04/11/15

DKBA တပ်က မူလရာထူးပြန်ခန့်လိုက်တဲ့ ဗျူဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင်ကို တွေ့ရစဉ်။ Photo: Nay Myo Zin Facebook
ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA အဖွဲ့ရဲ့ ကလိုထူးဖောဗျူးဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင်ကို မူလတာဝန်ပြန်လည်ပေးအပ်ဖို့ ပြီးခဲ့တဲ့ရက်ကပြုလုပ် ခဲ့တဲ့ သူတို့အဖွဲ့ရဲ့ တပ်မှူးများ အစည်းအဝေးကနေ အများသဘောတူ ဆုံးဖြတ်လိုက်တယ်လို့သိရပါတယ်။

ဗိုလ်မှူးကြီး စောဆန်းအောင်နဲ့ပတ်သက်ရင် အဖွဲ့ထဲမှာ ရှိနေတာက ပိုပြီးသင့်တော်မယ်လို့ ယူဆတဲ့အတွက် အများသဘောတူ ဆုံးဖြတ်လိုက်တာလို့ DKBA ရဲ့ နိုင်ငံရေးဌါန KKO အတွင်းရေးမှူး ဗိုလ်မှူး စောလုံလုံက RFA ကိုပြောပါတယ်။

"ဒီ ၈ ရက်နဲ့ ၉ ရက်နေ့မှာ ကျနော်တို့ တပ်မှူး ညီလာခံလုပ်တော့ အားလုံးကနေပြီးတော့ လက်ခံလိုက်ပါတယ်၊ လက်ခံလိုက်မှလည်း ကျနော်တို့ တခြားမလိုလားအပ်တဲ့ပြဿနာတွေ ကျနော်တို့ ရှောင်ရှားနိုင်မှာပေါ့၊ သူ့ကိုဒီလိုပဲ လွှတ်ထားမယ်ဆိုရင်တော့ တစ်ခါတစ်ခါကျရင် ထိန်းမရသိမ်းမရဖြစ်သွားတက်တယ်ပေါ့၊ ကျနော်တို့ ဒီမူလထားတဲ့ အမိန့်ပြန်တမ်းကို ရုပ်သိမ်းပြီးတော့ သူ့ကိုမူလနေရာမှာပဲ ပြန်လည်ခန့် ထားဖို့ဆိုတဲ့ အဆိုပြုခြင်းကို ချမှတ်ခြင်းဖြစ်ပါတယ်"

မနှစ်ကအောက်တိုဘာလမှာဖြစ်ခဲ့တဲ့ ကျိုက်မရောနယ်က တိုက်ပွဲတွေနဲ့ပတ်သက်လို့ ဌါနချုပ်မှာ ဖြေရှင်းဖို့ပျက် ကွက်ခဲ့တဲ့အတွက် ဗိုလ်မှူးကြီး စောဆန်းအောင်ကို အဖွဲ့ကနေထုတ်ခဲ့တာလို့ DKBA ကပြောခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese


အာဂျင်တီးနား တရားရုံးတခုက နှုတ်ခမ်းနီမလေးတေတွ အသည်းစွဲ ပေါ့ပ်ကြယ်ပွင့် ဂျက်စတင်းဗီဗာကို ဖမ်းဆီးဖို့ ဧပြီ ၁၀ ရက်နေ့က ၀ရမ်းထုတ်လိုက်ပါတယ်။

ဒါကြောင့် ကနေဒါ အဆိုတော်ဟာ အာဂျင်တီးနား မြေပေါ်ကို ခြေချရင် အဖမ်းခံရမှာ ဖြစ်ပါတယ်။

၂၀၁၃ ခုနှစ်က ဘူနော့စ် အဲ့ရစ်မြို့က နိုက်ကလပ်တခုမှာ နယ်ခံ သတင်းထောက်တဦးကို ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံရတာပါ။

တရားရုံးရဲ့ အတွင်းရေးမှူး ဆိုးဒတ် နီတိုးကလည်း ဂျက်စတင်းဗီဗာရဲ့ ဖမ်းဝရမ်းကိစ္စကို အတည်ပြုပါတယ်။ ဗီဗာနဲ့ အတူ သူရဲ့ ကိုယ်ရံတော် တဦးလည်း ဖမ်းဝရမ်း ထုတ်တဲ့အထဲမှာ ပါဝင်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းကလည်း အဲဒီ အမှုနဲ့ပတ်သက်လို့ အစစ်ဆေးခံဖို့ တခြားတရားရုံးတခုက အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

အသက် ၂၁ နှစ်အရွယ် အဆိုတော်က ဂျက်စတင်း ဗီဗာဟာ  နိုင်ငံအတော်များများမှာ အခုလို အမှုတွေ အမြောက်အမြား ရှိပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no

မတ်လ ၁၀ ရက်နေ့တွင် လက်ပံတန်း၌ ကျောင်းသားဆန္ဒပြပွဲ အကြမ်းဖက် ဖြိုခွဲခံ လိုက်ရခြင်းအား ဥပဒေ၊ ဥပဒေစိုးမိုးရေးနဲ့ ဥပဒေစိုးမိုးရေး၏ အခြေခံဖြစ်သော တိုင်းပြည် အဆောက်အအုံရှုထောင့်များအပြင် ပြည်တွင်းငြိမ်းချမ်းရေး ပြဿ နာများနဲ့ပါ ဆက်စပ်သုံးသပ်ရန် လိုအပ်လာပါသည်။

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်မူကြမ်း (Final Draft) ကို နှစ်ဘက်သဘောတူ ရေးပြီးကြောင်း အတည်ပြုချက် လက်မှတ်ထိုးသည့် မတ်လ ၃၁ ရက်နေ့ ညနေမှာပင် ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးက ကာချုပ်၏ မူ ၆ ချက်ကို မီးမောင်းထိုးပြောသွားခဲ့သည်။ ယင်း၏ အနှစ်သာရမှာ တည်ဆဲဥပဒေများကို လိုက်နာရန်နဲ့ ၂၀၀၈ ဖွဲ့စည်းပုံဘောင်အတွင်း ၀င်ရောက်ရန် ဖြစ်သည်။ ကျောင်းသားသပိတ်ကို ဖြိုခွဲခြင်းမှာ ဥပဒေနဲ့ အညီဖြစ်ကြောင်း ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေနဲ့ ၂၀၁၁ ခုနှစ် ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့် ဥပဒေ တို့ကို ကိုးကားလျက် စစ်အစိုးရအာဏာပိုင်များက ခုခံဖြေရှင်းခဲ့သည်။ ထိုမျှမက အခြားအရေးကြီး ကိစ္စရပ်များ၊ ပြဿ နာများအားလုံးနီးပါးမှာပင် လက်ရှိ စစ်အစိုးရသည် ဥပဒေ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ စသည်များကို ထပ်ခါတလဲလဲ ကိုးကား သုံးစွဲလာခဲ့သည်။

သို့ဖြစ်၍ လူထုများအနေဖြင့် ဥပဒေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ဥပဒေစိုးမိုးရေး စသည်တို့၏ အခြေခံများကို မှန်ကန်စွာ နားလည်နိုင်မှသာ ဥပဒေထောင်ချောက်ကို ရှောင်လွှဲနိုင်၊ ဥပဒေအရ ဖိနှိပ်မှုများကို တုံ့ပြန်နိုင်၊ ငြိမ်းချမ်းမှုနဲ့ တိုးတက်ဖွံ့ဖြိုးမှုများအား ဥပဒေစိုးမိုးရေးအခြေခံများမှ ချဉ်းကပ်ရာတွင် အထောက်အပံ့ ရနိုင်ပါမည်။ ယင်းတို့နဲ့ ဆက်စပ်လျက် DVB Debate အစီအစဉ် (၁) တွင် ကျောင်းသားဆန္ဒပြမှုအား အကြမ်းဖက်ဖြိုခွဲခံခဲ့ရခြင်းအပေါ် ဆွေးနွေးခဲ့ ကြပုံရသည်။

ယင်းတွင် ဦးဆောင်ဆွေးနွေးသွားခဲ့သူ ပုဂ္ဂိုလ်တဦးက “ဥပဒေဟာ အုပ်ချုပ်တဲ့အစိုးရနဲ့ အုပ်ချုပ်ခံပြည်သူအကြားမှာ သဘောတူညီချက်ဖြစ်တယ်။ လူအုပ်စု A ကို ဖြိုခွဲခြင်းတဲ့အတွက် လူအုပ်စု B ကို အမိန့်ပေးနိုင်သူတဦးက သွားဖြိုခွဲကွာလို့ ခိုင်းလိုက်တာ။ ဥပဒေနဲ့ ညီသလားဆိုရင် ဥပဒေထဲမှာ ရေးထားတဲ့ စကားလုံးတွေနဲ့ လိုက်တိုက်ရင် ညီသလို ရှိတယ်။ ဥပဒေရဲ့ အနှစ်သာရကို ကြည့်ရင် အုပ်ချုပ်သူအစိုးရနဲ့ အုပ်ချုပ်ခံသူလူထုအကြား မျှမျှတတရှိတဲ့ ဥပဒေဟု ပြောလို့ မရ။” ဟူ၍ ဆွေးနွေးသွားခဲ့သည်။
DVB Debate အစီအစဉ်မှာ တနိုင်ငံလုံးလေ့လာခွင့်ရအောင် ထုတ်လွှင့်ခြင်း ဖြစ်သဖြင့် ဦးဆောင် ဆွေးနွေးခဲ့သူအနေဖြင့် ဥပဒေနဲ့ စပ်လျဉ်း၍ အနီးစပ်ဆုံးမှန်ကန်သည့် ဖွင့်ဆိုချက်ကို ပြုမှသာ အကျိုးရှိနိုင်ပါမည်။ သို့မဟုတ် ပြဿ နာအပေါ် လူထု၏ သုံးသပ်မှု ရှုပ်ထွေးသွားဖွယ် ရှိသည်။ “အုပ်ချုပ်တဲ့အစိုးရနဲ့ အုပ်ချုပ်ခံပြည်သူအကြားမှာ သဘောတူညီချက်” ဟူသည့် ဖွင့်ဆိုချက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ Constitution ကိုသာ ရည်ညွှန်းခြင်းဖြစ်သည်။ ရိုးရိုး ဥပဒေဖြစ်သည့် Law သို့မဟုတ် Act များကို ဆိုလိုခြင်း မဟုတ်ပါ။ ရိုးရိုးဥပဒေ အားလုံးမှာ အစိုးရအာဏာပိုင်များ အပါအ၀င် နိုင်ငံတွင်းရှိ လူတဦးချင်းစီတိုင်း လိုက်နာရမည့် ပြဋ္ဌာန်းချက်များသာ ဖြစ်သည်။ သဘောတူညီချက် မဟုတ်ပါ။ လူ့သမိုင်းတွင် ရိုးရိုး ဥပဒေများက အရင် ပေါ်ပေါက်လာကြခြင်း ဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေက နောက်မှ ဖြစ်တည်လာပါသည်။ ကမ္ဘာပေါ်၌ သက်တမ်းအရှည်ကြာဆုံးဟုဆိုသော အမေရိကန်ပြည်ထောင်စု၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည်ပင် နှစ်ပေါင်း ၂၀၀ ကျော်မျှသာ ရှိသေးသည်။

ဥပဒေဟူသည်မှာ မည်သည့်အရာ ဖြစ်သည်ကို တကမ္ဘာလုံးက တညီတညွတ်တည်း လက်ခံထားသည့် အဓိပ္ပာယ်ဖွင့်ဆိုချက် မရှိပါ။ ဥပဒေပညာရှင်ကြီးအချို့၏ ရှင်းလင်းချက်များအပေါ် အခြေပြုလျက် မိမိကိုယ်ပိုင်အတွေးအမြင်နဲ့ အတွေ့အကြုံများနဲ့ ပေါင်းစပ်ကာ ခေတ်မီတိုးတက်သော ဒီမိုကရေစီနိုင်ငံကြီးများက လက်ခံသည့် ဥပဒေ၏ ယေဘုယျ သဘောကို စာရေးသူအနေဖြင့် အောက်ပါအတိုင်း နားလည် ဖွင့်ဆိုပါသည်။

“ဥပဒေဟူသည်မှာ လူ့အဖွဲ့အစည်းက လက်ခံကျင့်သုံးသော ကိုယ်ကျင့်တရား၊ စံထားချက်၊ နိုင်ငံရေးအတွေးအခေါ်များနဲ့ သက်ဆိုင်ရာ လူ့အဖွဲ့အစည်း၏ ပကတိလိုအပ်ချက်နဲ့ အနာဂတ် မျှော်မှန်းချက်များကို ထင်ဟပ်သောအရာ ဖြစ်သည်။

လူတဦးချင်းစီနဲ့ လူ့အဖွဲ့အစည်းတရပ်လုံး၏ လွတ်လပ်မှု၊ လုံခြုံမှု၊ ငြိမ်းချမ်းမှု၊ တည်ငြိမ်မှု၊ တိုးတက်မှုတို့ကို ပံ့ပိုးဖော်ဆောင်ပေးနိုင်ရေး ဦးတည်ချက်နဲ့ သက်ဆိုင်ရာနိုင်ငံ၏ တရားဝင် ဥပဒေပြုအဖွဲ့ကနေ၍ တိတိကျကျ ဝေါဟာရများအသုံးပြုကာ လူတဦးချင်းစီ၏ အခွင့်အရေးနဲ့ တာဝန်များကို သတ်မှတ်ပေးထားသည့်အရာ (သို့မဟုတ်) လူအများ၏ ပြုမူ ကျင့်ကြံမှု အပေါ် ထိန်းကျောင်း၊ ကန့်သတ်၊ ခွင့်ပြု၊ ပြဋ္ဌာန်းထားသည့် အရာဖြစ်သည်။”

ကျောင်းသားဆန္ဒပြပွဲကို အကြမ်းဖက် ဖိနှိပ် နှိမ်နင်းရာတွင် လူအုပ်စုတစုကို ဖြိုခွဲလို သဖြင့် အမိန့်ပေးနိုင်သူတဦးက အခြားလူအုပ်စုတစုကို ခိုင်းခြင်းမှာ ဥပဒေနဲ့ ညီသလို ရှိကြောင်း ဟူသော ဖွင့်ဆိုချက်မှာလည်း မမှန်ပါ။

ယင်းသို့ ဖွင့်ဆိုခြင်းဖြင့် ဆန္ဒပြပွဲကို ဖြိုခွဲရန် စစ်အစိုးရက စွမ်းအားရှင်များအား အသုံးပြုခြင်းမှာ ဥပဒေအရ တရားဝင်လိုလို အဓိပ္ပာယ်သက်ရောက်သွားစေသည်။

ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၁၂၇ အရ အများပြည်သူ ငြိမ်းချမ်းမှုကို နှောက်ယှက် ဖျက်ဆီးသော လူစုလူဝေးအား ပုဒ်မ ၁၂၈ အရ ဖြိုခွဲရန် ရဲအရာရှိက အကူအညီတောင်းနိုင်သူမှာ အခြားလူအုပ်စု တစုမဟုတ်ပါ။ လူပုဂ္ဂိုလ်တဦးချင်းကိုသာ ရည်ညွှန်းသည်။ ဥပဒေတွင် (မြန်မာဘာသာဖြင့်) မည်သည့်အမျိုးသားကို မဆို၊ (အင်္ဂလိပ် ဘာသာဖြင့်) Any male person ဟု အတိအကျ သုံးထားသည်ကို လေ့လာခြင်းဖြင့် ရှင်းပါသည်။ စစ်အစိုးရက စွမ်းအားရှင် အနေဖြင့် စနစ်တကျ ဖွဲ့စည်းထားသည့် လက်ကိုင်တုတ်အဖွဲ့အား သုံး၍ ပြည်သူလူထု၏ ငြိမ်းချမ်းစွာ ဆန္ဒပြမှုများအား အကြမ်းဘက် ဖြိုခွဲခြင်းမှာ မည်သည့် တည်ဆဲဥပဒေနဲ့မျှ မညီပါ။

ပထမကမ္ဘာစစ်ကြီးပြီးသည့် နောက် ၁၉၂၀ ပြည့်နှစ်နဲ့ ၁၉၃၀ ပြည့်နှစ်များအတွင်း ဂျာမနီနိုင်ငံတွင် နာဇီပါတီက ဖွဲ့စည်းခဲ့သည့် ရှပ်ညိုတပ်ဟူ၍ လူသိများခဲ့သော အရပ်သားတပိုင်း စစ်ရေးအင်အားစု Sturmabteilung (SA) သည် ဟစ်တလာ အာဏာရလာရေးကို အဓိက ပံ့ပိုးပေးခဲ့သည်။ ၄င်းတို့သည် နာဇီပါတီက ဦးဆောင်ကျင်းပခဲ့သည့် တရားပွဲများအား ကာကွယ် စောင့်ရှောက်ခြင်း၊ နာဇီပါတီကို ဆန့်ကျင်သည့် နိုင်ငံရေးအင်အားစုများအား အကြမ်းဖက်ဖြိုခွဲ ခြင်း၊ အုပ်စုအင်အားကို စနစ်တကျ သုံးကာ အတိုက်အခံ လှုပ်ရှားသူများအား လုပ်ကြံ သတ်ဖြတ်ခြင်း စသည်တို့ကို ကျူးလွန်ခဲ့ကြသည်။ ထိုစဉ်က ဟစ်တလာသည် လူထုအတွင်း အကြောက်တရား ဖန်တီးခြင်းအားဖြင့် မိမိ လိုချင်သည့် အာဏာရည်မှန်းချက် ပန်းတိုင်ကို လှမ်းကိုင် ရယူသွားနိုင်ခဲ့သည်။ ဥပဒေစိုးမိုးရေး ကင်းမဲ့သည့် နိုင်ငံမှန်သမျှတွင် အုပ်စိုးသူ အာဏာရှင်များသည် အကြောက်တရား ဖန်တီးကာ အုပ်ချုပ်လေ့ရှိကြမြဲ ဖြစ်သည်။


လက်ရှိ မြန်မာနိုင်ငံတွင် နိုင်ငံနဲ့ အ၀ှမ်း ဖြစ်ပွားခဲ့သည့် အဓိကရုဏ်းများအတွင်း မည်သည့်နေရာက ရောက်လာမှန်းမသိသော လူစုလူဝေးများသည် စနစ်တကျနဲ့ အကြမ်းဖက်မှုများ ကျူးလွန်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်မှာ ကြာပါပြီ။ ရန်ကုန်မြို့တော် ခန်းမရှေ့တွင် အရပ်ဝတ် စွမ်းအားရှင်ဆိုသူများအား အသုံးပြုပြီး ဆန္ဒပြကျောင်းသားများအား ဖြိုခွင်းခဲ့မှုနဲ့ လက်ပံတန်းတွင် ရဲယူနီဖောင်းဝတ်ထားသူများက မတန်တဆ အင်အားကို အသုံးပြုကာ ကျောင်းသားများအပေါ် အကြမ်းဖက်ခဲ့မှုများကို တွေ့လိုက်ရသောအခါ ဦးသိန်းစိန် စစ်အစိုးရသည် စွမ်းအားရှင်အဆင့်ထက် ပို၍မြင့်ကာ ဂျာမနီနိုင်ငံမှာကဲ့သို့ အရပ်သားတပိုင်း စစ်ရေးအင်အားစု Sturmabteilung (SA) မျိုး တခုခု ကို ဖွဲ့စည်းအသုံးချနေပြီလားဟု လေ့လာရန် လိုအပ်လာသည်။

ဆန္ဒပြမှုကို အကြမ်းဖက် ဖြိုခွဲပြလိုက်ခြင်းဖြင့် ကျောင်းသားများကို သာမက ငြိမ်းချမ်းစွာ စုဝေးကာ မိမိတို့၏ ဆန္ဒကို ထုတ်ဖော်ရန် ကြိုးစားသော လူထုကြီးတရပ်လုံးအတွင်းတွင်ပါ အကြောက်တရားဖန်တီးလိုက်ခြင်း ဖြစ်သည်။

ဤသည်မှာ စစ်မှန်သော ဥပဒေစိုးမိုးမှု ကင်းမဲ့သည့် ပြယုဂ်ပင်။ ဥပဒေစိုးမိုးမှု ကင်းမဲ့နေသမျှ မည်သည့်အခါတွင်မျှ ငြိမ်းချမ်းမှု မရနိုင်။ အကျိုးဆက်အနေဖြင့် လူ့အခွင့်အရေးများ လည်း ဆိတ်သုဉ်းနေပါမည်။

DVB Debate အစီအစဉ်တွင် ကျောင်းသားများ၏ အခွင့်အရေး ဆုံးရှုံးနစ်နာခဲ့ရမှုများကို အကျိုးအကြောင်း အချက်အလက်များနဲ့ ထောက်ပြ ဆွေးနွေးနိုင်ခဲ့သည့် ရန်ကုန်တိုင်း လွှတ်တော်အမတ် ဒေါက်တာ ဒေါ်ညိုညိုသင်းအား အသိအမှတ်ပြုရပါမည်။ သို့ရာတွင် သူမ၏ သုံးသပ်ချက် ၂ ရပ်ကို ထောက်ပြဝေဖန်လိုသည်။ ပထမ တရပ်မှာ “ရိုးရိုးဥပဒေရေးရာရှုထောင့်ကနေသာ ကြည့်လို့မရ၊ အစိုးရက နိုင်ငံရေးအရ ပေးထားတဲ့ ကတိကို ချိုးဖောက်တာ ဖြစ်တယ်” ဟူသည်ပင်။ ဤသည်မှာမူ လွဲနေပါသည်။ ပြောင်းပြန် ဖြစ်နေသည်။ နိုင်ငံရေးအရ ပေးထားသောကတိကို ချိုးဖောက်ပါက ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်ရန် ကြိုးပမ်းရပါမည်။ အထူးသဖြင့် နိုင်ငံရေးကတိကို ရိုးရိုးချိုး ဖောက်ရုံသာမကဘဲ မတရားအကြမ်းဖက်မှုကြီးကို ကျူးလွန်လိုက်သောအခါ ဥပဒေကြောင်းအရ ထိရောက်စွာ အရေးယူရန် နည်းလမ်းရှာရမည် မုချ ဖြစ်သည်။ ယင်းသို့ ရှာဖွေ၍ မရနိုင်သောအခါကျမှသာ အခြားနည်းများကို ကြိုးပမ်းဖို့ လိုအပ်လာနိုင်ပါမည်။

ဒုတိယတခုမှာ ဥပဒေအရ နိုင်ငံသားတွေက အစိုးရကို တရားစွဲလို့ရသလား ဟူ၍ ပရိသတ်တဦး၏ မေးခွန်းအား “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ စာချွန်တော်မှာ ပေးထားတဲ့ အခွင့်အရေးကို ယူဖို့ ဥပဒေပညာရှင်တွေကို တိုက်တွန်းချင်တယ်။”ဟု သူမက ဖြေကြား သွားခဲ့သည်။ စာချွန်တော်၏ သဘာဝကို သူမကိုယ်တိုင် နားမလည်ပါဘဲလျက် ဥပဒေပညာရှင်များအား ဆရာလုပ်နေသလားဟု စဉ်းစားဖွယ်ဖြစ်သည်။ စာချွန်တော်ဟူသည်မှာ မတရားမှု ကျူးလွန်ခံရသူ၏ အခွင့်အရေးကို အကာအကွယ်ပေးရန် တရားလွှတ်တော်ချုပ်သို့ မေတ္တာရပ်ခံချက်မျှသာ ဖြစ်သည်။ [2] မတရားမှုကျူးလွန်သူ အစိုးရအာဏာပိုင်များအား အပြစ်ပေးနိုင်ရန် တရားစွဲဆိုခြင်းမဟုတ်ပါ။ အစိုးရအာဏာပိုင်များကို ရိုက်နှက်ဆုံးမလို့ရတဲ့ ၀ါးရင်းတုတ်က ဘယ်ဟာလဲဟု လူထုက မေးသည်။ ဒေါက်တာ ဒေါ်ညိုညိုသင်းက ကျူရိုးကလေးကို ပြနေသကဲ့သို့ ဖြစ်သည်။ သူမသည် အနာကို တွေ့ပါလျက် ဆေးကို မမြင်သည့် ဘ၀သို့ ကျရောက်လျက်ရှိသည်။

အိန္ဒိယနိုင်ငံတွင် ၀န်ကြီးချုပ် အင်ဒီရာဂန္ဒီ အုပ်ချုပ်ခဲ့စဉ်က အတိုက်အခံ နိုင်ငံရေးသမား များအား မတရားဖမ်းဆီးမှုများ ပြုခဲ့သောအခါ ဖမ်းဆီးခံ မိသားစုဝင်များက တရားလွှတ်တော်ချုပ်သို့ မေတ္တာရပ်ခံ လျှောက်ထားသောအခါ ရှေ့တော်သွင်းစာချွန်တော် (Habeas Corpus) ကို အသုံးပြု၍ အကာအကွယ်ပေးခဲ့သည်။ မြန်မာနိုင်ငံတွင် ၀န်ကြီးချုပ် ဦးနုခေတ်တွင်လည်း အလားတူပင် ကြုံတွေ့ခဲ့ရသည်။ စာချွန်တော်များက နစ်နာသူများ၏ အခွင့်အရေးကို တစုံတရာ အကာအကွယ်ပေးနိုင်ခဲ့ခြင်းမှာ အိန္ဒိယနိုင်ငံနဲ့ (ထိုစဉ်က) မြန်မာနိုင်ငံတို့တွင် လွတ်လပ်၊ ဘက်မလိုက်၊ ထက်မြက်သော တိုင်းပြည်အဆောက်အအုံ (State Institution) ဖြစ်သည့် တရားစီရင်ရေး အားကောင်းသောကြောင့် ဖြစ်သည်။ လက်ရှိ မြန်မာနိုင်ငံတွင်မူ ၂၀၀၈ ဖွဲ့စည်းပုံ၏ ထိန်းချုပ်မှုအောက်တွင် တရားစီရင်ရေးသည် အစိုးရအာဏာပိုင်များကို ကြောက်နေရကြောင်း အားလုံးအသိပင်။ စာချွန်တော်မျှလောက်နဲ့ မည်သို့မျှ ထိရောက်စွာ အရေးယူနိုင်ဖွယ် မရှိပါ။ ဆွန်လွတ်ရော်ဂျာမှုခင်းတွင် ၂၀၀၈ ဖွဲ့စည်းပုံအရ ပြဌာန်းထားသည့် စာချွန်တော်ကို အသုံးပြုခဲ့သော်လည်း မည်သည့် အကူအညီမျှမရခဲ့။ ဥပဒေစိုးမိုးရေးအတွက် အထောက်အပံ့ စိုးစဉ်းမျှ မဖြစ်ခဲ့။

ဥပဒေစိုးမိုးရေးသည် ဆဒ္ဒန်ဆင်မင်းနဲ့ သဏ္ဌာန်တူသည်။ စာချွန်တော်များ ထည့်သွင်း ပြဋ္ဌာန်းထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ကြွက်တွင်းမျှသာဖြစ်သည်။ ဆဒ္ဒန်ဆင်မင်းအား ကြွက်တွင်းအတွင်းသို့ ၀င်ရောက်ရန် ဒေါ်ညိုညိုသင်းက တိုက်တွန်းနေသည့် သဘောရှိသည်။ ဆဒ္ဒန်ဆင်မင်းသည် မည်သည့်အခါမျှ ကြွက်တွင်းအတွင်းသို့ ၀င်ရောက်မည် မဟုတ်ပါ။ ယင်းကို နင်းခြေကာ မဟာမြိုင်တောကြီးအတွင်းသို့ ဣနြေ္ဒရစွာ လျှောက်လှမ်း သွားမည်သာ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၊ ဒေါ်ညိုညိုသင်း စသူတို့ ကိုယ်တိုင်မှာမူ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ကြွက်တွင်းအတွင်းသို့ ၀င်ရောက်သွားကြပြီးနောက် လွှတ်တော် အတွင်းတွင် လူထုအတွက် မည်သည်ကိုမျှ လုပ်၍ကိုင်၍ မရနိုင်တော့ကြောင်း အထင်အရှား ဖြစ်သည်။ တခါတရံ ကြွက်တွင်းအ၀ကလေးသို့ထွက်လာကာ လူကြားရုံမျှ တစာစာ အော်ဟစ် ပြောဆိုနေရသည့်ဘ၀သို့ သာ ကျရောက်လျက်ရှိသည်။

လူထုတွင် မကုန်ခန်းနိုင်သော စွမ်းရည်များရှိသည်။ DVB Debate အစီအစဉ်တွင် ပရိသတ်အတွင်းမှ အခြေခံလူထု အချို့၏ စွမ်းရည်ကို အရိပ်အယောင်မျှ မြင်လိုက်ရသည်။ ပထမ တဦးမှာ ဒေါ်ခင်လှလှ ဖြစ်သည်။ “ဥပဒေက အပေါ်ကလား၊ အမိန့်အာဏာက အပေါ်ကလား” ဟူ၍ သူမက မေးမြန်းသွားခဲ့သည်။ ဥပဒေစိုးမိုးရေး၏ အရေးကြီးဆုံးအခြေခံမူများအနက် တရပ်ကို သူမက ထောက်ပြခဲ့ခြင်းဖြစ်ကြောင်း မည်သူမျှ ရိပ်စားခဲ့မိပုံ မရ။ ဥပဒေ (Law)နဲ့ အာဏာ (Power) ၏ ဆက်စပ်မှုကို နားမလည်ပါက ဥပဒေစိုးမိုးရေးကို မသိမြင်နိုင်ပါ။ လူ့အဖွဲ့အစည်းတိုင်း၊ တိုင်းပြည်တိုင်းတွင် အာဏာသည် အရေးကြီးသည် မှန်သော်လည်း အာဏာကိုသာ အဓိက ထားလွန်းနေပါက လူထု၏ အခွင့်အရေးများ ထိခိုက်ဆုံးရှုံးပါမည်။ သို့ဖြစ်၍ အာဏာကို ကန့်သတ်ရန် ဥပဒေပေါ်လာခြင်း ဖြစ်သည်။ ဤသည်မှာ ဥပဒေစိုးမိုးရေး အယူအဆဖြစ်သည်။ ယင်းအခြေခံတွင် တိုးတက်ထွန်းကားသော ဒီမိုကရေစီနိုင်ငံကြီးများသည် အာဏာနိုင်ငံ (Power State) အစား ဥပဒေနိုင်ငံ (Law State) ဖြစ်အောင် ကြိုးစား တည်ဆောက်နေကြရခြင်း ဖြစ်သည်။

ဥပဒေအမြောက်အမြား တည်ရှိရုံ၊ မွေးထုတ်နေရုံမျှဖြင့်လည်း ဥပဒေနိုင်ငံ (Law State) မဖြစ်နိုင်ပါ။ ဒုတိယကမ္ဘာစစ်အတွင်း မူဆိုလိုနီ အုပ်ချုပ်ခဲ့သည့် အီတလီနိုင်ငံတွင် ဒီမိုကရေစီ နိုင်ငံများထက်ပို၍ပင် ဥပဒေအရေအတွက် အမြောက်အမြား တည်ရှိခဲ့သည်။ သို့ရာတွင် ယင်းဥပဒေများသည် အာဏာကို ကန့်သတ်ခြင်း မဟုတ်၊ အာဏာကို အားကောင်းအောင်သာ ပံ့ပိုးပေးခဲ့သည်။ ယခု မြန်မာနိုင်ငံသည် ထိုစဉ်က အီတလီနိုင်ငံကဲ့သို့ဖြစ်နေသည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တည်ထောင်ထားသော စစ်အစိုးရ၏ လွှတ်တော်က ပြဋ္ဌာန်း လိုက်သည့် ဥပဒေများသည် အာဏာကို မကန့်သတ်ဘဲ ပိုမိုပြင်းထန်လာအောင်သာ ပံ့ပိုး ပေးနေသည်။ ဥပဒေစိုးမိုးရေး အခြေခံနဲ့ ပြဒါးတလမ်း သံတလမ်း ဖြစ်နေသည်။

စင်စစ်အားဖြင့်မူ ၁၉၄၈ မှ ၁၉၆၂ ခုနှစ်ကာလအတွင်း ဒီမိုကရေစီခေတ်တွင် ငြိမ်းချမ်းစွာ စုဝေးဆန္ဒပြမှုများအား ရဲအက်ဥပဒေဖြင့်သာ ကိုင်တွယ်ဆောင်ရွက်ခဲ့သည်။ ယင်းအတွက် နောက်ထပ် ဥပဒေတရပ် ပြဋ္ဌာန်းပေးခဲ့ခြင်း မရှိပါ။ ယခု စစ်အစိုးရလက်ထက်တွင် ပေါ်ထွက်လာသည့် ၂၀၁၁ ခုနှစ် ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့် ဥပဒေသည် လူထု၏ အခွင့်အရေးကို ပြဋ္ဌာန်းပေးသယောင်ဖြင့် စစ်အစိုးရ၏ ချုပ်ကိုင်မှုအာဏာကို တည်ဆောက် ပေးထားခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဥပဒေအသစ်မှန်သမျှသည် အဟောင်းများထက် ပို၍ကောင်းမွန်သည်ဟု ယူဆလျှင် တက်တက်စင် လွဲပါမည်။ အင်္ဂလိပ် အစိုးရလက်ထက်က ပြဋ္ဌာန်းခဲ့သော အချို့ ဥပဒေများမှာ ခေတ်နဲ့ မညီတော့ဟူသည်မှာ အတိုင်း အတာတခုအထိ မှန်သည်များ ရှိသည်။ သာဓကအားဖြင့် ၁၉၂၃ ခုနှစ် နိုင်ငံတော်လျှို့ ဝှက်ချက် ဥပဒေ(1923 State Secrets Acet) ကဲ့သို့ သော ဥပဒေမျိုး ဖြစ်သည်။

ဓာတ်ပုံ - (Soe Zeya Tun/Reuters)
တချိန်တည်းမှာပင် ဗြိတိသျှခေတ်နဲ့ လွတ်လပ်ပြီးခေတ်က ပြဋ္ဌာန်းခဲ့သော ဥပဒေအဟောင်းများသည် နောက်ပိုင်း စစ်အစိုးရအဆက်ဆက် ပြဋ္ဌာန်းခဲ့သည့် ဥပဒေအသစ် အတော်များများထက် အဆများစွာ ပိုမိုကောင်းမွန်ကြောင်းတွေ့ရသည်။ သာဓကအားဖြင့် ၁၈၇၅ ခုနှစ် နိုင်ငံတော်အကျဉ်းသားများ စည်းမျဉ်းဥပဒေ [3]သည် ၁၉၇၅ ခုနှစ် နိုင်ငံတော်လုံခြုံရေး ဥပဒေထက် အဆများစွာသာသည်။ ထိုနည်း လည်းကောင်းပင်၊ ၁၉၂၆ ခုနှစ် အလုပ်သမားသမဂ္ဂ ဥပဒေ [4] သည် ၂၀၁၁ ခုနှစ် အလုပ်သမားအစည်းအရုံးဥပဒေထက် လည်းကောင်း၊ ၁၉၅၃ ခုနှစ် လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေးဥပဒေသည် ၂၀၁၂ ခုနှစ် လယ်ယာမြေ ဥပဒေထက် လည်းကောင်း အဆများစွာ သာသည်။ သက်ဆိုင်ရာ ဥပဒေသစ်များ ပြဋ္ဌာန်းလာသည့်အချိန်အထိ စစ်အစိုးရအဆက်ဆက်က အဆိုပါ ကောင်းမွန်သည့် ဥပဒေများကို မသုံးဘဲ ပစ်ထား၊ ဘေးဖယ် ထားခဲ့ခြင်းမှာ ဥပဒေပြသနာ မဟုတ် ဥပဒေစိုးမိုးရေး ပြဿ နာ ဖြစ်သည်။

ကျောင်းသားဆန္ဒပြမှုအား အကြမ်းဖက်ဖြိုခွဲရာ၌ အဓိက အငြင်းပွားနေသော ဥပဒေ ၂ ခု ဖြစ်သည့် ၂၀၁၁ ခုနှစ် ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့် ဥပဒေ နဲ့ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ တခုချင်းစီတို့အား ခွဲခြားပြီး သုံးသပ်နိုင်သည်။ ပထမတခုအား ဥပဒေပြဿ နာအဖြစ် တွေ့မြင်နိုင်သည်။ မူလ ရှိပြီးသား ရဲဥပဒေများကို မသုံးဘဲ လူထုအပေါ် ဖိနှိပ်သည့် ဥပဒေသစ်တခုကို ထပ်မံ ပြဌာန်းလိုက်ခြင်းကြောင့် ဖြစ်သည်။ ယင်းသို့ ဥပဒေ ပြသနာ တက်အောင် လုပ်ရာ၌ တာဝန်ရှိသူများအထဲတွင် စစ်ခေါင်းဆောင်ဟောင်းသစ်များသာမက ၂၀၀၈ ဖွဲ့စည်းပုံအောက်သို့ ခေါင်းလျှိုးကာ လွှတ်တော်အတွင်း ၀င်ရောက်သွားကြသည့် ဒီမိုကရေစီရေးနဲ့ တိုင်းရင်းသားအင်အားစုအချို့ ပါ ပါဝင်သည်။

ဒုတိယတခုမှာ ဥပဒေစိုးမိုးရေး ပြဿ နာဖြစ်သည်။ အင်္ဂလိပ်ခေတ်က ပြဋ္ဌာန်းခဲ့သော ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေသည် သင့်လျော် ကောင်းမွန်သည့် ဥပဒေတရပ် ဖြစ်သည်။ ကမ္ဘာ့ အကြီးဆုံး ဒီမိုကရေစီနိုင်ငံကြီးဟု လက်ခံအသိအမှတ်ပြုရသော အိန္ဒိယနိုင်ငံမှာပင် အဆိုပါ ဥပဒေ၏ အချို့ပုဒ်မများမျှကိုသာ ဖြည့်စွက်ပြင်ဆင်မှု ပြုရပြီး ယနေ့တိုင်ကျင့်သုံးဆဲဖြစ်သည်။ ဥပဒေ မကောင်း၍ မဟုတ်။ ကောင်းပါလျက်နဲ့ စစ်အစိုးရအာဏာပိုင်များက ၄င်းတို့ အာဏာ တည်မြဲရေးအတွက် အဓိပ္ပာယ်တလွဲ ဖွင့်ဆို ကျင့်သုံးနေကြသဖြင့် ဥပဒေစိုးမိုးရေးပြဿ နာဟု ဆိုလိုခြင်း ဖြစ်သည်။ ဥပဒေပြသနာနဲ့ ဥပဒေစိုးမိုးရေးပြသနာမျှကိုပင် နားမလည်သော စစ်ခေါင်း ဆောင်ဟောင်းသစ်များ ဦးဆောင်ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော်ဆိုသော အရာသည် မည်သို့လျှင် ထို့ထက် ကောင်းမွန်သောဥပဒေသစ်တရပ်ကို ပြဋ္ဌာန်းနိုင်ပါအံ့နည်း။

ကျောင်းသားဆန္ဒပြမှုနဲ့ စပ်လျဉ်း၍ ဒီမိုကရေစီခေါင်းဆောင်ဆိုသူများက လွှတ်တော်ကို လာမထိနဲ့ဟု ရန်တွေ့သူ တွေ့ကြသည်။ အမျိုးသားပညာရေးဥပဒေကို ကျောင်းသားများ ဆန္ဒအပေါ် အခြေခံ၍ ပြင်ဆင်တင်သွင်းရန် ကြိုးပမ်းလာမှုအပေါ် ဘာမဟုတ်သည့် အကြောင်းကို ပြကာ ပယ်ချပစ်ဟု အသံကုန် ဟစ်ကြွေးသူ ကြွေးကြသည်။ ၀န်ကြီးချုပ်ဟောင်း ဦးနု သုံးခဲ့သည့် ဝေါဟာရအရ ဆိုပါမူ ရှက်ဖွယ်လိလိပင်။ စစ်အာဏာရှင်စနစ်ကို အသက်သွင်း ထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ၄င်းအရ တည်ဆောက်ထားသည့် လွှတ်တော်သည် စင်စစ်အားဖြင့် ဆင်သေကောင်ပုပ်သာ ဖြစ်သည်။ ပင်လယ်ထဲမျောတော့မည့် ဆင်သေ ကောင်ပုပ်အား ဆယ်သက်စားမကုန်သည့် ရိက္ခာတုံးကြီးအဖြစ် မှတ်ယူကာ ၀မ်းမြောက်စွာ စားသောက်ရင်း စီးနင်းလိုက်ပါသွားကြသည့် ငှက်များအဖြစ်သာ ဇာတ်သိမ်းသွားကြမှာ စိုးရိမ်မိသည်။

သမိုင်းသစ်ကို ဖန်တီးမည့် စွမ်းအားသည် ၂၀၀၈ ဖွဲ့စည်းပုံကို ဗဟိုပြုပြီး တည်ဆောက်ထားသည့် ဥပဒေဘောင်[5]နဲ့ အုပ်ချုပ်ရေးယန္တရားအတွင်းတွင်လည်းကောင်း၊ ဆင်သေကောင်ပုပ် လွှတ်တော်အတွင်းတွင်လည်းကောင်း မတည်ရှိပါ။ အခြေခံလူထုများ အတွင်းတွင်သာ ရှိကြောင်း သာဓကအနေဖြင့် DVB Debate အစီအစဉ်တွင် ပါဝင် ဆွေးနွေးခဲ့သည့် သာယာဝတီ ဒေသခံတဦးကို တွေ့မြင်နိုင်သည်။ ၄င်းက အချက်အလက်နဲ့ စနစ်တကျ ထောက်ပြသွားခဲ့သည်။
“ဖြိုခွဲဖို့ကို မလိုတဲ့ သပိတ်ကို ဖြိုခွဲလိုက်တာဘဲ။ ဖြိုခွဲမယ့်အကြောင်း တရားဝင် အသိပေးခဲ့တာ လုံးဝမရှိဘူး။ (ကျောင်းသားခေါင်းဆောင်) မင်းသွေးသစ်က ဆွေးနွေးပွဲ ပျက်သွားတဲ့အတွက် လေးယောက်တစု တိုးသွားမယ်၊ ရဲတွေကို မေတ္တာရပ်ခံတယ်၊ ပြန်မတွန်းပါနဲ့။ ရုန်းရင်းဆန်ခတ် ဖြစ်သွားမယ်။ ခင်ဗျားတို့ ဖမ်းစရာရှိရင် ဖမ်းလိုက်ပါလို့ ကြေညာခဲ့တယ်။ သူက ကျောင်းသားတွေကိုလည်း မေတ္တာရပ်ခံတယ်၊ အောက်ခြေ၀န်ထမ်းရဲတွေနဲ့ ပြဿ နာ မဖြစ်ပါစေနဲ့။ ဒီလူတွေက ပေးတဲ့ အမိန့်အတိုင်း လုပ်နေကြရတာ — တဲ့။ ကျောင်းသားတွေက အစကတည်းက ဖမ်းပါဆိုတာကို မဖမ်းဘဲနဲ့ ရိုက်ပြီးမှ ဖမ်းတာဟာ ကျောင်းသားတွေ နောက်မလုပ်ရဲအောင် ဦးချိုးရမယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာပဲ။”

၎င်း၏ သုံးသပ်ချက်ကို နားထောင်ပြီး ကောင်းလိုက်၊ မှန်လိုက်လေခြင်းဟု ဥဒါန်းကျူးမိသည်။ မည်သည့်အရာမှန်း မိမိတို့ ကိုယ်တိုင် နားမလည်သည့် အမျိုးသား ပြန်လည်သင့်မြတ်ရေးဟူသည်ကို ကိုင်စွဲထားသည့် နိုင်ငံရေးသမားဆိုသူများ ယောင်ဝါးဝါး ဖြစ်နေချိန်တွင် အခြေခံလူထုများသည် ရှင်းလင်းစွာ စဉ်းစားတတ်ကြသည်။ ၄င်းက ဆက်လက်၍

“အရက်စွဲနေသူတဦးကို ဘုန်းကြီးဝတ်ပေးလိုက်ပေမယ့် အရက်ဆက်သောက်တယ်။ ဘာကြောင့်အရက်သောက်သလဲ မေးတော့ ဘုန်းကြီးဝိနည်းအရ သောက်တယ်လို့ ဖြေကြားသလိုမျိုးပဲ။ အဲဒီရဲတွေကို လုံးဝကို ပြင်လို့ရမှာ မဟုတ်ဘူး။ အဲဒါကို ကျနော် ပြောချင်တာ။” ဟု ထောက်ပြသွားခဲ့သည်။

ယင်းသုံးသပ်ချက်မှာ အရေးကြီးဆုံးဖြစ်သည်။ ဥပဒေစိုးမိုးရေး၏ အခြေခံဖြစ်သော တိုင်းပြည်အဆောက်အအုံများ၏ အစိတ်အပိုင်းတရပ် ဖြစ်သည့် ရဲတပ်ဖွဲ့ကို အရှင်းလင်းဆုံး ဝေဖန်သွားခဲ့ခြင်းဖြစ်သည်။ ကမ္ဘာပေါ်၌ အာဏာရှင်အုပ်ချုပ်မှုအောက်မှ ဒီမိုကရေစီသို့ အသွင်ကူးပြောင်းသွားခဲ့သည့် နိုင်ငံအားလုံးနီးပါးတွင် တိုင်းပြည်အဆောက်အအုံများ ပြုပြင်ပြောင်းလဲရေး (Institutional Reform) ဟူသည်ကို မူချ၍ ဖော်ဆောင်ကြရသည်။ မြန်မာနိုင်ငံဖြစ်စဉ်မှာ ၄င်းနဲ့ ရာနှုန်းပြည့် ဆန့်ကျင်လျက်ရှိသည်။ စစ်အာဏာရှင်အဆက်ဆက်က တည်ဆောက်ထားခဲ့သည့် တရားစီရင်ရေး၊ တပ်မတော်၊ ရဲတပ်ဖွဲ့၊ ထောက်လှမ်းရေးနဲ့ အခြားလုံခြုံရေးအဖွဲ့အစည်းများအားလုံးအား လုံးဝမတို့မထိနိုင်ရုံသာမက ၄င်းတို့ ပိုမို ကြံ့ခိုင်အောင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်တွင် တည်ဆောက်ထားသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ရဲတပ်ဖွဲ့နဲ့ အခြားလက်နက်ကိုင် လုံခြုံရေးအဖွဲ့အစည်းများအားလုံးသည် တပ်မတော်၏ ကြီးကြပ် ကွပ်ကဲမှုအောက်တွင် ရှိသည်။ အာဏာပိုင်များက အစီအစဉ်တကျ၊ ရည်ရွယ်ချက်ရှိရှိနှင့် ဖြိုခွဲလိုက်ခြင်းဖြစ်သည်။

ကျောင်းသားဆန္ဒပြမှု အကြမ်းဖက် ဖြိုခွဲခံလိုက်ရသည့်ကိစ္စမှာ မတရားမှုကြီး သက်သက်ဖြစ်ကြောင်းနဲ့ လက်နက်ကိုင်တိုက်ပွဲများ မရှိပါဘဲလျက်ပင် ငြိမ်းချမ်းမှု ကင်းမဲ့နေ ကြောင်း ထင်ရှားပေါ်လွင်နေပါပြီ။ ယင်းအပေါ် မည်သို့ ပြန်လည်အရေးယူဆောင်ရွက်ရန် လိုအပ်ကြောင်းကို တိုင်းရင်းသားပေါင်းစုံ လူထုကြီးတရပ်လုံး စဉ်းစားသင့်ပါပြီ။ ယင်းကို အထောက်အပံ့ ဖြစ်စေရန် အောက်ပါအချက်များကို တင်ပြလိုသည်။
(၁) တိုင်းပြည်အဆောက်အအုံတစုံလုံးကို ပြောင်းလဲပစ်ရေးအခြေခံတွင် စစ်အာဏာရှင် စနစ်တခုလုံးအား တော်လှန်ပြောင်းလဲခြင်း မလုပ်နိုင်သမျှကာလပတ်လုံး လက်ပံတောင်းတွင် သံဃာတော်များ အရှင်လတ်လတ် မီးလောင်တိုက်သွင်းခံရသည့် ဖြစ်ရပ်မျိုး၊ လက်ပံတန်းတွင် ငြိမ်းချမ်းစွာ ဆန္ဒပြသောကျောင်းသားများ အကြမ်းဖက်ဖြိုခွင်းခံရသော ဖြစ်ရပ်မျိုးများ နောက်ထပ် ထပ်မံ ပေါ်ပေါက်နေပါဦးမည်။ ငြိမ်းချမ်းမှု ကင်းမဲ့နေပါမည်။ စစ်အာဏာရှင် စနစ်ကို ပြုပြင်ရေး၊ ဖာထေးပေးရေးနဲ့ မရ။ လူထုတော်လှန်ရေးကြီးတရပ် ဆင်နွှဲရန် မလွဲမသွေ လိုအပ်နေသေးသည်။

(၂) စစ်အာဏာရှင်စနစ်အခြေခံတွင် တည်ဆောက်ထားသော တိုင်းပြည်အဆောက်အအုံ တစုံလုံးကို ပြောင်းလဲမှုမပြုနိုင်သမျှကာလပတ်လုံး တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့များ မျှော်မှန်းသည့် တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် မရနိုင်ပါ။ ကျောင်းသားဆန္ဒပြမှု အကြမ်းဖက် ဖြိုခွဲခံလိုက်ရသည့် အကျိုးဆက်အနေဖြင့် လယ်သမား၊ အလုပ်သမားနဲ့ အခြားလူတန်းစားအလွှာများ၏ လူထုလှုပ်ရှားမှုများပါ ငြိမ်သက်သွားမည်ဆိုပါက ငြိမ်းချမ်းရေးကို ဦးတည်သော ဆွေးနွေးပွဲ ဟူသည်များသည် လူထုဖိအားနဲ့ ထောက်ခံမှုများ ရရန် မလွယ်တော့ပါ။ ဤကဏ္ဍကြီး ၂ ရပ် ထိရာက်စွာ ပေါင်းစပ်လှုပ်ရှားနိုင်ရေးအတွက် နည်းလမ်းများ ရှာကြံသင့်ပါပြီ။

(၃) မည်သည့်အရာမှန်း မည်သူမျှ တိတိကျကျ မပြောနိုင်သည့် အမျိုးသား ပြန်လည် သင့်မြတ်ရေးဟူသော မူဝါဒအောက်တွင် အစိုးရအာဏာပိုင်များ၏ ပြစ်မှုကျူးလွန်မှုမှန်သမျှအား ၀ိုင်းဝန်း ဖုံးကွယ်ထားမှုများကို ရပ်တန်းက ရပ်သင့်ပါပြီ။ ပြစ်မှုကျူးလွန်သူကို အရေးယူ အပြစ်ပေးရေးနဲ့ ပြစ်မှုကျူးလွန်ခံရသူများ တရားမျှတမှု ရရှိစေရေးအခြေခံတွင် လူတိုင်းဥပဒေ ရှေ့မှောက်တွင် တန်းတူရေးဟူသည့် စစ်မှန်သည့် ဥပဒေစိုးမိုးရေးမူကို လက်တွေ့ ဖော်ဆောင်ရန် ကြိုးပမ်းသင့်ပြီ ဖြစ်သည်။

(၄) စစ်အစိုးရအဆက်ဆက်က ကျူးလွန်ခဲ့သော လူ့အခွင့်အရေး ချိုးဖောက်မှုကြီးများမှာ ကြီးမားပြင်းထန်ပြီး လူသားဆန့်ကျင်မှုနဲ့ စစ်ရာဇ၀တ်မှုအဆင့်များအထိပင် ရောက်ခဲ့သောကြောင့် ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ဟာ ၂၀၁၀ ခုနှစ် မတ်လတွင် နိုင်ငံတကာ စုံစမ်း စစ်ဆေးရေးကော်မရှင် ဖွဲ့ပြီး စစ်ဆေးရန်ပင် တောင်းဆိုခဲ့ဘူးသည်။ စစ်အစိုးရ၏ အတုအယောင်ဒီမိုကရေစီရေး အပြောင်းအလဲဟူသည်အောက်တွင် ယင်း လူ့အခွင့်အရေး လှုပ်ရှားမှုကြီး မှိန်ထားခံလိုက်ရသည်။ အကျိုးဆက်အနေဖြင့် ပြည်ထောင်စုနိုင်ငံ၏ နေရာဒေသအမြောက်အမြားတွင် ပိုမိုပြင်းထန်သော လူ့အခွင့်အရေး ချိုးဖောက်မှုကြီးများ တောက်လျှောက်ပင် ဖြစ်ပွား ကျူးလွန်လျက်ရှိသည်။ ဤလှုပ်ရှားမှုကြီးသည် ပြန်လည် နိုးကြားရှင်သန်သင့်ပြီဖြစ်သည်။

(၅) မတရားဥပဒေများနဲ့ မတရား တရားစီရင်ရေးစနစ်ကို ဗဟိုပြုထားသည့် Legal Framework ဟုခေါ်သည့် ဥပဒေဘောင်တစုံလုံးအား ပြောင်းပစ်နိုင်ရန် ဥပဒေအင်အားစု အားလုံးသည် ကျောင်းသား၊ လယ်သမား၊ အလုပ်သမား၊ အမျိုးသမီး၊ လူငယ်နဲ့ တိုင်းရင်းသား လှုပ်ရှားမှုများအားလုံးနဲ့ ခိုင်ခိုင်မြဲမြဲ လက်တွဲသင့်ပြီ ဖြစ်သည်။ ဥပဒေကြောင်းအရ ဘက်ပေါင်းစုံမှ နေ၍ ကူညီပံ့ပိုးသင့်ပြီ ဖြစ်သည်။ ယင်းကို အားဖြစ်စေရန် ပြည်တွင်းမှတဆင့် နိုင်ငံတကာသို့ လည်းကောင်း၊ နိုင်ငံတကာမှနေ၍ ပြည်တွင်းသို့ လည်းကောင်း ဖြန့်ကြက်လှုပ်ရှားမှုများ ရှိလာသင့်ပြီဖြစ်သည်။

ဦးအောင်ထူး (လူ့အခွင့်အရေးရှေ့နေ)

ဥပဒေအထောက်အကူပြုကွန်ရက်တည်ထောင်သူ

မတ်လ ၄ ရက် ၂၀၁၅ ခုနှစ်

[1] https://www.youtube.com/watch?v=jIZk978aZc8

[2] A writ petition is, in effect, a request by the petitioner (the party aggrieved by an order in the trial court)

[3] State Prisoners’ Regulation

[4] Trade Union Act

[5] Legal Framework

DVB
http://burmese.dvb.no/archives/89093

ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲမှာ တိုင်းရင်းသား ကိုယ်စားလှယ်အဖြစ် တက်ရောက်တဲ့ ဒေါက်တာအေးမောင်။ 
 မနေ့သောကြာနေ့က ကျင်းပခဲ့တဲ့ ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲမှာ ဖွဲ့စည်းပုံ ပြင်ဆင်ဖို့ အခြေခံ သဘောထားတွေကို အပြန်အလှန် ဆွေးနွေးခဲ့ကြတယ် လို့ ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲ မှာ ပါဝင်တဲ့ တိုင်းရင်းသားပါတီတွေရဲ့ ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ပြောပါတယ်။ သင်္ကြန်ကာလပြီး ကျင်းပမယ့် ဆွေးနွေးပွဲမှာ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် အဓိက ပြင်သင့်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံပါ အချက်တွေကို ဆွေးနွေး ညှိနှိုင်းဖို့ရှိတယ်လို့လည်း ပြောပါတယ်။ အခုဆွေးနွေးပွဲဟာ အောင်မြင်သော ဆွေးနွေးပွဲဖြစ်တယ်လို့လည်း ဆိုပါတယ်။ မအင်ကြင်းနိုင်က ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီးတော့ ဆက်သွယ်မေးမြန်းထားပါတယ်။

မအင်ကြင်းနိုင်။    ။ အဲ့တော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုတဲ့ အပိုင်းကပေါ့နော် ဘယ်လောက် အတိုင်းအတာ အထိ ပြင်ဆင်နိုင်မယ် လို့ ဒေါက်တာအေးမောင် အနေနဲ့ သုံးသပ်ပါလဲရှင့်။

ဒေါက်တာအေးမောင်။    ။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ဆိုတဲ့ ကဏ္ဍကို ချဉ်းကပ်တဲ့အခါမှာ ၂၀၁၅ ရွေးကောက်ပွဲ လွတ်လပ် တရားမျှတပြီးမှ အောင်မြင်ချောမွေ့စွာ ကျင်းပနိုင်ရေး ကို အဓိက မဏ္ဍိုင် ထားပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ဒုတိယ သက်တမ်း ဒီမိုကရေစီ အပြောင်းအလဲဟာ ပထမ အပြောင်းအလဲ ကာလထက် အင်မတန် အရေးကြီးတယ် ဆိုတာကို အမျိုးသားလွှတ်တော် ဥက္ကဋ္ဌကြီးရော ဒေါ်အောင်ဆန်းစုကြည်ရော သဘောတူညီစွာ တင်ပြခဲ့ကြပါတယ်။ အဲ့တာကြောင့် ၂၀၁၅ ရွေးကောက်ပွဲ အောင်မြင် လွတ်လပ်ပြီးမှ တရားမျှတစွာ ကျင်းပနိုင်ဖို့ အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ တချို့ ကို လက်ရှိအခြေအနေ အရ ပြုပြင်ပြောင်းလဲနိုင်မှသာ အဲ့ဒီ့ဘက် လမ်းကြောင်းပေါ်ကို ရောက်နိုင်မယ်ဆိုရင် ကျနော်တို့ ဖွဲ့စည်းပုံပါ အချို့ပုဒ်မ များကို ပြောင်းလဲပေးရမှာဖြစ်တယ်ဆိုတဲ့ သဘော သက်ဝင်လာပါတယ်။ ကြားမှာ လက်ရှိဖြစ်တည်နေတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ တချို့ ပြင်သင့်ပြင်ထိုက်တဲ့ ပုဒ်မများကို ချဉ်းကပ်ပုံက ကျနော်တို့ရဲ့ ခြောက်- ခြမ်းပေါ့နော်။ အခုကာလမှာ ပြင်မှ ရမယ်ဆိုတဲ့ ပုဒ်မများကို မိမိတို့ ဘက်ခြမ်း အလိုက် တင်ပြပြီးမှ အပေးအယူလေးနဲ့ ဘာကြောင့်ပြင်သင့်တယ် တင်ပြဆွေးနွေးပုံကာလဟာ လာမယ့် ဆွေးနွေးပွဲ ဖြစ်ပါတယ်။ အဲ့လောက်အထိ ကျနော်တို့ သဘောတူညီရနိုင်ခဲ့ပါတယ်။"

မအင်ကြင်းနိုင်။    ။ ဟုတ်ကဲ့ ဒီဖွဲ့စည်းပုံ ပြင်ဆင်ရေး အပိုင်းကို ကာကွယ်ရေး ဦးစီးချုပ် သဘောထားကို ဒေါက်တာအေးမောင်အနေနဲ့ ဘယ်လိုမြင်ပါလဲရှင့်။

ဒေါက်တာအေးမောင်။    ။ သူ့ဘက်က ကနဦး ချဉ်းကပ်မှုက ပြင်ဆင်ဖို့ လိုအပ်ချိန်မှာ ပြင်ကိုပြင်ရမယ် ဆိုတာ သူသဘောပေါက်တယ်။ မပြင်သင့်သေးတဲ့ ကာလဆိုရင် မပြင်သင့်သေးပဲနဲ့ ဆက်သွားသင့်တယ်ဆိုတဲ့ ဘက်က သူ ချဉ်းကပ် ဆွေးနွေးပါတယ်။ ပြီးမှပဲ တိုင်းရင်းသားများနဲ့ ဒီနေ့အထိ ဖြစ်တည်လာခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခကို ဖြေရှင်းဖို့အတွက် တိုင်းရင်းသားများ တောင်းဆိုတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အုပ်ချုပ်ခွင့်ဆိုတဲ့ ကဏ္ဍဘက်ကို ကျနော်တို့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပါတဲ့အတိုင်းပဲ ကျနော်တို့ ပြင်ဆင်ပေးသင့်တယ်ဆိုတာမျိုးနဲ့ ပြီးခဲ့တဲ့ ကာလမှာကလည်း တပ်မတော်သားတွေဘက်က အရေးတကြီးအဆိုနဲ့ တင်ပြလာတာရှိပါတယ်။

တနည်းအားဖြင့်  referendum ကိုရှောင်လွဲပြီးမှ အချိန်ကာလရဲ့ တိုတောင်းမှုအရ လုပ်သင့်တာကို လုပ်ပေးခြင်းအားဖြင့် တိုင်းရင်းသားများရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အုပ်ချုပ်ခွင့် သံယဇာတ ခွဲဝေခွင့်ကို ပေးလိုက်မယ်ဆိုရင် ကျနော်တို့ ပြင်သင့်တဲ့ အချိန်ကာလလေးမှာ ပြင်သင့်တာကို ပြင်ပေးလိုက်တယ် ဆိုတဲ့ သဘောမျိုး  ဆွေးနွေးပါတယ်။"

မအင်ကြင်းနိုင်။    ။ အခုလို ခြောက်ပွင့်ဆိုင် ဆွေးနွေးတဲ့ ပွဲဟာပေါ့လေ။ မြန်မာ့နိုင်ငံရေး ရှေ့ဆက်တိုးဖို့အတွက်ရော ဘယ်လောက် အတိုင်းအတာအထိ အထောက်အကူပြုနိုင်မလဲရှင့်။

ဒေါက်တာအေးမောင်။    ။ အများကြီး အထောက် အကူပြုနိုင်ပါတယ်။ ခြုံပြောရ ရင်တော့ အောင်မြင်တဲ့ တွေ့ဆုံဆွေးနွေးပွဲလို့ အားလုံးက ပြောပါတယ်။ နွေးထွေး ပါတယ်။ ရင်းနှီးပွင့်လင်းစွာဖြင့် အပြန်အလှန် ပြောကြပါတယ်။ ဦးတည်ချက် တခုကို ခြုံငုံနိုင်လောက်အောင် ဆွေးနွေးနိုင်ခဲ့ကြတယ်လို့ သုံးသပ်ပါတယ်။ လက်ရှိ ဖွဲ့စည်းထားတဲ့ ခြောက်ဦးပါ အခြေအနေနဲ့ပတ်သက်လို့လည်း အတိုချုပ် လုပ်ဖို့ ကြိုးစားကြပါသေးတယ်။ အထူးသဖြင့် တိုင်းရင်းသားကဏ္ဍနဲ့ပတ်သက်လို့ ညှိနှိုင်းတင်ပြကြတဲ့အခါမှာ ပြည်ထောင်စုလွှတ်တော်နာယကကြီး ဘက်ကတော့ဖြင့် လက်ရှိခြောက်ဦးပါ အခြေအနေဟာ အင်မတန် ကျစ်လစ်ပြီးမှ ထိရောက်တဲ့ ဆွေးနွေးဖက် ဖြစ်ကြောင်းနဲ့ ဒီ့ထက်မက တိုးချဲ့လာရင်လည်းပဲ ဒီကဏ္ဍ ဒီ Frame အတွင်းမှာပဲ ဆွေးနွေးမှာဖြစ်တဲ့အကြောင်း သမ္မတကြီး တို့ဘက်ကတော့ အထူးသဖြင့် တိုင်းရင်းသားကဏ္ဍမှာ ထပ်မံတိုးချဲု့စေချင်တဲ့ သဘော ပြဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်တို့ဘက် ကလည်း ဒီခြောက်ဦးပဲ ထိရောက်စွာ ဆွေးနွေးနိုင်မယ့်သဘောမျိုး တင်ပြပါတယ်။

ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲ
သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နဲ့ လွှတ်တော်တွင်း တိုင်းရင်းသားပါတီတွေကို ကိုယ်စားပြုတဲ့ ဒေါက်တာအေးမောင် တို့ ၆ဦး ဟာ ဧပြီလ (၁၀)ရက်နေ့က နှစ်နာရီကျော်လောက် အပြန်အလှန်ဆွေးနွေးခဲ့ကြတာပါ။  ဒီဆွေးနွေးပွဲနဲ့ပတ်သက်လို့ ဒေါက်တာအေးမောင်ကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။

အင်ကြင်းနိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

မြန်မာ့နိင်ငံက တရားဥပဒေ ဘယ်သူကြိုဆွဲနေပါသလဲ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ပြောတာလေးကိုနာဆင်ကြည့်ကြပါအုံး

Posted by Aye Kyaw on Friday, April 10, 2015

 အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry ကို တွေ့ရစဉ်။ Photo: U.S. Embassy Rangoon

အမေရိကန်သံရုံးရဲ့၂၀၁၅ သင်္ကြန်ဗွီဒီယို
သင်တို့အားလုံးအတွက် ငြိမ်းချမ်းခြင်း၊ ကျန်းမာခြင်း၊ ချစ်ခြင်းမေတ္တာတရားတို့နဲ့ ပြည့်စုံပြီး ဘေးဘယာဝေးကွာပျော်ရွှင်စရာ နှစ်သစ်သင်္ကြန် ဖြစ်ပါစေကြောင်း အမေရိကန်ပြည်သူအားလုံး ကိုယ်စား ကျွန်တော်တို့ က ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။
On behalf of the American people, we wish everyone a safe and happy Thingyan new year filled with peace, good health and loving-kindness (metta) for all.


 မြန်မာနိုင်ငံကို မကြာခင် ရောက်ရှိလာတော့မယ့် မဟာသင်္ကြန်နဲ့ နှစ်သစ်ကူးသမယမှာ မြန်မာပြည် သူပြည်သားအားလုံး သာယာရွှင်လန်းကြပါစေလို့  သမ္မတအိုဘားမားနဲ့ အမေရိကန်ပြည်သူတရပ်လုံး ကိုယ်စား အမေရိကန်နိုင်ငံခြားဝန်ကြီး John Kerry က ဆုမွန်ကောင်းပို့သလိုက်ပါတယ်။

နိုင်ငံခြားရေးဌာနရဲ့ မနေ့က ထုတ်ပြန်တဲ့ သဝဏ်လွှာ မှာ  သင်္ကြန်ကာလဟာ မိသားစုတွေ မိတ်ဆွေတွေ သာမက အရင်က မသိတဲ့သူစိမ်းတရံတွေအပါအဝင် လူစိမ်းလူကျက်မရွေး မြန်မာပြည်သူတရပ်လုံး အတိတ်ဟောင်းက အညစ်အကြေးတွေကို အတာရေနဲ့ ဆေးကြောပြီး မင်္ဂလာ နှစ်သစ်ကို ကြိုဆိုကြတဲ့ အခါသမယဖြစ်ကြောင်းနဲ့ အခုလို ကျက်သရေမင်္ဂလာအပေါင်း ခညောင်းတဲ့ကာလမှာ ဘာသာလူမျိုးမခွဲခြားပဲ မြန်မာပြည်တွင်း မှီတင်းနေ ထိုင်ကြသူအားလုံး ချစ်ကြည်ရင်းနှီးစွာ၊ သာယာဝပြောစွာနဲ့ ငြိမ်းချမ်းလုံခြုံစွာ နေထိုင်နိုင်ကြပါစေလို့ ဆန္ဒပြုထား ပါတယ်။

ဒါ့အပြင် အခုလို ချစ်ခင်သူတွေ တွေ့ဆုံရင်းနှီး အတူတကွနေထိုင်ကြတဲ့ နှစ်သစ်ကူး ထူးမြတ်တဲ့ကာလ မှာ မြန်မာပြည်ဒီမိုကရေစီထွန်းကားရေးနဲ့ အမျိုးသားပြန်လည် ပေါင်းစည်းရေးအတွက် အမေရိကန်ပြည်ထောင်စု အနေနဲ့  မြန်မာပြည်သူတွေနဲ့ အတူတကွရှိကြောင်းကိုလည်း သိစေအပ်ပါတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ က စကားလက်ဆောင် ပါးလိုက်ပါတယ်။

RFA Burmese
http://www.rfa.org/burmese


ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ ဒီနှစ် ဇန်နဝါရီလ ဆန်းပိုင်းက စက်ယန္တရားတွေနဲ့ သစ်ခိုးထုတ်ခဲ့တဲ့ တရုတ်နိုင်ငံသား ၁၅ဝ ကျော်ကို မြစ်ကြီးနားခရိုင် တရားရုံးမှာ ဒီနေ့ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

အဲ့ဒီ တရုတ်နိုင်ငံသားတွေကို အမှု ၃ ခုနဲ့ စွဲဆိုထား တာဖြစ်ပြီး ခရိုင်တရားရုံးမှာ အများနဲ့သက်ဆိုင်သော ပစ္စည်းများ ကာကွယ်စောင့်ရှောက်ရေး ဥပဒေ ပုဒ်မ အ.ပ.က ၃ အတွက် ဒီနေ့ စစ်ဆေးတာဖြစ်တယ်လို့ ကချင်ပြည်နယ် ရဲမှူးကြီး စန်းယုက RFA ကို ပြောပါ တယ်။

"သူတို့မှာပစ်ဒဏ်က အကြမ်းမျဉ်း ၃ မျိုးလို့ပြောလို့ ရမယ်၊ တစ်ခုကတော့ လ.ဝ.က ပေါ၊့ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပတ်သက်တယ်၊ တစ်ခုကတော့ သစ်နဲ့ပတ်သက်တယ်၊ တစ်ခုကတော့ မူးယစ်ဆေး ဝါးနဲ့ပါမိတာကြောင့်မို့ မူးယစ်ဆေးဝါးနဲ့ လက်ဝယ်တွေ့ရှိသောသူများကတော့ မူယစ်ဆေးဝါးနဲ့ပတ်သက်မှာပေါ့၊ သစ်နဲ့ပတ်သက်တဲ့ဥစ္စာကတော့ ကျနော်တို့ ပထမ ၆ ကြိမ်ပေါ့၊ ပြည်ထဲရေးကနေပြီးတော့မှ ဒါဟာဥပဒေရဲ့အကြံပြုချက်အရ တင်ပြတဲ့အခါမှာ ဒါအဲ့ဒါဆိုရင် အ.ပ.က ၃ နဲ့ချမယ်၊ ပြည်ထဲရေးကနေပြီးတော့မှ အ.ပ.က ၃ နဲ့ ချပေး တဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့က အ.ပ.က ၃ နဲ့သွားမယ်၊ ကျနော်တို့ ပြည်ထဲရေးကနေပြီးတော့မှ တရားစွဲတင်နိုင်အောင်၊ အမှုကို ခိုင်မာစွာတည်ဆောင်နိုင်အောင် ဒါပဲ ကျနော်တို့ လမ်းညွှန်မှု ညွှန်ကြား မှုရှိနိုင်မှာပါ"

အဲ့ဒီတရုတ်နိုင်ငံသားတွေကို လူဝင်မှုကြီးကြပ်ရေးဥပဒေ ပုဒ်မ ၁၃ (၁) နဲ့ မနေ့က ရုံးထုတ်စစ်ဆေးခဲ့တယ် လို့လည်း သိရပါတယ်။

ဒီနှစ်ဆန်းပိုင်းက ဝိုင်းမော်မြို့နယ် ဝါးရှောင်၊ မန်ဝိန်း၊ ဆဒုံး စတဲ့ ဒေသက တောတောင်တွေမှာ တရားမဝင်သစ်ခိုး ထုတ်နေတဲ့ တရုတ်နိုင်ငံသား အယောက် ၁၅ဝ ကျော်ကို အစိုးရ တပ်မတော် စစ်ကြောင်းက မူးယစ်ဆေးဝါးအပါ အဝင် ယာဉ်စက်ယန္တရားတွေနဲ့ ဖမ်းဆီးမိခဲ့တာဖြစ်ပါတယ်။

အဲ့ဒီ တရုတ်နိုင်ငံသား သစ်ခိုးထုတ်သမားတွေကို မြစ်ကြီးနားအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်း ထားပါတယ်။

RFA Burmese
http://www.rfa.org/burmese

ရွှေစကြ်ာ Express နှင့် မန်းရာဇာ Express ယာဉ်မတော် တဆမှု ဖြစ်ပွားစဉ်။ ဓါတ်ပုံ - Yangon-Mandalay Expressway
ပြီးခဲ့တဲ့ ဧပြီလ ၅ ရက်နေ့က နေပြည်တော် အမြန်လမ်းမှာ ဖြစ်ပွားခဲ့တဲ့ ယာဉ်တိုက်မှုသတင်းကို ဒီမိုကရေစီတူဒေး သတင်းစာမှာ ယာဉ်လိုင်းနာမည် မှားယွင်းဖော်ပြခဲ့တဲ့အတွက် နစ်နာကြေးအဖြစ် ကျပ်သိန်းပေါင်း ခြောက်ထောင် လျော်ကြေးပေးဖို့ မှားယွင်းဖေါ်ပြခံရတဲ့ ရွှေစင်စင်္ကြာယာဉ်လိုင်းက တောင်းဆို လိုက်ပါတယ်။

ဧပြီ ၇ ရက်နေ့ထုတ် ဒီမိုကရေစီတူဒေးသတင်းစာမှာ မှားယွင်းဖော်ပြခဲ့တဲ့အတွက် ယာဉ်လိုင်းမှာ နစ်နာမှုတွေရှိခဲ့ တာကြောင့် နစ်နာကြေးတောင်းတာဖြစ်တယ်လို့ ရွှေစင်စင်္ကြာယာဉ်လိုင်းရဲ့ အကျိုးဆောင်ရှေ့နေ ဦးနေလက ပြော ပါတယ်။

"ဒီမိုကရေစီတူဒေးကဗျ သူ့သတင်းစာမှာပါတာက ရွှေစင်စင်္ကြာရဲ့ ယာဉ်တိုက်မှုသတင်းဆိုပြီးတော့ ၇ ရက်နေ့က ဖေါ်ပြပါတယ်၊ အဲ့ဒီတော့ ကျနော်တို့က ၁ ရက်နေ့မှာ MNTV နဲ့ ပတ်သက်ပြီး သတင်းစာကြေညာချက်ပါတာပဲ၊ ဒါဆိုလို့ရှိရင် ဘယ်လိုမဆို မီဒီယာလောကမှာနေတဲ့လူတွေအားလုံးဟာ ဒီလောက်ကတော့ သူတို့ရဲ့အမှားကိုသိလောက်ပြီလို့ထင်ပါတယ်၊ ဒါကြောင့်မို့လို့ ကျနော်တို့က ၉ ရက်နေ့ထုတ်တဲ့ ဒီမိုကရေစီတူဒေးသတင်းစာကို စောင့်ကြည့်ပါတယ် အမှားပြင်ဆင်ချက်မပါပါဘူး၊ ဒါကြောင့်မို့လို့ ကျနော်တို့ဘက်ကနေပြီးတော့ ၉ ရက်နေ့မှာတိုက်ရိုက် ဒီမိုကရေစီတူဒေး သတင်းစာ တိုက်ကို နစ်နာကြေးတောင်းခံတဲ့ စာပို့ပါတယ်၊ နစ်နာကြေးတောင်းခံတဲ့ ငွေကြေးပမာဏက သိန်း ၆ဝဝဝ ဖြစ်ပါတယ်"

အလားတူ ယာဉ်လိုင်းနာမည်မှားယွင်းဖော်ပြခဲ့တဲ့ Skynet မီဒီယာလက်အောက်မှာရှိတဲ့ MNTV ရုပ်သံဌာနကိုလည်း တစ်ပတ်အတွင်း နစ်နာကြေးအဖြစ် ကျပ်သိန်းပေါင်း တစ်သောင်း ပေးအပ်ဖို့ တောင်းဆိုထားပါတယ်။

MNTV ရုပ်သံဌာနက တောင်းပန်ကြောင်း ဒီနေ့ထုတ် ကြေးမုံသတင်းစာမှာ ထည့်သွင်းခဲ့ပေမယ့် ရွှေစင်စင်္ကြာ ယာဉ်လိုင်းအနေနဲ့ နစ်နာကြေးကို ဆက်လက်တောင်းခံသွားမှာဖြစ်တယ်လို့ ရှေ့နေ ဦးနေလက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၅ ရက်နေ့က နေပြည်တော် အမြန်လမ်းမှာ ရွှေစင်္ကြာနဲ့ မန်းရာဇာ အဝေးပြေးကား နှစ်စီး ယာဉ်တိုက်မှုဖြစ်ပွားခဲ့တာကို MNTV ရုပ်သံဌာနနဲ့ ဒီမိုကရေစီတူဒေး သတင်းစာတို့မှာ ရွှေစင်စင်္ကြာယာဉ်လိုင်း နာမည်နဲ့ မှားယွင်းဖော်ပြခဲ့တာဖြစ်ပါတယ်။

ရွှေစင်္ကြာနဲ့ မန်းရာဇာတို့ ယာဉ်တိုက်မှုမှာ ထိခိုက်ဒဏ်ရာရရှိခဲ့သူ ၁၅ ဦးအတွက် အာမခံလျော်ကြေး စုစုပေါင်း ကျပ် ၆၃ သိန်း ၃သောင်းကို ကမ္ဘောဇဘဏ်ရဲ့ အာမခံဌာနက ဒီနေ့ ပေးအပ်ခဲ့ပါတယ်။

အဲ့ဒီယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ စုစုပေါင်း ၁၆ ဦးရှိရာ ၁ ဦးက မန္တလေးဆေးရုံမှာ ဆေးဝါးကုသနေ တဲ့အတွက် ဒီနေ့ ၁၅ ဦးအတွက် အာမခံကြေးပေးတာဖြစ်တယ်လို့ အပြည်ပြည်ဆိုင်ရာ ကမ္ဘောဇအာမခံလုပ်ငန်း အထွေထွေ မန်နေဂျာ ဦးအောင်စိုးဦးက ပြောပါတယ်။

"လောလောဆယ် ၁၅ ယောက်စာအတွက်ပေါ့နော် ၆၃ သိန်း ၃ သောင်းပါ၊ တစ်ယောက်ကတော့ သူတို့မန္တလေးဆေးရုံးမှာ ဆေးဆက်ကုနေတယ်ဆိုတော့ ကျနော်တို့ သေချာမသိရသေးလို့ပါခင်ဗျ၊ အားလုံး ၁၅ ယောက်စာပေါ့နော် အခုဟာ အဲ့ဒီမှာ အသေအပျောက်မရှိဘူးလေ၊ ဒဏ်ရာအနည်းငယ် ရတဲ့လူတွေပဲရှိတဲ့အတွက်ကို အဲ့ဒီအတွက်ကိုသူတို့က အချိုးနဲ့ပြန်ပြီးတော့ပေးတာပေါ့"

အဝေးပြေးယာဉ်လိုင်း ကားဂိတ်တွေမှာ လက်မှတ်ဝယ်ယူရာ အာမခံကြေးယူထားတာဖြစ်ပြီး အဲ့ဒီငွေကို ခရီးသွားအာမခံကြေးအဖြစ် အပြည်ပြည်ဆိုင်ရာ ကမ္ဘောဇအာမခံလုပ်ငန်းမှာ အပ်နှံထားတာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

ထိပ်သီးခြောက်ဦးဆွေးနွေးပွဲမစခင် တွေ့ရသည့် (၀ဲမှယာ) ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဦးခင်အောင်မြင့်၊ ဒေါက်တာ အေးမောင်နှင့် ဒေါ်အောင်ဆန်းစုကြည်။ မေ ၁၀၊ ၂၀၁၅။
 မြန်မာနိုင်ငံရဲ့ အရေးကြီးတဲ့ ကိစ္စရပ်တွေကို ဆွေးနွေးဖို့ အတိုက်အခံ အပါအ၀င် အဓိကကျတဲ့ ခေါင်းဆောင်တွေနဲ့ အဆင့်မြင့် ဆွေးနွေးပွဲ တရပ်ကို သမ္မတဦးသိန်းစိန်က ခေါ်ယူ ကျင်းပတဲ့ အပေါ် ကြိုဆိုတယ်လို့ အမေရိကန် ပြည်ထောင်စုက ပြောလိုက်ပါ တယ်။

“ပြုပြင်ပြောင်းလဲရေးဆီဦးတည်တဲ့ နိုင်ငံရေးအရ ဆွေးနွေးပွဲတွေဟာ မြန်မာနိုင်ငံရဲ့ ရေရှည်ခိုင်မာတဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အထူးအရေးပါပါတယ်။ ယုံကြည်မှုတည်ဆောက်ရေး၊ အမျိုးသားပြန်လည် သင့်မြတ် ရေးကို ရှေ့တိုးလုပ်ဆောင်နိုင်ရေးတို့အတွက် အတူတကွလုပ်ဆောင်ကြဖို့ မြန်မာ့နိုင်ငံရေးသမားတွေကို ကျနော်တို့ ဆက်ပြီး တိုက်တွန်းပါတယ်။ ဒါ့အပြင် ယုံကြည်လက်ခံနိုင်တဲ့၊ အားလုံးပါဝင်တဲ့၊ ပွင့်လင်းမြင်သာမှုရှိတဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွေ ကနေတဆင့် မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ပံ့ပိုးပေးကြဖို့ တိုက်တွန်းပါတယ်။” လို့ အမေရိကန်နိုင်ငံခြားရေး ဌာန၊ သတင်းပြန်ကြားရေး တာဝန်ရှိသူတဦးက ဗွီအိုအေကိုပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

 
လွှတ်တော် အမတ်များ
ဇန်နဝါရီလ က စတင်ခဲ့တဲ့ လွှတ်တော် ပုံမှန်အစည်း အဝေးတွေကို ဧပြီလ ၁၀ ရက်နေ့က စတင်ပြီး တစ်လ ရပ်နားလိုက် ပါတယ်။

၎ လကျော်ကြာ လွှတ်တော် အစည်း အဝေးတွေ အတွင်းမှာ ဥပဒေတွေ အတော်များများကို ပြဌာန်းနိုင်ခဲ့ပြီး အစိုးရရနဲ့ လွှတ်တော်ကြား အပြန် အလှန် ထိန်းညှိတာတွေ လုပ်နိုင် ခဲ့တယ်လို့ အန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ပြောပါတယ်။

အစိုးရက ဘယ်ကိစ္စရပ်တွေ ဆောင်ရွက်သင့်တယ် ဆိုတာကို လွှတ်တော်မှာ အရေးကြီးအဆို အရေးပေါ် အဆိုတွေ တင်ပြနိုင်ခဲ့တာ ရှိတယ်လို့ သူက ပြောပါတယ်။

အားရစရာ မရှိတာတွေထဲမှာ အခုလွှတ်တော်ကာလမှာ အပြီးသတ် တင်မယ်လို့ ရည်မှန်းခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ဥပဒေမူကြမ်းကို မတင်နိုင်ခဲ့တာလည်း ပါတယ်လို့ ဦးအောင်ကြည်ညွန့်က ပြောပါတယ်။

ဒါ့အပြင် ဥပဒေတွေထဲမှာ အရေး တကြီး ဆွေးနွေးဖို့ ဖြစ်လာတာက အမျိုးသား ပညာရေး ဥပဒေ ဖြစ်တယ်လို့ ဦးအောင်ကြည်ညွန့်က ပြောပါတယ်။ ဒီဥပဒေကို အမျိုးသား လွှတ်တော်မှာ ဆွေးနွေး ပြီးသွားပြီ ဖြစ်လို့ ပြည်သူ့လွှတ်တော်ကို ပေးပို့ခဲ့ရာမှာ ပြင်ဆင်ချက်တွေနဲ့ ပြန်လည် ပေးပို့ထားပြီး ဖြစ်ပေမဲ့ အခု လွှတ်တော် အစည်း အဝေးမှာ ပြီးပြတ်အောင် မဆွေးနွေးနိုင် ခဲ့ဘူးလို့လည်း သူက ပြောပါတယ်။

မျိုးစောင့် ဥပဒေလေးခုမှာလည်း တစ်ခုကိုသာ ပြီးပြတ်အောင် ဆွေးနွေးနိုင်ခဲ့တယ်လို့ ဦးအောင်ကြည်ညွန့်က ပြောပါတယ်။

တပ်မတော်သား ကိုယ်စားလှယ်တွေက အရင်ကထက်စာရင် ပိုပြီး ပါဝင် ဆွေးနွေးလာတာတွေ ရှိပေမဲ့ နဂိုကတည်းက တင်ထားပြီးသား ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး နဲ့ ဆိုင်တဲ့ တချို့ အချက်တွေကို သူတို့ တင်ပြ ဆွေးနွေးလာတာဟာ တကယ်တန်း ဖွဲ့စည်းပုံ ပြင်ရမယ့် အချိန်ရောက်တဲ့ အခါ လွှတ်တော်တွင်းမှာ ရှိနေတဲ့ တပ်မတော်သား ၂၅ ရာခိုင်နှုန်းကို သုံးပြီး ပြင်လို့ မရအောင် လုပ်ဆောင်မလားဆိုတဲ့ စိုးရိမ်မှုတွေ တော့ ရှိနေတယ်လို့ လည်း သူက ပြောပါတယ်။

နိင်ငံတော်မှတာဝန်ရှိလူကြီးမင်းများ ရိုးသားပေးပါလို ဗိုလ်ကြီးဟောင်းနေမျိုးဇင်ပြောလိုက်ပါပြီ


နိင်ငံတော်မှတာဝန်ရှိလူကြီးမင်းများ ရိုးသားပေးပါလို ဗိုလ်ကြီးဟောင်းနေမျိုးဇင်ပြောလိုက်ပါပြီ
Posted by Aye Kyaw on Friday, April 10, 2015


လက်ပံတန်းမြို့က ကျောင်းသားသပိတ်စစ်ကြောင်းကို အကြမ်းဖက်ဖြိုခွဲခဲ့တဲ့ တစ်လပြည့် အထိမ်းအမှတ်အဖြစ် ပဲခူးမြို့နဲ့ မန္တလေးမြို့တွေမှာ ကျောင်းသားတွေနဲ့ ဒေသခံတွေ ဆန္ဒပြခဲ့ကြပါတယ်။

RFA သတင်းထောက် ကိုကျော်ဇောဝင်းက တင်ပြထားပါတယ်။


နိုင်ငံရေးဆိုတာ အနာဂတ်မှာ တစ်စုံတစ်ရာကို တိတိကျကျလုပ်ပါမယ်လို့ ယတိပြတ်ပြောလို့မရတာကြောင့် NLD ပါတီအနေနဲ့ ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲကို သပိတ်မမှောက်ပါဘူးဆိုတာလည်း အပြတ်ပြောလို့မရဘူးလို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဧပြီ ၉ရက်နေ့မှာ သတင်းမီဒီယာတွေကို ပြောဆိုခဲ့ပါတယ်။

နိုင်ငံရေးလုပ်တယ်ဆိုတာ စိတ်ခံစားမှုထက် ဖြစ်ပေါ်လာတဲ့အခြေအနေပေါ် မူတည်ပြီး လုပ်သင့်လုပ်ထိုက်တာကို လုပ်ရတာမို့ ယတိပြတ် တိကျတဲ့အဖြေကို သူ့အနေနဲ့ မပြောချင်ဘဲ မသေချာတာကို မသေချာတဲ့အတိုင်းပဲ ပြောချင်တယ်လို့ နိုဗယ်ငြိမ်းချမ်းရေးဆုရှင်က ဆိုပါတယ်။ NLD ပါတီ ရွေးကောက်ပွဲသပိတ်မှောက်နိုင်တဲ့ ဘယ်လိုအခြေအနေမျိုးဆိုတာ ဘယ်တော့မှ ကြိုတင်ပြောသင့်တဲ့ကိစ္စမျိုး မဟုတ်ပါဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

(ဒေါ်အောင်ဆန်းစုကြည် - ဥက္ကဌ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)

၆ပွင့်ဆိုင်ဆွေးနွေးပွဲ ပထမဆုံးမကျင်းပခင်တစ်ရက်အလိုမှာ အထူးသတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဒီမိုကရေစီခေါင်းဆောင်က ပြုလုပ်ခဲ့ပြီး ၆ပွင့်ဆိုင်ဆွေးနွေးပွဲ၊ NCA လို့ခေါ်တဲ့ တစ်နိုင်ငံလုံးဆိုင်ရာအပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ်မူကြမ်း၊ ဖွဲ့စည်းပုံပြင်ဆင်ရေး စတဲ့အချက်တွေကို အဓိကဖြေဆိုသွားခဲ့ပါတယ်။

ငြိမ်းချမ်းရေးဖြစ်စဉ်တွေကြောင်းပဲဖြစ်ဖြစ် အခြားကိစ္စတွေကို အကြောင်းပြလို့ပဲဖြစ်ဖြစ် ရွေးကောက်ပွဲကို သတ်မှတ်ချိန်မှာ မကျင်းပနိုင်အောင် ထိပါးတာမျိုး မဖြစ်သင့်ဘူးဆိုတာ NLD အနေနဲ့ အခုမှမဟုတ်ဘဲ ပြီးခဲ့တဲ့နှစ် အောက်တိုဘာတုန်းက သမ္မတဦးသိန်းစိန်ရဲ့မိန့်ခွန်းထဲမှာ လိုအပ်လို့ရှိရင် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို အကြောင်းပြုပြီး ရွေးကောက်ပွဲကို နောက်ဆုတ်မယ်ဆိုတဲ့သဘောထားမျိုးရောက်တဲ့ စကားတွေပြောခဲ့တာကြောင့် ငြိမ်းချမ်းရေးအကြောင်းပြပြီး ရွေးကောက်ပွဲရွှေ့ဆိုင်းတာ မဖြစ်သင့်ဘူးလို့ သူ့အနေနဲ့ ထပ်ပြီးပြောပါတယ်လို့ ဆိုပါတယ်။

(ဒေါ်အောင်ဆန်းစုကြည် - ဥက္ကဌ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တွေနဲ့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ဖို့ ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်ကျော်ကတည်းက သဘောတူညီချက် ရရှိထားပြီဖြစ်တယ်လို့ နိုဗယ်ဆုရှင်က ပြောဆိုခဲ့ပါတယ်။ သူဟာ သမ္မတဦးသိန်းစိန်အနေနဲ့ ငြိမ်းချမ်းရေးအကြောင်းပြပြီး ဖွဲ့စည်းပုံပြင်ဆင်ရေး အပါအဝင် ပြုပြင်ပြောင်းလဲမှုတွေ မလုပ်ဘဲ သဘောထားတင်းမာတဲ့ အစိုးရဖြစ်သလို ရိုးသားမှုမရှိသူလို့ ပြင်းပြင်းထန်ထန် ဝေဖန်မှုကို ရိုက်တာသတင်းဌာနကို ပြောဆိုပြီး ၂ရက်အကြာမှာ ၆ပွင့်ဆိုင်တွေ့ဆုံမှုကို ဦးသိန်းစိန်က လက်ခံတယ်လို့ ထုတ်ဖော်ပြခဲ့ပါတယ်။

Kamayut media


လှည်းတန်းမှာ ကျောင်းသားသပိတ်စစ်ကြောင်း ထောက်ခံမှုနဲ့ အကြမ်းဖက်မှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲလုပ်ခဲ့လို့ ကမာရွတ်မြို့နယ်တရားရုံးက ဝရမ်းထုတ်ထားတဲ့ ကျောင်းသား၎ ယောက်ကို လွတ်မြောက်နေဆဲမို့ ဖမ်းဆီးခံထားတဲ့ မပိုပိုနဲ့ ကိုဝင်းကျော့မှူးတို့ ၂ယောက်ကို ဧပြီ ၁ဝရက်မှာ ရုံးထုတ်ခဲ့ပေမယ့် စစ်ဆေးလို့မရဘဲ ဧပြီ ၂၄ကို ရုံးချိန်းပေးလိုက်ပါတယ်။

ဖမ်းဆီးမှုမခံရဘဲ လွတ်မြောက်နေတဲ့ ဒီမိုကရေစီပညာရေးသပိတ်မှောက်ကျောင်းသား ၃ယောက်ဖြစ်တဲ့ ကိုကျော်ကိုကို၊ ကိုလင်းထက်နိုင်၊ ကိုထက်ခိုင်စိုးတို့ အမှုတွဲထဲ မရောက်သေးတာမို့ အမှုကို စစ်ဆေးနိုင်ခြင်းမရှိသေးဘူးလို့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

ကမာရွတ်ရဲစခန်းက ရဲအုပ်မျိုးသန့်နဲ့ အောင်ဇော်ထွန်းတို့ဟာ ရဲလက်စွဲ ၁၃၈ပြဌာန်းချက်အတိုင်း ကျောင်းသူ ပိုပိုကို လက်ထိပ်မခတ်ဘဲ ရုံးထုတ်တာဟာ လူ့အခွင့်အရေးကို လေးစားလိုက်တာပဲလို့ ဆိုပါတယ်။

လက်ပံတန်းရဲစခန်းကတော့ တရားသူကြီးက ကျောင်းသူတွေကို လက်ထိပ်မခတ်ဖို့ ပြောထားပေမယ့် လက်ထိပ်ခတ်ပြီး တရားရုံးထုတ်၊ အချုပ်ကားပေါ်တင်တာမို့ ပြဿနာတက်ခဲ့ရတာပါလို့ ဆိုပါတယ်။ ကျောင်းသူ မပိုပိုနဲ့ သပိတ်စစ်ကြောင်း ထောက်ခံတဲ့ ဝန်းရံပြည်သူ ကိုဝင်းကျော့မှူးတို့ကို ပုဒ်မ ၄ခုနဲ့ ကမာရွတ်ရဲစခန်းက တရားစွဲထားပြီး လက်ပံတန်းရဲစခန်းကို လွှဲပြောင်းထားတဲ့ ကိုနန္ဒစစ်အောင်ကို ဧပြီ ၁ဝရက်နေ့ ရုံးထုတ်မှာတော့ ပါဝင်လာတာ မရှိပါဘူး။

အစိုးရက ထောင်ထဲထည့်တာနဲ့ ကြောက်နေမယ်ထင်နေပေမယ့် ကျောင်းသားတွေ တောင်းဆိုနေတဲ့ အချက် ၁၁ချက်မှာ အစိုးရဖြုတ်ချရေးမပါဘဲ ပညာရေးသက်သက် တောင်းဆိုနေတာမို့ အစိုးရက သူတို့ကိုဖြုတ်ချဖို့လုပ်တယ်ဆိုတဲ့ အတွေးနဲ့ အမှုတွေဆင်နေတယ်လို့ မပိုပိုက ပြောပါတယ်။ သူတို့ကျောင်းသားတွေကတော့ အစိုးရလို လက်တစ်လုံးခြားမလုပ်ဘဲ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ဆိုပါတယ်။

လက်ရှိအစိုးရဟာ အရှက်အကြောက်လုံးဝမရှိတဲ့ အစိုးရဖြစ်ပြီး ကျောင်းသားတွေတိုက်ပွဲဝင်နေတာ ပညာရေးဥပဒေတစ်ခုတည်းပြင်ဖို့မဟုတ်ဘဲ မတရားမှုကိုပါ တိုက်တာမို့ သမိုင်းအဆက်ဆက် တရားမျှတမှုသာ အမှန်တရားဖြစ်ချင်တယ်လို့ ကိုဝင်းကျော့မှူးက ပြောပါတယ်။

Kamayut media

လက်ပံတန်း။ ၉ ရက်၊ ဧပြီ၊ ၂၀၁၅။ ၁၂၀၀ နာရီ။

၁။ အများပြည်သူရှေ့ စစ်ဆေးသောတရားခွင်ဖြစ်သင့်ပါသည်။ တရားစီရင်ရေးအားနည်းချက်များနှင့် ကြုံတွေ့နေရပါသည်။ တရားသူကြီးကိုယ်တိုင် လုပ်ပိုင်ခွင့်မရှိသည့် အခြေအနေများကြောင့် မိဘဆွေမျိုးများနှင့် ပြည်သူများ ကြားနာနိုင်ခြင်းမရှိဘဲ လုံခြုံရေးအင်အားအများအပြားသုံးပြီး ရှေ့နေ၊ တရားခံနှင့် တရားသူကြီးသာ တံခါးပိတ်စစ်ဆေးသော တရားခွင်ဖြစ်နေပါသည်။ မှန်ကန်သော ပွင့်လင်းသော အများရှေ့မှောက်စစ်ဆေးခွင့်ရရှိသည့် တရားခွင်အခြေအနေမျိုးရလိုသည်။

၂။ တရားစွဲရာတွင်လည်း ဥပမာ ပုဒ်မ (၁၈) ဆိုလျှင် သပိတ်စစ်ကြောင်း ဖြတ်ကျော်သွားသည့် မြို့နယ်တိုင်းတွင် စွဲခံရရာ အငြိုးတကြီးဖြင့် အမှုကိုမကြီးကြီးအောင် ရည်ရွယ်ချက်ဖြင့် ချဲ့နေသည်ဟုခံစားရပါသည်။

၃။ ဖမ်းဆီးခံကျောင်းသားများနှင့် ပြည်သူများအတွက် ပြုလုပ်ကြသော အပြစ်မဲ့သည့် ဆုတောင်းပွဲ၊ ကပ်ခွာစာတမ်း (sticker campaign)၊ ဆန္ဒထုတ်ဖော်ပွဲ၊ ထောက်ခံပွဲ တို့ကို လည်း အင်အားသုံးဖမ်းဆီးမှုများ ပြုလုပ်နေသည်ကိုကြည့်ခြင်းဖြင့် ရန်ငြိုးထားခံရသည့်ပုံပေါ်လွင်နေပါသည်။

၎။ မိမိတို့မှာ အစိုးရကိုဆန့်ကျင်နေကြခြင်းမဟုတ်ပါ။ ရိုးရိုးသားသားဖြင့် တိုင်းပြည်တိုးတက်ရန် ပြုလုပ်ရသော ပြုပြင်ပြောင်းလဲရေးတွင် ပညာရေးကစပြီး ပြုပြင်မှသာဖြစ်မည် ဟု ယုံကြည်ကြသည့်အတိုင်း မိမိတို့၏ ဆန္ဒကို တိုင်းပြည်အတွက် ငြိမ်းချမ်းစွာထုတ်ဖော်ခဲ့ကြခြင်းဖြစ်ပါသည်။

၅။ အစိုးရဘက်မှထားရှိခဲ့သော အကြမ်းဖက်နှိမ်နင်းခြင်းမပြုဟူသောကတိကို ယုံကြည်လေးစားခဲ့သဖြင့် သပိတ်ကိုဆက်လက်လုပ်ဆောင်ခဲ့ရာတွင် မိမိတို့ဘက်မှနေ၍ သပိတ်အစမှအဖမ်းခံကြရချိန်အထိ တလျှောက်လုံးတွင် မည်သည့်အခါကမျှ ဆဲဆို၊ ရန်မူ၊ ရိုက်နှက်ခြင်းများ ဘယ်အခါကမှမရှိခဲ့ပါ။

၆။ ယခု အဖြစ်အပျက်မှာ မိမိတို့မှအကြမ်းဖက်ခံရခြင်းဖြစ်သည်။ လှည်းတန်း၊ ကမာရွတ် ဆန္ဒပြမှုများဖြစ်ခဲ့သည်မှာ ပေးထားသောကတိဖျက်ခံရပြီး ပင်မသပိတ် အကြမ်းဖက်ခံရသောကြောင့်ဖြစ်သည်။

၇။ ယခု စွပ်စွဲ ဖမ်းဆီးခံ ကျောင်းသားများနှင့် ဝိုင်းရံပြည်သူများအား စွဲချက်တင်ထားသည့်ပုဒ်မငါးခု ( ပုဒ်မ ၁၄၃၊ ၁၄၅၊ ၁၄၇၊ ၃၃၂၊ ၅၀၅ (ခ) ) ကိုကြည့်လျှင် ၎င်းပြစ်မှုများကို မိမိတို့မကျူးလွန်ခဲ့ကြောင်း၊ ၎င်းပုဒ်မများအားလုံးနှင့် မည်သို့မျှ ပြစ်မှုမမြောက်ကြောင်း ရဲဝံ့စွာပြောလိုပါသည်။

၈။ ပြည်သူလူထုနှင့် နိုင်ငံတကာမှ တောင်းဆိုနေသည့်ကြားမှ မိမိတို့ကို ဆက်လက်ဖမ်းဆီးထားခြင်းမှာ မြန်မာနိုင်ငံ၏ လက်ရှိဆောင်ရွက်နေသည့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို နိုင်ငံတကာမှအထင်မှားစေပြီး၊ ပြည်သူလူထုမှလည်း အစိုးရကိုအကြည်ညိုပျက်စေသကဲ့သို့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး (National Reconciliation) မူကိုလည်း များစွာထိခိုက်စေပါသည်။

၉။ လက်ရှိ မိမိတို့သည် NNER ၏ မူအတိုင်းသာဆက်သွားမည်။

၁၀။ တောင်းဆိုထားသောအချက်များကို လွှတ်တော်မှ မည်သို့ဆက်လက်ရေးဆွဲမည်ကို စောင့်ကြည့်မည်။

၁၁။ ထည့်သွင်းပြောလိုသည်မှာ မိမိတို့သည် ဒေါ်အောင်ဆန်းစုကြည်နှင့် သဘောထားတထပ်တည်းရှိမည်။ ရွေးကောက်ပွဲကိုသပိတ်မှောက်ပါက ၎င်း၏နောက်တွင် မိမိတို့ ရပ်တည်မည်။ ၎င်းအနေဖြင့် ရွေးကောက်ပွဲဝင်ရန်ဆုံးဖြတ်ပါကလည်း NLD ကိုမဲပေးစေရန် မိမိတို့ အနေဖြင့် ပြည်သူလူထုအား တိုက်တွန်းကြိုးစားသွားမည်ဖြစ်သည်။ တိကျစွာပြောလိုသည်မှာ မိမိတို့အားလုံးနှင့်ဒီမိုကရေစီအင်အားစုများသည် သွေးမကွဲဘဲ တစုတစည်းတည်းတည်ရှိသည်။

ဖမ်းဆီးခံကျောင်းသားများကိုယ်စား

မင်းသွေးသစ်၊ ဖြိုးဖြိုးအောင်၊ နန္ဒာစစ်အောင်



ဖမ်းဆီးခံကျောင်းသားများနှင့် ၀န်းရံပြည်သူများ ပြန်လွှတ်ပေးရန် ပဲခူးမြို့တွင် ဧပြီလ (၁၀) ရက်နေ့ နံနက်ပိုင်းက ဗ.က.သ ကျောင်းသားများနှင့် ပြည်သူများမှ ဆန္ဒထုတ်ဖော်မှုမြင်ကွင်း


အများစောင့်မျှော်နေကြတဲ့ ခြောက်ပွင့်ဆိုင် ထိပ်သီးဆွေးနွေးပွဲ မကြာခင်ကပဲ ပြီးဆုံးသွားခဲ့ပါတယ်။ နောက်တကြိမ် ဆွေးနွေးပွဲ အတွက် မူဘောင်ချမှတ်ခဲ့ ကြတယ်လို့ သိရပါတယ်။ ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်နေရာ နေပြည်တော် သမ္မတ အိမ်တော်ဝင်း အတွင်း ခန်းမမှာ ကိုယ်တိုင် သတင်းရယူနေတဲ့ ဗွီအိုအေသတင်းထောက် ကိုစည်သူကို ဆွေးနွေးပွဲနဲ့ ပတ်သက်လို့ ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းထားပါတယ်။

ကိုသားညွန့်ဦး။    ။ ကိုစည်သူရေ ဒီခြောက်ပွင့်ဆိုင် ထိပ်သီးဆွေးနွေးပွဲပေါ့။ ဒီဆွေးနွေးပွဲက အခုပြီးသွားပြီ ဆိုတော့ ကိုစည်သူကလည်း အဲ့ဒီ့သတင်းယူနေတော့ သူတို့ဆွေးနွေးပွဲ ဘာတွေ ဆွေးနွေးဖြစ်လဲ။ နောက် သတင်းစာရှင်းလင်းပွဲ လုပ်တယ်လည်း ကြားပါတယ်။ ဘာတွေများ ထူးခြားတဲ့အချက်တွေ တွေ့ရလဲ။

ကိုစည်သူ။    ။ ဟုတ်ကဲ့ဗျ။ ဒီနေ့ ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲ အပြီးမှာ ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်က သတင်းစာရှင်းလင်းပွဲ လုပ်ပါတယ်။ သူကတော့ ဆွေးနွေးပွဲ အသေးစိတ်ကိုတော့ သူပြောပိုင်ခွင့်မရှိလို့ မပြောသွားပါဘူး။ အဲ့တော့ ချုပ်ပြီးပြောရရင် ဒီဆွေးနွေးပွဲက မပြီးပြတ်သေးဘူး။ လာမယ့် သင်္ကြန်အပြီးမှာ ဆွေးနွေးပွဲတွေကို ဆက်ပြီးတော့ လုပ်သွားဦးမယ်လို့ ဦးရဲထွဋ်က ဒီလိုပြောသွားပါတယ်ဗျ။

ပြန်ကြားရေးဝန်ကြီးဦးရဲထွဋ်

"ဒီဆွေးနွေးပွဲအတွင်းမှာ တက်ရောက်လာတဲ့ ပုဂ္ဂိုလ်များ၊ ပါဝင်ဆွေးနွေးတဲ့ ပုဂ္ဂိုလ်များ အနေနဲ့ အချက်သုံးချက်ကို ကျနော်တို့ ဆွေးနွေးပြီးတော့မှ သဘောတူခဲ့ပါတယ်။ တစ်ကတော့ ဆွေးနွေးပွဲ ရဲ့ framework ပေါ့ ဆွေးနွေးပွဲ အပေါ် အခြေခံပြီး ဆွေးနွေးရမယ့် အကြောင်းအရာတွေ အပေါ်မှာ သဘောတူခဲ့ပါတယ်။ ဒုတိယ အချက်ကတော့ ကျနော်တို့ ဆွေးနွေးပွဲ ကျင်းပမယ့် ပုံစံ Format ကို သဘောတူခဲ့ပါတယ်။ တတိယအချက်ကတော့ နောက်တကြိမ် ထပ်ပြီးတော့ တွေ့ဆုံမယ့် အချိန်သတ်မှတ်ချက်ကို ကျနော်တို့ သဘောတူခဲ့ပါတယ်။

ဆွေးနွေးမယ့်အကြောင်းအရာတွေကတော့  Framework ကိုတော့ အသေးစိတ် ကျနော် ပြောလို့မရပါဘူး။ အဓိကအားဖြင့် အကြောင်းအရာ အရ ပြောရမယ်ဆိုရင်တော့ ကျနော်တို့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ နောက်တခါ ငြိမ်းချမ်းရေး ကိစ္စနဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပခြင်းနဲ့ ရွေးကောက်ပွဲလွန် ကာလ တည်ငြိမ်အေးချမ်းရေး ကိစ္စများနဲ့ပတ်သက်ပြီးတော့မှ ဒါဆွေးနွေးဖို့ ကျနော်တို့ သဘောတူခဲ့ကြပါတယ်။ အသေးစိတ် Framework ကတော့ ကျနော် ပြောလို့မရပါဘူး။

ဒုတိယတချက်က နောက်တကြိမ် ကျနော်တို့ ပြန်လည်တွေ့ဆုံဖို့ကိုတော့ သင်္ကြန်ကာလအတွင်း လွှတ်တော်များ ရပ်နားထားပြီးနောက်ပိုင်း လွှတ်တော်များ ပြန်လည်စတင်ချိန်မှာ အားလုံးအဆင်ပြေတဲ့အချိန်ကို သတ်မှတ်ပြီးတော့မှ တွေ့ဆုံဖို့ ကျနော်တို့ သဘောတူခဲ့ကြပါတယ်။

အဲ့ဒီ့တော့ နှစ်နာရီကျော် တွေ့ဆုံတဲ့ ဆွေးနွေးမှုအတွင်းမှာ ပါဝင်တက်ရောက်တဲ့ ပုဂ္ဂိုလ်များအနေနဲ့ ညီအကို မောင်နှမ စိတ်ဓာတ်နဲ့ လွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ပါတယ်။ ဆွေးနွေးပွဲပြီးတဲ့အခါမှာလည်း ဒီဆွေးနွေးပွဲဟာ  အောင်မြင်တဲ့ ဆွေးနွေးပွဲဖြစ်တယ်လို့ အားလုံးက သဘောတူခဲ့ကြပါတယ်။ ဒီလောက်ပါပဲ။"

ဒါကတော့ ပြန်ကြားရေးဝန်ကြီးဦးရဲထွဋ် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားတာပါ။

ကိုသားညွန့်ဦး။     ။ အဲ့တော့ ကိုစည်သူရေ။ ဒီဆွေးနွေးပွဲကျင်းပပြီး သတင်းစာ ရှင်းလင်းပွဲ လုပ်တဲ့အခါမှာ ကိုစည်သူတို့ သတင်းထောက်တွေအနေနဲ့ ခန်းမအတွင်း ဝင်ပြီး သတင်းယူခွင့်၊ သတင်းဓာတ်ပုံရိုက်ခွင့်၊ ရတယ်ဆိုတော့ ဆွေးနွေးပွဲရဲ့ အခင်းအကျင်း အနေအထား၊ သူတို့ခေါင်းဆောင်တွေချင်း ဆက်ဆံရေး အနေအထား ဘယ်လိုမြင်ရလဲ ခင်ဗျ။

ကိုစည်သူ။     ။ ဟုတ်ကဲ့ပါ။ ဒီနေ့ ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲ က နေ့လည် နှစ်နာရီလောက် မှာ စပါတယ်။ နေ့လည် နှစ်နာရီ မတိုင်ခင်မှာ ခြောက်ပွင့် ခေါင်းဆောင်တွေက ရောက်လာပါတယ်။ တစ်ယောက်ချင်း၊ တစ်ဦးချင်းစီ လာတဲ့ သဘောပါ။ ပြီးတော့ နောက်ဆုံးမှာ သမ္မတ ဦးသိန်းစိန် ရောက်လာတယ်။ သမ္မတဦးသိန်းစိန် ရောက်လာပြီးတာနဲ့ သူတို့က အခန်းတခုထဲ ကနေပြီးတော့ ဆွေးနွေးပွဲ လုပ်မယ့်အခန်းထဲ ဝင်သွားပါတယ်။

ဆွေးနွေးပွဲ လုပ်တဲ့ အခန်းပုံစံကတော့ ထိုင်ခုံတွေက တယောက်နဲ့တယောက် အတော်လေးကို အလှမ်းဝေးတဲ့ အနေအထားမျိုးနဲ့ ဒီစက်ဝိုင်းပုံစံ စီထားတာ ကို တွေ့ရပါတယ်။ သေချာတာကတော့ သူတို့က သိပ်ပြီး နီးနီးကပ်ကပ် ဆွေးနွေး တာမျိုး မဟုတ်ပဲနဲ့ ခပ်လှမ်းလှမ်းကနေ ဆွေးနွေးတဲ့ သဘောမျိုးပါခင်ဗျ။

ဒါပေမဲ့ ဒီဆွေးနွေးပွဲက ဦးရဲထွဋ်ကတော့ သတင်းစာရှင်းလင်းပွဲမှာ  ဆွေးနွေးပွဲမှာ ပါဝင်တဲ့သူတွေဟာ တယောက်နဲ့တယောက် ညီအကို မောင်နှမတွေလိုပဲ ရင်းရင်းနှီးနှီး နွေးနွေးထွေးထွေး ဆက်ဆံရေး ရှိခဲ့တယ်လို့ ဦးရဲထွဋ် ကတော့ ပြောသွား ပါတယ်။ ဒါပေမဲ့ တကယ်တမ်း ဆွေးနွေးတဲ့ အခင်းအကျင်းပုံစံ ကတော့ လူတယောက်နဲ့ တယောက်က အတော်လေးကို အလှမ်းဝေးတဲ့  သဘောမျိုး ကျနော်တို့ တွေ့ခဲ့ရပါတယ်ခင်ဗျ။

ကိုသားညွန့်ဦး။    ။ အခု ဒီဆွေးနွေးပွဲလည်း ပြီးသွားပြီ ဆိုတော့ ခေါင်းဆောင်ခြောက်ဦး ထဲက တချို့ခေါင်းဆောင်တွေများ သတင်းစာ ရှင်းလင်းပွဲ လုပ်တာ။ သတင်းထောက်တွေကို လက်ခံတွေ့ဆုံတာ နောက် ဒီဆွေးနွေးပွဲနဲ့ပတ်သက်လို့ ပြောတာ ဆိုတာရော ရှိလားခင်ဗျ။

ကိုစည်သူ။    ။ သမ္မတပြောရေးဆိုခွင့်ရှိတဲ့ ဦးရဲထွဋ်ကတော့ သူ အကြမ်းဖျင်းပြောလို့ရတဲ့ ခြုံငုံပြီးပြောလို့ရတာတွေကို သတင်းစာရှင်းလင်းပွဲ လာလုပ်တာကလွဲရင် ကျန်တာ မရှိပါဘူးခင်ဗျ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်ကိုတော့ သတင်းထောက်တချို့ သွားပြီးတော့ စောင့်နေကြတယ်လို့သိရတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည် က ရောက်လာပြီးတော့ တစုံတရာ ဘာမှ ပြောသွားတာ မရှိပါဘူးခင်ဗျ။ ဒီတိုင်းရင်းသား ကိုယ်စားလှယ် အနေနဲ့ ဆွေးနွေးပွဲကို လာတက်တဲ့ ဒေါက်တာအေးမောင်ကလည်း ဒီဆွေးနွေးပွဲရဲ့ ရလာဒ်ကို တိုင်းရင်းသားတွေကို ပြန်ပြီးတင်ပြရမှာမို့ ဒီသတင်းမီဒီယာတွေကို သူအခု မပြောနိုင်သေးပါဘူးလို့ သူက ပြောထားပါတယ်ဗျ။ ဆိုတော့ သတင်းစာ ရှင်းလင်းပွဲသဘောမျိးကတော့ ဦးရဲထွဋ် တယောက်တည်းကပဲ ဆွေးနွေးပွဲ အကြောင်းကို ခြုံငုံပြီးပြောတာ ရှိပါတယ်ခင်ဗျ။ ကျန်တာ မရှိပါဘူးဗျ။

ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်နေရာ နေပြည်တော် သမ္မတ အိမ်တော်ဝင်း အတွင်း ခန်းမမှာ ကိုယ်တိုင် သတင်းရယူနေတဲ့ ဗွီအိုအေသတင်းထောက် ကိုစည်သူကို ဆွေးနွေးပွဲနဲ့ ပတ်သက်လို့ ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းထားတာပါ။

ကိုစည်သူ, ကိုသားညွန့်ဦး,  / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com



သင်္ကြန်ကာလအတွင်း နေ့အပူချိန်များ ဆက်လက် မြင့်တက်နေပါ က ယမကာမှီဝဲ၍ ရေကစားသူများ ဦးနှောက်သွေးကြောပေါက်ကာ ဦး နှောက်အာရုံကြော ပြတ်နိုင်ကြောင်း အထွေထွေရောဂါကု ဒေါက်တာ အောင်ဆန်းဝင်းက News Watch သို့ ပြောသည်။

“အခုက နေ့အပူချိန်က အရမ်းမြင့်တက်နေတယ်။ ဆားဓာတ်နဲ့ ရေဓာတ်မမျှတဲ့အတွက်ကြောင့် အားနည်းပြီး မူးမောတဲ့လူနာတွေကို တွေ့ ရတယ်။ ဒီအပူချိန်တိုင်း သင်္ကြန်မှာ ပူရင်တော့ အရက်သောက်ပြီး သင်္ကြန် ရေကစားမယ့်သူတွေ အတွက်တော့ ဦးနှောက် သွေးကြော ပေါက်တာတို့၊ အာရုံကြောပျက်တဲ့ ရောဂါတွေ ဖြစ်ပွားနိုင်တယ်။ ဘာလို့တုန်းဆိုတော့ မူးနေတဲ့ အချိန်နဲ့ နေအပူရှိန်ကလည်း မြင့်တက်နေတဲ့ အချိန်နဲ့ ရေဆိုလိုက် ပြန်ပူသွားလိုက်နဲ့ စောစောကပြောတဲ့အတိုင်း ဖြစ်လာနိုင်ပါတယ်”ဟု ဒေါက်တာကပြောသည်။

မြန်မာနိုင်ငံတ၀န်းတွင် မကွေးတိုင်းဒေသကြီး အောင်လံ၊ တောင် တွင်းကြီး၊ မကွေးစသည့်မြို့နယ်များ မန္တလေးတိုင်းဒေသကြီး ရမည်း သင်းမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ်၊ ကယားပြည်နယ်ရှိ ဘော်လခဲမြို့နယ် စုစုပေါင်း ၆ မြို့နယ်၌ သတ်မှတ်သည့် နေ့အပူ ချိန်ထက် ၂ မှ ၃ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်လျက်ရှိရာ ကယားပြည်နယ်တွင် သာမန်အပူချိန် ၃၃ ဒသမ ၀ ဒီဂရီစင်တီဂရိတ်သတ် မှတ်ထားသော်လည်း ဘော်လခဲမြို့တွင် ၄၂ ဒီဂရီစင်တီဂရိတ်အထိ မြင့်နေကြောင်း မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှူးဦးစီးဌာနမှအရာရှိတဦး ကဆိုသည်။

နေ့အပူချိန်မြင့်တက်နေခြင်းကြောင့် လုပ်သားပြည်သူ့ဝန်ထမ်းများ ရေဓာတ်နှင့် ဆားဓာတ်မမျှတသည့် အတွက် ချွေးထွက်လွန်ခြင်း၊ မူးမောခြင်း၊ အားနည်းခြင်းများ အဖြစ်များ လျက်ရှိပြီး ဆီးချို၊ သွေးချို၊ သွေးတိုး၊ နှလုံးရောဂါ ရှိသူများနှင့်သက်ကြီးရွယ်အိုများ၊ ကလေးသူငယ် များအနေဖြင့် အသက်အန္တရာယ်ရှိကြောင်း ဒေါက်တာအောင်ဆန်းဝင်းက ပြောသည်။ “ရပ်ကွက်ထဲက ဆေးခန်းတွေမှာလည်း ချွေးပြန်၊ ရေဓာတ်၊ ဆားဓာတ်ကုန်ခန်းပြီးတော့ အားပြတ်တဲ့သူတွေ အားဆေးလာသွင်းကြ တယ်။ ပုလင်းကြီးလာချိတ်ကြတယ်။ အပူချိန်အရမ်းမြင့်လာတာကို ကာ ကွယ်ဖို့ဆိုရင်တော့ ဦးထုပ်ဆောင်း၊ အရောင်ရင့်တာမ၀တ်နဲ့အရောင်ရင့် ရင့်အပူဆုတ်တယ်။ နေကာမျက်မှန်ကောင်းကောင်းတပ်ပြီးမှ အပြင်ကို သွားရမယ်။ လုံလုံခြုံခြုံ ၀တ်ဆင်ဖို့လည်းလိုပါတယ်”ဟု ၎င်းကဆိုသည်။

ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းများတွင်လည်း ခရမ်းလွန်ရောင် ခြည်ပါဝင်မှုနှုန်းများလျက်ရှိပြီး လွန်ကဲအဆင့်သို့ရောက်ရှိနေသည့်အတွက် သင်္ကြန်ရေကစားမည့်သူများအနေဖြင့် အရေပြားယားယံခြင်း၊ အရေပြား ကင်ဆာဖြစ်ပွားနိုင်သည့်ပြင် မျက်စိအတွင်းတိမ်ဖြစ်ပွားနိုင်ကြောင်း ဒေါက်တာအောင်ဆန်းဝင်းက သတိပေးပြောဆိုသည်။

နေမင်းခ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


 တောင်တရုတ်ပင်လယ် အနီးနားက နိုင်ငံငယ်တွေအပေါ် လွမ်းမိုး ခြိမ်းခြောက်ဖို့ တရုတ်က ကြီးမားတဲ့ အင်အားသုံး ဖန်တီးနေမှုအပေါ် အမေရိကန်က စိုးရိမ်ကြောင်း သမ္မတ အိုဘားမားက ပြောကြားလိုက်ပါတယ်။

အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်ပြင်မှာ ကျွန်းတခု တရုတ်က ဖန်တီးတည်ဆောက်နေတဲ့အပေါ် အခုလို သမ္မတရဲ့ သဘောထား ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

တရုတ်အစိုးရဟာ တောင်တရုတ်ပင်လယ်ပြင်က သူပိုင်ကိုယ်ပိုင် အငြင်းပွားနေတဲ့ နေရာတခုကို သူတို့ပိုင်တယ်လို့ ပြောပြီး လူလုပ်ကျွန်းတခု ဖန်တီးဆောက်လုပ်ခဲ့တာဟာ ဒေသတွင်း တည်ငြိမ်မှုကို ထိခိုက်အောင်လုပ်တာ ဖြစ်တယ်လို့ အမေရိကန် အစိုးရက ပြောပါတယ်။

စပရက်လေ ကျွန်းစုနားက Mischief ကျောက်တန်းပေါ်မှာ လေယာဉ်ပြေးလမ်းတွေ၊ သင်္ဘောဆိပ်တွေ ဆောက်လုပ်နေတာမျိုးတွေ အပါအ၀င် တည်ဆောက်မှုတွေ တရုတ်အစိုးရက တိုးလုပ်လာနေတာကို satellite ဂြိုဟ်တုပေါ်က ရိုက်ကူးထားတဲ့ ပုံတွေ ထွက်ပေါ်လာအပြီးမှာ ခုလိုပြောကြာလိုက်တာပါ။

တရုတ်အစိုးရကတော့ အဲဒီဆောက်လုပ်မှုတွေဟာ နိုင်ငံအချုပ်အခြာ အာဏာပိုင်မှုကို ကာကွယ်ဖို့ လိုအပ်တဲ့အတွက် လုပ်တာပါလို့ ပြောပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese


 မြင်းခြံထောင်မှာ ဖမ်းဆီး ချုပ်နှောင်ထားတဲ့ သပိတ်မှောက် ကျောင်းသားနဲ့ ၀န်းရံသူ စုစုပေါင်း ၆ ဦးကို ဒီနေ့ မွန်းလွဲပိုင်းက မြင်းခြံမြို့နယ်တရားရုံးမှာ ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ပါတယ်။

မြင်းခြံထောင်မှာ ဖမ်းဆီးချုပ်နှောင်ထားတဲ့ သပိတ်မှောက်ကျောင်းသား ၂ ယောက်နဲ့ ၀န်းရံသူပြည်သူ ၄ ယောက်ကို ရုံးထုတ်ခဲ့တာ ဖြစ်ပြီး သူတို့ကို စတင်စစ်ဆေးခြင်းမရှိသေးဘဲ ရုံးချိန်း ထပ်ပေးလိုက်တယ်လို့ အကျိုးဆောင်ရှေ့နေ ဦးမြင့်သွင်က ပြောပါတယ်။

“ကျနော်တို့တော့ မသိရဘူး။ သူတို့ ၆ ယောက်နဲ့ တရားခံပြေးတွေ ရှိသေးတယ်လို့ ပြောတယ်။ တရားခံပြေးတွေကို ဆင့်စာရယ် ရဲနဲ့ ရပ်ကွက်လူကြီးတွေကို ဥပဒေအရ စစ်ရအုန်းမှာလေ၊ သူတို့ကို စစ်ပြီးမှ ဒီ ၆ယောက်အမှုကို ဆက်စစ်မှာ ခင်ဗျ။”

ဧပြီ ၂၄ ရက်ကို ရုံးချိန်း ထပ်ပေးလိုက်ပြီး ကျောင်းသားတွေ ဖြစ်ကြတဲ့ ကိုဉာဏ်မြင့်သန်းနဲ့ ကိုစည်သူမြတ်၊ ၀န်းရံသူပြည်သူတွေဖြစ်ကြတဲ့ ဦးစိန်ဝင်း၊ မဖြူ၊၊ ကိုကျော်သန်းထွန်းနဲ့ ကိုသန့်ဇင် တို့ကို ပုဒ်မ ၁၄၃၊ ၁၄၅၊ ၅၀၅ (ခ) တို့နဲ့ အမှုဖွင့်ထားတာ ဖြစ်ပါတယ်။

စွဲထားတဲ့ ပုဒ်မတွေကတော့ ပုဒ်မ ၁၄၃  (ဥပဒေနှင့် ဆန့်ကျင်သော အစုအဝေးတခုတွင် ပါဝင်သူ)၊ ပုဒ်မ ၁၄၅ (လူစုခွဲရန် အမိန့်ပေးပြီးကြောင်းသိလျက် ဥပဒေနဲ့ ဆန့်ကျင်သော အစုဝေးတွင်ပါဝင်နေခြင်း)၊ ပုဒ်မ ၅၀၅(ခ) (အများပြည်သူ၏ အကျိုးပျက်စီးစေမှု) တွေပဲဖြစ်ပါတယ်။

မတ် ၂၇ ရက်က ရန်ကုန်၊ မန္တလေးနဲ့ မြင်းခြံအပါအ၀င် မြို့ပေါင်း ၁၀ ကျော်မှာ လက်ပံတန်းကျောင်းသား အကြမ်းဖက်ဖြိုခွဲခဲ့တာကို ကျောင်းသားနဲ့ ပြည်သူတွေက ဆန့်ကျင်ကန့်ကွက် ဆန္ဒပြခဲ့ကြပြီး ဆန္ဒပြပွဲမှုအတွင်း မြင်းခြံမှာ ၅ ဦးနဲ့ ရန်ကုန်မှာ ၃ ဦး စုစုပေါင်း ၈ ဦးကို အာဏာပိုင်တွေက ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

By ရွှေအောင် (ဒီဗွီဘီ)
http://burmese.dvb.no


အစိုးရရဲ့ လုပ်ရပ်တွေ ကို ရွံပြီး ခုမှ စတော်လှန်တော့မဲ့ ပိုပိုယခင်က ပညာရေးပဲ ပြောင်းပြင်ပေးဖို့ တောင်းဆိုတာ ကို အစိုးရက သူတို့ကို တော်လှန်ပါတယ် တဲ့... အာ့ကြောင့်ပဲ ခုအစိုးရကို နာကျည်းခဲ့ရပါပြီ...။မတရား ဖမ်းဆီးခံထားရသော ညီမလေး ပိုပို တရာရုံးထုတ်ပြီးအပြန်တွင် မီဒီယာများ မေးမြန်မှုကို ဖြေကြားနေစဉ် . . . . ။ (10 - 04 - 2015) 11 : 25 AMပိုပို

Posted by ပွ ပွ ကြီး on Friday, April 10, 2015
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) အဖွဲ့ဝင် တတိယနှစ်ကျောင်းသူ မပိုပို နဲ့ ကိုဝင်းကျော့မှူး တို့ကို ဒီနေ့ ရန်ကုန်မြို့ ကမာရွတ်မြို့နယ် တရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။

ဒီနေ့ ရုံးချိန်းကို လက်ပံတန်းမြို့မှာ ဖမ်းဆီးခံထားရတဲ့ ဗကသများ အဖွဲ့ချုပ် ကျောင်းသား ခေါင်းဆောင် ကိုနန္ဒာစစ်အောင် လာရောက်ထွက်ဆိုနိုင်ခဲ့ခြင်း မရှိတဲ့ အတွက် လာမယ့် ဧပြီလ ၂၄ ရက်နေ့ကို ထပ်မံချိန်းဆို လိုက်ပါတယ်။

Photo: Thiha Tun/RFA
RFA Burmese
https://www.facebook.com/pages/RFA-Burmese

ခု အစိုးရဟာ ဖြင့် စောက်ရှက် မရှိတဲ့ အစိုးရဆိုတာ ပြည်သူအားလုံး သိကြစေဖို့ ကိုဝင်းကျော့မှုး က ပြောသွားပါပြီ..ဒီကနေ့ ၁၀.၄.၂၀၁၅ .. ကမာရွတ် တရားရုံးမှာ ပြောခဲ့တာ ဖြစ်ပါတယ်..။

Posted by ပွ ပွ ကြီး on Friday, April 10, 2015


 ပြီးခဲ့တဲ့ ရက်ပိုင်းက နစ်မြုပ်ခဲ့တဲ့ ရုရှား သင်္ဘောပေါ် မြန်မာ သင်္ဘောသားတွေကို ခွင့်ပြုချက်မတောင်းဘဲ ပြောင်းပို့ခဲ့တဲ့ Sea Rider, Star Global, Light Oasis, Asia Wave နဲ့ Top Chance စတဲ့ သင်္ဘော ကုမ္ပဏီ ၅ ခု အပေါ် အရေးယူ ဆောင်ရွက်မှုတွေ လုပ်နေတယ်လို့ ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန သင်္ဘောသား ဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးတိုးမြင့်က ဘီဘီစီကို ပြောပါတယ်။

အဲဒီ သင်္ဘော ကုမ္ပဏီ ၅ ခုဟာ မြန်မာပြည်မှာ တရားဝင် မှတ်ပုံတင်ထားတဲ့ သင်္ဘော ၁၆၁ ခုထဲမှာ အပါအဝင် ဖြစ်ပါတယ်။

သတင်းပို့ဖို့ ပျက်ကွက်မှု၊ ခွင့်ပြုချက် မရှိတဲ့ သင်္ဘောပေါ် တင်ခဲ့မှု စတာတွေအတွက် အဲဒီ သင်္ဘော ၅ ခုကို နိုင်ငံခြား သင်္ဘောတွေပေါ် သင်္ဘောသား တင်ပို့ခွင့် လောလောဆယ် ရပ်ဆိုင်းထားပြီး နောက်ထပ် အရေးယူမှုတွေ ဆက်လုပ်သွားမယ်လို့ သူက ပြောပါတယ်။

ထွက်စာ ယူသွားတဲ့ သင်္ဘောက တစင်း၊ တကယ်တမ်း သင်္ဘောသားတွေ တက်သွားတဲ့ သင်္ဘောက တစင်း ဖြစ်နေကြောင်းနဲ့ သင်္ဘော ပြောင်းရင် အချက်အလက်နဲ့ သတင်းပို့ အတည်ပြုချက် ယူပြီးမှ သင်္ဘော ပြောင်းတာကို ဆောင်ရွက်ခွင့် ရှိကြောင်း၊ အဲဒီလို မဆောင်ရွက်ခဲ့တဲ့အတွက် အခုလို အရေးယူရတာ ဖြစ်ကြောင်း သူက ရှင်းပြပါတယ်။

အခုအခါ သင်္ဘောနစ်မြုပ်မှုကနေ အသက်ရှင် လွတ်မြောက်လာသူတွေ မြန်မာပြည် ပြန်ရောက်လာဖို့၊ အဲဒီလူတွေ ဆေးကုခွင့်နဲ့ ဆေးကုသ စရိတ်တွေ ရဖို့၊ လိုအပ်တဲ့ လစာတွေ ရဖို့၊ သေဆုံးသွားသူတွေအတွက် လျော်ကြေးစရိတ် ရဖို့ စတာတွေအတွက် ဖိအားပေး ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။

သင်္ဘောနစ်မြုပ်မှုမှာ သေဆုံးသွားတဲ့ ရုရှား သင်္ဘောသားတွေအတွက်ပဲ ရုရှားအစိုးရက လျော်ကြေးပေးမယ်လို့ လောလောဆယ် သိရပြီး မြန်မာ သင်္ဘောသားတွေကို ရုရှားအစိုးရက လျော်ကြေး ပေးမပေး ဆိုတာကိုတော့ ခုချိန်ထိ အသေအချာ မသိရသေးဘူးလို့ ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန သင်္ဘောသား ဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးတိုးမြင့်က ပြောပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese


 အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြည်ထောင်စု လွှတ်တော် အပြီး လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူ့အနေနဲ့ ၄ ပွင့်ဆိုင် ဆွေးနွေးပွဲ တောင်းထားပေမယ့် အခု ပြည်ထောင်စုလွှတ်တော်ရဲ့ တောင်းဆိုချက်အတိုင်း ဧပြီလ ၁၀ ရက် ၆ ပွင့်ဆိုင် တွေ့ဆုံမှာကို သဘောတူတယ်လို့ ပြောပါတယ်။

အရေးကြီးတာက တွေ့ဆုံမှုတွေ ဆက်လုပ်ဖို့နဲ့ အဲဒီ တွေ့ဆုံမှုတွေ ကနေ နိုင်ငံအတွက် အကျိုးရှိတဲ့ သဘောတူညီချက်တွေ ရဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲကို သပိတ်မှောက်တဲ့ နည်းလမ်းကို ရွေးမလား ဆိုတာနဲ့ ပတ်သက်လို့တော့ ရွေးစရာ လမ်းအားလုံးကို ဖွင့်ထားတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ရှေ့မှာ ဘာဖြစ်လာနိုင်တယ် ဆိုတာ အတပ် မပြောနိုင်တဲ့ အတွက် နိုင်ငံနဲ့ ပြည်သူရဲ့ ကောင်းကျိုးအတွက် အခြေအနေအရ လုပ်သင့် လုပ်ထိုက်တာတွေကို လုပ်ဆောင်သွားမယ်လို့ သူက ပြောပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၅ ရွေးကောက်ပွဲဟာ ပြုပြင်ပြောင်းလဲမှုတွေ တကယ်လုပ်မလုပ် အဆုံးအဖြတ်ပေးမယ့် ရွေးကောက်ပွဲဖြစ်လို့ ၂၀၁၀ ထက် ပိုအရေးကြီးတယ်လို့ လည်း ပြောပါတယ်။

ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အကြောင်းပြပြီး ရွေးကောက်ပွဲ ရွှေ့ဆိုင်းတာမျိုး မဖြစ်သင့်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ထပ်မံ သတိပေးခဲ့ပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese


သမ္မတအိမ်တော်မှာ ဒီနေ့ကျင်းပမယ့်  ၆ ပွင့်ဆိုင်ဆွေးနွေးပွဲကနေ  နိုင်ငံအကျိုးဖြစ်စေ မယ့် သဘောတူ ညီချက်တွေ ရရှိနိုင်ဖို့ အရေးကြီးတယ်လို့ အမျိုးသားဒီမိုကရစီအဖွဲ့ချုပ် ဥက္ကဋ္ဌ   ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

ဧပြီ ၉ ရက်နေ့  ပြည်ထောင်စုလွှတ်တော်အစည်းအဝေးပြီး နေပြည်တော်မှာ သတင်း မီဒီယာတွေနဲ့  တွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်တာပါ။

“ဒီလိုစလိုက်တာကောင်းပါတယ်။ ဒါဟာ ပြည်ထောင်စုလွှတ်တော်ရဲ့ တောင်းဆိုချက်ပါ။ ကျမ တောင်းဆိုချက်နဲ့ မဆိုင်ပါဘူး။ ကျမတို့တောင်းထားတာ ဟိုး ၂၀၁၃ ခုနှစ်ပေါ့၊ ၂ နှစ်ကျော်ကျော်ကတည်းက တောင်းထားတာ လေးပွင့်ဆိုင်ပါ။ ဒါပေမယ့်လည်း ပြည်ထောင်စုလွှတ်တော်က နေပြီးတော့  ၆  ဦးပေါ့ တွေ့ဆုံပွဲတောင်းတော့လည်း ကျမတို့ အနေနဲ့ သဘောတူပါတယ်။ ဘာဖြစ်လိုလဲဆိုတော့ ဒါလွှတ်တော် ဥက္ကဋ္ဌ ၂ ယောက်စလုံး ပါတယ်။ နောက် တိုင်းရင်းသားပါတီတွေရဲ့ ကိုယ်စားလှယ်ပါတယ်ဆိုတော့ ဒါ ဘာမှ ကန့်ကွက်စရာလည်း မရှိပါဘူး။   ဒါပြည်ထောင်စုလွှတ်တော်ရဲ့ အဆိုပြုချက်ကို သမ္မတက လက်ခံပြီးတော့ စတင်တွေ့ဆုံတယ်ဆိုတာ ကောင်းပါတယ်။ ဒါပေမယ့် အရေးကြီးတာက ဆက်လက်ပြီးတော့ တွေ့ဆုံဖို့၊ နောက်ပြီးတော့ ဒီတွေ့ဆုံပွဲတွေဟာ တကယ်ပဲ နိုင်ငံအတွက် အကျိုးဖြစ်စေမယ့် သဘောတူညီချက်တွေ ရနိုင်ဖို့ ဒါကသာ အရေးကြီးတာပါ။”

၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စ အပါအ၀င် တိုင်းပြည်ရဲ့အနာဂတ်နိုင်ငံရေးကိစ္စတွေ ဆွေးနွေးဖို့ သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ လွှတ်တော်အကြီးအကဲ ၂ ဦး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ် ၁ ဦးတို့ ၆ ပွင့်ဆိုင် ဆွေးနွေးကြဖို့   ပြည်ထောင်စု လွှတ်တော်က ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကတည်းက အတည်ပြုထားတာ ဖြစ်ပြီး  ၆ လနီးပါးအကြာမှာ အကောင်အထည်ပေါ်လာတာဖြစ်ပါတယ်။

ဒီတွေ့ဆုံပွဲမှာ ဆွေးနွေးမယ့်အကြောင်းအရာတွေကိုတော့  ဘာမှ မပြောနိုင်သေးဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒါ့အပြင် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အပါအ၀င် တခြားကိစ္စတွေကို အကြောင်းပြပြီး ရွေးကောက်ပွဲကို မရွှေ့ဆိုင်းဖို့နဲ့ သတ်မှတ်ထားတဲ့အချိန်အတိုင်း ကျင်းပဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

လာမယ့် အောက်တိုဘာ နိုဝင်ဘာမှာ ကျင်းပမယ်လို့ ကြေညာထားတဲ့ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကို သပိတ်မှောက်၊ မမှောက် မေးမြန်းချက်ကိုတော့ ဒေါ်အောင်ဆန်းစုကြည်က “နိုင်ငံရေးမှာဆိုတော့ ဘာဖြစ်လာမယ်ဆိုတာ မသိနိုင်ဘူး၊ အဲတော့ ဘာတွေဖြစ်နိုင်မယ်ဆိုတာ အားလုံးကို မတွက်နိုင်ဘဲနဲ့ ဒါတော့ လုံးဝကို မလုပ်ပါဘူးလို့ ဒီလိုအပြတ်ပြောလို့မရဘူး။ ဘယ်လိုအခြေအနေတွေ ဖြစ်လာမယ်မှန်းမှ မပြောနိုင်တာ။ ဒါကြောင့်မို့လို့ နိုင်ငံရေးမှာ ဆိုလို့ရှင်ရင် ဖြစ်နိုင်ခြေတွေအပေါ်မှာ အခြေခံပြီး ရွေးချယ်နိုင်တဲ့လမ်းတွေ အားလုံးဖွင့်ထား တယ်ဆိုတဲ့သဘောပါပဲ။ သပိတ်မှောက်တဲ့ လမ်းကိုလည်း မပိတ်ဘူးပေါ့၊ သပိတ်မှောက်တဲ့ လမ်းကိုလည်း ရွေးမယ်လို့လည်း ပြောတာ မဟုတ်ဘူး။ ဘယ်လမ်းကိုမှ ပိတ်မထားဘူး၊ အခြေအနေတွေအရ အကောင်းဆုံး နိုင်ငံနဲ့ ပြည်သူအကျိုးအတွက် အကောင်းဆုံး လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စကိုလုပ်သွားမှာပါ”လို့ ဖြေကြားသွားပါတယ်။

သမ္မတဦးသိန်းစိန်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ တိုင်းရင်းသား ကိုယ်စားလှယ် လွှတ်တော်အမတ် ဒေါက်တာ အေးမောင်တို့ တွေ့ဆုံကြမယ့် ၆ ပွင့်ဆိုင်ဆွေးနွေးပွဲကို နေပြည်တော်က သမ္မတအိမ်တော်မှာ  ဒီကနေ့ မွန်းလွဲပိုင်း ကျင်းပမှာပါ။

ဆွေးနွေးပွဲ တက်ရောက်မယ့် ကိုယ်စားလှယ်တွေကို မွန်းလွဲ ၂ နာရီ လာဖို့ ဖိတ်ကြားထားပြီး အမည်စာရင်းပေးပို့ထားတဲ့ သတင်းထောက်တွေ အနေနဲ့ ကိုယ့်အစီအစဉ်နဲ့ ကိုယ် မွန်းလွဲ ၁၂ နာရီခွဲမှာ  သွားရောက် လုံခြုံရေးစစ်ဆေးမှုခံယူပြီး အစည်းအဝေးကျင်းပမယ့် ခန်းမထဲ ၀င်ရောက်ရမှာပါ။ သတင်းသမားတွေအနေနဲ့ အစည်းအဝေးမစခင်မှာ သတင်းဓာတ်ပုံရိုက်ယူနိုင်ပေမယ့် အစည်းအဝေးစတာနဲ့ အပြင်ထွက်ပေးရမယ်လို့ သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၅ ရက်နေ့က  ပြည်ထောင်စုလွှတ်တော်မှာ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၀) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွန်းက ခေတ်စနစ်၊ အချိန်အခါ၊ အခြေအနေနဲ့ ညီညွတ်သော ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်ပေါ်လာရေး၊ ပစ္စုပ္ပန်နဲ့ အနာဂတ် မြန်မာနိုင်ငံတည် ဆောက်ရေးအတွက် အခြေအနေကောင်းတွေ ဖန်တီးလမ်းခင်းပေးနိုင်ဖို့  ၆ ပွင့်ဆိုင်ဆွေးနွေးကြရန် အရေးအကြီးအဆိုတင်သွင်းပြီး  ကန့်ကွက်သူမရှိ အတည်ပြုခဲ့တာပါ။

By ဒီဗွီဘီ
http://burmese.dvb.no

 သပိတ်မှောက်ကျောင်းသူ ဗကသအတွင်းရေးမှူး မဖြိုးဖြိုးအောင်နဲ့ မအိသဉ္ဇာမောင် တို့ကို ဧပြီလ ၇ ရက်နေ့က လက်ပံတန်းမြို့နယ် တရားရုံးမှာ ရုံးထုတ်လာစဉ်။ Photo: Kyaw Zaw Win/RFA
ဖမ်းဆီးခံကျောင်းသားတွေ လက်ရှိရင်ဆိုင်နေရတဲ့ တရားစီရင်ရေးဟာ လွတ်လပ်၊ မျှတမှုမရှိတဲ့အပြင်၊ အစိုးရက ရည်ရွယ်ချက်ရှိရှိ အမှုကြီးအောင်ဆောင်ရွက်နေတဲ့အကြောင်းနဲ့ ပညာရေးဥပဒေကို လွှတ်တော်က ဘယ်လိုဆက်ပြီးရေးဆွဲနေတယ်ဆိုတာ စောင့်ကြည့်နေတဲ့အကြောင်း သာယာဝတီထောင်က ကျောင်းသားတွေရဲ့ သဘောထားကြေညာချက်တစ်စောင် မနေ့က ထွက်ပေါ်ခဲ့ပါတယ်။

အဲဒီစာကို ဖမ်းဆီးခံကျောင်းသားများကိုယ်စားဆိုပြီး၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ခေါင်းဆောင်တွေဖြစ်တဲ့ ကိုမင်းသွေးသစ်၊ မဖြိုးဖြိုးအောင်နဲ့ ကိုနန္ဒာစစ်အောင်ရဲ့ နာမည်တွေနဲ့ ရေးထားပါတယ်။

ဒါကြောင့် အဲဒီ့စာနဲ့ ပတ်သက်လို့ စုံစမ်းကြည့်တဲ့အခါ သူတို့သူငယ်ချင်းတွေက တရားရုံးထွက်ရချိန်မှာ ရှေ့နေတွေကတဆင့် ပြောလိုက်တာလို့ သိရတဲ့အကြောင်း၊ ဗကသများအဖွဲ့ချုပ် မြောင်းမြခရိုင်ဥက္ကဌ ကိုမြတ်သူက RFA ကိုပြောပါတယ်။

"ကျနော်တို့ သူငယ်ချင်းတွေပြောတဲ့ဟာကို သူတို့အမှုလိုက်ပေးတဲ့ ရှေ့နေတွေက မှတ်တမ်းပြုပြီးတော့ ထုတ်ပြန်ပေးထားတာပါ၊ ဒီစာရဲ့အနှစ်သာရကတော့ ခုလက်ရှိကျနော်တို့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ မတရားမှုတွေပေါ့နော်၊ ကတိကဝတ်ချိုးဖောက်ပြီး အကြမ်းဖက်မဖမ်းဆီးပါဘူးဆိုပြီး ဖမ်းဆီးခဲ့တာတွေ၊ နောက်အမြို့မြို့အနယ်နယ်တွေမှာ မတရားဖမ်းဆီးထိန်းသိမ်းနေတာတွေ၊ ပြီးတော့ လွတ်လပ်တဲ့တရားစီရင်ခွင့်မရတာတွေ တရားခွင်မှာ ပြည်သူတွေလာရောက်နားထောင်ခွင့်မရတာတွေ နောက်တစ်ချက်က လွှတ်တော်ရဲ့အနေအထားကိုလည်း ထောင်ထဲကရဲဘော်တွေက ဆက်လက်စောင့်ကြည့်နေတဲ့အကြောင်းတွေပါ"

သပိတ်စခဲ့တဲ့ မန္တလေးမြို့ကနေ လက်ပံတန်းမှာ အကြမ်းဖက်ဖြိုခွဲခံရပြီး ဖမ်းဆီးခံရတဲ့အထိ ကျောင်းသားတွေဘက်က ဆဲဆို၊ ရန်မူ၊ ရိုက်နှက်တာတွေ မလုပ်ခဲ့တဲ့အကြောင်း၊ အခုစွပ်စွဲခံနေရတဲ့ ပြစ်မှုပုဒ်မတွေကိုလဲ မကျူးလွန်ခဲ့တဲ့အကြောင်း၊ အခုလို သူတို့ကိုဖမ်းထားတာဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ထိခိုက်စေတဲ့အကြောင်းနဲ့ ပညာရေးဥပဒေပြင်ဆင်မှုနဲ့ ပတ်သက်လို့လည်း NNER ပညာရေးကွန်ရက်ရဲ့ မူအတိုင်းဆက်ပြီးလက်ခံနေမှာဖြစ်သလို လွှတ်တော်ကဆောင်ရွက်ချက်ကိုလည်း စောင့်ကြည့်နေမှာဖြစ်တဲ့ အကြောင်းရေးသားထားပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့လည်း NLD အပါအဝင် ဒီမိုကရေစီအင်အားစုတွေနဲ့ သွေးမကွဲပဲတစ်စုတစ်စည်း ရှိနေမှာဖြစ်တဲ့အကြောင်း ပြောဆိုထားပါတယ်။

RFA Burmese
http://www.rfa.org/burmese

မတ်လတုန်းက ဖြစ်ခဲ့တဲ့ ကျောင်းသား ဆန္ဒပြမှု (Credit: AFP) 
လက်ပံတန်းမြို့ ​ပင်မ ​ကျောင်းသား ​သပိတ် ​လူစုခွဲမှုအတွင်း ​ဖမ်းဆီးခံထားရတဲ့ ​ကျောင်းသားတွေနဲ့ ​ပြည်သူတွေကို ​လွတ်ပေးဖို့ ​မကွေးမြို့မှာ ​တောင်းဆိုကြပါတယ်။

မကွေးမြို့က ​ဗကသ ​ကျောင်းသားတွေနဲ့ ​ထောက်ခံ ​သူတွေက ​ဒီကနေ့ ​ဆန္ဒပြတာ ​ဖြစ်ပါတယ်။

ဖမ်းဆီးထားသူတွေကို ​လွတ်ပေးဖို့အပြင်၊ ​အမျိုးသား ​ပညာရေး ​ဥပဒေ ​ဆွေးနွေးပွဲအတွင်း ​ပြောဆို ​ပေးခဲ့တဲ့ ​ကတိတွေကို ​ထိန်းဖို့လည်း ​တောင်းဆိုလိုက်ပါတယ်။

အခုလောလောဆယ် ​လက်ပံတန်း ​ကျောင်းသား ​သပိတ် ​ဖြိုခွင်းမှုအတွင်း ​ဖမ်းဆီးခံရသူတွေကို ​လွန်ခဲ့တဲ့ ​ရက်ပိုင်းတုန်းကပဲ ​ထပ်မံ ​ရုံးထုတ်ခဲ့ပါတယ်။

ဒါ့အပြင် ​သပိတ်လွန်နောက်ပိုင်းမှာ ​လှုပ်ရှားမှုနဲ့ ​ပတ်သက်ပြီး ​ကျောင်းသားခေါင်းဆောင် ​တစ်ဦးဖြစ်သူ ​မပိုပိုအောင်ကိုလည်း ​ဖမ်းဆီးခဲ့ပါတယ်။

အခုအချိန်အထိတော့ ​ဖမ်းဝရမ်း ​ထုတ်ခံနေရတဲ့ ​ကျောင်းသား ​တချို့ ​လွတ်မြောက်နေဆဲ ​ဖြစ်ပါတယ်။

အမျိုးသား ​ပညာရေး ​ဥပဒေမူကြမ်း ​ရေးဆွဲရေးမှာ ​အမျိုးသား ​ဒီမိုကရေစီ ​အဖွဲ့ချုပ် ​NLD ​က ​ကျောင်းသားဘက်က ​မရပ်တည်ပဲ ​အစိုးရဘက်ကနေ ​ရပ်တည်သလားလို ​သတင်းထောက် ​တစ်ဦးက ​မေးတာကို ​ဒေါ်အောင်ဆန်းစုကြည်က ​ငြင်းဆိုခဲ့ပါတယ်။

မနေ့တုန်းက ​ပြုလုပ်တဲ့ ​သတင်းစာ ​ရှင်းလင်းပွဲမှာ ​ဒေါ်အောင်ဆန်းစုကြည်က ​ပညာရေး ​ဥပဒေမူကြမ်းနဲ့ ​ပတ်သက်ပြီး ​NNER၊ ​ကျောင်းသား၊ ​လွှတ်တော်အပြင် ​အစိုးရတွေရဲ့ ​သဘောထားအတိုင်း ​လိုက်လုပ်မှာ ​မဟုတ်ပဲ ​ပြည်သူအတွက် ​အကောင်းဆုံးလို့ ​ယူဆတဲ့ ​အချက်ကိုသာ ​ထောက်ခံမယ်လို့ ​ပြောသွားခဲ့ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese