05/12/15


သာယာဝတီအကျဉ်းထောင်အတွင်း အထိန်းသိမ်းခံထားရတဲ့ သပိတ်မှောက်ကျောင်းသားတွေနဲ့ ဝန်းရံပြည်သူတွေရဲ့ ဒီကနေ့ သာယာဝတီတရားရုံးမှာ ရုံးထုတ်စစ်ဆေးမှုကို လွတ်လပ်ပြီး မျှတတဲ့ တရားရေးစီရင်မှု ဟုတ်-မဟုတ်ဆိုတာ ကိုယ်တိုင်သိရှိနိုင်ဖို့ နိုင်ငံတကာ သံတမန်အချို့ လာရောက် လေ့လာခဲ့ကြတယ်လို့ ကျောင်းသားတွေဘက်က လိုက်ပါဆောင်ရွက်ပေးနေတဲ့ အကျိုးဆောင်ရှေ့နေက ပြောပါတယ်။

သာယာဝတီထောင်တွင်း ထိန်းသိမ်းထားတဲ့ ကျောင်းသားတွေထဲက အသက်မပြည့်သေးတဲ့ ကျောင်းသားတဦးကို အာမခံပေးလိုက်ပြီး ကလေးသူငယ်တရားရုံးမှာ ဆက်လက် တရားရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ အသေးစိတ် ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်က တင်ပြထားပါတယ်။

ပြဋ္ဌာန်းပြီး အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ပေးရေး ခရီးရှည်ချီတက် ဆန္ဒပြရင်းနဲ့ လက်ပံတန်းမြို့မှာ အကြမ်းဖက် ဖြိုခွင်းခံရပြီးနောက် ဖမ်းဆီးခံလိုက်ရတဲ့ ဒီမိုကရေစီ ပညာရေး ပင်မ သပိတ်မှောက် ကျောင်းသားတွေနဲ့ ဝန်းရံပြည်သူပေါင်း ၇၀ ကျော်ကို သာယာဝတီထောင်မှာ ထိန်းသိမ်းထားလိုက်တာ ဖြစ်ပါတယ်။ ဒီကနေ့ မေလ ၁၂ ရက်နေ့မှာတော့ သာယာဝတီတရားရုံးမှာ ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ ဒီစစ်ဆေးမှုတွေအတွင်း EU ဥရောပသမဂ္ဂနဲ့ အမေရိကန်ပြည်ထောင်စု ဂျာမန်၊ ပြင်သစ်နိုင်ငံ အပါအဝင် လေးနိုင်ငံက သံတမန်တချို့ တရားခွင်ကို လာရောက် လေ့လာခဲ့ကြတယ်လို့ ကျောင်းသားတွေဘက်က ဥပဒေအကျိုးဆောင်အဖြစ် လိုက်ပါဆောင်ရွက်ပေးနေတဲ့ အကျိုးဆောင်ရှေ့နေ ဦးရော်ဘတ်ဆန်းအောင်က အခုလို ပြောပါတယ်။

“ဂျာမနီနိုင်ငံရယ်၊ အမေရိကန်နိုင်ငံရယ်၊ ပြင်သစ်နိုင်ငံရယ် EU ရယ် Human Rights Defenders က အရှေ့တောင်အာရှဆိုင်ရာ ညွှန်ကြားရေးမှူးရယ်၊ သူတို့ကိုယ်တိုင် လာပြီးတော့ လေ့လာသွားတာပါ။ အားလုံး လေးနိုင်ငံက လာပြီးတော့ ကျောင်းသားတွေနဲ့လည်း တွေ့ဆုံသလို တရားရုံးမှာ ထွက်ချက်ပေးတဲ့ပုံစံ၊ တရားသူကြီးက မှတ်တမ်းယူတဲ့ပုံစံ၊ လွတ်လပ်တဲ့ တရားရေးစီရင်မှု ဟုတ်-မဟုတ်နဲ့ ပတ်သက်ပြီးတော့ သူတို့ သတင်းအချက်အလက်ယူဖို့ လာပါတယ်။ တရားလိုရဲမှူးက EU နည်းနဲ့ ကျောင်းသားသပိတ်ကို ဖြိုခွဲပါတယ်ဆိုတော့ EU က မတ်တပ်တွေဘာတွေရပ်ပြီး နားထောင်ရတဲ့ အဆင့်ရောက်သွားတယ်။ ကျောင်းသားတွေဆီကလည်း သူတို့ကို ရိုက်နှက်ညှဉ်းပမ်းနှိပ်စက်တဲ့အပေါ်မှာ သူတို့ခံစားချက်တွေကို ပြောပြတဲ့အခါမှာ သူတို့က နားထောင်သွားပါတယ်။ အဲတော့ ဆိုလိုတာကတော့ နိုင်ငံတကာသည် လက်ပံတန်းအကြမ်းဖက်မှုနဲ့ ပတ်သက်ရင် မေ့ပျောက်မသွားဘူး အစဉ်အမြဲ သတိအနေအထားနဲ့ ရှိနေတယ်။ တရားသဖြင့် ဆုံးဖြတ်မှုကို ပြုလုပ်စေချင်တယ်။ အဲ့ဒါပါပဲ။”

သပိတ်မှောက်ကျောင်းသားနဲ့ ဝန်းရံပြည်သူတွေကို သာယာဝတီအကျဉ်းထောင်ကနေ ဒီကနေ့ ရုံးထုတ်စစ်ဆေးမှုမှာ ကျောင်းသားတွေကို တရားစွဲထားတဲ့ တရားလိုကို စစ်ဆေးခဲ့တာဖြစ်တယ်လို့ ရှေ့နေကပြောပါတယ်။

“ဒီကနေ့ တရားလိုက သူတိုင်တန်းထားတဲ့ အမှုနဲ့ပတ်သက်ပြီး စစ်ဆေးခြင်း ဖြစ်ပါတယ်။ ကျောင်းသားတွေ အကုန်လုံး ရုံးထုတ်ပြီးတော့။”

ဒီကနေ့ ရုံးထုတ်စစ်ဆေးချိန်အတွင်းမှာပဲ အထိန်းသိမ်းခံကျောင်းသားတွေထဲက အသက် ၁၈ နှစ် မပြည့်သေးသူ သပိတ်မှောက်ကျောင်းသား မောင်အောင်မင်းခိုင်ကို အာမခံနဲ့ ပြန်လွှတ်ပေး လိုက်ပါတယ်။ ဒါပေမဲ့ သူ့ကို စွဲဆိုထားတဲ့အမှုကိုတော့ ပြန်ရုပ်သိမ်းတာမဟုတ်ဘဲ ကလေးသူငယ်တရားရုံးမှာ အမှုရင်ဆိုင်ရမှာ ဖြစ်တယ်လို့ အကျိုးဆောင်ရှေ့နေက ပြောပါတယ်။

“အောင်မင်းခိုင် ရွှေဘိုကတော့ အာမခံ ရသွားပါပြီခင်ဗျ။ သူက အသက်မပြည့်သေးတော့ ကလေးသူငယ်အဖြစ် ပြောင်းပြီးတော့ အာမခံ ပေးပါတယ်။ သို့ပါသော်လည်း ပြည်မြို့က ရဲသီဟ ဆိုတဲ့ ကလေးက ဒီ စပြီးတော့ ဝိုင်းကတည်းက ကလေးက ကြောက်ပြီးတော့ ကလေးက ကြောက်ကြောက်လန့်လန့်နဲ့ သူ့အကို နာမည် ပေးလိုက်မိတယ်။ အဲ့ဒီအပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့က တင်ပြတာလည်းပဲ တရားရုံးက လက်မခံသေးဘူးဗျ။ အမှန်မှန်က ကလေးသူငယ် ဟုတ်-မဟုတ် စိစစ်ဖို့က ရဲတာဝန်။ ရဲက အမှုမတင်ခင်မှာ မလုပ်ခဲ့တဲ့အတွက် တရားရုံးရောက်တော့ တရားရုံးက ဆရာဝန်ကို စစ်ဆေးပြီးမှ ပြန်ဆုံးဖြတ်ပေးရမှာ ဖြစ်ပါတယ်။”

အသက်မပြည့်သေးလို့ အာမခံနဲ့ ပြန်လွှတ်လာတဲ့ ရွှေဘိုခရိုင် အခြေခံပညာကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌဖြစ်သူ နဝမတန်းကျောင်းသား မောင်အောင်မင်းခိုင်ဟာ လက်ပံတန်းအကြမ်းဖက်မှုအတွင်း ရဲလုံခြုံရေးတွေရဲ့ အုပ်စုလိုက် ရိုက်နှက်ခြင်းခံနေရပုံကို နိုင်ငံတကာ သတင်းမီဒီယာတွေမှာ ဖော်ပြခြင်းခံရသူ အသက်အငယ်ဆုံး သပိတ်မှောက်ကျောင်းသားလည်း ဖြစ်ပါတယ်။

အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး ဆန္ဒပြခဲ့ကြတဲ့ ကျောင်းသားတွေကို နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ လူစုခွဲရန်ငြင်းဆန်မှု၊ ဆူပူအုံကြွအောင် လှုံ့ဆော်မှု အပါအ၀င် ပုဒ်မ ၅ ခုနဲ့ တရားစွဲဆိုပြီး ရုံးထုတ်စစ်ဆေးနေတာ ဖြစ်ပါတယ်။ နောက်တကြိမ် ရုံးချိန်းရက်ကတော့ မေလ ၂၆ ရက်နေ့မှာ ပြန်လည်ရုံးတင် စစ်ဆေးဦးမှာဖြစ်တယ်လို့ ကျောင်းသားတွေဘက်က ဥပဒေအကျိုးဆောင်ရှေ့နေက ပြောပါတယ်။

မဆုမွန်/VOA
http://burmese.voanews.com/content/students-court-hearing/2764234.html


လက်ပံတန်းကျောင်းသားသပိတ်ကို အကြမ်းဖက်ဖြိုခွဲပြီး ဖမ်းဆီးထားတဲ့ ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်း ကျောင်းသားတွေနဲ့ ၀န်းရံပြည်သူ အယောက် ၇၀ ကို မေလ ၁၂ ရက်နေ့မှာ သာယာဝတီ တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ သူတို့ကို ရုံးထုတ်စစ်ဆေးပြီး သာယာဝတီအကျဉ်းထောင်ဆီ ပြန်အပို့ လမ်းခုလတ်မှာ ဗကသများ အဖွဲ့ချုပ် ကျောင်းသားတွေနဲ့ ပြည်သူတွေက ခွပ်ဒေါင်းအလံတွေ၊ သပိတ်ဟစ်ကြွေးသံတွေနဲ့ စောင့်ကြို နှုတ်ဆက် အားပေးခဲ့ကြပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no



ဖမ်းဆီးခံ သပိတ်မှောက် ကျောင်းသားတွေနဲ့ ၀န်းရံပြည်သူတွေကို ဒီကနေ့ သာယာဝတီမြို့နယ် တရားရုံးမှာ ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးရာမှာ အများပြည်သူရှေ့တရားစီရင်ခွင့်ရရှိခဲ့ တယ်လို့ တရားလွှတ်တော်ချုပ်ရှေ့နေ ဦးသိန်းသန်းဦးက ပြောပါတယ်။

“ဆရာတို့က ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၉ (ခ)အရ အများပြည်သူရှေ့မှောက်မှာ တရားစီရင်ခွင့် ရဖို့ တောင်းဆိုတာ ရပါတယ်။ ခွင့်ပြုတယ်။ ဒါပေမယ့် ရုံးရဲ့နေရာအခက်အခဲအရ အကုန်လုံးတော့ ရုံးထဲဝင်လို့မရသေးဘူး။ တရားခွင်ထဲအထိ တံခါးဖွင့်ပြီးတော့ မီဒီယာနဲ့ မိသားစုဝင်တချို့ဝင်နိုင်တယ်။ ကျန်တဲ့မိသားစုက ကျန်သေးတယ်။ ဒါက ရုံးရဲ့အနေအထားရ နဲ့လုံခြုံရေးအရရော။ နောက်ချိန်းတွေမှာတော့ ဒီ့ထက်ပိုပြီးတော့ ရလာမယ်လို့ မျှော်လင့်တယ်။ ဒါကတော့ ဒီကနေ့အတွက် ထူးခြားချက်ပဲ။”

ဒီကနေ့ တရားခွင်မှာ တရားလိုပြသက်သေအဖြစ် လက်ပံတန်းက ရဲမှူး ဘုန်းမြင့်ကို စစ်ဆေးခဲ့ပြီး ရွှေဘိုခရိုင် အခြေခံပညာကျောင်းသား သမဂ္ဂ ဥက္ကဋ္ဌ မောင်အောင်မင်းခိုင်ကို တော့ သက်မပြည့်သေးတဲ့အတွက် အာမခံပေးပြီး ကလေးသူငယ်တရားရုံးမှာ သီးခြား စစ်ဆေးခဲ့ပါတယ်။

ကျောင်းသား ၁၁ ယောက်နဲ့ ၀န်းရံပြည်သူ ဒေါ်သန်းအေးနဲ့ ကိုကျော်ဇောခိုင် စုစုပေါင်း ၁၃ ဦး ကို လွှတ်ပေးဖို့ အာမခံ ထင်ထားပေမယ့်လို့လည်း ဦးသိန်းသန်းဦးက ပြောပါတယ်။

“ကျောင်းသား ၁၁ ယောက်အမခံတင်ထားတာတော့ အဖြေမပေးသေးပါဘူး။ အထောက် အထား တွေ ထပ်တင်ပြတယ်။ ဒေါ်သန်းအေးနဲ့ ကျော်ဇော်ခိုင်ဆိုတာ ၂ ယောက် ထပ်တင်တယ်။ အဲဒါတွေကတော့ လာမယ့် ရုံးချိန်းမှ လျှောက်လဲချက်ပေးရပါမယ်။ ”

သာယာဝတီထောင်မှာ ထိန်းသိမ်းခံနေရတဲ့ ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်းက ကျောင်းသားတွေနဲ့ ၀န်းရံသူ ၇၀ ကျော်ကို ပြစ်မှုဆိုင်ရာ ပုဒ်မ ၅ ခုနဲ့ တရားစွဲထားတာဖြစ်ပြီး လာမယ့် မေလ ၂၆ ရက်နေ့မှာ ရုံးပြန်ချိန်းဆိုထားပါတယ်။

တရားစွဲဆိုထားတဲ့ ပုဒ်မ တွေကတော့ ပုဒ်မ၁၄၃ (ဥပဒေနှင့် ဆန့်ကျင်သော အစုအဝေးတခုတွင် ပါဝင်သူ)၊ ပုဒ်မ ၁၄၅ (လူစုခွဲရန် အမိန့်ပေးပြီးကြောင်းသိလျက် ဥပဒေနှင့် ဆန့်ကျင်သော အစုဝေးတွင်ပါဝင်နေခြင်း)၊ ပုဒ်မ ၁၄၇ (ရုန်းရင်းဆန်ခတ်မှု)၊ ပုဒ်မ ၃၃၂ (ပြည်သူ့ဝန်ထမ်းအား ၀တ္တရားဆောင်ရွက်ခြင်းမှ ဟန့်တားရန် မိမိအလိုအလျှောက် နာကျင်စေမှု)၊ ပုဒ်မ ၅၀၅(ခ) (အများပြည်သူ၏ အကျိုးပျက်စီးစေမှု) တွေဖြစ်ပါတယ်။

ဒီကနေ့ တရားခွင်မှာတော့ ဂျာမန်၊ ပြင်သစ်၊ အီးယူ၊ အမေရိကန်စတဲ့သံရုံးက နိုင်ငံတကာက သံတမန်တွေ တက်ရောက်နားထောင်ခွင့်ရရှိခဲ့ပြီး ကျောင်းသားခေါင်းဆောင်တချို့နဲ့လည်း စကားပြောခွင့်ရရှိခဲ့ပါတယ်။

ကျောင်းသားတွေ အကြမ်းဖက်ဖြိုခွင်းခံရတာနဲ့ ပတ်သက်ပြီး ကျောင်းသားတွေနဲ့ မိဘတွေက ရဲနဲ့ ပညာရေးဌာနကို တရားပြန်စွဲချင်တဲ့အတွက် မြန်မာနိုင်ငံရှေ့နေများကွန်ရက်က ၇ ဦးပါ အလုပ်အဖွဲ့ဖွဲ့စည်းပြီး ဥပေဒကြောင်းအရ တရားပြန်စွဲဆိုနိုင်ရေး ဆောင်ရွက်နေတယ်လို့ ရှေ့နေ ဦးသိန်းသန်းဦးက ပြောပါတယ်။

 By နော်နိုရင်း (ဒီဗွီဘီ)
http://burmese.dvb.no


 မြန်မာ နဲ့ ဘင်္ဂလာဒေ့ခ်ျ နိုင်ငံကလို့ ယူဆရတဲ့ ဒုက္ခသည် ရာပေါင်းများစွာကို တင်ဆောင်လာတဲ့ စက်လှေတစီးကို အင်ဒိုနီးရှားနိုင်ငံက လက်ခံဖို့ ငြင်းပယ်လိုက်ပါတယ်။

အဲဒီလှေကို သောက်ရေနဲ့ စားနပ်ရိက္ခာတွေ ပေးပြီး တနင်းလာနေ့က ပင်လယ်ပြင်ကို ပြန်ပို့လိုက်တယ်လို့ အင်ဒိုနီးရှား ရေတပ်က ပြောဆိုခဲ့ပါတယ်။

ဒုက္ခသည်တွေက မလေးရှားနိုင်ငံကို သွားချင်တဲ့အတွက် အခုလို လုပ်ဆောင်ရတာ ဖြစ်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် နိုင်ငံတကာ ရွှေ့ပြောင်းသူများအဖွဲ့ကတော့ အခုလို ဆုံးဖြတ်ကို အံ့သြမိတယ်လို့ ဆိုပါတယ်။

မြန်မာ နဲ့ ဘင်္ဂလာဒေ့ခ်ျ နိုင်ငံတို့က ဒုက္ခသည်ပေါင်း ၈ ထောင်လောက်ဟာ ပင်လယ်ပြင်မှာ သောင်တင်နေကြတယ်လို့ နိုင်ငံတကာ ရွှေ့ပြောင်းသူများအဖွဲ့က ခန့်မှန်းပါတယ်။

အင်ဒိုနီးရှား ရေတပ်က ပြောခွင့်ရပုဂ္ဂိုလ် Manahan Simorangkir ကတော့ လှေပေါ်မှာ ပါလာသူတွေဟာ အခြေအနေ ကောင်းမွန်ကြပါတယ်လို့ ပြောဆိုခဲ့ပါတယ်။

သူတို့တွေက အကူအညီ ရှာနေတာဖြစ်ပြီး အင်ဒိုနီးရှားကို သွားချင်တာမဟုတ်ဘဲ ၊ မလေးရှားကို သွားချင်တာဖြစ်ကြောင်း၊ ဒါကြောင့် သူတို့အတွက် စားနပ်ရိက္ခာ၊ ရေနဲ့ ဆေးဝါးတွေပေးပြီး သူတို့သွားလိုရာကို ပို့ဆောင်ပေးခဲ့တာ ဖြစ်ကြောင်း မစ္စတာ Simorangkir က ပြောဆိုခဲ့ပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese

နီပေါ နိုင်ငံမှာ လူ ၈ ထောင်ကျော် သေဆုံး ခဲ့ရတဲ့ ငလျင်ကြီး လှုပ်ခဲ့အပြီး နှစ်ပတ် အကြာ ဒီကနေ့ အင်္ဂါနေ့မှာ ပြင်းအား ၇ ဒသမ ၃ ရှိတဲ့ ငလျင် တစ်ခု ဧဝရတ်တောင် အနီးမှာ ထပ်မံ လှုပ်ခတ်ခဲ့ပါတယ်။

ဧဝရတ်တောင် အနီးက Namche Bazaar မြို့အနီးကို ဗဟိုပြု လှုပ်ခဲ့တဲ့ ဒီငလျင်ကြောင့် အခုချိန်အထိ အတည်ပြုနိုင်တဲ့ သေဆုံးသူ အနည်းဆုံး ၂၉ ဦး ရှိပြီး လူ တစ်ထောင်ကျော် ဒဏ်ရာ ရခဲ့တယ်လို့ နီပေါ အစိုးရက ပြောပါတယ်။

ပြီးခဲ့တဲ့ ငလျင်တုန်းက အထိအခိုက် အပျက်အစီး များခဲ့တဲ့ ခတ္တမန္တူ မြို့တော်က ထောင်နဲ့ ချီတဲ့ လူတွေဟာ သူတို့ နေအိမ်တွေကနေ ထိတ်လန့်တကြား လမ်းမတွေပေါ်ကို ပြေးထွက် ခဲ့ကြပါတယ်။

ဒေသ စံတော်ချိန် နေ့လည် ၁၂ နာရီ ၃၅ မိနစ် အချိန်မှာ လှုပ်ခတ်တဲ့ ဒီငလျင်ဟာ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့နဲ့ ဘင်္ဂလာဒေ့ရှ် နိုင်ငံ ဒါကာ မြို့တို့ မှာလည်း ရိုက်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

အထိအခိုက် အများဆုံး ရှိနိုင်တဲ့ ခတ္တမန္ဒူ မြို့တော်ရဲ့ အရှေ့မြောက်ဘက်က ဒေသတွေကို ကယ်ဆယ်ရေး ရဟတ်ယာဉ်တွေ ပို့လွှတ် ထားပါတယ်။

၇ ဒသမ ၃ ပြင်းအား ရှိတဲ့ အဲဒီ ငလျင် လှုပ်ပြီးနောက် ပြင်းအား ၅ ကျော်တဲ့ နောက်ဆက်တွဲ ငလျင် ၆ ခု ဆင့်ကဲ လှုပ်ခတ် ခဲ့ပါသေးတယ်။

ကျေးလက်နဲ့ ဝေးလံ ခေါင်းပါးတဲ့ ဒေသတွေမှာ မြေပြိုမှု တောင်ပြိုမှုတွေ ဖြစ်ပြီး လူအများအပြား သေဆုံး နိုင်တယ်လို့ စိုးရိမ် ပူပန်မှုတွေ ရှိနေပါတယ်။

အခု ငလျင်က မြေမျက်နှာပြင်အောက် နက်ရှိုင်းတဲ့ နေရာကို ဗဟိုပြုတာ ဖြစ်လို့ ပြီးခဲ့တဲ့ ငလျင်ထက် ထိခိုက်ပျက်စီးမှု နည်းနိုင်တယ် လို့လည်း ကျွမ်းကျင်သူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၅ ရက်က နီပေါ နိုင်ငံ အနောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇.၈ ရှိတဲ့ ငလျင်ကြောင့် လူပေါင်း ၈ ထောင်ကျော် သေဆုံးခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese

ဓာတ်ပုံ - Lung Jung
 ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီ၊ ကျောက်မဲနဲ့ အရှေ့မြောက်ပိုင်း လောက်ကိုင်၊ ကုန်းကြမ်းစတဲ့ ဒေသတွေမှာ အစိုးရတပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား တိုက်ပွဲတွေ ပြင်းထန် ဆက်လက်ဖြစ်ပွားနေပါတယ်။

လောက်ကိုင်မြို့နယ် နန်ထိန်မိန်တောင်ကုန်းတလျှောက်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းကစ တိုက်ပွဲ ဆက်တိုက် ဖြစ်ပွားရာမှာ ဒီကနေ့ မေလ ၁၂ ရက်နေ့မှာလည်း အစိုးရတပ်ဘက်က မိုးမလင်းခင်ကတည်းက လက်နက်ကြီးနဲ့ ပစ်သလို ရဟတ်ယာဉ်ပေါ်ကနေ ဗုံးကြဲခဲ့တယ်လို့ အမ်အန်ဒီအေအေ ကိုးကန့်တပ်ရဲ့ ပြောခွင့်ရ ဦးထွန်းမြတ်လင်းက ဒီဗွီဘီကို ပြောပါတယ်။

“အခု ၂ ရက် ၃ ရက်အတွင်း အပြင်းထန်ဆုံးလို့ ပြောရမယ်ထင်တယ်။ နန်ထိန်မိန်တ၀ိုက်မှာ ဖြစ်နေတာ။ မနေ့ကလည်း ပြင်းထန်တယ်။ ဝေဟင်ပေါ်ကနေ ဟတ်စကီးနဲ့ စက်သေနတ်နဲ့ ပစ်တယ်။ ဗုံးကြဲတယ်။ အလုံး ၁၀၀ ကျော်ကျပါတယ်။ အောက်မှာတော့ ကြည်းတပ် ထိုးတယ်။ တင့်ကားရော၊ သံချပ်ကာကားပါ ပစ်ကူတယ်။”

အစိုးရတပ်ဘက်က အင်အားကို မသိရပေမယ့် သူတို့ဘက်ကတော့ အင်အား ၅၀၀ ကျော်နဲ့ ပြန်ခုခံနေတယ်လို့ သူက ဆက်ပြောပါတယ်။ လက်တလော တိုက်ပွဲတွေကြောင့် နှစ်ဘက် ထိခိုက်ကျဆုံးမှု အရေအတွက်ကိုတော့ မသိရသေးပါဘူး။

ရှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ်ဘက်မှာတော့ မေလ ၁၀ ရက်နေ့ညက အစိုးရတပ်နဲ့ တီအန်အယ်လ်အေ တအာင်းတပ်ကြား နားတီးရွာနဲ့ မြောက်ဇီရွာအနီးမှာ တိုက်ပွဲဖြစ်ပြီး အစိုးရတပ်ဘက်က ၂၀ ကျဆုံး၊ ၁၇ ဦးထက်မနည်း ဒဏ်ရာရတယ်လို့ တအာန်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် တီအန်အယ်လ်အေက ထုတ်ပြန်ပါတယ်။

မေလ ၁၁ ရက်နေ့ကလည်း ကွမ်းလုံသွားလမ်းပေါ် တက်လာတဲ့ အစိုးရစစ်ယာဉ်တန်းကို တအာင်းတပ်ဘက်က ပခုံးထမ်းလောင်ချာနဲ့ ပစ်ခတ်ခဲ့ရာမှာ အစိုးရယာဉ်တန်းကား ၄ စီး ထိမှန်ပျက်စီးပြီး ထိခိုက်ကျဆုံးမှုတွေရှိခဲ့တယ်လို့ လည်းကြေညာထားပါတယ်။

ဖေဖော်ဝါရီလကနေ မေလ လယ်ထိ လောက်ကိုင်ဒေသ စွန်သျှန်၊ လောဝ်တုံကို၊ ချီမင်ချွန် စတဲ့ရွာတွေမှာ ကိုးကန့်အရပ်သား သက်ကြီးရွယ်အို ၂ ဦးအသတ်ခံရပြီး မြန်မာစစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်သေဆုံးသူ ၂ ဦးရှိခဲ့တယ်လို့ ပြည်ပအခြေစိုက် ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့က မေလ ၁၁ရက်နေ့က ထုတ်ပြန်ပါတယ်။

ဒီတိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီ အစိုးရစစ်တပ်ဘက်က သတင်းထုတ်ပြန်ခြင်း မရှိသေးသလို သီးခြားအတည်ပြုချက်ရယူနိုင်ခြင်းလည်း မရှိသေးပါဘူး။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ဒုဥက္ကဋ္ဌ ဦးအောင်မင်းကတော့ ပဋိပက္ခဖြစ်နေတဲ့ ဒေသက တပ်ဖွဲ့တွေနဲ့ နိုင်ငံရေး ဆွေနွေးပွဲ လုပ်နိုင်ဖို့ဆိုရင် ကိုးကန့်တပ်ဖွဲ့က သူတို့ စခဲ့တဲ့တိုက်ပွဲကို အရင်ရပ်ပေးဖို့ လိုတယ်လို့ မေလ ၁၀ ၇က် ရန်ကုန်မှာကျင်းပတဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဆွေးနွေးပွဲမှာ ပြောပါတယ်။

 By ဒီဗွီဘီ
http://burmese.dvb.no


 မြ၀တီမြို့၊ အမှတ်(၃)ရပ်ကွက်၊ ကြံခင်း ဘုန်းတော်ကြီး ကျောင်းရှေ့ရှိ ငွေလဲဆိုင်တဆိုင်ကို နေ့ခင်းကြောင်တောင် ၀င်ရောက်လုယက်မှု ကျုးလွန်ခဲ့သည့် သေနတ်ကိုင် ၂ဦး လွတ်မြောက်နေဆဲ ဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မေလ ၆ ရက်နေ့ မွန်းလွဲပိုင်းက မမာဆိုသူ၏ ငွေလဲဆိုင်စားပွဲခုံပေါ်တွင်တင်ထားသော မြန်မာ ငွေကျပ် ၁၀ သိန်းကို အသက် ၁၉ နှစ် အရွယ်ခန့်ရှိ ခပ်ပိန်ပိန်လူငယ်နှစ်ဦးသည် ထိုင်းဘတ်ငွေနှင့် မြန်မာကျပ်ငွေလဲလှယ်ရန်ဟန်ဆောင်၍ လုယူထွက်ပြေးသွားခဲ့ပြီး ငွေလဲဆိုင်နှင့် ခပ်လှမ်းလှမ်းရှိ သမိန်ဗရမ်း လမ်းတနေရာတွင် အသင့်ရပ်ထားသော ဆိုင်ကယ်ရှိရာသို့ အမြန်ပြေးသွားပြီး ဆိုင်ကယ်ပေါ်တက်ခွ၍ ချက်ချင်းမောင်းနှင် ထွက်ပြေးသွားခဲ့သည်ဟု မျက်မြင်တွေ့ လိုက်ရသူတဦးက ပြောပြသည်။

၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ အနီးဝန်းကျင်မှ ဒိန်းဒေါင်ဆိုသူနှင့် အဖော်နှစ်ဦး က ငွေ(၁၀)သိန်းလုယက်သွားသူ နှစ်ဦး နောက် ထပ်ချပ်မကွာ လိုက်လံဖမ်းဆီးရာ တွင် ငွေလုသွားသူ လူငယ်နှစ်ဦးအနက်မှ တဦးက ခါးတွင်ထိုးထားသော ငွေရောင် သေနတ်အတိုကို ဆွဲထုတ်၍ မောင်းဆွဲတင် လိုက်ပြီး 'မဆိုင်တဲ့ကောင် အနားမကပ်နဲ့၊ ဟောဒီမှာ တွေ့လား'ဟုဆိုကာ သေနတ် ဖြင့် ချိန်လိုက်သဖြင့် လိုက်လံဖမ်းဆီးသော ဒိန်းဒေါင်ဆိုသူမှာ ဆက်မလိုက်ရဲတော့ဘဲ ငွေလုသွားသူနှစ်ဦးမှာ လွတ်မြောက်သွား ခဲ့သည်။

မြ၀တီမြို့တွင် ၂၀၁၂ ခုနှစ်က လည်း ရွှေဆိုင်နှစ်ဆိုင်အား သေနတ်ကိုင် ဆောင်သူများက လုယက်မှုကျုးလွန်သည့် ဖြစ်စဉ်များရှိခဲ့ကြောင်း သိရသည်။

သက်ဦးနိုင်(မြ၀တီ)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


“လယ်သမားကြီး ဦးမောင်ငယ်ပိုင် ၉ ဒသမ ၁၆ ဧကရှိတဲ့ လယ်နှင့်ဥယျာဉ် ခြံမြေများကို ရခိုင်ပြည်နယ်မှာ ထိုစဉ်က တာဝန်ရှိသည့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ဝင်းမြင့် လက်ထက်က သိမ်းဆည်းခဲ့ပါသည်။”

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီကမ်းခြေတလျှောက် တပ်က သိမ်းဆည်းထားသည့် လယ်မြေများ ပြန်လည်ရရှိရေးအတွက် တကိုယ် တော်ဆန္ဒဖော်ထုတ်ခဲ့သူ ဦးစိုးဝေကို သံတွဲမြို့နယ် တရားရုံးက မတ်လ ၂၆ ရက်နေ့တွင် ထောင်ဒဏ်သုံးလချမှတ်လိုက်ကြောင်း အလားတူမြန်မာ နိုင်ငံအနှံ့ နှစ်ပေါင်းများစွာ လယ်ယာတခုတည်းသာ လုပ်ကိုင်စားသောက် တတ်သည့် လယ်သမားဦးကြီးများ၏ လယ်ယာမြေများကို ၁၉၈၈ ခုနှစ် တပ်မတော်အာဏာသိမ်းပြီးနောက် တပ်တိုးချဲ့ဖို့၊ စီမံကိန်းလုပ်ဖို့၊ ဆေးရုံ ဆောက်ဖို့၊ စာသင်ကျောင်းများဆောက်ဖို့ သိမ်းခဲ့ကြသည်မှာ မရေတွက် နိုင်အောင် များလှသည်။

စာရေးသူသည် ရခိုင်ပြည်နယ် သံတွဲမြို့သို့ သတင်းကိစ္စတခု အတွက် ၂၀၁၄ ခုနှစ် စက်တင်ဘာလက ရောက်ခဲ့ပါသည်။ ဒုက္ခတွေ ရောက်နေကြသော ရိုးသားသည့် ရခိုင်တိုင်းရင်းသားများ၏ဘ၀ကို သိခဲ့ ရပါသည်။ တသက်လုံး စပါးစိုက်ပျိုးခြင်းသာ လုပ်တတ်ကြသော လယ် သမားများ လယ်သိမ်းမြေသိမ်းခံရသဖြင့် လုပ်စားစရာ လယ်မရှိ၊ မြေမရှိ။ ကယ်မဲ့သူလည်းမရှိ။ ကူညီကယ်တင်ပေးနိုင်မလားလို့ မျှော်လင့်ချက်နှင့် ရွေးချယ်ပေးလိုက်သူကလည်း လယ်သမားများအကျိုးအတွက် ဘာတခုမှ ဆောင်ရွက်ပေးနိုင်ခြင်းမရှိဘဲ ကိုယ့်အကျိုးစီးပွားတိုးတက်ဖို့ သာလုပ်ကိုင် နေတာတွေ့ခဲ့ရပါသည်။

ဖြစ်စဉ်မြောက်မြားစွာအနက်မှ နစ်နာသူတဦး၏ ဖြစ်စဉ်လေးတခု ကို နိုင်ငံတော်အကြီးအကဲအပါအ၀င် လွှတ်တော်တွင် ဖွဲ့စည်းပေးထား သော လယ်ယာမြေနှင့် အခြားသိမ်းဆည်းခံမြေများ စုံစမ်းရေးကော်မရှင် အဖွဲ့တို့ သိရှိအောင် ရေးပြချင်ပါသည်။

ရခိုင်ပြည်နယ်၊ သံတွဲမြို့၊ ဇီးဖြူကုန်းကျေးရွာအုပ်စု လယ်သမားကြီး ဦးမောင်ငယ်ပိုင် ၉ ဒသမ ၁၆ ဧကရှိတဲ့ လယ်နှင့်ဥယျာဉ်ခြံမြေများကို ရခိုင်ပြည်နယ်မှာ ထိုစဉ်က တာဝန်ရှိသည့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ဝင်းမြင့်လက်ထက်က သိမ်းဆည်းခဲ့ပါသည်။ စပါး များ ရင့်မှည့်လို့ ရိတ်သိမ်းဖို့ပြင်နေချိန်မှာ တပ်မတော်သားများက သေနတ် များနှင့်ဆင်းလာပြီး စပါးရိတ်နေသူတွေကို မောင်းထုတ်ကာ သိမ်းဆည်း ခဲ့ခြင်းဖြစ်ပါသည်။

အကြောင်းကတော့ မူလတန်းကျောင်းဆောက်ဖို့ဟူ၍ဖြစ်သည်။ မူလတန်းကျောင်းက ဇီးဖြူကုန်းရွာမှာရှိပြီးဖြစ်ပါသည်။ ယင်းနေရာသည် ယခု မက်စ်မြန်မာဟိုတယ် ဆောက်ထားတဲ့နေရာဖြစ်ပါသည်။ ယခင် ကျောင်းနေရာကို တိုင်းမှူးက လိုချင်သောကြောင့် လယ်သမားဦးမောင် ငယ်၏ လယ်ယာမြေ ၉ ဒသမ ၁၆ ဧကကို သိမ်းပြီး ထိုစဉ်ကာလမြေ စာရင်းမှူးအပါအ၀င် ခရိုင်အုပ်ချုပ်ရေးမှူးများ ဝေပုံကျခွဲဝေယူကြပြီး ၃ ဒသမ ၉၆ ဧက အကျယ်အ၀န်းရှိတဲ့ မြေကွက်ပေါ် ၄၀ဒ ထ ၆၀ဒ ကျောင်း အဆောက်အဦ တည်ဆောက်ပါသည်။ မြေကွက်၏ အလယ်ဗဟိုမှာ ကျောင်းဆောက်ထားခြင်းဖြစ်သောကြောင့် ကျောင်း၏ခေါင်းရင်းတွင် ၂၈၅ ပေ၊ ကျောင်းရဲ့ခြေရင်းဘက်၌ ၂၇၅ ပေကျော်ပိုနေပြီး ကျောင်းရှေ့မှာ ပေ ၁၀၀၊ ကျောင်းနောက်မှာ ပေ ၁၀၀ ပိုနေတာကို မြင်ခဲ့ရပါသည်။ မူလပိုင်ရှင် ဦးမောင်ငယ်၏သမီးဖြစ်သူ မမြင့်မြင့်က ကျောင်းခြေရင်း ပေ ၅၀ ချန်ပြီး ပေ ၂၀၀ ကျော်ကို လုပ်ကိုင်စားသောက်ဖို့ ၂၀၁၀ ခုနှစ်နောက်ပိုင်း ရခိုင်ပြည်နယ် တာဝန်ရှိသူထံသို့လည်းကောင်း၊ ဥက္ကဋ္ဌ ဦးတင်ထွဋ်(လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှု စုံစမ်းရေး ကော်မရှင်)ထံသို့လည်းကောင်း၊ လွှတ်တော်ကိုယ်စားလှယ်များထံသို့လည်း ကောင်း အကြိမ်ပေါင်းမြောက်မြားစွာ စာရေးအသနားခံခဲ့ပါသည်။

ပညာရေးဌာန(စစ်တွေ) လ/ထညွှန်ကြားရေးမှူး ဒေါ်ခင်စီဆိုသူက သိမ်းဆည်းခံလယ်သမားမိသားစုနဲ့တွေ့ ဆုံပြီး ရပ်မိရပ်ဖတွေ သက်သေ ထားပြီး စစ်ဆေးခဲ့ပြီး ပိုလျှံမြေကို မူလလယ်သမားသို့ ပြန်ပေးသင့်ပါ ကြောင်း တင်ပြထားသော်လည်း မည်သို့ဖြစ်သည်မသိ၊ အာဏာရှိသူအချို့သာ ခြံစည်းရိုးကာရံခြင်း၊ မြေတူးရောင်းစားခြင်း ပြုလုပ်နေတာကိုတွေ့ခဲ့ ရပါသည်။

သိမ်းဆည်းစဉ်က မူလတန်းကျောင်းဆောက်ဖို့ သိမ်းခြင်းဖြစ်ပါ သည်။ အသိမ်းခံ ၉ ဒသမ ၁၆ ဧက ဖြစ်ပါသည်။ တကယ်တမ်းကျောင်း ဆောက်တော့ ၄၀' x ၆၀' အဆောက်အဦအရွယ် ကျောင်းငယ်လေးဖြစ်ပါ သည်။ နစ်နာသူများအနေဖြင့် ၁၉၉၆ မှ ယနေ့ ၂၀၁၄ ခုနှစ်ထိ ၁၈ နှစ်ကြာ ဘာလျော်ကြေးငွေ တပြားတချပ်မှ မရခဲ့ကြပါ။ ၉ ဒသမ ၁၆ ဧကသိမ်းပြီး ချောင်ကျကျတနေရာတွင် ၄၀' x ၆၀' မြေတကွက်သာ အစား ပြန်ပေးခဲ့ပါသည်။ ဇီးဖြူကုန်းကျေးရွာသည် ငပလီကမ်းခြေဖြစ်ပါသည်။ ဟိုတယ်ကြီးများဖြစ်တည်လာပြီး ခရီးသွားဧည့်သည်တွေ(ပြည်တွင်းပြည်ပ) အ၀င်အထွက်ရှိလာ၍ မြေဈေးများ အဆမတန်တက်နေသောကြောင့် ကျောင်းဆောက်ပြီး ပိုနေတဲ့မြေကို မူလပိုင်ရှင်ထံပြန်မပေးလိုဘဲ ဒေသ အာဏာပိုင်တွေ အပိုင်စီးဖို့ အကွက်ချောင်းနေကြပါသည်။
စနစ်တကျ စိစစ်ပြီး မူလပိုင်ရှင်ထံ ပြန်လည်လွှဲပြောင်းမယ်ဆို ရင် . . . ။

ထွန်း(နေပြည်တော်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


မြန်မာကျပ်ငွေနဲ့ အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းဟာ အစိုးရ သတ်မှတ်ထားတဲ့ ဘောင်ထက် ကျော်လွန်နေတဲ့အတွက် သတ်မှတ်နှုန်းအတိုင်း ရောင်းချဖို့ နိုင်ငံခြားငွေလဲလှယ်လုပ်ငန်း လုပ်ကိုင်သူတွေကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သတိပေးလိုက်ပါတယ်။

ဗဟိုဘဏ်အနေနဲ့ မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းနေတာကို အရေးယူဆောင်ရွက်ဖို့ မေလ ၁၁ ရက်နေ့က ရန်ကုန်မှာ ပုဂ္ဂလိက ဘဏ်တွေက တာဝန်ရှိသူတွေနဲ့ လိုင်စင်ရ နိုင်ငံခြားသုံးငွေ ရောင်းဝယ် ကောင်တာဖွင့် လုပ်ကိုင်နေသူတွေကို တွေ့ဆုံ သတိပေးခဲ့တာပါ။

ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ နိုင်ငံခြားငွေလဲနှုန်းဟာ အမေရိကန် ၁ ဒေါ်လာကို ၁၀၈၀ ကျပ် ဖြစ်ပေမယ့် ပြီးခဲ့တဲ့ရက်ပိုင်းက ပုဂ္ဂလိက ဘဏ်တွေမှာ ၁၀၁၀ ကျပ် ၀န်းကျင်နဲ့ ရောင်းဝယ်သလို ပြင်ပအရောင်းအ၀ယ်ဈေးကွက်မှာလည်း ၁ဒေါ်လာကို ကျပ် ၁၁၂၀ ကျော် လောက်ထိ ဈေးတက်နေတာဖြစ်ပါတယ်။

ဗဟိုဘဏ်ရဲ့ သတ်မှတ် ရောင်းဈေးဝယ်ဈေး ရည်ညွန်းငွေလဲလှယ်နှုန်းရဲ့ အပေါင်း (သို) အနုတ် ၀ဒသမ၈ ရာခိုင်နှုန်း ဘောင်အတွင်းမှာ ရောင်းဝယ်ကြဖို့ သတိပေးတာဖြစ်ပြီး မလိုက်နာရင် အရေးယူဖို့လည်း ညွန်ကြားထားတယ်လို့ ဗဟိုဘဏ် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဌာန ဒု-ညွန်ကြားရေးမှူးချုပ် ဦးဝင်းသော်က ဒီဗွီဘီကို ပြောပါတယ်။

“ဗဟိုဘဏ် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေရှိပါတယ်။ ဥပဒေအရဆိုရင်တော့ ဗဟိုဘဏ်က ထုတ်ပြန်ထားတဲ့ အမိန့်တွေ ညွန်ကြားချက်တွေ စည်းမျဉ်းတွေ စည်းကမ်းတွေကို လိုက်နာရမယ်ဆိုပြီးတော့ ပုဒ်မ ၄၀ မှာဖော်ပြထားပါတယ်။ အဲဒါကို လိုက်နာဆောင်ရွက်မှု မရှိဘူးဆိုရင်တော့ ထောင်ဒဏ် ၁ နှစ်သို့မဟုတ် ငွေဒဏ် ကျခံနိုင်တယ်လို့ ဖော်ပြထားပါတယ်။ အုပ်ချုပ်မှုပိုင်းကဆိုရင်တော့ သက်ဆိုင်ရာ ငွေလဲကောင်တာတွေကို သတိပေးမယ် ဒဏ်ကြေးရိုက်မယ် ပြီးရင် ငွေလဲလှယ်လုပ်ငန်း လိုင်စင်သိမ်းမယ် အဲလိုညွန်ကြား ချက်တွေရှိပါတယ်။”

ပြီးခဲ့တဲ့ ၂၀၁၄ နိုဝင်ဘာလ ကလည်း အမေရိကန် ဒေါ်လာ ဈေးတွေ ပြင်ပမှာ ၁ ဒ်ါလာကို ၁၀၈၀ ကျပ်လောက်ထိ မြင့်တက်နေချိန် ဗဟိုဘဏ်က လုပ်ငန်းရှင်းတွေကို ခေါ်ယူတွေ့ဆုံပြီး ထိန်းချုပ်ခဲ့ တာကြောင့် ၁၀၅၀ ကျပ်လောက်ထိ ဈေးတွေပြန်ကျသွားခဲ့ပါတယ်။

ဗဟိုဘဏ်က ၀င်ရောက် ထိန်းချုပ်ရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်ပြီး ဒု-ညွန်ကြားရေးမှူးချုပ် ဦးဝင်းသော်က “ပုံမှန်ဖြစ်သင့်ဖြစ်ထိုက်တဲ့ အခြေအနေမှာ ငွေကြေးတန်ဖိုးကတော့ အချိန်မရွေး အပြောင်းအလဲ ရှိနေမှာပေါ့ အမေရိကန် ဒေါ်လာအပေါ်မှာ အခြေခံပြီးတော့ နိုင်ငံတကာရဲ့ ငွေကြေးဈေးနှုန်းတွေက အပြောင်းအလဲရှိပါတယ်၊ အဲဒီအချိန်တုန်းကလည်း ပြောင်းလဲ သင့် ပြောင်းလဲထိုက်တဲ့ ပမာဏထက် ကျော်လွန်ပြီးတော့ ဖြစ်တာတွေသည် သွေးရိုးသားရိုး မဟုတ်ဘဲနဲ့ ဒီအပေါ်မှာ ငွေကြေးကစားတာ လုပ်တယ်လို့ ယူဆတဲ့အခါမှာ ကျနော်တို့က ဘဏ်တွေကိုခေါ်ပြီးတော့ ပြောရဆိုရတဲ့ သဘောပါပဲ။ လက်ရှိအခြေအနေမှာလည်း ဒီအတိုင်းပါဘဲ အပြောင်းအလဲတော့ရှိနေမှာပဲ ပြောင်းလဲတဲ့ဘောင်ထက် အများကြီး ကျော်လွန်နေတာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒါတွေကို ကျော်လွန်မှုမရှိဘဲနဲ့ အမြတ်အစွန်းတွေကို အဓိကထားပြီးတော့ လိုတဲ့လူက လိုက်ဝယ် ရှိတဲ့လူက ဈေးတင်ရောင်း မလိုအပ်ပဲနဲ့ နိုင်ငံခြားငွေဈေးကွက်အပေါ်မှာ မဖြစ်အောင်လို့ ကြိုသတိပေးတဲ့သဘောပါ။”

ဒီကနေ့ မေလ ၁၂ ရက် ဗဟိုဘဏ် သတ်မှတ်နှုန်း အမေရိကန် ၁ ဒေါ်လာကို မြန်မာ ကျပ်ငွေ ၁၀၈၀ကျပ်ဖြစ်ပြီး ပုဂ္ဂလိက ဘဏ်တွေမှာ ၀ယ်ဈေး ၁၀၈၈ ကျပ် ရောင်းဈေး ၁၀၈၉ကျပ် သတ်မှတ်ထားပြီး ပြင်ပငွေအရောင်းအ၀ယ် ဈေးကွက်မှာတော့ ၀ယ်ဈေး ကျပ်ငွေ ၁၁၂၈ ကျပ် ၊ ရောင်းဈး ၁၁၃၅ ကျပ် ၀န်းကျင်နဲ့ အရောင်းအ၀ယ်ဖြစ်နေပါတယ်။

ပြည်တွင်း ပုဂ္ဂလိက ဘဏ်အရာရှိတဦးကတော့ “ နစ်နာမှုတော့ရှိပါတယ်၊ အပြင်ဈေးနဲ့ ၄၀ ကျော်လောက်ဟနေတယ်ဆိုရင် ဘာပဲပြောပြော အပြင်က ၁ ကျပ်ပဲ မြတ်မြတ်၊ ၂ ကျပ်မြတ်မြတ် ကျမတို့ ကောင်တာမှာဝယ်မယ် အပြင်မှာ ပြန်ရောင်းမယ်ပေါ့။ ဒီလိုလုပ်လို့ရှိရင် ကျမတို့လည်းဝယ်လိုအား ဈေးကွက်လိုသလောက်လုပ်နိုင်မှာ မဟုတ်ဘူး။ ကျမတို့ လက်ထဲမှာလည်း ဒေါ်လာ ဒီလောက်အထိ မရှိပါဘူး။ အပြင်ကလည်း လာမရောင်းပါဘူး။ အပြင်မှာက ၁၁၃၀ လောက်ရှိနေတဲ့အခါကျတော့ ၁၀၈၀နဲ့ အရမ်းဟနေတော့ လာရောင်းတာ မရှိပါဘူး”လို့ပြောပါတယ်။

နိုင်ငံတကာမှာ အမေရိကန်ဒေါ်လာတန်ဖိုး တက်နေတာ လတ်တလော မြန်မာငွေတန်ဖိုး သိသိသာသာကျနေရတဲ့ အကြောင်းအရင်းတွေထဲက တခုဖြစ်တယ်လို့ သုံးသပ်မှုတွေရှိနေ ပါတယ်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာစိုးထွန်းက “ အဓိကက ပို့ကုန်နဲ့ သွင်းကုန်မှာ သွင်းကုန်က များနေတာ၊ ပို့ကုန်ပမာဏလျော့သွားတယ် သွင်းကုန်က များတဲ့ အခါကျတော့ ကျနော်တို့ဆီက ဒေါ်လာက မရှိတော့ဘူး သွင်းတဲ့ပစ္စည်းတွေ က များနေတဲ့အပိုင်းဖြစ်တာပေါ့၊ နောက်တချက်ကတော့ အစိုးရဘတ်ဂျက်လိုငွေပြတာပေါ့ လစာတွေတိုးတယ် ငွေလုံးငွေရင်း အသုံးစရိတ်တွေကြီးတဲ့အခါ ဘတ်ဂျက်လိုငွေပြတယ် နောက်ပိုင်း ငွေဖောင်းပွမှုဖြစ်လာနိုင်တဲ့ အနေအထားရှိတာပေါ့၊ အမေရိကန်ဒေါ်လာ အနေနဲ့လည်း ခိုင်မာမှုရှိနေတာလည်း ပါတာပေါ့”လို့ ပြောပါတယ်။

နိုင်ငံတော် ဗဟိုဘဏ်ဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်းစနစ်ကို ဈေးကွက်အခြေခံတဲ့ ထိန်းကျောင်းမှုရှိတဲ့ နှုန်းရှင်ငွေလဲလှယ်နှုန်းစနစ်အဖြစ် ၂၀၁၂ ခု ဧပြီလ ၁ ရက်နေ့ကတည်းက စတင်ကျင်သုံးကာ ငွေလဲလှယ်နှုန်းကို နေ့စဉ်သတ်မှတ် ထုတ်ပြန်ပေးနေတာ ဖြစ်ပြီး ထိုစဉ်က အမေရိကန် ၁ ဒေါ်လာကို မြန်မာကျပ်ငွေ ၈၀၀ ကျော်ရှိခဲ့ပါတယ်။

 By ဒီဗွီဘီ
http://burmese.dvb.no


 နီပေါနိုင်ငံမြို့တော် ကတ္တမန္ဒူမှာ ယနေ့မနက်က ရစ်ခ်ျတာစကေး ၇ ဒဿမ ၄ ပြင်းအားရှိ မြေငလျင် လှုပ်ခတ်ခဲ့ပါတယ်။ ငလျင်ဗဟိုချက်မှာ ဧ၀ရက်တောင်အနီး နမ်ချေဘာဆာမြို့နဲ့ ၆၈ ကီလိုမီတာအကွာလောက်မှာ ဖြစ်ပါတယ်။ လူပေါင်း ၈၀၀၀ ကျော်သေဆုံးခဲ့ရတဲ့ ပမာဏ ၇ ဒဿမ ၈ ပြင်းအားရှိ ငလျင်လှုပ်ခတ်ခဲ့ပြီး သီတင်းပတ်အနည်းငယ်အတွင်းမှာ ယခုလို ငလျင်ထပ်မံလှုပ်ခတ်ခဲ့တာ ဖြစ်ပြီး မျက်မြင်သက်သေများရဲ့ ပြောကြားချက်အရ နေအိမ်ပေါင်းများစွာ ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။

ငလျင်အဖျားအနားကို အိန္ဒိယနိုင်ငံမြောက်ပိုင်းကပင် ခံစားသိရှိခဲ့ရပြီး မြို့တော် နယူးဒေလီမှာ အဆောက်အဦတွေ မိနစ်အနည်းငယ် လှုပ်ယမ်းခဲ့၍ လူများ ထိတ်လန့်တကြား လမ်းမပေါ် ပြေးထွက်ခဲ့ကြပါတယ်။

“တကယ့် ငလျင်ကြီးဗျ။”ဟု ကတ္တမန္ဒူမြို့မှ လက်မှုပစ္စည်းအရောင်းဆိုင်ပိုင်ရှင် ပရာကက်ရှ်ရှီပါကာ က ပြောသည်။ ငလျင်ကြောင့် ပရာကရှ်က ဧပြီ ၂၅ ရက်က လှုပ်ခတ်သွားတဲ့ ငလျင်ဒဏ်ခံမြို့တမြို့ဖြစ်တဲ့ ဘာခ်တာပူရ ရှိ မိဘများကို ဖုန်းဖြင့်ဆက်သွယ်ခဲ့ပါတယ်။

ကတ္တမန္ဒူမြို့မှာ ရောက်ရှိနေတဲ့ ဂျာနယ်လစ်တွေရဲ့ပြောဆိုချက်အရ လူတွေဟာလမ်းမတွေပေါ် ပြေးထွက်ခဲ့ကြကြောင်း၊ အဆောက်အဦ အပျက်အစီးစာရင်းကို တရားဝင်ထုတ်ပြန်ခြင်း မရှိသေးကြောင်း သိရပါတယ်။

သို့သော်လည်း အဆောက်အဦများ ပြိုလဲပျက်စီးမှုတွေရှိကြောင်း ကတ္တမန္ဒူမြို့ကလာတဲ့ သတင်းများအရ သိရပါတယ်။ ငလျင်ပြင်းအားကို ၇ ဒဿမ ၁ လို့ ယူအက်စ်ဘူမိဗေဒဆိုင်ရာစစ်တမ်းဌာနက ကနဦးကြေငြာခဲ့ပြီးမှ ၇ ဒဿမ ၄ လို့ ပြင်ဆင်ကြေငြာခဲ့ပါတယ်။

ငလျင်ဗဟိုဟာ ဧ၀ရတ်တောင်ခြေစခန်းအနီးမှာဖြစ်ပြီး ဧပြီလကဖြစ်ပွားခဲ့တဲ့ ငလျင်ကြောင့် မြေပြိုပြီး တောင်တတ်သမား ၁၈ ယောက် သေဆုံးခဲ့ရတဲ့အတွက်ကြောင့် အဆိုပါနေရာကို ရှင်းလင်းထားကြောင်း သိရပါတယ်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal



 မေလ ၁၂ ရက် ၂၀၁၅

 ကယားပြည်နယ်အတွင်း ရှိ နိုင်ငံရေး မဟာမိတ် သုံးခု စုပေါင်း ကမကထပြုမှုဖြင့် ဒေသခံ တိုင်းရင်း သားလူမျိုးများ နိုင်ငံရေး အသိနိုးကြားပြီး ကောင်းမွန်သည့် အစိုးရ ရရှိလာစေရန် ရည်ရွယ်ချက်ဖြင့် ညီလာခံတရပ်အား မြို့တော် လွိုင်ကော်၌ မေလ ၁၁ မှ ၁၃ ရက်ထိ ကျင်းပနေပါသည်။

ကယားပြည်နယ်ရှိ ကယားလူမျိုးစု ဒီမိုကရေစီပါတီ(Kayah Union Democratic Party ) ၊ ကယန်းအမျိုးသားပါတီ( Kayan National Party ) ၊ လူမျိုးပေါင်း စုံဒီမိုကရေစီပါတီ (All National Democracy Party ) တို့ဦးဆောင်၍ ဒေခံတိုင်းရင်းသား အယောက် ၃၀၀ ပါဝင်တက်ရောက်သည့် ညီလာခံတရပ်ကျင်းပနေခြင်းဖြစ်သည်။

“ ဒီညီလာခံပြုလုပ်ရတဲ့ရည်ရွယ်ချက်ကတော့ (၁) ပါတီများညီညွတ်ရေးနှ င့် ကောင်းမွန် သော ပြည်နယ် အစိုးရတစ်ရပ် ပေါ်ပေါက်လာရေး (၂) လူထုနိုင်င်ငံရေးအသိနိုးကြားပြီး နိုင်ငံရေးတွင် ပါဝင်လာစေရန် (၃) လူထုအသံကို မြှင့်တင်ပေးခြင်းနှင့် မူဝါဒများရေးဆွဲ ရာတွင် ထည့်သွင်းအကောင်အထည် ဖော်နိုင် ရေး - အဓိကဖြစ်တယ်လို့သိရတယ်။ တခြားခေါင်းစဉ်တွေလဲပါ ရှိမှာပေါ့ ” - ဟု ညီလာခံတက်ရောက် သည့် နန်းအေးလျဲန်က ပြော သည်။

လွိုင်ကော်မြို့ ချိကယ်ကျေးရွာအုပ်စု ကေ့ထိုးဘိုးခန်းမဆောင်တွင် နံနက် ၉ နာရီမှ ညနေ ၄ နာရီခွဲ အချိန်အထိ ၃ ရက်ကြာ ကျင်းပလျှက်ရှိပါသည်။

အဆိုပါညီလာခံတွင် ကယားပြည်နယ်အတွင်းနေထိုင်သည့် ကယား ၊ သျှမ်း ၊ ကယော၊ ကယန်း၊ ပအိုဝ်း ၊ မနုမနော စသည့်လူမျိုးစု ကိုယ်စားလှယ်များ၊ လွိုင်ကော်မြို့တွင်း နေထိုင်သည့် သူများ တက်ရောက်ကြ သည်ဟု သျှမ်းသံတော်ဆင့်သို့ ပြောသည်။

သျှမ်းသံတော်ဆင့် ( ဖွေးနွမ်)
https://www.facebook.com/Panglong.burmese


မေ ၁၂ ရက်က နီပေါမှာ ထပ်မံလှုတ်ခတ်ခဲ့တဲ့ နီပေါ ငလျင်ကြောင့် အနည်းဆုံး လူ ၁၀ ဦး သေဆုံးသွားပြီ ဖြစ်သလို လူအမြောက်အမြား ဒဏ်ရာရရှိခဲ့ပါတယ်။


ပြင်းအား ၇.၄ ရှိတဲ့ ငလျင်ကြောင့် အဆောက်အဦတွေ အမြောက်အမြား ပြိုကျခဲ့သလို အပျက်အစီး ကြားထဲမှာ လူတွေ ပိတ်မိနေတယ်လို့ နီပေါ ရေဒီယိုက ထုတ်လွင့်သွားပါတယ်။

ဒီအထဲက သေဆုံးသူ ၄ ဦးက ချောက်တရာက ဖြစ်တယ်လို့ နိုင်ငံတကာ ရွှေ့ပြောင်းနေ ထိုင်ခြင်း ဆိုင်ရာ အဖွဲ့အစည်းကို ကိုးကားပြီး ရိုက်တာ သတင်းက ရေးပါတယ်။

အမေရိကန် ဘူမိဗေဒ တိုင်းတာရေးဌာနက ဧ၀ရတ်တောင်ခြေအနီးက နမ် ချီ ဘာဇာမြို့ အနောက်ဘက် ၆၈ ကီလိုမီတာအကွာမှာ ဗဟိုပြုလှုပ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

အရင်က ငလျင်လှုပ်ခဲ့ပြီး အခုတကြိမ် ငလျင်ထပ်လှုပ်တဲ့အတွက် လူအမြောက်အမြား ကြောက်လန့်ခဲ့တယ်လို့ သတင်းမှာရေးပါတယ်။

ငလျင် ဗဟိုပြုခဲ့တဲ့ ဒေသဟာ ဧပြီ ၂၅ ရက် ငလျင်တုန်းက နှင်းပြိုမှုဖြစ်ပြီး လူ ၁၈ ယောက်သေခဲ့တဲ့ တောင်တက်စခန်းနဲ့ နီးကပ်ပါတယ်။ နီပေါမှာ လက်ရှိ အချိန်ဟာ တောင်တက်ရာသီပါတယ်။

လွန်ခဲ့တဲ့ နှစ်ပတ်ကျော်က ငလျင်လှုပ်ပြီး လူ ၈ ထောင်နီးပါး သေဆုံးခဲ့ပါတယ်။ ငလျင်အလွန် ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ စတင်တဲ့အချိန်မှာ နောက်ထပ် အားပြင်းတဲ့ ငလျင်တခုနဲ့ ကြုံရတာ ဖြစ်ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no

ဓာတ်ပုံ-အေအက်ဖ်ပီ
နီပါမှာ အားပြင်းတဲ့ ငလျင် ဒီကနေ့ အင်္ဂါနေ့မှာ ထပ်လှုပ်ပြန်လို့ မြို့တော် ကက်သမန်ဒူမှာ လူတွေ လမ်းပေါ် အပြေးအလွှား ထွက်ကြရပြန်ပါတယ်။

အမေရိကန် ဘူမိဗေဒ တိုင်းတာရေးဌာနရဲ့ အဆိုအရ ဧ၀ရတ်တောင်ခြေအနီးက နမ် ချီ ဘာဇာမြို့ အနောက်ဘက် ၆၈ ကီလိုမီတာ အဝေးမှာ ပြင်းအား ၇ ဒသမ ၄ ရှိတဲ့ ငလျင် လှုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ငလျင် အရှိန်ကို အိန္ဒိယမြို့တော် နုယူးဒေလီအထိလည်း ခံစားရပြီး အဆောက်အဦတွေ တုန်ခါသွားတယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။ အပျက်အစီးနဲ့ အသေအပျောက်စာရင်းကိုတော့ လောလောဆယ် မသိရသေးပါဘူး။ ကက်သမန်ဒူမြို့မှာ ဆိုင်ရှင်တွေကလည်း ဆိုင်ခန်းတွေကို ပိတ်လိုက်ပါတယ်။

ငလျင် ဗဟိုပြုခဲ့တဲ့ ဒေသဟာ ဧပြီ ၂၅ ရက် ငလျင်တုန်းက နှင်းပြိုမှုဖြစ်ပြီး လူ ၁၈ ယောက်သေခဲ့တဲ့ တောင်တက်စခန်းနဲ့ နီးကပ်ပါတယ်။ နီပေါမှာ လက်ရှိ အချိန်ဟာ တောင်တက်ရာသီပါတယ်။

လွန်ခဲ့တဲ့ နှစ်ပတ်ကျော်က ငလျင်လှုပ်ပြီး လူ ၈ ထောင်နီးပါး သေဆုံးခဲ့ပါတယ်။ ငလျင်အလွန် ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ စတင်တဲ့အချိန်မှာ နောက်ထပ် အားပြင်းတဲ့ ငလျင်တခုနဲ့ ကြုံရတာ ဖြစ်ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no

ဒီကနေ့ နေပြည်တော်မှာ ပြည်ထောင်စုလွှတ်တော် ၊ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးတွေကို ပထမဆုံးနေ့အဖြစ် ပြန်လည် ကျင်းပနေပါတယ်။

ဒီတစ်ကြိမ် လွှတ်တော်အစည်းအဝေးတွေမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲဥပဒေကြမ်းတွေကို အဓိကထားဆွေးနွေး သွားဖို့ရှိတယ်လို့ ပြည်ထောင်စုလွှတ်တော် ဥပဒေ ကြမ်းကော်မတီဝင် ဦးစောလှထွန်းက ပြောပါတယ်။

"အများပြောနေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင် ဆင်ရေးကိစ္စ ဆိုတဲ့ဟာကလည်း ဥပဒေကြမ်း ပူးပေါင်းကော်မတီကို တရားဝင် ရောက်ရှိလာတဲ့ အချိန်ရယ် အချိန်မီဆောင်ရွက်ပေးနိုင်ဖို့အတွက် ဒါပြင်ဆင်ထားသလို ဒီလိုပြည်သူတွေရဲ့ ပြည်လုံး ကျွတ်ဆန္ဒခံယူပွဲ ရယူဆောင်ရွက်ရမယ့် ဥပဒေတွေကို ပြင်ဆင်ဖို့အတွက်လည်း ဒီဥပဒေကြမ်းတွေကို ဥပဒေကြမ်း ပူးပေါင်းကော်မတီအနေနဲ့ကတော့ မကျန်အောင် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားပါတယ်"

၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပဖြစ်တယ်ဆိုရင် အဲဒီအချိန်မှာ ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူတွေ မဲပေးခွင့်ရှိ၊ မရှိ ကိစ္စကိုလည်း ဆွေးနွေးသွားဖို့ ရှိတယ်လို့ သိရပါတယ်။ ဒီတစ်ကြိမ်လွှတ်တော်ဟာ ၂ လလောက် ကြာမြင့်နိုင်တယ်လို့ ကိုယ်စားလှယ်တွေက ခန့်မှန်းထားကြပါတယ်။

RFA
http://www.rfa.org/burmese/news/parliament-resumes-05112015112443.html




ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းတုံးက မန္တလေးမြို့အနီး အမရပူရမြို့နယ်ထဲက တောင်သမန်အင်းမှာ ငါးတွေ အစုလိုက် အပြုံလိုက်သေဆုံးမှု တတိယအကြိမ်ဖြစ်ပွားခဲ့တဲ့သတင်းကိုဖတ်လိုက်ရတယ် ။ အပုတ်နံ့ တထောင်းထောင်း ယင်တလောင်းလောင်းနဲ့ မို့ အင်းအနီးတ၀ိုက်နေထိုင်သူတွေ၊ အင်းကိုအမှီပြုနေထိုင်စားသောက်နေရသူတွေ တော့ အနံ့ ဆိုးတွေဒါဏ်ခံကြရပေမပေါ့။ ဒါနဲ့ ဆရာမြသန်းတင့်ရဲ့ နံမည်ကျော်တောင်သမန်ရွှေအင်းက လေ ညင်းဆော်တော့ ဆိုတဲ့စာအုပ်ခေါင်းစဉ်လေး ဖြတ်ခနဲ့ခေါင်းထဲဝင်လာလို့ ဒီဆောင်းပါးလေးကို တောင်သမန် ရွှေအင်းက သေမင်းခေါ်ပြန်သော်လို့  အမည်တပ်လိုက်တယ်။

အထက်အညာမန္တလေးကို အလည်ရောက်လာတဲ့ ပြည်တွင်းခရီးသွားတွေသာမက ပြည်ပခရီးသည် နိုင်ငံ ခြားသားတွေအထိ တောင်သမန်အင်းတ၀ိုက်ကို တခုတ်တရလာရောက်ကြည့်ရှုကြတာ အကြောင်းမဲ့သက် သက်မဟုတ်ဘူး။ မှိုင်းပြပြ ရှမ်းရိုးမတောင်တန်းကြီး ကိုနောက်ခံထားပြီး မှုံနေအောင်လှတဲ့သူမနဲ့ သူမရဲ့ ၀န်းကျင်ရှု့ခင်းက ဘယ်အချိန်ကြည့်ကြည့် မရိုးအောင်လှနေတာကိုး။
တောင်သမန်အင်းက ရေဖွေးဖွေးနဲ့ မှလှတာမဟုတ်ဘူး။ အယင်တုံးကအင်းထဲမှာ ရေအမြဲရှိတာမဟုတ်ဘူး။ မိုးတွင်းမှာသာရေရှိတာ။ နွေနဲ့ ဆောင်းတွင်းရေကျချိန်ဆို ယာခင်းလေးတွေ စိုက်ခင်းလေးတွေနဲ့ တမျိုးလှတာ။ နွေဦးပေါက်ချိန်သွားကြည့်လိုက် အင်းစောင်းတ၀ိုက်အနီးနားက လက်ပန်ပင်ကြီးတွေက ပင်လုံးကျွတ်ရဲရဲနီ အောင်ပွင့်ပေးကြတော့ ပါးနီ ပအို့ နီ တို့ ထားတဲ့ အပျိုမလေးရှက်သွေးဖြန်းတဲ့အလှမျိုး ။

ဟောဆောင်းတွင်းကျတော့ နှင်းပုဝါ မြူပ၀ါပါးလေးခြုံ ခိုက်ခိုက်တုံလှနေပြန်ရော။ စိမ်းစိမ်းစိုစိုယာခင်းလေးတွေ အစီအရီ ယာတဲလေးတွေက မီးခိုးတအီအီကြား မျောလွင့်ပြီးလှနေတတ်တာ အယင်တုံးကပါ ။ ခုတော့ရေကျ မသွားအောင် ဧရာဝတီမြစ်ရေကို တနှစ်လုံးပေါက် သွင်းလိုက်တော့ ရေသေလိုဖြစ်သွားတာမဟုတ်လား။ အဲ့ဒီသဘာဝ အလှတွေအပြင် သမိုင်းတခါးချပ်ကိုဖွင့်ပြနေတဲ့ နှစ်ပေါင်းရာချီကျော်သက်တမ်းရင့်နေတဲ့ ခြေတန်ရှည် ဦးပိန်တံတားအိုကြီးရဲ့ အင်းလယ်မှာဖြတ်သန်းနေတဲ့ ကောက်ကြောင်းအလှကတော့ ကမ္ဘာ ကျော်နေပါပြီ။
တောင်သမန်အင်းကို လူတွေစိတ်ဝင်စားစေတဲ့ အကြောင်းအရာတွေထဲမှာ အဓိကအကြောင်းတချက်က အင်း ပတ်ပတ်လည်မှာရှိတဲ့ ကြီးလေးကြီးလို့ လူသိများတဲ့ ဘုရားကြီးလေးဆူပါ။ အမရပူရခေတ်၊ ရတနာပုံခေတ် ပန်း ဆယ်မျိုး လက်မှု့အနုပညာ တွေပြည့်နှက်နေတဲ့ ကျောက်တော်ကြီး၊ ရွှေဂူကြီး၊ တောင်မင်းကြီး၊ ပုထိုးတော်ကြီး စတဲ့ဘုရားလေးဆူဖြစ်ပါတယ်။ အလွန်အချိုးအစားကျနတဲ့ မနုဿီဟရုပ်တုတွေကို တောင်သမန်အင်းတဖက် ကမ်းမှာရှိတဲ့ကျောက်တော်ကြီး (မဟာသကျရံသီ၊ ၁၈၅ဝ ခုနှစ်) မှာတွေ့မြင်နိုင်ပါတယ်။

အဲ့ဒါအပြင် တောင်သမန်အင်းဇောင်းမှာ တရားရိပ်နဲ့ အေးမြသာယာလှတဲ့ သာသနာ့အာဇာနည်အကျော် အရှင်ဇနကာဘိဝံသ ခန္ဓာဝန်ချခဲ့ရာဌာနဖြစ်တဲ့ မဟာဂန္ဓာရုံကျောင်းတော်ကြီးလည်းတည်ရှိနေတယ်လေ။ မနက်ဆည်းဆာ အာရုဏ်သန်းချိန်ဆို အရှေ့ရိုးမတောင်တန်းတွေဆီက ပြို့ကျလာတဲ့ရောင်နီတွေ တို့ ထိထား တဲ့နောက်ခံကားမှာ တံတား ထန်းပင် စေတီ ဟန်ချက်ညီအောင်လှတာ။ တောင်သမန်ဟာ နေညိုချိန်မှာလည်း တမျိုးလှတာပါဘဲ။ ညို့နေတဲ့ မယ်ဇယ်ပင်တန်းအုပ်တွေ၊ ခပ်ဝေးဝေးက အိပ်တန်းပျံငှက်တအုပ် စစ်ကိုင်းတောင် ပေါ်မေးမြုပ်နေတဲ့ နေလုံးနီနီက ပန်းချီဆရာတောင်ဆွဲခြင်စိတ်ပေါ်ပါ့မလားမသိဘူး ။ ထိုင်ပြီးငေးကြည့်နေမိ အောင်လှတာ။
ခုတော့လည်း အဲ့ဒီလိုလှတဲ့ တောင်သမန်အပျိုမဟာ ကိုယ်ရေပျက်ရောဂါ ကုဌနူနာစွဲသလို လူသားတွေရဲ့ ပရောဂနဲ့ ရေမသန့် စင်တော့တဲ့ ရေဆိုးအင်းကြီး၊ အင်းပုပ်ကြီးဖြစ်သွားတာကတော့ အလွန်ဝမ်းနည်းစရာ ကောင်းပါတယ်။ တသုန်သုန်ဖြေူးဖြူးတိုက်နေတဲ့ လတ်ဆတ်အေးမြတဲ့ အင်းလေပြေအစား ငါးညှီပုပ်နံ့  တထောင်းတောင်းထသွားခဲ့ရတာ ဘာကြောင့်ပါလဲ ။
ငါးတွေဘာကြောင့်သေရသလဲ

ရေမှာပျော်လို့ ရေမှာရှင်တဲ့ငါး ရေမှာမရှင်နိုင်ဘဲ ရေမှာသေကြရတာဘာကြောင့်ပါလဲ ။ အဖြေကရှင်းရှင်းလေးပါ ။ တောင်သမန်ရေဟာ ငါးတွေရှင်သန်လို့ မရလောက်အောင်အောက်ဆီဂျင်ပါဝင်မှု့လျှော့ကျပြီး ညစ်ညမ်းသွား လို့ ပါ။ ငါးဆိုတာ တခြားသက်ရှိသတ္တ၀ါတွေလို သူတို့ ရဲ့ ကိုယ်ခန္ဓာအစိတ်အပ်ုင်းတွေရှင်သန်လှုပ်ရှားနိုင်ဘို့ လို အပ်တဲ့ စွမ်းအင် ( Energy) ထုတ်လုပ်နိုင်ဖို့  အောက်ဆီဂျင်လိုအပ်ပါတယ်။
ရေရှင်မှာဖြစ်ဖြစ်၊ ရေသေမှာဖြစ်ဖြစ် အနည်းနဲ့ အများသာကွာမယ် ရေထဲမှာ အောက်ဆီဂျင်တွေရှိကြပါတယ်။ ယေဘူယျအားဖြင့် အောက်ဆီဂျင်ကို ရေထဲမှာ ပုံစံနှစ်မျိုးနဲ့ တွေ့ နိုင်ပါတယ်။ မထမအမျိုးစားကတော့ လေထဲ ကတဆင့် ရေထဲမှာပျော်ဝင်နေတဲ့ လွတ်လပ်သောအောက်ဆီဂျင်ပါ။ ဒီအောက်ဆီ၈ျင်အမျိုးအစားကို ငါးသတ္တ၀ါ တွေက သူတို့ ရဲ့ ပါးဟက်တွေ ( Gills ) ကနေတဆင့်ရယူနိုင်ပါတယ်။ ခန္ဓာအရွယ်အစားနဲ့ စာရင် ကြီးမားတဲ့ ပါးဟက်ရှိတဲ့ငါးတွေ ဟာ အောက်ဆီဂျင်ပါဝင်မှု့နိမ့်တဲ့ရေထဲတောင်ရှင်သန်နိုင်ပါတယ်။

(ရေထဲမှာရှိတဲ့အောက်ဆီဂျင်များ ) (အောက်ဆီဂျင်ပါဝင်မှု့တိုင်းတဲ့ DO Meter)
အောက်ဆီဂျင်နောက်တမျိုးကတော့ ရေထဲမှာ ဟိုက်ဒြိုဂျင်မော်လီကျူးနှစ်ခုနဲ့ ပူးတွဲနေတဲ့ အောက်ဆီဂျင် မော်လီကျူးပါ ။ ဒီမလွပ်လပ်တဲ့အောက်ဆီဂျင်မျိုးကိုတော့ anaerobic bacteria လို့ ခေါ်တဲ့ ဘက်တီးရီးယား အမျိုးအစားတွေသာ ခွဲထုတ်သုံးစွဲနိုင်ပါတယ်။ ဒါပေမဲ့လည်း ပိုမိုအားစိုက်ထုတ်ဖို့ လိုတာမို့ သူတို့ လည်း သုံးစွဲဖို့ လွယ်ကူတဲ့ လွတ်လပ်သောအောက်ဆီဂျင်တွေကိုဘဲသုံးစွဲလေ့ရှိတာပါ။
တချို့ ငါးတွေဟာ အောက်ဆီဂျင်ပါဝင်မှု့ (dissolved oxygen ) ဟာ (3 to 4 milligrams per liter ) ထိနိမ့်တဲ့ ရေထဲမှာ ပေါက်ဖွားရှင်သန်နိုင်ပါတယ်။ ဒါပေမဲ့ နိုင်ငံတချို့ရဲ့ စံသတ်မှတ်ချက်ကတော့ ရေဆိုးသန့် စင်ရုံတွေက ထုတ်လွှတ်မဲ့ သန့် စင်ရေဟာ ရေတလီတာမှာ အနဲဆုံး အောက်ဆီဂျင်ပါဝင်မှု့ ၅ မီလီဂရမ်ရှိရပါမယ် ။ စင်္ကာပူ နိုင်ငံရဲ့ စံသတ်မှတ်ချက်ကတော့ အဲ့ဒါထင်ပိုမြင့်ပါတယ်။ ရေထဲမှာ အောက်ဆီဂျင်ပါဝင်မှု့ (dissolved oxygen) ကို ဒီအိုမီတာ ( DO Meter ) နဲ့ တိုင်းတာနိုင်ပါတယ်။


တောင်သမန်အင်းရေ ဘာကြောင့်ပုပ်သွားရတာလဲ

အမြဲစီးဆင်းနေတဲ့ ရေအရှင်နဲ့ မစီးဆင်းဘဲ ရေ၀င်ရေထွက်မရှိတဲ့ ရေသေ ( Stagnant Water ) နှစ်မျိုးမှာ ရေသေဟာ ပုပ်လွယ်ပါတယ် ။ အထူးသဖြင့် ပြုပြင်ထိမ်းသိမ်းမှု့ ညံ့ဖျင်းလို့ ဖြစ်စေ၊ မထိမ်းသိမ်းဘဲပစ်ထား လို့ ဖြစ်စေ အလွယ်တကူပုပ်တတ်ပါတယ်။ ဥပမာဆောင်ရရင် မိမိအိမ်ခြံဝင်းထဲမှာ ရွှေငါးလေးတွေအလှမွေး ထားဖို့ ရေကန်တကန်တူးပြီး ကောင်းမွန်စွာမထိမ်းသိမ်းတဲ့အခါ ၊ သစ်ရွက်ဆွေး အညစ်အကြေးအမှိုက်တွေ ပုံမှန်မဆယ်ဘူး မဖယ်ရှားဘူး ဆိုရင် အဲ့ဒီရေကန်ဟာ မကြာခင်ပုပ်တော့တာမဟုတ်လား ။ အမှိုက်အညစ် အကြေးတွေများလာတာနဲ့ အမျှ ရေတွေနောက်လာမယ်၊ အနံ့ တွေထွက်လာမယ်၊ အောက်ဆီဂျင်နည်းလာလို့  ရွှေငါးတွေသေကုန်မယ်၊ ရေမှော်တွေထလာမယ်၊ ခြင်တွေပေါက်ဖွားပြီး သွေးလွန်တုပ်ကွေးရောဂါရမယ် မဟုတ် လား ။

(တောင်သမန်အင်းနှင့် ငါးသေများ) (ရေသေတွင်ပေါက်ဖွားသောရေမှော်များ)
အဲ့ဒီလိုပါဘဲ စစ်အစိုးရလက်ထက် ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ သဘာဝအင်းကြီးဖြစ်တဲ့ တောင်သမန်ကို ရေသေအင်းအဖြစ် ပိတ်လှောင်လို့ ငါးမွေးကန်ကြီးအဖြစ်ပြောင်းပြီးတဲ့နောက် စနစ်တကျ ပုံမှန်ထိမ်းသိမ်း စောင့်ရှောက်မှု့တွေမလုပ်ဆောင်တဲ့အတွက်ကြောင့် ရေဆိုးအင်း၊ ရေပုပ်အင်းကြီးဖြစ်သွားရတာပါဘဲ ။
အင်းဇောင်းမှာ မေးတင်ပြီးစားသောက်ဆိုင်တွေဖွင့်ခွင့်ပေးပြီးမှ အမှိုက်သရိုက်အညစ်အကြေးစွန့် ပစ်မှု့ကို စနစ်တကျ စီမံခန့် ခွဲမှု့မလုပ်နိုင်တာကလည်း အင်းပုပ်စေတဲ့အကြောင်းတရားတရပ်ပါ။ အဓိကအကျဆုံးနဲ့  အဆိုးဆုံးအခြေခံအကြောင်းတရားကတော့ (၈၈) အာဏာသိမ်းစစ်အစိုးရရဲ့ ပရမ်းပတာကျတဲ့ မန္တလေးစက်မှု ဇုန်စီမံကိန်းတွေကြောင့်ပါဘဲ။ စက်ရုံအလုပ်ရုံတွေက စွန့် ထုတ်တဲ့ ရေဆိုးတွေကို တောင်သမန်အင်းထဲ စီးဝင်တဲ့ ပရံတော်ချောင်းကနေတစ်ဆင့် အင်းအတွင်းကိုဖေါက်ထုတ်သတဲ့ ။

ရှစ်လေးလုံးလူထုအရေးတော်ပုံကြီးကို လက်နက်နဲ့ ဖြိုခွင်းးပြီး နိုင်ငံတော်အာဏာကို ပြည်သူအလိုမတူဘဲဇွတ် သိမ်းယူခဲ့တဲ့ စစ်အာဏာရှင်တွေဟာ သူတို့ လက်ထက်မှာဖွံ့ ဖြိုးတိုးတက်ပါတယ်ဆို တာကို ဇွတ်အတင်းပြနိုင် ဖို့ စက်မှု့ဇုန်တွေကို မြေကွက်ရိုက်၊ ဓါတ်တိုင်စိုက်၊ ကျောက်ဖြုံးလမ်းဖေါက်၊ ထုံးသုတ် တာလောက်နဲ့ ပြီးကပျစ် ဆောက်သွားခဲ့တာမဟုတ်လား ။
တခြားတိုင်းပြည်က စက်မှု့ဇုန်တွေဘယ်လိုဆောက်သလဲဆိုတာသွားကြည့်။ နှိုင်းယှဉ်လိုက်ရင် သိပ်ရှက်စရာ ကောင်းတယ် ။ ဝေးဝေးသွားကြည့်စရာမလိုဘူး ဗီယက်နမ်တို့ တရုပ်ပြည်တို့မှာ ဆောက်ထားတဲ့ စက်မှု့ဇုန် တွေဆိုတာ ၆ လမ်းသွားလမ်းမကြီးတွေဖြူးလို့  မီးတွေထိန်လင်းလို့  အဆောက်အအုံကြီးတွေ ဆိုတာများဟီး ထနေတာ။

တောင်သမန်ရေဆိုးအင်းဖြစ်ရတာဟာ မန္တလေးစက်မှု့ဇုန်ကြီးတွေတည်ဆောက်ရာမှာ အလွန်အရေးကြီးတဲ့ မရှိမဖြစ် လိုအပ်တဲ့ အောက်ပါအင်္ဂါရပ်တွေ (Infrastructure) တော်တော်များများမပြည့်စုံဘဲ တာဝန်မဲ့စွာတည် ဆောက်သွားခဲ့လို့ ထွက်ပေါ်လာတဲ့ဘေးထွက်ဆိုးကျိုးတွေထဲကတခုပါဘဲ။

1) အဆောက်အဦး ရုံးခန်းများနှင့် ဂိုထောင်များ (Building ,Offices and Warehouse)
2) လမ်းပန်းဆက်သွယ် ပို့ ဆောင်ရေး (Road and Transportation)
3) သောက်သုံးရေလိုအပ်ချက် (Water Supply)
4) လျှပ်စစ်ဓါတ်အားလိုအပ်ချက် (Power Supply)
5) စက်သုံးဆီနှင့်ဓါတ်ငွေ့ လိုအပ်ချက် (Oil and Gas Supply)
6) အီလက်ထရောနစ်နဲ့ ကြေးနန်းဆက်သွယ်ရေး (Telecommunication)
7) စွန့်ပြစ်ပစ္စည်းစီမံခန့် ခွဲမှု့ (Waste Management)
8) ရေဆိုးမြောင်းစနစ် နှင့် စွန့်ပစ်ဆီနဲ့ ရေသန့် စင်စက် (Sewage Drainage System and Waste Oil and Water treatment Plant)
9) မိုးရေစီးဆင်းမှု့နှင့် ရေလွှမ်းမိုးမှု့ကာကွယ်ရေး (Rain water drainage and Flood Prevention)

တိုင်းပြည်ဖွံ့ ဖြိုးတိုးတက်အောင်ဆောင်ရွက်ရာမှာ စီးပွားရေးစီမံကိန်းတွေနဲ့ အတူသဘာဝပတ်ဝန်းကျင်ကိုမထိ ခိုက်ရအောင် လိုအပ်တဲ့ဥပဒေ၊ စီရင်ထုံးတွေ (Environmental Pollution Control Act) ပြဌာန်းပေးရမှာဖြစ်သ လို၊ တိကျတဲ့တာဝန်ယူမှု့၊တာဝန်ခံမှု့တွေလဲသတ်မှတ်ပေးဘို့ လိုတယ်။ ပြီးတော့လိုက်နာရမဲ့ နိုင်ငံတကာစံရည် စံညွှန်းတွေ (International Standards) နဲ့ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းတွေ (Code of Practice for Pollution Control) ထုတ်ပြန်ပေးဘို့ လည်းလိုပါတယ်။

ထုတ်ပြန်ထားတဲ့ဥပဒေနဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာမှု့ရှိမရှိကိုလဲ အဂတိတရားကင်းကင်းနဲ့ စောင့် ကြပ်ထိမ်းညှိပေးထားတယ်။ လိုက်နာမှု့ပျက်ကွက်ခဲ့ရင်လည်း လူပုဂ္ဂိုလ်တစ်ဦးချင်းကစလို့ နိုင်ငံတကာကုမ္ပဏီ ကြီးတွေအထိထိုက်သင့်သလိုအရေးယူဒါဏ်ခပ်မှု့တွေ စံနမူနာပြဆောင်ရွက်ဖို့ တယ်။
မြန်မာစစ်အာဏာရှင်တွေဟာ မိုက်လုံးကြီးစွာနဲ့  စီးပွားရေးစီမံကိန်းတွေကို စိတ်ရူးပေါက်ရာ အကောင်အထည် ဖေါ်ပြီးလုပ်စားသွားတာ။ ထိရောက်ပြီး လုံလောက်တဲ့ ရေဆိုးသန့်စက်ရုံတွေတည်ဆောက်ခဲ့ဟန်မတူဘူး။ အခုမှ ထိုင်း ကုမ္ပဏီတခုနဲ့ ပူးပေါင်းပြီး ရေဆိုးသန့်စင်စက်ရုံကို ၂ နှစ်အတွင်း အကောင်အတည်ဖော်သွားမယ်ဆိုလား၊ တောင်အင်း မြောက်အင်းမှာ စတင်တည်ဆောက်နေတာ ဇွန်လကုန်ပိုင်း ရေဆိုးသန့်စင်စက်ရုံတည်ဆောက်ပြီး မယ်ဆိုလား၊ စက်ရုံတွေကထွက်မဲ့ စွန့်ပစ်ရေတွေကို ဒုတ္ထ၀တီမြစ်ထဲဖေါက်ထုတ်မှာတဲ့ ။ အရေးကြီးတဲ့အချက် က လွှတ်ထုတ်မဲ့ ရေတွေထဲမှာ ဇီဝအခြေခံအညစ်ကြေးစင်အောင် သေခြာအောင်သန့် စင်ဖို့ လိုတယ်။ အဲ့ဒီလိုမှ မဟုတ်ဘဲ အပြသဘောလောက် လုပ်တယ်ဆိုရင်တော့ ဒုတ္ထ၀တီမြစ်ထဲကရေသတ္တ၀ါတွေတော့ ဘုရားတကြ ပေရော့ပေါ့။ ဘာကြောင့်လဲဆိုတော့ စွန့် ထုတ်ရေထဲမှာပါလာတဲ့ ဇီဝအခြေခံအညစ်ကြေးတွေကို ဘက်တီးရီး ယားတွေ ကစားသုံးတဲ့အခါ ရေထဲကအောက်ဆီဂျင်တွေလျှော့ပါးကုန်တာမို့ ရေသတ္တ၀ါတွေသေကြေနိင်တဲ့ အထိ အန္တရာယ်ကြီးပါတယ်။

နောက်အရေးကြီးတဲ့အချက်က စက်ရုံအလုပ်ရုံထဲမှာ ရေဆိုးသန့် စင်တဲ့စက် ( Waste Water Treatment Plant) ဆောက်စရာမလိုတဲ့၊ စွန့် ပစ်ရေပမာဏနည်းတဲ့ အသေးစားစက်ရုံအလုပ်ရုံတွေကို ဘယ်လိုစီမံခန့် ခွဲ မလဲဆိုတာဘဲ ။ စင်္ကာပူနိုင်ငံမှာတော့ တနှစ်လုံးမှာ စွန့် ထုတ်ရေပမာဏ ( လီတာ ၁၀,၀၀၀ ) မကျော်ရင် ရေဆိုးသန့် စင်တဲ့စက် ဆောက်စရာမလိုဘဲ ဆီနဲ့ ရေခွဲထုတ်နိုင်တဲ့ မြေအောက်ကျင်းတွေ ( Oil-Water Separator) ကိုသာဆောက်လုပ်စေတယ် ။ ပြီးရင် လစဉ်လတိုင်း စွန့် ထုတ်ရေ နမူနာကို ဓါတ်ခွဲခန်းကိုပို့ စေပြီး ဓါတ်ခွဲကြည့်စေတယ်။ ထွက်လာတဲ့ စစ်ဆေးတွေ့ ရှိချက်တွေဟာ သတ်မှတ်ထားတဲ့ စံနှုန်းဘောင်ထဲ ( ဥပမာ PH value 6~9 ) ၀င်မှ အဲ့ဒီစွန့် ထုတ်ရေကို ပြင်ပမြောင်းတွေထဲ ဖေါက်ထုတ်ခွင့်ရှိတယ်။ တကယ်လို့ ရလာဒ် တွေက စံနှုန်းဘောင်ထဲမ၀င်ရင် ဖေါက်ထုတ်ခွင့်မရှိဘူး ။ လာစာရင်းစစ်ဆေးလို့ မလိုက်နာတာတွေ့ ရင် ကြီး လေးတဲ့ ငွေဒါဏ်ဆောင်ခိုင်းပြီး အပြစ်ပေးတယ်။ လာစစ်ဆေးတဲ့ဝန်ထမ်းတွေလည်း အဂတိမလိုက်စားနိုင်ဘူး ။ တရားဥပဒေစိုးမိုးမှု့ရှိဘို့ လိုတယ်။

ဒီဆောင်းပါးကို နိဂုံးသပ်ရရင်တောင်သမန်အင်းနဲ့ အနီးတဝိုက်နေရာဌာနတွေဟာ သမိုင်းဝင်အထင်ကရ ဌာနတွေဖြစ်သလို နိုင်ငံခြားခရီးသွားတွေကို ဆွဲဆောင်နိုင်တာမို့ နိုင်ငံခြားဝင်ငွေကိုရှာပေးနေတဲ့အပြင် လူပေါင်းများစွာကို အလုပ်အကိုင်ဖန်တီးပေးရာဌာနတွေဖြစ်တယ်။

ဒါကြောင့်တန်ဘိုးထားပြီး ကောင်းမွန်စွာ ထိမ်းသိမ်းစောင့်ရှောက်အပ်တယ် ။ ထိမ်းသိမ်းတယ်ဆိုရာမှာလည်း ကောက်ရိုးမီးတောက်သလို ခဏတောက်ပြန်ငြိမ်းသွားသလို လုပ်လို့မရဘူး ။ အမြဲတမ်းဝီရိယစိုက် စစ်ဆေး စောင့်ကြည့် သတိပြုထိမ်းသိမ်းရမဲ့ကိစ္စကြီးဖြစ်တယ်။ အစိုးရမင်းများကလည်း စီးပွားရေးစီမံကိန်းတွေချမှတ် တဲ့အခါ တတ်သိပညာ ရှင်တွေကို ရှေ့တန်းတင်ဖို့လိုသလို ဖွံ့ဖြိုးတိုးတက်မှု့နဲ့အတူ လိုက်ပါလာတတ်တဲ့ သဘာဝပတ်ဝန်းကျင်ပျက်ဆီးထိခိုက်မှု့ဆိုတဲ့ဘေးထွက်ဆိုးကျိုးတွေကို အလေးအနက်ထည့်သွငိးစဉ်းစား ဖို့လိုပါတယ်။
နိုင်ငံတကာစံရည်စံညွှန်းတွေနဲ့ အရည်အသွေးမှီမှီလုပ်ကိုင်နိုင်ဘို့ လိုသလို အဂတိလိုက်စားမှု့ကင်းအောင် တရားဥပဒေစိုးမိုးအောင် ဆောင်ရွက်မှသာ ရေရှည်ခံတဲ့ ဖွံ့ ဖြိုးတိုးတက်မှု့တွေရပြီး ထိရောက်အောင်မြင်နိုင် တာကို သတိချပ်နိုင်ကြပါစေ ။ တိုင်းပြည်အပေါ်စေတနာမှန်မှန်ထားနိုင်ကြပါစေလို့ဆန္ဒပြုလိုက်ပါတယ်။

( မင်းကောင်းချစ်)
မေလ (၁၁) ရက်နေ့ ၂၀၁၅ ခုနှစ်
တောင်သမန်အင်း Photos credit to တောင်သမန်အင်း - ဦးပိန်တံတား Facebook Web page & http://myanmartravelinformation.com/around-mandalay/amarapura.html

ကွန်ဒိုပရောဂျက်ကြီးနှင့် ရွှေတိဂုံစေတီတော်ကြီးအောက်မြေသားဆိုင်ရာသက်ရောက်နိုင်မှုကို ဘူမိဗေဒအမြင် စေတနာဖြင့် ကျနော်ရေးတင်ခဲ့သော ပို့စ်ကိုဧရာဝတီသတင်းဌာနက တိုက်ရိုက်မရှယ်ဘဲ ပိုပိုသာသာ မသင့်မတော်ခေါင်းစဉ်တခုကိုပြောင်း။ စာသားများကို copy & paste လုပ်။ ကျနော်၏စာသား
(မည်သို့သော လေ့လာတွက်ချကှ်မုတွေ ကြိုတင်ကာကွယ်မှုတွေလုပ်သင့်ပါသည်ဆိုသော အပြုသဘောအကြံပြုချက်နေရာများကို ) တချို့ကိုဖယ်ရှားကာThe Irrawaddy (Burmese Version) FB pageတွင် ပြန်တင်။ကျနော်ဖဘမှာအော်ဟစ်တော့မှဧရာဝတီက ပြန်ဖြုတ်ချလိုက်သော်လည်း
(ကျနော့်အားတောင်ပန်ခြင်းမရှိ)မဖြုတ်ချမီထိုပို့စ်ကိုအခြားသူများကလည်းကြိုက်ရာခေါင်းစဉ်တပ်၊ဧရာဝတီဗားရှင်းအတိုင်းထပ်ဆင့်copy&Paste တွေလုပ်ပြီးတင်ကြရာကစပြီး ဖေ့ဘွတ်တွင်အတော်ကိုပြန့်နှံ့နေပါပြီ။ ကျနော်၏မူလခေါင်းစဉ်နှင့် စာသားအပြည့်လည်းမပါတော့ပါ။

ကျနော်၏မူရင်းစေတနာကိုပင် အထင်လွဲသူလွဲလောက်ပြီ။ကျနော်သည် ဘာသာရေးအမြင် နိုင်ငံရေးအမြင် ရှေးဟောင်းသုတေသနသဘာဝအလှထိန်းသိမ်းရေးအမြင်များတခုမှမပါပဲ ဘူမိဗေဒအမြင် တခုတည်းနှင့်ဖြစ်နိုင်သည့်အန္ထရာယ်ကို ရိုးသားစွာရေးခဲ့ပါသည်။ သို့သော် ဤကိစ္စကို စိုးရိမ်မှု အနန္ထစေတနာဗလဗွဖြင့် နိဒါန်း နိဂုံးများ ပုံအသစ်များ ဖြည့်စွက်ကာ ထပ်ဆင့် ဖြန့်ကြ
သူများကြောင့် ကျနော့်မူရင်းစေတနာမှာ တဖြေးဖြေး အထင်လွဲစရာဖြစ်လာ နိုင်ပါပြီ။

ခေတ်စကားဖြင့်ပြောရလျှင် ကျနော်က ဖွ သူဖြစ်နေပါလိမ့်မည်။ ကျနော့်မှာဆေးထိုးခံရသလိုလိုဖြစ်နေပါသည်။ ထို့ကြောင့် ထိုစီမံကိန်းကြီးမှတာဝန်ရှိသူများ၊လုပ်ငန်းရှင်များ၊ အခြားပညာရှင်များ၊ စာဖတ်သူများအားလုံး သည် တစုံတခုဘ၀င်မကျ ဒွိဟဖြစ်ပါက အောက်ဖော်ပြပါ (ပုံ ၁-၂-၃ အထိ) ပါ ကျနော်၏ မူရင်းပို့စ်ကိုသာ ရည်ညွှန်းကြပါစေလိုကြောင်း ပန်ကြားအပ်ပါသည်။

(ပြန်ရှာလိုလျှင် ၉-၅-၂၀၁၅နေ့လည်ကတင်ပါသည်) ။ကျနော်သည် ဘူမိဗေဒလောကတွင် ယင်ကောင်လေးတကောင်သာဖြစ်ပါသည်။ ပြည်ပမှာ ဘူမိဆိုင်ရာအလုပ်လုပ်လုပ်ရင်း
အများအတွက် အကျိုးတခုခုရှိမည့်ထင်သည့်စာလေးများရေးရင်း၊ သီချင်းဆိုရင်းမိသားစုနှင့်အတူနေရင်း ဘ၀ကိုရိုးရှင်းစွာလျှောက်နေသူဖြစ်ပါသည်။ စီးပွားရေးသမားလည်းမဟုတ်ပါ။ ကျနော်ရေးသော ပို့စ်တွင်မည်သည့်လူအမည် မည်သည့်ကုမ္ပဏီအမည် မည်သည့်နိုင်ငံရေးသဘောသုံးသပ်ချက်မှမပါဘဲ မည်သူ့ကိုမျှဖျက်လိုဖျက်ဆီးသဘောမပါဘဲ မြန်မာနိုင်ငံနှင့်ကမ္ဘာအရပ်ရပ်ရှိ မြန်မာ ဘူမိဗေဒမြို့ပြအင်ဂျင်နီယာများက ဤကိစ္စကို အထူးစိုးရိမ်ကြကာ အခွင့်အာဏာရှိသူများထံတင်ပြပေးရန်နှင့် တာဝန်ရှိသူများကလည်း ပေါ့ပေါ့သဘောမထားဘဲ ပညာရှင်များ၏အကြံဥာဏ်ကိုလက်ခံစဉ်းစားကြဖို့ ပံ့ပိုးပေးလိုခြင်းဟူသည့် ရိုးရှင်းသောစေတနာသာ ဖြစ်ပါကြောင်း။

ကျနော်ရေးခဲ့သည့်အထဲဤစီမံကိန်းကြီးရပ်ဆိုင်းလိုက်ပါဟုလည်းတခွန်းမပါ။ ဖြစ်နိုင်ခြေများနှင့် အချိန်မှီကာကွယ်ရန်နည်းလမ်များကိုသာရေးခဲ့ပါသည်။ ကြီးကြီးကျယ်ကျယ်နှိုင်းပြောရလျှင် ဒေါ်စု၏ လက်ပံတောင်းစီမံကိန်းအစီရင်ခံစာနှင့်သာတူညီပါသည်။

( ကြုံ၍ပြောလိုသည်မှာ ကျနော့်အနေဖြင့် ဖဘတွင်ရေးသားကြတင်ကြသည်များကိုမည်သူမဆို သဘောကျ၍ ဝေမျှလိုက ဘာမှ ရှယ်မယ်နော်ဟု ခွင့်တောင်းစရာမလိုပါ။
တိုက်ရိုက် ခလုပ်နှိပ်ပြီး ရှယ်ကြပါ။ မည်သည့်စာမဆို ခေါင်းစဉ်မှသည် စလယ်ဆုံးဖတ်ပြီးမှ ဇာတ်ရည်လည်မည်မို့ copy & paste / cut လိုသလိုလုပ်ကာ versionပြောင်းခြင်းကိုတော့ မူလပို့စ်ရှင်အားလုံး ကျေနပ်ကြမည်မဟုတ် ဆိုသည့်အခြေခံယဉ်ကျေးမှုလေးကိုတော့ နားလည်ထိန်းသိမ်းကြစေချင်ပါသည်)

Min Aung Khaing

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်း တပ်မတော်က ဖမ်းဆီးချုပ်နှောင်ထားစဉ် သေဆုံးခဲ့ရတဲ့ အလွတ်သတင်းထောက် ကိုပါကြီးရဲ့အမှုကို ကျိုက်မရောမြို့နယ်တရားရုံးမှာ ဇနီးဖြစ်သူ မသန္တာကို သက်သေအဖြစ် ဒီကနေ့ စစ်ဆေးခဲ့ပါတယ်။

ခင်ပွန်းဖြစ်သူ ကိုပါကြီးသေဆုံးမှုနဲ့ ပတ်သက်ပြီး ထွက်ဆိုခဲ့တဲ့ အခြေအနေတွေကို မသန္တာက အခုလို ပြောပါတယ်။

"သေမှုသေခင်းက အမကိုယ်တိုင်ဖွင့်ခဲ့တာ ဒါပေမဲ့ ရဲကတရားလို၊ အမကသက်သေ၊ ထူးထူးခြားခြား အမကိုမေးတာမရှိဘူး၊ ကိုပါကြီး ပျောက်ဆုံးစဉ်ကာလကတည်းက အမကိုယ်တိုင်လုပ်လာတဲ့အရာတွေ အမကိုယ်တိုင်မြင်တွေ့လာတဲ့အရာတွေ အမကိုယ်တိုင်ကြားလာတဲ့အရာတွေကို သက်သေအနေနဲ့ တရားရုံး နောက်ဆုံးဒီနေရာမှာလာပြီး ထွက်ဆိုချက်ပေးတဲ့အချိန်အထိ အမတောက်လျှောက်သိလာတဲ့အကြောင်းရာတွေကို သူတို့စစ်တာ"

ကိုပါကြီးသေဆုံးမှု ပတ်သက်ပြီး တရားခံနှစ်ဦးကို စစ်ဖက်တရားရုံးက တရားသေလွှတ်ပေးလိုက်တဲ့အတွက် ဇနီးဖြစ်သူ မသန္တာက ကာကွယ်ရေးဦးစီးချုပ်ထံ ကန့်ကွက်စာတင်သွားဖို့ရှိတယ်လို့ ပြောပါတယ်။

ကိုပါကြီးအမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးရောဘတ်ဆန်းအောင်ကလည်း စစ်ဖက်တရားရုံးက အရပ်ဘက်တရားရုံးကို လွှမ်းမိုးနေတယ်လို့ ပြောဆိုထားပါတယ်။

ဒီနေ့ရုံးတင်စစ်ဆေးရာမှာ ကိုပါကြီးဇနီး အပါအ၀င် ရွာသား ၄ ဦးကို သက်သေအဖြစ်စစ်ဆေးဖို့ ချိန်းဆိုထားပေမယ့် ကိုပါကြီးဇနီးတစ်ယောက်ထဲကိုသာ စစ်ဆေးခဲ့ရပြီး ကျန်တဲ့ရွာသားတွေကို မေလ ၂၅ ရက်နေ့မှာထွက်ဆိုပေးဖို့ ချိန်းဆိုလိုက်ပါတယ်။

အလွတ်သတင်းထောက် ကိုပါကြီးကို မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၃၀ ရက်နေ့က အမှတ် ၂၁၀ ခြေမြန်တပ်ရင်းက ဖမ်းဆီးခံတာဖြစ်ပြီး တပ်မတော်က ဖမ်းဆီးထားစဉ် အောက်တိုဘာလ ၄ ရက်နေ့မှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့တာဖြစ်ပါတယ်။

ကိုပါကြီး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ပြစ်မှုကျူးလွန်တဲ့ တရားခံစစ်သည်တွေကို စစ်ဘက်တရားရုံးက တရားသေလွှတ်ပေးလိုက်ကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

RFA
http://www.rfa.org/burmese/news/court-hears-kopargyi-wife-05112015103431.html

 လက်ပံတန်းမြို့မှာ လုံခြုံရေးယူထားတဲ့ ရဲတပ်ဖွဲ့ဝင်တချို့ကို မတ်လ ၆ ရက်နေ့က တွေ့ရစဉ်။ Photo: Kyaw Zaw Win/RFA
 အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်ပေးဖို့ သပိတ်မှောက်ဆန္ဒပြခဲ့ကြတဲ့ ဒီမိုကရေစီ ပညာရေး ပင်မသပိတ်စစ်ကျောင်းကို ပြီးခဲ့တဲ့ မတ်လအတွင်း အကြမ်းဖက်ဖြိုခွဲခဲ့တဲ့ ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်ခံ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နဲ့ အဲဒီ့လိုအကြမ်းဖက်မှု ဖြစ်ပေါ်အောင် တွန်းအားပေးခဲ့တယ်လို့ ယူဆရတဲ့ ပညာရေး ဝန်ကြီးဌာနတို့ကို  ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (ဗကသ)က တရားစွဲဆိုသွားမယ်လို့ သိရပါတယ်။

နိုင်ငံတကာ ဥပဒေတွေ အရဖြစ်စေ၊ ပြည်တွင်းဥပဒေတွေ အရဖြစ်စေ သင့်တော်တဲ့ ဥပဒေပုဒ်မတွေနဲ့ တရားစွဲဆိုသွားမှာဖြစ်တယ်လို့ ဗကသကျောင်းသားသမဂ္ဂ ဦးဆောင်ကော်မတီဝင် ကိုအောင်နေပိုင်က ပြောပါတယ်။

"ဒီဥပဒေချိုးဖောက်တဲ့အတွက် သူတို့ရဲ့မတရားတဲ့ဥပဒေအတိုင်း ကျနော်တို့မှာလည်း ဥပဒေအရ ပြန်လည်ပြီး တရားစွဲဆိုပိုင်ခွင့်ရှိတယ်လို့ ကျနော်တို့ယူဆတယ်၊ ဥပမာ နိုင်ငံတကာနဲ့ ပတ်သက်တဲ့ ဥပဒေပဲဖြစ်ဖြစ် ဗမာပြည်အတွင်းမှာရှိတဲ့ ဥပဒေနဲ့ပဲဖြစ်ဖြစ် နောက်ဆုံးပြည်ထောင်စု တရားလွှတ်တော်ချုပ်ဆီ စာချွန်လွှာပို့တာမျိုးတွေ ကျနော်တို့တွေ ဆောင်ရွက်သွားဖို့ရှိတယ်"

အဲဒီ့လိုတရားစွဲနိုင်ဖို့အတွက် ဥပဒေပညာရှင်တွေနဲ့ ဆွေးနွေးတိုင်ပင်နေပြီး တရားစွဲဆိုနိုင်မယ့် သက်သေခံမှတ်တမ်းတွေ၊ ကျောင်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်ပြီး ရိုက်နှက်ဖမ်းဆီးစစ်ဆေးခဲ့တာတွေအတွက် အချက်အလက်တွေ စုဆောင်းကောက်ယူနေတယ်လို့ သိရပါတယ်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများအဖွဲ့ချုပ်ဝင်တွေ ဦးဆောင်တဲ့ ပင်မကျောင်းသား သပိတ်စစ်ကြောင်း ကို မတ်လ ၁၀ ရက်နေ့က လက်ပံတန်းမြို့မှာ ရဲတွေက အကြမ်းဖက်ဖြိုခွင်းပြီးနောက် ကျောင်းသားတွေနဲ့ ၀န်းရံပြည်သူ ၁၂၇ ဦးကို ဖမ်းဆီးခဲ့ပြီးနောက် သာယာဝတီထောင်ကိုပို့ဆောင်ခဲ့ပါတယ်။

အဲဒီနောက် ၅၉ ဦးကို ပြန်လွှတ်ပေးခဲ့ပြီး ကျန်တဲ့သူတွေကို တရားစွဲဆိုထားပါတယ်။ လက်ပံတန်း ကျောင်းသားသပိတ်ဖြိုခွဲခံရပြီးနောက်ပိုင်း ဒီနေ့အထိ နိုင်ငံတ၀ှမ်းမှာ ဖမ်းဆီးချုပ်နှောင်တရားစွဲဆိုခံရတဲ့ ကျောင်းသူကျောင်းသား စုစုပေါင်း ၂၀၀ နီးပါးရှိပြီလို့လည်း သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese

ကယ်ဆယ်ခံရတဲ့ ဒုက္ခသည် တစ်ထောင်လောက် အင်ဒိုနီးရှား နိုင်ငံ၊ အာချေကို ရောက်ရှိခဲ့။
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့က လာတဲ့ ထောင်နဲ့ချီတဲ့ ဒုက္ခသည်တွေဟာ ကမ်းပေါ် တက်လို့ မရဘဲ ထိုင်းနိုင်ငံ အနီးက ပင်လယ်ပြင်ထဲမှာ ပိတ်မိနေတယ်လို့ ရွှေ့ပြောင်းသူများဆိုင်ရာ နိုင်ငံတကာ အဖွဲ့ IOM က ပြောပါတယ်။

လူမှောင်ခိုမှုတွေကို ထိုင်းနိုင်ငံမှာ မကြာသေးခင်က စတင် တိုက်ဖျက် နှိမ်နင်းနေတာကြောင့် လူမှောင်ခိုသမားတွေက သူတို့ ခေါ်လာတဲ့ လူတွေကို ကမ်းပေါ် ခေါ်ယူဖို့ တွန့်ဆုတ်နေတဲ့အတွက် လူပေါင်း ၈ ထောင်လောက် ပင်လယ်ပြင်ထဲက လှေတွေပေါ်မှာ ပိတ်မိနေကြတယ်လို့ IOM ပြောခွင့်ရသူက ပြောပါတယ်။

ဒီကနေ့ တနင်္လာနေ့မှာတော့ မလေးရှား နိုင်ငံ၊ အနောက်မြောက်ပိုင်းက လန်ကာဝီ ကျွန်းကို ဒုက္ခသည် တစ်ထောင်လောက် ရောက်လာခဲ့ကြတယ်လို့ မလေးရှား ရဲတွေက ပြောပါတယ်။

လွန်ခဲ့တဲ့ ၂ ရက်ကလည်း ရိုဟင်ဂျာလို့ ယူဆရတဲ့ ရွှေ့ပြောင်း ဝင်ရောက်လာသူ တစ်ထောင်လောက် အင်ဒိုနီးရှား နိုင်ငံ၊ အာချေ ဒေသကို ရောက်လာခဲ့ကြပါတယ်။

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့ကနေ အခုနှစ် ပထမ သုံးလအတွင်း လှေတွေနဲ့ ထွက်ပြေးလာသူ အရေအတွက်ဟာ မနှစ်က အလားတူ အချိန်အတွင်း ထွက်ပြေးခဲ့ကြသူ ဦးရေထက် နှစ်ဆ ရှိတယ်လို့ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီက ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese


 ဧရာဝတီတိုင်း ဒေသကြီးအတွင်း ဆရာ၊ ဆရာမ ၃၀၀၀ ကျော် လိုအပ်နေတယ်လို့ တိုင်းဒေသကြီး လူမှုရေး ၀န်ကြီးက ပြောပါတယ်။

ဆရာ၊ ဆရာမ တွေကို နှစ်စဉ်ခန့်ထား တာတွေ ရှိပေမယ့် အကြောင်း အမျိုးမျိုးကြောင့် လစ်လပ်မှုတွေ ရှိနေသလို တချို့ကို ဒီနှစ်ကျောင်းဖွင့်အမီ ခန့်ထားနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ တိုင်းဒေသကြီး လူမှုရေးဝန်ကြီးကပြောပါတယ်။

“ကျမတို့က အထက်တန်းပြဆိုလည်း ၈၀၀၊ ၉၀၀ လောက်လိုနေတယ်၊ အလယ်တန်းပြဆိုလည်း ဒီလိုပဲ၊ မူလတန်းပြ ဆိုလည်း ကျမတို့ အပြည့်ခန့်ထားနိုင်တယ်ဆိုပေမယ့်လို့ နောက်ပိုင်းမှာ အကြောင်း အမျိုးမျိုးကြောင့် တချို့လည်း အလုပ် ထွက်ပြီး အငြိမ်းစားယူတာတွေနဲ့ ရာထူးတိုးသွားတဲ့ အတွက် လစ်လပ်တဲ့နေရာတွေ ကျန်နေတယ်” လို့ သူက ပြောပါ တယ်။

တိုင်းဒေသကြီးအတွင်း လက်ရှိအချိန်ထိ ပညာရေးဝန်ထမ်း အင်အား ငါးသောင်းကျော် ရှိပေမဲ့ ဆရာဆရာမ လိုအပ်မှုတွေ ရှိနေတာဟာ ဘီအီးဒီ ကျောင်းဆင်း နည်းနေတာကြောင့် အပြင် လိုအပ်တဲ့ ဆရာဆရာမ တွေကို တိုင်းဒေသကြီးက တိုက်ရိုက်ခန့်အပ်လို့မရဘဲ ကန့်သက်ချက်တွေ ရှိနေတာကြောင့် ဖြစ်တယ်တယ်လို့ လူမှုရေးဝန်ကြီးကပြော ပါတယ်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း အထက်တန်းကျောင်းပေါင်း ၃၀၀ ကျော်၊ အလယ်တန်းကျောင်းပေါင်း ၇၀၀ ကျော်နဲ့ မူလတန်းကျောင်းပေါင်း ၅၀၀၀ ကျော်ရှိပါတယ်။

ဆရာဆရာမ အင်အား ၄၀၀၀၀ ကျော်ရှိပြီး ကျောင်းသား ၁၂သိန်း ခန့်ရှိကာ ကျောင်းတက် ရောက်သူနှစ်စဉ် တိုးတက်နေတာကြောင့် စာသင်ကျောင်း မလုံလောက်မှုနဲ့ ဆရာ ဆရာမ မလုံလောက်မှုတွေ ဖြစ်ပေါ်နေပါတယ်။

By သော်ဇင်မျိုး (ဒီဗွီဘီ)
http://burmese.dvb.no


တလကြာရပ်နားထားသည့် လွှတ်တော် အစည်းအဝေးများ ဒီနေ့ပြန်လည် စတင်ရာမှာ အမျိုးသား လွှတ်တော်မှာတော့ ထောင်ဒဏ် ၂ နှစ်အပြင် ဒဏ်ငွေ ၁၅ သိန်းချမှတ်နိုင်တဲ့ မျိုးစောင့်ဥပဒေ မူကြမ်းနဲ့ ပတ်သက်ပြီး ဥပဒေကြမ်းကော်မတီက အစီရင်ခံစာ တင်သွင်းပါတယ်။

မေလ ၁၁ ရက်နေ့ အမျိုးသား လွှတ်တော်မှာ ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်နဲ့ ပြန်လည်ပေးပို့လာတဲ့ မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်းကို ဆွေးနွေးနိုင်ဖို့ အစီရင်ခံစာ ဖတ်ကြားခဲ့တာပါ။

အစီရင်ခံစာအရ ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့ အမျိုးသားဟာ ပုဒ်မ ၁၉ ပုဒ်မခွဲ(စ၊ဆ၊ဇ)ပါ ပြဌာန်းချက်တခုခုကို ကျုးလွန်ရင် ၂ နှစ်ထက်မပိုတဲ့ ထောင်ဒဏ်အပြင် ကျပ် ၁၅ သိန်းထက်မပိုတဲ့ ငွေဒဏ်ကိုလည်း ချမှတ်ရမယ်လို့ ပြင်ဆင်သင့်ကြောင်း ဥပဒေကြမ်းကော်မတီက အစီရင်ခံစာတင်သွင်းခဲ့တာ ဖြစ်ပါတယ်။

ပုဒ်မ ၁၉ အရ ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့ အမျိုးသားဟာ ဗုဒ္ဓဘာသာဝင် အမျိုးသမီးရဲ့ သက်ဝင်ယုံကြည်တဲ့ ဘာသာကို လွတ်လပ်စွာကိုးကွယ်ခွင့်ပြုဖို့၊ ရရှိလာတဲ့ သားသမီးတွေကို ယုံကြည်ရာဘာသာကို လွတ်လပ်စွာကိုးကွယ်ခွင့် ပြုဖို့၊ ဘုရားရုပ်ပွားတော်တွေ၊ ပုံတော်တွေ ထားရှိကိုးကွယ်ခွင့်ပြုဖို့ စတဲ့အချက် ၇ ချက်ပါဝင်ပါတယ်။

ဒါ့အပြင် မေလ ၁၁ ရက်နေ့ ပြည်ထောင်စုလွှတ်တော်မှာလည်း နိုင်ငံတော်သမ္မတရဲ့ သဘောထားမှတ်ချက် နဲ့ ပြန်လည်ပေးပို့လာတဲ့ လူဦးရေတိုးပွားနှုန်းထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေကြမ်းကို ဥပဒေကြမ်းပူးပေါင်းကော်မတီက အစီရင်ခံစာ ဖတ်ကြားခဲ့ပါတယ်။

ဥပဒေကြမ်းပါ အရေးအသားနဲ့ အသုံးအနှုန်းတွေဟာ ကျန်းမာရေး ၀န်ကြီးဌာနရဲ့ ပြင်ဆင်ထားတဲ့ ဖွဲ့စည်းပုံအသစ်ပါ အသုံးအနှုန်းတွေနဲ့ ကိုက်ညီမှုရှိစေဖို့ ပြင်ဆင် သင့်တယ်လို့ အကြံပြုထားတာဖြစ်ပါတယ်။

မျိုးစောင့်ဥပဒေတွေထဲက တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေကြမ်းကိုလည်း အကြံပြုချက် ပေးပို့ထားတဲ့ ပြင်ပအဖွဲ့အစည်းတွေနဲ့ အကြံပြုလိုတဲ့ ပြည်သူတွေရဲ့ သဘောထားကိုရယူဖို့ ဖိတ်ခေါ်ဆွေးနွေးသွားမယ်လို့ ဥပဒေကြမ်းကော်မတီက ပြီးခဲ့တဲ့ ဧပြီလ ၉ ရက်နေ့ ပြည်သူ့လွှတ်တော်မှာပြောထားပါတယ်။

ဒီကနေ့ ပြည်သူ့လွှတ်တော်မှာတော့ အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်နဲ့ အတည်ပြု ပေးပို့ထားတဲ့  ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကြမ်း” နဲ့ ပတ်သက်ပြီး ဥပဒေကြမ်းကော်မတီက  အစီရင်ခံစာ ဖတ်ကြားရှင်းလင်းသွားပါတယ်။

 By ဒီဗွီဘီ
http://burmese.dvb.no

ရှေ့နေ ရောဘတ်စန်းအောင်နှင့် မသန္တာတို့အား ကျိုက္ကမရော တရားရုံးတွင် တွေ့ရစဉ် (ဓာတ်ပုံ - မင်းနေထူး)
 အလွတ်သတင်းထောက် ကိုပါကြီး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး အပြစ်ကျူးလွန်သူတွေကို စစ်တရားရုံးက တရားသေ လွှတ်ပေး လိုက်ပေမယ့် မွန်ပြည်နယ် ကျိုက်မရောမြို့နယ် တရားရုံးမှာတော့  ဒီကနေ့ သက်သေတွေကို ဆက်လက်စစ်ဆေး နေပါတယ်။

ဒီအမှုကို ကျိုက်မရောမြို့မ ရဲစခန်းမှူး ဒုရဲမှူး  ဦးတင်ဦးက တရားလိုလုပ်ပြီး ဓမ္မတာအတိုင်း သေဆုံးတာ ဟုတ်မဟုတ် စစ်ဆေးဖို့ သေမှုသေခင်းအနေနဲ့  အမှုဖွင့် စစ်ဆေးတာဖြစ်ပါတယ်။

ဒီကနေ့တော့  ကိုပါကြီးရဲ့ ဇနီး ဒေါ်သန္တာကို သက်သေအဖြစ် တရားရုံးမှာ အဓိက စစ်ဆေးခဲ့တာဖြစ်ပြီး ကိုပါကြီး  စတင် ပျောက်ဆုံးစဉ်တည်းက ခုချိန်ထိ  မြင်တွေ့ကြားသိရ သမျှတွေကို  တနေ့ကုန် ဖြေကြားခဲ့ရတယ်လို့  တရားရုံး ထွက်လာတဲ့ ဒေါ်သန္တာ ကပြော ပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး  ဧပြီ ၁၀ ရက်၊ ၂၃ ရက်၊ ၃၀ ရက်နဲ့   ဒီကနေ့  မေလ ၁၁ ရက်နေ့ တွေမှာ ကျိုက်မရော တရားရုံးမှာ စစ်ဆေးနေတာ စုစုပေါင်း ၄ ကြိမ်ရှိပြီဖြစ်ပြီး လာမယ့် မေလ ၂၅  ရက်နေ့ မှာ ရုံးချိန်းထပ်မံချိန်း ဆိုထားပါတယ်။

ကိုပါကြီးအမှုနဲ့ ပတ်သက်ပြီး အစောင့်စစ်သည် ဒုတပ်ကြပ် ကျော်ကျော်အောင်နဲ့ တပ်သား နိုင်လင်းထွန်းတို့ကို တပ်မတော်ဥပဒေတွေနဲ့ စစ်တရားရုံးကစစ်ဆေးပြီး တရားသေလွှတ်ဖို့ အမိန့်ချလိုက်တယ်လို့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်က မေလ ၈ နေ့က သတင်းထုတ်ပြန်ပါတယ်။  ဒီအရေးယူမှုဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ပြောတယ်လို့လည်း ဆိုပါတယ်။

ဒီအမှုမှာ လိုက်ပါကူညီဆောင်ရွက်ပေးနေတဲ့ လူ့အခွင့်အရေးရှေ့နေ  ဦးရောဘတ်စန်းအောင် နဲ့ ကိုပါကြီးရဲ့ဇနီးဒေါ်သန္တာတို့ကတော့  စစ်ဘက်တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ရှုတ်ချ ကန့်ကွက် တယ်လို့ ပြောပါတယ်။

ဒေါ်သန္တာက “၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ လွှတ်တယ်လို့ ဆိုတယ်၊ အဲဒါကျမက မေးစရာဖြစ်နေတယ်၊ ကျမခင်ပွန်းသည်ကိုဖမ်းတုန်းကဘာလို့ ဥပဒေအရ မဖမ်းတာလဲ။ ဥပဒေအရ မစစ်ဆေးတာလဲ၊ ဥပဒေအရဘာလို့ တရားစွဲဆိုခြင်းမပြုခဲ့တာလဲ၊ ဖမ်းဆီးစဉ်ကာလက ပုဒ်မ ၁၄၄ စစ်အုပ်ချုပ်ရေးဥပဒေထုတ်ထားတာလည်း မဟုတ်ဘူး။ ကျမခင်ပွန်းကိုတော့ ဥပဒေမဲ့ သတ်ပစ်ပြီးတော့ ပစ်သတ်တဲ့ စစ်တပ်က တရားခံ ၂ ယောက်ကျတော့ ဥပဒေအရ လွှတ်တယ်ဆိုတာ ဒါဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်တလုံးခြားလုပ်နေခြင်းပဲ”လို့ပြောပါတယ်။

လတ်တလော စစ်ခုံရုံးရဲ့ ဆုံးဖြတ်ချက်ဟာ အရပ်ဖက်တရားရုံးကို သက်ရောက်မှု မရှိသေးဘူး လို့လည်း ပြောပါတယ်။

ကိုပါကြီး အသတ်ခံရမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးခဲ့တဲ့ မြန်မာ့လူ့အခွင့်အရေးကော်မရှင်က တော့ အမှုကို ပွင့်လင်းမြင်သာမှုရှိစေဖို့ နယ်ဘက် တရားရုံးမှာ စစ်ဆေးသင့်တယ်လို့ သမ္မတကို အကြံပြုခဲ့တာဖြစ်ပါတယ်။

အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဒုဥက္ကဋ္ဌ  ဦးစစ်မြိုင်က“ ကျနော်တို့က အကြံပြုထားတာ လွတ်လပ်မျှတမှုရှိဖို့၊ နောက်ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၄၇ ပါ နိုင်ငံသားရဲ့ အခွင့်အရေးကို ခံစားရရှိဖို့ ကျနော်တို့ ဘက်က အကြံပြုတာကတော့ အပြည့်အစုံပေါ့လေ။ အခုကတော့ တပ်ဘက်ကလည်း တပ်ရဲ့ ဥပဒေအရ တပ်မတော် အက်ဥပဒေအရဆောင်ရွက်တာပေါ့။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာကလည်း တပ်ကိုလည်း စစ်တရားရုံးတွေဖွဲ့ စစ်ခွင့်ပေးတာတယ်။ ကာကွယ်ရေးဦးစီးချုပ်ရဲ့ အဆုံးအဖြတ်သည် အတည်ဖြစ်သည်လို့လည်း ပါတယ်ဗျ။ ကျနော်တို့ လူ့အခွင့်အရေဘက်ကတော့ လုပ်နိုင်တာ လုပ်သင်တာ လုပ်ပေးလိုက်ပြီလို့ ပြောချင်ပါတယ်။ ဒီဥစ္စာက ဥပဒေကြောင်းပိုင်းဖြစ်သွားတဲ့အခါကျတော့ ဥပဒေကြောင်းအရပဲ သွားရတော့မယ်လို့ ကျနော်မြင်တယ်။ ဥပဒေကြောင်းအရ ဘယ်လို လမ်းကြောင်းရှိမလဲတော့ ကျနော်မပြောတတ်ဘူး” လို့ပြောပါတယ်။

အလွတ်သတင်းထောက် ကိုပါကြီးဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကုန်ပိုင်းက မွန်ပြည်နယ်၊ ကျိုက်မရော မြို့နယ်မှာ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (ဒီကေဘီအေ)နဲ့ အစိုးရ စစ်တပ်တိုက်ပွဲ သတင်း လိုက်ပြီး အပြန် စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားစဉ်  ဦးခေါင်းနဲ့ ခန္ဓာကိုယ်ပေါ်မှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့တာပါ။

 By ဒီဗွီဘီ
http://burmese.dvb.no

 ရပ်နားထားတဲ့ ၁၂ ကြိမ်မြောက် လွှတ်တော် အစည်းအဝေး တွေ မေ ၁၁ ရက် တနင်္လာနေ့ မှာ ပြန်လည် စတင် မှာ ဖြစ်ပါတယ်။
ဒီ တစ်ခေါက် အစည်းအဝေး တွေ မှာ အခြေခံ ဥပဒေ ပြင်ဆင်ရေး ဟာ အဓိက ဦးစားပေး ဆွေးနွေး ဆုံးဖြတ် ရမယ့် ကိစ္စ ဖြစ်တယ် လို့ အမျိုးသား လွှတ်တော် အမတ် ဦးဖုန်းမြင့်အောင် က ဘီဘီစီ ကို ပြောပါတယ်။

အခု မေလ ပထမ ပတ် ထဲ ကပဲ လွှတ်တော် ရဲ့ ဥပဒေ ကြမ်း ကော်မတီ က လည်း အခြေခံ ဥပဒေပါ ပြင်ဆင်ရမယ့် အချက်အလက် တွေ နဲ့ စပ်လျဉ်းပြီး တွေ့ဆုံ ခဲ့ကြတယ် လို့ ကြားသိရ ကြောင်း လည်း ဦးဖုန်းမြင့်အောင် က ဆိုပါတယ်။

ဒီမိုကရက်တစ် အင်အားစု တွေ က ပြင်ဆင် ဖို့ တောင်းဆို နေကြတဲ့ အခြေခံ ဥပဒေ ပါ ပုဒ်မ ၅၉ (စ) နဲ့ ပုဒ်မ ၄၃၆ တို့ ကို အခု လွှတ်တော် အစည်းအဝေး တွေ ကနေ ပြင်ဆင် နိုင် ဖို့ အလားအလာ ရှိ မရှိ ကိုတော့ အဲဒီ့လို ပြည်လုံးကျွတ် ဆန္ဒ ခံယူပွဲ ကျင်းပ စရာ လိုတဲ့ ပုဒ်မ မျိုး တွေ ကို မပြင်ဆင် ကြဖို့ တပ်မတော်သား ကိုယ်စားလှယ် တွေ က ပြောထားတာ ရှိတယ် လို့ ဦးဖုန်းမြင့်အောင် က ဆိုပါတယ်။

ဒီလို ပုဒ်မ မျိုး တွေ ကို မပြင်ဆင် နိုင်ခဲ့ ရင်တောင် မှ တိုင်းဒေသကြီး နဲ့ ပြည်နယ် တွေ ရဲ့ လွှတ်တော် တွေ ကို သယံဇာတ စီမံ ခန့်ခွဲ မှု နဲ့ အခွန် အကောက် တို့လို ကိစ္စ တွေ မှာ အာဏာ တွေ ပိုမို ခွဲဝေ ပေးသွား နိုင် တဲ့ အာမခံချက် မျိုး ရှိလာအောင် ဖွဲ့စည်းပုံ ကို ပြင်ဆင် ပြောင်းလဲ နိုင်မယ် လို့ မျှော်လင့်ကြောင်း ဦးဖုန်းမြင့်အောင် က ဆိုပါတယ်။

အခြေခံ ဥပေဒ ပြင်ဆင်ရေး ကို ၁၂ ကြိမ် မြောက် လွှတ်တော် မှာ လုပ်ဆောင် ကြမယ် ဆိုပြီး ဆုံးဖြတ် ထားပေမယ့် ပြီးပြတ်သင့်တဲ့ အချိန် မှာ မပြီး နိုင် ဖြစ်ခဲ့ ကြရာက လွှတ်တော် သက်တမ်း တလျှောက် ပထမဆုံး အနေနဲ့ ကျင်းပ လက်စ လွှတ်တော် အစည်းအဝေး ကို ခေတ္တ ရပ်နားပြီး မှ အခုလို ပြန် ခေါ် ယူ ရတာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese

တကယ် ဆူနာမီ ဖြစ်လာ မယ် ဆိုရင် မြန်မာ ကမ်းရိုးတန်း ဒေသ အတွက် ပြင်ဆင်ချိန် နာရီ ဝက် ကနေ ၁ နာရီ လောက်ထိ ရနိုင်။ 

 မြန်မာ နိုင်ငံ ကမ်းရိုးတန်း ကနေ မိုင် ၂၅၀ ဝန်းကျင် လောက် အကွာ မှာ ရှိတဲ့ အိန္ဒိယ ပိုင် ဘာရင် ကျွန်း မီးတောင် ကနေ အထက် ကို အမြင့် ပေ အတော်များများ ပြာတွေ မှုတ်ထုတ် နေတယ် ဆိုတဲ့ လေကြောင်း လိုင်းတွေ အတွက် သတိပေးချက် ထွက်ပေါ် လာပါတယ်။

ဒီလို ထွက် လာ အပြီးမှာ တော့၊ အဲဒီ့ မီးတောင် ပေါက်ကွဲ မှာလား၊ ပေါက်ကွဲ ခဲ့ရင် နောက် ဆက် တွဲ အနေနဲ့ ပင်လယ် ရေအောက် ငလျင် လှုတ် ခတ် ပြီး ဆူနာမီ လှိုင်း ကြီးတွေ ဖြစ် လာမှာ လား စတဲ့ မြန်မာ ကမ်းရိုးတန်း တွေ အတွက် စိုးရိမ် မှု တွေ ဖြစ်ပေါ် လာစေ ပါတယ်။

အိန္ဒိယ ပိုင် ကပ္ပလီ ပင်လယ်ပြင် မှာ တည်ရှိ တဲ့ ဘရင်ကျွန်း မီးတောင် ကြောင့် တကယ်ပဲ ဆူနာမီ ဖြစ်လာ မယ် ဆိုရင် မြန်မာ ကမ်းရိုးတန်း ဒေသ အတွက် ပြင်ဆင်ချိန် နာရီ ဝက် ကနေ ၁ နာရီ လောက်ထိ ရတယ် လို့ မြန်မာ နိုင်ငံ မြေငလျင် ကော်မတီ ဒုဥက္ကဌ ဦးစိုးသူရထွန်း က ပြောပါတယ်။

အိန္ဒိယ နိုင်ငံ အစိုးရ အနေနဲ့ ဘာရင်ကျွန်း မီးတောင် လှုပ်ရှား နေမှု နဲ့ ပတ်သက်ပြီး အထူး သတ်ပေးချက် တစုံတရာ ထုတ်ပြန် ထားတာ ရှိမရှိတော့ မသိရဘူး လို့ ဦးစိုးသူရထွန်း က ဆိုပါတယ်။

မီးတောင် ဘယ်အချိန် ပေါက်ကွဲ မလဲ ဆိုတာ အတိတကျ မပြောနိုင် ပေမယ့် ကြိုတင် သတိ ထား နေနိုင် အောင် စောင့်ကြည့် နေသင့်တယ် လို့လည်း ဦးစိုးသူရထွန်း က ပြောပါတယ်။

ပြာတွေမှုတ်ထုတ်နေတဲ့ ဘာရင်ကျွန်းမီးတောင် ပေါက်ခဲ့ရင် နောက်ဆက်တွဲ ငလျင် နဲ့ ဆူနာမီ လှိုင်းတွေ ဖြစ်လာမလား ဆိုတဲ့ စိုးရိမ်မှုတွေ ရှိ။

BBC Burmese
http://www.bbc.com/burmese

လှေစီးပြေး ရိုဟင်ဂျာမိသားစုတွေ အင်ဒိုနီးရှားနိုင်ငံ အာချေးခရိုင်က ဆဲန်နူဒွန်အရပ် ယာယီနေထိုင်ရမယ့်အရပ်ကို ထွက်ခွာဖို့ စောင့်ဆိုင်းနေကြစဉ်။ (မေ ၁၀၊ ၂၀၁၅)
 မြန်မာနိုင်ငံကလို့ ဆိုတဲ့ ရိုဟင်ဂျာ မူဆလင် ၅၀၀ လောက်တင်ဆောင်ထားတဲ့ လှေတွေ အင်ဒိုနီးရှားနိုင်ငံ အနောက်ဘက်ကမ်းခြေကို ဆိုက်ကပ်ခဲ့ပါတယ်။ တနင်္ဂနွေနေ့ အစောပိုင်းက ရောက်လာကြတဲ့ အဲဒီ ဒုက္ခသည်တချို့ဟာ ဆေးကုသမှုခံယူဖို့ လိုအပ်နေတယ်လို့ မလေးရှား ၊ အင်ဒိုနီးရှားအရာရှိတွေနဲ့ လူမှုရေးဖွဲ့အစည်းတွေက ပြောပါတယ်။ ဒီအကြောင်း အေပီသတင်းဌာနက သတင်းအပေါ် အခြေခံပြီး ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြပေးထားပါတယ်။

အင်ဒိုနီးရှားနိုင်ငံ အနောက်ဘက်ကမ်းခြေကို ဆိုက်ကပ်လာတဲ့လှေတွေပေါ်မှာ ပါလာသူအများစုဟာ ရိုဟင်ဂျာတွေဖြစ်ပေမယ့် ကျန်တချို့ကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေ ဖြစ်တယ်လို့ IOM - နိုင်ငံတကာ ရွေ့ပြောင်းနေထိုင်သူများအဖွဲ့ လက်ထောက် အကြီးအကဲ Stve Hamilton က ပြောပါတယ်။ အဲဒီ ရိုဟင်ဂျာတွေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေကို Aceh ဒေသ၊ Lhokseumawe မှာရှိတဲ့ Matang Puntung ဗလီကျောင်းမှာ အစားအစာတွေနဲ့ နေထိုင်စရာတွေ ပေးထားတယ်လို့ ဆိုပါတယ်။

မလေးရှားနိုင်ငံမှာ အလုပ်အကိုင် ရှာဖွေဖို့အတွက်ထွက်လာတဲ့ အဲဒီ ရိုဟင်ဂျာ ၅၀၀ လောက်ဟာ ပင်လယ်ပြင်ထဲမှာ ၂ လ နီးပါးလောက် ကြာခဲ့တယ်လို့ လှေပေါ် ပါလာသူတွေထဲက တဦးဖြစ်သူ Muhammad Juned ဆိုသူက အေပီ သတင်းဌာနက မေးတာကို မလေးဘာသာနဲ့ပြန်လည် ဖြေကြားခဲ့ပါတယ်။

“သူတို့အနေနဲ့ ပင်လယ်ပြင်ထဲမှာ ၂ လလောက် ကြာခဲ့ကြောင်း၊ လှေတစ်စီးမှာ လူ ၂ ရာလောက် ပါဝင်ပြီး စုပေါင်း လှေ ၃ စီးရှိကြောင်း ၊ အားလုံး ပေါင်းလိုက် ရင်တော့ ၅၀၀ ပတ်ဝန်းကျင်လောက် ရှိမယ်လို့ သူ့အနေနဲ့ ထင်ကြောင်း၊ သူတို့ဟာ မလေးရှားနိုင်ငံမှာ အလုပ်လုပ်ဖို့အတွက် ထွက်လာခြင်း ဖြစ်ကြောင်း ”- Muhammad Juned က မလေးလို ဖြေသွားတာ ဖြစ်ပါတယ်။

ရိုဟင်ဂျာတိုင်းရင်းသား တည်ရှိမှုကို လက်ခံထားခြင်းမရှိတဲ့ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက တရားမဝင် ကျူးကျော်ဝင်ရောက်သူ ဘင်္ဂလီတွေအဖြစ် အစိုးရနဲ့ ဒေသခံတွေက မြင်ထားကြတာပါ။ ရိုဟင်ဂျာဟာ မလေးရှားနိုင်ငံဘက်ကို အခုလို ရေကြောင်းလမ်းကနေ သွားနိုင်ဖို့အတွက် ထိုင်းနိုင်ငံမှာ ရှိနေတဲ့ လူမှောင်ခိုပွဲစားတွေက လုပ်ပေးနေတာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း ထိုင်းနိုင်ငံက လူကုန်ကူးမှု ပပျောက်ရေးကို အခုရက်ပိုင်းအတွင်း တိုးမြှင့် ဆောင်ရွက်လာတာမှာ ပြီးခဲ့တဲ့ မေလ ၈ ရက်နေ့တုန်းကလည်း ရိုဟင်ဂျာနဲ့ အင်္ဂလားဒေ့ရှ်နိုင်ငံသားတွေလို့ ယူဆရသူ ၁၀၀ ကျော်နဲ့ မြေမြှုပ်ထားတဲ့ အလောင်း ၃၀ ကို ထိုင်းနိုင်ငံ တောင်ပိုင်း Songkhla ခရိုင်အတွင်းမှာ တွေ့ရှိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။

ထိုင်းနိုင်ငံက လူမှောင်ခိုဂိုဏ်းတွေနဲ့ ပတ်သက်နေတယ်လို့ သံသယရှိသူ ရဲအရာရှိ ၅၀ ကျော်ကို အရေးယူပြီး တာဝန် အပြောင်းအရွှေ့တွေ လုပ်ခဲ့တယ်လို့ မေလ ၇ ရက်နေ့က ထိုင်းအစိုးရက ကြေညာခဲ့ပါတယ်။ ထိုင်းနိုင်ငံတောင်ပိုင်း မလေးရှားနယ်စပ်နားမှာ လူကုန်ကူးသူတွေ စတည်းချတဲ့ စခန်းတွေကို ရှာဖွေ တွေ့ရှိခဲ့ပြီးနောက်မှာ လူကုန်ကူး ပြဿနာကို ကိုင်တွယ်ဖို့ ထိုင်းဝန်ကြီးချုပ်က အမိန့်ထုတ်ခဲ့ပြီးနောက်မှာ ခုလို အရေးယူမှုတွေရှိလာတာပါ။

တော တောင်တွေထဲကနေ ထိုင်းအာဏာပိုင်တွေ အရင်က ကယ်ဆယ်နိုင်ခဲ့တဲ့ ရိုဟင်ဂျာတွေရဲ့ အပြောအရ သူတို့ဟာ လူပွဲစားတွေနဲ့ မလေးရှားဖက်မှာ အလုပ်သွားလုပ်ဖို့ ကြိုးစားကြတာဖြစ်ပါတယ်။ ထိုင်းနိုင်ငံတဝန်း လူကုန်ကူးသူ ပွဲစားတွေ စခန်းချနေတဲ့ နေရာမှန်သမျှကို ၁၀ ရက်အတွင်း ဖော်ထုတ် ရှင်းလင်းဖို့ ထိုင်းဝန်ကြီးချုပ် ပရာရွတ် ချန်အိုချာက အမိန့်ထုတ်ထားပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်းမှာ အဲဒီလို အစုလိုက် အပြုံလိုက် မြေမြှုပ်ထားတဲ့ အလောင်းတွေ တွေ့ရှိခဲ့ပြီးတဲ့နောက် ဒေသတွင်းမှာ ဖြစ်ပေါ်နေတဲ့ လူမှောင်ခိုကူးမှု ပဋိပက္ခကို ကိုင်တွယ် ဖြေရှင်းနိုင်ဖို့ အိမ်နီးချင်း မြန်မာနဲ့ မလေးရှားနိုင်ငံတို့က အရာရှိတွေနဲ့ ၃ ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးဖို့ ထိုင်းဝန်ကြီးချုပ် ပရာရွတ် ချန်အိုချာက တောင်းဆိုထားပါတယ်။

ကိုဇော်ဝင်းလှိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ရောက်ရှိနေတဲ့ မြန်မာနိုင်ငံ ပညာရေး စနစ်ပြုပြင် ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ယက် NNER ကိုဦးဆောင်နေသူ ဒေါက်တာသိန်းလွင်ရဲ့ အမေရိကန်ခရီးစဉ်။ (ဓာတ်ပုံ- Zawana Shen) 
 အမေရိကန် ပြည်ထောင်စုမှာ ပညာသင် တတ်မြောက်လာတဲ့ မြန်မာ လူမျိုးတွေ အနေနဲ့ မြန်မာနိုင်ငံရဲ့ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးမှာ ပါဝင်ကူညီပေးနိုင်ရေး NNER ကို ဦးဆောင်နေတဲ့ ဒေါက်တာ သိန်းလွင်က သူရဲ့အမေရိကန် ခရီးစဉ်အတွင်းမှာ စည်းရုံး ဟောပြောနေပါတယ်။ မြန်မာနိုင်ငံမှာ အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ရေး လှုပ်ရှားမှုနဲ့ ပတ်သက်တဲ့ ဒေါက်တာသိန်းလွင်ရဲ့ အမေရိကန်ခရီးစဉ်ကို ဆက်သွယ် မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။

(၁၀) ရက်ကြာ ခရီးစဉ်အဖြစ် အမေရိကန် ပြည်ထောင်စုကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံ ပညာရေး စနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ယက် NNER ကိုဦးဆောင်နေသူ ဒေါက်တာသိန်းလွင်က သူရဲ့ခရီးစဉ်နဲ့ပတ်သက်လို့ အခုလိုပြောပါတယ်။

“ဒီမှာလာတဲ့အကြောင်းကတော့ အမေရိကန်နိုင်ငံမှာရှိတဲ့ ဗမာနိုင်ငံသားတွေ၊ သူတို့က ကျောင်းသားတွေရဲ့ပညာရေးလှုပ်ရှားမှုကို သူတို့ ထောက်ခံကြတယ်။ ကျောင်းသားတွေဘက်က စာနာတယ်။ အဲဒီတော့ ဒီမှာရှိတဲ့ ဗမာနိုင်ငံသားတွေနဲ့ တွေ့ဆုံပြီးတော့ ပညာရေးပြုပြင် ပြောင်းလဲမှုအတွက် ဆောင်ရွက်တဲ့လုပ်ငန်းတွေ၊ အခက်အခဲတွေတင်ပြပြီးတော့ အကြံဉာဏ်တွေ ယူချင်လို့ပါ။ ကျနော်တို့ ဗမာနိုင်ငံသားတွေက အမေရိကန်မှာရောက်နေတယ်။ အမေရိကန်တက္ကသိုလ်တွေမှာ တက်ရောက်ပြီးတော့ ပညာသင်၊ ဘွဲ့တွေဘာတွေရနေကြတော့ ဒီဘက်က နည်းပညာတွေ ရထားတယ်။ သူတို့နည်းပညာတွေက ကျနော်တို့နိုင်ငံ ပညာရေးပြုပြင်ပြောင်းလဲမှုမှာ ပြန်လည်အသုံးပြုနိုင်ဖို့ပေါ့-အဲဒါတွေကို တိုင်ပင်နေတာပါ။”

မေး။ ။ ဒီခရီးစဉ်ကနေပြီးတော့ အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးမှာ ဘယ်လောက်ထိအရေးပါသလဲလို့ ယူဆပါသလဲရှင့်။

“အရေးပါမှုကတော့ ပြည်ပရောက်နေတဲ့ ဗမာနိုင်ငံသားတွေဟာ မြန်မာနိုင်ငံရဲ့ပညာရေး ပြုပြင်ပြောင်းလဲမှုမှာ ပါဝင်ကူညီဖို့ပေါ့။ ဒီမိုကရေစီ နည်းလမ်းကျတဲ့ပညာရေးတွေကို လက်တွေ့မှာ လေ့လာသင်ယူနေတဲ့သူတွေကိုယ်တိုင် ပါဝင်ဆောင်ရွက်ပေးဖို့ပါ။ အဲဒါတွေအတွက် ဒီခရီးစဉ်က အကျိုးရှိပါတယ်။ နယူးယောက်ခ်မှာတော့ ဆရာကြီးမောင်စွမ်းရည်တို့၊ ဒေါက်တာ ညီညီတို့နဲ့လည်းတွေ့တယ်။ နယူးယောက်မှာ နေထိုင်တဲ့ ဗမာအသိုင်းအ၀ိုင်းနဲ့လည်း တွေ့ပါတယ်။ ကျနော်တို့ အခက်အခဲတွေတင်ပြတော့ သူတို့မရှင်းတဲ့အချက်အလက်တွေမေးတယ်။ သူတို့ဘက်က ကျောင်းသားတွေကို အားပေးတယ်။ ဘယ်လို ကူညီရမလဲပေါ့-ကူညီနိုင်မယ့်နည်းလမ်းတွေကိုလည်း ပြောပါတယ်။ တွေ့ခဲ့တယ်။ နောက် အော်ဘန်နီ-ခေါ်တဲ့ နယူးယောက်ပြည်နယ်ထဲက မြို့တမြို့မှာလည်း အဲဒီက ဗမာတွေနဲ့တွေ့ဆုံခဲ့တယ်။ ဘတ်ဖဲလိုကတော့ ဒီနေ့အားတဲ့လူတွေပေါ့- လာပြီးတော့ သူတို့ကို ရှင်းပြတယ်။ အခု ရှင်းပြနေတုန်းပါပဲဗျား။”

အခုလို ဒေါက်တာသိန်းလွင်နဲ့တွေဆုံပွဲကနေ မြန်မာနိုင်ငံမှာ လက်ရှိကြုံတွေ့နေရတဲ့ ပညာရေးစနစ်အခြေအနေတွေနဲ့ပတ်သက်လို့ အမေရိကန်ရောက် မြန်မာတွေအနေနဲ့ ဘယ်လိုကူညီဆောင်ရွက်သင့်သလဲဆိုတဲ့နည်းလမ်းတွေ တွေ့မြင်လာခဲ့တယ်လို့ မနေ့က တွေ့ဆုံပွဲကျင်းပတဲ့ ဘာဖဲလိုမြို့က ကိုမင်းနိုင်ကပြောပါတယ်။

“အများကြီးအကျိုးရှိတယ်။ ကျနော်တို့ အပေါ်ယံသိထားပြီးတော့ သတင်းတွေမှာ၊ မီဒီယာတွေမှာ ဖတ်ရသလောက်သိထားရတာ၊ တကယ့်ကို ဦးဆောင်ကော်မတီတယောက်ရဲ့ ပြောပြတဲ့အချက်တွေကို ကျနော်တို့ နားထောင်လိုက်ခြင်းအားဖြင့် သိသင့်သိထိုက်တာတွေ အများကြီး သိလိုက်ရတယ်။ ပိုပြီးတော့ လေးလေးနက်နက်နဲ့ တိုင်းပြည်အနာဂတ် မျိုးဆက်သစ်တွေအတွက် ပညာရေးပြုပြင်ပြောင်းလဲမှု မဖြစ်မနေ လုပ်ကို လုပ်ရမယ်ဆိုတဲ့အချက်တွေ ကျနော်တို့ ပိုပြီးသိလိုက်ရတယ်။ နောက်တချက်က ဆရာပြောသွားတဲ့အချက်တွေကို အခြေခံပြီးတော့ ကျနော်တို့တွေလည်းပဲ တတ်နိုင်တဲ့ဘက်က တတ်နိုင်စွမ်းတဲ့ဘက်ကနေ နည်းပေါင်းစုံနဲ့ ၀ိုင်းဝန်းကြိုးစားကြမယ်ဆိုတဲ့အသိတွေ ကျနော်တို့ ရလိုက်တယ်။”

ဒေါက်တာသိန်းလွင်ဟာ မကြာခင်ရက်ပိုင်းအတွင်း ၀ါရှင်တန်ဒီစီမြို့တော်မှာလည်း မြန်မာမိသားစုတွေနဲ့တွေ့ဆုံဆွေးနွေးဖို့ရှိပါတယ်။ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂအပါအ၀င် ကျောင်းသားတွေတောင်းဆိုထားတဲ့ အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်လို့ ပညာရှင်တွေစုစည်းဖွဲ့စည်းထားတဲ့ NNER က ကျောင်းသားတွေကို ကျွမ်းကျင်မှုပိုင်း အကူအညီပေးနေတာဖြစ်ပါတယ်ရှင်။

အင်ကြင်းနိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


 ကချင်ပြည်နယ် ဗန်းမော်ခရိုင်တွင်းမှာ မြန်မာအစိုးရ တပ်တွေနဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် KIA အကြား ဒီကနေ့အထိ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး၊ တိုက်ပွဲကြောင့် ဒေသခံတွေလည်း ထွက်ပြေး ခဲ့ကြရသလို၊ ရွာထဲက အိမ်ခြေ တချို့လည်း မီးလောင်ပျက်စီး ခဲ့တယ်လို့ ကိုယ်တိုင်ထွက်ပြေး ခဲ့ရသူ ဒေသခံ တဦးက ဗွီအိုအေကို ပြောပါတယ်။ အပြည့်အစုံကို မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ်တွင်းမှာ မြန်မာအစိုးရတပ်တွေနဲ့ KIA တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်း ၁၂ အကြား ဒီလဆန်းကစပြီး တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေတာပါ။ ဒီကနေ့မှာတော့ နမ့်လင်းပါရွာနဲ့ မကျန့်ရွာဘက်မှာ မနက်အစောပိုင်းကစလို့ နေ့ခင်းအထိ အစိုးရဘက်က လက်နက်ကြီးအပါအဝင် နှစ်ဘက် ပစ်ခတ်တိုက်ခိုက်မှုတွေရှိခဲ့တယ်လို့ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင် ခဲ့ရတဲ့ နမ့်လင်းပါရွာ ဒေသခံတဦးက ဗွီအိုအေကို ပြောပြပါတယ်။

“ဒီမနက်မှာလည်း လက်နက်ကြီးတွေနဲ့ပစ်တာများတယ်။ အခုနေ့လည်မှာလည်း တနာရီ၊ တနာရီလောက်ခြားပြီး လက်နက်ကြီးနဲ့ တခါနှစ်ခါ အဲလိုမျိုး လှမ်းပစ်ကြတယ်။ အခု ထွက်ပြေးနေကြတယ်။ တယောက်တပေါက်စီပေါ့။ ဟို…တောထဲမှာရောက်တာတို့၊ တချို့ဆိုရင် ဘယ်နား ဘယ်နားရောက်သွားမှန်းတောင် မသိသေးဘူး။ ရွာမှာလည်း အိမ်ခြေ သုံးအိမ်လောက်တော့ မီးလောင်သွားပြီ-အဲဒီလက်နက်ကြီးကျလို့။ ဈေးလှည့်ရောင်းတဲ့သူတွေက သူတို့ပစ္စည်းတွေက ဒီအတိုင်းပဲ၊ ဘာမှတောင် မယူလိုက်ရဘူး။ တချို့ဆို ပိုက်ဆံအိတ်တွေတောင်မှ ဒီအတိုင်းပဲ ထားပြီးမှ တချို့…တယောက်တောင်မှ မယူဘူး။ ဒီအတိုင်းပဲထားပြီးတော့မှ ထွက်ပြေးသွားကုန်တာ။”

ဒီ့မတိုင်ခင် ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်း အစိုးရဘက်က လေကြောင်းကနေပါ ဗုံးကြဲ ပစ်ခတ်တာတွေရှိတဲ့အတွက် ကလေးတွေ အပါအဝင် ဒေသခံတွေဟာ ရွာအပြင် တောထဲကို ထွက်ပြေးပုန်းအောင်းခဲ့ကြရပြီး သူကိုယ်တိုင်လည်း ကျည်ဆံတွေအကြား အသက်မသေ လွတ်မြောက်ခဲ့ရတဲ့ အတွေ့အကြုံကို အခုလို ပြောပြခဲ့ပါတယ်။

“…လေယာဉ်ပါတယ်။ လေယာဉ် နှစ်စီး။ ကျနော်တောင်မှ ထိဖို့ နည်းနည်းပဲလိုတာ။ ကျနော်နဲ့ကိုက် လေး-ငါးဆယ်ပေါ့၊ အဲလောက်အကွာမှာ စက်သေနတ်တွေနဲ့ပစ်ပြီးမှ ဗုံးနဲ့ကြဲသွားတယ်။ ကျနော်က အဲ လေယာဉ်စဝဲတုန်းကတော့ တဲမှာပဲနေတာ။ လေယာဉ်တခြားဘက်ရောက်သွားတာနဲ့တခါတည်း ချောင်းဘက်ခုန်ဆင်းပြီးမှ ချောင်း ကျောက်ကမ်းပါးမှာ တခါတည်းပုန်းနေတာ။ အဲဒီမှာ ကျနော်တို့ ဆယ်ယောက်ကျော်ပေါ့။ သစ်ပင်အောက်တို့၊ ချောင်းကမ်းပါးတို့၊ ကျောက်ခဲတုံးရဲ့အောက်တို့မှာဝင်ပုန်းနေကြတာ ကျနော်တို့။ လေယာဉ်ပြန်သွားမှ ကျနော်တို့ပြန်ထွက်လာတာ။”

လောလောဆယ် နမ့်လင်းပါရွာနဲ့ မကျန့်ရွာ ၂ ခုစလုံးမှာ မြန်မာအစိုးရတပ်တွေက တပ်စွဲထားတာပါ။ အစိုးရပိုင် မြဝတီသတင်းမှာတော့ မန်စီဒေသမှာ တရားမဝင် သစ်မှောင်ခိုထုတ်မှုကို နှိမ်နင်းတာဖြစ်ပြီး ဒီနှိမ်နင်းမှုအတွင်း လူ ၇ ဦးအပါအဝင် ကျွန်းသစ်တွေ၊ သစ်ခွဲစက်တွေနဲ့ သစ်တင်ဆောင်တဲ့ မော်တော်ယာဉ်တွေကိုလည်း ဖမ်းဆီးရမိတဲ့အကြောင်း သတင်းမှာဖော်ပြထားပါတယ်။ ဒါပေမဲ့လို့လည်း KIA ဘက်ကတော့ အစိုးရဘက်က သစ်မှောင်ခိုနှိမ်နင်းမှု ဆိုတဲ့အကြောင်းပြချက်ကို အရင်ကတည်းက လက်မခံငြင်းဆန်ခဲ့တာ ဖြစ်ပါတယ်။

အခုလို တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့စုဖွဲ့ထားတဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC နဲ့ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UPWC တို့အကြား တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မူကြမ်း လက်မှတ် ရေးထိုးပြီးနောက်ပိုင်း တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့အပေါ် ဝေဖန်မှုတွေလည်း ထွက်ပေါ်နေတာပါ။ တဘက်နဲ့ တဘက် အခုလို ယုံကြည်မှု တည်ဆောက်နေချိန်မှာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် နှစ်ဘက်ယုံကြည်မှုကို ထိခိုက်စေနိုင်တယ်လို့ ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့က သုံးသပ်ခဲ့ပြီးတော့ ဒါတွေဟာ စားပွဲဝိုင်းမှာ တဘက်နဲ့တဘက် ထိုင်ဆွေးနွေးနေရုံနဲ့ မလုံလောက်ဘူးဆိုတာကိုလည်း သက်သေပြနေတယ်လို့ မနေ့က အင်းယာလိတ်ဟိုတယ်မှာ ကျင်းပတဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုင်ရာ ဆွေးနွေးပွဲကို တက်ရောက်ခဲ့သူ စဒကပါတီ ဗဟိုကော်မတီဝင် ဦးဖော်လားဂမ်ဖန် က ပြောပါတယ်။

“အကောင်းဆုံးကတော့ တဘက်နဲ့တဘက်ကို ကိုယ့်နေရာနဲ့ကိုယ် ဆုတ်ပြီးတော့မှ ခြားပေးလိုက်ရင် ငြိမ်းချမ်းရေးက အလိုအလျှောက် ရလာမယ်၊ အလိုအလျှောက် အဆင်ပြေလာမှာပေါ့နော်။ ကျနော့်အမြင်နဲ့သုံးသပ်ရမယ်ဆိုရင် ပဋိပက္ခဖြေရှင်းရေး-ဆိုတဲ့ အဖွဲ့တွေလည်း သူ့ဟာနဲ့သူတော့ ဖွဲ့ထားပြီးသားရှိတယ်။ သို့သော်လည်းပဲ အဲဒီ ဖွဲ့စည်းထားတဲ့ အဖွဲ့တွေကလည်း အားလုံးက မြို့ပေါ်မှာ၊ စားပွဲပေါ်မှာ ဖွဲ့ထားတာကိုး။ ..ဆိုတော့ ထိတွေ့မှုရှိနိုင်တဲ့နေရာတွေမှာ Group လေးတွေပေါ့လေ၊ အဖွဲ့လေးတွေ ဖွဲ့ထားဖို့သင့်တယ်လို့ ကျနော်ကတော့ ယူဆပါတယ်။”

ဒါ့အပြင် ကချင်ပြည်နယ် ဖားကန့်နဲ့ တနိုင်းဒေသတွေမှာ ဧပြီလကဖြစ်ခဲ့တဲ့တိုက်ပွဲတွေကို အတူသွားရောက်စစ်ဆေးဖို့ အစိုးရနဲ့ KIO ပဋိပက္ခ ညှိနှိုင်းရေးအဖွဲ့အကြား သဘောတူခဲ့ကြပြီးမှ အစိုးရဘက်က အဆင်သင့်မဖြစ်သေးတဲ့အတွက် သွားရောက်စစ်ဆေးမယ့် အစီအစဉ်ဟာ မဖြစ်မြောက်ခဲ့ပါဘူးရှင်။

မနန္ဒာချမ်း / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com