05/09/15


သမ္မတဦးသိန်းစိန် သမ္မတအဖြစ် ၀င်အရွေးခံမယ်လို့ ယတိပြတ် မပြောကြားတဲ့အချက် ကလည်း ပြည်ခိုင်ဖြိုးပါတီရဲ့ မူဝါဒအရ ဖြစ်နိုင် ပါတယ်။ ပြည်ခိုင်ဖြိုးပါတီမှာ ဥက္ကဋ္ဌတွေဖြစ်ကြတဲ့ ဦးသိန်းစိန်၊ ဦးရွှေမန်းတို့ထက် ပါတီဗဟိုကော်မတီ အတိုင်ပင်ခံတွေဟာ ပိုသြဇာရှိပါတယ်။ (ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီ အတိုင်ပင်ခံ ဦးအောင်သောင်းရဲ့ အင်တာဗျူးများ ကို လေ့လာကြည့်ရင် တွေ့နိုင် ပါတယ်) ပြည်ခိုင်ဖြိုး ဗဟိုကော်မတီ အတိုင်ပင်ခံတွေဟာ အရင်အာဏာပိုင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ အထူးယုံကြည် စိတ်ချရသူတွေဖြစ်ပြီး ၂၀၁၅ ရဲ့ သမ္မတလောင်းရွေးချယ်မှုမှာ အခရာကျလာဖွယ်ရှိပါတယ်။ ဒါမှမဟုတ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ သြဇာလက်တံဟာ ၂၀၁၅ ထိ ရှိနေဦးမယ် ဆိုရင်တော့ …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

၂၀၁၅ ဧပြီလကုန်မှာ အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ John Boehner ရဲ့ ဖိတ်ကြားချက်အရ ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်း အမေရိကန် ပြည်ထောင်စုကို သွားပါတယ်။ ၀ါရှင်တန် ဒီစီရောက်ခိုက် VOA သတင်းဌာနနဲ့ သူရဦးရွှေမန်းဟာ တွေ့ဆုံမေးမြန်းခန်း တစ်ခု ပြုလုပ်ခဲ့ပါတယ်။ VOA ရဲ့ မေးမြန်းချက် တွေထဲ က မေးခွန်းတစ်ခုက စိတ်ဝင်စားစရာ ကောင်းပါတယ်။

VOA။ ။ ဟုတ်ကဲ့၊ ရွေးကောက်ပွဲ ပြီးသွားတဲ့ အခါကျလို့ရှိရင် အများစု အနိုင်ရရှိတဲ့ ပါတီအနေနဲ့ အဓိက အားဖြင့်တော့ ဒုသမ္မတလောင်းတွေ၊ သမ္မတလောင်းတွေ တင်သွင်းရမှာပေါ့လေ။ အဲဒီအခါကျရင် သမ္မတလောင်း အဖြစ် တင်သွင်းခံယူဖို့ စိတ်ဝင်စားမှုရှိတယ်ဆိုတာ ဥက္ကဋ္ဌကြီး ပြောထား ခဲ့ပြီးပါပြီ။ ဒီနေရာမှာ ကျွန်တော်တို့လည်း သိပ်တော့ မရှင်းလင်းတဲ့ အချက်တစ်ခု ရှိပါတယ်။

အထူးသဖြင့် ဒါ အမေရိကန် ပြည်ထောင်စုဆိုတော့ အမေရိကန်မှာ လက်ရှိပါတီတစ်ခုရဲ့ သမ္မတဟာ သက်တမ်းနှစ် ဆက်အထိ လုပ်ပိုင်ခွင့်ရှိတယ်ဆိုတော့ ဒီသမ္မတ တစ်ယောက်ဟာ ဒုတိယ သက်တမ်းမှာ သူကိုယ်တိုင်ဝင်ပြီးတော့ အရွေးခံမယ်ဆိုရင် သူ့ရဲ့ပါတီအနေနဲ့ နောက်ထပ် Candidate (ပြိုင်ဘက် သမ္မတလောင်း) တစ်ယောက်ပေါ့နော်။ တင်သွင်းဖို့ဆိုတာ မရှိပါဘူးခင်ဗျ။ အဲတော့ ဒီအချက်အလက်က မြန်မာနိုင်ငံမှာ ရှင်းလင်းပြီလားခင်ဗျ။ ဥပမာအားဖြင့် ပြည်ခိုင်ဖြိုးပါတီဆိုရင် သမ္မတကြီး ဦးသိန်းစိန်က လာမယ့်သက်တမ်းမှာ သမ္မတအဖြစ် ဆက်လက် တာဝန်မယူဘူးဆိုမှ ပြည်ခိုင်ဖြိုးပါတီက ဥက္ကဋ္ဌကြီးတို့ကို ဒါမှမဟုတ် တခြားအမည်စာရင်း တင်သွင်း၊ တင်ထိုက်တဲ့သူတွေကို တင်မှာလား၊ ဘယ်လိုလုပ်ငန်းစဉ် လဲဆိုတာ ကျွန်တော်တို့ မရှင်းဘူးဖြစ်နေပါတယ်။ အဲဒါလေး နည်းနည်းရှင်းပြပေးပါ။

ဦးရွှေမန်း။ ။ ဒီကိစ္စက ပါတီတွင်းကိစ္စ ဖြစ်ပါတယ်။ မှန်ပါတယ်။ မြန်မာနိုင်ငံမှာလည်း သမ္မတအနေနဲ့ သက်တမ်း နှစ်ကြိမ်တိုင် လုပ်ခွင့်ရှိပါတယ်။ ပထမအကြိမ် သက်တမ်းမှာလည်း ပါတီရဲ့မူဝါဒအရ မည်သူက ပါတီရဲ့ သမ္မတလောင်း ဒီလိုသတ်မှတ်ထားသလို လာမယ့် လာမယ့် ရွေးကောက်ပွဲတွေမှာလည်း ဒီလိုပဲ ပါတီရဲ့ သတ်မှတ်ချက်အရ ပါတီဝင်တစ်ယောက် အနေနဲ့ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

ဒီမေးခွန်းဟာ သာမန်ကြည့်ရင် ရိုးစင်းတဲ့ မေးခွန်းတစ်ခုဖြစ်ပေမယ့် ပြည်ခိုင်ဖြိုးပါတီရဲ့ သမ္မတလောင်း (ဒုသမ္မတ) တစ်ဦး ဘယ်သူ့ကို ရွေးချယ်မယ်ဆိုတာ မြန်မာ့နိုင်ငံရေး ရပ်ဝန်းကြား အာရုံအထူးစိုက်နေ ကြတဲ့အတွက် စိတ်ဝင်စားဖွယ် မေးခွန်းလို့ ဆိုရခြင်းဖြစ်ပါတယ်။

(လွှတ်တော်တစ်ရပ်ရပ်မှာ မဲအများစု ရခဲ့သည်ဖြစ်စေ၊ မဲအများစုရနိုင်တဲ့ အနိုင်ရ ပါတီ ကိုယ်စား လှယ်တွေရဲ့ ထောက်ခံမှုနဲ့ သမ္မတလောင်း (ဒုသမ္မတ) တစ်ယောက် တင်သွင်းရတော့မယ်ဆိုရင် ပြည်ခိုင်ဖြိုး ပါတီအနေနဲ့ သမ္မတလောင်းတစ်ယောက် ကျိန်းသေ ရွေးချယ်ထားရမှာပါ)။ လက်ရှိမှာ သူရဦးရွှေမန်းက သမ္မတဖြစ်ချင်တယ် လို့ အကြိမ်များစွာ ပြောခဲ့ဖူးပေမယ့် လက်ရှိသမ္မတ ဦးသိန်းစိန်ကတော့ နောက်ရာထူး သက်တမ်းမှာ သမ္မတလောင်းအဖြစ် ၀င်ရွေးမယ်လို့ ယတိပြတ် ပြောကြားထားတာ မရှိသေးဘဲ ပြည်သူကဆန္ဒရှိရင် ဆက်လုပ် ပါမယ်လို့သာ ဝေေ၀၀ါးဝါး ပြောကြားထားတာ ရှိပါတယ်။ ကာချုပ်ကိုလည်း သမ္မတလောင်းအဖြစ် ထင်ကြေး ပေးကြပေမယ့် ကာချုပ်ကတော့ ၀င်ရွေး၊ မရွေး ယတိပြတ် စကားပြောကြားခြင်း မရှိပါဘူး။

သူရဦးရွှေမန်းကတော့ သမ္မတ ရည်မှန်းချက်ပြင်းပြသူဆိုတာ လက်ရှိအင်တာဗျူးမှာတင် ဖြေကြားချက်များ အရကို ထင်ရှားပေါ်လွင်နေပါတယ်။ VOA က သမ္မတ ရာထူး ထမ်းဆောင်ခွင့်ရရင် လက်ရှိသမ္မတထက်ပိုပြီး သာလွန်အောင် ဘာတွေများ လုပ်ဆောင်ပေးနိုင်လိမ့်မယ်လို့ ယူဆပါသလဲ ခင်ဗျာလို့ မေးမြန်းရာမှာ သူရဦးရွှေမန်း ပြန်လည်ဖြေကြားရာမှာ-

( ဦးရွှေမန်း။ ။ သမ္မတရာထူးအဖြစ် ထမ်းဆောင်ရမယ်ဆိုရင် ဒီနေ့လွှတ်တော်ဥက္ကဋ္ဌ တစ်ယောက် အနေနဲ့ တွေ့ကြုံခဲ့တဲ့ အတွေ့အကြုံတွေ၊ အတွေးအမြင်တွေရယ်၊ ပြီးတဲ့အခါမှာ တခြားတခြား အစိုးရ အဖွဲ့ အစည်း များရဲ့ လုပ်ဆောင်ချက်တွေရယ်၊ မိမိအစိုးရအဖွဲ့အစည်းများရဲ့ လုပ်ဆောင်ချက်တွေ ရယ် တော်တော်လေး လေ့လာ ထားရှိပြီး ဖြစ်ပါတယ်။ လွှတ်တော်နဲ့အစိုး ရကြား ဆောင်ရွက်မယ့် ကိစ္စတွေ ပြေပြစ်ချောမွေ့ပြီး အောင်မြင်နို င်စေမယ့် အချက်တွေလည်း တွေ့ရှိထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ခုနက ဆွေးနွေးခဲ့သလို နယကအဖွဲ့ဝင်အဖြစ် ၁၉၉၇ ခုက စပြီးတော့ ဆောင်ရွက်ခဲ့တယ်။ ဒီမှာ ထူးထူးခြားခြား တပ်မတော်ရဲ့ ထိပ်တန်းခေါင်းဆောင် အဖြစ်နဲ့ နယကအဖွဲ့မှာလည်း ပိုပြီးတော့ မြင့်မားတဲ့ တာဝန်ထမ်းဆောင်ခဲ့ရတဲ့ အတွေ့အကြုံတွေ များစွာရှိပါတယ်။ လေ့လာ မှုလည်း များစွာရှိပါတယ်။ ဒါကြောင့်မို့လည်း အဲဒီအတွေ့ အကြုံတွေ၊ အဲဒီလေ့လာမှုတွေ၊ စေတနာတွေ၊ လုပ်နည်းလုပ်ဟန်တွေက မိမိ ထမ်းဆောင်ရမယ့် မည်သည့် တာဝန်မဆို ပိုပြီးတော့ ကောင်းမွန်စွာ ဆောင် ရွက်နိုင်မယ်လို့ မိမိက ယုံကြည်ပါတယ်)

ဦးရွှေမန်းရဲ့ ဖြေကြားချက်ကို လေ့လာကြည့်ရင် သမ္မတအရည်အချင်းနဲ့ ပြည့်စုံသူဖြစ်ကြောင်း မိမိကိုယ် ကိုယ် လော်ဘီ လုပ်သွားတာဟာဖြင့် သမ္မတ ရည်မှန်းချက် ပြင်းပြသူတစ်ယောက် အဖြစ်ကို ပေါ် လွင်စေခဲ့ပါတယ်။ အမှန်တော့ လွှတ်တော် နာယက သူရဦးရွှေမန်းဟာ စစ်အစိုးရခေတ်က နံပါတ်(၃)အဆင့်ရှိပြီး လက်ရှိသမ္မတ ဦးသိန်းစိန် (စစ်အစိုးရခေတ် ၀န်ကြီးချုပ်) ထက် တပ်ပိုင်းဆိုင်ရာမှာ စီနီယာပိုကျပါတယ်။ ဒါကြောင့်ပဲ ၂၀၁၀ ရွေးကောက်ပွဲ အလွန်မှာ ဦးရွှေမန်းသမ္မတ ဖြစ်လာမယ်လို့ ရေပန်းစားခဲ့ပါတယ်။ ဒါပေမဲ့ အရင်အာဏာပိုင် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဦးသိန်းစိန်ကို သမ္မတအဖြစ် ရွေးချယ်ခဲ့တယ်လို့ ကြံ့ခိုင်ရေး အတိုင်ပင်ခံ ဗဟိုကော်မတီဝင်တစ်ဦးက ပြောကြားခဲ့ဖူးပါတယ်။ လက်ရှိ ၂၀၁၅ မှာတော့ သူရဦးရွှေမန်းအနေနဲ့ သမ္မတ ရာထူးကို လိုချင်မှု ထက်ထက်သန်သန် ရှိနေတာကို တွေ့ရပါတယ်။

သူရဦးရွှေမန်းနဲ့ သမ္မတဦးသိန်းစိန်တို့ကြား ပွတ်တိုက်မှု၊ အားပြိုင်မှုတွေ ရှိနေတယ်လို့ သုံးသပ်နေကြတဲ့ လက်ရှိ ကာလမှာ သူရဦးရွှေမန်းရဲ့ သမ္မတအိပ်မက်လေထဲ လွင့်ပြယ်သွားနိုင်တဲ့ အခြေအနေတစ်ရပ် ရှိနေပါတယ်။ ““သမ္မတ ဦးသိန်းစိန်အနေနဲ့ နောက်သမ္မတ သက်တမ်းအတွက် သမ္မတလောင်းအဖြစ် ၀င်အရွေးခံမယ်လို့ တိုင်းပြည်ကို ကြေညာလိုက်ရင်တော့ သမ္မတ ဖြစ်ချင်စိတ် ဆန္ဒပြင်းပြတဲ့ သူရဦးရွှေမန်း အသည်းကွဲရကိန်း ရှိပါတယ်””

ဒါပေမဲ့ သမ္မတ ဦးသိန်းစိန် သမ္မတအဖြစ် ၀င်အရွေးခံမယ်လို့ ယတိပြတ် မပြောကြားတဲ့ အချက်ကလည်း ပြည်ခိုင်ဖြိုးပါတီရဲ့ မူဝါဒအရ ဖြစ်နိုင်ပါတယ်။ ပြည်ခိုင်ဖြိုးပါတီမှာ ဥက္ကဋ္ဌတွေဖြစ်ကြတဲ့ ဦးသိန်းစိန်၊ ဦးရွှေမန်းတို့ထက် ပါတီဗဟိုကော်မတီ အတိုင်ပင်ခံတွေဟာ ပိုသြဇာရှိပါတယ်။ (ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီ အတိုင်ပင်ခံ ဦးအောင်သောင်းရဲ့ အင်တာဗျူးများကို လေ့လာကြည့်ရင် တွေ့နိုင်ပါတယ်) ပြည်ခိုင်ဖြိုး ဗဟိုကော်မတီ အတိုင်ပင်ခံတွေဟာ အရင်အာဏာပိုင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ အထူးယုံကြည် စိတ်ချရသူတွေဖြစ်ပြီး ၂၀၁၅ ရဲ့ သမ္မတလောင်း ရွေးချယ်မှုမှာ အခရာကျလာဖွယ်ရှိပါတယ်။ ဒါမှမဟုတ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ သြဇာလက်တံဟာ ၂၀၁၅ ထိ ရှိနေဦးမယ်ဆိုရင်တော့ ဗိုလ်ချုပ်မှူးကြီးရဲ့ သမ္မတလောင်း ရွေးချယ် မှုကို စောင့်ဆိုင်းနေရဖွယ် ရှိပါတယ်။ လက်ရှိ ကာချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သာ တပ်ကထွက်၊ ပြည်ခိုင်ဖြိုးပါတီထဲဝင်။ သမ္မတလောင်း တင်သွင်းခံရမယ် ဆိုရင်တော့ တပ်မတော်နဲ့ ပြည်ခိုင်ဖြိုးပါတီကြား ကတိက၀တ်တွေ ရှိတယ်လို့ ပြောကြားခဲ့ဖူးတဲ့ ဗဟိုကော်မတီ အတိုင်ပင်ခံ တစ်ဦးရဲ့ပြောကြားချက်ကို သက်သေထူပြီးသား ဖြစ်သွားနိုင်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ စီမံအကွက်ချပေးထားတဲ့ အခင်းအကျင်းအရဆိုရင် တပ်မတော်နဲ့ ပြည်ခိုင်ဖြိုးပါတီကြား ကတိက၀တ်ဟာ ၂၀၁၅၊ ၂၀၂၀ လောက်အထိကို မျိုးဆက်အဆင့်ဆင့် လက်ဆင့်ကမ်း ထားပုံ ပေါ်ပါတယ်။

၂၀၁၁ ကနေ လက်ရှိ ၂၀၁၅ အထိ သမ္မတဦးသိန်းစိန်၊ လွှတ်တော်နာယက သူရဦးရွှေမန်းတို့ရဲ့ ကတိစကားတွေ ပျက်ကွက်မှုရဲ့နောက်ကွယ်မှာ ကစားကွက်တွေ ပြောင်းပြောင်းပြီး ဆုံးဖြတ်ချက်ချပေးနေတဲ့ ပါဝါလက်တံကြီးတစ်ခု ရှိနေတယ်လို့လည်း သုံးသပ်ချက်ချနိုင်ပါတယ်။ ဘယ်လိုပဲ လူချင်း ပွတ်တိုက်တယ် ပြောပြော၊ အားပြိုင်တယ်ပြောပြော မူအားဖြင့်တော့ လက်ရှိအစိုးရ၊ တပ်မတော်နဲ့ ကြံ့ခိုင်ရေးပါတီ အင်အားစု ၃ ခုလုံးဟာ ၂၀၁၅ ရွေးကောက်ပွဲကို ညီညာဖြဖြ လက်ချင်းချိတ်ဆက်ပြီး ၂၀၁၅ အလွန် အစိုးရဖွဲ့နိုင်ရေး၊ သမ္မတ တစ်ဦး ပေါ်ထွက်လာရေးအတွက် ဗျူဟာအဆင့်ဆင့် ချမှတ်ပြီး အစွမ်းကုန်ကြိုးပမ်း အကောင်အထည် ဖော်ကြမှာပဲ ဖြစ်ပါတယ်။ လက်ရှိအစိုးရ၊ လွှတ်တော်နဲ့ ကြံ့ခိုင်ရေး ပါတီမှာ လွှမ်းမိုးထားတာကလည်း စစ်ဗိုလ် ချုပ်ဟောင်းတွေသာ ဖြစ်တဲ့အတွက် ပြည်သူ့ထောက်ခံမှု အားနည်းပေမယ့် ငွေကြေးအင်အား၊ အာဏာ အင်အားတို့ကို အသုံးချပြီး ၂၀၁၅ ရွေးကောက်ပွဲအလွန် အာဏာတည်မြဲရေး (၀ါ) အာဏာမယိမ်းယိုင်ရေး အတွက် တပ်မတော်ကို ကျောရိုးပြုပြီး အားထုတ် ကြိုးပမ်းကြဦးမှာပါပဲ။ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာလည်း ပြည်ခိုင်ဖြိုး ပါတီအနေနဲ့ ပြည်သူ့ထောက်ခံမှုကလွဲရင် အဘက်ဘက်က သာလွန်တဲ့ အနေအထားမှာ ရှိနေပါတယ်။

၁။ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ၊

(က) တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း၊

(ခ) ကာချုပ်ရဲ့ ပါဝါမြင့်မားမှု၊

(ဂ) ကာ/လုံဖွဲ့စည်းပုံ၊

(ဃ) ကာ/ချုပ်က ခန့်အပ်ပိုင်ခွင့် ၀န်ကြီး ၃ နေရာ၊

(င) သမ္မတရွေးချယ်မှုစနစ်၊

(၂) ရွေးကောက်ပွဲကော်မရှင်၊

(၃) တိုင်းရင်းသားပါတီအချို့ကို စည်းရုံးထားနိုင်ခြင်း၊

(၄) ငွေကြေးသုံးစွဲနိုင်မှုအင်အား၊

(၅) အမျိုးသားလွှတ်တော်မှာ ပီအာရ်စနစ် ပြဋ္ဌာန်းနိုင်ခြေ၊

၂၀၁၅ ရွေးကောက်ပွဲနဲ့ ၂၀၁၅ ရွေးကောက်ပွဲအလွန် အစိုးရ ပုံသဏ္ဌာန်အတွက် တပ်မတော်၊ ပြည်ခိုင်ဖြိုးတို့ရဲ့ အထက်ပါ အားသာချက်တွေကြောင့် သမ္မတဦးသိန်းစိန်နဲ့ လွှတ်တော်နာယက သူရဦးရွှေမန်းတို့က ရွေးကောက်ပွဲ ဖြစ်ရပါစေမယ်လို့ အခိုင်အမာ ပြောနေကြတာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ နှစ် ၅၀ ကျော်ကြာခဲ့တဲ့ စစ်အာဏာရှင်စနစ်ကို ရွံမုန်းနေကြတဲ့ ပြည်သူအများစုကြီးဟာ စစ်ဘောင်းဘီချွတ်၊ အရပ်သားအသွင် ဗိုလ်ချုပ်ဟောင်းတွေကို မဲပေးဖို့ဆိုတာ ဖြစ်နိုင်ခြေ အလွန်နည်းပါတယ်။ ဆင်းရဲတွင်း နက်သထက်နက်နေတဲ့ ပြည်သူအများစုကြီးဟာ “အပြောင်းအလဲ”တစ်စုံတစ်ရာကို နက်နက်ရှိုင်းရှိုင်း လိုအပ်နေတယ်ဆိုတာကို စစ်ဗိုလ်ချုပ်ကြီးဟောင်းများ အထူးဂရုမူမိဖို့ လိုပါမယ်။ ပြည်သူကို ဦးထိပ်ထားရတဲ့ ဒီမိုကရေစီ စနစ်ဆီ ချီတက်မယ်လို့ ကြွေးကြော်ထားတဲ့ စစ်ဗိုလ်ချုပ်ဟောင်းကြီးများအနေနဲ့ ပြည်သူ့ဘက် မျက်နှာမူပြီး အတိုက်အခံ အင်အားစု ထိပ်သီးတွေ၊ တိုင်းရင်းသား ထိပ်သီးတွေနဲ့ အပွင့်ဆိုင် တွေ့ဆုံဆွေးနွေး အဖြေရှာ ညှိနှိုင်းရေးကို စိတ်ရင်းမှန်ကန်စွာနဲ့ နိုင်ငံရေးဆွေးနွေးဝိုင်း စားပွဲအစစ်အမှန်တစ်ခုကို ဖန်တီးသင့်ဖို့အချိန် အမှန်တကယ် ဆိုက်ရောက်နေပြီ ဖြစ်ပါတယ်။ မိမိရဲ့အဘက်ဘက်က အင်အားသာလွန်မှုကို ယုံကြည်မှု လွန်ကဲပြီး ပြည်သူလူထုအား၊ ပြည်သူ့မျှော်လင့်ချက်၊ ပြည်သူ့ဆန္ဒတွေကို လျစ်လျူရှုထားမယ် ဆိုရင်တော့ လက်ရှိအာဏာရ ကြံ့ခိုင်ရေးပါတီ အနေနဲ့ ပြည်သူရဲ့ ဒဏ်ခတ်မှုကို ကျိန်းသေခံရမှာ မလွဲပါပဲ။

တွေ့ဆုံဆွေးနွေး အဖြေရှာရာမှာ လက်ရှိအာဏာပိုင်တွေအနေနဲ့ သူနိုင်၊ ကိုယ်နိုင် (Win-Win) အခင်းအကျင်း တစ်ခုကို အလျှော့အတင်း၊ အပေးအယူလုပ် အဖြေရှာသင့်ကြပြီး ““ပြည်သူနိုင်”” ဖို့ကိုလည်း မမေ့မလျော့ ထည့်သွင်း စဉ်းစားသင့်ကြောင်း တိုက်တွန်းဆော်သြလိုက်ရပါတယ်။

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

ပန်ဆန်း ဆွေးနွေးပွဲက အဖြေထွက်လေပြီ၊ ၀ များက ဖွဲ့စည်းပုံအခြေခံ ဥပဒေဖြင့် ၎င်းတို့အား ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ အဖြစ် ပေးထားခဲ့သော မြို့နယ် (၆) မြို့နယ်အပြင် နောက်ထပ် ၁၃ ခု ပေါင်း ၁၉ ခုဖြင့် ပြည်နယ် အဆင့် တိုးမြှင့်ပေးရန် တောင်းဆိုခဲ့ယုံမက တက်ရောက်လာသော အခြားတိုင်းရင်းသား ခေါင်းဆောင်များကို ၎င်းတို့၏ တောင်းဆိုချက်အား ၀ိုင်းဝန်း ထောက်ခံပေးရန် တိုက်တွန်းခဲ့သည်ဟု ဆိုသည်။

အခြားသော လက်နက်ကိုင်အဖွဲ့များကလည်း စစ်တပ်မှ ရေးဆွဲထားသော ဖွဲ့စည်းပုံကို ပြန်လည်ပြင်ဆင်၍ ၎င်းတို့အားလည်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်များ ပေးရန် တောင်းဆိုခဲ့ကြပြီ ဖြစ်သည်။

လက်ရှိ ရရှိထားသော တိုင်းရင်းသား လက်နက်ကိုင်များနှင့် ပြေလည်နေမှုကို အခွင့်ကောင်းယူ၍ ၀ များအား မြန်မာ အစိုးရမှ အတင်းအကျပ် အကျပ်ကိုင်လာမည့် အရေးကို တန်ပြန်ရန် နှင့် ရွေးကောက်ပွဲတွင် လက်ရှိအစိုးရ အခြေမခိုင်တော့ပဲ လူထုဆန္ဒဖြင့် ရွေးချယ်ခံ အစိုးရ တက်ရောက်ကာ အနောက်အုပ်စုနှင် ပိုမို နီးကပ်သွားမည့်အပြင် မိမိ၏ အကျိုးစီးပွားများလည်း ယခင်ကကဲ့သို့ အထူးအခွင့်အရေးပေးမခံရတော့မည့်အဖြစ်ကို သိ၍ ပြည်တွင်းရေး မငြိမ်မသက်ဖြစ်ရန် တမင် ၀ များကို အသုံးချ၍ တရုတ်မှ ဖန်တီးလာခြင်း သက်သက်ဟု ယူဆရမလို ဖြစ်နေသည်။ ပြည်တွင်းရေး အဆင်မပြေဖြစ်မှသာ အချောင်နှိုက်၍ ရနိုင်ပေမည်။

ယင်းကိစ္စ နှင့် ပါတ်သက်၍ မြန်မာအစိုးရမှ တရုတ်အား ပြည်တွင်းရေးတွင် သွယ်ဝိုက်၍ ၀င်ရောက်စွက်ဖက်နေခြင်းကို ရပ်တန့်ရန် နှင့် သို့မဟုတ်က ဆက်ဆံရေးကို ပြန်လည်သုံးသပ်မည်ဟု ပြတ်ပြတ်သားသား ကမ္ဘာသိအောင် ဖွင့်ချ ပြောဆိုသင့်ပေသည်။

လက်ဘနွန်ရှိ ဟစ်ဘိုလာများကို အီရန်မှ လက်သတ်မွေးထားသလို တရုတ်မှ ၀ များ အား သတ်ရှို အသုံးချနေမှုကို တကမ္ဘာလုံးမှ သိရှိပြီး ဖြစ်သည်။ သို့သော် မြန်မာအစိုးရက ထိုကဲ့သို့ ပြတ်ပြတ်သားသား ပြောဆိုဝန့်မည်ကား မဟုတ်ချေ၊

တရုတ်ထံမှ မိမိ၏ ယောက္ခမပိုင် ပစ္စည်းအလား ပေးသမျှ ကို ရနိုင်သလောက်ယူ၊ အချေးအငှားကလည်း နည်းမျိုးစုံဖြင့်လုပ်၊ မဆီမဆိုင် တိုင်းပြည်အတွက် ဘာမျှအကျိုးမှ မရှိပါပဲ သမ၀န်ကြိးမှ ဟိုတလောက ဒေါ်လာ သန်း ၂၀၀ ကို ချေးခဲ့ပြန်သည်။

ယခုတော့ အကျိုးလို၍ ညောင်ရည်သွန်းထားမှုများက လည်ပင်းခိုက်နေပြီး အာဏာကို မတရားနည်းဖြင့် ချုပ်ကိုင်ထားခြင်သော မြန်မာ့တပ်မတော် အဖို့က မိမိတို့ သက်ဆိုးရှည်ရေးအတွက် အများပြည်သူတို့၏ ဆန္ဒနှင့် တောင်းဆိုချက်များကို ပြောင်ပြောင်ကြီး မသိကျိုးကျွန်ပြုကာ တရုတ်၏ အကြံညဏ်များ အမိန့်သြဇာများကို တစ်သဝေမတိမ်း နာခံရရင်း ဒူးထောက်အညံ့ခံခဲ့သည့် ပြန်ဆုပ်၍မရတော့၊ ဆုပ်လည်းရူး စားလဲစူး ဖြစ်ခဲ့ပေပြီ။

ယခုကိစ္စအခြေအနေ တင်းမာလာပြီး ယူကရိန်းလို ဘ၀မျိုး မရောက်က အလွန်ကံကောင်းသည်ဟု ဆိုရပေမည်။ ယူကရိန်းလို ဖြစ်ခဲ့ပါက ရှမ်းပြည်နယ်တခုလုံး ပါသွားနိုင်သည်။ ယခုပင် ၀ နယ် မြေ များတွင် အစိုးရ၀န်ထမ်းလည်း တဦးမှမရှိ၊ မြန်မာမျာက လက်တဆုတ် နှင့် အစိုးရ အာဏာစက်လည်း တစက်မျှ လက်လှမ်းမမှီခဲ့ဟု ဆိုရပေမည်။

အကယ်၍ ၀ များက တဖက်သတ် လွတ်လပ်သော ပြည်နယ်အဖြစ် ကြေငြာက မည်သို့ လုပ်ကြပေမည်နည်း၊ လောက်ကိုင်ရှိ ကိုးကန့်များကိုပင် မနဲတိုက်နေရသော အခွံသာရှိပြီး အဆံမရှိသော တပ်မတော်အား မည်သူမျှ လေးစားခြင်း မရှိတော့ကြောင်း ပြဆိုလိုက်ခြင်းပင် ဖြစ်သည်။

တပ်မတော်အင်အား ရှိမှ တိုင်းပြည်အင်အား ရှိမည်ဆိုကာ ဘတ်ဂျက်၏ ၃ ပုံတပုံလောက်အား နှစ်စဉ်နှိုက်ယူကာ အမှန်တကယ် စွမ်းဆောင်ရည် ရှိသော တပ်မတော်အဖြစ်သို့ ပြောင်းလဲရန်မကြိုးစား မိမိတို့ အိပ်ကပ်များထဲသို့ ရသလောက် သဲ့ယူနေကြခြင်းကြောင့် တပ်မတော်၏ အဖြစ်က ခြင်းကျားကြီး နှင့် တော်မတတ် ဖြစ်ခဲ့ရပေပြီ၊

နယ်မြေခံ စစ်တပ်ရင်းများသည် အစိုးရ၏ မြေယာများကို အသုံးချ စီးပွားလုပ်ကိုင်ရန် လမ်းညွှန်ချက်ဖြင့် ၎င်းတို့ထိန်းချုပ်ရာ ဒေသများမှ မြေယာများ အဓမ္မသိမ်းယူပြီး သီးနှံ၊ ကြက်ဘဲများ စိုက်ပျိုး မွေးမြူခြင်း၊ စိးပွားရေးသမားများအား လက်လွှဲရောင်းချခြင်းများဖြင့် မိမိတို့အိပ်ကပ်ထဲ ထည့်ယုံမျှမက စစ်သည်တို့အားလည်း မသထာရေစာ ပေးကမ်းနိုင်ရန် ရှာဖွေလုပ်ကိုင်လာကြရခြင်း၊ ဘိန်းမှောင်ခိုသမားများ နှင့် သစ်ခိုးသမားများဆီမှ ဆက်ကြေးကောက်ယူကြခြင်း အစရှိသည့် နည်းမျိုးစုံဖြင့် ကျူးလွန်နေသည့်အဖြစ်အား ၁၉၉၇-၂၀၀၁ အတွင်း အဆိုပါ တြိဂံဒေသ စစ်တိုင်းမှုးအဖြစ် တာဝန်ယူခဲ့သော လက်ရှိသမ္မတ မှ အသိဆုံးပင် ဖြစ်သည်။

ယခုပင် ဦးဌေးဦးက လေသံပြော့လေးဖြင့် ဒါကတော့ လွှတ်တော်က ဆုံးဖြတ်ရမယ့်အရေးဟု ပြောနေပြီး ဦးရဲထွတ်မှလည်း ကျွန်တော်မသိသေးဟု လုပ်လာပြန်ချေပြီ၊

တရုတ်အနေဖြင့် ဘင်္ဂလား ပင်လယ်အော်မှ တဆင့် မြန်မာပြည်ကို ဖြတ်၍ ရစရာရှိသော သဘာဝဓါတ်ငွေ့နှင့် ရေနံများ အပြင် ထင်သလိုထုတ်ယူ၍ရနေသော မြေပေါ်မြေအောက် သဘာဝ ပစ္စည်းများကြောင့် မြန်မာအား လက်လွတ်မခံနိုင်သလို တဖက်မှ ၀ များအားလည်း မြန်မာအစိုးရအား နိုင်ကွက်တခုအဖြစ် အမြဲလို ကိုင်ထားနိုင်ရန် လက်နက်အပြည့်အစုံထောက်ပံ့ထားပြီးးလည်း ဖြစ်သည်။ ထို့အတွက် မြန်မာ နှင့် ၀ များအကြား တိုက်ပွဲများ ဖြစ်လာမည်ကိုတော့ မလိုလားပဲ ရှဥ့်လည်းလျောက်သာ ပျားလဲစွဲသာ ဖြစ်စေချင်သည်က အမှန်ပင်။

လက်ရှိ ပြည်နယ်များကို စစ်မှန်သော ဖက်ဒရယ်မူဖြင့် တန်းတူညီမျှ သဘောထားက ကိုယ်ပိုင်ပြဌာန်းဆုံးဖြတ်နိုင်ခွင့် ပေးရန်အရေးကို ကန့်ကွက်ရန် မရှိသော်လည်း ယခုလောက်ပေးထားသည်ကို အားမရ တိုင်းတပါးသြဇာခံကာ လက်နက်အားကိုးဖြင့် လူဦးရေ လေးသိန်းမျှသာရှိပြီး စတုရန်းမိုင်ပေါင်း ၁၇၀၀၀ ခန့်သာရှိသည့် နယ်စပ်ဒေသတခုမှ အခုလို လုပ်လာသည့် အဖြစ်ကား လက်ခံနိုင်စရာမရှိ။

ထို့အတွက် တရုတ်အစိုးရမှ ယခုကဲ့သို့ နိုင်ငံ၏ အချုပ်အခြာ အာဏာပိုင်စိုးမှုကို ဖျက်လိုဖျက်ဆီးလုပ်ရန် သွေးတိုးစမ်းလာသည့် အဖြစ်ကို ရပ်တန်းက ရပ်ရန် ပြတ်ပြတ်သားသား သတိပေးရန်သာ ရှိတော့သည်။

တနေ့တခြားကြီးမားလာသော တရုတ်အရေးကား မြန်မာ တိုင်းရင်းသား တရပ်လုံးမှ စည်းလုံးညီညွတ်စွာ ပါဝင်ပူးပေါင်းကြရမည့် အရေးပင် ဖြစ်သည်ဟု ခံယူမိပါသည်။ တိုင်းတပါးမှ ယခုကဲ့သို့ တံတွေးစွတ်လာသည့်အရေးက တပ်မတော်အင်အား ရှိမှ တိုင်းပြည်အင်အား ရှိမည်မဟုတ် ပြည်သူတရပ်လုံး၏ ညီညီညွတ်ညွတ် စည်းလုံးခိုင်မာမှသာလျင် တိုင်းပြည်အင်အား ရှိမည်ဖြစ်ကြောင်း အုပ်ချုပ်သူများ ကောင်းစွာ သဘောပေါက်ရန် အချိန်ရောက်နေပေပြီ။ လက်ရှိ စစ်အာဏာရှင်များကမူသဘောပေါက်ဘို့ဝေးစွ လိုအပ်လျင် မြန်မာတိုင်းရင်းသား တရပ်လုံးအား စစ်တလင်းတွင် မီးလောင်တိုက်သွင်းရန် လည်း ၀န်လေးမည့် သူများ မဟုတ်ကြသည်ကိုသာ တွေ့မြင်နေရဆဲပင်။

HSW

BrainWave ဉာဏ်လှိုင်း

အမျိုးသား ပညာရေးဥပဒေ ပြင်ဆင်မှုအတွက် မတ်လ ၁၀ ရက်နေ့က ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ စိုက်ပျိုးရေး (လှည်းတန်း) လမ်းလျှောက် ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်မှုဖြင့် ဗ.က.သ ကျောင်းသူ မပိုပို (ခ) ရတနာဆုပိုပိုင်နှင့် ကိုဝင်းကျော့မှူးတို့အား တရားစွဲဆိုထားသည့် အမှုအား ကမာရွတ်မြို့နယ် တရားရုံးတွင် မေလ ၅ ရက်က ရုံးထုတ်ရာတွင် အမှုကို မစစ်ဖြစ်သေးဘဲ ရုံးချိန်းသာ ထပ်မံ ချိန်းဆိုလိုက်သည်ဟု အမှုအား လိုက်ပါ ဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က မေလ ၅ ရက်တွင် မြန်မာသံတော်ဆင့် သို့ ပြောသည်။

ကျောင်းသူ မပိုပို(ခ) ရတနာဆုပိုပိုင်၊ ကိုဝင်းကျော့မှူး တို့နှင့်အတူ လွတ်မြောက် ကျောင်းသားများဖြစ်သော ဗ.က.သ ကျောင်းသားခေါင်းဆောင် ကိုကျော်ကိုကို၊ ကိုဂျိမ်း (ခ) လင်းထက်နိုင်၊ သက်ခိုင်စိုးနှင့် သာယာဝတီ ထောင်တွင် ထိန်းသိမ်းခံထားရသည့် ကိုနန္ဒာစစ်အောင်တို့ကို ပုဒ်မ ၅၀၅(ခ)၊ ၁၄၃ ၊ ၁၄၇၊ ၁၄၅ တို့ဖြင့် ကမာရွတ် မြို့နယ်ရဲစခန်းမှ တရားစွဲဆိုထားကာ လွတ်မြောက် ကျောင်းသားများ၏ မျက်ကွယ်တွင် အမှုစစ်ရန် တရားရုံး ဘက်မှလက်ရှိ အချိန်ထိ ဆောင်ရွက်ခြင်းမရှိသေးဘဲ တရားစွဲဆို ခံထားရသူများ မစုံလင် သေးသောကြောင့်ဟုဆိုကာ ၆ ကြိမ်မြောက် ရုံးချိန်းအဖြစ် မေလ ၁၃ ရက်ကို ထပ်မံချိန်းဆိုထားသည်။

““ အမှုက အခုထိမပြည့်စုံသေးလို့ပါ။ ကိုကျော်ကိုကို၊ သက်ခိုင်စိုး၊ ကိုဂျိမ်း(ခ)လင်းထက်နိုင်တို့ကလည်း မရောက်သေးဘူး။ ကိုနန္ဒာစစ်အောင် တို့ကလည်း သာယာဝတီ ရောက်သွားတော့ ဘာမှလုပ်မရဘူး။ အဲဒါ တွေကအဓိကပါ။ ရုံးချိန်း ခဏခဏ ချိန်းနေတာက တရားခံတွေကို ကြိုတင် အပြစ်ပေးနေသလို ဖြစ်နေတယ်။ မျက်ကွယ် စစ်ဆေးတာကလည်း အခုထိ မလုပ်သေးဘူး””ဟု တရားလွှတ်တော်ရှေ့နေ ဦးရောဘတ် စန်းအောင် က မြန်မာသံတော်ဆင့်သို့ ပြောသည်။

ယင်းသို့ အမှုကို မစစ်ဆေးဘဲ ရုံးချိန်းများသာ ထပ်မံ ချိန်းဆိုနေမှုအပေါ် ““ရုံးချိန်း ခဏခဏ ချိန်းပြီး တန်ဖိုးရှိတဲ့ အချိန်တွေကို ထောင်ထဲတွင် မကုန်ဆုံးစေချင်ဘူး။ ရုံးချိန်း အမြဲချိန်းပြီး ထောင်ထဲ ထည့်ထားတာက လူ့အခွင့်အရေး ချိုးဖောက်တာလို့ပဲ ထင်တယ်။ ရွေးကောက်ပွဲ နီးတဲ့အချိန်မှ အမိန့်တွေချပြီး ကျောင်းသား တွေကို ထောင်ထဲမှာ ထည့်ထားမယ့် အခြေအနေမျိုးတွေ ဖြစ်လာနိုင်တယ်။ ၂၀၀၈ ဖွဲ့စည်းပုံ မတိုင်ခင်ကလည်း ၈၈ မျိုးဆက် အပါအ၀င် တက်ကြွ လှုပ်ရှားသူတွေကို ရာနဲ့ ထောင်နဲ့ ချီပြီး ထောင်ထဲ ထည့်ထားတယ်။ လူငယ် တက်ကြွလှုပ်ရှားသူတွေကို တစ်စုံတစ်ရာ တုံ့ပြန်တဲ့ ပုံစံမျိုးလုပ်မယ်လို့ ယူဆရတယ်”” ဟု လွတ်မြောက်နေသည့် ဗ.က.သ များ အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ကိုဂျိမ်း(ခ)လင်းထက်နိုင်က ဧပြီ ၆ ရက်နေ့က မြန်မာသံတော်ဆင့်သို့ ပြောသည်။

လက်ရှိ တရားစွဲဆို ခံထားရသူများတွင် ဗ.က.သ ကျောင်းသား ခေါင်းဆောင် ကိုကျော်ကိုကို၊ ကိုဂျိမ်း (ခ) လင်းထက်နိုင်၊ ကိုထက်ခိုင်စိုးတို့မှာ ယနေ့အချိန်ထိ လွတ်မြောက်နေဆဲဖြစ်ကာ မပိုပို(ခ)ရတနာဆုပိုပိုင်၊ ကိုဝင်းကျော့မှူးတို့ကို အင်းစိန် အကျဉ်းထောင်၌ ထိန်းသိမ်းထားပြီး ကိုနန္ဒာစစ်အောင်ကို သာယာဝတီ အကျဉ်းထောင်၌ ထိန်းသိမ်းထားသည်။

သူရိန်ကျော်

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

ဒီနေ့ မြန်မာ့နိုင်ငံရေးကို ကျနော်ကတော့ ပေတံ ၃ ချောင်းနဲ့တိုင်းပါတယ်။

၂၀၀၈ အခြေခံဥပဒေကို ဆန့်ကျင်သူ၊ ဖျက်သိမ်းလိုသူ.....မိတ်ဆွေ။
၂၀၀၈ အခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်သူ.....ရန်သူ။

စတုတ္ထကျောင်းသားသပိတ်ကို ထောက်ခံသူ၊ ဝိုင်းရံသူ.......မိတ်ဆွေ။
စတုတ္ထကျောင်းသား သပိတ်ကို ဆန့်ကျင်သူ၊ ဖြိုခွဲသူ ....... ရန်သူ။

ပြည်တွင်းငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားသူ၊ ကြိုးစားဆောင်ရွက်သူ.....မိတ်ဆွေ။
ငြိမ်းချမ်းရေးကို ရောင်းသူ၊ ဝယ်သူ.......ရန်သူ။

ဒါကတော်တော်ရှင်းပါတယ်။
မရှင်းတာက……

၂၀၀၈ အခြေခံဥပဒေကို လေးစားလိုက်နာသူ၊ စတုတ္ထကျောင်းသားသပိတ်ကို အားနည်းအောင်သေးသိမ်အောင်လုပ်သူ၊ အစိုးရက ကျောင်းသားတွေကို လိမ်ညာမှု၊ ဖိနှိပ်မှုကို မသိကျိုးကျွံပြုသူ၊ ငြိမ်းချမ်းရေးကို ကိုယ်နဲ့မဆိုင်သယောင် မျက်ကွယ်ပြုသူတွေကိုရော ဘယ်လိုသဘောထားမလဲဆိုတာဖြစ်ပါတယ်။ ဒါဟာ ခက်ခဲတဲ့ မေးခွန်းပုစ္ဆာဖြစ်လာပါတယ်။

အခုချိန်မှာ သူတို့ဟာ နောက်ကျောပေးပေါင်းသင်းလို့ မရတဲ့ ယာယီမိတ်ဆွေမျှသာ ဖြစ်သွားပြီလို့ ကျနော်သဘောထားပါတယ်။ သူတို့ကို သတိကြီးကြီးထားရပါတော့မယ်။ သူတို့ဟာ အချိန်မရွေးရန်သူ့ဘက်ကို ဘက်ပြောင်းသွားနိုင်ပါတယ်။

ဒီလိုပြောရတာ စိတ်မကောင်းစရာပါ။ ဒါပေမယ့် ဒါဟာ ခါးသီးတဲ့အမှန်တရားဖြစ်တဲ့အတွက် အားလုံး သတိကြီးကြီးထားဖို့ လိုပါလိမ့်မယ်။ သူတို့လက်ထဲကို ဓါးမအပ်လိုက်မိဖို့ အရေးကြီးပါတယ်။ သူတို့ဟာ တချိန်က ကျနော်တို့ရဲ့ မဟာမိတ်ဖြစ်ချင်ဖြစ်ခဲ့လိမ့်မယ်။ သူတို့ဟာ တချိန်က ကျနော်တို့ရဲ့ ခေါင်းဆောင်လည်း ဖြစ်ချင် ဖြစ်ခဲ့လိမ့်မယ်။ ဒါပေမယ့် ဒီနေ့မှာတော့ သူတို့ဟာ သူခိုးလက်ဓါးရိုးမကမ်းဘူးလို့ ယုံကြည်စိတ်ချရသူတွေ မဟုတ်တော့ဘူး။ သူတို့ဟာ သူခိုးလက်ကိုလည်း ဓါးရိုးကမ်းနိုင်တယ်။ နောက်ကျောကို လည်း ဓါးနဲ့ထိုးနိုင်တယ်။ (နောက်ကျောကို ဓါးနဲ့ထိုးခဲ့ပြီးပြီလို့လည်း ယူဆချင်ယူဆနိုင်ပါတယ်။)

သူတို့ကို ကျနော်တို့တပ်ဦးမှာထားလို့မရတော့ဘူး။ နောက်တန်းကိုပို့ရလိမ့်မယ်။ အဲသလို မလုပ်ရင် နာကျည်းစရာ၊ စိတ်ပျက်စရာ၊ ကြေကွဲဝမ်းနည်းစရာတွေ၊ သစ္စာဖောက်ခံရတာတွေ တနေ့တခြားများလာဖို့ ရှိပါတယ်။

ဒါပေမယ့် သူတို့ကို ရန်သူ့ဘက် တွန်းပို့ပစ်လိုက်လို့လည်း မဖြစ်ဘူး။ တော်တော် သိမ်မွေ့ပါတယ်။ ခက်လည်း ခက်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကျနော်တို့ တွန်းမပို့သည့်တိုင် သူတို့ဟာ ရန်သူ့ဘက်ကို တရွေ့ရွေ့ချဉ်းကပ်သွားနေတာ မြင်နေရလို့ပါ။ သူတို့ကို ရန်သူလို့ သတ်မှတ်ပြီး တိုက်ထုတ်ပစ်လိုက်ဖို့ကလည်း ခက်ပါတယ်။ သူတို့နဲ့ ကျနော်တို့နဲ့ တိုက်နေရင် ရန်သူက ဝမ်းသာပါတယ်။ သူတို့အားနည်းချိနဲ့သွားရင် ရန်သူက ဝမ်းသာပါတယ်။ ဒီတော့ ယာယီမဟာမိတ်အဖြစ်ဆက်လက် သတ်မှတ်ရဦးမှာပါ။ ဒါပေမယ့် ရေရှည်မဟာမိတ် မဖြစ်နိုင်တော့ဘူးဆိုတာကို ကျနော်တို့ အမြဲသတိထားရပါတော့မယ်။ သူတို့ကို မဝေဖန်ဘဲ လွှတ်ပေးထားလို့ လည်း မရဘူးလို့ ကျနော်ကတော့ ယူဆပါတယ်။ သူတို့ရဲ့ အားနည်းပျော့ညံ့မှု၊ တွေဝေမှု၊ ရန်သူနဲ့နီးစပ်မှု၊ ရန်သူနဲ့ သံယောဇဉ်မပြတ်မှုတွေကို အများပြည်သူ သတိထားမိအောင် ကျနော်တို့ ထောက်ပြရပါလိမ့်မယ်။

တချိန်က တည်မြဲ စစ်အာဏာရှင်အုပ်စုရဲ့ သိပ်ကြီးမားတဲ့ အန္တရာယ်ကို ကာကွယ်ရေး အတွက် ပမညတမဲတွေ အားလုံး သန့်ရှင်းကိုပုံအောပေးခဲ့တဲ့ နည်းဗျူဟာဟာ မှန်မှမှန်ရဲ့လားလို့ ကျနော်ပြန်စဉ်းစားနေပါတယ်။ အဲဒါ မှန်တယ်လို့ လူကြီးသူမအများစုက ကောက်ချက်ချခဲ့ကြပြီးသားဆိုတာ ကျနော်သိပါတယ်။ အဲသလို သိပေမယ့် အခု သံသယဝင်လာမိတဲ့အတွက် ပြန်စဉ်းစားနေတာပါ။ အဲဒီခေတ်ကိုမီခဲ့တဲ့ လူကြီးသူမတွေ ပြန်စဉ်းစားပေးစေချင်ပါတယ်။ သန့်ရှင်းလက်ထဲ ဓါးအပ်ခဲ့တယ်။ နောင်တချိန်မှာ သူခိုးဓါးရိုးကမ်းလိုက်တာဟာလည်း အဲဒီသန့်ရှင်းတွေပဲ မဟုတ်ဘူးလား။

အခုချိန်မှာ သူတို့လက်ထဲ ဓါးမအပ်ဘူးဆိုရင် ဘာဖြစ်မလဲ။ စစ်အာဏာရှင်တွေ လက်ထဲ ဓါးရောက်သွားမှာလား။ သူတို့လက်အပ်လိုက်ရင်လည်း စစ်အာဏာရှင်တွေရဲ့ လက်ထဲကိုပဲ ပြန်ရောက်သွားမှာပဲလို့ ကျနော်ထင်ပါတယ်။ ကျနော်တို့မှာ တခြားရွေးစရာလမ်းမရှိတော့ဘူးလား။

ရှိနိုင်တယ်လို့ ကျနော်ထင်ပါတယ်။ ဒါပေမယ့် လွယ်လွယ်နဲ့တော့ ဖြစ်လာမှာ မဟုတ်ဘူး။ နေ့ချင်းညချင်းကောက်လုပ်လို့လည်း ချက်ချင်းဖြစ်လာမယ်တော့ မထင်ဘူး။

ဒါပေမယ့် သေချာတာကတော့ အခြားလမ်းကို ကျနော်တို့ မရွေးလို့ မရတော့ဘူးဆိုတာပါပဲ။

ဇော်ဝင်း
၈၈ ကျောင်းသားဟောင်း

ရုံးက သူဌေးအဖိုးကြီးက မေးတယ် "၂၀၁၅ အလယ်ရောက်လာပြီ ....
၂၀၁၅ မှာ နင် ဒေါ်စုကြည်ကို မဲပေးမလား " တဲ့

..... အဲတော့ ပြန်ဖြေလိုက်တယ် ..... "အင်း သူမကို မဲပေးမယ်" လို့ ...... ဒီတော့ထပ်မေးကြတယ် ..... " သူမ အသက်အရမ်းကြီးပြီ ၊ သူမက နင်တို့နိုင်ငံကို ၅ နှစ်အတွင်း လုံးဝတိုးတက်အောင် ပြောင်းနိုင်မယ်ထင်လို့လား ၊ နင်တို့ချက်ချင်းကို ပြောင်းလဲသွားမယ် မျှော်လင့်ထားလား" တဲ့ .....

ပြန်ဖြေခဲ့တယ် ..... "ငါ သူမကို မျှော်လင့်တာမဟုတ်ဘူး သူမထားနိုင်ခဲ့မယ့် စနစ်ကို မျှော်လင့်တာ ... သူမမှလုပ်နိုင်မယ်ဆိုရင် မတော်တဆ သူမတစ်ခုခုဖြစ်ခဲ့ရင် နိုင်ငံ ဒုက္ခရောက်မှာပေါ့ ..... ငါက တိုင်းရင်းသား ဆိုတော့ ဗမာတစ်ယောက် အတွေးနဲ့ တူမှာမဟုတ်ဘူး ..... တိုင်းရင်းသား တစ်ယောက်လိုပဲ တွေးတယ် ..... ငါ့ပြည်နယ်က မြန်မာနိုင်ငံမှာ ဒုတိယ အဆင်းရဲဆုံးပြည်နယ် ..... ဗမာတစ်ယောက်ထက် ငါတို့က ပိုကြိုးစားရတယ် ..... အခက်အခဲတွေကို ပိုတိုက်ယူရတယ် ..... အခုအချိန်မှာ သူမကို မဲမပေးရင် ကြံ့ဖွံ့နိုင်မှာပဲ ..... ကြံ့ဖွံ့ဆိုတာ ငါတို့အခုရင်ဆိုင်နေရတဲ့ ဘင်္ဂလီပြဿနာကို စနစ်တကျမီးမွေးခဲ့တာ ..... သူတို့မဲရဖို့ အရောင်စုံ ကဒ်တွေ ထုတ်ပေးခဲ့တာ .....

သူတို့ကိုသာ ထပ်သမ္မတဖြစ်စေရင် အခုလိုပြဿနာတွေရှည်ကြာနေဦးမှာပဲ ..... ဒုံရင်း ဒုံရင်းပဲ ...... ဒီတော့ ကြံ့ဖွံ့ကို ဖြုတ်နိုင်မယ့် အနီးဆုံး သူမကိုပဲ မဲပေးရလိမ့်မယ် ..... သူမက ငါတို့နိုင်ငံကို ၅ နှစ်အတွင်းမှာ ဥုံဖွဆိုပြီး ပြောင်းပေးနိုင်မှာ မဟုတ်ဘူး ..... ဒါပေမယ့် နိုင်ငံတကာက လေးစားမှုကို ရနေတဲ့သူမ ဒီနေရာရောက်ပြီးမှ မလျော်မကန်တာတွေလည်း လုပ်မှာမဟုတ်ဘူး ..... သူမပြောပြောနေတဲ့ ဥပဒေဆိုတာကိုလည်း စနစ်တကျအသက်သွင်းဖို့ ကြိုးစားလိမ့်မယ် ..... အဲ့အတွက် ခိုင်မာတဲ့ အစိုးရဖွဲ့ဖို့ သူမလုပ်မှာပဲ ..... အနည်းဆုံး လဝက ဥပဒေကို ကောင်းမွန်စွာ ရေးဆွဲနိုင်ရင်ဘဲ တင်းကျပ်နိုင်ရင်ပဲ ငါတို့အခု ရင်ဆိုင်နေရတဲ့ ခိုးဝင် ဘင်္ဂလီပြဿနာကို ဖြေရှင်းဖို့ အထောက်အပံ့ဖြစ်လိမ့်မယ် ....

ပြီးရင် သဘာဝသယံဇာတတွေကို ဥပဒေနည်းကျကျ အကျိုးခံစားခွင့်တွေ ရရင်ပဲ ငါတို့ဒေသအတွက် ပညာရေး စီးပွါးရေး အထောက်အကူဖြစ်နိုင်မယ် ...... သူမပြောဖူးတဲ့ ဖက်ဒရယ်ဆိုတာကို စားပွဲတင်ဆွေးနွေးခွင့်တွေရနိုင်မယ်လို့ ယူဆလို့ သူမကို မဲပေးမှာ ..... ဒီ ငါးနှစ် အတွင်း အဲဒါတွေအကုန်လုံး ဖြစ်ချင်မှ ဖြစ်နိုင်မယ် ..... ဒါပေမယ့် သူမထားခဲ့မယ့် အစိုးရစနစ်တွေက အဲဒီဥပဒေတွေကို တခုချင်း အသက်သွင်းနိုင်ဖို့ မျှော်လင့်တယ် .....

ကြံ့ဖွံ့ထဲကသာဆို ဒီတစ်သက် ငါတို့ ဘင်္ဂလီတွေနဲ့ ခုလိုပဲဖြစ်နေကြဦးမှာပဲ ...... သူတို့အထဲက ဆရာတွေလုပ်ခဲ့တဲ့ အဲပြဿနာကို အစဆွဲထုတ်ပြီး သူတို့မစီစစ်ရဲကြပါဘူးးးး သူတို့ဆရာတွေကို ထိခိုက်နိုင်တဲ့ ဘင်္ဂလီတွေ ကဒ်ရတဲ့ကိစ္စတွေ သူတို့ ဘယ်တော့မှစစ်ဆေးမှာ မဟုတ်ဘူးးးး ငါတို့လူမျိုးပဲ အခုလိုပဲ ခိုးဝင်တွေနဲ့ ဖက်နေရလိမ့်မယ် .....

စစ်မီးတောက်တဲ့နေရာဟာ ပညာရေး ၊ ကျန်းမာရေး ၊ စီးပွါးရေး အဖက်ဖက်က နောက်ကျတယ် ...... ငါတို့ပြည်နယ်ကို ဘာလုပ်ပေးရမယ် ဘာဆောက်ပေးရမယ် ငါမမျှော်လင့်ဘူးးးးး မတောင်းလည်း မတောင်းဘူးးးး အဓိက မှန်ကန်တဲ့ ဥပဒေတွေကို အသက်သွင်းပေးနိုင်မယ့် အစိုးရဖွဲ့မယ့်သူဖြစ်ဖို့ပဲလိုတယ် ...... ကျန်တာကို ငါတို့ဖါသာ ငါတို့ကြိုးစားရမယ် ..... အဓိက နိုင်ငံတကာနဲ့ရင်ဘောင်တန်းနိုင်မယ့် ပညာရေးမျိုး ဖေါ်ဆောင်နိုင်ရင်ပဲ အရှုံးမရှိပါဘူး " လို့ ဖြေလိုက်တယ် ...... ဒါဟာ ရခိုင်တစ်ယောက်အနေနဲ့ စဉ်းစားမိတာပါပဲ ......
.
Credit To: Radana Moe

Twenty year old student is Britain's youngest MP

ဒီမနက် ဖတ်လိုက်ရတဲ့ သတင်းထဲမှာ အကြိုက်နှစ်သက်ဆုံး သတင်းတစ်ပုဒ်ကတော့ ဗြိတိန်ရွေးကောက်ပွဲ သတင်းပဲဗျ။ ရွေးကောက်ပွဲသတင်းဆိုလို့ လူကြီးတွေ အာဏာလိုချင်လို့ အကြိတ်အနယ် ပြိုင်တာကို ပြောတာ မဟုတ်ဘူး။ အသက် ၂၀ ပဲရှိသေးတဲ့ ဘာရီ ဘလက်ဆိုတဲ့ ကောင်မလေးက ပါလီမန် အမတ်ဖြစ်လာတာကို ဖတ်လိုက်ရလို့ စိတ်ဝင်စားမိတာ။

ဘာရီ ဘလက်က စကော့တလန် အမျိုးသားပါတီ (SNP) ကနေတက်လာတာ။ ဂလက်စကို တက္ကသိုလ်မှာ နိုင်ငံရေးသိပ္ပံဘာသာ နောက်ဆုံးနှစ်ကျောင်းသူတဲ့။ ပီရာ့စ်လေ နဲ့ ရမ်းဖရူးရှိုင်းယားတောင်ပိုင်း မဲဆန္ဒနယ်ကနေ မဲပေါင်း ငါးထောင်ကျော်ရပြီး တက်လာတာပါတဲ့။

ဗြိတိန်လို နိုင်ငံရေးအစဉ်အလာနဲ့ ရှေးရိုးစွဲနိုင်လှပြီး ခေါင်းမာတဲ့ နိုင်ငံရေးသမားတွေကြားမှာ ကျောင်းသူ တစ်ဦးက မဲတွေရပြီး နိုင်ငံရေးလောကထဲ ခြေချခွင့်ရခဲ့တာကတော့ တကယ့်ကို ကြီးမားတဲ့ အောင်မြင်မှုလို့ ဆိုရမယ်။ ၁၆၆၇ ခုနှစ် နောက်ပိုင်းမှာ အသက်အငယ်ဆုံး ဗြိတိသျှပါလီမန်ထဲကို ခြေချခွင့်ရခဲ့တဲ့ အမတ်တစ်ဦး လည်းဖြစ်နေတာကြောင့် အမျိုးသမီးတွေ အတွက်ရော၊ လူငယ်တက္ကသိုလ်ကျောင်းသားကျောင်းသူတွေ အတွက်ရော ဂုဏ်ယူဝမ်းမြောက်စရာ ကောင်းပါတယ်။

ကျောင်းသူလေးတစ်ယောက်ကို နိုင်ငံရေးလောကထဲ ခြေချခွင့်ရအောင် ပြည်သူတွေက ၀ိုင်းဝန်းမြှောက်စား တယ်ဆိုတာ ယုံကြည်ချက်ကြောင့်ပါ။ လူငယ်တွေကို ယုံကြည်မှုပေးပြီး နိုင်ငံရေးကို ဦးဆောင်ခွင့် ပေးလိုက် တယ်ဆိုတာ လူကြီးတွေရဲ့ ရှေးရိုးအစဉ်အလာ တရားသေ ဆုပ်ကိုင်မှုတွေကို စိန်ခေါ်နိုင်အောင် လုပ်ပေး လိုက်တာလို့လည်း ယူဆပါတယ်။

ကျွန်တော် ဒီသတင်းကိုဖတ်ပြီးတော့ အရမ်းစိတ်မကောင်းဖြစ်မိတယ်။ အမျိုးသားပညာရေးနဲ့ နိုင်ငံရေးကို တဘက်တစ်လမ်းကနေ ဆောင်ရွက်ချင်လို့ လှုပ်ရှားကြတဲ့ ကျွန်တော်တို့ သားသမီးတွေကို လက်ကမ်းသလို လုပ်ပြီးမှ ပုတ်ချခံလိုက်ရတာ ရင်နာစရာကောင်းပါတယ်။

လူငယ်တွေကို ဘာကြောင့် လက်မကမ်းချင်ကြတာလဲ။ ဘာကြောင့် လက်တွဲမခေါ်ချင်ကြတာလဲ။ စစ်ကျောင်းကထွက်တဲ့လူတွေသာ နိုင်ငံကို ဦးဆောင်နိုင်တယ်လို့ တရားသေစွဲကိုင်ထားတဲ့ နိုင်ငံရေးအယူအဆ တွေ၊ စစ်ရေးအမြင်ရှိသူတွေသာ နိုင်ငံကို အုပ်ချုပ်နိုင်မယ်လို့ ထင်ထားတဲ့သူတွေကြားမှာ လူငယ်တွေကို လက်တွဲဖြုတ်ထားတာဟာ ရိုးသားတဲ့ နိုင်ငံရေးအမြင်တစ်ခုလို့တော့ ယူဆနိုင်စရာ အကြောင်းမရှိပါဘူး။

ဒီမိုကရေစီ ဘိုးအေနိုင်ငံကြီးတစ်နိုင်ငံဖြစ်တဲ့ ဗြိတိန်ကတော့ လူငယ်တွေကို လက်တွဲခေါ်ပြီး အစဉ်အလာ ပါလီမန်ကို ရိုက်ချိုးလိုက်ပါပြီ။ ကျွန်တော်တို့နိုင်ငံမှာလည်း အရိုးစွဲနေတဲ့ အာဏာရှင်စိတ်ဓာတ်တွေကို အာဏာရှင်အသွင်ပြောင်း ခေါင်းပေါင်းဆောင်းထားသူတွေနဲ့ ချီတက်မလား၊ ကျောင်းတွေမှာ နိုင်ငံရေးကို လေ့ကျင့်ပေးပြီး လက်တွေ့ကျကျ အနာဂတ်ပြည်သူကို လွှတ်တော်ထဲကို ဆွဲခေါ်မလား စဉ်းစားသင့်ပြီလို့ ထင်ပါတယ်။

၉.၅.၂၀၁၅

Tin Nyunt

ဧပြီ ၃၀ ရက် နံနက် ၇ နာရီခန့်က ပခုက္ကူအထွေထွေရောဂါကု ပြည်သူ့ဆေးရုံ ၌ ဆေးကုသမှုခံယူနေသော အသက်လေး နှစ်အရွယ် ကလေးတစ်ဦး သေဆုံးမှုဖြစ်ပွား ခဲ့သည်။ ဆေးနှစ်လုံးထိုးပြီးချိန်၌ သေဆုံး သွားခြင်းဖြစ်ပြီး သာမန်သေဆုံးမှုမဟုတ်ဟု ဆိုကာ သေဆုံးသူ၏ မိဘများက ယင်းဖြစ်စဉ် အပေါ် ကျေနပ်မှုမရှိသောကြောင့် ပခုက္ကူမြို့ မရဲစခန်း၌ အမှုဖွင့်ထားကြောင်း သတင်းများ ကို မီဒီယာများတွင် ဖော်ပြခဲ့သကဲ့သို့ လူမှုရေး မီဒီယာတစ်ခုဖြစ်သော Facebook ၌လည်း ပျံ့နှံ့နေကြောင်း တွေ့ရှိရသည်။

ထုံးစံအတိုင်း အထူးသဖြင့် Facebook တွင် ဘက်အမျိုးမျိုးမှ အယူအဆအမျိုးမျိုး၊ ထင်မြင်ချက်အမျိုးမျိုးနှင့် ဝေဖန်သုံးသပ်ချက် အမျိုးမျိုး ထွက်ပေါ်လာသည်။ လူနာဘက်မှ ရပ်တည်၍လည်းကောင်း၊ ဆေးဝန်ထမ်းများ ဘက်မှ ရပ်တည်၍လည်းကောင်း Comment များ အမျိုးမျိုးပေးကြရာတွင် ဒေါသတကြီးဖြင့် စိတ်လိုက်မာန်ပါ အလွန်အကျွံရေးသားမှုများ လည်း ရှိလာသည်။

လူနာဘက်မှရပ်တည်၍ ပခုက္ကူမြို့ခံ များက မေ ၉ ရက်တွင် ဆန္ဒထုတ်ဖော်ရန် စီစဉ်ထားမှုလည်းရှိပြီး မေ ၆ ရက်တွင် ယင်း အစီအစဉ်ကို ရွှေ့ဆိုင်းလိုက်ကြောင်းလည်း သိရသည်။ ကလေးငယ်၏ အသားစ ဓာတု ဗေဒစစ်ဆေးမှုရလဒ်၊ ကုသရာတွင် အသုံးပြု ခဲ့သော ဆေးဝါးအား အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဦးစီးဌာန၏ စစ် ဆေးမှုရလဒ်နှင့် ကာယကံရှင်မိသားစုများ အား ဆေးရုံတာဝန်ရှိသူများဘက်မှ နှစ်သိမ့် ဆွေးနွေးပေးခြင်းအပေါ်မူတည်၍ ဆန္ဒထုတ် ဖော်မှုအား ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

လူနာများဘက်မှ ထမင်းရည်ပူလောင် ခြင်းသည် သေလောက်သောဒဏ်ရာမဟုတ် သည့်အပြင် ဧပြီ ၃၀ ရက် နံနက် ဆေးမထိုးမီ အထိ ကလေးငယ်သည် ကောင်းစွာစကား ပြောနိုင်ပြီး ဆေးထိုးပြီးနောက်မှ သေဆုံးရ ခြင်းကြောင့် ကျေနပ်မှုမရှိသည်ကို တွေ့ရှိရ သည်။ ဆေးဝန်ထမ်းများဘက်မှလည်း ပဋိဇီဝ ဆေးဝါးတစ်မျိုးဖြစ်သော Cefotaxime ကို ဧပြီ ၂၉ ရက်တွင် စမ်းသပ်ပြီးမှ ပထမအကြိမ် အဖြစ် ထိုးပေးခဲ့ခြင်းဖြစ်ပြီး ဧပြီ ၃၀ ရက် နံနက်တွင် ဒုတိယအကြိမ်ထိုးသည့်အခါတွင် မှ ရှော့ခ်ဖြစ်ကာ အရေးပေါ်ကုသမှုများပေးခဲ့ သော်လည်း သေဆုံးသွားခြင်းဖြစ်ကြောင်း ပြောဆိုကြသည်။ Delayed Hypersensitivity ဟုခေါ်သော နောက်ကျမှပေါ်သည့် ဆေးဓာတ်မတည့်ခြင်းအတွက် ဆေးဝန်ထမ်း များ၌ အပြစ်မရှိဟု ဆိုကြသည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်၍ ထင်ရာမြင် ရာ ပြောနေကြမည့်အစား အချက်သုံးချက် အပေါ်မူတည်၍ စဉ်းစားကြည့်စေလိုပါသည်။
ယင်းအချက်သုံးချက်အနက် ပထမဆုံး အချက်မှာ တာဝန်ယူမှုဟုခေါ်သော Responsibility ဖြစ်သည်။ ဆရာဝန်/ဆေးဝန် ထမ်းအနေဖြင့် လူနာကို လက်ခံကုသပေးပြီ ဆိုကတည်းက တာဝန်ယူလိုက်ရပြီဖြစ်သည်။ ဆေးကုသမှုဆိုင်ရာ မိမိ၏လုပ်ရပ်တိုင်းနှင့် ပတ်သက်၍ တာဝန်ခံရမည်ဖြစ်သည်။ ယခု ဖြစ်စဉ်ကဲ့သို့ လူနာဘက်မှ ကျေလည်မှုမရှိ သည့်အခါ အမှန်အတိုင်း ကျေနပ်အောင် ရှင်းပြရမည်ဖြစ်သည်။ လူနာဘက်မှ တရား စွဲဆိုလာလျှင်လည်း အမှုကို ရင်ဆိုင်ရမည်မှာ လည်း တာဝန်ယူမှုဖြစ်သည်။ လူနာရှင်များ ဘက်မှ မကျေနပ်၍ ဆန္ဒဖော်ထုတ်ခွင့်လည်း ရှိပါသည်။ သို့သော် ဆန္ဒဖော်ထုတ်သူတိုင်း မှန်၍ ဆန္ဒဖော်ထုတ်ခံရသူတိုင်း မှားသည်ဟူ သည့် သဘောလည်းမရှိပါ။ မိမိ၏အလုပ်ကို မိမိဘာသာ ရွေးချယ်ပိုင်ခွင့်ရှိသကဲ့သို့ ရွေး ချယ်မှုတိုင်းတွင် တာဝန်ယူမှုက မလွဲမသွေ ကပ်၍ပါလာမည်သာဖြစ်ပါသည်။
ဒုတိယအချက်အနေဖြင့် ပြောစရာရှိ သည်မှာ"ကိုယ့်အလုပ်က ဘာလဲဆိုတာ ကိုယ့် ဘာသာ သိခြင်း" ဟူသည့် Professionalism ဖြစ်သည်။ စစ်တပ်ထဲသို့ဝင်သည့် စစ်သားသည် အရေးကြုံလာပါက စစ်တိုက်ရမည်သာ ဖြစ်သည်။ စစ်တိုက်ခြင်းက သူ့အလုပ်ဖြစ်သည်။ "ငါတို့ အသေခံပြီး စစ်တိုက်နေရတယ်" ဟု ကျေးဇူးအတင်ခံလို၍မရ။ ကိုယ်နှင့်မဆိုင် သော အခွင့်အရေးများ လိုချင်၍မရ။

ထို့အတူ ဆရာဝန်၊ ဆေးဝန်ထမ်းအလုပ် ကို ရွေးချယ်ခဲ့လျှင် လူနာများအား ကျန်းမာ ရေးစောင့်ရှောက်မှုပေးရမည်မှာ မိမိ၏ အလုပ်ဖြစ်သည်။ လူနာအား ရောဂါပျောက် အောင် ကုသပေးလိုက်ခြင်းကြောင့် ကျေးဇူး အတင်ခံချင်နေ၍မရ။ လူနာများအား ကျေး ဇူးရှိသည်ဟုဆိုကာ အပြစ်တစ်ခုခုကျူးလွန်ခဲ့ ပါက ယင်းအတွက် ကင်းလွတ်ခွင့်လည်းမရှိပါ။ ဂျာနယ်လစ်များ၏အလုပ်မှာလည်း အများ ပြည်သူ သိသင့်သိထိုက်သည့် သတင်းများကို အမှန်အတိုင်းဖော်ပြပေးရန်ဖြစ်ပြီး ယခုကဲ့သို့ သတင်းဖော်ပြခြင်းမှာလည်း ကိုယ့်အလုပ် ကိုယ်လုပ်ခြင်းသာဖြစ်သည်။ မှားယွင်းမှုများ ရှိခဲ့ပါက ဂျာနယ်လစ်များ ကိုယ့်တာဝန်ကိုယ် ယူရပါသည်။ ဂျာနယ်လစ်များ တရားစွဲဆိုခံရ သည်များလည်းရှိပါသည်။ မိမိမှားသည် မှန် သည် ဆိုသည့်ကိစ္စအတွက် တရားရုံးသို့ ရောက်ရပါသည်။

နောက်ဆုံးအချက်မှာ Rules of Law ဟူသည့်အတိုင်း တရားဥပဒေ၏ စည်းမျဉ်း များအတိုင်း အဆုံးအဖြတ်ခံရန်ဖြစ်ပါသည်။ မိမိဘက်က မှန်သည်ဆိုလျှင် တရားရုံး၌ သက်သေပြနိုင်ရန်သာ လိုပါသည်။ ရဲစခန်း ၌ အမှုဖွင့်ထားလျှင် သက်ဆိုင်ရာရဲတပ်ဖွဲ့က လိုအပ်သော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရ ပါလိမ့်မည်။ တရားဥပဒေကြောင်းအရသာ သွားရပါမည်။ တရားဥပဒေသည်သာ အဓိက အဆုံးအဖြတ်ဖြစ်ပြီး ဘက်လိုက်ခြင်းနှင့် အုပ် ချုပ်ရေးဘက်မှ ၀င်ရောက်စွက်ဖက်ခြင်းတို့ မရှိရန်သာ လိုအပ်ပါသည်။ ယခုအမှု၏ အမှားအမှန်ကို မီဒီယာများက အဆုံးအဖြတ် ပေးနိုင်သည်မဟုတ်ဘဲ တရားဥပဒေကသာ အဆုံးအဖြတ်ပေးနိုင်မည်ဖြစ်သည်။ မြန်မာ နိုင်ငံဆေးကောင်စီအနေဖြင့်လည်း လွတ်လပ် သောအဖွဲ့ဖွဲ့ကာ စစ်ဆေးပေးရန်လိုအပ်မည် ဖြစ်သည်။

စာရေးဆရာ ကလေးအထူးကုဆရာဝန်ကြီးတစ်ဦး သူ၏ Facebook တွင် ရေးသားသကဲ့သို့ ဆေးထိုးမှားသည်ဟု ရေးကြသောကြောင့် လူနာများ ဆေးရုံမလာရဲကြတော့ဘဲ သေဆုံး ကြဖွယ်ရှိသည့်အရေးကိုလည်း စိုးရိမ်စရာ မလိုပါ။ ပြည်သူအများစုအနေဖြင့် အစိုးရ ဆေးရုံများကိုသာ အားကိုးနေရဦးမည်ဖြစ်သည်။ ယခုအစိုးရလက်ထက်တွင် ယခင် အစိုးရလက်ထက်ထက် ကျန်းမာရေးဘတ် ဂျက်များတိုး၍ ချထားပေးပြီး အစိုးရဆေးရုံ များ၌ ပုဂ္ဂလိကဆေးရုံများ၌ မပေးနိုင်သည့် ၀န်ဆောင်မှုများ ရနိုင်သောကြောင့် အခြေခံ လူတန်းစားများသာမက လူလတ်တန်းစား များပါ အစိုးရဆေးရုံများကို အားကိုးအားထား ပြုလာကြရသည်။ မီဒီယာများက ရေးရုံဖြင့် လူနာများ ဆေးရုံမလာကြတော့ဟု ပူပန်စရာ မလိုပါ။

အခြားဆရာဝန်တစ်ဦး Facebook တွင် ရေးသားထားသည့် "ဆန္ဒပြကြပါဦးဗျို့၊ တောင်ငူဆေးရုံမှာ သစ်ခြောက်ကိုင်း လည်ပင်းကို ထုတ်ချင်းပေါက်သွားတဲ့လူနာကို ဆေးရုံကဆရာဝန်တွေ ခွဲစိတ်ကုသပေးလိုက်တာ အသက်ရှင်သွားလို့ မကျေနပ်တဲ့သူများ ဆန္ဒပြကြပါဦးဗျို့" ဟူသော ရေးသားချက်မျိုး မှာ သင့်လျော်ခြင်းမရှိပါ။ လူနာနှင့် ဆရာဝန် တို့ အပြန်အလှန် လေးစားမှုရှိရမည်ဖြစ်သည်။
ဆရာဝန်များအနေဖြင့်လည်း လူနာ၏ဆန္ဒကို အလေးထားရမည်ဖြစ်သည်။ လူနာ၏ အခွင့် အရေးကို စော်ကားသည့် အရေးအသားမျိုး မပြုသင့်ပါ။ အမှန်တကယ်၌ သစ်ခြောက်ကိုင်းလည်ပင်းထုတ်ချင်းပေါက်သွားသည့် လူနာကို ခွဲစိတ်ကုသပေးခြင်းသည် ဆရာဝန်က ကိုယ့်အလုပ်ကိုယ်လုပ်ခြင်းသာဖြစ်ပြီး အထူးအထွေ ပြောဖွယ်မရှိပါ။ စေတနာထား ပြီး ကုသပေးခြင်းကြောင့် ဆရာဝန် ဘာလုပ်လုပ်မှန်သည်ဆိုခြင်းမျိုးက နည်းလမ်းမကျပါ။

အမှန်တကယ်၌ ဆေးကုသရာ၌ မှား ယွင်းမှုရှိသောကြောင့် သေဆုံးမှုများရှိခဲ့ဖူး သည်မှာ မြန်မာတစ်နိုင်ငံတည်းမဟုတ်ပါ။ နိုင်ငံတကာ၌ ဖြစ်လေ့ဖြစ်ထရှိသော ကိစ္စသာ ဖြစ်သည်။ တရားစွဲအရေးယူခံရမှုများသည် လည်း နိုင်ငံတကာ၌ မည်သို့မျှ မထူးဆန်း သော ဖြစ်ရိုးဖြစ်စဉ်ကိစ္စသာဖြစ်သည်။ ထို့ ကြောင့် ယခုကိစ္စသည်လည်း မည်သို့မျှ မထူး ဆန်းဘဲ မိမိဘက်က မှန်နေပါသည်ဆိုပါက ရင်ဆိုင်ရုံသာရှိသည်။ "ကိုယ့်အလုပ်က ဘာ လဲဆိုတာ ကိုယ့်ဘာသာသိဖို့ပဲ အရေးကြီးပါ တယ်" ဟုသာ ပြောရန်ရှိပါတော့သည်။

(ပုံစာ - ပခုက္ကူဆေးရုံတွင် သေဆုံးခဲ့သော လေးနှစ်အရွယ်ကလေးငယ်နှင့် ပတ်သက်သည့် သတင်းဖော်ပြမှုအချို့)

Eleven Media Group

ပညာရေးရန်ပုံငွေပွဲကျင်းပရန်နေရာ ခွင့်ပြုချက်တောင်းရာတွင် ဗိုလ်ချုပ်ရာပြည့်နှစ်ဆိုသည့် စကားရပ်ကို ပယ်ဖျက်မှသာ ခွင့်ပြုမည်ဟု ပိတ်ပင်မှုအပေါ် ကန့်ကွက်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့နာယက ဦးတင်ဦးက မေ ၈ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီး ချုပ်ဦးမြင့်ဆွေထံ လိပ်မူ၍ စာရေးသားပေးပို့ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါအကြောင်းကြားစာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ဆုံးဖြတ်ချက်အရ ၂၀၁၄ ခုနှစ်ကုန်မှ အစပြု၍ လာမည့် ၂၀၁၅ ခုနှစ် တစ်နှစ်ပတ်လုံး လစဉ်အလိုက် နိုင်ငံတော် အခမ်းအနားနေ့များတွင် တစ်မျိုးသားလုံး၏ ခေါင်းဆောင်ကြီး လွတ်လပ်ရေး ဗိသုကာ၊ တပ်မတော်၏ ဖခင်ကြီးဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်း၏ ကျေးဇူးတရားများကို အလေးအနက်လှုပ်ရှားဂုဏ်ပြုကြရန် ညွှန်ကြားထားကြောင်း ဖော်ပြထားသည်။

ဗိုလ်ချုပ်ရာပြည့်အခမ်းအနားများကို မြန်မာနိုင်ငံကလေးများနေ့ အကြိုအဖြစ် အဖွဲ့ချုပ်က ဦးဆောင်၍ ၂၀၁၄ ခုနှစ်ကုန်ပိုင်းတွင် ကန်တော်ကြီးဗိုလ်ချုပ်ကြေးရုပ်ရှေ့နှင့် အနီးပတ်ဝန်းကျင်နေရာတွင် လည်းကောင်း၊ ၂၀၁၅ ခုနှစ်လွတ်လပ်ရေး အခမ်းအနားတွင် လည်းကောင်း၊ ဖေဖော်ဝါ ရီ ၁၃ ရက် ဗိုလ်ချုပ်အောင်ဆန်းနှစ် ၁၀၀ ပြည့်နေ့ကိုလည်း နတ်မောက်မြို့၊ ရန်ကုန်မြို့ရှိ တော်ဝင်နှင်းဆီခန်းမနှင့် ပြည်သူ့ရင်ပြင်တို့တွင် လည်းကောင်း ရက်ဆက်ခမ်းနားစွာကျင်းပခဲ့ပြီး ဖက်ဆစ်တော်လှန်ရေးနှစ်ပတ်လည်နေ့ကိုလည်း ဗိုလ်ချုပ်ရာပြည့်နှစ်ကို ဦးတည်ကာ ဂုဏ်ပြုပွဲပြုလုပ်ခဲ့ကြောင်း အကြောင်းကြားစာတွင် ပါရှိသည်။

သို့ဖြစ်၍ မေ ၁ ရက် ကမ္ဘာ့အလုပ်သမားနေ့တွင်လည်း ဗိုလ်ချုပ်ရာပြည့်နှစ်အား ရည်စူးပြီး အဖွဲ့ချုပ်က ကြေညာချက် ထုတ်ပြန်ခဲ့သည့်အပြင် လစဉ်ပြုလုပ်ရန် အဖွဲ့ချုပ်၏ ဆုံးဖြတ်ချက်မူအရ ကမ္ဘာ့အလုပ်သမားနေ့သည် နိုင်ငံတော်က သတ်မှတ်သည့်နေ့ဖြစ်သည့်အားလျော်စွာ ဗိုလ်ချုပ်ရာပြည့်အဖြစ် ကလေးများအတွက် ပညာရေးရန်ပုံငွေရှာဖွေနိုင်ရေးအတွက် အခမ်းအနားကျင်းပရန် သက်ဆိုင်ရာသို့ ကျင်းပရန် နေရာခွင့်ပြုပေးရေးကိစ္စတွင် ဗိုလ်ချုပ်ရာပြည့်နှစ်ဆိုသည့်စကားရပ်ကို ဖျက်သိမ်းပေးမှသာ ခွင့်ပြုမည်ဟု အာဏာပိုင်များက အရေးဆိုပိတ်ပင်ကန့်သတ်မှုပြုခြင်းသည် အဖွဲ့ချုပ်၏ ဆုံးဖြတ်ထားသည့်အတိုင်း မိမိအဖွဲ့ချုပ်၏ ဂုဏ်သိက္ခာကိုလေးစားသော အားဖြင့် ဗိုလ်ချုပ်အောင်ဆန်းရာပြည့်နှစ် အသုံးအနှုန်းကို ပယ်ဖျက်ပေးမှသာ ခွင့်ပြုမှုဟူသော သဘောထားကို ကန့်ကွက်ကြောင်း အကြောင်းကြားစာတွင် ရေးသားထားသည်။

အလားတူ နိုင်ငံတော်အခမ်းအနား ကျင်းပရာတွင် ဗိုလ်ချုပ်အောင်ဆန်း၏ ကျေးဇူးများနှင့်ဂုဏ်များကို အစဉ်တစိုက် လေးစားသောအားဖြင့် ဗိုလ်ချုပ်နှစ်(၁၀၀) ဗိုလ်ချုပ်ရာပြည့်နှစ်ဆိုသည့် အသုံးအနှုန်း ကို ၂၀၁၅ ခုနှစ် နှစ်ကုန်အထိ အသုံးပြုသွားမည်ဖြစ်ကြောင်း ဦးတင်ဦးက လက်မှတ်ရေးထိုးကာ ၀န်ကြီးချုပ်ဦးမြင့်ဆွေထံ ပေးပို့ခဲ့ခြင်းဖြစ်သည်။
-
Eleven Media Group
http://news-eleven.com/%E1%80%BB%E1%80%95%E1%80%8A%E1%80%B9%E1%80%90%E1%80%BC%E1%80%84%E1%80%B9%E1%80%B8-%E1%80%9E%E1%80%90%E1%80%84%E1%80%B9%E1%80%B8%E1%80%99%E1%80%BA%E1%80%AC%E1%80%B8/%E1%80%95%E1%80%8A%E1%80%AC%E1%80%B1%E1%80%9B%E1%80%B8%E1%80%9B%E1%80%94%E1%80%B9%E1%80%95%E1%80%AF%E1%80%B6%E1%80%B1%E1%80%84%E1%80%BC%E1%80%95%E1%80%BC%E1%80%B2%E1%80%B1%E1%80%94%E1%80%9B%E1%80%AC-%E1%80%81%E1%80%BC%E1%80%84%E1%80%B9%E1%80%B7%E1%80%BB%E1%80%95%E1%80%B3%E1%80%81%E1%80%BA%E1%80%80%E1%80%B9%E1%80%B1%E1%80%90%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%9B%E1%80%AC%E1%80%90%E1%80%BC%E1%80%84%E1%80%B9-%E1%80%97%E1%80%AF%E1%80%AD%E1%80%9C%E1%80%B9%E1%80%81%E1%80%BA%E1%80%B3%E1%80%95%E1%80%B9%E1%80%9B%E1%80%AC%E1%80%BB%E1%80%95%E1%80%8A%E1%80%B9%E1%80%B7%E1%82%8F%E1%80%BD%E1%80%85%E1%80%B9%E1%80%86%E1%80%AF%E1%80%AD%E1%80%9E%E1%80%8A%E1%80%B9%E1%80%B7


ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် (ဗကသ)က ဦးဆောင်ကာ လက်ပံတန်း အကြမ်းဖက်ခံရမှု ၂ လပြည့်နှင့် ဗကသများအဖွဲ့ချုပ် ၇၉ နှစ်ပြည့် အခမ်းအနားကို မေလ ၁၀ ရက်တွင် ရန်ကုန်မြို့ရှိ နာရေးကူညီမှု အသင်းရုံး၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဗကသ ဒုတိယဥက္ကဋ္ဌ ကိုလင်းထက်နိုင်က မေလ ၆ရက်တွင် မြန်မာ သံတော်ဆင့်သို့ ပြောသည်။

အဆိုပါ အခမ်းအနားသို့ တက်ရောက်ရန် အဖွဲ့အစည်း အသီးသီးအား ဖိတ်ကြား သွားမည်ဖြစ်ပြီး ဗကသ သမိုင်းကြောင်းများ ပြန် လည် ဟောပြောခြင်း၊ လက်ပံတန်း ကျောင်းသပိတ် အကြမ်းဖက်ဖြိုခွင်း ခံရသည့် ဓာတ်ပုံမှတ်တမ်းများ၊ ရုပ်သံမှတ်တမ်းများ ပြန်လည်ပြသခြင်း တို့ကို ပြုလုပ်သွားမည်ဖြစ်သည်။

““အဖွဲ့အစည်းတွေအားလုံး ဖိတ်ကြားဖို့ရှိတယ်။ ဦးဆောင်လုပ်မှာကတော့ ဗကသကပဲ ဦးဆောင်ပြုလုပ်မှာ။ ဖမ်းဆီးခံ ကျောင်းသားတွေနဲ့ ပတ်သက်ပြီးတော့လည်း လွတ်မြောက်ဖို့ လှုပ်ရှားမှုတွေရှိမှာပါ။ မလုပ်ခင်တော့ ကြိုပြောဖို့ ခက်ပါမယ်။ အဲဒါနဲ့ ပတ်သက်လို့ လုပ်ဆောင်မှုရှိမှာပါ””ဟု ဗကသ ဒုတိယဥက္ကဋ္ဌ ကိုလင်းထက်နိုင်က ပြောသည်။

အစိုးရက ဗကသများအဖွဲ့ချုပ် ဦးဆောင်သော ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်းအား မတ်လ ၁၀ ရက်က လက်ပံတန်း၌ အကြမ်းဖက် ဖြိုခွင်းခဲ့ပြီးနောက် ဗကသ ကျောင်းသားခေါင်းဆောင် အများစုကိုလည်း ဖမ်းဆီးမှုများ ဆက်တိုက် ပြုလုပ်လျက်ရှိသည်။

““ဗကသများ အဖွဲ့ချုပ်ရဲ့အဓိက ၀ိညာဉ်က ဘာလဲဆိုတော့ ကျောင်းသားထုအရေးကို သေတစ်ပန်သက် တစ်ဆုံး ထမ်းဆောင်ခဲ့တာက ဗကသများအဖွဲ့ချုပ်ရဲ့ ၀ိညာဉ်ပဲ။ တကယ်တမ်းတော့ ဒါတင်မကဘူး။ စစ်အစိုးရ ပေါ်လာရင် စစ်အစိုးရ ဆန့်ကျင်ရေး လုပ်တယ်။ ကျောင်းသားသမဂ္ဂကို ဖြိုဖျက်တယ်၊ ဖိနှိပ်တယ် လုပ်တယ် ဆိုရင် ကျောင်းသားသမဂ္ဂက ရုန်းကန်ကြတယ်။ အခုလိုလုပ်တာ ဗကသများ အဖွဲ့ချုပ်ရဲ့အစဉ်အလာကို ခုလိုထိန်းသိမ်းတာ ၀မ်းသာတယ်””ဟု ၁၉၆၂ ဗကသ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်ဟောင်းဖြစ်သူ ဦးလှရွှေက မြန်မာသံတော်ဆင့်သို့ ပြောသည်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ကို ၁၉၃၆ ခု မေလ ၈ ရက်တွင် ဂျူဗလီဟော၌ အမျိုးသားရေးအရ ကျယ်ပြန့်သော လှုပ်ရှားမှုများ လုပ်ဆောင်နိုင်ရန် စတင်ဖွဲ့စည်းခဲ့ကာ ပထမဆုံးဥက္ကဋ္ဌမှာ ကိုရာရှစ်ဖြစ်ပြီး ကိုအောင်ဆန်း (ဗိုလ်ချုပ်အောင်ဆန်း)က ဒုဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။

ဗကသများအဖွဲ့ချုပ်၏ ၁၉၅၁ ခုနှစ်က ကျင်းပသော နောက်ဆုံးညီလာခံဖြစ်သည့် ၆ ကြိမ်မြောက် ညီလာခံတွင် All Burma Students Union (ABSU) ဟူသော နာမည်ကို ယခုသုံးစွဲနေသော နာမည်ဖြစ်သည့် ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (All Burma Federation of Students Union ABFSU) ဟု ပြောင်းလဲခဲ့ခြင်းဖြစ်သည်။

ဗကသများ အဖွဲ့ချုပ်သည် ခေတ်အဆက်ဆက်၌ နိုင်ငံရေး နယ်ပယ်တွင် ပါဝင်နေပြီး ကျောင်းသားနှင့် နိုင်ငံရေး ဆက်စပ်နေပုံကို လက်ရှိ ဗကသဥက္ကဋ္ဌ ကိုကျော်ကိုကိုက ၎င်း၏ “သမဂ္ဂကျောင်းသား ကျော်ကိုကို”စာအုပ်၌ ““နံပါတ် ၁ ရည်ရွယ်ချက်ကတော့ ကျောင်းသား နိုင်ငံရေးရဲ့အမြင့်ဆုံးပုံစံဟာ ကျောင်းသား သမဂ္ဂကလွဲပြီး ဘာမှမရှိဘူးဆိုတာ သိစေချင်တာပါပဲ။ ၂ အချက်ကတော့ ကျောင်းသား သမဂ္ဂရဲ့ အဓိပ္ပာယ် အစစ်အမှန်ကို တိတိကျကျသိပြီး သမဂ္ဂကို ပိုတွက်တာ၊ လျှော့တွက်တာ မဖြစ်စေချင်လို့ပါပဲ။ နောက်ဆုံး အချက်ကတော့ သမဂ္ဂကို နိုင်ငံရေး အရောင်ဆိုးလေ့ရှိတဲ့ စစ်အာဏာရှင်တွေရဲ့ ဗီဇကို ပုံတူမျိုးပွားဖို့ ကြိုးစားနေတဲ့ ဒီနေ့ခေတ် လစ်ဘရယ်ဆိုတဲ့ နိုင်ငံရေး အင်အားစုတွေကို ပြင်းပြင်းထန်ထန် သတိပေးဖို့လည်းဖြစ်ပါတယ်”” ဟု ဖော်ပြ ထားသည်။

ဝိုင်းမော်

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald


 ယမန်နေ့ ညက ကျွန်တော်သည်အိပ်မက်တခုကို မြင်မက်၏။ အိပ်မက်ထဲတွင် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို ကျွန် တော်သည် တွေ့မြင်ရ၏။ ခေါင်းဆောင်ကြီးသည် နောက်လိုက်နောက်ပါ မပါဘဲ လမ်းပေါ်ဝယ် တယောက်တည်း လျှောက်သွားနေသည်။ ကျွန်တော်လည်း လမ်းပေါ်တွင် လျှောက်သွား နေသည်ဖြစ်ရာ ဗိုလ်ချုပ်အောင်ဆန်းနှင့်ကျွန်တော်သည် ရှေ့ဆင့်နောက်ဆင့် တယောက်နှင့် တယောက် မလှမ်းမကမ်းမှ လျှောက်လာခဲ့သည်။ အချိန်မှာ နံနက်စောစောဖြစ်၍ ဆောင်းတွင်းကြီး နှင်းတွေဝေနေဆဲ အခါသမယဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် စိုက်စိုက်စိုက်စိုက်ဖြင့် လျှောက်လာရင်းလမ်းတွင် လူတယောက် အကြော်တဲလေးထဲတွင်ထိုင်နေရင်း ခိုက်ခိုက်တုန်အောင်ချမ်းနေ သည်ကိုမြင်၍ လမ်းလျှောက်ရာမှ ထိုလူရှိရာလမ်းဘေး အကြော်တဲသို့ ၀င်လာ၏။ ကျွန်တော်လည်း မလှမ်းမကမ်းမှ အကဲခတ်ကြည့်ရှုနေသည်။

ဗိုလ်ချုပ်အောင်ဆန်းသည် ထိုလူထိုင်နေရာသို့ သွားပြီး -
''တော်တော်ချမ်းနေသလားကိုယ့်လူ''ဟု မေးလိုက်သည်။ ထိုအ ခါအမေးခံရသူက - ''ဟုတ်ကဲ့၊ အတော်ပဲချမ်းပါတယ်၊ ဆင်းရဲလွန်း တော့ အနွေးထည်များလည်း လောက်ငအောင်ဝယ်မ၀တ်နိုင်ပါဘူးခင် ဗျာ''ဟု ရိုရိုသေသေဖြေလိုက်၏။ ထိုအခါဗိုလ်ချုပ်အောင်ဆန်းသည် သူ့ကိုယ်ပေါ်တွင်ဝတ်ထားသော အနွေးထည်အကျီ င်္ကိုကောက်ချွတ်လိုက် ပြီး - ''ရော့၊ ကိုယ့်လူ၊ ဒီအနွေးထည်ကိုဝတ်ထားလိုက်ပေတော့၊ အကောင်းစားအကျီ င်္မဟုတ်ပေမယ့်၊ အတော်အတန်တော့ နွေးပါလိမ့်မယ်''ဟု ကြင်ကြင်နာနာပြောလိုက်လေ၏။

ထိုအခါအနွေးထည်အပေးခံ ရသူက နားမလည်နိုင်အောင်ဖြစ်သွားကာ -
''ကျွန်တော့်ဘာသာ ကျွန်တော်ချမ်းနေတာနဲ့၊ ဒီကနောင်ကြီးနဲ့ ဘယ်လိုဆိုင်ပါသလဲခင်ဗျာ''ဟု မေးလိုက်၏။ ဗိုလ်ချုပ်အောင်ဆန်းသည် အင်မတန်စိတ်မကောင်းသောမျက်နှာနှင့် -
''ကျုပ်နဲ့တိုက်ရိုက်တော့မဆိုင်ဘူးပေါ့ဗျာ၊ ဒါပေမဲ့ ဒီနိုင်ငံမှာ ကျုပ် ဟာ အစိုးရအဖွဲ့ခေါင်းဆောင်ပဲ၊ ဒီတော့ တိုင်းသူပြည်သားတွေ ဆင်းရဲဒုက္ခရောက်နေတာ အားလုံးဟာ ကျပ်နဲ့ဆိုင်တာပေါ့၊ ခင်ဗျား အနွေးထည် မရှိလို့ချမ်းနေတာသည် တိုင်းပြည်ခေါင်းဆောင်ဖြစ်တဲ့ ကျုပ်နဲ့ သက်ဆိုင် တယ်ဗျ၊ ဒါ့ကြောင့် ဒီအင်္ကျီကို ယူလိုက်ပေတော့''ဟုဆိုကာ အင်္ကျီကို ဇွတ်ချွတ်ပေးသွား၏။

ကျွန်တော်လည်း ဗိုလ်ချုပ်အောင်ဆန်းနောက်သို့ ခပ်သုတ်သုတ် လိုက်ရင်း -
''အဘ၊ အဘ နေပါဦး''ဟုပြောလိုက်ရာ ဗိုလ်ချုပ်အောင်ဆန်းလည်း သူ့ကိုခေါ်မှန်းမသိဘဲ ရှေ့ဆက်ကာသွားလေသည်။ ကျွန်တော်က အမောတကောနှင့် မီအောင်လိုက်ကာ -
''အဘကလည်းဗျာ ခေါ်လိုက်ရတာ''
''မင်းကဘယ်သူ့ခေါ်တာလဲ''
''အဘကိုလေ၊ အဘကိုခေါ်တာ''
ဗိုလ်ချုပ်သည် ခါးတွင်ချိတ်ထားသော ဂျပန်ဓားကိုဓားအိမ်မှထုတ် ကာ ''မင်းကငါ့ကိုမလေးမစားလုပ်တာလား၊ ဂျပန်ဓားနဲ့အပိုင်းခံချင်လို့လား''
''မဟုတ်ပါဘူး၊ ကျွန်တော်ကလေးစားလို့ အဘလို့ခေါ်တာပါ''“
''ဟေ့ကောင် ငါ့နာမည် အောင်ဆန်းကွ၊ တတိုင်းတပြည်လုံးက သိတယ်၊ ဘာအဘလဲ၊ မင်းကငါ့မြေးမို့ ငါ့ကိုအဘခေါ်တာလား၊ မင်းက အောင်ဆန်းဦးရဲ့သားလား''
''မဟုတ်ပါဘူး''
ဒါဆို ''အောင်ဆန်းလင်းရဲ့ သားလား''
''မဟုတ်ပါဘူး ဗိုလ်ချုပ်''
ဒါဖြင့်ရင် ''အောင်ဆန်းစုကြည်ရဲ့သားလား၊ မင်းက''
''မဟုတ်ပါဘူးခင်ဗျ''
''ဒီကောင်သေချင်ပြီထင်တယ်၊ ဒါဆို မင်းငါ့ကို ဘာလို့အဘလို့ ခေါ်တာလဲ''“
''အခုခေတ်လူကြီးတွေက အမျိုးတော်တော်မတော်တော် အဘ ခေါ်မှကြိုတ်လို့၊ ကျွန်တော်လဲ ဖားပြီးခေါ်ကြည့်တာပါ ဗိုလ်ချုပ်”
''တော်စမ်း၊ သူတို့ကြိုတ်ရင်သူတို့သွားခေါ်၊ ငါ့လာမခေါ်စမ်းနဲ့ ဘယ့်နှယ်ကွာ၊ ငါ့အသက်က ခုမှ ၃၂ နှစ်စွန်းစွန်းပဲရှိသေးတယ်၊ အဘတဲ့ နားကလောလိုက်တာ၊ မသိရင် သူ့အမေနဲ့ပဲ ငါကအ၀ှာ ဖြစ်နေသလိုလို။ ဒီမှာ မြန်မာ-အင်္ဂလိပ် ပါဠိအဘိဓာန်ထဲမှာ အဘဆိုတာကို ဘယ်လို အဓိပ္ပာယ်ပြထားလဲ မင်းသိလား''
''မသိပါဘူး ဗိုလ်ချုပ်''
''အေးမသိရင် မှတ်ထား၊ အဘဆိုတာကို အင်္ဂလိပ်လို father ၊ ပါဠိလို ပိတာ၊ မြန်မာလိုတော့ အဖေလို့ အဓိပ္ပာယ်ရသကွ။ အဲဒီတော့ မင်းအမေကိုလည်း ငါမလိုချင်ဘူး၊ ငါ့ကိုအဘလို့လည်း လာမခေါ်နဲ့။ ငါ့မှာ နာမည်ရှိတယ်။ ကိုအောင်ဆန်း၊ သခင်အောင်ဆန်း၊ ဦးအောင်ဆန်း၊ ဗိုလ်ချုပ်အောင်ဆန်းကြိုတ်သလိုခေါ်ကွာ။ အဘလို့တော့မခေါ်နဲ့။ အဘ ဆိုတာလူနာမည်မဟုတ်ဘူးကွ။ အဖေလို့ခေါ်တာ၊ မင်းလဲ လူတွေ့တိုင်း အဖေလို့ လျှောက်ခေါ်မနေနဲ့။ ဒါပဲသွားတော့''
ကျွန်တော်သည် ဗိုလ်ချုပ်အောင်ဆန်းငေါက်လိုက်သဖြင့် ဆက် မလိုက်ရဲတော့ဘဲ လာလမ်းအတိုင်း အိပ်မက်ထဲတွင် နောက်ကြောင်း ပြန်လှည့်လာသောအခါ ခပ်စောစောက လမ်းတွင်ဗိုလ်ချုပ်အောင်ဆန်း အနွေးထည်အင်္ကျီပေးလိုက်သောသူသည် လမ်းဘေးတွင် ငိုနေသည်ကို တွေ့ရလေ၏။
''ဘာဖြစ်တာလဲ ကိုယ့်လူ''
''ဟောဟိုမှာ လူနှစ်ယောက်တွေ့လား၊ သူတို့က ကျွန်တော့်အ နွေးထည်အင်္ကျီကို အတင်းလုယူသွားတယ်၊ ပြီးတော့ကျွန်တော်ထိုင်နေတဲ့ တဲကိုလည်း စည်ပင်မြေနဲ့မလွတ်လို့တဲ့၊ အဲဒါတရားရုံးကိုလာရမယ်ဆိုပြီး ၀ရမ်းပေးသွားတယ်။ ကျွန်တော်တော့ ဒုက္ခရောက်ပါပြီဗျ''ဟု ငိုရှိုက်ရင်း ပြောလေ၏။

ကျွန်တော်သည် သူတို့နှစ်ယောက်နောက်သို့ပြေးလိုက်ရာ မီလာသောအခါတွင် အဘယ်ကြောင့် အပြစ်မရှိသော လူတယောက်ထံမှ သူ များပေးထားသောအင်္ကျီကိုလုယူသွားသလဲ၊ အဘယ့်ကြောင့် ဆင်းရဲသား တယောက်နားနေသောတဲကလေးသည် စည်ပင်ပိုင်ကျုးကျော်တဲဖြစ် သွားရသနည်းဟုမေးရာ အမေးခံရသူက ဒေါသဖြစ်ကာ -
''မင်းက ဘာကောင်လဲ၊ ဒါက အဘအမိန့်အရ လုပ်ရတာကွ၊ သေသွားချင်လို့လား''ဟု ကျွန်တော့်ကိုငေါက်ငမ်းလေ၏။ ကျွန်တော်လည်း ဗိုလ်ချုပ်အောင်ဆန်း သင်ပေးထားသည်အတိုင်း -
''အဘဆိုတာ အဖေပဲကွ၊ မင်းမှာ အဖေဘယ်နှယောက်ရှိလို့လဲ၊ ဘယ်အဖေက ခိုင်းတာလဲ၊ မင်းပထွေးက ခိုင်းတာလား''ဟုမေးလိုက်ရာ ထိုသူသည် ဒေါသအမျက်ချောင်းချောင်း ထွက်ပြီး ကျွန်တော့်နဖူးကို သေနတ်ဒင်နှင့် တအားနှက်လိုက်လေသည်။ ထိုသို့ သေနတ်ဒင်နှင့် ထုခံလိုက်ရသည်နှင့် ကျွန်တော်လည်း ချွေးစေးချွေးပေါက်များကျကာ ကြယ်တွေလတွေကိုမြင်လိုက်ပြီး ရုတ်တရက်အိပ်ရာမှလန့်နိုးလေသည်။
ထိုအခါ ကျွန်တော်လည်း အိပ်မက်ထဲမှာဂြိုလ်မွှေလှသော 'အဘ' ဆိုသော စာလုံးကိုတွေးမိရာမှ ဗိုလ်ချုပ်အောင်ဆန်းပြောသွားတာ သတိရသဖြင့် မြန်မာအင်္ဂလိပ်အဘိဓာန်ကိုလှန်ကြည့်ရာအောက်ပါအတိုင်း ဖော်ပြ ထားတာတွေ့ရလေ၏။

အဘ / aba / n father .pron term of address for a man who is about the same age as one’s father . ဟု ရေးသားထားတာ တွေ့ရလေသည်။ အိပ်မက်ထဲကအတိုင်း မှန်သည်။ အဘဆိုသည်မှာ အဖေကိုခေါ်သည်။ ကိုယ့်အဖေအရွယ်ယောကျာ်းများ ကိုလည်း နာမ်စား အဖြစ်သုံးနှုန်းသည်ဟု ပြဆိုထားပေသည်။ သို့သော် ကျွန်တော်နားမလည်သည်မှာ ဟိုနေ့က သက်ပြည့်ပင်စင်ယူကာနီး ရဲ တပ်ကြပ်ကြီးတယောက်သည် သူ့ထက်အသက်များစွာငယ်သော အရာရှိတယောက်ကို အဘ၊ အဘ ဟုတ်ကဲ့ပါအဘဟု ခေါ်ဆိုနေခြင်းဖြစ်သည်။ အဘိဓာန်ကျမ်းက ပြောထားပုံအရဆိုလျှင် ကိုယ့်အဖေကိုလည်း ကောင်း၊ အဖေအရွယ်ကိုလည်းကောင်း အဘဟု နာမ်စားသုံးခေါ်ဝေါ် နိုင်သည်ဟုပြဆိုထားရာ အဖေမဟုတ်လျှင်၊ အဖေအရွယ်မဟုတ်လျှင် အလကားနေရင်း အဘခေါ်ရမည်ဟု မြန်မာစာဌာနက ထုတ်ဝေသော အဘိဓာန်၌ ပြသမထားပေ။ တဖန်စဉ်းစားလျှင်လည်း အဘဆိုသည်မှာ 'အဘိုး'ဟူ၍လည်း ယူနိုင်သေးရာ ကိုယ့်အဘိုးအရွယ်ရှိမှ အဘဟုခေါ် သင့်လှပေသည်။ ကိုယ့်အဘိုးအရင်းလည်းမဟုတ်။ ကိုယ့်အဘိုးအရွယ် လည်း မဟုတ်ပါဘဲ အဘခေါ်ခြင်းကား စဉ်းစားသင့်ပေ၏။ အထက် လူကြီးကို ဖား၍ ခေါ်ခြင်းဆိုလျှင် ပို၍ပင် စဉ်းစားသင့်ပေ၏။

မြန်မာစကားတွင် အစ်ကိုအရွယ်ကို အစ်ကို၊ ဦးလေးအရွယ်ကို ဦးလေးစသည်ဖြင့် နာမည်ရှေ့တွင် ကို၊ ဦး စသည်ဖြင့်ဝိဂြိုဟ်ပြုစရာ အာလုပ်စကားရှိပြီးသား ဖြစ်သည်။ အလကားနေရင်း အဘ၊ အဘွား စသည်ဖြင့် ခေါ်ဝေါ်နေခြင်းမှာ ခေါ်သူအတွက်လည်း မကောင်း၊ အခေါ်ခံ ရသူအတွက်လည်း မကောင်းပေ။ အထူးသဖြင့် အသက် ၆၀ တန်းများက အသက် ၅၀ တန်းများအား အဘခေါ်နေခြင်းမှာ ခေါ်သူရော အခေါ်ခံသူပါ မြန်မာ့ယဉ်ကျေးမှုကို ဖီလာကန့်လန့်လုပ်နေသလိုရှိပေသည်။ ရာထူးကို လေးလေးစားစားဖော်ပြချင်ပါက ဗိုလ်ကြီး၊ ဗိုလ်မှူးကြီး၊ ဗိုလ်ချုပ်ကြီး၊ ဥက္ကဋ္ဌကြီး၊ သမ္မတကြီး၊ ပါမောက္ခကြီး၊ နာယကကြီး စသည်ဖြင့် ခေါ်ဆိုနိုင် ပါ၏။ ထိုသို့မဟုတ်ပါဘဲ အခေါ်ခံရသူက အဘမှအဘ အခေါ်ခံချင်နေ လျှင်ဖြင့် စိတ်ရောဂါတမျိုး စွဲကပ်နေပြီဟုသာ ဆိုရတော့မည်။ ထိုရောဂါမှာ လူတကာ၏ အဖေဖြစ်ချင်သောရောဂါလား၊ လူတကာထက် အသက်ကြီး ချင်သောရောဂါလား၊ လူတကာထက် အာဏာကြီးချင်သောရောဂါလား၊ ၀မရှိဘဲ ၀ိလုပ်ချင်သောရောဂါလားဆိုတာတော့ ကာယကံရှင်ကိုယ်တိုင်ပဲ သိမည်။

ယခုအခါ အပြင်လောကတွင် အဘအခေါ်ခံချင်သောရောဂါသည် တနေ့တခြားဒီရေအလား တိုးပွားလျက်သာရှိ၏။ ဟိုတနေ့က ရဲစခန်းတခု သို့သွားရာ စခန်းမှုးကလည်း သူ့ကိုအဘခေါ်မကြိုတ်၏။ သူ၏လက် အောက်ငယ်သားများ အမှုနှင့်ပတ်သက်၍ ရဲစခန်းသို့လာသူများအားလုံး သူ့ကိုအဘခေါ်ကြရ၏။ ထိုအဘသည် သူ့ထက်ရာထူးကြီးသော ခရိုင် ရဲမှုးလာသောအခါ အဘခေါ်ရပြန်သည်။ ထိုအဘသည်လည်း တိုင်းရဲမှူးကို အဘခေါ်ရ၏။ ထိုမှတဖန်၊ ထိုမှတဖန် သံသရာသည်မဆုံးတော့ပေ။ ယခုအခါ မီးသတ်တပ်ကြပ်ကြီးကလည်း စခန်းတွင်လူလစ်လျှင် သူ့အောက်မှ တပ်သားများအား သူ့ကို အဘ ခေါ်တွင်စေ၏။ ကြက်ခြေနီ တပ်စိတ်မှူးကလည်း သူကိုယ့်သူအဘ၊ ဘုရားကိုးဆူဆရာကလည်း သူ့ကိုယ်သူ အဘ အခေါ်ခံချင်သောခေတ် ဖြစ်သည်။ မြန်မာတပြည်လုံး အဘမှအဘဖြစ်နေကြရာ အားလုံးသည် အသက်ကြီးချင်လေကြသလောဟုပင် စဉ်းစားမိလေသည်။ ထိုကိစ္စသည်အရးမကြီးသယောင်ရှိသော်လည်း ကိုယ့်ကိုယ်ကိုယ်လိုတာထက်ပို၍ အရိုအသေခံချင်သော အာဏာကိစ္စ ဖြစ်သည်။ တဖက်မှာလည်း အောက်ခြေမှလူများသည် အလုပ်ကို မှန်မှန်ကန်ကန်လုပ်ဖို့ထက် အထက်လူကြီးကိုလိုတာထက်ပို၍ ဖားချင် ယားချင်ကြသော ဖြတ်လမ်းမှမျက်နှာသာလိုချင်သည့် အချောင်သမား စိတ်မျိုးဖြစ်သည်။ နိုင်ငံတနိုင်ငံကြီးပွားတိုးတက်ချင်လျှင် အချောင်သမား စိတ်မျိုး၊ လိုတာထက်ပို၍ အရိုသေခံချင်သော အာဏာရှင်စိတ်ထားများကို အသေးအဖွဲမှစတင်ဖြိုဖျက်ပစ်မှ ရမည်။ သေးသေးဖွဲဖွဲဆိုသော်လည်း ထိုအကျင့်များသည် တိုင်းပြည်အတွက် အသုံးမ၀င်သော စားဖားစိတ်ဓာတ်များ ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းကလည်း စားဖားတွေညီညွတ်တာ မလိုချင်ဘူးဟု သူ့မိန့်ခွန်းထဲတွင် အတိအလင်းပြောခဲ့ပြီး ဖြစ်သည်။ လူသည် ရာထူးကြီးလာလေလေ မိမိကိုယ့်ကို နှိမ့်ချလေလေဖြစ်ရမည်။ စပါးနှံသည် အနှံပြည့်လေလေ အောက်သို့ငိုက်လေလေဖြစ်သည်။ အလကားနေရင်း အရိုသေကြိုတ်နေသူသည် အောက်ကတပည့်တွေ၏ အလိမ်အညာကို ခံကြရတော့မှာ မြေကြီးလက်ခတ်မလွဲပေ။

မြန်မာနှစ်သစ်ကူးအခါသမယတွင် ဘိုးဘွားများကို သက်ကြီးပူဇော်ပွဲလုပ်သောအခါ ထိုဘိုးဘွားများမှာ အဘိုးအစစ်၊ အဘအစစ်၊ အဘွားအစစ်များ ဖြစ်သည်။ အဘလာလာကြပါဟု လူငယ်များကကြိုဆိုနေရာ ပေးခြင်းသည် ထိုဘိုးဘွားများကို ဖားချင်သည့်သဘော၊ အခွင့်အရေးလိုချင်သည့်သဘော၊ ကြောက်ရွံ့ထိတ်လန့်သည့်သဘော တစက်မှမပါဘဲ လေးစားချစ်ခင်ခြင်း၏ သင်္ကေတများကိုသာ တွေ့ရစမြဲဖြစ်သည်။ ထိုအဘများ၊ ထိုအဘွားများသည် အဘအစစ်များ ဖြစ်သည်။ အဘွားအစစ်များ ဖြစ်သည်။ ကန်တော့ခံထိုက်သော သက်ကြီးဝါကြီးများ ဖြစ်သည်။ အသက် ၇၀ ကျော် ၈၀ များဖြစ်သည်။

ကျွန်တော်တို့နိုင်ငံတွင် တွေ့နိုင်သော နောက်အဘတမျိုးကတော့ သက်ကြီးပူဇော်ပွဲတွင် စာရင်းမ၀င်သော အဘများဖြစ်သည်။ ဒီနေ့ရာထူးပြုတ်လျှင် မနက်ဖြန် အဘမဟုတ်တော့သူများ ဖြစ်သည်။ ထိုသူများမှာ အဘအတုများ ဖြစ်ပါပေ၏။ မိမိ၏ ပညာဂုဏ်၊ သီလဂုဏ်၊ သမာဓိဂုဏ်၊ အသက်ရှည်ခြင်းဂုဏ်တို့ကြောင့် အဘအစစ်ဖြစ်ကြသူတို့ကိုမူကား လေးလေးစားစား ကန်တော့အပ်ပေ၏။ ထိုသို့မဟုတ်ဘဲ အကယ်၍လက် အောက်ငယ်သားများက ဖား၍ခေါ်လျှင်သော်မှ သဘောထားပြည့်သူသည် ထိုသို့ခေါ်ခြင်းကို ငြင်းပယ်သင့်လှပေ၏။ ပြည်သူလူထုက တကယ် ရိုသေ ချစ်ခင်လေးစားလာသောအခါ ဆရာကြီး သခင်ကိုယ်တော်မှိုင်း၊ ပါတော်မူ သီပေါမင်းတရားကြီး၊ လယ်တီပဏ္ဍိတ ဦးမောင်ကြီး၊ အနာဂါမ်ဆရာ သက်ကြီး၊ ဆရာကြီး ဦးဖေမောင်တင်၊ ဆရာကြီး ရွှေဥဒေါင်းတို့ ဗိုလ်ချုပ်၊ သခင်မြ၊ ဒီးဒုတ် ဦးဘချို၊ ဆမားဒူးဝါးကြီး၊ ဆရာစံ၊ သခင်ဖိုးလှကြီး စသည်ဖြင့် လေးလေးစားစားခေါ်ဝေါ်ကြပေလိမ့်မည်။ ထိုစာလုံးတို့သည် ရင်ထဲမှလာသော ဂုဏ်ထူးဝိသေသများ ဖြစ်ကြပါသည်။ မည်သည့်အရာမဆို အစစ်သည် အတုထက် သာသည်။ ရင်ထဲမှ တကယ်လာသောအရာများသည် နှစ်ပေါင်းရာနှင့်ထောင်နှင့်ချီ၍ တည်တံ့သည်။ ဖဲသုံးချပ်လိမ်အဖွဲ့မှ အလံရှူးက သူ့ဆရာကို အလွန်တော်ကြောင်း၊ လာသမျှလူကိုငွေများ လျော်နေကြောင်း စန်းတင်ပြောကြားမှုမျိုးသည် ရေရှည်တည်တံ့မည် မဟုတ်။ ဖဲဝိုင်းလူကွဲသည်နှင့် မစားရ၀ခမန်းဂုဏ်ပုဒ်မှာ ကွဲကြေပျက်သုဉ်းရမည်သာဖြစ်သည်။ ကိုယ့်ကိုယ်ကိုယ်ရွှေဟုသေချာလျှင် မှတ်ကျောက်နှင့် တိုက်ကြည့်လိုက်ပါ မိတ်ဆွေ။

သရ၀ဏ်(ပြည်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


'ရွှေသားတန်ချိန် ၆၀ ခန့်ရှိသော ရွှေတိဂုံစေတီတော်ကြီးကို ပြည်တွင်းထွက်ရွှေများဖြင့်ပင် တည်ထားကိုးကွယ်နိုင်သည့် မြန်မာနိုင်ငံတွင် ရွှေသိုက်များ ရှိရမည်ဟု ယုံကြည်သဖြင့် Jon North မြန်မာနိုင်ငံတွင် ရင်းနှီးမြှပ်နှံရန် လာရောက်ခဲ့သည်။ စီပွားရေးဆိုင်ရာ မူဝါဒများ ခိုင်မာမှုမရှိခြင်း၊ ဓါတ်သတ္တု တူးဖော်ရေးဆိုင်ရာဥပဒေများ ခေတ်မမီခြင်းတို့ကြောင့် စိတ်ပျက်သွားခဲ့သည်။'
----- ----- ----- -----
ဂျွန်နော့သ်သည် လွန်ခဲ့သော ၆ နှစ်ခန့်ကတည်းက မြန်မာနိုင်ငံနှင့်ပတ်သက်သည့် အချက်အလက်များ စုဆောင်းခဲ့သူဖြစ်သည်။ မြေပုံ၊ ဂြိုလ်တုမှ ရိုက်ကူးသည့်ရုပ်ပုံများ ၀ယ်ယူစုဆောင်းခဲ့သည့်အပြင် မြန်မာနိုင်ငံအကြောင်း လေ့လာမေးမြန်းခြင်းများ စတင်လုပ်ဆောင်ခဲ့သည်။ သူသည် ကမ္ဘာပတ်လာသူဖြစ်ပြီး အရှေ့တောင်အာရှနိုင်ငံတွင် သူကြုံတွေ့ရသည်များကို နှစ်သက်သည်။
သူသည် ကနေဒါနိုင်ငံ တိုရန်တိုအခြေစိုက် Northquest သတ္တုတူးဖော်ရေးကုမ္ပဏီ၏ ဥက္ကဋ္ဌဖြစ်ပြီး ၎င်းတို့သည် တံခါးဖွင့်လိုက်သည့် မြန်မာနိုင်ငံ၏ ဆွဲဆောင်မှုနောက် လိုက်ပါကြသော ကုမ္ပဏီများအနက်တခု ဖြစ်သည်။ သို့သော် မြန်မာနိုင်ငံသို့ လာရောက်ရင်နှီးမြှုပ်နှံသည့် ပြည်ပ ကုမ္ပဏီများသည် လွန်စွာခေတ်နောက်ကျနေသည့် စည်းမျည်းစည်းကမ်းများ၊ စစ်တပ်နှင့်ပတ်သက်ပြီး သီးခြားဖြစ်နေသည့်လုပ်ငန်းများ ကြီးစိုးရာနေရာသို့ ၀င်ရောက်လုပ်ကိုင်ရသကဲ့သို့ဖြစ်ပြီး တချို့နေရာများတွင် ဥပဒေဟူ၍ပင် အလျဉ်းမရှိချေ။
သို့သော်လည်း မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု အလျင်မြန်ဆုံးဆိုသော နိုင်ငံများအနက်မှတခုဖြစ်ပြီး ယမန် နှစ်က ပြည်တွင်းအသားတင်ထုတ်လုပ်မှု GDP သည် ၈ ဒသမ ၅ ရာခိုင်နှုန်းဖြစ်ပြီး ယခုနှစ်တွင် ၉ ဒသမ ၃ ရာခိုင်နှုန်းအထိ မြင့်တက်လာမည် ဖြစ်ကြောင်း ခန့်မှန်းထားကြသည်။ ထိုသို့သောနေရာဌာနသည် သတ္တု တူးဖော်ရေးသမားများအတွက် သွားရည်ယိုစရာပင်။ ခန့်မှန်းခြေ ရွှေတန်ချိန် ၆၀ ခန့်ဖြင့် ဆောက်တည်ထားသည့် ရွှေရောင်တဖိတ်ဖိတ်တောက်နေသည့် ရွှေတိဂုံစေတီတော်မြတ်ကြီးကို ကြည့်ပါ။ ရန်ကုန်မြို့၏ အထင်ကရ သမိုင်းမှတ်တိုင်၊ ကံကောင်းခြင်းလက်ဆောင်သဖွယ် ရှိနေသည်။
''တကယ့် ရွှေပြားတွေနဲ့ တည်ထားတာဗျ။ ရွှေစက္ကူလိပ် တွေမဟုတ်ဘူး။ ပြည်တွင်းမှာတူးဖော်လို့ရတဲ့ ရွှေတွေချည်းပဲ။ ဒီရွှေတွေ ထွက်တဲ့ မြေအောက်ရွှေသိုက်တွေ ရှိကိုရှိရမယ်''ဟု မစ္စတာနော့သ် က ပြောသည်။

သို့ဖြစ်၍ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ထားခြင်းကို ၂၀၁၂ ခုနှစ်တွင် ကနေဒါနိုင်ငံက ပယ်ဖျက်ပေးလိုက်သောအခါ မစ္စနော့သ် စတင်လှုပ်ရှားရန် အသင့်ဖြစ်နေခဲ့သည်။ လေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး သီတင်းပတ်အနည်းငယ်ကြာ နေထိုင်ခဲ့သည်။ ထို့နောက် လအနည်းငယ်အကြာတွင် နောက်တကြိမ် ပြန်လည်ရောက်ရှိလာပြီး မော်တော်ယာဉ်တစင်းငှား၊ ဘူမိဗေဒပညာရှင်အချို့ကိုငှာရမ်းပြီး ချိုင့်ခွက်များတောထနေသည့် မြန်မာနိုင်ငံ၏ လမ်းများအတိုင်း ခရီးထွက်ပါတော့သည်။

''ကျွန်တော်တို့ တကယ်စိတ်ဝင်းစားမိတဲ့အရာတွေ တွေ့ခဲ့ပါတယ်''ဟု ၎င်းက ပြောသည်။

သို့သော်လည်း မေးခွန်းပေါင်းများစွာ ပေါ်ထွက်လာသည်။ ကမ္ဘာ့နိုင်ငံအများစုနှင့်မတူသည်မှာ မြန်မာနိုင်ငံတွင် ခေတ်နှင့်လျော်ညီ သည့် သတ္တုတူးဖော်ရေးဥပဒေမရှိသေးပါ။ အကျိုးဆက်အဖြစ် သတ္တုတူးဖော်ရေးကုမ္ပဏီများအနေနှင့် ၎င်းတို့လုပ်ကိုင်လိုသည့်မြေနှင့်ပတ်သက်သည့် အခွင့်အရေးများမသဲကွဲခြင်း၊ အခွန်အခနှုန်းထားကို အတိအကျ မသိရခြင်း၊ Royalties ခေါ် မြေရှင်ထံပေးရမည့် အခွန်အခမည်၍မည်မျှ သေချာစွာမသိရခြင်းအပြင် ပြည်ပပညာရှင်များကို အဆင့်မြင့်ဝန်ထမ်းအဖြစ် ခန့်အပ်ခွင့်ရှိမရှိကိုပင် သဲသဲကွဲကွဲမသိရခြင်းတို့နှင့် ရင်ဆိုင်နေရသည်။ ၃ နှစ်ခန့်ကြာပြီးနောက် ဖော်ပြပါကိစ္စရပ်များ မရှင်းလင်းသေးပါ။ မြန်မာနိုင်ငံတွင် ဓာတ်သတ္တုတူးဖော်ရေး ဥပဒေကြမ်းရေးဆွဲ၍ လွှတ်တော်သို့တင်ပြထားသော်လည်း စစ်တပ်က ထိန်းချုပ်ထားသည့်လွှတ်တော်တွင် သဘာဝသယံဇာတတူးဖော်ရာမှ ရရှိမည့်အခွန်အတုတ်ကို မည်သို့ခွဲဝေသင့်ကြောင်း ဆွေးနွေးဆဲဖြစ်ပြီး အဆိုပါဥပဒေကြမ်းကို အတည်မပြုနိုင်သေးသည့် အခြေအနေတွင်ရှိသည်။ ရင်းနှီးမြှုပ်နှံလိုသူများကလည်း သေချာဂဏမသိရသည့် စီမံကိန်းတခုအတွက် ငွေလုံးငွေရင်းမတည်ရန် လက်တွန့်နေမည်ဖြစ်သည်။ ထို့ကြောင့် မစ္စတာနော့သ်သည်လည်း စောင့်ဆိုင်းလျက်ရှိသည်။

အခြားကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံလိုသူများနည်းတူ သတ္တုတူးဖော်သူများအတွက်လည်း မြန်မာနိုင်ငံ တံခါးဖွင့်မှုအပေါ် ထားရှိခဲ့သည့် မျှော်လင့်ချက်ကြီးများ ကုန်ခန်းသွားလေပြီ။ နှစ်ပေါင်းရှည်ကြာစွာ တံခါးပိတ်ထားခဲ့သည့် အကျိုးဆက်များကို ကာလတိုအတွင်း ဖြေရှင်းမပေးနိုင်ဆိုသည့် အမှန်တရား၏ ဓားစာခံများဖြစ်သွာကြလေပြီ။ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် အနည်းငယ်သာကျန်ရှိတော့သော စီးပွားရေးနယ်ပယ်သစ်များအနက်မှတခုဖြစ်သည်ဟုဆိုသော်လည်း လုပ်ငန်းကိုင်ငန်း များအနေနှင့် ခက်ခက်ခဲခဲစွန့်စား၍ လေ့လာရဦးမည်ဖြစ်သည်။

''အခြေခံအဆောက်အအုံအနေအထားတွေက တော်တော်ဆိုးတယ်ဗျ။ စည်းကြပ်မှုတွေက မရှင်းလင်းဘူး၊ တသမတ်တည်းမရှိဘူး။ ပို့ကုန် သွင်းကုန်စနစ်က လုပ်ရကိုင်ရခက်တယ်။ ရုံးခန်း၊ အိမ်ခန်းဈေးတွေက အဆမတန်မြင့်မားတယ်။ ရေမြောင်းစနစ်တွေဟာလည်း နှစ် ၁၀၀ ကျော်ကအတိုင်းပဲဆိုတော့ မိုးတွင်းမှာဆို ရေကဒူးအထိမြုပ်တယ်။ နေ့ချင်း ညချင်းတော့ ဖြစ်လာမှာမဟုတ်ဘူး''ဟု စီးပွားရေးလုပ်ငန်းများအတွက် အကြံပေးကုမ္ပဏီဖြစ်သော Tractus Asia မှ မြန်မာနိုင်ငံကိုယ်စားလှယ် ဂျော့ရှ်ဘရောင်းက ပြောသည်။

မြန်မာနိုင်ငံသည် နှစ်ပေါင်း ၅၀ ကြာတံခါးပိတ်ထားခြင်းကို ၂၀၁၀ ခုနှစ်တွင် ရုတ်တရက်အဆုံးသတ်လိုက်ပြီးနောက် နိုင်ငံတကာမှ စီးပွားရေး ၀င်ရောက်လုပ်ကိုင်လိုသူများ၏ အာရုံစိုက်မှုရရှိခဲ့သည်။ အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်ပမာဏခန့် ကျယ်ဝန်းပြီး လူဦးရေ ၅၁ သန်းခန့်ရှိသည့် မြန်မာနိုင်ငံသည် တရုတ်၊ အိန္ဒိယ၊ ထိုင်းနိုင်ငံတို့နှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိပြီး မြောက်ပိုင်းတွင် ဟိမ၀န္တာတောင်တန်း နှင့် တောင်ပိုင်းတွင် ကပ္ပလီပင်လယ်တို့က ခြံရံထားသည်။ မြန်မာသည် တချိန်က အာရှတိုက်၏ စပါးကျီဟု တင်စားခေါ်ဝေါ်ခြင်းခံခဲ့ရသည့် ကမ္ဘာ့ ဆန်တင်ပို့မှုအများဆုံး နိုင်ငံတခုဖြစ်သည်။ သဘာဝသယံဇာတပေါကြွယ်ဝသဖြင့် တရားမ၀င် ကျောက်စိမ်းကုန်ကူးခြင်း အကြီး အကျယ်ဖြစ်ထွန်းလျက်ရှိသကဲ့သို့ ကနေဒါနိုင်ငံသား Robert Friedland လုပ်ကိုင်ခဲ့သည့် အငြင်းပွားဖွယ်ရာ ကြေးနီတူးဖော်ရေးလုပ်ငန်းတခုလည်း ရှိနေသည်။
ဆောလျင်စွာ ၀င်ရောက်ခဲ့သည့်ကုမ္ပဏီအချို့ အောင်မြင်မှုရလျက်ရှိသည်။ ကိုကာကိုလာ၊ ကားလ်စ်ဘာ့ခ်တို့သည် မြန်မာနိုင်ငံတွင် စက်ရုံများ ဖွင့်လှစ်လုပ်ကိုင်နေသည်။ သို့နှင့်တိုင် ကမ္ဘာ့လုပ်ငန်းကြီးများ ၀င်ရောက်လာခြင်း မရှိသေးချေ။ McDonald’s, KFC, Starbucks, 7 Eleven တို့ မြန်မာနိုင်ငံတွင် မရှိသေးပါ။ မကြာသေးမီက Tony Roma’s စားသောက်ဆိုင်တဆိုင် ရန်ကုန်တွင်ဖွင့်လှစ်ခဲ့သည်။ အနောက်တိုင်းယဉ်ကျေးမှု မထိုးဖောက်နိုင်သည့် မြန်မာနိုင်ငံတွင် ရန်ကုန်သည် အနောက်တိုင်းအမှတ်သင်္ကေတများကို တွေ့မြင်နိုင်သည့် အထီးတည်းမြို့ ဖြစ်သည်။

''အမျိုးသားရေးစိတ်ဆန္ဒတွေ အများကြီးရှိနေတယ်။ 'နိုင်ငံခြား သားတွေကို ဘာကြောင့်ခေါ်သွင်းလာသလဲ။ ကျွန်တော်တို့ကို လုပ်စရာ မရှိအောင် လုပ်နေတာလား' နေ့စဉ် ကျွန်တော် အဲဒီလိုမေးခွန်းမျိုးတွေနဲ့ ရင်ဆိုင်နေရတယ်''ဟု သမ္မတဦးသိန်းစိန်၏စီးပွားရေးအကြံပေး ဒေါက်တာအောင်ထွန်းသက်က ပြောသည်။ ယင်းအပြင် ၎င်းတို့၏အမြတ်အစွန်း ရရှိနေမှုကို မစွန့်လွှတ်လိုသော ခရိုနီစီးပွားရေးကလည်း ရှိနေပြန်သေးသည်။

မြန်မာနိုင်ငံစုစုပေါင်းကြွယ်ဝမှု၏ ၈၀ ရာခိုင်နှုန်းသည် လုပ်ငန်းပေါင်းစုံ လုပ်ကိုင်သည့် ပုဂ္ဂလိကစီပွားရေးသမားများ၏ လက်တွင်သော်လည်းကောင်း သို့တည်းမဟုတ် စစ်တပ်၏လက်ထဲတွင်သော်လည်းကောင်း ရှိနေပြီး တခါတရံထို ၂ ခုကြား ခွဲခြားရန်ပင် ခက်ခဲသည်ဟု PS Business School တည်ထောင်သူ ကိုမျိုးမင်းက ခန့်မှန်းပြောဆိုသည်။
''စီးပွားရေးလုပ်ငန်းကြီးတွေ ဒီမှာကောင်းကောင်းကြီး အခြေခိုင် ပြီးသားပါ။ ဒါကြောင့် ခင်ဗျားဟာ နေရာသစ်တခုကို ၀င်လာတာမဟုတ်ပါဘူး။ သူတို့အားလုံးဟာ အင်မတန်ပါးနပ်ကြပြီး တချို့အပိုင်းတွေမှာ ဈေးကွက်ကို သူတို့ပဲလုပ်နိုင်အောင် အပိုင်ကိုင်ထားပြီးဖြစ်တယ်''ဟု ရိုးမဘဏ်မှ အမှုဆောင်အရာရှိ ဟယ်လ်ဘိုရှာက ပြောသည်။
ဘဏ်များကို အကြွေးကတ်ထုတ်ဝေခွင့် ပိတ်ပင်ထားဆဲဖြစ်ပြီး ငွေစက္ကူများကိုသာ အဓိကထားသုံးစွဲနေသေးရာ ငွေထုပ်များကို ရွှေ့ပြောင်းသယ်ဆောင်ရန်အတွက် ရိုးမဘဏ်တွင် မော်တော်ယာဉ်အစင်း ၆၀ သီးသန့်ထားရှိရသည်။ ဘဏ်ဖွင့်ချိန်ကိုလည်း ယနေ့တိုင် ၉ နာရီမှ ၃ နာရီအထိသာ သတ်မှတ်ထားဆဲဖြစ်သည်။

''ဘဏ်ဖွင့်ချိန်ကိုပြင်ရမယ့်အစား ပြည်ပဘဏ် ၉ ခုကို ခေါ်သွင်းလာတယ်။ နှစ်ပေါင်း ၁၅၀ လောက်လုပ်ရမယ့် ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ၅ နှစ်နဲ့လုပ်နေတာဆိုတော့ ကမောက်ကမတွေကတော့ ရှိတာပေါ့''ဟု ၎င်းက ပြောသည်။

အတိုချုံးပြောရလျှင် မြန်မာနိုင်ငံသည် လုပ်ကိုင်စားသောက်ရခက်ခဲသည့် တိုင်းပြည်ဖြစ်သည်ဟု ကနေဒါ-အာဆီယံစီးပွားရေးလုပ်ငန်း ကောင်စီဥက္ကဋ္ဌ ၀ိန်းဖားမားက ပြောသည်။ မြန်မာနိုင်ငံတွင် လာရောက်လုပ်ကိုင်သည့် ကနေဒါအခြေစိုက်လုပ်ငန်း လက်ချိုးရေတွက်၍ရသော်လည်း အခြားပြည်ပကုမ္ပဏီများနည်းတူ ရုန်းကန်နေရသည်။ အော်တ၀ါ မှ ကွန်ပျုတာကွန်ရက်ချိတ်ဆက်မှုပစ္စည်းများထုတ်လုပ်သည့် Optelian သည် ၎င်းတို့ပစ္စည်းများကို မြန်မာနိုင်ငံတွင် ရောင်းချလျက်ရှိသည်။

''ကော်ပိုရေးရှင်လုပ်ငန်းကြီးတွေရဲ့ ရှုထောင့်ကကြည့်ရင် စိုးရိမ်စရာကောင်းတာက နိုင်ငံရေးမတည်ငြိမ်မှုနဲ့ ဥပဒေဆိုင်ရာမသေချာမှုတွေပါ။ အဲဒီ ၂ ခုက စီးပွားရေးအခြေချလုပ်ကိုင်ဖို့ အင်မတန်ခက်ခဲတဲ့ စီးပွားရေးဝန်းကျင်ကို ဖြစ်ပေါ်စေပါတယ်''ဟု Jane Goodland Institute မှ CEO ဖြစ်သူ Peter Biro က ပြောသည်။
သို့သော်လည်း မြန်မာနိုင်ငံက ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများကို ကနေဒါနိုင်ငံက ကူညီဖြေရှင်းပေးနိုင်သည့် အနေအထားတွင် ရှိနေပါသည်။
“လမ်းပန်းဆက်သွယ်ရေး၊ ဆိပ်ကမ်းနဲ့လျှပ်စစ်မီးစတဲ့ အခြေခံ အဆောက်အအုံဖွံ့ဖြိုးတိုးတတ်ရေးမှာ ၀င်ရောက်လုပ်ကိုင်ဖို့ အခွင့်အလမ်းတွေ အများကြီးရှိတယ်။ မြန်မာနိုင်ငံမှာ လျှပ်စစ်မီးမလုံလောက်မှုပြဿနာ အကြီးအကျယ် ရင်ဆိုင်နေရတယ်။ အဲဒီနေရာတွေမှာ လိုအပ်တဲ့ ကျွမ်းကျင်မှုနဲ့ ပစ္စည်းအထောက်အပံ့တွေ ကနေဒါနိုင်ငံမှာ အလုံအလောက် ရှိပြီးသားဖြစ်တယ်''ဟု Export Development Canada မှ စင်ကာပူ နိုင်ငံဆိုင်ရာအကြီးအကဲ ချာဝမ်လျူးက ပြောသည်။

မြန်မာနိုင်ငံသည် အထက်ပါအခက်အခဲများစွာနှင့် ရင်ဆိုင်နေရလင့်ကစား အပြောင်းအလဲများလည်း လျင်မြန်စွာဖြစ်ပေါ်နေသည်။ အဓိက ပြဿနာမှာ မြန်မာအစိုးရက ရှေ့ဆက်မသွားလိုခြင်းမဟုတ်ဘဲ လုပ်ဆောင်ရမည့်အပြောင်းအလဲများစွာအတွက် ရုန်းကန်းကြိုးပမ်းမည့်လူ အလုံအလောက် မရှိခြင်းပင်ဖြစ်သည်။ ၂၀၁၂ ခုနှစ်အထိရန်ကုန်တွင် လျှပ်စစ်မီးပျက်ခြင်း နှင့်ရင်ဆိုင်ခဲ့ရပြီး ၎င်းတို့သည် ယခုအခါ အတိတ်ဖြစ်ရပ်များသာဖြစ်သည်။ အင်တာနက်ဆက်သွယ်မှုသည် ကောင်းမွန်ပြည့်စုံသည်ဟု မဆိုနိုင်သော်ငြား အဓိကမြို့ ကြီးများနှင့် နယ်မြို့အချို့တွင် 3G ကွန်ရက် ရရှိနေပြီဖြစ်သည်။

''မယုံနိုင်လောက်တဲ့နှုန်းနဲ့ တိုးတက်ပြောင်းလဲနေတယ်။ ဒီနိုင်ငံဟာ ဆယ်စုနှစ်များစွာ ပိတ်ထားခဲ့တာပါ။ ဒါပေမဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ စည်းကြပ်မှုတွေကို ရည်ရွယ်ချက်ကောင်းနဲ့ အလျင်အမြန် ပြုပြင်ပြောင်းလဲနေတာကတော့ တကယ့်ကိုချီးကျုးစရာပါပဲ''ဟု မစ္စတာ ဘရောင်းက ပြောသည်။

ဥက္ကာဦး
ရည်ညွှန်း ; Global and Mail
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


လှိုင်သာယာမြို့နယ်မှာ ကျင်းပမယ့် ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့် အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကျင်းပခွင့်မပေးတဲ့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုက ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေထံ ကန့်ကွက်စာပေးပို့လိုက်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့် မွေးနေ့အထိမ်းအမှတ် ဆိုတဲ့ အသုံးအနှုန်းကြောင့် ပွဲကျင်းပခွင့်မပေးတာကို ကန့်ကွက်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးက စာပေးပို့တာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသ ကြီး အန်အယ်လ်ဒီပါတီ ဥက္ကဌ ဦးမြင့်ဌေး က ပြောပါတယ်။

"ကျနော်တို့ ဒီ ၅ လပိုင်းမှာ ပြုလုပ်မယ့်ကိစ္စကို ရန်ကုန်တိုင်း အစိုးရကနေပြီးတော့ ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့် မွေးနေ့ကကျော် သွားတဲ့အတွက် ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့်နဲ့ ပတ်သက်တဲ့အထိမ်းအမှတ်ပွဲကို ပါမစ်မပေးတော့ ဘူးလို့ပြောတယ်ခင်ဗျ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့် မွေးနေ့ ကျင်းပရေးကော်မတီကလည်း ကျနော်တို့ ဒါနဲ့ပတ်သက်လို့ ဒီခေါင်းစဉ်နဲ့မရဘူးရှိရင်တော့ ကျနော်တို့ ရန်ပုံငွေရှာပွဲကို မလုပ်တော့ဘူဆိုပြီးတော့ ကျနော်တို့ ဆုံးဖြတ်လိုက်တယ်၊ ဆုံးဖြတ်ပြီးတော့ ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့် အထိမ်းအမှတ်ပါတဲ့ကိစ္စကို ဒီပါမစ်မပေးတဲ့ကိစ္စနဲ့ ပတ်သက်လို့ ဘဘ ဦးတင်ဦးကနေပြီးတော့လည်း ဝန်ကြီးချုပ် ဦးမြင့်ဆွေဆီကို ကန့်ကွက်စာပေးပို့တာပါ"

ရန်ကုန်တိုင်းဒေသကြီး အန်အယ်လ်ဒီပါတီက ဗိုလ်ချုပ်ရာပြည့်ပွဲကို ပြီးခဲ့တဲ့ မေလ ၁ ရက်နေ့က ကျင်းပဖို့ ခွင့်တောင်းရာမှာ ပယ်ချခံခဲ့ရတာဖြစ်ပြီး၊ မနက်ဖြန် မေလ ၉ ရက်နေ့ညမှာကျင်းပဖို့ ထပ်မံတောင်းဆိုတာကိုလည်း ပယ်ချခဲ့တာဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့် မွေးနေ့အထိမ်းအမှတ် အခမ်းအနားတွေကို တိုင်းနဲ့ပြည်နယ်အသီးသီးမှာ ဒီနှစ်တစ်နှစ်ပတ်လုံးကျင်းပသွားဖို့ ဆုံးဖြတ်ထားတာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

တိုင်းရင်းသား လက်နက်ကိုင် ၁၂ ဖွဲ့
 ဝဒေသ မှာ တွေ့ဆုံခဲ့
ဝဒေသမှာ တိုင်းရင်းသားလက်နက်ကိုင်တွေ ရဲ့ ညီလာခံအပြီး ရက်ပိုင်းအကြာမှာပဲ သမ္မတ ဦးသိန်းစိန် က ဝသပ ခေါင်းဆောင်တွေ အပါအဝင်ရှမ်းပြည်နယ် က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ခေါင်းဆောင် တချို့နဲ့ တွေ့ဆုံခဲ့ပါတယ်။

သောကြာနေ့ က ကျိုင်းတုံမှာ သမ္မတ ဦးသိန်းစိန် က သီးခြားစီ တွေ့ဆုံခဲ့တဲ့အဖွဲ့တွေ ကတော့ မှာ အထူးဒေသ ၂ က ဝပြည်သွေးစည်းညီညွတ်ရေး ပါတီ (ဝသပ) အဖွဲ့ ၊ အထူးဒေသ ၄ မိုင်းလားအဖွဲ့၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကော်မီတီ ရှမ်းပြည်တပ်မတော် (RCSS/SSA) က ခေါင်းဆောင်တွေ နဲ့ သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။

ဝသပ အဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးအောင်မြင့် ရဲ့ ပြောကြားချက်အရ အခုအစည်းအဝေး မှာ ဝသပ ဒုတိယ စစ်သေနာပတိချုပ် ကျောက်တုံးထန်း နဲ့ ဒုတိယ အထွေထွေ အတွင်းရေးမှူးချုပ် ဦးပေါက်ယိုရီ တို့ ဦးဆောင်တဲ့ အဖွဲ့နဲ့ သမ္မတဦးသိန်းစိန် တို့ တွေ့ဆုံခဲ့ကြတယ်လို့ သိရပါတယ်။

အခု အစည်းအဝေး ဟာ ဟိုးအရင် ကာလ ကတည်းက ကြိုတင်စီစဉ် ခဲ့တာမျိုးမဟုတ်ပဲ ဝဒေသမှာ လက်နက်ကိုင်တိုင်းရင်းသားတွေ ညီလာခံ လုပ်နေစဉ် အချိန်အတွင်း အစိုးရ ဘက်က ဆက်သွယ် ဖိတ်ကြားလို့ ဖြစ်လာတဲ့ အစည်းအဝေးဖြစ်တယ် လို့လည်း သူက ပြောပါတယ်။

ဝဒေသမှာ ကျင်းပပြီးစီးခဲ့တဲ့ တိုင်းရင်းသားတွေ ရဲ့ညီလာခံ လိုလားချက်တွေထဲမှာ အစိုးရ နဲ့ လောလောဆယ် တိုက်ပွဲတွေ ဖြစ်နေတဲ့အဖွဲ့တွေ ကိုလည်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ မှာ ပါဝင်သင့်တယ် လို့ ဖော်ပြခဲ့သလို ဝပြည်နယ် တည်ထောင်နိုင်ရေး လည်း ပါဝင်ခဲ့ပါတယ်။

အစိုးရ ဦးဆောင်လုပ်နေတဲ့ ငြိမ်းချမ်းရေး လုပ်ဆောင်နေမှုတွေမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အားလုံး ပါဝင်နိုင်ရေး အတွက် အပစ်အခတ် ရပ်စဲရေး ကို အရင်စတင်လုပ်ရမှာ ဖြစ်ပြီး တခြားနိုင်ငံတွေ ရဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ အားကြီးတဲ့ အစိုးရဖက်က စတင် ကာ အပစ်အခတ် ရပ်စဲရေး ကမ်းလှမ်းလေ့ရှိကြောင်း ငြိမ်းချမ်းရေးနဲ့ လူမှုတရားမျှတရေး အဖွဲ့ ဒါရိုက်တာ ဒေါက်တာသောင်းထွန်း က ပြောပါတယ်။

မြန်မာနိုင်ငံငြိမ်းချမ်းရေး ဖြစ်စဉ်မှာ အစိုးရ အနေနဲ့ အပစ်ရပ်တဲ့ အချို့ အဖွဲ့တွေ နဲ့ အပစ်ရပ်ပြီး ဆွေးနွေးမှုတွေ က ရှိနေသလို တချို့ အဖွဲ့တွေ နဲ့ အပစ်မရပ် ပဲ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ နေရာတွေ လည်းရှိနေတဲ့အတွက် အဲဒီ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ အပေါ် ဝေဘန်မှုတွေ လည်း ပေါ်ထွက်နေပါတယ်။

BBC Burmese
http://www.bbc.com/burmese


လုံခြုံရေး ပုံစံသစ်တွေရှိနေတဲ့ တောင်ကြီးမြို့က မီးပုံပျံပွဲ

ရှမ်းပြည်နယ်က တောင်ကြီးမြို့မှာ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်း တခုကနေ တရား ဥပဒေ စိုးမိုးရေးနဲ့ ငြိမ်းချမ်းရေး အဖွဲ့ဆိုပြီး ပြောက်ကျား စစ်ဝတ်စုံ တွေနဲ့ ပွဲလမ်း သဘင်တွေမှာ လုံခြုံရေးယူနေလို့ မြို့ခံ လူထုက စိုးရိမ် နေကြပါတယ်။

ဒီလူတွေကို ပွဲလမ်း သဘင်တွေမှာ အတွေ့များ လာရလို့ ဒေသခံတွေ ထိတ်လန့်နေတဲ့ အကြောင်း တောင်ကြီးဒေသခံ ကျူရှင်ဆရာ တဦးက ပြောပြပါတယ်။ ဒီလူတွေက လူစည်ကားတဲ့ ပွဲတွေမှာ မူးယစ် ရမ်းကားသူတွေကို ဖမ်းဆီးတာမျိုးရှိပြီး ဆန္ဒပြပွဲတွေကိုတော့ အဝေးကပဲ လုံခြုံရေး ယူတာမျိုး ရှိတယ်လို့ ဆိုပါတယ်။

အဲဒီ အဖွဲ့ဝင်တွေမှာ Law and Order လို့ အင်္ဂလိပ်လို ရေးထားပြီး တရား ဥပဒေ စိုးမိုးရေးနဲ့ ငြိမ်းချမ်းရေး အဖွဲ့ဆိုတဲ့ ကဒ်ပြားတွေကို ကိုင်ဆောင်သူရဲ့ ဓါတ်ပုံနဲ့တကွ ရင်ဘတ်မှာ ချိတ်ထားတယ်လို့ လည်း သူကပြောပါတယ်။

ဒီအဖွဲ့တွေက ရွေးကောက်ပွဲမှာ မဲဆန္ဒ ပေးသူတွေကို အနှောင့်အယှက်ပေးမှာ စိုးရိမ်မိကြောင်း တောင်ကြီးခရိုင် အန်အယ်လ်ဒီ ဥက္ကဌ ကလည်း ပြောပြပါတယ်။

ဒီတူညီဝတ် စုံတွေ ဝတ်ထားသူတွေရဲ့ ကဒ်ပြားတွေမှာ မြို့နယ် ရဲတပ်ဖွဲ့မှူးက လက်မှတ် ထိုးပေးထားတယ် ဆိုလို့ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကို ဘီဘီစီက ဆက်သွယ်ကြည့်တော့ တာဝန်ကျ ဝန်ထမ်းတဦးက သူတို့ ထုတ်ပေးထားတာ မရှိကြောင်း ဖြေပါတယ်။

မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးရဲ့ အဖြေဟာ လုံလောက်မှု မရှိတဲ့အတွက် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မြင့်ထူးကို ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖြေဆို မပေးခဲ့ပါဘူး။

မြို့ခံတွေ ထိတ်လန့်ရတဲ့ အကြောင်းအရင်းကို အခြေခံပြီး တောင်ကြီးမှာရှိတဲ့ ရဟန်းပျိုများ သမဂ္ဂ၊ နိုင်ငံရေး အကျဉ်းသားဟောင်းတွေနဲ့ နိုင်ငံရေးအဖွဲ့အစည်း တွေက စစ်တပ်၊ ရဲတပ်ဖွဲ့အပါအဝင် အထူးသတင်းတပ်ဖွဲ့၊ စစ်ဘက် ဆိုင်ရာ လုံခြုံရေးအဖွဲ့တွေ တောင်ကြီးမှာ ရှိလျက်နဲ့ ဒီလို ယူနီဖေါင်းဝတ်တွေ မထားသင့်ဘူးဆိုပြီး ပြည်နယ်အဆင့် အုပ်ချုပ်ရေးအဖွဲ့ထိ မြို့ခံတွေရဲ့ လက်မှတ်တွေစုပီး တိုင်ကြားထား ကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese


ဗြိတိန် ရဲ့ အထွေထွေ ရွေးကောက်ပွဲ မှာ ထင်မှတ် မထားပဲ ပြတ်ပြတ် သားသား အနိုင် ရလိုက် တဲ့ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန် ဟာ သူ့ရဲ့ အစိုးရ ကက်ဘိနက် အတွက် ထိပ်တန်း ဝန်ကြီး ၄ နေရာ ကို ခန့်အပ် လိုက်ပြီ ဖြစ်ပါတယ်။

ဗြိတိန် မှာ Chancellor of the Exchequer လို့ ခေါ်တဲ့ ဘဏ္ဍာရေး ဝန်ကြီး နေရာ ကို George Osborne က ပဲ ဆက်လက် ရရှိ ပြီး မစ္စတာ ကင်မရွန်း ရဲ့ ဒုတိယ ဝန်ကြီးချုပ် လည်း ဖြစ်လာ ပါတယ်။

ထီရေဇာမေ ကို ပြည်ထဲရေး ဝန်ကြီး၊ ဖိလစ်ပ်ဟာမဲန် ကို နိုင်ငံခြားရေးဝန်ကြီး နဲ့ မိုက်ကယ်ဖာလွန်ကို ကာကွယ်ရေး ဝန်ကြီးတို့ အဖြစ် အသီးသီး ပြန်လည် ခန့်အပ် ခဲ့ပါတယ်။

စကော့တလန်၊ ဝေလ နဲ့ မြောက်အိုင်ယာလန် တို့ မှာ ရှိတဲ့ ဥပဒေပြု ပါလီမန် လွှတ်တော် တွေကို လည်း လုပ်ပိုင်ခွင့် အာဏာတွေ ပိုပြီး ခွဲဝေ ပေးသွားမယ် လို့ ဝန်ကြီးချုပ် ကင်မရွန် က ဆိုပါတယ်။

အခုလို ဝန်ကြီးချုပ် ကင်မရွန် ရွေးကောက်ပွဲ အနိုင် ရလိုက် တဲ့ အပေါ် ဥရောပ ကော်မရှင် ဥက္ကဌ ယန်ကလို့ဒ်ယွန်ကာ က ဝမ်းသာ ဂုဏ်ယူကြောင်း ပြောပါတယ်။

ဥရောပ သမဂ္ဂ အီးယူ အတွင်း ပြုပြင် ပြောင်းလဲရေး တွေ လုပ်ဆောင် သင့်ကြောင်း ဝန်ကြီးချုပ် ကင်မရွန် အဆိုပြုလာ သမျှ ကို လက်ခံ ဆွေးနွေး သွားမှာ ဖြစ်တယ် လို့လည်း မစ္စတာ ယွန်ကာ က ဆိုပါတယ်။

ဝန်ကြီးချုပ် ကင်မရွန် ဟာ သူသာ ရွေးကောက်ပွဲ နိုင်ခဲ့ရင် ဗြိတိန် ကို ဥရောပ သမဂ္ဂ ထဲ ဆက်နေ မနေ ကို ဆုံးဖြတ်ဖို့ ပြည်လုံးကျွတ် ဆန္ဒ ခံယူ ပွဲ ကျင်းပ ပေးဖို့ ကတိ ပြု ထားပါတယ်။

BBC Burmese
http://www.bbc.com/burmese

KNPP တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်။ Photo: Nay Thwae/RFA
ကယားပြည်နယ် ရှားတောမြို့နယ်ထဲကို ရောက်ရှိနေတဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP တပ်ဖွဲ့ဝင်အင်အား၂ဝဝ လောက်ကို ပြည်နယ်အစိုးရက နယ်မြေဖြတ်သန်းသွားလာခွင့် ပိတ်လိုက်တဲ့အတွက် KNPP ခေါင်းဆောင်တွေနဲ့ ပြည်နယ်အစိုးရအဖွဲ့တို့ မနက်ဖြန် လွိုင်ကော်မြို့မှာ တွေ့ဆုံဆွေးနွေးကြမှာ ဖြစ်ပါတယ်။

KNPP တပ်ဖွဲ့ဝင်တွေ သွားလာလှုပ်ရှားခွင့်ရှိတဲ့ နယ်မြေအတိအကျ သတ်မှတ်ပေးဖို့အကြောင်းကို အဓိက ဆွေးနွေးမှာဖြစ်တယ်လို့ KNPP ဆက်ဆံရေးရုံးတာဝန်ခံ ခူးညေးရယ် က ပြောပါတယ်။

"အဖွဲ့တော့ ကျနော်တို့တွေ့မှာကတော့ ဒီစစ်ကြောင်းနဲ့ပတ်သက်ပြီး အဖွဲ့ရပ်တန့်ခံရတယ်လေ၊ ကျနော်တို့ အစီအစဉ်မစနိုင်သေးတာကြောင့် စစ်ကြောင်းပေါ့၊ ဒီနယ်လှည့်စစ်ကြောင်းနဲ့ ပတ်သက်ပြီးတော့ တစ်ခုကတော့ ပြည်နယ်ညီလာခံတစ်ခုလုပ်ဖို့ကလည်း ညှိနှိုင်းဖို့ရှိပါတယ်၊ နယ်မြေသတ်သတ်မှတ်မှတ် မသတ်မှတ်တဲ့အချိန်မှာ ကျနော်တို့ကလည်း ကျနော်တို့ လှုပ်ရှားနေတဲ့နေရာမှာ လှုပ်ရှားခွင့်ပြုသင့်တယ် ဆိုတာတစ်ခုတော့ ကျနော်တို့ပြောမှာပဲ၊ နောက်မှ လူထုတွေနဲ့ တွေ့ဆုံခွင့်ပေးဖို့သင့်တယ်ဆိုတာ ကျနော်တို့ တောင်းဆိုမှာပဲ"

KNPP တပ်ဖွဲ့ဝင် ၂ဝဝ လောက်ဟာ လက်နက်၊ ဝတ်စုံအပြည့်နဲ့ ရှားတောမြို့နယ်နဲ့ အနီးတဝိုက်ကျေးရွာတွေမှာ စည်းရုံးရေးဆင်းဖို့အတွက် မေလ ၅ ရက်နေ့မှာ ရောက်ရှိနေတာလို့ ဆိုပါတယ်။

အဲ့ဒီလှုပ်ရှားမှုတွေကို ပြည်နယ်အစိုးရနဲ့ ပြည်ထောင်စုအစိုးရတို့က ခွင့်မပြုကြောင်း KNPP အဖွဲ့ဝင်နှစ်ဦးကို ခေါ်ယူသတိပေးခဲ့ကြောင်း မေလ ၆ ရက်နေ့ထုတ် မြဝတီသတင်းစာမှာ ဖော်ပြခဲ့ပါတယ်။

KNPP အဖွဲ့ဟာ ပြီးခဲ့တဲ့ ၂ဝ၁၂ ခုနှစ်က အစိုးရနဲ့ ပဏာမအဆင့် ငြိမ်းချမ်းရေးသဘောတူညီမှု လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

သမ္မတ ဦးသိန်းစိန်နဲ့ RCSS/SSA ခေါင်းဆောင်တွေ့ဆုံ။ သတင်းဓာတ်ပုံ- သမ္မတပြောခွင့်ရဦးရဲထွဋ် FB။
 သမ္မတဦးသိန်းစိန်ရဲ့ ရှမ်းပြည်နယ် ခရီးစဉ်အတွင်း တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ သီးခြားစီ တွေ့ဆုံတဲ့ အချိန်မှာ တနိုင်ငံလုံး အပစ်ခတ် ရပ်စဲရေးစာချုပ်ကို တိုင်းရင်းသားတွေ ဘက်က အားလုံး ပါဝင်ပြီး အမြန်ဆုံးလက်မှတ် ထိုးပေးရန် တိုင်းရင်း သားတွေကို တိုက်တွန်းပေးသွားတဲ့ အကြောင်း ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/ SSA)က ပြောပါတယ်။ သမ္မတဦးသိန်းစိန်ဟာ  ဝပြည်သွေးစည်း ညီညွှတ်ရေးပါတီ(UWSP)၊ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်ဖွဲ့ (မိုင်း လား)၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ(RCSS/SSA) တို့နဲ့ ဒီကနေ့တွေ့ဆုံတဲ့ အချိန် အခုလိုပြောကြားသွားခဲ့တာပါ။ ဒီသတင်းကို ဗွီအိုအေ မြန်မာပိုင်း က သတင်းထောက် မမေခ ကပေးပို့ထားပါ တယ်။

သမ္မတကြီးက ကျိုင်းတုံရောက်နေစဉ်မှာ ဒီတိုင်းရင်းသားအဖွဲ့ ၃ဖွဲ့နဲ့ ဒီကနေ့ သီးခြား ဆီတွေ့ဆုံ ခဲ့ကြပါတယ်။ ဒီလိုတွေ့ဆုံကြချိန်မှာ သမ္မတကြီးက ခုလိုပြောဆိုခဲ့ တာဖြစ်ပါတယ်။ လက်ရှိ ကျန်ရှိနေတဲ့သမ္မတသက်တမ်းမှာ တနိုင်ငံလုံး အပစ်ခတ် ရပ်စဲရေး စာချုပ်ကို သမ္မတကြီး က လက်မှတ်ထိုးစေ ချင်ကြောင်း တွေ့ဆုံစဉ် မှာပြောခဲ့ တယ်လို့ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ(RCSS/SSA) ကဗိုလ်မှူး ကြီး စိုင်းငင်းက ခုလိုပြောပြပါတယ်။

"သူသက်တမ်းတစ်နှစ်ပဲ ကျန်တော့တယ်လေ။ သူအပြီးမှာ NCA -nationwide ceasefire agreement ကို မဖြစ်ဖြစ်အောင် လုပ်မယ်။ အဲ့တာ (၁) အချက်ပေါ့နော်။ အခု တိုင်းရင်းသားတွေနဲ့ ပဋိပက္ခဖြစ်နေတယ်ဆိုတဲ့ နေရာမှာလည်း အတတ်နိုင်ဆုံး ကြိုးစားပေးမယ်။ အဆင်ပြေအောင် ကြိုးစားပေးတဲ့သဘောပါ။ အဓိက ကတော့ NCA ကိစ္စပါခင်ဗျာ။ သမ္မတကြီးကတော့ ဒီကိစ္စကို မြန်မြန်ဖြစ်စေချင်ပါတယ်ပေါ့။ ဒါကြောင့်လည်း တိုင်းရင်းသားတွေ အားလုံးထိုးနိုင်အောင် ဝိုင်းဝန်း တိုက်တွန်းပေးကြပါ။ နှစ်ဘက်စလုံး ပူးပေါင်းပြီးတော့ လုပ်ကြပါဆိုတဲ့သဘောပါ။"

ပြီးခဲ့တဲ့ ပန်ဆန်းဆွေးနွေးပွဲမှာ အစိုးရတပ်နဲ့တိုက်ပွဲတွေဖြစ်နေတဲ့ AA ရက္ခိုင့်တပ်မတော်၊ TNLA တအောင်း (ခေါ်) ပလောင်တပ်ဖွဲ့တွေနဲ့ MNDAA ကိုးကန့်တပ်ဖွဲ့စတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေပါ အပစ်ခတ်ရပ်စဲရေး သဘောတူ စာချုပ်မှာ တန်းတူရည်တူ ပါဝင်ဖို့ တိုင်းရင်းသားတွေက တောင်းဆို ထားပါတယ်။ ဒီအဖွဲ့သုံးဖွဲ့ကို အစိုးရဘက်က တရားဝင်လက်ခံထားခြင်းမရှိသေးပါဘူး။

 အခုလို သမ္မတကြီး ကတွေ့ဆုံချိန်မှာ တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးစာချုပ်ကို တိုင်းရင်းသားတွေဘက်က အားလုံးပါဝင်ပြီး အမြန်ဆုံး လက်မှတ် ထိုးပေးရန် ပြောကြားခဲ့ပေမယ့် ဒီအဖွဲ့တွေကို ဘယ်လို လက်ခံပေးမလဲ ဆိုတာကိုတော့ တိကျစွာ ရှင်းလင်းပေးမှုမရှိသေးပါဘူး။

ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ(RCSS/SSA)ဘက်က သမ္မတကြီးကို လက်ရှိဖြစ်နေတဲ့ပြဿနာတွေနဲ့ပတ်သက်ပြီး ငြိမ်းချမ်းတဲ့ နည်းနဲ့ဖြေရှင်းပေးဖို့ တောင်းဆိုထားတယ်လို့ ဗိုလ်မှုးကြီး စိုင်းငင်းကပြောပါတယ်။

" ပြဿနာတွေကို ကျနော်တို့ ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းကြရအောင် ဆိုတဲ့ သဘောမျိုးနဲ့ ကျနော်တို့ဘက်က တင်ပြတာ ရှိပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ဘာမှတော့ တိုက်ရိုက်တော့ ဘာမှ မပြောပါဘူးခင်ဗျာ။ သူတို့ကလည်း ဒီဆွေးနွေးပွဲနဲ့ပဲ ဖြေရှင်းချင်ပါတယ်ဆိုတာ အရိပ်အမြွက်လောက်တော့ ပြော သွားပါတယ်ခင်ဗျ။"

သမ္မတကြီးနဲ့တွေ့ဆုံမှုမှာ သမ္မတကြီးဘက်က   ၆ရက်ကြာကျင်းပ ခဲ့တဲ့ ပန်ဆန်း ညီလာခံနဲ့ ပတ်သတ်ပြီး အသေးစိတ် မေးမြန်းပြောဆိုမှုတော့ မရှိခဲ့ပေမယ့် ဒီညီလာခံ အပေါ်အစိုးရဘက်က စိုးရိမ် မှုရှိခဲ့တယ်လို့ပြောပါတယ်။

" အယ့် ပထမတော့ ဒီပန်ဆန်းညီလာခံနဲ့ ပတ်သက်ပြီးတော့ အစိုးရဘက်ကတော့ နည်းနည်းတော့ စိုးရိမ်တာပေါ့။ ဟိုမှာ အဖွဲ့ကများပြီးတော့ တဖွဲ့ တယောက် တပေါက်ပြောပြီးတော့ နဂို သဘောတူညီထားတဲ့အတိုင်း မဖြစ်မှာ အစိုးရကတော့ စိုးရိမ်တယ် အဲ့လောက်ပဲ ပြောပါတယ်ခင်ဗျာ။ "

ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ(RCSS/SSA)နည်းတူ ဝပြည်သွေးစည်း ညီညွှတ်ရေးပါတီ(UWSP)၊နဲ့ အမျိုးသားဒီမိုက ရေစီမဟာမိတ်တပ်ဖွဲ့ (မိုင်း လား)အဖွဲ့တွေပါ သမ္မတကြီးက တွေ့ဆုံတာနဲ့ပတ်သတ်ပြီး အဲဒီအဖွဲ့တွေကိုကြိုးစား ဗွိအိုအေဘက်က ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ ပါဘူး။

 သမ္မတကြီးအနေနဲ့ ပန်ဆန်းညီလာခံအပြီး နှစ်ရက်အကြာမှာ ပန်ဆန်းညီလာခံကို လက်ခံကျင်းပတဲ့ ဝတိုင်းရင်းသားအဖွဲ့အပြင် ပန်ဆန်းညီလာခံကိုတက်ခဲ့တဲ့ တိုင်းရင်းသား အဖွဲ့တွေကို အခုလိုခေါ်ယူတွေ့ဆုံခဲ့ခြင်း ဖြစ်ပါတယ်။

မေခ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

  လုံခြုံရေးယူထားသည့် KIA စစ်သားများကို တွေ့မြင်ရစဉ်။
Photo:RFA/Kyaw Myo Min
 ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ်အတွင်း  အစိုးရတပ်တွေနဲ့ KIA ကချင်တပ်တွေ မေလ ၆ ရက်နေ့ကစလို့ သုံးရက်ဆက်တိုက်တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိပြီး အစိုးရတပ်တွေက စစ်လေယာဉ်နှစ်စီးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ KIA က ဒီနေ့ ပြောပါတယ်။

တိုက်ပွဲတွေဟာ မေလ ၆ ရက်နေ့က မွန်းလွဲပိုင်းက KIA တပ်မဟာ ၃၊ တပ်ရင်း ၂၇ နယ်မြေအတွင်း  နမ်လင်းပါကျေးရွာအနီးမှာ စတင်ဖြစ်ပွားခဲ့တာလို့ KIA ကချင်လွတ်မြောက်ရေးတပ်မတော် စစ်မဟာဗျူဟာဌာနအကြီးအကဲ ဗိုလ်မှူးကြီးဇော်တောင်က ပြောပါတယ်။

"တစ်နေ့က နေ့လည်ပိုင်းလောက်မှာ စဖြစ်တယ်၊ သူတို့ အဲ့ဒီ နမ်လင်းပါ ဆိုတဲ့ရွာကို စစ်ကြောင်းဝင်လာတဲ့အတွက်ကြောင့်မို့ ကျနော်တို့ရှိနေတဲ့ ရွာနားမှာတိုက်ပွဲဖြစ်တယ်ပေါ့ စဖြစ်တယ်၊ သူတို့က အဲ့ဒီလမ်းကြောင်းတွေကိုဝင်ရှင်းတာက သစ်မှောင်ခိုလုပ်ငန်းတွေကို ဝင်ရှင်းတယ်ဆိုတဲ့ခေါင်းစဉ်နဲ့ သူတို့ကဝင်လာတာဖြစ်တယ်၊ ၇ ရက်နေ့မှာတော့ မိနစ် ၂ဝ လောက်ပဲဖြစ်တယ် ပြီးတော့မှ ၈ ရက်နေ့မှာတော့ နေ့လည်ကနေပြီးတော့ စဖြစ်တဲ့အချိမှာ လေယာဉ် ၂ စီနဲ့ ၁ဝ မိနစ်၊ ၁၅ မိနစ်လောက် လာပစ်တဲ့အထိဖြစ်လာပါတယ်၊ ဒီနေ့မနက်လည်း မနက် ၄ နာရီကျော်ကျော်ကနေပြီးမှ စတင်ပစ်တာ မနက်ပိုင်း ၁ဝ နာရီလောက်အထိ ဖြစ်တယ်လို့ပြောတယ် ဒါပေမဲ့ အထိအခိုက်အရှအနာတော့ ကျနော်တို့ မသိရသေးဘူး"

တိုက်ပွဲတွေဟာ မေလ ၈ ရက် ဒီနေ့မနက်ပိုင်း၊ ၁ဝ နာရီအထိ ဖြစ်ပွားလျက်ရှိတယ်လို့သိရပေမယ့် မွန်းလွဲပိုင်းနဲ့ ညနေပိုင်း အခြေအနေတွေကိုတော့ အတိအကျမသိရသေးဘူးလို့ ဗိုလ်မှူးကြီးဇော်တောင်က ပြောပါတယ်။ ခုလိုတိုက်ပွဲတွေဖြစ်ပွားနေတာနဲ့ ပတ်သက်ပြီး KIO ပဋိပက္ခညှိနှိုင်းရေးအဖွဲ့က မြစ်ကြီးနားမြို့အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ ရန်ကုန်အခြေစိုက် မြန်မာငြိမ်းချမ်းရေးစင်တာတို့ကို အကြောင်းကြားထားတယ်လို့ ဆိုပါတယ်။

ဖြစ်ပွားတဲ့ တိုက်ပွဲတွေဟာ အစိုးရတပ်က သစ်မှောင်ခိုသမားတွေကို ဝင်ရောက်ရှင်းလင်းချိန်မှာ KIA ဘက်က မိုင်ထောင်တိုက်ခိုက်ခိုက်တာကြောင့်လို့ အစိုးရဘက်က အကြောင်းပြန်ထားကြောင်း ဗိုလ်မှူးကြီးဇော်တောင်က ပြောပါတယ်။ အခုတိုက်ပွဲဖြစ်ပွားတဲ့နေရာမှာ ပြီးခဲ့တဲ့ မတ်လ ၂၁ ရက်နဲ့ ၂၂ ရက်နေ့တွေကလည်း တိုက်ပွဲတွေဖြစ်ပွားခဲ့ပါသေးတယ်။

RFA Burmese
http://www.rfa.org/burmese

 တရုတ်ပြည် ယူနန်ဘက် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ရှမ်းစစ်ပြေးဒုက္ခသည်များ။

ကိုးကန့်ဒေသ အပါအ၀င် ရှမ်းပြည်နယ် အတွင်း စစ်မက်ဖြစ်ပွားရာဒေသတွေက ဒုက္ခသည်တွေ အတွက် ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်းကနေ ဆန်နဲ့ အခြားထောက်ပံ့ ပစ္စည်း တန်ဖိုးအားဖြင့် ကျပ်သိန်းပေါင်း ငါးထောင်ကျော်ဖိုး လှုဒါန်းလိုက်ပါတယ်။ ဒီအကူအညီတွေကိုတော့ အာဏာပိုင်တွေနဲ့ ဒေသခံ လူမှုအဖွဲ့အစည်းတွေကတဆင့် စစ်ဘေး ဒုက္ခသည်တွေကို ဖြန့်ဝေကူညီသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒီအကြောင်း ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုနိုင်ကွန်းအိမ် သတင်းပေးပို့ထားပါတယ်။

ရှမ်းပြည်နယ် စစ်ဘေးသင့်ပြည်သူတွေ အတွက် ဂျပန်နိုင်ငံကပြည်သူတွေကိုယ်စား နိပွန်ဖေါင်ဒေးရှင်းကနေ ဆန်နဲ့ တခြား ထောက်ပံ့ပစ္စည်းတွေကို လားရှိုးမြို့ ပြည်နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှာ လာရောက်လှူဒါန်းခဲ့တယ်လို့ လားရှိုးမြို့ခံ ကျားဖြူပါတီခေါ် ရှမ်းတိုင်းရင်းသားများ တိုးတက်ရေးပါတီက အမျိုးသား လွှတ်တော် ကိုယ်စားလှယ် စိုင်းစံမင်းကအခုလို ပြောပါတယ်။

"လောက်ကိုင်ဒေသမှာ ပဋိပက္ခဖြစ်ပြီးတော့ စစ်ဘေးစစ်ဒဏ် သင့်နေတဲ့ ပြည်သူ လူထု ကို သူတို့ ကူညီတဲ့ ထောက်ပံ့ကြေးငွေပါခင်ဗျ။ ဆန်ပါတယ်ဗျာ။ နောက် ဆိုလာပြားပါတယ်။ နောက် ဆေးခြင်ထောင်တွေပါတယ်။ "

ဒီကနေ့ လှူဒါန်းပွဲမှာ နိပွန်ဖေါင်ဒေးရှင်းက ဌာနေကိုယ်စားလှယ် တာဝန်ရှိသူတဦး တက်ရောက်ခဲ့သလို ရှမ်းပြည်နယ် အထွေထွေ အုပ်ချုပ်ရေးမှူးဦးဆောင်တဲ့ အဖွဲ့ကနေ အလှူပစ္စည်းတွေကို လက်ခံခဲ့ပါတယ်။ ကာလတန်ဖိုး ကျပ်သိန်းပေါင်း (၅၁၃၄)သိန်း တန်ဖိုးရှိတဲ့ ဆန်နဲ့တခြားထောက်ပံ့ပစ္စည်းတွေကို ရှမ်းပြည်နယ် အတွင်း စစ်မက် ဖြစ်ပွါးနေဆဲဒေသဖြစ်တဲ့ လောက်ကိုင်ဒေသ ချင်းရွှေဟော် ပလောင်ဒေသ ကွတ်ခိုင် နမ့်ခမ်း နဲ့ ဟိုပန် လားရှိုးဒေသက စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးဆောင်သွားဖို့ရည်ရွယ်ချက်နဲ့ နိပွန်ဖေါင်ဒေးရှင်းကနေ လာရောက်လှူဒါန်းတယ်လို့လဲ စိုင်းစံမင်းကပြောပါတယ်။

မြန်မာစစ်တပ်နဲ့ ကိုးကန့် လက်နက်ကိုင်တပ်ဖွဲ့တို့ အကြားဖြစ်ပွါးခဲ့တဲ့ တိုက်ပွဲကြောင့် စစ်ဘေးရှောင် ဒုက္ခသည်တွေဟာ လာရှိုးမြို့က ဘုန်းတော်ကြီးကျောင်းတွေမှာ လာရောက် ခိုလှုံနေကြပါတယ်။

အဆိုပါဒုက္ခသည်တွေအတွက်လဲ ဆန်နဲ့ တခြားပစ္စည်းတွေကို ကူညီထောက်ပံ့ပေးခဲ့ သလို တခြားဒေသ အတွက်လဲ မြန်မာ အာဏာပိုင်တွေနဲ့ လူမှုအဖွဲ့အစည်း ကနေတဆင့် စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေး သွားမယ်လို့လည်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် စိုင်းစံမင်းက အခုလို ပြောပါတယ်။

" ကျနော်တို့ လားရှိုး မန်စီ ရှမ်းကျောင်းမှာ ပဋိပက္ခဖြစ်ပွားတဲ့ အချိန်ကာလ တုန်းကတော့ အဲ့ဒီ့ဒုက္ခသည်တွေ ရှမ်းကျောင်းမှာ လာပြီးတော့ ဒုက္ခသည်တွေ နှစ်သောင်း ရှစ်ထောင်လောက် လာပြီးတော့ ခိုလှုံတာပေါ့လေနော်။ ခိုလှုံတယ်ဆိုတာက ညနားပြီးတော့ မနက်ပြန်ပို့ အဲ့လိုမျိုးလည်း ရှိတယ်။ နှစ်ရာကျော် ကတော့ လချီပြီး နေတဲ့ ဒုက္ခသည်တွေလည်း ရှိတယ်လေ။ အဲ့ဒီ့ရှမ်းကျောင်း မှာ ခြောက်ရာ လေးဆယ့်နှစ်အိတ်တော့ ဆရာတော်ကိုယ်တိုင် လက်ခံပြီးတော့ သူတို့ လှူဒါန်းသွားတာ ကျနော်တို့ တွေ့ရတယ်လေ။ ကျန်တဲ့ဟာကတော့ သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ မြို့နယ် အထောက်အကူပြုအဖွဲ့ကနေ လားရှိုးကနေတဆင့် သက်ဆိုင်ရာ မြို့နယ်ကို သယ်သွားဖို့တော့ အစီအစဉ်တော့ လုပ်နေတယ်လေ။"

ပြီးခဲ့တဲ့ဖေဖေါ်ဝါရီ(၉)ရက်နေ့ ကနေ စတင်ဖြစ်ပွါးခဲ့တဲ့ ကိုးကန့် စစ်ရေး ပဋိပက္ခကြောင့် သိန်းနဲ့ ချီတဲ့ စစ်ပြေးဒုက္ခသည် တွေဟာ တရုတ်နယ်စပ်နဲ့ လားရှိုးမြို့တွေမှာ စစ်ပြေးတိမ်းရှောင်နေကြရပါတယ်။ တရုတ်နယ်စပ်ဘက်ကို တိမ်းရှောင် နေရတဲ့ စစ်ပြေး ဒုက္ခသည်တွေရဲ့ အခြေအနေကိုတော့ ကိုယ်တိုင် သွားရောက်ခဲ့သူ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ မနန်းခွမ်လိတ် က အခုလိုပြောပါတယ်။

"သူတို့ ကိုယ်ထူကိုယ်ထ တဲတွေနဲ့ပဲ နေနေတာတွေ ကျမတို့လည်း တွေ့ခဲ့ရတယ်။ ကိုးကန့်တိုင်းရင်းသားတွေရော ပြီးတော့ တအောင်းပလောင် တိုင်းရင်း သားတွေရော ဒေသခံရွာသားတွေရော အဲ့ဒီ့ဘက်မှာ အကူအညီမရှိပဲနဲ့ နေနေရတဲ့ ဒုက္ခသည်တွေကိုလည်း ကျမတို့ တွေ့ခဲ့တယ်။"

နိပွန်ဖေါင်ဒေးရှင်းဟာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေပေးနေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ ၂၀၁၂ခုနှစ်မှာ မြန်မာနိုင်ငံ အတွင်း တိုင်းရင်းသားဒေသက စစ်ပြေးဒုက္ခသည်တွေနဲ့ အိုးအိမ်ရွှေ့ပြောင်းခံပြည်သူတွေကို အမေရိကန် ဒေါ်လာ သုံးသန်း အကူညီပေးခဲ့ပါတယ်။ နိပွန်ဖေါင်ဒေးရှင်းအနေနဲ့ မွန်ပြည်နယ် ကရင်ပြည်နယ် ကယားပြည်နယ်တွေမှာရှိတဲ့ စစ်ပြေးဒုက္ခသည်တွေနဲ့ အိုးအိမ် စွန့်ခွါသူတွေကို ၂၀၁၂ ခုနှစ်ကနေ အခုထိအကူညီပေးဆောင်နေပါတယ်။
နိပွန်ဖေါင်ဒေးရှင်းဟာ (၁၉၆၂)ချုနှစ်မှာ တည်ထောင်ခဲ့သလို (၁၉၆၇)ခုနှစ် မှာမြန်မာနိုင်ငံကို အမေရိကန်ဒေါ်လာ သန်း (၂၀)အကူအညီပေးခဲ့ပါတယ်။

VOA
http://burmese.voanews.com/content/nippon-support-shan-refugees-in-myanmar/2759798.html

ရန်ကုန်၊ မေ ၈။        ။ လက်ပံတန်းကျောင်းသားသပိတ် ဖြိုခွင်းခံရသည့် နှစ်လပြည့်နေ့တွင် ကျောင်းသားများ အကြမ်းဖက် ဖြိုခွင်းခံရချိန်က ဖရိုဖရဲ ဖြစ်ပျက်ခဲ့ ပုံကို ၎င်းတို့၏ ဖိနပ် အရံ ၂၀၀ဝန်းကျင်ဖြင့် ခင်းကျင်းသရုပ်ပြမည်ဟု ဒီမိုကရေစီ ပညာရေး ဦးဆောင်ကော်မတီမှ ကိုအောင်နေပိုင်က မဇ္ဈိမကို ပြောသည်။
11037466 936589819709257 2596433906235205064 n
ကျောင်းသားသပိတ် ဖြိုခွင်းခံရခြင်း နှစ်လပြည့် နှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ် - ဗကသ (၇၉) နှစ်ပြည့် အခမ်းအနားကို မေလ ၁၁ရက် တွင် ရန်ကုန်မြို့ နာရေးကူညီမှု အသင်းခန်းမတွင် ပြုလုပ်မည်ဖြစ်ပြီး ထိုအခမ်းအနားတွင် သရုပ်ပြမည်ဖြစ်သည်။

"ကျောင်းသားသပိတ်ချီတက်လာတာ လက်ပံတန်းအရောက်မှာကျောင်းသားတွေကို ဖြိုခွင်းခံရတုန်းက အဖြစ်အပျက်တွေပေါ့။အဲ့တုန်းက ဖိနပ်တွေကလမ်းပေါ် မှာပြန့်ကျဲပြီး ဖြစ်နေတဲ့ပုံစံကို သရုပ်ဖော်ပြသသွားမယ်" ဟု ၎င်းကပြောသည်။

ထိုနေ့အခမ်းအနားတွင် ဗကသ ကျောင်းသားဟောင်းများမှ ပေးပို့သည့် သဝဏ်လွှာများ ဖတ်ကြားခြင်းနှင့် ကျောင်းသားနှင့် ပတ်သက်သည့် သီးချင်း၊ ကဗျာ များကို ဦးစွာ ရွတ်ဆိုမည်ဖြစ်သည်။
ဒုတိယပိုင်းတွင်  လက်ပံတန်းတွင် ဖြိုခွင်းခံရသည့် ကျောင်းသားမိဘများက ရင်တွင်းစကားပြောကြားခြင်း၊ပြန်လည် လွှတ်မြောက်လာသည့်ကျောင်းသားများ၏ စကားသံများ၊ ဓာတ်ပုံကမ်ပိန်း (Photo Campaign)များ၊ ကျောင်းသား သပိတ်နှင့် ပတ်သက်၍ သရုပ်ဖော် ပြသခြင်း၊  လေးပွင့်ဆိုင်တွေ့ဆုံမှုကို ချိုးဖောက်မှု သရုပ်ပြပွဲများ ပါဝင်မည် ဖြစ်သည်။


မဇ္ဈိမ
http://www.mizzimaburmese.com/2013-10-20-16-16-07/2013-11-01-01-48-27/item/44309-2015-05-08-14-39-14

ဟိုချီမင်း၊ မေ ၈။        ။ ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့တွင်ကျင်းပနေသော ၂၀၁၅ အာဆီယံအမျိုးသမီးချန်ပီယံရှစ် ဆီမီးဖိုင်နယ်တွင် မြန်မာအမျိုးသမီးအသင်း သည် သြစတြေးလျယူ-၂၀ အမျိုးသမီးဘောလုံးအသင်းကို ၁-၀ ဂိုးဖြင့်ခြေစွမ်းပြအနိုင်ယူပြီး ဗိုလ်လုပွဲသို့ တက်ရောက်သွားသည်။
11243473 549872901818193 6251168623336166769 n

သြစတြေးလျယူ-၂၀ အသင်းသည် အုပ်စု (က)တွင် ရှုံးပွဲမရှိ၊ အုပ်စုဗိုလ်ဖြင့် ဆီမီးတက်လာခြင်းဖြစ်ပြီး မြန်မာအမျိုးသမီးအသင်းမှာ အုပ်စု (ခ) ဒုတိယဖြင့် ဆီမီး တက်လာခဲ့ခြင်းဖြစ်သည်။

မြန်မာအမျိုးသမီးအသင်းတွင် ကြံ့ခိုင်မှုအားနည်းနေသည့် အဓိက ကွင်းလယ်ကစားသမား သန်းသန်းထွေးပါဝင်နိုင်ခဲ့ခြင်းမရှိဘဲ ဝါရင့် ကစားသမား စန်းစန်းမော်က အသင်းခေါင်းဆောင်အဖြစ် အကောင်းဆုံးထိန်းကျောင်း ကစားသွားနိုင်ခဲ့သည်။
သြစတြေးလျယူ-၂၀ အသင်းမှာ မြန်မာအမျိုးသမီးအသင်း၏ စိတ်ဓါတ်နှင့် ကစားအားကြောင့် အခက်တွေ့ခဲ့ရပြီး ထိရောက်သည့် ထိုးဖောက် မှုများပြုလုပ်နိုင် ခဲ့ခြင်း မရှိပေ။ သြစတြေးလျအသင်း၏ ထိုးဖောက်ချက်များကိုလည်း မြန်မာအမျိုးသမီးအသင်းက ကွင်းလယ်မှာပင်ရအောင် တားဆီးနိုင်ခဲ့သည်။
ပွဲချိန်ကြာလာသည်နှင့်အမျှ မြန်မာအမျိုးသမီးအသင်း ထိုးဖောက်မှုများ ပိုမိုပြုလုပ်လာခဲ့ပြီး ကျောနံပါတ် ၁၁ ခင်မိုးဝေကို သြစတြေးလျ ကစားသမားများ ထိန်းနိုင်ခြင်းမရှိသဖြင့် တောင်ပံတစ်လျှောက် ပေါက်ထွက်နေခဲ့သည်။ ခင်မိုးဝေ၏ ဖြတ်တင်ဘောများကို တိုက်စစ်ပိုင်းမှ ရီရီဦး အသုံးချရန် အားနည်းခဲ့ သဖြင့် မြန်မာအသင်း ဦးဆောင်ဂိုးနှင့် ဝေးနေခဲ့ရသည်။
ရီရီဦး၏ကန်ချက် ဘာတန်းတစ်ကြိမ်ထိပြီးထွက်ခဲ့သကဲ့သို့
ယခင်ပွဲများတွင်ခြေစွမ်းပြနိုင်ခဲ့သည့် နော်အားလိုဝါးဖော၏ ကန်ချက်များမှာလည်း လွဲချော်နေခဲ့ ရသဖြင့် ပထမပိုင်းတွင် ဂိုးမရှိသရေကျနေခဲ့သည်။

ပွဲချိန် ဒုတိယပိုင်းပြန်လည်စတင်ချိန်တွင် ပွဲချိန် ၅၂ မိနစ်၌ မြန်မာအသင်း ဦးဆောင်ဂိုးရရှိခဲ့သည်။ ခင်မိုးဝေ၏ ဖြတ်တင်ဘောကို သြစတြေးလျ ဂိုးသမား ဖမ်း ယူရာတွင် မသေသပ်ခဲ့သဖြင့် ဘောလုံးက လျှံထွက်လာစဉ် ရီရီဦးပိတ်သွင်းရန်ကြိုးစားစဉ်မှာပင် ဂိုးစည်းအတွင်း ဝင်သွားခဲ့၍ ဦးဆောင်ဂိုး ရရှိခဲ့ခြင်းဖြစ် သည်။

ဦးဆောင်ဂိုးပေးလိုက်ရပြီးနောက် သြစတြေးလျအသင်း လူစားပြောင်းလဲမှုများပြုလုပ်ပြီး တိုက်စစ်ဆင်လာ၍ ကစားပုံကောင်းလာသော်လည်း မြန်မာနောက် တန်းနှင့် ဂိုးသမားကို ကျော်နိုင်ခြင်းမရှိသဖြင့် ချေပဂိုးနှင့် ဝေးခဲ့ရသည်။ ပွဲချိန်နှောင်းပိုင်းတွင် နှစ်သင်းလုံး ကစားအားကျဆင်း သွားခဲ့၍ ဂိုးမရတာ့ဘဲ ပွဲအပြီး တွင် ၁-၀ ဂိုးရလဒ်ဖြင့် မြန်မာအမျိုးသမီးအသင်း အနိုင်ရကာ ဗိုလ်လုပွဲသို့ တက်နိုင်ခဲ့သည်။

မြန်မာအမျိုးသမီးအသင်းမှာ ဆီမီးပထမပွဲစဉ်အဖြစ် ကစားခဲ့ခြင်းဖြစ်ပြီး ဒုတိယပွဲစဉ်အဖြစ်ကစားမည့် ဗီယက်နမ်-ထိုင်းပွဲစဉ်မှ အနိုင်ရသည့် အသင်းနှင့် မေလ ၁၀ ရက် ည ၆း၃၀ နာရီတွင် ဗိုလ်လုပွဲ ကစားရမည်ဖြစ်သည်။

Mizzima
http://www.mizzimaburmese.com/2013-10-20-16-16-07/2013-10-20-16-16-14/item/44314-2015-05-08-15-15-22


ကျောင်းသားသပိတ် ပင်မစစ်ကြောင်းက ကျောင်းသားနှစ်ဦး ကို နိုင်ငံတော်အလံဥပဒေ ပုဒ်မ ၁၆ နဲ့ ဖမ်းဆီးခဲ့ပြီး အဲဒီတက္ကသိုလ်ကျောင်း သား နှစ်ဦးကို မန္တလေးတိုင်း မြင်းခြံမြို့နယ်တရားရုံးမှာ ဒီကနေ့ ရုံးထုတ်ခဲ့ပါတယ်။

RFA

ဒီမိုကရေစီပညာရေးတောင်းဆိုလို့ သာယာဝတီထောင် မှာ ဖမ်းဆီးခံနေရတဲ့ ကျောင်းသားတွေဟာ ရိုက်နှက် ခံထားရတဲ့ အတွင်းဒဏ်တွေ ခံစားနေရသေးသလို၊ ရာသီဥတုပူပြင်းတဲ့အတွက် အဖုအပိန့်တွေ ထွက်တာ၊ သွေးတိုးတာ၊ ခေါင်းကိုက်တာတွေ ခံစားနေရတယ်လို့ သိရပါတယ်။

ဗကသများအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး မဖြိုးဖြိုးအောင်ဆိုရင် အပူဖုတွေထွက်ပြီး ဆေးကုနေ ရတယ်လို့ မနေ့ကထောင်ဝင်စာသွားတွေ့ခဲ့တဲ့ မိခင်ဖြစ်သူ ဒေါ်သန္တာက RFA ကိုပြောပါတယ်။

"ဖြိုးဖြိုးက သူ့ကိုယ်ထဲမှာ အပူဖုတွေ အနီဖုတွေ အကုန်ထွက်လာတာပေါ့၊ ဆရာဝန်ပြတော့ ဆရာဝန် ကလာကြည့်ပြီးတော့ ပဋိဇီဝဆေးတွေပေးတာပေါ့၊ အဲ့ဆေးတွေကို သောက်ရတဲ့အတွက် သူကတော်တော်နုံးချိနေတဲ့ပုံစံရှိတာပေါ့။ ယောက်ျားလေးတွေလည်း အဲ့လိုပဲလေ၊ ဗိုက်အောင့်တဲ့လူတို့ မျက်နှာမှာဖုတွေထွက်တာတို့ ကိုယ်တွေယားတာတို့ပေါ့"

နယ်ကျောင်းသားတွေများတဲ့အတွက် မိဘတွေက အပတ်စဉ်ထောင်ဝင်စာမတွေ့နိုင်တော့လို့ အစားအသောက်နဲ့ ဆေးဝါးမလုံလောက်ဘူးလို့လည်း ပြောပါတယ်။

ဒါ့အပြင် အမှုမစစ်ခင်မှာ ရှေ့နေတွေနဲ့တိုင်ပင်ဖို့ အချိန်ကာလလုံလုံလောက်လောက်လိုချင်သလို၊ လွတ်လပ်ပြီးပွင့်လင်းမြင်သာမှုရှိတဲ့ တရားစီရင်ရေးဖြစ်စေချင်တယ်လို့ မဖြိုးဖြိုးအောင်က ပြောဆိုလိုက်တယ်လို့ ဒေါ်သန္တာက ပြောပါတယ်။

"ဖြိုးဖြိုးကပြောတာတော့ သူတို့အမှုကို တရားစွဲဆိုတော့မယ်ဆိုရင် ၁၂ ရက်နေ့မတိုင်ခင် ရှေ့နေနဲ့တွေ့ချင် တယ်လို့ ပြောလိုက်တယ်လ၊ သာယာဝတီရုံးကိုရောက်လို့ရှိရင် ပွင့်လင်းမြင်သာတဲ့ အများပြည်သူတွေ နားထောင်နိုင်တဲ့ တရားရုံးမျိုးမှာဖြစ်ချင်တယ်လို့ ပြောတာပဲ၊ တရားရုံးမှာ ရှေ့နေနဲ့မပြောရဘူး၊ ဒါကြောင့် ၁၂ ရက်နေ့မတိုင်ခင် ရှေ့နေနဲ့တွေ့ချင်တယ်ပေါ့၊ "

ဒီမိုကရေစီပညာရေးတောင်းဆိုလို့ ဖမ်းဆီးခံထားရတဲ့ကျောင်းသားနဲ့ ဝန်းရံပြည်သူ အယောက် ၇၀ ကို လာမယ့် မေလ ၁၂ ရက်နေ့မှာ သာယာဝတီမြို့နယ် တရားရုံးမှာရုံးထုတ်မှာဖြစ်ပါတယ်။

ဒီအတောအတွင်းမှာပဲ အဲဒီသာယာဝတီထောင်မှာ အဖမ်းခံထားရတဲ့ ဝန်းရံပြည်သူ ကိုဆန်းလွင်ဦးရဲ့ မိခင် ဒေါ်ခင်မြ (အသက်-၇၈ နှစ်) ဟာ ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် မုန့်လက်ဆောင်းကုန်းက နေအိမ်မှာ မနေ့က ကွယ်လွန်သွားတယ်လို့ သိရပါတယ်။

RFA
http://www.rfa.org/burmese/news/arrested-students-calling-an-independent-judicial-05082015013750.html


၂၀၁၅ ယူကေ ရွေးကောက်ပွဲမှာ အမတ်နေရာ ၆၅၀ အနက် ၆၄၈ နေရာ ရေတွက်ပြီးတဲ့နောက် ကွန်ဆာဗေးတစ်က ၃၂၉၊ လေဘာက ၂၃၂၊ အက်စ်အန်ပီက ၅၆၊ လစ်ဘရယ် ဒီမိုကရက်က ၈နေရာ၊ မြောက်အိုင်ယာလန် အခြေစိုက် ဒီယူပီ ပါတီက ၈ နေရာ၊ တခြား ပါတီငယ်တွေက စုစုပေါင်း ၁၅ နေရာ အသီးသီး ရခဲ့ကြပါတယ်။

ရွေးကောက်ပွဲ မတိုင်ခင်က ဘယ်ပါတီကမှ အပြတ်အသတ် အနိုင်မရနိုင်ဘူး ဆိုတဲ့ ခန့်မှန်းချက်ဟာ မှားယွင်းသွားခဲ့ပြီး ကွန်ဆာဗေးတစ် ပါတီက အမတ်နေရာ တစ်ဝက်ကျော်ကို ရခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် ဒေးဗစ် ကင်မရွန်းက ဝန်ကြီးချုပ် အဖြစ် ဆက်ရှိနေမှာ ဖြစ်ပြီး အမှတ် ၁၀၊ ဒေါင်းနင်းလမ်းကို ပြန်သွားခဲ့ပါပြီ။

လေဘာ ပါတီ ခေါင်းဆောင် အက်ဒ်မီလီဘန် နဲ့ လစ်ဘရယ် ဒီမိုကရက် ခေါင်းဆောင် နစ်ကလက်တို့ ကတော့ ရာထူးကနေ နုတ်ထွက်သွားကြပါပြီ။

ယူကစ်ပါတီ ခေါင်းဆောင် နိုင်ဂျယ် ဖယ်ရာ့ဂ်ျကလည်း သူ ကိုယ်စားပြုတဲ့ မဲဆန္ဒနယ်မှာ အနိုင်မရတဲ့အတွက် နုတ်ထွက်သွားပါတယ်။

ဒေးဗစ် ကင်မရွန်းက ဒေါင်းနင်းလမ်းမှာ မိန့်ခွန်း ပြောရာမှာ ကြီးမြတ်တဲ့ ဗြိတိန်ကို ပိုမို ကြီးမြတ်အောင် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

BBC Burmese
http://www.bbc.com/burmese


 ဗြိတိန်နိုင်ငံမှာ မေလ ၇ ရက်နေ့က ကျင်းပတဲ့ အထွေထွေရွေးကောက်ပွဲ မဲရလဒ်တွေကို ထုတ်ပြန်ကြေညာနေရာမှာ လက်ရှိ ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်းရဲ့ ကွန်ဆာဗေးတစ်ပါတီ က အပြတ်အသတ် အနိုင်ရနေပါတယ်။

ဒေသစံတော်ချိန် မနက် ၁၁ နာရီခွဲလောက် နောက်ဆုံးထုတ်ပြန်ထားတဲ့ မဲရလဒ်တွေအရ အမတ်နေရာ စုစုပေါင်း ၆၅၀ အနက် ၆၃၈ နေရာက ဆန္ဒမဲတွေ ရေတွက်အပြီးမှာ ကွန်ဆာဗေးတစ်ပါတီက ၃၂၃ နေရာ အဓိက အတိုက်အခံ လေဘာပါတီက ၂၂၈ နေရာ၊ စကော့တလန်အမျိုးသားပါတီ (အက်စ်အန်ပီ)က ၅၆ နေရာ၊ လစ်ဘရယ် ဒီမိုကရက်ပါတီက ၈ နေရာ အသီးသီး အနိုင်ရနေပါတယ်။
ရာခိုင်နှုန်းအားဖြင့်ဆိုရင်တော့ ကွန်ဆာဗေးတစ်ပါတီက ၃၆ ရာခိုင်နှုန်းကျော်နဲ့ အနိုင်ရဖို့ လိုအပ်တဲ့ မဲအရေအတွက် ၃၂၆ နေရာရရှိဖို့ မဲအနည်းငယ်ပဲလိုတော့တာဖြစ်ပြီး လေဘာ ပါတီက ၃၀ ရာခိုင်နှုန်းကျော် ရနေတာလည်းဖြစ်ပါတယ်။
ဒီရွေးကောက်ပွဲဟာ ၁၀ စုနှစ်တွေအတွင်း အကြိတ်အနယ်အရှိဆုံးရွေးကောက်ပွဲ ဖြစ်မယ်လို့ ခန့်မှန်းခဲ့ကြတာဖြစ်ပါတယ်။

လေဘာပါတီဟာ စကော့တလန်နယ်မှာ အက်စ်အန်ပီပါတီကို ရှုံးနိမ့်ပြီး မဲတွေ လက်လွှတ်ဆုံး ရှုံးခဲ့ရတာဖြစ်ပြီး ပါတီခေါင်းဆောင် အက်ဒ် မီလီဘန်းကတော့ လေဘာပါတီ အတွက် အရမ်းကို စိတ်ပျက်စရာ ကောင်းပြီး ခက်ခဲတဲ့ညဖြစ်တယ်။ ရှုံးနိမ့်မှုတွေဟာ ခံရခက်ပေမယ့် ကျနော်တို့ဟာ ဒီနိုင်ငံက ပြည်သူတွေအတွက် ဘယ်တော့မှ မရပ်မနားပဲ အလုပ်လုပ်သွား မယ့်ပါတီဖြစ်တယ်လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ပြောပါတယ်။

ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင် ဒေးဗစ်ကင်မရွန်းကတော့ အားလုံးအတွက် တောက်ပတဲ့ အနာဂတ်တွေရှိနေတယ်၊ ကံကောင်းထောက်မစွာ ၀န်ကြီးချုပ်အဖြစ် ထပ်တာဝန်ထမ်း ဆောင်ခွင့်ရရင် တခုတည်းသောနိုင်ငံ တခုတည်းသော ယူကေ ဖြစ်အောင် အုပ်ချုပ်သွားဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲတုန်းကတော့ ကွန်ဆာဗေးတစ်ပါတီဟာ အမတ်နေရာ ၆၅၀ အနက် ၃၀၆ နေရာပဲရပြီး အစိုးရဖွဲ့ဖို့ လိုအပ်တဲ့ အမတ်နေရာ ထက်ဝက်ကျော်မရခဲ့တာကြောင့် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီနဲ့ ညွန့်ပေါင်းအစိုးရဖွဲ့ခဲ့ရပါတယ်။

 By ဒီဗွီဘီ
http://burmese.dvb.no


 ဗြိတိန် ရွေးကောက်ပွဲ နောက်ဆုံးရလဒ်တွေ ဆက်တိုက်ကြေညာနေပြီး စကော့တလန်မှာတော့ စကော့တစ် အမျိုးသားပါတီ (Scottish National Party) က မဲဆန္ဒနယ် အားလုံး နီးပါးမှာ တောင်ပြိုကမ်းပြို အနိုင်ရပါတယ်။

အက်စ်အန်ပီက တင်တဲ့ အသက် ၂၀ အရွယ် တက္ကသိုလ်ကျောင်းသူကလည်း လေဘာပါတီရဲ့ နာမည်ကြီး နိုင်ငံရေးသမားကို အနိုင်ယူပြီး ဗြိတိန်မှာ နှစ်ပေါင်း ၃၅၀ အတွင်း အသက်အငယ်ဆုံး လွှတ်တော်အမတ် ဖြစ်လာပါတယ်။

ကျောင်းသူ အမ်ဟိုင်းရီ ဘလက်က်(Mhairi Black)က မဲ ၂၃၅၄၈ ရရှိပြီး လေဘာပါတီ အာဏာရရင် နိုင်ငံခြားရေးဝန်ကြီးအဖြစ် လျာထားတဲ့ ဒေါက်ဂလက် အလက်ဇန်ဒါး(Douglas Alexander) က ၁၇၈၀၄ မဲ နဲ့ ရှုံးသွားပါတယ်။

ဘလက်က်ဟာ ဂလက်စဂိုတက္ကသိုလ် (University of Glasgow)မှာ နိုင်ငံရေးနဲ့ ပြည်သူပေါ်လစီ (Politics and Public Policy) အဓိကဘာသာရပ် နောက်ဆုံးနှစ် တက်နေသူ ဖြစ်ပါတယ်။

အီရတ်စစ်ပွဲကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲမှာ လူသိများခဲ့ပြီး အားနည်းတဲ့လူတွေဘက်က ရပ်တည်တာနဲ့ လူမှုတရားမျှတရေးအတွက် ဆောင်ရွက်တဲ့ လုပ်ဆောင်ချက်တွေ အတွက် လည်း လူသိများပါတယ်။

မဲဆန္ဒနယ် အားလုံးက ရလဒ်တွေ မထွက်သေးပေမယ့် ကြိုတင် စစ်တမ်းတွေအရ လက်ရှိ အာဏာရ ကွန်ဆာဗေးတစ်ပါတီက လွှတ်တော်နေရာ ၆၅၀ ထဲက ၃၁၆ နေရာမှာ အနိုင်ရဖွယ် ရှိပါတယ်။

ဒါကြောင့် အစိုးရ ဖွဲ့နိုင်ဖို့ နောက်ထပ် ၁၀ နေရာပဲ လိုပြီး လက်ရှိ ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်းအတွက် နောက်ထပ် ၅ နှစ်သက်တမ်း ဆက်ဖို့ သေချာသလောက် ဖြစ်နေပါတယ်။

အဓိက အတိုက်အခံဖြစ်တဲ့ လေဘာပါတီက ၂၃၉ နေရာပဲ ရရှိလို့ ဒီအတိုင်း တကယ် ဖြစ်လာရင် အနှစ် ၃၀ အတွင်း အဆိုးဆုံးရလဒ် ဖြစ်ပါတယ်။

လေဘာပါတီဟာ အရင်က နိုင်ခဲ့တဲ့ စကောတလန်နယ် မဲဆန္ဒနယ်တွေမှာ ရှုံးနိမ့်ခဲ့တယ်လို့ သတင်းက ဖော်ပြပါတယ်။

လက်ရှိ အာဏာရ ညွန့်ပေါင်းမှာပါတဲ့ လစ်ဘရယ်ဒီမိုကရက်ပါတီက ၁၀ နေရာလောက်မှပဲ အနိုင်ရမှာ ဖြစ်လို့ ၄၇ နေရာ လက်လွှတ်ရမယ့် သဘော ဖြစ်ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no