05/01/15


၂၀၁၅ ခုနှစ် ဧပြီ ၂၅ ရက်နေ့ကတော့ နီပေါနိုင်ငံ ပြည်သူတွေအတွက် ကပ်ကြီး ၃ ပါး ရောက်ခဲ့တဲ့နေ့လို့ ပြောရမှာပဲ။ ဒေသစံတော်ချိန် မနက် ၁၁ နာရီ ၅၆ မိနစ် မှာ ပြင်းအား ရစ်ခ်ျတာစကေး ၇.၈ ရှိတဲ့ မြေငလျင်ကြီးဟာ မြို့တော်ခတ္တမန်ဒူ ရဲ့ အနောက်မြောက်ဘက် မိုင် ၅၀ လောက်အကွာကို ဗဟိုပြုပြီး လှုပ်ခတ်သွားတာ ဖြစ်ပါတယ်။ ဒါဟာ နှစ်ပေါင်း ၈၀ အတွင်း အားအပြင်းဆုံး မြေငလျင် ဖြစ်ပါတယ်။

နိုင်ငံရဲ့ အရေးပေါ်လုပ်ငန်းဗဟိုဌာနရဲ့ ထုတ်ပြန်ချက်အရ နီပေါနိုင်ငံမှာတင် သေဆုံးသူ ၅၀၅၇ ယောက်အထိ မြင့်တက်သွားခဲ့ပြီး ဒဏ်ရာရသူပေါင်း ၁၀၀၀၀ ကျော် ရှိနေပြီလို့ ဆိုပါတယ်။ နီပေါဝန်ကြီးချုပ် ဆူရှီးလ် ကွိုင်ရာလာကတော့ သေဆုံးသူအရေအတွက်ဟာ ၁၀၀၀၀ အထိ ရှိလာနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဒီငလျင်ကြီးကြောင့် သေဆုံးမှုတွေ ဖြစ်ခဲ့တာဟာ နီပေါနိုင်ငံတနိုင်ငံတည်းမဟုတ်ပဲ အိမ်နီးချင်း အိန္ဒိယနိုင်ငံမှာ ၆၁ ယောက်၊ တိဘက်ဒေသမှာ ၂၅ ယောက် သေဆုံးခဲ့ရတယ်လို့ တရုတ်နိုင်ငံ ဆင်ဟွာ သတင်းဌာနမှာ ဖော်ပြခဲ့ပါတယ်။

ကမ္ဘာ့ကျော် ဧ၀ရက်တောင်မှာလည်း ရေခဲတောင်ပြိုကျမှုကြောင့် လူ ၈ ဦး သေဆုံးခဲ့ ရပါတယ်။ ခုချိန်ထိ ပျောက်ဆုံးနေသူတွေလည်း အများကြီး ရှိနေပါသေးတယ်။ သတင်းဌာနတွေရဲ့ သတင်းထုတ်ပြန်ချက်တွေနဲ့ သတင်းဗွီဒီယိုတွေကို ကြည့်လိုက်ရသူ နိုင်ငံတကာက ပြည်သူလူထုတွေ အားလုံး ထိတ်လန့် တုန်လှုပ် ကြေကွဲ ၀မ်းနည်းခဲ့ကြရပါတယ်။

“တချို့ရွာတွေဆိုရင် အိမ်ခြေ ၉၀ ရာခိုင်နှုန်းလောက်ဟာ ပြိုကျ ပြားကပ်သွားပါတယ်” လို့ အမေရိကန်ကယ်ဆယ်ရေး ဆရာဝန် ရီဘက်ကာ မက်အက်တီးယားက ပြောပါတယ်။

ဒီသဘာဝ ကပ်ဘေးသင့်မှုကြီး စဖြစ်ပြီးတာနဲ့ ချက်ချင်းလိုလိုပဲ နီပေါအစိုးရက သူတို့ လုပ်ဆောင်လို့ ရနိုင်သမျှ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ချက်ချင်း စတင်ဆောင်ရွက်ခဲ့သလို အရေးပေါ်အခြေအနေ ကြေညာပြီး နိုင်ငံတကာရဲ့ အကူအညီကို တောင်းခံခဲ့ပါတယ်။

နီပေါနိုင်ငံရဲ့ စစ်တပ်အင်အား ၁ သိန်းရဲ့ ၉၀ ရာခိုင်နှုန်းဟာ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ ချက်ချင်းပါဝင်ဆောင်ရွက်ခဲ့ကြပေမယ့် အစိုးရတာဝန်ရှိပုဂ္ဂိုလ်တွေကတော့ အားအလွန်ပြင်းတဲ့ သဘာဝကပ်ဘေးသင့်မှုကြီးကို နိုင်နင်းအောင် ကိုင်တွယ်ဆောင်ရွက်ဖို့ အပြင်းအထန် ကြိုးစားနေရတယ်လို့ ၀န်ခံခဲ့ကြပါတယ်။

“ကြီးမားတဲ့ အခက်အခဲကတော့ ကယ်ဆယ်ရေးပါပဲ” လို့ နီပေါအစိုးရအဖွဲ့ အတွင်းရေးမှူးချုပ် လီးလာ မာနီပေါင်ဒယ်လ်က ပြောကြားခဲ့ပါတယ်။ သူက သူတို့အနေနဲ့ နိုင်ငံခြားတိုင်းပြည်တွေကို အထူးကယ်ဆယ်ရေးပစ္စည်းတွေနဲ့ ဆေးဝါးကုသရေးအဖွဲ့တွေ ပေးပို့ စေလွှတ်ဖို့ မေတ္တာရပ်ခံတဲ့အကြောင်းနဲ့ ဒီကပ်ဘေးသင့်မှုကြီးကနေ အသက်ရှင်သန် လွတ်မြောက်နိုင်ဖို့ နိုင်ငံရပ်ခြား ကျွမ်းကျင်မှုတွေ အပြင်းအထန် လိုချင်နေတဲ့အကြောင်း ပြောခဲ့ပါတယ်။ နိုင်ငံတကာ အစိုးရတွေနဲ့ အန်ဂျီအိုတွေကလည်း ချက်ချင်းပဲ တုံ့ပြန်ပြီး ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ ပေးပို့ စေလွှတ်ခဲ့ကြပါတယ်။

ဒါပေမယ့် ငလျင်က အားပြင်းပြီး နီပေါနိုင်ငံရဲ့ ပြည်သူလူထုအများစုကြီး နေထိုင်ကြရတဲ့ မခိုင်ခန့်တဲ့ အိုးအိမ် အပြိုအပျက်တွေ၊ အသစ်ဆောက်ထားတဲ့ တိုက်ခန်းတွဲတွေရဲ့ ကွန်ကရစ် အပြိုအပျက်တွေနဲ့ အဆောက်အဦဟောင်းကြီးတွေရဲ့ အပြိုအပျက်တွေကြောင့် ကယ်ဆယ်ရေး အဖွဲ့တွေ အလျင်အမြန် မရောက်နိုင် ဖြစ်ခဲ့ကြရတယ်။

အိန္ဒိယ၊ တရုတ်၊ အမေရိကန်ပြည်ထောင်စု၊ ယူနိုက်တက်ကင်းဒမ်း၊ သြစတြေးလျ၊ ပါကစ္စတန်နဲ့ တခြားတိုင်းပြည်တွေက ကယ်ဆယ်ရေးနဲ့ ထောက်ပံ့ပစ္စည်းတွေ၊ အစားအစာတွေ တင်ဆောင်လာတဲ့ လေယာဉ်တွေ နောက်ထပ် ပိုမိုဝင်ရောက်လာလို့ ကူညီထောက်ပံ့မှု အခြေအနေ တိုးတက်လာမယ်လို့ မျှော်လင့်ရပေမယ့် ခတ္တမန်ဒူမြို့တော်ရဲ့ လေဆိပ်ဟာ ပြွတ်ကျပ်နေတဲ့အတွက် နှောင့်နှေးကြန့်ကြာမှုတွေ ရှိနေဆဲ ဖြစ်သလို ကယ်ဆယ်ရေး ပစ္စည်းတွေကို သယ်ထုတ်ဖို့ လုပ်သားမလုံလောက်မှုနဲ့ လိုအပ်တဲ့နေရာတွေကို သယ်ဆောင်ပေးပို့ဖို့ မော်တော်ယဉ်တွေ မလုံလောက်မှုကလည်း ရှိနေဆဲ ဖြစ်ပါတယ်။

ကုလသမဂ္ဂကတော့ ငလျင် ဗဟိုနားမှာ နေထိုင်ကြတဲ့ ဆင်းရဲသား ပြည်သူ ၇၅၀၀၀၀ အပါအ၀င် လူပေါင်း ၁.၄ သန်းကျော်ဟာ အစားအစာလိုအပ်နေပြီး သောင်းနဲ့ချီတဲ့ ပြည်သူလူထုတွေ အိုးမဲ့အိမ်မဲ့ ဖြစ်ကျန်ရစ်ခဲ့တယ်လို့ ဆိုပါတယ်။

နီပေါနိုင်ငံရဲ့ လူဦးရေ ၂၈ သန်းရဲ့ ရာခိုင်နှုန်းအများစုက ကျနော်တို့နိုင်ငံရဲ့ ပြည်သူလူထု အများစုကြီးလိုပဲ ဆင်းရဲနွမ်းပါးကြသလို အစိုးရဟာလည်း မချမ်းသာတဲ့အတွက် ဒီလို ကပ်ဘေးသင့်မှုကြီးမျိုးကို ကိုယ့်အားကိုယ်ကိုးနဲ့ ဘယ်လိုမှ ကိုင်တွယ်ထိန်းချုပ် ပြန်လည်ထူမဖို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့်လည်း အစိုးရက သူစွမ်းဆောင်နိုင်တာတွေကို ချက်ချင်း ဆောင်ရွက်ပေးခဲ့ပြီး နိုင်ငံတကာကိုလည်း ချက်ချင်းပဲ အကူအညီ တောင်းခံခဲ့ပါတယ်။

ဒါကြောင့်လည်း ခုချိန်မှာ နီပေါနိုင်ငံရဲ့ မြေငလျင်ကပ်ဘေးကို အထက်မှာ ဖော်ပြခဲ့တဲ့ နိုင်ငံတွေက ၀င်ရောက်ကူညီပြီး ကယ်ဆယ် ထောက်ပံ့နေကြသလို အမေရီကဲစ်(AmeriCares) လို ကမ္ဘာ့လွှမ်းခြုံ ကျန်းမာရေးအဖွဲ့အစည်း၊ ကဲ (Care) လို ကမ္ဘာတ၀ှမ်း ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး လူသားချင်း စာနာထောက်ထားမှုအဖွဲ့၊ ကက်သလစ် ကယ်ဆယ်ရေးလုပ်ငန်းအဖွဲ့လို အမေရိကန်နိုင်ငံ ကက်သလစ်ဘုရားကျောင်း နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု အေဂျင်စီ၊ တိုက်ရိုက်ကယ်ဆယ်ရေး (Direct Relief)လို နိုင်ငံတကာ ဆေးဘက်ဆိုင်ရာ အကူအညီပေးရေးအဖွဲ့၊ ကမ္ဘာလွှမ်းခြုံ ပေးကမ်းလှူဒါန်းရေးလို ရန်ပုံငွေ ရှာဖွေရေး ၀က်ဘ်ဆိုက်၊ နိုင်ငံတကာ ကယ်ဆယ်ရေး အသင်းများ (International Relief Teams) လို ကပ်ဘေးသင့်မှု ကယ်ဆယ်ရေး အထူးပြု လူသားချင်း စာနာထောက်ထားမှုအဖွဲ့တွေနဲ့ Operation USA ၊Save the Children၊ Seva Foundation၊ World Help ၊ Oxfam ၊ Handicap International နဲ့ American Jewish World Service လို နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုနဲ့ လူ့အခွင့်အရေး အခြေပြု နိုင်ငံတကာ အန်ဂျီအိုအဖွဲ့ကြီးတွေက နီပေါနိုင်ငံ ငလျင်ကပ်ဘေး ကယ်ဆယ်ကူညီပံ့ပိုးရေး လုပ်ငန်းတွေ မှာ အင်တိုက်အားတိုက် ပါဝင် ကူညီဆောင်ရွက် ပေးနေတာ တွေ့ရပါတယ်။

နီပေါနိုင်ငံရဲ့ နိုင်ငံတကာရဲ့ ကယ်ဆယ်ကူညီရေး အဖွဲ့အစည်းတွေကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုဝင်ရောက်ခွင့် ပြုထားသလို အဆင်ပြေ လွယ်ကူချောမွေ့စေရေးအတွက်လည်း လုပ်ဆောင်နိုင်သမျှ လုပ်ကိုင်ဆောင်ရွက်ပေးနေတာ တွေ့ရပါတယ်။

ကျနော်တို့အနေနဲ့ ငလျင်ဒဏ်သင့် နီပေါနိုင်ငံ ပြည်သူတွေအတွက် ၀မ်းနည်း စိတ်မကောင်း ဖြစ်ရတာနဲ့ တချိန်တည်း ပြန်ပြောင်းသတိရ စိတ်မကောင်း ဖြစ်ရတာကတော့ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းကြီးရဲ့ဒဏ်ကို ပြင်းပြင်းထန်ထန်ခံခဲ့၊ အတိဒုက္ခရောက်ခဲ့ ရောက်နေဆဲ မြန်မာနိုင်ငံ ပြည်သူလူထုအတွက်ပဲ ဖြစ်ပါတယ်။ နှိုင်းယှဉ်မှုအရပါ။ အဲဒီအချိန်က ၀န်ကြီးချုပ် ဦးသိန်းစိန် ခေါင်းဆောင်တဲ့ စစ်အစိုးရက နာဂစ် ဆိုင်ကလုံးမုန်တိုင်းကြီးဒဏ်ကို အလူးအလဲခံစားရပြီး အတိဒုက္ခရောက်နေတဲ့ ပြည်သူလူထုကို ကိုယ့်အားကိုယ်ကိုးပြီးပဲ ကယ်ဆယ်ရေး ပြန်လည်ထူထောင်ရေးတွေကို လုပ်နိုင်သယောင် ဟန်ဆောင် ဟိတ်ဟန်ထုတ် နေခဲ့ပြီး နိုင်ငံတကာအကူအညီ တောင်းခံဖို့ကို အချိန်ဆွဲနေခဲ့သလို အစိုးရရဲ့ ကယ်ဆယ်ရေး ဆောင်ရွက်မှုတွေဟာလည်း နှောင်းနှေး ကြန့်ကြာခဲ့တဲ့အတွက် ပြည်သူလူထုတွေ အများကြီး ဒုက္ခဆင်းရဲတွင်းထဲမှာ နေခဲ့ကြရပါတယ်။

အဲဒီအချိန်မှာ ၀န်ကြီးချုပ် ဦးသိန်းစိန်နဲ့ စစ်အုပ်စုတွေ အဓိက အာရုံစိုက်နေတာက သူတို့ရဲ့ ၂၀၀၈ စစ်ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူ့ဆန္ဒ ခံယူပွဲ ဟန်ပြလုပ်ပြီး အတည်ပြုနိုင်ရေးသာ ဖြစ်ပါတယ်။ နောက်ဆုံး မတတ်သာလို့ မုန်တိုင်းဒဏ်သင့် ပြည်သူလူထုကို ဆင်းတွေ့ဆုံရာမှာတောင် သူတို့ကပဲ ကယ်တင်ရှင်ကြီးတွေပုံစံနဲ့ ပြည်သူလူထုကိုအောက်မှာ ငုတ်တုတ်ထိုင်ခိုင်းပြီး ကံမကောင်းလို့ ဖြစ်ခဲ့ရတာဖြစ်ကြောင်း တရားနဲ့ ဖြေကြဖို့ အရှက်မရှိ ပြောသွားခဲ့တာကို ပြန်ပြီးအမှတ်ရမိပါသေးတယ်။

လူသားချင်းစာနာထောက်ထားစိတ်နဲ့ ၀ိုင်းဝန်းအကူအညီပေးလာတဲ့ နိုင်ငံတကာက ကယ်ဆယ်ကူညီရေးအဖွဲ့တွေနဲ့ အိုင်အန်ဂျီအိုတွေကို ပြည်ဝင်ခွင့် ချက်ချင်းမပေးပဲ ဆိုင်းငံ့ထားခဲ့တဲ့အတွက် ကယ်ဆယ်ရေးအဖွဲ့တွေ မုန်တိုင်းဒဏ်ခံ ဒေသကို ၀င်ရောက်နိုင်ဖို့ အများကြီး အချိန်ကြန့်ကြာခဲ့ရသလို နိုင်တကာက ပေးပို့လိုက်တဲ့ ကယ်ဆယ်ရေးပစ္စည်းတွေကိုလည်း သွင်းယူခွင့် ချက်ချင်းမပေးခဲ့တဲ့အတွက် ထိုင်းနိုင်ငံငံအစိုးရက ဒွန်မောင်းလေဆိပ်မှာ ရပ်နား ဆိုင်းငံ့ခွင့်ပေးထားခဲ့ရတာကို သတိရကြဦးမှာပါ။ အတော်လူမဆန်တဲ့လုပ်ရပ်လို့ ပြောရမှာပါပဲ။

အယ်လ်ဂျာဇီးယားသတင်းဌာနက သတင်းထောက်အမျိုးသမီး(မယ်လီဆာချန်း ထင်ပါတယ်) ဆိုရင် သတင်းကို တင်ပြနေရင်းမှာတောင် မျက်ရည်ကျခဲ့ရတဲ့အထိ ခံစားခဲ့ရတာကို မမေ့နိုင်သေးပါဘူး။ ဒီလို နိုင်ငံတကာက ပေးလာတဲ့ လူသားရင်းမြစ်အကူအညီတွေနဲ့ ကယ်ဆယ်ရေးပစ္စည်းတွေကို ဘာလို့များ ပြည်သူလူထုဆီ ချက်ချင်း အ၀င်မခံ အရောက်မခံတာပါလဲ။ အလွန်ရှင်းတဲ့အချက်ကတော့ အစိုးရဟာ ပြည်သူလူထုအပေါ် လုံးဝ စေတနာမရှိဘဲ သူတို့ အာဏာနဲ့ အကျိုးစီးပွားကို ထိခိုက်လာမှာကိုပဲ အကာအကွယ် ပေးချင်တာဆိုတာပါပဲ။ နိုင်ငံတကာမှာ လုံးဝ မရှိခဲ့တဲ့ သူတို့ရဲ့ဂုဏ်သိက္ခာကို ကာကွယ်တဲ့လုပ်ရပ်တွေသာ ဖြစ်ပါတယ်။ နိုင်ငံတကာက မုန်တိုင်းဒဏ်သင့် ပြည်သူလူထုအတွက် ပေးလှူလာတဲ့ ပစ္စည်းကောင်းတွေကို စစ်တပ်ကားတွေနဲ့ သယ်ယူပြီး အပျောက်ရိုက်သွားခဲ့တဲ့ဖြစ်ရပ်တွေ၊ ပြည်သူလူထုကတော့ မာမာခေါက်ဆွဲခြောက်နဲ့ ရေသန့်ဘူး လောက် သာမန်အသေးအဖွဲ့ ပစ္စည်းတွေလောက်ပဲ ခံစားသုံးစွဲခွင့်ရခဲ့တာတွေ၊ ပြည်တွင်းက စေတနာနဲ့ မြေမြှုပ်သင်္ချိုင်းမလုပ်နိုင်ဘဲ နေရာတကာမှာ ပြန့်ကြဲနေတဲ့ အလောင်းတွေကို လိုက်ကောက်ပြီး မြေမြှုပ်သချိုင်းပေးခဲ့တဲ့ ဒေါက်တာနေ၀င်းနဲ့ သမီးဖြစ်သူ မဖြိုးဖြိုးအောင်တို့ဆိုရင် ထောင်ဒဏ်ချမှတ် အပြစ်ပေးတာကိုတောင် ခံခဲ့ရပါတယ်။ ဒုက္ခသည်တွေ ရှိရာကို ကိုယ်တိုင်သွား

ရောက် ကြည်ရှုကူညီချင်တဲ့ နိုင်ငံခြားသားတွေကိုလည်း မုန်တိုင်းဒဏ်သင့်ခံ မြစ်ဝကျွန်းပေါ် ဒေသကို သွားရောက်ခွင့်မပြုဘဲ ပိတ်ပင်ထားခဲ့တာမျိုးတွေ လုပ်ခဲ့တာဟာ တကယ့် အဖြစ်မှန်တွေ ဖြစ်ပါတယ်။

အဲဒီအချိန်တုန်းက ဦးသိန်းစိန်ခေါင်းဆောင်တဲ့ အစိုးရအဖွဲ့ရဲ့ လူမဆန်တဲ့လုပ်ရပ်တွေကတော့ ပြောမယ်ဆိုရင် အများကြီး ကျန်ပါသေးတယ်။ တောသုံးထောင်ပါပဲ။

ပြင်းထန်တဲ့ ငလျင်ကြီးရဲ့ ဒဏ်ကို ခံခဲ့ကြရတဲ့ နီပေါပြည်သူလူထုရဲ့ ကံကြမ္မာနဲ့ အစိုးရ ရဲ့လုပ်ရပ်၊ နာဂစ်မုန်တိုင်းကြီးဒဏ်ကို ခံစားခဲ့ရတဲ့ မြန်မာနိုင်ငံပြည်သူလူထုရဲ့ ကံကြမ္မာနဲ့ ဦးသိန်းစိန်စစ်အစိုးရရဲ့လုပ်ရပ်ကို နှိုင်းယှဉ် ကြည့်နိုင်ဖို့ တင်ပြလိုက်ရပါတယ်။  ။

 By ဒီဗွီဘီ
http://burmese.dvb.no


 ရန်ကုန်၊ ဧပြီ ၂၉

 ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တွန်းဇံမြို့နယ်တွင် ဒုတပ်ကြပ်အဆင့်ရှိ ရဲတပ်ဖွဲ့ဝင်နှစ်ဦးအား အသက် ၁၆ နှစ် အရွယ် အမျိုးသမီးငယ် တစ်ဦးအား အဓမ္မပြုကျင့်မှုဖြင့် ဧပြီလ ၂၀ ရက်တွင် တွန်းဇံမြို့နယ် မြို့မရဲစခန်း၌ ဖမ်းဆီး စစ်ဆေး လျက်ရှိကြောင်း တွန်းဇံမြို့နယ် မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးသိန်းဝင်းက ဧပြီလ ၂၈ ရက်တွင် မြန်မာသံတော် ဆင့်သို့ အတည်ပြု ပြောကြားသည်။

အမှုဖြစ်စဉ်မှာ အသက် ၁၆ နှစ်အရွယ် မ —- ကို ဧပြီလ ၁၁ ရက် ညပိုင်းတွင် တွန်းဇံမြို့မ ရဲစခန်းအတွင်း နေ ထိုင်သော အစ်မ နေမကောင်း ဖြစ်နေခြင်းကြောင့် ပြုစုပေးရန် လူလိုသည့်အတွက် ခဲအိုဖြစ်သူ တပ်ကြပ် ဇေယျာ ထက်က ပြစ်မှုကျူးလွန်သူဟု စွပ်စွဲအရေးယူ ခံထားရသူ ဒုတပ်ကြပ်ဖြိုးကိုကိုနှင့် ဖြိုးပိုင်တို့အား သွားရောက် ခေါ်ယူ ခိုင်းခဲ့ရာ ရဲစခန်းသို့ အပြန်လမ်းတွင် ၎င်းတို့က အဆိုပါ အမျိုးသမီးငယ်ကို အဓမ္မပြုကျင့် ခဲ့သည့်အတွက် အဓမ္မပြု ကျင့်ခံရသူ၏ ဖခင်က တရားလိုပြု တိုင်ကြားခဲ့ခြင်းဖြစ်သည်။

““ဖြိုးပိုင်ကို ခေါ်ခိုင်းလိုက်တာ။ မိန်းကလေးရဲ့ အစ်မယောက်ျားက တွန်းဇံစခန်းက တပ်ကြပ် ဇေယျာထက်။ သူ့ကို ခေါ်ခိုင်းလိုက်တာ။ သူ့အစ်မ မူးလဲလို့ ခေါ်ခိုင်းလိုက်တာ။ သူကနေပြီးတော့ ၇၊ ၈ နာရီ လောက်မှာ သွားတယ်။ ရွာဘက်သွားတဲ့လမ်းမှာ သားမယား ပြုကျင့်တာ။ အခုတော့ တွန်းဇံမြို့မ ရဲစခန်းမှာ ချုပ်ထားပါတယ်။ ပြစ်ဒဏ် မချရသေးဘူး။ ထိရောက်တဲ့ ပြစ်ဒဏ် ချမှတ်သွားမှာပါ။ အမှုကို ခရိုင်တရားရုံးကို အမြန်ဆုံး တင်ပို့နိုင်အောင် စီစဉ်နေပါရှိတယ်”” ဟု တွန်းဇံမြို့မ ရဲစခန်းမှ စခန်းမှူး ဒုရဲမှူးသိန်းဝင်းက ပြောသည်။

လက်ရှိတွင် ပြစ်မှုကျူးလွန်သူအဖြစ် ဖမ်းဆီးစစ်ဆေးခံနေရသူ ဒုတပ်ကြပ်ဖြိုးကိုကိုနှင့် ဖြိုးပိုင်တို့အား တွန်းဇံမြို့မ ရဲစခန်းတွင် ပနံပါတ် ၂/၂၀၁၅၊ အလိုမတူဘဲ အဓမ္မပြုကျင့်မှု ပုဒ်မ ၃၇၆ နှင့် အားပေးကူညီမှု ပုဒ်မ ၁၁၄ တို့ဖြင့် အမှုဖွင့်ထားပြီး အားပေးကူညီမှု ထည့်သွင်း ထားခြင်းမှာ ပြစ်မှုကျူးလွန်သူ တစ်ဦးထက်ပိုသည့် အတွက် ယင်းပုဒ်မ ထည့်သွင်းထားခြင်း ဖြစ်သည်။

ယခုကဲ့သို့ ငယ်ရွယ်သည့် အမျိုးသမီးငယ်တစ်ဦးအား ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက အဓမ္မပြုကျင့်မှု ဖြစ်ပွားရခြင်းမှာ မဖြစ်သင့်ကြောင်းနှင့် အဆိုပါဖြစ်ရပ်မှာ တရားဥပဒေ စိုးမိုးမှုမရှိခြင်းကို ပြသလိုက်ခြင်း ပင်ဖြစ်ကြောင်း ““ဥပဒေမှာ တာဝန်ရှိတဲ့ ပုဂ်္ဂိုလ်တွေက ဒီလိုအပြစ်ကို ကျူးလွန်တယ်ဆိုတော့ အဲဒီ ကောင်မလေးက သူတို့ကို ယုံကြည်ပြီး လိုက်သွားတာလေ။ ဒါမျိုးကို ကျွန်တော်တို့က ပြင်းပြင်းထန်ထန် အရေးယူဖို့ ၀ိုင်းဝန်းလုပ် ရမယ်”” ဟု ချင်းအမျိုး သား ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးငိုင်ဆော့ခ်က ဝေဖန် ပြောကြားသည်။

ယုဖြူဟန်

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

ပက်ကွီအိုနှင့်ထိုးသတ်မည့်ပွဲ တွင် မေဝယ်သာ၏ရွှေခါးပတ် များကို ပေါ့ပ်အဆိုတော်ဂျက်စတင် ဘီဘာကသယ်ယူလာပေးမည်ဖြစ် ကြောင်း The Sun သတင်းစာက ဖော်ပြထားသည်။လက်ဝှေ့သမိုင်း တစ်လျှောက် တန်ကြေးအမြင့်ဆုံး ပွဲစဉ်ဖြစ်လာမည့် မေဝယ်သာနှင့် ပက်ကွီအိုတို့၏ပွဲစဉ်ကို မေ၃ရက် မြန်မာစံတော်ချိန် နံနက် ၇ နာရီခွဲ ၌အမေရိကန်နိုင်ငံ လက်စ်ဗီးဂတ်စ် မြို့ရှိ MGM ခန်းမတွင် ထိုးသတ် ရန်စီစဉ်ထားသည်။ ဝိတ်တန်း ငါးတန်းချန်ပီယံဖြစ်ခဲ့သည့် မေ ဝယ်သာသည် အသက်(၂၁)နှစ် အရွယ်ရှိ ပေါ့ပ်အဆိုတော်ဂျက် စတင်ဘီဘာနှင့် သူငယ်ချင်းများ ဖြစ်ပြီးမေဝယ်သာထိုးသတ်သည့် ပွဲများတွင် ဂျက်စတင်ဘီဘာ လာ ရောက်ကြည့်ရှုခဲ့ဖူးသည်။

''မေဝယ်သာရဲ့သမီးက ဂျက်စတင်ဘီဘာကို သဘောကျ နေတဲ့ကာလပတ်လုံး မေဝယ်သာ ရဲ့အထူးဧည့်သည်အဖြစ် ဂျက် စတင်ဘီဘာ ဆက်ရှိနေဦးမှာပါ။ သူတို့နှစ်ဦးရဲ့ဆက်ဆံရေးက တော် တော်ကောင်းတဲ့အနေအထားပါ'' ဟု The Sun သတင်းစာအသိုင်း အဝိုင်းကပြောသည်။ ထို့အပြင် ဂျက်စတင်ဘီဘာကလည်း ပက် ကွီအိုနှင့် မေဝယ်သာထိုးသတ် မည့်ပွဲတွင်မေဝယ်သာ၏အပေါင်း အဖော်တစ်ဦးအဖြစ်ပါဝင်မည်ဟု အွန်လိုင်းပေါ်တင်ခဲ့သည့်ဗီဒီယို ဖိုင်တွင် ပြောကြားခဲ့သည်။

အမေရိကန်ဒေါ်လာသန်း၃ဝဝ တန်ကြေးရှိသည့် အဆိုပါလက်ဝှေ့ ပွဲတွင် ပက်ကွီအိုအနေဖြင့် ဝင်ငွေ ခွဲတမ်းတန်ရာတန်ကြေးမရခဲ့ဟု မေဝယ်သာက ပွဲကြိုစိတ်ဓာတ် စစ်ဆင်မှုပြုလုပ်ခဲ့သည်။ အဆိုပါ ပွဲစဉ်အတွက် မေဝယ်သာက ထိုး သတ်ကြေး ၆ဝ ရာခိုင်နှုန်းရခဲ့ပြီး ပက်ကွီအိုမှာ ၄ဝ ရာခိုင်နှုန်းသာ ထိုးသတ်ကြေးရမည်ဖြစ်သည်။

မေဝယ်သာက ''ကျွန်တော် တို့နဲ့ လက်တွဲပြီးအလုပ်လုပ်မယ် ဆိုရင် ပက်ကွီအိုအနေနဲ့ အမေ ရိကန်ဒေါ်လာသန်း ၁ဝဝ ရပါ လိမ့်မယ်။ ငွေရေးကြေးရေးအရ ပြောရမယ်ဆိုရင် ဒီလက်ဝှေ့ပွဲ အတွက် ပက်ကွီအိုဟာ မျှမျှတတ ဆက်ဆံခံရခြင်းမရှိပါဘူး။ ဒီပွဲ အတွက် ကျွန်တော်ကတော့ ထိုး သတ်ကြေးသန်း ၂ဝဝ ရရှိမှာဖြစ် ပြီး အဲဒီသန်း ၂ဝဝ ထဲက သန်း ၅ဝ ကတော့ ကျွန်တော့်ကလေး တွေအတွက်ပါ''ဟုပြောသည်။

မေဝယ်သာသည် လက်ဝှေ့ပွဲ ၄၇ ပွဲထိုးသတ်ခဲ့ရာတွင် ရှုံးပွဲမရှိ ခဲ့ဘဲ ပက်ကွီအိုမှာမူ ၆၄ ပွဲထိုးခဲ့ ရာတွင် ၅၇ ပွဲနိုင်၊ နှစ်ပွဲသရေ၊ ငါးပွဲရှုံးမှတ်တမ်းပိုင်ဆိုင်ထားသည်။ ဧပြီ ၂၈ ရက်က လက်စ်ဗီးဂတ်စ် သို့ရောက်ရှိလာခဲ့သည့် ပက်ကွီအို က ''ဒီပွဲအတွက် စိတ်လှုပ်ရှားပေ မယ့်စိုးရိမ်ပူပန်မှုတော့ မရှိပါဘူး။ ရာနှုန်းပြည့်ယုံကြည်မှုရှိတယ်။ ဒီပွဲမှာ ကျွန်တော်က ဖျက်မြင်း အဆင့်ပဲရှိပေမယ့် အဲဒီ့အနေ အထားကိုပဲကြိုက်တယ်။ ရှုံးနိမ့်မှု ရဲ့အရသာကိုမေဝယ်သာပထမဆုံး ခံစားရပါလိမ့်မယ်''ဟုပြောသည်။

http://uniondaily.net/News/DetailView.aspx?id=19153&path=Sport.aspx

အခုဆိုရင် ကိုးကန့် တိုက်ပွဲပြဿနာ သမ္မတ ဦးသိန်းစိန်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင် ပြောဆိုဆွေးနွေးတဲ့ အဆင့် ရောက်လာပါပြီ။ အခုရက်ပိုင်း တရုတ်နိုင်ငံ ရောက်နေတဲ့ လွှတ်တော်နာယက သူရဦးရွှေမန်းနဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင် တွေ့ဆုံဆွေးနွေးတော့လည်း အဲဒီအကြောင်း ပါပါတယ်။ မေလ(၁) ရက်နေ့ ဝ နယ် ပန်ဆန်းမှာ ကျင်းပမယ့် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့ခေါင်းဆောင်တွေရဲ့ အစည်းအဝေးကြီးမှာလည်း ဒီကိစ္စ ထည့်သွင်း ဆွေးနွေးကြပါဦးမယ်။ သိပ်မကြာသေးခင်တုန်းကလည်း ကိုးကန့် တိုက်ပွဲ သတင်းဖော်ပြမှုနဲ့ ပတ်သက်ပြီး တပ်မတော် သတင်းအမှန် ထုတ်ပြန်ရေးအဖွဲ့နဲ့ စာနယ်ဇင်း မီဒီယာတချို့ အချေအတင် ဖြစ်ခဲ့ပါသေးတယ်။ ကိုးကန့် တိုက်ပွဲ ပြဿနာနဲ့ ပတ်သက်ပြီး တပ်မတော်ဘက်က နိုင်နေသလား၊ ရှုံးနေသလား၊ ဘယ်နေရာတွေမှာ နိုင်နေ၊ ရှုံးနေသလဲ ဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။

လတ်တလော ကိုးကန့်တိုက်ပွဲတွေ စ ဖြစ်ပေါ်လာတာဟာ ပြီးခဲ့တဲ့နှစ်က ရှမ်းပြည်နယ် တအောင်းပလောင် နယ်မြေမှာ အခြားသော လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ အတူ ပူးပေါင်းတိုက်ပွဲဝင်နေတဲ့ MNDAA ကိုးကန့်တပ်ဖွဲ့တွေ ကိုးကန့်နယ်မြေထဲ ထိုးဖောက် ဝင်ရောက်လာပြီးနောက်ပိုင်း အစ ပြုလာတာ ဖြစ်ပါတယ်။
ကိုးကန့် တိုက်ပွဲ ပြဿနာကို လေ့လာရင် ဒီ့မတိုင်ခင် သမိုင်းကို လေ့လာဖို့လည်း လိုပါတယ်။ ၁၉၆၈ ရှေ့ပိုင်းမှာ လက်ရှိ ကိုးကန့်တပ်ဖွဲ့ခေါင်းဆောင် ဖုန်ကြားရှင်ဟာ ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး နောက်ပိုင်း မူးယစ်ဆေးဝါးမှုနဲ့ ဖမ်းဆီးခံရမှာ စိုးရိမ်လို့ တရုတ်ပြည်ထဲ ဝင်ရောက်တိမ်းရှောင်သွားသူ ဖြစ်ပါတယ်။
၁၉၆၇ ဇွန်လ မြန်မာနိုင်ငံမှာ တရုတ်-ဗမာ အရေးအခင်းဖြစ်၊ တရုတ်လူမျိုးတွေ ရိုက်နှက်၊ သတ်ဖြတ် အကြမ်းဖက်တာ ခံရပြီးနောက် ၁၉၆၈ ဇန်နဝါရီ ၁ ရက်နေ့မှာ ဗမာပြည်ကွန်မြူနစ်ပါတီ ဗကပ အလံထောင်ထားတဲ့ တရုတ်တပ်ဖွဲ့တွေ တရုတ်နိုင်ငံဘက်ကနေ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းကို ဝင်ရောက် တိုက်ခိုက်ပါတယ်။ အဲဒီ တပ်ဖွဲ့ထဲမှာ ဖုန်ကြားရှင်ဟာ တပ်မှူးတစ်ယောက် အနေနဲ့ ပြန်ပါလာပါတယ်။

နှစ်ပေါင်း ၂၀ ကျော်အကြာ ၁၉၈၉ မတ်လ အရောက်မှာ ဦးဖုန်ကြားရှင် ဦးဆောင်ပြီး ဗကပ ကိုးကန့် တပ်ဖွဲ့ဟာ ဗကပ ဗဟိုခေါင်းဆောင်တွေကို ပုန်ကန်တွန်းလှန်ပြီး MNDAA ဆိုတဲ့ သီးခြားတပ်ဖွဲ့ကို ဖွဲ့စည်းလိုက်ပါတယ်။ နောက်ပိုင်း ဖုန်ကြားရှင် နည်းတူ ဝ၊ မိုင်းလား နဲ့ ကချင် ၁၀၁ စစ်ဒေသဟာလည်း ဗကပ ခေါင်းဆောင်မှုအောက်က ခွဲထွက်လို့ ဗကပ ပြိုကွဲသွားခဲ့ပါတယ်။
ဗကပ ကို ပုန်ကန်ပြီးနောက် ဦးဖုန်ကြားရှင်ဟာ နဝတ စစ်အစိုးရနဲ့ အပစ်ရပ် ငြိမ်းချမ်းရေး ရယူပါတယ်။ နောက်ထပ် အနှစ် ၂၀ အကြာ ၂၀၀၉ ခုနှစ်မှာတော့ နယ်ခြားစောင့်တပ် ဖွဲ့ဖို့ ဖိအားပေးတာကို လက်မခံတဲ့ ဦးဖုန်ကြားရှင်နဲ့ သူ့တပ်ဖွဲ့ကို မူးယစ်ဆေးဝါး အကြောင်းပြုပြီး အစိုးရတပ်က တိုက်ထုတ်ပစ်လိုက်ပါတယ်။ ဦးဖုန်ကြားရှင်ဟာ ဝရမ်းပြေး ဖြစ်သွားပါတယ်။
အခု ၂၀၁၅ ဦးဖုန်ကြားရှင်ရဲ့ တပ်တွေ ကိုးကန့်ဒေသကို ပြန်အခြေချဖို့ ကြိုးစားလာတဲ့အခါ မြန်မာ့တပ်မတော်က အပြင်းအထန် တိုက်ထုတ်ဖို့ ကြိုးစားတာ တွေ့ရပါတယ်။ လူသူ လက်နက်အင်အား အများကြီး အသုံးပြုတဲ့အပြင် လေကြောင်းပစ်ကူတွေကိုလည်း အသုံးပြုပါတယ်။

ကိုးကန့်ဒေသကို စစ်အုပ်ချုပ်ရေး ပြဋ္ဌာန်းပြီးတော့ ခပ်ကြမ်းကြမ်း ကိုင်တွယ်ပါတယ်။ ဒါပေမယ့် တိုက်ပွဲနဲ့ ပတ်သက်ပြီး တပ်မတော်ဘက်က သတင်း ထုတ်ပြန်ချက်တွေအရ အရာရှိ၊ အကြပ်တပ်သား ရာဂဏန်းကျော် သေဆုံး၊ ဒဏ်ရာရသူလည်း အများအပြား ရှိခဲ့ပြီးပါပြီ။

နောက်ဆုံးဖြစ်ပွားခဲ့တဲ့ ဧပြီ ၂၃-၂၄ ပွိုင့် ၂၂၀၂ တိုက်ပွဲမှာဆိုရင် တပ်မတော်ဘက်က အယောက် ၈၀-၉၀ ကျဆုံးတယ်၊ စစ်သုံ့ပန်းတချို့ ဖမ်းမိတယ် ဆိုပြီး ကိုးကန့်ဘက်က သတင်းဌာနတွေကို ထုတ်ဖော်ပြောဆိုထားပါတယ်။ ဒါပေမယ့် တပ်မတော်ဘက်ကတော့ အသေအပျောက် စာရင်း မကြေညာဘဲ ထိန်ချန်ထားပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် အင်အား တစ်ထောင်နှစ်ထောင် လောက်ပဲ ရှိမယ်လို့ အစိုးရဘက်က ခန့်မှန်းထားတဲ့ ကိုးကန့်သူပုန်တွေနဲ့ တိုက်ခိုက်ရာမှာ တပ်မတော်ဘက်က အရာရှိ၊ တပ်သား အဲလောက် ရာနဲ့ချီ ကျဆုံးတယ်ဆိုတာ အောင်မြင်မှု ရနေတဲ့ တိုက်ပွဲလို့တော့ မဆိုနိုင်ပါဘူး။

တိုက်ပွဲ စာရင်းချုပ်ကို ကြည့်ရင် တပ်မတော်ဟာ လောက်ကိုင်အပါအဝင် ဆက်သွယ်ရေး လမ်းကြောင်းကို စိုးမိုးနိုင်တဲ့ အနေအထားအထိ နယ်မြေတွေကို သိမ်းပိုက်နိုင်တယ် ဆိုပေမယ့် ဒေသအခြေအနေ ပုံမှန်ဖြစ်ဖို့ အလွန်ဝေးနေသေးတာ၊ လူအသေအပျောက် များနေတာတွေကြောင့် ရှုံးနေတယ်လို့တောင် ကောက်ချက်ချနိုင်ပါတယ်။
နောက်ပြဿနာ တစ်ခုက ကိုးကန့်ရဲ့ မြေနေရာ အနေအထားပါ။ အင်အားကြီး တရုတ်နိုင်ငံရဲ့ နယ်နိမိတ်နဲ့ ထိစပ်နေပြီး တိုက်ပွဲဖြစ်တဲ့ နောက်ဆုံးနေရာတွေဟာ နယ်စပ် နယ်နိမိတ် မျဉ်းကြောင်းပေါ်မှာ တည်ရှိနေပါတယ်။ ထုံးစံအတိုင်း တရုတ်နိုင်ငံဟာ မြန်မာ့တပ်မတော်ကို သူ့နိုင်ငံ နယ်မြေ အသုံးပြုပြီး တိုက်ခိုက်ခွင့် မပေးပါဘူး။ မပေးရုံမက သူ့နိုင်ငံနယ်မြေထဲ အမြောက်ဆံ ကျ၊ သူ့နိုင်ငံသား သေကြေတဲ့ ကိစ္စ ဖြစ်ပွားပြီးနောက်၊ နောက်တစ်ခါဆို သည်းမခံဘူး လို့တောင် ပြောလာပါတယ်။

ဧပြီ ၂၈ ပုံမှန် သတင်းစာရှင်းပွဲမှာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ မစ္စတာဟောင်လေ က မြန်မာ့တပ်မတော် ထိန်းထိန်းသိမ်းသိမ်းလုပ်ပါ။ အမြှောက်ဆံ ထပ်ကျသေးတယ်၊ လူမသေတော့ တော်သေးတယ် ဆိုပြီး သတိပေးတာမျိုး လုပ်ပါတယ်။ ဒါကိုကြည့်ရင် တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးကိစ္စမှာလည်း တပ်မတော်ဘက်က အရှုံးပေါ်နေတဲ့သဘောပါ။
တတိယ ပြဿနာက လက်နက်ကိုင် တိုင်းရင်းသားတွေနဲ့ ဆက်ဆံရေးပါ။ ကိုးကန့်တိုက်ပွဲ ဖြစ်ပြီးနောက် အဲဒီတိုက်ပွဲတွေမှာ ဝ တပ်ဖွဲ့၊ မိုင်းလားတပ်ဖွဲ့၊ ကချင်တပ်ဖွဲ့၊ ပလောင်တပ်ဖွဲ့၊ ရခိုင်တပ်ဖွဲ့ တွေ ပါဝင် ကူညီ တိုက်ခိုက်နေတယ်။ အဲဒါနဲ့ ပတ်သက်ပြီး တာဝန်ယူကြရမယ် ဆိုပြီး တပ်မတော်ဘက်က စွပ်စွဲ ပြောဆိုခဲ့ပါတယ်။ ဒါကို ဝ၊ ကချင်နဲ့ မိုင်းလား တပ်ဖွဲ့တွေက ငြင်းဆိုခဲ့ကြပါတယ်။
နောက်ဆက်တွဲအနေနဲ့ အရင်က ငြိမ်းချမ်းရေး စကားဝိုင်းတွေမှာ ဖာသိဖာသာနေခဲ့တဲ့ အင်အားကြီးတဲ့ ဝ နဲ့ မိုင်းလား တပ်ဖွဲ့တွေဟာ သူတို့ အနေအထား သူတို့ပြင်ဆင်လာတာ တွေ့ကြရပါတယ်။ အဲဒီမှာ ဝ နယ် ပန်ဆန်းက လက်နက်ကိုင် ၁၂ ဖွဲ့ အစည်းအဝေးလည်း ပါပါတယ်။ ပြောရရင် ကိုးကန့်တိုက်ပွဲကို အကြောင်းပြုပြီး တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေ ပို နီးစပ်သွားစေပါတယ်။ ဒီနေရာမှာလည်း တပ်မတော်ဘက်က ရှုံးပါတယ်။

နောက်ပြဿနာက သတင်းမီဒီယာနဲ့ ပတ်သက်လို့ပါ။ တပ်မတော်ဟာ ကိုးကန့်မှာ သတင်းအမှောင်ချလိုပုံ ရပါတယ်။ ကိုးကန့်ကို စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက် သတင်းမီဒီယာနဲ့ ပတ်သက်တဲ့ ပြစ်မှုတွေကို သေဒါဏ်ချနိုင်တဲ့ ပြစ်မှုတွေအဖြစ် သတ်မှတ်ပါတယ်။

ကိုးကန့်ဘက်ကို သတင်းမေးပြီး ရေးသားဖော်ပြလို့ မရအောင် ကိုးကန့်ပြောခွင့်ရ ဦးထွန်းမြတ်လင်းကို ဝရမ်းပြေးအဖြစ် ကြေညာပါတယ်။ အလဲဗင်းလို သတင်းစာက နှစ်ဘက် အသံနဲ့ သတင်းရေးတဲ့အခါ တပ်မတော်သားတွေရဲ့ ဂုဏ်သိက္ခာနဲ့ စိတ်ဓာတ်ကို ထိခိုက်စေလို့ ဆိုပြီး ပြင်းထန်စွာ ကန့်ကွက်ပါတယ်။ ဒီနေရာမှာလည်း တပ်မတော်ဘက်က ရှုံးတာပါပဲ။

အခြားတစ်ဘက်မှာလည်း တိုင်းပြည်ဘဏ္ဍာငွေကြေး အသုံးပြု တိုက်ရတဲ့ တိုက်ပွဲဖြစ်လို့ ဘဏ္ဍာငွေကြေး ဆုံးရှုံးမှုလည်း ရှိနေပါတယ်။ ဒါပေမယ့် မြန်မာ့တပ်မတော် တပ်မှူးတွေရဲ့ စစ်သေနင်္ဂဗျူဟာ အရည်အသွေးနဲ့ တိုက်ရည်ခိုက်ရည် အစစ်အမှန်ကို မြင်တွေ့ရတဲ့ အကျိုးအမြတ် တစ်ခုတော့ ရနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တပ်မတော်အနေနဲ့ ကိုးကန့်ပဋိပက္ခမှာ တိုင်းပြည်အတွက် ရလဒ်ကောင်းအောင်၊ ဘက်စုံက အနိုင်ရအောင် လုပ်ကိုင်ဆောင်ရွက်ဖို့ လိုအပ်နေပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

စည်သူအောင်မြင့်

မဇ္ဈိမ ဒီဂျစ်တယ် သတင်းစာ၊ ၃၀-၄-၁၅

ချင်းပြည်နယ်မှာ တက္ကသိုလ်ပညာရေးအဆင့်ထိ သင်ကြားနိုင်အောင် တောင်းဆိုသွားဖို့ ရည်ရွယ်ပြီး နေရာအနှံ့က တက္ကသိုလ်တွေမှာ ပညာသင်ကြားနေတဲ့ ချင်းတိုင်းရင်းသား ကျောင်းသူကျောင်းသားတွေ စုပေါင်းပြီး မြန်မာနိုင် ငံလုံးဆိုင်ရာ ချင်းကျောင်းသားများသမဂ္ဂကို ဖွဲ့စည်းလိုက်ပါတယ်။

ချင်းပြည်နယ်မှာ ပညာရေးအဆင့်အတန်းမြင့်မားလာရေးအတွက် တောင်းဆိုသွားဖို့ သမဂ္ဂဖွဲ့စည်းလိုက် တာဖြစ်ကြောင်း ချင်းကျောင်းသားများသမဂ္ဂအဖွဲ့ဝင် ကလေးမြို့တက္ကသိုလ်က ဆလိုင်းဗန်ထောင်းထန် က ပြောပါတယ်။

"ချင်းပြည်နယ်မှာ တက္ကသိုလ် လောလောဆယ်မရှိသေးတော့ အားလုံးကနေရာအနှံ့အပြားမှာ ရောက်နေကြ တယ်၊ နေရာအနှံ့မှာရှိတဲ့ ချင်းတိုင်းရင်းသားအားလုံး တစ်စုတစ်စည်းတည်း စည်းစည်းလုံးလုံးနဲ့ ချင်းပြည်အတွက် ပဲဖြစ်ဖြစ် လူမျိုးအတွက်ပဲဖြစ်ဖြစ် အလုပ်လုပ်နိုင်ဖို့ အဓိကရည်ရွယ်တယ်၊ ချင်းကျောင်းသားသမဂ္ဂတို့ ချင်းပြည်နယ် ပညာရေးအပိုင်းတတ်နိုင်သလောက် ကျနော်တို့ကြိုးစားပြီးတော့မှ ချင်းနေရာက အခွင့်အရေးမရတဲ့နေရာမှာ အခွင့်အရေးရဖို့အတွက် ကျနော်တို့အစိုးရဘက်နဲ့လည်း ညှိနှိုင်းပြီးလုပ်ဆောင်ဖို့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းတာပါ"

ချင်းပြည်နယ်က ချင်းတိုင်းရင်းသားကျောင်းသားတွေဟာ မြန်မာနိုင်ငံအနှံ့က တက္ကသိုလ်တွေမှာ ကျောင်းတက်နေကြ ရပြီး ပြန့်ကျဲနေတာကို ပိုမိုစည်းလုံးမှုရှိလာအောင် အခုလို သမဂ္ဂဖွဲ့စည်းလိုက်တာလို့ ဆိုပါတယ်။

ချင်းပြည်နယ် ထန်တလန်မြို့မှာ ပြီးခဲ့တဲ့ ဧပြီလ ၂၇နဲ့ ၂၈ ရက်ကကျင်းပတဲ့ ပထမအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ ချင်းကျောင်းသားထုညီလာခံမှာ ပခုက္ကူ၊ စစ်တွေ၊ မုံရွာ၊ ရန်ကုန်၊ မန္တလေး၊ မကွေး၊ ကလေး စတဲ့ တက္ကသိုလ်တွေက ချင်းတိုင်းရင်းသား ကျောင်းသားကိုယ်စားလှယ်တွေ ဖွဲ့စည်းလိုက်ကြတာ ဖြစ်ပါတယ်။

ချင်းကျောင်းသားများ သမဂ္ဂအနေနဲ့ ချင်းတိုင်းရင်းသားတွေရဲ့ ပညာရေးအပြင် အမျိုးသားနိုင်ငံရေးမှာလည်း ပါဝင်ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

RFA

သပိတ်မှောက်ကျောင်းသူခေါင်းဆောင် မဖြိုးဖြိုးအောင် ဘာတွေပြောသလဲ ????

သပိတ်မှောက်ကျောင်းသူခေါင်းဆောင် မဖြိုးဖြိုးအောင် ဘာတွေပြောသလဲ ?????
Posted by Saw Phoe Kwar on Wednesday, April 29, 2015

သပိတ်မှောက်ကျောင်းသားခေါင်းဆောင် ကိုမင်းသွေးသစ် မီဒီယာကို ဘာတွေပြောသလဲ ???
.


ကိုမင်းသွေးသစ်ကို မီဒီယာနဲ့ ပေးတွေ့ခဲ့
Posted by Saw Phoe Kwar on Wednesday, April 29, 2015
Credit : Saw Phoe Kwar..

ဓာတ်ပုံ ..7 DAYS

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းဟာ ဝါရှင်တန်ဒီစီ ကိုရောက်ရှိနေစဉ် အတွင်း မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ကိစ္စရပ်တွေကို အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Anthony Blinken နဲ့ တွေ့ဆုံ ဆွေးနွေးဖို့ရှိတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ပြောပါတယ်။ အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ John Boehner ရဲ့ ဖိတ်ကြားချက် အရ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ အမေရိကန်ပြည်ထောင်စုကို ဒီနေ့ ကြာသပတေးနေ့မှာ ရောက်ရှိမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲအပြီး နောက်တက်မယ့်အစိုးရအဖွဲ့မှာ သမ္မတလောင်း အဖြစ် အဆိုပြုခံရမယ်လို့ ခန့်မှန်းနေကြတဲ့ သူရဦးရွှေမန်းဟာ သောကြာနေ့မှာ Carnegie Endowment မှာ မိန့်ခွန်းပြောကြားမှာဖြစ်ပါတယ်။ တနင်္လာနေ့မှာတော့ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Anthony Blinken နဲ့ တွေ့ဆုံ ဆွေးနွေးဖို့ ရှိတယ်လို့လည်း အမေရိကန်နိုင်ငံခြားရေးဌာနက ပြောပါတယ်။

အာဏာရ ပြည်ခိုင်ဖြိုးပါတီရဲ့ လက်ရှိ ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဒီခရီးစဉ် အတွင်း အမေရိကန် ပါတီကြီး ၂ ရပ်စလုံးက လွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံမှာ ဖြစ်ပြီး အခုလို တွေ့ဆုံတဲ့ အခါမှာ မြန်မာနိုင်ငံမှာ ဒီနှစ်ထဲ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အလားအလာ စတဲ့ ကိစ္စရပ်တွေကို အဓိက အာရုံစိုက် ဆွေးနွေးသွား မှာဖြစ်တယ်လို့ ပြည်သူ့ လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ က VOA ကို ပြောဆိုခဲ့ပါတယ်။

VOA
http://burmese.voanews.com/content/myanmar-parliament-speaker-to-meet-us-/2743056.html

ရန်ကုန်
ဝဏ္ဏအောင်
                ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီမှ ဥပဒေနှင့် မညီညွတ်သော ဆိုင်းဘုတ် များကို ရခိုင်ပြည်နယ်တွင် လိုက်လံ စိုက်ထူ ထားခြင်း မျိုး ရှိနေကြောင်း ရခိုင်ပြည်နယ် ကျောက်ဖြူ မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က The Messenger Media သို့ ပြောသည်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ရခိုင်ပြည်နယ် အတွင်းတွင် ရခိုင် တိုင်းရင်းသားများ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဟု ရေးသား ထားသော ဆိုင်းဘုတ်များကို လိုက်လံ စိုက်ထူနေခြင်းနှင့် ပတ်သက်ပြီး ကျောက်ဖြူ မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က အထက်ပါ အတိုင်း ပြောကြားခြင်း ဖြစ်သည်။ ရွေးကောက်ပွဲ ကော်မရှင်မှာ မှတ်ပုံတင်ထား တာက ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီလို့ တင်ထားတာ။ ခုဟာက တမျိုးကြီး ရေးပြီး ဆိုင်းဘုတ်တွေ တင်နေတာ ဥပဒေနဲ့ မညီဘူး။ လုပ်ချင်သလို လုပ်နေတယ် ဟု ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က ပြောသည်။
                ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တောင်ကုတ်မြို့နယ်၊ အမ်းမြို့နယ် ဧရိယာ အတွင်းရှိ မြို့နယ် ကျေးရွာ များတွင် ရခိုင် အမျိုးသားများ ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီဟူသည့် ဆိုင်းဘုတ်များကို စိုက်ထူ ထားခြင်းမျိုး ပြုလုပ်နေကြောင်း ရခိုင် အမျိုးသား ပါတီမှ ဗဟို အလုပ်မှုဆောင် အဖွဲ့ဝင် ဦးအေးသာအောင် ကလည်း The Messenger Media သို့ ပြောသည်။ ဒါတွေက မလုပ်သင့်ဘူး။ ကျွန်တော် တို့ ဓာတ်ပုံတွေရိုက်ပြီးတော့ ကော်မရှင်ရယ်၊ ပြည်ခိုင်ဖြိုး ဌာနချုပ်ရယ်ကို လိပ်မူပြီးတော့ တိုင်မယ် ဟု ၎င်းက ဆက်ပြောသည်။
                ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီ (၂) ရက်နေ့ က ကျင်းပခဲ့သည့် ပြည်သူ့ လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်မှ ကြံ့ခိုင်ရေးပါတီမှ မြို့ ရွာနှင့် ကျေးရွာများ၏ အမည်များကို ယှဉ်တွဲ၍ ပါတီအမည်ဖြင့် တွဲကာ ဆိုင်းဘုတ်များ ထောင်ထားခြင်းနှင့် ပတ်သက်ပြီး မေးမြန်းခဲ့ရာတွင် တည်ဆဲ ဥပဒေ အတိုင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယ ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ပြန်လည် ဖြေကြား ခဲ့သည်။

The Messenger Media
http://www.messengerdaily.com/


ထိုင်းနိုင်ငံတောင်ပိုင်း ခိုတောင်ကျွန်း (လိပ်ကျွန်း) မှာ  ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံခဲ့ရတာနဲ့ ပတ်သက်ပြီး အမှုနဲ့ သက်ဆိုင်တဲ့ မျိုးဗီဇ ဒီအန်အေတွေကို စစ်ဆေးဖို့ ထိုင်း အမျိုးသားမှုခင်းဆေးသိပ္ပံဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဖွန်းထစ်ထံ ပေးပို့ဖို့ ကော့စမွီခရိုင် တရားသူကြီးက ညွှန်ကြားလိုက်ပါတယ်။

ဒီကနေ့ ဧပြီ ၃၀ ရက် မနက်က ကော့စမွီခရိုင်တရားရုံးမှာ တရားလိုပြသက်သေတွေ စစ်ဆေးစဉ် ခုလို ညွှန်ကြားလိုက်တာလို့ အမှုမှန် ပေါ်ပေါက်ရေး ကူညီဆောင်ရွက်ပေးနေတဲ့ လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း အတိုင်ပင်ခံ အန်ဒီဟောလ်က ဒီဗွီဘီကို ပြောပါတယ်။


“ကျနော်တို့ဘက် က ရှေ့နေတွေ တောင်းဆိုထားတဲ့အတိုင်း တရားသူကြီးက ဒီအမှုနဲ့ ဆက်စပ်နေတဲ့ သက်သေပစ္စည်းတွေ ဒုတိယအကြိမ် ပြန်လည်စစ်ဆေးဖို့အတွက် ထိုင်း တရားရေးဝန်ကြီးဌာန မှုခင်းဆေးသိပ္ပံဌာန ညွှန်ကြားရေးမှူး ဒေါက်တာဖွန်းထစ်ပ်ဆီ အမြန်ဆုံးပေးပို့ဖို့ ညွှန်ကြားပါတယ်။ ရဲတပ်ဖွဲ့ဆီမှာရှိနေတဲ့ သက်သေပစ္စည်းတွေပါ။”

ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတဲ့ကိစ္စမှာ အသတ်ခံရတဲ့သူဆီက တွေ့ရှိတဲ့ ဒီအန်အေနဲ့  တရားခံအဖြစ် စွပ်စွဲခံထားရတဲ့ မြန်မာလူငယ် ၂ ဦးရဲ့ ဒီအန်အေ တူညီကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားပေမယ့် သူတို့ဆောင်ရွက်ချက်ဟာ မှုခင်းဆေးသိပ္ပံစစ်ဆေးမှု လုပ်ထုံးလုပ်နည်းတွေနဲ့ မညီညွတ်ဘူးလို့ ဒေါက်တာဖွန်းထစ်ပ်က သတင်းမီဒီယာတွေကို ပြောကြားခဲ့ဖူးပါတယ်။

ဒါ့အပြင် နောက်ထပ် အရေးကြီးသက်သေတခုဖြစ်တဲ့ စီစီကင်မရာက ဖမ်းယူထားတဲ့ အရုပ်တွေ အပြည့်အစုံ ပြန်ယူလို့ ရနိုင်မရနိုင်ကိုလည်း ကြိုးစားဆောင်ရွက်နေတယ်လို့ လည်းပြောပါတယ်။
ဒီကနေ့ တရားရုံးမှာတော့ တရားခံလို့ စွပ်စွဲခံထားရတဲ့  မြန်မာလူငယ်၂ ဦးဘက်က ရှေ့နေ ၂ ဦးအပြင် ထိုင်းရှေ့နေများကောင်စီဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေပါ ၅ ဦး လာရောက်အားပေးခဲ့ပြီး အစိုးရရှေ့နေဘက်ကတော့ ၁ ဦးသာ တက်ရောက်ကာ   ရှေ့နေတွေက သူတို့ရရှိထားတဲ့ သက်သေတွေ လာရောက်တင်ပြခဲ့ကြပါတယ်။

ထိုင်းတရားသူကြီးကတော့ သူတို့အနေနဲ့ ဒီအမှုကို လူမျိုးဘာသာမရွေး၊ အဆင့်အတန်းမရွေး၊ နိုင်ငံသားမရွေးဘဲ တရားမျှတစွာ၊ ပွင့်လင်းမြင်သာစွာ စီရင်ဆုံးဖြတ်မယ့်အကြောင်း၊ လာမယ့် ဇူလိုင်လ ၈ ရက် တရားခံတွေကို ရုံးထုတ်စစ်ဆေးတဲ့အခါမှာ မည်သူမဆို ရုံးတော်မှာ လာရောက် ကြားနာနိုင်တယ်လို့ ပြောပါတယ်။

ဖမ်းဆီးခံထားရတဲ့ မြန်မာအလုပ်သမား ကိုဇော်လင်း နဲ့ ကိုဝင်းဇော်ထွန်းတို့ကိုတော့ ဒီကနေ့ တရားရုံးမှာ အမှုကိစ္စ ဘာမှမေးမြန်းခြင်းမရှိဘဲ ထောင်ထဲမှာ နေထိုင်ရတဲ့အခြေအနေ၊ အဆင်ပြေမှုရှိမရှိ မေးမြန်းခဲ့ကြောင်း၊ ကိုဇော်လင်း နဲ့ ကိုဝင်းဇော်ထွန်းက  သူတို့အခန်းက အိမ်သာနဲ့နီးပြီး လူများတဲ့အတွက် အနေအထိုင်ကျဉ်းကြပ်တဲ့အကြောင်း ပြန်ဖြေခဲ့တယ်လို့  အန်ဒီဟောလ်က ပြောပါတယ်။

ဒီကနေ့ တရားလိုပြသက်သေစစ်ဆေးမှုကိုတော့ လိပ်ကျွန်းအမှုအတွက် ကူညီဆောင်ရွက်ဖို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးက ဖွဲ့စည်းထားတဲ့ အထူးကိုယ်စားလှယ်တွေ ကတော့ ရောက်မလာခဲ့ပါဘူး။

ကိုယ်စားလှယ်အဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးကျော်သောင်းကတော့ သူတို့အနေနဲ့ တရားလိုပြ သက်သေ စစ်ဆေးမယ့်ကိစ္စ သိရှိပေမယ့်လည်း မြန်မာသံရုံးက တရားဝင်စေ လွှတ်စာ မရောက်တဲ့အတွက် မသွားခဲ့ရဘူးလို့ ဒီဗွီဘီကို ပြောပါတယ်။

 By နန်းမြနဒီ (ဒီဗွီဘီ)
ဓာတ်ပုံ – CSIA
http://burmese.dvb.no

Gorkha ဒေသရှိ ရွာတစ်ရွာ (Credit: Reuters) 
 ငလျင်ဒဏ်ကို ​အများဆုံး ​ခံရတဲ့ ​Gorkha ​(ဂေါ်ရခါ) ​ဒေသမှာ ​အစားအသောက်နဲ့  ​နေရာထိုင်ခင်း ​အကူအညီတွေ ​မရသေးဘူးလို့ ​သိရပါတယ်။

ငလျင်ဗဟိုပြု ​လှုပ်ခတ်ခဲ့တဲ့ ​Gorkha ​ဒေသကို ​သွားဖို့ ​ခက်ခဲပြီး ​အဲဒီဒေသဟာ ​မြို့တော် ​Kathmandu ​နဲ့ ​ကီလို ​မီတာ ​၂၀၀ ​အကွာမှာ ​ရှိနေတာပါ။

အဲဒီဒေသမှာ ​ကျေးရွာပေါင်း ​တစ်ထောင်လောက်ရှိပြီး ​လူပေါင်း ​၂၇၀၀၀၀ ​လောက် ​နေထိုင်တဲ့ ​ဒေသဖြစ်ပါတယ်။

အေဘီစီ ​သတင်းဌာနအဖွဲ့သားတွေက ​အဲဒီ ​ဒေသကို ​သွားဖို့ ​ကြိုးစားပေမယ့် ​လမ်းတွေက ​မတ်စောက်လွန်းလို့ ​ကားတွေနဲ့ ​ဆက်သွားလို့ ​မရပဲ ​ဆိုင်ကယ်နဲ့ ​ခရီးဆက်ပြီး ​နောက်ဆုံး ​လမ်းလျှောက်ရတဲ့အထိ ​အခြေအနေ ​ဆိုးတယ်လို့ ​ဆိုပါတယ်။

တောင်ထိပ်က ​ရွာကို ​ရောက်တဲ့အခါမှာ ​ရွာသားတွေက ​အကူအညီရဖို့ ​၄ ​ရက်ကြာ ​စောင့်ဆိုင်းနေကြပြီလို့ ​ပြောပြကြပါတယ်။

အဲဒီရွာမှာ ​အပျက်အစီးတွေ ​များပြားပေမယ့် ​သေဆုံးမှုတွေ ​မရှိဘူးလို့ ​အေဘီစီ ​သတင်းထောက် ​Samantha ​Hawley ​က ​ပြောပါတယ်။

အချိန်မှီ ​အိမ်ပြင်ပကို ​ထွက်ပြေးကြလို့ ​ငလျင်ဘေးက ​လွတ်ကင်းခဲ့ကြပေမယ့် ​အိမ်တွေ ​ပျက်စီးကုန်တာကြောင့် ​နေစရာမရှိ၊ ​စားစရာလည်း ​ကုန်သွားပြီလို့ ​ရွာသားတွေက ​ပြောပြကြပါတယ်။

မြေငလျင်လှုပ်ခတ်ပြီး ​၅ ​ရက်အကြာမှာတောင် ​အကူအညီမပေးနိုင်သေးတာတွေကြောင့် ​လူတွေရဲ့ ​ဒေါသက ​အစိုးရဘက်ကို ​လှည့်လာနေပြီ ​ဖြစ်ပါတယ်။

အစိုးရရဲ့ ​စီမံရေး ​ညံ့ဖျင်းမှုကြောင့် ​ဖြစ်ရတယ်လို့လည်း ​ပြောပါတယ်။

Kathmandu ​မြို့ ​လေဆိပ်ကို ​ရိက္ခာတွေ ​ပို့ပေးဖို့ ​နိုင်ငံတကာက ​လေယာဉ်တွေ ​စောင့်ဆိုင်းခဲ့ပေမယ့် ​လေယာဉ် ​ဆင်းစရာ ​နေရာမရလို့ ​လှည့်ပြန်ရတာတွေ ​အများအပြား ​ရှိတယ်လို့ ​ဆိုပါတယ်။

နီပေါ ​နိုင်ငံ ​တစ်ခုလုံးအတွက် ​ကယ်ဆယ်ရေး ​ရဟတ်ယာဉ် ​၁၀ ​စင်းသာ ​အသုံးပြုနေကြတဲ့အတွက် ​ထိရောက်မှုလည်း ​နည်းပါးနေပါတယ်။

တောင်ပေါ်ဒေသကို ​နီပေါ ​စစ်သားတွေက ​ခြေကျင်တက်ခဲ့ကြပေမယ့် ​အဲဒီမှာ ​ကယ်ဆယ်ရေးလုပ်ငန်းတွေ ​လုပ်နိုင်ပြီလား ​မလုပ်နိုင်သေးဘူးလား ​ဆိုတာကိုလည်း ​ဘယ်သူမှ ​မသိကြသေးပါဘူး။

Gorkha ​ဆေးရုံမှာတော့ ​ဂျာမနီ ​ကယ်ဆယ်ရေးအသင်းတွေက ​ဆေးကုသမှု ​ပေးနေပြီလို့ ​သိရပါတယ်။

By Samantha Hawley in Gorkha
ABC Radio Australia
http://www.radioaustralia.net.au/burmese


လူပေါင်း ၅ ထောင်ကျော် သေဆုံးခဲ့တဲ့ နီပေါ ငလျင်ကြီး လှုပ်ခတ်အပြီး ၅ ရက်အကြာမှာ အဆောက်အဦး ပျက်တွေကြားမှာ အသက်ရှင်နေတဲ့ ဆယ်ကျော်သက် ယောက်ျားလေး တစ်ဦးကို ကယ်တင်နိုင်ခဲ့ပါတယ်။

ဒီလူငယ်ကို ခတ္တမန္ဒူ မြို့ရဲ့ အဆောက်အဦးပျက်တွေကြားက ကယ်ဆယ်ရေး ၀န်ထမ်းတွေက တွေ့ရှိခဲ့တာ ဖြစ်ပြီး ကွင်းပြင်မှာ ဖွင့်လှစ်ထားတဲ့ ဆေးရုံရှိရာကို ပို့ဆောင်လိုက်ပြီ ဖြစ်ပါတယ်။

အခုလောလောဆယ်မှာ ရာသီဥတု ဆိုးရွားနေတာကြောင့် ဝေးလံခေါင်သီတဲ့ ရွာတွေရှိရာကို ကယ်ဆယ်ရေးအကူညီတွေ သွားရောက်ဖို့ နှောင့်နှေးနေတယ်လို့ နီပေါအစိုးရ ပြောခွင့်ရသူ တဦးက ပြောပါတယ်။

ငလျင် ဒဏ်ခံရသူတွေအပေါ်  နီပေါအစိုးရရဲ့တုန့်ပြန်မှုကို အဝေဖန်ခံနေရတာ ဖြစ်ပါတယ်။

ငလျင်လှုပ်မှုကြောင့် မြေပြိုကျကာ တောင်ပေါ်လမ်းတွေ ပိတ်ဆို့နေတဲ့အတွက် ခတ္တမန္ဒူမြို့ ပြင်ဘက်ရှိ ဒေသတွေကို ကယ်ဆယ်ရေး အထောက်အပံ့တွေ ရောက်ရှိဖို့ဟာ ရဟတ်ယာဉ်တွေကိုသာ အားထားနေရတာ ဖြစ်ပါတယ်။

ကယ်ဆယ်ရေးပစ္စည်းတွေနဲ့ ကယ်ဆယ်ရေးဝန်ထမ်းတွေပါဝင်တဲ့ ရဟတ်ယာဉ်တွေဟာ အဆင်သင့်ဖြစ်နေပေမယ့် အခုအခါမှာ မိုးရွာနေတာကြောင့် စောင့်ဆိုင်းနေရတယ်လို့ နီပေါ ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရသူက ပြောဆိုပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese


 စစ်တပ်က ဖမ်းဆီးထားစဉ် သေနတ်ဒဏ်ရာနဲ့ သေဆုံးသွားခဲ့တဲ့ အလွတ်သတင်းထောက် ကိုပါကြီးအမှုနဲ့ ပတ်သက်ပြီး မွန်ပြည်နယ် ကျိုက်မရောမြို့နယ် တရားရုံးမှာ ဒီကနေ့ ရုံးထုတ်စစ်ဆေးပါတယ်။

ဒီအမှုကို ကျိုက်မရောမြို့မ ရဲစခန်းမှူး ဒုရဲမှူး  ဦးတင်ဦးက တရားလိုလုပ်ပြီး သေမှုသေခင်းအနေနဲ့ အမှုဖွင့်  စစ်ဆေးတာလို့  ကိုပါကြီးရဲ့ ဇနီး ဒေါ်သန္တာကပြောပါတယ်။

“ဒါကတော့ သေမှုသေခင်းပါ။ ဓမ္မတာအတိုင်း သေတာ ဟုတ်မဟုတ်ဆိုတာ တရားသူကြီးက အမိန့်ချရပါလိမ့်မယ်။ ဒါသေမှုသေခင်းကို အရင်စစ်တာပါ။ သေမှုသေခင်းပြီးတော့မှပဲ ကျန်တဲ့တခြားသော ပုဒ်မများနဲ့ ဆက်ပြီး အဲဒီအခါမှ ကျမက တရားလိုဖြစ်မှာပါလို့”  ပြောပါတယ်။

ဒီတကြိမ်ရုံးထုတ်တာက တတိယ အကြိမ်ရုံးထုတ်တာ ဖြစ်ပေမယ့် ကာယကံရှင်မိသားစုတွေ မသိလိုက်ရဘဲ သတင်းကြားတော့မှ စုံစမ်းသိရတာလို့လည်း ဒေါ်သန္တာက ပြောပါတယ်။

“ကျမက ၂၃ ရက်နေ့က မွန်ပြည်နယ်အခြေစိုက် သတင်းထောက်တယောက်ရဲ့ သတင်းပေးမှုအရ သိရတော့ ကျမက ဒီနေ့က စုံစမ်းဖို့ ဆင်းလာတာ။  ကျမအဓိက စုံစမ်းမှာက မြို့နယ်မှုးပေါ့နော်။ ဒီအမှုကို ကိုင်တဲ့ ကျိုက်မရော မြို့နယ်မှူး ဦးခင်မောင်အေးကို လာပြီ စုံစမ်းတာပါ။ မြို့နယ်မှူး ရုံးခန်းရောက်တော့မှ ဒီဟာကို တရားရုံးတင်နေပြီဆိုတာ တိတိကျကျ ခိုင်ခိုင်မာမာသိရတာ။”

ဒီမှုနဲ့ပတ်သက်ပြီး  ဧပြီလ ၁၀ ရက်နေ့က တကြိမ်၊ ၂၃ ၇က်နေ့က တကြိမ်နဲ့ ဒီကနေ တကြိမ်  ပေါင်း  ၃ ကြိမ် ရုံးထုတ်စစ်ဆေးခဲ့ပြီး လာမယ့် မေလ ၁၁ ရက်နေ့ ရုံးပြန်ချိန်းဆိုထားပါတယ်။

ပြီးခဲ့တဲ့ ရုံးချိန်တွေမှာ ရဲ ၃ ယောက်ကို စစ်ဆေးခဲ့ပြီး ဒီနေ့တော့ အရပ်သား ၃ ယောက်ကို စစ်ဆေးကြောင်း၊ လာမယ့် မေလ ၁၁ ရက် ကျရင် ကိုပါကြီးရဲ့ ဇနီးဖြစ်သူက  အဓိက သက်သေအနေနဲ့ ထွက်ဆိုရမှာပါ။

အလွတ်သတင်းထောက် ကိုပါကြီးဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကုန်ပိုင်းက မွန်ပြည်နယ်၊ ကျိုက်မရော မြို့နယ်မှာ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (ဒီကေဘီအေ)နဲ့ အစိုးရစစ်တပ် တိုက်ပွဲ သတင်းလိုက်ပြီး အပြန် စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားစဉ် သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့တာပါ။

ကိုအောင်နိုင် ခေါ် ကိုအောင်ကျော်နိုင် ခေါ် ကိုပါကြီး သေဆုံးမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေး အစီရင်ခံစာ အမြန်တင်သွင်းဖို့ မြန်မာသမ္မတက  လူ့အခွင့်အရေးကော်မရှင်ကို ညွှန်ကြားခဲ့ပါတယ်။

အပြီးသတ်စုံစမ်းတွေ့ရှိချက် အစီရင်ခံစာကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂ ရက်နေ့ ကော်မရှင်က ထုတ်ပြန်ရာမှာ  ဦးခေါင်းနဲ့ ခန္ဓာကိုယ်ပေါ်မှာ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တာကို  အတည်ပြုခဲ့ပြီး ဒီအမှုနဲ့ပတ်သက်လို့ နယ်ဘက်ဆိုင်ရာ တရားရုံးတွေမှာ အမှုစစ်ဆေးဖို့ တိုက်တွန်းခဲ့တာပါ။

 By နော်နိုရင်း (ဒီဗွီဘီ)
http://burmese.dvb.no



နီပေါနိုင်ငံမှာ ငလျင်လှုပ်ခတ်ခဲ့ပြီးတဲ့နောက် ငလျင်ဒဏ်ဆိုးဆိုးရွားရွား ခံရတဲ့ ရွာအချို့မှာ ကယ်ဆယ်ရေး အထောက်အပံ့တွေ မရရှိကြသေးဘဲ ကယ်ဆယ်ရေး ကြိုးပမ်းမှု အရှိန်အဟုန်တွေနဲ့ ပတ်သက်ပြီး ဝေးလံခေါင်သီတဲ့ နေရာ ဒေသတွေမှာ စိတ်ပျက်ဒေါသထွက်မှုတွေ တိုးပွားလာနေပါတယ်။

ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုနဲ့ ကြုံတွေ့နေရသူ တချို့ဟာ ဒေါသထွက်နေကြပြီး သူတို့ထံ ဆေးဝါးနဲ့ အစားအသောက်တွေ ဘာမှ မရောက်လာသေးဘူးလို့ ဘီဘီစီ ကို ပြောပါတယ်။

ကုလသမ္မဂ ကတော့ နီပေါမှာ နောက်သုံးလအတွက် အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းတွေ ထောက်ပံ့ ကူညီဖို့ ဒေါ်လာ ၄၁၅ သန်း တောင်းခံထားပါတယ်။

ပြီးခဲ့တဲ့ စနေနေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ယခုအချိန်အထိ လူပေါင်း
၅ ၅၀၀ ကျော် သေဆုံးခဲ့ပြီး အနည်းဆုံး လူပေါင်း ၁ ၁၀၀၀ လောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။

ပြင်းအား ရစ်ခ်ျတာ စကေး ၇ ဒသမ ၈ ရှိတဲ့ ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုနဲ့ ကြုံရသူပေါင်း ၈ သန်းကျော် ရှိပြီး အိုးအိမ်ပေါင်း ၇ သောင်း ပျက်စီးခဲ့တယ်လို့ ကုလသမ္မဂ က ပြောပါတယ်။

နီပေါအစိုးရကတော့ ငလျင်ဒဏ်ကြောင့် ဒုက္ခရောက်သူတွေနဲ့ ပြည့်နှက်နေတယ်လို့ ဆိုပါတယ်။

ခတ္တမန္ဒူ မြို့ရဲ့ အရှေ့မြောက်ဘက်ရှိ ရွာအတော်များများမှာ အဆောက်အဦးတွေဟာ အားလုံးပျက်စီးနေပြီး အလောင်းတွေဟာ အပျက်အစီးတွေအောက်မှာ ရှိနေသေးတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

အဲဒီ ဒေသမှာ အကူအညီတွေကို ကားလမ်းကဖြစ်စေ ရဟတ်ယာဉ်နဲ့ဖြစ်စေ အလွယ်တကူ သယ်ယူနိုင်ပေမယ့် နီပေါအစိုးရထံကရော ကယ်ဆယ်ရေးအဖွဲ့တွေ ဆီကပါ ဘာအကူအညီမှ မရောက်သေးပါဘူးလို့လည်း ပြောဆိုပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese


ခတ္တမန္ဒူ ဧပြီ ၂၉

နီပေါနိုင်ငံ ခတ္တမန္ဒူတွင် လှုပ်ခတ်ခဲ့သည့်ငလျင်ကြောင့် မိသားစုတစ်စုမှ မိသားစု ဝင် ၁၈ဦး သေဆုံးခဲ့ကြောင်း အေပီသတင်းဌာနကဖော်ပြထားသည်။

အဆိုပါမိသားစု သည် နေအိမ်တစ်လုံးတွင် ဆွေမျိုးသားချင်း ၃ဝခန့် စုပေါင်းနေထိုင်ခဲ့ကြောင်းနှင့် ငလျင်ကြောင့် အိမ်ပြိုကျစဉ်တွင် ၁၈ဦး သေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ယနေ့ အတည်ပြုချက်အရ နီပေါငလျင်ကြောင့် သေဆုံးစာရင်းမှာ ၅ဝဝဝ ခန့်ရှိလာခဲ့ပြီး ရှာဖွေမှု များနှင့်အတူ သေဆုံးစာရင်းထပ်တိုးလျက်ရှိကြောင်းသိရသည်။

 သေဆုံးသူများကို ခတ္တမန္ဒူမြစ်ကမ်းဘေးတွင် မီးသင်္ဂြိုဟ်ခဲ့ပြီး ပြာများကို မြစ်အတွင်းသို့မျှောရာ ခတ္တမန္ဒူ ကောင်းကင်ပေါ်တွင် မီးသင်္ဂြိုဟ်ခြင်းကြောင့်ထွက်ပေါ်လာသည့်မီးခိုးများ အုံ့ဆိုင်းလျက် ရှိကြောင်းသိရသည်။

မိသားစုဝင် ၁၈ဦးဆုံးရှုံးခဲ့သည့် အသက် (၆၈)နှစ်အရွယ် ဖခင် ဖြစ်သူက ''ဘာကြောင့်ဒီလိုဖြစ်ရသလဲဆိုတာမသိပါဘူး။ ဒါပေမယ့် ကျွန်တော် ဘယ်သူ့ ကိုမှ ဒေါသမထွက်ပါဘူး။ အစိုးရကိုဒေါသမထွက်သလို နတ်ဘုရားတွေကိုလဲ ဒေါသ မထွက်ပါဘူး'' ဟု မျက်ရည်များနှင့်ပြောသည်ဟု အေပီသတင်းဌာနကဖော်ပြထားသည်။

နေအိမ်တစ်ခုတည်းတွင် ဆွေးမျိုးသားချင်း ၃ဝ စုစည်းနေထိုင်ခြင်းမှာ သီတင်း တစ်ပတ်ကြာမြင့်မည့် ဟိန္ဒူရိုးရာစုပေါင်းဝတ်ပြုဆုတောင်းပွဲကျင်းပရန်အတွက် ရောက် ရှိနေခြင်းဖြစ်ကြောင်းသိရသည်။

 ငလျင်လှုပ်ချိန်တွင် တစ်အိမ်လုံးရမ်းခါသွားခဲ့ပြီး ၄င်း မှာ ကံကောင်းထောက်မစွာဖြင့် အိမ်အပြင်ဘက်သို့ အရှိန်နှင့်လွင့်ထွက်သွားခဲ့ခြင်းကြောင့် အသက်မသေခဲ့ခြင်းဖြစ်ကြောင်း၊ လမ်းပေါ်တွင် ပြေးလွှာအော်ဟစ်သည့်အသံများဖြင့် ကမ္ဘာပျက်နေခဲ့ကြောင်းပြောသည်။ ဆွေမျိုးသားချင်း ၃ဝထဲမှ အသက်မသေဘဲ လွတ် မြောက်လာသူများထဲတွင် ပြိုကျသည့်အိမ်အတွင်းပိတ်မိနေသည့် ကလေးနှစ်ဦးလည်း ပါဝင်ကြောင်းသိရသည်။

အသက်ရှင်လွတ်မြောက်လာသူပရက်ဟန်က ''ဘယ်ကိုသွား၍ ဘာလုပ်ရမလဲဆိုတာ မကြံတတ်တော့ပါဘူး။ အကူအညီလဲ မရသေးပါဘူး။ အစိုးရက ရော ဘယ်လောက်ကူညီနိုင်မှာလဲ။ အစိုးရဆီမှာ ငွေကြေးရော၊အင်အားရောမရှိပါဘူး'' ဟုပြောကြောင်း ဘီဘီစီသတင်းဌာနကဖော်ပြထားသည်။

T 1 P ( Ref: AP)
The Union Daily
http://uniondaily.net

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.