05/16/15





အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ယနေ့မွန်းလွဲ ၄ နာရီက မွန်ပြည်နယ် မော်လမြိုင်မြို့ ပြည်သူလုထုအား ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့် အခမ်းအနားတွင်မိန့်ခွန်းပြောကြားခဲ့သည်။

သတင်း-ဓါတ်ပုံ NLD Chairperson


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗိုလ်ချုပ်ရာပြည့် မွေးနေ့အထိမ်းအမှတ် လူထုနဲ့ တွေ့ဆုံဟောပြောပွဲလုပ်ဖို့ မွန်ပြည်နယ်ကို ဒီနေ့ စတင်ခရီးထွက်ပြီး သထုံမြို့ လူထုကို မိန့်ခွန်းပြောကြားခဲ့ပါတယ်။

ဒီနေ့မနက် သထုံမြို့ကိုရောက်ရှိစဉ် ချမ်းမြေ့ဧည့်ရိပ်မွန်ရှေ့မှာ ဒေသခံလူထုနဲ့ တွေ့ဆုံပြီး မိန့်ခွန်း ပြောကြားခဲ့တာပါ။ ခရီးစဉ်အဖြစ် မော်လမြိုင်နဲ့ သံဖြူဇရပ်တို့မှာလည်း လူထုနဲ့ တွေ့ဆုံဟောပြောမှာ ဖြစ်ပါတယ်။

ဒီခရီးကို ပြီးခဲ့တဲ့မတ်လကထဲက သွားရောက်ဖို့ စီစဉ်ထားတာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကြောင့် ရွှေ့ဆိုင်းခဲ့ရာက အခု မေလကျမှ သွားရောက်ဖြစ်တာလို့ ခရီးမှာ လိုက်ပါသွားတဲ့ အန်အယ်ဒီပါတီ၊ဥတရသီရိလွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက ပြောပါတယ်။

ဓာတ်ပုံ – ကောင်းထက်ကျော်
By ဒီဗွီဘီ
http://burmese.dvb.no

အမေရိကန် ပြည်ထောင်စု ဘောစတွန်မြို့ မာရသွန်မှာ ဗုံးခွဲတိုက်ခိုက်ခဲ့တဲ့ ဂျိုခါ စာနယက်ဗ်ကို သေဒဏ်ပေးဖို့ ဂျူရီတရားသူကြီးအဖွဲ့က ဆုံးဖြတ်လိုက်ပါတယ်။

၂၀၁၃ ခုနှစ်က တိုက်ခိုက်မှုမှာ လူ ၃ ယောက်သေဆုံးပြီး ၂၆၄ ယောက်ဒဏ်ရာရခဲ့တာပါ။

အသက် ၂၁ နှစ်အရွယ် စာနယက်ဗ်ကို စီရင်ချက်ချဖို့ တရားကြီးအဖွဲ့က ၁၅ နာရီကြာအောင် စဉ်းစားသုံးသပ်ပြီးနောက် ဆေးထိုးပြီး သေဒဏ်ပေးဖို့ ဆုံးဖြတ်လိုက်တာပါ။

စီရင်ချက်ကို ဖတ်ကြားတဲ့အချိန်မှာ ဗုံးခွဲမှုအတွင်း ဓားစားခံ ဖြစ်ခဲ့သူတွေက ၀မ်းနည်းဝမ်းသာစိတ်နဲ့ ငိုကြွေးခဲ့ကြပေမယ့် တရားခံကတော့ စိတ်လှုပ်ရှားပုံမပြပါဘူး။

ဗုံးခွဲမှုအတွင်း သေဆုံးခဲ့ခဲ့တဲ့ အသက် ၈ နှစ်အရွယ်ကလေးငယ်ရဲ့ မိဘတွေကလည်း တရားခွင် တက်ရောက်နားထောင်ခဲ့ကြပါတယ်။

စီရင်ချက်အပြီး အစိုးရ ရှေ့နေ ကာမန် အော်တက်စ် Carmen Ortiz က “စာနယက်ဗ် ကျူးလွန်ခဲ့တဲ့ အမှုဟာ အကြမ်းဖက်မှုဖြစ်တယ်။ သူကျူးလွန်ခဲ့တဲ့ ပြစ်မှု အတိုင်းအဆကို ကြည့်မယ်ဆိုရင် တချို့က ခြေပြတ်လက်ပြတ်ဖြစ်ခဲ့တယ်။ တချို့က ဒဏ်ရာရခဲ့ကြတယ်။ ရည်ရွယ်ချက်ကို ကြည့်မယ်ဆိုရင်လည်း နိုင်ငံရေး ရည်ရွယ်ချက်ပါတယ်၊ အကြမ်းဖက်ဝါဒရဲ့ အပြုအမူ ဖြစ်တယ်” လို့ ပြောပါတယ်။

၂၀၁၃ ဧပြီလက မီးဖိုချောင်သုံး ပေါင်းအိုးတစုံကို ဗုံးဖြစ်အောင် ဖန်တီးပြီး တိုက်ခိုက်မှုဟာ အမေရိကန် မြေပေါ်မှာ ၂၀၁၁ စက်တင်ဘာ အကြမ်းဖက်မှုအပြီး အပြင်းထန်ဆုံး တိုက်ခိုက်မှုဖြစ်ပါတယ်။

ကြားနာမှုအတွင်း မျက်မြင်သက်သေ ၁၅၀ ကို ဂျူရီအဖွဲ့က မေးမြန်းခဲ့ပါတယ်၊ တရားခံဘက်က ရှေ့ကေ သူ့အမှုသည်ဘက်ဟာ အစ်ကိုဖြစ်သူ တာမာရန် Tamerlan ရဲ့ နောက်လိုက်အနေနဲ့ ပါဝင်ခဲ့တယ်လို့ ချေပပါတယ်။

စာနယက်ဗ်ကို သေဒဏ်ချပေးလိုက်တဲ့ အမှုက သူ့အစ်ကို ထောင်ခဲ့တဲ့ ဗုံးနဲ့ မဆိုင်ဘဲ သူကိုယ်တိုင် ထောင်ခဲ့တဲ့ ဗုံးနဲ့ ဖြစ်ပါတယ်။

အစ်ကိုဖြစ်သူ တမာရန်ကတော့ ရဲက လိုက်ဖမ်းစဉ် အပြန်အလှန် ပစ်ခတ်မှုအတွင်း သေဆုံးခဲ့ပါတယ်။

တရားသူကြီးတွေကတော့ တရားခံဟာ နောင်တရတဲ့ ပုံစံမျိုးလည်း မပြတာကြောင့် သူ့ကျူးလွန်တဲ့ အပြစ်အတွက် သူ့အသက်နဲ့ ပေးဆပ်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

တရားခံကို အင်ဒီယားနား ပြည်နယ်ကို အရင်ခေါ်သွားပြီး နောက်ထပ် ဘယ်ကို ပို့မလဲဆိုတာ မသိသေးပါဘူး။ ဘယ်ရက်မှာ သေဒဏ်ပေးမလဲဆိုတာကိုလည်း မဆုံးဖြတ်ရသေးပါဘူး။

DVB TV News
http://burmese.dvb.no/archives/93269

သမ္မတ ဦးသိန်းစိန်၏ဒုတိယသက်တန်းအတွက် စစ်ကိုင်းတိုင်းဝန်ကြီးချုပ်သာအေး၊ရွှေသံလွင်ကုမ္ပဏီ( Sky Net )တို့က
သိန်းပေါင်း ငါးသောင်းအကုန်အကျခံလုပ်ခဲ့သောရှင် ၅၀၀၀ အလှူကြီး ဗေဒင်ယတြာဆရာဘာများမှားသွားလည်းမသိပါဘူး

သမ်ပဒတ်ကြီးဝူးတိန့်ရှိန်ဒုတိယသက်တန်းအတွက်စစ်ကိုင်းတိုင်းဝန်ကြီးချုပ်သာအေး၊ရွှေသံလွင်ကုမ္ပဏီ( Sky Net )တို့ကသိန်းပေါင်း ငါးသောင်းအကုန်အကျခံလုပ်ခဲ့သောရှင် ၅၀၀၀ အလှူကြီးဗေဒင်ယတြာဆရာဘာများမှားသွားလည်းမသိပါဘူးမြင်တဲ့တိုင်းဘဲပါဗျာ .... Video Credit >>> Kyawthiha Phothaw

Posted by Ashin Issariya on Friday, May 15, 2015




အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက် ၇ နာရီက ရန်ကုန်မြို့နေအိမ်မှာ မော်လမြိုင်မြို့သို့ ထွက်ခွာလာရာ သထုံမြို့သို့ နံနက် ၁၀ နာရီ ၄၀ မိနစ်တွင်ရောက်ရှိပြီး သထုံမြို့ပြည်သူများအား နုတ်ဆက်စကား ပြောကြား ခဲ့သည်။

သတင်း-ဓါတ်ပုံ NLD Chairperson (facebook)

လူထုခေါင်းဆောင်၏ပြည်ထောက်စုစိတ်ဓါတ်

Posted by Yiyi Myint on Friday, May 15, 2015

အမေရိကန်သမ္မတနဲ့ အရှေ့တောင်အာရှ လူငယ်များ ရန်ကုန် တက္ကသိုလ် စိန်ရတု ခန်းမ တွင် တွေ့ဆုံ။
အမေရိကန်နဲ့ မြန်မာ နှစ်နိုင်ငံဆက်ဆံရေးကို အရေးပေါ်အဆင့်မှာ ဆက်လက် ထားသွားဖို့ အမေရိကန်သမ္မတ အိမ်ဖြူတော်က သောကြာနေ့ မှာ ကြေညာ ပါတယ်။ မြန်မာနိုင်ငံမှာ သိသာထင်ရှားတဲ့ တိုးတက်မှုတွေ ရှိထားပြီးတော့ ပြုပြင်ပြောင်း လဲရေးကြိုးပမ်းမှုတွေကို ဆက်ပြီး အားပေးထောက်ခံ သွားမယ်လို့ ဆိုပေမဲ့ ပဋိပက္ခတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက် ဖြစ်နေသေးတာကြောင့် ဆက်ဆံရေးကို အခုလို အရေးပေါ်အဆင့် ဆက်ပြီးထားဖို့ ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ အိမ်ဖြူတော် ထုတ်ပြန်ချက်ထဲမှာ သမ္မတ ဘရာ့ခ် အိုဘားမားက ပြောထားပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက ဆက်ပြောပြပါမယ်။

၁၉၉၇ ခုနှစ်၊ မေလ ၂၀ ရက်နေ့က အဲဒီအချိန် သမ္မတ ဘီလ် ကလင်တန် လက်ထက်မှာ သမ္မတရဲ့အမိန့်ကြေညာစာ ထုတ် ပြန်ပြီး သတ်မှတ်ထားတဲ့ နှစ်နိုင်ငံဆက်ဆံရေး အရေးပေါ်အဆင့်ဆိုတာကို လက်ရှိသမ္မတ ဘရာ့ခ် အိုဘားမားက နောက်ထပ် တနှစ် သက်တမ်းထပ်တိုးလိုက်တာပါ။
ပြီးခဲ့တဲ့နှစ်ပိုင်းတွေအတွင်း မြန်မာနိုင်ငံမှာ သိသာထင်ရှားတဲ့ တိုးတက်မှုတွေရှိထားတယ်ဆိုတာကို သမ္မတအိမ်ဖြူတော်ရဲ့ မေလ ၁၅ ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက်ထဲမှာ အကျယ်တ၀ံ့ဖော်ပြထားပါတယ်။

ဒါပေမဲ့လည်း အထူးသဖြင့် တိုင်းရင်းသား လူနည်းစုဒေသ တွေနဲ့ ရခိုင်ပြည်နယ်မှာ ပဋိပက္ခတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်ဖြစ်နေတဲ့အပေါ် စိုးရိမ်မှုတွေ ဆက်ရှိနေတာ၊ မြန်မာ စစ်ဘက်ဟာ အရပ်သားအစိုးရရဲ့ ကြီးကြပ်မှုအောက်မှာ မရှိသလောက်ဖြစ်နေပြီး အပြစ်ပေး အရေးယူမခံရဘဲ လုပ်ဆောင်တာ မျိုးတွေ မကြာခဏ ဆက်ဖြစ်နေတာ စတဲ့အခြေအနေတွေကြောင့် မြန်မာနိုင်ငံနဲ့ ဆက်ဆံရေး ကို အရေးပေါ်အဆင့်မှာ ဆက်ပြီး သတ်မှတ်သွားဖို့ လိုအပ်တယ်လို့ ဆုံးဖြတ်တဲ့အကြောင်း သမ္မတအိမ်ဖြူတော်ရဲ့ ထုတ်ပြန်ချက်ထဲမှာ မစ္စတာအိုဘားမားက ပြော ထားပါတယ်။

ဒီလို အရေးပေါ်အဆင့် ဆက်ပြီးသတ်မှတ်ပေမဲ့လည်း သက်ရောက်မှု တစုံတရာရှိလာလိမ့်မယ်လို့ မမြင်သူကတော့ ၀ါရှင်တန် အခြေစိုက် Brookings Institute က မြန်မာ့အရေးသုတေသီ Lax Rieffel ပါ။

“အမေရိကန်ပြည်ထောင်စုနဲ့ မြန်မာနိုင်ငံအကြား ဆက်ဆံရေးအရ ပြောမယ်ဆိုရင် ဒီကြေညာချက်ဟာ လက်တွေ့အားဖြင့် သက်ရောက်မှု သိပ်ကိုနည်းတယ်လို့ ကျနော်ယုံကြည်ပါတယ်။ သမ္မတအိမ်ဖြူတော်အဖို့ ဒီကြေညာချက်ဟာ ဒဏ်ခတ်အရေးယူမှု ဆက်ရှိနေသေးတယ်ဆိုတာကို ပြသရေး အမေရိကန်ဥပဒေအရ လုပ်ဆောင်ဖို့ လိုအပ်ချက်တခုဖြစ်တယ်ဆိုတာကို နားလည်ဖို့ရာ အရေးကြီးပါတယ်။”

အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်အရေးယူမှုတွေကို လုံးဝ ရုပ်သိမ်းလိုက်သေးတာမဟုတ် ဘဲ ဆိုင်းငံ့ထားတာသာ ဖြစ်တဲ့အတွက်ကြောင့် နှစ်နိုင်ငံဆက်ဆံရေး အရေးပေါ်အဆင့်သတ်မှတ်ထားတာကို ဆက်ပြီး သက်တမ်း တိုးဖို့ ဥပဒေအရ လိုအပ်တာပါ။

မြန်မာနိုင်ငံမှာ ဒီနှစ်ကုန်ပိုင်း ရွေးကောက်ပွဲတွေကျင်းပဖို့ ရှိနေချိန်မှာပဲ နှစ်နိုင်ငံကြားဆက်ဆံရေးကို အရေးပေါ်အဆင့်မှာ ဆက်ပြီး ထားသွားဖို့ အမေရိကန်ပြည်ထောင်စုဘက်က ကြေညာတာပါ။ ဒါဟာ ကျင်းပမယ့်ရွေးကောက်ပွဲတွေ ဘယ်လိုအခြေ အနေရှိမယ် ဆိုတာ စောင့်ကြည့်ချင်တဲ့သဘော၊ ရွေးကောက်ပွဲတွေကနေ ပေါ်ထွက်လာမယ့်အစိုးရဟာ ဘယ်လိုအစိုးရမျိုး ဖြစ်မယ် ဆိုတာ စောင့်ကြည့်ချင်တဲ့ သဘောလားလို့ မေးခွန်းထုတ်စရာရှိပါတယ်။

ဒီလို အရေးပေါ်အဆင့်ဆက်ဆံရေး သတ်မှတ်ချက်ကို ရွေးကောက်ပွဲတွေ ကျင်းပပြီးလို့ အခုတိုးထားတဲ့သက်တမ်း တနှစ်ပြည့်ပြီး တဲ့နောက် ရုပ်သိမ်းမလားဆိုတာကတော့ လောလောဆယ် မပြောနိုင်သေးဘဲ ရွေးကောက်ပွဲ ဘယ်လိုအခြေအနေရှိမယ်၊ ရွေး ကောက်ပွဲပြီးတဲ့နောက် ဘယ်လိုအစိုးရမျိုး တက်လာမယ်ဆိုတဲ့အပေါ်မှာ လုံးဝ မှီတည်နေတယ်လို့ မစ္စတာ Rieffel က သုံးသပ်ပါ တယ်။

“ကျနော်ပြောနိုင်တာကတော့ အခုကနေ နောက်တနှစ် အကြာမှာ ပေါ်လာမယ့် အစိုးရဟာ သန့်ရှင်းတဲ့အစိုးရ၊ ပိုပြီး ကောင်းမွန်တဲ့အစိုးရ၊ လူ့အခွင့်အရေး အခြေအနေ ကျေနပ်စရာကောင်းလောက်အောင် လုပ်တဲ့အစိုးရမျိုး ဖြစ်မယ်ဆိုရင်တော့ နှစ်နိုင်ငံဆက်ဆံရေးကို ဒီလို အရေးပေါ်အဆင့် ထားရှိရေး ရုပ်သိမ်းနိုင်ခြေရှိပါတယ်။”

အခုလို လုပ်ဆောင်လိုက်ပေမဲ့လည်း မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှုတွေကို ဆက်ပြီး အားပေးထောက်ခံသွားဖို့နဲ့ ခိုင်မာအားကောင်းစေဖို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ သန္နိဋ္ဌာန်အခိုင်အမာရှိပါတယ်လို့ အိမ်ဖြူတော်ကြေညာချက်က ဆိုပါ တယ်။ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ခိုင်မာစေဖို့နဲ့ နောက်ကြောင်းပြန်မလှည့်နိုင်စေရေး သေချာစေဖို့ အစိုးရနဲ့ရော မြန်မာ လူထုနဲ့ပါ ဆက်ပြီး လက်တွဲလုပ်ဆောင်သွားမယ်လို့လည်း ဖော်ပြထားပါတယ်။

VOA
http://burmese.voanews.com/content/us-myanmar-national-emergency/2771358.html

ဒီမိုကရေစီစံနှုန်းများနှင့် မကိုက်ညီသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအား အဓိကထား တိုက်ဖျက်ရန် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်ဥက္ကဋ္ဌ ကိုကျော်ကိုကိုက မေလ ၁၀ ရက်တွင် ရန်ကုန်မြို့ နာရေးကူညီမှု အသင်းရုံး၌ ပြုလုပ်သော ဗကသများအဖွဲ့ချုပ် ၇၉နှစ်ပြည့်နှင့် လက်ပံတန်း အကြမ်းဖက်ဖြိုခွင်းမှု ၂ လပြည့် အခမ်းအနားသို့ ပေးပို့သော ရုပ်သံမိန့်ခွန်းတွင် တိုက်တွန်း မှာကြားလိုက်သည်။

လက်ရှိ ဗကသများအဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုကျော်ကိုကိုမှာ ဒီမိုကရေစီ ပညာရေး သပိတ်မှောက်မှုနှင့် ပတ်သက်၍ အစိုးရက တရားခံပြေးအဖြစ် သတ်မှတ်ကာ လိုက်လံဖမ်းဆီးမှု ပြုလုပ်နေသောကြောင့် မြေအောက် နိုင်ငံရေး လှုပ်ရှားမှု ပုံစံမျိုးသာ ပြုလုပ်နေရသဖြင့် အဆိုပါ အခမ်းအနားသို့ ရုပ်သံ မိန့်ခွန်းသာ ပေးပို့ခဲ့သည်။

““မစစ်မှန်တဲ့ ဒီမိုကရေစီကနေ စစ်မှန်တဲ့ ဒီမိုကရေစီကို သွားဖို့ အတွက် ဒီနေ့ရဲဘော်တို့ ပခုံးပေါ်ကို ကျလာတဲ့ တာဝန်ဟာ စစ်အာဏာရှင်၊ စစ်တစ်ပိုင်းအစိုးရရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတဲ့ ချုပ်နှောင်မှုက ကျွန်တော်တို့ တစ်နိုင်ငံလုံးကို ဖိစီးနေတဲ့ ချုပ်နှောင်မှုကိုဖြေလျှော့ဖို့ တာဝန်က ရဲဘော်တို့ရဲ့ တာဝန်ဖြစ်တယ်။ လူငယ်ပီပီ ဒီတာဝန်ကို ထမ်းဆောင်ရပါလိမ့်မယ်။ မမှန်တဲ့၊ မဟုတ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကြီးကို ကျွန်တော်တို့ နိုင်ငံကနေ အပြီးအပိုင် တိုက်ထုတ်ဖို့ ဗကသမှာ အရေးကြီး တာဝန်တစ်ခုလို့ ခံယူရပါလိမ့်မယ်။ ဒီမိုကရေစီ မရှိဘဲနဲ့ ဒီမိုကရေစီပညာရေးကို တည်ဆောက်လို့ မရဘူးလို့ ယုံကြည်တယ်။ ဒီမိုကရေစီရှိအောင် အရင်လုပ်ဖို့အတွက် ဒီမိုကရေစီကို ပိတ်ပင်တားမြစ်နေတဲ့ အရိပ်အယောင်တွေ၊ သဏ္ဌာန်တွေ၊ လုပ်ဟန်တွေ၊ ၀ါဒတွေ၊ သဘောထားတွေ၊ အမြင်တွေ၊ အတွေးတွေကို ဖယ်ရှားပစ်ရပါလိမ့်မယ်””ဟု ဗကသများအဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုကျော်ကိုကိုက အဆိုပါရုပ်သံ မိန့်ခွန်းမှတစ်ဆင့် တိုက်တွန်း ပြောဆိုလိုက်သည်။

အဆိုပါအခမ်းအနားသို့ ကျောင်းသား ခေါင်းဆောင်ဟောင်းများ၊ နိုင်ငံရေးအဖွဲ့အစည်းများ၊ ပညာရေး အဖွဲ့အစည်းများ၊ အလုပ်သမား အဖွဲ့အစည်းများ စုစုပေါင်း ၁၇ ဖွဲ့က သ၀ဏ်လွှာ ပေးပို့ ခဲ့ကြပြီး ကျောင်းသား ခေါင်းဆောင်ဟောင်းအချို့က အမှတ်တရ စကားများ ပြောကြားခဲ့သည်။

ဗကသဥက္ကဋ္ဌဟောင်းတစ်ဦးဖြစ်သူ ဦးမင်းကိုနိုင်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ မီဒီယာ များ၏ မေးမြန်းမှုကို ““ပြည်တွင်း ငြိမ်းချမ်းရေးရဖို့ကလည်း ဖွဲ့စည်းပုံပြင်ရမယ်။ ကျန်တဲ့ ဒီမိုကရေစီရေး ကိစ္စတွေကလည်း ဖွဲ့စည်းပုံ မပြင်လို့မရဘူး။ အဲဒီတော့ အားလုံးကို ချုပ်လိုက်ရင် ပြဿနာတိုင်း ပြဿနာတိုင်း က ဖွဲ့စည်းပုံပေါ်မှာ အခြေခံတယ်။ ဆိုပါတော့ ကျွန်တော်တို့ အခွင့်အရေး တစ်ခုအတွက် တိုက်ပွဲဝင်ကြတယ်။ အဲဒါကို ရက်ရက်စက်စက် နှိမ်နင်းတာ ပြည်ထဲရေးက။ ပြည်ထဲရေးက ဘယ်သူ့ လက်အောက်မှာလဲဆိုတော့ ကာကွယ်ရေးဦးစီးချုပ် ခန့်ထားတဲ့သူ။ ဒီဖွဲ့စည်းပုံမှာ(၁) အခွင့်အထူးခံထားတာ။ (၂) ဖိနှိပ်ချုပ်ချယ်ထားတာ။ ဒီနှစ်ချက်ပဲ””ဟု ဖြေကြားသည်။

ထို့ပြင် ဗကသများအဖွဲ့ချုပ်က ဒီမိုကရေစီပညာရေးနှင့် ပတ်သက်၍ မတရား ဖမ်းဆီးခံထားရသော ကျောင်းသား ကျောင်းသူများ၊ ၀န်းရံပြည်သူများ ခြွင်းချက်မရှိ ပြန်လည်လွတ်မြောက်ရန် နည်းလမ်းမျိုးစုံဖြင့် တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး ယခုကဲ့သို့ မတရား အကြမ်းဖက်ဖမ်းဆီးမှုများ ပြုလုပ်နေခြင်းသည် စစ်အာဏာရှင်၏ လုပ်နည်းလုပ်ဟန်များ ဖြစ်သဖြင့် ဆက်လက် ကျင့်သုံးနေပါက ဖြစ်ပေါ်လာသည့် အကျိုးဆက်များသည် လက်ရှိ အစိုးရ၏ တာဝန်သာဖြစ်ကြောင်း အဆိုပါနေ့၌ ထုတ်ပြန်သော ဗကသများအဖွဲ့ချုပ်၏ ထုတ်ပြန် ကြေညာချက်တွင် ဖော်ပြထားသည်။

““ကျွန်တော်တို့ အစိုးရနဲ့လည်း ဆွေးနွေးလို့ မရဘူးဆိုရင် ကျွန်တော်တို့ ပြည်သူတွေပဲ အားကိုးရမယ်။ ပြည်သူ့တိုက်ပွဲ၊ ပြည်သူ့တော် လှန်ရေး မပါဝင်ဘဲနဲ့ ကျွန်တော်တို့ မြန်မာပြည်မှာ ကျောင်းသား ကိစ္စပဲဖြစ်ဖြစ်၊ နိုင်ငံရေးကိစ္စပဲဖြစ်ဖြစ် ပြောင်းလဲစရာ အကြောင်းမရှိဘူး။ ဒီနေ့မြန်မာ့နိုင်ငံရေးကို ကြည့်ရင် စစ်အာဏာရှင်ကို အသွင်သဏ္ဌာန် မျိုးစုံဆောင်တဲ့ လုပ်ဆောင်တဲ့အားလုံးကို တိုက်မယ်ဆိုတဲ့ အမြင်အောက်မှာ တော်လှန်မယ့် အင်အားစုတွေ ပြည်သူတစ်ရပ်လုံးကို စုစည်းထားဖို့ပဲ””ဟု ၆၂ မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးတင်အောင်က အမှတ်တရစကား ပြောကြားခဲ့သည်။

ဝိုင်းမော်

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

စစ်ကိုင်း၊ မေ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ ကျောက်မြောင်းမြို့၊ အမှတ်(၂) ရပ်ကွက်အတွင်း၌ ၂၀၁၄ ခုနှစ်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် ရွှေထီးတော်တင်လှူ ပူဇော်ပေးခဲ့သည့် ရွှေနုံးတိုး စေတီတော်မှာ မေ(၇)ရက်တွင် မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် စိန်ဖူးတော်၊ ငှက်မြတ်နားတော် အပါအ၀င် ရွှေထီးတော်ကြီးမှာ မြေခပျက်စီးခဲ့ရကြောင်း ယင်းစေတီတော်၏ ဂေါပကအဖွဲ့မှ ဦးမျိုးဇော်ဇော်ထွေးက မေ ၁၂ ရက်တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။

““ကျွန်တော် ၈ ရက်နေ့ မနက်ရောက်တော့ အိမ်တံခါးဖွင့်လိုက်တော့ ထီးတော်ကြီး တစ်ဝက်က မြေခနေပြီး တစ်ဝက်က ကျန်နေတယ်။ စိန်ဖူးတော်နဲ့ ငှက်မြတ်နားတော်ကတော့ စတီးကြိုးနဲ့ တန်းလန်းကြီးဖြစ်နေတာ တွေ့ရတယ်။ လေမိုးက ၇ ရက်နေ့ ညနေပိုင်းက တိုက်တာလေ။ ကျွန်တော်ကလည်း မနက်ကျမှသိရတာ။ ထီးတော်ရဲ့ တခြားအစိတ်အပိုင်းတွေကတော့ ရင်ပြင်တော်ပေါ်မှာ ပြန့်ကျဲနေ တာပေါ့””ဟု ရွှေနုံးတိုးစေတီတော် ဂေါပကအဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးမျိုးဇော်ဇော်ထွေးက မြန်မာသံတော်ဆင့်သို့ ပြောသည်။

၂၀၁၅ ခုနှစ်၊ မေ(၇)ရက်နေ့၊ ညနေပိုင်း၊ (၇)နာရီဝန်းကျင် အချိန်ခန့်က မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် ကျောက်မြောင်းမြို့၊ အမှတ်(၂) ရပ်ကွက်ရှိ ရွှေနုံးတိုး စေတီတော်၏ စိန်ဖူးတော်၊ ငှက်မြတ်နားတော် အပါအ၀င် ထီးတော်ကြီးမှာ ကျိုးပဲ့ပျက်စီးပြီး ဘုရား ရင်ပြင်တော်ပေါ်သို့ ကျရောက်မြေခ ပျက်စီးခဲ့ရခြင်း ဖြစ်ပြီး ပျက်စီး ပြိုကျသွား သည့် ရွှေနုံးတိုး စေတီတော်ကြီး၏ ထီးတော် အစိတ်အပိုင်းများကို မေ (၈) ရက်နေ့ ကတည်းကပင် ရွှေဘိုခရိုင် အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာဌာန တာဝန်ရှိသူများက လာရောက်သိမ်းဆည်း သွားခဲ့သည်။

ယင်းသို့ လေပြင်း တိုက်ခတ်မှုကြောင့် ရွှေနုံးတိုး စေတီတော်ကြီး ၏ ရွှေထီးတော်ကြီးမှာ မြေခပျက်ဆီး ခဲ့သော်လည်း အဆိုပါ ဘုရားနှင့်ကပ်လျက် ရင်ပြင်တော် တစ်ခုတည်းပေါ်ရှိ အခြားသော စေတီဘုရားများ၏ ရွှေထီးတော်များနှင့် တံခွန်တိုင်မှာ ယိုင်နှဲ့ခြင်း၊ ကျိုးပဲ့မြေခခြင်းများ မဖြစ်ပေါ်ခဲ့ပေ။

““လေမိုးတိုက်တာက သိပ်မကြာဘူးဗျ။ ခဏလေးပဲ။ ထီးတော် ပြိုကျပျက်ဆီးတာကိုတော့ ၈ ရက်နေ့ မနက်ပိုင်း ကျမှသိရတာ၊ အရင် ၂၀၁၂ ကလားမသိဘူး ငလျင်လှုပ်သေးတယ်။ အဲဒီတုန်းက ထီးတော်က ယိုင်သွားတာပဲ ရှိတယ်။ အခုလို ပြိုကျပျက်စီးသွားတာမျိုး မရှိဘူး”” ဟု ကျောက်မြောင်းမြို့၊ အမှတ်(၃)ရပ်ကွက်နေ ဦးမိုးကျော်သူ က ရွှေနုံးတိုးစေတီတော် ဘုရားထီးတော် ပြုတ်ကျပျက်ဆီးမှုနှင့် ပတ်သက်၍ မှတ်ချက်ပြု ပြောဆိုသည်။

အဆိုပါ ရွှေနုံးတိုးစေတီတော်၏ စိန်ဖူးတော်၊ ငှက်မြတ်နားတော် အပါအ၀င် ရွှေထီးတော်ကြီးကို စစ်ကိုင်းတိုင်း ဒေသကြီး ၀န်ကြီးချုပ်ဦးသာအေးက အလှူရှင်အနေဖြင့် ကုသိုလ်ပြုထားပြီး စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော် တင်လှူပူဇော်ခြင်းနှင့် အနေကဇာတင် ရေစက်ချမင်္ဂလာ အခမ်းအနားကို ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာ (၁၀)ရက်၊ နံနက်(၉)နာရီဝန်းကျင်အချိန်၌ နိုင်ငံတော်အဆင့် အနေနှင့် ပြုလုပ်ကျင်းပခဲ့ရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် တက်ရောက်ချီးမြှင့် ခဲ့ပြီး ရွှေထီးတော်ကြီးကို တင်လှူပူဇော်ပေးခဲ့ကြောင်း ဒေသခံများ ၏ ပြောပြချက်အရ သိရသည်။

ယင်း ရွှေနုံးတိုး စေတီတော်မြတ်ကြီးကို သာသနာသက္ကရာဇ် (၂၁၈) ခုနှစ်တွင် သီရိဓမ္မာသောက မင်းကြီးက တည်ထားခဲ့ခြင်းဖြစ်၍ ပြိုကျပျက်စီးမှုများကို ရှေးမင်းအဆက်ဆက်မှ ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ် ခဲ့ကြလျက် ကိုးကွယ်ခဲ့ကြသည့် စေတီတော်ကြီး ဖြစ်သည့်အပြင် ရှေးဟောင်း သမိုင်းဝင် စေတီတော်ကြီးဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှာ လက်ရှိ ထီးတော်တင်သည့် ပုဂ္ဂိုလ်ဖြစ်၍ ၎င်းတင်လှူခဲ့သည့် ထီးတော် သက်တမ်းမှာ ၅ လခန့်သာ ကြာမြင့်သေးကြောင်း သိရသည်။

““ဒီရွှေနုံးတိုး ဘုရားထီးတော် တင်တဲ့နေ့ကဆိုရင် ကာချုပ်ကြီး ကိုယ်တိုင် လာတင်တာဆိုတော့ ကြည်း၊ ရေ၊ လေက ဗိုလ်ချုပ်ကြီးတွေလည်းပါတယ်။ စစ်ကိုင်းတိုင်း ၀န်ကြီးချုပ်ရောပေါ့။ နိုင်ငံတော်အဆင့် အနေအထား မျိုးနဲ့ တင်တာဆိုတော့လေ လုံခြုံရေးကလည်း တအားတင်းကြပ်တာဗျ။ အဲဒီ ထီးတင်တဲ့ နေ့ကဆိုရင် သူတို့ သတ်မှတ်ထားတဲ့ မီဒီယာသမားပဲ ဓာတ်မှတ်တမ်း ရိုက်ကူးခွင့်ရတာ။ အပြင် မီဒီယာသမားလားတော့ အတိအကျ မသိဘူး။ သူကဓာတ်ပုံရိုက်ဖို့ဆိုပြီး ကင်မရာထုတ်ချိန်တာ ရှိသေးတယ်။ သူ့ကို အတင်း ဆွဲထုတ်သွားတာ မြင်လိုက်ရတယ်”” ဟု ကျောက်မြောင်းမြို့၊ အမှတ်(၂)ရပ်ကွက်တွင် နေထိုင်သူ ဒေသခံ တစ်ဦးက မြန်မာသံတော်ဆင့်သို့ ပြန်ပြောင်း ပြောပြသည်။

၂၀၁၂ ခုနှစ် အတွင်းက လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ရွှေထီးတော်ကြီးနှင့် စေတီတော်ကြီးမှာ ပြိုကျ ပျက်စီး သွားခဲ့သောကြောင့် စေတီတော်ကြီးကို အသစ်တဖန် ပြန်လည်ပြုပြင် မွမ်းမံ၍ စစ်ကိုင်းတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးသာအေးက ရွှေထီးတော် အလှူရှင်အဖြစ် ကုသိုလ်ယူပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရွှေထီးတော်ကြီးကို ၂၀၁၄ခုနှစ်၊ ဒီဇင်ဘာ (၁၀)ရက်နေ့တွင် နိုင်ငံတော် အဆင့်အနေဖြင့် တက်ရောက် တင်လှူပူဇော်ပေးခဲ့ခြင်းလည်း ဖြစ်သည်။

မြေခပျက်စီးသွားသည့် ထီးတော်အား ပြန်လည်တင်လှူနိုင်ရေးနှင့် ပတ်သက်၍ ““ထီးတော်ကြီး အသစ်ပြန်တင်ဖို့ အတွက်ကတော့ ဒီနေ့မှာပဲ ဂေါပအဖွဲ့ကို အစည်းအဝေး ခေါ်ထားပါတယ်။ လက်ရှိ ထီးတော် တင်ထားတဲ့ ကာချုပ်ကြီး မင်းအောင်လှိုင်ကိုတော့ သူတို့သက်ဆိုင်ရာ အဖွဲ့အစည်းတွေက အကြောင်း ကြားမယ်လို့ ထင်ပါ တယ်””ဟု ဂေါပက အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးမျိုးဇော်ဇော်ထွေးက ပြောသည်။

အောင်ကိုဝင်း

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

ရခိုင် ပြည်နယ် အပါအဝင် လူမျိုးစု ဒေသ တွေ မှာ ရှိနေဆဲ ဖြစ်တဲ့ ပဋိပက္ခတွေ နဲ့ လူ့ အခွင့်အရေး ချိုးဖောက်မှု တွေ အပေါ် စိုးရိမ် ရဆဲ ဖြစ်တယ် လို့ အမေရိကန် အစိုးရ ပြော။ 
မြန်မာ နိုင်ငံ ပေါ် ထားရှိ တဲ့ အမေရိကန် ရဲ့ ဒဏ်ခတ် ပိတ်ဆို့ မှု တွေ ကို အမေရိကန် သမ္မတ အိုဘားမား က တစ်နှစ် သက်တမ်း တိုးမြှင့် လိုက်ပါတယ်။

အဲဒီ ဆုံးဖြတ် ချက် ကို ကွန်ကရက်စ် လွှတ်တော် ထံ ကို အကြောင်း ကြားခဲ့တာ မှာ မြန်မာ နိုင်ငံ အတွင်း သိသာ ထင်ရှားတဲ့ တိုးတက် မှု တွေ ရှိလာ ပေမယ့် ရခိုင် ပြည်နယ် အပါအဝင် လူမျိုးစု ဒေသ တွေ မှာ ရှိနေဆဲ ဖြစ်တဲ့ ပဋိပက္ခ တွေ နဲ့ လူ့ အခွင့်အရေး ချိုးဖောက်မှု တွေ အပေါ် စိုးရိမ်ရဆဲ ဖြစ်တယ် လို့ ပြောထားပါတယ်။

ဒီ အချိန်မှာပဲ ရိုဟင်ဂျာ လှေစီး ဒုက္ခသည် တွေ အရေးနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ အနေနဲ့ ယာယီ နေရာ ထိုင်ခင်း ပေးဖို့ အမေရိကန် က တိုက်တွန်း နေသလို ဒီပြင့် ဒေသတွင်း နိုင်ငံတွေ ကိုလည်း ဒီလို လှေမျိုးတွေ ဆိုက်ကပ်လာရင် ပင်လယ်ထဲ ပြန်လည် စေလွှတ်တာ မျိုး မလုပ် ကြဖို့ ဆော်ဩ နေပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ နဲ့ ထိုင်း နိုင်ငံခြားရေး ဝန်ကြီး တို့ ရိုဟင်ဂျာ ဒုက္ခသည် အရေး ဆွေးနွေး ခဲ့တာမှာ ရွှေ့ပြောင်း ဝင်ရောက် သူ တွေ ကို ထပ်ပြီး လက်ခံ ပေး နေရမယ် ဆိုရင် ထိုင်း နိုင်ငံသား တွေ ရဲ့ အလုပ်အကိုင် အခွင့်အလမ်း တွေ ဆုံးရှုံး သွားမှာ ကို စိုးရိမ် နေတယ် လို့ ထိုင်းဘက် က ဆိုပါတယ်။

အင်ဒိုနီးရှား စစ်တပ် အကြီးအကဲ ကလည်း ရွှေ့ပြောင်း ဝင်ရောက် သူတွေ ကြောင့် လူမှုအဖွဲ့ အစည်း အတွင်း မလိုလား အပ်တဲ့ ပြဿနာ တွေ ဖြစ်ပေါ် လာနိုင် တယ် ဆိုပြီး သတိပေး နေပါ တယ်။

မြန်မာ နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေ က ထွက်ခွာ လာ ကြသူ လှေစီး ဒုက္ခသည် တွေ ဟာ ဒေသတွင်း နိုင်ငံ တွေ က ဆိုက်ကပ်ခွင့် မပေးတဲ့ အတွက် လူတွေ ထောင်နဲ့ ချီပြီး လှေတွေ ပေါ်မှာ သောင်တင် နေကြရပါတယ်။

BBC Burmese
http://www.bbc.com/burmese

ပှိုင့် ၂၂၀၂ တောင်ကုန်းကို လက်နက်ကြီးဖြင့် ပစ်ခတ်စဉ်။ သတင်းဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန MOI.
ကိုးကန့်ဒေသ တိုက်ပွဲတွေကြောင့် နယ်စပ်က တရုတ်မြို့ တမြို့အပေါ် လက်နက်ကြီး ကျည်ကျ ပေါက်ကွဲခဲ့ပြီး အရပ်သား ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။ ဒီအတွက် တရုပ်နိုင်ငံခြားရေး ဝန်ကြီးဌာနက မြန်မာတာဝန်ရှိ သူတွေကို အလေးအနက်ခေါ်ယူ သတိပေးခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ကိုရန်နိုင်ကပြောပြမှာပါ။

ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ်ဒေသမှာ မြန်မာအစိုးရတပ်တွေက ကိုးကန့်လက်နက်ကိုင် တပ်ဖွဲ့တွေကို ထိုးစစ် ဆင်နေတာမှာ မြန်မာနိုင်ငံဘက်က ပစ်လိုက်တဲ့ အမြောက်ဆံ ၂ ခု ယူနန်ပြည်နယ်၊ လင်ချန်းမြို့ဖူခန်းအရပ်မှာရှိတဲ့ ဖုန်ချန်ဟိုတယ်အနီးမှာ ကျရောက်ပေါက်ကွဲပြီး၊ တရုတ်နိုင်ငံသား ၁ ဦး နဲ့ နယ်စပ်မှာနေတဲ့ မြန်မာနိုင်ငံသား ၄ ဦးတို့ ထိခိုက်ဒဏ်ရာရသွားပါတယ်။ ဒါ့အပြင် ကား ၃ စီး နဲ့ အိမ် ၄ လုံးလည်း ထိခိုက်ပျက်စီးသွားခဲ့ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီကနေ့ ပြောကြားတာမှာတော့ - မြန်မာနိုင်ငံဘက်က ပစ်လိုက်တဲ့ အမြောက်ဆံတွေဟာ တရုတ်နိုင်ငံ နယ်နိမိတ်ထဲကို ခဏခဏကျရောက်ပြီး၊ အဲဒီလို ကျတဲ့အတွက် တရုတ်နိုင်ငံသားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေအပေါ် အကြီးအကျယ်ခြိမ်းခြောက်နေသလို၊ နယ်စပ်ဒေသတည်ငြိမ်မှုကိုလည်း ပျက်ပြားစေတဲ့အတွက် တရုတ်နိုင်ငံအနေနဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီး အတော်ကို မကျေမနပ်ဖြစ်မိတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Hua Chunying က ပြောလိုက်ပါတယ်။

“အခုလို အလားတူဖြစ်ရပ်မျိုးတွေကို မဖြစ်အောင် ရှောင်ရှားဖို့၊ နိုင်ငံမြောက်ပိုင်းမှာ တင်းမာမှုတွေလျော့ကျအောင်လုပ်ပြီး ၊ ငြိမ်းချမ်းရေးပြန်ရအောင် လုပ်နိုင်သမျှ အမြန်ဆုံးလုပ်ဖို့အတွက်၊ မြန်မာအစိုးရကို လုပ်စရာရှိတာတွေလုပ်ဖို့ ကျမတို့တောင်းဆိုပါတယ်။ တရုတ်နိုင်ငံအနေနဲ့ ဒီကိစ္စနဲ့ ပတ်သက်လို့ နောက်ထပ် အရေးယူတုံ့ပြန်မှုတွေလုပ်သွားမှာဖြစ်ပါတယ်။”

ဒီကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနကို ဆက်သွယ်မေးမြန်းခဲ့တာမှာ - မြန်မာနိုင်ငံခြားရေး-၀န်ကြီးဌာနရဲ့ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးသန့်ကျော်က အခုလို ပြောပါတယ်။

"ကျနော်တို့ဆီက မြန်မာသံရုံးက သံမှုးကြီးကိုခေါ်ပြီးတော့ ၁၅ ရက်နေ့ ညနေ ၅ နာရီ ၁၅ မှာ ခေါ်တွေ့ပါတယ်။ ဒေါ်ချိုချိုစိုး ကို ခေါ်တွေ့ပါတယ်။ ခေါ်တွေ့ပြီးတော့ သူတို့ပြောတာတွေကတော့ ဒီ နန့်စမ်ခရိုင်ပေါ့နော် လင်ချန်းမြို့ ဟော်တယ် အနီးမှာတဲ့ အမြှောက်ဆံနှစ်လုံးကျတယ်ပေါ့ဗျာ။ တရုတ်နိုင်ငံသား ၁ ဦးနဲ့ ကိုးကန့်လူမျိုး ၄ ဦး ဒဏ်ရာရရှိတယ်ဆိုပြီး ကျနော်တို့ကို အသိပေးပါတယ်။ အဲဒီတော့ တရုတ်ဖက်ကတော့ မြန်မာ နဲ့ တရုတ်က အိမ်နီးချင်း တိုင်းပြည်တွေလည်းဖြစ်တယ်။ ဒါကြောင့်မို့လို့ မြန်မာအနေနဲ့ ထိန်းထိန်း သိမ်းသိမ်းနဲ့ ဆောင်ရွက်ပေးဖို့ဆိုပြီးတော့ ကျနော်တို့ကို သူတို့ မေတ္တာရပ်ခံတာပေါ့"

အခုလို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဘက်က ပြောကြားခဲ့တာနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးတာတွေ လုပ်ဆောင်သွားမယ်လို့ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးသန့်ကျော်က အခုလိုဆက်ပြောပါတယ်။

"ကျနော်တို့က ဒီဟာ မှန် မမှန် ပထမဦးဆုံး စစ်ဆေးရမှာပေါ့လေ။ အဲဒါ မှန်တယ်ဆိုရင်လည်း မှန်တယ်ဆိုတဲ့ အလျှောက်ပေါ့ လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုကို ပြုလုပ်မယ် နော်။ အဲဒါဟာ တကယ်ကျတာ မဟုတ်ဘူး ဆိုရင်လည်း အဲဒါ ကျနော်တို့လည်း သူတို့နဲ့ ဖြေရှင်းရမှာပေါ့လေ။ ဖြစ်တာကလည်း မနေ့ကည ၁၀ နာရီလောက်မှ ဖြစ်တာကိုး။ ကျနော်တို့ကို အဓိက ခေါ်ပြောတာကလည်း ဒီနေ့မှ ခေါ်ပြောတာဆိုတော့ ဒီဖက်မှာလည်း စီစစ်ဖို့ လိုသေးတာကိုး"

မြန်မာအစိုးရဘက်က ကိုးကန့်လက်နက်ကိုင်အဖွဲ့ကို ထိုးစစ်ဆင်နေမှုတွေ လုပ်နေတာမှာ မြန်မာအစိုးရ တပ်တွေ ဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဆံတွေ တရုတ်နိုင်ငံဘက်က အခြမ်းကို အရင်ကလည်း ကျရောက်ခဲ့တာတွေရှိခဲ့ဖူးပြီး၊ အခုတကြိမ်   ကတော့ နောက်ဆုံးကျရောက် ခဲ့တာဖြစ်ပါတယ်။

 တချိန်တည်းမှာပဲ ၊ ကိုးကန့်ဒေသမှာဆိုရင်လည်း မြန်မာအစိုးရတပ်တွေနဲ့ ကိုးကန့်လက်နက်ကိုင် တပ်တွေဟာ ဒီကနေ့အချိန်ထိ တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်နေတုန်းပဲ ဖြစ်ပါတယ်။

ရန်နိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

မြန်မာကျည်တွေ တရုတ်ပိုင်နက်ထဲ ကျကွဲပြီး လူ ၅ ဦး ဒဏ်ရာ ရ။ 
မြန်မာဘက် က ပစ်ခတ် တဲ့ ကျည်တွေ တရုတ် ပိုင်နက် ထဲ ကျရောက် ပေါက်ကွဲပြီး လူ ၅ ဦး ဒဏ်ရာ ရခဲ့တဲ့ အတွက် တရုတ်အစိုးရ က မြန်မာ အာဏာပိုင် တွေ ကို ကန့်ကွက် လိုက်ပါတယ်။

တရုတ် နိုင်ငံခြားရေး ဌာန ရဲ့ ပြောခွင့်ရ ဟွားချူရင်း က ဒီ ဖြစ်ရပ် အတွက် တရုတ်အစိုးရ အနေနဲ့ အင်မတန် မကျေမနပ် ဖြစ်ရပြီး အလားတူ ဖြစ်ရပ်မျိုး တွေ ထပ်မံ ပေါ်ပေါက် မလာအောင် မြန်မာ အစိုးရ ဘက်က ထိရောက် တဲ့ ထိန်းချုပ် ကိုင်တွယ်မှု တွေ လုပ်ဆောင်ဖို့ တိုက်တွန်း ထား တယ် လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေး ညက ယူနန်ပြည်နယ် အနောက်တောင်ပိုင်း လင်ဆန် ဆိုတဲ့ ဒေသ မှာ စားသောက်ဆိုင် တစ်ဆိုင် အရှေ့နဲ့ လူနေ ရပ်ကွက် ရဲ့ လမ်းမပေါ် ကျည် ၂ လုံး ထိမှန်ခဲ့တာ ဖြစ်တယ် လို့ တရုတ်အစိုးရပိုင် ရုပ်မြင်သံကြား မှာ ဖော်ပြ ခဲ့ပါတယ်။

မြန်မာဘက်ခြမ်း ကိုးကန့်ဒေသ စစ်ပွဲမှာတော့ ကိုးကန့်တပ် MNDAA အခိုင်အမာ တပ်စွဲထားတဲ့ ပွိုင့် ၂၂၀၂ ဆိုတဲ့ တောင်ကုန်းကို အစိုးရ စစ်တပ် က အမြောက်၊ သံချပ်ကာ နဲ့ လေကြောင်း ပစ်ကူတွေ သုံးပြီး ကြာသပတေးည ၁၀ နာရီ ကျော်မှာ သိမ်းလိုက် နိုင်တယ် ဆိုပြီး ပြန်ကြားရေး ဌာန က ထုတ်ပြန် ထားပါတယ်။

BBC Burmese
http://www.bbc.com/burmese


 ချင်းပြည်နယ် ပလက်ဝမြို့နယ် ပြိုင်ဆိုကျေးရွာကနေ ကြွေတောင်ကျေးရွာကို ရောက်ရှိနေကြတဲ့ စစ်ဘေးဒုက္ခသည် ၃ဝဝ ကျော်ကို အစိုးရတပ်မတော် ခလရ-၂၈၉ တပ်ရင်းဗျူဟာမှူးက လာမယ့်မေလ ၁၈ ရက်နေ့ကနေ ၂၃ ရက်နေ့အတွင်း မိမိတို့နေရပ်ကို အပြီးပြန်ကြဖို့ အကြောင်းကြားထားပါတယ်။

ပြိုင်ဆိုကျေးရွာအနီးမှာ အခြေအနေတွေမတည်ငြိမ်သေးတာကြောင့် အခုလက်ရှိနေရာမှာပဲ ဆက်လက်နေထိုင် ခွင့်ပြုဖို့ ပလက်မြို့နယ် အုပ်ချုပ်ရေးမှူးကို တင်ပြထားတယ်လို့ ဒုက္ခသည်အရေး ကူညီဆောင်ရွက်ပေးနေတဲ့ ပလက်ဝမြို့အခြေစိုက် ခူမီးလူငယ်အသင်းဥက္ကဌ ဦးစတီဗင်က ပြောပါတယ်။

"သူတို့က အခုအချိန်တော့ ပြန်လို့မဖြစ်သေးဘူး၊ ပြန်လို့မဖြစ်သေးဘူးဆိုတာက ဒီလထဲမှာပဲ ၁ဝ ရက်နေ့ တိုက်ပွဲဖြစ်တာနဲ့ သေနတ်သံတွေကြားနေရသေးတယ်၊ နောက်ပြီးဒီဒေသတဝိုက်မှာလည်း မြေမြုပ်မိုင်းတွေ ကလည်း ထောင်ထားတာတွေရှိတယ်၊ သွားတာလာတာတွေ သတိထားဖို့ပြောထားတာလည်းရှိတယ်၊ ပြီးရင် နှစ်ဘက်လက်နက်ကိုင်တပ်များက စစ်ရေးလှုပ်ရှားလာပြီဆိုရင် သူတို့ကို အတင်းအကြပ် လမ်းပြခေါ်တာတို့ နောက် ကင်းတို့ဘာတို့ ညစောင့်ခိုင်းတာတို့ဘာတို့ရှိတယ်လေ၊ အဲ့ဒါတွေပြန်ဖြစ်လာမှာ စိုးရိမ်တဲ့အတွက်ကြောင့် ယာယီခိုလှုံတဲ့နေရာမှာပဲ ဆက်လက်နေထိုင်ခွင့်ပြုဖို့ဆိုတာ သူတို့စာတင်တယ်"

ပြိုင်ဆိုကျေးရွာအနီးမှာ အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ ပြီးခဲ့တဲ့ မတ်လကုန်နဲ့ ဧပြီလ ဒုတိယပတ် အတွင်းက တိုက်ပွဲ ၃ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး ပြိုင်ဆိုရွာခံအမျိုးသားတစ်ဦး ဒီနေ့အချိန်အထိ ပျောက်ဆုံးနေ တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ပွဲတွေကြောင့် ပြိုင်ဆိုရွာက လူဦးရေ ၃ဝဝ ကျော်ဟာ ခြေကျင်နှစ်ရက်ခရီးရှိတဲ့ ကြွေတောင်ကျေးရွာကို ပြီးခဲ့တဲ့ ဧပြီလ ၂၇ ရက်နေ့က ထွက်ပြေးရောက်ရှိလာကြတာ ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

မြင်းခြံခရိုင်တရားရုံးပုံ Photo: RFA

လက်ပံတန်း ကျောင်းသား သပိတ် အကြမ်းဖက်ဖြိုခွင်းမှု ကို ကန့်ကွက်ဆန္ဒပြခဲ့တဲ့ ကျောင်းသူ ကျောင်းသားတွေ နဲ့ ဝန်းရံကြသူ ၆ ဦးကို ဒီနေ့ မြင်းခြံခရိုင်တရားရုံးမှာ ရုံးထုတ်စစ်ဆေးစဉ် မြင်းခြံခရိုင် ဗကသများအဖွဲ့ချုပ် ဝင် ကျောင်းသား ၅ဝ ကျော်က တရားရုံးရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။

ဖမ်းဆီးခံထားရတဲ့ ကျောင်းသားကျောင်းသူတွေနဲ့ ကူညီဝန်းရံသူတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့အတွက် ဆန္ဒပြတောင်းဆိုတာ ဖြစ်တယ်လို့ မြင်းခြံခရိုင် ဗကသများအဖွဲ့ချုပ်အဖွဲ့ဝင် မြင်းခြံနည်းပညာကော လိပ် ကျောင်းသား ကိုဇော်မိုးထက်က ပြောပါတယ်။

"တခြားရုံးချိန်းတွေမှာဆိုရင်တော့ ကျနော်တို့ရဲဘော်တွေနဲ့ ကောင်းကောင်းမွန်မွန် စကားပြောခွင့်ရတယ်၊ အခုတစ်ခါမှာတော့ ကောင်းကောင်းမွန်မွန် စကားပြောခွင့်မရဘူး၊ ရုံးထဲကထုတ်လာပြီးတော့ ၂ မိနစ်လောက် နဲ့ တန်းပြီးတော့ကားပေါ်တင်ပြီးတော့ တန်းမောင်ထွက်သွားတယ်ဗျ၊ သူတို့ဖမ်းသွားကတည်းက ပုဒ်မ ၁၈ နဲ့ဆိုပြီး မတရားတဲ့ပုဒ်မနဲ့ ဖမ်းသွားတယ်၊ အခုအချိန်အထိ ကျနော်တို့ရဲ့ရဲဘော်တွေကို စစ်ဆေးခြင်းမရှိဘူး ၊ နေ့တိုင်းရမန်ယူပြီးတော့ချုပ်ထားတယ်၊ သူတို့ရဲ့ လုပ်ဆောင်ချက်တွေက ရိုးသားမှုမရှိဘူး၊ ကျနော်တို့ တရားရုံးရှေ့မှာ ကျနော်တို့ရဲ့ရဲဘော်တွေကို လွှတ်ပေးဖို့ရယ်၊ ကျနော်တို့ရဲ့ ဒီပညာရေးဥပဒေကို ပြင်ဆင်နိုင် ဖို့ရယ်၊ ကျောင်းသားသမဂ္ဂ လွပ်လပ်စွာဖွဲ့စည်းခွင့်ရဖို့ရယ်၊ မတရားစွဲဆိုထားတဲ့ ပုဒ်မတွေဖျက်ပယ် ဖို့ တောင်းဆိုတယ်"

မြင်းခြံခရိုင်တရားရုံးက လာမယ့် မေလ ၂၅ ရက်ကို ရုံးချိန်းသတ်မှတ်ပေးလိုက်ပါတယ်။

ဒီနေ့ ဆန္ဒပြပွဲကို မန္တလေးနည်းပညာကောလိပ်၊ တောင်ငူဒီကရီကောလိပ်၊ မန္တလေးရတနာပုံတက္ကသိုလ် ၊ ကျောက်ဆည် ဒီဂရီကောလိပ်က ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂ ဗကသအဖွဲ့ဝင်တွေက လာရောက်ပူးပေါင်းဆန္ဒပြခဲ့တာပါ။

ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့က မြင်းခြံမြို့မှာဆန္ဒပြခဲ့တဲ့ ကိုဥာဏ်မြင့်သန်း၊ ကိုသန့်ဇင်၊ ကိုစည်သူမြတ်၊ ကိုကျော်သန်းထွန်း၊ ဦးစိန်မြင့်နဲ့ မဖြူတို့ကို ပုဒ်မ ၅ဝ၅ (ခ) နိုင်ငံတော်အကြည်ညိုပျက်စေမှု အပါအဝင် ဥပဒေနဲ့ဆန့်ကျင်တဲ့ လူစုလူဝေးမှာပါဝင်မှု၊ လူစုခွဲဖို့ကြေညာတာကို လက်မခံမှု စတဲ့ ပုဒ်မ သုံးခုနဲ့ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

 
ရိုဟင်ဂျာ ဒုက္ခသည် စခန်းတခုအတွင်းမှာ သူ့သား လူကုန်ကူးတွေ နဲ့ ပါသွားပုံ ကို အဖေဖြစ်သူ က ပြောပြ
အက်ဒမန်ပင်လယ်တွင်းမှာ လှေစီးပြေး ရွှေ့ပြောင်းသူများ ကမ်းမကပ်နိုင်ပဲ ဒုက္ခရောက်နေကြတဲ့ အရေး နဲ့ပတ်သက်ပြီး မြန်မာအစိုးရပိုင်း က ပြဿနာတွေ က မြန်မာဘက်က အဓိက စတင်ခဲ့တာ ဆိုပြီး လက်ညိုး မထိုးဖို့ တုန့်ပြန် လိုက်ပါတယ်။

လှေစီးပြေး ရွှေ့ပြောင်းသူတွေ ထဲမှာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ဘက် က ဘင်္ဂါလီတွေ ပါကောင်းပါနိုင်ကြောင်းနဲ့ အခု လှေစီးပြေးသူတွေဟာ ဘင်္ဂလားဒေ့ရှက ဘင်္ဂါလီတွေ လည်းပါကြောင်း၊ အဲဒီအတွက် သူတို့ ကိုသာ ပြောနေလို့ မဖြစ်ကြောင်း မြန်မာအစိုးရ သမ္မတရုံး က ညွှန်ကြားရေးမှူး ဦးဇော်ဌေး က ဘီဘီစီ ကို ပြောပါတယ်။

ဒီအထဲမှာ မြန်မာနိုင်ငံသားတွေ ပါဝင်ရင် သူတို့တာဝန်ယူနိုင်ကြောင်းနဲ့ လူကုန်ကူးသူများ ကိုလည်း သူတို့သိပါက ဖမ်းဆီးတားဆီးနေကြောင်း တုန့်ပြန်ပါတယ်။

နိုင်ငံသားဖြစ်ရေး နဲ့ပတ်သက်လို့လည်း ဘင်္ဂါလီ လူမျိုးအဖြစ် သတ်မှတ်လက်ခံ ပါက နိုင်ငံသား ဖြစ်မှုကို ဥပဒေနဲ့အညီ လုပ်ဆောင်ပေးနေကြောင်းလည်း ဦးဇော်ဌေး က ပြောပါတယ်။

အခု လှေစီးပြေး ရွှေ့ပြောင်းသူများအရေး နဲ့ပတ်သက်ပြီး သက်ဆိုင်ရာ နိုင်ငံတွေ နဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ ကို ထိုင်းနိုင်ငံ က ဖိတ်ကြား ပြီး အစည်းအဝေး လုပ်မယ့်ကိစ္စ အပေါ်မှာ လည်း သူတို့အနေနဲ့ အခုထိ ဖိတ်ကြား တာကို လက်ခံ မရရှိသေးကြောင်းနဲ့ သူတို့လက်မခံတဲ့ အသုံးအနှုန်း တွေ နဲ့ လူမျိုးနာမည် ခေါ်ဝေါ်သုံးစွဲ ဖိတ်ကြားမယ် ဆိုရင် လည်း မြန်မာနိုင်ငံ ကတက်ရောက်မှာ မဟုတ်ကြောင်း တုန့်ပြန်ပြောဆိုပါတယ်။

အင်ဒိုနီးရှား ကယ်တင်ထားတဲ့ေ လှစီးပြေးဒုက္ခသည်များ။ (မေ-၂၀၁၅)

 အရှေ့တောင် အာရှ နိုင်ငံတွေဆီ ထွက်ပြေးကြတဲ့ ရိုဟင်ဂျာတွေ အရေး ထိုင်းနိုင်ငံက ကျင်းပဖို့ စီစဉ်နေတဲ့ ညီလာခံကို မြန်မာနိုင်ငံ တက်ရောက်မှာ မဟုတ်ဘူးလို့ မြန်မာ အစိုးရက တုန့်ပြန်လိုက်ပါ တယ်။ ဒေသတွင်း နိုင်ငံတွေရဲ့ လူကုန်ကူးမှု ပြဿနာကို မြန်မာနိုင်ငံရဲ့ ပြဿနာ အဖြစ် ဦးတည်ချက်ပြောင်းအောင် လုပ်ဆောင်နေတာ ဖြစ်တယ်လို့လည်း မြန်မာ အစိုးရက ပြောဆိုပါတယ်။ ဒီရက်ပိုင်း အတွင်း မှာဘဲ ပင်လယ်ပြင်ထဲမှာ လှေတွေနဲ့ မျောပါနေကြတဲ့ ရိုဟင်ဂျာတွေ ကို လက်ခံဖို့ကိုလည်း ကုလ အပါအ၀င် အခွင့်အရေး အဖွဲ့တွေ ကလည်း ဒေသ တွင်း နိုင်ငံတွေကို တိုက်တွန်းနေကြပါတယ်။ မသိင်္ဂီထိုက် စုစည်းတင်ပြ ထားပါတယ်။

ထိုင်းနိုင်ငံက ဦးဆောင် ကျင်းပမယ့် ပင်လယ်ဖြတ်ကျော် ရိုဟင်ဂျာ အရေး ဆွေးနွေးပွဲ ကို မြန်မာဘက်က တက်မှာ မဟုတ်ဘူးလို့ မြန်မာ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောပါတယ်။

"အဲဒါနဲ့ပတ်သက်ပြီးတော့ နံပတ် ၁ ရိုဟင်ဂျာ ဆိုတဲ့ဟာနဲ့ ပတ်သက်ပြီးတော့ ရိုဟင်ဂျာ ဆိုတာနဲ့ ပတ်သက်ပြီးတော့ သမ္မတကြီးကရော အစိုးရကရော ကျနော်တို့ ကုလသမဂ္ဂမှာ ဖြစ်စေ ကျနော်တို့ အာဆီယံမှာ ဖြစ်စေပေါ့နော် ကျနော်တို့ အတိတလင်း ပြောထားတယ်။ ရိုဟင်ဂျာ ကျနော်တို့ နိုင်ငံမှာ မရှိဘူးပေါ့နော်။ ပြီးခဲ့တဲ့ မလေးရှား အာဆီယံ Summit မှာလည်း ဒီလိုမျိုး Issue ကို ဆွေးနွေးဖို့ အဆိုပြုလာတာတွေနဲ့ ပတ်သက်ပြီး ကျနော်တို့ နိုင်ငံက နိုင်ငံခြားရေး ၀န်ကြီးက ယတိပြတ် ပယ်ချ ငြင်းပယ်ထားပြီးသား ဖြစ်တယ်ပေါ့နော်။ အဲတော့ ဒီကိစ္စကို ခေါင်းစဉ် တင်ပြီးတော့ ဆွေးနွေးမယ်ဆိုရင်တော့ ကျနော်တို့က လက်မခံဘူး။ အဲဒီ ရိုဟင်ဂျာက ကျနော်တို့က အသိအမှတ်မပြုဘူး။ ကျနော်တို့ဆီမှာ မရှိဘူး ပြောထားတဲ့ အတွက် ရိုဟင်ဂျာ ဆိုတဲ့ဟာနဲ့ ပတ်သက်ပြီး ဆွေးနွေးမယ် ဆိုရင်တော့ ကျနော်တို့က မတက်နိုင်ဘူး။"

ပင်လယ်ပြင်ကို လှေတွေနဲ့ ဖြတ်ကူးပြီး ထိုင်း၊ မလေးရှားနဲ့ အင်ဒိုနီးရှား နိုင်ငံတို့ဆီကို သွားရောက်နေကြတဲ့ ရိုဟင်ဂျာတွေ အရေးဟာ ဒေသတွင်း နိုင်ငံတွေရဲ့ လူကုန်ကူးမှု မတိုက်ဖျက်နိုင်ခြင်းရဲ့ ပြဿနာ အရင်းခံ ဖြစ်တယ်လို့ မြန်မာဘက်က ယူဆပြီး ဒီပြဿနာတွေ အစက မြန်မာနိုင်ငံ ဖြစ်ပါတယ်လို့လွှဲချချင်တဲ့ သဘောထားကို မြန်မာနိုင်ငံဘက်က လက်ခံမှာ မဟုတ်ဘူးလို့လည်း ဦးဇော်ဌေးက ပြောပါတယ်။

"အဓိက ကတော့ လူမှောင်ခိုဂိုဏ်းတွေပေါ့နော် အကြီးအကျယ် ဖြစ်နေ တယ်။ နောက် သက်ဆိုင်ရာ အစိုးရ အောက်ခြေပိုင်းမှာ အုပ်ချုပ်ရေး တာဝန်ရှိသူ တချို့ ပါဝင်ပတ်သက်တယ် ဆိုတာကို မလေး အစိုးရရော ထိုင်းအစိုးရရော ပြောကြား ထားပြီး ဖြစ်တယ်ပေါ့နော်။ အဲတော့ ဒီလူမှောင်ခိုက တဆင့် ဖြစ်လာတဲ့ ဒီလူတွေ ကိစ္စက ကျနော်တို့က လုပ်ခ လစာ သက်သာတယ်၊ ပြီးရင် အလုပ်သမား အခွင့်အရေး အပြည့်အ၀ ပေးစရာ မလိုဘူး၊ နောက် ခုန ပြောတဲ့ လူသားမဆန်တဲ့ ပေါ့နော် အဲဒီ နှိပ်စက်ညှဉ်းပန်းမှုတွေ နောက် ကျွန်ပြုမှုတွေ နောက်ဆုံး သတ်ဖြတ်တဲ့ ကိစ္စတွေ အထိ ဖြစ်လာတဲ့ ကိစ္စတွေရဲ့ ဇစ်မြစ်ပေါ့နော် ဒီပြဿနာတွေရဲ့ Source က ခုန ပြောတဲ့ လူကုန်ကူးမှု တရားမ၀င် ဆောင်ရွက်မှုတွေက အဓိက ဖြစ်တယ်ပေါ့နော်။ ဒါပေမယ့် အဲဒီဟာကို Highlight ဖြစ်လာတယ်။ International က ဒါကို စောင့်ကြည့်ပြီး မီးမောင်းထိုးလာတဲ့ အချိန်မှာ Diverge လုပ်ဖို့ရာ အတွက် ဒီ Source က မြန်မာနိုင်ငံဆိုပြီး ပြောလာရင်တော့ ကျနော်တို့က လက်မခံဘူးပေါ့နော်။"

ထိုင်းနိုင်ငံတောင်ပိုင်းမှာ မြန်မာနဲ့ ဘင်္ဂလားဒေရှ့်ဘက်က လူကုန်ကူးခံရသူတွေလို့ ယူဆရသူတွေရဲ့ ရုပ်အလောင်းတွေ အစုလိုက် အပြုံလိုက် တွေ့ခဲ့ရပြီးနောက်ပိုင်း ထိုင်းနိုင်ငံက မြန်မာ၊ ဘင်္ဂလားဒေရှ်နဲ့ ထိုင်းနိုင်ငံတို့ ရဲ့ သုံးပွင့်ဆိုင် အစည်းအဝေး ကျင်းပဖို့ ထိုင်းဝန်ကြီးချုပ်က ကြေညာလိုက်တာလည်း ဖြစ်ပါတယ်။ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ HRW ရဲ့ အာရှ ရေးရာ ဒုတိယ ညွှန်ကြားရေး မှူး Phil Robertson ကလည်း ပင်လယ်ပြင် အတွင်း လှေတွေနဲ့ မျောပါနေကြ တဲ့ ရိုဟင်ဂျာတွေကို လက်ခံ ကူညီပေးကြဖို့ အရှေ့တောင် အာရှ နိုင်ငံတွေကို တိုက်တွန်းပါတယ်။

"ထိုင်း၊ မလေးရှားနဲ့ အင်ဒိုနီးရှား ရေတပ်တွေ အနေနဲ့ ဒီလူတွေကို ဟိုဘက်မောင်းထုတ် လိုက် သည်ဘက် မောင်းထုတ်လိုက် လုပ်နေတာတွေကို ရပ်ဆိုင်းပြီး ကမ်းကပ်ခွင့်ပေးသင့်ပါတယ်။ လိုအပ်တဲ့ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ ရဖို့၊ နောက် ဒီလူတွေကို အကူအညီပေးဖို့ ပြင်ဆင်ထားတဲ့ UNHCR နဲ့ တခြား အဖွဲ့အစည်းတွေရဲ့ စောင့်ရှောက်မှုကို ရဖို့ အတွက် ဖြစ်ပါတယ်။ ဌာနေရင်းမှာ နိုင်ငံရေး အရ ဖိနှိပ်မှုတွေကနေ လွတ်မြောက်အောင် ထွက်ပြေးကြတဲ့ ရိုဟင်ဂျာတွေကို မောင်းထုတ်တဲ့ မူဝါဒတွေကြောင့် သူတို့ အတော်လေး ထိခိုက်ဆုံးရှုံး ကြရပါတယ်။"

လတ်တလောမှာလည်း မလေးရှားနိုင်ငံဆီကို လှေစီးထွက်ပြေးကြသူတွေ ကို အင်ဒိုနီးရှား၊ ထိုင်းနဲ့ မလေးရှားနိုင်ငံတို့က လက်မခံတာကြောင့် ပင်လယ်ပြင် မှာ လှေတွေနဲ့ မျောပါနေကြသူ ၆ ထောင်နဲ့ချီ ရှိနေပြီး ဒီလူတွေ အသက်ရှင်ရေး အတွက် နိုင်ငံတွေက လက်ခံကြဖို့ နိုင်ငံတကာ ရွှေ့ပြောင်းအလုပ်သမားရေးရာ အဖွဲ့ IOM က တိုက်တွန်းထားပါတယ်။ ဒီလူတွေကို အကူအညီတွေ ပေးဖို့ ဒေါ်လာ တသန်း အသုံးပြုမယ်လို့လည်း IOM က ကြေညာချက် ထုတ်ခဲ့ပါတယ်။

ဒါပေမယ့် ထောင်နဲ့ချီတဲ့ လှေစီးပြေး ဒုက္ခသည်တွေကို မလေးရှားနဲ့ အင်ဒိုနီးရှား နိုင်ငံတို့က ကယ်ဆယ်ပြီးနောက်မှာတော့ ပင်လယ်ပြင် ကို ဖြတ်ပြီး နောက်ထပ် လာရောက်နေကြတဲ့ လှေစီးပြေး ဒုက္ခသည်တွေကို လက်ခံဖို့ မလေးရှား၊ အင်ဒိုနီးရှားနဲ့ ထိုင်းနိုင်ငံတို့က ငြင်းဆန်နေကြတာ ဖြစ်ပါတယ်။

သိင်္ဂီထိုက် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


ကိုးကန့်ဒေသ စစ်အုပ်ချုပ်ရေးကို ရက်ပေါင်း ၉၀ ထပ်မံ တိုးမြှင့်ပေးဖို့ ပြည်ထောင်စု လွှတ်တော်က ဒီကနေ့ ဆုံးဖြတ်လိုက်ပါပြီ။ ဒီလို ဆုံးဖြတ်ဖို့ဆွေးနွေးရာမှာ ကိုးကန့် ပဋိပက္ခ အပေါ် လွှတ်တော် အမတ်တွေအကြား မတူတဲ့ အယူအဆ အမြင်တွေရှိကြ တာတွေ့ရပါတယ်။ လုံခြုံရေးရှုဒေါင့် က ဆွေးနွေးသူတွေ ရှိသလို၊ ပြည်သူတွေရဲ့ အခွင့်အရေးနဲ့ ပြည်ထောင်စု အရေး ဒေါင့်က ဆွေးနွေးသွားမှုတွေ လည်း တွေ့ရ ပါတယ်။ ဗွီအိုအေ ရန်ကုန်ရုံးကနေ မမေခ သတင်းပေးပို့ထားပါတယ်။

ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှာ အရေးပေါ် အခြေအနေ ကြေညာတဲ့ ကာလဟာ လာမယ့် တနင်္ဂနွေနေ့မှာ ရက်ပေါင်း၉၀ပြည့်တော့ မှာပါ။ ဒီအချိန်မှာ ထပ်မံ သက်တမ်းတိုးဖို့ မနေ့က လွှတ်တော်မှာ ကာကွယ်ရေး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင် က တင်သွင်းခဲ့တာကို ခုလို အတည်ပြုလိုက်တာပါ။

"သဘောမတူသူ မရှိတဲ့ အတွက် နိုင်ငံတော်သမ္မတ၏ ဥပဒေကဲ့သို့ အာဏာ တည်သော အမိန့်အမှတ်-၁/၂၀၁၅ အရေးပေါ် အခြေအနေ ကြေညာခြင်း အပေါ် ထပ်မံပြီး ရက်ပေါင်းကိုးဆယ်အထိ ဆက်လက် အတည်ဖြစ်ရေးကို  ပြည်ထောင်စု လွှတ်တော်က သဘောတူကြောင်း ကြေညာပါတယ်။"

ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို ဖတ်ကြားခဲ့တာပါ။

ကိုးကန့်ဒေသ စစ်အုပ်ချုပ်ရေး တိုးမြှင့်ခြင်းနဲ့ပတ်သက်ပြီး လွှတ်တော် အမတ်တွေကြား ဆွေးနွေး ရာမှာတော့ ကျိုင်းတုံ မဲဆန္ဒ နယ် က ဦးစတီဖန် ကနိုင်ငံတော် တည်ငြိမ်မှုကို ဖျက်ဆီးမှုကို ဘုံရန်သူအနေနဲ့သတ်မှတ်ကာ တပ်မတော် သား များနဲ့ အတူ ကာကွယ်စောင့်ရှောက်ဖို့လိုကြောင်း၊ အိမ်နီးချင်းနိုင်ငံတွေ နဲ့ ပါ တည်ငြိမ်ရေးအတွက် ပူး ပေါင်းဆောင်ရွက်ဖို့သင့် တယ်လို့ ဆွေးနွေး တင်ပြခဲ့ပါတယ်။

ကျောက်ပန်းတောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဇော်မြင့်မောင်က အခုလို အရေးပေါ်ပြဌာန်းချက်ကို သက်တမ်းတိုး လိုက်တဲ့ အတွက် နိုင်ငံသားတွေရဲ့ ဒီမိုကရေစီ အခွင့်အရေးကို ထိခိုက်မှာ စိုးရိမ်ကြောင်း၊ ဒီမိုကရေစီ အသွင် ကူးပြောင်းနေတဲ့ အချိန်မှာ အခုလို အရေးပေါ်သက်တမ်း တိုးခြင်းကို သတိ ထားစေချင်ကြောင်း ဆွေးနွေး ခဲ့ပါတယ်။

"ဒီမိုကရေစီ အသွင်ကူးပြောင်းစ နိုင်ငံများမှာ အရေးပေါ်ကာလ ပြဋ္ဌာန်းချက်များ ချမှတ်ခြင်း၊ တိုးမြှင့်ခြင်းတို့ကို အလေးဂရုပြ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒီတခါ ထပ်မံ သက်တမ်းတိုးလိုက်ရင် ကျနော်တို့ ဒုတိယအကြိမ်သက်တမ်းတိုးပေးရင် သြဂုတ်လမှာ ဆုံးပါလိမ့်မယ်။ အဲ့တော့ သြဂုတ်လဆိုတာ ကျနော်တို့ ဒီမိုကရေစီ အသွင်ကူးပြောင်းစ အတွက် ၂၀၁၅ ရွေးကောက်ပွဲကြီး အလွန်နီးကပ်နေပါပြီ။ စည်းရုံးရေး ကာလဖြစ်ပါတယ်။ ဒီတော့ ကျနော်တို့ လောက်ကိုင်ဒေသ မှာ ရွေးကောက်ပွဲ များ မဖြစ်ခဲ့ရင် ဥပမာ ၂၀၁၂ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ တုန်းက ကချင်ပြည်နယ်ဒေသ နေရာသုံးခုမှာ ရွေးကောက်ပွဲ မဖြစ်ခဲ့ပါဘူး။ ဒီလိုမဖြစ်ခဲ့ရင် နိုင်ငံသားတွေရဲ့ မဲပေးပိုင်ခွင့် မူလအခွင့်အရေး နိုင်ငံသား အခွင့်အရေး ရွေးချယ်ပိုင်ခွင့် တွေ ဆုံးရှုံးသွားမှာကို ပူပန်ပါတယ်။

လောက်ကိုင်ဒေသကို မူလအခြေအနေသို့ပြန်လည်ရောက်အောင် မိမိတို့ တပ်မတော် မည်ကဲ့သို့ ဆောင်ရွက်ခဲ့ရတယ်။ မည်ကဲ့သို့ အခက်အခဲများရှိ တယ်။ မည်သည့်အချက်အလက်များ လိုအပ်သေးသည်ကိုလည်း သိသင့်သိထိုက် သည်များကို ပွင့်လင်းမြင်သာစွာ ပြည်သူတွေကို ဖွင့်ဆို ပြောဆိုသင့်ပါတယ်။"

ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် ၁မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည် က တပ်မတော်အနေနဲ့ နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေးကို စီမံဆောင်ရွက်တာမှာသတိရှိဖို့လိုကြောင်း၊ အချင်းချင်းပြန်လည် တိုက်ပွဲဆင် နွှဲရတဲ့ အပေါ်မှာဝမ်းနည်း မိကြောင်း၊ တိုက်ပွဲတွေ အမြန်ဆုံး ရပ်တန့်လိုကြောင်း၊ ဘယ်ဘက်ကဘဲ အသက်ခန္ဓာ စွန့်စွန့် ကြေကွဲ ဝမ်းနည်းရပြီး တိုင်းပြည်အတွက် နစ်နာမှုများဖြစ်ရကြောင်း ပြောဆိုလိုက်ပါတယ်။

ပဲခူးတိုင်း ဒေသကြီး ထန်းတပင်မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမင်းဦးက ကိုးကန့်ဒေ သ အရေးကို ပြည်ထောင်စုအရေးလို့ မှတ်ယူဖို့လိုတယ် လို့ပြောဆိုလိုက်ပါတယ်။ ပြည်ထောင်စုအရေးဖြစ်တာ ကြောင့် အားလုံး ပါဝင်ပြီး အဖြေ ရှာဖို့ကိုလည်း သူက တိုက်တွန်းခဲ့ပါတယ်။

"မူလပကတိ အခြေအနေသို့ အမြန်ဆုံးပြန်လည်ရောက်ရှိနိုင်စေရန်၊ အရေးပေါ် အခြေအနေ ဆက်လက် အတည်ဖြစ်ရန် လိုအပ်သည့် အချိန် အနည်းဆုံး ကာလကို သာ သတ်မှတ်ပြီး ပြည်ထောင်စုအရေးဟု မှတ်ယူကာ ပြည်ထောင်စုစိတ်ဓာတ်ဖြင့် အားလုံး လက်တွဲ ပူးပေါင်းဆောင်ရွက်သွားကြပါစို့လို့ လေးနက်စွာ တိုက်တွန်းအပ်ပါတယ်။"

ဒီကနေ့ လွှတ်တော်မှာ ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင် က ကိုးကန့် ဒေသ လောက်ကိုင်မှာ လက်ရှိဖြစ်ပေါ်နေတဲ့ စစ်ရေး ၊နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး၊ တရားစီရင်ရေး၊ စီမံခန့်ခွဲရေးနဲ့ ဒုက္ခသည် အရေး ကို တင်ပြခဲ့ပါတယ်။

အခုလို ကိုးကန့်ဒေသ စစ်အုပ်ချုပ်ရေးကို ပြည်ထောင်စုလွှတ်တော်က ထပ်မံ သက်တမ်းတိုးလိုက်တဲ့အတွက် လာမယ့် သြဂုတ်လအထိ လောက်ကိုင်ဒေသဟာ အရေးပေါ်အခြေအနေလို့ ဆက်လက်သက်မှတ်မှာဖြစ်ပြီး စစ်အုပ်ရေးနဲ့ဆက် လက်တည်ရှိနေမှာဖြစ်ပါတယ်။

မေခ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

မန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ လာမယ့် နှစ်လအတွင်း (ဇူလိုင်) အငြိမ်းစားယူဖို့ရှိပြီး သူ့နေရာမှာတော့ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက တာဝန်ယူဖို့ရှိတယ်လို့ ခိုင်လုံတဲ့ သတင်းရပ်ကွက်တွေကို ကိုးကားပြီး မြန်မာ့အရေးကျွမ်းကျင်သူ သတင်းစာဆရာကြီး လယ်ရီဂျေဂင်က ဆိုပါတယ်။

အငြိမ်းစားယူဖို့ တရားဝင်အမိန့်က မေလဆန်းကတည်းက လက်မှတ်ထိုးထားပြီးဖြစ်တဲ့အကြောင်း၊ အငြိမ်းစားယူပြီးတဲ့အခါ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ လာမယ့် ရွေးကောက်ပွဲအပြီး သမ္မတရွေးချယ်မှုမှာ ပါဝင်နိုင်ဖို့အတွက် ကြံ့ခိုင်ရေးပါတီကိုဝင်ရောက်တာထက် တစ်သီးပုဂ္ဂလအဖြစ် ရပ်တည်ဖို့များတယ်လို့ ဘန်ကောက်ပို့စ်သတင်းစာရဲ့ မေလ ၁၆ရက်နေ့က Army Set for Top Brass Shift before Polls ဆိုတဲ့ သုံးသပ်ချက်မှာ ဖော်ပြထားပါတယ်။

ဒီနှစ်အတွင်းမှာ ပင်စင်သက် (၆ဝ)ပြည့်ပြီး အငြိမ်းစားယူမယ်လို့ ခန့်မှန်းမှုတွေထွက်ခဲ့ပေမယ့် ဗိုလ်ချုပ်မှူးကြီးကိုယ်တိုင်က သူဟာ လာမယ့်နှစ် (၂ဝ၁၆)ကျမှ အငြိမ်းစားဖြစ်မှာလို့ တုံ့ပြန်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ကျန်းမာရေးကြောင့် အငြိမ်းစားယူရမှာပါလို့ သတင်းရပ်ကွက်တစ်ချို့ကို ကိုးကားပြီး လယ်ရီဂျေဂင်က ဆိုပါတယ်။

ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းဟာ လာမယ့် ဇူလိုင်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာခဲ့ရင် ဒုတိယကာကွယ်ရေးဦးစီးချုပ်အတွက် ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးကိုခန့်အပ်မလား၊ ဒါမှမဟုတ် ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းနဲ့နီးစပ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေကို ခန့်အပ်မလားဆိုတာကတော့ ခန့်မှန်းရခက်ဆဲပဲရှိနေတယ်လို့ ဆောင်းပါးက ပြောပါတယ်။

ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းဟာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဘဝတုန်းက ပျော့ပြောင်းမှုရှိသူ၊ ရိုးသားတဲ့ တပ်မတော်သားတစ်ယောက်ဖြစ်တယ်လို့ ကချင်တိုင်းရင်းသားအချို့က ရှုမြင်ကြပေမယ့် တိုင်းရင်းသားခေါင်းဆောင် ခွန်ထွန်းဦးနဲ့ NDF ပါတီခေါင်းဆောင်ကတော့ လက်ရှိ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထက် ပိုပြီးသဘောထားတင်းမာသူဖြစ်ဖို့များတယ်လို့ ဆိုတဲ့အကြောင်း လယ်ရီဂျေဂင်က ရေးပါတယ်။

Kamayut Media

ဒီနေ့---မြင်ကွင်း
ကျနော့်ရင်ကိုလေးနဲ့ခွင်းသလို--
မာန်တင်းထားပေမဲ့
ခံပြင်းဒေါသနဲ့မျက်ရည်လည်မိတယ်--
သားအဖနှစ်ယောက်ရဲ့--
ကျနော်ရင်ထဲထိုးဖောက်လာတဲ့စကား
နှလုံးသားရှိသူတို့ကြားနိုင်မယ်---
အဖေ----က
*သား--ယောက်ျားကောင်းဆိုတာ--
မျက်ရည်မကျရဘူးကွာ---
သားဟာ--အဖေ့သား---
အဖေ့လိုရဲရင့်တဲ့နှလုံးသားရှိရမယ်--
ယောက်ျားကောင်းပီသရမယ်နော်---
သား---က---ပြောတယ်--
*ကျနော်မျက်ရည်မကျပါဘူးဗျာ
အဖေသေသွားတာမှမဟုတ်ဘဲ---
လောကမှာ--ရဲရင့်တဲ့သတ္တိနဲ့--
ပိဘိယောက်ျား--မြင့်မြတ်နှလုံးသားပိုင်ရှင်
အဖေရှိနေတယ်ဆိုရင်ပဲ---
သားဘဝထဲမှာ--ပြည့်စုံနေပါပြီ--အဖေ--
အဖေ--က--
*ကျေးဇူးပါ--သားရယ်--
သားအတွက်--အဖေတစ်ယောက်ရဲ့တာဝန်
ကျေပွန်ချင်ကျေပွန်မှာပါ--
အာဏာရှင်တွေရဲ့မတရားမှုကိုတွန်းလှန်
အမှန်တရားကိုလမ်းပြ--
ပြည်သူတွေရှေ့ကရပ်ရင်း---
အကျဉ်းစံဘဝ---၄ နှစ် ၄ လတဲ့
အားမငယ်နဲ့သားရယ်--*
သားက--ပြောတယ်---
*စိတ်ချပါအဖေ--
သား---အားငယ်မနေပါဘူး--
အဖေပြောဖူးတဲ့--စကားတစ်ခွန်း--
သား--ရင်ထဲမှာထွန်းပနေဆဲ-------------
*တိုက်ကျွဲမှန်ရင်-ဦးချိုရာမကင်းနိုင်ဘူးပေါ့---
အဖေ---က--
*ဒါမှ--ငါ့သား--ယောက်ျားကောင်းပဲ---
သတ္တိလည်းရှိ---ဗျတ္တိလည်းရှိရမယ်
ဘယ်တော့ဖြစ်ဖြစ်--
အမှန်တရားချစ်မြတ်နိုး--တန်ဖိုးထား--
ခွန်အားနည်းသူတွေရှေ့ကရပ်---
စိတ်ဓါတ်ခိုင်မာ--ဖြူစင်ရိုးသားပါကွယ်
ငယ်ငယ်ကအဖေသင်ပေးခဲ့တဲ့ကဗျာလေး--
ဆိုစမ်းပါဦး--သားရယ်--
သားက--ဆိုတယ်
*ယောက်ျားဟေ့နော်---တိုက်ပွဲပျော်---
ကျနော်လှော်ရင်း တိုက်မှာပဲ---
အဖေက---
*နောက်--တစ်ပိုဒ်ရှိသေးတယ်---
သားက--ဆိုတယ်---
*လွယ်လွယ်တစ်သက်--
ဘဝပျက်လောက်ရုံနဲ့----
ဒူးမထောက်ဘူးကွ---
မှတ်ထားလိုက်လေ-- မင်းတို့ခေတ်အရိုင်မှာ
သူရဲကောင်းသမိုင်းကို ငါရေးမယ်--
အဖေက---
*ဒါမှငါ့သား---
ယောက်ျားကောင်း--သူရဲကောင်း
သမိုင်းကောင်းကိုရေး--
အဖေ့---အမွေပေးနိုင်တာ
သူရဲကောင်းစိတ်ဓာတ်ပဲသားရေ---
သားက---
*သူရဲကောင်းမျိုးဆက်--မပျက်စေရ
သားဘဝနဲ့ရင်းပြီး---
ကတိပေးပါတယ်အဖေ-----

Credit...SweMon Oo

မတ်လ ၁၀ နေ့က ကျောင်းသားလှုပ်ရှားမှုကြီးအား ရက်ရက်စက်စက် ဖိနှိပ်ဖြိုခွဲခဲ့ပြီးနောက် နာမည်ဆိုးဖြင့် ကျော်ကြားလှသော သာယာဝတီ အကျဉ်းထောင်ကြီးတွင် ယခုအချိန်အထိ ဆက်လက်ဖမ်းဆီးထားဆဲဖြစ်သည်။
သို့အတွက် ဆန်ဖရန်စ္စကို ရှိ အနုပညာရှင် Kenneth Wong မှ ၎င်းတို့အား ဂုဏ်ပြုသည့်အနေဖြင့် ခွင့်ပြုချက်ရယှူု၍ Digital Images များ ဖန်တီးကာ GlobalVoices website တွင် တခမ်းတနား ဖေါ်ပြခဲ့သည်။

နိမ့်ကျလှနေသော ပညာရေးစနစ်အား ပြုပြင်ပြောင်းလဲပေးရန် နှင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရရန် ငြိမ်းချမ်းစွာ လမ်းလျောက် ဆန္ဒထုတ်ဖေါ်ခဲ့ကြသော ကျောင်းသားလူငယ်များအား လမ်းတလျောက် နည်းမျိုးစုံဖြင့် အကြမ်းမဖက်ဖက်အောင် ရန်စလာခဲ့ကြပြီး ဆက်လက်ဆွေးနွေးမည်ဟူသော ၎င်းတို့၏ ကတိကို ယုံစား၍ လက်ပန်တန်းတွင် စခန်းချ ရပ်နားခဲ့ကြချိန်တွင် နံပါတ်တုတ်များဖြင့် ရဲများ၏ အတင်းဝင်ရောက် ရိုက်နှက်ဖမ်းဆီးခြင်း ခံခဲ့ရသူများ ဖြစ်သည်။

အဆိုပါ ရိုက်နှက်ပြီးယုံဖြင့် အားမရသေးပဲ စစ်ဆေးရန် အကြောင်းပြချက်ဖြင့် ထောင်သွင်းအကျဉ်းချခဲ့ယုံမက အရေးမယူပါဟူသော ၎င်းတို့၏ ကတိကို ပြောင်ပြောင်တင်းတင်း ဥပက္ခာပြုကာ ပုဒ်မ မျိုးစုံဖြင့် စွဲ ချက်တင်ခဲ့ကြသည်။ ပြင်ဆင်ပေးပါမည်ဟူသော ပညာရေး ဥပဒေကား ဘယ်နားရောက်သွားမှန်ပင် မသိတော့၊

ယင်းအဖြစ်ကား တိုင်းပြည်၏ အနာဂါတ်ခေါင်းဆောင်များ အဖြစ်ပေါ်ထွန်းလာကြပြီး ၎င်းတို့၏ စည်းစိမ်ဥစ္စာများကို ထိပါးလာကြမည့် အဆိုပါ အညွန့်ထွက်စ ကျောင်းသားများအား တမင် အညွန့်ချိုးသည့် လုပ်ရပ်အဖြစ် မသတ်မှတ်က အခြားဘာများ ပြော၍ ရနိုင်အုန်းပေမည်နည်း။ ယင်းအဖြစ်က သေချာ စဉ်းစားက တိုင်းပြည်အတွက် လွန်စွာနစ်နာလှပေသည်။

တဦးတယောက်ကောင်းစားရေးအတွက် မဟုတ်ပဲ အများအကျိုးအတွက် ဆောင်ရွက်ခဲ့ကြသူများသည် ယခုအခါတွင် မတော်တရော်အဖြစ်များ ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များ အထူးသဖြင့် ကျောင်းသူတွေမှ ကြုံတွေလာရန်ရှိနေသည်ဟု မကြာခင်က တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားသွားခဲ့ပြီး သူတို့အတွက် အဆိုပါ ဘေးရန်များ မကျရောက်စေရေး လူထုကြီးမှ ၀ိုင်းဝန်းစောင့်ရှောက်ပေးကြပါရန် မေတ္တာရပ်ခံသွားခဲ့သည်ကို ကြားလိုက်ရပေသည်။

၎င်းတို့အဖို့ကား ထိုကဲ့သို့ ဖြစ်လာကလည်း ထုံးစံအတိုင်း စုံစမ်းရေးကော်မရှင် ဖွဲ့လိုက်ကြအုန်းမည်သာတည်း၊ ကိုယ့်ကိုကိုယ် အနိုင်နိုင် အသက်ရှင်ရေးအတွက် ရုန်းကန်နေကြရရှာသော လူထုကြီးကကော စိတ်မကောင်းယုံကလွဲ၍ ဘာများ တတ်နိုင်ဦးမည်နည်း၊

သို့သော် စစ်ရုပ်သေး လူရမ်းကားများသာ ဆက်လက်အာဏာရရှိသွားခဲ့ပါမူ အဆိုပါ ကျောင်းသားများ၏ ကံကြမ္မာကား တွေးရက်စရာမရှိအောင် ဆိုးရွားသွားမည့် အဖြစ်ကား ဗေဒင်မေးစရာပင် မလိုပေ။

ဂုဏ်ပြုမှတ်တမ်းတင်ခံရသူများမှ မအိသင်ဇာမောင်၊ မပိုပို ၊ မင်းသွေးသစ်၊ မဖြိုးဖြိုးအောင် ၊ မဟန်နီဦး တို့ဖြစ်ပါတယ်၊

HSW
BrainWave ဉာဏ်လှိုင်း

လူသတ်ချင်ရင် ဦးနှောက်ပွင့်ထွက်သွားအောင် သေနတ်နဲ့တေ့ပစ်ခဲ့
ငါတို့နဲ့တော့ တည့်အောင်နေ.....မင်းဘဝကြီး လုံခြုံစေရမယ်လို့
သူတို့ပြောခဲ့သေးလား ဦးနေမျိုးဇင်။

ငါတို့ကိုတော့ ဆန္ဒ လေးတောင် မပြမိစေနဲ့
ပြစ်မှု ဥပဒေ ပုဒ်မတွေနဲ့ ဒုက္ခလှလှ ရစေရမယ်
အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ပေးအပ်ခြင်းခံသွားရမယ်လို့
သူတို့ ပြောခဲ့သေးလား ဦးနေမျိုးဇင်။

ကျနော်တို့တိုင်းပြည်ကြီးရဲ့ အကျဉ်းဦးစီးဌာနနဲ့ ထောင် ဆိုတာ
လူသတ်သမား မုဒိမ်းသမားတွေအတွက် မဟုတ်တော့ပါဘူး။
ငါးလောင်းပြိုင် သတ်ချင် သတ်ဦး၊ နှစ်ယောက်ပြိုင် မုဒိမ်းကျင့်ပြီး
နှစ်လောင်းပြိုင် သတ်ချင် သတ်ခဲ့ဦး၊
လူထုက ဝိုင်းဖမ်းလို့ လူသတ်တရားခံကို မိခဲ့သည်ထားဦး၊
သူတို့နဲ့တည့်သူဆိုရင် ကာကွယ်ပေးကြတယ်။

ဦးနေမျိုးဇင် ထောင်ကျရခြင်းအကြောင်းအရင်းက သူတို့နဲ့မတည့်လို့။
သူတို့ကို ဆန့်ကျင်လို့ သူတို့ကိုကန့်ကွက်လို့ သူတို့ကိုတိုက်ခိုက်လို့။
အငြိုးအတေးထားပြီး ဝိုင်းသမ နေကြတာ။

ထောင်တွေထဲမှာ အများအကျိုး တက်ကြွလှုပ်ရှားသူတွေ
အများအကျိုး ဝီရိယထားကြိုးစားသူတွေ
လယ်သမား ယာသမား လူဆင်းရဲတွေနဲ့
ကျောင်းသားလူငယ်တွေပဲ ပြည့်လာနေပြီ။

ကောင်းမွန်သောအစိုးရကြီးတဲ့ သန့်ရှင်းသောအစိုးရကြီးတဲ့
ဒီမိုကရေစီစံနစ်ကို ချီတက်နေကြတာတဲ့
စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးဆီသို့...တဲ့။

မငိုပါနဲ့အမေရယ် သားဟာသူခိုးဓားမြ ပြည်သူ့စည်းစိမ် လူသတ်မုဒိန်းကျင့်ခဲ့တဲ့ သူမဟုတ်ဘူး အမေ့သားဟာပြည်သူအတွက်
ဘဝကိုရင်းပေးခဲ့တဲ့သား အများအတွက်လုပ်ပေးနေတဲ့သားပါ အမေဝမ်းသာလိုက်ပါ၊

မငိုပါနဲ့အမေရယ် သားဟာသူခိုးဓားမြ ပြည်သူ့စည်းစိမ် လူသတ်မုဒိန်းကျင့်ခဲ့တဲ့ သူမဟုတ်ဘူး အမေ့သားဟာပြည်သူအတွက်ဘဝကိုရင်းပေးခဲ့တဲ့သား အများအတွက်လုပ်ပေးနေတဲ့သားပါ အမေဝမ်းသာလိုက်ပါ၊

Posted by Nyan Linn on Friday, May 15, 2015
ကိုနေမျိုးဇင်

ဒဂုံမြို့နယ် တရားရုံးမှာ ကိုနေမျိုးဇင်ရဲတွေကိုပြောခဲ့တဲ့စကား၁၅.၅.၂၀၁၅

Posted by အပ် ချီ on Friday, May 15, 2015


လက်ပံတောင်းတောင်အရေးနဲ့ ပတ်သတ်ပြီး တရုတ်သံရုံးရှေ့ ဆန္ဒထုတ်ဖော်ခဲ့လို့ တရားစွဲဆိုခံထားရတဲ့ ဗိုလ်ကြီးဟောင်း နေမျိုးဇင် အပါအ၀င် တက်ကြွလှုပ်ရှားသူ ၆ ဦးကို ထောင်ဒဏ် လေးနှစ် လေးလ စီ ကျခံစေဖို့ ဒဂုံမြို့နယ်တရားရုံးက မေလ ၁၅ ရက်နေ့မှာ အမိန့် ချမှတ်လိုက်ပါတယ်

VOA


လက်ပံတောင်းတောင်ပဋိပက္ခအတွင်း ရဲတပ်ဖွဲ့ရဲ့ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တဲ့ တောင်သူဒေါ်ခင်ဝင်း အမှုကို စုံစမ်းဖော်ထုတ်ပေးဖို့ တရုတ်သံရုံးရှေ့မှာ ဆန္ဒပြခဲ့ကြသူ ၆ ဦးကို ဒဂုံမြို့နယ်တရားရုံးက မေလ ၁၅ရက်နေ့က ထောင်ဒဏ်တွေ ချမှတ်လိုက်ပါတယ်။

RFA

ကိုးကန့်ဒေသ နမ်ဌေးမွန်တောင်ကြောမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကနေ ပစ်ခတ်လိုက်တဲ့ ကျည်ဆန်တွေ တရုတ်နိုင်ငံဘက်ကို ၃ ကြိမ်ခန့် ကျရောက်ခဲ့ရာ ကြာသာပတေးနေ့ညက ကျရောက်ပေါက်ကွဲမှုကြောင့် ဒဏ်ရာရသူ ၈ ဦးခန့်ရှိတယ်လို့ လက်နက်ကြီးကျည်တွေ ကျရောက်ခဲ့တဲ့ တရုတ်ပြည်နမ်ဆန်မြို့မှာရောက်ရှိနေ တဲ့ မြန်မာနိုင်ငံသားတွေက ပြောပါတယ်။

ကိုးကန့်ဒေသအတွင်း အစိုးရတပ်တွေက MNDAA ကိုးကန်တပ်တွေနေရာယူထားတဲ့ နမ်ဌေးမွန်တောင်ကြောကို သုံးရက်ဆက်တိုက် ထိုးစစ်ဆင်နေ ရာမှာ ဒီနေ့ မနက် ၁၂ နာရီလောက် အထိ ပစ်ခတ်မူတွေရှိတယ်လို့ နမ်ဆန်မြို့ကို ရောက် ရှိနေတဲ့ လောက်ကိုင်မြို့ခံတစ်ဦးက ပြောပြပါတယ်။

"ကျနော်တို့ နားထောင်တဲ့အသံတွေကတော့ မနက်ကတော့ လက်နက်ကြီးကတော့ အချက် ၂ဝ လောက် အဲ့ဒီမှာကွဲကြတယ်၊ အတွင်းထဲမှာ ၁ လုံးကတော့ ကွဲသွားတယ်ပြောတာတော့ ဒဏ်ရာရသူကတော့ ၈ ယောက်လောက်ပြောတာပဲ၊ မနေ့ကနဲ့ ဒီနေ့ကတော့ မြို့ထဲကျတာ ကျနော်တို့ သုံးလေးချက်လောက်တော့ရှိတယ် လက်နက်ကြီးလေ၊ ဒဏ်ရာရသူကတော့ ၈ ယောက်ပဲကြားတာ ကျနော်တို့"

ဒီသတင်းနဲ့ပတ်သက်ပြီး တရုတ်အစိုးရပိုင်မီဒီယာတွေနဲ့ တခြားသတင်းတွေအရတော့ ကြာသပတေးနေ့က ကျရောက်တဲ့ လက်နက်ကြီးကျည်ကြောင့် ထိခိုက်ဒဏ်ရာရသူ တရုတ်နိုင်ငံသား ငါးဦးရှိပြီး၊ နှစ်ဦးက ဒါဏ်ရာပြင်းထန်တယ်လို့ ဆိုပါတယ်။ တိုက်လေယာဉ်က ပစ်ခတ်တဲ့ကျည်ဟာ လူနေထူထပ်တဲ့ မင်ဒင်းကျေးရွာမှာ ကျရောက်ခဲ့တာဖြစ်တယ်လို့ CCTV တရုတ်ဗဟို ရုပ်မြင်သံကြားဌာနသတင်းကလည်း ဖော်ပြပါတယ်။

ခုလိုတရုတ်နယ်မြေအတွင်း လက်နက်ကြီးကျည်တွေ ကျရောက်ခဲ့တာနဲ့ပတ်သက်လို့ တရုတ်အာဏာပိုင်တွေ အနေနဲ့ ဘယ်သူပစ်လိုက်တဲ့ကျည်ဖြစ်သလဲဆိုတာ စုံစမ်းမူတွေပြုလုပ်နေပြီလို့ နေပြည်တော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောပါတယ်။

"တောင်ကုန်းကို တပ်မတော်ဘက်ကပစ်တာက လက်နက်ကြီးတွေဖြစ်တယ်ပေါ့နော်၊ ဟိုမှာကျတဲ့ဟာတွေက ကနဦးရရှိတဲ့သတင်းတွေအရ အကြီးကြီးတွေမဟုတ်ပဲနဲ့ အသေးတွေပေါ့နော်၊ အဲ့လိုဟာ မျိုးတွေဖြစ်နိုင်တယ်ဆိုပြီးတော့ အဲ့လိုသတင်းတွေလည်းတွေ့ရတယ်၊ ဒါပေမဲ့ အဲ့ဒါနဲ့ပတ်သက်ပြီးတော့ တရုတ်နဲ့ပြန်ပြီးတော့ညှိနှိုင်းပြီးတော့ စစ်ဆေးဖို့အဲ့ဒါတွေလုပ်နေပါတယ်၊ မြေပြင်မှာစစ်ဆေးလိုက်ရင်တော့ စစ်ဆေးချက်တွေအရဆိုရင်တော့ မကြာခင်တွေ့ကြမှာပေါ့၊ လောလောဆယ်တော့ မသိရသေးပါဘူး"

လွန်ခဲ့တဲ့ သုံးရက်အတွင်းဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ မြန်မာဘက်က တိုက်လေယာဉ်နှစ်စီးကနေ လေးစီးအထိ အသုံးပြုခဲ့တာဖြစ်ပြီး ရဟတ်ယာဉ်တွေလည်း ပါဝင်တယ်လို့ နမ်ဆန်မြို့ခံ မျက်မြင်သက်သေတွေက ပြော ပါတယ်။နမ်ဆန်မြို့ဟာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ နမ်ဌေးမွန်တောင်ကြောနဲ့ တစ်မိုင်ကျော်ကျော်သာဝေး ကွာပြီး တောင်ကြောရဲ့အနောက်ဘက်ခြမ်းဟာ တရုတ်ပိုင်နယ်မြေ ဖြစ်ပါတယ်။

ဒေသခံတွေအနေနဲ့ ပစ်ခတ်သံတွေကြားရချိန် အိမ်တွင်းမှာပဲနေထိုင်ကြဖို့ တရုတ်အာဏာပိုင်တွေက သတိပေးချက်ထုတ်ပြန် အကြံပြုထားတယ်လို့ ဆိုပါတယ်။

RFA
http://www.rfa.org/burmese/news/kokent-fighting-more-mortar-rounds-05152015105257.html

ရွေးကောက်ပွဲကော်မရှင်ရဲ့ ဗဟိုအဆင့်ဆွေးနွးပွဲကို ရန်ကုန်မြို့ MiCasa ဟိုတယ်မှာ ၂ဝ၁၄ ခုနှစ် သြဂုတ်လ ၂၉ ရက်နေ့က ကျင်းပပြုလုပ်စဉ်
Photo:Kyaw Lwin Oo, Sann Maw Aung / R

လာမယ့်၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ မဲသမာမှုတွေကို ကာကွယ်တားဆီးဖို့အတွက် လေဆာ တံဆိပ်တုံးတွေ ရိုက်နှိပ်ပြီး မဲပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ လူမှုအဖွဲ့ အစည်းတွေအကြား ပူးပေါင်းဆောင်ရွက်ရေးအတွက် ရန်ကုန်မြို့ မီကာဆာဟိုတယ်မှာ တွေ့ဆုံဆွေးနွေး ခဲ့ကြရာမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သရုပ်ပြဆွေးနွေးခဲ့ကြတယ်လို့ ဒီနေ့ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ တောင်ကြီးမြို့ ကိုယ်စားပြုမဲ စာရင်း စောင့်ကြည့်လေ့လာရေးအဖွဲ့မှာဆောင် ရွက်နေတဲ့ ကိုရဲအောင်က ပြောပါတယ်။

"ဒီနှစ်ထူးခြားချက်က လေဆာတံဆိပ်တုံးတွေ၊ အရင်တုန်းကလို ခြစ်ရတာမဟုတ်ဘူး ထုရ တာ၊ ပြန်ထွက်သွားပြီးရင် ဒီလူကနောက်တခါ မဲရုံထဲကိုလာပြီးတော့လုပ်လို့မရအောင် လက်သန်းမှာ လက်သည်းနီလေး ဆိုးပေးလိုက်တယ် အပြာရောင်လေး ရွေးကောက်ပွဲနေ့က တစ်ရက်ပဲဖြစ်တဲ့အတွက် ဒါကိုဖျက်ပြီးတော့ ပြန်လာပြီးတော့ နောက် တစ်ကြိမ်မဲပေးလို့ မရအောင်လို့ပေါ့နော်၊ "

မဲပေးရေးအတွက် အသိပညာပေးဆောင်ရွက်ရာမှာ လူမှုအဖွဲ့အစည်းတွေအနေနဲ့ အစိုးရနဲ့ယုံကြည်စွာ ပူးပေါင်းဆောင်ရွက်ကြဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ပြောပါတယ်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ ကြိုတင်မဲနဲ့ ပယ်မဲတွေကို အထူးဂရုပြုဆောင်ရွက်ကြဖို့ တက်ရောက်လာတဲ့ လူမှုအဖွဲ့အစည်းတွေက ဆွေးနွေးခဲ့ကြပါတယ်။

ရွေးကောက်ပွဲကျင်းပချိန် ၅ လခန့်သာ ကျန်တော့တဲ့အတွက် လူမှုအဖွဲ့အစည်းတွေအနေနဲ့ မဲပေးရေးအသိ ပညာပေးရေးကို အမြန်ဆုံးလုပ်ဆောင်ဖို့ လိုအပ်နေပြီမို့ ရွေးကောက်ပွဲကော်မရှင်က ပြဌာန်းမယ့် မဲပေးရေးလမ်းညွှန်စာအုပ်ကို အမြန်ဆုံးထုတ်ဝေဖို့ လိုအပ်တယ်လို့ ဒီကနေ့ တက်ရောက်လာသူတွေ က ဆွေးနွေးကြပါတယ်။

ဒီကနေ့ ဆွေးနွေးပွဲကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ မဲစာရင်း စောင့်ကြည့်လေ့လာရေးဆောင် ရွက်နေတဲ့ လူမှုအဖွဲ့အစည်း ၂၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။

RFA

ကိုးကန့်တပ်ဖွဲ့တွေ အခိုင်အမာတပ်စွဲထားတဲ့ တရုတ်-မြန်မာနယ်စပ်မှာတည်ရှိတဲ့ ပွိုင့် ၂၂ဝ၂ တောင်ကုန်းကို မြန်မာအစိုးရတပ်က မေလ ၁၄ရက်နေ့ညမှာ သိမ်းပိုက်နိုင်ခဲ့ပြီလို့ တရားဝင်သတင်းထုတ်ပြန်ခဲ့ပါတယ်။

ပွိုင့် ၂၂ဝ၂တောင်ကုန်းသိမ်းတိုက်ပွဲမှာ အစိုးရတပ်ဖက်က အရေအတွက် ဘယ်လောက်ထိခိုက်ကျဆုံးတယ်ဆိုတာ စာရင်းအတိအကျ မထုတ်ပြန်ခဲ့ပေမယ့် ကိုးကန့်လက်နက်ကိုင်အဖွဲ့ဖက်ကတော့ ၂ယောက်ကို အရှင်မိပြီး အလောင်း ၂၄လောင်းကို လက်နက်ခဲယမ်းပစ္စည်းမျိုးစုံနဲ့ရခဲ့တယ်လို့ စစ်တပ်ပိုင် မြဝတီသတင်းဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဧပြီ ၂၄ကစတင်ပြီး ပွိုင့် ၂၂ဝ၂တောင်ကုန်းသိမ်း တိုက်ပွဲကို မြန်မာတပ်မတော်ဖက်က လေကြောင်းကူပစ်၊ သံချပ်ကာနဲ့ အမြှောက်လက်နက်ကြီးတွေကိုသုံးပြီး မေလ ၁၄ရက် ည၁ဝနာရီခွဲလောက်မှာ တောင်ကုန်းရဲ့အချက်အခြာနေရာကို သိမ်းယူမိခဲ့တယ်လို့ ဆိုပါတယ်။

ပွိုင့် ၂၂ဝ၂ တောင်ကုန်းသိမ်းတဲ့ တိုက်ပွဲကြောင့် တရုတ်နိုင်ငံ စင်ချန်းခရိုင်ထဲကို အမြှောက်လက်နက်တွေ ကျရောက်ပေါက်ကွဲခဲ့လို့ အနည်းဆုံး လူ ၅ဦးသေဆုံးခဲ့တယ်လို့ တရုတ်သတင်းဌာနတွေက ဖော်ပြခဲ့ကြပါတယ်။

အစိုးရတပ်တွေအနေနဲ့ ပွိုင့် ၂၂ဝ၂တောင်ကုန်းနဲ့ ဆက်စပ်နေတဲ့ တောင်ကြောတွေကို ဆက်ပြီးသိမ်းပိုက်ခဲ့ပြီး မေလ ၁၅ရက်နေ့ ညနေမှာတော့ ပွိုင့် ၂ဝ၇၁တောင်ကုန်းကို ဆက်ပြီးသိမ်းနိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်ထဲ ဖော်ပြခဲ့ပါတယ်။

တရုတ်အစိုးရအနေနဲ့ မြန်မာဖက်က အမြှောက်လက်နက်တွေ နောက်တစ်ကြိမ် ကျရောက်ခဲ့ပြီး ၅ယောက်ဒဏ်ရာရတယ်ဆိုတဲ့ အစီရင်ခံစာတွေကို စိစစ်နေတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီး Hua Chunying က ပြောတယ်လို့ ဆင်ဟွာသတင်းက ဆိုပါတယ်။

တရုတ်နိုင်ငံအနေနဲ့ ဒီဖြစ်ရပ်အတွက် စုံစမ်းတွေ့ရှိတဲ့ရလဒ်တွေအတိုင်း တုံ့ပြန်သွားဖို့အခွင့်အရေးရှိတဲ့အကြောင်း။ အလားတူဖြစ်ရပ်မျိုး ထပ်မဖြစ်စေဖို့ မြန်မာဖက်ကို အလေးအနက်တောင်းဆိုထားပြီးဖြစ်သလို တကယ့်ကိုပဲ မကျေမနပ်ဖြစ်ရတယ်ဆိုတာ ထုတ်ဖော်ပြောဆိုလိုတယ်လို့ ဆင်ဟွာသတင်းက ကိုးကားဖော်ပြခဲ့ပါတယ်။

(ဓာတ်ပုံ - မြဝတီ)
Kamayut Media


“တမိသားစုလုံး ရှိသမျှစုပေးလိုက်ရတဲ့ ငွေပေါ့ဗျာ။ အမေက ဒီငွေအလိမ်ခံရလို့ဆိုပြီး စိတ်ဖိစီးမှုတွေနဲ့ ၂၀၁၄၊ ၉ လ ပိုင်းမှာ သေခဲ့ရတယ်။ အဖေလည်း နောက် တလမှာ သေရပြန်တယ်။”
------ ------ ------ -----
ဂျပန်သို့ ပို့ဆောင်ပေးမည်ဟုဆိုကာ ငွေကြေးလိမ်လည်သူ ညီအစ်ကို ၂ ဦး အသတ်ခံရမှုနှင့်ပတ်သက်၍ ထွက်ပြေးတိမ်းရှောင်ခဲ့သူ ကျော်သူရ(ခ)ပြည်ကျော်သည် ၂၀၁၅ ခုနှစ် မေလ ၁၃ ရက် ည ၆း၀၀ နာရီအချိန် ဘားအံမြို့မရဲစခန်းသို့ ကိုယ်တိုင်လာ ရောက်အဖမ်းခံခဲ့ကြောင်း သိရသည်။

လက်ပြန်ကြိုးတုပ်လျက်ဖြင့် အသတ်ခံထားရသည့် အမျိုးသားအလောင်းနှစ်လောင်းကို ပဲခူးတိုင်းဒေသကြီး၊ အင်းတကော်မြို့ရှိ ရွှေပြည် ၃ ရေလှောင်တမံသွားရာ လမ်းဘေးတွင် ၂၀၁၅ ခုနှစ် မေ ၅ ရက်တွင် ကားတစီးမှ လာရောက်စွန့်ပစ်မှု ဖြစ်ပွားခဲ့ရာ အဆိုပါဖြစ်ရပ်မှာ အင်းတကော်မြို့တွင် နာမည်ကြီးလူသတ်မှု ဖြစ်လာခဲ့သည်။

လူသတ်မှုတခုဟု ယူဆနိုင်သော်လည်း ယင်းနောက်ကွယ်တွင် ဖြစ်ပွားနေသော ကိစ္စတချို့မှာ စိတ်ဝင်စားစရာ ကောင်းလှသလို ထိုသို့လာရောက်စွန့်ပစ်မှုကို ၁၅ နှစ်ခန့်အရွယ်ရှိ ကလေးမလေးမှ စတင်တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ကျော်သူရ (ခ) ပြည်ကျော်သည် ရဲတပ်ဖွဲ့သို့ ကိုယ်တိုင်အဖမ်းခံရန် ဘားအံခရိုင်၊ မှုခင်းရှုထောင့်ရုံးသို့ ဦးစွာဝင်ရောက် အကူအညီတောင်းခဲ့ရာ သတင်းထောက်များမှ ဘားအံမြို့မရဲစခန်းသို့ သွားရောက် အပ်နှံပေးခဲ့စဉ် ပြစ်မှုကျုးလွန်ခဲ့ရသည့် ဖြစ်စဉ်ကို ကျုးလွန်သူကိုယ်တိုင် သတင်းထောက်များအား ရင်ဖွင့်ပြောကြားသွားခဲ့သည်။

''အခင်းဖြစ်တဲ့နေ့က ကျွန်တော်နှင့် ကျွန်တော့်အဖော် သူတို့ဆီကိုသွားတယ်။ ကြိုတင်ရည်ရွယ်ပြီးသတ်ဖို့ သွားတာ မဟုတ်ဘူး။ ကျွန်တော့်အမျိုးသမီး ရင်သား ကင်ဆာဖြစ်နေတယ်။ ဆေးကုဖို့ငွေမရှိတော့ ကျွန်တော့်ဆီက သူတို့ယူထားတဲ့ ငွေ ၁၁၅ သိန်း၊ ဂျပန်ကိုပို့ပေးမယ်ဆိုပြီး ၂၀၁၄ သင်္ကြန်မတိုင်မီက သူတို့ယူထားတာ။ ကျွန်တော် အိမ်ကိုပေါင်ပြီးပေးခဲ့ရတာ။ တမိသားစုလုံး ရှိသမျှစုပေးလိုက်ရတဲ့ ငွေပေါ့ဗျာ။ အမေက ဒီငွေအလိမ်ခံရလို့ဆိုပြီး စိတ်ဖိစီးမှုတွေနဲ့ ၂၀၁၄၊ ၉ လ ပိုင်းမှာ သေခဲ့ရတယ်။ အဖေလည်း နောက် တလမှာ သေရပြန်တယ်။ ကျွန်တော်သတ် လိုက်တဲ့သူက မန်နေဂျင်းဒါရိုက်တာလို့ ပြောတယ်။ ကုမ္ပဏီနှစ်ခုရဲ့ ဒါရိုက်တာလို့ ပြောတယ်။ ကျွန်တော်နှင့်ပါလာတဲ့အဖော်က သိန်း ၁၁၀၊ ကျွန်တော်က ၁၁၅ သိန်း၊ ကျွန်တော်အပါ လူ ၆ ယောက်ဆီက ငွေတွေကို သူတို့ယူထားတာပါ။ ကျန်တဲ့လူတွေက တရားစွဲတယ်လို့ သိရတယ်။ ကျွန်တော်က မစွဲဘူး။ ကျွန်တော် မိန်းမ ဆေးကုဖို့ ၅ သိန်းဖြစ်ဖြစ်၊ ၁၀ သိန်းဖြစ် ဖြစ်ပေးဖို့ ပြန်တောင်းတာ။ မကူညီနိုင်ဘူးဆိုပြီး ငြင်းတယ်။ ပိုင်ရာဆိုင်ရာလူတွေ ငါတို့မှာရှိတယ်လို့လည်း ပြောတယ်။ အဲဒီမှာ ကျွန်တော် စိတ်မထိန်းနိုင်တော့ဘူး။ ဒါကြောင့် ဒီပြစ်မှုမျိုးမဖြစ်သင့်ဘဲ ဖြစ်သွားရတာပါ။ ကျွန်တော် အပြစ်ကိုလည်း ၀န်ခံချင်တယ်။ လိမ်တဲ့ညာတဲ့လူတွေကိုလည်း ဖော်ထုတ်ဖမ်းဆီးစေချင်ပါတယ်။ ဒါမှ အများပြည်သူတွေ ဆင်ခြင်နိုင်ကြမှာပါ။ မဖြစ်သင့်တာမဖြစ်အောင် ကျွန်တော်ပြောတာပါ။ ကျွန်တော့်ဘ၀တလျှောက်လုံး ဘာပြစ်မှုမှ မကျုးလွန်ခဲ့ဖူးပါဘူး။ တရားဥပဒေနှင့် ရဲတပ်ဖွဲ့အပေါ် ယုံကြည်လို့ ကိုယ်တိုင်လာရောက် အဖမ်းခံတာပါ''ဟု ကျော်သူရ (ခ) ပြည်ကျော်က ပြောကြားသည်။

မေ ၁၄ ရက်နေ့ နံနက်တွင် ဘားအံမြို့မရဲစခန်းမှ အင်းတကော်နယ်မြေရဲစခန်းသို့ ပြစ်မှုကျုးလွန်သူအား လွှဲပြောင်းပေးအပ်လိုက်ကြောင်း၊ ကျော်သူရ(ခ)ပြည်ကျော်သည် အောင်ကျော်စွာ(ခ) စောကျော်စွာအောင်နှင့်အတူ မေလ၅ရက်နေ့က ပဲခူးမြို့၊ အင်းတကော်နယ်မြေစခန်းအပိုင်းတွင် လူသတ် မှုကျုးလွန်ခဲ့ကြရာ ကျန်တဦးမှာ ပြစ်မှုကျုးလွန်ပြီး ၂ ရက်မြောက်နေ့တွင် အဖမ်းခံခဲ့ရကြောင်း၊ ကျော်သူရ(ခ)ပြည်ကျော် အသက် ၃၂ နှစ် (ဘ) ဦးအုန်းပန်း၊ ကရင်ဥတိုကျေးရွာ၊ သာယာဝတီမြို့နယ်နေသူနှင့် စောကျော်စွာ(ခ) စောကျော်စွာအောင် အသက် ၄၆ နှစ်၊ နီလာ ၆ လမ်း (ဂ)ရပ်ကွက်၊ မြောက် ဥက္ကလာနေသူတို့အား အင်းတကော်နယ်မြေရဲစခန်းမှ (ပ)၅၈/ ၂၀၁၅ ပုဒ်မ ၃၀၂/ ၂၀၁ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထား ကြောင်း သတင်းရရှိသည်။

သေဆုံးသူအမျိုးသားမှာ သေဆုံးစဉ်တွင် ပက်လက်အနေအထား၊ အရှည် ၈ ပေရှိ Tdili Deans တံဆိပ် ခါးပတ်ခေါင်းနဲ့ ချည်နှောင်လျက်၊ နောက်တဦးမှာ မှောက်လျက်အနေအထားဖြင့် အရှည်တပေခွဲရှိ အနက်ရောင် နိုင်လွန်ကြိုးများဖြင့် လက်နှစ်ဖက်အား ချည်နှောင်ထားသည်ကိုတွေ့ရပြီး ပက်လက်အနေအထားနေသူမှာ နို့အုံ ထိုးသွင်းဒဏ်ရာတချက်၊ ၀ဲပေါင်ထိုးသွင်းဒဏ်ရာ ခြောက်ချက်၊ လက်ပြင် ထိုးသွင်းဒဏ်ရာ တချက်၊ မှောက်လျက်အနေအထားနှင့် အမျိုးသားမှာ ခါးအထက် ထိုးသွင်းဒဏ်ရာ တချက်၊ ၀ဲလည်ပင်းထိုး သွင်းဒဏ်ရာ တချက်၊ ကုပ်ပိုးတွင် ထိုးသွင်းဒဏ်ရာ တချက်တို့ဖြင့် သေဆုံးလျက်တွေ့ရှိခဲ့ကြောင်း အင်းတကော်ရဲစခန်းမှ သိရ သည်။

 သေဆုံးခဲ့ရသူများမှာ တောင်ဥက္ကလာမြို့နယ်တွင်နေထိုင်သူ အသက် ၅၂ နှစ်အရွယ် ကိုညွန့်ဝေနှင့် စမ်းချောင်းမြို့နယ်တွင်နေထိုင်သူ အသက် ၅၅ နှစ်အရွယ် ဦးညွန့်ဆွေတို့ဖြစ်ပြီး ၎င်းတို့မှာ ညီအစ်ကိုနှစ်ဦးဖြစ်ကြောင်း သိရသည်။

ပွင့်ဆန်း
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


အသက် ၂၇ နှစ်အရွယ် KTV မယ်တဦးသည် မေ ၁၄ ရက် ဗုဒ္ဓဟူးနေ့က အရက် ၁၈ ခွက်သောက်ပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။ သေဆုံးသူ အမျိုးသမီးသည် ကျန်းမာရေး မြှင့်တင်ရေး ဘုတ်အဖွဲ့က အမျိုးသားများအတွက် သတ်မှတ်ထားသည့် အယ်လ်ကိုဟော ကန့်သတ်စံချိန်ထက် ၉ ဆ ခန့် ပိုမိုသောက်သုံးခဲ့သည်ဟု ဆိုသည်။

စင်္ကာပူနိုင်ငံ Clarke Quay အနီးရှိ KTV တခုတွင် အလုပ်လုပ်သူ အမျိုးသမီးကို ဧည့်သည်တဦးက အရက်ဖြင့် တည်ခင်းခဲ့ခြင်းဖြစ်ပြီး သူမသောက်သုံးသည့် အရက် ၁ ခွက်လျှင် စင်္ကာပူဒေါ်လာ ၅၀ (မြန်မာငွေ ကျပ် ၄၀၀၀၀ ခန့်) ကျသင့်ကြောင်း “ရှင်မင်း” ညနေခင်းသတင်းစာက ဖော်ပြသည်။

အဆိုပါသတင်းအရ ၎င်း KTV မယ်သည် အရက် ၁၈ ခွက်သောက်အပြီး မေ့မြောသွားခဲ့ခြင်းဖြစ်သည်။

ပြည်ထဲရေးလုံခြုံရေးတပ်ဖွဲ့ဝင်များက အင်္ဂါနေ့ မနက်ပိုင်းက အဆိုပါအမျိုးသမီးအား စင်္ကာပူအထွေထွေရောဂါကုဆေးရုံသို့ ပိုဆောင်ပေးခဲ့ကြောင်း၊ ယင်းသို့ပို့ဆောင်ပေးစဉ် အမျိုးသမီးသည် အသက်ရှုခြင်း၊ သွေးခုန်ခြင်းများ မရှိတော့ကြောင်း၊ ထို့နောက် ဗုဒ္ဓဟူးနေ့ ညနေ ၄ နာရီ ၅၃ မိနစ်အချိန်တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

၃၃၀ မီလီလီတာပါ ဘီယာ ၁ ဘူး (သို့) ၀ိုင်ခွက်ဝက်(၁၇၅ မီလီလီတာ) (သို့) အရက်ပြင်း ၃၅ မီလီလီတာလျှင် အယ်လ်ကိုဟော ၁၀ ဂရမ်ပါဝင်ကြောင်း ကျန်းမာရေးမြှင့်တင်ရေးဘုတ်အဖွဲ့ထံမှ သိရသည်။

အမျိုးသမီးများ တထိုင်တည်း အရက် ၃၊ ၄ ခွက်ထက်ပို၍ သောက်သုံးခြင်း၊ အမျိုးသားများအနေနှင့် ၅ ခွက်နှင့်အထက် သောက်သုံးခြင်းကို အရက်အလွန်အကျွံ သောက်သုံးခြင်းဟု သတ်မှတ်ကြောင်း၊ အရက်ကို အမျိုးသမီးများအနေနှင့် ၁ နေ့လျှင် ၁ ခွက်၊ အမျိုးသားများအတွက် ၁ နေ့လျှင် ၂ ခွက်ထက်ပို၍ မသောက်သုံးသင့်ကြောင်းလည်း ကျန်းမာရေးမြှင့်တင်ရေးဘုတ်အဖွဲ့က အကြံပြုသည်။

ရည်ညွှန်း - The Straits Time
(မှတ်ချက် - သတင်းသရုပ်ဖော်ပုံသာ ဖြစ်သည်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


 လက်ပံတောင်းဒေသခံ ဒေါ်ခင်ဝင်း သေနတ်ထိမှန် သေဆုံးရတဲ့ ဖြစ်ရပ်အမှုမှန် ပေါ်ပေါက်ရေး ရန်ကုန်မြို့ တရုတ်သံရုံးရှေ့မှာ ဆန္ဒပြပွဲအပြီး ဖမ်းဆီးတရားစွဲခံကြရတဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၆ ဦးကို ထောင်ဒဏ် ၄ နှစ်နဲ့၎ စီချမှတ်လိုက်ပါတယ်။

နော်အုန်းလှ၊ ဦးနေမျိုးဇင်၊ ဒေါ်စိန်ဌေး၊ ဒေါ်ဆန်းဆန်းဝင်း (ခေါ်) ဒေါ်လေးလေး၊ ကိုတင်ထွဋ်ပိုင်နဲ့ ကိုသန်းဆွေတို့ကို ၀တ္တရားနှောင့်ယှက်မှု ပုဒ်မ ၃၅၃၊ ပုဒ်မ ၁၄၇ (ရုန်းရင်းဆန်ခတ်မှု)၊  နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) အပါအ၀င် ပုဒ်မ ၄ ခုနဲ့ ဒဂုံမြို့နယ် တရားရုံးက ဒီကနေ့ မွန်းလွဲပိုင်းမှာ ထောင်ဒဏ်ချမှတ်လိုက်တာလို့ ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

“ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၅၃ အရ အလုပ်နဲ့ထောင်ဒဏ် ၁ နှစ်၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၄၇ အရ အလုပ်နဲ့ ထောင်ဒဏ် ၁ နှစ်၊ ပုဒ်မ ၅၀၅ (ခ)နဲ့က အလုပ်နဲ့ ထောင်ဒဏ်  ၂ နှစ်၊ သီးခြားဖွင့်တဲ့ ပုဒ်မ ၁၈ က ၄ လ။ အားလုံး ၄ နှစ်နဲ့ ၄ လဖြစ်သွားတာပေါ့။”

မနှစ် ဒီဇင်ဘာလအတွင်းဖြစ်တဲ့ လက်ပံတောင်းဒေသ အဓိကရုဏ်းမှာ မိုးကြိုးပြင် အလယ်ရွာသူ ဒေါ်ခင်ဝင်း သေနတ်ထိမှန် သေဆုံးရတဲ့ ဖြစ်ရပ်အမှုမှန် ပေါ်ပေါက်ရေးနဲ့ ကြေးနီစီမံကိန်း ရပ်ဆိုင်းပေးရေးအတွက် တရုတ်သံရုံးရှေ့မှာ လူရာနဲ့ ချီဆန္ဒပြခဲ့ကြပါတယ်။

ဒီဆန္ဒပြမှုအတွင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေက ဒဂုံမြို့နယ်ရှိ တရုတ်သံရုံးရှေ့ကို ဖြတ် လျှောက် ဆန္ဒပြဖို့ ခွင့်တောင်းတာကို လုံခြုံရေးယူထားတဲ့ ရဲတပ်ဖွဲ့က ခွင့်မပြုတဲ့အတွက် ဖြတ် ကျော်ဖို့ ကြိုးစားရာကနေ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တရားစွဲဆို ဖမ်းဆီးဆီးချုပ်နောင်ခံရခဲ့ရပြီး ဒီကနေ့မှာ အမိန့် ချမှတ်တာဖြစ်ပါတယ်။ ခုလို ထောင်ဒဏ်တွေချမှတ်ခံရသူတွေကတော့  ဒါဟာ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ဆောင်ခဲ့တဲ့  မတရားမှုဖြစ်တယ်လို့ ပြောပါတယ်။

နိုင်ငံရေးတက်ကြွလှုပ်ရှားသူ နော်အုန်းလှက “အန်တီတို့ကို ၀တ္တရား နှောင့်ယှက်မှုဆိုပြီးစွဲထားတယ်။ အန်တီတို့ ၀တ္တရားနှောင့်ယှက်ရအောင် ဒီလမ်းကို သူတို့လာပိတ်ထားတယ်။  အများပြည်သူပိုင်လမ်းကို ရဲက ပိတ်ထားတဲ့အပြင်ကို အန်တီတို့ ဘာမှမချိုးဖောက်ဘူး။ လမ်းဘေးကနေပဲ ၀င်သွားတာပဲရှိတာလေ။ အဲဒီအပေါ်မှာ သူတို့ တရားစွဲတယ်။ နောက်ဒီဖြစ်စဉ်က ၅၀၅ (ခ) တပ်စရာအကြောင်းလည်းမရှိဘူး။ ပုဒ်မ ၅၀၅ (ခ)က မမှန်သတင်းမှ လှုံ့ဆော်တယ်ဆိုတာဖြစ်မယ်။ ဒီဟာက ဖြစ်စဉ်အမှန်ဖြစ်တဲ့အတွက် ဒီပုဒ်မနဲ့ တပ်စရာမလိုဘူးလို့မြင်တယ်။ အန်တီတို့ကို တကယ်လို့ ထောင်ချမယ်ဆိုလို့ရှိရင်တော့ အန်တီတို့ နိုင်ငံမှာ လက်ရှိအစိုးရက ၂၀၁၅ ရွေးကောက်ပွဲမှာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ မရှိအောင် ရည်ရွယ်ချက်ရှိရှိနဲ့လုပ်တာပဲ” လို့ ဒီဗွီဘီကိုပြောပါတယ်။

နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဦးနေမျိုးဇင်ကတော့ “ကျနော်တို့အပါအ၀င် ပြည်သူ့ဘက်တော်သားတွေကို မတရား ထောင်ဒဏ် နှစ်ရှည်ချမှတ်လိုက်တဲ့ မတရားသူများ၊ အမိန့်ပေးသူများ၊ အာဏာရှင်စနစ်ဆိုးကို ဖက်တွယ်ထားသူများ မှီတင်းနေထိုင်ရာ ဒေသကြီးကို သဘာဝကြီးက အန္တရာယ်ဒဏ်ခတ်မှုပြုနိုင်ပါစေလို့ ကျနော်ဒီကနေပြီးတော့  စိတ်ထဲက မေတ္တာပို့ဆုတောင်းလိုက်ပါတယ်” လို့ အမိန့်ချမှတ်ခံရပြီးနောက် သတင်းထောက်တွေကို ပြောပါ တယ်။

လက်ရှိ မြန်မာပြည်အနှံ့ အကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသားပေါင်း ၁၅၇ ဦး၊ အမှုရင်ဆိုင်နေရသူ ၄၅၃ ဦးရှိပြီး အများစုဟာ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ပုဒ်မ ၁၈ နဲ့၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)တွေနဲ့ တရားစွဲဆိုခံနေရတာလို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ပြောပါတယ်။

By နော်နိုရင်း (ဒီဗွီဘီ)
http://burmese.dvb.no


 ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ စလူတောကျေးရွာတွင် နှစ်ပွင့်အဆင့်ရှိ ရဲအုပ်တစ်ဦး၊ ၎င်းနှင့် အတူ လိုက်ပါလာသော ရဲဝန်ထမ်းတစ်ဦးနှင့် အရပ်သားတစ်ဦးတို့က ငွေလိမ်လည်မှုဖြင့် တိုင်ကြားခံထားရသည်ဟု ဆိုသူ အသက် ၁၉ နှစ်အရွယ် မောင်ထက်ကိုကိုဇော်အား ဖမ်းဝရမ်းမပါဘဲ ရိုက်နှက် ဖမ်းဆီးခဲ့သဖြင့် ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သည့်အတွက်၊ ရိုက်နှက်သည့် ရဲအုပ်ကို ပြန်လည် တရားစွဲဆိုထားကြောင်း မောင်ထက် ကိုကိုဇော်၏ အဒေါ်ဖြစ်သူ ဒေါ်မူယာစိုးက မတ်လ ၁၂ ရက်တွင် မြန်မာ သံတော်ဆင့်သို့ ပြောသည်။

ယင်းရိုက်နှက် ဖမ်းဆီးမှုဖြစ်စဉ်မှာ မေလ ၇ ရက်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါ ရိုက်နှက်ဖမ်းဆီး ခံရမှု ကြောင့် မောင်ထက်ကိုကိုဇော်မှာ ဦးခေါင်း၌ ၈ ချက် ချုပ်ခဲ့ရပြီး အခြားဒဏ်ရာများလည်း ရရှိကာ လက်ရှိတွင် ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၌ ဆေးကုသမှု ခံယူလျက်ရှိသည်။

““အိမ်ထဲထိ သူတို့က ၀င်လာတာ ကလေးက မရှိဘူး။ ဘာမှလည်း မပြဘူး။ ကလေးက အပြင်ကနေ အိမ်ထဲကို ၀င်လာတာ ခြံထဲ ပြန်ဝင်တဲ့အချိန်မှာ သူတို့ကတွေ့ပြီ တွေ့ပြီ ရိုက်ရိုက်ဆိုပြီး ၀ိုင်းရိုက်ကြတာ။ သူတို့လက်ထဲ မှာလည်း တုတ်တွေပါလာတာ။ အိမ်ရဲ့အရှေ့ လယ်ကွက်ထဲ ကို ရောက်သွားတာ။ ခေါင်းကို ၈ ချက်ချုပ် လိုက်ရတယ်။ ပါးစပ်က ဟလို့မရဘူး။ ရိုက်တုန်းက နှာခေါင်းက သွေးထွက်တယ်။ လက်တွေ ခြေထောက် တွေက အရောင်မကျသေးဘူး”” ဟု မောင်ထက်ကိုကိုဇော်၏ အဒေါ်ဖြစ်သူ ဒေါ်မူယာစိုးက ပြောသည်။

လက်ရှိတွင် မောင်ထက်ကိုကိုဇော်အား ရိုက်နှက် ဖမ်းဆီးခဲ့သည့် ရဲအုပ်ဝီလျံသိန်းအား ဒိုက်ဦးမြို့နယ်၊ အင်းသုခ ရဲစခန်းတွင် အများပြည်သူရှေ့၌ နာကျင်အောင် ရိုက်နှက်မှုဖြင့် အမှုဖွင့် တိုင်တန်းထားပြီး ၎င်းအား ရဲဘက်ဆိုင်ရာ ခုံရုံးတွင်သာ စစ်ဆေးသွားမည် ဖြစ်သည်။

““ရဲအုပ်ဆိုတာ ရွာကလူတွေက သိကြတယ်။ ရိုက်တဲ့အချိန်မှာ ရွာက ရပ်မိရပ်ဖ တစ်ယောက် ရှိတယ်။ ဒါက မဖြစ်သင့်ဘူးလို့ ရဲကိုပြောနေတာ။ ရဲကိုတော့ စခန်းမှာ အမှုဖွင့်ထားတယ်။ အမှုကိုတော့ လက်ခံပေးတယ်။ တရားရုံးကိုတော့ မတင်ပေးဘူး။ ရဲခုံရုံးကပဲ စစ်ပေးမယ်လို့ စခန်းမှူးနဲ့ မြို့နယ်မှူးက ပြောလိုက်တယ်””ဟု ဒေါ်မူယာစိုးက ဆိုသည်။

ယင်းကဲ့သို့ ဖမ်းဝရမ်းမပါဘဲ ရိုက်နှက် ဖမ်းဆီးခြင်း မပြုမီ မေလ ၇ ရက် နံနက်ပိုင်းကလည်း အဆိုပါ ရဲဝန်ထမ်းများက လူငယ်ချင်း ခိုက်ရန်ဖြစ်ပွားမှုဖြင့် မောင်ထက်ကိုကိုဇော်အား လာရောက် ရှာဖွေမှုများ ပြုလုပ်ခဲ့သေးကြောင်း ဒေသခံ ရပ်မိရပ်ဖများက ယခုကဲ့သို့ ပြောပြကြသည်။

““မနက်ခင်းကတော့ ရန်ဖြစ်လို့ ကလေးတွေကို လာဖမ်းတယ်ပေါ့နော်။ ပထမက ကလေးချင်း ရန်ဖြစ် တယ်ဆိုပြီး ပေါ့ပေါ့ဆဆနေ တာပေါ့။ နောက်တော့မှ ပိုက်ဆံလုသွားတာလို့ တက်တိုင်တော့ ရာဇ၀တ်မှုဆိုပြီး ကလေးတွေကို ရသလို လိုက်ဖမ်းပြီး ရိုက်လို့ ပြောကြ ဆိုကြရတာပေါ့။ နှစ်ကြိမ်လာဖမ်းတာ နှစ်မျိုးဖြစ်နေ တယ်”” ဟု ရပ်မိ ရပ်ဖတစ်ဦးဖြစ်သူ ဦးခင်မောင်က ပြောသည်။

မောင်ထက်ကိုကိုဇော်အား ပထမအကြိမ် လာရောက်ရှာဖွေ ဖမ်းဆီးစဉ်က အဒေါ်ဖြစ်သူ ဒေါ်မူယာစိုးနှင့် မိဘများက အပြစ်ရှိပါက ရဲစခန်းသို့ ကိုယ်တိုင် လာရောက်ပို့ပေးမည်ဟု ပြောကြားခဲ့သေးပြီး ဒုတိယအကြိမ် လာရောက် ဖမ်းဆီးရာတွင် ဖမ်းဆီးရသည့် အကြောင်းရင်း ပြောင်းလဲသွားကာ ယခုကဲ့သို့ အတင်းအဓမ္မ ရိုက်နှက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

““မမူယာစိုးကနေ ပြောလိုက်တယ်။ ကလေးတွေမှာ အပြစ်ရှိတယ် ဆိုရင်လည်း သူ့အနေနဲ့ ခေါ်ပြီးတော့ ပို့ပေးမယ်ပေါ့နော်။ တကယ်လို့ လမ်းမှာတွေ့လို့ ကလေးတွေကို ဖမ်းမယ်ဆိုရင်လည်း သူ့အနေနဲ့ သူ့ကို အကြောင်းပြန်ပေးပါလို့ ပြောတယ်။ ကလေးတွေကို တွေ့တာနဲ့ ဖမ်းဆီးပြီးတော့မှ ရိုက်နှက်တာကို မမူယာစိုးနဲ့ သူ့အဖေဖြစ်သူ ဦးဇော်လတ်၊ သူ့အဒေါ် ဒေါ်စန်းနဲ့ ရဲတွေနဲ့သွားတွေ့ပြီး စကားပြောကြတယ်။ ပြောတဲ့ အချိန်မှာ သူတို့က တာဝန်အရ ဖမ်းတာပေါ့။ နှစ်တစ်လက်မတုတ်တွေပါပြီး ကလေးကို အတင်းအဓမ္မ ရိုက်နှက် သွားတာ”” ဟု ဦးခင်မောင်က ပြောသည်။

အဆိုပါဖြစ်စဉ်တွင် အမှုဖွင့် တိုင်တန်းခံရသူ ရဲအုပ်ဝီလျံသိန်းနှင့် ပတ်သက်၍ အမှုဖွင့် တိုင်ကြားထားသည့် အေးသုခရဲစန်း တာဝန်ကျ ရဲအရာရှိတစ်ဦးက ““တရားခံဖမ်းတဲ့ အချိန်မှာတော့ ဖမ်းရင်းနဲ့ မတော်တဆ ဖြစ်ကြရပါတယ်။ တစ်ဖက်က တိုင်တန်းတာတော့ တရားလိုက ဆိုင်ကယ်ကိုတားပြီး ပိုက်ဆံအိတ်လုတယ်။ ၁၀ သိန်းပါသွားတယ်လို့ တိုင်တန်းထားပါတယ်။ အဲဒီအမှုနဲ့ ရဲအုပ်ဝီလျံသိန်း သွားဖမ်းတဲ့အခါမှာ တရားခံက ခုခံ ကာကွယ်လို့ မတော်တဆ ဖြစ်သွားတဲ့ ဖြစ်စဉ်ပါ။ သူတို့ဘက်က တိုင်တန်းတဲ့ အမှုကိုတော့ တင်ပြထားပါ တယ်။ အများပြည်သူရှေ့မှာ ရိုက်နှက် အနိုင်ကျင့်တယ်ပေါ့။ တပ်ဖွဲ့ဝင်ဖြစ်တဲ့အတွက် ဆင့်ကဲဆင့်ကဲ တင်ပြထားပါတယ်။ တပ်ဖွဲ့ဝင် ၂ ဦး၊ ရဲအုပ် ၁ ဦး၊ သက်သေ ၁ ဦး ပါဝင်ပါတယ်””ဟု ပြောသည်။

သဇင်လှိုင်

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald


 အသရေဖျက်မှုနဲ့ တရားစွဲခံ ထောင်ချခံထားရတဲ့ မြန်မာပို့စ်ဂျာနယ်က အယ်ဒီတာချုပ် ဦးသန်းထိုက်သူနဲ့ ဒုတိယ သတင်းထောက်ချုပ် ဦးဆန်းမိုးထွန်းတို့ မေလ ၁၅ ရက်နေ့မှာ မော်လမြိုင်ထောင်က ပြန်လည်လွတ်မြောက်လာပါတယ်။

လွှတ်တော်ထဲက တပ်မတော်သားအမတ်တွေနဲ့ ပတ်သက်ပြီး နယ်ခံသတင်းထောက်တစ်ဦးရဲ့ သတင်းရေးသားပေးပို့မှုနဲ့ ဆက်စပ်ပြီး ပြီးခဲ့တဲ့ မတ်လက သူတို့၂ ဦးကို ထောင်ဒဏ်နှစ်လ ချမှတ်ခဲ့တာပါ။ မေလ ၁၅ ရက်နေ့မှာတော့ ပြစ်ဒဏ်ကာလ ၂လပြည့်မြောက်ပြီး ပြန်လည်လွတ်မြောက်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာပို့စ်ဂျာနယ်မှာ “ပညာရေးစနစ် နိမ့်ပါးမှုကြောင့် တပ်မတော်သားတွေ လွှတ်တော်မှာ ပါဝင်နေကြ” ဆိုတဲ့ သတင်းကို ပုံနှိပ်ဖော်ပြခဲ့တဲ့အတွက် မွန်ပြည်နယ်က တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးသိန်းဇော်က တရားလိုလုပ်ပြီး ပုဒ်မ ၅၀၀ အသရေ ဖျက်မှုနဲ့ တရားစွဲဆိုခဲ့တာပါ။

အဆိုပါ ဂျာနယ်ပါ သတင်းကို မော်လမြိုင်အလွတ်သတင်းထောက်က ရေးသားတာလည်းဖြစ်ပြီး သတင်းရေးသားသူ နယ်ခံသတင်းထောက်က တရားရုံးမှာ တရားလိုပြသက်သေလုပ်ခဲ့ပြီး သတင်းတည်းဖြတ်သူ သတင်းထောက်ချုပ်နဲ့ အယ်ဒီတာချုပ်တို့ကို တရားစွဲဆို ထောင်ချခဲ့ရတာ ဖြစ်ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no

စောင့်ကြည့် လေ့လာကြ မယ့် အရပ် ဖက် အဖွဲ့ တွေ ကိုလည်း ရွေးကောက်ပွဲ ကော်မရှင် က တရားဝင် အသိအမှတ်ပြုမယ်။
၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ မှာ ပြောင်းလဲ ထားတဲ့ မဲဆန္ဒ ပေးပုံ ပေးနည်း တွေ နဲ့ ကြိုတင် မဲစာရင်း ပြုစု ခြင်း လုပ်ငန်း တွေ အကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် နဲ့ ရွေးကောက်ပွဲ ကို စောင့်ကြည့် လေ့လာမယ့် အရပ်ဖက် အဖွဲ့တွေ မေလ ၁၄ ရက် ကြာသပတေး နေ့က ရန်ကုန်မှာ တွေ့ဆုံ ဆွေးနွေး ခဲ့ကြ ပါတယ်။

ကိုယ်မဲပေးချင် တဲ့ ကိုယ်စားလှယ် အမည်ပေါ် မှာ အရင်က အမှန် ခြစ်ပေး တဲ့ နည်း ကနေ တံဆိပ်တုံး ထုပြီး မဲ ပေး ရ တော့မှာ ဖြစ်ပြီး ကောက်ခံထားတဲ့ ကြိုတင် မဲစာရင်း တွေ ကိုလည်း ရပ်ကွက်အလိုက် မဲရုံတွေ မှာ ထုတ်ပြန် ကြေညာ ပေး မှာ ဖြစ်တယ် လို့ ရွေးကောက်ပွဲ ကော်မရှင် က ပြောပါတယ်။

ရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှတ မှု ရှိမရှိ စောင့်ကြည့် လေ့လာကြ မယ့် အရပ် ဖက် အဖွဲ့ တွေ ကိုလည်း ရွေးကောက်ပွဲ ကော်မရှင် က တရားဝင် အသိအမှတ်ပြု လက်မှတ် တွေ ထုတ်ပေး သွားပါလိမ့်မယ်။

မေလ ၁၅ ရက် သောကြာနေ့ မှာလည်း ရွေးကောက်ပွဲ ကော်မရှင် ဟာ နိုင်ငံရေးပါတီ တွေ နဲ့ တွေ့ဖို့ ရှိပါတယ်။

BBC Burmese
http://www.bbc.com/burmese

စစ်ကြောင်းထွက်သော ကေအဲန်ပီပီ တပ်သားအချို့အား မြင်တွေ့ရစဉ် (ဓါတ်ပုံ-ကေတီ)
ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (ကေအန်ပီပီ) တပ်များ လက်နက်ကိုင် အင်အားပြ စည်းရုံးခြင်း မဟုတ်ကြောင်း ကေအန်ပီပီက ငြင်းဆိုလိုက်သည်။

နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုများကို လူထုများထံချပြသွားရန် ကေအန်ပီပီ တပ်ဖွဲ့၏ နယ်လှည့်ခရီးစဉ်ကို လက်နက်အင်အားပြကွင်းဆင်း စည်းရုံး သည်ဆိုကာ နိုင်ငံပိုင်သတင်းစာများနှင့် အင်တာနက် စာမျက်နှာပေါ် တွင် ရေးသားနေခြင်းကို ကေအန်ပီပီ အတွင်းရေးမှူး ၂ ဦးရွှေမျိုးသန့်က ကန့်ကွက်ကြောင်း ပြောသည်။

“တချို့သတင်းစာတွေမှာ အင်တာနက်စာမျက်နှာတွေမှာ ဒီစစ်ကြောင်းနဲ့ ပတ်သက်ပြီး ရေးသားချက်တွေက အများကြီးကွဲလွဲတယ်” ဟု သူက ပြောသည်။

သတ်မှတ်ထားသော နယ်မြေပြင်ပမှ သွားလာခြင်း၊ သံလွင်မြစ်အနောက်ဖက်ကူးပြီး ရောက်ရှိအခြေပြု နေထိုင်ခြင်း စသည့် အစိုးရမီဒီယာများ စွပ်စွဲချက်များသည် မဟုတ်မမှန်ပဲကွဲလွဲနေသည်ဟု ဦးရွှေမျိုးသန့်က ဆိုသည်။

ထိုအပြင် ၂ ဖက်အကြား နယ်မြေသတ်မှတ်ထားခြင်း မရှိသေးသလို တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး လက်မှတ် ရေးထိုးပြီး၊ စည်းမျဉ်းစည်းကမ်းများထွက်လာမှ ၂ ဖက် အကျေအလည်ဆွေးနွေးခြင်းပြုလုပ်ပြီးနောက် နယ်မြေများသတ်မှတ်နိုင်မည်ဖြစ်သည်ဟု သူက ပြောသည်။

ကရင်နီတပ်မတော်စေလွှတ်ခြင်းသည် အပစ်အခတ်ရပ်စဲရေးအတွက် တည်ငြိမ်အေးချမ်းမှု အနှောင့် အယှက်အဟန့်အတားဖြစ်ရန် ရည်ရွယ်ချက်မရှိကြောင်း၊ ကိုးကန့်ဒေသတွင် ဖြစ်ပေါ်နေသော လက်နက်ကိုင် တပ်ဖွဲ့များနှင့်ပတ်သက်ပြီး အနှောက်အယှက်အဟန့် အတားဖြစ်ရန် ကရင်နီရဲဘော်များကို စေလွတ်ခြင်း စသည့်ရေးသားခြင်းများ အပေါ်တွင် မသက်ဆိုင်ကြောင်းလည်း ဆိုသည်။

မေ ၁၃ ရက် မွန်းလွဲပိုင်းတွင် ကေအန်ပီပီ ခေါင်းဆောင်များနှင့် ဒေသတွင်းငြိမ်းချမ်းရေးစောင့်ကြည့် လေ့လာသူများ၊ မီဒီယာများနှင့် တွေ့ဆုံပြီး လွိုင်ကော်မြို့ကေအန်ပီပီရုံးတွင် သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့သည်။

အပစ်အခတ်ရပ်စဲရေးကာလတွင် ၂ ဖက် တင်းမာနေရမည့်အချိန်မဟုတ်ကြောင်း ၁ ဖက်က လျော့ပေးရန် လိုအပ်ကြောင်း ပြည်နယ်ငြိမ်းချမ်းရေးစောင့်ကြည့်လေ့လာသူအဖွဲ့ဝင် တဦးက ပြောသည်။

Written by ဖြိုးဝေအောင်
ကန္တရ၀တီတိုင်း(မ်)
http://www.ktimes.org