05/19/15


 ရန်ကုန် မေ ၁၈

 ပြည်တွင်းရှိ အိမ်ခြံမြေ ဈေးကွက်တွင် အရောင်းအဝယ်နှင့် ငှားရမ်းမှုကျဆင်းနေ သော်လည်း လာမည့် ၂ဝ၁၅ ခုနှစ်ရွေး ကောက်ပွဲအပြီး ကာလတွင် ဖြစ်ပေါ်လာမည့် ပြည်ပရင်းနှီးမြှုပ်နှံမှု အခြေအနေအပေါ် မူတည်၍ ဈေးကွက် အပြောင်း အလဲရှိလာ နိုင်ကြောင်း မြို့တွင်း အိမ်ခြံမြေ အကျိုး ဆောင်လုပ်ငန်း အချို့ထံမှ သိရသည်။

အိမ်ခြံမြေဈေးကွက်၌ လက်ရှိအချိန် တွင် ဝယ်ရောင်းနှင့် အငှားကျဆင်းနေပြီး ဈေးကွက်အနေအထား ပြောင်းလဲမှု မရှိသေး သော်လည်း လာမည့် ရွေးကောက်ပွဲ အပြီး၌ ပြည်ပရင်းနှီးမြှုပ်နှံမှု အပြောင်း အလဲဖြစ်မှု ပေါ် မူတည်၍ အခြားစီးပွားရေးကဏ္ဍ များနှင့် ထပ်တူ အိမ်ခြံမြေဈေး ကွက်တွင် အပြောင်းအလဲများရှိလာနိုင်ကြောင်း သိရ သည်။

''လက်ရှိမှာ ဈေးကွက်အနေအထား က တအားမြင့်နေတော့ အရောင်းအဝယ် တွေအေးနေသလို လာမယ့်ရွေးကောက်ပွဲရဲ့ အခြေအနေကို စောင့်ကြည့်နေတာတွေလဲ များနေတော့ ဒီနှစ်ကုန်ပိုင်းလောက်မှာ ဈေးကွက်အခြေအနေပြောင်းလဲလာနိုင်ပါ တယ်။ ပြည်ပကရင်းနှီးမြှုပ်နှံမှုများလာ ရင်တော့ အရောင်းရောအငှားပါတက်လာ နိုင်ပါတယ်။ ဒါပေမယ့် လက်ရှိမှာဝင်ငွေ ခွန်အပြောင်းအလဲပေါ်မူတည်ပြီး ဈေးကွက် က နည်းနည်းတော့ကောင်းလာမယ်လို့ တော့ယူဆနေကြပါတယ်''ဟု အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းတစ်ခုမှ ဒါရိုက်တာ ဦးနေဇော်အောင်ကပြောသည်။

အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းရှင် အသင်း ဒုဥက္ကဋ္ဌဦးသန်းဦးက ''အခုအချိန် မှာ ၂ဝ၁၅ ခုနှစ်ရွေးကောက်ပွဲကို စောင့် ကြည့်နေကြတဲ့အတွက်အိမ်ခြံမြေဈေးကွက် ကအေးနေပါတယ်။ အဲဒီအပေါ်မှုတည်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဝင်ခြင်း၊ မဝင်ခြင်း နဲ့အတူ ပြည်တွင်းကလုပ်ငန်းရှင်တွေရဲ့ ရင်းနှီးမြှုပ်နှံမှုအခြေအနေတွေပေါ်မူတည် ပြီးဈေးကွက်က အပြောင်းအလဲရှိလာနိုင် ပါတယ်။ ပြီးခဲ့တဲ့ ၂ဝ၁၄ ခုနှစ်ကုန်ပိုင်း ကနေ ၂ဝ၁၅ နှစ်အထိ ဈေးကွက်လေးနေ တဲ့အကြောင်းက လာမယ့်ရွေးကောက်ပွဲ အခြေအနေကို စောင့်ကြည့်နေတာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီအပေါ်မှာ မူတည်ပြီး အိမ်ခြံမြေဈေးကွက်ထဲကို လှည့်ပတ်ငွေတွေ၊ ထည့်ဝင်ငွေတွေ၊ ဝယ် ရောင်းငွေတွေ ပြန်ဝင်လာမလား၊ပြန်ထွက် သွားမလားဆိုတဲ့အနေအထားကို ခန့်မှန်း ရမှာပါ''ဟုပြောသည်။

ယခုနှစ်ဧပြီလမှစတင်၍ အိမ်ခြံမြေ အရောင်းအဝယ်ဝင်ငွေခွန်များနှင့်ပတ်သက် ၍ လျှော့ချမှုများပြုလုပ်ခဲ့ရာတွင် ၁ကျပ်မှ သိန်း ၁ဝဝဝ အထိ ၃ရာခိုင်နှုန်း၊ သိန်း ၁ဝဝဝမှသိန်း ၅ဝဝဝ အထိ ၅ ရာခိုင်နှုန်း၊ သိန်း ၅ဝဝဝ မှ ၁ဝဝဝဝသိန်းအထိ ၁ဝ ရာခိုင်နှုန်းကောက်ခံရန်ရှိကြောင်းသိရသည်။

မင်းလွင်သစ်
The Union Daily
http://uniondaily.net


ရန်ကုန်၊ မေလ ၁၈

ရက္ခိုင့်တပ်မတော် (အေအေ) နှင့် ဆက်စပ်သူများကို ဖမ်းဆီး စစ်ဆေးနေရာ မေလ ၁၈ ရက်နေ့ထိ အဖမ်းခံရသူမှာ ၂၂ ဦး ရှိသွားပြီဟု ကျောက်တော်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ဦးခင်မောင်က နိရဉ္စရာသို့ အတည်ပြု ပြောကြားသည်။

“ ဟုတ်ပါတယ်။ သေချာနားထောင်ပါ။ အေအေသောင်းကျန်းသူတွေနဲ့ ဆက်စပ်ပြီး ဖမ်းဆီးထားတဲ့ ၂၀ ဦးကို ဒီလ ၁၅ ရက်နေ့က ရုံးတင်ပါတယ်။ ကျန် နှစ်ဦးကို အမှုပြင်ဆင်ပြီး ဒီလ ၂၉ ရက်နေ့ရုံးတင်မှာ ဖြစ်ပါတယ်” ဟု ပြောကြားပြီး ရက္ခိုင့်တပ်မတော်အစား အေအေသောင်းကျန်းသူဟုသာ သုံးစွဲရန် သူက ပြောကြားသည်။

သူတို့ ၂၂ ဦးအထဲမှ  ပထမ ဖမ်းဆီးခံထားရသူ ၂၀ ဦးအား  ၁၇ (၁) ဖြင့် တရားစွဲဆိုထားကြောင်း ရဲမှူးက ထပ်မံ အတည်ပြု ပြောကြားသည်။

မေလ ၁၄ ရက်နေ့က ထပ်မံ  အသစ် ရောက်လာသူ နှစ်ဦးကိုလည်း အမှု ဖွဲ့နေပြီး ၁၇ (၁) နှင့်ပင် တရားစွဲဆိုသွားမည်ဟု ပြောဆိုသည်။

ယခု ဖမ်းဆီးခံရသူများမှာ စစ်တွေ၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ရသေ့တောင် အပါအ၀င် နယ်မြေစုံက ဖြစ်ကြောင်း သူက ဆက်လက် ပြောဆိုသည်။

“ ရှေ့နေတွေ ငှားရမ်းခွင့်ရပါတယ်။ ပွင့်ပွင့်လင်းလင်းဘဲ စစ်ဆေး စီရင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ရှေ့နေတွေ အကုန်လုံး ငှါးရမ်းခွင့်ရှိပါတယ်” ဟု ဆိုသည်။

ဖမ်းဆီးခံရသူ မိသားစု အချို့နှင့် ဆက်သွယ်သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိသဖြင့် ဖမ်းဆီးခံ မိသားစုများဘက်မှ အမြင်နှင့် သဘောထားများကို တင်ပြနိုင်ခြင်း မရှိပါ။

နိရဉ္စရာ
http://www.narinjara.com/burmese

သူ့မှာ အပြစ်မရှိကြောင်း သက်သေ ပြနိုင်မယ်လို့ ယင်လတ် ပြော။
ထိုင်းနိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်နဲ့ ပတ်သက်ပြီး အများပြည်သူရဲ့ ဆန္ဒ သဘောထားကို ကောက်ခံမယ်လို့ ထိုင်း စစ်အစိုးရက ပြောပါတယ်။

လွန်ခဲ့တဲ့ ၁ နှစ်က စစ်တပ်က အာဏာ သိမ်းခဲ့ ပြီးတဲ့နောက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်ကို ပြန်လည် ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။

အဲဒီ အခြေခံ ဥပဒေသစ် အတွက် ပြည်သူ့ ဆန္ဒ ခံယူပွဲ လုပ်မယ်ဆိုရင် လာမယ့် နှစ် လယ်ပိုင်း အထိ ဖြစ်နိုင်ခြေ မရှိဘူးလို့ ယူဆထားကြတဲ့ အထွေထွေ ရွေးကောက်ပွဲဟာ နောက်ထပ် အချိန် ကြန့်ကြာ သွားနိုင်ဖွယ် ရှိပါတယ်။

အင်္ဂါနေ့ အစောပိုင်းကတော့ ထိုင်း ဝန်ကြီးချုပ်ဟောင်း ယင်လတ် ရှင်နာဝပ်ကို ပြစ်မှု မြောက်တဲ့ တာဝန် ပျက်ကွက်မှုအတွက် ကြားနာ စစ်ဆေးမှု စတင်ခဲ့ရာမှာ မစ် ယင်လတ်က တရားရုံးမှာ လာရောက် စစ်ဆေး ခံခဲ့ပါတယ်။

ထိုင်းအစိုးရရဲ့ စပါး အပေါင်ခံတဲ့ စီမံကိန်းမှာ အဂတိ လိုက်စားမှုတွေ ရှိတာကို တားဆီးဖို့ ပျက်ကွက်ခဲ့တယ် ဆိုတဲ့ စွဲချက်တွေနဲ့ စွဲဆို ခံရတာ ဖြစ်ပြီး ယင်လတ် ရှင်နာဝပ်က သူ့မှာ အပြစ်မရှိကြောင်း ထွက်ဆိုခဲ့ပါတယ်။

တရားရုံးရှေ့မှာ သူမကို ထောက်ခံသူတွေက စောင့်ကြို နေခဲ့ကြပြီး မစ်ယင်လတ်က သူ့မှာ အပြစ်မရှိကြောင်း သက်သေ ပြနိုင်မယ်လို့ ယုံကြည်တယ်လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

တကယ်လို့သာ သူ့မှာ အပြစ်ရှိတယ်လို့ ဆုံးဖြတ် ခံရရင်တော့ ထောင်ဒဏ် ၁၀ နှစ် အထိ ကျခံရနိုင်ပါတယ်။ နောက်တစ်ကြိမ် ကြားနာမယ့် ရုံးချိန်း ရက်ကတော့ ဇူလိုင် ၂၁ ရက်နေ့ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese


ထိုင်းတောင်ပိုင်း လိပ်ကျွန်းလူသတ်မှုမှာ အစားထိုးမရနိုင်တဲ့ သက်သေခံချက်တွေ ရှိစဉ်တုန်းက မှန်ကန်သေချာအောင် နည်းလမ်းတကျ မဆောင်ရွက်ခဲ့တာ ထင်ရှားတယ်လို့ မြန်မာသံရုံးအထူးအဖွဲ့က ရှေ့နေဦးအောင်မျိုးသန့်က ပြောဆိုပြီး တခြားလွတ်လပ်တဲ့ အထောက်အထားတွေ မရှိခဲ့ရင်တော့ တရားခံတွေကို အမှုကနေ လွှတ်ပေးဖို့သာရှိကြောင်း ပြောပါတယ်။


စူရတ်ဌာနီခရိုင်က လိပ်ကျွန်းခေါ် ခိုတောင်ကျွန်းမှာ မနှစ် စက်တင်ဘာ ၁၅ ရက်နေ့က  ခရီးသွားအင်္ဂလိပ်လူမျိုး ၂ ဦး အသတ်ခံရတာနဲ့ပတ်သက်လို့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ ကျူးလွန်တယ်ဆိုပြီး ထိုင်းရဲက တရားလိုလုပ်ပြီး စွဲဆိုခဲ့တာပါ။ လူသတ်မှု၊ မုဒိမ်းမှုအပါအ၀င် အမှု ၅ ခုနဲ့ စွဲဆိုပြီး တရားခံလူငယ် ၂ ဦးကို ကော့စမွီအကျဉ်းထောင်မှာ ချုပ်နှောင်ထားပါတယ်။

မြန်မာလူငယ်နှစ်ယောက်က ကနဦးပိုင်းမှာ ကျူးလွန်တယ်လို့ ရဲထံဖြောင့်ချက်ပေးခဲ့ကြပေမယ့် နောက်ပိုင်းမှာ သူတို့ရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်တဲ့အတွက် ကျူးလွန်တယ်လို့ ၀န်ခံရတာဖြစ်ကြောင်း ပြောင်းလဲထွက်ဆိုကြပြီး ဖြောင့်ချက်ကို တရားဝင် ပြန်ရုပ်သိမ်းထား ပါတယ်။

ဒီလူငယ်နှစ်ဦးအပေါ် စွပ်စွဲပြောဆိုချက်တွေနဲ့ပတ်သက်လို့ ထိုင်းရဲတပ်ဖွဲ့တာဝန်ရှိသူတွေကို လူမှုကွန်ရက်စာမျက်နှာ်တွေမှာ ဝေဖန်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားခဲ့ပါတယ်။

ဧပြီလ ၃၀ ရက်နေ့မှာတော့  ကနဦး ရယူထားတဲ့ DNA စစ်ဆေးချက်တွေကို ထိုင်းနိုင်ငံ မှုခင်းစစ်ဆေးရေး ပါရဂူ ဒေါက်တာ ပွန်သစ်ထံ ပေးပို့ပြီး လွတ်လွပ်လပ်လပ်ပြန်စစ်ဆေးဖို့

ကော့စမွေတရားရုံးတော်က အမိန့်ချခဲ့ပါတယ်။ ဒီအမှု နောက်ဆုံးဖြစ်ထွန်းမှုကို မြန်မာသံရုံးအထူးအဖွဲ့က ရှေ့ နေ ဦးအောင်မျိုးသန့်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေး) ထိုင်းနိုင်ငံတောင်ပိုင်း၊ စူရပ်ဌာနီခရိုင်၊ ကော့တောင်ကျွန်းမှာ မနှစ်က ခရီးသွားအင်္ဂလိပ်လူမျိုး ၂ ဦး အသတ်ခံရတာနဲ့ပတ်သက်လို့ မြန်မာလူငယ်နှစ်ဦး တရားစွဲခံရတဲ့ အမှုမှာ နောက်ဆက်တွဲ  ထူးခြားဖြစ်စဉ်တွေရှိပါသလဲခင်ဗျာ။

ဖြေ) အဲဒီအမှုကတော့ လောလောဆယ်မှာ တရားရုံးက ၃၀ ရက် ၄ လ ၂၀၁၅ အမိန့်ချပြီးတဲ့နောက်ပိုင်းမှာ တရားရုံးမှာရှိတဲ့ ဒီအန်အေနဲ့ပတ်သက်တဲ့ စာရွက်စာတမ်းတွေကို ဒေါက်တာပွန်ထစ်ဆီ ပို့ပေးပြီးတော့ ဒေါက်တာပွန်ထစ်က အဲဒါကို ဆက်လက်စစ်ဆေးဖို့ပါ။ အဲဒီလိုစစ်ဆေးတဲ့အခါမှာတော့ ဒေါက်တာပွန်ထစ်က နှစ်ဘက်အကျိုးဆောင်တွေကို အကြောင်းကြားပြီးတော့ ဆက်လက်ဆောင်ရွက်ပါ့မယ်လို့တော့ ကျနော်တို့ နောက်ဆုံး သိရပါတယ်။

ကျနော်တို့ကို သံအမတ်ကြီးက အခု အဖွဲ့တွေ ထပ်ဖွဲ့ထားပါတယ်။ ထပ်ဖွဲ့ပြီးတော့ အမြန်ဆုံး ထိုင်းရှေ့နေများကောင်စီနဲ့ အစည်းအဝေးလုပ်ဖို့ရှိပါတယ်။

မေး) ဒီအမှုကို ဆောင်ရွက်တဲ့ ဦးတို့အဖို့ လူပုဂ္ဂိုလ်ရေးအရဖြစ်ဖြစ်၊ စာနဲ့ဖြစ်ဖြစ် ဆက်သွယ်လို့ပဲဖြစ်ဖြစ် အသက်အန္တရာယ်ခြိမ်းခြောက်ခံရတာမျိုး ရှိလား။

ဖြေ) ဒါတွေကတော့ ကြုံခဲ့ရတာ ကြာပါပြီခင်ဗျ။ နောက်ဆုံးပြောရရင် ထိုင်းလူမျိုးကတောင်မှ ကျနော်တို့ကိုပြောလို့ မှတ်တမ်းတင်ထားတာတွေရှိတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့က နိုင်ငံတော်က ပေးတဲ့တာဝန်ကို ဥပဒေအရ ဆောင်ရွက်တာလေ။ ကျနော်တို့ဘာမှ ဇွတ်ငြင်းတာတော့မဟုတ်ဘူး။ အဲဒီအကြောင်းပေါ်မူတည်ပြီးတော့ သူတို့ဘက်ကလည်း ဆောင်ရွက်ထားတဲ့လူတွေက ဥပဒေနားလည်တဲ့ အသိုင်းအ၀ိုင်းက လူတွေက ဆောင်ရွက်ထားတာ ဆိုတော့ နည်းနည်းတော့ ဒါလေးတွေရှိပါတယ်ခင်ဗျ။

 ရှေ့နေ ဦးအောင်မျိုးသန့်
မေး) DNA စစ်ဆေးချက်ဟာ အလွန်ခိုင်မာတဲ့ အဖြေဖြစ်ပေမယ့် DNA Sample ရယူပုံနည်းလမ်းမကျခဲ့ရင် – ရယူတဲ့နေရာမှာ မသမာမှုတွေကို ပြုလုပ်ဖို့ အခွင့်အလမ်းတွေ ရှိနေမယ်ဆိုရင် အဲဒီစစ်ဆေးချက်အဖြေရဲ့ သက်သေခံချက်တန်ဖိုးဟာ သုည(သုည)ပါပဲ” လို့ ဦးအောင်မျိုးသန့်ရဲ့ ဖေ့စ်ဘွတ်ခ်မှာ ရေးထားပါတယ်။ ဒီအချက်နဲ့ပတ်သက်လို့ အမှုအလားအလာကို သုံးသပ်ပြပါလား။

ဖြေ) ကျနော်တို့ အမှုတခုမှာ အထူးသဖြင့် ဒီလိုသေဒဏ်ထိုက်တဲ့အမှုတွေမှာဆိုရင် ကျနော်တို့က စပြီးတော့ အမှုကိုစွဲဆိုမယ်ဆိုပြီးတော့ အမှုစစ်တွေအဖွဲ့လိုက်ကိုက အမှုကို အစအဆုံး သေချာစွာ ပြုမူဆောင်ရွက်ပြီးတော့ သက်သေခံအထောက်အထား၊ စာရွက်စာတမ်း အထောက်အထား၊ မျက်မြင်သက်သေအထောက်အထားတွေနဲ့ တင်ခဲ့ရတာပါ။ အခုဟာက သက်သေခံဥပဒေပုဒ်မ ၁၀၁၊ ၁၀၂၊ ၁၀၃ တွေကတော့ တရားလိုဖြစ်တဲ့လူက တရားခံ ဖြစ်တဲ့လူကို အပြစ်ရှိပါတယ်လို့ ပြောချင်ရင် ပြောချင်တဲ့ တရားလိုကိုယ်တိုင်က ခိုင်လုံစွာ တရားရုံးကို တင်ပြရမှာပါ။ အခုဟာက ဖြစ်ခဲ့တဲ့အကြောင်းကို ပြန်ကြည့်မယ်ဆိုရင် ကျနော်တို့ အဓိကက ဘာလဲဆိုတော့ အမှုတခုလုံးမှာ မျက်မြင်သက်သေမရှိတော့ ဒီအန်အေကို အားကိုးပြီးတော့ ကျနော်တို့ကလေးတွေကို အပြစ်ပေးဖို့လုပ်နေတာပါ။ အဲဒီအခါမှာ ကလေးတွေကို အပြစ်ပေးဖို့ဆိုတဲ့ ဒီအန်အေကို ကြည့်တဲ့အခါမှာ ဒီအန်အေ စယူတဲ့အချိန်က တရားလိုဘက်က ပြုလုပ်ရမယ့် လုပ်ထုံးလုပ်နည်း လွဲခဲ့ပါတယ်။ အခုအချိန်မှ  ဒီ ဒီအန်အေကို မသေချာလည်း ပြန်စစ်ပါလို့ ပြောရင် အရင်တုန်းက လူသေသွားပြီ၊ နောက် သွေးတွေကို ရေတက်ရေကျနဲ့ဆေးပြီ၊ လေတိုက်နှုန်းတွေ၊ ရေတက်ရေကျရှိတဲ့အနေအထားတွေနဲ့ ရှိတဲ့အနေအထားတွေက ဘယ်လိုမှ ပြန်စစ်လို့ မရတော့ပါဘူး။ ဒါ အစားထိုးမရတဲ့ သက်သေခံချက်တွေပါ။ အဲဒီတော့ ဒီအချက်တွေကို ပြန်စစ်ဖို့ မဖြစ်နိုင်လို့ရှိရင် ဒီ စစ်ဆေးစဉ်က မှားတယ်ဆိုတဲ့ မှားကွက်ကြောင့်၊ တရားလိုရဲ့အားနည်းချက်ကြောင့် တရားခံကို အပြစ်ပေးဖို့ဟာ ပိုပြီးတော့ ကင်းဝေးသွားမယ်လို့ ကျနော်ယူဆပါတယ်။ ဒါကြောင့်မို့လို့လည်း သက်သေခံဥပဒေပုဒ်မ ၁၀၁၊ ၁၀၂၊ ၁၀၃ တွေဟာ တရားစွဲဆိုတဲ့သူသည် တရားခံ အပြစ်ပေးနိုင်လောက်အောင် ခိုင်လုံတဲ့အထောက်အထားတွေနဲ့ စကတည်းက ပြည့်စုံအောင် တင်ရမှာပါ။ အဲဒီအချက် ပျက်ကွက်ခဲ့လို့ရှိရင် တရားခံဟာ အလိုလိုနေရင်းနဲ့ အပြစ် ကင်းစင်တယ်လို့ ကျနော် ပြောဆိုတာပါ။

မေး) တရားခံစွပ်စွဲခံရတဲ့ မောင်ဝင်းဇော်ထွန်းဖခင် ဦးထွန်းထွန်းထိုက် ကွယ်လွန်တာကို သူ့သား သိသွားပြီလား။

ဖြေ) ဟုတ်ကဲ့။ ကလေးတွေသိပြီးတော့ အကျဉ်းဦးစီးထဲမှာပဲ သင့်တော်တဲ့ ကုသိုလ်ကောင်းမှု ပြုပါတယ်ခင်ဗျ။

မေး) နောက်တချိန်ရုံးချိန်းက ဘယ်တော့လဲ။

ဖြေ) အရင်ချိန်းတဲ့အတိုင်းပဲလို့ တရားရုံးက ပြောပါတယ်။ အရင်ချိန်းတာက ခုနှစ်လပိုင်း ၈ ရက်၊ ၉ ရက်၊ ၁၀ ရက်ကစပါတယ်။ စတဲ့အခါမှာ တခါချိန်းရင် ၃ ရက်၊ ၄ ရက် ဆက်တိုက်စစ်မယ့်သဘောပါ။

By အေးနိုင် (ဒီဗွီဘီ)
http://burmese.dvb.no


ထိုင်းနိုင်ငံအလယ်ပိုင်း ဆုဖန်းပူးရီခရိုင်ထဲမှာ ပြည်တန်ဆာအဖြစ် ရောင်းစားခံရတဲ့ မြန်မာမိန်းကလေး ၁၄ ဦးကို ထိုင်းနိုင်ငံ လူကုန်ကူးမှု တားဆီး တိုက်ဖျက်ရေး အဖွဲ့က ကယ်ထုတ်ခဲ့တယ်လို့  ချယ်နယ် ၃ ထိုင်းရုပ်သံသတင်းမှာ ဖော်ပြပါတယ်။

နယ်မြေထဲမှာ အမျိုးသမီးငယ်တွေ ပြည့်တန်ဆာအဖြစ် ခိုင်းစေခံရကြောင်း ကြိုတင်စုံစမ်းသိရှိချက်အရ ထိုင်းပြည်ထဲရေး ၀န်ကြီးဌာနရဲ့ အထူးအဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေးရုံးနဲ့ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ပူးပေါင်းအဖွဲ့ အင်အား ၃၀ ကျော်ဟာ ဆုဖန်းပူးရီမြို့ ၀ိဟန်ဒိုင်း ရပ်ကွက်မှာရှိတဲ့  ဆိုင်းဆီ ကာရာအိုကေဆိုင်ကို မေလ ၁၄ ရက်နေ့ညက ၀င်ရောက်စီးနင်းပြီး မိန်းကလေးတွေကို ကယ်ထုတ်ခဲ့တယ်လို့ ခရိုင်ရာဇ၀တ်မှုစုံစမ်းရေးဌာန ညွှန်မှူး နိုင်းမာန ဆိမ်းမားက သတင်းထောက်တွေကို ပြောပါတယ်။

ဒီမတိုင်ခင်က အဲဒီကာရာအိုကေဆိုင်မှာ မိန်းကလေးတွေကို ပြည့်တန်ဆာအဖြစ် ခိုင်းစေနေကြောင်း၊ အသက်မပြည့် သူတွေပါကြောင်း တိုင်ကြားချက်ရရှိတဲ့အတွက် တာဝန်ရှိ သူတွေက ဧည့်သည်အဖြစ်နဲ့ ၀င်ရောက်စုံစမ်းခဲ့ပြီးနောက် ဖမ်းဆီးနိုင်ခဲ့တာပါ။

ပြည်တန်ဆာလုပ်ငန်းသက်သေအဖြစ် ကွန်ဒုံး၊ သန္ဓေတားဆေး အမြောက်အမြားနဲ့ ငွေစာရင်း ရှင်းတန်းစာအုပ်၊ နယ်မြေခံရဲနဲ့ အာဏာပိုင်တွေကို လာဘ်ပေးထားတဲ့စာရင်းတွေ သိမ်းဆည်းရမိပြီး အသက် ၁၈ နှစ်မပြည့်သေးတဲ့ မိန်းကလေး ၄ ဦးအပါအ၀င် စုစုပေါင်း ၁၄ ဦးကို ကယ်ထုတ်ခဲ့ကြောင်းအားလုံး မြန်မာပြည်ကလာတာဖြစ်ပြီး အကြွေးဆပ်ဖို့ ဒီအလုပ်ကို လုပ်နေတာလို့ ဆိုပါတယ်။

လွတ်မြောက်လာတဲ့ မိန်းကလေးတဦးကတော့  သူတို့ဟာ ထိုင်းနိုင်ငံထဲမှာ အလုပ်လာလုပ်ဖို့ ပို့ဆောင်ပေးခဲ့တဲ့ ပွဲစားကို တယောက် ဘတ် ၅ သောင်းစီပေးရကြောင်း၊ အကြွေး မကျေသေးတဲ့အတွက် ဒီအလုပ်ကို လုပ်နေတာဖြစ်ပြီး ဧည့်သည်တယောက်နဲ့ဆက်ဆံရင် ဘတ်ငွေ ၁ ထောင်ရပေမယ့် ဆိုင်ရှင်က ဖြတ်ယူကြောင်းရဲကို ထွက်ဆိုသွားပါတယ်။

လူကုန်ကူးခံရသူ မိန်းကလေးတွေကို ဆုဖန်းပူရီခရိုင်က စောင့်ရှောက်ရေးဂေဟာကို လွှဲပြောင်းပေးပြီး ဆိုင်ပိုင်ရှင်ကိုတော့ လူကုန်ကူးမှု၊ ခွင့်ပြုချက်မရဘဲ အပျော်အပါးဆိုင်ဖွင့်လှစ်မှု၊ ပြည်တန်ဆာ လုပ်ငန်း လုပ်ကိုင်မှုတွေနဲ့ ဥပဒေအရ အရေးယူသွားမယ်လို့  ခရိုင်ရာဇ၀တ်မှု နှိမ်နင်းရေး အရာရှိက သတင်းထောက်တွေကို ပြောပါတယ်။

ထိုင်းပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ လူကုန်ကူးမှုပုံစံအမျိုးမျိုးကို တိုက်ဖျက်နှိမ်နင်းနေရာမှာ လူကုန်ကူးခံရသူတွေရှိရင် အရေးပေါ်ဖုန်းလိုင်း ၁၅၆၇ ကို တိုင်ကြားနိုင်ကြောင်း သတင်းမှာ ဖော်ပြပါတယ်။

 By နန်းမြနဒီ (ဒီဗွီဘီ)
http://burmese.dvb.no

ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးစီးချုပ်ရုံး
တရုတ်နိုင်ငံဘက်ကို  မြန်မာဘက်က လက်နက်ကြီး ကျည်တွေ ကျရောက်တာဟာ တပ်မတော် စစ်ကြောင်းတွေရဲ့ ပစ်ခတ်မှုလုံးဝမဖြစ်နိုင်ဘူးလို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က  ငြင်းဆိုလိုက်ပါတယ်။

မေလ ၁၄ ရက်နဲ့ ၁၅ ရက်က  တရုတ်နိုင်ငံဘက်ခြမ်း နမ်စန်မြို့အတွင်း အမြောက် ကျည်ဆန်တွေ ကျရောက်ပေါက်ကွဲမှုနဲ့ စပ်လျဉ်းပြီး မြန်မာနိုင်ငံဆိုင်ရာ  တရုတ်နိုင်ငံ သံအမတ်ကြီး ယန်ဟိုလန် နဲ့ နေပြည်တော်မှာ မေလ ၁၈ ရက်နေ့က တွေ့ဆုံ ပြောကြားလိုက်တာပါ။

ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးစီးချုပ်ရုံး
မြန်မာ ကာကွယ်ရေးဦးစီးချုပ်က  “ရန်သူ့တောင် ကုန်း၏ အနေအထား၊ မိမိတပ်များ၏ တိုက်ခိုက်မှု အရပ်မျက်နှာအနေအထား၊ လက်နက်ကြီး ပစ်ခတ်မှုလမ်းကြောင်း အခြေအနေ နှင့် အကွာအဝေးတို့အရ အဆွေတော်မှ အသိပေး အကြောင်းကြား လာ သည့် နမ်စန်မြို့တွင်းသို့ ကျည်ကျရောက်မှုမှာ မိမိတပ်မတော်စစ်ကြောင်းများ၏ ပစ်ခတ်မှု လုံးဝမဖြစ်နိုင်ပါကြောင်း၊ MNDAA သောင်းကျန်းသူများက နှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ် အကြား ဆက်ဆံရေး ထိခိုက် စေရန် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်နိုင်ပါကြောင်း” ပြောတယ်လို့  ကာကွယ်ရေးဦးစီးချုပ်ရုံး သတင်း ထုတ်ပြန်ချ က်မှာဖော်ပြပါတယ်။

ဒါ့ပြင်  ကျည်ဆန်တွေကျရာနေရာတွေကို  နှစ်ဘက်ကိုယ်စားလှယ်တွေ စစ်ဆေးဖို့ သဘောတူတဲ့အကြောင်း၊ ကျည်ကျော်ကျရောက်မှုထပ်မဖြစ်အောင်ဆောင်ရွက်ပေးမယ့် အကြောင်းနဲ့ ဆုတ်ခွာသွားတဲ့ ကိုးကန့်တပ်တွေ တရုတ်နိုင်ငံတွင်း ဖြတ်သန်းသွားလာမှု မရှိစေရေး ကြပ်မတ်ပေးဖို့လည်း မြန်မာကာကွယ်ရေး ဦးစီးချုပ်ကပြောပါတယ်။

တရုတ်သံအမတ်ကြီးဘက် ကတော့ နှစ်နိုင်ငံ ဆက်ဆံရေးကို မထိခိုက်စေလိုကြောင်း၊ နယ်စပ်အမြန်တည်ငြိမ်အေးချမ်းလိုကြောင်းနဲ့  နောက်ထပ် ကျည်ကျရောက်မှု မဖြစ်ပွားစေရေး ထိန်းသိမ်းပေးစေလိုကြောင်း ပြန်လည်ပြောကြားပါတယ်။

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ မစ္စဟွာချွမ်းရင်ကတော့  တရုတ်ဘ က်ကို အမြောက်ကျည်ကျမှုနဲ့ပတ်သက်ပြီး  မြန်မာဘက်က အမြောက်ဆံတွေ တရုတ် ပိုင်နက် အတွင်း အကြိမ်ကြိမ် ကျရောက်ခဲ့ပြီး တရုတ်လူထုရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ပြင်းထန်စွာ ထိခိုက်ကြောင်းနဲ့ တရုတ် နိုင်ငံ အနေနဲ့ ဒီကိစ္စ အထူး မကျေနပ်တဲ့အကြောင်းနဲ့  ၊ ထိရောက်တဲ့  ဆောက်ရွက်မှုတွေ လုပ်ပေးရန်  မေလ ၁၅ ရက်နေ့က ဘေဂျင်းမှာ ကျင်းပတဲ့ ပုံမုန်သတင်း စာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံဘက်သို့ ပြင်းပြင်းထန်ထန် သတိပေးပြောကြားခဲ့ပါတယ်။

မေ ၁၄ ရက်က တရုတ်နယ်မြေထဲ လက်နက်တွေကျလို့  တရုတ်ဒေသခံ ၁ ဦးနဲ့ မြန်မာနိုင်ငံသား ၄ ဦး စုစုပေါင်း အရပ်သား ၅ ဦး  ဒဏ်ရာရပြီး  ကား ၃ စီးနဲ့ လူနေအိမ် ၄ လုံး ပျက်စီးခဲ့တာဖြစ်ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no

ဖာဂူဆန် မြို့ခံတွေကြား မကျေနပ်မှုတွေ ဖြစ်ပွား
အမေရိကန် ဒေသန္တရ ရဲ အဖွဲ့ တွေကို စစ်တပ် ပုံစံ အသုံးအဆောင် ပစ္စည်းတွေ မပေးဖို့ သမ္မတ ဘားရက် အိုဘားမားက တားမြစ် လိုက်ပါတယ်။

ဒီလို စစ်ပုံစံ သွားလာလှုပ်ရှားတာတွေကြောင့် လူထုကို ကာကွယ် စောင့်ရှောက်မယ့် ရဲ တပ်ဖွဲ့လို့ မမြင်ဘဲ သိမ်းပိုက်မယ့် တပ်တွေ လို ယူဆ လာနိုင်တယ်၊ လူထုနဲ့ ရဲကြား အမြင် တိမ်းစောင်းလာနိုင်တယ်လို့ သမ္မတ အိုဘားမားက ပြောကြား ခဲ့ပါတယ်။

နောက်ဆိုရင် သံချပ်ကာ ကားတွေ ၊ ပြောက်ကြား ဝတ်စုံ တွေ၊ ဖောက်ခွဲရေး လောင်ချာ လက်နက်တွေ ကို ဒီလို ရဲတပ်ဖွဲ့ ငယ်တွေမှာ တပ်ဆင် ပေးတော့မှာ မဟုတ်ဘူးလို့ အိမ်ဖြူတော်က ပြောကြား လိုက်ပါတယ်။

မစ်ဇူရီ ပြည်နယ် ဖာဂူဆန် မြို့မှာ မနှစ် နွေရာသီက ဖြစ်ပွားတဲ့ ဆန္ဒပြပွဲ တွေမှာ ရဲရဲ့ ကိုင်တွယ်ပုံ ကြမ်းတမ်းတယ် ဆိုတဲ့ စွပ်စွဲမှုတွေ ထွက်ပေါ် လာပြီး နောက် ဒီကြေညာချက် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

ရဲတွေ ဘာကြောင့် သံချပ်ကာ ဝတ်စုံ တွေ၊ သံချပ်ကာ ကားတွေ သုံးပြီး ထွက်လာတာလဲ လို့ ဝေဖန်မှုတွေ ရှိနေပါတယ်။

ဒီလို ဝတ်စုံ ပစ္စည်းတွေ ကို အလွဲသုံးစားလုပ်တာ၊ အလွန်အကျွံ အသုံးချတာတွေ ဖြစ်လာနိုင်တဲ့ အန္တရာယ် ရှိတယ်လို့ အစိုးရ သုံးသပ်ချက်မှာ ရေးသား ထားပါတယ်။

BBC Burmese
http://www.bbc.com/burmese

EU နိုင်ငံခြားမူဝါဒ အကြီးအကဲ Federica Mogherini 
မိမိတို့ နေရပ်ရင်း ဇာတိမြေကနေ ပြည်တွင်းစစ်၊ နှိပ်စက် ညှဉ်းပန်းမှု၊ ဆင်းရဲတွင်း က လွတ်မြောက်ရေး စတဲ့ အကြောင်းရင်း တွေ ကြောင့် အသက်စွန့် ပြီး ထွက်ခွာ လာကြတဲ့ လူတွေ ဟာ လူမှောင်ခို ဂိုဏ်းတွေ လက်အောက် ကျဆင်း ရတဲ့ ဒုက္ခတွေဟာ တောင်အာရှ မှာတင် မကဘဲ အာဖရိက၊ အရှေ့အလယ်ပိုင်း ဒေသ စတာတွေ မှာပါ ပြန့်ပွားလာနေပါတယ်။

အခုရက်ပိုင်းမှာတင် ဥရောပ ဘက် ကို ကူးလာ သူတွေ ဟာ ရာသီဥတု ကြောင့် လှေ သင်္ဘော နစ်လို့ သေသူသေ၊ အဆမတန် လူတွေ တင်လာ ရာက သင်္ဘော မှောက်လို့ သေသူတွေ လည်းများလာကြပါတယ်။ ဒါကြောင့်မို့ မနေ့က ဥရောပသမဂ္ဂ ကောင်စီ မှာ အဖွဲ့ဝင်နိင်ငံ တွေရဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေ အစည်းအဝေး ကျင်းပပြီး ကြေညာချက် ထုတ်ပြန်တာ ကို ဘီဘီစီ သတင်းထောက် ဆိုင်မွန် ဝီလ်ဆင် က ဘရပ်ဆဲလ် ကနေ သတင်းပေးပို့ လိုက်ပါတယ်။

မနေ့က ဆုံးဖြတ်ချက် နဲ့ ပတ်သက်လို့ ဥရောပသမဂ္ဂ နိုင်ငံခြားမူဝါဒ ဆိုင်ရာ အကြီးအကဲ ဖယ်ဒရီကာ မိုဂါရီးနီးက မြေထဲပင်လယ်ထဲမှာ လူမှောင်ခိုဂိုဏ်းတွေ လှုပ်ရှားသွားလာတဲ့ ကွင်းဆက်တွေ ကို စုံစမ်းထောက်လှမ်းတဲ့ စီမံချက် ကို ဦးစွာ အကောင်အထည်ဖော်မယ် လို့ ပြောပါတယ်။

မြေထဲပင်လယ်ဘက် ကို လူမှောင်ခို တင်သွင်းလာတဲ့ ရာဇဝတ် ဂိုဏ်းတွေ ရဲ့ ကွန်ယက်တွေ ဆက်ပြီး မလှုပ်ရှားနိုင်အောင် စနစ်တကျ ဖြိုဖျက်ပစ်ရမယ့် အကြောင်း၊ ဒီဆုံးဖြတ်ချက် ကိုလည်း လာမယ့် သီတင်းပတ်တွေ အတွင်းမှာ အကောင်အထည် ဖေါ်မှာပါ လို့ သတင်းထောက်တွေ ကို ရှင်းပြပါတယ်။

ဒုတိယ နဲ့ တတိယ အဆင့် အနေနဲ့ တော့ ဖမ်းမိတဲ့ လူမှောင်ခိုဂိုဏ်းတွေ ရဲ့ ပိုင်ဆိုင်မှု တွေ ကို ရှာဖွေ သိမ်းဆည်းတာတွေ၊ နိုင်ငံတကာ ဥပဒေ အရ လစ်ဗျား အာဏာပိုင်တွေ နဲ့ ပူးတွဲဆောင်ရွက်မယ့် အစီအစဉ်လည်း ပါဝင်ပါတယ်။

ဒီစီမံချက် ကို စစ်ဆင်ရေးအသွင်နဲ့ ဆောင်ရွက်ရာမှာ ရောမမြို့ကို ဌာနချုပ် အနေနဲ့ သတ်မှတ်ပြီး အီတလီ ရေတပ် ဗိုလ်ချုပ်ကြီး အင်ရစ်ကို ကရက်ဒင်ဒီးနိုး က စစ်ဆင်ရေးမှူး အဖြစ်တာဝန် ယူစေမှာပါ။ ၁၂ လ လို့ အကြမ်းဖျဉ်း သတ်မှတ်ထားတဲ့ ဒီစစ်ဆင်ရေး အတွက် နှစ်လစာ ယူရို ၁၁ ဒသမ ၈၂သန်း သုံးစွဲဖို့ ရှိတဲ့ အကြောင်း သိရပါတယ်။

BBC Burmese
http://www.bbc.com/burmese

ဟော… ဇွန်လ ၁ ရက်က စပြီး တယ်လီဖုန်းကြေးတွေ၊ ငွေဖြည့်ကဒ်တွေမှာ ၅% အခွန်ကောက်မယ်ဆိုလို့ ရွှေနိုင်ငံတော်ကြီးမှာ ပူညံပူညံ အသံပလံတွေ ပလူပျံနေပါကလား။

အဲလိုဆိုတော့ ကျနော် ဂျပန်ရောက်စတုန်းက တီဗီမှာ ကြည့်ခဲ့ရတဲ့ ဟာသဇာတ်လမ်းတိုလေး တစ်ခုကို ပြန်အမှတ်ရလာတယ်။ ပုံပြောမယ်နော်… နားထောင်ချင်တဲ့လူတွေ လက်ညှိုးထောင်…

အဲဒီဇာတ်လမ်းက ရယ်စရာရိုက်ထားပေမယ့် သရော်တာလေးတွေ၊ ထေ့ငေါ့ထားတာလေးတွေက မိုက်တယ်။

ဖြစ်ပုံက အဖွားကြီးတစ်ယောက် အိမ်သာထဲမှာ တံခါးဂျက်ကျပြီး ပိတ်မိနေလို့ ပြန်မထွက်နိုင်ဘဲ အရပ်ကို အကူအညီအော်ခေါ်တာနဲ့ စတယ်။ သူနေတာက ဂျပန်လို ခေါ်တော့ အပတ်တို ဆိုတဲ့ အပတ်မင့် အိမ်ခန်း၊ သူပိတ်မိနေတဲ့ အိမ်သာက အပြင်လူသွားစင်္ကြန်နဲ့ ကပ်လျက်ဆိုတော့ အိမ်သာပြူတင်းသေးသေးကနေ မျက်နှာလေးဖော်ပြီး အပြင်ကလူနဲ့ စကားပြောလို့ရတယ်။

ဘေးအိမ်ခန်းကလူတွေ အိမ်သာတံခါးကို ဖွင့်ပေးဖို့ အဖွားကြီးရဲ့ အိမ်ခန်းထဲကို ဝင်မယ်လုပ်တော့ အိမ်ခန်းတံခါးကလည်း အတွင်းက သော့ခတ်ထားလို့ ဝင်မရပြန်ဘူး။ အဲဒီအချိန်မှာ စက်ဘီးနဲ့ ကင်းလှည့်လာတဲ့ ရဲတစ်ယောက်ကို အကူအညီတောင်းကြတယ်။ ဂျပန်မှာ အိုမာဝါရိစံ (ကင်းလှည့်ရဲဘော်) ဟာ တာဝန်ကျ ရပ်ကွက်ထဲမှာ တစ်နာရီတခါလောက် စက်ဘီးနဲ့ ရဲကင်းလှည့်တာ ထုံးစံပါ။ ရာဇဝတ်မှု နည်းပါးတာလည်း မပြောနဲ့။

အဲဒီမှာ ရဲနဲ့ အိမ်သာထဲက အဖွားကြီး အပြန်အလှန် အချေအတင် ပြောကြတာကို ဇာတ်လမ်းဆင်ထားတာ။ (လိုရင်းကိုပဲ အတိုချုပ်ရေးပါမယ်။)

“အိုဘာစံ (အဒေါ်ကြီး) ခင်ဗျားဖာသာ အိမ်သာထဲမှာ ဂျက်ကျနေတဲ့ ကိစ္စက ရာဇဝတ်မှုခင်း မဟုတ်ဖူး၊ ရဲနဲ့ မဆိုင်ဘူး၊ ကိုယ့်ဖာသာ သော့ပြင်ဆရာ ခေါ်မှပေါ့”

“ဟဲ့…ငါက အပြင်မထွက်နိုင်ဘဲ ဘယ်လိုလုပ် သွားခေါ်ရမလဲ သေနာရဲ့၊ ပြီးတော့ ငါအပြင်ထွက်နိုင်မှတော့ သော့ပြင်ဆရာလည်း မလိုဘူး နင်လည်း မလိုဘူး”

“ဟင်...ဒါလည်း ဟုတ်သားပဲ၊ ကျနော်တို့ ရဲတွေကို သော့ဖွင့်တဲ့နည်း သင်ပေးမထားဘူး၊ အတွင်းက သော့ခတ်ထားတဲ့ အဒေါ့်အိမ်ခန်းတံခါးကို ကျနော်လည်း မဖွင့်တတ်ဖူး”

“နင်မဖွင့်တတ်ရင် ဖွင့်တတ်တဲ့သူကို တွေ့အောင် ရှာပြီး ခေါ်လာပေါ့ဟဲ့၊ နင်တို့ရဲတွေ ဒီလောက် ညံ့ရသလား”

“အဲဒါက ရဲအလုပ်မဟုတ်ဖူးလေ၊ ကိုယ့်ဖာသာ ဖြစ်တဲ့ကိစ္စ ကိုယ့်ဖာသာ ရှင်းမှပေါ့”

ပြောပြောဆိုဆို ရဲက ထွက်သွားမယ်လုပ်တော့ အဖွားကြီးက လှမ်းတားပြန်တယ်။

“ဟဲ့ နေဦး နေဦး… ကြောင်ကလေးတစ်ကောင် ဓာတ်တိုင်ပေါ်က မဆင်းတတ်ဘဲ အော်နေတာ တွေ့ရင် နင်တို့ရဲတွေ ဘာလုပ်သလဲ”

“ဓာတ်တိုင်ပေါ်တက်ပြီး အောက်ကိုချပေးရတာပေါ့”

“နင်က ဓာတ်တိုင်ပေါ်ကျတော့ တက်တတ်သလား”

“မဟုတ်ဖူးလေ၊ မီးသတ်ကားကို ခေါ်ပေးရတာပေါ့၊ မီးသတ်ရဲဘော်က လှေကားနဲ့ တက်ပြီး ကြောင်ကို ပွေ့ခေါ်ရတာ”

“ဪ… ကြောင်ကိုကျတော့ ဒီလို ကူညီပေးတယ်၊ ငါက လူဟဲ့ လူ၊ လူကျတော့ ဒီလို ပစ်ထားလို့ ရမလား”

“ကြောင်က သူ့ဖာသာ မလုပ်တတ်လို့ ကူညီရတာ၊ လူက ကိုယ့်ဖာသာ ရှင်းတတ်တယ်၊ ကဲ.. သွားမယ်ဗျာ၊ ကျနော့မှာ အလုပ်တွေ ရှိသေးတယ်”

ရဲက အိမ်အောက်ကို ဆင်းသွားတော့ အဖွားကြီးက ပြူတင်းပေါက်က ကုန်းအော်တယ်။

“ဟဲ့… လူတစ်ယောက်လုံး ဒုက္ခရောက်နေတာ မကူညီတဲ့ ရဲ၊ အလကားကောင်၊ ဇေကင်ဒိုရဘော် (税金泥棒)”

အဖွားကြီးအော်တဲ့ ဇေကင်ဒိုရဘော် ဆိုတာ “အခွန်သူခိုး” ဆိုတဲ့ အဓိပ္ပာယ်ရပါတယ်။ အဲဒီစကားလုံးဟာ ရဲလို အစိုးရလခစား ဝန်ထမ်းတွေအတွက် သေမလောက် နာတယ်။ ပြည်သူဆီက အခွန်ကောက်ခံထားတဲ့ ငွေနဲ့ လစာယူထားပြီး တာဝန်ကျေအောင် မလုပ်ရင် သူခိုးနဲ့ အတူတူပဲလို့ ဂျပန်တွေက ယူဆတယ်လေ။

ဇေကင်ဒိုရဘော်လို့ အဖွားကြီးအော်တဲ့ အသံကြားတာနဲ့ ရဲလည်း မျက်စိမျက်နှာပျက်ပြီး အိမ်ပေါ်ကို ကပျာကယာ ပြန်တက်လာရတာပေါ့။

“အဒေါ်ကြီး ခင်ဗျားအသံက တစ်ရပ်ကွက်လုံးကြားတယ်၊ အဲဒီ ဇေကင်ဒိုရဘော် ဆိုတာကြီးကို မအော်ပါနဲ့”

“အေး… ငါမအော်စေချင်ရင် သော့ပြင်ဆရာ သွားခေါ်ချည်”

“ဟုတ်ကဲ့..ဟုတ်ကဲ့… ကျနော် အခုသွားခေါ်မယ်၊ မအော်နဲ့တော့နော်”

“နင်သွားလို့ မဖြစ်ဖူး၊ တစ်ခြားရဲတစ်ယောက်ကို သွားခေါ်ခိုင်း၊ သော့ပြင်ဆရာ မလာခင် ငါလိုအပ်တာရှိရင် နင့်ကို ခိုင်းရဦးမယ်”

ဒါနဲ့ ရဲလည်း ဝေါ်ကီတော်ကီနဲ့ လှမ်းပြောပြီး ရဲကားတစ်စင်းနဲ့ သော့ပြင်ဆရာ သွားပင့်ရတာပေါ့။

ဒီကြားထဲမှာ အဖွားကြီးက ရေငတ်တယ်ဆိုလို့ သောက်ရေခပ်ပေးရ၊ စီးကရက်သောက်ချင်တယ်ပြောလို့ ရှာပေးရနဲ့ ခိုင်းသမျှ လုပ်ရင်း ရဲခမျာလည်း ဖတ်ဖတ်မောနေတာ ဇာတ်လမ်းရှည်မှာ စိုးလို့ ချန်ထားလိုက်မယ်။

သော့ပြင်ဆရာ ရောက်လာပြီး တံခါးဖွင့်ပေးလိုက်တော့ အဖွားကြီးလည်း ရဲကို ကျေးဇူးတင်စကားတွေ ဘာတွေပြော၊ ရဲလည်း လေပူကြီး မှုတ်ထုတ်ပြီး သွားတော့မယ် ဟန်ပြင်တုန်း သော့ပြင်ဆရာက သူ့လက်ခကို ဘယ်သူ ပေးမှာလဲလို့ မေးတယ်။

ရဲနဲ့ အဖွားကြီး အဲဒီမှာ သူပေးလိမ့်မယ်၊ ငါပေးလိမ့်မယ် အပြန်အလှန် ငြင်းကြပြန်ရော။

“ဟဲ့..နင့်ကို ငါ ဥပမာပေးခဲ့သလို ဟို ဓာတ်တိုင်ပေါ်က ကြောင်ကလေးကို နင် ပိုက်ဆံတောင်းသလား၊ နင်တို့ ရဲတွေရော၊ မီးသတ်ရော လုပ်အားခ၊ ဓာတ်ဆီဖိုး၊ လှေကားဖိုး ဘယ်သူ့ဆီက တောင်းသလဲ၊ ငါတို့ ပြည်သူတွေဆီက အခွန်ယူထားတာ ဘာအတွက်လဲဟင်…”

အဖွားကြီးက ပြောပြောဆိုဆို ခုနစ်သံချီ ဟစ်မလို့ “ဇေကင်…” လို့ အသံပစ်လိုက်တာနဲ့ ရဲလည်း သူ့ပါးစပ်ကို အတင်းပိတ်ပြီး ဘောင်းဘီထဲက ပိုက်ဆံအိတ်လေး ထုတ်လိုက်ရပါတော့တယ်။

ဪ…ပုံပြင်လေးထဲမှာတော့ ပြည်သူ့ဆီက အခွန်တွေကောက်ပြီး တာဝန်ကျေပြွန်အောင် လုပ်မပေးရင် ဂျပန်ပြည်မှာ အခွန်သူခိုး (ဇေကင်ဒိုရဘော် 税金泥棒) လို့ ခေါ်တယ်ကွဲ့။ ကလေးတို့ မှတ်ထားကြနော်။

Min Myat Maung

Generation Wave အဖွဲ့ဝင် ကိုမိုဃ်းသွေး ပုံ Photo: Moe Thway Facebook

အလွတ်သတင်းထောက် ကိုပါကြီး သေဆုံးမှုကို အမှုမှန်ဖော်ထုတ်ပေးဖို့နဲ့ ကျောင်းသားသပိတ်ကို အကြမ်းမဖက်ဖို့ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြခဲ့တဲ့ မျိုးဆက်သစ်လူငယ်များ Generation Wave အဖွဲ့ဝင် ကိုမိုဃ်းသွေးကို ကျောက်တံတားမြို့နယ် ရဲစခန်းက ပုဒ်မ ၁၈ နဲ့ အမှုဖွင့်ထားပါတယ်။

တရားမဝင် စီတန်းလှည့်လည်ခြင်း ပုဒ်မ ၁၈ နဲ့ ကျောက်တံတားရဲစခန်းက အမှုဖွင့်ထားကြောင်း ဖုန်းဆက်အကြောင်းကြားခဲ့တာဖြစ်တယ်လို့ ကိုမိုဃ်းသွေးက ပြောပါတယ်။

"စာတော့မရောက်သေးပါဘူး၊ စခန်းကနေ ဖုန်းဆက်တာ၊ ကျနော်က နယ်ဖက်မှာ ခရီးသွားနေ တဲ့အခါကျတော့ မနေ့ကတော့ ကျနော်တို့ရုံးကို လာတယ်လို့ပြောတယ်ခင်ဗျ၊ အဲ့ဒါနဲ့ ကျနော်က စခန်းကိုမေးကြည့်လိုက်တဲ့အခါကျတော့ ကျနော့်ကို လောလောဆယ် အမှုဖွင့်ထားတယ်လို့ အကြောင်းကြား ထားတာပဲရှိတယ်"

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက အလွတ်သတင်းထောက် ကိုပါကြီးသေဆုံးမှုကို အမှုမှန်ဖော်ထုတ်ပြီး အပြစ်ရှိသူကို အမှုဖွင့်အရေးယူပေးဖို့အတွက် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူအဖွဲ့အစည်းအပါအဝင် အရပ်ဘက် လူမှုအဖွဲ့အစည်း ၄ဝ ကျော်က မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ မေလ ၂ ရက်နေ့မှာ လက်ပံတန်းမြို့က ပင်မကျောင်းသားသပိတ်စစ်ကြောင်းကို အကြမ်းမဖက်ဖို့အတွက် ကျောင်းသား ၊ ကျောင်းသူတွေနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြခဲ့ကြပြီး အဲဒီ့ဆန္ဒပြပွဲတွေနဲ့ ဆက်စပ်တယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese


မေ ၁၈ ရက် ၂၀၁၅

 သျှမ်းပြည်မြောက်ပိုင်း မန္တလေး - မူစယ် ဆက်သွယ်ထား သည့် ပြည်ထောင် စုလမ်းမကြီး ကွတ်ခိုင် - မူစယ်လမ်းပိုင်းအား တအာင်းလက်နက်ကိုင်တပ်ဖွဲ့ TNLA ပိတ်ဆို့ ကာတပ် ရန်ပုံ ငွေအတွက် ဖြတ်သန်းသွား လာသည့် ကားများအား ပိုက်ဆံကောက်ယူခဲ့သည်ဟုသိရသည်။

မေ ၁၈ ရက် ၂၀၁၅ ခု နံနက်ခင်းပိုင်း၌ တအာင်းလက်နက်ကိုင်တပ်ဖွဲ့ TNLA မှ မူစယ် - ကွတ်ခိုင်ကြား နမ့်ဖတ်ကာ အလွန် လွယ်ပန်စလွပ့် တောင်ကြား တွင် ပြည်ထောင်စု လမ်းမ ကြီးအား ပိတ်ဆို့ကာ ဖြတ်သန်းသွားလာသည့် ယာဉ်များအားလုံးအား တစီးလျှင် ကျပ် နှစ်သောင်း မှ ကျပ် ၁၀ သိန်းကျော်အထိ ကောက်ခံခဲ့သည်ဟု သိရသည်။

“တမနက်ခင်းလုံးဘဲ။ ဘယ်အချိန်ကနေ စတာလဲမသိဘူး။ ကျနော် ကြုံတဲ့ အချိန်က နံနက် ၈ နာရီ ထိုးခါနီးလောက်ရှိမယ်။ တချို့ကတော့ အချင်းချင်း ဖုန်းဆက် အကြောင်းကြားထား တော့ ရောက်တဲ့နေရာမှာ ရပ်ထားကြတယ်။ လမ်းကြောင်းပြန်ပွင့်မှ သွားလာကြတာလေ” - ဟု ကိုယ် ပိုင် ကားဖြင့် လားရှိုးမှ မူစယ်သို့ ခရီးသွားသည့် စိုင်းနောင်နောင်က ပြောသည်။

ထို့အတူ ခရီးသွား ဦးအားရီ ကလည်း ‘အမှန်တော့ ကျနော် မူစယ် မှာ နေ့ လည် စာ လာစားရမှာ မွန်းလွှဲ ၃ နာရီခွဲမှ ရောက်တယ် - စိတ်ပျက်တယ်ဗျာ။ အစိုးရကိုလဲ လမ်းကြေး၊ အခွန်၊ ပေးရ တယ်။ လက်နက်ကိုင်အုပ်စုကိုလဲ ရန်ပုံငွေတဲ့’ ဟု သျှမ်းသံတော်ဆင့်သို့ပြောသည်။

ကိုယ်ပိုင်ကား ၃၀၀၀၀ ကျပ် ၊ နံပါတ်ပြားအနီ ခရီးတင် ဗင်ကား ၂၀၀၀၀ ကျပ်၊ ဟိုင်းလက်၊ ဒိုင်နာ ၅ သောင်းမှ တစ်သိန်းကျပ်၊ ၁၂ ဘီးကား ၃ သိန်းကျပ်၊ ၂၂ ဘီးကား ကုန်အမျိုးအစား အလိုက် ၅ သိန်း မှ ၁၀ သိန်း အထိ ပေးဆောင်ရ သည်ဟု သိရသည်။ သို့သော် ယခင်အပတ်က ရန်ပုံငွေပေးဆောင်ထား သည့် ဖြတ်ပိုင်းရှိသူများမူ ယခုတကြိမ် ကင်းလွှတ်ခွင့်ရခဲ့ကြောင်း လည်း စိုင်းနောင်နောင်ကပြောသည်။

ဧပြီ ၃၀ ရက်နေ့ ပထမအကြိမ် ပြည်ထောင်စုလမ်းမကြီးအား ပိတ်ဆို့ ကာ ငွေကြေးကောက် ခံစဉ် ‘တအာင်းအမျိုးသားတပ်မတော် TNLA အနေဖြင့် ၄င်းတို့ စိုးမိုးသည့် နယ်မြေ ဖြစ်သည့် အတွက် ဖြတ်သန်းသွားလာ သည့်ကား များအား ရန်ပုံငွေကောက်ခံရခြင်း’ ဖြစ်သည်ဟု သတင်း ထုတ်ပြန် ထားဖူးသည်။

မေ ၁၇ ရက် ၂၀၁၅ ညနေ ၄ နာရီအချိန် ကွန်ခိုင်မြို့ အခြေစိုက် ခလရ ၂၄၂ အား TNLA မှ ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ တိုက်ခိုက်မှုတွင် အစိုးရတပ်မတော်ဘက် သေကြေ ဒဏ်ရာရရှိသူ မရှိဟု ဆိုသော်လည်း ပစ်ခတ်တိုက်ခိုက်သံများကြောင့် ဒေသခံများ စိုးရိမ် ထိပ်လန့်ကြသည်ဟု ကွတ်ခိုင်သား အိုက်လွန်းက ပြောသည်။

သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese

နေပြည်တော်မှာ အောက်တိုဘာလ ၂ ရက်နေ့ကျင်းပနေတဲ့ အမျိုးသားလွှတ်တော်ကို တွေ့ရစဉ် Photo: RFA

မျိုးစောင့်ဥပဒေကြမ်း လေးခုထဲက "မြန်မာဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်း"ကို အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်နဲ့ လွှတ်တော်ကိုယ်စားလှယ် ငါးဦးတို့ ဒီနေ့ ဆွေးနွေး ကြရာမှာ ဥပဒေကြမ်းပါ အသုံးအနှုန်းတွေကို ပြင်ဆင် ဖို့ ဆွေးနွေးကြပြီး ဥပဒေကြမ်းကော်မတီမှာ ပြန်လည် ကြားနာဖို့ ဆုံးဖြတ်လိုက်ပါတယ်။

အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်က ဥပဒေကြမ်းထဲမှာ အသေးစိတ်အသုံးအနှုန်းတွေကို ဖယ်ရှားပြီး လိုရင်းပဲထည့်သွင်းရေးဆွဲဖို့ အတွက် ဆွေးနွေးခဲ့ပါတယ်။

"မြန်မာဗုဒ္ဓဘာသာဝင်မိန်းမက ဘာသာရေးအရ အလှူဒါနပြုလုပ်ခြင်း၊ ဘုရားရှိခိုးခြင်း၊ တရားဓမ္မနဲ့ ပရိတ်ရွတ်ခြင်း၊ ပုတီးစိတ်ခြင်း၊ တရားနာခြင်း၊ တရားထိုင်ခြင်း၊ ဘုရားကျောင်းကန်များသို့ သွားရောက်ခြင်း၊ ဥပုဒ်သီလစောင့်တည်ခြင်း၊ ဗုဒ္ဓကျမ်းဂန်များ ထားရှိလေ့လာဖတ်ရှုခြင်း၊ နာကြားခြင်းတို့ကို ခွင့်ပြုရမည်၊ ဗုဒ္ဓဘာသာဆိုင်ရာ ဒါန သီလ ဘာဝနာနဲ့ တခြားကိစ္စများ ပြုလုပ်ခွင့်ဆိုရင်ပြီးတာပဲ တော်ကြာဒီထဲမပါနဲ့ ဆွမ်းကျွေးလို့မရဘူး ဆိုတာမျိုး ဒါဖြစ်နိုင်တဲ့အနေအထားတွေရှိတာပဲ"

လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေမူကြမ်းနဲ့ မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေမူကြမ်းတွေကို ပြည်သူ့လွှတ်တော်မှာ အတည်ပြုလိုက်ပြီး အမျိုးသားလွှတ်တော်ထံ ပေးပို့ထားတာပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမင်းဦးက မြန်မာနိုင်ငံဟာ ကုလသမဂ္ဂက ပြဌာန်းထားတဲ့ လူ့အခွင့်အရေးကြေငြာစာတမ်းကို လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံဖြစ်တဲ့အတွက် စဉ်းစားကြဖို့နဲ့ အဲဒီဥပဒေကြမ်းကို မပြဌာန်းသင့်ကြောင်း ကန့်ကွက်ပါတယ်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က အဲဒီ့ဥပဒေကို ပြဌာန်းပေးဖို့ ထောက်ခံဆွေးနွေးပါတယ်။

ကျန်တဲ့မျိုးစောင့်ဥပဒေတွေဖြစ်တဲ့ ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်းနဲ့ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေကြမ်းတွေကို အမျိုးသားလွှတ်တော်မှာ အတည်ပြုပြီး ပြည်သူ့လွှတ်တော်ထံ ပေးပို့ထားပါတယ်။

RFA Burmese
http://www.rfa.org/burmese

နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်ပေါင်း ၁၀၀ ကျော်နဲ့ သမ္မတဦးသိန်းစိန် တွေ့ဆုံစဉ်။ (ဓာတ်ပုံ- MOI Webportal Myanmar's post)
မြန်မာနိုင်ငံမှာ ဒီနှစ်နှောင်းပိုင်း ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်မီ တနိုင်ငံလုံး အတိုင်းအတာနဲ့ နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပနိုင်ဖို့ နိုင်ငံရေး ပါတီတွေ ဝိုင်းဝန်းအားပေးကူညီကြဖို့ သမ္မတ ဦးသိန်းစိန်က တိုက်တွန်းလိုက်ပါတယ်။ ရွေးကောက်ပွဲ မတိုင်မီနဲ့ ရွေးကောက်ပွဲလွန်ကာလ တိုင်းပြည်မှာ နိုင်ငံရေး တည်ငြိမ်မှုရစေရေး၊ လက်နက်ကိုင် ပဋိပက္ခတွေ အဆုံးသတ်ရေး ကိစ္စတွေကိုလည်း ပံ့ပိုးကူညီကြဖို့ ဒီကနေ့ ရန်ကုန်မြို့မှာ နိုင်ငံရေးပါတီက ကိုယ်စားလှယ်ပေါင်း တရာကျော်နဲ့တွေ့ဆုံရာမှာ သမ္မတက ပြောကြားခဲ့တာပါ။ အပြည့်အစုံကိုတော့ ကိုယ်တိုင်သွားရောက် သတင်းယူထားတဲ့ ကိုမိုးဇော်က ပြောပြပေးမှာ ဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတနဲ့ နိုင်ငံရေးပါတီကခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးပွဲကို တနင်္လာနေ့ ညနေ ၄ နာရီမှာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ ကျင်းပခဲ့ပြီး ဒီတွေ့ဆုံပွဲမှာ အစိုးရဝန်ကြီး တွေပါဝင်တက်ရောက်ခဲ့သလို နိုင်ငံရေးပါတီ ၇၁ ပါတီက ကိုယ်စားလှယ် ၁၃၀ ကျော် ပါဝင်တက်ရောက် ခဲ့ကြ ပါတယ်။

ဆွေးနွေးပွဲအဖွင့်မိန့်ခွန်းမှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပါဝင်ထိုက်သူတွေ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတရပ်ကို ရွေးကောက်ပွဲမတိုင်မီ စတင် နိုင်ဖို့နဲ့ ဒီဆွေးနွေးပွဲမှာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးတွေ ဆွေးနွေးနိုင်မှာဖြစ်ကြောင်း ထည့်သွင်း ပြောဆိုပါတယ်။

“ကျနော်တို့နိုင်ငံမှာ နိုင်ငံရေးဆွေးနွေးပွဲတွေကို လာမယ့်ရွေးကောက်ပွဲများမတိုင်မီမှာ အစပြုထားမှ ဒီနိုင်ငံရေးဆွေးနွေးပွဲများကနေတဆင့် ကျနော်တို့ရည်မှန်းတဲ့ပြည်ထောင်စုကို ကျနော်တို့ ပုံဖော်ဖို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအပါအဝင် ကိစ္စရပ်များစွာကို အားလုံးရဲ့ကိုယ်စားပြုမှု၊ သဘောတူညီမှုတွေနဲ့ ပြင်ဆင်သွားရမှာဖြစ်ပါတယ်။ အားလုံးပါဝင်မယ့်နိုင်ငံရေးဆွေးနွေးပွဲတွေဖြစ်အောင် ကြိုးပမ်းနေချိန်အတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမယ့်အချက်တွေမှာလည်း အခက်အခဲမရှိနိုင်ဘူးလို့ ကျနော့်အနေနဲ့ ယူဆမိပါတယ်။”

တဆက်တည်းမှာပဲ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ အချိန်မီ စတင်နိုင်ဖို့အတွက် နိုင်ငံရေးပါတီတွေ ပူးပေါင်းဆောင်ရွက်ဖို့ကိုလည်း တိုက်တွန်းပြောကြားပါတယ်။

“ကျနော်အကြံပြုတင်ပြချင်တဲ့အချက်ကတော့ နိုင်ငံရေးပါတီများအနေနဲ့ ဒီ process မှာ ဝိုင်းဝန်းပါဝင်ခွင့်ရဖို့နဲ့ နိုင်ငံရေးဆွေးနွေးပွဲများ အချိန်မီ ကျင်းပဆောင်ရွက်နိုင်ဖို့ ကြိုးပမ်းပေးကြဖို့ဆိုတာပဲဖြစ်ပါတယ်။”

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဘက်က အသင့်ဖြစ်ပြီးဆိုရင် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်ကို လက်မှတ်ရေးထိုးဖို့လည်း အစိုးရဘက်က အဆင်သင့်ဖြစ်နေကြောင်းလည်း ထပ်မံပြောကြားပါတယ်။ ရွေးကောက်ပွဲမတိုင်မီကြားကာလမှ နိုင်ငံရေးတည်ငြိမ်မှုရစေဖို့အတွက်လည်း နိုင်ငံတော်သမ္မတက အခုလို တိုက်တွန်းပါတယ်။

“ရွေးကောက်ပွဲကာလတွေမှာ နိုင်ငံရေးအင်အားစုတွေက. ပြည်သူတွေရဲ့မျှော်လင့်ချက်တွေကို မြင့်မားလာတတ်တဲ့အတွက်ကြောင့် လက်တွေ့ကျတဲ့ ရလဒ်တွေဖြစ်ဖို့နဲ့ ရွေးကောက်ပွဲမတိုင်မီကြားကာလ နိုင်ငံရေးတည်ငြိမ်ဖို့၊ အဲဒီကမှတဆင့် သန့်ရှင်းလွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲများကျင်းပနိုင်ပြီး ပြည်သူ့ဆန္ဒတွေကို ထင်ဟပ်တဲ့ရလဒ်တွေကနေ အစိုးရသစ်တရပ်ဖွဲ့စည်းနိုင်ပြီး ဒီမိုကရေစီအသွင်ပြောင်းရေးဆိုတဲ့ သမိုင်းဝင်မယ့် အလှည့်အပြောင်း တွေမှာ အားလုံးလက်တွဲပြီး အောင်မြင်စွာကျော်ဖြတ်ဖို့ ကြိုးပမ်းကြပါလို့ တိုက်တွန်းပြောကြားချင်ပါတယ်။”

နိုင်ငံရေးပါတီတွေဘက်က ပြန်လည်တင်ပြဆွေးနွေးရာမှာတော့ ဖွဲ့စည်းပုံပြင်ဆင်ရေး၊ ရွေးကောက်ပွဲနဲ့ လယ်ယာမြေကိစ္စတွေ ဖြေရှင်းပေးရေးကို တင်ပြခဲ့ကြပါတယ်။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်ဆင်နိုင်မီမှာ ဗဟိုချုပ်ကိုင်မှုတွေကို လျော့ချရေးအတွက် တင်ပြခဲ့ပါတယ်။

နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်ပေါင်း ၁၀၀ ကျော်နဲ့ သမ္မတဦးသိန်းစိန် တွေ့ဆုံစဉ်။ (ဓာတ်ပုံ- MOI Webportal Myanmar's post)
“ကျနော်တို့အခြေခံဥပဒေကလည်း ရေးဆွဲမှုကလည်း ဒီ ဆယ်လ အတောအတွင်းမှာပဲ ပြီးပြတ်နိုင်မှာ မဟုတ်တဲ့ အတွက်ကြောင့် ကြုံတုန်းမှာ..ကျနော်တို့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတွေမှာ ဗဟိုချုပ်ကိုင်မှု လျှော့ချနိုင်သလောက် သမ္မတကြီးရဲ့လမ်းညွှန်မှုနဲ့ လုပ်ပေးဖို့ မေတ္တာရပ်ခံတိုက်တွန်းလိုပါတယ်။ သမ္မတကြီးခင်ဗျား။”

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီရဲ့ ဗဟိုကော်မတီဝင် ဦးဟန်ရွှေကတော့ အောင်မြင်တဲ့ ရွေးကောက်ပွဲဖြစ်ဖို့ အချက် ၄ ချက်ပါဝင်ဖို့ လိုအပ်မယ်လို့ တင်ပြပါတယ်။

နိုင်ငံတော်သမ္မတက နိုင်ငံရေးပါတီက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပွဲမှာ ဖက်ဒရယ်အရေးနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးကို ထည့်သွင်းဆွေးနွေးနေချိန်မှာ ပြည်ထောင်စုလွှတ်တော်မှာ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ဆောင်ရွက်နေတာတွေရှိနေပါတယ်။ ပြီးခဲ့တဲ့ လွှတ်တော်အစည်းအဝေးကာလကတော့ လက်ရှိကျင်းပတဲ့ လွှတ်တော်မှာ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို တင်ပြပြီး မေလအတွင်းမှာပဲ လူထုဆန္ဒခံယူပွဲကျင်းပဖို့ ရည်မှန်းခဲ့တာဖြစ်ပါတယ်။

 ပြည်ထောင်စုကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ရွေးကောက်ပွဲကျင်းပတဲ့နှစ်မှာ လူထုဆန္ဒခံယူပွဲ ကျင်းပမယ်ဆိုရင် ကော်မရှင်အတွက် အခက်အခဲ ရှိနိုင်ကြောင်း လွှတ်တော်ရုံးကို စာပေးပို့ထားပါတယ်။

ကိုမိုးဇော် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ရင် (၂) ပတ်က လွှတ်တော်ကိုယ်စားလှယ် သဲသဲမဲမဲ ဖြစ်ချင်သူတွေ အကြောင်းရေးခဲ့တော့၊ လွှတ်တော် ကိုယ်စားလှယ်ဖြစ်ချင်သင့်တဲ့သူတွေကော မရှိဘူးလားလို့ မေးစရာဖြစ်လာနိုင်ပါတယ်။ ရှိပါတယ်။ ရှိဖို့လည်းလိုပါတယ်။ အရိုးရှင်းဆုံးပြောရမယ်ဆိုရင် လွှတ်တော်ကိုယ်စားလှယ်အဖြစ်နဲ့ နိုင်ငံ နဲ့ နိုင်ငံသားတွေ ကို တကယ့်ကိုအကျိုးပြုနိုင်သူတွေဟာ လွှတ်တော်ကိုယ်စားလှယ်ဖြစ်သင့်ပါတယ်။ ဒီလို ပုဂ္ဂိုလ်တွေ လွှတ်တော်ကိုယ်စားလှယ် အဖြစ်နဲ့ ၀င်အရွေးခံချင်တယ်ဆိုရင် ကောင်းတာပေါ့။ ကျွန်မတို့တွေဟာ ဒီလိုလူမျိုးတွေပါပဲလို့ ကိုယ်စားလှယ်လောင်းဖြစ်ချင်တဲ့ သူတွေကပြောကြမှာပါပဲ။ ဒီတော့ ကျွန်မတို့ ပါတီက လူရွေးမမှားအောင် ဘာလုပ်ရမလည်း။

ပထမဆုံး အနေနဲ့တော့ အရွေးခံရရင်ပြီးရော၊ ဘာဘဲလုပ်ရ လုပ်ရ ဆိုတဲ့ စိတ်မျိုးရှိသူတွေကိုတော့ အဝေးကရှောင် ဖို့လိုပါတယ်။ အချင်းချင်း တိုက်တာ၊ အထူးသဖြင့် မရိုးသားတဲ့နည်းတွေနဲ့ တိုက်တာ၊ အုပ်စုဖွဲ့တာ၊ မက်လုံးပေးပြီး ထောက်ခံမှုရအောင်လုပ်တာ။ အထိန်းအကွပ်မရှိ၊ လူသူ မသိ မမြင်ပဲ မရှိနိုင်အောင် ကိုယ်စားလှယ်လောင်းဖြစ်ရေးအတွက် လှုပ်ရှားသူတွေကို ရွေးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ကိုယ်စားလှယ်လောင်း သိပ်ဖြစ်ချင်ရုံနဲ့ ကိုယ်စားလှယ်ကောင်းမဖြစ်နိုင်ဘူးလို့ ဆုံးဖြတ်နိုင်ပါ့မလားလို့ မေးခွန်းထုတ်နိုင်ပါတယ်။ မဖြစ်နိုင်ဘူး လို့ ရဲရဲ ကြီးပြောလို့ရပါတယ်။ မထိန်း မသိမ်းနိုင်တဲ့ လောဘ အလွှမ်းမိုးခံနေရသူဟာ ဘယ်လိုလုပ်အများအကျိုးအတွက် ထိထိရောက်ရောက် စွမ်းဆောင်နိုင်ပါ့မလဲ။ မိမိ အကျိုးကိုပဲ ရှေ့တန်းတင်နေမှာပါ။

ကိုယ်စားလှယ် ကောင်းဖြစ်မဲ့သူမျိုးက ကျရာ နေရာ ကနေ တိုင်းပြည်နဲ့ ပြည်သူ အကျိုးထမ်းဆောင်မယ်ဆိုတဲ့ အခြေခံစိတ်ဓါတ် ရှိနေရပါမယ်။ ကိုယ်စားလှယ်တစ်ယောက် အနေနဲ့ လွှတ်တော် အတွင်းမှာ လုပ်လိုတဲ့ ဆန္ဒရှိနိုင်ပါတယ်။ ဒါဟာ အပြစ်မဟုတ်ပါဘူး။ ဒါပေမယ့် ဒါလုပ်ရမှ လုပ်မယ်ဆိုတဲ့ အတွေး၊ လောဘတွေ ကင်းရပါမယ်။ ငါ သာလျှင် အသင့်တော်ဆုံး၊ ငါ သာလျှင် အခြားသူတွေ အားလုံးထက်သာတယ် ဆိုတဲ့ မာနတွေ လွှမ်းမိုးနေတဲ့ ပုဂ္ဂိုလ်တွေဟာလည်း အန္တရာယ်ပါပဲ။ အချို့က ငွေရေး ကြေးရေး တောင့်တင်းလို့ ကိုယ်စားလှယ် တစ်နေရာတော့ ရမှာပဲလို့ စဉ်းစားတာရှိနိုင်ပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်နေရာကိုတော့ ငွေနဲ့ ၀ယ်လို့ ရမှာမဟုတ်ပါဘူး။ ကိုယ်စားလှယ်လောင်း လုပ်ချင်သူတွေ များလွန်းလို့ အချို့ပါတီတွေလို သတ်မှတ်ထားတဲ့ ငွေပမာဏ သွင်းနိုင်သူတွေမှ စဉ်းစားမယ်၊ ရွေးချယ်ခံရသည်ဖြစ်စေ၊ မခံရသည်ဖြစ်စေ၊ သွင်းထားတဲ့ ငွေပြန်မထုတ်ပေးဆိုတဲ့ စည်းကမ်းချက်မျိုး ချမှတ်ရင် ကောင်းမလားလို့တောင် စဉ်းစား စရာဖြစ်လာပါတယ်။ ဒါပေမဲ့ ဒါဟာ ကိုယ်စားလှယ်လောင်းအဖြစ် အမည်တင်သွင်းမဲ့ သူတွေနည်းသွားစေပေမဲ့ ကိုယ်စားလှယ် ကောင်းရရေးအတွက်တော့ သိပ်အထောက်အကူ မပြုပါဘူး။

ကျွန်မတို့အဖွဲ့ဟာ စတင်ထူထောင်စဉ်ကစပြီး ပြည်သူများ ရဲ့ထောက်ပံ့မှုနဲ့ ရိုးရိုးသားသား ရပ်တည်ခဲ့ပါတယ်။ တကယ့်ကို ပင်ပင်ပန်းပန်း ရုန်းကန်နေရစဉ်က စေတနာ သန့်သန့် နဲ့ ကူညီမစခဲ့တဲ့ ကျေးဇူးရှင်တွေကို အမြဲတန်ဖိုးထားလျှက်ပါ။ ယ္ခု အထိလည်း ဘာကိုမှ လိုချင်လို့မဟုတ်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နိုင်ငံ့တာဝန်တွေထမ်းဆောင်နိုင်ဖို့အတွက် လိုရာသုံးပါဆိုပြီး ထောက်ပံ့ ကူညီနေတဲ့ ပြည်သူတွေ ရှိနေတဲ့ အတွက် အင်အားတွေ ပြည့်ရပါတယ်။ ငွေနဲ့ ကိုယ်စားလှယ်နေရာ ၀ယ်ဖို့ကြိုးပမ်းသူတွေ မရှိပါစေနဲ့ လို့လည်း ဆုတောင်းပါတယ်။ ပြတ်တဲ့ စိတ်နဲ့ လှူပါ။ ကူသင့်တယ်ထင်လို့ ကူညီလိုက်ရတာကိုပဲကျေနပ်ပါ။ ဟိုဟာ ရနိုး၊ ဒီဟာ ရနိုးနဲ့ တော့ မလှူပါနဲ့။ စေတနာမမှန်လို့ လောကီ၊ လောကုတ္တရာ အကျိုး (၂) ဖြာ ဆုတ်ယုတ် ရရင် ၀မ်းနည်းစရာပါ။

ရွေးကောက်ပွဲတွေဟာ ရှင်းလင်းပွဲတွေလည်းဖြစ်နိုင်ပါတယ်။ နိုင်ငံ အတိုင်းအတာနဲ့၊ နိုင်ငံတာဝန်တွေ အပ်နှင်း သင့်သူတွေနဲ့ မအပ်နှင်း သင့်သူတွေ အကြားရှင်းလင်းပွဲဖြစ်သလို၊ ပါတီတွင်းမှာလည်း လေးနက်တဲ့ တာဝန်တွေပေးသင့်တဲ့သူတွေနဲ့ မပေးသင့်တဲ့သူတွေအကြား ရှင်းလင်းပွဲကြီးလည်း ဖြစ်နိုင်ပါတယ်။ ဘယ်လို ရည်ရွယ်ချက်တွေနဲ့ ပါတီထဲရောက်လာတယ်၊ ဘယ့်လောက် ယုံကြည်အားကိုးသင့်တယ် ဆိုတာတွေကို သိခွင့်ရစေတာကြောင့် အလုပ်ရှုပ်ရတယ်ဆိုပေမဲ့၊ ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုတွေဟာ အများကြီး အကျိုးဖြစ်စေပါတယ်။
လူတွေဆိုတာပြောင်းလဲတတ်ပါတယ်။ အထူးသဖြင့် အခွင့်အရေးရလာတဲ့ အခါ ပြောင်းလဲတတ်ပါတယ်။ ဒါ့ကြောင့် ကျွန်မတို့ဟာ နိုင်ငံနဲ့ ပြည်သူတွေရဲ့ တာဝန်ထမ်းဆောင်ဖို့ ရွေးမဲ့သူတွေ၊ ရွေးခဲ့ပြီးသူတွေကို အမြဲတစေ လေ့လာအကဲဖြတ်နေရမှာပါ။ ကိုယ်စားလှယ်ကောင်း တစ်ဦး ဟုတ် မဟုတ် လေ့လာချိန်ဆတဲ့ အခါမှာ သူတာဝန် ထမ်းဆောင်စဉ်က စပြီး တိုင်းပြည် နဲ့ ပြည်သူ ဘက်က မြတ်သလား၊ သူနဲ့ သူ့ မိသားစု ဘက်က မြတ်သလား ဆိုတာကိုထည့်စဉ်းစားရပါလိမ့်မယ်။ တိုင်းပြည်နဲ့ ပြည်သူ ဘက်က သာ အလေးသာအောင်လုပ်မဲ့ ကိုယ်စားလှယ်လောင်း၊ ကိုယ်စားလှယ်ကောင်းများ ပေါ်ထွန်းပါစေ။

ဒီတစ်ပါတ်တော့ ဒီမျှသာ။

NLD Chairperson


အင်ဒိုနီးရှားနိုင်ငံ အာချေးခရိုင်အတွင်းကို ရောက်လာကြတဲ့ လှေစီးပြေး ရွှေ့ပြောင်းအခြေချနေထိုင်လိုသူများ။ (မေ ၁၃၊ ၂၀၁၅)


ပင်လယ်ပြင်ကို စက်လှေတွေနဲ့ ဖြတ်သန်းထွက်ပြေးပြီး ဒေသတွင်း နိုင်ငံတွေကို ရောက်လာကြတဲ့ သူတွေထဲမှာ မြန်မာနိုင်ငံသားတွေ ပါဝင်တယ်ဆိုရင် ပြန်ခေါ်ဖို့ အသင့်ရှိတဲ့အကြောင်း မြန်မာအစိုးရက ပြောပါတယ်။ မြန်မာနိုင်ငံက မူဆလင်ရိုဟင်ဂျာတွေ အများစုအပါအဝင် လှေစီးပြေးဒုက္ခသည်တွေနဲ့ ပတ်သက်လို့ ဖြေရှင်းဖို့ မြန်မာအစိုးရက တာဝန်ယူမှု မရှိဘူးလို့ ဝေဖန်မှုတွေ ထွက်ပေါ်နေချိန်မှာပဲ အခုလို အစိုးရတာဝန်ရှိသူတွေရဲ့ ပြောဆိုချက်တွေ ထွက်ပေါ်လာတာပါ။ မဆုမွန်က စုံစမ်းတင်ပြပေးထားပါတယ်။

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကနေ ရေကြောင်းကတဆင့် ထွက်ပြေးပြီး မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်းစတဲ့ နိုင်ငံတွေကို ရောက်လာနေသူတွေ၊ ပင်လယ်ထဲမှာ မျောနေသူတွေနဲ့ ပတ်သက်လို့ ဒေသတွင်း နိုင်ငံတွေ ဆွေးနွေးဖို့ ပြင်ဆင်နေချိန်မှာပဲ မြန်မာအစိုးရကလည်း သူ့ရဲ့ ရပ်တည်ချက်ကို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက ရောက်လာသူတွေ ပါတယ်လို့ အများက ပြောနေသလို ခိုင်လုံတဲ့ အထောက်အထားရှိတယ်ဆိုရင်တော့ အစိုးရအနေနဲ့ တိုင်းပြည်ကို ပြန်ခေါ်ဖို့အသင့်ရှိတယ်လို့ ဒီကနေ့ ရန်ကုန်မြို့က သံတမန်တွေနဲ့ တွေ့ဆုံပွဲအတွင်း ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြောကြားလိုက်တာပါ။

“ပင်လယ်ပြင်ကို ဖြတ်သန်းပြီး အာဆီယံ အဖွဲ့ဝင်နိုင်ငံတချို့ကို ရောက်လာကြတဲ့ လူတချို့နဲ့ ပတ်သက်လို့ နိုင်ငံတကာအသိုင်းအဝိုင်းက စိုးရိမ် ပူပန်နေတယ်ဆိုတာကို ကျနော်တို့အနေနဲ့ နားလည်ပါတယ်။ ဒီအထဲက တချို့သူတွေက သူတို့ဟာ မြန်မာနိုင်ငံက လာတယ်လို့ ပြောကြသလို တချို့ကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက လာတယ်လို့ ပြောကြပါတယ်။ ကျနော်တို့ရဲ့ ရပ်တည်ချက်က အင်မတန်မှ ရှင်းပါတယ်။ အရင်ဆုံးကတော့ ဒီလူတွေဟာ ဘယ်သူတွေလဲဆိုတာကို ခွဲခြားစိစစ်ပြီး ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။ သူတို့တွေဟာ မြန်မာနိုင်ငံကလာတဲ့သူတွေဖြစ်တယ်၊ လုံလောက်တဲ့ အထောက်အထားတွေလည်း ပြသနိုင်တယ်ဆိုရင် မြန်မာနိုင်ငံအနေနဲ့ ကိုယ့်တိုင်းပြည်ကလူတွေကို ပြန်ခေါ်ဖို့ အသင့်ရှိပါတယ်။ ဒါမျိုးတွေကိုလည်း ကျနော်တို့ အင်ဒိုနီးရှားနဲ့ မလေးရှားမှာ လုပ်ခဲ့ဖူးပါတယ်။”

ဒေသတွင်း တာဝန်ရှိသူတွေနဲ့ ဒုက္ခသည်အရေး ဆောင်ရွက်နေသူတွေကတော့ မကြာသေးခင်လတွေအတွင်း ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံနဲ့ အင်ဒိုနီးရှား နိုင်ငံတွေဆီ စက်လှေတွေနဲ့ ရောက်လာကြတဲ့ ဒုက္ခသည်တွေထဲ မြန်မာနိုင်ငံက မူဆလင် ရိုဟင်ဂျာတွေလည်း အများအပြား ပါဝင်တယ်လို့ ပြောဆို ထားကြတာပါ။ ရခိုင်ပြည်နယ် ဘူးသီးတောင်အမတ်ဦးရွှေမောင်းကလည်း လှေစီးပြေးဒုက္ခသည် အများစုဟာ မြန်မာနိုင်ငံက ဖြစ်တယ်ဆိုတာ သေချာတယ်လို့ သုံးသပ်ပါတယ်။

“သူတို့က စစ်တွေတို့၊ ဘူးသီးတောင်တို့၊ မောင်တောတို့ကနေ သူတို့အဆက်အသွယ်ကနေ တဆင့် မောင်တော တောင်ပိုင်းကနေ အထူးသဖြင့်ပေါ့နော်။ ပြီးတော့ စစ်တွေကနေလည်း ပင်လယ်ထဲကို သွားပြီးမှ အဲ့ဒီ့ဟိုးဘက်က အပြည်ပြည်ဆိုင်ရာ ရေပိုင်နက်ပေါ့နော်။ International Water ထဲမှာပဲ သူတို့က လူမှောင်ခိုဂိုဏ်းရဲ့ သင်္ဘောတွေ ရပ်နေတာကိုး။ အဲ့မှာ သူတို့သွားကြတယ်။ အဲ့တာနဲ့ပတ်သက်ပြီး အန်ကယ်လ့်သဘောထားကိုပြောရရင် အဲ့သလို ထွက်ခွာသွားတဲ့သူက အများစုက မြန်မာနိုင်ငံက လူတွေဖြစ်တယ်။ ဘာဖြစ်လို့ပြောလို့ရလဲဆိုတော့ အန်ကယ်လည်း အားလုံးကို မမြင်ပေမဲ့ အကုန်လုံး လေ့လာ သုံးသပ်လို့ရပါတယ်။ ကျနော်တို့ မော်တော်တွေမှာ တွေ့တယ်။ ဓာတ်ပုံတွေမှာ တွေ့တယ်။ အဲဒီမှာ အမျိုးသမီးတွေဝတ်တဲ့ အဝတ်အစားကို ကြည့်ရင် ကျနော် တန်းပြောနိုင်ပါတယ်။ အဲဒါ ကျနော်တို့ ရခိုင်ပြည်နယ်ကပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကဆိုရင် ဘယ်တော့မှ အမျိုးသမီးတွေ မသွားဘူး။ သူတို့ဆီက အမျိုးသားတွေပဲ အလုပ်လုပ်ဖို့အတွက် သွားကြတာ။ ဆိုတော့ အလုပ်လုပ်ဖို့သွားမယ့်သူက ပိုက်ဆံသွားရှာမယ့်သူက မိန်းမနဲ့ ကလေးကို မခေါ်ပါဘူး။ အမျိုးသမီးနဲ့ကလေးတွေကိုခေါ်တဲ့သူက မြန်မာနိုင်ငံတွင်းမှာပဲ ရှိတယ်။ သူတို့ကလည်း အခုလူတွေ အားလုံးကြားနေတဲ့အတိုင်းပဲ အကြောင်းတရားတွေ မျိုးစုံရှိတော့ အဲ့တာကြောင့် သူတို့က ကောင်းတဲ့နေရာ သူတို့စိတ်မှာပေါ့လေ။ ကောင်းတယ်လို့ ထင်တဲ့နေရာကို သူတို့သွားတာပေါ့လေ။”

စက်လှေတွေပေါ်မှာ အစုလိုက်အပြုံလိုက် လိုက်ပါလာသူတွေထဲ အမျိုးသမီးတွေနဲ့ လူမမည်ကလေးငယ်တွေပါဝင်နေလို့ လူသားချင်းစာနာမှုအနေနဲ့ အသက်ကယ်ကြဖို့အရေး နိုင်ငံတကာအနေနဲ့ရော အာဆီယံနိုင်ငံတွေအနေနဲ့ ဒေသတွင်းမှာ ဒီပြဿနာကို အရေးတကြီး ပူးပေါင်းဖြေရှင်းကြဖို့ကိုလည်း ကုလသမဂ္ဂကလည်း တိုက်တွန်းထားပါတယ်။ အင်ဒိုနီးရှား သမ္မတဟောင်း Susilo Bambang Yudhoyono ကလည်း လှေစီးပြေးနေသူတွေအရေး မြန်မာနိုင်ငံအနေနဲ့ ခေါင်းရှောင်မနေသင့်ဘူးလို့ Twitter အင်တာနက် လူမှုကွန်ယက်မှာ တနင်္ဂနွေနေ့ကပဲ ဖော်ပြခဲ့ပါတယ်။ ရန်ကုန်မြို့က မြန်မာ ငြိမ်းချမ်းရေးစင်တာ တာဝန်ရှိသူတဦးကတော့ ဒီကနေ့ သံတမန်တွေနဲ့ တွေ့ဆုံရာမှာတော့ လှေစီးပြေးဒုက္ခသည်တွေအရေး နိုင်ငံတကာရဲ့ စိုးရိမ် ပူပန်မှုတွေနဲ့ ပတ်သက်လို့ မြန်မာအစိုးရတာဝန်ရှိသူတွေ ရှင်းလင်းပြောကြားခဲ့တယ်လို့ ပြောပါတယ်။

“Boat People ပေါ့နော်။ ရေထဲမှာ လှေပေါ်မှာ နေနေတဲ့သူတွေကိစ္စပေါ့။ အဲ့တာနဲ့ပတ်သက်ပြီးတော့ တချို့သတင်းတွေမှာ မြန်မာနိုင်ငံက ပါဝင် ပတ်သက်ဖို့ မြန်မာနိုင်ငံက မလိုချင်ဘူးဆိုပြီး Negative ထွက်နေတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ အစိုးရဘက်ကနေ ပြန်ရှင်းပြတယ်။”

အရှေ့တောင်အာရှ နိုင်ငံတွေက ကမ်းခြေတွေကို စက်လှေကြီးတွေနဲ့ ဆိုက်ရောက်လာနေတဲ့ ထောင်ချီတဲ့ လှေစီးပြေး ဒုက္ခသည်တွေအရေး ထိုင်း၊ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံဘက်က တာဝန်ရှိသူတွေ အဆင့်မြင့် တွေ့ဆုံဆွေးနွေးပြီး ဝိုင်းဝန်း ဖြေရှင်းအဖြေရှာနိုင်ဖို့အတွက်ကြိုးပမ်းနေချိန်မှာပဲ မြန်မာအစိုးရဘက်ကတော့ ဒီဒုက္ခသည်တွေဟာ မြန်မာနိုင်ငံဘက်က လာရောက်သူတွေလို့ပြောဆိုနေတဲ့အပေါ် ငြင်းဆန်သလို ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းအပေါ်မှာလည်း ဆန့်ကျင်ကန့်ကွက်နေတာဖြစ်ပါတယ်။

မဆုမွန်.VOA
http://burmese.voanews.com/content/myanmar-goverment-will-accept-boat-people-after-their-status-and-identity-/2776018.html

သမ္မတ ဦးသိန်းစိန်နဲ့ နိုင်ငံရေးပါတီ ၇၁ ပါတီ က ခေါင်းဆောင်တွေ မေလ ၁၈ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ တွေ့ဆုံကြစဉ် Photo: Kyaw Htoon Naing/RFA
တိုင်းပြည်ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးဆွေးနွေးပွဲတွေ ကို လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် အစပျိုး ထားလိုကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က နိုင်ငံရေးပါတီတွေက ခေါင်းဆောင်တွေနဲ့ ဒီနေ့ တွေ့ ဆုံရာမှာ ပြောကြားလိုက်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာကျင်းပ တဲ့ နိုင်ငံရေးပါတီ ၇၁ ပါတီက ခေါင်းဆောင်တွေ နဲ့ ဆွေးနွေးပွဲမှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

"နိုင်ငံရေးဆွေးနွေးပွဲတွေကို လာမယ့်ရွေးကောက်ပွဲ များ မတိုင်ခင်မှာ အစပြုထားလိုပါတယ်၊ ဒီနိုင်ငံရေးဆွေးနွေးပွဲများမှတဆင့် ကျနော်တို့ ရည်မှန်းတဲ့ ပြည်ထောင်စုကိုပုံဖော်ဖို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအပါအဝင် ကိစ္စရပ်များစွာကို အားလုံးရဲ့ ကိုယ်စားပြုမှု သဘောတူညီမှုတွေနဲ့ ပြင်ဆင်ရမှာဖြစ်ပါတယ်၊ အားလုံးပဲ နိုင်ငံရေးဆွေးနွေးပွဲကို ဖြစ်အောင်ကြိုးပမ်းနေတဲ့ အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမယ့်အချက်တွေမှာလည်း အခက်အခဲမရှိနိုင်ဘူးလို့ ကျနော်အနေနဲ့ ယူဆမိပါတယ်"ဖ

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေက အပစ်အခတ်ရပ်စဲရေးအတွက် သဘောတူပြီဆိုရင် အစိုးရအနေနဲ့ သဘောတူစာချုပ်ရေးထိုးဖို့ အသင့်အနေအထားဖြစ်နေပြီဖြစ်ကြောင်း ၊ တိုင်းရင်းသား ခေါင်းဆောင်တွေရဲ့ သဘောထားတွေကိုလည်း မျှော်လင့်နေကြောင်းနဲ့ ဖက်ဒရယ်စနစ်ဖော်ဆောင်တဲ့ ပြည်ထောင်စုကြီးဖြစ်ဖို့ သဘောတူထားပြီးဖြစ်ကြောင်း၊  နိုင်ငံရေးဆွေးနွေးပွဲတွေအတွက် နိုင်ငံရေးပါတီတွေကလည်း ဝိုင်းဝန်း လုပ်ဆောင်ပေးစေလိုကြောင်း သမ္မတ ဦးသိန်းစိန်က တက်ရောက်လာတဲ့ နိုင်ငံရေးပါတီတွေက ကိုယ်စား လှယ်တွေကို ပြောသွားပါတယ်။

လာမယ့် ၂၀၁၅ ရွေးကောက်ပွဲကိုလည်း သန့်ရှင်းလွတ်လပ်တဲ့ ရွေးကောက်ပွဲဖြစ်ဖို့ အစိုးရအနေနဲ့ ကြိုးပမ်းလုပ်ဆောင်ပေးသွားမယ်လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese

ဓာတ်ပုံ - Telenor

မြန်မာပြည်ရဲ့ အဓိက မိုဘိုင်းဖုန်း အော်ပရေတာလုပ်ငန်း ၃ ခုဖြစ်တဲ့ အမ်ပီတီ၊ တယ်လီနော်နဲ့ အော်ရီဒူး ကုမ္ပဏီတွေက ဆင်းမ်ကတ်ဝယ်ယူ ငွေဖြည့်သုံးစွဲသူတွေထံက ကုန်သွယ်ခွန် ၅ ရာခိုင်နှုန်းကို ဇွန်လ ၁ ရက်နေ့ စကောက်ခံ သွားမယ်လို့ အစိုးရက ဒီကနေ့ ကြေညာပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်က အသစ်ပြင်ဆင်ပြဌာန်းလိုက်တဲ့ ၂ဝ၁၅/၂ဝ၁၆ ပြည်ထောင်စု အခွန်ဥပဒေသစ်အရ ခုလို ဖုန်းသုံးစွဲသူတွေထံက ကောက်ခံတာဖြစ်ပြီး အော်ပရေတာတွေအနေနဲ့လည်း သုံးစွဲသူတွေလိုပဲ ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်းကို အစိုးရ ထံပေးဆောင်ရမှာဖြစ်ပါတယ်။

အခွန်သစ်ကောက်ခံရခြင်းနဲ့ ပတ်သက်ပြီး မေလ ၁၈ ရက်က နေပြည်တော် ဆက်သွယ်ရေးနဲ့ သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းထွန်းအောင်က “ကုန်သွယ်ခွန် Commercial Tax ဆိုတာကတော့ နိုင်ငံတော်အတွက် လိုအပ်တဲ့ ဘဏ္ဍာငွေတွေ ရရှိဖို့အတွက် နိုင်ငံတကာ လုပ်ထုံး လုပ်နည်းတွေနဲ့အညီ ကောက်ခံတာဖြစ်ပါတယ်။ ဒီကရရှိတဲ့ ဘဏ္ဍာငွေတွေကို နိုင်ငံတော်ရဲ့ လိုအပ်တဲ့ ကဏ္ဍတွေဖြစ်တဲ့ ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းတွေမှာ ပြန်လည်အသုံးပြုပြီး ပြည်သူ့ အကျိုးပြုလုပ်ငန်းတွေကို လုပ်နိုင်ဖို့အတွက် အသုံးပြုရတာ ဖြစ်ပါတယ်”လို့ပြောပါတယ်။

သုံးစွဲသူတွေ ပေးဆောင်ရမယ့် ကျသင့်နှုန်းထားသစ်တွေကိုတော့ ကုမ္ပဏီတွေရဲ့ အင်တာ နက်စာမျက်နှာ ၀က်ဆိုက်နဲ့ လူမှုကွန်ယက် ဖေ့စ်ဘွတ်တွေမှာ ထုတ်ပြန်ထားသလို သုံးစွဲသူ တွေရဲ့ မိုဘိုင်းဖုန်းတွေဆီကို လည်း သတင်းတို မတ်ဆေ့ခ်ျတွေပေးပို့ထားပါတယ်။

သုံးစွဲသူတွေကို ၀န်ဆောင်မှုပေးနေတဲ့ အော်ရီဒူးကုမ္ပဏီ ဆက်သွယ်ရေးဌာန ၀န်ထမ်းတဦးက “မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ဘယ်ဖုန်းကိုပဲသုံးသုံး ၃ ခုစလုံးမှာ အကုန်လုံးက ငွေဖြည့်မယ်ဆိုရင် ငွေဖြည့်တဲ့ ပမာဏရဲ့ ၅ ရာခိုင်နှုန်းကို အစိုးရကို အခွန်အခ အနေနဲ့ ပေးရမှာ ၁ထောင်ကျပ်ဖြည့်မယ်ဆိုရင် သုံးစွဲသူက ၉၅၂ ကျပ်သုံးရပြီးတော့ ၄၈ ကျပ်ကို အခွန်အဖြစ်ပေးရမယ်၊ ၃၀၀၀ ကျပ်ဖြည့်မယ်ဆိုရင် ၂၈၅၇ ကျပ်ကို သုံးရပြီး ၁၄၃ ကျပ်ကို အခွန်အဖြစ်ပေးရမယ်အဲလိုမျိုး ဒီဥစ္စာက မဖြစ်မနေပေါ့။ ဥပဒေက သတ်မှတ်ပေးတာ ဖြစ်တဲ့အတွက် မဖြစ်မနေ ကောက်ခံရမှာပါ မေ ၃၁ ရက်အထိကတော့ ပုံမှန်အတိုင်းပဲ သုံးစွဲလို့ရမယ် ဇွန်၁ ရက်နေ့ကစပြီးနောက်ပိုင်း ငွေဖြည့်တဲ့ပမာဏရဲ့ ၅ ရာခိုင်နှုန်းကို အစိုးရကို အခွန်အဖြစ်ပေးရမှာပါ”လို့ ပြောပါတယ်။

ခုလိုအခွန်ပေးထပ်ပေးဆောင်ရတာနဲ့ ပတ်သက်ပြီး ငွေဖြည့်ကတ် ၀ယ်ယူ သုံးစွဲသူတွေအကြား ကျေနပ်သူတွေရှိသလို မကျေနပ်တဲ့ သူလည်းရှိနေပြီး ဖေ့စ်ဘတ်လူမှုကွန်ရက်တွေကနေ ဝေဖန်ရေးသားမှုတွေလည်း အများအပြား ရှိနေပါတယ်။

မြန်မာနိုင်ငံမှာ မိုဘိုင်းဖုန်းသုံးသူအရေအတွက်ဟာ နိုင်ငံခြားအော်ပရေတာတွေ ၀င်ရောက် လုပ်ကိုင်ခွင့်မရခင် ၂၀၁၃ ခုနှစ်မတ်လက ၄ ဒသမ ၄ သန်းရှိခဲ့ရာက ၂၀၁၅ မတ်လကုန်မှာ မိုဘိုင်းဖုန်းသုံးသူ ၁၈ ဒသမ ၁ သန်းထိ ရှိလာတယ်လို့ အစိုးရပြန်ကြားရေးက သတင်းထုတ်ပြန် ပါတယ်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (အမ်ပီတီ)ဟာ ဈေကွက်ပမာဏ အများဆုံး ဆက်ရှိနေပေမယ့် ၂၀၁၅ ဇန်န၀ါရီမှာ သုံးစွဲသူ ၁၁သန်းရှိရာက မတ်လကုန်မှာ ၈ ဒသမ ၄ သန်းအထိ ကျဆင်းသွားပြီး တယ်လီနော်ကတော့ သုံးစွဲသူ လက်ရှိ ၆ ဒသမ ၄ သန်းအထိရှိလာပြီလို့ သတင်းမှာ ဖော်ပြပါတယ်။

By ပိုင်စိုး (ဒီဗွီဘီ)
http://burmese.dvb.no


 ဇွန် ၁ ရက်မှစပြီး ဖုန်းငွေဖြည့်ခြင်းမှ ကုန်သွယ်လုပ်ငန်းခွန် ကောက်ခံတော့မှာ ဖြစ်ပါတယ်။

ဒီကနေ့ မေလ ၁၈ ရက်နေ့ နေပြည်တော်မှာ  ဆက်သွယ်ရေး ဝန်ကြီးရုံးတွင် မွန်းလွဲ ၂ နာရီမှာ ကျင်းပတဲ့ Commercial Tax Implementation Press Conference မှာ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် ၀န်ကြီးဌာနက ထုတ်ပြန်ကြေညာလိုက်တာဖြစ်ပါတယ်။


ဧပြီလ ၁ ရက်နေ့က ပြည်ထောင်စု လွှတ်တော်က ပြဌာန်းလိုက်တဲ့ အခွန်ဥပဒေအရ ကုန်သွယ်လုပ်ငန်း ခွန်ကို ပြင်ဆင်လိုက်တာဖြစ်ပြီး ဖုန်းသုံးစွဲသူတွေအနေနဲ့ ဖုန်းငွေဖြည့်ရင် ၅ ရာခိုင်နှုန်း အခွန်ပေးဆောင် ရမှာပါ။

အမ်ပီတီ၊ အော်ရီဒူးနဲ့ တယ်လီနော့ဖုန်း သုံးစွဲသူတွေရဲ့ ဖုန်းငွေဖြည့် ကတ်တွေဆီကနေ လာမယ့် ဇွန်လ ၁ ရက်နေ့စပြီး လုပ်ငန်းခွန် ကောက်ခံ တော့မှာပါ။

ဥပမာအနေနဲ့ ငွေဖြည့်ကတ် ၁ ထောင်မှာ သုံးစွဲခွင့်က ၉၅၂ ကျပ်ဖြစ်ပြီး ကုန်သွယ်လုပ်ငန်းခွန် ၄၈ ကျပ် ပေးဆောင်ရမှာပါ။

လက်ရှိ အော်ပရေတာတွေလည်း ဒီနှုန်းအတိုင်းပေးရမှာဖြစ်ပြီး ဇွန်လ ၁ ရက်နေ့မှာ စတင် ကောက်ခံမှာ ဖြစ်ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no



ရန်ကုန်မြို့ရဲ့အထိန်းအကွပ်မဲ့ တိုးတက်လာတဲ့ မြို့ပြလူနေမှုစနစ်နဲ့အတူ အထပ်မြင့်အဆောက်အအုံတွေကြောင့် မြန်မာနိုင်ငံရဲ့ အမျိုးသားအမှတ်အသားတစ်ခုအဖြစ်တည်ရှိနေတဲ့ ရွှေတိဂုံစေတီတော်ရဲ့ ယဉ်ကျေးမှုမြင်ကွင်းကို ပိတ်ဆို့ထားသလိုဖြစ်နေပါတယ်။ စနစ်ကျတဲ့မြို့ပြစီမံကိန်း ရန်ကုန်မှာရှိရဲ့လား။

တစ်နိုင်ငံလုံးကတန်ဖိုးထားတဲ့ ရွှေတိဂုံစေတီတော်ရဲ့ ပတ်ဝန်းကျင်မှာ စနစ်ကျတဲ့ မြို့ပြစနစ်မရှိဘဲဖွံ့ဖြိုးတယ်ဆိုတာ အန္တရယ်ရှိတယ်ဆိုသူ ဦးမော်လင်းက အလျင်မြန်ဖွံ့ဖြိုးတိုးတက်နေတဲ့ ရန်ကုန်မြို့မှာ မြို့ပြဖွံ့ဖြိုးမှုကို စနစ်တကျထိန်းချုပ်မယ့် စီမံခန့်ခွဲမှုစနစ်တွေ သေချာရေးဆွဲပြီးမှ ဖွံ့ဖြိုးရေးစီမံကိန်းတွေလုပ်သင့်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံဗိသုကာအသင်းအနေနဲ့ ရွှေတိဂုံစေတီတော်ထိန်းသိမ်းဖို့ သုံးသပ်ချက်တွေပါတဲ့ အကြံပြုစာတစ်စောင်ကို မြန်မာသမ္မတဆီပေးပို့ထားပြီး ပညာရှင်တွေရဲ့သုံးသပ်ချက်တွေကိုလည်း ထုတ်ပြန်သွားမှာလို့ဆိုပါတယ်။

မြန်မာနိုင်ငံဗိသုကာအသင်းကနေ ရွှေတိဂုံကိုထိန်းသိမ်းနိုင်ဖို့ ဗိသုကာပညာရှင်တွေ၊ မြို့ပြပညာရှင်တွေ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်တွေနဲ့အတူ ပညာရှင်များစွာပါဝင်တဲ့ Save Shwedagon ဖိုရမ်ကို အိုးအိမ်နဲ့မြို့ရွာဖွံ့ဖြိုးတိုးတက်ရေးဌာနမှာ မေ ၁၇ ရ က်နေ့ကကျင်းပခဲ့ပါတယ်။

သမိုင်းဝင်နေရာတွေမှာ စီမံကိန်းတွေအတွက် ဆုံးဖြတ်ချက်ချတဲ့အခါ ရေရှည်မှာဖြစ်သင့်ဖြစ်ထိုက်တာတွေကို သေသေချာနားလည်ပြီးမှ ဆုံးဖြတ်ဖို့လိုတယ်လို့ဆိုသူက မြို့ပြစီမံကိန်းဒီဇိုင်းအကြောင်း ဆွေးနွေးခဲ့သူ ဒေါ်လှိုင်မော်ဦး။ ဘိုးဘွားစဉ်ဆက်က လက်ဆင့်ကမ်းပေးလာတဲ့ အဖိုးတန်အမွေအနှစ်တစ်ခုကို ယာယီလိုချင်တာလေးတစ်ခုအတွက်သာ ကြည့်ရမှာမဟုတ်ဘဲ ကိုယ့်သားစဉ်မြေးဆက်အတွက်ပါ ထည့်စဉ်းစးရမယ်လို့ ပြောပါတယ်။

Kamayut media