05/05/15

တပ်မတော်က ကိုးကန့်၊ ရခိုင်နဲ့တအာင်းတပ်တွေအပေါ် ထိုးစစ်ဆင်နေတာ ရပ်တန့်ဖို့နဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာဖို့ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ ဌာနချုပ် ပန်ဆန်းမှာ ကျင်းပတဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း ၁၂ ဖွဲ့ရဲ့ ထိပ်သီးခေါင်းဆောင် အစည်း အဝေးက အကြံပြုတိုက်တွန်းပါတယ်။ ၀ ပြည်နယ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ပြည်နယ် အဖြစ် ထောက်ခံပေးဖို့ ၀ ခေါင်းဆောင်တွေရဲ့ ပန်ကြားချက် အပေါ် နိုင်ငံရေးယဉ်ကျေးမှုအရ ဘယ်အဖွဲ့ အစည်းကမှ ကန့်ကွက်ခြင်း မရှိခဲ့ကြဘူးလို့ အစည်းအဝေးတက်သူထံက သိရပါ တယ်။ မေ ၁ ရက်က စတင်တဲ့ ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်နေတဲ့ ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့နာယက၊ ညီညွတ်သောတိုင်းရင်းသားလူမျိုများ ဖက်ဒရယ်ကောင်စီ (တွဲဖက်အထွေထွေအတွင်းရေးမှူး-၁)၊ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များရဲ့ တနိုငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညိနှိုင်းရေးအဖွဲ့ဝင်၊ ဖက်ဒရယ်တပ်မတော် အကြံပေး ဗိုလ်မှူးကြီး ခွန်ဥက္ကာကို ဆက်သွယ်မေးမြန်းထားပါတယ်။

ပန်ဆန်းထိပ်သီးဆွေးနွေးပွဲမှာ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ သဘောတူညီကြတယ်လို့ ကြားရပါတယ်။ အဲဒါကို ရှင်းပြပေးပါ။
“ပြင်ဆင်ရေးလုပ်ရမယ်ဆိုတဲ့ဟာကို အားလုံးသဘောတူတာပါ။ ၂၀၀၈ကို ပြင်ရမယ် ဆိုတဲ့ဟာကို အားလုံသဘောတူတယ်။ အဲဒါပါပဲ။”

ဒီထိပ်သီးဆွေးနွေးပွဲမတိုင်မီက အရင်က ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံရာက နေ အခု ပြင်ဆင်တဲ့အပိုင်းကို ရွေ့လျားလာတယ်ဆိုတဲ့သဘောလား။
“မရွေ့ပါဘူး။ အများသဘောတူလေ ကျနော်ပြောတာက။ ယူအန်အက်ဖ်စီကတော့ လက်မခံဘူး။ အသစ်ရေးတဲ့ဟာပေါ့။ ဒီမှာ အသစ်ရေးဖို့တောင်းဆိုတဲ့ အဖွဲ့တွေ လည်းရှိပါတယ်။ သို့သော် အားလုံးရဲ့ဘုံတူညီချက်ကျတော့ ဒီ အသစ်ရေးတာ ထက်စာရင် လောလောဆယ်ဆယ်တော့ ၂၀၀၈ ပြင်ဆင်ရေးမှာ အားလုံး ဘုံ သဘောတူညီချက်ရတယ်ပေါ့ဗျာ။ ပြင်ဆင်တဲ့နေရာကနေ လိုအပ်ရင်တော့ အသစ်ရေးတာပေါ့။ အသစ်ရေးဖို့အတွက်က တဖွဲ့၊ ၂ ဖွဲ့လောက်တော့ တင်တာရှိ တယ်လေ။ သို့သော်လည်းပဲ အများကတော့ ပြင်ဆင်ရေးလိုင်းပေါ်မှာရှိတာ၊ အဲဒီပြင်ဆင်ရေးကိုပဲ အားလုံးသဘောတူတယ်လို့ သတ်မှတ်လိုက်တာပေါ့”

ဝပြည်သွေးစည်းညီညွတ်ရေးပါတီနဲ့မိုင်းလား အထူးဒေသ ၄ က တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများရဲ့ တပြည်လုံးအပစ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(အန်စီစီတီ) ၀င်တွေ မဟုတ်ဘူးဆိုတော့ ဒီထိပ်သီးဆွေးနွေးပွဲမှာ သူတို့ ၂ ဖွဲ့ ကရော အန်စီစီတီထဲမှာ ပူးပေါင်းပါဝင်လာဖို့ အခြေအနေ ဘယ်လို ရှိသလဲ။
“ဘယ်အဆင့်မှာပါမယ်တော့ မသိဘူးပေါ့။ ပူးပေါင်းဆောင်ရွက်မှု ရှိပါတယ်။ သူတို့ ၂ ဖွဲ့ တည်းမကပါဘူး ရှမ်းပြည်တပ်မတော် တောင်ပိုင်း (အာရ်စီအက်စ်အက်စ်)လည်းပဲ အန်စီစီတီအဖွဲ့ဝင်မဟုတ်ပါဘူး။ အာရ်စီအက်စ်အက်ရယ်၊ ၀ရယ်၊ မိုင်းလားရယ် ဒီအဖွဲ့တွေကျတော့ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ နည်းလမ်းကို ရှာပြီးတော့ ပါကြမှာပါ၊ အထူးသဖြင့်တော့ အဆင့်တခုမှာပေါ့၊ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ) မှာလား (သို့တည်းမဟုတ်) နိုင်ငံရေးဆွေးနွေးပွဲ အတွက် မူဘောင်ရေးဆွဲတဲ့အဆင့်မှာလား၊ (သို့တည်းမဟုတ်) နိုင်ငံရေးဆွေးနွေးပွဲ တစ်ကယ်လက်တွေ့ ၀င်ပြီးတော့ ဆွေးနွေးတဲ့အချိန်မှာလား။ အတူတကွ ပူပေါင်းဆောင်ရွက်မယ်ဆိုတာ ကျနော်တို့ သဘောတူပြီးသားဖြစ်ပါတယ်။”

ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် (အက်ဖ်ယူအေ) မှာရော လက်နက်ကိုင် အင်အားကြီးတဲ့ ၀တို့၊ မိုင်းလားတို့ ပူးပေါင်းပါဝင်မယ့်အခြေအနေ ဘယ်လိုရှိလဲ။
“အဲဒီနေရာတော့ ကျနော် ပြောခွင့်မရှိဘူး။ ပြောခွင့်မရှိသေးဘူးခင်ဗျ။ ကျနော်တို့ မပြောသေးဘူး။”

သတင်းဝေဖန်သုံးသပ်ထင်မြင်ချက်တွေမှာ ဒီထိပ်သီးဆွေးနွေးပွဲဟာ သတင်း ထုတ်ပြန်မှု သိပ်တင်းကြပ်တယ်။ ပြည်တွင်းစစ် ဟုန်းဟုန်းတောက်လေမလားလို့ စိုးရိမ်တဲ့ထင်မြင်ချက်တွေ တွေ့ရပါတယ်။ ဒီတွေးဆချက်တွေဟာ အခြေအမြစ် ရှိလား။
“အခြေအမြစ်မရှိပါဘူး။ အားလုံးဘုံသဘောတူညီချက်ကဘာလဲ ဆိုတော့ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ ရှင်းမယ်။ ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းမယ် ဆိုတဲ့ဟာတော့ အားလုံးသဘောတူညီချက်ဖြစ်တယ်။ အဲဒါကို မနက်ဖြန် ထုတ်ပြန်ကြေညာချက်ထဲမှာထည့်မှာပါ။လက်ရှိနိုင်ငံရေး ပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ ရှင်းမယ်၊ ငြိမ်းချမ်းတဲ့နည်းနဲ့ ရှင်းမယ်။ ဒါ အားလုံးသဘောတူတယ်။ တူတဲ့အပြင်ကို စစ်အင်အားသုံးပြီးတော့ ဖြေရှင်းတဲ့နည်းကို ကန့်ကွက်တယ်၊ လက်မခံဘူး ဆိုတာလည်း အားလုံးသဘောတူတယ်။ တူတဲ့အခါကျတော့ ကျနော်တို့က အဲဒါကို အင်အားတွေစုပြီးတော့ ပြည်တွင်းစစ်ကို မြှင့်ဖို့ စစ်အင်အားအသုံးပြုဖို့ဆိုတာတော့ လုံးဝမဖြစ်နိုင်ဘူး။ စစ်အင်အားသုံးတဲ့မူကို ကျနော်တို့က ဒီမှာ အပြင်းအထန် ကန့်ကွက်ထားတာဖြစ်တယ်။”

မတ် ၃၁ ရက်က ရန်ကုန်မှာ အန်ကယ်တို့ အစိုးရဘက်က ဦးအောင်မင်းတို့နဲ့ သမ္မတရှေ့မှာ လက်မှတ်ထိုးခဲ့ကြတဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောညီချက် မူကြမ်း(အန်စီအေ) Single Text အပေါ် ထိပ်သီး ၁၂ ဖွဲ့ရဲ့သဘောထားက ဘယ်လိုရှိလဲ။
“Single Text ကိုတော့ ကြိုဆိုထောက်ခံတာ များပါတယ်။ ကန့်ကွက်တဲ့လူတော့ မရှိပါဘူး။ သို့သော် ဒီ Single Text အကောင်အထည်ဖော်နိုင်ဖို့အတွက် လက်တွေ့ ထိပ်သီးတွေကိုယ်တိုင် တရားဝင် ပါဝင်လက်မှတ်ထိုးနိုင်ဖို့အတွက်ကတော့ Ground Situation (အခြေခံသတ်မှတ်ချက်) ပေါ့ဗျာ Pre-condition (ကြိုတင် သတ်မှတ် ချက်) တွေ ထပ်ဖြည့်ဖို့တော့ရှိတယ်လို့ သိရပါတယ်။ အဲဒီဟာတွေ ကလည်းပဲ ကျနော်တို့ ဒီ ၁၂ ဖွဲ့အဆင့်မှာ မဟုတ်ဘဲနဲ့ တိုင်းရင်းသားလက်နက် ကိုင်တော်လှန်ရေး အဖွဲ့များ ညီလာခံ (အီးအေအို) ထိပ်သီး လိုင်ဇာတို့၊ လော်ခီးလာ တို့လို ပွဲတခုမှာ ထပ်ပြီးတော့ Condition (သတ်မှတ်ချက်) တွေ ထပ်ပြင်ဖို့ဟာကို အဲဒီအခါကျမှ တရားဝင် ဆွေးနွေးမယ်လို့ စီစဉ်ထားပါတယ်။ အခု ၁၂ ဖွဲ့ကတော့ ၀၊ မိုင်းလား အခြေခံပြီးတော့ သူတို့ ဖိတ်ကြားထားတဲ့အတွက် သူတို့ရဲ့ အဓိက ဦးစားပေးချင်တဲ့အချက်တွေကိုပဲ ကျနော်တို့ ဆွေးနွေးနေတာဖြစ်ပါတယ်။

ရခိုင်၊ တအာင်းနဲ့ ကိုးကန့်တပ်ဖွဲ့တွေ ဆက်လက်ပြီးတော့ တိုက်ပွဲတွေဖြစ်နေတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ဒီထိပ်သီးဆွေးနွေးပွဲမှာ ဘာတွေ ပြောဖြစ်ကြသေးလဲ။
“အဲဒါ (တိုက်ပွဲတွေကို) ချက်ခြင်းရပ်ဆိုင်းပေးဖို့။ အဲဒီထိုးစစ်တွေကို၊ အဲဒီအဖွဲ့ သုံးဖွဲ့နဲ့တိုက်နေတဲ့ တိုက်ပွဲတွေကို ရပ်စဲပေးဖို့ တောင်းဆိုတယ်။ ရပ်စဲရုံမကဘူး ဒီ ၃ ဖွဲ့ကိုလည်း Dialogue Partner (ဆွေးနွေးဖက်) တွေပေါ့ဗျာ ငြိမ်းချမ်းတဲ့နည်းနဲ့ အဖြေရှာဖို့အတွက် ပါဝင်သင့်တယ်ဆိုတာလည်း ကျနော်တို့ ဒီအစည်းအဝေးကနေ အကြံပြုတာပေါ့။ ဒါတွေပါတာပေါ့။”

ဝပြည်သွေးစည်းညီညွတ်ရေး ပါတီက ၀ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရပြည်နယ်အဖြစ် တိုးမြှင့်ရရှိဖို့ ထိပ်သီးဆွေးနွေးပွဲမှာ တောင်းဆိုတာနဲ့ ပတ်သက်လို့ ကျန်ထိပ်သီး ၁၁ ဖွဲ့ရဲ့ သဘောထားကို ပြောပြပါ။ ကျနော်တို့ကြားတာက ၇ ဖွဲ့က သဘောတူ တယ်ကြားလို့။ သဲသဲကွဲကွဲဖြစ်အောင် ပြောပြပါ။
“အားလုံးတော့ သဘောတူကြပါတယ်။ သဘောတူတဲ့နေရာမှာတော့ အနိမ့်အမြင့် ကွာတာကတော့ တချို့ကျတော့ အပြည့်အ၀ ထောက်ခံတယ်။ နိုင်ငံရေး နည်းလမ်းနဲ့ ဆောင်ရွက်သင့်တာတွေ၊ ဥပဒေနည်းလမ်းနဲ့ ဆောင်ရွက်သင့်တာတွေ အကြံပြုတာလည်း ရှိပါတယ်။ သို့သော် တချို့ကျတော့လည်း ကန့်ကွက်စရာ မရှိဘူးဆိုတဲ့ အသုံးအနှုန်းနဲ့ပဲ ဒီလိုပေါ့ဗျာ နိုင်ငံရေးယဉ်ကျေးမှုအရ ကန့်ကွက် စရာမရှိဘူးဆိုတဲ့ အဖွဲ့တွေရှိသလိုပဲ အပြည့်အ၀ထောက်ခံပြီးတော့ ဘယ်လို လုပ်သင့်တယ်ဆိုတဲ့အဖွဲ့တွေလည်းရှိတယ်။ ဘာပဲဖြစ်ဖြစ်တော့ ၀ပြည်နယ် အဆင့်အတန်းတရားဝင်ဖြစ်လာဖို့က ကျနော်တို့ ဒီ ၁၂ ဖွဲ့ထဲမှာတော့ ကန့်ကွက်တာ မရှိပါဘူး။ အပြည့်အ၀ထောက်ခံပြီးတော့ နည်းနာတွေ ၀ိုင်းဝန်းရှာဖွေကြတဲ့ အဆင့်အထိ ရောက်ခဲ့ပါတယ်။”

ဒီထိပ်သီးဆွေးနွေးပွဲကို ဆက်တိုက်တက်ခဲ့သူတဦးအနေနဲ့ ထူးခြားဖြစ်စဉ်ကျန်ရှိတာ ဘာပြောစရာကျန်ဦးမလဲ။
“ခြုံပြီးတော့ ပြောစရာတော့မရှိသေးပါဘူး။ ကျနော်ထင်တယ် မနက်ဖြန် (မေလ ၆ ရက်နေ့) ထုတ်ပြန်မယ့် ထုတ်ပြန်ကြေညာချက်ကို စောင့်ကြည့်ပေးပါလို့။ ကျနော် ကြိုပြောလို့ မသင့်တော်ပါဘူး။ ထုတ်ပြန်ကြေညာချက်ရဲ့ အရသာ ပေါ့သွား မယ်လေ။”

By
DVB
http://burmese.dvb.no/archives/91774


အမေရိကန်ကို ရောက်ရှိနေတဲ့ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းဟာ အမေရိကန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Blinkenနဲ့ တွေ့ဆုံခဲ့ပြီး မြန်မာ့ပြုပြင်ပြောင်းလဲရေးနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။ ခွန်ဘသာ တင်ဆက်ထားပါတယ်။

DVB TV - 05.05.2015

ဒီတပတ်မှာတော့ ဒီအချိန်မှာ အရေးကြီးပြီလို့ ထင်တဲ့ကိစ္စလေးတခု အကြောင်း ဆွေနွေးချင်ပါ တယ် ။ ယခုဆိုရင် ရွေးကောက်ပွဲတွေ ကျင်းပဖို့သတ်မှတ်ထားတဲ့အတိုင်း ကျင်းပမယ်ဆိုရင် ( ၆ ) လသာ လိုပါတော့တယ် ။ နိုင်ငံရေးပါတီတွေကလည်း ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့အတွက် ပြင်ဆင်နေကြပါပြီ ။ ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ရွေးကောက်ပွဲဝင်ခဲ့ရင် အောင်နိုင်ဖို့အတွက် စီစဉ်ဆောင်ရွက်နေပါပြီ ။ ရွေးကောက်ပွဲဆိုတော့ လွှတ်တော်ကိုယ်စားလှယ်တွေကို ရွေးကောက်တင်မြှောက်ခြင်းပါဘဲ ။ ဒီတော့ ကိုယ်စားလှယ် လောင်းတွေရွေးချယ်ရေးက တာဝန်ကြီးဖြစ်လာတာပေါ့ ။ '' တာဝန်ကြီး'' ဆိုတာ အဖွဲ့ချုပ်ရဲ့ ခေါင်းဆောင်ပိုင်းရဲ့ အမြင်ပါ ။ ''အခွင့်အရေးကြီး'' လို့မြင်နေတဲ့သူတွေလည်း ရှိပါတယ် ။

ယခုကျွန်မတို့ကြားသိနေတဲ့ သတင်းတွေအရ ကိုယ်စားလှယ်လောင်းအဖြစ် အရွေး ခံချင်သူတွေ များနေတဲ့ကိစ္စနဲ့ အချို့ပါတီတွေဆိုရင် ရင်ဆိုင်နေရပါတယ် ။ ကျွန်မတို့ အမျိးသားဒီမိုကရေစီအဖွဲ့ချုပ်လည်း ဒီစာရင်းထဲမှာပါပါတယ် ။ ဘာကြောင့်ဒီလောက်တောင် လွှတ်တော်ကိုယ်စားလှယ် ဖြစ်ချင်ကြပါလိမ့်လို့ ကျွန်မ မစဉ်းစားဘဲ မနေနိုင်ပါဘူး ။ ကျွန်မ အတွက်တော့ လွှတ်တော်ကိုယ်စားလှယ် တာဝန်ယူရတာ အလုပ်နှစ်ဆတိုးသွားတဲ့ သဘော ရှိပါတယ် ။ တနေ့ တနေ့ရှိတဲ့နာရီပေါင်းကတော့ နှစ်ဆတိုးတာမဟုတ်တော့ အင်မတန် ဝန်ပိပါတယ် ။ ကျွန်မရေးဘူးပါတယ် ။ ရန်ကုန်နဲ့ နေပြည်တော်အကြား ကူးသန်းသွားလာ နေရတဲ့ ကိစ္စကိုကမနည်းတဲ့ ဝန်ထုပ်ဝန်ပိုးပါ ။ ပြည်သူ့ကိုယ်စားလှယ် တယောက်အဖြစ် အရွေးခံပြီးမှတော့ လွှတ်တော်လုပ်ငန်းတွေကို ဦးစားပေးဆောင်ရွက်ရတာကြောင့် ပါတီတာ ဝန်တွေပါ ကျေပြွန်စေဖို့ နားရက်မသတ်မှတ်ဘဲ အလုပ်လုပ်ရပါတယ် ။ အချို့ပုဂ္ဂိုလ်တွေက အလုပ်မရပ်မနားလုပ်တာကို ဂုဏ်ယူဝံ့ကြွားပါတယ် ။ ကျွန်မကတော့ အလုပ်လုပ်ချိန် အနား ယူချိန် မျှတတာက ပိုပြီးအရည်အသွေးမြင့်တဲ့ လုပ်ငန်းတွေကိုဖော်ဆောင်နိုင်စေတယ်လို့ ယုံကြည်တာကြောင့် စနေ တနင်္ဂနွေလောက်တော့ လုံးဝနားနိုင်အောင် ကြိုးစားပါတယ် ။ အောင်မြင်မှုကတော့ သိပ်မရှိဘူးလို့ ဝန်ခံရပါမယ် ။ လွှတ်တော်တာဝန် မဲဆန္ဒနယ်တာဝန် ပါတီတာဝန်တွေ အားလုံးကျေပြွန်ဖို့ရာ နားချိန်လျှော့ရပါတယ် ။ နားချိန်ဆိုတာက ရုပ်ပိုင်း ဆိုင်ရာအင်အားသာမက စိတ်ပိုင်းဆိုင်ရာ အင်အားပါဖြည့်ဖို့အတွက် အရေးပါပါတယ် ။ နိစ္စဓူဝအလုပ်တွေကြောင့် စာဖတ်ဖို့အချိန် အင်မတန် နည်းသွားရပါတယ် ။ အလုပ်နဲ့ ပတ်သက်တဲ့ စာရွက် စာတမ်း စာအုပ်တွေကို ဆိုလိုတာမဟုတ်ပါဘူး ။ ဒါတွေကတော့ တာဝန်အရ ဖတ်နေရတာပါပဲ ။ တွေးတော စဉ်းစားဖွယ်ရာ ဖြစ်စေတဲ့ ရသ သုတ စာပေတွေကို ပြောတာပါ ။

ခြုံငုံပြီးကြည့်လိုက်မယ်ဆိုရင် လွှတ်တော်ကိုယ်စားလှယ်ဘဝဟာ မက်မောဖွယ် ရာလို့ ကျွန်မမမြင်ပါဘူး ။ ဒါဆိုဘာ့ကြောင့် ဒီလောက်လွှတ်တော် ကိုယ်စားလှယ် ဖြစ်ချင် တာလဲ ။ ပြည်သူတွေအတွက် တတ်အားသ၍ လုပ်ဆောင်ပေးချင်လို့ပါလို့ ပြောကြပါ လိမ့်မယ် ။ ကျွန်မကတော့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဘာ့ကြောင့်အရွေးခံတာလဲလို့ မေးရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မပြီးပြတ်သေးတဲ့ ဒီမိုကရေစီရရှိရေး ကြိုးပမ်းမှုကြီး ကို ဦးဆောင်ပြီး ဆက်လက်အကောင်အထည်ဖို့ဖြစ်ပါတယ် ။ ခိုင်မာတဲ့ ဒီမိုကရေစီစိတ်ဓါတ် နဲ့ ကျရာနေရာက တာဝန်ထမ်းဆောင်မယ်ဆိုတဲ့ ကျွန်မတို့ရဲဘော် ရဲဘက်တွေကိုလည်း ရွေးချယ်ပြီး (၂၀၁၂) ကြားဖြတ်ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်စေခဲ့ပါတယ် ။ ယခုအချိန်မှာတော့ ဒီမိုကရေစီနဲ့ပါတီအတွက်မဟုတ်ဘဲ မိမိကိုယ်ကျိုးအတွက် ကိုယ်စားလှယ်ဖြစ်ချင်တဲ့ပုဂ္ဂိုလ်တွေ အတော်များနေတာ နိုင်ငံရေးပါတီများ အသိုင်းအဝိုင်းမှာ တွေ့ရပါတယ် ။

ဒီတော့ အစမှာ မေးခဲ့တဲ့ မေးခွန်းများကို ပြန်ကောက်ပါရစေ ။ ဘာ့ကြောင့် ကိုယ်စားလှယ် ဒီလောက်ဖြစ်ချင် နေကြတာလဲ ။

ကိုယ်စားလှယ်များရဲ့ အဆောင်အယောင် ရပိုင်ခွင့်တွေကို အားကျလို့လား ။ ဒီလကစပြီး လွှတ်တော်ကိုယ်စားလှယ်တွေ လစာတိုးရတာ မှန်ပါတယ် ။ ဒါပေမဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်တွေကတော့ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေ အတွက် ရံပုံငွေနဲ့အဖွဲ့ချုပ်ရဲ့ရံပုံငွေတွေ လစဉ်ထည့်ရမှာမို့ မိမိတို့စရိတ်တွေကို ကာမိဖို့ပဲကျန်မှာပါ ။ ခေါင်းပေါင်းပြီး ရုပ်မြင်သံကြားမှာ မိန့်ခွန်းပြောရတာကို အားကျသူတွေများ ရှိလားမသိပါဘူး ။ ဒါမှမဟုတ် ကိုယ်စားလှယ်များ နိုင်ငံခြား ခရီးသွားခွင့်ရတာ နိုင်ငံတော်အခမ်းအနားတွေကို တက်ခွင့်ရတာတွေကို အထင်ကြီးနေကြလားမသိပါဘူး ။ ဒီလိုစိတ်ထားတွေက ကိုယ်စား လှယ်ကောင်း တစ်ဦးပေါ်ထွန်းလာရေးအတွက် အထောက်အကူပြုမှာ မဟုတ်ပါဘူး ။ အဆိုး ဆုံးကတော့ လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာရင် မိမိအကျိုးစီးပွား တိုးတက်ရေး အတွက် အခွင့်အရေးတွေ ပစ်ပြီးယူလိုက်မယ် ဆိုတဲ့ စိတ်ဓါတ်နဲ့ ကိုယ်စားလှယ်လောင်း ဖြစ်ချင်သူ တွေပါပဲ ။ နိုင်ငံရေးပါတီတွေနဲ့ ပြည်သူများ သတိကြီးစွာနဲ့ ဒီလိုပုဂ္ဂိုလ်တွေကို မရွေးမိဖို့ လိုပါတယ် ။

ဒီတပတ်တော့ ဒီမျှသာ ။ ။

ဒေါ်အောင်ဆန်းစုကြည်
ဒီလှိုင်းစာစောင် အတွဲ (၄) အမှတ် (၁၆)

ဓာတ်ပုံ - ဗကသကျောင်းသူမပိုပို ကမာရွတ်တရားရုံးက ရုံးထုတ်စဉ်

ကိုနန္ဒစစ်အောင်အား လက်ပံတန်းတရားရုံးကခေါ်ဆောင်သွားသည့်အတွက် ယင်း ပါဝင်သည့် ကမာရွတ်တရားရုံးတွင် တရားစွဲဆိုခံထားရသည့်အမှုမှာ လပေါင်းများစွာ ကြာမြင်နိုင်သွားနိုင်ကြောင်း ယင်းအမှုလိုက်ပါဆောင်ရွက်ပေးနေသူ ရှေ့နေ ဦးရောဘတ် စန်းအောင်က ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြိုနယ် တရားရုံး တွင် မေ၅ရက်က ကမာရွတ်လှည်းတန်းဈေးအနီးတွင် မတ် ၁၀ရက် ညနေပိုင်းက ဆန္ဒပြသည့်အမှုအား ၅ကြိမ်မြောက်စစ်ဆေးပြီး နောက်ယင်းသို့ပြောခြင်းဖြစ်သည်။

ယင်းက``အမှုစစ်လိုတော့မရနိုင်ဘူးဖြစ်နေတယ်။အမှုတွဲထဲမှာပါတဲ့ကိုနန္ဒစစ်အောင်က တရားခံပြေးလည်း မဟုတ်ဘူး သူက သာယာဝတီထောင်ထဲမှာရောက်နေတယ်။အမှန်က ကမာရွတ်ကိုအရင်မပေးဘဲ လက်ပံတန်းကိုမသွားတဲ့အခါကျတော့ ဒီအချိန်မှ ဘာမှလုပ် လို့မရတော့ဘူး။ဘယ်လိုလည်းဆိုရင် အခုက စောင့်စောင့်နဲ့ ဘာမှလုပ်လို မရဘူးဖြစ်နေတယ်။ သာယာဝတီမှာက သက်သေက ၄၃ယောက်ရှိတယ်။ သူတိုက ထွက်ဆိုချက်ထွက်တာနဲ့ဆိုရင် အနည်းဆုံးခြောက်လလောက်သွားနိုင်တယ်´´ဟု ပြောသည်။

တရားခံပြေးများရှိသော်လည်း အမှုအား မျက်ကွယ်ဖြစ်စစ်ဆေးနိုင်ကြောင်း သို့ရာတွင် ကိုနန္ဒစစ်အောင် အား လက်ပံတန်းအမှုသို့ တိုက်ရိုက်စွဲခေါ်သွားသည့်အတွက် မလိုလားအပ်ပဲကြာမြင်နိုင်ခြေရှိကြောင်း တရားဥပဒေကြောင်းအရ တစ်နှစ် အတွင်းဖြစ်သည့် အမှုများအား တရားရုံးတစ်ခုတည်းတွင် စစ်ဆေး၍ရနိုင်သော်လည်း ကိုနန္ဒစစ်အောင်ပါဝင်သည့်အမှုများအား တစ်နေရာထဲတွင် စစ်ဆေးခြင်းမပြုသဖြင့် ယင်းနှင့် အတူတူ တရားစွဲဆိုခံရသူများမှာ အချိန်မကြာသင့်ဘဲ ကြာမြင့်စွာ အာမခံမရဘဲ ထိန်းသိမ်းခံ ထားရကြောင်း ယင်းကဆိုသည်။

လက်ရှိကမာရွတ်တရားရုံးမှ တရားစွဲဆိုထားသည့်အတွက် ဗကသ ကျောင်းသူ တစ်ဦးဖြစ် သည့် မပိုပို(ခ)ရတနာဆုပိုခိုင် နှင့် ဦးဝင်ကျော့မှုးတိုမှာ ယင်းတို့အား တရားစွဲဆိုခံရသည့် အမှုတွင် အာမခံမရသည့် အမှုဖြစ်သည့် ပုဒ်မ-၅၀၅(ခ)ပါဝင်နေသည့် အတွက် အင်းစိန် အကျဉ်းထောင်တွင် ထိန်းသိမ်းခံထားရကာအမှုရင်ဆိုင်နေရကြောင်း ယင်းတို့ ၆ကြိမ်မြောက် ရုံးချိန်းအား မေ၁၃ရက်နေ့သို့ ထပ်မံချိန်းဆိုထားကြောင်း သိရသည်။

မပိုပိုက``အခုက အစိုးရက အမှုကိုမကြာကြာအောင်လုပ်ထားတယ်လိုထင်ပါတယ်။ ကျမ အသက်အခုမှ အသက် နှစ်ဆယ်ဝန်းကျင်ပဲရှိပါသေးတယ်။ ကျမလုပ်စရာတွေ အများကြီးကျန် ပါသေးတယ်။ ဒီလိုမျိုးထောင်ထဲမှာ မလိုအပ်ပဲအချိန်မကုန်ဆုံးချင်ဘူး။ဖြစ်နိုင်ရင် အမှုကို အမြန်ဆုံးပြီးစေချင်တယ်´´ဟု ပြောသည်။

ယင်းနှင့်အတူ ထိန်းသိမ်းခံထားရသည့် ဦးဝင်းကျော့မှူးသည့်လည်း ထိန်းသိမ်းခံထားရစဉ် အတွင်း ကျန်းမာရေးအခြေအနေကြောင့် ခါးနာခြင်းဝေဒနာခံစားနေရကြောင်း ယင်း အတွက် ထောင်တွင်းဆေးကုသရာတွင် အဆင်မပြေသဖြင့် ပြင်ပတွင် ဆေးကုသခွင့်အား ဇနီးဖြစ်သူမှ အသနားခံတောင်းဆိုထားခြင်းရှိကြောင်း သိရသည်။

ယင်းတို့အမှုမှာ မတ်၁၀ရက်နေ့ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီးကမာရွတ်မြိုနယ် တွင် ကျောင်းသားသပိတ်ထောက်ခံဆန္ဒပြရာတွင် ဗကသကျောင်းသား ကိုကျော်ကိုကို၊ ကိုနန္ဒစစ်အောင်၊ဦးဝင်းကျော့မှူး၊ကိုဂျိမ်း(ခ)လင်းထက်နိုင်၊ ဦးထက်ခိုင်စိုးနှင့် မပိုပို(ခ) ရတနာဆုပိုခိုင်တိုအား ကမာရွတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဝင်းက ပုဒ်မ-၁၄၃/ ၁၄၅/ ၁၄၇နှင့် ပုဒ်မ-၅၀၅(ခ)ဖြင့် အရေးယူပေးရန် ကမာရွတ်တရားရုံးတွင် စွဲချက်တင် ထားခြင်းဖြစ်သည်။

ယင်းတိုထဲမှ မပိုပို(ခ)ရတနာဆုပိုခိုင်တို့မှာ အင်းစိန်ထောင်တွင် ထိန်းသိမ်းခံထားရပြီး ကိုနန္ဒစစ်အောင်မှာ လက်ပံတန်းတရားရုံးတွင် အမှုရင်ဆိုင်နေရပြီး ကိုကျော်ကိုကိုနှင့် ကျန်သူများအား အမှုရင်ဆိုင်ရန် ဆက်လက်ဝရမ်းထုတ်ပြန်ထားကြောင်း သိရသည်။

သတင်းနှင့်ဓာတ်ပုံ - စိုင်းဟန်


The Ladies News Journal

“လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ တရားမျှတ သန့်ရှင်းအောင် ၀ိုင်းဝန်း စောင့်ကြပ်ပါ။ မိမိ အသည်းကြားက မဲတပြားကို ခွေးစား မခံရအောင် ဂရုပြုပါ။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး ပြည်သူကို ရင်ဝယ်သားလို အုပ်ချုပ်မဲ့ မိဘနဲ့တူသော အစိုးရတရပ် ပေါ်ထွန်းအောင်….”

ကမ္ဘာပေါ်မှာ ပေါ်ထွန်းခဲ့သမျှ နိုင်ငံရေးစနစ်တွေထဲမှာ လူများစုရဲ့ ဆန္ဒကို အထင်ဟပ်နိုင်ဆုံးစနစ်ဟာ ဒီမိုကရေစီစနစ်ပါလို့ ပြောမယ်ဆိုရင် ငြင်းဆန်မဲ့ လူများများစားစား ရှိမယ် မထင်ဘူး။ လူ့ဂုဏ်သိက္ခာကို မြတ်နိုးတယ်။ လူဖြစ်တန်ဖိုးကို အလေးထားတယ်။ လူကို လူလို မြင်တဲ့စနစ်မို့ အခြေခံလူ့အခွင့်အရေးတင်မက နိုင်ငံသားအခွင့်အရေးကိုလည်း အသိအမှတ်ပြုတယ်။ လူများစုသဘောထားနဲ့ အုပ်ချုပ်တယ်ဆိုပေမဲ့ လူနည်းစုဆန္ဒကို လည်း မထေမဲ့မြင် မပြုဘူး၊ လူနည်းစုအခွင့်အရေးကို အရေးထား လေးစားတယ်။
အပြန်အလှန် အပေးအယူ ညှိနှိုင်းမှုတွေနဲ့ မတူကွဲပြားမှုတွေကို ငြိမ်းချမ်းစွာ အဖြေရှာနိုင်တဲ့စနစ် ဖြစ်တယ်။ လူမျိုးစုံ၊ ဘာသာစုံ ချစ်ခင်ရင်းနှီးစွာ ပေါင်းစီးနိုင်သလို သာတူညီမျှ သဟဇာတ ဖြစ်နိုင်ကြတော့ အေးချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ကြတယ်။ ဒါကြောင့်မို့ ဒီမိုကရေစီစနစ်ဟာ အသိဥာဏ်မြင့်မားပြီး ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းရဲ့ လက္ခဏာကောင်း တွေနဲ့ တင့်တယ်တဲ့စနစ်ဆိုတာ ယုံမှားစရာ မရှိပါဘူး။

ဒါပေမဲ့လည်း ဒီလောကကြီးမှာ အဲဒီလို ကောင်းမွန်တဲ့ အရာတွေရဲ့ အရှိန်အ၀ါကို ခြုံပြီး ကလိန်ကျ တုပတဲ့အရာတွေ ပေါ်လာလေ့ ရှိတယ်။ လူလိမ်လူကောက်တွေ၊ ဖြတ်လမ်း လိုက်သူတွေနဲ့ အတ္တကြီးမားတဲ့ တဘို့တည်းသမားတွေ၊ သူခိုးဂျပိုးတွေဟာ အတုတွေ ဖန်တီးပြီး စီးပွားရှာကြ၊ လုပ်စားကြ၊ သမိုင်းဆိုး သမိုင်းညစ်တွေ ရေးကြ ကျူးလွန်ကြလေ့ ရှိကြတယ် မဟုတ်လား။
အခုလည်း တို့နိုင်ငံမှာ စစ်အာဏာရှင်ဟောင်းတသိုက်က စည်းကမ်းပြည့်ဝသော ဒီမိုကရေစီလို့ နာမည်ပေးထားတဲ့ ဒီမိုကရေစီအတုကြီးနဲ့ တို့တိုင်းပြည်နဲ့ တို့ပြည်သူတွေရဲ့ အနာဂတ်ကို နောက်တကြိမ် လုယူသိမ်းပိုက် ဖျက်ဆီးဖို့ တာစူနေကြပြန်ပြီ။ လက်ရှိ စစ်အာဏာရှင်ဟောင်းတွေရဲ့ ဘိုးအေကြီး ဖြစ်တဲ့ မူလပထမ အာဏာရှင်ဟောင်း ဗိုလ်နေ၀င်းတုန်းကလည်း မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်လို့ အမည်ရတဲ့ ဆိုရှယ်လစ် အတုကြီးနဲ့ လုပ်စားသွားတာ တို့တိုင်းပြည်လည်း ပျက်သုဉ်းနိုင်ငံအဆင့်ရောက် မွဲပြာ ခြောက်ခဲ့ရတာ ခုထိ မဟုတ်လား။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ဆိုတာကြီးဟာ ဆိုရှယ်လစ်အတုကြီးဆိုတာကို သက်သေ ပြစရာ မလိုအောင် စစ်အာဏာရှင်အသိုင်းအ၀ိုင်းတွေ အေဒီလမ်း၊ ၀င်ဒါမီယာနဲ့ ချင်းချောင်းက ဗိုလ်ချုပ်ရွာတွေမှာ ဆိုရှယ်လစ်အတုရဲ့ အသီးအပွင့်တွေ အလျှံပယ်သုံးဆောင် စံစားနေကြရတဲ့ အချိန်မှာ ပြည်သူလူထုတရပ်လုံးဟာ လူစဉ်မမှီ အညွှန့်တုံး လူဖြစ်ရှုံးခဲ့ကြရ ငတ်မွတ်ကန်းမွဲ ပိပြားတုံးအောက်က ဖားလို ငရဲကျခံစားခဲ့ရတာ မဟုတ်လား။

ဒီနေ့ မျက်မှောက် ကမ္ဘာကြီးရဲ့ နယ်စုံပယ်စုံ ကဏ္ဍအသီးသီးမှာ အတုအပတွေဆိုတာ ရှောင်မလွတ်အောင် ဘုံးဘောလအော ပေါများလှတယ် မဟုတ်လား။ အဲ့ဒီအတုတွေထဲက တချို့အတုတွေက လူ့လောကကို အကျိုးပြုတာလည်း ရှိပါတယ်။ ဥပမာ ခြေတု၊ လက်တု၊ ဆံပင်တု စတာတွေဟာ သူတို့မှာရှိတဲ့ အရည်အသွေး လေးတွေနဲ့ လူ့လောကရဲ့ လိုအပ်ချက် ကွက်လပ်လေးတွေ ဖြည့်ပေးကြတာ မဟုတ်လား။
ဒါပေမဲ့ တချို့အတု တွေကတော့ လူ့အဖွဲ့အစည်းကို ကောင်းကောင်းကြီး ဒုက္ခပေးနိုင်တယ်။ လူ့အသက်ကို ဆွဲနှုတ်ယူနိုင်အောင် အန္တရာယ်ကြီးတယ်။ လူသားမျိုးနွယ်ကို အလွန်ကြီးမားတဲ့ ဆင်းရဲ ဒုက္ခကြုံစေနိုင်သလို လူအများရဲ့ အနာဂတ် ကိုလည်း ဖျက်ဆီးနိုင်လောက်အောင် အဆိပ် ပြင်းတယ်။ ဥပမာဆောင်ရရင် ဆေးဝါးအတု၊ ဆရာဝန်အတုတွေဟာ လူမမာရဲ့ အသက်ကို နုတ်ယူပစ်နိုင်သလို၊ စားသုံးရန်မသင့်တော်တဲ့ စားကုန်သောက်ကုန်အတုတွေဟာ စားသုံးသူ တွေကို ကင်ဆာအစရှိတဲ့ ကြောက်မက်ဖွယ်ရောဂါဆိုးကြီးတွေ ဖြစ်စေနိုင်တယ် မဟုတ်လား။ အရည်သွေးမပြည့်မှီတဲ့ လူ့အသုံးအဆောင် လျှပ်စစ်ပစ္စည်းအတုတွေ မိတ်ကပ်အတု ကစလို့ အလှပြင်ပစ္စည်းအတုတွေ၊ ကိုယ်အလေးချိန် ၀ိတ်လျော့တဲ့ လိမ်းဆေးအတု၊ စားဆေး အတုတွေဟာ သုံးစွဲသူတွေကို အသက်အန္တရာယ်ပြုနိုင်တယ်။

အဲဒီအတုတွေထက် အဆပေါင်းများစွာ အန္တရာယ်ကြီး ကြောက်စရာကောင်းတာက ဒီမိုကရေစီအတု ဖြစ်တယ်။ လူတဦးတည်းရဲ့ ဘ၀နဲ့ အသက်အန္တရာယ်ကိုတင်မက လူသန်းပေါင်းများစွာပါတဲ့ လူ့အဖွဲ့အစည်းတခုလုံးရဲ့ ပစ္စုပ္ပန်လူမှုဘ၀၊ အနာဂတ်ဘ၀တွေကို ကြိတ်ချေဖျက်ဆီးနိုင်စွမ်း ရှိတယ်။ တတိုင်းတပြည်လုံးမှာ စာရိတ္တသီလ၊ ၀ါရိတ္တသီလတွေ ကျိုးပျက်လို့ တနိုင်ငံလုံးကို ဂုဏ်သိက္ခာမဲ့တဲ့ စောရလူမျိုးတွေဖြစ်အောင်၊ ငါတို့လူမျိုး သူခိုး ဖြစ်သည်လို့ ပြောရတဲ့အဆင့်ရောက်အောင် အဖျက်စွမ်းအားကြီးတယ်။ ဗွက်ထအောင်ကျူးလွန်ခဲ့ ကိုယ့်ပြစ်မှုတွေကို ကိုယ်တိုင်တာဝန်မခံရဲသူတွေ၊ တာဝန်မယူရဲလောက်အောင် သရဲဘောကြောင်တဲ့ ခွေးလှေးဂျပိုးတွေ တိုင်းပြည်ခေါင်းဆောင်နေရာ ရောက်စေနိုင်တာဟာ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီဆိုတာကြီး ဖြစ်တယ်။
စစ်ဘောင်းဘီချွတ်ပြီး ချိတ်ပုဆိုးကောက်စွတ်ထားတဲ့ စစ်အာဏာရှင်ဗိုလ်ချုပ်ဟောင်းတွေ တီထွင်လိုက်တဲ့ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီဆိုတာဟာ အရေခြုံဒီမိုကရေစီအတုကြီး ဖြစ်တယ်ဆိုတာကို အကျိုးအကြောင်းနဲ့ အချက်အလက်တွေနဲ့ ဒီဆောင်းပါးမှာ ဆွေးနွေးချင်တယ်။

ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုတာ မျက်လုံးအပြာရောင်ရှိတဲ့သူတွေအတွက်တမျိုး၊ မျက်လုံးအနက်ရောင် ရှိသူတွေအတွက်တမျိုးဆိုပြီး ခွဲမထားပါဘူး။ အာဖရိကန်တွေ ဆင်းရဲမွဲတေလို့ ဒီမိုကရေစီအပြည့်အ၀နဲ့ မထိုက်တန်ဘူးဆိုတာ လူလိမ်လူကောက်တွေရဲ့ စကား။ အာရှတိုက်သားတွေ မရင့်ကျက်သေးလို့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေကို တစိတ်တဒေသဘဲ အကန့်အသတ်နဲ့ဘဲ ခံစားထိုက်တယ်ဆိုတာ လူယုတ်မာတွေရဲ့ စကားသာ ဖြစ်တယ်။ မတရားသဖြင့် အခွင့်ထူးခံနေတဲ့လူ့မိစ္ဆာတွေက သူတို့အာဏာလက်လွှတ်ရမှာစိုးလို့ လူများစုရဲ့ အခွင့်အရေးကို ချုပ်ချယ်ဖို့ ဆင်ခြေကန်ခြင်းသာ ဖြစ်တယ်။ ပခုံးနှစ်ဖက်ကြား ခေါင်းပေါက်တဲ့ လူခြင်းအတူတူ အနောက်ဒီမိုကရေစီ၊ အရှေ့ဒီမိုကရေစီ၊ တောင်ဒီမိုကရေစီ၊ မြောက်ဒီမိုကရေစီ ဆိုပြီး ခွဲခြားနေစရာ ဘာလိုသလဲ။ လူလူချင်းအတူတူ ခေါင်းပုံဖြတ်ချင်သူတွေ လူလည်လုပ် အမြတ်ထုတ်တာကို လက်ခံလို့ မဖြစ်ပါဘူး။
ဆိုရှယ်လစ်အတုနဲ့ လုပ်စားကြီးပွားလာခဲ့တဲ့ စစ်အာဏာရှင်မျိုးနွယ် လက်ရှိ စစ်ဗိုလ်ချုပ်ဟောင်းတွေ တည်ဆောက်ဖို့ ကြိုးစားနေတဲ့ စည်းကမ်းပြည့်ဝသောဒီမိုကရေစီဟာ အများပြည်သူရဲ့ အကျိုးကို ဖော်ဆောင်ပေးမဲ့ ဒီမိုကရက်တစ်လူ့အဖွဲ့အစည်း ဖြစ်လာနိုင်သလား မဖြစ်နိုင်ဘူးလားဆိုတာကို အောက်ပါ ဒီမိုကရေစီရဲ့ အခြေခံမူ လက္ခဏာတွေ၊ စံရည်စံညွှန်းတွေနဲ့ အကဲဖြတ်ကြည့်ရအောင်။

ဒီမိုကရေစီရဲ့ အခြေခံမူ လက္ခဏာများ (PRINCIPLES OF DEMOCRACY)
၁) ပြည်သူပူးပေါင်းပါဝင်မှု (CITIZEN PARTICIPATION)
၂) ညီမျှမှု (EQUALITY)
၃) လူနည်းစု (သို့) အတိုက်အခံတို့၏ဆန္ဒကို အလေးထားအသိအမှတ်ပြုမှု (POLITICAL TOLERANCE)
၎) တာဝန်ခံမှု (ACCOUNTABILITY )
၅) ပွင့်လင်းမြင်သာမှု (TRANSPARENCY)
၆) လွတ်လပ်၍ မျှတသောရွေးကောက်ပွဲ ပုံမှန်ကျင်းပမှု (REGULAR FREE AND FAIR ELECTIONS)
၇) စီးပွားရေးလွတ်လပ်မှု (ECONOMIC FREEDOM)
၈) အာဏာအလွှဲသုံးစားခြင်းကို တားဆီးမှု (CONTROL OF THE ABUSE OF POWER)
၉) နိုင်ငံသားအခွင့်အရေး (BILL OF RIGHTS)
၁၀) ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုမှု (ACCEPTING THE RESULTS OF ELECTIONS)
၁၁) အခြေခံလူ့အခွင့်အရေး (HUMAN RIGHTS)
၁၂) ပါတီစုံစနစ်ရှိမှု (MULTI PARTY SYSTEM)
၁၃) တရားဥပဒေစိုးမိုးမှု (RULE OF LAW)

ပြည်သူပူးပေါင်းပါဝင်မှု (CITIZEN PARTICIPATION)
ဦးသိန်းစိန်တို့ရဲ့ စစ်တပိုင်းအစိုးရ ဦးဆောင် စီမံတဲ့ လူထုချီတက်ပွဲအမည်ခံ လှုပ်ရှားမှုတွေ မှန်သမျှ ကြည့်လိုက်ရင် အဖြေက ရှင်းပါတယ်။ ဒံပေါက်ထုပ်တွေ ဝေရ၊ ဘုရားဆင်းတုတွေ မဲနှိုက်ခိုင်း၊ နေ့တွက်တွေ ပေးခေါ်ရတာတောင် ကိုယ်ပိုင် အသိစိတ်နဲ့ ပူးပေါင်းပါဝင်တဲ့သူတွေ မရှိသလောက် ဖြစ်နေတာ သတင်းဓာတ်ပုံတွေ ကြည့်ရင် သိသာပါတယ်။

ညီမျှမှု (EQUALITY)
နိုင်ငံရေး၊ စီးပွားရေးနဲ့ အုပ်ချုပ်ရေး ဘယ်နယ်ပယ်မှာ ကြည့်ကြည့် ညီမျှမှု၊ မျှတမှုဆိုတာ ဘယ်မှာ ရှိပါသလဲ။ ခရိုနီဆိုတဲ့ ဝေါ်ဟာရ အကြောင်းမဲ့ ပေါ်လာတာ မဟုတ်ဘူး။ မျက်နှာလိုက်မှု နီးစပ်ရာ စားတော်ခေါ်တွေဟာ မြန်မာပြည်တနံတလျားမှာ ရှောင်လို့ မလွတ်ပါဘူး။ ငွေကြေး မတတ်နိုင်သူ၊ အဆက်အသွယ် မရှိသူတွေအတွက် အခွင့်အလမ်းတွေဟာ လုံးဝ မညီမျှပါဘူး။ ဥပဒေရဲ့အောက်မှာ လူတိုင်းအညီအမျှ မရှိတာ လူတိုင်းသိပြီးသားပါ။

လူနည်းစု (သို့) အတိုက်အခံတို့၏ဆန္ဒကို အလေးထားအသိအမှတ်ပြုမှု (POLITICAL TOLERANCE)
အာဏာရပါတီကလွဲလို့ ကျန်တဲ့နိုင်ငံရေးအတိုက်အခံတွေကို အမျိုးမျိုးဖိနှိပ်ချုပ်ချယ်နေတာ၊ တိုင်းရင်းသား လူမျိုးငယ်စုတွေ၊ လူနည်းစုဘာသာခြားတွေ နွမ်းပါးသူတွေရဲ့ အော်သံတွေ မျက်ကွယ် ပြုနေတာ၊ သူတို့ရဲ့ ဆန္ဒတွေကို မကြားချင်ယောင်ဆောင်နေတာဟာ အလေးထား အသိအမှတ် မပြုခြင်းပါဘဲ။

တာဝန်ခံမှု (ACCOUNTABILITY )
ဦးသိန်းစိန်တို့ စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ စစ်တပ်ရဲ့ စစ်အာဏာရှင် တခေတ်လုံးမှာ အထူးသဖြင့် ၁၉၈၈ ခုနှစ် အာဏာသိမ်းကထဲက ဒီနေ့အချိန်ထိ ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှု ပေါင်းများစွာ၊ အမှားပေါင်းကုဋေကုဋာရှိတယ်လို့ ခံစားနာကျင်ခဲ့ရတဲ့ ပြည်သူများစွာက ကမ္ဘာသိ ထုတ်ဖော်ပြီးသားပါ။ ကိုယ်ကျူးလွန်ခဲ့တဲ့အမှားတွေအပေါ် တာဝန်ခံမှုမရှိဘဲ၊ သတ္တိကြောင်၊ ခေါင်းရှောင်နေတာဟာ သိပ်ရုပ် ပျက်ပါတယ်။ ပိုဆိုးတာက တာဝန်မကျေ၊ တာဝန်မခံတဲ့အပြင် နောက်ထပ် တာဝန်ထမ်းဆောင်ဖို့ မျက်နှာပြောင် တိုက်နေတာဟာ တာဝန်မခံတဲ့ ယဉ်ကျေးမှု ဆိုးကြီးကို နောက်မျိုးဆက်ထံ လက်ဆင့်ကမ်း အမွေပေးနေတာပါဘဲ။

ပွင့်လင်းမြင်သာမှု (TRANSPARENCY)
သတင်းအမှောင်ချတယ်ဆိုတာ စစ်အာဏာရှင်တွေရဲ့ လုပ်ရိုးလုပ်စဉ် မဟုတ်လား။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း၊ ဧရာဝတီမြစ်ဆုံဆည်စီမံကိန်းစတဲ့ တိုင်းပြည်ရဲ့ အရေးပါတဲ့ ကိစ္စရပ်တွေမှာ ဘယ်လိုတွေ စာချုပ်ချုပ်ထားတယ်ဆိုတာ ပြည်သူတွေ သိခွင့် ရလို့လား။ ကိုပါကြီး လူသတ်မှု၊ မုဒိမ်းကျင့် အသတ်ခံရတဲ့ ကချင်ဆရာမ ၂ ဦးအမှု စုံစမ်းရေးကိစ္စ နိုင်ငံ့အရေးအရာကိစ္စတွေမှာ ပွင့်လင်းမြင်သာမှုဘယ်မှာ ရှိပါသလဲ။

လွတ်လပ်၍မျှတသောရွေးကောက်ပွဲ ပုံမှန်ကျင်းပမှု (REGULAR FREE AND FAIR ELECTIONS)
၂၀၁၀ ရွေးကောက်ပွဲကတော့ လုံးဝ မလွတ်လပ် မမျှတခဲ့ပါဘူး။ အတိုက်အခံတွေ ၀င်မပြိုင်အောင် မမျှတတဲ့ စည်းရုံးပိုင်ခွင့် အခြေအနေ စည်ကမ်းတွေ တဖက်သတ်ပြဌာန်း၊ ပြိုင်ဘက်ကို မလှုပ်နိုင်အောင် ကြိုးနဲ့ တုပ်ပြီးတာတောင် မဲလိမ်မဲခိုး ကြိုတင်မဲတွေနဲ့ ပြည်သူအလိုမတူဘဲ အစိုးရ ဇွတ်ဖွဲ့ခဲ့တာ မဟုတ်လား။ မပြောပလောက်တဲ့ လွှတ်တော်ထိုင်ခုံနေရာလေး ၄၀ ကျော်အတွက်လုပ်တဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကျမှ နိုင်ငံတကာကို အပြကောင်းယုံ အတိုက်အခံလေးပါလေကာ လွှတ်တော်ထဲသွင်းပြချင်တော့မှ ရွေးကောက်ပွဲကို မျှတသယောင် ဖြစ်အောင်လုပ်ခဲ့တာပါ။ ဒါကို ပြည်ခိုင်ဖြိုးပါတီဟာ တိုင်းပြည်ဘဏ္ဍာတွေသုံး၊ နိုင်ငံပိုင် အဆောက်အဦတွေသုံး၊ မဲတွေဝယ် မဲတွေဆွယ်ခဲ့သေး တာဘဲ။ အခုလာမယ့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲကတော့ မမျှမတ၊ မလွတ် မလပ်ဖြစ်မှာ သေချာသလောက်ဖြစ်နေပြီ။ အခြေခံ ရွေးကောက်ပွဲကော်မရှင်ကိုယ်တိုင်က ကြားနေ လူပုဂ္ဂိုလ်တွေနဲ့ ဖွဲ့စည်းရမဲ့အစား စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ စီးထားပြီးပြီ။ ရွေးကောက်ပွဲက လပိုင်းဘဲ လိုတော့ပေမယ့် ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေ၊ လုပ်ထုံးလုပ်နည်းတွေ ထွက်မလာသေးဘူး။ ပြည်သူတွေမှာ မသိနားမလည်ဘဲ နဝေတိမ်တောင်ဖြစ်အောင် မဲပေးခွင့်မရအောင် မဲပေးမှားအောင်၊ ပယ်မဲများအောင် ဦးတည် နေသလိုဖြစ်နေပြီ။

စီးပွားရေးလွပ်လပ်မှု (ECONOMIC FREEDOM)
မြန်မာနိုင်ငံမှာ စီးပွားရေးလွတ်လပ်မှုမရှိဘူးဆိုတာ ဦးနေ၀င်း၊ ဦးသန်းရွှေ တို့ စစ်အာဏာရှင်ခေတ်တလျှောက်လုံးကနေ ဒီနေ့အချိန်ထိပါ။ အစိုးရရဲ့ ထိန်းချုပ်မှု၊ စွက်ဖက်မှုတွေ အလွန်များပြီး သူတို့အသိုင်းအ၀ိုင်းတွေ လုပ်စားနိုင်အောင် ဥပဒေတွေ အခုထုတ်၊ ခဏနေ ပြန်ဖျက်လုပ်နေကြတော့ ဘယ်မှာ စီးပွားရေး လွတ်လွတ်လပ်လပ် လုပ်ခွင့်ရလို့လဲ။ သွင်းကုန် ထုတ်ကုန်ဥပဒေ ထွက်ဖို့၊ နည်းဥပဒေတွေ ထွက်ဖို့ ဘယ်လောက်နှောင့်နှေးခဲ့သလဲ။ ကုန်သည်များအသင်း ဘယ်စီးပွားရေး လုပ်ငန်းရှင်များအသင်းဖြစ်ဖြစ် အလုပ်သမား သမဂ္ဂတွေ ဘယ်မှာ လွတ်လွတ်လပ်လပ် လုပ်ခွင့်ပေးသလဲ။ အစိုးရက တနည်းမဟုတ်တနည်းနဲ့ စွက်ဖက် အမိန့်ပေးနေတာ မဟုတ်လား။

အာဏာအလွဲသုံးစားခြင်းကို တားဆီးမှု (CONTROL OF THE ABUSE OF POWER)
ဒီအချက်ကတော့ အထူးပြောစရာမလိုဘူး။ နေရာတိုင်းမှာ အာဏာအလွဲသုံးစားခြင်းကို တားဆီးမှု မရှိတာ ထင်ရှားပြီးသား။ အာဏာသုံးပြီး မြေသိမ်း၊ယာသိမ်း၊ လုပ်ပိုင်ခွင့်ပါဝါသုံးပြီး ပရောဂျက်တွေ၊ စီမံကိန်းတွေသိမ်း၊ အမှုမှန်မပေါ်အောင် အာဏာသုံးပြီး ဖျောက်ဖျက်လိုဖျက်၊ ဖုံးလိုဖုံး ဗွက်ထအောင်လုပ်နေတာ ဘယ်မှာတားဆီးလို့လည်း။

နိုင်ငံသားအခွင့်အရေး (BILL OF RIGHTS)
လက်ရှိ မြန်မာနိုင်ငံမှာ အထင်အရှားဆုံး နိုင်ငံသားအခွင့်အရေး ချိုးဖေါက်မှု ပြယုဂ်တခုကတော့ လုံခြုံရေးအကြောင်းပြပြီး ညဥ့်နက်သန်းခေါင် ဧည့်စာရင်းစစ်တယ်ဆိုပြီး သူများ သမီးပျိုသားပျိုတွေရဲ့ ခြင်ထောင်တွေ လှမ်း ရှာဖွေစီးနင်းမှုတွေကို အစိုးရအာဏာနဲ့ ကျူးလွန် ချိုးဖောက်နေကြတာပါ။ ပြစ်မှု မခိုင်လုံဘဲ ချုပ်နှောင်ထားစဉ်မှာ ရိုက်နှက်ညှင်းပမ်း သတ်ဖြတ်တာဟာ နိုင်ငံသားအခွင့်အရေး ချိုးဖောက်စော်ကားနေကြတာပါ။

ရွေးကောက်ပွဲရလာဒ်ကိုအသိအမှတ်ပြုမှု (ACCEPTING THE RESULTS OF ELECTIONS)
ပြည်သူလူထုရဲ့ ပြင်းပြတဲ့ ဆန္ဒမဲတွေနဲ့ တပြည်လုံးအတိုင်းအတာနဲ့ အနိုင်ရခဲ့တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ၁၉၉၀ အထွေထွေရွေးကောက်ပွဲ အောင်ပွဲရလဒ်ကို အသိအမှတ်မပြုဘဲ ဗြောင်ငြင်းဆန်ပြီး အာဏာလွှဲမပေးခဲ့တာ ဦးသိန်းစိန် တို့ စစ်ဗိုလ်ချုပ်ကြီးတွေပါ။

အခြေခံလူ့အခွင့်အရေး (HUMAN RIGHTS)
မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ လူ့အခွင့်အရေး အချိုးအဖောက်ဆုံး တိုင်းပြည်တွေ စာရင်းထဲမှာ ထိပ်ဆုံးနားမှာ အမြဲပါခဲ့တာ နှစ်ပရိစ္ဆေဒ ကြာညောင်းလှပါပြီ။ လူမျိုးရေးခွဲခြားမှု၊ ဘာသာရေးနှိမ့်ချမှု၊ ဖိနှိပ်မှုတွေတလျှောက်လုံး လုပ်လာခဲ့တာ … အခုဆို အမျိုးဘာသာ သာသနာ အရေခြုံပြီး လူမျိုးရေးမုန်းတီးမှု၊ ဘာသာရေးမုန်းတီးမှုတွေ လှုံ့ဆော်ဖန်တီးနေတာကို လွှတ်ပေးထားတယ်။ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့် မရှိတာကလည်း ဒီနေ့အထိ မဟုတ်လား။ ပြည်သူတွေဟာ အာဏာပိုင်တွေလက်အောက်မှာ အခြေခံလူ့အခွင့်အရေးတွေ နေ့စဉ်ချိုးဖောက်ခံ နေရတယ်။

ပါတီစုံစနစ်ရှိမှု (MULTI PARTY SYSTEM)
ပါတီစုံတော့ထောင်ခွင့်ပေးထားပေမဲ့၊ မျှတမှုမရှိဘူး။ အခွင့်အရေး အတူတူပေးမထားဘူး။ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရတဲ့ အခွင့်အရေးနဲ့ တခြားပါတီတွေရဲ့ အခွင့်အရေးက ဆီနဲ့ရေလိုကွာပါတယ်။ မဲဆွယ်စည်းရုံးရေးဆင်းတာတောင် တိုင်းပြည်ဘဏ္ဍာနဲ့အစိုးရ အကူအညီတွေနဲ့ မဟုတ်လား။ ပါတီစုံရှိတယ်ဆိုတာ အယောင်ပြသာသာပါဘဲ။
တရားဥပဒေစိုးမိုးမှု (RULE OF LAW)
တရားဥပဒေစိုးမိုးမှု မရှိတာကတော့ ဥပဒေအထက်မှာ စစ်တပ်တတပ်လုံးရှိနေတာနဲ့တင် ပြောစရာ မလိုလောက်တော့ပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေကို စစ်တပ်က မပြင်ချင်ရင် မပြင်နိုင်အောင် လုပ်ထားတယ်။ ရွေးကောက်ခံစရာမလိုဘဲ တပ်မတော်ကို လွှတ်တော်ထဲ ၂၅ ရာခိုင်နှုန်း ၀င်ထိုင်ခွင့်ပေးထားတယ်။ စစ်တပ်က ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေကို ပြည်သူနဲ့ အစိုးရက အရေးမယူနိုင်အောင် လုပ်ထားမှတော့ နောက်ထပ် လူသတ် မုဒိမ်းမြေသိမ်းမှု ရာဇ၀တ်မှုတွေ ဆက်ကျူးလွန်နေကြမှာဘဲ။ ဘယ်မှာ တရားဥပဒေစိုးမိုးမှု ရှိတော့မလဲ။

ဒီဆောင်းပါးကို နိဂုံးသပ်ရရင် စည်းကမ်းပြည့်ဝသောဒီမိုကရေစီအတုကြီးကို ကျနော်တို့ မြန်မာနိုင်ငံသား အားလုံးဟာ ပြတ်ပြတ်သားသား မဆန့်ကျင်ဘူးဆိုရင် တိုင်းပြည်ဟာ စစ်ညွှန်ထဲမှာ ဆက်လက်နစ်မွန်းနေဦးမှာပါ။ အရေခြုံ ဒီမိုကရေစီအတုကြီး ဖြစ်တည်လာနေ တာကို ကိုယ်နဲ့မဆိုင်သလို ထိုင်ကြည့်နေခြင်းဟာ နိုင်ငံအပေါ် သစ္စာဖောက်ခြင်းဖြစ်သလို၊ မိမိသားမြေးမြစ် မျိုးဆက်သစ်တွေကို အမွေဆိုးထားရစ်ခြင်းလည်း မည်ပါတယ်။ ဒါကြောင့် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီအတုကြီး မရှင်သန် မကြီးထွားလာအောင် ဆိုရှယ်လစ်အတု ကြီးတုန်းကလို တိုင်းပြည်ကို နှစ်ပေါင်းများစွာ ၀ါးမြိုဖျက်ဆီးခွင့် မကြုံရလေအောင် ၀ိုင်းဝန်း ကာကွယ်တားဆီးဖို့ လိုပါတယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် လျှောက်လှမ်းနေတဲ့ စစ်မှန်တဲ့ အမျိုးသား ပြန်လည်တည်ဆောက်ရေး၊ ဂုဏ်သိက္ခာရှိတဲ့ ဒီမိုကရက်တစ်နိုင်ငံတည်ဆောက်ရေးအတွက် အထောက်အကူ ဖြစ်ရာဖြစ်ကြောင်းကိစ္စတွေမှာ ၀ိုင်းဝန်းအားဖြည့်ပါ။ ပုဒ်မ ၄၃၆ အစရှိတဲ့ ပြည်သူမကြည်ဖြူတဲ့ ဥပဒေပုဒ်မဆိုးတွေပြင်ဆင်နိုင်ဖို့ ပူးပေါင်းဆောင်ရွက်ပါ။ လာမဲ့ ၂၀၁၅ ရွေးကောက်ပွဲ တရားမျှတသန့်ရှင်းအောင်ဝိုင်းဝန်း စောင့်ကြပ်ပါ။ မိမိအသဲကြားက မဲတပြားကို ခွေးစားမခံရအောင် ဂရုပြုပါ။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး ပြည်သူကို ရင်ဝယ်သားလိုအုပ်ချုပ်မဲ့ မိဘနဲ့တူသော အစိုးရတရပ်ပေါ်ထွန်းအောင် မိမိဆန္ဒမဲပြားကို ထိထိ ရောက်ရောက် အသုံးချကြဖို့အလေးအနက် တိုက်တွန်းလိုက်ပါတယ်။

မင်းကောင်းချစ်
မေလ (၂) ရက် ၂၀၁၅ ခုနှစ်
ကိုးကား – http://www.streetlaw.org/en/Page/72/International_Lesson_Plans_Publications_and_Resources



အမေရိကန်အောက်လွှတ်တော်ဥက္ကဌ John Boehner ရဲ့ ဖိတ်ကြားချက်အရ ၀ါရှင်တန်ဒီစီမြို့တော်မှာ ရောက်ရှိနေတဲ့ ပြည်သူ့လွှတ်တော်ဥက္ကဌ နဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဥက္ကဌ သူရဦးရွှေမန်းကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် သီးသန့် တွေ့ဆုံမေးမြန်းထားပါတယ်။

RFA

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့ ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆန်းမြို့မှာ ကျင်းပနေတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၁၂ ဖွဲ့ရဲ့ ထိပ်သီးခေါင်းဆောင်များအစည်းအဝေးမှာ သဘောတူညီမှု ရသွားပါတယ်။

အစည်းအဝေး ၄ ရက်မြောက်နေ့ ဖြစ်တဲ့ မေ ၄ ရက်နေ့မှာ သဘောတူညီမှု ရသွားတာလို့ ၀ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော် (ယူဒဗလျူအက်စ်အေ) ပြောခွင့်ရ ဦးအောင်မြင့်က ဒီဗွီဘီကို ပြောပါတယ်။

“ဒါအားလုံးက သဘောတူတယ်။ အားလုံးက ဆွေးနွေးကြတယ်။ အဖွဲ့တိုင်းက ပြောကြတယ်။ မနေ့က အားလုံးအဖွဲ့အစည်းတွေ ကိုယ့်အမြင်သူ့အမြင် အားလုံးထပ်ပြီးတော့ ဆွေးနွေး တင်ပြ သွားပြီးပြီ။ ဒီနေ့က ဘုံသဘောတူညီချက် ဒါမှမဟုတ် ထုတ်ပြန် ကြေညာချက်ကိစ္စကို တဖွဲ့တဦး အစည်းအဝေး အတွင်းရေးမှူးအဖွဲ့နဲ့ အားလုံး အခုထိုင် ဆွေးနွေးနေကြတယ်။”

တိုင်းရင်းသား လက်နက်အဖွဲ့ ၁၂ ဖွဲ့ ထိပ်သီးခေါင်းဆောင်များ မျက်နှာစုံညီ အစည်းအဝေးကို မနက်ဖြန် မေ ၆ ရက်ထိ ဆက်လက်ကျင်းပမှာဖြစ်ပြီး ဆွေးနွေးပွဲအပြီး ဘုံသဘောတူညီချက် ထုတ်ပြန်ကြေညာသွားမယ်လို့လည်း ဦးအောင်မြင့်က ပြောပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၁၂ ဖွဲ့က ထိပ်သီးခေါင်းဆောင်တွေဟာ ၀ပြည် သွေးစည်းညီညွှတ်ရေးတပ်မတော်ဌာနချုပ် တည်ရှိရာ ပန်ဆန်းမြို့မှာ မေ ၁ ရက်နေ့ ကတည်းက ပြည်တွင်းငြိမ်းချမ်းရေး၊ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးနဲ့ မြန်မာနိုင်ငံ လက်ရှိ နိုင်ငံရေး အခြေအနေတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနေကြတာပါ။

ညီလာခံ တက်ရောက်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့ကတော့ ရှမ်းပြည် တပ်မတော်တောင်ပိုင်းအဖွဲ့ (အာရ်စီအက်စ်အက်စ်၊ အက်စ်အက်စ်အေ)၊ ကချင်လွတ်လပ်ရေး အဖွဲ့ (ကေအိုင်အေ၊ ကေအိုင်အို)၊ ကရင်အမျိုးသားအစည်းအရုံး(ကေအန်ယူ)၊ တအာင်း လွတ်မြောက်ရေးတပ်မတော်(ပီအက်စ်အယ်လ်အက်ဖ်)၊ ရခိုင်တပ်မတော် (အေအေ)၊ ရှမ်းပြည်တပ်မတော်မြောက်ပိုင်း (အက်စ်အက်စ်ပီပီ၊ အက်စ်အက်စ်အေ)၊ မိုင်းလား တပ်ဖွဲ့(အန်ဒီအေအေ)၊၊ မွန်ပြည်သစ်ပါတီ(အန်အမ်အက်စ်ပီ)၊ ၀တပ်ဖွဲ့(ယူဒဗလျူအက်စ်အေ)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (ပီအန်အယ်လ်အို)၊ ကိုးကန့်တပ်ဖွဲ့(အမ်အန်ဒီအေအေ)၊ ကရင်နီအမျိုး သားတိုးတက်ရေးပါတီ (ကေအန်ပီပီ)တို့ ဖြစ်ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/91682

ထိုင်းနိုင်ငံအလယ်ပိုင်း ချွန်းပူရီခရိုင် ချွန်းပူရီမြို့မှာ စွန့်ပစ်ခံရတဲ့ မွေးကင်းစ ကလေးငယ်ကို ခွေးမတကောင်က ကိုက်ချီကယ်ဆယ်ခဲ့တယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ မေ ၃ ရက် ည ၉ နာရီခွဲအချိန်က ဆမစ်ရပ်ကွက် ဖတ်ထနားဗျူးအိမ်ယာနားမှာ စွန့်ပစ်ခံရတဲ့ မွေးစကလေးတယောက် တွေ့ရှိကြောင်း သတင်းပေးချက်အရ ကယ်ဆယ်ရေး အဖွဲ့တွေနဲ့အတူ အဲဒီကလေးငယ်ကို သွားခေါ်ခဲ့တယ်လို့ ဆမစ်ရဲစခန်း တာဝန်ကျရဲမှူး ဗိုလ်မှူးပရထစ်ပ်ထောင်း ဒီးက သတင်းထောက်တွေကို ပြောပြပါတယ်။

ကလေးငယ်ကို စတင်တွေ့ရှိသူ နိုင်းနွဲ့ ဆိုသူက ရဲတပ်ဖွဲ့ကို ပြောပြရာမှာ အဲဒီညက ဆိုင်ကယ်နဲ့ အပြင်သွားပြီးအပြန် ရပ်ကွက်အမှိုက်ပုံနားမှာ ခွေး ၃ ကောင်က တခုခုလုနေတာ မြင်ရကြောင်း၊ အနီးရောက်တော့ ကလေးငိုသံပါ ကြားလို့ ဆိုင်ကယ်ရပ်ပြီး ကြည့်နေစဉ် ခွေးတကောင်က ကလေးငယ်ကို ကိုက်ချီလာပြီး ၁၀ မီတာအကွာ အိမ်ယာအရှေ့နား လာချထားတာ မြင်တဲ့ အတွက် ရဲစခန်းကို ဖုန်းဆက်အကြောင်းကြားတာလို့ ဆိုပါတယ်။

sကယ်ဆယ်ရေးအဖွဲ့ဝင်တွေက ကလေးငယ်ကို စစ်ဆေးရာမှာ မိန်းကလေးဖြစ်ပြီး ဖြူတဲ့ အသားအရေ ရှိကြောင်း ၊ သူ့တကိုယ်လုံး ခွေးကိုက်ရာတွေနဲ့ ပြည့်နေပေမယ့် အသက်ရှင်လျက် တွေ့ရှိရတယ်လို့ ဆိုပါတယ်။

ကလေးလာစွန့်ပစ်သူကို တရားဥပဒေအရ အရေးယူနိုင်ဖို့ အဲဒီအနီးတ၀ိုက်က စောင့်ကြည့် ကင်မရာတွေကို စစ်ဆေးလျက်ရှိကြောင်း၊ ကလေးငယ်ကို ကိုက်ချီပြီး လူနေအိမ်နား လာ ချထားပေးတဲ့ (နုံးဆွတ်) အမည်ရှိ ခွေးမကိုတော့ မြို့နယ်ရဲမှူးက ခွေးလည်ပတ်တခုကို လက်ဆောင်ပေးကာ ကြက်ကင်ဝယ်ကျွေးပြီး ဆုချခဲ့တယ်လို့ သတင်းမှာ ဖော်ပြသွားပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/91684

ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ ဒေသခံတချို့နဲ့ ဖွဲ့စည်းထားတဲ့ တရားဥပဒေစိုးမိုးရေးနဲ့ ငြိမ်းချမ်းရေးအဖွဲ့ကို နိုင်ငံရေး ပါတီတွေ၊ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ ဒေသခံတွေက ကန့်ကွက်ကြောင်း လက်မှတ်တွေ ကောက်ခံနေပါတယ်။

အဲဒီအဖွဲ့ကို အစိုးရက တရားဝင်ဖွဲ့စည်းပေးထားတာမဟုတ်သလို အဖွဲ့ရဲ့လုပ်ဆောင်ချက်တွေအပေါ်မှာ တာဝန်ယူမယ့် ဌာနလည်းမရှိတာကြောင့် အခုလိုကန့်ကွက်တာဖြစ်တယ်လို့ တောင်ကြီးခရိုင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးတင်မောင်တိုးက ပြောပါတယ်။

"ဒီအဖွဲ့အစည်းက တရားဝင်ဖွဲ့စည်းထားခြင်း မရှိဘူးပေါ့၊ အဖွဲ့ရဲ့လုပ်ရပ်တွေကို တာဝန်ခံမယ့် ဌာနဆိုင်ရာမရှိဘူး၊ ပြဿနာတစ်စုံတစ်ရာ ဖြစ်လာနိုင်တယ်၊ ပြီးတော့လုံခြုံရေးအဖွဲ့ဆိုပြီး တုတ်တွေ စက်တွေ ကိုင်လာတာကိုး၊ နောက်စတိတ်ရှိုးတွေ ဘာသာရေးပွဲတွေ ရိုးရာပွဲတွေမှာ လုံခြုံရေးယူတယ်ပေါ့၊ ဒီအဖွဲ့နဲ့ လူငယ်တွေနဲ့ ရိုက်ပွဲတွေ ဖြစ်လာနိုင်တယ်လေ၊ ဖြစ်လာရင် တာဝန်ယူမလားဆိုတော့ ရဲတပ်ဖွဲ့ကလည်း မယူဘူးတဲ့၊ သူတို့ဖွဲ့စည်းထားတာ မဟုတ်ဘူးပေါ့၊ ကျနော်ကမေးပြီးပြီ တာဝန်ယူမယ့်လူမရှိဘူးပေါ့"

တောင်ကြီးမြို့နယ် အောင်မြေဘုံစံကျောင်းတိုက်မှာ မေလ ၂ရက်နေ့ကစပြီး လက်မှတ်တွေ စုဆောင်းနေတာ အခုဆို ၅၀၀ ကျော် ကောက်ခံရရှိထားတယ်လို့ သိရပါတယ်။

ကောက်ခံရရှိထားတဲ့ လက်မှတ်တွေကို မနက်ဖြန်မှာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ရဲတပ်ဖွဲ့နဲ့ ပြည်နယ်လွှတ်တော် ဥက္ကဌတို့အပြင် ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်နဲ့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဌတို့ထံလည်း ပေးပို့သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

တရားဥပဒေစိုးမိုးရေးနဲ့ ငြိမ်းချမ်းရေးအဖွဲ့ဟာ တောင်ကြီးမြို့မှာပြုလုပ်တဲ့ ဆန္ဒပြပွဲတွေနဲ့ ပွဲလမ်းသဘင်အခမ်းအနားတွေမှာ ပြောက်ကျားအင်္ကျီတွေ ဆင်တူဝတ်ဆင်ထားသလို နံပါတ်တုတ်တွေနဲ့ စကားပြောစက်တွေ ကိုင်ဆောင်ပြီး ရဲတပ်ဖွဲ့နဲ့အတူ လုံခြုံရေးယူခဲ့တာတွေရှိတယ်လို့ သိရပါတယ်။

RFA


 ရန်ကုန်၊ မေလ ၅

 မင်းပြား၊ ရသေ့တောင်နှင့် ကျောက်ဖြူမြို့အပါအ၀င် ရခိုင်ပြည်နယ် အနှံ့အပြားမှ ရက္ခိုင့်တပ်မတော် ဆက်စပ် သံသယဖြင့် ဖမ်းဆီးထားသူ ၁၇ ဦးအား မေလ ၄ ရက်နေ့က ကျောက်တော်မြို့နယ် တရားရုံးကိုတင်ကာ စစ်ဆေးရန် ရမန်ယူသွားသည်ဟု သိရသည်။

“ ဟုတ်ပါတယ်။ မြို့နယ် တရားရုံးမှာ ရမန်ယူပါတယ်။ တပ်က ရမန်ယူတာ ဖြစ်ပါတယ်။ တပ်က စစ်ဆေးစရာရှိတာကြောင့် ရမန်ယူတဲ့အတွက် ကျွန်တော်တို့ အနေနဲ့ အသေးစိတ် ပြောဆိုဖို့ အခက်အခဲ ရှိပါတယ်” ဟု ကျောက်တော်မြို့ ရဲစခန်းမှူးက ပြောကြားသည်။

ဖမ်းဆီးထားသူ ၁၇ ဦးမှာ ကျောက်ဖြူ၊ ရသေ့တောင်နှင့် မင်းပြားမြို့နယ်တို့က ဖြစ်ပြီး  ကျောက်တော်မြို့ သို့ မေလ ၂ ရက်နေ့က ပို့ဆောင်ခံထားရသူများ ဖြစ်ကြောင်း သိရသည်။

သူတို့အား ကျောက်တော်မြို့ ရဲစခန်းချုပ်နှောင်ထားပြီး စစ်ဆေးမှုများ ဆက်လက် ပြုလုပ်သွားမည်ဟု သိရသည်။

တစ်ခြား သတင်းတစ်ရပ်တွင် တိုက်ပွဲ ဖြစ်ပွားရာဒေသများမှ ဖမ်းဆီးခံထားရသူများကို စစ်တပ်က ပြန်လည် လွှတ်ပေးလိုက်သည်ဟု ဖော်ပြသည်။

“ လွှတ်ပေးလိုက်တဲ့ အထဲမှာ ၀ဲကြီးထောင့်ရွာက ၂ ဦး၊ လင့်စင်ရွာသစ်က ၁၁ ဦး၊ စုစုပေါင်း ၁၃ ဦး ပြန်လွှတ်မြောက်လာပါတယ်။ ကျန်တာကတော့ သုံးယောက်ကျန်ပါသေးတယ်” ဟု အဆိုပါ ဒေသသို့ လူမှုရေး အကူအညီ သွားပေးခဲ့သူ ကျောက်တော် အမျိုး သမီး ကွန်ရက်မှ ဒေါ်လှမေက ပြောဆိုသည်။

ဝဲကြီးထောင့်ကျေးရွာမှ ၃  ယောက် အဖမ်းဆီးခံထားရရာတွင် နှစ်ဦးလွှတ်မြောက်လာပြီး ဦးကျော်ထွန်း (၅၂) နှစ် ဆိုသူမှာ ဆက်လက် ဖမ်းဆီးခံထားဆဲ ဖြစ်ကြောင်း သိရသည်။

နိရဉ္စရာ
http://www.narinjara.com/burmese

 မြန်မာ နိုင်ငံမှာ ကမ္ဘာ့ဘဏ် က ဖွံ့ဖြိုးရေးတွေ ဆောင်ရွက်
 ကမ္ဘာ့ဘဏ် ချေးငွေ တွေ နဲ့ အစိုးရ ရဲ့ မွေးမြူရေး နဲ့ ရေလုပ်ငန်း ဝန်ကြီး ဌာန က ဒေါ်လာ သန်း ၄ဝဝ တန် စီမံကိန်း တွေ အကောင် အထည် ဖော် ဆောင် ရွက် နေပါတယ်။

ဒီစီမံကိန်း တွေ ဟာ ဘယ်လောက် ပွင့်လင်း မြင်သာမှု ရှိသလဲ၊ ဘယ်လို လုပ်ဆောင် နေသလဲ ဆိုတာ သိရအောင် အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ် NLD က ကမ္ဘာ့ဘဏ် ကိုယ်စားလှယ်တွေ ကို ဖိတ်ခေါ် ရှင်းလင်း ပြစေ ခဲ့ပါတယ်။

NLD ရဲ့ ရည်ရွယ်ချက် က အတိုးမဲ့ ကမ္ဘာ့ဘဏ်က ချေးထားတဲ့ ငွေနဲ့ ဆောင်ရွက် တဲ့ စီမံကိန်း တွေ တိုင်းပြည်မှာ ဘယ်လောက် အကျိုးရှိ မရှိ သိချင်လို့ ရှင်းပြ စေခဲ့တာလို့ ဆွေးနွေးပွဲ မှာ တက်ခဲ့တဲ့ NLD လွှတ်တော် အမတ် ဒေါ်စန္ဒာမင်း က ပြောပါတယ်။

အစိုးရက လွှတ်တော်မှာ ရေလုပ်ငန်း ဝန်ကြီးကို လွှတ်ပြီး စာမျက်နှာ ၃ မျက်နှာ လောက်နဲ့ ရှင်းပြတာက မလုံလောက်ဘူး၊ အစိုးရ အနေနဲ့ ဘယ်တုံး ကမှ အပြည့်အစုံ ရှင်းပြလေ့ မရှိလို့ တဘက်ကို အကူအညီ တောင်းရတာ လို့ သူက ဆိုပါတယ်။

ကမ္ဘာ့ဘဏ် က နောက်ထပ် ပေးမယ့် အချက်အလက် တွေကို မူတည်ပြီး ဒီစီမံကိန်း တွေကို NLD က ထောက်ခံမခံ ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese

ငလျင်ဘေးကြောင့် အိုးအိမ်ပျက်စီးသွားပြီး ယာယီတဲနဲ့ နေထိုင်နေရတဲ့ နီပေါပြည်သူတွေ သောက်ရေရဖို့ တန်းစီနေစဉ်။ 
 နီပေါနိုင်ငံမှာ အင်အားပြင်းထန်တဲ့ မြေငလျင် လှုပ်ခတ်ခဲ့ပြီး လူပေါင်း (၇) ထောင် ကျော်သေဆုံးကာ ထောင်ပေါင်းများစွာ ထိခိုက်အနာတရတွေ ဖြစ်ခဲ့ ရတဲ့အပြင် အိုးအိမ်တွေ ပျက်စီးဆုံးရှုံးခဲ့ရပြီးတဲ့နောက် နိုင်ငံတကာ အကူညီပေးရေး အဖွဲ့အစည်းတခုနဲ့ ဘာသာရေး အသင်းအဖွဲ့တွေ တခြား အဖွဲ့အစည်း တွေက နီပေါနိုင်ငံကတင်ရှိနေတဲ့ အကြွေးတွေကို လျှော်ပေးကြဖို့ တောင်းဆိုလိုက်ပါတယ်။

Jubliee Network USA အဖွဲ့ဟာ ဘာသာရေးအဖွဲ့တွေနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆင်းရဲမွဲတေမှု ပပျောက်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နေတဲ့ ညွန့်ပေါင်း အဖွဲ့အစည်းဖြစ်ပါတယ်။ မြေငလျှင် မလှုပ်ခင်ကာလတုန်းက နီပေါနိုင်ငံဟာ နိုင်ငံတကာက ငွေကြေးချေးငှားသူတွေထံကို နှစ်စဉ် ဒေါ်လာ သန်း ၂၂ဝ အကြွေးပြန်ဆပ်နေရတယ်လို့ ညွန့်ပေါင်း အဖွဲ့အစည်းရဲ့အမှုဆောင် ဒါရိုက်တာ Eric LeCompte က ပြောပါတယ်။

နောက်ပိုင်းမှာ အဲဒီလို ထပ်ပြီး ပေးဆောင်နေရမယ့် အကြွေးတွေကို နိုင်ငံပြန်လည် တည်ဆောက်ရေးလုပ်ငန်းတွေမှာ အသုံးပြုဖို့ ဖြစ်သင့်တယ်လို့ သူကပြောပါတယ်။

နိုင်ငံတကာကနေ ငွေကြေးခြေးငှားသူတွေဟာ အနောက်အာဖရိက မှာ အီဘိုလာရောဂါ ဆိုးဆိုးရွားရွားဖြစ်ပွားချိန်တုံးက အဲဒီမှာရှိတဲ့ နိုင်ငံတွေက ပေးဖို့ရှိတဲ့ အကြွေးတွေကို လျှော်ပေးခဲ့တယ်လို့ LeCompte ကပြောပါတယ်။

နီပေါနိုင်ငံမှာ လူပေါင်း ၂၈ သန်း နီးပါးရှိပြီး မြေငလျင်ဒဏ်မခံရခင်က နှစ်စဉ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဟာ ၅% ရှိတယ်လို့ ကမ္ဘာ့ဘဏ်က ပြောပါတယ်။

ဗွီအိုအေ (မြန်မာဌာန)
http://burmese.voanews.com

 ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ဧပြီလ ၄ ရက်နေ့က စတင်ကျင်းပတဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး မူကြမ်း စာချုပ်ရေးဆွဲရေး ဆွေးနွေးပွဲမှာ KNU အထွေထွေအတွင်းရေး မှူး ပဒို စောကွယ်ထူးဝင်းကို တွေ့ရစဉ်။ photo: Kyaw Lwin Oo, Thiha Tun/RFA
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်း NCA ရရှိပြီးဖြစ်ပေမယ့် တိုင်းရင်းသားဒေသတချို့မှာ အစိုးရက တပ်အင်အားတွေ တိုးချဲ့ပြီး ထိုးစစ်ဆင်မူတွေလုပ်နေ တာဟာ နှစ်ဖက်ယုံကြည်မှုကို ထိခိုက်စေတယ်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ညီလာခံ မှာဆွေးနွေးကြကြောင်း KNU ကရင်အမျိုးသား အစည်းအရုံး အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

တိုင်းရင်းသားဒေသတချို့မှာ တိုက်ပွဲတွေဖြစ်နေတာနဲ့ ပတ်သက်ပြီး ယုံကြည်မှုထိခိုက်စေနိုင်ကြောင်း ဒီကနေ့ ဆက်လက်ကျင်းပခဲ့တဲ့ "၀" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ပန်ဆန်းမြို့မှာ ကျင်းပနေတဲ့ တိုင်းရင်းသားလက်နက် ကိုင် ၁၂ဖွဲ့ရဲ့ ညီလာခံ ၃ရက်မြောက်နေ့မှာ တင်ပြဆွေးနွေးခဲ့ကြတယ်လို့ ပဒိုစောကွယ်ထူးဝင်း က ပြောပါတယ်။

"NCA ရဲ့ အတည်ပြုမူကြမ်းကိုရပေမယ့်လို့ အစိုးရတပ်အင်အား တိုးချဲ့လုပ်ဆောင်တာက သံသယစိတ်ရှိတာတို့ စိုးရိမ်စိတ်ရှိတာတို့ ယုံကြည်ချက်က လျော့သွားတဲ့သဘောပေါ့နော်"

ညီလာခံက ဆုံးဖြတ်ချက်တွေဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ စုစည်းထားတဲ့ NCCT ထိပ်သီးဆွေးနွေး ပွဲအပေါ် အကျိုးသက်ရောက်မူတွေရှိနိုင်ပြီး တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်မူကြမ်းကို ပြင်ဆင်ဖြည့်စွက်တာတွေ ရှိလာနိုင်ကြောင်းလည်း အဲဒီ့ဆွေးနွေးပွဲမှာ တက်ရောက်နေတဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်က ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောပါတယ်။

အစိုးရနဲ့ သဘောတူညီထားတဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းက အချက်တချို့ကို ပြင်ဆင်ဖို့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP၊ ကိုးကန့်အဖွဲ့ MNDAA နဲ့ ရက္ခိုင့်တပ်မတော် AA တို့က သဘောထားတွေ တင်ပြထားတယ်လို့လည်း သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese

Author Name

Contact Form

Name

Email *