05/22/15

လာမယ့် ဇွန်လ ၁ရက်နေ့မှာ စတင်ကောက်ယူမယ်လို့ အစိုးရက ထုတ်ပြန်ထားတဲ့ တယ်လီဖုန်းပြောခ အပေါ် ကုန်သွယ်ခွန် ၅%ကောက်ခံမယ့်စနစ်ကို ခုလာမယ့် ၂၀၁၅-၂၀၁၆ ဘက်ဂျက် ကာလအတွင်းမှာ ကင်းလွတ်ခွင့်ပေးဖို့ ပြည်ထောင်စု လွှတ်တော် မှာ ဒီကနေ့ လွှတ်တော်မှာ အရေးကြီးအဆိုအဖြစ် တင်သွင်းခဲ့ပါတယ်။ ဒီလို တင်သွင်းတာကို ပြည်ထောင်စု လွှတ်တော်က လက်ခံဆွေးနွေးဖို့ ဆုံးဖြတ် လိုက်တာကြောင့် မနက်ဖြန် လွှတ်တော်မှာဆွေးနွေးကြမှာဖြစ်ပါတယ်။ ဒီသတင်းကို ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မေခ ကပေးပို့ထားပါတယ်။

တယ်လီဖုန်းပြောခ အပေါ် ကုန်သွယ်ခွန် ၅%ကောက်ခံမယ့်စနစ်ကို ခုလာမယ့် ၂၀၁၅-၂၀၁၆ ဘက်ဂျက် ကာလအတွင်းမှာ ကင်းလွတ်ခွင့်ပေးဖို့ကို ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ကြံ့ခိုင်ရေးပါတီက အမရပူရ အမတ် ဦးသိန်းထွန်းဦးက တင်ခဲ့တာပါ။ အဆိုရှင်က လက်ရှိမှာ ပြည်သူတွေ အနေနဲ့သက်သာစွာ ဖုန်း အသုံးပြုနိုင်ခွင့်ရရှိတာမှာ မကြာမြင့်သေးတဲ့အတွက် အခုလိုကောက်ခံ မှုကိုမဖြစ်သင့်သေးကြောင်း ဒီအတွက် ဒီအဆိုကို အရေးကြီးအဆိုအနေနဲ့ တင်သွင်းတာဖြစ်တယ်လို့ ခုလိုပြောပါတယ်။

"ဒီလို မိုဘိုင်းဖုန်းတွေကို တွင်တွင် ကျယ်ကျယ် သုံးစွဲမှုက အချိန်ကာလ က အလွန် တိုတောင်းနေပါသေးတယ်ဗျ။ မကျေမနပ်တဲ့ အသံတွေပေါ်ထွက်လာတာကို ကြားသိရတယ်။ ဒီအဆိုကို စောစောက ကျနော် တင်ပြခဲ့တဲ့ အဆိုကို အရေးကြီး အဆိုအနေနဲ့ တင်သွင်းရပါတယ်။"

ဒီတင်ထားတဲ့ အဆိုနဲ့ပတ်သတ်ပြီး မနက်ဖန်လွှတ်တော်မှာ ဆက်လက်ဆွေးနွေး မှာပါ။ ဆွေးနွေးပြီးမှသာ အခွန်ကင်းလွတ်ခွင့်ပေးမယ် မပေး ဘူးဆိုတာကို ဆုံးဖြတ်မှာဖြစ်ပါတယ်။ ဒီအဆိုကို လွှတ်တော်က မဲခွဲပြီးဆုံးဖြတ်နိုင်ဖွယ်ရှိပြီး မဲအရေအတွက် အရ အဆိုနိုင်ပါက ဒီဘဏ္ဍာနှစ်မှာ တယ်လီဖုန်းခွန်ကို အခွန်ပေးဆောင်ရတော့မှာ မဟုတ်ဘဲလာမယ့် ဘဏ္ဍာနှစ်မှ သာပေးဆောင် ရတော့မှာဖြစ် ပါတယ်။ လက်ရှိမှာ အစိုးရကောက်ခံနေတဲ့ အခွန်စနစ်နဲ့ပတ်သတ်ပြီး လွှတ်တော်မှာ အသေးစိတ်ရှင်းလင်းရန်လိုအပ်ကြောင်း အဆိုရှင် က ခုလိုသုံးသပ်ပြောဆို လိုက်ပါတယ်။

"ဒီ ပုံမှန် လုပ်ငန်းခွန်ကို ကျနော်တို့ ဥပဒေထဲမှာကင်းလွတ်တဲ့ ဝန်ဆောင်မှုမှ အပ ကျန်တာတွေကို ကျနော်တို့ ကျန်တာတွေကို ဆောင်ရမယ်ဆိုတဲ့ သဘော သဘာဝ ရေးထားတဲ့ အခါကျတော့ ဥပဒေကြမ်းတင်ကတည်းက ရှင်းပြသင့်ပါတယ်။ ရှင်းပြမှု မလုပ်ဘဲနဲ့ အခုလို ဒီစုပြီး ရောပြွန်းပြီး လုပ်တဲ့အခါမှာ ကျနော်တို့ အကောက်ရ လွယ်တဲ့ ဒီကိစ္စကို ဦးတည်ပြီး စလာတဲ့ဟာကတော့ နဲနဲလေး လိုအပ်ချက်တွေ များ ရှိနေဦး မလား။ အခြေခံ လူတန်းစားတွေထဲက ကောက်ခံ မယ့် အစား အမှန်တကယ် စီးပွါးရေး လုပ်ငန်းရှင်ကြီးတွေထဲကရော အခွန်ကြေနေပြီလား"

ပြီးခဲ့တဲ့ တနင်္လာနေ့က အစိုးရဖက်က ထုတ်ပြန်ကြေညာချက်မှာတော့ မြန်မာ့ ဆက်သွယ်ရေး MPT အော်ရီဒူး တယ်လီနော စတဲ့ ဖုန်းငွေဖြည့်ကဒ်တွေကို ဝယ်ယူသုံးစွဲပါက အခွန် ၅% ကောက်ခံသွားမယ်ဟု
ပြီးခဲ့တဲ့ တနင်္လာနေ့ က စတင် ကြေညာ ခဲ့ပါတယ်။ ကြေညာချက် အရ လာမယ့်ဇွန် ၁ရက်နေ့ မှာ အဲဒီကုန်သွယ်ခွန်ကို စတင်ကောက်ခံမှာပါ။ အခွန် ကောက်ခံမှုအရ ဖုန်းငွေဖြည့်ကဒ် ၁၀၀၀ဖိုးသုံးသူအနေနဲ့ ကုန်သွယ်ခွန် ၄၀ကျပ်၊ ၃၀၀၀ဖိုးသုံးသူ အနေနဲ့ ကုန်သွယ် ခွန် ငွေကျပ် ၁၀၀ကျော်၊ ၁၀၀၀၀ဖိုးသုံးသူအနေနဲ့ ကုန်သွယ်ခွန် ငွေကျပ် ၅၀၀ နီးပါး ပေးဆောင်ရမှာဖြစ်ပါတယ်။ ဒီလိုပေးဆောင်ရမှာဖြစ် တဲ့အတွက် ပြည်သူတွေကြား ထဲ ဝေဖန်မှုတွေ မြင့်တက်နေ လျက်ရှိပါတယ်။

ဒီလိုအခွန်ကောက်ခံမယ့်အပေါ် ဖုန်းသုံးစွဲသူ အနုပညာရှင် တဦးက နိုင်ငံတကာမှာ လို အခွန်ပေးဆောင်ရခြင်းမှာ အဆန်း မဟုတ်သော် လည်း နိုင်ငံတကာမှာကဲ့သို့ အခွန်ထမ်းသူတွေ အတွက် ရပိုင်ခွင့်တွေကို အစိုးရအနေနဲ့ ပေးစေချင်ကြောင်း လက်ရှိမှာ နိုင် ငံတကာကဲ့သို့အခွန်ကောက်ရန် စီစဉ်နေသော်လည်း နိုင်ငံတကာလို ဝန်ဆောင်မှု မပေးနိုင်ခြင်းမှာ မဖြစ်သင့်ကြောင်း အခုလိုသုံးသပ်ပြောဆိုပါတယ်။

"အခွန်ကောက်တာကို နိုင်ငံတနိုင်ငံအနေနဲ့ တခြားနိုင်ငံတွေနဲ့ ရင်ပေါင်တန်း စဉ်းစားမယ် ဆိုရင် တခြားနိုင်ငံတွေအတိုင်း ပေးနေတဲ့ အခွင့်အရေးတွေရနေတဲ့ အတိုင်းပေးသင့်တယ်။ အခုဟာက စားဖို့သောက်ဖို့တောင် နပ်မမှန်တဲ့ ကိစ္စမှာ ဒီ ဖုန်းပြောတဲ့ဟာက အစ အခွန်လာကောက်နေတာကတော့ သိပ်သဘာဝ မကျဘူးပေါ့"

သင်္ဃန်းကျွန်းမှာနေထိုင်ပြီး မြန်မာ့ဆက်သွယ်ရေးတယ်လီဖုန်းသုံးစွဲသူ မသီရိကလည်း အခွန်ကောက်ခံရန် အတွက်သာ အစိုးရအနေနဲ့ ထုတ်ပြန် ကြေညာခဲ့ပြီး လက်တွေ့မှာ ကောက်ခံခဲ့တဲ့အခွန်အခတွေကို မည်သည့်နေရာတွင်သုံးစွဲမည်၊ မည်သို့စီမံခန့်ခွဲမည်ကို အသေးစိတ်ပြောဆိုခြင်း မရှိခဲ့တဲ့အတွက် ပြည်သူတွေက အခွန်ပေးဆောင်မှုအပေါ် မကြေမနပ်ဖြစ်လျှက်ရှိတယ်လို့ အခုလိုပြောပါတယ်။

"အဲဒါ ၅% ကောက်တာ သူတို့ ဘာအတွက်ကောက်တာလဲ ရှင်းပြမထားဘူး။ အဲဒီ ရတဲ့အခွန် ဘာလုပ်မယ်ဆိုတာလည်း မပြောဘူး။ ဘာကြောင့်ကောက်ရတယ် ဆိုတာ အသေးစိပ်လည်း ပြောမထားဘူး။ ပြည်သူတယောက် ပေးချင်အောင် သူတို့ဘာမှ ရှင်းပြမထားတဲ့ အခါမှာကျတော့ ပေးရတာကို မတန်ဘူးလို့ ထင်သွားတာ"

လက်ရှိမှာတော့ ဒီလိုကောက်ခံမယ့် အခွန်နှုန်းအတွက် ပြည်သူ အများစုကဝေဖန်လျက်ရှိပြီး အခွန်ကောက်ခံမှု ပုံစံအပေါ် ထောက်ပြဝေဖန်လျှက်လျက်ရှိပါတယ်

မေခ-VOA
http://burmese.voanews.com/content/forgein-ministers-meeting/2780990.html

အင်ဒိုနီးရှားကျွန်းတွေကို ဆိုက်ရောက် လာတဲ့ လှေစီးပြေးဒုက္ခသည်များ။
ပင်လယ်ပြင် ထဲမှာ လှေတွေနဲ့ မျောပါနေကြ တဲ့ လှေစီးပြေးတွေကို ကယ် တင်နိုင်ရေး အတွက် မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေး ၀န်ကြီးတွေ နေပြည်တော် ကို လာရောက်ပြီး မြန်မာနိုင်ငံခြားရေး ၀န်ကြီး နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ ပါတယ်။ မြန်မာ့ရေပိုင်နက် ထဲမှာ လှေစီးပြေး ဒုက္ခရောက်နေ သူတွေရှိခဲ့ရင် မြန်မာ အစိုးရဘက်က ကယ်တင်ဖို့ အဆင်သင့်ရှိပြီး လတ်တလော အခြေအနေ မှာတော့ မြန်မာ့ရေပိုင်နက် ထဲမှာ လှေစီးပြေး ဒုက္ခသည်တွေ မရှိဘူးလို့ မြန်မာနိုင်ငံခြားရေး ၀န်ကြီးက ပြောဆိုခဲ့တဲ့ အကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောပါတယ်။ ဒီကနေ့ လှေစီးပြေး ဒုက္ခသည်တွေ အရေး နိုင်ငံခြားရေး ၀န်ကြီးတွေရဲ့ နေပြည်တော်က ဆွေးနွေးပွဲကိုတော့ မသိင်္ဂီထိုက် စုစည်းတင်ပြထားပါတယ်။

မြန်မာနဲ့ ဘင်္ဂလားဒေရှ့် နိုင်ငံတို့ကနေ လူကုန်ကူးသူတွေရဲ့ အစီအစဉ်နဲ့ ပင်လယ်ပြင်ကို လှေတွေနဲ့ ဖြတ်ပြီး မလေးရှားနိုင်ငံဆီ ၀င်ရောက်ကြဖို့ ကြိုးစားရင်း ကမ်းမကပ်နိုင်ဘဲ ပင်လယ်ထဲမှာ ရှိနေကြတဲ့ ထောင်နဲ့ချီတဲ့ လှေစီးပြေး ဒုက္ခသည်တွေ ကို ကယ်တင်နိုင်ရေး အတွက် ဒီကနေ့မှာဘဲ မလေးရှားနဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေး ၀န်ကြီးတွေ မြန်မာ နိုင်ငံခြားရေး ၀န်ကြီးကို နေပြည်တော် မှာ လာရောက်တွေ့ဆုံ ဆွေးနွေး ခဲ့ကြပါတယ်။

မြန်မာနိုင်ငံခြားရေး ၀န်ကြီးဌာန အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနဲ့ စီးပွားရေး ဦးစီးဌာန ရဲ့ ညွှန်ကြားရေးမှူးချုပ် ဦးထင်လင်းက ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

"Most Concerned ကတော့ ဒုက္ခရောက်နေတဲ့သူတွေကို ကယ်တင်ပေးဖို့ပါပဲ။ တခြားကတော့ သူတို့ထုတ်ပြန်ချက်မှာ ပါပါတယ်။ သူတို့ Root Cause တွေ ဘာတွေ Identify လုပ်ဖို့ပါပဲ။ ကျနော်တို့ ရေရှည်လုပ်သွားရမယ့်အပိုင်းဖြစ်ပါတယ်။ Root Cause က ဘယ်နိုင်ငံက ထွက်လဲ။ ဘာကြောင့်ထွက်လဲ။ Root Cause က ဘာလဲ။ ဒါတွေ ဘယ်လို ဝိုင်း Address လုပ်ကြမလဲ။ စသည်အားဖြင့်တော့ ရှိတာပေါ့နော်။

ရုပ်မြင်ထဲမှာလည်း တွေ့ပါလိမ့်မယ် ကျနော်တို့ မြန်မာပြည်ဘက်ကလို့ဆိုတဲ့ လူအချိုးအစား ဟာလှေစီးဒုက္ခသည်တွေမှာ အများကြီး နည်းပါတယ်။ တဖက်နိုင်ငံက လူတွေဟာ အများအပြားဆိုတာ ကိန်းဂဏန်းတွေက ထင်ရှားပါ တယ်။ ပြီးတော့ ကျနော်တို့ ရေပြင် မှာ ဒါမျိုး ရှိမရှိလည်း ကျနော်တို့ ဒါ တပ်မတော်ရေ အနေနဲ့ အမြဲတမ်း Patrol လုပ်ပြီး ကြည့်နေပါတယ်။ တွေ့ပြီ ဆိုရင်လည်း ကျနော်တို့အနေနဲ့ Humanitarian Assistance ပေးဖို့ အဆင်သင့်ရှိနေပါတယ်။"

အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံခြားရေး ၀န်ကြီးတွေဘက်က ဆွေးနွေးခဲ့တဲ့ အချက်တွေကိုလည်း ညွှန်ကြားရေးမှူးချုပ် ဦးထင်လင်းက အခုလို ပြောပါတယ်။

" ကပ္ပလီ ပင်လယ်တို့ မလက်ကာရေလက်ကြားတို့ မှာ Boat People တွေ ဘာတွေ ရှိတာ Concerned ရှိတာပေါ့နော်။ သူတို့ဘက်က သုံးနိုင်ငံ ပူးတွဲကြေညာချက်လည်း ရှိခဲ့တာပေါ့။ အင်ဒိုနီးရှားနဲ့ မလေးရှားဆိုရင် ယာယီလက်ခံမယ် တစ်နှစ်။ ပြီးတော့ နိုင်ငံတကာ အကူအညီပေးရမယ်။ စသည်အားဖြင့် သူတို့ဆောင်ရွက် ချက်လေးတွေ။ ယာယီ shelter ပေးမှာပေါ့နော်။ temporary shelter ပေးမယ် စသည်အားဖြင့် ဒီအချက်လေးတွေ ပါတာလည်း သူတို့ရှင်းပြပါတယ်။

ကျနော်တို့ဘက်ကတော့ ကျနော်တို့ နိုင်ငံခြားရေးမှာလည်း သတင်းထုတ် ထားပြီးပါပြီ။ ကျနော်တို့ရပ်တည်ချက်ကို ကျနော်တို့ကတော့ နိုင်ငံတကာ အသိုက်အဝိုင်းနည်းတူ ဒီလိုလှေစီးဒုက္ခသည်တွေ ပင်လယ်ပြင်မှာ ဒုက္ခရောက်နေတဲ့ဆိုတဲ့ ကိစ္စကို ကျနော်တို့ စိုးရိမ်ပါတယ်။ ထပ်တူထပ်မျှ လူသားချင်းစာနာမှု ရှု့ထောင့် က။ နောက်ပြီးတော့ မလေးရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ကြေညာချက်ကိုလည်း အထူးပဲ ကျေနပ်မိကြောင်း ပြောပါတယ်။ ကျနော်တို့ရဲ့ သဘောထားရပ်တည်ချက်ကို သိရတဲ့ အတွက် ရှင်းရှင်းလင်းလင်း သိရတဲ့အတွက် ကျေနပ်ပါတယ် ဆိုတာ ပြောပါတယ်။

ကျနော်တို့အနေနဲ့ကတော့ ဆက်လက်ပြီး ပူးပေါင်းဆောင်ရွက်မှုတွေ အတတ်နိုင်ဆုံး လုပ်သွားမယ်ဆိုတာ ပြောခဲ့ပါတယ်။ ကျနော်တို့ပြည်ထောင်စုဝန်ကြီးက။ "

ထောင်နဲ့ချီတဲ့ လှေစီးပြေး ဒုက္ခသည်တွေကို ယာယီလက်ခံဖို့၊ အကူအညီပေးဖို့ အတွက် ဗုဒ္ဓဟူးနေ့က ထိုင်း၊ မလေးရှားနဲ့ အင်ဒိုနီးရှား သုံးနိုင်ငံ သဘော တူညီခဲ့ကြတဲ့ အချက်ကိုလည်း ကြာသပတေးနေ့မှာ ဆွေးနွေးခဲ့ကြပါတယ်။ သုံးနိုင်ငံ သဘော တူညီချက် အရ မလေးရှားနဲ့ အင်ဒိုနီးရှား နိုင်ငံတို့က လှေစီးပြေး ဒုက္ခသည်တွေကို တနှစ် ယာယီ လက်ခံမှာ ဖြစ်ပြီး ဒီ ယာယီလက်ခံထားတဲ့ ၁ နှစ်အတွင်း နိုင်ငံတကာ အသိုင်းအ၀ိုင်းက ဒီလူတွေကို နေရပ်ရင်းတွေ ပြန်ပို့ဖို့ လုပ်ဆောင်ရမှာလည်း ဖြစ်ပါတယ်။

မြန်မာ အစိုးရဘက်ကတော့ လှေစီးပြေး ဒုက္ခသည်တွေထဲမှာ မြန်မာနိုင်ငံက လူတွေလို့ သေချာရင် ပြန်လည်ခေါ်ယူဖို့ ပြောထားပြီး ဖြစ်သလို နိုင်ငံတကာ သတင်းတွေမှာ ဖော်ပြနေကြတဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေဆိုတဲ့ အသုံးအနှုန်း ကိုလည်း လက်မခံတဲ့ အကြောင်း ပြောထားပြီး ဖြစ်ပါတယ်။ မြန်မာ အစိုးရ အနေနဲ့ ရိုဟင်ဂျာ ဆိုတာကို တိုင်းရင်းသား အဖြစ် အသိအမှတ်ပြုမ ထား တာကြောင့် နိုင်ငံတကာ နဲ့ လှေစီးပြေး ဒုက္ခသည် အရေး ဆွေးနွေးမှုတွေမှာ ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်း သုံးစွဲလာရင် ဆွေးနွေးမှာ မဟုတ်ဘူးလို့လည်း အစိုးရက ယတိပြတ် ပြောဆိုထားပြီးလည်း ဖြစ်ပါတယ်။

VOA-သိင်္ဂီထိုက်
http://burmese.voanews.com/content/forgein-ministers-meeting/2780990.html


ပြည်သူ့ဘဏ္ဍာငွေဆုံးရှုံးမှုများမှာအမျိုးသားလွှတ်တော်ဥက္ကဋ္ဌပြောသလို ဈေးထဲဇီးသီးဗန်းမှောက်တဲ့ဥပမာနဲ့ ပေါ်လွင်ကိုက်ညီလှတဲ့တိုင်းပြည်မှာ၊ ပြည်သူ့ဘဏ္ဍာတွေကို တာဝန်ယူမှု တာဝန်ခံမှုကင်းမဲ့စွာနဲ့ အမြီးနဲ့ ခေါင်းကျက်ဖို့တောင် မစောင့်နိုင်ဘဲ အစိမ်းလိုက်ဝါးစားနေသူတွေ တစ်ပြုံတစ်မရှိနေတဲ့တိုင်းပြည်မှာ၊ အဲဒီလို ပြည်သူ့ဘဏ္ဍာတွေကို အတားအဆီး အဟန့်မရှိ လုပ်ချင်ရာလုပ်ခွင့်၊ ခိုးချင်ရာခိုးခွင့်ပြုထားသလိုဖြစ်နေတဲ့ ကုမ္ပဏီများကို ဆုံးရှုံးခဲ့ရသည့်ပြည်သူ့ဘဏ္ဍာအလျှောက် ထိရောက်စွာအရေးယူမည်၊ လျော်ကြေးပြန်သွင်းခိုင်းမည်တို့မျှ မပြောနိုင်ဘဲ နာမည်ပျက်စာရင်းလောက်သာသွင်းမည်ဟု အစိုးရအဖွဲ့က ပြောကြားလိုက်ပုံများကြောင့် ဒီတိုင်းပြည်တော့ မကြာခင်မှာ အခွံသာကျန်တော့မည်ဟု အချက်အလက်များက ဖော်ပြနေခြင်းဖြစ်ပါသည်။

အစိုးရတစ်ရပ်အနေဖြင့် တိုင်းပြည်တည်ဆောက်ရေးအတွက် လိုအပ်သည့်ဘဏ္ဍာရရှိရာအရင်းအမြစ်အဖြစ် အခွန်ကောက်ခံရေးမှာ မလွဲမသွေလိုအပ်သည့် ကိစ္စတစ်ရပ်ဖြစ်ပါသည်။ ဗမာပြည်မှာ အရှေ့တောင်အာရှနိုင်ငံများတွင် အစိုးရ၏ ဝင်ငွေရလမ်းများ၌ အခွန်မှရရှိသည့်ဝင်ငွေမှာ ကျန်တိုင်းပြည်များနှင့်နှိုင်းယှဉ်ပါက အနိမ့်ဆုံးဖြစ်ကြောင်းသိရှိရပါသည်။ ဆိုလိုသည်မှာ ပြည်သူတို့အနေဖြင့် အခွန်ပေးဆောင်ရမှုနှုန်း နည်းနေသည်ဟု ဆိုလိုခြင်းဖြစ်ပါသည်။ သို့ဆိုလျှင် အစိုးရ၏ ဘတ်ဂျက်တွင် ဝင်ငွေရလမ်းတိုးတက်ဖို့ အခွန်ကောက်သည့်နည်းစနစ်နှင့် ရနိုင်သည့်ခေါင်းစဉ်မှန်သမျှကို ထည့်သွင်းစဉ်းစားရတော့မည်မှာ သဘာဝကျပါသည်။

ယခုလိုအချိန်အခါတွင် အစိုးရအနေဖြင့် ပြည်သူများသို့ အခွန်ခေါင်းစဉ်သစ်များဖြစ်သော စားသုံးမှုအခွန်နှင့် ကုန်သွယ်မှုအခွန်ဖြစ်သော စားသောက်ဆိုင်များတွင် တံဆိပ်ခေါင်းကပ်ပြီး အခွန်ကောက်ခံမှုနှင့် တယ်လီဖုန်းငွေဖြည့်ကတ်မှတစ်ဆင့်ကြိုတင်ခွန် ၅% ပေးဆောင်ရသည့်စနစ်များဖြင့် ပြည်သူ့ဘဏ္ဍာတိုးပွားစေရန်ကြိုးပမ်းမှုအဖြစ် မြင်တွေ့လာရပါသည်။ အစိုးရတစ်ရပ်အနေဖြင့် အခွန်ရရာနည်းလမ်းသစ်များကြံဆ၍ ပြည်သူတို့ထံမှကောက်ခံသည်ကို အပြစ်မဆိုသော်ငြား အဆိုပါအခွန်သည် ပေးသင့်၊ ဆောင်သင့်သည့်အခွန်များဟု ပြည်သူတို့ရင်ထဲ ကျေကျေလည်လည် ရှင်းရှင်းလင်းလင်းဖြစ်အောင် ပြောဆိုရှင်းပြ ပညာပေးရမည်မှာ အစိုးရတို့၏တာဝန်သာဖြစ်သည်။ ယခုမူ အခွန်ကောက်ခံမှုနည်းလမ်းသစ်များဖြင့် ကောက်ခံမည်ဟုသာ သိနေရသော်လည်း ပြည်သူတို့အဖို့မှာ ဘာမှန်းမသိ မအီမလည်ကြီးဖြစ်နေရပါသည်။

အစိုးရပဲ ပွင့်ပွင့်လင်းလင်းပေါ့။ သို့သော် ခုလို မရှင်းမရှင်း မြုံစိစိလုပ်နေပုံများမှာ အရင်စစ်အစိုးရအစစ်ကြီးကို သတိရစရာ ဖြစ်နေပေတော့သည်။ အာဏာကိုထိပါးလာမည့်အကြောင်းဆိုက်မှ မြွေဟောက်လို ဝုန်းခနဲ့ ပါးပြင်းထောင်လာတက်သည် မဟုတ်လား။ ယင်ကောင်တောင် မလွတ်စေရသလို ကျောင်းသား၊ အလုပ်သမား၊ လယ်သမား နောက်ဆုံးရဟန်းတော် များပါမကျန် ဆတ်ဆတ်ထိမခံ တုန့်ပြန်တက်ကြလေသူတို့အဖို့ ခုလိုဘာသာရပ်မျိုးမတော့ ဒီလိုပဲ အရေးမပါသလို ဖာသိဖာသာ လုပ်ထားတက်ကြပေသည်။

အစိုးရအနေနှင့် တိုင်းသူပြည်သားတို့ထံမှ ရစရာရှိသည့်အခွန်များကို ဥပဒေနှင့်အညီကောက်ခံသည်မို့ ငြင်းဆိုစရာမရှိပါ။ ရစရာရှိသည့်အခွန်အပြည့်အဝရရေး၊ အခွန်ရှောင်တိန်းမှုမဖြစ်စေရေးဆိုသည်တို့မှာ အခွန်ဝန်ထမ်းတို့၏ တာဝန်ကျေပွန်စွာဆောင်ရွက်မှုနှင့် ပြည်သူတို့အပေါ်ထားရှိသည့် စိတ်စေတနာအရဖြစ်ပေါ်သည်ဖြစ်ရာ ထိုဝန်ထမ်းတို့အပေါ် လာဘ်ပေး လာဘ်ယူဆိုသည့်မြူဆွယ်မှုများမှာ ယင်ကောင်တို့ပျော်မွေ့ရာ လမ်းထောင့်အမှိုက်ပုံးကြီးပမာ တဝုန်းဝုန်း တရုန်းရုန်းနှင့် ဖြစ်နေမည်မှာ သဘာဝကျပါသည်။

နိုင်ငံတွင် အခွန်ထမ်းကြီးများဖြစ်သော ခရိုနီကြီးများ၏လုပ်ငန်းများတွင် အခွန်တိမ်းရှောင်မှု၊ အခွန်လိမ်လည်မှုများကြောင့် အခွန်ထမ်းရသည့်လုပ်ငန်းချင်းအတူတူ မမျှမတဖြစ်နေရပုံ၊ လုပ်ငန်းကြီးကြီးများများပိုင်ဆိုင်သူတို့၏ အခွန်ဆောင်သည့် ပမာဏတို့က ရယ်စရာဖြစ်နေကြောင်း သတင်းစာ (အများပြည်သူဝန်ဆောင်မှုသတင်းစာဆိုသည်များ မပါ) တို့မှာ ဖော်ပြရေးသားထားချက်တို့အရ လေလွင့်ဆုံးရှုံးရသည့် ငွေပမာဏကိန်းဂဏန်းများမှာ သေးသေးမဟုတ်ကြပါ။ နိုင်ငံတော်ဘတ်ဂျက်၏ အစိပ်အပိုင်းတစ်ခုအထိသက်ရောက်ပါသည်။ ဒါတောင် ဤနိုင်ငံတွင် Investigative Journalism ထွန်းကားနေသေးသည်မဟုတ်ပါ။ သို့ဆိုလျှင် ရသင့်ရထိုက်သည့် အခွန်အလေအလွင့်များကိုရအောင် စုဆောင်းတောင်းခံသည့်အလုပ်များကိုရော အစိုးရက ဘာကြောင့် ဖိဖိစီးစီးမလုပ်ရသနည်းဟု ပြည်သူတို့တို့ဘက်က ပြန်လည်မေးခွန်းထုတ်လိုပါသည်။ မျက်နှာပူရမည့်သူတွေမို့ ပေးသလောက်သာ ယူလိုက်သည့်သဘောလား။ အမှန်က ဖိဖိစီးစီးတောင်းခံရမည်၊ ဝင်ငွေကို အမှန်နှင့်အနီးစပ်ဆုံး ကိန်းဂဏန်းကိုသိရှိသည်အထိ နည်းလမ်းပေါင်းစုံနှင့် အားထုတ်ရှာဖွေပြီး မရိုးသားသော အခွန်တိမ်းရှောင်နေသည့် လုပ်ငန်းများ၊ ပိုင်ရှင်များကို နိုင်ငံသိဖော်ထုတ်ဖွင့်ချပြီး သက်ဆိုင်ရာအခွန်ဥပဒေအရ တိကျထိရောက်စွာ အရေးယူပြသင့်ပါသည်။

ထိုသို့ပြောနေသည့်အခိုက်တွင် ပွဲတိုင်းကျော်မင်းသားလေး၏ အခန်းကလည်း ရောက်လို့လာပါသည်။ သူကလေးကလည်း တစ်မျိုးတစ်ဘာသာပါ။တိန်ညွန့်စားသည့် နတ်မြင်းပျံလေးလားမသိ မြေမထိမြေမနင်းသား မိုးပေါ်ကျများဖြစ်၍ပင်။ နိုင်ငံ၏ သယံဇာတထုတ်လုပ်သည့်လုပ်ငန်း အကြီးစားကြီးများမှန်သမျှနှင့်ပတ်သက်၊ မြေယာပိုင်ဆိုင်မှုတွင် အကျယ်အပြောမှန်သမျှပိုင်ဆိုင်၊ ခရိုနီပေါင်းစုံမှန်သမျှ သူ့လက်ဝေခံဖြစ်သွားရသည့်အထိ ခြေဖဝါးပါအမွေးပေါက်နေသော အကောင်ကြီးကြီးပင်ဖြစ်ပါသည်။ ဓာတ်ငွေ့၊ ကျောက်စိမ်းကျောက်မျက်လို လုပ်ငန်းအကြီးစားအဆင့်မှ အသင့်စားခေါက်ဆွဲခြောက်ထုတ်လို လုပ်ငန်းမျိုးလေးနှင့် အဝေးပြေးကား၊ မြို့တွင်းဘတ်စ်ကားလုပ်ငန်းပါမကျန် ငွေရမည့်လုပ်ငန်းမှန်သမျှ သူများလုပ်စရာမကျန်ရအောင်နှင့် လုပ်ချင်လျှင်လည်း သူ့လက်ဝေခံဖြစ်မှသာ လုပ်ခွင့်ပြုတက်လေသော အီတလီမာဖီးယား၊ ဂျပန်ယာကူဇာဂိုဏ်းတွေလို လက်တံကရှည်လျားလွန်းလှပြီး ဗမာတစ်ပြည်လုံး ကိုယ့်အိမ်ကိုယ့်ရာမှတ်နေသော အဖွဲ့အစည်းကြီးဖြစ်ပါသည်။

ထိုအဖွဲ့အစည်းကြီးကလည်း လွန်ခဲ့သောနှစ်အစိတ်လောက်က လုပ်ငန်းများစတင်လုပ်ကိုင်ခဲ့ရာ ပိုင်ဆိုင်မှုဘာမှန်းမသိ၊ ဘာလုပ်ငန်းများလုပ်နေသည်ဆိုသည်မှာ ဘယ်သူမှသိခွင့်မရှိ၊ ပိုင်ဆိုင်သည့်လုပ်ငန်း ရင်းနှီးမြှုတ်နှံမှုပမာဏက အမြတ်အစွန်း ဘာမှ ဘယ်သူမှမသိ၊ သိခွင့်မရ။ တကယ့် မာဖီးယားတို့ ရာကူဇာတို့လိုပင်။ မည်သူမျှတို့ထိခွင့်မရသည့်ကိစ္စများဖြစ်သည်။ ခရိုနီတို့၏ ပိုင်ဆိုင်မှုပင် သူ့လက်ဝေခံ၊ သူ့လက်အောက်ခံဆိုမှတော့ သူ့ပိုင်ဆိုင်မှုကို ပြောမနေနှင့်တော့ဟုသာ ပြောနိုင်ပါတော့မည်။ ထိုအဖွဲ့အစည်းကြီးကလည်း အခွန်ကို ယခုနှစ်မှပင်ဆောင်မည်ဆိုလေတော့ သြော်...နိုင်ငံတော်က အခွန်ကင်းလွတ်ခွင့် နှစ်အစိတ်တောင်ပေးခဲ့ရတာပဲ။ သူ့လုပ်ငန်းတွေကလည်း အရှုံးကြီးတဲ့လုပ်ငန်းတွေပဲကိုးဟုသာ ဖြေတွေးလေးတွေးရင်း ပြည်သူတို့က ပြောချင်သည့်စကားများကို ရင်ထဲပြန်မျိုချလိုက်ရပါတော့သည်။

ယခု တယ်လီဖုန်းငွေဖြည့်ကတ်အတွက် ကုန်သွယ်ခွန်ကို ကြိုတင်ဆောင်ရခြင်းဖြစ်ပါသည်။ လွန်ခဲ့သည့် တစ်နှစ် နှစ်နှစ်ကျော်ကာလအထိ တယ်လီဖုန်းဆိုသည်မှာ အခြေခံလူတန်းစားတို့အတွက်မဟုတ်သေးပါ။ ယခု မေ ၂၀၁၅ မှာ ပြည်တွင်း အော်ပရေတာ ၃ ဦးတို့၏ ဖြန့်ကြက်မှုအရ Sim card ၁၆ သန်းအထိရှိနေပြီဖြစ်ရာ သေးသေးပမာဏမဟုတ်ပါ။ မြန်မာပြည်လူဦးရေနှင့် တယ်လီဖုန်းကတ်အချိုးအစားကိုပြောနေခြင်းမဟုတ်ပါ။ ထိုအချိုးအစားမှာ နိုင်ငံတကာစံနှုန်းကို မှီသေးသည်မဟုတ်သော်လည်း အခွန်ကောက်ခံမည်ဆိုလျှင်မူ စိတ်ဝင်စားစရာကိန်းဂဏန်းတစ်ခုဖြစ်ပါသည်။ ထို့ကြောင့် ယခုလို တယ်လီဖုန်းငွေဖြည့်ကတ်နှင့် ကုန်သွယ်လုပ်ငန်းခွန်ကို ဆက်စပ်ပတ်သက်လာရခြင်းဖြစ်ပါသည်။ ယခုအခါ လက်ကိုင်တယ်လီဖုန်းပိုင်ဆိုင်မှုဆိုသည်မှာ သာမန်လက်လုပ်လက်စားလူတန်းစားပင် ကိုင်နိုင်သည့်အဆင့်ထိ ရောက်ရှိလာချိန်မှာ တိုင်း၍ရက်သည့်ကက္ကလာ မိုးရွာသည်နှင့်အသင့်ပင်။ ကြွက်ပျင်းတို့အတွက် ပင်ပင်ပန်းပန်းနှင့် အခွန်တိမ်းရှောင်မှုများ၊ အခွန်မှုခင်းကြီးများကို ပင်ပန်းကြီးစွာနှင့် ဖော်ထုတ်စရာလည်းမလို၊ ကိုယ့်မိတ်ဆွေဟောင်းများနှင့်လည်း မိတ်မပျက်နေရ၊ ကိုယ်လည်းအေးဆေးဆိုတော့ ဒါထက်ကောင်းတဲ့အကြံမရှိဟုသာဆိုရပါမည်။

သို့ရာတွင် ရရှိလာမည့်အခွန်ပမာဏမှာ နည်းမည်မဟုတ်ဟုသာခန့်မှန်းမိသည်။ ငွေဖြည့်ကတ်ရောင်းရသည့်နှုန်းကို တယ်လီဖုန်းကုမ္ပဏီတို့က တရားဝင်ထုတ်ပြန်မှသာ အစိုးရအနေဖြင့် အခွန်ငွေဘယ်လောက်ရသည်ဆိုသည်ကို ပြည်သူတို့သိနိုင်ပေမည်။ နှစ်အစိတ်သေနတ်သံမကြားရဘဲ ငြိမ်းချမ်းရေးရနေပါသည်ဟု ယခင်စစ်အစိုးရလက်ထက်သော်မှ စစ်အသုံးစရိတ်ကို လျှော့ချခဲ့သည်ဟု မကြားမိပါ။ သိနေရသည်မှာ လွှတ်တော်ထဲပညာရေးအသုံးစရိတ်ကို ဘတ်ဂျက်၏ ၂၀% သုံးဖို့အရေး လွှတ်တော်တစ်ရပ်က ရာခိုင်နှုန်းကို အတိအကျမပြဋ္ဌာန်း၊ နောက်လွှတ်တော်တစ်ရပ်က စတင်သတ်မှတ်မည့်နှစ်ကာလကို အတိအကျမပြဋ္ဌာန်းကြသည်အထိ တိုင်းပြည်အနာဂတ်အပေါ် စေတနာမဲ့ခဲ့ကြပေသည်။ မဖြစ်စလောက်တိုးပေးလာသည့် ပညာရေးဘက်ဂျက်မှ ကျောင်းဆောင်သစ်များ ဆောက်လုပ်သည့်ကိစ္စတွင်လည်း ဈေးတန်းထဲဇီးသီးဗန်းမှောက်သည့်ကိစ္စများဟု ပြောရလောက်အောင် အကျင့်ပျက်ခြစားမှုများ မရပ်မနားပေါ်ထွက်နေခဲ့၍ အဆောက်အဦးများမှာ ငွေကုန်သလောက် ထိုက်တန်သည့်အဆောက်အဦးမရသဖြင့် ထိုအဆောက်အဦးများထဲ ပညာသင်ကြားရမည့် လူမမယ်ကလေးများအတွက် အသက်အန္တရာယ်ပင်စိုးရိမ်ရသည့်အခြေ ရောက်နေသည့်တိုင် ပညာရေးဒုဝန်ကြီးဆိုသူက လွှတ်တော်ထဲလာရှင်းသည့်ပုံမှာ ထိုကုမ္ပဏီများအား နာမည်ပျက်စာရင်းသွင်းသည်ဆိုသည်လောက်နှင့်သာ ပြီးတော့သည်။ တကယ်က ပြည်သူ့ဘဏ္ဍာအလွဲသုံးစားမှုများမဟုတ်ပါလော။ စုံစမ်းစစ်ဆေးပြီး တာဝန်ရှိသူ အဆင့်ဆင့်ကို ဖော်ထုတ်အရေးယူရမည်မဟုတ်ပါလော။ ဆုံးရှုံးခဲ့သည့် ပြည့်သူ့ဘဏ္ဍာများကို ပြန်လည်ပေးသွင်းစေသင့်သည်မဟုတ်ပါလော။ သို့တိုင် ဖြစ်မလာခဲ့။ မျက်နှာများပေါ်မှာ ဘာမှမရှိသည်အထိ ပြောင်တလင်းခါနေပြီဖြစ်ပါသည်။

ယခုလိုအချိန်၌ ပြည်သူ့ဘဏ္ဍာသုံစွဲဖို့ ခွဲဝေချထားရာတွင် ပညာရေး၊ ကျန်းမာရေး အသုံးစရိတ်တို့ကို ကာကွယ်ရေးအသုံးစရိတ်အပေါ်မှ (သို့မဟုတ်) တန်းတူသုံးစွဲရမည့်အချိန်ရောက်နေပြီဟုသာ ဆိုသင့်ပါသည်။ ပြည်သူတို့ကမူ အခွန်ထမ်းဆိုသည့်စကားရပ်အတိုင်း တာဝန်ကျေပါသည်။ အစိုးရကကော။ တပ်မတော်ကြီးကလည်း ဦးပိုင်စီးပွားရေးလုပ်ငန်းကြီးများရှိနေသည့်တိုင် ဘယ်လောက်ဘာညာဝင်သည်ဆိုမျှလောက်ပင် တိုင်းပြည်ကိုဖွင့်ဟကြေညာခြင်းမပြုနိုင်ပါဘဲ တစ်တိုင်းပြည်လုံးသုံးစွဲရမည့်ဘတ်ဂျက်အတွင်းမှ ရသလောက်နှိုက်ကုတ်ရယူနေပုံမှာလည်း အမြင်မတော်တော့ပါ။ ဖြစ်သင့်သည်မှာ မိမိ၏ Professional လုပ်ငန်းဖြစ်သည့် တိုင်းပြည်ကာကွယ်ရေးကဏ္ဍကိုသာ နိုင်ငံတကာနှင့် အိမ်နီးချင်းတို့မှ ရိုသေခံ့ညားအောင်သာ လုပ်စေချင်ပါတော့သည်။ စီးပွားရေးလုပ်လိုကြလျှင်လည်း အပြင်ထွက်ပြီး လွတ်လွတ်လပ်လပ်သာ လုပ်စေချင်ပါသည်။ တားမရ၍ ယခုလိုပဲ ငြိနေချင်ပါသေးသည်ဆိုလျှင်လည်း ဘယ်စီးပွားရေးလုပ်ငန်းကို ဘယ်လိုလုပ်ကိုင်ပြီး ဘယ်လောက်မြတ်လို့ ဘယ်လောက်အခွန်ဆောင်ထားသည်ဆိုသည်ကို သင်္ကာကင်းအောင် တိုင်းပြည်ကိုတော့ ရှင်းသင့်ပါပြီ။ ခိုးကြောင်ခိုးဝှက်လုပ်နေစရာမလိုပါ။

ယခုလောလောဆယ်တော့ ငွေတန်ဖိုးဒလဟောကျ၊ ကုန်သွယ်မှုလိုငွေဒလဟောပြ အခွံသာကျန်တော့တဲ့တိုင်းပြည်မှာ အခွန်သစ်တွေနဲ့ အခြေခံပြည်သူတွေဆီကနေ ရအောင်ကောက်ခံနိုင်တဲ့ အစိုးရကို ပြည်သူတွေက မကျေနပ်ပေမယ့် အခွန်ဆောင်ကြရမယ်ဆိုတာကိုလက်ခံပါတယ်။ ဒါပေမယ့် အဲဒီအခွန်တွေကို ဘယ်လိုတော့ဖြင့် သုံးသင့်တယ်။ ဘယ်လိုတော့ဖြင့် မသုံးသင့်ဘူးဆိုတာလောက်လဲ ပြည်သူတွေကပြောသင့်တယ်။ ပြောနိုင်ခွင့်ရှိသင့်တယ်။ ပြောခွင့်မပေးလဲ ပြောနိုင်ရမယ်။
**********************************

လေးစားစွာဖြင့်

Ko Soe Win

လက်ကိုင်ဖုန်းပြောဆိုခအပေါ် ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်း ကောက်ခံမယ့်အစီအစဉ်ကို ဆိုင်းငံ့ပေး ဖို့ ပြည်ထောင်စုလွှတ်တော်မှာ ဒီနေ့ အရေးကြီးအဆို တင်သွင်းရာ လက်ခံဆွေးနွေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းဦးက ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်း ကောက်ခံမယ့် အပေါ် ဖုန်းသုံးစွဲသူတွေက မကျေနပ်ကြတဲ့အတွက် အခွန်ကောက်ခံမယ့် အစီအစဉ်ကို တစ်နှစ်ဆိုင်းငံ့ပေးဖို့ အခုလိုတင်ပြခဲ့တာဖြစ်ပါတယ်။

"ဖုန်းခေါ်ဆိုခ ကြိုတင်ထည့်သွင်းငွေများထဲက ကုန် သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်း ဖြတ်တောက်ကောက် ခံသည့်ကိစ္စကို ၂ဝ၁၅ - ၂ဝ၁၆ ဘဏ္ဍရေးနှစ်အတွင်း ကင်းလွတ်ခွင့်ပြုနိုင်ရန် တည်ဆဲပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း အား ပြည်ထောင်စုလွှတ်တော်သို့ အမြန်ဆုံးတင်သွင်း အတည်ပြုပေးနိုင်ပါရန် ပြည်ထောင်စုလွှတ်တော် နဲ့ ပြည်ထောင်စုအစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်းအဆိုကို ပြည်ထောင်စုလွှတ်တော်မှ ဆုံးဖြတ်အတည်ပြုပေးနိုင် ပါရန် လေးစားစွာတင်ပြအပ်ပါတယ်"

အဲဒီ့အဆိုကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းသန်းက ထောက်ခံခဲ့ပြီး ပြည်ထောင်စုလွှတ်တော်မှာ လက်ခံဆွေးနွေးဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

မိုဘိုင်းဖုန်းသုံးစွဲသူအားလုံးဟာ လာမယ့် ဇွန်လ ၁ ရက်နေ့ကစပြီး ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်း ပေးဆောင် ရတော့မှာဖြစ်ကြောင်း ဆက်သွယ်ရေးနဲ့ သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနက ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့က သတင်းစာရှင်းလင်းပွဲကျင်းပပြီး ကြေညာခဲ့တာဖြစ်ပါတယ်။

ကျပ်တစ်ထောင်တန် ငွေဖြည့်ကတ်အတွက် ၄၈ ကျပ်၊ ငါးထောင်တန်အတွက် ၂၃၈ ကျပ်၊ တစ်သောင်းတန်အတွက် ၄၇၆ ကျပ် နဲ့ နှစ်သောင်းတန်အတွက် ၉၅၂ ကျပ်ကို ငွေဖြည့်စဉ်မှာ ဖြတ်တောက်မှာဖြစ်တယ်လို့ သိရပါတယ်။

RFA
http://www.rfa.org/burmese/news/phone-tax-proposed-parliament-05212015110755.html


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပါကစ္စတန်နိုင်ငံနှင့် ဆားဘီးယား နိုင်ငံများသို့ မေလအတွင်း ခရီးသွားရောက်ခြင်းမှာ မြန်မာ့တပ်မတော်သည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနက် အင်အား အကြီးဆုံး ဖြစ်သည့် UWSA ကို တိုက်ခိုက်ရန် စစ်လက်နက်ပစ္စည်းများ ၀ယ်ယူခြင်းဖြစ်နိုင်သည်ဟု မေလ ၁၆ ရက်နေ့ထုတ် 'သူရိယနေ၀န်း'ဂျာနယ်က ဖော်ပြသည်။ မေလ ၁ ရက်မှ ၆ ရက်နေ့အထိ '၀'ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆန်း၌ကျင်းပခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် ၁၂ ဖွဲ့၏ ထိပ်သီးညီလာခံအပြီးတွင် UWSA အဖွဲ့က '၀' ပြည်နယ်ပေးရန် ထပ်မံတောင်းဆိုသောကြောင့် မြန်မာနိုင်ငံရေးလောကအတွင်း အတော်ပင် ဂယက်ရိုက်ခတ်ခဲ့သည်။

တဖန် မေလ ၁၈ ရက်နေ့က နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် နိုင်ငံရေးပါတီခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် '၀' ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးဆိုင်းပေါင်းနပ်က ''ဖြစ်ပေါ်နေတဲ့ ကောလာဟလက '၀'လူမျိုးကို တခြားလူမျိုးလို့ထင်တယ်။ ပြည်နယ်တောင်းတဲ့ကိစ္စမှာလည်း ပြည်နယ်ကို တောင်းပြီးလို့ရှိရင် ခွဲထွက်မယ်။ တခြားနိုင်ငံနဲ့ပေါင်းမယ် စသဖြင့်ပေါ့။ နောက်တခု '၀' ပြည်နယ်ကို တောင်း ပြီးတဲ့နောက်ပိုင်းမှာ ကိုယ်ပိုင်တည်ထောင်တဲ့ပြည်နယ်ကြီးဖြစ်အောင် တည်ဆောက်ချင်လို့ ဆောင်ရွက်တယ်ဆိုတဲ့အကြောင်းအချက်က မြန်မာပြည်မှာ ကောလာဟလဖြစ်ပေါ်နေတယ်လို့ ကြားသိရတာပါပဲ။ အဲဒီလို ကြားရတဲ့အတွက် စိတ်မကောင်းပါဘူး။ ရည်ရွယ်ချက်က ဒါမျိုးမရှိပါဘူး။ '၀'လည်း မြန်မာနိုင်ငံသားပါ''ဟု ပြောကြားသည်။

တိုက်တိုက်ဆိုင်ဆိုင်ဆိုသလို မေလ ၁၈ ရက်နေ့မှ The Global New Light of Myamar သတင်းစာတွင် ဆောင်းပါးရှင် Aung Zeya က “Outcome of Pang Seng Conference and the true identity of UWSA” ဆောင်းပါးဖြင့် USWA အပေါ် အတော်လေး ပြင်းပြင်းထန်ထန် ဝေဖန်ရေးသားထားသည်ကို တွေ့ရသည်။ UWSA ကို ပြင်းပြင်းထန်ထန် ဝေဖန်ထောက်ရှု ချေပပြစ်တင်ထားသည့်ဆောင်းပါးတပုဒ်ကို အစိုးရသတင်းစာက ဖော်ပြခြင်းမှာ ကိုးကန့်ပြီးလျှင် ၀ အလှည့်ရောက်လာမည်လားဟု မေးခွန်းထုတ်စရာ ဖြစ်လျက်ရှိသည်။ ထို့အပြင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဥပဒေနှင့်အညီအစိုးရ ဖွဲ့စည်းထားသည့် အချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်၍ အစိုးရကို လက်နက်စွဲကိုင်ပြီးဆန့်ကျင်ခြင်းကို လက်ခံ၍မရပါကြောင်း၊ အဓိကအားဖြင့် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ရန်လိုကြောင်း ၊ မဟာ ဗျူဟာမိတ်ဖက်နိုင်ငံအနေဖြင့်လည်း နှစ်နိုင်ငံဆက်ဆံရေးကိုရှေးရှု၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ လက်နက်ကိုင်လမ်းစဉ်စွန့်လွှတ်ရေးအတွက် တစ်ဖက်တစ်လမ်းမှ ကူညီစေလို ပါကြောင်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံခြား ဆက်ဆံရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး H.E.Mr. Chen Fengxiang နှင့် မေ ၁၉ ရက်က တွေ့ဆုံစဉ် တိုက်တွန်းပြောကြားခဲ့သည်။
အောင်ဇေယျ၏ ဖော်ပြပါဆောင်းပါးကို စာဖတ်သူများ သိရှိစေရန် ထုတ်နုတ်ပြန်ဆို ဖော်ပြအပ်ပါသည်။ (အယ်ဒီတာ)

“ပန်ဆန်းအစည်းအဝေးရလဒ်နှင့် UWSA ရဲ့ သရုပ်သကန်”
----- ----- ----
ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆန်းမြို့တွင် မေလ ၁ ရက်နေ့မှ ၆ရက်နေ့အထိ ကျင်းပခဲ့သောတိုင်းရင်းသားခေါင်းဆောင်များ၏စတုတ္ထအကြိမ်မြောက် အစည်းအဝေးမှ သဘောထားထုတ်ပြန်ချက်တခု ထွက်ပေါ်ခဲ့သည်။ အဆိုပါအစည်းအဝေးအပေါ် “တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး၏နောက်ဆုံးခြေလှမ်း”အဖြစ် အများပြည်သူတို့က မျှော်လင့်ထားခဲ့ကြသည်။ သို့ရာတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၂ ဖွဲ့၏ ငြိမ်းချမ်းရေးအဖြေရှာပုံတော်မှာ မည်သို့မှခရီးမတွင်ခဲ့ရဘဲ UWSA ၏ ကိုယ်ပိုင်ပြည်နယ်တောင်းဆိုရေးဆွေးနွေးပွဲသာ ဖြစ်ခဲ့သည်။

အမှန်အာဖြင့် အဆိုပါဆွေးနွေးပွဲ၏ မူလရည်ရွယ်ချက်မှာ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ(UPWC)နှင့် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးညှိုနှိုင်းရေးအဖွဲ့(NCCT)တို့ အတူတကွ ဆွေးနွေးဆောင်ရွက်ခဲ့သော တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူညီမှုမူကြမ်းကို ပြန်လည်သုံးသပ်ခြင်းနှင့် တဖွဲ့ချင်းစီ၏ သဘောထားနှင့် အကြံပြုချက်များ ရယူရန်ဖြစ်ပါသည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကြီးတခုလုံးကို ပြန်ကြည့်မည်ဆိုလျှင် ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA သည် အပစ်အခတ်ရပ်စဲရေးမူကြမ်းရေးဆွဲရာတွင် မည်သည့်အခါကမှ ပါဝင်ခဲ့ခြင်းမရှိဘဲ အခါအားလျော်စွာ လေ့လာသူအဖွဲ့အဖြစ်သာ ပါဝင်ခဲ့သည်။

ယင်းသို့ဆိုလျှင် ညီညွတ်သောတိုင်းရင်းသာများဖက်ဒရယ်ကောင်စီ(UNFC)၏ ထိပ်သီးအစည်းအဝေးပွဲများတွင် တကြိမ်တခါမှ မပါဝင်ခဲ့ဖူးသည့် UWSA အနေနှင့် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး နောက်ဆုံးအဆင့်ဆွေးနွေးပွဲကို ၎င်းတို့၏ဌာနချုပ်ရှိရာ ပန်ဆန်း၌ကျင်းပခြင်းသည် မေးခွန်းထုတ်စရာ ဖြစ်လျက်ရှိသည်။

ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ၀ ပြည်နယ်အဖြစ် အဆင့်တိုးမြှင့်သတ်မှတ်ပေးရေးကို ထောက်ခံပေးရန် ဆွေးနွေးပွဲသို့တက်ရောက်လာသော တိုင်းရင်းသာခေါင်းဆောင်များအား UWSA ဗိုလ်မှူးချုပ် ပေါက်ယူချန်းက တိုက်တွန်းခဲ့သည်ဆိုသော စိုးရိမ်ထိတ်လန့်ဖွယ်သတင်းများ ထွက်ပေါ်လာသည်။ ပေါက်ယူချန်း၏ အဆိုပါတောင်းဆိုမှုနှင့်ပတ်သက်ပြီး တိုင်းပြည်အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားနိုင်သဖြင့် မြန်မာပြည်သူလူထုနှင့် အတိုက်အခံနိုင်ငံရေးအင်အားစုများပင်လျင် ထောက်ခံလိမ့်မည်မဟုတ်ကြောင်း တိုင်းရင်းသားခေါင်းဆောင်များက အပြင်းအထန် ထောက်ပြဆွေးနွေးခဲ့ကြသည်ဆိုသော သတင်းများလည်း ကြားသိရသည်။

ပန်ဆန်းဆွေးနွေးပွဲ၏သဘောထားထုတ်ပြန်ချက် အပိုဒ် ၄ တွင် မြန်မာတပ်မတော်၏လူ့အခွင့်အရေးချိုးဖောက်ခြင်း၊ တိုင်းရင်းသားဒေသနေပြည်သူများ၊ အထူးသဖြင့် တိုက်ပွဲဖြစ်ပွားရာနေရာများမှ ပြည်သူများကို ရက်စက်စွာပြုမူဆက်ဆံခြင်းများကို အပြင်းအထန်ရှုတ်ချကြောင်းနှင့် ယင်းကိစ္စရပ်များ ထပ်မံဖြစ်ပွားခြင်းမရှိစေရန် တောင်းဆိုကြောင်းပါရှိသည်မှာ အံ့အားသင့်ဖွယ်ရာ ဖြစ်နေသည်။ ယင်းတို့သည် မြန်မာတပ်မတော်ကို တဖက်သက်စွပ်စွဲခြင်းသာဖြစ်ပြီး အခြေအနေမှန်နှင့် ပြောင်းပြန်ဖြစ်သည်။ တပ်မတော်ကိုစွပ်စွဲမှုပြုသော ၀ အဖွဲ့အနေနှင့် ၎င်းတို့၏စွပ်စွဲချက်များ မည်မျှမှန်ကန်မှုရှိကြောင်းနှင့် တရားဝင်ဖြစ်မဖြစ်ကို ဦးစွာစဉ်းစားသင့်ပါသည်။

ဝ အဖွဲ့သည် ဗမာပြည်ကွန်မြူနစ်ပါတီ အင်းအားယုတ်လျော့သွားခဲ့သည့်ကာလ ၁၉၈၉ ဧပြီ ၁၇ တွင် ပန်ဆန်း၌စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ မြန်မာအစိုးရ၊ မြန်မာတပ်မတော်နှင့် ငြိမ်းချမ်းစွာနေထိုင်ပါမည်ဖြစ်ကြောင်း ကြေငြာခဲ့သော်လည်း တချိန်တည်းမှာပင် တရားဝင်ရော တရားမ၀င်လုပ်ငန်းများပါ လုပ်ကိုင်ခြင်းဖြင့် ၎င်းတို့၏အင်အားကို တိုးချဲ့လာခဲ့သည်။

ဗကပကိုတိုက်ခိုက်ခဲ့စဉ်က ၎င်းတို့တွင် အင်အား ထောင်ဂဏန်းသာရှိခဲ့သည်။ နောက်ပိုင်းတွင် မူးယစ်ဆေးဝါး အကြီးအကျယ် ထုတ်လုပ်ခြင်း၊ ကျောင်းသားအရွယ် ကလေးငယ်များအား အတင်းအဓမ္မ တပ်ထဲဝင်စေခြင်း၊ ပြည်တွင်းနှင့် နိုင်ငံတကာဥပဒေများကို မျက်ကွယ်ပြု၍ ပြည်သူများကို အဓမ္မစစ်မှုထမ်းစေခြင်းတို့ လုပ်ဆောင်လာသည်။ ယင်းလုပ်ရပ်များသည် ၀ ခေါင်းဆောင်တို့၏ လူ့အခွင့်အရေးချိုးဖောက်မှုများ ဖြစ်သည်။

UWSA နှင့် မိုင်းလားတပ်ဖွဲ့တို့ ထိန်းချုပ်ရာနယ်မြေများသည် ဘိန်းနှင့် မက်သာဖက်တမင်း အထွက်အများဆုံးဧရိယာများ ဖြစ်သည်။

UWSA ခေါင်းဆောင် ဦးပေါက်ယူချန်းနှင့် အခြား ၂၁ ဦးသည် အမေရိကန်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအေဂျင်စီက မူးယစ်ရာဇာများအဖြစ် ဒေါ်လာသန်းချီ၍ ဆုကြေးထုတ်ခံထားရသူများ ဖြစ်သည်။ ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် မူးယစ်ဆေးဝါးထွက်ရှိရာဒေသများအနက် အကြီးဆုံးဖြစ်သည်။

UWSA ဟုဆိုလျင် ကမ္ဘာ့မူးယစ်ဆေးဝါးများထွက်ရှိရာနေရာအဖြစ် မှတ်ယူထားကြသည်။ Google, Yahoo အစရှိသည့် Search Engine များတွင် UWSA ဟုရိုက်ကြည့်ပါ။ မူးယစ်ဆေးဝါးနှင့် ဆက်နွယ်မှုရှိသည်ကို မြင်တွေ့ရမည်။ ၀ ခေါင်းဆောင်များသည် အမေရိကန်ရဲတပ်ဖွဲ့၏ အလိုရှိသူများစာရင်းတွင် ထိပ်ဆုံးမှ ပါဝင်သူများဖြစ်သည်။

ဝ ခေါင်းဆောင်များ ပန်ဆန်းညီလာခံကျင်းပရခြင်း၏ရည်ရွယ်ချက်မှာ မူးယစ်ဆေးဝါးလုပ်ငန်းများနှင့် ပတ်သက်မှုရှိသော ၎င်းတို့၏သရုပ်မှန်ကို ဖုံးကွယ်လို၍ ဖြစ်သည်။

လူ့အခွင့်အရေးချိုးဖောက်မှုနှင့် လူနည်းစုတိုင်းရင်းသားများအပေါ် မြန်မာတပ်မတော်က လူမဆန်သည့်လုပ်ရပ်များ ကျုးလွန်သည်ဆိုသောစွပ်စွဲချက်များနှင့် ပတ်သက်၍ပြောလိုသည်မှာ လက်နက်ကိုင်တပ်ဖွဲ့ဝင်များအားလုံးသည် စစ်ဥပဒေစည်းကမ်းများသာမက အရပ်ဖက်ဥပဒေနှင့် နိုင်ငံတကာဥပဒေများကိုလည်း လိုက်နာရပါသည်။

UWSA သည် နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းရေးကိုသဘောမတူခဲ့သည့်အပြင် ၂၀၁၀ ရွေးကောက်ပွဲကိုလည်း ၎င်းတို့ဒေသတွင် ကျင်းပခွင့်မပြုခဲ့ချေ။ ယခု ပန်ဆန်းညီလာခံနှင့်ပတ်သက်၍ တပ်မတော်နှင့် တိုက်ပွဲများဖြစ်ပွားနေသော လက်နက်ကိုင်တပ်ဖွဲ့များကိုမဖိတ်ကြားရန် မြန်မာအစိုးရဘက်က တောင်းဆိုခဲ့သော်လည်း လစ်လျုရှုခဲ့သည်။ UWSA ကိုသေချာစွာလေ့လာကြည့်မည်ဆိုပါက ၎င်းတို့သည် ဗဟိုအစိုးရ၏ထိန်းချုပ်မှုအောက်တွင် လုံးဝမရှိဘဲ ၎င်းတို့၏တပ်ဖွဲ့အင်အားကိုတိုးချဲ့နေခြင်းဖြင့် ရန်သူရန်ဘက်သဖွယ်ပြုမူနေသည်ကို တွေ့ရမည်ဖြစ်သည်။ ပြည်ထောင်စုမှ မခွဲထွက်ရေးကိုပါးစပ်ကတွင်တွင် ပြောဆိုနေသော်လည်း ၎င်းတို့၏ရည်ရွယ်ချက်အမှန်မှာ ပြောင်းပြန်ဖြစ်သည်။ လက်ရှိတွင် ၀ အဖွဲ့သည် ဗဟိုအစိုးရ၏အုပ်ချုပ်မှုပြင်ပတွင် ရှိတည်နေပြီး မြို့တော်ပန်ဆန်းသည် လောင်းကစားရုံများ၊ ဟိုတယ်များ၊ အနှိပ်ခန်းများနှင့် ပြည့်နှက်လျက်ရှိသည်။ အရပ်ဘက်အုပ်ချုပ်ရေးပိုင်းတွင် တရုတ်လူမျိုးများ နေရာယူနေသည်။ တိုင်းရင်သားဝိသေသလက္ခဏာများကို တရုတ်ယဉ်ကျေးမှုများက ၀ါးမြိုလျက်ရှိသည်။ တရုတ်ဘာသာစကားသည် ရုံးသုံးဘာသာစကားဖြစ်ပြီး တရုတ်ယွမ်ငွေကိုသာ သုံးစွဲကြသည်။ ၎င်းတို့သည် ၀ မျိုးနွယ်စုတိုင်းရင်းသားများလား သို့တည်းမဟုတ် ၀ အသွင်ဆောင်ထားသောတရုတ်များလားဆိုသည်ကို စောင့်ကြည့်လေ့လာရမည့် အချိန်ဖြစ်သည်။

UWSA ထံတွင် လက်နက်စက်ရုံများရှိကြောင်း၊ လေယာဉ်ပစ်ဒုံးကျဉ်များပင်ရှိကြောင်း သိရသည်။ UWSA တွင် တဘက်နယ်စပ်ရှိမိတ်ဆွေများ၏အကူအညီဖြင့် ရဟတ်ယာဉ်နှင့် သံချပ်ကာကားများပင် ပိုင်ဆိုင်ကြောင်းလည်း သိရသည်။ ၎င်းတို့တွင် တပ်သားအင်အား ၃၀၀၀၀ ခန့်ရှိပြီးအရန်တပ်သား ၁၀၀၀၀ ခန့်ရှိကြောင်း သတင်းများအရသိရသည်။

မြန်မာအစိုးရသည် လူမျိုးစုအပေါ်လိုက်၍ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးခဲ့သော်လည်း UWSA သည် တရားမ၀င်လုပ်ငန်းများ လုပ်ကိုင်ပြီအင်အားကြီးထွားလာရာ ယခုနောက်ဆုံးကိုယ်ပိုင်ပြည်နယ်တောင်းဆိုခြင်းဖြင့် ဗဟိုအစိုးရကို စိန်ခေါ်လိုက်ခြင်းဟု မှတ်ယူက မှားမည်မထင်။

တပ်မတော်နှင့် ဖုန်ကြားရှင်၏ ကိုးကန့်လက်နက်ကိုင်များအကြား ဖြစ်ပွားလျက်ရှိသောတိုက်ပွဲများကြောင့် UWSA, MNDAA, NDAA တို့ ပူးတွဲပိုင်ဆိုင်ရာနယ်မြေများအတွင်း မူးယစ်ဆေးဝါး တန်ချိန်များစွာ ပိတ်မိလျက်ရှိကြောင်း သိရသည်။ လောက်ကိုင်တိုက်ပွဲသည် ကာလရှည်ကြာလာသည်နှင့်အမျှ စစ်သုံးစရိတ်လည်း မြင့်တက်လျက်ရှိနေရာ လက်ရှိအချိန်တွင် အမေရိကန်ဒေါ်လာ ၁ ဒဿမ ၅ ဘီလီယံခန့် ကုန်ကျခဲ့ပြီ ဖြစ်သည်။ တရုတ်နိုင်ငံ နမ်ဆန်ဆေးရုံတွင် ဆေးကုသမှုခံယူနေသော ဒဏ်ရာရတပ်သာများအတွက် ဆေးကုသစရိတ်နှင့် သေဆုံးသွားသော ကြေးစားစစ်သားများအတွက် လျော်ကြေးများပေးရန် ဖုန်ကြားရှင်အနေနှင့် ပိတ်မိနေသော မူးယစ်ဆေးဝါးများ ရောင်းချရရေး အသဲအသန် လိုအပ်နေသည်။ ယင်းကြောင့် အဆိုပါ မူးယစ်ဆေးဝါးများကို တာဝန်ယူရောင်းချပေးရန် ၀ အဖွဲ့ကသဘောတူထားပြီး ဖြစ်သည်။ ပန်ဆန်းညီလာခံပင်လျှင် အဆိုပါ မူးယစ်ဆေးဝါးများ ရောင်းချရေးအတွက် အကာအကွယ်ယူပြုလုပ်သော ဆွေးနွေးပွဲဖြစ်နိုင်သည်။

UWPC နှင့် NCCT တို့၏ ပူးပေါင်းကြိုးပမ်းမှုကြောင့် ထွက်ပေါ်လာသော တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူညီချက်မူကြမ်းကြောင့် မြန်မာပြည်သူလူထုက ငြိမ်းချမ်းရေးမျှော်လင့်ချက်များဖြင့် ၀မ်းမြောက်ဝမ်းသာဖြစ်နေစဉ် ပန်ဆန်းညီလာခံမှ UWSA ၏ လွဲမှားသည့်အပြုအမူများသည် ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ဖီလာဆန့်ကျင် ဖြစ်လျက်ရှိသည်။

(The Global New Light of Myanmar - 18 May)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


 သမ္မတ ဦးသိန်းစိန်နဲ့ အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ခန်တို့ နေပြည်တော် တွေ့ဆုံမှု အတွင်း လှေစီးပြေး ဒုက္ခသည်အရေး အဓိကထား ဆွေးနွေး ခဲ့ကြတယ်လို့ သမ္မတပြောခွင့်ရ ဦးရဲထွဋ်က ပြောပါတယ်။

မေလ ၂၁ ရက်က တွေ့ဆုံခဲ့ကြရာမှာ သမ္မတက လှေစီး ဒုက္ခသည်အရေးနဲ့ ပတ်သက်လို့ မြန်မာ အစိုးရ လုပ်ဆောင်သွားမှာ တွေကို ရှင်းလင်း ပြောကြားခဲ့တယ်လို့ ဦးရဲထွဋ်က ပြောပါတယ်။

“(၁) ကတော့ ဒီလူတွေအားလုံးဟာ ဟိုဘက်ကိုရောက်နေတဲ့အထဲမှာ မြန်မာနိုင်ငံသားတွေ ပါမပါပြန်စိစစ်မယ်။ စိစစ်လို့ မြန်မာနိုင်ငံသားမှန်ကန်တယ်ဆိုရင်တော့ လိုအပ်တဲ့ ကာကွယ် စောင့်ရှောက်မှုတွေ လုပ်မယ်။ (၂) ကတော့ ကျနော်တို့က တကယ်လို့ မြန်မာနိုင်ငံ ရေပိုင်နက် အတွင်းမှာ အဲ့လိုဒုက္ခသည်တွေရောက်လာမယ်ဆိုရင်လည်း စိစစ်မယ်။ စိစစ်ပြီးလိုအပ်တဲ့ ကာကွယ်စောင့်ရှောက်မှုတွေပေးမယ်။ ပြီးရင်သက်ဆိုင်ရာနိုင်ငံကို ပြန်ပို့ပေးမယ်။ သိပ်မကြာခင်ကဖြစ်ခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၁ယောက်ကိစ္စကိုလည်း ကျနော်တို့ ရှင်းပြတယ်။ (၃)ကတော့ ကျနော်တို့ လာမယ့် ၂၉ ရက်နေ့မှာလုပ်မယ့် အစည်းအဝေးကို တက်ဖို့အတွက် နိုင်ငံခြားရေးဝန်ကြီးဌာနက ကိုယ်စားလှယ်အဖွဲ့တဖွဲ့ စေလွှတ်ဖို့စီစဉ်နေတယ်။”

ရေရှည်မှာ လူမှောင်ခိုဂိုဏ်းတွေကို ဒေသတွင်းနိုင်ငံတွေ ပူးပေါင်းဖြေရှင်းဖို့ အဓိက အရေးကြီးတယ်လို့ သမ္မတက  ဆွေးနွေးခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် သမ္မတနဲ့ အမေရိကန်ဒုဝန်ကြီးတို့ဟာ ရွေးကောက်ပွဲကိစ္စ၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးကိစ္စနဲ့ ၂ နိုင်ငံဆက်ဆံရေးတိုးမြှင့်ဖို့ကိစ္စရပ်တွေ ဆွေးနွေးခဲ့ကြတယ်လို့လည်း သိရပါတယ်။

မြန်မာရေပိုင်နက်ထဲက လှေစီးဒုက္ခသည်အရေးနဲ့ သူတို့ဟာ နိုင်ငံသား ဟုတ် မဟုတ် စိစစ်ရေး လုပ်ငန်းတွေကို ဒုတိယသမ္မတဦးဉာဏ်ထွန်းခေါင်းဆောင်ပြီး တာဝန်ယူဖြေရှင်းဖို့ လုပ်ဆောင် နေတယ်လို့လည်း အစိုးရက ဒီနေ့ပဲ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အလားတူ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးတွေလည်း လှေစီးဒုက္ခသည်တွေ အရေးဆွေးနွေးဖို့ မြန်မာနိုင်ငံကို လာရောက်ဖို့ ရှိနေပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.