05/15/15

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေကြမ်းတစ်ရပ် ကို ပြည်ထဲရေးဝန်ကြီးဌာနက အမြန်ဆုံးရေးဆွဲပြီး လွှတ်တော်ကိုတင်ဖို့ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက ဒီကနေ့ပြည်သူ့လွှတ်တော်မှာ အဆိုတင်လိုက်ပြီး ကန့်ကွက်မယ့်သူမရှိတဲ့အတွက် အတည်ပြုလိုက်ပါတယ်။

လွှတ်တော်ဥက္ကဌအနေနဲ့ ဒါဟာဒုတိယအကြိမ် အဆိုတင်တာဖြစ်ပြီး၊ ပထမအကြိမ်အဆိုကိုတော့ နိုင်ငံ ၀န်ထမ်းတွေလစာတိုးဖို့ ၂၀၁၂ ခုနှစ်က တင်ခဲ့တာပါ။ အခုတကြိမ်ဟာ ဇေယျာသီရိမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေနဲ့ တင်သွင်းတာလို့ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက ပြောပါတယ်။

"ကျနော်တင်ပြလိုတဲ့ အဆိုပြုချက်ကတော့ ၁၉၅၉ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ကာကွယ်စောင့်ရှောက်ရေး အက်ဥပဒေကို ရုပ်သိမ်းနိုင်ရန် ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂ဝဝ၈ ကို ကာကွယ်စောင့်ရှောက်သည့် ဥပဒေကို လွှတ်တော်သို့ သက်ဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုအစိုးရအား အမြန်ဆုံးတင်သွင်းရန် တိုက်တွန်းကြောင်း အဆိုဖြစ်ပါတယ်"

၁၉၅၉ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ကာကွယ်စောင့်ရှောက်ရေးအက်ဥပဒေကို ရုပ်သိမ်းပေးဖို့ သင်္ဃန်းကျွန်းမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ဒီကနေ့တင်သွင်းခဲ့ပြီး သူရဦးရွှေမန်းက အဆိုတင်ခဲ့တာဖြစ်ပါတယ်။

ပြည်ထောင်စုဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦးက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ကာကွယ်စောင့်ရှောက်ရေး ဥပေဒကြမ်းကို ပြည်ထဲရေးဝန်ကြီးဌာနက ရေးဆွဲနေပြီး လွှတ်တော်ကို တင်သွင်းရင် လက်ရှိဥပဒေကို ရုပ်သိမ်းပေးမယ်လို့ ပြောကြားခဲ့ပါတယ်။

လွှတ်တော်အမတ်တချို့ကတော့ ပြည်ထဲရေးဝန်ကြီးဌာနက ရေးဆွဲမယ့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရေး ဥပဒေကြမ်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဖို့ ခက်ခဲစေမယ့်အချက်တွေပါလာရင် ကန့်ကွက်သွားမယ်လို့ ပြောပါတယ်။

RFA
http://www.rfa.org/burmese/news/ushwemann-proposed-2008-constitution-protection-law-05142015112248.html


မြန်မာအစိုးရဘက်က ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကို လက်မခံတာကြောင့် အခု မလေးရှားနဲ့ အင်ဒိုနီးရှား နိုင်ငံတို့ဆီကို ရောက်ရှိလာတဲ့ လှေစီးပြေး ဒုက္ခသည်တွေ ကို မြန်မာနိုင်ငံတွင်းက ထွက်ပြေးလာကြသူတွေကို ရိုဟင်ဂျာတွေလို့ သုံးနှုန်း ရင် ဆွေးနွေးလို့ ဖြစ်နိုင်မှာ မဟုတ်ဘူးလို့ မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာန က ပြောဆို လိုက်ပါတယ်။ အခုအချိန်ထိလည်း မလေးရှားနိုင်ငံဆီကို ဦးတည် သွားနေကြတဲ့ လှေစီးပြေ ဒုက္ခသည်တွေ အရေးလည်း တရားဝင် သံတမန်ရေး အရ ဆွေးနွေးမှုတွေ မရှိသေးသလို မလေးရှား၊ အင်ဒိုနီးရှား နိုင်ငံတို့ဘက် ကလည်း မြန်မာ သံရုံးတွေဆီကို တရားဝင် အကြောင်းကြားထားတာ မရှိသေးတဲ့ အကြောင်းလည်း မြန်မာနိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောပါတယ်။ မသိင်္ဂီထိုက်က ဆက်သွယ် စုံစမ်းထားပါတယ်။

မြန်မာနဲ့ ဘင်္ဂလားဒေရှ့် နိုင်ငံတို့ကနေ မလေးရှားနိုင်ငံဆီကို ဦးတည်ပြီး ပင်လယ်ပြင် ကို လှေတွေနဲ့ ဖြတ်ကျော် လာရောက်ကြတဲ့ လှေစီးပြေး ဒုက္ခသည်တွေ ထဲမှာ မြန်မာနိုင်ငံသားတွေ ပါရှိတယ်လို့ သက်ဆိုင်ရာ အစိုးရတွေက တရားဝင် အကြောင်းကြားလာခဲ့ရင် မြန်မာ အစိုးရဘက်က မြန်မာနိုင်ငံသားတွေ ဟုတ်မဟုတ် ဆိုတာကို စစ်ဆေးပေးဖို့ တာဝန်ရှိတယ်လို့ မြန်မာ နိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောပါတယ်။

ဒါပေမယ့် ဒီရက်ပိုင်းအတွင်း မလေးရှားနဲ့ အင်ဒိုနီးရှား ကမ်းလွန်ပင်လယ်ပြင်ကနေ ကယ်ဆယ်လိုက်ရတဲ့ လှေစီးပြေး ဒုက္ခသည်တွေကို မြန်မာနိုင်ငံတွင်းက ထွက်ပြေး လာတဲ့ ရိုဟင်ဂျာတွေလို့ သုံးနှုန်းရင်တော့ မြန်မာ နိုင်ငံခြားရေး ၀န်ကြီးဌာနဘက်က စိစစ်ဆောင်ရွက်ဖို့ မရှိနိုင်ဘူးလို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်ကျော်က ပြောပါတယ်။

"ကျနော်တို့ တရားဝင်တော့ ဆွေးနွေးဖို့ တရားဝင် ညှိနှိုင်းဖို့ ဆိုတဲ့ဟာမျိုးကိုတော့ စာနဲ့ပေနဲ့ မရှိဘူး။ သို့သော်လည်း လာတွေ့တဲ့အခါ ဆွေးနွေးတာ ပြောချင်တယ် ဆိုတဲ့ အရိပ်အယောင်ပြ တာလေးတွေရှိတယ်။ ကျနော်တို့အနေနဲ့ကတော့ ဒါ ရိုဟင်ဂျာ ဆိုလို့ရှိရင်တော့ ဆွေးနွေးလို့ ဘာမှ အကျိုးမရှိနိုင်ဘူးလေ။ ကျနော်တို့ နိုင်ငံကလည်း ဒါကို ပြည်သူလူထုရော အစိုးရရောက လက်မခံတဲ့ ဟာဖြစ်နေတဲ့အတွက် ဒါကို ဆွေးနွေးလို့ရှိရင် ဘာမှ အဓိပ္ပါယ်မရှိဘူး။

ကျနော်တို့ အနေနဲ့ကတော့ ဒါ မြန်မာနိုင်ငံသား ဟုတ် မဟုတ်ဆိုတာကိုတော့ ကျနော်တို့က ဒါက လိုအပ်လို့ရှိရင် စိစစ်ပေးပါတယ်။ စစ်ပေးတယ်။ မြန်မာနိုင်ငံသား မှန်ရင်တော့ ကိုယ့်နိုင်ငံမှာ Residence ပေါ့လေ။ သူတို့ပြနိုင်တယ်ဆိုရင်တော့ ကျနော်တို့က အချိန်မရွေး သူတို့ကို ပြန်ပြီးတော့ လက်ခံပေးဖို့ ရှိပါတယ်။

ရိုဟင်ဂျာ ဆိုရင်တော့ ကျနော်တို့က ဆွေးကို မဆွေးနွေးတဲ့ အခြေအနေမျိုးမှာ ရှိတယ်။ ဒီကိစ္စက ဘယ်လိုခေါ်မလဲ ရိုဟင်ဂျာနဲ့ -ရိုဟင်ဂျာလို့ပြော ရင် နိုင်ငံသားဖြစ်မှုေ ဆွးနွေးဖို့တောင် ပိုပြီးတော့ ဝေးသွားတာပေါ့နော်။"

ဒီရက်ပိုင်းအတွင်းမှာဘဲ မလေးရှားနိုင်ငံဘက်ဆီကို ဦးတည်ထွက်လာတဲ့ လှေစီးပြေး ဒုက္ခသည် ၂ ထောင်တို့ကို အင်ဒိုနီးရှားနဲ့ မလေးရှား နိုင်ငံတို့က ကယ်ဆယ် ထားရတာ ဖြစ်ပါတယ်။ သူတို့ဟာ မြန်မာနိုင်ငံက ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာတွေ ဖြစ် တယ်ဆိုတာနဲ့ ဒီလို ထွက်ပြေးလာသူတွေထဲမှာ ဘင်္ဂလားဒေရှ့်နိုင်ငံ ကလည်း ပါဝင်တယ်လို့ နိုင်ငံတကာ သတင်းတွေက ဖော်ပြနေကြတာပါ။

ဒါပေမယ့် ဒီလှေစီးပြေး ဒုက္ခသည်တွေ အရေးနဲ့ ပတ်သက်ပြီး အင်ဒိုနီးရှား နိုင်ငံ ဘက်ကရော မလေးရှားနိုင်ငံဘက်ကပါ သက်ဆိုင်ရာ မြန်မာ သံရုံးတွေကို အကြောင်းကြားတာ မရှိသေးတဲ့ အကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးသန့်ကျော် ကပြောပါတယ်။

အစိုးရချင်း သံတမန် နည်းလမ်းအရ တရားဝင် ပြောဆိုမှုတွေ မရှိပေမယ့်လည်း ကြာသပတေးနေ့မှာဘဲ မလေးရှား ပြည်ထဲရေး ဒုတိယ ၀န်ကြီးက ပြင်သစ် သတင်းအေဂျင်စီ AFP ကို ပြောဆိုတာမှာတော့ အခု လှေစီး ထွက်ပြေး လာကြသူတွေဟာ မြန်မာပြည်တွင်းမှာ ဖိနှိပ်ခံရတာကြောင့် ဌာနေပြန်ဖို့ အခက်အခဲ ရှိတယ်။ ဒါကြောင့် မြန်မာ အစိုးရအနေနဲ့ ပြည်သူတွေကို လူလိုသူလို ဆက်ဆံ အုပ်ချုပ်ဖို့ လိုအပ်တယ်ဆိုတာကို ကျနော်တို့ ပြင်းပြင်းထန်ထန် ပြောဆိုဖို့ လိုအပ်နေပြီ ဆိုပြီး မလေးရှား ပြည်ထဲရေး ဒုတိယ ၀န်ကြီး Wan Junaidi က ပြောဆိုခဲ့တဲ့ အကြောင်း သတင်းမီဒီယာတွေက AFP သတင်းဌာနကို ကိုးကား ဖော်ပြခဲ့ကြပါတယ်။

မီဒီယာတွေမှာ ဖော်ပြကြတဲ့ ရိုဟင်ဂျာအရေး မြန်မာ အစိုးရ အပေါ်ဝေဖန်မှုတွေနဲ့ ပတ်သက်လို့တော့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးသန့်ကျော်က အခုလို ပြောပါတယ်။

" ကျနော်တို့ မနေ့တနေ့ကပဲ အာဆီယံ အစည်းအဝေး Summit လုပ်သွားတာပဲလေ။ အာဆီယံ အစည်းအဝေးမှာ လည်း ကျနော်တို့ ဒီဟာနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးလို့ရတဲ့ နေရာပဲလေ။ အဲ့ဒီ့မှာတောင်မှ ဘာမှ မဆွေးနွေးခဲ့ဘူး။ သို့သော်လည်း မီဒီယာပေါ့နော်။ သူတို့လည်း အလျင်းသင့်ရင် သင့်သလို မေးတဲ့မေးခွန်းပေါ်မှာ မူတည်ပြီးတော့ သူတို့လည်း ဖြေသွား တာလေးတွေ ရှိတာပေါ့လေ။ အဲ့ဒီ့တော့ ကျနော်တို့ကလည်း မီဒီယာပေါ်မှာ ပြောတဲ့ ဥစ္စာတွေကိုတော့ သိပ်ပြီးတော့ ကျနော်တို့အနေနဲ့ အထကောက်ဖို့တော့ ခက်တာပေါ့။ "

မြန်မာအစိုးရဘက် ကလည်း ရိုဟင်ဂျာကို တိုင်းရင်းသား အဖြစ် လက်မခံပါဘူး။ ရိုဟင်ဂျာလို့ ပြောဆိုနေကြသူတွေဟာ ဘင်္ဂလားဒေရှ့် နိုင်ငံဘက်က ပြောင်းရွှေ့ ၀င်ရောက် လာကြတဲ့ ဘင်္ဂါလီတွေသာ ဖြစ်တယ်လို့ ပြောဆိုထားတာပါ။ ဘင်္ဂလားဒေရှ့် နိုင်ငံဘက်ကလည်း ဒါကို လက်မခံတာကြောင့် ရိုဟင်ဂျာတို့ဟာ နိုင်ငံမဲ့ ဖြစ်နေကြတာ ဖြစ်ပါတယ်။

ဖိနှိပ်ခံရမှု အလုပ်အကိုင် ရှားပါးမှုတွေကြောင့် မလေးရှားနိုင်ငံဆီကို ဦးတည် ထွက်ပြေးလာကြတဲ့ လှေစီးပြေး ရိုဟင်ဂျာ အရေအတွက်ဟာလည်း ဒီနှစ် ပထမ ၃ လ အတွင်းမှာ ခန့်မှန်းခြေ ၂ သောင်းခွဲ နီးပါး ရှိနေပြီး ဒီအရေအတွက်က ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် ပြီးခဲ့တဲ့ ၃ လ အတွင်း ထွက်ပြေးကြတဲ့ အရေအတွက်ရဲ့ ၂ ဆ ဖြစ်လာတာလို့ လည်း ကုလသမဂ္ဂ ဒုက္ခသည်များ မဟာမင်းကြီးရုံး က ပြောဆို ထားပါတယ်။ လှေစီးပြေး ဒုက္ခသည်တွေကို ပြန်ပြီး မောင်းမထုတ်ကြဖို့ အကူအညီပေးကြဖို့ကိုလည်း ကုလ သမဂ္ဂ ဒုက္ခသည်များ မဟာမင်းကြီးရုံး UNHCR က တိုက်တွန်းထားပါတယ်။

VOA
http://burmese.voanews.com/content/rohingya-in-indonesia-and-malaysia/2767488.html

လာမယ့်၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ မဲသမာမှုတွေကို ကာကွယ်တားဆီးဖို့အတွက် လေဆာတံဆိပ်တုံးတွေ ရိုက်နှိပ်ပြီး မဲပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ လူမှုအဖွဲ့အစည်းတွေအကြား ပူးပေါင်းဆောင်ရွက်ရေးအတွက် ရန်ကုန်မြို့ မီကာဆာဟိုတယ်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြရာမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သရုပ်ပြဆွေးနွေးခဲ့ကြတယ်လို့ ဒီနေ့ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ တောင်ကြီးမြို့ ကိုယ်စားပြုမဲစာရင်း စောင့်ကြည့်လေ့လာရေးအဖွဲ့မှာဆောင်ရွက်နေတဲ့ ကိုရဲအောင်က ပြောပါတယ်။

"ဒီနှစ်ထူးခြားချက်က လေဆာတံဆိပ်တုံးတွေ၊ အရင်တုန်းကလို ခြစ်ရတာမဟုတ်ဘူး ထုရတာ၊ ပြန်ထွက်သွားပြီးရင် ဒီလူကနောက်တခါ မဲရုံထဲကိုလာပြီးတော့လုပ်လို့မရအောင် လက်သန်းမှာ လက်သည်းနီလေး ဆိုးပေးလိုက်တယ် အပြာရောင်လေး ရွေးကောက်ပွဲနေ့က တစ်ရက်ပဲဖြစ်တဲ့အတွက် ဒါကိုဖျက်ပြီးတော့ ပြန်လာပြီးတော့ နောက်တစ်ကြိမ်မဲပေးလို့ မရအောင်လို့ပေါ့နော်၊ "

မဲပေးရေးအတွက် အသိပညာပေးဆောင်ရွက်ရာမှာ လူမှုအဖွဲ့အစည်းတွေအနေနဲ့ အစိုးရနဲ့ယုံကြည်စွာ ပူးပေါင်းဆောင်ရွက်ကြဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ပြောပါတယ်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ ကြိုတင်မဲနဲ့ ပယ်မဲတွေကို အထူးဂရုပြုဆောင်ရွက်ကြဖို့ တက်ရောက်လာတဲ့ လူမှုအဖွဲ့အစည်းတွေက ဆွေးနွေးခဲ့ကြပါတယ်။

ရွေးကောက်ပွဲကျင်းပချိန် ၅ လခန့်သာ ကျန်တော့တဲ့အတွက် လူမှုအဖွဲ့အစည်းတွေအနေနဲ့ မဲပေးရေးအသိပညာပေးရေးကို အမြန်ဆုံးလုပ်ဆောင်ဖို့ လိုအပ်နေပြီမို့ ရွေးကောက်ပွဲကော်မရှင်က ပြဌာန်းမယ့် မဲပေးရေးလမ်းညွှန်စာအုပ်ကို အမြန်ဆုံးထုတ်ဝေဖို့ လိုအပ်တယ်လို့ ဒီကနေ့ တက်ရောက်လာသူတွေက ဆွေးနွေးကြပါတယ်။

ဒီကနေ့ ဆွေးနွေးပွဲကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ မဲစာရင်း စောင့်ကြည့်လေ့လာရေးဆောင်ရွက်နေတဲ့ လူမှုအဖွဲ့အစည်း ၂၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။

RFA
http://www.rfa.org/burmese/news/laser-stamp-use-for-coming-elections-05142015114038.html

 လွှတ်တော်အစည်းအဝေး တက်ရောက်နေတဲ့ တပ်မတော် သား လွှတ်တော်ကိုယ်စားလှယ်တချို့ကို တွေ့ရစဉ် AFP

 ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတဲ့ အတွက် စစ်အုပ်ချုပ်ရေး အရေးပေါ် အခြေအနေကို ရက်ပေါင်း ၉၀ ( ၃လ) ထပ်တိုးပေးဖို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က ပြည်ထောင်စုလွှတ်တော်ထံ ဒီကနေ့ သ၀ဏ်လွှာပေးပို့လိုက်ပါတယ်။

ကိုးကန့်ဒေသမှာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၁၇ ရက်က ရက်ပေါင်း ၉၀ အရေးပေါ်အခြေအနေ ကြေညာခဲ့ တာဖြစ်ပြီး ဒီလ ၁၇ ရက်နေ့ သက်တမ်းကုန်ဆုံး မှာ ဖြစ်ပါတယ်။

သမ္မတကိုယ်စား ကာကွယ်ရေးဝန်ကြီးဌာန၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်က ပြည်ထောင်စု လွှတ်တော်မှာ အခုလို အဆိုတင်သွင်းခဲ့တာဖြစ်ပါတယ်။

"ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း အရေးပေါ်အခြေအနေ ကြေညာထုတ်ပြန်ထားသည့် ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်အားထပ်မံပြီး ရက်ပေါင်း ၉ဝ အထိ ဆက်လက်ပြီး အတည်ဖြစ်စေနိုင်ရေး အတွက် အထက်ပါပြဌာန်းချက်နဲ့အညီ ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးနိုင်ပါရန် နိုင်ငံတော်သမ္မတ၏ ကိုယ်စား လေးစားစွာဖြင့် အဆိုတင်သွင်းအပ်ပါကြောင်း တင်ပြအပ်ပါတယ်"

ဒါ့အပြင် ကိုးကန့်ဒေသမှာ တည်ငြိမ်မှုတွေ ပြန်လည်ရရှိဖို့ဆိုတာကလည်း တစ်ဖက်လက်နက်ကိုင် အဖွဲ့အစည်းပေါ်မှာလည်း မူတည်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်က ပြောပါတယ်။

"စစ်ရေးစစ်ရာဆိုတော့ ပြောရတော့ခက်တယ် လုပ်တယ်ဆိုတာ ကိုယ်ကတစ်ယောက်တည်း လုပ်တာမှမဟုတ်တာ၊ ဟိုဖက်က ရန်သူနဲ့လုပ်နေရတာကိုး၊ အဲ့တော့ ရန်သူရဲ့ အနေအထားပေါ်မှာလည်း မူတည်တဲ့အတွက် ဒီဟာတွေအပေါ်မှာတော့ ကိုယ်တို့က လောလောဆယ်မှာတော့ အဖြေကတော့ ဒီအချိန်မှာတော့ မပြီးသေးဘူး၊ လာမယ့် မေ ၁၇ ရက်နေ့ ရက်ပေါင်း ၉ဝ ပြည့်တဲ့အထိလည်း မပြီးသေးဘူး၊ ဒါကြောင့် နောက်ထပ်တိုးဖို့ လိုတယ်ဆိုတဲ့သဘောနဲ့ လုပ်တဲ့သဘောပါပဲ၊ ဒါပေမဲ့ ကိုယ်တို့က အဆိုတင်တာပဲရှိတယ်၊ လွှတ်တော်က ဘယ်လိုဖြတ်မယ်ဆိုတာတော့ နက်ဖြန်ကျမှသိရတာပေါ့၊ ဒါရန်သူနဲ့ ကိုယ်နဲ့ နှစ်ယောက်ရှိတဲ့နေရာမှာ ကိုယ်တစ်ယောက်တည်းနဲ့ လုပ်လည်းမရဘူး၊ ရန်သူအပေါ်မှာလည်း မူတည်တာပေါ့"

ဒီနေ့လွှတ်တော်မှာတင်သွင်းခဲ့တဲ့ ရက်ပေါင်း ၉၀ တိုးသင့်၊ မတိုးသင့်ကိစ္စကို မနက်ဖြန်ကျင်းပမယ့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ်တွေက ဆွေးနွေးပြီး အတည်ပြုဆုံးဖြတ်ပေးရမှာ ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese




 ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် နောင်လောင်းရွာက  အသက် ၁၆ နှစ်ရွယ်  စိုင်းလိုင်းပန်ကို နယ်မြေအခြေစိုက် အစိုးရတပ်က ပစ်ခတ်ခဲ့တာကြောင့် သေနတ်ဒဏ်ရာတွေနဲ့ ဆေးရုံမှာ ဆေးကုမှုခံယူနေရတယ်လို့  မိသားစုဝင်တွေက ဒီဗွီဘီကို ပြောပါတယ်။

မေလ ၁၂ ရက်နေ့ညက ကောင်းဝန်းရွာကို အလည်သွားရင်းလမ်းမှာ စစ်တပ်က ပစ်ခတ်ခဲ့တာလို့ မိခင်ဖြစ်သူ ဒေါ်နန်းအမ်က ပြောပါတယ်။

“အဲဒီညက ၁၀ နာရီကျော်ပေါ့။ သားက ဆိုင်ကယ်စီးပြီး အိမ်ပြန်လာတယ်။ အဖေ၊ အမေ ကျနော့်ကို စစ်တပ်က သေနတ်နဲ့လိုက်ပစ်တယ်တဲ့ ငိုပြီးပြောတယ်။ ဓာတ်မီးနဲ့ ထိုးပြီး နောက်က ပစ်တယ်တဲ့။ ကျမတို့ကြည့်တော့ တကိုယ်လုံးသွေးတွေနဲ့ အဲဒါရွာမှာရှိတဲ့ ဆေးခန်းက ဆေးမှူးကို အရင်သွားခေါ်တယ်။ ဆေးမှူးကကြည့်ပြီး မူဆယ်ဆေးရုံပို့ခိုင်းလို့ အခုမူ ဆယ်ဆေးရုံမှာ။”

သားဖြစ်သူဟာ နောက်စေ့၊ ဘယ်ဘက်လက်၊ ညာဘက်လက်၊ ပေါင်နဲ့ ညို့သကျည်းတွေမှာ ဒဏ်ရာရခဲ့ပြီး အသားထဲနစ်ဝင်နေတဲ့  ကျည်အပိုင်းအစတွေကို ဆေးရုံက ခွဲထုတ်ပေးခဲ့ကာ အသက်အန္တရာယ်မစိုးရိမ်ရဘူးလို့ သူက ဆက်ပြောပါတယ်။

ဖခင်ဖြစ်သူ ခိင်းမောက်ခမ်းကလည်း ပစ်ခတ်သူတွေကို စစ်ဆေးအရေးယူ ပေးစေချင်ပေမယ့် သားဖြစ်သူ ကျန်းမာရေးအရေးကြီးနေချိန်ဖြစ်လို့  ဘယ်ကိုမှ တရားဝင်အမှုဖွင့်တိုင်တန်းထားတာ မရှိသေးဘူးလို့ ပြောပါတယ်။

“အမှန်က သူတို့မေးစရာရှိရင် အေးအေးဆေးဆေးခေါ်မေးလို့ရပါတယ်။ ကျနော်တို့အိမ်လည်း အဲဒီနေရာနဲ့ မဝေးဘူး။ အခုလိုပစ်တာတော့ မကောင်းဘူးပေါ့။ မနေ့ညက မူဆယ်ရဲစခန်းကလည်း လာကြည့်သွားတယ်။ ဒီနေ့လည်း စစ်တပ်က ဗိုလ်ကြီး ၂ ယောက်၊ ၃ ယောက် လာကြည့်သွားတယ်။ သတင်းမေးတယ်။ ကျနော်က ပစ်တဲ့လူသိလားလို့မေးတော့ သူတို့လည်း မသိဘူးတဲ့၊ တခြားလည်း ဘာမှမပြောဘူး။”

လူနာကို သွားကြည့်ခဲ့တဲ့ ဒေသခံ စိုင်းဟင်လိတ်ကလည်း စိုင်းလိုင်းပန်က ဆိုင်ကယ်စီးလာတာ စစ်တပ်က ဓာတ်မီးနဲ့ထိုးပြီး ရပ်ခိုင်းကြောင်း၊ သူက မရပ်ဘဲ ဆက်မောင်းတော့ အပစ်ခံရတာလို့ ပြောပါတယ်။

အဲဒီနားတ၀ိုက်မှာ တပ်မ ၈၈ လက်အောက်ခံ အစိုးရတပ်က လှုပ်ရှားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီပစ်ခတ်မှုနဲ့ ပတ်သက်ပြီး  မူဆယ်မြို့မရဲစခန်းကို ဒီဗွီဘီက မေးမြန်းခဲ့ပေမယ့် အကျိုး အကြောင်း ပြန်လည်ဖြေကြားခြင်းမရှိသလို စစ်တပ်ဘက်ကိုလည်း ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိပါဘူး။

 By နန်းမြနဒီ (ဒီဗွီဘီ)
http://burmese.dvb.no

ရွှေပြည်သာစက်မှုဇုန် အပိုင်း ၄ ဆိပ်ကမ်းသာလမ်းရှိ ကျောက်သယ် လုပ်သားများနေထိုင်သည့် ကျူးကျော်အိမ်များအား Back Hole ယာဉ်ဖြင့် အင်အားသုံးဖယ်ရှားသဖြင့် အိမ်ထောင် စု ၅၀ ကျော် နေရာထိုင်ခင်း အခက် အခဲဖြစ်နေကြောင်း အဆိုပါနေရာမှ ကျောက်လုပ်သားများပြောပြချက်အ ရ သိရသည်။ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး အင်းစိန်မြိုနယ် ရွှေပြည်သာစက်မှုဇုန် အပိုင်း ၄ ဆိပ်ကမ်းသာလမ်းရှိ လှိုင်မြစ်အတွင်းမှ ကျောက်များ သယ်သည့် လုပ်သားများနေထိုင်ရာ ကျူးကျော်တဲအိမ်များအား မေ ၁၄ ရက် နံနက် ၅ နာရီကျော်ခန့်မှ ရဲကားများ၊ အိမ်ဖြိုလုပ်သားများ စသည့်တို့မှ အင်အားသုံး ၀ိုင်းဖြိုသဖြင့် ကျူးကျော်အိမ်များ ပျက်စီးပြီး လက်ရှိအချိန်တွင် နေ ရာထိုင်ခင်းအခက်အခဲဖြစ်နေကြောင်း သိရသည်။

ကျူးကျော်အိမ်တွင် နေထိုင်သူ တစ်ဦးဖြစ်သည့် မချောစုက “မနေ့က အိုးအိမ်မှာခေါ်ပြီး ဆွေးနွေးတယ်။ ကျွန်မတို့က တစ်လအတွင်း ဖယ်ပေးပါမယ်ပြောတာ။ သူတို့က တစ်ပတ်အတွင်း ဖယ်ပေးရမယ်ပြောတယ်။ အဲ့ဒါနဲ့ သဘောတူပြီးပြန်လာကျတယ်။ ဒီမနက်ကျတော့ အခုလို Back Hole ယာဉ်ကြီးတွေနဲ့ ဖြိုချခံရတယ်။ အခု နေစရာနေရာလည်းမရှိဘူး။ နောက် သူတို့က လဲရုံဖြိုတာမျိုးမဟုတ်ဘဲ ဖြို ပြီးသားကို စက်နဲ့ထပ်ဖိချတော့ အိမ်မိုးသွပ်တွေဆို ပြန်သုံးမရဘူးဖြစ်သွား တယ်။ အခြားနေရာသွားရှာဖို့ ချက် ခြင်းကြီးမဖြစ်နိုင်ဘူးလေ”ဟု ပြော သည်။
အဆိုပါ ကျူးကျော်အိမ်များအား မဖြိုချမီ ၂၀၁၅ ခုနှစ် မေ ၆ ရက်နေ့ တွင် တစ်ကြိမ်၊ မေ ၁၀ ရက်တွင်တစ် ကြိမ် နောက်ဆုံးမဖြိုချမီ မေ ၁၂ ရက် တွင်တစ်ကြိမ် ဖယ်ရှားရွှေ့ပြောင်းပေး ရန် စာများပေးပို့ခြင်းများရှိကြောင်း သို့ရာတွင် မေ ၁၃ ရက်တွင် အိုးအိမ်မှ တာဝန်ရှိသူများ ခေါ်ယူတွေ့ဆုံသဖြင့် သွားရောက်တွေ့ဆုံ တစ်ပတ်အချိန် ပေးသည်ဆိုပြီးနောက် ယခုကဲ့သို့ ဖြို ချခြင်းခံရကြောင်း ယင်းက ဆက် လက်ပြောသည်။

ယင်းကဲ့သို့ အိမ်များဖြိုချခြင်းမပြုမီ ကျောက်သယ်လုပ်သားများနေထိုင်ရာ လိုင်းခန်းအတွင်း နေထိုင်နေသည့် မီးနေသည်တစ်ဦးရှိသည့်အတွက် မီးနေသည်အား လူနာတင်ယာဉ်ဖြင့် ဦးစားပေးဖယ်ရှားပြီးမှ ဖြိုဖျက်ခြင်းဖြစ်ကြောင်း မီးနေသည် ဆေးရုံကုန်ကျ စရီတ်ကိုလည်း တာဝန်ရှိသူများဘက် က ကုန်ကျခံမည်ဟု ကတိပေးခြင်းများရှိကြောင်း ပြောသည်။
မချောစုက “သူတို့က မီးနေသည် ရှိနေရင် ဒီလိုလုပ်လို့မရမှန်းသိတော့ မီးနေသည်ကို ခေါ်ခွင့်ပေးလိုက်တယ်။ သူတို့အခုလိုဖြိုမယ်ဆိုတာ မသိခဲ့ဘူး” ဟု ပြောသည်။
အဆိုပါဖယ်ရှားခံရသည့် နေရာတွင် နေအိမ်နှစ်ခုရှိပြီး ကျောက်လုပ်သားများနေထိုင်ရန်အတွက် အလုပ် သမားတန်းလျားပုံစံဖြင့် ဆောက်လုပ် ထားသည့် တန်းလျားအိမ် ၂ ခုခွဲ တည် ဆောက်နေထိုင်ကြပြီးယခုကဲ့သို့ ဖယ်ရှားခြင်းခံရသဖြင့် ကျောက်သယ်လုပ် သားမိသာစု ၅၄ စု ကလေးများအပါ အ၀င် လူပေါင်း ၁၅၀ ဦးခန့် လက်ရှိ အချိန်တွင် အိုးအိမ်မဲ့အခြေအနေတွင် ရှိကြောင်း သိရသည်။

ယင်းခုဖယ်ရှားခံရသည့် ကျောက်သယ် လုပ်သားအများစုသည့် ဧရာဝတီတိုင်းဒေသကြီးတွင် နေထိုင်သူများဖြစ်ပြီး နာဂစ်တိုက်သဖြင့် လုပ်ကိုင်စားရန် အဆင်မပြေသဖြင့် အဆိုပါနေရာတွင် အခြေချကာ ကျောက်သယ်လုပ်ငန်း လုပ်ကိုင်သူများဖြစ်ကြောင်း သိရသည်။
ကျောက်သည်လုပ်သားများ စတင်နေထိုင်ရန် ပြုလုပ်စဉ်က အဆို ပါနေရာသည် ပိုင်ရှင်အမည်ပေါက် မည်သူမှန်းမသိပစ်ထားသည့် ကျူပင်တောကြီးတစ်ခုဖြစ်ပြီး လုပ်သားများ နေထိုင်ရန်အတွက် အဆိုပါခုတ်ထွင် ရှင်းလင်းပြီး နေထိုင်ရခြင်းဖြစ်ကြောင်း ပြောပြချက်အရ သိရသည်။
အဆိုပါနေရာတွင် စတင်နေထိုင် သူတစ်ဦးဖြစ်သည့် ဦးမြင့်အောင်က “ကျွန်တော်စရောက်ကာစက ဒီနေရာက ကျူတောကြီး ဘယ်သူမှနေတာ မရှိဘူး။ မြစ်ထဲက ကျောက်တွေသယ် တဲ့လုပ်ငန်းက အဆင်ပြေလို့ ဒီမှာအခြေချတာဖြစ်တယ်။ နောက်မှ ဟိုအဖွဲ့ ကပိုင်သလိုလို ဒီအဖွဲ့ကပိုင်သလိုလိုနဲ့ မြေလာတိုင်းကြတယ်။ အခုလည်းကျတော့ ဖယ်ရှားခံလိုက်ရတယ်။ အခြား နေရာသွားရှာဖို့ကလည်း မြေနေရာ ငှားခက တစ်နှစ်ကို ငါးသိန်းပေးရ တယ်”ဟု ပြောသည်။

ယင်းတို့ ကျောက်လုပ်သားများ နေထိုင်ရာနေရာသည့် ယခင်က မြစ်အတွင်းမှ ကျောက်များ သဲများ စုပ်ယူသည့်လုပ်ငန်းများ လုပ်ကိုင်ကြခြင်း ဖြစ်ပြီး ယခုနောက်ပိုင်းတွင် အဆိုပါ နေရာတွင် ကွန်ကရစ်လုပ်ငန်းများ အားကောင်းလာသည့်အတွက် ကွန်ကရစ်လုပ်ငန်းစက်ရုံများ လာရောက်ဖွင့်လှစ်ခြင်းများရှိပြီး ယင်းတို့ကဲ့သို့ ကျူးကျော်နေထိုင်သူများအား မကြာခဏ ဖယ်ရှားခံရခြင်းများရှိကြောင်း သိရသည်။

ဖျာပုံမှ ကျောက်သယ်လုပ်သား အဖြစ် လာရောက်လုပ်ကိုင်သူတစ်ဦးဖြစ်သည့် ကိုရဲလင်းထက်က “ကျွန်တော်တို့နယ်မှာ လုပ်စားကိုင်စားရ တာ မယ်မယ်ရရ ဘာအလုပ်မှမရှိဘူး။တစ်နေ့လုံး ပင်ပင်ပန်းပန်းလုပ်မှ တစ်ထောင် ထောင့်ငါးရာပဲရတယ်။ ဒီမှာ ကိုယ်လုပ်နိုင်ရင် လုပ်နိုင်သလောက် ငွေရတယ်။ ဒီအတွက် လာလုပ်တာ ဖြစ်တယ်။ ကျွန်တော်က တစ်ယောက်တည်းသမား လမ်းပေါ်အိပ်နေလိုရပေမယ့် မိသားစုရှိတဲ့သူတွေက ကလေးတွေနဲ့ဆိုတော့ ဘယ်လိုလုပ်အဆင် ပြေမလဲ”ဟု ပြောသည်။

စိုင်းဟန်

The Ladies News Journals
https://www.facebook.com/News.TheLadies?fref=photo

ရွှေဘိုခရိုင် အခြေခံကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌတစ်ဦးဖြစ်ပြီး လက်ရှိ အချိန်တွင် န၀မ တန်း ကျောင်းသား တစ်ဦးဖြစ်သူ၊ အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေးအတွက် မန္တလေး မြို့မှ စတင်ပြီး သပိတ်တိုက်ပွဲဝင်ခဲ့စဉ် ကတည်းက ပါဝင်ခဲ့သူ မတ် ၁၀ ရက်က လက်ပံတန်းမြို့နယ်၌ သပိတ်မှောက် ဆန္ဒပြတောင်းဆိုရာတွင် ရိုက်တာ သတင်းဌာန မှ ဓာတ်ပုံ သတင်းထောက် ရိုက်ကူး ထားသည့် အကြမ်းဖက်နှိမ်နှင်းရာ တွင် ရဲများ ၀ိုင်းရိုက် ခံရသည့် ဓာတ်ပုံ ထဲမှ ကျောင်းသားဖြစ်သူ မောင်အောင် မင်းခိုင်နှင့် The Ladies တို့ တွေ့ဆုံ မေးမြန်းရာတွင် ...
မေး - ရဲတွေဝိုင်းအရိုက်ခံရတဲ့ ဓာတ်ပုံထဲ မှာပါတာ ညီလေးလားမသိဘူး။

ဖြေ - ဟုတ်ပါတယ်ခင်ဗျ။ ကျွန်တော် မောင်အောင်မင်းခိုင်ပါ။

မေး - ဒီကျောင်းသားသပိတ်စစ်ကြောင်းထဲ ညီ လေး စတင်ပါဝင်လာတာ ဘယ်အ ချိန်ကာလကတည်းကပါဝင်ခဲ့တာလဲ။

ဖြေ - ကျွန်တော် စစ်ကြောင်းထဲပါလာ တာက မန္တလေးက စထွက်ကတည်းက ဖြစ်တယ်။ နောက်တစ်ခါမှ မပြန်ဖူးဘူး။ လက်ပံတန်းရောက်တဲ့အထိ ပါဝင်လာတာဖြစ်တယ်။

မေး - အခုလိုစစ်ကြောင်းထဲ ပါလာအောင် တစ်ယောက်ယောက်က စေ့ဆော်လို့ လား၊ ဒါမှမဟုတ် မိမိသဘောဆန္ဒ အရ လိုက်ပါခဲ့တာလား။

ဖြေ - ကျွန်တော်ဆန္ဒနဲ့ ကျွန်တော် ပါ လာတာဖြစ်တယ်။ ကျွန်တော်ကသမဂ္ဂ ၀င်တစ်ယောက်အနေနဲ့ ဖြစ်တယ်။ အခြေခံကျောင်းသားသမဂ္ဂ (အကသ) ခေါင်းဆောင် ဥက္ကဋ္ဌတစ်ဦးအနေနဲ့ လည်း ဖြစ်တယ်။ အခြေခံအနေနဲ့ ပါဝင်လာတာဖြစ်တယ်။ ဒီဥပဒေကြီး က ကျွန်တော်တို့ အခြေခံတွေကို တိုက်ရိုက်ကြီးသက်ဆိုင်တယ်။ တိုက် ရိုက်ကြီးလည်း အကျိုးသက်ရောက် စေတဲ့အတွက်ကြောင့် ဖြစ်တယ်။ အဲ ဒီ့ဥပဒေကြီးက ကျွန်တော်တို့ အခြေခံ ကစပြီး ဖိနှိပ်ထားတာဖြစ်တဲ့အတွက် ကျွန်တော်တို့အခြေခံမှာ လိုအပ်တာ တွေ ရှိတဲ့အတွက် ပညာရေးဥပဒေကို ကန့်ကွက်သပိတ်မှောက်ဖို့ စတင်လာ ရခြင်းဖြစ်တယ်။ အဲ့ဒီဥဒေမူကြမ်း စတင်ရေးဆွဲကတည်းက ကျွန်တော် တို့ ဆန့်ကျင်ကန့်ကွက်ခဲ့တာ ဖြစ် တယ်။ တောက်လျှောက် ဆန့်ကျင် ကန့်ကွက်ခဲ့တာ ဖြစ်တယ်။

မေး - ညီလေး လက်ပံတန်း အရေးအခင်း တုန်းက ဘယ်လိုစတင် ထိန်းသိမ်းခံ ရတာလဲ၊ ပြောပြပေးလို့ ရမလား။

ဖြေ - ကျွန်တော် စတင်ဖြစ်ကတည်း က အဖမ်းခံမယ်လို့ပြောခဲ့တယ်။ ပဋိပက္ခဖြစ်ချိန်တုန်းက ကားအနောက် ထဲမှာရှိတယ်။ အဲ့အချိန် ခဲတွေဘာ တွေ ပေါက်တယ်။ ကျွန်တော့်ရှေ့မှာ ကားအောက်ထိုးတဲ့ ဂျမ်းတုံးက ကျလာတယ်။ အဲ့ဒီအချိန်မှာ ကျွန်တော်ရယ်၊ ဦးသိမ်းရယ်က ကားပေါ်ပြေး တက်ပြီး ကားပေါ်မှာနေတယ်။ အဲဒီ့ အချိန်မှာ ရဲတစ်ယောက်ကလာပြီး ဂျမ်းတုံးကိုကိုင်တယ်။ ဂျမ်းတုံးနဲ့ ကျွန် တော်တို့ကို ရွယ်တယ်။ ရွယ်တော့ ကျွန်တော်တို့ကလည်း အေးအေး ဆေးဆေး အဖမ်းခံမယ်။ အေးအေး ဆေးဆေး ရဲတွေကားပေါ် လိုက်မယ်။ ကျွန်တော်တို့ကို မရိုက်ပါနဲ့လို့ ပြော ခဲ့တယ်။ အဲ့လိုပြော တာတောင်မှ ကျွန်တော်တို့ကို ဂျမ်းတုံးနဲ့ရွယ်ပြီး ရိုက်မလိုလုပ်ပြီး အောက်ကရဲတွေက အယောက် လေးဆယ်၊ ငါးဆယ် လောက်ရှိတယ်။ အဲ့မှာ ဦးသိမ်းကို ဆွဲသွားတယ်။ ဦးသိမ်းကို ၀ိုင်းရိုက် တယ်။ ကျွန်တော့်နောက်ကို အယောက် သုံးဆယ်လောက်ရှိမယ် ၀ိုင်း ရိုက်တယ်။ ပုဆိုးကိုလည်း ဆွဲချွတ်တယ်။ ပုဆိုးကိုဆွဲချွတ်ပြီးတော့ ကျွန်တော်ပုဆိုး မ၀တ်နိုင်လောက်အောင်ကို ရိုက်တယ်ဗျ။ ပုဆိုးမ၀တ်နိုင်အောင် ရိုက်တဲ့အ ခါမှာ ခေါင်းကို တုတ်တွေ၊ နံပါတ်တုတ် တွေ အခြားရဲတွေက ဆီးကြိုရိုက်တယ်။ ကျွန်တော့်ခေါင်းမှာ ဒဏ်ရာတွေက အခုထိ အကြီးကြီး ဖြစ်နေတယ်။ ဒဏ်ရာက အခုထိ မပျောက်သေးဘူး။ ဘုတွေ ကလည်း အပိန့်ထွက်နေပြီ။ ခေါင်းမှာ အခု အမာကြီးလိုဖြစ်နေတယ်။ ကျွန်တော် အဲ့လို အရိုက်ခံရရင်း ကားပေါ် ရောက်တော့မယ့်အချိန်မှာ ကျွန်တော် မူးလဲမတတ် ကို ဖြစ် သွားသေးတယ်။ ဘေးမှာ ကျွန်တော့်ကို ထမ်းထားတဲ့ ရဲတစ်ယောက်ရှိလို့ အဲ ဒီ့ရဲကို မှီပြီး ကျသွားတယ်။ အမှန်ဆို ကျွန်တော်မူးလဲပြီး

မေး - သာယာဝတီ အကျဉ်းထောင်ထဲမှာ ဘယ်လိုမျိုး ခံစားကြုံတွေခဲ့ရလဲ။

ဖြေ - အခက်အခဲတွေ အများကြီး ကြုံ တွေ့ခဲ့ရတယ်။ ကျွန်တော်တို့ ရောက် လာတဲ့ ထောင် ထဲ စရောက်ခါစတုန်း ကဆိုရင် အခက်အခဲတွေ အကြီးအကျယ်ကို ကြုံခဲ့ရတယ်။ မတ်လ ၁၀ ရက်နေ့တုန်းကဆိုရင် တစ်နေ့လုံး ထမင်းလည်း မစားရဘူး။ မနက်စာဆိုလည်း လက်ဖက်ရည်နဲ့ မုန့်ကိုပဲ သောက်ရသေးတယ်။ အဲ့အချိန်မှာ အခုလိုအရိုက်ခံရပြီး အဖမ်းခံခဲ့ရ၊ ဘာမှမစားရဘဲ ထောင်ထဲရောက်တယ်။ ထောင်ထဲရောက်ပြီးတဲ့ အခါကျတော့ ထမင်းလာကျွေးတယ်။ ထမင်းကလည်း မကောင်းဘူး။ ဆန်ကလည်း မကောင်းဘူး။ စားလို့မရအောင်ကိုပဲ။ ဟင်းကလည်း မပါတဲ့အတွက် ကျွန်တော်တစ်ရက်လုံး အစာငတ်သွားတယ်။ အစာငတ်ပြီး တစ်ကိုယ်လုံး ညောင်းကိုက်လို့ ညည်းညူနေရတယ်။ ဒဏ်ရာက နာတော့ တစ်ညလုံး အိပ်လို့မရဘူး။ အဲ့ဒီအတွက် မနက်ကို မြန်မြန်ရောက် ပါစေလို့ ဆုတောင်းနေရတယ်။ မနက်လင်းလို့ ဆန်ပြုတ် လာတိုက်တော့ ဆန်ပြုတ်က ဘာအရသာမှမရှိဘူး။ အဲ့ဒီတော့ သောက်မရဘူး။ နေ့လယ်မှ နောက်တစ်ခေါက် ဆန်ပြုတ် လာတိုက်တယ်။ အဲ့ဒီနေ့လယ်မှာပဲ ကျွန်တော်တို့ရဲ့ တိုက်ဘေးမှာ ဆေးရုံတက်နေတဲ့ အစ်ကိုကြီး တစ်ယောက်က ဆားတို့ ဟင်းချိုမှုန့်တို့ လာပေးတဲ့အတွက် ကျွန်တော် ခတ်သောက် ရတယ်။ ဆန်ပြုတ်သောက်ပြီး အဲ့ဒီထောင်ထဲက ဆေးရုံမှာ သုံးရက်လောက် တက်ရတယ်။ ကျွန်တော်တို့ကို ရုံးချိန်းတွေခေါ်တယ်။ ရုံချိန်းတွေ ဘာတွေခေါ်တဲ့အတွက် အစားအသောက်တွေ ရပြီး နေရတာ အဆင်ပြေလာတာခင်ဗျ။ နို့မို့ဆို အဆင်ပြေမှာ မဟုတ်ဘူး။ ထောင်ထမင်း ထောင်ဟင်းက စားလို့မရအောင်ကို တအားဆိုးတာဗျ။ အရသာလည်း မရှိဘူး။

မေး - နောက် ခြင်ထောင်တွေထောင်ခွင့်ရ တယ်။ အဲ့ဒီဟာက ဘာကြောင့်ပါလဲ။
ဖြေ - ဟုတ်ကဲ့ ခြင်ထောင်တောင်းတဲ့ ကိစ္စကလည်း ကျွန်တော်တို့ ထောင်ကြီး က ရေတွေ မသန့်ဘူး။ ကျွန်တော် တို့ အဆောင်ရဲ့ရှေ့မှာ ရေကန်ရှိ တယ်။ အဲ့ဒီရေကန်ကြီးကလည်း အမှိုက်တွေ ဘာတွေနဲ့ဆိုတော့ အကောင် တွေ ခြင်တွေ ဖြုတ်တွေပါ ထွက် တယ်။ ဖြုတ်တွေထွက်တယ်ဆိုတော့ အခုချိန်ကလည်း နွေရာသီဆိုတော့ ပတ်ပတ်လည်မှာ အုတ်တံတိုင်းတွေ ဖြစ်တဲ့အတွက် လေကမ၀င်ဘူး။ လေကလည်း မ၀င်၊ အကောင်တွေ ကလည်း ကိုက်တယ်။ နောက်ချိုးရေက မသန့်တော့ ယားနာတွေက ယားတယ်။ တစ်ကိုယ် လုံး ယားတယ်။ ချွေးတွေကလည်းထွက် အကောင်တွေကလည်း တစ်ချိန်လုံးကိုက်တယ်။ ဒီအတွက် ကျွန်တော်တို့ကို ခြင်ထောင်ပေးပါ၊ ခြင်ထောင်ပေးပါလို့ စကတည်း က အကြိမ်ကြိမ်ပြောခဲ့တယ်။ ကျွန်တော်တို့ ရုံးချိန်းထွက်တဲ့အချိန်မှာ ကျွန်တော်တို့ မီဒီယာ ကိုပြောတယ်။ မီဒီယာကိုပြောပြီးနောက် ကျွန်တော်တို့ ခြင်ထောင်ကိုရဖို့ကိစ္စ အကြိမ်ကြိမ်ပြောတယ်။ ပြောခဲ့တဲ့အခါမှာ နောက်ရက်ကျတော့ သူတို့က ကျွန်တော်တို့ မိဘတွေ ကိုယ့်ပိုက်ဆံနဲ့ကိုယ်ဝယ်ပြီး ခြင်ထောင်တွေကို ယူလာပေးတာ ဖြစ်တယ်။

မေး - အခု ရုံးချိန်း ဘယ်လောက်ကြာခဲ့သ လဲ။

ဖြေ - ရုံးချိန်း ၅ ချိန်းလောက်တောင်ကျော်တယ်ဗျ။

မေး - ဒီလိုရုံးချိန်းတွေ အများကြီးဝင်ခဲ့ပြီးမှ အခုနောက်မှာမှ ဘာလို့အာမခံရခဲ့လဲ။

ဖြေ - ကျွန်တော် အာမခံရတာကလည်း အဲ့ဒါအစကတည်းက ရရမှာဖြစ်တယ်။ ဘာဖြစ်လို့ ဆိုရင် ကျွန်တော် အသက် မပြည့်သေးဘူးဆိုတာ သူတို့သိတယ်။ ဒါပေမဲ့ ကျွန်တော့် ဓာတ်ပုံက ပြန့်နေတဲ့အ တွက် ကျွန်တော့်ကိုလွှတ်ရင် ပြဿနာ တက်မှာ စိုးတဲ့အတွက်၊ သူတို့ယူဆ တဲ့အတွက် သူတို့က ကျွန်တော့်ကို မလွှတ်တာဖြစ်တယ်။ ကျွန်တော့်ကို အခုလို လွှတ်တဲ့ အချိန်မှာလည်း အ သက်မပြည့်သေးတဲ့အတွက် တရား ရုံးမှာ စစ်လို့မရဘူး။ ကလေးသူငယ် ရုံးမှာ စစ်မယ်ဆိုပြီး ကျွန်တော့်ကို အာမခံလွှတ်ပြီး ကလေးသူငယ်ရုံးမှာ စစ်တယ်။ စစ်တယ်ဆိုပေမယ့် ပုဒ်မ တွေက အရင်အတိုင်းပဲ။ ပုဒ်မ-၅၀၅ (ခ) တို့ကလည်း မပြုတ်သေးဘူး။ အရင်စွဲဆိုထားတဲ့ ပုဒ်မတွေနဲ့စွဲထား ဆဲဖြစ်တယ်။

မေး - ထောင်ထဲမှာညီလေးနဲ့ရွယ်တူ အကသ ဘယ်နှယောက်ရှိလဲ။ လက်ရှိအချိန် မှာ သာယာဝတီထောင်ထဲမှာ ကျောင်း တက်ရမယ့်သူတွေ ဘယ်နှယောက် လောက် ရှိသေးလဲ။
ဖြေ - ကျောင်းတက်ရမှာက ၁၃ယောက် လောက် ကျန်သေးတယ်။ အဝေးသင် ကနဲ့ဆိုရင် ၁၃ ယောက် မကဘူး။ အဝေးသင်က ၁၁ ယောက်။ ကျွန် တော်တို့ အကသ အနေနဲ့ ၄ ယောက် ပါတယ်။ ၄ ယောက်က ဆယ်တန်း မဖြေလိုက်ရဘူး။ ကျွန်တော့်လိုပဲ။ သူတို့ကတော့ ရွှေဘိုခရိုင်အနေနဲ့ မ ဟုတ်ဘူး။ ရွှေဘိုခရိုင် အနေနဲ့ ကျွန် တော်တစ်ယောက်တည်း ပါလာတာ ဖြစ်တယ်။

မေး - ကျန်ခဲ့တဲ့ အကသတွေကကော သူ တို့အသက်တွေ ပြည့်ကြပြီလား။
ဖြေ - သူတို့လည်း မပြည်သေးဘူးဗျ။ သူတို့က ၁၇ နှစ်နဲ့ ၁၈ပြည့်ခါနီး ၀န်း ကျင်တွေဖြစ်တယ်ခင်ဗျ။ သူတို့က ဆယ်တန်းတွေလည်း ဖြစ်တယ်။ သူ တို့က ၁၇၊၁၈ ၀န်းကျင်ဖြစ်နေတဲ့အ တွက် ပြန်လွှတ်ဖို့ဆိုတာ အစိုးရပေါ်မူ တည်တယ်။

မေး - အခုကိုးတန်းစာမေးပွဲ မဖြေလိုက်ရ ဘူးဆိုတော့ ဒီနှစ် ကျောင်းပြန်တက်ဖို့ အစီအစဉ်ရှိသလား။

ဖြေ - ဒီနှစ်ကျောင်းပြန်တက်ဖို့ အစီအစဉ်ရှိပါတယ်။ အိုးဝေကျောင်းကနေပြီး ကျောင်းတက်ဖို့ အစီအစဉ်ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော် တရားစွဲခံထားရ တဲ့အတွက် တရားရင်ဆိုင်ရမှာ ဖြစ် တယ်။ ဒီလိုတရားရင်ဆိုင်ဖို့ တရား ရုံးချိန်းတွေ ပုံမှန်တက်ရမှာတို့ နောက် စစ်ဆေးပြီး ထောင်ကျနိုင်မှာတွေ ရှိ လာနိုင်တဲ့အတွက် ကျောင်းပြန်တက် ဖို့အတွက် သိပ်မသေချာဘူး ဖြစ်နေ တယ်။

မေး - အခုလို ပြန်လွှတ်တဲ့အပေါ် ဘာများ ပြောချင်လဲမသိဘူး။

ဖြေ - ကျွန်တော် အခုလို ထွက်ရတာ ကလည်း အသက်မပြည့်သေးလို့ ထွက်လာရတာဖြစ်တယ်။ သူတို့အ စိုးရက ကျွန်တော့်ကို လွှတ်ချင်လို့လွှတ် တာ မဟုတ်ဘူး။ အသက်မပြည့်သေး တဲ့ကိစ်္စကို ရှောင်လွှဲလို့မရတဲ့အတွက် လွှတ်ပေးတာဖြစ်တယ်။ တကယ် တမ်းကျရင် ကျွန်တော့်ကို ဆက်လက် ဖမ်းထားချင်တဲ့ ရည်ရွယ်ချက်ရှိတယ် လို့ သိရတယ်။ ဖမ်းထားဖို့ကိုလည်း အစီအစဉ်တွေ ရှိနေပါတယ်။ အသက် မပြည့်သေးတဲ့အတွက် ရှောင်လွှဲလို့ မရတဲ့အတွက် လွှတ်ပေးလိုက်ခြင်း ဖြစ်တယ်။ တကယ်တမ်း လက်ရှိအ စိုးရက စစ်တစ်ပိုင်းအစိုးရ ဖြစ်တယ်။ အရပ်သားအစိုးရ ပြည်သူ့အစိုးရ ဆိုပြီး သူတို့ကိုယ်သူတို့ လိမ်ညာခဲ့တယ်။ လူတွေကို လိမ်ညာခဲ့တယ်။ အဲဒီ့လို လိမ်ညာတဲ့ အချိန်မှာ ကျွန်တော်တို့ သပိတ်စစ်ကြောင်း စထွက်လာပြီး လက်ပံတန်းကိစ္စကနေ စတင်ပြီး သူ တို့အရပ်သားအစိုးရရဲ့ မျက်နှာဖုံးကြီး ကို ခွာချနိုင်ခဲ့တယ်။ ကျွန်တော်ကိုယ် တိုင်ကလည်း သူတို့မျက်နှာဖုံးကို ခွာ ချနိုင်တဲ့အတွက် သူတို့လုပ်ရပ်တွေ သူတို့မူဝါဒတွေ သူတို့မတရားဥပဒေ တွေက ဘယ်လိုလဲဆိုတာ သိလိုက် ရတယ်။ ကျွန်တော်တို့ကို စွပ်စွဲထား တာကလည်း မတရားဥပဒေဖြစ် တယ်။ မတရားဥပဒေ မတရားပုဒ်မ တွေနဲ့ စွဲထားခြင်းဖြစ်တယ်။ ပြည်သူ တွေအနေနဲ့ ကျောင်းသားတွေကို ဆက်လက်ဝန်းရံပေးဖို့ ဖိတ်ခေါ်လိုပါ တယ်။ ၀န်းရံဖို့လည်း လိုအပ်နေပါ တယ်။ ၀န်းရံနိုင်မှသာ တစည်းတလုံး တည်း ရှေ့ဆက်နိုင်မှာဖြစ်တယ်။ ကျွန်တော်တို့ အခြေခံကျောင်းသား အနေနဲ့လည်း တစည်းတလုံး တိုက်ပွဲဝင်ရမှာဖြစ်တဲ့အတွက် မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အခြေခံကျောင်းသား တွေ အနေနဲ့ရော၊ တက္ကသိုလ်ကျောင်း သားတွေ အနေနဲ့ရော၊ ပြည်သူတစ် ရပ်လုံးအနေနဲ့ရော ကျွန်တော်တို့နဲ့ ထဲထဲဝင်ဝင် ပါဝင်ရမှာဖြစ်တယ်။ ဒီ အစိုးရက ပညာရေးကို လွတ်လပ်ခွင့် မပေးမချင်း ကျွန်တော်တို့ ပညာရေး မြှင့်တင်လာနိုင်ဖို့ဆိုတာမဖြစ်နိုင်ပါဘူး။

အခုလိုဖြေပေးတာ ကျေးဇူးတင်ပါတယ် ...

// စိုင်းဟန် //

The Ladies News Journal

၁။ကိုးကန့်မှာဒီညနေ(၁၂။၀၅။၂၀၁၅)အထိတိုက်ပွဲတွေပြင်းပြင်းထန်ထန်
ဆက်ဖြစ်နေတုန်းပဲတဲ့။ရှည်ကြာလွန်းလှတဲ့ဒီတိုက်ပွဲမှာကျဆုံးဒဏ်ရာရတဲ့
အကြပ်စစ်သည်အရာရှိတွေလည်းသောက်သောက်လဲ။ အုတ်ဂူတွေမြင်မကောင်းအောင်တန်းစီကုန်ပြီ။
ဆင်းရဲမွဲတေ နေတဲ့နိုင်ငံတခုအနေနဲ့စစ်စားရိတ်တွေမနည်းလှတော့ဘူး။

၂။ အခြေအနေအရပ်ရပ်ကိုဆန်းစစ်လိုက်ရင် ဒီစစ်ပွဲဟာ သာမန်စစ်ပွဲမဟုတ်ဘူး။တရုတ်အစိုးရရဲ့ဗျူဟာမြောက် အစီအမံဖြစ်တယ်။ကိုးကန့်နယ်မြေက ပြည်သူလူထုအစိုးရဖက်မှာ
မရပ်တည်တာကိုကောင်းကောင်းအသုံးချ တယ်။ပန်ဆန်းညီလာခံလိုတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အင်အားတွေနဲ့ ဖိအားပေးထားတယ်။ကုန်ကုန်ပြောရ ရင်လာမဲ့(၂၀၁၅)ရွေးကောက်ပွဲမှာဘယ်အစိုးရတက်တက်၊မြန်မာပြည်တွင်းမှာရှိနေတဲ့၊
တရုတ်အကျိုးစီးပွားတွေကိုမထိပါးရဲအောင်စစ်တုရင်သဘောအရ
လှမ်းချက်ထားတဲ့သဘော။နိုင်ဖဲကိုကိုင်ထားတဲ့သဘော။

၃။ ဒီလောက်ရှုပ်ထွေးတဲ့ကိစ္စရပ်ကို၊လက်ရှိတိုင်းပြည်ခေါင်းဆောင်တွေ
ကိုင်တွယ်နေပုံကိုကြည့်။

သမ္မတကဖုန်းကြားရှင်သားမက်ကိုသွားတွေ့ပြီး မရှက်နိုင်မကြောက်နိုင်ချွေးသိပ်နေရရှာတယ်။

ကာကွယ်ရေးဦးစီးချုပ် ကဘီလာရုဇ်၊ပါကစ္စတန်၊ဆာဗီးယားစတဲ့နိုင်ငံတွေကိုလှည့်ပြီး
၊ဈေးကွက်မဝင်တဲ့စစ်လက်နက်အစုတ်အပြတ်တွေ ကိုလိုက်ဝယ်နေတယ်။
(လက်နက်ကောင်းတွေ ဝယ်ဖို့ကလည်း နိုင်ငံတကာပိတ်ဆို့မှုတွေကြောင့်၊
ဝယ်ချင်တိုင်းဝယ်လို့မရ။)

ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင်ဦးအောင်မင်းက အပစ်ရပ်ဖို့
လိပ်ခေါင်းထွက်အောင်အော်နေ တယ်။

၅။ ဒီကြားထဲမှာအွန်လိုင်းနာမည်ကျော်လေမင်းသားတွေက ဟိုတောင်ကုန်းသိမ်းပြီ၊ဒီတောင်ကုန်းသိမ်းပြီ။ ဘာကြီးနဲ့လှမ်းပစ်နေပြီ။ဘယ်လိုလှံစွပ်ထိုးနေပြီဆိုပြီးမဟုတ်တမ်းတရား၊
အာကျယ်နေကြတာကရှိသေး။သေချာ စဉ်းစားရင်ဒီအာကျယ်တွေဟာ ရှေ့တန်းကစစ်သည်တွေကို၊
အလိမ္မာနည်းနဲ့သေတွင်းပို့နေကြတာပဲ။

၆။ မသေမချင်းမှတ်ကြပါဗျာ။စစ်ပွဲတပွဲကိုအောင်နိုင်သူဆိုတာ အဲဒီစစ်ပွဲနဲ့ပတ်သက်တဲ့အရေးအရာ၊ အကြောင်းခြင်းရာမှန်သမျှအကုန်အစင်သိပြီး၊အကောင်းဆုံးဗျူဟာကို
အသုံးပြုနိုင်သူကိုဆိုလိုတာပါ။တောင်ကုန်း တစ်ရာသိမ်းနိုင်လည်း၊
ဒီနေ့သိမ်းနက်ဖန်ပြန်ပါသွားရင်၊ကာလနာတိုက်ရတာသာအဖတ်တင်ပါလိမ့်မယ်။

၇။ အခုလိုအရူးမီးဝိုင်းအခြေအနေမှာ စစ်ဗိုလ်ချုပ်ကြီးတွေနဲ့လက်ရှိအစိုးရအနေနဲ့၊
စစ်ပွဲအပေါ် မဟာဗျူဟာ မြောက်မဆင်ခြင်မစဉ်းစားမကိုင်တွယ်ပဲ၊
ဆပ်ပြာသည်လင်ပျောက် သလိုလျှောက်လုပ်နေကြတာဟာ၊
တကယ်ပဲ ဥာဏ်မရှိ တာလား။ ရည်ရွယ်ချက်ရှိရှိ တမင်ကြံစည်ပြီး၊တိုင်းပြည်ကိုဖွတ်သထက်ညစ်အောင်လုပ်နေကြတာလား။

၈။ စစ်ဧတဒဂ်အမည်ခံများဖြေကြစမ်းပါဗျာ။ ။

BrainWave ဉာဏ်လှိုင်း


ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၄၃၆ နှင့် ပုဒ်မ ၅၉ (စ) အား ပြင်ဆင်ရန် မဖြစ်နိုင်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဗဟိုအလုပ်အမှုဆောင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သူရဦးအောင်ကိုက မေ ၁၃ ရက်တွင် ပြောကြားသည်။

သတင်းထောက်များက လွှတ်တော်၌ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၄၃၆ နှင့် ပုဒ်မ ၅၉ (စ) တို့အား ပြင်ဆင်ရန် ဖြစ်နိုင်၊ မဖြစ်နိုင် သုံးသပ်ပေးရန် မေးမြန်းခဲ့ရာ သူရဦးအောင်ကိုက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

သူရဦးအောင်ကိုက “နိုင်ငံသားတွေ စိတ်ဝင်စားနေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ ဒီတာဝန်သည် လွှတ်တော်ရဲ့ တာဝန်သာဖြစ်ကြောင်း အခြေခံဥပဒေ ပြင်ဆင်ခြင်းဆိုင်ရာ အခန်း ၁၂ ပုဒ်မ ၄၃၆ ပြဋ္ဌာန်းချက်များနဲ့အညီ ပြင်ဆင်ရန် သဘောတူကြောင်း အုပ်ချုပ်ရေးမဏ္ဍိုင်က မကြာခဏပြောနေတာ ကြားရမှာပါ။ အဲဒီ ပြဋ္ဌာန်းချက်အရဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ ၉၉ ရာခိုင်နှုန်း မဖြစ်နိုင်ဘူးဆိုတာ ပြည်သူအားလုံး သိနေတယ်။ လုံးဝမပြင်ချင်ဘူးဆိုတဲ့ သဘောမျိုး အဓိပ္ပာယ်သက်ရောက်တယ်” ဟု ပြောကြားသည်။

ထို့ပြင် လက်ရှိ ပြဋ္ဌာန်းချက်အရဆိုပါက ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၄၃၆ နှင့် ပုဒ်မ ၅၉ (စ) တို့အား လက်ရှိအစိုးရလက်ထက်၌ ပြင်ဆင်နိုင်ရန် မဖြစ်နိုင်ကြောင်း၊ နောက် အစိုးရလက်ထက်တွင်ပါ မဖြစ်နိုင်ဘဲ မဖြစ်မနေ ပြင်ဆင်ရန် ဆောင်ရွက်မည်ဆိုပါက ပြည်သူများအနေဖြင့် အင်တိုက်အားတိုက် ပါဝင်ရန် လိုအပ်မည်ဖြစ်ကြောင်း သူရဦးအောင်ကိုက ပြောကြားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရန် နိုင်ငံတော်သမ္မတအပေါ် အဓိကမူတည်ပြီး ကျန်ရှိသည့်ကာလအတွင်း အရေးကြီးသည့် ပုဒ်မများကိုသာ ပြင်ဆင်နိုင်မည်ဟု လွှတ်တော်မှ ဖွဲ့စည်းထားခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ အကောင်အထည်ဖော်မှုကော်မတီ အတွင်းရေးမှူး ဦးအေးမောက်က ပြောကြားသည်။

ပြီးခဲ့သည့် (၁၁) ကြိမ်မြောက် အစည်းအဝေး၌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ကိုပြင်ဆင်သည့် ဥပဒေမူကြမ်းကို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၃၊ ၄၃၄၊ ၄၃၅၊ ၄၃၆ တို့နှင့်အညီ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး၌ တင်သွင်းဆွေးနွေးနိုင်ရေးအတွက် စီမံဆောင်ရွက်နိုင်ရေး အဆိုကို အတည်ပြုပြီးဖြစ်သဖြင့် လက်ရှိအချိန်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ဥပဒေကြမ်းအား သက်ဆိုင်ရာအဖွဲ့များက ရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လွှတ်တော်သို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ဥပဒေကြမ်း မတင်မီ ဒုတိယအကြိမ်မြောက် ခြောက်ပွင့်ဆိုင်တွေ့ဆုံပွဲလည်း ဖြစ်ပေါ်လာနိုင်သည်ဟု ကိုယ်စားလှယ်အချို့က ခန့်မှန်းကြသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို ၂၀၁၅ မေလအတွင်း ဆောင်ရွက်မည်ဟု ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက အချိန်ဇယား သတ်မှတ်ပေးထားသည်။ ၎င်းသတ်မှတ်ထားသည့် အချိန်ဇယားမှာ လက်ရှိအနေအထားအရ ဖြစ်နိုင်ဖွယ် မရှိတော့ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က သုံးသပ်ထားသည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲကျင်းပရန် ခြောက်လခန့်သာ အချိန်လိုအပ်တော့ရာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရန် အချိန်မှာ နည်းပါးနေပြီဖြစ်သဖြင့် လွှတ်တော်၌ ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုင်ရာ ကိစ္စများကို မဆောင်ရွက်နိုင်ပါက လက်ရှိလွှတ်တော် သက်တမ်းအတွင်း ပြင်ဆင်နိုင်ရန် အခွင့်အလမ်း အလွန်နည်းပါးသွားမည်ဖြစ်သည်ဟု သုံးသပ်မှုများရှိနေသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည်လေ့လာသုံးသပ်နိုင်ရေးအတွက် ပြည်ခိုင်ဖြိုးပါတီမှ သူရဦးအေးမြင့်က ၂၀-၃-၂၀၁၃ တွင် အဆိုတင်သွင်းခဲ့သည်။ ၎င်းအဆိုအား ပြည်ခိုင်ဖြိုးပါတီမှ ဦးသိန်းဇော်က ထောက်ခံခဲ့ပြီးနောက် ပြည်ထောင်စုလွှတ်တော်၌ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီကို ဖွဲ့စည်းခဲ့သည်။ ၎င်းကော်မတီမှ ၃၁-၁-၂၀၁၄ တွင် အစီရင်ခံစာ တင်သွင်းခဲ့ပြီး ၎င်းအစီရင်ခံစာအရ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီကို ဆက်လက်ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။

ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီသည် ၂၀၁၄ ခုနှစ် အောက်တိုဘာ ၂၂ ရက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ အစီရင်ခံစာကို တင်သွင်းခဲ့ပြီး ၎င်းအစီရင်ခံစာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ စုစုပေါင်း ၄၅၇ ခုအနက် ပုဒ်မ ၅၉ (စ) အပါအ၀င် ပုဒ်မပေါင်း ၂၁၀ အား ပြင်ဆင်ရန် အကြံပြုခဲ့သည်။

Writer:
ဝေယံဖြိုးဦး၊ မျိုးမင်းထက်
Eleven Media Group


 ဒီတပတ် မြန်မာ့ မျက်မှောက်ရေးရာ အစီအစဉ်မှာ ဒီရက်ပိုင်းအတွင်း ပြန်လည်စတင်လာတဲ့ လွှတ်တော်အစည်းအဝေးတွေဟာ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးကို ဦးစားပေး ဆွေးနွေးမယ်လို့ သိရပါတယ်။ ဘာတွေကို ဘယ်လောက် ပြင်နိုင်ကြမလဲ။ ပြည်သူလူထု မျှော်လင့်တောင့်တနေတဲ့ ဒီမိုကရေစီ ထွန်းကားရေး၊ တိုင်းရင်းသားတွေ မျှော်မှန်းနေတဲ့ စစ်မှန်သော ဖယ်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးတို့အတွက် ဘယ်လောက် အလားအလာကောင်းနိုင်သလဲ ဆိုတာကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်း၊ ဝါရင့်သတင်းစာဆရာကြီး ဦးကျော်ရင်မြင့် တို့နဲ့ ဦးကျော်ဇံသာ က ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ လွှတ်တော်တွေ ပြန်စတော့ အဓိက ပြန်ဆွေးနွေးမယ့်ကိစ္စက ဖွဲ့စည်းပုံ ပြင်ဆင်ရေးဆိုတာ ဟုတ်ပါသလား။

ဦးဖေသန်း ။ ။ ဒီ (၁၂) ကြိမ် ရောက်သွားတဲ့ အစည်းအဝေးတွေမှာ အဓိက အကြောင်းအရာက ဖွဲ့စည်းပုံပြင်ဆင်ရေးပဲ ဖြစ်ပါလိမ့်မယ်။ ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေ မျှော်လင့်နေကြပါတယ်။ ပြည်သူတွေလည်း မျှော်လင့်နေကြပါတယ်။ ဒီကိစ္စကို လွှတ်တော်ကို မြန်မြန်ပြန် တင်ပြဖို့ကတော့ (၆) ပွင့်ဆိုင် ဆွေးနွေးပွဲရဲ့  ရလဒ်ကောင်းတွေပေါ် မူတည်ပြီးတော့ ဖြစ်လာလိမ့်မယ်လို့ ယူဆပါတယ်။

ဦးကျော်ဇံသာ ။ ။ လွှတ်တော်ကိုယ်စားလှယ်တွေ မျှော်လင့်နေတယ်ဆိုတဲ့ နေရာမှာ ကျနော်က လွှတ်တော်ကိုယ်စားလှယ်တွေ အမျိုးအစားခွဲချင်ပါတယ်။ ဦးဖေသန်းတို့ရဲ့  တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်တွေ၊ ဒီမိုကရေစီ လိုလားတဲ့ အရပ်သားအင်အားစုတွေ ဖွဲ့စည်းထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ လက်ရှိ အာဏာရပါတီရဲ့  လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ စစ်တပ်ကိုယ်စားလှယ်ဆိုပြီး ရှိပါတယ်။ ဆိုတော့ လွှတ်တော်ကိုယ်စားလှယ်အားလုံးက လိုလားနေကြတယ်လို့ပြောရင် မှန်ပါရဲ့ လား။ လက်ရှိ အာဏာရ ပုဂ္ဂိုလ်တွေ၊ စစ်တပ်ကိုယ်စားလှယ်တွေရဲ့  သဘောထား ဘယ်လို ရှိမယ်လို့ ထင်ပါလဲ။

ဦးဖေသန်း ။ ။ ဒါက ကျနော်တို့ တဖွဲ့တစုရဲ့  ဆန္ဒပေါ် မူတည်ပြီးတော့ ပြင်မယ်ဆိုရင်တော့ ကိုယ်လိုရာ ပြင်ချင်တယ်လူလဲ ရှိမယ်။ မပြင်ချင်တဲ့လူလဲ ရှိမယ်။ နည်းနည်းပါးပါး ပြင်ချင်တဲ့ ဟန်ပြပြင်ချင်တဲ့ အစုအဖွဲ့တွေလဲ ရှိမှာပေါ့။ ဒါပေမဲ့ ဒီဖွဲ့စည်းပုံကြီးကို မပြင်ဆင်ချင်ရင် ကျနော်တို့နိုင်ငံရဲ့  ရှေ့ တိုးတက်ရေးကအစ ငြိမ်းချမ်းရေးအဆုံး ဘယ်လိုမှ မသွားနိုင်ဘူးဆိုတာ တပ်မတော်၊ လက်ရှိ အာဏာရအစိုးရ၊ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဒီမိုကရက်တစ်အမတ်တွေ အကုန်လုံး သိပါတယ်။ ဒါကြောင့် ကျနော်တို့ အမှန်တရားတခုကို ဥပက္ခာထားပြီးတော့ ကိုယ်လိုရာ သွားချင်တယ်၊ မသွားချင်ဘူးလို့ ဆွေးနွေးဖို့ စိတ်ခံစားမှုအပိုင်းကို ဖော်ပြဖို့အတွက် ကျနော်တို့ ဒါကိုပြင်မယ်ဆိုတဲ့ ရဲရဲတင်းတင်း သတ္တိတွေရှိဖို့ လိုပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ သူတို့ရဲ့  စိတ်ဆန္ဒတခုတည်းက ဒီဖွဲ့စည်းပုံကို ပြင်ဆင်ခြင်း၊ မပြင်ဆင်ခြင်းဟာ သူတို့ရဲ့  အကျိုးစီးပွား၊ သူတို့အာဏာ တည်မြဲရေး စသဖြင့် အဲဒါဖြင့် ဆက်နွယ်တဲ့အတွက်ကော သူတို့အနေနဲ့ ပြင်ဆင်ဖို့ကို လက်တုံ့နေကြတာ မဖြစ်နိုင်ကြဘူးလား ဆရာဦးကျော်ရင်မြင့် ဘယ်လို သဘောရပါလဲ။

ဦးကျော်ရင်မြင့် ။ ။ ဦးကျော်ဇံသာနဲ့ သဘောတူပါတယ်။ သူတို့ရဲ့  အကျိုးစီးပွားနဲ့ တိုက်ရိုက်သက်ဆိုင်နေတယ်။ နောက်တခုက ဖွဲ့စည်းပုံကို ပြင်လိုက်လို့ တကယ် ဒီမိုကရေစီနိုင်ငံတခု ဖြစ်သွားလို့ရှိရင် သူတို့ရဲ့  အကျိုးစီးပွားနဲ့ တိုက်ရိုက်သက်ဆိုင်နေတယ်။ နောက်တခုကတော့ ဖွဲ့စည်းပုံကို ပြင်လိုက်လို့ ဒီမိုကရေစီနိုင်ငံ ဖြစ်သွားလို့ရှိရင် သူတို့ သမိုင်းမှာ စွန်းထင်ခဲ့တဲ့ အစွန်းအထင်တွေကို ပြန်ပြီးဖော်ထုတ်တာမျိုးကို စိုးရိမ်နေကြတဲ့အတွက်ကြောင့် နည်းမျိုးစုံနဲ့ ကာနေတာလို့ အဲဒီလို မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ လက်ရှိ အာဏာပိုင်းက စဉ်းစားမှာပေါ့ သူတို့ ယခင် အစိုးရလက်ထက်မှာ ဖြစ်ခဲ့တဲ့ ကိစ္စတွေ ပြန်ပေါ်လာမလား ဘာညာပေါ့။ ဒီကိစ္စကို ပြည်သူ့လူထု အရပ်ဖက် လွှတ်တော်ကိုယ်စားလှယ်တွေ တက်လာတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ ဘာများလုပ်ပေးနိုင်မယ် ထင်ပါလဲ။ ဒီ သံသယတွေ၊ စိုးရိမ်ချက်တွေ ပျောက်အောင်။

ဦးဖေသန်း ။ ။ ကျနော်တို့က အချိန်ကာလ အတိုင်းအတာတခုတော့ ကျနော်တို့က နှစ်ဘက်ညှိနှိုင်းမယ်ဆိုတဲ့ နေရာမှာ ဒါတွေကို နားလည်ဖို့ လိုပါတယ်။ ကျနော်တို့က အခုပဲ အာဏာစွန့်ရမယ်။ အခုပဲ အရေးယူခံရမယ်ဆိုတာမျိုး တောင်းဆိုတာ မရှိပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ နောက်ဆုံးကျ အာဏာမ … ရဘူးနဲ့ ပိတ်ထားတယ်။ အဲဒီပုဒ်မတွေကို ကျနော်တို့က ပြင်ဖို့ကြိုးစားနေတာ မဟုတ်ပါဘူး။ အနည်းဆုံး တပ်မတော် (၂၅) ရာခိုင်နှုန်းကို ပြင်ဆင်ဖို့ မကြိုးစားပါဘူး။ ဥပဒေပုဒ်မ (၄၃၆) ကို နည်းနည်းပါးပါး ရာခိုင်နှုန်း လျှော့ပေးဖို့ရယ်။ နောက်ပြီးတော့ ၅၉ (စ) အပါအဝင်၊ ဖယ်ဒရယ်စနစ်ကို ချီတက်မယ့်လမ်းကြောင်းပေါ်မှာရှိတဲ့ အတားအဆီး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်တွေကို ကျနော်တို့ နည်းလမ်းများ အကောင်အထည်ဖော်နိုင်ဖို့ အခွင့်အရေးတွေကို ကျနော်တို့ လောလောဆယ် ညှိနှိုင်းတိုင်ပင်ပြီးတော့ ဆွေးနွေးနေတာ ဖြစ်ပါတယ်။ သိထားဖို့လိုတာက ဒီတချိန်ပြင်ရင် နောင်ပြင်လို့ မရတော့ဘူးဆိုတာ ဒီလိုပဲ စစ်အုပ်စုနဲ့ စစ်အစိုးရနဲ့ အစိုးရဘက်က ပေါင်းပြီးတော့ မပြင်ချင်တဲ့ဘက်က ဒီလိုပဲ အင်အားကောင်းနေတော့မှာလား။ အဲဒီလို မဟုတ်ဘူးလေ တချိန်ချိန်မှာ ဒီမိုကရက်တစ်အင်အားစုတွေ အများကြီး ကောင်းလာမှာပေါ့။ အဲဒီအချိန်မှာပြင်ရင် အဲဒါမျိုးကို မစိုးရိမ်ရဘူးလား။ အဲဒီလို မဟုတ်ဘဲနဲ့ ဖြစ်သင့်ဖြစ်ထိုက်တာတွေကို ပြတ်ပြတ်သားသား၊ ရဲရဲတင်းတင်း ပြင်ခြင်းအားဖြင့် အခုန စိုးရိမ်သောကတွေလည်း တဖြည်းဖြည်းပျောက်ပြီးတော့ အတူယှဉ်တွဲနေထိုင်ရေး ပေါ်လစီကြီးကို ချမှတ်သွားမယ်ဆိုရင် ဒါက မဖြစ်နိုင်စရာ အကြောင်းမရှိပါဘူး။

ဦးကျော်ဇံသာ ။ ။ ဦးဖေသန်း ပြောတဲ့အထဲမှာ အချက်အလက်ပိုင်း ပြောမယ်ဆိုရင် နောက်ကြောင်းပြန် အကျိုးသက်ရောက်မှု မရှိစေရဆိုတာကိုလည်း မပြင်ပါဘူး။ စစ်တပ်က (၂၅) ရာခိုင်နှုန်း ယူထားတာကိုတောင် မထိဘူးလို့ စဉ်းစားထားပြီးသာ ဖြစ်တယ်။ ဒါပေမဲ့ အဓိက ပြင်ချင်တာက (၄၃၆)၊ ၅၉ (စ) နဲ့ တိုင်းရင်းသားတွေအတွက် ဖယ်ဒရယ်အခွင့်အရေး ပိုရဖို့ဆိုတဲ့ အချက် (၃) ချက်ကို အဓိကထား ပြောပါတယ်။ ဒီအထဲမှာ စပြောရမယ်ဆိုရင် (၂၅) ရာခိုင်နှုန်းကို မစဉ်းစားဘူးဆိုပြီး (၄၃၆) ကို ပြင်ချင်တယ်ဆိုတာ ဝိရောဓိ ဖြစ်နေတယ်လို့ မထင်ဘူးလား။ ဆရာဦးကျော်ရင်မြင့် ဘယ်လို သဘောရပါလဲ။

ဦးကျော်ရင်မြင့် ။ ။ ဖြစ်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကြီး တခုလုံးရဲ့  သော့ချက်က ဒီတပ်ကိုပဲ ဒီသော့ကိုပဲ ကိုင်ထားတာလေ။ (၇၅) ရာခိုင်နှုန်းသော လွှတ်တော်ကိုယ်စားလှယ်တွေ အားလုံးက တစုံတရာ ဆုံးဖြတ်ရင်တောင်မှ တပ်ကတယောက်ယေက်က ဆုံးဖြတ်မပေးဘူးဆိုရင် ဘာမှလုပ်လို့မရတဲ့ အနေအထားမျိုး။ တနည်းပြောရင် ဖွဲ့စည်းပုံအခြေခံဥပဒေတွေရဲ့  ပိုင်ခွင့်တွေအားလုံးက ပြည်သူကို အခြေမခံဘဲနဲ့ တပ်ကိုပဲ အခြေခံနေတော့ အဲဒါပြင်မှသာ ဒီမိုကရေစီနည်းလမ်းကျမယ်လို့ ကျနော်က အဲဒီလို မြင်တယ်။


ဦးကျော်ဇံသာ ။ ။ တခြားအချက်တွေကို ဘယ်လို ပြောချင်ပါလဲ။ (၅၉)၊ ဖယ်ဒရယ်ကိစ္စတို့။ (၅၉) ကိစ္စကို အရင်ပြောပါ။ (၅၉) ကိစ္စကို သူတို့အကျိုးစီးပွားကိစ္စအတွက် ဆန့်ကျင်တာလား။

ဦးကျော်ရင်မြင့် ။ ။ ၅၉(စ) ကတော့ သူတို့အကျိုးစီးပွားအတွက်ထက် တဦးတယောက် ဒေါ်အောင်ဆန်းစုကြည်ကို မပြိုင်ရဲ၊ ကြောက်နေလို့ တုပ်နှောင်ထားတာလို့ ထင်တယ်။ တကယ် ယောက်ျားပီသပြီးတော့ Fairground မှာ ပြိုင်ရဲတယ်ဆိုရင် ၅၉(စ) ကို မပြင်ရဲစရာအကြောင်း မရှိပါဘူး။ နောက်တခုက မူလမဟုတ်ဘဲနဲ့ မူတွေ လျှောက်ပြင်ထားပြီးတော့ မူလတုန်းကပါသလိုလို လျှောက်ပြောနေတာ ရှက်စရာကောင်းပါတယ်။ အဲဒီတော့ ကျနော်ကတော့ တကယ်ယောက်ျား ပီသပြီးတော့ Fairground မှာ ပြိုင်ရဲတဲ့သတ္တိကို သူတို့ မွေးစေချင်ပါတယ်။ တကယ်လဲ အဲဒီအတိုင်း ပြိုင်မယ်ဆိုရင် ၅၉(စ) ကို မပြင်ရဲစရာ မရှိပါဘူး။

ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့ ဆရာဦးဖေသန်း …

ဦးဖေသန်း ။ ။ ကျနော် မြင်တာကတော့ ကျနော်ပြောတဲ့ တပ်မတော်ရဲ့  (၂၅) ရာခိုင်နှုန်းအပိုင်း၊ ၅၉(စ) အပိုင်း။ ဒါတွေက ပုဒ်မ ၄၃၆(က) နဲ့ ပတ်သက်နေတယ်။ ကျနော်တို့ ဒီ (က) ကျတော့ (၇၅) ရာခိုင်နှုန်း လွှတ်တော်ကိုယ်စားလှယ် ထောက်ခံရမယ့်အပြင် Referendum လုပ်ရအုံးမယ်ဆိုတော့ ဒီပုဒ်မတွေကို တပ်က ကုန်ခဲ့တဲ့အပတ်တွေက ဆွေးနွေးပြီးပါပြီ။ သူတို့က ဘယ်လိုမှ ပြင်ဆင်ဖို့ ခွင့်မပြုဘူး။ မူလအတိုင်းထားရန်ဆိုတာပဲ ဆွေးနွေးပါတယ်။ အဲဒါကြောင့် ကျနော်တို့ဘက်က အတင်းအကြပ်တောင်းဆိုဖို့ ဆိုတာထက် ၄၃၆ အပိုင်း (ခ) ကို အများကြီး ဇယား (၁) နဲ့ ဇယား (၅) … တို့ကို သွားမယ်ဆိုရင် အဲဒီကိစ္စတွေကို တဘက်ကတင်းလျှော့ပြီး၊ တဘက်ကို ပြန်တိုးပြီးတော့ ပေးဖို့လိုပါတယ်။ အဲဒါမျိုးတွေ လွယ်လွယ်ကူကူနဲ့ မလုပ်ဘဲနဲ့ လွယ်လွယ်ကူကူနဲ့ (၆) ပွင့်ဆိုင် ဆွေးနွေးပွဲကနေ ရလာတဲ့ရလဒ်တွေကို လွှတ်တော်မှာ တင်ပြီးတော့ တူထုလိုက်ရုံနဲ့ ပြီးနိုင်တဲ့ ပုဒ်မမျိုးတွေ (၄၃၆(ခ)) ကို ဦးစားပေးပြီးတော့ ကျနော်တို့ သွားချင်ပါတယ်။ ၅၉ (စ)၊ တပ်မတော် (၂၅) ရာခိုင်နှုန်းဆိုတာ (က) အပိုင်းမှာပါတော့ Referendum လုပ်ရအုံးမယ်ဆိုတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ တပ်ကလည်း (၂၅) ရာခိုင်နှုန်းက တဖြည်းဖြည်းလျှော့ချသွားမယ်ဆိုတဲ့ စကားမျိုးတော့ ပြောထားတာပေါ့။ ဒါပေမဲ့ ဒီအချိန်မှာ အဲဒါတွေကို အတင်းအကြပ် တောင်းနေမယ့်အတူတူ၊ တောင်းလို့လဲ အချိန်ကာလ အကန့်အသတ် ရှိနေတဲ့ နောင်တချိန်မှာ ပြင်နိုင်အောင် ကြိုးစားမှာပေါ့။

ဦးကျော်ဇံသာ ။ ။ နောက်တခုက ၅၉(စ) က ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့် ပေးလိုက်လို့ ဖြစ်သွားရင်ကော အာဏာရအင်အားစုဘက်က ဘာများ နစ်နာစရာ ရှိတယ်လို့ တွေးမိမယ် ထင်ပါလဲ။

ဦးဖေသန်း ။ ။ ဒါကတော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာလို့ သူတို့ကို ပြန်ပြီးတော့ လုပ်လိမ့်မယ်ဆိုတာမျိုးထက် လောလောဆယ် သူတို့အနေနဲ့ သမ္မတရာထူး သူတို့ဘက်က မစွန့်လွှတ်ချင်တာထက် ပိုပြီးတော့ ဆိုင်လိမ့်မယ်လို့ ထင်ပါတယ်။ သားသမီးတွေ နိုင်ငံခြားသား ဖြစ်နေတယ်ဆိုတဲ့ပုံစံလေးနဲ့ ပိတ်ထားတာက တဘက်က ဥပဒေအရ ဖြစ်သလို၊ တဘက်ကလည်း တချို့  ပုဂ္ဂိုလ်တွေက ဒါတွေကို တွေးတတ်ပါတယ်။ ပြည်သူတွေက အဲဒါကို မှန်တယ်လို့ ထောက်ခံတယ်။ တဘက်က အခုနပြောသလို သူကို အန္တရာယ်ပြုဖို့ထက် သူတို့အနေနဲ့ တပ်မတော် (၂၅) ရာခိုင်နှုန်း လွှတ်တော်မှာရှိမယ်။ အပြင်မှာလည်း တပ်အင်အား ခိုင်ခိုင်မာမာ ရှိနေတယ်ဆိုတာ ဘယ်လိုမှ စိုးရိမ်စရာအကြောင်း မရှိပါဘူး။

ဦးကျော်ဇံသာ ။ ။ နောက်တခု မေးချင်တာက ဖယ်ဒရယ်ကိစ္စ။ အရင်တုန်းက ဗိုလ်ချုပ်နေဝင်း တချိန်လုံး သူတို့ကို ခေါင်းရိုက်သွင်းခဲ့တာက ဖယ်ဒရယ်ဆိုတာ ပြည်ထောင်စု ပြိုကွဲမယ်။ ဗိုလ်ချုပ်နေဝင်းလည်း ဒီကိစ္စနဲ့ အကြောင်းပြပြီးတော့ အာဏာသိမ်းခဲ့တော့ သူ့တသက်လုံး ဒါကို လုပ်သွားတော့ အခု လက်ရှိ စစ်တပ်က ပုဂ္ဂိုလ်တွေ၊ စစ်တပ်က Generation အကြီးအကဲတွေက ဒီ Brainwash လုပ်ထားခဲ့တဲ့ အထဲမှာ ရှိနေတုန်းပဲလား။ ဒီကိစ္စကို စိုးရိမ်နေကြလား။ ဘာဖြစ်လို့ စိုးရိမ်စရာ ဖြစ်နေလဲ။ ဆရာဦးကျော်ရင်မြင့် ဘယ်လို ဒီကိစ္စကို ပြောလိုပါလဲ။

ဦးကျော်ရင်မြင့် ။ ။ ကျနော်ကတော့ သူတို့ ဖယ်ဒရယ်ကို သိပ်နားသိပ်မလည်ဘူးလို့ ထင်တယ်။ နားမလည်လို့ ဆရာဦးကျော်ဇံသာ ပြောသလိုပဲ ဦးနေဝင်းလက်ထက်ကတည်းက ခေါင်းထဲရိုက်သွင်းထားတဲ့အတိုင်းပဲ ဒီအတိုင်း မျက်စိစုံမိတ်ပြီး ဖယ်ဒရယ်မကောင်းဘူးလို့ အဲဒီလိုပဲ ပြောနေကြတယ်လို့ ထင်ပါတယ်။ ဖယ်ဒရယ်ကို နားလည်အောင် ရေးလာလိမ့်မယ်ဆိုရင် လက်မခံနိုင်စရာလည်း မရှိဘူး။ လက်ခံလိုက်တယ်ဆိုရင် ဒီနေ့တိုက်ခိုက်နေတဲ့ စစ်ပွဲတွေလည်း အများကြီး လျော့ကျသွားမှာ။ ကျနော်ကတော့ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ ဖယ်ဒရယ်ကို နားလည်အောင် လေ့လာပြီးမှ ဖယ်ဒရယ်အနစ်သာရကို နားလည်ပြီးတော့ တကယ်လဲ အကောင်အထည်ဖော်ဖို့ စဉ်းစားစေချင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဦးဖေသန်း ဘယ်လို ယူဆပါလဲ။

ဦးဖေသန်း ။ ။ ဖယ်ဒရယ်ဆိုတာ အမှန်မှာ အာဏာကို ခွဲဝေပြီးတော့ ပြည်နယ်နဲ့ ပြည်မ ကျင့်သုံးမယ်ပေါ့။ ဒါပေမဲ့ ကျနော်တို့နိုင်ငံရဲ့  သမိုင်းစဉ်က ပြည်နယ်တွေဆိုတာက တချိန်က ဗမာဘုရင်တွေရဲ့  သိမ်းပိုက်ခံ နယ်မြေတွေ ဖြစ်နေတယ်။ အဲဒီမှာ လူမျိုးရေးအသွင်ဆောင်တယ်။ ဒါကြောင့် ကျနော်ထင်တယ် တချို့  သိပ်ပြီးတော့ ဒီမိုကရေစီ ရှင်သန်မှုမရှိတဲ့ ဗမာတွေတောင်မှ ဒီ ဖယ်ဒရယ်ကို ကြိုက်ပါ့မလား။ ငါတို့ဆီက ဖဲ့ပြီးတော့ ပေးလိုက်ရမလား။ ငါတို့ တိုးတက်မှုတွေ နှောင့်နှေးသွားမလား။ အဲဒီလို စိတ်မျိုး ရှိကောင်းရှိနိုင်တယ်။ ဒါပေမဲ့ သူတို့ကတော့ ဖယ်ဒရယ်စနစ်ကို အခုအချိန်မှာ နားလည်ပြီလို့ သဘောပေါက်ပါတယ်။ လွှတ်တော်မှာ၊ အစိုးရအဖွဲ့မှာ ဖယ်ဒရယ်ဆိုတာ တွင်တွင်ကြီး သုံးနေပါပြီ။ ဒါကြောင့် သူတို့ ဖယ်ဒရယ်ကို ကြောက်တာမဟုတ်ဘူး။ သူတို့ ရရှိထားတဲ့ အခွင့်အရေးတွေကို ပေးလိုက်ရမှာကို ကြောက်တယ်။ နောက် ကိုယ့်ဘက်က တိုးတက်မှုတွေ နှောင့်နှေးသွားမှာကို ကြောက်တယ်။ ပြီးတော့ ပြန်ပြီးတော့ ဖယ်ဒရယ်စနစ် အားကောင်းလာတဲ့အခါမှာ ပြည်နယ်တွေက သူတို့ကို ပြန်ပြီးတော့ တော်လှန်မလားဆိုတဲ့ စိတ်ဓါတ်မျိုး သူတို့ ကြောက်နေတယ်လို့ ကျနော့်အနေနဲ့ ယူဆပါတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် နောက်ဆုံး မေးချင်တာက အခုလွှတ်တော် သက်တမ်းအတွင်းမှာ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို ရွေးကောက်ပွဲ မတိုင်ခင်အထိ ဘယ်လောက် အများဆုံး ပြင်နိုင်လိမ့်မယ်လို့ ထင်ပါလဲ။ မျှော်လင့်ပါသလဲ။ ဦးဖေသန်း အရင် ခပ်တိုတို ပြောပါခင်များ။

ဦးဖေသန်း ။ ။ ကျနော်အနေနဲ့တော့ ၄၃၆(ခ) အပိုင်းကို မြန်မြန်ညှိနှိုင်းပြီးတော့ အကောင်ဆုံးဖြစ်နိုင်အောင်လို့ ကျနော်တို့ ၅၀ ရာခိုင်နှုန်း ရချင်ရပေါ့။ အဲဒါမျိုး စိတ်ဓါတ်မျိုးနဲ့ မြန်မြန်ထက်ထက် အဖက်ဖက်က (၆) ပွင့်ဆိုင် သဘောတူပြီးတော့ လုပ်လိုက်မယ်ဆိုရင်တော့ မြန်ပါတယ်။ ဒီလွှတ်တော်မှာ ပြီမှာပါ။

ဦးကျော်ဇံသာ ။ ။ ဆရာဦးကျော်ရင်မြင့် ဘယ်လို မြင်ပါလဲ။

ဦးကျော်ရင်မြင့် ။ ။ ကျနော်ကတော့ သိပ်မမျှော်လင့်ပါဘူးဗျ။ အခုန ဆရာဦးဖေသန်း ပြောသွားသလို ကိုယ့်ဖက်က ၄၃၆(က) ကို မပြင်တော့ဘူး၊ လျှော့ပေးလိုက်မယ်။ အဲဒီလို လျှော့ပေးလိုက်ရတာတွေလည်း အများကြီးရှိနေတယ်။ အဲဒီတော့ ဆရာဦးဖေသန်းနဲ့ သဘောတူတာကတော့ (၆) ပွင့်ဆိုင်ကပဲ မြန်မြန်စည်းဝေး၊ မြန်မြန်ဖြစ်သင့်ဖြစ်ထိုက်တာတွေကို ဆုံးဖြတ်ပြီး၊ မြန်မြန်တွန်းလုပ်ဖို့တော့ လိုနေပါပြီ။ အဲဒါမှ မလုပ်နိုင်ဘူးဆိုရင်တော့ ရေဆုန်မျောရပါလိမ့်မယ်။

ဦးကျော်ဇံသာ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com



မြန်မာနိုင်ငံက ထွက်လာတယ်လို့ ဆိုတဲ့ ရွှေ့ပြောင်း ဒုက္ခသည်တွေဟာ ကပ္ပလီ ပင်လယ်ပြင် အတွင်း လှေတစ်စီးပေါ်မှာ အစားအစာနဲ့ ရေ မရှိဘဲ တစ်ပတ်ကြာ ပိတ်မိနေကာ၊ အချို့က ကျင်ငယ်ရေကို ပြန်သောက် နေကြရပြီး လူ ၁၀ ယောက်လည်း သေဆုံး သွားတယ်လို့ သိရှိရပါတယ်။

မွတ်ဆလင် ရိုဟင်ဂျာ အများစု ပါဝင်တဲ့ လူ ၃၅၀ ကို တင်ဆောင်လာတဲ့ အဲဒီ ငါးဖမ်း စက်လှေဟာ ထိုင်း နိုင်ငံ ကမ်းလွန်က Kho Lipe ကျွန်းအနီး ရောက်ရှိနေပြီး ကမ်းကပ်ခွင့် မရဘဲ ဖြစ်နေပါတယ်။

သင်္ဘော အဖွဲ့သားတွေက ပြီးခဲ့တဲ့ သီတင်းပတ် အကုန်ကတည်းက စက်လှေကို စွန့်ခွာသွားခဲ့ပြီး အင်ဂျင်စက်ကိုလည်း ဖျက်ဆီး ပစ်ခဲ့တယ်လို့ အဲဒီ လှပေါ်က လူတွေက ဘီဘီစီကို ပြောပါတယ်။

သူတို့ဟာ မြန်မာ ပြည်ကနေ ထွက်ပြေး လာကြပြီး မလေးရှားကို သွားဖို့ လူမှောင်ခိုကူးသူ တွေနောက်ကို စက်လှေနဲ့ လိုက်လာကြသူတွေပါ။ ပုံမှန်အားဖြင့် သုံးပတ်လောက် သွားရတဲ့ ခရီးကို သူတို့ ဖြတ်သန်းလာတာ အခုသုံးလ ကြာခဲ့ပြီလို့ ပြောပါတယ်။

သူတို့ရဲ့ စက်လှေ နံဘေးအထိ သွားရောက် သတင်းယူခဲ့တဲ့ ဘီဘီစီ သတင်းထောက် Jonathan Head က စက်လှေပေါ်က လူတွေဟာ အစားအစာနဲ့ ရေတွေ ပေးဖို့ တောင်းပံ တိုးလျှိုးနေကြတယ်လို့ ပြောပါတယ်။

အလားတူ တခြား ရွှေ့ပြောင်း ဒုက္ခသည်တွေရဲ့ စက်လှတွေလည်း အများအပြား ရှိနေပြီး အင်ဒိုနီးရှား၊ မလေးရှားနဲ့ ထိုင်း နိုင်ငံတို့က အဲဒီ လှေတွေကို အကပ်မခံဘဲ ပြန်လွှတ်နေပါတယ်။

ထိုင်းနိုင်ငံ အတွင်း လူကုန်ကူးတဲ့ လမ်းကြောင်းပေါ်က စခန်းတွေမှာ ဒါဇင်နဲ့ချီတဲ့ အလောင်းတွေ တူးဖော် တွေ့ရှိခဲ့ပြီးနောက် လူကုန်ကူးမှု တိုက်ဖျက်ရေးကို ထိုင်းအစိုးရက စတင် ခဲ့တဲ့အတွက် ခိုးဝင် ရွှေ့ပြောင်းလာသူတွေ ကမ်းကပ်ခွင့် မရတော့တာ ဖြစ်ပါတယ်။

http://www.bbc.com/burmese/world/2015/05/150514_asia_migrants_boat_10_death

ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်
ကိုးကန့်ဒေသမှာ အရေးပေါ် အခြေအနေ ကြေညာထားတာကို နောက်ထပ် ရက်ပေါင်း ၉၀ ခွင့်ပြုပေးဖို့ ကာကွယ်ရေးဝန်ကြီးဌာနက လွှတ်တော်မှာ ဒီနေ့ အဆိုတင်သွင်း လိုက်ပါတယ်။

ရှမ်းပြည်နယ် ကိုးကန့်ဒေသမှာ ဖေဖော်ဝါရီ ၁၇ ရက်နေ့က နိုင်ငံတော်သမ္မတရဲ့ ဥပဒေလို အာဏာတည်တဲ့ အရေးပေါ်အခြေအနေ ကြေညာထားတဲ့ အမိန့်အမှတ် (၁/၂၀၁၅) ထုတ်ပြန်ထားတာ မေလ ၁၇ ရက်နေ့ ပြည့်မှာဖြစ်ပါတယ်။

ဒါပေမယ့် အဲဒီဒေသမှာ အုပ်ချုပ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနဲ့ တရားဥပဒေစိုးမိုး ရေးဟာ မူလအခြေအနေကို ပြန်မရောက်သေးတဲ့အတွက် နောက်ထပ် ရက်ပေါင်း ၉၀ ဆက်လက်အတည် ပြုပေးဖို့ အခုလို တင်သွင်းတာလို့ ကာကွယ်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်က သတင်းထောက်တွေကို ပြောပါတယ်။

“မနေ့ကတောင် သတင်းစာထဲ ပါတာပဲ။ မေ ၁၁ ရက်၊ မေ ၁၂ ရက် တိုက်ပွဲတွေ ဖြစ်နေသေးတဲ့အခြေအနေ။ ဒါကြောင့် မူလအခြေအနေကို ပြန်မရောက်သေးဘူးလို့ ပြောတဲ့သဘောပါပဲ။ လုပ်တယ်ဆိုတာက ကိုယ်က တယောက်တည်း လုပ်တာမဟုတ်ဘူး၊ ရန်သူကလည်း လုပ်နေတာ။ အဲတော့ ရန်သူ့ရဲ့ အနေအထားပေါ် မူတည်ပြီး၊ လောလောဆယ် အချိန်ကတော့ မပြည့်သေးဘူး။ မေ ၁၇ ရက်မှ ရက်ပေါင်း ၉၀ ပြည့်မှာ။ အဲတော့ နောက်ထပ်တိုးပေးဖို့ လုပ်တဲ့သဘောပါပဲ။ ဒါပေမယ့် ကိုယ်တို့က အဆိုတင်တာပဲရှိတာ၊ လွှတ်တော်က ဘယ်လိုဆုံးဖြတ်မယ်ဆိုတာကတော့ မနက်ဖြန်ကျမှ သိရမှာပါ။”

အခု ရက်ပေါင်း ၉၀ ထပ်ခွင့်ပြုပေးဖို့ အဆိုကိုတော့ မေလ ၁၅ ရက်နေ့ ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

အရေးပေါ်အခြေအနေကြေညာတာကို နောက်ထပ် ရက်ပေါင်း ၉၀ ခွင့်ပြုပေးဖို့ လွှတ်တော်ကို အဆိုတင်ထားပေမယ့် နယ်မြေ ပြန်လည် အေးချမ်းသာယာဖို့ကတော့ ရန်သူ့အခြေအနေပေါ်မှာ မူတည်တယ်လို့ ၀န်ကြီးက ပြောပါတယ်။

“ရန်သူနဲ့ ကိုယ်နဲ့ ၂ ယောက်ရှိတဲ့နေရာမှာ ကိုယ်တယောက်တည်းနဲ့လည်း လုပ်လို့မရဘူး၊ သူ့အပေါ်မှာလည်း မူတည်တာပေါ့” လို့ ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်က ပြောပါတယ်။

ကိုးကန့်ဒေသမှာ ဥပဒေကဲ့သို့ အာဏာတည်တဲ့ အရေးပေါ်အခြေအနေ အမိန့်အမှတ် (၁/၂၀၁၅) နဲ့ စစ်အုပ် ချုပ်ရေးအမိန့်အမှတ် (၂/၂၀၁၅) တို့ကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

ဦးဖုန်ကြားရှင်ခေါင်ဆောင်တဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်ဖွဲ့ အမ်အန်ဒီအေအေ ကိုးကန့်တိမ်းရှောင်တပ်ဖွဲ့နဲ့  အစိုးရတပ်တွေအကြား ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၉ ရက်က စတင် ဖြစ်ပွားခဲ့ရာမှာ ၃ လကျော်ကြာမြင့်နေပြီ ဖြစ်ပါတယ်။

 By နေဖြိုးဝင်း (ဒီဗွီဘီ)
http://burmese.dvb.no