04/18/15

 ရက္ခိုင့်တပ်မတော် ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ဒေါက်တာညိုထွန်းအောင်ပုံ။ Photo:nyo thun aung facebook
 ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ ရက္ခိုင့်တပ်မတော် AA နဲ့ အစိုးရ တပ်မတော်တို့ မနေ့ကစပြီး ဒီနေ့အထိ နှစ်ရက်ဆက်တိုက် တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

ကျောက်တော်အခြေစိုက် ခမရ ၅၃၉ တပ်နဲ့ ကျောက်တော်မြို့နယ် စပါးဆိပ်ကျေးရွာတဝိုက်မှာ တိုက်ပွဲဖြစ်နေတာလို့ ရက္ခိုင့်တပ်မတော် ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ဒေါက်တာ ညိုထွန်းအောင်က ပြောပါတယ်။

"တိုက်ပွဲကတော့ မနေ့က ကျနော်တို့ ၄ ကြိမ်လောက်ဖြစ်တယ်ခင်ဗျ၊ ၁၇ ရက်နေ့ ဒီနှစ်ဆန်း ၁ ရက်နေ့ပေါ့နော်၊ ဒီနေ့မနက် ၁၈ ရက်နေ့မှာလည်း အဲ့ဒီရဲ့အနီးအနားပတ်ချာလည်တွေမှာပဲ ကျနော်တို့ ထိတွေ့မှု ၂ ကြိမ်ထပ်ဖြစ်ထားတယ်ခင်ဗျ"

ရက္ခိုင့်တပ်မတော်နဲ့ အစိုးရတပ်မတော်တို့ဟာ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ချင်းပြည်နယ် ပလက်ဝမြို့နယ်ထဲက ပြင်ငူကျေးရွာအုပ်စုမှာ ပြီးခဲ့တဲ့မတ်လ ၂၉ ရက်နေ့က တစ်ကြိမ်၊ ဧပြီလ ၁၀ရက်နေ့ကတစ်ကြိမ် တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။

AA ရက္ခိုင့်တပ်မတော်ဟာ ပလောင်လွတ်မြောက်ရေးအဖွဲ့ TNLA နဲ့အတူ ဦးဖုန်ကြားရှင်ရဲ့ MNDAA ကိုးကန့်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး တရုတ်-မြန်မာနယ်စပ် လောက်ကိုင်မြို့တ၀ိုက်မှာ အစိုးရတပ်မတော်ကို တိုက်ခိုက်နေတဲ့အဖွဲ့လည်း ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese


 အခုတင်ပြမှာကတော့ မတ်လ ၃၀ ရက်နေ့ ရန်ကုန်မှ နေပြည်တော် ခရီးစဉ်မှာ ဖြစ်ပါတယ်။ ရန်ကုန်က ၁း၃၀ နာရီ အမြန်လမ်း တိုးဂိတ်ကို ရောက်တော့ ၂း၀၀ နာရီ(နေ့လည်) တိုးဂိတ်မှာ လမ်းခွန်ပေးဆောင်ပြီး Van-9F-**** အဖြူရောင်ကို သားငယ်ဖြစ်သူကမောင်း၊ ကားပေါ်မှာ မိသားစု ၅ ဦး၊ ကျား ၄ ဦး၊ မ ၁ ဦး စီးနင်း လာခဲ့ကြပါတယ်။

နေ့ခင်းဖက်ကို တမင်ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ သတင်းသမားဖြစ်လို့ ဓာတ်ပုံလေး ရိုက်နိုင်အောင်ရယ်၊ ပတ်ဝန်းကျင်အခြေအနေ လေ့လာနိုင်အောင်ရယ် ဖြစ်ပါတယ်။ ပြီးတော့ ညဖက်အမြန်လမ်းကို ကိုယ်ပိုင်ယာဉ်နဲ့ မဖြတ်ရဲတာလည်းပါတယ်။ လမ်းခရီးတလျှောက် ကီလို ၈၀ ထက် ပိုပြီးမမောင်းခဲ့ပါဘူး။ အမြန်လမ်းကြော တလျှောက် ကားလဲရှင်း၊ လူလဲရှင်း၊ လုံခြုံရေးတာဝန်ယူထားတဲ့ အမြန်လမ်းရဲတပ်ဖွဲ့ဝင်တွေကို ရန်ကုန်မှ နေပြည်တော်ရောက်တဲ့အထိ မတွေ့ခဲ့ရပါဘူး။

မိုင်တိုင် ၈၀ ကျော်မှာ ထူးခြားမှုတခုကို သတိထားမိပါတယ်။ ဘာတွေလဲဆိုတော့ ဆိုင်ကယ်တွေ လမ်း ပြောင်းပြန်မောင်းတာ ၃ ကြိမ်ကြုံရသလို မိုင်တိုင် ၁၀၀ နားမှာ စာရေးသူတို့ကားရှေ့မှာ ဆိုင်ကယ် ၂ စီး လူက ၄ ယောက်၊ နောက်က လူတယောက်ရဲ့လက်ထဲမှာ တောခုတ်ဓားလိုလို ကိုင်ထားတာတွေ့ရပါတယ်။ အဲဒီ ဆိုင်ကယ်ရဲ့မလှမ်းမကမ်းမှာ ဆိုင်ကယ်တစီးက လမ်းလယ်ခုံဘေးကပ်ပြီး မောင်းလာပါတယ်။ ကားထဲကို သေချာစွာကြည့်သွားပါတယ်။ ဘ၀အတွေ့အကြုံအရတခုခုပဲလို့စိတ်ထဲထင်ပြီး ကားကို အရှိန်လျှော့မောင်း ခိုင်းပြီး ဆိုင်ကယ်သမားတွေမြင်အောင် စာရေးသူက ဖုန်းထုတ်လိုက်ပါတယ်။ အဲဒီအချိန်မှာ ဆိုင်ကယ် ၃ စီးလုံး ညာဘက်လမ်းဘေး ဆင်းသွားကြပါတယ်။

လမ်းပေါ်မှာတော့ စာရေးသူတို့ ကားတစီးနဲ့ ခပ်လှမ်းလှမ်းက ကိုယ်ပိုင်ယာဉ်တစီး လှမ်းတွေ့ရပါတယ်။ ဒီလိုနဲ့ ၁၁၅ မိုင် ယာဉ်ရပ်နားစခန်းကို ရောက်ပြီး ပိုင်အိုနီးယားမှာ လက်ဖက်ရည်ဝင်သောက်ကြပါတယ်။ ၁၁၅ မိုင် ကိုရောက်ချိန်ကတော့ ညနေ ၁၆း၂၅ နာရီ ဖြစ်ပါတယ်။ ၄၅ မိနစ်လောက်နားပြီး ပိုင်အိုနီးယားဆိုင်က ရေမလာတဲ့အိမ်သာမှာ ၀ိတ်လျှော့၊ ကားကို လှည့်ပတ်စစ်ဆေးတော့ ညာဘက်နောက်ဘီးတလုံးနောက်မှာ သံပါတဲ့ ၂ လက်မလောက် သစ်သားတခုတွေ့ရပါတယ်။

သတိထားမိတဲ့ အကျိုးကျေးဇူးကြောင့် လမ်းတလျှောက်မှာ ဘာမှမဖြစ်ခဲ့ပေမယ့်၊ ၁၁၅ မိုင်ကထွက်ပြီး မိုင်တိုင် ၁၂၀ အရောက်မှာ ဆိုင်ကယ်သုံးစီး လူ ၆ ယောက် လမ်းဘေးအပင်အောက်မှာ တွေ့လိုက်ရပါတယ်။ ကားကို အရှိန်လျှော့ပြီး ဖြည်းဖြည်းပဲ မောင်းလာခဲ့ပါတယ်။ နောက် ၃ နာရီကျော်မှာ နေပြည်တော်မှာရှိတဲ့ မိမိနေအိမ်ကို ဘေးမသီရန်မခ ရောက်ခဲ့ပါတယ်။

အဲဒီအချိန်မှာ စာရေးသူရဲ့မိတ်ဆွေဌာနတခုက အရာရှိတယောက်က ဖုန်းဆက်ပါတယ်။ လမ်းမှာ ဘာထူးခြားမှု တွေ့ခဲ့ရသလဲမေးတော့ ထူးခြားမှုကိုပြောပြလိုက်ပါတယ်။ စာရေးသူရဲ့မိတ်ဆွေက အလားတူအဖြစ်မျိုး လွန်ခဲ့ သောတပတ်လောက်က ဖြစ်ခဲ့ဖူးကြောင်း၊ လူနှစ်ယောက်တည်းပါတဲ့အတွက် ၁၁၅ မိုင်က အထွက်၊ မိုင်တိုင် ၁၂၀ ကျော်မှာ ကားဘီးလေလျော့ပြီး လမ်းဘေးရပ်လိုက်ချိန်မှာဆိုင်ကယ် ၃ စီး၊ လူ ၆ ယောက် ရောက်လာပြီး လုယက်သွားကြောင်း၊ အ၀တ်အစားတွေပါ ချွတ်ယူသွားတဲ့အကြောင်းပါ။ ကိုယ်ပိုင်ယာဉ်တွေ ၁၁၅ မိုင်ယာဉ် ရပ်နား စခန်းရောက်ပြီး ပြန်မထွက်ခင် မိမိရဲ့ကားကိုစစ်ဆေးပါ။ မသင်္ကာစရာတွေ့ရင် လုံခြုံရေးတပ်ဖွဲ့ကို အကြောင်းကြားအကူ အညီတောင်းပါ။ နောက်တခုက လမ်းခရီးမှာ လုံခြုံရေးအတွက် ပတ္တရောင်လှည့်ပေး စေချင်ပါတယ်။ အဲဒီအမြန်လမ်းပေါ်မှာ လုယက်မှုကျူးလွန်သူတွေ၊ ကားတွေကို အန္တရာယ်ပေးမယ့်သူတွေ ရှိနေပါတယ်။

အမြန်လမ်းမှာ တနှစ်ကို ယာဉ်အစီးရေ သိန်း ၉၀ ဖြတ်သန်းတယ်လို့ တာဝန်ရှိသူတဦးက ပြောတာကြားဖူးပါ တယ်။ ယာဉ်ဖြတ်သန်းခက အနိမ့်ဆုံး ၂၅၀၀ိ မှ အမြင့်ဆုံး ၁၀၀၀၀ိ ထိပေးဆောင်ရကြောင်း တိုးဂိတ်မှာ ရေးထားတာ တွေ့ရပါတယ်။ ဒါကြောင့် အမြန်လမ်းမှာ တနှစ်ရတဲ့ဖြတ်သန်းခတွေ သိန်းပေါင်းမြောက်မြားစွာ ရှိနေမှာပါ။

လမ်းပြုပြင်ဖို့ ဘဏ္ဍာငွေတိုးတောင်းသံတွေလည်း ကြားရပါတယ်။ ပွင့်လင်းမြင်သာတဲ့ခေတ်မှာ အမြန်လမ်းက တနှစ်ကို ၀င်ငွေဘယ်လောက်ရတယ်။ ဘာတွေ အသုံးပြုတယ်ဆိုတာ ပြည်သူကိုချပြသင့်ပါတယ်။ လမ်းဘေး မှာ လမ်းလုံခြုံရေးအတွက် ခြံစည်းရိုးတွေ ကာသင့်ပါတယ်။ ဆိုလာ မီးတိုင်တွေ စိုက်ထူသင့်ပါတယ်။ လုံခြုံရေးဆောင်ရွက်တဲ့ အမြန်လမ်းရဲတွေအတွက် လိုအပ်တဲ့မော်တော်ယာဉ်၊ ဆိုင်ကယ် စီစဉ်ပေးသင့်ပါတယ်။

နေပြည်တော်ကအလာ ၁၁၅ မိုင်ဝင် ပြန်ထွက် ကားဘီးတွေပေါက်ပါတယ်။ ရန်ကုန်ကအလာ ၁၁၅ မိုင်ဝင် ပြန်ထွက်ကားဘီးတွေ ပေါက်ပါတယ်။

သတိရှိရင်တော့ ဘာမှမဖြစ်နိုင်ပါ။ ၁၁၅ မိုင် ယာဉ်ရပ်နားစခန်းမှာ လုံခြုံ ရေးလုံလောက်စွာ ချထားသင့် သလို ကိုယ်ပိုင်ယာဉ်တွေ၊ ခရီးသည်ပို့ဆောင်ရေးယာဉ်တွေ ယာဉ်မထွက်ခွာခင် မိမိရဲ့ယာဉ်ကို အထူးသတိထား စစ်ဆေးကြပါရန် ရေးသားသတိပေးလိုက်ရပါတယ်။

ထွန်း(နေပြည်တော်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကိစ္စနှင့် ပတ်သက်၍ သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရပြီး သေဆုံးသွား သည်ဟု သံသယရှိသူ ဒေါ်ခင်ဝင်း အမှုစီရင်ချက်ချသည့် ဧပြီလ ၉ ရက် ရုံးချိန်းအား သွားရောက်၍ပြန်လာ ကြသည့် တောင်သူများ စီးနင်းလာသော ထော်လာဂျီ ကားအတိုက်ခံရမှုတွင် တရားခံ ဖမ်းဆီးရမိခြင်း မရှိကြောင်း ဆားလင်းကြီးမြို့နယ် ရဲစခန်းမှူး ဦးသန်းနိုင်က ပြောကြားသည်။

ဒေါ်ခင်ဝင်း ပစ်သတ်ခံရမှုနှင့် ပတ်သက်ပြီး စီရင်ချက်ချသည်ကို သွားရောက်ကြသော သူတစ်စုပါသော ထော်လာဂျီသည် ဆားလင်းကြီးကျေးရွာမှဖြတ်ပြီး သရက်ရွာကို ပြန်လာစဉ် ပုသိမ်လမ်းမမှ တောင်ဘက်မှ မြောက်ဘက်သို့ ဖြည်းဖြည်းချင်း မောင်းလာသည်ကို မျက်နှာချင်းဆိုင်မှ ကုန်ကားက ၀င်တိုက်ခြင်းဖြစ်သည်ဟု လိုက်ပါသွားသူထဲမှ တစ်ဦးဖြစ်သော မိုးကြိုးပြင် အလယ်ရွာသား ကိုလပြည့်က မြန်မာသံတော်ဆင့်သို့ ပြောသည်။

““ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ကန့်ကွက်တာ မိုးကြိုးပြင်ရွာလည်း ပါပါတယ်။ ဒေါ်ခင်ဝင်း သေနတ်နဲ့ ပစ်သတ်ခံရတဲ့အထိ မုံရွာပြည်သူတွေကို ကာကွယ်သွားတာ၊ အဲဒီကိစ္စသွားပြီး ပြန်လာတဲ့လမ်းမှာ အတိုက်ခံရတာ””ဟု ကိုလပြည့်က ပြောသည်။

အဆိုပါဖြစ်စဉ်တွင်၂၃ ယောက် ဒဏ်ရာရရှိခဲ့ကြောင်း ၀င်တိုက်သည့် ကားသမားကို ဆားလင်းကြီးမြို့နယ် ရဲစခန်းမှခေါ်သွား၊ မသွား သေချာစွာ မသိရသေးကြောင်း၊ ဒဏ်ရာရနေသည့် ရွာခံများအတွက် စိတ်ပူ နေကြရ သည့်အတွက် ထိုအကြောင်းကို မသိရသေးကြောင်း ဒေသခံများ က ပြောဆိုသော်လည်း ဆားလင်းကြီး မြို့နယ်ရဲစခန်းမှ တရားခံ မဖမ်းမိသေးကြောင်း ငြင်းဆိုခဲ့သည်။

ဆားလင်းကြီးမြို့နယ် ရဲစခန်းမှူး ဦးသန်းနိုင်က ကားတိုက်သည်ဟူ၍ မိုးကြိုးပြင်ရွာသို့ သွားသည့်အချိန်တွင် ရွာမှလူများက တုတ်များဖြင့် ရိုက်မည်ဟုပြောသဖြင့် မသွားရဲသောကြောင့် မစုံစမ်းနိုင်ဘဲ ပြန်လည်၍ ထွက်ပြေး လာခဲ့ရကြောင်း မြန်မာသံတော်ဆင့်သို့ ပြောသည်။

““မိုးကြိုးပြင်က ပြောတာတွေကို ယုံသလား။ ရွာကိုသွားတော့ အဲဒီကလူတွေက တုတ်တွေနဲ့ရိုက်မယ်ပြောလို့ မကပ်ရဲလို့ ဘာမှမသိဘူး။ ပြန်ပြေးလာခဲ့တယ်။ သိပြီလား။ ကားတိုက်ထားတာ ဟုတ်တယ်၊ တရားခံကို ရဲက ခေါ်သွားတယ်ဆိုတော့ ကျွန်တော်တို့ရဲတွေ အဲဒီနားဝင်လို့ မရပါဘူးဆိုတာကို ရဲက ဘယ်လို ခေါ်သွားမှာလဲ။ ရဲတွေကို အ၀င်မခံဘူး။ တုတ်တွေ ဓားတွေနဲ့ ရိုက်ပါမယ်ဆိုလို့ ပြန်ပြေးလာတာ တရားခံမိတာကော လာဟလပါ”” ဟု ဆားလင်းကြီးမြို့နယ် ရဲစခန်းမှူး ဦးသန်းနိုင်က ပြောသည်။

ဒေသခံများကမူ ရဲများကိုပြန်လည် ရန်မူခြင်း မရှိခဲ့ကြောင်း ပြော ကြားကြသည်။

““ဒေသခံတွေက ဒီလိုရိုက်မယ် နှက်မယ်ဆိုတာ တစ်ခုမှမဟုတ်ပါဘူး။ ရဲတွေလာတော့ ရိုက်မယ်နှက်မယ် မပြောပါဘူး။ ကိုယ့်လူတွေကို စိတ်ပူပြီး ထူပူနေကြတာပါ၊ ဘာမှမလုပ်ပါဘူး””ဟု ကိုလပြည့်က ပြောသည်။

လက်ပံတောင်းအရေး ဆောင်ရွက်နေသူ ကိုဟန်ဝင်းအောင်၏ လူမှုကွန်ရက်စာမျက်နှာတွင်လည်း တရားခံကို ရဲများက ဖမ်းဆီးသွားကြောင်းနှင့် ကားကို မောင်းယူသွားကြောင်း ဖော်ပြထားသည်။

““ထို့ပြင် ဆားလင်းကြီးတရား ရုံးမှပြန်လာကြသော တောင်သူများ စီးလာသည့် ထော်လာဂျီအား ၀င်တိုက် ခဲ့သည့် ကားအား ရဲတပ်ဖွဲ့ဝင်အချို့ ရှိနေစဉ်မှာပင် အခင်းဖြစ်ပွားသော နေရာမှ မတောင့်တရွာကို မောင်းနှင် ယူဆောင်သွားကြသည်”” ဟု ဖော်ပြထားသည်။

ဒေါ်ခင်ဝင်းပစ်သတ်ခံရမှုသည် သာမန်ဖြစ်ရိုးဖြစ်စဉ်မဟုတ်ဘဲ တစ်စုံတစ်ခု၏ ပယောဂကြောင့် သေဆုံးကြောင်း တရားရုံးက အမိန့်ချမှတ်ခဲ့သည်။

ယုဖြူဟန်

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

မြန်မာနိုင်ငံရှိ အသက် ၁၈ နှစ်အောက် ပြစ်မှုကျူးလွန် စော်ကားခံရသည့် ကလေးသူငယ်များနှင့် အမျိုးသမီး များမှာ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် အများဆုံး ဖြစ်ပွားလျက်ရှိကြောင်း သမာဓိ ဖောင်ဒေးရှင်း (ယခင်Legal Aid Project)မှ မန်နေဂျာ ဦးငိုင်ဆာ့ခ်က ဧပြီ ၇ ရက်တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။

ပြစ်မှုကျူးလွန် စော်ကားခံရသော ကလေးသူငယ်များနှင့် အမျိုးသမီးများအတွက် အမှုများကို Legal Aid အမည်ဖြင့် ၂၀၀၈ ခုနှစ်က စတင်လုပ်ကိုင်ခဲ့ပြီး ယခုအခါ သမာဓိဖောင်ဒေးရှင်း အမည်ပြောင်းကာ ဥပဒေ ကြောင်းအရ အမှုများကို အခမဲ့ လိုက်ပါ ဆောင်ရွက်ပေးရာတွင် အများဆုံး ဖြစ်ပွားနေသည့် အခြေအနေများနှင့် ပတ်သက်၍ ယခုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

““အမှုတွေကတော့ အရင်ကတည်းက လိုက်နေတာပါ။ အခုလက်ရှိလည်း အကူအညီ တောင်းတဲ့လူတွေ အများကြီးရှိပါတယ်။ အမှုလိုက်တာကတော့ ရန်ကုန်က လိုက်တာပါ။ အကူအညီ တောင်းတာကတော့ တိုင်းနဲ့ပြည်နယ် အသီးသီးက တောင်းတာပေါ့။ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းတွေကတော့ အများဆုံးတိုင်ကြား ကြပါတယ်””ဟု မန်နေဂျာ ဦးငိုင်ဆာ့ခ်က ပြောသည်။

Legal Aid Project ကို ၂၀၀၈ ခုနှစ်မှ စတင် လုပ်ကိုင်ခဲ့ပြီး ၂၀၁၁ ခုနစ်အထိ အမှုပေါင်း ၁၄၀၀ ကျော် လိုက်ပါ ဆောင်ရွက် ပေးခဲ့၍ ၂၀၁၂ ခုနှစ်တွင် သမာဓိ ဖောင်ဒေးရှင်းဖြင့် အမှုများကို ဆောင်ရွက်ပေးခဲ့ကာ ၂၀၁၃ ခုနှစ် အထိ အမှုပေါင်း ၂၀၀ နီးပါးကို ကူညီပေးခဲ့ပြီး ဖြစ်သည်။

““Legal Aid Project လုပ်ငန်းတုန်းကတော့၂၀၀၈ ခုနှစ်တည်းက အများကြီး ရှိပါတယ်။ ဧရာဝတီတိုင်း မှာကတော့ အများဆုံးပါ။ အခုလည်း သမာဓိဖောင်ဒေးရှင်း နာမည်နဲ့လိုက်ပါ ဆောင်ရွက်ပေးနေတာတွေ ရှိပါတယ်။ အခုသင်တန်းပေးတာတွေလည်း ရှိပါတယ်။ လက်ရှိအချိန်ထိလည်း အကူအညီ ပေးနေတာတွေ ရှိပါတယ်။ အမှုက ဧရာဝတီတိုင်းမှာ အများဆုံး ဖြစ်ပွားနေတာပါ။ ရန်ကုန်၊ မန္တလေး၊ ဧရာဝတီက အများဆုံးပါ”” ဟု သမာဓိဖောင်ဒေးရှင်း အမှုဆောင်အဖွဲ့ဝင် မသက်နှင်းအေးက ဧပြီ ၈ ရက်တွင် မြန်မသံတော်ဆင့်သို့ ပြောသည်။

Legal Aid Project လုပ်ငန်းကို တရားစရိတ် မတတ်နိုင်သူများ၊ အမှုကို ရင်ဆိုင် ဖြေရှင်းရန် အခက်အခဲ ရှိသူများ၊ အသက် ၁၈ နှစ်အောက် ကလေးသူငယ်များ ကျောင်းစရိတ် အခက်အခဲရှိပါက ကျောင်း စရိတ် ထောက်ပံ့ရန်၊ အသက် ၁၈ နှစ်အောက် ကလေးငယ်များ ပြစ်မှု ကျူးလွန်ခံရခြင်း အပါအ၀င် အချက် ၇ ချက်တွင် ပါဝင်သော ကိစ္စရပ်များကို အဓိကထား ကူညီလျက်ရှိသည်။

မြန်မာနိုင်ငံတွင် ကလေးသူငယ်များ ကာကွယ်စောင့်ရှောက်ရေးနှင့် အမျိုးသမီး အခွင့်အရေးများအတွက် ဥပဒေပြဋ္ဌာန်းမှုများ ရှိသော်လည်း လက်တွေ့ အကောင်အထည်ဖော်သည့် အပိုင်းတွင် အားနည်းမှုများ ရှိနေကြောင်း ဝေဖန်မှုများလည်း ရှိနေသည်။

““အဓိကကတော့ အမျိုးသမီးငယ်တွေ အကြမ်းဖက်ခံရရင် ဒီကိစ္စကို ထုတ်ဖော်ပြောဆိုဖို့ ရင်လေးကြတယ်။ အမှုရင်ဆိုင်ရရင်လည်း ပတ်ဝန်းကျင်က အပြစ်တင် ပြောဆိုတာပဲရတယ်။ အဓိက အမျိုးသမီးတွေ အကြမ်းဖက်ခံရမှုအတွက် ကာကွယ်မှုက ထိထိရောက်ရောက် မရှိဘူး။ အမျိုးသမီး အကြမ်းဖက်မူ ကာကွယ်ရေး ဥပဒေကို ရေးဆွဲထားတာ ၂ နှစ်ရှိပြီ။ ဒါပေမဲ့ ဥပဒေက လက်ရှိအချိန်ထိ သက်ရောက်မူ မရှိဘူး။ ဥပဒေ အကြောင်းအရ အမျိုးသမီး အကြမ်းဖက်မူ ကာကွယ်ပေးနိုင်တဲ့ ဥပဒေထွက်ရှိဖို့လိုတယ်။ နောက်တစ်ခါ အဆင့်တိုင်းမှာ တကယ် အကာကွယ်ပေးနိုင်တဲ့ တရားစီရင်ရေးတွေ လိုတယ်””ဟု အမျိုးသမီး ဦးဆောင်အဖွဲ့ အမှုဆောင် ဒါရိုက်တာ ဒေါ်နွယ်ဇင်ဝင်း က မြန်မာသံတော်ဆင့်သို့ပြောသည်။

သူရိန်ကျော်

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

ဝါရှင်တန်အခြေစိုက် Podesta အကျိုးဆောင်အဖွဲ့
ဝါရှင်တန် အခြေစိုက် Podesta အကျိုးဆောင်အဖွဲ့ကို မြန်မာအစိုးရ ငှားရမ်း တာဟာ ငွေဖြုန်းတီးခြင်းသာဖြစ်ပြီး အကျိုးမရှိဘူးလို့  မြန်မာ့ အရေး လှုပ်ရှားသူတွေက ဝေဖန်လိုက်ပါတယ်။ ဒါ့အပြင် မြန်မာအစိုးရအပေါ် အကောင်းမြင်လာအောင် ဒီအကျိုးဆောင်အဖွဲ့က တိုက်တွန်းကြိုးစားပေးမယ် ဆိုပေမဲ့ မြန်မာနိုင်ငံတွင်းက လက်ရှိအခြေအနေမှန်ကို အမေရိကန်လွှတ်တော်နဲ့ အစိုးရက သိရှိထားပြီးသားဖြစ်တယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေ ကပြောပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အကြောင်းစုံကိုပြောပြမှာပါ။

အမေရိကန်အစိုးရနဲ့ လွှတ်တော်ကို စည်းရုံးနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ၀ါရှင်တန်ဒီစီ အခြေစိုက် Podesta အကျိုးဆောင်အဖွဲ့ကို တနှစ်ကို အမေရိကန်ဒေါ်လာ ရှစ်သိန်းလေးသောင်းနဲ့ မြန်မာအစိုးရက စာချုပ်ချုပ်ပြီး ငှားရမ်း လိုက်ပါတယ်။ ဒါဟာ သမ္မတ ဦးသိန်းစိန် အစိုးရ အနေနဲ့ ပြုပြင်ပြောင်းလဲရေးကို တကယ်လုပ်မယ့်အစား သူတို့ရဲ့မမှန်မကန်လုပ်ရပ်တွေကိုဖုံးကွယ်ဖို့ ၀ါရှင်တန်မှာရှိတဲ့ အကျိုးဆောင်အဖွဲ့ကို ပိုက်ဆံပေး လုပ်ခိုင်းလိုက်တာဖြစ်တယ်လို့ နယူးရောက်အခြေစိုက် HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကြီးက ဝေဖန်ပြောဆိုလိုက်ပါတယ်။

ဒါ့အပြင် မြန်မာပြည်သူတွေရဲ့ လူမှုဖူလုံရေး အသုံးစရိတ်အတွက် ဒီပိုက်ဆံတွေကို မြန်မာအစိုးရက အသုံးပြုမယ်ဆိုရင်တောင် ပြုပြင်ပြောင်းလဲရေးကို အမှန်တကယ် ဆက်ပြီးဆောင်ရွက်နိုင်မှာဖြစ်တယ်လို့လည်း HRW ရဲ့အာရှရေးရာတာဝန်ခံ Brad Adams ကပြောပါတယ်။

"မြန်မာအစိုးရအနေနဲ့ ပိုက်ဆံကို ဆင်းရဲသားတွေအတွက် သုံးသင့်ပါတယ်။ မဖြုန်းသင့်ပါဘူး။ ပိုက်ဆံ ချမ်းသာတဲ့ ၀ါရှင်တန်က အကျိုးဆောင်အဖွဲ့ အတွက် ငွေတွေကို အကုန်မခံသင့်ပါဘူး။ ဒီအကျိုးဆောင်အဖွဲ့ကို ငှားရတဲ့ အဓိက အကြောင်းရင်း ကတော့မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ဟာ အခြေခံအားဖြင့် ရပ်တန့်နေတာပါ။ ဒါကို ဖုံးကွယ်ဖို့ ကြိုးစားတဲ့အနေနဲ့ ဒီအကျိုးဆောင်အဖွဲ့ကို ငှားပြီး အသုံးပြုတာဖြစ်ပါတယ်။

အလားတူ ၀ါရှင်တန် အခြေစိုက် လှုပ်ရှားခဲ့တဲ့ အဝေးရောက် ညွန့်ပေါင်းအစိုးရ ၀န်ကြီးချုပ်ဟောင်း ဒေါက်တာစိန်ဝင်းကလည်း မြန်မာအစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲရေးကို အမှန်တကယ်လုပ်မယ်ဆိုရင် ဒီလိုအကျိုးဆောင်အဖွဲ့ကို ငှားရမ်းဖို့တောင် မလိုဘူးလို့ အခုလိုပြောပါတယ်။

"သူတို့ကိုယ်တိုင် ဒီမှာ အပြောင်းအလဲ Reform ကို တကယ်လုပ်တယ်ဆိုရင် ဘာမှ မလိုပါဘူး။ ပြန်ကြားရေးလည်း သူတို့ ကိုင်ထားတာပဲ။ ကျန်တဲ့ ဝါရှင်တန်မှာလည်း သံရုံးရှိတာပဲ။ EU မှာလည်း သူတို့ သံရုံး သံအမတ်တွေ ရှိတာပဲ။ ဒါ မလိုပါဘူး။ တကယ်တမ်းဆိုရင် NCGUB အနေနဲ့ ရပ်တည်တုန်းကလည်း Human Rights Lobby Amnesty International တို့လို Human Rights Watch တို့လို ကျန်တာတွေလည်း ရှိမှာပေါ့နော်။ အများကြီးရှိပါတယ် ဒီမှာ။ အဲ့တာတွေနဲ့ပဲ ကျနော်တို့ ဆက်ဆံတာ။ ဒီလိုကျန်တဲ့ Lobby တွေ Special Intertests ရှိတဲ့ Lobby တွေနဲ့ ဆက်ဆံတာ မဟုတ်ဘူး။ "

မြန်မာအစိုးရက ငှားရမ်းလိုက်တဲ့ Podesta အကျိုးဆောင်အဖွဲ့ တည်ထောင်သူ ညီအကိုနှစ်ဦးထဲက John Podesta ဟာ အမေရိကန်သမ္မတ အိုဘားမားရဲ့ လက်ရှိ နိုင်ငံတကာဆက်ဆံရေးအကြံပေး ပုဂ္ဂိုလ်ဖြစ်သလို ဟင်လာရီကလင်တန်ရဲ့ ၂၀၁၆ခုနှစ် သမ္မတရွေးကောက်ပွဲအောင်နိုင်ရေး အဖွဲ့ ဥက္ကဋ္ဌလည်းဖြစ်ပြီး အရင် သမ္မတဟောင်း မစ္စတာကလင်တန်လက်ထက်က သမ္မတအိမ်ဖြူတော် အကြီးအကဲဟောင်းလည်းဖြစ်ပါတယ်။ ဒါကြောင့် အမေရိကန်အစိုးရနဲ့ အမေရိကန် နိုင်ငံရေးလောကမှာ အရေးပါတဲ့သူတွေကိုချဉ်းကပ်စည်းရုံးဖို့ Podesta အကျိုးဆောင်အဖွဲ့ကို ငှားတာဟာ သဘာဝကျတယ်လို့ ပြောနိုင်ပါတယ်။

ဒါပေမယ့် မြန်မာရဲ့ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး ခိုင်ခိုင်မာမာပြနိုင်တဲ့ ဖြစ်ရပ်မျိုး ဦးသိန်းစိန် အစိုးရမှာ ရှိမနေတာကြောင့် အခုလိုငှားရမ်းတာဟာ ငွေကုန် အချိန်ကုန်တာပဲရှိတယ်လို့ Brad Adams ကပြောပါတယ်။

"အကျိုးဆောင်အဖွဲ့ကိုငှားရမ်းခြင်းအားဖြင့် အထောက်အကူပြုလိမ့်မယ်လို့ ကျနော် မထင်ပါဘူး။ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ဒီမှာက သတင်းအချက်အလက်တွေ အများကြီး သိရှိထားပါတယ်။ အမေရိကန်အစိုးရရော၊ လွှတ်တော်မှာပါ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အခြေအနေတွေကို စိုးရိမ်မကင်းဖြစ်နေကြပြီး အနီးကပ်စောင့်ကြည့်နေကြတာပါ။

လွန်ခဲ့တဲ့ နှစ်နှစ်လောက်အချိန်ကဆိုရင် မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ ရှိနေတယ်လို့ဆိုရမှာပါ။ ဒါပေမယ့် အခုချိန်မှာတော့ ဒီမိုကရက်ရော၊ ရီပါပလင်ကန် နှစ်ပါတီလုံး ကပါ မြန်မာနိုင်ငံဟာ လမ်းကြောင်းအမှားကို သွားနေတယ်လို့ သုံးသပ်ထားကြောင်း Brad Adams ကပြောပါတယ်။ အခုလို အကျိုးဆောင် အဖွဲ့ကို ငှားခြင်းအားဖြင့် ဘာမှ အကျိုးမရှိနိုင်ဘူးလို့ မြန်မာ့ အရေးသုံးသပ်သူတွေ ထောက်ပြခဲ့ကြပါတယ်။

အင်ကြင်းနိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

အမေရိကန်ရှိ မြန်မာသံရုံးက သင်္ကြန် ရက်အတွင်းမှာ ပဲ မြန်မာအစိုးရ ကိုယ်စားပြုပြီး အမေရိကန် အထက် နဲ့ အောက်လွှတ်တော်အမတ်များကို lobby လုပ်ပေးရန်အတွက် အမေရိကန်ရှိ ထိတ်ထိတ်ကျဲ lobby ကုမဏ္ကီတခု ဖြစ်တဲ့ Podesta Group နဲ့ ဒေါ်လာ ၈ သိန်း ၄ သောင်းတန် ကန်ထရိုက်ကို စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ (source: The Hill)
.
ဒီကိစ္စက သာမန်ကာ ရှန်ကာကြည့်ရင်တော့ အယင်ကလည်း လုပ်ခဲ့ဘူးလို့ ဘာမှမဟုတ်သလို ထင်ရပေမယ့် အခုလို ရွေးကောက်ပွဲ ၆ လ လောက်သာ လိုတော့မယ့် အချိန်မှာ ဘာအတွက် ဒီလို လုပ်ရသလဲ ဆန်းစစ်စရာ ဖြစ်လာရပါတယ်။ ဘာကို lobby လုပ်ပေးရဘို့ ရှိနေလဲ။
.
အမေရိကန်ရှိ လွှတ်တော်အမတ်များအား ၄၃၆ နှင့် ၅၉ (စ) အား မပြင်လဲ အရေးမကြီး၊ စစ်တပ်ထောက်ခံသော မိမိတို့ အစိုးရမှ အာဏာဆက်လက်တည်မြဲက အမေရိကန် အရင်းရှင် ကုမဏ္ကီကြီးများအတွက် အခွင့်အလမ်းများစွာ ပေးပါမည့်အကြောင်း နှင့် ဘာမဟုတ်သည့် နယ်ခြားကိစ္စအား ရေးကြီးခွင်ကျယ် လုပ်ကာ မိမိတို့အား ဗိုလ်ကျ၍ လူသိရှင်ကြား အတင်းတောင်းပန်ခိုင်းသည့် တရုတ်အစိုးရအား တပ်မတော်မှ ရွံ့မုန်းလာပြီ ဖြစ်၍ မိမိတို့ အစိုးရအနေဖြင့် ရှေ့လျောက် ဂျပန် အပါအ၀င် အနောက်အုပ်စုနိုင်ငံများနှင့် ဆက်ဆံရေး ခိုင်မြဲအောင် တည်ဆောက်သွားမည့်အကြောင်း နားချရန် ရည်ရွယ်ပုံရပေသည်။
.
နိုင်ငံတကာ၏ အမြင်တွင် လက်ရှိအတိုင်းဆိုက ရွေးကောက်ပွဲတွင် နိုင်မည့်ပုံ လုံးဝမမြင်သော အစိုးရ အနေဖြင့် နိုင်အောင် ကလိမ်ကကျစ် ကြိုးပမ်းလာရန် ရှိသဖြင့် ထိုအခါတွင် အမေရိကန် မှ နှာစေးချောင်းဆိုး လုပ်ရန် နှင့် ဒေါ်အောင်ဆန်းစုကြည်အားလည်း ဒီမိုကရေစီ အိုင်ကွန် အဖြစ် ပြတိုက်ထဲတွင် သိမ်းထားပေးရေး လက်ဦးမှု ယူ၍ ကြံစည်းခြင်း ဖြစ်ပုံရသည်။
.
ယခင် တပ်ချုပ်မှုးကြီး လက်ထက်ကလည်း ယခုကဲ့သို့ပင် lobbyist များအား ဌားရမ်း၍ စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့မှုများကို ဖယ်ရှားနိုင်ရန် ကြိုးပမ်းခဲ့ဘူးပေသည်။
.
စစ်တပ်ဘက်မှလည်း လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲသာ ပြုလုပ်ပေးမည်ဆိုသော်လည်း ယခုအချိန်အထိ ပြည်သူ့ဆန္ဒဖြင့် ပေါ်ထွက်လာသော ရလာဒ်ကို လိုက်နာပါမည်ဟု တခွန်းတပါဒမှပင် မဟသေးချေ။
.
နောက်တချက် စဉ်းစားရန် ရှိလာသည်က ကျပ်ပြေးဆိုသော လွင်တီးခေါင်ပြင်အရပ်တွင် ဒေါ်လာသန်းပေါင်း ဘီလီယံနှင့်ချီ၍ အကုန်အကျခံကာ တည်ဆောက်ခဲ့ပြီးနောက် တပ်ချုပ်မှုးကြီးနှင့် နောက်လိုက်နောက်ပါများ ထင်သလို ချယ်လှယ်နေထိုင်ပြီး ၁၀ နှစ်အကြာတွင် ထိုအရာအားလုံးကို စွန့်လွှတ်ကာ အလွယ်တကူ ထွက်ခွာသွားကြမည်လော၊ သို့မဟုတ်က ကိုယ်ကို ကိုယ် အထင်ကြီးကာ ၁၉၉၀ လို အမှားမျိုး ဆက်လက်ကျူးလွန်ကြအုန်းမည်လော၊
.
ဤသို့သော အကြောင်းချင်းရာများကြောင့် ရွေးကောက်ပွဲသည် တွေးမိတိုင်း ရင်လေးဘွယ်ရာ အခြေအနေဟု ဆိုခြင်းဖြစ်ပါသည်။
.
ယခုအခါ အမေရိကန်တွင် Primary ဟု ခေါ်သော ပါတီတွင်း သမ္မတလောင်း ရွေးပွဲအတွက် မဲဆွယ်စည်းရုံးမှုများက စတင်နေပြီ ဖြစ်၍ မီဒီယာ သမားများအဖို့ ကိုယ်စားလှယ် လောင်းတဦးချင်းစီ၏ ငယ်ကျိုးငယ်နာများကို တူးဆွဘို့ အလုပ်များနေလောက်ပြီ ဖြစ်သည်။
.
၆ နှစ်သားလောက်က စတိုးဆိုင်က ပစ္စည်းခိုးဘူးလား၊ မိမိ အပါအ၀င် မိသားစုဝင်များ အခွန်ရှောင်ဘူးလား၊ အခြားရာဇ၀တ်မှု ကျူးလွန်ခဲ့ဘူးသလား၊ အဘယ့်ကြောင့် ချမ်းသာနေရသနည်း။ သားသမီးများမှ ကျောင်းနေစဉ် spelling test တွင် ခိုးချဘူးလား အစရှိသည်ဖြင့် အကုန် ခရေစေ့တွင်းကျ လိုက်ပေအုန်းမည်။
.
ယင်းအချက်များကို တွေးမိ၍ မိမိနိုင်ငံတွင်မတော့ ကိုယ်ပိုင်ဆိုင်မှုကိုပင် ချမပြရဲသော အမတ်များ၊ ပေါက်ပန်းဈေးစကားများသာ ဆိုတတ်သော အမတ်များနှင့် ၎င်းတို့၏ ထိပ်ခေါင် လာဒ်စားမှုများကို တိုက်ဖျက်ဘို့နေနေသာသာ အားပေးအားမြှောက်ပြုသော စကားကို နိုင်ငံတကာသိအောင် ဆိုရဲပြောရဲသော သမ္မတလို လူမျိုးများအား တိုင်းပြည်ကြမ္မာ အကောင်းဘက်မရောက်သေးသရွေ့ ဒီမျက်နှာများ နောက် (၅) နှစ် ဆက်ပြီး မြင်ရ ကြားရအုန်းမည်လော တွေးလေ တွေးလေ ရင်မအေးမိပေ။
.
မိမိတို့ပြည်သူများအနေဖြင့် အဆိုပါ အန္တရာယ်ဆိုးများအား အပြီးအပိုင် အမြစ်ဖြုတ်၍ ပြည်ထောင်စု ဒီမိုကရေစီ နိုင်ငံတော်ကြီး အား သားစဉ်မြေးဆက် ခိုင်ခန့်အောင် တည်ဆောက်နိုင်မည့် အရေးကား အလွယ်တကူတော့ ဖြစ်လာမည်မဟုတ် စည်းလုံးညီညွတ်စွာဖြင့် ဗိုလ်ချုပ်ပြောသကဲ့သို့ ကုန်းအောင် ပြဲအောင် လုပ်နိုင်မှ ရနိုင်ပေမည်။
.
HSW

BrainWave ဉာဏ်လှိုင်း

နှစ်ဆန်းတစ်ရက်နေ့ ၁၇ ဧပြီလ ၂၀၁၅ တွင်နိုင်ငံတအင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ မြန်မာစစ်အုပ်စု သံရုံး ရှေ့၌ မတရား အကြမ်းဖက် ဖမ်းဆီး၊ မတရား ဥပဒေများ ဖြင့် အရေးယူ ထိမ်းသိမ်းထားသော ဒီမိုကရေစီ ပင်မစစ် ကြောင်း မှ ခွပ်ဒေါင်းအာဇာနည် ကျောင်းသူ ကျောင်းသား များအမြန်ဆုံး ချွင်းချက်မရှိ ပြန်လွှတ်ပေးရန်၊ ဝန်ရံ အားပေးကြသော ပြည်သူလူထု များ အား အမြန်ဆုံး ချွင်းချက်မရှိ ပြန်လွှတ်ပေးရန်၊ ဆန္ဒပြထုတ်ဖေါ်ပွဲ နှင့် လက်ရှိ ကျောင်းသူ ကျောင်းသား ခေါင်ေးဆောင် များအား မတရား လိုက်လံ ဖမ်းဆီ မှု့ ချက်ခြင်း ရပ်တန့် ရန် ဆန္ဒပြတောင်း ဆိုမှု့ နှင့် အောက်ဖေါ်ပြပါ အချက်လေးချက် တောင်:ဆို၍ ဒီမိုကရေစီပညာရေး နှင့် ဗကသ ကျောင်းသား သပိတ်အား ထောက်ခံ သည့် မြန်မာနိုင်ငံသူနိုင်ငံသားများ၊ မြန်မာ့ ဒီမိုကရေစီရေး တွင် တက် ကြွစွာ ပါဝင် လှုပ်ရှားခဲ့သည်။

၁။ ကျောင်းသားပြည်သူကိုအခြေခံသည့် ပညာရေးဥပဒေအမြန်ဆုံးပေါ်ပေါက်လာရေး၊

၂။ မတရားသဖြင့်ဖမ်းဆီးထားသောသပိတ်မှောက်ကျောင်းသားများနှင့်ပြည်သူအားလုံး အမြန်ဆုံးလွတ်မြောက်ရေး၊

၃။အစိုးရ၏အကြမ်းဖက်ဖြိုခွင်းဖျက်စီးခြင်းအပေါ် ဆန့်ကျင်ရှူံချရေး၊

၎။ ဥပဒေမဲ့အကြမ်းဖက်ဖမ်းဆီးမှုနှင့်ပက်သက်ပြီးတာဝန်ရှိသူများအား ဖော်ထုတ်အရေးယူပေးရေး၊

Stand in solidarity with All Burma Federation of Students Unions

ခရိုင်အဆင့် အစိုးရစစ် စာမေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အချို့ကျောင်းများ၌ ဖြေဆိုကျောင်းသားထက်ဝက်နီးပါးကျရှုံးကြောင်း ကျောင်းဆရာမများထံမှသိရသည်။

“ဆယ်တန်းရောက်မှ အောင်ချက်မြင့်မားရေး ဆိုပြီး အတင်းလုပ်ကြတာ။ တကယ်တော့ ဒီအတန်းတွေမှာကတည်းက စစ်ချလိုက်ရမှာ။ အခု အောင်တဲ့ ကျောင်းသားစာရင်း နဲ့ ကျရှုံးပြီး ပြန်ကုစားရမဲ့ကျောင်းသား စာရင်းက ထက်ဝက်ပဲ။ဒီလိုလုပ်မှ ဆယ်တန်း အောင်ချက်က ကောင်းလာမှာ။ဆရာမတို့က ဘယ်လောက်ပဲသင်သင် ကျောင်းသားလုပ်မှ ရမှာ။ မြင်းကို စမ်းချောင်းနားပဲ ခေါ်သွားလို့ရမှာ။ ရေသောက်ပါလို့ပြောလို့မရဘူး။ သောက်တာမသောက်တာက သူနဲ့ပဲဆိုင်တာ။ အခုပြန်လည်ကုစားရမဲ့ကျောင်းသားစာရင်းမှာ ၆ ဘာသာကျတဲ့ သူတွေလဲအများကြီးပါတယ်။ ဘယ်လိုလုပ်မလဲ။” ဟု ကျောက်တံတား မြို့နယ် အ.ထ.က (၁) မှ တာဝန်ကျ အထက်တန်းဆရာမ တစ်ဦးက ဂျာနယ်သို့ပြောသည်။

ခရိုင်အဆင့် အစိုးရစစ် စာမေးပွဲတွင် ကျရှုံးသည့် ကျောင်းသူ၊ကျောင်းသားများအနေဖြင့် ကျောင်းများပြန်လည် မဖွင့်မီ တွင် ပြန်လည်ဖြေဆိုရမည့်ဖြစ်ပြီး။ ကျရှုံးသည့်ဘာသာအလိုက် ကျောင်းဆရာ၊ဆရာမများအနေဖြင့် ပြန်လည်သင်ကြားပေးမည်ဖြစ်ပြီး သတ်မှတ်သည့် ရက်တွင် ကျရှုံးကျောင်းသားများ ကုစားစာမေးပွဲ ပြန်လည်းဖြေဆိုရမည် ဖြစ်ကြောင်း နှင့် ပြန်လည်ဖြေဆိုရမည့် ရက်အားထုတ်ပြန်ကြော်ငြာပေးသွားမည်ဖြစ်ကြောင်း ကျောင်းဆရာမများထံမှသိရသည်။

“ဆရာမတို့ကျောင်းမှာတော့ လေးတန်းထက် ရှစ်တန်းအကျများတယ်။ ကျရှုံးတဲ့ကျောင်းသားတွေကိုလည်း မေလ တတိယအပတ်လောက်မှာ ပြန်လည်ဖြေဆိုခိုင်မှာပါ။ ကျတဲ့သူတွေအထဲမှာ တစ်ဘာသာကျနဲ့ နှစ်ဘာသာကျတဲ့ကျောင်းသူကျောင်းသားတွေကများပါတယ်။”ဟုမင်္ဂလာဒုံမြို့နယ်အ.ထ.က(၅)မှတာဝန်ကျ ကျောင်းဆရာမတစ်ဦးကပြောသည်။

ပညာရေးဝန်ကြီးဌာန၏စတုတ္ထတန်းနှင့်အဋ္ဌမတန်းစာမေးပွဲ အောင်စာရင်းများကို အဆင့် Grade A၊ Grade B၊ Grade C နှင့် Grade D (ကျရှုံး) အဆင့်ဆင့်ခွဲထားပြီးGradeDအဆင့်ရှိသော ကျောင်းသား၊ ကျောင်းသူများသည် နောက်တစ်ကြိမ် ပြန်လည်ဖြေဆိုရမည် ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာနမှ စုံစမ်းသိရှိရသည်။

သတင်း/ဓါတ်ပုံ= နေမင်းခ

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal?fref=photo


“ဧပြီလ ၁၄ ရက်နေ့ ညနေမှာ ကျွန်တော်တို့  ဖျော်ဖြေတဲ့ မဏ္ဍပ်ကို သမ္မတကြီး လာမှာမို့  အနုပညာရှင်တွေအားလုံး ကြိုဆို ဂါရ၀ပြု နှုတ်ဆက်ကြဖို့  အကြောင်းကြားလာပါတယ်။

ကျွန်တော် သွားမတွေ့ ပါဖူး၊ သူ ပြန်သွားပြီးမှ ကျွန်တော် မဏ္ဍပ်ဆီသွားပြီး သီချင်းဆိုတဲ့အလုပ်ကို လုပ်ပါတယ်။

ကျွန်တော့် ခံယူချက်က ငါတို့  ပြည်သူတွေ အားလုံးကို လိမ်လည်လှည့်ဖြားနေတဲ့ “လူ” တစ်ယောက်ကို ဘာမှ တလေးတစားနဲ့  ဂုဏ်ယူဝင့်ကြွားစွာ တွေ့ စရာအကြောင်း မရှိဖူးဆိုတဲ့ အချက်ဘဲ။

ငါတို့  တကယ်သွားတွေ့ ပြီး အားပေးသင့်တဲ့ “သူ” တွေကတော့ ....

အမှန်တရားအတွက် တိုက်ပွဲဝင်ရင်း မတရား အကျဉ်းချခြင်း ခံနေရတဲ့ ငါတို့ ရဲ့  ရဲဘော်ရဲဘက် ညီနောင်ဖွားတွေဘဲဆိုတာကို သတိပေးပါရစေ .... “

စောဖိုးခွား (reggae)။


ပြည်သူတွေရဲ့ အားပေးထောက်ခံမှုကြောင့်သာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရပ်တည်နိုင်တာဖြစ်တဲ့ အတွက် ပြည်သူပြည်သားအားလုံးကို ကျေးဇူး တင်ကြောင်း ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ကျရောက်တဲ့ ၁၃၇၇ ခုနှစ် မြန်မာနှစ်ဆန်း တစ်ရက်နေ့မှာ နှစ်သစ်ကူးဆုမွန်စကား ပြောကြား လိုက်ပါတယ်။

ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာကျင်းပတဲ့ ဝါရင့်နိုင်ငံရေးသမားကြီးတွေနဲ့ NLD အဖွဲ့ချုပ် လူကြီးတွေ ကို ကန်တော့ပွဲအခမ်းအနား မှာ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာပါ။

"အားလုံးသိတဲ့အတိုင်းပဲ ကျမတို့ဟာ ချမ်းသာတဲ့ အဖွဲ့လည်းမဟုတ်ပါဘူး၊ ချောင်လည်တဲ့အဖွဲ့လည်း မဟုတ်ပါဘူး၊ အချိန်တိုင်းပဲ ရုန်းကန်ခဲ့ရပါတယ်၊ ဒါပေမဲ့ ဒီရုန်းကန်တဲ့နေရာမှာ ပြည်သူရဲ့ထောက် ခံမှု၊ ပြည်သူရဲ့ယုံကြည်မှုကို ကျမတို့ရနေလို့ ဒီလိုရပ်တည်နိုင်တာပါ၊ ဘယ်သူ့ကိုကျေးဇူးတင်ရမလဲ ဆိုတော့ ကျမတို့ပြည်သူတွေကို ကျေးဇူးတင်ရမှာပါ၊ အဲ့ဒီတော့ ကျမတို့ နှစ်ဆန်းတစ်ရက်နေ့မှာ ကျေးဇူး ရှင်တွေဖြစ်တဲ့ ပြည်သူ ပြည်သားတွေကို အာရုံပြုပြီးတော့ ကျမတို့ နိုင်ငံသူ နိုင်ငံသား ၊ ပြည်သူ ပြည်သားများ အားလုံးကျန်းမာကြပါစေ၊ ချမ်းသာကြပါစေ ဘေးဘယာဝေးကွာကြပါစေ ၊ ကောင်းကျိုးလိုရာဆန္ဒအဝဝနဲ့ ပြည့်စုံကြပါစေလို့ အတူဆုတောင်းကြလို့ ကျမအနေနဲ့ မေတ္တာရပ်ခံ ပါတယ်"

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးကလည်း နှစ်သစ်ကူးကန်တော့ရတဲ့ အကျိုးအားကြောင့် လောကီ အကျိုး၊ လောကုတ္တရာအကျိုး ဆောင်ရွက်နိုင်စေကြောင်း အဖွဲ့ဝင်တွေအတွက် ဆုတောင်းစကား ပြောကြား ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ပါတီနာယကဖြစ်သူ ဦးတင်ဦးလို အာဏာ၊ ရာထူးထည့်မတွက်ပဲ ကိုယ်ကျိုးစွန့် အနစ်နာခံမူတွေကို အားကျအားကျအတုယူစေလိုကြောင်း၊ အဲ့ဒီလို စိတ်ဓာတ်မျိုးကို မွေးမြူကြမှာသာ အဖွဲ့အစည်းအတွက်သာမက နိုင်ငံ့အကျိုးအတွက်ပါ သယ်ပိုးနိုင်မှာဖြစ်ကြောင်း ပြောခဲ့သလို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင်တွေအနေနဲ့ ရွေးကောက်ပွဲနီးလာတာနဲ့အမျှ ကိုယ်စားလှယ်ဖြစ်ချင်တဲ့ အကျင့်ရောဂါကိုထိန်းသိမ်းဖို့ လိုအပ်တယ်လို့လည်း သတိပေးပြောဆိုခဲ့ပါတယ်။

ဝါရင့်နိုင်ငံရေးသမားကြီးတွေနဲ့ NLD အဖွဲ့ချုပ်လူကြီးတွေကို ကန်တော့ပွဲအပြီးမှာ ဆရာတော် သံဃာတော်တွေက ပရိတ်တရားတွေ ဟောကြားခဲ့ကြပါတယ်။

RFA Burmese
http://www.rfa.org/burmese

ဘာကြောင့် မီဒီယာကိုမုန်းသလဲ (တနည်းအားဖြင့်) ကြောက်သလဲဆိုတာ နားထောင်ကြည့်။ မီဒီယာက ရိုးရိုးလေး မေးတာကိုတောင် မဖြေနိုင်ဘူး။ မြန်မာအစိုးရတော်ကြောင်း အမေရိကန်လွှတ်တော်ကို နားချဖို့ အမေရိကန်အဖွဲ့တဖွဲ့ကို ဒေါ်လာ ၈သိန်းတောင် ပေးငှါးထားသတဲ့။ ဘယ်သူ့ပိုက်ဆံနဲ့ ငှါးသလဲဆိုတော့ ပြည်သူ့ပိုက်ဆံ။ ပြည်သူကို အသိမပေးဘူးလားဆိုတော့.. လျို့ဝှက်ကိစ္စတွေဆို ပြည်သူကို အသိမပေးဘူးတဲ့။ ဒါဆို ဒီကိစ္စဟာ နိုင်ငံတော်လျှို့ဝှက်ကိစ္စလားဆိုတော့.. မဟုတ်ပြန်ဘူးတဲ့။ ဖြေရင်းနဲ့ အာဏာသံတွေ ပါလာတယ်။ အရင်ခေတ်လိုဆို ချက်ခြင်းထောင်ထဲထည့်မယ့် လေသံ ပြောင်းသွားတယ်။


မြန်မာ အစိုးရက အမေရိကန်နဲ့ ဆက်ဆံရေး တိုးမြှင့်ဖို့၊ မြန်မာ အစိုးရရဲ့ ပြုပြင် ပြောင်းလဲမှုတွေကို အမေရိကန် ကွန်ဂရက်နဲ့ အမေရိကန် ပြည်သူတွေ သိရှိအောင် စည်းရုံးဆောင်ရွက်ပေးဖို့အတွက် တစ်နှစ်ကို ဒေါ်လာငွေ ၈ သိန်းကျော် အကုန်ခံပြီး အမေရိကန်က အကျိုးဆောင် အဖွဲ့တစ်ဖွဲ့ကို မြန်မာအစိုးရက ငှားရမ်းခဲ့ပါတယ်။

ဒီတော့ အခုလို ရွေးကောက်ပွဲ နီးနေတဲ့ ကာလမှာ ဘာကြောင့် ငှားတာလဲ၊ အခု အချိန်မှာ အစိုးရ အတွက် ဒီလို စည်းရုံး လှုပ်ရှားပေးမယ့်သူ ဘာကြောင့် လိုအပ်တာပါလဲ၊ သမ္မတရဲ့ နိုင်ငံရေး အကြံပေး တစ်ယောက် ဖြစ်တဲ့ ဒေါက်တာ နေဇင်လတ်ကို မေးကြည့်ထားပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese

အကျဉ်းထောင်တွေက နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးနဲ့ နိုင်ငံရေးပုဒ်မတွေနဲ့ အမှု ရင်ဆိုင်နေရသူတွေ အားလုံးလွတ်မြောက်ရေးတို့ အတွက် နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ရန်ကုန်မြို့ ဗိုလ်တထောင်ဘုရားမှာ ဒီနေ့ ငါးလွှတ်ပြီး ဆုတောင်းခဲ့ကြပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေဟာလည်း နိုင်ငံ တည်ဆောက်ရာမှာလည်း အရေးပါတာကြောင့် သူတို့အားလုံးလွတ်မြောက်ဖို့အတွက် ဆုတောင်းပေး တာဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့ဝင် ဦးထွန်းကြည်က ပြောပါတယ်။

"နိုင်ငံရေးအကျဉ်းသားဆိုတာက တိုင်းပြည်ပြန် လည်တည်ဆောက်ရေးမှာ အုတ်တစ်ချပ် သဲတစ်ပွင့်အနေနဲ့ အလွန်တရာမှာ အခန်းကဏ္ဍ ကနေပြီးတော့ ပါဝင်ခွင့်ရှိတဲ့သူတွေကို အခုလိုအခြေအနေမျိုးမှာ ထောင်အသီးသီးမှာ ထောင်သွင်း အကျဉ်းချထားတဲ့အတွက် တိုင်းပြည်အတွက်လည်း ဂုဏ်သိက္ခာကျသလို တိုင်းပြည်ဂုဏ်ပုဒ်ကိုလည်း အလွန်တရာမှထိခိုက်ပါတယ်၊ အဲ့ဒီအတွက် ကျနော်တို့ဟာ တတိယမြောက် ဒီနေ့ နိုင်ငံရေးအကျဉ်း သားတွေ ရှိနေပါတယ်ဆိုတာကို ငါးလွှတ်ပွဲလက်တွေ့လုပ်ရပ်နဲ့ ထိရောက်ပေါ်လွင်စေချင်တယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့လုပ်ရခြင်းဖြစ်ပါတယ်"

သာယာဝတီ အကျဉ်းထောင်မှာရှိနေတဲ့ ကျောင်းသူ ကျောင်းသားတွေအပါအဝင် နိုင်ငံရေးပုဒ်မတွေနဲ့ အမိန့်ချမှတ် ခံထားရသူ နိုင်ငံရေးအကျဉ်းသား ၁၇ဝ ကျော်နဲ့ အမှုရင်ဆိုင်နေရသူ အယောက် ၃ဝဝ ကျော် ပေါင်းလိုက် ရင် နိုင်ငံရေးအကျဉ်းသား အရေအတွက်ဟာ ၅ဝဝ နီးပါးအထိ ရှိနေတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က စာရင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် သိမ်းဆည်းခံလယ်ယာမြေတွေ ပြန်ရရေးတောင်းဆိုလို့ ထောင်ချခံရ၊ တရားစွဲခံနေရတဲ့ လယ်သမားတွေနဲ့ ကူညီသူတွေလည်း ရာနဲ့ချီရှိနေတဲ့အတွက် သူတို့ရဲ့စာရင်းကိုလည်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ကနေ စာရင်းကောက်ယူနေတယ်လို့ သိရပါတယ်။

AAPP က သတ်မှတ်ထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲမှာ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေဖြစ်တဲ့ ကိုထင်ကျော်၊ ကိုဝေဠု၊ ဗိုလ်ကြီးဟောင်း နေမျိုးဇင်၊ ဒေါ်နော်အုန်းလှတို့လည်းပါဝင်သလို အစိုးရက ဖမ်းဆီးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အင်အားစု အဖွဲ့ဝင်တွေလည်း ပါဝင်တယ်လို့သိရပါတယ်။

ဒီအတောအတွင်း ဖမ်းဆီးခံနိုင်ငံရေး အကျဉ်းသားတွေ၊ ကျောင်းသားတွေ၊ လယ်သမားတွေ အားလုံး လွတ်မြောက်စေဖို့အတွက် ဒီမိုကရေစီနဲ့ငြိမ်းချမ်းရေး အမျိုးသမီးကွန်ရက် (DPW)က ဦးဆောင်ပြီး ရန်ကုန်မြို့ အင်းလျားကန်မှာ ဒီနေ့မနက်က ဆုတောင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ အင်းလျားကန်မှာ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်စေရေးတွေအတွက် ငါးတွေလွှတ်ပြီး ဆုတောင်းခဲ့ကြတယ်လို့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး အမျိုးသမီးကွန်ရက် ဗဟိုကော်မတီဝင် ဒေါ်ခင်ဝင်းကြည်က ပြောပါတယ်။

အဖမ်းဆီးခံထားရတဲ့ ကျောင်းသူကျောင်းသားတွေ၊ လယ်သမားတွေ၊ အလုပ်သမားတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ဆုတောင်းပွဲတွေကို ရန်ကုန်၊ မန္တလေးနဲ့ မြို့ကြီးအတော်များများမှာလည်း ကျင်းပခဲ့ကြပါတယ်။
RFA

အများသုံးဆက်သွယ်ရေး။
မြန်မာနိုင်ငံ အပါအ၀င် ကမ္ဘာတ၀ှမ်းမှာ နည်းပညာ ကွာဟမှုကြောင့် ဖွံ့ဖြိုးမှုတွေ အားနည်းနေတဲ့ အကြောင်း ကမ္ဘာ့စီးပွားရေးဖိုရမ် (WEF) ရဲ့ အစီရင်ခံစာသစ် က ဖော်ပြပါတယ်။ ဒဂျစ်တယ်နည်းပညာ အားနည်းမှုကြောင့် ကမ္ဘာတ၀ှမ်း စီးပွားရေးနဲ့ လူမှုရေးအရ ထိခိုက်နစ်နာမှုတွေ ရှိနေတယ်လို့လည်း ၂၀၁၅ ခုနှစ် ကမ္ဘာ့သတင်းနဲ့ နည်းပညာဆိုင်ရာ အစီရင်ခံစာ ဒီကနေ့ ထုတ်ပြန်ရာမှာ ပြောဆိုခဲ့တာပါ။

ကမ္ဘာပေါ်က နိုင်ငံပေါင်း ၁၄၃ နိုင်ငံက အခြေအနေတွေကို ဆန်းစစ်လေ့လာထားတဲ့ အစီရင်ခံစာမှာတော့ မြန်မာနိုင်ငံက အဆင့် ၁၃၉ အထိ နိမ့်ကျနေတယ်လို့ ဖော်ပြထားပြီး၊ ထိပ်ဆုံး နံပတ်တစ်နေရာမှာတော့ စင်္ကာပူ၊ ဒီနောက်မှာတော့ ဖင်လန်၊ ဆွီဒင် တို့က ဒုတိယနဲ့ တတိယ၊ အမေရိကန်ကတော့ အဆင့် ၇ မှာ ရှိနေပါတယ်။

ဒဂျစ်တယ်နည်းပညာနဲ့ ဆက်သွယ်နိုင်မှုအတွက် အမြင့်ဆုံး ၇ မှတ်အထိ သတ်မှတ်ထားရာမှာတော့ မြန်မာနိုင်ငံက ၂.၅ မှတ်သာ ရရှိခဲ့တာပါ။ သတင်းနဲ့ ဆက်သွယ်ရေး နည်းပညာ အသုံးပြုနိုင်စွမ်း နိမ့်ကျတဲ့ နိုင်ငံတွေ ထဲမှာတော့ မြန်မာနိုင်ငံရဲ့ နောက်မှာ အင်ဂိုလာ၊ ဘူရွန်ဒီ၊ ဂီနီနဲ့ ချဒ် ၄ နိုင်ငံသာ ရှိပါတယ်။

ဆွစ်ဇာလန်နိုင်ငံ အခြေစိုက် WEF ရဲ့ အစီရင်ခံစာကို ပူးတွဲပြုစုခဲ့သူ Thierry Geiger ကတော့ သတင်းနဲ့ ဆက်သွယ်ရေး နည်းပညာတွေကို သုံးခွင့်မရတာ၊ မသုံးတတ်တာတွေကြောင့် ဒဂျစ်တယ်နည်းပညာ ဆင်းရဲမွဲတေမှုနဲ့ ကြုံနေကြရသလို၊ ဒီလိုအားနည်းချက်တွေကြောင့် နည်းပညာကို အခြေခံပြီး ရရှိလာနိုင်တဲ့ အကျိုးကျေးဇူးတွေကို လူတွေအနေနဲ့ ခံစားသင့်သလောက် မခံစားကြရဘူးလို့လည်း ပြောပါတယ်။

သတင်းနဲ့ ဆက်သွယ်ရေး ဒဂျစ်တယ် နည်းပညာဟာ ဖွံ့ဖြိုးရေးအတွက် မရှိမဖြစ် လိုအပ်ချက်တရပ်လို့လည်း သတိပေးခဲ့တာပါ။ ကမ္ဘာပေါ်က နိုင်ငံတော်တော် များများမှာတော့ ကုန်ထုတ်လုပ်မှုတွေ၊ စီးပွားရေး ဖွံ့ဖြိုးမှုတွေနဲ့ လူနေမှု အဆင့်အတန်း တိုးတက်လာစေမယ့် ဒဂျစ်တယ် ဆက်သွယ်မှုတွေ အားကောင်း လာအောင် ပြုပြင်ပြောင်းလဲမှုတွေလုပ်ဆောင်ဖို့ ပျက်ကွက်နေတယ် လို့လည်း အစီရင်ခံစာက ဖော်ပြခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ဒီနေ့ကျရောက်တဲ့ မြန်မာသက္ကရာဇ် ၁၃၇၇ ခုနှစ် မြန်မာနှစ်ဆန်း တစ်ရက်နေ့မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဝါရင့်နိုင်ငံရေး သမားကြီးတွေကို ကန်တော့ပွဲ ပြုလုပ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဂါရဝပြု ကန်တော့ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ငွေကြေး အရ ချောင်လည် တောင့်တင်းတဲ့ အဖွဲ့မဟုတ်ပေမဲ့ ပြည်သူတွေရဲ့ ထောက်ခံမူကြောင့်သာ အခုအချိန်ထိ ရပ်တည်နိုင်ခဲ့တာ ဖြစ်တဲ့အတွက် ကျေးဇူးရှင် ပြည်သူပြည်သားတွေ ကို ကျေးဇူးတင်ကြောင်း နှစ်သစ်ကူး ဆုမွန်ကောင်းစကား ပြောခဲ့ပါတယ်။ Photo: Thiha Tun, Sann Maw Aung/RFA

RFA Burmese
https://www.facebook.com/pages/RFA-Burmese


မြန်မာသက္ကရာဇ် ၁၃၇၇ ခုနှစ် မြန်မာနှစ်ဆန်း တစ်ရက်နေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဝါရင့်နိုင်ငံရေးသမားကြီးတွေကို ကန်တော့ပွဲပြုလုပ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဂါရဝပြု ကန်တော့ခဲ့ပါတယ်။ရိုက်ကူး - သီဟထွန်း၊ စန်းမော်အောင်
Posted by RFA Burmese on Friday, April 17, 2015

ကိုးကန့် ဒေသ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့် ထွက်ပြေးကြသူ သောင်းချီရှိနေ
မြန်မာအစိုးရ တပ်မတော်နဲ့ ကိုးကန့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တို့ သင်္ကြန်တွင်း ကာလအထိ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေရာမှာ အစိုးရဘက်က အရေးပါတဲ့ တောင်ကုန်း တချို့ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ မြန်မာ့ ရုပ်မြင်သံကြားကနေ သတင်းထုတ်ပြန်ကြေညာ ပါတယ်။

ကိုးကန့်ဘက်က အလောင်း ၂ လောင်း ရရှိပြီး အစိုးရဘက်က ၁၆ ယောက် ကျဆုံးတယ်လို့ အစိုးရ ဘက်က ပြောပေမဲ့ MNDAA မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်ရဲ့ ပြောရေး ဆိုခွင့်ရှိပုဂ္ဂိုလ် ဦးထွန်းမြတ်လင်းက တော့ အစိုးရဘက်က ကျဆုံးသူ အရေအတွက် ဒီ့ထက်များတယ်လို့ ပြောပါတယ်။

အစိုးရ ဘက်က ပြောသလို တိုက်ပွဲတွေကြောင့် ကိုးကန့် စခန်းတွေ အသိမ်းခံရတာ မရှိဘူးကြောင်းနဲ့ ဗျူဟာ အရ စခန်းငယ်တွေကနေ ဆုတ်ခွာ ခဲ့တာသာ ရှိတယ်လို့လည်း သူက ပြောပါတယ်။

အစိုးရ စစ်တပ် တပ်ရင်း ပေါင်း ၈၀ ကျော် ၉၀ လောက် ကိုးကန့် အထူ ဒေသခွင်ထဲမှာ ရှိနေပြီးဖြစ်လို့ နောက်ထပ် ထိုးစစ်တွေ ဆင်လာ နိုင်တယ်လို့လည်း ဦးထွန်းမြတ်လင်း က ပြောပါတယ်။

တရုတ်နိုင်ငံဘက်ကို ဗုံးကျ ခဲ့လို့ ပြဿနာ ဖြစ်ခဲ့ရပြီး နောက်ပိုင်းမှာ နောက်ထပ် အစိုးရ တပ်ဘက်က ဗုံးကြဲတိုက်ခိုက်တာ မရှိတော့ဘဲ ထောက်လှမ်းတာလောက်ပဲ ရှိတော့ တယ်လို့ ဆိုပါတယ်။

လောက်ကိုင်မြို့ အခြေ အနေနဲ့ အေးချမ်းသွားပြီ ဖြစ်လို့ ဒေသခံတွေ နေအိမ် ပြန်လာနေကြတယ်လို့ အစိုးရ ဘက်က ပြောဆိုတာတွေ ရှိပေမဲ့ အများစုက ပြန်မလာနိုင် သေးဘူးလို့ လောက်ကိုင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်နီနိုင်က ပြောပါတယ်။

ဒါ့အပြင် သူက သူ့မိသားစုဝင်တွေ ကိုယ်တိုင် နေ့လယ်မှာ လောက်ကိုင်ကို ပြန်လာပြီး သူတို့ ပိုင်ဆိုင်မှုတွေကို လာကြည့်ကြတယ်၊ ညပိုင်းမှာ သူတို့ ခိုလှုံရာ ဒုက္ခသည် စခန်းတွေကို ပြန်သွားကြတယ်လို့ ပြောပါတယ်။

ကိုးကန့်ဒေသ တိုက်ပွဲတွေကြောင့် ဒုက္ခသည် စုစုပေါင်း ၉ သောင်းလောက်ရှိပြီး နယ်စပ်တွေမှာ စစ်ရှောင်နေကြတဲ့ ဒုက္ခသည်တွေထဲမှာ မရှိမဖြစ် အကူအညီလိုအပ်သူ ၆ သောင်း ၁ ထောင်လောက် ရှိမယ်လို့ ခန့်မှန်းကြောင်းလည်း ဦးကျော်နီနိုင်က ပြောပါတယ်။

BBC Burmese


အမေရိကန်သမ္မတ အိုဘားမားနဲ့ မြန်မာသမ္မတ အိမ်ဖြူတော်မှာ တွေ့ဆုံ။ (မေ ၂၀၊ ၂၀၁၃)

အမေရိကန်ုပြည်ထောင်စုနဲ့ မြန်မာအကြား ဆက်ဆံရေး ပိုပြီးကောင်းမွန်လာဖို့ စီးပွားရေး ဆက်ဆံမှုတွေ ကျယ်ပြန့်လာဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ၀ါရှင်တန် အခြေစိုက် Podesta အကျိုးဆောင်အဖွဲ့ကို မြန်မာအစိုးရက ငှားရမ်းလိုက် ပါတယ်။ မြန်မာ အစိုးရရဲ့ ဆောင်ရွက်ချက်တွေအပေါ် အမေရိကန်အစိုးရ လွှတ်တော်နဲ့ အမေရိကန်ပြည်သူတွေအကြား နားလည် သဘောပေါက်မှုရှိအောင် Podesta အဖွဲ့က ဆောင်ရွက်သွားဖို့ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ မြန်မာအစိုးရ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးသန့်ကျော်ကို ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်း တဲ့အခါ သူက အခုလိုစပြောပါတယ်။

" ဟိုးတုန်းတွေကတည်းကတော့ ကျနော်တို့ အဲ့လိုပဲ ဌားရမ်းခဲ့ဖူးပါတယ်။ သို့သော်လည်း နိုင်ငံရေး စနစ်ပေါ့လေ။ အခြေအနေအရ ဒီလိုလုပ်တဲ့အခါမှာ ထိရောက်မှု မရှိခဲ့ဘူးပေါ့လေ။ အဲ့တော့ အခုဟာလည်း ကျနော်တို့က မြန်မာနိုင်ငံ အနေနဲ့ ဒါ ထိရောက်လိမ့်မယ်လို့ ယူဆတယ်ပေါ့လေ။ ယူဆပြီးတော့ ကျနော်တို့က သူတို့နဲ့ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ အဲ့လိုပဲ တခြားနိုင်ငံတွေ အများစုလည်း ဒီလိုပဲ lobby Team တွေ ပေါ့လေ အဲ့လို ဌားကြတယ်။ အဲ့တာကြောင့်မို့လို့ ကျနော်တို့လည်း ဒါ အခုအချိန်အခါနဲ့ ကိုက်ညီ တယ်။

နောက်ပြီးတော့ ကျနော်တို့ ခုနလိုပေါ့လေ သူတို့ဘက် ကလည်း တောက်လျောက်ပေါ့လေ။ စိတ်ဝင်စားမှု ရှိတယ်။ ဘာလို့လဲဆိုတော့ သူတို့အနေနဲ့လည်း အခု အချိန်အခါမျိုးမှာ မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မယ် ဆိုလို့ရှိရင် ဖြစ်နိုင်တဲ့ အခြေအနေမှာပဲ ရှိတဲ့အတွက် ကျနော်တို့ အစိုးရအနေနဲ့လည်း အစိုးရအနေနဲ့ နားထောင်တာပေါ့လေ။ ကျနော်တို့ လုပ်ပေးနိုင်တာတွေ လုပ်ပေးတဲ့ခေတ် ကာလဖြစ်နေတဲ့အခါကျတော့ ဒီလိုဟာမျိုး ကျနော်တို့နဲ့ ပူးပေါင်းဆောင်ရွက်ခြင်း အားဖြင့် နိုင်ငံအကျိုးလည်း ဖြစ်မယ် ဒါထက် ပိုပြီးတော့ ပြည်သူလူထုအတွက်လည်း အကျိုးရှိနိုင်တယ်လို့ ယူဆပြီးတော့ ဒါ ဆောင်ရွက်ခြင်းဖြစ်ပါတယ်။"

မြန်မာအစိုးရ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးသန့်ကျော်ကို ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။

VOA

ဓါတ်ပုံ - google images

 မြန်မာအစိုးရက အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့အခြေစိုက် Podesta Group ဆိုတဲ့အဖွဲ့ကို သူတို့ကိုယ်စားနိုင်ငံတကာ အသိုင်းအဝိုင်းကြားမှာ နားချစည်းရုံးရေးလုပ်ပေးဖို့ အမေရိကန်ဒေါ်လာ ၈ သိန်း ၄ သောင်းနဲ့ တနှစ်စာ ငှားရမ်းစာချုပ်ချုပ်လိုက်တယ်လို့ The Hill သတင်းစာမှာမနေ့က ဖေါ်ပြလိုက်ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်မှာ မြန်မာအစိုးရက အမေရိကန်အခြေစိုက်အဖွဲ့ကို အလုပ်အပ်လိုက်တာဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်တွေက အလွန်အရေးပါပြီး မမျှော်လင့်တဲ့ အကျိုးဆက်တွေ အများကြီးပေါ်လာနိုင်တဲ့ကာလဖြစ်တဲ့အတွက် Podesta  လိုနာမည်ကြီးအဖွဲ့တစ်ခုကိုဌားရမ်းလိုက်တာဖြစ်နိုင်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး ယာယီတာဝန်ခံဟောင်း မစ္စပရစ်စီလာကလက်  Priscilla Clapp ကပြောပါတယ်။ ဒါဟာ အမေရိကန်နိုင်ငံရေးအသိုင်းအဝိုင်းကို ထိုးဖေါက်ဖို့အတွက် သူတို့ကိုယ်တိုင် ထိထိရောက်ရောက် လုပ်ကိုင်ဆောင်ရွက်နိုင်ခြင်းမရှိလို့ပါပဲလို့လည်း သူက သုံးသပ်ပြောဆိုပါတယ်။

အခုဌားရမ်းတဲ့ စည်းရုံးရေးအဖွဲ့ကို မြန်မာအစိုးရက သုံးလတစ်ကြိမ် ဒေါ်လာ နှစ်သိန်းတစ်သောင်းပေးရမယ်လို့လည်း သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese




ဒီနေ့မြန်မာပြည်ကလာတဲ့ဝန်ကြီးသုံးယောက်နဲ့အပေါင်းအပါတွေမျက်လုံးကကျွန်တော်တို့ကိုတစ်ချိန်လုံးရှိုးနေတယ်။လုံခြုံရေးတွေကလည်းမျက်လုံးဒေါက်ထောက်ကြည့်နေတယ်။မေးခွန်းမေးတာလည်းရှောင်ပြေးမေးခွင့်မပေးကြဘူး။ဖထီးကိုစောမျိုးခိုင်ရှင်ကပွဲစတာနဲ့ဦးအောင်မင်းလူလိမ်၊လူညာဆိုပြီးဂျပန်လိုစဖိုက်တော့ဘဲဗျ။ဖထီးGOOD!

Posted by Myo Gyi on Thursday, April 16, 2015

ဂျပန်ခေးအိုးတက္ကသိုလ်မှာကိုစောမျိုးခိုင်ရှင်မှလူလိမ်အောင်မင်းဆိုပြီးလက်ညှိုးထိုးပြီးချဲခဲ့ (ရုပ်-သံ)

အစိုးရ ငြိမ်းချမ်းရေးဖေါ်ဆောင်မှု အဖွဲ့ ဒုဥက္ကဋ္ဌ ၀န်ကြီး ဦးအောင်မင်းရဲ့ ဂျပန်နိုင်ငံ ခရီးစဉ်ဟာ မြန်မာအစိုးရရဲ့ အပစ်ရပ်ငြိမ်းချမ်းရေး ဖေါ်ဆောင်နေတဲ့ လုပ်ငန်း စဉ်တွေ အပေါ် ဂျပန်အစိုးရနဲ့ ဂျပန် အကူညီပေးရေးအဖွဲ့တွေက ယုံကြည်မှု ကင်းသွားမှာကို စိုးရိမ်တဲ့အတွက် လာရောက်ရှင်းပြတဲ့ သဘော ရှိတယ်လို့ ဂျပန် အခြေစိုက် မြန်မာ့အရေး လှုပ်ရှားသူတွေက သုံးသပ်ကြပါတယ်။ တိုကျိုမြို့ ခေးအိုး တက္ကသိုလ် မှာ မနေ့က ပြုလုပ်တဲ့ ၀န်ကြီး ဦးအောင်မင်နဲ့ လူထုတွေ့ဆုံပွဲ အတွင်း ပြောဆိုသွားတာကို အခြေခံပြီး ပြောဆိုလိုက်ကြတာပါ။ အကြောင်းစုံကို ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

မြန်မာအစိုးရ ငြိမ်းချမ်းရေးဖေါ်ဆောင်မှုအဖွဲ့ ဒုဥက္ကဋ္ဌ ၀န်ကြီး ဦးအောင်မင်းနဲ့အဖွဲ့ဟာ ဧပြီ ၁၆ ရက် မနေ့တုန်းက ဂျပန်နိုင်ငံ တိုကျိုမြို့ Keio တက္ကသိုလ်မှာ ဂျပန်လူထုနဲ့ရော မြန်မာနိုင်ငံသားတွေနဲ့ပါ တွေ့ဆုံပြီး သူတို့ရဲ့ ခရီးစဉ်နဲ့ပတ်သက်လို့ ရှင်းပြခဲ့ကြတာ ဖြစ်ပါတယ်။ အဲ့ဒီပွဲမှာ ဂျပန်လူထုဖက်ကလည်း သူတို့ မရှင်းလင်းတဲ့ အချက်တွေကို မေးခွန်းထုတ်ခဲ့တာတွေရှိပြီး ဦးအောင်မင်းက ပြန်လည် ရှင်းပြခဲ့တာပါ။

အခုလို ရှင်းပြချက်တွေ ကိုကြည့်ရင် မြန်မာအစိုးရဟာ ဂျပန်အစိုးရနဲ့ ဂျပန် NGO အဖွဲ့တွေရဲ့ ယုံကြည်မှု ကင်းသွားမှာကို စိုးရိမ်နေတာ ပေါ်လွင် ကြောင်း ဂျပန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားသူ ဦးသန်းဆွေက သုံးသပ်ပါတယ်။

"ဒီဂျပန်မှာရှိတဲ့ လွှတ်တော်အမတ်တွေထဲမှာ မြန်မာနဲ့ပတ်သက်ပြီး ဖွဲ့ထားတဲ့ လွှတ်တော်အမတ် အဖွဲ့အစည်းလည်း ရှိတယ်ဆိုတော့လေ ဥပမာအားဖြင့် ဒီ ဆာဆာကာဝါ ဖောင်ဒေးရှင်းလို ဟာမျိုး ဒီ NGO အဖွဲ့အစည်းတွေက တိုင်းရင်းသားတွေနဲ့ဆက်သွယ်ပြီးတော့ တိုက်ရိုက် တိုင်းရင်းသားတွေကို ပေးနေတာမျိုး ရှိတယ်။ ဥပမာ နယ်စပ်ဒေသမှာ ရှိတဲ့ ကလေးသူငယ်တွေကိုရော၊ ဒုက္ခသည်တွေကိုရော နောက်တခါ စစ်ဘေးစစ်ဒဏ် ခံနေရတဲ့ ကချင် ဒေသတို့ ရှမ်းပြည်ကိစ္စတို့မှာပေါ့လေ တိုက်ရိုက် ဆက်သွယ်ပြီးတော့ တိုက်ရိုက်ပေးနေတဲ့ လွှတ်တော်အမတ်တွေ၊ NGO တွေ ရှိတယ်။ အဲ့ဒီ့တော့ အဲ့ဒီ့လွှတ်တော်အမတ်တွေကလည်း ဒီနေ့ မြန်မာနိုင်ငံတွင်းမှာ တဖက်က ငြိမ်းချမ်းရေး ဆွေးနွေးပွဲ လုပ်နေသော်ငြားလည်း တဖက်က စစ်ပွဲတွေက ပိုပိုပြီး ကြီးလာတဲ့အတွက်ကြောင့်မို့လို့ သူတို့ဘက်ကလည်း ဒါနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုရှိတဲ့ အတွက်ကြောင့်မို့လို့ပေါ့လေ ဒါတွေနဲ့ပတ်သက်ပြီး သူတို့ဘက်က Pressure ရှိတဲ့အတွက် တခုခုဖြစ်လာတယ်နဲ့တူပါတယ်။

အဲ့တာကြောင့် ဒီနေ့ ပြည်တွင်းထဲမှာ ဒီကိုးကန့်ကိစ္စတို့၊ KIA ကိစ္စတို့နဲ့ ပတ်သက်ပြီးတော့ စစ်ပွဲတွေက ပိုပိုပြီးတော့ ပြင်းထန်လာ တယ်လို့ မြင်ရတဲ့ အပိုင်းမှာ သူတို့တွေ အနေနဲ့ ဒါကို လာရှင်းပြရင်း ဂျပန်အစိုးရနဲ့ ဂျပန်လူထု ယုံကြည်အောင် လာပြီးတော့ ပြောကြားတယ်ဆိုတဲ့ အဓိပ္ပါယ်က အဓိကပါပဲ။ ဂျပန်ရဲ့ ရပ်တည်ချက် ပြောင်းသွားမှာကို သူတို့ တော်တော် စိုးရိမ်တဲ့ပုံ ဖြစ်နေပါတယ်။"

ဂျပန်အစိုးရဟာ မြန်မာနိုင်ငံမှာလုပ်နေတဲ့ အပစ်ရပ်ငြိမ်းချမ်းရေး ဖေါ်ဆောင်တဲ့ လုပ်ငန်းစဉ်တွေကို ထောက်ပံ့ အကူအညီပေးနေတာပါ။ ၀န်ကြီး ဦးအောင်မင်းနဲ့ အဖွဲ့ရဲ့ အခု ဂျပန်ခရီးစဉ်ဟာ ဂျပန်အစိုးရနဲ့ NGO အဖွဲ့တွေဆီက နောက်ထပ် အကူအညီတွေ ရအောင် လာတောင်းတဲ့ သဘောလဲ သက်ရောက်တယ်လို့ Keio တက္ကသိုလ်က တွေ့ဆုံပွဲကို ကိုယ်တိုင်တက်ရောက် မေးခွန်းထုတ်ခဲ့သူ ကရင်တိုင်းရင်းသားအရေး ဆောင်ရွက်နေတဲ့ စောမျိုးခိုင်ရှင်းက ပြောပါတယ်။

"သူတို့ငြိမ်းချမ်းရေး လုပ်တဲ့ကိစ္စကို သူက အဓိက ငွေလာတောင်းတော့ ဂျပန်အစိုးရကို လာတောင်းတာပါ။ ကျနော်က ငြိမ်းချမ်းရေး ရနေပြီသာပြောတယ် ဒါပေမဲ့ မနေ့က တနေ့ကအထိက မြန်မာပြည်အထက်မှာ တောက်လျောက် တိုက်ပွဲတွေ ဖြစ်နေတယ်ဆိုတာ သူ့ကိုဖော်ညွန်းခဲ့တော့ သူက အဲ့ဒီ့မှာ လောက်ကိုင် ကိစ္စ ကိုးကန့်ကိစ္စက ဒါက ခြောက်လ လောက်မှ ပေါ်လာတယ်ဆိုတာ သူပြောတယ်လေ။ ဒါပေမဲ့သူက အဲ့လောက်တင် မကဘူးနော် နောက်ပိုင်း သူတို့ ထပ်တောင်းသွားသေးတယ်။ ဒုက္ခသည်တွေ ပြန်လာဖို့ IDP တွေပြန်လာဖို့ အလုပ်ပေးဖို့ ကျန်းမာရေး စီးပွားရေး ပြန်ထူထောင်ပေးမယ် လူမှုရေးတွေဆို လည်း ဆေးရုံတွေ ဆောက်ရမယ်။ ကျောင်းတွေ ဆောက်ရမယ် အဲ့တာတွေအတွက် အားလုံးပေါင်း လေးသိန်းကျော်လောက် ဂျပန်အစိုးရက တာဝန်ယူဖို့ဆိုတာ သူပြောပါတယ်။ ဒါက အပြောသပ်သပ်ပဲ အဓိက က သူတို့အတွက်လို့ပဲ ကျနော်မြင်ပါတယ်။"

မြန်မာနိုင်ငံက ဒီမိုကရေစီ လမ်းကြောင်းကို ဖေါ်ဆောင်ရာမှာ လိုအပ်ချက်တွေနဲ့ ပတ်သက်လို့ ၀န်ကြီး ဦးအောင်မင်းရဲ့ ပြောကြားချက်နဲ့ ပတ်သက်ပြီး ဦးသန်းဆွေ ပြောတာက -

"ဦးအောင်မင်းက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီးတော့ ဒီမိုကရေစီကို သွားတဲ့နေရာမှာ သိပ်ပြီးတော့ အလျင်လို လို့ မရဘူးပေါ့နော်။ နည်းနည်း စိတ်ရှည်သီးညည်းခံရပါတယ်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံသားတွေ Capacity Building အရ အရမ်းနိမ့်တဲ့အတွက်လို့ ပြန်ဖြေတယ်ခင်ဗျ။ ဒီမိုကရေစီကို ကျင့်သုံးဖို့အတွက် အဆင်သင့်မဖြစ်သေးအောင်လည်းပဲ နိမ့်တယ်ဆိုတဲ့ ပုံစံမျိုး ပြောတာ အတူတူပဲပေါ့ဗျာ။ အဲ့တော့ သူက အဲ့လိုဖြေချိန်မှာပဲ အပြင်းအထန်ကန့်ကွက်ပါတယ်လို့ ကျနော်ပြောလိုက်ပါတယ်။

အဲ့တာနဲ့ပတ်သက်ပြီးတော့ သူပြန်ဖြေရှင်းတာကတော့ သူတို့ကိုယ် သူတို့ Capacity နိမ့်ပါတယ်ဆိုတာ သူတို့ကိုယ်သူတို့ ဝန်ခံပါတယ်ဆိုပြီး သူတို့ စ ပြော တယ်ဗျ။ ပြောပြီးတော့ သူတို့ ဒီတံခါး ဖွင့်လိုက်တဲ့အချိန်မှာပေါ့လေ ကမ္ဘာနဲ့ရင်ဘောင် တန်းပြီးတော့ လိုက်နိုင်ဖို့အတွက်ပေါ့လေ သူတို့ အကူအညီတွေ အများကြီး ယူရပါတယ်ပေါ့။ သူက ရှင်းသွားပါတယ်။"

၁၉၈၈ ခုနှစ်နောက်ပိုင်း ဂျပန်နိုင်ငံကို ရောက်ရှိလာကြတဲ့ မြန်မာနိုင်ငံသားတွေထဲမှာ စစ်အစိုးရကို ဆန့်ကျင်တဲ့လှုပ်ရှားမှုတွေ လုပ်ကိုင်ကြတဲ့ အတွက် Black List အမည်မည်း စာရင်း အသွင်းခံရသူတွေရှိပြီး ၊ သမ္မတဦးသိန်းစိန် လက်ထက် မြန်မာနိုင်ငံ သားတွေ အိမ်ပြန်လာနိုင်ပြီလို့ ပြောခဲ့ပေမယ့် ဂျပန်နိုင်ငံက အမည်မည်း စာရင်းထဲပါသူ တချို့မြန်မာနိုင်ငံသားတွေကို တိုကျိုမြန်မာသံရုံးက ပတ်စ်ပို့ပြန်မထုတ်ပေးတာမျိုး ပြည်ဝင်ခွင့်ဗီဇာ ထုတ် မပေးတာမျိုးတွေနဲ့ ကြုံနေရပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်လို့ သူတို့အနေနဲ့ ပြန်လည် သုံးသပ် ဖြေရှင်းပေး သွားမယ်လို့ ၀န်ကြီး ဦးအောင်မင်းနဲ့ လဝက ဝန်ကြီး ဦးခင်ရီတို့က ပြောဆိုသွားကြောင်း သိရပါတယ်။

VOA


 မြန်မာအစိုးရတပ်အနေနဲ့ ကိုးကန့် အခိုင်အမာ စစ်စခန်းတခုကို သင်္ကြန်တွင်း ပြင်းပြင်း ထန်ထန် တိုက်ပြီး သိမ်းလိုက်တယ်လို့ ဆိုချိန်မှာ ကိုးကန့်နဲ့ တအာင်း တပ်ဖွဲ့ဖက်ကတော့ ငြင်းဆိုထားဆဲဖြစ်ပါတယ်။ ဒါ့အပြင် ဝဒေသမှာ ကျင်းပမယ့် တနိုင်ငံလုံး အပစ်ရပ်ရေး နောက်ဆုံး ဆုံးဖြတ်ချက်ချမယ့် တိုင်းရင်းသားထိပ်သီးဆွေးနွေးပွဲတက်ဖို့ မြန်မာဖက်က တားမြစ်ပေမဲ့၊ ဒီ အပစ်မရပ်သေးတဲ့ အဖွဲ့ ၂ ခုလုံးက တက်ဖို့ရှိတယ်လို့ ထုတ်ပြောခဲ့ပါတယ်။
ဒီအကြောင်း ကိုဝင်းမင်းက ဆက်သွယ်မေးမြန်းထားပါတယ်။
မြန်မာတပ် သိမ်းယူခဲ့တဲ့ ဗျူဟာကုန်းမြန်မာတပ် သိမ်းယူခဲ့တဲ့ ဗျူဟာကုန်း
ကိုးကန့်တပ်အင်အား ၂၅၀ ခန့် အခိုင်အမာ ခုခံခဲ့တဲ့ ပါစင်ကျော် အရှေ့မြောက်ဘက် ပေ ၅၁၀၀ ကျော်မြင့်တဲ့ တောင်ကုန်းအမှတ် ၁၅၈၄ ကို သင်္ကြန်တွင်း စွန့်စား တိုက်ခဲ့မှုကြောင့် မနေ့နေလည် ၁ နာရီမှာ သိမ်းယူနိုင်ခဲ့တယ် လို့ မြန်မာတပ်မတော်က ကြေညာချက်ထုတ်ခဲ့ပါတယ်။ ဒီကြေညာချက် ထဲမှာပဲ မြေအနေအထား အသာစီးရှိတဲ့ ဒီတောင်ကုန်းကို ဧပြီ ၅ ရက်နေ့ထဲက လက်နက်ကြီးနဲ့ သံချပ်ကာကားပစ်ကူမှုတွေနဲ့ တိုက်ခဲ့ပြီး၊ လှံစွတ်ထိုးမှု ၄၆ ကြိမ်လုပ်ခဲ့ကာ စန်တအိုက်ရှန် ကုန်းမြင့်ဒေသက နောက်ထပ်တောင်ကုန်းတွေလဲ သိမ်းနိုင်ခဲ့တယ်၊ မြန်မာအရာရှိတွေအပါအဝင် မြန်မာဖက်က ၁၆ ဦးကျခဲ့ပြီး၊ ၁၁၀ ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ MNDAA ခေါ် ကိုးကန့်တပ်ဖွဲ့ ပြောခွင့်ရ ဦးထွန်းမြတ်လင်းကတော့ ဧပြီလ ဆန်းမှာ တိုက်ပွဲတွေ ပြန်ပြင်းထန်လာတာမှန်ပေမဲ့၊ သင်္ကြန်တွင်းမှာ တိုက်ပွဲတွေ တရက်ချင်း ကျလာခဲ့တယ်၊ မြန်မာအစိုးရက သိမ်းလိုက်တယ်လို့ပြောတဲ့ မနေ့ကဆို တိုက်ပွဲတောင်ဖြစ်တာ မကြားခဲ့ဘူးလို့ တုံ့ပြန်လိုက်ပါတယ်။

"ကျနော် ရှေ့တန်းကနေ ရတဲ့သတင်းအရကတော့ မနေ့တုန်းက တိုက်ပွဲ မရှိခဲ့ပါဘူးခင်ဗျ။ ဒါပေမဲ့ Strategy  အရ ကုန်းကို ကျနော်တို့ အပြောင်းအရွှေ့ လုပ်ကောင်းလုပ်လိုက်မယ်။ ဒါပေမဲ့ အတိအကျတော့ ကျနော် သိပ်မသိဘူးခင်ဗျ။ တနေ့တုန်းကတော့ဖြစ်ပါသေးတယ်။ ဒါပေမဲ့ အရှိန်ကတော့ ဟိုးရက်ပိုင်းတုန်း ကလောက် နည်းနည်းလျော့တယ်ပေါ့နော်။ ဟို ၈ရက်နေ့ကနေ ၁၃ရက်နေ့အထိက ပြင်းထန်ပါတယ်။ ၁၄ရက်နေ့က နည်းနည်းလေး လျော့တယ်။ မနေ့တုန်းကတော့ တိုက်ပွဲမရှိပါဘူး။"
မြန်မာ့တပ်မတော်က သိမ်းပိုက်ခဲ့တဲ့ စစ်လက်နက်ပစ္စည်းများ
ဒါ့အပြင် ကိုးကန့်တပ်ဖွဲ့တွေနဲ့အတူ မြန်မာတပ်မတော်နဲ့ တိုက်ပွဲတွေဆက်ဖြစ်နေတဲ့ TNLA ခေါ် တအန်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် ထိပ်ပိုင်းတာဝန်ရှိသူ မိုင်ဖုန်းကျော်ကလည်း ခုလိုစခန်းကြီးတခုကို သိမ်းပိုက်တာတော့ မရှိသေးဘူး၊ တောင်ကုန်းငယ်တချို.ကိုတော့ သိမ်းခဲ့တာရှိတယ်လို့ ထုတ်ပြောခဲ့ပါတယ်။

"ဟုတ်ကဲ့။ အဲ့တာတော့ မသိမ်းရသေးပါဘူးဗျ။ အဲ့တာက တောင်ကုန်း အသေးအမွှားလေးတွေတော့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အဲ့မှာ တောင်ကုန်းတွေ အများကြီးပဲ။ တကယ့်စခန်းအကြီးတော့ မသိမ်းမိသေးပါဘူး။ ဟုတ်ကဲ့။ ကျနော်တို့ အကုန်လုံး ခုခံနေဆဲပါပဲ။"

အဲ့ဒီတော့ UNFC လို့ အတိုကောက်ခေါ်တဲ့ တိုင်းရင်းသားမဟာမိတ်အဖွဲ့အနေနဲ့ မကြာခင် တနိုင်ငံလုံး အပစ်ရပ်ရေးလက်မှတ်ထိုးနိုင်ဖို့ ကိုးကန့်ဒေသအပါအဝင် ဆက်ပြင်းထန်နေတဲ့ တိုက်ပွဲတွေရပ်ပေးဖို့ မြန်မာ အစိုးရဘက်ကို တောင်းဆိုခဲ့ တာကြောင့်နဲ့ သင်္ကြန်အားလပ်ရက်ကြောင့် ဦးထွန်းမြတ်လင်းပြောသလို တိုက်ပွဲတွေလျော့ ကျလာတာပါလားလို့ မေးရာမှာတော့-

"တိုက်ဆိုင်လို့လားတော့ မသိဘူး ဒါပေမဲ့ နည်းနည်းတော့ အရှိန်တော့ လျော့သွားပါတယ်ခင်ဗျ။"

ဒါ့အပြင် နောက်လ မေလ ၁ ရက်နေ့ကျရင် ဝဒေသမှာ လုပ်မယ့်  တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီးညီလာခံကို ဒီကိုးကန့်နဲ့ တအန်းတပ်ဖွဲ့တွေ မတက်စေဖို့ မြန်မာအစိုးရဖက်က ဖိအားပေးနေတာတွေရှိပေမဲ့ သူတို့ နှစ်ဖွဲ့လုံး ဖိတ်စာရထားပြီး ဒီညီလာခံတက်ဖို့ ပြင်နေတယ်လို့ ဆိုပါတယ်။

MNDAA ခေါ် ကိုးကန့်တပ်လို့ လူသိများတဲ့ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် ပြောခွင့်ရ ဦးထွန်းမြတ်လင်းက သူတို့ဖိတ်စာမရခင် ကထဲက ခုလို မြန်မာဖက်က မတက်စေချင်တာ တရားမဝင် ကြားခဲ့ရတယ်လို့ ဆိုပါတယ်။

" ကျနော်ကြားတာက ဖိတ်စာမပေးခင်ကတည်းက သူတို့ကနေပြီးတော့မှ ဒီ ဝ ကိုပြောတာ ရှိတယ်လို့ ကျနော် ကြားပါတယ်။ အဓိက ကတော့ ကျနော်တို့အဖွဲ့ပေါ့ဗျာ။ သူတို့က သိပ်ပြီးတော့ မပါစေချင်ဘူးဆိုတဲ့ ပုံစံမျိုးပေါ့။"

ဒါပေမဲ့ ဒီညီလာခံကို တက်ဖို့ ရှိလားလို့ မေးရာမှာ ဦးထွန်မြတ်လင်းကပဲ-

"ရှိပါတယ်။ ရှိပါတယ်။ ကျနော်တို့ တက်ဖို့ရှိပါတယ်။ ကျနော်တို့ အစည်းအဝေး ထိုင်ပြီးတော့ သွားမယ့်လူကို ကျနော်တို့ သတ်မှတ်မယ်။ ပြီးရင် ဘာတွေ ဆွေးနွေးမလဲ ဆိုတာ အဲ့ဒီ့မှာ ကျနော်တို့ အဖြေရပါမယ်ခင်ဗျ။"

အလားတူ တအာင်းတပ်ဖွဲ့ရဲ. နိုင်ငံရေးဦးဆောင်ပါတီဖြစ်တဲ့ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦးက အတွင်းရေးမှုး မိုင်ဖုန်းကျော်ကလည်း သူတို့လဲ ဖိတ်စာရထားပြီး၊ မြန်မာဘက်ကတားတာ ကြားပေမဲ့ ဒီညီလာခံတက်မှာပါလို့ ထုတ်ပြောခဲ့ပါတယ်။

" ဦးအောင်မြင့်တို့ ဘာတို့ပြောတာတော့ ကျနော်တို့သိတယ်။ သူတို့ဘက်ကနေ သူတို့ ဖိတ်တဲ့အချိန်တုန်းကတော့ ပြောပြပါတယ်။ အစိုးရကတော့ ဦးသိန်းဇော် ကတော့ အဲ့လိုပြောတယ်တဲ့။ ဒါပေမဲ့ သူတို့ကတော့ သူတို့နယ်မှာ လုပ်တယ်ဆိုတော့ ကျနော်တို့က တက်ဖို့လိုတယ်။ တက်ဖို့သင့်တယ်လို့ သူတို့ ကျနော်တို့ကို ဖိတ်တာပါဆိုပြီး ကျနော်တို့ကို ဖိတ်ပါတယ်။"

အဲ့ဒီတော့ တနိုင်ငံလုံးအပစ်အခတ်ရပ်ဖို့ နောက်ဆုံး ကချင်တပ်ဖွဲ့ KIO အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အားလုံး ပြင်ဆင်နေချိန်မှာ ဖြစ်လာတဲ့ ဒီ တိုင်းရင်းသား ညီလာခံကနေ တိုက်ပွဲတွေမရပ်နိုင်သေးတဲ့ ကိုးကန့်အဖွဲ့အနေနဲ့ ဘာတွေမျှော်လင့်ထားပါလဲလို့ မေးရာမှာ ဦးထွန်းမြတ်လင်းက-

" တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် အထောက် အကူပြုရင်တော့ ကောင်းတာပေါ့ အဓိက စစ်ဖြစ်နေတဲ့ ဒေသလည်း အပစ်အခတ်ရပ်စဲသွားရင်တော့ ကောင်းတာပေါ့ဗျ။"

တကယ်တော့ မြန်မာအပစ်အခပ်ရပ်စဲရေးမှာ အဓိက အစိုးရဘက်က ညှိုနှိုင်းဆွေးနွေးနေသူ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း အနေနဲ့ တနိုင်ငံလုံး အပစ်ရပ်ရေးစာချုပ် မကြာခင် လက်မှတ်ထိုးနိုင်တော့မယ်လို့ ဂျပန်နိုင်ငံနဲ့ ဆွေးနွေးနေချိန်မှာ၊ မြန်မာတပ်မတော် အနေနဲ့တော့ တိုက်ပွဲတွေပြင်းထန်စွာ ဆင်နွှဲပြီး စစ်ရေးအောင်မြင်မှုတွေရနေပြီလို့ ထုတ်ပြန်နေတယ်လို့ သုံးသပ်သူတွေက ဆိုနေပါတယ်။

ကိုဝင်းမင်း / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com