04/19/15

ရွေးကောက်ပွဲကို တရားမျှတစွာ ကျင်းပမည်ဟု ပြောနေသော ယခုလက်ရှိ အစိုးရသည် စစ်အစိုးရ လက်ထက်ကဲ့သို့ပင် ရွေးကောက်ပွဲ နီးလာ သည်နှင့်အမျှ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများကို ပုဒ်မမျိုးစုံ တပ်ကာ ဖမ်းဆီးမှုများ ပိုမိုများပြားလာကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့နှင့် နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့၏ စာရင်းများအရ သိရသည်။

ယခုအချိန်ထိ အမှုရင်ဆိုင်နေရဆဲ နိုင်ငံရေးအချုပ်သားဦးရေမှာ ၂၉၈ ယောက်ရှိပြီး ထောင်ကျနေဆဲ နိုင်ငံရေး အကျဉ်းသား ၁၇၂ ဦးနှင့် ပညာရေးပြုပြင်ပြောင်းလဲမှုနှင့် ပတ်သက်၍ သာယာဝတီထောင်တွင် ကျောင်းသား ၇၀ အပါအ၀င် ၀န်းရံ ပြည်သူစုစုပေါင်း ၁၀၄ ယောက်ရှိခဲ့ပြီး ဧပြီလ ၈ ရက်နေ့တွင် ဖမ်းဆီးခဲ့သော မပိုပို အပါအ၀င် ၁၀၅ ဦး ရှိပြီဖြစ်သည်။

၂၀၁၅ အတွင်းဖမ်းဆီးမှု ပိုမိုများပြားလာခြင်းဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အဖွဲ့မှ ကိုအောင်မျိုးကျော်က ““၂၀၁၄ ကနေပြီးတော့ ၂၀၁၅ ထိဆိုရင် ဖမ်းဆီးထောင်ချတဲ့ ကိစ္စတွေ တစ်လထက်တစ်လ ပိုမိုများလာတယ်။ ပြီးခဲ့တဲ့ မတ်လထဲမှာ ဆိုရင် မတ်လ ၁၀ရက်၊ လက်ပံတန်းကိစ္စနဲ့ ပတ်သက်ရင် ၁၀၀ ကျော် အဖမ်းခံရတယ်။ အခု ထောင်ထဲမှာ ရောက်နေကြတယ်။ ဒါတွေက ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို သွားတယ်ဆိုရင် နိုင်ငံရေးအကျဉ်းသား လွှတ်ပေးဖို့ စဉ်းစားရမယ်။ ဒီနိုင်ငံရေး အကျဉ်းသားတွေ တိုင်းပြည်ကောင်းဖို့ အတွက် လူ့အခွင့်အရေး အပြည့်အ၀ ရရှိဖို့အတွက် တောင်းဆို တိုက်ပွဲဝင်နေကြတာတွေ ဖြစ်တယ်””ဟု ပြောသည်။

အမှုရင်ဆိုင်နေရသော နိုင်ငံရေးအချုပ်သား ၂၉၈ ဦးတွင် လယ်သမား၊ အလုပ်သမားနှင့် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများ ပါဝင်ပြီး တရားစွဲဆိုခံရသော ပုဒ်မအများစုမှာ ၅၀၅(ခ)၊ ပုဒ်မ၁၈၊ ၁၉၊ ၁၄၃၊ ၁၄၅နှင့် ၄၄၇ တို့မှာ အများဆုံး ဖြစ်သည်။

ဖမ်းဆီးခံရသူအများစုမှာ မတရားဖမ်းဆီးခံရခြင်း ဖြစ်ကြောင်းကို ကိုအောင်မျိုးကျော်က ““အဲဒီ လူတွေ အားလုံးက ကိုယ့်ကျိုးအတွက် မဟုတ်ဘဲနဲ့ တိုင်းပြည်ကောင်းစားရေး၊ အများကောင်းစားရေး၊ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ ကိစ္စတွေ၊ လယ်သိမ်းယာသိမ်း ကိစ္စတွေ၊ အလုပ်သမားတွေ လုပ်ခလစာ အလုံအလောက် မရတဲ့ ကိစ္စတွေနဲ့ ဒါမျိုးကိစ္စတွေနဲ့ ဖမ်းဆီးထိန်းသိမ်း ထောင်ချခံထားရတဲ့ သူတွေ ဖြစ်တယ်။ ပြည်သူတွေက အရင်စစ်အစိုးရ လက်ထက်လိုမျိုးပဲ မတရား ဖမ်းဆီးခံထားရတာတွေ ဖြစ်တယ်”” ဟု မြန်မာသံတော်ဆင့် သို့ ပြောသည်။

ယခုလက်ရှိ အစိုးရစတက်သည့် အချိန်မှစရွေ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို သွားနေကြောင်းနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးကို ပြုလုပ်နေသည်ဟု ဆိုသော်လည်း နိုင်ငံရေး အကျဉ်းသားများ ရှိနေသရွေ့ ပြန်လည် သင့်မြတ်မှုများမှာလည်း မဖြစ်နိုင်ကြောင်း ကိုအောင်မျိုးကျော်က ပြောသည်။

စစ်အစိုးရ လက်ထက်ကအတိုင်း ဖမ်းဆီးနေခြင်းဖြစ်ကြောင်းကို ““ဒါက စစ်အာဏာရှင်တွေ လုပ်တဲ့ပုံစံမျိုးပဲ။ လက်ပံတန်း ကိစ္စတွေ၊ မြို့တော်ခန်းမရှေ့က ကိစ္စတွေမှာ ကြုံတွေ့ ခဲ့ရပြီးပါပြီ။ ဒီမိုကရေစီ အသွင်ကူး ပြောင်းရေးကို သွားမယ်ဆိုရင် နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့လိုတယ်။ အသွင်ကူးပြောင်းရေး ကာလမှာ လုပ်ဆောင်ရမယ့် လုပ်ဆောင်ချက်တွေ အများကြီးရှိတယ်။ ဒီအချက်တွေကို တစ်ခုမှ မလုပ်ပေးဘဲနဲ့ နောက်ထပ် နိုင်ငံရေး တက်ကြွလှုပ်ရှားတဲ့ သူတွေလက်ထဲမှာ ဆန်စပါးစိုက်နေရမယ့် လယ်သမားတွေဟာ လယ်ထဲကို မသွားနိုင်ဘဲနဲ့ တရားရုံးတွေမှာ လည်ပတ်နေရတယ်။ တကယ့် စက်ရုံအလုပ်ရုံတွေမှာ လည်ပတ် နေရမယ့် အလုပ်သမားတွေဟာလည်း သူတို့ရဲ့လုပ်ခလစာ မလုံလောက်တဲ့အတွက် ထောင်တွေ၊ တရားရုံးတွေ၊ ရဲစခန်းတွေကို ရောက်နေရတယ်။ စက်ရုံထဲမှာရှိ မနေနိုင်ဘူး။ ဒါဟာ နိုင်ငံအတွက် အင်မတန်မှ ဆုံးရှုံးနစ်နာပါတယ်””ဟု ကိုအောင်မျိုးကျော်က ဆိုသည်။

ယင်းကဲ့သို့ နိုင်ငံရေး တက်ကြွလှုပ်ရှား သူများအား ဖမ်းဆီးထောင်ချမှု များကို မြန်မာနိုင်ငံ၏ အစိုးရအနေဖြင့် ရပ်တန့် သင့်ကြောင်းနှင့် မရပ်ဘဲ ဆက်လုပ်နေပါကလည်း နိုင်ငံတကာတွင် မျက်နှာငယ်ရကြောင်း၊ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းများနှင့် ပြည်တွင်းငြိမ်းချမ်းရေး ရရှိအောင် လုပ်နေသကဲ့သို့ ထောင်ထဲတွင် ဖမ်းဆီးထားသည့် အကျဉ်းသားများကိုလည်း ခြွင်းချက်မရှိ လွှတ်ပေးရန် လိုကြောင်း ကို အောင်မျိုးကျော်က ဆက်လက်ပြောသည်။

၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် အချိန်ထိ နိုင်ငံရေးအကျဉ်းသားများ ပိုမိုများလာနိုင်ပြီး နိုင်ငံရေးတွင် အင်တိုက် အားတိုက် လုပ်ဆောင်နိုင်မည့် နိုင်ငံရေး လှုပ်ရှားသူများကို ဖမ်းဆီးနေဆဲဖြစ်သည်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦကိုကိုကြီးကို ပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ထားသော်လည်း ယခုအချိန်ထိ ရဲစခန်းက ခေါ်ယူစစ်ဆေးခြင်း၊ တရားရုံးက ဆင့်ခေါ်ခြင်းမျိုး မရှိသေးရာ ရွေးကောက်ပွဲနီးမှ ဖမ်းဆီး ထိန်းသိမ်းမည်ကို စိုးရိမ်နေရသည်။

ရွေးကောက်ပွဲကာလတွင် အစိုးရသည် အဓိက အတိုက်အခံ အင်အားစုများဖြစ်သည့် နိုင်ငံရေး တက်ကြွလှုပ်ရှား သူများကို ရွေးကောက်ပွဲ မကျင်းပမီတွင် ပုဒ်မ အမျိုးမျိုးတပ်၍ အမှုဖွင့်ထားသော်လည်း ဖမ်းဆီးခြင်းမရှိဘဲ ရွေးကောက်ပွဲ နီးကပ်မှ ပုံသဏ္ဌာန် အမျိုးမျိုးဖြင့် ဆက်လက် ဖမ်းဆီးမှုများ ပြုလုပ်မည်ကို စိုးရိမ်နေရကြောင်း ကိုအောင်မျိုးကျော်က ပြောသည်။

၂၀၁၃ ခုနှစ်တွင် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးနေမှုနှင့် နိုင်ငံရေး အကျဉ်းသားများ၏ အရေးများကို အထူး အလေးထားမှုများ ရှိသော်လည်း ၂၀၁၅ ခုနှစ်တွင် ရွေးကောက်ပွဲ နီးလာသည်နှင့်အမျှ ဖမ်းဆီးမှုများ ပိုမိုများပြားလာပြီး တရားစွဲဆို ထောင်ချမှုများ ဆက်တိုက် ပြုလုပ်နေကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်း များအဖွဲ့မှ ကိုရဲအောင်က ပြောသည်။

ထောင်ချထားသည့် ကာလများမှာလည်း ရွေးကောက်ပွဲကာလ ထက် ကျော်လွန်နေခြင်းက ရွေးကောက်ပွဲ အတွင်း အတိုက်အခံ နိုင်ငံရေး လှုပ်ရှားသူများကို အစိုးရက မရှိစေချင်သည့်ဆန္ဒ ပေါ်လွင်ထင်ရှားနေသည်။

““၂၀၁၃ အကုန်၊ ၂၀၁၄ကနေ စပြီးတော့… ထပ်မံဖမ်းဆီးမှုတွေပဲ လုပ်နေတာ တွေ့ရတယ်။ အခုဆိုရင်ရွေး ကောက်ပွဲကာလ နီးလာလေနိုင်ငံရေး အကျဉ်းသားတွေကို ဖမ်းဆီးမှု ပိုများလာတယ်။ တရားစွဲဆိုမှုတွေ ရှိတယ်။ ထောင်ချတာတွေ ဆက်တိုက် လုပ်လာတာ တွေ့ရတယ်။ ထောင်ချတဲ့ ကာလတွေကို ကြည့်တဲ့ အခါမှာလည်း ရွေးကောက်ပွဲအလွန်နှစ်တွေ ဖြစ်နေတယ်။ ဒါကိုကြည့်ခြင်း အားဖြင့်တော့ အစိုးရက လာမယ့် ရွေးကောက်ပွဲ ကျင်းပတဲ့ကာလမှာ နိုင်ငံရေး တက်ကြွလှုပ်ရှားတဲ့ သူတွေကို အဲဒီထဲမှာ လှုပ်ရှားမှုတွေ မလုပ် စေချင်တဲ့ သဘောကို တွေ့နေရပါတယ်””ဟု ကိုရဲအောင်က မြန်မာသံတော်ဆင့်သို့ ပြောသည်။

ယခင်စစ်အစိုးရ လက်ထက်က မတရားအုပ်ချုပ်ကာ လှုပ်ရှားမှုတိုင်းမှာလည်း တရားမ၀င်သည့် အမိန့် အာဏာဖြင့် လက်နက်ကို အားကိုးပြီး တရားဥပဒေ စစ်ဆေးမှုများကအစ အမိန့်အာဏာဖြင့်သာ စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ယခုအစိုးရ လက်ထက်မှာဖြင့် ဥပဒေအရ စစ်ဆေးမှုတွင် ရှေ့နေငှားရမ်း၍ စစ်ဆေးမှုများ ပြုလုပ်ခြင်း ဟူသော ကွာခြားချက်သာရှိကြောင်း ကိုရဲအောင်က ပြောသည်။

ဒီမိုကရေစီ ရွေးကောက်ပွဲတွင် တရားမျှတ၍ စစ်မှန်သော ရွေးကောက်ပွဲဖြစ်ရမည်ဟု အစိုးရက ပြည်သူလူထု ရှေ့တွင် ပြောနေသော်လည်း အဆိုပါ နိုင်ငံရေး အကျဉ်းသားနှင့် နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတွေ ကိုပုဒ်မမျိုးစုံနှင့် ဖမ်းဆီးနေရုံမျှမက လှုပ်ရှားမှုများ ပြုလုပ်၍ မရအောင်တားမြစ် ဥပဒေများ ပြုလုပ်ကာ ဥပဒေ ချိုးဖောက်သည်ဟု ခေါင်းစဉ်ဖြင့် ဖမ်းဆီးထောင်ချမှုများ ပြုလုပ်ခြင်းမှာ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်၍လာနိုင်မည် မဟုတ်ကြောင်း ကိုရဲအောင်က ပြောသည်။

နိုင်ငံရေး တက်ကြွလှုပ်ရှားသူများကို ဆက်တိုက်ဖမ်းဆီးခြင်း အပါအ၀င် လက်ရှိ အခြေအနေ အချို့က အစိုးရသည် နောက်ကြောင်း ပြန်လှည့်နေသည့် အခြေအနေကို ဖော်ပြလျက်ရှိသည်။

““ဒီလို ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုကို ဖော်ဆောင်နေတဲ့ အစိုးရ လက်ထက်မှာ အခုလိုလုပ်တာကို စစ်မှန်တဲ့ ဒီမိုကရေစီကို လျှောက် လှမ်းနေတာ မဟုတ်ဘူးဆိုတာ တွေ့မြင်နေရပါတယ်။ ၂၀၁၅ ထိ နိုင်ငံရေး အကျဉ်းသားတွေ များလာတာက အခုဆို မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ပြည်သူ လူထုကကော နိုင်ငံတကာ ကကော အားလုံး မြင်နေကြပါပြီ။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုဟာ ရှေ့ကို မသွားဘဲနဲ့ နောက်ပြန်ဆွဲနေတယ် ဆိုတဲ့ထိကို အားလုံးမြင်နေကြပါပြီ။ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ပုံရိပ်တစ်ခုလုံးကို ထိခိုက်ပါတယ်””ဟု ကိုရဲအောင်က ပြောသည်။

၂၀၁၅ ရွေးကောက်ပွဲသည် မြန်မာနိုင်ငံ၏ အပြောင်းအလဲတစ်ခုဖြစ်၍ အစိုးရနှင့် ပြည်သူလူထုအကြား ယုံကြည်မှု တည်ဆောက်ရမည့် ကာလဖြစ်သော်လည်း နိုင်ငံရေး တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီး ထိန်းသိမ်းမှုတွေ ပိုများလာခြင်းက စိုးရိမ်စရာကိစ္စ ဖြစ်သကဲ့သို့ စိန်ခေါ်မှု တစ်ရပ်လည်း ဖြစ်ကြောင်း Future Life Center မှ Coordinater မသက်သက်အောင်က ပြောသည်။

၂၀၀၇ စစ်အစိုးရ လက်ထက်တွင် ကြုံတွေခဲ့ရသည့် စွမ်းအားရှင်သုံး၍ ဖြိုခွင်းမှုများကဲ့သို့ ၂၀၁၅ တွင်လည်း လက်ပတ်နီများသုံး၍ အကြမ်းဖက် ဖြိုခွင်းမှုများမှာ ပုံသဏ္ဌာန် အတူတူပင် ဖြစ်ကြောင်းနှင့် ရွေးကောက်ပွဲ ဆိုလျှင် ဒီမိုကရေစီ နည်းစနစ်အရ အတိုက်အခံဆိုတာမျိုးက ရှိသော်လည်း အစိုးရမှ ထိုအတိုက်အခံများကို ဖမ်းဆီး ထောင်ချမှုများ ပြုလုပ်နေခြင်းမှာ စစ်အစိုးရ လက်ထက် ပုံစံသာဖြစ်ကြောင်း ၎င်းက ပြောသည်။

သဇင်လှိုင်

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

ကချင်လက်နက်ကိုင်တပ်ဖွဲ့ (KIA) ရှေ့တန်းကင်းစခန်း တနေရာမြင်ကွင်း။ (ဇန်နဝါရီ ၂၂၊ ၂၀၁၃)

 အစိုးရနဲ့တိုင်းရင်းသား လက်နက်ကိုင်တွေကြား တနိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး စာချုပ်လက်မှတ်ထိုးဖို့ လုပ်ဆောင်နေချိန်မှာပဲ ကချင်ပြည်နယ် ဖားကန့်ဒေသမှာတော့ ကချင်လက်နက်ကိုင်အဖွဲ့နဲ့ မြန်မာစစ်တပ်ကြား တိုက်ပွဲတွေ ပြန်ဖြစ်နေပါတယ်။ စစ်ရေးတင်းမာနေတဲ့ ဖားကန့် ဘက်မှာ စစ်တပ်ဘက်က ဒေသခံပြည်သူတွေကို လုံခြုံရေးတင်းကျပ်စွာ စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။ နှစ်နဲ့ချီ ကြာမြင့် လာပြီဖြစ်တဲ့ ကချင်စစ်ဒဏ်သင့် စစ်ပြေးဒုက္ခသည် စခန်းတွေမှာတော့ စစ်ရှောင်ဒုက္ခသည်တွေ ပိုတိုးလာနေတဲ့အခြေအနေဖြစ်နေလို့ စားနပ်ရိက္ခာ၊ ဆေးဝါးပစ္စည်း စတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်ရပါတယ်။ မဆုမွန်က စုံစမ်းပြီး အသေးစိတ် တင်ပြပေးထားပါတယ်။

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကကိုယ်စားလှယ်တွေပါဝင်တဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT နဲ့ မြန်မာအစိုးရ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ UPWC တို့ ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်နေ့က သမ္မတဦးသိန်းစိန် ရှေ့ မှောက်မှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်ခတ်ရပ်စဲရေးစာချုပ်မူကြမ်းကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ အပြီးသတ် စာချုပ်လက်မှတ် မရေးထိုးကြခင် လာမယ့် မေလ ၁ ရက်နေ့မှာလည်း ဝပြည်သွေးစည်းညီညွတ်ရေးပါတီ ဌာနချုပ်ရှိရာ ပန်ဆန်းမှာ တိုင်းရင်းသားညီလာခံတရပ် ကျင်းပဖို့လည်း ရှိနေတာပါ။

ဒီလိုမျိုး တပြည်လုံး အတိုင်းအတာနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေကြချိန်မှာပဲ ကချင်ပြည်နယ် ဖားကန့်ဒေသဘက်မှာ တိုက်ပွဲတွေ ဖြစ်နေပါတယ်။ ကချင်လွတ်မြောက်ရေးတပ် ကေအိုင်အေ တပ်စခန်းချရာ ကေအိုင်အေ တပ်ရင်း (၆) နယ်မြေထဲ မြန်မာအစိုးရတပ် တပ်မ (၄၄) လက်အောက်ခံတပ်ရင်းနဲ့ ကချင်လွတ်မြောက်ရေးတပ်တို့ကြား တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ ဖားကန့်ဒေသခံတဦးလည်းဖြစ်တဲ့ ကချင်လူမှုကွန်ယက် အဖွဲ့က ကိုစာဂျီက အခုလိုပြောပြပါတယ်။

“ဟုတ်တယ်၊ မနေ့ကစပြီး တိုက်ပွဲပြန်ဖြစ်တယ်။ အရင်တိုက်ပွဲဖြစ်ခဲ့တဲ့ တပ်ရင်း (၆) … အောင်ဘာလေရွာအထက်ပေါ့။ အဲဒီမှာ တပ်စခန်းပြန်ချတယ်။ အဲဒီနေရာကို ပြန်ပြီးတော့ ထိုးစစ်ဆင်လာတယ်လို့ ပြောတာပဲ၊ တပ်မတော်ဘက်က။ အဲဒါကြောင့် ဟိုဘက်က ခုခံတဲ့အနေနဲ့ ဆက်လက်ပြီးတော့ တိုက်ပွဲဖြစ်တယ်။”

စစ်ရေးတင်းမာမှုရှိပြီး ဒေသတွင်း နယ်မြေတည်ငြိမ်အေးချမ်းလုံခြုံမှုမရှိဖြစ်နေတဲ့ ဖားကန့်မှာ မြန်မာအစိုးရတပ်ဘက်က ဒေသခံကချင်ပြည်သူတွေကို လမ်းခရီးဂိတ်တွေမှာ စစ်ဆေးမှုတွေကို လုံခြုံရေးတင်းကျပ်စွာဆောင်ရွက်နေတယ်လို့ ဆက်ပြောပါတယ်။

“ဖားကန့်လမ်းမှာ။ နေရာ ၃ - ၄ ခုမှာ စစ်တပ် check point ပေါ့။ စစ်ဆေးရေးဂိတ်မှာ မှတ်ပုံတင်စစ်တယ်။ ကားကို မွှေနှောက်ရှာဖွေပြီးတော့မှ အဲဒီ စစ်တဲ့ဟာတွေ ရှိတယ်။ အခု ဒီမနက် ခရီးသွားလာတဲ့ပြည်သူတွေကို မှတ်ပုံတင်စစ်တာတို့၊ ကားကို အစအဆုံးမွှေနှောက်ပြီးတော့ ခုံတွေပါ လှပ်စစ်တဲ့ဟာတွေ ရှိတယ်ပေါ့။ လယ်ပြင်ထိပ် ဝင်ခါနီးတဲ့နေရာတွေ..ဖားကန့်မရောက်ခင် လမ်းပေါ်မှာတော့ အဲလို ဒုက္ခပေးတဲ့ဟာတွေ၊ ဒါပေမယ့် လူမတွေ့တဲ့နေရာ ရွာတွေ…အုပ်ချုပ်တဲ့နေရာ၊ လူရင်းတွေရှိတဲ့ ရပ်ရွာသားတွေ တွေ့လို့ရှိရင်လည်း သူတို့က ဒုက္ခပေးတတ်တဲ့ဟာတွေ ရှိတာပေါ့နော်။”

ကချင်ပြည်နယ်တွင်းနဲ့ ရှမ်းပြည်မြောက်ပိုင်းက ကချင်တပ်မဟာတွေ စခန်းချထားတဲ့ စစ်အခြေစိုက်စခန်းတချို့ကို မြန်မာအစိုးရတပ်တွေဘက်က ဝင်ရောက်တိုက်ခိုက်နေတဲ့ စစ်ရေးအခြေအနေတွေနဲ့ ပတ်သက်လို့လည်း ကချင်သတင်းစဉ် အယ်ဒီတာချုပ်ကိုနော်ဒင်းက အခုလိုပြောပြပါတယ်။

“ဖားကန့်ကတော့ အဓိက ကတော့ သူ့ရဲ့နောက်ခံကတော့ KIA တပ်ရင်း (၆) အခြေစိုက်စခန်းကို နေရာတောင်မှ အစိုးရတပ်ဘက်က သိမ်းထားတဲ့အပိုင်းတွေရှိတယ်လေ။ KIO ဘက်ကတော့ နောက်ဆုတ်ပေးတယ်။ သူတို့ ထပ်ပြောင်းထားတဲ့ တပ်မဟာ (၆) စခန်းတွေကို အစိုးရတပ်က သူတို့ကို မောင်းထုတ်တယ်။ ပြန်သိမ်းလိုက်တယ်ဆိုတော့ အစိုးရက KIA တပ်တွေကို ဖားကန့်ကနေပြီးမှ လုံးဝ ဖယ်ရှင်းချင်တယ်၊ မောင်းထုတ်ချင်တယ်။ KIO ဘက်ကလည်း သူ့ရဲ့နေရာဆိုတော့ အဲဒါကိုတော့ လက်ခံဖို့တော့ မရှိဘူး။”

တိုက်ပွဲတွေ ဖြစ်နေတာ နှစ်နဲ့ချီကြာမြင့်လာပြီဖြစ်တဲ့ ကချင်ဒေသထဲ ကေအိုင်အိုထိန်းချုပ်နယ်မြေထဲက စစ်ပြေးဒုက္ခသည်စခန်းတွေမှာရော၊ မြန်မာအစိုးရ တပ်ဘက်က ထိန်းချုပ်ထားတဲ့ စစ်ပြေးဒုက္ခသည်စခန်းတွေမှာပါ ဒုက္ခသည်တွေ ပိုတိုးလာနေသလို တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေဆဲ IDP ရွှေ့ပြောင်းစစ်ပြေးဒုက္ခသည်တွေအတွက်ပါ စားနပ်ရိက္ခာအခက်အခဲနဲ့ လူသားချင်းစာနာမှုအကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ ဆိုပါတယ်။

“ဒုက္ခသည်တွေရဲ့အနေအထားကတော့ လုံးဝ ပြန်လို့လည်း မရသေးဘူး။ ကချင်ပြည်နယ်အစိုးရဘက်ကတော့ ဒုက္ခသည်ပြဿနာကို ဖြေရှင်းဖို့ အတွက်တော့ သူတို့လုပ်တယ်။ ဒါပေမယ့် လောလောဆယ်အနေအထားအရကတော့ ဘယ်လိုမှ နိုင်ငံရေးဆွေးနွေးပွဲတွေက ဘာမှလည်း မစသေးဘူး။ ဘာမှ အခြေအနေ သူတို့ ဖြစ်လာမယ်ဆိုတာလည်း မသိသေးဘူး။ KIO အနေနဲ့ကလည်း အပစ်အခတ်ရပ်စဲရေးဆိုတာကတော့ အဖွဲ့အနေနဲ့ကလည်း မလုပ်သေးဘူးဆိုတော့ ဒုက္ခသည်ပြဿနာတွေကတော့ ဘယ်လိုမှ ဖြေရှင်းလို့ မရတဲ့အခြေအနေမှာ ရောက်နေတာပေါ့နော်။ ဒီဒုက္ခသည်တွေကတော့ ပိုပြီးတော့ တိုးလာတဲ့အနေအထားမှာ ရှိတယ်။ ဘာကြောင့်လဲဆိုရင် ဖားကန့်ဘက်မှာလည်း တိုးလာတယ်။ တပ်မဟာ (၃)၊ တပ်မဟာ (၄) ပေါ့နော်။ ရှမ်းပြည်မြောက်ပိုင်း။ ဒုက္ခသည်ရဲ့အခြေအနေကတော့ တဖြည်းဖြည်းနဲ့တိုးလာတဲ့အနေအထားမှာတော့ ရှိနေတာပေါ့။”

ကချင်ဒေသတွင်း စစ်မီးငြိမ်းနိုင်ရေးအတွက်လည်း ပြီးခဲ့တဲ့မတ်လက နေပြည်တော်မှာ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ ဒုဥက္ကဋ္ဌတွေဖြစ်တဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ဦးသိန်းဇော် ဦးဆောင်တဲ့ အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ ဒေါက်တာ လဂျာ၊ ဗိုလ်ချုပ် ဂွမ်မော် ဦးဆောင်တဲ့ ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ နေပြည်တော်မှာ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ကေအိုင်အိုအဖွဲ့ဟာ သမ္မတဦးသိန်းစိန်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့လည်း နေပြည်တော်မှာ သီးခြားစီ တွေ့ဆုံခဲ့ကြပြီးလည်းဖြစ်ပါတယ်။ ဒီလိုတွေ့ဆုံခဲ့ရာမှာ ငြိမ်းချမ်းရေးအတွက် နိုင်ငံရေး ဆွေးနွေးမှုတွေ ဆက်ပြီး ဆောင်ရွက်ဖို့၊နှစ်ဘက်တပ်ဖွဲ့ အောက်ခြေမှာ ပစ်ခတ် တိုက်ခိုက်မှု လျှော့ချဖို့နဲ့ နှင့် တိုက်ပွဲတွေဆက်လက် မဖြစ်ပွားစေရေး ညှိနှိုင်းဆောင်ရွက်ဖို့အပါအဝင်တပ်နေရာချထားရေး ကိစ္စတွေကိုပါ ဆွေးနွေးခဲ့ကြပေမဲ့လည်း အခုချိန်ထိကတော့ ကချင်ဒေသတွင်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။

မဆုမွန် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

အင်အားကြီး အတိုက်အခံခေါင်းဆောင် တစ်ဦးဖြစ်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က ဧပြီလ ၄ ရက်နေ့တွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံတွင် နိုင်ငံခြား သတင်းဌာန တစ်ခုဖြစ်သော ရိုက်တာသတင်းဌာနနှင့် တွေ့ဆုံစဉ် ““ကျွန်မတို့ ရွေးကောက်ပွဲကို သပိတ် မှောက်တာက အကောင်းဆုံး ရွေးချယ်မှုလို့ ကျွန်မတို့မထင်ပါဘူး။ ဒါပေမဲ့ ဒါကို လုံးဝဘေးဖယ် မထားပါဘူး။ ရွေးချယ်နိုင်မယ့် နည်းလမ်းအားလုံးကို ကျွန်မတို့ လမ်းဖွင့်ထားပါတယ်”” ဟု ပြောကြားခဲ့သည်။

ယင်းသို့ ပြောကြားမှုနှင့် ပတ်သက်ပြီး ပါတီနိုင်ငံရေး နယ်ပယ်အတွင်း ပွက်လောရိုက် ဆင်ခြင်စဉ်းစားစရာနှင့် ၂၀၁၅ အတွက် ခေါင်းခဲစရာ ပုဒ်စာတစ်ပုဒ် ဖြစ်လာသည်။

ယင်းသို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြားချက်ကြောင့် ရွေးကောက်ပွဲ အလားအလာနှင့် ပတ်သက်ပြီး နိုင်ငံရေး စာရေးဆရာတစ်ဦးဖြစ် သူ အောင်သာ(ပီသုံးလုံး)က ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ မ၀င်ခြင်းက နိုင်ငံရေး တင်းမာမှုဆီသာ ဦးတည်သွားနိုင်ကြောင်း သုံးသပ်သည်။

““ကျွန်တော်ကတော့ ရွေးကောက်ပွဲမလုပ်ဘူး လုပ်မယ်ဘက်မှာ ငါးဆယ်၊ ငါးဆယ်ပဲ။ ဒေါ်စုက ကျွန်တော့်ထက် ရာခိုင်နှုန်း ပိုရှိနေရင် မပြောနိုင်ဘူး။ သို့သော် ဒေါ်အောင် ဆန်းစုကြည်က ရွေးကောက်ပွဲ မ၀င်တော့ ရင် မြန်မာပြည် နိုင်ငံရေး အခြေအနေက ဘယ်ကို ရှေးရှုသွားမယ်ဆိုရင် တင်းမာမှုဆီကို ရှေးရှုသွားမယ်။ တင်းမာတာကတော့ နိုင်ငံရေး ကွင်းကြီးတစ်ခုလုံး ဖြစ်လာမှာပေါ့ဗျာ။ ဥပမာ ဒေါ်စုနဲ့သူတို့ ဆက်ဆံရေး ခင်ဗျားတို့တွေ၊ ကျွန်တော်တို့တွေ မီဒီယာနဲ့ဆက်ဆံရေးတွေ”” ဟု မြန်မာသံတော်ဆင့်သို့ ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် ၂၀၁၅ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ခြင်း မရှိဘဲ သပိတ်မှောက်ခဲ့လျှင် ၂၀၁၅ နောက်ပိုင်း ဖြစ်ပေါ်လာမည့် အစိုးရနှင့် လွှတ်တော်စိန်ခေါ်မှုနှင့် ဖိအားကြီးကြီးမားမား ကြုံတွေ့ လာနိုင်ကြောင်း နိုင်ငံရေး လေ့လာသူတစ်ဦးဖြစ်သူ ဒေါက်တာရန်မျိုးသိမ်းက ပြောကြားသည်။

သို့သော်လည်း ဖြစ်ပေါ်လာနိုင်မည့် စိန်ခေါ်မှုများကို အကောင်းမြင်ရှုထောင့်ဖြင့်သူက သုံးသပ်ထားသည်။

““ဒေါ်အောင်ဆန်းစုကြည် တကယ်လို့ ရွေးကောက်ပွဲမ၀င်ခဲ့ရင် ၂၀၁၅ ရွေးကောက်ပွဲအလွန်မှာ ပေါ်လာမယ့် အစိုးရတွေ၊ လွှတ်တော်တွေဟာ ပိုမိုကြီးမားတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရနိုင်တယ်။ နိုင်ငံတကာ ဆက်ဆံရေး မှာရော၊ ပြည်တွင်းမှာပါ ကိုယ့်ပြည်သူလူထုနဲ့ ဆက်ဆံရေးမှာရော ကြီးမားတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင် ရနိုင်တယ်။ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်ရနိုင်တယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲ မ၀င်ဘဲ လွှတ်တော်ပြင်ပ နိုင်ငံရေးကို တကယ်အားကောင်းမောင်းသန် လုပ်လာပြီရင် အစိုးရတွေ၊ လွှတ်တော် တွေဟာ တကယ့်ကို ကြီးမားတဲ့ စိန်ခေါ်မှုတွေ အခက်အခဲတွေ ဒါတွေကို ရင်ဆိုင်နိုင်ရခြေ ရှိတယ်လို့ ကိုယ်ကတော့ မြင်တယ်။ ဒါတွေဟာ တကယ်တော့ ဆုတ်ယုတ်မှုကိုပြတာ မဟုတ်ဘူး။ အနှုတ်လက္ခဏာကို ပြတာမဟုတ်ဘူး။ စိန်ခေါ်မှုမရှိဘူး။ ပြဿနာမရှိဘူး အကျပ်အတည်း မရှိဘူးဆိုရင် တိုးတက်မှုလည်း မရှိနိုင်ဘူး။ အောင်မြင်မှုလည်း မရှိနိုင်ဘူး။ အဲဒီလိုစိန်ခေါ်မှုတွေ အကျပ်အတည်းတွေ ပိုများလာတာဟာ တိုင်းပြည်နဲ့ ပြည်သူလူထု အတွက် ပိုပြီးတော့ အကျိုးပြုနိုင်မယ်။ ပိုပြီးတော့ အထောက်အကူ ဖြစ်လိမ့်မယ်လို့မြင်တယ်”” ဟု မြန်မာသံတော်ဆင့်သို့ ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး နိုင်ငံရေး လေ့လာသုံးသပ်သူ တစ်ဦးဖြစ်သည့် ဦးပီတာလင်းပင်ကမူ ဒေါ်အောင်ဆန်းစုကြည်၏ ရွေးချယ်မှုအပေါ် ထောက်ခံသော်လည်း တိုင်းပြည် အနာဂတ် အကျိုးဆက် အကောင်းဘက်သို့ မရောက်နိုင်ကြောင်း သုံးသပ်သည်။

““ကျွန်တော့်အမြင်ကတော့ သူလိုချင်တာမရရင် သူလုပ်မှာပဲ ဒါပေမယ့် မှောက်ခဲ့လို့ ဆိုရင်တော့ တိုင်းပြည် အတွက်တော့ မကောင်းဘူးပေါ့။ အမှန်မှာဖြစ်ရမှာက ညီညီညွတ်ညွတ်နဲ့ ညှိနှိုင်းပြီးတော့ မလိုအပ်တဲ့ဟာ ပြင်သွားရမှာ။ အခုမပြင်ဘဲ ၂၀၀၈ က ဥက္ကဋ္ဌကြီးလည်း ပြောထားပြီးလေ။ ဥက္ကဋ္ဌကြီးက သူလည်းပြင်မှ ဖြစ်မယ်လို့ မပြင်ဘူးဆို ဒေါ်စုဘက်က လုပ်တာ။ မှန်တယ်ဘာဖြစ်လို့လဲ ဆိုရင် ပြည်သူ့ဆန္ဒနဲ့အညီ လုပ်တာ အဘကတော့ ဖြစ်စေချင်တာအားလုံး ညှိနှိုင်းပြီးတော့ အကောင်းဆုံး အဖြေထွက်စေချင်တယ် ထွက်မယ် လို့လည်း အဘထင်တယ်။ ထွက်မယ်လို့ အဘတို့က ထင်တယ်လေ။ ဘာလို့လဲဆိုတော့ အဘတို့က အဖျက်သမားတွေ မဟုတ်ဘူး။ အပြုသမားတွေပဲ”” ဟု မြန်မာသံတော်ဆင့်သို့ ပြောသည်။

အစိုးရနှင့် လွှတ်တော်အနေဖြင့် နိုင်ငံတကာဖိအားကို ပြင်းပြင်းထန်ထန် ခံစားရနိုင်သဖြင့် ၂၀၀၈ အခြေခံ ဥပဒေကို မဖြစ်မနေပြင်ရန် လိုအပ်ကြောင်း ၎င်းက ဝေဖန်သည်။

““ဒေါ်စု တကယ်လို့ ရွေးကောက်ပွဲမ၀င်ရင် အစိုးရနဲ့ပြည်သူမဟုတ်ဘူး ကမ္ဘာနဲ့ဒီအစိုးရ ပြဿနာတက်မယ်။ ဒါပဲ ကမ္ဘာက ငြိမ်းချမ်းရေးလိုချင်လို့ အကုန်လုပ်ပေးနေတဲ့ဟာ (EU)ကလည်း ဒါကြောင့် လုပ်ပေးနေတာ။ ငြိမ်းချမ်းရေးအတွက်။ ပြီးရင်လည်း အမေရိကန်တို့ ဘာတို့ကလည်း ဒါကြောင့်လုပ်နေတာ တကယ်လို့ မလုပ်ဘူး ဆိုရင်တော့ လက်ရှိမပြောင်းတဲ့နားမှာပဲ တိုင်းပြည် ဆုတ်ယုတ်သွားမယ်။ ဒါပဲနောက်တစ်ချက်က ၂၀၀၈ ကို မပြင်မချင်း ဘာမှမဖြစ်ဘူး။ တိုင်းပြည်က ဒီအတိုင်းသွားမှာပဲ။ ၂၀၀၈ ကိုပြင်မှ စစ်မှန်တဲ့လူတွေ တက်လာမှာ”” ဟု ထပ်မံပြောကြာခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၂၇ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး၊ ၂၀၁၀ ပြည့်ခုနှစ်တွင် ရွေးကောက်ပွဲ မ၀င်သဖြင့် ပါတီမှတ်ပုံတင် ယာယီ ရုတ်သိမ်းခံခဲ့ရပြီး ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲအတွက် ပါတီမှတ်ပုံတင်ခဲ့ပြီး အခြေခံဥပဒေ ပြင်ရေးကို တစိုက်မတ်မတ် ဆောင်ရွက်ခဲ့သည်။

ချမ်းမြေ့ခိုင်

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

အွန်လိုင်းပေါ်တွင် ပျံ့နှံ့နေသော သမ္မတ အပါအ၀င် အစိုးရအဖွဲ့တာဝန်ရှိသူများ သင်္ကြန်အကျနေ့တွင် သမ္မတအိမ်တော်မြက်ခင်းပြင်၌ ရေသဘင်ပွဲဆင်နွှဲနေသည့်ပုံ

၂၀၁၅ ခုနှစ် မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော် အကျနေ့တွင် သမ္မတ ဦးသိန်းစိန်နှင့် နိုင်ငံ့အကြီးအကဲ ပုဂ္ဂိုလ်များက နေပြည်တော်ရှိ သမ္မတ အိမ်တော်၌ ရေကစားစဉ် ကြိုဆိုရေး အဖွဲ့ဝင်များက လက်အုပ်ချီ ဦးညွတ်ရခြင်းမှာ ယခင် စစ်အာဏာရှင် လက်ထက်က အလေ့အထ အတိုင်းသာ ဖြစ်နေကြောင်း ဝေဖန်လိုက်သည်။

““အာဏာရှင် အငွေ့အသက် မကုန်တာ မဟုတ်ဘူးဗျ။ အတုံးလိုက် အတစ်လိုက်ရှိတာ။ တကယ်တော့ ဒါက ဘာကိုပြတာလဲ ဆိုတော့ ပုဂ္ဂိုလ်တွေကို ထားလိုက်ပါတော့ဗျာ။ စစ်အာဏာရှင် စနစ်တွေက တကယ်တော့ ၆၂ ခုနှစ် ပေါ်လာပြီးကတည်းက ဒီကနေ့အထိ သူတို့ကိုယ်သူတို့ တကယ့် ဗမာဘုရင် ခေတ်ကပဒေသရာဇ် တွေလိုပဲ သူတို့က သဘောထားနေကြတာ။ ဒါကြောင့်မို့လို့ ပဒေသရာဇ် နန်းတော်ကြီးမှာ သူတို့ပွဲတွေ လုပ် နေတာပေါ့””ဟု ၁၉၆၂-၆၄ ကျောင်းသား သမဂ္ဂခေါင်းဆောင်ဟောင်း ဦးလှရွှေက မြန်မာသံတော်ဆင့်မှ တစ်ဆင့် ဝေဖန် ပြောကြား လိုက်သည်။

လူမှုကွန်ရက်တွင် ပျံ့နှံ့လျက်ရှိသည့် ယင်းဖြစ်ရပ်ဓာတ်ပုံထဲတွင် သမ္မတ ဦးသိန်းစိန် ရေကစားရန် အတွက် လာရောက်ရာတွင် ကြိုဆိုရေးအဖွဲ့ဝင် အမျိုးသမီးငယ်များက လက်အုပ်ချီ ဦးညွတ်ကာ ကြိုဆိုနေခြင်းဖြစ်ပြီး ယခင်စစ်အစိုးရ ခေတ်ကလည်း စစ်ခေါင်းဆောင်များက အစိုးရ၀န်ထမ်းများ၊ ပြည်သူများနှင့် တွေ့ဆုံသည့်အခါ ယင်းကဲ့သို့ လက်အုပ်ချီ ဦးညွတ်စေခြင်းများ ပြုလုပ်ခဲ့သည့် အလေ့အထ ရှိခဲ့ဖူးသည်။

““ဒီလိုလုပ်ရပ်တွေက စစ်အရှိန်နဲ့ ဆက်လုပ်နေတာလို့ ထင်တယ်။ ပြည်သူတွေကလည်း အခုလို သမ္မတရော ဘာရော ကန်တော့နေတယ်ဆိုတာ လေးစားလို့မဟုတ်ဘူး။ လိုချင်လို့ ကန်တော့တာ။ ဒါမျိုးတွေ ဆက်ဖြစ် နေရင် အကုန်လူလိမ်တွေပဲ ဖြစ်လာမှာ။ ကိုယ့်စိတ်ထဲက မပါတဲ့ ကိစ္စတစ်ခုကို တာဝန်အရ ဆောင်ရွက်တာ ဒါ စဉ်းစားစရာပေါ့။ ဒီအတိုင်း ဆက်သွားရင် ၂၀၁၅ ရွေးကောက်ပွဲကျရင်လည်း ဘာမှထူးလာမှာ မဟုတ်ဘူး။ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ပြီးမှသာလျှင် မှန်ကန်တဲ့ အစိုးရ ထွက်ပေါ်လာမှာ။ ဒီကန်တော့တဲ့ ကိစ္စတွေ လည်း ပျောက်သွားမှာပါ”” ဟု ၁၉၉၀ ရွေးကောက်ခံ ပြည်သူ့ကိုယ်စားလှယ်ဟောင်း ဦးပီတာလင်းပင် က ဝေဖန် ပြောဆိုသည်။

ယင်းရေကစားပွဲကို သမ္မတအိမ်တော် ငုရွှေဝါခန်းမ၌ ပြုလုပ်ခြင်းဖြစ်ပြီး သမ္မတ ဦးသိန်းစိန် အပါအ၀င် ဒုသမ္မတနှစ်ဦး၊ အစိုးရအဖွဲ့ တာဝန်ရှိသူများ ပါဝင်ရေကစားခဲ့ခြင်းလည်း ဖြစ်သည်။

““ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ပြည်သူလူထု ၉၀ ရာခိုင်နှုန်းကျော်က ဆင်းရဲတဲ့ ပြည်သူတွေပါပဲ။ ဒီလို တခမ်းတနား ကျင်းပတယ်ဆိုတာ တိုင်းပြည်ရဲ့ ပကတိအခြေအနေနဲ့ မကိုက်ညီဘူးလို့မြင်တယ်။ နောက် တစ်ချက်က ဒီလိုကျင်းပတဲ့ ကုန်ကျစရိတ်တွေကို ဘယ်သူတွေက ကျခံသလဲ မေးစရာရှိတယ်။ ဒါကို တိုင်းပြည် ဘဏ္ဍာထဲက သုံးတာဆိုရင် ပြည်သူ့ဘဏ္ဍာတွေထဲက သုံးတာနဲ့ အတူတူပဲ။ ပြီးတော့ လူတစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန်ယုံကြည်မှု၊ အပြန်အလှန်နားလည်မှု၊ တန်ဖိုးထားမှုက အရေးကြီးတယ်လေ။ ကိုယ်ကိုယ်တိုင်က ဂါရ၀ပြုတာက စိတ်ရင်းအမှန်ကို မဖော်ပြနိုင်ဘူးဆိုရင် တိုင်းပြည်အတွက် အကျိုးမရှိနိုင်ဘူး။ ဒီမိုကရေစီ လည်း ပြောင်းလဲလာမှာ မဟုတ်ဘူး။ အရင်က သင်ခန်းစာတွေ ကြည့်ရင်မြင်နိုင်ပါတယ်”” ဟု နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်းက ပြောသည်။

ဝတ်ရည်နွေးနွေး


မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

လွှတ်တော်တွင်း ဆန္ဒမဲပေး ဆုံးဖြတ်မှုများတွင် လွှတ်တော် ကိုယ်စားလှယ်များက ကိုယ်စားမဲပေးသည့် လုပ်ရပ်များကို ဖြေရှင်းမှုများ မပြုလုပ်ပါက လွှတ်တော်၏ စည်းမျဉ်းစည်းကမ်းများ ပျက်ပြား သွားနိုင်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင် က ဧပြီလ ၉ ရက်တွင် မြန်မာသံတော်ဆင့် မှတဆင့် ဝေဖန် ပြောကြား လိုက်သည်။

အပတ်စဉ်ထုတ် မြန်မာပို့စ်ဂလိုဘယ်ဂျာနယ်၊ အမှတ်(၂၀၆)တွင် ပါရှိသည့်““လွှတ်တော်ထဲက လက်ပွား ကိုယ်တော်တွေနဲ့ သံသယဖြစ်စရာ မဲရလဒ်များ”” သတင်းဆောင်းပါးပါ အချက်အလက်များနှင့် ပတ်သက်၍ မေးမြန်းရာတွင် ယခုကဲ့သို့ ပြောကြားခြင်း ဖြစ်သည်။

““လွှတ်တော် ကိုယ်စားလှယ်တစ်ယောက်ရဲ့ ကျင့်ဝတ်ဆိုတာရှိပြီးသား။ လူတစ်ယောက်ရဲ့မဲကို လူတစ်ယောက်က ကိုယ်စားပေးတယ် ဆိုတည်းက ဒါယုံကြည်စရာ မဟုတ်တော့ဘူး။ လူတစ်ယောက်ရဲ့ အချုပ်အခြာအာဏာ၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်ဆိုတာ ရှိပြီးသား။ ဒါကို ဖောက်ဖျက်တဲ့အတွက် လွှတ်တော် အခွင့်အရေး ကော်မတီက ဖြေရှင်းပေးရမယ်။ လွှတ်တော်အခွင့်အရေး ကော်မတီဥက္ကဋ္ဌတွေက ဒုဥက္ကဋ္ဌတွေပဲ။ သူတို့မှာ တာဝန်ကြီးကြီးမားမား ရှိသွားပြီ။ တိုင်းပြည်ပျက်သွားမှာပေါ့။ တစ်ဦးချင်း တစ်မဲပဲပေးခွင့်ရှိတယ်။ ဒါ အင်မတန် ကြောက်စရာကောင်းတဲ့ ဖောက်ဖျက် ကျူးလွန်မှုပဲ။ ဒီအတိုင်း ထားလိုက်ရင် လွှတ်တော်ရဲ့ စည်းမျဉ်း စည်းကမ်း အားလုံး ပျက်သွားမှာပေါ့””ဟု ဒေါက်တာအေးမောင်က ပြောသည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စုအစိုးရက တင်ပြထားသည့် ဘဏ္ဍာငွေရသုံး စာရင်းများကို တစ်ပိုဒ်ချင်း ဆွေးနွေးကာ စက်ခလုတ် အသုံးပြု၍ လျှို့ဝှက်စွာ မဲပေးခဲ့ကြစဉ် တပ်မတော်သား ကိုယ်စားလှယ် တစ်ဦးက မိမိဆန္ဒမဲအပြင် ဘေးနားမှလွတ်နေသော ထိုင်ခုံမှ စက်ခလုတ်ကိုပါနှိပ်၍ ဆန္ဒမဲပေးနေပုံကို ဓာတ်ပုံနှင့်တကွ ဧပြီလ ၁၀ ရက်နေ့ထုတ် မြန်မာပို့စ်ဂလိုဘယ်တွင် ထည့်သွင်း ဖော်ပြခဲ့ခြင်းဖြစ်သည်။

““အဲဒီလို ကိုယ်စားလှယ်တွေက ကိုယ်စားမဲပေးတဲ့အပေါ် အရေးယူမှု ပြု လုပ်ဖို့ ပြဋ္ဌာန်းထားတာ မရှိသေးပါဘူး။ တချို့ကိုယ်စားလှယ်တွေဆို လုံးဝမဲမပေးတာရှိတယ်။ ဒီလိုမဲပေးတဲ့အပေါ် စိစစ်ဆောင်ရွက်ဖို့လည်း မရှိသေးဘူး။ အခုချိန်ထိက ထောက်ခံမဲနဲ့ ကန့်ကွက်မဲက ပြတ်တာများတယ်။ အဲဒါကြောင့် အခုချိန်ထိ မရှိဘူး””ဟု ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစောလှထွန်းက ပြောသည်။

ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၄ အရ ဆန္ဒမဲဖြင့် ဆုံးဖြတ်ခြင်း(က)မှာ ““အစည်းအဝေးသို့ တက်ရောက်၍ ဆန္ဒမဲပေးသည့် လွှတ်တော် ကိုယ်စားလှယ်များ၏ များရာဆန္ဒမဲဖြင့် ဆုံးဖြတ်ရမည် ““(ခ)”” နာယက (သို့မဟုတ်) နာယက တာဝန်ထမ်း ဆောင်နေသည့် ဒုတိယနာယကသည် ဆန္ဒမဲမပေးရ။ ထောက်ခံ ဆန္ဒမဲနှင့် ကန့်ကွက်ဆန္ဒမဲ အရေအတွက်ချင်း တူညီနေသည့် ကိစ္စရပ်တွင်သာ အနိုင်မဲပေးရမည်””ဟူ၍ ပြဋ္ဌာန်း ထားသည်။

အဆိုပါကိစ္စရပ်နှင့် ပတ်သက်၍ ပြည်ထောင်စု လွှတ်တော်အတွင်း ကိုယ်စားမဲပေးခြင်းနှင့် စပ်လျဉ်း၍ အမျိုးသားလွှတ်တော် ညွှန်ကြားရေးမှူး ဦးလွင်ဦးထံ ဆက်သွယ် မေးမြန်းရာ ““ဒီကိစ္စ ကျွန်တော်တို့တောင် မသိဘူး။ ကျွန်တော်တို့နဲ့ မဆိုင်ဘူး။ လွှတ်တော်အခွင့်အရေး ကော်မတီကို မေးလည်း ဒါကပြည်သူ့ လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် အတွက်ပဲ ဖွဲ့ထားတာ၊ ပြည်ထောင်စုမပါဘူး””ဟု ပြန်လည် ဖြေကြားသည်။

ဝတ်ရည်နွေးနွေး

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald


စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ သီးလုံးကျေးရွာအုပ်စုမှ ၂၀၀၅-၂၀၀၆ ခုနှစ်တွင် စံပြကျေးရွာ အင်္ဂါရပ်နှင့်အညီ လူငယ်ရေးရာ စခန်းဆောက်လုပ်ခဲ့ပြီး ယင်းသို့ ဆောက်လုပ်ပြီး သည့် နောက်ပိုင်း တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဆိုင်းဘုတ်များ လာရောက်တင်ထားကြောင်း သီးလုံး ကျေးရွာ အုပ်စု ဒေသခံများက ဧပြီ (၈)ရက်နေ့တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။

ယင်းလူငယ်ရေးရာစခန်းကို ဘုရားဝင်းအတွင်း ဆောက်လုပ်ထားခြင်းဖြစ်ပြီး စံပြကျေးရွာ ဖြစ်မြောက်ရေး ကော်မတီ ရယက ဥက္ကဋ္ဌနှင့် ရွာသူ၊ ရွာသားအချို့တို့ စုပေါင်း ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

““၂၀၀၅-၂၀၀၆ က သီးလုံးကျေးရွာကို စံပြကျေးရွာမ အဖြစ်လုပ်တဲ့အချိန်မှာ ဆောက်ခဲ့တာဖြစ် တယ်။ ဆောက်ပြီးဖွင့်ပွဲလုပ်တယ်။ မကြာဘူး ပြည်ခိုင်ဖြိုးပါတီက ဆိုင်းဘုတ် လာထောင်တယ်။ လာထောင်ပြီး အဲဒီအဆောက်အအုံကို ပြည်ခိုင်ဖြိုး လူငယ်ရိပ်သာစခန်း ဆိုပြီးတော့ အသုံးပြုတယ်။ အခု ကျောင်းထိုင် ဘုန်းကြီးက ဘုရားဝင်းဧရိယာကို အုတ်တံတိုင်း ခတ်လိုက်တော့ ဆိုင်းဘုတ်က အပြင်ဘက် ရောက်သွားတယ်။ အဲဒီရိပ်သာထဲမှာ မြေဆီကုမ္ပဏီ၊ ဆေးကုမ္ပဏီတွေလာပြီး ဟောပြောပွဲလုပ်တယ်။ ပြည်ခိုင်ဖြိုးက ဦးဆောင်ပြီး ကျေးရွာဖွံဖြိုးရေးလုပ်ငန်းတွေ ဘာတစ်ခုမှလုပ်တာမရှိဘူး””ဟု သီးလုံးကျေးရွာ ဖွံ့ဖြိုးရေး အထောက်အကူပြု ကော်မတီ ဥက္ကဋ္ဌ ဦးတင်မျိုးအောင် က မြန်မာသံတော်ဆင့်သို့ပြောသည်။

လူငယ်ရေးရာစခန်း၌ ပြည်ခိုင်ဖြိုးပါတီမှ ဆိုင်းဘုတ်တင်ထောင်ခြင်းနှင့် ပတ်သက်၍ အဆိုပါဒေသခံ တစ်ဦးဖြစ်သူ ဒေါ်တိုးက “ဘာလို့ ဆိုင်းဘုတ် လာထောင်တာလဲလို့ သိချင်ကြတယ်။ အချင်းချင်းတော့ ဒီအကြောင်း ပြောဖြစ်ပါတယ်။ လူကြီးတွေကိုတော့ ဘယ်သူမှ မမေးကြသေးဘူး””ဟု ပြောကြားသည်။

အဆိုပါ ဆိုင်းဘုတ်ထောင်ခြင်းနှင့် ပတ်သက်၍ သီးလုံးကျေးရွာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် သီးလုံးကျေးရွာ ပြည်ခိုင်ဖြိုးပါတီသို့ ဆက်သွယ်ရာတွင် ဆက်သွယ်၍ မရရှိခဲ့ပေ။

တင်ဇာအောင်

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

လူတိုင်းသိသင့်တဲ့ ရဲလုပ်ထုံးလုပ်နည်းများကို ဖော်ပြလျက်ရှိရာ ယခုတစ်ကြိမ်တွင် ရဲများက အိမ်တွင်းသို့ ဝင်ရောက်ကာ ရှာဖွေဖမ်းဆီးခြင်း ပြုလုပ်ပါက မည်သို့ တုံ့ပြန်ရမည်ကို ဖော်ပြလိုပါတယ်။

အိမ်ထဲမဝင်မီ ရဲအနေနဲ့ သူ့မှာ လုပ်ပိုင်ခွင့်ရှိကြောင်း အထောက်အထားနဲ့အတူ ဦးစွာ ရှင်းပြဖို့ တာဝန်ရှိပါတယ်။

အိမ်ရှင်အနေနဲ့ ရဲကို တံခါးမဖွင့်ပေးမီ ရှာဖွေဝရမ်း ပါ၊ မပါ မေးရပါမယ်။ မပါလျှင် ရဲအရေးပိုင်တဲ့ အမှု ဟုတ်မဟုတ် သေချာစွာ မေးမြန်းထားဖို့ လိုအပ်ပါတယ်။ ဘာအမှုနဲ့ ရှာမလဲ၊ တိုင်တန်းချက် ရှိလား၊ တိုင်တန်းထားတာ မရှိဘူးလား စသဖြင့် မေးရပါမယ်။ ပြီးတော့ ဘာပစ္စည်းကို ရှာမလဲဆိုတာ မေးရပါမယ်။

လာရောက်ပြီး ရှာမယ့် သူများရဲ့ အမည်၊ ရာထူးနဲ့ အဖွဲ့အစည်း နာမည်များကို သေချာစွာ မေးမြန်း မှတ်သားထားရပါမယ်။ ရဲများက အခြားတစ်နေရာမှာ နေထိုင်တဲ့ သူတို့နဲ့ ပတ်သက်တဲ့ သူများကို သက်သေအနေနဲ့ ခေါ်လာတာမျိုး ဖြစ်လေ့ဖြစ်ထရှိတတ်ပါတယ်။

ပါလာတဲ့ သက်သေ (၂) ဦးဟာ အနီးပတ်ဝန်းကျင်က လူများသာ ဖြစ်ရမှာကြောင့် ရဲကို အိမ်နဲ့ အနီးအနားမှာ နေထိုင်သူများကိုသာ သက်သေအဖြစ် ခေါ်ဖို့ ပြောရပါမယ်။

တံခါးဖွင့်ပြီးနောက်မှာ အိမ်ရှင်အနေနဲ့ သေချာအောင် လုပ်ရမယ့် ကိစ္စများ ရှိပါတယ်။ အိမ်အတွင်း ပေးမဝင်မီ ရဲနဲ့ သက်သေ (၂) ဦးကို သူတို့ချင်း တစ်ယောက်ရဲ့ ကိုယ်ခန္ဓာကို ကျန်တစ်ယောက်က ရှာဖွေခိုင်းရပါမယ်။

အဘယ့်ကြောင့်ဆိုသော် မသမာသောနည်းနဲ့ အပြင်ကနေ ဝှက်ယူလာတဲ့ ပစ္စည်းများ မရှိကြောင်းသေချာစေဖို့ ဖြစ်ပါတယ်။

ရဲများအနေနဲ့ အဲဒီလို အိမ်တွင်း ဝင်ရောက် ရှာဖွေခြင်းကို အိမ်ရှင်များရဲ့ ရှေ့မှာပဲ ပြုလုပ်ရပါမယ်။ အိမ်ရှင်များအနေနဲ့ သူတို့ ရှာဖွေတာကို လိုက်လံ ကြည့်ရှုခွင့် ရှိပါတယ်။ သူတို့ လုပ်သမျှကို လိုက်ကြည့်နေဖို့ အထူးအလေးပေး တိုက်တွန်းလိုပါတယ်။

ရဲကပြောတဲ့ အမှုနဲ့ မသက်ဆိုင်တဲ့ ပစ္စည်းများကို သိမ်းဆည်းခွင့် မရှိပါဘူး။ မသိမ်းဖို့ ပြောရပါမယ်။

တကယ်လို့ အမှုနဲ့ သက်ဆိုင်တဲ့ ပစ္စည်းများ ရှိဖွေတွေ့ရှိပါက ရှာဖွေပုံစံ ဇယားများပေါ် ရဲက အပြည့်အစုံ ရေးသွင်းရပါမယ့် တာဝန်ရှိပါတယ်။

ပစ္စည်းတွေ့ရှိတဲ့ နေရာအသီးသီးကို ဖော်ပြရေးသား ရပါမယ်။
အကြောင်းအရာများကိုလည်း ရဲက အမှန်အတိုင်း ရေးမှတ်ရပါမယ်။

မပြည့်စုံပါက၊ မမှန်ကန်ပါက ရဲကို အိမ်ရှင်ဘက်က ပြောရပါမယ်။ ပစ္စည်းများ သိမ်းဆည်းပြီဆိုတာနဲ့ ရှာဖွေပုံစံကို ရဲက ရေးဖြည့်၊ မဖြည့် သေချာအောင် အိမ်ရှင်က လိုက်ကြည့်နေရပါမယ်။ ပြောမရပါက ရှာဖွေပုံစံမှာ လက်မှတ် မထိုးဘဲ နေနိုင်ပါတယ်။

ရဲများကို လိုအပ်သလို နှုတ်နဲ့ ကန့်ကွက်ခြင်း၊ စောဒကတက်ခြင်းများ အိမ်ရှင်ဘက်က ပြုလုပ်ပိုင်ခွင့် ရှိပါတယ်။ ရှာဖွေပုံစံ မိတ္တူကို ပစ္စည်းအပ်ပေးသူအား ရဲက ပေးထားရပါမယ်။ ပေးပြီးမှသာ ပစ္စည်းကို သိမ်းယူသွားခွင့် ရှိပါတယ်။

အခြားဒေသက ရဲများ ဝင်ရောက်ရှာဖွေသိမ်းဆည်းခြင်းပြုတဲ့အခါ သက်ဆိုင်ရာ ရဲစခန်းမှူးထံသို့ ရှာဖွေတဲ့အကြောင်းကြားစာ ချက်ချင်း ပို့ဖို့ လိုအပ်ပါတယ်။ အဲဒီအကြောင်းကြားစာမှာ သိမ်းဆည်း ပစ္စည်းစာရင်း မိတ္တူကို တပါတည်း ပေးပို့ရပါမယ်။

Ref; ပြည်သူလူထု သိမှတ်ဖွယ်ရာ ရဲလက်စွဲ ဥပဒေအခြေခံများ

မြန်မာ့ဇွဲမာန် - www.myanmarzweman.com


ယနေ့ထုတ်ပြန်သော အောင်စာရင်းများတွင် အစိုးရစစ် ၈တန်းအောင်စာရင်း၌ အ.ထ.က(၁) ကော့ကရိတ်မှ ထူးချွန် လူရည်ချွန် ကျောင်းသား မောင်ထက်အောင်ပိုင် သည် မှားယွင်းစွာ ကျရှုံးခဲ့ပါသည်။

 ၈တန်းဆရာမများမှ ကျောင်းသား၏ အရည်ချင်းအရ မည်သို့မျှကျရှုံး မဖြစ်နိုင်ကြောင်း အောင်စာရင်းထုတ်ပြန်ရာ ကရင်ပြည်နယ် ပညာရေးမှူးရုံးသို့ အဆင့်ဆင့် အကြောင်းကြား ခဲ့ကြသည်။

မောင်ထက်အောင်ပိုင်ကိုယ်တိုင်မှလည်း သူဖြေလို့ရကြောင်း၊ ဂုဏ်ထူးများပင်ထွက်နိုင်ကြောင်း၊ ခုလိုကျရှုံးသဖြင့် စိတ်ထိခိုက်ရကြောင်း၊ သူ၏အဖြေလွှာကို ပြန်လည်စီစစ်ပေးစေလိုကြောင်း၊ ၀မ်းနဲစွာ ပြောပြခဲ့သည်။

Fax ဖြင့် ပြည်နယ်ပညာရေးမှူးရုံးသို့ အကြောင်းကြားပြီး နံနက် ၉း၃၀နာရီတွင် ပြည်နယ်ပညာရေးမှူးရုံး(ဘားအံ)မှ Faxဖြင့် အောင်စာရင်း အသစ်တစ်စုံ ပြန်ပို့လာပြီး မောင်ထက်အောင်ပိုင် Aအဆင့်(၈၀နှင့်၁၀၀မှတ်)နှင့်အောင်မြင်ကြောင်း ပါဝင်လာပါသည်။

ယခုကဲ့သို့အောင်စာရင်းမှာယွင်းမှုအတွက် ကျောင်းသားမိဘများမှ ပြည်နယ်ပညာရေးကို ဝေဘန်မှုများအသီးသီး ထွက်ပေါ် လာခဲ့ ပါသည်၊

ကျရှုံးကျောင်းသား မိဘများကလည်း သူတို့၏ သားသမီးများ အမှန်တကယ် ကျရှုံးပါရဲ့လား ခုလိုအောင်စာရင်းမှားယွင်းမှု ဖြစ်နေပြီလားနှင့် သံသယပွားပြီး အမျိုးမျိုးပြောဆို နေကြသည်။

ဒီနေရာမှာ ထူးချွန်ကျောင်းသူသာဆိုရင် ရှက်ပြီး တခုခုလုပ်မိသွားရင် ဘယ်လိုလုပ်မလဲဟု ကျောင်းသားမိဘတစ်ဦးမှ ပြောဆိုသွားသည်။

အောင်စာရင်းဆိုတာက ကျောင်းသူ ကျောင်းသားတွေရဲ့ မှတ်ကျောက်ပဲလေ၊ ဒါကိုပေါ့ပေါ့ဆဆ လုပ်တာကတော့ ကလေးတွေရဲ့ တလူလူတက်နေတဲ့ အညွန့်ကို ချိုးလိုက်သလိုပါဘဲ၊ အနည်းဆုံးတော့ ကလေးမှာ စိတ်ဒါဏ်ရာတော့ ရသွားတာပေါ့၊ ဒီလိုပေါ့ဆမှုအတွက် တာဝန်ရှိတဲ့သူတွေကို ပြင်းထန်စွာအရေးယူသင့်တာပေါ့ဟု ကျောင်းသား၏ အဖိုးဖြစ်သူမှ ပြောဆိုသွားပါသည်။

သတင်း-ဓါတ်ပုံ Dawna Aungtoe (facebook)


 ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားမှုအဖွဲ့ MDCF ခေါင်းဆောင် ကိုထင်ကျော်ဟာ သူ့ကို သီးသန့်ဆောင်ရွှေ့ခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ထောင် အာဏာပိုင်က ဖြေရှင်းတာကို မကျေနပ်တဲ့အတွက် မုတ်ဆိတ်မွှေး နှုတ်ခမ်းမွှေးမရိတ်၊ ဆံပင်မညှပ်တော့ တဲ့အပြင် အခန်းထဲကနေ အပြင်မထွက်ပဲနေတယ်လို့ မနေ့က ထောင်ဝင်စာသွားတွေ့တဲ့ သူ့ဇနီး မသန်းသန်းမော်က ပြောပါတယ်။

"ထောင်ဝင်စာမှာ မုတ်ဆိတ်မွှေးတွေ ၊ နှုတ်ခမ်းမွှေးတွေ ဘာလို့ထားတာလဲ ဘာလို့ မညှပ်လဲဆိုတော့ ဖြေရှင်းချက်ကိုသိပ်ပြီးတော့ သဘောမကျတဲ့အတွက်တဲ့၊ တိုက် ၃ ထဲမှာပဲနေ တယ်ပေါ့၊ ဘာဖြစ်လို့လဲမေးတော့ ဟိုတစ်ခါတုန်း က ပြဿနာဖြစ်တဲ့ကိစ္စကို ထောင် မှာမေးတော့ ထောင်ပိုင်ကသူလုပ်တာပါပေါ့နော်၊ ကိုထင်ကျော်တို့နေတဲ့တိုက်တွေကို ဆေးသုတ်ချင် လို့ရွေ့တာပါဆိုပြီးတော့ လာဖြေရှင်းတယ်တဲ့၊ ဒီအဖြေကို ကိုထင်ကျော်က မကြိုက်ဘူး၊ ဒီဟာ ပြည် ထဲရေးက တိုက်ရိုက်ခိုင်းတာလားပေါ့ သူမေးတယ်ပေါ့၊ သူလုပ်တာပါလို့ ပြောတယ်တဲ့၊ အရေးယူမယ် ဆိုရင်လည်း သူ့ကိုပဲအရေးယူပါဆိုပြီး ထောင်ပိုင်က ကိုထင်ကျော်တို့ ရွေ့တဲ့ပြဿနာကို လာပြီးတော့ရှင်းပြ ပါတယ်၊ ဖြေရှင်းချက်ကို မကြိုက်တဲ့အတွက်ကြောင့်မို့လို့ အဲ့လိုမျိုးဖြစ်သလိုနေလိုက်တယ်ပေါ့"

ကိုထင်ကျော်ဟာ သူ့ကိုထားတဲ့ တိုက်ခန်းအပြင်ဘက်ကို ရေချိုးဖို့နဲ့ ထောင်ဝင်စာတွေ့ဖို့ပဲ ထွက်တော့တယ်လို့ လည်း ပြောပါတယ်။

အခန်းလွတ်တွေရှိနေရက် ကိုထင်ကျော်ကို လူသတ်မှုတရားခံတစ်ယောက်နဲ့ သေဒဏ်ကျ ရာဇဝတ်သား တစ်ယောက်နဲ့ အတူ ၁ဝ ပေ ၁၂ ပေ ရှိတဲ့ အခန်းကျဉ်းလေးမှာ ပြီးခဲ့တဲ့ မတ်လမှာ သီတင်းနှစ်ပတ်လောက် သုံးယောက်အတူထားခဲ့ပါတယ်။

သူဟာအခု ရန်ကုန်တိုင်းမြို့နယ် ၁၃ မြို့နယ်က ပုဒ်မအမျိုးမျိုးတပ်ပြီး စွဲဆိုတဲ့အမှုတွေနဲ့ စုစုပေါင်း ထောင်ဒဏ် ၁၃ နှစ်နဲ့ ၆ လ ကျခံနေရသူဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese


 မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ အပစ်အခတ်ရပ်စဲရေး အခြေအနေတွေကို ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဂျပန်နိုင်ငံမှာ သွားရောက်ရှင်းပြခဲ့ပြီး နောက်တရက်မှာပဲ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့အတွင်းမှာ မြန်မာအစိုးရတပ်တွေနဲ့ ရခိုင်တပ်မတော် AA တို့ကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ မနေ့ စနေနေ့ကတော့ နှစ်ဘက်အကြား လက်နက်ကြီးတွေ အပါအဝင် တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့အခြေအနေတွေကို ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ ရခိုင်လူထုကို ကာကွယ်နိုင်ဖို့ဆိုပြီး အခြေချလှုပ်ရှားလာတဲ့ ရခိုင့်တပ်မတော်နဲ့ မြန်မာ အစိုးရတပ်တို့ နှစ်ဘက် ရင်ဆိုင်တိုက်ပွဲတွေအတွင်း လက်နက်ကြီးတွေနဲ့ပစ်ခတ်ရတဲ့အထိ ပြင်းထန်လာကြောင်း ရခိုင့်တပ်မတော်ရဲ့ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ဒေါက်တာ ညိုထွန်းအောင်က ပြောပါတယ်။

“နှစ်ဆန်းတရက်မှာတော့ ထိတွေ့မှု လေးကြိမ်လောက်ဖြစ်တယ်။ ဒီနေ့နဲ့ပေါင်းတော့ လေးကြိမ်၊ ငါးကြိမ်လောက် ထိတွေ့မှုဖြစ်တယ်။ အခုနောက်ပိုင်းဖြစ်တဲ့ တိုက်ပွဲတွေအတွင်းမှာ အပြင်းထန်ဆုံးလို့တောင် ပြောလို့ရတယ်။ လက်နက်ကြီးတွေနဲ့ အပြန်အလှန်ပေါ့နော်၊ အများကြီး ပစ်ခတ်တယ်။ တိုက်ပွဲအရှိန်လည်း တော်တော်ကြာတယ်ခင်ဗျ။”

ပြီးခဲ့တဲ့နှစ်လခန့်က ကိုးကန့်လူမျိုးစုတွေနဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်းမှာလည်း မဟာမိတ်တပ်တွေဘက်က ပါဝင်တိုက်ခိုက်မူတွေရှိခဲ့တဲ့ ရခိုင့်တပ်မတော် (AA) ကို မြန်မာအစိုးရက လက်နက်ကိုင်အဖွဲ့တခုအနေနဲ့ အသိမှတ်ပြုခြင်းမရှိခဲ့ဘူးလို့ ရခိုင်တပ်မတော်ကဆိုပါတယ်။

ရခိုင့်တပ်မတော်ဟာ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နဲ့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ရဲ့ဆွေးနွေးပွဲမှာ ကိုယ်စားလှယ်အဖြစ် ပါဝင်ဆွေးနွေးနေတဲ့ အဖွဲ့တခုလည်း ဖြစ်ပါတယ်။

ဝပြည်သွေးစည်းညီညွတ်ရေးပါတီဌာနချုပ်ရှိရာ ပန်ဆန်းမှာဆွေးနွေးကြမယ့် တိုင်းရင်းသားညီလာခံကိုလည်း ရခိုင့်တပ်မတော်က တက်ရောက် ဖို့ ရှိနေပါတယ်။ မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရုံးဘက်က သတင်းထုတ်ပြန်ချက်မှာတော့ ရခိုင်ပြည်နယ်အတွင်းမှာ နယ်မြေ ရှင်းလင်းရင်း ရခိုင်သောင်းကျန်းသူတွေနဲ့ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဧပြီလ ၁၈ ရက်နေ့က သတင်းထုတ်ပြန်ခဲ့တာပါ။ ရခိုင့်တပ်မတော် ဘက်ကတော့ ရခိုင်လူထုကို ကာကွယ်စောင့်ရှောက်ဖို့အတွက် လိုအပ်ချက်အရ ရခိုင့်တပ်မတော်ပေါ်ပေါက်လာခြင်းဖြစ်တယ်လို့ ဗိုလ်မှူးကြီး ဒေါက်တာ ညိုထွန်းအောင်က ဆက်ပြောပြပါတယ်။

“ရခိုင့်တပ်မတော်ဆိုတာ ရခိုင်ပြည်နယ်အတွင်းမှာ ရှိရမယ်။ ပြီးရင် ရခိုင်ပြည်သူလူထုရဲ့အသက်အိုးအိမ် စည်းစိမ်တွေကို ကာကွယ် စောင့်ရှောက်ရမယ်။ ပြီးရင် တိုင်းရင်းသားအားလုံးနဲ့အတူ ဘုံ ရပ်တည်ချက်၊ ဘုံရည်မှန်းချက်တွေအပေါ်မှာ အတူတူ အလုပ်လုပ်ကိုင်တယ် ဆိုတဲ့အပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့ ရခိုင့်တပ်မတော်ဆိုတာ ပေါ်ပေါက်လာတာဖြစ်ပါတယ်ခင်ဗျ။”

ရခိုင့်တပ်မတော်ဟာ မြန်မာပြည်မြောက်ပိုင်းမှာ စတင်အခြေစိုက်ခဲ့တာ ၆ နှစ်ခန့်ရှိပြီဖြစ်သလို ရခိုင်ပြည်နယ်အတွင်း အခြေစိုက် လှုပ်ရှားလာတာဟာ ၈ လခန့် ရှိနေပါပြီ။ ရခိုင့်တပ်မတော်နဲ့ မြန်မာတပ်မတော်တို့ဟာ ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းကစလို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး မြန်မာတပ်မတော်သားနှစ်ဦးကို ရခိုင့်တပ်မတော်က ဖမ်းဆီးထားပါတယ်။ ဒီနောက် ဧပြီလ ၁၀ ရက်နေ့လောက်ကစပြီး တိုက်ပွဲတွေ ထပ်မံဖြစ်လာခဲ့သလို ဧပြီလ ၁၈ ရက်နေ့မှာတော့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တဲ့အထိ တိုက်ပွဲတွေ ဖြစ်လာခဲ့ပေမယ့် နှစ်ဘက် ထိခိုက်ကျဆုံးမှုနဲ့ပတ်သက်လို့တော့ သတင်းတွေ မကြားရသေးပါဘူးရှင်။

မအေးအေးမာ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


ဓါတ်ပုံ - (facebook)
မန္တလေးက တတိယနှစ် တက္ကသိုလ်ကျောင်းသူ မလှိုင်နှင်းဦးနဲ့ သူ့မိခင်ကို စစ်ကိုင်းမြို့မှာ ရဲတပ်ဖွဲ့ဝင်နဲ့ အရပ်ဝတ်တချို့က အကြောင်းမဲ့ရိုက်နှက်ဖမ်းဆီးခဲ့မှုနဲ့ ပတ်သက်ပြီး စနေနေ့က စစ်ကိုင်းမြို့မှာ ရဲခုံရုံးနဲ့ စစ်ဆေးခဲ့ကြောင်းသိရပါတယ်။

မလှိုင်နှင်းဦးရဲ့ ဖခင်ဖြစ်သူ ဦးသောင်းညွန့်ဦးက သူ့သမီးနဲ့ ဇနီးကို ဖမ်းဆီးစဉ်ကဖြစ်ရပ်တွေအကြောင်း သက်ဆိုင်ရာက တစ်ဦးချင်း အသေးစိပ် မေးမြန်းစစ်ဆေးခဲ့တယ်လို့ RFA ကိုပြောပါတယ်။ မနေ့က စစ်ဆေးတဲ့ရဲတွေဟာ သူတို့မိသားစုဝင်တွေကို ၁၁ ရက်နေ့က ရိုက်နှက်ဖမ်းဆီးခဲ့တဲ့ ရဲတွေနဲ့ ဆက်ဆံပုံခြင်း ကွာခြားလှကြောင်းနဲ့ အပြစ်ရှိတဲ့ရဲတွေကို အရေးယူမယ်လို့ ရဲအရာရှိတွေက ပြောဆိုရှင်းပြကြောင်းလည်း ဦးသောင်းညွန့်ဦးကပြောပါတယ်။

မလှိုင်နှင်းဦးဟာ သူ့မိခင်နဲ့အတူ ဧပြီလ ၁၁ ရက်နေ့က စစ်ကိုင်းမြို့ကဈေးထဲကို သူတို့မိသားစု ထုတ်လုပ်ရောင်း ချတဲ့ မုန့်တွေသွားရောက်ပို့ဆောင်စဉ်မှာ ဒေသခံရဲတချို့နဲ့ အမည်မသိ အရပ်ဝတ်တချို့က ရိုက်နှက်ဖမ်းခေါ်သွား တာဖြစ်ပါတယ်။ အဲ့ဒီအချိန်က ပတ်ဝန်းကျင်မှာ ရှိတဲ့သူတွေကိုလည်း ရဲတွေက ခါးပိုက်နှိုက်ဖြစ်လို့ဖမ်းတယ်ဆို ပြီး အော်ဟစ်ပြောဆိုသွားခဲ့ကြတယ်လို့ ဆိုပါတယ်။ ရဲစခန်းရောက်ပြီးနောက်မှာ သူတို့လူမှားဖမ်းဆီးမိတယ်ဆိုပြီး ရဲတွေက ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး မလှိုင်နှင်းဦးတို့က အခုလို ဥပဒေမဲ့ ရိုက်နှက်ဖမ်းဆီးခံရ တာကို အရေးယူပေးဖို့ တိုင်တန်းခဲ့တာကို အခု သက်ဆိုင်ရာက စစ်ဆေးတာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

 အမြဲတမ်း အတွင်းဝန်တွေ မခန့်ဖို့ လွှတ်တော်မှာ ထောက်ပြခဲ့ပေမယ့် ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့
 အစိုးရ ဝန်ကြီးဌာနတွေမှာ အမြဲတမ်း အတွင်းဝန်ရာထူး ထားရှိဖို့ ပြင်ဆင် နေရာမှာ အခု ဒီလထဲမှာပဲ ပထမသုတ် အနေနဲ့ ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြန်ကြားရေး ဝန်ကြီးဌာန၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ စီးပွား ကူးသန်း စတဲ့ ဝန်ကြီး ဌာန ၁၁ခုမှာ စတင် ခန့်ထားလိုက်ပြီ ဖြစ်ပါတယ်။

ဒါဟာ ပါလီမန် ဒီမိုကရေစီခေတ် နောက်ပိုင်း ဒီရာထူး ကို ပထမဆုံးအကြိမ် ပြန်လည် ထားရှိတာလည်း ဖြစ်ပါတယ်။

အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေရဲ့ မူဝါဒပိုင်း ဆိုင်ရာ လမ်းညွှန်မှုတွေကို သက်ဆိုင်ရာ ဝန်ကြီးဌာနတွေအတွင်း အကောင်အထည် ဖော်တဲ့အခါ အဲဒီ့ အမြဲတမ်း အတွင်းဝန် တွေက သက်ဆိုင်ရာ ဌာနရဲ့ ယန္တရားကို စီမံခန့်ခွဲ ရမှာ ဖြစ်ကြောင်း စီးပွားကူးသန်း ဝန်ကြီးဌာနရဲ့ အမြဲတမ်း အတွင်းဝန် အဖြစ် ခန့်အပ် ခံရသူ ဦးတိုးအောင်မြင့်က ဘီဘီစီကို ပြောပါတယ်။

အမြဲတမ်း အတွင်းဝန် ရာထူး ခန့်အပ်ရေးနဲ့ ပတ်သက်လို့ လွှတ်တော်မှာ ဆွေးနွေးစဉ်က အစိုးရအဖွဲ့မှာ ဝန်ကြီး၊ ဒုဝန်ကြီးတွေ ပေါများလွန်း နေတာကြောင့် ဝန်ကြီးဌာနတွေမှာ အတွင်းဝန်တွေ ထပ်ခန့်ဖို့ မလိုအပ်ဖူး ဆိုပြီး လွှတ်တော်အမတ် တချို့က ထောက်ပြခဲ့ပါတယ်။

ဒီလို တင်ပြ ဆွေးနွေးမူတွေ ရှိခဲ့ပေမဲ့လည်း ပြည်ထောင်စု လွှတ်တော်က အမြဲတမ်း အတွင်းဝန် ခန့်အပ်ရေးကို အတည်ပြု ခဲ့ပြီး ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက စလို့ ဝန်ကြီးဌာနတွေမှာ အမြဲတမ်း အတွင်းဝန် ခန့်အပ်ဖို့ ဝန်ကြီးဌာနတွေက သင့်တော်မယ့် လူတွေကို ရွေးချယ်ပြီး သင်တန်း ပေးခဲ့ပါတယ်။

အမြဲတမ်း အတွင်းဝန်တွေ အနေနဲ့ လက်ရှိ ညွှန်ကြားရေးမှူးချုပ်တွေ ရနေတဲ့ လစာထက် ကျပ်၂ သိန်း ပိုပြီး တစ်လကို ၇သိန်း ရမယ်လို့ သိရပါတယ်။

BBC Burmese
http://www.bbc.co.uk/burmese



ဆရာတက္ကသိုလ်ဘုန်းကြွယ်သည် ၁၉၄၄ခုနှစ် မေလ ၁၅-ရက်နေ့…မောလမြိုင်ခရိုင် မုဒုံပိုင် တံခွန်တိုင်ရွာတွင်မွေးဖွားသန့်စင်ပါသည်။ အဖ ဦးတျောင်ချိန် အမိ ဒေါ်ကျင်စူးမှမွေးဖွားသည့် သြရသသားကြီးဖြစ်ပါသည်…။

ငယ်စဉ်တောင်ကျေး ကလေးဘ၀ကစ စာပေကိုဝါသနာပါရှိသည်..။ အလယ်တန်းမှစ ပထမံကျော်ဆရာ
ဦးခင်မောင်ကြီး၏ပျိုးထောင်မှု ဖြင့် အထက်တန်းကျောင်းပေါင်းစုံစာစီစာကုံးပြိုင်ပွဲတွင် ပထမရရှိခဲ့ပါသည်။
သင့်ဘ၀မဂ္ဂဇင်းမှကျင်းပသည့် ဆောင်းပါးပြိုင်ပွဲတွင်လဲ ပထမဆု နှစ်ကြိမ်တိုင်တိုင်ဆွတ်ခူးရရှိခဲ့သည်။
အထက်တန်းကျောင်းသားဘ၀က မောလမြိုင်အထက(၁) ကျောင်းမဂ္ဂဇင်းကဗျာပြိုင်ပွဲတွင်လဲ ပထမ။
မော်လမြိုင်ကောလိပ် မြန်မာစာဌာန ကထိက ဆရာဦးအောင်သင်း ဦးစီးကျင်းပသော ဘာသာစုံ ကျဘန်းကဗျာပြိုင်ပွဲတွင်လဲ ပထမ ဆု ဆွတ်ခူးနိုင်ခဲ့သည်…။

၁၉၆၇-၆၈ခုနှစ်တွင် ဓါတုဗေဒ အဓိကဖြင့် ဘီ အက်စ် စီ သိပ္ပံကိုရရှိခဲ့ပြီး ဗိုလ်တထောင်(၆) အလုပ်သမား
ညကျောင်းတွင် ၁၀-တန်းပြဆရာအဖြစ် အမှုတော်ထမ်းခဲ့ပါသည်…။ ဆရာတက္ကသိုလ်ဘုန်းကြွယ်ကို သိုင်းဝတ္ထု ပထမဦးဆုံးရေးသားသူ စာရေးဆရာအဖြစ်လူသိများပါတယ်..။ မောင်မျိုးချစ် ချောကလျာ ဇာတ်ကောင်နဲ့၁၁-တွဲမောင်မြော်မြင် နဂါးမယ်လေးဇာတ်ကောင်နဲ့ ၁၃-တွဲ စုစုပေါင်း ၂၄တွဲဇာတ်လမ်းရှည် စာမျက်နှာပေါင်း ၇၂၀၀-ကျော်ရေးသားခဲ့တဲ့ အရှည်ဆုံး လူကြိုက်အများဆုံးဝတ္ထုအဖြစ်စာပေသမိုင်းတွင် ရပ်တည်ခဲ့ပါတယ်…။

သိုင်းဝတ္ထုကိုပြေးစစ် ရေးဖြစ်တဲ့အကြောင်းပြန်ပြောင်းပြောရရင် ရင်နာစရာပါ….။

သည့်အရင် ရေးချင်တာက…သိပ္ပံပညာပေးရေးဖြစ်သွားတဲ့စာအုပ်တွေက…
(၁) ပတ်ဝန်းကျင်မှ ရူပဗေဒ (၁၉၆၈)မြမွန်ရတနာစာပေ(ဒေါက်တာမင်းတင်မွန်)
(၂) ပတ်ဝန်းကျင်မှ ဓါတုဗေဒ(၁၉၆၉)မြမွန်ရတနာစာပေ(ဒေါက်တာမင်းတင်မွန်)
(၃) ပတ်ဝန်းကျင်မှ သင်္ချာပညာ(၁၉၇၀)အောင်စာပေ
(၄) ပေသီးတွက်ပညာ (၁၉၆၉) စာပေဗိမာန်

ကလောင်နာမည်က ရွှေမြိုင်ဘုန်းကြွယ်

သွက်သွက်ကလေး အားပေးကြပေမယ့် ဆက်ဆက်မရေးဖြစ်တာက
တော်လှန်ရေး စစ်အစိုးရရဲ့ စာပေးစစ်ဆေးရေးမူကြောင့်ပါ။

ပညာပေးစာအုပ်ထုတ်လိုသမျှ ပညာရေးဌာနရဲ့ခွင့်ပြုချက်ယူရမတဲ့ဗျ။ပညာရေးဌာနက ပါမေက္ခတွေက တင်လာသမျှ စာအုပ်တွေအချိန်ထုတ်ပြီး မကြည့်နိုင်…ကလိနိုင်လှတဲ့ စာပေစိစစ်ရေး
အတွေးမရောက်လို့ ပြေးပေါက်ရှာတော့..ပေါက်အားကောင်းတဲ့ သမိုင်းလမ်းကြောင်းမပြုတဲ့
သိုင်းဝတ္ထု ပြုစုဖြစ်တော့တယ်ပေါ့…။

သိုင်းပညာမှာ သမိုင်းမ၀င်ရှာပေတဲ့အတိုင်းအတာတခု အကျိုးပြုနိုင်အောင်လူမှုရေး စိတ်ဓါတ်လည်းရေး သိပ္ပံပညာလည်းထည့်ပေးလူ့ Philosophy(ဒဿဿဿဿနိက)ရေးအတွေးကြားမှာ ဝေးမသွားအောင်
သွေးအားကောင်းတဲ့အားဆေးလည်းကျွေးတိုက်ရိုက်ဘာသာပြန်ဆရာတွေလို အတုံးအတစ် ခုတ်မထစ်ဘဲ
ဖြစ်သလိုမကျွေး..ဒါတွေကိုအဝေး ရှောင်ခွာပြေးလို့ကလောင်သွေးပြီး ရေးခဲ့ပါတယ်…။

ဆရာ့အကြောင်း အဖြစ်ဟောင်းတွေ ပြန်ပြောင်းရေးရရင်ရန်ငါ ပြတ်ခဲ့တဲ့ ကျောင်းသားနဲ့ စစ်အစိုးရ..ဖြစ်သမျှအကြောင်းတွေပါအစစ်ပါကာ ရေးပြရတော့မှာ..တော်ပါပြီကွာ..
ဆရာရေးခဲ့သမျှ ကဗျာတွေသာ ဖတ်ကြည့်ကြပါတော့...။

တက္ကသိုလ်ဘုန်းကြွယ်
(ဇူလိုင် ၉ ၂၀၁၂)

https://www.youtube.com/watch?v=mc7qoptor0c

ထိုင်းနိုင်၊ ကန်ချနဘူရီဒေသမှာ သစ်တောပြုန်းတီးမှု ကာကွယ်ရေး သစ်ပင်စိုက်အဖွဲ့။ 

 ထိုင်းနိုင်ငံ Krachan အမျိုးသား သစ်တောဥယာဉ်မှာ လွန်ခဲ့တဲ့ တနှစ်လောက်က ပျောက်ဆုံးသွားတဲ့ သစ်တောထိန်းသိမ်း စောင့်ရှောက်သူ ကရင်လူမျိုး Billy ခေါ် ဖိုးလာဂျီးအမှုကို အမြန်ဆုံး စုံစမ်းဖေါ်ထုတ်ပေးဖို့ ကုလသမဂ္ဂလူ့အခွင့်အရေးရုံးက ဒီရက်ပိုင်းအတွင်း တောင်းဆိုလိုက် သလို ကရင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့နဲ့ ကရင်လူ့အခွင့်အရေးအဖွဲ့တွေကလည်း ဖိုးလာဂျီးအမှုကိုဖေါ်ထုတ်ပေးဖို့ တောင်းဆို လိုက်ကြပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပေးထားပါတယ်။

ထိုင်းနိုင်ငံသားလည်းဖြစ်တဲ့ ကရင်လူမျိုး Billy ခေါ် ဖိုးလာဂျီးကို ထိုင်းနိုင်ငံ Phetchaburi ခရိုင် ခရာချမ်း သစ်တောဥယာဉ်မှူးက ၂ဝ၁၄ ဧပြီလ ထဲမှာ မေးမြန်းစရာရှိတယ်ဆိုပြီး ခေါ်ယူစစ်ဆေး ပြန်လွှတ်ပေးခဲ့ပြီးနောက်ပိုင်း ဖိုးလာဂျီး ပျောက်ဆုံးသွားတာဖြစ်ပါတယ်။ ခရာချမ်း သစ်တော ဥယျာဉ်ကြီးထဲမှာ အခြားကရင်လူမျိုး ရွာသားတွေလည်း နေထိုင်ပြီး တောင်ယာလုပ်ကိုင် စားသောက်နေကြတာပါ။ အဆိုပါ ကရင်ရွာသားတွေ ကို ထိုင်းသစ်တောအာဏာပိုင်တွေက မောင်းထုတ်ခဲ့ပြီး ဖိုးလာဂျီးက လူ့အခွင့်အရေး ရှုထောင့်ကနေ ဒီကိစ္စကို လိုက်လံဆောင်ရွက်တာတွေ ရှိခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။ ဒီအတောအတွင်း ထိုင်းသစ်မှောင်ခိုအဖွဲ့တဖွဲ့က သစ်ခိုးထုတ်နေတာကို ဖိုးလာဂျီးက မှတ်တမ်း ဓါတ်ပုံရိုက်ယူခဲ့တာ ရှိခဲ့ပါတယ်။ ဖိုးလာဂျီး ပျောက်ဆုံးသွားတဲ့ အခြေနေတွေနဲ့ ပတ်သက်လို့ ထိုင်းမြန်မာနယ်စပ် အခြေစိုက် ကရင် သဘာဝဝန်းကျင်နဲ့ လူမှုကွန်ယက် KESAN အဖွဲ့တာဝန်ခံ ပေါလ်စိန်ထွားက ရှင်းပြပါတယ်။

 “ထိုင်းအစိုးရရဲ့သစ်တောဌာနအဖွဲ့တွေက သူတို့နဲ့ ပဋိပက္ခတွေရှိတယ်။ ထိုင်းရဲ့ Policy က သူ့ရဲ့ National Park ပေါ့နော်၊ ကာကွယ်တဲ့ နေရာမှာ လူနေမှု အခွင့်အရေးမရှိဘူးပေါ့။ အဲဒါပါတယ်။ ပြီးတော့ ကရင်တွေရဲ့ ဓလေ့ထုံးစံက သူတို့ တောင်ယာလုပ်တယ်လေ။ တောင်ယာလုပ်တော့ တောအဖွဲ့တွေက ကရင်ရွာတွေကို မောင်းထုတ်လိုက်တာပေါ့နော၊ သူတို့ရဲ့ လုပ်နေတဲ့ …လား၊ ဘာလား၊ အဲဒါကို မီးရှို့ပစ်လိုက်တာပေါ့။ သူကလည်း ကရင်ကိုယ်စားလှယ်တဦးအနေနဲ့ သူက အဲဒါကို လိုက်နေတာပေါ့နော်။ ပြီးတော့ နောက်မှာ Krachan ရဲ့ ထိုင်း officer တယောက်ပေါ့နော် ၊ အဲဒီ တရားရုံးကေ့စ်တခု ရှိတယ်။ …သစ်ထုတ်လုပ်ရေးတခု တနေရာမှာ သွားတွေ့ပြီးတော့ သူက ဓာတ်ပုံရိုက်ထားတာ။ အဲဒီ ဓာတ်ပုံသွားရိုက်ထားတာက အန္တရာယ်ကြီးတယ်။ ဘာဖြစ်လဲဆိုရင် သူက အဲဒီ case ကို ဖြစ်လာလို့ရှိရင် ခုနက National Park ရဲ့ ခေါင်းဆောင်တယောက်က သူ ရာထူးပြုတ်မယ်။ ပြီးတော့လည်း ဒီကိစ္စတွေ ပေါ်လာမယ်လေ။ ဆိုတော့ အဲဒါ အစပျောက်အောင် အဲလိုမျိုးလုပ်တာလား…ဆိုတာက အဲဒါက suspect တခုအနေနဲ့ပေါ့နော်၊ Case ပေါ့နော်။”

ဖိုးလာဂျီးပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးအဖွဲ့တွေက စိုးရိမ်နေကြပါတယ်။ ထိုင်းအခြေစိုက် Forum Aisa အဖွဲ့ရဲ့ဒါရိုက်တာ Evelyn Balais Serrana က အခုလို မှတ်ချက်ပေးပြောဆိုပါတယ်။

 “ထိုင်းနိုင်ငံဟာ ဒီမိုကရေစီလို့ပြောနေပေမယ့် မကြာသေးခင်က ဖြစ်ပျက်ခဲ့တဲ့အခြေနေကိုကြည့်ရင် လူတွေ စိုးရိမ်ကြောက်ရွံ့နေကြတာကို ကျမတို့ သတိထားမိပါတယ်။ လူ့အခွင့်အရေး အဖွဲ့တချို့က ကြေညာချက်တွေမှာ ပူးပေါင်းပါဝင်တာတွေလုပ်ကြပေမယ့် အရဲစွန့်ပြီး အမည်မဖေါ် လိုကြပါဘူး။”-လို့ Serrana က ပြောသွားတာပါ။

ဖိုးလာဂျီး ရုတ်တရက်ပျောက်ဆုံးဟာ အခြားသော လူ့အခွင့်အရေး လှုပ်ရှားသူတွေကို စိုးရိမ်စိတ် ဝင်စေတယ်လို့ ထိုင်းမြန်မာနယ်စပ်အခြေ စိုက် ကရင်လူ့အခွင့်အရေးအဖွဲ့ဖြစ်တဲ့ KHRG ကလည်းပြောပါတယ်။ စောအဲလ်ဘတ်ဟာ အဖွဲ့ရဲ့ တာဝန်ရှိသူတဦးပါ။

“သဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်ပြီးတော့ အဲလိုမျိုး ထဲထဲဝင်ဝင်လှုပ်ရှားနေတာ ထိုင်းနိုင်ငံဘက်မှာ သိပ်ပြီးတော့ မရှိဘူးပေါ့နော်၊ ထွန်းထွန်း ပေါက်ပေါက်ဆိုရင် သူက အဲလိုမျိုး တယောက်ပဲရှိတယ်။ အဲလိုရှိတဲ့အခါကျတော့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးမှာ သူ့လိုမျိုး လုပ်နိုင်ဖို့အတွက် အဟန့်အတား တခုဖြစ်တယ်။ နောက် တရားဥပဒေအရ စုံစမ်းဖော်ထုတ်ပေးဖို့ ကျနော်တို့ မျှော်လင့်တယ်။ တောင်းလည်း တောင်းဆိုချင်တယ်ပေါ့။”

ထိုင်းရဲတွေကတော့ Billy ခေါ် ဖိုးလာဂျီး ပျောက်ဆုံးမှုကို စုံစမ်းနေဆဲဖြစ်ပါတယ်။ ဖိုးလာဂျီးအမှုကို စုံစမ်းစစ်ဆေးနေစဉ်မှာ ထိုင်းအာဏာပိုင် တွေက Krachan အမျိုးသားသစ်တောဥယာဉ်မှူးကို အဲဒီ ရာထူးတာဝန်ကနေ ရွှေ့ပြောင်းလိုက်ပါတယ်။ ဖိုးလာဂျီးပျောက်ဆုံးသွားမှုဟာ Krachan အမျိုးသားသစ်တောဥယာဉ်ဝန်ထမ်းတွေနဲ့ ပတ်သက်နိုင်တယ်လို့ မိသားစုဝင်တွေရဲ့စွပ်စွဲချက်ရှိနေချိန်မှာ သစ်တောဥယာဉ်မှူးကို ပြောင်းလိုက်မှုနဲ့ ပတ်သက်ပြီး ထိုင်းတရားရုံးက ကန့်ကွက်ခဲ့ပါတယ်။

ကိုဉာဏ်ဝင်းအောင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


 မြန်မာကမ်းလွန်ပင်လယ် သဘာဝဓါတ်ငွေ့ ရှာဖွေရေး လုပ်ငန်းတွေမှာ အနောက်နိုင်ငံ ကုမ္ပဏီတွေ ပိုမိုပါဝင်လာတဲ့အတွက် မြန်မာအစိုးရ အနေနဲ့  နိုင်ငံခြား ရင်းနှီးမြုပ်နှံငွေ အများအပြား ရရှိနေတယ်လို့ Nikkei Asian Review မီဒီယာအဖွဲ့ရဲ့ မနေ့က ထုတ်ပြန်တဲ့ သတင်းမှာ ဖော်ပြထားပါတယ်။

မြန်မာပြည်ရဲ့ သယံဇာတကဏ္ဏမှာ ပြီးခဲ့တဲ့ မတ်လကုန်ဆုံးတဲ့ ၂ဝ၁၄-၁၅ ဘဏ္ဏာရေးနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြုပ်နှံငွေ ဒေါ်လာ သန်း သုံးထောင့်နှစ်ရာခန့်ရှိတယ်လို့ မြန်မာအစိုးရက ပြောပါတယ်။

အဲ့ဒီကာလအတွင်း နိုင်ငံခြားရင်းနှီးမြုပ်နှံမှုပမာဏ စုစုပေါင်းကတော့ ဒေါ်လာ သန်း ရှစ်ထောင်ခန့်ရှိပါတယ်။ ဒါဟာ တစ်နှစ်အတွင်း နိုင်ငံခြားမြုပ်နှံမှု နှစ်ဆတိုးလာတာဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာအစိုးရအနေနဲ့  ကမ်းလွန်ဓါတ်ငွေ့ လုပ်ကွက် ၂ဝ ကို မနှစ်ကလေလံတင်ခဲ့ရာမှာ Shell နဲ့ Chevron လို အနောက်နိုင်ငံတွေက ကမ္ဘာကျော် ရေနံကုမ္ပဏီတွေ ဝင်ရောက်နေရာယူလာခဲ့ပါတယ်။  အဲ့ဒီ ကုမ္ပဏီတွေဟာ အနောက်နိုင်ငံတွေရဲ့ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုကြောင့် အရင်က ဝင်ရောက်လုပ်ကိုင်ခြင်း မရှိခဲ့ပါဘူး။ ၂ဝ၁၁ ခုနှစ်မတိုင်မီကာလအထိ မြန်မာ့ကမ်းလွန် ဓါတ်ငွေ့လုပ်ငန်းမှာ ထိုင်း PTT နဲ့ မလေးရှား Petronas ကုမ္ပဏီတွေပဲ ဝင်ရောက်လုပ်ကိုင်ခဲ့ကြတာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

 
သမ္မတ ပြန်အရွေးခံမခံ မသိရသေး

လက်ရှိ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေး နဲ့ ဖွံ့ဖြိုးရေး ပါတီ က လာမယ့် နိုဝင်ဘာလ ရွေးကောက်ပွဲ အတွက် လွှတ်တော် ကိုယ်စားလှယ် လောင်း တွေ တင်သွင်းဖို့ စီစဉ် နေပြီ လို့ သိရပါတယ်။

ပြည်သူ့ အကျိုး လိုလားပြီး ဒေသခံတွေနဲ့ ရင်းနှီး ကျွမ်းကျင်သူ တွေကို စိစစ် ရွေးချယ် သွားမှာ ဖြစ်ပြီး ခုထိ အပြီးသတ် မရွေးရသေးဘူးလို့ ကြံ့ခိုင်ရေး ပါတီ အတိုင် ပင်ခံ နဲ့ ပြည်သူ့ လွှတ်တော် အမတ် ဦးအောင်သောင်း က ပြောပါတယ်။

ဝင်အရွေးခံ ကြမယ့်သူ တွေထဲမှာ လက်ရှိ အစိုးရ ဝန်ကြီးနဲ့ ဒုဝန်ကြီးတွေ ပြန် ပါလာစရာ ရှိပြီး သမ္မတ ဦးသိန်းစိန် ပြန် အရွေးခံ မလား မသိရသေးဘူး လို့ သူက ပြောပါတယ်။

ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦး ရွှေမန်းလည်း ပြန်အရွေးခံ ဖို့ ရှိပါတယ်။

သမ္မတ၊ လွှတ်တော်နဲ့ ပါတီ အောက်ခြေ ပိုင်းက တင်သွင်း တဲ့ ကိုယ်စားလှယ် လောင်း တွေကို မေလ လယ်မှာ ပါတီ ညီလာခံ ကျင်းပပြီး မှ အပြီးသတ် ရွေးချယ်မှာ ဖြစ်ပါတယ်။

ခုထိ အစိုးရ ဘက်က တင်သွင်းတဲ့ ကိုယ်စားလှယ် လောင်းက ၆ဝ ကျော် လောက် ရှိပါတယ်။

ကြံ့ခိုင်ရေး ပါတီ ခေါင်းဆောင်ပိုင်း က တော်တော် များများ ပြန်အရွေးခံမယ် လို့ ဦးအောင်သောင်းက ပြောပါတယ်။

သူကိုယ်တိုင် ပြန်အရွေးခံဖို့က အသက်အရွယ်ကြောင့် မသင့်တော်လို့ ပြန်စဉ်းစား နေတယ်လို့ ဆိုပါတယ်။

အရင်တခါ ရွေးကောက်ပွဲလို ကိုယ်စားလှယ်လောင်း တထောင်ကျော် လောက် ကြံ့ခိုင်ရေးက တင်သွင်း ယှဉ်ပြိုင် သွားဖို့လည်း ရှိပါတယ်။

စစ်အစိုးရ ခေတ် က ဗိုလ်ချုပ်ဟောင်း ကြီးတွေ ထူထောင်မယ် လို့ သတင်းပြေး နေတဲ့ ပါတီသစ်နဲ့ ပတ်သက် ပြီး မိတ်ဘက် ဖြစ်မလား၊ ပြိုင်ဘက် ဖြစ်မလား ပြည်သူ အရွေးချယ် ခံပြီးမှ ပြောနိုင်မယ် လို့ သူက ပြောကြား ခဲ့ပါတယ်။

BBC Burmese
http://www.bbc.co.uk/burmese


လက်ပံတန်းမြို့နှင့် ရန်ကုန်မြို့တော်ခန်းမရှေ့ရှိ ကျောင်းသားသပိတ်များကို သတင်းရယူနေသော သတင်းထောက်များ အရိုက်ခံရခြင်းနှင့် ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာနကို တရားစွဲဆိုရန် စီစဉ်နေလျက် ရှိကြောင်း မြန်မာဂျာနယ်လစ်ကွန်ရက် ဗဟိုလူမှုရေး ကော်မတီဝင် ဦးမြင့်သိန်းက မြန်မာသံတော်ဆင့် သို့ ပြောသည်။

အရိုက်ခံရသည့် သတင်းထောက်များက တရားလိုပြုလုပ်ပြီး အခြားသတင်းထောက်များက မျက်မြင် သက်သေအဖြစ် ထွက်ဆိုသွားမည်ဖြစ်ကာ မီဒီယာ ရှေ့နေများကွန်ရက်နှင့်လည်း ညှိနှိုင်း ဆွေးနွေးနေကြောင်း ဦးမြင့်သိန်းက ပြောသည်။

““ပြည်ထဲရေးကို တရားစွဲမယ်ဆိုတော့ လုပ်ထုံးလုပ်နည်းတွေအတိုင်း အဆင့်ဆင့် တင်ရတာတွေ ရှိသေးတော့ လုပ်ထုံးလုပ်နည်းတွေ ကို ရှေ့နေတွေနဲ့လည်း တိုင်ပင်ရဦးမှာဆိုတော့ သင်္ကြန်ပြီးလောက်တော့ ဖြစ်လိမ့်မယ်။ ရန်ကုန်မှာ လက်ပတ်နီတွေ ရဲတွေကို ဘယ်သူက အမိန့်ပေးလဲ။ အဲဒီတာဝန်ရှိသူတွေကို တရားစွဲမှာ””ဟု ဦးမြင့်သိန်းက ပြောသည်။

““သတင်းထောက်တွေ ရိုက်ခံရတဲ့ကိစ္စကတော့ သတင်းထောက်တွေကို တိုက်ခိုက်ရာ ရောက်တယ်လေ။ အဲ့တော့ တရားစွဲမယ်ဆိုရင်တော့ ဥပဒေကြောင်းအရ ထည့်လို့ရတာပေါ့။ နောက်ပြီး မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးဟာ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေပေါ်မှာ ကျင့်သုံးနေတာကတစ်မျိုး၊ ရဲတပ်ဖွဲ့ဝင် တွေပေါ်မှာ ကျင့်သုံးနေတာက တစ်မျိုးလား ဆိုတာကို စမ်းသပ်တဲ့ သဘောပေါ့နော်””ဟု တရားလွှတ်တော် ရှေ့နေ ဦးရောဘတ်စန်းအောင်က မြန်မာသံတော်ဆင့် သို့ပြောသည်။

တရားစွဲဆိုရန် စီစဉ်နေသည့် အချိန်ကာလတွင် ပါဝင်မည့်သူများ ကို ပြောပြနိုင်ခြင်း မရှိသေးဘဲ လောလောဆယ် ဂျာနယ်တိုက်နှင့် နာမည်များကို ကြေညာလိုက်ခြင်းဖြင့် တရားစွဲဆိုမည့် ကိစ္စတွင် အဟန့် အတားများ ရှိလာနိုင်မည် ထင်သောကြောင့် အမှုလက်ခံပြီးပါက မီဒီယာများကို ပြောမည်ဖြစ်ကြောင်း ဦးမြင့်သိန်းက ပြောသည်။

ထိုတရားစွဲဆိုမှု ပြုလုပ်မည့်ထဲတွင် တရားလိုအဖြစ် ပါဝင်မည့် Hot News ဂျာနယ်မှ သတင်းထောက်မှာ အင်းစိန်တွင် အရိုက်ခံခဲ့ရပြီး ၎င်းထံတွင် လက်ပံတန်းနှင့် မြို့တော်ခန်းမရှေ့တွင် ဖြစ်ပွားခဲ့သော ကိစ္စနှင့် ပတ်သက်၍ ဗီဒီယိုဖိုင်များ၊ အသံဖိုင်များ အပြည့်အစုံရှိနေသဖြင့် ယင်းကဲ့သို့ ချောင်းရိုက်ခံရခြင်းဖြစ်ကြောင်း ဦးမြင့်သိန်းကပြောသည်။

ထိုကိစ္စတွင် နစ်နာသူများမှာ ရန်ကုန်မှ အခြေစိုက်နေထိုင်ပြီး လက်ပံတန်းသို့ သတင်းသွားယူရင်း ဖြစ်ပျက် ခဲ့သောကြောင့် ရန်ကုန်မြို့နှင့် ပဲခူးမြို့တွင် တရားစွဲမည်ဖြစ်ကြောင်း၊ တရားလို ၄ ယောက် ပါဝင်မည်သာ ပြောနိုင်ပြီး အတိအကျ ထုတ်ပြန်၍ မရသေးကြောင်း ဦးမြင့်သိန်းက ပြောသည်။

ယင်းအရိုက်ခံရသူများထဲတွင် ပါဝင်သော မြန်မာပို့စ်ဂျာနယ်မှ အလင်းဒီကို ဆက်သွယ်မေးမြန်းခဲ့ရာ ““ဂျာနယ်တိုက်က တာဝန်ရှိသူတွေနဲ့လည်း တိုင်ပင်မယ်၊ MJN က တာဝန်ရှိသူတွေနဲ့လည်း တိုင်ပင်မယ်၊ အခုတော့ ဘာမှမပြောနိုင်သေးဘူး””ဟု ပြောသည်။

ဆူးလေ မြို့တော်ခန်းမရှေ့ရှိ သပိတ်ဖြိုခွဲမှုသည် ရန်ကုန်တိုင်း ဒေသကြီး အစိုးရ၏ အစီအစဉ်ဖြစ်ကြောင်း၊ မြန်မာသံတော်ဆင့် ဂျာနယ်တွင် ဖော်ပြပြီးဖြစ်သည့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းနှင့် တွေ့ဆုံမေးမြန်းမှုတွင် ဖော်ပြပြီးဖြစ်သည်။

““ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်တုန်းက သတ်မှတ်ထားတဲ့ စည်းကမ်း သတ်မှတ်ချက်တွေရှိတယ်၊ ၁၃ ချက်ကျော် ရှိတယ်။ ကိုယ်လည်း ကောင်းကောင်း မမှတ်မိတော့ဘူး၊ အဲလိုမျိုး ပြဋ္ဌာန်း ထားပြီးသား ဖြစ်တဲ့အတွက် ဒီဟာတွေကို အဲဒါတော့လုပ်ပါ၊ လုပ်ထုံးလုပ်နည်းနဲ့အညီ မင်းတို့လုပ်ဖို့လိုတယ်။ ကိုယ့် အတိုင်းအတာနဲ့ ကိုယ်လုပ်ပါ၊ အထက်ကညွန်ကြားမှ လုပ်တယ်ဆိုတာ ဒါမဟုတ်ဘူး။ ကိုယ်ကလုပ်ပေး ရမယ့်ကိစ္စတွေ အားလုံးကို သူ့ဥပဒေနဲ့အညီ လုပ်ရင်ရတာပဲ၊ ဥပဒေအညီ ဆောင်ရွက်ပါဆိုပြီး တို့ညွန်ကြား ပြီးသားဖြစ် တယ်။ ဒါတို့အနေနဲ့ အစတည်းကလည်း ဒါတွေနဲ့ ပတ်သက်ပြီးတော့ တောက်လျှောက် ပြောနေတာ””ဟု ပြောကြားခဲ့သည်။

ကျောင်းသားသပိတ်များတွင် မီဒီယာများ ရိုက်နှက်ခံရမှုကို အမှန်တကယ် ဖြစ်ပွားခဲ့ကြောင်း ဦးရဲထွဋ်ကလည်း Tomorrow သတင်းဂျာနယ်နှင့် တွေ့ဆုံမေးမြန်းမှုတွင် ပြောကြားထားပြီးဖြစ်သည်။

ယုဖြူဟန်

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald


ရန်ကုန်၊ ဧပြီ ၈

ပြည်တွင်းရှိ နယ်စပ်စစ်ပွဲ သတင်းများနှင့် ပဋိပက္ခဖြစ်ပွားသည့် နေရာများ တွင် သတင်းမီဒီယာသမားများ သတင်းရယူရာ၌ လုံခြုံမှုရှိစေရန်နှင့် သတင်းသမားအဖြစ် သိသာစေရန် ရည်ရွယ်၍ Press စာတန်းပါ ကုတ်အင်္ကျီများကို သတင်းမီဒီယာဌာနများသို့ ဖြန့်ဝေသွားရန် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)နှင့် မြန်မာဂျာနယ်လစ်ကွန်ရက် (MJN)တို့က စီစဉ်လျက်ရှိသည်။

ကုတ်အင်္ကျီဖြန့်ဝေမှုကို မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)က International Media Support အဖွဲ့အစည်းနှင့် ပူးပေါင်း၍ သတင်းဌာနများအား အနည်းဆုံး နှစ်စုံစီကို သင်္ကြန်ကာလအပြီးတွင် အခမဲ့ ဖြန့်ဝေမည်ဖြစ်ပြီး မြန်မာဂျာနယ်လစ်ကွန်ရက် (MJN) အနေဖြင့် သင်္ကြန်ကာလအပြီးတွင် MJN ရုံးခန်း၌ ရောင်းချပေးမည်ဖြစ်သည်။

““Press ကုတ်အင်္ကျီလုပ်ဖို့ ပြင်နေပြီ။ I.M.S (International Media Support) အဖွဲ့အစည်း ကူညီမှုနဲ့ ပူးပေါင်း လုပ်မှာပါ။ အနည်းဆုံး အစုံ ၂၀၀ ခန့်မှန်း ထားတယ်။ အဓိကကတော့ သတင်းသမားဆိုတာ ဘယ်နေရာရောက်ရောက် ကွဲကွဲပြားပြား ဖြစ်နေဖို့လိုတယ်။ အထူးသဖြင့် လက်ပံတန်းကိစ္စ၊ မြို့တော်ခန်းမ ကိစ္စတွေမှာ သတင်းသမားမှန်း မသိလို့ပါ။ ဒါမျိုးမဖြစ်အောင် သတင်းသမားဖြစ်ကြောင်း ထင်ထင်ရှားရှားပေါ့။ ကုတ်ကို နိုင်ငံတကာ အဆင့်မီချုပ်မှာပါ။ ၀တ်ရမယ့်နေရာ ကန့်သတ်ထားတာ မရှိပါဘူး””ဟုမြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ) အတွင်းရေးမှူး ဦးကျော်မင်းဆွေက မြန်မာသံတော်ဆင့်သို့ ပြောသည်။

စာနယ်ဇင်းကောင်စီအနေဖြင့် ပြည်တွင်းရှိ သတင်းဌာနများ အားလုံးကို သတင်းဌာနတစ်ခုလျှင် Press စာတန်းပါ ကုတ်အင်္ကျီ ၂ စုံ စီအခမဲ့ ဝေငှမည်ဖြစ်ပြီး ငွေကြေးအဆင်ပြေပါက ပိုမိုဝေငှနိုင်ရန် စီစဉ်ထားကြောင်း ၎င်းက ထပ်မံပြောကြားသည်။

““ကျွန်တော်တို့က တိုက်အနေနဲ့ မဖြန့်ဘူး။ ဘယ်တိုက်မဆို စိတ်ဝင်စားရင် လာဝယ်လို့ရပါတယ်။ အခုတော့ အစုံ ၅၀ လောက်မှန်းထားတယ်။ ကျွန်တော်တို့က ကိုယ့်ဘာသာ ဒီဇိုင်းလုပ်ရမှာ။ စာနယ်ဇင်း ကောင်စီ ကတော့ အဖွဲ့အစည်းတစ်ခု ကူညီမယ်ဆိုတော့ပိုပြီး ပုံစံကျမှာပေါ့”” ဟု မြန်မာဂျာနယ်လစ်ကွန်ရက်(MJN) အတွင်းရေးမှူး ဦးမြင့်ကျော်က ပြောသည်။

MJN အနေဖြင့် သင်္ကြန်ကာလအပြီး ရောင်းချနိုင်ရန် စီစဉ်လျက်ရှိပြီး ကုတ်အင်္ကျီချိုင်းပြတ် ပုံစံချုပ်လုပ်၍ အရှေ့ဘက်တွင် အိတ်သေးလေးခု ထည့်သွင်းချုပ်လုပ်ကာ Press စာတန်းပါ Logo ကို အရှေ့နှင့် အနောက် တွင် အဖြူရောင်စာလုံးဖြင့် ရိုက်နှိပ် ထုတ်လုပ်မည် ဖြစ်သည်။

ထိုကဲ့သို့ Press စာတန်းပါ ကုတ်အင်္ကျီများ ထုတ်လုပ်ရန် စီစဉ်နေမှုအပေါ်““အဓိကက ပဋိပက္ခ ဖြစ်နိုင်တဲ့ နေရာ တွေမှာ Press ဆိုတာ ထင်ထင်ရှားရှား ၀တ်သင့်ပါတယ်။ နိုင်ငံတကာမှာလည်း ၀တ်ကြရတယ်။ ဒါပေမဲ့ သတင်းသမားမှန်း သိသိကြီးနဲ့ အရိုက်မခံရဖို့လိုပါတယ်။ နိုင်ငံတကာမှာ စစ်ပွဲလိုမျိုးရှိရင် Press ၊ မီဒီယာလို့ဆို ကွဲကွဲပြားပြားသိရင် ထိခိုက်အောင် မလုပ်ရဘူးဆိုတော့ သူတို့က လိုက်နာပြီးသားပဲ။ အခုက Press ရယ်လို့ မကွဲလို့ မီဒီယာသမားမှန်း မသိလို့ လုပ်တာမဟုတ်ဘဲ သိသိကြီးနဲ့ကို လုပ်တာက များနေတယ်။ လောက်ကိုင်မှာ ယာဉ်တန်းပစ်ခံရတာ ယာဉ်တန်းတစ်ခုလုံးပစ်တာ ခြွင်းချက်ပေါ့။ လက်ပံတန်းတို့လိုဆိုရင် ဒါသိသိကြီးနဲ့ လုပ်တယ်လို့ ယူဆတယ်။ အခုလို ၀တ်ထားရဲ့သားနဲ့ လုပ်ရင် ပိုပြီးတုံ့ပြန်လို့ ကောင်းတာပေါ့။ မီဒီယာ မှန်းမသိလို့ပါဆိုတဲ့ ဆင်ခြေမျိုး မရှိတော့ဘူးပေါ့””ဟူ၍ လောက်ကိုင် စစ်ပွဲသတင်း သွားရောက်ရယူရာတွင် ပစ်ခတ်ခံရသည့် ကြက်ခြေနီ ယာဉ်တန်းတွင်ပါဝင်ခဲ့သူ EPA (European Press Photo) သတင်းအေဂျင်စီ ဌာနမှ ကိုလင်းဘိုဘိုက မြန်မာသံတော်ဆင့်သို့ပြောသည်။

ပြီးခဲ့သည့် နယ်စပ်ဒေသရှိ လောက်ကိုင်စစ်ပွဲ၊ လက်ပံတန်း ကျောင်းသား သပိတ် ဖြိုခွဲခံရမှု၊ အင်းစိန်တွင် အလုပ်သမားသပိတ် ဖြိုခွဲခံရမှု၊ ရန်ကုန်မြို့တော် ခန်းမရှေ့တွင် ကျောင်းသားသပိတ် အကြမ်းဖက်ဖြိုခွဲခံရမှု ရှုတ်ချပွဲကို လက်ပတ်နီဝတ်များဖြင့် ဖြိုခွဲမှုတို့တွင် မြန်မာနိုင်ငံမှ သတင်းမီဒီယာသမားများမှာ အကြမ်းဖက် ရိုက်နှက်၊ ပစ်ခတ်၊ ဖမ်းဆီးခံရမှုများ ကြုံတွေ့ခဲ့ရသည်။

ဝတ်ရည်နွေးနွေး

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald