05/14/15

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်တွင် ပြီးခဲ့သည့် မတ်လအတွင်းက အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးဆန္ဒပြမှုကြောင့် သာယာဝတီအကျဉ်းထောင်တွင် ဖမ်းဆီးခံထားရသည့် ကျောင်းသား ကျောင်းသူများနှင့် ၀န်းရံပြည်သူများအား မေ ၁၂ ရက် နံနက်ပိုင်းက သာယာဝတီခရိုင်တရားရုံးတွင် ဒုတိယအကြိမ် ရုံးထုတ်ခဲ့သည်။

ရုံးထုတ်စစ်ဆေးသည့် တရားခွင်သို့ သတင်းမီဒီယာသမားများအား တရားရုံးတာဝန်ရှိသူများက လူဦးရေကန့်သတ်ချက်ဖြင့် ၁၀ ဦး ကနဦး ၀င်ရောက်နားထောင်ခွင့်ပြုခဲ့ပြီး အပြင်တွင် ကျန်ရှိခဲ့သည့် မီဒီယာသမားများ ၀ိုင်းဝန်းတောင်းဆိုကြမှသာ အားလုံးဝင်ရောက်ခွင့်ပြုခဲ့သည်။

တရားခွင်အတွင်း တရားလိုရဲမှူး ဖုန်းမြင့်က သပိတ်စစ်ကြောင်း လက်ပံတန်းသို့ ၀င်ရောက်ခဲ့ပုံ၊ သပိတ်စစ်ကြောင်း ကျောင်းသားခေါင်းဆောင်များနှင့် သက်ဆိုင်ရာတာ ၀န်ရှိသူများ တွေ့ဆုံဆွေးနွေးမှုများ၊ သပိတ်မှောက်ကျောင်းသားအချို့ လက်ပံတန်းမြို့မဈေးတွင် ဆန္ဒထုတ်ဖော်မှုများ၊ ကျောင်းသားများ၏ သဘောထားထုတ်ပြန်ချက်များနှင့် တောင်းဆိုချက် ရှစ်ချက်တောင်းဆိုမှုများနှင့် ပတ်သက်သည့်အကြောင်းအရာများ ထွက်ဆိုခဲ့သည်။
ယင်းနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သတင်းထုတ်ပြန်ရေးအဖွဲ့မှ သတင်းထုတ်ပြန်မှုအား မြန်မာ့အလင်းသတင်းစာ၌ ဖော်ပြခဲ့မှု၊ ပြည်ထဲရေးဝန်ကြီးဌာန ထုတ်ပြန်သည့် ကျောင်းသားများ သပိတ်မှောက်မှုအား တားမြစ်သတိပေးချက်အား မြန်မာ့အလင်းသတင်းစာ၌ ဖော်ပြခဲ့မှုတို့အား သက်သေအဖြစ် တရားရုံးသို့ တင်သွင်းခဲ့သည်။

“၃-၄-၂၀၁၅ နံနက်ပိုင်းမှာ သပိတ်အဖွဲ့ တာဝန်ရှိသူများနဲ့ ကျောင်းသားများ တွေ့ဆုံခဲ့ပါတယ်။ သပိတ်အဖွဲ့ ဘုန်းကြီးကျောင်းကျော်မှ ထွက်ခွာချိန် ကိုက် ၅၀ အကွာမှာ လုံခြုံ ရေးအဖွဲ့က တားဆီးပါတယ်။ ထိုသို့ တားဆီးခဲ့တာဟာလည်း EU နည်းလမ်းအတိုင်း ဖမ်းဆီးခဲ့ခြင်း ဖြစ်ပါတယ်။ ကျောင်းသားများဘက်က တားမြစ်တာကို ဖယ်ပေးပါလို့ ပြောတယ်။ စစ်ကျွန်ပညာရေးဖြစ်လို့ ဆန္ဒပြရတာပါလို့ ပြောဆိုပြီး လုံခြုံရေးတွေကို ၀င်တိုးပါတယ်။ အဲလိုဝင်တိုးရာမှာလည်း ခဏတာဖြစ်၍ ဘာမှမဖြစ်ခဲ့ပါ” ဟု တရားလို ရဲမှူးဖုန်းမြင့်က ထွက်ဆိုသည်။
ရုံးချိန်းမှာ ညနေ ၃ နာရီခွဲခန့်တွင် စစ်ဆေးမှု ရပ်နားခဲ့ပြီး လာမည့် မေ ၂၆ ရက်တွင် ရုံးချိန်းပြန်လည်ချိန်းဆိုခဲ့ကာ ကျောင်းသား၊ ကျောင်းသူများနှင့် ၀န်းရံပြည်သူများအား အချုပ်ကားများဖြင့် သာယာဝတီအကျဉ်းထောင်သို့ ပြန်လည်ပို့ဆောင်ခဲ့သည်။ ထို့အပြင် အာမခံပေးထားသည့် ၀န်းရံပြည်သူ ၁၁ ဦးကိုလည်း မေ ၁၄ ရက်တွင် ရုံးချိန်း ချိန်းဆိုကာ စစ်ဆေးသွားမည်ဖြစ်ကြောင်းလည်း ကျောင်းသားများ၏ အကျိုးဆောင် ရှေ့နေဖြစ်သည့် တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးထံမှ စုံစမ်းသိရသည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေ ၁၉/ခအရ အိုးပင်းကုတ် တရားစီရင်ရေး ရခဲ့ပါတယ်။တရားရုံးက တရားခွင်ကလည်း ကျဉ်းတယ်။ ကော်ရစ်တာကလည်း ကျဉ်းတယ်။ မီဒီယာက ၁၀ ယောက်ပဲ ၀င်ခွင့်ပေးနိုင်သေးတယ်။ နောက်တစ်ခါ မိသားစုဝင်တချို့အပြင် အကုန်လုံးကိုတော့ ပေးဝင်လို့မရသေးဘူး။ နောက်တစ်ချိန်းမှာ ဒီထက်ပိုပြီး အဆင်ပြေမယ်လို့ ထင်ပါတယ်။ ကျွန်တော့်အနေနဲ့ တရားရုံးက အိုးပင်းကုတ်ပေးမယ်ဆိုတာကို မမျှော်လင့်ထားပါဘူး။ ဒါပေမဲ့ တရားရုံးကပေးခဲ့တော့ တရားခွင်ထဲထိ ၀င်ထိုင်လို့ရတာပေါ့။
လုံခြုံရေးအနေအထားအရတော့ အနည်းငယ် အဆင်မပြေတာလေးတွေ ရှိတာပေါ့။ ဒီကနေ့ဆိုရင် သံတမန်တွေလာတယ်။ ဥရောပသမဂ္ဂ တွေလာတယ်။ မီဒီယာတွေလည်း ၀င်ခွင့်ရပါတယ်” ဟု ဦးသိန်းသန်းဦးက ပြောကြားသည်။

EU မှ တာဝန်ရှိသူများ တရားခွင်အတွင်း လာရောက်လေ့လာနားထောင်မှုနှင့် ပတ်သက်၍ “အီးယူနဲ့ သံရုံးတာဝန်ရှိသူတွေက စကားပြန်တွေနဲ့ တရားခွင်မှာ အသေးစိတ်လာရောက် နားထောင်တာကို တွေ့ရတယ်။ အမှုကို တရားမျှတစွာ စစ်ဆေးဆောင်ရွက်မှု ရှိ မရှိ ပြီးတော့ ၁၀ရက်က အကြမ်းဖက်ဖမ်းဆီးမှုနဲ့ ပတ်သက်ပြီးတော့ ရဲတပ်ဖွဲ့ပိုင်းက အီးယူနည်းလမ်းတွေအတိုင်း ဆောင်ရွက်တယ်ဆိုတာ မှန် မမှန် လေ့လာချင်တဲ့ ရည်ရွယ်ချက်နဲ့ လာရောက်ခဲ့တာပါ။ ဒီလို လာလေ့လာတာဟာ လက်ပံတန်းမှာ ကျောင်းသားတွေ အကြမ်းဖက် ဖြိုခွင်းခံရတာကို နိုင်ငံတကာက မမေ့လျော့ဘဲ မျက်ခြည်မပြတ် လေ့လာစောင့်ကြည့်နေတယ်ဆိုတဲ့ သဘောပဲလို့ ကျွန်တော်ယူဆမိပါတယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောကြားသည်။
အဆိုပါ ရုံးချိန်းတွင် အကြမ်းဖက်ရိုက်နှက်ဖမ်းဆီးခံရပြီး သက်ဆိုင်ရာမှ ပြန်လွှတ်ပေးလိုက်သော ဗကသကျောင်းသား ကျောင်းသူ အများအပြား လာရောက်ခဲ့သည်ကို တွေ့ရှိခဲ့ရပြီး ၎င်းတို့က ကျောင်းသားသမဂ္ဂ ခွပ်ဒေါင်းအလံများကို ကိုင်ဆောင်၍ တရားရုံးရှေ့၌ လည်းကောင်း၊ ဖမ်းဆီးခံကျောင်းသားများအား သာယာဝတီအကျဉ်းထောင်သို့ ပြန်ပို့ခဲ့သည့် လမ်းတစ်ဝက်ခန့်အား ပြေးလိုက်၍ “သပိတ်သပိတ် မှောက်မှောက်၊ မီးတုတ်မီးတုတ် ရှို့ရှို့၊ အရေးတော်ပုံ အောင်ရမည်၊ ခွပ်ဒေါင်းသွေးတွေ နီရဲ့လားဟေ့ နီတယ်ဟေ့၊ ဒို့ကျောင်းသားတွေ ညီရဲ့လားဟေ့ ညီတယ်ဟေ့၊ ဒီမိုကရေစီပညာရေး ဒို့အရေး” စသည် တို့ကို ကြွေးကြော်ခဲ့ကြပြီး လူစုခွဲခဲ့ကြသည်။

အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး သပိတ်မှောက်ဆန္ဒပြမှုဖြင့် ဖမ်းဆီးခံထားရသော ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်းနှင့် ဖမ်းဆီးခံကျောင်းသား၊ ကျောင်းသူများနှင့် ၀န်းရံပြည်သူများအား သာယာဝတီ အကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းထားသည်မှာ နှစ်လကျော် ကြာမြင့်ပြီဖြစ်ပြီး ၎င်းတို့ကို လက်ပံတန်းမြို့နယ် တရားရုံးမှတစ်ဆင့် သာယာဝတီခရိုင် တရားရုံး၌ ပုဒ်မ ၁၄၃၊ ၁၄၅၊ ၁၄၇၊ ၃၃၂၊ ၅၀၅(ခ)တို့ဖြင့် တရားစွဲဆိုထားခြင်းဖြစ်ကာ တိမ်းရှောင်နေသည့် ကျောင်းသားခေါင်းဆောင် ကျော်ကိုကိုအပါအ၀င် သုံးဦးအား တရားခံပြေးအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။

Eleven media group


ကချင်ပြည်နယ် ဗန်းမော်မြို့မှာ အမျိုးသမီးတွေ အပေါ် အကြမ်းဖက်မှု ရပ်တန့်ဖို့ အမျိုးသမီး ၃၀၀ ကျော်က ဒီနေ့ ဆန္ဒပြ တောင်းဆို ကြပါတယ်။

အမျိုးသမီးတွေရဲ့ဘဝ လုံခြုံမှုမရှိတဲ့အတွက် အခုလို ဆန္ဒပြ တောင်းဆို တာဖြစ်တယ်လို့ ဗန်းမော်ခရိုင် ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် KBC ရဲ့ အမျိုးသမီး တာဝန်ခံ ဒေါ်ထွယ်ဆန်ရော် က ပြောပါတယ်။

"ကျမတို့ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်က အသက် ၇၃ နှစ်ရွယ်အဖွားကို ခမရ ၄၃၈ က တပ်သားဇော်မျိုးအေး က မုဒိန်းကျင့်သတ်ဖြတ်ဖို့ ကြိုးစားတဲ့အမှုကို ကျမတို့ အရပ်ဘက် တရားရုံးကိုလွှဲပေးဖို့အတွက် တောင်းဆိုတဲ့ ဆန္ဒထုတ်ဖော် ပွဲလေးဖြစ်တယ်၊ အသက် ၇၃ နှစ်အရွယ်ရှိတဲ့အဖွားတောင်လုံခြုံမှုမရှိတဲ့ ကျမတို့ အမျိုးသမီး ဘဝအတွက် လုံခြုံမှုအတွက် ကျမတို့ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ပါတယ်"

မိုးမောက်၊ မန်စီ၊ ဗန်းမော်မြို့နယ်က အမျိုးသမီး ၃၀၀လောက်ဟာ အမျိုးသမီးတွေ အပေါ် အကြမ်းဖက်မှု ရပ်တန့် ဖို့နဲ့ အဓမ္မပြုကျင့်မှုတွေ ရပ်တန့်ဖို့ စတဲ့ ပိုစတာတွေ ကိုင်ပြီး ဗန်းမော်မြို့ ရောဘတ် နှစ်ခြင်း အသင်းတော် ဘုရား ရှိခိုးကျောင်းကနေ မြို့တစ်ပတ် လှည့်လည်ပြီး တောင်းဆိုခဲ့တာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
ဓါတ်ပုံ - Kbc Kachin

မြန်မာနဲ့ အိုမန်ကန်တဲ့ ပွဲမှာ မြန်မာ ပရိသတ်တွေရဲ့ ကြမ်းတမ်းတဲ့ အပြုအမှုကြောင့် အိမ်ကွင်းကို မြန်မာမှာ လုပ်ခွင့် မရတော့တာပါ။ (Credit: ABC)
 မြန်မာ ​ဘောလုံးအသင်းက ​ထိုင်းနိုင်ငံ ​ဘန်ကောက်မြို့က ​အားကစားကွင်းကို ​အိမ်ကွင်းအဖြစ် ​အသုံးပြုဖို့ ​ဆုံးဖြတ်လိုက်ပြီ ​ဖြစ်ပါတယ်။

လာမယ့်လမှာ ​ကမ္ဘာ့ဖလား ​ခြေစစ်ပွဲအတွက် ​မြန်မာ ​အသင်းက ​တောင်ကိုရီးယား ​အသင်းနဲ့ ​ကန်ရမှာ ​ဖြစ်ပါတယ်။

ဒါပေမဲ့ ​၂၀၁၁ ​ခုနှစ်တုန်းက ​မြန်မာ ​ပရိသတ်တွေ ​ရမ်းကားခဲ့ချိန်ကစပြီး ​အိမ်ကွင်းပွဲ ​ကျင်းပတဲ့အခါ ​မြန်မာနိုင်ငံမှာ ​ကျင်းပခွင့် ​မရတော့တဲ့အတွက် ​ထိုင်းနိုင်ငံ ​ဘောလုံးကွင်းကို ​အိမ်ကွင်းအဖြစ် ​ငှားရမ်းခဲ့တာ ​ဖြစ်ပါတယ်။

၂၀၁၁ ​ခုနှစ်တုန်းက ​ကျင်းပတဲ့ ​ကမ္ဘာ့ဖလား ​ခြေစစ်ပွဲအတွင်း ​မြန်မာနဲ့ ​အိုမန် ​အသင်း ​ကန်တဲ့ပွဲမှာ ​မြန်မာ ​ပရိသတ်တွေက ​ရမ်းကားခဲ့ကြတာ ​ဖြစ်ပါတယ်။

အစတုန်းကတော့ ​မြန်မာအသင်းကို ​ခြေစစ်ပွဲမှာ ​ဝင်မပါစေဖို့အထိ ​တားမြစ်ခဲ့ကြပေမယ့် ​အဲဒီအပေါ် ​မြန်မာက ​အယူခံ ​ဝင်ပြီးတဲ့နောက် ​ခြေစစ်ခွင့် ​ပြန်ပေးလိုက်တာပါ။

လာမယ့် ​ဇွန်လ ​၁၆ ​ရက်နေ့ကျရင် ​အုပ်စု ​ဂျီ ​ဖြစ်ကြတဲ့ ​မြန်မာနဲ့ ​တောင်ကိုရီးယားတို့ ​တွေ့ဆုံဖို့ရှိပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese


လက်ပံတန်းမှာ အကြမ်းဖက်ဖြိုခွင်းခံရမှုနဲ့အတူ ဖမ်းဆီးခံခဲ့ရတဲ့ ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ကျောင်းသားတွေကို မေလ ၁၃ရက်နေ့က သာယာဝတီတရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ အစိုးရဘက်က တရားလို ရဲမှူးက ဘယ်လိုတွေ စွပ်စွဲပြီး ဘာသက်သေတွေ တင်ခဲ့သလဲ။

တရားလိုရဲမှူးကို စစ်ဆေးတဲ့အခါမှာ NNERအနေနဲ့ ကျောင်းသားတွေကို သပိတ်ဆိုင်ရာသင်တန်းတွေ ပို့ချခဲ့တယ်လို့ ရဲမှူးက ထွက်ဆိုခဲ့တဲ့အကြောင်း၊ အဖြစ်မှန်က ပိတ်ဆို့ခံထားရချိန် ကျောင်းသားတွေအတွက် ခေါင်းဆောင်မှုပိုင်းဆိုင်ရာ စကားပြောနည်းသင်တန်းတွေအတွက် နည်းပြဆရာတွေ ခေါ်ယူသင်တန်းပေးခဲ့တာသာ ဖြစ်လို့ NNERနဲ့ လုံးဝမဆိုင်ဘူးလို့ ကိုမင်းသွေးသစ်က ပြောပါတယ်။

အထက်အမိန့်အရ အပြစ်ရှာကြံတင်နေတဲ့ ရဲမှူးအနေနဲ့ အစိုးရသတင်းစာကို သက်သေတင်တာဟာလည်း ဥပဒေအရ လုံးဝဘောင်မဝင်ဘူးလို့ ဆိုပါတယ်။ ရုံးထုတ်စဉ်မှာ ဗကသ ၇၉နှစ်အထိမ်းအမှတ်အနေနဲ့ ကျောင်းသားတွေတင်ဆောင်လာတဲ့ အချုပ်ကားကို ခွတ်ဒေါင်းအလံ ၇၉ခုကိုင်ဆောင်ဆန္ဒပြခဲ့ကြလို့ ရုန့်ရင်းဆန်ခတ်တွေ ဖြစ်ခဲ့ကြပါသေးတယ်။

ကတိတွေအထပ်ထပ်ပေးပြီး ချိုးဖောက်တာတွေ များလာတဲ့ လက်ရှိအစိုးရဟာ ဒီမိုကရေစီကို အာမမခံနိုင်တော့တာမို့ အစိုးရရဲ့ ဒီမိုကရေစီဆိုတာကို မြောင်းထဲကန်ချပစ်ဖို့သာရှိတော့တယ်လို့ ဆိုလာသူက ကိုမိုးထက်နေပါ။

ပညာရေးဥပဒေမူကြမ်းဟာ ပြည်သူ့လွှတ်တော်ကိုအရောက်မှာ ဆိုးဆိုးဝါးဝါးဖြစ်လာသလို ကျောင်းအလိုက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရော၊ သမဂ္ဂအခန်းကဏ္ဍတွေပါ ဝေဝါးနေတာမို့ အစိုးရက လှည့်စားဖို့ ကြိုးစားနေတာလို့ မဖြိုးဖြိုးအောင်က ဆိုပါတယ်။

လက်ရှိအခြေအနေအရ ရွှေဘိုခရိုင်အထက်တန်းကျောင်း ကျောင်းသမဂ္ဂက အောင်မင်းခိုင်ဟာ အသက်၁၆နှစ်မပြည့်သေးတာကြောင့် အာမခံရရှိခဲ့ပါတယ်။ အာမခံတင်ထားတဲ့ ကျောင်းသားပေါင်း ၃ဝကျော်ရှိနေပြီး ပေးသင့် မပေးသင့်ကိုတော့ မေလ ၂၆ရက်နေ့မှာ အမိန့်ချသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

Kamayut media
https://www.facebook.com/KamayutMedia?fref=ts

သြစတြေးလျ ဝန်ကြီးချုပ် တိုနီအာဘော့တ် (Credit: AAP) 
 သြစတြေးလျ ​အစိုးရက ​မနေ့ညတုန်းကပဲ ​ဒီနှစ်အတွက် ​ဘတ်ဂျက်ကို ​ကြေညာလိုက်ပြီး ​မြန်မာနိုင်ငံကို ​ပေးနေတဲ့ ​ထောက်ပံ့ကူညီငွေကို ​၄၀ ​% ​တောင် ​လျှော့ချလိုက်ပါတယ်။

မြန်မာနိုင်ငံကို ​သြစတြေးလျက ​တစ်နှစ်ကို ​သန်း ​၁၀၀ ​ဝန်းကျင် ​ကူညီရာကနေ ​၄၀% ​လောက်ကို ​လျှော့ချမှာ ​ဖြစ်ပါတယ်။

သြစတြေးလျက ​မြန်မာနိုင်ငံရဲ့ ​ပညာရေးနဲ့ ​ကျန်းမာရေးမှာ ​အဓိက ​အထောက်အပံ့ပေးနေတာ ​ဖြစ်ပါတယ်။

အကူအညီတွေ ​လျှော့ချမှု ​အခံရဆုံး ​ဒေသကတော့ ​အာဖရိက ​ဒေသဖြစ်ပြီး ​ပေးနေကျ ​အကူအညီ ​၇၀% ​ကို ​လျှော့ချမှာ ​ဖြစ်ပါတယ်။ ​အရင်တုန်းက ​အာဖရိက ​ဒေသအတွက် ​ဒေါ်လာ ​သန်းပေါင်း ​၁၈၇ ​သန်း ​နီးပါးပေးရာကနေ ​၉၄ ​သန်း ​နီးပါးအထိ ​လျှော့ချမှာ ​ဖြစ်ပါတယ်။

အင်ဒိုနီးရှားနဲ့ ​အာဖဂန်နစ္စတန်ကို ​ပေးကမ်းနေတဲ့ ​အကူအညီကိုလည်း ​တစ်ဝက်နီးပါး ​လျှော့ချမှာပါ။

နောက်လာမယ့် ​သုံးနှစ်ကျရင်လည်း ​နိုင်ငံတကာကို ​ပေးနေတဲ့ ​ကူညီထောက်ပံ့ငွေတွေကို ​၃.၇ ​ဘီလီယံ ​ထပ်မံ ​လျှော့ချမယ်လို့ ​ဆိုပါတယ်။

မြန်မာလို ​ဒီမိုကနေစီ ​လမ်းကြောင်းပေါ် ​တက်လာစ ​ပြုနေတဲ့ ​ဒေသတွင်းက ​နိုင်ငံနဲ့ ​တိုင်းရင်းသား ​ပြဿနာ ​ကြုံနေရသေးတဲ့ ​နိုင်ငံကို ​ပေးနေတဲ့ ​အကူအညီတွေကို ​လျှော့ချတဲ့အပေါ်မှာ ​ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ​ဝေဖန်လိုက်ပါတယ်။

ဒါ့အပြင် ​ဆင်းရဲသူတွေ ​များပြားတဲ့ ​အာဖရိက ​ဒေသကိုလည်း ​အကူအညီတွေ ​လျှော့ချတဲ့အတွက် ​အကြီးအကျယ် ​ဝေဖန်နေကြပါတယ်။

ကမ္ဘာ့အချမ်းသာဆုံး ​နိုင်ငံတွေရဲ့ ​စာရင်းဝင် ​ဖြစ်တဲ့ ​သြစတြေးလျနိုင်ငံအနေနဲ့ ​ဆင်းရဲတဲ့ ​နိုင်ငံကို ​ပေးနေတဲ့ ​အကူအညီတွေ ​လျှော့ချလိုက်တာဟာ ​ရှက်စရာ ​ဖြစ်နေတယ်လို့ ​Oxfam ​အဖွဲ့က ​ပြောလိုက်ပါတယ်။

အဲဒီလို ​လျှော့ချမှုတွေက ​လူပေါင်း ​သန်းနဲ့ချီရဲ့ ​ပညာရေး၊ ​ကျန်းမာရေးကို ​ထိခိုက်စေမှာ ​ဖြစ်တယ်လို့ ​ပြောလိုက်ပါတယ်။

သြစတြေးလျရဲ့ ​ဒုက္ခသည်တွေကို ​လက်ခံပေးတဲ့ ​ကမ္ဘောဒီးယား၊ ​Nauru ​နဲ့ ​ပါပူဝါနယူးဂနီနိုင်ငံတွေကိုတော့ ​ကူညီထောက်ပံ့ငွေ ​လျှော့ချတာမျိုး ​မလုပ်ခဲ့ပါဘူး။

ပြည်တွင်းက ​လူမှု ​ထောက်ပံ့ကြေးတွေမှာလည်း ​တင်းကြပ်လိုက်မှာ ​ဖြစ်ပါတယ်။

ဒါပေမဲ့ ​လယ်သမားတွေကိုတော့ ​ကူညီထောက်ပံ့မှုတွေ ​ပိုပေးမှာ ​ဖြစ်ပါတယ်။

မိုးခေါင်ရေရှားမှုကြောင့် ​ဒုက္ခရောက်နေတဲ့ ​လယ်သမားတွေကို ​အကူအညီပေးမှာ ​ဖြစ်သလို၊ ​လယ်သမားတွေအတွက် ​ရေတွေ ​ရရှိအောင် ​လုပ်ဆောင်ပေးတဲ့ ​ကုမ္ပဏီတွေကိုလည်း ​အခွန်ကင်းလွတ်ခွင့် ​ပေးမှာ ​ဖြစ်ပါတယ်။ ​ဒါ့အပြင် ​လယ်သမားတွေအတွက် ​အခုထက် ​သက်သာတဲ့ ​အတိုးနှုန်းနဲ့ ​ငွေချေးမှာ ​ဖြစ်သလို၊ ​စိုက်ပျိုး ​မွေးမြူရေး ​ခြံတွေမှာ ​ရောဂါပိုးတွေ ​မကျရောက်အောင် ​ကြိုတင်ကာကွယ်မှုတွေကိုလည်း ​လုပ်ပေးမယ်လို့ ​သိရပါတယ်။

By political reporter Johanna Nicholson
ABC Radio Australia

ဒီနေ့တော့ ဒဂုံစီးတီးရဲ့ Land suitability အကြောင်းကို စရေးပါမယ်။ စမရေးခင်မှာ ဒဂုံစီးတီးရဲ့ developer ဘယ်သူဘယ်ဝါ ဆိုတာကျွန်တော်မသိပါဘူး ။ သိစရာလည်းမလိုပါဘူး ။ ပညာရပ်တစ်ခုမှာ ဘက်လိုက်ခြင်းကင်းမဲ့စွာဆုံးဖြတ်မှ ပညာရှင်ပီသမယ်လို့ယူဆပါတယ်။ ဘယ်တက္ကသိုလ်က ဘာဘွဲ့ရရဘက်လိုက်ဆုံးဖြတ်တဲ့သူများကိုတော့ပညာရှင်လို့မခေါ်ထိုက်ပါဘူး ။ ကျွန်တော်ကိုယ်တိုင်ကလည်း ပြည့်စုံနေတဲ့သူတယောက်မဟုတ်တာတော့အရင်ဝန်ခံရပါမယ်။ ဒါပေမဲ့ကြိုးစားနေဆဲပါ။

Land stability ကိစ္စကိုမပြောခင်မှာ Land suitability ကိစ္စကိုပြောချင်ပါတယ်။ ဒီကိစ္စတွေဟာ မြို့တော်စည်ပင်နဲ့ အိုးအိမ်ရဲ့တာဝန်လုံးလုံးဖြစ်ပါတယ်။ တနေ့ထက်တနေ့ဖွံ့ဖြိုးလာတဲ့ ရန်ကုန်မှာ မြေယာစီမံခန့်ခွဲမှုဆိုတာအရင်အတိုင်း သမရိုးကျ ဆောင်ရွက်နေလို့မဖြစ်တော့ပါဘူး ။ decision မလုပ်ခင် decision support system တွေကိုသုံးပြီးအဖြေထုတ်ဖို့လိုနေပါ ။ အစိုးရပိုင်အဆောက်အဦး ၊ လူနေအိမ် ၊ ဈေးများ ၊ အထပ်မြင့်အဆောက်အဦးများ ၊ သယ်ယူပို့ဆောင်ရေး ၊ ဘေးအန္တရာယ်ကာကွယ်ရေး ၊ အမှိုက်နဲ့မိလ္လာစတဲ့ နေစဉ်ပြဿ နာများကိုဖြေရှင်းနိုင်ဖို့ decision support system ကောင်းကောင်းလိုအပ်ပါတယ်။ တခါကအစည်းအဝေးတစ်ခုမှာ data တွေကို digital data ပြောင်းဖို့စကားစရုံ ရှိပါသေးတယ် ဂုဏ်သရေရှိအငြိမ်းစားကြီးက မလိုဘူး လာမပြောနဲ့ဆိုဖြတ်ပိတ်လိုက်တယ်။ သူမလိုဘူးဆိုတဲ့ကိစ္စက လာအိုအပါအ၀င် ကျန်တဲ့ အာဆီယံနိုင်ငံတွေမှာ အောင်မြင်စွာအကောင်အထည်ဖေါ်လို့ပြီးနေပါပြီ ။
ထားပါတော့အုပ်ချုပ်သူချင်းက ကွာတာကိုး။ အခုလည်း ဒဂုံစီးတီး ဒီနေရာမှာဖြစ်သင့်မဖြစ်သင့်ကို အချက်အလက်များနဲ့တင်ပြချင်တာပါ။
-
(၁) ရွှေတိဂုံစေတီတော်နဲ့နီးကပ်စွာတည်ရှိခြင်း
ရန်ကုန်မှာအရေးကြီးဆုံး structure ကိုပြောပါဆိုရင်တော့ရွှေတိဂုံပါဘဲ။ မြန်မာနိုင်ငံသူ နိုင်ငံသားများဟာလည်း ရွှေတိဂုံတည်ရှိနေခြင်းအတွက် ဂုဏ်ယူရသလို ၊ နိုင်ငံခြားသားများဟာလည်း ရန်ကုန်ကိုလာတိုင်းရွှေတိဂုံကိုတော့အနည်းဆုံးရောက်အောင်လာခဲ့တယ်။ လူဦးရေတိုးတက်လို့ မြေနေရာများများလိုတာမှန်ပါတယ် ။ ဒါပေမဲ့နိုင်ငံတိုင်းမှာလူဦးရေတိုးတက်လာပေမဲ့ သူတို့ရဲ့ Landmark ကိုမထိခိုက်အောင်ကာကွယ်ကြပါတယ် ။ တရုတ်ပြည်ကြီးမှာလူဦးရေတိုးတက်လို့မဟာတံတိုင်းကြီးနားမှာနေရာမပေးသလို ၊ နီပေါတွေကလည်း ဧရ၀က်တောင်ကို အသက်နဲ့လဲကာကွယ်ကြပါတယ် ။ မြန်မာအစိုးရကတော့ ပြည်သူတွေနဲ့ရန်သူဖြစ်သွားတဲ့အချိန်ကစလို့မြန်မာနိုင်ငံအတွင်း ရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းအကုန်ရောင်း ၊ မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းလက်ညိုးထိုးရောင်းချပါတယ် ။ မြန်မာအစိုးရဟာပြည်သူကိုကိုယ်စားမပြုပါဘူး။ မြန်မာလို့တောင်မခေါ်ထိုက်သူတွေပါ။ တခြားဘာသာရေးအဆောက်အဦးတွေဟာလည်း ဘာသာရေးအရကြည့်ရင် ရွှေတိဂုံလိုတန်ဖိုး မြင့်ပေမဲ့ မြန်မာနိုင်ငံအတွက်တော့ ရွှေတိဂုံဟာ တန်ဖိုးအမြင့်မားဆုံးပါဘဲ ။
-
(၂)လူနေအဆောက်အဦးများဖြစ်နေခြင်း
Landmark လိုနေရာမျိုးနဲ့နီးကပ်တဲ့နေရာမှာအထပ်မြင့်အဆောက်အဦးလိုလူနေအဆောက်အဦးများမထားသင့်ပါဘူး ။ အထပ်မြင့်ဖြစ်နေခြင်းကြောင့်လူဦးရေများမှာဖြစ်တဲ့အတွက် အခြေခံလိုအပ်ချက်များဖြစ်တဲ့ ဈေး ၊ မိလ္လာစွန့်စနစ် နဲ့သယ်ယူပို့ဆောင်ရေးစနစ်တွေကို သာမာန်ထက်ပိုပြီးလုပ်ရမှာဖြစ်ပါတယ်။ လူဦးရေများလေ land pollution ဖြစ်ဖို့အခွင့်သာလေပါဘဲ ။ဒါ့ကြောင့် ဖြစ်နိုင်ရင်တော့ ရွှေတိဂုံပတ်လည်မှာ Residential area ကို develop မလုပ်သင့်ပါဘူး ။ လုပ်မှဖြစ်မယ်ဆိုရင်လည်း land pollution မဖြစ်ဖို့ဘယ်လိုစီမံထားတယ်ဆိုတာကို စည်ပင်သို့မဟုတ်အိုးအိမ်အနေနဲ့ပညာရှင်တွေ ပြုစုထားတဲ့ EIA Report နဲ့တိုက်ဆိုင်စစ်ဆေးပါလို့အကြံပြုချင်ပါတယ်။

(၃) သဘာဝပေါက်ပင်များကိုရှင်းလင်းခြင်း
အဆောက်အဦးများဆောက်တော့မယ်ဆိုတာနဲ့အဲ့ဒိနေရာမှာ ရှိတဲ့သဘာဝပေါက်ပင်များကိုရှင်းလင်းရတော့မှာဖြစ်ပါတယ် ။ တကယ်တော့ အပူပိုင်းဇုန်တွေမှာ သဘာဝပေါက်ပင်တွေဟာ မြေထုနဲ့မြေအောက်ရေတွေအတွက် အလွန်အရေးပါတဲ့ ecosystem တွေထဲက key item တစ်ခုပါ ။ သဘာဝပေါက်ပင်များကိုဖယ်ရှားလိုက်တာနဲ့မြေကြီးရဲ့ stability လည်းကျဆင်းသွားမှာဖြစ်ပြီး မြေအောက်ရေစနစ်လည်းပျက်စီးသွားမှာပါ ။ နိုင်ငံတကာမြို့တော်တွေဟာသူတို့ရဲ့မြို့တော်ထဲမှာ တောအုပ်အတုတွေကိုငွေကုန်ကြေးကျ နဲ့ဖန်တီးယူရပါတယ် ။ ရန်ကုန်ကတော့ ဘာကြောင့် မြို့ထဲမှာရှိတဲ့ သဘာဝပေါက်ပင်တွေအတိုင်းရှားရှားပါးပါးကျန်တဲ့နေရာကို ဖျက်စီးချင်တာလဲဆိုတာ စဉ်းစားလို့မတတ်အောင်ပါ။

(၄)မြေအောက်ရေပြောင်းလဲသွားမည့်အန္တရာယ်ဖြစ်လာနိုင်ခြင်း
ရန်ကုန်မြို့မှာရွှေတိဂုံတည်နေတဲ့ တောင်မြောက်တန်းနေတဲ့ကုန်းကြောတန်းကမြေအောက်ရေယူတဲ့ သိုလှောင်တဲ့ recharge area ပါ။ ကုန်းမြေအမြင့်လည်းဖြစ်ပြန် ၊ သဲဆန်သောကျောက်များနဲ့ဖွဲ့စည်းထားတာကြောင့် မိုးရေတွေဟာသဘာဝအလျောက်မြေအောက်ထဲစိမ့်ဝင်ပြီး အရှေ့ဘက်နဲ့အနောက်ဖက်ကိုမျှဝေပေးတဲ့သဘောပါ။ သဘာဝပေါက်ပင်များကိုဖယ်ရှားပြီးကွန်ကရစ်လိုရေစိမ့်ဝင်လို့မရတဲ့ အလွှာများကိုခင်းရင်မြေအောက်ကိုမိုးရေမရောက်နိုင်တော့ပါဘူး ။ အဲ့ဒါကြောင့်မြေအောက်ရေကြောအနိမ့်အမြင့်ပြောင်းလဲသွားပါမယ်။ မြေအောက်ရေကြောနိမ့်ပြီးရန်ကုန်မှာမြေအောက်ရေသုံးလို့မရတော့မဲ့အနေအထားဖြစ်သွားပါမယ် ။ အဲ့ဒိထက်ဆိုးတာတစ်ခုကတော့ ရန်ကုန်မြစ်ထဲကလာမဲ့ မြေအောက်ဆားငန်ရေတွေဟာမြေအောက် ရေချိုအားနည်းသွားတဲ့အခါ မြေအောက်ရေချိုနေရာကို အစားထိုးဝင်ရောက်မှာဖြစ်ပါတယ်။ စီမံကိန်းကို သဘာဝပေါက်ပင်တွေကိုဖယ်ရှားအကောင်အထည်ဖေါ်ခြင်းအားဖြင့်မြေအောက်ရေစနစ်ပြောင်းလဲသွားပြီးကန်တော်ကြီးရဲ့ရေပြင်အနေအထား အရင်ဆုံးပြောင်းလဲသွားမှာပါ ။ ပညာရှင်ဆိုသူတွေက developer ဘက်က ကာကွယ်ပေမဲ့လည်း ကျွန်တော်အသက်နဲ့လောင်းကြေးထပ်ပြောရဲပါတယ် ။

(၅)အနိမ့်ပိုင်းများတွင်ရေကြီးမည့်အန္တရာယ်မလွဲမသွေဖြစ်လာနိုင်ခြင်း
နံပါတ် ၄ အချက်မှာပြောခဲ့တဲ့အတိုင်းသဘာဝပေါက်ပင်တွေကိုခုတ် ... ရေစိမ့်နိုင်တဲ့ permeable cover ကနေ impervious cover တွေအဖြစ်ကိုပြောင်းလဲလိုက်တဲ့အခါမှာ မိုးရေတွေဟာ မြေအောက်ကိုမစိမ့်ဝင်နိုင်ဘဲ နိမ့်တဲ့အရပ်ကို စီးသွားမှာမို့ရန်ကုန်မြို့အနိမ့်ပိုင်းတွေမှာ ရေကြီးရေလျံမှု အန္တရာယ် ဒိထက်များလာမှာဖြစ်ပါတယ်။ ယခုအချိန်မှာတောင်နည်းနည်းလေး မိုးရွာတာနဲ့ ရန်ကုန်မြို့ထဲ ရေကြီးပြီဆိုတော့ 0.5 square kilometer ကနေကျလာတဲ့ရေအားလုံး ၊ မိုးများရင်များသလို မိုးနည်းရင်နည်းမဲ့ရေပမာဏ ဟာ အနိမ့်ပိုင်းတွေဖြစ်တဲ့ downtown area, အလုံနဲ့စမ်းချောင်းကို စီးဆင်းပြီး မလွဲမသွေရေကြီးမယ်ဆိုတာကိုပြောရဲပါတယ်။

ဒီငါးချက်ဟာမလုပ်သင့်တဲ့အခြေခံအချက်တွေပါ ။ တခြားအချက်ပေါင်းများစွာရှိပါသေးတယ်။ သာသနိကအဆောက်အဦးတွေ ရှေးဟောင်းအဆောက်အဦးအတွက်အန္တရာယ် ၊ ယာဉ်ကြောရှုတ်ထွေးခြင်း၊ တောအုပ်တွေထဲနေတဲ့ ရှဥ့်တွေ ငှက်တွေအတွက်စားကျက်ပျောက်တာလိုတွေ ရှိနေပါသေးတယ် ။ တကယ်တော့ မြန်မာပြည်နဲ့ပတ်သက်ပြီးဘာမှရေးချင်တဲ့စိတ်မရှိပါဘူး ။ ဖြစ်နိုင်ရင်ပေလျကန်ထားချင်တာပါ ။ ပညာရှင်လို့သူတို့ဘာသာနာမည်တပ်ပြီးအမြင့်ဆုံးရာထူးတွေယူ ဘက်လိုက်ဆုံးဖြတ် နေတဲ့သူတွေနဲ့လည်း ပြိုင်မငြင်းချင်ပါဘူး။ စီမံကိန်းပျက်အောင်လုပ်တဲ့သူတွေကို တရားစွဲမယ် စိန်ခေါ်ထားတော့ စွဲလိုက်စေချင်တယ်။ နောက်အပိုင်းတွေမှာ Geotechnical နဲ့ပတ်သက်ပြီး slope stability , deep excavation method, instrumentation and monitoring တွေနဲ့ပတ်သက်ပြီး case study တွေနဲ့ထပ်ရေးမှာပါ ။ တပည့်များနဲ့ရေးပါလို့တိုက်တွန်းတဲ့မိတ်ဆွေများကိုတော့ tag လုပ်ထားပါတယ်။ တပည့်များကတော့ စာသင်တယ်လို့သဘောထားလိုက်ပါ။


KSMT
Kyaw Swar Myint Thein

Bo Bo Film Production က ရိုက်ကူးသည့် အော်တိုဘုရင် ရုပ်ရှင် ဇာတ်ကားကို လာမည့် သြဂုတ်လတွင် တည်းဖြတ်မှု များ အပြီး သတ် ပြုလုပ် ပြီးပါက ဆင်ဆာတင်မည် ဖြစ်ကြောင်း Bo Bo Film Production မှ ကိုဘိုဆန်းက မဇ္ဈိမကို ပြောသည်။
11082607 612904545476036 8483200401998507155 n
ဘိုဘို ရုပ်ရှင် ထုတ်လုပ်ရေးမှ ပထမဆုံး ရုပ်ရှင် ဇာတ်ကားကြီး အဖြစ် အော်တိုဘုရင် အမည်ရှိ ရုပ်ရှင် ဇာတ် ကားကို မတ်လ ၂၇ရက်တွင် နေပြည်တော် တပ်ကုန်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား စတူဒီယို၌ သွားရောက် ရိုက်ကူး ထားသည်။

အော်တိုဘုရင် ရုပ်ရှင် ဇာတ်ကားကြီး ကို ဒါရိုက်တာ ညီညီထွန်းလွင် ၊ တွဲဖက် ဒါရိုက်တာ သြရသ ၊ ဇာတ်လမ်း၊ ဇာတ်ညွှန်း ညီညီထွန်းလွင် ၊မြင့်သန်းအောင်ဖြစ် ပြီး သရုပ်ဆောင် အဖြစ် ဇာဂနာ ၊ ကျော်ကျော်ဗို ၊ အိချောပို တို့နှင့်အတူ အနုပညာရှင် များစွာဖြင့် ရိုက်ကူး ထားခြင်း ဖြစ်သည်။
ကိုဘိုဆန်းက "အခု edit (တည်းဖြတ်) ကတော့ ပြီးသွားပြီ 3D Animation လုပ်နေတယ် ရှစ်လပိုင်းမှာ အားလုံး ပြီးတာနဲ့ ကျွန်တော်တို့ ဆင်ဆာတင်မယ်။ ပြီးရင် ရုံတင်ရက် တန်းစီမယ် အဲဒီအခါကျမှ ဘယ်အချိန် ရုံတင်ပြသမယ် ဆိုတာ သိရမယ်။ ဒီဇာတ်ကားကို ကျွန်တော်တို့ ရက် ၂၀ကြာ ရိုက်ကူး ခဲ့ပါတယ်" ဟု ပြောသည်။

အော်တိုဘုရင် ရုပ်ရှင် ဇာတ်ကားသည် ဟာသ ဇာတ်ကား ဖြစ်ပြီး ပျူခေတ် နှင့် ပုဂံခေတ်ကြား ရှေးဘုရင်ခေတ် ပုံစံ ဇာတ်ကားကို မင်းသား ၊ မင်းသမီး အပြင် ဟာသသရုပ်ဆောင်များဖြင့် ရိုက်ကူး တင်ဆက် ထားခြင်းဖြစ်သည်။

ဇာတ်ကား အတွက် ကြိုတင် ပြင်ဆင်မှုကို နှစ်လခန့် ပြုလုပ်ခဲ့ပြီး  ဇာတ်ကားတွင် ဆက်တင် တော်တော်များများ အသုံးပြု ထားပြီး  Animation အသုံးပြုမှု များ လည်း ပါဝင် ကာ Bo Bo Film Production အတွက် ကုန်ကျစရိတ် များသည့် ရုပ်ရှင် ဇာတ်ကား တစ်ကား လည်း ဖြစ်သည်။
Bo Bo Film Production မှ လက်ရှိတွင် ဗီဒီယို ဇာတ်ကားများ ရိုက်ကူး လျက် ရှိပြီး ဒုတိယမြောက် ရုပ်ရှင် ဇာတ်ကားကို စက်တင်ဘာလတွင် ရိုက်ကူးရန် စီစဉ် ထားသည်။ အဆိုတော် လွှမ်းပိုင် နှင့် မြန်မာနိုင်ငံတွင် ပြသခဲ့သည့် ဘယ်လိုအချစ်မျိုးလဲ ထိုင်း-မြန်မာ ရုပ်ရှင် ဇာတ်ကားထဲမှ ထိုင်းမင်းသမီး ကရဗီ (Korravee) တို့ဖြင့် လည်း မေလတွင် ဗီဒီယို ဇာတ်ကား ရိုက်ကူးရန်လည်း စီစဉ် ထားသည်။
မဇ္ဈိမ
http://www.mizzimaburmese.com/2013-10-20-16-16-07/2014-04-01-06-37-42/item/44553-2015-05-13-13-46-58

ချင်းမိုင်၊ မေ ၁၃။        ။ လေဖြတ်နေသည့် အသက် ၇၃ နှစ်အရွယ် အဖွားအိုအား အဓမ္မပြုကျင့်ရန် ကြိုးစားခဲ့သည့် တပ်မတော်သားတစ်ဦးကို အရပ်ဘက် တရားရုံးတွင် စစ်ဆေးပေးရန် ဗန်းမော်မြို့ခံ ရာနှင်ချီ၍ မေလ ၁၃ ရက်က ဆန္ဒဖော်ပြခဲ့သည်ဟု ဗန်းမော်မြို့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ကပြော သည်။
11062545 822331701168504 2484669855516912173 n
ဗန်းမော်မြို့တွင် မေ ၁၃ရက်က အသက် ၇၃နှစ်အရွယ် အမျိုးသမီးကို အဓမ္မကျင့်ရန် ကြံစည်သည့် တပ်မတော်သားအား အရပ်ဘက်တရားရုံးတွင် စစ်ဆေးပေးရန် တောင်းဆိုဆန္ဒပြစဉ်။ (ဓာတ်ပုံ-  ဒေါက်တာခလမ်ဆမ်ဇွန် ဖေ့စ်ဘုတ်)
မေလ ၁၃ ရက် နံနက် ၇ နာရီတွင် ဗန်းမော်မြို့ နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းတွင် လူစုဝေး၍ ဆုတောင်းဝတ်ပြုကာ ၉ နာရီမှ မွန်းလွဲ ၁၂ နာရီချိန်ထိ ဗန်းမော်မြို့ တစ်မြို့လုံးကို တစ်ပတ်ပတ်၍ ဆန္ဒဖော်ထုတ်ခဲ့ကြောင်း ဗန်းမော်မြို့နယ် KBC ၏ အတွင်းရေးမှူး သိက္ခာတော်ရဆရာကြီး ဦးနန်းဇိန်းတူးဂျာ က ပြောသည်။

“ကျွန်တော်တို့ တောင်းဆိုတာက ပြစ်မှုကျူးလွန်တဲ့ ခမရ ၄၃၈ က တပ်သား ဇော်မျိုးအေးကို ဒီအရပ်ဘက် လွဲပေးပြီးတော့မှ ထင်သာမြင်သာနဲ့ တရားစီရင်ပေး ဖို့ တောင်းဆိုတာပါ။ ပြီးတော့ အမျိုးသမီးတွေကို အဓမ္မပြုကျင့်တာတွေ ရပ်ဖို့ အမျိုးသမီးများကို နည်းပေါင်းစုံနဲ့ အကြမ်းဖက်တဲ့ အရာတွေ အားလုံးကို ကာ ကွယ်ပေးဖို့ရန် အစိုးရကို တောင်းဆိုတယ်”ဟု သူက မဇ္ဈိမကို ပြောသည်။
မေ ၁၃ရက် နံနက်က ဆန္ဒဖော်ထုတ်ရန် ဝတ်ပြုဆုတောင်းပွဲသို့ KBC မှ အထွေထွေ အတွင်းရေးမှူး ဒေါက်တာခလမ်ဆမ်ဇွန်ကလည်း လာရောက်၍ အားပေး မိန့်ခွန်းပြောဆိုခဲ့သည်ဟု သူက ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၁၃ ရက် ညက ဗန်းမော်ခရိုင် မိုးမောက်မြို့နယ် နွမ်လန်းကျေးရွာနေ အသက် ၇၃ နှစ်အရွယ် အဖွားအိုအား အဓမ္မပြုကျင့်ရန် ကြိုးစားခဲ့သူ အစိုးရ တပ်မတော်သား ခမရ ၄၃၈ မှ တပ်သား ဇော်မျိုးအေးကို အရပ်ဘက် တရားရုံးသို့ လွဲပေး၍ လွတ်လပ်စွာ တရားစီရင်ပေးရန် တောင်းဆိုခြင်း ဖြစ်သည်။

KBC အသင်းတော်မှ ဆန္ဒဖော်ထုတ်ရန် သက်ဆိုင်ရာ အာဏာပိုင်းထံသို့ ခွင့်ပြုမိန့်တောင်းဆိုရာတွင် လူပေါင်း ၃၀၀ ဆန္ဒဖော်ထုတ်ရန် ခွင့်ပြုမိန့် ရရှိခဲ့သော် လည်း ဗန်းမော်မြို့ခံများက မိမိဆန္ဒနှင့်အညီ ပါဝင်လာသဖြင့် လူဦးရေပေါင်း ၆၀၀ ကျော်ထိ ပါဝင် ဆန္ဒဖော်ထုတ်နိုင်ခဲ့သည်ဟု သူက ပြောသည်။
အစိုးရ စစ်တပ်ဘက်မှ အရာရှိများ ပြောဆိုချက်အရ တပ်သား ဇော်မျိုးအေးအား မိုးမောက်မြို့နယ် နွယ်လမ်း အခြေစိုက် ခမရ ၄၃၈ တပ်ရင်းတွင် ချုပ်နှောင် ထားသည်ဟု သိရကြောင်းနှင့် ယခုကဲ့သို့ ဖြစ်ပွားလာသဖြင့် အမျိုးသမီးများ၏ လုံခြုံမှုအတွက် ပိုမိုစိုးရိမ်မှုများ ရှိနေသည်ဟု သိက္ခတော်ရဆရာကြီး ဦးနန်းဇိန်း တူးဂျာက ပြောသည်။
“အဘွားအိုကိုတောင်မှ ဒီလို မဒိန်းကျင့်ဖို့ရန် ကြိုးစားတယ်။ ပြီးတော့ လည်ပင်း ညှစ်သတ်ဖြတ်နိုင်ဖို့ ကြိုးစားတဲ့ အပေါ်မှာ လူထုတွေက အထူးသဖြင့် အမျိုး သမီးတွေက ဒီသတင်းကို ကြားတဲ့အခါမှ ရင်ထုမနာဖြစ်ပြီးမှ သူတို့ရဲ့ လုံခြုံမှုကို တော်တော်လေး စိုးရိမ်ရတဲ့အပိုင်းမှာ ခံစားရတဲ့အပိုင်းကို တွေ့ရှိရတယ်။
ဆိုတော့ ဒါက အခုဖြစ်တဲ့ နေရာက ရှေ့တန်း စစ်မြေပြင်မှာလည်း မဟုတ်ဘူး။ နောက်တန်း အခြေစိုက်ထားတဲ့ တပ်ရင်းနဲ့ ကပ်ရက်ရှိတဲ့ရွာမှာ ဒါမျိုးဖြစ်တယ် ဆိုတော့ ဒါတွေက ကျွန်တော်တို့အမေတွေ အဘွားတွေ ညီမတွေအတွက် ဒီစစ်တပ်နဲ့ ဒီလို နေနေရတာဟာ အန္တရယ်အကြီးကြီး ဖြစ်တယ်ဆိုတာကို မျက်မြင် ကိုယ်တွေ့ သိရှိလာတယ်။ တော်တော်လေး စိုးရိမ်စရာတွေတော့ ပြောနေကြပါတယ်”ဟု သူက ဆက်လက် ပြောဆိုသည်။

တပ်မတော် တပ်သား ဇော်မျိုးအေးအား လက်ရှိ မိုးမောက်မြို့နယ် ရဲစခန်းတွင် (ပ) ၃၂၀၁ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၄၅၆၊ ၃၇၆၊ ၅၁၁ တို့ဖြင့် အမှုဖွင့် ထားသော်လည်း အဆိုပါ တပ်သားကို မိခင် တပ်ရင်းက ပြန်လည် ခေါ် ဆောင်သွားခဲ့သည်ဟု အရပ်ဘက် အဖွဲ့အစည်း ၆၅ ဖွဲ့က ယင်းဖြစ်ရပ်အပေါ် ကန့်ကွက် သည့် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ငြိမ်းချမ်းရေး ဆွေးနွေးနေစဉ်ကာလအတွင်း ပြည်သူလူထုမှ ယုံကြည်မှု မပျက်ပြားစေရေးအတွက် အမျိုးသမီးများအား လက်နက်ကိုငတပ်ဖွဲ့များမှ အကြမ်းဖက် မှုကို အဆုံးသတ်ရန်၊ တပ်သားဇော်မျိုးအေးအား တရားဥပဒေနှင့် အညီ အရပ်ဘက် တရားရုံးတွင် ပွင့်လင်းမြင်သာ မှန်ကန်စွာ အရေးယူပေးရန်၊ နောက်နောင် အလားတူဖြစ်ရပ်များ ဖြစ်ပေါ်မှု မရှိနေစရန်နှင့် အျိုးသမီးထု၏ လုံခြုံရေးအတွက် စစ်ဘက်ဆိုင်ရာစစ်ကြောင်းများ၊ စစ်တပ်များအား ကျေးရွာနှင့် နီးကပ် စွာနေ ရာချထားခြင်း တပ်ချခြင်းများ ကန့်ကွက်ကြောင်း ထည့်သွင်း တောင်းဆိုထားသည်။

ထို့ပြင် အမူတွင် ပါဝင် ပတ်သက်သူများသည် မျက်မြင်သက်သေများ၊ တရားလိုနှင့် သက်သေခံပစ္စည်းများ အပါအဝင် ဒေသခံ ပြည်သူများ၏ လုံခြုံရေး အတွက် လည်း သက်ဆိုင်ရာ တာဝန်ရှိသူများက အထူးစောင့်ရှောက်ပေးရန် ထုတ်ပြန်ချက်တွင် တောင်းဆိုထားသည်။

ဖနိဒါ; /မဇ္ဈိမ
http://www.mizzimaburmese.com/2013-10-20-16-16-07/2013-11-01-01-48-27/item/44560-2015-05-13-14-43-57

လွှတ်တော်တွေက ဥပဒေကြမ်းတွေ ရေးဆွဲနေချိန် မှာ ပြည်ထောင်စုအစိုးရက အလားတူ ဥပဒေတွေရေး ဆွဲပြီး လွှတ်တော်ထံ တင်ပြတာဟာ လွှတ်တော်နဲ့ အစိုး ရ နှစ်ဖက်စလုံးအတွက် အကျိုးမရှိကြောင်း ပြည်သူ့ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက ဒီနေ့ ပြောကြား လိုက်ပါတယ်။

ပြည်ထောင်စုရှေ့နေချုပ်ရုံးက လွှတ်တော်ထံပေးပို့မယ့် ဥပဒေကြမ်းတွေနဲ့ပတ်သက်ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းထွန်းဦးက မေးမြန်းအပြီးမှာ လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက အခုလိုပြောကြား ခဲ့တာ ဖြစ်ပါတယ်။

"လိုအပ်တာကဘာလည်းဆိုတော့ အစထဲကမြန်မြန် လုပ်ပေးဖို့ကိစ္စကို နှောင့်နှေးတဲ့ အတွက် လွှတ်တော် ကလုပ်တော့မှဘဲ နောက်ကနေ ကမန်းကတန်း လိုက်ပြီးတင်လာ တဲ့ကိစ္စဟာ နှစ်ဖက်လုံးအတွက် အကျိုးမရှိနိုင် ဘူးဆိုတာကို ပြောတာပါ"

လွှတ်တော်ကရေးဆွဲပြီးနောက်မှာ ပြည်ထောင်စုအစိုးရက ထပ်မံရေးဆွဲတင်ပြပြီး တူနေတဲ့ ဥပဒေတွေဟာ လျှပ်စစ်ဥပဒေ၊ လယ်ယာမြေဥပဒေနဲ့ အမျိုးသား ပညာရေး ဥပဒေတို့ ဖြစ်တယ်လို့ သိရပါတယ်။

လွှတ်တော်နဲ့ အစိုးရအဖွဲ့က ရေးဆွဲတဲ့ ဥပဒေကြမ်းတွေမှာ အကြောင်းအရာနဲ့ အနှစ်သာရတူတဲ့ ဥပဒေကြမ်းတွေ ဆိုရင် လွှတ်တော်က လက်ခံဆွေးနွေးတဲ့ ဥပဒေကြမ်းပေါ်မှာသာ မူတည်ဆွေးနွေးရမှာဖြစ်တယ်လို့ ဒုတိယရှေ့နေ ချုပ် ဦးထွန်းထွန်းဦးက ပြောပါတယ်။

"လွှတ်တော်မှာဆွေးနွေးနေတဲ့ကြားက ဝန်ကြီးဌာနများက တစ်ခါထပ်ပြီး ဥပဒေ အသစ်တင်လာတဲ့ ကိစ္စကတော့ အကြောင်းအရာတူတယ်ဆိုရင် လွှတ်တော်က လက်ခံစဉ်းစားတဲ့ ဥပဒေတစ်ခုအပေါ်မှာဘဲ လွှတ်တော်ရဲ့ဆုံးဖြတ်ချက်အတိုင်းဘဲ ဆွေးနွေးရမယ်လို့ ကျနော့်အနေနဲ့မြင်ပါတယ်၊ ဥပဒေနှစ်ခုမတင်ရဘူး လို့ ပြဌာန်းချက် မရှိသော်လည်းဘဲ ဒါလွှတ်တော်ရဲ့လုပ်ပိုင်ခွင့်ဖြစ်ပြီးတော့ အကြောင်းအရာတူ၊ ခေါင်းစဉ်တူ၊ အမည်တူ၊ အနှစ်သာရတူတဲ့ ကိစ္စတွေမှာတော့ လွှတ်တော်က ဆုံးဖြတ်ထားတဲ့ ဥပဒေအပေါ်မှာထပ်မံပြီးတော့ လိုအပ်တဲ့အချက်များကို ပြင်ဆင်ဖြည့်စွက်ထားခြင်းကတော့ နှစ်ခုဆွေးနွေးရန်မလိုဘူးလို့ ကျနော့်အနေနဲ့ ပြော ချင်ပါတယ်"

အစိုးရ၀န်ကြီးဌာနတွေက ဥပဒေပြဌာန်းဖို့ ပြင်ဆင်နေတဲ့ ဥပဒေပေါင်း ၁၃၇ ခုရှိပြီး စိစစ်ဆဲ ဥပဒေကြမ်း ၂၀ နီးပါး ရှိတယ်လို့ သိရပါတယ်။

RFA

မြန်မာနိုင်ငံမှာ ဒေါ်လာဈေးမြင့်တက်လာမှုကြောင့် အစိုးရသတ်မှတ်ပေးတဲ့နှုန်းထက် ပိုရောင်းဝယ်ရင် အရေးယူမယ်လို့ နိုင်ငံတော်ဗဟိုဘဏ်က ဒေါ်လာအရောင်းအ၀ယ်လုပ်တဲ့ ဘဏ်လုပ်ငန်းရှင်တွေနဲ့ ငွေလဲကောင်တာလုပ်ငန်းရှင် ၂၀၀ကျော်ကို မနေ့က ခေါ်ယူသတိပေးလိုက်ပါတယ်။

ဒီလုပ်ရပ်ကြောင့် ယခင်စစ်အစိုးရလက်ထက်ကလို ဒေါ်လာမှောင်ခိုဝယ်ရောင်းဈေးကွက်ခေတ်ကို ရုတ်တရက် ပြန်ရောက်သွားပြီး အစိုးရသတ်မှတ်နှုန်းအတိုင်း မလိုက်နာဘဲ ဈေးကွက်ပေါက်ဈေးအတိုင်း ဒေါ်လာအရောင်းအ၀ယ်လုပ်သူတွေ ဖမ်းဆီးထောင်ချခံရမယ့် အလားအလာတွေ ပေါ်ပေါက်လာပါတယ်။

RFA


ပဲခူးတိုင်းဒေသကြီး သာယာဝတီအကျဉ်းထောင်မှာ ပုဒ်မ ၅ခုနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကျောင်းသားကျောင်းသူတွေနဲ့ ကူညီသူ စုစုပေါင်း ၇၂ ဦးအမှုကို သာယာဝတီခရိုင်တရားရုံးမှာ ဒီနေ့ ရုံးထုတ်ရာမှာ အသက်မပြည့်သေးတဲ့ အထက်တန်းကျောင်းသား မောင်အောင်မင်းခိုင်ကို အာမခံနဲ့ လွှတ်ပေးလိုက်ပါတယ်။ မောင်အောင်မင်းခိုင်ကို RFA အဖွဲ့သူ မခက်မာ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

RFA



အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်းနိုင်ငံတို့ အနေနဲ့ အတူပူးပေါင်းပြီး ပင်လယ်ထဲ မျောနေတဲ့ ဘင်္ဂလားဒေ့ရှ်လူမျိုးတွေနဲ့ ရိုဟင်ဂျာတွေကို ကယ်တယ်ဖို့၊ လူကုန်ကူးခံရတဲ့ ဒုက္ခသည်တွေ ခိုလှုံလာသူတွေကို အကူအညီပေးကြဖို့ Fortify Rights လူ့အခွင့်အရေး အဖွဲ့ကြီးက တိုက်တွန်းတောင်းဆိုပါတယ်။

အစိုးရအာဏာပိုင်တွေ အနေနဲ့ လူကုန်ကူးမှု ပြဿနာကို အလေးထား ကိုင်တွယ်လာကြတယ် ဆိုပေမဲ့ လူကုန်ကူးခံရတဲ့ ဒုက္ခသည်တွေကိုတော့ ကာကွယ်ကူညီမှု အားနည်းနေတုန်းပဲလို့ ထောက်ပြပါတယ်။ စုံစမ်းမေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

ပင်လယ်ထဲ လှေတစင်းနဲ့တွေ့ရတဲ့ ရာဂဏန်းရှိမယ့် ရိုဟင်ဂျာ ဒုက္ခသည်တွေကို အင်ဒိုနီးရှားရေတပ်က အစားအသောက်တွေပေးပြီး ပင်လယ်ထဲ ပြန်လွှတ်လိုက်တယ်ဆိုတဲ့ သတင်းထွက်ပေါ်လာတဲ့နောက်၊ ပင်လယ်ထဲမှာ လှေတွေနဲ့ မျောနေသေးတဲ့ လှေစီးပြေး ဒုက္ခသည်တွေ အရေးကိစ္စအပေါ် လူ့အခွင့်အရေး အဖွဲ့တွေရဲ့ စိုးရိမ်မှုတွေ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ ပင်လယ်ထဲ မျောနေတဲ့ လှေတွေကို ကယ်ဆယ် ကူညီရေးအတွက် ပတ်ဝန်းကျင် နိုင်ငံတွေ ပူးပေါင်းဆောင်ရွက်ကြဖို့နဲ့ လှေတွေ ကမ်းကပ်လာရင်လည်း သူတို့ကို မပိတ်ပင်ဖို့ အရှေ့တောင်အာရှ နိုင်ငံတွေကို UNHCR ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံးကလည်း တိုက်တွန်းထားပါတယ်။

ခိုလှုံလာတဲ့ ဒုက္ခသည်တွေကို ပင်လယ်ထဲ အတင်းပြန်ပို့တဲ့ လုပ်ရပ်ဟာ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်မှု ဖြစ်တယ်လို့ Fortify Rights အဖွဲ့ရဲ့ အမှုဆောင်ညွန်ကြားရေးမှူး Matthew Smith က ဗွီအိုအေကို ပြောပါတယ်။

“ရိုဟင်ဂျာနဲ့ ဘင်္ဂလားဒေ့ရှ်လူမျိုးတွေ ပင်လယ်ထဲမှာ လှေတွေနဲ့ ဟိုမရောက်ဒီမရောက် လည်နေတဲ့ အပေါ်မှာ ကျနော်တို့ အတော်လေး စိုးရိမ်ပူပမ် ဖြစ်မိပါတယ်။ ဒါကြောင့် အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်းနိုင်ငံတို့ အနေနဲ့ အတူပူးပေါင်းပြီး ဒီလူတွေကို အရေးပေါ်ကယ်ဆယ်ရေး ဆောင်ရွက်ကြဖို့ တောင်းဆိုတာပါ။ ဒါ့အပြင် ကမ်းပေါ်ရောက်လာတဲ့ ရိုဟင်ဂျာနဲ့ ဘင်္ဂလားဒေ့ရှ်တွေကို အဲဒီနိုင်ငံတွေ အနေနဲ့ အကာအကွယ်ပေး ကူညီကြဖို့ တောင်းဆိုပါတယ်။ ကမ်းကပ်ဖို့ ရောက်လာတဲ့ လှေတွေကို အာဏာပိုင်တွေက ပင်လယ်ထဲ အတင်းပြန်ခိုင်းနေတယ်လို့ သိရပါတယ်။ ခိုလှုံလာတဲ့ ဒုက္ခသည်တွေကို အတင်းပြန်မပို့ရဘူးဆိုတဲ့ နိုင်ငံတကာဥပဒေကို ချိုးဖောက်မှုဖြစ်ပါတယ်။”

ပြီးခဲ့တဲ့နှစ်တွေတုန်းကလည်း ထိုင်းရေတပ်ကနေ လှေတွေနဲ့ ရောက်လာတဲ့ လှေစီးပြေး ဒုက္ခသည်တွေကို စားသောက်စရာတွေပေးပြီး ပင်လယ်ထဲ ပြန်မောင်းထုတ်ခဲ့တဲ့ အထောက်အထားတွေကြောင့် ထိုင်းအာဏာပိုင်တွေကို နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေက အပြင်းအထန် ဝေဖန်ခဲ့ဖူးပါတယ်။ ထိုင်းနိုင်ငံဟာဆိုရင် အခုအချိန်မှာ လူကုန်ကူးမှု တိုက်ဖျက်ရေးကို အရှိန်မြှင့် လုပ်ဆောင်လာတာတွေ့ရပြီး၊ ဒီကနေ့မှာဆိုရင် လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် မလေးရှားအစိုးရနဲ့ နားလည်မှုစာချွန် လက်မှတ်ရေးထိုးခဲ့ပါတယ်။ ထိုင်းနိုင်ငံတွင်း လူကုန်ကူးမှုအခြေအနေတွေကြောင့် အမေရိကန်ပြည်ထောင်စုဟာ ထိုင်းနိုင်ငံကို Tier-3 လူကုန်ကူးမှု အဆိုးဆုံးအဆင့် သတ်မှတ်ထားတာကြောင့် ထိုင်းနိုင်ငံ စီးပွားရေးကို အတော်လေး ထိခိုက်သက်ရောက်မှု ရှိစေတယ်လို့ ထိုင်းရဲချုပ်က အဲဒီလက်မှတ်ထိုးပွဲမှာ ပြောပါတယ်။ အလားတူ အရေးယူမှုမျိုး ဥရောပသမဂ္ဂကလည်း လုပ်လာဖို့ရှိတယ်လို့ ဆိုပါတယ်။

လူကုန်ကူးမှု တိုက်ဖျက်ရေးကို ထိုင်းအနေနဲ့ အပြင်းအထန် လုပ်ဆောင်လာတဲ့ နေရာမှာ လူကုန်ကူးခံရသူတွေကို အကာအကွယ်ပေးမှု ပိုလုပ်သင့်တယ်လို့ Fortify Rights က Matthew Smith က ပြောပါတယ်။
“ထိုင်းနိုင်ငံတွင်း လူကုန်ကူးမှု အခြေအနေကို ထိုင်းအစိုးရက သတိပြု အလေးထား လာတယ်ဆိုတာ ကောင်းတဲ့လက္ခဏာရပ်ပါ။ ဒါပေမဲ့လည်း လူကုန်ကူးခံရသူတွေကို အကာအကွယ်ပေးဖို့ဆိုတာ သတိပြုမိတယ်ဆိုတဲ့ အချက်နဲ့ မလုံလောက်ပါဘူး။ အခု ထိုင်းအစိုးရက အာရုံထားလုပ်နေတာ လူကုန်ကူးသူတွေကို ဖမ်းဆီးတာနဲ့၊ အဲဒီမှာ ပါဝင်ပတ်သက်တဲ့ အစိုးရအရာရှိတွေကို စုံစမ်းဖော်ထုတ်ဖို့ပါ။ ဒါတွေ လုပ်တာလည်း ကောင်းပါတယ်၊ ဒါပေမယ့် လူကုန်ကူးခံရသူတွေ လုံခြုံရေး အကာအကွယ်ပေးမှု အကူအညီပေးမှု ပိုလုပ်ဖို့ တိုက်တွန်းလိုပါတယ်။”

တချိန်တည်းမှာတော့ ဒီပြဿနာတွေရဲ့ အရင်းအမြစ်ဟာ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ် ဖြစ်တယ်လို့ Matthew Smith က ပြောပါတယ်။ ကမ္ဘာမှာ နိုင်ငံမဲ့လူဦးရေ အများဆုံးဖြစ်နေတဲ့ မြန်မာနိုင်ငံကို နိုင်ငံတကာ ဖိအားတွေ ပိုပေးဖို့လိုမယ်လို့ဆိုပါတယ်။ ပြဿနာဟာလည်း မြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒေတွေကြောင့်လို့ ထောက်ပြပါတယ်။

အထူးသဖြင့် ရိုဟင်ဂျာ ပြဿနာဟာ မြန်မာနိုင်ငံ တနိုင်ငံတည်း ပြဿနာမဟုတ်တော့ဘဲ ပတ်ဝန်းကျင်နိုင်ငံတွေကိုပါ ကူးစက်လာတာကြောင့် အာဆီယံအသင်းကြီး အနေနဲ့ ထိထိရောက်ရောက်ရောက် ကိုင်တွယ်ဖို့လိုမယ်လို့ သူကမြင်ပါတယ်။
“အခုကိစ္စဟာ နိုင်ငံအစိုးရ တရပ်တည်းရဲ့ ပြဿနာ မဟုတ်တော့ပါဘူး။ ဒေသတွင်း ပြဿနာ ဖြစ်နေပါပြီ။ ဒါကြောင့် ကိုင်တွယ်ဖြေရှင်းမှု ထိရောက်ဖို့ရာ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုတွေ ရှိမှဖြစ်ပါလိမ့်မယ်။ အရင်းအမြစ် ပြဿနာကို ဖြေရှင်းနိုင်ဖို့ အရေးကြီးပါတယ်။ ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံထဲမှာ ပြင်းပြင်းထန်ထန် ဖိနှိပ်ချုပ်ခြယ်မှုတွေ ခံခဲ့ရသလို၊ ဘင်္ဂလားဒေ့ရှ်မှာလည်း ရပ်တည်စားသောက်ဖို့ အခက်အခဲကြီးမားနေတာကြောင့်ပါ။ ဒါကြောင့် အရင်းအမြစ် ပြဿနာက ဘင်္ဂလားဒေ့ရှ်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ပါတယ်။ ဒါကို အာဆီယံအသင်းကြီး အနေနဲ့ ကိုင်တွယ်ဖြေရှင်းဖို့လိုပါတယ်။”

ရိုဟင်ဂျာကိစ္စဟာ မြန်မာနိုင်ငံရဲ့ ပြဿနာ မဟုတ်တော့ပဲ အာဆီယံတခုလုံးရဲ့ စိုးရိမ်မကင်းစရာ အခြေအနေ ဖြစ်တယ်လို့ အလှည့်ကျ အာဆီယံဥက္ကဌ မလေးရှားနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး Datuk Seri Anifah Aman က ပြီးခဲ့တဲ့လ အာဆီယံ ထိပ်သီးဆွေးနွေးပွဲ ကျင်းပစဉ်မှာ ပြောခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံဖက်ကတော့ ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံသားအဖြစ် လက်မခံပါဘူး။

သားညွန့်ဦး/VOA
http://burmese.voanews.com/content/rights-group-urges-to-protect-rohingya/2765840.html

ကွပ်မျက်ခံလိုက်ရပြီလို့ ယူဆရသူ မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီး Hyon Yong-Chol (Credit: AFP) 
မြောက်ကိုရီးယား ​ခေါင်းဆောင် ​Kim ​Jong-un ​က ​သူ့နိုင်ငံက ​ကာကွယ်ရေး ​ဝန်ကြီးကို ​ကွပ်မျက်လိုက်ပြီ ​ဆိုတဲ့ ​သတင်းတွေ ​ထွက်ပေါ်နေပါတယ်။

Kim ​Jong-un ​တက်ရောက်နေတဲ့ ​အခမ်းအနား ​တစ်ခုအတွင်း ​ကာကွယ်ရေး ​ဝန်ကြီး ​Hyon ​Yong ​Chol ​က ​အိမ်ငိုက်ခဲ့တာဖြစ်ပြီး ​သူ့ကို ​မလေးစားရာ ​ရောက်တဲ့အပေါ် ​မကျေနပ်လို့ ​သစ္စာဖောက်အမှုနဲ့ ​ကွပ်မျက်လိုက်တာလို့ ​တောင်ကိုရီးယား ​သတင်းမှာ ​ဖော်ပြထားပါတယ်။

အရင်လ ​ကတည်းက ​ကွပ်မျက်ခဲ့တာလို့ ​သိရပြီး ​ကာကွယ်ရေး ​ဝန်ကြီးက ​ရုရှားက ​အပြန် ​မကြာခင်မှာပဲ ​ကွပ်မျက်ခံရတာလို့ ​ပါရှိပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ​Kim ​Jong-un ​ဟာ ​၂၀၁၃ ​ခုနှစ်တုန်းကလည်း ​အစိုးရ ​အရာရှိဖြစ်တဲ့ ​သူ့ရဲ့ ​ဦးလေးကို ​အဂတိလိုက်စားမှု၊ ​စီးပွားရေး ​ပျက်ပြားအောင် ​လုပ်ဆောင်မှုကို ​အကြောင်းပြပြီး ​ကွပ်မျက်ခဲ့ပါတယ်။

ဒါ့အပြင် ​ဒီနှစ်အတွင်း ​ထိပ်တန်းက ​အစိုးရ ​အရာရှိ ​၁၅ ​ရောက်ကိုလည်း ​သူ့ရဲ့ ​အုပ်ချုပ်မှုကို ​မေးခွန်းထုတ်တဲ့အပေါ် ​မကျေနပ်လို့ ​ကွပ်မျက်ခဲ့ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင်ဟာ ​၂၀၁၁ ​ခုနှစ်တုန်းက ​ဖခင်သေဆုံးလို့ ​အာဏာရလာပြီးနောက်ပိုင်း ​အစိုးရအတွင်း ​အပြောင်းအလဲတွေကို ​မကြာခဏ ​လုပ်လေ့ရှိပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese

ဓါတ်ပုံ ၁ - အဓမ္မပြုကျင့် သတ်ဖြတ်ခံရသူ နန်းခမ်းဆိ

ဓါတ်ပုံ ၂ - သေဆုံးသူအတွက် ဆွမ်းသွတ်အလှူပစ္စည်း
 မေ ၁၃ ရက် ၂၀၁၅

 သျှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ်အတွင်း အမည်မသိသူ လူတဦးမှ အသက် ၂၂ နှစ် အရွယ် ကျေးလက်ရွာသူ တဦးအား ဓါးပြတိုက် အဓမ္မပြု ကျင့်ပြီး သတ်ဖြတ်ခဲ့သည်ဟု သိရှိရသည်။

၂၀၁၅ မေ ၃ ရက်နေ့ မွန်းလွဲပိုင်း၌ လဲချားမြို့ အရှေ့မြောက်ဘက် ၁၅ မိုင် ခန့်အကွာရှိ ဝမ့်ထီကျေး ရွာအုပ်စု စလိုင်းခွမ်ရွာသူ အသက် ၂၂ အရွယ် နန်းခမ်းဆိ ဆိုသည် လယ်တောအပြန်ရွာ၏ မြောက်ဘက် တမိုင်ခန့်ဝေး သည့် ရေချောင်းရှိ ရွာရေဆိပ်၌ အဓမ္မပြုကျင့်၍ သတ်ဖြတ်ခံထား ရကြောင်း၊ ၎င်းဆွဲထားသည့် ရွှေဆွဲကြိုးအားလည်း ယူဆောင်သွားကြောင်း ရွာသားများ က ပြော သည်။

“မွန်းလွှဲ ၂ နာရီကျော်လောက်တုန်းက သူတယောက်တည်း အိမ်ပြန်သွား တယ်။ ရေခတ် ၊ ထမင်း ဟင်း ချက်ပြီး အဖေအမေကိုစောင့်ဖို့တဲ့။ ညနေ ၃ နာရီ ကျော်ကျောက်လောက် ရေခပ်ဆင်း တဲ့ ရွာသူ သားအမိနှစ်ဦး က ရေ ဆိပ် မှာ အလောင်းသွားတွေ့တယ်။ အခု ပြည်သူ့ စစ်တပ်ဖွဲ့က အမှု စစ်ဆေး ပေးနေတယ်” - ဟု ပင်လုံရောက် ဝမ့်ထီအုပ်စု ရွာသူ နန်းစိန် ကပြောသည်။

စစ်ဆေးချက်အရ သေဆုံးသူ နန်းခမ်းဆိတွင် အဓမ္မပြုကျင့် ၊ ဓါးပြတိုက်ခံ ထားရသည်မှာ ထင်ရှား ကြောင်း ၎င်းလွယ်လာသည့် ပလိုင်းနှင့် ရေပုံး လည်း ရေချောင်းထဲတွင်တွေ့ရကြောင်း၊ ကျူးလွန်သူများမှ ယူသွားပစ်ထား ဖွယ် ရှိကြောင်း၊ သို့သော် ကျူးလွန်မှုလက်သည်အား အမှုမှန်ဖေါ်ရန် ခက်ခဲနေကြောင်း ပြည်သူ့ စစ်အသိုင်းအဝိုင်း က ပြောသည်။

“ ဦးကာလိန်ထွဲ့ လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့က အမှု စစ်ဆေးပေးနေ တယ်။ ရွာမှာ ရှိတဲ့ အမျိုး သား ၅၆ ဦးကို စစ်ဆေးတယ်။ တဦးပြီးတဦး ပေါ့။ ကုတ်ရာ ခြစ်ရာ ကိုက်ရာ များတွေ့မလား ပေါ့။ ဒါပေမယ့် ဘာမှ အစအန မတွေ့ဘူး။ သူတို့ကဘဲ ဆက်လက်စစ်ဆေးသွားမယ်။ အမှုမှန်ပေါ် တဲ့အထိ တဲ့ ” - ဟု အဆိုပါ ပြည်သူ့စစ်အသိုင်းအဝိုင်းက ပြောသည်။

နန်းခမ်းဆိသည် ရွာမူလတန်းကျောင်း သာ ပညာဆည်းပူးခဲ့ရသော်လည်း ရပ်ရွာအကျိုး အားတက်သရော သယ်ပိုးသူဖြစ်ကြောင်း၊ လူကြီးမိဘများအား လိမ္မာယဉ်ကျေးစွာ ပြောဆိုဆက်ဆံ တတ်ကြောင်း ရပ်မိရပ်ဖများ ပြောကြား ချက်အရ သိရသည်။

သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese


 မဖွယ်မရာပုံတွေ အင်တာနက်ပေါ် ဖြန့်ချိမှုနဲ့ ခရစ်ယာန် ဘာသာဝင်တွေကို စိတ်အနှောင့်အယှက် ပေးမှုအတွက် ဆယ်ကျော်သက်တဦးကို အပြစ်ရှိကြောင်း စင်ကာပူတရားရုံးက မေ ၁၂ ရက်က စီရင်ချက်ချလိုက်ပါတယ်။

လောလောဆယ် တရားရုံးက ခြေချုပ်နဲ့ လွှတ်ပေးထားပြီး နောက်နေ့မှာ ပြစ်ဒဏ်စီရင်ဖို့ ရှိပါတယ်။

အသက် ၁၆ နှစ် အားမို့စ်ရီဟာ ခေတ်သစ်စင်ကာပူကို တည်ထောင်သူ ဝန်ကြီးချုပ်ဟောင်း လီကွမ်ယု ကွယ်လွန်တဲ့အချိန်မှာ လီကွမ်ယု အပါအ၀င် ခရစ်ယာန် ဘာသာဝင်တွေနဲ့ပတ်သက်တဲ့ သူ့ရဲ့ သဘောထား မှတ်ချက်ကို လူမှု ကွန်ရက် မီဒီယာပေါ် ဖြန့်ချိခဲ့လို့ အဖမ်းခံခဲ့ရပါတယ်။

မေ ၇ ရက်က ဘာသာရေးအုပ်စုကို စိတ်အနှောင့်အယှက် ပေးမှုနဲ့ မဖွယ်မရာ ဓာတ်ပုံတွေ ဖြန့်ချိမှုအတွက် ကြားနာစစ်ဆေးရာမှာ အားမို့စ်ရီက အပြစ်မရှိကြောင်း ငြင်းဆိုခဲ့ပါတယ်။

ဘာသာရေးအုပ်စုကို ထိခိုက်စေမှုဟာ ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်ခံရနိုင်ပါတယ်။ ဒါပေမယ့်  ဒီအမှုမှာ သူအသက်အရွယ်အတွက် ဒဏ်ငွေရော၊ ထောင်ဒဏ်ပါ မသင့်တော်ဘူးလို့ ရှေ့နေက ပြောပါတယ်။

သူ့အတွက် အာမခံငွေကို စင်ကာပူဒေါ်လာ ၃၀၀၀၀ အဖြစ် ဧပြီ ၃၀ ရက်နေ့က သတ်မှတ်ခဲ့ပါတယ်။

ဒီအမှုကြောင့် စင်ကာပူနိုင်ငံရဲ့ စာပေစိစစ်ရေးနဲ့ လူမှုရေး ထိန်းချုပ်မှု အပေါ် စိုးရိမ်မှုတွေ ပြန်ဖြစ်လာခဲ့ပြီး လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက ဝေဖန်ခဲ့ကြပါတယ်။

အရင်လက အားမို့စ်ရီဟာ တရားရုံးမှာ ကနဦး ကြားနာပွဲအတွက် လာနေတုန်း တရားရုံးအပြင်မှာ ပါးရိုက်ခံခဲ့ရပါသေးတယ်။

သူ့ကို ရိုက်တဲ့ အသက် ၄၉ နှစ် အမျိုးသားကို မေ ၁၁ ရက်က ထောင်ဒဏ် ၃ ပတ် ပြစ်ဒဏ် စီရင်ခဲ့ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no


 မြန်မာနိုင်ငံ ဗိသုကာအသင်းက ရွှေတိဂုံ ကယ်တင်ရေး ဖိုရမ်တခု ရန်ကုန်မှာ ပြုလုပ်သွားဖို့ရှိပြီး ကဏ္ဍစုံက ပညာရှင်တွေ တက်ရောက် ဆွေးနွေးကြမယ်လို့ ဗိသုကာအသင်း ဒုတိယဥက္ကဋ္ဌ ဦးမော်လင်းက ပြောပါတယ်။

Save Shwedagon Forum လို့ နာမည်ပေးထားတဲ့ ဖိုရမ်တခုကို ရန်ကုန်မှာ  မေ ၁၇ ရက်နေ့ ပြုလုပ်သွားဖြစ်ပြီး ရန်ကုန်မြို့နဲ့ ရွှေတိဂုံဘုရား ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေ လုပ်ဆောင်တဲ့အခါ ရေရှည်တည်တံ့ ခိုင်မြဲမယ့် စီမံချက်တွေ စနစ်တကျ ချမှတ်လုပ်ဆောင်ဖို့ အဓိက ရည်ရွယ်ပြုလုပ်တာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

“ဖွံ့ဖြိုးရေးလုပ်ငန်းတွေလုပ်တဲ့အခါ စီမံချက် စနစ်တကျဆွဲပြီး လုပ်သင့်တယ်၊ ခွင့်ပြုသင့်တယ်ဆိုတဲ့ အကြောင်း ပြောချင်တာပါ။ အဲ့ဒီနေ့ကျရင် အဓိကက ဆွေးနွေးကြမှာပါ။ ဗိသုကာတွေကလည်း ဗိသုကာအမြင်ပေါ့ အင်ဂျင်နီယာကလည်း အင်ဂျင်နီယာအမြင်၊ ငလျင်ကလဲ ငလျင်နဲ့ပတ်သက်လို့ အန္တရာယ်ရှိတဲ့အပိုင်း၊ ရေအရင်းအမြစ်ကလည်း ရွှေတိဂုံပတ်ဝန်းကျင်မှာ ရေအောက်ရေ ထုတ်တာများတာဟာ ရွှေတိဂုံပတ်ဝန်းကျင်မှာ ဖြစ်နေတယ်၊ ဒါ ရွှေတိဂုံစေတီတော်ကြီးကိုပါ ထိခိုက်နိုင်တယ်ဆိုတဲ့အကြောင်းပေါ့။”

ဆိုင်ရာဆိုင်ရာ ပညာရပ်နယ်ပယ်အသီးသီးက ပညာရှင်တွေ ပြောဆိုဆွေးနွေးကြမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ဗိသုကာအသင်းအနေနဲ့ SAVE YANGON ဆိုတဲ့ ဖိုရမ်တခု ပြုလုပ်ခဲ့ဖူးပြီး အဲ့ဒီ ဖိုရမ်အပြီးမှာ နိုင်ငံတော်သမ္မတထံ အကြံပြုစာတစောင် ပေးပို့ခဲ့ဖူးပြီး ဒီတကြိမ်ဖိုရမ်ပြီးရင်လည်း အလားတူ အကြံပြုစာတစောင်ပေးပို့သွားမှာ ဖြစ်ပါတယ်။

သက်ဆိုင်ရာ ဒေသအာဏာပိုင်တွေက ရွှေတိဂုံဘုရားအနီး မြို့ပြစီမံကိန်းတခု တည်ဆောက်ဖို့ ကုမ္ပဏီတခုကို ခွင့်ပြုထားတာနဲ့ပတ်သက်လို့ ရွှေတိဂုံဘုရားပြိုကျပျက်စီးမှာ စိုးရိမ်တဲ့ ပြည်သူတွေရဲ့ ဝေဖန်မှုတွေ အများအပြား ထွက်ပေါ်နေတုန်း အခု ရွှေတိဂုံကယ်တင်ရေး ဖိုရမ်လုပ်မယ်ဆိုတဲ့သတင်း ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

 By ရွှေအောင်  (ဒီဗွီဘီ)
http://burmese.dvb.no


 ၂၅.၅၉ ကာရတ်ရှိ ခိုသွေးရောင် မြန်မာပတ္တမြားတလုံးကို ဂျီနီဗာမြို့တွင်ပြုလုပ်သော လေလံပွဲ၌ ကန်ဒေါ်လာ သန်း ၃၀ ဖြင့် စံချိန်တင် ရောင်းထွက်ခဲ့ကြောင်း သိရသည်။

ယင်းပတ္တမြားကို လေလံအပြိုင်ဆွဲကြခဲ့ပြီး အမည်မသိသူတဦးက တယ်လီဖုန်းမှတဆင့် ဆွစ်ဖရန့်ငွေ ၂၆ ဒဿမ ၂၅ သန်းဖြင့် ၀ယ်ယူခဲ့ဖြင်း ဖြစ်သည်။

Cartier ရတနာတိုက်ပိုင်ဖြစ်သော အဆိုပါပတ္တမြားကို ကနဦးက ဒေါ်လာ ၁၂ သန်း မှ ၁၈ သန်းခန့်ဖြင့် ရောင်းထွက်မည်ဟုခန့်မှန်းခဲ့ကြသည်။ ယင်း ဒေါ်လာ သန်း ၃၀ သည် စံချိန်တင် ပတ္တမြားဈေးဖြစ်သည့်အပြင် Cartier ရတနာတိုက်၏ စံချိန်လည်းဖြစ်ကြောင်း Sotheby’s လေလံကုမ္ဗဏီ က ပြောသည်။

Gemoligical Institute of America ၏အဆိုအရ ပြင်သစ်ဘုရင် နပိုလီယံ၏တူမ မင်းသမီး မက်တေးလ်ဒါပိုင်ဆိုင်ခဲ့သော ၈.၇၂ ကာရတ် အလေးချိန်ရှိ ပန်းရောင်အသွေးရှိ ရှားပါးစိန်တလုံးကိုလည်း ဒေါ်လာ ၁၅ ဒဿမ ၉ သန်းဖြင့် ရောင်းထွက်ခဲ့ကြောင်း သိရသည်။ ယင်းနောက် အဆိုပါစိန်လက်စွပ်ကို အမေရိကန်ဆီနိတ်တာ ၀ီလျံအေကလပ်၏အမွေခံသမီး ပရဟိတလုပ်ငန်းများလုပ်ကိုင်သူ Huguette Clark က ပိုင်ဆိုင်ခဲ့ပြီး ၁၉၄၀ နှစ်များက ဘဏ်တိုက်တခုတွင် အပ်နှံထားခဲ့ရာမှ မကြာမီကာလက ထွက်ပေါ်လာခြင်းဖြစ်သည်ဟု ဆိုသည်။ သူမသည် အထီးကျန်ဘ၀ဖြင့်နေထိုင်ခဲ့ပြီး ၂၀၀၇ ခုနှစ်က ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

သက်တမ်းရင့်စိန်ဖြစ်ပြီး ယင်း၏အသွေးအရောင်နှင့်အခြား ၀ိသေသလက္ခဏာများအရ အိန္ဒယနိုင်ငံမှ နာမည်ကျော် Golconda ရတနာသိုက်ထွက်ဖြစ်နိုင်သည်ဟု Southeby’s လေလံကုမ္ဗဏီမှ ဒေးဗစ်ဘန်းနက် က ပြောသည်။

အင်္ဂါနေ့က ပြုလုပ်ခဲ့သောအဆိုပါလေလံပွဲတွင် Cartier တိုက်မှ မြန်မာ့နီလာနားဆွဲနှင့် စိန်များကို ဒေါ်လာ ၃ ဒဿမ ၉ သန်းဖြင့် ရောင်းထွက်ခဲ့သည်။

ရည်ညွှန်း - AFP
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


ကိုးကန့်တပ်တွေ အခိုင်အမာ ခြေကုပ်ယူထားတဲ့ တောင်ကုန်း ၃ ကုန်းကို အစိုးရတပ်ဖွဲ့ တွေက သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သည်တချို့ သေဆုံးဒဏ်ရာရခဲ့တယ်လို့ စစ်တပ်ပိုင် မြ၀တီ သတင်းက ကြေညာပါတယ်။

တပ်မတော်စစ်ကြောင်းတွေဟာ မေလ ပထမပတ်က စတိုက်ခိုက်ခဲ့ပြီး လေကြောင်းပစ်ကူ၊ လက်နက်ကြီး ပစ်ကူတွေယူကာ လှံစွပ်ထိုး တိုက်ခိုက်ခဲ့တာကြောင့် မေလ ၁၁ ရက်မှာ မာလုရွှေကျေးရွာ အရှေ့ဘက် ပွိုင့်-၁၆၀၇ တောင်ကုန်းနဲ့ ပွိုင့်-၁၇၀၉ တောင်ကုန်းကိုရပြီး မေလ ၁၂ ရက်မှာ ပွိုင့်-၁၇၄၂ တောင်ကုန်းကို သိမ်းပိုက်ရရှိခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါတိုက်ပွဲတွေအတွင်း ကိုးကန့် အလောင်း ၇ လောင်း၊ အာပီဂျီ ၃ လက်၊  စက်လတ် ၂ လက်၊ အမ် (၂၂) သေနတ် ၆ လက်၊ ကေ (၁၂) သေနတ် ၁ လက် စုစုပေါင်း လက်နက်မျိုးစုံ ၁၂ လက်နဲ့ ကျည်မျိုးစုံသိမ်းဆည်းရမိပြီး တပ်မတော်က စစ်သည်အချို့ သေဆုံး ဒဏ်ရာရ တာရှိတယ်လို့  သတင်းမှာဖော်ပြပါတယ်။

ဒါပေမယ့် တပ်မတော်သားတွေ သေဆုံးဒဏ်ရာရသူ အရေအတွက် ဘယ်လောက်ရှိ တယ်ဆိုတာကိုတော့ သတင်းမှာ ဖော်ပြခြင်းမရှိပါဘူး၊။

ကိုးကန့် ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်းကတော့  ပြီးခဲ့တဲ့ရက်က တိုက်ပွဲမှာ ကိုးကန့်ဘက်က  လက်လွှတ်လိုက်ရတဲ့  စခန်းတွေမရှိဘူးလို့ ပြောပါတယ်။

“ကျနော်သိသလောက်ကတော့  အဲလို တိုက်ပွဲကြောင့်မလို့ ကျသွားတဲ့ ကုန်းကတော့ မရှိဘူးခင်ဗျ။ ဒါပေမယ့် ကျနော်တို့ မဟာဗျူဟာ အရ ပြောင်းရွှေ့ထားတာတော့  စခန်းသေးသေးလေး တခုရှိတယ် အဲဒါကိုညွန်းလားတော့ မသိဘူး ၃ ခုတော့ မဖြစ်နိုင်ပါဘူး”

လောက်ကိုင်မြို့နယ် နန်ထိန်မိန်တောင်ကုန်းတလျှောက်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းကစ တိုက်ပွဲ ဆက်တိုက်ဖြစ်ပွားရာမှာ ဒီနေ့လည်း နန်ထိန်မိန်တောင်ကုန်းမှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာရှိတယ်လို့ ကိုးကန့် ဘက်ကပြောပါတယ်။

ကိုးကန့်တပ်မှူး ရန်ဂွန်ဟွာကတော့ အစိုးရတပ်တွေက ကိုးကန့်တပ်တွေရှိရာ နန်ထိန်မိန် တောင်ကုန်းနေရာကို သိမ်းဖို့ကြိုးစာတာ မအောင်မြင်တဲ့အကြောင်းနဲ့ တနင်္လာနဲ့ အင်္ဂါ ၂ ရက် တိုက်ပွဲတွေမှာ နှစ်ဖက်ထိခိုက်သေဆုံးမှုတွေရှိခဲ့ပြီး  အနည်းဆုံး အစိုးရဘက်က ၁၀ ဦး သေဆုံးသွားတယ်လို့ ပြောပါတယ်။

ဦးဖုန်ကြားရှင်ခေါင်ဆောင်တဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်ဖွဲ့ အမ်အန်ဒီအေေ အ ကိုးကန့်တိမ်းရှောင်တပ်ဖွဲ့နဲ့  အစိုးရတပ်တွေအကြား ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၉ ရက်က စတင် ဖြစ်ပွားခဲ့ရာမှာ ၃ လကျော်ကြာရှိနေပြီ ဖြစ်ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no


 မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီး Hyon Yong-chol ဟာ ပစ်သတ်ခံရတယ်လို့ တောင်ကိုရီးယားရဲ့ ထောက်လှမ်းအဖွဲ့က ပါလီမန်ကို ပြောဆိုတယ် ဆိုပြီး သတင်းတွေမှာ ဖော်ပြပါတယ်။

မစ္စတာ Hyon ကို အရာရှိတွေ အမြောက်အများရဲ့ ရှေ့မှောက်မှာ လေယာဉ်ပစ် သေနတ်နဲ့ ဧပြီလ ၃၀ ရက်နေ့မှာ ပစ်သတ်ခဲ့တာဖြစ်တယ်လို့ တောင်ကိုရီးယားရဲ့ Yonhap သတင်းဌာနက ပြောပါတယ်။

မစ္စတာ Hyon ဟာ မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong-un အပေါ် သစ္စာဖောက်ဖျက်မှုနဲ့ စွပ်စွဲပြောဆိုခံရပြီး အခုလို ကွပ်မျက်ခံရတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယားက သတင်းတွေကို လွတ်လပ်တဲ့ သီးခြား အတည်ပြုမှု ရယူဖို့ မဖြစ်နိုင်ဘူးလို့လည်း ဆိုပါတယ်။

အခုလို ကွပ်မျက်မှုနဲ့ ပတ်သက်လို့ တောင်ကိုရီးယား အမျိုးသားထောက်လှမ်းရေးအေဂျင်စီကို ကိုးကားပြီး Yonhap သတင်းမှာ ဖော်ပြချက်အရ Kim Jong-un တက်ရောက်တဲ့ အစည်းအဝေးတခုအတွင်းမှာ မစ္စ Hyon ဟာ အိပ်ပျော်နေခဲ့ပြီး အမိန့်နာခံဖို့ ပျက်ကွက်ခဲ့တယ်လို့ ဆိုပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese

အပစ်ရပ်စဲရေး လိုက်နာနိုင်ရင် ကိုးကန့်ပါဝင်လို
 သမ္မတ ဦးသိန်းစိန်ရဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ရှမ်းပြည်ခရီးစဉ်မှာ မိုင်းလား နဲ့ ဝ တို့လို အထူးဒေသ အဖွဲ့တွေနဲ့ တွေ့ဆုံတုန်း ကိုးကန့်ဒေသ စစ်ပွဲတွေနဲ့ ပတ်သက်ပြီး တကယ်လို့ MNDAA လို့ ခေါ်တဲ့ ကိုးကန့်တပ် အနေနဲ့ အပစ်ရပ်မယ် ဆိုရင် ငြိမ်းချမ်းရေးအတွက် စဉ်းစားပေးနိုင်တယ်လို့ ပြောလာ ခဲ့ပါတယ်။

ဝတပ်ဖွဲ့ကလည်း ကြားဝင် ညှိနှိုင်းပေးမှုတွေ လုပ်ပေးမယ်လို့ ပြောခဲ့ပါတယ်။

ဒါပေမယ့် ခုချိန်ထိ အစိုးရ ရဲ့ တရားဝင် ကမ်းလှမ်းမှုမျိုး ကိုးကန့်တပ်က မရရှိသေးဘူးလို့ ကိုးကန့်တပ် ပြောခွင့်ရ ဦးထွန်းမြတ်လင်းက ပြောပါတယ်။

ငြိမ်းချမ်းရေး ကမ်းလှမ်းမှုအစား တိုက်ပွဲတွေ ပိုပြင်းထန် လာနေတယ်လို့လည်း သိရပါတယ်။

မနက် ၄ နာရီလောက်ထဲက လက်နက်ကြီးတွေ၊ ရဟတ်ယာဉ်တွေနဲ့ ကိုးကန့်ဘက်က အစိုးရက စစ်ဆင်လာတာတွေ တွေ့ရပြီး ကြည်းတပ်နဲ့ ထိုးစစ်လည်း ဆင်တယ်လို့ ဦးထွန်းမြတ်လင်းက ပြောပါတယ်။

ကိုးကန့် အနေနဲ့ ခံစစ် သဘောသာ ခုခံနိုင်တာမို့ အစိုးရဘက်က အပစ်ရပ်ပြီး ထိုးစစ်မဆင်မှ ငြိမ်းချမ်းရေး ဖြစ်ပေါ်လာနိုင်မယ်လို့ ဆိုပါတယ်။

NCCT တိုင်းရင်းသား လက်နက်ကိုင် ကိုယ်စားလှယ် အဖွဲ့တွေနဲ့ အစိုးရကြား အပစ်ရပ်စဲရေး စာချုပ်ကို ကိုးကန့်ဘက်က လိုက်နာ ဆောင်ရွက်နိုင်မယ် ဆိုရင် လက်မှတ်ထိုးချင်ပေမယ့် ခုထိ တရားဝင် အသိအမှတ်ပြု မခံရကြောင်း ကိုးကန့်ဘက်က ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese


 မေလ ၁၂ ရက် ၂၀၁၅

 သျှမ်းပြည်မြောက်ပိုင်း ကိုးကန့်ဒေသတွင်း ဖြစ်ပွားနေသော တိုက်ပွဲကြောင့် ထောင်ပေါင်းများစွာသော စစ်ဘေးရှောင် ဒုက္ခသည်များမှာ ယနေ့တိုင် လူ့အခွင့်အရေး ချိုးဖောက်ခံရဆဲ ဖြစ်ကြောင်း သိရပါသည်။

တရုတ်နယ်အတွင်းရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေသော ဒုက္ခသည် ၇၀၀ ကျော်အား လောက်ကိုင်ဒေသမှ စစ်ပြေးဒုက္ခသည်များ နေရပ်ပြန်ရန် ဧပြီလလယ်က အစိုးရတပ်မတော်ဘက်မှ ကြေငြာပြီးနောက်ပိုင်း အစိုးရစစ် တပ်ဘက်မှ လက်နက် ပစ်ခတ်မှုကြောင့် အဆိုပါ စခန်းအနီး လက်နက် ကြီးကျရောက်ခဲ့သဖြင့် ဒုက္ခသည်များ ယခုတိုင် နေရပ်မပြန်နိုင်သေးဘဲ တရုတ်ဘက်ခြမ်း ၌သာ တိမ်းရှောင်နေလျှက်ရှိ ကြောင်း သျှမ်းလူ့အခွင့်ရေးမဏ္ဍိုင် SHRF က ပြောသည်။

ထိုအကြောင်းနှင့်ပတ်သက်ပြီး မေလ ၁၁ ရက်နေ့က SHRF မှ ကြေညာချက် ထုတ်ပြန် ခဲ့ပါသည်။

၎င်းနှင့်ပတ်သက်၍ SHRF ပြောရေးဆိုခွင့်ရှိသူ စိုင်းဟော်ရှဲန်က - “ ပစ်ခတ်ေ န ကြတာက လက်နက်ကိုင် တပ်ဖွဲ့အချင်းချင်း။ လူ့အခွင့်ရေးချိုးဖောက်ခံရ မှုတွေနဲ့အတူ အခက်အခဲ ဒုက္ခတွေနဲ့ ရင်ဆိုင်နေရ တာက ပြည်သူတွေဖြစ်ေ နတယ်။ အဆိုးရွားဆုံးကတော့ မြန်မာအစိုးရ တပ်မတော်က နေရပ်ပြန် ခိုင်းလို့ နေရပ် ပြန်ကြတဲ့ ဒုက္ခသည်တွေ လမ်းမှာ သတ်ဖြတ်ခံရ တယ်။ ခေါင်းဖြတ် တယ်၊ အလောင်းဖျောက်ခံရ တာတွေ ရှိနေတယ်။ အခုဆို ဒုက္ခသည် တွေ နေရပ်ပြန်ဖို့ တုန်လှုပ်ပြီးကြောက်ရွံ့နေကြပါတယ်။ ” ဟု သျှမ်းသံတော်ဆင့်အား ပြောပြသည်။

ထို့ကြောင့် ကိုးကန့်စစ်ပြေးဒုက္ခသည်များ၏အခွင့် အရေးကို ကာ ကွယ် ပေးရန်အတွက် သံတမန်များ အဖွဲ့၊ နိုင်ငံတကာအပြည်ပြည် ဆိုင်ရာ ကြက် ခြေနီ အသင်း (ICRC) ၊ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာ မင်းကြီးရုံး(UNHCR)၊ ဒေသအတွင်းလူ့ အ ခွင့်အရေးကော်မရှင် မင်းကြီးရုံး (OHCHR) တို့ထံလည်း တောင်းဆိုထား ကြောင်း သျှမ်းလူ့အခွင့်ရေးမဏ္ဍိုင် SHRF က ကပြောသည်။

အစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်များအကြား တနိုင်ငံလုံးအပစ် ခတ်ရပ်စဲရေးသဘောတူ စာချုပ်မူကြမ်း လက်မှတ်ရေးထိုးထားသော်လည်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင် တွင် ယခုနှစ် ဆန်း ဖေေ ဖာ် ဝါရီလ ၉ ရက်နေ့မှပြီး ယနေ့တိုင် မြန်မာအစိုးရ၏ တပ်မတော်က စစ်ကားနှင့် စစ်အင်အားများ နေ့စဉ်မပြတ် ဖြည့်စွက်နေကြောင်း သျှမ်းပြည်မြောက်ပိုင်း ဒေသခံများကပြောသည်။

ယခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့ကစ၍ ကိုးကန့်ဒေသ ကုန်းကြမ်း ခရိုင် လောက်ကိုင်မြို့အတွင်း မြန်မာတိုင်း ရင်းသားများ ဒီမိုကရက်တစ် မဟာမိတ် တပ်ပေါင်းစု MNDAA နှင့် အစိုးရတပ်မတော်တို့ တိုက်ပွဲဖြစ် ပွါးခဲ့ရာ( သူပုန်အဖွဲ့၊ သူပုန်အမာခံ) ဟု ထင်ယောင်ထင်မှား သံသယရှိ ခံရသော ဒေသခံလူထု အမြောက်အများ ပစ်သတ်ခံရသည်။ ထို့အပြင် ကိုးကန့်ဒေသခံလူထု ၄ သောင်းထက်မနည်း တရုတ်နယ်စပ် ဒုက္ခသည် စခန်းသို့ တိမ်းရှောင်ကြရပြီး အောက်ပြည်အောက်ရွာမှ ကိုးကန့်ဒေသအတွင်း အလုပ်လာလုပ်ကြသူများ လားရှိုးဘက်သို့ တိမ်းရှောင်ခဲ့ကြပါသည်။

သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင် SHRF ကို ၁၉၉၀ ဒီဇင်ဘာ ၆ ရက်နေ့၌ (ပင်လုံကတိပါဝင် လက်မှတ်ရေးထိုးခဲ့သူ ခွန်ကြာပု၏သား) ခွန်ကြာဦးက စတင်တည်ထောင်ခဲ့သည်။ ၁၉၉၀ မှစ၍ အင်္ဂလိပ်ဘာသာဖြင့် လစဉ် အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။ သျှမ်းပြည်တွင်း အဓမ္မရွှေ့ပြောင်းခံရမှုနှင့် သတ်ဖြတ်မှု အကြောင်း ရေးသားထားသော “Dispossessed” နှင့် သျှမ်းအမျိုး သမီးရေးရာ ဆက်သွယ်လှုပ်ရှား ဆောင်ရွက်ရေးအသင်းနှင့် ပူးပေါင်းထုတ်ဝေသည့် စစ်ပဋိပက္ခအတွင်း သျှမ်းပြည် အမျိုးသမီးများ အဓမ္မပြုကျင့်ခံရသည့်အကြောင်း ရေးသားထားသော “License to Rape” စာအုပ်တို့မှာ လူသိများလှသည်။

သျှမ်းသံတော်ဆင့် ( ဖွေးနွမ်)
https://www.facebook.com/Panglong.burmese


မြန်မာနိုင်ငံ တောင်ဘက်ခြမ်း ထားဝယ်မှာ အထူးစီးပွားရေးဇုန် ပူးတွဲတည်ထောင်ဖို့ အတွက် ဂျပန်၊ ထိုင်းနဲ့ မြန်မာနိုင်ငံတို့ဟာ လာမယ့် ဇူလိုင်လထဲမှာ သဘောတူညီမှု စာချွန်လွှာ လက်မှတ်ရေးထိုး ကြလိမ့်မယ်လို့ မျှော်လင့် ထားတယ်လို့ သိရကြောင်း The Japan News Online သတင်းစဉ်မှာ ဒီကနေ့ ဖော်ပြထားပါတယ်။

ထိုင်းကြားဖြတ်အစိုးရ ၀န်ကြီးချုပ် Prayuth Chan-ocha နဲ့ ဂျပန်ဝန်ကြီးချုပ် Shinzo Abe ရဲ့ အကြံပေးအရာရှိ Hirito Izumi တို့ တနင်္လာနေ့ ဘန်ကောက်မြို့မှာ တွေ့ဆုံခဲ့ကြရာမှာ ဂျပန်အစိုးရအနေနဲ့ ဒီသဘောတူ လက်မှတ်ရေးထိုးပွဲကို ဇူလိုင်လမှာ ပြုလုပ်နိုင်လိမ့်မယ်လို့ မျှော်လင့် ထားကြောင်း ပြောခဲ့တယ်လို့ ထိုင်းအစိုးရ ထိပ်တန်းတာဝန်ရှိသူတွေ က ပြောဆိုပါတယ်။

Mr. Izumi ဟာ ထိုင်းဒုတိယ၀န်ကြီးချုပ် Pridiyathorn Devakula နဲ့ သီးသန့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ပြီး၊ ဂျပန်နိုင်ငံဟာ ထားဝယ် အထူးစီးပွားရေးဇုံ စီမံကိန်းအတွက် ထိုင်းနဲ့ မြန်မာအစိုးရတို့ကြား အထူးရည်ရွယ် ပူးတွဲ တည်ထောင်ထားတဲ့ ကုမ္ပဏီမှာ ပူးပေါင်းပါဝင်မှာ ဖြစ်တယ်လို့ အတည်ပြု ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


 နီပေါနိုင်ငံအတွင်း မေ ၁၂ ရက်နေ့က ပြင်းအား ၇.၅ နဲ့ ၆.၂ ရှိတဲ့ အင်အားပြင်းငလျင်ကြီး ၂ ခု လှုပ်ခတ်ခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၂ ပတ်က အင်အား ရစ်ချတ်တာစကေးလ် ၈.၁ ရှိတဲ့ ငလျင်လှုပ်အပြီး ရှင်သန် ကျန်ရစ်သူ တွေဟာ ယာယီ တဲတွေထဲမှာပဲ ရှိနေဆဲပါ။

မေ ၁၂ ရက်နေ့က ထပ်လှုပ်တဲ့ ငလျင်ကြောင့် အဲဒီနေ့ ညပိုင်းအထိ သေဆုံးသူ အရေအတွက် အယောက် ၅၀ ကျော်တယ်လို့ အတည်ပြုထားပြီး လူအယောက် ၁၀၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

ငလျင်ကြောင့် နိုင်ငံမြောက်ပိုင်း ဒွန်ချေးပြည်နယ်မှာတော့ မြေပြိုခဲ့တာပါ။ ငလျင်ဟာ ဧဝရတ်တောင်နဲ့ တိဘက်နယ်စပ်တို့နဲ့ နီးတဲ့ နမ်ချီဘဇားမြို့အနောက်ဖက် ၄၂ မိုင်အကွာကို ဗဟိုပြုလှုပ်ခဲ့တာ ဖြစ်လို့ အိန္ဒိယမြောက်ပိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အထိ ငလျင်ကို ခံစားမိခဲ့ကြပါတယ်။

ငလျင်ကြောင့် နီပေါနိုင်ငံနဲ့ နယ်ချင်းကပ်နေတဲ့ အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်မှာ လူလေးယောက်နဲ့ ဥတ္တာပရာဒေ့ရှ်ပြည်နယ်မှာ လူတယောက် သေဆုံးတယ်လို့ အိန္ဒိယအရာရှိတွေက ပြောပါတယ်။

နီပေါနိုင်ငံ မြို့တော် ခတ္တမန္ဒူမှာ လူတွေ သွေးပျက်နေပြီး အခန်းပြင်ကို ပြေးထွက်လာကြတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

ငလျင်အပြီး မြေပြင်တုန်ခါမှု အနည်းဆုံး ဒါဇင်ဝက်လောက် လှုပ်ခတ်ခဲ့ပြီး တကြိမ်မှာတော့ ပြင်းအား ၆.၃ ထိ ရှိခဲ့ပါတယ်။

အရင်လက ငလျင်ကြောင့် သေဆုံးသူ အနည်းဆုံး ၈၀၄၆ ယောက်ရှိပြီး လူအယောက် ၁၇၈၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

 By ဒီဗွီဘီ
http://burmese.dvb.no