05/10/15



၂၀၁၅  မေလ ၁၀

အစာရေစာ ငတ်ပြတ်နေသော မြန်မာ ၄၆ ဦးအား ခြုံဖွန်အနီး တောင်ကြားတွင် ထိုင်းစစ် တပ်က ယမန် နေ့က ကယ်ထုတ်လာနိုင်ခဲ့ပြီး ၇လ အရွယ်မိန်း ကလေးငယ် သားအမိတို့အား လူကုန်ကူးသူများက ဆောင်သွားကြောင်း မန်နေဂျာ အွန်လိုင်းသတင်းမှာ ရေးသားထားသည်။

အစာရေစာ ငတ်ပြတ်နေကြသော  အမျိုးသား ၄၁ ဦးနှင့် အမျိုးသမီး ၅ ဦးတို့အား  အာဏာပိုင်များက   တောထဲမှ ခေါ်ဆောင်လာခဲ့ကြသည်။ အသက် ၇နှစ်အရွယ် မိန်းကလေးငယ်၏ မိခင်ဖြစ်သူ အသက် ၃၁နှစ်အရွယ် ခင်မူဆာ ဆိုသူမှာ ရုပ်ရည် လွန်စွာချောမောလှပသဖြင့် လူကုန်ကူးသူများက  ကလေးနှင့် အတူ ခေါ်ဆောင်သွားခဲ့သည်။ အလွန်စိုးရိမ်နေကြောင်း ခင်ပွန်းဖြစ်သူက ပြောဆိုသည်။

ထိုင်းနိုင်ငံတောင်ပိုင်းတွင် အလုပ်လုပ်ရန် အတွက် အလုပ်သမားတစ်ဦးလျှင်  ဘတ်ငွေ ၇,၀၀၀   ပေးရပြီး မလေးရှားသို့ သွားလိုသူများကိုလည်း ပို့ဆောင်ပေးနိုင်ကြောင်း ပွဲစားများက ပြောဆိုခဲ့ကြောင်း အလုပ်သမားများက ထုတ်ဖေါ်ပြောဆိုကြသည်။

 မေလ ၈ရက်နေ့က အဆိုပါ စခန်းနေရာတွင်ပင် မြန်မာ၂၈ဦးတို့ အား လူကုန်ကူးသူများက စွန့်ပစ်ခဲ့ သဖြင့် အစာရေစာ ငတ်ပြတ်နေစဉ် ထိုင်းအာဏာပိုင်များက ကယ်ဆယ်   နိုင်ခဲ့ကြသည်။ အမျိုးသမီး ၄ဦးတို့ အား လူကုန်ကူးသူများက အဓမ္မပြု ကျင့်ခဲ့ကြသည်။

ထိုင်းအာဏာ ပိုင်များက ဆက်လက် စုံစမ်းရာ ကော့သောင်းခရိုင် ခမောက်ကြီးမြို့နယ်၊ မရမ်းကျေးရွာအနီး ၀န်ကျင် တွင် ထိုင်းဘက်သို့ လာရန် လူတစ်ရာကျော် ခန့် ရှိနေသေးကြောင်း၊ မြန်မာအစိုးရ ဘက်က ပူးပေါင်း ကူညီ ဖြေရှင်းပေးရန် အကြောင်း ကြားသွား မည်ဖြစ်ကြောင်း ပြောဆိုသည်။

မောင်သန့် (ဘာသာပြန်)
 Golden Worker
http://www.goldenworkers.asia


လူမှောင်ခိုပွဲစားများစွန့်ပစ်ထားသော‬ မြန်မာ၄၆ဦးထပ်မံတွေ့ရှိ
ရုပ်ရည်ချောမောသောအမျိုးသမီးတစ်ဦးနှင့်၇လအရွယ်သမီးငယ်ကို ခင်ပွန်းသည်ထံမှ အတင်းဆွဲခေါ်သွား

မေလ၉ရက်နေ့ မွန်းလွဲနာရီခွဲအချိန်တွင် ထိုင်းစစ်တပ်နှင့်ရဲတပ်ဖွဲ့တို့သည် ရွာလူကြီး၏သတင်းပေးချက်အရ အစားအစာလာတောင်းစားသော မြန်မာ၄၆ဦးကို သွားရောက်ခေါ်ဆောင်လာကြောင်းသိရှိရသည်။ ဖြစ်ပွား သည့်နေရာမှာ အစု၈ ဘန့်နာကျေးရွာ ချုမ်ဖေါ်မြို့ဖြစ်ပြီး ၎င်းတို့ကိုတွေ့ရှိချိန်တွင် အလွန်မောပန်းနွမ်းနယ်၊ ထိတ်လန့်၊ ဆာ လောင်နေပြီး အချို့မှာငိုကြွေး၍ တာဝန်ရှိသူများအားလက်အုပ်ချီကာအကူအညီတောင်းခြင်း ပုံစံမျိုး ပြသနေသည်။

တွေ့ရှိသော အမျိုးသား၄၁ဦးနှင့် အသက်၁၂-၄၄ အတွင်းရှိအမျိုးသမီး ၆ဦးတို့ကို တပ်ရင်းစခန်းသို့ခေါ်ဆောင် သွားပြီး အစားအစာများကြွေးမွေး၍ စစ်ဆေးချက်များယူခဲ့သည်။ ထွက်ချက်များအရ ထိုင်းပွဲစားများက ၂၉ဦး ကို ထိုင်းနိုင်ငံတောင်ပိုင်းတွင်အလုပ်လုပ်ရန်နှင့် ၁၇ဦးကို မလေးရှားသို့ပို့ဆောင်ရန်ခေါ်ဆောင်လာခဲ့ခြင်းဖြစ်သည်။ ပွဲစားခတစ်ဦးကို ဘတ်၇၀၀၀ ပေးခဲ့ရပြီး မြန်မာပြည်အရပ်ရပ်မှနေ၍ ကော့သောင်းမြို့ မာရမ်းကျေးရွာမှတဆင့် ကရာ့ဘူရီမြစ်(ပါချန်မြစ်)ကိုဖြတ်ကျော်၍ ထိုင်းနိုင်ငံဘက်ခြမ်းသို့ဝင်ရောက်လာခဲ့သည်။

၎င်းတို့ကို သေနတ် အရှည်များကိုင်ဆောင်ထားသော ပွဲစားအဖွဲ့၃ဦးကခေါ်ဆောင်ပြီး စစ်ဆေးရေးဂိတ်များကိုရှောင်ကွင်းနိုင်ရန် အတွက် တောတောင်ထဲတွင် ၃ရက်၃ည လမ်းလျှောက်ဖြတ်ကျော်ခဲ့ရသည်။ ထို့နောက် တောထဲရှိ ယာယီစခန်း တွင်ထားရှိခဲ့ပြီးနောက် ကားဖြင့်ခေါ်ဆောင်သွားရာတွင် စစ်ဆေးရေးဂိတ်များတင်းကြပ် ထူထပ်နေသဖြင့် ပွဲစား ကမြန်မာများကို တောထဲသို့တဖန်ခေါ်ဆောင်သွားပြီး စွန့်ပစ်ထားခဲ့ရာ ၂ရက်တိုင်တိုင် အစားအစာများမရှိသဖြင့် ဆာလောင်မွတ်သိပ်ခြင်းများဖြစ်လာခဲ့သည်။

ထိုသို့စွန့်ပစ်ရာတွင် လူမှောင်ခိုပွဲစားအဖွဲ့သည် ရုပ်ရည်ချောမောသော
မခေမူဆာ(မခင်မိုးဇာဟုယူဆရ) အသက်၃၂နှစ်နှင့် ရင်ခွင်ပိုက်၇လအရွယ်ရှိသမီးငယ်တို့ကို ခင်ပွန်းဖြစ်သူ ကိုခေလေးအောင်(ခိုင်လင်းအောင်ဟုယူဆရ) ထံမှ အတင်းအကြပ်ခေါ်ဆောင်သွားခဲ့သည်။ ယခုအချိန်ထိ ထိုသားအမိ၂ဦး၏ကံကြမ္မာကိ မသိရှိရသေးပါ။

ထို့အပြင် စစ်ဆေးမေးမြန်းချက်များအရ တောထဲတွင်နောက်ထပ် စွန့်ပစ်ခံထားရသည့် မြန်မာ၁၅၀ဦးခန့် ရှိနိုင်သေးသလို ရာနှင့်ချီသောမြန်မာများကို ထိုင်းမြန်မာနယ်စပ် မြန်မာဘက်အခြမ်းရှိ ကော့သောင်းမြို့နယ် မာရမ်းကျေးရွာအနီးတွင် ထိုင်းနိုင်ငံသို့ပို့ဆောင်ရန် ပွဲစားများက စုဆောင်းထိန်းသိမ်းထားကြောင်း သိရှိရသည်။

ယခုအခင်းဖြစ်ပွားရာနေရာတွင် မေလ၈ရက်နေ့ကလည်း ပွဲစားများစွန့်ပစ်ထားသော မြန်မာ၂၈ဦးကိုတွေ့ရှိခဲ့ပြီး ၎င်းတို့အထဲမှ အမျိုးသမီး၎ဦးမှာ လူမှောင်ခိုဂိုဏ်းအဖွဲ့က အဓမ္မပြုကျင့်ခံထားရကြောင်းသိရှိရသည်။

ဤဖြစ်စဉ်များနှင့်ပတ်သက်၍ တိုင်းဒေသ၈ ရဲတပ်ဖွဲ့ဌာနချုပ်ကအလေးထားဆောင်ရွက်လျက်ရှိပြီး အထူးသဖြင့် အဓမ္မပြုကျင့်ခြင်းခံရသော အမျိုးသမီး၎ဦးကိစ္စကို အထူးစုံစမ်းမေးမြန်းလျက်ရှိကြောင်း ရဲတပ်ဖွဲ့ကပြောကြား သည်။ သို့သော် ထိန့်လန့်ကြောက်ရွံ့ခြင်းများနှင့်ငိုကြွေးနေသော ထိုအမျိုးသမီးများကိုစစ်ဆေးမေးမြန်းရန် အခက်အခဲများကြုံရသဖြင့် အချက်အလက်သိပ်မရရှိသေးကြောင်း သက်ဆိုင်သောဌာနများနှင့်ဆက်သွယ်၍ ပူးပေါင်းလုပ်ဆောင်သွားရန်ရှိပြီး မကြာမီတွင် အဖြေတစ်ခုခုရနိုင်ကြောင်းပြောကြားသွားသည်။

မှတ်ချက်။ ။ http://manager.co.th/South/ViewNews.aspx… တွင်ဖေါ်ပြထားသောသတင်းကို အကျဉ်းချုပ်ဘာသာပြန်ထားခြင်းဖြစ်ပြီး ( ) ထဲမှစာသားများသည် ဘာသာပြန်သူမှ ခန့်မှန်းချက်ထည့်သွင်းထားခြင်းဖြစ်သည်။


ဘာသာပြန်။ ..MW RN Fb


မေလ ၁၀ ရက်၂၀၁၅

သျှမ်း၊ မြောက် နမ့်ခမ်းမြို့တွင် တရုတ်ဘက်မှ လာသော တရားမ၀င် သစ် တင်ကားများသည် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ များနှင့် ဒေသတွင်း အာဏာပိုင်များထံ ပိုက်ဆံပေးပြီး လွတ်လပ်စွာ ၀င်ထွက် သစ်တင်နေေ ကြာင်း ဒေသတွင်း သတင်း ရပ်ကွက်က ဆိုပါသည်။

နမ်းခမ်းသို့ ညစဉ်အစီး(၅၀) ထက်မနဲ ၀င်ရောက် ပြီး သစ်များကို တရုတ်ပြည် သို့ ခိုးထုတ် သယ်ဆောင်နေကြောင်းသတင်းရရှိသည်။

တရုတ်သစ်ကုန်သည်နှင့်အတူ လာရောက် သစ်တင်သော တရုတ်နိုင်ငံသား သျှမ်းလူမျိုး အိုက်မောင် က “ သစ်တွေကိုတရုတ်ဘက်ကို သွင်းတာလေ။ သစ် လာတင်ရင် တောထဲဝင်တာနဲ့ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့တွေ ကို တစ်စီး ကျပ် တစ်သိန်း သွင်းရတယ်။ ပြီးတော့ မြို့ထဲဝင်ရင်လည်း အစိုးရ အဏာပိုင် တွေကို တစ်စီးကျပ် (၇)သိန်း သွင်းပြီးမှ ခုလို လွှတ်လွှတ်လပ်လပ် တင်နိုင် သွားလာနိုင်တယ်” ဟု ၄င်းကဆိုသည်။

မြန်မာ - တရုတ်နယ်စပ် တရားမ၀င် ရွှေလီမြစ်ကူးတို့ဆိပ်ကိုအသုံးပြုပြီး တရုတ်ပြည်ဘက်မှ သစ်တင်ကားများ ၀င်/ထွက် နေကြောင်း၊ ည ၁၁း၀၀ နာရီလောက်မှ လာရောက်ပြီး မနက် ၂း၀၀နာရီ မှ ၃း၀၀ နာရီကြားအတွင်း ပြန်ထွက်သွားကြောင်း ၊တင်ဆောင်သွားသည့် သစ်များသည် သျှမ်းပြည် နယ်နှင့် ကချင်ပြည်နယ်အတွင်းရှိ သစ်များဖြစ်ကြောင်း နမ့်ခမ်းဒေသခံ နန်းမြမြ ကဆိုသည်။

“ညစဉ်ရက်ဆက်ပါပဲ ၀င်ထွက်သွားလာနေတာ၊ ကားကတော့ တရုတ်ပြည် ဘက်က တရုတ်နံပါတ်ပြားအ၀ါတပ် ထားတဲ့ကားတွေပဲ၊ သူတို့လာရင် လည်း အစီး(၅၀)လောက်ရှိတယ် မြေကြီးတောင်တုန်ခါသွားတယ်၊ အဲ့သစ်တင် ကားတွေကြောင့် ညစဉ်ညတိုင်း ကောင်းကောင်း အိပ်လို့မရတာ တစ်နှစ်ေ လာက် ရှိတော့မယ် ။ ညဘက်ချည်းလာတင်တာ ”ဟု ၄င်းက သျှမ်းသံတော်အားပြောသည်။

သစ်တောပြုန်းတီး မှုကြောင့် ယခု မြန်မာနိုင်ငံမြောက်ဖျားပိုင်းဒေသများတွင် ရာသီဥတု ဖောက်ပြန်မှု ဒဏ်များ ဒေသခံများက ကြုံတွေ့နေသည်။

တရုတ်ပြည်ဘက်မှ တရားမ၀င် သစ်တင်ကားများ ၀င်ထွက်နေသော ရွှေ လီမြစ် ကူးတို့ဆိပ်များမှာ နမ့်ခမ်းမြို့ ရှိ နောင်မ၊ မန့်ဟောင်း၊ နောင်တိန်း၊ မန့်နောင်နှင့် ကောင်းဝိန်း စသောကျေးရွာရှိ ကူးတို့ ဆိပ်ကနေတစ်ဆင့် ၀င်ထွက် သွားလာနေပြီး မူစယ်မြို့နယ်အတွင်း ရွှေလီမြစ်ကမ်းတစ်လျှောက်ရှိ ကူးတို့ဆိပ်များကိုလည်း အသုံးပြုနေသည်ဟု ဒေသခံများထံမှသိရသည်။

သျှမ်းသံတော်ဆင့် ၊စိုင်းတိုင်း
https://www.facebook.com/Panglong.burmese

(၁)

၁၉၉၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ ပြုလုပ်ခဲ့ခြင်းက လာမယ့် မေ ၂၇ ရက်မှာ ၂၅ နှစ်ပြည့်ပြီ ဖြစ်ပါတယ်။

ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှု မရှိခဲ့ဘူး။ အဲဒီအချိန်က တပ်မတော်အစိုးရ နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးနဲ့ တည်ဆောက်ရေးအဖွဲ့ (န၀တ) က ပြည်သူတွေကို အာဏာလွှဲမပေးခဲ့ပါဘူး။

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမတိုင်မီမှာ ၁၉၈၈ ခုနှစ် စစ်အာဏာသိမ်း တပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးစောမောင်က ကတိတွေ အကြိမ်ကြိမ်ပေးခဲ့တယ်။ ရွေးကောက်ပွဲအပြီး တက်လာတဲ့ အစိုးရကို အာဏာလွှဲပေးမယ်။ ပြီးရင် စစ်တန်းလျားပြန်မယ်လို့ ပြောခဲ့တယ်။ ဗိုလ်ချုပ်ကြီး စောမောင်အပြင် အဲဒီအချိန်က ဒုတိယဗိုလ်ချုပ်ကြီးသန်းရွှေ၊ ဗိုလ်ချုပ်ခင်ညွန့်တို့လည်း ပြောခဲ့ဖူးပါတယ်။

ဒါပေမဲ့ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ သူတို့ထင်မှတ်မထားတဲ့ ရလဒ်ထွက်ခဲ့ပါတယ်။ ဒီလိုထွက်ခဲ့ပြီး နောက်ပိုင်း သူတို့ လေသံပြောင်းခဲ့တယ်။ အာဏာလွှဲမပေးတော့ပါဘူး။ ရွေးကောက်ပွဲက ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်ရေးဆွဲဖို့ ဖြစ်တယ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲပြီးမှ အာဏာလွှဲမယ်ဆိုတဲ့ စကားကို သူတို့ ပြောင်းပြောခဲ့ပါတယ်။

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲကို မဲပေးပိုင်ခွင့်ရှိသူ လူဦးရေ သန်း ၂၀ ထဲက ၁၅ သန်းကျော် လာရောက်မဲပေးခဲ့တယ်။ ဆန္ဒမဲပေးမှု ရာခိုင်နှုန်း ၇၂ ဒသမ ၅၉ ရှိ ခဲ့တယ်။ ရွေးကောက်ပွဲ ကျင်းပတဲ့ မဲဆန္ဒနယ် ၄၈၅ နေရာမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)က ၃၉၂ နေရာ နိုင်ခဲ့ပါတယ်။

အကယ်၍ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲက ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲဖို့ အတွက်ဆိုရင် မဲပေးသူ အရေအတွက် ဒီလောက်များခဲ့မှာ မဟုတ်ပါဘူး။ အာဏာလွှဲပြောင်းရေးအတွက် အဆုံးအဖြတ် ကျလို့သာ မဲပေးခဲ့တာ ဖြစ်ပါတယ်။ အာဏာလွှဲပေးလိမ့်မယ်လို့ ယုံကြည်တဲ့အတွက် ပြည်သူတွေ မဲပေးခဲ့တယ်။

ဒါပေမဲ့ ဆန္ဒမဲပေးသူ ပြည်သူတွေ အလိမ်ခံလိုက်ရပါတယ်။

ဒါဟာ ရွေးကောက်ပွဲ သမိုင်းတစ်လျှောက် ဘယ်တုန်းကမှ မရှိခဲ့တဲ့ အကြီးကျယ်ဆုံး မဲလိမ်မှုဖြစ်ပြီး၊ ရွေးကောက်ပွဲရလဒ်က အာဏာလွှဲပြောင်းရေးအတွက် မဟုတ်ဘူးဆိုပြီး ပယ်ဖျက်ခဲ့တာကလည်း အကြီးအကျယ် လိမ်လည်မှု ဖြစ်ပါတယ်။ ဒီလိမ်လည်မှုက ၂၅ နှစ်ပြည့်တဲ့ အခုချိန်အထိ ရှိနေတုန်းပါပဲ။

အခု ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ ပြုလုပ်မယ့် အချိန်နီးလာပါပြီ။ ပျှမ်းမျှအားဖြင့် အချိန် ခြောက်လပဲ ကျန်ပါတော့တယ်။

ဒီအချိန်မှာ ရွေးကောက်ပွဲ ပြုလုပ်မယ့် သတ်မှတ်ရက် အတိအကျ မထွက်သေးပါဘူး။

ဒါ့အပြင် သမ္မတ ဦးသိန်းစိန်ရော၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပါ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ဘယ်သူပဲ အနိုင်ရရ အာဏာလွှဲပေးပါမယ်ဆိုတဲ့ ကတိစကား မပြောသေးပါဘူး။

၁၉၉၀ ပြည့်နှစ်မှာတော့ တပ်မတော်အစိုးရ (န၀တ) ကတိဖျက်ခဲ့ပါတယ်။ ဒီနောက်ဆက်တွဲအဖြစ် မြန်မာနိုင်ငံဟာ နာလန်မထူနိုင်ဘဲ ကျဆုံးခဲ့ရတဲ့ နိုင်ငံ (Failed State) ဖြစ်သွားပါတယ်။

(၂)

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ မလုပ်ခင်မှာ အာဏာသိမ်း စစ်ခေါင်းဆောင်တွေ ဘယ်လိုကတိပေးခဲ့တယ်၊ ဘာစကားတွေ ပြောခဲ့တယ်ဆိုတာ အထောက်အထားတွေ ရှိပြီးသားပါ။

၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၈ ရက်မှာ တပ်မတော် အာဏာသိမ်းပါတယ်။ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့(န၀တ) ကိုဖွဲ့စည်းတယ်။ ဗိုလ်ချုပ်ကြီး စောမောင်က ဦးဆောင်တယ်။ ဒုတိယဗိုလ်ချုပ်ကြီး သန်းရွှေက ဒုတိယခေါင်းဆောင် နေရာယူပြီး (အာဏာသိမ်းစဉ် အချိန်က) ဗိုလ်မှူးချုပ် ခင်ညွန့်၊ ဗိုလ်မှူးကြီး တင်ဦးတို့က အတွင်းရေးမှူး တာဝန်ယူခဲ့တယ်။

ဒါ့အပြင် ဗိုလ်ချုပ်မောင်မောင်ခင်၊ ဗိုလ်ချုပ်တင်ထွန်း၊ ဗိုလ်မှူးချုပ်အောင်ရဲကျော်၊ ဗိုလ်ချုပ်ဘုန်းမြင့်၊ ဗိုလ်ချုပ်စိန်အောင်၊ ဗိုလ်ချုပ်ချစ်ဆွေ၊ ဗိုလ်မှူးချုပ်ကျော်ဘ၊ ဗိုလ်မှူးကြီး မောင်သင့်၊ ဗိုလ်မှူးချုပ်မောင်အေး၊ ဗိုလ်မှူးချုပ်ဥာဏ်လင်း၊ ဗိုလ်မှူးချုပ်မြင့်အောင်၊ ဗိုလ်မှူးချုပ်မြသင်း၊ ဗိုလ်မှူးချုပ်ထွန်းကြည်၊ ဗိုလ်မှူးချုပ်အေးသောင်၊ ဗိုလ်မှူးချုပ် မျိုးညွန့်တို့က အာဏာသိမ်း န၀တအစိုးရ အဖွဲ့ဝင်တွေ ဖြစ်ပါတယ်။

အာဏာသိမ်းယူမှုအတွက် ပထမဆုံး ထုတ်ပြန်ချက် ၁/၈၈ မှာတင် “အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရေး” ဆိုတဲ့ အချက်ကို ဖော်ပြပါတယ်။ ရွေးကောက်ပွဲဝင်ဖို့ ပါတီတွေ ပြင်ဆင်ဖွဲ့စည်းဖို့လည်း ဆိုခဲ့ပါတယ်။

အာဏာသိမ်းပြီး နောက်တစ်ရက် ကာကွယ်ရေး ၀န်ကြီးဌာနမှာ ပြုလုပ်တဲ့ ရှင်းလင်းပွဲမှာ သူတို့အနေနဲ့ အာဏာကို လိုချင်မက်မောနေတာ မဟုတ်ဘူးလို့ ဗိုလ်ချုပ်ကြီး စောမောင်က ဆိုခဲ့ပါတယ်။

ဒါ့အပြင် န၀တရဲ့ ပထမဆုံး တိုင်ပြည်သို့ တင်ပြချက်မှာလည်း ဗိုလ်ချုပ်ကြီး စောင်မောင်ပြောခဲ့ တာတွေရှိပါတယ်။ စက်တင်ဘာ ၂၃ ရက်မှာ ပြောခဲ့တာပါ။ ၁/၈၈ ကြေညာချက်မှာပါတဲ့ အထွေထွေ ရွေးကောက်ပွဲကို အမြန်ဆုံးလုပ်ပေးဖို့ အစီအစဉ်ရှိပြီး စတင်ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

“ကျွန်တော်တို့ တစ်တွေဟာ တပ်မတော်သားများ ဖြစ်ကြပါတယ်။ တပ်မတော်သားများနဲ့ ဖွဲ့စည်းထားတဲ့ ကျွန်တော်တို့ အဖွဲ့အနေနဲ့လည်း နိုင်ငံကျေးဇူးသစ္စာကို ခံယူထားတဲ့ အဖွဲ့အစည်းဖြစ်လို့ နိုင်ငံတော်နဲ့ နိုင်ငံသားများအပေါ် ၀န်ခံထားရှိပြီးဖြစ်တဲ့ ကတိ သစ္စာကို မည်သို့သော အကြောင်းကြောင့်မျှ ပယ်ဖျက် ဖျောက်ဖျက်မည် မဟုတ်ကြောင်း ယုံကြည်ထားရှိ စေလိုပါတယ်” လို့ ဗိုလ်ချုပ်ကြီး စောမောင်က ပြောပါတယ်။

အဲဒီတိုင်းပြည်သို့ တင်ပြချက်မှာပဲ သူဆက်ပြောခဲ့တာ ရှိပါတယ်။

“ကျွန်တော်တို့ တပ်မတော်အနေနဲ့ကတော့ ပြည်သူပြည်သားများက မိမိတို့ရဲ့ ဒီမိုကရေစီပိုင်ခွင့်အရ လွတ်လပ်မျှတ ရွေးချယ် တင်မြှောက်ဖွဲ့စည်းလိုက်တဲ့ အစိုးရအဖွဲ့အစည်းကို နိုင်ငံတော်ရဲ့ အာဏာလွှဲပြောင်း ပေးပြီးတာနဲ့ ကျွန်တော်တို့ရဲ့ မူလတာဝန်ဖြစ်တဲ့ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး တာဝန်တွေကိုသာ ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း ထပ်မံကတိ ပေးလိုပါတယ်” လို့ ပြောခဲ့တာပါ။

၁၉၈၉ ခုနှစ် ကာလတစ်ခုလုံးမှာလည်း ဒီသဘောတရားပါတဲ့ စကားတွေကို ဗိုလ်ချုပ်ကြီး စောမောင် အကြိမ်ကြိမ် ပြောပါတယ်။ န၀တအစိုးရပိုင် လုပ်သားပြည်သူ့ နေ့စဉ်သတင်းစာအာဘော်၊ ဆောင်းပါးတွေမှာလည်း ဒါကိုပဲ ထပ်တလဲလဲ ကိုးကားဖော်ပြကြပါတယ်။

ရွေးကောက်ပွဲ လုပ်ပေးမယ်၊ ပြီးရင် အာဏာလွှဲပေးမယ်။ အာဏာလွှဲပေးမယ် ဆိုတာကို ပြောတဲ့အခါ ရွေးကောက်ပွဲက တက်လာတဲ့ အစိုးရကို အာဏာလွှဲပေးမယ် ဆိုတာပဲ ပြောခဲ့တယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်နဲ့အညီ တက်လာတဲ့ အစိုးရကို အာဏာလွှဲပေးမယ်လို့ သုံးနှုန်းခဲ့တာလည်း မတွေ့ရပါဘူး။ ရွေးကောက်ပွဲပြီးမှ ဖွဲ့စည်းပုံအခြေခံဥပဒေကို အကြောင်းပြချက်အဖြစ် ထုတ်သုံးခဲ့တာပါ။

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ မတိုင်ခင် န၀တခေါင်းဆောင်တွေ ပြောခဲ့တဲ့ စကားတွေကို ပြန်ကြည့်တဲ့အခါ အခြေခံဥပဒေ လိုအပ်ကြောင်း ပြောဆိုမှုက မှေးမှိန်ခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီး စောမောင်ကိုယ်တိုင်က ဖွဲ့စည်းပုံ အခြေခံဥပဒေ လိုအပ်ကြောင်းကို နှစ်ကြိမ်လောက်ပဲ ပြောဖူးပါတယ်။

(၃)

၁၉၈၉ ခုနှစ် ဇန်န၀ါရီ ၉ ရက်က တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှာ အစည်းအဝေး တစ်ရပ်လုပ်ပါတယ်။ အဲဒီ အစည်းအဝေးမှာ ဗိုလ်ချုပ်ကြီး စောမောင် ပြောခဲ့တာရှိပါတယ်။

“နိုင်ငံတော် အာဏာနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို ကျွန်တော်တို့ ပြောခဲ့ပြီးပါပြီ။ ရွေးကောက်ပွဲ ကျင်းပပြီး ဥပဒေနဲ့အညီ အစိုးရ ဖွဲ့ပါ။ အာဏာကိုရယူပါ။ အစိုးရဖွဲ့ဖို့ ရွေးကောက်ပွဲလိုပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ တာဝန်ပါ။ ဒါပေမဲ့ ရွေးကောက်ပွဲအပြီး အစိုးရဖွဲ့ဖို့ ကိစ္စက တပ်မတော်ရဲ့ တာဝန်မဟုတ်ဘူး။ ကျွန်တော်တို့ ဒါကို ရှင်းရှင်းလင်းလင်း ပွင့်ပွင့်လင်းလင်း အခုပြောပါတယ်” လို့ ဆိုခဲ့တာပါ။

ဒီမတိုင်ခင် ၁၉၈၈ ခုနှစ် စက်တင်ဘာ ၂၂ ရက်မှာ ဗိုလ်ချုပ်ခင်ညွန့်က နိုင်ငံခြားစစ်သံမှူး တစ်ဦးရှေ့မှာ ပြောခဲ့တဲ့ မှတ်တမ်းတစ်ခု ရှိပါသေးတယ်။

“တရားဥပဒေ စိုးမိုးမှု ပြန်ရလာတာနဲ့ ရွေးကောက်ပွဲကို အမြန်ဆုံး လုပ်ပေးသွားမယ်။ အနိုင်ရတဲ့ ပါတီကို တပ်မတော်က စနစ်တကျ အာဏာလွှဲပေးသွားမယ်” လို့ ဦးခင်ညွန့် ပြောခဲ့ပါတယ်။ ဒါကို BBC SWB FE/0265 i - 24 September 1988 မှာ မှတ်တမ်း ပြန်ကြည့်နိုင်ပါတယ်။

ဗိုလ်ချုပ်ကြီး စောမောင်ရော၊ ဗိုလ်ချုပ်ခင်ညွန့်ရော ပြောခဲ့တဲ့ စကားနှစ်ရပ်လုံးမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေအကြောင်း တစ်ခုမှမပါခဲ့ပါဘူး။ ဒါပေမဲ့ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) က အပြတ်အသတ် အနိုင်ရပြီးချိန်မှာ သူတို့ကတိ ကျိုးပျက်ပါတယ်။

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲဟာ ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲဖို့သာ ဖြစ်တယ်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေရေးဆွဲပြီးမှ အစိုးရဖွဲ့၊ အာဏာလွှဲပေးမယ်လို့ န၀တခေါင်းဆောင်တွေ ပြောခဲ့ပါတယ်။ သူတို့ပေးခဲ့တဲ့ ကတိကို စကားလှည့်ကွက်သုံးပြီး ချိုးဖျက်ပါတယ်။

၁၉၈၉ ခုနှစ် မေ ၃၁ ရက်မှာ ပြဋ္ဌာန်းခဲ့တဲ့ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ အခန်း(၂)၊ ပုဒ်မ (၃)မှာ “လွှတ်တော်ကို မဲဆန္ဒနယ်များမှ ဤဥပဒေနှင့်အညီ ရွေးကောက်တင်မြှောက်လိုက်သော လွှတ်တော် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းရမည်” လို့ ပါရှိပါတယ်။

ဒါဟာ ရွေးကောက်ပွဲအပြီးမှာ ပြည်သူ့လွှတ်တော် ခေါ်ယူဖို့ လုံလောက်တဲ့ ပြဋ္ဌာန်းချက် ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ န၀တ အစိုးရက လွှတ်တော်မခေါ်ပါဘူး။

ဒီအတွက် ၁၉၉၀ ပြည့်နှစ် ဇူလိုင် ၂၈၊ ၂၉ ရက်စွဲနဲ့ ဂန္ဒီခန်းမ ကြေညာစာတမ်း ထွက်ခဲ့ပြီး NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ လွှတ်တော်ခေါ်ယူ ဖွဲ့စည်းရေး တောင်းဆိုချက် ထွက်ရှိလာပါတယ်။

န၀တအစိုးရအဖွဲ့ အတွင်းရေးမှူး ဗိုလ်ချုပ် ခင်ညွန့်က ကြေညာချက် ၁/၉၀ နဲ့ ဂန္ဒီခန်းမ ကြေညာစာတမ်းကို တုံ့ပြန်ပါတယ်။

(၄)

ဗိုလ်ချုပ်ခင်ညွန့် လက်မှတ်ထိုး တုံ့ပြန်ခဲ့တဲ့ ၁/၉၀ ကြေညာချက်က အာဏာလွှဲမပေးနိုင်ဘူး ဆိုတာကို အထင်အရှား ဖော်ပြခဲ့ပါတယ်။

ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ်တွေဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲဖို့ တာဝန်ရှိသူတွေသာဖြစ်တယ်၊ နိုင်ငံတော်အာဏာ ရယူဖို့အတွက် ယာယီဖွဲ့စည်းပုံ အခြေခံ ဥပဒေရေးဆွဲပြီး အစိုးရဖွဲ့တာကို ဘယ်နည်းနဲ့မှ လက်ခံမှာ မဟုတ်ဘူး၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်အရ ပေါ်ပေါက်လာမယ့် အစိုးရမဖွဲ့ နိုင်သေးခင်မှာ န၀တအစိုးရက နိုင်ငံတော်အာဏာကို ဆက်ယူထားမယ်ဆိုတဲ့ အချက်တွေ ၁/၉၀ မှာ ပါခဲ့ပါတယ်။

ရွေးကောက်ပွဲ မပြုလုပ်မီမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေကိစ္စ အရေးပါတာကို NLD က သိနေပါတယ်။ ဒီအတွက် ရွေးကောက်ပွဲ အနိုင်ရချိန်မှာ ဥပဒေနဲ့အညီ အာဏာလွှဲပြောင်း နိုင်ဖို့အတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေတစ်ရပ်ကို ရေးဆွဲပြင်ဆင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲတာကို န၀တအစိုးရက လက်မခံခဲ့ပါဘူး။

ပိုဆိုးတာက ရွေးကောက်ပွဲ မတိုင်ခင်အချိန်မှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေကိစ္စ တွန်းအားပေးမှုတွေ ရှိခဲ့တာကို န၀တအစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး စောမောင် ကိုယ်တိုင် လက်မခံပါဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေထက် ရွေးကောက်ပွဲက ပိုအရေးကြီးတဲ့ ပုံစံမျိုးပဲ ပြောပါတယ်။ ဒီအတွက် အထောက်အထား ရှိပါတယ်။

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ မလုပ်ခင် ရက်သတ္တပတ် နှစ်ပတ်အလို မေ ၁၀ ရက်မှာ ဗိုလ်ချုပ်ကြီး စောမောင်ပြောခဲ့တာ ရှိပါတယ်။

၁၉၉၀ ပြည့်နှစ် မေ ၂၇ ရက်တွင် ဆန္ဒမဲပေးနေသော ပြည်သူများ (ဓာတ်ပုံ-တိုင်းကျိုးပြည်ပြု ပထမတွဲမှ)

“တစ်ခါက ရှေ့နေချုပ်ဖြစ်ခဲ့တဲ့ ဂုဏ်သရေရှိ လူကြီးမင်းတစ်ဦးက ဖွဲ့စည်းပုံအခြေခံ ဥပဒေ အရေးပါပုံ ပြောခဲ့တယ်။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က သတ်မှတ်ထားတဲ့ အချိန်အတိုင်း ရွေးကောက်ပွဲ လုပ်ပေးနိုင်ဖို့ပဲဖြစ်ပြီး သူပြောသလို ဖွဲ့စည်းပုံအခြေခံ ဥပဒေကိစ္စကို စိုးရိမ်နေရမယ့် အချိန်မဟုတ်ပါဘူး။ နောက်ပြီး အဲဒါက ကျွန်တော်တို့ရဲ့ စိုးရိမ်မှုလည်း မဟုတ်ဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် ရေးချင်လည်းရေးပါ။ အဟောင်းကိုပဲ ပြုပြင်စရာရှိတာ ပြုပြင်ပြီး သုံးချင်လည်းသုံးပါ” ဆိုပြီး ပြောခဲ့ပါတယ်။

ဒီထဲမှာ ဗိုလ်ချုပ်ကြီးစောမောင် ရည်ညွှန်းတဲ့ “ရှေ့နေချုပ်” ဆိုတာ ရှေ့နေချုပ်ဟောင်း ဦးလှအောင်ကို ဆိုလိုတာပါ။ ဦးလှအောင်ဟာ NLD နဲ့ နီးစပ်သူတစ်ဦး ဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီအချိန်တုန်းက ဦးလှအောင်ဟာ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေနဲ့ ဆက်စပ်နေတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကိစ္စ သုတေသန လုပ်နေသူလည်း ဖြစ်ပါတယ်။

မြန်မာ့အရေး ကျွမ်းကျင်သူ ဆွီဒင်သတင်းစာဆရာ ဘာတေးလ် လစ်တနာက ဦးလှအောင်နဲ့ တွေ့ဆုံဖူးပါတယ်။ ၁၉၈၉ ခု နှစ်မှာ မေလပိုင်းက တွေ့ခဲ့တဲ့ အဲဒီတွေ့ဆုံမှုမှာ “ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ကို စစ်အာဏာသိမ်း အစိုးရဘက်က ၀န်လေးနေပုံရှိတယ်” လို့ ဦးလှအောင်က ဘာတေးလ်လစ်တနာကို ပြောခဲ့ဖူး ပါတယ်။

ဘာတေးလ်လစ်တနာ ကိုယ်တိုင်လည်း ဒီအချက်ကို သူ့မှာရှိတဲ့ အထောက်အထားတွေနဲ့ ပြောဆိုဖူးတာ ရှိပါတယ်။

၁၉၉၄ ခုနှစ် ဒီဇင်ဘာလမှာ ကိုရီးယားမှာ ပြုလုပ်ခဲ့တဲ့ ကွန်ဖရင့်တစ်ခုမှာ ဘာတေးလစ်တနာက စာတမ်းတင်သွင်းပါတယ်။

“(ရွေးကောက်ပွဲမတိုင်မီ) ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲခြင်းက ပြဿနာမဟုတ်ပါဘူး။ ဒါပေမဲ့လည်း ၁၉၉၀ ပြည့်နှစ် မေ ၂၇ ရက် ရွေးကောက်ပွဲ မတိုင်ခင်မှာ NLD ကဖွဲ့စည်းပုံအခြေခံ ဥပဒေကိစ္စကို တင်ပြတဲ့အခါ ဗိုလ်ချုပ်ကြီး စောမောင်က ရင့်ရင့်သီးသီး ပြောဆိုခဲ့တာတွေ ရှိပါတယ်” လို့ ဘာတေးလစ်တနာက သူ့ရဲ့စာတမ်းမှာ ရေးခဲ့ပါတယ်။

(၅)

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ န၀တအစိုးရ (ဒါမှမဟုတ်) တပ်မတော်က ကတိဖျက်ခဲ့တာ ထင်ရှားပါတယ်။

၁၉၉၀ ပြည့်မေ ၂၇ မတိုင်မီ သူတို့ရေးသား၊ ပြောဆိုမှုတွေနဲ့ အဲဒီအချိန်နောက်ပိုင်း သူတို့ ရေးသား၊ ပြောဆိုမှုတွေကို နှိုင်းယှဉ်လေ့လာရုံနဲ့ ဒီအချက်ကို တွေ့နိုင်ပါတယ်။

သူတို့ရဲ့ အကြောင်းပြချက်တွေ မခိုင်လုံပါဘူး။ အာဏာလွှဲမပေးချင်တဲ့အတွက် တမင်ရည်ရွယ်ချက်နဲ့ ကတိဖျက်ခဲ့တာပါ။ ဒီအတွက် NLD အပါအ၀င် နိုင်ငံရေးသမားတွေကို အပြစ်ပုံချလို့ မရပါဘူး။

နောက်တစ်ချက်က အာဏာမလွှဲပေးတဲ့အပြင် အငြိုးတကြီး အာဃာတထား လုပ်ဆောင်တာ တွေလည်း ရှိခဲ့ပါတယ်။ န၀တအစိုးရရဲ့ ၁/၉၀ ကြေညာချက်ထွက်ပြီး နောက်ပိုင်းမှာ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေကို ဖမ်းဆီးတဲ့ လူဖမ်းပွဲ စတင်ပါတယ်။

၁၉၉၀ ပြည့်နှစ် နှစ်ကုန်ပိုင်းမှာ ရွေးကောက်ခံ ကိုယ်စားလှယ် ၆၅ ဦးထက်မနည်း ဖမ်းဆီးခံရပြီး ၁၂ ဦးထက်မနည်း ထိုင်းနိုင်ငံနဲ့ အိန္ဒိယနိုင်ငံဘက် ထွက်ပြေးရပါတယ်။ ရွေးကောက်ပွဲ မတိုင်မီကတည်းက ရှိခဲ့တဲ့ ဖမ်းဆီးနှိပ်ကွပ်မှုတွေဟာ ရွေးကောက်ပွဲအပြီး ပိုဆိုးသွားပါတယ်။

အာဃာတထားမှုကို ပြောတဲ့အခါ NLD ဒုတိယ ဥက္ကဋ္ဌဦးကြည်မောင်ရဲ့ ဖြစ်ရပ်က သာဓကတစ်ခု ဖြစ်ပါတယ်။ ၁၉၉၀ ပြည့်နှစ် ဇူလိုင် ၁၃ ရက်ထုတ် Asia Week မဂ္ဂဇင်းမှာ ဂျာနယ်လစ် ဒေါမနစ်ဖော်လ်ဒါနဲ့ ဦးကြည်မောင်တို့ တွေ့ဆုံမေးမြန်းမှု ပါခဲ့ပါတယ်။

အဲဒီတွေ့ဆုံမှုမှာ ဒေါမနစ်ဖောလ်ဒါက မေးခွန်းတစ်ခု မေးပါတယ်။ NLD က အစိုးရ ဖွဲ့စည်းပြီးချိန်မှာ မြန်မာစစ်ခေါင်းဆောင်တွေကို တရားရုံးတင် စစ်ဆေးဖို့ အစီအစဉ်ရှိလားလို့ မေးပါတယ်။ ဦးကြည်မောင်က “မြန်မာနိုင်ငံမှာ နုရင်ဘတ်ခုံရုံးလို ရုံးတင်စစ်ဆေးဖို့ အစီအစဉ်မရှိဘူး” လို့ ပြန်ဖြေခဲ့ပါတယ်။ ဒါပေမဲ့ ဒေါမနစ်ဖော်လ်ဒါရဲ့ထပ်ဆင့်မေးမြန်းမှုကို ဦးကြည်မောင်က ပြန်ဖြေတဲ့အခါ “ခင်ညွန့်လို ပုဂ္ဂိုလ်မျိုးကတော့ သူတို့အနေနဲ့ သိပ်ပြီးလုံခြုံမှု မရှိဘူးလို့ ယူဆနေကြပါတယ်” ဆိုတဲ့အချက်တစ်ခု ပါဝင်ခဲ့ပါတယ်။

ဒီလို ဖြေကြားချက်ကို ဗိုလ်ချုပ်ခင်ညွန့်က ဒေါသထွက်ခဲ့ပါတယ်။ ၁၉၉၀ ပြည့်နှစ် ဇူလိုင် ၁၃ ရက်က ကာကွယ်ရေး ၀န်ကြီးဌာနမှာလုပ်တဲ့ အကြိမ် (၁၀၀) မြောက် သတင်းစာရှင်းလင်းပွဲမှာ ဒီအကြောင်းကို ဗိုလ်ချုပ်ခင်ညွန့် ပြောပါတယ်။

“ကျွန်တော့်ကို ဘာသဘောထားနဲ့ ဒီလိုများ ပြန်ဖြေသလဲ။ ကျွန်တော် ဦးကြည်မောင်ကို မေးလိုက်ချင်တယ်” လို့ ဗိုလ်ချုပ်ခင်ညွန့် ပြောခဲ့တာပါ။

ဒါ့အပြင် ဦးကြည်မောင်ရဲ့စကားကို အယူအဆမှားကောက်ပြီး သူတို့ကို နုရင်ဘတ်စစ်ခုံရုံး ပို့လိမ့်မယ်လို့ န၀တခေါင်းဆောင်တွေ ထင်ခဲ့ပါတယ်။ ဒီလိုဖြစ်အောင်လည်း ဗိုလ်ချုပ်ခင်ညွန့်က တပ်မတော်ထဲမှာ ၀ါဒဖြန့်ခဲ့ပါတယ်။ ဗိုလ်ချုပ်ခင်ညွန့်တို့ထုတ်တဲ့ တရားဝင် စာအုပ်တွေမှာလည်း ဒီအကြောင်းကို ပြန်ရေးတဲ့အခါ မူကွဲတွေ ဖြစ်နေပါတယ်။

သူတို့ ဆိုလိုရင်းက NLD အာဏာရရင် တပ်မတော်ခေါင်းဆောင်တွေကို စစ်ခုံရုံး တင်လိမ့်မယ်ဆိုတဲ့ အယူအဆကို ရိုက်သွင်းတာပါပဲ။

၁၉၉၀ ပြည့်နှစ် စက်တင်ဘာ ၆ ရက်မှာတော့ “ပြည်ထောင်စုရဲ့ လုံခြုံရေး၊ ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး ထိခိုက်စေရန် ကြံရွယ်ပြီး တစ်ခုခုလုပ်ကိုင် ဆောင်ရွက်ခြင်း (သို့မဟုတ်) ယင်းသို့ ဖြစ်စေရန် အကြောင်းပြုခြင်း” ဆိုတဲ့ စွပ်စွဲချက်နဲ့ ဦးကြည်မောင်ကို ဖမ်းဆီးခဲ့ပါတယ်။

ဒါကို ကြည့်ခြင်းအားဖြင့် ဘယ်သူတွေက အာဃာတပိုများ ခဲ့သလဲဆိုတာ ထင်ရှားပါတယ်။

၂၀၁၅ ခုနှစ်မတ်လမှာ ထွက်ခဲ့တဲ့ ဗိုလ်ချုပ်ခင်ညွန့်ရဲ့ ကိုယ်တိုင်ရေး ဘ၀ဇာတ်ကြောင်း စာအုပ်မှာ ၁၉၉၀ ပြည့် ရွေးကောက်ပွဲ အခြေအနေကို သီးခြားရေးခဲ့တာ မရှိသလို၊ သူတို့ ကတိဖျက်ခဲ့တာကို ကာကွယ်တဲ့ ရေးသားချက်တွေကို မတွေ့ရပါဘူး။

၁၉၉၀ ပြည့်လွန်နှစ်တွေမှာတော့ ဗိုလ်ချုပ်ခင်ညွန့်ဟာ သူတို့ ကတိမဖျက်ဘူး ဆိုတာကို သတင်းစာ ရှင်းပွဲတွေလုပ်ပြီး အကြိမ်ကြိမ် ပြောခဲ့သူ ဖြစ်ပါတယ်။

(၆)

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ စစ်အာဏာသိမ်း တပ်မတော် အစိုးရ(န၀တ)က ကတိဖျက်ခဲ့တာ ကိုကာကွယ်ပြောဆို သူတွေရှိခဲ့ပါတယ်။ ပြည်တွင်းမှာသာမက ပြည်ပမှာပါ အဖွဲ့အစည်းအနေနဲ့ ရပ်တည်ပြီး ကာကွယ်နေသူတွေ ရှိပါတယ်။

အခုချိန်မှာလည်း အဲဒီလူတွေဟာ ပုံစံတစ်မျိုးပြောင်းပြီး သြဇာထူထောင်ဖို့ ကြိုးစားနေပါတယ်။ သူတို့ရဲ့ ၀ါဒဖြန့်ချိမှု ရည်မှန်းချက်က န၀တအစိုးရ မှန်တယ်ဆိုတဲ့ ပုံစံမျိုးပါ။

ဒီလိုအဖွဲ့အစည်းတွေထဲမှာ Network Myanmar ၀က်ဘ်ဆိုက်လည်း ပါဝင်ပါတယ်။ ဒီဝက်ဘ်ဆိုက်ကို ထူထောင်သူက ဒဲရစ်ခ်တုန်ကင်ဆိုတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ထိုင်းနိုင်ငံဆိုင်ရာ ဗြိတိသျှ သံအမတ်ကြီးတာဝန် ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ပါတယ်။ လက်ရှိမှာ Bagan Capital လီမိတက်ရဲ့ အကြံပေးဖြစ်ပါတယ်။

မြန်မာနိုင်ငံရေးနဲ့ ပတ်သက်ပြီး လမ်းလွဲနိုင်တဲ့ အယူအဆတွေကို သူက အမြဲရေးလေ့ရှိပါတယ်။

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲအကြောင်း သူ့ဝက်ဘ်ဆိုက်မှာ ရေးသားခဲ့တဲ့ ဖော်ပြချက်တွေကလည်း လမ်းလွဲနိုင်တဲ့ အယူအဆတွေပါပဲ။

“၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး ရှင်းလင်းတဲ့ ဥပဒေပြဋ္ဌာန်းမှုမျိုး မတွေ့ရပေမဲ့ အစိုးရသတင်းစာ ရှင်းလင်းပွဲ ထုတ်ပြန်ချက်များမှလည်းကောင်း၊ ၁၉၈၉ ခုနှစ် မေ ၃၁ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ (ပြည်သူ့လွှတ်တော်) ရွေးကောက်ပွဲ ဥပဒေကို ကြည့်လျှင်သော်လည်းကောင်း တပ်မတော်အစိုးရက ရွေးကောက်ပွဲအပြီးမှာ နိုင်ငံရေးအာဏာကို အရပ်ဘက်သို့ ချက်ချင်းလွှဲပြောင်းပေးမည့် ရည်ရွယ်ချက် မဟုတ်ကြောင်း ထင်ရှားစေတယ်” ဆိုပြီး သူကရေးခဲ့ပါတယ်။

ရွေးကောက်ပွဲကို လာရောက်သတင်းယူတဲ့ နိုင်ငံခြားသတင်းထောက်တွေက ရွေးကောက်ပွဲဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲဖို့ ပထမဆင့် ဖြစ်တယ်ဆိုတာကို နားလည်ပြီး ဖြစ်တယ်လို့ သူကဆိုပါတယ်။

န၀တ အစိုးရ သတင်းစာရှင်းလင်းပွဲ မှတ်တမ်းတွေ၊ ပြောဆိုချက်တွေကို ပြန်ကြည့်ရင် သူ့ထင်မြင်ချက် မှားယွင်းပါတယ်။ ရွေးကောက်ပွဲ မတိုင်ခင်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကိစ္စ ပြောခဲ့တာ တချို့ရှိပေမယ့် ၀ှက်ဖဲတစ်ခုလို မှေးမှိန်ထားခဲ့ပါတယ်။ ရွေးကောက်ပွဲပြီးလို့ NLD နိုင်ပြီးမှာသာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲဖို့ကို အရေးကြီး ခေါင်းစဉ်တပ်ပြောခဲ့တာ ဖြစ်ပါတယ်။

ဒဲရစ်ခ်တုန်ကင်ရဲ့ ရည်ရွယ်ချက်က ရှင်းပါတယ်။ န၀တ အစိုးရ မှန်တယ်ဆိုတဲ့ အယူအဆပါပဲ။

သူ့သဘောထား ရပ်တည်ချက်တွေဟာ ရောဘတ်တေလာတို့၊ မော်တန်ပက်ဒါဆန်တို့နဲ့ အတူတူပါပဲ။ န၀တ တပ်မတော်အစိုးရကို ရှေ့နေလိုက်ပေးသူတွေပဲ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံအခြေစိုက် မြန်မာ့အရေး ကျွမ်းကျင်သူ တစ်ဦးကတော့ ဒဲရစ်ခ်တုန်ကင်ဟာ ဥာဏ်များတဲ့ အခွင့်အရေးသမား တစ်ဦးလို့ ဆိုပါတယ်။ မြန်မာ့အရေး မှားယွင်းတဲ့ အယူအဆတွေကို အမြဲပြောလေ့ရှိတယ်။ သူ့ကို ဝေဖန်သူတွေ ရှိပေမဲ့ အမှန်မပြင်ခဲ့ပါဘူး။ တစ်ဖက်မှာလည်း ထိုင်းနိုင်ငံဆိုင်ရာ ဗြိတိသျှ သံအမတ်ကြီးတာဝန် ထမ်းဆောင်ခဲ့ဖူးသူမို့ သူ့ရဲ့သြဇာက အထိုက်အလျောက် ရှိပါတယ်။

နောက်ပြီး သူဟာ ကမ္ဘောဒီးယားမှာလည်း သံအရာရှိတစ်ဦးအဖြစ် နေခဲ့ဖူးပါတယ်။ အငြိမ်းစားယူပြီးချိန်မှာ စီးပွားရေး အကြံပေး လုပ်ငန်းတစ်ခု ထူထောင်တယ်။ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအိုနဲ့ မြန်မာနိုင်ငံတွေမှာ ရင်းနှီးမြှုပ်နှံလိုတဲ့ နိုင်ငံခြားသား လုပ်ငန်းရှင်တွေကို အကြံပေးခဲ့တယ်။ အခုချိန်မှာတော့ သူဟာ မြန်မာ့အရေးကိုပဲ သီးခြားအာရုံစိုက်လာသူ ဖြစ်ခဲ့တယ်။

ဒဲရစ်ခ်တုန်ကင် ပါဝင်နေတဲ့ Bagan Capital လီမိတက် ဆိုတာလည်း မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီး မြှုပ်နှံသူတွေကို အကြံပေးတာ ဖြစ်ပါတယ်။ Bagan Capital အကြံပေးအဖွဲ့ထဲမှာ မြန်မာနိုင်ငံက ဒေါက်တာသန့်သော်ကောင်း ပါနေတာကို သူတို့ဝက်ဘ်ဆိုက်မှာ ဖော်ပြထားချက်အရ သိရပါတယ်။

(၇)

မြန်မာ့အရေး အယူအဆမှားတွေကို ဖြန့်ချိနေတဲ့ Network Myanmar မှာ ဒေါက်တာကျော်ရင်လှိုင်ရဲ့ စာတမ်းတွေကို ကိုးကားဖော်ပြတာလည်း ရှိပါတယ်။

ဒါဟာ ဒဲရစ်ခ်တုန်ကင် လိုချင်တဲ့ လမ်းကြောင်းလွှဲဖော်ပြမှုအတွက် ဒေါက်တာကျော်ရင်လှိုင် စာတမ်းတွေက အထောက်အကူပြုလို့ ဖြစ်ပါလိမ့်မယ်။

ဒဲရစ်ခ်တုန်ကင် ပြုစုထားတဲ့ ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲ ရေးသားချက်တွေမှာ ဒေါက်တာကျော်ရင်လှိုင်ရဲ့ ၂၀၀၈ ခုနှစ် စာတမ်းကို ညွှန်းဆိုခဲ့တာ ရှိပါတယ်။ စာတမ်းနာမည် အပြည့်အစုံက The State of the Pro-Democracy Movement in Authoritarian Myanmar/Burma ဖြစ်ပါတယ်။

၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲအကြောင်း Network Myanmar ၀က်ဘ်ဆိုက်၌ လမ်းကြောင်းလွဲ ဖော်ပြထားမှု

ဒေါက်တာကျော်ရင်လှိုင် ဆိုတာ သမ္မတဦးသိန်းစိန်ရဲ့ အကြံပေးတစ်ဦးဖြစ်ပြီး မြန်မာ့ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာန (MPC) မှာ ပါဝင်သူ ဖြစ်ပါတယ်။

၂၀၁၀ ပြည့်နှစ်မတိုင်မီ ကာလတွေမှာ Myanmar Egress၊ ဒေါက်တာနေ၀င်းမောင် တို့နဲ့အတူ ကျော်ကြားခဲ့သူဖြစ်ပြီး Myanmar Egress မှာ စာသင်ကြားခဲ့သူလည်း ဖြစ်ပါတယ်။ ဒေါက်တာ နေ၀င်းမောင် ကွယ်လွန်ပြီးနောက်ပိုင်းမှာ MPC ရဲ့ အရေးပါသူတစ်ဦး ဖြစ်ခဲ့ပါတယ် တတိယအုပ်စုရဲ့ ပညာတတ်တစ်ဦး ဖြစ်ပါတယ်။

ဒေါက်တာ ကျော်ရင်လှိုင်ရဲ့ အားသာချက်က နိုင်ငံတကာ ပညာရှင်တွေနဲ့ ရင်းနှီးကျွမ်းဝင်ခြင်း ဖြစ်ပါတယ်။ သူ့ရဲ့ထင်မြင်ချက်က နိုင်ငံတကာ ပညာရှင်တွေကြားမှာ ဆွေးနွေးစရာ ဖြစ်လေ့ရှိပါတယ်။ မြန်မာနိုင်ငံကို ပြန်ရောက်ချိန်မှာ သိုသိုသိပ်သိပ် နေထိုင်သူတစ်ဦး ဖြစ်ပေမယ့် အာဏာပိုင်တွေနဲ့ပိုပြီး နီးစပ်ခဲ့တယ်ဆိုတဲ့ ထင်မြင်ချက်တွေ ရှိပါတယ်။

နောက်ပြီးသူ့ရဲ့ အယူအဆက တတိယအုပ်စု စာရင်းဝင်တွေရဲ့ သဘောထားနဲ့ သိပ်မကွာပါဘူး။ မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်မပါတဲ့ နိုင်ငံရေးဖော်ဆောင်မှု အယူအဆ ရှိသူတွေနဲ့ နီးစပ်မှုလည်း ရှိပါတယ်။

“ဒေါ်စုမပါဘဲ စစ်တပ်က ဒီမိုကရေစီပေးရင် ခင်ဗျားတို့ မယူကြတော့ဘူးလား” ဆိုတဲ့ မေးခွန်းတစ်ခုကို ဒေါက်တာကျော်ရင်လှိုင်က ပြောခဲ့ဖူးတယ်လို့ နိုင်ငံရေးသမားတစ်ဦး ရေးခဲ့တာ ရှိပါတယ်။

ဒဲရစ်ခ်တုန်ကင် ရေးသားခဲ့တဲ့ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ရည်ညွှန်းကိုးကားတဲ့ ဒေါက်တာ ကျော်ရင်လှိုင် စာတမ်းထဲမှာ NLD ရဲ့ အားနည်းချက်တွေကို ထောက်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် မရှိဘဲနဲ့ NLD ဟာ ကောင်းကောင်း မလုပ်နိုင်ဘူး ဆိုတာကိုလည်း သူပြောခဲ့ပါတယ်။

ဒဲရစ်ခ်တုန်ကင် ပြောချင်တဲ့ လမ်းကြောင်းလွှဲ အယူအဆတွေနဲ့ နီးစပ်တဲ့ ချဉ်းကပ်မှုကို ဒေါက်တာ ကျော်ရင်လှိုင်ရဲ့ စာတမ်းမှာ တွေ့ရပါတယ်။

ဒေါက်တာ ကျော်ရင်လှိုင်ဟာ ၁၉၆၈ ခုနှစ်ဖွား၊ မန္တလေးဇာတိ ဖြစ်ပါတယ်။ ၁၉၉၂ ခုနှစ်မှာ မန္တလေးတက္ကသိုလ်က ၀ိဇ္ဇာဘွဲ့ရခဲ့တယ်။ ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံမှာ ဘယ်နေရာက သူပါဝင်ခဲ့သလဲဆိုတာ အထောက်အထား မတွေ့ရပါဘူး။

၁၉၉၇ ခုနှစ်မှာ အမေရိကန်နိုင်ငံ Cornell တက္ကသိုလ်ကနေ M.A(Goverment) ဘွဲ့ ရရှိခဲ့ပါတယ်။ ၂၀၀၁ ခုနှစ်မှာ Cornell တက္ကသိုလ်ကပဲ ပါရဂူဘွဲ့ ဆက်ရပါတယ်။ ၂၀၀၁ ခုနှစ်ကနေ ၂၀၀၇ ခုနှစ် ကာလတွေမှာ စင်ကာပူနိုင်ငံ၊ NUS တက္ကသိုလ် နိုင်ငံရေးသိပ္ပံဌာနမှာ တွဲဖက်ပါမောက္ခ ဖြစ်ခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်မှာ ဟောင်ကောင် စီးတီးတက္ကသိုလ် အာရှနဲ့ နိုင်ငံတကာ လေ့လာရေးဌာနမှာ တွဲဖက်ပါမောက္ခ ဖြစ်လာပါတယ်။

နောက်ပိုင်း Myanmar Egress နဲ့ Network Activities မှာ တည်ထောင်သူ၊ ညွှန်ကြားရေးမှူး စတာတွေကို လုပ်ခဲ့တယ်။

MPC တည်ထောင်ပြီးချိန်မှာ အရေးပါသူ ဖြစ်လာခဲ့သလို သမ္မတ အကြံပေးလည်း ဖြစ်လာခဲ့ပါတယ်။ ဦးသိန်းစိန်ရဲ့ အစိုးရသက်တမ်း အစောပိုင်း အမေရိကန်ခရီးစဉ်တွေမှာ ဒေါက်တာကျော်ရင်လှိုင်ကို ဘာသာပြန်ပေးသူ အနေနဲ့ အနီးကပ် ခေါ်ယူထားတာတွေ ရှိခဲ့ပါတယ်။

သမ္မတ ဦးသိန်းစိန်အနေနဲ့ သူ့ရဲ့အကြံပေးတွေထဲက ဒေါက်တာကျော်ရင်လှိုင်ကို နိုင်ငံတကာ ပညာရှင်တွေနဲ့ ဆက်ဆံရေးမှာ အသုံးပြုခဲ့သလို၊ ဒေါက်တာ ဇော်ဦးကိုတော့ စီးပွားရေးနဲ့ ဆက်နွှယ်တဲ့ ကိစ္စတွေမှာ အသုံးပြုခဲ့တယ်ဆိုတာ သံသယထားစရာ မလိုပါဘူး။

တစ်ဖက်မှာလည်း စစ်အာဏာသိမ်း အစိုးရကို ရှေ့နေလိုက်ပေးနေတဲ့ နိုင်ငံတကာ ပညာရှင်တွေ၊ အဖွဲ့အစည်းတွေနဲ့ ဒေါက်တာကျော်ရင်လှိုင်၊ MPC တို့ အကြား ဆက်နွှယ်မှုတွေ ရှိနေပါတယ်။

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တပ်မတော်အစိုးရ အလိုအကျအတိုင်း အယူအဆ အမှားတွေကို အမှန်လုပ် ရေးသားဝါဒဖြန့်နေ တဲ့ Network Myanmar ထူထောင်သူ ဒဲရစ်ခ်တုန်ကင်ကို MPC က သုံးချင်မှ သုံးပါလိမ့်မယ်။

ဒါပေမဲ့ ဒဲရစ်ခ်တုန်ကင်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိပြီး သူ့လိုပဲ န၀တ အစိုးရကို ရှေ့နေလိုက်ပေးနေတဲ့ ရောဘတ်တေလာနဲ့ ဒေါက်တာကျော်ရင်လှိုင်တို့ အကြား ရင်းနှီးတဲ့ ဆက်ဆံရေး ရှိပါတယ်။ ရောဘတ်တေလာ ကိုယ်တိုင်လည်း MPC မှာ ပါဝင်ပတ်သက်နေသူ ဖြစ်ပါတယ်။

ဒီအတိုင်းပဲ MPC နဲ့ နှီးနွယ်ပတ်သက်နေတဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေရဲ့ အနေအထားကို ဆန်းစစ်ရင် သူတို့ရဲ့ လားရာကို မြင်နိုင်ပါတယ်။

(၈)

နိုင်ငံတကာမှာ မြန်မာအစိုးရ မျက်နှာပန်းလှဖို့ နိုင်ငံတကာက လူတွေနဲ့ ချိတ်ဆက်ပြီး ပြည်တွင်းက ကြိုးစားနေသူတွေထဲမှာ MPC က အဓိကကျပါတယ်။ MPC ထဲမှာမှ ဒေါက်တာကျော်ရင်လှိုင်တို့၊ ဒေါက်တာသန့်မြင့်ဦးတို့က အရေးပါတဲ့ နေရာမှာ ရှိနေပါတယ်။

သူတို့နဲ့ နှီးနွှယ်နေတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ သဘောထားဟာ မြန်မာနိုင်ငံမှာ ဖြစ်နေတာတွေနဲ့ ဆန့်ကျင်ဘက်လို ဖြစ်တတ်ပါတယ်။ Network Myanmar လို ပုံစံမျိုးတွေပါပဲ။

ဥပမာအားဖြင့် မြန်မာနိုင်ငံဆိုင်ရာ International Labor Organization (ILO) ကိုယ်စားလှယ်လုပ်ခဲ့ဖူးတဲ့ ရစ်ချက်ဟိုဆေးဟာ အခုချိန်မှာ MPC ရဲ့ အကြီးတန်း အဖွဲ့ဝင်တစ်ဦး ဖြစ်ပါတယ်။ MPC မှာ တာဝန်ထမ်းဆောင် နေချိန်မှာပဲ International Crisis Group (ICG) မှာ သူပါဝင်နေပါတယ်။

ပြီးခဲ့တဲ့ဧပြီ ၂၈ ရက်မှာ ICG ရဲ့ အစီရင်ခံစာတစ်စောင် ထွက်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲနဲ့ ဆက်စပ်ပြီး ရေးသားခဲ့တဲ့ Myanmar’s Electoral Landscape ဆိုတဲ့ အစီရင်ခံစာ ဖြစ်ပါတယ်။ အငြင်းပွားစရာ တချို့ရှိပြီး အစီရင်ခံစာမှာ ပါနေတဲ့ သုံးသပ်ချက်တွေက MPC တာဝန်ရှိသူတွေ ပြောဆိုလေ့ရှိတဲ့ သဘောထားနဲ့ တူတာတွေရှိပါတယ်။

ICG မှာ ပါဝင်နေတဲ့ ရစ်ချက်ဟိုဆေးက MPC မှာလည်း ပါနေတာဖြစ်လို့ ICG ရဲ့အစီရင်ခံစာမှာ MPC လေတွေ ဟပ်နေတယ်လို့ ယူဆသူတွေ ရှိပါတယ်။

နောက်ဆုံးထွက်လာတဲ့ ICG အစီရင်ခံစာလိုပဲ မြန်မာ့နိုင်ငံရေး အခြေအနေမှန်နဲ့ လွဲချော်ပြီး ကမောက်ကမ ဖြစ်ခဲ့တဲ့ အစီရင်ခံစာ၊ ထင်မြင်ချက်များစွာ ထွက်ခဲ့တာတွေ ရှိပါတယ်။

၂၀၀၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ IRI အစီရင်ခံစာ၊ Asia Foundation အစီရင်ခံစာ၊ East-West Center ရဲ့ ထင်မြင်ယူဆချက်တွေ၊ USAID ရဲ့ သဘောထားတွေ အများကြီး ရှိပါတယ်။ သူတို့တွေရဲ့ တချို့သော လုပ်ဆောင်ပုံတွေဟာ Network Myanmar နဲ့ ပုံစံတူ ဖြစ်နေပါတယ်။

ဒါတွေရဲ့နောက်ကွယ်မှာ MPC လူတွေ၊ MPC ထဲမှာမှ သမ္မတအကြံပေး ယူထားသူတွေရဲ့ စည်းရုံးသိမ်းသွင်းမှုတွေ ဘယ်လောက်ပါသလဲဆိုတာ မှန်းဆရခက်ပါတယ်။ ကာယကံရှင်တွေ အသိဆုံး ဖြစ်ပါလိမ့်မယ်။

ဒါပေမဲ့ MPC နဲ့ ပူးပေါင်း လုပ်ဆောင်နေတဲ့ ICG၊ IMS၊ DFID၊ EU၊ကမ္ဘာ့ဘဏ်စတဲ့ အဖွဲ့အစည်းပေါင်း ၂၅ ဖွဲ့ကျော်ရဲ့ မြန်မာ့အရေး သုံးသပ်အစီရင်ခံမှုတွေကို ကြည့်ရင် အစိုးရဘက်ကို ပိုယိမ်းလာပြီး ပြတ်သားမှု မရှိတာတွေ မြင်လာရပါတယ်။

(၉)

သေချာတာကတော့ မြန်မာ့နိုင်ငံရေး လမ်းမှားရောက်နေရင်တောင် ဒါကို ကာကွယ်ရှေ့နေ လုပ်ပေးမယ့်သူတွေ ရှိနေတယ်။ အဖွဲ့အစည်း ပုံစံမျိုးနဲ့ တိုက်ရိုက်အားဖြင့်၊ သွယ်ဝိုက်အားဖြင့် လုပ်နေသူတွေ ရှိတယ်။ သူတို့တွေထဲမှာ မြန်မာနိုင်ငံသား မဟုတ်သူတွေ ပါနေသလို ပြည်ပနိုင်ငံသား ခံယူထားတဲ့ မြန်မာနိုင်ငံဖွားတွေ၊ ပညာရှင်အမည်ခံတွေလည်း ပါနေပါတယ်။

အထူးသဖြင့် သူတို့အားလုံးဟာ တတိယအုပ်စုနဲ့ ပတ်သက်နေသူတွေချည်းပါပဲ။

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲနဲ့ ပတ်သက်ရင်တော့ ရှင်းပါတယ်။

စစ်အာဏာသိမ်း တပ်မတော် အစိုးရ(န၀တ)က ကတိဖျက်ခဲ့ပါတယ်။

န၀တတပ်မတော် အစိုးရရဲ့ legitimacy ဖြစ်ရေးကို လုပ်ဆောင်ပေးနေတဲ့ သူတွေနားလည်ဖို့က ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ပြည်သူလူထုဟာ ဗြောင်လိမ်ခံခဲ့ရပါတယ်။ ဒါကို ဖုံးကွယ်လို့ မရပါဘူး။ ပြည်သူတွေရဲ့ မဲတွေအားလုံး အသိအမှတ်ပြု မခံခဲ့ရဘူး။ ပြည်သူတွေရဲ့ မဲတွေ အခိုးခံခဲ့ရတယ်။ ဖျက်ဆီးခံခဲ့ရပါတယ်။ ၂၅ နှစ်ကြာမြင့်ခဲ့ပါပြီ။

၂၀၁၅ ခုနှစ်မှာလည်း ၁၉၉၀ ပြည့်နှစ်မှာ ဖြစ်ခဲ့သလိုမျိုး အခြေအနေမှန်တွေကို ဖုံးကွယ်ဖို့ ကြိုးစားတဲ့ လှုံ့ဆော်မှုတွေ ထပ်မလုပ်သင့် တော့ပါဘူး။

၁၉၉၀ ပြည့်နှစ်မှာ ကတိဖျက်ခဲ့တဲ့ န၀တတပ်မတော် အစိုးရရဲ့ legitimacy၊ စစ်တပ်ရဲ့ အရေးပါမှုတွေကို ပြန်အသက်သွင်းလိုသူ တတိယအုပ်စုတွေ အားလုံးနားလည်ထားဖို့က သမိုင်းဆိုတာ ဖျောက်ဖျက်လို့ မရပါဘူး။

ဒီအတိုင်းပဲ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ကတိဖျက်ပြီး အာဏာမလွှဲခဲ့တာမျိုးကို ၂၀၁၅ ခုနှစ်မှာ ထပ်လုပ်လို့ မရတော့ပါဘူး။ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကတစ်ဆင့် တက်လာသူတွေကို ညင်ညင်သာသာ အာဏာလွှဲပြောင်းပေးဖို့ လိုပါတယ်။

၁၉၉၀ ပြည့်နှစ် အရိပ်ဆိုးမျိုး ထပ်မဖြစ်အောင် လက်ရှိတပ်မတော် စစ်တစ်ပိုင်းအစိုးရက လုပ်ရပါလိမ့်မယ်။


Writer:
နေထွန်းနိုင်
Eleven media Group
-


ဒညင်းသီးပြုတ်ကို အရင်းနှီးလုပ်၍ ဈေးထဲမှာ လေးတွဲစွာနဲ့ ပက်၍ ရောင်းရှက်ဖို့ ကောင်းတဲ့ အမေ့ဘဝဝမ်းရေးအတွက် လမ်းဘေးထွက်၍ ဖြေရှင်းနေရတဲ့ အမေ့ဘဝအမေ့သားစစ်ဗိုလ်လေးနဲ့ သမီးဆရာဝန်မလေး မသိပါစေနဲ့။

ပြောပြရမှာ အမေ ရှက်လို့ပါ။

မငြိုငြင်ခဲ့ရတဲ့ ဗိုလ်သင်တန်းသားဘဝမှာ လူအမြင်မှာထုတ်ခဲ့ရတဲ့ အမေ့ရဲ့ ပင်စင်ငွေလေး ပြင်ဦးလွင်ကို အရင်ပို့ပေးခဲ့တာ အခုသူများတွေက မေးတော့ အမေ မသိဘူး။

ပြောပြရမှာ အမေ ရှက်လို့ပါ။

ဆေးကျောင်းကို ဈေးရောင်းလို့ ထားခဲ့ရပေမယ့် အမေ ပင်ပန်းတာ အရေးမကြီးခဲ့ပါဘူး။ အခု ငါ့သမီးလေး လင်ကောင်းသားကောင်းရလို့ အမေပျော်ပါတယ်။ သူများတွေက မထောက်ပံ့ဘူးလားလို့ မေးတော့ မသိချင်ယောင်ပဲ ဆောင်နေရတယ်။

ပြောပြရမှာ အမေ ရှက်လို့ပါ။

အခွင့်ထူးကို ရစ်မူးနေတဲ့ ငါ့သားလေး ချွေးမအငြိုငြင်မခံပါနဲ့။ အမေနေတတ်တယ်။ နေမကောင်းတော့ ငွေအဟောင်းလေးတောင် မကိုင်နိုင်တဲ့ အမေ့ဘဝ ဦးကျော်သူရဲ့ အခမဲ့ဆေးခန်းလေးမှာ အသိတစ်ယောက်က သမီးဆရာဝန် မလာဘူးလား မေးတော့ ပြောမပြချင်ဘူး။ အမေရှက်လို့ပါ။

ငွေအတွက် အမေကျေနပ်ပါတယ်။ သမက်ကလေး ငြိုငြင်နေပါ့မယ် သမီးလေးရယ်။

ဈေးထဲမှာ လေးတွဲစွာ ရောင်းနေတဲ့ အမေအိုကြီးရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို ခံစား၍ ရေးသားပါသည်။

သားသမီးများ အမြန်ဆုံးမြင်နိုင်ပါစေလို့ ဆုတောင်းရင်း -

မြတ်နိုးဦး/ဒဂုံမြောက်။

ထိုင်းနိုင်ငံတောင်ပိုင်း ချုဖောင်းမြို့နယ်ထဲက တောထဲမှာ ၃ ရက်ကြာ အစာရေစာပြတ်လပ်နေတဲ့ တရားမ၀င် မြန်မာနိုင်ငံသား ၇၀ ကျော်ကို ထိုင်းအာဏာပိုင်တွေက ကယ်တင်လိုက်ပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်း ချူးဖောင်းမြို့နယ်ထဲက နိုင်ငွမ့်ရွာနားက တောထဲတနေရာမှာ အထောက်အထားမဲ့ မြန်မာနိုင်ငံ သား ၇၀ ကျော်ကို ထိုင်းအာဏာပိုင်တွေက တွေ့ရှိခဲ့ပါတယ်။

မေ ၈ ရက်နေ့က ၂၈ ယောက် ရှာဖွေတွေ့ရှိခဲ့ပြီး ၉ ရက်နေ့မှာတော့ နောက်ထပ် ၄၆ ယောက်ကို ထပ်တွေ့ခဲ့တယ်လို့ ရွာသားတဦးက ပြောပါတယ်။

“မနက်က အဲ့နားမှာ သူတို့ ၆ ယောက် ဆင်းလာပြီး ထမင်းဆာတယ်လို့ပြောတယ်။ စားစရာတွေ ရှာပြီး သူတို့တွေကို ပေးလိုက်တယ်။ ဘယ်နှယောက်လာလဲ မေးတော့ ဟိုအပေါ်မှာ နောက်ထပ် ၄၉ ယောက်လောက် ရှိသေးတယ်လို့ ပြောပါတယ်။”
ထိုင်းပွဲစားက သူတို့တွေကို ရနောင်းဘက်ကနေခေါ်လာပြီး လမ်းမှာ ၃ ရက် ၃ ကြာတယ်လို့ ပြောပါတယ်။

တောထဲရောက်တဲ့ အချိန်မှာ ပွဲစားက သူတို့ကို ၃ ရက်လောက် ပစ်ထားခဲ့ပြီး စားစရာတွေ မရှိတော့ဘဲ ငတ်ပြတ်နေတာကြောင့် အနီးနားရွာကို ဆင်းပြီး တောင်းရမ်းခဲ့တာပါ။

အဲဒီအချိန်မှာ ရွာသားတွေက သူတို့ကို ထမင်းကျွေးခဲ့ပေမယ့် ရွာသူကြီးက ထိုင်းအာဏာပိုင်တွေကို ဖုန်းဆက် တိုင်ကြားခဲ့ပြီးမှာ အာဏာပိုင်တွေက အင်အား ၅၀ လောက်နဲ့ ရောက်လာပြီး သူတို့တွေရှိတဲ့နေရာကို ရှာဖွဲ့ခဲ့တာဖြစ်ပါတယ်။

သူတို့တွေအားလုံး အစာရေစာပြတ်တာ ၃ ရက်ရှိသွားပြီလို့ ပြောပါတယ်။

မောင်းပြန် သေနတ်ရှည်တွေ ကိုင်ဆောင်ထားတဲ့ ထိုင်းပွဲစား ၄ ယောက်နဲ့ သူတို့ကို ခေါ်လာတာဖြစ်ပြီး ပွဲစားခ တယောက်ကို ဘတ်ငွေ ၇ ထောင် ပေးရတယ်လို့ မြန်မာနိုင်ငံသားတွေက ပြောပါတယ်။

သူတို့တွေအထဲက ၁၇ ယောက်ဟာ မလေးရှားကိုသွားမှာဖြစ်ပြီး ကျန်သူတွေက ထိုင်းနိုင်ငံတောင်ပိုင်း ဖသိုက်ကိုပို့ဖို့ ဖြစ်ပါတယ်။ အဲ့ဒီအထဲမှာ အသက် ၁၂ နှစ်ကနေ ၄၄ နှစ်ရွယ်ရှိသူတွေဖြစ်ပြီး မိန်းကလေး ၆ ယောက်ပါဝင်တယ်။

၈ ရက်နေ့က တွေ့ရတဲ့ ၂၈ ယောက်အသုတ်မှာတော့ မိန်းကလေး ၄ ဦးဟာ အဓမ္မ ပြုကျင့်ခံခဲ့ရတယ်လို့ ထိုင်းအာပိုင်တွေက ပြောပါတယ်။

ပွဲစားတဦးကတော့ အသက် ၃၂ အရွယ် အမျိုးသမီးနဲ့ သူ့ရဲ့ ၇ လကလေးကို ခေါ်ပြီး ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး ထိုင်းအာဏာပိုင်တွေက လူကုန်ကူးမှုမှာ ပါဝင်မယ့်သူကို သိရှိနိုင်ဖို့ မေးမြန်းမှုတွေပြုလုပ်နေပြီး မကြာခင်ရက်ပိုင်းအတွင်းမှာ စုံစမ်းဖော်ထုတ်နိုင်မယ်လို့ ပြောပါတယ်။

ဒါ့အပြင် ထိုင်းနယ်စပ် ရနောင်းမြို့အနီးက တောထဲမှာလည်း လူကုန်ကူးသူတွေက ထိန်းသိမ်းထားတဲ့သူတွေ ရာနဲ့ချီပြီး ရှိနိုင်သေးတယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။
ရုပ်သံကြည့်ရှုရန်


By ခွန်ဘသာ
DVB
http://burmese.dvb.no/archives/92419

ဒီကနေ့ မြန်မာပြည်မှာ လူတွေ စကားစမြည် ပြောကြပြီဆိုရင် အများဆုံးပြောတဲ့ အကြောင်းအရာကတော့ တရိပ်ရိပ် တက်နေတဲ့ ကုန်ဈေးနှုန်းအကြောင်းပါပဲ။ လူစုမိပြီး တိုင်းရေးပြည်ရေး အကြောင်း ဆွေးနွေးကြတဲ့အခါ ဒီကနေ့ ကုန်ဈေးနှုန်းနဲ့ ၁၉၉၀ ပြည့်နှစ် မတိုင်မီက ကုန်ဈေးနှုန်းတွေအကြောင်း နှိုင်းယှဉ်ပြီး ပြောကြ တဲ့ဘက်ကို ရောက်သွားကြပါတယ်။

ဒီလို နှိုင်းယှဉ်မိတဲ့အခါကျရင် ဟိုတုန်းက ဈေးနှုန်းတွေဟာ ဒီကနေ့ ဈေးနှုန်းတွေထက် သက်သာတဲ့အတွက် ရော်ရမ်းတမ်းတပုံ၊ မကျေမနပ်ဖြစ်ပုံ၊ မယုံကြည်နိုင်လောက်အောင် ဖြစ်နေပုံ၊ ဒေါသထွက်နေပုံ အမူအရာများ ပေါ်လာပါတော့တယ်။ ဘာမှ ပူပင်ကြောင့်ကြစရာမလိုတဲ့၊ အရေအတွက် အင်မတန်နည်းပါးတဲ့ လက်တစ်ဆုပ်စာမျှသော အလွန် ချမ်းသာနေသူတွေကလွဲပြီး ကုန်ဈေးနှုန်းအကြောင်း မပြောတဲ့သူ မရှိပါဘူး။

ကိုယ့်မိသားစုဝင်ငွေလေးနဲ့ မိသားစုနေ့စဉ်လိုအပ်ချက်တွေအတွက် သုံးစွဲရမယ့်ငွေကြေးကို အမြဲတမ်းတွက်ချက်နေရတဲ့ အိမ်ရှင်မရဲ့ အဆိုးဆုံးရန်သူကတော့ ကုန်ဈေးနှုန်းပါပဲ။ ဈေးတစ်ခါသွားပြီ ဆိုရင် ဈေးဝယ်ထွက်တဲ့သူဟာ ခေါင်ခိုက်နေတဲ့ ဈေးနှုန်းနဲ့ အရည်အသွေး သိပ်မကောင်းတဲ့ ကုန်ပစ္စည်းတွေအကြား သေသေချာချာ တွက်ချက်ပြီး ၀ယ်ကြရတဲ့ အခက်အခဲကို ရင်ဆိုင်ရပါတယ်။

ခေါင်းခြောက်ရလောက်အောင် ပင်ပင်ပန်းပန်းနဲ့ တွက်ချက် ၀ယ်ယူပြီး ပြန်လာတဲ့အိမ်ရှင်မဟာ မိသားစုတွေ အရသာရှိရှိနဲ့ စားသောက်နိုင်အောင် ချက်ပြုတ်ဖို့ မ၀ယ်နိုင်လို့ ထားရစ်ခဲ့ရတဲ့ ဈေးကြီးတဲ့ ဟင်းလျာအစား တခြားချက်ပြုတ်ဖို့ တွေးတောရတာကလည်း တော်တော့ကို မလွယ်ပါဘူး။ အိမ်မှုကိစ္စ ထိန်းသိမ်းရတဲ့အခက်အခဲတွေကို သိရှိနားလည် ဖို့အတွက် နေ့တစ်နေ့ရဲ့ ပထမဦးဆုံး မနက်စာ ပြင်ဆင်တာတွေကို ကြည့်ကြရအောင်။

မြန်မာပြည်က လူအများစုရဲ့ မနက်စာကတော့ ထမင်းကြော်ပါပဲ။ မနေ့ညနေက ကျန်တဲ့ ဟင်းသီးဟင်းရွက်တွေ၊ သားငါးပုစွန်တစ်ခုခု နဲ့ရောပြီး ကြော်ထားတဲ့ထမင်းကို စားတာပဲ ဖြစ်ပါတယ်။ တစ်ခါတလေမှာတော့ ကြက်ဥတစ်လုံး နှစ်လုံးထည့်ပြီး ရောမွှေ လိုက်တာလည်း ရှိပါတယ်။ တစ်ခါတလေတော့ ၀က်အူချောင်းကို ပါးပါးလေးလှီးထည့်တာလည်း ရှိပါတယ်။ တစ်ခါတလေ မနက်စောစောလှည့်ပြီးရောင်းတဲ့ ပဲပြုတ်သည်တွေဆီက ပဲပြုတ်ဝယ်ပြီး ရောကြော်ပါတယ်။ ဗိုက်ပြည့်ပြီး အရသာရှိတဲ့ မနက်စာပါပဲ။

ယခုအခါမှာတော့ မိသားစု တော်တော်များများရဲ့ မနက်စာ ထမင်းကြော်ဟာ ဖွယ်ဖွယ်ရာရာ မဟုတ်တော့ပါဘူး။ ယခုအခါမှာ မနက်စာကို မုန့်ဟင်းခါးပဲ စားစား၊ ထမင်းကြော်ပဲ စားစား၊ တကယ်ကောင်းမွန်တဲ့ပစ္စည်းတွေသုံးတာ လျော့လာလို့ အရသာလျော့လာသလို အာဟာရဖြစ်မှုကလည်း လျော့လာပါ တယ်။ ဈေးကြီးလွန်းတဲ့ အသား၊ ငါး၊ ပဲ တွေကို ၀ယ်မသုံးနိုင်တော့ ပရိုတိန်းဓာတ်တွေ နည်းလာတာကြောင့်ချည်း မဟုတ်ပါဘူး။ ဒီမုန့်ဟင်းခါးရော၊ ထမင်းကြော်ပါ သုံးနေတာကတော့ စားအုန်းဆီပဲ ဖြစ်ပါ တယ်။ မြေပဲဆီကတော့ ဈေးကြီးလွန်းလို့ အနားမကပ်နိုင်ပါဘူး။ ဒီလို အရသာရှိတဲ့ ပစ္စည်းတွေ အပြည့်အ၀မသုံးနိုင်တော့ အဲဒါတွေအစား အချိုမှုန့်ကို ပိုပြီးသုံးလာကြပါတယ်။

အာဟာရဓာတ်လည်း ပြည့်ဝ၊ ကျန်းမာရေးနဲ့လည်း ညီညွတ်၊ အရသာလည်းရှိတဲ့ မနက်စာကို စားလာခဲ့ကြတဲ့ မြန်မာတွေအဖို့ ယခုအခါမှာတော့ အားရတင်းတိမ်မှုမရှိတဲ့အပြင် ကျန်းမာရေးအရပါ အန္တရာယ်ဖြစ်လာစေနိုင်ပါတယ်။ မနက်စာကို ထမင်းကြော် ဒါမှမဟုတ် မုန့်ဟင်းခါးစားသောက်နိုင်ရင် ကျေနပ်အားရတင်းတိမ်မှုမရှိတောင်မှ ဒီလိုစားနိုင်သူဟာ ကံကောင်းတဲ့သူလို့ပဲ ပြောရမှာပါ။ အကြောင်းကတော့ မနက်စာကို ဆန်ပြုတ်သောက်ပြီး နေရတဲ့သူတွေ အများကြီးရှိနေလို့ပါပဲ။ တချို့တွေဆိုရင် ဘာမှကို မစားနိုင်ကြပါဘူး။

အောင်ဆန်းစုကြည်

(Eternal Light Magazine May 2015 တွင် ပါဝင်သော
ဒေါ်အောင်ဆန်းစုကြည်ရေးသားသည့်
``ကြေကွဲဖွယ် မနက်စာ´´ဆောင်းပါးမှ ကောက်နုတ်ချက်)



 ဖားဆောင်းမြို့နယ် ခဲမဖြူကျေးရွာတွင် လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ် ပုံစံ (၇) ကို ကရင်နီ အမျိုးသား သွေးစည်းညီညွတ်ရေး အဖွဲ့ (KNSO) ခေါ် ကြယ်ဖြူ ပြည်သူ့ စစ်အဖွဲ့က သိမ်းဆည်းထားသည်ဟု ဒေသခံများက ပြောသည်။

“ပုံစံ(၇) တွေကို သူတို့သိမ်းထားထာ ၂ နှစ်ရှိပြီ၊ သူတို့ကပဲ အစိုးရထံကို အခွန်ဆောင်ပေးထားတယ်။ လယ်ယာမြေ ဥပဒေအရ ၁၀ နှစ်အတွင်း အခွန်ဆောင်ပေးနေတဲ့သူက ပိုင်ဆိုင်ခွင့် ရှိသွားနိုင်တယ်” ဟု ဖားဆောင်းမြို့ခံ ဦးစိုင်းသန်းရွှေက ပြောသည်။

တောင်သူများက မြေယာများကို စီးပွားရေးလုပ်ငန်းရှင်များထံ ရောင်းချသွားမည်ကို စိုးရိမ်၍ သိမ်းဆည်း ထားပေးခြင်းဖြစ်သည်ဟု ကြယ်ဖြူ အဖွဲ့အစည်း အရာရှိတဦးက ပြောဆိုသည်ဟု သောသီခို လူမှုအထောက်အကူပြု အဖွဲ့ဝင် မနော်လူဒီးကပြောသည်။

“သိမ်းထားပေးတယ်ဆိုတာက ခဏနေကျရင် ပြည်သူလက်ထဲရောက်သွားရင် အဲဒီမြေတွေကို ပြည်သူတွေက ရောင်း မှာစိုးလို့ပေါ့နော။ သူ့တို့ခေါင်းဆောင်တယေက်က အဲလိုပြောတယ်” ဟု မနော်လူဒီးက ပြောသည်။

ကြယ်ဖြူအဖွဲ့အစည်းက ပုံစံ (၇) ကို သိမ်းဆည်းထားသော်လည်း မြေယာများကို တောင်သူများကို လုပ်ကိုင်ခွင့် ပေးထားပြီး ပုံစံ ၇ ကို အမည်ပြောင်းလဲခြင်းများ လုပ်သွားမည်မဟုတ်ဟု ပြောကြောင်း မနော်လူဒီးကဆိုသည်။

ခဲမဖြူ တောင်သူများက မြေယာများပေါ်တွင် စိုက်ပျိုး လုပ်ကိုင် စားနေသော်လည်း ကြယ်ဖြူအဖွဲ့အစည်းက နှစ်စဉ် မြေခွန်ပေးဆောင်ပေးနေသည့်အတွက် ဥပဒေအရ နောင်တချိန်တွင် ကြယ်ဖြူအဖွဲ့ ပိုင် ဖြစ်သွားမည်ကို ဒေသခံများက စိုးရိမ်နေသည်။

လယ်ယာမြေဥပဒေအရ လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ(၇)ကို ဒေသခံတောင်သူများ လက်ဝယ် ရှိရ မည်ဟု ပြည်နယ်အတွင်းတောင်သူများအရေး ဆောင်ရွက်ပေးနေသည့် Law home Law firm ရှေ့နေ ကိုကျော်ဝဏ္ဏအောင် ကပြောသည်။

“မြေစာရင်းကတော့သူထုတ်ပေးရမှာကတော့ ပိုင်ရှင်ကိုပဲထုတ်ပေးရမှာပဲ၊ ပိုင်ရှင်လက်ဝယ်ပဲ အပ်ရမယ်၊ ပိုင်ရှင်က ဒီလူဆီအပ်ပေးပါလို့ ပြောရင်တော့တမျိုးပေါ့၊ ပိုင်ရှင်ကလိုချင်တယ်ဆိုရင် ပြန်ပေးရဖို့တာဝန်ရှိတယ်။ အဲဒီယူထားတဲ့လူက ယူထားတဲ့လူကပြန်မပေးရင် သက်ဆိုင်ရာတရားရုံးကနေ တရားစွဲတောင်းရမယ်။” ဟု သူက ပြောသည်။

ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးကော်မတီထံသို့ ပုံစံ(၇)များ ပြန်လည်ရရှိရေး တောင်သူ ၁၀၀ ကျော်က လက်မှတ်ထိုး တင်ပြတောင်းဆိုထားသည်။

Written by ဖဲဘူး
ကန္တာရ၀တီတိုင်း(မ်)
http://www.ktimes.org

အလွတ်သတင်းထောက် ကိုပါကြီး အသတ်ခံရမှုမှာ ပတ်သက်နေတဲ့ အစောင့်စစ်သည်၊ ဒုတပ်ကြပ်တယောက်နဲ့စစ်သားတယောက်တို့ကို စစ်ဘက်တရားရုံးက တရားသေလွှတ်ဖို့ အမိန့်ချမှတ်လိုက်ပါတယ်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရဲ့ မေလ ၈ ရက်ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ တရားသေလွှတ်ဖို့ အမိန့်ချလိုက်ကြောင်း ဖော်ပြပါရှိတာဖြစ်ပါတယ်။

ကိုပါကြီး အသတ်ခံရမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးခဲ့တဲ့ မြန်မာ့လူ့အခွင့်အရေးကော်မရှင်က အမှုကို ပွင့်လင်းမြင်သာမှုရှိစေရန် နယ်ဘက် တရားရုံးမှာ စစ်ဆေးသင့်တယ်လို့ ဖော်ပြခဲ့ပေမယ့် စစ်တပ်ဘက်က စစ်မှုထမ်းနေချိန်ဖြစ်ပွားခဲ့တာမို့ စစ်တရားရုံးနဲ့ပဲ စစ်သင့်တယ်ဆိုပြီး စစ်ဘက်တရားရုံးမှာ စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

လူ့အခွင့်အရေးကော်မရှင်ရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ စစ်ဘက်တရားစီရင်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ အကျဉ်းစစ်တရားရုံးချုပ်အမှတ်စဉ် (၁၄၆/၁၄၇)တို့ဖြင့် အမှတ် ၂၁၀ခြေမြန်တပ်ရင်းမှ အစောင့်စစ်သည် ၂ ဦးဖြစ်သည့် ဒုတိယတပ်ကြပ် ကျော်ကျော်အောင်နှင့်တပ်သား နိုင်လင်းထွန်းတို့အပေါ် တပ်မတော်အက်ဥပဒေပုဒ်မ ၇၁၊ပြစ်မှုဆိုင်ရာဥပဒေ၃၀၄တို့ဖြင့် စစ်ဆေးခဲ့ပြီး တရားသေလွှတ်သည့်အမိန့်ကို ချမှတ်ခဲ့ကြောင်းနှင့် ယင်းဆုံးဖြတ်ချက်ကို တိုင်းမှူး အရှေတောင်တိုင်းစစ်ဌာနချုပ်မှ အတည်ပြုခဲ့ကြောင်းလို့ ဖော်ပြပါရှိပါတယ်။

ကိုပါကြီးအမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရန်ကုန်က လူ့အခွင့်အရေးရှေ့နေ ဦးရောဘတ်စန်းအောင်က စစ်တရားရုံးရဲ့ ဆုံးဖြတ်ချက် အပြည့်အ၀မှန်ကန်ကြောင်း ကောက်ယူလို့ မရဘူးကြောင်း ပြောပါတယ်။

“အမှန်တရားကို ရဲရဲဝံ့ဝံ့ဖော်ထုတ်ပေးစေလိုပါတယ်။ အရပ်ဘက် တရားရုံးမှာဆိုရင် ကျယ်ကျယ်ပြန့်ပြန့် ကြားနာပြီးတော့ စစ်ဆေးလို့ရတယ်။ အခုတော့ ကျယ်ကျယ်ပြန့်ပြန့် ကြားနာလို့ မရနိုင်တဲ့နေရာမှာ စစ်ဆေးတာ၊ နစ်နာသူ ဇနီးသည် မသန္တာကို မမေးဘဲနဲ့ တပ်က ဆုံးဖြတ်ချက်ဟာ အပြည့်အ၀မှန်ကန်တယ်လို့ ကောက်ယူလို့ မရဘူး။”

အခု စစ်ဘက်တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ကန့်ကွက်ကြောင်း ကန့်ကွက်စာတင်မယ်လို့လည်း ပြောပါတယ်။

ကိုပါကြီးအသတ်ခံရမှုနဲ့ ပတ်သက်တဲ့ စစ်ဘက်တရားရုံးရဲ့ ဆုံးဖြတ်ချက်မှာ ဖွဲ့စည်းပုံဆိုင်ရာ အငြင်းပွားဖွယ် အချက်တွေ တွေ့ရှိထားတာကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး၊ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ကာကွယ်ရေးဦးစီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီးတို့ထံ ကန့်ကွက်စာတင်ပြီး အမှန်တရားပေါ်ထွက်ရေး ကြိုးပမ်းလုပ်ဆောင်မှာ ဖြစ်ပါတယ်။

အလွတ်သတင်းထောက် ကိုပါကြီးဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကုန်ပိုင်းက မွန်ပြည်နယ်၊ ကျိုက်မရော မြို့နယ်မှာ ဒီမိုကရေစီ အကျိုးပြုကရင့်တပ်မတော် (ဒီကေဘီအေ)နဲ့ အစိုးရစစ်တပ်တိုက်ပွဲ သတင်းလိုက်ပြီးအပြန် စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားစဉ် သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့တာပါ။

ကိုအောင်နိုင် ခေါ် ကိုအောင်ကျော်နိုင် ခေါ် ကိုပါကြီး သေဆုံးမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေး အစီရင်ခံစာ အမြန်တင်သွင်းဖို့ မြန်မာသမ္မတက လူ့အခွင့်အရေးကော်မရှင်ကို ညွှန်ကြားခဲ့ပါတယ်။

အပြီးသတ်စုံစမ်းတွေ့ရှိချက် အစီရင်ခံစာကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂ ရက်နေ့ ကော်မရှင်က ထုတ်ပြန်ရာမှာ ဦးခေါင်းနဲ့ ခန္ဓာကိုယ်ပေါ်မှာ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တာကို အတည်ပြုခဲ့ပြီး ဒီအမှုနဲ့ပတ်သက်လို့ နယ်ဘက်ဆိုင်ရာ တရားရုံးတွေမှာ အမှုစစ်ဆေးဖို့ တိုက်တွန်းခဲ့တာပါ။

============

ရွှေအောင်
DVB TV News
http://burmese.dvb.no/?p=92376

မေ ၇ ရက်နေ့က ကျင်းပခဲ့တဲ့ ဗြိတိန်အထွေထွေရွေးကောက်ပွဲမှာ လက်ရှိဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း David Cameron ပြန်အရွေးခံရတာကို ဆန့်ကျင်တဲ့ဆန္ဒပြပွဲတခု မေ ၉ ရက်နေ့က လန်ဒန်မြို့လယ်မှာ ဖြစ်ပွားခဲ့ပြီး ရဲနဲ့ ကဓိကရုဏ်းဖြစ်ပွားပါတယ်။

ရဲတွေကို ဆန္ဒပြသူတွေက ပုလင်းတွေ၊ ဘူးတွေ၊ မိုးခိုးဗုံးတွေနဲ့ ပစ်ခဲ့ကြပြီး ၀န်ကြီးချုပ်ရုံးအ၀င်လမ်းကို ပိတ်ထားတဲ့ ရဲတွေကို ထိပ်တိုက်ရင်ဆိုင်ချိန် ပဋိပက္ခတွေဖြစ်ပွားခဲ့တာပါ။

ဆန္ဒပြသူ ၂၀၀ ကျော်လောက်ပါဝင်ခဲ့ပြီး ဆန္ဒပြသူ ၄ ဦး အဖမ်းခံရတယ်လို့ လန်ဒန်ရဲတပ်ဖွဲ့ ပြောခွင့်ရက ဆိုပါတယ်။ ရဲတပ်ဖွဲ့ဝင် ၂ ဦးလည်း အနည်းငယ်ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။

၂၀၁၅ ဗြိတိန်အထွေထွေရွေးကောက်ပွဲမှာ လက်ရှိအာဏာရ ကွန်ဆာဗေးတစ်ပါတီက မဲအရေအတွက် ၃၇ ရာခိုင်နှုန်းလောက် ရရှိသွားတာပါ။ ဒီဆန္ဒပြပွဲမှာ Green ပါတီကို ထောက်ခံသူတွေလည်း ပါဝင်ခဲ့ကြပါတယ်။

“အခုလာရောက်ဆန္ဒပြသူတွေအားလုံးဟာ ရွေးကောက်ပွဲရလဒ်ကို လက်မခံသူaတွပါ။ မဲပေးသူတွေရဲ့ ၇၅ ရာခိုင်နှုန်းက ကွန်ဆာဗေးတစ်ပါတီကို မဲမပေးခဲ့ကြပေမယ့် ကွန်ဆာဗေးတစ်ပါတီက အနိုင်ရရှိခဲ့ပါတယ်။ ဒါကြောင့် ပီအာမဲပေးတဲ့စနစ်ကို ကျင့်သုံးဖို့ တောင်းဆိုပါတယ်” လို့ ဆန္ဒပြသူတဦးက ပြောပါတယ်။

နောက်ထပ် ၀န်ကြီးချုပ် ၅ နှစ်သက်တမ်း ထမ်းဆောင်ခွင့်ရရှိခဲ့တဲ့ လက်ရှိဝန်ကြီးချုပ် ကင်မရွန်းက လက်ရှိအစိုးရလိုငွေပြမှုကို လျော့ချမယ်လို့ ကတိပေးထားပါတယ်။

=====================

By ဒီဗွီဘီ

10 May 2015

၂၀၁၅ ခုနှစ် အာဆီယံချန်ပီယံရှစ် အမျိုးသမီး ဘောလုံးပြိုင်ပွဲ အဖြစ် မြန်မာနဲ့ ထိုင်း အသင်းတို့ ယှဉ်ပြိုင်ကစားတော့မှာ ဖြစ်ပါတယ်။

အာဆီယံ ဘောလုံးအဖွဲ့ချုပ်က ဦးစီးကျင်းပတဲ့ အာဆီယံချန်ပီယံရှစ် အမျိုးသမီး ဘောလုံးပြိုင်ပွဲမှာ မြန်မာနဲ့ ဗီယက်နမ်အသင်းတွေဟာ အအောင်မြင်ဆုံး အသင်းတွေ ဖြစ်သလို ၂၀၀၄ နဲ့ ၂၀၀၇ ခုနှစ်မှာ မြန်မာအသင်းဟာ ချန်ပီယံဖြစ်ခဲ့ဖူးတဲ့ သမိုင်းကြောင်းလည်း ရှိနေပါတယ်။

အဖြူရောင် နတ်သမီးများလို့ သ၀ုတ်ခေါ်ဝေါ်နေတဲ့ မြန်မာ အသင်းဟာ အရှေ့တောင်အာရှ ပြိုင်ပွဲတွေမှာ ငွေတံဆိပ် ၃ ကြိမ်၊ ကြေးတံဆိပ် ၅ ကြိမ် ရရှိထားတဲ့ အသင်းဖြစ်ပါတယ်။

စစ်ဆင်ရိုင်းလို့ အမည်ပြောင်ပေးထားတဲ ထိုင်းအသင်းကို ကြည့်မယ်ဆိုရင်လည်း ကမ္ဘာဖလား အမျိုးသမီး ဘောလုံးပြိုင်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်ခွင့်ရထားသလို အာရှ အမျိုးသမီး ဘောလုံးပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်ခဲ့ဖူးတဲ့ အစဉ်အလာကောင်းလည်း ရှိနေပါတယ်။

ဒါအပြင် အရှေ့တောင်အာရှ ဘောလုံးပြိုင်ပွဲ (ဆီးဂိမ်း)မှာ ချန်ပီယံ ဖြစ်ခဲ့တဲ့ သမိုင်းကြောင်းကို ပိုင်ဆိုင်ထားပါတယ်။

မြန်မာနဲ့ ထိုင်းဟာ ၂၀၁၃ ဆီးဂိမ်းပြိုင်ပွဲမှာ တွေ့ဆုံခဲ့ပြီး မြန်မာအသင်းက ပင်နယ်တီ အဆုံးအဖြတ်နဲ့ ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် ပြိုင်ပွဲကြီး အဖြစ် ပထမဆုံးအနေနဲ့ ပြန်လည် ကစားရတာ ဖြစ်ပါတယ်။

လက်ရှိပြိုင်ပွဲမှာ ထိုင်းအသင်းက နီဆာရုန်းယန်းက ၈ ဂိုးသွင်းယူထားသလို အာလီဆာ ရက်ကီနစ်ခ်ျက ၆ ဂိုး သွင်းယူထားတဲ့အတွက် တိုက်စစ်ကိုတော့ မြန်မာအသင်း သတိထား ကစားရမယ့် အနေအထား ဖြစ်ပါတယ်။

ထိုင်းနဲ့ မြန်မာ အသင်းဟာ အုပ်စုတွေမှာ ဒုတိယ ရရှိတဲ့ အသင်းတွေ ဖြစ်သလို အုပ်စု ပထမ ရတဲ့ အသင်းတွေကို အနိုင်ကစားခဲ့ပြီး ဗိုလ်လုပွဲတက်ရောက်လာတာဟာလည်း ဒီပြိုင်ပွဲရဲ့ ထူးခြားချက်ဖြစ်ပါတယ်။

ထိုင်းဟာ မြန်မာက ရှုံးထားတဲ့ ဗီယက်နမ်ကို အနိုင်ရထားသလို မြန်မာက ထိုင်းရှုံးထားတဲ့ သြစတြေးလျ အသင်းကို အနိုင်ရထားတာလည်း ဖြစ်ပါတယ်။ ဆီမီးဖိုင်နယ်မှာ မြန်မာ အသင်းရော ထိုင်းအသင်းပါ မနိုင်ဘူးလို့ ယူဆထားတဲ့ အသင်းတွေကို ကျော်ဖြတ်လာတာ ဖြစ်ပါတယ်။

ဒီအတွက် ၂ သတင်းစလုံးဟာ စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ အမြင့်ဆုံး အနေအထားကို ရောက်ရှိနေတယ်လို့ အားကစား ကလောင်ရှင် ကိုစိုးညီက သုံးသပ်ပါတယ်။

ဒါအပြင် မြန်မာ အသင်းဟာ အရင်က နိုင်ငံခြားသား နည်းပြကို ဌားရမ်းခဲ့ပေမယ့် ၂၀၁၃ နောက်ပိုင်း ပြည်တွင်းက နည်းပြနဲ့ ကစားခဲ့တဲ့ အတွက် ကစားကွက် တည်ငြိမ်လာသလို အသင်းလိုက် ကစားပုံနဲ့ စည်းလုံးမှု ပိုကောင်းလာတယ်လို့ သူက ပြောပါတယ်။

“ထိုင်းနဲ့ ပြန်ရင်ဆိုင်ရမယ့်ပွဲဟာ ၂ သင်းလုံးအတွက်တော့ တော်တော်ခက်မယ်၊ ဘယ်အသင်းပဲနိုင်နိုင်အလွယ်တကူနဲ့တော့ မနိုင်နိုင်ဘူးလို့ ထင်ပါတယ်၊ ကြားကွင်းလည်း ဖြစ်နေတယ်၊ မဖြစ်မနေ ရွေးရမယ်ဆိုရင်တော့ လက်ရှိအချိန်မှာ မြန်မာ အသင်းကို ရွေးရပါမယ်”လို့ သူက ပြောပါတယ်။

ဒီပွဲမှာ မြန်မာအသင်း တိုက်စစ်က အကောင်းဆုံး အနေအထားမှာ ရှိနေသလို သြစတြေးလျနဲ့ ပွဲမှာ ကစားခဲ့တဲ့ ခံစစ်က မိနစ် ၉၀ လုံး ဂိုးမပေးရအောင် ထိန်းကစားနိုင်တယ်လို့ ကိုစိုးညီက ပြောပါတယ်။

ထိုင်းအသင်းက နည်းစနစ်ပိုင်း အားသာသလို ကစားသမားတွေရဲ့ ပျမ်းမျှ အသက်အရွယ်ကမြန်မာထက်ငယ်တဲ့ အတွက် ကစားအားကောင်းသလို ကြံ့ခိုင်မှုပိုင်း ပိုကောင်းတယ်လို့ ဆိုပါတယ်။

ဝါရင့်အားကစားကလောင်ရှင် ဦးခင်မောင်ထွေး (ပျဉ်းမနား)ကတော့ သြစတြေးလျကို နိုင်လိုက်တဲ့ အတွက် စိတ်ဓာတ်ပိုင်းဆိုင်ရာ အသာစီးရနေတဲ့ မြန်မာ အသင်းက သာမယ်လို့ ခန့်မှန်းပါတယ်။

“ဂဏာန်းတွက်သလို တွက်မယ်ဆိုရင် သြစတြေးလျ ယူ ၂၀ အသင်းကို ထိုင်းက ၃ ဂိုး ဂိုးမရှိ ရှုံးတယ်၊ ထိုင်း ၃ ဂိုး ဂိုးမရှိရှုံးတဲ့ အသင်းကို မြန်မာက ၁ ဂိုး ဂိုးမရှိနဲ့ နိုင်တယ်ဆိုရင် ထိုင်းကို နိုင်မယ်လို့တော့ ပြောလိုရပါတယ်။ ထိုင်းကတော့ ကိုယ် ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးခဲ့တဲ့ ဗီယက်နမ်အသင်းကို သူတို့က ၂ ဂိုး ၁ ဂိုးနဲ့နိုင်တယ်။ အဲလိုသာ အပြန်အလှန်တွက်နေရင် အဖြေက အမျိုးမျိုးဖြစ်တယ်၊ ဒါပေမယ် ဒါဟာ ဘောလုံးပွဲ ဖြစ်တယ်၊ အားကစားပြိုင်ပွဲ ဖြစ်တယ်၊ ဘယ်လိုပဲ ဖြစ်ဖြစ် ကျနော်အနေနဲ့ကတော့ သြစတြေးလျကိုနိုင်တဲ့ မြန်မာမလေးတွေကတော့ စိတ်အားလည်း တက်ကြွနေတယ်၊ ဗိုလ်လုပွဲကို မြန်မာ အသင်းက ၅ ကြိမ်မြောက်ရောက်တာ၊ ပထမ ၂ ကြိမ် ဒုတိယ ၂ ကြိမ် ရထားတယ်၊ ၃ ကြိမ်မြောက် ပထမရဖို့ ကြိုးစားကြပါလိမ့်မယ်၊ မြန်မာပဲနိုင်မယ်လို့ တွက်ဆလို့ရပါတယ်။”

ဗိုလ်လုပွဲကို ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့မှာ မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲမှာ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ မြန်မာနဲ့ ထိုင်းတို့ရဲ့ ဗိုလ်လုပွဲစဉ်ကို မြန်မာ့ရုပ်မြင်သံကြားက ညနေ ၆ နာရီ ၁၅ မိနစ်ကနေစပြီး တိုက်ရိုက် ထုတ်လွှင့်မှာ ဖြစ်ပါတယ်။


By ကိုထွေး
10 May 2015
DVB TV News

ရေရှားနေသည့်ရခိုင်ဒေသမှ ဒေသခံအချို့ ရေခပ်နေကြစဉ် (ဓာတ်ပုံ - နိရဉ္စရာ)
စစ်တွေ၊ မေ ၉

ရခိုင်ပြည်နယ် အတွင်း သောက်သုံးရေ ရှားပါးမှုကို ဒေသနေ ပြည်သူလူထုနှင့် ပူးပေါင်း ဆောင်ရွက် နေကြောင်း ပြည်နယ် စည်ပင်သာယာရေး ဝန်ကြီး ဦးမောင်စန်ရွှေက နိရဉ္စရာသို့ပြောသည်။

“အခုလောလောဆယ်ကတော့ ရေရှားမယ့်ဒေသက တစ်ရွာချင်းအလိုက် အုပ်ချုပ်ရေးမှူးတွေကို ခေါ်ပြီးတော့ ဘယ်နားမှာ အဝီစိရေတွင်းတူးလို့ရမလဲ။ တူးလို့ရရင် ကျနော်တို့ချက်ချင်းငွေထုတ်ပြီးတော့ တူးခိုင်းပါတယ်။ ပြီးတော့ လိုအပ်တာရှိရင်ပြောပါ။ ကျနော်တို့ အတတ်နိုင်ဆုံး ဆောင်ရွက် ပေးပါမယ်ဆိုပြီးတော့လည်း စာထုတ်ထားတာရှိပါတယ်” ဟု ယင်းက ပြောသည်။

ယင်းသို့ရေရှားပါးနေသည့် ဒေသများအတွက် သောက်သုံးရေရရှိရေးကို ဒေသနေပြည်သူများအပါအဝင်  မြို့နယ်စည်ပင်များနှင့်ညှိနှိုင်းကာ ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း ဝန်ကြီးက ဆက်ပြောသည်။

ယင်းနှင့်ပတ်သက်ပြီး ပေါက်တောမြို့နယ်စည်ပင်ဦးစီးအရာရှိ ဦးကျော်မောင်အေးက “အဝီစိတွင်းတွေ တူးပေးတာက ကျနော်တို့ဌာနကလုပ်ပေးတာမဟုတ်ပါဘူး။ ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာနကပဲ လုပ်ပေးတာပါ”ဟု နိရဉ္စရာသို့ပြောသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း စစ်တွေမြို့နယ်အပါအဝင် ကျောက်တော်မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ မြောက်ဦးမြို့နယ်၊ မင်းပြားမြို့နယ်၊ ပေါက်တောမြို့နယ်၊ ရသေ့တောင်မြို့နယ်၊ သံတွဲမြို့နယ်၊ ရမ်းဗြဲမြို့နယ်၊ မြေပုံမြို့နယ်နှင့် အခြား မြို့နယ်အချို့ရှိ ကျေးလက်ဒေသများတွင် ယခုနှစ်နွေဦးရာသီအစမှ စတင်ကာ သောက်သုံးရေရှားပါးနေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ပေါက်တောမြို့မှ ခမ်းခြောက်နေသော ရေကန်တစ်ခု
“ရေတစ်ခုတည်းနဲ့ တော်တော်လေးဒုက္ခရောက်နေပါတယ်။ ရေအခက်အခဲကြောင့် သားငါးရှာဖွေဖို့ အချိန်မရှိပါဘူး။ ရေရရင်ပြီးပြီ အဲလိုဖြစ်နေကြပါတယ်”ဟု ပုဏ္ဏားကျွန်းမြို့ခံ ဦးစံရွှေကျော်က ပြောသည်။

တချို့ကျေးရွာများတွင် ရွာနှင့် မိုင် ၁ဝ ခန့်ဝေးသည့်နေရာများရှိ ရေတွင်းရေကန်များမှ ညည့်မအိပ်ရဘဲ လောင်းလှေများဖြင့် သွားရောက်ခပ်ယူနေကြရကြောင်းလည်း ဒေသခံများက ပြောသည်။

“ကျွန်တော်တို့ရွာမှာဆိုရင် ရှစ်မိုင်လောက်ဝေးတဲ့ ကျွဲတွေနွားတွေ သောက်တဲ့ ရေကန်တွေက သွားခပ်နေရပါတယ်” ဟု မြေပုံမြို့နယ်၊ လောင်းဒရိတ်ကျေးရွာမှ ဦးမောင်ကျော်သိန်းက ပြောသည်။

ရခိုင်ပြည်နယ်တွင် နှစ်စဉ်ပျဉ်းမျှ မိုးရေချိန်လက်မ ၁၈ဝ နှင့် ၂ဝဝ ကြားတွင်ရွာသွန်းလေ့ရှိသော်လည်း ပြီးခဲ့သည့်နှစ် မိုးရာသီတွင် မိုးရေချိန်လက်မ ၁၄ဝ ခန့်သာရွာသွန်းခဲ့သည့်အတွက် ယခုကဲ့သို့သောက်သုံးရေရှားပါးနေခြင်းဖြစ်သည်။

အလားတူ ရခိုင်ရိုးမသစ်တောများတွင် မတရားခုတ်လှဲမှုကြောင့် သစ်ပင်၊ ဝါးပင်များ ပြုန်းတီး လာနေခြင်းကလည်း အပူချိန်မြင့်တက်ကာ သောက်သုံးရေရှားပါးရသည့် အကြောင်းရင်း တစ်ခုဖြစ်ကြောင်း ဒေသခံများက သုံးသပ်ပြောဆိုနေကြသည်။

မာန်ယုကျော် (ရွှေဝမြေ) / နိရဉ္စရာ
http://www.narinjara.com/burmese

ဓာတ်ပုံ( အမေများနေ့ အင်တာနက် စာမျက်နှာ)
အာရှဒေသမှာ မြန်မာနိုင်ငံဟာ မိခင်တွေ ရှင်သန်နေထိုင်ဖို့ အခက်ခဲဆုံး နေရာတခု ဖြစ်တယ်လို့ Save the Children အဖွဲ့ရဲ့ ကမ္ဘာ့ မိခင်များ နေ့ဆိုင်ရာ အစီရင်ခံစာမှာ ဖော်ပြလိုက်ပါတယ်။

မိခင်တွေအတွက် ကမ္ဘာပေါ်မှာ အဆိုးဆုံးနဲ့ အကောင်းဆုံး နေရာတွေကို စစ်တမ်းကောက်ယူခဲ့ရာမှာ နိုင်ငံ ၁၇၉ ခုမှာ မြန်မာက အဆိုးဆုံး ၂၁ နိုင်ငံမြောက်ဖြစ်နေတာပါ။

မြန်မာနိုင်ငံရဲ့ မိခင်သေဆုံးမှုနှုန်းဟာ ၂၅၀ ယောက်မှာ ၁ ယောက်ဖြစ်ပြီး ငါးနှစ်အောက်ကလေး သေဆုံးမှုနှုန်းကတော့ ၁၉ ယောက်မှာ တစ်ယောက်ဖြစ်ပါတယ်။

“မြန်မာနိုင်ငံက မိခင်နဲ့ ကလေးတွေရဲ့ ဘ၀ရှင်သန်ရပ်တည်ရေးက လွန်ခဲ့တဲ့နှစ်တွေကစပြီး တိုးတက်မှု တချို့ရှိခဲ့ပေမယ့် အခက်ခဲဆုံး နေရာထဲမှာပါဝင်နေဆဲ ဖြစ်ပါတယ်’’ လို့ Save the Children (မြန်မာ)ရဲ့ ကျန်းမာရေး အကြံပေး ဒေါက်တာ ခင်စပယ်မောင်က ပြောပါတယ်။

ကမ္ဘာ့လူဦးရေ ထက်ဝက်ကျော်လောက်က မြို့ပြတွေမှာနေလာကြပြီး ဒါက မိခင်နဲ့ကလေးတွေ ရှင်သန်ရေး အထောက်အပံ့တွေ လျော့ကျစေတယ်လို့လည်း သူက ပြောပါတယ်။

ယူဂန္ဓာ၊ အီသီယိုပီးယား၊ အီဂျစ်၊ ဂွာတီမာလာ၊ ဖိလစ်ပိုင်နဲ့ ကမ္ဗောဒီးယားက မြို့တော်တွေမှာတော့ အဆင်းရဲဆုံး မိခင်နဲ့ ကလေးတွေအတွက် အခြေခံ ကျန်းမာရေးစနစ်၊ မိခင်ကျန်းမာရေး စောင့်ရှောက်မှုတွေ တိုးတက်အောင် ဆောင်ရွက်နေ တယ်လို့လည်း ဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ကမ္ဘာပေါ်မှာ မိခင်တွေအတွက် အကောင်းဆုံးနေရာကတော့ နော်ဝေနိုင်ငံဖြစ်ပြီး စင်ကာပူကတော့ အဆင့် ၁၄ ဖြစ်ပါတယ်။

 By ပိုင်စိုး (ဒီဗွီဘီ)
http://burmese.dvb.no


ထိုင်းနိုင်ငံ တောင်ပိုင်းမှာ တွေ့ရှိ ထိန်းသိမ်းထားတဲ့ တရားမ၀င် ပြောင်းရွှေ့အခြေချသူ ၁၀၀ ကျော်ဟာ လူကုန်းသူတွေရဲ့ ဓားစားခံတွေ ဖြစ်ခဲ့သလားဆိုတာကို  အာဏာပိုင်တွေက မေးမြန်း စစ်ဆေး နေပါတယ်။

ထိုင်းနိုင်ငံ နယ်စပ်တကျောမှာ လူကုန်ကူးတဲ့ စခန်းတွေရှိနေတာကို ၁၀ ရက်အတွင်း ဖော်ထုတ်ဖို့ ၀န်ကြီးချုပ် ပရာယွတ် ချန်အိုချာက အမိန့်ပေးထားပါတယ်။

အရင်တပတ်က  မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ကလို့ ယူဆရတဲ့ အလောင်း ၃၃ လောင်းကို စွန်ကလာ ပြည်နယ်မှာ တွေ့ရှိခဲ့ပါတယ်။ လူကုန်ကူးသူတွေ အသုံးပြုတဲ့ လျှို့ဝှက်စခန်း ၃ ခုကိုလည်း တွေ့ရှိခဲ့ပါတယ်။

ဒီလို ပြဿ    နာတွေ ပေါ်ပေါက်ပြီးနောက် ဒေသတွင်းမှာ လူကုန်ကူးမှုတွေကို နှိမ်နင်းမယ့် နည်းလမ်းတွေကို ထိုင်း၊ မြန်မာ၊ မလေးရှားတို့နဲ့ သုံးနိုင်ငံ အစည်းအဝေးကို ခေါ်ဖို့ ထိုင်းဝန်ကြီးချုပ်က ဆော်သြလိုက်ပါတယ်။

အခု စစ်ဆေးနေတဲ့ ရွှေ့ပြောင်းနေထိုင်သူ ၁၁၇ ယောက်ကိုလည်း မလေးရှားနဲ့ နယ်စပ် စွန်ကလာ ပြည်နယ်မှာပဲ တွေ့ရှိခဲ့တယ်လို့  ပြည်နယ်ရဲ့ လက်ထောက်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ အများစုက ဘင်္ဂလားဒေ့ရှ်က ဖြစ်ပါတယ်။

ဒီနှစ် ပထမသုံးလအတွင်း ရိုဟင်ဂျာနဲ့ ဘင်္ဂလားလူမျိုး ၂၅၀၀၀ လောက်ဟာ ရေလမ်းကတဆင့် နေရပ်ရင်းကို စွန့်ခွာခဲ့ကြတယ်လို့ ကုလသမဂ္ဂ လက်အောက်ခံ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ဆိုပါတယ်။ ဒါကြောင့် မနှစ်ကထက် နှစ်ဆ တိုးလာတယ်လို့ ဆိုပါတယ်။

လှေစီးပြေး ဒုက္ခသည်တွေဟာ မူလနေရာမှာ ဘာသာရေးနဲ့ လူမျိုးရေး ခွဲခြားဆက်ဆံခံရမှုတွေနဲ့ ဆင်းရဲမွဲတေမှုတွေကြောင့် အန္တရာယ်များတဲ့ ခရီးလမ်းကြောင်းကို ရွေးချယ်ခဲ့ကြတာဖြစ်ပါတယ်။

 By ဒီဗွီဘီ
http://burmese.dvb.no



ရေငုပ်သင်္ဘောကနေ ပစ်တဲ့ ပဲ့ထိန်းဒုံးကျည်အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်ခဲ့တယ်လို့ မြောက်ကိုရီးယားအစိုးရက ပြောလိုက်ပြီးတဲ့နောက်၊ မြောက်ကိုရီးယားအနေနဲ့ ဒေသတွင်းတင်းမာမှုတွေ တိုးလာစေမယ့်လုပ်ရပ်တွေကို ရှောင်ကြဉ်ဖို့ အမေရိကန်က တိုက်တွန်းလိုက်ပါတယ်။

ဒီလို ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုတွေမှာ ပဲ့ထိန်းဒုံးနည်းပညာကိုအသုံးပြုတာဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို သိသိသာသာ ချိုးဖောက်တာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

ကုလသမဂ္ဂက မြောက်ကိုရီးယားနိုင်ငံကို ပဲ့ထိန်းဒုံး နည်းပညာမလုပ်ဖို့ ဒါမှမဟုတ် အသုံးမပြုဖို့ ဒဏ်ခတ်ပိတ်ဆို့ထားတာဖြစ်ပါတယ်။ တောင်ကိုရီးယားသင်္ဘောတွေအနေနဲ့ မြောက်ကိုရီးယားရေပိုင်နက်ထဲကိုဝင်လာခဲ့ရင် ကြိုတင်အသိပေးခြင်းမပြုဘဲ တိုက်ခိုက်သွားမှာ ဖြစ်တယ်လို့ သတိပေးပြီးတရက်အကြာမှာ၊ မြောက်ကိုရီးယားဘက်က အခုလို ပင်လယ်ထဲကို စမ်းသပ်ပစ်လွှတ်ခဲ့တာဖြစ်တယ်လို့ တောင်ကိုရီးယား စစ်ဘက်တာဝန်ရှိသူတွေက ပြောပါတယ်။

အဲဒီဒုံးကျည်တွေကို စနေနေ့က အရှေ့ဘက်မှာရှိတဲ့ Wonsan ဆိပ်ကမ်းမြို့နားကနေ ၁ နာရီအတွင်း ပစ်ခတ်တာဖြစ်တယ်လို့ တောင်ကိုရီးယားအာဏာပိုင်တွေက ပြောပါတယ်။

VOA
http://burmese.voanews.com/content/us-cautions-n-korea-after-report-of-missile-test-/2761764.html

မြန်မာ့လက်ရွေးစင်အမျိုးသမီး နှင့် ထိုင်းလက်ရွေးစင်အမျိုးသမီးမေ ၁၀ (တနင်္ဂနွေနေ့ ) ညနေ ၆:၃၀ နာရီ MRTV, SkyNET Sports 1, VTV 6, HTV တို့ မှ တိုက်ရိုက် ထုတ်လွှင့်မည်။

တိုက်ရိုက်ကြည့်နိုင်ပါတယ် ..
 http://www.dawnmanhon.com/2013/05/blog-post_4.html

ဗကသများအဖွဲ့ချုပ်၇၉နှစ်ပြည့်နှင့် လက်ပံတန်းအကြမ်းဖက်ဖြိုခွင်းခံရမှု (၂)လပြည့်အခမ်းအနားစပါပြီ
သတင်း ဓာတ်ပုံ.. ဖိုး ခွား

(ဖြတ်သန်းခဲ့ရသည့် သတင်းထောက်ဘ၀အတွေ့အကြုံ )

တစ်ခါတစ်ရံတွင် အဖြစ်အပျက်တစ်ခု၊ အကြောင်းအရာ တစ်ခု ဖြစ်တည်မှုမှာ ဘုန်းကံနှင့် သက်ဆိုင်သည် ဟု ပြောလျှင် အချို့သောသူများက လက်မခံနိုင်ကြပေ။ သို့သော် လက်ခံရမည့် အကြောင်းအခြင်းများ ကမူ ဖြစ်ပွား လျက်ရှိသည်။ အနီးကပ်ဆုံး အဖြစ်အပျက်တစ်ခု ကို ပြောရ လျှင် ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ (World Press Freedom Day)နေ့က အဖြစ်အပျက်ပါ။ အဲဒီအခမ်းအနားကို ရန်ကုန်မြို့၊ ပြည်လမ်းက နိုဗိုတယ် ဟိုတယ်မှာ လုပ်ခဲ့တာပါ။ အဲဒီ အခမ်းအနားကို ယူနက်စကိုနဲ့ ပြန်ကြားရေးဝန်ကြီးဌာနတို့ ပူးပေါင်း လုပ်ဆောင်တာဖြစ်ပြီး ပွဲစဖို့အချိန်က နံနက် ၁၀ နာရီပါ။

တိုက်တိုက်ဆိုင်ဆိုင်ပဲ အဲဒီပွဲကို သွားတက်ဖို့အတွက် ရောက်တဲ့အချိန် မနက် ၉ နာရီခွဲလောက်မှာ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်လည်း ရောက် လာပါတယ်။ ထိုနည်းတူ ယူနက်စကိုက မြန်မာနိုင်ငံဌာနေ ကိုယ်စားလှယ် အဖွဲ့လည်း ရောက်နေပါပြီ။ ထိုနည်းတူ သက်ဆိုင်ရာ စာနယ်ဇင်းအဖွဲ့က လူတွေ၊ ပြန်ကြားရေး ၀န်ထမ်းတွေလည်း အစုံအလင်ပေါ့။

ဒီလိုနဲ့ပွဲစဖို့ အချိန်နီးလာတာနဲ့အမျှ အခမ်းအနား ပြုလုပ်မယ့် အခန်းထဲမှာလည်း သူ့နေရာနဲ့သူ နေရာယူပြီးဖြစ်သလို ထူးခြားချက် တစ်ခုအနေနဲ့က ခုံနေရာပေါင်း၂၁၀ လောက် ရှိတဲ့နေရာမှာ လူမပြည့် ပြည့်အောင် လို့လားတော့မသိ။ ပြန်ကြားရေး ၀န်ထမ်း တော်တော်များများ နေရာယူ ထားကြတာပါ။ ထားတော့။ အထူးဖိတ်ကြား ခံထားရတဲ့ တရားဥပဒေ စိုးမိုးရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မလာသေးတဲ့ အတွက် ပွဲကမစနိုင်။ ဒီလိုနဲ့ ၁၀ နာရီ ၂၇ မိနစ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် အခမ်းအနား ပြုလုပ်မယ့် အခန်းထဲကို ၀င်လာပါတယ်။

အဲဒီအချိန် အတူတူထိုင်နေတဲ့ မီဒီယာသမားတစ်ယောက် ပြောလိုက်တာ အမှတ်ရလိုက်တယ်။ ““ဒီပွဲကတော့ ဦးရဲထွဋ် ကွဲတာပဲ။ သူ့ဟာသူ ပြန်ကြားရေး ပြည်ထောင်စုဝန်ကြီး ဖြစ်ပေမယ့် ဒေါ်အောင်ဆန်း စုကြည် မလာမချင်း ပွဲမစနိုင်တာကို ကြည့်ရင် ဒီပွဲမှာ ဦးရဲထွဋ်ကွဲတာပဲ””တဲ့။

မြန်မာလူမျိုးအများစုရဲ့ ယုံကြည်ချက်အရ ဒါဟာဘုန်းကံနဲ့ သက်ဆိုင်ပါလိမ့်မယ်။ တကယ်တမ်းဆိုရင် ပွဲအစီအစဉ်နဲ့ ဖိတ်ကြားမှုအရ ဒေါ်အောင်ဆန်းစုကြည်ဟာ တရားဥပဒေစိုးမိုးရေး ကော်မတီရဲ့ ဥက္ကဋ္ဌသာ ဖြစ်ပြီး ဦးရဲထွဋ်ဟာ ပြည်ထောင်စုအဆင့် ပြန်ကြားရေးဝန်ကြီးပါ။ ရာထူးအနေအထားအရ ဒေါ်အောင်ဆန်း စုကြည်ဟာ ဦးရဲထွဋ်ထက် နိမ့်ကျပေမယ့်လည်း တကယ့်တကယ်တမ်း ဘုန်းကံအရကော၊ လူထုနဲ့ နိုင်ငံတကာရဲ့ ထောက်ခံမှုအရကော ဘယ်လိုမှ မယှဉ်သာဘူးဆိုတာ ဒီပွဲက လက်တွေ့ပြသ လိုက်တာပါ။ ဒီနေရာမှာ ဘုန်းကံကြောင့် မဟုတ်ပါဘူးလို့ စောဒက တက်ချင်သပါ့ ဆိုရင်တော့လည်း တက်လို့ရပါတယ်။ ဒါပေမဲ့လည်း ဒေါ်အောင်ဆန်းစုကြည်လာမှ ပွဲကိုစတင်နိုင်တယ် ဆိုတာကိုတော့ ငြင်းလို့မရ ပါဘူး။ ဒီလိုနဲ့ မြန်မာပြည်ရဲ့ ထုံးစံအတိုင်း ပွဲစစချင်းမှာပဲ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့နဲ့ ပတ်သက်လို့ စကားပြောတော့လည်း ဒေါ်အောင်ဆန်းစုကြည်ကို တိုင်တယ်လို့ ““အစ်မကြီး”” ““အစ်မကြီး”” နဲ့ ပြောတော့တာပဲ။ ဒီလိုပွဲကို တက်ပေးလို့ ၀မ်းသာသလို ကြောက်လည်း ကြောက်ပါတယ်လို့ လူဦးရေ ၃၀၀ လောက် ရှိတဲ့ရှေ့မှာ ၀န်ခံစကား ပြောသွားပြန်ကော။ ဒါကိုကြည့်ရင် အသက်အရွယ်အရ လေး စားခြင်းကြောင့် ခေါ်ခြင်းဖြစ်နိုင်သလို ““အဘ””ခေတ်ကနေ““အစ်မ”” ခေတ် ရောက်သွားပြီလို့ လားတောင် စိတ်ထဲမှာ တွေးလိုက်မိတယ်။ ထားချေတော့။

ဦးရဲထွဋ် ပြောပြီးချိန်မှာတော့ တရားဥပဒေ စိုးမိုးရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အလှည့်ပါ။ ဒေါ်အောင်ဆန်းစုကြည်က စင်ပေါ်တက်တက်ချင်းပဲ ဒီပွဲကို တက်ရတာနဲ့ ပတ်သက်လို့ ““ဖိတ်ကြားချက်ကို ကျွန်မလက်ခံရတဲ့ အကြောင်းရင်း တစ်ခုက ဦးရဲထွဋ်လိမ္မာရဲ့လား ဆိုတာကို ကြည့်ချင်လို့ဖြစ်ပါတယ်။ ကျွန်မကို ကြောက်တယ် ဆိုတော့ လိမ္မာတဲ့ဘက်ကို ဦးတည်နေပြီလို့ ကျွန်မတို့ ပြောရမှာဖြစ်ပါတယ်””ဆိုပြီးစဖွင့် ပါလေကော။ အဲဒီစကားပြောတဲ့အချိန် ဦးရဲထွဋ်က ကျွန်တော်တို့ နေရာယူထား တဲ့ ရှေ့ဘက်မှာဆိုတော့ သူ့မျက်နှာဘယ်လို ဖြစ်သွားသလဲဆိုတာကို မမြင်ရပေမယ့် တက်ရောက်သူ အများစုကတော့ ပြုံးစေ့ပြုံးစေ့ ဖြစ်ကုန် ပါလေကော။

ဒီနေရာမှာ ဘာကိုပြသလဲဆိုရင် ဘုန်းကံအရလို့ပြောပြော၊ ပညာအရလို့ ပြောပြော၊ သမ္ဘာအရလို့ ပြောပြော၊ ထောက်ခံမှု အနေအထားအရလို့ပြောပြော နိုင်ငံရေး စကားနဲ့ပြောရင် ပြန်ကြားရေး ၀န်ကြီး ဦးရဲထွဋ်ထက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနေအထားက သာတယ်ဆိုတာ ငြင်းလို့မရတဲ့ အချက်ပါ။ ဒါကိုလည်း အားလုံးက လက်ခံထားကြမယ်လို့ ထင်ပါတယ်။

ထိုနည်းတူ ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့မှာ ပြန်ကြားရေးဝန်ကြီး က ပြည်ပနိုင်ငံ အခြေစိုက် မီဒီယာ အဖွဲ့အစည်းတွေက ထုတ်ပြန်ထားတဲ့ မြန်မာပြည်ရဲ့ အညွန်းကိန်းတွေကို ထည့်တွက်စရာ မလိုတဲ့အကြောင်း ထည့်ပြောခဲ့သလို အစိုးရက ပေးထားတဲ့မဖြစ်ညစ်ကျယ် သတင်းစာ ရေးသားခွင့်ကိုပဲ အကျယ်တ၀င့် ရှင်းလင်း သွားခဲ့ပါတယ်။ ဒါပေမဲ့လည်း ဒေါ်အောင်ဆန်းစုကြည်ကတော့ မီဒီယာရဲ့ အခန်းကဏ္ဍ အရေးကြီးပုံနဲ့ မီဒီယာသမားတွေရဲ့ လိုအပ်ချက်တွေကို ပြုပြင်ကြဖို့ တိုက်တွန်းခဲ့သလို လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်ကတော့ ဖမ်းဆီးထားတဲ့ မီဒီယာသမားတွေကို အချုပ်အနှောင်က လွှတ်ပေးဖို့ ပြောဆိုခဲ့ ပါတယ်။ ဒီနေရာမှာလည်း ဦးရဲထွဋ် ရှုံးတယ်လို့ပဲ ပြောရမှာပါ။

ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံမှာ မီဒီယာလွတ်လပ်ခွင့် ရှိနေပါပြီလို့ အစိုးရ အာဘော် သတင်းစာနဲ့ သူတို့နဲ့ နီးစပ်တဲ့ မီဒီယာတွေက တွင်တွင်ကျယ်ကျယ် ရေးသားနေပေမယ့်လည်း တကယ်တမ်းတော့ မီဒီယာ လွတ်လပ်ခွင့် ရဖို့အတွက် အစပျိုးကာလလို့ပဲ သုံးသပ်ရဦးမယ့် အနေအထားပဲ ရှိပါတယ်သေးတယ်။ အဲဒီလို အခြေအနေမှာ ဦးရဲထွဋ်ရဲ့ ပြောဆိုမှုတွေဟာ မှန်ကန်မှုမရှိဘူးလို့ ပြောရမှာဖြစ် သလို ဒေါ်အောင်ဆန်း စုကြည်ရဲ့ ပြောဆိုမှုဟာ တကယ့်ကို လက်တွေ့ကျတဲ့ အခြေအနေပါ။ မီဒီယာသမားတွေရဲ့ လိုအပ်ချက်နဲ့ ပတ်သက်လို့ သတင်းသမားငယ်တွေဟာ Homework မလုပ်ကြဘူးလို့ ပြောတဲ့အပေါ် တချို့သောသတင်း သမားတွေက နာလိုခံခက် ဖြစ်နေကြပါတယ်။ တကယ်တော့ အဲဒီစကားဟာ မှန်ကန်ပြီး လက်တွေ့ကျတဲ့ စကားပါ။ ဒါကတော့ ဘုန်းကံနဲ့မဆိုင်ဘဲနဲ့ လက်တွေ့ဖြစ်ပျက်မှု အခြေအနေအပေါ်မှာ လွတ်လပ်စွာ သုံးသပ်ခြင်းနဲ့ တွေးခေါ်မြော်မြင်မှု အပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဦးရဲထွဋ် ရှုံးလိုက်တာပါ။

ဒါတင်လား မဟုတ်ပါဘူး။ အုပ်ချုပ်ရေးပိုင်းမှာ ပါဝင်တဲ့ အစိုးရအဖွဲ့ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်နဲ့ ပတ်သက်လို့လည်း ထိရောက်တဲ့ စကားလုံးတွေနဲ့ ဥပဒေပြုရေးဖြစ်တဲ့ လွှတ်တော်အမတ် ဒေါ်အောင်ဆန်း စုကြည် က မီဒီယာလောကအတွက် လိုအပ်ချက်တစ်ခုကို အခုလို ထောက်ပြဝေဖန်ရင်း၊ အစိုးရအဖွဲ့ရဲ့ လိုအပ်ချက်ကို ပွင့်ပွင့်လင်းလင်း ဖော်ထုတ်ရင်း အနိုင်ယူ ခဲ့ပြန်ပါသေးတယ်။

““ကျွန်မတို့ဟာ ဥပဒေပြုရေးဆိုင်ရာနဲ့ ပတ်သက်လို့၊ သတင်းသမားများနဲ့ ပတ်သက်လို့၊ စာနယ်ဇင်း လောကနဲ့ ပတ်သက်လို့ ကောင်းတဲ့ ဥပဒေတွေကို ပေါ်ထွက်လာဖို့အတွက် ကြိုးစားပါမယ်။ ဒါပေမဲ့ ဒီဥပဒေတွေ တကယ် ထိရောက်နိုင်ဖို့အတွက် လုပ်ရမှာကတော့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာရဲ့ တာဝန်ဖြစ်ပါတယ်။ နည်းဥပဒေ တွေ မထွက်သေးတာဟာလည်း အုပ်ချုပ်ရေးပိုင်းဆိုင်ရာရဲ့ တာဝန်ပါပဲလို့ ၀န်ကြီးကို သတိပေးပါရစေ””တဲ့။ ဒါကလည်း ကျွန်တော့် မိတ်ဆွေ မီဒီယာသမားပြောသလို ဦးရဲထွဋ် ရှုံးပြန်ပြီပေါ့။

ဆောင်းပါးကို ဘုန်းကံနဲ့ စထားတာမို့ ဘုန်းကံနဲ့ပဲပြန်ဆုံးပါရစေ။ ဘုန်းကံနဲ့ ပတ်သက်လို့ ကမ္ဘာကျော် မင်းကွန်း ဆရာတော်ဘုရားကြီးက မိန့်မှာခဲ့ဖူးတာ တစ်ခုရှိပါတယ်။ အဲဒါကတော့ ““ကိလေသာနဲ့ဘုန်းကံဆိုတာ ချိန်ခွင် တစ်ဖက်စီမှာ ထည့်ထားတဲ့ အလေးတွေလိုပါပဲ။ တစ်ဖက်က လျော့ လာသလောက် တစ်ဖက်က တက်လာတာ။ လောဘ၊ ဒေါသ၊ မောဟ အခြေခံကိလေသာ ၃ မျိုးထဲက တစ်မျိုး၊ တစ်မျိုး လျော့သွားတိုင်း ဘုန်းကံကလည်း တစ်ဆ၊ နှစ်ဆ တိုးတက် လာတာပါပဲ။ ကိလေသာဘက်က လျော့သလောက် ဘုန်းကံဘက်က တိုးလာတာ မျိုးပါ””တဲ့။

ဆောင်းပါးပါ အချက်အလက်အရ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကို ထိခိုက်စေလိုတာ မဟုတ်ပေ မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘုန်းကံတွေ ရှိနေသေးတယ် ဆိုတာကို မီးမောင်းထိုးပြ လိုရင်းပါ။ ဆောင်းပါး မှာ ဒေါ်အောင်ဆန်းစုကြည်ကို အထူးပြုပြီး ရေးထားလို့ဘာများ တံစိုးလက်ဆောင် ရထားသလဲလို့ ဆိုရင်တော့ ဘာမှ မရရပါကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘုန်းကံနဲ့ နိုင်ငံတကာက အသိအမှတ်ပြုမှုကို မျက်ကွယ် ပြုထားသူတွေကို သိစေလိုရင်းသာ ဖြစ်ပါကြောင်း။

အောင်ထွန်းလင်း

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

နှစ်ပေါင်းများစွာ အတိုက်အခံ နိုင်ငံရေးသမားတွေ၊ တိုင်းရင်းသားတွေအပေါ်မှာ ဖိနှိပ်လာတဲ့ ဥပဒေတစ်ခု၊ ပယ်ဖျက်သင့်တဲ့ ဥပဒေတစ်ခုကို ပြန်သုံးမယ်ဆိုတာက အာဏာရှင် စနစ် ပြန်လာပြီလို့ အသိပေးတဲ့သဘော သက်ရောက်နေပါတယ်။ ရွေးကောက်ပွဲနီးလေ ရာဇသံတွေ၊ အာဏာစက်တွေ ပြင်းလာလေ ဖြစ်နေပါပြီ …

““တပ်မတော်ကြီးလည်း ချီလာပါပြီ။ အောင်တပ်မတော်ကြီးလည်း ချီလာပါပြီ”” …

သမ္မတကြီးရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲက အောင်သံတွေ ဝေေ၀စည်ပြီး တစ်နိုင်ငံလုံး ငြိမ်းချမ်းရေး စာချုပ်ကြီး ကို ခုပဲချုပ်ဆို ရတော့မလိုလို အသံတွေ သောသောညံခဲ့ပြီးနောက် ကြားရတဲ့ အသံတွေ ကတော့ သေနတ်သံ တွေ ဖြစ်လို့ နေခဲ့ပါတယ်။

ဒါတင်မက ဒီရက်ပိုင်းမှာတင် ထုတ်ပြန်လိုက်တဲ့ ကိုးကန့်အဖွဲ့ရဲ့ ပန်ဆန်းညီလာခံ သတင်းတွေ ဖော်ပြရင် မီဒီယာတွေကို အရေးယူမယ်ဆိုတဲ့ ခြိမ်းခြောက်တဲ့ ကြေညာချက်ကလည်း တပ်မတော်ကြီးရဲ့ စစ်ချီသံနဲ့အတူ ပေါ်ထွက်လို့လာပါတယ်။

မတရားသင်း ဆက်သွယ်မှုပုဒ်မ ၁၇/၁ ကိုကိုင်ပြီး စစ်အစိုးရ ခေတ်တစ်လျှောက်လုံး သာမန်၊ အရပ်သား၊ မီဒီယာ၊ လူမှုရေးဆောင်ရွက်သူ၊ ရှေ့နေစသည့် နယ်ပယ်စုံက ပုဂ္ဂိုလ်အမျိုးမျိုးကို ဖမ်းဆီး ထောင်ချခဲ့မှုတွေ ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၃ နှစ်လယ်လောက်ကစပြီး ၁၇/၁ နဲ့ ဖမ်းဆီး ထောင်ချမှု မရှိတော့ပေမယ့် တရားစွဲဆိုမှု၊ ခေတ္တခေါ်ယူ ထိန်းသိမ်းမှုတွေ ကို ပြုလုပ်နေဆဲပါပဲ။

ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ၊ ငြိမ်းချမ်းရေး အကျိုးတော်ဆောင် အဖွဲ့တွေ၊ ငြိမ်းချမ်းရေး လှုပ်ရှားသူတွေ၊ တိုင်းရင်းသား လွှတ်တော်အမတ်တွေက ဒီ ၁၇/၁ ပုဒ်မကို ဘာကြောင့်မဖျက် သိမ်းသေးလဲ ဆိုတာကို မေးခွန်းထုတ်ခဲ့ကြပါတယ်။

ဒါပေမဲ့ ဖမ်းဆီးမှု၊ ထောင်ချမှု မရှိတော့တဲ့အတွက် ရှဥ့်လည်း လျှောက်သာ၊ ပျားလည်းစွဲသာ ဆိုသလို ပြင်းပြင်း ထန်ထန် ဝေဖန်ခဲ့တာတော့ မရှိခဲ့ပါဘူး။

အဲဒီလို ၁၇/၁ နဲ့ တရားစွဲဆိုမှုတွေ ယာယီရပ်ဆိုင်းထားပြီး ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ဆက်တိုက် လုပ်နေစဉ် ကတည်းက တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်အချို့က သူတို့အနေနဲ့ တိုင်းရင်းသား လက်နက်ကိုင် တွေနဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာချင်ပေမယ့် ၁၇/၁ ကြောင့် အခက်အခဲ ဖြစ်နေခဲ့တယ်လို့ ပြောကြားခဲ့တာ တွေရှိပါတယ်။

ကချင်ပြည်နယ် မဂျားယန်မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူဆိုရင် ဒီကိစ္စနဲ့ပတ် သက်ပြီး မီဒီယာ တော်တော်များများကို ဖွင့်ဟခဲ့ဖူးပါတယ်။

““ကျွန်မတို့ လွှတ်တော် ကိုယ်စားလှယ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ ဆွေးနွေးဖြစ်တာတွေ မရှိသေး ဘူး။ ဒီနေ့ ဒီအချိန်အထိ။ အဲဒီမှာ သူတို့ပြောတာလည်း လက်နက်ကိုင်တွေ အနေနဲ့ မတရားအသင်း ကြေညာ ခံထားရတဲ့ အခါကျတော့ ၁၇/၁ တွေ လုပ်ထားတော့ သူတို့အနေနဲ့ ဒီဘက်မှာ ဆွေးနွေးလို့ရှိရင် ကျွန်မတို့ အတွက်လည်း စိုးရိမ်တယ်။ လက်နက်ကိုင်တွေက ကျွန်မတို့အတွက်လည်း စိုးရိမ်တယ်။ အဲဒီတော့ ဒီပုဒ်မ ကြောင့် ကျွန်မတို့က ထိထိရောက်ရောက် ပွင့်ပွင့်လင်းလင်း တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ လွှတ်တော် ဘက်က တိုင်းရင်းသား ကိုယ်စားလှယ်တွေနဲ့ ထိပ်တိုက် ဆွေးနွေးဖို့ဆိုတာ အခုအချိန်အထိ မရှိသေး ဘူးပေါ့နော်။ တကယ်တမ်းဆို အဲဒီလို တွေ့ဆုံ ဆွေးနွေးသင့်တယ်။ ဘာဖြစ်လို့လဲ ဆိုလို့ရှိရင် ဟိုဘက်က လက်နက်ကိုင် တိုင်းရင်းသားတွေ လိုလားတဲ့ အချက်တွေနဲ့ လွှတ်တော်ထဲမှာရှိတဲ့ တိုင်းရင်းသားတွေ လိုလားတာ အတူတူပဲဆိုတာ ကျွန်မတို့က သိနေတယ်။ ဒါပေမဲ့ မတွေ့ဆုံနိုင်ဘူး။ ကျွန်မတို့ဆီမှာ အဟန့်အတားပေါ့နော်၊ မတရားအသင်း ၁၇/၁ ကြီးက အဟန့်အတား တစ်ခု ဖြစ်နေသေးတယ် ဆိုတာကတော့ သိသာ ထင်ရှားပါတယ်””ဟု ဒေါ်ဒွဲဘူက ပြောခဲ့သည်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲ မတိုင်ခင် ပြည်နယ်အဆင့် ပြည်ထောင်စု အဆင့်တွေမှာ ဆွေးနွေးနေကတည်းက ၁၇/၁ ကို အဓိကထား ဆွေးနွေးခဲ့မှုတွေ ရှိခဲ့ပေမယ့် အစိုးရက တိတိပပ မပြောခဲ့ဘူး။ သဘောတူညီချက်တွေ နဲ့ပဲ အဲဒါကို ကျော်ဖြတ်ခဲ့တာ များတယ်လို့ တိုင်းရင်းသား လက်နက်ကိုင်တွေ ဘက်ကလည်း ဖွင့်ဟပြောကြား တာတွေ ရှိခဲ့ပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးရဲ့ အတွင်းရေးမှူး ကိုမျိုးဝင်းကတော့ အစိုးရက ဒီလို ၁၇/၁ ကို ကိုင်ထားတာ သူတို့ရဲ့ လှုပ်ရှားမှုတွေကို သိအောင် လုပ်ထားတာလို့ ပြောခဲ့တယ်။

““ကျွန်တော်တို့ ခရီးသွားမယ်ဆိုရင် ဒီဘက်ခြမ်းမှာရှိနေတဲ့ မြ၀တီကို အကြောင်းကြားရတယ်။ ဘယ်သူ ဘယ် သွားမယ်။ အကြောင်းကြားရင် ကြိုက်တဲ့နေရာ သွားလို့ရတယ်။ အဲဒါနဲ့ကိုင်ထားတာ။ ဘာကြောင့် အရေးကြီးလဲ ဆိုတာ ဥပမာပြောတာ တစ်ခုပဲရှိတယ်။ လွတ်လပ်စွာ ခရီးသွားလာခွင့်ဆိုတာ ၁၇/၁ ပုဒ်မနဲ့ ပတ်သက်ပြီး သဘောတူညီချက်အရ အပြန်အလှန် အကြောင်းကြားရမယ်။ ကျွန်တော်တို့ဆီ သူတို့လာစရာ မရှိဘူးလေ။ ဒီကိုပဲ လာစရာ များတာကိုး။ အဲဒီတော့ နှစ်ဖက် အပြန်အလှန် အသိပေး အကြောင်းကြားရမယ် ဆိုတော့ သဘောတူညီချက် ညှိနှိုင်းမှုဘက်တော့ များသလိုပဲ။ နှစ်ဖက် အပြန်အလှန် အသိပေး အကြောင်းကြား ရမယ်လေ။ နှစ်ဖက်စလုံးအတွက် မျှအောင် ရေးထားတာကိုး။ ဒါပေမဲ့ ကိုယ့်ဆီလာစရာမှ မရှိတာကိုး။ သူတို့ဆီပဲ သွားမယ်ဆိုတော့ ကိုယ်ကပဲ အကြောင်းကြားနေရတယ်။ ၁၇/၁ ကြောင့် ကိုယ်က ဘယ်နေရာပဲ ထွက်ထွက်။ အိန္ဒိယက လာမယ်ဆိုရင် တမူးအကြောင်းကြား၊ မြောက်ဘက်က လာမယ်ဆိုရင် မူဆယ်ကို အကြောင်းကြား၊ မွန်ဘက်က လာမယ်ဆိုရင် ဘုရားသုံးဆူ အပိုင်းကို အကြောင်းကြား၊ မြ၀တီဘက် ကူးမယ် ဆိုရင်လည်း တရားဝင် လက်မှတ် ဟိုဘက်ကနေပြီးတော့ ယူရတယ်။ ၁၇/၁ နဲ့ ကိုင်ထားတယ်ဆိုတာ ကျွန်တော်တို့ သွားလာလှုပ်ရှားမှုကို သိနိုင်ဖို့အတွက် အဓိက လမ်းစ လုပ်ထားတာပဲ””လို့ ပြောခဲ့ပါတယ်။

ဆိုတော့ အဲဒီအချိန်ကတည်းက အစိုးရဟာ ၁၇/၁ ကို ထုတ်မသုံးပေမယ့် တစ်ဖက်လှည့်နဲ့ အသုံးချထား တယ်ဆိုတာ ဘွင်းဘွင်းကြီး ပေါ်နေခဲ့ပါတယ်။

ဒါပေမဲ့လည်း ငြိမ်းချမ်းရေး ခေါ်သံတွေ ဝေဆာနေတော့ အားလုံးက ဒါကို ခဏမေ့ထားပြီး ငြိမ်းချမ်းရေး အတွက်ပဲ အာရုံစိုက် ထားခဲ့ကြတာပါ။

ငြိမ်းချမ်းရေးအတွက် ဦးဆောင်ကြိုးပမ်းနေသူလို့ အသိအမှတ်ပြုထားတဲ့ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ကိုယ်တိုင်က တစ်ဦးဦးကိုသာ ၁၇/၁ နဲ့ ဖမ်းခဲ့ရင် သူကိုယ်တိုင် အချုပ်ထဲ ၀င်မယ်လို့ ပြောခဲ့တဲ့ ပြောကြား ချက်တွေကြောင့်လည်း ဒီလို ခဏမေ့ထားနိုင်ခဲ့တာပါ။

ဒါပေမဲ့ ခုလို တပ်မတော်ကြီးကနေ ခုလိုကိုးကန့်နဲ့ ဆက်သွယ်ရင် မတရားသင်းပုဒ်မနဲ့ မီဒီယာတွေကို အရေးယူ မယ်လို့ ခြိမ်းခြောက်လိုက်ပြီဆိုတော့ ၁၇/၁ ပုဒ်မက အရင်ကလို နောက်ကွယ်က အသုံးချခံ မဟုတ်တော့ဘဲ စင်ပေါ် ပြန်တက်လာပြီလို့ ဆိုရမှာပေါ့။

အဲဒီမတိုင်ခင် ကတည်းကလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စာနယ်ဇင်းကောင်စီနဲ့ တွေ့ကတည်းက ၁၇/၁ ပုဒ်မက ဖျက်သိမ်းထားတဲ့ပုဒ်မ မဟုတ်ဘဲ ဥပဒေအရ အာဏာသက်ရောက်နေဆဲ ပုဒ်မဖြစ်တယ်လို့ ထုတ်ပြော ထားပြီးသား ရှိပါတယ်။

မတရားသင်းဆက်သွယ်မှုပုဒ်မ ၁၇/၁ က ခုထိ ဖျက်သိမ်းထားတာ မဟုတ်တဲ့ စစ်အစိုးရ အာဏာရှင် ခေတ်က ကျင့်သုံးတဲ့ အမြင်ကတ်ပုဒ်မတွေထဲက ပုဒ်မတစ်ခုပါပဲ။

ဒီပုဒ်မနဲ့ပဲ လက်ရှိ Tomorrow ဂျာနယ်က ဒါရိုက်တာအဖွဲ့ဝင်၊ စာနယ်ဇင်းကောင်စီရဲ့ အဖွဲ့ဝင် ကိုဇော် သက်ထွေးတို့ စစ်အစိုးရလက်ထက်က ထောင်ဒဏ်တွေ ကျခံခဲ့ရဖူးပါတယ်။

အဲဒီလိုပဲ စစ်အစိုးရလက်ထက်က ထောင်ဒဏ်ကျခံခဲ့ရတဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေဖြစ်တဲ့ ကေအန်ယူ က ဗဟိုအလုပ်အမှုဆောင် ပဒိုမန်းငြိမ်းမောင်၊ ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၊ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်တို့ရဲ့ ထောင်ဒဏ်ပြစ်ဒဏ်တွေထဲမှာ ၁၇/၁ ပုဒ်မက ထိပ်ဆုံးက ပါဝင်ခဲ့ပါတယ်။

ဥပဒေလို့ဆိုနေပေမယ့် စစ်အစိုးရခေတ်က ညွှန်ကြားချက် တစ်စောင်သာဖြစ်တဲ့ အဲဒီပုဒ်မမှာ ပါဝင်တဲ့ မတရားသင်းဆိုရာမှာ မြန်မာနိုင်ငံမှာ မတရားသင်း ကြေညာခံထားရတဲ့ အဖွဲ့အစည်းတွေ အားလုံးကို ဆိုလိုခဲ့ တာဖြစ်ပြီး လက်ရှိငြိမ်းချမ်းရေး လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေရော၊ လက်မှတ် မထိုးထားတဲ့ အဖွဲ့တွေအားလုံး ပါပါတယ်။

ဥပဒေက တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်း တစ်ခုတည်းကို သက်ရောက်တဲ့ ဥပဒေဆိုတာ မရှိပါဘူး။ ဥပဒေလို့ သုံးစွဲပြီဆိုရင် အားလုံးအပေါ်မှာ တစ်ပြေးညီ သက်ရောက်ပါတယ်။

ဆိုတော့ ၁၇/၁ ဥပဒေ အတိုင်းသာဆိုရင် ကျွန်တော်တို့ ငြိမ်းချမ်းရေးအတွက် အကျိုးရှိမယ့် သတင်းတွေ ရေးလို့ မရပါဘူး။ ဘယ်အဖွဲ့ကိုမှ ဆက်သွယ်ပြီး ရေးလို့မရပါဘူး။

ဒါဟာ မီဒီယာ လွပ်လပ်ခွင့်ကို အကြီးအကျယ် ခြိမ်းခြောက်တာလို့ပဲ ပြောရတော့မှာပါ။ ကိုးကန့်အဖွဲ့ သတင်း တွေကို ဖော်ပြလို့မရဘူးဆိုတာ ကိုးကန့်အဖွဲ့ရဲ့ သတင်းထုတ်ပြန်ခွင့်ကို ကန့်သတ်တာ မဟုတ်ပါဘူး။ လူထုရဲ့ သိပိုင်ခွင့်ကို ကန့်သတ်တာပါပဲ။

ဒီကိစ္စကိုကြည့်ရင် တကယ်တမ်းတော့ စစ်တပ်နဲ့ လက်ရှိအာဏာရအစိုးရဟာ လူထုကို အင်မတန်ကို လျှော့တွက်ပါတယ်။ ပြည်သူလူထုပဲဖြစ်ဖြစ်၊ မီဒီယာပဲဖြစ်ဖြစ် သူတို့မှာ ကိုယ်ပိုင်ချင့်ချိန် ဆုံးဖြတ်နိုင်စွမ်း ရှိပါတယ်။

ဘယ်သူက မှားတယ်။ မှန်တယ်ဆိုတာကို သူတို့ ပြောဆိုချက်တွေသာမက လုပ်ရပ်နဲ့လည်း ချင့်ချိန်စဉ်း စားရမယ်ဆိုတာ ပြည်သူလည်း သိပါတယ်။ မီဒီယာလည်း သိပါတယ်။

ဒါဟာ ပြည်သူလူထုမှာ ချင့်ချိန်နိုင်စွမ်း မရှိဘူးလို့ အစိုးရက တစ်ဖက်သတ် ဆုံးဖြတ်ပြီး ပိတ်ပင်တဲ့ကိစ္စလို့ပဲ ထင်မြင်ယူဆရမှာပါ။

တကယ်တမ်းတော့ ဒါဟာ မြန်မာစစ်တပ်က နှစ်ပေါင်းများစွာ အသုံးပြုလာတဲ့ ဖြတ်လေးဖြတ် မဟာဗျူဟာကို သုံးတာပါပဲ။ နှစ်ပေါင်းများစွာ အတိုက်အခံ နိုင်ငံရေးသမားတွေ၊ တိုင်းရင်းသားတွေအပေါ်မှာ ဖိနှိပ်လာတဲ့ ဥပဒေတစ်ခုကို ပြန်သုံးမယ်ဆိုတာက အာဏာရှင်စနစ် ပြန်လာပြီလို့ အသိပေးတဲ့သဘော သက်ရောက်နေ ပါတယ်။

ရွေးကောက်ပွဲနီးလေ ရာဇသံတွေ၊ အာဏာစက်တွေ ပြင်းလာလေ ဖြစ်နေပါပြီ။

မေလ ၃ ရက်နေ့က ထုတ်ပြန်လိုက်တဲ့ ကြေညာချက်အရ ဆိုရင်တော့ စစ်တပ်နဲ့အစိုးရဟာတော့ ၁၇/၁ ကို စစ်ရေး၊ နိုင်ငံရေး လက်နက်သဖွယ် သုံးနေတာ အထင်အရှား တွေ့ရပါတယ်။

၁၇/၁ ကို ကျော်လွှားချင်တဲ့အချိန် ကျော်လွှား၊ ချန်ထားချင်တဲ့အချိန် ချန်ထားခဲ့ပြီး လိုအပ်ရင် လိုအပ်သလို ထုတ်သုံး တာကတော့ တကယ့်ကို ရှေ့သွားနောက်လိုက် မညီတဲ့ ကိစ္စရပ်တစ်ခုပါပဲ။

ကြေညာစာကို အတည်ပြုရမယ်ဆိုရင် ကိုးကန့် တပ်ဖွဲ့(MNDAA)က မတရားသင်း ကြေညာထားတဲ့ အဖွဲဆိုရင် ဘယ်အဖွဲ့ကို မတရားသင်းက ပယ်ဖျက်ထားပါသလဲ။

တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် မချုပ်ရသေးသမျှ ကျန်အဖွဲ့တွေဟာ မတရားသင်း ပယ်ဖျက်ခံရခြင်း မရှိသေး ပါဘူး။

ကိုးကန့်တပ်ဖွဲ့(MNDAA)ကို သီးခြား အထီးကျန်အောင် ခွဲခြားချင်တာလား။ ကျန် လက်နက်ကိုင်တွေကို အပစ်ရပ်စာချုပ် မချုပ်ချုပ်အောင် ဖိအားပေးချင်တာလား။

သေချာတာက ၁၇/၁ နဲ့အတူ ပါလာတဲ့ ကန့်သတ်ချုပ်ချယ်မှု၊ ခြိမ်းခြောက်ဟန့်တားမှု၊ ဖိအားပေးမှု၊ အကြောက် တရားတွေနဲ့အတူ အာဏာရှင်စနစ်ရဲ့ ပြင်းပြတဲ့ အငွေ့အသက်တွေက ရွေးကောက်ပွဲနီးလေ ပေါ်ထွက် လာလေလိုလို ဖြစ်နေပါတယ်။

၁၇/၁ ကို ပြန်အသက်သွင်းသလို စစ်အာဏာရှင် စနစ်ကြီးကိုလည်း ပြန်လည် အသက်မသွင်းပါနဲ့လို့ မြန်မာ သံတော်ဆင့်က သတိပေးပါရစေ။

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

“ကြိုတင်မဲကို ဆာလာအိတ်နဲ့ထည့်ပြီး လိုသလို ကုလားဖန်ထိုးသွားတာ ၂၀၁၀ တုန်းက ခံခဲ့ရပြီးပြီ . . . ခဲမှန်ဖူးတာကို နောင်ထပ်ပြီးတော့ ခဲအမှန်ခံရရင် ခဲအမှန်ခံတဲ့ပုဂ္ဂိုလ်ရဲ့ အားနည်းချက်ပဲ ဖြစ် လိမ့်မယ် . . .”
၂၀၁၅ ရွေးကောက်ပွဲ ကြိုတင်ပြင်ဆင်မှုများနှင့် ပတ်သက်၍ အစဉ်အလာ ပါတီကြီးတစ်ခုဖြစ်ခဲ့ပြီး တစ်ပါတီ အာဏာရှင် ဦးနေ၀င်း၏ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီမှ အသွင်ပြောင်းလဲလာသော တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ၏ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးထွန်းရီနှင့် တွေ့ဆုံမေးမြန်း ထားသည်များကို ဖော်ပြ လိုက်ပါသည်။

မေး – ဆရာတို့ ပါတီအနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲကို ဘယ်လို ပြင်ဆင်မှုတွေ ပြုလုပ်ထားလဲ။

ဖြေ – ပထမ တစ်ချက်အနေက အန်ကယ်တို့ ပါတီအနေနဲ့ အခြေခံဥပဒေကို လေးစားတယ်။ အခြေခံဥပဒေကို မဏ္ဍိုင်ပြုတဲ့ ပါတီဖြစ်တဲ့ အခြေခံဥပဒေက သတ်မှတ်တဲ့၊ ရွေးကောက်ပွဲ နည်းလမ်းကို အမြဲတမ်းဖြတ်သန်း တယ်။ ၁၉၉၀ ပြည့် ရွေးကောက်ပွဲတုန်း က ရွေးကောက်ပွဲ ၀င်ခဲ့တာပေါ့ ၂၀၁၀ ရွေးကောက်ပွဲလည်း ၀င်ခဲ့တာပဲ၊ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲလည်း ၀င်ခဲ့တာပဲ။ အဲဒီတော့ ၂၀၁၅ ရွေးကောက်ပွဲလည်း အန်ကယ်တို့ ပါတီအနေနဲ့ ၀င်ပြီးပြိုင်သွားမှာပါ။ လမ်းစဉ်ပါတီ လက်ထက်တုန်းက အာဏာရပါတီ တစ်ပါတီပဲ ရှိတဲ့အခါ ကျတော့ ကျယ်ကျယ်ပြန့်ပြန့် ဟိုတုန်းကတည်းက ဖွဲ့စည်းထားပြီးသား ဖြစ်တဲ့အခါ ကျတော့ပါတီစုံ ပြောင်းတဲ့ အခါကျတော့ အန်ကယ်တို့ တစညပါတီဟာ အလိုအလျောက် အခြေခံရုံးတွေရော၊ လူတွေရော အဆင့်သင့် ရှိပြီးသား၊ သူများနဲ့ မတူတဲ့ သဘာဝပေး အခြေအနေပေါ့လေ တခြားလူတွေက ၈၈ ပါတီစုံ ထောင်နိုင်ပြီဆိုမှ အသစ်စပြီးတော့ ဖွဲ့ကြတယ်။ ပြည်ခိုင်ဖြိုး ဆိုရင်လည်း သူဟာသူ အင်အားတို့ ငွေကြေးတို့ ရှိတယ် ဆိုပေမယ့် နောက်ပိုင်းကျတော့ မှ ပြည်ခိုင်ဖြိုး အသင်းကနေပြီးတော့ ပါတီထောင်တာ။ စလုပ်လုပ်ချင်းတော့ မရှိဘူး။ NLD လည်း အလားတူပဲပေါ့။ တကယ့်တကယ်ကျတော့ ပါတီစုံ ထောင်လို့ရမှပဲ စထောင်ခဲ့တာ။ ဒါကြောင့် အန်ကယ်တို့ ပါတီရဲ့ လက်ရှိ ဖွဲ့စည်းပုံကြည့်ရင် ဌာနချုပ်မှာလည်းပဲ ဗဟိုအဆင့် အဖွဲ့အစည်း ဖွဲ့ထားတယ်။ ပြည်နယ်နဲ့တိုင်း ၁၄ ခုမှာ အန်ကယ်တို့က ရုံး ၁၆ ရုံး ဖွင့်ထားသလို မြို့နယ်တွေမှာလည်းပဲ ၃၀၅ မြို့နယ် လောက်မှာ အခြေစိုက်ရုံးတွေ ဖွဲ့ထားပြီးသား။ အဲဒီတော့ အဲဒီလို ဖွဲ့ထားတဲ့နောက်မှာ အန်ကယ်တို့မှာ ပါတီဖွဲ့စည်းပုံ စည်းမျဉ်းဆိုတာ ဗဟိုကော်မတီ အစည်းအဝေးက အတည်ပြုထားတဲ့ စည်းမျဉ်းနဲ့အညီ ခုန အဖွဲ့အစည်း အဆင့်ဆင့်ကို ဖွဲ့စည်းထားပြီးပြီဆိုတဲ့ ဗဟိုမှသည် ရပ်ကွက်ကျေးရွာ အဆင့်ထိအောင် ဖွဲ့ထားတယ် ဆိုတဲ့အနေအထား ရှိတဲ့အခါကျတော့ စောစောကစကား ပြန်ကောက်ရရင် အန်ကယ်တို့ ပါတီက အခြေခံဥပဒေကို မဏ္ဍိုင်ပြုတဲ့ ပါတီဖြစ်တဲ့ အခါကျတော့၊ အခြေခံဥပဒေက သတ်မှတ်တဲ့ ရွေးကောက်ပွဲတွေမှာ အမြဲမပြတ် ၀င်ပြိုင်ခဲ့တဲ့ အနေအထားတွေ ရှိတဲ့အခါကျတော့ အဲဒီပေါ်မှာ မူတည်ပြီးတော့ အရင့်အရင်တုန်းက ရွေးကောက်ပွဲတွေက ၀င်ပြိုင်ခဲ့သလို လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာလည်းပဲ။ ပြိုင်သွားမှာပဲ ပြိုင်တဲ့ အခါကျတော့ ၂ ပိုင်းပြောချင်တာက ၂၀၁၀ တို့ ၁၉၉၀ ရွေးကောက်ပွဲတွေ တုန်းကတော့ မဲဆန္ဒနယ်အကုန် အန်ကယ်တို့ဝင် ပြိုင်ခဲ့တယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာတော့ အန်ကယ်တို့က ခပ်စောစောကတည်းက ဘာမူ ချထားလည်းဆိုရင် မြို့နယ်တွေကို စည်းရုံးရေး အင်္ဂါရပ်တွေ ချပေးထားတာ ရှိတယ်။ တချို့တချို့သော အပိုင်း တွေ ရွေးကောက်ပွဲနီးမှ ကောက်ခါငင်ခါ စီမံတဲ့ သဘောမဟုတ်ဘူး။ အန်ကယ်တို့ ပါတီအနေနဲ့ ပါတီရဲ့ အသက်က စည်းရုံးရေးပဲ ပါတီဘာလို့ ထောင်ထားတယ်။ စည်းရုံးရေး လုပ်ဖို့ထောင်တယ်။ ဒါကြောင့်မို့လို့ အန်ကယ်တို့ဟာ ပါတီတစ်ရပ်အနေနဲ့ အဓိကကျတဲ့ စည်းရုံးရေး လုပ်ငန်းကို စဉ်ဆက်မပြတ် လုပ်နေတယ် ဆိုတဲ့အနေအထား။ အဲဒါကိုက ဘာဖြစ်လို့လုပ်တယ်။ ပါတီရဲ့မူတွေ၊ ၀ါဒတွေ၊ လုပ်ငန်းစဉ်တွေကို ပြည်သူတွေ သဘောပေါက်အောင် ရှင်းပြဖို့ ဆောင်ရွက်ဖို့အတွက် စည်းရုံးတာ။ အဲဒီ စည်းရုံးတာတွေမှာတင် ပါတီကို သဘောကျလာရင် ထောက်ခံလာလျှင် အလိုအလျောက် ရွေးကောက်ပွဲမှာ အောင်နိုင်ရေးအတွက် အထောက်အကူပြုမယ်။ တစ်နည်းအားဖြင့် ရွေးကောက်ပွဲ အောင်နိုင်ရေး၊ စည်းရုံးရေး လှုပ်ရှားမှု လုပ်ငန်း တွေကို ပါတီတစ်ရပ် အနေနဲ့ လုပ်သင့်လုပ်ထိုက်တာကို ရေရှည်လည်းပဲ လုပ်နေတယ် ဆိုတဲ့အချက်က တစ်ချက်ပေါ့။

ဟိုးတုန်းက ရွေးကောက်ပွဲ ၀င်သလိုမျိုး အကုန်လုံး ၀င်မယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ဆုံးဖြတ်ချက် မချထားဘူး။ အခြေအနေ အရပ်ရပ်ကို အကဲခတ်ပြီးတော့ လိုရင်းပြောမယ်ဆိုရင် အခြေအနေ အလားအလာ ကောင်းတဲ့ မဲဆန္ဒနယ်တွေကျမှ အန်ကယ်တို့ ရွေးကောက်ပွဲဝင်မယ့် အစီအမံ ချထားတော့ အဲဒါကို ဘယ်ပုံစံနဲ့ အန်ကယ် တို့ လုပ်တာလဲဆိုတော့ မြို့နယ် တစ်ခုချင်းကို အကဲခတ် ခိုင်းထားတယ်။ အကဲခတ်ပြီးတော့ မြို့နယ်ကို ၃ မျိုး ၃ စား ခွဲခိုင်းထားတယ်။

ရွေးကောက်ပွဲ ၀င်မယ်လို့ အလားအလာရှိတဲ့ မြို့နယ်တွေကို (က) အဆင့် မြို့နယ်တွေလို့ သတ်မှတ်ခိုင်း ထားတယ်။ (ခ) အဆင့် မြို့နယ်ဆိုပြီး မြို့နယ် အတန်းအစားတစ်မျိုး သတ်မှတ်ခိုင်းထားတယ်။ အဲဒိမြို့နယ် တွေကတော့ မဲဆန္ဒနယ် ၄ နေရာ ရှိတဲ့ထဲမှာ အကုန်ဝင်နိုင်မယ့်၊ အောင်နိုင်မယ့် အခြေအနေမျိုး မရှိဘူး။ တစ်နေရာစ၊ နှစ်နေရာစ အလားအလာရှိတယ်။ ရွေးကောက်ပွဲမှာ နိုင်ခြေရှိတဲ့မြို့နယ်မျိုးကို (ခ) အဆင့် မြို့နယ် အဖြစ် သတ်မှတ်ထားတယ်။ (က) အဆင့် မြို့နယ်တွေက အဆင့်အားလုံးအ ကုန်ဝင်မယ် (ခ) အဆင့် မြို့နယ်တွေက အဆင့်အားလုံး အကုန်အောင်နိုင်မယ့် အခြေအနေ မရှိဘူး။ တစ်နေရာစ၊ နှစ်နေရာစ ရွေးကောက်ပွဲ အလားအလာ နိုင်ခြေရှိတဲ့မြို့နယ်တွေကို ၀င်ပြိုင်သွားမယ်။ အဲဒီအချိန်မှာ ရွေးကောက်ပွဲဝင်ဖို့ တော်တော်လေး ကြိုးစားရဦးမယ်ဆိုတဲ့ မြို့နယ်မျိုးကို (ဂ) အဆင့် မြို့နယ်မျိုးလို့ သတ်မှတ်ထားတယ်။ လက်ရှိ နောက်ဆုံး အခြေအနေထိတော့ အန်ကယ်တို့ (က) အဆင့်မြို့နယ်မျိုးဟာ ၁၃၁ မြို့နယ်ရှိတယ်။ ဆိုလိုတဲ့ သဘောက မြို့နယ် ၃၀၀ ကျော်ရှိတဲ့ထဲမှာ အန်ကယ်တို့ပါတီက ၁၃၁ မြို့နယ်က အဆင့် ၄ ဆင့်လုံး အန်ကယ်တို့ပါတီ ၀င်ပြိုင်မယ်ဆိုတဲ့ အနေအထားပဲ။ (ခ) အဆင့် မြို့နယ်က ၉၁ မြို့နယ်ရှိတယ်။ အဲဒါကတော့ တစ်ယောက်စ၊ နှစ်ယောက်စ ၀င်ပြိုင်မယ့် မြို့နယ်တွေ ဖြစ်တော့ မြို့နယ်အရေအတွက်နဲ့ ကြည့်ရင် ၁၃၁ ရယ်၊ ဒီက ၉၁ ရယ် ဆိုရင် ၂၃၀ မြို့နယ်လောက်က အန်ကယ်တို့ ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ထားတယ်။ မဲဆန္ဒနယ် အရေအတွက်နဲ့ ကြည့်ရင် ဟို ၁၃၁ ယောက်က ၄ ယောက်နှုန်းဆိုရင် လူဦးရေ ၄၀၀ ကျော်လောက်တော့ ရှိမယ်။ ဆိုလိုတဲ့ သဘောက (ခ) အဆင့်မြို့နယ်က ၉၀ လောက်ရှိတော့ လူဦးရေအားဖြင့်တော့ ၁၈၀ လောက် ရှိမှာပေါ့။ စုစုပေါင်း ၀င်ပြိုင်မယ့် လူဦးရေက ၇၀၀ လောက်တော့ ရှိတယ်လို့ အန်ကယ်တို့ ခန့်မှန်းတယ်။ ရွေးကောက်ပွဲ အောင်နိုင်ရေး အဖွဲ့တွေကိုလည်း ဖွဲ့စည်းပေးထားတာ ရှိတယ်။ ဗဟိုမှာလည်း ဖွဲ့ထားတာ ရှိတယ်။ ရပ်ကွက် ကျေးရွာတွေမှာလည်း ဖွဲ့ထားတယ်။ ဥက္ကဋ္ဌ ကိုယ်တိုင်ပါပြီးတော့ ရွေးကောက်ပွဲ အောင်နိုင်ရေး အဖွဲ့တွေဖွဲ့ပြီးတော့ တိုင်းတွေမှာရော မြို့နယ်တွေမှာရော ရပ်ကွက်တွေမှာပါ ဖွဲ့စည်းထား ပါတယ်။

မေး – အောင်နိုင်ရေး ကော်မတီတွေ ဖွဲ့ပြီးပြီဆိုတော့ အောင်နိုင်ရေး ကော်မတီရဲ့ လုပ်ဆောင်ချက်တွေက ဘာကိုအဓိကထား လုပ်ဆောင်နေလဲ။

ဖြေ – အောင်နိုင်ရေးအဖွဲ့တွေက တော်တော်များတော့ ဖွဲ့ပြီးသွားပြီ ပေါ့နော်။ သေချာပေါက် မပြောနိုင်တာဟာ ဗဟိုတို့၊ ပြည်နယ်တိုင်းတို့ မြို့နယ်တွေမှာတော့ အန်ကယ် တို့က တောင်းတောင်းပြီးတော့သေချာပေါက် ကြည့်တာပေါ့။ ဖွဲ့ပြီးပြီလား၊ ရပ်ကျေး အဆင့်မှာတော့ မြို့နယ်ရဲ့တင်ပြချက်တွေရှိတော့ သိတာပေါ့။ များသော အားဖြင့်တော့ ဖွဲ့ပြီးတဲ့ နေရာတွေရှိသလို တချို့လည်းပဲ ဖွဲ့နေတဲ့ အနေအထားရှိတော့ ဗဟိုကနေမြို့နယ် အဆင့်ကတော့ အောင်နိုင်ရေး အဖွဲ့တွေ စနစ်တကျ ဖွဲ့စည်းပြီးသား။ သူ့လက်အောက်မှာ အဖွဲ့ငယ်လေးတွေ ကိုယ်စားလှယ် စိစစ်တာတို့၊ ရန်ပုံငွေရှာတာတို့၊ ပြန်ကြားရေး အဖွဲ့ငယ်တို့၊ စည်းရုံး လှုပ်ဆော်ရေး အဖွဲ့ငယ်တို့ သူတို့နဲ့ စနစ်တကျ ဖွဲ့စည်းပြီးတော့ လှုပ်ရှားဆောင်ရွက်တာတွေ ရှိတာပေါ့။

မေး – ဒါဆိုရင် အန်ကယ်တို့ပါတီ အနေနဲ့ တိုင်းနဲ့ပြည်နယ် အားလုံးမှာ ၀င်ပြိုင်ဖို့ရှိတဲ့ သဘောလားဆရာ။

ဖြေ – အဲ့ဒါကတော့ သေချာတယ်။ အန်ကယ်တို့ ၀င်မပြိုင်နိုင်တဲ့ အနေအထားကတော့ ပထမ တစ်ချက် ကတော့ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရထားတဲ့ နယ်မြေတွေမှာ အန်ကယ်တို့ ၀င်ပြိုင်နိုင်ဖို့ အခက်အခဲ ရှိတယ် ဆိုတော့ သူတို့ကိုယ်တိုင်က သူတို့ တိုင်းရင်းသားတွေရဲ့ အရေးပေးပြီးတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ယူထားတဲ့ နေရာတွေ ဖြစ်တော့ အဲဒီသွားတိုးဖို့ အခက်အခဲရှိတယ်။ နောက်တစ်ပိုင်းကတော့ အခုထက်ထိ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအတွက် ကြိုးပမ်းတုန်းပဲ ရှိသေးတယ်။ လက်မှတ်ထိုးတဲ့ အဆင့်တောင် မပြီးပြတ်သေး ဘူး။ လက်မှတ်ထိုးပြီး သည့်တိုင်အောင် တခြားလက်နက်ကိုင် အဖွဲ့အစည်းတွေ ရှိနေတဲ့ နေရာတွေမှာ အန်ကယ်တို့ သွားတိုးဖို့ မလွယ်သေးပေါ့။ အဲဒီလိုနေရာတွေက လွဲပြီးတော့ တစ်နိုင်ငံလုံး အန်ကယ်တို့ ရွေးကောက်ပွဲ ၀င်တဲ့ သဘောပါပဲ။

မေး – ၂၀၁၅ ရွေးကောက်ပွဲမှာ ဆရာတို့ပါတီအနေနဲ့ ကော်မရှင်ဘက်ကို ယုံကြည်မှု အတိုင်းအတာ ဘယ်လောက်ထိရှိလဲ။

ဖြေ – ရွေးကောက်ပွဲမှာ မတရားတဲ့ဒဏ်ကို အခံရဆုံးပါတီက အန်ကယ်တို့ပါတီပဲ။ ၂၀၁၅ ရွေးကောက်ပွဲဟာ တရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ်ဘူးလို့ လုံးဝ အသိအမှတ်ပြုထားတယ်။ အဲဒီခံခဲ့ရတဲ့ဒဏ်ဟာ အန်ကယ်တို့ အခံရဆုံးပဲ။ အဲဒါနဲ့ပတ်သက်ပြီး ရွေးကောက်ပွဲပြီးတည်း ကိုက နောက်ရွေးကောက်ပွဲတွေမှာ တတ်နိုင်တဲ့ တရားမျှမှု ရှိတဲ့ ရွေးကောက်ပွဲဖြစ်အောင် လုပ်မယ်တဲ့။ အဓိဋ္ဌာန်ချထားပြီးတော့ ပါတီအချင်းချင်းရော၊ ကော်မရှင်နဲ့ရော အများစု ညှိလုပ်တဲ့ အခါကျတော့ အကြမ်းဖျင်းအားဖြင့် ပြောမယ်ဆိုရင် ရွေးကောက်ပွဲ ကော်မရှင်က နည်းဥပဒေတွေ တော်တော်များများ ပြင်ပေးထားတယ်။ ဒီပါတဲ့ ဥပဒေတွေကကော နောက်ဆုံး ဥပဒေတွေပဲ။ အဲဒီ အနေအထားတွေအရ ကြည့်တဲ့အခါကျတော့ နိုင်ငံတကာမှာ ရွေးကောက်ပွဲတိုင်းဟာ ခြောက်ပြစ်ကင်း သဲလဲစင်ဆိုတာလည်း မရှိပါဘူး။ ဒါပေမဲ့ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲကတော့ ၂၀၁၀ ရွေးကောက်ပွဲထက်စာရင် အများကြီး အခြေအနေတွေ တိုးတက်လာတယ်။ ဟိုတုန်းကလို ဗရမ်းဗတာဖြစ်ဖို့ကို ကျန်တဲ့လူတွေကလည်း အဖြစ်ခံမှာ မဟုတ်တော့ဘူး။ အန်ကယ်တို့ပါတီက ခဲမှန်ဖူးတဲ့ စာသငယ်ဖြစ်နေတယ်။ စာသငယ် ဖြစ်နေတဲ့အခါကျတော့ ဘက်စုံထောင့်စုံက ပြုပြင်သင့်တဲ့ ကိစ္စတော်တော် များများဟာ ပြုပြင်ပြီး တော့ အခြေအနေတွေကလည်း ပြောင်းလဲလာ တာ ဖြစ်တာနဲ့အမျှ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲကတော့ လုံးဝ ၁၀၀ ရာခိုင်နှုန်း ခြောက်ပြစ်ကင်း သဲလဲစင် မဟုတ်ရင်တောင် အခြေအနေ တော်တော်ကို လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်နိုင်တဲ့ အလားအလာရှိတယ်။ ရွေးကောက်ပွဲ ဖြစ်ရေးမဖြစ်ရေးဟာ ပါတီတွေ ပေါ်မှာ အများကြီး မူတည်တယ်။ အထူးသဖြင့် ပြောမယ်ဆိုရင် ၂၀၁၀ တုန်းက အန်ကယ်တို့ကို အသေသတ် သွားတာ။ ကြိုတင်မဲနဲ့ အသေသတ်သွားတာပဲ ညနေ ၄ နာရီ ထိုးပြီးပြီ မဲတွေရေပြီးပြီ ဦးဖြူဆိုတဲ့ အန်ကယ်တို့ ကိုယ်စားလှယ် နိုင်ပြီလို့ ပြောပြီးပြီ။ နောက်တစ်နေ့ မနက်ကျမှ ဘယ်ပါတီက နိုင်သွားပြီးဆိုတဲ့ နောက်ပိုင်း ကြိုတင်မဲတွေ ရောက်လာလို့ဆိုပြီး ကြိုတင်မဲကို ဆာလာအိတ်နဲ့ ထည့်ပြီး လိုသလို ကုလားဖန် ထိုးသွားတာ ၂၀၁၀ တုန်းက ခံခဲ့ရပြီးပြီ။ အခုလာမယ့် ရွေးကောက်ပွဲမှာ ကြိုတင်မဲနဲ့ပတ်သက်ပြီး အဲဒီလိုလုပ်လို့ မရအောင် ဥပဒေတွေလည်း ပြင်ပြီးပြီ။ အခု ရွေးကောက်ပွဲကို စောင့်ကြည့်တဲ့ အင်အားစုတွေရော၊ အန်ကယ်တို့ ပါတီ ကိုယ်တိုင်က ခဲမှန်ဖူးတာကို နောင်ထပ်ပြီးတော့ ခဲအမှန်ခံရရင် ခဲအမှန်ခံတဲ့ ပုဂ္ဂိုလ်ရဲ့ အားနည်းချက်ပဲ ဖြစ်လိမ့်မယ်။ လိုရင်းပြောရင်တော့ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲဟာ ၂၀၁၀ ရွေးကောက်ပွဲတုန်းကလိုတော့ အခြေအနေတွေ ဆိုးဆိုးဝါးဝါး မဖြစ်ဘဲနဲ့ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။

မေး – လက်ရှိ ၂၀၁၅ ရွေးကောက်ပွဲမှာ အင်အား အတောင့်တင်းဆုံး ပါတီအနေဖြင့် ဘယ်ပါတီကို ထင်မြင်မိလဲ။

ဖြေ – အင်အား အတောင့်တင်းဆုံး ပါတီအနေနဲ့ကတော့ ယေဘုယျအားဖြင့် နှစ်ပိုင်းခွဲလို့ရတယ်။ တစ်တိုင်းပြည်လုံး ကြည့်ရင်တော့ ပြည်ခိုင်ဖြိုးရယ်၊ NLD ရယ်၊ အန်ကယ်လ်တို့ ပါတီရယ် ဒီ ၃ ခုက တကယ်တော့ အင်အားအကြီးဆုံးပါပဲ။ တခြားတိုင်းရင်းသား ဟိုဟာတွေ ကျတော့လည်း ငယ်တယ်လို့ သွားသတ်မှတ်လို့ မရဘူး။ တိုင်းရင်းသား ပါတီလေးတွေကို သတိပြုရမယ့် အနေအထား။ ရှမ်းမှာဆိုရင်လည်း ရှမ်းအမည်နဲ့ ဖွဲ့ထားတဲ့ ပါတီလေးတွေ ရှိတယ်။ ရခိုင်မှာလည်း အလားတူပဲ၊ ချင်းမှာလည်း အလားတူပဲ။ သူတို့ကတော့ သူတို့ဒေသမှာ သူတို့လူမျိုးပဲ အစိုးရအဖွဲ့နဲ့က အနိုင်ရရမယ်လို့ ဒီလိုမျိုး လေးတွေရှိတဲ့ အခါကျတော့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လွှမ်းခြုံတာကတော့ ပြည်ခိုင်ဖြိုး၊ NLD ၊ အန်ကယ်လ်တို့ ပြိုင်ရမယ့် သဘောပေါ့။ ကျန်တဲ့ ပြည်နယ်လေးတွေမှာပေါ့ တိုင်းရင်းသား ပါတီလေးတွေနဲ့ ပြိုင်ရမယ့် အနေအထားပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ၁၉၉၀ ရွေးကောက်ပွဲတုန်းက NLD နဲ့ အန်ကယ်တို့ NLD သိပ်အရှိန် ကောင်းနေတဲ့အချိန် အန်ကယ်တို့ ယှဉ်ပြိုင်ခြင်းသာ အဓိကပေါ့။ အန်ကယ်တို့ ပြိုင်ခဲ့တာပေါ့။ ဘာမှ နောက်တွန့် နေတာမျိုး အန်ကယ်တို့ မရှိဘူး။ ၂၀၁၀ ရွေးကောက်ပွဲကျတော့ NLD က သပိတ်မှောက်သွားပြီ၊ ပြည်ခိုင်ဖြိုးက အသင်းကနေပါတီ ထောင်ထားတယ်။ ပြည်ခိုင်ဖြိုးနဲ့ အန်ကယ်တို့ ယှဉ်ပြိုင်ခဲ့တယ်။ သူက ငွေကြေးနဲ့ ပါဝါကို အသုံးပြုပြီး အန်ကယ်တို့ကို လုပ်ခဲ့တယ်။ ဒါပေမဲ့လည်း သတ္တိရှိရှိ ပြိုင်တာပဲ။ လာမယ့် ရွေးကောက်ပွဲမှာလည်း ပါတီကြီး ၃ခု ရှိတယ်။ ဘာပဲပြောပြော ပြည်ခိုင်ဖြိုးတို့၊ NLD တို့ အများက အင်အားကြီးတယ်လို့ သတ်မှတ် ပေမယ့် အန်ကယ်တို့ကလည်း အစဉ်အလာရှိတဲ့ ပါတီကြီး တစ်ခုအနေနဲ့ လူထုအပေါ်မှာ ယုံပြီးတော့ လူထု အဆုံးအဖြတ်ကို ပါတီကြီးတွေနဲ့ ရင်ပေါင်တန်းပြီးတော့ အဆုံးအဖြတ် ခံယူသွားမှာပဲ။

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

ထောင်ဖောက်မှုဖြစ်နေစဉ် ကားဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာမှာ စုဝေးကြည့်ရှုနေကြတဲ့ အရပ်သားတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်များ။ (မေ ၉၊ ၂၀၁၅)
အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့တော်မြောက်ဘက်က အကျဉ်းထောင်တခုမှာ ထောင်ဖောက်ပြေးဖို့ ကြိုးစားရင်း အဓိကရုဏ်းဖြစ်ပြီး တော့ လူ ၃၆ ယောက် ထက်မနည်း သေဆုံးပြီး အကျဉ်းသား ၄၀ ထွက်ပြေးသွားတယ်လို့ တာဝန်ရှိသူတွေက စနေနေ့မှာ ပြောပါတယ်။

Khalis အကျဉ်းထောင်က အဓိကရုဏ်းအတွင်း ရဲတပ်ဖွဲ့ဝင်ခြောက်ယောက်နဲ့ အကျဉ်းသား ၃၀ သေဆုံးတယ်လို့ အီရတ် ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။ ဒါပေမဲ့ တခြားတာဝန်ရှိသူတွေကတော့ သေဆုံးသူအရေအတွက်ဟာ ရဲတပ်ဖွဲ့ဝင် ၁၂ ဦးနဲ့ အကျဉ်းသား ၅၀ ထက်မနည်းရှိတယ်လို့ ပြောကြပါတယ်။

အကျဉ်းသားအချင်းချင်း ရန်ဖြစ်ကြတာကြောင့် ထောင်ဝန်ထမ်းတွေက တားဆီးဖို့ဝင်လာချိန်မှာ အကျဉ်းသားတွေက လူအင်အားနဲ့ ဝိုင်းတိုက်ခိုက်ပြီး လက်နက်တွေကို ယူလိုက်တယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။

အဲဒီ ထောင်ဖောက်ပြေးတဲ့ဖြစ်ရပ်ကို သူတို့လက်ချက်လို့ အစ္စလာမ်အစွန်းရောက် IS စစ်သွေးကြွတွေက ကြေညာပါတယ်။ ဖြစ်ရပ်နဲ့ပတ်သက်ပြီး ဂျီဟတ်ဒ်ဝါဒီတွေရဲ့ ဝက်ဘ်ဆိုက်တွေမှာ သူတို့ဘက်က ဇာတ်လမ်းစုံကိုတင်ထားပါတယ်။ ထောင်ထဲက အကျဉ်းသားတွေနဲ့ ချိန်ကိုက်ပြီးတော့ အကျဉ်းထောင်အပြင်ဘက်မှာ သူတို့အဖွဲ့က ဖောက်ခွဲမှုတွေလုပ်ခဲ့တယ်လို့ IS အဖွဲ့က ပြောပါတယ်။ ထွက်ပြေးသွားသူတွေထဲမှာ IS အဖွဲ့ဝင် ၃၀ လောက်ပါတယ်လို့ သူတို့ရဲ့ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ထွက်ပြေးသွားသူတချို့ဟာ အကြမ်းဖက်မှုဆိုင်ရာ စွဲချက်တွေနဲ့ ထောင်ချခံထားရတာလို့ အီရတ်တာဝန်ရှိသူတွေဘက်က ပြောပါတယ်။

ဗွီအိုအေ (မြန်မာဌာန)
http://burmese.voanews.com


ဆဌမအကြိမ်မြောက် တနိုင်ငံလုံးအပစ်ရပ်ရေးဆွေးနွေးပွဲမြင်ကွင်း။
အပစ်ခတ်ရပ်စဲရေးကို ပထမအဆင့်အနေနဲ့အစိုးရလက်ခံထားတဲ့ ၁၆ ဖွဲ့နဲ့သာ စတင်လုပ်ဆောင်သွားမယ်လို့ ပြည်ထောင်စုငြိမ်းချမ်းရေး လုပ်ငန်းကော်မတီ (UPWC) က အဖွဲ့ခေါင်းဆောင် ဝန်ကြီးဦးအောင်မင်းက ဗီအိုအေကို ပြောပါတယ်။ ကျန်ရှိနေမယ့် တိုက်ပွဲတွေဖြစ်နေဆဲဖြစ်တဲ့ AA ရက္ခိုင့်တပ်မတော်၊ TNLA တအောင်း (ခေါ်) ပလောင်တပ်ဖွဲ့တွေနဲ့ MNDAA ကိုးကန့်တပ်ဖွဲ့စတဲ့ အဖွဲ့တွေကတော့ ‘နောက်ချန်’ အနေနဲ့ဆွေးနွေးမယ်လို့ပြောပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက်ဆိုရင် အဲဒီအဖွဲ့တွေက တိုက်ပွဲတွေရပ်ပေးဖို့လိုတယ်လို့လည်း သူက ပြောပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မေခက ပေးပို့ထားပါတယ်။

ဒီကနေ့အင်းယားလိတ်ဟိုတယ်မှာ ကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဆွေးနွေးပွဲအပြီး ဗွီအိုအေမေးမြန်းစဉ်မှာ ဝန်ကြီး ဦးအောင်မင်းက အခုလိုပြောခဲ့တာပါ။ တိုက်ပွဲတွေဖြစ်နေဆဲဖြစ်တဲ့ AA ရက္ခိုင့် တပ်မတော်၊ TNLA တအောင်း (ခေါ်) ပလောင်တပ်ဖွဲ့တွေနဲ့ MNDAA ကိုးကန့်တပ်ဖွဲ့တွေနဲ့ကတော့ နှစ်ဘက်သီးခြားဆီ တရားဝင်ဆွေးနွေးမှု မရှိသေးကြောင်း၊ အဲဒီအဖွဲ့တွေကို စောင့်ဆိုင်းပြီးမှ အပစ်ရပ်ရေး ဆောင်ရွက်ရမယ် ဆိုရင် အပစ်ရပ်စဲရေးစာချုပ် လက်မှတ်ထိုးဖို့ ကြန့်ကြာလာနိုင်တယ်လို့ ဦးအောင်မင်းက ခုလိုပြောပါတယ်။
ပြည်ထောင်စုငြိမ်းချမ်းရေး လုပ်ငန်းကော်မတီ (UPWC) အဖွဲ့ခေါင်းဆောင် ဝန်ကြီးဦးအောင်မင်း

“ကျနော်တို့ ပထမအဆင့်အနေနဲ့က ၁၆ ဖွဲ့နဲ့ပဲလုပ်ပါ့မယ်။ နောက်အဖွဲ့တွေကတော့ ဒုတိယအဆင့်အနေနဲ့ပဲ ကျနော်တို့သွားပါ့မယ်။ အဆင့်ခွဲထားပါတယ်။ အခု စကားပြောနေတဲ့ ၁၆ ဖွဲ့ထဲမှာ ၁၅ ဖွဲ့နဲ့က ကျနော်တို့က bilateral ရှိထားပြီးနဲ့ လက်မှတ်ရေးထိုးထားပြီးဖြစ်တယ်။ အဲဒီအဖွဲ့တွေနဲ့ တဆင့်တက်ပြီး Nationwide Ceasefire ခေါ် NC ကို ကျနော်တို့ ဆက်ပြီး ဆွေးနွေးနေတာဖြစ်ပါတယ်။ အခုနကပြောတဲ့ ကိုးကန့်အဖွဲ့၊ ပလောဝ်အဖွဲ့၊ AA အဖွဲ့က Bilateral မဆွေးနွေးရသေးပါဘူး။ Bilateral ဆွေးနွေးတဲ့အခါမှာလည်း အချက်အလက်တွေ အများကြီးထွက်လာပါတယ်။ သူတို့ကို စောင့်ပြီးခေါ်မယ်ဆိုရင် ငြိမ်းချမ်းရေး ကြာနေလိမ့်မယ်။ ဆွေးနွေးနေတဲ့ ၁၆ ဖွဲ့နဲ့ပဲ ရှေ့ကနေဆက်ပြီးတော့ ပထမအဆင့်အနေနဲ့သွားပါမယ်။ ကျန်တဲ့အဖွဲ့တွေကတော့ bilateral ဆိုတဲ့ အဆင့်ခံနေတဲ့အတွက် သူတို့က နောက် ဒုတိယအဆင့်အနေနဲ့ ကျနော်တို့က ဆောင်ရွက်ဖို့ရှိပါတယ်။”

ဒီလို ‘နောက်ချန်’ - အနေနဲ့လုပ်ဆောင်ရတာဟာ မူလပထမ တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးစာချုပ်မူကြမ်းထွက်ရှိဖို့ဆွေးနွေးစဉ်မှာ ကိုးကန့်အဖွဲ့နဲ့ တိုက်ပွဲတွေဖြစ်ခဲ့ခြင်းမရှိသလို ရက္ခိုင့်တပ်မတော်မှာလည်း ရခိုင်အဖွဲ့နဲ့ငြိမ်းချမ်းရေးယူစဉ်မှာ ALP ရခိုင်လွတ်မြောက်ရေး တပ်မတော်အနေနဲ့သာ လက်မှတ်ထိုးခဲ့တာကြောင့်လို့ သူကပြောပါတယ်။

“ကျနော်တို့အစကတည်းက NC စာချုပ်လို့ သုံးတဲ့အခါမှာ အဲဒီအချိန်တုန်းက ကိုးကန့်-ဆိုတာ မပေါ်သေးပါဘူး။ AA လည်းတကယ်တော့ ရှင်းရှင်းပြောရလို့ ရှိရင် ရခိုင်အဖွဲ့နဲ့ ကျနော်တို့ လက်မှတ်ထိုးတဲ့အခါမှာ ALP နဲ့ ထိုးထားတာပါ။ ကျနော်တို့ပြောတာ ရခိုင်အဖွဲ့ထဲမှာ ALP ပါ - မပါလာပါဘူး ALP နဲ့ပဲ ကျနော်တို့ စကားပြောပြီးတော့ စာချုပ် ချုပ်ရင်လည်း ALP နဲ့ပဲ ချုပ်ဆိုသွားမှာဖြစ်ပါတယ်။”

တိုက်ပွဲတွေဖြစ်နေတဲ့ ကိုးကန့်နဲ့ ရက္ခိုင့်တပ်မတော်တို့အနေနဲ့ ငြိမ်းချမ်းရေးရယူနိုင်ဖို့အတွက် ခုဖြစ်နေတဲ့ပဋိပက္ခတွေကိုအရင်ရပ် အောင်လုပ်ဆောင်ဖို့ လိုကြောင်း၊ ဒီလိုရပ်စဲပြီးမှသာ နိုင်ငံရေးဆွေးနွေးနိုင်မှာဖြစ်တယ်လို့သူကပြောပါတယ်။

“ပထမဦးဆုံး ပဋိပက္ခတွေဖြစ်နေတဲ့နေရာမှာ ပဋိပက္ခတွေငြိမ်းချမ်းအောင် စလုပ်ရပါမယ်။ ငြိမ်းချမ်းအောင်စလုပ်ဖို့က ဘယ်သူက စတာလဲ- ကိုးကန့်တိုက်ပွဲက။ ကိုးကန့်တိုက်ပွဲက သူတို့စတယ်ဆိုရင် သူတို့ ငြိမ်းချမ်းအောင်စလုပ်။ စလုပ်ပြီး ငြိမ်းချမ်းသွားလို့ရှိရင် နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်လုပ်လို့ရမယ်။ …ဒါပေါ့၊ သူတို့ဘက်က ရပ်ပေးပါ။ သူတို့ဘက်က ရပ်လိုက်ရင်ရပြီ။”

ဒီလိုထုတ်ဖော်ပြောဆိုမှုက တိုင်းရင်းသားတွေလုပ်ဆောင်ခဲ့တဲ့ ပန်ဆန်းညီလာခံမှာထုတ်ပြန်ခဲ့တဲ့ တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးမှာ တိုင်းရင်းသားတိုင်း ပါဝင်ရေး ဆိုတဲ့အချက်နဲ့ လွဲချော်နေတဲ့အပေါ် ဦးအောင်မင်းက တိုင်းရင်းသားတွေဘက်ကို ညှိနှိုင်းသွားမှာဖြစ်တယ်လို့ပြောပါတယ်။

NCCT (တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့) ရဲ့ အဖွဲ့ဝင်တဦးလည်းဖြစ် ALP ရခိုင်လွတ်မြောက်ရေး ပါတီက ဒေါ်စောမြ ရာဇာလင်းကတော့ ဦးအောင်မင်းရဲ့ပြောကြားချက်ကို တိုင်းရင်းသားတွေဘယ်လိုတုံပြန်မလဲဆိုတာကို တိုင်းရင်းသားတွေဆွေးနွေးရ ဦးမှာဖြစ်ကြောင်း၊ တိုင်းရင်းသားအားလုံး မပါဝင်ရင် တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးဆိုတဲ့အဓိပ္ပာယ်ကို ပြည့်စုံစေမှာမဟုတ်ဘူးလို့ ပြောပါတယ်။

“အစိုးရအနေနဲ့ အမြဲတမ်းပြောလာတာကတော့ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် လက်မှတ်ထိုးထားတဲ့ ၁၆ ဖွဲ့နဲ့ ငြိမ်းချမ်းရေးကို ဆောင်ရွက်ပါ့မယ်ဆိုတာမျိုးကတော့ တောက်လျှောက်ကြီးပြောလာတာဖြစ်တယ်။ အခုပြောလာတာတော့ မဟုတ်ဘူး။ ဒါပေမယ့် တိုင်းရင်းသားအားလုံးကတော့ အားလုံးပါဝင်ရေးဆိုတာမျိုးတော့ ပြောကြတယ်။ အဲဒါတွေကို တိုင်းရင်းသားခေါင်းဆောင်တွေက ဘယ်လို မြင်ကြမလဲ၊ ဘယ်လို ပြောကြမလဲဆိုတာလည်း အားလုံးဝိုင်းပြီးမှပဲပြန်ပြီးတော့ စဉ်းစားရမှာ ဖြစ်ပါတယ်။ အပစ်အခတ်ရပ်မယ်ဆိုတာ နှစ်ဘက်စလုံးက ‘ငါတို့ မတိုက်တော့ဘူး၊ မတိုက်ချင်တော့ဘူး’ ဆိုတဲ့ သဘောတရားက နှစ်ဘက်စလုံးမှာ ရှိဖို့ လိုအပ်တယ်။ အဲဒါမှပဲဖြစ်မယ်။ ဒီလို ကြည့်လိုက်လို့ရှိရင်တော့ အားလုံးမပါလို့ရှိရင်တော့ တနိုင်ငံလုံးချုပ်ဆိုတယ်ဆိုတာတော့ အဓိပ္ပာယ်တော့ ပြည့်စုံမှာတော့ မဟုတ်ဘူး။ ဒါပေမယ့် တနိုင်ငံလုံးပြည့်စုံအောင် သူတို့တွေက ဘယ်လို ဆက်ပြီးတော့ ပုံဖော်လာမလဲဆိုတာတော့ သူတို့နဲ့ပဲဆိုင်တယ်။”

သမ္မတကြီးက တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးစာချုပ်ကို တိုင်းရင်းသားတွေဘက်က အားလုံးပါဝင်ပြီး အမြန်ဆုံးလက်မှတ် ထိုးပေးဖို့ တိုင်းရင်းသားတွေကို တောင်းဆိုထားပါတယ်။ ဒါပေမယ့် တိုင်းရင်းသားတွေဘက်ကလည်း ပန်ဆန်းဆွေးနွေးပွဲမှာ အစိုးရတပ်နဲ့တိုက်ပွဲတွေဖြစ်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေပါ အပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ်မှာ တန်းတူရည်တူပါဝင်ဖို့ တိုင်းရင်းသားတွေကတောင်းဆိုထားပါတယ်။ တိုင်းရင်းသားတွေဘက်က ဒီလို တောင်းဆိုမှုအပေါ်မှာ ပြည်ထောင်စုငြိမ်းချမ်း ရေးလုပ်ငန်းကော်မတီ (UPWC) က အဖွဲ့ခေါင်းဆောင်ဝန်ကြီး ဦးအောင်မင်းက တရားဝင်သဘောထား ကို အခုလို ထုတ်ပြန်ပြောဆိုသွားတာဖြစ်ပါတယ်ရှင်။

မေခ/VOA
http://burmese.voanews.com/content/nationwide-ceasefire-to-start-first-with-16-armed-groups-/2761252.html