်ခဲ့တာ ဖြစ်တယ်လို့ ဂျိုလီက နယူးယောက် တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ၂ နှစ်က ကင်ဆာရောဂါနဲ့ သေဆုံးသွားတဲ့ သူမရဲ့အမေဟာ ရင်သားကို နှစ်ခါ ဖြတ်ထုတ်ခံခဲ့ရပါတယ်။

အခုလို ဆုံးဖြတ်ချက် ချရတာ မလွယ်ပေမယ့် ဘယ်ကျန်းမာရေးကိစ္စမှာ မဆို ကြိုတင်လက်ဦးမှု ရအောင် လုပ်နိုင်ပါတယ်လို့ ဂျိုလီက ပြောပါတယ်။

ကုလသမဂ္ဂမှာ သံတမန်တဦးဖြစ်ပြီး ဒါရိုက်တာအဖွဲ့ဝင်တဦးဖြစ်တဲ့ အန်ဂျီလာနာ ဂျိုလီဟာ ဟော်မုန်း အစားထိုးမှု ခံယူမယ်လို့ သိရပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese


လက်ပံတန်းရဲစခန်းမှာ ထိန်းသိမ်းခံထားရတဲ့ အရွယ်မရောက်သေးတဲ့ အသက် ၁၅ နှစ်အရွယ် လက်ပံတန်း ဒေသခံ ကိုချစ် (ခေါ်) မောင်ထွန်းထွန်းနိုင်ကို ဒီကနေ့  ပြန်လွှတ်ပေးလိုက်ပါတယ်။

သူ့ကို လက်ပံတန်းရဲစခန်းအချုပ်ရဲ့ အပြင်မှာ ထိန်းသိမ်းထားခဲ့တယ်လို့ ကိုချစ်က ပြောပါတယ်။

“သားအထဲမှာဆိုတာက ရဲစခန်းအချုပ်ရဲ့ အပြင်ဘက်မှာပေါ့။ ကင်းထဲမှာ နေရတယ်။ သားကတော့ဟိုမှာ အေးအေးဆေးဆေးနေရတယ်။ ဟိုစခန်းမှူးကြီးကို သားက ဆံပင်မွှေးလေးတွေတော့ နုတ်ပေးတယ်။”

လက်ပံတန်းမှာ ကျောင်းသားသပိတ် အကြမ်းဖက်ဖြိုခွင်းခံခဲ့ရတဲ့ မတ်လ ၁၀ ရက်နေ့တုန်းက သူ့အကိုနဲ့ လိုက်လည်ရင်း လက်ပံတန်းစိုက်ပျိုးရေးရုံးရှေ့မှာ ရိုက်နှက်ဖမ်းဆီးခံခဲ့ရတာလို့ ဆိုပါတယ်။

နောက်တနေ့သူ့ကို သာယာဝတီထောင်ကနေ ရုံးထုတ်စစ်ဆေးဖို့ လက်ပံတန်းကို ခေါ်ဆောင်ခဲ့ပြီး မြို့နယ်တရားရုံးမှာ အသက်မပြည့်ဘူးဆိုပြီး ရုံးထုတ်စစ်ဆေးတာ မလုပ်တော့ဘဲ ရဲစခန်းက ထိန်းသိမ်းခဲ့တာပါ။

“သာယာဝတီကနေပြီးတော့ လက်ပံတန်းရဲစခန်းမှာ စစ်မယ်ဆိုပြီးတော့ သားကိုခေါ်လာတာ။ တရားရုံးကိုရောက်တော့ အသက်မပြည့်ဘူးဆိုပြီး သားကို ခဏထိန်းသိမ်းထားတာတဲ့။ အဲဒါ ရဲစခန်းထဲမှာ ၁၄ ရက်ကြာတယ်။”

သူ့ကို ထိန်းသိမ်းထားချိန် မိခင်ဖြစ်သူနဲ့ မူလက တွေ့ခွင့်မရဘဲ ၂၀ ရက်နောက်ပိုင်းမှ တွေ့ခွင့်ရ ခဲ့တဲ့အကြောင်း အကျဉ်းကျခံနေရတဲ့ အခြေအနေနဲ့ပတ်သက်ပြီး ကိုချစ်က “သားအထဲမှ စိတ်တွေကတော့ အသားကုန်ညစ်တယ်။ သူများတွေက သွားလာနေတော့ သားကလည်း ထွက်ချင်တယ်။ သွားချင်တယ်။ သားက ၀မ်းနည်းတာပဲရှိတယ်။”လို့ ပြောပါတယ်။

လက်ပံတန်းဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဖမ်းဆီးထိန်းသိမ်းခဲ့သူ ၁၂၇ ဦးရှိတယ်လို့ အစိုးရက တရားဝင် ထုတ်ပြန်ထားတာပါ။

ကျောင်းသားနဲ့ သတင်းထောက် ၂ ဦး အပါအ၀င် ၃၀ ခန့်ကိုပြန်လွှတ်ပေးခဲ့ပြီး ဒီကနေ့တော့ ကိုချစ် အပါအ၀င် ၂၀ ကို ပြန်လွှတ်ပေးခဲ့တာဖြစ်ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no

သတင်းဓာတ်ပုံ – ကိုကျော်နိုင်ဦး
ပဲခူးတိုင်း လက်ပံတန်းမြို့မှာ အစိုးရဘက်က အမျိုးသား ပညာရေး ဥပဒေပြင်ဆင်ရေး သပိတ်မှောက်ကျောင်းသားတွေကို ဖြိခွင်းခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ ဖမ်းဆီးခံကြရတဲ့ လက်ပံတန်း ဒေသခံတွေထဲက အယောက် ၂၀ ဒီနေ့ခင်းမှာ ပြန်လွတ်ကြပါတယ်။

သာယာဝတီခရိုင်ရဲတပ်ဖွဲ့မှူးရုံးက တာဝန်ကျ ရဲအရာရှိတဦးက “သာယာဝတီထောင်ကနေ ကျား ၁၉ ဦး နဲ့ မ ၁ ပြန်လွှတ်ပါတယ်။ ကျနော်တို့ အဲသလောက်ပဲသိပါတယ်။ ခံဝန်ကိစ္စက လူကြီးတွေလုပ်တာဆိုတော့ အဲသလောက် မသိဘူး။ အခု လူကြီးတွေ ပြန်ကုန်ကြပြီ” လို့ ပြောပါတယ်။

သာယာဝတီမြို့ခံ ကိုကျော်နိုင်ဦးက “သူတို့တတွေကို သာယာဝတီထောင်ကနေ ခေါ်လာတယ်။ လက်ထိပ်ခတ်တယ်။ သာယာဝတီခရိုင်ရဲရုံးထဲကို ခေါ်သွားတယ်၊ အဲဒီထဲကနေမှ သူတို့ လက်မှတ်ထိုးပြီး ပြန်လွှတ်လိုက်တယ်ပေါ့။ လက်ပံတန်းကိုပြန်တဲ့ကားတွေနဲ့ ပို့လိုက်တယ်” လို့ ပြောပါတယ်။

ပြန်လွတ်လာသူတွေထဲက အသက် ၂၅ နှစ်အရွယ် ကိုစိုးမင်းအောင်က သူဟာ လက်ပံတန်းမှာ အိမ်ဆောက်ပစ္စည်းတွေဝယ်ဖို့ သွားရင်း လမ်းမှာ ဖမ်းဆီးခံရတာဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်တွေက ရိုက်နှက်ထိုးကြိတ်ခဲ့ကြတယ်လို့ ပြောပြပါတယ်။

သူက “ကျနော်တို့ခုပဲ ပြန်လွတ်လာတာ၊ အကုန်လုံးပေါင်းဆို အယောက် ၂၀ လွတ်ပါတယ်။ မိန်းကလေးက တယောက်ပါ။ သာယာဝတီထောင်ကနေ ပြန်လွတ်လာတာပါ။ ကျနော်က ဆယ်ရက်နေ့က ဖမ်းခံရတာ။ စိုက်ပျိုးရေးရှေ့မှာ တယောက်ကို ငါးချက်လောက် ရိုက်ခံရပြီးတော့ ဖမ်းတာ။ အဲဒါနဲ့ ကျွန်းကလေးလမ်းဆုံလည်းရောက်ရော တယောက်ပြီးတယောက် တယောက်ပြီးတယောက် ထိုးတာ ကျနော်တို့လည်း သွေးစက်စက်ကျပါတယ်။”

မန္တလေးမြို့ကနေ ရန်ကုန်ကို ချီတက်ရင်း လက်ပံတန်းမြို့မှာ ရောက်ရှိရပ်နားနေတဲ့ ကျောင်းသားသပိတ်စစ်ကြောင်းကို အစိုးရက ရန်ကုန်မြို့တွင်း ၀င်ခွင့်ပိတ်ပင်ခဲ့ပါတယ်။ မတ်လ ၁၀ ရက်နေ့မနက်မှာတော့ ပဲခူးတိုင်း နယ်လုံဝန်ကြီးက သပိတ်စစ်ကြောင်းပုံစံမဟုတ်ဘဲ သာမန်ခရီးသွားပုံစံသာ ၀င်ရောက်ခွင့်ပြုရာက ကျောင်းသားတွေနဲ့ ဒေသခံတွေက ရန်ကုန်ဘက်ကို ချီတက်ဖို့ တွန်းထိုးခဲ့ကြပါတယ်။ ဒီနောက်မှာ ရဲတပ်ဖွဲ့က ကျောင်းသားတွေကို ကြမ်းကြမ်းတမ်းတမ်းရိုက်နှက်ဖမ်းဆီးခဲ့သလို အရပ်သားတွေကိုပါ ဖမ်းဆီးပြီး သပိတ်မှောက်ကျောင်းသားတွေရဲ့ မော်တော်ယာဉ်တွေကိုပါ ဖျက်ဆီးခဲ့ကြပါတယ်။
ဒီနောက်မှာ ဖမ်းဆီးကျောင်းသားတွေထဲက တချို့ကို ပြန်လည်လွှတ်ပေးခဲ့ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no


အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ချေးငွေစီမံချက်အရ အာရှ လမ်းမဖောက်လုပ်ရေးစီမံကိန်းမှာ ကရင်ပြည်နယ်က မြို့နယ် (၂) မြို့နယ်အတွင်း ကျေးရွာ (၁၇) ရွာက ဒေသခံတွေရဲ့ လူနေအိမ်၊ လယ်ယာခြံမြေတွေ ထိခိုက်မှုရှိခဲ့တဲ့အပေါ် စိုးရိမ်မှုတွေရှိနေတယ်လို့ KHRG ခေါ် ကရင်လူ့အခွင့်အရေးအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ အခုလိုအာရှလမ်းမဖောက်လုပ်ရေးလုပ်ငန်းမှာ သက်ဆိုင် ရာမြန်မာအာဏာပိုင်တွေကနေ ပွင့်လင်းမြင်သာမှုမရှိသလို စီမံကိန်းဧရိယာ အတွင်း ထိမိနေတဲ့ဒေသခံတွေအနေနဲ့လည်း အိမ်ယာခြံမြေအသိမ်းဆည်းခံရမှာစိုးရိမ်နေတဲ့အခြေအနေကိုတော့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ်အတွင်းမှာ အစိုးရကနေ အရှဖွံ့ဖြိုးရေးဘဏ် ချေးငွေစီမံကိန်းအရ အဝေးပြေးလမ်းမဖောက်လုပ်တဲ့ အစီအစဉ်မှာ ဒေသခံတွေရဲ့အသံကို နားစွင့်ခြင်းမရှိဘူး-ဆိုတဲ့ အစီရင်ခံစာကို ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG အဖွဲ့ကနေ ထုတ်ပြန်ခဲ့တာပါ။ အထူးသဖြင့် အာရှလမ်းမဖောက်လုပ်ရေး အစီအစဉ်မှာ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်နဲ့ဖားအံမြို့နယ်က ဒေသခံတွေရဲ့ လူနေအိမ် လယ်ယာခြံမြေတွေကို ထိခိုက်မှုရှိခဲ့တယ်လို့ KHRG အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ စောဝေလေးက အခုလိုပြောပါတယ်။

“သူတို့လာချထားတဲ့တိုင်တွေရယ်၊ သူတို့လာချထားတဲ့ဆိုင်းဘုတ်တွေကြောင့် ရွာသားတွေ ဘာတွေ စိုးရိမ်လဲဆိုတော့ သူတို့ရဲ့ပိုင်ဆိုင်နေတဲ့အိမ်၊ သူတို့ရဲ့ ဆိုင်တွေ၊ သူတို့ခြံတွေ၊ သူတို့လယ်တွေ ပျက်စီးမှာကို သူတို့ စိုးရိမ်တယ်။ ကျနော်တို့ အခုသိရသလောက်ကတော့ ရွာ (၁၇) ရွာနဲ့ မြို့တမြို့ပေါ့။ အဲဒီ လမ်းကြောင်းတလျှောက်မှာ အထူးသဖြင့် သူတို့အိမ်၊ သူတို့ခြံ၊ နောက်ပြီးတော့သူတို့ ဈေးဆိုင်တွေ၊ နောက်ပြီးတော့ သူတို့လယ်ကွင်းတွေ…သူတို့ ပိုင်ဆိုင်တဲ့စည်းစိမ်ဥစ္စာတွေ ပျက်စီးသွားလို့ရှိရင် သူတို့ရဲအသက်မွေးဝမ်းကျောင်းတွေ ထိခိုက်နိုင်တယ်၊ ရွာသားတွေကို ခြိမ်းခြောက်မှု တစုံတရာ ဖြစ်ပေါ်စေမယ်၊ အဲလိုမျိုး ခြိမ်းခြောက်မှု တစုံတရာဖြစ်တဲ့အတွက်ကြောင့် ရွာသားတွေရဲ့ အခွင့်အရေးကို လေးစားလိုက်နာမှုမရှိဘူးလို့ ကျနော်တို့ ဆိုလိုချင်တာဖြစ်တယ်။”

အစိုးရရဲ့လမ်းဖောက်လုပ်ရေးအဖွဲ့ တိုင်းတာချက်နဲ့ လမ်းဧရိယာတိုင်စိုက်ထူတဲ့နေရာမှာ ဖားအံမြို့နယ်အိန္ဒုနဲ့ ကော့ကရိတ်မြို့နယ်တွင်း ရွာပေါင်း (၁၇) ရွာက ဒေသခံတွေရဲ့ အိမ်ခြံလယ်ယာမြေတွေ ဧရိယာအတွင်းပါဝင်နေတာကြောင့် ဒေသခံတွေစိုးရိမ်နေကြတယ်လို့ စောဝေလေးကပြောပါတယ်။ အခုလိုအာရှလမ်းမဖောက်လုပ်ရေးလုပ်ငန်းလုပ်ဆောင်နေရာမှာ အစိုးရအနေနဲ့ ပွင့်လင်းမြင်သာမှုမရှိဘူးလို့လည်း စော ဝေလေးက အခုလိုပြောပါတယ်။

“ဒီလမ်းဆောက်တာ အပိုင်းနှစ်ပိုင်းရှိတယ်။ … က အစိုးရအကောင်အထည်ဖော်ရမယ်၊ အာရှဘဏ်က သူတို့ကို ငွေကြေးပံ့ပိုးပေးမယ်ဆိုတော့ ကျနော်တို့က သူတို့ကို လာတွေ့ ….. ရွာသူရွာသားတွေ သူတို့ စိုးရိမ်- ရွာသူရွာသားတွေ လိုအပ်တာတွေ အကောင်းဆုံးလုပ်ဆောင်ပေးမယ်လို့ သူတို့ ပြောထားတာပဲ၊ ဒါပေမယ့် လက်တွေ့မှာတော့ ကျနော်တို့ စောင့်ကြည့်ရမှာပေါ့။ ဘယ်လောက်အတိုင်းအတာအထိ လုပ်ဆောင်ပေးမလဲဆိုတာ ကျနော်တို့ စောင့်ကြည့်ရမယ်။ ဒါပေမယ့် အစိုးရဘက်ခြမ်းမှာကျတော့ အခု လောလောဆယ်အထိ ဘယ်လို လုပ်ဆောင်ပေးမလဲဆိုတာ ကောင်းကောင်းမွန်မွန် အဲလို ပြောထားတာ မရှိသေးဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ အဖွဲ့တဖွဲ့က လာတယ်။ တိုင်းတယ်။ တိုင်တွေလာစိုက်တယ်။ ရွာသားတွေမေးတော့ သူတို့ပြောတယ်။ အထက်ကအမိန့် သူတို့ လုပ်နေရတယ်-တဲ့။ အထက်ကအမိန့်ဆိုတာ အထက်ကအမိန့်ခိုင်းတဲ့အတိုင်း သူတို့ လုပ်တယ်။ ရွာသူရွာသားတွေ အတွက် ခြိမ်းခြောက်မှု တစုံတရာ ရှိတယ်လေ။”

အာရှလမ်းမဖောက်လုပ်ဖို့ လမ်းဧရိယာအတွင်းပါဝင်နေတဲ့ အိမ်ယာ ဆိုင်တွေ ပြောင်းရွှေ့ရမဲ့အနေအထားရှိနေပေမယ့် ဒီကနေ့အထိတော့ အစိုးရ အာဏာပိုင်အဖွဲ့အစည်းတွေက လာရောက် အသိပေးအကြောင်းကြားတာမရှိသေးဘူးလို့ ကျုံဒိုးမြို့ဒေသခံကျောင်းဆရာတဦးက ပြောပါတယ်။

“ဆောက်မယ့်လမ်း အဲဒီနေရာ သူတို့ သတ်မှတ်ထားတဲ့ …တွေတော့ ချထားပြီးပြီပေါ့နော်။ လမ်းဘေးက ဆိုင်တွေ၊ အိမ်တွေကျတော့ ပြောင်းရမှာပေါ့နော်။ ပြောင်းရမှာ သေချာတယ်။ ဒါပေမယ့် အစိုးရဘက်က လာပြီးတော့ အသိပေးတာတို့၊ အကြောင်းကြားတာတို့ ဘာမှ မရှိသေးဘူး။ အစိုးရက လာဆောက်မယ်လို့ သူတို့ သိတယ်။ သူတို့မြေတွေ၊ သူတို့လယ်တွေ၊ သူတို့အိမ်တွေကတော့ ပြန်ပေးမယ်။ ပြန်ပေးတဲ့ဟာက ဘာမှ မကြားသိရသေးဘူးပေါ့။ အစိုးရဘက်က ၊ သို့မဟုတ် ADB ဘဏ်ကရော - သူတို့ကို ပေးမလား၊ မပေးဘူးလား။”

အလားတူကရင်ပြည်နယ်ကြာအင်းဆိပ်ကြီးမြို့နယ်မှာ လောင်းကိုင်နဲ့ထီဟူးသန်အထိ ဖောက်လုပ်နေတဲ့ လမ်းတလျှောက် မှာ ဒေသခံတွေရဲ့အိမ် ခြံ လယ်ယာမြေတွေကိုလျှော်ကြေးမပေးဘဲ ဖျက်ဆီးဖောက်လုပ်နေဆဲလို့လဲ ကရင်လူ့အခွင့် အရေးအဖွဲ့ KHRGအဖွဲ့ကနေ မတ်လ (၂၂) ရက်စွဲနဲ့ အစီရင်ခံစာထုတ်ပြန်ခဲ့တာပါ။

ကရင်ပြည်နယ်မှာ လယ်ယာမြေသိမ်းဆည်းမှုပြဿနာတွေနဲ့ပက်သက်ပြီး ပြီးခဲ့တဲ့စနေနေ့တုန်းက ၈၈ ကရင်မျိုးဆက် ကျောင်းသားအစည်းအရုံးအပါအဝင် ကရင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းက လယ်သမားအကျိုးဆောင်ကွန်ယက်က တာဝန်ရှိသူတွေဦးဆောင်ပြီး လယ်သမား၊ သံဃာနဲ့ဒေသခံတွေကနေ ဖားအံမြို့မှာချီတက်ဆန္ဒပြခဲ့ကြပါတယ်။ ဒီဆန္ဒပြပွဲမှာပါဝင်တဲ့ သံဃာတော်နှစ်ပါးနဲ့ လူ (၁၁) ဦးကို အာဏာပိုင်တွေကနေ ဖမ်းဆီးထားပြီးပုဒ်မ (၁၈) နဲ့ တရားစွဲဆိုထားပါတယ်။

နိုင်ကွန်းအိန် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


မတ်ခ်ျ ၂၄ ရက်၂၀၁၅

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့ အရှေ့မြောက်ဘက် မိုင်းယန်းမြို့သို့ နယ်ကျွံရောက်ရှိ လာသည့် တရုတ်ကား ၄ စီးအား မြန်မာ အစိုးရ ဒေသတွင်း အာဏာပိုင်က ၄ ရက်ကြာ ထိန်း သိမ်းထားရာမှ ပြန်လွှတ်ပေးကြောင်း ကြားသိရသည်။

မတ်ခ်ျ ၂၀ ရက်နေ့ မွန်းလွဲပိုင်းတွင် တရုတ် နှင့် သျှမ်းပြည်နယ်စပ် မိုင်းဖျန် - ဟိုတောဝ်း မှ တဆင့် လမ်းမှားကာ မိုင်းယန်းမြို့သို့ရောက်ရှိလာသော တရုတ်နိုင်ငံ နံပါတ်ပြားပါ ကား ၄ စီးမှာ UWSA ထိန်းချုပ်နယ်မြေအလွန် မိုင်းယန်းမြို့ ဌာနပေါင်းစုံ ဂိတ်၌ ထိန်းသိမ်းခြင်း ခံရသည်ဟုဆိုပါသည်။

မတ်ခ်ျ ၂၃ ရက် နံနက် ၁၀ နာရီမှသာ အဆိုပါကားများအား မြန်မာ အစိုးရ ဘက်မှ ပြန် လွှတ်ပေးလိုက်သည်ဟု မိုင်းပေါက်ဒေသခံ ဦးအိုက်နပ် က ပြောသည်။

“ကားက ၄ စီး။ ၆ ဘီးကား ၂ စီး၊ ၁၀ ဘီးကား ၂ စီး။ မိုင်းလား အထူးဒေသ ၄ ဘက်သွား မယ်လို့ပြောတယ်။ လမ်းမှားပြီး ဒီဘက်ကို ရောက်လာတာ။ ခါလီ ကား။ ဘာမှ ပါမလာဘူး။ နယ်မြေခံ ထောက်လှမ်းရေးကူညီပေးမှုနဲ့ လွတ်ပေး လိုက်ပြီ” - ဟု ကျိုင်းတုံရောက် အမည် မဖေါ်လိုသည့် ဝန်ထမ်း အသိုင်းအဝိုင်း ကပြောသည်။

သီးခြားအတည်ပြုချက်မရသေးသည့် သတင်းအရ အဆိုပါ ကားများသည် ပန်ဆန်း ဝ ဌာန ချုပ်အတွက် အလုပ်လုပ်ပေးရန် လူရောကားပါ အငှား လိုက်သည့် ကားများ ဖြစ်ကြောင်း၊ တရုတ်နိုင်ငံမှ တိုက်ရိုက်ဝင်လာ သည့် ကား မဟုတ်ဘဲ ပန်ဆန်းမှ တဆင့် ရွှေတြိဂံဘက်မှ ဝင်လာသည့် ပစ္စည်းများသယ်ယူရန် အထူးဒေသ ၄ ဘက် ဆင်းလာခြင်းဖြစ်ကြောင်းပြော သည်ဟုဆို၏။

မိုင်းဖျန် နှင့် ဟိုတောဝ်းသည် ၀ အုပ်ချုပ်ရေးစနစ်တွင် မြို့နယ်အဆင့်ထား ရှိပြီး၊ မိုင်းပေါက် မှာမူ ခရိုင်အဆင့် ထားရှိသည်။ သို့သော် မြန်မာအစိုးရ အုပ်ချုပ်ရေးစနစ်တွင် မိုင်းပေါက် အပါဝင် မိုင်းဖျန် ၊ ဟိုတောဝ်း အား မိုင်းယန်းမြို့လက်အောက်ခံ မြို့နယ်အဆင့် ထားရှိသည်။

သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese


တပ်မတော်သား လွှတ်တော်အမတ်တွေ အနေနဲ့ လွှတ်တော်ထဲမှာ ဘက်မလိုက်ဘဲ အကြံပြုဆွေးနွေးနေပြီး လွှတ်တော်အတွင်းနဲ့  ပြည်သူလူထုကလည်း လက်ခံလျက်ရှိ တယ်လို့  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်းက မြန်မာနိုင်ငံမှာ စစ်မှုထမ်းခဲ့တဲ့  ဗြိတိသျှ စစ်မှုထမ်းဟောင်း များအဖွဲ့ ဥက္ကဋ္ဌ မြို့စား မစ္စတာစလင်းမ်နဲ့ မနေ့က နေပြည်တော်မှာ တွေ့ဆုံစဉ် လွှတ်တော်တွင်း လေးပုံတစ်ပုံ နေရာယူထားတဲ့  တပ်မတော်သား အမတ်တွေ ကိစ္စ ကာကွယ်ရေး ဦးစီးချပ်က ထည့်သွင်း ပြောကြား ခဲ့တာပါ။

ကာကွယ်ရေးဦးစီးချုပ်က “တပ်မတော်အနေဖြင့် ပါတီနိုင်ငံရေး ဆောင်ရွက်ခြင်း မဟုတ်ဘဲ အမျိုးသားနိုင်ငံရေးအတွက် ပါဝင်ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း၊ လွှတ်တော်တွင် တပ်မတော်သားများ ပါဝင်၍ ပြည်သူများအတွက် လိုအပ်ချက်များ၊ ပြင်သင့်ပြင်ထိုက် သည်များကို မည်သည့်ဘက်ကမျှ ဘက်မလိုက်ဘဲ အကြံပြု ဆွေးနွေးလျက်ရှိ၍ လွှတ်တော်အတွင်းနှင့် ပြည်သူလူထုကလည်း လက်ခံလျက်ရှိကြောင်း၊ တပ်မတော်သားများက ဖြစ်သင့်သည်၊ မဖြစ်သင့်သည်များကို ပြတ်ပြတ်သားသား ဆွေးနွေးတင်ပြပြီး ဆုံးဖြတ်ချက်ကို လွှတ်တော်တွင် မဲဆန္ဒဖြင့် ဆုံးဖြတ်ပါကြောင်း’”ပြောကြားခဲ့တယ်လို့ သူ့ရဲ့ လူမူကွန်ယက်စာမျက်နှာကနေ သတင်းထုတ်ပြန်ပါတယ်။

ဒီတွေ့ဆုံပွဲမှာ မြန်မာ-ဗြိတိန် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်ကြား ဆက်ဆံရေး ပိုမိုခိုင်မာအောင် တည်ဆောက်သွားဖို့ ဆွေးနွေးခဲ့ကြပြီး  မစ္စတာစလင်းမ်က မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့အတွက် လိုအပ်တဲ့ ထောက်ပံ့ ကူညီမှုတွေ ပေးသွားမယ်လို့ ပြောခဲ့တယ်လို့ လည်းဆိုပါတယ်။

ဒီတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒု-ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ တပ်မတော်အရာရှိတွေ တက်ရောက်ပြီး  မြို့စား မစ္စတာ စလင်းမ်နှင့် အတူ မြန်မာနိုင်ငံဆိုင်ရာဗြိတိသျှစစ်သံမှူး ဗိုလ်မှူးကြီး တိုနီစတမ်းတို့ တက်ခဲ့ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no

မိတ္ထီလာ ဘာသာရေး အဓိကရုဏ်း အတွင်းမှာ အကြမ်းဖက်ဖျက်ဆီးမှု မြင်ကွင်းတခု။ (မတ် ၂၁၊ ၂၀၁၃)

မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေထဲမှာ နောက်ကွယ်ကနေ မြှောက်ပေး ခဲ့တာတွေ ရှိတယ်လို့ နိုင်ငံတကာ လေ့လာမှုတခုမှာ တွေ့ရှိလိုက်ပါတယ်။ Justice Trust လို့ခေါ်တဲ့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အနေနဲ့ မန္တလေးမှာ မနှစ်ကဖြစ်ခဲ့တဲ့ အကြမ်းဖက်မှု ရုန်းရင်းဆန်ခတ်မှုကို လေ့လာသုံးသပ်ပြီးတော့ အခုလို ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။ ဗွီအိုအေသတင်းထောက် Steve Herman ပေးပို့ထားတဲ့သတင်းလွှာကို ကိုဝင်းမင်းက တင်ပြပေးထားပါတယ်။

Justice Trust အဖွဲ့အနေနဲ့ မနှစ်က ဂျူလိုင်လမှာဖြစ်ခဲ့တဲ့ မန္တလေးက ဘာသာရေး၊ လူမှုရေးအကြမ်းဖက်မှုတွေကို မြန်မာနိုင်ငံက ရှေ့နေတွေ၊ တက်ကြွ လှုပ်ရှားသူတွေနဲ့အတူ သုတေသနပြုခဲ့ရာကနေ အခုလို တွေ့ရှိလိုက်တာပါ။ ဒီအစီရင်ခံစာကို “မြန်မာ ဘာသာရေး၊ လူမှုရေးအကြမ်းဖက်မှု နောက်ကွယ်က လက်များ၊ မန္တလေးရုန်းရင်းဆန်ခတ်မှုကို လေ့လာချက်” လို့ ခေါင်းစဉ်ပေးထားပါတယ်။ Justice Trust အဖွဲ့ရဲ့အကြီးအကဲ ရော်ဂျာနော်မန်က ဖြစ်ပျက်ခဲ့တဲ့ ဘာသာရေး၊ လူမှုရေး အကြမ်းဖက်မှုတွေဟာ မြန်မာနိုင်ငံမှာ ပွင့်လင်းလာလို့ ၊ ဖိနှိပ်မှုတွေဖွင့်ပေးလိုက်လို့၊ အောင်းနေတဲ့ ဘာသာရေးတင်းမာမှု တွေကြောင့် ဖြစ်တာလို့ အများက ထင်ထားတယ်၊ ဒါပေမယ့် အဓိက နောက်ကွယ်ကတချက်ကိုတော့ မေ့နေကြတယ်၊ အဲဒါက နောက်ကွယ်က မြှောက်ပေးတာဖြစ်တယ်လို့ အခုလို ပြောပါတယ်။

“ဒီလိုဂိုဏ်းတွေ၊ သွေးထိုးလှုံ့ဆော်တဲ့သူတွေသာ မရှိခဲ့ရင် ဒီလို ရုန်းရင်းဆန်ခတ်မှုတွေလည်း ရှိခဲ့မှာ မဟုတ်ပါဘူး။ သေချာတာကတော့ ရခိုင်ကနေ မိတ္ထီလာ၊ နောက် လားရှိုး၊ မန္တလေး- စတဲ့ ဖြစ်ခဲ့တဲ့ ပြင်းထန်လွန်းတဲ့အကြမ်းဖက်မှုတွေအဆင့်အထိလည်း ရောက်လာမှာ မဟုတ်ပါဘူး။”

Justice Trust အဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ နော်မန်ကပဲ မြန်မာနိုင်ငံသားတွေအနေနဲ့ ဘာသာရေးအခြိမ်းခြောက်ခံနေရတယ်လို့ မြင်လာတာကလည်း သူ့ဟာသူ ဖြစ်လာတာမဟုတ်ဘဲ ၉၆၉ လို့ခေါ်တဲ့ အစွန်းရောက်တဖွဲ့က လှုံ့ဆော်လိုက်တာဖြစ်တယ်လို့ ဆက်ပြောပါတယ်။

“မြန်မာနိုင်ငံသားတွေအနေနဲ့ ဗုဒ္ဓဘာသာဟာ အခြိမ်းခြောက်ခံနေရတယ်လို့ ခံစားနေကြရပါတယ်။ အဓိက ဘာကြောင့်ဖြစ်ရတာလဲဆိုတော့လည်း ၉၆၉ လှုပ်ရှားမှုနဲ့ ဒီအဖွဲ့က သတင်းမီဒီယာမှာ လိုသလို ပုံဖော်နေတဲ့အတွက်ကြောင့်ပါ။ နောက်တခုကတော့ အနောက်နိုင်ငံတွေဘက်မှာ မြင်နေတဲ့ အမြင်ကျပြန်တော့လည်း ဗုဒ္ဓဘာသာ သံဃာတော်တွေဟာ အစွန်းရောက်သူတွေ၊ မွတ်ဆလင်မုန်းတဲ့ဘုန်းကြီးတွေလို ဖြစ်နေပါတယ်။ တကယ်တော့ အခုလို အစွန်းရောက်တဲ့ဘုန်းကြီးတွေက လူနည်းစုဖြစ်ပါတယ်။”

Justice Trust အဖွဲ့ရဲ့လေ့လာမှုထဲမှာပဲ သုတေသနတွေကို သူတို့ ကျယ်ကျယ်ပြန့်ပြန့်လုပ်ထားပြီး မန္တလေးက ဘာသာရေးအဓိကရုဏ်းမှာဆိုရင် ရုတ်တရက် သူ့အလိုလိုထဖြစ်တယ်လို့ အပေါ်ယံ မြင်နိုင်ပေမယ့် လက်နက်တွေပါတဲ့ဂိုဏ်းတခုက မြှောက်ပေးခဲ့တာလို့ သုတေသန တွေ့ရှိချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် မြှောက်ပေးတဲ့သူတွေဟာ မန္တလေးကလူတွေမဟုတ်ဘဲ အဝေးတနေရာကနေ ရောက်လာတာလို့ ဒီလေ့လာချက်မှာ ဆက်ပြီး ထောက်ပြခဲ့ပါတယ်။ Justice Trust အဖွဲ့ရဲ့ဒါရိုက်တာ နော်မန်က ဒီပြဿနာမှာ တာဝန်ရှိသူတွေက နှိမ်နင်းဖို့ အမိန့်မပေးခဲ့တာက အဓိကပြဿနာပဲလို့ အခုလို ထောက်ပြပါတယ်။

“ရဲတွေအနေနဲ့ကတော့ သူတို့အပြောအရ မတည်မငြိမ်ဖြစ်လာပြီဆိုရင် အမိန့်ရတာနဲ့ နှိမ်နင်းဖို့ ဝန်မလေးတတ်ပါဘူး။ ဒါပေမယ့် ဒီလို အရပ်ထဲမှာ ရုန်းရင်းဆန်ခတ်ဖြစ်တာမျိုးတွေ သူတို့မျက်စေ့ရှေ့မြင်ပေမယ့် သူတို့မနှိမ်နင်းခဲ့တာကတော့ အမိန့်ပေးမထားလို့ဆိုတာ သိသာပါတယ်။ ဒါကြောင့် မေးစရာဖြစ်လာတာကတော့ ဘာကြောင့် အမိန့်မပေးခဲ့သလဲဆိုတာပါပဲ။”

ဒါပေမယ့် Justice Trust အဖွဲ့ရဲ့လေ့လာချက်ထဲမှာပဲ မန္တလေးမှာဖြစ်ခဲ့တာနဲ့ အရင် ရခိုင်၊ မိတ္ထီလာ၊ လားရှိုးတို့မှာဖြစ်ခဲ့တဲ့ ဘာသာရေး၊ လူမှုရေး အကြမ်းဖက်မှုတွေနဲ့ ကွာတာရှိခဲ့တယ်၊ အဲဒါက မန္တလေးမြို့မှာက ဒေသခံပြည်သူတွေက ရုန်းရင်းဆန်ခတ်မှုတွေကို ကန့်ကွက်ခဲ့ကြတယ်။ လှုံ့ဆော်တာကိုလည်း လိုက်မလုပ်ဘဲ နေခဲ့ကြတယ်၊ ဒါ့ကြောင့် မြို့ပြင်ကလာပြီး လှုံ့ဆော်သူတွေဟာ ဘွားဘွားကြီး ပေါ်သွားခဲ့တာပါ-လို့ ထောက်ပြခဲ့ပါတယ်။

ဝင်းမင်း / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.