05/11/15

ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ MNDAA အပါအဝင် ဝနယ်၊ ပန်ဆန်းဒေသမှာ မေလဆန်းက ကျင်းပခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ညီလာခံမြင်ကွင်း။ 
 ဒီကနေ့ထိ တိုက်ပွဲတွေ ဆက်ဖြစ်နေတဲ့ ကိုးကန့်ဒေသမှာ အစိုးရတပ်တွေကသာ ထိုးစစ်ဆင်နေတာကို ရပ်လိုက်မယ်ဆိုရင် ကိုးကန့်ဒေသ စစ်ပွဲတွေ ရပ်စဲသွားမှာဖြစ်ပြီး အပစ်ရပ် ငြိမ်းချမ်းရေးကို ဆွေးနွေးသွားနိုင်မှာဖြစ်တယ်လို့ အစိုးရတပ်တွေနဲ့ တိုက်ပွဲတွေဖြစ်နေတဲ့ MNDAA ကိုးကန့် တပ်ဖွဲ့က ပြောလိုက်ပါတယ်။ ဆက်သွယ်စုံစမ်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပေးထားပါတယ်။

ကိုးကန့်တပ်ဖွဲ့တွေကသာ တိုက်ပွဲတွေရပ်ပြီး ငြိမ်းချမ်းအောင် စလုပ်မယ်ဆိုရင် နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်လုပ်နိုင်မယ်လို့ ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းကော်မတီ UPWC အကြီးအကဲ ဝန်ကြီးဦးအောင်မင်း စနေနေ့မှာ ပြောကြားလိုက်တာဖြစ်ပြီး ကိုးကန့်ဒေသမှာတော့ ဒီကနေ့ထိ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ MNDAA ကိုးကန့်တပ်ဖွဲ့ပြောခွင့်ရသူ ဦးထွန်းမြတ်လင်းက ပြောပါတယ်။

“နေ့တိုင်းလိုလို လက်နက်ကြီးနဲ့လှမ်းပစ်တယ်။ ဒီနေ့မနက်လည်း လှမ်းပစ်နေတာပဲ- လက်နက်ကြီးနဲ့။ ပိုတောင် စိတ်လာသေးတယ်။ …. သူတို့ပြောသလို ကျနော်တို့က အပစ်ရပ်ပါ-ဆိုတာ..ကျနော်တို့က နဂိုရ်ကတည်းက ရပ်နေတာပါ။ ခံစစ်ပဲ ကျနော်တို့က တိုက်နေရပါတယ်။ လောလောဆယ်မှာ သူတို့ကပဲ ထိုးစစ်ဆင်တာပါ။ အဲဒီတော့ ကျနော်တို့ တောင်းပန်ပြီးပြောရမယ်ဆိုရင်လည်း ရပါတယ်။ တပ်မတော် ဘက်က နည်းနည်းလေး လျှော့လိုက်ရင်၊ ရပ်လိုက်ရင် တိုက်ပွဲက မဖြစ်တော့ပါဘူးခင်ဗျ။ လက်နက်ကြီးနဲ့မပစ်ဘူး၊ အဲဒီ …ကျည်းတပ်လည်း မထိုးဘူးဆိုရင်တော့ တိုက်ပွဲက လုံးဝမရှိပါဘူး။ နဂိုရ်ကတည်းက ကျနော်တို့နေရာမှာ ကျနော်တို့ နေနေတာကို သူတို့က လာပြီးတော့ ထိုးတာပါ။”

ပဋိပက္ခဖြစ်နေတဲ့ဒေသက တပ်ဖွဲ့တွေနဲ့နိုင်ငံရေးဆွေနွေးပွဲလုပ်နိုင်ဖို့ဆိုရင် ကိုးကန့်တပ်ဖွဲ့တွေက သူတို့ စခဲ့တဲ့တိုက်ပွဲကို အရင်ရပ်ပေးဖို့ လိုကြောင်း ဝန်ကြီးဦးအောင်မင်းက ပြောခဲ့တာကို အခုလို တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။ တပြည်လုံး အတိုင်းအတာ အပစ်ရပ်ရေးစာချုပ် NC ကို နှစ်ဦးနှစ်ဘက် သဘောတူညီထားပြီးသား တိုင်းရင်းသားလက်နက်ကိုင် ၁၆ ဖွဲ့နဲ့ပဲ စတင်လုပ်ဆောင်သွားမယ်လို့ UPWC အကြီးအကဲ ဝန်ကြီးဦးအောင်မင်းက စနေနေ့ မနေ့တုန်းက ရန်ကုန်မြို့မှာ ပြောကြားလိုက်တာပါ။ အစိုးရတပ်တွေနဲ့ လက်ရှိတိုက်ပွဲတွေဖြစ်နေတဲ့ MNDAA ကိုးကန့်တပ်ဖွဲ့၊ AA ရခိုင်တပ်မတော်နဲ့TNLA တအောင်း ပလောင်တပ်ဖွဲ့တွေ ကိုတော့ နောက်ချန်-အဖွဲ့တွေအဖြစ် နောင်မှာ ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ ဦးအောင်မင်းက ပြောဆိုခဲ့တာပါ။

အစိုးရနဲ့ လက်ရှိတိုက်ပွဲဖြစ်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့နဲ့ UPWC တို့ကြား Bilateral လို့ခေါ်တဲ့ နှစ်ဦးနှစ်ဘက် သဘောတူညီထား တာမျိုးမရှိသေးဘူးလို့ UPWC ဘက်က ပြောနေပေမယ့်ကိုးကန့်တပ်ဖွဲ့ဟာ NCCT တနိုင်ငံလုံးအပစ်ရပ်ရေး ညှိနှိုင်းမှုအဖွဲ့ထဲမှာ နဂိုရ်ကတည်းက ပါဝင်လာခဲ့ကြောင်း MNDAA ဦးထွန်းမြတ်လင်းက ပြောပါတယ်။

“ကျနော်တို့အဖွဲ့က ဟိုးအရင်ကတည်းက ရှိနေတဲ့အဖွဲ့ပါ။ ဒီတော့ ဒီ- NCCT တို့၊ သူတို့နဲ့စပြီးတော့ ညှိနှိုင်းတဲ့အချိန်မှာကတည်းက ကျနော်တို့အဖွဲ့နာမည် ပါပါတယ်။ ဆိုတာက တကယ်ကို သဘောထားကြီးကြီးနဲ့ စိတ်ရင်းစေတနာမှန်နဲ့လုပ်ချင်တယ်ဆိုရင်ပေါ့ဗျာ-အဲဒါဆိုရင်တော့ ဒီဥစ္စာတွေကို ကျနော်တို့က သွားပြီးတော့ ရှင်းနေစရာမလိုတော့ဘူးထင်တာပဲဗျ။”

ကိုးကန့်တပ်ဖွဲ့ဟာ အပစ်ရပ်ငြိမ်းချမ်းရေး လိုလားပါတယ်ဆိုတာကို သမ္မတဦးသိန်းစိန်ထံ အိပ်ဖွင့်ပေးစာ ရေးသားပို့ထားခဲ့ပြီး အပစ်ရပ်ရေး ဆွေးနွေးဖို့ အမြဲတန်း အဆင်သင့်ရှိကြောင်း ဦးထွန်းမြတ်လင်းက ပြောပါတယ်။

“သမ္မတကြီးထံကို အိတ်ဖွင့်ပေးစာရေးထားတာ ရှိပါတယ်။ အဲဒီမှာလည်း ကျနော်တို့လည်း ပြောပါတယ်။ အရင်တုန်းက နိုင်ငံတော်နဲ့ ပူးပေါင်းစဉ်တုန်းက ကျနော်တို့ရဲ့လုပ်ဆောင်ချက်တွေကို ပြန်ပြီးတော့ သတိရစေချင်ပါတယ် - ဆိုတာကိုလည်း ကျနော်တို့ ပြောခဲ့ပါတယ်ခင်ဗျ။ ၈၉ ခုနှစ်ကတည်းက နိုင်ငံတော်ရဲ့ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ကျနော်တို့ထဲထဲဝင်ဝင် လုပ်ခဲ့ပါတယ်။ ဆိုလိုတာက ငြိမ်းချမ်းရေးစပြီး ယူလိုက်မှပဲ အနောက်ကနေ ၁၆ ဖွဲ့လိုက်လာပါတယ်။ အဲဒါကြောင့်မို့လို့ ကျနော်တို့ရဲ့နာမည်က အထူးဒေသ (၁) လို့ နာမည်အမှည့်ခံရပါတယ်ခင်ဗျ။ နောက်တခုကတော့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးမှာလည်း ကျနော်တို့လည်း ထဲထဲဝင်ဝင်လုပ်ခဲ့ပါတယ်။ နိုင်ငံတော်အတွက်လည်း ဂုဏ်ရှိစွာနဲ့ ဝံ့ဝံ့ကြွားကြွားနဲ့ နိုင်ငံတကာကို ကြေညာနိုင်ခဲ့ပါတယ်။ ၂၀၀၂ ခုနှစ်မှာ။ ဘိန်းပပျောက်ရေးနယ်မြေ ဆိုပြီးတော့မှ။ အဓိက-က အရင်ကတည်းကလည်း သူတို့နဲ့ - နိုင်ငံတော်အစိုးရနဲ့ အဲဒီတော့ ဗမာပြည်စစ်အစိုးရနဲ့ပေါ့ဗျာ-ဆက်ဆံဖူးပါတယ်။ ငြိမ်းချမ်းရေးကို ကျနော်တို့ကလည်း လိုလားတယ်ဆိုတာကို သူတို့ကလည်း သိပါတယ်။”

မေလဆန်းပိုင်း ရှမ်းပြည်နယ် ပန်ဆန်းမှာလုပ်ခဲ့တဲ့ လက်နက်ကိုင်တိုင်းရင်းသားများ ထိပ်သီးညီလာခံမှာလည်း တိုင်းရင်းသားတပ်ဖွဲ့ အားလုံးနဲ့ အပစ်ရပ်စဲနိုင်မှသာ တနိုင်ငံလုံး အတိုင်းအတာဆောင်တဲ့ NC စာချုပ်ကို သဘောတူ လက်မှတ်ရေးထိုးနိုင်မယ်လို့ တိုင်းရင်းသားခေါင်းဆောင်တွေ သဘောထားရှိခဲ့ကြကြောင်း ဦးထွန်းမြတ်လင်းက ပြောပါတယ်။

“အဲဒီ ပန်ဆန်းထိပ်သီးညီလာခံပြီးတော့လည်း အားလုံးတပေါင်းတစည်းတည်းလုပ်ကြမယ်လို့တော့ ကျနော်တို့ နားလည်ပါတယ်။ အဲလို ကျနော်တွေ့ရပါတယ်ခင်ဗျ။ လူတိုင်းလိုလိုလည်း အဲလိုပါပဲ။ ကျနော်တို့ ငြိမ်းချမ်းရေးလိုချင်ပါတယ်၊ စစ်ကိုမလိုလားပါဘူးဆိုတာ ပေါ်လွင်ပါတယ်။ အဖွဲ့တိုင်းလိုလို အဲလိုပါပဲ။ ကျနော်တို့ကလည်း ပြည်ထောင်စုထဲက မိသားစုဝင်တခုဆိုတာကို မမေ့ပါနဲ့-လို့။ အထူးသဖြင့် ဗမာတိုင်းရင်းသားညီအကိုတွေ ကျနော်တို့ကို ပိုနားလည်လာပြီလို့ ကျနော်ကတော့ မျှော်လင့်ပါတယ်ခင်ဗျ။ နို့မို့ရင် ကျနော်တို့က နိုင်ငံခြားသားလိုလို၊ ဘာလိုလိုဖြစ်နေပါတယ်။ အဲဒါ ကျနော်တို့ အရမ်းခံစားရပါတယ်ခင်ဗျ။”

မြန်မာအစိုးရတပ်တွေဟာ ရှမ်းပြည်နယ် လောက်ကိုင်မြို့အရှေ့မြောက်ဘက် ၇ မိုင်လောက်အကွာက နမ်တင်းမန်တောင်ကြော တလျှောက်မှာရှိတဲ့ ကိုးကန့်တပ်ဖွဲ့တွေကို ဒီနေ့ ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။

ကိုဉာဏ်ဝင်းအောင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

အင်ဒိုနီးရှားနိုင်ငံ ဆူမာတြာကျွန်းကို လှေစီးပြီး ရောက်လာကြတဲ့ ရိုဟင်ဂျာတွေကို ယာယီခိုလှုံနေထိုင်ရမယ့် ဆဲန်နူဒဲန်ကို ပို့ပေးဖို့ စောင့်ဆိုင်းနေကြစဉ်။ (မေ ၁၀၊ ၂၀၁၅)
 မြန်မာနိုင်ငံကလို့ ဆိုတဲ့ ရိုဟင်ဂျာမူဆလင် ၅၀၀ လောက် တင်ဆောင်ထားတဲ့ လှေတွေ အင်ဒိုနီးရှားအနောက်ဘက် ကမ်းခြေကို ဆိုက်ကပ်လာခဲ့ပါတယ်။ ဒီလှေစီးပြေး ဒုက္ခသည်တွေထဲက တချို့ဟာ ရေနဲ့ အစားအစာ ပြတ်လပ်မှုကြောင့် အားအင် ကုန်ခန်းပြီး ဆေးကုသမှုခံယူဖို့ လိုအပ်နေကြောင်း ရွှေ့ပြောင်းအခြေချမှုနဲ့ လူ့အခွင့် အရေး လှုပ်ရှားသူတွေက ပြောပါတယ်။

ဂျကာတာမြို့တော်က IOM လို့ခေါ်တဲ့ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်း အခြေချနေထိုင်ရေးဆိုင်ရာ အကူအညီပေးရေးအဖွဲ့ လက်ထောက်အကြီးအကဲ Steve Hamilton က အကူအညီပေးရေးအဖွဲ့တွေဟာ အာချေးဒေသကို သွားရောက်နေကြတယ်ဆိုပြီးတော့လည်း ဆိုပါတယ်။ မြန်မာနိုင်ငံတွင်းမှာ ခွဲခြား ဆက်ဆံခံနေရတာကြောင့် ရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံကနေ ထွက်ပြေးနေကြ ရတယ်လို့ ရိုဟင်ဂျာအရေး စောင့်ကြည့်လေ့လာနေတဲ့ Arakan Project အဖွဲ့ ညွှန်ကြားရေးမှူး Chris Lewa က ပြောဆိုကြောင်းကိုလည်း အေပီ သတင်း မှာ ဖေါ်ပြထားပါတယ်။ တနင်္ဂနွေနေ့ အစောပိုင်းမှာ ရိုဟင်ဂျာ ၅၀၀ နီးပါး အင်ဒိုနီးရှားကို ရောက်ရှိလာကြောင်းကိုလည်း သူက အတည်ပြုပြောဆိုပါတယ်။

ရိုဟင်ဂျာတိုင်းရင်းသား တည်ရှိမှုကို လက်ခံထားခြင်းမရှိတဲ့ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက တရားမဝင် ကျူးကျော်ဝင်ရောက်သူ ဘင်္ဂလီတွေအဖြစ် အစိုးရနဲ့ ဒေသခံတွေက မြင်ထားကြတာပါ။ ဟိုတုန်းကတော့ လူကုန်ကူးသူတွေဟာ ရိုဟင်ဂျာတွေကိုထိုင်းနိုင်ငံတောတွင်းက စခန်းတွေမှာ ထားပြီး သူတို့ တောင်းတဲ့ငွေပေးမှသာ လိုရာ ခရီးကို ဆက်ထွက်ခွာခွင့်ပြုပါတယ်။ ဒါပေမယ့်လည်း ထိုင်းနဲ့မလေးရှားမှာ လူကုန်ကူးမှု တိုက်ဖျက်ရေး အပြင်း အထန် ဆောင်ရွက်လာတာကြောင့် အခုလို နည်းနာပြောင်းလဲပြီး အင်ဒိုနီးရှား ကမ်းခြေအထိ တိုက်ရိုက် ရောက်ရှိလာတာပါ။

အခုအခါမှာ ဘင်္ဂလားဒေ့ရှ်နဲ့ ရိုဟင်ဂျာဦးရေ ခန့်မှန်းခြေ - (၇,၀၀၀) – (၈,၀၀၀) လောက်ဟာ မလက္ကာရေလက်ကြားက ရပ်နားထားတဲ့ သဘောင်္ပေါ်တွေမှာ ရှိနေတယ်လို့လည်း Lewa က ပြောပါတယ်။ အစားအစာနဲ့ရေ ပြတ်လပ်မှုကြောင့် ဒီလှေစီးပြေး ဒုက္ခသည်တွေရဲ့ အခြေအနေဟာ ဆိုးရွားလာနေပြီး ပြီးခဲ့တဲ့လတွေအတွင်း ဒါဇင်နဲ့ ချီ သေဆုံးခဲ့တယ်လို့လည်း သူက ပြောပါတယ်ခင်ဗျာ။

ဗွီအိုအေ (မြန်မာဌာန)
http://burmese.voanews.com

စက်ဘီးတစ်စီးနှင့် မြန်မာပြည်အနှံ့ ဘုရားဖူးသွားဖို့ သင်စဉ်းစားဖူးပါသလား။ စဉ်းစားပြီးရင်ရော သွားဖြစ်ခဲ့ပါသလား။ အများစု မစဉ်းစားဖြစ် မသွားဖြစ်ခဲ့ပေမယ့်လည်း သူတို့နှစ်ဦးကတော့ စက်ဘီးတစ်စီးနဲ့ မြို့၁၇၇ မြို့က ဘုရားတွေကို ဖူးခဲ့ပြီးပါပြီ။ သူတို့နှစ်ဦး စက်ဘီးတစ်စီးနဲ့ မြန်မာပြည်အနှံ့က ဘုရားဖူးဖို့ ထွက်ခဲ့တာ လာမယ့် ဇွန်လ ၁၃ ရက်နေ့ဆို တစ်နှစ်ပြည့်ပါပြီ။

သူတို့ နှစ်ဦးက အသက် ၅၈ နှစ်အရွယ် ဦးချို ဆိုတဲ့ အမျိုးသားတစ်ဦးနဲ့ ဒေါ်ခင်မြင့်ဝင်း ဆိုတဲ့ အမျိုးသမီးတစ်ဦး။ နှစ်ဦးက သက်တူရွယ်တူ၊ စိတ်ကူးတူ၊ ရည်ရွယ်ချက်တူကြတဲ့ ဇနီးမောင်နှံနှစ်ဦး။ သူတို့နှစ်ဦး နေပြည်တော် တပ်ကုန်းမြို့မှာ နေထိုင်ကြတယ်။ ဦးချိုက မန္တလေးတိုင်းထဲမှာပါတဲ့ ရွှေမြို့အုပ်စု သပြေချောင်းရွာ ဇာတိ၊ ဇနီးဖြစ်သူက တပ်ကုန်းဇာတိ။ အသက် ၃၀ အရွယ် အိမ်ထောင်ကျတော့ ဦးချိုဇာတိ ရွာမှာနေထိုင်လယ်လုပ်ကြရင်း ပိုင်ဆိုင်တဲ့ လယ် ၁၈ ဧက တပ်မတော်က သိမ်းတဲ့ထဲပါသွားတယ်။ ဦးချိုတို့ စီးပွားရေးချို့တဲ့သွားပြီး ရှိတဲ့ နွားတရှဉ်းရောင်းချ တပ်ကုန်းကို ပြောင်းရွှေ့လာတယ်။ တပ်ကုန်းရောက်တဲ့အခါ ဦးချို သူမှာဖြစ်ပေါ်နေတဲ့ ဆန္ဒလေးကို ဇနီးဖြစ်သူကို ပြောပြတယ်။ အဲဒီဆန္ဒက မြန်မာပြည်အနှံ့က ဘုရားတွေကို ဖူးချင်တဲ့ဆန္ဒ။ ဆန္ဒကို အကောင်အထည်ဖော်ချင်သော်လည်း ငွေကြေးက မပြည့်စုံ။ သို့သော် ဦးချို ဆန္ဒကို မဖြစ်ဖြစ်တဲ့နည်းနဲ့ အကောင်အထည်ဖော်ဖို့ ဆုံးဖြတ်ခဲ့တယ်။ အဲဒီအခါမှာ စက်ဘီးနဲ့ ဘုရားဖူးထွက်တဲ့ ခရီးစဉ်အစပြုခဲ့တာပါတယ်။

“ကြုံရာကျပန်းလုပ်စားရင်းနဲ့ ဘုရားတွေက သူများပြောသံကြားဖူးပါတယ်။ တီဗွီတွေထဲမှာမြင်ဘူးတယ် အဘတို့ မသွားနိုင်ဘူး။ အဲ့တော့ အဘတို့ ဇနီးမောင်နှံ နှလုံးသားထဲမှာစိတ်ကူးရှိတယ်။ ဒါပေမယ့် မပြည့်စုံတော့ မဖူးနိုင်ဘူး။ အဲ့မှာ ငွေမရှိရင်နေပစေ ငါမှာ ခြေထောက်ရှိတယ်။ လက်ရှိတယ်။ သွားမယ်ဆိုပြီး နယုန်လပြည်ကျော် ၁ ရက်နေ့ တပ်ကုန်းကနေ စထွက်တယ်” လို့ ဦးချိုက ပြောတယ်။

ဘုရားဖူး စထွက်စဉ်မှာ ငွေကျပ်တစ်သိန်း၊ တစ်ယောက်ကို အ၀တ်နှစ်စုံ၊ စက်ဘီးလေးတစ်စီးနဲ့ ခရီးစဉ်စခဲ့တဲ့ သူတို့ နှစ်ယောက်။ တစ်နှစ်နီးပါးအကြာ ဒီနေ့ (မေလ ၈ ရက်) သူတို့ကို တွေ့တဲ့အချိန်မှာတော့ စက်ဘီးရှေ့ခြင်းထဲမှာ ရေသန့်ဘူးနဲ့ ယပ်တောင်၊ အမွေးတိုင်၊ မီးခြစ် စတဲ့ ထွေလီကာလီ ပစ္စည်းအစုံ၊ စက်ဘီးရှေ့ခြင်းမှာ ရေသန့်ဘူးတစ်ဘူးကို ကြေးနန်းကြိုးနဲ့ တုပ်ထားပြီး ရေသန့်ဘူးထဲမှာ ရေမပါဘဲ ထိုးစိုက်ထားတဲ့ ပလပ်စတစ်အလှပန်းခိုင်တစ်ခိုင်၊ စက်ဘီးခြင်းရဲ့ ဘယ်ဘက်ဘေးမှာ ဖက်ကြမ်းဆေးလိပ်တစ်လိပ်ထည့်ထားတဲ့ ဆေးလိပ်ခွက်လေးတစ်ခွက်။ စက်ဘီးနောက်ခုံဘေးတစ်ဖက်တစ်ချက်မှာ အိပ်ယာလိပ် နဲ့ အ၀တ်အစားထည့်ထားတဲ့ ပီနံအိတ်အဖြူကြီးနှစ်လုံး။ စက်ဘီးနောက်ခုံရဲ့ အနောက်တန်းတစ်ခုပေါ်မှာ စားအိုးစားခွက်တွေတည့်ထားတဲ့ အိတ်ကြီးကြီးတစ်လုံး။ စက်ဘီးရဲ့ရှေ့ဘီးမှာတော့ ဘုရားဖူးယာဉ်ဆိုတဲ့ ကပ်ပြားလေးတစ်ခု။ သူတို့ကို ရုတ်တရက်ကြည့်လိုက်ရင် ဈေးသည်လိုလို၊ အလှူခံလိုလို။

“စက်ဘီးနဲ့ဆိုတော့ ဈေးရောင်းတာလား အလှူခံလားမေးတယ်။ မဟုတ်ပါဘူး။ အဲဒါကြောင့် ဆိုင်းဘုတ်ကလေးတပ်ထားတာ၊ ဘုရားဖူးယာဉ်လို့၊ တစ်ချို့က ဂေါ်ဖီထုတ်မပါဘူးလား လာမေးတာရှိတယ်။ ဈေးရောင်းတယ်ထင်ပြီး၊ ဘယ်မှာ ပွဲဈေးရှိတယ်ဆို ညွှန်ကြတယ်။ ကလေးလေးတွေက ပိုက်ဆံလေးတွေ ကိုင်ပြီးလာတယ် အလှူခံမှတ်လို့။ အဲလိုတွေ မေးပါများတော့ ဘုရားဖူးယာဉ်ဆိုပြီး ကောက်တပ်လိုက်တာ” လို့ ဦးချိုက ရယ်ရင်းပြောတယ်။

ဦးချို့တို့ ဘုရားဖူးခရီးစဉ်အစမှာ စဖူးတဲ့ ဘုရားက မိတ္ထီလာက ရွှေမြင်တင်ဘုရား၊ အဲဒီကနေ မန္တလေးမြို့၊ စစ်ကိုင်း၊ မင်းကွန်း၊ ပုဂံ၊ ပုပ္ပား၊ ငှက်ပစ်တောင်၊ ပြည်၊ မကွေး၊ မှော်ဘီ ဂျပန်ဘုရား၊ ပဲခူး ကျိုက်ထို မဲ့ရှင် ဘုရား၊ ကျိုက်ထီးရိုး၊ ကျိုက်ထီးဆောင်း၊ မော်လမြိုင်၊ စသည့်နေရာအစုံ။ ရောက်တဲ့နေရာတိုင်းမှာ ဓာတ်ပုံမှတ်တမ်းတင်ဖြစ်တယ်လို့ ဆိုတယ်။

“ချိန်ဆနေရင်တော့ အပြင်မရောက်တော့ဘူး။ မစဉ်းစားတော့ဘဲ ထွက်တယ်ကွာ ထွက်လိုက်တာ၊ လက်ရှိ တာယာ ၆ လုံးကုန်တယ်။ ကျွတ်ခြောက်လုံး၊ ဂီယာတစ်လုံး၊ ချိန်းနှစ်ချောင်း၊ ၀င်ရိုးနှစ်စုံ၊ ဘရိတ်တုံး အတုံးနှစ်ဆယ်ကုန်ပြီ” လို့ ဦးချိုကပြောတယ်။

ပိုက်ဆံတစ်သိန်းနဲ့ ခရီးစဉ်စတင်ခဲ့တဲ့ သူတို့နှစ်ဦး ပုဂံညောင်ဦးရောက်တဲ့အခါ ပါလာတဲ့ ပိုက်ဆံကုန်သွားတယ်။ ဒါပေမယ့် အဲဒီအချိန်ကနေ ဒီနေ့အထိ လမ်းတစ်လျှောက်မှာ လှူကြတန်းကြသူတွေ ရှိတဲ့အတွက် ထမင်းမစားရတာမျိုး မကြုံခဲ့ရဘူးလို့ဆိုတယ်။

“ငွေတစ်သိန်းက ညောင်ဦးဘက်မှာ ရေရှားတော့ ငွေတစ်သိန်းထဲက မျှတပြီး လှူခဲ့တယ်။ စားဝတ်နေရေးအရ အလှူမခံပါဘူး။ ကျေးရွာတွေမှာ စာရွက်စာတမ်း အုပ်ချုပ်ရေးမှူးတွေကိုပြတယ်။ ရဲစခန်း၊ အကြောင်းကြားပြီးနားတယ်။ အလှူမခံဘူး။ ဒါပေမယ့် သူတို့က စကားပြောရင်းနဲ့ သူတို့သဒ္ဒါပေါက်လို့ လာလှူတာကို လက်ခံပေးတယ်။ အဲဒီလိုဟာတွေကို အဘတို့က မျှတအောင်စားတယ်။ လှူတယ်” လို့ ဦးချိုကပြောတယ်။

ဦးချိုတို့ ဘုရားဖူးခရီးစဉ်က မြေပုံမရှိဘူး။ ဘယ်ပြီးဘယ်သွားမယ် အစီအစဉ်မရှိဘဲ ရောက်တဲ့အရပ်က သူတွေ လမ်းညွှန်ရာကနေ တဆင့် ရောက်အောင်သွားကြတာမျိုးလို့ ဦးချိုကပြောပြတယ်။ လမ်းတွေ့တဲ့ ဘုန်းကြီးကျောင်းမှာ ခွင့်တောင်း တည်းခိုတယ်။ တည်းခိုတဲ့ နေရာ ဘုန်းကြီးကျောင်းက ဆရာတော်တွေက စာရေးသားပြီး တစ်နေရာနဲ့ တစ်နေရာရောက်ရင် အဆင်ပြေလွယ်ကူစွာတည်းခိုနိုင်ဖို့ အကူအညီပေးကြတယ်။

“မြန်မာပြည်အနှံ့ ဘုရားဖူးထွက်ရာမှာ တွေ့ခဲ့တဲ့ ဆရာတော်တွေ၊ ကျေးရွာတွေက လူတွေ အားလုံးကို မေတ္တာပို့တယ်။ သူတို့တွေက အဘကိုထောက်ပံ့တယ်” လို့ ဦးချိုကပြောတယ်။

ဇနီးဖြစ်သူက “ဘုရားဖူးယာဉ် ခဏလောက်နားပါအုန်းဆိုပြီး ရေနွေးတွေတိုက်တယ်။ ထမင်းကျွေးတယ်။ ဆန်တွေပေးတယ်။ သူတို့ အော်ခေါ်တယ်” လို့ ဘေးကနေ ၀င်ပြောတယ်။

ခရီးရှည်သွားရတဲ့အတွက် နေဒဏ် မိုးဒဏ် လေဒဏ်ကြောင့် နာမကျန်းဖြစ်တာမျိုးတွေ ရှိခဲ့ပေမယ်လည်း အသက်အန္တရာယ်ထိခိုက်နိုင်လောက်တဲ့အထိ အခက်အခဲမကြုံရတာဟာ ဘုရားဖူးချင်တဲ့ ကုသိုလ်စိတ်ကြောင့် ဖြစ်တယ်လို့ ဦးချိုကယုံကြည်နေတယ်။

“အခုခရီးရှည်သွားတော့ စက်ဘီးနောက်က စီးရတဲ့သူလည်း မသက်သာဘူး။ အမေကြီး (ဦးချိုက သူဇနီးကိုအမေကြီးလို့ခေါ်တယ်) လည်း ငြိမ်နေရတာ၊ သူလှုပ်တာနဲ့ အဘက လက်ကိုင်ရမ်းပြီ။ အဘ ပဲခူးရိုးမ ဖြတ်တဲ့အချိန်မှာ လေးငါးရက်လောက် နေရော ညရော မိုးမိတယ်။ တဲမရှိ ရွာမရှိ အဲဒီမှာ မိုးမိတော့ အဆုတ်ရောင်၊ အသည်းရောင်၊ အစာအိမ်ရောင် ၁၂ ရက် လောက် ဆေးရုံတက်ခဲ့ရတယ်။ ဆရာဝန်ကပြောတယ်။ အဘနားလိုက်ပါတော့တဲ့။ ဟုတ်ကဲ့လို့ ပြန်ပြောတယ်။ ဆေးရုံအပြင်ဘက်ရောက်တော့ ဆက်တာပဲ ကိုယ့်ခရီးကို။ ညအိပ်ရင်တော့ အဆစ်အမြစ်တွေကိုက်တယ်။ နာတယ်။ တော်တော်လေးကိုယ့်ကိုယ်ကိုယ်လည်းအံ့သြမိတယ်။ ဒီခရီးကို စက်ဘီးတစ်စီးနဲ့ နှစ်ယောက်သား သွားလာနိုင်တာက ဘုရားတန်ခိုးပဲ။ ဒီခရီးမျိုးကလည်း တော်တော်ဇွဲရှိမှ တော်တော်လည်း အဆင်းရဲခံနိုင်မှ။ အဘတို့ နှစ်ယောက်လုံး ထမင်းမငတ်ဘူး။ အသက်အန္တရာယ်မဖြစ်ခဲ့ဘူး။ ဘေးနှောင့်ယှက်တဲ့ အန္တရာယ်မဖြစ်ဘူး။အဲ့ဒါက ဘုရားတန်ခိုးလို့ ယုံကြည်တယ်” လို့ ဦးချိုကပြောတယ်။

ဦးချိုတို့မှာ သားသမီးမရှိဘူး။ ဇနီးမောင်နှံနှစ်ယောက်လုံးမှာ ဆွေမျိုးသားချင်းမရှိဘူး။ တပ်ကုန်းမှာ ရှိတဲ့ အိမ်ကို အနီးနားက ဘုန်းကြီးကျောင်းကို အပ်ခဲ့ပြီး ခရီးစဉ်ကို စခဲ့တာ တစ်နှစ်နီးပါးရှိပြီဆိုပေမယ့် ဘယ်နေ့ အိမ်ပြန်မယ်ဆိုတာ သတ်မှတ်မထားဘူး။

“ဘယ်တော့ ပြန်မယ် သတ်မှတ်ချက်မရှိသေးဘူး။ အဘကျန်းမာရေးဂရုစိုက်ပြီး သွားနိုင်သလောက်တော့ မြန်မာပြည်ထဲမှာရှိနေတဲ့ ဘုရား ရသလောက်ဖူးချင်သေးတယ်။ ဘုရားဖူးရင်း သေသွားပစေ” လို့ ဦးချိုက သူဆုံးဖြတ်ထားတာကိုပြောပြတယ်။

ခရီးစဉ်တစ်လျှောက် နေမကောင်းဖြစ်ကြတဲ့ အခါမှာလည်း စိတ်ပျက်အားလျော့သွားတာမျိုး မရှိဘဲ တစ်ယောက်နဲ့ တစ်ယောက် အားပေးပြီး ခရီးစဉ်ကို ရှေ့ဆက်တယ်လို့ ဦးချို ဇနီးဖြစ်သူ ဒေါ်ခင်မြင့်ဝင်းက ပြောတယ်။

“ပုတီးစိတ် ရေချမ်းပန်းကပ်၊ နှစ်ယောက်စလုံးက ထပ်တူထပ်မျှပဲ ညီတယ်။ နေမကောင်းရင်အားပေးတယ်။ အဖေကြီး ဘုရားတွေ အများကြီးသွားရအုန်းမှာ ၊နေမကောင်းဖြစ်နေရင်မကောင်းဘူ။ဘုရားစာလေးဆိုလိုက် ပုတီးလေးစိပ်လိုက်၊အဲမှာ နေကကောင်းသွားရော၊ အပြန်အလှန်ပေါ့” လို့ ဒေါ်ခင်မြင့်ဝင်းကပြောတယ်။

ဦးချိုတို့ဇနီးမောင်နှံ ဘယ်လိုအခက်အခဲတွေပဲရှိရှိ နောက်ပြန်မလှည့်ပဲ ရှေ့ဆက်သွားဖို့ မြန်မာတစ်ပြည်လုံးကို ဘုရားဖူးချင်တဲ့ ဆန္ဒက သူတို့ ရဲ့အပြင်းပြဆုံးဆန္ဒတစ်ခုသာဖြစ်နေပါတော့တယ်။

(သက်စုအောင်)
.
Credit : DVB
.

အလွတ်သတင်းထောက် ကိုပါကြီး အသတ်ခံရတဲ့ အမှု နဲ့ပတ်သက်ပြီး ကျိုက်မရော တရားရုံးမှာ သေမူသေခင်း စစ်ဆေးနေစဉ်မှာပဲ စစ်ဘက်တရားရုံးက လူသေမှု တရားခံတွေကို တရားသေ လွတ်ပေးလိုက်တယ်လို့သိ ရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဧပြီလ ၈ ရက်နေ့ နေ့စွဲ နဲ့ မြန်မာနိင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် သတင်းထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။ သတင်း ထုတ်ပြန်ချက်အရ အမှတ်၂၁၀ ခြေမြန် တပ်ရင်းက အစောင့်စစ်သည်၂ ဦးဖြစ်တဲ့ ဒုတပ်ကြပ် ကျော်ကျော်အောင်နဲ့ တပ်သား နိုင်လင်းထွန်းတို့ကို တပ်မတော်အက်ဥပဒေပုဒ်မ ၇၁၊ ပြစ်မူဆိုင်ရာ ဥပဒေ ၃၀၄ တို့ဖြင့် စစ်ဆေးပြီး တရားသေ လွှတ်တဲ့အမိန့်ချမှတ် လိုက်တာဖြစ်ပါတယ်။

ကိုပါကြီးသေဆုံးမှုနဲ့ ပတ်သက်လို့ မိသားစုက အရပ်ဖက်တရားရုံးမှာ အမှုဖွင့် စစ်ဆေးနေစဉ် စစ်ဖက်တရားရုံးက အမိန့်ချမှတ်တာဟာ အရပ်ဘက် တရားရုံးကို လွှမ်းမိုးရာ ရောက်တယ်လို့ ကိုပါကြီးရဲ့ ဇနီးမသန္တာရဲ့ရှေ့နေ ဦးရောဘတ်ဆန်းအောင် ကပြောပါတယ်။

"အရပ်ဖက်တရားရုံးမှာ စစ်ဆေးမှုတွေပြုနေတဲ့အချိန်မှာ ဒီသတင်းကိုထုတ်ပြန်လိုက် တဲ့အခါကျတော့ အရပ်ဖက်တရားရုံးက စုံစမ်းစစ်ဆေးနေတဲ့ ကျိုက်မရောမြို့နယ် တရားရုံးရယ်၊ ပြစ်မှုဆိုင်ရာ ၁၄/ ၂၀၁၅ ကိုလွှမ်းမိုးရာရောက်တယ်၊ ဒီတော့ ဥပဒေနဲ့ မညီဘူး၊ လူ့အခွင့်အရေးကို ထပ်မံပြီးတော့ ဆုံးရှုံးစေရာရောက်တဲ့အတွက်ကြောင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပယ်ဖျက်ပြီးတော့ အရပ်ဖက်အဆုံးဖြတ်တရားနဲ့ ယှဉ်တွဲပြီး ဆုံးဖြတ်ဖို့အတွက် ဆောင်ရွက်ပေးစေလိုပါတယ်"

ကိုပါကြီးသေဆုံးမူနဲ့ ပတ်သက်ပြီး အစီရင်ခံတင်ဖို့ နိုင်ငံတော်သမ္မတက အမျိုးသား လူ့အခွင့်အရေးကော်မရှင်ကို တာဝန်ပေးခဲ့ရာမှာ အမျိုးသား လူ့အခွင့်ရေးကော်မရှင်က အမူကို ပွင့်လင်းမြင်သာမူရှိစေဖို့ အရပ်ဘက်တရားရုံးမှာ စစ်ဆေးသင့်ကြောင်း ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ရေးသားထားပါတယ်။

အခုလို ကိုပါကြီးအမူကို အရပ်ဘက်တရားရုံးက စစ်ဆေးနေစဉ်မှာ စစ်ဘက်တရားရုံးက ဆုံးဖြတ်လိုက်တာ နဲ့ပတ်သက်ပြီး ကန့်ကွက်စာ ဆက်လက်ပေးပို့သွား မှာဖြစ်တယ်လို့ ကိုပါကြီးရဲ့ဇနီး မသန္တာက RFA ကိုပြောပါတယ်။

RFA

နေ့ရောညပါ ဘယ်အချိန်မှာပဲဖြစ်ဖြစ် လူတိုင်းရဲ့ လက်ထဲမှာ စမတ်ဖုန်းတလုံး ကိုင်ထားတာကို တွေ့ရမှာပါ။ ဆန်ဖရန်စ္စကိုအခြေစိုက် အော်ရီယွန်ကုမ္ပဏီက ဂျက်ဆီရောဘင်နဲ့ ဂရက်အောဘရက်ခ်ျတို့က လူတွေရဲ့ လက်ကို အနားရစေမယ့်နည်းလမ်းတခုကို ကြိုးစား ရှာဖွေခဲ့ပါတယ်။

လူတိုင်းအဖို့ သူတို့စမတ်ဖုန်းတွေကို ငုံ့ကြည့်နေစရာမလိုဘဲ အချိန်နဲ့ တပြေးညီ ဆက်သွယ်နိုင်မယ့် နည်းလမ်းတခု ရှာမယ်လို့ အတွေးရသလို လက်ရှိ လုပ်နေတဲ့ အလုပ်ကို ဆက်လုပ်ရင်း ဖုန်းဆက်နိုင်မယ့် ကိရိယာ တခုကို ဖန်တီးချင်တဲ့ ဆန္ဒရှိခဲ့တယ်လို့ ဆိုပါတယ်။

သူတို့ ရှာဖွေမှုရဲ့ရလဒ်အဖြစ် ၀တ်ဆင်ထားနိုင်တဲ့ အောနစ်ခ်စ် ကိရိယာလေး ထွက်ပေါ် လာခဲ့ပါတယ်။ ဒီကိရိယာလေးက ဘယ်သူပဲဖြစ်ဖြစ် ကိုယ့်ဖုန်းကို အိတ်ထဲ ထည့်ထားရင်းနဲ့ ဆက်သွယ်လို့ ရပါတယ်။

ဈေးကွက်ထဲမှာ “လက်လွတ်”ဆက်သွယ်ရေးကိရိယာတွေ အများကြီး ရှိပေမယ့် ဒီကုမ္ပဏီမှာတော့ ကုတ်ဒ်ရေးသွင်းသူတွေ ဆန်းသစ်ဖန်တီးသူတွေ ရှိတဲ့အတွက် နှာတဖျားသာသွားခဲ့တာ ဖြစ်ပါတယ်။

တခြား ဆက်သွယ်ရေး ပစ္စည်းတွေနဲ့ မကွာခြားလှပေမယ့် အဓိကတော့ ဘလူးတုသ်ဆက်သွယ်ရေး ဖြစ်သလို ထူးခြားတာကတော့ အောနစ်ခ်စ်က အော်ရီယွန်ကွန်ရက်ကို သုံးပြီး တခြား ဆက်သွယ်ရေးကိရိယာတွေနဲ့ ချိတ်ဆက်နိုင်တဲ့ အစွမ်း ရှိပါတယ်။

ကိုယ့်ဖုန်းထဲက အက်ပလီကေးရှင်းနဲ့ အော်ရီယွန် ကွန်ယက်ထဲကို ၀င်နိုင်တဲ့အစွမ်းက ဒီကုမ္ပဏီကို ခြေတလှမ်း သာသွားစေတဲ့အချက်ပါပဲ။ ဘယ်လို ဖုန်းဝန်ဆောင်မှု အမျိုးအစားပဲ သုံးသုံး ဘယ်နေရာပဲ ရောက်နေရောက်နေ ခလုတ်တချက် နှိပ်လိုက်ရုံနဲ့ ဒီကိရိယာသုံးတဲ့သူရော မသုံးတဲ့သူတွေနဲ့ပါ ဆက်သွယ်လို့ ရပါတယ်။

တာဝေးအတွက်ကတော့ အင်တာနက်ကို သုံးလို့ရသလို ပါလောကျွန်းစုကနေ အမေရိကကို လှမ်းပြီး ဆက်သွယ်မယ် ဆိုရင်တော့ အင်တာနက်ကို သုံးရပါတယ်။

ဒီကွန်ယက်က သုံးစွဲသူတွေကို အသုံးဝင်တဲ့ သတင်းအချက်အလက်တွေ၊ ဆက်သွယ်မယ့် သူတွေရဲ့ ရပ်ညွှန်းတွေနဲ့ သူတို့ရဲ့ အွန်းလိုင်းအခြေအနေတွေကို ထောက်ပံ့ပေးပါတယ်။

ရော်ဘင်တို့ ကုမ္ပဏီကတော့ ဒီကိရိယာရဲ့ အရွယ်အစား ကျုံ့သွားပြီး ကွန်ရက်ဖြန့်ကျက်နိုင်စွမ်း မြင့်လာကာ တီဗွီကနေ အခြားလျှပ်စစ်ပစ္စည်းတွေထိ အသုံးအဆောင်မှန်သမျှကို နှုတ်မိန့်နဲ့ စေခိုင်းနိုင်မယ့်နေ့တနေ့ ရောက်လာတောမယ့်လို့ မျှော်လင့်ထားပါတယ်။

ကုမ္ပဏီက ဖွံ့ဖြိုးလာနေသလို ဖက်ရှင်အသည်းကျော်တွေကို ဦးတည်တဲ့ ရူဘီဆိုတဲ့ ကိရိယာအသစ်တခုကို ဒီနှစ် ကုန်ပိုင်းမှာ ဖြန့်ချိသွားဖို့ ရှိပါတယ်။
.
Credit : DVB

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် ဗကသ တည်ထောင်ခြင်း ၇၉ နှစ်ပြည့်နဲ့ လက်ပံ တန်းကျောင်းသားသပိတ် ဖြိုခွင်းခံရခြင်း ၂ လပြည့် အခမ်းနားကို ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ်မှာရှိတဲ့ နာရေးကူညီမှုအသင်း (ရန်ကုန်) မှာ ဒီကနေ့ ကျင်းပပါ တယ်။

အဲ့အခမ်းနားမှာ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်အားလုံး စည်းလုံးညီညွတ်ကြဖို့ လက်ရှိ ဗကသ ဥက္ကဌ ကိုကျော်ကိုကို က ဗီဒီယိုမိန့်ခွန်းကနေ တဆင့် တိုက်တွန်းပြောဆိုခဲ့ပါတယ်။

"ကျနော်တို့ဟာ ဗကသရဲ့မူဝါဒ ၅ ချက်အောက်မှာ တညီတညွတ်တည်း ဖြစ်ဖို့လိုပါတယ်၊ ကျနော်တို့ ဗကသများ အဖွဲ့ချုပ်ရဲ့အလံတော်အောက်မှာ အားလုံးညီညီညွတ်ညွတ်နဲ့ တော်လှန်ရေးအသိ၊ တော်လှန်ရေးသတိနဲ့ ဆောင်ရွက်ကြပါ၊ ညီညီညွတ် ညွတ်ဆောင်ရွက်မှ ကျနော်တို့အောင်မြင်ပါလိမ့်မယ်၊ မညီညွတ်ဘူးဆိုရင် ကျနော်တို့ရဲ့ရန်သူဟာ ကျားနှစ်ကောင်ကိုက်တာကို တောင်ထိပ်က လက်ပိုက်ကြည့်ပြီး အမြတ်ထွက်သွားပါလိမ့်မယ်လို့ ရဲဘော်တွေကို သတိပေးချင်ပါတယ်"

အခမ်းအနားကို မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာမများ အဖွဲ့ချုပ်၊ ပညာရေး ပြုပြင်ပြောင်းလဲမှု နိုင်ငံလုံးဆိုင်ရာ ကွန်ယက်၊ လူ့ဘောင်သစ်လူငယ်အဖွဲ့နဲ့ လူ့ဘောင် သစ်ဒီမိုကရက်တစ်ပါတီ စတဲ့အဖွဲ့စည်း ၁၇ ဖွဲ့တို့က သ၀ဏ် လွှာတွေ ပေးပို့ခဲ့ကြပါတယ်။

အလားတူ ဗကသ ၇၉ နှစ်ပြည့်အခမ်းအနားကို ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့မှာ ကျင်းပခဲ့ပါတယ်။ ဗကသအဖွဲ့ချုပ်ကို အမှတ်ရစေဖို့အတွက် ပထမဆုံးအောင်ပန်းမြို့မှာ ကျင်းပတာ ဖြစ်တယ်လို့ ၈၈ မျိုးဆက်ကျောင်း သားဟောင်း ကိုဘိုဘိုဟန်ကပြောပါတယ်။

"ကျောင်းသားတွေဟာ ဘယ်တော့မှ နောက်တန်းမှာမရှိခဲ့ပါဘူး၊ ဒီလိုသမိုင်း အဆင်အလာကြီးမားခဲ့တဲ့ အဆင့်ဆင့်လက်ဆင့်ကန်း လွှဲပြောင်းပေးခဲ့တဲ့ ဗကသ အဖွဲ့ချုပ်ရဲ့အဆင်လာကြီးမားမှုကို ကျနော်တို့ အမြဲသတိရနေစေရန် ကျောင်းသား တို့ရဲ့စွန့်လွှတ်အနစ်နာခံမှုကို ကျနော်တို့ပြည်သူတွေအားလုံးက သတိရနေစေရန်၊ နောက်တစ်ခါ အာဏာရှင်စစ်အစိုးရကိုလည်း ဒီနေရာကနေပြီးတော့ ကျောင်းသား တွေဟာ လူသာနာသွားမယ် ဘယ်တော့မှ နိုင်ငံရေးမနာဘူး"

လက်ပံတန်းကျောင်းသားသပိတ်စခန်း ဖြိုခွင်းခံရပြီး လက်ရှိသာယာဝတီ အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရ တဲ့ ကျောင်းသူ ကျောင်းသား ၇၀ လောက်ဟာ ဗကသအဖွဲ့ဝင်တွေဖြစ်ပါတယ်။ ဒီနေ့ ရန်ကုန်မြို့က အခမ်းအနားကို ၈၈မျိုးဆက် ငြိမ်ချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ကိုမင်းကိုနိုင်ကလည်း တက်ရောက် ဂုဏ်ပြုခဲ့ ပါတယ်။

RFA
http://www.rfa.org/burmese/news/students-crackdown-letpadan-2-month-anniversary-05102015100549.html

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.