04/05/15

 နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ အင်းစိန်ထောင်က လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသားများကို လာကြိုသူများနဲ့အတူ တွေ့ရပုံ။ photo: RFA/ Kyaw Zawe Win
မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား အရေအတွက် ဟာ (၅ဝဝ) နီးပါးအထိ ပြန်လည်ရောက်ရှိနေပြီ လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP က မနေ့ကထုတ်ပြန်လိုက်ပါတယ်။

အမိန့်ချမှတ်ခံရပြီးသားနိုင်ငံရေးအကျဉ်းသား (၁၇ဝ) ကျော်နဲ့ သာယာဝတီထောင်မှာ အချုပ်ခံထား ရတဲ့ သပိတ်မှောက်ကျောင်းသားတွေ၊ ဝန်းရံသူတွေ အပါအဝင်၊ နိုင်ငံရေး၊ လူ့အခွင့်အရေးလှုပ်ရှား မှုတွေကြောင့် အဖမ်းခံရပြီးအမှုရင်ဆိုင်နေရဆဲ အယောက်(၃ဝဝ) နီးပါးရှိနေတယ်လို့ AAPP တွဲဘက် အတွင်းရေးမှူး ကိုဘိုကြည်က RFA ကိုပြောပါတယ်။

"အခုထောင်ချပြီးသားက ၁၇၂ ယောက်ရှိပါတယ်၊ အမှုရင်ဆိုင်နေတာက ၃ဝဝ နီးပါးရှိပါတယ်၊ ကိုထင်ကျော်တို့လို၊ ကိုဝေဠုတို့လို ဒေါ်နော်အုန်းလှ တို့လိုမျိုး လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ ပါမယ်၊ နောက်လယ်သမားတွေပါမယ်ပေါ့ဗျာ၊ တိုင်းရင်းသား လက်နက်ကိုင်အင်အားစု အဖွဲ့တွေကအဖမ်းခံထားရတဲ့သူတွေပါပါတယ်၊ အဲ့ဒါက ထောင် ကျပြီးသားပေါ့၊ အမှုရင်ဆိုင်နေရတဲ့အထဲမှာဆိုရင်တော့ ဒါလက်တလော ကျောင်းသားလှုပ်ရှားမှုကြောင့် အဖမ်းခံထားရတဲ့သူတွေကလည်း ၁ဝဝ ကျော်လောက်ရှိပါတယ်၊ နောက်တစ်ခါ ကျန်တဲ့သူက ၂ဝဝ ကျော်လောက်ရှိပါတယ်၊ အဲ့ဒါက လူ့အခွင့်အရေးတက်ကြွလှုပ်ရှားနေတဲ့သူတွေ၊ ကျောင်းသားတွေ၊ အလုပ်သမားတွေ အစရှိတဲ့ ဒါမျိုးတွေများပါတယ်"

နိုင်ငံရေးအကျဉ်းသား ရှိနေတယ်ဆိုတာ နိုင်ငံရေးပြဿနာ၊ လူ့အခွင့်အရေးပြဿနာ၊ နှိပ်စက်ညှင်းပမ်းမှု ပြဿနာတွေ ရှိနေသေးတယ်ဆိုတာကို ထင်ရှားစေတဲ့အကြောင်းနဲ့၊ ဒီအခြေအနေနဲ့ပတ်သက်လို့ နိုင်ငံတကာအသိုင်းအဝိုင်းကို AAPP အနေနဲ့အမြဲတင်ပြနေတယ်လို့ပြောပါတယ်။

ဒါ့အပြင် သိမ်းဆည်းခံလယ်ယာမြေတွေ ပြန်ရရေးအတွက်တောင်းဆိုတိုက်ပွဲဝင်လို့ ထောင်ချခံရ၊ တရားစွဲခံနေရတဲ့ လယ်သမားတွေနဲ့ ကူညီသူတွေလည်း ရာနဲ့ချီရှိနေတဲ့အတွက် အဲ့ဒီစာရင်းကိုလည်း ကောက်ယူနေတယ်လို့ပြော ပါတယ်။

RFA Burmese
http://www.rfa.org/burmese



Min Htaw Richard Tar Aye Ko Ko Lwin
Posted by LadyEi Nge on Sunday, April 5, 2015

တရုတ်နယ်ဘက်ဒုက္ခသည်စခန်းကနေ ဌာနေပြန်မယ့် ကလေးငယ်တဦးကို ထရပ်ကားပေါ်တင်ပေးနေကြစဉ်။ 
ကိုးကန့်ဒေသက စစ်ပွဲတွေကြောင့် တရုတ်နိုင်ငံဘက်ကို ထွက်ပြေးကြရသူတွေထဲ မြန်မာနိုင်ငံသား တချို့ဟာ နှစ်ရက်ကြာ တောလမ်းခရီးကို လမ်းလျှောက်ပြီး ဌာနေပြန်နေကြပါတယ်။ မှတ်ပုံတင်ကဒ်ပြားနဲ့ လမ်းစရိတ်ရှိကြသူတွေက စစ်ဘေးလွတ်ရာ တရုတ်ပြည်ဘက်ကပတ်ပြီး ဌာနေ ပြန်နိုင်ကြပေမယ့် ငွေကြေးမတတ်နိုင်သူတွေကတော့ စစ်ဖြစ်နေဆဲ လောက်ကိုင်မြို့တဝိုက်က တောလမ်းတွေကို ဖြတ်၊ချင်းရွှေဟော်ဘက်ကို ညအိပ်ညနေ ကုန်းကြောင်းခရီးနဲ့ ထွက်လာနေကြရတာ ဖြစ်ပါတယ်။ စစ်ရှောင် ဒုက္ခသည်တွေအတွက် အဓိက လိုအပ်ချက်တွေကိုတော့ မသိင်္ဂီထိုက်က စုစည်းတင်ပြပေးထားပါတယ်။

ကိုးကန့်ဒေသတဝိုက်က နှစ်လနီးပါးကြာ တိုက်ပွဲတွေကြောင့် တရုတ်နယ်စပ်ဘက်ကို ထွက်ပြေးကြရတဲ့ မြန်မာနိုင်ငံသားတွေဟာ နေရပ်ရင်းတွေကို ပြန်နိုင်ဖို့ စစ်ဖြစ်နေတဲ့ ကိုးကန့်ဒေသတဝိုက်ကို တညအိပ်နှစ်ရက်ခရီးလမ်းလျှောက်ပြီး ချင်းရွှေဟော်မြို့ဘက်ကို ထွက်လာကြတာပါ။ ဒီလို လမ်းလျှောက် ထွက်လာမယ့်သူတွေကိုတော့ လောက်ကိုင်မြို့ပတ်ဝန်းကျင်မှာရှိနေကြတဲ့ ကူညီကယ်ဆယ်ရေးသမားတွေက စားနပ်ရိက္ခာ ထောက်ပံ့ပြီး စစ်အေးတယ်လို့ ယူဆရတဲ့ တောတွင်းလမ်းကြောင်းတွေကနေ သွားနိုင်ဖို့ ကူညီပေးနေကြပါတယ်။

 ဌာနေပြန်လာကြသူတွေကိုတော့ ကွမ်လုံအခြေစိုက် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက ကယ်ဆယ်ရေးသမားတွေက လမ်းခုလတ် လုံထန်လောက်အထိ ကားတွေနဲ့တက်ပြီး ကယ်ကြတယ်လို့ ကယ်ဆယ်ရေးလုပ်ကိုင်နေသူ ရုပ်ရှင်မင်းသားဝေဠုကျော်က ပြောပါတယ်။

“တရုတ်ပြည်ဘက်ကို သူတို့ ဖြစ်ဖြစ်ချင်း ပြေးသွားကြတယ်။ ပြေးသွားကြရာကနေ ပြန်ပြီးတော့ ချင်းရွှေဟော်ကိုရောက်ဖို့ တညအိပ်သူတို့ လျှောက်ရပါတယ်။ အဲလိုလာခဲ့ကြသူတွေ များတယ်ပေါ့နော်။ များသောအားဖြင့်တော့ မြေလတ်ပိုင်းပေါ့နော်၊ အညာဘက်က တောင်တွင်းကြီးတို့၊ နတ်မောက်တို့ နေရာတွေပေါ့နော်၊ မြေလတ်ပိုင်းကလူတွေက နွေရာသီမှာ သူတို့ရဲ့စီးပွားရေးအလုပ်အကိုင် ရှားပါးမှုကြောင့် အဲဒီ ဘက်ကိုတက်ပြီး ကြံခုတ်ကြတာခင်ဗျ။ ကြံခုတ်လုပ်သားတွေများပါတယ်။ ကျနော်တို့ ဘယ်အထိတက်လို့ရလဲဆိုရင် ချင်းရွှေဟော်အပိုင်ဖြစ်တဲ့ လုံထန်အထိပဲ တက်လို့ရတာပေါ့နော်၊ ခေါ်နိုင်တယ်ပေါ့၊ 4 wheels တွေနဲ့ သွားကယ်တယ်ပေါ့။ တညအိပ် နှစ်ရက်ခရီးလမ်းလျှောက်လာကြတဲ့အတွက် အစာရေစာ ရှားပါးမှုကြောင့် အားအင်ချိနည့်လာတယ်။ နောက်ပြီးတော့ ဆားဓာတ်ခန်းခြောက်မှုကြောင့် ကြွက်တက်နေကြတယ်။ နောက်ပြီး ခြေထောက်တွေ အားလုံးမှာ အရည်ကြည်ဖုတွေ ထလာကြတယ်။ အဲဒီအခြေအနေမျိုးတွေမှာ အသက်ကြီးတဲ့သူတွေပါတယ်၊ ခလေးပါတယ်။ ကိုယ်ဝန်ဆောင်သည် ပါတယ်ဆိုတော့ အတင်းတက်ပြီး ကားနဲ့တက်ပြီးဆွဲတယ်ပေါ့နော်၊ ကားနဲ့တက်သွားတယ်ဆိုတဲ့နေရာမှာလည်း လုံထန်နားမရောက်ခင်မှာပဲ စစ်ကားကြီးတွေ မှောက်ထားတာ၊ စစ်ကားကြီးတွေ နံရံမှာ ဝင်ဆောင့်ထားတာ၊ ကြက်ခြေနီကားအပစ်ခံထားရတာ၊ အဲဒါတွေကိုကျော်ပြီးတော့မှ လုံထန်ဆိုတဲ့နေရာကို ရောက်ပါတယ်ခင်ဗျ။ တိုက်ပွဲကလည်း နေ့တိုင်းလိုလို ရှိနေပါတယ်ခင်ဗျ။”

စစ်ရှောင်သူတွေထဲမှာ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေလည်းပါဝင်ကြပြီး ဒီလူတွေအတွက် စားနပ်ရိက္ခာလည်း အတော်လေး လိုအပ်နေတယ်လို့ သရုပ်ဆောင် ဝေဠုကျော်က ပြောပါတယ်။

“ကျနော်တို့အဓိကလိုတာ စားနပ်ရိက္ခာလိုတယ်ဗျ။ ဓာတ်ဆားပေါ့။ ဓာတ်ဆားလိုတာတော့ ကောင်းတာက BPI ဓာတ်ဆားလိုဟာတော့ ပိုကောင်းတာပေါ့။ ဒါပေမယ့် အဲဒါကို သူတို့ မသောက်နိုင်ကြဘူး။ ကျနော်တို့ ဝယ်တိုက်တယ်၊ လုပ်ပေးတယ်ပေါ့နော်။ ဒါပေမယ့်အရမ်းမောလာတဲ့အချိန်မှာ ဓာတ်ဆားအငံရည်ကို သူတို့ မသောက်နိုင်တော့ သီးစုံဓာတ်ဆားလိုဟာမျိုး ကျနော်တို့သုံးရတယ်ပေါ့နော်၊ သီးစုံဓာတ်ဆားတွေ ကျနော်တို့သုံးတယ်။ နောက်တခါ ခေါက်ဆွဲခြောက်တွေ ကျနော်တို့သုံးတယ်ပေါ့။ နောက်တမျိုးကတော့ ကျနော်တို့ ဘာလုပ်ပေးလဲဆိုတော့ ဟိုဘက်ကို ကျနော်တို့က ကြက်ခြေနီတွေက ဆင်းဆင်းလာတယ်၊ ဆိုင်ကယ်လေးနဲ့အရဲစွန့်ပြီးတော့၊ ဆင်းလာလို့ရှိရင် ရိက္ခာ… ကျနော်တို့ တင်ပေးတယ်။ ဒါပေမယ့် ခေါက်ဆွဲခြောက် နှစ်ပုံးလောက်ဆိုရင် သူတို့ ဆိုင်ကယ်တစီးက ပြည့်သွားတာပဲလေ။ ဆိုင်ကယ်လ် သုံးလေးစီး ဆင်းလာပေမယ့် ဓာတ်ဆားထုတ်၊ ခေါက်ဆွဲထုတ် ကျနော်တို့ ရအောင်တင်ပေးတယ်။ ဒါပေမယ့် ဆိုင်ကယ်တစီးကို အလွန်ဆုံး အထုတ် ၃၀၀ လောက်ပဲပါတယ်။ လူတယောက်ကလည်း တနေ့ကို တနပ်ကိုစားမယ်ဆိုလို့ရှိရင် နှစ်ထုတ်လောက်မှ အဆင်ပြေတယ်။ လူတယောက်ကို တညအိပ် နှစ်ရက်ခရီးဆင်းမယ်ဆိုရင် ငါးထုတ်၊ ဆယ်ထုတ်မှ ထည့်မပေးရင် အဆင်မပြေဘူး။”

လောက်ကိုင်နဲ့ ချင်းရွှေဟော်ကြား လုံထန်အရပ်ကနေ သွားရောက် ကယ်တင်လာသူတွေကိုတော့ ကွမ်းလုံမြို့က ကယ်ဆယ်ရေးစခန်းမှာ တညအိပ် နားစေပြီး နောက်နေ့မှာ လားရှိုးမြို့ မန်စီရှမ်းကျောင်းကို ပို့ဆောင်ပေးပါတယ်။ ဒီကမှ တဆင့် စစ်ရှောင်သူတွေ ဌာနေရင်းတွေကို ပြန်ကြတာလည်း ဖြစ်ပါတယ်။စစ်ဖြစ်နေတဲ့နှစ်လနီးပါးကာလအတွင်း ကွမ်လုံအခြေစိုက် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ကယ်ဆယ်ပေးခဲ့သူ ၉ ထောင်နီးပါး ရှိခဲ့ပြီလည်း ဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၉ ရက်နေ့က စဖြစ်တဲ့ တိုက်ပွဲတွေကြောင့် လောက်ကိုင်ဒေသတဝိုက်မှာ ရွှေ့ပြောင်းအလုပ်သမားတွေအဖြစ် လာရောက်လုပ်ကိုင်ကြတဲ့ မြန်မာပြည်တွင်းက အလုပ်သမားတွေဟာ ဒေသခံတွေနဲ့အတူ တရုတ်နယ်စပ်ဘက်ကို ထွက်ပြေးခဲ့ကြတာ ဖြစ်ပါတယ်။ မှတ်ပုံတင်ကဒ်ပြား လက်ဝယ် ရှိသူတွေနဲ့ လမ်းခရီးစရိတ်ရှိသူတွေက တရုတ်ပြည်ဘက်က ပတ်ပြီး စစ်ဘေးလွတ်ရာမြန်မာနယ်စပ် ဝင်ပေါက်တွေကနေ ပြန်နိုင်ကြပါတယ်။ ဒါပေမယ့် မှတ်ပုံတင် မရှိသူတွေ၊ နောက် အပြန်စရိတ် မရှိသူတွေကတော့ ပါစင်ကျော်၊ လုံထန်၊ မာလီရှုးဝါး ကနေတဆင့် ကယ်ဆယ်ပေးမယ့်သူတွေ မတွေ့မချင်း ခရီးကြမ်း လမ်းလျှောက်ပြန်နေကြရတာ ဖြစ်ပါတယ်။ကိုးကန့် ဒေသတိုက်ပွဲတွေကြောင့် လားရှိုးမြို့ မန်စီ ရှမ်းကျောင်းကို ရောက်လာတဲ့ စစ်ရှောင် သူတွေကိုတော့ မြန်မာအစိုးရက ဌာနေပြန်ဖို့ အကူအညီတွေ ပေးနေပေမယ့်လည်း တရုတ်ဘက်ကို ထွက်ပြေးကြသူတွေအတွက်တော့ ဌာနေပြန်နိုင်ရေး အကူအညီပေးတာမျိုး မရှိသေးပါဘူးရှင်။

သိင်္ဂီထိုက် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


လာမယ့် သင်္ကြန်ကာလမှာ ရှမ်းပြည်နယ်မှာ ဖေါက်ခွဲရေးသမားတွေ ဝင်ရောက်လာနိုင်တယ်လို့ သတင်းရရှိ တာကြောင့် လုံခြုံရေးအင်အား တိုးမြှင့်ချထားမှာဖြစ်ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးက ပြောပါတယ်။

တောင်ကြီးမြို့မှာ ဒီနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းထွန်းက ပြောကြား လိုက်တာပါ။

"ရှမ်းပြည်နယ်မှာ ကျနော်တို့ကတော့ အလုံးစုံ လုံခြုံရေးပိုင်းအနေနဲ့ကတော့ စိုးရိမ်နေရတာပေါ့နော် ၊ ဖေါက်ခွဲလို့ဖျက်ဆီးလိုက်မလား ကျန်တဲ့တခြားကိစ္စရပ်မျိုးများ ပေါ်လာမလားဖြစ်တဲ့အချိန်မှာ ဒီကာလသည် ရှမ်းပြည်နယ် အစိုးရအဖွဲ့အပါအဝင် ဒီအစိုးရရဲ့ ကျော်ဖြတ်မယ့် သင်္ကြန်ကာလနောက် ဆုံးနှစ်လည်း ဖြစ်တဲ့အတွက် စည်စည်ကားကားလည်း ဖြစ်စေချင်ပါတယ်"

သင်္ကြန်ကာလအတွင်းမှာ အရင်နှစ်တွေထက် မှုခင်းအနည်းဆုံးဖြစ်အောင် ဆောင်ရွက်သွားမှာဖြစ်ပြီး လုံခြုံရေး ကာလကို ၃ ဆင့်သတ်မှတ်ထားတယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ်တခုလုံးမှာ သင်္ကြန်မဏ္ဍပ် ၃၃ ခု ဆောက်လုပ်ခွင့်ရရှိထားကြောင်းလည်း သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese

စစ်တပ်ပိုင် ကုမ္ပဏီတွေ လုပ်ကိုင်နေတာ တွေ ထဲမှာ ကျောက်မျက် တူးတဲ့ လုပ်ငန်းလည်း ပါဝင် ပါတယ်။
ပြီးခဲ့တဲ့ ဘဏ္ဍဍာနှစ် မှာ မြန်မာ စစ်တပ်ပိုင် ကုမ္မဏီကြီးတွေ ဟာ ကုန်သွယ် လုပ်ငန်းခွန် တွေ စတင် ပေးဆောင် လာပြီး အခွန် အများဆုံး ပေးဆောင် တဲ့ လုပ်ငန်း တွေ အဖြစ် စာရင်း ဝင်နေ ပါတယ်။

MEC လို့ အသိများ တဲ့ စစ်တပ်ပိုင် မြဝတီ ထရိတ်ဒင်း ကုမ္ပဏီ ဟာ ကျပ်သန်းပေါင်း ၁ သောင်း ကျော် ပေးဆောင် ခဲ့ပြီး အခွန် အပေးခဲ့ဆုံး ကုမ္ပဏီတွေ ထဲ နံပါတ်တစ် နေရာ မှာ ရှိကာ၊ နောက်ထပ် တပ်ပိုင် ကုမ္ပဏီ တစ်ခုပဲ ဖြစ်တဲ့ မြန်မာ ဦးပိုင် ကုမ္ပဏီ ကလည်း ကျပ် သန်းပေါင်း ၅ ထောင် ကျော် ပေးဆောင်ပြီး အဆင့် ၇ နေရာ မှာ ရှိပါတယ်။

ဒီလို အခွန် များများ ထမ်းဆောင် နိုင်တာ ကို ကြည့်ရင် မြန်မာနိုင်ငံ မှာ ငွေကြေး လည်ပတ်မှု များများ နဲ့ စီးပွားရေး အအောင်မြင် ဆုံး ဖြစ်နေ တဲ့ လုပ်ငန်း တွေ ကို စစ်တပ် က ပိုင်ဆိုင် နေကြောင်း ဖော်ပြ နေတယ် လို့ မြန်မာ ငါးလုပ်ငန်း အဖွဲ့ချုပ် ဒုတိယ ဥက္ကဌ ဦးနှင်းဦး က သုံးသပ် ပါတယ်။

စစ်တပ်ပိုင် လုပ်ငန်း တွေ ဟာ နှစ်ပေါင်းများ စွာ အခွန် မထမ်းဆောင် ပဲ နေခဲ့ ရာက လွှတ်တော် အမတ် တွေ ရဲ့ ဝေဖန် မှု ကြောင့် ပြီးခဲ့တဲ့ ဘဏ္ဍဍာ နှစ် မှာ စတင် ထမ်းဆောင် လာတာ ဖြစ်ပါ တယ်။

အဲဒီ့ တပ်ပိုင် လုပ်ငန်း ၂ ခု အဓိက လုပ်ကိုင် နေတဲ့ အထဲ မှာ ကျောက်မျက် တူးဖော်တဲ့ လုပ်ငန်း၊ သွင်းကုန် ထုတ်ကုန် လုပ်ငန်း နဲ့ ယမကာ ထုတ်လုပ် တဲ့ လုပ်ငန်း တွေ ပါဝင် ပါတယ်။

အခွန် အများဆုံး ပေးတဲ့ တခြား ကုမ္ပဏီ တွေ ထဲ မှာ ကမ္ဘောဇဘဏ်၊ အေးရှားဝေါလ်၊ မက်စ် မြန်မာ နဲ့ မြန်မာ့ ရှေ့ဆောင် ဘဏ် တို့လို ကုမ္ပဏီ တွေ ပါဝင် ပါတယ်။

အဲဒီလို အခွန် အများဆုံး ပေးဆောင်တဲ့ လုပ်ငန်း တွေ ကို ကြည့်ရင် ကုန် ထုတ်လုပ်မှု လုပ်ကိုင် သူတွေ နည်းပြီး၊ အစိုးရ စီမံကိန်းတွေ ကို လုပ်ကိုင်ခွင့် အများဆုံး ရတဲ့ ကုမ္ပဏီ တွေ ဖြစ်နေတာ တွေ့ရတယ် ဆိုပြီး ကုန်သည် စက်မှု အသင်းချုပ် က အမှုဆောင် တစ်ဦး က ပြောပါတယ်။

BBC Burmese

အင်ဒိုနီးရှားမှာ ကျေးကျွန်သဖွယ် အလုပ်လုပ်နေကြရတဲ့ မြန်မာရေလုပ်သားတွေကို ကယ်ဆယ်လာစဉ်။ (ဧပြီ ၃၊ ၂၀၁၅)
အင်ဒိုနီးရှားနိုင်ငံ Benjina ကျွန်းပေါ်မှာ ငါးဖမ်းလုပ်ငန်းအတွက် ကျွန်တွေသဖွယ် အခိုင်းခံခဲ့ရတဲ့ မြန်မာ၊ Cambodia နဲ့ Laos က အလုပ်သမားတွေကို အင်ဒိုနီးရှား အာဏာပိုင်တွေ ကယ်တင်ခဲ့ပါတယ်။ Benjina ကျွန်းကနေ ကယ်ဆယ်ထား သူတွေကို သူတို့ ဘယ်သူဖြစ်ဝါ ဖြစ်တယ်ဆိုတာ စစ်ဆေးဖို့ အနီးက Tual ကျွန်းပေါ်ကို ဒီကနေ့ စနေနေ့မှာ ရောက်ရှိလာတာကို AP ရုပ်သံသတင်းက ထုတ်ပြန်ခဲ့တာပါ။

“ဘာပညာမှလည်း မရှိဘူးပေါ့နော်။ ဘာလုပ်ရမှန်းလည်းမသိဘူး။”

ပြန်လွတ်လာသူ ကိုဖုန်းမြင့်အောင်က သူလွတ်လာတဲ့အတွက် ဝမ်းနည်း ဝမ်းသာပြောသွားတာပါ၊ လွတ်လာသူတော်တော်များများက Benjina ကျွန်းပေါ် ကို ရောက်နေတာ နှစ်တော်တော်ကြာနေပြီတဲ့အတွက် ပြန်စရာ ပိုက်ဆံတပြားမှမရှိပေမဲ့ လွတ်လာတဲ့အတွက် ဝမ်းသာတယ်လို့ ပြောကြပါတယ်။

အမေရိကန်ဈေးကွက်တွေမှာ ရောင်းချနေတဲ့ ပင်လယ်စာတွေထဲမှာ ကျွန်တွေသဖွယ်အလုပ်လုပ်နေကြရတဲ့ ငါးဖမ်းသမားတွေ ဖမ်းပေးထားတဲ့ ပင်လယ်စာတွေလည်း ပါနေတယ်ဆိုတာကို AP သတင်းဌာနက စုံစမ်းပြီး ပြီးခဲ့တဲ့ သီတင်း ၁ ပတ်ကျော်က ဖော်ထုတ်ခဲ့တာပါ၊ အဲဒီသတင်းထွက်ပေါ်ခဲ့ပြီးနောက် အင်ဒိုနီးရှားအာဏာပိုင်တွေက နေရပ်မပြန်နိုင်ဘဲ သောင်တင်နေသူ ရာဂဏန်းကို သောကြာနေ့က ကယ်ဆယ်ခဲ့တာဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ Benjina ကျွန်းပေါ်မှာ မဝရေစာကျွေး၊ ထွက်ပြေးမှာစိုးတဲ့အတွက် လှောင်ပိတ်ထားပြီး ခိုင်းစေခြင်းခံနေရသူတွေနဲ့ အရင် အခိုင်းခံခဲ့ရသူတွေကို AP သတင်းထောက်က တွေ့ဆုံမေးမြန်းခဲ့ပြီး သတင်းဖော်ပြခဲ့တာဖြစ်ပါတယ်။ သူတို့ထဲက အများစုဟာ မြန်မာနိုင်ငံသားတွေ ဖြစ်ကြပြီး ငါးဖမ်းသင်္ဘောတွေပေါ်မှာ တနေ့တနေ့ကို နာရီ ၂၀ ကနေ ၂၂ နာရီလောက်ကြာအောင် အလုပ်လုပ်နေကြရတယ်လို့ ပြောကြပါတယ်။ တချို့က လုပ်အားခမဖြစ်စလောက်သာရပြီး တချို့ဆို ရတောင်မရကြတဲ့အပြင် ခိုင်းစေသူတွေရဲ့ ရိုက်နှက်ကန်ကြောက်မှုကိုလည်း ခံရတယ်လို့ ပြောကြပါတယ်။

ဗွီအိုအေ (မြန်မာဌာန)
http://burmese.voanews.com


လူမှောင်ခိုသမားတွေရဲ့ သွေးဆောင်ဖျားယောင်းမှုနဲ့ ရောင်းချခံရပြီး ထိုင်းငါးဖမ်းသင်္ဘောတွေမှာ ကျွန်သဖွယ် ခိုင်းစေခံခဲ့ရတဲ့ မြန်မာနိုင်ငံသားတချို့ကို အင်ဒိုနီးရှားကျွန်းတစ်ကျွန်းကနေ မနေ့က ပထမဆုံးအသုတ်အဖြစ် ကယ်ဆယ်ခဲ့ပြီလို့ သိရပါတယ်။

အဲ့ဒီမြန်မာနိုင်ငံသားတွေဟာ ထိုင်းငါးဖမ်းလှေတွေမှာ အလုပ်လုပ်ရင်း အင်ဒိုနီးရှားက ဘင်ဂျီနာဆိုတဲ့ ကျွန်းတစ်ကျွန်းမှာ အကျဉ်းသားတွေလို နေထိုင်ခဲ့ရသူတွေဖြစ်ပါတယ်။

အေပီသတင်းဌာနရဲ့ ဖေါ်ထုတ်မှုကြောင့် သက်ဆိုင်ရာအစိုးရတွေက သူတို့ကိုကယ်တင်ဖို့ စီစဉ်နေစဉ်အတွင်း အင်ဒိုနီးရှားအစိုးရက အဲ့ဒီကျွန်းကလေးကနေ လုံခြုံရေးအတွက် စိတ်ချရတဲ့ တခြားကျွန်းတစ်ကျွန်းကို ပထမဆုံး အကြိမ်အဖြစ် သင်္ဘော ၆ စင်းနဲ့ ပို့ဆောင်ပေးခဲ့ပါတယ်။

ဘင်ဂျီနာကျွန်းကနေ မနေ့က လွတ်မြောက်လာတဲ့ ငါးဖမ်းအလုပ်သမား ၃ဝဝ ကျော်ထဲမှာ မြန်မာတွေက အများ ဆုံးဖြစ်ပါတယ်။ ကယ်ဆယ်ရေး သင်္ဘောတွေပေါ်မှာ မြန်မာပြည်ကို ပြန်ကြရတော့မယ်ဆိုပြီး သီချင်းတွေဆို လက်ခုပ်တွေတီးရင်း လိုက်ပါလာခဲ့ကြတယ်လို့ ဆိုပါတယ်။

အခုလွတ်လာတဲ့ မြန်မာတွေအနက် အသက် ၂၆ နှစ်ရှိတဲ့ ကိုအောင်အောင် ဆိုသူက သူအဓမ္မခိုင်းစေခံခဲ့ရစဉ် ထိုင်းငါးဖမ်းသင်္ဘော ဦးစီးမှူးရဲ့သားက ဓါးနဲ့ခုတ်လို့ သူ့ရဲ့ပါးစပ်ကနေ လည်ပင်းအထိရရှိခဲ့တဲ့ အမာရွတ်ကိုပြရင်း ကျနော် အိမ်ပြန်ချင်တာကြာလှပြီ၊ အခု အင်မတန်ပျော်နေတယ်လို့ ပြောပါတယ်။ အဲ့ဒီ မြန်မာတွေရှိတဲ့ အင်ဒိုနီးရှားက ကျွန်းတွေကို မြန်မာသံရုံးက ဧပြီလ ၆ ရက်နေ့မှာ သွားရောက်ပြီး လူစာရင်း ကောက်ယူမယ်လို့ ဆိုပါတယ်။ သူတို့ကို မြန်မာပြည် အမြန်ဆုံးပြန်လည်ခေါ်ယူဖို့ မြန်မာအစိုးရကို အမေရိကန်အစိုးရက တိုက်တွန်းခဲ့ကြောင်းလည်း သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese


အင်ဒိုနီးရှားနိုင်ငံ အမ်ဘိုမြို့ လပ်ပတ်စ် (Lapass) အကျဉ်းထောင်မှာ အကျဉ်းကျနေတဲ့ မြန်မာနိုင်ငံသား ရေလုပ် သား ၂၂ ဦး ဟာ အတူအဖမ်းခံရတဲ့ ထိုင်းနိုင်ငံသားတွေနဲ့ ကမ္ဘောဒီးယားနိုင်ငံသားတွေ လွတ်မြောက်သွား ပြီး ဖြစ်ပေမယ့် မြန်မာတွေပဲ အကူအညီကင်းမဲ့စွာ ကျန်ရှိနေတာကြောင့် အာဏာပိုင်တွေလွှတ်ပေးမယ့် အချိန်ကို စောင့်မျှော်နေကြောင်း RFA က စုံစမ်းသိရပါတယ်။

အဖမ်းခံရသူ မြန်မာနိုင်ငံသားတွေဟာ ထိုင်းနိုင်ငံသား ၁၈ ဦး၊ ကမ္ဘောဒီးယားနိုင်ငံသား ၁၉ ဦးတို့နဲ့အတူ ထိုင်းနိုင်ငံသားပိုင် ငါးဖမ်းသင်္ဘော နှစ်စီးမှာ အတူတာဝန်ထမ်းဆောင်ခဲ့ကြတာဖြစ်ပြီး၊ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၇ ရက်နေ့က အင်ဒိုနီးရှားရေပြင်မှာ အဖမ်းခံခဲ့ရတာဖြစ်ပါတယ်။

အတူအဖမ်းခံရသူ ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံသားတွေ ပြန်လွတ်သွားကြပြီဖြစ်ပေမယ့် မြန်မာနိုင်သားတွေဘဲ ကျန်နေတာဖြစ်ကြောင်း အဖမ်းခံရသူတွေထဲက ရန်ကုန် အင်းစိန် ဇာတိ ကိုဆန်းဝင်းအောင်က အကျဉ်းထောင် တွင်းကနေ RFA ကို အခုလို ပြောပါတယ်။

"ထိုင်းလူမျိုးတွေလည်းပြန်သွားပြီ၊ ကမ္ဘောဒီးယားလူမျိုးတွေလည်း ပြန်သွားပြီ၊ ကျနော်တို့ မြန်မာ လူမျိုးတွေပဲရှိတော့တယ်ဆိုတော့ အကုန်လုံးက စိတ်ဓါတ်ကျနေကြတယ်ခင်ဗျ၊ ပိုပြီးအားငယ်နေတာက ကျနော်တို့မြန်မာပြည်သံရုံးကလည်း ကျနော်တို့ကို ဟိုဟာမဖြစ်တော့တဲ့ခါကျတော့ အဲ့လိုမျိုးပေါ့၊ ကျနော်တို့ မြန်မာလူမျိုးတွေပဲကျန်ခဲ့တယ်ဆိုတော့ ကျနော်တို့လည်း အားငယ်ကြပါတယ်ခင်ဗျ၊ အကုန်လုံးကလည်း ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ပြန်ရဖို့ပဲကြိုးစားနေကြပါတယ်ခင်ဗျ"

အကျဉ်းကျနေသူတွေကို မြန်မာသံရုံးက လွန်ခဲ့တဲ့ နှစ်လလောက်က လာရောက်တွေ့ဆုံခဲ့ပေမယ့် နောက်ပိုင်းမှာ အဆက်အသွယ်မရ ဖြစ်နေတယ်လို့ဆိုပါတယ်။ RFA က ဂျာကာတာမြို့ မြန်မာသံရုံးကို အဆက်အသွယ်လုပ်ဖို့ ကြိုးစားပေမယ့် အဆက်အသွယ်လုပ်လို့ မရဖြစ်နေပါတယ်။

အဖမ်းခံရသူ မြန်မာတွေအနက် သင်္ဘောမာလိန်မှူးနဲ့ အရာရှိ သုံးဦးကို စစ်အကျဉ်းထောင်မှာ ဖမ်းဆီးထား တာဖြစ်ပြီး ကျန်ရေလုပ်သား ၁၉ ဦးကိုတော့ သီးခြားအရပ်ထောင်တစ်ခုမှာ ဖမ်းထားတာဖြစ်ပါတယ်။ မြန်မာ သင်္ဘောသားတွေ လွတ်မြောက်ရေးအတွက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ (MAT)ကလည်း ကြိုးစားလျက်ရှိတယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese


ကြောက်စရာကောင်းလှသော စစ်အစိုးရကို သူ၏ အသက်နှင့် ရင်းပြီး အံတု ရပ်တည်ခဲ့သည့် အတွက် သံမဏိသစ်ခွဟု ဒေါ်အောင်ဆန်းစုကြည်ကို တင်စား ခေါ်ဆို ခဲ့ကြသည်။ နိုဘယ် ငြိမ်းချမ်းရေး ဆုပေးသည့် ကော်မတီ ဥက္ကဌ ကိုယ်တိုင်က ဒေါ်အောင်ဆန်းစုကြည်သည် သူတို့ ကို ကောင်းမှုလုပ်ခြင်း၏ စွမ်းပကားကို ယုံကြည်သက်ဝင်လာစေခဲ့သူဟုလည်း ဂုဏ်ပြုချီးကျူးခံခဲ့ ရသူလည်းဖြစ်သည်။

သို့ သော် သူကာလကြာရှည်စွာ ကြိုးပမ်းရှာဖွေနေသည့် နိုင်ငံခေါင်းဆောင်မှု ကို ပေးနိုင်မည့် ရွှေးကောက်ပွဲလုပ်မည့်နှစ်ကို ရောက်နေသည့် အချိန်တွင် မြန်မာလူမျိုးများ၏ မွတ်ဆလင်အပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကို ဒေါ်အောင်ဆန်းစုကြည်က အပြစ်မတင် မရုတ်ချဘဲ တိုင်းပြည်က မကြိုက်သည့်အတွက်သူ၏ နိုင်ငံရေး အနေအထား ကျဆုံးနိုင်သည့်အတွက် နုတ်ဆိတ်နေခြင်း ဖြစ်သည်ဟု စွပ်စွဲမှုများ ပြုလုပ်ခဲ့ကြသည်။

ထိုကိစ္စနှင့် ပတ်သက်ပြီး “ကျမက အမြဲတမ်းနိုင်ငံရေးသမားပဲ ကျမက ဘာသာရေးအဖွဲ့ အစည်း (Morale Institution) က မဟုတ်သလို အဲလို ပုံစံမျိုးလည်း မဟုတ်ဘူး” ဟု နေပြည်တော်တွင် နိုင်ငံတကာသတင်း ဌာနတွေနှင့် တွေ့ ဆုံမေးမြန်းရာ မှာ ဒေါ်အောင်ဆန်းစုကြည် က ပြောကြား သည်။

ထိုကဲ့သို့ ပြောကြားမှူက သူ့ကို အထင်ကြီးခဲ့သောနိုင်ငံတကာ အသိုင်းအ၀ိုင်း ကို စိတ်ပျက်စေခဲ့ ပါသည်။ တချို့ ကလည်း သူရထားသော နိုဘယ်ဆုကို ရုတ်သိမ်းဖို့ တောင်းဆိုခဲ့ကြသည်။

လူဦးရေ ၁၄၀၀၀၀ ရှိသည့် ရိုဟင်ဂျာမွတ်ဆလင်များသည် အခြေအနေ ဆိုးရွားစွာဖြင့် ဒုက္ခသည်စခန်းများမှာ ရွှေ့ ပြောင်းနေခဲ့ ရသည်။ ဒေါ်အောင်ဆန်းစုကြည်က ထိုပြသာနာမှာ ကြားကျကျနေ ဖို့ ကြိုးစားပါသည်။

“လူမျိုးစုနှစ်ခု ဆက်ဆံရေး မပြေမလည်ဖြစ်နေတဲ့ ရခိုင်ပြည်နယ်မှာ မွတ်ဆလင်တွေက လူနည်းစုပါ ဒါပေမဲ့ ဗုဒ္ဒဘာသာတွေ အတွက် လည်း ကမ္ဘာပေါ်မှာ သူတို့ က လူုနည်းစုလို့ ခံစားရတာပဲ။ ကမ္ဘာမွတ်ဆလင် လူအများစုကြီးကလည်း ရခိုင်က ဗုဒ္ဒဘာသာတွေ ကို ဆန့် ကျင်နေတာပဲ။ ဒါတွေက ထင်မြင်ချက်ပေါ့ လေ။ ဒါပေမဲ့ ထင်မြင်ချက်ဆိုတာကလည်း တကယ့်ဖြစ်ရပ်အပေါ် သက်ရောက်မှု ရှိတာပဲ” ဟု ဒေါ်အောင်ဆန်းစုကြည် က သူဥက္ကဌအဖြစ် တာဝန်ယူရသော နေပြည်တော်လွှတ်တော် အဆောက်အအုံ က တရားဥပဒေစိုးမိုရေး ကော်မတီ အစည်းအဝေး ခန်းမမှာ ပြောကြားလိုက်ပါသည်။

သည်ပြသာနာမှာ တစ်ဘက်အား ပြစ်တင်ရုတ်ချနေခြင်းဖြင်း ရလာဒ်ကောင်းတွေ ထွက်ပေါ်လာမည်ဟု သူ မယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားပါသည်။

(လင်းလင်း ဘာသာပြန်ဆိုသည်။)

-------------
Aung San Suu Kyi plays down role as Myanmar’s conscience
NATHAN VANDERKLIPPE
NAYPYIDAW, Myanmar — The Globe and Mail Interview
------------
The Ladies News Journal
https://www.facebook.com/News.TheLadies


တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တွေဟာ ဗြိတိန်နဲ့ သြစတြေးလျနိုင်ငံ တက္ကသိုလ် တွေက ကျောင်းသားသမဂ္ဂ ခေါင်းဆောင်တွေနဲ့ ရန်ကုန်မြို့ အယ်လ်ဖာ ဟိုတယ်မှာ ဧပြီ ၄ ရက်နေ့က တွေ့ဆုံခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အမျိုးသား ပညာရေး ဥပဒေမူကြမ်းကို ပြင်ဆင်ဖို့ တောင်းဆိုနေချိန်မှာ တကသကျောင်းသားတွေနဲ့  ဗြိတိန်က အောက်စဖို့ တက္ကသိုလ် အပါအ၀င် သြစတြေးလျေမှာရှိတဲ့ တက္ကသိုလ်ကျောင်းသားတွေနဲ့ ရန်ကုန် တက္ကသိုလ်တွေက ကျောင်းသားတွေ ပညာရေး ဥပဒေပြင်ဆင်နေမှုနဲ့ အဖမ်းခံထားရတဲ့ ကျောင်းသားတွေရဲ့အခြေအနေတွေကို ဆွေးနွေးခဲ့ကြတာပါ။

တက္ကသိုလ်တွေရဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်၊ ကျောင်းသားကိုယ်စားလှယ်တွေရဲ့ အခန်းဂဏ္ဍတွေနဲ့ ပက်သက်ပြီး အနောက်နိုင်ငံ တက္ကသိုလ်တွေနဲ့ အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

အခု ဆွေးနွေးပွဲကို တကသကျောင်းသား ခေါင်းဆောင်တွေဖြစ်တဲ့ ကိုဇေယျာလွင်၊ ကိုနန်းဝင်းတို့ အပါအ၀င် ကျောင်းသား ၅၀ လောက်ဟာ အနောက်နိုင်ငံတက္ကသိုလ်တွေက သမဂ္ဂခေါင်းဆောင်တွေနဲ့ ၂ ရက်ကြာ ဆွေးနွေးကြတာပါ။

အခုလို  တွေ့ဆုံနိုင်အောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က စီစဉ်ပေးတာ ဖြစ်ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no

ဖုန်းလေးတချက်ခေါ်လိုက်လို့ ဆုံးရှုံးသွားရန် ရှိနေတဲ့ လူ့အသက်ပေါင်းများစွာကို ကယ်တင်လိုက်နိုင်တယ်ဆိုရင် သိတ်တော့ ယုံစရာ မရှိပါဘူး။

ဒါပေမယ့် နိုင်ဂျီးရီးယားမှာ တကယ် ဖြစ်ပျက်ခဲ့တာပါ၊ ပြီးခဲ့တဲ့ မတ်လ ၂၈ ရက် ရွေးကောက်ပွဲ မှာ ရှုံးနိမ့်သွားတဲ့ လက်ရှိသမ္မတ Goodluck Jonathan က အနိုင်ရရှိသွားတဲ့ ဗိုလ်ချုပ်ကြီးဟောင်း Buhari (ပုံပါ) ဆီကို ခေါ်ပြီး အရှုံးကို ၀န်ခံ ချီးကြူဂုဏ်ပြုတဲ့ ဖုန်းပါ၊

အဲ့သည့်အချိန်မှာ အမျိုးမျိုးနဲ့ ညစ်ပါတ်ဘို့ စစ်ဘက် နယ်ဘက်က အကြံညဏ်ပေါင်းစုံတွေ ပေးနေကြတဲ့ အချိန်မှာ သမ္မတ ဟာ နားမယောင်ပဲ လူကြီးလူကောင်းဆန်ဆန် ဖုန်းဆက်ပြီး အရှုံးဝန်ခံခဲ့တဲ့အပြင် သူ့ပါတီဝင်တွေနဲ့ ထောက်ခံသူတွေကို မည်သည့်ပုံစံနှင့်မျှ အကြမ်းမဖက်ကြဘို့ တောင်းဆိုခဲ့တဲ့အတွက် တကမ္ဘာလုံး အသဲတယားယား နဲ့ စောင့်ကြည့်နေခဲ့တဲ့ နိုင်ဂျီးရီးယား ရွေးကောက်ပွဲဟာ သွေးထွက်သံယို တစက်မရှိပဲ ပြီးဆုံးသွားခဲ့ပါပြီ၊

ဒါဟာ အာဖရိက စံနှုန်းအရဆိုရင် အင်မတန်မှ ဖြစ်တောင့်ဖြစ်ခဲပါ၊ (ကိုးကား၊ ၊ BBC )

အတုယူနိုငိကြပါစေ။ အတုယူကြပါ ဆိုပေမယ့် မနေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ ရိုက်တာ သတင်းဌာန အင်တာဗျူး မှာ ပြောခဲ့တာကိုကြည့်ရင် အခြေအနေက မရေရာပါဘူး၊

(“၂၀၁၁ခုနှစ်တုန်းက သမ္မတ ဦးသိန်းစိန်နဲ့ သူတွေ့ဆုံခဲ့စဉ် အခါတုန်းကတော့ သမ္မတ ဦးသိန်းစိန်ဟာ ပြုပြင်ပြောင်းလဲမှုတွေ တကယ်လုပ်လိုတဲ့ ပုံမျိုးတွေ့ခဲ့ရပေမယ့် အခုတော့ ဒီလို မဟုတ်တော့ဘူးလို့ ဆိုပါတယ်။

ဦးသိန်းစိန်ဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို အကြောင်းပြပြီး ရွေးကောက်ပွဲ ရွှေ့ဆိုင်းနိုင်ဘွယ် ရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။”)
ကိုးကား… Reuters News

လူထု ခေါင်းဆောင်က ဒီလိုပြောလာပြီဆိုတော့လည်း အတု ယူမယ့် ပုံစံ မရှိဘူးဆိုတာ သိသာလို့နေမှာပါ၊ ခဏ ခဏ အလိမ်ခံရရင်လည်း လိမ်တဲ့သူရဲ့ အပြစ်တော့မဟုတ်ဘူးနော်၊ ဒါကိုသိလို့ နောက်တကြိမ် စစ်သားရင့်မကြီးတွေ ထပ်မလိမ်ရဲအောင် သေချာဘို့တော့ စီစီစစ်စစ် လုပ်ရဘို့တော့ လိုတာပေါ့၊

နိုင်ငံတကာမှာ အစစ အရာရာ တိုးတက်နေတဲ့ ခေတ်ကာလကြီးတွင် တိုင်းပြည် နဲ့ လူထု မျက်နှာမထောက်၊ ကျွန်တော်တို့ အစိုးရမင်းများမတော့ နောက်ပြန်ဆွဲဘို့ တာစူနေပြန်ပြီ ဖြစ်သည်။

တပ်မတော်အနေနဲ့ လူထုရဲ့ ကောင်ကျိုးချမ်းသာကိုသာ ကြည့်သင့်ပြီး မိမိတို့လိုချင်တာနဲ့ ဖြစ်သင့်တယ်လို့ထင်တာတွေ မကြည့်ဘို့ နောက်ထပ် တွေ့ဆုံမေးမြန်းခန်းတခုမှာ ပြောကြားသွားခဲ့ပါတယ်၊ (ကိုးကား၊ ၊ Globe and mail, Canada)

BrainWave ဉာဏ်လှိုင်း Fb

အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်ဆန္ဒပြနေသည့် ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်းမှ အဖမ်းဆီးခံကျောင်းသား ကျောင်းသူများနှင့် ဝန်းရံပြည်သူများအား သက်ဆိုင်ရာမှ မြို့နယ်အလိုက် ပုဒ်မ-၁၈ ဖြင့် တရားစွဲဆိုထားမှုအပြင် ပုဒ်မ- ၅ဝ၅(ခ)ဖြင့် ထပ်မံတရားစွဲထားခြင်းမှာ မျှတမှုမရှိကြောင်း ဥပဒေပညာရှင်များက ဝေဖန်မှုများ ရှိနေသည်။

ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်းမှာ အမျိုးသားပညာရေးဥပဒေပြင်ဆင်ပေးရန်အတွက် မန္တလေးတိုင်းဒေသကြီးမှတစ်ဆင့် ရန်ကုန်သို့ ချီတက်ခဲ့ရန်ထွက်ခွာခဲ့ကြပြီး လမ်းတစ်လျှောက်မြို့နယ် အသီးသီးကို ဖြတ်သန်းခဲ့ရာ ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်၌ ရဲတပ်ဖွဲ့ဝင်များက အင်အားသုံး၍ အကြမ်းဖက်ဖြိုခွဲ ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်ပြီး ယင်းအနက် ကျောင်းသားခေါင်းဆောင်များကို သက်ဆိုင်ရာမှ ဖြတ်သန်းမြို့နယ် ရဲစခန်းများတွင် ပုဒ်မ- ၁၈ ဖြင့် အမှုဖွင့်တရားစွဲဆိုထားကြောင်း ရဲတပ်ဖွဲ့ဝင်များထံမှ သိရသည်။

အလားတူ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၊ ကန်ကြီးဒေါင့်မြို့နယ်၊ ကျောင်းကုန်းမြို့နယ်၊ ပန်းတနော်မြို့နယ်၊ ညောင်တုန်းမြို့နယ်၊ မအူပင်မြို့နယ်၊ ဖျာပုံမြို့နယ်၊ ကျိုက်လတ်မြို့နယ်၊ ဘိုကလေးမြို့နယ်နှင့် ဒေးဒရဲမြို့နယ်များတွင် အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး ဆန္ဒပြခဲ့ကြသည့် ဧရာဝတီသပိတ်စစ်ကြောင်းမှ သပိတ်ဦးဆောင်သူများကိုလည်း ဖြတ်သန်းခဲ့ရာ မြို့နယ်များတွင် ပုဒ် မ-၁၈ ဖြင့် အမှုဖွင့်ထားမှုများ ရှိသည်။

“ဆန္ဒပြကျောင်းသားတွေကို ပုဒ်မ ၁၈ အပြင် ပုဒ်မ ၅ဝ၅(ခ) နဲ့ ထပ်တပ်ပြီး တရားစွဲဆိုတာက အစိုးရအနေနဲ့ သက်သက်ညစ်ပြီး တရားစွဲတာလို့ ပြောချင်ပါတယ်။ တကယ်တော့ ပုဒ်မ ၁၈ ဆိုတာက အာမခံပေးလို့ရတဲ့ ပုဒ်မပါ။ အဲဒါနဲ့ပဲ တရားစွဲမယ်ဆိုရင် အာမခံပေးရမှာစိုးလို့ အာမခံပေးလို့မရတဲ့ ပုဒ်မ ၅ဝ၅ (ခ) နဲ့ ထပ်တရားစွဲတယ်လို့ ထင်မြင်မိပါတယ်။ တကယ်တော့ လွတ်လပ်စွာ၊ ပြောဆိုတယ် စီတန်းလှည့်လည်တယ်ဆိုတာ ပုဒ်မ ၁၈ နဲ့တင် လုံလောက်ပါတယ်။အခုဟာက လိုတစ်မျိုး၊ မလိုတစ်မျိုး ဟိုလူကျတော့ ၅ဝ၅ (ခ)ထည့်တယ်။ ဒီလူကျတော့ ၅ဝ၅ (ခ) မထည့်ဘူး။ ဒီလိုလုပ်တာကိုက တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေတယ်လို့ ကျွန်တော်မြင်တယ်။ ပုဒ်မ ၁၈ နဲ့ ပုဒ်မ ၅ဝ၅ (ခ)နဲ့က ဥပဒေအကြောင်းအရလည်း လုံးဝ ဆက်နွှယ်မှုမရှိပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေ ၃၅၄ နိုင်ငံသားတစ်ယောက်ရဲ့ အခွင့် အရေးအရ လွပ်လပ်စွာပြောဆိုခွင့်ပြုထားတာကို ကန့်သတ်ထားတဲ့ ပုဒ်မ ၁၈ နဲ့ ဖမ်းတာဆီးတာကိုက လွန်လှပါပြီ။ အဲဒါကို ၅ဝ၅ (ခ)နဲ့ ထပ်ပြီး တရားစွဲတယ်ဆိုတာက လုံးဝမဖြစ်သင့်ဘူးလို့ ပြောချင်ပါတယ်” ဟု ရှေ့နေများ ကွန်ရက်မှ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ပြောကြားသည်။

လက်ရှိအချိန်တွင် သာယာဝတီအကျဉ်းထောင်တွင် ဖမ်းဆီးချုပ်နှောင်ခံထားရသော ပင်မသပိတ်စစ်ကြောင်းမှ ကျောင်းသားကျောင်းသူနှင့် ဝန်းရံပြည်သူ ၆၉ ဦးတို့ကို သက်ဆိုင်ရာမှ လက်ပံတန်းတရားရုံး၌ ပုဒ်မ-၁၈၊ ပုဒ်မ -၅ဝ၅(ခ)၊ ပုဒ်မ-၁၄၃၊ ပုဒ်မ-၁၄၅၊ ပုဒ်မ-၃၃၂ စသည့် ပုဒ်မငါးခုဖြင့် တရားစွဲဆိုထားသည်။

ယင်းသို့ ပုဒ်မ-၁၈၊ ပုဒ်မ၅ဝ၅(ခ) အပါအဝင် အခြားသောပုဒ်မများဖြင့် ကျောင်းသူ ကျောင်သားများနှင့် ဝန်းရံပြည်သူများအား တရားစွဲထားမှုနှင့် ပတ်သက်၍ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က “ကျွန်တော်ပြောချင်တာက ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ချင်းဆိုင်ရာ ဥပဒေပြဋ္ဌာန်းထားတယ်ဆိုတာက ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ-၃၅၄ ကို ရည်ညွှန်းပြီး ပြဋ္ဌာန်းတာ။ ဒါပေမဲ့ ငြိမ်းစုစီဥပဒေက မလိုအပ်ဘဲ ပြဋ္ဌာန်းထားတဲ့ ဥပဒေ။ ဘာဖြစ်လို့လဲဆိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားတဲ့ အခွင့်အာဏာကို သီးခြားဥပဒေတစ်ခုနဲ့ ထိန်းချုပ်ထားတာ။ ဒါကြောင့် အဲဒီဥပဒေက မမှန်ကန်ဘူး။ အခု တရားစွဲတဲ့အခါမှာ ငြိမ်းစုစီပုဒ်မ-၁၈ ထက် ကျော်လွန်ပြီးတော့ သီးခြားမှုအနေနဲ့ အာမခံမရတဲ့ ပုဒ်မ ၅ဝ၅ (ခ) နဲ့ပါ တရားစွဲဆိုတာဟာ လူတစ်ယောက်ကို ပြစ်မှုနှစ်ခု စွဲဆိုရာရောက်တယ်။ ပုဒ်မ ၅ဝ၅ (ခ) ဆိုတာကလည်း ပုဒ်မ ၁၈ ကို မွမ်းမံထားတာ။ အဲဒီတော့ လူ့အခွင့်အရေး ချိုးဖောက်ရာကျတယ်။ မြန်မာနိုင်ငံမှာ အဲဒီလို လူ့အခွင့်အရေးချိုးဖောက်တာတွေက များပြားနေတယ်။ အဲဒါကို သမ္မတကြီးက မသိဘူး။ အဲဒီတော့ နိုင်ငံတော်သမ္မတကြီးကပဲ ဖြစ်ဖြစ်၊ ပြန်ကြားရေးကပဲဖြစ်ဖြစ် နိုင်ငံရေးအမှုတွေကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ကျွန်တော်တို့ ရှေ့နေတွေကို ခေါ်တွေ့ပြီး ဘာအရာတွေမှားနေလဲ တင်ပြပါဆိုရင် တင်ပြပေးမှာပါ။ အောက်ခြေမှာ ဖြစ်နေတာကတစ်မျိုး အပေါ်ကသိနေတာက တစ်မျိုး၊ ဒါတွေက သမ္မတကြီးကိုယ်တိုင်လည်း ပြောတယ်။ အထက်လူကြီးအကြိုက်တွေကိုပဲ တင်ပြနေတာတွေ ရှိတယ်လို့ မိန့်ခွန်းမှာ ပြောဖူးတယ်။ အခုဖြစ်နေတာတွေက ၅ဝ၅ (ခ)ကို မလိုအပ်ဘဲနဲ့ သုံးစွဲနေတဲ့အတွက် ပြည်သူလူထုက အစိုးရအပေါ်မှာ မကျေနပ်မှုတွေ ပိုများလာအောင် လုပ်သလိုဖြစ်နေတယ်။ နိုင်ငံတကာကလည်း ဝေဖန်လာပြီ။ ဒါတွေက မကောင်းပါဘူး။ ဘယ်လောက်ထိတောင် ဆိုးရွားလဲဆိုရင် ရိုက်နှက်ဖမ်းဆီးရုံတင်မကဘဲ ကျောင်းသားတွေရဲ့ ပစ္စည်းတွေကို တစ်စုံတစ်ရာပြန်မပေးဘဲနဲ့ ပါလာတဲ့ပစ္စည်းတွေ ဖျက်ဆီးပစ်တာဟာ အစိုးရဂုဏ်သိက္ခာကို ကြီးမားစွာထိခိုက်စေတယ်။ အဲဒါတွေအတွက် မြို့တော်ခန်းမရှေ့က မိကျောင်းကန်ဖြိုခွင်းတဲ့ကိစ္စ၊ လက်ပံတန်းကိစ္စတွေက အထူးထင်ရှားတယ်။ ပြီးတော့ လက်ပံတန်းဖြစ်စဉ်နဲ့ ပတ်သက်ပြီး ထွက်ပေါ်လာတဲ့ ဗီဒီယိုမှတ်တမ်းတွေကို ကြည့်ချင်းအားဖြင့် ဥပဒေပိုင်းဆိုင်ရာမှာ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ အမှားအယွင်းများတာတွေရှိနေပြီး အရေးယူခံရမှု မရှိတာကို တွေ့ရတယ်။ အဲဒီတော့ ကျွန်တော်တို့နိုင်ငံမှာ ဖြစ်နေတာက အရိုက်ခံရတဲ့သူတွေက ထောင်ထဲရောက်ပြီး ရိုက်တဲ့သူက သူရဲကောင်းဖြစ်နေတယ်။ အဲဒါကို ကာကွယ်ပေးဖို့ ပုဒ်မ-၅ဝ၅ (ခ) ကို တပ်လိုက်တယ်။ အဲဒီတော့ ထောင်ထဲရောက်နေတဲ့သူက အာမခံမရတော့ ဘာမှပြောခွင့်မရဘူး၊ လုပ်ခွင့်မရဘူး။ အခွင့်အရေးတွေ ဆုံးရှုံးသွားတယ်။ ပုဒ်မ ၅ဝ၅ (ခ)က လူတွေကို ဒုက္ခပေးတယ်။ လူတွေရဲ့ပစ္စည်းတွေကို ဥပဒေနဲ့အညီ မဟုတ်ဘဲနဲ့ အခွင့်အရေးဆုံးရှုံးနစ်နာမှုတွေ ဖြစ်စေပါတယ်။ ၅ဝ၅(ခ)ကို မလုပ်ဖို့နဲ့ လုပ်ထားတဲ့ အမှုတွေကိုလည်း ပြန်လည်ပယ်ဖျက်ပြီး ဖမ်းထားတဲ့ ကျောင်းသားနဲ့ ဝန်းရံပြည်သူတွေကို ပြန်လွှတ်ပေးဖို့ ပြောချင်ပါတယ်”ဟု ပြောကြားသည်။

ထို့အပြင် သက်ဆိုင်ရာမှ ကျောင်းသားများအား မြို့နယ်အလိုက် ပုဒ်မ ၁၈ များဖြင့် တရားစွဲထားမှုနှင့် ပတ်သက်၍လည်း ၎င်းက “ အခုကျောင်းသားတွေကို မြို့နယ်အလိုက် ပုဒ်မ၁၈နဲ့စွဲထားတာတွေ။ ကျောင်းသားခေါင်းဆောင် ကိုနန္ဒာစစ်အောင်ကို မြို့နယ် ၃၈ မြို့နယ်မှာ ပုဒ်မ-၁၈ နဲ့ တရားစွဲထားတာရှိတယ်လို့ သိရတယ်။ အဲဒီတော့ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ၂၃၄ မှာ ပြဋ္ဌာန်းထားတာတွေက အသက်မဝင်တော့ဘူးလားလို့ မေးချင်တယ်။ တုတ်နဲ့ရိုက်ဖို့ကျတော့ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ၁၂၇၊ ၁၂၈ အရလို့ပြောပြီး ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေကို ကိုးကားတယ်။ တရားစွဲတဲ့အခါကျတော့ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေကို မကိုးကားတော့ဘဲ မျက်ကွယ်ပြုထားတယ်။ မျိုးတူတဲ့ ပုဒ်မတွေကို တစ်ခုတည်း တရားစွဲရမှာကို မစွဲဘဲနဲ့ တစ်မြို့နယ်ကို တစ်ခုနှုန်းနဲ့ တရားစွဲတယ်။ ပြောရမယ်ဆိုရင် ဒီတစ်သက် မောင်မင်း ထောင်ထဲမှာပဲ သေစေတော့ဟဲ့လို့ အမိန့်မျက်လိုက်သလို ဖြစ်နေတယ်။ နောက်တစ်ချက်က လမ်းလျှောက်ဆန္ဒပြလို့ဆိုတော့ ဆန္ဒပြမယ့်သူတွေ က ဝီးချဲနဲ့ ဆန္ဒပြရမလို ဖြစ်နေပြီ။ ဥပဒေကို လက်တစ်လုံးခြားကစားပြီးတော့ အမှုတွေကို ဗလပွဖြစ်နေတော့ တန်ဖိုးရှိတဲ့ တရားရုံးတွေရဲ့အချိန်တွေ ဆုံးရှုံးတယ်။ ဥပဒေအရာရှိတွေ အလုပ်ရှုပ်တယ်။ ရှေ့နေတွေလည်း အလုပ်ရှုပ်တယ်။ ဒါတွေဟာ မြန်မာနိုင်ငံတရား စီရင်မှုရဲ့ ယိုယွင်းချက်တစ်ခုပါပဲ”ဟု ဆက်လက် ပြောကြားသည်။

အုပ်ချုပ်ရေးအဖွဲ့အစည်းများအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် စီတန်းလှည့်လည် ဆန္ဒပြခဲ့သူများအား မြို့နယ်အလိုက် တရားစွဲခဲ့မှုများရှိခဲ့ပြီး ယင်းအနက် အသိမ်းဆည်းခံမြေ ပြန်လည်ရရှိရေးအတွက် ရန်ကုန်မြို့ အနောက်ပိုင်းခရိုင်အတွင်း ဆန္ဒပြခဲ့သည့် မိကျောင်းကန်သပိတ်ဦးဆောင်သူ ဦးစိန်သန်းကို ၂ဝ၁၄ ခုနှစ်အတွင်း လသာတရားရုံး က ပုဒ်မ ၁၈ ဖြင့် အလုပ်နှင့်ထောင်ဒဏ်လေးလ၊ ပန်းဘဲတန်းတရားရုံးက ပုဒ်မ ၁၈ ဖြင့် ထောင်ဒဏ် လေးလ၊ ဗဟန်းတရားရုံးက ပုဒ်မ-၁၈ ဖြင့် ထောင်ဒဏ် လေးလ၊ ကျောက်တံတား ပုဒ်မ-၁၈ ဖြင့် ထောင်ဒဏ် လေးလနှင့် ကျောက်တံတားမြို့နယ်တရားရုံးက ပုဒ်မ ၁၈ ဖြင့် အလုပ်နှင့်ထောင်ဒဏ် လေးလ ကျခံစေရန် ထပ်မံအမိန့်ချမှတ်ခဲ့ကာ ပြစ်ဒဏ်များအား တပေါင်းတည်း ကျခံနိုင်စေရန် ခရိုင်တရားရုံးသို့ အယူခံဝင်ခဲ့သော်လည်း ပလပ်ခြင်း
ခံထားရသည်။

ထို့အတူ ပြည်ထောင်စုအစိုးရအား အလိုမရှိကြောင်း ဆန္ဒပြခဲ့သည့် MDCF အဖွဲ့ခေါင်းဆောင် ကိုထင်ကျော်ကိုလည်း ၂ဝ၁၄ ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်တရားရုံး လေးရုံးမှ ပုဒ်မ-၁၈ ဖြင့် စုစုပေါင်းထောင်ဒဏ် တစ်နှစ်နှင့် ၁ဝ လ ချမှတ်ထားပြီး ပုဒ်မ-၅ဝ၅ (ခ)ဖြင့်လည်း မြို့နယ်တရားရုံး ၁၁ ရုံးမှ ပုဒ်မ-၅ဝ၅(ခ)ဖြင့် စုစုပေါင်းထောင်ဒဏ် ၁၂ နှစ်နှင့် ခြောက်လ ချမှတ်ထားသည့်အတွက် အမှုနှစ်ခု၏ ပြစ်ဒဏ် ၁၄ နှစ် လေးလ ကျခံနေရသည်။

ထို့ကြောင့် အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ပေးရေးအတွက်သာ ဆန္ဒပြတောင်းဆိုခဲ့သည့် ကျောင်းသားများအား ယင်းသို့ ပုဒ် မ-၁၈၊ ပုဒ်မ-၅ဝ၅ (ခ) တို့ဖြင့် ပြစ်ဒဏ်အများအပြား ချမှတ်ခံရမည်ကို ဥပဒေပညာရှင်များနှင့် ပြည်သူလူထုက စိုးရိမ်မှုများ ရှိနေကြသည်။

“အမှန်တော့ ပုဒ်မ ၁၈ ဆိုတာ မလိုအပ်ဘူး။ ပြစ်မှုဆိုင်ရာဥပဒေမှာ ပြဋ္ဌာန်းပြီးသား ပုဒ်မ ၁၄ဝ ကျော်မှာ အေးချမ်းသာယာမှုတွေကို ပျက်ပြားစေတဲ့ ဥပဒေတို့ ငြိမ်းစုစီတို့အပြင် ၅ဝ၅ (ခ) တို့ဆိုတာ ရာဇသတ်ကြီး ပုဒ်မတွေမှာ အကုန်ပါပြီးသားပါ။ အဲဒါရှိပါလျက်နဲ့ကို ဘာကြောင့် ဒီအစိုးရက ပုဒ်မ ၁၈ ကို ထပ်ပြဋ္ဌာန်းထားတာဟာ မလိုအပ်တဲ့ဥပဒေကို ထုတ်ထားသလို ဖြစ်နေတယ်။ ဒီရာဇသတ်ကြီး ဥပဒေတွေရှိသရွေ့ ဒီပုဒ်မ ၁၈ ဆိုတာ လိုကိုမလိုပါဘူး။ ပုဒ်မ ၁၈ နဲ့ စွဲချင်တယ်ဆိုရင် ဒီပုဒ်မတွေကို ဖျက်လိုက်လေ ဟုတ်တယ်မလား။
ဒီပုဒ်မ၁၈နဲ့စွဲပြီး ၅ဝ၅ (ခ) နဲ့ စွဲတာကတော့ အရပ်စကားနဲ့ ပြောရင်တော့ ကုလားကြီးနဲ့ အရာကြီးပါပဲ။ ပုဒ်မ ၁၈ ဆိုလည်း ပြစ်ဒဏ်တစ်ခုပေးလို့ရတယ်။ ၅ဝ၅ (ခ) ကျတော့လည်း ပြစ်ဒဏ်တစ်ခုပေးလို့ရတယ်။ အခြား ၁၄၇ တို့ဆိုတာလည်း ပြစ်ဒဏ်တစ်ခုစီ ပေးလို့ရတယ်။ ဒီလိုမျိုးပုဒ်မတွေ တစ်ခုစီစွဲတာကတော့ အစိုးရက ဆန္ဒပြသူတွေကို နောက်ထပ်မလုပ်ရဲအောင် ရုံးစုရုံးစု မလုပ်ရဲအောင် အစိုးရက လုပ်တယ်လို့ ကျွန်တော်မြင်ပါတယ်”ဟု တရားလွှတ်တော်ရှေ့နေ ဦးနေလင်းအောင်က ပြောကြားသည်။

သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်လိုပါက ခွင့်ပြုမိန့်တောင်းခံရန် ပြောကြားမှုများ ရှိသော်လည်း ခွင့်ပြုမိန့်တင်ရာတွင် ဆန္ဒပြသည့်ရက် ရွှေ့ဆိုင်းခြင်း၊ ဆန္ဒပြမည့်နေရာ ကန့်သတ်သတ်မှတ်ပေးခြင်းများရှိပြီး သတ်မှတ်နေရာတွင် ဆန္ဒပြပွဲ မပြုလုပ်ပါက ပုဒ်မ- ၁၉ဖြင့် တရားစွဲခြင်းတို့ကြောင့် ခွင့်ပြုမိန့် မတင်ရခြင်းဖြစ်ကြောင်း တက်ကြွလှုပ်ရှားသူများက ဆိုသည်။

ပုဒ်မ-၁၈ ပြစ်ဒဏ်မှာ အမြင့်ဆုံးထောင်ဒဏ် ခြောက်လ၊ ငွေဒဏ် ကျပ် ၃ဝ,ဝဝဝ ချမှတ်နိုင်ပြီး၊ ပုဒ်မ- ၅ဝ၅ (ခ) ပြစ်ဒဏ်မှာ အမြင့်ဆုံးထောင်ဒဏ် နှစ်နှစ်ချမှတ်နိုင်ကြောင်း သိရသည်။

“ကျောင်းသားတွေကို တည်ဆဲဥပဒေတစ်ခုဖြစ်တဲ့ ပုဒ်မ-၁၈နဲ့ တရားစွဲတယ်ဆိုတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ကျောင်းသားတွေက ပြစ်မှုဥပဒေပုဒ်မ-၅ဝ၅ (ခ) ကို ဖောက်ဖျက်ကျူးလွန်တယ်ဆိုပြီး တရားစွဲတာကတော့ မဖြစ်သင့်ပါဘူး။ ပြစ်မှုကျူးလွန်အောင် လှုံ့ဆော်တဲ့ကိစ္စမျိုး ရှိခဲ့တာတွေ မတွေ့ရဘူး။ ပြီးတော့ ကျောင်းတွေကို ဖြတ်သန်းတဲ့ မြို့နယ်အလိုက် ပုဒ်မ-၁၈ နဲ့ အမှုဖွင့် တရားစွဲတယ်ဆိုတာလည်း မှားယွင်းတဲ့ စွဲဆိုမှုလို့ ထင်မြင်ပါတယ်။ ပြစ်မှုကျင့်ထုံးဥပဒေမှာဆိုရင် တစ်နှစ်တည်းမှာ တူညီတဲ့ လုပ်ဆောင်ချက်တစ်ခုကို တစ်ဆက်တည်း လုပ်ဆောင်တယ်ဆိုရင် အဲဒီအတွက် စွဲချက်တွေအားလုံးကို တစ်ပေါင်းတည်း ကြားနာရမယ်လို့ ဥပဒေက ဆိုထားတာရှိတယ်။ ဆိုလိုတာက ကျောင်းသားတွေက တစ်နှစ်တည်းမှာပဲ ဆန္ဒပြခြင်းလို့ဆိုတဲ့ လုပ်ရပ်တစ်ခုကို တစ်ဆက်တည်း ဆောင်ရွက်တာဖြစ်လို့ စွဲချက်တွေကို တပေါင်းတည်း စွဲဆိုသင့်တယ်လို့ မြင်မိပါတယ်။ ကျောင်းသားတွေက အများပြည်သူ တစ်မျိုးသားလုံးနဲ့သက်ဆိုင်တဲ့ကိစ္စ ကို သူတို့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့သိတဲ့ တတ်တဲ့အတိုင်း တောင်းဆိုနေတာပါ။ တကယ်တော့ နိုင်ငံတော်အပေါ်မှာရော ပြည်သူအပေါ်မှာရော အထိတ်တလန့် ဖြစ်စေတာမျိုး မရှိခဲ့ပါဘူး။ အများပြည်သူတွေကတောင် ဝန်းရံတဲ့အနေထားတွေ ရှိခဲ့ပါတယ်။ ဒါကြောင့် ကျောင်းသူကျောင်းသားတွေ စွဲဆိုချက်တွေထဲက အမြန်ဆုံးလွတ်မြောက်စေချင်ပါတယ်”ဟု ရှေ့နေ ကိုဖိုးဖြူက ပြောကြားသည်။

ပြီးခဲ့သည့် ၂ဝ၁၃-၂ဝ၁၄ ခုနှစ်အတွင်း ငြိမ်းစုစီ ပုဒ်မ-၁၈ အား ဖျက်သိမ်းပေးရန်အတွက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ နှင့် အရပ်ဘက်လူ့အဖွဲ့အစည်းများက တိုင်းဒေသကြီးအသီးသီးတွင် ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသည်။

လက်ရှိ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ပုဒ်မ ၁၈၊ ပုဒ်မ ၅ဝ၅(ခ) ၊ ပုဒ်မ ၁၄၇၊ ပုဒ်မ ၁၄၃ စသည်တို့ဖြင့် တရားစွဲခံထားရသည်မှာ ယခုနှစ် မတ်လကုန်ပိုင်းအထိ စုစုပေါင်း၃ဝဝ နီးပါးရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်မှု အသင်း(AAPP) ၏ စစ်တမ်းကောက်ယူမှုအရ သိရသည်။

Writer:
ဝေလင်းအောင်၊ ပြည့်ဖြိုးအောင်

Eleven media Group

ကျောင်းသားတွေ အဖမ်းခံ ရတဲ့ ကိစ္စ ဆွေးနွေး

အောက်စဖို့ တက္ကသိုလ် အပါအဝင် ယူကေ နဲ့ ဩစတြေးလျ တက္ကသိုလ် တွေက ကျောင်းသား သမဂ္ဂ ခေါင်းဆောင် တွေ ဟာ တက္ကသိုလ် ကျောင်းသား များ သမဂ္ဂ အဖွဲ့ နဲ့ ဗမာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် မြေလတ် ဒေသ ကျောင်းသား ကိုယ်စားလှယ် တွေနဲ့ (၂) ရက်ကြာ တွေ့ဆုံ နေပါတယ်။

တကသ ကျောင်းသား ကိုယ်စားလှယ်တွေ နဲ့ တွေ့ဆုံပွဲ ကို ရန်ကုန်မြို့ န၀ဒေး လမ်းမှာ ရှိတဲ့ အယ်လ်ဖာ ဟိုတယ် မှာ ပြုလုပ် ခဲ့ကြပါတယ်။

တက္ကသိုလ် တွေရဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်၊ ကျောင်းသား သမဂ္ဂ တွေ ရဲ့ အခန်းကဏ္ဍ တွေ နဲ့ ပတ်သက်ပြီး နိုင်ငံခြား တက္ကသိုလ် တွေ နဲ့ အမြင်ချင်း ဖလှယ် ဆွေးနွေး ကြတာ ဖြစ်ပါတယ်။

တကသ ကျောင်းသား ကိုယ်စားလှယ် တွေက မြန်မာနိုင်ငံတွင်းက ပညာရေး ဥပဒေ ပြင်ဆင် နေတာ တွေနဲ့ ကျောင်းသားတွေ အဖမ်းခံ ထားရတဲ့ အခြေအနေ တွေကို ဆွေးနွေး ခဲ့ကြပါတယ်။

တွေ့ဆုံပွဲကို ယူကေ နဲ့ ဩစတြေးလျ မှာ ရှိတဲ့ တက္ကသိုလ် (၄) ခုက ကျောင်းသား တွေနဲ့ ရန်ကုန် စီးပွားရေး တက္ကသိုလ် ၊ ဒဂုံတက္ကသိုလ် ၊ အနောက်ပိုင်း နည်းပညာ တက္ကသိုလ် စတဲ့ တက္ကသိုလ် တွေက တကသ ကျောင်းသား အယောက် (၅ဝ)လောက် တက် ခဲ့ပါတယ်။

အခုလို ဆွေးနွေးခွင့် ရတာ ဟာ ဒီက တက္ကသိုလ် တွေ အတွက် အကျိုးရလဒ် ရှိတယ် လို့ ဆွေးနွေးပွဲ ကို ဦးဆောင်တဲ့ ရန်ကုန် စီးပွားရေး တက္ကသိုလ် တကသ ဥက္ကဋ္ဌ ကိုဇေယျာလွင် ပြောပါတယ်။

ရန်ကုန်မှာ (၂)ရက်ကြာ ဆွေးနွေးလို့ ပြီးရင် နိုင်ငံခြား တက္ကသိုလ် တွေက ကျောင်းသား တွေဟာ မကွေးမှာ ဗကသ မြေလတ်ကျောင်းသားတွေ နဲ့ သွားတွေ့ဖို့ လည်း ရှိပါတယ်။

မကွေး၊ ရေနံချောင်း၊ ချောက်၊ ပြည် တက္ကသိုလ် တွေက ဗကသ မြေလတ် ကျောင်းသား ကိုယ်စားလှယ်တွေ တက်မယ် လို့ သိရပါတယ်။

အခုလို နိုင်ငံခြား တက္ကသိုလ် တွေက သမဂ္ဂ ခေါင်းဆောင်တွေ နဲ့ ဒီက ကျောင်းသား သမဂ္ဂ ကိုယ်စားလှယ်တွေ တွေ့ဆုံ တာက ပထမဆုံး အကြိမ်ပါ။

ဒီလို တွေ့ဆုံဖို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည် ကြားက ဆောင်ရွက် ပေးတာ ဖြစ်ပါတယ်။

ခရီးစဉ် အတွင်း တကသ နဲ့ ဗကသ မြေလတ် ကျောင်းသားတွေ နဲ့ပဲ တွေ့ဆုံပြီး ဗမာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် က ကျောင်းသား ကိုယ်စားလှယ် အများစု ကတော့ ဖမ်းဆီး ထိန်းသိမ်း ခံထားရ တဲ့အတွက် ဒီအချိန်မှာ တွေ့နိုင်မှာ မဟုတ်ဘူး လို့ သိရပါတယ်။

BBC Burmese
http://www.bbc.co.uk/burmese

“ စစ်အာဏာရှင်မျိုးစေ့ကနေ … ဒီမိုကရေစီပင်ပျို အညှောင့် ပေါက်မလာနိုင်ဘူး ”

ကမ္ဘာပေါ်မှာရှိရှိသမျှ အာဏာရှင်တိုင်း၊ စစ်မှန်တဲ့ပြုပြင်ပြောင်းလဲရေးမလုပ်လိုသူတိုင်း အသုံးပြုနေကြနည်းဗျူ ဟာတွေကတော့ ပြည်တွင်းစစ်ကိုတငွေ့ ငွေ့ လောင်နေအောင်မွေးမြူထားမယ်၊ ပြီးရင်အလွန်ရိုးစင်းပေမဲ့ အလွန်အဆိပ်ပြင်းထန်တဲ့လူမျိုးရေးမုန်းတီးမှု့၊ ဘာသာရေးမုန်းတီးမှု့တွေဖန်တီးပြီး ညီညွတ်ရေးကိုဖြိုခွဲမယ်။ နောက်တနည်းက ပြည်ပကျုးကျော်စစ်အတုတွေကိုဖန်တီးပြီး အမျိုးသားရေးအစွန်းရောက်အလံကို အမြင့်ဆုံး လွှင့်ထူတဲ့နည်းတွေပါဘဲ။

စစ်ဖြစ်ပြီဆိုတာနဲ့ လူမျိုးရေး ဘာသာရေးအဓိကရုန်းကြီးတွေဖြစ်ပြီဆိုတာနဲ့ ပထမဆုံးသေဆုံးသူ အမှန်တရား နဲ့အတူ အပြစ်မဲ့တဲ့ အရပ်သားမိဘပြည်သူတွေသာ မြေဇာပင်ဘ၀နဲ့ ဒုက္ခဆင်းရဲရောက်ရတော့တာပါဘဲ။ အိုးမဲ့အိမ်မဲ့ ဘ၀မဲ့ရပြီး စစ်မီးတောက်တွေအောက်မှာ မချိမဆန့် လောင်ကျွမ်းခံကြရတယ်။ စစ်ပွဲကြောင့် လူမျိုးရေး ဘာသာရေးအဓိကရုန်းကြီးတွေကြောင့် ဘယ်သူရှုံးလို့ဘယ်သူနိုင် သေဆုံးသူတွေဟာ ပြည်သူ့ ပြည်သားတွေချည်းပါဘဲ။

ပြည်တွင်းစစ်မီးကိုငြိမ်းသတ်နိုင်ဘို့  စစ်မှန်တဲ့ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ဘို့  နိုင်ငံရေးဆွေးနွေးပွဲတွေမှာ အစိုးရအဖွဲ့နဲ့ တိုင်းရင်းသာလက်နက်ကိုင်အဖွဲ့တွေရဲ့ စစ်မီးလှုံပြီးလုပ်စားကြီးပွားနေတဲ့ စစ်ရေးခေါင်းဆောင်တေ၊ွ တိုင်းပြည်ဘဏ္ဍာနဲ့ ဘီလျှံနာဖြစ်နေတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေအုပ်စီးဆွေးနွေးနေလို့ ကတော့ လုံးဝမရနိုင်ဘူး။

စစ်ရေးအသာစီးရဘို့ အမြင်တွေနဲ့ အပစ်ရပ်ကလေးတောင် ခုထက်ထိပီပီပြင်ပြင်အသက်မ၀င်နိုင်တာ ‘သူတို့ရဲ့ဆန္ဒ’သာဖြစ်တယ်။ ပြည်သူ့ ဆန္ဒမဟုတ်ဘူး။ စစ်ဗိုလ်ချုပ်တွေက မလွှတ်တမ်းကိုင်စွဲမယ်လို့ ပြောနေတဲ့ ငြိမ်းချမ်းရေးမူ (၆) ချက် ဆိုတာ တပ်မတော်ကချမှတ်ထားတယ်ဆိုတာ လုံးလုံးမှားတယ် ။ တကယ်တော့ အဲ့ဒီမူ (၆) ချက်က ငြိမ်းချမ်းရေးမရခြင်တဲ့ စစ်မီးလှုံနေတဲ့ အာဏာရှင်ဗိုလ်ချုပ်ကြီးတွေရဲ့ သဘောထားပါ။ ဘယ်သူက မှာ့အဲ့ဒီဗိုလ်ချုပ်ကြီးတွေကို တိုင်းပြည်ကိုချောက်ကမ်းပါးထဲမကျအောင် မကယ်တင်ခိုင်းဘူး ။ သူတို့ အကျိုး စီးပွားအတွက် စစ်မီးတွေမွှေးပြီး ဇွတ်ကယ်တင်နေတာမဟုတ်လား ။
နိုင်ငံရေးနဲ့ ငြိမ်းချမ်းရေးစားပွဲဝိုင်းတွေမှာ တကယ့်ပါဝင်သင့် ပါဝင်ထိုက်သူတွေ၊ ပြည်သူကို တကယ်ကိုယ်စား ပြုသူတွေ၊ လူထုယုံကြည်လေးစားတဲ့ နိုင်ငံရေး ခေါင်းဆောင် တွေ၊ သမိုင်းကြောင်းရှင်းသန့် ပြီး ပြည်သူချစ်တဲ့ နိုင်ငံ့အမိအဖတွေ ပါဝင်မှာသာ..တကယ်စစ်မှန်တဲ့ ငြိမ်းချမ်းရေးကိုတည်ဆောက်နိုင်လိမ့်မယ်။

မျက်မှောက်နိုင်ငံရေးအခင်းအကြင်းကိုကြည့်လိုက်ရင် နောက်ကွယ်ကအန္တရာယ်ကြီးတွေကိုမြင်နိုင်စွမ်းမရှိတဲ့၊ အမျိုးဘာသာ သာသနာနဲ့ တိုင်းပြည်ကိုမျက်စိမှိတ် ဘုမသိဘမသိချစ်တတ်တဲ့ ရိုးရိုးအအ ပြည်သူတစ်ချို့ သည်းခြေကြိုက်မျိုးစောင့်ဥပဒေတို့  ရိုဟင်ဂျာဆန့် ကျင် ရေး စတာတွေဘန်းပြပြီး တကယ်ပြုပြင်ပြောင်းလဲဘို့  လိုအပ်နေတဲ့အရာတွေဖြစ်တဲ့ ဖွဲ့ စည်းပုံပြင်ဆင်ရေးနဲ့  တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေး မြေသိမ်းယာသိမ်းပြဿနာ၊ လုပ်ခပြဿနာ၊ အကျင့်ပျက်ခြစားမှု့၊ ပညာရေးဥပဒေ စတဲ့ကိစ္စတွေကို အာရုံ လျော့အောင်၊အရှိန်လျော့သွားအောင်စနစ်တကျလမ်းမှားပို့  နေပုံဟာ စစ်အစိုးရထဲက ခေါင်းမာဂိုဏ်းသား တွေဟာအကျင့်ဆိုးတွေမဖျောက်သေးတဲ့အပြင် အကြံပိုပက်စက်လါတာ နှောင်တမရဘူးဆိုတာ ထင်ရှားလါ နေပြီ။

ဘယ်ရိုဟင်ဂျာ ဘယ်ပြည်ပကျုးကျော်သူ ဘင်္ဂါလီအဖွဲ့ စည်း(သို့ ) ကိုးကန့် တရုတ်မှ အမျိုးဘာသာသာသနာ ပျောက်အောင်၊ တိုင်းပြည်ပျက်အောင်ဖျက်ဆီးနှောက်ယှက်နိုင်တဲ့အင်အားမရှိဘူး ။ အမှန်တကယ်ရှိလါခဲ့ ရင်လည်း ဘယ်သူမှထိုင်ကြည့်နေမှာမဟုတ်ဘူး ။ တို့ ပြည်ထောင်စုဖွားတိုင်းရင်းသားညီအကိုမောင်နှမတွေ အားလုံးဝိုင်းဝန်းကာကွယ်တွန်းလှန်ကြမှာပါ။ အခုဟာကစစ်အစိုးရက သူတို့ အကျိုးအတွက်အသုံးချပြီး အာရုံ လွှဲနေတာ။ တစိတ်ကိုတစ်အိပ်လုပ်နေတာ။ သာမညကိုအဓိကဖြစ်သယောင်လှည့်ဖျားနေတာ သတိပြုမိကြဖို့  အရေးကြီးနေပြီ။

ဒီလိုအန္တရာယ်ကြီးတဲ့အမျိုးသာရေးအစွန်းရောက်မှု့၊ ဘာသာရေးအစွန်းရောက်မှု့၊ မလိုအပ်ဘဲခုတုံးလုပ်မှု့၊ နိုင်ငံရေးမှာအသုံးချအမြတ်ထုတ်မှု့တွေကို အမှန်တရားကိုမြတ်နိုးသူတိုင်း၊ တိုင်းပြည်အကျိုးအမှန်တစ်ကယ် စောင့်ရှောက်လိုသူရဟန်းရှင်လူမိဘပြည်သူတိုင်းရဲရဲဝံ့ဝံ့ပြောဆိုဆုံးမတားမြစ်ရှုံ့ချရမဲ့အချိန်ရောက်နေပါပြီ။

မိသားစုဝင်တဦးတယောက်ဟာ မိမိအရေးကို (သို့ မဟုတ်) ကိုယ်ချစ်တဲ့သူအရေးကို မိသားစုကြီးတခုလုံး အရေးထက်ပိုရှေ့တန်းတင်လါခဲ့ရင်၊ မိသားစုကြီးရဲ့အကျိုးစီးပွားကိုထည့်မတွက်တော့ရင် မိသားစုစိတ်ဓါတ် ပျောက်ဆုံးနေပြီမို့ အားလုံအတွက်အန္တရာယ်ရှိပါတယ်။ သေသေခြာခြာစဉ်းစားစေခြင်ပါတယ်။
ပြုပြင်ပြောင်းလဲရေးသမားတွေလို့ မြန်မာပြည်သူတချို့ ထင်ယောင်ထင်မှားဖြစ်နေတဲ့ ဦးသိန်းစိန်၊ ဦးရွှေမန်းတို့  တဖွဲ့ လုံးဟာ တကယ်တော့ ပြည်သူ့ ဆန္ဒဖြစ်တဲ့ ၁၉၉၀ အထွေထွေရွေးကောက်ပွဲ ရလာဒ်ကို လက်မခံဘဲ ဗြောင်ငြင်းဆန်ခဲ့ကြသူတွေပါ။ ကြိုတင်မဲ၊ ဗြောင်လိမ်မဲ၊ ညစ်မဲတွေအပြင် ပြိုင်ဘက်မပါတဲ့ (၂၀၁၀) ရွေးကောက်ပွဲနဲ့ လက်ရှိသမ္မတနေရာ မတရားရယူထားတဲ့ ဦးသိန်းစိန်ဟာ မြန်မာ့တပ်မတော်ကို လူသတ် လိုင်စင်၊ မဒိမ်းကျင့်ခွင့်လိုင်စင် အပါအ၀င် လုပ်ခြင်တာလုပ်ဖို့ အမြင့်ဆုံးအာဏာ အပ်နှင်းပေးထားတဲ့ (၂၀၀၈) ဖွဲ့ စည်းပုံအခြေခံ ဥပဒေရေးဆွဲရေးကော်မရှင်အဖွဲ့ ရဲ့ ဥက္ကဌ တာဝန်ယူခဲ့သူ၊ စစ်အာဏာရှင်တဖက်သပ်လုပ်တဲ့ အမျိုးသားညီလာခံမှာ သဘာပတိ တာဝန်ယူခဲ့သူပါ။
ဘုစုခရုပြစ်မူတွေကစလို့ ပဥ္စာနန္တိယကံကြီးတွေ လူသတ်မှု့တွေအထိ ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မူကုဋေကုဋာနဲ့  မတရားသဖြင့်ရယူထားတဲ့ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးတွေရဲ့ စည်းစိမ်ဥစ္စာအာဏာနဲ့ ဘ၀တွေကို ကာကွယ် စောင့်ရှောက်ဖို့  နိုင်ငံတော် အာဏာကို ရာသက်ပန်သိမ်းပိုက်ထားဖို့ရည်ရွယ်ချက်တွေနဲ့  ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတစ်ရပ်ကို (၁၉၉၀) ခုနစ်ကျော် ကစတင်ပြီးသူတို့ စိတ်ကြိုက်ရေးဆွဲခဲ့ကြတယ်။
နှစ်ပေါင်း (၂၀) နီးပါးကြာအောင်၊ ပြင်လို့ လုံးဝမလွယ်ကူအောင် စိမ်ပြေနပြေ အချိန်ယူစိတ်ကြိုက်ရေးဆွဲပြီး တဲ့နောက် (၂၀၀၈) ခုနှစ်မှာ နာဂစ် မုန်တိုင်းနဲ့ အတူတို့ ပြည်သူတွေရဲ့အနာဂါတ်ကိုဖျက်ဆီးသိမ်းပိုက်ဖို့  အဲ့ဒီ ဖွဲ့ စည်ပုံအခြေခံဥပဒေကိုအကောက် ဥာဏ်တွေသုံးပြီး အများသဘောဆန္ဒအတုအယောင်တွေနဲ့  ဇွတ်အတည် ပြုခဲ့တာ ဘယ်သူမှငြင်းနိုင်လိမ့် မယ်မထင်မိဘူး။

စစ်အာဏာရှင်ခေတ်တလျှောက်လုံး နိုင်ငံတော်အဆင့် ရာဇ၀ါတ်မှု့ကြီးတွေ ကျူးလွန်ခဲ့သူတွေ ခေတ်အဆက် ဆက် လူသတ်မှု့ကျူးလွန်ခဲ့တဲ့သူတွေ နိုင်ငံပိုင်ပစ္စည်းတွေ အလွဲသုံးစားပြုပြီး ချမ်းသာကြွယ်ဝနေသူတွေ သာမက အခုရော နှောင်ရော စစ်အာဏာရှင်နဲ့  အပေါင်းအပါတွေရဲ့အကျိုးစီးပွားအတွက် လူသတ်မှု့ ရာဇ၀တ်မှု့ မတရားမှု့ ကျူးလွန်မဲ့သူတွေကို စိတ်ချလက်ချ အကာအကွယ်ပေးဖို့ (၂၀၀၈) ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ရဲ့ ပုဒ်မ (၄၄၅) မှာ…မည်သည့် ပြစ်မှု့ဆိုင်ရာ ဥပဒေမှ နောက်ကြောင်းပြန် သက်ရောက်စေရန် ပြဌာန်းခွင့်မရှိ စေရ၊ အရေးမယူရလို့ အတိအလင်းပါရှိပါတယ်။

ဒီပုဒ်မဟာ လူသတ်အားပေးပုဒ်မဖြစ်တယ်။ မဒိမ်းကျင့်မှု့အားပေးပုဒ်မဖြစ်တယ်။ ငရဲခွေးကြီးတွေကို ဘေးမဲ့ပေးလွှတ်ထားတဲ့ပုဒ်မဖြစ်တယ်။ ရာဇ၀တ်သား တွေပုန်းကွယ်ကွန်းခိုရာ ပုဒ်မဆိုးကြီးတခုဖြစ်တယ်။
ဒါကြောင့် မြန်မာ့တပ်မတော်ကို လူသတ်လိုင်စင် မဒိမ်းကျင့်ခွင့်လိုင်စင် အပ်နှင်းထားပေးတဲ့၊ စစ်တပ်ကို ဥပဒေအထက်မှာ နေရာယူခွင့်ပေးထားတဲ့ (၂၀၀၈) ဖွဲ့ စည်းပုံအခြေခံဥပဒေကို ထိထိရောက်ရောက် မပြင်နိုင်သရွေ့  နှောင်မှာလည်းဘဲ စစ်တပ်ကကျူးလွန်တဲ့ လူသတ်မှု့၊ မဒိမ်းမှု့၊ မြေသိမ်းမှု့၊ အာဏာသိမ်းမှု့ စတဲ့ လူသားမျိုးနွယ်စုအပေါ် စော်ကားဗိုလ်ကျမှု့ အရုပ်ဆိုးအကျဉ်းတန်တဲ့ အဖြစ်အပျက်တွေ ဆက်ဖြစ်နေအုံးမှာဘဲ။

ဒါကြောင့် (၂၀၀၈) ဖွဲ့ စည်းပုံအခြေခံဥပဒေရဲ့ ပုဒ်မ (၄၃၆) နဲ့  ပုဒ်မ (၄၄၅) စတဲ့ ပုဒ်မဆိုးတွေ ကိုမပြင်ခြင် တဲ့သူတွေဟာ… လူသတ်သမား ( သို့ ) လူသတ်သမားအားပေး မဒိမ်းကျင့်မှု့အားပေး မြေသူခိုး သယံဇာတ သူခိုးတွေဘဲဆိုတာ မြန်မာနိုင်ငံသူနိုင်ငံသား အားလုံးရှင်းရှင်းလင်းလင်းသိဖို့ လိုနေပြီဆိုတာပါဘဲ ။

အနှစ်ချုပ်အနေနဲ့ ပြောခြင်တာက မျိုးစေ့မမှန်ရင် အပင်မသန်နိုင်ဘူး ။ စစ်အာဏာရှင်မျိုးစေ့ကနေ … ဒီမိုကရေစီပင်ပျို အညှောင့် ဘယ်သောအခါမှ ပေါက်မလာနိုင်ဘူးဆိုတာပါဘဲ ။

လေးစားစွာဖြင့်
မင်းကောင်းချစ်
ဧပြီလ ( ၁) ရက် ၂၀၁၅ ခုနှစ်

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူ သမ္မတ မဖြစ်အောင် တားမြစ်ပိတ်ပင်ထားတဲ့ ၂ဝဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို မပြင်ဆင်ဘူးဆိုရင် အခုနှစ်ကျင်းပမယ့် ရွေးကောက်ပွဲ သပိတ်မှောက်ရေး ဟာ ရွေးချယ်စရာတစ်ခု ဖြစ်လာနိုင်တယ်လို့ ပြော ကြားလိုက်ပါတယ်။

ရွေးကောက်ပွဲ သပိတ်မှောက်တာဟာ အကောင်း ဆုံး ရွေးချယ်စရာလမ်းကြောင်းလို့ မထင်မြင်ပေမယ့် သပိတ်မှောက်ရေး လမ်းကြောင်းအပါအဝင် ရွေးချယ် စရာ လမ်းကြောင်းအားလုံးကို ဖွင့်လှစ်ထား မှာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ရိုက်တာစ် သတင်းထောက်တွေနဲ့ မနေ့က နေပြည်တော် မှာ တွေ့ဆုံမေးမြန်းခန်းမှာ ဖြေကြားခဲ့တာပါ။

လက်ရှိအစိုးရဟာ သဘောထားတင်းမာကြောင်း၊ သမ္မတ ဦးသိန်းစိန်ဟာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ပြုလုပ်နေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အသုံးချပြီး ရွေးကောက်ပွဲ နှောင့်နှေးအောင် ပြုလုပ်နိုင်ဖွယ်ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

သမ္မတ ဦးသိန်းစိန်နဲ့ ၂ဝ၁၁ ခုနှစ်က ပထမဆုံးအကြိမ် တွေ့ဆုံခဲ့စဉ်က သမ္မတ ဦးသိန်းစိန်ဟာ ပြုပြင်ပြောင်းလဲရေး နဲ့ ပတ်သက်လို့ ရိုးသားဖြောင့်မတ်မှုရှိလိမ့်မယ်လို့ ထင်မြင်ခဲ့ကြောင်း၊ အခုတော့ ဦးသိန်းစိန်ဟာ ရိုးသားဖြောင့်မတ်မှု မရှိကြောင်း၊ သူ့အနေနဲ့ ရိုးသားမှုသာရှိခဲ့မယ်ဆိုရင် ပြုပြင်ပြောင်းလဲရေးတွေ လက်ရှိ အခြေအနေထက် ရှေ့ကိုအများကြီး ခရီးရောက်သွားနှင့်ပြီဖြစ်ကြောင်းကိုလည်း ဒေါ်အောင်ဆန်းစုကြည် က ပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်တွေနဲ့ ပတ်သက်လို့ နိုင်ငံရေးခေါင်းဆောင်တွေရဲ့ အမြင်သဘော ထားတွေကို RFA ဝိုင်းတော်သူ မသင်းသီရိ တင်ပြထားတာ နားဆင်နိုင်ပါတယ်။


RFA


တရုတ်-မြန်မာနယ်စပ် မူဆယ်ခရိုင်အတွင်း တရုတ်အလံစိုက်ထူမှု နယ်နိမိတ် အငြင်းပွားတဲ့ပြဿနာကို ရှမ်းပြည်နယ်အစိုးရဘက်က ပြေလည်အောင် ဖြေရှင်းပေးနေချိန် နယ်နိမိတ်သတ်မှတ်မှု ခိုင်မာတိကျမှုရှိအောင် စနစ်တကျ ဆောင်ရွက်သင့်တယ်လို့ ရှမ်းတောင်သူလယ်သမားတွေက တောင်းဆိုပါတယ်။ ဒီလိုနယ်မြေပိုင်နက် အငြင်းပွားစရာ နယ်စပ်ဒေသမှာ တင်းမာမှုတွေ မဖြစ်ပွားအောင် နိုင်ငံကိုယ်စားပြု အလံစိုက်ထူမှုကို နှစ်နိုင်ငံ တာဝန်ရှိ သူတွေအနေနဲ့ အထူးအလေးအနက်ထား ဂရုစိုက်ဆောင်ရွက်သင့်တယ်လို့လည်း သီပေါလွှတ်တော်ကိုယ်စားလှယ်က အကြံပြုပါတယ်။ အသေးစိတ် မဆုမွန် တင်ပြပေးထားပါတယ်။

တရုတ်-မြန်မာနယ်စပ် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ရွှေလီမြစ်ဝှမ်း နမ့်ခမ်းမြို့နယ်အတွင်းက မန့်နောင်ရွာအနီး နယ်မြေပိုင်နက် အငြင်းပွားစရာဖြစ်နိုင်တဲ့ ဒေသမှာ ဧပြီလ ၃ရက်နေ့ မနက်ပိုင်းမှာပဲ တရုတ်ဘက်က လက်နက်ကိုင်နယ်ခြားစောင့်တပ်အဖွဲ့တွေပါဝင်တဲ့ အဖွဲ့ဘက်က မြေတိုင်းတာမှုတွေ လုပ်ပြီး အဲ့ဒီ့မြေပေါ်မှာ တရုတ်နိုင်ငံ အလံတွေ လာရောက်စိုက်ထူခဲ့တဲ့အပေါ် မြန်မာဘက်ခြမ်းက ဒေသခံရှမ်းရွာသားတွေ ရာချီပြီး ကန့်ကွက်ခဲ့ကြတာဖြစ်ပါတယ်။

နယ်စပ်မှာ ဒီလိုတင်းမာမှုဖြစ်ပွားလာတဲ့အတွက် ရှမ်းပြည်နယ်အစိုးရဘက်က လာရောက်ဖြေရှင်းပေးခဲ့ပေမဲ့ ဒီလိုအငြင်းပွားမှုမဖြစ်အောင် နှစ်ဘက် အစိုးရဘက်က နယ်နိမိတ်သတ်မှတ်မှုကို တိကျခိုင်မာ မှန်ကန်မှုရှိအောင် စနစ်တကျဆောင်ရွက်သင့်တယ်လို့ မြောက်ပိုင်းရှမ်း တောင်သူလယ်သမားများ ကော်မတီက ဦးစိုင်းဆန်အေးက တောင်းဆိုပါတယ်။

“ဒီဘက်ကိုအလံစိုက်ထူပြီးတော့ ဒီ မြန်မာနိုင်ငံနယ်နိမိတ်ဘက် ရှမ်းပြည်နယ်ဘက်ဝင်လာပြီးတော့ စိုက်တယ်။ တောင်သူ ပြည်သူလူထုက မကျေနပ်လို့ ဆန္ဒပြတယ်လို့- ရှမ်းပြည်နယ်ဝန်ကြီးချုပ်- သူတို့သွားရှင်းပေးတယ်လို့ ကြားတယ်။ ပြန်နုတ်ထားတယ်လို့ ကြားတယ်။ အဲဒီမှတ်တိုင် စိုက်ထူတာ ပြန်နုတ်ထားတယ်လို့ ကြားတယ်။”

မကြာသေးခင်အချိန်ကပဲ အဲ့ဒီဒေသမှာ တရုတ်မြန်မာ နယ်ခြားမှတ်တိုင်စိုက်ထူမှုအရေး အငြင်းပွားမှုဖြစ်ခဲ့တဲ့အတွက်လည်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဘက်က လွှတ်တော်မှာ လာရောက်တင်ပြခဲ့ပြီး နယ်မြေပိုင်ဆိုင်မှုတိုင်းတာသတ်မှတ်ချက်တွေကို ကွင်းဆင်းလေ့လာပြီး ပြည်နယ် အစိုးရဘက်က ပြေလည်အောင် ဖြေရှင်းပေးခဲ့ရတယ်လို့လည်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းကပြောပြပါတယ်။

“ပြီးခဲ့တဲ့ ကိုစိုင်းထွန်းအောင် မေးခွန်းတင်လိုက်တဲ့အချိန်ကျတော့ တရုတ်ပြည်ဘက်နဲ့ မြန်မာပြည်ဘက်နဲ့ တိုင်းထွာပြီး စစ်ဆေးလိုက်တဲ့အခါကျတော့ တချို့ မြေကြီးတွေက ကျနော်တို့လယ်သမားတွေ စိုက်ပျိုးနေတာက တရုတ်နိုင်ငံ ပိုင်နက်ဖြစ်ပြီးတော့ ဟိုဘက်မှာ သူတို့စိုက်ပျိုးနေတဲ့ဟာတွေတချို့က ကျနော်တို့ပိုင်နက်ဖြစ်နေတယ်။ အဲဒီလို အပြောင်းအလဲလေးတွေ ရှိတယ်လို့ ကြားဖူးတယ်။ အခု ဒီကိစ္စကတော့ အစိုးရအဖွဲ့ကနေပြီးတော့ သေသေချာချာ နှစ်ဘက် ညှိနှိုင်းဆွေးနွေးပြီးရင်တော့ သတင်းထုတ်ပြန်ပေးရင်တော့ ပိုကောင်းတာပေါ့လေ။”

နှစ်နိုင်ငံအစိုးရဘက်က တရုတ်-မြန်မာနယ်စပ် တရားဝင်နယ်စပ်မျဉ်း သတ်မှတ်ခဲ့ပြီးဖြစ်ပေမဲ့လို့ အထူးသဖြင့် ရွှေလီမြစ်ဝှမ်းဒေသမှာ မြစ်ကြောင်း ပြောင်းလဲမှုတွေဖြစ်ခဲ့တဲ့အတွက် အခုလို နယ်မြေပိုင်နက်အငြင်းပွားမှုတွေ မကြာခဏဖြစ်ပွားရတာဖြစ်တယ်လို့လည်း သီပေါအမတ်ဦးရဲထွန်းက ပြောပါတယ်။

“အဲဒီဒေသကတော့ အရင်တုန်းက ဦးနေဝင်း အိမ်စောင့်အစိုးရအဖြစ်နဲ့တက်လာတဲ့ ခေတ္တယာယီပေါ့နော်- အစိုးရတာဝန်ကို ထမ်းဆောင်တဲ့အချိန်မှာ နှစ်နိုင်ငံ နယ်နိမိတ်တိုင်းထွာတာတွေ၊ သတ်မှတ်တာတွေ လုပ်ပြီးတဲ့ဒေသလို့ သိရတယ်။ အရင်တခေါက်တုန်းကတော့ အဲဒီလိုကိစ္စဖြစ်တော့ ကျနော်တို့ပါတီက မူဆယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က လွှတ်တော်မှာ မေးခွန်းမေးတယ်လေ။ မေးတော့ - မြစ်ကြောင်းတွေက မူလ နယ်နိမိတ် သတ်မှတ်ထားတာတွေနဲ့ လွဲချော်ပြီးတော့ မြစ်ချောင်းတွေက ရေစီးတော့ ကမ်းပြိုတွေကလည်းဖြစ်၊ နုန်းပို့ချမှုတွေဖြစ်ပြီးတော့ ဟိုဘက်ကမ်း၊ ဒီဘက်ကမ်း မြေယာတွေ အပြောင်းအလဲဖြစ်ကုန်တယ်။ ဆိုလိုတာက တကယ့်နယ်နိမိတ် လမ်းကြောင်း ပြောင်းသွားတာမဟုတ်ဘူး။ သို့သော် ရေတိုက်စားတာနဲ့ နုန်းပို့ချတာတွေကြောင့် ဒေသခံလယ်သမားတွေက မြေသစ်တွေအပေါ်မှာ စိုက်ပျိုးလုပ်ကိုင်တဲ့အခါကျတော့ နှစ်စဉ်၊ နှစ်စဉ်ပြန်ပြီး တိုင်းထွာတာ မလုပ်တဲ့အခါမှာ နှစ်နည်းနည်းကြာလာတော့ ကိုယ့်နိုင်ငံက ပိုင်တယ်လို့ ထင်လာတာပေါ့။”

တရုတ်-မြန်မာနယ်စပ် တရုတ်အလံစိုက်ထူမှု နယ်နိမိတ် အငြင်းပွားတဲ့ပြဿနာကို ပြေလည်အောင် ရှမ်းပြည်နယ်အစိုးရဘက်က ဖြေရှင်းပေးနေပေမဲ့ ဒေသခံတွေ ကျေနပ်မှုရှိအောင် နယ်နိမိတ်သတ်မှတ်မှု ခိုင်မာတိကျမှုရှိအောင် စနစ်တကျ ဆောင်ရွက်သင့်တယ်လို့ ရှမ်းတောင်သူလယ်သမားတွေက တောင်းဆိုနေကြပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ရုရှားအရေးပေါ်ကယ်ဆယ်ရေးဝန်ကြီးဌာန ဝန်ထမ်းတွေ နစ်မြုပ်ငါးဖမ်းသင်္ဘောDalniy Vostok က အသက်ရှင်ကျန်ရစ်တဲ့ သင်္ဘောသားတွေကို အကူအညီပေးနေစဉ်။ (ဧပြီလ ၃၊ ၂၀၁၅)
မြန်မာသဘောင်္သားတွေပါဝင်တဲ့ရုရှားငါးဖမ်းသဘောင်္ နစ်မြုပ်ခဲ့တာကို ဒီကနေ့မှာလည်း ဆက်ပြီး ရှာဖွေနေပါတယ်။ အခုချိန်ထိ သဘောင်္သား ၁၃ ဦး ပျောက်ဆုံးနေဆဲလည်း ဖြစ်ပါတယ်။ ကယ်ဆယ်ရေး နောက်ဆုံး အခြေအနေနဲ့ သဘောင်္နစ်မြုပ်မှုမှာ ထိခိုက်ဒဏ်ရာရခဲ့သူတွေ၊ အသက်ဘေးနဲ့ ကြုံတွေ့ရသူတွေ အတွက် ရသင့်ရထိုက်တဲ့ ခံစားခွင့်အတွက် အကောင်းဆုံးဖြစ်အောင် ဘယ်လို ဆောင်ရွက်သင့်သလဲဆိုတာကိုတော့ မသိင်္ဂီထိုက်က စုစည်းတင်ပြထားပါတယ်။

မြန်မာနိုင်ငံသား၄၂ ဦးပါဝင်ပြီး သဘောင်္ဝန်ထမ်းပေါင်း ၁၃၂ ဦးတို့လိုက်ပါခဲ့တဲ့ ငါးဖမ်းသဘောင်္ Dalniy Vostok ဟာ ရုရှား အရှေ့ဘက် ကမ်းလွန် ပင်လယ်ပြင်မှာ ရုရှားစံတော်ချိန် ကြာသပတေးနေ့ မနက် ၆ နာရီခွဲလောက်မှာ နစ်မြုပ်ခဲ့တာပါ။အခုချိန်ထိ သဘောင်္သား ၆၃ ယောက်ကို ကယ်ဆယ်ထားပြီး ၁၃ ဦးတို့ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။ ကယ်ဆယ်ရေး လုပ်ငန်းတွေကိုဆက်ပြီးလုပ်နေတယ်လို့ ရုရှား အရေးပေါ်ကယ်ဆယ်ရေး ဝန်ကြီးဌာန ဒေသဆိုင်ရာ အကြီးအကဲ Yerem Arutyunyan က အခုလို ပြောပါတယ်။

ကယ်ဆယ်ရေး ဆက်လုပ်ဖို့ ရာသီဥတုက အခြေအနေကောင်းနေပါတယ်။ ဒီကနေ့ဆိုရင် ကျနော်တို့ စတုရန်းမိုင် ၄,ဝဝဝ နီးပါး ရှာဖွေပြီးစီးခဲ့ပါပြီ။ ဆက်ပြီးတော့လည်း ရှာဖွေနေပါတယ်လို့ ပြောခဲ့တာပါ။

နစ်မြုပ်သဘောင်္ကနေ ကယ်ဆယ်ထားသူတွေကိုတော့ Andromeda သဘောင်္ပေါ်မှာ ကယ်ဆယ်ထားပြီး ဆေးဝါးကုသပေးနေသလို တချို့ကိုလည်း ရဟတ်ယာဉ်နဲ့ ဆေးရုံကို သယ်သွားတဲ့ ပုံတွေကို ရုရှား အရေးပေါ် ကယ်ဆယ်ရေးဝန်ကြီးဌာနက ပြသထားတဲ့ ဗွီဒီယိုတွေထဲမှာ တွေ့ရပါတယ်။

 မြန်မာ သဘောင်္သားတွေ ကယ်ဆယ်ရရှိမှုနဲ့ပတ်သက်ပြီး ရုရှားဆိုင်ရာ မြန်မာသံရုံးက နောက်ဆုံးရ အချက်အလက်တွေကို ထုတ်ပြန်တာမှာတော့ ၂၂ ဦး အသက်ရှင်၊ တဦးသေဆုံးပြီး ကျန်တဲ့ ၁၉ ဦးတို့ကိုတော့ အတည်မပြုနိုင်သေးပါဘူး။ သေဆုံးသူကိုတော့ ကိုမင်းသူရ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ အခုလို မြန်မာနိုင်ငံသားတွေ နိုင်ငံခြား သဘောင်္တွေမှာ အလုပ်လုပ်ကိုင်ရာကနေ ထိခိုက်ဒဏ်ရာရမှုတွေ ၊ အသက်ဘေးနဲ့ ကြုံတွေ့ရတာတွေအတွက် သက်ဆိုင်ရာ မိသားစုတွေအနေနဲ့ ရှေ့ဆက် ဘယ်လိုဆောင်ရွက်သင့်သလဲဆိုတာကိုတော့ မြန်မာနိုင်ငံ သဘောင်္သားများအသင်းရဲ့ တွဲဖက် အတွင်းရေးမှူး ဦးမင်းဇော်က အခုလို ပြောပါတယ်။

“ကျနော်က အကြံပေးချင်တာကတော့ ပထမတချက် သူတို့ရဲ့ owner ကို ရအောင်ဆက်သွယ်ရပါမယ်။ Owner ကိုဆက်သွယ်လို့ မရဘူးဆိုရင်လည်း ကျနော်တို့ဆီကို အကူအညီလာတောင်းပါ။ ကျနော်တို့ MSF သဘောင်္သားအသင်းပေါ့နော်။ ဒီကို အကူအညီလာတောင်းပါ။ တောင်းတဲ့အခါကျရင် သူတို့ လုပ်နိုင်တဲ့ဟာတွေ လုပ်ပါ။ ကျနော်တို့လည်း ကျနော်တို့ လုပ်နိုင်တဲ့ဟာတွေ လုပ်ပေးပါ့မယ်။ အဓိက-ကတော့ ဒီမှာရှိတဲ့ Owner ပေါ့နော်၊ နောက် တချက်က လာဆက်သွယ်တဲ့အခါကျရင်သူ့ရဲ့ အထောက်အထား ပစ္စည်းအစုံအလင်တော့ ယူလာရမှာပေါ့နော်၊ ဘယ်နေ့က ဘယ်ကိုထွက်သွားတယ်၊ ဘယ်လိုပုံစံနဲ့ပေါ့နော်၊ အဲဒါတွေက အကုန်အရေးကြီးတာပေါ့နော်။ ကျန်တဲ့ပစ္စည်းက သူ့ရဲ့….. CV form လုပ်ထားတာပေါ့နော်၊ ကျနော်တို့အကုန်လုံး ကျကျနန အစုံယူလာရင်တော့ လုပ်လို့ကိုင်လို့ ပိုကောင်းပါတယ်။ ကျနော်တို့ ဒီမှာသတ်မှတ်ထားတာတော့ ရိုးရိုးသင်္ဘောသားဆိုရင် ၂ သောင်းခွဲပေါ့နော်၊ …… အရာရှိမဟုတ်တဲ့သင်္ဘောသားတွေပေါ့နော်၊ အဲလိုဆိုရင်တော့ ဒီမှာသတ်မှတ်ထားတာ ဒေါ်လာ ၂ သောင်းခွဲပေါ့၊ သေလို့ရှိရင်ပေါ့နော်။ အရာရှိဆိုလို့ရှိရင် ၅ သောင်းကစပါတယ်။”

မြန်မာ့ သဘောင်္သား အသိုင်းအဝိုင်းအတွင်းမှာလည်း အလုပ်အကိုင် ရှားပါးလွန်းတာကြောင့် ဘေးကင်းလုံခြုံမှု၊ ရသင့်ရထိုက်တဲ့ခံစားခွင့် စတာတွေကို မရွေးချယ်နိုင်ဘဲ ရရာအလုပ်ကို ဝင်ရောက် လုပ်ကိုင်ကြရတာကြောင့်လည်း အခုလို မတော်တဆမှုတွေနဲ့ ကြုံနေရတာ ဖြစ်တယ်လို့လည်း ဦးမင်းဇော်က ပြောပါတယ်။

“ဂရုစိုက်ဖို့ဆိုတာက ကျနော်တို့ကိုလာမေးရင်တော့ ကျနော်က ဘယ်လိုသင်္ဘောလဲ၊ ဘာလဲ အကုန်လုံး ကိုယ်စားလှယ်မေးမယ်၊ ဟိုဘက်က owner တွေကိုလှမ်းချိတ် သေချာမေးပြီးမှ မဟုတ်ဘူး၊ ဟုတ်တယ် ပြောလို့ရမယ်။ အများအားဖြင့်က သင်္ဘောတက်ရရင်ပြီးရော၊ ပိုက်ဆံပေးရတာတွေ မသိစေချင်တာတွေရှိတယ်။ အခုဟာက ကျနော်သိရသလောက် အတော်များများက ပိုက်ဆံပေးပြီး တက်သွားကြတာလို့ ပြောပါတယ်။ service ရှိတဲ့လူက နည်းနည်း၊ ပိုက်ဆံပေးပြီး တက်သွားကြတာ။ သူတို့ဟာသူတို့ ဘယ်လိုနည်းနဲ့ပဲတက်တက်ပေါ့နော်၊ လာမစုံစမ်းကြပါဘူး။ အလုပ်ရှားပါးတာပေါ့နော်။ အဲဒါပါ၊ အဓိက-ကတော့။”

ငါးဖမ်းသဘောင်္ Dalniy Vostok ဟာ ကြာသပတေးနေ့ မနက်ပိုင်း စတင်နစ်မြုပ်ချိန်ကနေ ၁၅ မိနစ် အတွင်းလုံးဝ နစ်မြုပ်သွားခဲ့တာ ဖြစ်ပါတယ်။ ကယ်ဆယ်ထားသူ ၅ဝ ကျော်ထဲက ၉ ဦးတို့က အခြေအနေ စိုးရိမ်ရတယ်လို့လည်း ကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နေတဲ့ အရေးပေါ် ကယ်ဆယ်ရေး ဝန်ကြီးဌာနရဲ့ ဒေသဆိုင်ရာ ပြောခွင့်ရအမျိုးသမီးက ပြောပါတယ်။ သဘောင်္နစ်မြုပ်ခဲ့တဲ့ ပင်လယ်ပြင်ကလည်း ရေခဲမှတ်အထိ အေးနေတာလို့လည်း ပြောခွင့်ရက ပြင်သစ် သတင်းအေဂျင်စီ AFP ကို ပြောခဲ့ပါတယ်။

၁၉၈၉ ခုနှစ်က တည်ဆောက်ခဲ့တဲ့ Dalniy Vostok ငါးဖမ်းသဘောင်္ကိုတော့ ရုရှားနိုင်ငံအရှေ့ပိုင်း Sakhalin ကျွန်းပေါ်က ဆိပ်ကမ်းမြို့ Nevelsk မြို့ အခြေစိုက် Magellan ကုမ္ပဏီက ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်ရှင်။

 ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ဓာတ်ပုံ – အယ်လ်ဂျာဇီးယား
အင်ဒိုနီးရှားနိုင်ငံ ဘန်ဂျီနာကျွန်းပေါ်မှာ နေထိုင်ပြီး အတင်းအဓမ္မ ကျွန်ပြုခိုင်းစေခံရတဲ့ မြန်မာနဲ့ ကမ္ဘောဒီးယား နိုင်ငံသား ၃၀၀ ကျော်ကို ဧပြီ ၃ ရက်က ကယ်ထုတ်နိုင်ပြီ ဖြစ်ပါတယ်။

လာရောက်ကယ်ဆယ်တဲ့သတင်းကို ကြားတာနဲ့ တပြိုင်နက် အလုပ်သမားတွေက တောတွေ တောင်တွေထဲကနေ ထွက်လာခဲ့တယ်လို့ အေပီသတင်းက ရေးပါတယ်။

ကယ်ဆယ်လာတဲ့သူတွေအများစုက မြန်မာတွေဖြစ်ပြီး တချို့က လုပ်ခလစာ မရလို့ သွားရောက်ဖို့ ငြင်းဆန်ခဲ့တယ်လို့ ဆိုပါတယ်။

ကယ်ထုတ်လာတဲ့ အထဲမှာ လာအိုနဲ့ ကမ္ဘောဒီးယား အများစု ဖြစ်တယ်လို့လည်း သတင်းမှာ ရေးပါတယ်။

“နှစ်တော်ကြာ သတင်းမကြားရတဲ့ မိဘတွေကို သွားတွေ့မယ်”လို့ အသက် ၄၂ နှစ် ကိုဝင်းဝင်းကို ပြောတာကို ကိုးကားပြီး သတင်းမှာရေးပါတယ်။

အလုပ်သမား ၃၂၀ ကျော်က ကယ်ဆယ်တာကို လက်ခံခဲ့သလို သူတို့ရဲ့ ပစ္စည်းတွေကို ပလတ်စတစ်အိတ်တွေနဲ့ သယ်ယူလာတယ်လို့ ဆိုပါတယ်။

မမှောင်ခင် အချိန်အထိ အလုပ်သမားတွေကတပျော်တပါးနဲ့ ထွက်လာသလို တချို့ဆိုရင် နေမကောင်းဖြစ်နေတယ်လို့ သတင်းက ရေးပါတယ်။

နိုင်ငံတကာ ရွှေ့ပြောင်း နေထိုင်ခြင်း အဖွဲ့တော့ ဘန်ဂျီနာကျွန်းနဲ့ အနီးတ၀ိုက်မှာ နိုင်ငံခြားသား ၄ ထောင်လောက် လူကုန်ကူး ဖမ်းဆီး ကျွန်ပြုခံနေရတယ်လို့ ဆိုပါတယ်။

အစောပိုင်းသတင်းတွေမှာတော့ မြန်မာနိုင်ငံသား ၂၀ ဦးကို တခြားကျွန်းတခုကို ပြောင်းရွှေ့လိုက်တယ်လို့ အင်ဒိုနီးရှား ပင်လယ်သယံဇာတနဲ့ ငါးဖမ်းလုပ်ငန်း စောင့်ကြည့်ရေးက ပြောပါတယ်။

အလုပ်သမားတွေနဲ့ မေးမြန်းခဲ့ပြီးတဲ့နောက် လုံခြုံရေးအတွက် ဘန်ဂျီနာကျွန်းကနေ အနီးနားက တခြားကျွန်းတခုကို ပြောင်းရွှေ့လိုက်တာလို့ အင်ဒိုနီးရှား ပင်လယ်သံယဇာတနဲ့ ငါးဖမ်းလုပ်ငန်း စောင့်ကြည့်ရေး အထွေထွေညွှန်ကြားရေးမှူးကို ကိုးကားပြီး အေပီသတင်းက ရေးပါတယ်။

ဘန်ဂျီနာကျွန်းက လုံခြုံရေး အခြေအနေက အကန့်အသတ်ရှိနေသလို အင်ဒိုနီးရှား ရေတပ်က တပ်ဖွဲ့ဝင် ၂ ဦးပဲ ဒီကျွန်းပေါ်မှာ ရှိနေတာ ဖြစ်ပါတယ်။

အခြေအနေကို သိရဖို့ ကျွန်းပေါ်မှာ ရှိတဲ့လူတွေအားလုံးကို အင်ဒိုနီးရှားကိုယ်စားလှယ်အဖွဲ့က မေးမြန်းခဲ့ရာမှာ အေပီသတင်းဌာနကို ပြောဆိုခဲ့သလို မတော်မတရားမှုတွေ ခံရတယ်ဆိုတာကို ငါးဖမ်းလုပ်သားတွေက ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

အေပီသတင်းဌာနက မြန်မာ ကမ္ဘောဒီးယားနိုင်ငံသားတွေကို ကျွန်ပြုဖမ်းဆီးပြီး အမေရိကန်၊ ဥရောပနိုင်ငံများကို တင်ပို့ရောင်းချနေတဲ့ ထိုင်းငါးဖမ်းသဘောင်္ပေါ်မှာ အဓမ္မစေခိုင်းခံနေရ တယ်လို့ အရင်ရက်ပိုင်းက ရေးသားထုတ်ဖော်ခဲ့တာ ဖြစ်ပါတယ်။

ဒီနောက်ပိုင်း အင်ဒိုနီးရှားအာဏာပိုင်တွေက အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်ခဲ့သလို လက်ရှိမှာတော့ ကျွန်းပေါ်မှာ ကျွန်ပြုခိုင်းစေခံထားရတဲ့ အလုပ်သမားအားလုံးကို ကယ်ထုတ်သွားဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။

ဒါအပြင် မြန်မာအစိုးရက ကျွန်းပေါ်မှာ ကျွန်ပြုခံနေရတဲ့ မြန်မာနိုင်ငံသား အများစုကို ပြန်လည်ခေါ်ယူဖို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ ဧပြီ ၃ ရက်က ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံသားအဖြစ် အတည်ပြုစစ်ဆေးပြီးရင်တော့ ခေါ်ယူသွားမှာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်ကရေးပါတယ်။

ဒီလုပ်သားအများစုကို ထိုင်းတွေက ကျွန်ပြုခိုင်းစေခဲ့ပြီး ထိုင်းနာမည်နဲ့ အိမ်လိပ်စာ အတုတွေပါတဲ့ အထောက်အထား အတုတွေ ထုတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no


အမျိုးသားတဦးကို ဆေးကျွေးပြီး မုဒိန်းကျင့်ဖို့ ကြိုးစားတဲ့ အသက် ၄၅ နှစ် တောင်ကိုးရီးယား အမျိုးသမီး တဦးကို စွဲချက်တင်လိုက်ပါတယ်။

တောင်ကိုးရီးယားနိုင်ငံမှာ မုဒိန်းပြုကျင့်ဖို့ ကြိုးစားတဲ့ အမှုနဲ့ ပထမဆုံး စွဲချက်တင်ခံရပြီး ဖမ်းဆီးခံရတဲ့ အမျိုးသမီး ဖြစ်လာပါတယ်။

မိသားစုနာမည် ဂျီအွန်ဆိုတဲ့ ၄၅ နှစ် ယောက်ျားနဲ့ ကွာရှင်းထားတဲ့ အမျိုးသမီးကို မတ်လက စွဲချက်တင်ခဲ့တာလို့ တောင်ကိုရီးယား ဗဟိုတရားရုံးရဲ့ အတည်ပြုချက်ကို ကိုးကားပြီး စထရိတ်တိုင်းမ် သတင်းက ရေးပါတယ်။ ဒါအပြင် အမျိုးသားကို လက်နက်တခုနဲ့ တိုက်ခိုက်တဲ့ စွဲချက်ကိုလည်း ရင်ဆိုင်နေရပါတယ်။

၂၀၁၁ ခုနှစ်ကတည်းက ကလပ်တခုမှာ သူတို့ ၂ တွေ့ဆုံခဲ့ပြီး ချိန်းတွေ့ခဲ့ကြတာ ဖြစ်သလို အိမ်ထောင်ရှင် ကလေးအဖေ အမျိုးသားက အရင်နှစ် ဇူလိုင်လက ဆက်ဆံရေးကို အဆုံးသတ်ဖို့ ကြိုးစားခဲ့ပြီး နောက်ဆုံးအကြိမ်အနေနဲ့ ဂျီအွန်အိမ်မှာ တွေ့ဖို့ သဘောတူညီခဲ့တယ်လို့ဆိုပါတယ်။

အိမ်ကို ရောက်သွားတဲ့အချိန်မှာ ဂျီအွန်က အမျိုးသားကို အိပ်ဆေးထည့်ထားတဲ့ လက်ဖက်ရည်တခွက်ကို တိုက်ခဲ့တယ်လို့ သတင်းမှာ ရေးပါတယ်။

ဒီနောက်မှာတော့ အမျိုးသားကို ကြိုးနဲ့ တုပ်ပြီး လိင်ဆက်ဆံဖို့ ကြိုးစားရာမှာ အမျိုးသားက နိုးလာတယ်လို့ ဆိုပါတယ်။

ဒီနောက် အမျိုးသားကထွက်ပြေးဖို့ ကြိုးစားရာမှာ ဂျီအွန်က တူနဲ့ထုခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

မုဒိန်းကျင့်တယ်ဆိုတာ ပြစ်မှု ထင်ရှားခဲ့မယ်ဆိုရင် ဂျီအွန်က အနည်းဆုံး ထောင်ဒဏ် ၃ နှစ်ကျခံရမှာ ဖြစ်ပါတယ်။

၂၀၁၃ ခုနှစ်မှာ တောင်ကိုရီးယားမှာ အမျိုးသမီးမဟုတ်တဲ့သူတွေကို မတော်မတရားပြုကျင့်တာကို ကာကွယ်ဖို့ ဥပဒေကို ပြောင်းလဲရေးဆွဲခဲ့တယ်လို့ဆိုပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no