03/26/15




အင်ဒိုနီးရှားနိုင်ငံ ကျွန်းရွာတခုဖြစ်တဲ့ Benjina ရွာမှာ မြန်မာ နိုင်ငံသားတွေဟာ အတင်းအဓမ္မ ငါးဖမ်းလုပ်ငန်းမှာ စေခိုင်းခံနေရပြီး နှိပ်စက် ညှဉ်းပန်းခံနေကြရပါတယ်။

မြန်မာ အမျိုးသားတွေဟာ ငါးဖမ်းအလုပ်သမားအဖြစ် လုပ်ကိုင်ဖို့ အင်ဒိုနီးရှား ကျွန်းကို အပို့ခံရပြီး အဆိပ်ရှိတဲ့ လိပ်ကျောက်မြီးနဲ့ အရိုက်ခံရတာ၊ ကန်ကျောက်ခံရတာ၊ လှောင်အိမ်တွေထဲမှာ လှောင်ထားခံရတာ စတဲ့ ညှဉ်းပန်းမှုတွေ ခံနေရတာကို အေပီသတင်းဌာနက စုံစမ်းစစ်ဆေး တွေ့ရှိခဲ့ပါတယ်။

ထိုင်းနိုင်ငံကတဆင့် Benjina ရွာကို ငါးဖမ်းဖို့ အဓမ္မ ပို့ဆောင် စေခိုင်းခံရတဲ့ ငါးဖမ်းအလုပ်သမား ၄၀ ကျော်ကို တနှစ်တာကာလအတွင်း တွေ့ဆုံမေးမြန်းထားတာ ဖြစ်ပါတယ်။

ငါးဖမ်းအလုပ်သမားတွေဟာ သောက်ရေသန့်မရှိဘဲ လှေပေါ်မှာ နာရီ ၂၀ ကနေ ၂၂ နာရီအထိ အလုပ်လုပ်ရပြီး လုပ်ခအနေနဲ့ မရသူတွေ ရှိသလို ရတဲ့သူတွေကလည်း အနည်းအကျဉ်းသာ ရကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လုပ်ငန်းခွင်မှာ ခဏတဖြုတ် အနားယူရင် လိပ်ကျောက်မြီးနဲ့ အရိုက်ခံရတာတွေ၊ ပင်လယ်ပြင်မှာ သေဆုံးသူတွေ ရှိတယ်လို့ ထွက်ပြေး လွတ်မြောက်လာသူတဦးဖြစ်တဲ့ ငါးဖမ်းလုပ်သား ကိုလှိုင်မင်းက ပြောပါတယ်။

အမေရိကန်တွေနဲ့ ဥရောပနိုင်ငံသားတွေ ငါးစားမယ်ဆိုရင် ကျနော်တို့ကို သတိရသင့်ပါတယ်။ ပင်လယ်ကြမ်းပြင်မှာ အရိုးတွေ တောင်လို ပုံနေလိမ့်မယ်၊ လူအရိုးတွေ တောင်လိုပုံနေမှာပါ လို့ ကိုလှိုင်မင်းက ဆိုပါတယ်။

Benjina က ဖမ်းဆီးရရှိတဲ့ ငါးနဲ့ ပင်လယ်စာတွေကို ထိုင်းနိုင်ငံ ဆိပ်ကမ်းက တဆင့် ကုန်တိုက်ကြီးတွေ စားသောက်ဆိုင်တွေနဲ့ စည်သွတ်ဗူးအဖြစ် ပြုပြင်ပြောင်းလဲပြီး အမေရိကန်နိုင်ငံက တိရစ္ဆာန်အစာ ရောင်းတဲ့ဆိုင်တွေကို နိုင်ငံတကာ ကုန်သွယ်မှုလမ်းကြောင်းကနေ တင်ပို့နေတာ ဖြစ်ပါတယ်။

အမေရိကန်ရှိ ကုန်စုံဆိုင်တချို့နဲ့ Kroger ၊ Albertsons ၊ Safeway ၊ Wal-Mart၊ Sysco စတဲ့ ကုန်တိုက်တွေအပြင် ဥရောပနဲ့ အာရှနိုင်ငံတွေကိုလည်း တင်ပို့နေတာ ဖြစ်ပါတယ်။

ငါးဖမ်းအလုပ်သမားဟောင်း တဦးဖြစ်တဲ့ ကိုလှဖြိုးကတော့ ယခင်က လှေပေါ်မှာ သေတဲ့အလုပ်သမားဆိုရင် လှေကြီးကြပ်သူက အလောင်းကို ရေထဲပစ်ချလိုက်တာပဲလို့ ပြောပါတယ်။

နောက်ပိုင်းမှာတော့ အာဏာပိုင်တွေနဲ့ ကုမ္မဏီတွေရဲ့ တောင်းဆိုချက်အရ လှေပေါ်မှာ သေဆုံးသူရှိပါက ငါးဖမ်းလုပ်သားတွေရဲ့ တာဝန်ကျစာရင်းနဲ့အညီ အလောင်းကို Benjina ကျွန်းအထိ ပြန်သယ်လာတယ်လို့ ဆိုပါတယ်။

မြန်မာ နိုင်ငံသားတွေ နေထိုင်ရာ Benjina ကျွန်းပေါ်က တောထဲမှာတော့ သချိုင်းမြေပုံ ၆၀ ကျော်လောက် ရှိနေပါတယ်။

အသက်အန္တရာယ်ကြားက လုပ်ကိုင်နေရတဲ့ ငါးဖမ်းသမားအချို့က မိမိတို့ အိမ်ပြန်လိုကြောင်း သတင်းထောက်တွေကို ပြောဆိုခဲ့ကြတယ်လို့ သိရပါတယ်။

BBC Burmese

အင်ဒိုနီးရှားက လူသူ အရောက် အပေါက်ခက်ခဲတဲ့ Benjina ဆိုတဲ့ ကျွန်းကလေးတခုမှာ မြန်မာလူမျိုး တထောင်လောက်ကို ထိုင်း ငါးဖမ်းကုမ္ပဏီတွေက ကျွန်အဖြစ် ဖမ်းထားပြီး ငါးဖမ်းလုပ်ငန်းမှာ ခိုင်းစေနေပါတယ်။ အဲဒီ ဖမ်းမိတဲ့ငါးတွေကို အမေရိကန်နိုင်ငံက စတိုးဆိုင်ကြီးတွေကိုပါ တင်ပို့ရောင်းချနေတာကို အေပီ သတင်းဌာနက တနှစ်နီးပါး စုံစမ်းထောက်လှမ်းပြီး ရေးသားဖေါ်ထုတ် လိုက်ပါတယ်source: AP

Posted by The Irrawaddy (Burmese Version) on Thursday, March 26, 2015


မြန်မာလူငယ်တ၀က်လောက်ဟာ အလယ်တန်း ပညာ ကိုတောင် ပြီးအောင်မသင်နိုင်ပဲ သင့်တင့် ကောင်းမွန်တဲ့ အလုပ်အကိုင်ရဖို့ အလားအလာလည်း နည်းပါးနေတယ်လို့ အာရှဖွံ့ဖြိုးရေး ဘဏ်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ လုပ်ငန်းခွင် ၀င်ရောက်လာတဲ့ လူငယ်အများအပြားဟာ ပညာအရည်အချင်းနဲ့ ကျွမ်းကျင်မှု နိမ့်ပါးပြီး စီးပွားရေးတိုးတက်ဖို့အတွက် သဘာဝအရင်းအမြစ် တွေကို အလွန်အမင်း မှီခိုနေရတယ်လို့ အာရှ ဖွံ့ဖြိုးရေးဘဏ်(အေဒီဘီ)ရဲ့ ၂၀၁၅ ခုနှစ် စီးပွားရေးဆိုင်ရာအစီရင်ခံစာမှာ ဖော်ပြထားတာပါ။

အာရှ ဖွံ့ဖြိုးရေးဘဏ်ရဲ့ လူမှုရေးရာကဏ္ဍဆိုင်ရာဦးဆောင်ပညာရှင် ခရစ်စဖော်က “ကျောင်းအပ်စာရင်းကို ခွဲခြမ်းစိတ်ဖြာ သုံးသပ်ချက်တွေအရ အထက်တန်းပညာရေးဟာ ဖြတ်သန်းဖို့ ခက်ခဲတဲ့ အဆင့်ဖြစ်နေပါတယ်။ လူငယ်တွေရဲ့ ထက်ဝက်လောက်နဲ့ ဆင်းရဲ နွမ်းပါးသူတွေရဲ့ ၃ ပုံ ၂ ပုံလောက်ဟာ အလယ်တန်းပညာရေးကိုတောင် ပြီးအောင်မသင်နိုင် ကြပါဘူး”လို့ ဆိုပါတယ်။
မြန်မာနိုင်ငံရဲ့ အလုပ်အကိုင်စုစုပေါင်းရဲ့ ၆၀ ရာခိုင်နှုန်းကျော်ဟာ စိုက်ပျိုးရေးကဏ္ဍက ဖြစ်တယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အာရှ ဖွံ့ဖြိုးရေးဘဏ်ရဲ့ လူမှုရေးရာကဏ္ဍဆိုင်ရာဦးဆောင်ပညာရှင် ခရစ်စဖော်က “၂၀၁၁ ခုနှစ်မှာ ပညာရေးကဏ္ဍအတွက် အစိုးရရဲ့ ရင်းနှီးမြှုပ်နှံဟာ ဂျီဒီပီရဲ့ ၀ ဒသမ ၈ ရာခိုင်နှုန်းလောက်ပဲ ရှိပြီး အာရှစံနှုန်းအောက် အများကြီး ရောက်နေခဲ့တာပါ။ ၂၀၁၃ ခုနှစ်အထိမှာတော့ ၃ ဆကျော် တိုးမြှင့်ခဲ့ပေမယ့် ဂျီဒီပီရဲ့ ၂ ရာခိုင်နှုန်းလောက်ပဲ ရှိနေပါသေးတယ်” လို့ ပြောပါတယ်။

လူဦးရေအားလုံးရဲ့  ၄ ပုံ ၁ ပုံ ကျော် ဆင်းရဲနွမ်းပါးမှုမျဉ်းကြောင်းအောက်မှာ ရှိနေတဲ့ မြန်မာကို လူသားဖွံ့ဖြိုးမှု အညွှန်းကိန်းအရ အနိမ့်ဆုံး ၃၇ နိုင်ငံမြောက်အဖြစ် ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ်က ပြီးခဲ့တဲ့နှစ်က သတ်မှတ်ထားပါတယ်။

By ပိုင်စိုး (ဒီဗွီဘီ)
http://burmese.dvb.no

လေယာဉ်ပျက်ကျတဲ့ နေရာမှာ ရှာဖွေမှု လုပ်နေစဉ် (Credit: Reuters) 
ပြင်သစ်နိုင်ငံမှာ ​ပျက်ကျသွားတဲ့ ​လေယာဉ်ရဲ့ ​black ​box ​မှတ်တမ်းမှာ ​ဘာတွေ ​ပါသလဲဆိုတာ ​မသိရသေးဘူးလို့ ​ပြောနေပေမယ့် ​နယူးယောက်ထိုင်းမ်စ် ​သတင်းအရ ​လေယာဉ်မှူးတစ်ယောက်က ​အခန်းပြင်ကို ​ခဏထွက်သွားပြီး ​ပြန်ဝင်လာဖို့ ​ကြိုးစားပေမယ့် ​ဝင်လို့ ​မရခဲ့ဘူးလို့ ​ဖော်ပြထားပါတယ်။

စုံစမ်းစစ်ဆေးမှုမှာ ​ပါဝင်သူ ​တစ်ဦးကို ​ကိုးကားပြီး ​ဖော်ပြထားတာလို့ ​နယူးယောက်ထိုင်းမ်စ် ​သတင်းမှာ ​ပါရှိပါတယ်။

အဲဒီ ​စုံစမ်း ​စစ်ဆေးရေး ​သမားရဲ့ ​အဆိုအရ ​black ​box ​မှာ ​ကြားရတာကတော့ ​လေယာဉ် ​မှူးတစ်ယောက်ဟာ ​လေယာဉ်ခေါင်းပိုင်းအခန်းကနေ ​ထွက်သွားပြီး ​ပြန်ရောက်လာတဲ့အခါမှာ ​တံခါးဖွင့်ပေးဖို့ ​တံခါးခေါက်ခဲ့တယ်လို့ ​ဆိုပါတယ်။

ဒါပေမဲ့ ​တံခါးမဖွင့်တာကြောင့် ​တံခါးခေါက်တဲ့အသံ ​ပိုပိုကျယ်လာတယ်လို့ ​ပြောပါတယ်။

ဒါပေမဲ့လည်း ​Lufthansa ​လေကြောင်းလိုင်းအရာရှိ ​Catrsten ​Sphor ​ကတော့ ​ဒီလုပ်ငန်းခွင်မှာ ​သူအလုပ်လုပ်လာတာ ​နှစ်ပေါင်း ​၂၀ ​ရှိပြီဖြစ်သလို ​ကိုယ်တိုင်လည်း ​လေယာဉ်မှူးလုပ်ခဲ့ဖူးသူအနေနဲ့ ​ဘာကြောင့် ​ဒီလိုဖြစ်သလဲဆိုတာ ​နားကို ​မလည်နိုင်သေးဘူးလို့ ​ပြောပါတယ်။

Luftansa ​ကုမ္ပဏီရဲ့ ​သမိုင်းမှာ ​လေယာဉ် ​ပျက်ကျပျောက်ဆုံးတာမျိုး ​တခါမှ ​မဖြစ်ခဲ့ဖူးဘူးလို့ ​ပြောသွားခဲ့ပါတယ်။

အခုဆိုရင် ​လေယာဉ်အပိုင်းအစတွေကို ​ရဟတ်ယာဉ်နဲ့ ​မယူပြီး ​တင်ဆောင်နေကြပြီလို့ ​သိရပါတယ်။

အခုလောလောဆယ်မှာတော့ ​ပြင်သစ်နိုင်ငံမှာ ​ပျက်ကျသွားတဲ့ ​ဂျာမနီနိုင်ငံပိုင် ​Airbus ​A320 ​ရဲ့ ​လေယာဉ်ပျံသန်းမှု ​မှတ်တမ်း ​Black ​Box ​တစ်ခုမှာ ​ဘာတွေပါသလဲ ​ဆိုတာ ​စစ်ဆေးနေကြပြီ ​ဖြစ်ပါတယ်။

လေယာဉ်ပျံသန်းမှု ​မှတ်တမ်းကို ​ရရှိထားပေမယ့် ​အခုအချိန်အထိ ​လေယာဉ်က ​ဘာကြောင့် ​ပျက်ကျသွားသလဲဆိုတာ ​ပညာရှင်တွေ ​မရှင်းပြသေးဘူးလို့ ​ပြင်သစ်လေကြောင်း ​အရာရှိ ​တစ်ဦးက ​ပြောပါတယ်။

ဒီလေယာဉ် ​မပျက်ကျခင်မှာ ​၈ ​မိနစ်လောက် ​အချိန်ရနေသေးတဲ့အတွက် ​ဘာကြောင့် ​အကူအညီတောင်းတာတွေ ​မလုပ်ကြသလဲ ​ဆိုတာကို ​စဉ်းစားနေကြပါတယ်။

ပညာရှင်တွေရဲ့ ​အဆိုအရ ​၈ ​မိနစ်ဆိုတဲ့ ​အချိန်ဟာ ​ဘယ်နေရာမှာ ​အလုံခြုံဆုံး ​ဆင်းနိုင်မလဲ ​ဆိုတာကို ​လှမ်းပြီး ​အကူအညီတောင်းလို့ရတဲ့ ​အခြေအနေမှာ ​ရှိနေတယ်လို့ ​ဆိုပါတယ်။

လေယာဉ်မောင်း ​သမား ​၂ ​ဦးဟာလည်း ​အတွေ့အကြုံရှိသူတွေ ​ဖြစ်သလို ​လေယာဉ်ကလည်း ​အကောင်းပကတိ ​အခြေအနေမှာ ​ရှိနေတယ်လို့ ​ဆိုပါတယ်။

ဒါ့အပြင် ​မြေပြင်ကနေ ​သဲကြီးမဲကြီး ​လှမ်းဆက်သွယ်တာကိုလည်း ​ဘာကြောင့် ​လေယာဉ်ပေါ် ​လိုက်ပါသွားသူတွေက ​အဆက်အသွယ် ​ပြန်မလုပ်ဘူးလည်း ​ဆိုတာကိုလည်း ​သိချင်နေကြပါတယ်။

ဒါပေမဲ့ ​အဲဒီ ​လေယာဉ်ဟာ ​ဝေဟင်ပေါ်မှာ ​ပေါက်ကွဲတဲ့ဟန် ​မတွေ့ရတာကြောင့် ​အကြမ်းဖက်မှု ​ဆိုတာ ​မဖြစ်နိုင်ဘူးလို့လည်း ​သုံးသပ်ကြပါတယ်။

လေယာဉ်ပေါ်မှာ ​black ​box ​နှစ်ခု ​ပါဝင်လေ့ရှိပြီး ​တစ်ခုကတော့ ​လေယာဉ်ပျံသန်းရေးနဲ့ ​လေယာဉ်ရောက်ရှိရာ ​နေရာတွေကို ​မှတ်တမ်းတင်ထားတာဖြစ်ပြီး ​နောက်တစ်ခုကတော့ ​လေယာဉ်မှူးရဲ့ ​အသံနဲ့ ​လေယာဉ်ပျံသန်းရေး ​အခန်းက ​အသံတွေကို ​မှတ်တမ်းတင်ထားတာ ​ဖြစ်ပါတယ်။

အခုတွေ့ရှိထားတဲ့ ​black ​box ​ကတော့ ​လေယာဉ်မှူးအသံကို ​ဖမ်းထားတဲ့ ​မှတ်တမ်းဖြစ်ပါတယ်။

ပြင်သစ်သမ္မတ ​Francois ​Hollande ​ကတော့ ​Black ​Box ​ရဲ့ ​အခွံကိုသာ ​တွေ့ရှိတာဖြစ်ပြီး ​black ​box ​မှတ်တမ်းကိုတော့ ​မတွေ့ဘူးလို့ ​ပြောနေပြန်ပါတယ်။

အဲဒီလေယာဉ်ပေါ် ​လိုက်ပါသွားသူ ​လူပေါင်း ​၁၅၀ ​လုံးသေဆုံးခဲ့ရပြီး ​သေဆုံးသူထဲမှာ ​သြစတြေးလျ၊ ​အာဂျင်တီးနား၊ ​ဘယ်လ်ဂျီယံ၊ ​ဗြိတိန်၊ ​ကိုလံဘီယာ၊ ​ဒိန်းမတ်၊ ​ဟော်လန်၊ ​အစ္စရေး၊ ​ဂျပန်နဲ့ ​မက္ကဆီကို ​နိုင်ငံသားတွေလည်း ​ပါဝင်တယ်လို့ ​သိရပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese


ကျောင်းသားသမဂ္ဂများ လွတ်လပ်စွာ ဖွဲ့စည်းခွင့်မပါဝင်တဲ့  အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းကို  အမျိုးသား လွှတ်တော်က  ဒီကနေ့ အတည်ပြု လိုက်ပါတယ်။

ဥပဒေမူကြမ်းကို တပိုဒ်ချင်းစီ အလိုက် အတည်ပြုပြီး နောက်ဆုံး ဥပဒေကြမ်း တခုလုံးကို မဲခွဲအတည်ပြုတဲ့အခါမှာတော့ ကန့်ကွက်သူ ၉ ယောက်လောက်ပဲရှိပြီး ဥပဒေကြမ်းကို အတည်ပြု လိုက်တာ ဖြစ်ပါတယ်။

ကျောင်းသားတွေ တောင်းဆိုထားတဲ့ အဓိကအချက်တွေမအောင်မြင်ဘဲ အရင် ဥပဒေအတိုင်း အတည်ပြုခဲ့တာလို့ ရန်ကုန်တိုင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောပါတယ်။

“ကျောင်းသားတွေ တောင်းဆိုထားတာက ကျောင်းသား သမဂ္ဂကို လွတ်လပ်စွာ ဖွဲ့စည်းခွင့်ပြုရမယ်လို့ ပါတယ်ပေါ့နော်။ ဒါပေမယ့် အခု အတည်ပြုလိုက်တဲ့ ဥပဒေကြမ်းမှာတော့ ပဋိညာဉ်နဲ့အညီလို့ ပါပါတယ်။ အဲ့ဒီတော့ ပဋိညာဉ်ဆိုတာ မရှိသေးတဲ့အတွက် ပြောရမယ်ဆိုရင် မူလဥပဒေက မာမူကြီးဆိုရင် နောက်ပြင်တဲ့ဥပဒေက အရာကြီးလို့ ပြောရမှာပါ။ အဓိက ကျောင်းသားတွေတောင်းတဲ့ လွတ်လပ်စွာ  သမဂ္ဂဖွဲ့စည်းခွင့် မရပါဘူး။”

နောက် သပိတ်မှောက် ကျောင်းသားတွေ တောင်းဆိုထားတဲ့ အဓိကအချက်တခုဖြစ်တဲ့ နိုင်ငံတော်ဘတ်ဂျက်ရဲ့ ၂၀ ရာခိုင်နှုန်းကို ပညာရေးအတွက် သုံးရမယ်ဆိုတာလည်း မရဘူး လို့ ပြောပါတယ်။

ပညာရေးအသုံးစရိတ်ကို ၅ နှစ်အတွင်း တိုးမြှင့်သုံးစွဲမယ်ဆိုတဲ့အချက်နဲ့ပဲ အတည်ပြုလိုက်တာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော်အမတ် ဒေါက်တာအေးမောင်ကတော့ ကျောင်းသားတွေ တောင်းဆိုထားတဲ့အချက် တ၀က်လောက်ရတယ်လို့ သုံးသပ် ပြောပါတယ်။

“အဓိကအချက်ဖြစ်တဲ့ ပညာရေးကော်မရှင်ကို မလိုချင်ဘူးလေ၊ ဒါပေမယ့် ပညာရေးမူဝါဒ ဆိုတာလေးနဲ့ အသွင်ပြောင်းလိုက်တာပေါ့ဗျာ၊ ဘာသာရေးဆိုင်ရာ ကျောင်းတွေမှာ သင်ကြားရေးဆိုတာတွေ ပယ်ဖျက်ခံရတာပေါ့ဗျာ၊နောက် ပညာရေးအသုံးစရိတ်က ကျောင်းသားနဲ့ ပြည်သူတွေ မျှော်မှန်းသလို မဖြစ်လာခဲ့ဘူးပေါ့၊ ၄-၅-ချက် အပယ်ခံရတဲ့ သဘောလို့ ပြောရမှာပေါ့၊ဆိုတော့ ခြုံကြည့်ရင် တ၀က် တ၀က်ပေါ့ဗျာ၊၅၀-၅၀ ဖြစ်သွားတာပေါ့”

အမျိုးသားလွှတ်တော်က ဒီနေ့ အတည်ပြုလိုက်တဲ့ ဥပဒေမူကြမ်းကို  ပြည်သူ့လွှတ်တော်ထံပေးပို့ပြီး ပြည်သူ့လွှတ်တော်မှာ ဆက်ဆွေးနွေကြဦးမှာ  ဖြစ်ပါတယ်။

အမျိုးသားပညာရေးဥပဒေကို ပြင်ပေးဖို့ သပိတ်မှောက်တောင်းဆိုခဲ့တဲ့ ကျောင်းသား တွေကတော့ သာယာဝတီထောင်မှာ ဖမ်းဆီးချုပ်နှောင်ခံထားရပြီး ပုဒ်မ ၅ခုနဲ့ တရားစွဲဆိုခံထားရ သလို တရားခံပြေးအဖြစ် ကြေညာခံထားရပါတယ်။

By ရွှေအောင် (ဒီဗွီဘီ)
http://burmese.dvb.no

နေပြည်တော်၊ သမ္မတအိမ်တော်မှာ ဇန်နဝါရီလ ၁၁ ရက်နေ့ကကျင်းပခဲ့တဲ့ နိုင်ငံရေးခေါင်းဆောင် ၄၈ ဦး တွေ့ဆုံပွဲကို တက်ရောက်လာတဲ့ သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို တွေ့ရစဉ် ။ Photo: Myo Thant Khaing/RFA

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ခြောက်ပွင့် ဆိုင်ဆွေးနွေးပွဲကို အမြန်ဆုံးပြုလုပ်ဖို့ စီစဉ်မယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်ကို ပြောကြားခဲ့ကြောင်း သိရှိရပါတယ်။  ပြီးခဲ့တဲ့ မတ်လ ၂ ရက်နေ့က နေပြည်တော်မှာ တွေ့ ဆုံဆွေးနွေးစဉ် အဲ့ဒီလိုပြောဆိုခဲ့တာဖြစ်တယ် လို့ ဒေါ်အောင်ဆန်းစုကြည်က RFA ကို မနေ့က ပြော ပါတယ်။

"သမ္မတကြီးနဲ့တွေ့တုန်းကတော့ ဆွေးနွေးစရာရှိ တာကို မြန်မြန်ဆွေးနွေးမယ်လို့ ဒီလိုနားလည် တာပဲ၊ ဒါပေမယ့် အခုထိတော့ ဘာမှမကြား ရသေးပါဘူး"

ဒ့ါအပြင် မြန်မာအစိုးရခေါင်းဆောင်တွေက လာမယ့်ရွေးကောက်ပွဲကို တရားမျှတ လွတ်လပ်မှု ရှိရမယ်လို့ ကတိပေးပြောဆိုနေကြတာနဲ့ ပတ်သက် ပြီးမေးမြန်းရာမှာတော့ ဖွဲ့စည်းပုံကို မပြင်ပဲနဲ့ အဲ့ဒီလိုမျှတတဲ့ ရွေးကောက်ပွဲတစ်ခု ဖြစ်လာနိုင်မှာ မဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက်ချ ပါတယ်။

"လွတ်လပ်မျှတမယ်ဆိုတာကို ဒီလိုလွတ်လပ်မျှတစေရမယ်လို့ပြောတဲ့ ဝန်ကြီးအဖွဲ့ဝင်တွေက ဘယ်လို အဓိပ္ပါယ်ဖော်လဲတော့မသိပါဘူး၊ တကယ်ပဲမျှတရမယ်ဆိုရင်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောင်းရ ပါလိမ့်မယ်"

တဆက်တည်းမှာပဲ ဒီရက်ပိုင်းအတွင်း အတွင်းဝန်ရုံးမှာ ဗိုလ်ချုပ်ဟောင်းတစ်ဦးရဲ့ သမီးက မွေးနေ့ပါတီ ကျင်းပခဲ့ တာနဲ့ ပတ်သက်ပြီး ဒါဟာ အတွင်းဝန်ရုံးရဲ့ အရေးပါမှုသမိုင်းကို မလေ့လာ မသိရှိလို့ ဖြစ်နိုင်တယ် လို့ ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်လိုက်ပါတယ်။ အပြည့်အစုံကို ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်မှာ နားဆင်ပါ။

RFA Burmese
http://www.rfa.org/burmese

မေမေက စားသုံးသူတွေအတွက် ကုန်စည်တွေဖြန့်ခင်းလိုက်ချိန်မှာ သားက ဆိုင်ခန်းတွေကြားမှာ ဝရမ်းပြေးဖြစ်ခဲ့ရတယ်။ဖေဖေက ကျောင်းစာကြည့်တိုက်က စာအုပ်အချို့ဌားလာပေးတော့ သားက ဗီရိုကိုဖွင့်လိုက် စာမျက်နှာတွေထဲပြေးဝင်လိုက်နဲ့ တသက်လုံးပြေးနေတော့မယ့် ဝရမ်းပြေးကလေးပေါ့။

သစ်ပင်တွေအောက် အရိပ်ကောင်းကောင်းရှာပြီး နေပူထဲက အာဖရိကကို
လိုက်ရှာကြည့်တယ်။စိန်တွင်းတွေထဲက အလုပ်ကြမ်းသမားတယောက် ထွက်ပြေးသလို…ဂျုံခင်းထဲက လူမည်းတယောက် ထွက်ပြေးသလို…စာသင်ခန်းထဲက ဦးနှောက်ပျက်လုဆဲဆဲ ကျောင်းသားတယောက် ထွက်ပြေးသလို…စိမ်းကားမုန်းတီးနေသူရဲ့ မြင်ကွင်းထဲက ချစ်သူရဲ့ အနမ်းရထားဆီကို ဦးတည်ပြီးထွက်ပြေးသလို သားဟာ ဝရမ်းပြေးဘဝကို စိတ်ချလက်ချ ရွေးချယ်ခဲ့ပြီးပြီ။

"ခဏငယ်တခုမဆုံးခင် လူလုံးမပြချင်သေးပါ"ဆိုတဲ့ ဖော်ဝေးရဲ့စာသားတလျောက်ပြေးရင်း ကျောတခင်းစာနေရာကို ခက်ခက်ခဲခဲ ရှာနေရတာပါ။ဌက်ပျောတောထဲကို ဖြတ်ပြေးပြီး ရေခန်းခြောက်စပြုနေတဲ့ ချောင်းရိုးကလေးကို ကျော်တက်ခဲ့တယ်။ကလေးတွေအတွက် ဆော့စရာအရုပ်က လက်ထိပ်မဟုတ်ပါဘူး မေမေ။သားတို့ခေတ်မှာ ပုန်းကွယ်ဖို့ ခိုအောင်းဖို့ အသင့်ဖောက်လုပ်ထားတဲ့ ဥမင်လိုဏ်ခေါင်းတွေ ဝပ်ကျင်းတွေ လင့်စင်တွေဟာ တကြောင်းချင်း အစီအရီရေးဖွဲ့ထားတဲ့ ကဗျာတွေပါပဲ။

အင်တာနက်က လိုင်းမကောင်းတော့ ကမ္ဘာကြီးနဲ့ အဆက်အသွယ်မရဘူး။နေပါစေ လိုင်ဇာနဲ့မိုင်ဂျာယန်က ကလေးတွေ ဘေးကင်းလုံခြုံနေဖို့က အဓိကပါ။ညအမှောင်ထဲမှာ ခြင်တွေတအားကိုက်နေတယ်။နေပါစေ ပက်ရှ်ဝါနဲ့ဘဂ္ဂဒက်က ကလေးတွေ စာကောင်းကောင်းသင်ခွင့်ရဖို့က အဓိကပါ။သွပ်မိုးကပူလွန်းလို့ ချွေးဒီးဒီးကျနေပြီ။နေပါစေ နိုင်ဂျာမြစ်ဝှမ်းနဲ့ ဗော်လ်ဂါမြစ်ကမ်းက မိန်းခလေးတွေ လွတ်လပ်စွာ တေးသီဆိုခွင့်ရှိနေဖို့ လိုပါတယ်။သွေးအားနည်းပြီး ကယ်လ်စီယမ်ဓာတ်ချို့တဲ့လို့ လမ်းတောင်ကောင်းကောင်းမလျှောက်နိုင်တော့ဘူး။နေပါစေ ချင်းတွင်းနဲ့သံလွင်တဖက်ကမ်းဆီက ညီမလေးတွေ ပျော်ပျော်ရွှင်ရွှင် ကစားနေဖို့ လိုပါတယ်။

ဝရမ်းပြေးဟာ ရန်ကုန်မြို့ကြီးနဲ့ ဘဝတူပဲလေ။နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်တာကြာပြီ။ဘက်ထရီတရိပ်ရိပ်ကျဆင်းနေတဲ့ ဖုန်းတလုံးနဲ့ စကားတွေပြောနေတယ်။အာခေါင်တွေခြောက်ပြီး အသံတွေတိုးဝင်သွားတဲ့အထိ ပြောနေတယ်။ဘားတော့ဗ်ဘရက်နဲ့ ဗန်းမော်တင်အောင်အကြောင်းကို (၂၁)ရာစုမှာ လျှို့လျှို့ဝှက်ဝှက်ပြောနေခဲ့ရတယ်။ဒါပါပဲ အမေရယ်…လမင်းဆီက ဖြာဆင်းလာတဲ့ သွေးစက်နီတွေ စိန်ပန်းပင်ပေါ်အကျမှာ သား လွတ်လမ်းကိုရှာဖွေရခက်ခဲ့ပါတယ်။

မနေ့တနေ့ကအထိ အလံတွေဝဲပျံနေတာကို မြင်ခဲ့တယ်။မနေ့ညက အိပ်မက်ထဲမှာတောင် ကြွေးကြော်သံတွေ ကြားခဲ့တယ်။ခုတော့ သားနောက်ကို စစ်ခွေးတွေလိုက်လာနေပြီဖြစ်ကြောင်း ဟောင်သံတွေက အကြောင်းကြားတယ်။နာဇီတွေရဲ့ အမှောင်ခန်းတွေ အကျဉ်းခန်းတွေထဲမှာ သားရဲ့ရဲဘော်တွေ အထပ်ထပ်ကျရောက်နေပြီလေ။သိပ်ပင်ပန်းနေတဲ့ စိတ်ပင်ပန်းနေတဲ့ နိုင်ငံကြီးတခုလုံးကို ကယ်တင်မယ်ဆိုရင် လောလောဆယ်ကျောမှီ ထားတဲ့နံရံပေါ်မှာ တော်လှန်ရေးအလံကို ရေးဆွဲလိုက်ပါ။

သားလက်ထဲက ပျောက်ဆုံးစာရင်းဟာ တညပြီးတည ရှည်လျားလာခဲ့ပြီ။သားခြေရင်းက ပြာခံခွက်ထဲမှာ စီးကရက်အစီခံတွေလည်း မျိုးပွားနှုန်းမြန်လာခဲ့ပြီ။လေးဖက်လေးတန် အခန်းငယ်ထဲက အသံစူးစူးတွေထွက်လာတယ်။မွန့်ရှ်သာရှိခဲ့ရင် ကြားစေချင်ပါတယ်။ဒါ ငါတို့အလံ ပြီးတော့ ဒါ ငါတို့အသံတွေပေါ့။သားချစ်သူရဲ့ တီးတိုးညင်သာရယ်သံတွေကိုပါ တလွှာပြီး တလွှာ ပေါင်းထည့်ပေးလိုက်ပါရစေ မေမေ။ တော်လှန်သွေးတဝက် အနုပညာသွေးတဝက် ပေါင်းဖက်ပြီးစအချိန်မှာ မနက်ဖြန်ဆိုတဲ့သားအိမ်ကြီးထဲက ကြယ်နီလေးတပွင့် ဝင်းပထွက်ပေါ်လာမှာ အသေအချာပေါ့။ ။

ကျော်ကိုကို


လက်ပံတန်းမြို့မှာ ပင်မကျောင်းသားသပိတ်စစ်ကြောင်း ဖြိုခွဲခံရပြီး ဖမ်းဆီးခံထားရတဲ့ ကျောင်းသား တွေနဲ့ အားပေးကူညီသူ၊ စုစုပေါင်း အယောက် ၈ဝ ကို လက်ပံတန်းမြို့နယ်တရားရုံးမှာ ဒီနေ့ ရုံးထုတ်စစ်ဆေးခဲ့ ပါတယ်။ အဲဒီအထဲက လက်ပံတန်းမြို့ခံ ၁ဝ ယောက်နဲ့ ကျောင်းသား တယောက် ကို ဒီနေ့ ပြန်လွှတ်ပေးလိုက်ပါ တယ်။ မပြုံးမို့မို့ဇင် က တင်ပြထားပါတယ်။

RFA

လက်ပံတန်းမြို့ ကျောင်းသားသပိတ်ကိုအကြမ်းဖက်ဖြိုခွင်ပြီး ကျောင်းသား ကျောင်းသူတွေကို ဖမ်းဆီးထားတဲ့အပေါ် ကန့်ကွက်တဲ့အနေနဲ့ မကွေးမြို့ နည်းပညာ တက္ကသိုလ်မှာ ကျောင်းသား ၈၀ ကျော်က အနက်ရောင် လက်ပတ်တွေ ၀တ်ဆင်ခဲ့ကြပါတယ်။

မကွေးမြို့ နည်းပညာတက္ကသိုလ် ကျောင်းသား ကျောင်းသူတွေက စာမေးပွဲခန်းထဲကို အနက်ရောင်လက်ပတ်တွေ ၀တ်ဆင်ပြီး သွားရောက်ဖြေဆို တာဖြစ်တယ်လို့ မကွေး နည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂအဖွဲ့ ဒုတိယ ဥက္ကဌ ကိုချစ်ဝင်းမောင်က ပြောပါတယ်။

"၄ ပွင့်ဆိုင်မှာတည်းက ကျောင်းသားသပိတ်နဲ့ ပတ်သက်တဲ့မည်သူ့ကိုမျှ အရေးယူခြင်း မပြုရဆိုတာပါပြီး သား၊ ဒီအချက်ကိုမှ သူတို့ကလုပ်တယ်ဆိုတော့ အစိုးရအနေနဲ့ လုံးဝ ဂတိမတည်တာကိုပြတယ်၊ နောက် တစ်ခုက ကျနော်တို့အနေနဲ့ လုံးဝလက်မခံကြောင်း ကိုပြတယ်၊ ရုံးထုတ်ခံရတဲ့ကျောင်းသားတွေ ရဲ့နောက်မှာ ကျနော်တို့ကျောင်းသားထုကြီး ရှိနေတယ်ဆိုတာကို ပြတဲ့ပုံစံမျိုးဖြစ်တယ်၊ တချို့ကျောင်းသားတွေက မသိဘူးဗျ၊ မသိတဲ့ကျောင်းသားတွေ ရှိနေသေးတယ်၊ ကျနော်တို့ဒီလို လုပ်လိုက်ခြင်းအားဖြင့် ပြည် သူရော၊ ကျောင်းသားရော ဒီပေါ်မှာ အာရုံစုမှုကိုရလာစေမယ်၊ ပိုပြီးတော့ တာဝန်ယူမှု၊ တာဝန်ခံမှု အသိနဲ့ အစိုးရက ကိုင်တွယ်ဖြေရှင်းသင့်တယ်ဆိုတဲ့ အခြေ အနေတစ်ခုဖြစ်လာမယ်လို့မျှော်လင့်ပါတယ်"

အနက်ရောင်လက်ပတ်လှုပ်ရှားမှုကို ပါမောက္ခချုပ်ထံ အသိပေးလုပ်ဆောင်တာ ဖြစ်တယ်လို့ သိရပါတယ်။

မကွေးနည်းပညာတက္ကသိုလ်မှာ ဒီလ ၂၃ ရက်နေ့ကစပြီး ဧပြီလ ၄ ရက်နေ့အထိ စာမေးပွဲဖြေဆိုတာဖြစ်ပြီး အနက်ရောင်လက်ပတ်ဝတ်ဆင်မှုကို နေ့စဉ်ပြုလုပ် သွားမှာဖြစ်တယ်လို့ ဦးဆောင်သူတွေက ပြောကြပါတယ်

RFA

ဖေဖေ့ကို ရုံးထုတ်တာကို ပန်းစည်းလာပေးတဲ့ ကလေးလေး၊ ဒီ ပန်းစည်းလေးကို သူ့အဖေဆီ ပေးခွင့် မရခဲ့ပါဘူးဗျာ ...ဗကသကျောင်းသားတွေအတွက် အောက်ခြေသိမ်း
အလုပ်က အစ ဘာမဆို လိုက်လုပ်ပေးနေတဲ့ တောင်ငူ က ကိုအောင်ထက်ရဲ့
သမီးလေး။

၂၅၊ ၃၊ ၂၀၁၅
လက်ပံတန်းတရားရုံး
ဓါတ်ပုံ- မူရင်းတင်ပြသူ


တင်းကျပ်စွာချထားသည့် လုံခြုံရေးအစောင့်အရှောက်များဖြင့် ကျောင်းသားများနှင့် ဝန်းရံပြည်သူများကို တရားရုံးထုတ်


လီကွမ်ယု ရုပ်အလောင်းကို နောက်ဆုံး ဂါရဝ ပြုဖို့ နာရီ အတော်ကြာကြာ တန်းစီ စောင့်ဆိုင်းကြ။ 


စင်ကာပူ နိုင်ငံမှာ ဝန်ကြီးချုပ်ဟောင်း လီကွမ်ယုရဲ့ ရုပ်အလောင်းကို အများပြည်သူ ကြည့်ရှုနိုင်ဖို့ ထားရှိတဲ့ ပါလီမန် အဆောက်အအုံမှာ ထောင်နဲ့ချီတဲ့ လူတွေ တန်းစီပြီး နောက်ဆုံး ဂါရဝ ပြုနေ ကြပါတယ်။

တနင်္လာနေ့က အသက် ၉၁ နှစ် အရွယ်မှာ ကွယ်လွန် ခဲ့တဲ့ မစ္စတာ လီဟာ စင်ကာပူကို ဝန်ကြီးချုပ် အဖြစ်နဲ့ ၃၁ နှစ်ကြာ ဦးဆောင်ခဲ့သူ ဖြစ်ပြီး၊ သူ့ကို စင်ကာပူ နိုင်ငံ ထူထောင်သူ ဖခင်ကြီး အဖြစ် အများက ရှုမြင်ကြတာ ဖြစ်ပါတယ်။

အစောပိုင်းက မစ္စတာ လီရဲ့ ရုပ်အလောင်း ထည့်ထားတဲ့ ခေါင်းတလားကို စင်ကာပူ အလံ လွှမ်းခြုံပြီး အစိုးရ အိမ်တော်ကနေ ပါလီမန် အဆောက်အအုံကို အခမ်းအနားနဲ့ သယ်ဆောင် ခဲ့ရာမှာလည်း လမ်းတလျှောက် ထောင်နဲ့ချီတဲ့ လူတွေ စောင်းဆိုင်း ဂါရဝ ပြုခဲ့ကြပါတယ်။

မစ္စတာ လီ ကွယ်လွန်မှု အတွက် စင်ကာပူမှာ ဝမ်းနည်းခြင်း အထိမ်းအမှတ် ၇ ရက်ကို သတ်မှတ် ထားပြီး မစ္စတာ လီရဲ့ ရုပ်အလောင်းကို အများပြည်သူ ကြည့်ရှုနိုင်ဖို့ လာမယ့် စနေနေ့ည အထိ ပါလီမန်မှာ ထားရှိမှာ ဖြစ်ပါတယ်။

တနင်္ဂနွေနေ့ မှာတော့ မစ္စတာလီရဲ့ ရုပ်အလောင်းကို ယဉ်ကျေးမှု စင်တာ တစ်ခုကို ပြောင်းရွှေ့ပြီး နိုင်ငံတော် ဈာပန ပြုလုပ်မှာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.co.uk/burmese


ပဲခူးတိုင်း လက်ပံတန်းမြို့နယ် ကျောင်းသားသပိတ်ဖြိုခွင်းရာမှာ ဖမ်းဆီးခံရသူတွေထဲက ၁၁ ဦးဟာ မြို့နယ်တရားရုံးမှာ မတ် ၂၅ ရက် မွန်းလွဲပိုင်းက  ပုဒ်မ ၃ ခု နဲ့ တရားစွဲဆိုခံရပြီး အာမခံနဲ့ ပြန်လည်လွတ်မြောက်လာပါတယ်။

သာယာဝတီထောင်မှာ ချုပ်နှောင်ရာကနေ ဒီကနေ့ လက်ပံတန်းတရားရုံးမှာ အယောက် ၈၀ ကို ရုံးထုတ်ခဲ့ပါတယ်။ မနက်ပိုင်းတရားခွင်မှာ ကျောင်းသားခေါင်းဆောင် ကိုအောင်မှိုင်းဆန်းပါ ၆၉ ဦးကို  ပုဒ်မ ၅ ခုနဲ့ တရားစွဲဆိုခဲ့ပါတယ်။ ညနေဘက်တရားခွင်မှာတော့ ကိုဇော်ဇော်ပါ  ၁၁ ဦးကို ပုဒ်မ ၃ ခုနဲ့ စွဲဆိုခဲ့ပြီး အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။

ရဲမှူးအုန်းမြင့်က တရားလိုလုပ်ပြီး စွဲဆိုခဲ့တာဖြစ်ပြီး မြို့နယ်တရားရုံးက အမှုတွေကို လက်ခံခဲ့တယ်လို့ တရားရုံးကိုရောက်ရှိတဲ့ ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

“ကိုအောင်မှိုင်းဆန်းပါ ၆၉ ဦးကို ပုဒ်မ ၅ ခုနဲ့ ပြစ်မှုကြီးအမှတ် ၅၉၃/၂၀၁၅၊ ကျန်တဲ့ ၁၁ ယောက်ကတော့ ပုဒ်မ သုံးခုပေါ့။ ၁၄၃၊ ၁၄၅၊ ၁၄၇၊ ၆၉ ယောက်ကိုတော့ သာယာဝတီထောင်ကို ပြန်ခေါ်သွားပြီ။ ၁၁ ယောက်ကိုတော့ စွပ်စွဲခံရသူ တစ်ယောက်ကို ဆယ်သိန်းတန် ခံဝန်သူ ၂ ယောက်နဲ့ အာမခံပေးလိုက်တာ။”

အာမခံရရှိသူ ၁၁ ဦးဟာ သာယာဝတီမြို့ခံ ၂ ဦးအပါအ၀င် ရန်ကုန်၊ မန္တလေး၊ သာစည်မြို့တွေဖြစ်ကြပြီး ကျောင်းသားသပိတ်ကို ၀န်းရံခဲ့သူတွေဖြစ်ပါတယ်။

တရားစွဲဆိုထားတဲ့ပုဒ်မတွေကတော့  ပုဒ်မ ၁၄၃ (ဥပဒေနှင့် ဆန့်ကျင်သော အစုအဝေးတခုတွင် ပါဝင်သူ)၊ ပုဒ်မ ၁၄၅ (လူစုခွဲရန် အမိန့်ပေးပြီးကြောင်းသိလျက် ဥပဒေနှင့် ဆန့်ကျင်သော အစုဝေးတွင်ပါဝင်နေခြင်း)၊ ပုဒ်မ ၁၄၇ (ရုန်းရင်းဆန်ခတ်မှု)၊ ပုဒ်မ ၃၃၂ (ပြည်သူ့ဝန်ထမ်းအား ၀တ္တရားဆောင်ရွက်ခြင်းမှ ဟန့်တားရန် မိမိအလိုအလျောက် နာကျင်စေမှု)၊ ပုဒ်မ ၅၀၅(ခ) (အများပြည်သူ၏ အကျိုးပျက်စီးစေမှု) တွေပဲဖြစ်ပါတယ်။

ပုဒ်မ ၅ ခု စွဲဆိုခံရသူတွေအဖို့ အပြစ်ရှိတယ်လို့ဆုံးဖြတ်ရင် ထောင်ဒဏ် ခြောက်နှစ်ကျခံရ ဖွယ်ရှိပြီး ပုဒ်မ ၃ ခုနဲ့စွဲဆိုခံရသူတွေအဖို့ အပြစ်ရှိတယ်လို့ ဆုံးဖြတ်ရင် ထောင်ဒစ် လေးနှစ်ကျော် ကျခံရဖွယ်ရှိပါတယ်။

အမှုတွဲနှစ်ခုစလုံးကို လာမယ့် ဧပြီ ၇ ရက်နေ့ကျရင် ရုံးထုတ်ဖို့ ချိန်းဆိုထားပါတယ်။

ဒီကနေ့ရုံးထုတ်ခဲ့သူ ၈၀ ဦးဟာ  မတ်လ ၁၀ ရက်နေ့က လက်ပံတန်းမြို့ ကျောင်းသားသပိတ်ကို ဖြိုခွင်းစဉ်က ရိုက်နှက်ဖမ်းဆီးခံကြရတဲ့ ကျောင်းသားတွေနဲ့ ၀န်းရံသူတွေဖြစ်ပါတယ်။

မနေ့ကတော့ သပိတ်နဲ့မပတ်သက်သူ ၂၀ ဦးကို  သာယာဝတီထောင်ကနေ ခံဝန်နဲ့ ပြန်လည်လွှတ်ပေးခဲ့ပါတယ်။ သပိတ်ဖြိုခွင်းဖမ်းဆီးပြီး ရက်ပိုင်းအကြာကလည်း ကျောင်းသားကျောင်းသူ အယောက် ၂၇ ယောက်နဲ့ သတင်းထောက် ၂ ဦးလည်း ခံဝန်နဲ့ ပြန်လည်လွှတ်ပေးခဲ့ပါတယ်။

အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးအတွက် မန္တလေးကနေ ရန်ကုန်ကို မိုင်ပေါင်းရာချီပြီး ချီတက်ခဲ့ကြတဲ့ ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ပင်မသပိတ်စစ်ကြောင်းဟာ လက်ပံတန်းမြို့ အရောက်မှာ တားဆီးပိတ်ဆို့ခံရပြီး နှစ်ဘက် ညှိနှိုင်းကြပေမယ့် မပြေလည်ဘဲ ရဲက အကြမ်းဖက်ဖြိုခွင်း ဖမ်ဆီးခဲ့ပါတယ်။

အမျိုးသားပညာရေးပြင်ဆင်ဖို့ သပိတ်မှောက်ကျောင်းသားတွေနဲ့ ၀န်းရံသူတွေကို တရားစွဲဆိုတဲ့ အပေါ် ရှေ့နေ ဦးရောဘတ်စန်းအောင်က “အခုလို ကျောင်းသားတွေကို အင်အား အလွန်အကျွံသုံးပြီးတော့ ဖမ်းတယ်။ ဖမ်းပြီးရုံတင်မကသေးဘဲ အခုလို အမှုပါ တင်တယ်ဆိုတော့ မကောင်းဘူးပေါ့ဗျာ။ အများပြောစရာဖြစ်လာတယ်။ ကနေ့ဆိုရင်လည်း မြို့ခံတွေရော ဘာတွေရော အားလုံးက ၀ိုင်းဝန်းပြီးတော့ ပြန်လွှတ်ပေးဖို့တောင်းဆိုကြတယ်။ ဆိုတော့ ဒါဟာ တော်တော်ကို မသင့်လျော်တဲ့အမှုလို့ပဲ ပြောရမှာပဲ” လို့ ပြောပါတယ်။

အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးအတွက် ကျောင်းသားဆန္ဒပြမှုတွေဖြစ်ပွားပြီးနောက် အစိုးရ၊ လွှတ်တော်၊ ကျောင်းသားကိုယ်စားလှယ်နဲ့ နိုင်ငံလုံးဆိုင်ရာ ပညာရေး ပြုပြင်ပြောင်းလဲမှုကွန်ရက် ကိုယ်စားလှယ်တွေ လေးပွင့်ဆိုင်ဆွေးနွေးပွဲကိုကျင်းပနိုင်ခဲ့ပါတယ်။

ဆွေးနွေးပွဲကနေ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတရပ်ကို ရေးဆွဲနိုင်ခဲ့ပြီး  အမျိုးသားလွှတ်တော်မှာ တင်သွင်းဆွေးနွေးနေဆဲဖြစ်ပါတယ်။

By အေးနိုင်(ဒီဗွီဘီ)
http://burmese.dvb.no


ကချင်ပြည်နယ် ကိုက်ထိပ်ကျေးရွာတ၀ိုက်က ကချင်လွတ်မြောက်ရေးတပ် KIA ရဲ့ ရှေ့တန်း စခန်းတွေကို မြန်မာအစိုးရစစ်တပ်က လေကြောင်းကရော ကြည်းတပ်နဲ့ပါ ထိုးစစ်ဆင်နေပါတယ်။

ဒီထိုးစစ်ဟာ သစ်မှောင်ခိုတွေကို တိုက်တာဖြစ်တယ်လို့ အစိုးရက ပြောဆိုထားပေမဲ့ KIA ဘက်ကတော့ တပ်စခန်းတွေကို ထိုးစစ်ဆင်နေတာ ဖြစ်တယ်လို့လည်း KIA က ပြောပါတယ်။ ကချင်ဒေသဘက်မှာ စစ်ရေးပြင်းထန်နေချိန်မှာ လောက်ကိုင်ဒေသဘက်မှာတော့ အစိုးရက ထိုးစစ်တွေ လျှော့ထားပါတယ်။ အပြည့်အစုံကိုတော့ မသိင်္ဂီထိုက်က စုစည်းတင်ပြထားပါတယ်။

ကချင်လွတ်မြောက်ရေးတပ် KIA ရဲ့ ရှေ့တန်းစခန်းတွေကို မြန်မာ့တပ်မတော်က ဒီနေ့မှာလည်း ၅ ရက်မြောက်နေ့အဖြစ် ဆက်ပြီး ထိုးစစ်ဆင်နေပါတယ်။ အစိုးရဘက်က တိုက်လေယာဉ်တွေ ဆက်ပြီး သုံးနေတယ်လို့လည်း ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ရဲ့ နည်းပညာအကြံပေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါး က ဗွီအိုအေကို ပြောပါတယ်။

“ကျနော်တို့ တပ်မဟာ ၃ လက်အောက်ခံတပ်ရင်း ၂၇ နဲ့ တပ်ရင်း ၁ ဧရိယာတွေဖြစ်ပါတယ်။ တပ်မ ၈၈ လက်အောက်ခံတပ်ရင်းတွေ သူတို့ ထိုးလို့ရတဲ့ဟာတွေ ၄၊ ၅ ရင်းလောက်ရှိတယ်။ မနေ့ညက ဂျက်တိုက်လေယာဉ်နဲ့ ၂ ခေါက် ဗုံးသွားကျဲကြတယ်။ ရှေ့တန်းစခန်းတွေ ကျနော်တို့ ဖယ်ပေးရပါတယ်။ ဒါပေမဲ့ ကျနော်တို့က ဟိုဥစ္စာလေ စစ်သဘောတရားအရ မဆုတ်တန်း ခံစစ်လုပ်လို့ မရဘူးလေ။ ပြီးတော့ ကျနော်တို့က လူ့အသက်ကိုပဲ အဓိကထားတယ်။ နေရာကို အဓိကမထားဘူး။ ပျောက်ကျားပုံစံမျိုးတိုက်တယ်။ ဆိုတော့ အထိအခိုက်တွေက ကျနော်တို့ဘက်ကတော့ ရှိပေမဲ့လည်း နည်းတာပေါ့ဗျာ။”

မြန်မာအစိုးရဘက်ကတော့ တရုတ်ဘက်ကိုထွက်မယ့် သစ်မှောင်ခိုကားတွေကို မြန်မာ့တပ်မတော်က လေကြောင်းပစ်ကူနဲ့ လိုက်လံဖမ်းဆီးတာမှာ KIA နဲ့ ထိပ်တိုက်တွေ့ စစ်ဖြစ်တာ ဖြစ်တယ်လို့ အစိုးရပိုင် သတင်းစာတွေက ဖော်ပြပါတယ်။ KIO ရဲ့ နည်းပညာအကြံပေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးကတော့ အစိုးရဟာ သစ်မှောင်ခိုအကြောင်းပြပြီး KIA စခန်းတွေကို ထိုးစစ်ဆင်နေတာ ဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။

“သစ်မှောင်ခိုကားဆိုတဲ့ ခေါင်းစဉ်က အစိုးရဘက်က တပ်တဲ့ခေါင်းစဉ်ပဲဖြစ်တယ်။ ကချင်ပြည်နယ်မှာ သစ်မှောင်ခိုလုပ်ရမယ့် အဆင့်လောက် သစ်လည်းမရှိတော့ဘူး။ အခုလာတဲ့သစ်များသည် မိုးမိတ်၊ တစွယ်က လာတဲ့သစ်တွေဖြစ်တယ်။ စစ်ကိုင်းတိုင်းကလာတဲ့ သစ်တွေဖြစ်တယ်။ အစိုးရရဲ့ ထိန်းချုပ်နယ်မြေက သစ်တွေဖြစ်တယ်။ အစိုးရအာဏာပိုင်အဖွဲ့အစည်းများနဲ့ လုံးဝ ကင်းလွတ်တယ်ဆိုတဲ့ အနေအထားမျိုး မရှိဘူး။ လ၀ကတွေ၊ ရဲတွေ၊ နယ်လုံတွေ၊ စစ်တပ်တွေ အားလုံးနဲ့ အပေးအယူလုပ်ပြီးတော့ အထဲမှာ ၀င်လုပ်ခွင့်ရတာ။ ဒီလောက်ထိများပြားတဲ့ ယာဉ်တန်းတွေ၊ ကားတွေကို အထဲဝင်ဖို့ဆိုတဲ့ဟာက အာဏာပိုင်အဖွဲ့အစည်း အဆင့်ဆင့်၊ အသီးသီး အားလုံးကို အပေးအယူလုပ် ပိုက်ဆံနဲ့ညှိပြီးတော့မှ ၀င်လုပ်မှရတဲ့ ကိစ္စတွေဖြစ်တယ်။ ဆိုတော့ အထဲမှာ လုပ်ခွင့်ပေးတဲ့ဟာသည် အာဏာပိုင်အဖွဲ့အစည်းတွေရဲ့ သဘောတူညီမှု မပါဘဲ ဘယ်လိုမှ မရဘူး။ အထဲမှာလုပ်တယ်၊ ပြီးရင် ပြန်ထွက်လာတယ်၊ နယ်စပ်ရောက်ခါနီးမှ ဘာဖြစ်တယ်၊ ညာဖြစ်တယ် ဆိုပြီး သူတို့က ရမယ်ရှာပြီးတော့ တိုက်လေယာဉ်တွေသုံးပြီး ပြန်ချတယ်။”

မေး။             ။ အဲတော့ အခု ဒီအစိုးရပြောနေတဲ့ သစ်မှောင်ခိုကားကို ဆရာတို့က ကာကွယ်ပေးတယ် မဟုတ်ဘူးပေါ့နော် အဲ့လိုလားရှင့်။

ဖြေ။              ။ “ကာကွယ်ပေးစရာအကြောင်း မရှိဘူးလေ။ အစိုးရအာဏာပိုင်အဖွဲ့အစည်း အသီးသီးနဲ့ အဆင့်ဆင့်နဲ့ သူတို့အပေးအယူလုပ်ပြီးတော့ လုပ်နေတဲ့ကိစ္စကို ကျနော်တို့က ဘာအကာအကွယ်ပေးရမှာလဲ။ အကာအကွယ်ပေးစရာ အကြောင်းကိုမရှိတာ။ တခုရှိတာက KIO ထိန်းချုပ်နယ်မြေထဲကို ရောက်လာတယ်ဆိုတဲ့ဟာက သူတို့က တရုတ်နယ်စပ်ဘက်ကို သွားရမှာ ဖြစ်တယ်။ တရုတ်နယ်စပ်ဘက်ကို သွားဖို့အတွက်က KIO ထိန်းချုပ်နယ်မြေထဲကို ဖြတ်ရတယ်။ ဆိုတော့ ကျနော်တို့က အဲ့ဒီမှာ အခွန်ကောက်တယ်။ ဒါပဲရှိတယ်။ သူတို့ကို ကာကွယ်ပေးစရာ အကြောင်းမရှိဘူး။ သူတို့က အစိုးရအာဏာပိုင်အဆင့်ဆင့်၊ အသီးသီးတွေနဲ့ အပေးအယူလုပ်ပြီးတော့၊ စစ်တပ်တွေနဲ့ အပေးအယူလုပ်ပြီးတော့ လုပ်နေတဲ့ကိစ္စဖြစ်တယ်။ အဲ့ဒီအပေါ်မှာ ကျနော်တို့ KIO အနေနဲ့ ဘာမှ တာဝန်ခံစရာ အကြောင်းမရှိဘူး။ ကာကွယ်ပေးစရာ အကြောင်းမရှိဘူး။”

ကေအိုင်အေ ထိုးစစ်အတွင်း မံစီ- ကိုက်ထိပ်- မံဝိန်းကြီး တလျှောက်က ကေအိုင်အေ စခန်းတချို့ သိမ်းနိုင်တယ်လို့ မြန်မာ အစိုးရပိုင် သတင်းစာက ဖော်ပြပါတယ်။ မြန်မာ အစိုးရက ကေအိုင်အေ ထိန်းချုပ်ဒေသတွေကို သတင်းတပတ်နီးပါး ထိုးစစ်ဆင်နေချိန်မှာ ရှမ်းပြည်နယ် လောက်ကိုင် ဒေသ ထိုးစစ်တွေကိုတော့ ခေတ္တ ရပ်နားထားပါတယ်။ ကိုးကန့် လက်နက်ကိုင် အဖွဲ့ ပြောခွင့်ရ ဦးထွန်းမြတ်လင်းက ဒေသတွင်း စစ်အင်းအား အလုံးအရင်း ဖြည့်တင်းနေတာကြောင့် အနည်းငယ် စိုးရိမ်တယ်လို့လည်း ပြောပါတယ်။

“တိုက်ပွဲတော့မရှိဘူး။ နည်းနည်း လှုပ်လှုပ်ရှားရှားတော့ ဖြစ်နေတာပဲ။ တင့်ကားတွေလည်း ပို့ထားတယ်ပြောတယ်။ ကျနော်တို့ကတော့ လက်ရှိ ကျနော်တို့နေနေတဲ့ ဒေသမှာပါပဲ။ သူတို့ကတော့ ပြင်ဆင်မှုကတော့ နေရာတိုင်းမှာပါပဲ။ ဒီဘက် ကုန်းကြမ်းဘက်ကို နည်းနည်းလေး ပို ဖိထားမလားမသိဘူး။ ဟိုဘက်တော့ သိပ်ထူးခြားချက် မရှိပါဘူးခင်ဗျ။ နဂိုတိုင်းပါပဲဗျ။ အင်အားနဲ့ဆိုတော့ စိုးတော့နည်းနည်းလေး စိုးရိမ်တာပေါ့ခင်ဗျ။ ဒါပေမဲ့ တတ်နိုင်သလောက်တော့ ကျနော်တို့ ခုခံသွားပါမယ်။”

ဒီရက်ပိုင်းတွေအတွင်း စစ်အုပ်ချုပ်ရေး ကျင့်သုံးနေတဲ့ လောက်ကိုင်မြို့ အခြေအနေနဲ့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင်း စစ်ရေးသတင်းတွေနဲ့ ပတ်သက်ပြီး အစိုးရဘက်က ထုတ်ပြန်ချက်တွေတော့ မရှိပါဘူးရှင်။

မသိင်္ဂီထိုက် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com



လူ ၁၅၀ လိုက်ပါတဲ့ Germanwings လေကြောင်းပိုင် လေယာဉ် အင်္ဂါနေ့က ပြင်သစ် တောင်ပိုင်း၊ အဲလ်ပ် တောင်တန်းပေါ်မှာ ပျက်ကျ ခဲ့ပြီးနောက် ဒီကနေ့ အပျက်အစီး ရှာဖွေရေး လုပ်ငန်းတွေကို ပြန်လည် လုပ်ဆောင်နေပါတယ်။

Black box နှစ်ခု အနက် တစ်ခု ဖြစ်တဲ့ လေယာဉ်မှူး အခန်းထဲက အသံ မှတ်တမ်းကို အင်္ဂါနေ့က ပြန်လည် တွေ့ရှိခဲ့ပြီး၊ ထိခိုက် ပျက်စီး နေပေမယ့် အချက်အလက်တွေ ပြန်လည် ထုတ်ယူ နိုင်ခြေ ရှိတယ်လို့ ပြင်သစ် ပြည်ထဲရေး ဝန်ကြီးက ပြောပါတယ်။

လေယာဉ် ပျက်ကျတဲ့ နေရာကို ဂျာမနီ၊ ပြင်သစ်နဲ့ စပိန် ခေါင်းဆောင် တွေလည်း ရောက်ရှိလာပါတယ်။

ခရီးစဉ် အမှတ် 4U 9525 လေယာဉ်ဟာ စပိန်နိုင်ငံ ဘာစီလိုနာ မြို့ကနေ ဂျာမနီနိုင်ငံ ဒူးဆဲလ်ဒေါ့ဖ် မြို့ကို ပျံသန်းစဉ် ၈ မိနစ်ကြာ ဆက်တိုက် နိမ့်ဆင်း သွားပြီး ပျက်ကျခဲ့တာ ဖြစ်ပါတယ်။ အသက်ရှင် ကျန်ရစ်သူ တစ်ယောက်မှ မရှိဘူးလို့ အရာရှိတွေက ပြောပါတယ်။

လေယာဉ်ပေါ်မှာ ပါသွားတဲ့ ခရီးသည် ၁၄၄ ဦးအနက် အခုချိန်အထိ သိရသလောက် ၇၂ ယောက်က ဂျာမနီ နိုင်ငံသားတွေ ဖြစ်ပြီး ၃၅ ယောက်က စပိန် နိုင်ငံသားတွေ ဖြစ်ပါတယ်။ ဂျာမန် ခရီးသည်တွေ ထဲမှာ ၁၆ ဦးက လေ့လာရေး ခရီးကနေ ပြန်လာတဲ့ ကျောင်းသားငယ်တွေ ဖြစ်ပါတယ်။

ဒုတိယ ဘလက်ဘောက်စ် ဖြစ်တဲ့ ပျံသန်းမှု အချက်အလက် မှတ်တမ်းကို ဆက်လက် ရှာဖွေနေဆဲ ဖြစ်ပါတယ်။

လေယာဉ်ပေါ် လိုက်ပါ သွားခဲ့သူတွေ အတွက် စပိန် နိုင်ငံမှာ ဝမ်းနည်းခြင်း အထိမ်းအမှတ် ၃ ရက် သတ်မှတ် ကြေညာခဲ့ပါတယ်။

BBC Burmese
http://www.bbc.co.uk/burmese


ပဲခူးတိုင်း၊ လက်ပံတန်းမြို့မှာ ပညာရေးဥပဒေ ပြုပြင်ပြောင်းလဲဖို့ တောင်းဆိုရင်းနဲ့ အဖမ်းခံထားရသူတွေကို ဒီကနေ့ပဲ ရုံးထုတ်ပြီး ပုဒ်မ ၅ ခုနဲ့ တရားစွဲဆိုလိုက်ပါတယ်။

ကျောင်းသားခေါင်းဆောင် ကိုကျော်ကိုကို အပါအ၀င် နောက်ထပ် ဆန္ဒပြကျောင်းသား ၄ ဦး ကိုလည်း ၀ရမ်းပြေးအဖြစ် တရားရုံးက ဖမ်းဆီးမိန့် ထုတ်လိုက်ပါတယ်။ လက်ပံတန်းမြို့မှာ ဖမ်းဆီးခံခဲ့ရသူတွေရဲ့ တရားခွင်က နောက်ဆုံး အခြေအနေတွေကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

သာယာဝတီအကျဉ်းထောင်မှာ ထိန်းသိမ်းထားတဲ့ ကျောင်းသားတွေကို လက်ပံတန်းတရားရုံး ရုံးထုတ်လာချိန်မှာ ကျောင်းသားတွေက အချုပ်ကားတွေပေါ်ကနေ ကြွေးကြော်သံတွေနဲ့ အော်ဟစ် ဆန္ဒပြခဲ့ကြပါတယ်။ ကျောင်းသားတွေကို လက်ပံတန်းတရားရုံးမှာ ရုံးထုတ်ပြီး ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင်တွေဖြစ်တဲ့ ကိုအောင်မှိုင်းဆန်း၊ ကိုမင်းသွေးသစ်၊ မဖြိုးဖြိုးအောင် တို့ပါဝင်တဲ့ ၆၉ ဦးကို ပုဒ်မ ၅ ခုနဲ့ တရားစွဲဆိုထားကြောင်း ကျောင်းသားတွေအတွက် အမှုလိုက်ပါဆောင်ရွက်ပေးမယ့် ရှေ့နေ ဦးရောဘတ်စန်းအောင် က ဆိုပါတယ်။

“အောင်မှိုင်းဆန်းတို့ ၆၉ ယောက်ကို ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၁၄၃၊ ၁၄၅၊ ၁၄၇၊ ၃၃၂၊ ၅၀၅ (ခ) တို့အရ ပြစ်မှုကြီးအမှတ် ၅၉၃/၂၀၁၅ နဲ့ ရဲမှူးဦးဖုန်းမြင့်ကနေ တရားလိုလုပ်ပြီးတော့ တရားစွဲပါတယ်။ အဲဒီအမှုမှာတော့ ဘယ်သူမှ အာမခံမရဘဲနဲ့ သာယာဝတီထောင်ကို ပြန်ရပါတယ်။ နောက်တစ်မှုက ကိုဇော်ကြီးခေါ် ကိုဇော်မင်း ပါ ၁၁ ယောက်ကတော့ ပုဒ်မ ၁၄၃၊ ၁၄၅ နဲ့ ၁၄၇ တို့အရ ပြစ်မှုကြီးအမှတ် ၅၉၄/၂၀၁၅ တရားလို ရဲမှူးဦးဖုန်းမြင့်တို့ကနေ စွဲဆိုတာပါ။ အဲဒါမှာတော့ တရားရုံးက ၁၀ သိန်းတန် ခံဝန်သူ ၂ ဦးနဲ့ အာမခံခွင့်ပြုလိုက်ပါတယ်။ ကျော်ကိုကိုရယ်၊ နောက်ပြီးတော့ နန္ဒစစ်အောင်ရယ်၊ ရဲရင့်ကျော် (ခေါ်) ကျော်စိုးမိုးရယ်၊ မြတ်သူ (ခေါ်) မြတ်သူအောင်တို့ကတော့ တရားခံပြေးအဖြစ်နဲ့ သူတို့ဆက်လက်ဆောင်ရွက်ပါတယ်။”

ဒီနေ့မှာပဲ နောက်ထပ်ချုပ်ရက် ရမန်ထပ်ယူပြီး နောက်လ ၇ ရက်နေ့ကို ချိန်းဆိုလိုက်တာပါ။ မဖြိုးဖြိုးအောင်ရဲ့ ဖခင်ဖြစ်သူကတော့ ကျောင်းသားတွေနဲ့ သဘောတူညီချက်တွေကို အစိုးရဘက်က ချိုးဖောက်ခဲ့ပြီး ဖမ်းဆီးထောင်ချဖို့ ကြိုးစားတာဟာ မဖြစ်သင့်ဘူးလို့ ပြောဆိုလိုက်ပါတယ်။

“အစိုးရက သူတို့ရဲ့ ကတိက၀တ်တွေကို ချိုးဖောက်ပြီးတော့ အကြမ်းဖက် ရိုက်နှက်တယ်၊ ဖမ်းဆီးတယ်၊ တကယ့်တကယ် အပြစ်ရှိတာက သမီးတို့လို ကျောင်းသားကျောင်းသူတွေနဲ့ ၀ိုင်းရံတဲ့သူတွေ မဟုတ်ဘူး ဟုတ်လား။ တကယ်တမ်း အပြစ်ရှိတာက အစိုးရနဲ့ ဒီပြည်ထဲရေးဝန်ကြီးဌာနရဲ့ ရဲတပ်ဖွဲ့ဝင်တွေသာ ဖြစ်တယ်။ အခုတခါ ဖမ်းဆီးထောင်ချဖို့လည်း ကြိုးစားနေတယ်ဆိုတဲ့ကိစ္စက အင်မတန်ကို ရုပ်ဆိုးအကျည်းတန်လွန်းပါတယ်။”

ကျောင်းသားကျောင်းသူတွေနဲ့ ၀န်းရံအင်အားစုတွေဘက်ကနေ လိုက်ပါဆောင်ရွက်ပေးမယ့် ရှေ့နေ ၁၅ ဦးခန့်ရှိပြီး ရှေ့နေပါဝါ လွှဲစာများရယူကာ ခုခံချေပဖို့အတွက် လုပ်ဆောင်သွားမှာဖြစ်ကြောင်းနဲ့ ကျောင်းသားတွေကို စွဲဆိုထားတဲ့ ပုဒ်မအရဆိုရင် ပြစ်ဒဏ် ၆ နှစ်လောက်ထိ ချမှတ်နိုင်တယ်လို့ ရှေ့နေဖြစ်သူ ဦးရောဘတ်စန်းအောင် က ဆိုပါတယ်။

“အပြစ်ချမယ်ဆိုရင် ကျနော်ထင်တယ် စွဲထားတဲ့ ဒီပုဒ်မ ၅ ခုလောက်ဆိုရင် ၆ နှစ်လောက်သွားမှာ။ ကျနော်တို့ ၇ ရက်နေ့ ရုံးချိန်းကျရင်တော့ အမှုကို စတင်နိုင်မယ်လို့ ထင်ပါတယ်။ အဲဒီမှာလည်း မေးမြန်းလို့ရပါတယ်။ ရှေ့နေ ၁၀ ယောက်ကျော် ၁၅ ယောက်လောက်ကတော့ ရှေ့နေကိုယ်စားလှယ်လွှဲစာ တင်ပြီးတော့ ဆောင်ရွက်ခဲ့ကြပါတယ်။ ဒီနေ့ကတော့ ရှေ့နေကိုယ်စားလှယ်လွှဲတာတို့၊ ယူတာတို့၊ တရားခွင်မှာတွေ့တာတို့၊ သူတို့မိသားစုနဲ့ ပေးတွေ့တာတို့ အားလုံး အဆင်ပြေ ချောမွေ့ပါတယ်။”

ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ရာမှာတော့ လက်ပံတန်းဖြစ်စဉ်မှာ ဥပဒေနဲ့အညီ ခေါ်ယူစစ်ဆေးပြီး မိဘရပ်ထံ ပြန်အပ်နှံခဲ့ကြောင်း ဒီထဲမှာ ကျောင်းတက်ဆဲ ကျောင်းသား ၂၈ ဦးနဲ့ သတင်းသမား ၂ ဦး၊ အမျိုးသမီး၊ အမျိုးသား၂၀ ဦးတို့ကို ပြန်လည် လွှတ်ပေးထားပြီးဖြစ်ကြောင်း မတ်လ ၂၄ ရက် နေ့စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။

မအေးအေးမာ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


အမျိုးသား ပညာရေး ဥပဒေကို သပိတ်မှောက် ဆန္ဒပြရာမှာ ပါဝင်တဲ့ ကျောင်းသားခေါင်းဆောင် ကိုအောင်မှိုင်းဆန်း၊ ကိုမင်းသွေးသစ် အပါအဝင် ကျောင်းသားတွေနဲ့ ဝန်းရံသူ ၆၉ ဦးကို ဒီကနေ့ လက်ပံတန်းမြို့နယ်တရားရုံးမှာ ပုဒ်မ ၅ ခုနဲ့ တရားရုံးတင်လိုက်ပါတယ်။

ဒီတရားစွဲဆိုခံရတဲ့ ၆၉ ဦးထဲက အမျိုးသမီး ၁၁ ဦးပါဝင်ပြီး သူတို့တွေကို ရဲမှူးကြီးအုန်းမြင့်ကနေပြီး တရားလိုလုပ်တရားစွဲဆိုတာဖြစ်တယ်လို့ ကျောင်းသားတွေအမှု အတွက် လိုက်ပါကူညီဆောင်ရွက်မယ့် ရှေ့နေ ဦးရောဘတ်ဆန်းအောင်က ပြောပါတယ်။

“သူတို့ကို လက်ပံတန်းမြို့နယ်တရားရုံးရဲ့ ပြစ်မှုကြီးအမှတ် ၅၉၃/ ၂၀၁၅ နဲ့ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၄၃၊ ၁၄၅၊ ၁၄၇၊ ၃၃၂ နဲ့ ၅၀၅(ခ)တို့နဲ့ ရဲမှူး ဦးအုန်းမြင့်ကနေပြီး တရားလိုလုပ်ပြီးတော့ စွဲတာပါ။”

ဒီအမှုတွေနဲ့ပတ်သက်ပြီး ကိုကျော်ကိုကို၊ ကိုရဲရင့်ကျော်၊ ကိုနန္ဒဆင့်အောင် နဲ့ ကိုမြတ်သူ ၄ ဦးကို တရားခံပြေးအဖြစ် သတ်မှတ်ထားပြီး လာမယ့် ဧပြီလ ၇ ရက်နေ့မှာ ရုံးပြန်ချိန်းဆိုထားတယ်လို့ ဦးရောဘတ်ဆန်းအောင်က ပြောပါတယ်။

ဒါ့အပြင် ဒီညနေပိုင်းမှာလည်း ၁၁ ဦးကိုလည်း ရုံးတင်ဖို့ရှိပြီး ဒီ ၁၁ ဦးကိုတော့ ပြန်လွှတ်ပေးဖွယ်ရှိတယ်လို့လည်း ပြောပါတယ်။

ရိုက်ကူး - ကောင်းထက်ကျော်
DVB TV - 25.03.2015
https://www.facebook.com/DVBTVNews





အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်ဆန္ဒပြရာမှာ ပါဝင်တဲ့ ကျောင်းသားခေါင်းဆောင် ကိုအောင်မှိုင်းဆန်း၊ ကိုမင်းသွေးသစ်အပါအဝင် ကျောင်းသားတွေနဲ့ ဝန်းရံသူ ၆၉ ဦးကို ဒီကနေ့ လက်ပံတန်းမြို့နယ်တရားရုံးမှာ ပုဒ်မ ၅ ခုနဲ့ တရားရုံးတင်လိုက်ပါတယ်။

ဒီတရားစွဲဆိုခံရတဲ့ ၆၉ ဦးထဲက အမျိုးသမီး ၁၁ ဦးပါဝင်ပြီး သူတို့တွေကို ရဲမှူးကြီးအုန်းမြင့်ကနေပြီး တရားလိုလုပ်တရားစွဲဆိုတာဖြစ်တယ်လို့ ကျောင်းသားတွေအမှု အတွက် လိုက်ပါကူညီဆောင်ရွက်မယ့် ရှေ့နေ ဦးရောဘတ်ဆန်းအောင်က ပြောပါတယ်။

“သူတို့ကို လက်ပံတန်းမြို့နယ်တရားရုံးရဲ့ ပြစ်မှုကြီးအမှတ် ၅၉၃/ ၂၀၁၅ နဲ့ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၄၃၊ ၁၄၅၊ ၁၄၇၊ ၃၃၂ နဲ့ ၅၀၅(ခ)တို့နဲ့ ရဲမှူး ဦးအုန်းမြင့်ကနေပြီး တရားလိုလုပ်ပြီးတော့ စွဲတာပါ။”

ဒီအမှုတွေနဲ့ပတ်သက်ပြီး  ကိုကျော်ကိုကို၊ ကိုရဲရင့်ကျော်၊ ကိုနန္ဒဆင့်အောင် နဲ့ ကိုမြတ်သူ ၄ ဦးကို တရားခံပြေးအဖြစ် သတ်မှတ်ထားပြီး လာမယ့် ဧပြီလ ၇ ရက်နေ့မှာ ရုံးပြန်ချိန်းဆိုထားတယ်လို့ ဦးရောဘတ်ဆန်းအောင်က ပြောပါတယ်။

ဒါ့အပြင် ဒီညနေပိုင်းမှာလည်း ၁၁ ဦးကိုလည်း ရုံးတင်ဖို့ရှိပြီး ဒီ ၁၁ ဦးကိုတော့ ပြန်လွှတ်ပေးဖွယ်ရှိတယ်လို့လည်း ပြောပါတယ်။

ဒီကနေ့ ရုံးတင်တရားစွဲဆိုခံရတဲ့ ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ကိုမင်းသွေးသစ်ရဲ့ ဖခင် ဦးသန်းဝင်းကတော့ သားဖြစ်သူအတွက် ဂုဏ်ယူတယ်လို့ ပြောပါတယ်။

“ဦးကတော့ သားအတွက်ကို အများကြီး ဂုဏ်ယူတယ်။ အခုလို တနိုင်ငံလုံးအတွက်ကို သူက အမျိုးသားပညာရေးဥပဒေကို ကိုယ်တိုင်ဦးဆောင်တဲ့အတွက် ဦးကတော့ ဘာမှမပြောလိုပါဘူး။ ဦးသားအတွက် ဦးဂုဏ်ယူပါတယ်။ ဦးမှာဝမ်းနည်းမှုမရှိပါဘူး။ ဂုဏ်ပဲယူနေပါတယ် သူ့အတွက်ကို။”

တရားစွဲဆိုထားတဲ့ ပုဒ်မ ၁၄၃ (ဥပဒေနှင့် ဆန့်ကျင်သော အစုအဝေးတခုတွင် ပါဝင်သူ)၊ ပုဒ်မ ၁၄၅ (လူစုခွဲရန် အမိန့်ပေးပြီးကြောင်းသိလျက် ဥပဒေနှင့် ဆန့်ကျင်သော အစုဝေးတွင်ပါဝင်နေခြင်း)၊ ပုဒ်မ ၁၄၇ (ရုန်းရင်းဆန်ခတ်မှု)၊ ပုဒ်မ ၃၃၂ (ပြည်သူ့ဝန်ထမ်းအား ၀တ္တရားဆောင်ရွက်ခြင်းမှ ဟန့်တားရန် မိမိအလိုအလျှောက် နာကျင်စေမှု)၊ ပုဒ်မ ၅၀၅(ခ) (အများပြည်သူ၏ အကျိုးပျက်စီးစေမှု) စုစုပေါင်း ပုဒ်မ ၅ ခုဖြင့် တရားစွဲဆိုထားပါတယ်။

အမျိုးသားပညာရေးဥပဒေကို ဆန့်ကျန်ဆန္ဒထုတ်ဖော်နေတဲ့ကျောင်းသားတွေကို မတ်လ ၁၀ ရက်နေ့မှာ အာဏာပိုင်တွေက လက်ပံတန်းမှာ ဖြိုခွင်းဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

By နော်နိုရင်း(ဒီဗွီဘီ)
http://burmese.dvb.no

လေယာဉ်ပျက်ကျသွားတဲ့ နေရာမှာ ရှာဖွေကယ်ဆယ်ရေး လုပ်ဖို့ ကြိုးစားခဲ့ကြ (Credit: AFP) 
ဂျာမနီနိုင်ငံပိုင် ​Airbus ​A320 ​လေယာဉ်တစ်စင်း ​ပြင်သစ်နိုင်ငံမှာ ​ပျက်ကျသွားခဲ့ရာက ​လူပေါင်း ​၁၅၀ ​သေဆုံးခဲ့ရပြီး ​အဲဒီအထဲမှာ ​သြစတြေးလျ ​နိုင်ငံသား ​၂ ​ဦးပါဝင်ပါတယ်။ ​ဒါ့အပြင် ​ဂျာမနီ ​နိုင်ငံက ​ကျောင်းသူ ​ကျောင်းသား ​၁၆ ​ယောက်လည်း ​သေဆုံးခဲ့ရပါတယ်။

ဗစ်တိုးရီးယားပြည်နယ်က ​မိခင်တစ်ဦးနဲ့ ​သူ့ရဲ့ ​အရွယ်ရောက်ပြီးသား ​ကလေးတစ်ယောက် ​သေဆုံးသူတွေထဲမှာ ​ပါဝင်ကြောင်း ​သြစတြေးလျ ​နိုင်ငံခြားရေးဝန်ကြီး ​ဂျူလီဘိရှော့ပ်က ​အတည်ပြုပေးခဲ့ပါတယ်။

အဲဒီ ​လေယာဉ်ဟာ ​ဘာစီလိုနားကနေ ​Dusseldorf ​မြို့ဆီကို ​ပျံသန်းတုန်း ​ပျက်ကျသွားတာ ​ဖြစ်ပါတယ်။

လေယာဉ်ပေါ် ​ခရီးသည် ​၁၄၄ ​ယောက်လိုက်ပါသွားပြီး ​လေယာဉ် ​အမှုထမ်း ​၆ ​ယောက် ​ပါဝင်ပါတယ်။

သေဆုံးသူတွေရဲ့ ​အလောင်းတွေ ​ပြန်လည်ရရှိဖို့နဲ့ ​ဆွေမျိုးတွေ ​သွားရောက်ကြည့်ရှုဖို့ ​သြစတြေးလျ ​အစိုးရက ​ပြင်သစ် ​ကောင်စစ်ဝန်ရုံးနဲ့ ​ဆက်သွယ်ပြီး ​လုပ်ဆောင်နေတယ်လို့ ​သြစတြေးလျ ​အစိုးရက ​ပြောပါတယ်။

အခုပျက်ကျသွားတဲ့ ​လေယာဉ်ဟာ ​ဈေးနှုန်း ​ချိုသာစွာ ​ရောင်းချပေးနေတဲ့ ​Lufthansa ​ကုမ္ပဏီပိုင် ​ဖြစ်ပြီး ​ပျံသန်းမှု ​လုံခြုံစိတ်ချခဲ့ရတဲ့ ​လေယာဉ် ​ဖြစ်ပါတယ်။

နိုင်ငံပေါင်း ​၃၁ ​နိုင်ငံက ​လေဆိပ်ပေါင်း ​၁၁၇ ​နေရာကို ​ပျံသန်းနေပါတယ်။

လေယာဉ်ဟာ ​သွားလာရ ​ခက်ခဲတဲ့ ​တောင်တန်းမှာ ​ပျက်ကျသွားတဲ့အတွက် ​ရှာဖွေမှုတွေကို ​ခက်ခဲစွာ ​လုပ်ဆောင်ရမှာ ​ဖြစ်ပေမယ့် ​အခုလောလောဆယ် ​လေယာဉ် ​ပျံသန်းမှု ​မှတ်တမ်း ​Black ​Box ​ကိုတော့ ​တွေ့ရှိထားပြီလို့ ​ဆိုပါတယ်။

အခုတလော ​လေယာဉ်တွေ ​မကြာခဏ ​ပျက်ကျနေတယ်လို့ ​လူတွေပြောကြပေမယ့်လည်း ​လေယာဉ်လုံခြုံရေး ​ကျွမ်းကျင်သူတွေကတော့ ​ပြီးခဲ့တဲ့ ​၂၀၁၄ ​ခုနှစ်ဟာ ​လေယာဉ် ​မတော်တဆမှု ​အနည်းဆုံး ​နှစ်ဖြစ်တယ်လို့ ​ပြောပါတယ်။

တစ်နှစ်ပြီး ​တစ်နှစ် ​စက်ပိုင်းဆိုင်ရာတွေ ​တိုးတက်လာတာတွေကြောင့် ​လေယာဉ် ​ပျံသန်းမှုမှာ ​လုံခြုံရေး ​ပိုရှိလာတယ်ဆိုပေမယ့် ​၂၀၁၄ ​ခုနှစ်အတွင်း ​လေယာဉ် ​ပျောက်ဆုံးသွားတာတွေ၊ ​လူအများအပြား ​သေစေတဲ့ ​လေယာဉ် ​ပျက်ကမှုတွေ ​ဖြစ်ပေါ်ခဲ့တဲ့အတွက် ​လူပိုသိများပြီး ​လေယာဉ် ​မတော်တဆ ​ဖြစ်မှုတွေ ​ပိုများလာတယ်လို့ ​ယူဆနေကြတာ ​ဖြစ်တယ်လို့ ​ထောက်ပြပြောဆိုခဲ့ပါတယ်။

အခုတခါ ​ပျက်ကျသွားတဲ့ ​လေယာဉ်ဟာ ​မပျက်ကျခင်အထိ ​ဘာအကူအညီမှ ​တောင်းတာမျိုး ​မလုပ်ခဲ့တဲ့အတွက် ​အကြမ်းဖက်မှုလားဆိုပြီးတော့လည်း ​မေးခွန်းထုတ်နေသူတွေ ​ရှိပါတယ်။

ပညာရှင်တွေကတော့ ​ဖြစ်ဖို့ ​အလားအလားနည်းတယ်လို့ ​ပြောဆိုထားပြီး ​လေယာဉ်ရဲ့ ​မှတ်တမ်းကို ​ကြည့်ပြီးမှသာ ​ပြောဆိုနိုင်မယ်လို့ ​မှတ်ချက်ပေးထားပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese


သာယာဝတီထောင်မှာ ဖမ်းဆီးခံထားရတဲ့ သပိတ်မှောက် ကျောင်းသားတွေကို အကျိုးဆောင်ရှေ့နေတွေနဲ့ တွေ့ဆုံဖို့ မြန်မာအစိုးရက ခွင့်မပြုတာဟာ အကျဉ်းထောင်လက်စွဲဥပဒေကို အာဏာပိုင်တွေကိုယ်တိုင် ချိုးဖောက်ရာရောက်တယ်လို့ AHRC အာရှလူ့အခွင့်အရေးအဖွဲ့က ပြောလိုက်ပါတယ်။

တချိန်တည်းမှာပဲ ဖမ်းဆီးခံကျောင်းသားတွေ အမြန်ဆုံးလွတ်မြောက်ရေးနဲ့ ဗဟိုချုပ်ကိုင်မှုရှိနေတဲ့ ပညာရေးဥပဒေ ပြင်ဆင်ပြောင်းလဲရေးအတွက် ကျောင်းသားတွေ ဆက်ပြီး ဆန္ဒပြလှုပ်ရှားသွားမှာ ဖြစ်တယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် တာဝန်ခံတွေက ပြောပါတယ်။ ဒီကနေ့မှာ ကျောင်းသားတွေကို လက်ပံတန်းတရားရုံးမှာ ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးမှာ ဖြစ်ပါတယ်။ အပြည့်အစုံကို မအင်ကြင်းနိုင် က တင်ပြထားပါတယ်။

လက်ပံတန်းမြို့မှာ သပိတ်မှောက်ကျောင်းသားတွေကို မတ်လ ၁၀ ရက်နေ့မှာ အာဏာပိုင်တွေကနေ အကြမ်းဖက် ဖြိုခွင်းဖမ်းဆီးခဲ့ပြီး သာယာဝတီထောင်မှာ ထိန်းသိမ်းထားပြီးနောက် နှစ်ရက်အကြာမှာ ပထမအကြိမ် လက်ပံတန်းတရားရုံးမှာ ကျောင်းသားတွေကို ရုံးထုတ်ပြီး ရမန်ယူခဲ့တာပါ။

ဒီအတောအတွင်း ဖမ်းဆီးခံထားရသူ ကျောင်းသူကျောင်းသား အများစုဟာ မိဘတွေနဲ့ တွေ့ဆုံခွင့်မရတဲ့အပြင် အကျိုးဆောင်ရှေ့နေတွေနဲ့ တွေ့ဆုံခွင့်ကို အာဏာပိုင်တွေဘက်က ခွင့်မပြုခဲ့ပါဘူး။ ဒါဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖမ်းဆီးခံထားရသူတဦးအနေနဲ့ ဥပဒေနဲ့အညီ ခုခံချေပခွင့် ပေးရမယ်ဆိုတဲ့ နိုင်ငံသားတိုင်းဆိုင်ရာ ဥပဒေအခွင့်အရေးကိုရော၊ အကျဉ်းထောင် လက်စွဲဥပဒေကိုပါ အာဏာပိုင်တွေဘက်က ချိုးဖောက်ရာရောက်တယ်လို့ AHRC အာရှလူ့အခွင့်အရေးအဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ တာဝန်ခံ ဦးမင်းလွင်ဦးက ပြောပါတယ်။

“ကျနော်တို့ အကျဉ်းထောင်လက်စွဲထဲမှာလည်း ဖမ်းဆီးထိန်းသိမ်းခြင်း ခံနေရသူတွေရဲ့ မိသားစုဝင်တွေကနေပြီးတော့ လာရောက် တွေ့ဆုံလိုတယ်ဆိုရင် အကျဉ်းထောင် အာဏာပိုင်တွေကနေပြီး တွေ့ဆုံနိုင်ဖို့အတွက် စီမံဆောင်ရွက်ပေးရမယ်။ ထိုနည်းတူစွာ ရှေ့နေနဲ့ တိုင်ပင်ဆွေးနွေးလိုတယ်ဆိုရင်လည်း ရုံးပိတ်ရက်ပင် ဖြစ်လင့်ကစား စနေနေ့မှာတောင်မှ အထူး တွေ့ခွင့်အနေနဲ့ ပြုပြီးတော့ ရှေ့နေနဲ့ တိုင်ပင်ဆွေးနွေးခွင့် ပေးရမှာဖြစ်တယ်။ အဲ့ဒီလိုပေးတဲ့အခါမှာလည်း လွတ်လွတ်လပ်လပ် ပြောဆိုနိုင်ဖို့အတွက် အခန်းကို စီမံပေးရမယ်။ နောက်ပြီးတော့ ဒီဝန်ထမ်းတွေကနေပြီးတော့ တိုင်ပင်ဆွေးနွေးနေတဲ့လူတွေ မကြားနိုင်တဲ့နေရာမှာ ရှိတဲ့လွတ်လပ်မှုမျိုးဖြစ်အောင် အကျဉ်းထောင်က ဖန်တီးပေးရမှာဖြစ်တယ်။ အဲတော့ အဲ့ဒီလိုမျိုးကိစ္စကို အာဏာပိုင်တွေက လုပ်ဆောင်ပေးခြင်းမပြုတာက ဒီအကျဉ်းထောင်လက်စွဲဥပဒေပါ အချက်တွေကို ကျူးလွန်ဖောက်ဖျက်တယ်လို့ ကျနော်တို့ပြောလို့ရတယ်။”

ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေအနေနဲ့လည်း ရှေ့နေတွေနဲ့ တွေ့ဆုံတိုင်ပင်ခွင့်ပေးဖို့ အာဏာပိုင်တွေကို တောင်းဆိုထားကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီ ဒုဥက္ကဌ ကိုလင်းထက်နိုင် က ပြောပါတယ်။

“အထဲကကျောင်းသားတွေကတော့ ပြန်ပြီးတော့ တုံ့ပြန်မှု နှစ်ခုရှိတယ်ဗျ။ တခုက ဘာလဲဆိုတော့ သူတို့ကို ရိုက်နှက်ဖမ်းဆီးတဲ့ကိစ္စပေါ့နော်။ ဖမ်းဆီးပြီးမှကို ထပ်ပြီးတော့ ဒုတ်နဲ့ အကြမ်းဖက် ရိုက်နှက်တာရယ်၊ နောက်ပြီးတော့ ရုံးထုတ်တဲ့အချိန်မှာ ကားပေါ်ကနေ ရဲမေတွေက ကျောင်းသားမိဘတွေကို ရိုင်းစိုင်းစွာ ပြောဆိုတာတွေနဲ့ ပတ်သက်ပြီး တရားစွဲဖို့ သူတို့ပြင်ဆင်တယ်။ နောက်တချက်က ရှေ့နေမရဘူးဆိုရင်လည်း သူတို့က ရုံးထွက်ချင်မှ ထွက်လိမ့်မယ်ဗျ။ အဲ့ဒါတော့ သူတို့အနေနဲ့ စဉ်းစားထားတာတွေ ရှိတယ်ဆိုတာ ကျနော်တို့အနေနဲ့ သိရတယ်။”

မေး။             ။ အဲတော့ အာဏာပိုင်တွေဘက်က ကိုင်တွယ်ဖြေရှင်းပုံကို ကိုလင်းထက်နိုင်တို့ဘက်က ဘယ်လိုမြင်လဲရှင့်။

ဖြေ။              ။ “အခုအနေအထားကတော့ အစိုးရကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ဘာမဆို သူတို့ထပ်လုပ်မယ့်ပုံစံပဲ။ ဘာလို့လဲဆိုတော့ ကျောင်းသားတွေပေါ်မှာ သူတို့က အငြိုးရှိနေတယ်။”

မေး။             ။ အခု ရှောင်တိမ်းနေတဲ့ ကိုလင်းထက်နိုင်တို့ ကျောင်းသားခေါင်းဆောင်တွေရဲ့ အခြေအနေကရော ဘယ်လိုရှိပါသလဲ။

ဖြေ။              ။ “အခုလည်း သူတို့ လိုက်လံရှာဖွေနေတာတွေ ရှိပါတယ်။ ဒီရက်ပိုင်း ကျနော်တို့သူငယ်ချင်းတွေ အိမ်တွေကိုလည်း ညဘက်မှာလာပြီးတော့ ယူနီဖောင်းနဲ့သော်လည်းကောင်း၊ အရပ်ဝတ်နဲ့သော်လည်းကောင်း စောင့်ကြည့်တာတွေ ဘာတွေရှိတယ်။ တချို့ကျောင်းသားခေါင်းဆောင်တွေရဲ့ အိမ်တွေကို လာမေးတာတွေလည်း ရှိတယ်။ နောက်ပြီးတော့ ၀ရမ်းထုတ်ထားတယ်ဆိုပြီးတော့ ပြီးခဲ့တဲ့ရက်ပိုင်းမှာတော့ သတင်းဂျာနယ်တွေတချို့မှာ တွေ့တယ်။ ရဲစခန်းတွေကနေပြီး ဒါကို အတည်ပြုတာတွေရှိတယ်။ ဒါပေမဲ့ ကျနော်တို့အိမ်တွေကိုသွားပြီးတော့ ဒါနဲ့ပတ်သက်ပြီး ၀ရမ်းထုတ်ထားပါတယ်ဆိုပြီးတော့ ၀ရမ်းစာပြတာတို့ ဘာတို့တော့ အဲ့လိုမျိုးတော့ ကျနော်တို့ မသိရဘူး။”

မေး။             ။ အဲတော့ ကိုလင်းထက်နိုင်တို့ ဘာဆက်လုပ်မလဲ။

ဖြေ။              ။ “မကြာခင်ဆက်ပြီးတော့ ကျနော်တို့လှုပ်ရှားမှုတွေ လာမှာပါ။ လာမယ်ဆိုတာတော့ ဒီ အမျိုးသားပညာရေးဥပဒေမှာ အနှစ်သာရဖြစ်တဲ့ ဗဟိုချုပ်ကိုင်မှု လျှော့ချရေးအပိုင်းပေါ့နော်။ သိသာတဲ့ ပညာရေးပြုပြင်ပြောင်းလဲမှုကို အာမခံတဲ့ အမျိုးသားပညာရေးဥပဒေတခု အမြန်ဆုံး ပေါ်ပေါက်လာဖို့ရယ်၊ ပညာရေးပြုပြင်ပြောင်းလဲရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့တဲ့ ကျောင်းသားကျောင်းသူတွေ၊ ပြည်သူတွေ ဖမ်းဆီးထားတာတွေ လွတ်မြောက်ဖို့တွေ အဲဒါတွေနဲ့ ပတ်သက်ပြီး တပြိုင်တည်း လုပ်သွားမှာပါ။ မကြာခင်မှာ လှုပ်ရှားမှုတွေ ဖြစ်လာတော့မှာပါ။”

AHRC ရဲ့ အင်္ဂါနေ့ကထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေရထားတဲ့ ဒဏ်ရာတွေကို အမြန်ဆုံးဆေးဝါးကုသခွင့်ပေးဖို့ မြန်မာအစိုးရကို တောင်းဆိုထားသလို၊ ICRC နိုင်တကာ ကြက်ခြေနီ ကော်မတီအနေနဲ့လည်း အကျဉ်းထောင်မှာ ကျောင်းသားတွေရဲ့ အခြေအနေကို သွားရောက်ကြည့်ရှုပေးဖို့ တိုက်တွန်းထားကြောင်း ဦးမင်းလွင်ဦး က ပြောပါတယ်။

“အကျဉ်းထောင်အတွင်းမှာ ဖမ်းဆီးချုပ်နှောင်ထားပြီဆိုရင်လည်း ၂၄ နာရီပြည့်ပြီးတဲ့နောက်တရက်မှာ ကျနော်တို့ ဒီဖမ်းဆီးချုပ်နှောင်ထားတဲ့ အချုပ်သားတွေအားလုံးကို ကျနော်တို့ ထောင်ဆရာဝန်ဆီ ပို့ဖို့လိုအပ်တယ်။ ထိုက်သင့်တဲ့ ဆေးစစ်မှုတွေ ယူရမယ်။ လိုအပ်တဲ့ဆေးဝါးကုသမှုကို အမြန်ဆုံး ဆောင်ရွက်ပေးရမှာဖြစ်တယ်။ အဲတော့ ကျနော်တို့ ဒီအခု ဦးခေါင်းရိုက်နှက်ခံရတဲ့ ကျောင်းသားတွေ၊ သွေးရူးသွေးတန်းဖြစ်နေတယ်၊ ချုပ်ရမယ့်ကိစ္စတွေ မချုပ်နိုင်ဘဲနဲ့ ဖြစ်သလို ရှိတဲ့ဆေးဝါးနဲ့ ကုသနေရတယ်။ ထိုနည်းတူစွာ မျက်လုံးထိခိုက်တဲ့ ကျောင်းသားတယောက်ဆိုရင်လည်း ခုအချိန်အထိ ထိုက်သင့်တဲ့ ဆေးဝါးကုသခွင့် မရသေးဘူးဆိုတာတွေ ကျနော်တို့ သိရတယ်။ ICRC အနေနဲ့လည်း ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကျောင်းသားတွေရဲ့ အခြေအနေကို အကျဉ်းထောင်အတွင်းမှာ လိုက်လံပြီးတော့ စုံစမ်းဖို့အတွက် လိုအပ်တယ်လို့ ကျနော်တို့ကတော့ ပြောချင်ပါတယ်။”

လက်ပံတန်းမြို့ သပိတ်စခန်း အကြမ်းဖက်ဖြိုခွဲချိန်မှာ ဖမ်းဆီးခံရထားရသူတွေထဲ မနေ့ကထိ လွတ်မြောက်လာသူတွေထဲမှာ ကျောင်းသူကျောင်းသား ၂၀ ကျော်၊ သတင်းထောက် ၂ ဦးနဲ့ အရပ်သား ၂၀ ဦး ပါဝင်ပါတယ်။ လက်ရှိ သာယာဝတီထောင်မှာ ထိန်းသိမ်းခံထားရတဲ့ ကျောင်းသား ၁၀၀ နီးပါးထဲမှာတော့  ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ကိုမင်းသွေးသစ်နဲ့ မဖြိုးဖြိုးအောင်တို့လည်း ပါဝင်ပါတယ်။ သူတို့တွေကို ဘယ်ပုဒ်မတွေနဲ့ အာဏာပိုင်တွေက တရားစွဲဆိုထားသလဲဆိုတာကို အခုချိန်ထိ အတိအကျ မသိရသေးပါဘူးရှင်။

အင်ကြင်းနိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

မတ်လ ၂၄ ရက်နေ့မှာ နိုင်ဂျီးရီးယား စစ်သားတွေက စောင်တွေ ဝေငှနေတာကို စောင့်ယူနေကြတဲ့ Damasak မြို့က အမျိုးသမီးများ (Credit: Reuters) 
နိုင်ဂျီးရီးယားနိုင်ငံ ​Damasak ​မြို့က ​အမျိုးသမီးနဲ့ ​ကလေးငယ် ​အယောက် ​၅၀၀ ​ကျော်ကို ​ဘိုကိုဟာရမ် ​အဖွဲ့က ​ဖမ်းဆီးလိုက်တယ်လို့ ​သိရပါတယ်။

အဲဒီမြို့ကို ​ဘိုကို ​ဟာရမ် ​အဖွဲ့က ​သိမ်းပိုက်ထားပြီး ​ဒီလအတွင်းမှာပဲ ​ချက်တ်နိုင်ငံနဲ့ ​နီဂျဲ ​နိုင်ငံတို့ ​ပူးပေါင်းပြီး ​ဘိုကိုဟာရမ် ​လက်ထဲကနေ ​ပြန်ရယူနိုင်ခဲ့တဲ့မြို့ ​ဖြစ်ပါတယ်။

အဲဒီမြို့က ​ကုန်သွယ်ရေးသမား ​Souleymane ​Ali ​က ​ဘိုကိုဟာရမ်အဖွဲ့အနေနဲ့ ​အမျိုးသမီးနဲ့ ​ကလေးငယ် ​၅၀၆ ​ယောက်ကို ​ဘိုကို ​ဟာရမ်က ​ဖမ်းဆီးခဲ့တာဖြစ်ပြီး ​အဲဒီအထဲက ​၅၀ ​ကတော့ ​ဒီမြို့ကနေ ​မထွက်ခွာခင်မှာပဲ ​အသတ်ခံခဲ့ရတာလို့ ​ဆိုပါတယ်။

Mohamed ​Ousmane ​ဆိုတဲ့ ​ကုန်သွယ်ရေးသမား ​နောက်တစ်ယောက်ကလည်း ​သူ့ဇနီး ​နှစ်ယောက်နဲ့ ​ကလေး ​သုံးယောက်ကိုပါ ​ဘိုကိုဟာရမ် ​အဖွဲ့က ​ဖမ်းဆီးခေါ်ဆောင်သွားပြီလို့ ​ပြောပါတယ်။

ဘိုကိုဟာရမ် ​အဖွဲ့ဟာ ​ဗလီကျောင်းကြီး ​တစ်ကျောင်းကို ​ဝိုင်းပြီးနောက် ​အမျိုးသမီးနဲ့ ​ကလေးငယ်တွေကို ​ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ​ပြောပါတယ်။

ဒီကိစ္စနဲ့ ​ပတ်သက်ပြီး ​နိုင်ဂျီးရီးယား ​အစိုးရက ​တရားဝင်ပြောဆို ​ထားတာ ​မရှိသေးပါဘူး။

ဘိုကိုဟာရမ် ​အဖွဲ့ဟာ ​အရင်နှစ် ​ဧပြီလတုန်းကလည်း ​ကျောင်းသူ ​အယောက် ​၃၀၀ ​နီးပါးကို ​ဖမ်းဆီးခေါ်ဆောင်သွားခဲ့ဖူးပါတယ်။

ဘိုကိုဟာရမ်ကို ​နှိမ်နင်းဖို့ ​ချက်တ်နိုင်ငံ၊ ​နီဂျဲ ​အစရှိတဲ့ ​အာဖရိက ​နိုင်ငံတွေ ​စုပေါင်းပြီး ​တိုက်ခိုက်မှုတွေ ​လုပ်ခဲ့ရာက ​တချို့နေရာတွေကို ​ပြန်လည် ​သိမ်းပိုက်နေပေမယ့် ​တဖက်မှာလည်း ​အခုလို ​ဖမ်းဆီးမှုတွေ ​ထပ်မံ ​ခံနေရတာ ​ဖြစ်ပါတယ်။

နိုင်ဂျီးရီးယား ​နိုင်ငံမှာ ​အရင်လတုန်းက ​ရွေးကောက်ပွဲ ​ကျင်းပဖို့ရှိပေမယ့် ​အကြမ်းဖက်မှုတွေ ​များလွန်းတဲ့အတွက် ​ဒီလာမယ့် ​စနေနေ့မှာ ​ကျင်းပဖို့ ​ရက်ရွှေ့ဆိုင်းခဲ့ကြပါတယ်။

ဘိုကိုဟာရမ် ​အဖွဲ့ကတော့ ​ရွေးကောက်ပွဲ ​မဖြစ်မြောက်အောင် ​အစွမ်းကုန် ​လုပ်ဆောင်သွားမယ်လို့ ​ခြိမ်းခြောက်ခဲ့ဖူးသလို ​အကြမ်းဖက် ​တိုက်ခိုက်မှုတွေကိုလည်း ​ဆက်တိုက်ဆိုသလို ​ပြုလုပ်နေပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese