04/21/15

သပိတ်မှောက်ကျောင်းသားများသည် တစ်ဦးနှင့်တစ်ဦး ညီညွတ်ကြစေရန် ဥပဒေစည်းမျဉ်း လည်းမရှိ၊ ယခင်ကလည်း တိုင်ပင်ထားခြင်းမရှိ၊ ထိုကျောင်းသားများ ညီညွတ်နေပုံကို ချီးမွမ်းအံ့သြလောက်၏ …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

သတင်းစာဆရာကြီး ဦးထွန်းဖေ (ထွန်းနေ့စဉ်)၊ (ခရစ်နှစ် ၁၉၀၀-၁၉၇၄ခုနှစ်)သည် မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်၊ သရက်ကောင်းပင်ရွာဇာတိဖြစ်သည်။ မိတ္ထီလာ အေ-ဘီ-အမ်ကျောင်းတွင် စတင်ပညာ ဆည်းပူးခဲ့ပြီး ၁၉၁၈ ခုနှစ်တွင် မန္တလေးမြို့ ဗုဒ္ဓသာသနာနဂ္ဂဟကျောင်းမှ ဆယ်တန်း အောင်မြင်ခဲ့သည်။ ထို့နောက် ရန်ကုန်ကောလိပ်တွင် ဆက်လက် ပညာဆည်းပူး သင်ကြားခဲ့ပြီး ၁၉၂၀ပြည့်နှစ်၌ ပေါ်ပေါက်ခဲ့သော ပထမတက္ကသိုလ် ကျောင်းသား သပိတ်၏ ခေါင်းဆောင်တစ်ဦးအဖြစ် နိုးကြားတက်ကြွစွာ ပါဝင်ခဲ့သည်။ သပိတ်မှောက် ကျောင်းသားခေါင်းဆောင် ၂၆ ဦး ကော်မတီ တွင် ကော်မတီဝင်တစ်ဦးအဖြစ် ရွေးချယ်ခြင်းခံ ခဲ့ရသည်။

၁၉၂၀ ပြည့်နှစ် ပထမတက္ကသိုလ် ကျောင်းသား သပိတ်ကြီး၏ ခေါင်းဆောင်တစ်ဦးဖြစ်သော ဦးထွန်းဖေသည် နယ်ချဲ့ ဗြိတိသျှ အစိုးရ၏ ကျွန်သက်ရှည်ရေးပညာရေး ဥပဒေကို ဆန့်ကျင် လှုပ်ရှားခဲ့သော တက္ကသိုလ် ကျောင်းသားသပိတ် တိုက်ပွဲ၌ ကိုယ်တိုင်ကိုယ်ကျ တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့မှုများနှင့် ရွှေတိဂုံ စေတီတော်ကြီး၏ ကုန်းတော်ခြေရင်း၊ ဗဟန်းကြားတောရ ကျောင်းဝင်းသပိတ်စခန်းကြီး၌ ၁၉၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့ (မြန်မာနှစ် ၁၂၈၂ခုနှစ်၊ တန်ဆောင်မုန်းလဆုတ် ၁၀ ရက်၊ တနင်္ဂနွေနေ့မှသည် ၁၉၂၁ ခုနှစ်၊ စက်တင်ဘာလ၊ မြန်မာနှစ် ၁၂၈၃ ခုနှစ်၊ တော်သလင်းလ)အထိ ၁၀ လတိုင်တိုင် သပိတ်စခန်း ဖွင့်လှစ်ဆန္ဒပြ တိုက်ပွဲဝင်ခဲ့သော သပိတ်စခန်း ကိုယ်တွေ့ အတွေ့အကြုံများကို ခရစ်နှစ် ၁၉၃၁ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက် (မြန်မာနှစ် ၁၂၉၃ ခုနှစ်၊ တန်ဆောင်မုန်းလဆုတ် ၇ ရက်)အင်္ဂါနေ့ထုတ် သူရိယ သတင်းစာကြီး၌ အောင်ပွဲအစ ပထမ မင်္ဂလာဒေး၊ သပိတ်မှောက် ကျောင်းသားတစ်ဦး၏ ရှေးဟောင်းဖြစ်ထွေ မှတ်တမ်းရေးသူ မောင်ထွန်းဖေ (သပိတ်မှောက် ကျောင်းသားကြီးများ၏ အဖွဲ့ဝင်တစ်ဦး) ဟူ၍ ဤသို့သမိုင်းဝင် ဆောင်းပါးတစ်ပုဒ်ဖြင့် ဖော်ထုတ် မှတ်တမ်းတင် ရေးသားခဲ့သည်။

မြန်မာတို့တိုင်းတွင် မြန်မာတို့ဒေါင်းလံနှင့် ကွာဝေးနေသည့်အခါ ကဗျာဖွဲ့လောက်အောင် ဖြစ်ပေါ်လာခဲ့သော သပိတ်မှောက် ကျောင်းသားများ၏ အရေးကြုံစဉ်က ယောဂီ၊ တောမှီရသေ့ဆရာမှိုင်းကြီး (မစ္စတာမောင်မှိုင်း) သည် ကျောင်းသားတို့၏ သပိတ်ကြီးကို –

ထောင့်နှစ်ရာရှစ်ဆယ့်နှစ်ဟာက တစ်ခေတ်တစ်ခါ အချိန်ထင့်၊ မြန်မာဘောင်ပျော်ဖွယ်အချက်တွေနှင့်၊ လတန်ဆောင်ကျော် ဆယ်ရက်တွင်မှ၊ ပေါ်ထွက်စွာ တစ်မူပြီးတဲ့၊ ယူနီဗာစီတီအက်ကယ်လို့ အဆက်နွံတွင် မကွာဖို့၊ တစ်သက်ဝန်တင်စရာပ၊ ကျွန်ပညာနိဿရည်းကိုဖြင့်၊ ဟိတ်ကြီးတစ်ဟန်မထင်ဘို့မို့၊ ပြန်ခွင်မှာ ကိုင်းယောက်ျားဟဲ့လို့၊ မခံချင်ရှာသူ ဘွိုင်းကောက်တားတွေမဖြင့်၊ စွန့်စားကာ ရုံးညာတန်းခဲ့မို့ …ဟူ၍ ထောက်ခံအားပေးမှုနှင့်အတူ ကျွန်တော် မောင်ထွန်းဖေကိုယ်တိုင် ပါဝင်ခဲ့ပုံ ဖြစ်ထွေများကို မှတ်တမ်းမှတ်စု အကိုးအကားများကို အမှီသဟဲမပြုဘဲ အောင်မြေဗဟန်းသို့ ၀င်သည့်နေ့မှစ၍ ထိုဗဟန်းရပ်မှ ထွက်ခွာသည့် နေ့အထိ ရေးသား မှတ်တမ်းတင်ပါမည်ဟု နိဒါန်းချီိလျက် –

မြန်မာနှစ် ၁၂၈၂ ခုနှစ်၊ တန်ဆောင်မုန်းလဆုတ် ၁၀ ရက်နေ့ နံနက်စောစောတွင် နိုးကြားကြပါ။ အမျိုးသားကို ချစ်ခင်ကြပါ။ ထွက်ခဲ့ကြမိတ်ဆွေများ၊ ဗဟန်းကိုသွားကြမယ် စသည်ဖြင့် အင်္ဂလိပ်ဘာသာနှင့် ပြောဆိုသံများကို ကြားရစဉ် ပထမဦးစွာ စိတ်ဓာတ်ကို လှုံ့ဆော်ခံရသဖြင့် ထိုအသံများကို လှုံ့စပ်ရေးနေစဉ်မှာပင် ပြန်ကြားနေ ရလောက်အောင် စွဲလမ်းနေ၏။ ကျောင်းသားတို့၏ ဘ၀နုပျိုငယ်ရွယ်သူတို့ စိတ်ဓာတ်သည်ကား နောက်သို့ ဆုတ်တတ်သည့် အလေ့မရှိ။ နောင်ရေးကိုတွေး၍ အော်ဟစ်ပြီးလျှင် နေရစ်ပေတော့ ကျောင်းကြီးရေဟူ၍ နှုတ်ဆက် ခဲ့ကြသည်။ ရွှေတိဂုံကုန်းတော် ခြေတော်ရင်းမှ ဗဟန်းကြားတောရ ကျောင်းဝင်းတွင်းသို့ မည်သည့် လမ်းကသွား၍ ရောက်လာသည်ကို မမှတ်မိတော့ချေ။

တပည့်တို့မည်သည် ဆရာကို ကြောက်စမြဲပင်တည်း။ ရန်ကုန်ကောလိပ်ကျောင်းဆရာဘကို ရုတ်တရက် ကျွန်တော်တို့ရှေ့တွင် မြင်လိုက်ရာ အားလုံးကပင် မတ်တတ်ရပ်၍ အရိုအသေပြုကြ၏။ ဆရာဘသည် ပတ်ဝန်းကျင် တစ်လျှောက်သို့လှည့်၍ ကြည့်ရှုပြီးလျှင် ကျောင်းသားများနှင့် စကားပြောဆိုလေ၏။

ဆရာဘ။ ။ ဆရာပြောမယ်။ သည်လိုကွယ် သည်လို။ မင်းတို့နစ်နာတယ် ဆိုတာတွေကို ဆရာတို့သိတယ်။ တစ်တိုင်းတစ်ပြည်လုံးက ပြောတာ ကိုလည်း ဆရာတို့ သတင်းစာထဲမှာ ဖတ်လို့ သိပါတယ်။ မင်းတို့လည်း အကျိုးမယုတ်ရလေအောင် မင်တို့ လိုရာလည်းရလေအောင် စာမေးပွဲပြီးမှ လုပ်ကြမှပေါ့။

ကိုလှ (ဂျပ်ဆင်ကောလိပ်)။ ။ ကျွန်တော်တို့ ယခုလို ထွက်လာကြတာဟာ ဆရာကြီးတွေ၊ ဆရာတွေနှင့် ဘယ်လိုမှမဆိုင်။ ဆရာတို့ကိုလည်း ရိုသေပါတယ်။ သို့သော်လည်း အက်ဥပဒေကြီးဟာ ကျွန်တော်တို့ ဦးခေါင်းကို သံမှိုကြီးနှင့်စိုက်ထားသလို နာလွန်းလို့ပါဆရာ။

ဆရာဘနှင့် ကိုလှတို့ အပြန်အလှန် ပြောဆိုကြပြီးနောက် မည်သူဆက်လက်၍ ပြောဆိုသည်ကို မမှတ်မိတော့ချေ။ ကျောက်ဆင်းတုစေတီများ တည်ထားကိုးကွယ်သော ဇရပ်တန်ဆောင်းပေါ်တွင် မည်သည့် အရပ်၊ မည်သည့်ဌာနက ဆန်အိတ်၊ ငါးခြောက်၊ ဂွေးသီး၊ ငါးပိကြော်များ ရောက်နေလေသည်ကို မသိရ။ ““နတ်တို့ဖန် ရေကန်အသင့်၊ ကြာအသင့်”” ဆိုသည့်အလား ဇရပ်ရှေ့က ပလ္လင်ပေါ်၌ စာတိုက်မှ ကောလိပ် ကျောင်းသို့ ပေးပို့သော စာများကို စီ၍ ထားသူက ထားကြသည်။ ကြော်ငြာစာ သင်ပုန်းကို ထောင်သူက ထောင်ကြ၏။ သိမ်ကြီးဈေးမှ ကျောင်းသားများအတွက် ရိက္ခာများ စုဆောင်းထောက်ပံ့ကြသည်။

ညနေ၀င်ရီတရောအချိန်တွင် ကောလိပ်ကျောင်းအုပ်ကြီး မစ္စတာ မက်သယူးဟန်းတား၊ ဆရာဘနှင့် ဆရာဘလှိုင်တို့ ထပ်မံရောက်ရှိလာပြီး ဆရာဘက တပည့်များ၏ လုပ်ပုံကိုင်ပုံသည် သမုဒ္ဒရာထဲတွင် ကျနေသော ရေတစ်စက်မျှသာရှိသည်။ ကျောင်းသို့ပြန်၍တက်ကြဟူ၍ ပြောဆိုသည်။ ထိုအခါ သပိတ်မှောက်ကျောင်းသား ခေါင်းဆောင်ကိုဘဦးက ဆရာကြီးကိုရိုသေပါသည်။ သို့သော် ကျောင်းသို့ ပြန်၍မတက်နိုင်သဖြင့် ၀မ်းနည်းပါတယ်ဟု ပြောဆို၏။ ထို့နောက် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သော ကိုဖေသိန်းကလည်း အင်္ဂလိပ်တို့သည် ပရိယာယ်များလှသည်။ သွေးဆောင်ရာသို့ မပါနိုင်ပါဟူ၍ ထပ်ဆင့် ပြောဆိုခဲ့သည်။ ကျောင်းသားခေါင်းဆောင် ကိုမြင့်ကလည်း ကျွန်တော်တို့ ထွက်လာခြင်းသည် ရည်ရွယ်ချက် ရှိကြပါတယ်။ ဆရာတို့ခေါ်ပေမယ့်လို့ အပိုပါပဲ။ သွေးဆောင်မှုမပြုဘဲ ဆရာကြီးတို့ပြန်ကြပါရန် မေတ္တာရပ်ခံကြောင်း ရှိုက်ကြီးတငင်ငို၍ ပြောဆိုခဲ့သည်။

သပိတ်မှောက်ကျောင်းသားများသည် တစ်ဦးနှင့်တစ်ဦး ညီညွတ်ကြစေရန် ဥပဒေ စည်းမျဉ်းလည်းမရှိ၊ ယခင်ကလည်း တိုင်ပင်ထားခြင်းမရှိ၊ သပိတ်မှောက်ရန် ဖွဲ့စည်းထားသော ကျောင်းသားကြီး ၆ ဦး၏အဖွဲ့ ရှိသည်ဟုသိရ၏။ မည်သူများ ထိုအဖွဲ့တွင် ပါဝင်သည်ကိုလည်းမသိ။ မည်သူက ညီညွတ်စေရန် ညှိ၍ ထားဘိသနည်းဟု ယခုအခါတွင် စစ်ဆေးကြည့်လျှင် ထိုကျောင်းသားများ ညီညွတ်နေပုံကို ချီးမွမ်းအံ့သြ လောက်၏။ အချင်းချင်း အထင်အမြင်သေးသော စိတ်၊ မထီမဲ့မြင် ပြုစေသောစိတ်၊ ပုထုဇဉ်ပီပီ မုန်းစိတ်ပင် ရှိကြသည်ဆိုစေဦး။ ရည်ရွယ်ချက်တည်းဟူသော အာသီသ ရှေ့ဆောင်ရာသို့သာ တစိုက်စိုက် လိုက်နာကြ၏။ အချုပ်မှာ ပုဂ္ဂလဓိဋ္ဌာန်စိတ်ပျောက်၍ ဓမ္မဓိဋ္ဌာန်စိတ်ရောက်နေကြ၏။ ထိုသို့မရွယ်ဘဲလျက် ဖန်ဆင်းပြီး ဖြစ်နေသော အခြေအနေကို ဘယ်တော့ခါများမှ ရောက်နိုင်ကြဦးမည်နည်းဟု အစဉ်ပင် မျှော်လင့်တောင့် တကြ၏။

ထိုအချိန်က နယူးဘားမား သတင်းစာသည် မောင်ဂိုမာရီလမ်း (ယခုဗိုလ်ချုပ်အောင်ဆန်းလမ်း)နှင့် လမ်း ၅၀ ထောင့်တွင်ရှိ၏။ သပိတ်မှောက်ကျောင်းသား ခေါင်းဆောင် ကိုဘဦးသည် နယူးဘားမား သတင်းစာအယ်ဒီတာ ဦးဘလှိုင် (လွယ်အိတ်ကြီးဦးဘလှိုင်)၊ လက်ပံတန်းဦးလူကြီး၊ ဦးထွန်းသန်းတို့နှင့်ပူးပေါင်း၍ သပိတ်မှောက် သတင်းများကို နယူးဘားမားသတင်းစာ၊ ရန်ကုန်တိုင်းသတင်းစာ၊ ရန်ကုန်ဂေဇက် သတင်းစာများ၌ အင်္ဂလိပ် ဘာသာဖြင့် ဖော်ပြ ရေးသားလုပ်ဆောင်ခဲ့သည်။

ကျွန်တော်တို့၏ ကျောင်းသားသပိတ် အရေးသည် တစ်နေ့တခြားပင် တစ်တိုင်းပြည်လုံး၏ အရေး ဖြစ်လာတော့၏။ ရန်ကုန် – စိန့်ပေါလ်ကျောင်း၊ စိန့်ဂျွန်းကျောင်း၊ ရန်ကုန်အစိုးရ အထက်တန်းကျောင်းများမှ ကျောင်းသားများပါ သပိတ်မှောက်၍ ထွက်လာကြသည်။ မြို့သူမြို့သားများကလည်း အားပေးဝန်းရံခဲ့ကြသည်။ ဗဟန်းရှိအရပ် ဟူသရွေ့ သပိတ်မှောက်ကျောင်းသားများ၏ တည်းခိုရာနေရာချည်းပင် ဖြစ်ခဲ့ရ၏။ တနင်္ဂနွေ တစ်ပတ်အတွင်း မြန်မာပြည်ရှိ အင်္ဂလိပ်ကျောင်းရှိသမျှ သပိတ်မှောက်ရန် လိုက်လာကြ၏။ ကောလိပ် ကျောင်းသားများ၏ အရေးမှစ၍ တိုင်းရင်းသားကျောင်းများ တည်ထောင်သည်အထိ တစ်စထက်တစ ကျယ်ဝန်းလာသည်။ နိုင်ငံရေး ခေါင်းဆောင်များပင် သပိတ်မှောက် ကျောင်းသားကြီးများနှင့် ပူးပေါင်း ဆောင်ရွက်လာကြ၏။ လူငယ်များနှင့်လူကြီးများ ပူးပေါင်းဆောင်ရွက်ခဲ့ကြပုံ ကျောင်းသားကျောင်းသမီး အပေါင်းတို့အား တိုင်းပြည်က ထောက်ပံ့ ကူညီကြပုံ။ ဗဟန်းရပ်သည် သပိတ်မှောက် ကျောင်းသားများ လောကရေးရာ တကယ့်တကယ် ပညာရှာမှီးသော နေရာဖြစ်ခဲ့ပုံ၊ ထိုဗဟန်းရပ်သို့ ရပ်တကာပင် လာရောက် ကြည့်ရှုရသော နေရာဖြစ်ခဲ့ပုံ။ ပါလီမာန်လွှတ်တော် လေဘာဂိုဏ်းသား ကာနယ်ဝက် ဂျဝု မြန်မာပြည်သို့ လာသည့်အခါနှင့် ကြုံကြိုက်ရကား။ ထိုကာနယ်ဝက်ဂျဝုနှင့် သပိတ်မှောက် ကျောင်းသားများ တွေ့ဆုံကြပုံ၊ အိန္ဒိယကွန်ဂရက် အသင်းခေါင်းဆောင် မစ္စတာ အဘတ်ထရပ်ဂျီတို့နှင့် တွေ့ဆုံပြောဆိုကြပုံ၊ အင်္ဂလိပ် သတင်းစာများတွင် သပိတ်မှောက် ကျောင်းသားများအကြောင်း ပုတ်ခတ်ရေးသားခဲ့မှုများ ဖော်ပြထားလျှင် သပိတ်မှောက် ကျောင်းသားခေါင်းဆောင် ကိုဘဦးက ယင်းသတင်းစာ၏ စာမျက်နှာများကို ဖနောင့်ဖြင့် ပေါက်ခဲ့ပုံစသော အမျိုးသားစိတ်ဓာတ်က လျှပ်လျှပ်တောက် လောင်နေသည့်အခါတွင် ကျောင်းသားကြီး များနှင့် အလုပ်လုပ်ခဲ့ရသဖြင့် စာသင်ကျောင်းများတွင် သင်ကြား၍ မရနိုင်သော ပညာများကို ဆည်းပူးခွင့် အကျိုးတရားများ ရရှိခဲ့ကြသည်။

ရံဖန်ရံခါ ကျွန်တော်တို့၏ အမှုဆောင် အစည်းအဝေး ကျင်းပကြသည့်အခါ ဖယောင်းတိုင်တစ်တိုင်ကိုညှိ၍ ဇရပ်အောက်သို့ဆင်းကြ၏။ ကိုဘဦးက ဇရပ်အောက်သို့ကြည့်၍ ၀ါးလုံးရှည်ရှည်နှင့် ရမ်းသည်ကို သတိရမိ၏။ ၀ါးလုံးနှင့် ရမ်းသည့် အကြောင်းသည်ကား စုံထောက်များ ဇရပ်အောက်မှနေ၍ နားထောင်မည်ကို စိုးရိမ်၍ ဖြစ်သည်ဟုသိရ၏။

၁၉၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလအတွင်းတွင် တိုင်းရင်းသားကျောင်းများ စတင်၍ ဖွင့်လှစ်ခဲ့၏။ ဗဟန်းလိပ်ကန် မြောက်ဘက် ဇရပ်ကြားတွင် ကျောင်းသားများကို စာသင်ခဲ့ရ၏။ လောက၌ တစ်စုံတစ်ခု ပေါ်ပေါက်လာသည်ကို အခြေတည်၍ လုပ်ကိုင်တတ်သောသူများ များစွာရှိ၏။ ထိုသို့ အခြေတည်၍ အသိအမှတ်ပြုလာရန်ကို တစ်စုံ တစ်ခု ဟူသောအရာတစ်ခု ဖန်ဆင်းပေးသော သူများကိုကား ရာဇ၀င်ဆရာများ မေ့လေ့ရှိ၏။ မဟတ္တမဂန္ဒီ တန်ခိုးကြီးနေခြင်းသည်ကား အစိုးရအာဏာဖီဆန်ရေးကို ဖန်ဆင်းပေးနိုင်ခြင်းကြောင့် ဖြစ်သည်။ မြန်မာပြည်၌ တိုင်းရင်းသားကျောင်းများ ဆောက်၍မပေးလျှင် မဖြစ်နိုင်အောင် ဖန်ဆင်းသူများကား သပိတ်မှောက် ကျောင်းသားများပင်တည်း။

ကျွန်တော်တို့သည် ရည်ရွယ်ချက် အတိုင်းပင် မဆုတ်မနစ်သော လုံ့လဖြင့် လုပ်ခဲ့ကြ၏။ တိုင်းရင်းသား ကျောင်းများကို ရှိသမျှနှင့် ကျေနပ်ဖွယ်ရာမဟုတ်။ နောက်ထပ် တိုင်းရင်းသားကျောင်းများ ဆောက်လုပ်ရန် လိုသေး၏။ ထိုကျောင်းများတွင် သာမက ရပ်တိုင်းရွာတိုင်းတွင် စာဖတ်ရုံများ ဆောက်လုပ်ပြီးလျှင် အမျိုးသားတို့ လွတ်လပ်ရေးအတွက် မျိုးစေ့များချရန် တာဝန်ကား နောင်လာနောက်သား ကလေးများ၏ တာဝန်ဖြစ်၏။ ကျွန်တော်၏ ရှေးဟောင်းဖြစ်ထွေ မှတ်တမ်းကို ဤတွင်အဆုံးသတ် လိုက်ရပေသတည်းဟူ၍ ပထမ တက္ကသိုလ် ကျောင်းသားသပိတ် (၁၉၂၀ ပြည့်ခုနှစ်)၏ သပိတ်စခန်း ကိုယ်တွေ့ အတွေ့အကြုံ သမိုင်းဝင်မှတ်တမ်းကို ရေးသားဖော်ပြခဲ့သည်။

ဦးထွန်းဖေသည် ရန်ကုန်တက္ကသိုလ်သို့ ပြန်လည် တက်ရောက်ခြင်း မပြုတော့ဘဲ အမျိုးသားရေး စိတ်ဓာတ်ဖြင့် ၁၉၂၁ ခုနှစ်၌ ရွှေဘိုမြို့ အမျိုးသမီးကျောင်း၊ ဘိုကလေးမြို့ အမျိုးသားကျောင်းတို့တွင် အမျိုးသား ကျောင်းဆရာအဖြစ် အမှုထမ်းခဲ့သည်။ ၁၉၂၂ ခုနှစ်တွင်မူ သတင်းစာလောကသို့ စတင်ဝင်ရောက်ခဲ့သည်။ ဘားမားအော့ဘားမား အင်္ဂလိပ်သတင်းစာတွင် သတင်းထောက်၊ မြန်မာ့အလင်း သတင်းစာတွင် နေ့စား သတင်းထောက်အဖြစ် ဆောင်ရွက်သည်။ ထို့နောက် သူရိယသတင်းစာတွင် သတင်းထောက်၊ သတင်းထောက်ချုပ်၊ ညအယ်ဒီတာ တာဝန်များကို ထမ်းဆောင်ခဲ့သည်။ ၁၉၃၄ ခုနှစ်တွင် မြန်မာ့နေ့စဉ် သတင်းစာ၏ အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၄၂ ခုနှစ်မှ ၁၉၄၆ ခုနှစ်အထိ ဗမာ့ခေတ်သတင်းစာ၏ အယ်ဒီတာချုပ်အဖြစ် လုပ်ကိုင်သည်။ ၁၉၄၃ ခုနှစ် ဂျပန်နိုင်ငံ တိုကျိုမြို့တွင်ကျင်းပသော မဟာအရှေ့အာရှတိုက် သတင်းစာညီလာခံသို့ တက်ရောက်သည်။

၁၉၄၆ ခုနှစ်မှ ၁၉၄၈ ခုနှစ်အထိ ဟံသာဝတီသတင်းစာ အယ်ဒီတာချုပ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၄၇ခုနှစ် တွင် မြန်မာနိုင်ငံ သတင်းစာဆရာအသင်း ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည်။ ဗြိတိန်နိုင်ငံနှင့် အမေရိကန် ပြည်ထောင်စုသို့ သတင်းစာ ကိုယ်စားလှယ်အဖြစ် သွားရောက်ခဲ့သည်။ ၁၉၄၇ ခုနှစ် ဥပဒေပြု လွှတ်တော်သို့ ဟင်္သာတ အနောက်ပိုင်းမှ လွှတ်တော်အမတ်အဖြစ် ရွေးကောက် တင်မြှောက်ခြင်း ခံရသည်။ ၁၉၄၈ ခုနှစ်မှ စတင်၍ ပြန်ကြားရေးဝန်ကြီး၊ သာသနာရေးဝန်ကြီး၊ ယဉ်ကျေးမှုဝန်ကြီးတာဝန်များကို ထမ်းဆောင်ကာ ၁၉၅၃ ခုနှစ်၊ သြဂုတ်လတွင် ၀န်ကြီးအဖွဲ့မှ မိမိ၏ဆန္ဒအရ နုတ်ထွက်ခဲ့သည်။ ၁၉၅၃ ခုနှစ် အောက်တိုဘာလတွင် ထွန်းနေ့စဉ် သတင်းစာကို တည်ထောင်၍ အယ်ဒီတာချုပ်အဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သည်။ ထို့ကြောင့် မြန်မာ့သတင်းစာ လောကတွင် ဦးထွန်းဖေ(ထွန်းနေ့စဉ်) ဟူသော ၀ိသေသဖြင့် သမိုင်းမှတ်တိုင် စိုက်ထူခဲ့သော အမျိုးသားရေး သတင်းစာဆရာကြီးအဖြစ် သမိုင်းဝင် ထင်ရှားခဲ့သည်။

ကျမ်းကိုး

၁။ စာဆိုတော်များ အတ္ထုပ္ပတ္တိ (မောင်သုတ) မောင်ခင်မင် – ဓနုဖြူ တည်းဖြတ် ဖြည့်စွက်

၂။ ကျွန်တော်သတင်းထောက် (လူထု-ဦးလှ)

၃။ အောင်ပွဲအစ ပထမအင်္ဂလာဒေး သပိတ်မှောက် ကျောင်းသားတစ်ဦး၏ ရှေးဟောင်းဖြစ်ထွေ မှတ်တမ်း (မောင်ထွန်းဖေ၊ သပိတ်မှောက် ကျောင်းသားကြီးများ၏ အဖွဲ့ဝင်တစ်ဦး) (၁၉၃၁ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်ထုတ် သူရိယသတင်းစာ)

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald


နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုကို “မျှော်”ရတဲ့ အကြောင်းရင်းတစ်ခုက အချိန်တို အတွင်းမှာ နိုင်ငံခြားငွေ အလုံးအရင်း စီးဝင်လာပြီး “ဆူလွယ်နပ်လွယ်” ဖြစ်တဲ့ သယံဇာတ တူးဖော်ရေးနဲ့ ထုခွဲရောင်းချရေးဘက်ကို သွားချင်လို့ဖြစ်ပါတယ်။ ကိန်းဂဏန်းအနေနဲ့ ချပြတဲ့အခါမှာလည်း နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေက မျက်နှာပန်းလှတယ် မဟုတ်ပါလား …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

မြန်မာ့စီးပွားရေး အလားအလာနဲ့ ပတ်သက်ပြီး ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေ၊ ကျွမ်းကျင်သူတွေ၊ လေ့လာသူတွေရဲ့ ထုတ်ဖော်ပြောဆိုချက်တွေကို တီးခေါက် ကြည့်လိုက်ရင် “အနုတ်လက္ခဏာ”၊ ဆုတ်ယုတ်မှု၊ စိုးရိမ်မကင်းမှုတွေကိုပဲ အများဆုံး တွေ့နေရတယ်။ လက်တွေ့မှာလည်း ကုန်ဈေးနှုန်း တရိပ်ရိပ် တက်လာတာနဲ့အတူ ငွေဖောင်းပွလာပြီး ငွေလဲနှုန်းမှာလည်း ကျပ်ငွေတန်ဖိုး ကျဆင်းလာတာကြောင့် မြန်မာ့ စီးပွားရေး အလားအလာဟာ ကောင်းမွန်တဲ့ လမ်းကြောင်းပေါ် ရောက်ဖို့ သွေဖည်နေပါတယ်။

တစ်ဖက်မှာလည်း အစိုးရဘဏ္ဍာရေး လိုငွေပြခြင်း၊ ကုန်သွယ်ရေးလိုငွေ စံချိန်တင်ခြင်း၊ အရန်နိုင်ငံခြားငွေ ပမာဏ လျော့နည်းလာခြင်းနဲ့ ဂျီဒီပီတိုးတက်မှု ရာခိုင်နှုန်း လျော့ကျလာဖွယ်ရှိခြင်း အစရှိတာတွေက တိုင်းပြည် စီးပွားရေး ဆုတ်ယုတ်ကျဆင်းမှုဘက်ကို ပုံဖော်နေတယ် မဟုတ်ပါလား။

ဒီလို အခြေအနေမျိုးမှာပဲ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ၂၀၁၅-၁၆ ဘဏ္ဍာနှစ်မှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ၆ ဘီလီယံ ၀င်ရောက်လာမယ်လို့ ခန့်မှန်းလိုက်တယ်။

တကယ်တော့ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်ကို အကြမ်းအားဖြင့် ၂၀၁၅ ရွေးကောက် ပွဲမတိုင်မီကာလနဲ့ ရွေးကောက်ပွဲ အလွန်ကာလဆိုပြီး နှစ်ပိုင်းခွဲခြားနိုင်တယ်။ အမေရိကန်နဲ့ အနောက်ဥရောပ နိုင်ငံတွေက ၂၀၁၅ ရွေးကောက်ပွဲ ရလဒ်ပေါ် မူတည်ပြီး ဆုံးဖြတ်ကြမှာဖြစ်လို့ အဲဒီမတိုင်မီ ကာလအတွင်းမှာ သူတို့ဆီက ရင်းနှီးမြှုပ်နှံမှုကို စောင့်ကြည့်မှုတွေကသာ လွှမ်းမိုးသွားမှာ ဖြစ်ပါတယ်။

အာဆီယံ အပါအ၀င် အာရှနိုင်ငံတွေကတော့ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်တဲ့အခါ စီးပွားရေး လုပ်သာကိုင်သာရှိမှု၊ ကြိုးနီစနစ် ဖြေလျှော့ပေးမှု၊ အဂတိလိုက်စားမှု၊ ပြန်လည်ပြင်ဆင် ရေး ဆွဲနေတဲ့ ရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ လျှပ်စစ် ဓာတ်အားနဲ့ အခြေခံ အဆောက်အအုံ အစရှိတဲ့ အချက်တွေပေါ် မူတည်ပြီး စဉ်းစားဆုံးဖြတ် သွားဖွယ်ရှိတယ်။ ဒါပေမဲ့ တစ်ဖက်ကလည်း ရွေးကောက်ပွဲ ရလဒ်ကို မလွတ်တမ်း စောင့်ကြည့်ကြမှာ ဖြစ်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံစီးပွားရေး တိုးတက်အောင် လုပ်ဆောင်တဲ့ နေရာမှာ အယူအဆနှစ်ခု “အားပြိုင်”နေတာကို တွေ့ရတယ်။ ပထမတစ်ခုက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပိုမိုရရှိရေး လမ်းကြောင်းဖြစ်ပြီး ဒုတိယ တစ်ခုကတော့ ပို့ကုန်မြှင့်ရေး လမ်းကြောင်း ဖြစ်ပါတယ်။

အစိုးရယန္တရားထဲမှာတော့ ပထမလမ်းကြောင်းကို ပိုပြီး အားသန်နေပုံရတယ်။ ဒါကြောင့် အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး ဒေါက်တာကံဇော်ကိုယ်တိုင် ၂၀၁၅ ခု၊ မတ်လ၂၁၊ ၂၂ နှစ်ရက် ဆက်တိုက် အစိုးရသတင်းစာမှာ “နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အဓိက လိုအပ်ချက်ဟာ အရင်းအနှီးဖြစ်ပါ တယ်”လို့ ရှင်းပြထားတယ်။

အရင်းအနှီးဆိုတဲ့ “ခေါင်းစဉ်”အောက်မှာ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI)၊ ပြည်ပချေးငွေနဲ့ ပြည်တွင်း စုဆောင်းငွေတို့ ပါဝင်တယ်။ ဒါပေမဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံတိုင်းမှာတောင် ပြည်တွင်း စုဆောင်းငွေက ပြည်တွင်း လိုအပ်ချက် ရင်းနှီးမြှုပ်နှံမှုကို ဖြည့်ဆည်းပေးနိုင်တာ မရှိလို့ မြန်မာနိုင်ငံ အနေနဲ့လည်း နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုတွေ ရရှိအောင် ဆောင်ရွက်နေရ တယ်လို့ ဒေါက်တာကံဇော်က ဆိုထားတယ်။ ဒါကြောင့် မြန်မာနိုင်ငံ အနေနဲ့နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုနဲ့ ပြည်ပချေးငွေကို “မျှော်”ရခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

တိုင်းပြည် ဖွံ့ဖြိုးဖို့အတွက် ပြည်ပရင်းနှီး မြှုပ်နှံမှု လိုအပ်ချက်နဲ့ ပတ်သက်ပြီး “ဆွဲထုတ်” ပြစရာ ၃ ချက် ရှိလာတယ်။ ပထမအချက်က နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု “မျှော်”ရတဲ့ အကြောင်းတွေပဲဖြစ်ပါတယ်။ ဒုတိယအချက်က ဒေသခံတွေ အကျိုးခံစားရမှုဖြစ်ပြီး တတိယအချက်က နိုင်ငံရေး တည်ငြိမ်မှု ဖြစ်ပါတယ်။

နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုကို “မျှော်”ရတဲ့ အကြောင်းရင်းတစ်ခုက အချိန်တိုအတွင်းမှာ နိုင်ငံခြားငွေ အလုံးအရင်း စီးဝင်လာပြီး “ဆူလွယ်နပ်လွယ်”ဖြစ်တဲ့ သယံဇာတ တူးဖော်ရေးနဲ့ ထုခွဲရောင်းချရေး ဘက်ကို သွားချင်လို့ဖြစ်ပါတယ်။ ကိန်းဂဏန်း အနေနဲ့ ချပြတဲ့အခါမှာလည်း နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုတွေက မျက်နှာပန်း လှတယ်မဟုတ်ပါလား။ နောက်တစ်ချက်က ပို့ကုန်မြှင့်တင်မှု လမ်းကြောင်းဘက်ကို သွားဖို့ လတ်တလောမှာ အဆင်သင့် မရှိသေးခြင်းဘဲ ဖြစ်ပါတယ်။

ပို့ကုန်ဆိုရာမှာ မြန်မာနိုင်ငံအနေနဲ့ စိုက်ပျိုးရေးနဲ့ လယ်ယာထွက်ကုန်၊ သစ်တောထွက်ကုန်၊ သယံဇာတ ထွက်ကုန်အစရှိတဲ့ ကုန်ကြမ်း အဆင့်သာရှိတဲ့ ထွက်ကုန်တွေကို အများဆုံး တင်ပို့နေတယ်။ ရေရှည်တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် တန်ဖိုးမြှင့်ထုတ်ကုန် (Value added) ဘက်ကို သွားနိုင်ဖို့လိုတယ်။ ပို့ကုန်နဲ့ ဆက်စပ်တဲ့ စက်မှု လုပ်ငန်းတွေကို ဦးစားပေးပြီး ထူထောင်နိုင်ဖို့ လိုအပ်လာတယ်။

ဒီအပိုင်းမှာတော့ တရုတ်နိုင်ငံကို လေ့လာသင့်ပါတယ်။ ၂၀၀၀ ပြည့်နှစ် ၀န်းကျင်နားမှာ တရုတ်နိုင်ငံက ထုတ်လုပ်တဲ့ ပြည်ပပို့ကုန် ၅၀ ရာခိုင်နှုန်းကျော်ဟာ FDI နဲ့ ဆက်စပ် လုပ်ငန်းတွေက ပြန်ထွက်လာတဲ့ ပို့ကုန်တွေ ဖြစ်နေတယ်။ FDI ၀င်ရောက်မှု ပမာဏပေါ် လိုက်ပြီး ပြည်ပပို့ကုန်တွေကို မြင့်တက်လာအောင် တရုတ်ပြည်က လုပ်ဆောင်နိုင်ခဲ့တယ်။ မြန်မာပြည်မှာတော့ ဒီလို လုပ်ဆောင်နိုင်ဖို့ အချိန်ယူရမှာဖြစ်လို့ တစ်နှစ်သာသာလောက် ကျန်တော့တဲ့ သမ္မတ ဦးသိန်းစိန် သက်တမ်းအတွင်းမှာ ဖြစ်လာနိုင်ဖို့ လွန်စွာ ခက်ခဲတယ်။

သမ္မတ စီးပွားရေးအကြံပေး ဒေါက်တာဇော်ဦးက “ပို့ကုန်တိုးတက်မှု မဖြစ်ထွန်းသေးဘဲ သွင်းကုန်ပဲ များလာတယ်။ ကျွန်တော်တို့ရဲ့တိုးတက်မှုက ဘယ်ပေါ် မူတည်နေသလဲဆိုတော့ ပြည်ပရင်းနှီးမြှုပ်နှံမှုပေါ်မှာပဲ မူတည်နေတာဗျ။ ဒါလည်း သိတဲ့အတိုင်းပဲ။ ပြည်တွင်း ထုတ်လုပ်မှုတွေက သိပ်အားရစရာ မရှိလှဘူး။ အလွယ်တကူ ချက်ချင်း မလုပ်နိုင်သေးဘူး။ စက်မှုဇုန်ပဲ ကြည့်မလား၊ လယ်ယာစိုက်ပျိုးရေးပဲ ကြည့်မလားပေါ့။ အဓိကကတော့ FDI က မှန်းထားသလောက် မလာတော့ဘူး ဆိုတဲ့သဘောလည်း ပါတာပေါ့” လို့ ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ ပို့ကုန်ဝင်ငွေထဲမှာ လက်ရှိအချိန်ထိ သဘာဝဓာတ်ငွေ့ တင်ပို့မှုက အများဆုံး နေရာယူ ထားတယ်။ အခြားပို့ကုန် အမျိုးအမည် မများလှသလို ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ်နိုင်ခြင်းလည်း မရှိ သေးပါဘူး။ တစ်နည်းအားဖြင့် ၀င်ရောက်လာတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏနဲ့အညီ ပို့ကုန်ထုတ်လုပ်မှု သိသိသာသာ မြင့်တက်နိုင်ခြင်း မရှိသေးတာကို တွေ့ရတယ်။

ဆန်အပါအ၀င် လယ်ယာစိုက်ပျိုးရေး ထွက်ကုန်တွေကို နိုင်ငံခြား တင်ပို့ ရောင်းချရာမှာလည်း ခိုင်မာတဲ့ ဈေးကွက် ဖော်ဆောင် နိုင်ခြင်း မရှိလို့ ပြဿနာတွေနဲ့ ရင်ဆိုင်နေရတယ်။ အလားတူ အသေးစား၊ အလတ်စား လုပ်ငန်း (SMEs)တွေ အားကောင်း ဖွံ့ဖြိုးလာခြင်း မရှိတာက ကုန်ထုတ်လုပ်မှု တိုးမြှင့်လို့ မရနိုင်သေးတဲ့ လမ်းကြောင်းဆီကို တွန်းပို့နေတယ်။

နိုင်ငံခြား အရင်းအနှီးတွေ စီးဝင်လာတဲ့အခါ စက်ရုံ၊ အလုပ်ရုံတွေ လည်ပတ်နိုင်ပြီး အလုပ်အကိုင်၊ အခွင့် အလမ်းတွေကို ဖော်ဆောင်နိုင် မယ်လို့ ကြွေးကြော်ထားတယ်။ ဒါပေမဲ့ လက်တွေ့ အောက်ခြေမှာ ပြည် သူတွေ ဘက်က နိုင်ငံခြားကုမ္ပဏီတွေ လာရောက် ရင်းနှီးမြှုပ်နှံတဲ့ အကျိုးကျေးဇူးကို အမှန်တကယ် ခံစားရရဲ့လား ဆိုတာ ပြန်လည် သုံးသပ်စရာ ဖြစ်လာတယ်။

အနီးစပ်ဆုံး သာဓကအနေနဲ့ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ မဒေးကျွန်းမှာ တရုတ်ကုမ္ပဏီတွေက ရေနံ ပိုက်လိုင်း၊ ရေနက်ဆိပ်ကမ်းနဲ့ ရေနံ သိုလှောင်ကန် စီမံကိန်းတွေ၊ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ခဲ့ရာမှာ ဒေသခံတွေရဲ့ လူမှုစီးပွားဘ၀ ဘယ်လောက် အတိုင်းအတာထိ တိုးတက် ဖြစ်ထွန်းလာသလဲဆိုတာ ဒေသခံတွေ ကိုယ်တိုင် ထုတ်ဖော် ပြောဆိုချက်တွေကို နားစွင့်သင့်ပါတယ်။

သိမ်းယူထားတဲ့ မြေယာတွေအတွက် လျော်ကြေး ထိုက်တန်စွာမပေးလို့ အငြင်းပွားမှုများရှိခြင်း။

လယ်ယာမြေ၊ ဥယျာဉ်ခြံမြေများ သိမ်းယူခံလိုက်ရလို့ အသက်မွေးမှု လမ်းကြောင်း ပြောင်းသွားခြင်း၊ အလုပ်လက်မဲ့ ဖြစ်သွားခြင်း။

စီမံကိန်း အကြောင်းပြုပြီး သမားရိုးကျ ငါးဖမ်းသူများ လွတ်လပ်စွာ ငါးဖမ်းခွင့်မရတော့ခြင်း။

ရေနံတင် သင်္ဘောကြီးများ ဆိုက်ကပ်မှာ ဖြစ်ပေမယ့် ရေနံယိုစိမ့်မှု သို့မဟုတ် မတော်တဆမှု တစ်ခုခုဖြစ်ခဲ့လျှင် အကာအကွယ်ပေးဖို့ လုံလောက်တဲ့ အစီအမံနှင့် ဥပဒေ အကာအကွယ်များ မရှိခြင်း။

စီမံကိန်းအတွက် လိုအပ်သော အောက်ခြေမှ ပညာရှင်အထိ ၀န်ထမ်းများကို တရုတ်နိုင်ငံကသာ ခေါ်ယူခဲ့သဖြင့် ဒေသခံများမှာ ကြိုတင် ပြောဆိုထားတဲ့အတိုင်း အလုပ်အကိုင်များ မရရှိခြင်း။

တရုတ်လူမျိုးများ မလုပ်လိုသည့် အလုပ်ကြမ်း အချို့ကိုသာ ဒေသခံများက နေ့စားအဖြစ် လုပ်ကိုင်ခွင့် ရရှိခြင်း၊ ဒေသခံများ အလုပ်လုပ်ပိုင်ခွင့် နည်းပါးခြင်း၊ လုပ်အားခ ဈေးနှိမ်ခံရခြင်း။

စီမံကိန်း မစခင်ကတည်းက ဒေသခံများကို ကျွမ်းကျင် ၀န်ထမ်းများ ဖြစ်လာစေရန် ကြိုတင်လေ့ကျင့် ပြင်ဆင်ပေးထားမှု မရှိခြင်း။

ဒေသဖွံ့ဖြိုးရေးအတွက် လမ်းဖောက်လုပ်ပေးခြင်း၊ သောက်သုံးရေ လုံလောက်စေခြင်း တို့ကို ဆောင်ရွက် ပေးမည်ဟု ပြောထားပေမယ့် တကယ်တမ်းမှာ စီမံကိန်းကားများ ဖြတ်သန်း သွားလာ၍ လမ်းများပျက်စီး သွားခြင်း၊ သဘာဝ ရေအရင်းအမြစ်များ ပျက်စီးသွားပြီး အညစ်အကြေးများ ပါဝင်သော ရေများကိုသာ ဖြန့်ဖြူးပေးခြင်း။

အလားတူပဲ လက်ပံတောင်းစီမံကိန်း ဆန္ဒထုတ်ဖော်ပွဲတွေက ဒေသခံတွေ ဘေးထွက် ဆိုးကျိုးတွေကို ခံစား နေရခြင်းရဲ့ သက်သေသာဓကပဲ ဖြစ်ပါတယ်။

ဒါကြောင့် နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုကိုပဲ “မျှော်”နေရတဲ့ အနေအထားမှာ အကောင်းဆုံး လုပ်ဆောင် သင့်တာက ဘယ်လို အမျိုးအစားတွေ ၀င်ရောက်လာသလဲဆိုတာ စိစစ်ပြီးတိုင်းပြည်အတွက် အမှန်တကယ် အကျိုးအမြတ် အများဆုံး ဖြစ်ထွန်းစေမယ့် FDI ကိုသာ လက်ခံရုံပဲ ရှိပါတော့တယ်။ FDI ဖြစ်ရင်ပြီးရောဆိုတဲ့ သဘောမျိုး မထားဘဲ သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှု များပြားပြီး ပြည်သူလူထုအတွက် ဘေးထွက် ဆိုးကျိုး များတယ်ဆိုရင် ချင့်ချိန်တန်ချင့်ချိန်၊ ငြင်းပယ်တန် ငြင်းပယ်သင့်ပါတယ်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ၀င်ရောက်လာဖို့ဆိုတာ နိုင်ငံရေးတည်ငြိမ်မှု (political stability) ရှိဖို့လိုတယ်။ နိုင်ငံရေး တည်ငြိမ်ဖို့ဆိုတာကလည်း အစိုးရတစ်ရပ်ရဲ့ ဂုဏ်သိက္ခာနဲ့ ဆက်စပ်နေပြီး ပြည်သူတွေက အာဏာရ ပါတီနဲ့အစိုးရရဲ့ လုပ်ဆောင်ချက်တွေ၊ ကိုင်တွယ်ဖြေရှင်းမှုအပေါ် ကျေနပ်မှု ရှိ မရှိ၊ ဆန္ဒပြ ရုန့်ရင်း ဆန်ခတ်မှုတွေ ဘယ်လောက် အတိုင်းအတာအထိ ဖြစ်ပွားသလဲ ဆိုတာတွေနဲ့ တိုင်းတာလေ့ရှိတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ လက်ပံတောင်းတောင်ကိစ္စ၊ မြေယာသိမ်းမှု၊ အလုပ်သမားနဲ့ ကျောင်းသား ဆန္ဒပြမှုတွေကို အစိုးရကိုင်တွယ် ဖြေရှင်းပုံတွေက သမားရိုးကျ လမ်းဟောင်းထဲက ခွဲထွက်နိုင်ခြင်းမရှိ သေးဘဲ အကြမ်းဖက် ဖြိုခွင်းတဲ့ နည်းလမ်းမှာပဲ အဆုံးသတ်နေတယ်။

မကြာသေးမီက ဘီဘီစီနဲ့ အင်တာဗျူးမှာ သမ္မတ ဦးသိန်းစိန်က လက်ပံတန်း အကြမ်းဖက် ဖြိုခွဲမှု၊ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကိစ္စတွေနဲ့ ပတ်သက်ပြီး ပြောဆိုခဲ့ရာမှာ အမှန်တရားကို မျက်ကွယ်ပြုပြီး တစ်ဖက်စောင်းနင်း ပြောဆို သွားတယ်လို့ ဝေဖန်ခဲ့ကြတယ်။ ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေမှာလည်း သမ္မတဦးသိန်းစိန် အခုလို ပြောဆိုခဲ့ခြင်းအပေါ် ထောက်ခံတာကို တစ်ခုတလေမှ မတွေ့မြင်ရသေးပါဘူး။

ပြောမယ်ဆိုရင် လတ်တလော အလုပ်သမားနဲ့ ကျောင်းသားတွေ အကြမ်းဖက် ဖြိုခွင်းခံရမှု၊ နယ်စပ်ပြဿနာနဲ့ တိုက်ပွဲများ ဖြစ်ပွားနေခြင်းတွေက တိုင်းပြည် “ပုံရိပ်”ကို ထိခိုက် ကျဆင်းစေခဲ့တယ်။

ဒီလိုအခြေအနေမျိုးမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေဘက်က ဘယ်လိုစဉ်းစားမလဲ၊ စွန့်စားမှုကို ရှေ့တန်းတင်ပြီး ကြိုတင်နေရာဦးဖို့အတွက် မြန်မာပြည်ထဲမှာ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်မလားဆိုတာ သုံးသပ်စရာတွေ ဖြစ်လာ ပါတယ်။

ခြုံကြည့်ရင် မြန်မာနိုင်ငံထဲကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ မျှော်မှန်းထားသလောက် စီးဝင်လာခြင်း မရှိဘူး ဆိုတဲ့အချက်က ပကတိ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခင်းအကျင်းတွေအပေါ် ရောင်ပြန်ဟပ်နေတယ်။ အလားတူ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်မှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၆ ဘီလီယံ ၀င်ရောက် လာဖို့ဆိုတာ ၂၀၁၅ ရွေးကောက်ပွဲ ရလဒ်ပေါ်မှာ အနည်းနဲ့အများ မူတည်နေသေးတယ် မဟုတ်ပါလား။

မောင်သုတ

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

ပုံညွှန်းစာ - ဦးသက်ဝေ ပုသိမ်အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာပြီးနောက် မိသားစုဝင်များနှင့်အတူ တွေ့ရစဉ်
၁၉၇၄ ခုနှစ် ဦးသန့်အရေးအခင်းမှစ၍ နိုင်ငံရေးလှုပ်ရှားမှုများတွင် ပါဝင်ခဲ့ပြီး ၁၉၉၆ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ စမ်းချောင်းမြို့နယ် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ကာ တပ်မတော်အစိုးရ အုပ်ချုပ်သည့် ကာလများက လွှတ်တော်ခေါ်ယူရေးကို တောင်းဆို သည့်အတွက် အကြိမ်ကြိမ် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရပြီး ၂၀၁၀ ခုနှစ်တွင် သမ္မတ ဦးသိန်းစိန်အစိုးရကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO)၏ ဖွဲ့စည်းပုံ ပုဒ်မများဖြင့် တရားစွဲဆိုရန် ဂျီနီဗာသို့ စာပို့ခဲ့သဖြင့် ဖမ်းဆီးခံခဲ့ရသူ ဦးသက်ဝေအား ၂၀၁၃ ပြည့်နှစ်က ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့နယ်၌ အင်းလုပ်ကိုင်သူနှင့် လယ်သမားများ ပဋိပက္ခ ဖြစ်ပွားမှုတွင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO)နှင့် ချိတ်ဆက် ကူညီခဲ့ရာတွင် အစိုးရကလူစုလူဝေးဖြင့် လှုံ့ဆော်သည်ဟူသော ပုဒ်မများဖြင့် တရားစွဲဆိုပြီး ပုသိမ်ထောင်တွင် ထောင်ဒဏ်(၆)လ ချမှတ်ခံခဲ့ရသည်။
ပုသိမ်ထောင်တွင် အကျဉ်းကျခံနေရစဉ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ၊ အကျဉ်းသား အခွင့်အရေး ချိုးဖောက် ခံရမှုများ၊ ထောင်တွင်း အဂတိလိုက်စားမှုများ၊ ကျန်းမာရေး စောင့်ရှောက်မှု ညံ့ဖျင်းခြင်းများကို ကြုံတွေ့ခဲ့ရရာ ယင်းအခြေအနေများကို မြန်မာ သံတော်ဆင့် က တွေ့ဆုံမေးမြန်း၍ ဖော်ပြ လိုက်ပါသည်။
ဝိုင်းမော်
မေး- အရင်ဆုံး ဦးဘယ်လို နိုင်ငံရေး လှုပ်ရှားမှုမျိုးကြောင့် အစိုးရက ဖမ်းခဲ့တာလဲခင်ဗျ။
ဖြေ- ကျွန်တော်က အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့နဲ့ ဆက်သွယ်ကူညီ ဆောင်ရွက်နေတဲ့ ကွန်ရက်က အောက်ဗမာပြည် တာဝန်ခံ။ ကျွန်တော်တို့က အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO)နဲ့ ပူးပေါင်း ပြီးတော့ အလုပ်သမားအခွင့်အရေး၊ လယ်သမားအခွင့်အရေး၊ ကလေးစစ်သားအခွင့်အရေး၊ နောက်လူကုန်ကူးမှု ကိစ္စတွေ၊ နောက်ရွှေ့ပြောင်း အလုပ်သမားတွေ၊ လယ်ယာမြေ အသိမ်းခံရပြီး နောက်ပိုင်းမှာ အဓမ္မအလုပ်ခိုင်းစေခြင်းခံရတဲ့ ကိစ္စတွေကို ဥပဒေနဲ့အညီ ကိုယ်စားဆောင်ရွက်ပေးနေတဲ့ ကွန်ရက်လေးပါ။ အထက်ဗမာပြည်မှာလည်း ရှိပါတယ်။ ကျွန်တော်တို့က ကျောင်းကုန်းမြို့နယ်မှာ ၂၀၁၃ ခုနှစ်က လယ်သမားနဲ့ အင်းသမားဖြစ်တဲ့ ပြဿနာမှာ လယ်သမားနဲ့ ရှာစားဖွေစား ရေလုပ်သားတွေနဲ့ အင်းသမားနဲ့ဖြစ်တာ။ အဲဒီ အင်းက ဧရာရွှေဝါကုမ္ပဏီပိုင်တဲ့၊ သူရဦးရွှေမန်းသားတွေ ပိုင်တဲ့အင်းပေါ့။ အဲဒီအင်းကို ဧရာရွှေဝါကုမ္ပဏီကနေပြီးတော့ ဧရာဝတီတိုင်း ရေချိုငါးလုပ်ငန်း ဥပဒေကို ဖောက်ဖျက်ပြီးတော့ တစ်ဆင့် ပြန်လည်ရောင်းချထားတဲ့ ပုဂ္ဂိုလ်က ကျွန်တော်တို့ကို တရားစွဲတာ။ ကျွန်တော်တို့ကို ၄၄၇နဲ့ တရားမ၀င် လူစုလူဝေးနဲ့ လှုံ့ဆော်တယ် ဆိုပြီးတော့ ပုဒ်မ ၁၄၃ နဲ့ တရားစွဲဆိုတယ်။ ကျောင်းကုန်း မြို့နယ် တရားရုံးကနေပြီးတော့ ကျွန်တော်တို့ကို ထောင်(၆)လ ချလိုက်တယ်။
မေး – တခြားဘယ်သူတွေ ပါသေးလဲခင်ဗျ။
ဖြေ – အလွတ်တမ်း သတင်းထောက်တစ်ယောက် အပါအ၀င် လယ်သမား (၄၀) ပါတယ်။ ကျွန်တော်နဲ့အတူ ပူးပေါင်း လှုပ်ရှားနေတဲ့ ကျွန်တော်တို့ ကွန်ရက်က ILO နဲ့ ဆက်သွယ်ကူညီ ဆောင်ရွက်နေတဲ့ ပန်းတနော် မြို့နယ်က လူငယ် ကိုရွှေကိုဦးတို့ တရားစွဲဆိုခံရပြီး၂၀၁၄ ခုနှစ်၊ ၂၀ရက်၊ ၁၁ လပိုင်းမှာ ကျွန်တော်နဲ့ ကိုရွှေကိုဦးကို ပြစ်ဒဏ် (၆)လချလိုက်ပြီးတော့ ကျန်တဲ့လူတွေကို ဒဏ်ငွေ ၁၅၀၀၀ တပ်ပြီး ပြစ်ဒဏ် ပေးလိုက်တယ်။
မေး – ပုသိမ်ထောင်မှာ လူ့ အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်ဆိုတော့ ဘယ်လိုပုံစံမျိုးတွေရှိလဲ။
ဖြေ – အကျဉ်းသားတွေ ထောင်ထဲကို ရောက်လာပြီဆိုရင် ပထမဦးဆုံးပုံစံခန်းကို ဖြတ်ရပါတယ်။ အကျဉ်းသားတွေဟာ ကျန်းမာရေး၊ စားရေးသောက်ရေးကအစ တာဝန်ယူရမှာ။ ဒါက အကျဉ်းထောင် လက်စွဲမှာ ပြဋ္ဌာန်းထားပြီးသား။ ဒီလို ပြဋ္ဌာန်းထားတဲ့ဟာကို၊ အကျဉ်းသား အခွင့်အရေးတွေ ဆုံးရှုံးတဲ့ဟာကို စားရေးသောက်ရေးဆိုရင် အသားစားဆိုရင် ၂ ရက်ပေးတယ်။ ကျွန်တော်တို့ အရင်တုန်းက (၄) အောင်စ၊ အခု ၄ အောင်စက (၇)ကျပ်သားလောက် ရှိတယ်။ အခုမရဘူး။ ကျွန်တော်တို့အိပ်ရာချတဲ့ နေရာမှာ ၄ ပေ၊ ၉ ပေထိ ပေးတယ်။ အခုက ၁ ပေခွဲနီးပါးလောက်ပဲ အိပ်ရာချပေးတယ်။ ထောင်ထဲမှာ ၄၅ ယောက် ထားရမယ့် အဆောင်အခန်းဟာ အခု လူ ၈၀ ကျော် ထည့်ထားတော့ ကျပ်တည်းစွာ အိပ်ရတယ်။ အဲဒီမှာ တီဘီရောဂါရှိတဲ့ လူတွေလည်းပါတော့ ကူးစက်ရောဂါရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့လည်း တွဲထားတဲ့အခါ ကျန်းမာရေး ထိခိုက်တာ တွေရှိတယ်။ နောက်လေ၀င်၊ လေထွက်မကောင်းဘူး။ မိလ္လာနံ့တွေ နံတယ်။ ခြင်တွေကိုက်တယ်။ ဒါတွေကို ကျန်းမာရေး စောင့်ရှောက်မှုအနေနဲ့ တာဝန်ဝတ္တရား ပျက်ကွက်တာ၊ အကျဉ်းသားတွေရဲ့ ကျန်းမာရေး စောင့်ရှောက်မှုကို ချိုးဖောက်တာလို့ ပြောလို့ရတယ်။ အကျဉ်းထောင်ဝန်ထမ်းတွေက အဓိက အရာရှိတွေ ပေါ့ဗျာ။ အကျဉ်းထောင် အရာရှိတွေက အကျဉ်းသား အခွင့်အရေး ချိုးဖောက်တာ တွေ့ရတယ်။ နောက်ရဲဘက် ထုတ်မယ်ဆိုရင် အကျဉ်းသား တစ်ယောက်ကို ကျန်းမာရေး အရင်စစ်ရတယ်။ ကျန်းမာရေး စစ်တဲ့နေရာမှာ ဆရာဝန်က ကျန်းမာရေးမကောင်းလို့ အလုပ်ခိုင်းစေလို့ မရဘူးလို့ သတ်မှတ်ပေးလိုက်ပေမယ့် ကျန်တဲ့ ထောင်ကြီးကြပ်ရေးမှူးတွေနဲ့ ထောင်ပိုင်တွေက အလုပ်စခန်းကို ထုတ်တဲ့အတွက် ကျန်းမာရေး ပိုမိုဆိုးရွား လာကြတယ်။ နောက် ကျန်းမာရေး ဆိုးရွားလာလို့ အပြင်ဆေးခန်းမှာ ဆေးကုသဖို့ ထောင်ဆရာဝန်က မှတ်ချက်ပေးပေမယ့်လည်း ထောင်ပြင်ပ ဆေးရုံကိုနှောင့်နှေး ကြန့်ကြာတယ်။ အကြောင်းပြချက်ကတော့ လုံခြုံရေးမရလို့ ဆိုပြီးတော့။ အရေးပေါ် အခြေအနေတွေမှာ ဆေးကုသခွင့်မရလို့ အပြင်ဆေးရုံ ရောက်ချိန်မှာ သေဆုံးမှုတွေ ဖြစ်ပေါ်နေတယ်။ မနေ့တစ်နေ့ကမှ ဆေးကုသခွင့်မရလို့ ထောင်ထဲမှာ တစ်ယောက် သေဆုံးတယ်။ ထောင်ပြင်ပရောက်တော့ နောက်ကျပြီးတစ်ယောက် သေဆုံးတယ်။ တစ်ယောက်က ကိုဇော်မျိုးထက်၊ သူ့ရဲ့ထောင်ဝင်နံပါတ်က ပသ/၁၄/၀၀၉၀၂/က။ သူက ပုသိမ်အကျဉ်းထောင် ဆေးရုံမှာ သေဆုံးသွားတယ်။ ၆ ရက်နေ့ ၄ လပိုင်းက ၉ နာရီ ၄၅ မှာ သေဆုံးတာ။ ကျော်မျိုးလတ်က ပသ/၁၄/ ၀၀၉၅၀/က ရွှေတွင်းတူး ရဲဘက်ကနေ ပြန်လာတာ။ ရဲဘက်စခန်းကို ကျန်းမာရေးမကောင်းဘဲ အလုပ် ထုတ်တယ်။ ၄ ရက် ၄ လမှာ ဆေးရုံတင်တယ်။ ဆေးရုံတင်တာ နောက်ကျတဲ့အတွက် ၅ ရက်မှာ သေဆုံး သွားတယ်။
တရားရုံး အမိန့်ချလိုက်တဲ့ သူတွေက ဘယ်သူမဆို ပုံစံခန်းကိုဖြတ်ရတယ်။ ပုံစံခန်းမှာ ဘာတွေသင်လဲဆိုတော့ အကျဉ်းထောင်ဝန်ထမ်းတွေ အရာရှိတွေနဲ့ တွေ့တဲ့အခါမှာ ရိုကျိုးတုပ်ကွစွာနဲ့ နေထိုင်ပြုမူ ပြောဆိုနိုင်ဖို့ အကျဉ်းထောင်က စခန်းလူကြီးတွေက သင်ကြားပြသတယ်။ ပုံစံမလှဘူးဆို ရိုက်နှက်ညှဉ်းပန်း နှိပ်စက်တာ ရှိပါတယ်။ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်တာကို မခံချင်ရင် ပိုက်ဆံပေးရတယ်။ တစ်ယောက်ကို အနည်းဆုံး တစ်သောင်းခွဲ ပေးရတယ်။ နောက်တစ်ခုက အလုပ်ခိုင်းစေမှု မခံချင်ဘူးဆိုရင် ပိုက်ဆံ ပေးရတယ်။ အဲဒီနှစ်ခုအတွက် ပိုက်ဆံပေးရတယ်။
မေး – ထောင်ထဲက ကိစ္စတွေ အားလုံးက ပိုက်ဆံပေးရင်ရနေတာလား။
ဖြေ – ပိုက်ဆံရှိပြီး ရာဇ၀တ်မှုနဲ့ ရောက်လာတဲ့သူတွေက ငွေကြေးပေးလို့ရှိရင် အလုပ်မလုပ်ရဘူး။ ငွေကြေး ပေးနိုင်တဲ့သူကို အကျဉ်းထောင်က ခွဲခြားဆက်ဆံတယ်။ ငွေကြေးပေးနိုင်တဲ့ အကျဉ်းသားနဲ့ မပေးနိုင်တဲ့ အကျဉ်းသားကို ခွဲခြားဆက်ဆံတယ်။
မေး – ငွေကြေးပေးတဲ့အခါ ထောင်အာဏာပိုင်တွေကို ဘယ်လောက်အထိပေးရလဲ။ တကယ်ကော အာမခံချက်ရလား။
ဖြေ – လယ်သမားအဖွဲ့ တစ်ဖွဲ့ဆိုရင် ၁၀ ယောက်ဆိုတော့ မိန်းဂျေး တာဝန်ခံကို ပေးရတာ။ ဦးဝင်းမြင့်ပေါ့။ အဲဒီတုန်းက တစ်ယောက်ကို ၂ သောင်းနဲ့ ၅ သိန်းပေးခဲ့ရတယ်။ အလုပ်မလုပ်ရရေးပေါ့။ ဒါပေမဲ့ ငွေ ပေးပြီးတော့ မကြာပါဘူး တစ်ပတ်မှာပဲ အလုပ်ခိုင်းစေခြင်း ခံရပါတယ်။ အဲဒီလိုပဲ ငွေကြေးသာ ယူထားလိုက် တယ်။ တစ်ပတ်၊ နှစ်ပတ်အတွင်းမှာပဲ တခြားအကြောင်းပြပြီးတော့ အလုပ်ခိုင်းစေတာပဲ။
မေး – အလုပ်ခိုင်းတော့ သူတို့က ဘယ်လိုအလုပ်တွေခိုင်းလဲ။
ဖြေ – ဒီနေ့ မြန်မာနိုင်ငံမှာ ၂၀၀၇ ခုနှစ်ကနေ စပြီးတော့ မြန်မာနိုင်ငံအစိုးရနဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ်တို့ကြားမှာ အဓမ္မအလုပ်ခိုင်းစေခြင်း မပြုရဘူးဆိုတဲ့ နားလည်မှု စာချွန်လွှာကို ရေးထိုးထားတယ်။ ILO ကွန်ဗန်းရှင်း ၂၉ ကို အကြောင်းပြုပြီးတော့ နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုး ထားတယ်။ နားလည်မှု စာချွန်လွှာက ဘာလဲဆိုတော့ အဓမ္မအလုပ်ခိုင်းစေခြင်း မပြုရဘူးဆိုတဲ့ ကတိက၀တ် စာချုပ်ပေါ့။ ဒီမှာ အချုပ်သား ဆိုတာက တရားရင်ဆိုင်တဲ့ ပုဂ္ဂိုလ်တွေဖြစ်တယ်။ အဲဒီ ပုဂ္ဂိုလ်တွေကို အလုပ်ခိုင်းစေတာ အဓမ္မခိုင်းစေမှု မြောက်တယ်ဆိုတာ ILO ကွန်ဗန်းရှင်း ၂၉ မှာ အတိအလင်း ပြဋ္ဌာန်းထားတယ်။ ဒါကိုလည်း လက်ရှိသမ္မတကြီး ဦးသိန်းစိန်နဲ့ ကာကွယ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့က ကတိက၀တ် ပြုထားတယ်။ ဒီနေ့အထိ အကျဉ်းထောင်ထဲမှာ အချုပ်သားတွေကို ခိုင်းစေမှု ပြုလုပ်နေတယ်။ ခိုင်းစေမှု ပြုလုပ်တဲ့ သူတွေက ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၄၇ကို ကျူးလွန်ရာ ရောက်တယ်။ အဲဒီကျူးလွန်တဲ့ သူတွေက အရေးယူခြင်း မခံရဘူး။ အဲဒါအစိုးရမှာ တာဝန်ရှိတယ်။ ပြည်ထဲရေး ၀န်ကြီးဌာနမှာ တာဝန်ရှိတယ်။
မေး – နောက်ဆုံးအနေနဲ့ဘာများ ပြောချင်လဲ။
ဖြေ – အစိုးရက နိုင်ငံရေး အကျဉ်းသား မရှိပါဘူးလို့ နိုင်ငံတကာကို ပြောဆိုတာတွေ ရှိတယ်။ နိုင်ငံရေး အကျဉ်းသား မရှိပါဘူးလို့ ငြင်းဆန်လို့ ရနိုင်သရွေ့တော့ သူငြင်းဆန်နေမှာပဲ။ ဒါပေမဲ့လည်း ဒီကနေ့ လယ်သမားတွေ၊ လက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေထဲက ထောင်ကျနေတာလေ။ ကျောင်းသားတွေ အကြမ်းဖက်ဖြိုခွဲ ဖမ်းဆီးခံရတယ်။ ဒီလိုဖမ်းဆီးနေမှုတွေက အစိုးရတစ်ရပ်ရဲ့ ဦးသိန်းစိန် စတက်ကတည်းက ပြောတဲ့စကားတွေနဲ့ တခြားစီ ဖြစ်နေတယ်ဆိုတာ ကမ္ဘာကို သူ့ရဲ့ သရုပ်တကယ်အမှန်ကို ဖော်ထုတ်ပြသ လိုက်တာပဲ။
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

 လောက်ကိုင်ဒေသ စစ်ပွဲတွေကြောင့် နေရပ်ပြန်လာသည့် သူများကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့က မန္တလေးမြို့ မှာ တွေ့ရစဉ်။  Photo: Nay Thwae/RFA
မြန်မာအမျိုးသား ဒီမိုကရေစီမဟာမိတ် တပ်မတော် MNDAA နဲ့ အစိုးရတပ်မတော်တို့ရဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည်တချို့ ကို အစိုးရကဖွဲ့စည်းထားတဲ့ ကယ်ဆယ်ရေးနဲ့ ပြန်လည် ထူထောင်ရေးဖောင်ဒေးရှင်းက မနက်ဖြန်ကစ ပြီး လောက်ကိုင်မြို့ထဲကို ပြန်လည်ခေါ်ဆောင် မှာ ဖြစ်ပါတယ်။

လောက်ကိုင်မြို့က အမှတ် ၁ အထက်တန်းကျောင်းမှာ ဒုက္ခသည်စခန်းဖွင့်ပြီး နေရာချထားမှာဖြစ်တယ်လို့ ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေး ဖောင်ဒေးရှင်း မှာ ပါဝင်တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်နီနိုင်က ပြောပါတယ်။

ကိုးကန့်ဒေသမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းနေ့က စတင်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် လောက်ကိုင် မြို့ခံတွေနဲ့ အဲဒီမြို့ မှာ သွားရောက်အလုပ်လုပ်ကိုင် သူတွေဟာ လားရှိုး၊ မန္တလေး နဲ့ တရုတ်ပြည်ဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြတာဖြစ်ပါတယ်။

လားရှိုးမြို့ မန်စူဘုန်းကြီးကျောင်းက စစ်ဘေးဒုက္ခသည် ၁၅၀ လောက်ကို လောက်ကိုင်မြို့မှာ နေရာချထားပေးဖို့ မနက်ဖြန် ခေါ်ဆောင်မှာ ဖြစ်ပါတယ်။

ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေး ဖောင်ဒေးရှင်းမှာ နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ဥက္ကဌအဖြစ် တာဝန်ယူထားပြီး ဒုတိယ၀န်ကြီးတွေနဲ့ ရှမ်းပြည်နယ် အစိုးရအဖွဲ့က ၀န်ကြီးတွေလည်း ပါဝင်ပါတယ်။

အဲဒီဖောင်ဒေးရှင်းဟာ လောက်ကိုင်မြို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီဖို့အတွက် ငွေကျပ်သိန်းပေါင်း ၅ထောင်နီးပါး ရရှိထားတယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese

 ဧပြီလ ၁၅ ရက်နေ့က ကိုးကန့်တပ်နဲ့ အစိုးရတပ်တို့ တိုက်ပွဲဖြစ်ရာပြ မြေပုံ ။ Photo: Ministry of Information
 ကိုးကန့်ဒေသအတွင်း တရုတ်မြန်မာနယ်စပ်  နမ်ဌေးမွန်တောင်ကြောမှာ မနေ့က အစိုးရတပ်များက လက်နက်ကြီးများနဲ့ ပစ်ခတ်ပြီး တိုက်ခိုက်တယ်လို့ ကိုးကန့်ဒေသခံတွေက ပြောပါတယ်။

ဒီပစ်ခတ်မှုဟာ ကိုးကန့်ဒေသတွင်း တိုက်ပွဲတွေဖြစ်ပွား ခဲ့တဲ့ ဖေဖော်ဝါရီလဆန်းကစပြိီး အခုချိန်အထိ အပြင်း ထန်ဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

ကိုးကန့်ဒေသတွင်း စစ်ရေးအရ မဟာဗျူဟာကျ တဲ့ နေရာများကို သိမ်းပိုက်ပြီးဖြစ်တယ်လို့ ဧပြီလ ၁၆ရက်နေ့   အစိုးရက သတင်းထုတ်ပြန်ထားပေမဲ့ တိုက်ပွဲများ ဆက်လက်ပြီးဖြစ်နေတယ်လို့ မနေ့က တိုက်ပွဲဖြစ်ပွားတဲ့နေရာအနီး တရုတ်မြန်မာနယ်စပ် မှာနေထိုင်တဲ့ ကိုးကန့်ဒေသခံတစ်ဦးကပြောပါတယ်။

"စစ်တပ်ကြော်ငြာတွေကတော့ ကိုးကန့်တစ်နယ်လုံးကို သူတို့သိမ်းလိုက်ပြီပဲ၊ ဒါပေမဲ့ တွယ်တာကတော့ တွယ်နေတာပဲ၊ မနေ့ကလည်းတစ်နေ့လုံး ဒီနမ်ဌေးမွန်တောင်လေ အဲ့နေရာမှာတွယ်နေတာပဲ၊ မနေ့ကပွဲအကြီးဆုံးပဲ တစ်နေကုန်ပဲ"

မနေ့ကတိုက်ခိုက်မှုမှာ လေယဉ်တွေပျံဝဲတာမျိုးရှိပေမဲ့ လေကြောင်းက ပစ်ခတ်ဗုံးကြဲတာမျိုးမရှိဘူးလို့ MNDAA အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်းကလည်း ပြောပါတယ်။ မနေ့ကတိုက်ပွဲတွေမှာ မြေပြင်တပ်များ ထိုးစစ်ဆင်လာတာမျိုးမရှိဘဲ လက်နက်ကြီးများနဲ့သာ ပစ်ခတ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဒုံးကျည်တင်ကားတွေနဲ့ ပစ်ခတ်တာမျိုးလည်းရှိတယ်လို့ ဦးထွန်မြတ်လင်းက ပြောပါတယ်။

ဒီကနေ့ မနက်ပိုင်းက ပစ်ခတ်မှု အကြိမ်အနည်းငယ်ရှိပြီး ညနေပိုင်းမှာ ရပ်သွားတယ်လို့သိရပါတယ်။ ဖေဖော်ဝါရီ လဆန်းက စတင်ဖြစ်ပွားတဲ့ ကိုးကန့်ဒေသက တိုက်ပွဲတွေအတွင်း အစိုးရဘက်က ကျဆုံးသူ ၁၂၆ဦးရှိပြီး ဒါဏ်ရာရသူ ၃၅၉ဦးရှိတယ်လို့ အစိုးရသတင်းတစ်ရပ်မှာလည်း ဖေါ်ပြထားပါတယ်။

RFA Burmese
http://www.rfa.org/burmese

 
မလေးရှားကို ရေကြောင်းက ထွက်ပြေးကြတဲ့ ရိုဟင်ဂျာများ

မလေးရှား နိုင်ငံမှာ ပြည်ပက ခိုလှုံသူတွေ အထူးသဖြင့် မြန်မာ နိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည်တွေဟာ လုံခြုံရေး အရ ခြိမ်းခြောက်မှု ဖြစ်နေလို့ ဆက်လက် လက်ခံထားဖို့ မဖြစ်နိုင်တော့ဘူးလို့ မလေးရှား ဝန်ကြီးချုပ်ရုံး ဝန်ကြီး ဒါတု ဆရီ ရှာဟီဒန် ကပြောပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံးက ဒီလူတွေကို တာဝန်ယူပြီး တတိယ နိုင်ငံတွေကို ပို့ဆောင်တာကို အရှိန်မြှင့်ပေးပါလို့ ဝန်ကြီး ဒါတု ဆရီ ရှာဟီဒန် က ဆန်းဒေလီ သတင်းစာ ကို ပြောပါတယ်။

မလေးရှား နိုင်ငံမှာ ဒီဒုက္ခသည်တွေကို စာသင်ကြားခွင့်နဲ့ တခြား လူမှု ကူညီရေး အထောက် အပံ့တွေကို ချပေးမယ် ဆိုရင် တတိုင်းပြည်လုံး ဒီဒုက္ခသည်တွေနဲ့ ပြည့်သွား လိမ့်မယ်လို့ သူက ပြောခဲ့တာ ဖြစ်ပါတယ်။

မလေးရှား အတိုက်အခံ လွှတ်တော် အမတ် Teresa Kok Suh Sim ကတော့ မလေးရှား အစိုးရ အနေနဲ့ ဒီရိုဟင်ဂျာ ဒုက္ခသည်တွေကို လက်ခံ လာတာ အတော်ကြာခဲ့ပြီ ဖြစ်ပြီး တချို့ ဆိုမလေးရှားမှာ ဆယ်စုနှစ်တွေနဲ့ ချီနေခဲ့ကြတာ ဖြစ်တယ်လို့ ပြောပါတယ်။

အခု မြန်မာနိုင်ငံ အခြေအနေက ပိုကောင်းလာတာမို့ နောက်ထပ် ဒုက္ခသည် သစ်တွေကို လက်ခံတာ မရှိတော့ဘူးလို့လည်း သူက ပြောပါတယ်။

မြန်မာနိုင်ငံမှာ အရင် အနှစ် ၂ဝ- ၃ဝ ကထက်စာရင် အခြေအနေ ပြောင်းလဲ လာပေမဲ့ မြန်မာ ပြည်က လူတွေဟာ မလေးရှားလို အိမ်နီးချင်း နိုင်ငံတွေကို အထောက်အထား စာရွက်မပါဘဲ ရွှေ့ပြောင်းဝင်လာနေကြတာတွေ ရှိနေသေးတယ်လို့ မစ္စ Teresa Sim က ဆိုပါတယ်။

ဒီဒုက္ခသည်တွေက မလေးရှားမှာ ဘယ်လောက် လုံခြုံရေး အရ စိုးရိမ်စရာ ဖြစ်နေတာလဲ ဆိုတာနဲ့ ပတ်သက်လို့တော့ ရွှေ့ပြောင်း ဝင်လာသူတွေ ကြားမှာ အသေး အဖွဲ ခိုက်ရန် ဖြစ်ပွားတာ၊ ရာဇဝတ်မှု ကျူးလွန်တာတွေ ရှိတယ်လို့ သိရကြောင်းနဲ့ ဒါတွေက ဒုက္ခသည်တွေ လုပ်တာချည်း သက်သက်တော့ မဟုတ်ပါဘူးလို့ သူက ပြောပါတယ်။

မလေးရှား ဝန်ကြီးချုပ်ရုံး ဝန်ကြီး ပြောကြားချက်ဟာ လူ့အခွင့်အရေးကို မလေးစားရာကျတဲ့ ပြောဆိုမှု ဖြစ်တယ်လို့လည်း သူက ဝေဖန် ပြောကြား ခဲ့ပါတယ်။

မြန်မာ နိုင်ငံမှာ ရွေးကောက်ပွဲ လုပ်တဲ့အထိ အခြေအနေတွေ ကောင်းလာပြီ ဆိုရင် ဒီလူတွေကို နေရပ် ပြန်နိုင်အောင် ဖန်တီးပေးရမယ်၊ ဒါကို နိုင်ငံခြားရေး ဘက်က ညှိနှိုင်း ဆောင်ရွက်သင့်တယ်၊ ဒါမှမဟုတ်ရင် ဒီလူတွေကို မလေးရှားမှာ အမြဲတမ်း နေထိုင်ခွင့် ပေးသင့်တယ်လို့ မစ္စ Teresa Sim က ပြောပါတယ်။

ဒီနှစ် မလေးရှားက အာဆီယံမှာ အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်လို့ ဒေသတွင်း ထိပ်သီး အစည်းအဝေးတွေမှာ ဒီကိစ္စကို ပြေလည် အောင် ဖြေရှင်းသင့်တယ်လို့ မလေးရှား လွှတ်တော် အမတ် Teresa Sim က သုံးသပ် ပြော ခဲ့ပါတယ်။

BBC Burmese
http://www.bbc.co.uk/burmese


 ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ အစိုးရတပ်နဲ့ AA ရက္ခိုင့်တပ်မတော်တို့ ပြီးခဲ့တဲ့ရက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာ အနီးတဝိုက်က ကျေးရွာလေးရွာက ဒေသခံ ၄၅၀ လောက်ဟာ မလှမ်းမကမ်းရှိ စပါးဆိပ်ကျေးရွာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

စစ်ဘေးဒုက္ခသည်တွေဟာ စပါးဆိပ်ကျေးရွာက စာသင်ကျောင်းမှာ ခိုလှုံနေပြီး စားနပ်ရိက္ခာ အကူအညီတွေလိုအပ်နေတယ်လို့ ဒုက္ခသည်တွေကို ကူညီဆောင်ရွက်ပေးနေတဲ့ ကျောက်တော်မြို့ခံ ကိုဇော်ဝင်းက ပြောပါတယ်။

"ရွာလေးရွာ ခန့်မှန်းခြေအိမ်ခြေ  ၁ဝဝ ကျော်လောက်ရှိတယ်၊ လူဦးရေ ၄ဝဝ ကျော်ရှိတယ်၊ ရွာသူရွာသားတွေက သူတို့ကို စာသင်ကျောင်းထဲမှာ ထားရတယ်လို့ပြောတယ်"

တိုက်ပွဲဖြစ်ပွားရာ နေရာအနီးအနားက ကုလားကျ၊ ဒန်ချောင်း၊ ပင်လုံ၊ အောင်လံချောင်းကျေးရွာက ဒေသခံတွေဟာ စပါးဆိပ်ကျေးရွာထံ မနေ့ကရောက်ရှိလာတာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီစစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးဖို့အတွက် ကျောက်တော်မြို့ခံတွေက စစ်ဘေးဒဏ်သင့် ထောက်ပံ့ရေးကော်မတီတစ်ရပ်ကို ဒီနေ့ ဖွဲ့စည်းလိုက်ပြီး မနက်ဖြန်မှာ စပါးဆိပ်ကျေးရွာထံ သွားရောက်ကူညီကြမှာဖြစ်ပါတယ်။

အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ဟာ ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက်နေ့နဲ့ ၁၈ ရက်နေ့တို့မှာ ကျောက်တော်မြို့နယ် စပါးဆိပ်ကျေးရွာအုပ်စုအတွင်းမှာ လက်နက်ကြီးတွေနဲ့ အပြန်အလှန်ပစ်ခတ်ပြီး ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအထဲမှာ အပြင်းထန်ဆုံးနဲ့ အချိန်အကြာမြင့်ဆုံး တိုက်ပွဲတွေဖြစ်ကြောင်း ရက္ခိုင့်တပ်မတော် က သတင်းထုတ်ပြန်ခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese



ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေဖြစ်ပွားနေတဲ့ကိစ္စတွေကို ညှိနှိုင်းဖို့ကြိုးစားနေတဲ့ကြားကပဲ ကချင်ပြည်နယ်မှာ လက်နက်ကိုင်ပဋိပက္ခတွေက ဒီကနေ့အထိ ဆက်လက်ဖြစ်ပွားနေပြီး၊ ကိုးကန့်တပ်ဖွဲ့တွေနဲ့ မြန်မာစစ်တပ်တို့ကြား မှာလည်း တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။

မြန်မာအစိုးရတပ်ဖွဲ့တွေအနေနဲ့ စစ်ရေးလှုပ်ရှားမှုတွေ တိုးမြှင့်နေတဲ့အတွက် တိုက်ပွဲတွေ ကြီးထွားလာမှာကိုလည်း စိုးရိမ်နေကြတာပါ။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

ဖားကန့်မြို့နယ် ကံဆီးရွာအနီးမှာ အစိုးရတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA အကြား ဒီလ ၁၈ ရက်နဲ့ ၁၉ ရက်နေ့တွေက ပစ်ခိုက်တိုက်ခိုက်တာတွေ ဖြစ်ခဲ့တာပါ။ ဒီပစ်ခတ်တိုက်ခိုက်တာနဲ့ ပတ်သက်ပြီး အစိုးရတပ်ဘက်က သူတို့စစ်ကြောင်းကို KIA ဘက်က မိုင်းထောင် တိုက်ခိုက်တာကြောင့်လို့ ပြောဆိုထားသလို၊ KIA ဘက်ကလည်း သူတို့ထိန်းချုပ်နယ်မြေထဲကို အစိုးရစစ်ကြောင်းတွေ တိုးဝင်လာတာကြောင့်လို့ ပြောဆိုတာတွေ ရှိနေပါတယ်။ လောလောဆယ်မှာတော့ တိုက်ပွဲတွေ ထပ်မံမဖြစ်စေဖို့ အပြန်အလှန် ညှိနှိုင်းနေတယ်လို့ KIO ရဲ့ ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီး ဇော်တောင်က ပြောပါ တယ်။

“အခု ကျနော်တို့နဲ့တော့ PCG အဖွဲ့ရယ်၊ ပြီးတော့မှ ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့ သူတို့ဘက်ကပါတဲ့ မြောက်ပိုင်းတိုင်းအဖွဲ့တွေနဲ့တော့ ဒီအတိုင်းပြောဆိုပြီးတော့မှ အချင်းချင်း အပြန်အလှန် ဆက်သွယ်ပြီးတော့မှ ထိန်းတော့ထိန်းညှိနေတယ်။”

ဒီကနေ့မှာတော့ ဖားကန့်မြို့နယ် ကံဆီးရွာဘက်မှာ တိုက်ပွဲတွေ ငြိမ်သက်နေပေမဲ့ တနိုင်းမြို့နယ်ဘက်မှာ တိုက်ပွဲထပ်မံဖြစ်ပွားတယ်လို့လည်း ဗိုလ်မှူးကြီး ဇော်တောင်က ပြောပါတယ်။

“နောက်တခုက ကျနော်တို့တပ်ရင်း ၁၄ ဟိုးတနိုင်းဂွင် ဟူးကောင်းဒေသမှာပေါ့ အဲဒီနားမှာပဲ ဒီနေ့နေ့လည်ပဲ ၁၀ နာရီလောက်မှာပဲ ကျနော်တို့စခန်းလေး တခုကို သူတို့ဝင်တိုက်ပါတယ်။ ၁၀ နာရီခွဲကနေပြီးတော့မှ ပစ်လိုက်၊ နားလိုက်နဲ့ ၃ ကြိမ်လောက်တော့ ရှိပြီပေါ့။ အခုနောက်ဆုံးအခြေအနေတော့ မကြားရသေးဘူး။”

ဖားကန့်ဒေသမှာရော၊ တနိုင်းဒေသမှာပါ အစိုးရစစ်ကြောင်းတွေက KIA ထိန်းချုပ်နယ်မြေဘက်ကို တိုးဝင်လာနေတာကြောင့် တိုက်ပွဲတွေ ဆက်လက် ဖြစ်နိုင်တယ်လို့လည်း သုံးသပ်ပါတယ်။

“အခုလို နှစ်ဘက်က စာတတန်၊ ဖုန်းနဲ့တတန် ဒီလောက် ညှိနှိုင်းနေတဲ့အချိန်မှာ သူတို့အောက်ခြေတပ်တွေက ရှေ့ကို ဆက်တိုးနေတုန်းဆိုရင်တော့ ကျနော်တို့တိုက်ပွဲက ရပ်စရာမမြင်ဘူးလေနော်။ ဖြစ်နေမှာပဲ။”

ကချင်ပြည်နယ်အစိုးရအဖွဲ့နဲ့ မြောက်ပိုင်းတိုင်းစစ်ဌာချုပ်ကို ဆက်သွယ်ရာမှာတော့ ဖားကန့်ဒေသ တိုက်ပွဲဖြစ်ပွားတာနဲ့ ပတ်သက်ပြီး စုံစမ်းနေဆဲဖြစ်ကြောင်းနဲ့ တနိုင်းဒေသဘက် တိုက်ပွဲနဲ့ပတ်သက်ပြီး မသိရသေးကြောင်းသာ ပြောဆိုပါတယ်။ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG က ဦးအင်ရှန်ဆန်အောင်ကတော့ နှစ်ဘက်က ပဋိပက္ခညှိနှိုင်းရေးအဖွဲ့တွေ ဒီလ ၆ ရက်နေ့က ဆွေးနွေးတဲ့အတိုင်း တပ်လှုပ်ရှားတာတွေကို ကြိုတင် အသိပေး အကြောင်းကြား ဆောင်ရွက်ရင် တိုက်ပွဲတွေကို ရှောင်နိုင်မယ်လို့ ယူဆကြောင်း ပြောပါတယ်။

“လွန်ခဲ့တဲ့အပတ်က ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့က နှစ်ဘက်က သဘောတူ ဆုံးဖြတ်ထားသလိုပဲ ပဋိပက္ခဖြစ်နိုင်တဲ့အခြေအနေ နေရာဒေသမှာ သွားလာလှုပ်ရှားမယ်ဆိုရင် နှစ်ဘက် ကြိုတင်အသိပေးပြီးမှ၊ ကြိုတင်ကာကွယ်ကြမယ်ဆိုတဲ့အတိုင်း သွားမယ်ဆိုရင် နောက်နောင် ဒီဥစ္စာက ဘယ်တော့မှ မဖြစ်လာနိုင်ဘူး။ ဖြစ်ပြီးရင်တော့ သူဖြစ်၊ ကိုယ်ဖြစ် လုပ်ကိုလုပ်မယ်ဆိုရင်တော့ ပိုမို ကြီးကျယ်လာဖို့ပဲ ရှိပါတယ်။”

အစိုးရနဲ့ KIO ရဲ့ ပဋိပက္ခ ညှိနှိုင်းရေးအဖွဲ့တွေဟာ နောက်လအတွင်း ထပ်မံတွေ့ဆုံဖို့ သဘောတူထားပေမဲ့ အတိအကျ ရက်သတ်မှတ်ထားတာ မရှိသေးပါဘူး။ ဒီနှစ် ဇန်န၀ါရီလအတွင်းက ကချင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဖားကန့်ဒေသရောက်ရှိစဉ်မှာ KIA တပ်ဖွဲ့ဝင်တွေက ဟန့်တားစစ်ဆေးပြီး လုံခြုံရေးလိုက်ပါလာတဲ့ ရဲတပ်ဖွဲ့ဝင်တချို့ကို ဖမ်းဆီးပြီးတဲ့နောက် ကံဆီးဒေသဘက်မှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။ ဒီတိုက်ပွဲတွေအတွင်းမှာ KIA ဘက်က ရှေ့တန်းစခန်း ၃ ခုလောက် ဆုတ်ခွာခဲ့ရပြီး ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာလည်း လုံးခင်း၊ ဖားကန့် စတဲ့မြို့တွေက စစ်ရှောင်စခန်းတွေမှာ တိမ်းရှောင်နေရပါတယ်။

ကချင်ပြည်နယ်တွင်း တိုက်ပွဲတွေဖြစ်ပွားသလို ကိုးကန့်ဒေသမှာလည်း တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတယ်လို့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်ဖွဲ့ MNDAA ခေါ် ကိုးကန့်တပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်းက ပြောပါတယ်။

“ကျနော်နေ့လည်ပိုင်းက မေးကြည့်တော့ မနက်ပိုင်းကတော့ လက်နက်ကြီးနဲ့ ပစ်ပါတယ်တဲ့။ မနေ့တုန်းကတော့ တိုက်ပွဲပြင်းထန်ပါတယ်။ သူတို့က လက်နက်ကြီးအသစ်တွေကိုလည်း သုံးလာတာတွေ့ရတယ်။ ၁၂၂ မမ ပေါ့နော် အဲဒါက ရော့ကက်လောင်ချာလို့ ခေါ်ရမလား၊ ကားပေါ်တင်ထားတဲ့ဟာ၊ အဲဒါက အရေအတွက်က ၄၀၊ တပြိုင်တည်းနဲ့လည်း ပစ်လို့ရပါတယ်။ ခွဲပြီးတော့လည်း ပစ်လို့ရပါတယ်။ များသောအားဖြင့်တော့ တပြိုင်တည်း ပစ်ပါတယ်။ ပြီးတော့ တခြားလက်နက်ကြီးတွေနဲ့လည်း ပစ်ပါတယ် မနေ့တုန်းကကို။ တဘက်ကတော့ ကျနော်ရတဲ့ သတင်းအရတော့ ၂၁ ယောက်သေတယ်ပြောတယ်။ ၆၅ ကနေ ၇၀ လောက်အထိ ဒဏ်ရာရတယ်ပြောတယ်။ ကျနော်တို့ဘက်ကတော့ ၂ ယောက်ကျတယ်။ ၂ ယောက်အနည်းအကျဉ်း ဒဏ်ရာရတာရှိတယ်။”

ထိခိုက်ကျဆုံးတဲ့စာရင်းကိုတော့ သီးခြား အတည်ပြုချက်မရသေးပါဘူး။ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဟာ လာမယ့်လအတွင်းမှာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရည်မှန်းထားကြပါတယ်။ ဒီရက်ပိုင်းတွေအတွင်းမှာ ရခိုင်ပြည်နယ်တွင်းမှာလည်း တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။

VOA
http://burmese.voanews.com/content/kachin-kokang/2726657.html

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ အစိုးရတပ်နဲ့ AA ရက္ခိုင့်တပ်မတော်တို့ ပြီးခဲ့တဲ့ရက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာ အနီးတဝိုက်က ကျေးရွာလေးရွာက ဒေသခံ ၄၅၀ လောက်ဟာ မလှမ်းမကမ်းရှိ စပါးဆိပ်ကျေးရွာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

စစ်ဘေးဒုက္ခသည်တွေဟာ စပါးဆိပ်ကျေးရွာက စာသင်ကျောင်းမှာ ခိုလှုံနေပြီး စားနပ်ရိက္ခာ အကူအညီတွေလိုအပ်နေတယ်လို့ ဒုက္ခသည်တွေကို ကူညီဆောင်ရွက်ပေးနေတဲ့ ကျောက်တော်မြို့ခံ ကိုဇော်ဝင်းက ပြောပါတယ်။

"ရွာလေးရွာ ခန့်မှန်းခြေအိမ်ခြေ ၁ဝဝ ကျော်လောက်ရှိတယ်၊ လူဦးရေ ၄ဝဝ ကျော်ရှိတယ်၊ ရွာသူရွာသားတွေက သူတို့ကို စာသင်ကျောင်းထဲမှာ ထားရတယ်လို့ပြောတယ်"

တိုက်ပွဲဖြစ်ပွားရာ နေရာအနီးအနားက ကုလားကျ၊ ဒန်ချောင်း၊ ပင်လုံ၊ အောင်လံချောင်းကျေးရွာက ဒေသခံတွေဟာ စပါးဆိပ်ကျေးရွာထံ မနေ့ကရောက်ရှိလာတာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီစစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးဖို့အတွက် ကျောက်တော်မြို့ခံတွေက စစ်ဘေးဒဏ် သင့် ထောက်ပံ့ရေးကော်မတီတစ်ရပ်ကို ဒီနေ့ ဖွဲ့စည်းလိုက်ပြီး မနက်ဖြန်မှာ စပါးဆိပ်ကျေးရွာထံ သွားရောက်ကူညီကြမှာဖြစ်ပါတယ်။

အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ဟာ ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက်နေ့နဲ့ ၁၈ ရက်နေ့တို့မှာ ကျောက်တော် မြို့နယ် စပါးဆိပ်ကျေးရွာအုပ်စုအတွင်းမှာ လက်နက်ကြီးတွေနဲ့ အပြန်အလှန်ပစ်ခတ်ပြီး ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအထဲမှာ အပြင်းထန်ဆုံးနဲ့ အချိန်အကြာမြင့်ဆုံး တိုက်ပွဲတွေဖြစ်ကြောင်း ရက္ခိုင့်တပ်မတော် က သတင်းထုတ်ပြန်ခဲ့ပါတယ်။

RFA

 လုပ်သမားခေါင်းဆောင်နှစ်ဦးနဲ့ ကူညီသူသုံးဦး လွတ်မြောက်ဖို့ အတွက် ဧပြီလ ၂ဝ ရက်နေ့က ရန်ကုန်မြို့ ဆူးလေဘုရားမှာ ဆုတောင်းနေကြစဉ်။ Photo: Kyaw Htoon Naing/RFA
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာစက်မှုဇုန် ၃ မှာရှိတဲ့ စက်ရုံသုံးရုံက အလုပ်သမားတွေစုပေါင်းပြီး အခြေခံ လစာ သုံးသောင်းတိုးပေးဖို့ ဆန္ဒပြခဲ့တာကြောင့် ဖမ်းဆီးခံထားရတဲ့ အလုပ်သမား ခေါင်းဆောင် နှစ်ဦးနဲ့ ကူညီသူ သုံးဦး စုစုပေါင်း ငါးဦး အမြန်ဆုံးလွတ်မြောက် ဖို့အတွက် ရန်ကုန်မြို့ ဆူးလေဘုရားမှာ ဆုတောင်းပွဲ ကျင်းပခဲ့ပါတယ်။

အလုပ်သမားသပိတ်ဖြိုခွဲခံရပြီး ခေါင်းဆောင်တချို့ ဖမ်းဆီးခံရတဲ့ နှစ်လပြည့်အထိမ်းအမှတ်နဲ့ ဆူးလေ ဘုရားမှာ ဒီဆုတောင်းပွဲကို ကျင်းပတာဖြစ်တယ်လို့ Costec အထည်ချုပ်စက်ရုံက မကြယ်စင်က ပြော ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ရွှေပြည်သာစက်မှုဇုန် ၃ မှာရှိတဲ့ Costec ၊ Ford Glory နဲ့ အီလန်မြန်မာ စတဲ့ အထည်ချုပ်စက်ရုံတွေက အလုပ်သမားတွေဟာ သပိတ်စခန်းဖွင့်ပြီး အခြေခံလစာ တိုးမြှင့်ရရှိဖို့အတွက် ဆန္ဒပြတောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

အဲဒီအလုပ်သမားသပိတ်စခန်းကို ရဲတပ်ဖွဲ့အင်အား ၅ဝဝ လောက်က အင်အားသုံးဖြိုခွင်းခဲ့ပါတယ်။

သပိတ်စခန်းဖြိုခွဲခံရပြီးနောက် အလုပ်သမားခေါင်းဆောင် ၂ ယောက်နဲ့ အကူအညီပေးသူ ၃ ဦး စုစုပေါင်း ၅ ဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ)နဲ့ တရားစွဲဆိုပြီး အင်းစိန်အကျဉ်းထောင်မှာ ထိန်းသိမ်းခဲ့ပါတယ်။

ဒါ့အပြင် တရားမ၀င်စီတန်းလှည့်လည်ခြင်း ပုဒ်မ ၁၈၊ ရုန်းရင်းဆန်ခတ်ဖြစ်စေမှု ပုဒ်မ ၁၄၇ တို့နဲ့ တရားရင်ဆိုင်နေရတဲ့ အလုပ်သမား ၁၃ ဦး ရှိတယ်လို့လည်း သိရပါတယ်။

RFA Burmese
httlp://www.rfa.org/burmese

ဦးတင့်ဆွေ
အစိုးရ၀န်ကြီးဌာနတွေအတွက် အမြဲတမ်းအတွင်းဝန်ရာထူးသစ်တွေကို စတင်ခန့်အပ်နေရာမှာ ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်အဖြစ် မြန်မာ့အသံနဲ့ရုပ်မြင်သံကြား ညွန်ကြားရေးမှူးချုပ် ဦးတင့်ဆွေကို ခန့်အပ်လိုက်ပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုဝန်ကြီး ဦးပိုက်ထွေးက “ကျနော်တို့ဝန်ကြီးဌာနတော့ ခန့်လိုက်ပြီ၊ ဦးတင့်ဆွေကို ခန့်ပါတယ်။ အတွင်းဝန်က ၀န်ကြီးဌာန တခုလုံးနဲ့ ပတ်သက်ပြီးတော့မှ သူက လုပ်ငန်းပိုင်းဆိုင်ရာတွေကို အဆက်မပြတ် လုပ်ကိုင်နိုင်အောင် ထိန်းညှိပြီးတော့ကွပ်ကဲရတာပေါ့။ ပိုပြီးတော့ လုပ်ငန်းတွေ ထိရောက်မယ်၊ ပိုပြီးတော့ အောင်မြင်မယ်လေ။ ဆိုလိုတာက ကျနော်တို့က အစိုးရအဖွဲ့ ၅ နှစ်တကြိမ် ပြောင်းနေတယ်။ ဒီအတွင်းဝန်ကတော့ ဘယ်လိုပဲ အစိုးရပြောင်းပြောင်း ၀န်ကြီးဌာနတွေမှာ လုပ်နေတဲ့ လုပ်ငန်းစဉ်တွေကို အရှိန်အဟုန်မပျက် စဉ်ဆက်မပြတ်ထိန်းသိမ်းကွပ်ကဲပြီးတော့မှ ဒါကို ကြပ်မတ်ကွပ်ကဲဆောင်ရွက်သွားနိုင်မှာဖြစ်ပါတယ်”လို့ ဒီဗွီဘီကိုပြောပါတယ်။

သမ္မတဦးသိန်းစိန်အစိုးရလက်ထက် အမြဲတမ်းအတွင်းဝန် ပထမဆုံးဖြစ်လာသူ ဦးတင့်ဆွေ ဟာ တပ်မတော် ဗိုလ်မှူးဟောင်းတဦးဖြစ်ပြီး လက်ရှိ မြန်မာ့အသံရုပ်မြင်သံကြား ညွန်ကြားရေးမှူးချုပ် တာဝန်ထမ်းဆောင်နေသူ၊ အရင်က ပြန်/ဆက် ဒုညွန်ချုပ်တာဝန်နဲ့ စာပေစိစစ်ရေးညွန်မှူး တာဝန်တွေ ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပါတယ်။

ခုလို ဦးတင့်ဆွေကို ပြန်ကြားရေး အတွင်းဝန်ရာထူးခန့်အပ်လိုက်တာဟာ စာနယ်ဇင်းသမားတွေနဲ့ ပြန်ကြားရေးဌာန ဆက်ဆံရေး ပိုမိုချောမွေ့လာနိုင်တယ်လို့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ဒုဥက္ကဋ္ဌ ၀ါရင့်သတင်းစာဆရာကြီး ဖိုးသောကြာခေတ်မိုးက သုံးသပ်ပါတယ်။

“ဗိုလ်မှူးတင့်ဆွေကို အတွင်းဝန်ခန့်တာဟာ စာနယ်ဇင်းသမားတွေအတွက် ပြဿနာ သိပ်ရှိပုံ မရဘူး။ သူသည် စာပေစိစစ်ရေးက လာတဲ့အတွက် စာပေစိစစ်ရေးကို ပြန်လုပ်စရာ အကြောင်းမရှိဘူး။ လုပ်ပိုင်ခွင့်လည်း သူ့မှာ မရှိတော့ဘူး။ သူလုပ်ရမှာက အခြားဝန်ကြီး ဌာနများကဲ့သို့ပဲ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ အုပ်ချုပ်ရေးယန္တယားကို ချောမွေ့စွာလည်ပတ် နိုင်အောင်လုပ်ပိုင်ခွင့်ရှိတယ်။ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ စာနယ်ဇင်းသမားတွေရဲ့ ဆက်ဆံရေးအခြေအနေဟာ ပိုပြီးတော့ ချောမွေ့လာနိုင်စရာ အကြောင်းရှိတယ်။ သတင်းတွေကို ၀န်ကြီးအထိ အတည်ပြုချက်လိုက်ယူစရာမလိုဘဲနဲ့ အတွင်းဝန် အဆင့်လောက်ကို အတည်ပြုလို့ရမယ်ထင်တယ်။ ၀န်ကြီးဆီ အတည်ပြုချက်ရရယူဖို့ တင်မြင်ချက်တောင်းဖို့ စသည်ဖြင့် အတွင်းဝန်အဆင့်လောက်နဲ့ ပြီးသွားပြီဆိုရင် အကျိုးရှိမှာပေါ့။’

အစိုးရ၀န်ကြီးဌာန ၃၀ ကျော်ရှိတဲ့အထဲက ပြန်ကြားရေး၊ ကာကွယ်ရေး၊ စီးပွားကူးသန်း၊ ကျန်းမာရေး၊ စက်မှု၊ သစ်တော ပတ်ဝန်းကျင်ထိန်းသိမ်းရေးစတဲ့ ၀န်ကြီးဌာန ၁၁ ခုမှာ အမြဲတမ်း အတွင်းဝန်တွေအဖြစ် ဧပြီလ ၁၀ရက်နေ့ကမှ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးက ပထမအသုတ် စတင်ခန့်အပ်လိုက်တာပါ။

အမြဲတမ်းအတွင်းဝန် ခန့်တဲ့အခါ အရပ်သား ပညာရှင်တွေအစား စစ်တပ်ကလာတဲ့ မိုးကျရွှေကိုယ် အရာရှိဟောင်းတွေကိုပဲ ဦးစားပေးခန့်အပ်နိုင်တယ်လို့ ခန့်မှန်းနေကြတာဖြစ်ပြီး လွှတ်တော်မှာ လည်း ဒီကိစ္စနဲ့ပတ်သက်ပြီး အစိုးရအဖွဲ့ထဲမှာ ရာထူးတွေ ဖောင်းပွပြီး ထိရောက်မှုမရှိဖြစ်မှာကို စိုးရိမ်တဲ့အတွက် ရာထူးသစ်တွေ မခန့်သေးပဲ ဆိုင်းငံထားဖို့ လွှတ်တော်အမတ်တချို့က ကန့်ကွက် တင်ပြခဲ့ကြပါတယ်။

လွှတ်တော်နာယကသူရဦးရွှေမန်းကတော့ အစိုးရအဖွဲ့အနေနဲ့ လွှတ်တော်ကို တင်ပြစရာ မလိုဘဲ လုပ်ပိုင်ခွင့်ရှိလို့ အမြဲတမ်းအတွင်းဝန်တွေ ခန့်အပ်တယ်ဆိုရင် နောင်ဖြစ်ပေါ်လာမယ့် ကိစ္စအရပ်ရပ်ကို တာဝန်ယူရမယ်လို့ ဧပြီလ ၉ ရက် ပြည်ထောင်စု လွှတ်တော်မှာ ပြောပါတယ်။

မြန်မာနိုင်ငံမှာ ပါလီမန် ဒီမိုကရေစီခေတ်ကလည်း အမြဲတမ်းအတွင်းဝန်တွေခန့်အပ်ခဲ့ဖူးပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချပ်ဟောင်းဦးသန့်ဟာလည်း ပြန်ကြားရေးဝန်ကြီးဌာန အတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no

(Credit: AAP)
ကမ္ဘာ့ ​သံဖြူဈေးတွေ ​ကျဆင်းနေတာက ​မြန်မာနိုင်ငံကနေ ​တရုတ်နိုင်ငံကို ​သံဖြူတွေ ​အများအပြား ​တင်ပို့နေတာကြောင့် ​ဖြစ်တယ်လို့ ​သိရပါတယ်။

ကမ္ဘာ့သံဖြူဈေးတွေဟာ ​၅ ​နှစ်ကျော် ​ကျဆင်းနေတာ ​ဖြစ်ပါတယ်။

မြန်မာနိုင်ငံက ​တရုတ်နိုင်ငံကို ​သံဖြူတွေ ​အများအပြား ​တင်ပို့ ​နေတဲ့အတွက် ​ကမ္ဘာ့သံဖြူဈေးနှုန်း ​ကျဆင်းရတာ ​ဖြစ်တယ်လို့ ​Dow ​Jones ​စီးပွားရေး ​သတင်းမှာ ​ဖော်ပြထားပါတယ်။

သံဖြူဈေး ​၉% ​ကျဆင်းခဲ့တာ ​ဖြစ်ပြီး ​မက်ထရစ်တန်ချိန် ​တစ်တန်ဟာ ​ဒေါ်လာ ​တစ်သောင်းသုံးထောင်ကျော်ပဲ ​ရှိတော့တယ်လို့ ​ဆိုပါတယ်။ ​အမှန်မှာတော့ ​သံဖြူတစ်တန်ဟာ ​ဒေါ်လာ ​တစ်သောင်းလေးထောင်လောက် ​ရှိသင့်တယ်လို့ ​ဆိုပါတယ်။

ဒါကြောင့် ​တစ်တန်ကို ​ဒေါ်လာ ​တစ်သောင်းသုံးထောင်လောက်ပဲ ​ရှိနေတာဟာ ​၂၀၀၉ ​ခုနှစ်နောက်ပိုင်း ​ဈေးအပေါဆုံးနှုန်း ​ဖြစ်ပါတယ်။

မြန်မာအနေနဲ့ ​တစ်နှစ်ကို ​သံဖြူ ​တန်ချိန် ​နှစ်သောင်းတစ်ထောင် ​တင်ပို့ ​ရောင်းချနေတာ ​ဖြစ်ပြီး ​တရုတ်နိုင်ငံကို ​အများဆုံး ​ရောင်းချနေတာပါ။ ​သံဖြူဈေးတွေ ​ကျဆင်းနေတာကို ​ရပ်တန့်နိုင်ဖို့အတွက်

ကမ္ဘာပေါ်မှာ ​သံဖြူအများဆုံး ​ရောင်းချနေတဲ့ ​အင်ဒိုနီးရှားနိုင်ငံက ​သံဖြူရောင်းချမှုကို ​လျှော့ချဖို့ ​ကြိုးစားနေပါတယ်။

ဒါပေမဲ့လည်း ​အင်ဒိုနီးရှားက ​ကုန်သည်တွေလည်း ​သံဖြူရောင်းချမှုကို ​မလျှော့ချနိုင်သေးတဲ့အတွက် ​သံဖြူဈေးတွေ ​ဆက်လက်ကျဆင်းနေရပါတယ်။

သံဖြူတွေကို ​လျှပ်စစ် ​ပစ္စည်း ​ထုတ်လုပ်ရေးမှာ ​အများဆုံး ​အသုံးပြုနေတာဖြစ်ပြီး ​ဝယ်လိုအားတွေ ​ကောင်းနေဆဲ ​ဖြစ်တယ်လို့လည်း ​သိရပါတယ်။

မုံရွာစီမံကိန်းမှာ ​စုံစမ်းမှု ​လုပ်ဖို့ ​ဗြိတိန်အစိုးရကို ​တိုက်တွန်းကြ

မုံရွာစီမံကိန်းမှာ ​Rio ​Tinto ​သတ္တုကုမ္ပဏီက ​အခွင့်အရေးချိုးဖောက်မှုတွေ ​လုပ်မလုပ် ​ဆိုတာကို ​ဗြိတိန်အစိုးရ ​စုံစမ်းစစ်ဆေးမှု ​လုပ်သင့်တယ်လို့ ​Amnesty ​International ​အဖွဲ့က ​ပြောဆိုလိုက်ပါတယ်။

မုံရွာစီမံကိန်းထဲမှာ ​လက်ပံတောင်းတောင် ​ကြေးနီစီမံကိန်းလည်း ​ပါဝင်ပါတယ်။

ဗြိတိန်နဲ့ ​သြစတြေးလျတို့ရဲ့ ​သတ္တုကုမ္ပဏီဖြစ်တဲ့ ​Rio ​Tinto ​က ​အဲဒီစီမံကိန်းမှာ ​အဓိကအနေနဲ့ ​ရှယ်ယာ ​ပါဝင်ထားတာ ​ဖြစ်ပါတယ်။

မုံရွာ ​စီမံကိန်း ​ဖြစ်ပေါ်အောင် ​Ivanhoe ​Mines ​ဆိုတဲ့ ​ကနေဒါ ​အခြေစိုက် ​ကုမ္ပဏီက ​အဓိက ​လုပ်ဆောင်ခဲ့တာ ​ဖြစ်ပြီး ​Rio ​Tinto ​က ​အဲဒီမှာ ​အစုရှယ်ယာ ​အနေနဲ့ ​ပါဝင်ခဲ့တာပါ။

၂၀၀၇ ​ခုနှစ်ကစပြီး ​မုံရွာစီမံကိန်း ​စတင်တာကြောင့် ​မြန်မာနိုင်ငံအပေါ် ​ဥရောပ ​သမဂ္ဂကနေ ​ချမှတ်ထားတဲ့ ​ဒဏ်ခတ်ပိတ်ဆို့မှုကို ​Rio ​Tinto ​က ​ချိုးဖောက်ခဲ့သလား ​မဖောက်ခဲ့ဘူးလား ​ဆိုတာကို ​မေးခွန်းထုတ်နေကြတာ ​ဖြစ်ပါတယ်။

အဲဒီ ​စီမံကိန်းကနေ ​မြန်မာနိုင်ငံ ​စစ်တပ်ပိုင်ဆိုင်တဲ့ ​ကုမ္ပဏီကိုလည်း ​အကျိုးပြုနေတာလို့ ​ဆိုပါတယ်။

မုံရွာစီမံကိန်းကြောင့် ​ရွာသားတွေ ​အတင်းအဓမ္မ ​ပြောင်းရွေ့ခံရမှုတွေနဲ့ ​ဆန္ဒပြသူတွေအပေါ် ​အကြမ်းဖက် ​နှိမ်နင်းတဲ့ ​လူ့အခွင့်အရေး ​ချိုးဖောက်မှုတွေ ​ဖြစ်ပေါ်ခဲ့တယ်လို့ ​ဆိုပါတယ်။

မုံရွာ ​စီမံကိန်းကို ​မြန်မာ ​စစ်တပ်ပိုင်တဲ့ ​ကုမ္ပဏီနဲ့ ​တရုတ်ပိုင် ​ဝမ်ပေါင် ​ကုမ္ပဏီက ​၂၀၁၀-၂၀၁၁ ​ခုနှစ်မှာ ​ပြန်လည် ​ပိုင်ဆိုင်ကြောင်းလည်း ​သိရပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.