03/28/15

Eleven Media Group Website အား အသုံးပြုခွင့် ပိတ်ပင်ထားသည်ဟု ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ၄င်း၏ Facebook စာမျက်နှာတွင် ရေးသားခဲ့မှုနှင့် ပတ်သက်၍ ပြန်ကြားချက်

၁။ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်မှ ၄င်း၏ Facebook တွင် Eleven Media Group ၏ Website ဖြစ်သော www.news-eleven.com မှ ၄င်းအား အသုံးပြုခွင့်ပိတ်ပင်ထားကြောင်း မတ်လ ၂၇ ရက်နေ့က ရေးသားဖေါ်ပြခဲ့ပါသည်။

၂။မြန်မာနိုင်ငံတွင် အင်တာနက် Website များအနေဖြင့် Facebook အကောင့်များကဲ့သို့ လူတစ်ဦးချင်းစီကို သီသန့်ပိတ်ပင်၍ မရနိုင်ပါ။ ထို့အတူ မြန်မာနိုင်ငံတွင် မည်သည့် IP ကို မည်သူက အသုံးပြုနေသည်ကို Eleven Media Group အနေဖြင့် မသိနိင်သလို သိခွင့်ရှိသည့် အခွင့်အရေးလည်းမရှိပါ။

၃။ သို့သော် Eleven Media Group ၏ IT Team အနေဖြင့် မည်သည့် IP များမှ Eleven Media Group ၏ Website များကို တိုက်ခိုက်နေသည် ဆိုသည်ကို အမေရိကန်နိုင်ငံအခြေစိုက် Cloudflare ကုမ္ပဏီ၏ လုံခြုံရေးဆိုင်ရာ နည်းပညာများ အကူအညီဖြင့် သိရှိနိုင်ပါသည်။ ထို့ကြောင့် Eleven Media Group ၏ Website များကို ကြိမ်ဖန်များစွာ တိုက်ခိုက်နေသည့် IP များကို ဆက်လက် တိုက်ခိုက်ခြင်း မပြုနိုင်ရန် Cloudflare မှ လုံခြုံရေးအရ ယာယီအသုံးပြုခွင့် ပိတ်ပင်လေ့ရှိပါသည်။

၎။ Eleven Media Gruop ၏ Website များသည် အာဏာရှင်တို့၏ အကျိုးစီးပွား ကာကွယ်လိုသည့် ၀ါဒဖြန့်ချိရေး ယန္တရားတွင် ပါဝင်သူတို့၏ ကြိမ်ဖန်များစွာ တိုက်ခိုက်မှုများကို ခံခဲ့ရပြီး Eleven Media Group ၏ Website အနေဖြင့် ဆုံးရှုံးမှုများ ရှိခဲ့ပါသည်။ ယနေ့အထိလည်း အဆိုပါ တိုက်ခိုက်မှုများ နေ့စဉ်ရှိနေပါသည်။ ထို့ကြောင့် Eleven Media Group ၏ Website အနေဖြင့် လုံခြုံရေးအရ လိုအပ်သော အစီအမံများကို ပြင်ဆင်ထားခဲ့ရခြင်းဖြစ်ပါသည်။

၅။ သို့ရာတွင် Eleven Media Group အား တိုက်ခိုက်နေသဖြင့် ပိတ်ပင်ခံရသော IP မှာ ဦးရဲထွဋ် အသုံးပြုနေသော IP ဖြစ်ကြောင်း ၄င်း၏ Facebook ဖေါ်ပြချက်မှတစ်ဆင့် သိရှိရပါသည်။ ၄င်းကဲ့သို့ ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ် အသုံးပြုသည့် IP ကိုပင် အသုံးပြုနေသော လူပုဂ္ဂိုလ်အချို့မှ တည်ဆဲဥပဒေကို ချိုးဖောက်ပြီး ဆိုက်ဘာတိုက်ခိုက်မှုများကို ပြုလုပ်ခဲ့၍သာ ဤကဲ့သို့ ယာယီအသုံးပြုခွင့်ကို နည်းပညာအရ ပိတ်ထားသကဲ့သို့ ဖြစ်ခဲ့ရခြင်း ဖြစ်ပါသည်။

၆။ ထို့ကြောင့် ဥပဒေကို ချိုးဖောက်သူများအား ဥပဒေနှင့်အညီ ဖော်ထုတ်အရေးယူပေးပါရန် ပြန်ကြားရေးဝန်ကြီးအား မေတ္တာရပ်ခံပြန်ကြားအပ်ပါသည်။

၇။ ၀န်ကြီးမှ ယာယီပိတ်ပင်ခံထားရသော IP အား ဖော်ပြ၍ တရားဝင်တောင်းဆိုလာပါက ပြန်လည်ပယ်ဖျက်ပေးမည်ဖြစ်ကြောင်း လေးစားစွာ ပြန်ကြားအပ်ပါသည်။

IT Department
(Eleven Media Group)


ဖမ်းဆီးထားသော ကျောင်းသား၊သူများနှင့် ၀န်းရံပြည်သူများအား အမြန်ဆုံးလွှတ်ပေးရေး Performance ပြုလုပ်ဆန္ဒပြမှုကို လှည်းတန်းမီးပွိုင့်အနီး အင်းစိန်လမ်းမပေါ်တွင် မတ်လ ၂၈ရက်၊ နံနက် ၁၀နာရီတွင် လူငယ် ၅ငါးဦးမှ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးခံ ကျောင်းသားများနှင့် ၀န်းရံပြည်သူများ အမြန်ဆုံးလွှတ်ပေးရေး ဆန္ဒပြမှုတွင် ပြုလုပ်ခဲ့သည့် Performance များမှာ ရန်ကုန်တွင် ကျောင်းသားများနှင့် ၀န်းရံပြည်သူများအား စွမ်းအားရှင်များမှ အကြမ်းဖက်ဖြိုခွင်း ရိုက်နှက်မှု ပုံသဏ္ဍာန်၊ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များမှ အကြမ်းဖက် ရိုက်နှက်ဖြိုခွင်းမှု ပုံသဏ္ဍာန် ပြုလုပ်၍ ဖမ်းဆီးခံ ကျောင်းသားတစ်ဦးချင်းစီ၏ နာမည်များကို ခေါ်ဆို၍ လွတ်ပေးရန် အစိုးရအား တောင်းဆိုခဲ့ကြပြီး ကဗျာရွတ်ဆိုမှုများကို ပြုလုပ်ခဲ့သည်။

ယင်းဆန္ဒပြပွဲကို ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် ရဲတပ်ဖွဲ့ဝင်များက ခွင့်ပြုမိန့်ရှိ မရှိ လာရောက်မေးမြန်းခဲ့ပြီး ဆန္ဒပြပွဲအပြီးတွင် ဦးဆောင်ပြုလုပ်သူ ကိုထက်အောင်လင်းကို ပုဒ်မ ၁၈ ဖြင့် အမှုဖြင့်ရန် ရဲစခန်းသို့ လာရောက်ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

Eleven media group

နောက်ပေါက် စစ်အာဏာရှင်များက တိုင်းပြည်မှာ အန္တရာယ်တွင်းထဲ ကျခါနီးတိုင်း တပ်မတော်က ကာကွယ်ခဲ့ရတာချည်း ဖြစ်တယ်ဆိုတာမျိုးကို စစ်အာဏာသိမ်းဂါထာအဖြစ် တစ်သက်လုံး မန်းမှုတ်လာခဲ့ကြ . . .

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

၂၀၀၈ ဖွဲ့စည်းပုံ လုံခြုံရေးခါးပတ်နဲ့ ပွဲထွက်လာခဲ့တဲ့ ““ကြံ့ဖွံ့အစိုးရဟာ ၂၀၁၅ ကုန်ရင်တော့ ၂၀၁၅ ရွေးကောက်ပွဲက မွေးထုတ်ပေးမယ့် နောက်အစိုးရကို အာဏာလွှဲရပါတော့မယ်။ ၂၀၁၅ ရွေးကောက်ပွဲက ဘယ်လို အစိုးရမျိုးများ မွေးထုတ်ပေးမှာပါလဲ။ မြန်မာ့ လူ့အဖွဲ့အစည်းဟာ “မြေရှင်လူမှု စနစ်ဟောင်းကို မပြုပြင်ရသေးတဲ့ အရင်းရှင်စနစ် ခေတ်နောက်ကျနေတဲ့ စစ်ဗျူရိုကရက် လက်ဝါးကြီးအုပ် အရင်းရှင်စနစ် ကျင့်သုံးနေတဲ့ ““လူ့အဖွဲ့အစည်းကိုပဲ မွေးထုတ်ပေးခဲ့မှာပါ။ ဒါဟာ ၂၁ ရာစုဦး မြန်မာ့လူ့အဖွဲ့အစည်းရဲ့ လူမှုစီးပွားလက္ခဏာပါ။ ဒီလူ့အဖွဲ့အစည်းရဲ့ ထူးခြားချက်က လူ့အဖွဲ့အစည်းရဲ့နိုင်ငံရေးအာဏာ၊ စီးပွားရေး အာဏာအားလုံးကို တပ်မှူးစစ်ကဲကြီးများက “လက်ဝါးကြီးအုပ် ချုပ်ကိုင်ထားခဲ့တာ ၅၃ နှစ်ရှိပါပြီ။ ၂၀၀၈ ဖွဲ့စည်းပုံဟာ လူ့အဖွဲ့အစည်းအတွင်း တပ်မှူးစစ်ကဲကြီးများရဲ့ အာဏာပိုင်စိုးမှု ကို တောင့်စေ့စေ့ အကွယ်အကာ ပေးထားတာပါ။ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို ဦးတည်မထားတဲ့ ပါတီအဖွဲ့အစည်း၊ လုပ်ငန်းစဉ်လမ်းစဉ် ပေါ်လစီ အခင်းအကျင်းအားလုံးဟာ““ဗမာပြည်မှာ ““စစ်အာဏာရှင်စနစ် သက်ဆိုး ရှည်ရေးကို ရှေးရှုထားတာ ချည်းပါပဲ။ အမေရိကန်၊ အီးယူ၊ ဂျပန်နဲ့ အိုရှင်းန်နီးယားနိုင်ငံများ၊ စကင်န်ဒီနေးဗီးယား နိုင်ငံကြီးများစတဲ့ ““ကမ္ဘာ့လစ်ဘရယ် ဒီမိုကရေစီနိုင်ငံကြီးများဟာ ကြံ့ဖွံ့အစိုးရကို “ဥဿုံ” ကူညီနေကြတာပါ။ တကယ်က ဒီနိုင်ငံကြီးတွေဟာ ကြံ့ဖွံ့အစိုးရနဲ့ ““ဈေးရောင်းဈေးဝယ် လုပ်ချင်နေကြတာပါ””။ ““ကြံ့ဖွံ့စစ်အုပ်စု” အာဏာရှင် နိုင်ငံဘ၀မှာ ကြံ့ဖွံ့စစ်အစိုးရ (န၀တ၊ နအဖ၊ ကြံ့ဖွံ့)နဲ့ ဥဿုံပူးပေါင်း ဆောင်ရွက်နေကြ တဲ့ နိုင်ငံထဲမှာ တရုတ် (PRC) ဟာ အထင်ရှားဆုံးပါပဲ။ ““လောက်ကိုင်တိုက်ပွဲ””ဖြစ်လာတဲ့အခါ ဗမာစစ်အစိုးရက ““ဒါဟာ အမျိုးသားရေး ပြဿနာဖြစ်တယ်လို့ ကြွေးကြော်အော်ဟစ်ပြီး”” ရှေ့တန်းကူညီရေး ကင်ပိန်းအကြီးအကျယ် လှုံ့ဆော်ခဲ့ကြတယ်။

လူလတ်တန်းစား အထက်လွှာနဲ့ ကြံ့ဖွံ့စစ်အုပ်စုနဲ့ ““မကင်းနိုင်ကြတဲ့ လစ်ဘရယ် ဘူဇွာကြီးများက ““ရှေ့တန်းကူညီရေး””မှာ သူ့ထက်ငါကောင်း ““မျိုးချစ်စိတ် အရှိ ပြိုင်ကြပါတယ်””။ ဒီရက်များ အတွင်းမှာ ကြံ့ဖွံ့စစ်အစိုးရနဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအရ ““ရောထွေးယှက်တင် ဖြစ်နေကြတဲ့”” လူမှုအင်အားစု အမျိုးမျိုးဟာ လောက်ကိုင်တိုက်ပွဲကို အကြောင်းပြုပြီး”” သူတို့ဟာ တိုင်းပြည်နဲ့ လူမျိုးကို ဘယ်လောက်ချစ်ကြောင်း နည်းလမ်းပေါင်းစုံနဲ့ ဖော်ပြခဲ့ကြပါတယ်။ ၁၉၅၁/ ၅၃ ခုနှစ်အတွင်းက ““ကေအမ်တီ(KMT) တရုတ်ဖြူတွေ”” ရှမ်းပြည်အရှေ့ပိုင်းကို ကျူးကျော်စဉ်ကတောင် ““ဒီကနေ့လို”” ရှေ့တန်းကူညီရေး ကင်န်ပိန်းမျိုး ဖဆပလအစိုးရက လှုံ့ဆော်ခဲ့တာမျိုး မရှိပါဘူး။ ““တရုတ်ဖြူကျူးကျော်မှု””ဟာ ““လောက်ကိုင်တိုက်ပွဲ””နဲ့ ဘာမှမဆိုင်ပါဘူး။ ၆၂ ခု ““ဇူလိုင် ၇ ရက် သတ်ဖြတ်မှု၊ ၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီး သတ်ဖြတ်မှု အလုပ်သမားသပိတ်၊ ဦးသန့်အရေးအခင်း၊ ၂၀၀၇ သံဃာအရေးတော်ပုံ သတ်ဖြတ်မှုကြီးများမှာ စစ်တပ်နဲ့ စစ်အစိုးရရဲ့ ရက်စက်တဲ့ သတ်ဖြတ်မှုကြီးများကြောင့် ““စစ်တပ်နဲ့ စစ်အာဏာရှင်များအပေါ် လူထုကြီးရဲ့ နာကြည်း မုန်းတီးမှုများကို ““လောက်ကိုင်တိုက်ပွဲ””နဲ့ ““လမ်းလွှဲဖို့ ရည်ရွယ်ချက်ကြီးကြီးနဲ့ ဒီကနေ့အထိ လုပ်နေဆဲဖြစ်တယ်””လို့ ဆိုချင်ပါတယ်။ ““ပြည်တွင်းစစ်နဲ့ စစ်အာဏာရှင် စနစ်ဟာ တစ်ခုက တစ်ခုကို အသက်ဆက်ပေးနေတဲ့ ဖက်တာကြီး ၂ ခု ဖြစ်ပါတယ်။ ဒီဖက်တာ ၂ခုဟာ တစ်ခုရှိလို့ တစ်ခုရှိတာပါ”” ၈၈ အရေးတော်ပုံကြီး ကာလမှာ နိုင်ငံနဲ့။ လူမျိုးဟာ ““အဆင်းရဲဆုံးနိုင်ငံနဲ့ လူမျိုးဖြစ်နေခဲ့ပြီ””လို့ ပညာရှင် စစ်တမ်းများက ဖော်ထုတ်ခဲ့ကြတာပါ။ ဒါဖြင့် တပ်မှူး စစ်ကဲကြီးများကတော့ ““ဘာကြောင့်များ”” ““သန်းကြွယ် သူဌေးကြီးတွေ ဖြစ်ခဲ့ကြတာပါလဲ””။ စတင်ရရှိတဲ့ လစာကနေ ဒီကနေ့ ၂၀၁၅ ခုနှစ်အထိ ရခဲ့ကြတဲ့ ““လစာငွေ””များကို (တစ်ပြားတစ်ချပ်မှ မသုံးဘဲ စုထားခဲ့ရင်တောင်) ဒီကနေ့ သူတို့ လက်ထဲမှာရှိတဲ့ ငွေကြေး၊ ဥစ္စာဘဏ္ဍာ၊ ရတနာပစ္စည်း အထုအထည်ဟာ (စုစုပေါင်းရတဲ့ လစာငွေနဲ့ မနှိုင်းယှဉ်နိုင်သာအောင် အဆများစွာ ပွားများနေတာကို တွေ့ကြမှာပါ။ ဒါဖြင့် ပုံသဏ္ဌာန်မျိုးစုံရှိတဲ့ ဒီကိန်းဂဏန်းမဲ့ ကြွယ်ဝမှုများကို ဘယ်နည်းဘယ်ပုံများ စုမိဆောင်းမိ ဖြစ်လာကြတာပါလဲ။ “အာဏာ”နဲ့ “ဥစ္စာဓန”ဟာ တစ်ခုကို တစ်ခုက ဖန်တီးပေးနေတာဖြစ်ကြောင်း လူတိုင်းက သိနေကြပြီးသားပါ။ ရွေးကောက်ပွဲ တစ်ခုခုမှာ ပါတီတစ်ခုခုရဲ့ ကိုယ်စားလှယ်အဖြစ် ပါဝင်ယှဉ်ပြိုင်၊ လူကြီးကြိုက်အောင်နေ၊ အနိုင်ရရင် ၀န်ကြီး ဖြစ်အောင်လုပ်၊ ကျန်တာတွေ တဖြည်းဖြည်း ဖြစ်လာလိမ့်မယ်။ မုဆိုးစိုင်သင်ပေါ့။ နေပြည်တော် စစ်အိမ်စစ်နန်းကြီး တည်ဆောက်။ ဒီကနေ့အထိ ဒီစစ်အိမ်စစ်နန်းကြီး ဘယ်လိုဆောက်တယ်။ ဘယ်လောက် ကုန်ကျခဲ့တယ် ဆိုတာကို ဘယ်လူပုဂ္ဂိုလ် အဖွဲ့အစည်းကိုမှ အရေးစိုက်ပြီး အသိမပေးခဲ့ပါဘူး။ ရန်ကုန်၊ သင်္ဃန်းကျွန်း၊ တာမွေလေး၊ မိကျောင်းကန်ရပ်ကွက်က မြေအသိမ်းခံ၊ မြို့နေဆင်းရဲသားများက “နေစရာမြေ” တောင်းတော့ ဥပဒေနဲ့မညီဘူးလို့ပြောပြီး ဖမ်းဆီးထောင်ချပစ်တာ ခံကြရပါတယ်။ မြို့ပြရဲ့တကယ့် Burnning အဖြစ်ဆုံး ပြဿနာက ““နေအိမ်ပြဿနာ””ပါပဲ။ ဒီပြဿနာကို ““အစိုးရ””ကကော၊ ဒီမိုကရေစီပါတီတွေကပါ “မမြင်၊ မကြားကြပါဘူး”။

၁၉၆၂ ခုနှစ် “မတ်လစစ်အာဏာသိမ်းပွဲ” ဆင်နွှဲပြီးတဲ့အခါ ကကချုပ်ဗိုလ်ချုပ်ကြီးနေ၀င်းက တိုင်းပြည် ချောက်ထဲကျဖို့ လက်နှစ်လုံးလောက် အလိုမှာ(သူ) တိုင်းပြည်ကို ကယ်တင်ခဲ့ရတာပါ”” လို့ ပြောခဲ့တာပါ။ နောက်ပေါက် စစ်အာဏာရှင်များက တိုင်းပြည်မှာ အန္တရာယ်တွင်းထဲ ကျခါနီးတိုင်း တပ်မတော်က ကာကွယ်ခဲ့ရတာချည်း ဖြစ်တယ်ဆိုတာမျိုးကို စစ်အာဏာသိမ်း ဂါထာအဖြစ် တစ်သက်လုံး မန်းမှုတ်လာခဲ့ ကြတာပါ။ မဟုတ်ရင်နေ။ ဒါပေမဲ့ ခဏခဏပြော၊ ကြာရင် လူတွေယုံလာကြလိမ့်မယ်ဆိုတဲ့ လိမ်ညာနည်းကို ဟစ်တလာက သူ့ဆိုက်ဝါးက လူတွေကို လမ်းညွှန်ခဲ့တယ် ဆိုပါတယ်။

၂၈-၃-၄၈ က စခဲ့တဲ့ “ပြည်တွင်းစစ်သမိုင်း”ကို ခြေရာကောက်ကြည့်ရင် ခုလိုတွေ့ရပါမယ်။ ၁၉၄၈/ ၄၉ မှာ “ရန်ကုန်အစိုးရ”ကို ကာကွယ်ခဲ့တာဟာ “တိုင်းပြည်ကို ကာကွယ်ခဲ့တာလား။ ကျဆုံးမယ့်အန္တရာယ်နဲ့ ကြုံနေရတဲ့ ပြည်တွင်းစစ်တရား ခံဖဆပလ အစိုးရကို ကာကွယ်တာ မဟုတ်ဘူးလား။ ၁၉၅၈ ခုနှစ် ဇွန်လမှာ ဖဆပလ အဖွဲ့ချုပ် တည်မြဲ-သန့်ရှင်းဂိုဏ်းကွဲတယ်။ ဖဆပလအစိုးရ ဂိုဏ်းကွဲတယ်။ ပုဒ်မ ၁၁၆ ကို ပြင်ပြီး “နု-၀င်း” ပေးစာ ၂ စောင်နဲ့ ကကချုပ် ဗိုလ်နေ၀င်းကို တစ်နှစ်ဝန်ကြီးချုပ် အာဏာလွှဲပေးခဲ့တယ်။ အတိုက်အခံ ပမညတများက ဒါဟာစစ်တပ်က အာဏာသိမ်းဖို့ ဇာတ်တိုက်တာပဲလို့ ဝေဖန်ထောက်ပြ ခဲ့တယ်။ ၁၉၅၆ ခုနှစ်၊ အောက်တိုဘာ မိတ္ထီလာ တပ်မှူးကြီးများ ညီလာခံမှာကတည်းက [နိုးကြားတဲ့ နိုင်ငံရေးသမားကြီးများက] ““ဗိုလ်နေ၀င်းက အာဏာသိမ်းဖို့ ကြံနေပြီ””လို့ သတိပေးခဲ့တယ်။ ““မိတ္ထီလာ တပ်မှူးကြီးများ ညီလာခံမှာ ဗိုလ်နေ၀င်းက (ဒီကနေ့ ဒို့တာဝန်အရေး (၃)ပါး””လို့ လူသိများနေတဲ့ ကြွေးကြော်သံ၃ချက်ကို ““တပ်မတော်ရဲ့ ၀ါဒလမ်းစဉ်ကြီး (၃)ရပ်အဖြစ် ချမှတ်ပေးခဲ့တယ်။ တကယ်က ဒီ ၃ ချက်ဟာ National Calls အမျိုးသားကြွေး ကြော်သံကြီးများ ဖြစ်တယ်။ ၁၉၅၆ ခုနှစ်ကတည်းက ဗိုလ်နေ၀င်းဟာ ဗမာ့တပ်မတော်ဟာ ““အမျိုးသား နိုင်ငံရေး အင်အားစုကြီး ဖြစ်တယ်””ဆိုတဲ့ Illusion မှိုင်းကို လူထုကြားထဲ ထုတ်လွှင့်ခဲ့သူ ဖြစ်ပါတယ်။ “ဗမာ့တပ်မတော်”ဆိုတာ ဂျပန်ဖက်ဆစ်က မွေးပြီး ဗြိတိသျှနယ်ချဲ့စနစ်က ကျွေးတဲ့တပ်၊ ပြည်တွင်းစစ် တိုက်ခဲ့/ တိုက်နေတဲ့ တပ်၊ ကွန်မြူနစ်ဆန့်ကျင်ရေး၊ လူမျိုးစု ဆန့်ကျင်ရေး/ လူထုဆန့်ကျင်ရေးတပ်၊ ဒီမိုကရေစီ ဆန့်ကျင်ရေးတပ်၊ အမျိုးသား ဥစ္စာဓနများကို လက်ဝါးကြီး အုပ်ထားတဲ့တပ် ဆိုတာကို ဖုံးကွယ်ဖို့ “ဒီ” ဒို့တာဝန် အရေးသုံးပါး””ဆိုတဲ့ ““အမျိုးသား ကြွေးကြော်သံများကို “ဒိုင်း”အဖြစ် ကာကွယ် အသုံးချနေတာ ဖြစ်တယ်။ “တကယ်က” စစ်ဗျူရိုကရက် လက်ဝါးကြီးအုပ် အရင်းရှင်ကြီး လူတန်းစားများသာဖြစ်တယ်။ သူတို့ရဲ့ အာဏာရှင်နဲ့ ဥစ္စာဓနကို ကာကွယ်ဖို့ ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေအပါအ၀င် ဥပဒေ အမျိုးမျိုးနဲ့၊ ““လက်နက်ကိုင် တပ်ဖွဲ့အမျိုးမျိုးနဲ့ ကာကွယ်နေကြတာ ဖြစ်ပါတယ်။ “ဒီ” မဟာဗျူဟာ ကြံရွယ်ချက်ကို “နားမလည်နိုင်သူ မည်သူမဆို” “ဗမာပြည် နိုင်ငံရေးကို ခေါင်းဆောင်ရာမှာ “မဟာဗျူဟာ အကျပ်ရိုက်မှုများ မုချကြုံတွေ့ရမှာ မြေကြီးလက်ခတ်မလွဲပါပဲ။

၁၉၆၂ မှ ၁၉၈၈ ခုနှစ်အထိ ၂၆ နှစ်ကြာတဲ့အခါ မြန်မာနိုင်ငံနဲ့ မြန်မာ လူထုကြီးဟာ အဆင်ရဲဆုံးနိုင်ငံနဲ့ အဆင်းရဲဆုံး လူထုကြီးဘ၀ကို ကျရောက်သွားခဲ့ရပါတယ်။ ဗမာပြည်လက်နက်ကိုင် ပုန်ကန်မှုများဟာ ၁၉၄၈ ခုနှစ်က စတင်ခဲ့ပြီး ခုနှစ်ဆယ်စုနှစ်ထဲရောက်တဲ့အခါ ရှမ်း၊ ချင်း၊ ကချင်စတဲ့ “အဓိကမျိုးနွယ်စုကြီးများအား လုံးဟာ A.S လမ်းကြောင်းပေါ် ရောက်နေ ကြပါပြီ။ ဥပဒေတွင်းမှာလည်း ပြည်သူ လူထုအတန်းအစား အလွှာမျိုးစုံရဲ့ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး တိုက်ပွဲများဟာလည်း တစ်ပွဲပြီးတစ်ပွဲ အဆက်မပြတ် ဖြစ်ပေါ် နေခဲ့တယ်။ ဒီ“အကြောင်းအကျိုးများဟာ စစ်အစိုးရရဲ့ စီးပွားရေး၊ နိုင်ငံရေး ပေါ်လစီအမှားများနဲ့ ဆက်စပ်ပြီး ““၈၈ရှစ်(၄)လုံး (Mass upsurge) လူထုအုံကြွမှုကြီး” တစ်ခဲနက် ဖြစ်ပေါ်လာခဲ့ပါတယ်။ ဒီ“အုံကြွမှုကြီး”က မဆလသမ္မတ (၃)ဆက်နဲ့ ၇၄ မဆလ တစ်ပါတီစနစ် ဖွဲ့စည်းပုံကို ဖယ်ရှားပစ်နိုင်ခဲ့တယ်။ ဒါပေမဲ့ နယ်ခံတပ်မှူး စစ်ကဲများဟာ သူ့“အထက်အမိန့်ပေး အဖွဲ့များရဲ့ ညွှန်ကြားချက်များကို နာခံနေခဲ့ကြပါတယ်။ ၈၈ စက်တင်ဘာ ပထမပတ်ထဲမှာ အထွေထွေသပိတ် ကော်မတီကို ဖွဲ့စည်းနိုင်ခဲ့ပေမယ့် တစ်မျိုးသားလုံးကို ကိုယ်စားပြုတဲ့ အမျိုးသားသပိတ် ကော်မတီဖွဲ့ရေး၊ ဒီ NSC အမျိုးသားသပိတ် ကော်မတီကို ကိုယ်စားပြုတဲ့ ကြားဖြတ်အစိုးရ တစ်ရပ် ဖွဲ့စည်းရေးကို သမားစဉ်အတိုင်း စိတ်ကူးကြံဆနေဆဲမှာ (န၀တ/ နအဖ အာဏာလွှဲပြောင်းမှုနဲ့ ၁၉၉၀ ရွေးကောက်ပွဲ၊ အမျိုးသားညီလာခံ/ ၉၃ နဲ့ ၂၀၀၈ ဖွဲ့စည်းပုံ၊ ၂၀၁၁ လူထုဆန္ဒခံယူပွဲ၊ ရွေးကောက်ပွဲ ဖြစ်စဉ်များကို ဖြတ်သန်းပြီး ““ကြံ့ဖွံ့စစ်အစိုးရ”” နိုင်ငံရေးစင်မြင့်ပေါ် ရောက်လာခဲ့ပါတယ်။ ၂၀၁၁ ရွေးကောက်ပွဲနဲ့ ပုံသွင်းထားတဲ့ State apparatus နိုင်ငံတော်ယန္တရားများက လူထုကြီးအပေါ် “ဖိ”အား ပေးလာခဲ့ပါတယ်။ ကြိုက်ကြိုက်၊ မကြိုက်ကြိုက် ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ဒီဖွဲ့စည်းပုံနဲ့အညီ အရွေးကောက် တင်မြှောက်ခဲ့တဲ့ ကြံ့ဖွံ့အစိုးရက တရားဝင် အစိုးရအဖြစ် ဖြစ်ပေါ်လာခဲ့တယ်။ ကြံ့ဖွံ့ပါတီက ခင်းကျင်းတဲ့ မဟာဗျူဟာအရဒီချုပ် ဥက္ကဋ္ဌဟာ ထိန်းသိမ်းရာမှ လွတ်မြောက်လာခဲ့။ ပါတီမှတ်ပုံတင်မှာ မှတ်ပုံတင်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ ဒီချုပ်ဥက္ကဋ္ဌ ရွေးကောက်ပွဲဝင်၊ အနိုင်ရ၊ လွှတ်တော်တက် ၂၀၀၈ ဖွဲ့စည်းပုံကို ရိုသေပါမည်၊ ကာကွယ်မည်လို့ လွှတ်တော်တက်၊ ကျမ်းကျိန်ခဲ့ရပါတယ်။ ဒီမိုကရေစီရေး တက်ကြွသူများက ခေါင်းရမ်းကြပါတယ်။

(၁) ဗမာပြည်မှာ ပြည်တွင်းစစ် ဘာကြောင့် ဖြစ်ခဲ့ရတာလဲ။

ဗမာပြည်လွတ်လပ်ရေး တိုက်ပွဲအတွင်းမှာ ဗမာပြည် ကွန်မြူနစ်ပါတီရဲ့ အခန်းကဏ္ဍဟာ အလွန်ကြီးပါတယ်။၁၉၄၆ စက်တင်ဘာ အထွေထွေသပိတ်ဟာ ဗကပက ခေါင်းဆောင်တဲ့ သပိတ်ကြီးပါ။ အင်္ဂလိပ်နယ်ချဲ့သမား ကိုယ်တိုင်က စိုးရိမ်ကြောက်လန့်တဲ့ သပိတ်ကြီးပါ။ အင်္ဂလိပ်နယ်ချဲ့သမားနဲ့ စာချုပ်ကြီး ၆ ခုနဲ့ လွတ်လပ်ရေးရယူဖို့ ဖဆပလ လက်ယာဂိုဏ်းက ပြင်ဆင်ပြီးချိန်မှာ ဖဆပလကြားဖြတ် အစိုးရ လုပ်ကြံ ခံခဲ့ရပါတယ်။ ဗိုလ်အောင်ဆန်းက ဆိုရန်တိုဗီလာ (အခုစာပေဗိမာန်) National Planning အစည်းအဝေး အပြီးမှာ ကျင်းပတဲ့ P.C မှာ ဗိုလ်အောင်ဆန်းက သခင်သန်းထွန်း ဗကပနဲ့ ဖဆပလညီညွတ် ကြမှာပါ။ အလံနီ သခင်စိုးနဲ့တော့ မဖြစ်ဘူးလို့ ပြောခဲ့ပါတယ်။ သခင်နု ဖဆပလက ဒီမိန့်ခွန်းကို ၀ှက်ထားခဲ့တယ်။ (သို့မဟုတ်) ဒီမိန့်ခွန်းကို ဗိုလ်အောင်ဆန်း မိန့်ခွန်းပေါင်းချုပ်ထဲက ထုတ်ထား (သို့မဟုတ်၊ ဖျက်ဆီးပစ်ဟန် တူတယ်လို့ သခင်ခင်အောင်က ပြောခဲ့ဖူးပါတယ်။ သခင်နုခေါင်းဆောင်တဲ့ ဖဆပလ အစိုးရအဖွဲ့မှ သခင်နုဝန်ကြီးချုပ်၊ ဦးကျော်ငြိမ်း (ပြည်ထဲရေးဝန်ကြီး)၊ ကာကွယ်ရေးဝန်ကြီးဦးဗဆွေ (ကကချုပ်) ဗိုလ်နေ၀င်းတို့ ၄ ဦးဂိုဏ်းရဲ့ သဘောတူညီချက်နဲ့ ““၂၈- ၃- ၄၈”” ပြည်တွင်းစစ်မီးကို စတင် စွဲလောင်စေခဲ့ကြတယ်။

အာဏာရခဲ့ကြတဲ့ လွတ်လပ်ရေးခေတ် အစိုးရမှန်သမျှဟာ ပြည်တွင်းစစ်နဲ့ ပတ်သက်ရင် (၁)အပြုတ်တိုက်ရေးနဲ့ (၂) လက်နက်ချရေး၊ အညံ့ခံရေး ပေါ်လစီများကို တစ်လျှောက်လုံး ကျင့်သုံးခဲ့တာပါ။ ၁၉၈၉၊ ဧပြီလမှာ ဗကပမှ လူမျိုးစုတပ်ဖွဲ့များ ခွဲထွက်ကြတဲ့အခါ ““ဗကပ လက်နက်ကိုင်တော်လှန်ရေး”” နာလန် ပြန်မထူနိုင်အောင် (၁၉၆၃၊ နိုဝင်ဘာ ဒိုင်ယာလော့ဂ်မှာ) ဗကပကို မပေးခဲ့တဲ့ နယ်မြေတည်ရှိခွင့်၊ တပ်တည်ရှိခွင့်၊ အဖွဲ့အစည်း တည်ရှိခွင့်များ (ထိုးပေးပြီး) အပစ်ရပ်ခဲ့တာ (၁၉၈၉/၂၀၁၅) ၂၆ နှစ်ရှိပါပြီ။ စစ်လည်းမဖြစ်၊ ငြိမ်းချမ်းရေးလည်း မရှိတဲ့ အခြေအနေမျိုးနဲ့ ကြိုးရှည်ရှည်နဲ့ လှန်ထားခဲ့တာပါ။ NCCT နဲ့ UPWC တို့မကြာခင် ဒိုင်ယာလော့ဂ်လုပ်ကြ တော့မယ်လို့ သတင်းများကြားရတာ ကြာပါပြီ။ လူမျိုးစုံ တိုင်းရင်းသားများ က တောင်းဆိုနေကြတဲ့ အမျိုးသား တန်းတူရေး ဆိုတာမှာ (၁) ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး (၂) ဖက်ဒရယ်တပ် ဖွဲ့စည်းရေး ဖြစ်ပါတယ်။ တိုင်းရင်းသားများရဲ့ တောင်းဆိုချက်ဟာ ဒို့တာဝန်အရေး ၃ ပါးနဲ့ ငြိမှာမုချပါပဲ။ UPWC နဲ့ NCCT တို့ရဲ့ ၇ ကြိမ်မြောက် ဒိုင်ယာလော့ဂ်ကို သည်းထိတ်ရင်ဖို စောင့်ကြည့်ရမှာပါ။ ပြည်တွင်းစစ်ဟာ ဒီမိုကရေစီကို မီးလောင်တိုက် သွင်းခဲ့တာပါ။

(၂) စစ်အာဏာရှင်စနစ်ကကော ဘာကြောင့်ဖြစ်ပေါ်လာတာလဲ။

(က) ဗိုလ်နေ၀င်းလို အာဏာရူးတစ်ယောက် ရှိနေခဲ့တာကြောင့်ပါပဲ။ ဒါဟာ Social cause ပါ။

(ခ) ပြည်တွင်းစစ်ဟာ စစ်အာဏာရှင်စနစ်ကို မွေးထုတ်ပေးခဲ့တဲ့ Basic Political Cause ပါပဲ။

(ဂ) အာဏာရ လစ်ဘရယ်ဓနရှင် လူမှုအစုကြီးရဲ့ အစုအအုပ်ဖြစ်တဲ့ အာဏာရ ဖဆပလ အဖွဲ့ချုပ်ကြီးအတွင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအရ ဂိုဏ်းကွဲပြီး တည်မြဲ-သန့်ရှင်း ဖြစ်လာခဲ့တာကြောင့်ပါပဲ။

(ဃ) ဥပဒေတွင်း ဥပဒေရှိ မာ့က်စ်ဝါဒ ယုံကြည်ကြတဲ့ ဗကပ၊ အလံနီ၊ ပြည်သူ့ရဲဘော်၊ အလုပ်သမားပါတီ (ဆိုရှယ်နီ) စတဲ့ လက်ဝဲအင်အားစုများ အတွင်းမှာလည်း တရုတ်နဲ့ဆိုဗီယက်လမ်းစဉ် (Line) ကွဲနေကြပါတယ်။ အထူးသဖြင့် ဆိုရှယ်နီ/ ပမညတ၊ မလညပများကို ဂိုဏ်းကွဲစေဖို့ ၁၉၆၂ မတ်လအာဏာသိမ်းရာမှာ မဆလ ဆိုရှယ်လစ်စနစ်ကို ဗိုလ်နေ၀င်းက ကြွေးကြော် လိုက်တာပါပဲ။ အဲဒါကို ၀ိဓူရသခင် ချစ်မောင်၊ ဦးသိန်းဖေမြင့်၊ ဦးဘညိန်စတဲ့ ၀ါရင့်လက်ဝဲ၀ါဒီကြီးများက ပါဝင်ထောက်ခံခဲ့ကြလို့ မဆလစစ်အစိုးရကို ရှစ် ၄ လုံးနဲ့ အသက် ထောင်ချီ ပေးပြီး တိုက်ခဲ့ကြရပါတယ်။

(င) ရှစ် ၄ လုံး ဒီမိုကရေစီ အရေးတော်ပုံကြောင့် (၁၉၈၈ -၂၀၁၀)၂၂ နှစ်အကြာမှာ ပြည်တွင်းပြည်ပ ဘက်စုံအပြောင်းအလဲများကို အကဲခတ်၊ စစ်အုပ်စုရဲ့ ရေရှည်အာဏာ ပိုင်စိုးမှုကို အာမခံချက် ပေးထားတဲ့ ““၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံနဲ့ အာမခံထားတဲ့”” စည်းမျဉ်းသတ်စစ် အာဏာရှင်စနစ် ဖွဲ့စည်းပုံနဲ့ ပွဲထွက်လာခဲ့တာ ၄ နှစ်ကျော်ခဲ့ပြီ။ စစ်အာဏာရှင်စနစ်နဲ့ ဒုံးအုပ်ချုပ်တာမျိုး မဟုတ်ဘဲ စစ်အာဏာရှင်စနစ် အုပ်စိုးမှုကို လွယ်လွယ်နဲ့ ဖြိုချလို့မရအောင် ကြံစည်ထားတဲ့ ဖွဲ့စည်းပုံကို ပြဋ္ဌာန်းပြီး ပွဲထွက်လာခဲ့တာသာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံဥပဒေ၊ ပါတီစုံစနစ်၊ ရွေးကောက်ပွဲစတဲ့ နိုင်ငံရေး ပုံသဏ္ဌာန်များကို ယေဘုယျကြည့်ပြီး “ဒီမိုကရေစီအဖြစ် ယုံမှတ် သူများအတွက်တော့ ကြံ့ဖွံ့စစ်အုပ်စုရဲ့ နိုင်ငံရေးထောင်ချောက်အတွင်း လွယ်လွယ်ကလေး ကျရောက်သွား စရာရှိပါတယ်။ လက်ငင်းမှာကို ကျရောက်သူကျရောက်၊ ကျရောက်ဖို့ ကြမ္မာငင်နေကြတဲ့ သူတွေလည်း မနည်းပါဘူး။ အပေါ်ယံပုံသဏ္ဌာန်များဟာ အမြဲပဲ အတွင်းသဘောနဲ့ ထပ်တူကျလိမ့်မယ်လို့ အတွေးအခေါ် ဒဿနတိုင်းက အမြဲမပြောပါဘူး။ မဆလ လမ်းစဉ်ကို စစ်မှန်တဲ့ ဆိုရှယ်လစ်စနစ်အဖြစ် မှတ်ယူကြည့်မြင် ပူးပေါင်း ဆောင်ရွက်ခဲ့ကြတဲ့ ပမညတ၊ မလညပစတဲ့ (Legal Marxists) ဥပဒေတွင်း မာ့က်စ်ဝါဒီကြီးများရဲ့ နိုင်ငံရေးဘ၀ နိဋ္ဌိတံပုံဟာ ကြေကွဲစရာ၊ သင်ခန်းစာယူစရာ ကောင်းလှပါတယ်။ ဒီကနေ့ဆိုရင် ဗမာပြည်က လစ်ဘရယ် ဒီမိုကရက်များဟာ မလညပများရဲ့ နိုင်ငံရေးကံကြမ္မာ လမ်းကြောင်းမျိုးပေါ် ရောက်နေကြပါပြီ။

““၀ါဝါမြင်တိုင်း ရွှေမဟုတ်”” ဆိုတဲ့ ဆောင်ပုဒ်ကလည်း သတိပြုစရာပါ။ Phenomenon and Essence ဆိုတဲ့ တွေးခေါ်မှု ပုံသဏ္ဌာန်ကလည်း ဒါပြောတာပါပဲ။ CPSU အတွင်းရေးမှူး ဂေါ်ဘာချော့ဗ်ကို နိုဘယ်ဆု ရွေးချယ်ရေး ကော်မတီက ဘာကြောင့် နိုဘယ်ဆုကြီး ချီးမြှင့်ခဲ့တာပါလဲ။

အောင်သာ (ပီသုံးလုံး)

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

နှစ်စဉ်နှစ်တိုင်းလိုလို သွေးစီးကြောင်းများ ခြောက်သွားခြင်း၊ ရပ်တန့်သွားခြင်းမရှိဘဲ ဆက်လက် စီးဆင်းခဲ့ရာ အလုပ်သမား၊ လယ်သမား၊ ကျောင်းသား၊ စာပေနှင့်စာနယ်ဇင်းသမားများ တစ်ယောက်ပြီး တစ်ယောက် စွန့်လွှတ်ခံကာ ဒီမိုကရေစီပန်းတိုင် ရောက်အောင် ချီတက်နေကြ

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

မတ်လသည် မြန်မာ့ဒီမိုကရေစီရေး တိုက်ပွဲတွင် အလွန်ထူးခြားသော လတစ်လ ဖြစ်သလို တော်လှန်ရေး သမိုင်းတွင်လည်း ထူးခြားသော ဖြစ်စဉ်များ အများဆုံးရှိသော လတစ်လဖြစ်၏။ မတ်လ ၂ ရက်နေ့ကို ယခုထက်တိုင် တောင်သူလယ်သမားနေ့ဟု သတ်မှတ်ထားခြင်းမှ စရမည်။ မတ်လ ၂ ရက်နေ့မှာ တောင်သူ လယ်သမားများနှင့် ဘာမှမပတ်သက်ပေ။ တောင်သူလယ်သမားနေ့အဖြစ် သတ်မှတ်ရမည် ဆိုလျှင် ဗြိတိသျှ ခေတ်က လယ်သမားများကို ဖိနှိပ်မှုအား မခံနိုင်သည့်အဆုံး ဆရာစံသူပုန်ခေါ် လယ်သမားတော်လှန်ရေးကြီး ဖြစ်သောနေ့ကို သတ်မှတ်ဖို့တချို့က အဆိုတင်သွင်းကြသည်။ သို့သော် စစ်အစိုးရက သူတို့အာဏာသိမ်းသော မတ်လ ၂ ရက်နေ့ကို တောင်သူလယ်သမားများ အကျိုးအတွက်ဖြစ်သည်ဟု မျက်နှာလုပ်ကာ သတ်မှတ်ထား ခြင်းဖြစ်လေ သည်။ နောက်မတ်လ(၁၃)ရက် နေ့မှာ RIT ကျောင်းသားကို ဖုန်းမော် သေဆုံးသည့်နေ့ဖြစ်ကာ ထိုအဖြစ်ကြောင့် ၈၈ အရေးအခင်းဖြစ်ပေါ်ခဲ့၏။ ထို့ကြောင့် ကျောင်းသားများ ထိုနေ့ကို ဖုန်းမော်နေ့ဟု သတ်မှတ်ကြသည်။ ကိုဖုန်းမော်နှင့်အတူ ကိုစိုးနိုင်လည်း ကျဆုံးခဲ့သဖြင့် ၂ ယောက်စလုံးကို ဂုဏ်ပြုသောနေ့ ဖြစ်လေသည်။ တံတားနီတွင် ကျောင်းသားများကို ပစ်သတ်ခဲ့သည့် တံတားနီ အရေးအခင်းမှာလည်း မတ်လတွင်ပင် ဖြစ်၏။ မတ်လကို အသေးစိတ်လေ့လာ သုံးသပ်လျှင် တခြား အထိမ်းအမှတ် ပြုစရာ နေ့ များလည်း ရှိပါသည်။ မတ်လမှာပင် ရွှေပြည်သာ အထည်ချုပ်စက်ရုံမှ လုပ်ခအတွက် သပိတ်မှောက် တိုက်ပွဲဝင်နေသော သပိတ်မှောက် အလုပ်သမားများသည် ရွှေပြည်သာမှနေ ချီတက်လာရင်း တညင်းကုန်း လမ်းဆုံအရောက်တွင် လက်ပတ်နီ လူရမ်းကားများက အကြမ်းဖက် ရိုက်နှက်ကာ ဖြိုခွဲခဲ့သည်။ ဖမ်းဆီးခံ ထားရသော အလုပ်သမားများကို ယခုအထိ လွှတ်မပေးဘဲ တရားစွဲဆိုထားခဲ့သည်။ မတ်လ ၅ရက်နေ့ ရောက်သောအခါ လက်ပံတန်း ရောက်နေသော ဒီမိုကရေစီ ပညာရေး စစ်ကြောင်းကို ဖြိုခွဲခြင်းမပြုရန် ဆန္ဒပြ တောင်း ဆိုသော ကျောင်းသားများကို ပို၍များပြားသော လက်ပတ်နီများကို အသုံးပြုကာ ရဲတပ်ဖွဲ့သည် ရိုက်နှက်ဖြိုခွဲ ခဲ့လေတော့သည်။ ပြည်ထောင်စုအစိုးရ၏ ညွှန်ကြားချက်ဖြင့် ရန်ကုန်တိုင်း နယ်လုံဝန်ကြီးက ခိုင်းစေကာ ဆန္ဒပြ ကျောင်းသားများကို အရုပ်ဆိုး အကျည်းတန်စွာဖြင့် ရိုက်နှက် ဖြိုခွဲခြင်း ဖြစ်သည်။ လက်ပတ်နီများကို အသုံးပြုခြင်းနှင့် ရိုက်နှက်ဖြိုခွဲခြင်းကြောင့် တစ်ကမ္ဘာလုံးကို ပျံ့နှံ့သွားသလို ပြည်သူ များကလည်း မကျေနပ်ကြပေ။ ထို့ကြောင့် သမ္မတ ကိုယ်တိုင် စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ကာ အမှန်အတိုင်း ဖော်ထုတ်ပေးပါဟု သက်ဆိုင်ရာ အာဏာပိုင်များကို ညွှန်ကြားခဲ့လေသည်။ ပြည်ထောင်စု အစိုးရ ကာကွယ်ရေး ဒုဝန်ကြီးက စုံစမ်းရေး ကော်မရှင်ဥက္ကဋ္ဌအဖြစ် တာဝန်ယူလေသည်။ သို့သော် ထိုအကြမ်းဖက်မှု ကို အစိုးရက နောက်ဆုတ်သွားသည် မဟုတ်ပေ။ မတ်လအတွင်း နောက်ထပ် ထူခြားချက်များရှိရာတွင် အစိုးရသစ် လက်ထက်၌ အရုပ်အဆိုးဆုံး၊ အကျည်းအတန်ဆုံးမှာ မတ်လ ၁၀ ရက်နေ့က လက်ပံတန်းတွင် ကျောင်းသား သပိတ်ကို အကြမ်းဖက် ဖြိုခွင်းလိုက်ခြင်း ဖြစ်ပါသည်။ ထိုလုပ်ရပ်ကို နိုင်ငံတော် အကြမ်းဖက်မှုဟု ခေါ်ကြလေသည်။ လက်နက်ရှိသော ရဲများက လက်နက်မဲ့ ကျောင်းသားများကို ရက်ရက်စက်စက် ရိုက်နက်ကာ ခေါ်ဆောင်သွားသောကြောင့် ထိုလုပ်ရပ်ကို နိုင်ငံတော် အကြမ်းဖက်မှုဟု သတ်မှတ်ကြခြင်း ဖြစ်လေသည်။ မတ်လမှာ တစ်ရက်ပြီးတစ်ရက် ထူးခြားမှုများဖြင့် ပြည့်နှက်နေပါ သည်။ နိုင်ငံရေး ဖြတ်သန်းခဲ့ဖူးသူများက မြန်မာ့နိုင်ငံရေး သမိုင်းတွင် ထင်ရှားသော နိုင်ငံရေးသမားများ ကျဆုံးခြင်း၊ ကွယ်လွန်ခြင်းများ ရှိရာတွင် ဗမာပြည်ကွန်မြူနစ်ပါတီဥက္ကဋ္ဌ သခင်သန်းထွန်း ကွယ်လွန်ပြီးနောက် ဥက္ကဋ္ဌအဖြစ် တာဝန်ယူသောသခင်ဇင် ကျဆုံးသောနေ့မှာ မတ်လ ၁၅ ရက်နေ့ဖြစ်ပါသည်။ နိုင်ငံရေးသမားများ၊ ရင်းနှီးသူများက နှစ်စဉ်ထိုနေ့တွင် သခင်ဇင် မိသားစုကလုပ်သော ဆွမ်းကျွေးကို လာရောက်တတ်ကြပါသည်။ မတ်လ အတွင်းမှာပင် နောက်ထပ်ထူးခြားသော နေ့ရက်မှာမတ်လ ၂၃ရက်နေ့ဖြစ်ပါသည်။ မြန်မာ့သမိုင်းတွင် ငြိမ်းချမ်းရေး ဗိသုကာကြီးအဖြစ် ထင်ရှားသလို မြန်မာနိုင်ငံမှ သခင်များ၏ ဆရာကြီးလည်းဖြစ်၊ ဒို့ဗမာ အစည်းအရုံးဥက္ကဋ္ဌ လည်းဖြစ်သော ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ မွေးနေ့လည်း ဖြစ်လေသည်။ ထို့အတူ မတ်လ၂၁ ရက် နေ့ကို တစ်ကမ္ဘာလုံးရှိ ကဗျာဆရာများက ကမ္ဘာ့ကဗျာနေ့ဟု သတ်မှတ်ထားသည်။ ထူးခြားသော နေ့ရက်ဖြစ်သည့် မတ်လ၂၇ ရက်နေ့မှာ၊ ဖက်ဆစ်ဂျပန်တော်လှန်ရေးနေ့ ဖြစ်သော်လည်း တပ်မတော်နေ့အဖြစ် ခမ်းခမ်းနားနား စစ်ရေးပြ အခမ်းအနားများကို ပြုလုပ်ကြလေသည်။ မတ်လ ၂၇ ရက်နေ့ မှာ ထူးခြားသောနေ့ ဖြစ်ပါသည်။ ၁၉၄၅ ခုနှစ် ဖက်ဆစ်ဂျပန်တို့ကို မြန်မာ့တပ်မတော်နှင့်အတူ မြန်မာနိုင်ငံမှ နိုင်ငံရေးပါတီအားလုံး၊ မျိုးချစ်အားလုံးက အစည်းလုံးဆုံး၊ အညီညွတ်ဆုံးဖြင့် ဗိုလ်ချုပ်အောင်ဆန်း၏ ခေါင်းဆောင်မှုအောက် တစ်သွေး တစ်သံတည်း ပါဝင်ကာ ရွပ်ရွပ်ချွံချွံ တော်လှန်ခဲ့သောနေ့ ဖြစ်လေသည်။ မတ်လ ၂၈ ရက်နေ့၌လည်း ဗကပ ဗဟိုဌာနချုပ်ရှိသည့် ကြည့်မြင်တိုင်၊ ဗားဂရာမှ ပါတီရုံးကို ဖဆပလအစိုးရက ၀ိုင်းဝန်းစီးနင်းသောကြောင့် ဗကပ ခေါင်းဆောင်များ တိမ်းရှောင် ထွက်ပြေးကာ လက်နက်ကိုင် ပုန်ကန်ခဲ့ခြင်းကြောင့် မတ်လ ၂၈ရက်နေ့မှာ ဗကပတို့၏ တော်လှန်ရေးနေ့ ဖြစ်ပါသည်။ ထို့ကြောင့် မတ်လသည် ထူးခြားသော နေ့ရက်များ စုပေါင်းသည့်လ ဖြစ်လေသည်။ ၁၂လ၊ ၁၂ရာသီအတွင် ထူးခြားသောနေ့ရက်များ ရှိသော်လည်း ယခုနှစ်လိုမတ်လတွင် ထူးခြားသော နေ့ရက်များ ထပ်မံပေါ်ထွက်လာသဖြင့် အထူးခြားဆုံးနှင့် နိုင်ငံရေးအရ အကြီးကျယ်ဆုံးလဟု သတ်မှတ်ရပေမည်။

လွန်ခဲ့သော ၂၇ နှစ်က မတ်လမှ စတင်ခဲ့သော ၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီးသည် မြန်မာ့ သမိုင်းတွင် ပြောင်းလဲမှု ဖြစ်သွားစေသည်။ စစ်အာဏာရှင်တို့မှာ ကြောက်လန့်သွားသော်လည်း အာဏာကို လက်မလွှတ် နိုင်သော စစ်အာဏာရှင်တို့၏ အာဏာရမ္မက်ကြောင့် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ကာ ယခုအထိ စစ်အရိပ်မည်းကြီး လွှမ်းမိုးနေခြင်းဖြစ်ပါသည်။ လွန်ခဲ့သော ၂၇ နှစ် မတ်လက ကိုဖုန်းမော်တို့၊ ကိုစိုးနိုင်တို့၏ သွေးများမှာခြောက်မသွားနိုင်ဘဲ ဒီမိုကရေစီ သူရဲကောင်းများ၏ သွေးများ ဆက်လက်စီးဆင်း နေကြပါသည်။ ၁၉၆၂ခု၊ ဇူလိုင် ၇ ရက် သွေးများ၏အဆက်အဖြစ် မတ်လ ၁၇ ရက်သွေးများ ဆက်လက် စီးဆင်းကာ ၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီးကို ဖြစ်ပေါ်စေခဲ့ပါ သည်။ နှစ်စဉ် နှစ်တိုင်းလိုလို သွေးစီးကြောင်းများ ခြောက်သွားခြင်း၊ ရပ်တန့်သွားခြင်းမရှိဘဲ ဆက်လက် စီးဆင်းခဲ့ရာ အလုပ်သမား၊ လယ်သမား၊ ကျောင်းသား၊ စာပေနှင့် စာနယ်ဇင်းသမားများ တစ်ယောက်ပြီးတစ်ယောက် စွန့်လွှတ်ခံကာ ဒီမိုကရေစီ ပန်းတိုင် ရောက်အောင် ချီတက်နေကြပါသည်။ သမိုင်းကိုလျစ်လျူရှုကာ သမိုင်းရထားကို တားဆီးသူများမှာ သမိုင်း၏ နင်းချေခြင်းကို ခံရပေမည်။ စစ်အာဏာရှင်များ၊ ပြည်သူ့ရန်သူနှင့် စေ့စပ်သွားသူများမှာလည်း သမိုင်း၏ချန်ထားခြင်းကို ခံရကာ အမှိုက်ပုံးထဲရောက်ရှိ သွားကြလေသည်။

၂၀၁၅ ခုနှစ် မတ်လသည် မြန်မာ့ဒီမိုကရေစီသမိုင်း၌ ရဲရင့်သော သမိုင်းမှတ်တမ်းကို တင်လိုက်ပြန် ပါသည်။ ဒီမိုကရေစီပညာရေး တောင်းဆိုသော ကျောင်းသားများက သမိုင်းမှတ်တိုင်တစ်ခု စိုက်လိုက်ခြင်း ဖြစ်ပါသည်။ အပြောင်းအလဲ ဖော်ဆောင်မည်ဟုဆိုကာ စစ်ယူနီဖောင်းကိုချွတ်ကာ အရပ်ဝတ်ခါးပေါ်တင်လာသော အစိုးရသစ်သည် ကတိများ အထပ်ထပ်ပေးပြီး ပြည်သူ့ဆန့်ကျင်ရေး ဒီမိုကရေစီ အတုအယောင်ကိုသာ ဖန်တီးခဲ့လေသည်။ ထိုသို့ အတုအယောင် ဒီမိုကရေစီကို ဖွင့်ချရင်း ကျောင်းသားတို့၏ ဒီမိုကရေစီပညာရေး တောင်းဆိုသော သပိတ်တိုက်ပွဲကြီး ဖြစ်လာခဲ့လေသည်။ ဆဲဗင်းဇူလိုင်၊ ၈၈ အရေးတော်ပုံစသော ကျောင်းသားထု၏ ဒီမိုကရေစီ တိုက်ပွဲကြီးများဖြင့် ရဲရင့်ဂုဏ်ပြောင်သော သမိုင်းကို ရေးသား၍ ကျောင်းသားတို့၏ ဂုဏ်သတင်းကို မြင့်မားစေခဲ့ပါသည်။ ကျောင်းသားတို့သည် အမှန်တရားအတွက် ရပ်တည်ပြီး ပြည်သူ့ အကျိုးအတွက်သာ ဖြစ်ကြောင်း ယခင်က သမိုင်းတွင် ကမ္ပည်းထိုးခဲ့သလို ယခုလည်း ကျောင်းသား တို့က မော်ကွန်းသစ် ရေးထိုးလိုက်ပြန်ပါသည်။ ဆရာများ၊ ကျောင်းသားများမပါဘဲ အမျိုးသားပညာရေး ဥပဒေဆိုသည်ကို ရေးဆွဲခဲ့သည်။ ဗဟိုအစိုးရက ချုပ်ကိုင်သော စုပေါင်းခေါင်း ဆောင်သည့် ပညာရေးစနစ်လည်း မဟုတ်ဟု ကျောင်းသားများက တင်ပြသည်။ ဥပဒေ ရေးဆွဲစဉ်ကလည်း ကျောင်းသားများကို ချန်လှပ်ထားခဲ့သဖြင့် ဒီမိုကရေစီ ပညာရေး ဖြစ်ရမည်ဟု ကျောင်းသားများက အချက် ၁၁ ချက်ပါ တောင်းဆိုချက်များ တောင်းဆိုကာ မန္တလေးမှနေ ရန်ကုန်သို့ သပိတ်စစ်ကြောင်း ချီတက်လာခဲ့ပါသည်။

အနာဂတ် မြန်မာနိုင်ငံရေးပညာအတွက် အကျိုးပြုစေမည့် အချက်များပါသည်ကိုလည်း သိကြလေသည်။ ပညာရေးဘတ်ဂျက် ၂၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ပေးရန်၊ မသန်စွမ်းသူများ၏ ပညာရေးကို မြှင့်တင်ပေးရန်၊ တိုင်းရင်းသားများ၏ ဘာသာစကားအလိုက် ပညာရေးစနစ်ကို ပြုပြင်ပေးရန်၊ ကျောင်းသား၊ မိဘ၊ ဆရာ၊ ပညာရေးဌာန အားလုံးစုပေါင်း ခေါင်းဆောင်သော ပညာရေးစနစ်ကို ပြုလုပ်ပေးရန်၊ အခမဲ့ပညာရေးစနစ်ကို တိုးမြှင့် ကျင့်သုံးရန် စသည့်တောင်းဆိုချက်များမှာ ပြည်သူက သဘောကျသော အချက်များ ဖြစ်သလို အာဏာပိုင်များ အနေဖြင့် ငြင်းပယ်၍ မရနိုင်ပေ။ ထိုသို့တရားမျှတသော တောင်းဆိုချက်များရအောင် ကျောင်းသားထုက ရှည်ကြာသော မန္တလေးမှ ရန်ကုန်အထိ သပိတ်မှောက်စစ်ကြောင်း ချီတက်လာခဲ့ ခြင်းဖြစ်ပါသည်။

ပညာတတ်များ၊ လူငယ်များပီပီ ယဉ်ကျေးရည်မွန်သော သပိတ်မှောက် ကျောင်းသားများကို လူထုက အလွန်ချစ်ခင်ကြလေသည်။ ကျောင်းသား သပိတ်စစ်ကြောင်းကို သတိပေးခြင်း၊ စည်းသား၍ ရပ်တန့် ခိုင်းသော်လည်း သပိတ်မှာ ရပ်တန့်သွားခြင်းမရှိပေ။ ထိုအခါ အစိုးရက တွေ့ဆုံပါမည်ဟု ပြောဆိုခဲ့ကြသည်။ အစိုးရနှင့် လွှတ်တော်က သဘောတူ လက်ခံကာ ပညာရေးဥပဒေ တစ်ရပ်အဖြစ် လွှတ်တော်သို့ တင်သွင်းရန် စီစဉ်ခဲ့ပါတော့သည်။ သို့သော် ရန်ကုန်တွင် သပိတ်ရပ်နားပါမည်ဟု ဆိုသော သပိတ်မှောက် ကျောင်းသား များကို လက်ပံတန်းတွင် ရဲတပ်ဖွဲ့က မတ်လ(၁၀)ရက်နေ့၌ လူမဆန်စွာရိုက်နှက်ကာ အကြမ်းဖက်ခဲ့ ပါတော့သည်။ ကျောင်းသား ခေါင်းဆောင်များကို သပိတ်ဖန်တီးပြီး နောက်ကွယ်က လှုံ့ဆော်သူများအဖြစ် ယခင်က စွပ်စွဲခဲ့သလို ယခုလည်း ယခင်အကျင့်စရိုက်အတိုင်း စွပ်စွဲခဲ့ပါတော့သည်။ ယခုအကြမ်းဖက်မှုကို တစ်ကမ္ဘာလုံးက ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့ကြသည်။ အကြမ်းဖက်မှုအဖြစ် သတ်မှတ်ပြီး အစိုးရတွင် တာဝန်ရှိသည်ဟု မှန်မှန်ကန်ကန် ရိုးရိုးသားသား သတ်မှတ်ခဲ့ကြ၏။ ထို့ကြောင့် မတ်လတွင် ကျောင်းသားတို့၏ ရဲရင့်သော သမိုင်းကို ရေးထိုးလိုက်ပြီဖြစ်သည်။ ထို့ကြောင့် သမိုင်းဖြစ်ရပ်များနှင့် ထူးခြားသော ဂုဏ်ပြောင်သည့် အဖြစ်အပျက်များ၊ လှုပ်ရှားမှုများဖြင့် ပြီးသောမတ်လကို ယခုကျောင်းသား သပိတ်တိုက်ပွဲက ထပ်မံ၍ ဂုဏ်တင် ပေးလိုက်ခြင်း ဖြစ်ပေသည်။

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

ကာကွယ်ရေး ဦးစီးချုပ်၏ ရွေးချယ်မှုဖြင့် ခန့်ထားသော လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းက ပြည်သူတို့ဖြစ်ချင်သော ဆန္ဒကို စွမ်းစွမ်းတမံ တားမြစ်နိုင်ဆဲဖြစ် … ပြည်သူ ၅ သန်းကျော် လက်မှတ် ရေးထိုးထားသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေး အလုပ်မဖြစ်သေးသည်ကို ကြည့်လျှင် သိနိုင် …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

၂၀၁၁ ခုနှစ် မတ်လတွင် အစိုးရသစ် တက်လာပြီးနောက် လအနည်းငယ်အတွင်း အင်မတန် ကောင်းမွန် ပြည့်စုံ လှသော ရွှေအိပ်မက်များ ဖြည့်သွင်းထားသည့် ရွှေရည်စိမ် မိန့်ခွန်းနှင့် မြစ်ဆုံကို ယာယီရပ်ပြခဲ့သည့် အတွက်ကြောင့် သမ္မတဦးသိန်းစိန်သည် ဒီမိုကရေစီ အပြောင်းအလဲအတွက် ရင်ခုန်မျှော်လင့်ချင်စရာ ကောင်းသည့် သမ္မတတစ်ဦးလားဟု မျှော်လင့်ချက် ကြီးကြီးမားမား ထားခဲ့သူများ ရှိခဲ့သည်။

သို့နှင့်တိုင် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲ နီးလာသည့်အခါ မင်းသားခေါင်းတို့ ကျွတ်ကျပြီး ဘီလူး ခေါင်းဆောင်း ပေါ်ထွက် လာသည့် အခါ မေးခွန်းဟောင်းများ ပြန်လည် ထွက်ပေါ် လာခဲ့ရတော့သည်။

၁။ ။ မြန်မာနိုင်ငံကို အရပ်သားအစိုးရက အမှန်တကယ် အုပ်ချုပ်နေပြီလား။

မြန်မာနိုင်ငံကို အရပ်ဝတ် အစိုးရက အုပ်ချုပ်နေပါသည်။ သို့ သော် အရပ်သား အစိုးရမဟုတ်ပါ။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ယခင်စစ်အစိုးရ၏ ၀န်ကြီးချုပ်ဟောင်းတစ်ဦး၊ ဗိုလ်ချုပ်ကြီးဟောင်း တစ်ဦးဖြစ်သကဲ့သို့ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် စစ်အစိုးရလက်ထက်က ဗိုလ်ချုပ်ကြီးဟောင်း တစ်ဦးဖြစ်သည့်အပြင် ကာကွယ်ရေးဦးစီးချုပ်ဟောင်း(ရေ) တစ်ဦးလည်း ဖြစ်သည်။

အဆင့်ဆင့် ၀န်ကြီးများသာမက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ များသည်လည်း ဗိုလ်ချုပ်ကြီးဟောင်းများ အသီးသီး ဖြစ်ကြလေသည်။

ဤကား အုပ်ချုပ်နေသူများကို ဝေဖန်ခြင်းဖြစ်သည်။ စနစ်ကို ကြည့်လျှင် ရပ်ကွက်၊ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး/ပြည်နယ် အုပ်ချုပ်ရေးဌာနများကို ပြည်ထဲရေးဝန်ကြီးဌာနက ကိုင်တွယ်စီမံသည်။ ပြည်ထဲရေး ၀န်ကြီးဌာနနှင့် တိုင်းနှင့် ပြည်နယ်အလိုက် နပ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီးများ အားလုံးသည် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ စီမံခန့်ခွဲမှု အောက်တွင် ရှိနေသည်။

ဤသို့ဆိုလျှင် မြန်မာနိုင်ငံကို အရပ်သား အုပ်ချုပ်နေသည့် ဒီမိုကရေစီနိုင်ငံဟု မည်သို့မျှပြော၍ မရနိုင်တော့ဘဲ ဒုံရင်းအတိုင်း စစ်တပ် အုပ်ချုပ်နေသည်ဟုသာ ဆိုနိုင်ပေတော့မည်။

၂ ။ ။စစ်တပ်အုပ်ချုပ်နေဆဲဟုပင်ဆိုဆို၊ အရပ်သား အုပ်ချုပ်သည်ဟုပင်ဆိုဆို နိုင်ငံ၏အာဏာ ခွဲဝေမှုပုံစံအရ ယခင်က မရှိသည့် လွှတ်တော်ရှိလာခြင်းဖြင့် Check & Balance လုပ်နိုင်မလား။

မထူးပါဘူး။ အဘယ်ကြောင့် ဆိုသော် အခြေခံဥပဒေအရ ပြည်သူ လူထုက ရွေးချယ်ပိုင်ခွင့် မရှိသော ကာကွယ်ရေး ဦးစီးချုပ်၏ ရွေးချယ်မှုဖြင့် ခန့်ထားသော လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းက ပြည်သူ တို့ ဖြစ်ချင်သော ဆန္ဒကို စွမ်းစွမ်းတမံ တားမြစ်နိုင်ဆဲဖြစ်သည်။ ယင်းကို ပြည်သူ ၅ သန်းကျော် လက်မှတ်ရေးထိုး ထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေး အလုပ်မဖြစ်သေးသည်ကို ကြည့်လျှင်သိနိုင်သည်။

ထို့ပြင် လွှတ်တော်မှ ပြဋ္ဌာန်းလိုက်သည့် အဂတိလိုက်စားမှု ဥပဒေ အပါအ၀င်၊ အလုပ်သမား၊ လယ်သမား၊ မြေယာ၊ ပညာရေး ဥပဒေတိုင်းက ပြည်သူလူထု ဆန္ဒနှင့် ထပ်တူမကျသည်ကို အတိုင်းသား မြင်တွေ့နေရပေရာ စစ်အုပ်စု အလိုကျ ဥပဒေပြုရေးသည် မည်မျှထိ အပြောင်းအလဲ ဖြစ်ပေါ်စေရန် Check & Balance ပြုလုပ်နိုင်မည်နည်း။

ထိုမျှမကသေး ဦးသိန်းဇော် (ဗိုလ်မှူးချုပ်သိန်းဇော်)ကဲ့သို့ စစ်သားတစ်ဖြစ်လဲ လွှတ်တော် ကိုယ်စားလှယ် များစွာကလည်း အရပ်ဝတ်ဖြင့် လွှတ်တော်အတွင်း ထိုင်နေပါသေးသည်။

၃။ ။မဏ္ဍိုင်ကြီး သုံးရပ်အနက် တစ်ခုဖြစ်သည့် တရားစီရင်ရေး မဏ္ဍိုင်ဖြင့် အပြန်အလှန်ထိန်း ကျောင်းပြီး ဒီမိုကရေစီ အနှစ်သာရကို ပုံဖော်မည်ဆိုလျှင်ရော ဒီမိုကရေစီစနစ်ကို ကူးပြောင်းသည်ဟု မဆိုနိုင်ပါလော။

ဖွဲ့စည်းပုံဥပဒေအရ တပ်မတော်သားအားလုံး၏ ပြစ်မှု၊ ပြစ်ဒဏ်များကို စစ်ခုံရုံးကသာ လွပ်လပ်စွာ စီရင်ပိုင်ခွင့် ရှိသဖြင့် စစ်တပ်အပေါ် တရားရုံးများ၏ ထိန်းကျောင်းနိုင်စွမ်းမှာ လုံးဝဥဿုံကင်းမဲ့ နေပေသည်။

ထိုမျှမကသေး အစိုးရအဖွဲ့မှ အရပ်ဘက်တရားရုံးများသို့ တင်ပို့ပြီး လိုသလို တရားစွဲဆိုခံရသော အတိုက်အခံများ၊ ဆန္ဒပြသူများ အားလုံးလိုလို ပြစ်ဒဏ်မှ မလွတ်မြောက်ခဲ့ပေ။

လယ်သမား၊ ကျောင်းသား၊ အလုပ်သမား၊ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများအား အရပ်ဘက် တရားရုံး များသည် အစိုးရအလိုကျ ပုဒ်မအမျိုးမျိုးနှင့် တရားစွဲဆို ထောင်ချပေးနေရဆဲ ဖြစ်နေသည်ကို ဆက်တွေ့ မြင်တွေ့ နေရဆဲသည်။

ထို့ပြင် ဥပဒေနှင့် မညီသည့် အစိုးရလုပ်ဆောင်ချက်များနှင့် ပတ်သက်ပြီး ပြန်လှန်တရားစွဲဆို ခွင့်များလည်း လုံးဝမရရှိသေးပေ။

ဤသို့ဆိုလျှင် တရားစီရင်ရေးသည် အပြန်အလှန် ထိန်းကျောင်းနိုင်စွမ်း မရှိဘဲ အုပ်ချုပ်ရေးအလိုကျ ဆောင်ရွက်နေ ရသော စစ်အစိုးရခေတ် တရားစီရင်ရေးနှင့် ထူးမခြားနား ဖြစ်သည်ကို တွေ့မြင်နေရသည်။

၎။ ။ သို့ဆိုပါလျှင် တိုင်းပြည်၏ အာဏာက မည်သူ့လက်ထဲတွင် အမှန်တကယ် ရှိနေပါသနည်း။

ဖွဲ့စည်းပုံဥပဒေအရ လက်နက်ကိုင် တပ်ဖွဲ့အားလုံးသည် ကာကွယ်ရေးဦးစီးချုပ်၏ လက်အောက်တွင်သာ ရှိနေသည်။ ထို့ကြောင့် စစ်တပ်သာမက ရဲ၊ နယ်ခြားစောင့်တပ်စသည့် လက်နက်ကိုင်တပ်ဖွဲ့ အားလုံးကို တိုက်ရိုက် အမိန့်ပေးနိုင်သူမှာ ကာကွယ်ရေး ဦးစီးချုပ်သာ ဖြစ်သည်။

ထိုမျှမကသေး အဓိကကျသော ၀န်ကြီးဌာနများ ဖြစ်သည့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာ ၀န်ကြီးဌာနတို့သည် ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်း သူများကို ခန့်အပ်ရမည် ဖြစ်ရာ ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက် စီမံခန့်ခွဲနိုင်သည့် အခြေအနေဖြစ်သည်။

စစ်တပ်နှင့် ရဲဝန်ထမ်းများ အသုံးပြုမှုသည် ကာကွယ်ရေးဦးစီးချုပ် မသိဘဲ အသုံးပြုဖို့ရန် မဖြစ်နိုင်တော့ချေ။

ထို့ကြောင့် သမ္မတကြီးက ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးရန် တစ်ဖက်တွင် ဆောင်ရွက်နေချိန်တွင် တစ်ဖက်တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေရခြင်းဖြစ်သည်။

ထို့ပြင် ဆိုခဲ့ပါအတိုင်း ရပ်ကွက်၊ မြို့နယ်၊ ခရိုင်၊ တိုင်း စသည့် အဆင့်ဆင့်ကို အုပ်ချုပ်သော အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနများကို ကိုယ်တွယ်စီမံသော ပြည်ထဲရေးဝန်ကြီးဌာန၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် လုံခြုံရေးအတွက် စီမံဆုံးဖြတ်ပိုင်ခွင့်ရှိနေသော လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီးများသည်လည်း ကာကွယ် ရေးဦးစီးချုပ်က အဆိုပြုထားသည့် ၀န်ကြီးများဖြစ်ရာ ကာကွယ်ရေး ဦးစီးချုပ်၏ အာဏာမည်မျှ သက်ရောက် သည်ကို သိရှိနိုင်ပေသည်။

၎။ ။ သို့ဆိုလျှင် စစ်တပ်က အချိန်မရွေး အာဏာသိမ်းနိုင်သည့် အခြေအနေနှင့် ကြုံတွေ့နေပြီလား။

စစ်တပ်က အာဏာသိမ်းရန် မလိုပါ။ သမ္မတကြီးကသာ အရေးပေါ် အခြေအနေကြေညာပြီး စစ်တပ်ကို အာဏာလွှဲရန် လိုပါသည်။ အခြေခံဥပဒေတွင် စစ်တပ်ကသွေးမြေမကျ အာဏာရယူနိုင်သည့် နည်းလမ်းကို အတိအကျ ပြဋ္ဌာန်းထားပြီး ဖြစ်သည်။

လိုအပ်ပါက အရေးပေါ်အခြေအနေ ကြေညာပြီး စစ်တပ်လက်သို့ အာဏာအပြည့်အ၀ကို အလွယ်တကူ ပြန်ပေး လိုက်ရုံမျှသာ ဖြစ်သည်။

ထို့ကြောင့်စစ်တပ်သည် တရားမ၀င်ရော၊ တရားဝင်နည်းလမ်းနှင့်ပါ အာဏာရယူထားပြီး ဖြစ်သည်။

၅။ ။ စစ်တပ်သည် တိုင်းပြည် ကာကွယ်ရန်အတွက်သာ ဖြစ်ရမည့် အခြေအနေမှာ နိုင်ငံတော်အာဏာကို မည်သည့် အကြောင်းပြချက်နှင့် ရယူခွင့်ရှိနေပါသလဲ။

စစ်အစိုးရအဆက်ဆက် အစဉ်အလာအရ စစ်တပ်သည် တိုင်းပြည်ချောက်ထဲကျရန် လက်နှစ်လုံး အလိုတွင် ကယ်တင်ပိုင်ခွင့်ရှိသော ကယ်တင်ရှင်ရာထူးကို အလိုအလျောက် ပိုင်ဆိုင်ခွင့် ရှိခြင်းကြောင့် ဖြစ်သည်။

၆။ ။ သို့ဆိုလျှင် မြန်မာနိုင်ငံသည် အပြောင်းအလဲကာလသို့ မရောက်ဘဲ၊ လုံးဝမပြောင်းလဲဘဲ ရှိနေပါသလား။

မဟုတ်ပါ။ မြန်မာနိုင်ငံသည် အပြောင်းအလဲ လမ်းကြောင်းပေါ်တွင် ရှိနေသည်။ အလွန်ပြောင်းလဲ နေပါသည်။

အဓိကအကျဆုံး အပြောင်းအလဲတစ်ခုမှာ ယခင်စစ်အစိုးရသည် ပြည်သူကို လုံးဝဂရုမစိုက်ဘဲ လုပ်ချင်ရာကို ဗြောင်လုပ်ပြီး ဝေဖန်သမျှ သူကိုဖိနှိပ်သည့် ဗြောင်ကျကျအုပ်ချုပ်ရေးစနစ်ကို ကျင့်သုံးသည်။

ထို့ကြောင့် နိုင်ငံတကာက ၀ိုင်းကြဉ်ထားသည့် အခြေအနေကို ကြုံတွေ့ရသည်။

လက်ရှိအစိုးရသည်ကား ပြည်သူကို ဂရုတစိုက်ရှိလှသည် မဟုတ်သော်လည်း နိုင်ငံတကာဖိအားများ ပြန်လည် သက်ရောက်လာမည်ကို ကြောက်ပုံရသည်။

ထို့ကြောင့် ပြည်သူကို ယခင်အတိုင်း ခပ်ပြောင်ပြောင်ပင် ဖိနှိပ်အုပ်ချုပ်နေဆဲ ဖြစ်သော်လည်း နိုင်ငံတကာ အမြင်တွင် ဥပဒေနှင့်ညီသယောင် ပြုမူကြသည်။

ကိုပါကြီး၊ ဒေါ်ခင်ဝင်းစသည့် စစ်တပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ခံ ရဲတပ်ဖွဲ့တို့၏ ပယောဂ မကင်းသည့် သေဆုံးမှုများ၊ လက်ပံတန်း၊ ဆူးလေ၊ ရွှေပြည်သာတို့မှ အကြမ်းဖက် ဖြိုခွင်းမှုများကို ဗီဒီယို သက်သေ၊ လူသက်သေ၊ အသံသက်သေစသည့် သက်သေပေါင်းများစွာ ရှိနေသည့် တိုင်ပင် နိုင်ငံတကာ မီဒီယာ စာမျက်နှာတွင် ခပ်ပြောင်ပြောင်ပင် ဥပဒေနှင့်အညီဟု ဗြောင်လိမ် ဗြောင်စား ဆိုလာခြင်းက သက်သေပြနေသည်။

ထို့ကြောင့် စစ်ဖိနပ်အောက်မှ ဒီမိုကရေစီခေတ်သို့ မြန်မာနိုင်ငံ ပြောင်းလဲ လာခြင်းမဟုတ်ဘဲ စစ်ဖိနပ် အောက်တွင် ဗြောင်ကျကျ ဖိနှိပ်အုပ်ချုပ်မှုအား၊ စစ်ဖိနပ်မှန်း မသိအောင် အရောင်ပြောင်းပြီး ဗြောင်လိမ်သည့် အုပ်ချုပ်နည်းသို့ ပြောင်းလဲလာခြင်းဟု ဆိုရပေတော့မည်။

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

(၁)

အခုအချိန်မှာ..

ပညာရေး ဥပဒေကြမ်းနဲ့ပြင်ဆင်ပေးဖို့
ကျောင်းသားတွေက တောင်းဆိုနေကြတယ်..

မြန်မာပြည်ရဲ့ဆိုးဝါးတဲ့ပညာရေးစနစ်ကို
မြေလှန်ပြစ်ဖို့အတွက် ကျောင်းသားလေးတွေက
ကိုယ့် ဘ၀နဲ့ရင်းပြီး လုပ်ခဲ့ကြတယ်..၊

ထောင်အကျခံအရိုက်နှက်ခံပြီး ပေးဆပ်ခဲ့ကြတယ်..၊

-------------------------

(၂)

အဲဒီကျောင်းသားလေးတွေကို..
ဝေဘန်ပုတ်ခတ်လှောင်ပြောင်နေသူတွေကိုကြည့်လိုက်..၊

ပညာနဲ့ အရင်းတည်ပြီး..
လူတန်းစေ့ခဲ့တဲ့သူတွေကနည်းနည်းရယ်၊

စိုင်ကော်လို့ခြုံပေါ်ရောက် ခဲ့တဲ့သူတွေနဲ့..
ဘဘကောင်းလို့ ...
ဘ၀ ကောင်းခဲ့တဲ့သူတွေကပိုများတယ်၊

သူတို့ဘ၀မှာ ပညာဆိုတာ ကိုမသိ..၊
ဘဘနဲ့ မမ ကိုပဲသိခဲ့ကြတယ်..၊

သူတို့ဘ၀မှာ အရည်အချင်းဆိုတာကိုမသိ..၊
ဂါ..ဖို့ နဲ့ အကပ်ကောင်းဖို့ဆိုတာကိုပဲသိခဲ့ကြတယ်၊

သူတို့ဘ၀မှာ စွန့်ဦးတည်ထွင်ဖို့ဆိုတာကိုမသိ..၊
ပိုင်ရာဆိုင်ရာနဲ့ ဂွင် ရိုက်တတ်ဖို့ကိုပဲသိခဲ့ကြတယ်..၊

နှစ်ပေါင်းများစွာ အရိုးစွဲလာတဲ့..
အစိုးရရဲ့ အနေအထားကိုက...
ပညာ၊ အရည်အချင်း စွန့်ဦးတီထွင်မှုတွေဘက်ကို..
ဘယ်တော့မှ အားမပေးခဲ့ဘူး..၊

စွန့်ဦးတည်ထွင်သူ..
မှန်ကန်တဲ့စနစ်သစ်ကို အကောင်ထည်ဖေါ်သူတွေကို
တော်လှန်သူတွေ လို့ မြင်တဲ့ အမြင်မျိုးတွေပဲရှိတယ်၊

ကိုယ်ကိုယ်တိုင်း သောက်သုံးမကျလို့..
လမ်းကြောင်းမတည့်နိုင်တာတင်မဟုတ်ဘူး...
လမ်းကြောင်းပြန်တည့်ဖို့ကြိုးစားသူတွေကိုလဲ..
အတိုက်အခံလုပ်သူတွေ ၊ ကလန်ကဆန်လုပ်သူတွေ..
လို့ပဲ မြင်ကြတယ်၊

ပညာတတ်အရည်အချင်းရှိတဲ့ခေါင်းဆောင်မျိုးတွေ
ပေါ်ထွက်လာမှာကိုလဲ သေမလောက်ကြောက်ကြတယ်..၊

အဲဒီခေါင်းဆောင်က (၅) နှစ်အုပ်ချုပ်လို့ဖြစ်လာမဲ့
တိုင်းပြည်တိုးတက်မှုတွေကို...
သူတို့ အုပ်ချုပ်လို့ဖြစ်ခဲ့တဲ့နှစ် (၃၀) စာ
စုတ်ပြတ်သတ်မှုတွေနဲ့ မယှဉ်ရဲကြဘူးလေ..၊

----------------------

(၃)

အဲဒီရဲ့ အကျိုးဆက်တွေက..

ဘွဲ့ရ ပညာမတတ်တွေများလာတယ်..၊

အချိန်တွေ ငွေတွေအကုန်ခံပြီး...
သင်ကြားခဲ့ရတဲ့ ဘွဲ့ရပညာတတ်တွေကလဲ..
အလုပ်အကိုင်မည်မည်ရရမရှိဘူး..၊

တန်းမြင့် ကာရာအိုကေတစ်ခုက...
ကေတီဗွီမယ် တစ်ယောက်ကို ပေးတဲ့..
ဘောက်ဆူးထက်....
Ph.D တစ်ယောက်ရဲ့ လစာက..ပိုနည်းလာတယ်၊

ကွမ်းယာသည်ကျွမ်းကျင်အဆင့်တောင်မှ
Master ရသူတွေထက် ပိုပြီး လစာ များတယ်၊

ဘယ်လောက်စိတ်နာဖို့ကောင်းသလဲ...၊

---------------------------

(၄)

အဲဒီလိုအဖြစ်မျိုးတွေကို...
အနာဂတ်မျိုးဆက်သစ်တွေမခံစားစေချင်လို့..
အခုကျောင်းသားလေးတွေက...
အရိုက်အနှက်ခံပြီးလုပ်နေတာ..

အဲဒီလိုမျိုး နှိမ့်ချမှုတွေ မဖြစ်ချေင်လို့..
ကျောင်းသားလေးတွေ ...
ထောင်အကျခံပြီးလုပ်နေတာပါ..၊

ဝေဘန်တဲ့သူတွေကိုပြောချင်တာက..

ခင်ဗျားတို့သားသမီးတွေပညာတတ်ကြီးတွေဖြစ်ရင်
ခင်ဗျားတို့ အဲဒီလိုအစိုးရမျိုးဆီမှာ..အလုပ်ဝင်မလား.?

ခင်ဗျားတို့သားသမီးတွေပညာတတ်ကြီးတွေဖြစ်ရင်...
အဲဒီလို လစာနှစ်ပဲတစ်ပြားလောက်ရတဲ့ အစိုးရအလုပ်မှာ..
ခင်ဗျားတို့ အလုပ်လုပ်ခွင့်ပြုမလား..၊

တစ်သက်လုံး ပညာတတ်တွေလူလုံးမလှခဲ့တဲ့
အစိုးရလက်ထက်မှာ နေပြီး...
တစ်သက်လုံးလူဖြစ်ရှုံးခံကြမလား. ဆိုတာပါပဲ..

-----------------

(၅)

Ph.D တစ်ယောက်ကိုပေးမဲ့ အစိုးရဲ့လစာ ကိုကြည့်ပြီး..

ကျွန်တော်..ငယ်ငယ်တုန်းက ဖေဖေမေမေတို့ကို
ကြွားလုံးထုတ်ခဲ့တဲ့ စကားလေးတွေကို သတိရမိတယ်..

"သား ပညာတတ်ကြီးဖြစ်ရင်..
ဖေဖေ မေမေတို့ အဘိုးအဘွားတို့ကို လုပ်ကျွေးမှာ.. "

ဆိုတဲ့ စကားပါ....၊

frown emoticon

..
..

( Pa Yit)

Photo- Original Uploader



ဖက်ဆစ်တော်လှန်ရေးဟာ မပြီးဆုံးသေးဘူးလို့ ကျောင်းသားခေါင်းဆောင် ကျော်ကိုကိုက မတ်လ ၂၇ ရက်နေ့ တပ်မတော်နေ့မှာ ပြောကြား လိုက်ပါတယ်။ ဒီသတင်းကို ဒေါ်ခင်ရူပါ တင်ဆက်။ ရိုက်ကူး အိုင်စီဂျေ

DVB TVonline

လက်ပံတန်းမြို့မှာ ဖမ်းဆီးခံထားရတဲ့ ကျောင်းသား ကျောင်း သူတွေနဲ့ အားပေးကူညီသူတွေကို ပြန်လွှတ်ပေးဖို့ ရန်ကုန်မြို့ မှာ မတ်လ ၂၇ ရက်နေ့က ဆန္ဒပြတောင်းဆိုကြစဉ်။ Photo : Kyaw Zaw Win, Kyaw Lwin Oo, Aung Ko Ko/RFA
ဒီမိုကရေစီပညာရေးနဲ့ ဖမ်းဆီးထားသူတွေ ပြန် လွှတ်ရေးအတွက် နိုင်ငံအနှံ့မနေ့ကဖြစ်ခဲ့တဲ့ ဆန္ဒပြမှုတွေမှာ ကျောင်းသားခေါင်းဆောင်နဲ့ ပြည်သူ စုစုပေါင်း ၈ ယောက်အဖမ်းခံလိုက်ရပါတယ်။

ရန်ကုန်မြို့က ဆန္ဒပြပွဲအပြီးမှာ အစိုးရကဝရမ်း ထုတ်ထားတဲ့ ဗကသများအဖွဲ့ချုပ်က ကိုနန္ဒာစစ်အောင် အပါအဝင်၊ အိုးဝေဂျာနယ်အယ်ဒီတာ ကိုရှိန်းရာဇာထွန်း နဲ့ ကိုအောင်ထက်အောင်တို့ အဖမ်းခံလိုက်ရပါတယ်။

မြင်းခြံမြို့က ဆန္ဒပြပွဲမှာလည်း ဗကသများအဖွဲ့ချုပ် က မြင်းခြံဒီဂရီကောလိပ် သင်္ချာဒုတိယနှစ် ကျောင်းသား ကိုဉာဏ်မြင့်သန်းနဲ့အတူ ကိုစည်သူမြတ်၊ ဝန်းရံ အားပေးသူ ကိုကျော်သန်းထွန်း၊ ဦးစိန်ဝင်းနဲ့ မဖြူတို့ ၅ ယောက်ကို အကြမ်းဖက်ဖမ်းဆီးခံလိုက်ရပါတယ်။

သူတို့ကို အထွေထွေအုပ်ချုပ်ရေးမှူးကိုယ်တိုင် ရိုက်နှက် ဖမ်းဆီးခိုင်းတဲ့အကြောင်းနဲ့ ပုဒ်မ (၃) ခု တပ်ပြီး မြင်းခြံထောင်ကို မနေ့ညနေက ပို့လိုက်ပြီဆိုတဲ့အကြောင်း မြို့ခံ ကိုဖြိုးဟန်က RFA ကို ပြောပါတယ်။

"ဖမ်းတဲ့အချိန်မှာ ရိုက်ပြီးတော့မှဖမ်းတာ အုပ်ချုပ်ရေးမှူး ကိုထွန်းသိန်းအောင် ကိုယ်တိုင်ကလည်း ရိုက်ပါ၊ ရိုက်ပါဆိုပြီးတော့ ရိုက်ခိုင်းတာဗျ၊ မိုက်တဲ့အကောင်ထွက်ခဲ့ ထွက်တဲ့အကောင်ရိုက်ကွာ အဲ့လိုအမိန့်ပေးပြီးရိုက်ခိုင်းတာ၊ အခုအဖမ်းခံရတဲ့သူတွေဟာ ပုဒ်မ ၅ဝ၅(ခ)ရယ်၊ ပုဒ်မ ၁၄၃ ရယ်၊ ပုဒ်မ ၁၄၅ ရယ်၊ ပထမ သူတို့ကိုထိန်းသိမ်းထားတုန်းက ပေါင်းတည်စခန်းမှာ ထိန်းသိမ်းထားတာဗျ၊ အခု ပုဒ်မ ၃ ခုနဲ့စွဲတယ်ဆိုပြီးတော့ ထောင်ကြီးချုပ်ကိုပို့လိုက်တယ်ဗျ၊ မိသားစုတွေ ဘာမှမသိရဘူး"

ကိုကျော်သန်းထွန်းက ကျောင်းသားတွေကို ဖမ်းဆီးခံရလို့ ရုတ်ရုတ်သည်းသည်းဖြစ်တဲ့အချိန်မှာ ကျောင်းသား တစ်ဦးရဲ့ လက်ကနေပြုတ်ကျသွားတဲ့ ခွပ်ဒေါင်းအလံကို လမ်းပေါ်ကနေပြန်ကောက် ပေးတဲ့အတွက် ရိုက်နှက် ဖမ်းဆီးခံရတာလို့ဆိုပါတယ်။ ဦးစိန်ဝင်းနဲ့ မဖြူတို့ကလည်း ကျောင်းသားတွေရဲ့ အနောက်မှာရပ်ကြည့်နေ တာဖြစ်ပေမယ့်၊ သူတို့ဟာ လွန်ခဲ့တဲ့နှစ်ပတ်လောက်က မြင်းခြံမြို့မှာ ပြုလုပ်ခဲ့တဲ့ လက်ပံတန်းမှာ ကျောင်းသားတွေ အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးမှုဆန့်ကျင်ရေး ကန့်ကွက်ဆန္ဒပြပွဲမှာ ခရိုင်ရဲမှူးနဲ့ စကားအခြေအတင် ဖြစ်ထားရ သူတွေဖြစ်တယ်လို့ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese

ကျောင်းသားသပိတ်စစ်ကြောင်းကို ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွဲ ခဲ့တာကို ဆန့်ကျင့်တဲ့အနေနဲ့ ဗြိတိန်နိုင်ငံရောက် မြန်မာနိုင်ငံ သားတွေ မတ်လ ၁၁ ရက်နေ့က ဆန္ဒပြစဉ်။ Photo: Aye Hnin Nyo
မတ်လ ၂၇ ရက်နေ့ အနှစ် ၇ဝ မြောက် ဖက်ဆစ်တော် လှန်ရေးနေ့မှာ ဗြိတိန်နိုင်ငံရောက် မြန်မာနိုင်ငံသား တချို့က လန်ဒန်မြို့ရှိ မြန်မာသံရုံးရှေ့ကို မနေ့နေ့လည် က သွားရောက်ဆန္ဒပြခဲ့ကြပါတယ်။

သပိတ်မှောက်ကျောင်းသားတွေကို မြန်မာအစိုးရက အကြမ်းဖက်ဖြိုခွဲခဲ့တဲ့အတွက် ဆန့်ကျင်တဲ့ အနေနဲ့ အခုလို ဆန္ဒပြခဲ့ကြတာပါ။

လက်ပံတန်းမှာ ကျောင်းသားတွေကို ရဲက အကြမ်းဖက် ဖမ်းဆီးခဲ့ရတာဟာ သပိတ်မှောက်ကျောင်းသားတွေက ရဲတွေကို စတင်ရိုက်နှက်တဲ့အတွက် ရဲတွေက အဲ့ဒီလို အကြမ်းဖက်တုန့်ပြန်ရတာပါလို့ သမ္မတ ဦးသိန်းစိန် က ပြောကြားခဲ့တာဟာ လိမ်လည်မှုဖြစ်ကြောင်း ကမ္ဘာ ကို မီးမောင်းထိုးပြချင်တဲ့အတွက် အခုလိုဆန္ဒပြကြ တာ ဖြစ်ပါတယ်လို့ ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ကိုအောင်ကြီးက RFA ကို ပြောပါတယ်။

"အဓိကကတော့ ဒီမှာရှိနေတဲ့သက်ဆိုင်ရာအစိုးရကို ဦးသိန်းစိန်အစိုးရ လုပ်နေတဲ့ဟာက တရားမျှတမှု မရှိဘူး၊ အကြမ်းဖက်လုပ်ရပ်တွေဆိုတာကို ပိုပြီးသိသွားအောင် လုပ်တဲ့သဘောပေါ့နော်၊ ဦးသိန်းစိန် ကိုယ်တိုင်ကလည်း ဖြိုခွင်းခံရတဲ့ကိစ္စနဲ့ ပတ်သတ်ပြီး ရဲကို ကျောင်းသားတွေက စပြီးရိုက်လို့ သူတို့က ရိုက်ရပါတယ်ဆိုပြီးပြောတယ်၊ ဒါက ဒီမိုကရေစီစနစ်ကို သွားနေပါတယ်ဆိုတဲ့ အစိုးရတရပ်ရဲ့လုပ်ရပ်၊ ဒီမိုကရေစီစနစ်ကို သွားနေပါတယ်ဆိုတဲ့ ခေါင်းဆောင်တစ်ယောက်ရဲ့ လုပ်ရပ်မဟုတ်ဘူးပေါ့ဗျာ၊ ဦးသိန်းစိန်အစိုးရ ထုံးစံအတိုင်းလိမ်နေတယ်ဆိုတာ မီးမှောင်းထိုးပြတဲ့ ဆန္ဒပြပွဲပါ"

မနေ့က ဆန္ဒပြပွဲကို လူ ၂ဝ ခန့်လာရောက်ခဲ့ပါတယ်။

ဗြိတိန်အပြင် တခြား ဥရောပနိုင်ငံတွေနဲ့ သြစတေးလျားနိုင်ငံတွေမှာလည်း အဝေးရောက် မြန်မာနိုင်ငံသားတွေက သက်ဆိုင်ရာ မြန်မာသံရုံးတွေရှေ့ကို မနေ့က သွားရောက်ပြီး အစိုးရရဲ့ အကြမ်းဖက်လုပ်ရပ်ကို ဆန္ဒပြခဲ့ကြ ပါတယ်။

RFA Burmese
http://www.rfa.org/burmese


သံတွဲ၊ မတ်လ ၂၇

ငပလီ ပင်လယ်ကမ်းခြေမှ သိမ်းဆည်းခံထားရသော လယ်မြေများ ပြန်လည် ရရှိရေးအတွက် တစ်ကိုယ်တော် ဆန္ဒပြတောင်းဆိုသူ ကိုစိုးဝေအား သံတွဲမြို့နယ် တရားရုံးက မတ်လ ၂၆ ရက်နေ့က ထောင် (၃) လ ချမှတ်လိုက်သည်။

ကိုစိုးဝေအား သံတွဲမြို့နယ် တရားရုံးမှ ပုဒ်မ၁၈ဖြင့် ထောင် (၃) လ ချမှတ်လိုက်ခြင်း ဖြစ်ကြောင်း သူ၏ လုပ်ဖော်ကိုင်ဘက် တစ်ဦးမှ ပြောသည်။

ကိုစိုးဝေသည် ယခုနှစ် ဇန်နဝါရီ ၂၈ ရက်နေက Give Back Our Land စာသားပါ တီရှပ် အင်္ကျီကို ၀တ်ဆင်ပြီး ယင်းစာသားပါ ဗိနှိုင်း ဆိုင်းဘုတ် တစ်ခုကို ကိုင်ဆောင်ပြီး ငပလီမြို့ ဇီးဖြူကုန်းရပ်ကွက်ရှိ Hilton ဟိုတယ်ရှေ့မှ စတင်ကာ တစ်ကိုယ်တော် လမ်းလျှောက် ချီတက်ပြီး ဆန္ဒဖော်ထုတ်ခဲ့သည်။

ငပလီလမ်းမကြီးတလျှောက် ဆန္ဒဖော်ထုတ်လမ်းလျှောက်လာစဉ် ငပလီလမ်းဆုံ ဗိုလ်တဲရှေ့အရောက်တွင် ခွင့်ပြုချက်ရယူခြင်း မရှိဘဲ ဆန္ဒဖော်ထုတ်မှုဖြင့် ဖမ်းဆီးခံခဲ့ရကာ ပုဒ်မ၁၈ဖြင့် တရားစွဲဆိုခံခဲ့ရသည်ဟု သိရသည်။

ရခိုင်ပြည်နယ် သံတွဲမြို့ ငပလီ ကမ်းခြေတစ်လျှောက်တွင် ဒေသ အခြေစိုက် စစ်တပ် တပ်ရင်းများ တိုးချဲ့ရန် အကြောင်းပြချက်ဖြင့် မြေယာအများအပြားကို ဒေသခံများထံမှ သိမ်းဆည်းခဲ့သည်။ သိမ်းဆည်းပြီး နောက်ပိုင်းတွင် ယင်းမြေများပေါ်တွင် စစ်တပ်နှင့် ရင်းနှီးသူများကို  ဟိုတယ်များ တည်ဆောက်ခွင့် ပြုပေးခဲ့သည်ဟု ဆိုသည်။

ယင်းမြေများကို မူလပိုင်ရှင်များထံ ပြန်ပေးရန် ကိုစိုးဝေမှ တစ်ကိုယ်တော် ဆန္ဒပြတောင်းဆိုခဲ့သည်။

ကိုစိုးဝေသည် ယခင်ကလည်း တစ်ကိုယ်တော် ဆန္ဒပြပွဲများကို ပြုလုပ်ခဲ့သဖြင့် ထောင် (၉) လထိ ချမှတ်ခံခဲ့ဖူရကြောင်း သိရသည်။

လွန်ခဲ့သော ဖေဖော်ဝါရီလ အတွင်းကလည်း ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့်ကို ကြိုဆို ဂုဏ်ပြုသော အားဖြင့် သံတွဲမြို့မှနတ်မောက်မြို့ထိ တစ်ကိုယ်တော်လမ်းလျှောက်ဂုဏ်ပြုခဲ့သဖြင့် နတ်မောက်မြို့ ဗိုလ်ချုပ်အောင်ဆန်းဖောင်ဒေးရှင်းမှ ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ခြင်းခံခဲ့ရသူ ဖြစ်ကြောင်း သိရသည်။

နေဇော် (နိရဉ္စရာ)
http://www.narinjara.com/burmese


လတ်တလော တနိုင်ငံလုံး နေရာအနှံ့ ဖြစ်ပေါ်နေတဲ့ လက်နက်ကိုင်တိုက်ပွဲတွေကို ချက်ခြင်းရပ်တန့်ပေးဖို့  ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ (ယူအန်အက်ဖ်စီ) က တောင်းဆို လိုက်ပါတယ်။

အစိုးရနဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား တနိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးဆိုင်ရာ သဘောတူညီမှုရရှိရေး ရန်ကုန်မှာ ကြိုးပမ်းဆွေးနွေးနေချိန် ရှမ်ပြည်နယ်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်တွေမှာ  မြေပြင်သာမက  ဝေဟင်ကပါ စစ်ဆင်ရေး တိုးမြှင့်တဲ့အတွက် ဒီတွေ့ဆုံ ဆွေးနွေးပွဲ အချည်းနှီးသာဖြစ်တယ်လို့  ယူအန်အက်စီက ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

ဆွေးနွေးမှုတွေလုပ်နေချိန်မှာ ဒီလိုထိုးစစ်ဆင်တဲ့အတွက် ဒီဆွေးနွေးမှုဟာ အလဟသဖြစ်သလို အချိန်ကုန်လူပင်ပန်းပြီး ငြိမ်းချမ်းရေးမျှော်လင့်ချက်  အလှမ်းကွာဝေးဦးမယ်လို့  ကြေညာ ချက်မှာဖော်ပြပါတယ်။

ဒါကြောင့် အစိုးရ၊ လွတ်တော်နဲ့ တပ်မတော် အနေနဲ့ တိုင်းပြည်အတွက် အမှန်တကယ် မေတ္တာစေနာထားရင်  တိုင်းရင်းသားပြည်သူတွေနဲ့ လက်တွဲပြီး ပြဿနာအရပ်ရပ်ကို စိတ်ရှည်သည်းခံကာ စားပွဲဝိုင်းမှာ တွေ့ဆုံဆွေးနွေးဖို့နဲ့ နေရာအနှံ့ ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေ ချက်ချင်းရပ်တန့်ဖို့ တိုင်းရင်းသားလက်နက်ကိုင်တပ်ပေါင်းစုက တောင်းဆိုပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no

သမ္မတ ဦးသိန်းစိန်နဲ့ တရုတ်သမ္မတ ရှီကျင်ပင်းကို ၂၀၁၄ ခုနှစ်က တွေ့ရစဉ် (Credit: Reuters) 
တရုတ်နိုင်ငံထဲကို ​မြန်မာဘက်က ​ဗုံးတွေ ​ထပ်မံ ​ကျရောက်မှု ​ရှိမရှိ ​စုံစမ်းနေတယ်လို့ ​တရုတ်နိုင်ငံ ​ကာကွယ်ရေး ​ဝန်ကြီးဌာနက ​ပြောလိုက်ပါတယ်။

ဒီလအစောပိုင်းတုန်းကပဲ ​မြန်မာ ​လေတပ်ဘက်ကနေ ​ပစ်ချတဲ့ ​ဗုံးကြောင့် ​တရုတ် ​အလုပ်သမား ​ငါးယောက် ​သေဆုံးပြီးတဲ့နောက် ​သတိနဲ့ ​လုပ်ဆောင်ဖို့ ​တရုတ်က ​မြန်မာစစ်တပ်ကို ​သတိပေးထားပါတယ်။

ဒါပေမဲ့လည်း ​အရင်တပါတ် ​တုန်းကပဲ ​ယူနန်ပြည်နယ်ထဲကို ​ဗုံးတွေ ​ထပ်မံ ​ကျရောက်လာတယ် ​ဆိုတဲ့ ​ဓာတ်ပုံတွေ ​ထပ်မံ ​ထွက်ပေါ်လာပြီးနောက် ​သတင်းမှန် ​ဟုတ်မဟုတ် ​တရုတ် ​အစိုးရက ​စုံစမ်းနေတာ ​ဖြစ်ပါတယ်။

လူငါးယောက် ​သေဆုံးခဲ့ရတဲ့ ​ကိစ္စမှာလည်း ​တရုတ်နဲ့ ​မြန်မာတို့ ​သုံးရက်ကြာ ​ပူးပေါင်းစုံစမ်းမှု ​လုပ်ခဲ့ကြပေမယ့် ​အဖြေတွေကိုတော့ ​ပြောပြခြင်း ​မရှိခဲ့ပါဘူး။

ပြီးခဲ့တဲ့ ​ဗုဒ္ဓဟူးနေ့တုန်းကတော့ ​လာရှိုးမြို့ ​စစ်တပ်စခန်းတစ်ခု ​ဗုံးနှစ်လုံးနဲ့ ​ပစ်ပေါက်ခံခဲ့ရပေမယ့် ​ဒဏ်ရာရသူတွေ ​မရှိခဲ့ဘူးလို့ ​မြန်မာရဲ ​အရာရှိ ​တစ်ဦးက ​ပြောပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese

လက်ပံတန်းမြို့မှာ ဖမ်းဆီးခံထားရတဲ့ ကျောင်းသား ကျောင်း သူတွေနဲ့ အားပေး ကူညီသူ တွေကို ပြန်လွှတ်ပေးဖို့ ရန်ကုန်မြို့ မှာ မတ်လ ၂၇ ရက်နေ့က ဆန္ဒပြတောင်းဆိုကြစဉ်။ Photo : Kyaw Zaw Win, Kyaw Lwin Oo, Aung Ko Ko/RFA
လက်ပံတန်းမြို့ကျောင်းသား သပိတ်စစ်ကြောင်းကို ဖြိုခွဲစဉ်က ဖမ်းဆီး ခံထားရတဲ့ ကျောင်းသား ကျောင်း သူတွေနဲ့ အားပေး ကူညီသူတွေကို ပြန်လွှတ်ပေးဖို့ ရန်ကုန်၊ မန္တလေး၊ တောင်ငူ၊ မြင်းခြံ စတဲ့မြို့နယ် ၁၁ မြို့နယ်မှာ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) အဖွဲ့ဝင်တွေနဲ့ တက်ကြွ လှုပ်ရှား သူတွေက ဆန္ဒပြတောင်းဆို ကြပါတယ်။

ရန်ကုန်မြို့သိမ်ကြီးဈေးရှေ့က ဆန္ဒပြပွဲမှာ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) အဖွဲ့ဝင် ကိုနန္ဒစစ်အောင်က အစိုးရအနေနဲ့ လေးပွင့် ဆိုင်သဘောတူညီချက်တွေကို လေးစားလိုက်နာပြီး ဖမ်းဆီးခံ ထားရသူတွေကို အမြန်ဆုံးလွှတ်ပေး ဖို့ တောင်းဆိုခဲ့ပါတယ်။

"လေးပွင့်ဆိုင်ကတိကိုတည်ဖို့ လိုအပ်ပါတယ် ၊ လေးပွင့်ဆိုင်မှာ ကျောင်းသားတွေကို ဝန်းရံပြည်သူတွေကို ဖမ်းဆီးခြင်းမပြုရဘူးလို့ပြောတယ်၊ အခုကျနော်တို့ အနိုင်ကျင့်ခံနေရတယ်၊ ကျနော်တို့ ကျောင်းသားတွေ ထောင်ထဲရောက်နေတယ်၊ အကြမ်းဖက်နှိမ်နင်းဖြိုခွင်းမှုဟာ ကောင်းမွန် တဲ့အမြင်ရရှိမှာမဟုတ်ပါဘူး၊ ကျနော်တို့ရဲ့ မြို့တိုင်းမြို့တိုင်းမှာ ပင်မသပိတ်စစ်ကြောင်းကြီး ဟာ ရောက်ရှိလာပြီဖြစ်တယ်၊ ဒါကြောင့်မို့လို့ ငြိမ်းချမ်းစွာအမြန်ဆုံး ညှိနှိုင်းဖြေရှင်းပေးဖို့ ကျနော် တို့ တောင်းဆိုပါတယ်၊ ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေ ပြည်သူတွေကို အမြန်ဆုံးပြန်လွှတ်ပေး ဖို့ တောင်းဆိုပါတယ်၊ လေးပွင့်ဆိုင်ကတိကိုတည်ဖို့ တောင်းဆိုပါတယ်"

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဥက္ကဌ ကိုကျော်ကိုကိုနဲ့ ကိုနန္ဒစစ်အောင်တို့ဟာ ပုဒ်မ ၅ ခုနဲ့ တရားစွဲခံထားရပြီး တရားခံပြေးအဖြစ် လက်ပံတန်းမြို့နယ်တရားရုံးက ကြေညာထားသူတွေဖြစ်ပါတယ်။

အဲ့ဒီဆန္ဒပြပွဲအပြီးမှာ ကိုနန္ဒာစစ်အောင်ကို မင်္ဂလာတောင်ညွန့်မြို့နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

ခွင့်ပြုချက်မယူပဲ ဆန္ဒပြတာကြောင့် ကိုနန္ဒစစ်အောင်အပါအဝင် ၂ ဦးကို ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ရန်ကုန်အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီး ဦးဝင်းကြည်က ပြောပါတယ်။

"မင်္ဂလာတောင်ညွန့်ဘက်ကနေဖမ်းတာလို့၊ ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်မလျှောက်ပဲနဲ့ ဆန္ဒဖော်ထုတ်လို့နော်၊ ဒီရန်ကုန်မြို့နယ်တိုင်းလိုလိုမှာ အမှုဖွင့်ထားတာရှိပါတယ်၊ သူဟာ နှစ်ဦးဗျ၊ သူတို့ဟာ ကျနော်တို့ ဒါတွေစစ်နေတုန်းပဲရှိသေးတယ်လေ ဘာမှပြောလို့မရသေးဘူးဗျ"

အလားတူဆန္ဒပြပွဲတွေကို မန္တလေး၊ မြင်းခြံ၊ မုံရွာ၊ တောင်ငူ၊ ထားဝယ်၊ တောင်တွင်းကြီး၊ ဟင်္သာတစတဲ့ မြို့နယ် ၁၁ မြို့နယ်မှာ မနက် ၁ဝ နာရီ ၁ဝ မိနစ်ကျော်မှာ တစ်ပြိုင်တည်းပြုလုပ်ခဲ့တာဖြစ်ပါတယ်။

မြင်းခြံမြို့ဆန္ဒပြပွဲမှာတော့ ကျောင်းသား ၂ ဦးနဲ့ ဝန်းရံသူ ၂ ဦး စုစုပေါင်း ၄ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

လက်ပံတန်းမြို့ ကျောင်းသားသပိတ်စစ်ကြောင်းကို ပြီးခဲ့တဲ့ မတ်လ ၁ဝ ရက်နေ့က အကြမ်းဖက်ဖြိုခွင်းခဲ့ ပြီး ကျောင်းသူ ကျောင်းသားတွေနဲ့ အားပေးကူညီသူတွေကို သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးထား တာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

ဂျီနီဗာမှာ ကျင်းပတဲ့ (၂၈)ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ အစည်းအဝေးမှာ မြန်မာကိုယ်စားလှယ် ဦးမောင်ဝေ တက်ရောက်။
ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ ၂၀၁၅ခုနှစ်အတွက် မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေ ဆိုင်ရာ ဆုံးဖြတ်ချက်ကို မြန်မာအစိုးရက ပယ်ချလိုက်ပါတယ်။ မတ်လ (၂၇)ရက်နေ့က ဂျီနီဗာမှာ ကျင်းပတဲ့ (၂၈)ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေး ဆုံးဖြတ်ချက်မှာ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms. Yanghee Leeရဲ့ တာဝန်ကို နောက်ထပ် သက်တမ်းတနှစ်တိုး လိုက်ပြီး ကုလသမဂ္ဂဆိုင်ရာ လူ့အခွင့်အရေး မဟာမင်းကြီးရုံး မြန်မာနိုင်ငံမှာ အမြန်ဆုံး ဖွင့်လှစ်ဖို့ မြန်မာ အစိုးရကို တိုက်တွန်းထားပါတယ်။ မအင်ကြင်းနိုင်က အကြောင်းစုံကို ဆက်ပြီးပြောပြမှာပါ။

သောကြာနေ့က ကျင်းပတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ အစည်းအဝေးမှာ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်ကို ဥရောပသမဂ္ဂ တင်သွင်းခဲ့တာပါ။ အဲဒီဆုံးဖြတ်ချက် အစီရင်ခံစာကို ဥရောပသမဂ္ဂ ကိုယ်စား Latvia (လက်ဗီးယား)နိုင်ငံ ကိုယ်စားလှယ်က တင်ပြရာမှာ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှု အတော်များများရှိနေပြီး ဘာသာရေးဆိုင်ရာ ဥပဒေမူကြမ်းကိုလည်း စိုးရိမ်မကင်းဖြစ်မိကြောင်းနဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ တရားမျှတပြီး လွတ်လပ်မှုရှိဖို့ အခုလို တိုက်တွန်းသွားပါတယ်။

"မြန်မာနိုင်ငံရဲ့ မျိုးစောင့်ဥပဒေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီးလီရဲ့ စိုးရိမ်မကင်းဖြစ်တာကို အီးယူ ဥရောပသမဂ္ဂ အနေနဲ့ထောက်ခံ ပါတယ်။ ရွေးကောက်ပွဲမှာ ပွင့်လင်းမြင်သာပြီး လွတ်လပ်မှုရှိဖို့ အာမခံချက်ပေးရမယ်၊ ဖွဲ့စည်းပုံပြင်ဆင်ရေးဆက်လုပ်ရမယ်။"

ဒါအပြင် ရခိုင်ပြည်နယ်က လူနည်းစု ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပါအ၀င် အခြား တိုင်းရင်းသားဒေသတွေမှာ အခြေအနေကောင်းမွန်အောင် လုပ်ဖို့လိုနေသေးကြောင်း ဥရောပသမဂ္ဂ ကိုယ်စားလှယ်ကပြောသွားပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာဖြစ်နေတဲ့ ကျောင်းသား လှုပ်ရှားမှုကိုလည်း ဥရောပသမဂ္ဂက အနီးကပ်စောင့်ကြည့်နေတယ်လို့လည်း အခုလို တင်ပြသွားပါတယ်။

"ပညာရေးဥပဒေပြင်ဆင်ဖို့ တောင်းဆိုနေတဲ့ ကျောင်းသားတွေရဲ့လှုပ်ရှားမှုကို ဥရောပသမဂ္ဂက အနီးကပ်စောင့်ကြည့်နေတယ်။ လွတ်လပ်စွာပြောဆိုခွင့်၊ လွတ်လပ်စွာ စုဝေးခွင့် ကိုလေးစားဖို့ မြန်မာအစိုးရကို တောင်းဆိုတယ်။ တိုင်းရင်းသားဒေသ တချို့မှာ အခြေအနေ ပိုဆိုးရွားလာနေတာကို ကိုင်တွယ်ဖြေရှင်းဖို့ ရေရှည်တည်တံ့ခိုင်မြဲဖို့၊ အပစ်အခတ် ရပ်စဲရေး ဖေါ်ဆောင်ဖို့လိုအပ်နေတယ်။"

လက်ရှိခန့်ထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms. Yanghee Lee ကို နောက်ထပ် တနှစ်သက်တမ်းတိုးပြီး ဆက်ခန့်ဖို့ ဥရောပသမဂ္ဂ သဘောတူကြောင်း လည်း ပြောသွား ပါတယ်။ မြန်မာ့အရေး ဆုံးဖြတ်ချက် မူကြမ်းကို ဥရောပသမဂ္ဂက ဦးဆောင်ရေးဆွဲရာမှာ ကနေဒါ၊ တောင်ကိုးရီးယား၊ ဆွစ်ဇာလန်နဲ့ တူရကီနိုင်ငံတွေက မိတ်ဖက်နိုင်ငံတွေအဖြစ် ပါဝင်ခဲ့ပါတယ်။

လူ့အခွင့်အရေးကောင်စီ အစည်းဝေးမှာ တင်သွင်းတဲ့ ဒီဆုံးဖြတ်ချက် မူကြမ်းကို မြန်မာအစိုးရက ကန့်ကွက်ခဲ့ပြီး ဓမ္မဓိဌာန်ကျစွာ သုံးသပ်ဖေါ်ပြထားတာ မဟုတ်ပဲ အားနည်းချက်တွေ ရှိနေတဲ့အပြင် ပြည်တွင်းရေးကို ၀င်ရောက် စွက်ဖက်တာသာဖြစ်တယ်လို့ ဂျီနီဗာ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် ဦးမောင်ဝေက တုန့်ပြန်ပြောဆိုသွားပါတယ်။

"ဥရောပသမဂ္ဂက တင်သွင်းတဲ့ ဆုံးဖြတ်ချက်မူကြမ်းထဲမှာ မြန်မာနိုင်ငံရဲ့ စီရင်ပိုင်ခွင့် အတွင်းမှာရှိတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ နိုင်ငံရေး၊ တရားစီရင်ရေး စနစ်တွေမှာ ၀င်ရောက် စွက်ဖက်တဲ့ အသုံးအနှုန်းတွေ ပါဝင်နေပါတယ်။ နိုင်ငံတိုင်း နဲ့ ကိုက်ညီတဲ့ ဖွဲ့စည်းပုံတခုတည်း ဆိုတာမျိုး ကမ္ဘာပေါ်မှာ မရှိပါဘူး။ အထွေထွေရွေးကောက်ပွဲမှာ ထင်သာမြင်သာရှိဖို့၊ လွတ်လပ်ပြီးမျှတဖို့ လုံလောက်တဲ့ဆောင်ရွက် ချက်တွေ မြန်မာနိုင်ငံမှာ ရှိနေပါတယ်။"

ဒါအပြင် ရခိုင်ပြည်နယ်မှာ ၂၀၁၂ခုနှစ်နောက်ပိုင်းကစပြီး လူ့အသိုင်း အ၀ိုင်း နှစ်ဖက်ကြားဖြစ်ပွားတဲ့ အကြမ်းဖက်မှုဆိုတာ မရှိတော့ဘူးလို့ လည်း ဦးမောင်ဝေက ပြောသွားပါတယ်။ ဒါအပြင် ဆုံးဖြတ်ချက် မူကြမ်းမှာ ပါတဲ့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လည်း ပြင်းပြင်းထန်ထန်ကန့်ကွက်သွားပါတယ်။ ဆက်လက်ပြီးတော့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး မြန်မာနိုင်ငံမှာ ဖွင့်ဖို့ ကိစ္စမှာ မြန်မာအစိုးရရဲ့ သဘောထားကိုအခုလိုပြောသွားပါတယ်။

"မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးဖွင့်ဖို့ဆိုရင် နှစ်ဖက် လက်ခံနိုင်တဲ့ အချက်တွေအပေါ် အခြေခံညှိနှိုင်းရမှာဖြစ်ပါတယ်။ ယူချင်ယူ၊ မယူချင်နေဆိုတဲ့ သဘောထားနဲ့ချဉ်းကပ်လို့ အလုပ်မဖြစ်နိုင်ပါဘူး။ အချုပ်အချာ အာဏာရဲ့ ဆုံးဖြတ်ချက်ကိုလေးစားလိုက်နာရမှာဖြစ်ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ ဥရောပသမဂ္ဂက တင်သွင်းတဲ့ မြန်မာ့ အရေး ဆုံးဖြတ်ချက် မူကြမ်းကို ထောက်ခံ တဲ့ နိုင်ငံ ၂၀ ၊ ကန့်ကွက်တဲ့နိုင်ငံပေါင်းက ၁၁ နိုင်ငံ၊ ကြားနေ ၁၆ နိုင်ငံနဲ့ အတည်ပြုခဲ့တာဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်ကို အမေရိကန်ပြည်ထောင်စု အနေနဲ့ ထောက်ခံကြောင်း၊ Ms. Yanghee Lee ရဲ့တာဝန်သက်တမ်း နောက်ထပ် တနှစ်တိုးလိုက်တာကို ထောက်ခံသလို၊ လူ့အခွင့်အရေး မဟာမင်းကြီးရုံး မြန်မာနိုင်ငံမှာ အမြန်ဆုံး ဖွင့်လှစ်ဖို့ မြန်မာအစိုးရ ကို တိုက်တွန်းကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက မတ်လ (၂၇)ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အင်ကြင်းနိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

၂ဝ၁၅ ခုနှစ် မတ်လ ၂၇ ရက်နေ့က တပ်မတော်နေ့ အခမ်းအနားမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိန့်ခွန်းပြောကြားစဉ်။ Photo: RFA
လာမယ့် နိုဝင်ဘာလဆန်းမှာ ကျင်းပမယ့် ၂ဝ၁၅ အထွေထွေ ရွေးကောက်ပွဲမှာ လက်နက်နဲ့ ခြိမ်းခြောက် ပြီးမဲဆွယ်တာကို လက်ခံမှာ မဟုတ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီနေ့ကျရောက်တဲ့ အနှစ် ၇ဝ မြောက် တပ်မတော်နေ့ အခမ်းအနားမှာ ပြောကြား ခဲ့ပါတယ်။

နေပြည်တော် ဇေယျာသီရိမြို့နယ် စစ်ရေးပြကွင်းမှာ ကျင်းပခဲ့တဲ့ တပ်မတော်နေ့အခမ်းအနားမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့တာပါ။

"၂ဝ၁၅ ခုနှစ် နိုဝင်ဘာလဆန်းမှာကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကြီးဟာ ဒီမိုကရေစီ စနစ်ကို ဖော်ဆောင်ရာမှာ အလွန်အရေးကြီးတဲ့ မှတ်တိုင်တစ်ခုဖြစ်တယ်၊ အထွေထွေရွေးကောက် ပွဲကြီး စနစ်တကျနဲ့ ရိုးသားစွာပါဝင်ပြီးမြောက်စေ ဖို့အတွက် အဓိကလိုအပ်တာ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးဖြစ်တယ်၊ နိုင်ငံတော် ရဲ့တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးကို နှောက်ယှက်ဖျက်ဆီးပြီင်္း ရွေးကောက်ပွဲမှာ လက်နက်ကိုင်ဖိအားပေး ရွေးချယ်ခိုင်းတာတွေ၊ လက်နက်နဲ့ ခြိမ်းခြောက်ရွေးချယ်ခိုင်းတာတွေ လုံးဝအဖြစ်ခံမှာမဟုတ်ကြောင်း ပြောပြလိုတယ်၊ မြန်မာတစ်နိုင်ငံ၏ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးကို အကြောင်းအမျိုးမျိုးပြပြီး နည်းလမ်းမျိုးစုံနဲ့ ကျူးလွန်ဆောင်ရွက်မျိုးတွေဟာ လက်ရှိဘဝမျိုးမှာ တော်တော်မျာများဟာ ဥပဒေမညီညွတ်တဲ့အတွက် သတိကြီးစွာထားပြီး တားဆီးဆောင်ရွက်ကြဖို့လိုအပ်တယ်"

တပ်မတော်က ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲ အောင်မြင်ဖို့အတွက် တာဝန်ရှိတဲ့အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ပြောခဲ့ပါတယ်။

ဒါ့အပြင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ကတိကဝတ်တွေ ကို စောင့်ထိန်းဖို့နဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့သာ ဖြေရှင်းရမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

တဆက်တည်းမှာပဲ တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး လုပ်ငန်းစဉ်မှာ လုံခြုံရေးဆိုင်ရာပေါင်းစည်းခြင်းဆိုတဲ့ DDR လုပ်ငန်းစဉ်ဟာ မရှိမဖြစ်လိုအပ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့သမိုင်းကြောင်းအရ နိုင်ငံတော်ရဲ့ အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍမှာ တပ်မတော်အနေနဲ့ပါဝင်ဖို့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ထည့်သွင်းပြဌာန်းထားတာဖြစ်ပြီး တပ်မတော်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရမှာဖြစ်ကြောင်းလည်း ပြောခဲ့ပါတယ်။

အဲ့ဒီအခမ်းအနားကို ပြည်ထောင်စုဝန်ကြီးတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပြီး စစ်ရေးပြပွဲမှာ တပ်မတော်လေကြောင်းချီတပ်ရင်း၊ တပ်မတော် အမျိုးသမီးအရာရှိ စစ်သည်စစ်ကြောင်းနဲ့ လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာ ဒုံးလက်နက်တွေကို ပြသခဲ့ပါတယ်။ အခမ်းအနားမှာ တပ်ဖွဲ့အသီးသီးက အင်အား ၁ သောင်းကျော် ပါဝင်ချီတက်ခဲ့ကြပါတယ်။

ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးအရ တက်ရောက်နိုင်ခြင်းမရှိကြောင်း NLD ပါတီက ပြောပါတယ်။

အလားတူ ဒေါ်အောင်ဆန်းစုကြည်ဟာ NLD ပါတီက ရန်ကုန်မှာ ကျင်းပပြုလုပ်တဲ့ မတ်လ ၂၇ ရက်နေ့ တော် လှန်ရေးနေ့အခမ်းအနားကိုလည်း တက်ရောက်နိုင်ခြင်းမရှိဘူးလို့ ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါ်နန်းခင်ထွေးမြင့် က ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese



ဒီမိုကရေစီပညာရေးအတွက် သပိတ်မှောက်ဆန္ဒပြတဲ့ ကျောင်းသားတွေကို ပြန်လွှတ်ဖို့အတွက် ဗကသများအဖွဲ့ချုပ်နဲ့ အတူ ကျောင်းသားလူငယ်တွေဟာ မတ်လ ၂၇ရက်နေ့မှာ ရန်ကုန်မြို့ သိမ်ကြီးဈေးနားမှာဘဲ အဖွဲ့ ၂ဖွဲ့ခွဲပြီး ဆန္ဒပြခဲ့ပါတယ်။ သိမ်ကြီးဈေးရှိရာ မဟာဗန္ဓုလမ်းအတိုင်း ဗကသများအဖွဲ့ချုပ်က ဦးဆောင်ဆန္ဒပြတဲ့အချိန်မှာမှာ အနော်ရထာလမ်းနဲ့ ရွှေတိဂုံဘုရားလမ်းထောင့်ကနေ ဆူးလေစေတီရှိရာကို လမ်းလျှောက်ချီတက်ခဲ့ပါတယ်။

မြန်မာပြည်ရဲ့ ဒီမိုကရေစီခရီးလမ်း၊ ဖက်ဆစ်ကိုတော်လှန်ရမယ့်ခရီးလမ်းနဲ့ ပညာရေးလှုပ်ရှားမှုခရီးလမ်းတွေ မပြီးဆုံးသေးဘဲ လမ်းခုလတ်မှာပဲရှိနေသေးလို့ ရှေ့ဆက်လျှောက်လှမ်းရမှာဖြစ်တယ်လို့ ဗကသများအဖွဲ့ချုပ် ဗဟိုစည်းရုံးရေးကော်မတီ ဥက္ကဌ ကျော်ကိုကိုက ပြောပါတယ်။ အလံတွေကိုကြွားဝင့် အသံတွေကိုနားစွင့်ပြီး တော်လှန်ရေးမပြီးသေးတဲ့အကြောင်း ဖက်ဆစ်တော်လှန်ရေးနေ့မှာ သက်သေပြလိုက်ပြီလို့ ဆိုပါတယ်။

ကျောင်းသားနဲ့ပြည်သူကို အကြမ်းဖက်ခဲ့တဲ့ ဖက်ဆစ်ယစ်ပလ္လင်ကို ရှိခိုးပူဇော်နေတဲ့ စစ်တစ်ပိုင်းဦးသိန်းစိန်အစိုးရကို ဆက်ပြီးတော်လှန်ရမယ်လို့ သူက ဆိုပါတယ်။

သပိတ်မှောက်ကျောင်းသားနဲ့ပြည်သူတွေကို ချက်ချင်းလွှတ်ပေးဖို့၊ အကြမ်းဖက်မှုအလိုမရှိ၊ ပြည်သူ့ဘဝလုံခြုံရေး အကြမ်းဖက်မှုအလိုမရှိ စတဲ့ ကြွေးကြော်သံတွေပါတဲ့ ပိုစတာတွေကို ကိုင်ဆောင်ပြီး ဆူးလေအထိ ချီတက်လာတဲ့ လူငယ်တက်ကြွလှုပ်ရှားသူတွေကို ပန်းဘဲတန်းရဲစခန်းက တားဆီးခဲ့တာကြောင့် လူစုခွဲတဲ့အချိန်မှာပဲ ဗကသများဦးဆောင်တဲ့အဖွဲ့ကလည်း လူစုခွဲလိုက်ပါတယ်။

ကျောင်းသားတွေဟာ ပညာရေးအတွက်တောင်းဆိုနေပေမယ့် အစိုးရက အကြမ်းဖက်နေတာကြောင့် အလုပ်သမားနဲ့ ပြည်သူလူထုတွေအကုန်ပါတဲ့ ဆန္ဒပြလှိုင်းလုံးကြီးတွေ တဖြည်းဖြည်းမြင့်တက်လာအောင် အစိုးရကိုယ်တိုင်က ဖော်ဆောင်နေတယ်လို့ ကိုခန့်မင်းထက်က ပြောပါတယ်။ လူထုအကုန်ပါရင် ၁၉၈၈ ကျောင်းသားလှုပ်ရှားမှုလိုဖြစ်သွားနိုင်ပြီး စစ်တပ်ကအာဏာသိမ်းတဲ့အခြေအနေကို ဆိုက်သွားနိုင်တာမို့ ပြဿနာကို အေးချမ်းစွာဖြေရှင်းဖို့ တောင်းဆိုခဲ့ပါတယ်။

Kamayut media


လက်ပံတန်းမြို့ ကျောင်းသားသပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွဲခံရပြီးနောက် ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေနဲ့ အားပေးကူညီသူတွေကို ပြန်လွှတ်ပေးဖို့ ရန်ကုန်၊ မန္တလေး၊ တောင်ငူ၊ မြင်းခြံ … စတဲ့ မြို့နယ် ၁၁ မြို့နယ်မှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) အဖွဲ့ဝင်တွေနဲ့ တက်ကြွ လှုပ်ရှားသူတွေက ဆန္ဒပြခဲ့ကြပါတယ်။

ရန်ကုန်မြို့က ဆန္ဒပြပွဲမှာ ပုဒ်မ ၅ ခုနဲ့ တရားစွဲခံထားရပြီး တရားခံပြေးအဖြစ် ကြေညာခံထားရတဲ့ ဗကသများအဖွဲ့ချုပ်က ကိုကျော်ကိုကိုနဲ့ ကိုနန္ဒာစစ်အောင်တို့လည်း ပါဝင်ခဲ့ပါတယ်။

ရန်ကုန်မြို့က ဆန္ဒပြပွဲအကြောင်း ကိုအောင်ကိုကိုက တင်ပြထားပါတယ်။

ဆန္ဒပြပွဲအပြီးမှာ ကိုနန္ဒာစစ်အောင်၊ ကိုရှိန်းရာဇာထွန်းနဲ့ ကိုအောင်ထက်အောင်တို့ သုံးဦးကို မင်္ဂလာတောင်ညွန့်မြို့နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။ အလားတူပဲ မြင်းခြံမြို့က ဆန္ဒပြပွဲမှာ ဆန္ဒပြကျောင်းသား ၂ ဦးနဲ့ ဝန်းရံသူ ၂ ဦး၊ စုစုပေါင်း ၄ ဦးကို ရဲက ဖမ်းဆီးလိုက်ပါတယ်

RFA Burmese

ယနေ. ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်ကြတဲ့ ကျောင်းသားတွေကို မြင်းခြံမြို့နယ်
အုပ်ချုပ်ရေးမှူက တားဆီးပါတယ်။ ကျောင်းသားတွေက ဆက်လက်ကြွေးကြော် ဆန္ဒပြရာမှာ မြင်းခြံမြို့နယ် အုပ်ချုပ်ရေးမှူက မင်းတို့ "မိုက်တဲ့ကောင် ထွက်ခဲ့"
"ထွက်တဲ့ကောင်တွေ ရိုက်ကွာ ချကွာ" လို့ ငါးကြိမ်ထက်မနည်း စိန်ခေါ်ခြင်း အမိန့်ပေးခြင်း ပြုလုပ်ခဲ့ပါတယ်။

ပြည့်သူ့ဝန်ထမ်း l နိုင်ငံ့ဝန်ထမ်း (သို့) အစိုးရ ဝန်ထမ်း တစ်ယောက်က ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ကျောင်းသားပြည်သူကို ခုလို စိန်ခေါ်ခွင့် စော်ကားခွင့် ရှိပါသလား
ဝန်ထမ်းကျင့်ဝတ် ဖေါက်ဖျက်ပြီး ပြည်သူကို စိန်ခေါ်စော်ကားတဲ့ သူ့ကို ဥပဒေအရ အရေးယူသင့်သလား မိဘပြည်သူများ ဆုံးဖြတ်ပေးကြပါ။

သတင်းဓါတ်ပုံ-ကိုအောင်ထက်ထက်

မြင်းခြံမှာ အကြမ်းဖက်တယ် မအေလိုးတွေ

Posted by D Ye Thawe on Thursday, March 26, 2015
၂၇.၃.၂၀၁၅ တော်လှန်ရေးနေ့မှာ မြင်းခြံမြို့ ကေဒါ လက်ဖက်ရည်ဆိုင် စုရပ်ကနေပြီး ဗကသ ကျောင်းသားများ က စတင်ဆန္ဒပြထွက်ခွာရန်ပြင်ဆင်ဆဲမှာ မြို့နယ်ရဲမှူး ခရိုင်ရဲမှူး မြို့နယ်အုပ်ချုပ်ရေးမှူး ခရိုင်အုပ်ချုပ်ရေးမှူးတို့မှ ဦးဆောင်လာသော ရဲ့အင်အား တစ်ရာဝန်းကျင်ခန့် ရောက်ရှိလာပြီး တားပါတယ်။ခွင့်ပြုမိန့်တင်ရန် ပြောပြီး မင်းတို့ဥပဒေကိုနားလည်ကြလား ဟုဆိုကာ ကျောင်းသားများကို ကြိမ်းမောင်းခြိမ်ခြောက်ပြောဆိုပါတယ်။ကျောင်းသားများက ပြန်လည်ဖြေရှင်းပြောဆိုနေစဉ်မှာပဲ အကုန်ဖမ်းကွာ အကုန်ရိုက်ဆိုပြီး နံပါတ်တုတ်များနှင့်ဝင်ရောက်ရိုက်နှက်ပါတယ်။မြို့နယ်အုပ်ချုပ်ရေးမှူး ထွန်းသိမ်းအောင်နှင့်အခြေအတင်စကားပြောနေသော ကျောင်းသားခေါင်းဆောင်ကိုဉာဏ်ကြီး(မြင်းခြံဒီဂရီကောလိပ် သချာင်္ )ကို ဝိုင်းဝန်းရိုက်နှက်ဖမ်းဆီးလိုက်ပြီး ကျောင်းသားများနဲ့ ဝန်းရံသူများကို လိုက်လံရိုက်နှက်ဖမ်းဆီးဖို့ကြိုးစားပါ့တယ်။ဝန်းရံသူများမှ ဦးစိန်ဝင်း မဖြူ ခေါ် ခင်သန္တာအောင် နှင့် ကိုစည်သူမြတ်(မြင်းခြံဒီဂရီကောလိပ် သချာင်္ )၊ကိုကျော်သန်းထွန်း တို့ကို ရိုက်နှက်ဖမ်းဆီးပြီးနောက်မှာလည်း အုပ်ချုပ်ရေးမှူး ရဲမှူးများက ပတ်ဝန်းကျင်ရှိလူများကို ရုပ်ရင့်ကြမ်းတမ်းစွာပြောဆိုပါတယ်။ယခုအချိန်ထိရဲများ ရှိနေသေးပြီး ကားတစ်စီးဖြင့်လည်း မြို့ထဲမှာလှည့်ပတ်နေပါတယ်။

မိုးစက် (မြင်းခြံ)
၂၇.၃.၂၀၁၅


ဆရာတော်ဦးဥတ္တရ အပါအဝင်သံဃာတော်ငါးပါးက လူ့အခွင့်အရေး ချိုးဖောက်ခံရတာတွေနဲ့ ပက်သက်ပြီး ဆရာတော်တစ်ပါးကို နစ်နာကြေး ဒေါ်လာ ၅ သန်း ပေးဖို့ တောင်းဆိုလိုက်ပါတယ်။ ဒေါ်သူသူအောင်က သတင်းပေးပို့ ထားတာပါ။

DVB TV -


အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ အဆိုပြု၊ ပြင်ဆင်ချက်တွေထည့်သွင်းပြီး အတည်ပြုလိုက်ပါတယ်။ သပိတ်မှောက်ကျောင်းသားတွေ တောင်းဆိုထားတဲ့ အချက်တွေအားလုံး မပါဝင်ဘဲ အတည်ပြုလိုက်တာလည်း ဖြစ်ပါတယ်။ အခု ပြင်ဆင်အတည်ပြုလိုက်တဲ့ ဥပဒေကြမ်းမှာ ပါဝင်တဲ့အချက်တွေကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဥာဏစိုးက သတင်းထောက်တွေကို ရှင်းပြခဲ့ပါတယ်။ မခင်ပြည့်စုံက ကောက်နှုတ်တင်ပြထားပါတယ်။

RFA

လေယာဉ် ပျက်မယ့် နေ့အတွက် ခွင့်ယူဖို့ စာကို ဆုတ်ဖြဲထားတာကို တွေ့ခဲ့ရ။ 
ပြင်သစ် နိုင်ငံ၊ အဲလ်ပ် တောင်တန်းပေါ်ကို ဂျာမန်ဝင်းစ် ခရီးသည်တင် လေယာဉ် ပျက်ကျအောင် တမင် လုပ်ခဲ့တယ်လို့ ယူဆ ရတဲ့ ဂျာမန် တွဲဖက် လေယာဉ်မှူး Andreas Lubitz ဟာ နာမကျန်း ဖြစ်မှု တစ်ခုခုကို ဖုံးကွယ် ထားခဲ့ပုံ ရကြောင်း ဂျာမန် အစိုးရ ရှေ့နေတွေက ပြောပါတယ်။

ဒူးဆဲဒေါ့ဖ် မြို့က သူ့တိုက်ခန်းနဲ့ သူ့မိဘရဲ့ အိမ်ကို ရှာဖွေ စစ်ဆေးရာမှာ လေယာဉ် ပျက်ကျမယ့် နေ့အတွက် အပါအဝင် နာမကျန်းမှု အတွက် ခွင့်ယူဖို့ ရေးထားတဲ့၊ ဆုတ်ဖြဲထားတဲ့ စာအချို့ကို တွေ့ခဲ့ရတယ်လို့ ဂျာမန် အစိုးရ ရှေ့နေတွေက ပြောပါတယ်။

ဒါပေမယ့် သူ့ရဲ့ နာမကျန်းမှုက ဘယ်လို အမျိုးအစားလဲ ဆိုတာကိုတော့ ဂျာမန် ရှေ့နေရုံးရဲ့ အစီရင်ခံစာမှာ ဖော်ပြ မထားပါဘူး။

ဂျာမန် သတင်း မီဒီယာမှာတော့ ပြည်တွင်း လေကြောင်း ဦးစီးဌာနရဲ့ အထောက်အထားတွေ အရ သူဟာ စိတ်ကျ ဝေဒနာကို ခံစားခဲ့ဖူးပြီး၊ အကဲဖြတ်ချက်ကို ခံယူ နေခဲ့ရတယ်လို့ ဆိုပါတယ်။

လေယာဉ်ပျက်ကျ စေတဲ့ သူ့ရဲ့ လုပ်ဆောင်မှုကို တွန်းအား ဖြစ်စေမယ့် ဘာသာရေးနဲ့ နိုင်ငံရေး ဆိုင်ရာ စေ့ဆော်မှု တစုံတရာကိုတော့ မတွေ့ရကြောင်း၊ သေကြောင်း ကြံစည်ဖို့ ရေးတဲ့ စာလည်း မတွေ့ကြောင်း ဂျာမန် အစိုးရ ရှေ့နေတွေက ပြောပါတယ်။

အင်္ဂါနေ့က အဲဒီ Germanwings လေကြောင်း ကုမ္ပဏီပိုင် လေယာဉ် ပျက်ကျ ခဲ့တဲ့အတွက် လေယာဉ်ပေါ် ပါသူ ၁၅၀ စလုံး သေဆုံးခဲ့ရပါတယ်။

BBC Burmese
http://www.bbc.co.uk/burmese


၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး အပါအ၀င် ရည်မှန်းချက်များ အောင်မြင်အောင် တပ်မတော် အင်အားစုတွေနဲ့ ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ကြေညာပါတယ်။

ရန်ကုန်မြို့ တော်ဝင်နှင်းဆီမှာ  ဒီကနေ့ ကျင်းပတဲ့   နှစ် ၇၀ မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားမှာ ထုတ်ပြန်ကြေညာလိုက်တာပါ။

ဒီကြေညာချက်မှာ “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်  အပါအ၀င် နိုင်ငံရေးပါတီများ တိုင်းရင်းသားမျိုးနွယ်စုများ၊  ပြည်သူလူထုအများနှင့်အတူ ဗိုလ်ချုပ်အောင်ဆန်းထူထောင်ခဲ့သော ပြည်သူ့တပ်မတာ် အစဉ်အလာကို ဆက်ခံလျက် မပြီးဆုံးသေးသော တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးကို တပ်မတော် အင်အားစုများး ပူးပေါင်းပါဝင်ခြင်းဖြင့် အောင်မြင်သည်အထိ ဆောင်ရွက်သွားမည်” လို့ ဖော်ပြထားပါတယ်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟောင်းလည်းဖြစ် အဖွဲ့ချုပ် နာယကလည်းဖြစ်တဲ့ သူရ ဦးတင်ဦးကတော့ ဖက်ဆစ် အမူအကျင့်တွေ ရှောင်ရှားဖို့ သဘာပတိမိန့်ခွန်းမှာ သတိပေးပြောကြားသွားပါတယ်။

“အနာဂတ်မြန်မာနိုင်ငံတွင် ဖက်ဆစ်လိုဝါဒမျိုး လုံးဝခေါင်းထောင်စေမည့် အပြောအဆို အပြုအမူအနေအကျင့်များကို လုံးဝရှောင်ရှားပြီး တည်ငြိမ်အေးချမ်းစေမည့် ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံအဖြစ်သို့  ရောက်ရှိ ဆောင်ရွက်ဖို့ အလေးအနက်  အထပ်ထပ်တိုက်တွန်း တယ်” လို့ ပြောကြားသွားပါတယ်။

အခမ်းအနားမှာ ဖက်ဆစ်တော်လှန်ရေးအတွင်း ပါဝင်ခဲ့ကြသူတွေက အတွေ့အကြုံတွေ ဖလှယ်ခဲ့ကြသလို ဖက်ဆစ်တော်လှန်ရေး အထိမ်းအမှတ် ပြဇာတ်နဲ့လည်း ဖျော်ဖြေသွားခဲ့ပါတယ်။

အတိုက်အခံပါတီက ကျင်းပတဲ့ ဖက်ဆစ်တော်လှန်ရေးနေ့ ၀ါရင့်နိုင်ငံရေးသမားကြီးတွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေ၊ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းတောင် တချို့နဲ့ သံတမန်တွေ အပါဝင် ရာနဲ့ချီတဲ့ အဖွဲ့ချုပ်ဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။

အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကတော့ ကျန်းမာရေးအခြေအနေကြောင့် ပါတီက ကျင်းပတဲ့ ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနားကို မတက်ရောက်နိုင်သလို  နေပြည်တော်မှာ  အစိုးရက ကျင်းပတဲ့ တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား ကိုလည်း တက်ရောက်နိုင်ခဲ့ခြင်း မရှိပါဘူး။

အဖွဲ့ချုပ်က ကျင်းပတဲ့ ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနားကို တပ်မတော်နေ့အဖြစ် အမည်ပြောင်းလဲ ကျင်းပဖို့ ရန်ကုန်တိုင်း အစိုးရက  ပြောင်းခိုင်းခဲ့ပေမယ့်  မပြောင်းလဲပဲကျင်းပခဲ့ တာလည်းဖြစ်ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no


မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို အလျင်စလို မလုပ်ဖို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်မင်းအောင်လှိုင်က နှစ်(၇ဝ) ပြည့် တပ်မတော်နေ့ မိန့်ခွန်းမှာ သတိပေးလိုက်ပါတယ်။ အချေအတင် ဖြစ်စရာတွေ ကြုံနေရတဲ့ အခြေခံ ဥပဒေ ပြင်ဆင်ရေးကအစ၊ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ အဆုံး နိုင်ငံရေးအရ ဆွေးနွေးမှုတွေမှာလည်း တိုင်းပြည် တည်ငြိမ်ရေးကို စစ်တပ်က ဦးစားပေးမှာ ဖြစ်တယ် လို့ လည်း နေပြည်တော် မှာ ကျင်းပခဲ့တဲ့ စစ်ရေးပြ အခမ်းအနားမှာ ပြောကြားသွား ခဲ့တာပါ။ အပြည့်အစုံကိုတော့ ဗွီအိုအေ သတင်းထောက် မမေခ က သတင်းပေးပို့ထားပါတယ်။
ကာကွယ်ရေးဦးစီးချုပ်
မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို တပ်မတော်အနေနဲ့ ဆက်လက် အားပေးသွားမှာ ဖြစ်ပေမဲ့ တည်ငြိမ်မှုတွေကို ဦးစားပေးသွားမှာ ဖြစ်တဲ့အကြောင်း ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသွားခဲ့တာပါ။ ပြုပြင်ပြောင်းလဲရေးတွေကို မြန်မြန်ဆန်ဆန် လုပ်တဲ့အခါ မတည်မငြိမ် အခြေအနေတွေ ပေါ်ပေါက်လာမှာကို မလိုလားဘူး လို့လည်း တပ်မတော်နေ့ မိန့်ခွန်းထဲမှာ ထည့်သွင်းပြောဆို သွားပါတယ်။

" ပြုပြင်ပြောင်းလဲမှုတွေ မြန်ဆန် လွန်းရင် မပြေလည်မှုတွေ၊ မငြိမ်သက်မှုတွေ ရင်ဆိုင်ကြုံတွေ့နေရမှာ ဖြစ်တဲ့အတွက် ပြုပြင်ပြောင်းလဲမှုများကို သင့်တင့်သည့် နှုန်းထားဖြင့် ဟန်ချက်ညီမှုနှင့် ညီညွတ်မျှတမှုရှိအောင် ဆောင်ရွက် သွားခြင်းက ထိရောက်မှန်ကန်တဲ့ တိုးတက်ပြောင်းလဲ မှုများကို ရရှိစေနိုင်တယ်။"

ဒီနှစ်နိုဝင်ဘာလထဲ ရွေးကောက်ပွဲတွေ ကျင်းပဖို့ ရှိနေတဲ့အတွက် အရေးကြီးတဲ့ နှစ်တနှစ် ဖြစ်သလို၊ တပ်မတော် အနေနဲ့ ရွေးကောက်ပွဲတွေ ကို အေးအေးချမ်းချမ်း ကျင်းပနိုင်အောင် ကူညီမယ်လို့လည်း ပြောဆိုခဲ့တာပါ။
နေပြည်တော်မှာ ကျင်းပတဲ့ တပ်မတော်နေ့အခမ်းအနား
စစ်တပ်က လွှတ်တော်တွင်းမှာ ၄ ပုံ ၁ ပုံ နေရာယူထားတဲ့အတွက် အချေအတင် ပြောစရာ ဖြစ်နေရတဲ့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို ပြင်ဆင်ဖို့ လိုအပ်တာကို လက်ခံပေမဲ့ တည်ဆဲဥပဒေတွေနဲ့ အညီ ဖြစ်ဖို့လိုတယ်လို့လည်း ပြောပါတယ်။

"တပ်မတော်အနေဖြင့် အခြေခံဥပဒေပုဒ်မ ၂၀(စ) အရ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ် စောင့်ရှောက်ရန် တာဝန်ရှိသည့်အလျောက် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေကို ဖြစ်ထွန်း အောင်မြင်ရေး အလေးပေးမှု၊ ထိန်းကျောင်းမှု စတာတွေနဲ့ ဆက်လက် လုပ်ဆောင်သွား ရမှာဖြစ်တယ်။ မည်သည့် နိုင်ငံရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ မဆို ပြီးပြည့်စုံသည်ဟုမရှိရာ ပြုပြင်ဖို့ လိုအပ်လာရင်လည်း  ပြဋ္ဌာန်းထားတဲ့ ဥပဒေများနှင့်အညီ ဒီမိုကရေစီ အနှစ်သာရကိုဖော်ဆောင်ပြီး ဆက်လက်ဆောင်ရွက် သွားရမှာဖြစ်တယ်။ "

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဟောင်းတဦးလည်းဖြစ်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နာယက ဦးတင်ဦးကတော့ စစ်တပ်အနေနဲ့ တိုင်းပြည်မှာ ကာကွယ်ရေး ကိစ္စတွေကိုသာ အာရုံစိုက်ပြီး၊ နိုင်ငံရေးနဲ့ ကင်းရှင်းသင့် တယ်လို့ ပြောဆို လိုက်ပါတယ်။

"တပ်မတော်နဲ့ ပတ်သက်တဲ့ အခန်းကဏ္ဍဟာ ထူးခြားသော အခြေအနေအရ တာဝန်ရှိတဲ့ အဖွဲ့အစည်းအနေနဲ့ နိုင်ငံတော်နဲ့ ပတ်သက်တဲ့ ကာကွယ်ရေး အင်အားစုဖြစ်တယ် ဆိုတာလည်း ကျနော်တို့ လက်ခံပါတယ်။ တခုပဲရှိတယ်။ ပြည်သူ့ ရဲ့ ဆန္ဒလေးကိုတော့ လေးစားပါ။ ပြည်သူတွေသည် အမိ၊ ပြည်သူတွေသည် အဖ သူတို့ တကယ်လို့ သဘောထားကြီးကြီးဖြစ်မယ် ဆိုလို့ရှိရင် သူတို့ ၂၅% ထည့်ထားတာ မမှန်ဘူး။ မှားတယ်။ ဒါနဲ့ပတ်သက်လို့ အားလုံးသည် လုံးဝ မလုပ်ထိုက်ဘူး။ အဲ့တော့ တကယ်လို့ သူတို့ဟာ ဒီမိုကရေစီကို ရှေးရှု့တယ်ဆိုရင် ဒီဥစ္စာကို ဖယ်ရှားလိုက် ။ သူတို့လည်း ဝင်ပြီး အရွေးခံပေါ့ဗျာ။ ဒါလိုပဲ လုပ်ကြပြီးတော့ တကယ့်အခြေခံဟာ ပြည်သူပါ။ နိုင်ငံတော်နဲ့ပတ်သက်တဲ့ နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍမှာ တပ်မတော်က ဦးဆောင်ရမယ်ဆိုတာ ဒါတော့ မဟုတ်ဘူးလေဗျာ။ ပြည်သူလူထုကပဲ ဦးဆောင်ရမှာပဲလေ။"

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က သူ့မိန့်ခွန်းမှာ ပြည်ထောင်စုနယ်မြေ အတွင်းနေထိုင်နေတဲ့ တိုင်းရင်းသားတိုင်းကို တူညီတဲ့ အခွင့်အရေးပေး ထားပြီးဖြစ်ကြောင်း၊လက်နက်ကိုင်တိုင်းရင်းသားတွေအနေနဲ့နိုင်ငံရေးအမြင်ကွဲပြားမှုကို လက်နက်ကိုင်နည်းနဲ့ ဖိအားပေးရယူဖို့ကြိုးစားမှုတွေ က နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊တရားဥပဒေစိုးမိုးမှုကို ထိခိုက်စေတာကြောင့် တပ်မတော်အနေနဲ့ လက်ခံမှာ မဟုတ်ကြောင်းပြောကြားခဲ့ပါတယ်။ လက်ရှိ လုပ်ဆောင်နေတဲ့ ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးနဲ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာလည်း လုံခြုံရေးဆိုင်ရာပြန်လည်ပေါင်းစည်းခြင်း(DDR)ကို မဖြစ်မနေထည့် သွင်း လုပ်ဆောင်ဖို့ လိုတယ်လို့ ပြောကြားလိုက်ပါတယ်။

ဒီလိုပြောဆိုလိုက်တာနဲ့ပတ်သတ်ပြီး တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT)က ဦးခွန်ဥက္ကာက ခုလိုပြောဆိုလိုက်ပါတယ်။

" ဘယ်လိုညွှန်းလဲတော့ မသိဘူးပေါ့လေ။ DDR က အဆင့်အများကြီးကိုး။ အဆင့်(၂၀)လောက်ရှိတာကိုး။ ဒါပေမဲ့ ဒီအပေါ်မှာ အခု ဗိုလ်ချုပ်မှူးကြီး တင်လိုက်တဲ့ဟာက ဘယ်လောက်ကို သွားချင်လဲတော့ မသိဘူးပေါ့လေ။ သမ္မတကြီး ကိုယ်တိုင်လည်း ဒီအဆင့်မှာ ခင်ဗျားတို့ လက်နက်ဖြုတ်သိမ်းဖို့ဆိုတာ မပြောသင့်ဘူးဆိုတာ ကျနော်တို့ မိန့်ခွန်းပြောထားတာရှိတာကိုး။ ဒါက မနှစ်က စက်တင်ဘာက အဲ့သလိုဆွေးနွေးလို့ပဲ ကျနော်တို့ တန့်သွားတာကိုး ခြောက်လလောက်။ ဒါ ဥပမာပြောတာပေါ့လေ။ ဒီတခါတော့ ဘယ်လိုဆွေးနွေးမလဲဆိုမှန်း မသိပဲနဲ့ ကြိုပြောဖို့ တော့ ခက်တယ်လေ။ "

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကလာမယ့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ မှာ နိုင်ငံတော် တည်ငြိမ်ရေး ကို နှောင့်ယှက်ပြီး ရွေးကောက်ပွဲမှာ လက်နက်ကိုင် ဖိအားပေး မဲထည့်ခိုင်းတာတွေ လက်နက်နဲ့ခြိမ်းခြောက် မဲထည့်ခိုင်းတာတွေကို လုံးဝ အဖြစ်ခံမှာမဟုတ်ကြောင်း သတိပေးပြောဆိုလိုက်ပါတယ်။

မေခ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


ခုနှစ်ကုန်ပိုင်းကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ လက်နက်နဲ့  ခြိမ်းခြောက်မဲ ထည့်ခိုင်းမှုတွေ လုံးဝအဖြစ်ခံမှာ မဟုတ်ဘူးလို့  ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကတိပေး  ပြောကြားလိုက်ပါတယ်။

ဒီကနေ့ မတ်လ ၂၇ ရက်နေ့ နေပြည်တော်မှာ  ကျင်းပတဲ့  နှစ် ၇၀ ပြည့် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားမှာ  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကပြောကြားလိုက်တာပါ။

၂၀၁၅ ခုနှစ် နိုဝင်ဘာလမှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲဟာ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရာမှာ အလွန်အရေးကြီးသလို နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးကို နှောင့်ယှက်ဖျက်ဆီးပြီး လက်နက်နဲ့ခြိမ်းခြောက်မဲထည့်ခိုင်းတာတွေ လုံးဝအဖြစ်ခံနိုင်မှာ မဟုတ်ဘူးလို့  ပြောပါတယ်။

ဒါ့အပြင် ဒီမိုကရေစီစနစ်မှာ လက်နက်ကိုင်ဖိအားပေးမှု မရှိသလို ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ပဲ လုပ်ဆောင်ရမယ်လို့လည်း  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

ဒီအခမ်းအနားမှာ တပ်မတော် ကြည်း၊ ရေ၊ လေတပ်ဖွဲ့ဝင်တွေက တင့်ကား၊ လေယာဉ်နဲ့ ဒုံးလက်နက်တွေ အပါအ၀င် ခေတ်မီလက်နက်တွေနဲ့ စစ်အင်အားပြခဲ့ပါတယ်။

အခမ်းအနားကို စစ်မှုထမ်းဟောင်းတွေနဲ့ သံတမန်တွေအပါအ၀င် ဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေ တက်ရောက်ခဲ့ကြပေမယ့် အဓိက အတိုက်အခံပါတီခေါင်းဆောင် ဒေါ်အောင်ဆန်စုကြည်ကတော့  ကျန်းမာရေအခြေအနေကြောင့် တက်ရောက်ခဲ့ခြင်းမရှိပါဘူး။

By အောင်ကြီး (ဒီဗွီဘီ)
http://burmese.dvb.no


မတ်လ၂၇ရက်နေ့တွင်ကျရောက်သည့် နှစ်၇၀ပြည့် တပ်မတော်နေ့ကို ကြေးမုံသတင်းစာ ကြော်ငြာ အချပ်ပိုတွင် မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်း (MEC) သည် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း ကြောငြာမှာ ပြည်ထောင်စုနေ့ဟု မှားယွင်းစာ ထည့်သွင်း ဖော်ပြ ထားသည်။

အချပ်ပို ကြော်ငြာကိုဆောင်ရွက်သည့်HEART Media သို့ မေးမြန်းရာ MEC TEL ၏မှားယွင်း ထည့်သွင်း မှုသာ ဖြစ်ကြောင်း ၊ ဒီဇိုင်းကို မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) သည် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း ရေးဆွဲ ပေးခဲ့ခြင်းသာ ဖြစ်ကြောင်း မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) သည် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မှလည်း အမှားပြင်ဆင်ချက်ထည့်သွင်းရန် ဆောင်ရွက်နေကြောင်း NewsWatch Journal သို့ပြောကြားပါသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

ရန်ကုန်ဆန္ဒပြပွဲ (ဓာတ်ပုံ – ကောင်းထက်ကျော်)
သာယာဝတီထောင်မှာ ဖမ်းဆီးတရားစွဲခံ နေရတဲ့ သပိတ်မှောက် ကျောင်းသားတွေနဲ့ ၀န်းရံပြည်သူတွေ လွတ်မြောက်ရေး အတွက် ရန်ကုန်၊ မန္တလေးနဲ့ ဧရာဝတီတိုင်းက မြို့ကြီးတွေနဲ့ ထားဝယ်မြို့မှာ ကျောင်းသူ ကျောင်းသားတွေ ဒီကနေ့ မနက်ဆန္ဒပြ ခဲ့ကြပါတယ်။

ရန်ကုန် သိမ်ကြီးဈေးမှာ ဆန္ဒထုတ်ဖော်မှုနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်  ဒု-ဥက္ကဋ္ဌ ကိုဂျိမ်းက “ကျနော်တို့က အဓိက အချက် ၄ ချက်ကို တောင်းဆိုမှာပါ။ အဲဒီအချက် ၄ ချက်တော့ ကျောင်းသားပြည်သူကို အခြေခံတဲ့ ပညာရေးဥပဒေအမြန်ဆုံး ပေါ်ပေါက်လာဖို့၊ ဖမ်းဆီးထားတဲ့ ကျောင်းသားနဲ့ ၀န်းရံပြည်သူတွေအားလုံးကို လွှတ်ပေးဖို့၊ အကြမ်းဖက်ဖြိုခွင်းတဲ့ အစိုးရရဲ့ လုပ်ရပ်ကို ရှုတ်ချတယ်။ နောက်တချက်က ဥပဒေအထက်လွန်ပြီး အကြမ်းဖက် ဖြိုခွဲတဲ့ တာဝန်ရှိသူတွေကို ဖော်ထုတ်အရေးယူပေးဖို့”  တောင်းဆိုတာဖြစ်တယ်” လို့ ပြောပါတယ်။

ကျောင်းသားတွေ မနက် ၁၀ နာရီ ၁၀ မိနစ်မှာ ဆန္ဒပြမယ်လို့ ကြေညာထားပြီး သူတို့ ဆန္ဒပြမှုမလုပ်ခင် ၉ နာရီလောက် သိမ်ကြီးဈေးမှာ ရဲတပ်ဖွဲ့အင်အားအများအပြား ကြို တင်ရောက်ရှိနေကြပါတယ်။

လုံခြုံရေးအင်အား တင်းကြပ်စွာချထားပေမယ့်လည်း ကျောင်းသား ၃၀ လောက်ကတော့ သူတို့ ရည်ရွယ်ထားတဲ့အတိုင်း ဆန္ဒထုတ်ဖော်ခဲ့ပြီး ၀ရမ်းထုတ်ခံထားရတဲ့ ကျောင်းသားခေါင်းဆောင် ကိုနန္ဒစစ်အောင်က မိန့်ခွန်းပြောကြားသွားခဲ့တယ်လို့ ဒီမိုကရေစီပညာရေးလှုပ်ရှားမှုကော်မတီဝင် ကိုအောင်နေပိုင်က ပြောပါတယ်။

“ပထမပိုင်းမှာ စနိုင်ဖို့ တော်တော်ကြိုးစားရတယ်။ နောက်ပိုင်းမှာ ကျနော်တို့ ဒီကျောင်းသား ၂၀ ကျော်နဲ့ ဘေးက၀န်းရံကျောင်းသားရောဆို ၄၀ လောက်နဲ့စုပြီးတော့ ထွက်လာတယ်။ ထွက်လာ တဲ့အချိန်မှာ တားဆီးမှုတွေရှိပေမယ့်လည်း ကျနော်တို့ သိမ်ကြီးဈေးလူကူးတံတားအလယ်မှာ ကြွေးကြော်သံတွေတိုင်တယ်။ သီချင်းတွေဆိုတယ်၊ ပြီးတော့ ဒီလုပ်ရတဲ့အကြောင်းရင်းကို ကိုနန္ဒစစ်အောင်ကနေ ဦးဆောင်ပြီး ရှင်းပြတယ်။ နောက်ပြီး လက်ရှိ ကျောင်းသားတွေ အကြမ်း ဖက်မှုနဲ့ပတ်သက်ပြီးတော့လည်း ပြည်သူတွေကိုရှင်းပြတယ်။ အစိုးရကို နိုင်ငံရေး နည်းလမ်းနဲ့ဖြေရှင်းဖို့လိုတယ်။ အကြမ်းဖက်နည်းလမ်းနဲ့ဖြေရှင်းနေရင် ဒီပညာရေးဥပဒေကိစ္စအောင်မြင်မှာ မဟုတ်ဘူးပေါ့နော်။”

နာရီဝက်လောက်ဆန္ဒထုတ်ဖော်ပြီး လုံခြုံရေးအင်အားက ဖမ်းဆီးမယ့်အနေအထားကြောင့် လူစုခွဲခဲ့တယ်လို့ ကိုအောင်နေပိုင်က ပြောပါတယ်။

မန္တလေးမြို့မှာတော့ အစောပိုင်းက အိမ်တော်ရာဘုရားကနေ စထွက်မယ်လို့ ကြေညာထားပေမယ့် လုံခြုံရေးအင်းအား အများအပြား တိုးမြှင့်ချထားမှုကြောင့် ၃၅-၇၃ လမ်းကနေ ကျောင်းသား ၃၀ လောက်က မော်တော်ဆိုင်ကယ်တွေနဲ့ ထွက်ခဲ့တယ်လို့ ဒီဗွီဘီသတင်းထောက်က ပြောပါတယ်။

“၇၈ လမ်းနဲ့ မင်းရဲကျော်စွာလမ်းအရောက်မှာ အာဏာပိုင် စခန်းမှူးတယေက်က လာတားပါတယ်။ ကျောင်းသားတွေက ဆိုင်ကယ်နဲ့ဆိုတော့ မောင်းထွက်လာတယ်။ ထွက်တော့ သက္ကသိုလ်မိန်းရှေ့အရောက်မှာ မြို့နယ်ခရိုင်ကထွက်တားတယ်။ ဒါပေမယ့် သူတို့ ဆိုင်ကယ်နဲ့ မောင်းပြီးထွက်လာတယ်။ အခုကျနော်တို့ သိပ္ပံလမ်း ကညန ရုံးရှေ့ကို ရောက်နေပါပြီ။ ဗကသ အလံတလံထပ်တိုးပါတယ်။ ဗကသအလံ ၃ လံနဲ့ ဖက်ဆစ်တော်လှန်ရေးအလံရယ် ၄ လံဖြစ်သွားတယ်။ လက်ပံတန်းမြို့မှာ ဖမ်းဆီးခံထားတဲ့ကျောင်းသားတွေအမြန်ဆုံး လွတ်မြောက်ရေး၊ အာဏာရှင်အစိုးရကျဆုံးဖို့၊ အဲဒါတွေကို ကြွေးကြော်သံအော်ပါတယ်။ ပြီးတော့ စာရွက်တွေလည်း ကျဲပါတယ်ခဗျာ။”

ဧရာဝတီတိုင်း မြောင်းမြမြို့မှာတော့ ကျောင်းသား ၃၀ ကျော်က ဖမ်းဆီးခံကျောင်းသားရဲ့ ၀န်းရံပြည်သူတွေလွှတ်မြောက်ရေး အင်္ကျီ ဆင်တူဝတ်ဆင်မှု၊  စတစ်ကာနဲ့ သီချင်းဖျော်ဖြေမှု ကမ်ပိန်းလုပ်ဆောင်နေတယ်လို့  မြောင်းမြမြို့က ဗကသ ကျောင်းသားခေါင်းဆောင်တဦးဖြစ်သူ ကိုတေဇာကပြောပါတယ်။

“ဘယ်လိုရည်ရွယ်ချက်လဲဆိုတော့ ကျနော်တို့ ဖမ်းဆီးခံကျောင်းသားတွေရယ်၊ ၀န်းရံပြည်သူတွေ ပြန်လည်လွတ်မြောက်ရေးအတွက်ကို ကျနော်တို့က ပြည်သူတွေသိရှိသွားအောင်၊ နောက်ပြီး ဒီဘက်က မြောင်းမြမြို့ပေါ်ကနေပြီး အဖမ်းခံထားရတဲ့ကျောင်းသား ၁ ယောက်နဲ့ ကျောင်းသူ ၁ ယောက်အတွက်လည်း ကျနော်တို့ ကမ်ပိန်းဆင်းတာပါခင်ဗျာ။”

ဟင်္သာတ ဆန္ဒထုတ်ဖော်မယ့်ကျောင်းသားတွေကိုတော့ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး တိုးဝင်းက လာရောက်တားဖြစ်ခဲ့ပါတယ်။

ဖမ်းဆီးခံကျောင်းသားတွေနဲ့ ၀န်းရံ ပြည်သူတွေ လွတ်မြောက်ရေးအတွက် တနင်္သာရီတိုင်း ထားဝယ်မြို့မှာလည်း ဒီနေ့မနက်ပိုင်းက ဆန္ဒပြခဲ့ကြပါတယ်။

By နော်နိုရင်း(ဒီဗွီဘီ)
http://burmese.dvb.no


ဖမ်းဆီးတရားစွဲခံ ကျောင်းသားများပြန်လွှတ်ရေးနဲ့ အကြမ်းဖက်ဖြိုခွင်းသူတွေကို ဖော်ထုတ်အရေးယူဖို့ တော်လှန်ရေးနေ့ ဆန္ဒပြလှုပ်ရှားမှုတွေအပြီး ရန်ကုန်နဲ့ မြင်းခြံမှာ အနည်းဆုံး ၇ ဦး ဖမ်းဆီးခဲ့ရပါတယ်။

ရန်ကုန်မှာ ဖမ်းဆီးခံရသူတွေကတော့  ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီ ဗကသ (ဗဟို) က ကိုနန္ဒာစစ်အောင်၊ ကိုရှိန်းရာဇာထွန်း၊ ကိုအောင်လေး (ခ) အောင်ထက်အောင်တို့ ၃ ဦး ထိန်းသိမ်းဖမ်းဆီးခံရတယ်လို့  ကျောင်းသား သပိတ်ကော်မတီက ထုတ်ပြန်ပါတယ်။

ကိုနန္ဒစစ်အောင် ဖမ်းဆီးခံရမှုနဲ့ ပတ်သက်ပြီး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌကိုဂျိမ်းစ်က “မြို့ထဲမှာ ဆန္ဒပြပွဲတွေပြီးတဲ့ အခါမှာ သက်ဆိုင်ရာ လုံခြုံတဲ့နေရာတွေ ပြန်သွားတဲ့အခါမှာ လမ်းမှာ လိုက်ဖမ်းတာ။ နောက်ဆုံးသိရသလောက်  သိမ်ဖြူ  မင်္ဂလာတောင်ညွန့် မဆလာစက်မှတ်တိုင်နား အဲဒီနားဝန်းကျင် လမ်းပေါ်မှာပဲ ဖမ်းဆီးခံရတယ်ကြားတယ်၊ အရပ်ဝတ်တွေနဲ့” လို့ ပြောပါတယ်။

နန္ဒစစ်အောင်
အလားတူ မြင်းခြံမှာ လည်း ကျောင်းသား   ၂ ဦးနဲ့  ဝန်းရံသူ ၂ ဦး ဖမ်းဆီခံခဲ့ပါတယ်။  မြင်းခြံဒီဂရီကောလိပ် သချာင်္ဒုတိယနှစ် ကျောင်းသား ကိုဉာဏ်မြင့်သန်း၊  ကိုစည်သူမြတ်နဲ့  သပိတ်ဝန်းရံသူ  ဦးစိန်းဝင်း၊  မဖြူ (ခ) မခင်သန္တာအောင်တို့ ၄ ဦးဖမ်းဆီးခံခဲ့ရပါတယ်။

သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးတရားစွဲခံနေ ရတဲ့ ကျောင်းသားတွေနဲ့ ၀န်းရံသူတွေကို ချက်ချင်းပြန်လွှတ်ပေးဖို့  ဒီကနေ့ကျရောက်တဲ့ ဖက်ဆစ် တော်လှန်ရေးနေ့မှာ  ရန်ကုန်၊ မန္တလေး၊ မြင်းခြံ၊ မြောင်းမြ၊ ဟင်္သာတ၊ ထားဝယ် စတဲ့ နိုင်ငံတ၀န်း မြို့တွေမှာ ကျောင်းသားတွေက ဆန္ဒပြခဲ့ကြတာပါ။

 By ဒီဗွီဘီ
http://burmese.dvb.no


ကိုးကန့်တရုတ် ဖုန်ကြားရှင်တပ်ဖွဲ့မှာ ယူနန်က တရုတ်စစ်သားတွေပါမပါ အငြင်းပွားကြလို့ တရုတ်အစိုး၇က မကူညီ၊ မထောက်ခံကြောင်း ရှင်းရပါတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံသားတွေ ကိုးကန့်သူပုန်ကို ကူညီနေတယ်ဆိုရင် သူတို့သဘော လျှောက်လုပ်တာသာဖြစ်ပြီး တရုတ်အစိုးရနဲ့ မဆိုင်ဘူးလို့ တရုတ်စာနယ်ဇင်းက ရေးပါတယ်။ ကိုးကန့်က ယူနန်ကို ထွက်ပြေးသူထဲမှာ ဒုက္ခသည်စခန်းမှာ ခိုလှုံသူရှိသလို ဆွေမျိုးမိတ်သင်္ဂဟဆီမှာ တည်းခိုသူလည်း ရှိပါတယ်။ ဒါကြောင့် ကိုးကန့်သူပုန်အဖွဲ့မှာ ယူနန်နယ်သား မပါဘူးလို့ြေ့ပာဖို့ ခက်ပါတယ်။ ကိုးကန့်နယ်သားကို ယူနန်မှာ တောင်ပေါ်က တရုတ်လို့ ခေါ်ပါတယ်။

မြန်မာနဲ့ယူနန်ဟာ နယ်မြေချင်းဆက်နေသလို သမိုင်းချင်းဆက်တာတွေ အများကြီး ရှိပါတယ်။ ယူနန်မှာ ကြီးစိုးတဲ့ နန်ကျောင်ဝင်တိုက်လို့ ပျူနိုင်ငံ ပျက်စီးရတယ်လို့ ရှေးဟောင်းသမိုင်းဆရာတွေက ဆိုပါတယ်။ အဲဒီခေတ်မှာပဲ နန်ကျောင်လက်အောက်ခံ မြန်မာလူမျိုးစုဟာ ကျောက်ဆည်ဒေသမှာ ဝင်ရောက်အခြေစိုက်တယ်လို့ ဆိုပါတယ်။ တရုတ်ပြည်မှာ မွန်ဂိုတွေ အာဏာရယူပြီး ယူနန်အထိ ရောက်လာတဲ့အခါ မြန်မာနဲ့ ထိတွေ့ပါတယ်။ (၁၃) ရာစုမှာ မွန်ဂိုတရုတ် ဝင်တိုက်လို့ ပုဂံပြည် ပျက်စီးရပါတယ်။ အဲဒီနောက် ရှမ်းတွေတည်ထောင်ခဲ့တဲ့ အင်းဝခေတ်မှာ ယူနန်-မြန်မာ ကုန်သွယ်ရေးစတယ်လို့ သမိုင်းကဆိုပါတယ်။

(၁၇) ရာစု တရုတ်ပြည်မှာ 'မင်' မင်းဆက် ဖြုတ်ချခဲ့ရတဲ့အခါ နောက်ဆုံး 'မင်' ဘုရင် ယုံလီ ဟာ မြန်မာပြည်ထဲကို ဝင်ရောက်ခိုလှုံခဲ့ပါတယ်။ အဲဒီအခါမှာ 'မင်' မင်းဆက်ကို လိုလားတဲ့ မြန်မာရောက် တရုတ်တွေ စခန်းထတဲ့အတွက် ပြည်တွင်းရေး အလွန်ရှုပ်ထွေးကုန်ပါတယ်။ တရုတ်စစ်တပ် အင်းဝမြို့ အထိ ချီလာပြီး ယုံလီမင်းကို ခေါ်ဆောင်သွားခဲ့ပေမယ့် ယုံလီရဲ့  ကိုယ်ရံတော်တပ်ကို ယူနန်နယ်စပ်မှာ အခြေချခွင့်ပေးတဲ့အတွက် ကိုးကန့်တရုတ် ပေါ်ပေါက်လာပါတယ်။ ကိုလိုနီခေတ်ရောက်မှ ကိုးကန့်နယ်ဟာ မြန်မာ့နယ်နမိတ်ထဲ ပါလာတာပါ။ (၁၉) ရာစု ပန်းသေးမွတ်စလင် ပုန်ကန်မှု အရေးနိမ့်တဲ့အခါမှာလည်း ယူနန်တရုတ် အများအပြား ရှမ်းပြည်နယ်မှာ ဝင်ရောက်ခိုလှုံပါတယ်။ ဗမာစစ်အစိုးရခေတ်မှာ နယ်စပ်တိုက်ပွဲဖြစ်တဲ့အခါမှသာ မြန်မာပြည်သားတွေ ယူနန်ပြည်နယ်မှာ ဝင်ရောက်ခိုလှုံခဲ့ကြတာ ဖြစ်ပါတယ်။

လက်ရှိ မြန်မာနယ်နမိတ်ကို အင်္ဂလိပ်က ရေးဆွဲပါတယ်။ နောက်ဆုံး ကုန်းဘောင်မင်းဟာ လက်ရှိနယ်နိမိတ်ကို ချုပ်ကိုင်တာ မဟုတ်ပါဘူး။ ဥပမာ ရှမ်းပြည်မှာ ဗမာမင်းရဲ့  အာဏာစက်ဟာ ကျိုင်းတုံအထိသာ ရောုက်ပါတယ်။ ကျိုင်းတုံဟာ မြန်မာ့အလံကို အသိအမှတ်ပြုရာ အရပ်ရဲ့  နယ်ကုန်ဖြစ်လို့ အလံဦးကင်းဖျားလို့ခေါ်ကြောင်း ကွယ်လွန်သူ သမိုင်းပညာရှင် ဆရာဦးသန်းထွန်က နယ်လှည့်ရာဇဝင် အတွဲ (၁) မှာ ရေးထားပါတယ်။ မြန်မာနဲ့ မပေါင်းမီမှာ ကျိုင်းတုံဟာ တရုတ်ကို လက်ဆောင်ပို့ဖူးပြီး တခါတရံ တရုတ်က အခွန်ဘဏ္ဍာ တောင်းပါတယ်။ (၁၈) ရာစု အလယ်ပိုင်းမှာ မြန်မာ-တရုတ် စစ်ဖြစ်တော့ ကျိုင်းတုံကို တရုတ်က ယာယီသိမ်းပိုက်ခဲ့ပါတယ်။ မြန်မာမင်းနဲ့ ယူနန်အာဏာပိုင်တို့ သြဇာလွှမ်းမိုးဖို့ နှစ်ပေါင်းများစွာ အားပြိုင်ဆိုင်ခဲ့တဲ့ ရှမ်းပြည်မှာ တရုတ်မျိုးနွယ်ဝင်တွေ အများအပြား ရှိပါတယ်။

(၁၄) ရာစုကတည်းက မြန်မာကျောက်စိမ်းကို တရုတ်က မျက်စိကျခဲ့တယ်လို့ ဆိုါပတယ်။ (၁၈) ရာစု မြန်မာ-တရုတ် နယ်ခြားစစ်ပွဲ ပြီးဆုံးတဲ့အခါ ယူနန်-မြန်မာ ကုန်သွယ်ရေး တိုးပွားလာပါတယ်။ ကချင်ကို ကျောက်မျက်ပိုင်ရှင်အဖြစ် တရုတ်က အသိအမှတ်ပြုသလို မြန်မာမင်းကလည်း အသိအမှတ်ပြုပါတယ်။ (၁၉) ရာစုမှာ အမရပူရ အခြေစိုက် တရုတ်က ယူနန်ကို ဝါဂွမ်းနဲ့ ကျောက်မျက်တင်ပို့ပြီး ပိုးချည်၊ ရွှေ၊ ငွေ နဲ့ သတ္တုအိုးခွက်တွေကို ယူနန်က တင်သွင်းပါတယ်။ မြန်မာပြည်မှာ သေဆုံးခဲ့တဲ့ တရုတ်ကုန်သည် (၆၀၀၀) ကျော်ရဲ့  စာရင်းကို အမရပူရ တရုတ်ဘုံကျောင်းမှာ မှတ်တမ်းတင်ထားတယ်လို့ ကိုလိုနီခေတ် အစီရင်ခံစာတစောင်မှာ ဖော်ပြထားပါတယ်။ ရာစုနှစ်နဲ့ချီပြီး လားတန်းနဲ့ ကုန်သွယ်ရာမှာ ယူနန်ကို မပြန်သူတွေ ရှိပါတယ်။ သူတို့က ပေါက်ဖွားလာသူတွေဟာ မြန်မာပြည် တရုတ်တိုင်းရင်းသားတွေ ဖြစ်လာကြပါတယ်။

၁၉၄၉ မှာ တရုတ် ကွန်မြူနစ်ပါတီ အာဏာရလာတော့ ယူနန်မှာရှိတဲ့ ချန်ကိုင်ရှိတ်ရဲ့  ကူမင်တန်တပ်ဟာ ရှမ်းပြည်မှာ ခိုလှုံပြီး ကွန်မြူနစ် ဆန့်ကျင်ရေး လုပ်လာပါတယ်။ ကိုးကန့်ခေါင်းဆောင် Oliver Yang ဟာ ချန်ကိုင်ရှိတ်ကို ထောက်ခံသူမို့ ဝင်ရောက်လာတဲ့ ကူမင်တန်တပ်နဲ့ မဟာမိတ် လုပ်ပါတယ်။ ကူမင်တန်တပ်တွေ ထိုင်ဝမ်ပြန်တဲ့အခါ မြန်မာနယ်စပ်မှာ ချန်နေခဲ့သူတွေ ရှိပါတယ်။ ဒါကြောင့် ကူမင်တန်တရုတ်၊ ကိုးကန့်တရုတ်၊ ဝတရုတ်၊ ဗကပတရုတ်၊ ယူနန်တရုတ်တွေ ရောနှောကုန်ပါတယ်။ ကိုးကန့်၊ ဝ နဲ့ မိုင်းလားဒေသတွေဟာ မြန်မာနယ်နိမိတ်ထဲက တရုတ်ပြည်နယ်တွေလို ဖြစ်နေပါတယ်။ သူတို့ကို ကိုးကန့်တိုင်းရင်းသားနဲ့ ဝ တိုင်းရင်းသားလို့ မော်ကွန်းတိုက်ထုတ် တပ်မတော်သမိုင်းမှာ ဖော်ပြထားပါတယ်။

စစ်အစိုးရခေတ်မှာ တရုတ်ကို မှီခိုအားထားတဲ့အတွက် တရုတ်ပြည်က ဝင်လာသူတွေ များလာသလို၊ အပစ်အခတ် ရပ်စဲလိုက်လို့ ကိုးကန့်တရုတ် နဲ့ ဝတရုတ်တွေ မြန်မာပြည်မကို ဆင်းလာကြတာလည်း ရှိပါတယ်။ ဒီလို ရှည်လျားရှု့ပ်ထွေးတဲ့ သမိုင်းကြောင့် တရုတ်အမျိုးမျိုး ရှိလာပါတယ်။ ယေဘုယျသဘောကတော့ ကိုယ်ကျိုးစီးပွားကိုသာ စိတ်ဝင်စားသူ၊ တိုင်းပြည်အကျိုးကို စိတ်ဝင်စားသူ နဲ့ တရုတ်ပြည်ကို သစ္စာရှိသူ စသဖြင့် တရုတ် (၃) မျိုး ရှိလာတယ်လို့ ပြောနိုင်ပါတယ်။ ဒါကြောင့် မြန်မာပြည်သား တရုတ်များအကြောင်းပြောရင် မလိုတမျိုး လိုတမျိုး မပြောဘဲ ခံယူချက်အမျိုးမျိုး နဲ့ အကျိုးစီးပွားအမျိုးမျိုး ရှိနေတာကို ခွဲခြားသိမြင်ဖို့ လိုပါတယ်။

ဦးအောင်ခင်, ကျော်ကျော်သိန်း / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


ကမ္ဘာတ၀န်းမှာ သတင်းထောက်တွေ အလုပ်လုပ်ရင်း အဖမ်းခံရ ဒါမှမဟုတ် အသတ်ခံကြရတာနဲ့ ပတ်သက်ပြီး အများပြည်သူ သတိပြုမိလာစေဖို့ လှုံ့ဆော်စည်းရုံးတဲ့ လှုပ်ရှားမှုတခုကို နိုင်ငံတကာ အဖွဲ့အစည်းနှစ်ခုက ကြာသပတေးနေ့မှာ စတင်လိုက်ပါ တယ်။

"သတင်းလောကကို နှောင်ကြိုးဖြုတ်ပါ - သတင်းလောကကို လွတ်လပ်ခွင့်ပေးပါ"လို့ဆိုရမယ့် Press Uncuffed: Free the Press ဆိုတဲ့ လှုပ်ရှားမှုကို သတင်းထောက်များ အကာအကွယ်ပေးရေးကော်မတီ CPJ က ၀ါရှင်တန် ဒီစီမြို့တော် Newseum သတင်း မီဒီယာပြတိုက်မှာ စတင်လိုက်တာပါ။

မေရီလန်းဒ်တက္ကသိုလ်၊ Philip Merrill သတင်းပညာကောလိပ်က ကျောင်းသူကျောင်းသားတွေနဲ့ CPJ တို့ ပူးတွဲလုပ်ဆောင်မယ့် ဒီလှုပ်ရှားမှုမှာ အကျဉ်းကျနေတဲ့ သတင်းထောက်ကိုးဦးရဲ့ ဖြစ်ရပ်တွေကို မီးမောင်းထိုးပြပြီး သူတို့ကို ပြန်လွှတ်ပေးဖို့ တောင်းဆို ထားပါတယ်။ သတင်းလွတ်လပ်ခွင့်ကို ကြောက်တဲ့အစိုးရတွေက ဒီသတင်းထောက်တွေကို အကျဉ်းကျထားတာပါလို့ CPJ အဖွဲ့ ရဲ့ထုတ်ပြန်ချက်တခုထဲမှာ ဖော်ပြထားပါတယ်။

အခုလှုပ်ရှားမှုကနေ ပြန်လွှတ်ပေးဖို့ တောင်းဆိုထားတဲ့ သတင်းထောက်တွေကတော့ တရုတ်နိုင်ငံက Ilham Tohti, ဆွာဇီလန်း နိုင်ငံက Bheki Makhubu, အီသီယိုးပီးယားနိုင်ငံက Reeyot Alemu, အဇာဘိုင်ဂျန်နိုင်ငံက Khadija Ismayilova, အီရန်နိုင်ငံက Jason Rezain, ဥဇဘက်ကစ္စတန်နိုင်ငံက Yusuf Ruzimuradov, အီဂျစ်နိုင်ငံက Mahmoud Abou Zeid, ဗီယက်နမ်နိုင်ငံက Ta Phong Tan နဲ့ ဘာရိန်းနိုင်ငံက Ammar Abdulrasool တို့ဖြစ်ကြပါတယ်။ CPJ ရဲ့အဆိုအရ လူထုအကျိုးအတွက် သူတို့ရေးသား တဲ့သတင်းတွေကြောင့် အဲဒီသတင်းထောက်တွေအပေါ် နိုင်ငံတော်ကို ဆန့်ကျင်တဲ့ပုဒ်မ ဒါမှမဟုတ် လက်တုန့်ပြန်တဲ့စွဲချက်တွေနဲ့ ဖမ်းဆီးထားတာလို့ ပြောပါတယ်။

ဒီအတောအတွင်းမှာပဲ ဥရောပတိုက် လုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OSCE ကလည်း အဖွဲ့ရဲ့ ဒေသအတွင်းက သတင်း သမားတွေရဲ့ လုံခြုံရေးနဲ့ ဂုဏ်သိက္ခာတို့ကို အကာအကွယ်ပေးရေးဆိုင်ရာ နှစ်ရက်ကြာ ညီလာခံတခုကို ကျင်းပနေပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com