05/21/15


စစ်တွေ၊ မေ ၁၉

မလေးရှားနိုင်ငံသို့ သွားနေကြသည့် လှေစီး ဘင်္ဂါလီများ အထဲတွင် ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းမှ ပါဝင်ခြင်း မရှိဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးလှသိန်း က ထုတ်ဖော် ပြောဆို လိုက်သည်။

မေလ ၁၉ ရက်နေ့၊ ညနေပိုင်းက ရခိုင်ပြည်နယ်ဥပဒေချုပ်ရုံး အစည်းအဝေး ခန်းမတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဦးလှသိန်းက ထိုသို့ ပြောကြားခြင်းဖြစ်သည်။

“အဲဒီလှေစီး ရိုဟင်ဂျာတွေထဲမှာ ရခိုင်ပြည်နယ်ကဘင်္ဂါလီဒုက္ခသည်စခန်းတွေကနေပါတယ်ဆိုပြီး ပြောနေကြတဲ့သူတွေကို ဘာအထောက်အထားနဲ့ စွပ်စွဲနေကြတာလဲလို့ ကျနော်တို့က မေးချင်တယ်။ ကျနော် တို့မှာ ဒီကနေ့အထိ ဘယ်ဒုက္ခ သည်စခန်းက ဘယ်ဘင်္ဂါလီဒုက္ခသည်တွေမှ လူကုန်ကူးပွဲစားတွေနဲ့ လိုက်သွားလို့ ပျောက်နေတာ မရှိသေးဘူး”ဟု ယင်းက ဆိုသည်။

ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီဒုက္ခသည်စခန်း ၁ဝ ခုကျော်ရှိသော်လည်း ယင်းစခန်းရှိဘင်္ဂါလီဒုက္ခသည် များကို မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် နယ်ခြားစောင့်တပ်တို့က လုံခြုံရေးအပြည့်အဝရယူထားသဖြင့် ဘင်္ဂါလီဒုက္ခသည် များအနေဖြင့် အလွယ်တကူဝင်/ထွက်သွားလာမှု မရှိကြောင်းလည်း ဦးလှသိန်းက ဆက်ပြောသည်။

“ရိုဟင်ဂျာဆိုတာနဲ့ မြန်မာနိုင်ငံ၊ အထူးသဖြင့် ရခိုင်ပြည်နယ်ကို တန်းမြင်ကြတော့တာပဲ။ ကျနော်တို့ သိရသလောက်ကတော့ အဲဒီလှေစီးဒုက္ခသည်တွေကို မင်းတို့ တစ်ခုခုဖြစ်လို့ရှိရင် ရိုဟင်ဂျာလို့ပြောဆိုပြီးတော့ လူပွဲစားက သင်ပေးပြီးသား။ ဒါကြောင့် ဘင်္ဂလီတွေအားလုံးက ခုလို ထွက်ဆိုကြတာ”ဟု ယင်းက ဆိုသည်။

ယခု မလေးရှား၊ ထိုင်းနှင့် အင်ဒိုနီးရှားတွင် ကယ်တင်ထားသော လှေစီးဒုက္ခသည်များသည် ဘင်္ဂလာဒေရှ့် ကမ်းခြေမှ တဆင့် ထိုင်းလုပ် ၀ါးလက် ငါးဖမ်းလှေများဖြင့် ထွက်ခွာကြသူများ ဖြစ်ကြကြောင်း သိရသည်။

နိုင်ငံတကာ သတင်းမီဒီယာများကမူ ယခု လှေစီဒုက္ခသည်များမှာ ဖိနှိပ် ခွဲခြား ဆက်ဆံခံရမှုတို့ကြောင့် ရခိုင်ပြည်နယ် ရှိဒုက္ခသည် စခန်းများမှ ထွက်ပြေးလာကြသူများ ဖြစ်ပြီး အချို့မီဒီယာများကမူ ဒုက္ခသည်စခန်းများမှ လူအချို့ကို ငွေဖြင့် ရွေး၍ လူမှောင်ခိုသမားများလက်မှ ပြန်လည် ကယ်တင်ခဲ့ရသည်ဟု သတင်းများတွင် ဖော်ပြနေကြသည်။

ယင်းသို့ ဘင်္ဂါလီကို ရိုဟင်ဂျာဟုအမည်ခံကာ မဟုတ်မမှန်စွပ်စွဲပြောဆိုနေကြခြင်းမှာ မြန်မာနိုင်ငံ ပုံရိပ်ကျဆင်းစေလိုသည့် ရည်ရွယ်ချက်ကြောင့်ဖြစ်ကြောင်းလည်း ဦးလှသိန်းက ယင်းသတင်းစာ ရှင်းလင်းပွဲတွင် သုံးသပ်ပြောကြားသည်။

မာန်ယုကျော် (ရွှေဝမြေ) / နိရဉ္စရာ
http://www.narinjara.com/burmese


 စစ်တွေ၊ မေ ၁၉

 ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပိုင်းတွင် သောင်တင်နေသော ဘင်္ဂလားဒေရှ့် ၁၁ ဦးကို ဖမ်းဆီးမိပြီးနောက် မောင်တောနယ်စပ် အပါအ၀င် ရခိုင်ပြည်နယ် ကမ်းရိုးတန်း တစ်လျှောက်တွင် တပ်မတော်(လေ)၊ တပ်မတော် (ရေ) အပါအ၀င် လုံခြုံရေး တပ်ဖွဲ့အင်အားကို တိုးချဲ့ချထားကြောင်း သတင်း ရရှိသည်။

ဘင်္ဂလာဒေရှ့် နိုင်ငံသား ၁၁ ဦးကို မေလ ၁၇ ရက်နေ့၊ နံနက် ၇ နာရီအချိန်က မောင်တောမြို့နယ်၊ ဥဒေါင်း (အနောက်) ကျေးရွာအနီး ကံပူးချောင်းပုစွန်ကန်ဘောင်ပေါ်တွင် အိပ်ပျော်လျက်ရှိနေစဉ် အဆိုပါကျေးရွာမှ ဆယ်အိမ်မှူးဖြစ်သူ လာလူမျာ(၄၈ နှစ်)ကတွေ့ရှိကာ နယ်ခြားစောင့်တပ်နှင့် ဥဒေါင်းရဲ ကင်းစခန်းသို့ အကြောင်းကြားရာမှ ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

ယခုဖမ်းမိသူ ၁၁ ဦးမှာ မာမတ်ရှော်အီအုလ်(၁၈ နှစ်) ၊ ရှော်လမီဒေါ်လီရွာ၊
ဒါကာမြို့၊ ဘင်္ဂလား ဒေ့ရှ်နိုင်ငံ)၊ ရှာမာဟိန်(၂၈ နှစ်၊ ဂါလံပူရွာ၊
ဒါကာမြို့)၊ လာဒူလ်(၃ဝ နှစ်၊ မိုလာန်ပူရွာ၊ ဒါကာမြို့)၊ မူဟာ မတ်အီစ္စလာမ်
(၃၈ နှစ်၊ ရှော်ကော်ရီဘတ်ရွာ၊ ဂျိုက်ကူဟတ်မြို့)၊
မိုဟာမတ်ဆော်မိုရ်ဒူစ်အီစ္စလာမ်(၂ဝ နှစ်၊ မာတီကော်ရာရွာ၊ ရှာရှာမြို့)၊
မိုဟာမတ်ဖာရုစ်(၂၇ နှစ်၊ အာရော်လီရွာ၊ စစ်တကောင်းမြို့)၊
မိုဟာမတ်မူဆာ(၁၉နှစ်) ၊ ဂေါ်ဂူဒါရာရွာ၊ စစ်တကောင်းမြို့)၊
မိုဟာမတ်အီစ္စမိုင်ဟူဆောင်း(၁၂နှစ်၊ ရှာမီတာနီရွာ၊ ရာရှိတ်မြို့)၊
မိုဟာမတ်ရီဘဲရှော်ဒါ(၁၉ နှစ်၊ ဗယ်ကာလီရွာ၊ ခိုန်လန်မြို့)၊ မိုဟာမတ် ရှော်ရှိန်မော်ရိန်(၁၉ နှစ်၊
ဗယ်ကာလီရွာ၊ ရာရှိန်းမြို့)နှင့် မိုဟာမတ်မော်ဇွန်ဘီရှာ(၁၇ နှစ်၊
နော်ဂေါဟာလီရွာ၊ ခိုန်လန်မြို့) တို့ဖြစ်ကြကြောင်း ပြည်နယ် အစိုးရအဖွဲ့ကထုတ်ပြန်သည့်စာရင်းအရ သိရသည်။

သူတို့ ၁၁ ဦး ဖြစ်စဉ်နှင့် ပတ်သက်ပြီး သိရှိရသည်မှာ လူမှောင်ခိုသမားများမှ မလေးရှားနယ်စပ်တွင် ပြသနာ တက်နေ၍ မော်တော်ဘုတ်ဖြင့် ပို့၍ မရတော့ကြောင်း၊ သို့အတွက် ဘင်္ဂလာဒေရှ့်သို့ ပြန်ပို့မည်ဟု ပြောဆိုကြောင်း၊ မေလ ၁၅ ရက်နေ့  ညဉ့်အချိန် မောင်တောမြို့နယ် တောင်ပိုင်းသို့ အရောက်တွင် ဘင်္ဂလာဒေရှ့်သို့ ရောက်ပြီဟု လှေသမားများက ပြောဆိုကာ ပင်လယ်ထဲ ရေအနက် ၇ ပေခန့်တွင် ချထားခဲ့ကြောင်း၊ယင်းနောက် ရေကူးပြီး ရောက်ရှိလာခြင်း ဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရသူ ဦးလှသိန်းက ပြောသည်။

ယင်းတို့အား ဖမ်းမိသည်နှင့် စုံစမ်းစစ်ဆေးမှုများပြုလုပ်ကာ မေလ ၁၇ ရက်နေ့၊ညနေ ၄ နာရီခွဲအချိန် တွင် မောင်တောမြို့နယ်၊ မြင်းလွှတ်ချောင်းပေါက်ဝမှ မြင်းလွှတ်(အနောက်)ရွာနေ ရော်ဟီးမူလာ မောင်းနှင် လာသော ငါးဖမ်းစက်လှေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လာရာလမ်း အတိုင်း ပြန်လည်စေလွှတ်ထားပြီးဖြစ်သည်ဟုပြောသည်။

ယင်းနောက်ပိုင်းတွင် မောင်တောမြို့နယ် တောင်ပိုင်း ပင်လယ် ကမ်းခြေ တစ်လျှောက် လုံခြုံရေးတပ်ဖွဲ့ဝင်များကို တိုးချဲ့ချထားပြီး ငါးဖမ်းလှေများကို အဓိကထား စစ်ဆေးမှုများ ပြုလုပ်နေကြောင်း အလယ်သံကျော် ဒေသခံ တစ်ဦးက ပြောသည်။

အလားတူ ပေါက်တောမြို့နယ် ဆင်တက်မော်သား တစ်ဦးကလည်း “ ဟုတ်တယ်။ အခု ပင်လယ်ထဲမှာ ရေတပ် သင်္ဘောတွေ အများကြီး သွားလာ လှုပ်ရှားနေပါတယ်။ မသင်္ကာတဲ့ လှေတွေကို ခေါ်ယူစစ်ဆေးတာတို့ ရှိနေပါတယ်။ လူကုန်ကူးသူတွေနဲ့ လှေစီးပြီး မလေးရှားကို သွားမယ့်သူတွေ မြန်မာရေပိုင်နက်ထဲကို ၀င်ရောက်လာတာတွေ ရှိတယ်လို့ သတင်းရတဲ့ အတွက် ခုလို ဆောင်ရွက်နေတာလို့ သိရပါတယ်” ဟု ပြောသည်။

မြန်မာ အစိုးရ တာဝန်ရှိသူများ အနေဖြင့်လည်း တပ်မတော်၊ ရဲ စသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များကိုသာမက တပ်မတော် (ရေ) နှင့် တပ်မတော် (လေ)ကိုပါ မြန်မာပိုင်နက် အတွင်း ကင်းလှည့်မှုများ ပြုလုပ်နေပြီး ပင်လယ်ထဲတွင် ပိတ်မိသော လှေစီးသွားသူများအား  မြန်မာရေပိုင်နက်ထဲတွင် ရှိ မရှိ ရှာဖွေနေကြောင်း၊ တွေ့ရှိပါကလည်း လူသားချင်းစာနာမှု အကူအညီများ ပေးကမ်းသွားမည်ဟု ပြောဆိုထားသည်။

မာန်ယုကျော် (ရွှေဝမြေ) / နိရဉ္စရာ
http://www.narinjara.com/burmese





ထိုင်းနိုင်ငံ နကောစီဌာမရ ပြည်နယ် ကျယ်စဒါ မြို့ နယ် မှ ထူးဆန်းသည့် မျက်လုံးအရောင်နှစ်မျိုးနှင့်မောင်နှစ်မ နှစ်ဦးအား ဆရာဝန်များက စစ်ဆေးနေကြပါတယ်။

သူတို့ မောင်နှမမှာ ညအမှောင် ပိုင်းတွင် တိရိစ္ဆာန်များကဲ့သို့  အမှောင်ကို ဖေါက်ထွင်းမြင်နိုင်ကြလို့  ထူးဆန်းတဲ့ မျက်လုံးပိုင်ရှင်လေးတွေ လို့  အွန်လိုင်းမှာ နံမည်ကြီးနေတာပါ။

ထိုင်းလူမျိုးတွေကတော့ သာဖက် "စိန်မျက်လုံး "မျက်ရှင် လို အမည်ပေးထားသည်။

 စိန်မျက်လုံး မျိုး ရှိသော ကြောင်တကောင်ကို ဘတ် သန်းချီပြီးပေး ၀ယ်ကြ ပါတယ်။

တသိန်းတယောက် ဖြစ်ခဲ့သည့် မျက်လုံးဖြစ်လို့  အဆိုပါမျက်လုံးပိုင်ရှင်မှာ သေဆုံးသွားသော်လည်း မျက်လုံးမှာ မပျက်စီးဘဲ ကျောက်ဖြစ်၍ စိန်ကဲ့သို့  တောက်နေသည်ဟု သိရပါတယ်။

Social Action for Women - SAW
Community Organization
https://www.facebook.com/pages/Social-Action-for-Women-SAW

“တရားစီရင်မှာကို မစောင့်စား နိုင်တော့သဖြင့် ယခုလို ကိုယ်တိုင် ကိုယ်ကျ တရားစီရင် လိုက်ပြန် တော့လည်း ကိုယ့်ဘ၀မှာ၊ ကိုယ့်မိသားစုမှာ တပူပေါ်နှစ်ပူဆင့် ရပြန်ပါတော့သည်။ ကိုယ်တိုင်က လူသတ်မှုဖြင့် နှစ်ရှည် ထောင်ဒဏ် (အခန့်မသင့်ပါက သေဒဏ်ထိ)ခံစားရမည်ဖြစ်သလို ရောဂါသည်ဇနီးခမျာလည်း အားကိုးရာမဲ့ ကျန်ရစ်ခဲ့မည် ဖြစ်ပါသည်။…”
----- ----- ----- -----
ပဲခူးတိုင်းဒေသကြီး၊ အင်းတကော်မြို့၊ ရွှေပြည် ၃ ရေလှောင်တမံ သွားရာလမ်းဘေးတွင် ၅-၅-၂၀၁၅ ရက် မွန်းလွဲပိုင်းက လက်ပြန်ကြိုး တုတ်ထားသည့် အလောင်းနှစ်လောင်းကို လာရောက်စွန့်ပစ်ခဲ့သော သတင်းများ စတင်ကြားသိရချိန်မှစ၍ လူအများ အလွန်စိတ်ဝင်စားခဲ့သော ထူးခြားသတင်းတပုဒ် ဖြစ်လာခဲ့ပါသည်။ မြန်မာနိုင်ငံရဲ့ တပ်ဖွဲ့ဝင်များ ကြိုးစားဖော်ထုတ်မှုကြောင့် တရားခံတဦးကို ပြစ်မှုကျူးလွန်ပြီး နှစ်ရက်အကြာတွင် ဖမ်းဆီးရရှိခဲ့ကြောင်း သိရှိရပါသည်။
အဓိကတရားခံ ကျော်သူရ (ခ) ပြည်ကျော်ကတော့ ၁၃-၅-၂၀၁၅ ရက် ညနေတွင် ဘားအံမြို့မရဲစခန်းသို့ ကိုယ်တိုင်လာရောက် အဖမ်းခံခဲ့ကြောင်း ထပ်မံသိရပါသည်။ အဆိုပါဖြစ်စဉ်ကို ၁၉-၅-၂၀၁၅ ရက်စွဲပါ News Watch(စောင့်ကြည့်သတင်းဂျာနယ်) အတွဲ ၁၀၊ အမှတ် ၂၊ အချပ်ပိုတွင် ဖတ်ရှု လိုက်ရသည့်အခါ ရင်နင့်ဖွယ်ဖြစ်စဉ်ကို အသေးစိတ်သိရှိခဲ့ရပါတော့သည်။ အကြောင်းစုံကတော့ -
သာယာဝတီမြို့နယ်၊ ကရင်ဥတိုကျေးရွာနေ ကျော်သူရသည် ၂၀၁၄ ခုနှစ် သင်္ကြန်မတိုင်မီကပင် နေထိုင်ရာအိမ်ကိုပေါင်နှံ၊ တမိသားစု လုံး ရှိသမျှစုဆောင်းပြီးရလာသည့် ကျပ် ၁၁၅ သိန်းကို သေသူ (ညီအစ်ကိုနှစ်ဦး)ထံ ဂျပန်သို့ပို့ပေးရန် ၀န်ဆောင်စရိတ်အဖြစ် ပေး အပ်ခဲ့ရပါသည်။ ၎င်းညီအစ်ကိုနှစ်ဦးမှာ သက်ဆိုင်ရာကုမ္ပဏီများမှ မန်နေဂျင်းဒါရိုက်တာ၊ ဒါရိုက်တာများဖြစ်ကြပါသည်။ ငွေသိန်းရာကျော် ပေးအပ်ခဲ့ပြီး ဂျပန်သို့ တကယ်မသွားရသောအခါ ကျော်သူရ၏မိခင် မှာ စိတ်ဖိစီးမှုကြောင့် ၂၀၁၄ ခုနှစ် စက်တင်ဘာလတွင် ကွယ်လွန် သွားခဲ့ပြီး နောက်တလအကြာ၌ ဖခင်ဖြစ်သူပါ ထပ်မံကွယ်လွန်သွားခဲ့ ပြန်ပါသည်။ ကျော်သူရ၏ဇနီးမှာလည်း ရင်သားကင်ဆာရောဂါ ခံစားနေရာ ဆေးကုစရာငွေမရှိသဖြင့် ၎င်းညီနောင်ထံမှ ဆေးဖိုး ၅ သိန်း၊ ၁၀ သိန်းပေးပါရန် အကူအညီတောင်းခံခဲ့ရာတွင် ငြင်းလွှတ်လိုက် သည့်ပြင် ၎င်းတို့ထံတွင် ပိုင်ဆိုင်ရာများရှိကြောင်း၊ တိုင်ချင်ရာတိုင်နိုင်ကြောင်း အပြောခံလိုက်ရသဖြင့် စိတ်ကိုမထိန်းနိုင်တော့ဘဲ ယခု ကဲ့သို့ ကျုးလွန်မိခဲ့ခြင်းဖြစ်ကြောင်း အကျယ်တ၀င့် ဖတ်ရှုခဲ့ရပါ၏။

အသတ်ခံရသူနှစ်ဦးမှာ ကျော်သူရအပါအ၀င် လူ ၆ ဦးထံမှ တဦးလျှင် သိန်းတရာကျော်စီ လက်ခံရယူထားခဲ့ပြီး ၎င်းတို့၏ကတိအတိုင်း ဂျပန်သို့ပို့မပေးနိုင်သည့်အခါ ယူထားခဲ့သည့်ငွေများကို ပြန်ပေးရမည် ဖြစ်ပါသည်။ ယခုတော့ ငွေကိုလည်း ပြန်မပေး၊ မောက်မာရိုင်းပြစွာလည်း အပြောခံလိုက်ရသဖြင့် မူလကတည်းက ဒုက္ခတွေ ပင်လယ်ဝေ နေသူမှာ ရုတ်တရက် အသိစိတ်ပျောက်သွားပြီး ပေါက်ကွဲသွားခဲ့ခြင်း ဖြစ်ပါသည်။
သည်သတင်းကိုဖတ်ရင်း ကျွန်တော်တို့ငယ်စဉ်က အလွန်နှစ်သက် စွဲလမ်းခဲ့ရသော 'ကိုရွှေဘကြီး'ကို ပြန်မြင်ယောင်လာမိပါသည်။ နာမည်ကျော်မင်းသားကြီးရွှေဘသည် သူ့ဇာတ်ကားတော်တော်များများမှာ အေးချမ်းရိုးသားစွာ အသက်မွေးနေထိုင်သည့် တောသားလူရိုးအဖြစ် သရုပ်ဆောင်လေ့ရှိပါသည်။ သူ၏ချစ်သူရည်စား သို့မဟုတ် ဇနီးသည်ကတော့ ရွာအလှပဂေး (သင်းသင်းလဲ့၊ ကြည်ကြည်ဌေး စသူတို့ပေါ့ ခင်ဗျာ)ဖြစ်နေရာ နယ်ချဲ့လက်ပါးစေ သို့မဟုတ် မကောင်းမှုတခုခုဖြင့် ကြီးပွားချမ်းသာနေသူ ရွာသူကြီး၊ တောသူဌေး သို့မဟုတ် ထိုသူတို့၏ သား၊ တပည့် သို့မဟုတ် ရဲအရာရှိတဦးဦးတို့က မိန်းမကို လိုချင်ဇောဖြင့် ယောကျာ်းကို အမျိုးမျိုး အမှုဆင်၊ ချောက်တွန်း၊ ဖမ်းဆီး၊ နှိပ်စက်၊ ထောင်ချစသည်ဖြင့် ဇာတ်လမ်းဆင်ထားရာ အချို့ရုပ်ရှင်ကားများတွင် အမျိုးသမီးမှာ စော်ကားခံရပြီး သေဆုံးသွားသည်ထိ ဇာတ်နာအောင် ဖန်တီးထားခဲ့ပါသည်။ ရုပ်ရှင်ကြည့်ပရိသတ်မှာလည်း မျက်ရည်တရွှဲရွှဲ နှင့် အချို့ကလည်း လူကြမ်းသရုပ်ဆောင်တို့ကို မအေ၊ နှမ ကလော်တုတ်ကြနှင့် ရွှေဘကြီးနှင့်ထပ်တူ ခံစားနေခဲ့ရပါသည်။ ရွှေဘကြီး ထောင်မှလွတ်လာသည့်အခါတွင်မတော့ ယခင်ကလို တောသား လူရိုးလူအေးမဟုတ်တော့ပြီ။ လူရိုးလူမိုက်ကြီး ဖြစ်လာခဲ့ပြီ။ သူ့ရန်သူများကို တဦးစီ လိုက်လံရှာဖွေ လက်စားချေ သုတ်သင်ပါတော့သည်။ ဘာပြော ကောင်းလိုက်မလဲ။ ကျွန်တော်တို့ကလေးတွေသာမက လူကြီးပရိသတ်တွေပါ 'ရွှေဘကွ၊ ချကွ၊ ဆော်ကွ'နှင့် အော်ဟစ်ရ၊ လက်ခုပ်တီးရ သည်မှာ အရသာရှိလိုက်သည့်ဖြစ်ခြင်း။

ကွယ်လွန်သူဆရာကြီး ဦးအောင်သင်းပြောခဲ့ဖူးသလို ကျွန်တော်တို့တွေမှာ ကိုယ့်ပတ်ဝန်းကျင် အသိုင်းအ၀န်းထဲ၌ ခံခဲ့ရတာတွေ၊ ခေါင်းငုံ့ ပေးခဲ့ရတာတွေ များလွန်းလာသည့်အခါ တုံ့ပြန်တွန်းလှန်ချင်လာသည်။ တကယ်တမ်း လက်တွေ့ကျတော့ မည်သူမှမလုပ်ရဲကြ။ ထိုအခါ ရွှေဘကဲ့သို့ ဇာတ်လမ်းတွေထဲမှာ စီးမျောပါသွားပြီး မတရားသူများကို ရွှေဘကြီး ပြန်ချသောအခါ ကျွန်တော်တို့မှာလည်း (ကိုယ့်စိတ်ထဲက ပြန်ချချင်နေသူတွေကို)တကယ်ချလိုက်ရဘိသကဲ့သို့ စိတ်ထဲမှာ အားရကျေနပ်စွာ ခံစားလိုက်ရခြင်းဖြစ်ပါသည်။

ကျွန်တော်ငယ်စဉ်က စွဲမက်ခဲ့သော မဂ္ဂဇင်းများထဲတွင် 'စုံထောက် မဂ္ဂဇင်း'လည်း ပါဝင်ခဲ့ပါသည်။ စုံထောက်မဂ္ဂဇင်း၏ အယ်ဒီတာဆရာ မိုးဝေက မဂ္ဂဇင်းထဲတွင် ကလောင်အမည်အမျိုးမျိုးဖြင့် စုံထောက်၊ စွန့်စားခန့်ဝတ္ထုများ ရေးသားခဲ့ရာ 'လူရိုးလူမိုက်'ဟူသော ၀တ္ထုတပုဒ်ကို ကျွန်တော် အလွန်နှစ်သက်ခဲ့မိပါသည်။ တောမှမြို့သို့ တက်လာပြီး ကိုယ့်ထူးကိုယ်ချွန် ကြိုးစားလုပ်ဆောင်ခဲ့ရာမှ ချမ်းသာကြွယ်ဝလာသည့် သူဌေးတဦး၏သားကလေးကို လူဆိုးဂိုဏ်းက ပြန်ပေးဆွဲပြီး ငွေတောင်းခံ ခဲ့ပါသည်။ ရဲကို တိုင်ကြားသောအခါတွင်လည်း လူဆိုးဂိုဏ်း၏နောက်ကွယ်ရှိ အာဏာရှင်ကြီးတဦးကြောင့် ရဲကမထိရဲ မတို့ရဲခဲ့ပါ။ သားကလေး လွတ်ဖို့ရာလမ်း ဘယ်လိုမှမမြင်တော့သည့်အဆုံးတွင် သူဌေးကိုယ်တိုင် လက်နက်ခဲယမ်းများကို တိတ်တိတ်ပုန်း ၀ယ်ယူကာ လူဆိုးဂိုဏ်းစခန်း ချရာနေရာသို့ တကိုယ်တော်ဝင်ရောက်တိုက်ခိုက်ချေမှုန်းပြီး သားကလေးကို ပြန်ကယ်ထုတ်လာသည့် ဇာတ်လမ်းပင် ဖြစ်ပါသည်။ အလွန်ပင် ဖတ်လို့ကောင်းလှပါသည်။ မြန်မာနိုင်ငံမှ တောသားသူဌေးတဦးအဖို့ လက်နက်ခဲယမ်းများ ၀ယ်လို့ရသည်ထားပါဦး။ ကျွမ်းကျွမ်းကျင်ကျင် ပစ်ခတ်သုံးစွဲတတ်ဖို့ဆိုသည်မှာ (လုံးဝနီးပါး)မဖြစ်နိုင်ပါချေ။ ဆရာမိုးဝေအနေဖြင့် အနောက်တိုင်းဝတ္ထု၊ ရုပ်ရှင်တခုခုမှ မှီငြမ်းရေးဖွဲ့ခဲ့ဟန်တူပါ သည်။ မည်သို့ပင်ဖြစ်စေကာမူ ဇာတ်လိုက်သူဌေးက လူဆိုးတွေကို တယောက်ပြီးတယောက် ပစ်ခတ်ချေမှုန်းလိုက်သည်များကို ဖတ်ရတော့ ကိုယ်ပါလိုက်ပြီး ကျေနပ်အားရဖြစ်၊ သားကလေးကို ကယ်ထုတ်ပြီးပွေ့ချီ ကာ နမ်းရင်းထွက်လာတာဖတ်ရတော့ ကိုယ်ပါရောယောင် ၀မ်းသာ ကြည်နူးမိခဲ့ပါသည်။
သည်လို လက်စားချေပုံမျိုး၊ ချေမှုန်းသတ်ဖြတ်ပုံမျိုးကိုကတော့ ဗုဒ္ဓအဆုံးအမသြ၀ါဒနှင့်လည်း မကိုက်ညီ၊ တရားဥပဒေအယူအဆနှင့်လည်း ဆန့်ကျင်နေပါသည်။ သို့သော် တရားဥပဒေက မမြင်ယောင်၊ မကြားယောင်၊ မသိယောင်ပြုနေရသည့် ဥပဒေအထက်မှ လူသားအချို့ အတွက်တော့ သည်လိုလုပ်ရပ်မျိုးကပင် မှန်နေသလိုလို ထင်မြင်မိပါသည်။

ယခုကိစ္စတွင်ပင်ကြည့်ပါ။ ဂျပန်သို့ပေးမည်ဆိုပြီး ငွေသိန်းရာကျော် ကြိုတင်ယူသည်။ (အချို့သူများအတွက် ငွေသိန်းရာကျော်ဆိုသည်မှာ ကလေးမုန့်ဖိုးပေးလိုက်ရသလောက်သာရှိသည် မှန်သော်ငြား ကျော်သူရ တို့လို လူမျိုးအတွက်မှာမူ တဦးတယောက်တည်းမဟုတ်၊ အဖေ၊ အမေ အပါအ၀င် မိသားစုတစုလုံး ငယ်ဘ၀ကို ကပြောင်းကပြန်လှန်ပစ်လိုက်နိုင်သည့် ပမာဏ ဖြစ်ပါသည်) ငွေယူပြီး ကတိမတည်၊ မိမိတို့ဘက်က လုပ်ဆောင်ပေးရမည့်အချက် ပျက်ကွက်လျှင် ကြိုယူထားသောငွေကို မဖြစ်မနေပြန်ပေးရမည်။ မိမိတို့ဘက်မှာ မည်သည့်အခက်အခဲရှိ၍ ပျက်ကွက်သည်ဖြစ်စေ၊ ပြန်လည်ပေးလျော်ရန် တာဝန်တော့ရှိပါသည်။ ငွေအပြည့်အ၀ ပြန်မပေးသည့်ပြင် မိဘနှစ်ပါးလုံးသေ၊ ဇနီးမှာလည်း ကင်ဆာရောဂါခံစားနေရသဖြင့် ဆေးကုသရန် (ပေးခဲ့ရသည့်ငွေ၏ အပုံ ၂၃ ပုံ ၁ ပုံမျှသာ) လာတောင်းသူကိုပင် ရက်ရက်စက်စက် ပြောလွှတ်လိုက်ရာ ကြားသိရသည်မှာ တော်တော်ကြီး တရားလွန်နေပါသည်။

နိုင်ငံခြားသို့ လူတင်ပို့ပေးသောလုပ်ငန်းဖြင့် လုပ်စားနေသူအချို့မှာ နောက်ကွယ်တွင် အပွင့်အခက် ကြီးကြီးမားမားတွေ၊ ဂေါ့ဒ်ဖားသားကြီးတွေ အားကိုးရှိသဖြင့် ပြဿနာတစုံတယောက်ပေါ်ပေါက်လာလျှင်လည်း လုံးဝ မမှုပါချေ။ ကြိုက်သည့်ရဲစခန်းမှာ တိုင်၊ ကြိုက်သည့်တရားရုံးမှာ တရားစွဲ၊ လုပ်ချင်ရာ လုပ်၊ သူတို့ကို ဖမ်းဆီးချုပ်နှောင်ခွင့်မရှိကြောင်း၊ တော်တန်ရုံ ရဲက လုံးဝ မထိရဲကြောင်း သူတို့ကောင်းစွာသိထားသည်။ ကိုယ့်အိမ်မှာပင် အနေအထိုင်၊ အသွားအလာ၊ အစားအသောက်၊ အလုပ်အကိုင်မပျက်၊ နေမြဲတိုင်းနေနိုင်သည်။ ရုံးချိန်းရှိသည့်နေ့မှာ တရားရုံးသို့ သွားမည်။ ရှေ့နေကောင်းကောင်းငှားပြီး ထုချေခိုင်းမည်။ ဥပဒေကိုသားရေကွင်းလို ကျုံ့လိုက်၊ ဆန့်လိုက်လုပ်ပစ်သည်။ တရားရင်ဆိုင်ရတာ နှစ်နှင့်ချီပြီး ကြာချင်သလောက် ကြာပစေ။ ဘာမှမဆုံးရှုံး၊ မထိခိုက်။

အမှန်တကယ် ဆုံးရှုံးနစ်နာခဲ့ရသဖြင့် တရားစွဲဆိုသူတို့မှာ အမှုရင် မဆိုင်ခင်ကတည်းက (ရှိစုမဲ့စုပေါင်နှံရောင်းချပြီးပေးထားခဲ့ရသဖြင့် ကုန်းကောက်စရာမရှိအောင်ပင်) မွဲပြာကျနေခဲ့ပြီ။ အတိုးဖြင့်ချေးထားခဲ့သောငွေများအတွက်လည်း အတိုးနှုန်းက တရိပ်ရိပ်တက်နေပြီ။ တရားစရိတ်က ထပ်ကုန်ဦးမည်။ ပြီးတော့ ကိုယ်က ရန်ကုန်မြို့ခံမဟုတ်၊ နယ်မှ ရပ်ဝေးမှ။ နဂိုက မွဲနေရသည့်ထဲ ရုံးချိန်းလေး၊ ငါးခြောက်ခါလာလိုက်ရလျှင်ပင် စရိတ်နှင့် ကျွန်ဖြစ်ကာနီးပြီ။ အမှုက နှစ်နှင့်ချီပြီး ကြာမြင့်မည်ဖြစ်ရာ အလုပ်ပျက်၊ အကိုင်ပျက်၊ ဘ၀ပျက် သံသရာထဲမှာပဲ ၀ဲလည်နေရပေတော့ မည်။ နှစ်ချီကြာမြင့်ပြီးမှ အမှုနိုင်၍ ငွေအားလုံးပြန်ရသည်ထားဦး၊ ထိုအချိန် တွင် ပြန်ရသည့်ငွေမှာ ကြွေးရှင်ထံ အတိုးဆပ်လိုက်ရသည်နှင့်ပင် ကုန် သွားနိုင်လောက်ပါသည်။ အရင်းဆပ်ဖို့ဆိုတာတော့ ဝေလာဝေး။
ယင်းသို့တွေးဆကြည့်မိသောအခါတွင် လောက၌ မတရားသူ၊ တရားမဲ့သူတို့ကသာ အနိုင်ရနေသလို ဖြစ်နေပါသည်။ မရှိဆင်းရဲလွန်းသဖြင့် သူများနိုင်ငံမှာ ကျွန်သွားလုပ်ဖို့ ထွက်လိုသူတွေမှာ ဒုက္ခပင်လယ် ဝေကာ ရှုံးပြီးရင်းရှုံး၊ အရှုံးသံသရာထဲမှာသာ ၀ဲလည်နစ်မြောနေရမလို ဖြစ်နေပါသည်။
တရားစီရင်မှာကို မစောင့်စားနိုင်တော့သဖြင့် ယခုလို ကိုယ်တိုင် ကိုယ်ကျတရားစီရင်လိုက်ပြန်တော့လည်း ကိုယ့်ဘ၀မှာ၊ ကိုယ့်မိသားစုမှာ တပူပေါ်နှစ်ပူဆင့်ရပြန်ပါတော့သည်။ ကိုယ်တိုင်က လူသတ်မှုဖြင့် နှစ်ရှည် ထောင်ဒဏ် (အခန့်မသင့်ပါက သေဒဏ်ထိ)ခံစားရမည်ဖြစ်သလို ရောဂါသည်ဇနီးခမျာလည်း အားကိုးရာမဲ့ ကျန်ရစ်ခဲ့မည် ဖြစ်ပါသည်။

သို့သော် မတရားသူများလောကတွင်လည်း ယခုဖြစ်စဉ်သည် သတိပေးခေါင်းလောင်းသံပင် ဖြစ်ပါတော့သည်။ ရိုးရိုးသတိပေး ခေါင်းလောင်းသံမဟုတ်ပါ။ ပြင်းထန်စူးရှကျယ်လောင်လှသည့် သတိပေးခေါင်း လောင်းသံကြီး ဖြစ်ပါသည်။ ''ငါတို့လောကမှာ တရားဥပဒေနှင့် တရားစီရင်ရေးကိုပဲ ကြိုက်သလို ခြယ်လှယ်နိုင်မယ်။ အခုလို စိတ်ဓာတ်ပြင်းထန် ပေါက်ကွဲတတ်တဲ့သူမျိုးနှင့် ကြုံလိုက်ရင်တော့ ငါတို့ဘက်မှာလဲ အကွဲကြီး ကွဲမှာပဲ''ဟူသော အသိမျိုးရသွားစေနိုင်ပါတယ်။ ထိုကဲ့သို့ ''မျက်လုံးတလုံး အတွက် မျက်လုံးတလုံး''စီရင်ခြင်းမျိုးကိုသာ ကြုံတွေ့ရပါလျှင် ကိုယ့်အလှည့်ကျ ခံနိုင်ရည်ရှိပါမည်လားဟု အတွေးဝင်လာကာ မဟုတ်တာ၊ မတရားတာ လုပ်လိုစိတ်များ လျော့ပါးသွားနိုင်၊ လုံးဝပျောက်ကွယ်သွားနိုင် ပါသည်။

အချို့က ပြောကြပါသေးသည်။ ''သည်လို သိန်းရာချီပေးနိုင်တာ များ၊ အဲသည်ငွေနှင့် ကိုယ့်ဆီမှာပဲ လုပ်စားပါတော့လား။ သူတို့ကိုက အ,လို့၊ န,လို့ သိသိကြီးနှင့် သွားပေးတဲ့ဥစ္စာ။ ခံရမှာပေါ့''ဟု ကြားမိပါသည်။ သည်မျှငွေနှင့် ကိုယ့်ဆီမှာလုပ်စားလျှင် ရမည့်အကျိုးအမြတ်၊ ဂျပန်မှာလုပ်လျှင် (ကျွန်သွားခံရလျှင်) ရမည့်အကျိုးအမြတ်၊ နှစ်ခုနှိုင်းဆကြည့်ပြီး များစွာကွာခြားသာလွန်သဖြင့်သာ ဂျပန်သွားဖို့ ကြိုးစားခဲ့ကြခြင်း ဖြစ်ပါသည်။ ကိုယ့်တိုင်းပြည်မှာလုပ်၍ (ဂျပန်က၊ စင်ကာပူက၊ ကိုရီးယား က၊ ဘရူနိုင်းက)၀င်ငွေမျိုးသာရနေပါလျှင် ဘယ်သူသွားလုပ်ပါမည်နည်း။
ကျွန်တော်ဖတ်ရသော သတင်းထဲမှာ ''ကျွန်တော့် အပြစ်ကိုလည်း ၀န်ခံချင်တယ်။ လိမ်တဲ့ညာတဲ့သူတွေကိုလည်း ဖော်ထုတ်ဖမ်းဆီးစေချင် ပါတယ်။ ဒါမှ အများပြည်သူတွေကို ဆင်ခြင်နိုင်ကြမှာပါ။ ကျွန်တော့် ဘ၀တလျှောက်လုံး ဘာပြစ်မှုမှ မကျုးလွန်ခဲ့ဖူးပါဘူး။ တရားဥပဒေနှင့် ရဲတပ်ဖွဲ့အပေါ် ယုံကြည်လို့ ကိုယ်တိုင်လာရောက် အဖမ်းခံတာပါ''ဟူသော ထွက်ဆိုချက်ကိုဖတ်ရသည့်အခါ တနုံ့နုံ့ ခံစားရပါသည်။ ကျော်သူရ ကတော့ ဘ၀နှင့်ရင်း၍၊ မိသားစုနှင့်ရင်း၍ ခေါင်းလောင်းတလုံးကို ထိုးခဲ့ပါပြီ။ သည်လိုမျိုးအဖြစ်ဆိုးတွေ . . . သည်မှာတင်ပဲ တခန်းရပ်နိုင်ကြပါစေ။

မှန်ဘီလူး
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

နေပြည်တော်က သမ္မတအိမ်တော်မှာ ဧပြီလ ၁ဝ ရက်နေ့က ကျင်းပတဲ့ ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲကို တွေ့ရစဉ် Photo: Myo Thant Khaing/RFA

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ဟာ ခြောက် ပွင့်ဆိုင်တွေ့ဆုံပွဲနဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး အတွက် စိတ်အား ထက်သန်ပုံ မရဘူးလို့ ပြောကြားလိုက်ပါတယ်။

RFA က သီးသန့်တင်ဆက်နေတဲ့ ဒီမိုကရေစီခရီးကြမ်း နဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် ဗုဒ္ဓဟူးနေ့ညနေပိုင်း ဆက်သွယ်မေးမြန်းရာမှာ သူက အခုလိုပြောကြားလိုက်တာဖြစ်ပါတယ်။

"ဘာလဲဆိုတော့ အခုထက်ထိလည်း ဒုတိယအကြိမ် အစည်းအဝေးမခေါ်သေးဘူးဆိုတော့ ဒါစိတ်အား ထက်သန်မှု မရှိဘူးလို့ ဒီလိုပဲတွက်ရမှာပဲ၊ အစကတော့ အစ်မတို့ သဘောတူထားတာက လွှတ်တော်မတိုင်မီ ဒါမှမဟုတ် လွှတ်တော်စခါစဆိုပေမဲ့ အခုက လွှတ်တော်စတာပဲ တစ်ပတ်ကျော်သွားပြီလေ၊ ဘာမှပြောတာဆိုတာ အသံမကြားရသေးဘူး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးကိုလည်း စိတ်အား ထက်သန်မှုမရှိဘူးနဲ့ တူပါတယ်"

ဒါ့အပြင် လူဦးရေတိုးပွားမှု ထိန်းချုပ်တဲ့ဥပဒေကို ပြဌာန်းခဲ့တာဟာ ဥပဒေနဲ့ကိုက်ညီခြင်း မရှိဘူးလို့ လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ အဲ့ဒီဥပဒေနဲ့ ပတ်သက်ပြီး ဒုတိယရှေ့နေချုပ်က ဒီဥပဒေကို မလိုက်နာလည်း ဘာမှအရေးယူမှာမဟုတ်ကြောင်း၊ ဒီဥပဒေဟာ အကြံပေးချက် သဘောမျှဖြစ်ကြောင်း လွတ်တော်မှာ လာရောက်ရှင်းပြခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

"အဲ့ဒါ မလိုက်နာရင်လည်းရပါတယ်ဆိုတော့ အဲ့ဒါဥပဒေပြဌာန်းဖို့ လိုသလားလို့၊ ဥပဒေဆိုတာ လိုက်နာရမယ်၊ မလိုက်နာလို့ရှိရင် အရေးယူမယ်ပေါ့၊ သူ့ဥပဒေရဲ့ သက်မှတ်ချက်အရ ဒီလိုလည်းမဟုတ်ဘူးတဲ့ ဒါဟာဘာ ကကောင်းတယ်ဆိုပြီး ညွှန်ပြတဲ့သဘောမျိုးလို့ဆိုတော့ ပညာပေးတယ်ဆိုတာ ဥပဒေမှမဟုတ်ပဲ"

တဆက်တည်းမှာပဲ ဒုက္ခသည်ပြသနာတွေပေါ်ပေါက်ရတဲ့ မူရင်းဇစ်မြစ်ကို ရှာဖွေဖြေရှင်းဖို့ လိုကြောင်းလည်း သူကပြောကြားခဲ့ပါတယ်။ အပြည့်အစုံကို ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်မှာ နားဆင်ပါ။

RFA Burmese

http://www.rfa.org/burmese

ကျောက်တိုင် ကျောက်မုခ်ဦးတွေ နဲ့ မြို့ဟောင်းကြီး
IS အစ္စလာမ္မစ် နိုင်ငံတပ်က အရှေ့အလယ်ပိုင်းက အကြီးဆုံး ရှေးဟောင်း အမွေအနှစ် နေရာ ဖြစ်တဲ့ ဆီးရီးယား က ပါလ်မိုင်ရာ မြို့ဟောင်းကို ထိန်းချုပ် နိုင်သလောက် ရှိနေပါပြီ။

ယူနက်စကို အဖွဲ့ က အရေးကြီးတဲ့ ကမ္ဘာ့ မှတ်တိုင် ဌာန တခု အဖြစ် သတ်မှတ် ထားတဲ့ ဒီမြို့ဟောင်းကို စစ်သွေးကြွတွေ ဖျက်ဆီးမှာ ကို စိုးရိမ်နေကြပါတယ်။

အရင်ကလည်း အီရတ် နိုင်ငံမှာ အစ္စလာမ်ဘာသာ မထွန်းကားမီ ခေတ်တွေက Hatra နဲ့ Nimrud တို့လို ရှေးဟောင်း ယဉ်ကျေးမှု မြို့တော်ကြီး တွေကို IS တွေက ဖျက်ဆီး ပစ်ခဲ့ဖူးပါတယ်။

ပါလ်မိုင်ရာ မြို့ဟောင်းကြီး ဟာလည်း ကျောက်တိုင်တွေ ကျောက်မုခ်ဦးကြီးတွေ နဲ့ အတိပြီးတဲ့ မြို့ဟောင်းကြီးပါ။

ခရစ်တော် မပေါ်မီ တရာစု ကနေ တည်ထောင်လာခဲ့ပြီးတဲ့နောက် ရောမ ခေတ်မှာ ထင်ရှား ကြီးကျယ် လာခဲ့ပါတယ်။ နောက်ပိုင်း ဒီမြို့ကနေ လက်နက် နိုင်ငံကြီး တခု ကို တူရကီ ကနေ အီဂျစ် ထိ ဖြန့်ကျက် အုပ်စိုး ခဲ့ပါသေးတယ်။

ခုထက်ထိ မြို့ရဲ့ တပိုင်းတစလောက်ကိုပဲ တူးဖော်နိုင်သေးတာ ဖြစ်ပါတယ်။ မြို့ရဲ့ ရှေးဟောင်း ယဉ်ကျေးမှု လက်ကျန် ပစ္စည်းတွေက အပေါ်ယံမှာတင် သဲနဲ့ဖုံးအုပ်နေတာမို့ လုယက် ဖျက်ဆီးခံရတဲ့ အန္တရာယ်နဲ့ နီးစပ် လှပါတယ်။

ဒါကြောင့် ဒီမြို့ကြီးကို IS တွေများ ဖျက်ဆီး ပစ်လိုက် ရင် အရှေ့အလယ်ပိုင်းရဲ့ ရှေးဟောင်း ယဉ်ကျေးမှု သမိုင်းတွေ ပျောက်ပျက်ကုန်မှာ ကို စိုးရိမ် နေကြတာပါ။

စစ်သွေးကြွတွေ ထိန်းချုပ် ထား

ပါလ်မိုင်ရာနားက တဒ်မျူး မြို့မြောက်ပိုင်း ကိုလည်း စစ်သွေးကြွတွေ ထိန်းချုပ် ထားပြီလို့ သိရပါတယ်။

ပါလ်မိုင်ရာ မြို့ကို အစိုးရ ဘက်ကရော IS တွေ ကပါ အကြီးအကျယ် ဗုံးကြဲ ခံရတယ်လို့ မြို့ခံ တွေက ပြောပါတယ်။

မြို့တောင်ပိုင်းက ယဉ်ကျေးမှု မှတ်တိုင် တွေထဲက ရာနဲ့ချီတဲ့ ရုပ်တုတွေကို ရွှေ့ပြောင်းနိုင်ခဲ့ပေမယ့် ကျောက်တိုင်ကြီးတွေကိုတော့ မရွှေ့နိုင်ခဲ့ပါဘူး။

ဒီအမွေအနှစ်တွေ ကို ကာကွယ်ဖို့ IS တွေကို အမေရိကန် ခေါင်းဆောင်တဲ့ ညွန့်ပေါင်း တပ်တွေက တိုက်ခိုက်ကြဖို့ ဆီးရီးယား ရှေးဟောင်း ကျောက်စာ ဌာန မှူး Maamoun Abdul Karim က တိုက်တွန်း ခဲ့ပါတယ်။

အချက်အချာကျ

ပါလ်မိုင်ရာနဲ့ တဒ်မျူး မြို့တွေဟာ ဆီးရီးယား မြို့တော် ဒမတ်စကပ် ကို သွားတဲ့ လမ်းပေါ်မှာ ရှိတဲ့ အချက်အချာ မြို့တွေ ဖြစ်ကြပါတယ်။ ဓာတ်ငွေ့ တွင်းတွေနဲ့လည်း နီးကပ် နေပါတယ်။

ဒါကြောင့် ဒီနေရာကို သိမ်းပိုက်ဖို့ စစ်ရေး အရ အရေးကြီးတယ်လို့ ဘီဘီစီ အာရပ်ရေးရာ သုံးသပ်သူ Sebastian Usher က ပြောပါတယ်။

ကမ္ဘာက ဒီရှေးဟောင်း ပစ္စည်းတွေထိခိုက်မှာ စိုးရိမ် နေကြချိန်မှာ IS တွေက ဒါတွေကို ရုပ်တု ကိုးကွယ်မှုတွေ အနေနဲ့ ရည်ရွယ်ချက် ရှိရှိ ဖျက်ဆီး နေကြပါတယ်။

ဆီးရီးယား အစိုးရ အနေနဲ့ ဒီနယ်မြေ ဒေသကို ထိန်းဖို့ အကောင်းဆုံး ကြိုးစား သွားမယ်လို့ ပြည်ထဲရေး ဝန်ကြီး Mohamad Al-Shaar က ပြောကြား ခဲ့ပါတယ်။

အမေရိကန် ညွန့်ပေါင်းတပ်တွေရဲ့ လေကြာင်း ထိုးစစ် တွေက IS နယ်မြေ တွေကို ထိုးဖောက်တိုက်ခိုက်နေကြပေမယ့်လည်း ဆီးရီးယား အစိုးရနဲ့ ပူးပေါင်း စစ်ဆင်တာတွေတော့ မရှိသေးပါဘူး။

BBC Burmese
http://www.bbc.com/burmese

ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ ပျောက်ကြားဝတ်စုံဆင်တူဝတ်ဆင်ပြီး လုံခြုံရေးလှည့်လည်နေတဲ့ တရားဥပဒေစိုး မိုးရေးနဲ့ ငြိမ်းချမ်းရေးအဖွဲ့က သတင်းစာ ရှင်းလင်းပွဲ ကျင်းပပြီး သူတို့ဟာ တောင်ကြီးမြို့မှာ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းတွေ မဖြစ်စေဖို့နဲ့ ပရဟိတလုပ်ငန်းတွေ ဆောင်ရွက်ဖို့အတွက် ဖွဲ့စည်းထားတာ ဖြစ်ကြောင်းပြော ပါတယ်။

တောင်ကြီးမြို့မဟာ ဓမ္မီကာရာမကျောင်းတိုက်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ တရားဥပဒေစိုးမိုးရေးအဖွဲ့ ဥက္ကဌ ဦးသန်းရွှေက သူတို့အဖွဲ့အပေါ် ဝေဖန် ကန့်ကွက်မှုတွေ ရှိနေတာကြောင့် ဖြေရှင်းတာဖြစ်ကြောင်း အခု လိုပြောပါတယ်။

"ကျနော်တို့ကတော့ သီးခြားအနေနဲ့ ရပ်တည်ပြီးတော့ ဆရာတော်သံဃာတော်များနဲ့ ပတ်သက်တဲ့ကိစ္စဆို ရင် တောင်ကြီးမြို့နယ်တွင်းမှာရှိတဲ့ ဆရာတော် သံဃာတော်များရဲ့သြဝါဒခံယူပြီးတော့ ဆောင်ရွက်ပါတယ်၊ အရပ်ဘက်အဖွဲ့အစည်းများနဲ့ ပတ်သက်ရင်တော့ အာဏာပိုင်အဖွဲ့အစည်းများနဲ့ ပူးပေါင်း ပြီးတော့ဆောင် ရွက်ပါတယ်၊ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းမဖြစ်ပွားရေးကို ကျနော်တို့က ဆရာတော်တွေနဲ့ သြဝါဒ ခံယူပြီးတော့ ဆောင်ရွက်ပါတယ်"

ဒီနေ့ သတင်းစာရှင်းလင်းပွဲကို မြို့နယ် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး အဖွဲ့က ဆရာတော်တွေလည်း တက်ရောက်ပြီး တရားဥပဒေစိုးမိုးရေးနဲ့ ငြိမ်းချမ်းရေးအဖွဲ့ဟာ မဘသအဖွဲ့လက်အောက်ခံမဟုတ်ကြောင်း၊ မဘသနဲ့ မသက်ဆိုင်ကြောင်း မိန့်ကြားပါတယ်။

အဲဒီအဖွဲ့ဟာ ဒီနှစ် ဧပြီလမှာ စတင်ပေါ်ပေါက်လာတာဖြစ်ပြီး အေးသာယာ၊ တောင်ကြီး၊ ရွှေညောင်နဲ့ ညောင်ရွှေမြို့ တို့မှာ စုစုပေါင်းအဖွဲ့ဝင် တစ်ထောင်ကျော် ရှိတယ်လို့ သိရပါတယ်။

အဲဒီအဖွဲ့ကို ကန့်ကွက်ကြောင်း ဒေသခံတွေက လက်မှတ်ရေးထိုးပြီး ရှမ်းပြည်နယ် ၀န်ကြီးချုပ်နဲ့ အစိုးရဌာန အဆင့်ဆင့်ကို တင်ပြထားတာဖြစ်ပါတယ်။

RFA
http://www.rfa.org/burmese/news/non-govt-security-group-taunggyi-05202015123041.html


မြန်မာဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်မှာ ပြန်လည်ဆွေးနွေးနေကြရာမှာ၊ ဥပဒေကြမ်းပါ စာသားအချို့ ပြင်ဆင်ဖို့ လွှတ်တော်ဥပဒေကြမ်းကော်မတီမှာ ဒီကနေ့ ကြားနာပွဲပြုလုပ်ပါတယ်။

လွှတ်တော်အမတ်တွေကြားမှာတော့ ဒီဥပဒေကြမ်းနဲ့ ပတ်သက်လို့ အငြင်းပွားမှုတွေ ရှိနေဆဲပါ။ အပြည့်အစုံကို စုံစမ်းမေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

မျိုးစောင့်ဥပဒေလို့ လူသိများကြတဲ့ ဥပဒေကြမ်းလေးခုထဲက တခုဖြစ်တဲ့ မြန်မာဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က အတည်ပြုပြီးတဲ့နောက် အခု အမျိုးသားလွှတ်တော်မှာ ဆွေးနွေးနေကြတာပါ။ ဒီဥပဒေကြမ်းဟာ ဖွဲ့စည်းပုံပါ အချက်အလက်တွေနဲ့ ကွဲလွဲတာကြောင့် ဥပဒေကြမ်းပါ အချက်အချို့ကို ပြင်ဆင်ဖို့ လိုတယ်လို့ ဒီကနေ့ လွှတ်တော်ကော်မတီ ကြားနာပွဲအတွင်း ဆွေးနွေးတင်ပြခဲ့တယ်လို့ အမျိုးသားလွှတ်တော်အမတ် ဦးသိန်းဆွေက ဗွီအိုအေကို ပြောပါတယ်။

“ဖွဲ့စည်းပုံ အခြေခံဥပဒေမှာပါတဲ့ ပုဒ်မ ၆ (င) ပေါ့နော်၊ နိုင်ငံတော်မှာ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်း၊ လောကပါလ ထွန်းကားဖို့။ နောက် ပုဒ်မ ၂၁ (က) မှာ နိုင်ငံသားတိုင်းဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ သတ်မှတ်ပြဌာန်းထားတဲ့ တန်းတူညီမျှမှု အခွင့်အရေးတွေ၊ လွတ်လပ်မှု အခွင့်အရေးတွေ၊ တရားမျှတမှု အခွင့်အရေးတွေ ခံစားခွင့်ရှိတယ်ဆိုတဲ့အကြောင်း ပုဒ်မ ၃၄၇ မှာ နိုင်ငံတော်ဟာ မည်သူ့ကိုမဆို ဥပဒေအရာမှာ တန်းတူညီမျှ အခွင့်အရေး ရှိရမယ်၊ ဥပဒေရဲ့ အကာအကွယ်ကို တန်းတူညီမျှ ရပိုင်ခွင့် ပေးရမယ်။ နောက်တခုကတော့ ပုဒ်မ ၃၄၈ မှာ နိုင်ငံတော်ဟာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ မည်သည့်နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ ရာထူးဌာနန္တရ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲ၊ ချမ်းသာတို့ကို အကြောင်းပြု၍ ခွဲခြားမှုမရှိစေရ။ နောက်တခုကတော့ ကျနော်တို့ ပုဒ်မ ၃၆၂ မှာလည်း နိုင်ငံတော်ဟာ ခရစ်ယာန်ဘာသာ သာသနာ၊ အစ္စလာမ်ဘာသာ သာသနာ၊ ဟိန္ဒူဘာသာ သာသနာ၊ နတ်ကိုးကွယ်သော ဘာသာတို့ကို ဖွဲ့စည်းပုံအခြေခံ အာဏာတည်တဲ့နေ့မှာ နိုင်ငံတော်မှာ ရှိနေတဲ့ ကိုးကွယ်ရာ ဘာသာများဟူ၍ အသိအမှတ်ပြုတယ်၊ နောက်တခုက ပုဒ်မ ၃၆၄ မှာ နိုင်ငံရေးကိစ္စ အလို့ငှာ ဘာသာ၊ သာသနာကို အလွဲသုံးစား မလုပ်ရ၊ ထို့အပြင် လူမျိုးရေးကြောင့်သော်လည်းကောင်း၊ ဘာသာရေးကြောင့်လည်းကောင်း တဖက်နဲ့တဖက်၊ တဂိုဏ်းနဲ့တဂိုဏ်း၊ မုန်းတီးခြင်း၊ ရန်မူခြင်း၊ စိတ်ဝမ်းကွဲခြင်း တမျိုးမျိုး ပေါ်ပေါက်လာစေရန် ရည်ရွယ်တဲ့၊ သို့မဟုတ်၊ ပေါ်ပေါက်လာရန် အကြောင်းရှိတဲ့ အပြုအမူဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ဆန့်ကျင်တယ်ဆိုတာ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာပါတဲ့ အချက်တွေ အပေါ်မှာ ကျနော်တို့က အခြေခံပြီးတော့ နိုင်ငံတကာရဲ့ စံနှုန်းတွေ၊ လူ့အခွင့်အရေး စံနှုန်းတွေကို သုံးသပ်ပြီးတော့ ဒီဥပဒေကို ကျနော်တို့ အနေနဲ့ ရေးဆွဲ့ဖို့ လိုတယ်ဆိုတဲ့ ရှုဒေါင့်ကနေပြီးတော့၊ ဦးမင်းဦးတို့ ကျနော်တို့ကနေပြီးတော့ ဆွေးနွေးကြတယ်ပေါ့။”

အခု ဥပဒေကြမ်းအပါအ၀င် မျိုးစောင့်ဥပဒေတွေလို လူသိများကြတဲ့ ဥပဒေကြမ်းတွေဟာ အမျိုးသမီးအခွင့်အရေးကို ထိခိုက်စေသလို၊ ဘာသာရေးအရ ခွဲခြားမှု ဖြစ်စေလိမ့်မယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ယူဆကြပါတယ်။ ဒါပေမဲ့ အခု ဥပဒေကြမ်းဟာ မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးတွေရဲ့ အခွင့်အရေးအတွက် ဖြစ်ပါတယ်လို့ အမျိုးသားလွှတ်တော်အမတ် ဒေါ်ခင်ဝိုင်းကြည်က ယူဆပါတယ်။

“ကျမသဘောထားကတော့ အမျိုးသမီးတွေရဲ့ ဘ၀လုံခြုံရေးအတွက် နိုင်ငံတကာ၊ worldwide အနေနဲ့ ဆိုရင်လည်း သူတို့ နိုင်ငံအသီးသီး၊ ဘာသာအသီးသီးမှာ သူ့တို့ဟာနဲ့သူတို့ ရှိကြပြီးသား။ ကျမတို့ ဘာသာကြီး ၄ ခုပဲ တွက်လို့ရှိရင် ကျန်တဲ့ အစ္စလာမ်၊ ခရစ်ယာန်၊ နောက်ပြီးတော့ ဟိန္ဒူ စသဖြင့် သူတို့ဟာသူတို့ ခုနှစ်သက္ကရာဇ်တွေနဲ့၊ သူတို့ ဥပဒေတွေနဲ့၊ ပြဌာန်းချက်တွေနဲ့ ရှိပြီးသား။ ကျမတို့က ၁၉၅၄ တော့ရှိတယ်။ သို့သော်လည်း အသက်မ၀င်ဘူး။ နောက်တခါကျတော့ အခုအချိန်နဲ့ သဟဇာတ မဖြစ်တော့ဘူး။ အဲဒီကျတဲ့အခါ ကျမတို့က လိုအပ်တဲ့ အကြံဥာဏ်တွေနဲ့ လိုအပ်တဲ့ အခြေအနေတွေနဲ့ စုပေါင်းပြီးတော့မှ အမျိုးသမီးတွေအတွက် လုံခြုံမှုရှိမယ့် ဥပဒေတခုကို ကျမတို့က တောင်းဆိုတာပေါ့နော်။”

ဗုဒ္ဓဘာသာဝင်တဦးလည်းဖြစ်တဲ့ လွှတ်တော်အမတ် ဦးသိန်းဆွေကတော့ ဒီဥပဒေကြာင့် ဗုဒ္ဓဘာသာရဲ့ ပုံရိပ်ကို ထိခိုက်မှာလည်း စိုးရိမ်နေတာတွေ့ရပါတယ်။ ဒီဥပဒေ အတည်ဖြစ်လာရင် လက်တွေ့ ကျင့်သုံးဖို့ အခက်အခဲရှိမယ်လို့ သူက ယူဆပါတယ်။

“ကျနော်တို့ ဥပဒေတခု ပြဌာန်းပြီးပြီဆိုရင်၊ ဒီဥပဒေဟာ ကျနော်တို့ နိုင်ငံသူနဲ့ နိုင်ငံသားတွေအပေါ်မှာ အကျိုးရှိဖို့တော့လိုတယ်။ နောက် ဒီဥပဒေရဲ့ သက်ရောက်မှု ရှိဖို့တော့ လိုတယ်လေ။ အဲဒီတော့ ဥပဒေပြဌာန်းပြီး၊ ဒီဥပဒေ သက်ရောက်မှုကို ပီပီပြင်ပြင် မလုပ်နိုင်ဘူးဆိုရင်တော့ ကျနော်တို့ ဥပဒေတွေကို ပြဌာန်းတာတော့ အဟောသိကံ ဖြစ်မယ်ပေါ့နော်။”

မျိုးစောင့်ဥပဒေကြမ်း လေးခုထဲမှာတော့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ လူဦးရေတိုးပွားမှု ထိန်းချုပ်ရေးဥပဒေကြမ်းတခုကိုပဲ ပြည်ထောင်စုလွှတ်တော်ကနေ အတည်ပြုပြီးဖြစ်ပါတယ်။ ဒီ ဥပဒေကြမ်းတွေဟာ လွတ်လပ်စွာကလေးမွေးဖွားခွင့် အမျိုးသမီးအခွင့်အရေးနဲ့ လွတ်လပ်စွာ ဘာသာတရား ကိုးကွယ်ခွင့်တွေကို အဟန့်အတား ဖြစ်စေတယ်ဆိုပြီ အမေရိကန် နိုင်ငံခြားရေးဌာနက ထုတ်ပြန်ထားပါတယ်။ ဒီအတွက် စိုးရိမ်ကြောင်းနဲ့ ဒီ ဥပဒေအရ နိုင်ငံတွင်း မတူညီတဲ့ လူမျိုးစုတွေအကြား နိုင်ထက်စီးနင်းဆက်ဆံမှု ခွဲခြားဆက်ဆံမှုတွေ ဖြစ်လာနိုင်တယ်လို့လည်း အမေရိကန် ပြည်ထောင်စုက သတိပေးထားပါတယ်။

VOA
http://burmese.voanews.com/content/interfaith-married-bill/2779631.html

ပြည်သူ့ဂုဏ်ရည်အသင်း နောက်ဆုံးရ သတင်းနှင့် ဖိတ်ကြားစာ
(၁)

ပြည်သူ့ဂုဏ်ရည်ဆုရွေးချယ်ပြီးစီး ဇွန်(၇)တွင်ဂုဏ်ပြုကျေညာမည်

၂ဝ၁၅ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆုရှင်နှင့်ပြည်သူ့ဂုဏ်ရည်အထူးဆုရှင်များကို အပြီးသတ် ရွေးချယ်ပြီးစီးပြီ ဖြစ်ပါသည်။

၂ဝ၁၅ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆုရှင်(၁)ဦး နှင့် အထူးဆုရှင်(၂)ဦးတို့ကို ရွေးချယ်ခဲ့ပါသည်။

ဆုရှင်များကို ဆုတံဆိပ်များနှင့်အတူ ပြည်သူ့ဂုဏ်ရည်ဆုအတွက် ဒေါ်လာတစ်သောင်းနှင့် အထူးဆုရှင်များအတွက်

ဒေါ်လာတစ်ထောင်စီ ဂုဏ်ပြုချီးမြှင့်သွားမည် ဖြစ်ပါသည်။

ဆုရှင်အမည်စာရင်းကို ၂ဝ၁၅ခုနှစ် ဇွန်လ(၇)ရက် နယူးယောက်ပြည်နယ် ယူတီကာမြို့

MOHAWK VALLEY COMMUNITY COLLEGE တွင်အခမ်းအနားဖြင့် ဂုဏ်ပြုကျေညာသွားမည်ဖြစ်ပါသည်။

ပြည်သူ့ဂုဏ်ရည်အသင်းကို ပြည်ပရောက်မြန်မာပြည်ဖွားတိုင်းရင်းသားမိသားစုများဖြင့် ဖွဲ့စည်းထားပြီး

မြန်မာပြည်မှ ကိုယ်ကျိုးစွန့်၍ အများအကျိုးကိုစွမ်းစွမ်းတမံ ဆောင်ရွက်ကြသူများကို နှစ်စဉ်နှစ်တိုင်း ရွေးချယ်၍ ဂုဏ်ပြုပွဲများဖြင့် ပြည်သူ့ဂုဏ်ရည်ဆုများချီးမြှင့်လျက်ရှိပါသည်။

၂ဝ၁ဝခုနှစ်မှ စတင်၍ဆုများချီးမြှင့်ခဲ့ရာ ယခုနှစ်သည်(၆)ကြိမ်မြောက်ဖြစ်ပါသည်။



သတင်းနှင့်ပြန်ကြားရေးကော်မီတီ

ပြည်သူ့ဂုဏ်ရည်အသင်း

ဆက်သွယ်ရန်။ ။ ၇ဝ၂ ၃၇၆ ၅၇၅၈ (အခမဲ့ Viber ဖြင့်လည်းဆက်သွယ်နိုင်ပါသည်။)

(၂)

၂ဝ၁၅ ခု ဆဋ္ဌမအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲ အခမ်းအနားသို့ ကြွရောက်ချီးမြှင့် ပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

နေ့ရက် ။  ။ ၂ဝ၁၅ ခု ဇွန်လ (၇) ရက်၊ တနင်္ဂနွေနေ့

အချိန်   ။  ။ နံနက် (၁၁) နာရီ မှ ညနေ (၅) နာရီ

(မှတ်ချက်။ ။ယခင်ဖိတ်စာပါ ပွဲစချိန် နံနက် ၉ နာရီ ကို နံနက် ၁၁ နာရီ အဖြစ်ပြင်ထားပါသည်။)

အကျွေးအမွေး အစီအစဉ်ကို နံနက်(၁၁)နာရီတွင် စတင်ပြီး

ဂုဏ်ပြုပွဲ အခမ်းအနားကို နေ့လယ်(၁)နာရီတိတိ အချိန်တွင် စတင်ပါမည်။

အခမ်းအနားတွင် ဒေသခံများ၏ အဆိုအကများဖြင့် ဖျော်ဖြေတင်ဆက်ပါမည်။

နေရာ ။  ။ Mohawk Valley Community College

             1101 Sherman Drive, Utica, New York 13501-539

             https://www.mvcc.edu/

ပွဲအစီအစဉ်နှင့် အထွေထွေဆက်သွယ်ရန်။ ။

ကိုထွန်းထွန်း(အော်ဘာနီ 518-221-4922)၊ ဦးတင်စိန် (ယူတီကာ 315-368-5618)

Design Credit:Ko Than Naing ( COBA Florida Chapter )
http://www.citizenofburma.org


ထိုင်းနိုင်ငံက ကမကထလုပ်ကျင်းပမယ့် ရွှေ့ပြောင်း ၀င်ရောက်သူများ ဆိုင်ရာ စည်းဝေးပွဲကို တက်ရောက်မယ့်အကြောင်း မြန်မာအစိုးရက အတည်ပြုပါတယ်။ လှေစီးပြေး ဒုက္ခသည်တွေအရေး ဖြေရှင်းနိုင်ဖို့ လူကုန်ကူးမှု တိုက်ဖျက်ရေးကို ဒေသတွင်းအစိုးရတွေနဲ့ မြန်မာအစိုးရဘက်က ပူးပေါင်းဆောင်ရွက်မယ့် တချိန်တည်းမှာပဲ မြန်မာ့ရေပြင်ပိုင်နက်အတွင်း လူကုန်ကူမှုမရှိရေးနဲ့ ပင်လယ်ပြင်အတွင်း လှေတွေနဲ့ မျောပါနေကြတဲ့ လူကုန်ကူးခံရသူတွေ အကူအညီ လိုအပ်ရင်လည်း မြန်မာ့တပ်မတော်က ကူညီပေးဖို့ အဆင့်သင့် ရှိနေတယ်လို့လည်း ပြောဆိုလိုက်ပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက်က တင်ပြထားပါတယ်။

ထိုင်းနိုင်ငံထဲမှာ မြန်မာနဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံတို့က နယ်စပ်ဖြတ်ကျော် ၀င်ရောက်လာသူတွေလို့ ယူဆရသူတွေရဲ့ ရုပ်အလောင်းတွေ အစုလိုက် အပြုံလိုက် တွေ့လိုက်ရပြီးတဲ့နောက် ဒေသတွင်း လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် ဆွေးနွေးဖို့ ထိုင်းဝန်ကြီးချုပ်က စီစဉ်ခဲ့တာပါ။ ဒီလ ၂၉ ရက်နေ့ ထိုင်းနိုင်ငံမှာ ကျင်းပမယ့် အစည်းအဝေးမှာ ရိုဟင်ဂျာအရေး ဆွေးနွေးမယ်ဆိုရင် မြန်မာဘက်က မတက်ဘူးလို့ မြန်မာအစိုးရဘက်က ယတိပြတ် ပြောဆိုခဲ့တာပါ။ ထိုင်းနိုင်ငံဘက်က Irregular Migrant (ပုံမှန်မဟုတ်တဲ့ ရွှေ့ပြောင်းဝင်ရောက်မှု) ဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲလို့ ထိုင်းအစိုးရက သုံးနှုန်းပြီး အစည်းအဝေး ဖိတ်ခဲ့တာမို့ မြန်မာအစိုးရဘက်က ကိုယ်စားလှယ်စေလွှတ်မယ်လို့ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးက အစည်းအဝေးတက်မယ့်အကြောင်း အခုလို ပြောပါတယ်။

“ညီလာခံမဟုတ်ဘူး။ အစည်းအဝေးပေါ့နော် Irregular Migrant လို့ သူတို့က သုံးတယ်။ အဲဒီမှာ ကျနော်တို့က ပူးပေါင်းဆောင်ရွက်သွားဖို့ အသင့်ရှိတယ်ဆိုတာကို ပြောထားပြီးသားပါ လူမှောင်ခိုနဲ့ ပတ်သက်ပြီးတော့။ ဟို လောလောဆယ်တော့ အကြောင်းပြန်မှာပါ။ ဟုတ်။ ဟိုဘက်ကို အကြောင်းပြန်သွားမယ်။”

ထိုင်းနိုင်ငံဘက်ကို နယ်စပ်ဖြတ်ကျော်ပြီး တရားမ၀င် ၀င်ရောက်သူတွေရော၊ လတ်တလော ကပ္ပလီ ပင်လယ်ပြင်နဲ့ မလက္ကာရေလက်ကြားမှာ ကမ်းကပ်မရဘဲ ဒုက္ခရောက်နေကြတဲ့ လှေစီးပြေး ဒုက္ခသည်တွေဟာ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေ ဖြစ်တယ်လို့ သုံးနှုန်းပြောဆိုကြတာတွေကို မြန်မာအစိုးရဘက်က ပယ်ချထားတာပါ။ ဒီလူတွေထဲမှာ မြန်မာနိုင်ငံသားတွေ ဖြစ်တယ်လို့ အထောက်အထားပြနိုင်ရင် အချိန်မရွေး ပြန်ခေါ်မယ်လို့လည်း မြန်မာနိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောထားပါတယ်။ ဒါပေမဲ့လည်း ပင်လယ်ပြင်မှာ လှေတွေနဲ့ မျောပါနေကြတဲ့ ထောင်နဲ့ချီတဲ့ လှေစီးပြေး ဒုက္ခသည်တွေအတွက် လိုအပ်တဲ့ လူသားချင်းစာနာ ထောက်ထားမှု အကူအညီတွေပေးဖို့ မြန်မာ့ရေတပ်နဲ့ လေတပ်က အဆင့်သင့် ရှိတယ်လို့လည်း သမ္မတရုံး ညွှန်ကြားရေးမှူးက ပြောဆိုပါတယ်။

“ကျနော်တို့ ရေပြင်နဲ့ ဝေဟင်မှာ စောင့်နေပါတယ်။ အဲဒီကနေ စောင့်နေတာ တခုခုဖြစ်တယ်ဆိုရင် ကျနော်တို့က ဆောင်ရွက်ပေးဖို့ ရယ်ဒီရှိတယ်ဆိုတာကို ဖော်ပြထားတာ။ ကျနော်တို့ ဒီဟာနဲ့ပတ်သက်ပြီး လူသားချင်းစာနာမှု ရှုထောင့်ကနေ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိတယ်ဆိုတာကို ပြောထားပြီးပါပြီ။”

မြန်မာ့ပင်လယ်ပြင် ရေပိုင်နက်ထဲမှာ လူကုန်ကူးသူတွေရဲ့ လှုပ်ရှားမှုတွေကိုလည်း ထိထိရောက်ရောက် ကိုင်တွယ်သွားမယ်လို့ မြန်မာအစိုးရက ပြောပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ လူကုန်ကူးသူတွေရဲ့ အစီအစဉ်နဲ့ မလေးရှားနိုင်ငံကို သွားရောက်မယ့် ဘင်္ဂလားဒေရှ့်နိုင်ငံသား ၁၁ ဦးတို့လည်း မြန်မာ့ရခိုင်ကမ်းရိုးတန်းမှာ သောင်တင်ခဲ့တာမို့ အကူအညီပေးပြီး နေရပ်ရင်း ပြန်ပို့ခဲ့ရတယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

“ဥဒေါင်းရွာ၊ ကံပူးချောင်းကန်၊ အဲဒီမှာ လှေစီးပြေးဒုက္ခသည်တွေ ရောက်နေတယ်ဆိုတဲ့ သတင်းပေးချက်အရ သွားပြီးတော့ စစ်တဲ့အချိန်မှာ ၁၁ ယောက်တွေ့တယ်။ သူတို့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားဆိပ်ကမ်းကနေ မလေးရှားနိုင်ငံကို သွားမယ့် စက်လှေပေါ်ကို တဦးချင်းသွားတယ်။ အဲဒီမှာ မလေးရှားကိုသွားဖို့ သင်္ဘောပေါ်မှာ စောင့်နေတဲ့အချိန်မှာ မလေးရှားကိုပို့ဖို့ အဆင်မပြေတော့တဲ့အတွက် သူတို့နေရပ်ကို ပြန်ပို့မယ်ဆိုပြီးတော့ မေလ ၁၅ ရက်နေ့က မနက် ၈ နာရီမှာ စက်လှေနဲ့ပြန်ပို့တယ်။ အဲဒီစက်လှေက ကျနော်တို့ ဘင်္ဂလား-မြန်မာနယ်စပ် အလယ်တန်းရွာ ချောင်းဝအနီးမှာရှိတဲ့ ပင်လယ်ရေထဲ ခုန်ဆင်းခိုင်းတဲ့အချိန်မှာ သူတို့ ရေမျောကမ်းတင်နဲ့ ကျနော်တို့ မြန်မာနိုင်ငံ မောင်တောဘက်ကို ရောက်လာတယ်လို့ သိရတယ်။ မဲဒီတော့ အဲဒီ ၁၁ ယောက်ကို မောင်တောခရိုင် လ၀ကကို ပြန်ပြီးတော့ လွှဲပြောင်းပေးလိုက်ပါတယ်။”

ဒီလ ၂၉ ရက်နေ့ ထိုင်းနိုင်ငံမှာ ကျင်းပမယ့် ပုံမှန်မဟုတ်တဲ့ ရွှေ့ပြောင်းဝင်ရောက်သူများဆိုင်ရာ နိုင်ငံစုံ အစည်းအဝေးမှာတော့ ထိုင်း၊ မြန်မာ၊ မလေးရှားတို့ တက်ရောက်ကြမှာ ဖြစ်သလို လူ့အခွင့်အရေး အဖွဲ့တွေနဲ့ အမေရိကန် ပြည်ထောင်စုဘက်ကလည်း တက်ရောက်မယ်လို့ ပြောဆိုထားပါတယ်။ ရွှေ့ပြောင်းဝင်ရောက်လာသူတွေရဲ့ အရင်းအမြစ်ဟာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင်းက ပြဿနာတွေ ဖြစ်တယ်လို့ ထိုင်းဝန်ကြီးချုပ်က ပြောဆိုခဲ့ပြီး မလေးရှား ဒုတိယ ပြည်ထဲရေးဝန်ကြီးကတော့ မြန်မာအစိုးရအနေနဲ့ ပြည်သူတွေကို ဖိနှိပ်အုပ်ချုပ်မှု မရှိစေဖို့ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေဘက်က ပြတ်ပြတ်သားသား ပြောကြားဖို့ လိုအပ်နေပြီလို့ ပြောဆိုခဲ့တာပါ။ မြန်မာဘက်ကတော့ ဒေသတွင်း လူကုန်ကူးမှုကြောင့် ဖြစ်ပေါ်လာရတဲ့ နယ်စပ်ဖြတ်ကျော်ကြသူတွေအရေးကို  မြန်မာနိုင်ငံတွင်း ဖိနှိပ်ချုပ်ချယ်မှုတွေကြောင့် ထွက်ပြေးကြရတဲ့ ရိုဟင်ဂျာ မူဆလင်တွေ ဖြစ်တယ်လို့ မြန်မာဘက်ကို အပြစ်ပုံချမယ်ဆိုရင်တော့ လုံးဝ လက်ခံမှာ မဟုတ်ဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။

မသိင်္ဂီထိုက် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


၂၀၁၅ ခု မေလ ၁၉ ရက်

 မလေးရှားနယ်စပ် ကတန်ငါးဖမ်း လှေဆိပ်တွင် ၆လကြာ ရောင်းစားခံခဲ့ရသည့် ရခိုင်အလုပ်သမား တစ်ဦး  ပင်လယ်ပြင် တွင် ၂ရက်ကြာ ရေကူး ခဲ့ပြီးနောက် လွတ်မြောက် လာခဲ့သည်။

ရခိုင်ပြည်နယ်၊ ရမ်းဗြဲ သစ်ပုတ်တောင်မှ အသက် ၂၆ နှစ် အရွယ် ခိုင်းလင်းအောင် ဆိုသူသည် ရမ်းဗြဲမှ ဆန်းတင်လှိုင် ဆို သည့် ပွဲစားမှတစ်ဆင့် ထားဝယ်မြို့မှ အသက် ၅၀ ကျော်အရွယ် ထိပ်ပြောင်းနေ သည့် ဒေါ်မဌေး ဆိုသည့် ပွဲစားမကြီးထံသို့ ပို့ဆောင်ခဲ့ပြီး လူ၅၀ခန့်နှင့်အတူ  ကတန်ငါးဖမ်းလှေဆိပ်သို့ လွန်ခဲ့ သည့် ၂၀၁၄ နှစ် ဇူလိုင်လ ကရောင်းစားခံခဲ့ ရကြောင်း ပြောသည်။

လှေပေါ်မှ ၃ဦး  ရေကူးခတ်လာခဲ့ကြသော်လည်း အခြား၂ဦးမှာ ကွဲသွားခဲ့ပြီး သေသည်ရှင်သည် မသိခဲ့ကြောင်း လွတ်မြောက်လာသူ က ပြောသည်။

ကိုခိုင်လင်းအောင် က“ လုပ်အားခလည်းမရဘူး။ ကမ်းကိုလည်းမကပ်ရဘူး။ သေမထူးနေမထူး ဆိုပြီး ၂ရက်ရေကူးလာပြီး ကမ်းတစ် ခုကို ရောက်သွားတယ်။ ထိုင်းအမျိုးသမီးကြီး  တစ်ဦး အကူညီနဲ့ ကျနော်တို့ ရွာသားတစ်ယောက်ဆီကို အဆက်အသွယ်ရတယ်။ အဲဒီကမှ MAT အဖွဲ့ ကိုဆက်သွယ် ပြီးတော့ ဒီရုံး ကိုရောက်လာခဲ့ပါတယ်” ဟုပြောသည်။

 ဘန်ကောက်အခြေစိုက်  ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MAT ဒါရိုက်တာ ဦးကျော်သောင်း က“ ထိုင်းနိုင်ငံ  ငါးဖမ်းလှေတိုင်းလိုလိုမှာ မြန်မာနိုင်ငံသားတွေ ရောင်းစားခံနေရတာပါ။ ဒီလူတွေ လွတ်မြောက်   နိုင်ရေးအတွက် မိမိနိုင်ငံသားတွေလွတ်မြောက်နိုင်ရေးအတွက် မြန်မာအစိုးရက တစ်စုံတစ်ခု အစီအစဉ်ချ မှတ်တာမျိုး ခုထိမကြားရသေးဘူး။ အခု ထိုင်းနိုင်ငံမှာ လူကုန်ကူးမှု ဆောင်ရွက်ရတာ ပိုမို အကဲဆပ်လာ ပါတယ်။ ကျနော်တို့ အထူးသတိလုပ်ဆောင်ရပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက မဟာချိုင်ပုဇွန်အခွံခွာရုံမှာလူကုန် ကူးခံရသူ ၄၄ ယောက်ကို ကယ်တင်နိုင်လိုက်တာ၊ ထိုင်းအာဏာပိုင်တွေ နဲ့ ထိုင်းကိုဖါးပြီးရပ် တည်ရတဲ့ အဖွဲ့တွေ ဖုံးနေဖိနေကြပြီ” ဟုပြောသည်။

လူကုန်ကူးတဲ့ဂိုဏ်းတွေ၊ လူကုန်ကူးခံနေရတဲ့နေရာတွေ၊ လူကုန်ကူးတဲ့ဂိုဏ်းတွေ လုပ်နေတဲ့
ရာဇ၀တ်မှုတွေကို ထိုင်းနဲ့ မြန်မာ  လူကုန်ကူးမှုတိုက်ဖျက်ရေးအစိုးရတပ်ဖွဲ့တွေကို ကျနော်တို့ အထောက် အထားတွေနဲ့တင်ပြထားတာတွေရှိပါတယ်။ဒါပေမယ့်အကောင်အထည်ဖေါ်မှု  နှောင့်နှေးကြန့်ကြာနေပါတယ်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

 ထိုင်းနိုင်ငံကိုအခြေစိုက်၍ နိုင်ငံတကာ အဖွဲ့အစည်းကြီးများသည်  လူကုန်ကူးမှုတိုက်ဖျက်ရေးကို လုပ် ကိုင်ဆောင်ရွက်ကြသည်ဆိုသော်လည်း ထိုင်းနိုင်ငံသည် အရှေ့တောင်အာရှ၏ လူကုန်ကူးမှုဂိုဏ်း ချုပ်များ တည်ရှိရာနိုင်ငံတစ်ခုဖြစ်နေကြောင်းလတ်တလောဖြစ်စဉ်များက ဖေါ်ပြနေသည်။ ထိုင်းနိုင်ငံ၏ တတိယ အမျိုးသားဝင်ငွေတစ်ခုဖြစ်သော ပင်လယ်အစားအစာထုတ်လုပ်သည့်လုပ်ငန်းတွင် လူကုန်ကူး ခံရသူများနှင့် ကျေးကျွန်သဖွယ် ခိုင်းစေမှုများရှိနေခြင်းကြောင့် World Mark နှင့် အီးယူ ဥရောပသမဂ္ဂတို့က မကြာသေးခင်က သတိပေး ထားသည်။ အလားတူ အမေရိကန်နိုင်ငံ၏ အစီရင်ခံစာအရ လူကုန်ကူးမှု အဆိုးဝါးဆုံး နိုင်ငံအဖြစ် ကြေညာခြင်းခံ ထားရဆဲလည်းဖြစ်သည်။

 ထိုင်းဝန်ကြီးချုပ်က ၆လအတွင်း လူကုန်ကူးဂိုဏ်းများကိုဖေါ်ထုတ်ရမည်ဟု အမိန့်ထုတ်ထားသဖြင့် ထိုင်းမြန်မာ နယ်စပ်တလျှောက် တရားမ၀င် ၀င်ရောက်လာသည့် မြန်မာအမြောက်အမြားတို့ မကြာခဏ ဖမ်းဆီးခံနေရ ကြောင်း ထိုင်းသတင်းများ၏ဖေါ်ပြချက်အရသိရသည်။

ဆန်းဦး / Golden Worker
http://www.goldenworkers.asia

အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ပေးဖို့ ဆန္ဒပြတောင်းဆိုမှုကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရ တဲ့ ကျောင်းသား၊ ကျောင်းသူတွေနဲ့ ကူညီပေးသူတွေ လွှတ်ပေးဖို့ မန္တလေးခရိုင်နဲ့ ရွှေဘိုခရိုင် ကျောင်း သားတွေက မန္တလေးမြို့မှာ ဒီနေ့ တောင်းဆိုဆန္ဒပြခဲ့ကြ ပါတယ်။

ဖမ်းဆီးခံထားရတဲ့ ကျောင်းသားပြည်သူတွေကို လွှတ်ပေးဖို့နဲ့ သပိတ်စစ်ကြောင်းကို အကြမ်းဖက်ဖြိုခွဲခဲ့ တာကို ကန့်ကွက်ကြောင်း ဆန္ဒပြတာဖြစ်တယ် လို့ ကျောက်ဆည် ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကိုရဲရင့် ပိုင်မှူးက ပြောပါတယ်။

"ပညာရေးဆိုင်ရာ ဥပဒေတင်မဟုတ်ဘူး ကျနော်တို့ ၄ ပွင့်ဆိုင် သဘောတူညီချက် ထဲက သပိတ်ကိစ္စနဲ့ ပတ်သက်ပြီး ဘယ်သူ့ကိုမှ အရေးမယူရဘူးဆိုတဲ့အချက် ကိုလည်း ချိုးဖျက်ထားတယ်၊ သူတို့ကတော့ပြောနေ တယ်၊ ဒီမိုကရေစီအစိုးရ၊ ဒီမိုကရေစီအစိုးရ၊ ကျနော်ကတော့ စစ်အာဏာရှင်အစိုးရလို့ဘဲမြင်တယ်၊ အရင်စစ် အာဏာရှင်အစိုးရတိုင်းပဲ၊ ဘာမှမပြောင်းလဲသေးဘူး"

ဆန္ဒပြပွဲမှာ ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့က အာမခံနဲ့ လွတ်မြောက်လာတဲ့ ကိုအောင်မင်းခိုင် လည်း ပါဝင်ခဲ့ပါတယ်။ ဒီကနေ့ ဆန္ဒပြပွဲကို မန္တလေးခရိုင်နဲ့ ရွှေဘို ခရိုင် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေ ၊ မန္တလေးမြို့ခံ တွေ စုစုပေါင်း ၂၀ လောက်ဟာ ကြွေးကြော်သံတွေ တိုင်ပြီး မော်တော်ဆိုင်ကယ်တွေနဲ့ မြို့ကို လှည့်လည် ဆန္ဒပြခဲ့တာ ဖြစ်ပါ တယ်။

RFA
http://www.rfa.org/burmese/news/mandalay-students-urge-05202015115500.html

ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမှာ ၀ှိုက်ကဒ် ခေါ် ယာယီ သက်သေခံလက်မှတ် ကိုင်ဆောင်ထားသူတွေကို မဲပေးခွင့်မပြုကြောင်း ပြင်ဆင်ထားတဲ့ ဥပဒေကြမ်း ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြည်သူ့ လွှတ်တော်မှာ ဒီနေ့ တင်သွင်းလိုက်ပါတယ်။

မူလဥပဒေမှာ ပြဌာန်းထားတဲ့ မဲပေးခွင့်ရှိသူစာရင်း ကနေ ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထား သူတွေကို ပယ်ဖျက်လိုက်တာဖြစ်တယ် လို့ ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးဝင်းကို က ပြည် သူ့လွှတ်တော်မှာ ပြောသွားပါတယ်။

"ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူများ ကို ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမှာ ဆန္ဒမဲပေးခွင့်ရှိသူများ အဖြစ် ပြဌာန်းခြင်းဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီညွတ်ခြင်းမရှိကြောင်း နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာခုံရုံး၏ သဘောထားနှင့်အညီ ပြင်ဆင်သည့်ဥပဒေကြမ်းများ တင်သွင်းပေးပါရန် ပြည်ထောင်စု လွှတ်တော်က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ အကြောင်းကြားလာပါတယ်၊ အကြောင်းကြားချက် အရ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဥပဒေရဲ့ပုဒ်မ ၁၁(က) မှာ ယာယီသက်သေခံ လက်မှတ်ကိုင်ဆောင်ထားသူများ ဆိုတဲ့ စကားရပ်ကို ပယ်ဖျက်ပြီး ပြင်ဆင်သည့် ဥပဒေကြမ်း တင်သွင်းရခြင်းဖြစ်ပါတယ်"

ဝှိုက်ကဒ် ခေါ် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူတွေကို ပြည်လုံးကျွတ် ဆန္ဒခံယူပွဲမှာ ဆန္ဒမဲပေး ခွင့်ပြုတာဟာ ဖွဲ့စည်းပုံနဲ့မညီဘူးလို့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာခုံရုံးက ပြီးခဲ့တဲ့ဖေဖော်ဝါရီလက ဆုံးဖြတ်ခဲ့ ပါတယ်။

အဲဒီလက်မှတ်တွေဟာ ပြီးခဲ့တဲ့ မတ်လကုန်မှာ သက်တမ်းကုန်ဆုံးသွားပြီဖြစ်ပြီး အစိုးရထံ ပြန်လည်အပ်နှံထား ပါတယ်။ လက်မှတ်ပြန်လည်အပ်နှံထားသူတွေ ဟာ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှုဥပဒေနဲ့အညီ နိုင်ငံသားဖြစ်ခွင့် ကို ပြန်လည်လျှောက်ထားရမှာဖြစ်တယ်လို့ သိရပါတယ်။

ဝှိုက်ကဒ် ကိုင်ဆောင်ထားသူတွေဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုဖို့ အတွက် ကျင်းပခဲ့တဲ့ ပြည်လုံး ကျွတ်ဆန္ဒခံယူပွဲမှာ မဲပေးခဲ့ကြသလို ၂၀၁၀ ရွေးကောက်ပွဲမှာလည်း ဆန္ဒမဲပေးခဲ့ကြပါတယ်။

RFA
http://www.rfa.org/burmese/news/amendment-bill-voting-white-card-05202015112842.html

ခုတလော boat people နင့်ပတ်သက်ပြီးအသံတွေမျိုးစုံကြားနေပါတယ်...နိုင်ငံတကာကလဲ သက်ဆိုင်ရာနိုင်ငံတွေကဒီလူတွေကိုကမ်းကပ်မခံတဲ့ အတွက်အပြစ်တင်ကြတာကိုကြားနေရသလို တချို့ ကလဲ ဒီ boat peopleတွေ ဟာမြန်မာပြည်က လူမျိုးရေး ဘာသာရေး ပဋိပက္ခတွေကြောင့်ထွက်
လာကြတာဖြစ်လို့မြန်မာပြည်ကိုပြန်ခေါ်ပြီးကောင်းကောင်းမွန်မွန်နေရာချထားပေးဖို့ပြောတာတွေလဲရှိနေတယ်...

တကယ်တော့ဒါတွေဟာမှန်ကန်တဲ့သုံးသပ်ချက်တွေမဟုတ်ပါဘူး။ဒီပြသနာတွေကိုတကယ်ဖြေရှင်းဖို့ဆိုရင် ဒီလူတွေရဲ့မိခင်နိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ခ်ျကိုမေ့ထားလို့မဖြစ်ပါဘူး။ဘာကြောင့်လဲဆိုတော့ ဘင်္ဂလားဒေ့ခ်ျရဲ့လူဦးရေပေါက်ကွဲမှုဟာ အဲဒီနိုင်ငံတင်မကနီးစပ်ရာအိမ်နီးချင်းနိုင်ငံတွေအပြင်ခုဆိုရင် ဒေသ
တွင်းနိုင်ငံတွေကိုပါပြသနာဖြစ်လာနေတာအများအမြင်ပါ...

ဘင်္ဂလားဒေ့ခ်ျရဲ့လူဦးရေပေါက်ကွဲမှုကိုကြည့်လိုက်ရင် ၁၉၅၀ လွတ်လပ်ရေး ရခဲ့တဲ့နှစ်မှာ လူဦးရေသန်း ၄၀ ၀န်းကျင်ရှိရာကနေဆယ်စုနှစ်၁ခုအတွင်း၁၉၆၀မှာသန်း၅၀၀န်းကျင်ထိတိုးလာတာကိုတွေ့ရပါတယ်။ဆယ်စုနှစ်တခု
အတွင်း၁၀ သန်းတိုးလာတာဖြစ်လို့ ၁ နှစ်ကိုလူဦးရေးတသန်းပျမ်းမျှတိုးလာ တယ်လို့ပြောလို့ရပါတယ်။တခါ ဒီနေ့ ၂၀၁၄ ခုနှစ်ထိလူဦးရေကိုပြန်ကြည့်လိုက်တဲ့အခါ ဘင်္ဂလားဒေ့ခ်ျရဲ့လူဦးရေဟာ သန်းပေါင်း ၁၆၀.၄ သန်းထိတိုးလာတယ်လို့ကမ္ဘာ့ဘဏ်ရဲ့၂၀၁၄အစီရင်ခံစာအရသိရပါတယ်။

၁၉၆၀ကနေပြန်ကြည့်ရင်ရာစုဝက်တခုအတွင်းလူဦးရေသန်းပေါင်း၁၁၀ ကျော်တိုးလာနေတာကိုတွေ့ရမှာပါ။ ကမ္ဘာ့ လူဦးရေရဲ့ ၂.၁၉ ရခိုင်နှုန်းရှိတယ်လို့သိရပါတယ်။ကမ္ဘာပေါ်မှာ ၈ နိုင်ငံမြောက် လူဦးရေအများဆုံးနိုင်ငံဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ခ်ျနိုင်ငံရဲ့အကျယ်အ၀န်းကိုကြည့်လိုက်ရင်၁၄၇,၅၇၀ စတုရန်း ကီလိုမီတာကျယ်ဝန်းပါတယ်။မြန်မာပြည်က၁၅၅,၈၀၁ စတုရန်းမိုင် အကျယ် အ၀န်းရှိတဲ့ ရှမ်းပြည်နင့်နှိုင်းယှည်ကြည့်လို့၇ပါတယ်။ ဒီလောက်နယ်မြေအကျယ်အ၀န်းမှာဒီလူတွေဘယ်လိုနေကြမလဲ။

ဒီလိုအဆမတန်ကြောက်ခမန်းလိလိတိုးပွားနေတဲ့လူဦးရေကို ဘင်္ဂလားဒေ့ခ်ျ အစိုးရမှာ ခုချိန်ထိစနစ်တကျကိုင်တွယ်တာ၊လူဦးရေထိမ်းချုပ် ဖို့ကြိုးပမ်း တာတွေမတွေ့သေးပါဘူး။ဘင်္ဂလားဒေ့ခ်ျမှာနေထိုင်တဲ့မိတ်တွေ တယောက်အဆို
ရဘင်္ဂလားဒေ့ခ်ျအစိုးရဟာ လမ်းဘေးမှာစားရမဲသောက်ရမဲ့ဖြစ်နေသိန်းချီ
တဲ့ပြည်သူတွေကို နယ်စပ်ကရိုဟင်ဂျာအမည်ခံဒုက္ခသည်စခန်းတွေ အတင်း
မောင်းသွင်းပြီးရိုဟင်ဂျာအမည်ခံခိုင်းတယ်လို့သိရပါတယ်။မြန်မာအစိုးရအနေ
နင့် နိုင်ငံတကာဖိအားတွေနင့်ဒီလူတွေကိုပ်ြခေါ်သွင်းတဲ့အခါ စခန်းထဲမှာရှိတဲ့
ဘင်္ဂလီတွေအားလုံးလဲမြန်မာပြည်မှာ ရိုဟင်ဂျာ်အဖြစ်နေထိုင်ခွင့်ရဖို့ကြံစည်
တာလို့ဆိုပါတယ်...

နောက်တနည်းကတော့ အခုနောက်ဆုံးလူသိရှင်ကြားဖြစ်လာတဲ့ boat people နည်းစနစ်ပါပဲ။စောစောကပြောတဲ့ဆင်းရဲသားအိမ်ယာမဲ့တွေအား လုံးကို မလေးတို့ အင်ဒိုတို့ ထိုင်းတို့မှာ အလုပ်အကိုင်တွေရမယ်ဆိုပြီး မိသား စုတွေအားလုံး ခလေးသူငယ်အမျိုးသမီးပါမကျန်စက်လှေတွေပေါ် အကုန် တင်ပြီး နိုင်ငံတကာရေပိုင်နက်ထဲအသင့်စောင့်နေတဲ့ ငါးဖမ်းစက်လှေတွေ ထဲပြောင်း ထည့်ပါတယ်။ပြီးရင် ဖြစ်ချင်သလိုဖြစ်သူ့ထိုက်နင့်သူ့ ကံလွှတ်လိုက်တော့တာပါပဲ။အင်မတန်ရက်စက်တဲ့လုပ်ရပ်တွေပါ။တခုပဲအစိုးရအနေနင့်အသေအချာသင်ပေးလိုက်တာက ဘယ်သူနင့်တွေ့တွေ့ ဘယ်သတင်း ဌာနင့်ပြောပြော ရိုဟင်ဂျာဆိုတာကလွဲရင်ဘာမှမပြောဖို့ပါပဲ။ဘင်္ဂလားဒေ့ခ်ျက
ပါလို့ပြောပြီး ပြန်ပို့ခံရရင်သတ်ပြစ်မယ်လို့ခြိမ်းခြောက်ထားတယ်လို့ဆိုပါတယ်။ဒီသတင်းအချက်အလက်တွေကို ထိုင်းအစိုးရတာဝန်ရှိ သူတွေဟာ သူတို့
ဖမ်း မိတဲ့လူကုန်ကူးသူတွေဆီကို စစ်ဆေးချက်တွေ အရ သိရတယ်လို့ ဆိုပါ တယ်။

လတ်တလောမှာ ရခိုင်ပြည်မှာနေထိုင်နေကြတဲ့ ဘင်္ဂလီတွေ အခုလိုအသက်
စွန့်ပြီးပြည်ပထွက်ခွါစရာအကြောင်းမရှိပါဘူး။အကြောင်းကတော့ ဘင်္ဂလီ ဒုက္ခသည်စခန်းတွေမှာဘင်္ဂလီတွေဟာအင်ဂျီအိုတွေစောင့်ရှောက်မှုတွေအောက်မှာလုံးချင်းတိုက်တွေနင့်သူဌေးလိုဇိမ်ခံနေနိုင်ကြသလိုဘူးသီးတောင်မောင်
တာ၊ရသေ့တောင်စတဲ့ဒေသတွေမှာလဲ ၂၀၁၀ ခုနှစ် ပြသနာဖြစ်ပြီးတဲ့နောက်
ပိုင်းဒေသခံရခိုင်တွေပြောင်းရွှေ့ကုန်ကြလို့သူတို့ကြိုက်သလိုပိုင်ရှင်မဲ့လယ်မြေတွေမှာလုပ်ကိုင်စားသောက်နေနိုင်ကြလို့ပါ။

ဒါကြောင့် နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနင့်ရော ဒေသတွင်းကအစိုးရတွေ
အနေနင့်ပါ ယခုလက်ရှိ boat people တွေအရေးကိစ္စဖြေရှင်းကြတဲ့အခါပြ
သနာရဲ့အရင်းအမြစ်ဖြစ်တဲ့ ဘင်္ဂလားဒေ့ခ်ျရဲ့ အတိုင်းအဆမရှိလူဦးရေတိုးပွား
နေမှုကိုမျက်ကွယ်မပြုသင့်ကြောင်းတင်ပြလိုက်ရပါတယ်....

အောက်ဖေါ်ပြပါပုံများမှာ ဘင်္ဂလားဒေ့ခ်ျသယ်ယူပို့ဆောင်ရေးလုပ်ငန်းရဲ့ တစိတ်တဒေသဖြစ်ပါတယ်။

အောင်မြင်စိုး

အကိုးအကား

http://www.worldometers.info/world-p…/bangladesh-population/

http://en.wikipedia.org/wiki/Shan_State

www. aoltravel .com

Bangkok post,the nation

‘အခုရောက်နေတာ မြန်မာနိုင်ငံထဲမှာမှ ဟုတ်ပါသေးရဲ့လား။’’ ဤဒေသကို ပထမဆုံးချင်းနင်းဝင်ရောက်ဖူးသူတိုင်း ရေရွတ်မိတတ်ကြသည့် မေးခွန်းတစ်ခုဖြစ်သည်။ အဖြေကတော့ ဟုတ်ပါသည်။ မြန်မာနိုင်ငံထဲမှာပင် ဖြစ်ပါသည်။ တစ်ခုနှင့်တစ်ခုအလှမ်းကွာသော စစ်ဆေးရေးဂိတ်နှစ်ခုကလွဲလျှင် လူရိပ်လူယောင်တွေ့ရခဲသော မြွေလိမ်မြွေကောက် တောင်ပတ်လမ်းများ၊ ရင်သပ်ရှုမောဖွယ် ရှမ်းတောင်စဉ်တောင်တန်းများ၊ မြစိမ်းရောင်ကမ္ဗလာကော်ဇောကြီးလို စိုက်ခင်းများ၊ သဘာဝအတိုင်း စိမ်းစိုထူထပ်နေဆဲ တောအုပ်များကို နာရီအနည်းငယ်ဖြတ်သန်းပြီးနောက် ဘွားခနဲမျက်နှာချင်းဆိုင် ရင်ဆိုင်ကြုံတွေ့လိုက်ရသည့် ခေတ်လွန်မြို့ပြမြင်ကွင်းတစ်ခုက ရောက်လာသူများကို တောတွင်းမျက်လှည့်ပြကွက်တစ်ခု ပြလိုက်သည့်နှယ်။ လွန်ခဲ့သည့် ၁၀ မိနစ်ခန့်ကအထိ တောမြိုင်ဂနိုင်ထဲမှာရှိနေခဲ့တာ ဟုတ်မှဟုတ်ပါလေစဟု ဇဝေဇဝါဖြစ်မိလောက်သော မြန်မာနိုင်ငံရှိ အခြားသော မည်သည့်မြို့ပြ၊ မည်သည့်အရပ်ဒေသနှင့်မျှ အသွင်မတူသော ဤမြို့တော်၌ လက်သုံးစကားတစ်ခွန်းကတော့ ‘‘ဘာမဆိုရနိုင်သည်’’ဟူ၍။

ဤအရပ်ကို အရှေ့တိုင်း၏ လာ့စ်ဗီးဂတ်စ်ဟု အချို့ကတင်စားကြသည်။ အချို့က ဒုစရိုက်မြို့တော်ဟု သတ်မှတ်ကြသည်။ အချို့ကတော့ တရုတ်၏သဗ္ဗအိမ်ပေါက်ဟု ကင်ပွန်းတပ်ကြသည်။ အခြားသော အရိုင်းဆန်သည့် အမည်ပြောင်အမျိုးမျိုးလည်း အပေးခံထားရသော ဤအရပ်သို့ ဝင်ဝင်ချင်းတွင် ‘မိုင်းလားမြို့မှ ကြိုဆိုပါ၏’ဆိုသော စာသားကြီးကို မြင်နိုင်သည်။ မြန်မာအစိုးရကမူ ဤအရပ်ဒေသကို အထူးဒေသ(၄)ဟု တရားဝင်သတ်မှတ်ထားပါသည်။
‘‘မိုင်းလားကို မြန်မာ့တပ်မတော်နဲ့ ရဲတပ်ဖွဲ့က စောင့်ကြပ်နေတာ မဟုတ်ဘဲနဲ့ ဒေသခေါင်းဆောင် မူးယစ်ဆေးဝါးကုန်ကူးသူ လင်မင်ရှောင်က ထောင်ထားတဲ့ ဂျိမ်းစ်ဘွန်းဆန်ဆန် ကြေးစားရဲတပ်ဖွဲ့က စောင့်ကြပ်နေတာဖြစ်တယ်’’ဟု ပေါက်ကြားခဲ့သော သံခင်းတမန်ခင်းမစ်ရှင်နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကြား လဲလှယ်ပေးပို့သည့် လျှို့ဝှက်အမှာစာတွင် ထိုသို့ရေးသားခဲ့သည်။

အထူးဒေသ(၄)၏ မြို့တော်မိုင်းလားသည် သားနားသပ်ရပ်သည့် အဆောက်အအုံများ၊ ဖြောင့်ဖြူးညီညာသည့် လမ်းများ၊ ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်များ၊ မြန်နှုန်းမြင့်အင်တာနက် အပါအဝင် မြို့ပြအင်္ဂါရပ်နှင့်အညီ အခြေခံအဆောက်အအုံ ကောင်းမွန်သော မြို့တစ်မြို့ဖြစ်သည်။ ဒေသအုပ်ချုပ်ရေးကို အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA)က ချုပ်ကိုင်ထားသည်။ မြို့တော်၏ နေရာတကာတွင် အဆင့်မြင့်လက်နက်ကိရိယာများ တပ်ဆင်ကိုင်ဆောင်ထားသော ယူနီဖောင်းဝတ် လုံခြုံရေးတပ်ဖွဲ့ဝင်များ ရှိနေ၏။ အစိမ်းရောင်ပြောက်ကျားဝတ် စစ်သားများကိုလည်း မကြာခဏမြင်တွေ့နိုင်သည်။ ညချမ်းအချိန် တစ်မြို့လုံးကို ခြုံကြည့်လိုက်ပါက နီယွန်မီးရောင်စုံ ထိန်ထိန်ညီးနေသော ဟိုတယ်များ၊ လောင်းကစားရုံများ၊ အရက်ဘားများ ၊ အနှိပ်ခန်းများ၊ ကလပ်များ ၊ အပျော်မယ်များနှင့် ဂိမ်းဆိုင်များကိုသာ အများဆုံးမြင်ရသည်။ နီယွန်မီးရောင်များဖြင့် တဖျပ်ဖျပ်လက်နေသော ဆိုင်းဘုတ်များက တရုတ်စာလုံးများဖြင့်ဖြစ်သည်။ မြို့တွင်းဘယ်နေရာကနေ လှမ်းကြည့်ကြည့် ဖူးမြင်နိုင်သည့် တောင်ကုန်းမြင့်ပေါ်ပူဇော်ထားသော မြန်မာမှုလက်ရာ ဗုဒ္ဓဘုရားစေတီတော်တစ်ဆူကြောင့် ဤအရပ်သည် မြန်မာနိုင်ငံဘက်ခြမ်း၌ရှိနေကြောင်း မှတ်ယူစရာရှိ၏။
‘‘ညဘက် အသံဗလံတွေ ဘာတွေကြားရင် စိတ်မပူပါနဲ့။ ဒီမှာက ပွဲတော်လိုပဲ စည်စည်ကားကား ဗြောက်အိုးဖောက်တာမျိုးတွေ ရှိတတ်လို့ ပြောပြတာပါ။ ဒီဒေသကို ကျွန်တော်တို့ တည်တည်ငြိမ်ငြိမ်၊ အေးအေးချမ်းချမ်းပဲ ထိန်းချုပ်မှုအပြည့်ရှိပါတယ်’’ဟု မိုင်းလားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တစ်ဦးက ပြောသည်။

တောရိုင်းတိရစ္ဆာန်များနှင့် ထူးထူးဆန်းဆန်း သားရဲများအကြောင်းပြသသော Nat Geo Wild ကဲ့သို့ ရုပ်သံလိုင်းထဲတွင်သာ မြင်ခဲ့ဖူးမည့် မြွေအမျိုးမျိုး ၊ ကျားသားရေ၊ ကျားရိုး၊ ကျားစွယ်၊ မျောက်၊ လိပ်၊ သင်းခွေချပ်၊ ချေ အပါအဝင် အမျိုးမျိုးအဖုံဖုံသော အကောင်ပလောင်အရှင်လတ်လတ်များကို မိုင်းလားရှိ စားသောက်ဆိုင်များ၊ ဟိုတယ်များ၏ အနောက်ခန်းထဲတွင် အစုလိုက်အပြုံလိုက်တွေ့နိုင်သည်။ မိုင်းလားမြို့မဈေးထဲ တစ်ပတ်လှည့်လိုက်လျှင် ရှားပါးတောတိရစ္ဆာန်နှင့် အစိတ်အပိုင်းများအား ရောင်းချနေသူတို့ကို ဟိုတစ်စုဒီတစ်စု တွေ့ရသည်။ ကျားသားရေပြားချပ်တစ်ခု၏ ပေါက်ဈေးသည် မိုင်းလားတွင် မြန်မာငွေကျပ် သိန်း ၁၇၀ နှင့်ညီမျှသော ယွမ်တစ်သိန်းခန့် ပေါက်ဈေးရှိသည်။

တောရိုင်းတိရစ္ဆာန်နှင့် သဘာဝသစ်တောထွက်အရင်းအမြစ်များ ကူးသန်းရောင်းဝယ်မှု စောင့်ကြည့်ရေးအဖွဲ့အစည်း(TRAFFIC)၏ လေ့လာမှုစစ်တမ်းအရ တောရိုင်းတိရစ္ဆာန် တရားမဝင်ရောင်းဝယ်ဖောက်ကားမှုသည် ယခင် ထိုင်း- မြန်မာနယ်စပ် တာချီလိတ်တွင် အများအပြားရှိရာမှ ယခုအခါ မြန်မာ-တရုတ်နယ်စပ် မိုင်းလား၌ အဓိကဈေးကွက်ဖြစ်ထွန်းနေသည်။
‘‘ခင်ဗျားတို့ ဒီမှာ သွားလို့မရတဲ့နေရာမရှိဘူး။ ဓာတ်ပုံရိုက်လို့မရတဲ့နေရာမရှိဘူး’’ ဟု NDAA ဒုဥက္ကဋ္ဌ ဦးစံပေ့ကပြောသည်။

လက်တွေ့တွင်မူ ရှားပါးတောရိုင်းတိရစ္ဆာန်ရောင်းသူအများစုနှင့် အခြားသော အလားတူလုပ်ငန်းလုပ်ကိုင်နေသူများက ကင်မရာတစ်လုံး၏ ချိန်ရွယ်ခြင်းကို လိုလိုလားလား လက်ခံတတ်ကြသူများထဲတွင် မပါဝင်ပါ။ ထိုသို့ဖြစ်ရခြင်းနှင့် ပတ်သက်၍ သူတို့၌ အကြောင်းပြချက် ကောင်းကောင်းရှိနေသည်။ သတင်းတွင် ဓာတ်ပုံပါလာလျှင် အဖမ်းခံရမည်ဆိုသည့် သတိပေးမှုမျိုး သူတို့ရထားကြသည်ဟု ထုတ်ဖော်ပြောကြားလာ၏။

‘‘ဒါတွေက မြန်မာပြည်ထဲကပဲလာတာ။ ကျွန်မတို့က တစ်ဆင့်ပြန်ရောင်းတာ’’ဟု အမည်ထုတ်ဖော်ရန် ငြင်းဆိုသည့် တိရစ္ဆာန်အစိတ်အပိုင်းရောင်းသူ လမ်းဘေးဈေးသည်တစ်ဦးက မြန်မာစကားသံဝဲဝဲဖြင့် ပြောပြသည်။ ဆေးဖက်ဝင်သည်ဟူသော အယူအဆဖြင့် ဝယ်လိုအားများသည်ကတော့ မြွေအမျိုးမျိုးနှင့် ကျားဝိုင်တစ်မျိုးဖြစ်ပြီး သူတို့၏ ဖောက်သည်များကတော့ တရုတ်နိုင်ငံဘက်ခြမ်းမှ လာရောက်သူတို့ပင်ဖြစ်သည်။
မိုင်းလားဈေးအတွင်း အနောက်ဘက်တန်းနှင့် တောင်ဘက်တန်းတစ်လျှောက် ‘အနှိပ်ခန်း’ဆိုသည့် ဆိုင်းဘုတ်ငယ်ကလေးများတပ်ဆင်ထားသည့် ဆိုင်ခန်းများက တန်းစီနေ၏။ ‘အနှိပ်ခံမလား။ လာပါ။ အနှိပ်ခံပါဦး’ဆိုသည့် အသံများအကြား ထွက်ပြေးလွတ်မြောက်ရန် အတော်ကြိုးစားရမည်။ ရုပ်ရည်ချောမောသော၊ အရပ်အမောင်း ကိုယ်လုံးကိုယ်ထည်ကြည့်ကောင်းသော၊ အသားအရည်လှပသော အသက်(၁၆)နှစ်မှ (၂၈)နှစ်ခန့်အရွယ်ကြား အမျိုးသမီးများက ဆိုင်ခန်းကလေးများရှေ့ မီးရောင်အောက်တွင် ဒေသထွက်နေကြာစေ့ကို တဖြောက်ဖြောက်ဝါးရင်း အုပ်စုလိုက်ထိုင်နေကြသည်။ ဆိုင်ရှေ့လမ်းမက ဖြတ်သန်းသွားသူမှာ အမျိုးသမီးဖြစ်နေလျှင် သူတို့က တစ်ချက်တလေလှမ်းကြည့်ရုံအပြင် ဒီထက်ပိုအရေးမစိုက်ကြ။ သို့သော် ထိုဖြတ်သန်းသူသည် အမျိုးသားဖြစ်လေလျှင်တော့ လှမ်းခေါ်ရုံတင်မက၊ လမ်းပေါ်ထွက် ဖိတ်ခေါ်မှုပင်ပြုကြသည်။ နှိပ်ခမှာ ပျမ်းမျှတစ်နာရီလျှင် တရုတ်ယွမ် ၁၀၀ ရှိသည်ဟု ဆိုသည်။

ဘာမဆိုရနိုင်သည့် တောင်ကြားမြို့ကလေးတွင် မြန်မာကျပ်ငွေကို အသုံးမပြုကြပါ။ ငွေလဲလှယ်နှုန်း လက်တလောပေါက်ဈေး တရုတ်ငွေတစ်ယွမ်ကို မြန်မာငွေ ၁၇၀ ကျပ်ဝန်းကျင်ရှိ၏။ ထို့အပြင် မြန်မာစကား မပြောကြပါ။ လမ်းဘေးဈေးဆိုင်မှစ၍ တရားဝင်ရုံးသုံး၊ လုပ်ငန်းသုံးဘာသာစကားမှာ တရုတ်စကားဖြစ်သည်။ ဤအရပ်ရှိ လူတိုင်းတွင် နာမည်စာလုံးပေါင်းနှစ်ခုစီ ပိုင်ဆိုင်ထားကြသည်။ တရုတ်စာ စာလုံးပေါင်းနှင့်တစ်ခု၊ မြန်မာစာလုံးပေါင်းနှင့် တစ်ခုဖြစ်၏။ ကျိုင်းတုံမြို့မှ ၅၆ မိုင်အကွာတွင်သာရှိသော မိုင်းလားမြို့၌ မြန်မာစံတော်ချိန်ကို အသုံးမပြုကြဘဲ မြန်မာထက် ရှေ့တစ်နာရီခွဲတိတိ (မိနစ် ၉၀)စောသော တရုတ်စံတော်ချိန်ကို တရားဝင်သတ်မှတ်သုံးစွဲကြသည်။ တယ်လီဖုန်းနှင့်တကွ အင်တာနက်လိုင်းကိုလည်း ချိုင်းနားမိုဘိုင်းလ်ကွန်ရက်သာ အသုံးပြုကြသည်။ တစ်နေ့လျှင် ဧည့်သည်ထောင်ချီ လည်ပတ်မှုရှိသည်ဆိုသော မိုင်းလားမြို့သို့ လာရောက်သူဧည့်သည်အများစုမှာ အိမ်နီးချင်းတရုတ်အမျိုးသားများ ဖြစ်ကြလေ၏။

၁၉၉၀ ပြည့်လွန်နှစ်များကဆိုလျှင် မိုင်းလားသည် ရုရှားအပျော်မယ်များ၊ ကာဇက်စတန်အပျော်မယ်များ၊ တရုတ်အပျော်မယ်များဖြင့် သွေးဆောင်ရာနေရာအဖြစ် နာမည်ကျော်ခဲ့ဖူးသည်။ လက်ရှိအချိန်တွင်မူ ၎င်းတို့ကို သိပ်မတွေ့ရတော့ဘဲ တရုတ်သွေးနှောသူအများစုကိုသာ တွေ့ရသည်။
မိုင်းလားရှိ ဟိုတယ်တစ်ခုခု၏ ဧည့်ကြိုဌာနသို့ရောက်လျှင် ဝန်ထမ်းက အခန်းသော့တစ်ချောင်းကမ်းပေးမည်ဖြစ်သည်။ မြန်မာနိုင်ငံရှိ အခြားမည်သည့်ဟိုတယ်မျိုးတွင်မဆို ဆောင်ရွက်လေ့ရှိသော လုပ်ထုံးလုပ်နည်းတစ်ခုဖြစ်သည့် မှတ်ပုံတင်ကတ်ပြားတောင်းခံခြင်း၊ နိုင်ငံကူးလက်မှတ်တောင်းခံခြင်းမျိုး ဤအထူးဒေသရှိ ဟိုတယ်များတွင်မရှိပေ။ ရှိသည်ကတော့ ဟိုတယ်တိုင်း၏ အောက်ထပ်ခန်းမ၌ နေရာယူထားသည့် မာကျောက်စားပွဲဝိုင်းများ၊ ဂိမ်းစက်များပင်။ ဟိုတယ်အခန်းတွင်း ခုတင်ဘေး စားပွဲပုလေးပေါ်တွင် ဓာတ်ပုံတစ်ပုံထောင်ထားပြီး မလုံ့တလုံမိန်းမလှတစ်ဦး၏ပုံနှင့် ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ ရေးသားထားသည်။ ထိုအရာက မိုင်းလားရှိ ဟိုတယ်တိုင်းနှင့် အခန်းတိုင်းတွင် ရှိနေသော ဓလေ့ပဲဖြစ်၏။

‘‘ကျွန်တော်တို့မြို့မှာ ဟိုတယ်အခန်းပေါင်း သုံးသောင်းကျော်ရှိတယ်’’ဟု မိုင်းလားအစိုးရအဖွဲ့ဝင် ဦးစိုင်းမောက်ကပြောသည်။

နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် မြန်မာနိုင်ငံ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၏ စာရင်းအရ ၂၀၁၅ မတ်လ ၃၁ ရက်အထိ မြန်မာ့စီးပွားရေးမြို့တော် ရန်ကုန်မြို့တွင် ဟိုတယ်အခန်းပေါင်း ၁၃,၉၉၀ ခန်းသာရှိသည်။

ဟိုတယ်အခန်းပေါင်းများစွာရှိနေပြီး အသစ်ထပ်မံဆောက်လုပ်နေဆဲ ဟိုတယ်များလည်းရှိနေသော မိုင်းလားသို့ ဧည့်အဝင်များသည့် အဓိကအကြောင်းရင်းတစ်ရပ်က ကာစီနို(ခေါ်) လောင်းကစားရုံများပဲဖြစ်သည်။ မိုင်းလားမြို့တွင်းသို့ မဝင်ခင် (၇) မိုင်အကွာတွင် Galaxyse အမည်ရှိ ခမ်းနားသားနားသည့် ကာစီနိုရုံအဖြူရောင်အဆောက်အအုံကြီးက ဆီးကြိုနေ၏။ ရှပ်အင်္ကျီအဖြူ၊ စတိုင်ပင်အနက်နှင့် လည်စည်းတို့ကို စမတ်ကျကျဝတ်ထားသော ဆယ်ကျော်သက်ရွယ်အမျိုးသမီး၊ အမျိုးသားကလေးများ အဆောက်အအုံရှေ့တွင် လူးလာခေါက်တုံ့ လှုပ်ရှားနေကြသည်။

‘‘မိုင်းလားဒေသခံရော မြန်မာပြည်မကလာတဲ့ တခြားတိုင်းရင်းသားတွေရော အရွယ်ကောင်းတဲ့ ယောက်ကျားလေး၊ မိန်းကလေး အကုန်လုံးက ဒီမှာပဲ အလုပ်လုပ်နေကြတာ’’ဟု မိုင်းလား-ကျိုင်းတုံ အငှားယာဉ်ပြေးဆွဲနေသူ အသက် (၃၅)နှစ်အရွယ် ဒေသခံစိုင်းလုံးကျောက်ကပြောပြသည်။

ညအချိန် အဝေးမှကြည့်လိုက်မည်ဆိုလျှင် ပိုးစုန်းကြူးအသိုက်ကြီးကို လှမ်းမြင်လိုက်ရသလို အဆောက်အအုံတစ်ခုလုံးတွင်သာမက တောင်နံရံနှင့် သစ်ပင်များထက်တွင်ပါ အရောင်စုံနီယွန်မီးများက ထိန်ထိန်ညီးနေသည်။ ယင်းအဆောက်အအုံကြီးအနီးဝန်းကျင်တွင် အလားတူရောင်စုံအဆောက်အအုံများ နေရာယူထားကြသည်။ ထိုအဝန်းအဝိုင်းကို ‘‘သူဌေးဖြစ် ခွေးဖြစ် ဘုံ’’ဟု အချို့ကတင်စားသည်။ ထိုသီးခြားကမ္ဘာလေးတစ်ခုသည် အိမ်နီးချင်းတရုတ်နိုင်ငံမှ ဧည့်သည်များ ၂၄ နာရီပတ်လုံး အဝင်အထွက်များရာ လောင်းကစားကမ္ဘာတစ်ခုပင် ဖြစ်တော့၏။

တောင်ကြားချောင်းငယ်လေးတစ်ခုသာ ခြားထားသော တစ်ဖက်နိုင်ငံမှ ဒေသဆိုင်ရာအာဏာပိုင်များက မိုင်းလားရှိ လောင်းကစားရုံများနှင့်ပတ်သက်၍ မျက်ကွယ်ပြုထားလေ့ရှိသော်လည်း ရံဖန်ရံခါတွင်မူ ကြားဝင်လေ့ရှိကြောင်း ဖြစ်ပွားခဲ့သော သမိုင်းအဖြစ်အပျက်တချို့အရ တွေ့ရသည်။ ၂၀၀၃ ခုနှစ်က တရုတ်အစိုးရ အဆင့်မြင့်အရာရှိကြီးတစ်ဦး၏ သမီးဖြစ်သူသည် မိုင်းလားတွင် လောင်းကစားရင်း ယွမ် ၁ ဒသမ ၄ သန်း (မြန်မာငွေ ၂၃၈ သန်းခန့်) ရှုံးနိမ့်ခဲ့ဖူးသည်။ ယင်းကြောင့် တရုတ်စစ်သားအများအပြားက နယ်စပ်ကို ကျော်ဖြတ်ဝင်ရောက်လာပြီး တရုတ်နိုင်ငံသား ဖွင့်လှစ်ထားသော ကာစီနိုရုံငါးရုံကို ပိတ်ပစ်မှုဖြစ်ခဲ့ကြောင်း အေးရှားတိုင်းမ်အွန်လိုင်းက ဖော်ပြခဲ့သည်။

ချမ်းသာကြွယ်ဝသည့် သင်္ကေတများ ၊ အပျော်အပါးထုံမွမ်းသည့် အရိပ်အယောင်များ ဖုံးလွှမ်းလျက်ရှိသော မြို့တွင်းမြို့ပြင် ဆောင်ရွက်ဆဲ ဆောက်လုပ်ရေးလုပ်ငန်းခွင်များ၊ အဆောက်အအုံများ ဟိုမှာသည်မှာ နေရာယူနေကြသော ဤမြို့တွင် မြန်မာပြည်မမှလာသော အလုပ်သမားများ အများအပြားရှိနေကြောင်း ဒေသအာဏာပိုင်အစိုးရထံမှ သိရသည်။ အများစုက ဤမြို့တွင် အခြားသူများ မလုပ်ကိုင်လိုကြသည့် အလုပ်ကြမ်းများ၊ အောက်ခြေသိမ်း အလုပ်များကို လုပ်ကိုင်ခွင့်သာရကြသည်ဟု ဆိုသည်။

မိုင်းလား၌ အခြေခံအလုပ်ကြမ်းလုပ်သူများအနေဖြင့် တစ်ရက်လုပ်အားခ ယွမ် ၈၀ မှ ယွမ် ၁၀၀ကြား (မြန်မာငွေ ၁၃၆၀၀ ကျပ်ခန့်မှ ၁၇၀၀၀ကျပ်ခန့်) ရရှိကြသည်ဟု ဆိုသည်။ အလုပ်သမားများအနေဖြင့် မိုင်းလားအုပ်ချုပ်ရေးအဖွဲ့ထံတွင် မှတ်ပုံတင်ရန်လိုအပ်ပြီး ခြောက်လစာအတွက် အလုပ်သမားမှတ်ပုံတင်ကြေး ယွမ် ၂၀ သတ်မှတ်ထားသည်ဟု ဆိုသည်။

အမည်မဖော်လိုသော မိုင်းလားအစိုးရအဖွဲ့ဝင်လူကြီးတစ်ဦး ပြောပြချက်အရ နေပြည်တော်မှ ဗဟိုအစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးတစ်ဦးက မြန်မာပြည်မမှ အလုပ်သမားများ မိုင်းလားဒေသတွင်း ပို့လွှတ်အလုပ်ပေးရန် ကမ်းလှမ်းထားကြောင်း သိရသည်။ မြန်မာအလုပ်သမားများကို မိုင်းလားတွင် အလုပ်လုပ်ခွင့်ပေးရန်၊ မြန်မာလုပ်သမားတစ်ဦးလျှင် လုပ်အားခတစ်ရက် ကျပ် ၂,၅၀၀ သာ အများဆုံးပေးရန် အဆိုပါပြည်ထောင်စုဝန်ကြီးက ကမ်းလှမ်းထားပြီး ထိုနှုန်းမှာ မိုင်းလားဒေသတွင် ပေးနေသော လုပ်အားခနှုန်းနှင့် နှိုင်းယှဉ်တွက်ကြည့်လျှင် အလွန်နည်းပါးနေသည့်အတွက် မိုင်းလားအဖွဲ့ဘက်က လက်ခံရန် အားနာလျက်ရှိသည်ဟု မိုင်းလားအရာရှိတစ်ဦးကပြောကြားသည်။

‘‘ဒီမှာ ဗမာအလုပ်သမား လေးထောင်ကျော်ရှိတယ်’’ဟု NDAA ဗဟိုကော်မတီဝင်လည်းဖြစ်သည့် ဦးစိုင်းမောက်က ပြောပြသည်။

မိုင်းလား
- မိုင်းလားသည် မြန်မာနိုင်ငံ ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ အထူးဒေသ (၄) ၏ အုပ်ချုပ်ရေး၊ စီးပွားရေးမြို့တော်ဖြစ်သည်။ အိမ်နီးချင်းတရုတ်နိုင်ငံတွင် မိုင်းလားစီရင်စုရှိနေ၍ အမည်တူသော မိုင်းလားကို မိုင်းလားကလေး (သို့မဟုတ်) ရှောင်မိုင်းလားဟုလည်း တရုတ်တို့က ခွဲခြားခေါ်ဝေါ်ကြမှုရှိသည်။ အထူးဒေသ (၄) မိုင်းလားသည် ထိုင်းနယ်စပ်မြို့တစ်ခုဖြစ်သော မယ်ဆိုင်မှ ခန့်မှန်းခြေ မိုင် ၁၆၀ ခန့်အကွာတွင်ရှိပြီး ကျိုင်းတုံမြို့မှ ၅၆ မိုင်အကွာတွင် ရှိသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ် နယ်စပ်မြို့ဖြစ်သော ဒါလောင်နှင့်ချောင်းတစ်ခုခြား မျက်နှာချင်းဆိုင်တည်ရှိသည်။ ၁၉၉၀ ပြည့်နှစ်အထိ ဝေးလံခေါင်ဖျား ရွာငယ်ဇနပုဒ်ကလေးတစ်ခုအဖြစ်သာ ရှိခဲ့သော မိုင်းလားသည် လာ့စ်ဗီးဂတ်စ်မြန်မာဗားရှင်းဖြစ်ရန် ပေါ်ထွက်လာခဲ့သည်ဟု ပြောစမှတ်ပြုကြသည်။

- ‘‘အသက်(၆၅)နှစ်ဝန်းကျင်အရွယ် မိုင်းလားခေါင်းဆောင် ဦးစိုင်းလင်း (အမည်ရင်းမှာ လင်မင်ရှောင်)သည် တပ်နီတော်အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်သည်။ ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ)ကို အားဖြည့်ရန်အတွက် ၁၉၆၀ နှောင်းပိုင်းနှစ်များက တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှနေ၍ ဝင်ရောက်လာခဲ့သည်။ သူသည် ဗကပ ဇုန် ၈၁၅ ၏ စစ်မြေပြင်ကွပ်ကဲရေးမှူးတစ်ဦး ဖြစ်လာခဲ့သည်။ ယင်းနေရာသည် လက်ရှိ မိုင်းလားမြို့နေရာပင်ဖြစ်သည်။ ၁၉၈၉ ခုနှစ်တွင် အခြေအနေမကောင်းတော့သည့် ဗကပမှ ‘ဝ’က ခွဲထွက်ကြောင်း ကြေညာချိန်တွင် ဦးစိုင်းလင်းကလည်း NDAA အဖွဲ့ကို ဦးဆောင်ခွဲထွက်ခဲ့သည်။ သူသည် ရန်ကုန်တွင် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးသည့် ဗကပတပ်မှူးဟောင်းများအနက် တစ်ဦးဖြစ်လာခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် မြန်မာစစ်အစိုးရနှင့် ဦးစိုင်းလင်း၏ NDAAအဖွဲ့အကြား အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးခဲ့ပြီးနောက် ကီလိုမီတာ ၄၉၅၀ အကျယ်အဝန်းရှိ အထူးဒေသ (၄)သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေအဖြစ် ရောက်ရှိခဲ့သည်။ ထို့အပြင် များပြားလှစွာသည့် စီးပွားရေးအထူးလုပ်ပိုင်ခွင့်များ အစိုးရကပေးခဲ့ပြီး ယင်းအနက် အမြတ်အများဆုံးဖြစ်သော ဘိန်းကုန်သွယ်မှုလုပ်ပိုင်ခွင့်ကိုပါ ဖွင့်ဟရန်မလိုသည့် အပြန်အလှန်နားလည်မှုမျိုးဖြင့် ပေးခဲ့ကြောင်း နိုင်ငံတကာက ထောက်ပြခဲ့သည်။

- ၁၉၉၀ ပြည့်နှစ် အစောပိုင်းကာလတွင် ဦးစိုင်းလင်းသည် မြန်မာနိုင်ငံမြောက်ပိုင်း၌ အင်အားအကြီးဆုံး မူးယစ်ဆေးဝါးဆင်ဒီကိတ်များအနက် တစ်ဖွဲ့ကို ဦးဆောင်သူဖြစ်ခဲ့ပြီး နှစ်စဉ် ဟီးရိုးအင်း ကီလိုဂရမ်တစ်ထောင် (သို့မဟုတ်) နှစ်ထောင်ခန့် ထုတ်လုပ်မှုရှိခဲ့ကြောင်း နိုင်ငံတကာအစီရင်ခံစာများက ဖော်ပြခဲ့သည်။ နှစ်ပေါင်းများစွာတိုင်အောင်ပင် ဦးစိုင်းလင်းသည် အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာန၏ အပြည်ပြည်ဆိုင်ရာ စိတ်ကိုပြောင်းလဲစေသောဆေးဝါး ထိန်းချုပ်ရေးမဟာဗျူဟာအစီရင်ခံစာ hitlist စာရင်းတွင် ပါဝင်နေခဲ့သည်။ နောက်ပိုင်းတွင် ကမ္ဘာ့ကုလသမဂ္ဂ ကျောထောက်နောက်ခံပြုထားသော မူးယစ်ဆေးဝါးတိုက်ဖျက်သုတ်သင်ရေး အစီအစဉ်တစ်ခုကို မိုင်းလား၌ စတင်ခဲ့သည်။

- ၁၉၉၇ ခုနှစ်တွင် မိုင်းလားကို ‘ဘိန်းကင်းစင်နယ်မြေ’အဖြစ် ကြေညာခဲ့သည်။ နောက်သုံးနှစ်အကြာတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဦးစိုင်းလင်းသည် သူ့ဒေသတွင် ဘိန်းစိုက်ပျိုးမှုကင်းစင်အောင် ဆောင်ရွက်ကြောင်း ဖော်ပြခဲ့သည်။

- ၂၀၁၂ ခုနှစ်တွင် သစ်တန်ချိန်တစ်သောင်း ထုပ်လုပ်ခွင့်၊ ရေအားလျှပ်စစ်စက်ရုံများ ဆောက်လုပ်ခွင့်နှင့် ဓာတ်သတ္ထုလုပ်ငန်းများ လည်ပတ်ခွင့်တို့ကို အစိုးရက NDAA အား ပေးခဲ့သည်။

- မိုင်းလားအဖွဲ့ဥက္ကဋ္ဌ ဦးစိုင်းလင်းသည် အစိုးရနှင့် လက်ရှိတိုက်ပွဲဖြစ်ပွားလျက်ရှိသော ကိုးကန့်လက်နက်ကိုင်အဖွဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) ခေါင်းဆောင် ဖုန်ကြားရှင်၏ သမက်ဖြစ်သည်။ ဦးဖုန်ကြားရှင်သည် ၂၀၀၉ ခုနှစ် လောက်ကိုင်တိုက်ပွဲ အရေးနိမ့်ပြီးနောက် မိုင်းလားနယ်အတွင်း တိမ်းရှောင်နေခဲ့သည်ဆိုသော သတင်းများထွက်ပေါ်ခဲ့ဖူးသည်။ ပထဝီဝင်အရ အစိုးရထိန်းချုပ်နယ်မြေ ကျိုင်းတုံမှ ၅၆ မိုင်အကွာရှိ အထူးဒေသ (၄) မိုင်းလား၊ အထူးဒေသ (၂) ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ၊ အထူးဒေသ (၁) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့သည် အစဉ်လိုက်တစ်ဆက်တည်း ထိစပ်တည်ရှိလျက်ရှိသည်။ ပြီးခဲ့သည့် မေလ ၈ ရက် ကျိုင်းတုံတွင် မိုင်းလားဥက္ကဋ္ဌ ဦးစိုင်းလင်းနှင့် ဇနီးဖြစ်သူက သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့ကြသည်။

7 Day Daily

ဓာတ်ပုံ - TNLA

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ထဲက နမ့်ဖတ်ကာကျေးရွာအနီးမှာ တအာင်း-ပလောင်တပ်မတော် (တီအန်အယ်လ်အေ) နဲ့ မြန်မာစစ်တပ်တို့ မေ ၁၈ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

တီအန်အယ်လ်အေ ပြန်ကြားရေးအရာရှိ မိုင်အိုက်ကျော်က “အဓိကကတော့ ထိုးစစ်ကြောင့် ဖြစ်တာပေါ့နော်။ ဖြစ်တဲ့အချိန်က ညနေ ၃ နာရီ ၁၃ လောက်ကနေ ၄ နာရီခွဲအထိဖြစ်တယ်။ အဲဒီမှာ ကျနော်တို့ရဲ့ တပ်ဖွဲ့တွေက သူတို့ရဲ့ တပ်ဖွဲ့လုပ်ငန်း ဆောင်ရွက် နေတဲ့အချိန် မနက် ၇ နာရီခွဲလောက်ကနေစပြီးတော့မှ  နမ့်ဖတ်ကာအခြေစိုက် ခလရ ၁၂၃ က အဖွဲ့တွေက လက်နက်ကြီးတွေနဲ့ လှမ်းပစ်တာ။ ၃ နာရီလောက်ရောက်တဲ့ အချိန်ကျတော့ သူတို့ ကျနော်တို့ အဖွဲ့ရှိတဲ့နေရာကို ချီတက်လာတယ်။ ချီတက်တဲ့အချိန်မှာပဲ ကျနော်တို့ အဖွဲ့နဲ့ ရင်ဆိုင်တိုက်ပွဲဖြစ်တာ။”

တိုက်ပွဲကြောင့် နှစ်ဖက်ထိခိုက်သေဆုံးမှု မသိရသေးဘူးလို့လည်း ပြောပါတယ်။

တိုက်ပွဲမဖြစ်ခင် မနက်ပိုင်းမှာ တအာင်း-ပလောင်တပ်မတော်အဖွဲ့ကနေ မူဆယ်-မန္တလေး လမ်းမပေါ်မှာ မော်တော်ကားတွေ အခွန်ကောက်ခံမှုတွေ လုပ်ဆောင်ခဲ့ပါ တယ်။

ဓာတ်ပုံ - TNLA

“အဓိက ကောက်ခံတဲ့အကြောင်းအရင်းကတော့ ကျနော်တို့အဖွဲ့ရဲ့တော်လှန်ရေး ရန်ပုံငွေလို့ ပြောရမှာပေါ့နော်။ ဘာကြောင့်လဲဆိုတော့ ဒီ ၂၀၁၄-၁၅မှာ  ကျနော်တို့ ဒေသမှာ အစိုးရစစ်တပ်တွေက ထိုးစစ်ဆင်မှု တအားများလာတယ်။ ပြီးရင် တိုက်ပွဲတွေ တအားများလာတဲ့အတွက် ကျနော်တို့ လမ်းမပေါ်တက်ပြီး အခွန်ကောက်ခံ တာဖြစ်တယ်။”

ကားတွေကို ၁ သောင်းကနေ ၁ သိန်းလောက်အထိ ကောက်ခံပြီး မပေးနိုင်သူတွေ ကိုတော့ ပြန်လွှတ်ပေးတယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်တဲ့နေ့က သူတို့တပ်ဖွဲ့တွေ အခွန်ကောက်နေတဲ့ ၂ မိုင်လောက်ဝေးတဲ့ နေရာမှာဖြစ်တာလို့လည်း မိုင်အိုက်ကျော်က ပြောပါတယ်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီအနေနဲ့ တခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးပြီး အပစ်အခတ်ရပ်စဲရေး စာချုပ်လက်မှတ်ရေးထိုးနိုင်ခဲ့ပေမယ့် တအာင်း-ပလောင်အဖွဲ့နဲ့တော့ အပစ်ရပ်တွေ့ဆုံဆွေးနွေးခြင်း မပြုလုပ်ခဲ့သေးပါဘူး။

ဒါ့အပြင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီအဖွဲ့နဲ့ တိုင်းရင်းသားအဖွဲ့ (အန်စီစီတီ) တို့အကြား အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပြီး၊ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ မူကြမ်းကို လက်မှတ်ရေးထိုးနိုင်ခဲ့ပေမယ့်၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်ဘက်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နဲ့ မြန်မာအစိုးရစစ်တပ်တို့အကြား စစ်ရေးပဋိပက္ခတွေ ဖြစ်ပွားနေဆဲဖြစ်ပြီး စစ်ပြေးဒုက္ခသည်တွေလည်း တိုးပွားနေပါတယ်။

 By နော်နိုရင်း (ဒီဗွီဘီ)
http://burmese.dvb.no

၁၉၅၀ ပြည့်နှစ်၊ အရေးပေါ်စီမံမှု အက်ဥပဒေကို ဖျက်သိမ်းပစ်ဖို့ ပုသိမ်မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြည်သူ့လွှတ်တော်မှာ ဒီနေ့ တင်သွင်းတဲ့အဆိုကို မဲခွဲဆုံးဖြတ်ရာ ရှုံးနိမ့်ခဲ့ပါတယ်။

ဒီနေ့မဲခွဲရာမှာ ကန့်ကွက်မဲ ၂၆၅မဲ၊ ထောက်ခံမဲ ၅၀နဲ့ ကြားနေ ၁၇ မဲ ရှိခဲ့ပြီး အဆိုရှုံးနိမ့်ခဲ့တာလို့ ဦးဝင်းမြင့်က ပြောပါတယ်။

ဒီဥပဒေဟာ ပြည်တွင်းစစ်မီး စတင်ဖြစ်ပွားခဲ့တဲ့ကာလက ပြဋ္ဌာန်းခဲ့တဲ့ဥပဒေဖြစ်ပြီး ဥပဒေပါပုဒ်မ တွေဟာလည်း တခြားရာဇသတ်ကြီးပုဒ်မတွေမှာ ပြဋ္ဌာန်းပြီးသားဖြစ်တာကြောင့် ဖျက်သိမ်းဖို့ အဆိုတင်ခဲ့တာလို့ သူက ပြောပါတယ်။

“ဒါ ဟိုတုန်းက ရန်ကုန်အစိုးရလို့ ခေါ်ခဲ့တုန်း၊ တနိုင်ငံလုံး အရေးပေါ်အခြေအနေတုန်းက ပြဋ္ဌာန်းခဲ့တဲ့ဥပဒေဗျ။ ဒါက တခု၊ နောက်တခုက အဲ့ဒီဥပဒေပါပြဋ္ဌာန်းချက်တွေကို ကြည့်လိုက်လို့ရှိရင် ဒါတွေက ရာဇသတ်ကြီးဥပဒေမှာ ပြဋ္ဌာန်းပြီးသာတွေဗျ။ ဥပဒေအရ အရေးယူလို့ ရတဲ့ ဥပဒေတခု ရှိလျက်သားနဲ့ ဒီဥပဒေကိုပြဋ္ဌာန်းထားပြီးတော့ နိုင်ငံရေးသမားတွေ၊ ဒီမိုကရေစီအင်အားစုတွေ၊ ပြည်သူပြည်သားတွေကို အချိန်မရွေး အပြစ်ရှာပြီး ဘူးလေးရာဖရုံဆင့် ပြဋ္ဌာန်းထားတာမျိုးက ဒီမိုကရေစီအသွင်ကူးပြောင်းရေး သွားနေတယ်ဆိုတာမျိုးမှာ မဖြစ်သင့်ဘူးလေ။”

ဒီဥပဒေဖျက်သိမ်းဖို့ သင်္ဃန်းကျွန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့် လွှတ်တော်ထဲ ကြိုးပမ်းခဲ့တုန်းက အလားတူ ရှုံးနိမ့်ခဲ့ဖူးပြီး ခုတခါ ဦးဝင်းမြင့်က ထပ်တင်ရာမှာလည်း ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

အခြေခံဥပဒေ အခန်း (၁) နှင့် (၈) တို့တွင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ တွေးတောကြံဆခွင့်နှင့် ငြိမ်းချမ်းစွာ စုရုံးဖွဲ့စည်းခွင့် စသည့်အခွင့်အရေးများ ပေးထားပြီး အဲ့ဒီ အခွင့်အရေးများကို ကန့်သတ်ချုပ်ချယ်ထားသည့် ပြည်တွင်းဥပဒေအချို့ကို သုံးသပ်ပြင်ဆင်ဖို့ တောင်းဆိုချက်တွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။

အဲ့ဒီ ဥပဒေများအနက် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်သည့် ဥပဒေ (၁၉၇၅)၊ အရေးပေါ်စီမံချက်ဥပဒေ (၁၉၅၀)၊ ပုံနှိပ်ထုတ်ဝေ ဥပဒေ (၁၉၆၂)၊ သင်းပင်းဖွဲ့စည်းခွင့်ဥပဒေ (၁၉၈၈)၊ ရုပ်မြင်သံကြားနှင့်ဗီဒီယို ဥပဒေ (၁၉၈၅) စတာတွေ ပါဝင်ပါတယ်။

By ရွှေအောင် .DVB
http://burmese.dvb.no/archives/93855

့မြန်မာအစိုးရကို လက်နက်ကိုင်တိုက်နေတဲ့ ရက္ခိုင့်တပ်မတော် (အေအေ)နဲ့ ဆက်စပ်ပတ်သက်သူ ၂၃ ဦးကို ဖမ်းဆီးတရားစွဲဆိုထားတယ်လို့ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဦးခင်မောင်က ဒီဗွီဘီကို ပြောပါတယ်။

ဖမ်းဆီးတရားစွဲခံရသူတွေဟာ ရခိုင်ပြည်နယ် နေရာပေါင်းစုံက ဖြစ်ပြီး စစ်တပ်က ဖမ်းဆီး ကျောက်တော်မြို့နယ်ရဲစခန်းကို ပို့ဆောင်ကာ မတရားအသင်းပုဒ်မနဲ့ တရားစွဲဆိုထားတာပါ။

ရဲမှူး ဦးခင်မောင်က “နယ်ပေါင်းစုံကပါ၊ ဗူးသီးတောင်၊ မောင်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ကျောက်ဖြူ၊ မြောက်ဦး၊ မြေပုံတို့ ရခိုင်ပြည်တ၀ှမ်းက မြို့နယ်ပေါင်းစုံကပါ။ သူတို့တွေက ၂ ရက် ၅ လပိုင်းကစပြီး ဒီရဲစခန်းကိုရောက်တာပေါ့။ တယောက်နဲ့တယောက် ရောက်တဲ့ရက်က မတူဘူးပေါ့။ နောက်ဆုံး ၁၉ ရက်နေ့အထိပေါ့။ လောလောဆယ်ကတော့ ကျနော်တို့ မတရား အသင်းအမှုနဲ့ပဲ တရားစွဲ ထားတယ်။”

အစိုးရစစ်တပ်ရဲ့ စစ်ကြောချက်အရ ဖမ်းဆီးခံရသူအများစုဟာ ရက္ခိုင့်တပ်မတော်က တပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့သိရတဲ့အကြောင်း ကျောက်တော် ရဲတပ်ဖွဲ့က ပြောပါတယ်။

ရက္ခိုင့်တပ်မတော်ဘက်ကလည်း ဖမ်းဆီးခံရတဲ့သူတချို့ဟာ သူတို့ တပ်ဖွဲ့ဝင်ဖြစ်ကြောင်းနဲ့ အစိုးရအနေနဲ့ တော်လှန်ရေးကို နောင်ကျင်အောင်လုပ်တဲ့ သဘောဖြစ်တယ်လို့ ရက္ခိုင့်တပ်မတော် ဒုစစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင်က ပြောပါတယ်။

“အစိုးရအနေနဲ့ကတော့ ကျနော်တို့ ရခိုင်တော်လှန်ရေးသမားတွေပဲဖြစ်ဖြစ်၊ ဘယ်တော်လှန်ရေးသမားကိုမဆို သူတို့က အဲလို စွဲချက်တင်ပြီးတော့ တော်လှန်ရေးကို နောင်ကျင်သွားအောင် လုပ်တဲ့ သာဓကတွေကတော့ ခေတ်အဆက်ဆက်မှာရှိတယ်။ ဒါက ကျနော်တို့ ရခိုင်တလူမျိုးတည်း မဟုတ်ဘူး။ တခြားတိုင်းရင်းသားတွေကိုလည်း လုပ်လေ့လုပ်ထရှိတဲ့ အပြုအမူတခုပါပဲ။ ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ တချိုက ကျနော်တို့ရဲဘော်တွေ မှန်တယ်။ သူတို့အနေနဲ့ကတော့ ပုဒ်မ ၁၇(၁) မတရားအသင်းနဲ့ ဆက်သွယ်တဲ့ ပုဒ်မမျိုးနဲ့ တပ်ထားတာတွေ့ရတယ်။ ”

ရခိုင်ပြည်နယ်အတွင်းမှာ ပြီးခဲ့တဲ့ မတ်လနဲ့ ဧပြီလတွေတုန်းက အစိုးရစစ်ကြောင်းတွေနဲ့ ရက္ခိုင့်တပ်မတော်တပ်ဖွဲ့ဝင်တွေအကြား တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ရခိုင်လက်နက်ကိုင်တချို့ ဖမ်းဆီးရမိမှုတွေရှိခဲ့တယ်လို့ အစိုးရက တရားဝင်သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဓာတ်ပုံ (ရက္ခိုင့်တပ်မတော် – သတင်းနှင့် ပြန်ကြားရေးဌာန)

By နော်နိုရင်း.DVB
http://burmese.dvb.no/archives/93822

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ တောင်နဲ့ မြောက်ကိုရီးယား ပူးတွဲ စက်မှုဇုန်ကို အလည်အပတ်သွားမယ့် အစီအစဉ်ဟာ ပြုံးယမ်းအစိုးရဘက်က စိတ်ပြောင်းသွားတဲ့အတွက် ဖျက်သိမ်းလိုက်ရတယ်လို့ ဘန်ကီမွန်းက ဒီနေ့ ပြောလိုက်ပါတယ်။

နောက်ဆုံး မိနစ်ကျတော့မှ မြောက်ကိုရီးယားဘက်က အကြောင်းပြချက် မပေးဘဲ ငြင်းပယ်လိုက်တဲ့အတွက် အလွန်အမင်း ၀မ်းနည်းရတယ်လို့ ဘန်ကီမွန်းက တောင်ကိုရီးယားနိုင်ငံ မြို့တော် ဆိုးလ်မှာ ရှိတဲ့ အစည်းအဝေး မိန့်ခွန်းမှာ ပြောပါတယ်။

ဒါပေမ့ယ် ကိုရီးယားကျွန်းဆွယ်ဒေသနဲ့ ကမ္ဘာကြီး ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် မြောက်ကိုရီးယားအနေနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်အနေနဲ့ တိုက်တွန်းပါတယ်လို့လည်း ဘန်ကီမွန်းက ပြောပါတယ်။

တောင်ကိုရီးယားအစိုးရကလည်း မြောက်ကိုရီးယားရဲ့ ဆုံးဖြတ်ချက်အတွက် ၀မ်းနည်းရတယ်လို့ ပြောပါတယ်။

တောင်နဲ့ မြောက်ကိုရီးယား နယ်စပ်ကနေ မြောက်ဘက်ကို မိနစ်အနည်းငယ် ကားမောင်းသွားရင် ရောက်တဲ့ ကေဆောင်းစက်မှုဇုန်ကို လာမယ့် မေ ၂၁ ရက်နေ့မှာ ဘန်ကီမွန်း အလည်အပတ်သွားဖို့ စီစဉ်ခဲ့တာပါ။

မူလအစီအစဉ်အတိုင်းဖြစ်ခဲ့ရင် ဘန်ကီမွန်းဟာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေတုန်း မြောက်ကိုရီးယားကို အလည်အပတ် သွားခွင့်ရတဲ့ တတိယမြောက် ကုလသမဂ္ဂအကြီးအကဲ ဖြစ်လာနိုင်ပါတယ်။

ဘန်ကီမွန်းကတော့ ပူးတွဲ စက်မှုဇုန်ကို အလည်အပတ် သွားဖြစ်ရင် နှစ်နိုင်ငံ ဆွေးနွေးပွဲအတွက် လမ်းစပေါ်အောင် အကူအညီပေးနိုင်ဖို့ မျှော်လင့်တယ်လို့ ပြောခဲ့ပါတယ်။

အခု ခရီးစဉ်ကို ဖျက်သိမ်းလိုက်တဲ့ ကိစ္စကို မြောက်ကိုရီးယား အစိုးရ မီဒီယာတွေမှာလည်း မဖော်ပြပါဘူး။

ဘန်ကီမွန်းဟာ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးအဖြစ် ၂၀၀၄ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်ပြီး အဲဒီကာလအတွင်း မြောက်ကိုရီးယားရဲ့ နျူးကလီးယားအစီအစဉ်ကြောင့် နှစ်နိုင်ငံ ဆက်ဆံရေး တင်းမာနေတဲ့ ကာလဖြစ်ခဲ့ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/93828

သားကြီးမောင်ဇေယျ - ဥပဒေစစ်မြေပြင်က ခွပ်ဒေါင်းများ
(ဒီမိုပညာကျောင်းသားများ ၆ ကြိမ်မြောက် ရုံးထုတ်)
(မိုးမခ) မေ ၁၉၊ ၂၀၁၅

သာယာဝတီတရားရုံး လမ်းမတန်းဝင်ပေါက်မှာ သံဆူးကြိုးအထပ်ထပ်နဲ့ ရဲလုံခြုံရေးတွေချထားတာတွေ့ရပါတယ်။ ၀င်ခွင့်မရ ပါ။ အဲဒါကြောင့် ကျနော်တို့ ဘေးဝင်ပေါက်ကို လာခဲ့ပါတယ်။ ဘေးဝင်ပေါက်ရောက်တော့ လူငါးဆယ်လောက် ရုံးစု ရုံးစုနဲ့ ရောက်နေပါပြီ။

ဒါဟာ ကျောင်းသားတွေ ကိုခြောက်ကြိမ်မြောက်ရုံးထုတ်တာ ဖြစ်ပြီး၊ သာယာဝတီတရားရုံးမှာတော့ ပထမဆုံး ရုံးထုတ်တာပါ။ ပြီးခဲ့တဲ့ ၅ ကြိမ်ကိုတော့ လက်ပံတန်းတရားရုံးမှာ ရုံးထုတ်ခဲ့တာပါ။ လုံခြုံရေးအကြောင်းပြချက်တွေနဲ့ သာယာဝတီ တရားရုံး မှာ အခုလို ရုံးထုတ်ခဲ့တာပါ။

ရောက်ရောက်ချင်း ကျနော်တို့ တရားရုံးဝန်းကျင် မြင်ကွင်းတွေကို ဗီဒီယိုလိုက်ရိုက်ပါတယ်။ ကိုဉာဏ်ကြီးက မကွေးသား  ၀န်းရံတဦးဖြစ်တဲ့ အသားဖြူဖြူ မျက်နှာပြည့်ပြည့် အသက် ၄၀ ကျော် တယောက်ရဲ့ သဘောထားကိုမေးပါတယ်။ လက်ရှိ ကျောင်းသားလူပ်ရှားမှုကို သူဘယ်လိုမြင်သလဲပေါ့။ သူနာမည်က ကိုခင်မောင်ကြည်တဲ့။

“ပင်မစစ်ကြောင်းကို စထွက်ကတည်းက ကျနော်တို့ စိတ်ဝင်စားခဲ့တာဗျာ့၊ ကျနော်တို့နိုင်ငံရဲ့ ပညာရေးအပြောင်းအလဲဟာ ဘယ်လောက်အရေးကြီးတယ်ဆိုတာ အားလုံးသိကြတယ်။ ဒါကြောင့်မို့ စထွက်ပြီဆိုကတည်းက စိတ်ဝင်တစားနဲ့ စောင့် ကြည့်ခဲ့တယ်။ လက်ပံတန်းမှာ တားဆီးလိုက်ပြီဆိုကတည်းက ကျနော်တို့ စိတ်ဝင်စားမှုတွေ မြင့်လာတယ်”

သူက စစ်အစိုးရလက်ထက် နိုင်ငံရေး အကျဉ်းသားဟောင်းတယောက်ပီပီ ကျောင်းသားလူပ်ရှားမှုကို စိတ်ပါ လက်ပါ ထောက်ခံနေသူတယောက်ပါ။ တရားရုံးတွေ၊ လုံခြံရေးတွေ ဘယ်လိုပဲပြောင်းခဲ့ပေမယ့် ထောက်ခံအားပေးသူတွေရဲ့စိတ်ဝင်စားမှုကတော့ မပြောင်းလဲခဲ့ဘူးဆိုတာ သူ့စကားတွေက ထင်ရှားစေပါတယ်။

ဝန်းတံခါးဖွင့်ပြီဆိုတာနဲ့ ကိုရန်နိုင်ရယ်၊ ဉာဏ်ကြီးရယ်၊ ကျနော်ရယ် သုံးယောက်သား ကင်မရာကိုယ်စီနဲ့ လုံခြုံရေးတွေကြား ဖြတ်ပြီး တရားရုံးဝန်းထဲကို ၀င်ခဲ့ပါတယ်။ အထဲမှာ သတင်းထောက်ကဒ်ပြားနဲ့ ၀င်ခွင့်ကဒ်ကိုလဲရင်း ဧည့်စာရင်းမှာ လက်မှတ် ထိုးရပါတယ်။ လူတယောက်က ကျနော်နားကပ်လာပြီး အင်္ကျီအိတ်ထဲကို စာရွက်လေးတရွက် ထိုးထည့်သွားပါတယ်။

လည်စည်းအနီ ရဲတွေနဲ့၊ တရားစွဲခံ ကျောင်းသား မိဘဆွေမျိုးတွေဟာ ဟိုနားစုစု ဒီနားစုစုနဲ့ပါ။ သူတို့ကို အင်တာဗျူး တခု လောက်များ ရလိုရငြား လိုက်ကြည့်နေတုန်း အပြာရင့်ရောင် အချုပ်ကားတွေဟာ ကျောင်းသားတွေကိုသယ်ဆောင်ရင်း မြှားတစ်စင်းလို တဟုန်ထိုး ၀င်ရောက်လာပါတယ်။

‘‘သပိတ် သပိတ် မှောက်မှောက်”
‘‘မီးဒုတ် မီးဒုတ် ရှို့ရှို့”
‘‘အရေးတော်ပုံ  အောင်ရမည်”

အချုပ်ကားပေါ်က အားပြင်းပြင်း လွင့်ပျံလာတဲ့အသံတွေကြောင့် လုံခြုံရေးတွေကြားတိုးကာဝှေ့ကာ ကား ရပ်မယ့်နေရာနား ကို  အပြေးသွားခဲ့ပါတယ်။ ကင်မရာခလုပ်ကတော့ ဖွင့်ပြီးသား အဆင်သင့်။

အချုပ်ကားပေါ်က ဆင်းလာပါပြီ။

ကျောင်းသူတွေ လက်ဝှေ့ယမ်းနှုတ်ဆက်ရင်း အချုပ်ကားပေါ်က ဆင်းလာပါပြီ။ လက်ပံတန်းဒေသခံ ၀န်းရံပြည်သူ အသက် ၄၀ ကျော်အမျိုးသမီးကြီးတဦးက လက်သီးလက်မောင်းတန်းရင်း ရှေ့ဆုံးဦးဆောင်လာပါတယ်။ သူနောက်က ဆင်းလာသူက မဖြိုးဖြိုးအောင်ပါ။ အင်္ကျီဖြူ၊ ထမီအနက်စင်းနဲ့။ သူက လက်နှစ်ဖက်စလုံးကို စုံမြှောက် ဝှေ့ယမ်းလိုက်ပါတယ်။

ဖြိုးဖြိုး   ဖြိုးဖြိုး
ဖြိုးဖြိုး  ဖြိုးဖြိုး

အချုပ်ကားကို ၀ိုင်းကာထားတဲ့ရဲတွေနောက်က လူအုပ်ကြီးဟာ လက်သီး လက်မောင်းတွေ ဆန့်တန်းရင်း မဖြိုးဖြိုးအောင် နာမည်ကို ထပ်ခါတလဲလဲ သံပြိုင် ခေါ်လိုက်ကြပါတယ်။ အသံတွေက ဟိန်းဟိန်းညံလို့။
သူ့နောက်က မဟန်နီဦး။
နောက် တယောက်က ထမီအနီ ၊ ကျစ်ဆံမီးနဲ့ ကျောင်သူလေး။
နောက် တယောက်ပြီးတစ်ယောက် အားလုံးပေါင်း  ၇ ယောက်။

ဒီတခါတော့ သူတို့ကိုလက်ထိပ်ခတ်မထားတော့ပါ။  ပြီးခဲ့တဲ့ ရုံးချိန်းမှာ အမျိုးသမီးတွေကို လက်ထိပ်မခတ်ရေး တောင်းဆိုမှု အောင်မြင်ခဲ့ပြီပေါ့။

တရားဥပဒေက ပေးထားတဲ့ အခွင့်အရေးတွေကို သူတို့ အောင်အောင်မြင်မြင် ကာကွယ်နိုင်ခဲ့ပါပြီ။  ကင်မရာသမားတွေကလည်း ဖြေးဖြေး လျှောက်ဖို့ ကျောင်းသူတွေ ကိုအော်ပြောနေပါတယ်။ ကျောင်းသူ ကျောင်းသားတွေ တရားရုံးထဲ ၀င်သွားပါပြီ။ အပြင်မှာကျန်ရစ်တဲ့ မိဘတွေရဲ့ရင်ထဲမှာတော့  စိုးရိမ်သောကနဲ့ မခံချင်စိတ် မြင့်တက်နေပါတယ်။

“ကျမတို့သားသမီးတွေနဲ့ခွဲနေရတာ ရက်ပေါင်း ငါးဆယ်ရှိပြီ  ဘယ်လောက်ခံစားရတယ်ဆိုတာ စဉ်းစားကြည့်ပါ  x x ထောင် ထဲမှာ ငါ့သားလေး ဘယ်လိုများနေသလဲ စဉ်းစားမိတိုင်း  ညည အိပ်လို့တောင်မပျော်ဘူး”

အင်္ကျီနံ့သာရောင်ဖျော့ဖျော့ ၀တ်ဆင်ထားတဲ့ အသားဖြူဖြူ၀၀ မိန်းမကြီးတယောက်က သူ့ခံစားချက်တွေကို မျက်ရည်စက် လက် နဲ့ ဖွင့်ထုတ်နေပါတယ်။ တခါတရံ သူစကားသံတွေဟာ ကျယ်လောင်လာလိုက်၊ တခါတရံ သူ့စကားတွေဟာ လည် ချောင်းမှာ တစ်ဆို့နေလိုက် ။ သူနူတ်ဖျားမှာ ထစ်ငေါ့နေလိုက်။

“ကျမတို့ သားသမီးတွေကို ပြန်ပေးဆွဲထားတာ ရက်ပေါင်း ၅၀ ရှိပြီ”

သားနဲ့ဝေးကွာနေတဲ့ လွမ်းရက်ရှည်တွေကို လက်ချိုးရေတွက်ရင်း စောင့်မျှော်နေခဲ့သူ ကျောင်သားခေါင်းဆောင် ကိုသီဟ ၀င်းတင်ရဲ့မိခင် ပြောလိုက်တဲ့စကားသံပါ။

သူ့ရင်ထဲက ရုတ်တရက်ထွက်ကျ လာတဲ့ ကျမတို့သားသမီးတွေကို ပြန်ပေးဆွဲထားတာဆိုတဲ့စကားဟာ ဒီမိုက်ရေစီတက်ကြွ လူပ်ရှားသူတွေရယ်၊ ဒီမိုကရေစီကိုထောက်ခံအားပေးတဲ့ နိုင်ငံတကာရယ်၊ လက်ရှိ ဦးသိန်းစိန် အရပ်ဝတ်အစိုးရတို့ရယ် ဆက်ဆံနေရတဲ့ ဒီနေ့ နိုင်ငံရေးအခင်းအကျင်း တစိတ်တပိုင်းကို ဖျတ်ကနဲ လစ်ပြလိုက်သလိုပါပဲ။

“စာပေးစာယူတက်တဲ့လူတွေကို  ကျောင်းသားလို့ မသတ်မှတ်ဘူးတဲ့။ တက္ကသိုလ်ရဲ့ပညာရေးတက္ကသိုလ်ဘွဲကို ဘာဖြစ်လို့ ပေးနေလဲ။ ဘာဖြစ်လို့ ဒီပညာရေးကို ဆက်ပြီးသင်နေလဲ။ ကျမ အဲဒါကိုသိချင်ပါတယ်”

ဒီမိုပညာရေးလူပ်ရှားသူ စာပေးစာယူကျောင်းသား ကိုမင်းသူရှိန်မိခင် ဒေါ်လဲ့လဲ့မိုးက လက်ရှိ ပညာရေးစနစ် ကမောက်ကမ နိုင်မှုကို မေးခွန်းထုတ်လိုက်ပါတယ်။

“ဒီထဲမှာ အချုပ်ခံထားတဲ့အခါကျတော့ သူတို့စာမေးပွဲဖြေဖို့က လုံးဝကို ဆုံးရှုံးမယ့်အနေအထားဖြစ်နေပြီခင်ဗျာ့” ကျောင်း သား ကိုရဲဝင်းသူဖခင် ဦးစံထွန်းက သူစိုးရိမ်မှုကိုဖော်ပြပါတယ်။ ဒါဟာ သပိတ်မှောက်ကျောင်းသားတွေကို ပညာရေးသင်းသတ်ခံရသလိုဖြစ်နေပါတယ်။
သပိတ်မှောက် ကျောင်းသူခေါင်းဆောင် မဖြိုးဖြိုးအောင် ကလည်း သံဇ ကာကြားကနေ သူသဘောထားကိုခုလို ပေးပါတယ်။

“တိုင်းပြည်ရဲ့ အနာဂတ် ကောင်းရာကောင်းကြောင်း လုပ်တဲ့သူတွေဟာ ပိုပြီး ပညာပြည့်ဝဖို့လိုပါတယ်။ ဒါကြောင့်မို့ ကျမက ဒီကျောင်းသားတွေ စာမေးပွဲ ဖြေခွင့် ရှိကို ရှိရမယ်”

မဖြိုးဖြိုး ဘေးတဖက်တချက်က မအိသဉ္ဇာမောင်နဲ့ နောက်တယောက်ကတော့ အပြုံးကိုယ်စီနဲ့ သတင်းထောက်တွေ မေး သမျှကိုဖြေနေပါတယ်။ သူ့နောက်မှာ ရဲမေတွေတန်းစီပြီး စောင့်ကြပ်နေပါတယ်။ တင်းကြပ်တဲ့လုံခြုံရေးတွေ မျက်စိရှေ့မှာပဲ အားပေးထောက်ခံသူ တွေများသည်ထက်များလာပါတယ်။ လက်ထိပ်တန်းလန်းနဲ့ ကျောင်းသားကျောင်သူတွေကို မြင် လိုက်တိုင်း  ပရိသတ်ရဲ့အားပေးထောက်ခံသံတွေ ပိုမိုကျယ်လောင်လာပါတယ်။

ဒို့ကျောင်းသားတွေ  ညီရဲ့လားဟေ့
ညီတယ်ဟေ့  ညီတယ်ဟေ့
ခွပ်ဒေါင်းသွေးတွေ နီရဲ့လားဟေ့
နီတယ်ဟေ့ နီတယ်ဟေ့

ကတိမတည်တဲ့ အစိုးရအကြောင်း ကျောင်းသားခေါင်းဆောင် မင်းသွေးသစ်က သံဇကာကိုကျော်ပြီး သတင်းထောက်တွေကို ရှင်းပြကြပါတယ်။ သူဆံရှည်ရှည်ဟာ လေထဲမှာဝဲလို့ပျံလို့။ သူ့လည်ပင်းက စံပယ်ပန်းကုံးကလေးဟာ နွဲ့လို့ ယိမ်းလို့။  သူ့ အသံက ဘေးက ဆူညံသံတွေကို ကျော်လို့လွှားလို့။

လွှတ်တော်မှာ ရှိတဲ့ ဥပဒေကြမ်း ကော်မတီက လူတွေ သက်သေရှိတယ်။ ဒီလေးပွင့်ဆိုင် သဘောတူညီချက်မှာ ကျနော်တို့ ကို ၊  ဒီသပိတ်ကို ဦးဆောင်တဲ့ကျောင်းသားရော ၀န်းရံတဲ့ ပြည်သူရော လုံးဝ အရေးမယူပါဘူးဆိုတဲ့ သဘောတူညီချက်ပါတယ်။ ဒါဟာ သမတရုံးဝန်ကြီးတစ်ယောက် လက်မှတ်ထိုးထားတာဖြစ်တယ်။ သမတမသိဘူးဆိုတာ မဖြစ်နိုင်ဘူး။ ပြည်ထဲရေး ၀န်ကြီး မသိဘူးဆိုတာ မဖြစ်နိုင်ဘူး။

ဟိုဖက်အပေါက်မှာ ကိုသီဟ၀င်းတင်က လက်ထိပ်ကိုမြှောက်ပြီး ဒီမိုကရေစီပညာရေးအောင်မြင်ဖို့ဟာ သူတို့လွတ်မြောက် ရေးထက် ပိုအရေးကြီးကြောင်း ကျောင်းသားခေါင်းဆောင် ကိုသီဟ၀င်းတင်က သတင်းထောက်တွေကို လှမ်းအော်ပြောနေပါ တယ်။

ကျနော်တို့ လွတ်မြောက်ရေးဟာ ဒုတိယ အဆင့်မှာပဲရှိပါတယ်။ ကျနော်တို့ရဲ့ မူလပန်းတိုင်ဖြစ်တဲ့ ဒီမိုကရေစီပညာရေး အတွက် ဆက်လက်တိုက်ပွဲဝင်ကြပါ။

အစောင့်ရဲက အဆင်းဆွဲခေါ်မှ ကန့်လန့် ကန့်လန့်နဲ့ ရဲနောက်ကို ပါသွားပါတယ်။ သူတို့လွှတ်မြောက်ရေးဟာ ဒုတိယ အဆင့်ပဲရှိတယ်ဆိုပေမယ့် သူတို့ ထောင်ထဲမှာ နေရတဲ့ဘ၀က လူ့အခွင့်အရေးတွေ ဆုံးရူံးလွန်းလှပါတယ်။

ဒါကို ကျောင်း သား ကိုမာနော်က ...
အကျဉ်းဦးစီးက ကျနော်တို့ကို ရှာဖွေရေးလုပ်တယ်၊လူ့ဂုဏ်သိက္ခာ ထိခုက်အောင်လုပ်ပြီး ကျနော့်ကို အတွင်းခံဘောင်းဘီ အတွင်းထဲ အထိရှာတယ်။

ကျောင်သားခေါင်းဆောင် မိုးထက်နေကလည်း
ရုံးထွက်က အပြန် ထောင်အ၀င်မှာကျရင် ရှာဖွေရေးကို တော်တော်ကြမ်းကြမ်းတမ်းတမ်းလုပ်တယ်။ အောက်ခံဘောင်း ဘီနှိုက်တယ်။ လူ့ဂုဏ်သိက္ခာနဲ့ မလျှော်တဲ့ဟာတွေ လုပ်တယ်။

ဒါဟာ သူတို့က ယဉ်ယဉ်ကျေးကျေးပြောတာပါ။ တကယ်တော့ ထောင်အာဏာပိုင်တွေက စအိုထဲမှာ ပိုက်ဆံထည့်လာတယ် ဆိုပြီး သူတို့ရဲ့ စအိုဝထဲကို လက်ညိုးထိုးမွှေတယ်ဆိုတာ ထောင်ကျဘူးသူတိုင်း ရိပ်မိကြပါတယ်။

ဒါကြောင့်လည်း မဖြိုးဖြိုးအောင်က လူခွင့်ရေး ချိုးဖေါက်ခံရတာနဲ့ ပတ်သက်လို့ သံဇကားကြားကနေ ခုလို တည်တည်ငြိမ်ငြိမ် မှတ်ချက်ပေးပါတယ်။

ထောင်ဆိုတာကတော့ သေချာတယ်၊ လူ့ဂုဏ်သိက္ခာ နှိပ်ကွပ်ထားတဲ့နေရာပါ။ အာဏာရှင်လက်အောက်က ထောင်တွေ ကတော့ အင်မတန် အန္တရာယ်ကြီးမားတယ်။

အိုင်စီအာစီ လိုမျိုးကြားဝင်တဲ့ လူ့အခွင့်အရေးအဖွဲ့တွေ တောက်လျှောက်ရှိနေမယ်ဆိုရင် ပိုကောင်းမှာပါ။ ညနေ ၂ နာကျော်လောက်မှာ သူတို့ တရားရုံးကနေ ထောင်ကိုပြန်ခဲ့ကြပါတယ်။

ထောင်အပြန်လမ်းမှာတော့ အချုပ်ကားပေါ်က လက်နဲ့ အပြင်ကျောင်းသားတွေရဲ့လက်တွေချိတ်လို့၊ ဆက်လို့။ ခွပ်ဒေါင်း အလံတွေ ၀န်းလို့ ရံလို့။ ခွပ်ဒေါင်းတေးတွေ သံပြိုင် ဟစ်လို့ ဆိုလို့။

ရန်ကုန်အပြန်ကားပေါ်မှာ ကျနော့်အိတ်ထဲက စာရွက်ကလေးကိုထုတ်ကြည့်လိုက်တော့ စာရွက်ကလေးက ကြေမွမွ။ လက် ရေးကလည်း သေးသွယ်သွယ်။ သံတိုင်တွေကြားမှာ ဖွဲ့သီထားတဲ့ ကဗျာတပုဒ်။
ဟေ့ အာဏာရှင် ငါပြန်လာမယ်
ပူပြင်းတဲ့ နေပူပူကို အံတု
ခန္ဒာကိုယ်ကို အရင်းပြုပြီး
ငါတို့ တိုက်ပွဲ တည်ဆောက်ခဲ့တယ်။

မျှော်လင့်နေတဲ့ မျက်ဝန်းများစွာက
ငါတို့တိုက်ပွဲကို အရောင်တင်ပေးရင်း
ဂုဏ်ရောင်ပြောင်တဲ့ပေးဆပ်မှုတွေက
ငါတို့တိုက်ပွဲကို ကြီးမြတ်စေရင်းနဲ့ပဲ
မိုင်ရာချီ ကျော်ဖြတ်ခဲ့တယ်။

နီစွေးတဲ့ တိုက်ပွဲဝင်ခွပ်ဒေါင်းလွှင့်
ငါတို့ဦးခေါင်းထက်မှာ သွေးစက်လက်နဲ့ပဲ
နံရံလေးဘက်ကြားရောက်ခဲ့တယ်။

တိုက်ပွဲဝင်စိတ်ဓါတ်ကို တမြမြသွေး
အချိန်တွေကို နံရံတွေကြား မှာ ကုန်လွန်စေခဲ့တယ်။

စွန့်လွှတ်စရာဆိုလို့
နှောင်ကြိုးနဲ့ အသက်တချောင်းပဲရှိတဲ့
ငါ့အဘိဓမ္မာမှာ တွေဝေခြင်းကို
အဓိပ္ပါယ်ဖွင့်ဆိုမှုမရှိဘူး။

ဟေ့ အာဏာရှင် ထုသားပေသားကျနေတဲ့
တော်လှန်ရေးသမားတစ်ယောက်အဖြစ်
ငါပြန်လာခဲ့မယ်။

ဟိန်းဇော်ဝင်း

ကျနော့်မျက်စီထဲမှာ ပါးဖေါင်းဖေါင်း မျက်နှာဝိုင်းဝိုင်းနဲ့ အထက်ဗမာပြည်က ဗကသကျောင်းသားလေးတယောက်။

သားကြီးမောင်ဇေယျ


မိုးမခ
http://moemaka.blogspot.jp/2015/05/blog-post_37.html

ပြည်သူ့လွှတ်တော်မှာ မေလ ၂ဝ ရက်နေ့က လွှတ်တော် ကိုယ်စားလှယ် ဦးဝင်မြင့် အဆိုတင်သွင်းနေစဉ် Photo: Win Naung Toe, Win Ko Latt/RFA

နိုင်ငံရေးသမားတွေကို ဖမ်းဆီးချုပ်နှောင်တဲ့ ၁၉၅၀ ပြည့်နှစ်၊ အရေးပေါ် စီမံခန့်ခွဲမှု အက်ဥပဒေကို ရုပ်သိမ်းတဲ့ ဥပဒေကြမ်းကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့် က ဒီနေ့ ပြည်သူ့လွှတ်တော်မှာ အဆိုတင်သွင်းရာ ကန့်ကွက်သူများတဲ့အတွက် ရှုံးနိမ့်ခဲ့ပါတယ်။

အဲဒီဥပဒေကို လက်နက်သဖွယ်အသုံးပြုပြီး နိုင်ငံရေး သမားတွေကို ဖိနှိပ်တာတွေ မရှိသင့်ကြောင်း ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့် က တင်ပြခဲ့ပါ တယ်။

"တစ်နိုင်ငံလုံး အရေးပေါ်အခြေအနေမကျရောက် ဘဲ နိုင်ငံရေးသမားများ၊ ဒီမိုကရေစီ အင်အားစု များ၊ ပြည်သူပြည်သားများ ဖိနှိပ်ချုပ်ချယ်ပြီး၊ မတရား ဖမ်းဆီးချုပ်နှောင်ခြင်း၊ ထောင်ချခြင်း စသည်တို့ကို လက်နက်သဖွယ် အသုံးချနေတာမဖြစ်သင့်ပါ၊ စစ်မှန်သော ဒီမိုကရေစီ တည်ဆောက်နေချိန်တွင် ခေတ်နှင့်စီလျော်မှု မရှိသော နိုင်ငံသားများ၏ မူလအခွင့်အရေးများကို ထိခိုက်နစ်နာစေသည့် အရေးပေါ်စီမံမှု အက်ဥပဒေကို ပယ်ဖျက်သင့်ပါတယ်"

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက အဲဒီအဆိုကို ထောက်ခံခဲ့ပေမယ့် ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီးဗိုလ်မှူးချုပ် ကျော်ဇံမြင့် နဲ့ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဦးစတီဗင် တို့က ကန့်ကွက် ခဲ့တဲ့အတွက် မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံမဲ ၅၀၊ ကန့်ကွက်မဲ ၂၆၅ မဲနဲ့ ရှုံးနိမ့်ခဲ့ ပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က အဲဒီဥပဒေကို ပယ်ဖျက်ပေးဖို့ လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ်က တစ်ကြိမ် တင်ပြခဲ့ပေမယ့် ရှုံးနိမ့်ခဲ့ပါတယ်။  ဒီအကြိမ် မှာတော့ သူက ပုဒ်မတချို့ကိုသာ ပြင်ဆင်ပေးဖို့ တင်ပြခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese


တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ထိပ်သီးညီလာခံကို ဇွန်လ ၂ ရက်နေ့မှာ ကရင်အမျိုးသား အစည်းအရုံး KNU ရဲ့ နယ်မြေမှာကျင်းပဖို့ ရှိနေပြီး ဒီညီလာခံမှာ တနိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ် NCA နဲ့ တနိုင်ငံလုံးပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ မူဘောင်ချမှတ်ရေးတွေကို အဓိကထား ဆွေးနွေးဖို့ ရှိနေပါတယ်။ အပြည့်အစုံကို ဗွီအိုအေ သတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် အစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC နဲ့ အဓိက ဆွေးနွေးနေတဲ့ NCCT ခေါ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ညှိနှိုင်းကော်မတီ အဖွဲ့ဝင်တွေ ဦးဆောင်ကျင်းပမယ့် ထိပ်သီးညီလာခံကို ဇွန်လဆန်းမှာ ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ နယ်မြေမှာ ကျင်းပဖို့ စီစဉ်ထားပြီ ဖြစ်ပါတယ်။

ဒီညီလာခံကျင်းပမယ့် နေ့ရက်နဲ့ နေရာကို NCCT ခေါ် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းအဖွဲ့ရဲ့ အဖွဲ့ဝင်၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ရဲ့ နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက အခုလို အတည်ပြုပါတယ်။

“ဒီ လော်ခီးလာမှာလေ ၂ ရက်ကနေ ၆ ရက် ဇွန်လ။ NCCT ထဲမှာ ပါပြီးသားကတော့ တိုင်ပင်ထားတာ ရှိတယ်လေ။ မပါသေးတဲ့လူကို ပိုပြီးတော့ တိုင်ပင်ဖို့ လိုတာပေါ့။ မပါသေးတဲ့အဖွဲ့တွေ အဓိကထား ဖိတ်တယ်ပေါ့။”

လောလောဆယ်မှာ ဖိတ်စာတွေကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအသီးသီးကို ပေးပို့ထားပြီး တက်ရောက်မယ်၊ မတက်ရောက်ဘူးဆိုတာကို ဒီလ ၂၆ ရက်နေ့ နောက်ဆုံးထား ပြန်ကြားဖို့အတွက်လည်း ပန်ကြားထားပါတယ်။ ထိပ်သီးညီလာခံမှာ မတ်လကုန်က UPWC နဲ့ သဘောတူထားတဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA နဲ့ နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ မူဘောင်ချမှတ်ရေးတွေကို အဓိကထား ဆွေးနွေးမယ်လို့ ဗိုလ်မှုးကြီးခွန်ဥက္ကာက ဆက်ပြောပါတယ်။

“အဓိကကတော့ NCA လိုင်းပေါ့။ အဲဒီရဲ့ နောက်ဆက်တွဲက နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်ပေါ်ဖို့အတွက် Framework ဘယ်လိုသွားမလဲ၊ နိုင်ငံရေးဆွေးနွေးပွဲ ဘယ်ပုံစံ ချဉ်းကပ်မလဲ၊ ကျနော်တို့ ညီညွတ်ရေး ဘယ်လိုတည်ဆောက်မလဲပေါ့ဗျာ။ အကယ်၍ NCA ပြီးရင်တောင်မှ ခိုင်မာအောင် ဘယ်လိုလုပ်မလဲပေါ့ အဲဒါတွေပါ လူစုံတုန်းမှာ တခါတည်း ညှိထားမှာပေါ့ဗျာ။”

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းအဖွဲ့ ခေါ် NCCT မှာ အဖွဲ့ဝင် ၁၅ ဖွဲ့ရှိပြီး အဖွဲ့ဝင်မဟုတ်တဲ့ အခြားအဖွဲ့တွေကတော့ ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA၊ မိုင်းလားအဖွဲ့လို့ လူသိများတဲ့ အမျိုးသားဒီမိုကရေစီ သွေးစည်းညီညွတ်ရေးတပ်မတော် NDAA၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တောင်ပိုင်း၊ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ NSCN-K နဲ့  မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF တို့ ဖြစ်ပါတယ်။ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တောင်ပိုင်းကတော့ ဖိတ်စာရရှိထားပြီး၊ မကြာခင်မှာ ဆုံးဖြတ်မယ်လို့ SSA တောင်ပိုင်းက ဗိုလ်မှူးကြီး စိုင်းမိန်းက ပြောပါတယ်။

“ဖိတ်စာတော့ ရပါပြီခင်ဗျ။ ဒီ ၁ ရက် ၂ ရက်အတွင်းမှာ ကျနော်တို့ ရှမ်းပြည် အမျိုးသားများ တော်လှန်ရေးနေ့ ကျင်းပမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အဲဒီအချိန်မှာ လူကြီးတွေလည်း စုံကြပါလိမ့်မယ်။ အဲဒီအခါကျမှပဲ ပြန်ပြီးတော့ ဗဟိုကော်မတီက ဆွေးနွေးမယ်လို့ ကျနော် သိရှိရပါတယ်။”

RCSS/SSA တောင်ပိုင်းဟာ အရင်နှစ်တွေက ကျင်းပတဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာနဲ့ လော်ခီးလာမှာ ကျင်းပတဲ့ တိုင်းရင်းသား ထိပ်သီးညီလာခံ ၃ ကြိမ်ကို လေ့လာသူအဖြစ် ပါဝင်တက်ရောက်ခဲ့ဖူးပါတယ်။ ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA က လက်ရှိကျင်းပမယ့် ထိပ်သီးအစည်းအဝေး ဖိတ်စာမရသေးကြောင်းနဲ့ ညီလာခံ တက်မယ်၊ မတက်ဘူးဆိုတာကို အထက်ကို တင်ပြရဦးမှာဖြစ်ကြောင်း အဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်က ပြောပါတယ်။

“သြော် မတွေ့ရသေးဘူး ကျနော်။ ဒီကိစ္စလေးကတော့ လူကြီးတွေကို တင်ပြရဦးမှာပါ။”

ဒီလ ၂ ရက်နေ့ကနေ ၆ ရက်နေ့အထိ UWSA ဌာနချုပ် ပန်ဆန်းမှာကျင်းပတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၅ ဖွဲ့ တက်ရောက်တဲ့ ထိပ်သီးဆွေးနွေးပွဲမှာတော့ အချက် ၁၂ ချက်ပါဝင်တဲ့ ကြေညာချက်တစောင်ကို ထုတ်ပြန်ခဲ့ပြီး အဲဒီထဲမှာ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ပြီး ဖက်ဒရယ် ပြည်ထောင်စု ထူထောင်ရေး၊ ပြည်တွင်းစစ်ကို နိုင်ငံရေးနည်းအရ ဖြေရှင်းရေး၊ ပြည်ထောင်စုတွင်းမှ ခွဲမထွက်ရေး စတဲ့ အချက်တွေ ပါဝင်ပါတယ်။

လာမယ့်ဇွန်လမှာ ကျင်းပမယ့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ထိပ်သီးညီလာခံမှာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA နဲ့ နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ မူဘောင်ချမှတ်ရေးတွေကို ဆွေးနွေးဖို့ ပြင်ဆင်နေချိန်မှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကတော့ သူတို့ အစိုးရအနေနဲ့ NCA ကို လက်မှတ်ရေးထိုးဖို့ အသင့်ရှိကြောင်းနဲ့ နိုင်ငံရေးဆွေးနွေးပွဲကို ရွေးကောက်ပွဲမတိုင်ခင် ကျင်းပလိုကြောင်း တနင်္လာနေ့က နိုင်ငံရေးပါတီခေါင်းဆောင်တွေနဲ့ တွေ့ဆုံစဉ်မှာ ပြောကြားထားပါတယ်။

ကိုမိုးဇော် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


ရေငုပ်သင်္ဘောကနေ ဒုံးကျည် စမ်းသပ် ပစ်လွှတ်တဲ့ ပုံတွေ အခုလ အစောပိုင်းက ထွက်ပေါ်ခဲ့။
မြောက်ကိုရီးယား နိုင်ငံဟာ နျူကလီးယား လက်နက်ကို ဒုံးကျည်ထဲ ထည့်ပစ် နိုင်လောက်တဲ့ အထိ သေးငယ်အောင် လုပ်ဆောင် နိုင်ခဲ့ပြီလို့ ပြောဆို လိုက်ပါတယ်။

မြောက်ကိုရီးယား ကာကွယ်ရေး ဌာနက ထုတ်ပြန်တဲ့ ကြေညာချက်မှာ နျူကလီးယား လက်နက်ကို အရွယ်အစား သေးငယ်အောင် ပြုလုပ်တဲ့ အဆင့်ဟာ အတန်ကြာ ကတည်းက ပြီးမြောက် ခဲ့ပြီလို့ ဖော်ပြ ထားပါတယ်။

ဒါပေမယ့် အကဲဖြတ်သူတွေကတော့ မြောက်ကိုရီးယားရဲ့ နျူကလီးယား အစီအစဉ်မှာ တိုးတက်မှုတွေ ရှိတဲ့ အထောက်အထားတွေ တွေ့ရပေမယ့် ဘယ်အဆင့်အထိ ရောက်နေတယ် ဆိုတာကို တိတိကျကျ အကဲဖြတ်ဖို့ ခက်တယ်လို့ ဆိုကြပါတယ်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း လာရောက်မယ့် အစီအစဉ်ကို မြောက်ကိုရီးယား ဘက်က ပယ်ဖျက်လိုက်ပြီး နာရီပိုင်း အကြာမှာ ဒီကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဘန်ကီမွန်းဟာ တောင်နဲ့ မြောက် ကိုရီးယား နှစ်နိုင်ငံ ပူးတွဲ လုပ်ဆောင်နေတဲ့ စက်မှုဇုန်ကို သွားရောက်ဖို့ စီစဉ်ထားတာ ဖြစ်ပြီး၊ အဲဒီ အစီအစဉ် မပျက်ခဲ့ရင် နှစ်ပေါင်း ၂၀ ကျော်အတွင်း ကုလ အတွင်းရေးမှူးချုပ် တစ်ယောက် မြောက်ကိုရီးယားကို ပထမဆုံး သွားရောက်မှု ဖြစ်လာမှာ ဖြစ်ပါတယ်။

အခုလ အစောပိုင်းကလည်း မြောက်ကိုရီးယား ရေငုပ်သင်္ဘော တစ်စင်းကနေ ဒုံးကျည်တွေ စမ်းသပ် ပစ်လွှတ်တဲ့ ဓာတ်ပုံတွေ ထွက်ပေါ် လာခဲ့ပါသေးတယ်။

BBC Burmese
http://www.bbc.com/burmese