04/28/15


ကျောင်းသားသပိတ်လှုပ်ရှားမှုဓာတ်ပုံပြပွဲ

အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်ခဲ့ကြတဲ့ ကျောင်းသားသပိတ်လှုပ်ရှားမှုတွေကို ရိုက်ကူးခဲ့ ကြတဲ့ဓာတ်ပုံဆရာ ၅ ဦးရဲ့ မှတ်တမ်းတင်ဓာတ်ပုံပြပွဲကို ရန်ကုန်မြို့ ဒဂုံမြို့နယ် နဝဒေလမ်းမှာရှိတဲ့ Think Art Gallery မှာပြသခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်လွင်ဦးက တင်ပြထားပါတယ်။

မြန်မာနိုင်ငံအနောက်ခြမ်း ရခိုင်ဒေသမှာ မကြုံစဖူး တိုက်ပွဲတွေဖြစ်ပွားပြီး ဒေသခံတွေ ရာနဲ့ချီ ထွက်ပြေးနေရတဲ့အပေါ် စိုးရိမ်ပူပန်ကြောင်း အမေရိကန်အစိုးရက ဒီကနေ့ ပြောကြားလိုက်ပါတယ်။

ကျောက်တော်မြို့နယ်အတွင်း မကြာသေးခင်က ဖြစ်ပွား ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဒေသခံရခိုင်ပြည်သူတွေ ရာနဲ့ချီထွက်ပြေးနေကြရတယ်ဆိုတဲ့ သတင်းတွေ အပေါ်မှာ စိုးရိမ်ပူပန်မိကြောင်း၊ သက်ဆိုင်ရာအဖွဲ့ အစည်းတွေ အားလုံးအနေနဲ့ ရန်လိုမှုတွေ အဆုံး သတ်ပြီး အရပ်သားပြည်သူတွေကို ကာကွယ်ပေးဖို့ ဒုက္ခရောက်နေသူတွေကို နိုင်ငံတကာစံနဲ့အညီ လိုအပ်တဲ့အကူအညီတွေ အချိန်မီပေးပို့ကူညီနိုင်ဖို့ လိုအပ်ကြောင်း ရန်ကုန်မြို့ အမေရိကန်သံရုံးရဲ့ ဒီကနေ့ ထုတ်ပြန်ချက်မှာ တိုက်တွန်းဖော်ပြထားတာပါ။

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်း အစိုးရတပ်တွေနဲ့ AA ရခိုင့်တပ်မတော်တို့အကြား ဧပြီလ ၁၇ ရက်နေ့ကစလို့ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။

RFA

ကော့မှူးမြို့နယ်မှာ ဧပြီလ ၂၇ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေသခံတွေ တွေ့ဆုံကြစဉ်။ Photo: Kyaw Zaw Win, Kyaw Lwin Oo/RFA
ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်မှာ တည်ထောင်ထားတဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းဟာ ဘယ်ပါတီဝင်ကိုမဆို အကူအညီပေးမှာဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ မသက်ဆိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ကော့မှူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ဒေသခံတွေနဲ့ ဒီကနေ့ တွေ့ဆုံစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က အခုလိုပြောကြားခဲ့တာပါ။

"ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ NLD လုံးဝမတူပါဘူးဆိုတာ ကျမပြတ်ပြတ်သားသားပြောပါရစေ၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ပြည်သူတွေကိုကူတဲ့အခါမှာ ဘယ်ပါတီဝင်ဆိုတာ ကျမတို့ကြည့်တာမဟုတ်ဘူး၊ ဒါနဲ့ဘာမှမဆိုင်ဘူး၊ ပြည်သူတွေအတွက် အထောက်အကူဖြစ်မယ့် ကျမတို့နိုင်ငံ တိုးတက်ရေးအတွက် အထောက်အကူဖြစ်မယ့်လုပ်ငန်းတွေကိစ္စတွေ ကျမတို့အကောင်အထည်ဖော်တာ"

ဒါ့အပြင် ဒေသခံတွေတင်ပြကြတဲ့ ရေရှားပါးမှုပြဿနာနဲ့ လယ်ယာမြေ သိမ်းဆည်းခံရမှု ပြဿနာတွေကို ဒေါ်အောင်ဆန်းစုကြည်က မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နဲ့ တွေ့ဆုံရာမှာ ဆွေးနွေးပြောဆိုခဲ့ပါတယ်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ဧပြီလမှာ ဖွဲ့စည်းထူထောင်ခဲ့တာဖြစ်ပြီး အဲဒီဖောင်ဒေးရှင်းက လူငယ်တွေ ဟိုတယ်လုပ်ငန်းစီမံခန့်ခွဲမှု အတတ်ပညာ၊ ရွေ့လျားစာကြည့်တိုက်နဲ့ ပညာရေးလုပ်ငန်းတွေကို အဓိကထား ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

၁၀ - ၁၀ မှတ်တမ်း

ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့၊ ကျွန်းကလေး လမ်းဆုံအနီး အမျိုးသား ပညာရေး ပြုပြင်ရေးနှင့် စပ်လျဉ်းပြီး ဆန္ဒပြ ကျောင်းသားများ ပင်မ သပိတ်စစ်ကြောင်းကို ပိတ်ဆို့ ထားကာ ၁၀.၃.၂၀၁၅ နေ့တွင် အကြမ်းဖက် ဖြိုခွဲခဲ့ပြီး ကျောင်းသားများနှင့် ၀န်းရံသူ အချို့ကို ဖမ်းဆီးခံခဲ့ရသည်။
၇.၄.၂၀၁၅ နေ့က တတိယ အကြိမ်မြောက် လက်ပံတန်းမြို့၌ ရုံးထုတ်ရာတွင် သွားရောက် သတင်းယူခဲ့ရာ ထိုနေ့ ရုံးထုတ်စစ်ဆေးရာတွင် အများပြည်သူများ ၀င်ရောက် နားဆင်ခွင့် မရဘဲ ပွင့်လင်းမြင်သာမှု မရှိခဲ့ပေ။ မီဒီယာ အချို့နှင့် နီးစပ်သူ မိတ်ဆွေများ၊ ကျောင်းသားများအား ကူညီ အကျိုးဆောင်ပေးသည့် ဥပဒေ ပညာရှင်များနှင့် မိဘဆွေမျိုးများသာ ၀င်ခွင့် ရခဲ့သည်။
တရားရုံးအတွင်း၌ နှစ်ယောက်တစ်တွဲ လက်ထိပ်ခတ်ထားခြင်း ခံရပြီး ဥပဒေ အကျိုးဆောင်များက တောင်းဆိုမှသာ လက်ထိပ်များကို ဖြုတ်ပေးခဲ့သော်လည်း တရားရုံး အပြင်ဘက်ရှိ မိဘများ၊ ဥပဒေ ပညာရှင်များ၊ မိတ်ဆွေများ၊ မီဒီယာများနှင့် တွေ့ဆုံရာတွင် လက်ထိပ်ကို ပြန်လည် ခတ်ပြီးမှ တွေ့ဆုံရသည်။ တရားရုံးသို့ ရောက်ရှိရန် သံဆူးကြိုးများ သုံးဆင့် ပိတ်ဆို့ ကာရံထားပြီး ရဲများက တင်းတင်းကြပ်ကြပ် ကိုင်တွယ်ခဲ့သည်။

ကျောင်းသားခေါင်းဆောင် ကိုမင်းသွေးသစ်က သူ့မိခင် ဒေါ်ခင်ခင်ယု၊ မိတ်ဆွေများနှင့် တရားရုံး အပြင်သို့ လာရောက်တွေ့ဆုံရာတွင် ၎င်းနှင့်အတူတွဲ၍ လက်ထိပ်ခတ်ထားသူ ကျောင်းသား တစ်ဦး၏ လက်တစ်ဖက်မှာ သေးငယ်၍ တိုနေသည်။ အင်္ကျီ လက်ရှည်ဖြင့် ဖုံးနေသောကြောင့် သတိထား မကြည့်ပါက မသိနိုင်ပေ။ သန်မာသည့် လက်တစ်ဖက်ကို လက်ထိပ်ခတ်ထားသောကြောင့် မသန်မာ သေးငယ်ပြီး တို၍နေသည့်လက်ဖြင့် ဘယ်လို အသုံးပြုမလဲ ကိုမင်းသွေးသစ်က ကူညီမှ ရနိုင်မည်ဟု စဉ်းစားမိသည်။ ထိုကျောင်းသားလေးကိုကြည့်ပြီး စိတ်မကောင်း ဖြစ်မိသည်။ မိမိကိုယ်တိုင်လည်း ဘာကြောင့်မှန်းမသိ လိပ်ပြာမလုံ ရှက်မိသည်။ ကိုမင်းသွေးသစ်ကို အကြမ်းဖက် ဖြိုခွဲမှု မတိုင်ခင်ညများနှင့် ဖြိုခွဲသည့်နေ့ ဖြစ်စဉ်များကို မေးမြန်းနေချိန်တွင် ၀င်ခွင့်မရသည့် ပြည်သူများမှ ၀င်ခွင့်ပေးရန် တောင်းဆိုသည့်အသံများ၊ ရဲများမှ ပြန်လည် အော်ဟစ်သံများဖြင့် ဆူညံနေသောကြောင့် ကိုမင်းသွေးသစ်က အသံကို မြှင့်၍ ပြောနေ ရသည်။ အနားရှိ ၎င်း၏ မိခင် ဒေါ်ခင်ခင်ယုနှင့် ဥပဒေ ပညာရှင် ဦးရောဘတ်စန်းအောင်တို့ကလည်း ၀င်ရောက် မေးမြန်း ပြောဆိုကြသည်။

တွေ့ခွင့်ရရှိသည့် အချိန်တိုအတွင်း ကိုမင်းသွေးသစ်ကို အဓိကထား မေးမြန်းရာ တွဲ၍ လက်ထိပ်ခတ်ထားသည့် ကျောင်းသားမှာ ပြောချင်ပုံရသည်။ ၎င်း၏ လက်ငယ် ကလေးဖြင့် ဟန်ပြသော်လည်း သူ၏ နာမည်တောင် မမေးဖြစ်ခဲ့၍ မီဒီယာသမား တစ်ဦး အနေဖြင့် တာဝန်မကျေဟု ခံစားမိသည်။

ကိုမင်းသွေးသစ် ပြောကြားခဲ့သည်များမှာ ဖြိုခွဲမှု မတိုင်ခင်ည၊ မတ်လ ၉ ရက် ညဦးတွင် ပူလောင်အိုက်စပ်ခြင်းနှင့် ဆူဆူညံညံ အသံများက နိုးထစေခဲ့ကြောင်း၊ ၎င်း၏ ကျိန်းစပ်နေသော မျက်လုံးများကို အားယူဖွင့်လိုက်ရင်း ခေါင်းပေါ်ထိ လုံအောင် ဆွဲခြုံထားသော စောင်ကို ခွာချ၍ အိပ်ရာမှ ထခဲ့ကြောင်း၊ အိပ်ရေး မ၀သည်မှာ ၂၀၁၅ ခု၊ မတ်လ ၉ ရက်နှင့် ၁၀ ရက်နေ့များတွင် တစ်ညလုံး အလှူရှင်များဝန်းရံ၊ ပြည်သူများက လက်ပံတန်းမြို့တွင် ပိတ်ဆို့ တားဆီးခံထားရသော ပင်မ သပိတ်စစ်ကြောင်းထဲသို့ တဖွဲဖွဲ လာ ရောက် ပူးပေါင်းခဲ့ကြသဖြင့် တစ်ညလုံး မအိပ်စက်ခဲ့ရဘဲ ၁၀.၁၀.၂၀၁၅ နံနက် ၆ နာရီကျော်မှ အိပ်စက်ခဲ့ရကြောင်း၊ မျက်လုံးများ ကျိန်းစပ်ပြီး ခေါင်းများ ကိုက်နေကြောင်း၊ မနက်ပိုင်း အိပ်ခါနီး သပိတ်စစ်ကြောင်း စခန်းချရာ လမ်းမပေါ်မှာ ကျောင်းသား ကျောင်းသူများဖြင့် နေရာပြည့်နေသောကြောင့် ပြန်ကြားရေး ကားခေါင်မိုးပေါ် တက်အိပ်ရကြောင်း၊ မအိပ်ခင် ကားခေါင်မိုး ပေါ်မှနေ၍ သပိတ် စစ်ကြောင်းကို ကြည့်ရာ လမ်းမပေါ်တွင် နံနက်ခင်း နှင်းမှုန်များကြားထဲ မောပန်းစွာ အိပ်မောကျနေကြသော ကျောင်းသား ကျောင်း သူများ၏ အပြစ်ကင်း ဖြူစင်သော အိပ်စက်နေမှု မြင်ကွင်းများကြောင့် စိတ်မကောင်းခြင်းကြီးစွာ ဖြစ်မိကြောင်း ပြောသည်။

ထိုနံနက် ၁၀ နာရီတွင် ပိတ်ဆို့ထားသော အတားအဆီးများကို နှစ်ဖက်ညှိနှိုင်း ဖယ်ရှား အောင်မြင်ပြီး ကျောင်းသား ကျောင်းသူများ အားလုံး မိဘရင်ခွင်ကို ပြန်လည် ရောက်ရှိပါစေလို့ ဆုတောင်းခဲ့သည်ဟု သူကဆိုသည်။

မည်သို့ဖြစ်မည် မသိသည့် အခြေအနေကြောင့် facebook ကို ဖွင့်ကာ ၎င်း၏ account မှ မိဘ၊ မိတ်ဆွေ၊ သူငယ်ချင်းများအား နှုတ်ဆက်စကား တချို့ ရေးသားကာ အိပ်စက်ခဲ့သည်ဟု လက်ထိပ်လွတ်နေသော လက်တစ်ဖက်ဖြင့် ရင်ဘတ်ကို ပုတ်၍ ပြောကြားသည်။

၂ နာရီခန့် အိပ်စက်ပြီး နံနက် ၁၀ နာရီ မထိုးခင် အိပ်ရာမှထကာ ပြန်ကြားရေး ကား ခေါင်မိုးပေါ်မှဆင်းပြီး မျက်နှာသစ် သွားတိုက်ရန် အောင်မြေဗိမာန် ဘုန်းကြီးကျောင်းဝင်း အတွင်းသို့ ၀င်ခဲ့ကြောင်း၊ သပိတ်စစ်ကြောင်းမှာလည်း အလံကိုင် ကျောင်းသားတချို့မှလွဲ၍ လူမစုံသေးကြောင်း၊ အောင်မြေဗိမာန် ဘုန်းကြီးကျောင်းတွင် မျက်နှာသစ် ရေချိုးနေစဉ်အတွင်း ကျောင်းသား ရဲဘော်များက တစ်ယောက်ပြီး တစ်ယောက် လာရောက် နောက်ပြောင်နေ ကြသည်ဟု ပြောသည်။ နောက်ပြောင်နေကြ သည့် အကြောင်းအရာများမှာ “၁၀/၁၀ အတွက် အလုံးစုံ ပြင်ဆင်ပြီးပြီလား”ဆိုသည့် ကိစ္စဖြစ်သည်။ ရဲဘော်များကို ပြန်လည် ကျီစယ်ပြောဆိုရင်း ထမင်းစားခန်းထဲဝင်ကာ နံနက်စာ စားပြီး သပိတ်စစ်ကြောင်း ရှိရာ လမ်းမပေါ်သို့ ပြန်ထွက်ခဲ့သည်ဟု ပြောသည်။

ထိုနေ့ ကျောင်းသား ကျောင်းသူများ၏ ဆုံးဖြတ်ချက်သည် သပိတ်စစ်ကြောင်း၏ မူလ ရည်မှန်းချက် ဖြစ်သော ရန်ကုန်သို့ ကားများဖြင့် သွားမည်။ ရန်ကုန်သို့ရောက်လျှင် ရွှေတိဂုံ စေတီတော်ကြီးအား ဦးတိုက်ဖူးမြော်၍ ရန်ကုန် မဟုတ်သည့်နယ်မှ ကျောင်းသားများ လူစုခွဲ၍ မိဘရင်ခွင်သို့ ပြန်ကြမည်။ ထိုဆုံးဖြတ်ချက်များ ရရှိအောင်မြင်စေရန် သက်ဆိုင်ရာ အာဏာပိုင်များနှင့် ညှိနှိုင်း ဆောင်ရွက်မည်။ ညှိနှိုင်း ဆောင်ရွက်မှု အဆင်မပြေပါက ရုတ်ရုတ် သဲသဲ အခြေအနေမှ ရှောင်လွှဲနိုင်ရန်အတွက် လည်းကောင်း၊ ၁၁.၃.၂၀၁၅ တွင် စတင်မည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုနေသည့် အချိန်အတွင်း သပိတ်စစ်ကြောင်း လမ်းပေါ်တွင် မရှိစေရေးအတွက် လည်းကောင်း၊ ကျောင်းသား ကျောင်းသူများ ၄ ယောက် တစ်တန်းစီ တန်းစီ၍ ပိတ်ဆို့ထားသော အတားအဆီးများထဲသို့ အေးဆေးစွာ ၀င်ရောက်ရန် စီစဉ် ဆောင်ရွက်မည် ဖြစ်ကြောင်း ထိုနေ့ အစီအစဉ်ကို ပြောကြားသည်။ ဆက်လက်ပြီး ညှိနှိုင်းမှု အဆင်မပြေဘဲ ၄ ယောက် တစ်တန်း တိုးရပါက သပိတ်စစ်ကြောင်းအား ပိတ်ဆို့ တားဆီးထားသော အာဏာပိုင်များ၏ ဆုံးဖြတ် ချက်အတိုင်း ငြိမ်းချမ်းစွာ လိုက်နာရန် သပိတ် စစ်ကြောင်း တစ်ခုလုံးမှ ကျောင်းသား ကျောင်းသူများနှင့် လာရောက် ၀န်းရံပေးသော ပြည်သူများအား ရှင်းပြ စည်းရုံးထားပြီး ဖြစ်ကြောင်း ပြောသည်။

နံနက် ၁၀ နာရီထိုးပြီး နေပြီဖြစ်သော် လည်း ပဲခူးတိုင်း နယ်လုံဝန်ကြီး ဦးသက်ထွန်းနှင့် ၀င်ရောက် ညှိနှိုင်း ပေးနေသော NNER အဖွဲ့တို့၏ အစည်းအဝေးမှ ရှင်းလင်းသော အကြောင်းပြန်ချက် တစ်စုံတစ်ရာ မရရှိသေးသည့်အတွက် သပိတ်စစ်ကြောင်းမှ ကျောင်းသား ကျောင်းသူများသည် ကျောင်း သားသမဂ္ဂ သီချင်းများအား စိတ်အား တက်ကြွစွာ သီဆိုရင်း စောင့်စားနေကြကြောင်း ပြောသည်။
နံနက် ၁၀ နာရီ ၃၀ မိနစ် ၀န်းကျင်ခန့် လောက်မှာ “ကျွန်တော်နှင့် ကိုအောင်မှိုင်း တို့ကို NNER မှ ဆရာ ဒေါက်တာသိန်းလွင်နှင့် ဒေါ်ညိုညိုသင်းတို့က နယ်လုံဝန်ကြီးနှင့် လာရောက် ဆွေးနွေးဖို့ အကြောင်းကြားပါတယ်။ သပိတ်စစ်ကြောင်းကို ပိတ်ဆို့ တားဆီးထားတဲ့ ရဲတပ်ဖွဲ့တွေကို ကျော်ဖြတ်ပြီး ကျွန်းကလေး တာဆုံလမ်းထိပ်က ကုန်စုံဆိုင်ဖွင့်ထားတဲ့ အိမ်တစ်အိမ် အောက်ထပ်မှာ စည်းဝေး ညှိနှိုင်းနေတဲ့ နေရာကို သွားပါတယ်” ဟု ပြောသည်။

အဆိုပါ ဆွေးနွေးညှိနှိုင်းပွဲတွင် နယ်လုံ ၀န်ကြီး ဦးသက်ထွန်းက သပိတ်စစ်ကြောင်းမှ ကျောင်းသား ကျောင်းသူများအား အဆီးအတားများထဲမှ ထွက်ခွာခွင့် ပြုမည်ဖြစ်ကြောင်း ပြောကြားကြောင်း၊ ထို သဘောတူညီချက်ကို ယခု ဆွေးနွေးရာသို့ မလာခင်ကတည်းက သိရှိပြီးဖြစ်သဖြင့် သပိတ်စစ်ကြောင်းတွင် ကြေညာပြီးဖြစ်ကြောင်း၊ သို့သော် ဦးသက်ထွန်းက နောက်ဆက်တွဲ စည်းကမ်း သတ်မှတ်ချက်များဖြစ်သည့် အလံမထောင်ရ၊ ကြွေးကြော်သံ မအော်ရ၊ သီးချင်းမဆိုရ၊ ယာဉ်တန်းဖြင့် မသွားရ၊ ပဲခူးတိုင်း နယ်မြေမှ ရန်ကုန်တိုင်း အတွင်းဝင်လျှင် ရန်ကုန်တိုင်းဒေသ အာဏာပိုင်များနှင့် ဆက်လက် ညှိနှိုင်းပါ စသည်ဖြင့် ထပ်မံပြောကြားကြောင်း ကိုမင်းသွေးသစ်က ပြောသည်။

၎င်းနှင့် ကိုအောင်မှိုင်းဆန်းတို့မှ ဤအချက်များကို နှစ်ဦးတည်းသဘောဖြင့် လက်ခံ သဘောတူလို့ မရသောကြောင့် သပိတ်စစ်ကြောင်းမှ ကျောင်းသား ကျောင်းသူများ၏ သဘောဆန္ဒကို မေးမြန်းရယူပြီးမှ ပြန်လည် အကြောင်းကြားမည်ဖြစ်ကြောင်း၊ ကျောင်းသားထုဘက်မှ ပြန်လည် တင်ပြလာသော အချက်များ ရှိပါက ထပ်မံညှိနှိုင်း ဆွေးနွေးပေး စေလိုကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။ ယင်းသို့ ပြောကြားချက်ကြောင့် နယ်လုံ ၀န်ကြီးက “ငါတို့ဘက်က ပေးနိုင်တာ ဒါ အကုန်ပဲ” ဟု ယတိပြတ် ပြောကြောင်း၊ ယင်း နောက် ၎င်းနှင့် ကိုအောင်မှိုင်းဆန်းတို့ သပိတ်စစ်ကြောင်း ပြန်၍ အာဏာပိုင်များ၏ ပြောကြားချက်အား ကျောင်းသားများ၏ သဘောထား တောင်းခံရာ ကျောင်းသားအားလုံးက သဘော မတူကြောင်း တညီတညွတ်တည်း ဆုံးဖြတ်သည်ဟု ပြောသည်။

ကြွေးကြော်သံ မအော်ရ၊ သီချင်း မဆိုရ ဆိုသော အချက်များအား ကျောင်းသားများ ဘက်က လိုက်လျောနိုင်သော်လည်း ယာဉ်တန်းဖြင့် သွားမည်ဖြစ်ပြီး ရှေ့ဆုံးကားတွင် အနည်းဆုံး အလံတစ်လက် ထောင်မှရမည်ဟု ကျောင်းသားများ၏ သဘောထားများအား ကြားလာသည့်အတွက် ထပ်မံ ညှိနှိုင်းပေးရန် အာဏာပိုင်များသို့ အကြောင်းကြားပြီး နေ့လယ် ၁၁ နာရီ ၄၅ မိနစ်အထိ အကြောင်း ပြန်ကြားချက်ကို စောင့်ဆိုင်းမည်ဟု အကြောင်းကြားခဲ့ကြောင်း ပြောသည်။

နေ့လယ် ၁၂ နာရီ ကျော်လာသည် အထိ အာဏာပိုင်များဘက်မှ တစ်စုံတစ်ရာ အကြောင်း ပြန်ကြားခြင်း မရှိသည့်အတွက် အများစု သဘောဆန္ဒအရ ကျောင်းသားများ ဆုံးဖြတ်ထားသော ဒုတိယ လမ်းကြောင်း ဖြစ်သည့် ၄ ယောက် တစ်တန်း တန်းစီ၍ အဖမ်းခံရန် ပြင်ဆင်နေကြပြီ ဖြစ်သော်လည်း အာဏာပိုင်များဘက်မှ ကာဆီးထားသော သံဆူးကြိုးများအား အလယ်နှစ်ခုသာ ဖွင့်ပေးကာ လူများကာ၍ ပိတ်ထားကြသဖြင့် ၄ ယောက် တစ်တန်းဝင်မည့် အစီအစဉ်မှာလည်း ပျက်သွားပြီး ထိုအခြေအနေတွင် ရပ်မိရပ်ဖ ဆိုသူများ၏ ကြေညာချက်ကြောင့် လူချင်း တိုးကုန်ကြောင်း အဓိကရုဏ်း စတင် ဖြစ်သွားသည့် အခြေအနေကို ပြောဆိုသည်။ ထိုသို့ တိုးနေစဉ် တစ်လျှောက်လုံးလည်း ဒေါသ မထွက်ကြရန်နှင့် ကိုယ်ထိလက်ရောက် မကျူးလွန်ကြရန် မိုက်ကရိုဖုန်းမှတစ်ဆင့် အော်ဟစ် သတိပေးကြောင်း၊ ရဲတပ်ဖွဲ့ဝင် များနှင့် ကျောင်းသားများအကြားတွင် မည်သည့် ပြဿနာ တစ်စုံတစ်ရာမျှ မရှိခဲ့ကြောင်း၊ ထိုသို့သော အခြေအနေတွင် ရဲတပ်ဖွဲ့ အတားအဆီး ပြင်ပဖြစ်သော လက်ပံတန်း တာဆုံတွင် ကျောင်းသားများအား လာရောက် ၀န်းရံကြသော ပြည်သူများကို ရဲတပ်ဖွဲ့မှ ၀င်ရောက် ရိုက်နှက်၍ ပြည်သူ ၁၀ ဦးခန့်အား ဖမ်းဆီး သွားပြီဟူသော သတင်းစကား ကြားရပြီး မကြာခင်တွင် ရှေ့မှ စီတန်းကာရံထားသော ရဲတပ်ဖွဲ့ဝင်များ၏ အနောက်ဘက်မှ ပစ်ပေါက် လိုက်သော အုတ်ခဲများမှာ သပိတ်တပ်ဦးရှေ့တွင် ရှိသော ကျောင်းသား ကျောင်းသူများ အပေါ်သို့ မိုးသီးမိုးပေါက်များပမာ ကျရောက်ခဲ့ကြောင်း၊ ကျောင်းသားတချို့ ခေါင်းကွဲသွားပြီး ထိုသို့သော ကစဥ့်ကလျား အခြေအနေတွင် နံပါတ်တုတ်ကိုင် ရဲတပ်ဖွဲ့က ကျောင်းသား ကျောင်းသူများကို ၀ရုန်းသုံးကား ၀င်ရောက် ရိုက်နှက်သည့်အတွက် သပိတ်စစ်ကြောင်းမှ ကျောင်းသား ကျောင်းသူများမှာ ထိပ်ပေါက် ခေါင်းကွဲဖြင့် အောင်မြေဗိမာန် ဘုန်းကြီးကျောင်းတွင်းသို့ ပြေးဝင်ခဲ့ရသည်ဟု ကိုမင်းသွေးသစ်က ပြောသည်။

ရဲတပ်ဖွဲ့ဝင်များဘက်မှ ခဲများ စတင် ပေါက်သည့် အချိန်တွင် ၎င်း၏ ရှေ့တွင် ကျောင်းသားတစ်ဦး ရောက်နေသည့်အတွက် ၎င်းအား ဦးတည်ပစ်ပေါက်သည့် အုတ်ခဲ နှစ်လုံး သုံးလုံးခန့်အား ရှောင်တိမ်းရင်း နောက်ဆုတ်ကာ ပြန်ကြားရေးကား၏ နောက်နားသို့ ရောက်ရှိသွားကြောင်း၊ လှမ်းပစ်လိုက်သော အုတ်ခဲ တစ်လုံးမှာ ၎င်း၏ နားထင် နားမှ ကပ်ဖြတ်သွားကာ အနောက်တွင် ရပ်နေသော ပြည်မြို့မှ ဖိုးသားခေါ် စန်းမြတ်သူ၏ ဦးခေါင်းအား ထိမှန်သွားကြောင်း လှစ်ခနဲ တွေ့လိုက်ရသည်ဟု ပြောသည်။ ရဲတပ်ဖွဲ့ဝင်များကို ရိုက်နှက်ခြင်း မပြုရန် လိုက်လံ တားဆီးနေချိန်တွင် တချို့ ရဲများက မင်းသွေးသစ်အား ကျော်၍ အောင်မြေ ဗိမာန် ဘုန်းကြီးကျောင်းတွင်းသို့ ပြေးနေကြသော ကျောင်းသား ကျောင်းသူများအား လိုက်လံ ရိုက်နှက် နေကြသဖြင့် ၎င်းမှ လိုက်တားရာ အတားခံရသော ရဲများက ကျောင်းသားများ နောက်သို့ ဆက်လက် မလိုက်တော့ဘဲ ၎င်းအား ဘယ်ညာ ချုပ်ကိုင်ပြီး ၀ိုင်းဝန်း ရိုက်နှက်ကြကြောင်း ပြောသည်။ ထို့ပြင် လက် နှစ်ဖက်လုံး ချုပ်ထားပြီး ၀မ်းဗိုက်အား စစ်ဖိနပ်ဖြင့် ခုန်ကန်ကြောင်း၊ အရှေ့တည့်တည့်မှ အရှိန်ဖြင့် ပြေးလာပြီး ဦးခေါင်းအား နံပါတ်တုတ်ဖြင့် ခုန်၍ ရိုက်နှက်ကြောင်း၊ ကျောဘက်မှလည်း တဘုန်းဘုန်း ရိုက်နှက်၍ လဲကျသွား သောအခါ ခြေထောက်များဖြင့် နံစောင်းအား ၀ိုင်းကန် လက်စွမ်းပြ တရွတ်တိုက် ဆွဲခေါ်ကြကြောင်း၊ မူလ သံဆူးကြိုး အတားအဆီးများ ချထားရာနေရာ အနောက်ဘက်ရှိ ဆိုင်ခန်း တစ်ခုထဲသို့ ဆွဲခေါ်ကာ ဆိုင်ခန်းထဲတွင် ရဲများ၏ ဘယ်နှချက်မှန်းမသိသော အရိုက်အနှက် အကန်အကျောက်များကို ခံနေရကြောင်း၊ ထိုအချိန်တွင် ရဲတပ်ဖွဲ့များထဲမှ စိတ်သဘောထား ကောင်းမွန်သူတချို့က လက်လွန်မယ်ဟု ၀င်ရောက် တားဆီးသဖြင့် ရိုက်ချင်သူနှင့် တားဆီးသူ ရဲများ အချင်းချင်း လဲနေသော ၎င်း၏ဘေးတွင် ထိုးကြကြိတ်ကြကာ ဆွဲကြ လွဲကြကြောင်း ပြောကြားသည်။

“ဆိုင်ခန်းထဲက ကွပ်ပျစ်ပေါ်မှာ ကျွန်တော် အဖမ်းခံရတာကို မြင်လို့ ပြန်လှည့်လာရင်း အဖမ်းခံလိုက်ရတဲ့ မိတ်္ထီလာခရိုင် “ဗကသ” က ကိုခန့်အောင်တို့ကို ကျွန်တော်တို့ရဲ့ အရှေ့မှာ ရဲတပ်ဖွဲ့ဝင် တချို့ ပိတ်ကာထားပါတယ်။ ခဏနေတော့ သပိတ်စစ်ကြောင်းကို လာရောက် ၀န်းရံပေးတဲ့ မြင်းခြံမြို့က ဆရာတော် ဦးမေတ္တာ နန္ဒ၊ Reporter Journal က သတင်းထောက် တစ်ယောက်နဲ့ မင်္ဂလာဒုံမြို့နယ်က ဦးမောင်မောင်သိမ်းတို့ကိုပါ ထပ်မံ ဖမ်းဆီးလာကြပါတယ်။ ညက အိပ်ရေးပျက်ထားတဲ့ အတွက်ရော အရိုက်ခံထားရတာရယ်ကြောင့် ခေါင်းတစ်ခုလုံး ဒေါင်ချာစိုင်းအောင် မူးနေပါတယ်။ ဖမ်းဆီး ခံထားရတဲ့ ကျွန်တော်တို့ တစ်ဦးချင်းစီကို ဦးမေတ္တာနန္ဒက လွဲလို့ လက်နှစ်ဖက်ပူးပြီး မီးကြိုးချည်တဲ့ ကော်ပတ်ကြိုးတွေနဲ့ ချည်နှောင်လိုက်ပါတယ်။

“ဒီလိုနဲ့ အဲဒီဆိုင်ထဲမှာ ကျွန်တော်တို့ အဖမ်းခံထားရစဉ်မှာ ပြန်ကြားရေးကားကို ရဲများ ၀ိုင်းဝန်း ဖျက်ဆီးနေတဲ့ အသံများကိုလည်း ကြားနေရပါတယ်။ ပြန်ကြားရေး ကားပေါ်မှာ တင်ထားတဲ့ သံသပိတ်ကြီးကို လည်း ရဲတွေ ခြေထောက်နဲ့ ၀ိုင်းနင်းထားကြလို့ ပိပြားနေတာကို လမ်းမပေါ်မှာ တွေ့နေရပါတယ်။ ကျွန်တော်တို့ကို ဖမ်းထားတဲ့ ဆိုင်ခန်းထဲက ကွပ်ပျစ်လေးမှာ ထိုင်နေကြတုန်း နယ်လုံဝန်ကြီး ဦးသက်ထွန်း ပျာယာပျာယာနဲ့ ဆိုင်ခန်းဝကို ရောက်လာပါတယ်။ စုတ်ပြတ် ပေရေနေတဲ့ ကျွန်တော်တို့ကို လှမ်းကြည့်ပြီး ရဲအရာရှိ တစ်ယောက်ကို “သူတို့ကို ပြော လိုက်၊ စိတ်မပူနဲ့ ဘာမှ မဖြစ်စေရဘူး” လို့ ပြောပြီး ကျွန်တော့်ကို တစ်ချက်ကြည့်ပြီး ပြန်ထွက်သွားပါတယ်။ နယ်လုံဝန်ကြီး ပြန်သွားပြီး သိပ်မကြာပါဘူး။ Light Truck ကားတစ်စီး ဆိုင်ခန်းရှေ့ကို ဖင်ထိုးဆိုက်လာ ပါတယ်။ ဆိုင်ခန်းဝနဲ့ Light Truck ကားထိကို ရဲအင်အား တစ်ဖက်ကို ၁၅ ယောက် လောက်စီ ဘယ်ညာနှစ်ဖက်ခွဲ တန်းစီနေရာယူပြီး ကျွန်တော်တို့ကို တစ်ယောက်စီ ရဲတွေကြားက ဖြတ်ပြီး ကားပေါ် တက်ခိုင်းပါတယ်။ ကျွန်တော့်ကို နောက်ဆုံးမှ တက်ဖို့ပြော ကတည်းက ကျွန်တော့် ကံကြမ္မာကို ကျွန်တော် ရိပ်မိနေပါတယ်” ဟု ပြောသည်။

ဆက်လက်၍ ကိုမင်းသွေးသစ်က “ထင်တဲ့ အတိုင်းပါပဲ၊ အားလုံး ကားပေါ်ရောက်ပြီးလို့ ကျွန်တော့် အလှည့်မှာ ခြေလှမ်း သုံးလှမ်းလောက်ပဲ လှမ်းရပါသေးတယ်၊ နောက်က နံပါတ်တုတ်နဲ့ နောက်စေ့ကို အရိုက်ခံလိုက်ရပြီး ခြေထောက်ကိုလည်း ဖြတ်ကန်ခံလိုက် ရတဲ့အတွက် ကျွန်တော် လဲကျသွားပါတယ်၊ လဲကျသွားပြီး နောက်ပိုင်း ကျွန်တော့်ကို မြေကြီးပေါ်မှာ လှိမ့်ကန်ကြ ၀ိုင်းရိုက်ကြနဲ့ တတိယနဲ့ နောက်ဆုံးအကြိမ် ရိုက်နှက်ခံရ အပြီးမှာ ကားပေါ်ကို ဘယ်လိုရောက်လို့ ရောက်မှန်းမသိဘဲ ရောက်သွားပါတယ်၊ ကားပေါ် ထိုင်နေတုန်းမှာလည်း သက်သာရာ မရပါ ဘူး၊ Light Truck နောက်ခန်းထဲမှာ ထိုင်နေတဲ့ ကျွန်တော့် ခေါင်းနဲ့ ကျောပြင်ကို ကားအပြင်က လက်ထည့်ပြီး ရိုက်တဲ့သူကရိုက်၊ နံကြားကို နံပါတ်တုတ်နဲ့ ထိုးသူက ထိုးပါတယ်။ တစ်ချီမှာ အရိုက်ခံထားရတဲ့ နောက်စေ့နေရာကို တုတ်ချက် ခပ်ပြင်းပြင်း တစ်ခုကျတော့ ကျွန်တော်လည်း ထိုင်ရက်ကနေ အရှေ့ကို အရှိန်နဲ့ ငိုက်ကျသွားပါတယ်။ အဲဒီ ခဏမှာ စီခနဲ နားထဲက လေထွက်သံတွေ ကြားရပြီး လောကကြီးနဲ့ ခဏ အဆက်ပြတ်သွားပါတယ်”ဟု ပြောသည်။

“နားထဲမှာ ကားစက်သံကို အဝေးကြီးက လာသလို ကြားနေရကြောင်း၊ အသံက တဖြည်းဖြည်း နီးလာပြီး စိတ်နဲ့ ကိုယ်နဲ့ ပြန်ကပ်မိကြောင်း၊ ကားစက်သံသည် အဝေး ကြီးက လာတာမဟုတ်ဘဲ စီးလာသည့် Light Truck ကားစက်သံဖြစ်ကြောင်း ပြောသည်။

“ခေတ္တခဏ သတိကင်းကွာသွားပြီးသည့် နောက် စိတ်နဲ့ကိုယ်နဲ့ ပြန်ကပ်သောအချိန်တွင် ပထမဆုံး စတင်ကြားရသည့် အသံဖြစ်ကြောင်း၊ တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေသည့် ဒဏ်ကြောင့် ထိုင်ရက်သား အရှေ့ကို ငိုက်ကျနေသည့် အနေအထားမှ ခေါင်းမထောင် နိုင်သေးသည့်အတွက် ထိုအနေအထားမှာသာ နေလိုက်ရကြောင်း၊ ၎င်းနံဘေးမှာ ပါလာသည့် ရဲများထဲမှ တစ်ယောက်က “သူ့လူတွေ အခြေအနေကို မြင်ရအောင် ဆရာကြီးကို ခေါင်းထောင် ပေးလိုက်ပါဦး” ဆိုသည့် အသံ တစ်သံကိုကြားရကြောင်း၊ ရှေ့စိုက် ကျနေ သည့် ၎င်း၏ ခေါင်းအား ထူမတ်ပေးသည့်အတွက် ဝေေ၀၀ါးဝါး မျက်လုံးများဖြင့် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်သည့်အခါ ၎င်းတို့အား တင်လာသည့် Light Truck ကားသည် အောင်မြေဗိမာန် ဘုန်းကြီးကျောင်း ၀င်းထဲသို့ ရောက်နေကြောင်း၊ ၎င်းတို့ကို တင်ထားသည့် Light Truck ၏ အရှေ့မှာ အချုပ်ကား ၂ စီးကို တွေ့ရကြောင်း၊ ၎င်းတို့ ကား၏ ဘယ်ဘက်ခြမ်းတွင် သပိတ်စစ်ကြောင်းက ကျောင်းသူ မိန်းကလေးများကို ခြေဆင်း ထိုင်လျက် အနေအထားနှင့် လက်များကို ကြိုးတုပ် ခံထားရသည်ကို တွေ့ရသည်”ဟု ပြောသည်။

ဆက်လက်၍ “ကျွန်တော်တို့ကို Light Truck ကားပေါ်က ဆင်းခိုင်းပြီး အချုပ်ကားထဲကို ၀င်ခိုင်းပါတယ်၊ Light Truck ကား ထဲကနေ အချုပ်ကားထဲကို လမ်းလျှောက် သွားရပါတယ်၊ ကျွန်တော့်ဟာ ကျွန်တော်တော့ ခြေလှမ်းမှန်မှန် လှမ်းနေတယ်လို့ ထင်ပေမယ့် အဲဒီအချိန်က အချုပ်ကားပေါ်ကနေ ကျွန်တော် လာတာကို ကြည့်နေကြတဲ့ ကျောင်းသားတွေ ပြောပြလို့ နောက်မှ ပြန်သိ ရတာက ကျွန်တော် အဲဒီအချိန် လမ်းလျှောက် ပုံက မမှန်တော့ဘဲ ခြေလှမ်းတွေလည်း ဒယိမ်း ဒယိုင် ဖြစ်နေတယ်လို့ ပြောကြတယ်။ အချုပ်ကားထဲမှာ လူတွေ ပြွတ်သိပ်ကျပ်ညပ်နေပြီး မတ်တတ်မရပ်နိုင်တဲ့ ကျွန်တော့် အခြေအနေကို မြင်ရလို့ ကျပ်နေတဲ့ကြားကပဲ ထိုင်နိုင်ဖို့ နေရာ တစ်နေရာစာ ဖယ်ပေးကြတယ်။ အချုပ်ကားပေါ်က လူအားလုံးလည်း ထိခိုက်ဒဏ်ရာ ကိုယ်စီနဲ့ တစ်ယောက်မှ လူကောင်း မရှိပါဘူး။ ကျွန်တော့်ကျောင်းသား ရဲဘော်တွေ စီစဉ်ပေးတဲ့ နေရာမှာ ထိုင်ပြီး သူတို့လာတိုက်တဲ့ ရေကို သောက်ပြီး မွန်းကျပ်ပိတ်လှောင်နေတဲ့ အချုပ်ကားပေါ်မှာ ငုတ်တုတ်မှေးရင်း လိုက်ခဲ့တယ်” ဟု ပြောသည်။

နာရီဝက်လောက် အကြာမှာ သာယာ ၀တီထောင်ရှေ့ကို အချုပ်ကားများ ထိုးဆိုက်ပြီး တစ်ယာက်ချင်းစီ ထောင်ဘူးဝမှ တစ်ဆင့် ထောင်တွင်းကို သွင်းကြောင်း၊ ထောင်ဘူးဝ အတွင်းဘက် မြေကွက်လပ်မှာ ခေါင်းပေါ် လက်နှစ်ဖက်တင်ပြီး နှစ်ယောက် တစ်တွဲစီ အားလုံးကို ထိုင်ခိုင်းကာ တစ်ယောက်ချင်းစီ ရှာဖွေရေးလုပ်၊ နာမည်စာရင်းယူပြီး Main Jail ဘေးက မြေကွက်လပ်တွင် ထိခိုက်ဒဏ်ရာ ရနေသူများကို ဆေးမှူးက တစ်ဦးချင်းစီ ကြည့်ရှု စမ်းသပ်ပြီး ဆေးပေး ဆေးထည့် လုပ်ပေး ကြောင်း၊ တစ်ဦးချင်းစီ၏ ထိပ်ပေါက် ခေါင်းကွဲ ဒဏ်ရာများကို ဓာတ်ပုံရိုက် မှတ်တမ်းတင် ကြောင်း၊ ဒဏ်ရာရထားသူ အားလုံးကို အင်္ကျီ ချွတ်ခိုင်းသည့်အတွက် ကျောမှာ အရှိုးရာချင်း ထပ်နေသည့် ၎င်း၏ ကျောပြင်ပေါ်က ဒဏ်ရာများကို ထောင်ဝန်ထမ်း တစ်ဦးက ဓာတ်ပုံ လာရိုက်သွားကြောင်း၊ ဒဏ်ရာရသူများ အားလုံးကို ဆေးထည့်၊ မှတ်တမ်းဓာတ်ပုံ ရိုက်အပြီးတွင် ညစ်ပေ စုတ်ပြတ်နေကြသည့် ကျောင်းသားအားလုံးကို အုတ်ရေကန်မှာ ရေချိုးစေကြောင်း၊ ပြီးနောက် အုပ်စုနှစ်စုခွဲကာ အဆောင် ၁၀၊ အခန်း ၁ ထဲ သို့ တစ်စု၊ အဆောင် ၁၀၊ အခန်း ၃ ထဲသို့ တစ်စု ထည့်သွင်းပြီး တိုက်ခန်းတံခါးများကို သော့ခတ် ပိတ်လိုက်ကြောင်း ကိုမင်းသွေးသစ်က ပြည်သူ့အရေးသို့ ပြောသည်။

မင်းသွေးသစ် ပြောပြီး ကျော်ကျော်ဦး ရေးသည်

ဧပြီ ၂၇ရက်၊ ၂၀၁၅ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) ဒု-ဥက္ကဋ္ဌ ပဒိုနော်စီဖိုးရာနှင့် ထိပ်ပိုင်းခေါင်းဆောင်များ ပါဝင်သောအဖွဲ့သည် လာမည့် မေလဆန်းပိုင်း ရှမ်း(သျှမ်း)ပြည်နယ်၊ ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအထူးဒေသ ပန်ဆန်း၌ ကျင်းပမည့် တိုင်းရင်းသား ထိပ်သီးခေါင်း ဆောင်များ ညီလာခံသို့ ပါဝင်တက်ရောက်သွားမည်ဖြစ်ကြောင်း ဧပြီလ ၂၅ရက်နေ့က ပြီးဆုံးသွားသည့် ကေအဲန်ယူ ဗဟိုအမြဲ တမ်းကော်မတီဝင်များ၏ အရေးပေါ်အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြသည်။

ထိုညီလာခံသို့ တက်ရောက်ရန် ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) ဒုဥက္ကဋ္ဌ ပဒိုနော်စီဖိုးရာအပြင် အထွေထွေ အတွင်း ရေးမှူး ပဒိုစောကွယ်ထူးဝင်း၊ KNLA ဒုစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီးစောဘောကျော်ဟဲတို့ ဦးဆောင်သွားမည်ဖြစ်ပြီး ပဒိုစောရောဂျာ ခင်၊ ပဒိုစောသမိန်ထွန်း၊ ပဒိုစောတာဒိုမူး၊ ပဒိုမန်းငြိမ်းမောင်နှင့် စစ်ထောက်ချုပ် ဗိုလ်ချုပ်စောအိုင်းဇက်တို့က လေ့လာသူများအ ဖြစ် လိုက်ပါသွားမည်ဖြစ်ကြောင်း ကေအဲန်ယူ ဖားအံခရိုင် လေးဝါးစခန်း၌ ပြုလုပ်သည့် အဆိုပါအစည်းအဝေးတွင် ရွေးချယ် ဆုံး ဖြတ်ခဲ့ကြခြင်းဖြစ်သည်။

အစည်းအဝေးတက်ရောက်ခဲ့သည့် ကေအဲန်ယူ တောင်ငူခရိုင် ဥက္ကဋ္ဌ ပဒိုစောအယ်ဝါးက “ပန်ဆန်းညီလာခံတက်ဖို့ ကိုယ်စား လှယ်ရွေးချယ်မှုအပေါ်မှာ ကျေနပ်တယ်။ ဒါကြောင့် ပါဝင်သင့်ပါဝင်ထိုက်သူကို ရွေးချယ်တာ တရားတယ်လို့ ဆိုလိုတာပါ။ မတူ တဲ့အမြင်တွေ ရှိနေကြလို့ တွေးခေါ်မှု အယူအဆပေါ် အခြေခံပြီး အချိန်ယူပြီး ရွေးချယ်ကြတာပါ။ ဒါ ဒီမိုကရေစီလို့ ပြောချင် လည်း ပြောလို့ရပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
DSC_0047
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကေအဲန်ယူ ထိန်းချုပ်နယ်မြေ ဖားအံခရိုင်အတွင်း လေးဝါးစခန်းတွင် ဧပြီ ၂၀ရက်မှ ၂၅ရက်နေ့ အထိ ကျင်းပခဲ့သည့် ၎င်းအရေးပေါ်အစည်းအဝေးတွင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး မူကြမ်း (NCA draft) အချက်များအ ပေါ် ကေအဲန်ယူအနေဖြင့် မကျေလည်သေးသည့်အချက်များကို အဓိကထားပြီး ပန်ဆန်းညီလာခံတွင် အကျေအလည် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

ညီလာခံတက်ရောက်မည့် ကေအဲန်ယူ ဒု-ဥက္ကဌ ပဒိုနော်စီဖိုးရာစိန်က “(NCA )ထဲမှာ ကျမတို့ဘက်က (၇)ချက်လောက် မကျေ လည်သေးတာ ရှိတယ်။ ဥပမာ စာချုပ်ထဲက လုံခြုံရေးဆိုင်ရာ ပြန်လည်ပူးပေါင်းခြင်းဆိုတဲ့ အချက်တွေမှာ အစိုးရဘက်က နား လည်တာတစ်မျိုး၊ ကျမတို့ဘက်က နားလည်တာတစ်မျိုးပေါ့။ ကျမတို့အနေနဲ့က ဒီကိစ္စတွေကို သေသေချာချာ သဘောတူညီ ချက် မရှိသေးတဲ့အပေါ်မှာ ပြန်ညှိဖို့ လိုတယ်။ ကျမတို့ဖြစ်စေချင်တာကတော့ အားလုံးလက်ခံနိုင်မှပဲ လုံခြုံရေးပိုင်းဆိုင်ရာတွေကို လာမယ့်နိုင်ငံရေး ဆွေးနွေးမှုတွေမှာသာ ထည့်သွင်းဆွေနွေးစေချင်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။

၎င်းအပြင် KNU အနေဖြင့် ပန်ဆန်းညီလာခံတွင် လက်ရှိနိုင်ငံရေးအခြေအနေ၊ (NCA)မူကြမ်းကိစ္စများကို အဓိကထားကာ တိုင်း ရင်းသားများအနေဖြင့် မည်သို့ပူးပေါင်းပါဝင်နိုင်သည့် အခြေအနေများကို အမြင်ချင်းဖလှယ် ဆွေးနွေးသွားမည်ဖြစ်ပြီး မကျေ လည်သေးသည့် အချက်(၇)ချက်ကို ပန်ဆန်းညီလာခံအပြီး တိုင်းရင်းသားအဖွဲ့များ၏ ညီလာခံတွင် အသေးစိတ် ထပ်မံ ဆွေးနွေး သွားမည်ဟု ပဒိုနော်စီဖိုးရာစိန်က ဆက်ပြောသည်။

တိုင်းရင်းသား ထိပ်သီးခေါင်းဆောင်များ ညီလာခံကို မေလ ၁ရက်မှ ၃ရက်နေ့အထိ ၀ နယ်မြေ၊ ပန်ဆန်းဒေသ၌ ကျင်းပရန် ရည် ရွယ်ထားပြီး ညီလာခံတက်ရောက်ရန် ၀ ပြည်သွေးစည်း ညီညွတ်ရေးပါတီ (UWSP)က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၂)ဖွဲ့ ကို ဖိတ်ကြားထားကြောင်း သိရသည်။

သတင်း- ကေအိုင်စီ

TNLA တပ်ဖွဲ့ဝင်များ။ 
 ဒီကနေ့ မနက်ပိုင်းမှာ တအာင်းဒေသ မူဆယ်မြို့နယ်ထဲ ကိုးကန့်တပ်တွေနဲ့ စစ်မဟာမိတ်ဖွဲ့ ထားတဲ့ တအာင်းတပ်နဲ့ မြန်မာ့စစ်တပ်ကြား တိုက်ပွဲ ပြင်းပြင်း ထန်ထန် ဖြစ်ပွားခဲ့ပါတယ်။ တချိန်တည်းမှာပဲ စစ်ရေးတင်းမာနေဆဲ ရခိုင်ပြည်နယ် တွင်း ရခိုင်ပြည်တပ်မတော်နဲ့ အစိုးရတပ်ကြား နှစ်ဖက် ထိန်းသိမ်း ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်းချင်း လဲလှယ်ဖို့ကို စီစဉ်ဆောင်ရွက်နေပါတယ်။ အခုလက်ရှိဖြစ်ပျက်နေတဲ့ တိုင်းရင်းဒေသအချို့က စစ်ရေးတင်းမာမှုတွေနဲ့ ပတ်သက်လို့ ဒေသတွင်း ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ဖို့နဲ့ တပြည်လုံးအတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေးအတွက် တိုင်းရင်းသားညီလာခံမှာ ဆွေးနွေးကြဖို့လည်း ရှိနေပါတယ်။ အသေးစိတ် မဆုမွန် စုစည်း တင်ပြပေးထားပါတယ်။

ဒီကနေ့ ဧပြီလ ၂၇ရက်နေ့ မနက် ၄နာရီခွဲလောက်ကနေစလို့ တအောင်းဒေသ၊ မူဆယ်မြို့နယ်တွင်းက နမ့်ကတ်ကျေးရွာအနီး တအာင်း တပ်မတော် စစ်အခြေစိုက်စခန်းရှိရာကို မြန်မာ့တပ်မတော်ဘက်က ထိုးစစ်ဆင်ပြီး နှစ်ကြိမ်တိတိတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် သတင်းပြန်ကြားရေးဌာနက ပြောပါတယ်။ ဒီနေ့ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအပါအဝင် ၂၀၁၅ခုနှစ်အတွင်း တိုက်ပွဲပေါင်း အကြိမ်ငါးဆယ်ကျော် ရှိနေပြီလို့ တအာင်းတပ်မတော်ပြောခွင့်ရ နိုင်ငံခြားရေးရာမှူး တာပန်လှကပြောပါတယ်။

“ဒီကနေ့ မနက် မူဆယ်မြို့နယ် နမ့်ကတ်ကျေးရွာနားမှာ အခြေချပြီးတော့ လှုပ်ရှားနေတဲ့ ကျနော်တို့တပ် (၁၀၁) ပေါ့နော်။ ကျနော်တို့ တပ်ရင်းကို အစိုးရတပ်ဘက်က တပ်မ (၇၇)က မနက်ခင်း လေးနာရီခွဲ ဝင်ရောက်လာပြီးတော့ တိုက်ခိုက်ပါတယ်ခင်ဗျ။ ခန နားပြီးတော့ ခြောက်ခွဲကနေပြီးတော့ ခုနှစ်နာရီ လေးဆယ် လောက်အထိပါ။ အစိုးရဘက်က အခြေအနေကတော့ ကျနော်တို့ မသိရသေးဘူး။ ကျနော်တို့ဘက်ကတော့ ဒဏ်ရာရတာ အနည်းအကျဉ်းရှိပါတယ်။ ဒီနေ့အထိဆိုရင်တော့ ကျနော်တို့ဆီမှာ တိုက်ပွဲဖြစ်ပွားတာ အကြိမ်ငါးဆယ်ကျော်၊ ခြောက်ဆယ်ဝန်းကျင်လောက်ရှိနေပါပြီ။”

တအာင်းတပ်မတော်ဟာ ကိုးကန့်တပ်နဲ့ နယ်မြေအတွင်း စစ်မဟာမိတ်တပ်အဖြစ် ကူတိုက်ပေးနေတာဖြစ်ပါတယ်။

“ ဟုတ်ပါတယ်ခင်ဗျ။ ကျနော်တို့ဘက်က ၂၀၁၄ လောက်ကတည်းက ကိုးကန့်တပ်တွေနဲ့ပူးပေါင်းပြီးတော့ လှုပ်ရှားမှုတွေရှိပါတယ်ခင်ဗျ။ ပြီးတော့ စစ်ရေး၊ နိုင်ငံရေး မဟာမိတ်တွေ ဖြစ်တော့ အပြန်အလှန် ကူညီတာမျိုးတွေ ရှိပါတယ်။”

ဒေသတွင်း အမှန်တကယ်ငြိမ်းချမ်းဖို့ဆိုရင် ထိုးစစ်ဆင်နေတာကို ရပ်တန့်ပစ်ဖို့လိုပါတယ်လို့ တအာင်းတပ်ဘက်ကပြောပါတယ်။

“အစိုးရတပ်ဘက်က သူတို့မှာ ရှိသမျှ အင်အားနဲ့ အကုန်လုံး နေရာအနှံ့ပေါ့နော်။ လိုက်လံပြီးတော့ တပ်နေရာတွေ ချထားတယ်။ ပိုက်စိပ်တိုက် လိုက်ပြီးတော့ လိုက်တိုက်ခိုက်နေတာမျိုးတွေရှိတယ်ခင်ဗျ အဲ့တာကြောင့် တိုက်ပွဲတွေက မကြာခန ပြန်ဖြစ်ရတယ်။ ကျနော်တို့ဘက်က အထူးသဖြင့် ဒီရာသီမျိုးဆိုရင် ကျနော်တို့ဘက်က တတ်နိုင်သလောက် တိုက်ပွဲရှောင်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ဒီရာသီဆိုရင် ပလောင်တောင်သူတွေ လဖက်ခူးတဲ့အချိန်ဖြစ်တော့ ကျနော်တို့ဘက်က တတ်နိုင်သလောက် တိုက်ပွဲမဖြစ်အောင် ရှောင်ပါတယ်။ ဒါပေမဲ့ ဒီနေ့လို ရှောင်လို့မရတဲ့အနေအထားမှသာ ကျနော်တို့ဘက်က ပြန်လည်ပြီး တိုက်ခိုက်ရတာမျိုး ရှိပါတယ်။”

တချိန်တည်းမှာပဲ ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းကစတင်ဖြစ်ပွားခဲ့တဲ့ ရခိုင်တပ်မတော်(AA)နဲ့ မြန်မာစစ်တပ်ကြား တိုက်ခိုက်မှုတွေကြောင့် ကျေးရွာအချို့ မီးရှို့ဖျက်ဆီးခံရပြီး တိုက်ပွဲပြင်းထန်တဲ့အတွက် ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်ရသလို တိုက်ပွဲတွေအတွင်း ပိတ်မိနေတာတွေလည်းရှိခဲ့ပါတယ်။ ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေ ငြိမ်သက်သွားပေမဲ့လို့ နယ်မြေအတွင်း စစ်ရေးတင်းမာနေဆဲဖြစ်တယ်လို့ ရခိုင်ပြည်တပ်မတော်(Arkhan Army) စစ်ဦးစီးချုပ် ဗိုလ်မှူးကြီးမင်းထွန်းကပြောပါတယ်။

“ အခုကတော့ ငြိမ်နေတယ်။ အစိုးရကတော့ နယ်မြေရှင်းလင်းမှု လုပ်နေတယ်။ ဒါပေမဲ့ ရခိုင်တပ်မတော်ဝင်တွေကတော့ ခိုအောင်းနိုင်တဲ့နေရာတွေမှာ အခိုင်အမာ တပ်စွဲမယ်လို့ ချထားတယ်။ တိုက်ပွဲတွေဖြစ်ရတာ ကျနော်တို့ ရခိုင်တပ်မတော်က ဒီနှစ်ပိုင်းမှာ ကျနော်တို့ ရခိုင်ပြည်နယ် အနောက်ဖက်စစ်မျက်နှာမှာ အခြေချဖို့ကြိုးစားတယ်။ အဲ့တာကို သူတို့အနေနဲ့ ဖက်ဒရယ်ယူနီယံ Army ဖက်ဒရယ်တပ်မတော်အနေနဲ့ ပေါ်ပေါက်လာမှာကိုလည်း သူတို့စိုးရိမ်ပုံရတယ်။ နိုင်ငံရေးအဖွဲ့အစည်းတွေ ပြည်သူတွေနဲ့ နီးစပ်မှာကိုလည်း တော်တော်လေးကို စိုးရိမ်ပုံရပါတယ် ခင်ဗျ။ အဲ့ဒီ့အခြေအနေမှာ နယ်မြေရှင်းလင်းဖို့ စလုပ်တယ်။ အဲ့တာပါပဲ။ အဲ့ဒီ့ကနေ ထိတွေ့မှုစဖြစ်တယ်။”

မြန်မာ့တပ်မတော်ဘက်က ကျောက်တော်မြို့နယ် စပါးဆိပ်-ကုလားချောင်းနယ်မြေ တဝိုက် ၊ ကျောက်တော် မြောက်ဘက် ဇင်ချောင်းရွာ ၊ ပင်လုံကျေးရွာ စတဲ့ နေရာတွေမှာ အသေးစိတ် နယ်မြေရှင်းလင်းရေးတွေ လုပ်ခဲ့ပြီး ရခိုင်လက်နက်ကိုင် အချို့ကို လက်နက်နဲ့တကွ ထိန်းသိမ်းဖမ်းဆီးရမိတယ်ကြောင်း အစိုးရဘက်က သတင်းဓာတ်ပုံတွေနဲ့ သတင်းထုတ်ပြန်ကြေညာခဲ့ပါတယ်။

အခုလိုအခြေအနေမှာ အရပ်သားတွေကို ပစ်မှတ်ထားပြီး မသင်္ကာသူမှန်သမျှ ထိန်းသိမ်းနေတဲ့ လုပ်ရပ်ကိုလည်း ရပ်တန်းကရပ်ဖို့နဲ့ ရခိုင်တပ်မတော်(AA) ဘက်က ထိန်းသိမ်းထားတဲ့သူတွေနဲ့ မြန်မာစစ်တပ်က ထိန်းသိမ်းထားသူတွေကြား စစ်သုံ့ပန်းလဲလှယ်မှုလုပ်ဖို့ စီစဉ်နေတယ် လို့ ရခိုင်ပြည်တပ်မတော်(Arkhan Army) စစ်ဦးစီးချုပ် က ပြောပါတယ်။

“အဲ့တာ သူတို့နဲ့ တရားဝင်ပေါ့နော်။ နိုင်ငံတကာအဖွဲ့အစည်းတွေကနေတဆင့် လဲလှယ်သွားမယ် အဲ့လိုစဉ်းစားချက်ရှိပါတယ်ခင်ဗျ။ ဒီဘက်က ထိန်းသိမ်းထားတာကတော့ ကျနော်တို့ ရတဲ့စာရင်းအရ ၇ယောက်လောက်ရှိတယ်။ ဗိုလ်ကြီးတယောက်ပါဝင်တယ်လို့သတင်းရတယ်။ ဟိုဘက်က ထိန်းသိမ်းထားတာကတော့ အရပ်သား ၆၅ယောက်ဝန်းကျင်ရှိပါတယ်။ အဲ့ဒီ့အပြင် တိုက်ပွဲဝင် ၇ယောက်လောက် ဖမ်းဆီးထားတာရှိတယ်ခင်ဗျ။

ဘယ်နိုင်ငံ၊ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းပဲဖြစ်ပါစေ တပ်မတော်ပဲဖြစ်စေ စစ်တပ်ပဲဖြစ်ဖြစ် ဆန့်ကျင်ဘက် လက်နက်ကိုင် အဖွဲ့အစည်းပဲဖြစ်စေ ဒီနေ့ခေတ် ဒီနေ့အချိန်မှာ ဘယ်သူမှ ကျင့်သုံးတော့တဲ့ကိစ္စတွေ မဟုတ်တော့ဘူးခင်ဗျ။ အရပ်ဖက်ပစ်မှတ်ကို မတိုက်ခိုက်ရဘူး။ တကယ့်စစ်ဖက်ဆိုင်ရာ ပုဂ္ဂိုလ်ပဲဖြစ်နေဦးတော့ အရပ်ဖက်အဝတ်အစား ဝတ်ထားတယ်။ လက်နက်ကိုင်ထားတာမရှိဘူး။ ပြန်မတိုက်ဘူးဆိုရင် အဲ့တာတွေကို မတိုက်ခိုက်ရဘူးဗျ။ ဒါ Military Code of Conduct ပါ။ အဲ့တာနဲ့ပတ်သက်ပြီး ကျနော်တို့ပြောချင်တာက ကျနော်တို့ NCA ရေးထိုးတဲ့အပိုင်းမှာ Nationwide Ceasefire Agreement ရေးထိုးတဲ့အခါ Military Code of Conduct တွေပါလာမယ်။ အဲ့လိုပါလာမယ့်အတွက် အခုဖြစ်နေတဲ့ကိစ္စတွေဟာ တော်တော်လေးကို ယုံမှားသံသယဖြစ်စရာ ရှိပါတယ်ခင်ဗျ။”

ရခိုင်ပြည်နယ်ဘက် အခုလက်ရှိဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခနဲ့ပတ်သက်ပြီးလည်း နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့ တောင်းဆိုထားပေမဲ့ အစိုးရဘက်က အခုထိ တစုံတရာ တုန့်ပြန်တာမရှိဘူးလို့ ရခိုင်ပြည်တပ်မတော်စစ်ဦးစီးချုပ်က ပြောပါတယ်။

မဆုမွန် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


 နီပေါနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် သေဆုံးသူ ၃၂၀၀ ရှိသွားပြီ ဖြစ်သလို ၆၅၀၀ လောက်ဒဏ်ရာ ရသွားပါတယ်။

ကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်ရာမှာ ဆိုးရွားတဲ့ ရာသီဥတုက အနှောင့်အယှက် ဖြစ်တယ်လို့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဌာန အကြီးအကဲက ပြောပါတယ်။

မြို့တော် ကတ်သမန်ဒူးမှာ လျှပ်စစ်မီးတွေ မရှိသလို လေဆိပ်တွေဟာလည်း ပိတ်ထားတဲ့ အတွက် အိမ်ပြန်မယ့် နိုင်ငံခြားသားတွေ သောင်တင်နေတယ်လို့ ဆိုပါတယ်။

ဆေ၀ါးနဲ့ ရွက်ဖျင်တဲတွေဟာ နီပေါအတွက် အလိုအပ်ဆုံး အရာတွေ ဖြစ်တယ်လို့လည်း သတင်းတွေက ရေးပါတယ်။

ပြင်းအား ၇ ဒသမ ၉ ရှိတဲ့ ငလျင်က နိုင်ငံမြို့တော် အရှေ့ဘက် မိုင် ၅၀ အကွာမှာ ရှိတဲ့ ပိုခါရာ မြို့ငယ်ကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့ပါတယ်။ ဒီငလျင်ဟာ နီပေါမှာ နှစ်ပေါင်း ၈၀ အတွင်း အဆိုးရွားဆုံး ငလျင်အဖြစ် မှတ်တမ်းဝင်သွားပါတယ်။

 By ဒီဗွီဘီ
http://burmese.dvb.no


 ပြီးခဲ့တဲ့နှစ်က အမေရိကန် သမ္မတအိမ်ဖြူတော်ရဲ့ ကွန်ပြူတာစနစ်ကို ထိုးဖောက်ခံရချိန်က ရုရှားဟက်ကာတွေက သမ္မတအိုဘားမားရဲ့ အီးမေးလ်တွေကို  ထင်တာထက် ပိုပြီး ရယူနိုင်ခဲ့တယ်လို့ ပြီးခဲ့တဲ့ ဧပြီ ၂၅ ရက်နေ့က နယူးယောက်တိုမ်းသတင်းစာမှာ ဖော်ပြခဲ့ပါတယ်။

ရုရှားဟတ်ကာတွေက သူတို့မျှော်လင့်ခဲ့တာထက် ပိုပြီးဖတ်ခွင့်ရခဲ့တယ်လို့ ပြောဆိုပေမယ့် အိမ်ဖြူတော်ကတော့ သမ္မတရဲ့ အရေးကြီးတဲ့စာတွေ၊ အချက်အလက်တွေက ပိုပြီး လုံခြုံတဲ့ကွန်ပြူတာတလုံးမှာ ထားရှိတယ်လို့ ပြောဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက အိမ်ဖြူတော်အီးမေးလ်စနစ် ထိုးဖောက်ခံရတော့ စနစ်တခုလုံးကို ပိတ်ချခဲ့ရတာပါ။

အဲဒီတုန်းက အိမ်ဖြူတော်ကွန်ပြူတာစနစ်တင်မက အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန စက်တွေကိုပါ အဖောက်ခံခဲ့ရပြီး သမ္မတနဲ့ သူရဲ့ အကြံပေးတွေ သုံးတဲ့ ဘလက်စ်ဘယ်ရီ ဖုန်းတွေကတော့ အဖောက်ခံရတဲ့ပုံ မပေါ်ပါဘူး။

ဒါပေမယ့် ရုရှားဟတ်ကာတွေဟာ အိမ်ဖြူတော်အီးမေးလ် အဟောင်းတွေတော့ ဖွင့်ခွင့်ရခဲ့ကြပါတယ်။

အမေရိကန်ထိပ်တန်းအရာရှိတွေဟာ သူတို့ရဲ့ရုံးတွေမှာ သာမန်လုံခြုံရေးအဆင့်နဲ့ ကွန်ပြူတာနဲ့ လုံခြုံရေးအထူးအဆင့်မြင့်ကွန်ပြူတာဆိုပြီး ကွန်ပြူတာ ၂ လုံး သုံးကြတယ်လို့ နယူးယောက်တိုမ်းသတင်းစာက ရေးသားပါတယ်။

ဒါပေမယ့် အမေရိကန်အရာရှိကြီးတွေဟာ အရေးကြီးအချက်အလက်တွေနဲ့ အရေးကြီးစာတွေ သာမန်လုံခြုံရေးအဆင့်နဲ့ ကွန်ပြူတာကနေပဲ ပေးပို့တယ်လို့ ၀န်ခံပြောဆိုကြပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no

လောက်ကိုင်မြို့မှာ ဖေဖော်ဝါရီလ ၁၆ ရက်က ကင်းလှည့်နေတဲ့ မြန်မာစစ်သားတချို့ကို တွေ့ရစဉ်။ Photo: AFP
ပြီးခဲ့တဲ့ ဧပြီ ၂၃-၂၄ ရက်နေ့တွေက လောက်ကိုင်မြို့ အနီး နမ်ဌေးမွန်တောင်ကြောမှာ တိုက်ပွဲများ အပြင်း အထန်ဖြစ်ပွားခဲ့ပြီးနောက်၊ ဒီကနေ့ လောက်ကိုင် မြို့နဲ့  မိုင် ၃၀-ခန့်ဝေးတဲ့ ကုန်းကြမ်းဒေသဘက်မှာ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း လက်နက်ကြီးပေါက်ကွဲ သံတွေ ကြားရကြောင်း လောက်ကိုင် ဒေသခံ တွေကပြော ပါတယ်။

ဒီနေ့တိုက်ပွဲများ ဖြစ်ပွားနေတဲ့ ကုန်းကြမ်းဘက်ကို အစိုးရ ဘက်က စစ်ကားအများအပြား တက်သွားတာမြင်တွေ့ရ တယ်လို့ လောက်ကိုင်ဒေသခံ တစ်ဦးကပြောပြ ပါတယ်။

"ကုန်းကြမ်းဘက်မှာတော့ တွယ်နေတုန်း ဘဲ၊ မြေပုံထဲမှာ မိုင် ၃၀ ကျော်၊ ၄၀ နီးပါးရှိနေ တယ်၊ အကုန်လုံးတောထဲကအဖွဲ့ရော၊ စစ်ကားတွေ ကတော့ ၄၀ ကျော်ကျော်လောက်တက်လာတယ်၊ ဟိုဘက်မှာစုပြီး ဗုံးကြီးချနေတယ်ပြောတာဘဲ၊ ဒီလက်နက်ကြီးတွေတစ်ချက်ချက်တော့လာတယ်၊ ဘယ်ကလာ တယ်ဆိုတာတော့ မသေချာဘူး၊ "

အခုတိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခြင်း မပြုသလို ဧပြီ ၂၃ရက်နေ့က တိုက်ပွဲသတင်းများကိုလည်း ထုတ်ပြန်ခြင်း မပြုပါဘူး ။

ဒီအတောအတွင်း လောက်ကိုင်မြို့နဲ့ပတ်ဝန်းကျင်မှာ နေထိုင်သူတွေကို အာဏာပိုင်တွေက နေရပ်ပြန်ခိုင်းလျက်ရှိရာမှာ မြို့ပတ်ဝန်းကျင်က ရွာတွေအတွင်းကို စစ်တပ်က ၀င်ခွင့်မပေးဘူးလို့ ဒေသခံတွေကပြောပါတယ်။  မြို့တွင်း အိမ်ပြန်တဲ့ ဒေသခံတွေအနေနဲ့လည်း ညဘက်မှာ တရုတ်ပြည်နမ်ဆန်မြို့ဘက်ကို ကူးပြီး အိပ်ရတာမျိုးရှိသလို  အိမ်တွေမှာ အိမ်စောင့် တစ်ဦးနှစ်ဦးသာထားရှိတယ်လို့ ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese

MNDAA ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့။ (မတ် ၁၀၊ ၂၀၁၅)
 ပြီးခဲ့တဲ့ သီတင်းပတ် အတွင်း တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့တဲ့ ကိုးကန့်ဒေသ ထဲမှာ ဒီကနေ့ တနင်္ဂနွေနေ့မှာတော့ မြန်မာ့တပ်မတော်နဲ့ ကိုးကန့်တပ်တို့ကြား တိုက်ပွဲတွေ ခေတ္တ ငြိမ်သက်သွားပေမဲ့လို့ မြန်မာတပ်ဘက်က စစ်တပ်အင်အားတွေ အလုံးအရင်း ထပ်မံ တိုးချဲ့ချထားလာတဲ့အတွက် စစ်ရေးကတော့ ဆက်ပြင်းထန်မယ့် အနေအထား လို့ ကိုးကန့်တပ်ဘက်ကပြောပါတယ်။ ကိုးကန့်ဒေသတွင်း စစ်မီးငြိမ်းနိုင်ရေး က ကိုးကန့်တပ်ဘက်က အလုံးစုံ လက်နက်ချမှာပဲ ဖြစ်နိုင်မယ်လို့ သမ္မတရုံးဘက်က တုန့်ပြန်ပါတယ်။ ကိုးကန့်ဒေသ စစ်ရေးအခြေအနေ အသေးစိတ် မဆုမွန်ကဆက်ပြောပြပေးပါမယ်။

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၉)ရက်နေ့က စတင်ခဲ့တဲ့ ၂လကျော်ကာလမှာ မြန်မာစစ်တပ်နဲ့ ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ကြား တိုက်ပွဲတွေဟာ အတော်လေးကိုပြင်းထန်ခဲ့တာဖြစ်ပါတယ်။ တိုက်ပွဲတွေပြင်းထန်နေ ဆဲ ကိုးကန့်ဒေသတွင်းက စစ်ရေးနောက်ဆုံးအခြေအနေကို ကိုးကန့်လက်နက်ကိုင် တပ်ဖွဲ့ MNDAA ပြောခွင့်ရ ဦးထွန်းမြတ်လင်းက ဗွီအိုအေမြန်မာပိုင်းကို အခုလိုပြောပြပါတယ်။

"ဒီနေ့ကတော့ ငြိမ်နေပါတယ်ခင်ဗျ။ ကြားတာကတော့ တမြို့လုံးမှာ စစ်သားတွေနဲ့ လုံခြုံရေးတွေ အားလုံး စောင့်ထားတယ်ပြောတာပဲ။ ပြောရမယ်ဆိုရင် လက်နက်ကြီးတွေလည်း တော်တော်သုံးလာတာများလာပါတယ်။ လူအင်အား၊ စစ်သားအင်အားလည်း ပိုပြီးတော့ တိုးလာတာတွေ့ရပါတယ်။

တော်တော်လေးလည်း ပြင်းထန်ပါတယ်ခင်ဗျ။ တုံချမ်းဒေသ၊ ခုတ်ထန် ပတ်ဝန်းကျင် တော်တော်လေး ပစ်ပါတယ်။ ကျနော်တို့က နန်ထင်မန်ရှမ်း လို့ခေါ်ပါတယ်။ ဒီဒေသမှာလည်း သူတို့က ပစ်ပါတယ်။ အဲ့ဒီ့နန်ထင်န်ရှမ်းလို့ခေါ်တဲ့ အဲ့ဒီ့နေရာမှာ ပြင်းထန်ပါတယ်။

ကျနော်ကြားတာက စခခ(၁၇)ကို သူတို့က ထပ်ပို့ထားတယ် ကြားတယ်ဗျ။ ကျနော်ခန့်မှန်းတာတော့ တစ်သောင်းငါးထောင် ပတ်ဝန်းကျင်လောက်ရှိမယ်ခင်ဗျ။ သူတို့ပေါ့နော်။ ကျနော်တို့ဘက်ကတော့ သုံးထောင်ပတ်ဝန်းကျင်ရှိတယ်။ ကျနော်တို့ဘက်က နဂိုကတည်းက အင်အားက နည်းပါတယ်။ သူတို့ထက်စာရင်ပေါ့ဗျာ။

ကျနော်တို့ကတော့ ဒီအတိုင်း ပုံမှန် ကျနော်တို့နေရာ ကျနော်တို့ အေးအေးဆေးဆေး နေနေတာပါ။ သူတို့ ထိုးစစ်လာမထိုးဘူးဆိုရင်တော့ တိုက်ပွဲက မဖြစ်ပါဘူး။"

စစ်ပြေးဒုက္ခသည်တွေလည်း သောင်းချီရှိလာနေပေမဲ့ နှစ်ဖက် စစ်ရေး တင်းမာနေဆဲ ဖြစ်သလို အစိုးရတပ်တွေဘက်က စစ်အင်အား တိုးချဲ့ချလာနေ တာကြောင့်  ကိုးကန့်ဒေသတွင်း စစ်မီးငြိမ်းနိုင်ရေး ကိုးကန့်တပ်ဘက်က သဘောထားကို ဦးထွန်းမြတ်လင်းက အခုလိုပြောပါတယ်။

"ကျနော် ဒီဥစ္စာတွေ ပြောတာတောင် ကျနော် တကယ် စိတ်မကောင်းပါဘူး ခင်ဗျ။ ဆိုတာ ဒီရဲဘော်တွေကလည်း အသက်တချောင်းနဲ့ပါ။ ပြီးတော့ ကိုယ့်မိသားစုနဲ့ ကိုယ်ပါ။ ဖေဖော်ဝါရီ(၉)ရက်နေ့ကစလို့ အခုထက်ထိက တော်တော် ကျတာလည်း များပါတယ်။ ကျနော်တို့ တိုင်းရင်းသားအချင်းချင်း အဲ့လိုလည်း မမြင်ချင်ပါဘူးခင်ဗျ။ ကျနော်တို့ဘက်လည်း ကျတာရှိတာပဲ။ ဘာကြောင့်မို့လို့ ဒီိလိုကိုးကန့်ကို သည်းသည်းမည်းမည်း ဖြစ်နေတယ်ဆိုတာကို ကျနော် နားမလည်နိုင်ဘူး ဖြစ်နေပါတယ်ခင်ဗျ။

သမ္မတကြီးထံ အိတ်ဖွင့်ပေးစာ ပေးထားတာပဲ ရှိပါတယ်။ နောက်ပိုင်း ကျနော်တို့လည်း ဒီ့ပြင် နည်းလမ်း မရှိတော့ဘူးခင်ဗျ။ ဦးရဲထွဋ်ဆိုတဲ့ ပုဂ္ဂိုလ်ကလည်း အွန်လိုင်းမှာတော့ ကျနော်တို့လို အဖွဲ့အစည်းမျိုးနဲ့ ဆွေးနွေးစရာ မလိုဘူး။ ဆွေးနွေးစရာမရှိဘူးဆိုတာ ပြောဖူးပါတယ်။

ကျနော်တို့က ဒီတိုင်းရင်းသား ပဋိပက္ခပဲဖြစ်ဖြစ် နိုင်ငံရေး အမြင်မတူတာ ပဲဖြစ်ဖြစ်ပေါ့နော်။ ကျနော်တို့ ကျတော့ ငြိမ်းချမ်းတဲ့ နိုင်ငံရေး ဆွေးနွေးတဲ့ပုံစံနဲ့ပဲ ကျနော်တို့က သွားလိုပါတယ်။ သို့သော် သူတို့က အသိအမှတ်မပြုခဲ့ပါဘူး။"

ကိုးကန့်စစ်မီးငြိမ်းနိုင်ရေး မြန်မာအစိုးရဘက်က ငြိမ်းချမ်းရေး သဘောထားကို မေးတဲ့အခါမှာတော့ သမ္မတအိမ်တော် သတင်းပြန်ကြားရေး တာဝန်ခံလည်းဖြစ် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက အခုလို တုန့်ပြန်ပါတယ်။

" အခုဟာက အိမ်ကနေ ထွက်သွားတယ်။ အကြောင်းအမျိုးမျိုးကြောင့် ထွက်သွားတယ်။ ပြန်လာတဲ့ အချိန်မှာ အသာတကြည် ပြန်လာတာမဟုတ်ဘူး။ ကျနော်တို့ ၂၀၁၁ နောက်ပိုင်းပေါ့နော်။ တာဝန်ယူချိန်ကစပြီးတော့ ကြားက အကျိုးဆောင်တွေ ညှိနှိုင်းမှုနဲ့ ဖုန်ကြားရှင်နဲ့ ဖုန်ကြားဖူးနှစ်ယောက်ကို ကျနော်တို့က လွတ်ငြိမ်းချမ်းသာခွင့် ပေးထားပြီးသားဖြစ်တယ်။ သူ့အနေနဲ့ ဒီနိုင်ငံမှာ ပြန်ပြီး နိုင်ငံရေး လုပ်ငန်းစဉ်တွေ ပါဝင်ချင်တယ်ဆိုရင် ဒီလိုမျိုးပဲ အသာတကြည်နဲ့ ဝင်လာလို့ရတယ်။

ဟိုဟာက ဖွဲ့စည်းပုံ အခြေခံဥပဒေက တင်မြှောက်ထားတဲ့ ဦးစီးအဖွဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဦးစီးအဖွဲ့ကို ဖြုတ်ချဖို့ အဲ့လိုမျိုး လုပ်တဲ့ဟာက သူ့ရဲ့ မူလရည်ရွယ်ချက်ကိုက အဲ့လိုဖြစ်နေတယ်။

အဲ့ဒီ့အပြင် ကျနော်တို့ အထပ်ထပ်ပြောတယ်။ သမ္မတလည်း ပြောတယ်။ တပ်ချုပ်လည်း ပြောတယ်။ အချုပ်အခြာအာဏာကို ကျူးကျော်တိုက်ခိုက်တဲ့ လုပ်ရပ်ဆိုတာက ကျနော်တို့က အကြောင်းမဲ့ ပြောနေတာမဟုတ်ဘူး။ ခုနကပြောတဲ့ အကြောင်းရင်းခံတွေက သူ့အနေနဲ့ စိတ်ရင်းစေတနာမှန်နဲ့ ပြန်ပြီးတော့ ဒီဒေသနဲ့ ပြန်လည်ပေါင်းစည်းဖို့ လာမယ်ဆိုရင် လုပ်လို့ရတာတွေ နည်းလမ်း အများကြီးထဲကမှ ဒီလိုနည်းလမ်းကို ရွေးချယ်ပြီး လုပ်လာတာက ဒါ တမင်သပ်သပ် ရည်ရွယ်ချက်ရှိရှိ လုပ်တာဖြစ်တယ်။

အဲ့ဒီ့အပေါ်မှာလည်း ကျနော်တို့ တပ်ဖက်မှာလည်း တပ်မတော်သားများစွာပေါ့နော်။ အသက်ပေးလိုက်ရတယ်။ ထိခိုက်ဒဏ်ရာတွေရတယ်။ ဒီအနေအထားမှာ Dialogue ဆိုတဲ့စကားကို ကျနော်တို့က လုံးဝ လက်မခံဘူး။ အဲ့တော့ တခုတည်းရှိတယ်။ သူတို့လာချင်ရင် အကြွင်းမဲ့ လက်နက်ချ အဲ့တာတောင်မှ အကြွင်းမဲ့လက်နက်ချမယ် ဆိုရင်တောင် ကျနော်တို့က စဉ်းစားပေးမယ်ပေါ့နော်။ အဲ့ဒီ့အနေအထားတော့ ရှိတယ်။ "

ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှာ စစ်အုပ်ချုပ်ရေးကြေညာထားပြီးဖြစ်လို့ ဒီဒေသရဲ့အရေးကိစ္စကို စစ်တပ်ကပဲ တာဝန်ယူဖြေရှင်းပေးမှာဖြစ်ကြောင်းကိုလည်း သမ္မတရုံးပြောခွင့်ရက ပြောပါတယ်။

" ကိုးကန့်ဒေသကို အရေးပေါ် အခြေအနေ ကြေညာပြီးတော့ စစ်အုပ်ချုပ်ရေး ပေးထားတဲ့ အတွက် ဒီအခြေအနေမှာ တပ်ကပဲ လိုအပ်သလို ဆောင်ရွက်နေတဲ့ အနေအထားဖြစ်တယ်။ အဲ့ဒီ့အပေါ်မှာ သူတို့က ဆောင်ရွက်မှု အခြေအနေ ပြန်လည်တင်ပြတဲ့အပေါ်မှာပဲ ကျနော်တို့က သိနိုင်မယ်ပေါ့နော်။ လောလောဆည်က တပ်မတော်က တာဝန်ယူထားတဲ့ အနေအထားဖြစ်ပါတယ်။ "

ကိုးကန့်ဒေသတွင်း တိုက်ပွဲတွေဖြစ်နေချိန်မှာပဲ ကချင်လက်နက်ကိုင်တွေ၊ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့နဲ့ တအောင်း လက်နက်ကိုင် အဖွဲ့တွေနဲ့လည်း မြန်မာ တပ်ကြား စစ်ရေး တင်းမာနေဆဲဖြစ်ပါတယ်။ တနိုင်ငံလုံး အပစ်ရပ်ရေးစာချုပ် မူကြမ်းကို သမ္မတရှေ့မှောက်မှာ မတ်လ ၃၁ရက်က လက်မှတ်ရေးထိုးခဲ့ပြီး အပြီးသတ်စာချုပ်မချုပ်ခင် လာမယ့် မေလ ၁ရက်နေ့မှာတော့ ဝပြည်သွေးစည်းညီညွတ်ရေးဌာနချုပ် ပန်ဆမ်းမှာ တိုင်းရင်းသားခေါင်းဆောင်တွေ တွေ့ဆုံကြဖို့လည်း ရှိနေပါတယ်။

မဆုမွန် / ဗွီအိုအေ (မြန်မာပိုင်း)

တန်းတူရေးနဲ့ ကိုယ်ပိုင် ပြဌာန်ရေး တို့ အတွက် တိုက်ပွဲတွေ ဖြစ်နေတာ လို့ AA ပြော။
တိုင်းရင်းသား ဒေသတွေ မှာ လက်ရှိ ဖြစ်ပေါ် နေ တဲ့ လက်နက်ကိုင် ပဋိပက္ခ တွေ ဟာ NCA လို့ ခေါ် တဲ့ တနိုင်ငံ လုံး အပစ်ရပ် သဘော တူ မှု လုပ်ကြမယ့် အထဲ တချို့ လူမျိုးစု တပ်တွေ ကို အစိုးရ က ပါဝင်ခွင့် မပေး လို့ ဖြစ်တယ် ဆိုပြီး ရခိုင်တပ်မတော် AA က ပြော လိုက် ပါတယ်။

ဒါ့ကြောင့် တနိုင်ငံလုံး အပစ်ရပ် စာချုပ် ချုပ် ဆိုကြ ရင် ပါဝင်ခွင့် ပြုဖို့ ရခိုင် တပ်မတော် က တောင်းဆို လိုက် ကြောင်း AA စစ်ဦး စီးချုပ် ဗိုလ်မှုးကြီး မင်းထွန်း က ပြောပါတယ်။

AA အပါအဝင် နောက်မှ ဖြစ်ပေါ် လာတဲ့ လက်နက်ကိုင် အဖွဲ့ တွေ ကို NCA မှာ ပါဝင်ခွင့် မပြုနိုင် ဘူး လို့ အစိုးရ ဘက် က ပြောနေပြီး၊ AA က လည်း တိုင်းရင်းသား မဟာမိတ် တွေ နဲ့ အတူ ပါဝင် ခွင့် ရဖို့ လှုံ့ဆော် စည်းရုံး နေသလို နိုင်ငံတကာ ကိုလည်း တင်ပြ နေတယ် လို့ ဗိုလ်မှုးကြီး မင်းထွန်း က ဆိုပါတယ်။

တနိုင်ငံလုံး အပစ်ရပ် စာချုပ် တကယ် လက်မှတ် ရေးထိုးကြ ဖို့ အလားအလာ အပေါ် အဓိက ထား ဆွေးနွေးမယ့် ဝဒေသ ပန်ဆိုင်း တိုင်းရင်းသား ညီလာခံ ကို AA အနေ နဲ့ တက် ရောက် မှာ ဖြစ်တယ် လို့ ဗိုလ်မှုးကြီး မင်းထွန်း က ပြောပါတယ်။

ကိုးကန့် ဒေသ စစ်ပွဲ တွေ ထဲ မှာ ကိုးကန့် တပ်တွေ နဲ့ အတူ AA ပါ ပါဝင်တိုက် ခိုက် နေပြီး၊ အခု နောက်ပိုင်း ရခိုင် ပြည်နယ် ထဲ မှာလည်း အစိုးရ နဲ့ ထိတွေ့ မှု တွေ ဖြစ်လာ တဲ့ AA ရဲ့ တပ်အင်အား ဖြန့်ကျက် ခွဲဝေ ထားမှု အခြေ အနေ အသေးစိတ် ကို ဗိုလ်မှုးကြီး မင်းထွန်း က ဘီဘီစီ ကို ထုတ်ဖော် မပြောဆို ပေမယ့် သူတို့ မှာ စုစုပေါင်း အင်အား ၂၀ဝ၀ ဝန်းကျင် လောက် ရှိတယ် လို့ ဆိုပါတယ်။

ရခိုင် ပြည်နယ် တွင်း တိုက်ပွဲ တွေ လတ်တလော မှာ အေးဆေး သွားပေမယ့် ဖြစ်ပေါ် ခဲ့တဲ့ စစ်ပွဲ တွေ ကြောင့် မိမိတို့ ရဲ့ အိုးအိမ် တွေ ကို စွန့်ခွာ ထွက်ပြေး ရသူ စစ်ဘေးရှောင် ဒုက္ခ သည် ၅၀ဝ နဲ့ ၁၀ဝ၀ ကြား လောက် ကျန် ခဲ့တယ် လို့ ဗိုလ်မှုးကြီး မင်းထွန်း က ဆိုပါတယ်။

BBC Burmese
http://www.bbc.com/burmese

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.