04/22/15



သဘောထားချင်း မတိုက်ဆိုင်ရင် နားလည်မှုယူပြီး အဆင်ပြေအောင် လုပ်နိုင်ခဲ့သလို ဒီမိုကရေစီကို ယုံကြည်တဲ့ နိုင်ငံရေးအင်အားစုတွေအားလုံး ညှိနှိုင်းပြီး အများအတွက်ကောင်းမယ့်အဖြေတစ်ခု ရှာနိုင်တဲ့ အရည်အချင်းမျိုး ပြုစုပျိုးထောင်ကြဖို့ သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်း တစ်နှစ်ပြည့်အခမ်းအနားဖြစ်တဲ့ ဧပြီ ၂၁မှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ဆရာကြီး ဦးဝင်းတင်ဟာ ဘယ်လိုလူစားမျိုးလဲ။

ဟံသာဝတီဦးဝင်းတင်ကို ခေါင်းဆောင်တစ်ယောက်အနေနဲ့မဟုတ်ဘဲ ဒီမိုကရေစီရဲဘော်တစ်ယောက်အနေနဲ့ ဂုဏ်ပြုခဲ့ပြီး နိစ္စဓူဝအလုပ်တွေကို အောက်ခြေသိမ်းလုပ်နိုင်တဲ့အရည်အချင်းရှိသူ ပုဂ္ဂိုလ်မျိုးကို ရဲဘော်လို့သတ်မှတ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ပါတီတွေ ဘယ်လိုဖြစ်သင့်ဖြစ်ထိုက်တယ်ဆိုတာ မလေ့လာဘဲ ပါတီနိုင်ငံရေးနဲ့ အမျိုးသားနိုင်ငံရေးဆိုပြီး ခွဲခြားပြောတာတွေရှိပြီး ဒီမိုကရေစီမှာ နိုင်ငံရေးပါတီတွေအရေးကြီးတယ်လို့ နိုဗယ်ငြိမ်းချမ်းရေးဆုရှင်က ထောက်ပြခဲ့ပါတယ်။

သတင်းစာဆရာလည်းဖြစ် ဒီမိုကရေစီရေးလှုပ်ရှားတက်ကြွသူ ဟံသာဝတီဦးဝင်းတင်ရဲ့ ကွယ်လွန်ခြင်းတစ်နှစ်ပြည့် အခမ်းအနားကို တော်ဝင်နှင်းဆီမှာ ကျင်းပခဲ့ပြီး နိုင်ငံရေးအကျဉ်းသားတွေ မလွတ်မြောက်သေးလို့ ကွယ်လွန်ချိန်အထိ အကျဉ်းထောင်အင်္ကျီအပြာရောင်ကို ဝတ်ခဲ့တဲ့ ဆရာကြီးကိုဂုဏ်ပြုတဲ့အနေနဲ့ အပြာရောင်လှုပ်ရှားမှုကိုလည်း လုပ်ခဲ့ကြပါတယ်။

ရှေ့ဆောင်လမ်းပြပုဂ္ဂိုလ်ဖြစ်တဲ့ ဟံသာဝတီဦးဝင်းတင်မရှိတော့ပေမယ့် သူထားခဲ့တဲ့ ခြေရာအတိုင်း ဆက်ပြီးလျှောက်လှမ်းသွားမယ်လို့ ဆိုလာသူက စာရေးဆရာ မောင်မိုးသူပါ။

သူနဲ့ရင်ဆိုင်ခဲ့ရတဲ့ ထိပ်သီးခေါင်းဆောင်တွေ၊ အဖွဲ့အစည်းတွေက ဟံသာဝတီဦးဝင်းတင်ကို မုန်းချင်မုန်းကြပေမယ့် မလေးစားဘဲ မနေနိုင်တဲ့ သတင်းစာဆရာကြီးတစ်ယောက်ပါလို့ ကိုမင်းကိုနိုင်က ဆိုပါတယ်။ ဦးဝင်းတင်ရဲ့စိတ်ဓာတ်နဲ့ သူချန်ထားခဲ့တဲ့ မျိုးဆက်တွေအားလုံး သူ့ရဲ့ရဲရင့်မှုကိုသိနေတာကြောင့် ဦးဝင်းတင်ရှိတဲ့နေရာကို ခံစားကြည့်လိုက်ရင် အကျီ င်္အပြာရောင်လေး ချိတ်ထားပါစေလို့ သူကဆန္ဒပြုခဲ့ပါတယ်။

Kamayut Media

ကျောင်းသားသမဂ္ဂသည် ပိတ်ဆို့ခံတစ်လျှောက်လုံး မုန်တိုင်းထဲကနှစ် ၈၀ ကျော် ဖြတ်သန်း လာခဲ့ပြီး ခုချိန်ထိ ကျောင်းသားထု အခွင့်အရေးအတွက် တိုက်ပွဲဝင်နေကြ သည်။ အမှန်တရားအတွက် လွတ်လပ်ခွင့်နှင့် ငြိမ်းချမ်းရေးအတွက် ဒီမိုကရေစီပြည်ထောင်စု နိုင်ငံ တစ်ခု မွေးဖွားနိုင်ဖို့ကြီးမားသည့် စိန်ခေါ်မှုများကို နောက်မဆုတ်တမ်း ရင်ဆိုင်လာခဲ့သည့် အဖွဲ့အစည်းကား ဗကသများအဖွဲ့ချုပ် အပါအ၀င် ကျောင်းသား သမဂ္ဂများပင်ဖြစ်သည် . . .

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

၁၉၅၁ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်နေ့မှာ ABSU လို့ အမည်ရသည့် ကနဦးဗကသ ညီလာခံကို ခေါ်ယူ ကျင်းပခဲ့သည်။ ယင်းညီလာခံက ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ (All Burma Students Union -ABSU) ကို ဖျက်သိမ်းလိုက်ပြီး ABFSU ဟုခေါ်သည့် All Burma Federation of Students Union (ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂအဖွဲ့ချုပ်) ကို ပြောင်းလဲ ဖွဲ့စည်းလိုက်ကြသည်။

ထိုအချိန်က ရန်ကုန်တက္ကသိုလ် အ၀န်းအ၀ိုင်းတွင် ကျောင်းသား အုပ်စု နှစ်အုပ်စု ကွဲထွက်သွားသည်။ တစ်စုက PSF ခေါ် Progressive Students Force (တိုးတက်သော ကျောင်းသားများအင်အားစု) ဖြစ်ပြီး ကျန်တစ်စုက DSO ခေါ် Democratic Students Organization (ဒီမိုကရက်တစ် ကျောင်းသားများအဖွဲ့) ဖြစ်သည်။

DSO ကျောင်းသားအဖွဲ့အား ဖဆပလ၀န်ကြီး ဦးကျော်ငြိမ်း၏ဇနီး ဒေါ်နွဲ့နွဲ့ရီတို့က လက်ခံ ထားကြသည် ဖြစ်သည့်အတွက် DSO ကို အစိုးရလက်ကိုင် ဒေါက်တိုင်အဖွဲ့အစည်း၊ ကျောင်းသားထု ညီညွတ်ရေးကို ဖြိုခွဲသူများအဖြစ် သတ်မှတ်ကြသည်။

PSF နှင့် DSO တို့သည် ကျောင်းသားအရေး တည်ဆောက်သူ၊ ညီညွတ်ရေး ဖော်ဆောင်သူဖြစ်ပြီး DSO ကတော့ ဆန့်ကျင်ဘက်ဖြစ်သည့်။ ၁၉၅၃ ခုနှစ်မှာ အောက်တိုဘာ ကျောင်းတစ်လပိတ်ရေး အရေးတော်ပုံ ပေါ်ပေါက်လာပါသည်။ သမိုင်းသုတေတီများ ၏ ကောက်ချက်အရ လွတ်လပ်ရေးရပြီး ဖဆပလအစိုးရ လက်ထက် တက္ကသိုလ်နယ်မြေတွင် စစ်တပ်၏ သေနတ်သံ ပထမဦးဆုံး ပေါ်ထွက်လာသည့် နောင် ဖြစ်ပေါ်လာမည့် ကျောင်းသား အရေးအခင်းများ၏ ရှေ့ဆောင် အရေးအခင်းဖြစ်သည်ဟု ဆိုသည်။ ရန်ကုန်နှင့် မန္တလေးရှိ တိုးတက်သည့် ကျောင်းသားခေါင်းဆောင် အများအပြား ဖမ်းဆီးထောင်ချခံရသည်။ ကျောင်းထုတ် ခံကြရသည် ယခုကျောင်းသား သပိတ်တိုက်ပွဲမှာ DSO ကျောင်းသားများ မပါဝင်ခဲ့ကြချေ။ အောက်တိုဘာ အရေးတော်ပုံအပြီး PFS ကို ဖျက်သိမ်းလိုက်ပြီး ““တပ်ဦး”” ဟုခေါ်သည့် ရန်ကုန်တက္ကသိုလ် ကျောင်းသား ညီညွတ်ရေးတပ်ဦး (Students United Front-SUF)ကို တစ်ပြည်လုံး အတိုင်းအတာဖြင့် ဖွဲ့စည်းလိုက်သည်။

စစ်အာဏာရှင်များသည် မိမိတို့ စစ်တပ်ကိုပင်လျှင် DSA,OTS ၊ အလုပ်သင်ဗိုလ် စသည်ဖြင့် ခွဲခြားသကဲ့သို့ အရေးပေး ဆက်ဆံမှုတွင်လည်း စိတ်ဝမ်းကွဲစရာ ဖြစ်သည်။ ကျောင်းသား အဖွဲ့အစည်းများကိုလည်း တကသ၊ ဗကသ ရှိကြသည့် အနက် ဗကသတွင် အသက်ကြီးနေသူများ ပါဝင်နေကြောင်း၊ ဗကပ၏ မျိုးဆက်များ ရှိနေကြောင်း စသည့် ခြစ်ထုတ်ကုတ်ကော် သွေးခွဲမှုများဖြင့် ဗကသ၏ အင်းမေ့ခ်ျကို ဖျက်ဆီးဖို့ ကြိုးစားလျက်ရှိသည်။ ““သမဂ္ဂ”” စကားလုံးကို ““ယူနီယံ”” ဖြင့် အစားထိုးဖို့ ကြိုးစားနေကြသည်။

မြန်မာတစ်နိုင်ငံလုံးရှိ ခေတ်အဆက်ဆက် ကျောင်းသားသမဂ္ဂများကို –

(၁) လူမှုဆက်ဆံရေး နယ်ပယ်၌ ကောင်းစွာ ဆောင်ရွက်နိုင်သော ဘ၀များ ဖြစ်ထွန်းလာစေရန်၊

(၂) မိမိကိုယ်ကိုမိမိ အားကိုး၍ လွတ်လပ်စွာ ဆောင်ရွက်နိုင်သော ဘ၀ကို ဖြစ်ထွန်းလာစေရန်နှင့်

(၃) တာဝန်ဝတ္တရားများကို သိတတ်သော စိတ်ဓာတ်များ ဖြစ်ပေါ်လာစေရန်၊

စသည့် ရည်ရွယ်ချက်များနှင့် နယ်ချဲ့လက်အောက် ၁၉၃၁ ခုနှစ်၊ ဇန်န၀ါရီလ ၃၁ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ (တကသ) ပေါ်ထွန်းလာသည်။ ၁၉၃၆ ခုနှစ် မေလ ၈ ရက်နေ့တွင် ဒုတိယ တက္ကသိုလ်ကျောင်းသား သပိတ်ကြီးတွင် ကနဦး ဗကသဟုခေါ်သည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ (ABSU) ပေါ်ထွက်လာခဲ့သည်။ တကသ၊ ဗကသ ကျောင်းသား သမဂ္ဂများသည် ကိုလိုနီ နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲများတွင် တပ်ဦးကနေ ပါဝင်ခဲ့သည်။ ၁၃၀၀ ပြည့်အရေးတော်ပုံကြီးမှာ ကျောင်းသားများသည် အလုပ်သမား ပြည်သူများနှင့် ပေါင်းစည်းမိကြပြီ၊ ရဲဘော် သုံးကျိပ် ဆိုသည်မှာ ကျောင်းသားသမဂ္ဂ အဆောက်အအုံ(ယူနီယံ) ထဲကနေ ဖြစ်တည်လာခဲ့ကြသည်။

ခေတ်အဆက်ဆက် ကျောင်းသားလှုပ်ရှားမှုများသည် ခေတ်စနစ်နှင့် တိုင်းပြည်အခြေအနေ၏ တောင်းဆို မှုကြောင့်သာ ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

၁၉၅၈ ခုနှစ်သည် ကျောင်းသားသမဂ္ဂနှင့် မြန်မာ့နိုင်ငံရေး သမိုင်းအတွက်အရေးကြီးသည့် နှစ်တစ်နှစ်ဖြစ်သည်။ ယင်းနှစ် သြဂုတ်လတွင် ကျောင်းသားသမဂ္ဂဦးဆောင်ပြီး အမျိုးသားပညာရေး နှီးနှောဖလှယ်ပွဲကို ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်တွင် ကျင်းပခဲ့သည်။ ကျောင်းသားထုက ကမောက်ကမ ပညာရေးစနစ်ကို ဖျက်သိမ်းရန်၊ ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲရန် အစိုးရကို တောင်းဆိုခဲ့ကြသည်။

၁၉၆၂ ခုနှစ် ဆဲဗင်းဇူလိုင် ကျောင်းသား အရေးအခင်းတွင် ကိုယ်တိုင်ပါဝင်ခဲ့သည့် ဦးလှရွှေက ““၁၉၆၂ ခုနှစ် မှာ စစ်တပ်က ဒုတိယအကြိမ် အာဏာသိမ်းခဲ့တယ်။ ကျောင်းသားသမဂ္ဂများက ပထမဦးဆုံး တပ်ဦးက ထွက်ပြီး ဆန့်ကျင်ခဲ့ကြတယ်။ ဒါကြောင့် သမိုင်းတွင်ကျန်ရစ်မယ့် ဇူလိုင် ၇ ရက် ကျောင်းသား အရေးတော်ပုံကြီး ပေါ်ပေါက် ခဲ့ရတယ် ကျောင်းသားတွေရာချီပြီး အသတ်ခံရတယ်။ ရာချီပြီး အဖမ်းခံခဲ့ရတယ်။ ရာချီပြီး ၀ရမ်းပြေးဘ၀ ရောက်ခဲ့ကြရတယ်။ ရာချီပြီး ရာသက်ပန် ကျောင်းထုတ်ခံခဲ့ကြရတယ်။ သမဂ္ဂများ တရားဝင် ရပ်တည်မှုကို ဖျက်သိမ်းခံရတယ်။ ဗကသ၊ တကသ၊ ရကသစတဲ့ ဗဟိုကျောင်းသား ခေါင်းဆောင်တွေနဲ့ မြို့နယ်ပေါင်း ၂၀၀ ကျော်က မြို့နယ် ကျောင်းသားခေါင်းဆောင် မြောက်မြားစွာ အသက်စွန့်သွားကြ၊ အချို့ထောင်ထဲမှာ ကိုကိုးကျွန်းမှာ လူဖြစ်ရှုံးသည်အထိ ညှဉ်းပန်း ခံခဲ့ကြရတယ်”” လို့ ပြောဆိုခဲ့သည်။

သမဂ္ဂများ တရားဝင်ရပ်တည်ခွင့် မရသည့် ကာလတွင် သမဂ္ဂများကိုယ်စား ““ကျောင်းသားအခွင့်အရေး ကာကွယ်မှု ကော်မတီ (SAC- Student Affairs Committee) ကို ဖွဲ့စည်း လှုပ်ရှားခဲ့ကြသည် ဆဲဗင်းဇူလိုင် အရေးတော်ပုံ နောက်ပိုင်း ကျောင်းသား လှုပ်ရှားမှုများကို SAC ကျောင်းသား အခွင့်အရေး ကာကွယ်မှု ကော်မတီကပဲ တာဝန်ယူ လုပ်ဆောင်ခဲ့သည်။ SAC က ဆဲဗင်းဇူလိုင် ၆ လပြည့်နေ့တွင် ကျောင်းသားများ ရာကျော် ကျဆုံးခဲ့သည်ကို ရည်စူးပြီး ““ရာကျော်”” ကျောက်တိုင် စိုက်ထူခဲ့ကြသည်။

ယင်းကျောက်တိုင်ကို ဗိုလ်အောင်ကျော် ကျောက်တိုင်နှင့် ဘေးချင်းယှဉ်ပြီး ရန်ကုန် စက်မှုတက္ကသိုလ် ကျောင်းသားများက ညတွင်းချင်းအပြီး စိုက်ထူခဲ့ကြသည်။ ရာကျော် ကျောက်တိုင်ဖွင့်ပွဲတွင် ဆရာကြီး သခင်ကိုယ်တော်မှိုင်းက အဆောက်အအုံကိုသာ ဖြိုလို့ရမယ် အမောင်တို့ရင်ထဲက သမဂ္ဂစိတ်ဓာတ်ကိုတော့ ဘယ်သူမှဖြိုလို့ မရပါဘူး””ဟု မိန့်ခွန်း ပြောကြားခဲ့သည်။

၁၉၆၃ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက် ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် ကျင်းပသည့် ၆ ခရိုင် ငြိမ်းချမ်းရေး ဆန္ဒပြပွဲတွင် ကျောင်းသားသမဂ္ဂခေါင်းဆောင်သည့် တက္ကသိုလ်နှင့် အထက်တန်းကျောင်းသားထု တစ်ရပ်လုံး သိန်းချီပြီး ပါဝင်ဆန္ဒပြကြသည်။ ၆ ခရိုင် ငြိမ်းချမ်းရေး ဆန္ဒပြပွဲကြီးတွင် ကျောင်းသား ၅သိန်းခန့် တက်ရောက် ခဲ့ကြသည်။

၁၉၇၀ ပြည့်နှစ်ထဲတွင် ရန်ကုန်တက္ကသိုလ်ကြီး၏ နှစ် ၅၀ ပြည့် ရွှေရတုသဘင် ရောက်ရှိလာခဲ့သည်။ ၁၉၂၀ မှာ ပထမတက္ကသိုလ် သပိတ်ကြီးနှင့် စတင်ခဲ့သည်။ လွတ်လပ်ရေးကြိုးပမ်းမှု အစဉ်အလာ ကြီးမားလှသည့် ရန်ကုန်တက္ကသိုလ်ကြီး၏ ၁၉၃၆ – ဒုတိယသပိတ်၊ ၁၉၃၈ – တတိယသပိတ်၊ ၁၉၆၂ ခုနှစ်၊ ဇူလိုင်(၇) ရက်၏ ပုံရိပ်များသည် ယင်းရွှေရတု သဘင်တွင် ပူပူနွေးနွေး ထင်ဟပ် လာခဲ့ပါတော့သည်။ ရွှေရတုသဘင်ပွဲတော်တွင် ၁၉၆၂ခုနှစ်၊ ဆဲဗင်းဇူလိုင် အရေးတော်ပုံ သမိုင်းကြောင်း စာစောင်များ ရိုက်နှိပ်ပြီး ဖြန့်ဝေလိုက်ကြသည်။ စစ်အာဏာရှင်များက ရွှေရတု သဘင်ပွဲမပြီးခင်မှာဘဲ တက္ကသိုလ်နှင့်ကောလိပ် ကျောင်းများကို ချက်ချင်း ပိတ်ပစ်လိုက်သည်။ ယင်းရွှေရတုသဘင် အရေးအခင်းတွင် ကျောင်းသားအများအပြား ဖမ်းဆီး ထောင်ချခံရ၊ ကျောင်းထုတ် ခံခဲ့ကြရသည်။

အမှန်တော့ ပြည်သူများ၏ဆန္ဒပြ လှုပ်ရှားမှုများနှင့် ကျောင်းသား လှုပ်ရှားမှုများသည် ချက်ကျော တစ်ခုတည်း ဆက်နွှယ်နေသည့် မိခင်၏ ၀မ်းကြာတိုက်အတွင်းမှ သားငယ်ဖြစ်သည်။ တစ်ယောက်ကိုထိလျှင် တစ်ယောက်က မချိအောင် နာတတ်ကြသည်။

၁၉၇၄ ခုနှစ် လူထု၏ အထွေထွေ အကျပ်အတည်းကြားတွင် ယင်းနှစ်မတ်လ၌ ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံ- (RASU) အနီး ကမာရွတ် မီးပွိုင့်မှာရှိသည့် ကမာရွတ်ရဲစခန်းကို မီးရှို့မှု ပေါ်ပေါက်ခဲ့သည်။ ကာမာရွတ် ရဲစခန်း မီးရှို့မှုဖြစ်ပြီး မကြာမတင်မှာပဲ (ဇွန်လ)တစ်နိုင်ငံလုံး အတိုင်းအတာနှင့် အုံကြွမှုများ ဆက်တိုက်ဖြစ်ပေါ် လာသည်။ ယင်းအရေးအခင်းကြီး ဖြစ်ပြီးနောက် ၁၉၇၄ ခုနှစ်၊ နိုဝင်ဘာလတွင် ဦးသန့်အရေးအခင်း ပေါ်ပေါက် လာခဲ့သည်။

စည်းကမ်းရှိရှိ ညီညီညွတ်ညွတ်နှင့် တက္ကသိုလ် ကောလိပ်ပေါင်းစုံက ကျောင်း သားများ စုရုံး ပေါင်းစည်း မိသွားကြပြီး ဆဲဗင်းဇူလိုင်နောက်ပိုင်း ကျောင်းသားထု ပထမဆုံး အင်အားပြန်လည် စုစည်းနိုင်ခဲ့သည်။

ဒီဇင်ဘာလ ၁၁ ရက် နံနက်လင်းအားကြီးမှာ ဆန္ဒပြကျောင်းသားများ အိပ်မောကျနေစဉ် စစ်တပ်က ကျောင်းထဲကို အင်အားသုံး အလုံးအရင်းနှင့် ကျောင်းဝင်းအတွင်း ၀င်ရောက်စီးနင်းကြသည်။ ကျောင်းဝင်းအနှံ့ မီးမောင်းကြီးများထိုးပြီး စစ်သားများက သံချပ်ကာကားများ၊ မျက်ရည်ယိုဗုံးများ၊ နံပါတ်တုတ်များ၊ မောင်းပြန် သေနတ်များနှင့် စစ်မြေအသွင်ဖန်တီးပြီး လက်နက်မဲ့ လူအုပ်ကြီးနှင့် ကျောင်းသားတွေကို အစိတ်စိတ် အမြွာမြွာ ဖြိုခွဲပစ်ခဲ့သည်။ တက္ကသိုလ်ကျောင်း နယ်မြေသည် ဒုတိယအကြိမ် သွေးစွန်းခဲ့ပြန်သည်။

၁၉၇၄ ခုနှစ်၊ ဇွန်လ (၆)ရက် အလုပ်သမား အရေးအခင်း တစ်နှစ်ပြည့်နှစ်မှာ ကျောင်းသားနှင့် အလုပ်သမားများ ပူးပေါင်းပြီး နှစ်ပတ်လည် အထိမ်းအမှတ် မဆလဆန့်ကျင်ရေး သပိတ်ကို အစပြုလိုက်ကြသည်။ ယင်းတိုက်ပွဲသည် မဆလ စစ်အုပ်စုကို ဗြောင်စိန်ခေါ်သည့် တိုက်ပွဲဖြစ်သည်။ တက်္ကသိုလ် ဘွဲ့နှင်း သဘင်ခန်းမက သပိတ်စခန်းကို ရွှေတိဂုံဘုရား ရင်ပြင်ပေါ်သို့ ပြောင်းရွှေ့ လိုက်ခြင်းဖြင့် ၁၉၂၀ပြည့် နှစ်ပထမ တက္ကသိုလ်သပိတ် အထိမ်းအမှတ် ကျောက်တိုင်မှာ အထွေထွေသပိတ် အင်အားစုနေရာယူ လိုက်ကြသည်။ မန္တလေးတက္ကသိုလ်၊ မကွေးနှင့် မော်လမြိုင် ကောလိပ်အသီးသီးမှာလည်း အစိုးရဆန့်ကျင် ဆန္ဒပြမှုများ ဆက်တိုက် ဖြစ်ပွားခဲ့သည်။

ဇွန်လ (၁၁)ရက် နံနက်လင်းကြီးတွင် မဆလစစ်တပ်နှင့် လုံထိန်းရဲရွှေတိဂုံဘုရား ရင်ပြင်ပေါ်တက်လာပြီး ကျောင်းသားနှင့် အလုပ်သမားများကို ရိုက်နှက် ဖမ်းဆီးကြကုန်သည်။ အသက် ၁၂၊ ၁၃ နှစ်အရွယ် အလယ်တန်း၊ အထက်တန်း ကျောင်းသားငယ်များ အပါအ၀င် ကျောင်းသား ၃၀၀ ခန့် ရွှေတိဂုံ သပိတ်စခန်းတွင် အဖမ်းခံခဲ့ရသည်။

၁၉၇၄ခုနှစ်၊ ဇွန်လ အလုပ်သမား အရေးအခင်း၊ ၁၉၇၄ခုနှစ်၊ ဒီဇင်ဘာလ ဦးသန့်အရေးအခင်းနှင့် ၁၉၇၅ ဇွန်လ ရွှေတိဂုံ အထွေထွေသပိတ်တို့ ဆက်တိုက် ဖြစ်ပွားခဲ့ပြီးသည့်နောက် ထပ်မံ ပေါ်ပေါက်လာသည့် တိုက်ပွဲ ကတော့ ၁၉၇၆ ခုနှစ် သခင်ကိုယ်တော်မှိုင်း ရာပြည့် အရေးအခင်း ဖြစ်သည်။

၁၉၇၆ ခုနှစ်သည် ငြိမ်းချမ်းရေး ဗိသုကာဆရာကြီး သခင်ကိုယ်တော်မှိုင်း နှစ်တစ်ရာပြည့်ဖြစ်သည်။ တက္ကသိုလ်များ (ရန်ကုန်)က ကျောင်းသားများ စုဝေးတိုင်ပင်ပြီး ဆရာကြီးမှိုင်း ရာပြည့်ပွဲကို ၁၉၇၆ ခုနှစ်၊ မတ်လ ၂၃ ရက်ကနေ တစ်ပတ်သတ်မှတ်ကြသည်။ ကျောင်းသားများ ဆရာကြီးမှိုင်း အုတ်ဂူဆီ စတင် ချီတက်ကြသည်။ ချီတက်ရာ လမ်းတစ်လျှောက် စစ်သားများက တိုက်ပွဲဝင် အနေအထားနှင့် အထက်ကမိန့်ကို စောင့်နေသည့် အနေအထားမျိုးနှင့် ရန်လိုနေလျက်ရှိသည်။

နောက်တစ်နေ့တွင်စစ်တပ်က အလုံးအရင်းနှင့် ဘွဲ့နှင်းသဘင်ခန်းမကို ၀င်ရောက်စီးနင်းပြီး ကျောင်းသားများအား အတင်းရိုက်နှက် ဖမ်းဆီးသည်။ တစ်ပြည်လုံးက ကျောင်းသား အများအပြား ရာသက်ပန် ကျောင်းထုတ်ခံကြရသည်။ ကျောင်းသား ၂၃၀ ကျော် ဖမ်းဆီးခံရပြီး နှစ်ရှည်ထောင်ဒဏ်များ ကျခံရသည်။

အမှန်တော့ ကျောင်းသားသမဂ္ဂသည် ပိတ်ဆို့ခံ တစ်လျှောက်လုံး မုန်တိုင်းထဲက နှစ် ၈၀ ကျော် ဖြတ်သန်း လာခဲ့ပြီး ခုချိန်ထိ ကျောင်းသားထု အခွင့်အရေးအတွက် တိုက်ပွဲဝင်နေကြသည်။ အမှန်တရားအတွက် လွတ်လပ်ခွင့်နှင့် ငြိမ်းချမ်းရေးအတွက် ဒီမိုကရေစီ ပြည်ထောင်စု နိုင်ငံတစ်ခု မွေးဖွားနိုင်ဖို့ ကြီးမားသည့် စိန်ခေါ်မှုများကို နောက်မဆုတ်တမ်း ရင်ဆိုင်လာခဲ့သည့် အဖွဲ့အစည်းကား ဗကသများအဖွဲ့ချုပ် အပါအ၀င် ကျောင်းသား သမဂ္ဂများပင်ဖြစ်သည်။

အာဇာနည်ဆိုသည်မှာ တစ်ချိန်က ကျောင်းသားပါ။

ကျောင်းသားမျိုး သေရိုးမရှိပါဘူး။

မဟာနွယ်

ကိုးကား

(၁) မြန်မာ့နိုင်ငံရေးနှင့် သမဂ္ဂအဖွဲ့အစည်းများ (ဒေါက်တာမြင့်သိန်း)

(၂) မြန်မာနိုင်ငံ ကျောင်းသားလှုပ်ရှားမှုသမိုင်းအကျဉ်း (အောင်ဝေး)

(၃) သမဂ္ဂကျောင်းသား (ကျော်ကိုကို)

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

ကျောင်းသားများနှင့် ၎င်းတို့ကို ထောက်ခံဆန္ဒပြသူများ၏ လုပ်ရပ်နှင့် ၎င်းတို့ကို အကြမ်းဖက်ဖြိုခွဲ သူများတွင် မည်သူသည် အခြေခံဥပဒေပုဒ်မ ၃၅၄ ကို ဖောက်ဖျက်သူဖြစ် …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

လက်ပတ်နီဝတ် အရပ်သားများသုံး၍ ရွှေပြည်သာ အလုပ်သမား ဆန္ဒပြမှုနှင့် ရန်ကုန်မြို့၊ မြို့တော်ခန်းမ ရှေ့တွင် အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး အတွက် ထောက်ခံဆန္ဒပြသူများကို ရိုက်နှက် ဖမ်းဆီး၍ လူစုလူဝေးကို ကိုင်ကွယ် ဖြေရှင်းခဲ့ကြသည်။ ထိုသို့ လက်ပတ်နီဝတ် အရပ်သားများကို အသုံးပြု၍ ကြမ်းတမ်းစွာ ကိုင်တွယ်ဖြေရှင်းပုံသည် ဥပဒေနှင့် ညီမညီ စဉ်းစားနိုင်ကြစေရန်နှင့် မည်သူ့တွင် တာဝန်ရှိသည်ကို ဆုံးဖြတ်နိုင်ရန် ဥပဒေပြဋ္ဌာန်းချက်ကို တင်ပြလိုပါသည်။

အကြမ်းအားဖြင့်ကြည့်လျှင် ထိုပြဿနာကို ဥပဒေနှင့်ညီကြောင်း ရှင်းပြနေသူများတွင် တာဝန်ရှိပါသည်။ ထိုသို့ ရှင်းပြနေသူမှာ ၎င်းတွင် တာဝန်ရှိ၍သာ ရှင်းပြနေခြင်း ဖြစ်ပါသည်။ သို့သော် ခံရသူများနှင့် မကျေနပ်သော ပြည်သူများသည် မည်သူက ထိုလက်ပတ်နီများကို ၀တ်စေ၍ ဆန္ဒဖော်ထုတ်သူများကို ဖြိုခွဲရန်ခိုင်းသည်ကို အတိအကျ မသိကြပါ။ ထို့အတွက် ဖော်ထုတ်ပေးမည့်သူမှာ ဥပဒေသာ ဖြစ်ပါသည်။ ပထမဦးစွာ ဆန္ဒထုတ်ဖော် ကြသူများသည် ဥပဒေပါ အခွင့်အရေးဖြစ်ပါသလား၊ မဖြစ်ဖူးလားဆိုသည့် မေးခွန်းဖြစ်ပါသည်။ ၂၀၀၈ ခုနှစ် အခြေခံဥပဒေ ပုဒ်မ ၃၅၄ တွင် ““နိုင်ငံသားတိုင်းသည်၊ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာ အေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရား အကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် အောက်ပါ အခွင့်အရေးများကို လွတ်လပ်စွာ သုံးစွဲ ဆောင်ရွက်ခွင့်ရှိသည်””ဟု ပြဋ္ဌာန်းထားပါ သည်။ အဲဒီသုံးစွဲခွင့်တွေကတော့ (က)မိမိ၏ ယုံကြည်ချက် ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့်။ (ခ) လက်နက်မပါဘဲ ငြိမ်းချမ်းစွာ စုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်နှင့် အခြားကိစ္စများ ပါဝင်ပါသည်။ (က) (ခ)မှာ ယခု ဆန္ဒဖော်ထုတ်မှုများနှင့် သက်ဆိုင်၍ ကျန်အချက်များကို မဖော်ပြတော့ပါ။ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ရန် လိုအပ်သည်ဟု ယုံကြည်ချက်၊ ထင်မြင်ယူဆချက် များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခြင်းသည်၊ ပုဒ်မခွဲ(က)အရ အညီအညွတ် မဖြစ်သလော။ ကျောင်းသားများသည် လက်နက်မပါဘဲ ငြိမ်းချမ်းစွာ စုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်နှင့် အညီအညွတ် မဖြစ်ပါ သလော။ မေးခွန်းများ မေးရန်ရှိ ပါသည်။ ကျောင်းသားများကို လက်ပတ်နီများဖြင့် အကြမ်းမဖက်ခင် လက်နက်ပါမပါ ရှာဖွေခြင်း ပြုပါသလား၊ သို့မဟုတ် မြို့တော်ခန်းမရှေ့တွင် ကျောင်းသားများကို ထောက်ခံ သူအစုအဖွဲ့ လူစုလူဝေးတွင် လက်နက်ပါ မပါ ပထမစစ်ဆေးပါသလား၊ ပိုစတာများတွင် မိမိတို့၏ဆန္ဒကို ရေးသားပြီး ကိုင်ပြထားခြင်းသည် ငြိမ်းချမ်းစွာစုဝေးခြင်း၊ လှည့်လည်ခြင်း မဟုတ်ပါသလား၊ ထိုအချက်များကို ပြည့်စုံမှုရှိမရှိ စိစစ်ခဲ့ကြပါသလား။ ထိုသို့ မဟုတ်ပါဘဲ လူစုခွဲကြ၊ ခွဲရင်ဆိုပြီး လက်နက်ကိုယ်စီ၊ ဒိုင်းကိုယ်စီ ကိုင်ထားကြသူ ရဲများက ယူဆောင်လာသော တုတ်များဖြင့် အတင်းဝင်+ရိုက်၊ လက်ပတ်နီများက မိန်းကလေးများကို လည်ပင်းညှစ်၊ ယောက်ျားကလေးများကို အတင်းဝင်၍ လက်သီးဖြင့် ထိုး၊ ပါးရိုက်၊ ကန်ကျောက် လုပ်ကြခြင်းသည် ဥပဒေနှင့် အညီအညွတ်ဖြစ်ပါသလား၊ ထိုသို့ ပြုလုပ်ခြင်းသည် လက်နက်မပါ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သူများကို မငြိမ်းချမ်းအောင် အကြမ်းဖက်ပြုလုပ်ခြင်း မဟုတ်ပါလော။ ထိုသို့ ပြုလုပ်ခြင်းသည် ဥပဒေနှင့်အညီ ဖြစ်ပါသလား၊ အခြေခံဥပဒေကို ဖောက်ဖျက်သူက မည်သူဖြစ်ပါသနည်း။ ဤသည်မှာ ကျောင်းသားများနှင့် ၎င်းတို့ကို ထောက်ခံဆန္ဒပြသူများ၏ လုပ်ရပ်နှင့် ၎င်းတို့ကို အကြမ်းဖက် ဖြိုခွဲသူများတွင် မည်သူသည် အခြေခံဥပဒေပုဒ်မ ၃၅၄ကို ဖောက်ဖျက်သူ ဖြစ်သည်ကို စဉ်းစားနိုင်ရန် ဖြစ်ပါသည်။

မြန်မာသံတော်ဆင့် အတွဲ(၄)အမှတ်(၄)၌ လက်ပတ်နီကိစ္စနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး နယ်/လုံ ၀န်ကြီး ဗိုလ်မှူးကြီးတင်ဝင်းနှင့် ဆွေးနွေးရာတွင် ဥပဒေ ၁၂၇၊ ၁၂၈ ထဲမှာ ပါပြီးသားပဲဟု သာမန်ဆွေးနွေး ပြောပြသွားပါသည်။ ထို့ပြင်““နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတချို့ လုပ်နေတယ်။ အရင်တုန်းကလို အပေါ်ကနေ (Top-Down) ပုံစံမျိုး မဟုတ်တော့ဘူး။ တကယ့်အောက်ခြေကနေ လုပ်ရမယ့် အနေအထား၊ အောက်ခြေမှာ လွတ်လွတ်လပ်လပ်၊ ငါတို့ကတော့ အုပ်ချုပ်ရေးမှူးတွေ၊ အောက်ခြေမှာရှိတဲ့ မြို့နယ်အဆင့်၊ ခရိုင်အဆင့်သူ့ အဆင့်နဲ့သူ (Decentralization) လျှော့ချတဲ့ အနေအထားကို လုပ်ခိုင်းတာ လုပ်တတ် ကိုင်တတ်အောင်”” စသည်ဖြင့် ပြောပါသည်။ ထိုနောက် ဆက်ပြောသည်မှာ ““အထက်က ညွှန်ကြားမှ လုပ်တယ်ဆိုတာ၊ ဒါမဟုတ် ဘူး ..ဥပဒေနဲ့အညီ ဆောင်ရွက်ပါဆိုပြီး တို့ညွှန်ကြားပြီးသားဖြစ်တယ်”” ဆိုတော့ အဲဒီအချိန် အဲဒီနေ့က အဲဒီနေရာမှာ ကွပ်ကဲညွှန်ကြားသော အနီးကပ်ပုဂ္ဂိုလ်ဆိုတာ ပြောသွားသလို ဖြစ်နေပါသည်။

ဤတွင် ဗိုလ်မှူးကြီးတင်ဝင်း ပြောပြသည့် ဥပဒေ ၁၂၇၊ ၁၂၈ ဆိုသည်မှာ မည်သည့်ဥပဒေဟု ပြောမသွားပါ။ သို့သော်လည်း ဥပဒေပညာ သင်ဖူးပြီး လူစုလူဝေးကိစ္စဖြစ်၍ ပြစ်မှုကျင့်ထုံး ဥပဒေတွင် ရှာဖွေကြည့်ပါသည်။ ထိုဥပဒေတွင် ၎င်းပြောသော ပုဒ်မ ၁၂၇၊၁၂၈ တို့ကို ဖတ်ကြည့်ပါသည်။ အခန်း ၉ ဥပဒေနှင့် ဆန့်ကျင်သည့် အစုအဝေးများ ခေါင်းစဉ်အောက်၌ ပုဒ်မ ၁၂၇(၁)ကိုတွေ့ရပါသည်။ ပြဋ္ဌာန်းချက်ကတော့ ““မည်သည့်ရာဇ၀တ် တရားသူကြီး၊ သို့မဟုတ် ပြည်သူ့ရဲတပ်ဖွဲ့ စခန်းမှူး သို့မဟုတ် ဒုရဲအုပ်အောက် အဆင့်မနိမ့်သော ရဲအရာရှိက မဆို တရားဥပဒေနှင့် ဆန့်ကျင်သည့် အစုအဝေး တစ်စုံတစ်ရာကို သို့မဟုတ် အများပြည်သူတို့ ငြိမ်းချမ်းခြင်း ကို နှောင့်ယှက် ဖျက်ဆီးရန်ရှိသော လူ ၅ ဦးဖြစ်စေ၊ ယင်းထက်ပို၍ဖြစ်စေ စုဝေးသည့် အစုအဝေး တစ်စုံတစ်ရာကို လူစုခွဲစေရန် အမိန့်ပေးနိုင်သည်။ ထိုကဲ့သို့ အမိန့်ပေးသည့် အခါတွင်လည်း ၎င်းအစုအဝေးတွင် ပါဝင်သူတို့သည် အမိန့်ပေးခဲ့သည့်အတိုင်း လူစုခွဲရန် တာဝန်ရှိသည်””။ ထိုအခါ ဥပဒေအရ ကြည့်လျှင် ဥပဒေ နှင့် ဆန့်ကျင်သော အစုအဝေးဖြစ်ရမည်။ ပြည်သူတို့ ငြိမ်းချမ်းခြင်းကို နှောင့်ယှက် ဖျက်ဆီးရန်ရှိသော ဆိုသည့် အတွက် လက်နက်မပါဘဲ ဆိုင်းဘုတ်ကိုင် လျှောက်လာခြင်းသည် လည်းကောင်း၊ ပြည်သူများက ထောက်ခံ သည်ကို လည်းကောင်း နှောင့်ယှက်ခြင်း၊ ငြိမ်းချမ်းခြင်းကို ဖျက်ဆီးခြင်း ဖြစ်မဖြစ် စဉ်းစားရန်သာ ရှိပါသည်။ ထို့ကြောင့် အများပြည်သူ ငြိမ်းချမ်းရေးကို နှောင့်ယှက်ဖျက်ဆီးမှသာ လူစုခွဲဖို့ အမိန့်ပေးရမည်။ ထိုသို့မဟုတ်က လူ ၁၀၀၊ ၁၀၀၀၀ ဖြစ်စေခါမူ လူစုခွဲရန် အမိန့်မပေးနိုင်ပါ။ အခြေခံဥပဒေပုဒ်မ ၃၅၄(က) (ခ)တို့က ခွင့်ပြုထား၍ ဖြစ်သည်။ သို့ဖြစ်လျှင် တာဝန်ရှိသည် ဆိုသူတို့၏ ပြုလုပ်ချက်က ပြည်သူ့ ငြိမ်းချမ်းရေးကို နှောင့်ယှက် ဖျက်ဆီး သလား၊ အေးအေးချမ်းချမ်း သူ့ဆန္ဒသူ ဖော်ထုတ်သူက ဖျက်ဆီးသလား စဉ်းစား၍ရမည် ဖြစ်ပါသည်။

ထို့ပြင် အများပြည်သူ ငြိမ်းချမ်းရေးကို နှောင့်ယှက် ဖျက်ဆီးသူဖြစ်ပါက ပြစ်မှုကျင့်ထုံး ဥပဒေပုဒ်မ ၁၂၈တွင် ““အမိန့်ပေးသော်လည်း လူစုခွဲခြင်းမပြုလျှင်၊ သို့မဟုတ် ထိုသို့ အမိန့်မပေးပါက လူစုလူဝေးကို မုချဖျက်မည့် အကြောင်း ထင်ရှားစေသည့် အမူအရာကို ပြုလုပ်လျှင် မည်သည့်ရာဇ၀တ် တရားသူကြီး၊ သို့မဟုတ် မည်သည့် ပြည်သူ့ရဲတပ်ဖွဲ့ စခန်းမှူး၊ သို့မဟုတ် ဒုရဲအုပ် အောက်အဆင့် မနိမ့်သော ရဲအရာရှိကမဆို ထိုအစုအဝေးကို လူစုကွဲအောင် အင်အားသုံး၍ ပြုလုပ်နိုင်သည်။ ထိုသို့ပြုလုပ်ရာတွင် ကြည်း၊ ရေ၊ လေ တပ်သားအရာရှိ မဟုတ်သူ၊ သို့မဟုတ် မြန်မာနိုင်ငံ နယ်ခြားတပ် အက်ဥပဒေ၊ သို့မဟုတ် မြန်မာနိုင်ငံ အရန်တပ် အက်ဥပဒေအရ လက်နက်ကိုင် မဟုတ်သူ မည်သည့် အမျိုးသားကိုမဆို အကူအညီ တောင်းနိုင် သည်။ ထိုသူများကို အင်အားပြုလုပ်၍ လူစုခွဲရမည်။ လိုအပ်လျှင် အစုအဝေးတွင် ပါဝင်သူတို့ကို လူစုခွဲရန်၊ သို့မဟုတ် တရား ဥပဒေနှင့်အညီ ပြစ်ဒဏ်စီရင်နိုင်ရန် ဖမ်းဆီးချုပ်နှောင်နိုင်သည်””။ ဤပုဒ်မတွင် ““မုချမဖျက်မည့်အကြောင်း ထင်ရှားစေသည့် အမူအရာကို ပြုလုပ်လျှင်”” ဆိုသည့်အတွက် လူစုခွဲဆိုလျှင် ခွဲရန်ဟန်ပြုပါက၊ ကတိပေးပါက ဖမ်းဆီးချုပ်နှောင်ရန် မလိုပါ။ ထို့ပြင် ပုဒ်မ ၁၃၀၊ ပုဒ်မခွဲ (၂)တွင် ပြဋ္ဌာန်းထားသည်မှာ- ““ထိုတပ်မတော် အရာရှိတို့သည် ဆိုခဲ့သည့်အမိန့်ကို သင့်သည့်ထင်မြင်သည့် နည်းအတိုင်း လိုက်နာ ဆောင်ရွက်ကြရမည်။ သို့သော်လည်း လိုက်နာ ဆောင်ရွက်ရာတွင် အစုအဝေးကို လူစုခွဲရာတွင်ဖြစ်စေ၊ ထိုသူတို့ကို ဖမ်းဆီး ချုပ်နှောင်ရာတွင်ဖြစ်စေ၊ အင်အားအနည်းငယ်သာ သုံးပြီး လူများ၊ ပစ္စည်းများကိုလည်း အနည်းငယ်မျှသာ ပျက်ဆီးစေရမည်””ဟု ပြဋ္ဌာန်းထားဩ၍ အလွန်အကျွံ အငြိုးအတေးဖြင့် လွန်လွန်ကျူးကျူး မပြုလုပ်ရပေ။ ဤပုဒ်မတွင် အမိန့်ပေးသူမှာ ပုဒ်မ ၁၃၀ ပုဒ်မခွဲ(၁)အရ ရာဇ၀တ် တရားသူကြီးသာ ဖြစ်သည်။ ဗိုလ်မှူးကြီး တင်ဝင်းနှင့် မြန်မာသံတော်ဆင့်တို့ ဆွေးနွေးချက် အရလည်းကောင်း၊ ဥပဒေအရလည်းကောင်း အနီးကပ် အမိန့်ပေးနိုင်သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စစ်တပ်မှ(ရှိပါက) အရာရှိ၊ မြို့နယ်တရားသူကြီး(တစ်ဦးဦး) တို့တွင်သာ တာဝန်ရှိနိုင်ပေသည်။

ထို့နောက် ပုဒ်မ ၁၃၂တွင် ““နိုင်ငံတော်သမ္မတ၏ အမိန့်မရှိဘဲ ဤအခန်းအရ ဆောင်ရွက်ရာ ရောက်သော မည်သည့် လုပ်ဆောင်ချက် အတွက်မဆို မည်သူတစ်ဦး တစ်ယောက်ကိုမျှ ရာဇ၀တ်တရားရုံး တစ်ရုံးတွင် တရားစွဲဆိုခွင့် မရှိစေရ။ ထို့ပြင် (က) ဤအခန်းအရ သဘောရိုးဖြင့် ဆောင်ရွက်သည့် ရာဇ၀တ်တရားသူကြီး၊ သို့မဟုတ် ရဲအရာရှိ။ (ခ)ပုဒ်မ ၁၃၁ အရ သဘောရိုးနှင့် ဆောင်ရွက်သည့် တပ်မတော်အရာရှိ။ (ဂ) ပုဒ်မ ၁၂၈ အရဖြစ်စေ ပုဒ်မ ၁၃၀ အရဖြစ်စေ ဆိုခဲ့သည့်အမိန့်နှင့်အညီ သဘောရိုးနှင့် လုပ်ဆောင်ခဲ့သူ။ (ဃ) လိုက်နာရန် တာဝန်ရှိသည့် အမိန့် တစ်စုံတစ်ရာကို လိုက်နာ၍ လုပ်ဆောင်ခဲ့သည့် လက်အောက်အရာရှိ၊ သို့မဟုတ် တပ်မတော်သား၊ သို့မဟုတ် စေတနာ့ဝန်ထမ်း တစ်ဦးတစ်ယောက်၊ မည်သူ့ကိုမျှ ဆိုခဲ့သည့်အတိုင်း ဆောင်ရွက်သည့် ပြစ်မှုအတွက် ပြစ်မှုကျူးလွန်သည်ဟု မမှတ်ယူစေရ”” ဟုပြဋ္ဌာန်းထားရာ အရေးကြီးဆုံး အချက်မှာ (သဘောရိုးနှင့် ဆောင်ရွက်သည့်)ဆိုသော ပြဋ္ဌာန်းချက်ပင်ဖြစ်ပါသည်။ သမ္မတက ခွင့်ပြုလျှင်လည်း စွဲနိုင်ပါသည်။

““ကဲ. . .မည်သူ့တွင် တာဝန်ရှိပါသနည်း။ စာရှုသူ။”” ပထမ တာဝန်ရှိသူမှာ မတရားသဖြင့် ဖြိုခွဲခံရသူများ ဘက်မှ တာဝန်ရှိပါသည်။ ဂျာနယ်ပေါင်းစုံမှ ဖော်ပြချက်များအရ ဓာတ်ပုံများမှာ ကျောင်းသား တစ်ဦးကို ရဲများက နံပါတ်တုတ်များဖြင့် ၀ိုင်းရိုက်နေ၍ ပုဆိုးကျွတ်နေပုံ၊ သံဃာတော်တစ်ပါးအား ရဲများက ၀ိုင်းရံထားပုံ၊ အမျိုးသမီးငယ် တစ်ဦးအား လည်ပင်းကို လက်ပတ်နီ ၀တ်ထားသူတစ်ဦးက လက်မောင်းဖြင့် တင်းကျပ်စွာ ဖက်ထားပုံများက သက်သေခံ ဓာတ်ပုံများ ဖြစ်နေပါသည်။ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၃၀(၂)အရ အစုအဝေးကို လူစုခွဲရာတွင်ဖြစ်စေ၊ ထိုသူတို့ကို ဖမ်းဆီး ချုပ်နှောင်ရာတွင်ဖြစ်စေ အင်အား အနည်းငယ်သာ သုံးပြီး လူများ၊ ပစ္စည်းများကို အနည်းငယ်သာ ပျက်စီးစေရမည်ဟု ပြဋ္ဌာန်းထားသည့်နှင့် လုံးဝဆန့်ကျင်ကာ မတရားသဖြင့် လူကိုရိုက်ခြင်း၊ လက်ပံတန်း ဖြစ်စဉ်တွင် သူနာပြုယာဉ်ကို အငြိုးတကြီး ဖျက်ဆီးခဲ့ကြပါသည်။ ၁၉၄၉-ခုနှစ် ဂျီနီဗာကွန်ဗင်းရှင်း ဆုံးဖြတ်ချက်အရ ကြက်ခြေနီတံဆိပ်၊ လခြမ်းနီတံဆိပ်၊ သို့မဟုတ် ၎င်းတံဆိပ်ပါ ၀တ်စုံ ၀တ်ဆင်ထားသူဖြစ်စေ ဟန့်တားခြင်း၊ ပစ်ခတ်ခြင်း၊ အသက် အန္တရာယ်ပြုခြင်း၊ ဖျက်ဆီးခြင်းတို့ကို မည်သူမျှ မကျူးလွန်ရဟု ဖော်ပြထားပါသည်။ ထိုဂျီနီဗာကွန်ဗင်းရှင်း ဆုံးဖြတ်ချက်ကို ၁၉၉၂ ခုနှစ်၊ သြဂုတ်လ ၂၅ရက်တွင် မြန်မာနိုင်ငံက လက်မှတ်ရေးထိုးခဲ့ပါသည်။ ထို့ကြောင့် အဖျက်အဆီးခံရသော ကြက်ခြေနီကား ပိုင်ရှင်နှင့် ရိုက်နှက် ညှဉ်းပန်းခံရသော လူများက ထိုနေ့က ဥပဒေမဲ့ ကျူးလွန်ခဲ့သော ၂၀၁၅ မတ်လ ၁၀ရက်က လက်ပံတန်းတွင် ကြမ်းဖက်ဖြိုခွင်းခဲ့ကြသော လက်ပံတန်းမြို့နယ် ရဲတပ်ဖွဲ့မှ ပါဝင်သူများ ရဲတပ်ရင်း (၁)၊ (၁၀)၊ (၁၁)၊ (၂)တို့မှ လုံထိန်းရဲတို့ကို တရားစွဲကြရပါမည်။ ထိုသို့တရားစွဲလျှင် နိုင်ငံတော် သမ္မတ၏ ခွင့်ပြုချက်အမိန့် တောင်းခံရပါသည်။ ထိုအခါ ဒုတိယတာဝန်ရှိသူမှာ သမ္မတဖြစ်ပါသည်။ သမ္မတက ထိုဖြစ်စဉ်များတွင် ထိုသို့ အကြမ်းဖက် ဖြိုခွင်းသူများသည် ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၁၃၀(၂)နှင့် မညီကြောင်း၊ နိုင်ငံတော် အထွတ်အထိပ် သမ္မတဆိုသော ဂုဏ်အင်္ဂါနှင့်အညီ မိမိဂုဏ်သိက္ခာအရ ခွင့်ပြုသင့် မသင့် ဆုံးဖြတ်ရပါမည်။ ထိုဖြစ်စဉ်ကို စုံစမ်းရေး ကော်မရှင်ဖွဲ့ထား၍ စစ်ဆေးမည် ဆိုသော်လည်း (ယခု စာရေးနေချိန် ၄-၄-၁၅) နေ့ထိ ၃ ပတ်ကျော် ကြာလာသော်လည်း မည်သို့ ဆောင်ရွက်နေကြောင်း သတင်းစာ၊ ဂျာနယ်တို့တွင် ပြည်သူသိရန် ဖော်ပြနိုင်ခြင်း မရှိသေးပါ။ အမှန်တကယ်တော့ ရဲတပ်ဖွဲ့များ၊ လုံထိန်း ရဲတပ်ရင်းများကို အမည်၊ ကိုယ်ပိုင်အမှတ်နှင့်တကွ ဖွဲ့စည်းထားရာ ထိုနေ့များက မည်သူတွေ မည်သည့် နေရာတွင် တာဝန်ချထားကြောင်း၊ စည်းကမ်းရှိသော လက်နက်ကိုင် တပ်ဖွဲ့များဖြစ်၍ အတိအကျ စာရင်းများ သက်ဆိုင်သူများထံတွင် ရှိနေပါသည်။ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပင်မသပိတ်စစ်ကြောင်းကို ဖြိုခွင်း ခြင်းသည် ဥပဒေအတိုင်း ဆောင်ရွက်ခဲ့ပါသည်ဟု ပြောခြင်းမှာ ပြစ်မှုကျင့်ထုံး ဥပဒေပုဒ်မ ၁၃၀(၂) ကိုမဖတ်ဘဲ ပုဒ်မ ၁၂၇၊ ၁၂၈၊ ၁၃၁၊ ၁၃၂ တို့ကိုသာ လူပြောသူပြော၊ အနားပြာများပြောသည့် အတိုင်း ပြောနေဟန် ရှိပါသည်။ ဥပဒေကို လိုရာဆွဲမပြောသင့်ပါ။ မိမိသည် ၀န်ကြီးတစ်ဦး ဖြစ်သည်ကို သတိထား၍ ပြောသင့် ပါသည်။

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

၁၉၉၀ အထွေထွေ ရွေးကောက်ပွဲကြီး ပြုလုပ်ကျင်းပဖို့အပြင်မှာ အုတ်အော်သောင်းတင်းဖြစ်သလို ထောင်ထဲ မှာလည်းသတင်းတွေ ပလူပျံနေပါတယ်။ ၉၀ ရွေးကောက်ပွဲ ပြုလုပ်တော့မယ်ဆိုတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အဖမ်းခံရ၊ ထိန်းသိမ်းခံထားရတဲ့ အဖွဲ့ချုပ်ခေါင်းဆောင်တွေကို အရွေးခံဖို့ ဆုံးဖြတ်ကြရပုံ ပေါက်ပါတယ်။ အဲဒီအစီအစဉ်နှင့် ထောင်ထဲမှာရှိတဲ့ ထောင်ကျပြီးသားများက အရွေးခံခွင့်မရှိပါ။ ထောင်မကျသေး တဲ့ ခေါင်းဆောင်များ အရွေးခံခွင့်ရှိတဲ့အတွက် ထောင်ထဲမှာ ရှိတဲ့ ထောင်မကျသေးတဲ့ ဦးတင်ဦး၊ ဦးထွန်းတင်၊ ဦးကိုယု၊ ဒေါ်မြင့်မြင့်ခင်၊ စမ်းစမ်းနွဲ့၊ ဦးအောင်လွင်၊ မောင်မိုးသူ၊ မောင်ဝံသ အစရှိတဲ့ အထိန်းသိမ်းခံ ၁၀(က) အချုပ်သားများကို အဖွဲ့ချုပ်က လွှတ်တော် ကိုယ်စားလှယ်များ အဖြစ် ရွေးချယ်ပါတယ်။ တကယ်ရွေးချယ် ခံကြရတဲ့သူတွေ အားလုံးဆီကို ထောက်လှမ်းရေးအရာရှိ တစ်ဦးကလာပြီး အဖွဲ့ချုပ်က လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ထားတယ်။ လူကြီးမင်းက အရွေးခံမခံ၊ အရွေးခံမယ်ဆိုရင် အဖွဲ့ချုပ်က ပေးပို့တဲ့ဖောင်မှာ လက်မှတ်ရေးထိုးဖို့ဖြစ်တယ်။ ထောင်ထဲမှာလည်းဖြစ်၊ တိုက်အချင်းချင်း ဆက်သွယ်မှု သိပ်မရှိတဲ့ ၂-တိုက်နေ မောင်မိုးသူတစ်ယောက် ကျန်တဲ့ပုဂ္ဂိုလ်များနှင့် ဆက်သွယ်၊ အကျိုး အကြောင်း မသိရပါ။ ဒေါ်မြင့်မြင့်ခင်၊ ဦးကိုယု၊ စမ်းစမ်းနွဲ့တို့က အရွေးမခံလိုကြောင်း ငြင်းပယ်ကြဟန် တူပါတယ်။ ဦးတင်ဦး၊ ဦးထွန်းတင်၊ ဦးအောင်လွင်၊ မောင်မိုးသူ၊ မောင်ဝံသတို့ကတော့ အဖွဲ့ချုပ်ကရွေးချယ် ဆုံးဖြတ်ချက်ကို လက်ခံပြီး လက်မှတ်ရေးထိုး ပေးလိုက်ကြပါတယ်။

မောင်မိုးသူဆီ ရောက်ရှိလာသူက ထောက်လှမ်းရေး ဗိုလ်မှူးသန်းထွန်း ဖြစ်ပါတယ်။ ဗိုလ်မှူးသန်းထွန်းက နိုင်ငံရေးကိစ္စ အ၀၀ တာဝန်ယူထားတဲ့လူ ဖြစ်ပုံရပါတယ်။ မောင်မိုးသူ ထောင်ထဲရောက်မှ ဗိုလ်မှူးသန်းထွန်း နှင့် ၂ ကြိမ်တွေ့ဆုံရပါတယ်။ ၂ ကြိမ်စလုံး အဆင်မပြေလှဘူးခင်ဗျ။ ပထမအကြိမ်က တပ်မတော်ခန်းမမှာ အရေးအခင်းနှင့် ပတ်သက်ပြီး အစိုးရက ပြပွဲကြီးတစ်ခု ကျင်းပပါတယ်။ ရက်စွဲတော့ မမှတ်မိပါ။ ထောင်ထဲမှာ ရှိတဲ့ အဖွဲ့ချုပ် ခေါင်းဆောင်တွေကို အဲဒီပြပွဲ မပိတ်ပင်ကြရ၊ မြင်ရအောင် ပြသဖို့ ထောင်ထဲက တစ်ယောက်စီ ခေါ်ထုတ်ပြီး တပ်မတော်ခန်းမမှာ ပြသတာပါ။ မောင်မိုးသူကို လာခေါ်တာကတော့ လူငယ်ပိုင်းတွေပါပဲ။ ဗိုလ်ကြီးလောက်ရှိမလား မသိပါဘူး။ တပ်မတော်ခန်းမ ရောက်တော့ မောင်မိုးသူကို လိုက်ပြ ရှင်းလင်းတဲ့ သူကတော့ ဗိုလ်မှူးသန်းထွန်း ဖြစ်ပါတယ်။ ဗိုလ်မှူးသန်းထွန်းက ခပ်ပုပုပျတ်ပျတ်လေးခင်ဗျ။ မျက်နှာကျောက တော့ ခပ်တင်းတင်းပေါ့လေ၊ မောင်မိုးသူကတော့ ပိန်ပိန်ရှည်ရှည် လန်ဘားကြီးခင်ဗျ။ သူနှင့် အပြန်အလှန် စကားပြောရတဲ့ အခါတွေမှာ ငုံ့ငုံ့ပြောရပါတယ်။

အရေးအခင်း အဖြစ်အပျက်တွေမှာ မသမာသူတွေက လှုံ့ဆော်လို့ အလွန်ဆိုးဝါးတဲ့ ဖျက်ဆီးမှု၊ လူသတ်မှုတွေ ကျူးလွန်ကြတယ် ဆိုတာမျိုးတွေ အစိုးရဘက်က ရရှိထားတဲ့ အထောက်အထားတွေနှင့် ပြသထားတာပေါ့ ခင်ဗျ။ ဗိုလ်မှူးသန်းထွန်းက တစ်နေရာကျတော့ နံရံမှာ ကပ်ထားတဲ့ မိတ္တူဆွဲထားတဲ့ စာရွက်တွေပြပါတယ်။ အဲဒီစာရွက်တွေ ထဲမှာတော့ တောတွင်းဗကပကနေ သူ့လူတွေဆီ ညွှန်ကြားချက်ပေါ့ခင်ဗျ။ အဲဒီ ညွှန်ကြားချက်ထဲမှာ ရန်ကုန်ရောက်ရင် အဖွဲ့ချုပ်က ဦးဝင်းတင်တို့၊ မောင်မိုးသူတို့နှင့် တွေ့ပါလို့ ရေးထား သကိုး။ ဗိုလ်မှူးသန်းထွန်းက ဒီမှာတွေ့လား၊ တောတွင်းက ဗကပတွေက ရန်ကုန်ရောက်ရင် ဦးဝင်းတင်တို့၊ ခင်ဗျားတို့ကိုတွေ့ဖို့ ညွှန်ကြားထားတယ်။ သူ့အမူအရာက လက်ဆုပ်လက်ကိုင်မိပြီဆိုတဲ့ သဘောပေါ့ခင်ဗျ။ မောင်မိုးသူက စပ်ဖြဲဖြဲနှင့်ပဲ။ ဒါကတော့ မဆန်းပါဘူးဗျာ။ ကျုပ်တို့က နာမည်ကြီးတွေပဲ။ သူတို့လာတွေ့ ချင်မှာပေါ့။ ခင်ဗျားတောင် လာတွေ့သေးတာပဲဆိုတော့ နှာကစ်သွားပုံရတယ်။ နောက်ထပ် စကားသိပ် မပြောတော့ဘူး။ ဘာပဲပြောပြော မောင်မိုးသူကတော့ ထောင်ထဲက အပြင်ထွက်၊ တပ်မတော်ခန်းမထိလာပြီး စစ်တပ်က သူတို့ပြချင်တာတွေ ပြထားတာကို မြင်ရတွေ့ရတာ အမြတ်ပဲလို့ ယူဆပါတယ်။

အဲ … နောက်တစ်ကြိမ် ဗိုလ်မှူးသန်းထွန်းနှင့် တွေ့ရတာကတော့ ၉၀ ရွေးကောက်ပွဲမှာ အဖွဲ့ချုပ်က မောင်မိုးသူကို လွှတ်တော် ကိုယ်စားလှယ်အဖြစ် အရွေးခံဖို့ လက်မှတ်ထိုးဖို့ စာရွက်ကိုလာပို့သူက ဗိုလ်မှူးသန်းထွန်းပါပဲ။ အဲဒီတစ်ကြိမ်မှာလည်း သူနှင့် စကားပြောရတာ အဆင်မပြေဘူးခင်ဗျ။ အဆင်မပြေ ဆိုတာက ဒီလိုလေ။ သူကစာရွက်စာတမ်းတွေကို သင်္ဃန်းကျွန်း လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ကြောင်း သဘောတူရင် လက်မှတ်ထိုးပေးဖို့ လာပြောတာခင်ဗျ။ ဒါပေမဲ့ သူ့ပြောပုံက ဒါလက်မှတ် ထိုးပေးလို့ လွှတ်မှာမဟုတ်ဘူးလို့ ခြိမ်းခြောက်သေးခင်ဗျ။ မောင်မိုးသူက ဒါခင်ဗျားနှင့် မဆိုင်ပါဘူး။ အဖွဲ့ချုပ်က ကျုပ်ကိုရွေးတယ်၊ ကျုပ်က သဘောတူရင် လက်မှတ်ထိုးပေးဖို့ပဲ၊ လွှတ်တာမလွှတ်တာနှင့် မဆိုင်ဘူးဆိုပြီး မောင်မိုးသူ ၉၀ ရွေးကောက်ပွဲ သင်္ဃန်းကျွန်း လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးခံဖို့ လက်ခံကြောင်း လက်မှတ်ရေးထိုး ပေးလိုက်ပါတယ်။

ရှေ့အပတ်ဆက်ဖတ်ပါ

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

ရန်ကုန်မြို့ရွှေဂုံတိုင် တော်ဝင်နှင်းဆီခန်းမတွင်ပြုလုပ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ သဘာပတိအဖွဲ့ဝင် သတင်းစာဆရာ၊စာရေးဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၏ ကွယ်လွန်ခြင်း (၁) ပြည့်အခမ်းအနားတွင် အဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် အောက်မေ့သတိရစကားပြေကြား

ရန်ကုန်မြို့ရွှေဂုံတိုင် တော်ဝင်နှင်းဆီခန်းမတွင်ပြုလုပ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ သဘာပတိအဖွဲ့ဝင် သတင်းစာဆရာ၊စာရေးဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၏ ကွယ်လွန်ခြင်း (၁) ပြည့်အခမ်းအနားတွင် အဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် အောက်မေ့သတိရစကားပြေကြား

Posted by NLD Chairperson on Tuesday, April 21, 2015

လူတိုင်းအတွက် စံနမူနာယူထိုက်သူ ဟံသာဝတီ ဦးဝင်းတင်ကို ဒီမိုကရေစီရဲဘော်အဖြစ် ဂုဏ်ပြု လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြား လိုက်ပါတယ်။

ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ဒီကနေ့ကျင်းပတဲ့ ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်း ၁ နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားမှာ ဒေါ်အောင် ဆန်းစုကြည်က အခုလို ပြောကြားခဲ့တာပါ။

"လူတိုင်းဟာ သတင်းစာဆရာကြီး ဖြစ်နိုင်မှာ မဟုတ် ပါဘူး၊ လူတိုင်းဟာလည်း ဆရာ့လို စာရေး ဆရာကြီး ဖြစ်နိုင်မှာမဟုတ်ပါဘူး၊ လူတိုင်းဟာလည်း ဆရာ့လောက် အနစ်နာခံနိုင်မှာ မဟုတ်ပါဘူး၊ သို့သော်ငြားလည်း ဆရာ့ရဲ့ စံနမူနာတွေကို ကြည့်ပြီးတော့ ကိုယ့်ကိုကိုယ် အကောင်းဆုံး ဒီမိုကရေစီ ရဲဘော်တစ်ယောက်ဖြစ်အောင်လို့ ကြိုးစားနိုင်တယ်လို့ ကျမထင်ပါတယ်၊ ဆရာကြီး ဦးဝင်းတင်ကို ဒီမိုကရေစီ ရဲဘော်တစ်ယောက်အနေနဲ့ ဂုဏ်ပြုချင်ပါတယ်၊ ခေါင်းဆောင်တစ်ယောက်အနေနဲ့ မဟုတ်ဘူး၊ ရဲဘော်တစ်ယောက်အနေနဲ့၊ ခေါင်းဆောင်နဲ့ ရဲဘော်ဆိုတာ မတူဘူး၊ ခေါင်းဆောင်ဆိုတာ အမိန့်ပေးမယ်၊ ထိပ်ကနေပြီးတော့လုပ်မယ်၊ ဦးဆောင်မယ်၊ ရဲဘော်ဆိုတာ နိစ္စဓူဝအလုပ်တွေကို အောက်ခြေ သိမ်းလုပ်နိုင်တဲ့ အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်တွေကို ကျမက ရဲဘော်တွေလို့ သတ်မှတ်ပါတယ်"

ဒါ့အပြင် ဦးဝင်းတင်ဟာ ဒီမိုကရေစီယဉ်ကျေးမှုဖြစ်တဲ့ သဘောထား မတိုက်ဆိုင်မှုတွေရှိတဲ့အခါ ညှိနှိုင်းယူတတ် သူဖြစ်ကြောင်း၊ အဲဒီ့လို ဒီမိုကရေစီယဉ်ကျေးမှုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တင်မက တခြားနိုင်ငံရေး ပါတီတွေ၊ ပြည်သူတွေကလည်း လက်ခံကျင့်သုံးသင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

ဟံသာဝတီ ဦးဝင်တင်ကို ၁၉၃၀ ပြည့်နှစ်က ပဲခူးတိုင်း ကြို့ပင်ကောက်မြို့မှာ မွေးဖွားခဲ့ပါတယ်။ ဟံသာဝတီ သတင်းစာဆရာ စာရေးဆရာအဖြစ် နှစ်ပေါင်းများစွာ ရပ်တည်ခဲ့ပြီး ၁၉၈၈ခုနှစ် ဒီမိုကရေစီအရေးတော်ပုံ အတွင်း ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦးတို့နဲ့အတူ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို တည်ထောင်ခဲ့သူလည်း ဖြစ်ပါတယ်။

၁၉၈၉ခုနှစ်မှာ စစ်အစိုးရက ဦးဝင်းတင်ကို ဖမ်းဆီးပြီး၊ နှစ်ပေါင်း ၂၀နီးပါးအကြာ ၂၀၀၈ခုနှစ်မှာ ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။

သူဟာ ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆန့်ကျင်သူဖြစ်ပြီး၊ အခြေခံဥပဒေ ပြုပြင်တာကို လက်မခံဘဲ အသစ်ပြန်လည်ရေးဆွဲရေးကိုသာ တစိုက်မတ်မတ် ပြောခဲ့သူဖြစ်ပါတယ်။

ဒီနေ့ကျင်းပတဲ့ ဦးဝင်းတင် အောက်မေ့ဖွယ်အခမ်းအနားကို NLD ပါတီဝင်တွေ၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း၊ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ၊ သတင်းစာဆရာတွေ၊ စာရေးဆရာတွေ အပါအ၀င် လူတစ်ထောင်နီးပါး တက်ရောက်ခဲ့ပါတယ်။

RFA


လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သောဘဘဦးဝင်းတင်အကြောင်း အောက့်မေ့ဖွယ် အမှတ်တရ စကား ( ၁ )
Posted by Aye Mya Mya Myo on Monday, April 20, 2015




လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သောသတင်းစာဆရာ စာရေးဆရာကြီးဟံသာဝတီ ဦးဝင်းတင်အကြောင်း အောက့်မေ့ဖွယ်အတုယူဖွယ်လေးစား လိုက်နာဖွယ်အမှတ်တရစကား ( ၂ )
Posted by Aye Mya Mya Myo on Monday, April 20, 2015

Video...Aye Mya Mya Myo



KIA ကချင်လက်နက်ကိုင်တပ်ဖွဲ့ ရှေ့တန်းတနေရာ။

 ကချင်ပြည်နယ် ဟူးကောင်းဒေသက ကောင်ရာရွာအနီးမှာ အစိုးရတပ်နဲ့ ကချင်လွတ်လပ်ရေးတပ် KIA အကြား ဒီကနေ့ တိုက်ပွဲ ဆက်လက်ဖြစ်ပွားပြီး ကချင်တပ်ဖွဲ့က စခန်းတခုက ဆုတ်ခွာခဲ့ရပါတယ်။ မနေ့မနက်က စတင်ခဲ့တဲ့ ဒီတိုက်ပွဲကြောင့် ကောင်ရာရွာက ရွာသား ၁၀၀ လောက်ဟာ တနိုင်းမြို့ကို ထွက်ပြေး တိမ်းရှောင်နေရပြီး နန်ဗျူကျေးရွာသား ၁,၀၀၀ လောက်ကတော့ ရွာထဲမှာပဲ ပိတ်မိနေပါတယ်။ သတင်းအပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

တနိုင်းမြို့နယ် လီဒိုလမ်းမကြီးဘေးမှာရှိတဲ့ ကောင်ရာရွာအနီးမှာ မနေ့မနက်ခင်းက စပြီး အစိုးရတပ်နဲ့ KIA အကြား တိုက်ပွဲတွေဖြစ်ခဲ့တာပါ။

ဒီတိုက်ပွဲဟာ မနေ့မနက် ၁၀ နာရီလောက်ကနေ ညနေ ၄ နာရီလောက် အထိ ဖြစ်ပွားခဲ့ရာက ဒီကနေ့မနက်မှာတော့ KIA တပ်စခန်းကို အစိုးရတပ်က သိမ်းယူလိုက်တယ်လို့ တိုက်ပွဲဖြစ်ပွားရာကျေးရွာအနီးက ဒေသခံ တယောက်က ပြောပါတယ်။

“တိုက်ပွဲကဖြစ်နေတုန်းပဲ၊ ဒီနေ့မနက်က သူတို့ရဲ့ရှေ့တန်းတော့ ဆုတ်ပေးလိုက်ရပြီ-တဲ့။ ဘာကြောင့်လဲဆိုတော့ သူတို့က လက်နက်အင်အား၊ လူအင်အား အလုံးအရင်းနဲ့ ဝင်တိုက်တာကိုး။ မနေ့ကအထိတော့ နန်နက်ချောင်း အထိတော့ ဟိုဘက် ဒီဘက် မကူးဘူးတဲ့။ …. ဒီမနက်တော့ ထပ်ပြောလာတယ်။ လက်နက်ကြီးနဲ့ရော၊ လူအင်အားနဲ့ရောဖိပြီးမှ ဝင်လာတော့ တောင့်မခံနိုင်တော့ဘူး။ … တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း (၁၂) ပေါ့။ အဲဒီနေရာ ရှေ့တန်းစခန်းက ဖယ်ပေးလိုက်ရပီတဲ့။ ကိုးနာရီခွဲလောက်မှာ။”

တိုက်ပွဲဖြစ်ပွားရာအနီး ကောင်ရာရွာက ရွာသားတွေကို အစိုးရစစ်တပ်က အခြားကို တိမ်းရှောင်ခိုင်းတယ်လို့လည်း ဆက်ပြောပါတယ်။

“ကောင်ရာရွာပေါ့။ ကောင်ရာရွာဆိုတာ မြစ်ကြီးနား၊ တနိုင်း-လီဒိုလမ်းမပေါ်မှာရှိတဲ့ …. ကိုလမ်းခွဲဝင်သွားတဲ့ရွာပေါ့။ အဲဒီကရွာတွေ အားလုံးလည်း အစိုးရတပ်က ဖယ်ထားခိုင်းတယ်-တဲ့။ ရှောင်ထားခိုင်းတယ်။ အခုလောလောဆယ် တိုက်ပွဲဖြစ်တဲ့နေရာနဲ့ မတိမ်းမယိမ်းမှာ ရွာ ရှိတယ်။ အဲဒီ ရွာတွေအားလုံးက နမ်တီ..၊ နမ်ခါရွာကို ပြောင်းကြပြီလို့ ပြောတယ်။ ”

တိုက်ပွဲအတွင်းမှာ နှစ်ဖက် အထိအခိုက် အကျအဆုံးရှိကြောင်းသိရပေမယ့် အတိအကျတော့ မသိရသေးပါဘူး။

တနိုင်းမြို့ခံ တယောက်ကတော့ လောလောဆယ် ကောင်ရာရွာသားတွေ တနိုင်းမြို့ကို တိမ်းရှောင်လာသလို နန်ဗျူရွာမှာလည်း တချို့ ပိတ်မိနေတယ်လို့ ပြောပါတယ်။

“ရွာသားတွေကျတော့ တနိုင်းကိုပြောင်းကုန်ကြပြီ၊ တချို့တွေ။ လောလောဆယ်က နှစ်ခြင်းဘုရားကျောင်းမှာက မနေ့ကရောက်လာတာက ၉၀ ကျော်တယ်။ အခုနက RC ဘုရားကျောင်းက အသင်းတော်က ကားလွှတ်ပြီးတော့ သွားကြိုပေးတယ်။ ၁၀၀ တော့ ကျော် လောက်ပြီထင်တယ်။ ဟုတ်ကဲ့၊ နန်ဗျူက လူတွေက ထွက်ဖို့က မလွယ်တော့ဘူးကော၊ သူတို့ ဖုန်းဆက် လှမ်းမေးကြည့်တော့ သူတို့ကထွက်ဖို့ နန်ဗျူ၊ နန်ခန်ကျေးရွာကိုပဲ ရွာသားတွေက စုပြီးတော့ နေနေတယ်တဲ့။ အခု လမ်းကြောက အဲဒီ လမ်းကြော တကြောပဲ ရှိတာကို။ အဲဒီမှာက တိုက်ပွဲဖြစ်နေတယ်ဆိုတော့ သူတို့က ထွက်ဖို့က အခက်အခဲရှိတယ်ပေါ့။ ရှိတယ်ဆိုရင်တော့ ထောင်ဂဏန်းတော့ ရှိတယ်-တဲ့။”

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်း ဖားကန့်မြို့နယ် ကံဆီရွာအနီးမှာ အစိုးရတပ်နဲ့ KIA အကြားတိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။ အစိုးရနဲ့ KIAရဲ့ ပဋိပက္ခညှိနှိုင်းရေးအဖွဲ့တွေက တိုက်ပွဲတွေ ထပ်မံမဖြစ်ပွားဖို့ ညှိနှိုင်းဆောင်ရွက်နေစဉ်မှာပဲ တနိုင်းဒေသမှာ တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ကိုမိုးဇော် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


 ဧပြီ ၂၁ရက်၊ ၂၀၁၅ခုနှစ်။

 တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး – NCA စာချုပ်မူကြမ်းပါ အချက်များကို သဘောတူကြောင်း သဘောတူလက်မှတ်ထိုးမှုနှင့် တိုင်းရင်းသားထိပ်သီးခေါင်းဆောင်များ အစည်းအဝေး တက်ရောက်ရေးကိစ္စများကို ဆွေးနွေးရန် ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) ဗဟိုအမြဲတမ်းကော်မတီ အရေးပေါ် အစည်းအဝေးကို ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်ရှိ ကေအဲန်ယူ တပ်မဟာ (၇) ဌာနချုပ် လေးဝါးစခန်း၌ ဧပြီလ ၂၀ရက်နေ့မှစ၍ ကျင်းပခဲ့သည်။

KNU ဒုဥက္ကဌ ပဒိုနော်စီဖိုးရာစိန်က “NCA Draft နဲ့ Commitment (ကတိက၀တ်) လက်မှတ်ထိုးတဲ့ကိစ္စတို့ တင်ပြပြီးတော့ ကော်မတီဝင်တွေက အပြန်အလှန် ဆွေးနွေးကြမယ်။ ပြီးတော့ လာမယ့်မေလမှာ ၀(UWSA)က ဦးစီးကျင်းပမယ့် တိုင်းရင်းသား ထိပ်သီးခေါင်းဆောင် အစည်းအဝေးနဲ့ပတ်သက်ပြီး ဆွေးနွေးမယ်။ အဲဒီကနေတဆင့် တက်ရောက်မယ့် ကိုယ်စားလှယ်တွေ ရွေး ချယ်သွားမယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ကရင်လက်နက်ကိုင်အဖွဲ့အစည်းများ ပြန်လည်ပေါင်းစည်းရေးနှင့် ယခင် အမြဲတမ်းဗဟိုကော်မတီဝင်များ အစည်းအ ဝေးက ချမှတ်ခဲ့သော ဆုံးဖြတ်ချက်များကို လိုက်နာကျင့်သုံးနိုင်ခြင်း ရှိမရှိကိုလည်း အရေးပေါ်အစည်းအဝေးတွင် ဆွေးနွေးသွား မည်ဟု ပဒိုနော်စီဖိုးရာစိန်က ဆက်ပြောသည်။

အစည်းအဝေးသို့ ကေအဲန်ယူ ဥက္ကဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး၊ ဒုဥက္ကဌ ပဒိုနော်စီဖိုးရာစိန်၊ အထွေထွေ အတွင်းရေးမှူး ပဒို စောကွယ်ထူးဝင်း၊ တွဲဖက်အတွင်းရေးမှူး(၁) ပဒိုစောသောသီဘွဲ၊ တွဲဖက်အတွင်းရေးမှူး(၂) ပဒိုမန်းမန်းမန်း၊ စစ်ဦးစီးချုပ် ဗိုလ် ချုပ်ကြီးစောဂျော်နီ၊ ဒုစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲတို့ အပါအ၀င် ဗဟိုကော်မတီဝင် ၅၀ဦးအနက်မှ ၃၉ဦး တက်ရောက်ခဲ့ကြသည်။

အမြဲတမ်း ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သူ တောင်ငူခရိုင်ဥက္ကဌ ပဒိုစောအယ်ဝါးက “လက်ရှိ ကျနော်တို့ သွားနေတဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှုလမ်းစဉ်မှာ ပွင့်လင်းမြင်သာမှုရှိပြီး အားလုံးရဲ့ ဆန္ဒနဲ့ထပ်တူ ဖြစ်စေချင်တယ်။ တဆက်တည်းမှာပဲ ပြည်သူ့အကျိုး ကို မျှော်ကိုးပြီး ဒီကနေ ဆွေးနွေးစေချင်တယ်။ NCA ကိစ္စဆိုလည်း သေသေချာချာလုပ်ဖို့ လိုတယ်။ NCA က ကိုယ့်ကို ပြန်ပြီး ချုပ်နှောင်တဲ့ကြိုးတစ်ခု မဖြစ်စေချင်ဘူး”ဟု ပြောသည်။

ကေအဲန်ယူသည် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT)နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC)တို့အကြား မတ် ၃၁ရက်နေ့က ရန်ကုန်မြို့တွင် တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်မူကြမ်း ချုပ်ဆိုပြီး နောက် ယခုလို အရေးပေါ် အစည်းအဝေး ခေါ်ယူခြင်း ဖြစ်သည်။

၎င်းအပြင် ကေအဲန်ယူသည် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (ဒီကေဘီအေ)၊ KNU/KNLA-PC နှင့် ရှမ်း(သျှမ်း)ပြည် ပြန် လည်ထူထောင်ရေးကောင်စီ(RCSS)တို့နှင့်အတူ ယခုနှစ် ဖေဖော်ဝါရီ ၁၂ရက်နေ့က နေပြည်တော်တွင် အစိုးရနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ ကတိပြုချက်စာချုပ် လက်မှတ်ထိုးခဲ့သည်။

ဧပြီ ၂၀ရက်မှ ၂၂ရက်နေ့အထိ သုံးရက်ကြာ ကျင်းပသွားမည့် ယင်းအစည်းအဝေးမှာ ကေအဲန်ယူ (၁၅)ကြိမ်မြောက် ကွန်ကရက် အပြီး စတုတ္ထအကြိမ်မြောက် အမြဲတမ်း ဗဟိုကော်မတီဝင်များ၏ အရေးပေါ် အစည်းအဝေးဖြစ်သည်။ ကေအဲန်ယူသည် လတ်တ လော ဖြစ်ပျက်မှု အကြောင်းကိစ္စများအပေါ် အခြေခံ၍ အရေးပေါ်အစည်းအဝေးကို အလျင်းသင့်သလို ခေါ်ယူလေ့ရှိပြီး ယခုပြု လုပ်သည့် အစည်းအဝေးအပြီးတွင် ကရင်လူထုအခြေပြုအဖွဲ့များနှင့်လည်း ထပ်မံ တွေ့ဆုံသွားကာ နောက်ဆုံးရက်တွင် ကြေ ညာချက် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ကေအဲန်ယူက ပြောဆိုသည်။

 စောသိန်းမြင့်
 ကေအိုင်စီ - KIC News
http://kicnews.org


ဧပြီ - ၂၁ - ၂၀၁၅

 တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး (NCA) စာချုပ်မူကြမ်းပါ အချက်များကို သဘောတူကြောင်း လက်မှတ်ရေးထိုးမှု အပါအ၀င် ပန်ဆန်းတွင်ပြုလုပ်မည့် တိုင်းရင်းသားခေါင်းဆောင်များ ထိပ်သီးညီလာခံသို့ ကိုယ်စားလှယ် ရွေးချယ် စေလွတ်ရေး အတွက် (KNU) က အရေးပေါ် ဗဟိုအမြဲတမ်း ကော်မတီ အစည်းအဝေးကို မနေ့က စတင်ကျင်းပနေပါတယ်။

၃ ရက်ကြာမဲ့ အရေးပေါ် အစည်းအဝေးမှာ ဒီနေ့ဒုတိယနေ့အဖြစ် ကျင်းပပြီးစီးခဲ့ပေမဲ့ ဗဟိုအမြဲတမ်းကော်မတီဝင်တွေကြားမှာ ၀ိဝါဒတွေကွဲပြားနေပြီး အကြိတ်အနယ် ဆွေးနွေးနေတုံးဘဲလို့ သိရှိရပါတယ်။

အရေးပေါ်အစည်းအဝေးရဲ့ အနေအထားတွေအရ သတ်မှတ်ရက်အတွင်းမှာ ပြီးမြောက်နိုင်မှာ မဟုတ်ဘူးလို့လည်း သိရှိရပါတယ်။

(CNA) စာချုပ်မူကြမ်းပါ အချက်တွေကို (KNU) ဥက္ကဌနဲ့ အထွေထွေအတွင်းရေးမှူးချုပ်တို့က အခြားတိုင်းရင်းသား ခေါင်းဆောင်အချို့ နဲ့အတူ သဘောတူကြောင်း ယခင်လ ၃၁ ရက်နေ့က ရန်ကုန်မြို့မှာ လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။

ဘားအံအခြေစိုက် ကရင့်နိုင်ငံရေးပါတီတခုက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးကတော့ (KNU) အဖွဲ့အတွင်းမှာ မလိုလားအပ်တဲ့ အနေအထားတွေ ဖြစ်ပေါ်လာမှာကို အလွန်စိုးရိမ်တဲ့ အကြောင်းနဲ့ ကရင်တမျိုးသားလုံးရဲ့အနာဂတ်ကံကြမ္မာကို မျက်ကွယ်မပြုကြဘို့ တိုက်တွန်းပြောဆိုပါတယ်။

(KNU) ဗဟိုအမြဲတမ်းကော်မတီ အရေးပေါ်အစည်းအဝေးကို ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ဒေါနတောင်အရှေ့ဖက်ခြမ်းမှာတည်ရှိတဲ့ လေးဝါးစခန်းမှာ ဒီလ ၂၀ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ ကျင်းပဘို့သတ်မှတ်ထားပါတယ်။

ဗဟိုအမြဲတမ်းကော်မတီဝင် (၅၀) ရှိတဲ့အနက်က အခုကျင်းပနေတဲ့ အရေးပေါ်အစည်းအဝေးကို (၄၀) နီးပါး တက်ရောက်လျှက်ရှိပါတယ်။

ဒီအရေးပေါ် အစည်းအဝေးမှာ ဘယ်လိုရလဒ်တွေ ထွက်ပေါ်လာမှာလည်းဆိုပြီး ပြည်တွင်းပြည်ပက ကရင်အမျိုးသားတွေကလည်း စိတ်ဝင်တစားနဲ့ စောင့်မျှော်နေကြပါတယ်။

သတင်း - ကရင်အမျိုးသား(မီဒီယာ)
https://www.facebook.com

စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် မိုးကြိုးပြင်အလယ်ရွာသူ ဒေါ်ခင်ဝင်း သေနတ်ထိမှန်သေဆုံးမှုကို ဆားလင်းကြီးမြို့မ ရဲစခန်းက ဒုရဲမှူးသန်းနိုင်က တရားလိုလုပ်ပြီး လူသတ်မှုနဲ့ အမှုဖွင့်လိုက်ပါတယ်။

တောင်သူ ဒေါ်ခင်ဝင်းရဲ့ မိသားစုဝင်တွေနဲ့ ရှေ့နေတွေက အမှုဖွင့်တာကို လက်မခံဘဲ ဒုရဲမှူးက အမှုဖွင့်လိုက်တာလို့ ရှေ့နေများကွန်ရက်အဖွဲ့ဝင် ဦးအောင်သိန်း (မိတ္ထီလာ)က ပြောပါတယ်။

"အရင်တင်တုန်းကတော့ ရှေ့နေများကွန်ရက်ကနေပြီးတော့ အကုန်သိုင်းဝိုင်းပေးပြီးတော့ နစ်နာသူ ဒေါ်ခင်ဝင်း ရဲ့ မိသားစုကိုယ်စား အမှုဖွင့်ဖို့တောင်းတာ၊ အဲ့မှာကျတော့ ရှေ့နေတွေက အကုန်လုံး ပူးပေါင်းဆောင်ရွက် လို့ရတယ်၊ အခုဟာကျတော့ ရဲကတရားလိုပြုလုပ်တယ် ဆိုတဲ့အတွက်ကြောင့်မို့ ရှေ့နေများကွန်ရက်က နစ်နာသူ ဒေါ်ခင်ဝင်းရဲ့ ကိုယ်စားပြုပြီးတော့ ဆောင်ရွက်ဖို့က နည်းနည်းအခက်အခဲ ရှိသွားနိုင်တယ်လေ"

ဒေါ်ခင်ဝင်းဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့က လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်း လယ်ယာမြေလျော်ကြေးမယူထားတဲ့ ဒေသခံတွေနဲ့ ဝမ်ပေါင်ကုမ္ပဏီဝန်ထမ်းတွေ၊ ရဲတပ်ဖွဲ့ဝင်တွေ အကြား ဖြစ်ပွားခဲ့တဲ့ပဋိပက္ခမှာ ဦးခေါင်းကို သေနတ်ထိမှန်ပြီး သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ဒေါ်ခင်ဝင်းဟာ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပစ်ခတ်လိုက်တဲ့ သေနတ်ဒဏ်ရာကြောင့် သေဆုံးခဲ့တာဖြစ်ကြောင်း ဆားလင်းကြီးမြို့နယ် တရားရုံးက ပြီးခဲ့တဲ့ ဧပြီလ ၉ ရက်နေ့က အမိန့်ချခဲ့တာကြောင့် ရဲစခန်းက လူသတ်မှုအဖြစ် အမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်။

RFA

(မပုပ်မသိုး ဆရာတော် တစ်ပါးအားတွေ့ရစဉ်)
ဧပြီ ၂၁

ရခိုင်ပြည်နယ် သံတွဲမြို့နယ် မဲနယ်ကွင်း ကျေးရွာအုပ်စု ဇလွန်ကျေးရွာရှိ ပျံလွန်တော်မူ သွားခဲ့ပြီ ဖြစ်သော် လည်း မပုပ်မသိုးဘဲ ရှိနေသော ဆရာတော်နှစ်ပါး၏ ခန္ဓာကိုယ်မှ ဓါတ်တောက်နေကြောင်း သတင်းများ ထွက်ပေါ်လာ ပြီးနောက် ဒေသခံပြည်သူများ ထောင်နှင့်ချီပြီး နေ့စဉ် လာရောက် ဖူးမျှော်နေကြသည်ဟု ဒေသခံများထံမှ သတင်းရရှိသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး မဲနယ်ကွင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုးဦးကိုငယ်ကို နိရဉ္စရာမှ ဆက်သွယ် မေးမြန်းရာ သူက ယခုလို ပြန်လည် ဖြေကြား ပြောဆိုသည်။

“ ပထမ ပျံလွန်တော်မူတဲ့ ဆရာတော်ရဲ့ ဘွဲ့တော်က ဥူးသုဇာတပါ။ ပျံလွန်တော်မူတာက ၁၉၈၄ ခုနှစ် အောက်တိုဘာ၂၅ရက်နေ့ ဖြစ်ပါတယ်။ အခုဆိုရင် ၃၁ နှစ်ရှိသွားပြီပေါ့။ ဒါပေမယ့် ခန္ဓာကိုယ်က မပုပ်မသိုးဘူး။ အဲသလိုဘဲ ဒုတိယဆရာတော် ဘွဲ့တော်က  ဘဒ္ဒန္တကဝိနန္ဒပါ။ ပျံလွန်တော်မူတာက၂၀၁၅ ခုနှစ် ဇန်နဝါရီ ၃ ရက်နေ့က ဖြစ်ပါတယ်။ နှစ်ပါးလုံးရဲ့ ကိုယ်ခန္ဓာကိုယ်က မပုပ်မသိုးပဲ ဖြစ်နေပြီး ဧပြီလ ၁၇ရက်နေ့ကစပြီး ဆရာတော် နှစ်ပါးလုံးက ဓါတ်တော်တွေ ကွန့်မြူးလာတာကို တွေ့ရပါတယ်။ ဆရာတော် ဥူးသုဇာတက မနက်ကိုးနာရီမှာ ဓါတ်တော် စတောက်ပြီး ဆရာတော် ဘဒ္ဒန္ဒကဝိနန္ဒက ညနေသုံးနာရီမှာစပြီး ဓါတ်တော် စတောက်တာပဲ”  ဟု ပြောကြားသည်။

ထိုသို့ ဓါတ်တောက်သည့် သတင်းကြောင့် ဒေသခံပြည်သူအများအပြားမှာ နေ့စဉ် လာရောက် ဖူးမျှော် နေကြသည်ဟု သူက ဆက်လက် ပြောကြားသည်။

“ နောက်တစ်နေ့ကစပြီး ဆရာတော်တွေဆီက ဓါတ်တော်တောက်တယ်ဆိုတဲ့ သတင်းက တဆင့်စကားတဆင့် နားနဲ့ လာပြီး ဖူးမျှော်ကြတာ ဒီနေ့ ၂၀ရက်နေ့ အထိ နေ့စဉ် တစ်နေ့ကို လူတစ်သောင်းကျော်လောက် ပုံမှန် ရောက်ပါတယ်။ မြန်မာနိုင်ငံ အရပ်ရပ်က ဖူးမျှော်သူတွေအပြင်  နိုင်ငံခြားသားတွေပါ လာဖူးကြပါတယ်။ ဆရာတော် နှစ်ပါးလာရောက် ဖူးမျှော်ကြသူတွေကိုဇလွန်မဒေး ပရဟိတ လူငယ်အဖွဲ့က နေ့စဉ် စတုဒီသာနဲ့ ဧည့်ခံပါတယ်” ဟု သူက ဆိုသည်။
(မပုပ်မသိုး ဆရာတော် တစ်ပါးအားတွေ့ရစဉ်)
ယခုကဲ့သို့ ထူးထူးဆန်းဆန်း ဆရာတော်နှစ်ဦး၏ မပုပ်မသိုး ရုပ်ခန္ဓာမှ ဓါတ်တော်များကို မမျှော်လင့်ဘဲ ဖူးတွေ့ရသဖြင့် အရမ်း အံ့သြရကြောင်း ရန်ကုန်မြို့မှ လာရောက်ဖူးမျှော်သူ ဦးအတာလွှင်ကပြောသည်။

”ကျွန်တော်တို့ မိသားစုအနေနဲ့ အစက သင်္ကြန်တွင်းချောင်းသာ သွားမယ် စီစဉ်ထားတာ။ သားအငယ်က ငပလီ သွားချင်တယ် ပြောလွန်းလို့ ငပလီကို ရောက်ဖြစ်တာ။ အခုတော့ ဆရာတော်နှစ်ပါး ဖူးရတာနဲ့ တင်တန်ဖိုး မဖြတ်နိုင်တဲ့ ခရီးစဉ်တစ်ခုဖြစ်သွားပြီ။ ကျွန်တော့် တစ်သက်မှာဒီလိုမျိုးတစ်ခါမှ မကြုံဖူး က မတွေ့ဖူးဘူး။ အရမ်းတန်ခိုးကြီးတဲ့ ဆရာတော်ကြီးတွေပါ။ ဆရာတော်နှစ်ပါးလုံးတစ်ကျောင်းထဲမှာ မပုပ်မသိုး ဖြစ်တယ်ဆိုတာ အရမ်း အံ့သြစရာပဲ။ အခုမပုပ်မသိုးဆရာတော်ကြီးနှစ်ပါးလုံး ဓါတ်တော်တွေ ရက်ဆက် တောက်နေတာ ပိုအံ့သြစရာကောင်းတယ်။ ဖူးလို့မဝသေးဘူး။ ဖူးခွင့်ကြုံလို့ ဖူးရတာ။ နောက်ထပ် နှစ်ရက်လောက် ငပလီမှာထပ်နေပြီး ဖူးပါဦးမယ်” ဟု ဆိုသည်။

မပုပ်မသိုးဘဲ ရှိနေသော ဆရာတော်နှစ်ပါး၏ ခြေသလုံး၊ လည်ပင်းနှင့် လက်ရိုးတော်များမှာ မီးစုန်းကဲ့သို့ အရောင်များ လင်းလက်တောက်ပနေပြီး နေ့ခင်းနှင့် ညပါ ဓါတ်တော်များ တောက်နေသည်ဟု မျက်မြင်များက ပြောဆိုသည်။

နေဇော်(သံတွဲ) / နိရဉ္စရာ
http://www.narinjara.com/burmese


 ကျောက်တော်၊ ဧပြီ ၂၁

 ရခိုင်ပြည်နယ် ကျောက်တော်မြို့မှ စစ်ဘေး ရှောင်သူများအား အကူအညီ သွားပေမည့် အဖွဲ့များကို သက်ဆိုင်ရာက တားမြစ်ခဲ့သည်ဟု သတင်း ရရှိသည်။

“ကျောက်တော်မြို့နယ် ရဲတပ်ဖွဲ့မှူးက ဒီကနေ့ ဖုန်းဆက်ပြီး တားမြစ်ပါတယ်။ မသွားနဲ့ပေါ့။ စစ်ဖြစ်နေတဲ့ နေရာ ဖြစ်တဲ့ အတွက် အကူအညီသွားပေးလို့ မရဘူးလို့ ပြောပါတယ်” ဟု ကျောက်တော်မြို့နယ် အမျိုးသမီး ကွန်ယက်ဥက္ကဋ္ဌ ဒေါ်လှမေက ပြောသည်။

ယခုကဲ့သို့ တားမြစ်သော်လည်း ဗျူဟာမှူးရှိနေသော စပါးဆိပ်ထိ သွားရောက်ပြီး ကူညီလှူဒါန်းမည်ဟု ဒေါ်လှမေက ဆက်လက် ပြောဆိုသည်။

“ ကျွန်မတို့က ငြိမ်းချမ်းရေးလိုလားတဲ့ ပြည်သူတွေပါ။ ဘယ်အဖွဲ့အစည်းနဲ့ ပတ်သက်သူတွေ မဟုတ်ပါဘူး။ ခုလို တားမြစ်ပေမယ့် ကျွန်မတို့ သွားရောက် ကူညီ လှူဒါန်းမှာ ဖြစ်ပါတယ်။ လူတွေ သွားလာလို့ ရတဲ့ စပါးဆိပ်ရွာထိ သွားရောက် ကူညီ လှူဒါန်းမှာ ဖြစ်ပါတယ်။ အဲဒီရွာမှာ လုံခြုံရေး ရှိပြီး ဗျူဟာမှူး ကိုယ်တိုင်ရှိနေတဲ့ အတွက် ကျွန်မတို့ သွားရောက်မှာ ဖြစ်ပါတယ်။ ဒီကနေ့နံနက်မှာဘဲ သွားကြမှာ ဖြစ်ပါတယ်။ စစ်မြေပြင်ကိုတော့ သွားမှာ မဟုတ်ပါဘူး” ဟု သူမကဆိုသည်။

သွားရောက်လှူဒါန်းမည့် ခရီးစဉ်အား မြို့နယ် အုပ်ချုပ်ရေးမှူးမှ ယမန့်က သွား၍ ရကြောင်း ပြောကြာထားပြီး ယနေ့တွင် မြို့နယ်မှူးက တားမြစ်ခဲ့သည်ဟု သူမကဆိုသည်။ မြို့နယ်မှူးသို့ ဆက်သွယ်ရာ ဖုန်းပိတ် ထားသည်ဟု အကြောင်းပြန်သဖြင့် ဆက်သွယ်၍ မရရှိခဲ့ပါ။

အဆိုပါ စပါးဆိပ်ကျေးရွာတွင် စစ်ပြေးရှောင်သူ ၄၁၇ ဦး ရှိပြီး သူတို့မှာ ပင်လုံနဲ့ အောင်လံချောင်းနဲ့ နောက်ရွာ တစ်ခု မှ ဖြစ်ကြောင်း သူမက ပြောဆိုသည်။

“ ကျွန်မတို့ကို စပါးဆိပ်ကျေးရွာက အမျိုးသမီးတွေက အကူအညီတောင်းပါတယ်။ သူတို့မှာ ထမင်းနဲ့ ရေဘဲ ရှိပါတယ်။ ဘာမှ စားစရာမရှိတဲ့ အတွက် အကူအညီပေးပါလို့ ဆက်သွယ် အကူအညီတောင်းတဲ့ အတွက် ကျွန်မတို့က သွားရောက် ကူညီမှာ ဖြစ်ပါတယ်။ ကူညီမယ့် ပစ္စည်းတွေက ဆန်၊ အာလူး၊ ငါးခြောက်၊ ပဲ၊ ဆီ စတဲ့ ရိက္ခာ တွေ ဖြစ်ပါတယ်” ဟု သူမက ဆိုသည်။

၎င်းပြင် ပီချောင်း တစ်လျှောက်ရှိ ကျေးရွာများတွင်လည်း ရွာအပြင်သို့ ထွက်ခွင့်ကို တပ်က ပိတ်ပင်ထားသဖြင့် စားဝတ်နေရေး အခက်အခဲ ဖြစ်နေသည်ဟု ဒေသခံ တစ်ဦးက နိရဉ္စရာသို့ ပြောဆိုသည်။

“ ကျွန်တော်တို့ ပီချောင်းတ၀ှိုက်မှာ ရွာပြင်ပကို မသွားဖို့ တပ်က တားမြစ်ထားပါတယ်။ ဒါကြောင့် တစ်နေ့ရှာမှ တစ်နေ့စားရသူတွေအနေနဲ့ အထူး အခက်အခဲ ဖြစ်နေပါတယ်။ နွားကျောင်းသားတွေက အစ နွားကျောင်းလို့ မရ ဖြစ်နေပါတယ်။ ဒါကြောင့် အကူအညီတွေ လိုအပ်နေပါတယ်” ဟု ၀ဲကြီးချောင်း ရွာသစ်မှ ဒေသခံ တစ်ဦးက ပြောသည်။

ယခု လက်ရှိ စားဝတ်နေရေးနှင့် အခက်အခဲ ကြုံနေကြရသော ကျေးရွာများမှာ ဝေလာကန်၊ ငါးဆောင်ဘက်၊ သံထောင်၊ ခြင်ကန်၊ သံပုရာကန်၊ ဓနိတောင်၊ ၀ပြင်နှင့် ၀ဲကြီးထောင့် ရွာသစ် စသည်တို့ ဖြစ်ကြသည်ဟု ဆိုသည်။

ယခုအခါ ခရီးသည်တင် စက်လှေများမှ အပ ကုန်တင်စက်လှေများ၊ ဈေးရောင်းချသည့် စက်လှေများ၏ သွားလာခွင့်ကိုလည်း ပိတ်ပင်ထားသည်ဟု သတင်း ရရှိသည်။

နိရဉ္စရာ
http://www.narinjara.com/burmese


 လားရှိုးမြို့မှာ လာရောက်ခိုလှုံနေကြတဲ့ ကိုးကန့်ဒေသက စစ်ဘေးရှောင်ဒုက္ခသည် ၂၃၀ ကျော်ကို ဒီကနေ့ မနက်ပိုင်းက လောက်ကိုင်မြို့ကို အစိုးရအစီအစဉ်နဲ့ ပြန်လည်ပို့ ဆောင်လိုက်ပါတယ်။

မန်ဆူရှမ်း ကျောင်းတိုက်မှာ ၂ လကျော် လာရောက်ခိုလှုံသွားတဲ့ ဒုက္ခသည်အားလုံး လောက်ကိုင်မြို့ကို ပြန်သွားကြပြီလို့ မန်ဆူကျောင်းတိုက်က အရှင်ဦးသြဘာက ဒီဗွီဘီကို မိန့်ပါတယ်။

“ဒီနေ့မနက် ၈ နာရီခွဲလောက်ကဘဲ တာဝန်ရှိသူတွေက သူတို့ကို တိုက်ပွဲတွေမရှိတော့ဘူးလို့ လာရှင်းပြတယ်။ အားပေးစကားပြောတယ်။ ပြီးတော့ လာကြိုသွားကြပါတယ်။ လူရော ပစ္စည်းတွေရော တင်သွားတာ ကားကြီးနဲ့ ၅ စီးရှိတယ်။ သူတို့က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၉ ရက်နေ့က ရောက်လာကြတာလေ။ အားလုံး ၂၅၀ လောက်ရှိမယ်။ စာရင်းအတိအကျတော့ ဦးဇင်းလက်ထဲမှာမရှိဘူး။ ကလေးနဲ့ အမျိုးသမီးတွေများတယ်။ သူတို့ကို ကြည့်ရတာလည်း လိုလိုလားလားနဲ့ ပြန်ချင်တဲ့ပုံပါပဲ။ တချို့က ဟိုမှာ အိုးပိုင်အိမ်ပိုင်ရှိတော့ အိမ်ကို နောက်ဆံတင်းမှာပေါ့။ ဒီမှာနေတော့ အစားအစာတွေလည်း ကျောင်းတိုက်ကရော ကယ်ဆယ်ရေးအဖွဲ့ပါ ထောက်ပံ့ပါတယ်။ သူတို့ကျန်းမာရေးကိုယ်လည်း ပုံမှန်လာစစ်ပေးတာ ရှိပါတယ်။”

အစိုးရတာဝန်ရှိသူတွေကတော့ ကိုးကန့်ဒေသမှာ နယ်မြေအေးချမ်းသွားပြီဖြစ်လို့ ပြန်လည်ပို့ ဆောင်တာဖြစ်တဲ့အကြောင်းနဲ့ ပြန်ရောက်လာတဲ့ ဒေသခံတွေ နေရေးထိုင်ရေးနဲ့ ဆန်၊ ဆီ၊ ဆား စတဲ့ စားနပ်ရိက္ခာတွေ ကိုးကန့် ပြန်လည်ထူထောင်ရေးအဖွဲ့က ထောက်ပံ့ပေးသွားဖို့ အစီအစဉ်ရှိတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

လားရှိုးခရိုင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ဒုညွန်မှူး ဦးကျော်ကျော်ထွန်းက “အခုဟိုဘက်ပြန်သွားမယ် ဆိုတော့ တခုခုပြန်ဖြစ်မှာ သူတို့ စိုးရိမ်တယ်။ ဒါပေမယ့် ကျနော်တို့က နယ်မြေအေးချမ်းသွားပြီ ဆိုပြီးတော့ သတ်မှတ်ပြီးလို့ ပြန်ပို့လိုက်တာပေါ့နော်။ အခက်အခဲရှိရင်လည်း ကျနော်တို့ စီမံဆောင်ရွက်ပေးမှာပါ”လို့ ပြောပါတယ်။

ကိုးကန့် စစ်ရှောင်မိသားစုတချို့ကတော့ နေရပ်ပြန်ခွင့်ရပြီဖြစ်ပေမယ့် ဘ၀လုံခြုံရေးအတွက် စိုးရိမ်စိတ်တွေ ရှိနေဆဲဖြစ်ပါတယ်။

ဒုက္ခသည် လူငယ်တဦးက “ကိုယ့်ဌာနေပြန်ရမယ်ဆိုတော့ ၀မ်းလည်းဝမ်းသာပါတယ်။ ဒါပေမယ့် နည်းနည်းတော့ ထိတ်လန့်တာပေါ့နော်၊ လမ်းကြောင်း ကောင်းလားမကောင်းလား ထိတ်လန့်တာပေါ့၊ ပြန်ရင် ကျနော်တို့ ဟိုမှာရှိခဲ့တဲ့ပစ္စည်းတွေပေါ့ဗျာ အဲဒါတွေ ရှိသေးလား၊ မရှိသေးဘူးလားဆိုတာကတော့ ကိုယ်လည်း မသိဘူး။ အဲဒါတွေမရှိရင်တော့ အကုန်လုံးပြန်လည်ထူထောင်ရမှာ။ ကျနော်တို့ နေရာထိုင်ခင်းတွေပေါ့ဗျာ အကုန်လုံး၊ တည်တည်ငြိမ်ငြိမ်လေးနဲ့ အေးအေးချမ်းချမ်းနေရဖို့ အဲဒါလေးပဲ စီစဉ်ပေးစေချင်ပါတယ်”လို့ ပြောပါတယ်။

ဒုက္ခသည် အမျိုးသမီးတဦးကလည်း “စိုးရိမ်စိတ်တော့ရှိတယ်။ ပြန်သွားရတော့မယ်ဆိုတော့ ပျော်ပါတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေကို ဖိတ်ခေါ်ပြီးတော့ အလုပ်အကိုင်တွေ ပြန်လည် ရရှိမယ်ဆိုရင်တော့ ဘ၀အာမခံချက် ပိုရှိတာပေါ့။ အမြန်ဆုံးပြန်လည် စည်ကားလာအောင် နိုင်ငံတော်ကြီးကို လုပ်ပေးဖို့ တောင်းဆိုချင်ပါတယ်။”လို့ ပြောပါတယ်။

ဦးဖုန်ကြားရှင်ခေါင်းဆောင်တဲ့ ကိုးကန့်တိမ်းရှောင်တပ်တွေနဲ့ အစိုးတပ်တွေအကြား ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၉ ရက်နေ့က တိုက်ပွဲတွေပြန်လည်ဖြစ်ပွားပြီးနောက် လောက်ကိုင်ဒေသခံ တွေဟာ ရှမ်းပြည်နယ် မြောက်ပိုင်းလားရှိုးမြို့ကို ထွက်ပြေးခိုလှုံခဲ့ကြရတာပါ။

ပြီးခဲ့တဲ့ သင်္ကြန်ကာလအထိ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်ဆက်လက်ဖြစ်ပွားခဲ့ပြီး ကိုးကန့်ဒေသရှိ စစ်ရေးအရ အရေးပါတဲ့ နေရာတွေအားလုံးကို အစိုးရစစ်တပ်က သိမ်းပိုက်ထိန်းချုပ်နိုင်လိုက်ပြီလို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

 By ခွန်ဇော်ဦး (ဒီဗွီဘီ)
http://burmese.dvb.no


၂၀၂၇ မှာ တိုကျိုနဲ့ နာဂိုယာ အကြား ပြေးဆွဲသွားမယ်လို့ ဆို။ 
 ဂျပန် နိုင်ငံမှာ လျှပ်စစ် သံလိုက်အားနဲ့ မတင်ပြီး သံလမ်းနဲ့ မထိဘဲ ပြေးဆွဲတဲ့ ရထားကို စမ်းသပ် မောင်းနှင် ခဲ့ရာမှာ တစ်နာရီ ၆၀၃ ကီလိုမီတာ အမြန်နှုန်းနဲ့ ကမ္ဘာ့ စံချိန်သစ်ကို ထပ်မံ တင်လိုက်နိုင်ပါတယ်။

ဒီရထားကိုပဲ ပြီးခဲ့တဲ့ အပတ်က စမ်းသပ် မောင်းနှင်ရာမှာတော့ တစ်နာရီ ၅၉၀ ကီလိုမီတာနှုန်း စံချိန်တင်ခဲ့ပါတယ်။

Maglev လို့ အတိုကောက် ခေါ်တဲ့ ဒီရထား အမျိုးအစားသစ်ဟာ လျှပ်စစ်ပါဝါကို အသုံးပြုပြီး ရလာတဲ့ သံလိုက်အားနဲ့ ရထားတွဲတွေကို သံလမ်းပေါ်မှာ မြောက်ကြွစေပြီး ပြေးဆွဲတဲ့ ရထား ဖြစ်ပါတယ်။

ဒီရထားတွေကို လာမယ့် ၂၀၂၇ မှာ တိုကျိုနဲ့ နာဂိုယာမြို့အကြား ပြေးဆွဲသွားဖို့ ဂျပန် ရထား ပို့ဆောင်ရေး ဗဟို အဖွဲ့က ရည်ရွယ်ထားတာပါ။

ကီလိုမီတာ ၂၈၀ ရှိတဲ့ အဲဒီ မြို့နှစ်မြို့ကြား ခရီးကို မိနစ် ၄၀ ခန့်သာ ကြာမြင့်တော့မှာ ဖြစ်ပြီး လက်ရှိ ကြာမြင့်ချိန်ထက် တစ်ဝက်လောက် သက်သာသွားမှာပါ။

ဒါပေမယ့် တကယ် ပြေးဆွဲချိန် မှာတော့ အမြန်ဆုံး အရှိန်ကို တစ်နာရီ ၅၀၅ ကီလိုမီတာ အထိသာ သတ်မှတ် ပြေးဆွဲမှာ ဖြစ်လို့ အခု စံချိန်တင်လိုက်တဲ့ အမြန်နှုန်း အထိကိုတော့ ခရီးသွားတွေ ကြုံတွေ့ စီးနင်းခွင့် ရမှာ မဟုတ်ပါဘူး။

လက်ရှိမှာ အမြန်ဆုံး အဖြစ် သတ်မှတ်ထားတဲ့ ကျည်ဆန် ရထားတွေရဲ့ အမြန်နှုန်းကတော့ တစ်နာရီ ၃၂၀ ကီလိုမီတာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.co.uk/burmese


 သတင်းလွတ်လပ်ခွင့်အတွက် ဦးဆောင်တိုက်ပွဲဝင်ခဲ့တဲ့ ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခဲ့တာဟာ မြန်မာနိုင်ငံအတွက် ဆုံးရှုံးမှုကြီးတခုဖြစ်ပြီး လက်ရှိတိုင်းပြည်မှာ သတင်းမီဒီယာအပေါ် အာဏာပိုင်တွေရဲ့ ဖိအားပေးတာတွေ ပိုပြီးတိုးလာနေတယ်လို့ နိုင်ငံတကာ သတင်းမီဒီယာအဖွဲ့တွေက ပြောကြားလိုက်ပါတယ်။

ဧပြီလ ၂၁ ရက်နေ့ ဒီကနေ့မှာ ကျရောက်တဲ့ ဦးဝင်းတင်ကွယ်လွန်ခဲ့တဲ့ တနှစ်ပြည့် အမှတ်တရဂုဏ်ပြုပွဲတွေ မြန်မာနိုင်ငံမှာ ကျင်းပဖို့ရှိပါတယ်။ မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

စစ်အစိုးရလက်ထက် အကျဉ်းထောင်ထဲမှာ နှစ်ပေါင်း ၁၉ နှစ်ကြာ ထိန်းသိမ်းခံခဲ့ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ကွယ်လွန်ခဲ့တဲ့ တနှစ်ပြည့်အထိမ်းအမှတ်နေ့မှာ မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့်ရဖို့အတွက် သူ့အနေနဲ့ မဆုတ်မနစ် ကြိုးပမ်းဆောင်ရွက်ခဲ့တာတွေကို နိုင်ငံတကာ သတင်းမီဒီယာအဖွဲ့တွေက အမှတ်တရ ဂုဏ်ပြုပြောဆိုခဲ့ပါတယ်။

ဦးဝင်းတင်ဟာ သတင်းလွတ်လပ်ခွင့်ကို မြတ်နိုးတန်ဖိုးထားသူတဦးအနေနဲ့ စစ်အစိုးရအဆက်ဆက်မှာ ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်ခဲ့သူတဦးဖြစ်တယ်လို့ ပြင်သစ်အခြေစိုက် RSF လို့ခေါ်တဲ့ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ရဲ့ အာရှပစိဖိတ်အကြီးအကဲ Mr. Benjamin Ismail က ဗွီအိုအေကို ပြောပါတယ်။

“ဒီကနေ့အချိန်မှာ ဦးဝင်းတင် ရှိနေမယ်ဆိုရင် သတင်းလွတ်လပ်ခွင့်အတွက် သူဟာ ဆက်ပြီး တိုက်ပွဲဝင်နေဦးမှာပါ။ ဦးဝင်းတင်ဟာ မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့်ရဖို့အတွက် တက်တက်ကြွကြွ လှုပ်ရှားဦးဆောင်ခဲ့သူတဦး ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ် သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာတဲ့အချိန်မှာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ စတင်ပြီးနောက် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးတာ၊ သတင်းမီဒီယာ ဥပဒေမူကြမ်း ရေးဆွဲတာတွေကြောင့် သတင်းလွတ်လပ်ခွင့်တွေ ရလာတော့မယ်လို့ ကျနော်တို့ မျှော်လင့်ခဲ့ကြပါတယ်။ အခုတော့ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးဟာ ရပ်တန့်နေတာတင် မဟုတ်ဘူး နောက်ပြန်သွားနေတာပါ။ ဒါ့အပြင် သတင်းထောက်တွေကို ဖမ်းဆီးထောင်ချတာတွေ အထင်အရှားရှိနေပြီး သတင်းလွတ်လပ်ခွင့် ဆိုတာလည်း မရှိသေးပါဘူး။”

နယူးယောက်မြို့အခြေစိက် CPJ လို့ခေါ်တဲ့ သတင်းထောက်များ အကာကွယ်ပေးရေး ကော်မတီကလည်း ဦးဝင်းတင်ကွယ်လွန်ခဲ့တာ တနှစ်ပြည့်ချိန်မှာ မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့်ဟာ ဆိုးရွားနေဆဲဖြစ်တယ်လို့ ပြောပါတယ်။ ဒါနဲ့ပတ်သက်လို့ CPJ ရဲ့ အာရှအစီအစဉ် လုပ်ငန်းညှိနှိုင်းရေးမှူး Bob Dietz က အခုလို ဆိုပါတယ်။

“မြန်မာနိုင်ငံမှာ သတင်းမီဒီယာတွေကို  ဖိအားပေးတာတွေ ပိုပြီး တိုးလာနေပါတယ်။ မြန်မာအစိုးရအနေနဲ့ ပထမအကြိမ် ပြုပြင်ပြောင်းလဲရေးတွေ ဆောင်ရွက်တုန်းကရှိခဲ့တဲ့ မျှော်လင့်ချက်တွေဟာလည်း ကွယ်ပျောက်ခဲ့ပါပြီ။ အခုဆိုရင် အစိုးရအုပ်ချုပ်ရေးပိုင်းမှာ စစ်တပ်ကလွှမ်းမိုးဖို့ ကြိုးစားနေတယ်လို့ ကျနော်တို့ မြင်ပါတယ်။ ဒါဟာ သတင်းလွတ်လပ်ခွင့်ကို ပိုပြီး ဆိုးရွားသွားစေပါတယ်။”

ဦးဝင်းတင်ကို ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့ကြီးဖြစ်တဲ့ UNESCO ကနေ ၂၀၀၁ ခုနှစ်မှာ နိုင်ငံတကာသတင်းလွတ်လပ်ခွင့် Guillermo Cano ဆုကို ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။ အလားတူ WAN လို့ခေါ်တဲ့ ကမ္ဘာ့သတင်းစာများအဖွဲ့ချုပ်ကလည်း ရွှေကလောင်ဆုကို သာယာဝတီ စမ်းစမ်းနွဲ့နဲ့အတူ ၂၀၀၁ ခုနှစ်မှာ ဦးဝင်းတင်ကို ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့သတင်းစာလောကမှာ ဟံသာဝတီသတင်းစာကို ထူထောင်ခဲ့သူ ဦးဝင်းတင်ဟာ မြန်မာတွေအတွက် သတင်းပညာနဲ့ပတ်သက်လို့ နိုင်ငံတကာ အရည်အချင်း စံချိန်မီအောင် ကြိုးစားဆောင်ရွက်ခဲ့တယ်လို့ ခေတ်ရနံ့တာဝန်ခံအယ်ဒီတာ ပြည်သွေးနိုင် ကလည်း အခုလို ပြောပါတယ်။

“ဟံသာဝတီဆိုတာ မန္တလေးမှာ သတင်းစာအနေနဲ့ တခေတ်ပေါ့လေ။ အဲဒီတခေတ်ကို ထူထောင်ခဲ့တာ ဦးစီးပဲ့ကိုင်ရှင်က ဘဘဦးဝင်းတင်ပါပဲ။ နောက်တခုက သူက အဲဒီမှာ သတင်းစာသမားပီသစွာနဲ့ သူလုပ်သင့်တာတွေကို လုပ်ခဲ့တယ်။ ပြောသင့်တာတွေကို ပြောခဲ့တယ်။ အစိုးရအလိုကျ အုပ်ချုပ်သူတွေအလိုကျ သူက လိုက်ပြီးတော့ မပြောခဲ့၊ မရေးခဲ့ဘူး။ သူယုံကြည်တဲ့အတိုင်း သတင်းစာသမားတယောက်အနေနဲ့ ရဲရဲဝံ့ဝံ့ ရပ်တည်ပြီးတော့ ဆောင်ရွက်ခဲ့တဲ့အတွက် ဟံသာဝတီဦးဝင်းတင်လို့ ဖြစ်လာတယ်။ ဟံသာဝတီသတင်းစာဆိုတာ မန္တလေးမှာ တခေတ်ဖြစ်ခဲ့ပါတယ်။”

ဒါ့အပြင် ဦးဝင်းတင်ဟာ စစ်အစိုးရလက်ထက်မှာ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံခဲ့ရပေမဲ့ ခေါင်းငုံ့မခံဘဲ ယုံကြည်ချက်အတွက် ရပ်တည်လှုပ်ရှားခဲ့တဲ့ သံမဏိလူသားတဦး ဖြစ်တယ်လို့လည်း အခုလို ပြောပါတယ်။

“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ စတင်တည်ထောင်ကတည်းက founder တဦးအနေနဲ့ ပါဝင်ခဲ့တယ်။ အဘဦးဝင်းတင် မရှိတဲ့အချိန်မှာ အဖွဲ့ချုပ်အတွက်လည်း အများကြီး ထိခိုက်နစ်နာရသလို မြန်မာပြည် ဒီမိုကရေစီရေးအတွက်လည်း တကယ် အဘလို ရဲရဲဝံ့ဝံ့နဲ့ ပြောသင့်တာကို ပြောရဲတဲ့ပုဂ္ဂိုလ်မျိုး မရှိတော့တဲ့အတွက် ဒီအသွင်ကူးပြောင်းရေးကာလမှာ အားနည်းချက်တခု ဖြစ်သွားတယ်လို့ ကျနော်တော့ ဒီလိုမြင်ပါတယ်။”

အခုလို နိုင်ငံရေးအကျဉ်းသားဟောင်းဖြစ်ခဲ့တဲ့ ၀ါရင့်နိုင်ငံရေးသမားကြီး သတင်းစာဆရာကြီး ဦးဝင်းတင်ကွယ်လွန်ခြင်း တနှစ်ပြည့်မြောက်တဲ့ ဒီကနေ့မှာ  နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးလှုပ်ရှားမှုတခုအနေနဲ့ ရှပ်အင်္ကျီအပြာရောင်တွေ ၀တ်ဆင်ကြဖို့ကိုလည်း  နိုင်ငံရေးလှုပ်ရှားတက်ကြွသူတွေက တိုက်တွန်းထားပါတယ်။

အလားတူ  အစိုးရက ပြန်လည် ဖွဲ့စည်းလိုက်တဲ့ နိုင်ငံရေးအကျဉ်းသားများဆိုင်ရာ ကော်မတီကို တရားမျှတမှုရှိရှိ ပြန်လည်ဖွဲ့စည်းဖို့ AAPPB နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) အပါအ၀င် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းပေါင်း ၂၀ ကလည်း ဦးဝင်းတင်ကွယ်လွန်ခြင်း တနှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ တောင်းဆိုထားပါတယ်။ ဒါ့အပြင် တနှစ်ပြည့်အောက်မေ့ဖွယ်ဂုဏ်ပြုပွဲကိုလည်း ဒီကနေ့ ရန်ကုန်မြို့ တော်ဝင်နှင်းဆီးခန်းမမှာ ဦးဝင်းတင် ဖောင်ဒေးရှင်းက ဦးစီးကျင်းပမှာ ဖြစ်ပါတယ်။

အင်ကြင်းနိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

(Credit: ABC)

 စင်္ကာပူနိုင်ငံက ​ကုမ္ပဏီ ​တစ်ခုက ​ရန်ကုန်တိုင်းအတွင်းမှာ ​လျှပ်စစ်စက်ရုံ ​တစ်ခု ​တည်ဆောက်ပေးမယ်လို့ ​သိရပါတယ်။

Royal ​GK ​ကုမ္ပဏီက ​သဘာဝ ​ဓာတ်ငွေ့နဲ့ ​လည်ပတ်မယ့် ​လျှပ်စစ်စက်ရုံ ​တစ်ခုကို ​တည်ဆောက်ပေးမှာ ​ဖြစ်ပါတယ်။

အဲဒီ ​ကုမ္ပဏီကို ​United ​Overseas ​Bank ​(UOB) ​က ​ငွေကြေးထောက်ပံ့မှာ ​ဖြစ်ကြောင်း ​UOB ​က ​မနေ့က ​ကြေညာခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ ​လူဦးရေ ​လေးပုံ ​တစ်ပုံကသာ ​လျှပ်စစ်မီးတွေ ​ရရှိနေတယ်လို့ ​အာရှဖွံ့ဖြိုးရေးဘဏ်က ​ပြောဆိုထားပြီး ​ယုံကြည်စိတ်ချရတဲ့ ​လျှပ်စစ်မီးတွေ ​ရရှိဖို့ ​လိုအပ်နေတာကြောင့် ​မြန်မာ ​အစိုးရက ​အခုလို ​လျှပ်စစ်တွေရဖို့ ​လုပ်ဆောင်နေတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ​စီးပွားရေး ​တိုးတက်ဖို့နဲ့ ​အလုပ်အကိုင်တွေ ​ရှိဖို့အတွက် ​လျှပ်စစ်တွေ ​အလုံအလောက် ​ရှိဖို့ ​လိုအပ်တာကြောင့် ​လျှပ်စစ် ​စက်ရုံ ​တည်ဆောက်ရေး ​ကိစ္စမှာ ​ငွေကြေးတွေ ​ထောက်ပံ့တာဖြစ်ကြောင်း ​UOB ​ဘဏ်က ​Channel ​News ​Asia ​ကို ​ပြောသွားခဲ့ပါတယ်။

အဲဒီ ​ရန်ကုန်တိုင်းက ​လျှပ်စစ်စက်ရုံကို ​ဇွန်လမှာ ​အပြီး ​တည်ဆောက်မှာ ​ဖြစ်ပြီး ​အဲဒီကနေ ​တစ်နှစ်ကို ​လျှပ်စစ် ​မီကာဝတ်တ် ​175000 ​ထုတ်လုပ်နိုင်မယ်လို့ ​ဆိုပါတယ်။

UOB ​အနေနဲ့ ​မြန်မာနိုင်ငံမှာ ​အလုပ်လုပ်နေတဲ့ ​ကုမ္ပဏီ ​တချို့ကို ​ငွေကြေး ​ထောက်ပံ့တာတွေ ​လုပ်နေပြီး ​အဲဒီအထဲမှာ ​မွန်ပြည်နယ်နဲ့ ​မန္တလေးတိုင်းမှာ ​ဆောက်လုပ်နေတဲ့ ​စွမ်းအင်စက်ရုံတွေလည်း ​ပါဝင်ပါတယ်။

မြန်မာနိုင်ငံမှာ ​ဘဏ်လုပ်ငန်း ​လုပ်ကိုင်ခွင့် ​ရထားတဲ့ ​နိုင်ငံခြားဘဏ် ​၉ ​ခုထဲမှာ ​UOB ​ဘဏ်လည်း ​ပါဝင်နေတာ ​ဖြစ်ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese


 ဧပြီ ၂၁ ရက်နေ့မှာ ကွယ်လွန်သွားတဲ့ ဦးဝင်တင် တနှစ်ပြည့် အထိမ်းအမှတ် အဖြစ် အပြာရောင် အင်္ကျီတွေ ၀တ်ကြဖို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တော်သတင်းက ရေးပါတယ်။

“ဦးဝင်းတင် အတွက် အပြာရောင်ဝတ်ကြပါ၊ မြန်မာအတွက် အပြာရောင် ၀တ်ကြပါ”ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးသား ထားတာ ဖြစ်ပါတယ်။

ဦးဝင်တင် ကွယ်လွန်တာ တနှစ်ပြည့် အထိမ်းအမှတ်ကို ဂုဏ်ပြုတဲ့ အနေနဲ့ လူတွေကို အပြာရောင်ဝတ်ဖို့ တိုက်တွန်းနေ သလို ဒါဟာ မြန်မာ့ အကျဉ်းထောင်ထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ အမြောက်အမြား ရှိနေသေးတယ်ဆိုတာကို သတိထားမိစေမှာ ဖြစ်တယ်လို့ သတင်းက ရေးပါတယ်။

ဦးဝင်းတင်ဟာ ၁၉၈၉ ကနေ ၂၀၀၈ ခုနှစ်အထိ ထောင်ဒဏ် ကျခံခဲ့ရသလို ကာလအကြာရှည်ဆုံး အကျဉ်းကျခံရတဲ့ နိုင်ငံရေးသမား တဦးဖြစ်တယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။

ဒါအပြင် ၂၀၁၄ ခုနှစ် ကွယ်လွန်ရာမှာလည်း အပြာရောင် အကျီင်္ကို ၀တ်ဆင်ခဲ့သလို နိုင်ငံရေး အကျဉ်းသားတွေ မလွတ် မချင်း ဒီအပြာရောင်အင်္ကျီကို နေ့စဉ်ဝတ်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဖော်ပြပါတယ်။

သူသေဆုံးတာ တနှစ်ပြည့်တဲ့ အချိန်မှာ နိုင်ငံရေး အကျဉ်းသား ၁၇၀ ကျော် အကျဉ်းကျခံနေဆဲ ဖြစ်သလို ၃၀၀ ကျော်ဟာလည်း အမှုရင်ဆိုင်နေရတယ်လို့ သတင်းက ရေးပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no