04/24/15


 အာဆီယံခေါင်းဆောင်တွေ တက်ရောက်မယ့် ထိပ်သီးညီလာခံကို လာမယ့် ရက်ပိုင်းအတွင်း မလေးရှားနိုင်ငံမှာ ကျင်းပမှာဖြစ်ပါတယ်။ အဲ့ဒီထိပ်သီးညီလာခံ မတိုင်ခင် အာဆီယံ လူငယ်များ ညီလာခံကို မလေးရှားနိုင်ငံမှာ လတ်တလော ကျင်းပနေပါတယ်။ အာဆီယံထိပ်သီးခေါင်းဆောင်တွေ နဲ့ တွေ့ဆုံဆွေးနွေးဖို့ အာဆီယံ လူငယ်များ ညီလာခံကနေ နိုင်ငံအလိုက် လူငယ် ကိုယ်စားလှယ်တွေ ကို ရွေးချယ်တဲ့အခါမှာ မြန်မာနိုင်ငံအတွက် လူငယ်ခေါင်းဆောင် ၂ဦးကိုရွေးချယ် ခဲ့ပါတယ်။ အဲဒီထဲက ခေါင်းဆောင်တဦးကို မြန်မာအစိုးရက ကန့်ကွက် ပယ်ချ လိုက်ပြီး အစိုးရစိတ်ကြိုက် ရွေးချယ်တဲ့ လူငယ်ခေါင်းဆောင်တဦးနဲ့ အစားထိုး လိုက်ပါတယ်။ ဒီအကြောင်းကို ဆက်သွယ်စုံစမ်းထားတဲ့ ကိုဉာဏ်ဝင်းအောင် က ပြောပြ ပါမယ်။

နှစ်စဉ်ကျင်းပလေ့ရှိတဲ့ အာဆီယံထိပ်သီးဆွေးနွေးပွဲတွေ မတိုင်ခင် အာဆီယံ လူငယ်များ ညီလာခံနဲ့ လူထု အခြေပြု အာဆီယံလူမှုအဖွဲ့စည်းများ ညီလာခံကို ကျင်းပလေ့ရှိတာပါ။ လာမယ့် ရက်ပိုင်းအတွင်း မလေးရှားနိုင်ငံမှာ ကျင်းပမယ့် အာဆီယံထိပ်သီးညီလာခံမှာ အာဆီယံခေါင်းဆောင်တွေ နဲ့ ဆွေးနွေးကြမယ့် လူငယ်ခေါင်းဆောင်တွေကို အာဆီယံလူငယ်များ ညီလာခံကနေ ရွေးချယ်ကြ တာဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ လူငယ်ခေါင်းဆောင် ကိုယ်စားလှယ် ၂ဦး အဖြစ် ကိုမော်စီ(ခေါ်) ကိုဖုန်းပြည့်ကျော် နဲ့ မဖွေးယုမွန်တို့ကို ရွေးချယ်ခဲ့ပေမယ့် ကိုဖုန်းပြည့်ကျော်ကို ကိုယ်စားလှယ်အဖြစ် တက်ရောက်ခွင့် မပြုဖို့ မြန်မာအစိုးရက ကန့်ကွက်ခဲ့ တာဖြစ်တယ်လို့ ရန်ကုန်အခြေစိုက် အမျိုးသားလူငယ်ကွန်ဂရက် အဖွဲ့ ပြောခွင့်ရသူ မသင်ဇာရွှန်းလဲ့ရည်က VOAကို ပြောပါတယ်။

" ကျောင်းသားတွေကို ဖမ်းဆီးထားတဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့ ကျမတို့ ဒီအမျိုးသား လူငယ် ကွန်ဂရက်က သူတို့ ပြန်မလွတ်မချင်းကို အစိုးရနဲ့ အဆက်အဆံ မလုပ်ဘူး ဆိုတဲ့ သပိတ်ကို ကျမတို့ မှောက်ထားတယ်။ အဲ့တာ အတွက်ကြောင့်မို့လို့ ကျမတို့ ဘက်က လူငယ်တွေကို လွှတ်ဖို့ မဖြစ်ဘူးပေါ့နော်။ လွှတ်လို့မရဘူး။ မလွှတ်သင့်ဘူး ဆိုတဲ့  အခါကျတော့ အာဆီယံရေးရာ တက်ကြွ လှုပ်ရှားသူတွေ ပါသင့်တယ် ဆိုတဲ့ဟာမျိုး စဉ်းစားပြီးတော့ သူတို့နာမည်တွေကို ကိုယ်စား တင်ပေးတယ်။ ကျမတို့ ကွန်ရက်ထဲကတော့ မဟုတ်ဘူး။ ဆိုတော့ အဲဒီ့အထဲက ကျမတို့ ရွေးချယ် လိုက်တာက ကျောင်းသားတွေဘက်က ကိုမော်ဇင်၊ နောက် ကိုဇေယျာလွင်ကလည်း ဖိုရမ် တက်ဖို့အတွက် မြန်မာနိုင်ငံရဲ့ ကိုယ်စားလှယ်အနေနဲ့ ရသင့်တယ်ဆိုတဲ့ အားလုံး သဘောတူညီမှုနဲ့ပေါ့နော်။ ကျမတို့ကွန်ရက်ထဲက လူငယ်တချို့လည်း ကျမတို့ ရွေးချယ်တယ်။ ဒါပေမဲ့ အဲ့တာက ဆန်းမစ်ကို တက်ဖို့ မဟုတ်ဘူး။ အာဆီယံ လူငယ်ဖိုရမ်တက်ဖို့ ။ ဆန်းမစ်ကိုတော့ ကျမတို့ လူငယ်နှစ်ယောက် ရွေးတယ်။ မိန်းကလေးတယောက်၊ ယောက်ျာလေးတယောက် ဆိုတော့ ယောက်ျားလေး တယောက် ကတော့ ကိုမော်စီရယ်၊ မဖွေးယုကတော့ မနှစ်က တက်ခဲ့တဲ့သူပေါ့ အစိုးရက မဖွေးယုကိုတော့ လက်ခံတယ်။ ဒီ ကိုမော်စီ ကိုကျတော့ လက်မခံ ဘူးပေါ့နော်။ နောက်တယောက်ကို အစားထိုး လိုက်တယ်ပေါ့။ သူတို့ အစားထိုး လိုက်တဲ့သူက အနုပညာ ယဉ်ကျေးမှုတက္ကသိုလ်က တယောက်ပေါ့နော်။ လူငယ်တယောက်ကို သူတို့ဘက်က ရွေးချယ်ထားတယ်ပေါ့နော်။"

ကိုဖုန်းပြည့်ကျော်ကို အခုလို ပယ်ချရတာဟာ NNER အဖွဲ့ဝင်တဦး လည်းဖြစ် ကျောင်းသားလှုပ်ရှားမှုမှာ အဖမ်းမခံရပဲ ကျန်နေသေးတဲ့ ဗကသ ဗဟို အလုပ် အမှုဆောင်ကော်မတီဝင် တဦးလည်းဖြစ်ပြီး ၊ လက်ပံတန်းကျောင်းသား လှုပ်ရှားမှု ဖြိုခွင်း အဖမ်းဆီးခံနေရတဲ့ ကိစ္စတွေ ဆွေးနွေး ပြောဆိုမှာကိုမြန်မာ အစိုးရက စိုးရိမ်နေတာကြောင့် ဖြစ်နိုင်ကြောင်း မသင်ဇာရွှန်းလဲ့ရည်က သုံးသပ်ပါတယ်။

" ကိုဖုန်းပြည့်ကျော်က ကိုမော်စီက NNER အဖွဲ့ဝင် တယောက်ဖြစ် တယ်။ ကျောင်းသား အရေးအခင်းမှာ ကျောင်းသားကိစ္စတွေမှာလည်း  တက်တက်ကြွကြွ လှုပ်ရှားနေတဲ့ လူငယ်တယောက်ဖြစ်တယ်။ ဆိုတော့ ဘာကြောင့် ဘာကြောင့် မရွေးချယ်ရသလဲဆိုတာ အတိအကျကြီး ကျမ မသိရဘူး။ ခန့်မှန်းရတာတော့ သေချာတယ်။ အစိုးရက ဒါကို လက်ပံတန်းမှာ ကျောင်းသား အကြမ်းဖက်ဖြိုခွင်းနိုင်တဲ့ ကိစ္စတွေကို မပြောစေချင်ဘူးဆိုတာလည်း ကျမတို့ ကြားနေရတယ်ပေါ့နော်။ တဘက်မှာ ကျမတို့ရဲ့ ကိုယ်စားလှယ်အဖွဲ့တွေကိုလည်း မပြောဖို့ တားမြစ် ပိတ်ပင်တာတွေ ရှိတယ်လို့လည်း ကျမတို့ ပြန်ကြားရတာတွေရှိတယ်။ "

ဒီပြောဆိုမှုနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန အာဆီယံရေးရာ တာဝန်ရှိသူတွေကို မေးမြန်းဖို့ VOAက ဆက်သွယ်ခဲ့ပေမယ့် ဖြေကြားမယ့်သူ မရှိခဲ့ပါဘူး။ နိုင်ငံအလိုက် အရွေးချယ်ခံရတဲ့ လူငယ်ကိုယ်စားလှယ်တွေဟာ ဧပြီလ(၂၇)ရက်နေ့ကျရင် အာဆီယံခေါင်းဆောင်တွေနဲ့ ဆွေးနွေးဖို့ ရှိပါတယ်။

ကိုဉာဏ်ဝင်းအောင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


သာယာဝတီထောင်မှာ ဖမ်းဆီးထားတဲ့ ကျောင်းသားတွေနဲ့ ကူညီသူတွေကို လက်ပံတန်းမြို့နယ် တရားရုံးမှာ ဧပြီလ ၂၃ ရက်နေ့က ၄ ကြိမ်မြောက် ရုံးထုတ်ခဲ့စဉ်။ Photo: Kyaw Zaw Win/RFA
နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ ပြည်သူ့ဝန်ထမ်းကို နာကျင်စေမှု စတဲ့ ပုဒ်မ ၅ခုနဲ့ သာယာဝတီ အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကျောင်း သား ကျောင်းသူတွေနဲ့ ကူညီသူတွေကို လက်ပံတန်း မြို့နယ် တရားရုံးမှာ ၄ ကြိမ်မြောက် ဒီနေ့ ရုံးထုတ်ခဲ့ ပါတယ်။

လာမယ့် ဧပြီလ ၃၀ရက်နေ့ကစပြီး သာယာဝတီမြို့နယ် တရားရုံးမှာ ပြောင်းရွှေ့စစ်ဆေးမှာဖြစ်ကြောင်း ဒီနေ့ ရုံးထုတ်မှာ ကြေညာလိုက်တယ်လို့ ဖမ်းဆီးခံထားရ သူတွေရဲ့ အမှုကိုလိုက်ပါကူညီပေးမယ့် တရား လွှတ်တော် ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြော ပါတယ်။

"လုံခြုံရေးအခြေအနေအရ ရုံးပြောင်းလျှောက်တဲ့ အတွက် သာယာဝတီမြို့နယ် တရားရုံးကို ပြောင်းရွှေ့ လိုက်တယ်၊ နောက်တစ်ပတ် ၃ဝ ရက်နေ့လို့ ယူဆ ရတယ်၊ အဲ့နေ့ သာယာဝတီမှာ အမှုဆိုင်ရတော့မယ်၊ သူတို့က လက်ပံတန်း တာဆုံကနေ ဒီထဲဝင်ရတဲ့အကွာ အဝေးရယ်၊ ဖြတ်သန်းရတဲ့ လူနေရပ်ကွက်တွေရယ် အနီးနားမှာ ပြည်သူလူထုဝန်းရံမှုက အင်အားများလာတဲ့ အခါကျတော့ သူတို့လုံခြုံရေးအရ စိုးရိမ်မှုတွေရှိလာတယ်၊ အဲ့ဒါကြောင့်ပါ"

ပြီးခဲ့တဲ့ မတ်လ ၁၀ရက်နေ့က လက်ပံတန်းမြို့နယ်မှာ အမျိုးသားပညာရေး ဥပဒေကို သပိတ်မှောက်တဲ့ ကျောင်း သားကျောင်းသူတွေနဲ့ ၀န်းရံသူတွေကို အင်အားသုံးရိုက်နှက်ဖမ်းဆီးခဲ့ပြီး စုစုပေါင်း ၁၂၇ ဦးကို သာယာဝတီ အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းထားတာ ဖြစ်ပါတယ်။

အဲဒီအထဲက လက်ရှိကျောင်းတက်နေသူ ကျောင်းသူကျောင်းသားတွေနဲ့ လက်ပံတန်းမြို့ခံတွေအပြင် သတင်းမီဒီယာသမား ၂ဦး စုစုပေါင်း ၅၀ကို ပြီးခဲ့တဲ့ မတ်လအတွင်းက လွှတ်ပေးခဲ့ပါတယ်။

ဖမ်းဆီးခံထားရသူတွေထဲက မဖြိုးဖြိုးအောင်၊ ကိုနန္ဒာစစ်အောင်နဲ့ ကိုဖြိုးဓနတို့ကို ဗိုလ်တထောင်မြို့နယ်နဲ့ ပန်းဘဲတန်းမြို့နယ် ရဲစခန်းတို့ကလည်း တရားမ၀င် စီတန်းလှည့်လည်မှုဆိုင်ရာ ပုဒ်မ ၁၈ နဲ့ ထပ်တိုးအမှုဖွင့်ထားပါတယ်။

လက်ရှိ သာယာဝတီအကျဉ်းထောင်ထဲကို ခြင်ထောင်ပို့ခွင့်မပြုတာကြောင့် ဖမ်းခံထားရသူတွေဟာ အရေပြားယားယံတဲ့ဝေဒနာတွေ ခံစားနေရတယ်လို့ ပြောပါတယ်။ သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရသူ ၇၀ ရှိနေပါတယ်။

RFA Burmese
http://www.rfa.org/burmese

မနေ့က voice မှ ဖြတ်ကပ်၍ ဒေါ်အောင်ဆန်းစုကြည်မှ ဘာသာခြားများကို လက်အုပ်ချီနေသော ဓါတ်ပုံကိစ္စအတွက် ကျွန်တော် ၀မ်းသာမိပေသည်။

အဆိုပါ သတင်းစာသည် မြန်မာပြည်တွင် လူထုခေါင်းဆောင်ကြီးအား မဖွယ်မရာပြုလုပ်လိုက်ခြင်းဖြင့် ပြင်းထန်သော နိုင်ငံရေးပေါက်ကွဲမှုကြီး တရပ်ဖြစ်ရန် ဖန်တီးခဲ့ပေသည်။

ဖြစ်ရပ်မှန်ကား သတင်းစာဆရာကြီး ဦးဝင်းတင်၏ တနှစ်မြောက် ကွယ်လွန်ခြင်း အထိမ်းအမှတ်ပွဲတွင် ခပ်လှမ်းလှမ်းတွင် ထိုင်နေသော သံဃာတော်များအား လမ်းလျောက်လာသည့် ဒေါ်အောင်ဆန်းစုကြည်မှ လှမ်း၍ ဂါဝရ ပြုနေစဉ် တက်ရောက်လာသော ဘာသာခြားဧည့်သည်များက အနီးရောက်လာသော ဒေါ်အောင်ဆန်းစုကြည်အား မတ်တပ်ရပ်၍ လက်အုပ်ချီ အရိုအသေ ပြုရန်ထ လိုက်သည့်အချိန် နှင့်တိုက်ဆိုင်သွားရာ အဆိုပါ သတင်းစာမှ သံဃာတော်များအား ဖြတ်ညှပ်ထုတ်၍ ထင်ယောင်ထင်မှား ဖြစ်ရန် ပြုလုပ်လိုက်ကြခြင်းဖြစ်သည်။

ပုံတွင် ပြထားသော ဓါတ်ပုံများကို အသေအချာကြည့်က အဆိုပါ သတင်းစာ၏ အောက်တန်းကျသော လုပ်ရပ်ကို စာဖတ်သူများ သဘောပေါက်လိမ့်မည် ထင်ပါသည်။

ယင်းသည် ပထမအကြိမ် မဟုတ်သေး၊ လက်ပံတန်းကျောင်းသားများအား ရဲများမှ လူမဆန်စွာ ၀င်ရောက်ရိုက်နှက်သည့် နေ့က ကျောင်းသားခေါင်းဆောင် ကျော်ကိုကို တို့ အဖွဲ့မှ လက်ပံတန်းမှ တိတ်တဆိတ်ရန်ကုန်သို့ ထွက်ခွာလာပြီး လှည်းတန်းလမ်းဆုံတွင် ရန်ကုန်သို့ဝင်သည့် အထိမ်းအမှတ်အဖြစ် အလံထောင်သည့်နေ့က ကမန်းကတန်း အပြေးအလွှား လုပ်ရပုံကို ရိုက်ယူ၍ ကျောင်းသားခေါင်းဆောင်များက ဤသို့ ရှောင်တိမ်းပြေးကြလေပြီဟု အဆိုပါ သတင်းစာကပင် လုပ်ခဲ့ပြန်သည်ကို အတော်များများက မမေ့ခဲ့ကြပေ။

ထိုအချိန်က ကန့်ကွက်မှုများစွာပေါ်ပေါက်ခဲ့သော်လည်း ဟိုလိုသည်လိုနှင့် ပြီးဆုံးသွားခဲ့သည်။ ယခုအခါ မခံမရပ်နိုင်ုဖြစ်လာကြသော လူထုကြီးက အဆိုပါသတင်းစာအား အပြီးအပိုင် သပိတ်မှောက်ရန် လူမှုစာမျက်နှာများမှ တဆင့်ဆြော်သြကြသည့် အဖြစ်က နာရီပိုင်းအတွင်း ပျံနှံသွားရာမှ တောင်းပန်ရသည့် အဆင့်အထိ ဖြစ်လာခဲ့ရသည်။

အဆိုပါ အလောသုံးဆယ် ဖန်တီးမှု၏ ရလာဒ်ကား အဆိုပါ သတင်းစာ သည် မည်သို့သော အဆင့်ရှိသည့် သတင်းစာမျိုးနှင့် နောက်ကွယ်မှ မည်သူက ကြိုးကိုင်နေသည်ကို လယ်ပြင်ဆင်သွားသလို လူထုအလယ်တွင် မည်သူမျှ စွပ်စွဲစရာ မလိုပဲ ချပြလိုက်ခြင်းကြောင့် ၀မ်းသာမိသည်ဟု ဆိုလိုခြင်း ဖြစ်ပါသည်။

ဤသတင်းဓါတ်ပုံသည် အမှန်ဆိုက ချပြရမည်၊ တင်ပြရမည်၊ သတင်းသမားအမြင်ဖြင့် သုံးသပ်ရက လွန်စွာသတင်းတန်ဘိုးရှိလှသည်မဟုတ်ပါလား၊ ဒေါ်အောင်ဆန်းစုကြည်ကို မည်မျှပင် ထောက်ခံသည်ဖြစ်စေ သစ္စာရှိသော သတင်းသမားတဦးအနေဖြင့် ရဲရင့်စွာ တင်ပြသင့်သောလူထုသိသင့်သိထိုက်သည့် အရေးကိစ္စပင်ဖြစ်သည်။

ယခုအရေးကား Voice သတင်းစာသည် ကွယ်လွန်သွားသော သတင်းစာဆရာကြီး၏ မျက်နှာမှမထောက် ၎င်းကွယ်လွန်ခဲ့သည့် တနှစ်မြောက်အခမ်းအနားတွင် အဆိုပါ ပုဂ္ဂိုလ်ကြီး အမြတ်တနိုးစောင့်စည်းခဲ့သည် သတင်းသမားတို့၏ ကျင့်ဝတ်ကို စောင့်စည်းရကောင်းမှန်းမသိပဲ တက်ရောက်စော်ကားခဲ့သည့်အဖြစ်က အဘဦးဝင်းတင်သာ သိခွင့်သာ ရခဲ့လျင် တွေးတောင်မတွေးဝံပေ။

အကယ်၍များ အဆိုပါ သတင်းဓါတ်ပုံနှင့်ပါတ်သက်၍ အမှန်တရားအတိုင်းသာ သိခွင့်မရခဲ့ရှာပါက ဤတိုင်းပြည်သည် အဘယ်မျှ ဆုံးရှုံးနစ်နာခြင်း ဖြစ်ရရှာမည်နည်း။ ၎င်းတို့၏ ကျောထောက်နောက်ခံပြုထားသော သူများအကျိုးကွက်ကွက်လေးသာ ကြည့်၍ မိုက်မိုက်မဲမဲ ကမျောသောပါး ကျူးလွန်ကြသော လုပ်ကြံမှုကြီးသာ ဖြစ်ပေသည်။

သို့အတွက် နောက်နောင်တွင် အဆိုပါ သတင်းစာမှ ရေးသားသော ထင်မြင်ချက်များကို ဓမ္မဌိဓါန် ကျသော သုံးသပ်ချက်များ အဖြစ် မည်သည့် စာဖတ်သူကမှ အလေးအနက်ထားကြတော့မည် မဟုတ်၍ ၎င်းတို့ယူထားခဲ့သော Voice ဆိုသည့် နာမည်ကို နှမျောမိရပေသည်။

ှံHSW
BrainWave ဉာဏ်လှိုင်း
သေချာတာက သတင်းထောက်တွေဟာ ဓါတ်ပုံတွေကို တနေရာတည်းကနေ တပုံတည်းရိုကိလေ့မရှိတဲ့အတွက် The Voice အနေနဲ့အခြားရွေးချယ်စရာဓါတ်ပုံတွေရှိခဲ့မှာဖြစ်ပြီး
အဲ့ဒီထဲကမှ ဒီလိုအငြင်းပွားဖွယ်ရာပုံကိုရွေးရိုက် ရွေးတင်ခဲ့တာပါပဲ...

တချိန်က ၃ ခေါက်ချိုး မှတ်ပုံတင်အဟောင်းကို ပြန်အပ်ပြီး နိုင်ငံသားစီစစ်ရေးကဒ်အသစ် (ပန်းရောင်ကဒ်) ပြုလုပ်နေသော လူထုခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်။

သတင်းဓါတ်ပုံ-Nainglin Aung.

နှစ်ပေါင်းများစွာ မှတ်ပုံတင်အဟောင်းကြီး(သုံးခေါက်ချိုး) ကိုင်လာခဲ့ရတဲ့ ဗိုလ်ချုပ်သမီးလေ အခုမှ နိုင်ငံသား (နိုင်)ကဒ် ရတယ်…

အဲ့ဒါကို တချို့တွေက ဘုမသိဘမသိ နိုင်ငံသားမဟုတ်ဘူးလားတို့ ဘာတို့ရေးနေတာတွေ့တော့ ဒင်းတို့ဦးနှောက် ဘာမှသုံးစားမရမှန်းသိတော့တယ်!

ဒေါ်စုက အင်္ဂလန်မှာ နေထိုင်စဉ်ကတည်းက မြန်မာပတ်စပို့စ်ကိုကိုင်ပြီး မြန်မာနိုင်ငံသားဖြစ်ကြောင်း မြန်မာအစိုးရကို နှစ်စဉ်အခွန်ဆောင်လာခဲ့တဲ့ မြန်မာအမျိုးသမီးဆိုတာ မသိကြဘူးထင်ပါတယ်…

ဒေါ်စုဟာ ဘယ်တုန်းကမှ နိုင်ငံခြားသားအဖြစ်မခံယူခဲ့ဘူး…
နိုင်ငံခြားသားကို ယူထားပေမဲ့ နိုင်ငံခြားရဲ့သြဇာကိုမခံယူဘူး…

ဒါတွေကိုကြည့်ခြင်းအားဖြင့် ဒေါ်စုဟာ မြန်မာလူမျိုးဖြစ်ရတာကို ဂုဏ်ယူပြီး မြန်မာနိုင်ငံသားတယောက်အနေနဲ့ နိုင်ငံခြားသားအဖြစ်ဘယ်တော့မှ မခံယူဘဲ မပြောင်းလဲတဲ့စိတ်ဓါတ်နဲ့ ယနေ့ထိ ရပ်တည်ခဲ့တယ်ဆိုတာ သိစေချင်ပါတယ်…

ဒါတင်မကသေးဘူး…
ဒေါ်စုသားနှစ်ယောက်လည်းမြန်မာနိုင်ငံသားပဲ…
၁၉၈၉ မှာ စစ်အစိုးရက မြန်မာနိုင်ငံသားအဖြစ်ကနေ ပယ်ဖျက်လိုက်ကြတယ်လေ…
ဒေါ်စုက သူကိုယ်တိုင်ရော သူ့သားနှစ်ယောက်ရော မြန်မာနိုင်ငံသားအဖြစ် ခံယူထားတယ်ဆိုတာ အားလုံးအသိပါ…

အခု ဒေါ်စုအသက်(၇၀)ပြည့်ခါနီးမှ လဝက ကထုတ်ပေးတဲ့ နိုင်ငံသားကဒ်ကို ရရှိပါပြီ…
ဒေါ်စုရဲ့ စိတ်ရှည်သီးခံနိုင်စွမ်းအားဟာ ကျုပ်တို့ အတုယူရမဲ့ အချက်တခုပါပဲ…

-
(ပုဒ်မ၄၃၆ လက်မှတ်ထိုးစဉ်က မှတ်ပုံတင်အဟောင်းနံပါတ်ပါ တင်ပေးထားပါတယ်…)

-

သက်နှင်း သုန္ဒရီ

အလွတ်သတင်းထောက် ကိုပါကြီး (ခေါ်) ကိုအောင်ကျော်နိုင် အသတ်ခံရမှုကို အမှုမှန်ဖော် ထုတ်ပေးဖို့ မန္တလေးမြို့မှာ ဆန္ဒပြတောင်းဆိုခဲ့တဲ့ ကိုသိန်းအောင်မြင့်ကို အောင်မြေသာစံမြို့နယ် တရားရုံးက ပုဒ်မ ၁၈ နဲ့ ဒီကနေ့ ထောင်ဒဏ် ၆လ ချမှတ်လိုက်ပါတယ်။

ကိုပါကြီး သေဆုံးမှုကို မဖော်ထုတ်ဘဲ အမှုမှန်ဖော် ထုတ်ဖို့ တောင်းဆိုသူတွေကို ပြစ်ဒဏ်ချတာဟာ လွဲချော်တဲ့ တရားစီရင်ရေးဖြစ်တယ်လို့ ထောင်ဒဏ် ချမှတ်ခံရတဲ့ ကိုသိန်းအောင်မြင့်က ပြောပါတယ်။

"မတရားအသတ်ခံရတဲ့ ကိုပါကြီးအမှုကို မဖော်ထုတ် ဘဲနဲ့ ကိုပါကြီးအမှုမှန် ဖော်ထုတ်ရေးအတွက် တောင်း ဆိုခဲ့တဲ့သူကို အမိန့်ချတယ်ဆိုတာ ကျနော်တို့တိုင်းပြည် မှာ ဒါဟာတော်တော်လွဲချော်တဲ့ တရားစီရင်ရေးပဲ၊ ဒါဟာ အာဏာရှင်တွေရဲ့လုပ်ရပ်လို့ ပြောလို့ရပါတယ်"

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၂၇ ရက်နေ့က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရုံးစိုက်တဲ့ နန်းတွင်းဒေါင့်တစ်နေရာမှာ လူအင်အား ၁၀၀ လောက်စုရုံးပြီး ကိုပါကြီး အသတ်ခံရမှုကို အမှုမှန်ဖော်ထုတ်ပေးဖို့ ဆန္ဒပြတောင်းဆိုခဲ့တာဖြစ် ပါတယ်။

ခွင့်ပြုချက်မတင်ဘဲ ဆန္ဒပြခဲ့တဲ့အတွက် ဦးဆောင်သူ ကိုသိန်းအောင်မြင့်ကို တရားမ၀င် စီတန်းလှည့်လည်မှု ပုဒ်မ ၁၈ နဲ့ တရားစွဲခဲ့တာဖြစ်ပါတယ်။

ကိုသိန်းအောင်မြင့်ဟာ လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံမယ့်အပေါ် ကန့်ကွက်ဆန္ဒပြခဲ့တဲ့အတွက်လည်း ပြီးခဲ့တဲ့ မတ်လ ၂၃ရက်နေ့က ထောင်ဒဏ် ၆ လ ချမှတ်ခံထားရပါတယ်။

ကိုပါကြီး ခေါ် ကိုအောင်ကျော်နိုင်ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၄ ရက်နေ့က မွန်ပြည်နယ် ကျိုက်မရောမြို့အခြေစိုက် ခလရ ၂၀၈ တပ်မှာ ထိန်းသိမ်းခံထားရစဉ် သေဆုံးခဲ့တာဖြစ်ပါတယ်။

ဒီအတောအတွင်း ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်အတွင်းမှာ သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေတွေ ပြန်လည်ရရှိဖို့ အတွက် ပြည်မြို့မှာ ဦးဆောင်ဆန္ဒပြခဲ့တဲ့ လယ်သမားအရေးကူညီသူ ကိုရဲကျော်သူ (ခေါ်) ကိုပဲပဲ ကို နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ ပန်းတောင်းမြို့နယ် တရားရုံးက ဒီကနေ့ ထောင်ဒဏ်တစ်နှစ်ခွဲ ချမှတ်လိုက်ပါတယ်။

ပြည်ခရိုင် တောင်သူလယ်သမား သပိတ်ပေါ်ပေါက်အောင် နှိုးဆော်တယ်ဆိုပြီး အမိန့်ချလိုက်တာဖြစ်တယ်လို့ ကိုရဲကျော်သူရဲ့ ရှေ့နေဖြစ်သူ ဒေါ်ဇင်မိုးထိုက်က ပြောပါတယ်။

ကိုရဲကျော်သူကို အမိန့်ချပြီးနောက် ပြည်အကျဉ်းထောင်ကို ပို့ဆောင်လိုက်တယ်လို့ သိရပါတယ်။ ကိုရဲကျော်သူဟာ ပြီးခဲ့တဲ့နှစ် မတ်လက ပြည်ခရိုင်အတွင်းမှာ သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေတွေ ပြန်လည်ရရှိဖို့အတွက် ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

RFA

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်းမှာ ဒီနှစ် ဇန်န၀ါရီလက ဖမ်းဆီးထားတဲ့ တရားမဝင်သစ် ခိုးထုတ်သူ တရုတ်နိုင်ငံသားအယောက် ၁၅၀ ကျော်ကို မြစ်ကြီးနားခရိုင် တရားရုံးမှာ ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

အဲဒီတရုတ်နိုင်ငံသား ၁၅၀ ကျော်ကို လ၀ကပုဒ်မနဲ့ မနေ့က ပြစ်ဒဏ် ၆ လစီ ချမှတ်လိုက်ပြီး သစ်ခိုးထုတ်မှုအတွက် အများနဲ့သက်ဆိုင်တဲ့ ပစ္စည်းများကာကွယ်စောင့်ရှောက်ရေးဥပဒေ ပုဒ်မ (အပက ၃) နဲ့ ပတ်သက်ပြီး ဒီနေ့ ဆက်လက် စစ်ဆေးခဲ့တာဖြစ်တယ်လို့ ဆဒုံးမြို့နယ်ခွဲစခန်းမှူး ဦးကိုကိုလွင်က RFA ကို ပြောပါတယ်။

"လဝကပုဒ်မနဲ့ ဟာကတော့ မနေ့က ပြီးသွားပြီ၊ ပြစ်ဒဏ် ၆ လ သတ်မှတ်လိုက်တယ်၊ သစ်ခိုးထုတ်မှုနဲ့ ပတ်သက်လို့ ကျနော်တို့က အမှုစွဲတင်ထားတာက အများနဲ့သက်ဆိုင်တဲ့ပစ္စည်း ကာကွယ်စောင့်ရှောက်ရေးပုဒ်မနဲ့ ကျနော်တို့က တရားစွဲထားတယ်၊ အဲ့အမှုမှာပါတဲ့ သက်သေတွေကို အခုစစ်နေတာ ရုံးချိန်းနှစ်ချိန်းရှိသွားပြီ၊ အခုတော့ သစ်တောအဖွဲ့တွေကို စစ်နေကြတာ"

ဝိုင်းမော်မြို့နယ် ဆဒုံးမြို့နယ်ခွဲ၊ ဝါးရှောင်နဲ့ မန်ဝိန်းကျေးရွာတွေမှာ တရားမဝင်သစ်ခိုးထုတ်နေတဲ့ တရုတ်နိုင်ငံသား တစ်ရာ့ငါးဆယ်ကျော်ကို အစိုးရတပ်မတော်စစ်ကြောင်းက မူးယစ်ဆေးဝါးတွေအပါအဝင် ယာဉ်စက်ယန္တရားတွေနဲ့အတူ ဖမ်းဆီးမိခဲ့တာဖြစ်ပါတယ်။

RFA


 အလွတ်သတင်းထောက် ကိုပါကြီး (ခေါ်) ကိုအောင်ကျော်နိုင် အသတ်ခံရမှုနဲ့ ပတ်သက်ပြီး မန္တလေးမှာ ဆန္ဒဖော်ထုတ်မှုနဲ့ တရားစွဲဆိုခံရတဲ့ ဒီမိုကရေစီရေး စဉ်ဆက်မပြတ် လှုပ်ရှားသူများအဖွဲ့ (အမ်ဒီစီအက်ဖ်)က ကိုသိန်းအောင်မြင့်ကို မန္တလေး အောင်မြေသာစံ တရားရုံးကနေ ဒီနေ့ ထောင်ဒဏ် ၆ လ ချမှတ်လိုက်ပါတယ်။

“ဒီကနေ့ အမိန့်ချပါတယ်။ ငြိမ်းစုစီ ဥပဒေနဲ့ပတ်သက်ပြီးတော့ ချလိုက်တာပါ။ အမြင့်ဆုံး ပစ်ဒဏ် ဖြစ်တဲ့ ၆ လကျပါတယ်ရှင်။ အလုပ်နဲ့ ထောင်ဒဏ် ၆ လပေါ့”လို့ ကိုသိန်းအောင်မြင့်ရဲ့ ရှေ့နေ ဒေါ်ရွက်နုအောင်က ပြောပါတယ်။

သူ့ကို ဒီလို ထောင်ချခံရမှုနဲ့ပတ်သက်ပြီးတော့လည်း အယူခံဝင်မယ်လို့ ကိုသိန်းအောင်မြင့်က ပြောဆိုကြောင်းလည်း ဒေါ်ရွက်နုအောင်က ပြောပါတယ်။

“အခု ဒီနေ့ အောင်မြေသာစံမှာ ချလိုကတဲ့ အမိန့်နဲ့ပတ်သက်ပြီးတော့ ကိုသိန်းအောင်မြင့် ကတော့ အမိန့်ချမှတ်ပြီးနော်က သူနဲ့ကျ ခဏတဖြုတ် စကားပြောလိုက်တဲ့ အနေအထားမှာ ဒီအမိန့်ကို သူ အယူခံ တက်ပါမယ်တဲ့။ ဘာဖြစ်လို့လဲဆိုတော့ ဒီအမိန့် အပေါ်မှာ တရားသူကြီး သုံးနှုန်းတဲ့ စကားလုံးတွေသည် နိုင်ငံရေးသမားတယောက်ရဲ့ ဂုဏ်သိက္ခကို ကျဆင်းစေတဲ့ စကားလုံး အသုံးအနှုန်းများပါတဲ့အတွက်ကြောင့်မို့လို့ ဒီဟာအပေါ်မှာတော့ အယူခံတက်မယ်လို့ ပြောပါတယ်။”

ကိုပါကြီးသေဆုံးခဲ့မှုနဲ့ ပတ်သက်ပြီး စုံစမ်းဖော်ထုတ်ပေးဖို့ မန္တလေးရှိ နိုင်ငံရေးအင်အားစုတွေနဲ့ လူမှုရေးအဖွဲ့အစည်းတွေက ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၂၇ ရက်နေ့က ခွင့်ပြုချက်တင်ပေမယ့် မရတဲ့အတွက် ခွင့်ပြုချက်မပါဘဲ မန္တလေးမှာ ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။

ဒီဆန္ဒထုတ်ဖော်မှုမှာ ကိုသိန်းအောင်မြင့် မပါဝင်ခဲ့ပေမယ့် သူ့ကို ပုဒ်မ ၁၈ နဲ့ ထောင်ဒဏ် ချလိုက်တာလို့ ကိုသိန်းအောင်မြင့်ရဲ့ လုပ်ဖော်ကိုင်ဖက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုအေးသိန်းက ပြောပါတယ်။

“ကျနော်တို့ ပြည်သူ့ဘက်တော်သား ကိုပါကြီး မတရား သတ်ဖြတ်ခံရတဲ့ကိစ္စကို ကျနော်တို့က အမှုမှန်ပေါ်ပေါက်ဖို့အတွက် ဆန္ဒပြဖို့အတွက်ကို ကိုသိန်းအောင်မြင့်ကနေပြီးတော့မှ မန္တလေးမြို့ အောင်မြင်သာစံမြို့နယ် အမှတ် ၅ ရဲစခန်းကို အကြောင်းကြားစာသွားပို့တာပေါ့ဗျာ။ အဲဒီအချိန်မှာ ကိုသိန်းအောင်မြင့်ကို ဆွေးနွေးစရာရှိလို့ပါဆိုပြီး ၆ နာရီအချိန်မှာ ခေါ်သွားတာ။ ၆ နာရီခွဲမှာ ကျနော်တို့က ဆန္ဒပြတာလေ။ အမှန်တော့ ဆန္ဒပြတာက ကျနော်တို့ ပြတာဗျာ။ ကိုသိန်းအောင်မြင့်က ဆန္ဒပြတဲ့အထဲမှာ မပါလိုက်ဘူး။ ဒါပေမယ့် ဒီကိစ္စ ကိုသိန်းအောင်မြင့်ကို ပုဒ်မ ၁၈ နဲ့တရားစွဲခံရတာ။ ဆိုတော့ တရားဥပဒေကလည်း စိုးမိုးမှုမရှိဘူး။ တရားဥပဒေ ကလည်း ပြည်သူတွေကို အကာကွယ်မပေးဘူးဗျာ။ ဒီကနေ့ အောင်မြင့်သာစံတရားရုံးကပဲ ပုဒ်မ ၁၈ နဲ့ အမြင့်ဆုံ ပစ်ဒဏ်ဖြစ်တဲ့ ၆ လကို အမိန့်ချလိုက်တယ်။”

ကိုသိန်းအောင်မြင့်ဟာ ပြီးခဲ့တဲ့ မတ်လ ၂၃ ၇က်နေ့ကလည်း လျှပ်စစ်မီတာခတိုးမြင့်လို့ ဆန္ဒပြခဲ့တဲ့ အတွက်လည်း ပုဒ်မ ၁၈ နဲ့ ထောင်ဒဏ် ၆ လချမှတ်ခံထားရပြီးဖြစ်ပြီး အိုးဘိုထောင်ကနေ နောက်ထပ်အမှုနဲ့ အခုလို ထောင်ဒဏ် ချမှတ်ခံရတာဖြစ်ပါတယ်။

လျှပ်စစ်မီတာတိုးမြှင့်လို့ ဆန္ဒပြတုန်းကလည်း ကိုသိန်းအောင်မြင့်ရော သူဇနီးသည်ပါ ထောင်ဒဏ်ချမှတ်ခံထားရတဲ့အတွက် လက်ရှိ သားတဦးနဲ့ သမီးတဦး သာ ကျန်နေခဲ့တာဖြစ်ပါတယ်။

 By နော်နိုရင်း (ဒီဗွီဘီ)
http://burmese.dvb.no

ဓာတ်ပုံ - thairath
ထိုင်းနိုင်ငံ ဘန်ကောက်မြို့က Assumption တက္ကသိုလ်မှာ ပညာသင်ကြားနေတဲ့ မြန်မာနိုင်ငံသား တက္ကသိုလ်ကျောင်းသား ၁ ဦး ၁၂ ထပ်တိုက်ရဲ့ ၈ လွှာကနေ ပြုတ်ကျသေဆုံး သွားတယ်လို့ ထိုင်းရတ် သတင်းစာမှာ ဖော်ပြပါတယ်။

ဧပြီလ ၂၃ ရက် မနက် ၃ နာရီခွဲအချိန်က ဘန်ကောက်ခရိုင် ဘန်ကပိမြို့နယ် ဟူမတ်နယ်မြေ ရမ်ခမ်းဟန် ၂၄ နဲ့ ၃၄ လမ်းကြားမှာ လူတယောက် တိုက်ပေါ်ကနေ ကျလာကြောင်း သတင်းပေးချက်အရ ကယ်ဆယ်ရေးအဖွဲ့တွေနဲ့အတူ သွားရောက်စစ်ဆေးရာမှာ ၁၂ ထပ်တိုက် ကားပါကင်ရှေ့မှာ မှောက်လျှက်သေဆုံးနေတဲ့ လူရွယ်တစ်ဦးအလောင်းကို တွေ့ရှိခဲ့တာလို့ ဟူမတ် ရဲစခန်းတာဝန်ကျ ဒုရဲမှူး က သတင်းထောက်တွေကို ပြောပါတယ်။

အဆိုပါလူရွယ်မှာ အသက် ၂၀ လောက်ရှိပြီး လည်ပင်း၊ လက် နဲ့ ခြေထောက် ကျိုးနေတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးကြောင်း စစ်ဆေးတွေ့ရှိ ခဲ့တယ်လို့ ဆိုပါတယ်။

ဆက်လက်စစ်ဆေးချက်အရ သေဆုံးသူဟာ အသက် ၂၂ နှစ်ရွယ် မြန်မာနိုင်ငံသား ၀င်နီ ကောင်းဆက် ဖြစ်ပြီး ရမ်ခမ်းဟန်နယ်မြေက ပုဂ္ဂလိက တက္ကသိုလ်မှာ ကွန်ပြူတာသိပ္ပံ အဓိက စတုထ္ထနှစ်မှာ ပညာသင်ကြားနေသူဖြစ်တယ်လို့ ဒုရဲမှူးက ပြောပါတယ်။

အခင်းမဖြစ်ခင် ဧပြီလ ၂၂ ရက်နေ့ညက သူနဲ့ အသက် ၂၁ နှစ်ရွယ် မြန်မာ မိန်းကလေးအဖော်တို့ ၂ ဦး ကလပ်တစ်ခုမှာ သွားရောက်လည်ပတ်ပြီး အပြန် တက္ကစီပေါ် မတက်ခင်လမ်းမှာ တခြားအမျိုးသားတစ်ဦးက မိန်းကလေးကို ရည်းစားစကား လိုက်ပြောခဲ့ကြောင်း၊ အဲဒီနောက် သူနဲ့ မိန်းကလေးနဲ့ စကားများရန်ဖြစ်ကြပြီး နှစ်ဦးသား ဓာတ်လှေခါးပေါ်တက်ခဲ့ကြောင်း၊ အခန်းရှေ့ ရောက်တော့ သေဆုံးသူက သူ့အခန်းထဲ အရင် ၀င်ပြီးတဲ့နောက် အင်္ကျီချွတ်ကာ အနောက်ဘက်တံခါးကို ဖွင့် တိုက်ပေါ်ကနေ ခုန်ချသွားခဲ့ တယ်လို့ အဖော်မိန်းကလေးက ထွက်ဆိုကြောင်း ထိုင်းရဲက ပြောပါတယ်။

ထိုင်းရဲတွေကလည်း သူနေထိုင်ရာ ၈ လွှာက အခန်းနဲ့ အနီးနားတ၀ိုက်က စီစီကင်မရာတွေ ဖွင့်လှစ်စစ်ဆေးရာမှာ မသင်္ကာစရာ တစုံတရာ မတွေ့ရကြောင်း၊ သေဆုံးသူဟာ စိတ်မထိန်းနိုင်ဘဲ မိမိဖာသာ သေကြောင်းကြံခုန်ချသွားတာ ဖြစ်နိုင်တယ်လို့ ရဲက ကနဦးသုံးသပ်ပါတယ်။

ဒါပေမယ့် အမှုအခင်း ဖြစ်ရပ်မှန်ကို အနီးပတ်ဝန်းကျင် မျက်မြင်သက်သေတွေ ဆရာဝန်ရဲ့ ဆေးစစ်ချက်တွေ ထွက်ရှိလာမှာဘဲ ထုတ်ဖော်ပြောကြားနိုင်မယ်လို့ ရဲစခန်းတာဝန်ရှိသူတွေ က ထိုင်းမီဒီယာတွေကိုပြောပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no

ဓါတ်ပုံ- အဓမ္မပြုကျင့် ကြံခံရသူ အသက် ၁၄ နှစ်အရွယ်အမျိုးသမီးငယ်
ဧပြီ ၂၃ ရက် ၂၀၁၅

သျှမ်းပြည်တောင်ပိုင်း လွယ်လင်ခရိုင်က အသက် ၁၄ နှစ် အရွယ် ဒေသခံ အမျိုးသမီးငယ် တဦးအား အဓမ္မပြုကျင့်ရန် ကြိုးပမ်းသည့် တပ်မတော် အရာရှိငယ်တဦးအား အရေးယူပေးရန် လွိုင်လင် မြို့နယ်အုပ်ချုပ်ရေးရုံးသို့ ရွာသားများ သွားရောက်တိုင်တန်း ကြသည်။

ဧပြီ ၁၇ ရက်နေ့က လွယ်လင်မြို့မှ တောင်ကြီးအတက်လမ်းရှိ လွယ်လင်နှင့် ၃ မိုင်ကျော် ဝေးသည့် တောင်နောဝ့် ကျေးရွာအုပ်စု ဘက် လှုပ်ရှားသည့် ပင်လုံအခြေစိုက် ခမရ ၅၁၃ မှ အင်အား ၅၀ ကျော်ရှိ စစ်ကြောင်းမှ အရာရှိငယ်တဦးသည် အသက် ၁၄ နှစ်အရွယ် ကုန်းကွန်းရွာသူ တဦးကို အဓမ္မ ပြုကျင့်ဖို့ ကြိုးစားခဲ့ခြင်းဖြစ်သည်။

“ အဲဒီ စစ်ကြောင်းကို ဗိုလ်မှူး အောင်မြင်သူ နဲ့ ဗိုလ်ကြီး ကျော်မြင့်နိုင်တို့ ဦးဆောင်တာဖြစ်တယ်။ ကလေးမကို မုဒိန်းကျင့်ဖို့ကြံတာကတော့ သူတို့ရဲ့လက်အောက်ခံ တပ်ကြပ်အဆင့် ဆရာမြင့်သိန်း ဆိုသူဖြစ်တယ်” ဟု ရွာသားတဦးကပြောသည်။

တပ်ကြပ်မြင့်သိန်းသည် ဧပြီ ၁၇ ရက် ည ၆ နာရီက အဆိုပါ မိန်းခလေး၏ အိမ်ပေါ်သို့တက်လာပြီး အဓမ္မပြုဖို့ ကြိုးပမ်းစဉ် မိဘများ ယာခင်းမှ ပြန်လာသည့် အချိန်ဖြစ်သဖြင့် အဓမ္မ ပြုကျင့်မှု ဘေးမှ လွှတ်မြောက်ခဲ့ရကြောင်း အမျိုးတော်စပ်သူကပြောပါသည်။

စစ်ကြောင်းမှူး ဗိုလ်မှူးအောင်မြင်သူက ကျူးလွန်သည့်၎င်း၏ လက်အောက် ငယ်သားအား ကျေနပ်သည်အထိ ရိုက်နှက် ပြစ်ဒဏ်ပေးမည် ဟုပြော ဆိုသော် လည်း ရွာသားများ လက်မခံဘဲ တရားရုံးတော်မှ ထိုက်ဒဏ် သည့် ပြစ်ဒဏ်ချမှတ်ပေးဖို့ ဧပြီ ၂၂ ရက်နေ့ ၃ နာရီကျော်က သွားရောက် တိုင်တန်းခဲ့သည်။

သို့သော် တရားရုံတွင် တာဝန်ရှိ ဆိုင်ရာ အရာရှိမရှိဟုဆိုကာ အမှု လက်ခံ ထားခြင်းမရှိကြောင်း ရွာသားများကပြောသည်။

အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB ကမူ သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်၌ သျှမ်းပြည်တွင်း အစိုးရ စစ်တပ်၏ လိင်အကြမ်းဖက် ခံရသည့် အမျိုးသမီးများ အဆက်မပြတ် ရှိနေသေးကြောင်း ပြောဆိုပါသည်။

သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese


 ဖမ်းဆီးခံသပိတ်မှောက် ကျောင်းသားတွေနဲ့ ၀န်းရံပြည်သူတွေကို လက်ပံတန်းတရားရုံးမှာ ဒီကနေ့ ထပ်မံရုံးထုတ်ပြီး သူတို့ကို လာမယ့် ဧပြီလ ၃၀ ရက်နေ့ကစပြီး သာယာဝတီ တရားရုံးမှာရုံးပြောင်း စစ်ဆေးမှာဖြစ်တယ်လို့ ကျောင်းသားတွေရဲ့ရှေ့နေ ဦးရောဘတ်ဆန်းအောင်က ပြောပါတယ်။

“ဒီကနေ့ ရုံးထုတ်တဲ့အချိန်မှာတော့ ကျနော်တို့ ရုံးပြောင်းအမိန့်ချပြီးပြီဆိုတာကို ပြောပါတယ်။ အဲတော့ နောက်တပတ် ၃၀ ရက်နေ့မှာ သာယာဝတီကို ရုံးထွက်ရမှာပါ။”

ကျောင်းသားတွေကို လက်ပံတန်းကနေ သာယာဝတီကို တရားရုံးပြောင်းထုတ်ဖို့ တရား လိုဘက်ကတရားရုံးကိုတင်ထားပြီး ဒီကနေ့မှာတော့ ရုံးပြောင်းစစ်ဆေးဖို့ အမိန့်ကျတာ ဖြစ်ပါတယ်။

ဖမ်းဆီးခံကျောင်းသားတွေထောင်တွင်းကြုံတွေ့နေရတဲ့ အခြေအနေနဲ့ပတ်သက်ပြီး ရုံးထုတ်လာတဲ့ ကျောင်းသားတဦးက “ကျနော်တို့ အနေနဲ့ အခု ထောင်ထဲမှာ ဆိုးဆိုဝါးဝါး ထောင်ရေမသန့်မှုကြောင့် ကျနော်တို့ ၀ဲတွေ ပေါက်ပါတယ်။ ညညဆိုရင် အိပ်လို့တောင်မရဘူး။ နောက် ညဖက်တွေမှာဆိုရင် ရေမကောင်းတော့ ဖြုတ်ကောင်တွေထွက်လာပြီး ကျနော်တို့ကို ကိုက်တယ်။ ဆိုးဆိုးဝါးဝါး အခြေအနေရှိနေ ပါတယ်”လို့ ပြောပါတယ်။

သပိတ်မှောက်ကျောင်းသားနဲ့ဝန်းရံသူ ၇၀ လောက်ကို နိုင်ငံတော် အကြည်ညို ပျက်စေမှု အပါအ၀င် ပုဒ်မ ၅ ခုနဲ့ စွပ်စွဲထားတာ ဖြစ်ပြီး တချို့ ကျောင်းသားခေါင်းဆောင်တွေကတော့ တခြားမြို့နယ်တရားရုံးတွေမှာ နောက်ထပ် ပုဒ်မ အမျိုးမျိုးနဲ့ တရားစွဲဆိုခံထားရပါတယ်။

 By ဒီဗွီဘီ
http://burmese.dvb.no


သာယာဝတီ အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်း ခံထားရ တဲ့ ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီ ၀င် မဖြိုးဖြိုးအောင်နဲ့ တခြားကျောင်းသားနှစ်ဦးကို ဗိုလ်တထောင်နဲ့ ပန်းဘဲတန်းမြို့နယ် ရဲစခန်းတို့က တရား မ၀င်စီတန်းလှည့်လည်မှု ပုဒ်မ ၁၈နဲ့ အမှုဖွင့်လိုက်ပါ တယ်။

မဖြိုးဖြိုးအောင်နဲ့အတူ နောက်ထပ် နှစ်ဦးလည်း ထပ်တိုး ပုဒ်မတွေနဲ့ အမှုဖွင့်ခံထားရတယ်လို့ သာယာဝတီ အကျဉ်းထောင်မှာ ဒီနေ့ ထောင်ဝင်စာ သွားရောက်တွေ့ ဆုံခဲ့တဲ့ မဖြိုးဖြိုးအောင်ရဲ့ ဖခင်ဖြစ်သူ ဒေါက်တာနေ၀င်း က ပြောပါတယ်။

"ပုဒ်မ ၁၈ နဲ့တရားစွဲလိုက်တဲ့အကြောင်း၊ သူတို့ စွဲချက်တင်ရင် ဗိုလ်တစ်ထောင်ကို လာရမယ်ဆိုတဲ့ အကြောင်းကို သမီးတို့ကိုလက်မှတ်ထိုးခိုင်းတယ်၊ သမီးက ရှေ့နေခေါ်ခိုင်းတယ်၊ ရှေ့နေကသူတို့ အတွက်အရမ်းအလုပ်ရှုပ်တာဖြစ်တဲ့အတွက် ရှေ့နေမခေါ်ဘာနဲ့ဆိုတော့ သမီးတို့ကလက်မှတ်ထိုးပေး လိုက်တယ်၊ ၂ လပိုင်း ၁ ရက်နေ့က ဆန္ဒပြတဲ့ကိစ္စ မနက်ပိုင်းမှာပြောတာက ဗိုလ်တစ်ထောင်ရဲစခန်းက နန္ဒာစစ်အောင်နဲ့ ဖြိုးဖြိုးအောင်ကို တရားစွဲတဲ့ အကြောင်းပြောတယ်၊ ညနေပိုင်းမှာက တရားစွဲတဲ့အကြောင်း ပန်းဘဲတန်းရဲစခန်းမှာပြောတယ် "

ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်နေ့က အမျိုးသားပညာရေးဥပဒေ သပိတ်မှောက် ကျောင်းသား ကျောင်းသူတွေကို လက်ပံတန်းမြို့မှာ ရဲတပ်ဖွဲ့က အကြမ်းဖက် ဖြိုခွဲခဲ့ပြီး ကျောင်းသား ကျောင်းသူတွေနဲ့ အားပေးကူညီသူတွေကို သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီး ထိန်းသိမ်းခဲ့တာဖြစ်ပါတယ်။

အဲဒီအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရသူတွေကို မနက်ဖြန် လက်ပံတန်းမြို့နယ် တရားရုံးမှာ ရုံးထုတ်မှာဖြစ်ပြီး သာယာ ၀တီတရားရုံးထံ ပြောင်းရွှေ့စစ်ဆေးဖို့ အတွက် အမိန့်ချမှာဖြစ်တယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese

 ၆ပွင့်ဆိုင် ဆွေးနွေးပွဲ ကိုယ်စားလှယ် ဒေါက်တာ အေးမောင်
 ၆ပွင့်ဆိုင် ဆွေးနွေးပွဲ တိုင်းရင်းသား ကိုယ်စားလှယ် ဒေါက်တာ အေးမောင် ရဲ့ ဧရာဝတီ အင်တာဗျူး မှာ တိုင်းရင်းသား များနဲ့ သဘောတူ ထား သည်များ ကို ဆွေးနွေးခဲ့ ကြောင်းနဲ့ တိုင်းရင်းသား များ အား ပြန်လည် ရှင်းပြပြီး ဖြစ်ကြောင်း ပြောကြား ခဲ့ပါတယ်။

ဒီအချက် နဲ့ ပတ်သက် ပြီး ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD က ထိုသဘောတူညီ မှု ဆိုသည်များ ကို သူတို့နဲ့ တိုင်ပင် ထားတာ မရှိ သလို သူတို့ နှင့် သက်ဆိုင်မှု လည်း မရှိတဲ့ အကြောင်း ဧပြီ လ ၂၂ ရက် နေ့ ရက်စွဲနဲ့ သူတို့ သဘောထား ကို ထုတ်ပြန် ခဲ့ ပါတယ်။

SNLD ဟာ ၆ ပွင့်ဆိုင် ဆွေးနွေးပွဲ မှာ ဒေါက်တာ အေးမောင် ပါတာကို မကန့်ကွက် ပေမယ့် သူပြောဆိုပုံက လွှတ်တော် ပြင်ပက တိုင်းရင်းသား ပါတီ တွေပါ အကျုံးဝင် သလို ဖြစ်နေတယ်လို့ ဆိုပါတယ်။

၆ ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးရေး ကို SNLD က စောင့်ကြည့် အကဲခတ် နေပြီး သူတို့ အနေနဲ့ မျှော်လင့်ချက် ကြီးကြီး မထားပေမယ့် လုံးဝ မမျှော်လင့်တာလည်း မဟုတ်ဘူးလို့ SNLD ရဲ့ အထွေထွေ အတွင်းရေးမှူး စိုင်းညွန့်လွင် က ပြောပါတယ်။

SNLD အနေနဲ့ တနိုင်ငံလုံး အပစ်ရပ် လက်မှတ်ထိုး နိုင်ပြီးနောက် နိုင်ငံရေး အင်အားစု အားလုံး ပါဝင်တဲ့ တွေ့ဆုံ ဆွေးနွေးပွဲ က ထွက်လာတဲ့ ရလဒ်မျိုးကို မျှော်လင့်တယ်လို့ ဆိုပါတယ်။

အဲဒီလို တွေ့နိုင်ရင် အမျိုးသား ပြန်လည် သင့်မြတ်ရေး ကို ဖြေရှင်း နိုင်လိမ့်မယ်လို့ သူတို့ ဘက်က ယူဆ ပါတယ်။

BBC Burmese
http://www.bbc.com/burmese

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.