04/14/15


ရုရှားက မြန်မာနိုင်ငံကို အဆင့်မြင့် နျူကလီးယား နည်းပညာ အကူအညီတွေကို ထောက်ပံ့ပေးဖို့ မြန်မာနဲ့ ရုရှား အဏုမြူ စွမ်းအင် အေဂျင်စီ (Rosatom) အကြား ဆွေးနွေးညှိနှိုင်းနေပါတယ်။

မြန်မာ့ စွမ်းအင်ကဏ္ဍ တိုးတက်လာစေဖို့အတွက် အဆင့်မြင့်နည်းပညာတွေကို ပေးဖို့ ဆွေးနွေးပွဲတွေ စတင်နေပြီလို့ ဧပြီ ၁၃ ရက် ဂျပန်နိုင်ငံ တိုကျိုမှာ ကျင်းပတဲ့ အဏှမြူ စီးပွားရေး ဖိုရမ်မှာ Rosatomရဲ့ လက်ထောက် ညွန်ကြားရေးမှူး ကိုင်ရေးလ် ကိုမာရော့ကို ကိုးကားပြီး sputnik သတင်းဌာနက ရေးပါတယ်။

“နျူကလီးယားအဆင့်မြင့်နည်းပညာတွေကို ထောက်ပံ့ပေးဖို့ သင့်တော်တဲ့ အခြေအနေတွေကို ဖန်တီးပေး ဖို့ မြန်မာနဲ့ ဆွေးနွေးနေပါတယ်။ သင့်တော်တဲ့ အခြေအနေတွေထဲမှာ ဥပဒေ မူဘောင်အတွက် ကြိုတင်ပြင် ဆင်ကြဖို့နဲ့ ၀န်ထမ်းတွေကို သင်တန်းပေးဖို့တွေကိစ္စတွေ ပါဝင်ပါတယ်” လို့ ကိုင်ရေးလ်ကိုမာရော့က ပြောပါ တယ်။

ဒါဟာ ဆွေးနွေးညှိနှိုင်းမှုအစ ဖြစ်ပြီး တခြား အာရှပစိဖိတ်ဒေသလိုပဲ မြန်မာက ထုတ်လုပ်မှု စွမ်းအင်တိုးတက်ဖို့ အတွက် စိတ်ဝင်စားသလို နျူကလီးယား လျှပ်စစ်ဓာတ်အားစက်ရုံ တည်ဆောက်ချင်နေတယ်လို့လည်း သူက ပြောပါတယ်။

မတ်လ အစောပိုင်းကလည်း Rosatomရဲ့ လက်ထောက် အထွေထွေ ညွန်ကြားရေးမှူး နီကိုလေး စပါး စကီက မြန်မာကို လာရောက်လည်ပတ်ခဲ့ပြီး ဒီခရီးစဉ်မှာ မြန်မာနဲ့ နျူကလီးယားစွမ်းအင်ကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူခဲ့တာကို ရုရှား အဏုမြူ စွမ်းအင် အေဂျင်စီ (Rosatom) က သတင်းထုတ်ခဲ့ပါတယ်။

ခရီးစဉ်အတွင်း နီကိုလေး စပါးစကီဟာ မြန်မာဒုတိယသမ္မတဦးဥာဏ်ထွန်း၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ သိပ္ပံနဲ့နည်းပညာဝန်ကြီး ဦးကိုကိုဦး၊ လျှပ်စစ်စွမ်းအင်ဝန်ကြီး ဦးခင်မောင်စိုးတို့နဲ့ တွေ့ဆုံခဲ့ပါတယ်။

သူရဲ့ ခရီးစဉ်အပြီးမှာ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ရုရှားနဲ့ ပူးပေါင်းပြီး နျူကလီးယား စွမ်းအင်ကို ငြိမ်းငြိမ်းချမ်းချမ်း အသုံးပြုဖို့ အတွက် စိတ်ဝင်စားတဲ့ အကြောင်း အတည်ပြုပြောဆို ခဲ့ပါတယ်။

မြန်မာနဲ့ ရုရှားအစိုးရတို့ဟာ မြန်မာနိုင်ငံမှာ နျူကလီးယားသုတေသနစင်တာတခု ထူထောင်ဖို့ ၂၀၀၇ ခုနှစ်မှာသဘောတူလက်မှတ်ရေး ထိုးခဲ့ပါတယ်။

မြန်မာဟာ နျူကလီးယားမပြန့်ပွားရေးသဘောတူစာချုပ်ကို ၁၉၉၂ ခုနှစ်မှာ လက်မှတ်ထိုး ခဲ့သလို နိုင်ငံတကာနျူ ကလီးယားစွမ်းအင်အေဂျင်စီ (IAEA) ရဲ့အဖွဲ့ဝင်အဖြစ် ၁၉၅၇ ခုနှစ်ကတည်းက ၀င်ရောက်ခဲ့ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no


ဒေါင်းတို့မျိုးဆက်-သံချပ်အဖွဲ့ရဲ့ဖျော်ဖြေတင်ဆက်မှု (ဓာတ်ပုံ- ဒေါင်းတို့မျိုးဆက်/ဧပြီ ၁၃၊ ၂၀၁၅)
ဒီနေ့ တနင်္လာနေ့ဟာ ကောဇာသက္ကရာဇ် ၁၃၇၇ ပြည့်နှစ် တန်ခူးလပြည့်ကျော် ၁၀ ရက် မဟာအတာသင်္ကြန်အကြိုနေ့ တနင်္လာနေ့ဖြစ်ပါတယ်။ မြန်မာ နိုင်ငံတဝှမ်း သင်္ကြန်ကာလ နှစ်သစ်ကူးနေကြချိန် မြန်မာ့ရိုးရာ အတာရေသဘင်ပွဲတော်ရဲ့ သင်္ကေတဖြစ်တဲ့ သံချပ်ထိုး ဖျော်ဖြေမှုတွေထဲ ထူးထူး ခြားခြားဆိုသလို လက်ရှိမြန်မာ့နိုင်ငံရေးကို ထင်ဟပ်စေတဲ့ ဖန်တီးမှုတွေလည်း တွေ့ရပါတယ်။ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂအဖွဲ့ (တကသ) ကျောင်းသားတွေရဲ့ ဒီနှစ်သံချပ်မှာတော့ မကြာသေးခင်က ပညာရေး ပြုပြင်ပြောင်းလဲရေး တောင်းဆိုဆန္ဒပြခဲ့ကြရင်း အာဏာပိုင်တွေရဲ့ အင်အားသုံး ဖြိုခွင့်းတာ ခံခဲ့ကြရတဲ့ ကျောင်းသားတွေရဲ့ လှုပ်ရှားမှုကို ဂုဏ်ပြုသံချပ်ထိုးခဲ့ကြပါတယ်။ တကသကျောင်းသားတွေရဲ့ ၂၀၁၅ သံချပ်ဖျော်ဖြေမှု တင်ဆက်ပေးချင်ပါတယ်။

မြန်မာ့နှစ်သစ်ကူး မဟာအတာသင်္ကြန်သင်္ကြန်အကြိုနေ့ မှာ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂအဖွဲ့ (တကသ) ကျောင်းသားလူငယ်တွေရဲ့ “ဒေါင်းတို့ မျိုးဆက်”သံချပ်အဖွဲ့ ရန်ကုန်မှာ ဖိတ်ကြားထားတဲ့ မြို့နယ်တွေနဲ့အတူ ရေကစားမဏ္ဍပ် လိုက်လံဖျော်ဖြေနေပြီဖြစ်ပါတယ်။
ဒေါင်းတို့မျိုးဆက်-သံချပ်အဖွဲ့ရဲ့ဖျော်ဖြေတင်ဆက်မှုကို အားပေးနေတဲ့ ပရိသတ်(ဧပြီ ၁၃၊ ၂၀၁၅)ဒေါင်းတို့မျိုးဆက်-သံချပ်အဖွဲ့ရဲ့ဖျော်ဖြေတင်ဆက်မှုကို အားပေးနေတဲ့ ပရိသတ်(ဧပြီ ၁၃၊ ၂၀၁၅)

ဒေါင်းတို့မျိုးဆက်သံချပ်သံ

ဒီနှစ်မှာတော့ “ဒေါင်းတို့မျိုးဆက်” သံချပ်အဖွဲ့ဟာ ပင်နီအကျီ နဲ့ ယောလုံခြည်ဆင်တူဝတ်ဆင်ကြမှာဖြစ်ပြီး သူတို့သီဆိုမယ့် သံချပ်တွေကို ဆင်ဆာမတင်ဘဲ လွတ်လပ်စွာ လုပ်ဆောင်ခဲ့ကြတယ်လို့ဆိုပါတယ်။ ဒေါင်းတို့မျိုးဆက် ဆိုတာ စစ်မှန်သော ဒီမိုကရေစီရရှိရေး၊ ပြည်သူတွေအတွက် ဖွဲ့စည်းထားတာ ဖြစ်တယ်လို့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့က ကိုရဲဇာနည်ထွန်းက ဗွီအိုအေမြန်မာပိုင်းကို အခုလိုပြောပါတယ်။

“ကျနော်တို့ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ တကသ-ပေါ့၊ တကသကျောင်းသားတွေရဲ့လှုပ်ရှားမှုပေါ့။ နှစ်တိုင်းပဲ ကျနော်တို့ ‘ဒေါင်းတို့မျိုးဆက်’ ဆိုတဲ့နာမည်နဲ့ နယ်တွေမှာရော၊ မြို့တွေမှာရော သင်္ကြန်သံချပ် ဖျော်ဖြေတာပေါ့နော်။ တကသ သမဂ္ဂကနေ ရေးတာပါ။”

၂၀၁၅ ဒေါင်းတို့မျိုးဆက် သံချပ်ကသံချပ်စာသားတွေကတော့ တကသကျောင်းသားတွေကိုယ်တိုင် ချီတက်လမ်းလျှောက်တောင်းဆိုခဲ့ကြတဲ့ အမျိုးသား ပညာရေး ဥပဒေပြင်ဆင်ရေးဆိုင်ရာ ကျောင်းသားသပိတ်အရေး၊ အခုလက်ရှိ မြန်မာနိုင်ငံတွင်းဖြစ်ပျက်နေတဲ့ ပြည်သူတွေရဲ့ လူမှုဘဝအစုံစုံ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစတဲ့ လူထုခံစားချက်တွေနဲ့ထင်ဟပ်အောင် တကသကျောင်းသားတွေက သံချပ်စာသားတွေနဲ့ ဖွဲ့ဆိုထားတာဖြစ်တယ်လို့ ကိုရဲဇာနည်ထွန်းက အခုလို ပြောပါတယ်။

“သံချပ်ကတော့ဗျာ- အကြောင်းအရာစုံလင်အောင်ပေါ့၊ ပညာရေးပါသလို တခြားလက်ရှိမှာဖြစ်နေတဲ့ current situation ကို မပြတ်အောင် ဖော်ပြနေတယ်လေ။ ဥပမာ- ….. ကိစ္စတို့၊ ကိုပါကြီး၊ လက်ပံတောင်းတောင် ဒေါ်ခင်ဝင်းကိစ္စတို့၊ ကျနော်တို့ ဒီမှာဖြစ်နေတဲ့ကိစ္စတွေ၊ အကြမ်းဖက် ဖြိုခွဲတဲ့ကိစ္စတွေ- အားလုံးပေါ့။ …တော်တော်များများ သံချပ်ထဲမှာပါတယ်ဗျ။”

ဒေါင်းတို့မျိုးဆက် သံချပ်ဖျော်ဖြေရေးကား နဖူးစီးမှာတော့ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံကားချပ်ကို ချိတ်ဆွဲထားပြီး တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ တကသ ဒေါင်းအမှတ်တံဆိပ်နဲ့ “သံချပ်ထိုးလို့ သံလျက်ကျိုးစေ” - ဆိုတဲ့စာသားတွေ ရေးထိုးထားတာဖြစ်ပါတယ်။ ကျောင်းသားတွေမှာ “ခမောက်တစ်လုံး၊ ခွပ်ဒေါင်း လက်ပတ်တစ်ခု၊ သပြေတစ်ခက်နဲ့ ဖိနပ်တစ်ရံ . . . ခွပ်ဒေါင်းအလံကို ဆောင်လာပြီး ချီတက်လာချိန် ကျောင်းသားဦးခေါင်းကိုသာ ရိုက်လို့ ရမယ် . . .ဉာဏ်ပညာကို ရိုက်လို့ မရဘူး…

ကျောင်းသားတွေတောင်းဆိုနေတဲ့
ပညာရေး ကို လက်ထိပ် ခတ်တယ် . . . ဉာဏ်ပညာကို လက်ထိပ်မခတ်ပါနဲ့ ။
ဘာတွေ ဘယ်လိုပဲ ကြပ်ကြပ်. . .ဉာဏ်ပညာကို မကြပ်ဖို့ နဲ့  ဆင်ဆာမဖြတ်ဖို့  လိုတယ် စသဖြင့် ဒီနှစ် ၂၀၁၅ ခုနှစ်အတွက် ဒေါင်းတို့မျိုးဆက်- သံချပ်အဖွဲ့က ကျောင်းသားသပိတ်နဲ့ပတ်သက်လို့လည်း အထူးသံချပ်ထိုးခဲ့ကြတာဖြစ်ပါတယ်လို့ တကသက ပြောပါတယ်။

“ကျနော်တို့ လုံးဝ ဆင်ဆာမတင်ပါဘူးဗျ။ ကျနော်တို့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့စထွက်ကတည်းက လှုပ်ရှားမှုစကတည်းက ဘယ်တုန်းကမှ စိစစ်ရေးမတင်ခဲ့ဘူး၊ ဆင်ဆာမတင်ခဲ့ဘူးဗျ။ ကျနော်တို့လူငယ်တွေ ကြိုးစားပမ်းစားလုပ်တာပေါ့ဗျာ။ ကျနော်တို့အတွေ့အကြံအရ၊ အသက်အရွယ်အရ၊ ကျနော်တို့ရဲ့အနုပညာခံစားမှုအရ တချို့က လိုကောင်းလိုနိုင်ပါတယ်။ ကြိုးစားပြီးတော့ လုပ်နေကြတာပါပဲ။”

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဟာ ရန်ကုန် နာရေးကူညီမှုအသင်းရုံးမှာ သံချပ် တိုက်ခဲ့ကြပြီး ဧပြီလ ၁၂ရက်နေ့ကစလို ရန်ကုန်တိုင်း မှော်ဘီ ရွှေညဝါဆရာတော်ကျောင်းတိုက်နဲ့ ပဲခူးတိုင်း ရွှေမော်ဓော၊ ရွှေသာလျောင်းမှာ စတင်ဖျော်ဖြေခဲ့ကြပြီး သင်္ကြန်အကြိုနေ့ကစလို့ ရန်ကုန်မြို့မှာ လိုက်လံဖျော်ဖြေနေပြီး သင်္ကြန်တွင်း တတွင်းလုံးမှာ ဖိတ်ခေါ်တဲ့ မြို့နယ်တွေမှာ လိုက်လံဖျော်ဖြေကြမှာဖြစ်ပါတယ်။

voa
http://burmese.voanews.com/content/peacock-generation-water-festival-/2717083.html



ဒေါင်းတို့ မျိုးဆက် သံချပ် အဖွဲ့ အနေနဲ့ အခုခေတ်ရဲ့ ချွတ်ချော်မှုတွေကို သံချပ်တွေနဲ့သာမကပဲ ပြဇာတ်တွေနဲ့ပါ ကြိုးစားတင်ဆက် ထားပါတယ်။ ဗိုလ်နေရာကို အပြိုင်လုကြတဲ့ ''ဓါးပြဗိုလ်ပြဇာတ်'' ကို ၄၆ လမ်း ဗမာသစ် ဆုပေး မဏ္ဍပ်မှာ ည ၇နာရီခွဲ တွင် ကပြဖျော်ဖြေခဲ့ပါတယ်

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်မှာ ထားဝယ်ခရိုင် ကျောင်းသားများသမဂ္ဂရဲ့"ဒေါင်းတို့အားမာန်" သံချပ်အဖွဲ့ရဲ့ ခွင့်ပြုချက်တောင်းခံထားတာကို ထားဝယ်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့က ပယ်ချလိုက်ပါတယ်။

မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ရုံးမှာ သံချပ်စာသားတွေနဲ့အတူ ဒီနေ့ ခွင့်ပြုချက်သွားတင်တဲ့အခါ ဘယ်အဖွဲ့အစည်းကိုမှ လက်မခံကြောင်းပြောတယ်လို့ ထားဝယ်ခရိုင်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် ကိုမင်းလွင်ဦးက ပြောပါတယ်။

"မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကို စာသားနဲ့အတူ ဒီနေ့မှာကျနော်တို့ သွားပြီးတင်ရတယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ တိုက်ရိုက်တော့ မတွေ့ဘူးခင်ဗျ၊ အဲ့ရုံးကတာဝန်ရှိတဲ့သူနဲ့တွေ့တယ်၊ ဒီရုံးကတာဝန်ရှိတဲ့သူက လက်မခံဘူးပေါ့၊ အဲ့လိုပြောလိုက်တယ်၊ ကျနော်တို့မတင်ခင်မှာ မြို့ပေါ်ကနေပြီးတော့ သံချပ်အဖွဲ့တွေ စာတင်တယ်လို့ပြောတယ်၊ အဲ့အဖွဲ့တွေကိုလည်း ခွင့်မပြုဘူးလို့ပြောတယ်၊ သင်္ကြန်မကျရင် နှစ်ရက်လောက်အလိုမှာပဲ သူတို့မြို့ထဲမှာ လိုက်အော်နေတာပေါ့၊ သင်္ကြန်သံချပ်ထိုးလို့ရှိရင် အစိုးရမကောင်းကြောင်းတွေဆိုလို့ရှိရင် အရေးယူမယ် လို့ ကြော်ငြာနေတာတွေလည်းရှိတယ်"

မြို့နယ်အုပ်ချုပ်ရေးရုံးကို ဆက်သွယ်မေးမြန်းရာမှာ မြို့နယ်အုပ်ချုပ်ရေးမှူး မရှိတဲ့အတွက် လက်မခံ တာဖြစ်ကြောင်း ဖြေကြားပါတယ်။ စောစောပိုင်းကတော့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသန်းက ထားဝယ်မြို့နယ် အတွင်းမှာ လှည့်လည်ဖျော်ဖြေဖို့အတွက် သံချပ်အဖွဲ့တစ်ဖွဲ့ကို ခွင့်ပြုထားတယ်လို့ ပြောကြားခဲ့ပါတယ်။

"ဒေါင်းတို့အားမာန်"သံချပ်အဖွဲ့ဟာ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် သင်္ကြန်ကာလကစပြီး ထားဝယ်မြို့နယ်အတွင်းမှာ ခွင့်ပြုချက်နဲ့ လှည့်လည်ဖျော်ဖြေခဲ့တယ်လို့ သိရပါတယ်။

တက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင်တွေဟာ ရန်ကုန်၊ မန္တလေး၊ ပဲခူးနဲ့ မုံရွာမြို့တွေမှာ "ဒေါင်းမျိုးဆက်" သံချပ်အဖွဲ့နာမည်နဲ့ မနေ့ကစပြီး လှည့်လည်ဖျော်ဖြေနေပါတယ်။

ပြည်ပမှာဆိုတော့ ဘယ်ဆင်ဆာမှလည်းမရှိသလို တစ်ခုရှိတာက အစိုးရကိုတင် မဟုတ်၊ အတိုက်အခံလို့ ခေါင်းစဉ် တပ်ထားသူတွေရဲ့ မှားယွင်းတဲ့လုပ်ရပ်တွေကိုပါ နာလိုခံခက် ဖြစ်အောင် သရော်ပြီး သံချပ်ထိုးခွင့် ရခဲ့တာပါ။ အစိုးရရဲ့ မှားယွင်းချက်တွေကတော့ အများလည်းအသိမို့ ထူးမပြောတော့ပါဘူး …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဖြတ်သန်းခဲ့ရတဲ့ သတင်းထောက် ဘ၀အတွေ့အကြုံကို မြန်မာ သံတော်ဆင့်မှာ စလုပ်ပြီး နှစ်ပတ်လောက် အကြာကတည်းက စရေးခဲ့တာပါ။ အခုဆိုရင် နှစ်ပေါက်နေပါပြီ။ သတင်းထောက် တစ်ယောက်အဖြစ် လုပ် ဆောင်ခဲ့ရသမျှတွေ၊ တွေ့ကြုံခဲ့ရတာတွေ ကို နောင်လာမယ့် သတင်းထောက်တွေအတွက် ဖြန့်ဝေလိုခြင်း၊ မျှဝေ လိုခြင်း၊သိစေလိုခြင်း စိတ်ရင်းအခံနဲ့ ရေးသားခဲ့ခြင်းပါ။ ကဲ ဒီတစ်ပတ်လည်း သတင်းထောက်ဘ၀ အတွေ့ အကြုံထဲကတချို့ကို ထပ်ပြီး တင်ပြပါရစေ။

အကြောင်းအရာက ““သင်္ကြန်သံချပ်””။ တိတိကျကျပြောရရင် ““အနောက်ဘက် ဒေသသံချပ်””။

သင်္ကြန်သံချပ်ဆိုလို့ တခြားတော့ မထင်ပါနဲ့။ အနောက်ဘက်ဒေသက တိုက်ပွဲခေါ်သံ သံချပ်တွေကို လုပ်တုန်း ကပါချီပါချက် တစ်ယောက်အနေနဲ့ ပါဝင်ခဲ့တုန်းက အတွေ့အကြုံကို ပြန်ပြောပြချင်တာပါ။ ဒါကလည်း သတင်း သမားတစ်ဦး အဖြစ်ကနေ လုပ်ဆောင်ခဲ့တဲ့ အတွက်ရယ်၊ သတင်းသမားအဖြစ် အဲဒီသံချပ်အကြောင်းကို သတင်းအဖြစ် ပြန်လည် ဖန်တီးထုတ် လွှင့်ခဲ့ခြင်းကြောင့်ပါ။

အနောက်ဘက်ဒေသ သံချပ်ကို စစ်အစိုးရခေတ်ကတည်းက လုပ်ခဲ့တာဖြစ်ပြီး ပါချီပါချက် အနေနဲ့ ပါဝင်ခွင့် ရခဲ့ တာ ၃ နှစ်တည်းပါ။ တကယ်တမ်းလုပ်ခဲ့တာက နှစ်ကို ဆယ်နဲ့ချီလုပ်ခဲ့တာပါ။ လုပ်ခဲ့သူတွေကလည်း စစ်အစိုး ရရဲ့ဖိနှိပ်မှုတွေကို တတ်နိုင်တဲ့ဘက်ကနေ တွန်းလှန်မယ်ဆိုတဲ့ တောခိုကျောင်းသားတွေနဲ့ ပြည်သူတွေ ပါ။ မြန်မာ ပြည်အနောက်ခြမ်း ပခုက္ကူ၊ ကလေး၊ တမူးက ပြည်သူတွေဆိုရင် အဲဒီသံချပ်ကို နှစ်တိုင်းကြားခွင့်ရ ပါတယ်။ ဘာလို့လဲဆိုတော့ မြန်မာ-အိန်္ဒိယ နယ်စပ်ဖြစ်တဲ့ တမူးမြို့ဟိုဘက်ခြမ်းကနေ သင်္ကြန်ရောက်တိုင်း လော်စပီကာ သုံးပြီး မြန်မာပြည်ဘက်ကို လှည့်ပြီးဖွင့်တယ်၊ ပြည်တွင်းကို သံချပ်ခွေ တွေဖြန့်တယ်။ ဒါကြောင့် မြန်မာပြည်တွင်း နေရာတချို့မှာ အနောက်ဘက်ဒေသ သံချပ်အဖွဲ့ဆိုရင် သိနေကြပါတယ်။

သူတို့ဘယ်လို သံချပ်တွေတိုင်ပြီး ထိုးလို့လူသိများတာလဲ။

အဓိကကတော့ စစ်အစိုးရရဲ့ မှားယွင်းတဲ့ လုပ်ရပ်တွေအပေါ်မှာ ဦးတည်တာပါပဲ။ သူတို့ရဲ့ မှားယွင်းမှုကြောင့် နစ်နာနေရတဲ့ပြည်သူတွေရဲ့ ဒုက္ခဆင်းရဲတွေကို ဖော်ပြရင်း အစိုးရရဲ့ အားနည်းချက်၊ မှားယွင်းချက်ကို ထောက် ပြတာပါ။ ဒီနေရာမှာ နားလည်သလောက် သံချပ်ရဲ့သဘောတရားကို ပြောရရင် သံချပ်ဆိုတာ မှန်တာကို နာလို ခံခက်လေးဖြစ်အောင် ထောက်ပြရင်း ပြုပြင်စေလိုတဲ့ အကောင်းမြင်စိတ်နဲ့ စပ်ဆိုကြတာပါ။ ပြောစရာလေး ဖြစ်လာရင် သာသာထိုးထိုးလေး ပြောလိုက်၊ မှားတာရှိ ၀န္ဒာမိလိုက်နဲ့ အဖိအဖော့၊ အထောင်း အဖွတွေနဲ့ သံပြိုင် သံချပ်ထိုးရတာပါ။ ဒီလို သံချပ်ထိုးတာမှာ အဓိကအနေနဲ့ အာဃာတတရားမပါဖို့ သတိထားရတာပါပဲ။ ဘာ လို့ လဲဆိုရင် သံချပ်ရဲ့သဘောတရားအရ အမှားကိုပြင်ဖို့အတွက် အကောင်းမြင်စိတ်နဲ့ သာသာထိုးထိုးပြောတာ မဟုတ်ပါလား။

သံချပ်လုပ်ဖို့အတွက် ပြင်ဆင်ရတာက ကိုယ်ထုတ်လွှင့်မယ့် ရက်ထက်ကို တစ်လ ကျော်လောက်ကြိုပြင် ဆင်ရ တာပါ။ သံချပ်စာသားအတွက် တစ်နှစ်လုံးမှာဖြစ်ခဲ့တဲ့ အကြောင်းအရာတွေကို ပြန်ဆန်းစစ်၊ ဘယ်ဟာတော့ မှားတယ်၊ ဘယ်ဟာတော့ မှန်တယ်၊ မှားတာကိုပြောပြီး မှန်တာကို ချီးကျူးဖို့အတွက် ဘယ်လိုမျိုးသံချပ်ရေး စပ်ကြမလဲ၊ အကြောင်းအရာ ကဏ္ဍအလိုက် ခွဲထုတ်ကြနဲ့ အတော့်ကို အချိန်ယူရတာပါ။ ဒီနေရာမှာတစ်ခု ရှိတာ က ကျွန်တော်တို့ ပေးကြတဲ့သံချပ်ရဲ့ ခေါင်းစဉ်ပါ။ အဲဒီသံချပ် ခေါင်းစဉ်ကိုတော့ အဘဟံသာဝတီ ဦးဝင်းတင်ရဲ့ တစ်နှစ်တာ အတွင်းပြောခဲ့ စကားရပ်တွေက ပြည်သူကိုပေးချင်တဲ့ မက်ဆေ့ခ်ျ စကားတစ်ခုကို သံချပ်ရဲ့ ခေါင်းစဉ်အဖြစ် ရွေးချယ်လေ့ ရှိတာပါ။

ကျွန်တော်မှတ်မိသလောက် ““ထွက်ပေါက်မရှာ ဖောက်ထွက်ပါလော့””ဆိုတဲ့ အဘဦးဝင်းတင်ရဲ့ မက်ဆေ့ခ်ျ စကားနဲ့ သံချပ်ထွက်တဲ့နှစ်မှာ စပါခွင့်ရခဲ့တာပါ။ ထွက်ပေါက်တွေကို လိုက်ရှာရင်း နစ်နေတဲ့ နိုင်ငံရေး သမား တွေ၊ ပြည်သူတွေကို ထွက်ပေါက်ချည်းမရှာဘဲ ဖောက်ထွက်ကြဖို့ တိုက်တွန်းခဲ့တဲ့ စကားကိုခေါင်းစဉ်အဖြစ် အသုံးပြုခဲ့တာပါ။ မှတ်မှတ်ရရ မြန်မာသံတော်ဆင့် ၂ နှစ်ပြည့် နှစ်ပတ်လည်လုပ်တုန်းက အဘဦးဝင်းတင်နဲ့ တွေ့ခွင့်ရတော့ ကျွန်တော်က အနောက်ဘက်ဒေသသံချပ် အဖွဲ့ကပါဆိုတော့ ဒီနှစ်ကော ဘာလုပ်ကြ သလဲ ဆိုပြီး တခုတ်တရနဲ့ကို မေးတာ။ ဒါပေမဲ့လည်း အကြောင်းအမျိုးမျိုးကြောင့် လူစုလည်းကွဲ၊ သံချပ်လည်း မလုပ် ဖြစ်ခဲ့ပါဘူး။

ဒီနေရာမှာ နောက်ထပ်ထူးခြားမှုလို့ ပြောရရင် အနောက်ဘက် ဒေသသံချပ်အဖွဲ့ရဲ့ ခေါင်းစဉ်တွေနောက်မှာ ““တိုက်ပွဲခေါ်သံ”” သံချပ်များဆိုပြီး ထည့်သွင်းလေ့ရှိတာပါ။ ပြည်သူတွေရဲ့ နစ်နာချက်၊ အစိုးရရဲ့ ဖိနှိပ်ချက် တွေကို နားထောင်သူ မျက်စိထဲမြင်အောင် စကားလုံးတွေနဲ့ သရုပ်ဖော်ပြပြီး တိုက်ပွဲဝင်ဖို့ ဆော်သြတဲ့သဘော ပါ။ မွန်းကျပ်နေတဲ့ ပြည်သူတွေရင်ထဲမှာ ဖိနှိပ်ခံရမှုတွေကြောင့် တင်းကျပ်နေတာကို တိုက်ပွဲအဖြစ်ပြောင်းလဲပြီး စစ်မှန်တဲ့ အနေအထား တစ်ခုကိုရောက်ဖို့အတွက် နှိုးဆော်တဲ့သဘောပါ။

ကျွန်တော်တို့ သံချပ်တွေလုပ်တုန်းက ပြည်ပမှာဆိုတော့ ဘယ်ဆင်ဆာမှလည်း မရှိသလို တစ်ခုရှိတာက အစိုးရ ကိုတင်မဟုတ်၊ အတိုက်အခံလို့ ခေါင်းစဉ်တပ်ထား သူတွေရဲ့ မှားယွင်းတဲ့ လုပ်ရပ်တွေကိုပါ နာလိုခံခက်ဖြစ် အောင် သရော်ပြီး သံချပ်ထိုး ခွင့်ရခဲ့တာပါ။ အစိုးရရဲ့မှားယွင်းချက်တွေကတော့ အများလည်းအသိမို့ ထူးမပြော တော့ပါဘူး။ အတိုက်အခံတွေ ဘက်မှာဆိုရင် ပြည်တွင်းကော၊ ပြည်ပ မှာပါရှိတဲ့သူ တွေရဲ့ တစ်နှစ်တာ အတွင်း လုပ်ရပ်တွေကို ပြန်လည်သုံးသပ်ပြီး ပြင်ဆင်စေ ချင်တာတွေကို ပြင်ဆင်ပေးဖို့ လှုံ့ဆော်သံချပ်တွေ ထိုးခဲ့တာပါ။ ဒါက ကျွန်တော်တို့ သံချပ်ထိုးစဉ်တုန်းက လုပ်ခဲ့ကြတဲ့ အနေအထားတွေကို အကျဉ်းချုံး ရှင်းပြတာပါ။

အခုပြည်တွင်း ပြန်ရောက်လို့ သင်္ကြန်လည်း ၂ ကြိမ်မြောက်တော့မှာပါ။ ပထမတစ်ကြိမ် သင်္ကြန်ကာလ သံချပ် ထိုးချိန် ရောက်တော့ သံချပ်ပြိုင်ပွဲတွေလုပ်ကြသလို တခြားသူတွေလည်း မြို့အနှံ့ပတ်ပြီး သံချပ်ထိုးကြ၊ အစိုးရ ကလည်း သူ့ကိုတော့ မထိခိုက် အောင် သံချပ်ထိုးဖို့တားမြစ်နဲ့ လုံးချာလည် လိုက်ပြီးပါပြီ။ သံချပ်ထိုး သူတချို့ ကလည်း အစိုးရရဲ့ အားနည်းချက်ကို ထိသလိုမထိ သလိုစကားလုံးတွေနဲ့ သံချပ်ထိုးကြသလို အတိုက်အခံတွေ အားနည်းချက်ကို ဖိကြ ဖော့ကြနဲ့သံချပ်ထိုးခဲ့ကြပါတယ်။ ဒီအဖြစ် အပျက်တွေအပေါ်မှာလည်း မီဒီယာတွေက ရေးကြသားကြ၊ သံချပ်ဆိုတာ လွတ်လွတ် လပ်လပ်ထိုးပိုင်ခွင့်ရှိတယ်လို့ ဆိုသူကဆိုနဲ့ ပထမတစ်နှစ် သင်္ကြန်ကို တော့ လွန်မြောက်ခဲ့ပါပြီ။

ဒီနှစ်အတွက် သင်္ကြန်သံချပ်နဲ့ ပတ်သက်လို့လည်း တစ်နှစ်တစ်ခါ ပုံမှန်တားမြစ် နေကျအတိုင်း အစိုးရရဲ့ ဂုဏ် သိက္ခာကိုမထိ ခိုက်အောင်သံချပ် ထိုးရမယ်ဆိုပြီး တားမြစ် ပြန်သလို တချို့သံချပ်အဖွဲ့တွေလည်း မထွက်ကြ တော့ဘူးလို့ သိထားရပါတယ်။ တာတန်ခူးနဲ့ မြူးမယ့် သင်္ကြန်ကာလမှာ သံချပ်သံတွေ ဆိတ်သုဉ်းကုန်မှာ ကို တော့ မလိုလားတာ အမှန်ပါပဲ။ သံချပ်ရဲ့သဘော သဘာဝအရ ပြီးခဲ့တဲ့ တစ်နှစ်တာအတွင်း အုပ်ချုပ်ရေး၊ နိုင်ငံ ရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ ပတ်သက်လို့ ပြင်ဆင်စရာ ရှိတာတွေကို ပြင်ဆင်နိုင်အောင်အတွက် တိုက်တွန်း တာပါ။ ဒီလိုအသံတွေ တိတ်သွားမယ်ဆိုရင်ဖြင့် ပြည်သူ့ကိုယ်စား ဘယ်သူတွေပြော ပေးကြ မှာလဲလို့ မေးခွန်း ထုတ်ရတော့မှာပါ။

ဒီတော့ အဘဦးဝင်းတင်ရဲ့စကားနဲ့ပဲ အဆုံးသတ်ပါရစေ။ ဖိနှိပ်မှုတွေ၊ တားဆီးမှုတွေ ဘယ်လောက်ရှိရှိ ““ထွက် ပေါက်မရှာဘဲ ဖောက်ထွက်ကြ ပါလော့””လို့ပဲ ပြောလိုက်ပါရစေ။

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald


( အချစ်ဟုအဓိပ္ပါယ်သက်ရောက်စေခြင်းမရှိစေရ ) ဟူသော စာရေးဆရာ ကိုမင်းလူ၏၀တ္ထုအား ဒါရိုက်တာ ချိုတူးဇော် ရိုက်ကူးခဲ့စဉ်က ထိုရုပ်ရှင်ဇာတ်ကားသည်
မိမိဘ၀အတွက်နောက်ဆုံးသောအနုပညာတင်ပြ ချက်ဖြစ်မည်ဟုမိမိမသိခဲ့ပါ။

ကံကြမ္မာအလှည့်အပြောင်းကြောင့်၂၀၀၇ခုနှစ်စက်တင်ဘာ သံဃာ့တော်လှန်ရေးနှင့်ကြုံတွေ့ရပြီး မိမိ၏အနုပညာလုပ်ငန်းများကိုရပ်ဆိုင်းခြင်းကိုခံခဲ့ရသည်။

ယခု၂၀၁၅ ခုနှစ်အတာသင်္ကြန်ရေကစားပွဲ အကြိုနေ့တွင်ဒုတိယအကြိမ်အနုပညာလောကသို့ခြေပြန်လှမ်းခဲ့သည့်(ပရော်ဖက်ဆာဒေါက်တာဆိတ်ဖွား)ဇာတ်ကားရိုက်ကူးခြင်းနောက်ဆုံးနေ့ရက်ဖြစ်တော့သည်။

ယင်းဇာတ်ကားသည်လည်း ကျွန်တော့်ရဲ့နောက်ဆုံးပြည်သူလူထုအတွက်ရုပ်ရှင် ဇာတ်ကားများဖြစ်လေမလားဟုတွေးတောမိပြန်တော့သည်။ မည်သို့ဖြစ်စေ ကျွန်တော့်၏ပထမဆုံးပြန်လည်ရိုက်ကူးသောနောက်ဆုံးဇာတ်ကားဘဲဖြစ်ဖြစ်အနုပညာလောကသို့ အနုပညာနှင့်ပရဟိတလုပ်ငန်းကိုရိုးမြေကျသည်အထိပေးဆပ်သွားသူဘဲဖြစ်ဖြစ် ကျွန်တော်ပရဟိတတာဝန်ကျေပွန်ဖို့လိုအပ်လှသည်။ူ ရုပ်ရှင်ဇာတ်ကားရိုက်ကူးခြင်းနောက်ဆုံးနေ့ရက်များ၌
ကျွန်တော်တို့အနုပညာသည်များ၏အလှူဒါနဖြစ်သောမုန့်ဖိုးပေးခြင်းဂုဏ်ပြုခြင်းတည်း ဟူသောကင်မရာမင်းများ စက်မှုလုပ်သားများအားချီးမြုင့်ပေးလေ့ရှိသည်။အားလုံးကပျော်ရွှင်စွာလက်ခံရယူပျော်ပွဲဆင်ကြတော့သည်။

သို့သော် ကျွန်တော်ဒီနေ့ တွင်မပေးခဲ့ချေ။ ကျွန်တော်စဉ်းစားမိသည်။ ပရဟိတသမားတစ်ယောက်အနေဖြင့် သီလလုံခြုံဖို့အရေးကြီးသည်။ ထို့ကြောင့်မိမိပေးလိုက်သောငွေကြေးတို့ဖြင့်သင်္ကြန်ကာလတွင်ပျော်ပါးကာသောက်စားကြမည်ကိုမိမိမလိုလားပေ။ သူရာမေယျယကံကိုမိမိစောင့်ထိန်းယုံဖြင့်မပြီး။
မကျူးလွန်ရန်ကိုလည်းကာကွယ်ပေးရမည်ဖြစ်သည်။ထို့ကြောင့် ကျွန်တော်ဆုံးဖြတ်လိုက်တော့သည်။

အမှတ်တရ တစ်သက်လုံးနှလုံးသားထဲစွဲမြဲကျင့်သုံးလိုက်နာရမည့်စာတန်းပါမိမိပုံနှင့်ရိုက်နိုပ်ထားသော
TShirtအကျီင်္များကိုလက်ဆောင်ပေးလိုက်တော့သည်။

T.Shirt ပါစာတန်းများမှာ. . .
ဟိတ်!
ကိုယ့်လမ်း. . .ကိုယ်သွား
ကိုယ့်အလုပ်. . .ကိုယ်လုပ်
ကိုယ့်တာဝန်. . .ကိုယ်ကြေ
ကိုယ့်သီလ. . . ကိုယ်လုံ
ကိုယ့်သမိုင်း. . . ကိုယ်ရေး
ဒါဘဲ ကျော်သူ
ဗြဟ္မစိုရ်တရား ကမ္ဘာလွှမ်းစေရမည်။ ဟူသောစာသားများဖြစ်သည်။
အကျီင်္လက်ဆောင်ပေးရင်းကျွန်တော်ကနောက်ပြောင်ပြီးပြောလိုက်ရသေးသည်။
ခင်ဗျားတို့ ကိုယ့်လမ်း ကိုယ့်အလုပ် ကိုယ့်တာဝန်တွေကိုကြေပွန်ခိုင်းတာနော်။
ကိုယ့်ပုလင်းကိုယ်ကိုင် ကိုယ့်အရက်ကိုယ်သောက်
ကိုယ့်အမြီး ကိုယ်စားခိုင်းတာမဟုတ်ဘူးလို့။
ဘာဘဲဖြစ်ဖြစ် ထိုသင်္ကြန်အကြိုနေ့တွင်ကား ရုပ်ရှင်ရိုက်ကွင်းတစ်ခုလုံးပျော်ရွှင်စည်းလုံးညီညွတ် စွာဖြင့်ကျွန်တော်ပေးထားသောT.Shirt များကို
ိုတစ်ဖွဲ့လုံးဝတ်ဆင်ကြကာကိုယ့်တာဝန်ကိုယ်ကျေပွန်ခဲ့ရသောမြင်ကွင်းသည်ကားကျွန်တော့်အဖို့များစွာဝမ်းသာပီတိဖြစ်မိတော့သည်။

-ကျော်သူ

အတာသင်္ကြန်အကြိုနေ့ည၇း၃၀ခန့်မှာမြို့ကြီးတချို့တပြိုင်နက်မီးပျက်သွားပါတယ်။ရန်ကုန်မြို့မှာတော့၁၅မိနစ်ခန့်မီးပျက်သွားပြီးပြန်လာပါတယ်။၁၀မိနစ်ဝန်းကျင်မှာမီးပြန်ပျက်သွားပြီးအခုထိပျက်နေဆဲဖြစ်တယ်။မ ဟာဓာတ်အားလိုင်းတစ်ခုခုဖြစ်လို့များမီးပျက်တာလားလို့ရန်ကုန်မြို့နေပြည်သူတချို့ကသုံးသပ်တယ်။

မီးပျက်ရတဲ့အကြောင်းကိုမြန်မာနိုင်ငံလျှပ်စစ်စီမံကိန်းမှတာဝန်ရှိသူတစ်ဦးကိုဆက်သွယ်မေးမြန်းရာသူက”မီးပြန်လာပါလိမ့်မယ်၊ဘာကြောင့်ပျက်ရလည်းဆိုတာကိုအပြစ်ရှာနေဆဲပဲ၊လက်ရှိမှာဂတ်စ်တာဘိုင်တွေကိုရှက် ဒေါင်းချထားလို့မြောက်ပိုင်းကနေလျှပ်စစ်မီးပေးနေရတာဖြစ်တယ်၊အောက်ပိုင်းမှာသတ်မှတ်ချက်ထက်ပိုပြီး မီးအားပိုသုံးတဲ့အတွက်မနိုင်မနင်းဖြစ်ပြီးချိတ်ဆက်ထားတဲ့နေရာမှာပြုတ်ကျသွားတာလည်းဖြစ်နိုင်တယ်”လို့ ဖုန်းကတဆင့်ပြောပါတယ်။

လျှပ်စစ်မီးပျက်တဲ့မြို့ကြီးတချို့မှာရန်ကုန်၊မန္တလေး၊မိတ္ထီလာ၊ပြင်ဦးလွင်၊စစ်တွေ၊မုံရွာ၊ပခုက္ကူ၊ကျုံပျော်၊ပျဉ်းမ နား၊ပုသိမ်၊တပ်ကုန်းတို့ဖြစ်ပါတယ်။

ဓာတ်ပုံ/သတင်း ဇင်သော်

Kumudra


 တရုတ်-မြန်မာနယ်စပ်အနီး ရှမ်းပြည်နယ်အတွင်းက ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှာ အစိုးရတပ်နဲ့ ကိုးကန့်တပ်ဖွဲ့တွေအကြား ဧပြီ ၈ ရက်ကစပြီး အခုချိန်ထိ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ကိုးကန့် တပ်ဖွဲ့ပြောခွင့်ရသူ ဦးထွန်းမြတ်လင်းက ဒီဗွီဘီကို ပြောပါတယ်။

လောက်ကိုင်မြို့ရဲ့အရှေ့တောင်ဘက်ခြမ်း သုံးရှမ်းဒေသမှာ အစိုးရစစ်တပ် အများအပြားနဲ့ ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့အတွက် ၂ ဖက် တိုက်ပွဲပြင်းထန်ဖြစ်ပွား နေတာလို့ ပြောပါတယ်။

“၈ ရက်နေ့ကစပြီး တော်တော်လေးကို ပြင်းထန်လာပါတယ်။ အခုချိန်ထိ ဖြစ်နေတုန်း ပါပဲ။ သူတို့က လက်နက်ကြီးလည်း ပိုသုံးလာတယ်။ အမြောက်တွေ ပိုပြီးတော့ စိတ်လာတယ်ပေါ့။ ပြီးတော့ သံချပ်ကာကားနဲ့ တင့်ကားနဲ့ ပစ်ကူပါတယ်။ လူအင်လား လည်းပိုပြီး သုံးလာတာတွေ့ရပါတယ်။ ကျနော်တို့ ဒေသထဲရောက်နေ တာကတော့ တပ်မ ၂၂ ကလွဲလို့ ဒီပြင်တပ်မတွေ တွေအားလုံးရောက်နေပါတယ်။ ကျနော်တို့ရဲ့ ဂွင်ကျဉ်း ကျဉ်းလေးထဲကို အားလုံးလိုလိုရောက်နေတယ်။ ပြီးတော့ စကခတွေ လည်း အများကြီးရောက်နေ ပါတယ်။ ကြည်းတပ်ရဲ့အင်အားနဲ့တွက်ကြည့်လိုက်ရင် ရာခိုင်နှုန်း ၂၀ ကျော်လောက်က ကျနော်တို့ ကိုးကန့် ဒေသ ထဲရောက်နေတယ်”  လို့ ဦးထွန်းမြတ်လင်းက ပြောပါတယ်။

ဒီလို ထိုးစစ်ဆင်မှုကြောင့် ၂ ဖက် ထိခိုက်ကျဆုံးမှုတွေ များ တယ်လို့ သူက ပြောပါတယ်။

“ကျနော်ထင်တယ်အခု ၈ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ ၅ ရက်ပေါင်းလိုက်ရင် တပ်မတော်ဖက်က ကျတာနဲ့ ဒဏ်ရာရတာနဲ့ဆိုရင် ၇၀၀ လောက်ရှိမယ်ထင်တယ်။ ကျနော်တို့ဘက်ကတော့ ၆၀ လောက်ရှိပါတယ်။”လို့ ဦးထွန်းမြတ်လင်းက ပြောပါတယ်။

ကိုးကန့်တပ်ဖွဲ့အနေနဲ့ အစိုးရနဲ့ ငြိမ်းချမ်းရေးလိုလားမေပယ့် သူတို့အဖွဲ့ကို အစိုးရဖက်က အသိအမှတ်မပြုတဲ့ အတွက် အစိုးရက ထိုးစစ်ဆင်နေရင် တတ်နိုင်သလောက် ခုခံသွားမှာဖြစ်တယ်လို့လည်း ပြောပါတယ်။

ကိုးကန့်တပ်ဖွဲ့နဲ့အတွက် တအာင်းတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် တို့က ပူးပေါင်း တိုက်ခိုက်မှုတွေရှိ တယ်လို့ လည်း ပြောပါတယ်။

ဖေဖော်ဝါရီ ၉ ရက်ကစတင်ခဲ့တဲ့ လောက်ကိုင်တိုက်ပွဲတွေကြောင့် ဒီနေ့ထိ မြန်မာပြည်ဘက် ထွက်ပြေး တိမ်းရှောင်လာရတဲ့ စစ်ပြေးဒုက္ခသည်ဦးရေ ၈၀၀၀ ခန့် ရှိပြီး တရုတ်ပြည်ဖက်က မှာလည်း အမြောက်အများ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

 By ဒီဗွီဘီ
http://burmese.dvb.no


 သိမ်းဆည်း လယ်မြေပြန်ရအောင်ကြိုးပမ်းရင်း မအူပင်ထောင်မှာ ထောင်ချခံရသူ လယ်သမား ဦးမောင်စိုးက သူ့ကို အာဏာပိုင်တွေက  ရွာသာကြီး စိတ်ကျန်းမာရေး ဆေးရုံကြီး (ရန်ကုန်)  ပို့ဆောင်ခဲ့တယ်လို့  ဆေးရုံပေါ် ကနေ ဒီဗွီဘီကို ပြောပါတယ်။

မအူပင်မြို့နယ် မလက်တိုကျေးရွာက လယ်သမား ဦးမောင်စိုးက စိတ်ရောဂါအပြင်းစား၊ စိတ်ကစဥ့် ကလျားရောဂါ ကနေ အရက်ဖြတ်လူနာတွေထိ ထားရှိတဲ့ အဆိုပါဆေးရုံကို ပို့ဆောင်ခံရတာဟာ သူ့အပေါ် အာဏာပိုင်တွေက အမှုတွ ထပ်တိုးတာ မခံနိုင်လို့  ထောင်တွင်း အစာငတ်ခံဆန္ဒပြလို့ ၄ ရက်မြောက်နေ့ မှာလို့ ပြောပါတယ်။

“မအူပင်ဆေးရုံက သမားတော်ကြီးကနေပြီးတော့ စိတ်ရောဂါများ ရှိတယ်ထင်တယ်ဆိုပြီးတော့ ဒီဟို နင်းထောင်ကို စစ်ဆေးပြီးတော့ စမ်းသပ်ပေးပါဆိုပြီးတော့ မအူပင်ဆေးရုံက ဆရာဝန်ကပြောတယ်။ အခု ဟာက စိတ်ကျန်းမာရေး ဆေးရုံကိုပို့လိုက်တာ။ ပြသနာက အိမ်ရှင် ၂ ယောက်နဲ့ ရဲ ၂ ယောက် စောင့်ရမယ်။ မအူပင်ကနေလည်း ရဲ အကုန်မပါလာဘူး။ အိမ်ရှင် ၂ ယောက်က စောင့်ရမယ်ဆိုတော့ တွက်ကြည့်ပေါ့။ ၂ နှစ်လောက်ဖြစ်နေတဲ့အခါကျတော့ စားဝတ်နေရေးက ကလေးငယ်လေးကလည်း ကျန်းမာရေး မကောင်း ဘူး။ အိမ်က လာစောင့်ဖို့လူကလည်း မရှိတော့ ကျနော်တို့လည်း ဒုက္ခ ရောက်နေတယ်။” လို့ ပြောပါတယ်။

ဦးမောင်စိုးဟာ ၂၀၁၃ ခုနှစ်ဆန်းပိုင်းက မလက်တိုကျေးရွာအုပ်စုအတွင်းက သိမ်းဆည်ခံ လယ်မြေတွေ ပြန်ရဖို့ တောင်းဆိုရာမှာ တက်ကြွသူဖြစ်ပါတယ်။   တောင်းဆိုမှုဖြစ်စဉ်ကာလ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ညက ရဲတ်ပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံ တောင်သူတွေအကြား ပဋိပက္ခ ဖြစ်ပွားခဲ့ရာမှာ  ရဲတပ်ဖွဲ့ဝင် ၁ ဦး သေဆုံးခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၂၆ ဦးနဲ့ ဒေသခံ ၁၅ ဦး ဒဏ်ရာအသီးသီး ရရှိခဲ့ပါတယ်။

ရဲသေဆုံးမှုနဲ့ပတ်သက်ပြီး ဦးမောင်စိုးကို လူသတ်မှုနဲ့ တရားစွဲဆိုခဲ့သလို ၂၀၁၄ ဧပြီလ ၁၄ ရက်မှာ ထောင်ဒဏ် ၃ နှစ်စီရင်ခဲ့ပါတယ်။

သင်္ကြန်တွင်းကာလဖြစ်တာကြောင့် ဦမောင်စိုးကို ဆေးစစ်ချက်မယူသေးဘဲ ရွာသာကြီးဆေးရုံမှာပဲ ဆက်လက် ထိန်းသိမ်း ထားတယ်လို့ ဦးမောင်စိုးကို သွားတွေ့တဲ့ ဇနီး ဒေါ်ဥမ္မာစန်းက ပြောပါတယ်။

“ကျမ ယောကျာ်းကို ထောင် ၃ နှစ်ချပြီးတဲ့အပြင်ကို နောက်ထပ်တရားရုံးမှာ ထပ်ပြီး အမှု ရင်ဆိုင်နေရတာ ၃၂ ကြိမ်၊ အဲဒီ ၃၂ ကြိမ်ကို တရားခံတယောက်လာပြီး အဖမ်းခံတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ ၃၂ ချိန်းကို ပယ်ဖျက်ပြီးတော့ နောက်ထပ်အစကနေ ပြန်စစ်ရမယ်တဲ့။ အမှုကို အစကနေ ပြန်စစ်မယ်ဆိုတော့ ကျမ ယောက်ျားက မခံနိုင်လို့ဆိုပြီး အစာငတ်ခံပြီးဆန္ဒပြတယ်။ အဲဒါကို ရူးတယ်ဆိုပြီးတော့ အခု အရူးထောင်ကို ပို့လိုက်တာရှင့်။ ”

ဦးမောင်စိုးနဲ့ ဒေါ်ဥမ္မာစန်းတို့မှာ သားသမီး ၄ ဦးအနက် အကြီး ၂ ယောက်က အိမ်ထောင်ပြုပြီဖြစ်ပေမယ့် ကျန်ရှိ ကလေးငယ် ၂ ယောက်နဲ့ စားဝတ်နေရးအတွက် မိခင်တဦးတည်း ရုံးကန်နေရသလို ခင်ပွန်းသည်အတွက်ပါ လုပ်ဆောင်နေရတဲ့အတွက် အခက်အခဲတွေ ကြုံနေရတယ်လို့လည်း ပြောပါတယ်။

 By နော်နိုရင်း (ဒီဗွီဘီ)
http://burmese.dvb.no

(ဓာတ်ပုံ – facebook)

စစ်တွေ၊ ဧပြီ ၁၂

ရခိုင်ပြည်နယ်အမ်းမြို့တွင် နှစ် ၁၆ဝ ကျော်သက်တမ်းရှိ ရှေးဟောင်းကြေးခေါင်းလောင်းတစ်လုံး မြေကြီး တူးဖော်ရာမှ ရှာဖွေတွေ့ရှိခဲ့သည်ဟု သတင်းရရှိသည်။

ဧပြီလ ၇ ရက်နေ့၊ နံနက် ၁၁ နာရီခန့်က အမ်းမြို့၊ လေယာဉ် ကွင်းရပ်ကွက်အတွင်းရှိ အမ်းချောင်းထဲမှ ယင်းခေါင်းလောင်းအား တူးဖော်တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု မြို့ခံများက ဆိုသည်။

အမ်းမြို့နယ်အတွင်းရှိ စီမံကိန်းလုပ်ငန်းခွင်တစ်ခုအတွက် အမ်းချောင်းထဲရှိသဲကျောက်များကို  “နေလသစ္စာ” ကုမ္ပဏီမှ Backhoe ယာဉ်ဖြင့် တူးယူရာတွင် အဆိုပါခေါင်းလောင်းကို ယခုကဲ့သို့ တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း လေယာဉ်ကွင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဘခင်က ပြောသည်။

“ခေါင်းလောင်းရပြီးတဲ့နောက်ပိုင်းမှာတော့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ သိမ်းထားတယ် ခင်ဗျ။ ဘယ်လိုရှေ့ဆက်ဆောင်ရွက်မယ်ဆိုတာတော့ ကျွန်တော်တို့လည်း မသိရသေးဘူး”ဟု သူကဆက်လက် ပြောသည်။

အသေးစိတ်သိရှိနိုင်ရန် မြို့နယ်အုပ်ချုပ်ရေးမှူးထံ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။

ဒေသခံများကမူ အဆိုပါခေါင်းလောင်းကို အမ်းမြို့တွင်သာထားရှိစေလိုသည်ဟု ဆိုသည်။

“ခေါင်းလောင်းဆိုတာက ဘုရားစေတီမှာပဲထားရတာလေ။ ကျွန်တော်တို့ကတော့ အမ်းမြို့မှာရှိတဲ့ မြို့ဦးဓာတ်ပေါင်းစုစေတီမှာပဲ ထားပေးစေချင်တယ်”ဟု အမ်းမြို့ခံ ဦးတင်အောင်က ဆိုသည်။

အဆိုပါခေါင်းလောင်းမှာ ထု (၁) လက်မ၊ ခေါင်းလောင်းဝ အချင်း (၁ဝ) လက်မခွဲ၊ အမြင့် (၁၆)လက်မ၊ လုံးပတ် (၃၂) လက်မခွဲရှိပြီး အရောင်မှာ ကြေးပုတ်ရောင် ဖြစ်ကြောင်း သိရသည်။

ခေါင်းလောင်းပေါ်တွင် “သက္ကရာဇ် ၁၂၁၃ ခုနှစ်၊ တော်သလင်းလဆန်း ၆ ရက်နေ့တွင် ဘုရားဒါယိကာ ဦးပြောင်ရှင်နှင့် သမီး၊ ခင်ပွန်းတို့သည် နိဗ္ဗာန်ရောက်လို ကြည်ညိုသဒ္ဓါ စေတနာဖြင့် အသပြာ ၃၄ ကျပ် ၇ ပြားပေး၍ ခေါင်းလောင်းကြေးချိန် ၁၆/၂၅ကို လှူဒါန်းပူဇော်ပါ၏။ ဤကောင်းမှုကိုလည်း မိဘဘိုးဘွား ဆရာသမား သတ္တာဝါ ဝေနေယျတို့ ရကြပါစေကြောင်း ကျွန်ုပ်တောင်းသည်။ သောင်းသောင်းသာဓုသာဓု ခေါ်စေသော်”ဟု ရေးသားပါရှိသည်။

မာန်ယုကျော် (ရွှေဝမြေ) / နိရဉ္စရာ
http://www.narinjara.com/burmese

၂၀၁၆ ခုနှစ် ဒီမိုကရက်တစ်ပါတီကနေ သမ္မတလောင်းအဖြစ် ဝင်ရောက်အရွေးခံဖို့ ကြေငြာလိုက်တဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန် 
လပေါင်း အတန်ကြာအောင် ထင်ကြေးပေး ပြောဆို မှုတွေဖြစ်ခဲ့ပြီးတဲ့ နောက် အမေရိကန် သမ္မတဟောင်း ကတော်လည်းဖြစ်၊ နိုင်ငံခြားရေး ဝန်ကြီးဟောင်း တဦးလည်း ဖြစ်သူ Hillary Clinton ဟာ ၂ဝ၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်မှာ ဖြစ်တဲ့ အကြောင်း မကြာခင်ကပဲ ကြေညာခဲ့ပါတယ်။

ဒါကတော့ သူ့အနေနဲ့ သမ္မတလောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်မှာဖြစ်တဲ့အကြောင်း ထုတ်လွှင့်တဲ့ ကြေညာချက်မှာ ပြောကြားသွားတာပါ။ စီးပွားရေး ပြန်ပြီးကောင်းလာအောင် လုပ်ရမယ်။ အမေရိကန်နိုင်ငံမှာ သမ္မတအသစ်တယောက် လိုအပ်နေပါတယ်။ အဲဒီသူဟာ အမေရိကန် နိုင်ငံသားတွေရဲ့ အိပ်မက်တွေကို အလေးအနက် နားလည်တဲ့ သူတယောက် ဖြစ်ရပါလိမ့်မယ်လို့ Mrs. Clinton က ပြောသွားတာပါ။

Mrs. Clinton က သူမရဲ့ အင်တာနက် လူမှုကွန်ယက်စာမျက်နှာပေါ်ကနေ ဒေသစံတော်ချိန် တနင်္ဂနွေနေ့ မှာ အဲဒီလို တရားဝင် ကြေညာလိုက်တာ ဖြစ်ပါတယ်။ သူမအနေနဲ့ လူလတ်တန်းစား နိုင်ငံသားတွေအရေး အလေးပေး လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့လည်း ကတိပြုပြောဆိုသွားပါတယ်။

Mrs. Clinton သမ္မတ အိုဘားမားရဲ့ အရိုက်အရာကိုဆက်ခံဖို့အတွက် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ကြောင်း ပထမဆုံး ကြေညာတဲ့ ဒီမိုကရက်ပါတီဝင် ဖြစ်ပါတယ်။ ၂ဝဝ၈ ခုနှစ်တုန်းကလည်း သမ္မတရာထူးဝင်ရောက် ယှဉ်ပြိုင်ဖို့ ကြိုးစားခဲ့ပေမဲ့ မစ္စတာအိုဘားမားက အနိုင်ရရှိ သွားခဲ့တာပါ။

မကြာခင်က ကောက်ယူခဲ့တဲ့စစ်တမ်းမှာတော့ Mrs. Clinton ဟာ တခြားဒီမိုကရက်ပါတီတွင်းက သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြေ ရှိသူတွေအပေါ် အသာစီးရထားတယ်လို့ဆိုပါတယ်။ သူမဟာ ၂ဝ၁၆ ခုနှစ် သမ္မတ ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကင် သမ္မတလောင်းတွေ ကိုတောင် အပြန်သတ် အနိုင်ရနိုင်ခြေရှိကြောင်း ပြသနေတယ်လို့ ဆိုပါတယ်။

ဗွီအိုအေ (မြန်မာဌာန)
http://burmese.voanews.com

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် မလကျွန်းမှာရှိတဲ့ ရွှေဂတ်စ် စီမံကိန်း အဆောက်အဦးပုံကို တွေ့ရစဉ် photo: RFA/ Min Thein Aung
 ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ဂုံးချွိန်နဲ့ မလ ကျွန်းကျေးရွာ တောင်သူတွေက ရွှေ သဘာဝဓာတ်ငွေ့ သန့်စင်စက်ရုံကြောင့် ပျက်စီးသွားတဲ့ မြေဧက ၆၀ ကျော် အတွက် လျော်ကြေးအပြည့်အဝရရှိပေးဖို့ တောင်းဆို လိုက်ကြပါတယ်။

အဲဒီကျေးရွာ ၂ ရွာက တောင်သူတွေဟာ ကျောက်ဖြူ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ တွေ့ဆုံ ပြီး တောင်းဆိုလိုက်တာ လို့ ဒီနေ့တွေ့ဆုံရာမှာ ပါဝင်ခဲ့တဲ့ မလကျွန်းရွာခံ ဦးမျိုးထွန်းက ပြောပါတယ်။

"ပိုင်ရှင်မသိဘဲနဲ့ အတင်းအဓ္ဓမလက်မှတ်ရေးထိုးခိုင်း တာတို့ အဲ့ဒါတွေကို ပွင့်ပွင့်လင်းလင်း တောင်သူ လယ်သမားနဲ့ ရိုးရိုးကုမ္ပဏီတို့နဲ့ သုံးပွင့်ဆိုင် လုပ်သင့်လုပ်ထိုက် တာတွေကို ဒီနေရာ ကနေတောင်းဆိုလိုက်တာပါ "

ပျက်စီးသွားတဲ့မြေယာတွေအတွက် လျော်ကြေးငွေကို လာမယ့် ဧပြီလ ၂၂ ရက်နေ့မှာ လယ်သမား၊ အစိုးရ၊ ဒေဝူး ကုမ္ပဏီတို့ ၃ ပွင့်ဆိုင်တွေ့ဆုံပြီး ဖြေရှင်းသွားဖို့ မြို့နယ် အုပ်ချုပ်ရေးမှူးက သဘောတူခဲ့တယ်လို့ သိရပါတယ်။

ဂုံးချွိန်နဲ့ မလကျွန်းကျေးရွာအနီးမှာ ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ်လောက်ကစပြီး ဒေဝူးကုမ္ပဏီ က တာဝန်ယူ ဆောက်လုပ် ထားတဲ့ သဘာဝဓာတ်ငွေ့ သန့်စင်စက်ရုံ အတွက် မြေသား ညှိတာတွေ၊ တောင်တွေကနေ မြေတူးတာတွေကြောင့် အနီးအနားမှာရှိတဲ့ ဥယျာဉ်ခြံ မြေနဲ့ လယ်ယာမြေ ဧက ၆၀ ကျော်မှာ ရွှံ့တွေဖုံးလွှမ်းပြီး ပျက်စီးခဲ့တာလို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.