03/31/15

''တောင်ကုန်းတွေကို စစ်တပ်က လိုက်သိမ်း နေပြီတဲ့'' ''လယ်မြေတွေ သိမ်းလို့ အားမ ရသေးဘူးနဲ့ တူပါရဲ့''
မြန်မာတိုင်းမ် ဂျာနယ် ၂၅-၃၁ မတ်လ ၂၀၁၅ တွင် ပါရှိတဲ့ ကာတွန်းနဲ့ ပတ်သက်ပြီး မြန်မာတိုင်းမ်က လွန်စွာ စိတ်မကောင်း ဖြစ်ရကြောင်း တနင်္လာနေ့က ထုတ်ပြန်လိုက်ပါတယ်။

အဲဒီ သရော်စာ ကာတွန်း တခုကို တပ်မတော်က ကန့်ကွက်ကြောင်း အစိုးရ သတင်းစာ တွေမှာ ဖော်ပြ ပါရှိခဲ့ပြီးနောက် မြန်မာတိုင်းမ်က အခုလို ထုတ်ပြန်တာ ဖြစ်ပါတယ်။

ကာတွန်းကတော့ ''တောင်ကုန်းတွေကို စစ်တပ်က လိုက်သိမ်းနေပြီတဲ့'' လို့ တယောက်က ပြောတာကို နောက်တယောက်က ''လယ်မြေတွေ သိမ်းလို့ အားမရသေးဘူးနဲ့ တူပါရဲ့'' ဆိုပြီး ဖော်ပြထားတာ ဖြစ်ပါတယ်။

တပ်မတော် ဘက်တော့ ဒါကို လောက်ကိုင်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို ရည်ရွယ် ရေးဆွဲတယ် ဆိုပြီး ကန့်ကွက်ကြောင်း ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

မြန်မာတိုင်းမ် အယ်ဒီတာချုပ် ဦးသီဟစော ကတော့ ဒီကာတွန်းဟာ တပ်မတော် ဘက်က ထင်သလို မဟုတ်ပါဘူးလို့ ပြောပါတယ်။

အခုလို စစ်တပ်ကနေ သတင်းစာက တဆင့် ဖော်ပြ ကန့်ကွက်တာဟာ ဒါ ပထမဆုံး အကြိမ် ဖြစ်တယ်လို့လည်း ဦးသီဟစောက ပြောပါတယ်။

ရေးတဲ့ သူက ရည်ရွယ်ချက် တမျိုး ဖြစ်ပြီး၊ ဖတ်ရှုသူက တမျိုး နားလည်မှုတွေ မဖြစ်အောင် နောင်ကို သတိထား ဖော်ပြသွားဖို့ ရှိတယ်လို့ သူက ပြောပါတယ်။

BBC Burmese
http://www.bbc.co.uk/burmese

လီကွန်ယူရဲ့  အသုဘ အခမ်းအနားမှာ အဘဦးသိန်းစိန်လာတာ ဖိတ်လို့ လာတာပဲ ဖြစ်ဖြစ် အာဆီယံ ဥက္ကဌမို့ လာတာပဲ ဖြစ်ဖြစ် အဘက ဖာသိဖာသာပဲနော်။ အင်္ဂလိပ်စာ အားနည်းလို့  စကားသိပ်မပြောတာလား ကိုယ့်ဖာသာပဲ နေတတ်သလို နေတာလား မပြောတတ်ဘူး။ ဘယ်လိုပြောရမလဲ ပေါင်းသင်းဆက်ဆံရေး သံတမန်ဆက်ဆံရေး အားနည်းတာလို့ ပြောရမယ်။ မိတ်ဖြစ်ဆွေဖြစ်ပေါင်းတတ်ရမယ်။ အားကြီးတယ်ဆိုပြီး တရုတ်ကိုပဲ မပေါင်းပါနဲ့ အဘ။ တခြားနိုင်ငံကလူတွေနဲ့လဲ ပေါင်းကြည့်ပါအုန်း။ ဓာတ်ပုံတွေလိုက်ရှာတော့ တခြားနိုင်ငံက ခေါင်းဆောင်တွေသာ အချင်းချင်းနှုတ်ဆက်ကြ၊ မီဒီယာကလဲ သူတို့  ကိုပဲ အသားပေးဖော်ပြတယ်။ ငါတို့ အဘ လာတယ်ဆိုတာတောင် မေ့နေလားမသိဘူး။ ဓာတ်ပုံရိုက်တာတောင် ကပ်ရပ်ထိုင်နေတဲ့ ကိုရီးယားက အပျိုကြီးကိုပဲ ကွက်ပြီးရိုက်သွားတယ်။ ကလင်တန်က အမေရိကမို့ ထားပါ တိုင်းပြည်သေးတဲ့ ဘူတန်ဘုရင်ကိုတောင် မီဒီယာက လေးလေးစားစား မေးကြတယ်။ မြန့်မာခေါင်းဆောင်က သူတို့ကြားမှာ တော်တော်မှေးမှိန်တယ်။ ကလင်တန်၊ တိုနီ၊ မိုဒီတို့ က အချင်းချင်းလဲ ပွဲမစခင်ခုံကပ်ရပ်မို့  တော်တော် စကားပြောကြတယ်။ ဒါတောင် မိုဒီက အင်္ဂလိပ်စာမကောင်းဘူးလို့  သူ့  နိုင်ငံသားတွေက ခဏခဏပြောတယ်။ ဒါပေမဲ့ အဲ့ဒါက မြန်မာက လူကြီးတွေထက် အများကြီးသာတယ်။ ဝမ်းသာပါတယ် အိန္ဒိယက လူတွေ ကံကောင်းတာပေါ့။

အဘရေ ပညာရဲရင့်ပွဲလယ်တင့်ပေါ့။ကိုယ်က အများကြားမှာ မပြောနိုင်တဲ့အခါ အလိုလို လူတောမတိုးတော့ဘူး။အင်္ဂလိပ်လိုမတတ်တဲ့ခေါင်းဆောင်တွေမှ အများကြီးလို့ မပြောပါနဲ့။ သူများလုပ်တတ်ရင် ကိုယ်လုပ်တတ်မှ တော်ရုံကျမှာပေါ့။ အခုပွဲကိုပဲကြည့်ပါ အဘ။နောက်ဆိုပိုဆိုး ပြီး အများကြီးချန်ပြီး ကျန်ခဲ့လိမ့်မယ်။ အခုလဲ သမီးတို့ တိုင်းပြည်က ကျန်ခဲ့တာမှ နောက်လှည့်ကြည့်ရင် သမီးတို့ နောက်မှာတောင် ဘယ်တိုင်းပြည်မှ သိပ်မရှိတော့ဘူး။ အဲ့ဒါက မြန်မာပြည်ရဲ့ ပညာရေးကို ပြန်ပြင်ရမယ်ဆိုတာ ပြတာပဲမဟုတ်ဘူးလား အဘ။ သမီးတို့ နိုင်ငံက နောင်လာနောင်သား ကျောင်းသားလေးတွေကို ပညာရေးကောင်းအောင်လုပ်ပေးပါ။ သူတို့ကို အားထားရမှာ နှိပ်စက်ရမှာ မဟုတ်ဘူး။ နောငိတစ်ချိန် အဘတို့ လဲ မရှိတော့ သမီးတို့ လဲ မရှိတော့ဘူး။ တိုင်းပြည်ကို သူတို့ လက်ထဲ အပ်ခဲ့ရမှာ။အဲ့ဒီအခါ ဘယ်လိုအပ်မလဲ။ စာမတတ်ဘဲ ကမ္ဘာ့အလယ်မှာ လူလုံးမပြနိုင်အောင် မျက်နှာငယ်အောင်ထားခဲ့မှာလား။ အချိန်ရှိတုန်း ပြင်ပေးပါအုန်း အဘရေ။

နောက်ပြီး ဒီပွဲကို အကျိုးရှိရှိ အသုံးချသွားတာက အိန္ဒိယက မိုဒီပဲ။ ခေါင်းဆောင်တော်တော်များများနဲ့ တွေ့  သွားတယ်။ ဆွေးနွေးသွားတယ်။ ကုန်ကုန်ပြောရင် တွေ့ လို့ ရသမျှလူ သူ့ တိုင်းပြည်အတွက် အကျိုးရှိမဲ့လူ အကုန်လုံးကို တွေ့ သွားတယ်။ အဘက ဖုတ်ပူမီးတိုက်လာတယ် မနက်၁၁:၄၅မှ ရောက်တယ်။ ကံကောင်းလို့  အဘUCCကို သွားတဲ့လမ်းမှာ လမ်းပိတ်တာနဲ့ မကြုံလို့ ပေါ့။ တော်သေးတယ် UCCမှာ နှစ်နာရီမှ စမှာမို့  ။ဒါပေမဲ့ အဘက ဘာလို့  လောနေလဲ မသိဘူး မြန်မာပြည်ကို ည ၈နာရီ အမှီပြန်သွားတယ်။ တခြားခေါင်းဆောင်တွေက တစ်ရက်ကြိုရောက်တယ်။ တချို့ က မနက်စောစောရောက်တယ်။ ထားပါတော့ တို့  အဘက သူတို့ လို မဟုတ်ဘူး။ အလုပ်များတယ်။ ခွင့်လွှတ်ပေးရမှာပေါ့။ နောက်ဆို စောစောလာပါ အဘရေ။တော်ကြာစိတ်ပူနေရတာနဲ့ အဘနှလုံးရောဂါပြန်ဖြစ်နေမှာဆိုးလို့။ ရန်ကုန်လေဆိပ်မှာ အင်မီဂရေးရှင်းက အဘကို ရစ်နေလား လေယာဉ်ကနောက်ကျနေလား မသိဘူးဆိုပြီး သမီးက စိတ်တောင်ပူနေတာ။

အဘ သိန်းစိန်က ကံဆိုးတာ ဖြစ်မယ်။ နေရာချတဲ့လူကလဲ တော်တယ်။ တိုက်တိုက်ဆိုင်ဆိုင် ကိုရီးယား သမ္မတ အပျိုကြီးဘေးမှာမှ သွားချပေးတယ်။ စိုးရိမ်သွားတယ်။ အပျိုကြီးက ကိုသိန်းစိန်ရေ ကျွန်မတို့ နှစ်နိုင်ငံက အဖြစ်တူတယ်နော်။ အကိုရော ရခိုင်မှာ သင်္ဘောမှောက်တာ ဘယ်လိုလုပ်လိုက်လဲ။ အကိုတို့က သင်္ဘောပေါ်ပါတဲ့ လူနဲတော့ ကယ်ဆယ်နိုင်မှာပါ။ ကျွန်မတို့က သိပ်မကယ်လိုက်နိုင်ဘူးဆိုရင် ဘယ်လိုဖြေမလဲ။ အပျိုကြီး သူ့ တိုင်းပြည်မှာ သင်္ဘောမှောက်တာ ဘယ်လို လုပ်သွားတုန်း။ အပျိုကြီးအုပ်ချုပ်တဲ့တိုင်းပြည်က ဘာလို့  ပိုကောင်းတာတုန်း။ သူက မိန်းမမို့  ပိုလုပ်နိုင်တာလား။ တိုင်းပြည်ချမ်းသာနေတာ မြန်မာပြည်လို အကြွေးမထူလို့  ပိုလုပ်နိုင်တာလား။ နှိုင်းယှဉ်ကြည့်ရင် ခြားနားတာတွေ အများကြီးပဲ။ ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ယှဉ်ဖို့ ဆိုတာက စစ်တိုက်တတ်ရုံနဲ့ မပြီးဘူး။ သေနတ်မကိုင်ဖူးပဲ နှလုံးသားနဲ့ မိန်းမအုပ်ချုပ်တဲ့တိုင်းပြည်တွေ အများကြီး ဖြစ်လာပြီ။ လက်ရုံးရည်ထက် နှလုံးရည်က ပိုအရေးကြီးလာပြီဆိုတာ အပျိုကြီးက လက်တွေ့ ပြတာပဲ။

လက်ရုံးရည်ကော နှလုံးရည်ကော နှစ်ခုစလုံးရှိရင် အကောင်းဆုံးပဲဆိုတာ လီရှန်လုံးက ပြတာပဲ။ စစ်တပ်မှာလဲ ထိပ်တန်းရောက်ခဲ့တယ်။ အခုလဲ ခေါင်းဆောင်ပီသစွာ အုပ်ချုပ်တယ်။ ပညာဘက်ကို ကြည့်မလား ကမ္ဘာ့အဆင့်မှီတယ်။ Cambridgeက ပါမောက္ခကတောင် ပြောတယ်။ သင်္ချာမှာ လီရှန်လုံးက အတော်ဆုံးပဲတဲ့။ သူ့ ကို သူ့ ဆရာက ပါမောက္ခဖြစ်စေချင်တာ သူက ဆရာကို ဘာပြန်ပြောလဲဆိုတော့ သူ့ တိုင်းပြည်အတွက် သူပြန်ရမယ် ပါမောက္ခ မလုပ်နိုင်ဘူးတဲ့။ ဘာသာစကားကြည့်မလား တရုတ်၊ မလေး ၊ အင်္ဂလိပ် ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်တယ်။ လီရှန်လုံးက သမီးတို့တိုင်းပြည်က ဘူးလက်လှဆွေလို သင်္ချာချာတူးလန်နဲ့တော့ တခြားစီပဲ။ အဲ့ဒါကြောင့်ပြောတာ အဘ မြန်မာ့ပညာရေး ပြင်ကိုပြင်ရမယ်။ သမီးတို့ အတွက်မဟုတ်ဘူး။ အဘတို့ အတွက်လဲ မဟုတ်ဘူး။ နောင်လာနောင်သားတွေ အတွက်၊ အခုလက်ရှိ ကျောင်းသားတွေ အတွက်။ မြန်မာ့ကျောင်းသားတွေက တော်ပါတယ်။ သေချာပျိုးထောင်ပေးမဲ့ ခေါင်းဆောင်မရှိလို့။

အဘ စင်ကာပူလေဆိပ်ကထွက်တော့ မြို့ထဲရောက်တဲ့အချိန် ဘဘလီလဲ ပါလီမန်ကနေ ၁၂ခွဲထွက်တာဆိုတော့ စင်ကာပူနိုင်ငံသားတွေ ဘယ်လို စောင့်နေကြတယ် ခေါင်းဆောင်ကို ဘယ်လိုနှုတ်ဆက်ကြတယ်ဆိုတာ အဘတွေ့  ကို တွေ့ မှာပဲ။ ငါ့အလှည့်ကျရင်ကော ဘယ်လို့ဖြစ်မလဲ တွေးမိမှာပဲ။ လူ့ တစ်ယောက်ရဲ့ဘဝဆိုတာ သေပြီးမှ လူ့တန်ဖိုးဆိုတာ ဆုံးဖြတ်လို့ ရတာ။ကိုယ့်တန်ဖိုး အစိုးရတန်ဖိုးကို သူများကလာ မြှင့်ပေးလို့ မရ။ ကိုယ်ကိုတိုင်က မြှင့်ရမှာ။ တစ်ဦးမေတ္တာ တစ်ဦးမှာဆိုသလို ပြည်သူကိုချစ်မှ ပြည့်သူ့ အကျိုးကို တကယ်လုပ်ပေးမှ ပြည်သူကလဲ ပြန်ချစ်မှာ မဟုတ်လား။

ငါတို့ အဘ ပြည်သူ့ကိုချစ်သော ပြည်သူကချစ်သော နိုင်ငံအုပ်ချုပ်တဲ့ ခေါင်းဆောင်အာဇာနည်တစ်ယောက်ဖြစ်ပါစေ။အဘ ကိုယ်ကျန်းမာစိတ်ချမ်းသာပြီး တိုင်းပြည် အုပ်ချုပ်နိုင်ပါစေ။

Ei Wai


“ ရွှေပိန်းကွပ် မစင်တုံး (သို့ )၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေနဲ့ 
စည်းကမ်းပြည့်ဝသော လက်ပတ်နီ ဒီမိုကရေစီ ”

၁၉၆၂ ခုနှစ်တုံးကတခါ စစ်အာဏာရှင်စနစ်ဆိုတဲ့ မစင်တုံးကို အများသည်းခြေကြိုက် ဘုံဝါဒ ရွှေပြားကွပ်ပြီး မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်နာမည်တပ် ကျွေးခဲ့တုံးက ရွှေတုံးမှတ်လို့ လူရိုးလူအတွေ အဟုတ်မှတ် စားခဲ့ကြတယ် ။ အကြောင်းမသိခင် ပထမဆုံးအလိမ်ခံရတာက ဖြေသာနိုင်ပေမဲ့ ခံခဲ့ရတာကတော့ နှစ်ပေါင်း (၂၆) နှစ်ပါ ။

စစ်ဖိနပ်သံခွာအောက် ပင်ပမ်းဆင်းရဲကြီးလွန်းလို့ လူထုတရပ်လုံး အုံကြွလို့ ၁၉၈၈ ခုနှစ်မှာတခါ အာဏာ သိမ်းပြန်တော့လည်း စစ်အာဏာရှင်စနစ်ဆိုတဲ့ မစင်ဟောင်းတုံးကြီးကိုဘဲ တိုင်းပြည်ချောက်ကမ္ဘားထဲကျဖို့  လက်တလုံးအလိုမှာ ကယ်တင်ဖို့ ဆိုတဲ့ရွှေပြားကပ်၊ တပ်မတော်ဟာ ၁၉၉၀ ရွေးကောက်ပွဲပြီးရင် စစ်တန်းလျှား ပြန်မှာပါဆိုတဲ့ ရွှေပြားဖုံးပြီး ကျွေးခဲ့တုံးကတော့ တပြည်လုံးနီးပါးငြင်းဆန် အော့အန်ထုတ်ခဲ့ပေမဲ့ လက်နက်ပြ ဗြောင်ကျကျ နိုင်ငံ့အချုပ်အခြာအာဏာသုံးရပ်လုံးကို ခွေးစားခဲ့တာ ပြည်သူတွေဒူးနဲ့ မျက်ရေသုတ်ခဲ့ရတာ နောက်ထပ်နှစ်ပေါင်း (၂၆) နှစ်ပါဘဲ ။

လာပြန်ပါပြီ နောက်တချီ … မူလပထမ စစ်အာဏာရှင်စနစ် မစင်ဟောင်းတုံးကြီးကိုဘဲ လူလဲ ဆေးကြောသန့်  စင်ပြီး လူအများသည်းခြေကြိုက်မဲ့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး ရိုဟင်ဂျာ ဆန့် ကျင်ရေးရွှေပြား တွေကပ် ပြည်ပကျူးကျော်မှု့ရန်ကာကွယ်ဖို့ ရွှေပြားဖုံးတာတောင် မသပ်မရပ်နဲ့ မို့  မစင်စ မစင်နတွေ ဖုံးမရ ဖိမရ ပေကျံယိုကျနေတာတောင် စည်းကမ်းပြည့်ဝသောဒီမိုကရေစီနာမည်တပ်ပြီး ၂၀၁၅ ရွေးကောက်ပွဲကြီးမှာ ထပ်ကျွေးဖို့ စိုင်းပြင်းနေကြပြန်ပြီ ။

လွန်ခဲ့တဲ့ ၂၆ နှစ်ကျော်လောက်က ရှစ်လေးလုံးလူထုအရေးတော်ပုန်ကြီးကို အကြမ်းဖက်ဖြိုခွဲခဲ့တဲ့ (န၀တ/နအဖ) စစ်အစိုးရ အာဏာသိမ်းစဉ်က အမြို့ မြို့အနယ်နယ်မှာ ဆန္ဒပြ ပြည်သူတွေကို နည်းမျိုးစုံသုံး ထင်တိုင်းကြဲ ဖမ်းဆီးနှိမ်နှင်းပြီး ရာထူးတက် အခွင့်ထူးခံခွင့် ရလာခဲ့ကြတဲ့ စစ်ဗိုလ်ချုပ်တွေ တိုင်းမှူးဟောင်းတွေဟာ ၁၉၉၀ အထွေထွေရွေးကောက်ပွဲရလာဒ်ကို ဗြောင်ငြင်းပယ်ခဲ့ကြတယ်လေ ။ ဒီကြားထဲမှာ ပြည်သူလူထုဆန္ဒကို မထင်ဟပ်တဲ့ “၂၀၀၈ အခြေခံဥပဒေ”ကို အနှစ်(၂၀) နီးပါးအချိန်ဆွဲ ရေးရင်း တိုင်းပြည်ဘဏ္ဍာတွေ သယံဇာတတွေ ထင်တိုင်းကြဲခိုးယူပြီး သန်းကြွယ်သူဌေးတွေဖြစ်လာတယ် မဟုတ်လား ။ တိုင်းပြည်ကို ထာဝရစစ်ကျွန်ပြုမဲ့ “၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေ”ဆိုတာကြီး ၂၀၀၈ ခုနှစ်မှာ နာဂစ်မုန်တိုင်းနဲ့ အတူ အတည်ဖြစ်လာတဲ့အခါ ၂၀၁၀ ရွေးကောက်ပွဲအလိမ်ကြီးနဲ့ စစ်ဗိုလ်ချုပ်ကြီးတွေဟာ တချို့က နိုင်ငံတော်သမ္မတ၊ တချို့ကလွှတ်တော်ဥက္ကဋ္ဌ ၊ ကာကွယ်ရေးဦးစီးချုပ် ရွှေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများ၏ ဝန်ကြီးချုပ်များ စသဖြင့် ဖြစ်လာခဲ့ကြတယ် လေ ။
ကာလုံလို့ အတိုကောက် အမည်သမုဒ်ကြတဲ့ စစ်ဗိုလ်ကြီးစိုးတဲ့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ မှာ နိုင်ငံတော်သမ္မတ၊ ဒုသမ္မတနှစ်ဦး၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ဒုတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နိုင်ငံခြားရေး နယ်စပ်ရေးရာဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးတွေပါဝင်ပါတယ်။
တကယ်တော့ နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းဘဲ လက်နက်အားကိုးနဲ့ အကြမ်းဖက်ပြီး တိုင်းပြည် အာဏာကို အကြိမ်ကြိမ်သိမ်းယူခဲ့တဲ့ ခေါင်းမာဂိုဏ်းသား စစ်ဗိုလ်ချုပ်အုပ်စုကြီးတွေရဲ့ သမိုင်းကို အရှိကို အရှိအတိုင်း မညှာမတာ သုံးသပ်ရရင် အောက်ပါအတိုင်း တွေ့ ရမှာပါ။
 တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာသုံးရပ်ကို ပြည်သူအများစုအလိုမတူဘဲ မတရားလုယက်သိမ်းပိုက် ထားတာပါ ။
 ရဟန်းရှင်လူမိဘပြည်သူတွေကို … ဆင်းရဲတွင်းထဲတွန်းချ မျက်ရေကြီးငယ်ကျ သောကပင်လယ်ဝေ စေခဲ့သူတွေပါ ။
 သမိုင်းအဆက်ဆက်မှာ ကျောင်းသားတွေ သွေးမြေအခါခါကျခဲ့ရတဲ့ အကျည်းတန် အဖြစ်အပျက်တွေ အားလုံးမှာ တာဝန်ရှိသူတွေပါ ။
 နိုင်ငံ့ဘဏ္ဍာ ကိုယ်ပိုင်ဟာမှတ်ပြီး တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ခိုးယူကြီးပွားနေကြတဲ့ ၀ိသမလောဘသား စစ်ခရိုနီတွေပါ ။
 ကန့် လကာနောက်ကွယ်က မြန်မာနိုင်ငံရဲ့ လူမျိုးရေးမုန်းတီးမှု့ ဘာသာရေးမုန်းတီးမှု့တွေကို အားပေးအားမြှောက်ပြုပြီး အနိဌာရုံ ဖန်တီးရှင်အဖွဲ့ ပါ ။
 လူသတ်မဒိမ်း မြေသိမ်းလိုင်စင်ရသလို ရာဇ၀ါတ်မှု့တွေကျူးလွန်နေတဲ့ စစ်ဂျပိုး လူ့ ဗာလ လူ့ အန္ဓ တွေကို မြှောက်စားအသုံးချ အကာအကွယ်ပေးနေသူတွေပါ ။
 ပုဒ်မ ၄၄၅ နောက်မှာ ပုန်းအောင်းနေတဲ့ မိမိကျူးလွန်ခဲ့တဲ့ ရာဇ၀ါတ်မှု့အမှားကုဋေကုဋာတွေကို တာဝန်မခံရဲ တာဝန်မယူရဲတဲ့ သတ္တိနည်း သရဲဘောကြောင်တဲ့ စစ်နဲ့ လုပ်စားနေသူတွေပါ ။
 တိုင်းပြည်အနာဂါတ်ကို ပုဒ်မ (၄၃၆) သော့ခလောက်နဲ့ ချုပ်နှောင်ထားတဲ့ သမိုင်းတရာခံတွေပါ။
 နိုင်ငံတော်အဆင့် အကြမ်းဖက်မှု့အားလုံးကို စပွန်ဆာပေးနေတဲ့အဖွဲ့ ပါ ။
 နိုင်ငံကို စစ်ငရဲတွင်းနက်ထဲက ပြန်မတက်နိုင်အောင် တွန်းချနေကြတွေပါ ။


သူတို့ စိတ်ကြိုက်ရေးဆွဲထားတဲ့ “၂၀၀၈ ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ”အရ ကာလုံအဖွဲ့ ထဲက ကာချုပ်ဟာ စစ်သားအမတ်အားလုံး ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးဝန်ကြီးဌာန ဝန်ကြီးတွေကို စိတ်ကြိုက်ခန့်အပ် နိုင်တယ်၊ ရုပ်သိမ်းနိုင်တယ်။ အချိန်မရွေးလဲ လှယ်နိုင်ခွင့်ရှိပါသည်။ ပြီးတော့ ပုဒ်မ ၄၀(ခ) မှာ ကာချုပ်ကို နိုင်ငံ့ အာဏာကို သိမ်းယူခွင့်ပေးထားပါသေးတယ် ။

ဒါ့အပြင် ပုဒ်မ ၂၀(ခ) မှာ ကာချုပ်ကို တပ်မတော်ကို လွတ်လွတ်လပ်လပ် အုပ်ချုပ်ခွင့် ပေးအပ်ထားတယ် မဟုတ်လား ။ ဆိုလိုတာက ကာချုပ်ဟာ သူတို့ ရဲ့ ခါးပိုက်ဆောင်စစ်တပ်ကြီးရဲ့ တပ်ရေးတပ်ရာကိစ္စတွေမှာ ဘယ်သူ့ အမိန့် ကိုမှနာခံစရာမလိုအောင် စည်းခြားထားတါပါ။ တပ်မတော်သားတွေ လူသတ်မှု့ မဒိမ်းမှု့ ရာဇ၀ါတ်မှု့တွေ ကျူးလွန်ရင် အရပ်ဖက်တရားရုံးတွေက အပြစ်ပေးပိုင်ခွင့်မရှိဘူး ။ ကာချုပ်ကအရေးမယူသမျှ စစ်ရာဇ၀ါတ်သားတွေ လုပ်ခြင်တာလုပ်ပြီး လွတ်မြောက်နေကြအုံးမှာဖြစ်တယ် ။ ဒါကြောင့်လည်း စစ်အာဏာ ရှင်ခေတ်လျှောက်လုံး လူသတ်မှု့ မဒိမ်းမှု့တွေ ဘယ်လောက်တိုင်တိုင် ဘယ်သောအခါမှ တရားဝင် အရေးယူ အပြစ်ပေးတာမရှိခဲ့ဘူးမဟုတ်လား ။

ဒါဟာ တပ်မတော်ကို အခွင့်ထူးခံခွင့်ပေးပြီး ပြည်သူနဲ့ သွေးခွဲထားခြင်းဖြစ်တယ် ။ တပ်မတော်ကို ဥပဒေအထက် မှာလုပ်ခြင်တာလုပ်ခွင့်ပေး ပြည်သူကိုအနိုင်ကျင့်ခွင့်ပေးပြီး အာဏာရှင်ခါးပိုက် ဆောင်တပ်အနေနဲ့  အသုံးချနေ တာအလွန်ထင်ရှားပါတယ် ။

မတရားအနိုင်ကျင့်ခံရတဲ့ လယ်သမား အလုပ်သမား ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေရဲ့ ငြိမ်းချမ်းစွာ တောင်းဆို ဆန္ဒပြမှုတိုင်းကို ဥပဒေနဲ့မညီကြောင်း ပြောဆို ရိုက်နှက် ဖမ်းဆီးထောင်ချတယ်။ အစိုးရရဲ့အကြမ်း ဖက်နှိမ်နင်း ဆောင်ရွက်မှုတိုင်းကို ဥပဒေနဲ့ အညီဆိုပြီး ပြောဆို အကြောင်းပြကြတယ်။ ဥပဒေဆိုတာ ပြည်သူ အတွက် မဟုတ်တော့ဘဲ အုပ်စိုးသူရဲ့ဖိနှိပ်ချုပ်ချယ်ရေး လက်နက်ကိရိယာ တခုလို အသုံးချနေကြတာမဟုတ် လား ။

နောက်ဆုံးအဆင့် ကမ်းကုန်အောင် မိုက်ရိုင်းမှု့တမျိုးကတော့ လက်ပတ်နီစွမ်းအားရှင်လူဆိုးလူမိုက်တွေရဲ့ လက်ထဲကို နိုင်ငံရဲ့ အုပ်ချုပ်မှု့အာဏာကို အပ်နှင်းပေးလိုက်တာပါဘဲ ။ ထောင်ထွက် ကလေကချေ ရာဇ၀င် လူမိုက်တွေက တိုင်းပြည်ရဲ့အညွှန့်အဖူး ကျောင်းသူကျောင်းသားလေးတွေကို မီဒီယာတွေရှေ့မှောက်မှာ ရန်ကုန်မြို့လယ် ကောင်မှာ လက်လိမ်ချိုးလည်ပင်းညှစ် ရိုက်နှက်အကြမ်းဖက်ဖမ်းဆီးခဲ့ကြတယ်။ လက်ပံတန်းမှာရှိတဲ့ ပင်မ ကျောင်းသားသပိတ်စစ်ကြောင်းက ကျောင်းသူကျောင်းသားလေးတွေကို တာဝန်ထက်လွန်ကဲစွာ အညိုးတကြီး ရိုက်နှက်ဖြိုခွဲခံရပြန်တယ်။

ဒါကြောင့် ဒီကာလုံအဖွဲ့ နဲ ၂၀၀၈ အခြေခံဥပဒေကို မဖျက်သိမ်းနိုင်သ၍ မြန်မာနိုင်ငံဟာ စစ်မှန်တဲ့ဒီမိုကရေစီ နဲ့ အခြေခံလူ့ အခွင့်အရေးတွေ ဘယ်သောအခါမှ မရနိုင်ပါဘူး ။ ပြည်သူတွေရဲ့ မျက်ရေဟာလည်း ဘယ်သော အခါမှာ့ ခြောက်ခမ်းမှာ မဟုတ်သလို ၊ ရဟန်းရှင်လူကျောင်းသားသွေးတွေ စွန်းထင်းမြေကျ အမှောင်ညတွေ အမြဲရှိနေအုံးမှာပါ ။

စစ်အာဏာရှင်စနစ်ဆိုးကြီးကို မြန်မာမြေပေါ်က အပြီးတိုင်ကွယ်ပျောက်သွားရေးအတွက် (၂၀၀၈) ဖွဲ့ စည်း အုပ်ချုပ်ပုံအခြေခံဥပဒေနဲ့ ကာလုံအဖွဲ့ ကိုဖျက်သိမ်းပစ်ဖို့ စစ်တပ်ကို ဘားတိုက်ထဲပြန်ပို့ ဖို့ တောင်းဆိုတိုက်ပွဲ ၀င်ရမဲ့တာဝန်ဟာ နိုင်ငံသူနိုင်ငံသားအားလုံးရဲ့ သမိုင်းပေးတာဝန်တရပ်ဖြစ်တယ်ဆိုတာ မဟုတ်ဘူးလို့  ဘယ် သူများငြင်းပယ်နိုင်ပါသလဲ ။

လေးစားစွာဖြင့်
(မင်းကောင်းချစ်)
မတ်လ (၂၃) ရက် ၂၀၁၅ ခုနှစ်




လက်ပံတန်းမြို့ ကျောင်းသားသပိတ်စစ်ကြောင်းကို အကြမ်းဖက်ဖြိုခွင်းမှုကို ကန့်ကွက်ကြောင်းနဲ့ ဖမ်းဆီးခံထားရသူတွေကို ပြန်လွှတ်ပေးဖို့အတွက် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်မှာ ဒေသခံ ၁၀၀ ကျော်က ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ဒီနေ့ ဆန္ဒပြရာမှာပါဝင်ခဲ့တဲ့ မြို့ခံ ဦးအုပ်လျန် က ကျောင်းသူ ကျောင်းသားတွေရဲ့ တောင်းဆို ချက်တွေဟာ တရားမျှတတယ်လို့ ယုံကြည်တာကြောင့် အခုလို ဆန္ဒပြတောင်းဆို တာဖြစ်ကြောင်း ပြောပါတယ်။

"နိုင်ငံသားများရဲ့ အခွင့်အရေးကို အခြေခံဥပဒေမှာ အတိအလင်းဖော်ပြထားပါလျှက်နဲ့ ပုဒ်မအမျိုးမျိုး တပ်ပြီးတော့ နှိပ်ကွက်နေတာကို ကျနော်တို့ ရှုတ်ချတာဖြစ်ပါတယ်၊ ကျောင်းသားတွေရဲ့ တောင်းဆို မှုကို အကြမ်းမဖက်ဘဲနဲ့ ငြိမ်းချမ်းစွာ ဖြေရှင်းလို့ရပါ လျှက်နဲ့ ဒီလိုဖြေရှင်းခံရတယ်၊ ကျောင်းသားတွေရဲ့ ပညာရေးပြောင်းလဲမှုအတွက် သူတို့ရဲ့တောင်းဆိုမှု ကလည်း မှန်ကန်တယ်လို့ ကျနော်တို့ကလည်း ထင်မြင်ယူဆမိတဲ့အတွက် ကျောင်းသားတွေကို ကျနော်တို့ ဝန်းရံပေးချင်တယ်၊ ဆန္ဒထုတ်ဖော်နေတဲ့ ကျောင်းသားများကို ဖြိုခွင်းခြင်းကို ကျနော်တို့ရှုတ်ချပါတယ်"

အစိုးရက အကြမ်းဖက်ဖြိုခွင်းတဲ့အပေါ် ဝမ်းနည်းတဲ့အထိမ်းအမှတ်အဖြစ် အနက်ရောင်တီရှပ်တွေနဲ့ "Respect Our Rights" စာတမ်းပါ အဖြူရောင်လက်ပတ်တွေကို ဝတ်ဆင်ပြီး ဆန္ဒပြလမ်းလျှောက်ခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီဆန္ဒပြပွဲမှာ ကလေးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း တို့လည်း ပူးပေါင်းပါဝင်ခဲ့ပါတယ်။

RFA
https://www.facebook.com/pages/RFA-Burmese/39218993127?fref=ts

အမျိုးသားလွှတ်တော်က ဆွေးနွေးအတည်ပြုခဲ့တဲ့ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်တဲ့ဥပဒေကြမ်း ဟာ ပြည်သူ့လွှတ်တော်ထံ ရောက်ရှိနေ ပြီဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း က အသိပေးကြေညာခဲ့ပါတယ်။

ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီနဲ့ ပညာရေးမြှင့်တင်မှုကော်မတီတို့ရဲ့ အကြံပြုချက်တွေကို လွှတ်တော်ထံတင်သွင်းဖို့ သူရဦးရွှေမန်းက ဒီနေ့ကျင်းပ တဲ့ ပြည်သူ့လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။

"ရရှိထားတဲ့ အမျိုးသားပညာရေးဥပဒေကြမ်း ပြင်ဆင် တဲ့ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ဥပဒေကြမ်းကော်မတီ ပညာရေးမြှင့်တင်မှုကော်မတီတို့က လက်ခံဆောင် ရွက်ပြီး မိမိတို့ရဲ့သုံးသပ်အကြံပြုချက်များကို လွှတ်တော်သို့ သတ်မှတ်ရက်အရောက် တင်ပြမှာဖြစ်ကြောင်းလည်း ထပ်မံအသိပေးလိုပါတယ်"

ပြည်သူ့လွှတ်တော် အစည်းအဝေးအပြီးမှာ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း၊ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ပြည်သူ့လွှတ်တော်ကော်မတီ နဲ့ ကော်မရှင်ဥက္ကဌတွေဟာ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေမူကြမ်းနဲ့ပတ်သက်ပြီး ဆွေးနွေး ခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီဆွေးနွေးပွဲမှာ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ရှေ့အပတ်ထဲမှာ ပြည်သူ့လွှတ်တော်ထံ တင်ပြနိုင်ဖို့အတွက် လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက တိုက်တွန်းပြောကြားခဲ့တယ်လို့ ဆွေးနွေးပွဲတက်ရောက် ခဲ့တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောပါတယ်။

"ဒီပညာရေးမြှင့်တင်မှုကော်မတီနဲ့ ဥပဒေကြမ်းကော်မတီတို့က ဒီအစည်းအဝေးပြီးတိုင်းပြီးတိုင်း ဆက်တိုက်ထိုင်ပြီးတော့ ဒါကိုလုပ်ဖို့ပြောတာဒါပဲ၊ နာယကကြီးက ပြီးအောင်တွန်းပြီးလုပ်ခိုင်းနေတယ်၊ လာမယ့်အပတ်တင်နိုင်မယ်လို့ မှန်းထားတာပေါ့နော်၊ ဒါကသူတို့လုပ်ဦးမှာလေ၊ လုပ်ဖို့အတွက်ကို ကော်မတီတွေ ကို အကုန်လုံးပြောတာ ဒါပါပဲ"

အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေမူကြမ်းကို အမျိုးသားလွှတ်တော်မှာ ကိုယ်စားလှယ် ၁၄ ယောက်က ၂ ရက်ကြာ ဆွေးနွေးပြီးတဲ့နောက် ပြီးခဲ့တဲ့ မတ်လ ၂၆ ရက်နေ့က အတည်ပြုခဲ့တာဖြစ်ပါတယ်။

အမျိုးသားလွှတ်တော်က သပိတ်မှောက်ကျောင်းသား ကျောင်းသူတွေ တောင်းဆိုထားတဲ့ ပညာရေးအသုံးစရိတ် ၂၀ ရာခိုင်နှုန်းကို ရာခိုင်နှုန်းမသတ်မှတ်ဘဲ ပြင်ဆင်ပြီး အတည်ပြုလိုက်တာဖြစ်ပါတယ်။
RFA
https://www.facebook.com/pages/RFA-Burmese/39218993127?fref=ts



|| လင်းလင်း ဘာသာပြန်သည် ||

စင်ကာပူခေါင်းဆောင်ကြီး လီကွမ်ယု၏ အိမ်ခန်းထဲကို ရောက်ဖူးသူ များများစားစား မရှိလှ။ သို့ သော် လွန်ခဲ့သောငါးနှစ်ခန့် က ကျွန်တော် ထိုအခန်းထဲကို ရောက်ခဲ့ပြီး စင်ကာပူလူထုခေါင်းဆောင်ကြီးအကြောင်းကို အနည်းအကျဉ်းမျှ လေ့လာခွင့်ရခဲ့ဖူးသည်။

ထိုအချိန်က၂၀၁၀၊ ဧပြီလ ၁၀ရက်နေ့ ဖြစ်သည်။ ကျွန်တော်သည် အောက်စလေလမ်းက လီကွမ်ယု ၏ သမီးဖြစ်သူ ဒေါက်တာလီဝေလင်းအိမ်သို့ သွားလည်ပတ်ခဲ့သူ သူငယ်ချင်းများထဲမှ တစ်ဦးဖြစ်သည်။

သူမ၏ ဖခင်လီကွမ်ယု၏ အိမ်ခန်းကို ပြသောအခါ မျက်နှာချင်းဆိုင်အခန်းမှ ဇနီးဖြစ်သူ မဒမ်ခြူးအား စာဖတ်ပြနေသော မစ္စတာလီကွမ်ယု၏အသံကို ကျွန်တော် ကြားလိုက်ရသည်။ မဒမ်ခြူးသည် မကြာခဏ လေဖြတ်ပြီးနောက်တွင် အိပ်ရာထဲ၌ပင် လှဲနေရသူုဖြစ်သည်။ မိန့် ခွန်းပြောရာတွင် အသံမာမာနှင့်ပြောတတ်သူ လီကွမ်ယုသည် ဇနီးဖြစ်သူကို ဆမ်ဒေး တိုင်းမ်သတင်းစာ ဖတ်ပြရာတွင်မူ နူးနူးညံညံ ညင်သာစွာရှိလှသည်။

မဒမ်ခြူးက မည်သည့်စကားမျှ ပြန်မပြောနိုင်သော်လည်း ချစ်မေတ္တာဖြင့် သတင်း၊ ၀ထ္ထု၊ သူကြိုက်သည့် ကဗျာ စသည်ဖြင့် အလှည့်ကျ နေ့တိုင်းဖတ်ပြခဲ့သည်။ ထိုသို့ လုပ်ခဲ့သည်မှာ မဒမ်ခြူုး ကွယ်လွန်သည့် ၂၀၁၀ ခုနှစ်၊ အောက်တိုဘာလအထိ ၁၈ လ တိုင်တိုင်ဖြစ်သည်။

လီကွမ်ယု၏ အခန်းသည် ဇိမ်ကျကျ အိမ်ခန်းမျိုးမဟုတ်။ တစ်ယောက်သုံးခုတင်တစ်ခုသာ အိပ်ခန်းထဲတွင် အဓိက ပရိဘောဂပစ္စည်းအဖြစ် ရှိသည်။ အိပ်ရာဘေးတွင်ရှိသည့် စားပွဲ တစ်လုံးပေါ်တွင် တင်ထားသည့် ကွန်ပျူတာမှ အီးမေးလ်တစောင်ဝင်လာတိုင်း မီးပွင့်ကာ အချက်ပြ၏။ အခန်းကြမ်းပြင်ပေါ်တွင် ကျွန်တော်တို့ သူ၏ အခန်းအတွင်း လာလည်ပတ် ရသည့် အကြောင်းရင်းဖြစ်သော အနီရောင် လက်ဆွဲသေတ္တာတစ်လုံးရှိသည်။

ထိုသေတ္တာသည် ဗြိတိသျှ အစိုးရလက်ထက်က ၀န်ကြီးများ အသုံးပြုသည့် လွှတ်တော်ကိုင် လက်ဆွဲသေတ္တာအနီဖြစ်ခဲ့ပြီး ဗြိတိသျှ ဘုရင်မကိုယ်တိုင်ပင်လျှင် ရုံးသုံး စာရွက်စာတမ်းများ သယ်ယူရန် ကိုင်တွယ်ခဲ့သညိ။

စင်ကာပူနိုင်ငံ၌ ထိုသေတ္တာကို ယခုအချိန်ထိ အသုံးပြုနေသည်မှာ လီကွမ်ယု တစ်ဦးတည်း သာ ရှိပါလိမ့်မည်။ သေတ္တာကို ယခင်က တစ်ခါမျှ မမြင်ဖူးကြသည့်အလျှောက် သဘောကျ မှန်း သိသည့်အတွက် ဒေါက်တာလီက သူ၏ ဖခင်ဆီမှ ခွင့်တောင်းပြီး ကျွန်တော်တို့ ကို ထိုသေတ္တာပြသည်။ လီကွမ်ယုက မငြင်းဆန်ပေ။ သို့သော် မဒမ်ခြူး၏ အခန်းအတွင်းမှ စာဖတ်သည်ကို ရပ်၍လည်း ထွက်မလာပါခဲ့ပေ။

သူ၏နှစ်ထပ်အိမ်တစ်အိမ်လုံးသည် မည်သည့်ဇိမ်ခံပစ္စည်းမျှမရှိသော သာမန်ရိုးရိုး အိမ်တစ်လုံးသာဖြစ်သည်။ အိမ်တိုင်တချိုသည် အနည်းငယ်မျှ ကွဲအက်နေကြပြီး ၁၉၇၀ ခုနှစ်လောက်က ခေတ်စားခဲ့သော အိမ်တိုင် ပုံစံများ ဖြစ်သည်။ အိမ်တွင်ရှိသော ကုလားထိုင်များ ကလည်း တစ်ခုနှင့်တစ်ခု တွဲဖက်လိုက်ဖက်ခြင်းမရှိလှဘဲ သက်တောင့်သက်သာလည်း မရှိပေ။

လေ့ကျင်ခန်းလုပ်ရာ ရှေးစက်ဘီးဟောင်းကြီးသည်ပင် အိမ်ထောင့်တစ်နေရာ၍ ဖုန်များ တက်နေသည်။ တန်းပေါ်တွင်တင်ထားသည့် စက်ဘီးတစ်စီးနှင့်သာ တူသည်။ သို့ သော် မစ္စတာလီကွမ်ယုသည် အသက် ၇၀ အထိ နှစ်ပေါင်းများစွာ အဆိုပါ စက်ဘီးပေါ်မှ လိမ့်ကျခဲ့သည်အထိ အားကစား လေ့ကျင့်ခန်းလုပ်ခဲ့သည်။ စက်ဘီး အသစ်တစ်ခုနှင့် အစားထိုးထားသော်လည်း စက်ဘီးအိုကြီးကတော့ သက်တမ်း ၁၀၀ ကျော်ရှိသည့်တိုင် အိမ်ထောင့်တစ်နေရာ၌ ရှိဆဲပင်။

၁၉၆၀ ခုနှစ်- ၂၀၁၁ခုနှစ်အတွင်း စင်ကာပူနိုင်ငံသားတို့ ၏ တစ်ဦးချင်းဝင်ငွေသည် အဆ တစ်ရာခန့်အထိ မြင့်တက်လာခဲ့သည်။

သို့ သော်လည်း လီကွမ်ယု၏ အိမ်ကတော့ မည်သည့်အရာမျှ ကြီးကြီးမားမား မပြောင်းလဲဘဲ ယခင်အတိုင်း ရှိနေဆဲပင်။ ပတ်ဝန်းကျင်ရှိ သန်းရာချီတန်သော အဆောက်အအုံများ၊ လုံးချင်းအိမ်ရာများကြားတွင် အကျည်းတန်စွာ သီးခြားပုံစံဖြစ်နေလေသည်။ လျှာထိုးသားများ ခင်းထားခဲ့သည့် အိမ်၏ကြမ်းပြင်အခင်းသည်ပင် ပါကေးအရောင်များက လွှင့်ပျယ်နေပေပြီ။ ဥယျာဉ်အတွင်းတွင် သစ်ပင်များက နှစ်ပေါင်းများစွာ ကြာမြင့်နေ၍ တောထနေခဲ့လေသည်။

မန်နိစ်ဟုခေါ်သော မိသားစုကြောင်ကလေးက ငြိမ်ငြိမ်လေး သူ့ကိုယ်ကိုယ် လျှာနှင့် လျှက်နေလေသည်။

တစ်အိမ်လုံးတွင် အမှတ်ရစရာများက အပြည့်ဖြစ်နေသည်။ သည်အိမ်ကြီး၏ ထမင်းစားခန်း အတွင်းရှိ လက်ဆေးကန်နေရာသည် ယနေ့ စင်ကာပူနိုင်ငံကို ပုံဖော်ပေးခဲ့သည့် နိုင်ငံရေး ပါတီတစ်ခု၏ အစပြုခဲ့ရာနေရာဖြစ်သည်။

သည်အိမ်နံရံမျာအကြားတွင် ခိုင်မာသော အတွေးများ၊ ဟောပြောဆွေးနွေးမှု များဖြင့် ပြည့်နေမည်ဟု ပုံဖော်၍့ ရနိုင်သည်။ ပိုင်ဆိုင်သူ အိမ်ရှင်များကဲ့သို့ပင် အိမ်၏ အောက်ခြေအုတ်မြစ်က မှန်ကန် ခိုင်မာကြံခိုင်လှသည်။ ယခုကဲ့သို့ အိမ်မျိုးကို သွားရောက် လည်ပတ်ခွင့်ရခဲ့ခြင်းသည် ကျွန်တော့်ဘ၀၏ ပြောစမှတ် တွင်စရာတစ်ခု သာ ဖြစ်ပါတော့သည်။

လင်းလင်း

(Singapore နိုင်ငံထုတ် The New Paper ပါ A Mighty Man's Simple Home ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

The Ladies News Journal


မြန်မာပြည်နောက်ခံပုံရိပ်တွေနဲ့ ထိုင်းနိုင်ငံ Preaw မဂ္ဂဇင်းအတွက် ဖက်ရှင်ဓာတ်ပုံအရိုက်ခံဖို့ ထိုင်းနိုင်ငံကျော် အဆိုတော် ထုံချိုင်းတစ်ယောက် မြန်မာဝတ်စုံနဲ့ရိုက်ကူးဖို့ကို မတ်လ ၂၉ရက်နေ့က တော်ဝင်ဂါးဒင်းမိသားစုနဲ့ သဘောတူညီမှု ရခဲ့ပါတယ်။ Bird လို့ ထိုင်းပြည်သူတွေ ချစ်စနိုးခေါ်တဲ့ ထုံချိုင်း မြန်မာပြည်မှာ ဘယ်လိုဖျော်ဖြေချင်သလဲ။

ထိုင်းရုပ်သံတစ်ခုရဲ့ Exchange Program တစ်ခုမှာ အစီအစဉ်တင်ဆက်သူအဖြစ် လုပ်ကိုင်မယ့် အဆိုတော် ထုံချိုင်းဟာ ရွှေတိဂုံစေတီတော်လို့ တန်ခိုးကြီးဘုရားတွေကို သွားရောက်လေ့လာပြီး ထိုင်းပြည်သူတွေကို မြန်မာ့ယဉ်ကျေးမှုအကြောင်း တင်ဆက်သွားမှာဖြစ်သလို မဂ္ဂဇင်းအတွက်လည်း ဓာတ်ပုံလာရိုက်တာပါလို့ ပြောပါတယ်။

ဘာသာရေးကိုင်းရှိုင်းမှုနဲ့ ကိုးကွယ်ယုံကြည်မှုတူညီတဲ့ နှစ်နိုင်ငံကြား အိပ်မက်ချင်းတူတယ်ဆိုရင် မြန်မာပြည်မှာ သီချင်းတွေနဲ့ ဖျော်ဖြေဖို့ဖြစ်နိုင်တာကြောင့် လုံချည်ဝတ်ပြီး ရော့ခ်သီချင်းတွေကို ကပြဖျော်ဖြေချင်တယ်လို့ ဆိုပါတယ်။ ဂျပန်နိုင်ငံမှာ မြန်မာအဆိုတော်တွေနဲ့ အတူဖျော်ဖြေဖူးတာမို့ ဖြစ်နိုင်ရင် လာဖျော်ဖြေချင်ပါတယ်လို့ ထုံချိုင်းက ပြောပါတယ်။

ငယ်ငယ်ကတည်းက ဆင်းရဲတဲ့ဘဝကနေ ရုန်းကန်လာခဲ့ရတဲ့သူ့ဘဝမှာ ပျော်ရွှင်တတ်တဲ့စိတ်ထားကောင်းပြီး အကောင်းမြင်တတ်တဲ့စိတ်နဲ့ ဂစ်တာတီးနေတဲ့ အဖေနဲ့ သီချင်းဆိုတဲ့ အဖေဆီက သင်ယူပြီး အချစ်ကိုအဓိကထား ဘဝကိုရှင်သန်နေတာကြောင့် နုပျိုနေတာပါလို့ သူကဆိုပါတယ်။

သူဟာ နိုင်ငံရေးကဏ္ဍမှာ လိုအပ်ရင် စစ်သားတွေကိုအားပေးတဲ့ သီချင်းတွေဆိုခဲ့သလို ဘုရင့်မိသားစုတွေကိုလည်း ဖျော်ဖြေဖူးတဲ့အကြောင်း၊ သူသာ ဝန်ကြီးချုပ်ဖြစ်ရင် ဝန်ကြီးတွေကို ကခိုင်းမယ်လို့ မြန်မာသတင်းမီဒီယာတွေနဲ့ တွေ့ဆုံတဲ့ သတင်းစာရှင်းလင်းပွဲမှာ အရယ်အရွှန်းလေးတွေနဲ့ နောင်ပြောင်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ အနှစ် ၂ဝက သူ့ရဲ့သီချင်းတွေကို ကော်ပီပြန်ဆိုခဲ့ကြတဲ့အပေါ် သူ့အနေနဲ့ နားလည်ပေမယ့် သီချင်းရေးဆရာတွေ၊ ဂီတပညာရှင်တွေရဲ့ စိတ်ကူးအိုင်ဒီယာတွေကိုတော့ လေးစားပါလို့ ကမာရွတ်မီဒီယာကို သီးသန့်ပြောပါတယ်။ မူရင်း Originalဆိုတာ ရှားပါးတာကြောင့် အသုံးများလေ ပိုကောင်းလေဖြစ်ပေမယ့် Originalနဲ့တွေ့ရင် ကိစ္စအားလုံးပြတ်ပါတယ်လို့ဆိုပါတယ်။

တော်ဝင်စင်တာ ၄နှစ်ပြည့် ကံထူးရှင်ရွေးပွဲအတွက် ကိုရီးယားအတွက် ၆ယောက်၊ ထိုင်းနိုင်ငံအတွက် ၆ယောက် ရွေးချယ်ပွဲအတွက် အဆိုတော် ထုံချိုင်းနဲ့အတူ Fun Friendship Experience Exchange Programအင်တာဗျူး လွှင့်သွားမှာဖြစ်သလို သူ့ရဲ့ဖျော်ဖြေပွဲကိုလည်း ကြည့်ရမှာဖြစ်ပါတယ်။

Kamayut media


အင်ဒိုနီးရှား ရေပိုင်နက်ထဲက ကျွန်းတွေပေါ်မှာ သောင်တင်နေသူ နိုင်ငံခြားသား ရွှေ့ပြောင်း အလုပ်သမား တွေထဲက မြန်မာနိုင်ငံသားတွေ အတွက် အစိုးရက အကူအညီပေးဖို့ စီစဉ်နေပြီ ဖြစ်တဲ့ အကြောင်း မြန်မာအစိုးရ တာဝန်ရှိသူတဦးက ပြောပါတယ်။ ကျေးကျွန်လို စေခိုင်းခံခဲ့ရသူတွေ အပါအ၀င် ထိုင်းပင်လယ်စာ ကုမ္ပဏီတွေက အဓမ္မခိုင်းစေမှုတွေ ရှိခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီးနောက် မြန်မာနိုင်ငံသားတွေ အတွက် အကူအညီပေးဖို့ စတင်စီစဉ်ခဲ့ရတာ ဖြစ်တဲ့အကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိက ပြောဆိုခဲ့တာပါ။ အသေးစိတ်ကို မဆုမွန်က ဆက်သွယ်စုံစမ်း ထားပါတယ်။
လုပ်အားခမရဘဲ စေခိုင်းခံနေရတဲ့ မြန်မာရေလုပ်သားတွေ ငါးချချိန် ဆိပ်ကမ်းမှာ ယာယီအိပ်စက်ကြရတဲ့မြင်ကွင်း။
အင်ဒိုနီးရှားကျွန်းတွေပေါ်မှာ နှစ်တွေနဲ့ချီပြီး ကျေးကျွန်သဖွယ် ခိုင်းစေခံရသူတွေ၊ ထိုင်းငါးဖမ်းစက်လှေတွေမှာ အလုပ်လုပ်ကိုင်ရင်း အခုနောက်ဆုံး သောင်တင်နေသူ မြန်မာနိုင်ငံသားတွေအတွက် အကူအညီပေးမှာဖြစ်တဲ့အကြောင်း မြန်မာအလုပ်သမားရေးရာ သံအရာရှိက ပြောဆိုလိုက်တာပါ။ အထူးသဖြင့်ကတော့ ထိုင်းနိုင်ငံရဲ့ ပင်လယ်စာလုပ်ငန်းအတွက် အဓမ္မစေခိုင်းခံခဲ့ရတယ်ဆိုတဲ့ မြန်မာနိုင်ငံသားတွေနဲ့ တွေ့ဆုံမေးမြန်းချက်တွေ ပါဝင်တဲ့ AP သတင်းဌာနရဲ့ စုံစမ်းဖော်ပြချက်ထွက်ပေါ်ခဲ့ပြီး နောက်မှာပဲ မြန်မာအာဏာပိုင်တွေဖက်က တုံ့ပြန်ဆောင်ရွက် လာတာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့မှာတုန်းကတော့ အင်ဒိုနီးရှား နိုင်ငံမှာ သောင်တင်နေတဲ့ အလုပ်သမားတွေထဲက ထိုင်းနိုင်ငံသား ၂၁ ယောက်ကို နေရပ်ရင်း ပြန်ခေါ်လာ ခဲ့တာပါ။ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိ ဦးသိန်းနိုင်ကတော့အလားတူ မြန်မာနိုင်ငံသားတွေအတွက် ကူညီဖို့ စတင်စီစဉ်နေပြီလို့ ပြောပါတယ်။

“ကျနော်တို့ကလည်း နေပြည်တော်ကို - ထိုင်းမှာတော့ ဒီလိုဆောင်ရွက်နေတာတွေရှိတယ်။ ဒီအချိန်မှာ ကျနော်တို့ကလည်း အခုနက မြန်မာ ရေလုပ်သားတွေကလည်း အဲဒီမှာ ရောက်နေတဲ့ဟာလည်း ကျနော်တို့က သတင်းသာဖတ်လိုက်တာ၊ ကျနော်တို့က အင်ဒိုနီးရှားဘက်မှာ ဖြစ်နေတယ် လို့တော့ အသံကြားတာပေါ့နော်။ မည်ရွေ့ မည်မျှရှိတယ်ဆိုတာလည်း ခနခန confirm မဖြစ်တော့လေ၊ ကျနော်တို့ဆီမှာလည်း အဲဒါ confirm လုပ်နေပါတယ်ဆိုပြီးတော့ အဲလိုတော့ ပြောထား၊ ကြေညာထားတယ်လေ။ အဲဒါလေးအတွက် ဒီအချိန်မှာတော့ ထိုင်းကတော့ အဲလို ကယ်တင်နေတယ်၊ ကျနော်တို့က ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတာကို လှမ်းတင်ပြထားတဲ့ အနေအထားမျိုးပါပဲ။”

အင်ဒိုနီးရှားနိုင်ငံက ကျွန်းတွေပေါ်မှာ အကြောင်းအမျိုးမျိုးနဲ့ သောင်တင်နေကြတဲ့ မြန်မာနိုင်ငံသားတွေ အပါအ၀င် နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမား ၄ ထောင်လောက် ရှိမယ်လို့ ခန့်မှန်းထားကြောင်းလည်း နိုင်ငံတကာ ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေတဲ့ IOM က သောကြာနေ့တုန်းကပဲ ပြောဆိုထားပါတယ်။ ဒီအထဲမှာ တချို့ဟာ နှစ်ပေါင်းများစွာ ကျေးကျွန်လို စေခိုင်းခံထားရသူတွေပါဝင်သလို တချို့ကတော့ နိုင်ငံခြားက ငါးဖမ်း သင်္ဘောတွေ အင်ဒိုနီးရှားရေပိုင်နက်မှာ ဖမ်းဆီးခွင့်မပြုဖို့ လွန်ခဲ့တဲ့ ၅ လကမှ အင်ဒိုနီးရှားနိုင်ငံက ဥပဒေပြဌာန်းလိုက်ပြီးနောက် အလုပ်ရှင်တွေက ငါးဖမ်း သင်္ဘောသားတွေကို ကျွန်းတွေပေါ်မှာ စွန့်ပစ်ခံခဲ့ရသူတွေ ဖြစ်တယ်လို့လည်း IOM ကပြောပါတယ်။

ဒီလိုမျိုး AP သတင်းဌာနရဲ့ ဖော်ထုတ်ချက် ပေါ်ပေါက်ခဲ့ပြီးနောက်မှာတော့ ထိုင်းဝန်ကြီးချုပ်ကလည်း လူမှောင်ခို လုပ်ငန်းတွေကို နှိမ်နင်းဖို့ ကတိပြုခဲ့ တာပါ။ မြန်မာအလုပ်သမား သံအရာရှိ ဦးသိန်းနိုင်ကတော့ အလုပ်သမားအခွင့်အရေး အချိုးဖောက်ခံရဆုံးနဲ့ လူကုန်ကူးမှုအဖြစ်များတဲ့ ငါးဖမ်းလုပ်ငန်း တွေက ရေလုပ်သားတွေအတွက် ထိုင်းနဲ့မြန်မာအစိုးရတွေ ပူးပေါင်းပြီးလည်း လာမယ့် ဧပြီလ ၁ ရက်နေ့ကနေ ဇွန် (၃၀) ရက်နေ့အထိ တရားဝင် အလုပ်လုပ်ကိုင်ခွင့်လက်မှတ် ထုတ်ပေးဖို့ စီစဉ်နေတယ်လို့ ပြောပါတယ်။

“ကျနော်တို့က နောက်ကျ ရေလုပ်သားတွေနဲ့ပတ်သက်လို့ရှိရင်လည်း သူတို့ရဲ့ဥပဒေလွှတ်တော်မှာ သူတို့ တင်ပြပြီး-အတည်ပြုပြီးပြီလို့ ပြောတယ်။ ကျနော်တို့ဆီတော့ တရားဝင်တော့ မလာသေးဘူး။ ဧပြီလ ၁ ရက်နေ့ကစပြီးမှ ၃၀ ရက်နေ့အထိ ရေလုပ်သားတွေကိုလည်းပဲ ယာယီနေထိုင်လုပ်ကိုင်ခွင့်ကို တရားဝင်လုပ်တော့မှာဖြစ်ပါတယ်။ အဲဒါလေးတွေကိုလည်း ကျနော်တို့က ပူးပေါင်းဆောင်ရွက်လျှက် ရှိပါတယ်။ ကုန်းပေါ်မှာပဲဖြစ်ဖြစ်၊ ရေပေါ်မှာပဲဖြစ်ဖြစ် ရွှေ့ပြောင်းအလုပ်သမားက တရားဝင် MOU နဲ့လာစေချင်တယ်။ အဲဒါမှလည်း ကျနော်တို့က စာရင်းဇယားနဲ့ မှတ်တမ်းမှတ်ရာနဲ့ ဘယ်အေးဂျင့်နဲ့လာတာလဲ၊ လုပ်ခလစာအပြည့်မရဘူးလား၊ ဘယ်လိုဆက်သွယ်ရမလဲဆိုတာကို ကျနော်တို့မှာလည်း မှတ်တမ်းရှိတော့ ဆောင်ရွက်ရတာလည်း ကောင်းတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့က သက်ဆိုင်ရာ ထိုင်းနိုင်ငံအစိုးရကို တရားဝင်ဆွေးနွေးလို့လည်းကောင်းပါတယ်။ တင်ပြလို့လည်း ကောင်းပါတယ်။”

မြန်မာနိုင်ငံသားတွေ အပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတဲ့ ထိုင်းနိုင်ငံရဲ့ ပင်လယ်စာ လုပ်ငန်းနဲ့ ပတ်သက်လို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနကလည်း အထူးစိုးရိမ်တဲ့အကြောင်းနဲ့ အလုပ်သမားတွေကို အကာအကွယ်ပေးဖို့လည်း ထိုင်းအစိုးရကို တောင်းဆိုခဲ့တာပါ။ ထိုင်းအစိုးရ တာဝန်ရှိသူတွေကတော့ အလုပ်သမားတွေ အခွင့်အရေး ဆိုးဆိုးရွားရွား ချိုးဖောက်နေတယ်လို့ မကြာခန ဝေဖန်ခံနေရတဲ့ ထိုင်းနိုင်ငံ ငါးဖမ်းလုပ်ငန်းက စက်လှေတွေကို စောင့်ကြည့်စစ်ဆေးနိုင်အောင် GPS စနစ်အပါအ၀င် ခေတ်မှီ ဆက်သွယ်မှုတွေ တပ်ဆင် သွားမယ်လို့လည်း ပြောဆိုထားကြပါတယ်။

မဆုမွန် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

(၁)

ခင်ဗျားတို့ သေရင်..
ခင်ဗျားတို့ပြည်သူပြည်သားတွေဟာ..
ရာသီဥတုဒဏ်ကိုမမှုပဲ..
နောက်ဆုံးခရီးကို ...
လိုက်လံပို့ဆောင်ကြမယ်ထင်လား..?

ခင်ဗျားတို့ သေရင်..
ပြည်သူတွေရဲ့မျက်နှာ..
ရွှေတောင်ကြီးပြိုသလို..
ခံစားနေရမယ် လို့ ထင်သလား..?

ခင်ဗျားတို့ သေရင်...
တိုင်းသူပြည်သားတွေတင်မက..
ခင်ဗျားတို့နိုင်ငံကို လာရောက်မှီခိုတဲ့..
တခြားနိုင်ငံသားတွေကပါ...
ကြေကွဲဝမ်းနည်းနေရမယ်လို့ထင်သလား..?

ခင်ဗျားတို့သေရင်...
နိုင်ငံတကာက..
ခေါင်းဆောင်ဟောင်းတွေနဲ့..
ဝါရင့်နိုင်ငံရေးဂုရုကြီးတွေ..
စိတ်မကောင်း နှလုံးမသာ ..
ဖြစ်နေကြမယ်ထင်သလား..?

ခင်ဗျားတို့သေရင်...
နိုင်ငံတကာက သမ္မတတွေနဲ့..
ဝန်ကြီးချုပ်တွေ အကြီးအကဲတွေ..
ခင်ဗျားတို့ရဲ့ဇာပနကို...
တကူးတကလာရောက်ပြီး..
ဝမ်းနည်းအသိအမှတ် ပြုကြမယ်ထင်သလား..?

ခင်ဗျားတို့သေရင်..
တကမ္ဘာလုံးက တိုးတက်တဲ့အမြင်ရှိတဲ့..
ကမ္ဘာသူကမ္ဘာသားတွေဟာ..
ပြည်သူတွေနဲ့ထပ်တူ..
ဝမ်းနည်းကြမယ်လို့ ထင်သလား..?

----------------------

(၂)

ခင်ဗျားတို့သိထားဖို့က...

လီကွမ်ယု ကလဲ..
စင်ကာပူ ခေါင်းဆောင်ဟောင်းပဲ..

ဦးသန်းရွှေကလဲ..
မြန်မာခေါင်းဆောင်ဟောင်းပဲ..

လီကွမ်ယု နိုင်ငံရေးလောကက..
အနားယူခဲ့သလို..

ဦးသန်းရွှေလဲ အနားယူခဲ့တာပဲ..၊

ဒါပေမဲ့ လီကွမ်ယုနဲ့..
ဦးသန်းရွှေနဲ့..
တူသလား..ပြန်စဉ်းစား..၊

လီကွမ်ယုကွယ်လွန်လို့..
သူ့အတွက် တကမ္ဘာလုံးက..
နှမြောတသဖြစ်နေတာကို လေ့လာ..

ပြီးရင်....

အာဏာရှင်ဦးနေ၀င်းကွယ်လွန်တုန်းက..
အသုဘ ပို့တဲ့သူ (၃၀)တောင် မပြည့်တာနဲ့..
ခင်ဗျားတို့ ပြန်နှိုင်းယှဉ်ကြည့်..၊

အဖြေကရှင်းရှင်းလေး...

မေးချင်တာက....

ဦးသန်းရွှေအပါဝင်..
အာဏာရှင်တွေကွယ်လွန်ရင်ကော..
ဘယ်လိုဖြစ်မယ်ထင်သလဲ..?

အာဏာရှင်တွေကိုသတိပေးလိုတာက..
ခင်ဗျားတို့သေရင်လဲ..
ဘယ်လိုဘ၀နဲ့သေမလဲ ဆိုတာ..
ပြန်စဉ်းစား...၊

အဲဒါဟာ..ခင်ဗျားတို့ဘ၀ရဲ့..
ရွှေးချယ်မှုပဲဆိုတာ..
သဘောပေါက်ထားလိုက်..

( Pa Yit)


တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်(အန်စီအေ) မူကြမ်းပါအချက်တွေ အားလုံးကို စာချုပ် ဦးဆောင်ရေးဆွဲ နေကြတဲ့ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် ကိုယ်စားလှယ်တွေအကြား ဒီကနေ့ နှစ်ဖက်ညှိနှိုင်း သဘောတူညီမှု ရရှိသွားပြီ ဖြစ်ပါတယ်။

၇ ကြိမ်မြောက် တနိုင်ငံလုံးအပစ်ရပ်စာချုပ်ဆိုင်ရာ ဆွေးနွေးပွဲကို  သီတင်း ၁ ပတ်ကြာ ရပ်ထားရာက ဒီကနေ့ ရန်ကုန်မြို့  မြန်မာငြိမ်းချမ်းရေးစင်တာမှာ ၇ ရက်မြောက်အဖြစ်   ပြန်လည် ကျင်းပပြီး သဘောတူညီချက်ရခဲ့တာပါ။

ဒီကနေ့ ဆွေးနွေးပွဲသဘောတူညီချက်တွေနဲ့  ပတ်သက်ပြီး အန်စီစီတီအဖွဲ့ဝင်   ဒေါ်စောမြရာဇာလင်းက “အန်စီအေထဲ ပါဝင်တဲ့ အခန်းကဏ္ဍတွေ အားလုံးသဘောတူသွားပါပြီ။ ချောချောမောမော ပြီးဆုံးတဲ့အကြောင်း ကျမတို့ အန်စီစီတီဘက်က ကိုယ့်ရဲ့ သက်ဆိုင်ရာ ခေါင်းဆောင်ပိုင်းတွေ ပြန်ပြီး တင်ပြကြမယ်။ အစည်းအဝေးကြီး တခုဖိတ်ခေါ်မယ်။ အစိုးရ ယူပီဒဗလျူစီ ဘက်ကလည်း ပြန်တင်ပြဖို့ အနေအထားတွေ ရှိသေးတယ်”လို့ ပြောပါတယ်။

အန်စီအေစာချုပ်မူကြမ်းပါဝင်အချက်အားလုံး ဒီကနေ့သဘောတူညီခဲ့ပြီးနောက်  မနက်ဖြန် ဆွေးနွေးပွဲမှာတော့ ခုဆွေးနွေးပွဲရလဒ်တွေအပေါ် ပြန်အချောသတ်ပြီး ဆွေးနွေးပွဲ တက်ရောက်သူတွေ လက်မှတ်ရေးထိုးသွားဖို့ရှိပါတယ်။

အန်စီစီတီခေါင်းဆောင်တဦးဖြစ်တဲ့ ဦးခွန်ဥက္ကာက ‘ ဒီနေ့သဘောတူတာက မူကြမ်းရေးဆွဲတဲ့ အဖွဲ့တွေကြားထဲမှာ အန်စီအေ မူကြမ်းကို ပဏာမ သဘောတူတာ။ မနက်ဖြန်လက်မှတ်ထိုးမယ်ဆိုတာက အစည်းအဝေးမှတ်တမ်းလက်မှတ်ထိုးသလိုထိုးမှာပါ။  ဒါက အဓိကမဟုတ်ပါဘူး။  နောက်ကျမှ  တကယ့်  အန်စီအေ စာချုပ်ကို လက်မှတ်ထိုးမယ့် ထိပ်သီးခေါင်းဆောင်တွေကို ပြန်ရှင်းပြမယ်။ အဆင်ပြေရင် လက်မှတ်ထိုးကြမယ်”လို့ ပြောပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းခေါင်းဆောင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော် ဆောင်ရေးလုပ်ငန်းကော်မတီ ယူပီဒဗလျူစီ အနေနဲ့ကတော့ အန်စီအေ စာချုပ်ကို  လက်မှတ်ရေးထိုးဖို့ အသင့်ဖြစ်နေပြီလို့ ဒီကနေ့ ပြုလုပ်တဲ့ ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ   မြန်မာငြိမ်းချမ်းရေးစင်တာက အကြီးတန်း အကြံပေး ဦးလှမောင်ရွှေက ပြောပါတယ်။

ငြိမ်းချမ်းရေးအကျိုးတော်ဆောင်ဦးညိုအုန်းမြင့်ကလည်း ဒီကနေ့ ဆွေးနွေးပွဲမှာ အစိုးရရောတိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ဘက်ကပါ ၂ ဘက်လုံး အပစ်ခတ်ရပ်စာချုပ် မူကြမ်းအောင်မြင်ရေးကြိုးပမ်းခဲ့တယ်လို့ ပြောပါတယ်။

“တိုင်းရင်းသားတွေဘက်ကလည်း ငြိမ်းချမ်းရေးက မရှိမဖြစ်လိုလားတယ်ဆိုတဲ့ သဘောကို ထုတ်ပြတယ်။ တပ်မတော် နဲ့ အစိုးရဘက်ကလည်း အဲဒီလိုအပ်ချက်တွေကို အတတ်နိုင်ဆုံး၊ စိတ်အရှည်ဆုံး၊ စေတနာအပါဆုံး ညှိနှိုင်းသွားတာကို တွေ့ရပါတယ်ခင်ဗျ။”

ပြီးခဲ့တဲ့ သီတင်းပတ်တွင်းက ဆွေးနွေးပွဲမှာတော့ တပ်ပိုင်းဆိုင်ရာကိစ္စတွေ ဆွေးနွေးခဲ့ပြီး ဒီကနေ့ဆွေးနွေးပွဲမှာတော့လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေးလုပ်ငန်းတွေကို ငြိမ်းချမ်းရေးတိုးတက်လာတဲ့ အခြေအနေတွေနဲ့အညီ အကောင်အထည်ဖော် ဆောင်ရွက်သွားရေး၊ နောင်လာမယ့် အနာဂတ်ဆွေးနွေးပွဲတွေမှာ လက်နက်ကိုင် တော်လှန်ရေးနဲ့ မပတ်သက်တဲ့ အခြားတိုင်းရင်းသားပါတီတွေပါ ပါဝင်ရေး၊ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွှတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး တို့ကို ဦးတည်၍ ဆိုတဲ့ စာပိုဒ် စတာတွေကို ဆွေးနွေးညှိနှိုင်းကြတာပါ။

ဒီဆွေးနွေးပွဲကို တက်ရောက်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (အေဘီအက်စ်ဒီအက်ဖ်) ဒု-ဥက္ကဋ္ဌ ဦးမျိုးဝင်းကတော့ “ကောင်းပါတယ်။ နှစ်ဖက်စလုံးက အပြုသဘောဆောင်ပြီးတော့မှ ဒီတတိုင်းပြည်လုံး အပစ်ခတ်ရပ်စဲနိုင်ဖို့အတွက် ကြိုးပမ်းတဲ့ အပေါ်မှာ ရလဒ်အနေနဲ့ အခုလို ထွက်လာတာပေါ့နော်။ နှစ်ဖက်စလုံးက အပြန်အလှန် နားလည်မှုရှိရှိနဲ့ အပေးအယူ အလျှော့အတင်း ညှိနှိုင်းနိုင်လို့ပဲ ဒီလို ရလဒ်ရလာတာပေါ့။ ဒါကတော့ အခုမှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရဲ့ အစပဲရှိသေးတယ်။ ပြည်တွင်း ငြိမ်းချမ်းရေးပြဿ    နာတခုလုံးကို နိုင်ငံရေးအရ နိုင်ငံရေးပြဿ  နာ နိုင်ငံရေးနည်းနဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာနိုင်ဖို့ အတွက်တော့ အများကြီး ကြိုးပမ်းရဦးမှာပေါ့။ ကြိုးပမ်းတဲ့အပိုင်းမှာတော့ နိုင်ငံရေးအင်အားစု တွေရော အားလုံးပါဝင်ပြီးမှ ပြည်သူတရပ်လုံးပါဝင်ပူးပေါင်းဆောင်ရွက်ဖို့ လိုတာပေါ့နော်။”  လို့ ပြောပါတယ်။

အစိုးရဘက်က၀န်ကြီး ဦးအောင်မင်းခေါင်းဆောင်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ(ယူပီဒဗလျူစီ)နဲ့  တိုင်းရင်းသားတွေဘက်က နိုင်ငံဟာ ခေါင်းဆောင်တဲ့တပြည်လုံး အပစ်ခတ်ရပ်ရေးညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) တို့အကြား တနိုင်ငံလုံးအပစ်ရပ် သဘောတူ စာချုပ်ချုပ်ဆိုနိုင်ရေးအတွက်  ၇ ကြိမ်မြောက် ဆွေးနွေးပွဲကို မတ် ၁၇ ရက်နေ့ ကတည်းက  ရန်ကုန်မှာ စတင်ဆွေးနွေးခဲ့တာပါ။

ငြိမ်းချမ်းရေးဆွေးနွေးနေစဉ်ကာလအတွင်းမှာ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်ထဲမှာ  ကချင်လွတ်မြောက်ရေးတပ်မတော်၊ တအာန်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်၊  ရခိုင်တပ်မတော်နဲ့ အစိုးရတပ်တွေအကြား  တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no


ဂီနီနိုင်ငံ အနောက်ပိုင်းနှင့် အနောက်တောင်ပိုင်းရှိ ဒေသ ၅ ခုတွင် အီဘိုလာရောဂါ ပျံနှံ့မှု ထိန်းချုပ်ရန် ကျန်းမာရေးအရေးပေါ် အခြေအနေအဖြစ် ၄၅ ရက် သတ်မှတ်လိုက်ကြောင်း ဂီနီ သမ္မတ အယ်လ်ဖာကွန်ဒီက နိုင်ငံပိုင်မီဒီယာကနေ ကြေညာခဲ့ပါတယ်။

Forecariah, Coyah, Dubreka, Boffa နဲ့ Kindia ဒေသတွေမှာ အခုလို အရေးပေါ်အခြေအနေ ကန့်သတ် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

၂၀၁၃ ဒီဇင်ဘာတွင် ဂီနီနိုင်ငံမှာ အီဘိုလာရောဂါ စတင်ဖြစ်ပွားခဲ့ပြီး နောက် ပြီးခဲ့တဲ့ ဇန်န၀ါရီတွင် Liberia, Sierra Leone နဲ့ Guinea နိုင်ငံတို့မှာ ရောဂါဖြစ်ပွားမှု ငြိမ်သက်သွားကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ကြေညာခဲ့ပါတယ်။

ဒါပေမယ့် အခုအခါ အဆိုပါ ၃ နိုင်ငံမှာ ရောဂါကူးစက်မှုတွေ ပြန်လည်ဖြစ်ပေါ်လာတဲ့အတွက် အီဘိုလာ ရောဂါ စိုးရိမ်စရာ ထပ်မံဖြစ်ပေါ်လာပြီး ဂီနီနိုင်ငံ ကမ်းရိုးတန်းဒေသတွေမှာ ရောဂါပိုး ပြောင်းရွှေ့ပျံ့နှံ့လာတယ်လို့ သမ္မတ အယ်လ်ဖာကွန်ဒီက ပြောပါတယ်။

Sierra Leone နိုင်ငံမှာလည်း မတ်လ ၂၇ ရက်နေ့ကစပြီး ၃ ရက်ကြာ အီဘိုလာရောဂါ ခြေချုပ်ကာလ အဖြစ် သတ်မှတ်ထားပါတယ်။

အနောက်အာဖရိက ဗဟိုပြုဖြစ်ပွားတဲ့ နိုင်ငံ ၉ ခုမှာ အီဘိုလာ ရောဂါကူးစက်ခံရသူပေါင်း
၂၄ ၀၀၀ ကျော်အနက် လူပေါင်း ၁၀ ၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese

ဓါတ်ပုံ- နမ့်ခမ်းမြို့နယ်အတွင်းရောက်ရှိလာသော စစ်ပြေးရှောင်များ
မတ်ခ်ျလ ၃၀ ရက် ၂၀၁၅

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် တောင်ပေါ်ဒေသရှိ တအာင်းလူမျိုးအများ စုနေထိုင်သော ကျေးရွာများ အတွင်း အစိုးရ စစ် တပ်နှင့်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ စစ်ရေးလှုပ်ရှားမှုေ ကြာင့် ဒေသခံရွာသား ထောင်ချီ နေရပ်မှ ထွက်ပြေးတိမ်းရှောင်ခဲ့ရေ ကြာင်း ဒေသတွင်း သတင်းမှ စုံစမ်းသိရှိ ရသည်။

နေရပ်မှထွက်ပြေးတိမ်းရှောင်လာသူများသည် နမ့်ခမ်းမြို့အတွင်းရှိ နီးစပ်ရာေ ဆွမျိုးအိမ်များနှင့် ဟိုနားကျေးရွာ ဘုန်းကြီးကျောင်းသို့ တည်းခိုနေခဲ့ကြေ ကြာင်း၊ သက်ဆိုင်ရာစာပေယဉ်ကျေးမှုအဖွဲ့နှင့် ဒေသတွင်း အလှူရှင် များက ထောက်ပံ့ကျွေးမွေးမှုပေးနေကြောင်း အမည်မဖော်လိုသော ဟိုနားကျေးရွာသူ တစ်ဦးကဆိုသည်။

“သူတို့ မတ်ခ်ျလ၂၄ ရက်နေ့ကစပြီး တိမ်းရှောင်လာကြတယ်၊ ကျမတို့ ဟိုနား ဘုန်းကြီးကျောင်းကို ၂၄ ရက်က ၁၃၀ ဦး၊ ၂၅ ရက်နေ့မှာ ၂၀၈ ဦး ၊၂၆ ရက်ေ န့ က ၁၇၇ ဦး အားလုံးစုစုပေါင်း ၅၁၅ ဦးရောက်နေတယ်၊ တခြား ဆွေမျိုးေ တွအိမ်ကိုသွားတည်းခိုနေတဲ့သူတွေပါ ပေါင်းလိုက်ရင် ၂၀၀၀ ၀န်းကျင်ေ လာက်ရှိ ပါမယ်။ ဘုန်းကြီး ကျောင်း မှာရောက်နေသူတွေအတွက် ချက်ပြုတ် ကျွေးမွေးဖို့အတွက်တော့ ကျမတို့ ရွာကပဲတာဝန်ယူ နေပါ တယ်ရှင့် ” ဟု ၄င်းက သျှမ်းသံတော်ဆင့် အားဆိုသည်။

တိုက်ပွဲဖြစ်ပွါးမှုကြောင့်ထွက်ပြေးခြင်းမဟုတ်ကြောင်း ယခု သတင်းရေးသားေ နချိန်၌ စစ်ဘေးရှောင်တချို့ နေရပ်သို့ပြန်သွားနေကြပြီဖြစ်ကြောင်းသိရသည်။
နေရပ်မှ ထွက်ပြေးတိမ်းရှောင်လာသူတစ်ဦးဖြစ်သော မိုင်းထွန်းထွန်း က“ တိုက်ပွဲပြင်းထန်လို့ ထွက်ပြေးလာတာ မဟုတ်ပါဘူး ၊ ကျနော်တို့ ရွာထဲမှာက အစိုးရစစ်တပ်လှုပ်ရှားနေပြီး ရွာအပြင်ဘက်မှာတော့ တိုင်းရင်းသား လက် နက်ကိုင်တပ်ဖွဲ့တွေ ရှိနေလို့ တိုက်ပွဲဖြစ်လာနိုင်ခြေများတဲ့ အခြေအနေကြောင့် ထိပ်လန့်ပြီး နေရပ်ကနေ ထွက်ပြေးလာရပါတယ် ” ဟု ၄င်းကဆိုသည်။

စစ်ရေးလှုပ်ရှားမှုကြောင့် ထိပ်လန့်ထွက်ပြေးတိမ်းရှောင် လာကြသောရွာများ မှာ မန့်ကောင်း၊မန့်ကန်၊ ကောင်းဝိုင်း၊ အွယ်လော၊ မန့်စန်း၊ ပန်ခါး၊ နမ့်ဆီးရီး စသောကျေးရွာများဖြစ်ပြီး ထိုဒေသ၌ အစိုးရတပ်မ(၈၈)၊ ဌာနေ ပြည်သူ့စစ် တပ် များ၊ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ၊ သျှမ်းပြည်တိုးတက်ရေး ပါတီနှင့် သျှမ်း ပြည်တပ်မတော် SSPP/SSA နှင့် တအာင်းလွတ်မြောက်ရေး တပ်မတော်TNLAတို့ လှုပ်ရှားရာ ဒေသများဖြစ် နေကြ သည်ဟု ဒေသခံများ ထံမှသိရှိရ သည်။

သျှမ်းသံတော်ဆင့်/ စိုင်းလုံ
https://www.facebook.com/Panglong.burmese

လက်ပံတန်းမြို့မှာ ဖမ်းဆီးခံထားရတဲ့ ကျောင်းသား ကျောင်း သူတွေနဲ့ အားပေးကူညီသူတွေကို ပြန်လွှတ်ပေးဖို့ ရန်ကုန်မြို့ မှာ မတ်လ ၂၇ ရက်နေ့က ဆန္ဒပြတောင်းဆိုကြစဉ်။ Photo : Kyaw Zaw Win, Kyaw Lwin Oo, Aung Ko Ko/RFA
မတ်လ ၂၇ ရက်နေ့က ရန်ကုန်ဆန္ဒပြပွဲအပြီး အဖမ်းခံ လိုက်ရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီဝင် ကိုနန္ဒာစစ်အောင်ကို မတ်လ ၃၀ ရက်နေ့မနက် ၁၀ နာရီဝန်းကျင်မှာ ကမာရွတ် ရဲစခန်းကို ထုတ်မယ်လို့ ဖခင်ဖြစ်သူက တဆင့်သိရ ပါတယ်။

စနေနေ့ကလည်း ကိုနန္ဒာစစ်အောင်ကို မိသားစုက လမ်းမတော်ရဲစခန်းမှာ ၁၀ မိနစ်နီးပါးတွေ့ခွင့်ရခဲ့တယ် လို့ ပြောပါတယ်။ သူ့ကို သပိတ်ကိစ္စတွေနဲ့ ပတ်သက် လို့ အမှုပေါင်း ၃၈ မှုလောက်ဖွင့်ထားတယ်လို့ ဖခင်ဖြစ်သူ ဦးဌေးက RFA ကိုပြောပါတယ်။

"ဒီ ၂ လပိုင်းကအပါအဝင် တချို့ကိစ္စတွေကသူ ဦးဆောင်တာမဟုတ်ဘူး၊ လူငယ်တွေ ဆောင်ရွက် ကြတာ၊ ဒါပေမယ့် သူ့နာမည်နဲ့ အကုန်အမှုဖွင့်ခံရ တာ၊ အားလုံးပေါင်း ၃၈ မှုလောက်ရှိ တယ်၊ နောက်ထပ်ဘယ်လောက်တိုးဦးမလဲ မသိဘူး"

ကိုနန္ဒာစစ်အောင်ဟာ ၂၀၀၃ ခုနှစ်ကလည်း ဗကသများအဖွဲ့ချုပ်ပြန်လည်ဖွဲ့စည်းဖို့ ကြိုးစားခဲ့တဲ့အတွက် ထောင်ဒဏ် အနှစ် ၂၀ အချခံရပြီး၊၂၀၁၂ ခုနှစ် မှာပြန်လွတ်ခဲ့တာ ဖြစ်ပါတယ်။ အခုလည်း ပင်မသပိတ် စစ်ကြောင်း ကိစ္စအတွက် ဝရမ်းထုတ်ခံရပြီး အဖမ်းခံလိုက်ရတာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

Gun, Cronies and Crops (Photo-Global Witness)

မြန်မာနိုင်ငံအရှေ့မြောက်ပိုင်း တိုင်းရင်းသားပိုင် လယ်ယာမြေတွေကို အစိုးရနဲ့စစ်တပ်က သိမ်းဆည်းပြီး စီးပွားဖြစ် လယ်ယာစိုက်ပျိုးဖို့အတွက် ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို ပြန်လည်ငှားရမ်းခဲ့တယ်လို့ လန်ဒန်အခြေစိုက် Global Witness ကပြောလိုက်ပါတယ်။

လယ်ယာမြေဧကအများဆုံး သိမ်းပိုက်ခဲ့ချိန်ဟာ ၂၀၀၆ ခုနှစ်ကဖြစ်ပြီး ၂၀၁၃ခုနှစ်ကုန်ချိန်မှာ စုစုပေါင်းသိမ်းဆည်းပြီး ငှားရမ်းခဲ့တဲ့လယ်ယာမြေ ဧကပေါင်း (၅) သန်းကျော်ရှိတယ်လို့ အစီရင်ခံစာမှာဖေါ်ပြထားပါတယ်။ မအင်ကြင်းနိုင်က အကြောင်းစုံ တင်ပြပေးထားပါတယ်။

“Guns, Cronies and Crops”- ဆိုတဲ့ “သေနတ်၊ ခရိုနီနဲ့ ကောက်ပဲသီးနှံ” - ဆိုတဲ့ခေါင်းစဉ်နဲ့ Global Witness က မြန်မာနိုင်ငံအရှေ့မြောက်ပိုင်းမှာ အစိုးရနဲ့စစ်တပ်ကသိမ်းယူခဲ့တဲ့ လယ်ယာမြေတွေကို လေ့လာပြီး မတ်လ (၂၆) ရက်နေ့က အစီရင်ခံစာထုတ်ပြန်ခဲ့တာပါ။ အရှေ့မြောက်ပိုင်း တိုင်းရင်းသားဒေသမှာ ၂၀၀၅ နဲ့ ၂၀၀၆ ခုနှစ်အတွင်း စစ်တပ်ကနေ လယ်ယာမြေဧက သန်းနဲ့ချီပြီး အတင်းအဓမ္မသိမ်းဆည်းခဲ့ပြီး စီးပွားရေး လုပ်ငန်းရှင်တွေကို ပြန်လည်ငှားရမ်းပြီး အမြတ်အစွန်းတွေယူခဲ့တယ်လို့ အစီရင်ခံစာမှာဖေါ်ပြထားပါတယ်။

မြန်မာနိုင်ငံကလယ်ယာမြေတော်တော်များများကို စစ်တပ်က သူတို့ရဲ့ကိုယ်ကျိုးခံစားဖို့အတွက် အတင်းအဓမ္မသိမ်းပိုက်ပြီး စီးပွားရှာနေတဲ့ကိစ္စတွေကို လွှတ်တော်မှာ တင်ပြဆွေးနွေးခဲ့ပေမယ့် အစိုးရရော၊ ဖြေရှင်းမပေးနိုင်သေးဘူးလို့ လူ့အခွင့်အရေးရှေ့နေကြီး ဦးအောင်သိန်းက ပြောပါတယ်။

“ြ်မန်မာနိုင်ငံတနိုင်ငံလုံးနဲ့ ခြုံကြည့်မယ်ဆိုရင်တော့ လယ်ယာမြေအသိမ်းခံရတဲ့ပြဿနာက ဒီနေ့ အဓိကပြဿနာပဲ၊ လွှတ်တော်ကလည်း ဒီဟာကို တိတိကျကျ ဖြေရှင်းဆောင်ရွက်ပေးနိုင်ခြင်းမရှိသလို အစိုးရကလည်း အဲဒီဟာအတွက်ကို ကိုင်တွယ်ဖြေရှင်းပေးတယ်ဆိုတဲ့ တိတိကျကျအဖြေတခုတော့ မထုတ်နိုင်ဘူး။ စစ်တပ်တွေကလည်း လယ်ယာမြေတွေကိုသိမ်းတယ်လို့ ကျနော်တို့ တော်တော်များများ သိထားတယ်။ စစ်တပ်က စီးပွားရေးထူထောင်ပြီး လုပ်နေတာပေါ့ဗျာ။ အဲဒီတော့ ပုဂ္ဂလိက ပိုင်ဆိုင်အကျိုးခံစားခွင့်နဲ့ သူတို့ရဲ့တပ်မတော်အကျိုးခံစားခွင့်ကို အဓိကရည်ရွယ်ပြီးလုပ်နေတယ်၊ ကျနော်တို့က။”

Global Witness ရဲ့အစီရင်ခံစာမှာ မြန်မာနိုင်ငံအရှေ့မြောက်ပိုင်းမှာ ၂၀၀၀ ပြည့်နှစ်လယ်ပိုင်းကစပြီး တိုင်းရင်းသားတောင်သူတွေရဲ့လယ်ယာမြေတွေကို စစ်တပ်နဲ့အာဏာပိုင်တွေကနေ အတင်းအဓမ္မသိမ်းပိုက်ခဲ့ပြီး သူတို့နဲ့နီးစပ်တဲ့ စီးပွားရေးခရိုနီလုပ်ငန်းရှင်ကြီးတွေကိုငှားရမ်းပြီး ရာဘာလုပ်ငန်းကို လုပ်ကိုင်ခွင့်ပြုခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။

ဒီ မြေယာတွေကိုအတင်းအဓမ္မသိမ်းပိုက်ခဲ့တဲ့ကိစ္စမှာ စစ်တပ်၊ တခါ လက်ရှိစိုက်ပျိုးရေးဝန်ကြီး ဦးမြင့်လှိုင်အပြင် လက်ရှိအာဏာရပါတီဖြစ်တဲ့ ကြံ့ခိုင်ဖွံဖြိုးရေးနဲ့ စိန်ဝတ်မှုန်ကုမ္ပဏီတို့ ပါဝင်ပတ်သက်နေကြောင်း Global Witness ရဲ့စုံစမ်းမှုတွေအရ တွေ့ရှိထားတယ်လို့ ဆိုပါတယ်။

နောက်ပြီး စိန်ဝတ်မှုန် ကုမ္ပဏီဟာ အရင် စစ်ဗိုလ်ချုပ်တွေနဲ့ပတ်သက်နေတဲ့ရာဘာလုပ်ငန်း ကုမ္ပဏီဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။ ၂၀၁၃ ခုနှစ်အကုန်လောက်ရောက်ချိန်မှာ အတင်းအဓမ္မ သိမ်းယူထားတဲ့လယ်ယာမြေဧကပေါင်း(၅.၃) သန်းလောက်ရှိနေပြီး စီးပွားရေးကုမ္ပဏီတွေကို အာဏာပိုင်တွေကပြန်လည်ငှားရမ်းခဲ့တယ်လို့ဆိုပါတယ်။ အများစုကတော့ ရာဘာစိုက်ပျိုးရေးလုပ်ငန်းလုပ်နေကြောင်း ရေးသားထားပါတယ်။

ဒါ့အပြင် တောင်သူတွေဘက်က သူတို့စိုက်ပျိုးနေတဲ့မြေတွေအသိမ်းခံရချိန်မှာ လယ်ယာမြေအခွန်ဆောင်ထားတဲ့ ပြေစာဖြတ်ပိုင်းတွေကို ပြပေမယ့် ၉၈% လောက်ဟာ လျော်ကြေးမရခဲ့ကြဘူးလို့လည်း ဆိုပါတယ်။

အခုလို တောင်သူတွေစိုက်ပျိုးလုပ်ကိုင်စားသောက်တဲ့လယ်ယာမြေတွေကို သိမ်းပိုက်ပြီး အခြားမြေယာတွေကို အစားထိုးပြန်မပေးနိုင်ဘူးဆိုရင် တောင်သူ လယ်သမား ပြဿနာဟာ ကြီးမားနေမှာဖြစ်တယ်လို့ ဦးအောင်သိန်းကပြောပါတယ်။

“သူတို့လယ်ယာမြေကို လိုအပ်ချက်အရ သိမ်းတယ်ဆိုရင် တခြားလယ်ယာမြေကို အကောင်အထည်ဖော်ပြီးတော့ သူတို့ လုပ်ပိုင်ခွင့်ပြန်ပေးဖို့လိုချင်တာပဲ။ ငွေကြေးပေးလို့ ငွေကြေးအပေါ်မှာလည်း သူတို့က ဘယ်လိုမှ လုပ်ကိုင်စားသောက်လို့တတ်တာမဟုတ်ဘူး။ အဲဒီတော့ လယ်ယာမြေဟာ သူတို့ရဲ့ဘ၀ပေါ့နော်၊ လယ်ယာမြေက သူတို့ရဲ့အဓိကအားထားရာအလုပ်တခုဖြစ်တယ်။ အားထားရာလုပ်ငန်းတခုဖြစ်တဲ့အတွက် ဒီလယ်ယာမြေတွေကို သိမ်းယူပြီးတော့ အခြားလယ်ယာမြေကို ပြန်အစားထိုးမပေးနိုင်သရွေ့ကတော့ ဒီလယ်သမားပြဿနာတွေဟာ ရှိနေအုံးမှာပါပဲ။”

ခရိုနီစီးပွားရေးလုပ်ငန်းဖြစ်တဲ့ စိန်ဝတ်မှုန်ကုမ္ပဏီဟာ လက်ရှိရှမ်းပြည်နယ်မှာ ရာဘာပင်စိုက်ပျိုးရေးလုပ်ငန်းအတွက် မြေယာဧကပေါင်းများစွာ ထိန်းချုပ်ထားတဲ့ ကုမ္ပဏီဖြစ်တယ်လို့ အစီရင်ခံစာကဆိုပါတယ်။

စိန်ဝတ်မှုန်ကုမ္ပဏီအပေါ် စွပ်စွဲချက်တွေနဲ့ပတ်သက်လို့ Global Witness အနေနဲ့ ဒီနှစ်ဖေဖေါ်ဝါရီလက ကုမ္ပဏီကိုဆက်သွယ်မေးမြန်းရာမှာ ကုမ္ပဏီပိုင်ရှင်ဖြစ်သူ ဦးမောင်မြင့်က ဒီစွပ်စွဲချက်တွေဟာ မှန်ကန်ခြင်းမရှိကြောင်းနဲ့ကောလဟာလသာဖြစ်ကြောင်း တုံ့ပြန်ပြောဆိုခဲ့တယ်လို့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

ဒီအစီရင်ခံစာကိုပြုစုဖို့ လပေါင်း (၁၈) လကြာ အချိန်ယူခဲ့ရပြီး ရှမ်းပြည်အရှေ့မြောက် တရုတ်နိုင်ငံနယ်စပ်တ၀ိုက်က ဒေသတွေမှာ စုံစမ်းလေ့လာခဲ့တာ ဖြစ်ပြီး ရွာပေါင်း (၁၁) ရွာက တိုင်းရင်းသားတောင်သူပေါင်း (၁၂၄) ဦးကို လူတွေ့ မေးမြန်းခဲ့တာဖြစ်တယ်လို့ Global Witness ကပြောပါတယ်။ ဒါ့အပြင် အစိုးရတာဝန်ရှိသူတွေနဲ့ အငြိမ်းစားစစ်တပ်အရာရှိတွေအပါအ၀င် လူ (၂၀) ဦးကိုလည်း တွေ့ဆုံမေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာဆွေးနွေးနေတဲ့အမျိုးသားမြေယာပေါ်လစီနဲ့ မြေယာအသုံးချမှုဆိုင်ရာ မူကြမ်းအသစ်ဟာ အာဏာပိုင်တွေ အရင်သိမ်းထားတဲ့ လယ်ယာမြေတွေကို စစ်တပ်နဲ့ခရိုနီတွေကပဲ အကျိုးခံစားခွင့်၊ ငွေချေးယူခွင့်၊ အခွန်ကင်းလွတ်ခွင့်ရမှာဖြစ်တယ်ဆိုတဲ့အချက်ပါနေတာကြောင့် နောက် ကြောင်းပြန်ဆွဲနေတဲ့ဥပဒေသာဖြစ်တယ်လို့ လူအခွင့်အရေးနဲ့ လယ်ယာမြေအခွင့်အရေး လှုပ်ရှားနေတဲ့အဖွဲ့တွေကလည်း ဝေဖန်ထောက်ပြထားပါတယ် ရှင်။

အင်ကြင်းနိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ပုသိမ်၊ မုံရွာကားလမ်းမပေါ်မှာ လက်ပံတောင်းတောင် စီမံကိန်းရပ်တန့်ရေး ကန့်ကွက်ဆန္ဒပြမှု ၂၈ လပြည့် ဒေသခံတွေရဲ့ ဆန္ဒဖော်ထုတ်မှုမြင်ကွင်း။ (ဓာတ်ပုံ-ကိုဟန်ဝင်းအောင် fb/မတ် ၂၉၊ ၂၀၁၅)
လက်ပံတောင်းတောင်မှာ ဒေသခံနဲ့ သံယာတရာလောက်ကို ဒဏ်ရာရစေတဲ့ အကြမ်းဖက်ဖြိုခွင်းမှု ၂၈ လပြည့်လာပြီဖြစ်ပေမယ့် အခုထိ ဖြိုခွင်းမှုမှာ တာဝန်ရှိသူတွေကို အာဏာပိုင်တွေဘက်က အရေးယူတာမျိုးမရှိသေးတဲ့အတွက် ချက်ချင်း အရေးယူဆောင်ရွက်ပေးဖို့ လက်ပံတောင်းတောင် ဒေသခံတွေကရော ရန်ကုန်မြို့က တက်ကြွလှုပ်ရှားသူတွေကပါ ဒီကနေ့  တောင်းဆို ဆန္ဒ္ဒပြခဲ့ကြပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ပြီးခဲ့တဲ့ ၂ဝ၁၂ ခုနှစ် နိုဝင်ဘာလ ၂၉  နေ့က လက်ပံတောင်းတောင်ကြေးနီစီမံကိန်းဖျက်သိမ်းရေးအတွက် သပိတ်စခန်းဖွင့် ဆန္ဒပြခဲ့တဲ့သံဃာတွေနဲ့ အရပ်သားတွေကို အကြမ်းဖက်ဖြိုခွဲခဲ့ပေမယ့် အခု ၂၈ လပြည့်ခဲ့ချိန်အထိ တာဝန်ရှိသူတွေကို အရေးယူတာမျိုးမရှိသေးတဲ့အတွက် ဒီကနေ့ လက်ပံတောင်းတောင်မှာရော ရန်ကုန်မှာပါ ဆန္ဒ္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

အသိမ်းဆည်းခံနေရတဲ့ မြေယာတွေပြန်ရရေးနဲ့ သံဃာတော်တွေ မီးလောင်ဒဏ်ရာရရှိစေခဲ့တဲ့ တာဝန်ရှိသူတွေကို အရေးယူပေးဖို့အပြင် ကြေးနီးစီမံကိန်း ဖျက်သိမ်းရေးကို လက်ပံတောင်းဒေသခံတွေက အဓိကတောင်းဆိုခဲ့ကြပါတယ်။ ဒေသခံတောင်သူတဦးကတော့ မြန်မာဝမ်ပေါင်ကုမ္ပဏီရှေ့မှာ ဆန္ဒပြ သူတွေကို အာဏာပိုင်တွေက ပိတ်ဆို့ တားဆီးထားကြောင်း ပြောပြပါတယ်။

“ဒီနေ့ကတော့ မီးလောင်ဗုံးတရားခံ ဖော်ထုတ်ပေးရေး-ဆိုပြီး ဝမ်ပေါင်ရှေ့မှာ ကျမတို့ ဆန္ဒဖော်ထုတ်နေတာလေ။ အဲဒီ ပြည်သူ့ရဲတွေက ရှေ့ကနေပြီး သံဆူးကြိုးတွေနဲ့တားနေတယ်။ လုံခြုံရေးအင်အားတွေက များနေတော့ ညီမတို့ဘက်က ဝင်လို့မရဘူး။ ညီမတို့မြေတွေဆိုတာက ရွှေဆိုလည်းဟုတ်တယ်၊ ငွေဆိုလည်း ဟုတ်တယ်လေ၊ အဲဒီတော့ ညီမတို့ မြေတွေကို မရောင်းနိုင်ဘူး။ မရောင်းနိုင်တဲ့အတွက် ညီမတို့ ဆန္ဒထုတ်ဖော်တာ။”
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ရေး အကြမ်းဖက်ဖြိုခွဲခံရမှု ၂၈ လပြည့်၊ ရန်ကုန်ဆူးလေဘုရားလမ်းမှာ လူထုဆန္ဒဖော်ထုတ်မှုမြင်ကွင်း။ (ဓာတ်ပုံ- ကိုဟန်ဝင်းအောင်fb/ မတ်လ ၂၉၊ ၂၀၁၅)
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ရေး အကြမ်းဖက်ဖြိုခွဲခံရမှု ၂၈ လပြည့်၊ ရန်ကုန်ဆူးလေဘုရားလမ်းမှာ လူထုဆန္ဒဖော်ထုတ်မှုမြင်ကွင်း။ (ဓာတ်ပုံ- ကိုဟန်ဝင်းအောင်fb/ မတ်လ ၂၉၊ ၂၀၁၅)

ရန်ကုန်မြို့မှာတော့ လက်ပံတောင်းအရေး တက်ကြွလှုပ်ရှားတဲ့ ဒီမိုကရေစီအင်အားစုတွေက ရန်ကုန်သိမ်ကြီးဈေးကနေ စတင်ပြီး ရန်ကုန်မြို့တော် ခန်းမရှေ့ လွတ်လပ်ရေးကျောက်တိုင်အထိ ချီတက်ဆန္ဒပြရာမှာ အတားအဆီး နှစ်ကြိမ်ကြုံခဲ့ရတယ်လို့  ဆန္ဒပြသူတဦးကပြောပါတယ်။

“မီးလောင်ဗုံးနဲ့ဖြိုခွင်းခဲ့တာ ၂၈ လ ပြည့်တယ်။ အလုပ်သမားထု၊ ကျောင်းသားထုကို အကြမ်းဖက်နှိမ်နင်းခဲ့တဲ့ အကြမ်းဖက်မှု၊ မီးလောင်ဗုံး သံဃာတွေကို ထိတဲ့အကြမ်းဖက်မှု၊ ဒေါ်ခင်ဝင်းသေဆုံးခဲ့ရတဲ့အကြမ်းဖက်မှု- အဲဒါတွေကို ဆန့်ကျင်တဲ့အနေနဲ့ ကျနော်တို့ထွက်ရခြင်းဖြစ်တယ်။ အာဏာပိုင်တွေ တားဆီးပါတယ်။ စစထွက်တဲ့အချိန် သိမ်တော်ကြီး…ရှေ့မှာ တခါတားတယ်။ ဆူးလေ၊ ဗန္ဓုလလမ်းနဲ့ ဆူးလေဘုရား..နားမှာ တခါတားပါတယ်။”



လက်ပံတောင်းတောင်ဒေသမှာ မြန်မာ့စီးပွာရေးဦးပိုင် ကုမ္ပဏီလီမိတက်နဲ့မြန်မာဝမ်ပေါင် ကုမ္ပဏီတို့ဆီကနေ လျော်ကြေးယူမထားကြတဲ့ တောင်သူတွေရဲ့  လယ်မြေတွေကိုပါ သိမ်းဆည်းပြီး ခြံစည်းရိုးခတ်ထားတဲ့အတွက် ဒေသခံတွေအနေနဲ့  စာဝတ်နေရေးခက်ခဲနေတယ်လို့ လည်း တောင်သူတဦးက ပြောပါတယ်။

“ဒီမြေတွေကိုမှ လုပ်မစားရတော့ဘူးဆိုရင် ပြည်သူတွေရဲ့အခြေအနေကတော့ လုပ်စားစရာကို ဘာမှကို မရှိတော့ဘူး။ ကျမတို့ဟာ အခုဆိုလို့ရှိရင် ဝမ်ပေါင်၊ ဦးပိုင်နဲ့ လမ်းဆုံမှာ - ပုသိမ်၊ မုံရွာလမ်းမ လမ်းဆုံမှာ ထွက်တောင်းစားမယ်လို့ကို စဉ်းစားထားတာပါ။ ”

လက်ပံတောင်းတောင် ကြေးနီးစီမံကိန်းနဲ့ပတ်သက်လို့ လွန်ခဲ့တဲ့ ၃ နှစ်ခန့်ကစပြီး ဒေသခံတွေက ကန့်ကွက်ဆန္ဒပြနေကြတာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၈ လ ကတော့  ဆန္ဒပြသူတွေရဲ့သပိတ်စခန်း အဖြိုခွဲခံခဲ့ရပြီး  ဒေသခံနဲ့သံဃာ ၁ဝဝ နီးပါး မီးလောင်ဒဏ်ရာမတွေရခဲ့တဲ့အတွက် စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ စစ်ဆေးခဲ့သလို အစီရင်ခံစာတစောင်လည်း ထုတ်ပြန်ခဲ့ပါတယ်။ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့အကြံပြု အစီရင်ခံစာကို ကုမ္ပဏီတွေဘက်က လိုက်နာမှု မရှိသလို အခုချိန်ထိလည်း လွှတ်တော်မှာ တင်ပြခွင့်မရသေးဘူးလို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။

“လွှတ်တော်ဥက္ကဋ္ဌက တာဝန်အရှိဆုံးပေါ့လေ။ လွှတ်တော်ဥက္ကဋ္ဌက ခွင့်ပြုမှသာ ကျမတို့က လွှတ်တော်ထဲမှာ ပြောလို့ရမှာကိုး။ အခုက လွှတ်တော် ဥက္ကဋ္ဌက ခွင့်မပြုသေးတော့ ကျမတို့က လွှတ်တော်ထဲမှာ အခုအချိန်အထိ ပြောလို့မရသေးဘူး။”

လက်ပံတောင်းတောင်က လျော်ကြေးမယူထားတဲ့လယ်ယာမြေတွေကို ခြံစည်းရိုးခတ်သိမ်းဆည်းရာကစလို့ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကတော့ ဒေသခံတွေနဲ့ အာဏာပိုင်တွေကြား အခြေအနေတင်းမာခဲ့ပြီး ဒေသခံတဦး သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့ရသလို ဒေသခံ အတော်များများ ထိခိုက်ဒဏ်ရာများရခဲ့ပါတယ်။

မအေးအေးမာ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ကချင်ပြည်နယ်မှာ လှုပ်ရှားနေသော အစိုးရတပ်သားတချို့ကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းက တွေ့ရစဉ်။ photo: RFA/ Kyaw Myo Min

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ   မြန်မာ့တပ်မတော် ခမရ ၂၈၉ တပ်ဖွဲ့တွေနဲ့ ရခိုင်တပ်မတော် AA တပ်ဖွဲ့တွေ မတ်လ ၂၈ ရက်နေ့ညပိုင်း နဲ့ ၂၉ ရက်နေ့ တို့က  တိုက်ပွဲဖြစ်ပွားရာမှာ အစိုးရဘက်က အရာရှိတစ်ဦး ကျဆုံးခဲ့တယ်လို့ AA တပ်ဖွဲ့က ပြောပါတယ်။

ကျောက်တော်မြို့ရဲ့မြောက်ဘက် ချင်းပြည်နယ် ပလက်ဝ နယ်စပ်အနီးမှာဖြစ်ပွားခဲ့တဲ့  အဲဒီ ရခိုင် AA တပ်ဖွဲ့နဲ့ အစိုး ရတပ်ဖွဲ့တွေရဲ့ တိုက်ပွဲဟာ ရခိုင်ပြည်နယ် အတွင်းမှာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ AA တပ်ဖွဲ့ ဒုတိယ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်မှူးကြီးဒေါက်တာ ညိုထွန်းအောင်က မတ်လ ၂၈ရက်နေ့ ညပိုင်းက စပြီး တိုက်ပွဲများ ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။

"ညသန်းခေါင်ယံမှာ နာရီဝက်လောက်ဖြစ်တယ်၊ အဲ့လိုဖြစ်ပြီးတော့ ရန်သူကဆုတ်သွားတယ်၊ ကျနော် တို့က နယ်မြေရှင်းလင်းရေးနဲ့ စိုးမိုးမှုအတွက် ရန်သူ ကိုလိုက်ရှင်းတယ်၊ ဒီကြားထဲမှာတော့ တိုက်ပွဲက မဖြစ်ဘူး၊ မနက်ဘက်မှာဘဲ ကျနော်တို့တိုက်ပွဲပြန်ဖြစ်တာပေါ့နော်၊ ရန်သူဘက်ကတော့ ဗိုလ်ကြီး ဇော်ထက်နိုင်ဦး ယာယီ တပ်ရင်းမှူးအနေနဲ့ တာဝန်ထမ်းဆောင်နေစဉ်၊ သူအပါအဝင် သူ့ရဲဘော် တစ်ယောက်ရယ် တိုက်ပွဲကျတယ်၊ နောက်ထပ် ကျနော်တို့ ၂ ယောက် သုံ့ပန်းအနေနဲ့ ဖမ်းမိတယ်ဗျ"

အဲဒီ တိုက်ပွဲတွေမှာ လက်နက်များလည်းရမိခဲ့တယ်လို့ သူက ပြောပါတယ်။ အခုတိုက်ပွဲ သတင်းနဲ့ပတ်သက်ပြီး အစိုးရ ဘက်သတင်းထုတ်ပြန်ခြင်းမရှိသေးသလို ကျဆုံးသူနဲ့ အဖမ်းခံရသူတွေနဲ့ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်ပြု ချက်ရယူနိုင်ခြင်းမရှိပါဘူး။

AA ရခိုင်တပ်မတော်တပ်ဖွဲ့တွေဟာ ကိုးကန့်ဒေသမှာလည်း MNDAA တပ်ဖွဲ့များနဲ့ ပူးပေါင်းပြီး အစိုးရတပ်တွေကို တိုက်ပွဲဝင်လျက်ရှိပါတယ်။

RFA Burmese
http://www.rfa.org/burmese